Saturday, August 14, 2010

အသုံးများသော မြန်မာဗန်းစကားများ (ဘ)


myanmarwords.png
ဘလာချီဆဲသည်
အကြောင်းမဲ့ဆဲသည်
ပွဲကပြသောအခါတွင် အခကြေးငွေ ယူသောရုံပွဲ၊ ဖျားရောင်းသည့်ပွဲ မဟုတ်ဘဲ အခလွတ် ကြည့်ရှုခွင့်ရသည့် ပွဲများကို ဗလာပွဲဟု ခေါ်၍၊ ထိုပွဲမျိုးကသည်ကို ဗလာချီကသည်ဟု ဆိုလေသည်။ ထိုစကားကိုစွဲ၍ မည်သည့်အကြောင်းရင်း အခြေခံမျှမရှိဘဲ အကြောင်းမဲ့သက်သက် ဆဲရေးခြင်း၊ စွပ်စွဲခြင်း၊ စော်ကားခြင်း၊ ဖိနှိပ်ခြင်း၊ ထိပါးပုတ်ခတ်ခြင်း၊ စသည်တို့ကို ဘလာချီပြုသည်၊ ဘလာချီဆဲသည် စသည်ဖြင့် ပြောဆိုကြလေသည်။

ဘုကျသည်
မပြေမပြစ်ပြုမူသည်၊ အဆင်မပြေအောင် ဆက်ဆံမှုပြုသည်၊ မိတ်ကျွမ်းပျက်သည်။
သစ်ပင်၏ အဆစ်အဖု အသားပြင်၏ အဖုအပိမ့်တို့သည် မပြေမပြစ် ခုံးခု၍နေသည်ဖြစ်ရာ၊ ထိုအဖုကိုစွဲ၍ ပေါင်းသင်းဆက်ဆံရာ၌ မချောမြေ့ မပြေပြစ်အောင် ပြုမူတတ်သူကို ထစ်စေသည်၊ ဘုကျသည်ဟူ၍ သုံးစွဲသည်။ သူတစ်ဦး၏ ဖီလာဆန့်ကျင်မှု ပြုတတ်ခြင်းကိုလည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး အဆင်မပြေ၊ ဆက်ဆံမှုမချောမွေ့ခြင်း ကိုလည်းကောင်း တင်စား၍ သုံးသည်။ "ကျ" ဟူသော စကားဖြည့်စေသည်။ သဘောရောက်စေသည်ဟူသော အနက်ရှိ၍ နောက်ကျသည်၊ တောကျသည်၊ ဗိုလ်ကျသည် စသည်ဖြင့် တွဲဆက်သုံးနှုန်းလေ့ ရှိသည်။

ဘုရားကု ကုသည်
နောက်ဆုံးမှီခိုရာပြုသည်၊ အဆုံးစွန်နည်းဖြင့် တည်ထွင်သည်။
လူများသ်ည နာမကျန်းဖြစ်၍ ဆေးဆရာသမားများနှင့် ကုသ၍ မပျောက်ကင်းနိုင်ဘဲ လက်လျှော့ရသောအခါ ကံနာ၊ ၀ဋ်နာ ဖြစ်ဖွယ်ရာရှိမည်ဟု ယူဆ၍ ကုသိုလ်ပြုခြင်း၊ တရားနာခြင်း စသည်ဖြင့် ဘုရား၊ တရားကို အားကိုးဆည်းကပ်ကာ ကံတက်အောင် ပြုခြင်းဖြင့် ကုသတတ်ကြလေသည်။ ထိုသို့ ကုသခြင်းသည် အခြားသော နည်းလမ်း မရှိတော့သည့်အခါ နောက်ဆုံးကြံစည် အားကိုးပြုမူခြင်းပင် ဖြစ်၍၊ မည်သည့်ကိစ္စ၌မဆို အကြံကုန်၍ လက်လျှော့လုနီးအခါတွင် ရသမျှ နည်းဖြင့် နောက်ဆုံးဖြစ်စေဟု မှီကိုး ရွက်ဆောင်ပြုခြင်းကို ဘုရားကု ကုသည်ဟု တင်စားသုံးနှုန်းသည်။

ဘေးတီးသည်
ဝိုင်းဝန်းအားပေးသည်၊ စပ်ကြားမှ လော်လည်တိုက်တွန်းသွေးဆောင်သည်။
ဆန်၊ ပဲ စသည်တို့ကို ခြင်တွယ်သောအခါ လောင်းထည့်ပြီးနောက် ပို၍ ၀င်လေအောင် ခိုနေသောလေများ ထွက်သွားစေရန် တောင်းတင်းထည့်စရာတို့ကို ဘေးနှစ်ဖက် တီးရိုက်ပေးရလေသည်။ ထိုသို့ ဘေးတီးခြင်းသည် ပို၍၀င်အောင် ပြုခြင်းပင်ဖြစ်သည်။ ထိုသဘောကို တင်စား၍ တစ်ဦးတစ်ယောက်က အခြားသူ တစ်ဦးတစ်ယောက် နားပါးဝင်အောင်ပြောဆိုဆောင်ရွက်ရာ၌ ထိုဆောင်ရွက်သူအကျိုးငှာ စပ်ကြားမှဝင်၍ တစ်ဖက်သူ နားဝင်လွယ်လေအောင် ဖျောင်းဖျအားထုတ် သွယ်လှယ် ဆောင်ရွက်ခြင်းကို ဆိုသည်။

RELATED:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)
အသုံးများသော မြန်မာဗန်းစကားများ (ဆ)
အသုံးများသော မြန်မာဗန်းစကားများ (ဇ၊ ဈ၊ ည၊ ဋ)
အသုံးများသော မြန်မာဗန်းစကားများ (တ)
အသုံးများသော မြန်မာဗန်းစကားများ (ထ၊ ဒ)
အသုံးများသော မြန်မာဗန်းစကားများ (ဓ၊ န)
အသုံးများသော မြန်မာဗန်းစကားများ (ပ)
အသုံးများသော မြန်မာဗန်းစကားများ (ဖ)
အသုံးများသော မြန်မာဗန်းစကားများ (ဗ)

No comments:

Post a Comment

 
Web Statistics