"ကျင့်ဝတ်" ပိုင်း ဆိုင်ရာများကို ဦးစားပေး ရေးလွန်းတာနဲ့ ပတ်သက်ပြီး စောဒကတက်သူတချို့ တွေ့ဖူးတယ်။ ခေတ်တွေ ပြောင်းတာနဲ့အတူ ကျင့်ဝတ်စံနှုန်းတွေလည်း လိုက်ပါပြောင်းလဲမှ ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်တော့မှာပေါ့လို့ ပြောသူလည်း ရှိတယ်။
တရားဟော ဆရာလိုပဲ
နေရာတိုင်းမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာရိတ္တစံနှုန်းနဲ့ လိုက်တိုင်းနေလို့တော့ ဘယ်ဖြစ်မှာလဲလို့ ပြောသူရှိသလို လူတိုင်းကို ဂျာနယ်ကျော် ဦးချစ်မောင် စိတ်ထားမျိုး ထားဖို့ချည်း ပြောနေရင် စာနယ်ဇင်း အလုပ်လုပ်မယ့်သူတောင် ရှိမှာ မဟုတ်တော့ဘူးလို့ ပြောသူလည်း ရှိတယ်။ ပညာတတ် အမေရိကန်တစ်ယောက်ကတော့ "ခင်ဗျားက တရားဟောဆရာတစ်ယောက်လို သီလဖြူစင်ဖို့ချည်း ဟောနေတဲ့သူတစ်ယောက် (Boralist) ဖြစ်နေပြီ" လို့ ကောက်ချက်ချသွားဖူးတယ်။ သူကိုယ်တိုင်က အမေရိကန် တက္ကသိုလ်တစ်ခုမှာ သတင်းစာပညာ သင်ကြားပို့ချတဲ့ ပါမောက္ခတစ်ယောက် ဖြစ်ပါတယ်။
လူ့နှုန်းစံတွေ ထိန်းဖို့
ဒီခေတ်ကြီးမှာက ဘယ်နယ်ပယ်ကို ကြည့်လိုက် ကြည့်လိုက် ကျင့်ဝတ်ဖောက်ဖျက် ကျူးလွန်မှုတွေ အလွန်အမင်း ဆိုးဝါးချင်တိုင်း ဆိုးဝါးနေတာကို မြင်တွေ့နေရတဲ့အတွက် လူအဖြစ် သတ်မှတ်ချက်စံနှုန်းတွေကို ထိန်းနိုင်သလောက် ထိန်းကြစေဖို့ ရည်ရွယ်ပြီး ရေးနေရတာ ဖြစ်တယ်။ မိတ်ဆွေ အမေရိကန် ကျောင်းဆရာပြောသလို "သီလသမား" တော့ မဟုတ်ပါဘူး။ သမ္မတရေဂန်ကို စာသင်ကျောင်းတွေမှာ ဓမ္မကျမ်းစာတွေ ပြန်လည်သင်ကြားဖို့ ဆော်သြခဲ့တာကြောင့် လူတွေက "Boralist" သီလသမားလို့ ကင်ပွန်းတပ်ခဲ့ကြတယ်။ ဘာမှ မဆိုင်ပါဘူး။ ရေဂန်ဟာ ကွန်ဂရက်လွှတ်တော်ကို လိမ်ခဲ့၊ အမေရိကန်ပြည်သူတွေကို ညာခဲ့တဲ့ "အီရန်ဂိတ်" အရှုပ်တော်ပုံကြောင့် ရာထူးက ဖြုတ်ချခံရလုဆဲ ဖြစ်ခဲ့တဲ့ လူလိမ်ကြီးတစ်ယောက် ဖြစ်ပါတယ်။ လေးစားစရာ ဘာတစ်ခုမှ မရှိပါဘူး။
လူကြီးလူကောင်းမဟုတ်
ရေဂန်လို သီလသမား အမည်ခံမျိုးကို မလေးစားသလို အရက်သေစာ ရှောင်ကြဉ်ရေးတို့၊ တိရစ္ဆာန်အသား မစားရေးတို့ လှုံ့ဆော်ဟောကြား နေသူတိုင်းကိုလည်း လူကြီးလူကောင်းလို့ သဘောမထားပါဘူး။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် ဆိုင်ရာ ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာစောင့်ထိန်း သူများကိုသာ လူကောင်းလို့ သဘောထားပါတယ်။ အမေရိကန်သမ္မတ ရာထူးကို လက်ခံဖို့အတွက် ကျင့်ဝတ်နဲ့ စည်းကမ်း သတ်မှတ်ချက်တွေကို လိုက်နာ စောင့်ထိန်းပါမယ်လို့ ကျမ်းသစ္စာကို ကျိန်ဆိုရပါတယ်။ ဒီကျမ်းသစ္စာကို ချိုးဖောက်တာနဲ့ တစ်ပြိုင်နက် အဲဒီပုဂ္ဂိုလ်ဟာ ကျမ်းစူးသွားပါပြီ။ သမ္မတဖြစ်ဖို့ မထိုက်တန်တော့ပါဘူး။ ရေဂန်တို့ ကလင်တန်တို့ဟာ အဲဒီလို သမ္မတမျိုးတွေပါ။
ဝိနည်းနဲ့ညီမှ ရဟန်း
ဒီခတ်ဒီအခါကြီးမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းစံ၊ ဂျာနယ်ကျော် ဦးချစ်မောင်စံ ဆိုတဲ့ စံနှုန်းမျိုးတွေနဲ့ နေရာတကာ လိုက်တိုင်းတာလို့ မဖြစ်ဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် သူ့နယ်ပယ်အလိုက် သတ်မှတ်ထားတဲ့ အနိမ့်ဆုံး ကျင့်ဝတ်စံနှုန်းတွေကိုတော့ ပစ်ပယ်လို့ မရပါဘူး။ ရဟန်းတော်တစ်ပါးအဖြစ် သတ်မှတ်ခံရဖို့အတွက် သတ်မှတ်ထားတဲ့ ၀ိနည်းတော်တွေနဲ့ ညီဖို့လိုပါတယ်။ ချမ်းလွန်းအေးလွန်းတဲ့ ဒေသရောက်နေတဲ့အတွက် အအေးဒဏ် ကာကွယ်ဖို့ဆိုပြီး ၀ီစကီသောက်လို့ မရပါဘူး။ ဒါဆိုရင် ဗုဒ္ဓဘာသာ ရဟန်းတော်လို့ မခေါ်နိုင်တော့ပါဘူး။
ဆရာဝန်ကောင်းဆိုတာ
ဆရာဝန်တစ်ယောက်ကို ဆရာဝန်ကောင်းဖြစ်ဖို့ပဲ လူတွေက လိုချင်တာပါ။ သူ အရက်သောက်တာ၊ မိန်းမများများ ယူတာတွေကို လူနာတွေက စိတ်မ၀င်စားပါဘူး။ လူတွေအပေါ်မှာ ဆရာဝန်ကျင့်ဝတ်နဲ့အညီ ပြုမူဆက်ဆံရင် ကျေနပ်ပါတယ်။ "Boralists" တွေကသာ ငါးပါးသီလမြဲတဲ့ ဆရာဝန်ဖြစ်ဖို့ တောင်းဆိုကြမှာ ဖြစ်တယ်။ ကိုယ်တိုင်လည်း အရက်မသောက်ပါဘူး။ အိမ်ထောင်လည်း တစ်ခါပဲ ပြုဖူးပါတယ်။ ဒါပေမယ့် တခြားသူတစ်ယောက်ကို အရက်သောက်ရုံ၊ မိန်းမနှစ်ယောက် ယူရုံနဲ့တော့ မကောင်းတဲ့လူလို့ မသတ်မှတ်ပါဘူး။ သူ့အလုပ်မှာသူ တာဝန်ကျေပွန်ပြီး လူ့လောကမှာလည်း လူကြီးလူကောင်းတစ်ယောက်လို ပြုမူနေထိုင်ရင် ဘာမှ ပြောစရာ မရှိပါဘူး။
စီးပွားရေး အဓိကခေတ်
ခက်တာက ခေတ်ကြီးတစ်ခုလုံးက စီးပွားရေး အဓိကဖြစ်နေလေတော့ လူတွေအားလုံးလိုလိုဟာလည်း ပိုက်ဆံရဖို့ကိုသာ ဦးစားပေး လုပ်ဆောင်နေကြရတယ်။ သူတော်ကောင်းဖြစ်ဖို့၊ လူကြီးလူကောင်း ဖြစ်ဖို့ဆိုတာ ထားတော့၊ သာမန်ကျင့်ဝတ် စောင့်ထိန်းသူတစ်ယောက် ဖြစ်ဖို့တောင် သိပ်အလေးမထားကြတော့ဘူး။ အဲဒါကြောင့် ကျင့်ဝတ်၊ ကျင့်ဝတ်နဲ့ ခဏ ခဏ အော်ပေးနေရတာပါ။ Boralists တွေလို သိပ်အမြင့်ကြီး မတောင်းဆိုပါဘူး။ ဆရာဝန်က ဆရာဝန် ပီသဖို့၊ ကျောင်းဆရာက ကျောင်းဆရာ ပီသဖို့၊ ၀န်ထမ်းက ၀န်ထမ်းပီသဖို့၊ စစ်သားက စစ်သားပီသဖို့၊ စာနယ်ဇင်းသမားက စာနယ်ဇင်းသမား ပီသဖို့ ဆိုတာလောက်ပဲ လိုချင်တာပါ။
စံနှစ်မျိုးနှစ်စား
မိတ်ဆွေ အမေရိကန် သတင်းစာပညာ ပါမောက္ခကလည်း ကျင့်ဝတ်အခြေခံလောက်တော့ ထိန်းသိမ်းမှု ရှိရမှာပေါ့လို့ လက်ခံတယ်။ ဒါပေမယ့် စံသတ်မှတ်ချက်ကျတော့ သူနဲ့ကိုယ်နဲ့ ဘယ်လိုမှ မတူတော့ဘူး။ ဥပမာ - ဒိုင်ယာနာ မင်းသမီး ကိစ္စဆိုပါတော့။ ကိုယ့်အမြင်က မင်းသမီးလေး သူ့အဖော်နဲ့ နိုက်ကလပ်သွားတာ၊ မြင်းပွဲသွားတာ၊ ကျွန်းကလေးတစ်ကျွန်းပေါ် အပန်းဖြေခရီး ထွက်တာမျိုးတွေကို နောက်က တကောက်ကောက်လိုက်၊ ဓာတ်ပုံခိုးရိုက်ပြီး လူသိရှင်ကြား ဖော်ထုတ်ရေးသားတာမျိုးကို သတင်းသမား လုပ်ရပ် မဟုတ်ဘူး၊ အ၀ါရောင် စာနယ်ဇင်းသမား လုပ်ရပ်၊ သည်းခြေခိုက် စာနယ်ဇင်း (Sensational paper) လုပ်ရပ်လို့ မြင်တယ်။ အမေရိကန် ပါမောက္ခက ဒါဟာ Sensational မဟုတ်ဘူး။ Human interest story (လူထုစိတ်ဝင်စားတဲ့ သတင်း) ဖြစ်လို့ ရေးသားဖော်ပြသင့်တယ်လို့ မြင်တယ်။
ဘက်လိုက်တာ လူ့သဘာဝ
နောက်ပြီး သူ ကျောင်းမှာစာသင်တော့ သတင်းစာဆိုတာ ဘယ်တော့မှ ဘက်မလိုက်ရဘူး။ သမာသမတ် ရှိရမယ်လို့ သင်မြဲဖြစ်တယ်။ နယူယောက်တိုင်းတို့၊ ၀ါရှင်တန်ပို့စ်တို့ ဘက်မလိုက်ဘူးလား။ တိုင်းတို့၊ နယူးစ်ဝိခ်တို့ရော သမာသမတ် ရှိကြသလားလို့ မေးလိုက်တော့ သူ ဘာမှ မပြောတော့ဘူး။ ဘယ်ပြောနိုင်မှာလဲ၊ ဘက်မလိုက်တဲ့ သတင်းစာဆိုတာ ရှိမှ မရှိတာ။ လောကသားတိုင်းဟာ သူ့ပင်ကိုအခံ ယုံကြည်မှုက ပေါ်ထွက်လာတဲ့ အသိနဲ့ လောကကို ရှုမြင်သုံးသပ်မြဲ ဖြစ်တယ်။ အဲဒါကြောင့် ဘက်လိုက်တယ်ဆိုတာ လူ့သဘာဝပဲ။ ဘက်မလိုက်ဘူးဆိုတာ ရှိကို မရှိနိုင်တဲ့ အရာဖြစ်တယ်။
ပြည်သူ့ဘက်သားဆိုတာ
လမ်းသွားရင်း ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်က မညှာမတာ ထိုးကြိတ် ရိုက်နှက်နေတာကို တွေ့ပါလျက်နဲ့ ကိုယ်နဲ့မဆိုင်သလို မျက်နှာလွှဲ ရှောင်ကွင်းသွားတဲ့ စိတ်ဓာတ်မျိုးကို မဆိုင်ရာ ၀င်မရှုပ်တတ်တဲ့ စိတ်လို့ ချီးကျူးရမှာလား၊ တကယ်လို့ အရိုက်ခံရတဲ့ ကလေး သေဆုံးသွားရင် ရှောင်သွားတဲ့လူဟာ လူသတ်မှုကို မတားဆီးတဲ့အတွက် အားပေးသူအဖြစ် ပူးတွဲ တရားခံလို့ မသတ်မှတ်သင့်ဘူးလား။ အမှားနဲ့ အမှန်၊ ဓမ္မနဲ့ အဓမ္မကြားမှာ နှာစေးနေတဲ့သူဟာ တာဝန်မဲ့သူ ဖြစ်တယ်။ လူ့တာဝန် ပျက်ကွက်ပါတယ်။ ပြည်သူ့ဘက်သားဆိုတာ ပြည်သူ့ဘက်က အမြဲ ရပ်တည်ပေးရမှာပါ။ ဒါမှ ပြည်သူ့ခေတ်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။
၈-၈-၂၀၁၀
အလွန်ကောင်းသော article ပါ...ကျေးဇူးအထူးတင်ပါသည်.
ReplyDeleteဟုတ်ကဲ့ ကျွန်တော်ကလည်း ကျေးဇူးတင်ပါသည်။ လာရောက်ဖတ်ရှုမှုအတွက်နှင့် ကွန်းမန့်အတွက် ဖြစ်ပါသည်။ ပျော်ရွှင်ပါစေခင်ဗျား။
ReplyDelete