Thursday, August 19, 2010

လက်ဆောင်ပေးလို့ရေးတာ မဖြစ်စေချင် - လူထုစိန်ဝင်း


useinwin.jpg

ဒီခေတ်ဂျာနယ်သမား လူငယ်လုံမငယ်လေးတွေဟာ ဂျင်းဘောင်းဘီနဲ့ စကတ်တို ၀တ်ထားကြပေမယ့် "မြန်မာစိတ်" ကတော့ မပျောက်တာကို ၀မ်းသာစရာ တွေ့ရတယ်။ လူတစ်ဖက်သားကို ကူညီချင်တဲ့စိတ်နဲ့ လူကြီးသူမများကို ရိုသေလေးစားတဲ့ စိတ်နှစ်မျိုးဟာ မြန်မာလူမျိုးတိုင်းရဲ့ မွေးရာပါဗီဇစိတ်လို့တောင် ပြောနိုင်မယ် ထင်ပါတယ်။ လူတစ်ဖက်သားကို ကူညီချင်တဲ့စိတ်အကြောင်းကို ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ နိုင်ငံခြားသားတွေက အင်္ဂလိပ်ဘာသာနဲ့ စာတွေ အများကြီး ရေးသားဂုဏ်ပြုကြတာကြောင့် ကမ္ဘာကျော်စိတ်ဓာတ် ဖြစ်နေပါပြီ။

ရှင်သန်မြဲ ပရဟိတစိတ်
နောက်တစ်ကြိမ် နာဂစ်မုန်တိုင်းကြီး မကြုံစဖူး ကြုံလိုက်ရတဲ့အခါမှာလည်း သက်သေပြခဲ့ပါတယ်။ ခေတ်စနစ်တွေ ဘယ်လောက်ပြောင်းပြောင်း လူမျိုးရဲ့ မျိုးရိုးဗီဇမှာ အမြစ်တွယ်နေတဲ့ ကူညီချင်တဲ့ ပရဟိတစိတ်ကတော့ ရှင်သန်နေသေးတယ်ဆိုတာ မြင်တွေ့ခဲ့ရတယ်။ သဘာဝကပ်ဆိုးကြီးတစ်ခု ဖြစ်ပွားပေါ်ပေါက်ခဲ့ပြီဆိုရင် ဘယ်နိုင်ငံမှာမဆို မလွဲမသွေ ကြုံတွေ့ရမြဲဖြစ်တဲ့ ရောဂါမျိုးစုံဖြစ်ပွားခြင်း၊ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ရောဂန္တရကပ်နဲ့ ဒုဗ္ဘိက္ခန္တရကပ်ဆိုတဲ့ ကပ်ကြီး နှစ်ခုစလုံး မြန်မာနိုင်ငံမှာ ကပ်ရောဂါအသွင် လုံးဝပေါ်ပေါက်ခဲ့ခြင်း မရှိဘူး။ ဒါဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီကြောင့် မဟုတ်ဘူး။ ဒီလိုအကူအညီတွေက ဖြစ်ပြီးအတော်ကြာမှ ရောက်လာတာ။ မုန်တိုင်းစဲစဲချင်း ဒီနေ့ အပြင်ထွက်လို့ရ၊ မနက်ဖြန် ကူညီဖို့ ရောက်လာတာ ရန်ကုန်မြို့က လူငယ်၊ လုံမငယ်လေးတွေ ဖြစ်တယ်။ သူတို့တစ်တွေက လက်လှမ်းမီသလောက် ဆေးဝါးနဲ့ စားစရာတွေ စုဆောင်းပြီး ရောက်လာကြတာ။

တစ်နိုင်ငံလုံး ၀ိုင်းကြ၀န်းကြ
အဲဒီလူငယ် လုံမငယ်လေးတွေရဲ့ ကျေးဇူးကြောင့် မုန်တိုင်းဒဏ် ဘယ်လောက်ထိ ပြင်းထန်ဆိုးရွားတယ်ဆိုတာကို တစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာလုံးက သိကြတာဖြစ်တယ်။ သိတာနဲ့ တစ်ပြိုင်နက် ရန်ကုန်သာမကတော့ဘဲ တစ်နိုင်ငံလုံးက နိုင်ငံသူနိုင်ငံသားတွေဟာ ရသမျှ စားနပ်ရိက္ခာတွေ၊ ဆေးဝါးနဲ့ အ၀တ်အစားတွေကို စုဆောင်းပြီး ကားကြီးကားငယ် အသွယ်သွယ်နဲ့ ဧရာဝတီတိုင်းကို အပြေးအလွှား သွားကြတယ်။ တစ်ခေါက်မဟုတ်ဘူး။ အခေါက်ခေါက် အခါခါ သွားကြတာပါ။ အမြို့မြို့ အနယ်နယ်မှာ သီတဂူဆရာတော်ကြီးလို ဆရာတော် သံဃာတော်တွေက ရှေ့ဆောင်ပြီး လုပ်ကိုင်ကြတာဖြစ်လို့ ပိုပြီး အောင်မြင်တွင်ကျယ်ခဲ့တယ်။ လောကီရေးရာတွေနဲ့ ခပ်ကင်းကင်းနေလေ့ရှိတဲ့ အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီးလို ကျောင်းကြီးမျိုးကတောင် ကျောင်းလုံးကျွတ် သံဃာတွေစေလွှတ်ပြီး ကူညီရေးလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်စေတာ တွေ့ရပါတယ်။ "ဘယ်ကုလသမဂ္ဂ အဖွဲ့အစည်း၊ ဘယ်အင်န်ဂျီအိုတွေမှ မရောက်တဲ့ ဒေသတွေ အများကြီးရှိတယ်။ သီတဂူဆရာတော်ကြီးရဲ့ တပည့်တပန်းတွေ မရောက်တဲ့ရွာ တစ်ရွာမှ မရှိဘူး" လို့တောင် ဒေသခံတွေက ပြောတာကြားခဲ့ရပါတယ်။

နောက်ဆက်တွဲတွေ ရှောင်နိုင်ခဲ့
ဒီလို တစ်မျိုးသားလုံး ၀ိုင်းဝန်းကူညီကြလို့သာ ကပ်ကြီးနှစ်မျိုးစလုံး ပေါ်ပေါက်မလာခဲ့တာ ဖြစ်တယ်။ ဘယ်နိုင်ငံက သဘာဝဘေးအန္တရာယ်မဆို နောက်ဆက်တွဲအဖြစ် ဒီကပ်ကြီးနှစ်ပါး ရောက်လာမြဲဖြစ်တယ်။ တချို့နိုင်ငံများဆို သဘောဝဘေးအန္တရာယ်ကြောင့် သေကြေရတာထက် ၀မ်းရောဂါတွေကြောင့်၊ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေကြရတာတောင် ပိုများလေ့ရှိတယ်။ ဒါမျိုး မကြုံရတာက မြန်မာလူမျိုးများရဲ့ ပရဟိတစိတ်ကြောင့်သာ ဖြစ်တယ်။

ဂါရ၀တရား၊ နိဝါတတရား
"မြန်မာစိတ်" လို့ ပြောရတဲ့ နောက်စိတ်တစ်မျိုးကတော့ ဂါရ၀တရား၊ နိဝါတတရားစိတ်ဓာတ် အလွန်ကြီးမားခြင်း ဖြစ်တယ်။ ဒီဂါရ၀တရား၊ နိဝါတတရားစိတ်ဓာတ်ကတော့ မြန်မာလူမျိုးလောက် ဘယ်လူမျိုးမှာမှ ဒါလောက်ကြီးကြီးမားမား မရှိပါဘူး။ ဆရာကန်တော့ပွဲ ဆိုတာမျိုး၊ သက်ကြီးပူဇော်ပွဲ ဆိုတာမျိုး ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ ကမ္ဘာမှာ မြန်မာတစ်ခုတည်းမှာသာ ရှိတဲ့ပွဲလို့ ဆိုနိုင်တယ်။ သူများနိုင်ငံတွေမှာ ဆရာများနေ့တို့၊ ဘိုးဘွားများနေ့တို့ ဆိုတာတွေတော့ ရှိပါရဲ့။ ပို့စကတ်လေးပို့ရုံ၊ ချောကလက်နဲ့ ကိတ်မုန့်လေး ပို့ရုံလောက်ပါပဲ။ မြန်မာတွေလို လှိုက်လှိုက်လှဲလှဲ စို့စို့ပို့ပို့ ကန်တော့တာမျိုး မတွေ့ဖူးပါဘူး။ အနောက်တိုင်း မဆိုထားနဲ့ မြန်မာတွေလိုပဲ ဆရာ့ကို မိဘနဲ့တစ်တန်းတည်းထား လေးစားတဲ့ အရှေ့တိုင်းနိုင်ငံတွေမှာလည်း "စတိ" သဘောလောက်ပါပဲ။ ဒါကြောင့် ဒီဂါရ၀စိတ်၊ နိဝါတစိတ်ကိုလည်း "မြန်မာစိတ်" လို့ ပြောခဲ့တာပါ။

ကြော်ငြာပေးဖို့ ပေးတဲ့လက်ဆောင်
ဂျာနယ်တိုက်တွေက လူငယ်လုံမငယ်လေးတွေ ရောက်လာကြတဲ့အခါ ဘာအကြောင်းကိစ္စနဲ့ပဲလာလာ "ကျွန်တော် ကျွန်မတို့ကို ခိုင်းစရာရှိခိုင်းပါ"၊ "ကျွန်တော်ကျွန်မတို့ ဘာလုပ်ပေးစရာရှိသေးလဲ" ဆိုတဲ့စကားတွေ ပြောမြဲဖြစ်တယ်။ "လောကွတ်" စကား ပြောကြတာမဟုတ်မှန်း သိသာပါတယ်။ အခုတစ်လော ဂျာနယ်အသီးသီးမှာ ရေးခဲ့တဲ့ ဆောင်းပါးပေါင်းချုပ် စာအုပ်လေးတွေ ဆက်တိုက်ထွက်လာတဲ့ အခါမှာလည်း "ဆရာ့စာအုပ်တွေအကြောင်း ဂျာနယ်တွေမှာပါအောင် လိုက်ပို့ပေးပါမယ့်။ ကျွန်တော်တို့ခိုင်းပါ။ အားမနာပါနဲ့" လို့ ပြောရှာကြတယ်။ လူတွေများများသိအောင် ရေးပေးစေချင်တဲ့ စေတနာနဲ့ ပြောကြတာပါ။ ဒါပေမယ့် အပို့မခိုင်းပါဘူး။ ဂျာနယ်မဂ္ဂဇင်းတွေထဲက ကြော်ငြာသဘော ရေးပေးအောင်ဆိုပြီး စာအုပ်လက်ဆောင် ပို့တာမျိုး ဘယ်တုန်းကမှ မလုပ်ပါဘူး။ ဂျာနယ်၊ မဂ္ဂဇင်းက ခင်မင်ရင်းစွဲရှိတဲ့သူ တချို့ကို ပုဂ္ဂိုလ်ရေးအရကလွဲပြီး ကြော်ငြာရေးဖို့ လက်ဆောင်ပေးတာတော့ မလုပ်ပါဘူး။

စာဖတ်သူက သံသယရှိလိမ့်မယ်
ကိုယ်တိုင် သတင်းစာအယ်ဒီတာ လုပ်နေစဉ်ကလည်း လက်ဆောင်ပေးလို့ ရေးတာမျိုး မလုပ်ပါဘူး။ ၀ယ်ဖတ်ပြီး ရေးချင်စိတ်ရှိရင် ရေးသင့်တယ်ထင်ရင် ရေးလိုက်တာပါပဲ။ ရုပ်ရှင် "ပရက်ရှိုး" ဆိုတဲ့ပွဲတွေလည်း ဘယ်တော့မှ သွားမကြည့်ပါဘူး။ ကိုယ့်ဘာသာကိုယ်ကြည့်ပြီး ကောင်းလို့ ရေးသင့်တယ်ထင်ရင် ရေးပါတယ်။ မကောင်းလို့ ရေးသင့်တယ်ထင်ရင်လည်း ရေးပါတယ်။ စာနယ်ဇင်းဆိုတာ ဘယ်သူ့ဆီမှ ဘယ်လိုလက်ဆောင်မျိုးကိုမှ လက်မခံသင့်ဘူးလို့ ယုံကြည်ပါတယ်။ စာနယ်ဇင်းသမားက လက်ဆောင်တစ်ခုကို ကြီးကြီးသေးသေး လက်ခံမိပြီဆိုရင် သူ့ရဲ့ ဝေဖန်သုံးသပ်ချက်ကို စာဖတ်ပရိသတ်က သံသယရှိတော့မှာ သေချာပါတယ်။ ဒါ သဘာဝကျပါတယ်။ လူငယ် စာနယ်ဇင်းသမားလေးတွေ စဉ်းစားဆင်ခြင် ကြည့်ကြစေချင်လို့ ရေးလိုက်တာပါ။

No comments:

Post a Comment

 
Web Statistics