ပုံပြင်တစ်ပုဒ်ရှိသည်။
တစ်ခါ၌ လူတစ်ယောက်သည် ရပ်ဝေးခရီးသွားစဉ် လမ်း၌ ခိုးသားဓားပြတို့နှင့် တွေ့ရသည်။ ဓားပြတို့က သူ့အား သေလုမြောပါး ရိုက်နှက်ပြီး အ၀တ်အစားပါမကျန် လုယူသွားသည်။ လမ်းဘေး၌ လဲနေသော ၎င်းလူကို သည်လမ်းမှ ဖြတ်သန်းသွားသူတို့ မြင်ကြသည်။ သို့သော် မကူညီကြ။ လမ်းတစ်ဖက်ခြမ်းမှ ကွင်းရှောင်သွားကြသည်။ ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးသာ လဲနေသူကိုမြင်လျှင်ပင် အနီးသို့ ချဉ်းကပ်သွားပြီး ဒဏ်ရာကို ဆေးထည့်ပေးသည်။ အ၀တ်ဖြင့် စည်းနှောင်ပေးသည်။ လူနေအိမ်ခြေရှိသည့် နေရာအထိ သယ်ဆောင်သွားပြီး တည်းခိုအိမ်တစ်ခု၌ အပ်နှံသည်။ သည်ပုဂ္ဂိုလ်ကို လက်ခံပြုစုပေးပါ။ လောလောဆယ် ငွေကြေး မည်မျှယူထားပါ။ နောက်ထပ် ကျသင့်ငွေကို မိမိ ခရီးကိစ္စ ပြန်လာလျှင် ပေးပါမည်ဟု ဆိုသည်။
ဤသည်က ခရစ်ယာန်သမ္မာကျမ်းစာလာ ဆမာရီတန် ပုံပြင်ကို ပြန်ပြောခြင်း ဖြစ်ပါသည်။
စဉ်းစားကြည့်ပါ။ ဒုက္ခရောက်သူအပေါ် ကရုဏာစိတ်ထားသူ၊ သွားကူလျှင် ငါ့မှာ ပြဿနာ တစ်စုံတစ်ရာ တက်မလားဟု နှောင့်နှေးဗျာပါ မရှိသူ၊ ကူညီရာ၌လည်း ရှေးဦးသူနာပြုစုခြင်းမှသည် အိတ်ထဲက ငွေကြေးပါ စိုက်ထုတ်ကာ အစအဆုံး ပြည့်စုံအောင် ဆောင်ရွက်သူ....၊ သည်လိုပုဂ္ဂိုလ်မျိုး ရှားပါးလှပါသည်။
သို့သော် ရှိတော့ ရှိသည်။
ကြက်ခြေနီဖခင်ကြီးဟု အများသိမှတ်ကြသည့် ဟင်နရီဒူးနန့် (Jean Henri Dunant 1828-1910) သည်လည်း အလားတူ ပုဂ္ဂိုလ်ထူးမျိုး ဖြစ်သည်။
ဒူးနန့်သည် လုပ်ငန်းရှင် သူကြွယ်တစ်ဦးဖြစ်၍ လုပ်ငန်းကိစ္စ တစ်ရပ်အတွက် ပြင်သစ်ဧကရာဇ် နပိုလီယံထံ တင်ပြတောင်းခံရန် သွားရောက်ရင်း ပြင်သစ်နှင့် သြစတြီးယားတို့ တိုက်ခိုက်ကြသည့် လွမ်ဘာဒီစစ်မြေပြင်သို့ ရောက်သွားသည်။ သူရောက်ရှိချိန်မှာ တိုက်ပွဲပြီးဆုံးသွားပြီ။ သို့သော် ဒဏ်ရာရသူပေါင်း ၄၀၀၀၀ ကျော်မျှ စစ်တလင်းမှာ ကျန်ရစ်သည်။
သွေးအလိမ်းလိမ်းကပ်၍ ညစ်ထေးပေကျံကာ ကြောက်ဖွယ်သော ဒဏ်ရာကိုယ်စီနှင့် ညည်းညူမြည်တမ်း နေကြသူများကြားသို့ ကိုယ်ပိုင် မြင်းရထားတစ်စီးနှင့် ဒူးနန့်ရောက်ရှိသွားသည်။ စီးပွားရေးဇောနှင့် လာခဲ့သူဖြစ်သော်လည်း ဒုက္ခသည်တွေ မြင်ရသည့်အခါ သူ လျစ်လျူမရှုနိုင်။ "ရေ၊ ရေ" ဟု တစာစာအော်သူတွေကို ရေရှာ၍ တိုက်သည်။ ဒဏ်ရာမှ သွေးတွေစီးကျနေသူကို အ၀တ်စရှာ၍ စည်းပေးသည်။ ထို့နောက်၌ ဆမာရီတန်လိုပင် အပ်နှံ၍ မသွားနိုင်ဘဲ မလှမ်းမကမ်းရွာက ရွာသူရွာသားများကို စည်းရုံးကာ စေတနာ့ဝန်ထမ်း အဖွဲ့ငယ်များ ဖွဲ့စည်းပြီး အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက်သည်။
သည်ကစတင်ကာ ဒူးနန့်၏ ဦးနှောက်ထဲ နှလုံးသားထဲမှာ လူသားချင်း စာနာထောက်ထားသောစိတ် အမြစ်တွယ်သွားပြီး ကိုယ်ပိုင်လုပ်ငန်းများကို ဘေးဖယ်ကာ ဒုက္ခရောက်သူတို့အား လူမျိုးဘာသာ မခွဲခြားဘဲ စောင့်ရှောက်ကူညီမည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အစည်းကြီး ဖြစ်မြောက်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားခဲ့သည်။
ယနေ့ခေတ်၌ လူလူချင်း စာနာထောက်ထားသော လုပ်ငန်းတွေသည် ယဉ်ကျေးမှုနှင့် အသိဉာဏ်မြင့်မားသော လူသား၏ လက္ခဏာတစ်ရပ်အဖြစ် ကမ္ဘာတစ်လွှား၌ ပြန့်ပွားတွင်ကျယ်လျက် ရှိနေသည်။ မြန်မာနိုင်ငံ၌လည်း မိဘမဲ့ကလေးသူငယ်၊ စောင့်ရှောက်သူမဲ့ သက်ကြီးရွယ်အို၊ မျက်မမြင်၊ ဆွံ့အနားမကြား၊ မသန်စွမ်းသူများ၊ ရောဂါဘယကြီးများ၊ ဖိစီးနှိပ်စက်ခံရသူ၊ စီးပွားရေးနိမ့်ကျလွန်းသဖြင့် ပညာမသင်ကြားနိုင်သူ၊ ဆေးဝါးမကုသနိုင်သူ၊ အစာအာဟာရ ပြတ်လပ်သူ၊ ရုတ်တရက်ကျရောက်သည့် သဘာဝဘေးရန်ကြောင့် ဒုက္ခမျိုးစုံ ကြုံရသူ အစရှိသည့် အကူအညီလိုသူ မျိုးစုံတို့အတွက် ကူညီသော ကယ်ဆယ်သော စောင့်ရှောက်သော အလုပ်များကို အင်တိုက်အားတိုက် လုပ်ဆောင်လာနေကြတာ တွေ့ရသည်။
လူသားချင်း စာနာသည့် စိတ်ဓာတ်များ ထွန်းကားလာခြင်းကို ကောင်းသော လက္ခဏာအဖြစ် ကြိုဆိုရမည် ဖြစ်သည်။
သို့သော်၊
လိုအပ်သူကို ကူညီခြင်းသည် ကရုဏာလုပ်ငန်း၏ ပဏာမအဆင့်သာ ဖြစ်သည်။ ပို၍ အရေးကြီးပြီး ပို၍ ထိရောက်သောအဆင့်ကား လိုအပ်သူနည်းပါးအောင် လုပ်ဆောင်ရေး၊ သို့မဟုတ် လိုအပ်ချက်များ ဖြစ်ပေါ်ရသည့် အကြောင်းရင်းများကို ဖယ်ရှားပေးနိုင်ရေး ဖြစ်သည်။
အထက်တွင် ဖော်ပြခဲ့သည့် ကူညီစောင့်ရှောက်မှု လိုအပ်သူ အများစုတို့၌ အရင်းခံပြဿနာသည် ဆင်းရဲချို့တဲ့ခြင်း ဖြစ်သည်။ ဆင်းရဲခြင်းကြောင့် ကျောင်းမနေနိုင်၊ စာမတတ်သဖြင့် ပိုဆင်းရဲ၊ ဆင်းရဲခြင်းကြောင့် ဆေးမကုနိုင်၊ မကျန်းမာသဖြင့် ပိုဆင်းရဲ၊ ဆင်းရဲခြင်းကြောင့် .....။
ဆင်းရဲခြင်းနှင့် ဘေးဒုက္ခတို့သည် ပတ်ချာလည် ပြဿနာဖြစ်နေသည်။
စင်စစ် သသာဝဘေးရန်များပင် ဆင်းရဲသူတို့ ပို၍ ခုခံနိုင်စွမ်း နည်းပါးကြသည်။ ဘေးရန်ချင်းတူလျှင် ဆင်းရဲသူတို့ ပို၍ သေကျေပျက်စီးရသည်။
ဆင်းရဲခြင်း လျော့ပါးအောင် တစ်ဖက်တစ်လမ်းက အားမထုတ်ဘဲ ဆင်းရဲခြင်းကြောင့်ဖြစ်သည့် ဘေးဒုက္ခများကိုသာ ကောက်သင်းကောက် လိုက်လံဖြေရှင်းနေလျှင် အိတ်ပေါက်နှင့် ဖားကောက်သလို ဖြစ်နေလိမ့်မည်။
အမေရိကန် လူမည်းခေါင်းဆောင် မာတင်လူသာကင်း () ပြောသွားသော စကားတစ်ခုကို မြန်မာလို ဆီလျော်အောင် ပြန်ပြောချင်သည်။ မာတင်လူသာကင်းက... "ကရုဏာအလုပ်သည် တောင်းစားနေသူတစ်ဦးထံ ငွေဒင်္ဂါတစ်ပြား ပစ်ပေးလိုက်ရုံနှင့် မပြီး။ သူတောင်းစားများ ထုတ်လုပ်ပေးနေသည့် လူမှုအဆောက်အအုံကို ပြန်လည်ပြင်ဆင်နိုင်မှ ကိစ္စပြီးသည်။ စေတနာရှင် ဆမာရီတန်လို ဘ၀ခရီးလမ်းဘေးတွင် ဒဏ်ရာနှင့် လဲနေသူကို ဖေးမကူညီရုံနှင့် မပြီး။ သူသူငါငါတို့၏ ဘ၀ခရီးလမ်းတစ်လျှောက် ရိုက်နှက်လုယက်မည့် သူများနှင့် မဆုံတွေ့ရအောင် ခရီးဝန်းကျင်ကို ပြုပြင်ပြောင်းလဲပေးဖို့လည်း လိုအပ်သည်" ဟု ဆိုခဲ့ပါသည်။
ပြည်သူ့ခေတ်အယ်ဒီတာ
၉-၈-၂၀၁၀
၉-၈-၂၀၁၀
No comments:
Post a Comment