Thursday, August 19, 2010

အသုံးများသော မြန်မာဗန်းစကားများ (မ)


myanmarwords.png

မသိုးသင်္ကန်း
ညဥ့်ချင်းပြီး စီမံပြုလုပ်ရသောသင်္ကန်း
ဝါကောက်သည်မှစ၍ ၀ါကြိတ်၊ ၀ါဖန်၊ ဗိုင်းငင်၊ ချည်ရစ်၊ ရက်ကန်းရှည်၊ ရက်ကန်းရက်၊ ချုပ်၊ ဆိုး စသည်အားဖြင့် သင်္ကန်းအဖြစ်သို့ ရောက်သည်အထိ ညဥ့်ချင်းပြီး စီမံပြုလုပ် ကပ်လှူသော သင်္ကန်းကို ချည်စာတင်သော ကော်ရည်တို့ကို မပုပ်မသိုးမီ ပြီးစီးသည်ကို တင်စားသောအားဖြင့်  မသိုးသင်္ကန်းဟု ခေါ်သည်။
(မြတ်စွာဘုရား လက်ထက်တော်က ကုသိုလ်ဟုန်ဖြင့် ညဥ့်တွင်းချင်း ၀ါစိုက်၍ သီးပွင့်စေသည်ဟု ဆိုသည်။)

မလွယ်ပေါက်
တရားမကြီးမှအပ အခြားတံခါးငယ်၊ ကွေ့၍၀င်ရသော လမ်းပေါက်
နန်းတော်မြို့ရိုး မုခ်တံခါးငယ်အချို့တွင် တံခါးငယ်များ၏ အ၀ တည့်တည့်၌ အမြောက်စိန်ပြောင်းနှင့် ရန်သူတို့ အ၀င်အထွက်ကို တားဆီးကာကွယ်နိုင်ရန် တံတိုင်း၊ ရင်တား စသည် အဆင့်ဆင့် ထားရှိသဖြင့် ထိုတံခါးငယ်မှ နန်းမြို့ရိုးတွင်းသို့ ၀င်ရာတွင် တိုက်ရိုက်အဖြောင့် မ၀င်နိုင်ဘဲ ၀င်လမ်းက ကွေ့ပတ်၍ ၀င်ရလေသည်။ ထိုသို့ အ၀င်ရ မလွယ်သော လမ်းပေါက်၊ မလွယ်ပေါက်၊ မလွယ်တံခါးဟု ခေါ်လေသည်။ (ဆင်မြင်းရထားတို့ ထွက်သောအခါမူ မြို့တံခါးမကြီးများကို ဖွင့်လှပ်၍ ၀င်ထွက်လေသည်။)
ထိုတံခါးငယ်ကို အစွဲပြု၍ နေအိမ်များတွင် တံခါးမကြီးမှအပ ထွက်လွယ်ဝင်လွယ်ရှိရန် တံခါးပေါက်ငယ်များနှင့် ၀င်းတံခါးကြီးတွင် တဆင့် လူသာဝင်ရုံ ဖောက်လုပ်တပ်ဆင်ထားသော တံခါးငယ်များကိုပါ အဆွယ်တံခါးအနေဖြင့် မလွယ်ပေါက်ဟု ခေါ်ဆိုကြသည်။ စင်စစ်ကား ထိုအပေါက်များသည် အလွယ်ဝင်ထွက်ရန် အပေါက်သာဖြစ်၍ နန်းမြို့ရိုး မလွယ်တံခါးနှင့်လည်း သဘောချင်းမတူ၊ အတန့်အဆီး အထူးအထွေလည်း မရှိသဖြင့် အလွယ်တံခါး အလွယ်ပေါက်သာ ဖြစ်သည်။

မီးထွက်သည်
ဖွားမြင်၍ ရက်သတ္တပတ်လည်သည်။
မိန်းမများသည် သားဖွားသောအခါ မီးလှုံခြင်း၊ အပူကပ်ခြင်း စသည်ဖြင့် သွေးသားရင့်ကျက်အောင် ကုသကြရလေသည်။ ထိုသို့ပြုသည်ကို မီးနေသည်ဟုဆို၍၊ ဖွားမြင်ခြင်းကိုလည်း မီးဖွားသည်ဟု ဆိုသည်။ ထိုသို့နေရာမှ ခုနစ်ရက် ပြည့်မြောက်၍ မီးတွင်းမှ ထွက်သန့်စင်သည်ကို တင်စား၍ ဆိုသည်။

မီးခွက်မှုတ်သည်
အဓမ္မကျင့်သည်။
ယောက်ျားတစ်ဦးတစ်ယောက်က မိန်းမတစ်ယောက်အား အလိုမတူဘဲ သားမယားပြုသည်၌ မီးရောင်ကို မှုတ်ကွယ်ပြုကျင့်သည်ကို အကြောင်းပြု၍ သွယ်ဝိုက်သောအားဖြင့် တင်စားကာ အဓမ္မပြုကျင့်သည်ကို မီးခွက်မှုတ်သည်ဟု ဆိုလေသည်။

မင်းကြီးတာကထွက်သည်
ကိုယ်၌က တာဝန်ပျက်သည်။
ရှေးက သမင်ဖမ်းသော မင်းတစ်ပါးသည် မှူးမတ်တို့အား တောချောက်စေ၍ သမင်ကိုဖမ်းရာ၊ သမင်သည် မိမိဆီးတားရာ တာဝန်းအကွက်မှ လွတ်ထွက်သွားသည်ကို မသိဟန်ပြု၍ အမတ်တို့အား မေးသဖြင့်၊ အမတ်တို့က မင်းကြီးတာမှပင် ထွက်ပြေးကြောင်း သံတော်ဦးတင်သည်ကို စွဲ၍ တစ်စုံတစ်ရာတွင် ကြီးမှူးကွပ်ကဲသူတို့ကပင် စည်းကမ်းဖောက်ဖျက် ပေါ့လျော့ခြင်းရှိသည့်အခါ တင်စား၍ သုံးနှုန်းကြသည်။

မုန့်လုံးစက္ကူကပ်
ပြန်လည်သည်။ အဆုံးမရောက်ဘဲ အစပြန်၍ လည်နေသည်။ တစ်ဖန်ပြန်လည်သည်။
ထိုစကားမှာ "ဂျာအေး သူ့အမေရိုက်ပါလို့ မှောင်မိုက်မှာငို" အစချီသော သံခွေပတ်သီချင်းကို အကြောင်းပြု၍ ထိုသီချင်းထဲတွင် ပါရှိသော မုန့်လုံးစက္ကူကပ် ဟူသောအပိုဒ်ကို ထုတ်နုတ်တင်စားခြင်း ဖြစ်သည်။ ထိုသီချင်းကို မည်သည့်အပိုဒ်က စ၍ ဆိုသည်ဖြစ်စေ ထိုအပိုဒ်သို့ပင် ပြန်၍ ရောက်နိုင်ပေသည်။ အဆုံးသည် အစပိုဒ်နှင့် တူညီပေသည်။ ထို့ကြောင့် တစ်စုံတစ်ခုကို ပြုလုပ်ရာ ပြောဆိုရာတွင် အပြီးတိုင် ခရီးမပေါက်ဘဲ ထပ်ပြန်တလဲလဲ မူလပြုရင်းတိုင်း ပြန်၍လည်နေသည်ကို လုံးလည်လိုက်သည်။ သို့မဟုတ် မုန့်လုံးစက္ကူကပ်နေသည်ဟု ဆိုကြသည်။ ဂျာအေး သူ့အမေရိုက်သည် ဟူ၍လည်း ဆိုသည်။

မျောက်ပန်းလှန်သည်
ဒင်္ဂါးမြှောက်၍ အလောင်းအစားပြုသည်။
ဒင်္ဂါးကို ပစ်မြှောက်ပြီး ခေါင်းဘက်ပန်းဘက် ကျရာအလိုက် အလောင်းအစားပြုခြင်းကို ခေါင်းပန်းလှန်သည်ဟု ဆိုသည်။ ဗြိတိသျှခေတ်ဦးကမူ ဒင်္ဂါး၏ အရုပ်ခေါင်းပါရှိရာဘက်ကို မျောက်ဟု ခေါ်သည်။ (အင်္ဂလိပ်လူမျိုးတို့ကို မျောက်မျိုးဟု ရှုတ်ချခေါ်ဝေါ်သည်နှင့် ဆက်စပ်ပေမည်။) နောင်ခေတ်၌ "ခေါင်း-ပန်း" ခေါ်သည်။ မြန်မာဒင်္ဂါးမှာမူ ခေါင်း-ပန်း သာ ရှိသည်။

မှိုပေါက်သည်
ပေါများသည်။
မှိုပွင့်များသည် တစ်ပွင့်တည်းပေါက်ခဲ၍ အများအပြား အစုလိုက် အပြုံလိုက် ပေါက်တတ်သဖြင့် ထိုသဘောကို တင်စား၍ "မယားမှိုပေါက်သည်" စသည်ဖြင့် သုံးနှုန်းကြသည်။

မြွေပွေးခါးပိုက် ပိုက်သည်
အန္တရာယ်ကို လွယ်ထားသည်။
မြွေပွေးများသည် အခြားမြွေများကဲ့သို့ ဥမဥဘဲ အကောင်လိုက် မြွေငယ်ကလေးများကို ၀မ်းမှ ဖောက်ထုတ် မွေးဖွားလေ့ရှိလေသည်။ ထို့ကြောင့် မြွေပွေးအသေကောင်ကို ခါးပိုက်၌ ထည့်၍ ယူဆောင်လာသူသည် မြွေမကြီးသေသော်လည်း မြွေမကြီး၏ သန္ဓေမှ မြွေပေါက်ကလေးများ ခါးပိုက်ထဲတွင် ဖောက်ထွက်ပေါက်ဖွားကာ လူကို ကိုက်ခဲ၍ အန္တရာယ် ပြုတတ်လေသည်။ ထို့ကြောင့် မြွေပွေးကို ခါးပိုက် ပိုက်ခြင်းသည် အန္တရာယ်ကို လွယ်ထားရာ ရောက်သဖြင့် တစ်စုံတစ်ရာ အန္တရာယ်မကင်းသော အရာကို လက်ခံတာဝန်ယူခြင်းကို သတိပေးသော အခါ၌လည်းကောင်း၊ အပြစ်တင်သော အခါ၌လည်းကောင်း၊ အန္တရာယ်မကင်းသော အဖြစ်မှန်ကို မြင်ရသောအခါ၌လည်းကောင်း ပြောဆိုလေ့ရှိလေသည်။

RELATED:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)
အသုံးများသော မြန်မာဗန်းစကားများ (ဆ)
အသုံးများသော မြန်မာဗန်းစကားများ (ဇ၊ ဈ၊ ည၊ ဋ)
အသုံးများသော မြန်မာဗန်းစကားများ (တ)
အသုံးများသော မြန်မာဗန်းစကားများ (ထ၊ ဒ)
အသုံးများသော မြန်မာဗန်းစကားများ (ဓ၊ န)
အသုံးများသော မြန်မာဗန်းစကားများ (ပ)
အသုံးများသော မြန်မာဗန်းစကားများ (ဖ)
အသုံးများသော မြန်မာဗန်းစကားများ (ဗ)
အသုံးများသော မြန်မာဗန်းစကားများ (ဘ)

No comments:

Post a Comment

 
Web Statistics