Tuesday, August 21, 2012

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် ပတ်သက်၍ ပေးပို့ခဲ့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာအပေါ် ကျွန်တော့်ခံစားချက်များ


  • ဘာကြောင့်မှန်း မသိသော်လည်း ၀မ်းနည်းဝမ်းသာ ခံစားရသည်။ ၀မ်းနည်းမိသည်က နိုင်ငံအတွင်း ဖြစ်ပျက်နေသော ပြဿနာပေါင်းစုံအတွက်၊ ပြည်တွင်းပြည်ပ ဖိအားမျိုးစုံအတွက်၊ မိမိ၏ အစိုးရအဖွဲ့မှ မိမိနောက်သို့ ဖြောင့်ဖြောင့်မလိုက်သည့် ပုဂ္ဂိုလ်များအတွက် ဦးနှောက်မှ အငွေ့ထွက်လုမတတ် စဉ်းစားစီစဉ် ဖြေရှင်းဆောင်ရွက်နေရသော သမ္မတကြီးအတွက် သနားမိသည်ကတစ်ကြောင်း၊ သ၀ဏ်လွှာပါ ခံစားချက်များကြောင့်တစ်ကြောင်း ဖြစ်ပါသည်။ ၀မ်းသာမိသည်က အချက်ကျကျ ပြန်လည်ရှင်းပြ ပြောဆိုနိုင်ခဲ့သည့် သမ္မတကြီး၏ ဖြေရှင်းချက်များအတွက် ဖြစ်ပါသည်။
  • ယခင်က အနည်းငယ်သာ သတိပြုမိခဲ့သော်လည်း သ၀ဏ်လွှာဖတ်ပြီးချိန်တွင် လွှတ်တော်များ၏ အမြော်အမြင်မဲ့မှုကို ထပ်မံ မြင်တွေ့ခဲ့ရပါသည်။ ကျွန်တော် ဆိုလိုရင်းမှာ လွှတ်တော်များကို စော်ကားခြင်း မဟုတ်ပါ။ လွှတ်တော်များ၏ ဆုံးဖြတ်ချက်များသည် ခံစားမှု လွန်ကဲနေသည့်အတွက် မချိတင်ကဲ ဖြစ်မိခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး မျှော်လင့်ခဲ့သည်က လွှတ်တော်များ၏ ကြိုးစားအားထုတ်မှုဖြင့် အပြောင်းအလဲများကို ပီပီပြင်ပြင် အမြန်ဆုံး မြင်တွေ့လာနိုင်မည်ဟု။ သို့သော် ယနေ့ဖြစ်နေသည်က ထိုသို့ မဟုတ်သည်ကို နိုင်ငံ့အရေး စိတ်ဝင်စားသူတိုင်း သတိပြုမိကြလိမ့်မည် ထင်ပါသည်။ သမ္မတကြီး၏ သ၀ဏ်လွှာကို ကျွန်တော် အထပ်ထပ်အခါခါ ပြန်ဖတ်ကြည့်မိပါသည်။ လွှတ်တော်ကို ပြန်ကစ်လိုက်မယ်ဟဲ့ ဟူသည့်စိတ်ဖြင့် ရေးသားထားသော စကားလုံး တစ်လုံးတစ်လေမျှ မမြင်မိပါ။ (ကျွန်တော်ကိုဉာဏ်သည်ပင် သမ္မတကြီးအပေါ် စာနာသနားသည့် စိတ်ခံစားမှုဖြင့် ဖတ်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်)
  • သမ္မတကြီး၏ သ၀ဏ်လွှာကို ဖတ်ပြီးသည့်အချိန်တွင် ပြည်သူ့လွှတ်တော်က ပေးပို့တောင်းဆိုခဲ့သည့် အကြောင်းအရာများကို ပြန်ဖတ်ကြည့်မိသောအခါ ရေခဲမုန့်စားနေရင်း ရုတ်တရက် ရေနွေးသောက်လိုက်ရသလို ဖြစ်သွားပါသည်။ ဒေါသသံများ၊ တန်းညှိသံများ၊ တွန်းထိုးသံများ၊ စောင်းမြောင်းသံများ၊ ပွတ်တိုက်သံများ၊ ခြေထိုးသံများပင် ကြားလိုက်မိသလားဟု သံသယ ဖြစ်မိပါသည်။
  • မိမိကိုယ်မိမိ ဥပဒေပြုရေးမဏ္ဍိုင်၊ မြန်မာနိုင်ငံတွင် အဆင့်အမြင့်ဆုံးမဏ္ဍိုင်၊ အဆင့်အမြင့်ဆုံး ဥပဒေပြု အဖွဲ့အစည်း စသည့်စသည့် ကြွေးကြော်မှုများဖြင့် မဏ္ဍပ်တိုင် မကြာခဏ တက်ပြခဲ့သော လွှတ်တော်များအတွက် ယခုအချိန်သည် သူတို့ဝဋ် သူတို့လည်သည့်အချိန် ဖြစ်လာပါလိမ့်မည်။ တစ်နည်း လွှတ်တော်အကြပ်အတည်း ဖြစ်လာပါလိမ့်မည်။ နောက်ဆက်တွဲအနေဖြင့် ကျွန်တော်တို့ မဖြစ်ချင်သော အရာများ ဖြစ်မလာပါစေနှင့်ဟုပဲ ဆုတောင်းရပါမည်။ အကယ်၍များ ဖြစ်လာခဲ့လျှင် ထိုပြဿနာများ၏ အစတရားခံသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြပါသည်။
  • အထက်က အပိုဒ်ကို ကျွန်တော်ဘာကြောင့် ပြောရသလဲဆိုသည်မှာ အကြောင်းရှိပါသည်။ သမ္မတကြီး၏ သ၀ဏ်လွှာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ အခွင့်အရေးများကို အသုံးပြုသင့်ကြောင်း ရေးသားထားသောကြောင့် ဖြစ်ပါသည်။ မှန်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ အခွင့်အရေးများသည် မြန်မာပြည်၏ အဆင့်အမြင့်ဆုံးသော ဥပဒေပြုအဖွဲ့အစည်းဟု လက်မထောင်နေသည့် ပြည်ထောင်စုလွှတ်တော်၏ လက်ထဲတွင်သာ ရှိခြင်းဖြစ်ပါသည်။ သမ္မတကြီးသည် ထိုအခန်းနှင့် ပတ်သက်၍ တစ်ချက်တစ်လေမျှ ဆောင်ရွက်၍ ရနိုင်ခြင်း မရှိပါ။ တစ်နည်းပြောရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီသည်၊ မကိုက်ညီသည်ကို ဂရုပြုစရာ မလိုဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးကို ပြုပြင်နိုင်ခွင့်အာဏာသည် ပြည်ထောင်စုလွှတ်တော်တွင် ရှိနေခြင်းကို လွှတ်တော်များ မသိ၍ မဟုတ်ပါ။ မသိချင်ယောင် ဆောင်နေခြင်းသာ ဖြစ်ပါသည်။ ဘာကြောင့်မလုပ်သလဲဆိုတော့ လွှတ်တော်တွင် ပဋိပက္ခများ ဖြစ်ပွားမှာ မလိုလား၍ ဖြစ်ပါသည်။ ထို့ကြောင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ခေါင်းတည်နေခြင်း ဖြစ်ပါသည်။ သို့သော် ယခုအချိန်တွင်တော့ သ၀ဏ်လွှာကြောင့် သူတို့၏ အကြံများ ဘူးပေါ်သလို ပေါ်သွားခဲ့ပါပြီ။ သူတို့လိုချင်သကဲ့သို့ မဖြစ်လာသည့်အတွက် သူတို့ ဘာလုပ်မည်နည်း။ လွှတ်တော်များ ဘာဆက်လုပ်မည်နည်း။ စိတ်ဝင်စားဖွယ်အတိ ဖြစ်ပါသည်။ သူတို့အဆိုပြုခဲ့သည့် စွပ်စွဲပြစ်တင်ခြင်း ဆက်လုပ်မည်လား။ လုပ်ပါစေ။ လွှတ်တော်တွင်း တိုက်ပွဲများကို ကျွန်တော်တို့ ဘေးကနေ ထိုင်ကြည့်ကြပါမည်။ ကျွန်တော်တို့မြန်မာတွေ မစည်းလုံးတာ အခုမှစတာမှ မဟုတ်တာပဲဗျာ။ (ဤနေရာတွင် အခန်း (၁၂) ပါ အခွင့်အရေးများကို ကျင့်သုံးရန်အတွက် အချို့သော ပုဒ်မများသည် ပြည်သူလူထု၏ ထောက်ခံမှုကို ရယူရန် လိုအပ်ပါသည်။)
  • သမ္မတကြီး၏ သ၀ဏ်လွှာ အပိုဒ် (၈) ကို ဖတ်မိတိုင်း မျက်ရည်လည်မိပါသည်။ သမ္မတကြီး၏ မေတ္တာတရား၊ စေတနာတရားကို အထင်းသား တွေ့မြင်နိုင်ပါသည်။ ရွှေရောင်တောက်ပနေသည့် မြန်မာ့အနာဂတ်အတွက် ရင်လေးနေသည့် သမ္မတကြီး၏ ပင့်သက်ရှိုက်သံကိုပင် ကြားနိုင်ပါသည်။ သို့သော် မျက်စိဖြင့်မဖတ်ဘဲ နှလုံးသားဖြင့် ဖတ်ပြီး ဦးနှောက်ဖြင့် တွေးတောမှသာ ကြားနိုင်ပါလိမ့်မည်။ သမ္မတကြီး၏ စိုးရိမ်စိတ်ကို အတိုင်းသားမြင်ခွင့်ရသည့် စာပိုဒ်ဖြစ်ပါသည်။
  • သ၀ဏ်လွှာအပိုဒ် (၉)ကို ဖတ်မိသည့်အချိန်တွင်တော့ ကျွန်တော် အင်မတန်မှ စိုးရိမ်မိပါသည်။ သမ္မတကြီး၏ စကားလုံးများတွင် အားလျော့သံများ၊ အားလျှော့သံများ၊ သံယောဇဉ် ဖြတ်လိုက်သည့်အသံများ၊ ဥပေက္ခာပြုလိုက်သည့် အသံများ ပဲ့တင်နေသလားဟု ထပ်ခါထပ်ခါ နားထောင်နေမိပါသည်။ ထိုအတိုင်း မဟုတ်ပါစေနှင့်ဟုလည်း ဆုတောင်းမိပါသည်။ သမ္မတကြီးထက် မပိုလျှင်တောင် သမ္မတကြီးအောက် မလျော့သော စိတ်ပူပန်မှုများဖြင့် ကျွန်တော်တို့နိုင်ငံအတွက် ကျွန်တော် စိတ်ပူပါသည်။ ရင်လေးပါသည်။ စိုးရိမ်ပါသည်။ သောကရောက်ပါသည်။ ထိုသို့မဟုတ်ပါစေနှင့်ဟု ဆုတောင်းရင်း ထိုစာပိုဒ်ကို ထပ်ခါထပ်ခါ ပြန်ဖတ်နေမိပါသည်။ တစ်ဆက်တည်းမှာပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့၏ မျက်နှာများကို မြင်ယောင်မိရင်း သက်ပြင်းရှည်ကြီးတစ်ခု ချမိပါသည်။


(၁) 
ပြန်ကြားရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံ တောင်းပန်လိုပါသည်။ ယခု သြဂုတ်လအတွင်း ဘိသိက်ပြိုင် ဇာတ်လမ်းကို မြန်မာ့ရုပ်မြင်သံကြားမှ နေ့စဉ် ည ၈ နာရီသတင်း မလာမီ ထုတ်လွှင့်ပြသပေးစေလိုပါသည်။ ထို့ပြင် အဆိုပါ ဘိသိက်ပြိုင်ဇာတ်ကားအပြီး၌ စာတန်းလည်းထိုး၊ ရွတ်လည်းရွတ်ဆိုပြသော ကဗျာလေးကို ယခင်က သတင်းစာများတွင် ဖော်ပြခဲ့ဖူးသည့် လေလှိုင်းသံလူသတ်သမား၊ ဘာညာဆိုသည့် နေရာတွင် နေရာပေး၍ နေ့စဉ် ဖော်ပြပေးစေလိုပါသည်။

(၂)
ဤပို့စ်ပါ ရေးသားချက်များသည် ကျွန်တော်ကိုဉာဏ်၏ ခံစားချက်များသာ ဖြစ်ပါသည်။ ဖြစ်ပွားနေသော ခုံရုံးဆိုင်ရာ ပြဿနာနှင့် ပတ်သက်၍ ကျွန်ုပ်အနေဖြင့် အလုံးစုံ ဉာဏ်မီနိုင်ခြင်း မရှိသည်ကို ၀န်ခံပါသည်။ သို့သော် ဖြစ်လာနိုင်သည့် အရေးများကိုတော့ ဘေးမှရပ်ကြည့်နေသူ နိုင်ငံရေးပရိသတ်တစ်ဦး အနေဖြင့် စိတ်ပူမိ၊ စိတ်တိုမိသည့်အတွက် ဟိုလိုလုပ်ပါ့လား၊ ဒီလိုလုပ်ပါ့လားဟု ၀င်အော်မိခြင်း ဖြစ်ပါသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် မိမိနိုင်ငံအတွက် စိတ်ပူမိသည်များကို စိတ်ထဲရှိရာ ချရေးမိခြင်းအတွက် တစ်စုံတစ်ဦး အတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခု အတွက်သော်လည်းကောင်း ထိခိုက်နစ်နာရသည်၊ စိတ်မကောင်းဖြစ်ရသည် ဆိုခဲ့ပါလျှင် ထိုကဲ့သို့ ရည်ရွယ်ခြင်း အလျဉ်းမရှိပါကြောင်းနှင့် အဖေနှင့်အမေ ရန်ဖြစ်နေသည်ကို ၀င်လည်းမဆွဲရဲ၊ တားလည်းမတားရဲဘဲ အော်ငိုရုံသာ ငိုနေသည့် ကလေးငယ်တစ်ယောက်အဖြစ်သာ ကျွန်တော့်ကို နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်၊ အင်္ဂါနေ့။
နံနက် ၂ နာရီ ၀၉ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics