Monday, August 23, 2010

အသုံးများသော မြန်မာဗန်းစကားများ (ယ၊ ရ)


myanmarwords.png

ယစ်ထုပ် (ယစ်တုတ်)
အရက်သေစာ မပြတ်သောက်သူ။ အမြဲမူးယစ်နေလေ့ရှိသူ။
သေရည်ယစ်မျိုးကို သောက်လေ့ရှိသဖြင့် လူတစ်ကိုယ်လုံးသည် ယစ်မျိုး အထုပ်ကြီးသဖွယ် ဖြစ်နေသည်ကို တင်စား၍ ယစ်ထုပ်ဟူ၍ ဆိုကြသည်။ (ဥစ္စာထုပ်၊ ရိက္ခာထုပ်၊ ရွှေထုပ် စသည် အသုံးရှိ၏။) တစ်နည်း သေရည် သောက်တုတ်သည် စသည်၌ တုတ်ဟူသော ကြိယာသည် မျိုသုံးစားသောက်သော အနက်ရှိရာ ယစ်မျိုးတုတ်လေ့ရှိသူ၊ ယစ်မျိုးတုတ်သူ၊ ယစ်တုတ်ဟူ၍လည်း အနက်ကောက်ယူကြသည်။ ယစ်ထုပ်ဟု အခေါ်အမှတ် များသည်။

ရေတိမ်နစ်သည်
မနစ်နာသင့်ဘဲလျက် နစ်နာခံစားရသည်
ရေနက်ကို ကူးဖြတ်ရသောအခါ မတော်တဆ နစ်မြုပ်သေဆုံးခြင်း ဖြစ်လွယ်လေသည်။ ရေတိမ်၌ကား နစ်မြုပ်ခြင်းဖြစ်ရန် အကြောင်းမရှိချေ။ သို့သော်လည်း တစ်ခါတစ်ရံ မမျှော်လင့်ဘဲနှင့် ရေတိမ်၌ပင် နစ်မြုပ်သေဆုံးတတ်ပေရာ၊ တစ်စုံတစ်ယောက်သည် မဖြစ်သင့် မဖြစ်ထိုက်လှဘဲ တစ်နည်းတစ်ဖုံ ထိခိုက်နစ်မွန်းခြင်း ဖြစ်ရသောအခါတွင် တင်စား၍ ရေတိမ်နစ်သည်ဟု ဆိုကြသည်။

ရေသီးနားခိုသည်
မိန်းမ (မယား) လုပ်စာကို ကပ်ရပ်မှီခိုစားသည်။
မိန်းမထဘီ အောက်နားကို ရေသီးနားဟု ခေါ်ဆိုရာ၊ မိန်းမထဘီနားတွင် ကပ်ခိုလေသကဲ့သို့ သဘောကောက်၍၊ ယောက်ျားတစ်ယောက်က မိန်းမသားလုပ်စာကို ကပ်ရပ်စားသောက်ခြင်းကို ရေသီးနားခိုသည်ဟု ဆိုသည်။

ရိက္ခာယူသည်
(၁) အငြိမ်းစားနေသည်။ (၂) သေခါနီး နိမိတ်/လက္ခဏာပြသည်။
(၁) အမှုထမ်းများသည် အိုမင်းသောအခါ အလုပ်မှ အနားယူ၍ အငြိမ်းနေထိုင်လျက် အလုပ် လုပ်ဆောင်ခဲ့သည့်အတွက် ခံစားခွင့်ကို ခံယူသောအခါ ရိက္ခာယူသည်ဟု ဆိုသည်။ (ရှေးမြန်မာမင်းများ လက်ထက်က လစာအစား မျိုးရိက္ခာကို ခံယူလေ့ရှိသည်) ရိက္ခာသည် လစာစသည်ကဲ့သို့ ချီးမြှင့်သော အခွင့်အရေးပင် ဖြစ်သည်။ သို့ရာတွင် ယခုအခါ၌ အရွယ်အိုမင်းသော ကာလမှ ခံယူသော အခွင့်အရေးအဖြစ် အမှတ်ပြုကြသည်သာများ၍ အိုမင်းခြင်းအနက်ဖြင့် တင်စား သုံးစွဲကြသည်။

(၂) ရိက္ခာယူသည် ဟူသောစကားကို အခြားနည်း သုံးစွဲပေသေးသည်။ လူများသည် ခရီးသွားလာသောအခါ လမ်းခရီးအတွက် ရိက္ခာကို သယ်ဆောင်သွားလေ့ရှိသည်။ ထို့ကြောင့် သေလွန်သော အခါ၌လည်း ၀ိညာဉ်သည် ဘ၀တစ်ခုသို့ ကူးပြောင်းသွားလာရဦးမည်ဟု ယူဆ၍ လမ်းခရီးတွင် မြစ်ချောင်းတွေ့သော် ကူးတို့ကူးရန် ကူးတို့ခကို ထည့်လေ့ရှိသည်။ ထို့ပြင် သေလွန်ခါနီး နောက်ဆုံးစားသောက်ခြင်းကို နောင် သေလွန်ပြီးဝိညာဉ်၏ ခရီးအတွက် ရိက္ခာသယ်ဆောင် လေဘိသကဲ့သို့ သဘော မှတ်ယူကြလေသည်။ ထို့ကြောင့် ထိုသို့ စားသောက်ခြင်းကို သေခါနီး ရိက္ခာယူသည်ဟု ဆိုမှတ်ကြရာ တစ်စုံတစ်ဦးက မပေးလိုသော ပစ္စည်းဥစ္စာကို မတရား ရယူသွားသူအား ပစ္စည်းရှင်က ကျိန်ဆဲသောအားဖြင့် ရိက္ခာယူသည်ဟု ဆိုတတ်သည်။ အဓိပ္ပါယ်မှာ ထိုသူသည် ဤပစ္စည်းကို ယူပြီးနောက် ဘေးအန္တရာယ်တွေ့၍ သေဆုံးတော့မည်ကဲ့သို့ ရေရွတ်ပြောဆိုခြင်းဖြစ်သည်။

ရောင်တော်ပြန်နှင့် ရောလွှတ်သည်
အရောင်လိုက်၍ မှီတွယ်သည်။ သူတစ်ပါးအရှိန်ကို အခွင့်ကောင်းယူ၍ ဟန်ပြ၀င့်ဝါသည်။
ဘုရားစေတီများ ရောင်ခြည်တော် လွှတ်သည့်အခါတွင် ရောင်ခြည်တော် လွှတ်နေသည့်အခိုက် လူသူတော် ဆိုသူတို့ကလည်း ဘုရားစေတီတော် ထိပ်ဖျားသို့တက်၍ မိမိတို့ တန်ခိုးကိုယ်ရောင်အဟန်ဖြင့် ကိုယ်ရောင်လွှတ်ပြတတ်သည်ကို ပမာပြု၍ မိမိပင်ကိုယ် အစွမ်းအစ အရှိန်အ၀ါမရှိဘဲ သူတစ်ပါး၏ အရှိန်အ၀ါကို အရိပ်ခိုရောဝင်၍ အစွမ်းဟန် ပြခြင်းများကိုလည်းကောင်း၊ သူတစ်ပါး၏ အငှားအရှိန်အ၀ါဖြင့် ၀င့်ဝါခြင်း၊ အရေခြုံခြင်း၊ ရှေ့စကား အလိုက်အထိုက် မျှောလိုက်၍ အလိုက်သင့်ရောနှောပြောဆိုခြင်း စသည်များကို ရောင်တော်ပြန်နှင့် ရောလွှတ်သည်ဟု ဆိုကြသည်။

ရွက်ကြမ်းရေကျို
သင့်ရုံအရည်အချင်းမှီသူ
ချက်ပြုတ်စားသောက်ရသော ဟင်းရွက်၊ သစ်ရွက်တို့သည် နုသောအခါ အရွက်ကိုပါ ချက်ပြုတ်စားသောက်ရသော်လည်း၊ ရင့်ရော်ကြမ်းတမ်းလွန်း၍ အရွက်ပကတိအတိုင်း စားသောက်ခြင်း မပြုနိုင်သောအခါ အချို့အရွက်တို့မှာကား သြဇာဓာတ် အရသာ ကြွင်းကျန်လျက်ပင်ရှိ၍၊ အစားအစာ အလို့ငှာဖြစ်စေ၊ ဆေးဝါးအရည်အတွက်ဖြစ်စေ အရည်ကျိုယူ သုံးစွဲနိုင်ပေသည်။ အချို့သောအရွက်ကား ရင့်ကြမ်းလွန်း၍ လုံးဝပင် အသုံးမ၀င်တော့သည်လည်း ရှိသည်။ သို့ဖြစ်၍ ရွက်နုလည်းမဟုတ်၊ ရွက်ရင့်လည်း မဟုတ်...။ အကြမ်းစား၊ အရည်ကျို ရနိုင်ရုံမျှသော အရွက်ကို ပမာဟပ်၍ ချောသည်ဟုလည်း မဆိုသာ၊ အရုပ်ဆိုးသည်ဟုလည်း မပြောနိုင်သော အလယ်အလတ် အရည်အချင်းကို ရွက်ကြမ်းရေကျိုအလှ စသည်ဖြင့် တင်စား၍ သုံးစွဲကြသည်။

RELATED:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)
အသုံးများသော မြန်မာဗန်းစကားများ (ဆ)
အသုံးများသော မြန်မာဗန်းစကားများ (ဇ၊ ဈ၊ ည၊ ဋ)
အသုံးများသော မြန်မာဗန်းစကားများ (တ)
အသုံးများသော မြန်မာဗန်းစကားများ (ထ၊ ဒ)
အသုံးများသော မြန်မာဗန်းစကားများ (ဓ၊ န)
အသုံးများသော မြန်မာဗန်းစကားများ (ပ)
အသုံးများသော မြန်မာဗန်းစကားများ (ဖ)
အသုံးများသော မြန်မာဗန်းစကားများ (ဗ)
အသုံးများသော မြန်မာဗန်းစကားများ (ဘ)
အသုံးများသော မြန်မာဗန်းစကားများ (မ)

No comments:

Post a Comment

 
Web Statistics