[မောင်စူးစမ်း]
လေးမျိုးအချို့ပညာရှင်တို့က ဒီမိုကရေစီအကြောင်း ဆွေးနွေးလျှင် ကမ္ဘာ့ရေးရာအကြောင်းကို နောက်ခံထားချင်ကြသည်။ သူတို့နောက်ခံထားချင်သော ပုံကားချပ်ကလည်း လေးမျိုးရှိသည်။ (၁) စစ်အေးခေတ်၊ (၂) အင်အားကြီးနိုင်ငံတို့ချင်း အားပြိုင်မှု၊ (၃) အဏုမြူခေတ်၊ (၄) အာဏာရှင်စနစ် နှင့် နယ်ချဲ့စနစ်တို့ဆိုင်ရာ သီအိုရီနှင့် လက်တွေ့ တို့ဖြစ်ကြသည်။ ၎င်းတို့အား ခေတ်ပြိုင်ရောင်ပြန်ဟပ်မှုဟု သတ်မှတ်သည်။
ဆိုခဲ့ပါ ပုံကားချပ်ကြီးကို ဉာဏ်ဖြင့် ရှုမြင်ရာ၌ Foresight (ခေါ်) ကြိုတင်သိမြင်နိုင်စွမ်းဉာဏ်နှင့် ရှုမြင်ရန် ခက်ခဲသည်။ အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်း ဆိုသည်မှာ မဖြစ်နိုင်သောအလုပ်ဟု ယူဆကြသည်။ ထို့ကြောင့် ကမ္ဘာပုံကားချပ်ကြီးတို့ကို ကြည့်ရှုရာ၌ ဖြစ်ရပ်ကြီးမှာ ဖြစ်ပြီးမှ သုံးသပ်သောဉာဏ် (Hindsight) ဖြင့် ရှုမြင်ကြရသည်။ ဒုတိယအမြင်အဖြစ် သုံးသပ်လျှင် ဒီမိုကရေစီသည် လက်တွေ့ပိုင်းနှင့် ပိုပြီး စပ်ဆိုင်သည်။
စမ်းသပ်နည်း
ပုံကားချပ်ကြီးကို အခြေခံသော အတွေးခေါ်ပညာရှင်တို့က ဒေသသန့်သန့် သမိုင်းဟူ၍ မရှိနိုင်ဟု ယူဆကြသည်။ သူတို့အဆိုအရ မည်သည့်ကိစ္စမဆို ကမ္ဘာ့စံချိန်စံညွှန်းတို့နှင့် တစ်စုံတစ်ရာ အဆက်အစပ်ရှိရမည်။ ဒေသသမိုင်းဟူ၍ သန့်သန့်မရှိနိုင်။ ဒေသပုံပြင်တို့က စနစ်ကို ပုံလောင်းသည်ထက် ကမ္ဘာ့အတိုင်းအတာရှိ စံတို့ကသာ ဒေသပုံပြင်ကို ပုံလောင်းသည်ဟု ယူဆသည်။ သို့ဖြင့် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီလက္ခဏာတို့ ကမ္ဘာ့စံချိန်စံညွှန်းဖြင့် အကဲဖြတ်မှာလား သို့တည်းမဟုတ် ဒေသထူးခြားချက်ဖြင့် အကဲဖြတ်မှာလားဟူ၍ ဆွေးနွေးရန် ပြဿနာပေါ်သည်။
ဒေသထူးခြားချက်ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အလုံးစုံအကျုံးဝင်သော နိုင်ငံရေးယဉ်ကျေးမှုနှင့် စနစ်၏ ခိုင်ခံ့မှုတို့ကို ရည်ညွှန်းသည်။ လူတိုင်းသိနေသော အချက်မှာ ကျင်းပတော့မည့် ရွေးကောက်ပွဲသည် နိုင်ငံရေးစနစ်သစ်ကိုလည်းကောင်း၊ နိုင်ငံသားတို့၏ အခွင့်အရေးကိုလည်းကောင်း ပေါ်ထွန်းစေမည်ဆိုသော အချက်ဖြစ်သည်။ အစားအစာတစ်ခု၏ အရသာကို စားကြည့်မှ သိရသကဲ့သို့ နိုင်ငံရေးစနစ်တစ်ခု၏ တည်တံ့ခိုင်မြဲမှုကို လက်တွေ့စမ်းသပ်ကြည့်မှသာ သိရှိနိုင်သည်။
သပိတ်မှောက်လှုံ့ဆော်
စင်စစ်အားဖြင့် ပကတိအခြေအနေကိုသာ ရှုမြင်ရန် မဟုတ်ဘဲ သက်ဆိုင်ရာ ပလေယာတို့၏ စေတနာတို့ကိုလည်း ထည့်တွက်ရန်လိုသည်။
ယခင် လက်ဝဲနိုင်ငံရေးစကားနှင့်ပြောလျှင် ပေါ်ထွန်းမည့် နိုင်ငံရေးစနစ်သစ် ခိုင်မြဲရေးသည် ကမ္မပိုင်းနှင့် ကတ္တားပိုင်းပေါ်တွင် မူတည်သည်။ ဆိုလိုသည်မှာ သက်ဆိုင်ရာ ပလေယာအားလုံးတို့သည် စေတနာကောင်းဖြင့် စနစ်သစ် ပေါ်ထွန်းခိုင်မာရေးကို ကူညီအားပေးသင့်သည်ဟု ဆိုခြင်းဖြစ်သည်။
ဤနေရာ၌ အချို့သောအုပ်စုက ရွေးကောက်ပွဲကို သပိတ်မှောက်ရန် နှိုးဆော်လျက်ရှိသည်။ ၎င်းတို့သည် လေလုံးထွား၊ မီးရှူးမီးပန်းပစ်ပြီး နိုင်ငံရေးလုပ်သောခေတ်သည် နိဂုံးချုပ်သွားပြီဆိုသော အချက်ကို နားမလည်နိုင်သောသူများ ဖြစ်ပုံရသည်။ ယခုခေတ်သည် ပညာခေတ်ဖြစ်လေရာ ပြဿနာအရပ်ရပ်ကို လေးလေးနက်နက် ချင့်ချိန်စဉ်းစားသောခေတ် ဖြစ်နေသည်။ အရူးချေးပန်း သွေးထိုးလှုံ့ဆော်သောခေတ်သည် ကုန်ဆုံးပြီ။
သူငယ်နာ
လူတို့သည် အကျိုးအကြောင်း ဆင်ခြင်တတ်ကြသဖြင့် အခြားရွေးချယ်စရာနည်းလမ်း၊ အော်တာနေးတစ်ကို ဝေဖန်ဆင်ခြင်၍ မေးခွန်းထုတ်တတ် နေကြသည်။ ရွေးကောက်ပွဲ သပိတ်မှောက်လျှင် မိမိက ဘာကို အစားထိုး ပြနိုင်သနည်းဟု စဉ်းစားရမည်။ မိမိတင်ပြမည့် အော်တာနေးတစ်သည် လေလုံးထွား မီးရှူးမီးပန်းပစ်ခြင်း မဖြစ်ရပေ။ လက်တွေ့ဖြစ်နိုင်ခြေ ရှိရမည်။ အော်တာနေးတစ်မပြဘဲ ရွေးကောက်ပွဲ သပိတ်မှောက်ရန်ကိုသာ နှိုးဆော်ခြင်းသည် လူ့အန္ဓ ဆန်လွန်းလှသည်။ အဓိပ္ပါယ်ရှိသော ဖြစ်နိုင်ဖွယ်ရှိသော၊ လောက်လောက်လားလားရှိသော အော်တာနေးတစ်ကို ပြရမည်။ အော်တာနေးတစ်မဲ့ ရွေးကောက်ပွဲလှုံ့ဆော်မှုသည် ဦးနှောက်မဲ့သော လှုံ့ဆော်မှုသာ ဖြစ်သည်။ မနူးမနပ် ကလေးဆန်လွန်းသည်။ သူငယ်နာဆန်လွန်းသည်။ နိုင်ငံရေးစနစ်ပြောင်းမှု အစီအစဉ်တွင် လေကြီးမိုးကြီးနှင့် ကန့်ကွက်ရရင်ပြီးရောဆိုသော ပုံသဏ္ဌာန်မျိုးသည် ခေတ်မစားနိုင်ပြီ။
ထို့ကြောင့် ရွေးကောက်ပွဲသပိတ်မှောက်၍ လှုံ့ဆော်သူတို့အား ဖြစ်နိုင်ခြေရှိသော ဟုတ်တိပတ်တိရှိသော အော်တာနေးတစ်တို့ကို ပြပါဟု မေးခွန်းထုတ်လိုသည်။
အညွှန်း - The Meaning of The 21st Century
No comments:
Post a Comment