"ပေါ့ပ်ဆိုတာ နှာခေါင်းရှုံ့စရာ မဟုတ်ပါ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးဖူးရုံမက ပေါ့ပ်ယဉ်ကျေးမှုဆိုတာ ကိန်းကြီးခမ်းကြီးနိုင်လှတဲ့ အထက်တန်းလွှာ လူတစ်စုရဲ့ ဧည့်ခန်းဆောင်ထဲက စိန်ရောင်မြရောင် ပိုးဖဲကတ္တီပါရောင်တွေ ရွှန်းလက်တောက်ပနေတာတွေကို ဆန့်ကျင်အရွဲ့တိုက်ရာက ပေါ်ထွက်လာတဲ့ လူထုယဉ်ကျေးမှု ဖြစ်တဲ့အကြောင်း စာတွေလည်း ရေးခဲ့ဖူးပါတယ်။
စောဒကတက်ဖို့ သက်သေတွေ
တစ်နေ့တော့ လူငယ်တစ်ယောက်က ဂျာနယ်တွေထဲက ဖြတ်ညှပ်ပြီး သိမ်းထားတဲ့ ပေါ့ပ်စာမျက်နှာတွေ အထပ်လိုက် ယူချလာပြီး စောဒကတက်ပါတယ်။ သူယူလာတာတွေ ကောက်ကြည့်လိုက်တော့ 'Celebs' လို့ အတိုကောက် ခေါ်လေ့ရှိတဲ့ ထင်ပေါ်ကျော်ကြားသူများအကြောင်း သတင်းတွေ၊ အင်တာဗျူးတွေ၊ နိုင်ငံခြားဈေးဝယ်ထွက်တဲ့ သတင်းဓာတ်ပုံတွေ စုံနေတာ တွေ့ရတယ်။ ဒါ့အပြင် စကတ်တိုနဲ့ ရင်ရှားဂါဝန်ဝတ် ပုံတွေလည်း တစ်ထပ်ကြီး ပါလာသေးတယ်။ ဒါတွေကို နှာခေါင်း မရှုံ့ရတော့ဘူးလားခင်ဗျာ လို့လည်း သူက မေးလိုက်ပါတယ်။ နှာခေါင်းရှုံ့ရုံတင် မကပါဘူးကွယ်။ မီးဖိုထဲတောင် ထည့်ပစ်သင့်ပါတယ်လို့ ဖြေလိုက်တော့ ဆရာပဲ ပေါ့ပ်ဆိုတာ နှာခေါင်းရှုံ့စရာ မဟုတ်ပါလို့ ရေးခဲ့တာပဲလို့ ပြန်ပြီးချေပပါတယ်။
ကြုံဗျူးတဲ့
သူယူလာတာတွေကို တစ်ထပ်ချင်း ဆွဲထုတ်ပြီး အင်တာဗျူးသပ်သပ်၊ သတင်းသပ်သပ်၊ ဓာတ်ပုံသပ်သပ် သူ့ရှေ့မှာ ချလိုက်ပါတယ်။ ပြီးတော့ အင်တာဗျူးတွေကိုပြပြီး "ကဲ ဒါတွေဟာ သတင်းအင်တာဗျူးတွေလား" လို့ သူ့ကို မေးခွန်းထုတ်လိုက်ပါတယ်။ အင်တာဗျူး နာမည်ခံထားတာတွေ ကြည့်ပါဦး။ တစ်စက္ကန့် အင်တာဗျူးတဲ့၊ ကြုံတုန်းဗျူးတဲ့၊ ကြုံဗျူးတဲ့၊ မေးချင်သလို မေးပြီး ဖြေချင်သလို ဖြေထားတဲ့ အရည်မရ အဖတ်မရ ပေါက်ပန်းဈေးစာတွေ။ မထင်ပေါ် နဲ့ ကိုကျော်ကြား များအတွက် အကျိုးမရှိ။ စာဖတ်သူများအတွက်လည်း ပိုက်ဆံပေးဖတ်ရကျိုး မနပ်တာမျိုးတွေချည်းပဲ။
ထိန်ချန်မှုနဲ့ ငြိဦးမယ်
သတင်းဆိုတာတွေကလည်း သတင်းမဟုတ်ပါဘူး။ လူကြော်ငြာတွေပါ။ နောက်ပြီး မထင်ပေါ်နဲ့ ကိုကျော်ကြားများက ရှော့ပင်းထွက်တာတွေကို ဖော်ပြပေးနေတာတွေလည်း ဆင်ခြင်သင့်ကြတယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာကိုင်တာတွေ့ရင် အရေးယူလို့ ရတယ်ဆိုတာ မသိကြတာလား။ သိလျက်နဲ့ ဂရုမစိုက်ကြတာလား။ မသိပေမယ့် တော်ကြာရင် ဂျာနယ်ဆရာပါ သိလျက်နဲ့ ထိမ်ချန်မှုနဲ့ ငြိနေပါဦးမယ်။ မသိလို့ ချိုးဖောက်မိပါတယ်ဆိုလို့ ဥပဒေက ချမ်းသာပေးမှာ မဟုတ်ဘူး။ နိုင်ငံခြားသွား ရုပ်ရှင်ရိုက်မယ်၊ ကြော်ငြာရိုက်မယ် ဆိုသူတွေလည်း သတိနဲ့ ဆင်ခြင်သင့်ကြတယ်။
ပေါ့ပ်ကိုဖျက်တဲ့ ပက်ပ်
ပေါက်ပန်းဈေး အရည်မရ အဖတ်မရ သတင်းတွေကို ပေါ့ပ်သတင်းတွေလို့ ခေါ်နေကြတာ ဖြစ်တယ်။ တကယ်တော့ ဒါမျိုးတွေဟာ ပေါ့ပ်မဟုတ်သလို ဒါမျိုးတွေထည့်တဲ့ ဂျာနယ်တွေကိုလည်း ပေါ့ပ်ဂျာနယ်လို့ မခေါ်နိုင်ပါဘူး။ ဒါမျိုးတွေကို ပက်ပ် (Pep) အမှိုက်သရိုက်တွေ၊ အပေါစားတွေလို့ ခေါ်ပါတယ်။ လူထုယဉ်ကျေးမှု (Pop Culture) ကို ပုံပျက်ပန်းပျက်ဖြစ်အောင် တမင်တကာ လုပ်တဲ့ (Pep Culture)သာ ဖြစ်တယ်။ အဲဒီလို ပက်ပ်တွေကို ပေါ့ပ်စစ်စစ် အနုပညာသမားတွေက ဘန်းစကားနဲ့ "ရှလော့" (Schlock) လို့ ခေါ်ကြတယ်။ ဒီမှာ အတွေ့ရများတာက ပက်ပ်တွေ၊ ရှလော့တွေ ဖြစ်တယ်။ ပေါ့ပ်မဟုတ်ဘူး။
ပညာပေးဖျော်ဖြေမှု
စာနယ်ဇင်းဆိုတာ သတင်းပေးဖို့နဲ့ အသိ(ပညာ)ပေးဖို့ သာမက ဖျော်ဖြေမှုပေးဖို့ပါ လိုအပ်တယ်။ လူ့ဦးနှောက်ဟာလည်း အညောင်းဖြေဖို့ လိုတယ်။ ဖျော်ဖြေမှုနဲ့ ဦးနှောက်ကို လန်းဆန်းအောင် လုပ်ပေးရတယ်။ ဒါပေမယ့် စာနယ်ဇင်းသမားဆိုတာ ပျော်တော်ဆက် (clown) မဟုတ်ဘူး ဆိုတာလည်း မေ့မထားရဘူး။ စာနယ်ဇင်းရဲ့ ပင်မတာဝန်က သတင်းပေးဖို့နဲ့ အသိ(ပညာ) ပေးဖို့သာ ဖြစ်တယ်။ ဖျော်ဖြေမှုကို ပညာပေးတာနဲ့ ဆက်စပ်ပြီး ကျွဲကူးရေပါသဘော ပေးရမှာဖြစ်တယ်။ ဒါကို စာနယ်ဇင်းစကားနဲ့ (Edutainment) ပညာပေးဖျော်ဖြေမှုလို့ ခေါ်တယ်။ ရှေးအစဉ်အဆက် မြန်မာတွေ ပြောလေ့ရှိတဲ့ ဇာတ်သမားလာရင် မှတ်သားစရာပါရမယ်။ ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်ရမယ်ဆိုတဲ့ သဘောမျိုးဖြစ်တယ်။
ရှေးကဇာတ်သဘင်ဆိုတာ
ရှေးက မြန်မာဇာတ်သဘင်ဟာ အပျင်းပြေ ပျော်တော်ဆက်သက်သက် မဟုတ်ဘူး။ နောက်ပိုင်းဇာတ်ထုပ်ကြီးတွေဟာ ကောင်းမှုနဲ့ မကောင်းမှု၊ ဓမ္မနဲ့ အဓမ္မ အားပြိုင်မှုတွေကိုပြပြီး နောက်ဆုံးမှာ ဓမ္မက အနိုင်ရသွားရတာတွေကို ပညာပေးသွားခဲ့ကြတယ်။ ရတနာပုံခေတ်က ရှေ့တော်မှာ ကပြခဲ့ကြတဲ့ ၀ိဇယပြဇာတ်၊ ပါပဟိန်နဲ့ ရေသည်ပြဇာတ်များဟာ ဖျော်ဖြေရေးသက်သက် မဟုတ်ကြဘူး။ မင်းညီမင်းသားများရဲ့ ရမ်းကားမှုများနဲ့ တိုင်းသူပြည်သားများရဲ့ ပကတိ အခြေအနေများကို ရွှေနားတော်အရောက် ကြားသိရအောင် ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်။ ပဒေသရာဇ် ခေတ်ကြီးထဲမှာတောင် စာဆိုတော်ကြီးများနဲ့ ဇာတ်သဘင်ပညာရှင်များ တာဝန်ကျေအောင် ဆောင်ရွက်ခဲ့ကြတာ ကြည်ညိုစရာ ကောင်းလှတယ်။
ဆိုဂျူသောက်တာ အတုခိုး
စာနယ်ဇင်းဆရာတွေက ဦးကြင်ဥတို့၊ ဦးပုညတို့ကိုတော့ အတုယူဖို့ စိတ်မကူးကြဘဲ အနောက်နိုင်ငံတွေက ပက်ပ်စာစောင်တွေနဲ့ ကိုရီးယားမင်းသား၊ မင်းသမီးတွေအကြောင်း ပုံတူကူးချဖို့လောက်သာ အပြိုင်အဆိုင် ကြိုးစားနေကြတာ တွေ့ရတယ်။ ဖျော်ဖြေရေးနယ်ပယ်က မထင်ပေါ်တို့၊ ကိုကျော်ကြားတို့ကလည်း ကိုရီးယားမင်းသား၊ မင်းသမီးများရဲ့ သရုပ်ဆောင်မှု အတတ်ပညာတွေကို အားကျအတုယူ ရမယ့်အစား ဖင်ပေါ်ရင်ပေါ် ၀တ်တာစားတာတွေနဲ့ "ဆိုဂျူ" သောက်တာလောက်ကိုပဲ အတုခိုးနေကြတယ်။ ပြောလိုက်ရင်တော့ အနုပညာအလုပ်၊ အနုပညာရှင်ဆိုတဲ့ စကားတွေက မိုးမွှန်နေတာပါပဲ။
သံကုန်ဟစ်မှ ငိုတာမဟုတ်
အားမနာတမ်း ပြောရမယ်ဆိုရင် အနုပညာလို့ ခေါ်လောက်တဲ့ အဆင့်ကိုရောက်ဖို့ တော်တော်လိုသေးတယ်လို့ပဲ ထင်တယ်။ အများအားဖြင့် ဖျော်ဖြေရေးအဆင့်ထက် မပိုသေးပါဘူး။ သရုပ်ဆောင်ပုံကို ကြည့်၊ ငိုစရာရှိရင် ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား သံကုန်ဟစ်အော် ငိုချလိုက်ပြီး နှာရည်တရွှဲရွှဲ ညှစ်ပြလိုက်တာပဲ။ လူကြမ်းဆိုရင်လည်း အရုပ်ဆိုးဆိုး မျက်နှာကြောတင်းတင်းနဲ့ အော်ဟစ်ကြိမ်းမောင်း လုပ်ပြလိုက်တာပဲ။ ချစ်ခန်းကြိုက်ခန်းဆိုလည်း မင်းသား၊ မင်းသမီး ဖက်ပြလိုက်ရုံပဲ။ မျက်ရည်မရွှဲ၊ နှပ်မညှစ်ဘဲ မေးကြောလေး တစ်ချက်တင်းရုံ၊ အကြောပြိုင်းပြိုင်းထအောင် လက်သီးဆုပ်လိုက်ရုံနဲ့ ကြည့်သူရဲ့ ရင်ထဲမှာ ဆို့နင့်သွားစေနိုင်တယ်ဆိုတာ သဘောပေါက်ပုံ မရကြဘူး။ လူဆိုးဆိုတိုင်း အရုပ်ဆိုးတာ မဟုတ်ဘူး။ ဗိုလ်အောင်ဒင်လို ဂုဏ်သရေရှိ လူဆိုးကြီးတွေ ရှိတတ်တာကိုလည်း သိပုံမရကြပါဘူး။
စိတ်ဆိုးရင်လည်း မတတ်နိုင်
ဒီနေ့မြန်မာသရုပ်ဆောင် အများစုရဲ့ သရုပ်ဆောင်ပုံတွေဟာ ဇာတ်ခုံပေါ်မှာ သရုပ်ဆောင်တာနဲ့ အတူတူလို ဖြစ်နေတာ သတိထားမိတယ်။ ရုပ်ရှင်သရုပ်ဆောင်နဲ့ လုံးဝမတူပါဘူး။ မျက်နှာအမူအယာ တစ်မျိုးတည်းနဲ့ အလွမ်း၊ အသော၊ အချစ်၊ အကြမ်း၊ အရမ်း အမျိုးမျိုး သရုပ်ဆောင်ပြနိုင်စွမ်းရှိတဲ့ ရုပ်ရှင်မင်းသား ကျော်ဆွေလို သရုပ်ဆောင်မျိုး တစ်ယောက်မှ မရှိဘူးလို့ပြောရင် လွန်မယ်မထင်ဘူး။ အဲဒါကြောင့် အနုပညာလို့ ခေါ်လောက်တဲ့အဆင့် မရောက်သေးဘူး။ ဖျော်ဖြေရေးအဆင့်လောက်ပဲ ရှိသေးတယ်လို့ ဆိုခဲ့တာပါ။ စိတ်ဆိုးကြရင်လည်း မတတ်နိုင်တော့ဘူး။
No comments:
Post a Comment