ဇာတ်ကားအမည် - ကောက်ကင်အောက်က ဆုံမှတ်
ဝတ္ထု - လမင်းမိုမို
ဇာတ်ညွှန်း - သမီးမြတ်ကျော်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - နေတိုး၊ အိန္ဒြာကျော်ဇင်၊ ချောရတနာ၊ အံ့မင်းညို
ကျွန်တော့်အမြင် - မထင်မှတ်ဘဲနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကျွန်တော်နဲ့ လုံးဝကို အငြင်းပွားရတဲ့ ဇာတ်ကားပါ။ သူတို့တွေအားလုံးက အဲဒီဇာတ်လမ်းဟာ မဖြစ်နိုင်ဘူးလို့ ခါးခါးသီးသီးပဲ ဆိုကြပါတယ်။ ကျွန်တော်ကတော့ ဇာတ်ညွှန်းရေးသူရဲ့ လိုအပ်ချက်အချို့နဲ့၊ နေတိုးရဲ့ သရုပ်ဆောင်ချက် မပီပြင်မှုတချို့ကြောင့် အဲလိုဖြစ်သွားရတယ်လို့ မြင်မိပါတယ်။ ၀တ္ထုစာအုပ်ကို ဖတ်ရတယ်ဆိုရင် ပိုကောင်းမယ်လို့ ပြောနိုင်တဲ့ ဇာတ်လမ်းမျိုးပါ။ အဲဒီဇာတ်ကားမှာ အိန္ဒြာကျော်ဇင်နဲ့ အံ့မင်းညိုရဲ့ သရုပ်ဆောင်မှုဟာ အမှတ်ပြည့်နီးပါး ပေးချင်စရာပါ။ အထူးသဖြင့် မထင်မှတ်ဘဲ အံ့မင်းညိုကြောင့် ဒီဇာတ်ကားဟာ အသက်ဝင်လာရတာကို တွေ့ရပါတယ်။ ၀တ္ထုရေးကတည်းက အဲဒီနေရာကနေ စာရေးဆရာမက ရေးထားသလားဆိုတာ သိချင်စမ်းပါဘိဗျာ။ အိမ်ထောင်ရေးပညာပေး ဇာတ်လမ်းတစ်ခုလို့ဆိုရင် "ဟင်" ဆိုပြီး မကြည့်ဘဲနေကြမှာစိုးလို့ ဘာမှတ်ချက်မှ မပေးလိုတော့ပါဘူး။ ငှားကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုလို့ ညွှန်းပါရစေ။
ဇာတ်ကားအမည် - ရေသည်ယောက်ျား
အောင်ဗပါဝါ ကိုယ်ပိုင်ရေးညွှန်း ရိုက်ကူးသည်။
သရုပ်ဆောင်များ - နေတိုး၊ အိန္ဒြာကျော်ဇင်၊ နေအောင်၊ သန်းသန်းစိုး၊ ဗေလုဝ၊ အေးအေးခိုင်
ကျွန်တော့်အမြင် - ဇာတ်ကားအစမှာ စာတန်းထိုးတဲ့အချိန် အောင်ဗပါဝါ ကိုယ်ပိုင်ရေးညွှန်း ရိုက်ကူးသည်လို့ မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရင်ထဲမှာ ဘယ်လောက်အထိ နင်သွားတယ်ဆိုတာ အခုထိ ပြန်အမှတ်ရနေ မိသေးတော့တယ်။ "ဟာ... သွားပါပြီ" ဆိုတဲ့စိတ်နဲ့အတူ ဒီဇာတ်ကားကျမှ လေးချပ်တွဲကြီး ဖြစ်ရတယ်လို့ကွာဆိုပြီး အတော်ကြီးကို စိတ်ညစ်သွားခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်အထင်တွေ မှားသွားခဲ့ရပါတယ်။ ရှာမှရှားတဲ့ အောင်ဗပါဝါရဲ့ ထူးရှယ်ဇာတ်ကားပါ။ ကာရန်လိုလို၊ နဘေလိုလို၊ ဇာတ်ဟန်လိုလို၊ နတ်ဟန်လိုလို စကားလုံးတွေနဲ့ မနှိပ်စက်တဲ့ အောင်ဗပါဝါရဲ့ ဇာတ်ကားပါခင်ဗျား။ ဇာတ်လမ်းလေးကလည်း အရင့်အရင် ဇာတ်လမ်းတွေနဲ့ ဆီနဲ့ရေပမာ လားလားမျှမဆိုင်တဲ့ ဇာတ်လမ်းကောင်းလေးပါ။ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာကိုတော့ မစဉ်းစားကြေးပေါ့ဗျာ။ နော။ အင်္ဂလန်ပြန် သူဌေးသမီးတစ်ယောက်ကလည်း ရေသန့်ပို့တဲ့ ကားသမားကို ကြိုက်နိုင်တာပါပဲ။ အဲလိုအဖြစ်တွေမှ တစ်ပုံကြီးပဲ။ ဘယ်မှာလဲလို့တော့ ကျွန်တော့်ကို လာမမေးနဲ့ဗျာ။ ကျွန်တော်ကိုဉာဏ် ဖြေရခက်တယ်ဗျ။ မရမကမေးမယ်ဆိုလည်း ဖြေရတာ အလွယ်လေးပါ။ မခက်ပါဘူး။ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေထဲမှာလို့ ပြောလိုက်မှာပေါ့။ ဟုတ်ဖူးလားဗျ။ အမြဲတမ်းလိုလို ပေါတောတော ဗေလုဝက ဒီဇာတ်ကားမှာ တကယ့်ကို ဇာတ်ပို့စစ်စစ်ကြီး ဖြစ်နေပါရောလား။ သူ့ကိုကြည့်ပြီး မရယ်ဘဲကို မနေနိုင်ဘူး။ အောင်ဗပါဝါရဲ့ ရင်တွင်းဖြစ်ခံစားချက် အချို့ကိုလည်း ဒိုင်ယာလော့ခ်တွေ အနေနဲ့ ဖောဖောသီသီ ထည့်ထားပါသေးသဗျာ။ ငှားကြည့်ဖို့ ညွှန်းချင်သဗျ။ ဟိုးအရင်က အောင်ဗပါဝါရဲ့ စပါယ်ရှယ်ကားတွေကြောင့် ဒေါသတွေ ပွားခဲ့ရသူတွေအတွက် အောင်ဗပါဝါက အကြွေးပြန်ဆပ်တဲ့ကားလို့ ကျွန်တော်က ဆိုလိုက်ချင်သေးတယ်။ ဆရာအောင်ဗပါဝါရေ... မကောင်းရင်လည်း ကျွန်တော်က မကောင်းဘူးပဲ။ ဒီဇာတ်ကားအတွက်တော့ ခင်ဗျားကို ချီးကျူးပါရဲ့ဗျာ။ အဲလိုလေးတွေ ရိုက်တတ်ရဲ့သားနဲ့ ပေါတောတောတွေ မလုပ်ပါနဲ့ဗျ။ အောင်ဗပါဝါဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ ကျွန်တော်တို့က ကြောက်နေခဲ့တာဗျ။ အခုတော့ နည်းနည်းအကြောက်ပြေသွားပါပြီ။
ဇာတ်ကားအမည် - တိမ်လွင့်သွားတဲ့ကောင်းကင်
ဇာတ်လမ်း - မောင်မောင်မြင့်သိန်း
ဇာတ်ညွှန်း - လှဝင်း (ဘောဂဗေဒ)
ဒါရိုက်တာ - ကုသိုလ်
သရုပ်ဆောင်များ - ရန်အောင်၊ ပြေတီဦး၊ မိုးဟေကို၊ ကိုပေါက်
ကျွန်တော့်အမြင် - (အင်း...) အခုတလော ကျွန်တော့်ကြည့်သမျှ ဇာတ်ကားတွေကလည်း တကယ့်လက်တွေ့နဲ့ ကင်းကွာနေတာတွေချည်းပဲ။ အားလုံးကို ရုပ်ရှင်ပဲလေ၊ ဗီဒီယိုပဲလေလို့ ဖြည့်တွေးပေးပြီး ကြည့်နေရတယ်။ လူတစ်ယောက်ရဲ့ အသက်ကို အကြွေးတောင်းတယ်၊ အတောင်းခံရသူကလည်း လက်ခံတယ်၊ သတ်မယ့်လူကလည်း အိမ်မှာလိုက်နေတယ်။ ကဲ... ဒီလောက်ဆိုရင် စဉ်းစားသာ ကြည့်ပါတော့ဗျာ။ ပြောတော့ဖြင့် ဒီနေ့ခေတ်ကြီးက ဘာခေတ်၊ ညာခေတ်ဆိုဗျ၊ ဘယ်လိုဖြစ်ပြီး ဘိုးတော်ဘုရားခေတ်က အတွေးအခေါ်တွေကို ဇာတ်လမ်းဆင်နေရတာတုန်းဗျ။ ဒီနေ့လူငယ်တွေအတွက် အသိဉာဏ်ပညာတွေ ပွင့်သွားစေမယ့်၊ ဘ၀တိုက်ပွဲတွေအတွက် အားအင်တွေ ဖြည့်စွမ်းပေးနိုင်မယ့် ဇာတ်လမ်းမျိုးတွေကို မစဉ်းစားကြ၊ မရေးသားကြ၊ မရိုက်ကူးကြတော့ဘူးလားဗျ။ ဒီဇာတ်ကားကိုကြည့်ပြီး ဘာရသလဲလို့မေးရင် ဘာမှမရဘူးလို့ပဲ ဖြေရမှာပဲ။ ရန်အောင်နဲ့ ပြေတီဦးရဲ့ သရုပ်ဆောင် အားပြိုင်မှုကိုတော့ မြင်တွေ့ခွင့်ရတာပေါ့ဗျာ။ ဒါကလည်း သူတို့အတွက် ထမင်းစားရေသောက်ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် မိုးဟေကိုကို ကြည့်ချင်တဲ့အတွက် ဒီဇာတ်ကားကို ငှားကြည့်ဖြစ်တာဗျ။ သူ့ခမျာလည်း သနားပါရဲ့။ ဇာတ်ကားတစ်ခုလုံးမှာ ရယ်ရတဲ့အခန်းဆိုလို့ နှစ်ခန်း၊ သုံးခန်းလောက်ပဲ ပါရရှာတယ်။ တကယ့်ကို ငိုပွဲသဘင် ဆင်နွှဲနေရရှာသကိုး။ ကုသိုလ်တို့ရိုက်ချက် ပြင်းပါ့ဗျာ။
ဇာတ်ကားအမည် - အန်ကယ်ဖေဖေ
ဇာတ်လမ်း - သြရသ
ဇာတ်ညွှန်း - မြင့်သန်းအောင်
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - လူမင်း၊ ရတနာခင်၊ ၀တ်မှုန်ရွှေရည်၊ ဟိန်းမင်း၊ မျိုးမျိုးခိုင်
ကျွန်တော့်အမြင် - လူမင်းကို ပိုက်ဆံပေးချင်တာများဗျာ။ ဒီအတိုင်းပေးလိုက်ရင် ကျေးဇူးတင်မယ့်ကိစ္စကို အလကားနေရင်း ဇာတ်ကားထဲမှာ သရုပ်ဆောင်ခိုင်းနေသေးတယ်။ လူမင်းပေးရတဲ့ ပိုက်ဆံရဲ့ နှစ်ဆလောက်ကို ပရိသတ်ဆီက ပြန်လိုချင်တော့ ဘာလုပ်တယ်ထင်လဲ။ ၀တ်မှုန်ရွှေရည်ကို ကောက်ထည့်လိုက်တာပေါ့။ အင်း... သူလေးကလည်း.. သူလေးပါပဲလေ။ ငယ်ဂုဏ်လေးနဲ့ ကလေးလိုလို၊ (အင်း) ကလေးလိုလိုပေါ့ဗျာ ဆိုတော့ကာ ကျွန်တော်တို့လည်း ငှားကြည့်ရတော့တာပေါ့။ မယုံမရှိနဲ့ဗျို့... ဒီိခေတ်ကြီးထဲမှာ ၀က်သားစားလို့ လင်မယားကွဲတယ်ဆိုတာ ရှိသေးတယ်ဗျ။ မယုံဘူးလား၊ မယုံရင် အန်ကယ်ဖေဖေကို ငှားကြည့်။ အဲဒီအထဲမှာ တကယ်ကွဲတယ်။ လူမင်းက ၀က်သားစားတယ်။ ရတနာခင်က နတ်ကိုယုံကြည်တယ်။ အဲဒီမှာ ပြဿနာဖြစ်တယ်။ ရှင် ၀က်သားကိုဖြတ်မလား၊ ကျွန်မကို ဖြတ်မလားဆိုတော့ ၀က်သားကို မဖြတ်နိုင်ဘူးတဲ့။ အဲဒီမှာ လင်မယားကွဲသွားတယ်။ လွယ်လိုက်တာဗျာ။ တကယ်တမ်း ဒါရိုက်တာပြချင်တာက အဲဒါမျိုး ဟုတ်မယ်မထင်ပါဘူး။ အဲ... သူက လူပျိုကြီးဆိုတော့လည်း လင်မယားဆိုတာ အဲလို လွယ်လွယ်ကလေး ကွဲလို့ရတယ်လို့ ထင်နေတာဖြစ်မယ်ဗျ။ သမီးလေးတစ်ယောက်နဲ့ လင်မယားက ကွဲသွားလိုက်ပုံက စားပွဲပေါ်က ဖန်ခွက်ပြုတ်ကျတာ ကျနေတာပဲ။ အရွယ်ရောက်နေတဲ့ သမီးနဲ့ တစ်ခန်းထဲမှာ အတူနေတာကလည်း အများပြောမယ်ဆို ပြောစရာပါပဲ။ ပိုဆိုးတာက ဇာတ်လမ်းသဘောပေါ့ဗျာ။ ထားပါတော့။ ဖအေလုပ်သူက သမီးပျော်စေချင်လို့ အတင်းလိုက်ပြီး ယောက်ျားပေးစားတဲ့ ပုံစံကြီးကတော့ လွန်လွန်းတယ်ထင်တယ်ဗျာ။ သမီးကလည်း ယူမှာပဲ၊ ယူမှာပဲဆိုပြီး ဟိုဒင်းဖြစ်၊ ဖအေကလည်း သမီးချစ်နေတဲ့ကောင်လေးကို ယူပါကွာ၊ ယူပါကွာဆိုပြီး အတင်းလိုက်ပေးစားနဲ့ အားပါးပါး တကယ့်ကို နိုင်ငံတကာအဆင့်မီပါဗျို့။ ကိုယ့်ဟာကိုယ် တွဲဖက်ဒါရိုက်တာလုပ်ပြီး ပညာရင်နို့သောက်စို့နေတာ ဟုတ်နေရဲ့သားနဲ့ ရွှေဉာဏ်တော်တွေ ကွန့်မြူးပြီး ဇာတ်လမ်းတွေဘာတွေ ထရေးလိုက်တော့ ဖြစ်ပြီပေါ့ဗျာ။ သြရသရေ... ထိုင်နေအကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ ဆိုတဲ့ မြန်မာစကားပုံ ရှိတယ်ဗျ။ ကဲပါဗျာ... အတိုဆုံး မှတ်ချက်ပေးရရင်... မြန်မာမျက်စိနဲ့မကြည့်၊ မြန်မာနားနဲ့ နားမထောင်ဘဲ ကြည့်ရှုမယ်ဆိုရင်တော့ ၀တ်မှုန်ရွှေရည်လေးက ချစ်စရာကောင်းသားဗျ။ ကြည့်ပြီးခါမှ တောက်တခေါက်ခေါက်နဲ့ ဖြစ်သွားရင်လည်း ကျွန်တော့်အလွန် မဟုတ်ကြောင်းပါနော်။
ဇာတ်ကားအမည် - ပျားရည်ရောင်လမင်း
ဇာတ်ညွှန်း - ထူးနွယ်အိမ်
ဇာတ်လမ်းနှင့် ဒါရိုက်တာ - မောင်မျိုးမင်း
သရုပ်ဆောင်များ - ပြေတီဦး၊ ရန်အောင်၊ မိုးဟေကို
ကျွန်တော့်အမြင် - နည်းနည်းပါးပါး ရယ်ရတယ်။ များများစားစား စိတ်ညစ်ရတာတွေလည်းပါတယ်။ ကောင်းသလိုလို ထင်ရတယ်။ မကောင်းဘူးလို့လည်း ပြောလို့ရတယ်။ ဟာကွာ... မင်းဟာက ဘာတွေပြောနေမှန်းလည်း မသိဘူး။ ရှုပ်နေတာပဲလို့ စာဖတ်သူက ပြောချင်နေပြီလား။ ဟုတ်တယ်ဗျ... ကျွန်တော်လည်း အဲဒီဇာတ်ကားကို ကြည့်ရတဲ့အချိန်မှာ အဲဒီလို ဖြစ်ခဲ့ရတာကိုး။ ဘာတွေမှန်းကို မသိဘူး။ ကျွန်တော်ကိုကပဲ လိုက်မမီတာလား မသိပါဘူးဗျာ။ မဟုတ်ကဟုတ်က ပေါက်ကရ စဉ်းစားတတ်ရင် သူများနဲ့မတူတဲ့ ဇာတ်လမ်းဖြစ်သလားဆိုတဲ့ မေးခွန်းတစ်ခု ကျွန်တော့်ခေါင်းထဲမှာ ပေါ်နေတယ်ဗျ။ အေးဗျာ... အပျင်းပြေ ကြည့်မှာဆိုရင်တော့ ပြေတီဦးနဲ့ မိုးဟေကိုကြောင့် ကြည့်ပျော်မှာပါ။
ဇာတ်ကားအမည် - ရင်ခုန်သံဖြည့်ဘက်
ဝတ္ထု - လမင်းမိုမို
ဇာတ်ညွှန်း - ဆုသြချယ်
ဒါရိုက်တာ - သိန်းဟန် (ဖီးနစ်)
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ အိန္ဒြာကျော်ဇင်၊ ၀ိုင်းစုခိုင်သိန်း
ကျွန်တော့်အမြင် - ဗီဒီယိုကို ဗီဒီယိုအမှတ်နဲ့ကြည့်ဆိုတဲ့ နောက်ထပ် ဇာတ်လမ်းတစ်ခုပေါ့ဗျာ။ ကျော်ရဲအောင်ရဲ့ ဖန်တစ်ရာတေနေတဲ့ သရုပ်ဆောင်မှုပုံစံတွေကို မငြီးငွေ့သေးဘူးဆိုရင်တော့ ကြည့်လို့ကောင်းမှာပါ။ ထွန်းအိန္ဒြာဗိုကတော့ ၀ါရင့်သရုပ်ဆောင် ဆိုတဲ့ဂုဏ်ကို အပြည့်အ၀ကို ထိန်းနေပြီဗျ။ မျက်လုံးတွေ၊ နှုတ်ခမ်းတွေနဲ့ စကားတွေပြောသွားလိုက်တာများ ခဏခဏ ပြန်ရစ်ကြည့်ရတယ်။ မင်းသမီးသစ်လေးတွေ အတုယူသင့်တယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ အိမ်ထောင်ရေးဟာလည်း ဈေးကွက်ဝင်နေပြီဆိုတာ အတိအလင်းကို ချပြနေကြပြီကိုး။ ဖြစ်တဲ့ရောဂါနဲ့ ကျော်ရဲအောင်နေထိုင်ပုံကို ပြတာကလည်း လမိုင်းမကပ်လိုက်တာဗျာ။ ချက်ချင်းသေသင့်တယ်။ ဆရာဝန်ဆိုတဲ့လူကလည်း သူ့လူနာအကြောင်းကို အခြားတစ်ယောက်ကို အဲသလိုမျိုး ပြောခွင့်ရှိသလားဆိုတာ စဉ်းစားစရာပဲ။ ဒီလောက်ကြီး ဆရာဝန်တွေကို မကောင်းမြင်နေပါတယ်ဆိုမှ။ အပြမတတ်တော့ သောက်တလွဲတွေ ဖြစ်ကုန်တာပေါ့ဗျာ။
ဇာတ်ကားအမည် - သဲကိုးဖြာအချစ်
ဝတ္ထု - လမင်းမိုမို
ဇာတ်ညွှန်း - ကိုရွှေမိုးသက်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ပြေတီဦး၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ ဆုပွန်ထွာ၊ မျိုးမျိုးခိုင်
ကျွန်တော့်အမြင် - တကယ့်မဟာကရုဏာတော်ရှင် အချစ်သူရဲကောင်းကြီးတွေကို ကြည့်ချင်သပဆိုရင် ဒီဇာတ်ကားကို မဖြစ်မနေ ငှားကြည့်ကြပါဗျာ။ ပြောသာပြောရတာ... ဟုတ်တော့လည်း ဟုတ်သားဗျ။ ဇာတ်ကားထဲက သူတို့လိုမျိုး အခြေအနေဆိုရင်တော့ ကျွန်တော်လည်း သူတို့လို အချစ်သူရဲကောင်း ဖြစ်ချင်လိမ့်မယ်ထင်တယ်။ ဒီဇာတ်ကားမှာ ပြေတီဦးနဲ့ စိုးမြတ်သူဇာရဲ့ သရုပ်ဆောင်မှုကတော့ လက်ဖျားခါမိပါရဲ့ဗျာ။ အမယ်... ခင်ထုံလို့ ကျွန်တော်ကခေါ်တဲ့ ဆုပန်ထွာကလည်း သူ့ဇာတ်ရုပ်နဲ့ ကွက်တိပါဗျာ။ ဒါရိုက်တာ တော်ပါဘိ။ ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာတွေ မစဉ်းစားနဲ့ဗျာ။ သရုပ်တွေအားလုံးက အပိုအလိုမရှိ ကွက်တိတွေ သရုပ်ဆောင်ထားကြတယ်။ ဇာတ်လမ်းလေးကလည်း မတူဆန်းပြားတဲ့ အတွေးလေးဗျ။ ငှားကြည့်ဖြစ်အောင် ကြည့်လိုက်စမ်းပါလို့ လက်တို့ပါရစေဗျာ။ စိုးမြတ်သူဇာရဲ့ မျက်နှာအမူအရာတွေဟာ ဇာတ်ကားပြီးသွားတဲ့အထိ စွဲကျန်ရစ်ခဲ့တယ်ဗျ။ အဲဒါကြောင့်လည်း မကြီးစိုးတို့ အခုအချိန်အထိ ပန်းပန်နေနိုင်တာ ဖြစ်မှာပါဗျာ။ တကယ်တော်ပါတယ်။
ဗီဒီယိုဇာတ်ကားတွေအကြောင်း ရေးပါဦးလို့ တိုက်တွန်းကြသူတွေအတွက် အချိန်ပေးပြီး ရေးလိုက်တာပါဗျာ။ ကြည့်ခဲ့သမျှ ဇာတ်ကားအကုန်လုံးကို ပြန်ရေးမပြနိုင်တာကို စိတ်မကောင်းဘူး။ အချိန်လည်း မပေးနိုင်သလို၊ သိပ်ပြီးတော့လည်း ရေးချင်စိတ် မရှိလို့ပါ။ အချို့အချို့တွေအတွက် ကျေနပ်စေတယ် သဘောကျစေတယ်ဆိုရင် ကျွန်တော်ရေးရကျိုး နပ်ပါတယ်။ မကြိုက်တဲ့လူတွေကတော့ ကျော်ဖတ်လိုက်ပါဗျာ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၃ ရက်၊ တနင်္လာနေ့။
ညနေ ၄ နာရီ ၃၈ မိနစ်တွင်ပြီး၏။
Thanks for sharing!!!
ReplyDeleteဟုတ်ကဲ့၊ လာရောက်ဖတ်ရှုပြီး ကွန်းမန့်ပေးခဲ့တဲ့အတွက် ကျေးဇူးပါနော်။
ReplyDeleteကိုဥာဏ်ရေ..
ReplyDeleteရေသည်ယောင်္ကျား ညွှန်းလို့သွားကြည့်တာ အစကနေအဆုံး တလုံးမျွှလွဲတဲ့ ကိုရီးယားကားစစ်ကြီးပါပဲ။ အဲ့ကား မြန်မာပြည်မှလြွန်ခဲ့တဲ့ ၆နှစ်ကျော်က ပြပီးသွားတဲ့ကား
ဟိုကားက မင်းသမီးလေးရဲ့ မျက်လုံးလေးက တကဲ့ကို အပြစ်ကင်းပီး လုံးဝ မသိနားမလည်ပုံလေး ဖြစ်နေပီး အိမ်ဒါ့ မျက်လုံးတွေနဲ့တခြားစီဖြစ်နေတယ်။ အီမ်ဒါက သူ့ဟာနဲံသူတော့ချောပေမဲ့ ကိုးရီးယးနဲ့သွားယှဉ်ထားတဲ့ ဇာတ်လမ်းမှာကျတော့ မင်းသမီးအလှကိုမမှီတော့ပဲ သူ့လို သရုပ်ဆောင်မပီဘူးဗျာ။
ရေသည်ယောင်္ကျားက ကိုးရီးယားမင်းသားက သိပ်မချောပေမဲ့ ဒီကားမှာနေတိုးက ချောနေတယ်။
ဒါရီုက်တာ ဇာတ်ည့န်းရေးသူတွေက ကိုရီးယားကားကို တသွေမတိမ်းမြန်မာမှုပြုထားတာပဲဗျာ.. မြန်မာဇာတ်လမ်းစစ်ဆိုရင်သိပ်ကောင်းမှာပဲ။
ဘာပဲဖြစ်ဖြစ် ကိုဥာဏ်ညွှန်းတဲ့ကားလေးတွေ သွားကြည့်ဖြစ်လို့ကျေးဇူးပါ