Wednesday, August 18, 2010

သောင်းပြောင်းထွေလာ စပ်မိစပ်ရာ


မိုးတွေရွာနေတယ်
ဘယ်က စပြောရမလဲ။ ကျွန်တော်တို့ဆီမှာ မိုးအရမ်းကောင်းနေတယ်ဗျ။ နေ့စဉ်လိုလို ရွာနေတဲ့မိုးဟာ တ၀ုန်းဝုန်း တဒိုင်းဒိုင်း မဟုတ်ပေမယ့် အတော်ကလေး ရေပါတယ်ဗျ။ လမ်းတွေပေါ်မှာ ရေတွေဘာတွေဝပ်ပြီး ရေစီးကြောင်းလေးတွေ ဖြစ်တဲ့အထိကို ရွာနေတယ်ဗျ။ အိပ်ရာထဲမှာ ချမ်းချမ်းစီးစီးနဲ့ ဂျာနယ်လေး၊ စာအုပ်လေးဖတ်ပြီး ကွေးရတဲ့အရသာဟာ ဘာနဲ့မှကို မတူဘူးဗျ။ လက်ဖက်ရည်ဆိုင်တို့၊ စားသောက်ဆိုင်တို့၊ ရုပ်ရှင်ရုံတို့ကတော့ စိတ်ညစ်နေကြသပေါ့ဗျာ။ တစ်နေ့တာသာ ကုန်သွားတယ်၊ နေမမြင်လိုက်ရတာ ၃-၄ ရက်လောက် ရှိနေပြီဗျ။ ဟုတ်တယ်... သူရိယရှင်နေမင်းက ဘယ်ပျောက်နေပါလိမ့်။ သူလည်း မိုးရေကြောက်ပြီး တိမ်တွေကြားမှာ ကွေးနေတယ်ထင်ပ။

မော်နီတာဂျာနယ်ထဲက ဆောင်းပါးကို ညွှန်းချင်လို့
ဒီအပတ်ထုတ် မော်နီတာဂျာနယ် (အတွဲ-၁၊ အမှတ်-၁၅) ကိုဖတ်ပြီး ပြောစရာစကားတွေ ဆွံ့အသွားခဲ့ရတယ်။ အမှန်အတိုင်းပြောရရင် ပြီးခဲ့တဲ့ ၂-၃ ပတ်လောက်က မော်နီတာတွေကို ကျွန်တော် အာရုံမလာဘူးဗျ။ ဆရာမြတ်ခိုင်တစ်ယောက် တစ်ယောက်တည်းနဲ့ လုပ်ချင်တာတွေများပြီး ဟိုလွတ်ဒီလွတ်တွေ ဖြစ်နေပြီလို့ တွေးနေမိတာပေါ့။ လျှပ်တစ်ပြက်ကို ဖတ်ရတာလည်း ကျွန်တော့်စိတ်ထင် တစ်ခုခု လိုနေသလိုပဲဗျာ။ ဘာမှန်းသေချာမသိပေမယ့် ပုံမှန်ဖတ်နေသူတစ်ဦး အနေနဲ့တော့ ဆားပေါ့နေမှန်း သိတယ်ဗျ။ ထားပါလေ.. မော်နီတာကို ပြန်ဆက်ရအောင်ပါ။ ဆရာမင်းသုဝဏ်ဓာတ်ပုံ မျက်နှာဖုံးနဲ့တင်ကို ကျွန်တော့်ကို အပြည့်အ၀ စွဲဆောင်သွားတယ်ဗျ။ ဒီအပတ်ထုတ် မော်နီတာမှာ ကျွန်တော်အကြိုက်ဆုံး စာတစ်ပုဒ်ကတော့ သခင်တင်ဦး ရေးထားတဲ့ "ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်စကားပြောခြင်း" ဆိုတဲ့ ဆောင်းပါးပဲဗျ။ ကောင်းရင်လည်း ပြန်တင်ပေးလေဗျာလို့ ပြောချင်ကြပေလိမ့်မယ်။ ဂျာနယ်စာမျက်နှာတောင် (၂)မျက်နှာခွဲလောက်ရှိတဲ့ ဆောင်းပါးကို ကျွန်တော်ပြန်ရိုက်ပေးဖို့ အတော်အချိန်ယူရမယ်ဗျ။ ဒီနေရာကနေပဲ တောင်းပန်ပါတယ်ဗျာ။ ပြန်ရိုက်ပေးဖို့ အဆင်ပြေတဲ့လူ၊ ဒါမှမဟုတ် အဲဒီဆောင်းပါးကို စကင်ဖတ်ပေးနိုင်မယ့် လူတွေများရှိရင် ပြန်လည်ဝေမျှလိုက်ကြစမ်းပါဗျာ။ အတော်လေးကို ကောင်းလို့ပါဗျ။ အဲဒီဆောင်းပါးကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော်က ဦးတင်ထွဋ် (ICS) ကို အရမ်းကို လေးစားသွားတယ်။ ဗိုလ်ချုပ်ကတော့ ကျွန်တော်တို့ လေးစားပြီးသားမို့ အထူးပြောဖွယ် မရှိဘူးလေဗျာ။ ဖတ်ဖြစ်အောင် ရှာဖတ်ကြည့်ကြစေချင်ပါတယ်ဗျာ။

လာပြန်ချေပြီ ဓမ္မစေတီ
News Watch (စောင့်ကြည့်) ဂျာနယ် (အတွဲ-၆၊ အမှတ်-၅) မှာ ဖတ်လိုက်ရတဲ့ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ဆယ်ယူမယ့် သတင်းကိုလည်း သတိထားပြီး ဖတ်ကြည့်မိတယ်ဗျ။ ဂျာနယ်မှာ ရေးထားတဲ့ သတင်းခေါင်းစဉ်ကို ကျွန်တော်ပြန်ရေးပြပါ့မယ်။ "ကမ္ဘာ့အကြီးဆုံးစာရင်းဝင် ခေါင်းလောင်းတော်ကြီးနှင့် ရှေးဟောင်း အမွေအနှစ်များစွာကို ရန်ကုန်မြစ်အတွင်းမှ နှစ်ပတ်အတွင်း ဆယ်ယူရန် ဆောင်ရွက်လျက်ရှိ" တဲ့။ အင်း... တွေးစရာတွေတော့ အများကြီးပ။ သတင်းထဲမှာ ရေးထားတာတွေထဲက စိတ်ဝင်စားစရာ အချို့အချက်လေးတွေကို ရွေးထုတ်ဝေငှပါရစေ။

  • ရန်ကုန်မြစ်အတွင်း ရေအောက်/မြေအောက် ၅၂ ပေ၌ နစ်မြုပ်လျက်ရှိ (ရေအနက် ၂၇ ပေ၊ မြေကြီးစောက် ၂၅ ပေ)
  • ရေအောက်တွင် နစ်မြုပ်နေခဲ့သည်မှာ နှစ်ပေါင်း ၃၉၇ နှစ် ရှိပြီဖြစ် (မင်းင / ဘင်္ဂါ (ခ) ငဇင်ကာသည် စပိန်သို့ ယူဆောင်ရန်အတွက် ကောဇာသက္ကရာဇ် ၉၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်၊ တနင်္ဂနွေနေ့၊ နေ့လည် ၁၂ နာရီတိတိအချိန်တွင် ရွှေတိဂုံကုန်းတော်မြတ်ကြီးပေါ်မှ ယူချပြီး ရန်ကုန်မြို့နှင့် သန်လျင်မြို့အကြား မြစ်သုံးဆိုင်အရောက်တွင် သင်္ဘောနှစ်စီး တိမ်းမှောက်ခဲ့ခြင်းဖြစ်)
  • ဓမ္မစေတီခေါင်းလောင်းတော်ကြီး၊ အလေးချိန် ၆ တန်ရှိ ရွှေသားစစ်စစ် ရပ်တော်မူမြတ်စွာဘုရား နှစ်ဆူ၊ တန် ၆၀ ခန့်ရှိ တခြားခေါင်းလောင်းတစ်လုံး၊၊ ဓမ္မစေတီခေါင်းလောင်းတော်ကြီး၏ ပေ ပုရပိုက်ပါ သေတ္တာတစ်လုံး၊ မြန်မာတို့၏ ဘုရား ပုထိုး စေတီမြတ်တို့မှ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ရွှေငွေ ကျောက်သံပတ္တမြားပါ သေတ္တာ (၁၁) လုံးတို့ကို တွေ့ရှိထားပြီးဖြစ်၊
  • မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာ့အဆင့်မြင့် နည်းပညာတို့ဖြင့် နှစ်ပတ်အတွင်း ဖော်ထုတ်ဆယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိ
  • တိုင်းရင်းသားပညာရှင် ဦးစံလင်းနှင့် အဖွဲ့သည် ၁၀-၈-၁၉၉၇ မှ စတင်ကာ ၂၇-၇-၂၀၁၀ ရက်အထိ ငါးကြိမ်တိုင်တိုင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခွင်ပြုချက်၊ပံ့ပိုးကူညီမှုများဖြင့် ဆောင်ရွက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဖော်ထုတ်ဆယ်ယူခြင်း လုပ်ငန်းကို ရပ်ဆိုင်းထားခဲ့ကြောင်းသိရ၊
အဲဒါတွေက သတင်းထဲက အချက်အလက်အချို့ပါ။ ဓမ္မစေတီခေါင်းလောင်းတော်ကြီးဟာ ကျွန်တော်တို့ မြန်မာ့သမိုင်းအတွက် တကယ့်ကို အဖိုးတန်ပြီး အရေးကြီးတဲ့ သမိုင်းအမွေအနှစ်တစ်ခုပါ။ အဲဒီခေါင်းလောင်းတော်ကြီးနဲ့ ပတ်သက်လို့လည်း ရာဇ၀င်အမျိုးမျိုး၊ ပုံပြင်အမျိုးမျိုးကို ကျွန်တော်ကြားခဲ့ရဖူး၊ ဖတ်ခဲ့ရဖူးပါတယ်။ မကြာသေးခင်ကပဲ နိုင်ငံခြားသား ပညာရှင်တစ်ယောက်က ဆယ်တော့မယ်ဆိုလား၊ ဟိုတလောလေးဆီကပဲ ရေတပ်က အငြိမ်းစားယူသွားတဲ့ လူတစ်ယောက်က ဆယ်ပေးတော့မယ်ဆိုလား အမျိုးမျိုးပေါ့ဗျာ။ ပြောချင်ပေမယ့် ကျွန်တော်ပြောမယ့် စကားထဲမှာ သိပ္ပံနည်းကျတို့၊ ပညာရပ်တို့၊ ပညာရှင်တို့ စတဲ့စကားလုံးတွေကို သုံးစွဲရမှာဖြစ်တဲ့အတွက် အချို့အချို့တွေက ကြိုက်ကြမှာ မဟုတ်ဘူးဗျ။ အဲဒါကြောင့် မြန်မာ့နည်း၊ မြန်မာ့ဟန်ကိုပဲ စောင့်ကြည့်ကြပါစို့လို့ ပြောရုံမှတစ်ပါး ဘာရှိမှာလဲဗျာ။ ဒီလောက်အဖိုးတန်တဲ့ သမိုင်းဝင်အမွေအနှစ်ကို ဒီထက်ပိုပြီး ပံ့ပိုးမှုကောင်းကောင်း၊ ကူညီမှုကောင်းကောင်းနဲ့ ဆောင်ရွက်မယ်ဆိုရင် ပိုကောင်းမယ်လို့တော့ အကြံပြုချင်သားဗျ။ မဟုတ်ရင်ဗျာ... တစ်ယောက်က ခေါင်းလောင်းကြီးရဲ့ နှုတ်ခမ်းသားကို ထိမိခဲ့ပါတယ် ပြောလို့ပြော၊ တစ်ယောက်က မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရပါတယ် ဆိုလို့ဆိုနဲ့ ဖတ်ရတဲ့လူက တစ်မျိုးကြီးဖြစ်တယ်ဗျ။ ရင်ထဲမှာ တကယ့်ကို ကျလိကျလိနဲ့ နေရထိုင်ရ ခက်ပါဘိဗျာ။ အခုလည်း ခေါင်းလောင်းကြီးနဲ့အတူ ရှိနေတယ်ဆိုတဲ့ အလေးချိန် ခြောက်တန်ရှိတဲ့ ရွှေသားစစ်စစ် ရပ်တော်မူဆင်းတုတော် နှစ်ဆူ ပါတယ်ဆိုတာကို အတော်လေးကို စဉ်းစားခန်း ၀င်မိနေတယ်ဗျ။ ရွှေအလေးချိန် ၆ တန်ဟာ ဘယ်လောက်အဖိုးတန်သလဲဗျာ။ တကယ်သာ အဲဒီအလေးချိန်အတိုင်း ဆင်းတုတော်ကို ထုထားတာ မှန်ခဲ့ရင် ကျွန်တော်တို့ ဘိုးဘေးတွေရဲ့ ဘာသာတရားအပေါ် ကိုးကွယ်ယုံကြည်မှုကို လက်မထောင်လို့ ရတယ်ဗျ။ ဆယ်ယူရရှိတဲ့အချိန်ကျမှ ပြောကြသေးတာပေါ့ဗျာ။

ထမင်းချက်လည်း ထောင်ကျတယ်
ဂျာနယ်တိုင်းမှာလိုလိုပါနေတဲ့ အိုစမာဘင်လာဒင်ရဲ့ ထမင်းချက်ကို ထောင်ဒဏ် (၁၄)နှစ် ချမှတ်လိုက်တဲ့ သတင်းကလည်း စိတ်ဝင်စားစရာတော့ အကောင်းသားဗျ။ တွေးမယ်ဆိုရင် အတွေးတွေ တသီကြီးနဲ့ အမျှင်တန်းလို့ ကောင်းလိုက်ပါဘိသပေါ့ဗျာ။ မိုးလေးကအေးအေးနဲ့ အဲဒီသတင်းကိုဖတ်ပြီး ကျွန်တော်ကိုဉာဏ်တော့ အတော်လေးကို တွေးနေမိတယ်ဗျ။ သူဟာ အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့အစည်းမှန်း သိရက်နဲ့ အဲဒီအဖွဲ့အစည်းမှာ အလုပ်လုပ်ခဲ့လို့တဲ့။ ဘာတွေဆက်ဖြစ်မယ်ဆိုတာ စောင့်ကြည့်ကြသေးတာပေါ့ဗျာ။

ဝါကာဝါကာ မှသည် သတင်းတမန်ဆီသို့
ဒီအပတ်ထုတ် ENVOY ဂျာနယ်၊ အမှတ် (၁၉) ထဲမှာ ဖော်ပြပါရှိတဲ့ အပြိုင်အဆိုင် ကြေညာချက် (၄)ခုက ကျွန်တော့်အာရုံကို ရှုပ်ထွေးစေတယ်ဗျ။ အတော်စိတ်ညစ်စရာလည်း ကောင်းတယ်ဗျာ။ သူတို့ရဲ့ အိတ်ဖွင့်ပေးစာတွေကို ဖတ်ပြီး ကျွန်တော့်မှာ ခေါင်းတောင် မူးသွားတယ်။ ရှာဖတ်ကြည့်စမ်းပါဗျာ။ ကျွန်တော်ကတော့ ပြန်တင်ပေးချင်စိတ် မရှိဘူးဗျ။ တစ်ယောက်တစ်မျိုးစီ မှန်နေကြတာပဲ။ နောက်ဆုံးတော့ သူတို့ကြေညာသမျှ၊ သူတို့အိတ်ဖွင့်သမျှကို လိုက်ဖတ်နေရတဲ့ ကျွန်တော်တို့ စာဖတ်သူပရိသတ်တွေကပဲ မှားနေသလား မသိပါဘူးဗျာ။ ပေးစာရေးကြသူတွေက
  1. တေးရေး ဇော်တင် (ဂိုးသွင်းကောင်းတဲ့ကိုကို သီချင်းရေးသူ) - သူကတော့ တေးရေးဆရာ အောင်နိုင်စန်းက သူ့ကို ခွင့်မတောင်းဘဲ ဂိုးသွင်းကောင်းတဲ့ကိုကို (၂) ကို ရေးလို့ပါတဲ့။
  2. တေးရေး အောင်နိုင်စန်း (မြန်မာ ၀ါကာ ၀ါကာ ကို ရေးခဲ့သူ)
  3. မေခလာ
  4. ပရိုဂျူဆာ ဒေါ်မီးမီး
သူတို့တွေရင်ဖွင့်တာက အကြောင်းမဟုတ်ဘူး၊ ဖတ်ရတဲ့ကျွန်တော်က စိတ်ညစ်ရ၊ စိတ်တိုရတာ မကောင်းဘူးဗျ။ သိချင်ရင် ရှာဖတ်ဗျို့။ ကျွန်တော်က လက်တို့လိုက်တာ။

ကဲ... နားပါရစေတော့။ ပြောရတာ အာတောင်ခြောက်တယ်၊ အဲလေ... လက်တောင်ညောင်းတယ်။ သူများအတင်းလည်း မပြောတတ်ပါဘူးဗျာ။ စပ်မိစပ်ရာမို့ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၃ နာရီ ၃၄ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics