Sunday, September 02, 2012

ဖြစ်လာမှာတွေကို ကြိုမြင်နေလေတော့ မနေနိုင်လွန်းလို့ ပြောပါရစေတော့


ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။

ဘုရားရှိခိုးတွေဘာတွေနဲ့ စရေးတယ်ဆိုတော့ ကျွန်တော်ကိုဉာဏ်တော့ ဘာသာရေးဆောင်းပါး ရေးတော့မလားလို့ မထင်လိုက်ကြပါနဲ့ခင်ဗျား။ ကျွန်တော့်မှာ ဘာသာရေးစာပေတွေကို ရေးနိုင်လောက်တဲ့ ၀မ်းစာ မရှိပါဘူး။ မိရိုးဖလာဗုဒ္ဓဘာသာအဆင့်ကနေ အနည်းငယ်မျှသာ ကျော်လွန်နိုင်သေးတဲ့ ပုထုဇဉ်လူသားတစ်ဦးသာ ဖြစ်ပါသေးတယ်။ အခုလို အစချီလိုက်ရတာက အကြောင်းရှိပါတယ်။ မကြာသေးခင် အချိန်ပိုင်းအတွင်းက ဖတ်ရှုရတဲ့ သတင်းတွေကြောင့် စိတ်တွေညစ်ငြူးရလွန်းလို့ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို တ,လိုက်မိတဲ့ သဘောပါ။

မန္တလေးက ဆန္ဒဖော်ထုတ်တဲ့သတင်း
စာဖတ်သူများ သိရှိပြီးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ သို့သော် သတင်းအကျဉ်းကို ထပ်ပြောပါရစေ။ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်ပြီး သမ္မတကြီးကို ထောက်ခံပြီး ကုလသမဂ္ဂကိုယ်စားလှယ် ကွင်တားနားကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်တဲ့ အနေနဲ့ မန္တလေးမြို့ခံတွေနဲ့ သံဃာတော်အများအပြား ပါဝင်တဲ့ ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပြုလုပ်ခဲ့တဲ့သတင်း ဖြစ်ပါတယ်။ ပြည်တွင်းက နာမည်ကြီး ဂျာနယ်များရဲ့ အင်တာနက်စာမျက်နှာများမှာ ဓာတ်ပုံတွေနဲ့တကွ သတင်းဖော်ပြပေးထားတာ တွေ့ရပါတယ်။

နိုင်ငံရေးသတင်းသာဖြစ်တယ်
ဒီနေရာမှာ ကျွန်တော်ကိုဉာဏ် အရေးအကြီးဆုံးတစ်ခုကို သတိပေးပါရစေ။ ယခု မန္တလေးမြို့မှာ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်တဲ့သတင်းသည် နိုင်ငံရေးသတင်းသာ ဖြစ်ပါတယ်။ ဘာသာရေးသတင်း မဟုတ်ပါ။ နိုင်ငံရေးလှုပ်ရှားမှုကို ဘာသာရေးပုဂ္ဂိုလ်များဖြစ်သည့် သံဃာတော်များ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်ကို မမေ့ကြစေလိုပါ။ ထိုသို့ နားမလည်နိုင်ပါလျှင်၊ ထိုသို့ မခံယူနိုင်ပါလျှင် ကျွန်တော်ရေးမည့် စာများကို ဆက်လက်ဖတ်ရှုရန် မသင့်ကြောင်း ကြိုတင်မေတ္တာရပ်ခံလိုပါသည်။

ထုတ်ပြလိုသည့် ဥပမာ
မိဘဟူသည် အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ ဖြစ်ကြသည်ကို အားလုံးသိကြပြီး ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် အရက်သောက်သော ဖခင်တစ်ဦး၏ သားဖြစ်သူသည် သူ့အဖေ အရက်သောက်သည်ကို တားမြစ်ခြင်း ပြုနိုင်ပါသလား။ လောင်းကစားဝါသနာပါသော မိခင်ဖြစ်သူကိုရော တားမြစ်ခြင်း ပြုနိုင်ပါသလား။ အကယ်၍များ သားဖြစ်သူက ဥပဒေဘက်တော်သားတစ်ဦး ဖြစ်ခဲ့သည်ဆိုပါစို့၊ ဖခင်ဖြစ်သူက ဥပဒေတစ်ခုကို ကျူးလွန်ခဲ့ပါလျှင် ဥပဒေအတိုင်း အရေးယူမည်လား၊ သို့တည်းမဟုတ် ငါ့အဖေပဲဆိုပြီး လွှတ်ပေးမည်လား။ စာဖတ်သူများအနေဖြင့် ကျွန်တော်ကိုဉာဏ်အား ၀ိုင်းဝန်းကူညီကာ စဉ်းစားပေးကြစေလိုပါသည်။ မိဘကျေးဇူးသည် ဆပ်မကုန်သည်မှာ အမှန်ဖြစ်ပါသည်။ မိခင်ဘခင် ကျေးဇူးရှင်ကို ဘုရားတစ်ဆူ ဂူတစ်လုံးသွင် ရိုကျိုးကြရမည်မှာလည်း အမှန်ပဲဖြစ်ပါသည်။ သို့သော် မိဘဟူသည့် သံယောဇဉ်တရား၊ မေတ္တာတရား၊ ကျေးဇူးတရားတို့နှင့် အမှန်တရားကို ရောထွေးခြင်းငှာ မအပ်စပ်ဟု ကျွန်တော်ကတော့ မြင်မိပါသည်။ မိဘသည်လည်း လူသားတွေပင် ဖြစ်သည့်အတွက် အမှားကင်းချင်မှ ကင်းကြပါလိမ့်မည်။ မိဘများ လမ်းမှားရောက်နေ၍ သားသမီးများက လမ်းမှန်ပြခြင်းသည် ကျေးဇူးဆပ်ခြင်း တစ်မျိုးဟုပင် ကျွန်တော်ခံယူပါသည်။ မိဘလုပ်သမျှ အကုန်မှန်သည်၊ မိဘကို ဘာတစ်ခွန်းမှ ပြန်မပြောသင့်ဟူသည့် အယူအဆကို လက်ကိုင်ထားသူများအတွက် ကျွန်တော့်စာများသည် အဆင်ပြေလိမ့်မည် မဟုတ်ပါချေ။ ကျွန်တော်တို့အားလုံး လေးစားချစ်ခင်သည့် ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က သူ့မိခင်အား ဧည့်သည်များရှေ့တွင် ပြောခဲ့သည့် စကားတစ်ခွန်းကို စာဖတ်သူများ ပြန်လည်ဆင်ခြင် ဝေဖန်ကြစေလိုပါသည်။

ကိုယ့်အလုပ် ကိုယ်မလုပ်ကြတာကို ဂုဏ်မယူနိုင်ပါ
မြင်းက မြင်းအလုပ် လုပ်ရတယ်၊ ခွေးက ခွေးအလုပ် လုပ်ရတယ်။ အားလုံးကြားဖူးသည့် ပုံပြင်တစ်ပုဒ် ဖြစ်ပါလိမ့်မည်။ သူ့အလုပ်ကို သူလုပ်မှ အဆင်ပြေပါလိမ့်မည်။ လောကသဘာဝကြီးသည် သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြစ်စေရန် ဖန်တီးထားပြီးသား ဖြစ်ပါသည်။ မြင်းက အိမ်ပေါက်မှာထိုင်ပြီး တဟီးဟီးအော်ကာ ကင်းစောင့်နေလို့လည်း အဆင်ပြေမည်မဟုတ်ပါ။ ထို့အတူ ခွေးကလည်း အိမ်ထဲမှာ ကြွက်ခုပ်နေလျှင် အလုပ်ဖြစ်မည် မဟုတ်ပါချေ။ သူ့နေရာနှင့်သူ၊ သူ့အလုပ်နှင့်သူ အံဝင်ခွင်ကျဖြစ်ပါမှ လောကကြီးသည် အဆင်ပြေပါလိမ့်မည်။ ထို့အတွက် ယခုကဲ့သို့ မန္တလေးမြို့တွင် သံဃာတော်များ ဆန္ဒဖော်ထုတ်ကာ စီတန်းလှည့်လည်ကြသည်ကို ကျွန်တော်ကိုဉာဏ် လုံးဝ(လုံးဝ) ကန့်ကွက်ပါသည်။ သံဃာတော်များ၏ အလုပ်သည် စီတန်းလှည့်လည်ရန်၊ ဆန္ဒဖော်ထုတ်ရန် မဟုတ်ပါခင်ဗျား။ ဒါယကာ၊ ဒါယိကာမများက ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းထားခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်းဆိုသည်ကို ဆရာတော်အရှင်သူမြတ်တို့ ဆင်ခြင်နှလုံးသွင်းကြ စေလိုပါသည်ဘုရား။ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် မြန်မာတစ်ယောက်အနေဖြင့် အရှင်သူမြတ်တို့၏ ဆန္ဒဖော်ထုတ်မှုကို ဂုဏ်ယူခြင်းမဖြစ်ဘဲ ၀မ်းနည်းပက်လက်ဖြင့် စိတ်နှလုံးမသာမယာ ဖြစ်ရပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား။

ဒါယကာ၊ ဒါယိကာမများ သတ္တိရှိကြဖို့လိုပြီ
ဟိုးအထက်တွင် ကျွန်တော်တင်ပြခဲ့သည့် ထုတ်ပြလိုသည့် ဥပမာ ဟူသည့် စာပိုဒ်ကို နားလည်လက်ခံကြပါလျှင် ယခု ကျွန်တော်ပေးထားသည့် ခေါင်းစဉ်ကို ရှင်းပြစရာမလိုအောင် နားလည်ကြလိမ့်မည် ဖြစ်ပါသည်။ သံဃာဟူသည်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များအတွက် အလေးအမြတ်ထားရာ ဘုရားသားတော်များ ဖြစ်ကြပါသည်။ မြတ်စွာဘုရားရှင်၏ တရားတော်များကို ဆည်းပူးသင်ယူ လေ့လာပွားများကာ ဒါယကာ၊ ဒါယိကာမများအား အမြိုက်ရေအေး တိုက်ကျွေးနေကြသည့် ကျေးဇူးရှင်များ ဖြစ်ကြပါသည်။ လူသာမန်တို့ မဆောင်ရွက်နိုင်သည့် ဘုရားရှင်၏ တရားတော်များကို လေ့လာခြင်း၊ သင်ယူခြင်း၊ ကျက်မှတ်ခြင်း၊ ပွားများခြင်း၊ အာဂုံဆောင်ခြင်း၊ ဒါယကာ ဒါယိကာမများ နားလည်သိရှိအောင် ပြန်လည်ရှင်းပြခြင်း၊ ဟောပြောခြင်း၊ လမ်းညွှန်ခြင်း စသည့်အမှုများကို ပြုလုပ်နေခြင်းကြောင့် ကျွန်တော်တို့ လူသားများက ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းနေကြခြင်း ဖြစ်ပါသည်။ ငါတို့ကိုးကွယ်တဲ့ ဆရာတော်တွေဟာ လိုအပ်တဲ့အချိန်မှာ ငါတို့ကိုယ်စား ဆန္ဒပြပေးကြမှာပဲ၊ ငါတို့ကိုယ်စား စီတန်းလှည့်လည်ကြမှာပဲ၊ ငါတို့ကိုယ်စား တိုက်ပွဲဝင်ကြမှာပဲ ဟူသောစိတ်ဖြင့် သံဃာတော်များအား ကိုးကွယ်ဆည်းကပ်သည့် ဒါယကာ ဒါယိကာမများ ရှိလိမ့်မည်မဟုတ်ဟု ကျွန်တော်ကိုဉာဏ်က ကိုယ့်စိတ်နှင့်ကိုယ်နှိုင်းကာ ယုံကြည်မိပါသည်။ ကျွန်တော့်အမြင်ကတော့ သံဃာတော်များအနေဖြင့် များပြားကျယ်ဝန်းလှသည့်၊ လေ့လာ၍ မကုန်သည့် သာသနာ့တာဝန်များကိုသာ ဆောင်ရွက်ကြစေလိုပါသည်။ ဒေါသများလှသည့်၊ မောဟများလှသည့်၊ လောဘများလှသည့် ကျွန်တော်တို့လို လူသားအမိုက်အမဲများကို တရားရေအေး အမြိုက်ဆေးများကိုသာ တိုက်ကျွေးကြစေလိုပါသည်။ မိဘဘာလုပ်လုပ် မှန်သည်ဆိုသည့် မျက်ကန်းသားသမီးများကဲ့သို့ သံဃာတွေ ဘာလုပ်လုပ် ငါတို့က ထောက်ခံမှာပဲဟူသည့် မျက်ကန်းဒါယကာ ဒါယိကာမများ မဖြစ်ရအောင် ကျွန်တော်တို့တွေ သတ္တိရှိကြဖို့ လိုပါပြီ။

မီဒီယာတွေမှာ တာဝန်ရှိတယ်
မီဒီယာများအနေဖြင့် ယခုကဲ့သို့ စီတန်းလှည့်လည်မှုများကို သတင်းတစ်ခုအဖြစ် ဖော်ပြသည်ကို ဘာမျှ မပြောလိုပါ။ သတင်းတစ်ခုကို စာဖတ်ပရိသတ်ထံ ပို့ဆောင်ခြင်းအဖြစ် နားလည်လက်ခံပါသည်။ သို့သော် ထိုသို့မဟုတ်ဘဲ သတင်းထက်ပိုသည့် ရည်ရွယ်ချက်များ၊ ဆန္ဒများပါလျှင်တော့ ကိုယ့်သမိုင်းကို ကိုယ်ရေးခြင်းဟုသာ ပြောလိုပါသည်။ ကျွန်တော့်အမြင်ကဖြင့် မီဒီယာများအနေဖြင့် ယခုကဲ့သို့ ကိစ္စများကို မည်သည့်သတင်းမျှ ဖော်ပြခြင်းမပြုဘဲ နေသင့်ကြသည်ဟု ထင်မိပါသည်။ ထိုသို့မဟုတ်ဘဲ သံဃာတော်များကို သတင်းလူသားများအဖြစ် ပျော်ပျော်ပါးပါး ဖော်ပြပေးနေကြ၊ မြှောက်ပေးနေကြလျှင်ဖြင့် မုန့်လုံးကို စက္ကူကပ်သလို ဖြစ်နေပါလိမ့်ဦးမည်။ တစ်ခုခုဆိုတိုင်း သံဃာတော်များ လမ်းပေါ်ထွက်လာပါလိမ့်မည်။ ထိုသို့ ဖြစ်ခြင်းသည် ကောင်း၏၊ မကောင်း၏၊ သင့်၏၊ မသင့်၏ ဆိုသည်ကို အလေးအနက်ထား စဉ်းစားကြစေလိုပါသည်။ စတုတ္ထမဏ္ဍိုင်ဟု ခံယူပါလျှင် စတုတ္ထမဏ္ဍိုင် ပီသအောင် ရပ်တည်ကြဖို့ လိုပါသည်။ ဆန္ဒစွဲတွေ၊ ဂတိစွဲတွေ၊ အတ္တစွဲတွေ မပါအောင် ထိန်းသိမ်းရေးသားကြစေလိုပါသည်။

သတင်းစာဆရာကြီးများကို တောင်းပန်လိုပါတယ်
အများသိ၊ နိုင်ငံကျော် စာရေးဆရာများ၊ သတင်းစာဆရာကြီးများအနေဖြင့် ယခုကဲ့သို့ ကိစ္စများကို နှာစေးနေခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ တောင်းပန်လိုပါသည်။ အမှန်ကို အမှန်အတိုင်း ထောက်ပြဝေဖန် ပြောဆိုကြစေလိုပါသည်။ အကယ်၍ သံဃာတော်များ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် မှန်ကန်သည်၊ ဖြစ်သင့်သည်ဟု ယုံကြည်လျှင်လည်း မိမိယုံကြည်သည့်အတိုင်း ရဲရဲဝံ့ဝံ့ ရေးကြစေလိုပါသည်။ သို့မဟုတ်ဘဲ ဟိုလိုလို ဒီလိုလို လုပ်နေကြလျှင်ဖြင့် စာဖတ်ပရိသတ်များ အပေါ်တွင်သာမက၊ နိုင်ငံအပေါ်တွင်လည်း တာဝန်မကျေဘူးဟု ကျွန်တော်မှတ်ယူပါသည်။ ယခုကဲ့သို့ ကိစ္စများကို သာမန်ပေါ့ပေါ့တန်တန် သဘောမထားကြစေလိုပါ။ ဂတိတရားကင်းကင်းဖြင့် စဉ်းစားဆင်ခြင် ဝေဖန်သုံးသပ်ကာ ကျွန်တော်တို့တွေ ဆောင်ရွက်သင့်နေကြပြီ ဖြစ်ပါသည်။ သမိုင်းတစ်လျှောက်လုံး မည်သည့်အမှားအယွင်းမျှ မရှိခဲ့ဘဲ သန့်ရှင်းစင်ကြယ်စွာ ရပ်တည်လာခဲ့သည့် ထေရ၀ါဒ ဗုဒ္ဓဘာသာကို ညစ်နွမ်းအောင် မလုပ်သင့်ကြဟု မြင်မိပါသည်။ အားလုံးက ဘာမျှမပြောဘဲ ဟိုလိုလို ဒီလိုလိုဖြင့် နှာစေးနေကြပါလျှင်၊ တဖြည်းဖြည်း အပျက်အပျက်ဖြင့် နှာခေါင်းသွေးထွက်ကာ နောင်တစ်ချိန်တွင် အီရန်ကဲ့သို့ ဘာသာရေးခေါင်းဆောင်များက နိုင်ငံရေးကို လွှမ်းမိုးသည့် အခြေအနေမျိုးကို ရောက်လာပါလိမ့်မည်။ ထိုကဲ့သို့ အခြေအနေမျိုးကို ကျွန်တော်တို့တွေ ရောက်လိုပါသလားဟု ကိုယ့်ဘာသာကိုယ် မေးကြည့်ကြစေလိုပါသည်။

ဘယ်သူတွေ အားပေးပေး ကျွန်တော်အားမပေးဘူး
ယခုကဲ့သို့ ဖြစ်ရပ်များကို ဘယ်သူတွေ အားပေးပေး ကျွန်တော်အားမပေးနိုင်ပါ။ တစ်ရွာလုံးနှင့်တစ်ယောက် သို့တည်းမဟုတ် တစ်ကမ္ဘာလုံးနှင့်တစ်ယောက် ဖြစ်နေပါစေ၊ ကျွန်တော့်ခံယူချက်ကို မပြောင်းလဲနိုင်ပါ။ ထိုကဲသို့ မဖြစ်နိုင်ဟုလည်း ယုံကြည်ပါသည်။ ထင်ရှားသော ဆရာတော်ကြီးများ၊ ပိဋကတ်သုံးပုံကို အာဂုံဆောင်ထားသော သာသနာ့အာဇာနည်များ၊ သီလသိက္ခာသမာဓိနှင့် ပြည့်စုံသည့် သံဃာတော်များ ယခုကဲ့သို့ အဖြစ်အပျက်များတွင် ပါဝင်ခြင်း မရှိသည်ကိုကြည့်၍ အားတက်မိပါသည်။ သံဃနာယက ဆရာတော်ကြီးများအနေဖြင့်လည်း ယခုကဲ့သို့ ကိစ္စများကို ဆုံးမကြမည်၊ ဟန့်တားကြမည်ဟု ယုံကြည်မိပါသည်။ သံဃာတော်များကလည်း ဆရာတော်ကြီးများ၏ ဆုံးမစကားကို အရေးတယူ နားထောင်လိုက်နာကြလိမ့်မည်ဟု ယုံကြည်မိပါသည်။ ဓမ္မစက်ဖြင့် အရေးကိစ္စများ ပြီးဆုံးသွားမည်ကိုသာ လိုလားပါသည်။ နောက်ဆက်တွဲများကို ကျွန်တော် မမြင်လို၊ မကြားလိုပါ။ နိုင်ငံရေးလုပ်လိုလျှင် အရပ်ဝတ်လဲပါ၊ လွှတ်တော်နိုင်ငံရေးပဲလုပ်လုပ်၊ လွှတ်တော်ပြင်ပနိုင်ငံရေးပဲလုပ်လုပ်၊ လုပ်၍ရပါသည်။ မြင့်မြတ်သည့် သင်္ကန်းတော်ကိုခြုံ၍ သာသနာတော်အရေးကို ဆောင်ရွက်ခြင်းမပြုဘဲ လူ့အရေးအရာများကို ဆောင်ရွက်နေပါလျှင် အမြင်မတော်၊ အရိုသေတန်ပါလိမ့်မည်။ ဘယ်သူတွေ လက်ခုပ်တီးတီး ကျွန်တော်ကိုဉာဏ်ကတော့ လက်ခုပ်မတီးနိုင်ပါ၊ လေမချွန်နိုင်ပါခင်ဗျား။

ဆန္ဒဖော်ထုတ်တော့ ဘာအကျိုးရှိသလဲ
ကျွန်တော်ကပဲ အရင်ဆုံး ဖြေပေးလိုပါသည်။ ကျွန်တော့်အမြင်ကတော့ ဘာအကျိုးမှ မရှိပါ။ သံဃာတော်များ ထိုကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်းဖြင့် ရခိုင်ဒေသသည် ငြိမ်းချမ်းမသွားပါ၊ ရခိုင်ဒေသမှ ဒုက္ခသည်များ မူလအခြေအနေသို့ ပြန်ရောက်မသွားပါ။ ယနေ့ လုပ်နေသမျှ ကိစ္စရပ်များသည် အနာနှင့်ဆေး တလွဲတွေချည်းပဲ ဖြစ်နေသည်ကို ကျွန်တော်ကိုဉာဏ် မြင်တွေ့သိရှိနေရပါသည်။ တကယ်လိုအပ်နေတာကို မလုပ်ကြဘဲ ခါးတောင်းကျိုက်တခြား ဖင်တခြားချည်းသာ ဖြစ်နေကြပါသည်။ စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်နေသော၊ ဒုက္ခသည်စခန်းများကို လိုက်လံလေ့လာနေသော၊ ဘုန်းတော်ကြီးကျောင်းများသို့သွားကာ ဆရာတော်ကြီးများကို လျှောက်ထားမေးမြန်းနေသော၊ လုံခြုံရေးတာဝန်ယူထားသည့် ၀န်ထမ်းများနှင့် ထိတွေ့ဆက်ဆံနေသော၊ စစ်တွေမြို့၏ လတ်တလော အခြေအနေများကို အမြဲမပြတ် သိရှိနေရသော  ကျွန်တော့်အနေဖြင့် ရခိုင်ဒေသ၏ အခြေအနေများ၊ လိုအပ်ချက်များ၊ ဟာကွက်များ၊ ချို့ယွင်းချက်များကို သိတန်သလောက် သိနေသည်ဟု ကိုယ့်ဘာသာကိုယ် ယုံကြည်ပါသည်။ (ထိုအကြောင်းအရာများကို သီးခြားရေးသားတင်ပြရန် အစီအစဉ်ရှိပါသည်။ ယခုတော့ လေ့လာမှုများ မပြည့်စုံသေးဟု ယူဆသည့်အတွက် မရေးသားလိုသေးပါ။) စာဖတ်သူများအနေဖြင့် မန္တလေးမြို့တွင် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများ ရရှိသည်ဟု ထင်ပါသနည်းဟု ကျွန်တော်ကိုဉာဏ်က လေးစားစွာမေးမြန်းလိုပါသည်။ စာဖတ်သူများ၏ အတွေးအမြင်များကိုလည်း သိလိုလှပါသည်။

ဆန္ဒဖော်ထုတ်ပွဲ
ယခင် ရက်များကတည်းက ယနေ့ပြုလုပ်မည့် ဆန္ဒဖော်ထုတ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြသည်များကို သတင်းများ ဖတ်ရှုခဲ့ရပါသည်။ ဆန္ဒဖော်ထုတ်ပွဲအတွက် လျှောက်လွှာတင်သည့်သူက အရှင်ဝီရသူဟု သိရပါသည်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေသည် ရဟန်းသံဃာများအတွက် အပ်စပ်၏၊ မအပ်စပ်၏ကို စဉ်းစားကြစေလိုပါသည်။ လျှောက်ထားသည်ဆိုသည်က ခွင့်ပြုမိန့် တောင်းခံခြင်း ဖြစ်ပါသည်။ ဒါယကာ ဒါယိကာမများ၏ ရှိခိုးမှု၊ ပူဇော်မှုကို ခံယူကြရမည့် သံဃာတော်များက ဒါယကာ ဒါယိကာမများထံတွင် စီတန်းလှည့်လည်ဖို့ ခွင့်ပြုပါလို့ ခွင့်တောင်းခြင်းသည် သင့်လျော်၏ မသင့်လျော်၏ စဉ်းစားကြစေလိုပါသည်။ ကျွန်တော့်အမြင်ကတော့ သံဃာတော်များသည် လူ့စည်းအတွင်းသို့ သူတို့ဘာသာ ၀င်လာကြခြင်း ဖြစ်ပါသည်။ ဤသည်ကိုပင် သံဃာတော်တွေက တရားဥပဒေနဲ့အညီ လုပ်တယ်ဆိုပြီး ဂုဏ်ယူကြသူများ ရှိလျှင်လည်း ကျွန်တော်ကိုဉာဏ် ဘာမျှမပြောလိုပါ။ ထားတော့၊ ဆက်ပြောပါမည်။ ခွင့်ပြုမိန့်တွင် စီတန်းလှည့်လည်ရန် ခွင့်ပြုလူဦးရေ ၁၀၀ ဦးဟု သိရပါသည်။ အရှင်ဝီရသူက ဦးဆောင်ပြီး လူတွေပဲ စီတန်းလှည့်လည်မှာဟု ထင်ခဲ့မိပါသည်။ ယခုတော့ သံဃာတော်များ လမ်းပေါ်သို့ ထွက်လာကြသည်။ သံဃာတော် အပါး ၁၀၀၀ ကျော်ရှိသည်ဟု သတင်းဌာနများက ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။ စာဖတ်သူခင်ဗျား၊ စာဖတ်သူနှင့် သူငယ်ချင်း ၃ ယောက် မြို့ပတ်ရထား စီးကြသည် ဆိုကြပါစို့။ လက်မှတ် ၃ စောင်သာ ၀ယ်ထားသည်ဆိုလျှင် လက်မှတ်စစ်လာသောအခါ ကျန်သည့်တစ်ယောက်သည် လက်မှတ်မပါဘဲ ခိုးစီး (စီးခွင့်မရှိဘဲစီး)  သူ ဖြစ်ပါသည်။ ထို့အတွက် ဒဏ်ရိုက်တာတွေဘာတွေ လုပ်ပါလိမ့်မည်။ ယခုလည်း ထို့အတူ ဖြစ်ပါသည်။ ခွင့်ပြုမိန့်က လူ ၁၀၀၊ စီတန်းလှည့်လည်တော့ လူ ၁၀၀၀ ကျန်သည့် ၉၀၀ သည် ခွင့်ပြုမိန့်မရရှိသူများ ဖြစ်ကြပါသည်။ ထိုသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်မည် ဆိုပါလျှင် မည်သို့ဆက်ဖြစ်လာနိုင်သည်ကို စာဖတ်သူများအနေဖြင့် ဉာဏ်ရှေ့ပန်း၍ စဉ်းစားကြစေလိုပါသည်။ ခွင့်ပြုမိန့်တောင်းစဉ်က လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ တောင်းခံခဲ့သော်လည်း ဥပဒေအရ အရေးယူဆောင်ရွက်ချိန်တွင်တော့ မြန်မာအစိုးရသည် သံဃာတော်များကို ဘာဖြစ်နေပါသည်၊ ညာဖြစ်နေသည်ပါသည်ဟု သတင်းများ လှိုင်းထသွားမည်မှာ ဗေဒင်မေးစရာမလိုပါ၊ နက္ခတ်ကြည့်စရာမလိုပါ၊ သင်္ချာတွက်စရာမလိုပါ။ ဤမျှဆိုလျှင် ကျွန်တော့်ဆိုရင်းကို နားလည်သည်ဟု ယုံကြည်မိသည်။


ကျွန်တော့်သုံးသပ်ချက်
  • သံဃာတော်များနှင့် မသက်ဆိုင်သည့် နိုင်ငံရေးအလုပ်တစ်ခုကို လုပ်ကြခြင်းဟု မြင်မိပါသည်။ 
  • သံဃာတော်များကို နိုင်ငံရေးအတွက် အသုံးချနေသူများ၏ အမြတ်ထုတ်မှုတစ်ခုဟု မြင်မိပါသည်။
  • ဘုရားသားတော် ဟူသည့်စိတ်မရှိဘဲ နိုင်ငံရေးတက်ကြွသူအဖြစ် ထင်ပေါ်လိုသည့် သင်္ကန်းဝတ်များ၏ သွေးတိုးစမ်းမှုဟု မြင်မိသည်။
  • အစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်များကို တစ်ဖက်လှည့်ဖြင့် သွေးတိုးစမ်းခြင်း၊ ခြိမ်းခြောက်ခြင်းဟု မြင်မိသည်။
  • သမ္မတကြီးကို ထောက်ခံသည်ဟု အမည်တပ်ပြီး နိုင်ငံရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခြင်းဟုသာ မြင်မိသည်။
  • နောင်လုပ်လိုသည့် သံဃာလှုပ်ရှားမှုများအတွက် ထောက်ခံအားပေးမှု မည်မျှရှိသည်ကို စမ်းသပ်ခြင်းဟု မြင်မိသည်။ (ယခုလသည် စက်တင်ဘာလ ဖြစ်သည်ကို မမေ့စေသင့်ပါ။)


ဆရာတော်အရှင်သူမြတ်တို့ဘုရား
တပည့်တော်တို့ လူသားများအနေဖြင့် လောဘ၊ ဒေါသ၊ မောဟများဖြင့် နေ့စဉ်နှင့်အမျှ ပူလောင်လွန်းလှပါသည်။ ထိုကဲ့သို့ ပူလောင်လှသည့် တပည့်တော်တို့အား အရှင်ဘုရားတို့လို သံဃာတော်များက လောဘကင်းအောင်၊ ဒေါသကင်းအောင်၊ မောဟကင်းအောင် အမြိုက်ရေအေး တိုက်ကျွေးကြရမည် ဖြစ်ပါသည်ဘုရား။ ယခုမူ ဆရာတော်ဘုရားတို့ကိုယ်တိုင် တပည့်တော်တို့ လူသားများ၏ လုပ်ငန်းဆောင်တာများကို ပါဝင်လုပ်ကိုင် ဆောင်ရွက်နေကြသည်ကို မြင်ရသည့်အတွက် တပည့်တော်တို့အနေဖြင့် ဆရာတော်ဘုရားများအတွက်ပါ ပိုမိုပူလောင်ရပါသည် အရှင်ဘုရား။ ကုလသမဂ္ဂကိုယ်စားလှယ် ပုဂ္ဂိုလ်တစ်ဦး၏ မှတ်ချက်ထက် မြတ်စွာဘုရား၏ သာသနာတော်များ တည်တံ့ပြန့်ပွားရေးက ပိုမိုအရေးကြီးပါသည်ဘုရား။ သမ္မတကြီးကို ထောက်ခံသည်ထက် မြတ်စွာဘုရား၏ အဆုံးအမ တရားတော်များကို လိုက်နာကျင့်ကြံ နေထိုင်သည်က သာလွန်မြင့်မြတ်ပါသည်ဘုရား၊ လူသားများနှင့် အတူတွဲ၍ စီတန်းလှည့်လည်သည်ထက် သစ်တစ်ပင် ၀ါးတစ်ပင်အောက်တွင် ဆိတ်ငြိမ်စွာဖြင့် တရားကမ္မဋ္ဌာန်းစီးဖြန်းခြင်းက ပိုမို အကျိုးရှိစေပါသည်ဘုရား။ ကြွေးကြော်သံများ ကြွေးကြော်ခြင်းထက် မြတ်စွာဗုဒ္ဓ၏ ၄၅ ၀ါပတ်လုံး ဟောကြားခဲ့သည့် တရားဓမ္မများကို နှုတ်တက်အာဂုံဆောင်နေခြင်း၊ ကျက်မှတ်နေခြင်းက ပိုမိုအကျိုးများပါသည်ဘုရား၊ သံသရာလည်စေမည့် ကိစ္စရပ်များကို တပည့်တော်တို့ လူသားများနှင့်အတူ ယှဉ်တွဲလုပ်ဆောင်ခြင်း မပြုကြဘဲ ဆရာတော်တို့လည်း သံသရာပြတ်၊ တပည့်တော်တို့လည်း သံသရာပြတ်အောင် လမ်းပြဆောင်ပေးကြစေလိုပါသည် ဆရာတော် အရှင်သူမြတ်တို့ဘုရား။ ဆရာတော်အရှင်သူမြတ်တို့ အနေဖြင့် သမ္မတကြီး ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ကြသည် မှန်သော်လည်း အရှင်ဘုရားတို့၏ လုပ်ရပ်အတွက် သမ္မတကြီးဦးဆောင် အစိုးရအဖွဲ့အတွက် ၀မ်းသာဂုဏ်ယူမှု ဖြစ်မဖြစ်၊ ရွှင်လန်းအားရမှု ဖြစ်မဖြစ်ဆိုသည်ကို အရှင်ဘုရားတို့ စဉ်းစားနိုင်ကြလိမ့်မည်ဟု တပည့်တော် ယုံကြည်ပါသည်ဘုရား။ တပည့်တော်၏ အရေးအသားများတွင် သံဃာတော်များအပေါ် အဂါရ၀ဖြစ်စေမည့် အမှားများပါရှိခဲ့ပါလျှင် လက်အုပ်ချီမိုး၍ ရှိခိုးတောင်းပန်အပ်ပါသည်ဘုရား။

ကျွန်တော့်ကိုလည်း ထိန်းကြပါဦး
စာဖတ်သူ မြန်မာ့သွေးမိတ်ဆွေများခင်ဗျား၊ ကျွန်တော်ကိုဉာဏ်အနေဖြင့် အသေမနာလိုသည့်အတွက် အသာမနေနိုင်သည်ကတစ်ကြောင်း၊ ရင်ထဲမှာ ပြောစရာများရှိနေပါလျက် မမြိုသိပ်နိုင်သည်ကတစ်ကြောင်း၊ မိမိယုံကြည်ချက်နှင့် ကွဲလွဲနေလျှင် သွေးဆူလွယ်သည်ကတစ်ကြောင်း၊ စသည့်စသည့် အကြောင်းများကြောင့် မနေနိုင်လွန်း၍ ဤစာများကို ရေးသားလိုက်ရပါသည်။ မိမိကိုယ်မိမိ ဟုတ်လှပြီ၊ မှန်လှပြီ၊ သိလှပြီ၊ တတ်လှပြီဟု မခံယူပါ။ မှားယွင်းနေမှုများ၊ ချွတ်ချော်နေမှုများ ရှိနေပါလျှင်လည်း ကျွန်တော်ကိုဉာဏ် အမိုက်အမဲလေးအား သနားငဲ့ညှာသောအားဖြင့် ဝေဖန်ထောက်ပြ သွန်သင်ဆုံးမကြပါရန် စာဖတ်သူများလက်သို့ အပ်ပါသည်ခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်၊ တနင်္ဂနွေနေ့။
မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် စတင်ရေးသား၍ ညနေ ၆ နာရီ ၁၁ မိနစ်တွင်ပြီး၏။ 

2 comments:

  1. အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနဲ့ယှဉ်၊ ရှေ့ရှုနှင်လော့။ဒါပဲ

    ReplyDelete
  2. Anonymous11:52 PM

    ဘာသာရေး နှိပ်ကွပ်မှု တွေလုပ်နေတယ် လို့မူဆလင် နိုင်ငံတွေ ကစွပ်စွဲ နေလို့ အစိုးရက မဟုတ်ကြောင်း ပြန်ရှင်းနေရတာ
    ဒီနေ့ဘဲ အီရန် PRESS TV ကမြန်မာ ဘုန်းကြီးတွေ ရိုဟင်ဂျာ တွေကိုဆန် ဒပြနေကြ ပြီလို့မမှန် သတင်းစလွှင့်နေပြီ

    ReplyDelete

 
Web Statistics