ရှေးဦးစွာ
နိုင်ငံရေးသမားဆိုတာ ဘာလဲ။
နိုင်ငံရေးသမားဟူသည် တိုင်းပြည်ရပ်ရွာ၏ အထွေထွေအပြားပြားသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မှားသည်၊ မှန်သည်၊ သင့်တော်သည်၊ မသင့်တော်သည်၊ ဘယ်သို့ဘယ်ပုံ ဆောင်ရွက်သင့်သည် စသည့် မိမိ၏ အတွေးအမြင် အယူအဆများကို အများသိအောင် ဖြန့်ချိသူ၊ လက်ခံလာအောင် စည်းရုံးဆွဲဆောင်သူ၊ သဘောတူသူများကို စုစည်းသူ၊ ထို့နောက် ထိုအမြင်၊ ထိုအယူအဆများအတိုင်း အကောင်အထည်ဖော်ဖြစ်အောင် ကြိုးပမ်းသူများဖြစ်သည်။
ထို့နောက်...
ဒီမိုကရေစီ။
ဒီမိုကရေစီဟူသည် အများပြည်သူတို့၏ ယုံကြည်ချက်များ၊ ဆန္ဒသဘောထားများအားဖြင့် တိုင်းရေးပြည်ရာတို့ကို စီမံဆောင်ရွက်ရသော စနစ်ဖြစ်ရာ၊ ဒီမိုကရေစီနိုင်ငံတစ်ခု အောင်မြင်စွာ ဖြစ်ထွန်းဖို့တွင် အများပြည်သူကြားက အယူအဆများကို ကိုယ်စားပြု ဖော်ပြနိုင်သည့် နိုင်ငံရေးသမား အများအပြား လိုအပ်သည်။
တစ်နည်းပြောသော်...
တိုင်းပြည်တစ်ပြည်၌ နိုင်ငံရေးသမား နည်းပါးနေသရွေ့ သို့မဟုတ် နိုင်ငံ့အရေးကို ထက်သန်တက်ကြွစွာ ဆောင်ရွက်လိုသူ နည်းပါးနေသရွေ့ အဲသည်တိုင်းပြည်သည် ဒီမိုကရေစီနှင့် ကင်းဝေးနေဦးမည် ဖြစ်သည်။
ကောင်းသော နိုင်ငံရေးသမား၊ မကောင်းသော နိုင်ငံရေးသမား
ယခုတလော စာနယ်ဇင်းများတွင် နိုင်ငံရေးသမား မကောင်းကြောင်းရေးသော စာတော် အတော်များများ တွေ့ရသည်။
လူတို့ထုံးစံအတိုင်း နိုင်ငံရေးသမားများထဲမှာလည်း ကောင်းသူရော၊ မကောင်းသူပါ ပါဝင်နေကြမည်ဖြစ်သည်။ ကောင်းတာကို ကောင်းကြောင်းပြောသလို မကောင်းတာကို မကောင်းကြောင်း ပြောကြမည်မှာလည်း သဘာဝ ဖြစ်သည်။
သို့သော် နိုင်ငံရေးသမား မကောင်းကြောင်းကို ၀ါဒဖြန့်သလို ပြောလျှင်ကား နိုင်ငံရေးသမားကိုရော နိုင်ငံရေးအလုပ်ကိုပါ သိမ်းကျုံးဆန့်ကျင်သော သဘော သက်ရောက်သည်။
စင်စစ် နိုင်ငံရေးသမားဟူသည်တွင် တိုင်းပြည်ကို မိမိအယူအဆ၊ မိမိ သဘောထားများဖြင့် စီမံဖန်တီးခွင့်ရအောင် ကြိုးပမ်းနေသူများရော၊ စီမံခန့်ခွဲခွင့် ရရှိနေကြသူများပါ အကျုံးဝင်သည်။
သည်အထဲမှာ ကောင်းသူလည်း ရှိမည်၊ မကောင်းသူလည်း ရှိမည်။
အရေးကြီးသည်က အဲသည်လူတွေ ကောင်းအောင် တော်အောင် ထိန်းကျောင်းဖို့ ဖြစ်သည်။ အဲသည်အလုပ်ကို လူထုက လုပ်ရလိမ့်မည်။ လူထုကြားထဲမှ နိုင်ငံရေးသမား များများထွက်လျှင် အဲသည်အထဲက အကောင်းဆုံး၊ အတော်ဆုံးတွေကို လူထုက ရွေးချယ်နိုင်မည်။ သည်လူတွေကို လွတ်လပ်မျှတစွာ ယှဉ်ပြိုင်စေခြင်း၊ ပြိုင်ဘက်အချင်းချင်းရော လူထုကိုယ်တိုင်ပါ စောင့်ကြပ်ဝေဖန်ခြင်းဖြင့် ကောင်းသော တော်သော အနေအထားမှ ယိမ်းယိုင်သွေဖည်မသွားအောင် ထိန်းထားပေးနိုင်မည်။
လွတ်လပ်ပွင့်လင်းသော စနစ်အောက်တွင် မကောင်းသော နိုင်ငံရေးသမား ထွက်ပေါ်ရန် ခဲယဉ်းသည်။ ထွက်ပေါ်လျှင်လည်း ရေရှည်မတည်တံ့နိုင်။
ဘယ်သူတွေ နိုင်ငံရေး လုပ်ကြသလဲ
နိုင်ငံရေးနယ်ပယ်ထဲသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ကြသူတွေ ရှိသည်။သို့သော် သည်နယ်ပယ်မှာ ရေရှည်နေကြသူတွေကတော့ နိုင်ငံရေးစိတ်ဓာတ် တကယ်စွဲမြဲခိုင်မာသူများ ဖြစ်သည်။
နိုင်ငံရေးစိတ်ဓာတ်ဆိုတာက အထက်မှာ ဆိုခဲ့သည့် တိုင်းပြည်ကိစ္စ၊ ရပ်ရွာကိစ္စများမှာ အားတက်သရော ပါဝင်ဆောင်ရွက်ချင်နေသည့် စိတ်ဓာတ်ဖြစ်သည်။ သည်စိတ်ဓာတ် ပြင်းထန်သူတွေသာ နိုင်ငံရေးလောကဓံကို ကြံ့ကြံ့ခံနိုင်ကြသည်။
နိုင်ငံရေးဆိုသည်က မပြတ်ယှဉ်ပြိုင်နေသော အလုပ်မျိုးဖြစ်ရာ တစ်ရံတစ်ခါ၌ ပြိုင်ပွဲက ကြမ်းတမ်းတတ်သည်။ စစ်ပွဲဟူသည် နိုင်ငံရေး၏ အဆက်ဖြစ်သည်ဟူသော စကားတစ်ခုလည်း ရှိရာ နိုင်ငံရေးပြိုင်ပွဲတို့ မည်မျှအထိ ကြမ်းတမ်းသွားနိုင်ကြောင်း သိနိုင်သည်။ တိုင်းတစ်ပါးနှင့် ပတ်သက်သော နိုင်ငံရေး ကြမ်းတမ်းနိုင်သလို ပြည်တွင်း နိုင်ငံရေးကလည်း ကြမ်းတမ်းနိုင်သည်။
ထို့ကြောင့်လည်း နိုင်ငံရေးကို စိတ်ဝင်စားကြသူများနှင့် ပတ်သက်၍ ယေဘုယျအားဖြင့် နှစ်ပိုင်းခွဲခြားပြီး ပြောတတ်ကြခြင်း ဖြစ်သည်။
တက်ကြွလှုပ်ရှားသူ (activist) များနှင့် အားပေးထောက်ခံသူ (sympathizer) များ။
သို့မဟုတ်
ကွင်းထဲမှာ လက်နက်ကိုယ်စီကိုင်ကာ ယှဉ်ပြိုင်တိုက်ခိုက်ကြသူ (gladiator) များနှင့် ပွဲကြည့်စင်ပေါ်က အားပေးကြည့်ရှုသူ (spectator)များ ဟူ၍။
တကယ်ထက်သန်တက်ကြွသူတို့သာ နိုင်ငံရေးသမားစစ်စစ်များ ဖြစ်လာကြသော သဘောပင်။
လုပ်ပိုင်ခွင့် သို့မဟုတ် နိုင်ငံရေးအာဏာ ရရှိကြသူများ
နိုင်ငံရေးအာဏာ သို့မဟုတ် တိုင်းရေးပြည်ရာ စီမံခန့်ခွဲမှုအာဏာကို နိုင်ငံရေးမလုပ်သူတို့ ရစရာအကြောင်း မရှိ။ ရှေးတုန်းကတော့ ကျောက်ဖျာပေါ် အိပ်ပျော်နေသူ၊ မြို့တံခါးပေါက်သို့ လှည်းတစ်စီးနှင့် အနောက်အစောဆုံး ရောက်လာသူ စသည့် ပုဂ္ဂိုလ်များကို အတင်းအဓမ္မ ရှင်ဘုရင် တင်မြှောက်တာမျိုးတွေ ရှိခဲ့ဖူးသည်။
သည်ခေတ်မှာတော့ နိုင်ငံရေးလုပ်သူများသာ အာဏာကို ရရှိကြသည်။
ဒါလည်း အံ့သြစရာအကြောင်းတော့ မရှိ။ ဘယ်အရာမဆို လုပ်သောသူသာ ရရှိတာ သဘာဝပဲ။
သို့သော် ရပုံရနည်းတွေ အမျိုးမျိုးရှိသည်။
တချို့က တော်လှန်ရေးနှင့် အာဏာရသည်။ တချို့က အာဏာရှင်ဖခင်က လွှဲပြောင်းပေး၍ အာဏာရသည်။ တချို့က သူတစ်ပါးထံမှ သိမ်းပိုက်ပြီး အာဏာရသည်။ တချို့က ကိုယ့်အုပ်စုက ခန့်အပ်သဖြင့် အာဏာရသည်။
ဒီမိုကရေစီစနစ်မှာတော့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများတွင် ပြည်သူတို့က ရွေးကောက်တင်မြှောက်သဖြင့်သာ အာဏာရနိုင်ကြသည်။
အဲဒါက အငြိမ်းချမ်းဆုံးနည်း၊ ဣနြေ္ဒအရဆုံးနည်း ဖြစ်သည်။ ၀င်တာလည်း ဣနြေ္ဒရသည်။ ထွက်တော့လည်း ထိုနည်း၎င်း။
ဒီမိုကရေစီပြည့်ဝသော နိုင်ငံကြီးများတွင် အာဏာသက်တမ်း ကုန်ဆုံးသူနှင့် အာဏာသက်တမ်း စတင်သူတို့ အကြီးအကဲအိမ်တော်မှာ ယဉ်ကျေးစွာ လက်ခံကြိုဆိုကြ၊ တည်ငြိမ်စွာ နှုတ်ဆက်ထွက်ခွာကြတွေသည် တိုင်းပြည်၏ နိုင်ငံရေးယဉ်ကျေးမှု မြင့်မားပုံကိုပြသည့် ဂုဏ်ယူစရာ လက္ခဏာတစ်ရပ် ဖြစ်သည်။
ဒီမိုကရေစီ နိုင်ငံရေးသမား
ရွေးကောက်ပွဲနည်းလမ်းဖြင့် အာဏာရရှိသည့် ဒီမိုကရေစီနိုင်ငံရေးသမားကောင်းတစ်ယောက် ဖြစ်ဖို့သည်လည်း လွယ်ကူသည်တော့ မဟုတ်။
လူထုထောက်ခံမှုကို ခဏတစ်ဖြုတ် လှည့်ဖြားမှုနှင့် မရနိုင်။ လူထုကြားမှာနေ၊ လူထုအတွက်လုပ် လူထုအရေးကိစ္စမှန်သမျှမှာ သူတို့ရှေ့တန်းက မြင်နေရမှ လူထုက ဒါတို့လူဟု အသိအမှတ်ပြုမည်။
တို့လူဆိုသည့်တိုင် ခေါင်းဆောင်တင်လောက်သူလား၊ သာမန်အဆင့်လား စဉ်းစားလိမ့်ဦးမည်။ လူထုကြားထဲက ပြဿနာတွေ အခက်အခဲတွေ ပြုပြင်ပြောင်းလဲစရာတွေကို သူများထက် စူးစူးရှရှ မြင်တတ်၊ တွေ့တတ်၊ ဒါဘာပဲဟု ပီပီသသ ရုပ်လုံးဖော်တတ်၊ တင်ပြပြောဆိုတတ်၊ အများပါဝင်လာအောင် စည်းရုံးဆော်သြကာ ဦးစီးဆောင်ရွက်တတ်မှ၊ သည်လူကတော့ အရည်အချင်း ရှိသူပဲ၊ ခေါင်းဆောင်တင်မြှောက်လောက်သူပဲဟု ယုံကြည်လာမည်။
တချို့က ခေါင်းဆောင်မှုသည် နဂိုပါဟု ဆိုသည်။ စင်စစ် ဦးဆောင်ချင်သည့်စိတ်သာ နဂိုပါဖြစ်၍ အရည်အသွေးများကား နိုင်ငံရေးနယ်ပယ်အတွင်းမှာ လေ့ကျင့်ပျိုးထောင်ရင်းသာ ရရှိစမြဲ ဖြစ်သည်။
ဥပမာ မိမိအယူအဆကို အများသဘောပေါက်အောင် ရှင်းလင်းပြောဆိုသောအလုပ်။
ဒါသည်ပင် မလွယ်ပါ။ ဂရုစိုက် လေ့ကျင့်ရင်းသာ တဖြည်းဖြည်း ကျွမ်းကျင်လာနိုင်သည်။
အထက်က အရည်အချင်းနှင့် ဆက်စပ်ကာ လူတစ်ဖက်သားကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးတတ်မှုစွမ်းရည်။
ဒါလည်း အပြောအဆိုရော၊ မိမိ၏ လူမှုဆက်ဆံရေး ဓလေ့စရိုက်များပါ ထိန်းကျောင်းပြုပြင်ယူမှ ရနိုင်သည်။
ပြီးလျှင် နောက်ထပ်အရေးကြီးသော စွမ်းရည်တစ်ခုက အင်တိုက်အားတိုက် အလုပ်လုပ်နိုင်ခြင်း ဖြစ်သည်။
ဟိုတုန်းကတော့ အောင်မြင်သော နိုင်ငံရေးသမားများနှင့် ပတ်သက်၍ ပင်ကို ဆွဲဆောင်အား (magnetism) ဆိုသော စကားမျိုး သုံးလေ့ရှိသည်။ တချို့ခေါင်းဆောင်တွေမှာ လူလူချင်း ဆွဲဆောင်နိုင်သည့် သံလိုက်ဓာတ်အား ရှိသည်။ သူတို့ကိုမြင်လျှင် သူတို့အသံကြားလျှင် သူတို့ဘက် ပါသွားတတ်သည်ဟု ဆိုခြင်းဖြစ်သည်။
သို့သော် သံလိုက်ဓာတ်ကို အလိုလို မရပါ။ အများပြည်သူအရေး ကိစ္စများတွင် ဦးဆောင်ပါဝင်ရင်း လူထု၏ လေးစားယုံကြည်မှု ရလာသည်နှင့်အမျှ တဖြည်းဖြည်း သံလိုက်ဓာတ်ဝင်သလိုဖြစ်ကာ ဆွဲဆောင်နိုင်စွမ်း ရှိလာခြင်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးသမားများသည် လူထုနှင့် မပြတ်ထိတွေ့ ဆက်ဆံနေဖို့ လိုသည်။ လူအများနှင့် သက်ဆိုင်သော ပြဿနာတိုင်းမှာ သူပါဝင်ဖို့ လိုသည်။ သည်အတွက် အားပြည့်အင်ပြည့် အလုပ်မလိုပ်နိုင်လျှင် နောက်တန်းသို့ သူရောက်သွားလိမ့်မည်။
နိုင်ငံရေးဦးနှောက်
နိုင်ငံရေးသမားသည် လူထုကြားမှာ မနားမနေ လှုပ်ရှားနိုင်ရုံနှင့် ကိစ္စမပြီး။ ဦးနှောက်စွမ်းရည်လည်း ရှိဖို့လိုသေးသည်။
နိုင်ငံရေးဦးနှောက်။
ပြဿနာတို့၏ သော့ချက်ကို ရှုမြင်တတ်သော ဦးနှောက်။
သည်ပြဿနာသည် "ဘာ" ဖြစ်သည်။ သည်ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဘာတွေလိုသည်၊ ဘယ်သူတွေ လိုသည်။ ဘယ်သို့ လုပ်ရမည်။ အဲဒါတွေ သိဖို့လိုသည်။
အဲသည်လို သိရန်အတွက် လက်ရှိနိုင်ငံရေးယန္တရားထဲမှာ ဘာတွေ ဘယ်လောက် လုပ်နိုင်သည်။ ဘယ်အခြင်းအရာတွေ ဘယ်လိုကွေ့နိုင်၊ ရှောင်နိုင်၊ ကျော်လွှားနိုင်သည်၊ ဘယ်အရာတွေက ထိလို့တို့လို့ မရ။ ဘယ်ကစ္စအတွက်ကျတော့ ဘယ်တွေပါ အစအဆုံး ပြောင်းလဲပြင်ဆင်နိုင်မှ ရမည်၊ စသဖြင့် ပကတိ အနေအထားတွေကို ရင်ဆုံး နားလည်ထားဖို့ လိုသည်။
သည့်အပြင် အဲသည်ပြဿနာတွေနှင့် စပ်လျဉ်းသည့် အတိတ်ဇာတ်ကြောင်း၊ အဲသည် ပြဿနာအမျိုးအစားတွေကို ယခင်က ဘယ်ပုဂ္ဂိုလ်တွေ ဘယ်ပုံ ဖြေရှင်း အောင်မြင်ခဲ့ပြီး၊ တချို့လူတွေ ဘယ်ကဲ့သို့ လုပ်ကိုင်သဖြင့် ကျဆုံးခဲ့သည်၊ စသည့် နိုင်ငံရေးရာဇ၀င်တွေလည်း သိကျွမ်းဖို့လိုသည်။
သည့်အပြင် ပို၍ အဆင့်မြင့်သော နိုင်ငံရေးသမားများမှာ ပြဿနာ တစ်ခုချင်းတို့ကို သော့ချက်ရှာ ဖြေရှင်းတတ်သည့် ဉာဏ်အပြင်၊ မိမိကိုယ်စားပြုသည့် ရပ်ရွာဒေသတို့သာမက မိမိတိုင်းပြည်တစ်ရပ်လုံး တိုးတက်ဖို့နှင့် သာယာဝပြောဖို့အတွက် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည်ဟူသော နိုင်ငံရေးသဘောတရား အမြင်များလည်း ပြည့်စုံပီသစွာ ရှိဖို့လိုပါသည်။
အများပြည်သူ့ အကျိုးစီးပွားကို အရင်းခံထားကာ ပညာ-သတိ-သတ္တိ ရှိစွာ လှုပ်ရှားဆောင်ရွက်တတ်သည့် နိုင်ငံရေးသမားတွေ များပြားလာမှသာ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ထွန်းလာနိုင်ပါသည်။
No comments:
Post a Comment