Sunday, August 15, 2010

ဒီမိုကရေစီပန်းတိုင်နှင့် ဒီမိုကရေစီအလေ့အကျင့်


မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များစွာတို့က ရှုမြင်သုံးသပ်မှု အမျိုးမျိုးဖြင့် မီဒီယာများမှတစ်ဆင့် ပြောဆိုဆွေးနွေးလျက် ရှိကြပါသည်။

အဆိုပါ သုံးသပ်ချက်၊ ရှုမြင်ချက်များအပေါ်တွင်လည်း မြန်မာ့အရေး စိတ်ဝင်စားသူနှင့် ပြည်သူလူထုအကြား ထင်မြင်ချက် အမျိုးမျိုးဖြင့် ခွဲခြမ်းစိတ်ဖြာ ကြည့်သူများရှိသကဲ့သို့ သူ့ဘက်ကိုယ့်ဘက် အမြင်ဖြင့် ခါးခါးသီးသီး ငြင်းဆန်ခြင်း၊ ဒရောသောပါး ထောက်ခံခြင်းတို့ကိုလည်း တွေ့မြင်ရပေသည်။

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ အဖွဲ့အစည်းအသီးသီးအလိုက် သုံးသပ်ဆွေးနွေးပြောဆိုမှု အများစုမှာ လိပ်ခဲတည်းလည်း အခြေအနေတစ်ရပ်မှ ပြေလည်စေမည့် နည်းလမ်းထက် မိမိတို့နှင့်မတူသော ရှုထောင့်မှ ရေးသားပြောဆို လုပ်ကိုင်မှုများကို ဆန့်ကျင်ဝေဖန်မှုတို့သာ ကြီးစိုးထားသည်ကို ၀မ်းနည်းဖွယ် တွေ့မြင်ရပေသည်။ ပွင့်လင်းစွာ ပြောရလျှင် အိမ်ကြက်ချင်း မိမိတို့ဘာသာ အိုးမဲသုတ် ခွပ်နေကြခြင်းနှင့် အလားသဏ္ဌာန် တူပါသည်။

မြန်မာ့သမိုင်းကြောင်းတစ်လျှောက်ကို ကြည့်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟူသော ဘုံရည်မှန်းချက်ပန်းတိုင်ချင်း တူနေပါလျက် မတူသော အယူအဆကို လက်ခံနားလည်ပေးနိုင်သော အလေ့အထ လွန်စွာအားနည်းခဲ့သောကြောင့် မတူသော အုပ်စုများအကြား ညှိုးသူရန်ဘက်များ အသွင်သို့သာ ပြောင်းသွားကာ ရောက်လို ရလိုသော ပန်းတိုင်နှင့် အလှမ်းဝေးခဲ့သည့် သာဓကများ ရှိခဲ့ပါသည်။ ယနေ့ ဒီမိုကရေစီ လူ့ဘောင်တစ်ရပ် တည်ဆောက်ရန် ဟန်ပြင်နေသော ကာလအထိတိုင် ထိုကဲ့သို့သော ရန်၊ ငါ စည်းများဖြင့် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ရန်၊ ချေမှုန်းရန် ကြိုးစားနေကြခြင်းမှာ အနာဂတ် မြန်မာနိုင်ငံအတွက် ကြီးစွာစိုးရိမ်စရာအချက် ဖြစ်ပါသည်။

စင်စစ်အားဖြင့် ဒီမိုကရေစီ လိုချင်ရချင်ပါသည်ဟု ဆိုနေကြသူ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဒီမိုကရေစီ၏ အခြေခံအကျဆုံး ခံယူချက် သဘောထားများ လောလောဆယ် မတည်ဆောက်နိုင်သေးခြင်းမှာ စနစ်တစ်ခုအောက်တွင် ကာလကြာရှည် ဖြတ်သန်းခဲ့ရခြင်းနှင့် ထိုခံယူချက်ကို လေ့ကျင့်ပျိုးထောင်ပေးနိုင်သော ပညာရေးနှင့် ဝေးကွာခဲ့သောကြောင့် ဖြစ်ပါသည်။

သို့ဆိုပါလျှင် ဒီမိုကရေစီပန်းတိုင်ဆီသို့ သွားလိုရောက်လိုကြသူ မည်သည့်အဆင့်တွင်ရှိသည့် နိုင်ငံသူ နိုင်ငံသားမှန်သမျှ ဒီမိုကရေစီ အခြေခံကောင်းများ ဖန်တီးပေးမည့် ပညာရေးစနစ်တစ်ရပ် အကောင်အထည်ပေါ်လာရေး ဗွေဆော်ဦး ကူညီလုပ်ဆောင်သင့်ပါကြောင်း The Voice Weekly က အထူးတိုက်တွန်းအပ်ပါသည်။

အယ်ဒီတာ (၉-၈-၂၀၀၇)

No comments:

Post a Comment

 
Web Statistics