Thursday, November 22, 2012

အမေရိကန်သမ္မတခရီးစဉ်၊ Sky Net နှင့် ကျွန်တော့်အတွေးများ


၁။ Sky Net ကို ကျေးဇူးအထူးတင်ကြောင်းပါခင်ဗျား။ အမေရိကန်သမ္မတကြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စရောက်တာကနေ ပြန်ထွက်သွားတဲ့အထိ အထူးအစီအစဉ်တစ်ရပ်အဖြစ် တစ်နေ့လုံး တိုက်ရိုက် ထုတ်လွှင့်ပြသပေးခဲ့လို့ပါ။ ဘယ်လိုပင် လိုအပ်ချက်တွေ ရှိသည်ဖြစ်စေ တစ်နိုင်ငံလုံးက မြန်မာနိုင်ငံသားတွေကို အိုဘားမားရဲ့ သမိုင်းဝင်မြန်မာခရီးစဉ်ကို မြင်တွေ့ခံစားခွင့်ရအောင် စီစဉ်ပေးနိုင်ခဲ့တဲ့အတွက် သာဓုခေါ်လိုက်ပါတယ်ဗျာ။ ဒီထက်ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေ ရိုက်ကူးထုတ်လွှင့်နိုင်ပါစေ။

၂။ အမေရိကန်သမ္မတရဲ့လေယာဉ် ရောက်တဲ့အချိန်ကျမှ လှေခါးနဲ့ကိုက်အောင်ညှိပြီး ကောဇောနီခင်းဖို့အတွက် လူတွေနဲ့ သယ်နေခင်းနေရတာကို မြင်ရတော့ စိတ်မကောင်းဖြစ်မိတယ်။ နည်းပညာကြောင့်လား၊ ငွေကြေးကြောင့်လားဆိုတာတော့ ကျွန်တော်မပြောတတ်ဘူး။ သူများနိုင်ငံတွေမှာတော့ လေယာဉ်ရပ်တဲ့နေရာရယ်၊ လှေခါးရယ်၊ လျှောက်လှမ်းရယ်ဟာ သူ့ဟာနဲ့သူ ကွက်တိဖြစ်ပြီးသားလို့ ထင်မိတယ်။

၃။ အမေရိကန်သမ္မတကြီးကို လေဆိပ်ကနေ ကြိုတဲ့အချိန်မှာ မြန်မာဘက်က ဘယ်အမျိုးသမီးမှ မကြိုဆိုပါဘဲ အမေရိကန်သံအမတ်ကြီးရဲ့ ဇနီးက ဘာဖြစ်လို့ လာကြိုရသလဲဆိုတာကို နားမလည်ဘူး။

၎။ အမေရိကန်သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဘာဖြစ်လို့ နမ်းရသလဲဆိုတာ စဉ်းစားလို့မရဘူး။ ကျွန်တော်တို့ အန်တီစုကြီးကလည်း ပြုံးလို့ရွှင်လို့ပါပဲ။ ကျွန်တော်ကိုဉာဏ်ကတော့ အဲဒီလုပ်ရပ်ကို လုံးဝကို ကန့်ကွက်ပါတယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန်မှာ ဆိုရင်တော့ ကျွန်တော်ဘာမှ မပြောလိုပါဘူး။ အခုဟာက မြန်မာပြည်မှာဖြစ်လို့ပါ။ သတင်းသမားတွေ အများကြီး အဲဒီနေ့က အဲဒီခြံဝန်းထဲမှာ ရှိနေပါလျက်နဲ့ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာတစ်ခွန်းမှ မပြောကြတာကတော့ လုံးဝကို အထင်သေးစရာပါပဲ။ သင်ဇာဝင့်ကျော် ပွင့်ပွင့်လင်းလင်း ၀တ်တာဟာ ဒေါ်စုအနမ်းခံရတာလောက် မဆိုးတာတော့ အမှန်ပါပဲ။ ယဉ်ကျေးမှုတို့ဘာတို့ ပြောမယ့်လူတွေကို ကျွန်တော်မေးချင်တာတစ်ခုကတော့ မြန်မာ့ယဉ်ကျေးမှုမှာ အဲဒီလိုလုပ်တာကို ခွင့်ပြုထားသလား၊ အဲဒီလို အနမ်းခံရတဲ့လူဟာ ကိုယ့်အမေဖြစ်နေရင်၊ ကိုယ့်အစ်မဖြစ်နေရင် ဘယ်လိုစိတ်ထားမလဲ ဆိုတာပါပဲ။ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုဆိုတာက လင်မယားချင်းတောင် လူမြင်ကွင်းမှာ အဲဒီလိုနမ်းတာကို ခွင့်ပြုထားသလားဆိုတာ ပြန်စဉ်းစားကြစေချင်ပါတယ်။ ဂျာနယ်တွေမှာ ဒေါ်စုကို ဝေဖန်တဲ့သတင်း ဘာဖြစ်လို့ မထည့်ရဲတာလဲဆိုတာ စိတ်ဝင်စားဖို့ မကောင်းဘူးလားဗျာ။ ဒီမိုကရေစီခေတ်ကို ကူးပြောင်းနေတာဆို၊ ဒီမိုကရေစီ အခွင့်အရေးတွေကို အပြည့်အ၀ ကျင့်သုံးနေကြတာဆို၊ မြင်တာကို မြင်တဲ့အတိုင်း မရေးကြတော့ပါလားဗျ။ ကျွန်တော်ပြောနေတာက အိုဘားမားက ဒေါ်စုကို နမ်းတာဟာ မသင့်လျော်ကြောင်း၊ မကောင်းကြောင်းချည်းပဲ ရေးခိုင်းနေတာ မဟုတ်ပါဘူး။ တကယ်လို့ ဂျာနယ်တွေက ကောင်းတယ်လို့ ယူဆရင်၊ ဒီလို အနမ်းခံရတာဟာ ဂုဏ်ယူဖို့တောင် ကောင်းသေးတယ်လို့ ယုံကြည်ထားရင် အဲဒီအတိုင်း ရေးကြပေါ့ဗျာ။ အခုတော့... ကောင်းတယ်လည်း မရေးဘူး၊ မကောင်းဘူးလည်း မပြောဘူး။ ဆိတ်ဟိုဒင်းတွေလို့ပဲ ကျွန်တော်က နာမည်တပ်ပေးလိုက်ပါတယ်ဗျာ။ တစ်လက်စတည်း ဆက်ပြောပါရစေဦး။ ဂျာနယ်လစ်တွေက အစိုးရသတင်းစာက ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ သတင်းကို ဘယ်လိုဖော်ပြတယ်၊ ဘယ်လိုထိန်ချန်တယ် စသဖြင့် စသဖြင့် ဝေဖန်တတ်၊ ပြောတတ်ပါတယ်။ ကဲ... အခု ဆင်ဆာလည်း တင်စရာမလိုတော့တဲ့ ကိုယ်ပိုင်ဂျာနယ်တွေကရော သတင်းမှန်သမျှကို လွတ်လွတ်လပ်လပ် ရေးကြသလားဆိုတာ ပြန်မေးကြည့်ကြပါဦးဗျာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထွက်ရပ်ပေါက် မဟုတ်သလို၊ ဘုရားရဟန္တာ မဟုတ်တာလည်း အသေအချာပါပဲ။ အဲဒီလို ပုဂ္ဂိုလ်တစ်ယောက်မှာ အမှားတွေ မရှိဘူးလား၊ ထောက်ပြစရာ၊ ဝေဖန်စရာ မရှိဘူးလား။ ဘယ်ဂျာနယ်မှာမှ အဲဒီလို အကြောင်းအရာမျိုးကို ရေးထားတာ မတွေ့မိလို့ မေးမိတာပါဗျာ။


၅။ သမ္မတကြီး ဘားရက်အိုဘားမားက သူစကားပြောတဲ့အခါ မြန်မာလို့ ခေါ်ဝေါ်သုံးနှုန်းတဲ့အတွက် ကျေးဇူးပါခင်ဗျား။ နှစ်ဦးနှစ်ဖက်အကြားမှာ ပြေလည်စေချင်တဲ့ ဆန္ဒရှိတဲ့အတွက် တစ်ဖက်က မကြိုက်တဲ့စကားလုံးကို မသုံးခဲ့တာဟာ သံခင်းတမန်ခင်း ကျွမ်းကျင်မှုကို ပြသတာလို့ပဲ ကျွန်တော်က မြင်မိပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သူက Myanmar လို့ ခေါ်နိုင်ပေမယ့် ကျွန်တော်တို့နိုင်ငံက အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးကတော့ ဒီနေ့အချိန်အထိ အင်္ဂလိပ်တွေပေးခဲ့တဲ့ Burma ဆိုတာကိုပဲ မက်မက်မောမော ဖြစ်နေတုန်းပဲခင်ဗျ။ ဒီလောက်ဆိုရင် အစိုးရနဲ့ အန်တီစုကြားမှာ ပြေလည်မှုကို တကယ်မလိုချင်တာ ဘယ်သူလဲဆိုတာ ရှင်းလောက်ပြီထင်ပါရဲ့ဗျာ။ မြန်မာနိုင်ငံ မင်္ဂလာပါဆိုတဲ့ ဘားရက်အိုဘားမားကိုလည်း မြန်မာနိုင်ငံသားတွေအားလုံးက ဘားရက်အိုဘားမား မင်္ဂလာပါလို့ နှုတ်ဆက်တဲ့အကြောင်း ဒီနေရာကနေ ပြောလိုက်ပါရစေ။

၆။  သမ္မတကြီး အိုဘားမားကလည်း ပထမဆုံးခရီးစဉ်မို့သာ တော်ပါသေးရဲ့။ မြန်မာပြည်သူတွေကို မိန့်ခွန်းပြောတာ နာရီဝက်လောက် ကြာတယ်ဆိုတော့ ကျွန်တော်ဖြင့် စဉ်းစားရ ခက်ပါဘိဗျာ။ ရန်ကုန်တက္ကသိုလ် ခန်းမထဲမှာ ရောက်နေတဲ့လူတွေဟာ သူ့နိုင်ငံသားတွေလို့များ မှတ်နေသလားလို့ တွေးမိပါရဲ့။ အကြောင်းပြချက်တွေ ဘယ်လိုပဲပေးပေး အရှေ့တောင်အာရှဒေသရဲ့ ပထ၀ီအနေအထားအရ အချက်အခြာအကျဆုံးနဲ့ အရေးပါဆုံး မြန်မာနိုင်ငံကို လွှမ်းမိုးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ပထမဆုံး ခြေလှမ်းလို့ပဲ မကောင်းမြင်စိတ်တစ်ဝက်၊ သံသယစိတ်တစ်ဝက်နဲ့ မြင်မိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အစိုးရနဲ့ မြန်မာနိုင်ငံသားတွေ ဘယ်လောက်ပါးနပ်သလဲ၊ စဉ်းစားဉာဏ်ရှိသလဲ။ ဆင်ခြင်ဉာဏ်ရှိသလဲ ဆိုတာတွေက စကားပြောတော့မယ်လို့ ကျွန်တော်က မြင်မိကြောင်းပါဗျာ။

၇။ မြန်မာသမ္မတကြီး ဦးသိန်းစိန်က အမေရိကန်ကို သွားတဲ့အခါ သူ့လုံခြုံရေးအတွက်ဆိုပြီး အနံ့ခံခွေးတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေ ခေါ်သွားပြီး အမေရိကန်မှာ ရှာဖွေတာတွေ၊ ဘာတွေများ လုပ်ခဲ့ရင် ဘယ်လိုဖြစ်မလဲလို့ တွေးကြည့်နေမိတယ်။ ကိုယ့်စိတ်ကူးထဲမှာ စိတ်ကူးယဉ်ပြီး ရုပ်ရှင်ရိုက်ကြည့်တာတော့ သိပ်မနိပ်လှဘူး။ ငါတို့ မြန်မာတွေ အတော်သဘောကောင်းတာပါလား၊ အတော်ကို လိုက်လျောနိုင်ကြပါလားလို့ တွေးမိပြီး ဂုဏ်ယူရမလို၊ စိတ်တိုရမလို၊ ထဆဲရမလို ဖြစ်မိပါရဲ့ဗျာ။

၈။ အမေရိကန်အလံတွေကို ကားလမ်းတွေပေါ်မှာ ပလူပျံနေအောင် လှုပ်ရမ်းပြီး ကြိုဆိုနေကြတဲ့ မြင်ကွင်းတွေကို မြင်ရတာတော့ တကယ့်ကို ရင်ထဲမှာ ခံစားရပါတယ်ဗျာ။ အံ့သြစရာကောင်းလိုက်တဲ့ မြန်မာနိုင်ငံရယ်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို အသည်းအသန် အတိုက်အခံလုပ်၊ အပုပ်ချ၊ ပျက်စီးအောင်လုပ်နေတဲ့ အချိန်တုန်းကများ နောက် ၂ နှစ်လောက် ကြာတဲ့အချိန်မှာ မြန်မာပြည်ကို အမေရိကန်သမ္မတ လာလိမ့်မယ်လို့ ပြောခဲ့ရင်၊ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ အမေရိကန်အလံတွေ ပလူပျံလိမ့်မယ်လို့ ပြောခဲ့ရင် ဘယ်သူများ ယုံမလဲဗျာ။ အခုတော့လည်း အမေရိကန်အလံတွေကို နာရီချိန်သီးယမ်းသလို ဝှေ့ယမ်းနေကြတဲ့ လူတွေကိုကြည့်လိုက်တော့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို တောပြောတောင်ပြော ပြောခဲ့တဲ့လူတွေချည်းပဲ။ အိုဘားမားကို ကြိုဆိုနေလိုက်တာများ သူတို့မဟုတ်တဲ့အတိုင်းပဲ။ အပင်စိုက်မယ်ဆိုတုန်းကတော့ အချဉ်ပင်လေးဘာလေးနဲ့၊ အသီးသီးတော့လည်း စားချင်တဲ့လူက များလိုက်ပါဘိသဗျာ။ ဘယ်အချိန်ကျရင် ဒီအသီးကို ချဉ်တယ်လို့ ပြောကြဦးမလဲလို့ တွေးနေမိတယ်။

၉။ ကျွန်တော်စိတ်အ၀င်စားဆုံးက အိုဘားမား လေယာဉ်ပေါ်က ဆင်းလာတဲ့အချိန်မှာ ပန်းစည်းကမ်းခဲ့တဲ့ ကလေးမလေးကိုပါ။ ဘယ်သူလဲဆိုတာရယ်၊ အိုဘားမားနဲ့သူနဲ့ ဘာတွေများ အပြန်အလှန် ပြောခဲ့သလဲဆိုတာ အင်မတန်မှကို သိချင်နေမိတယ်။ ရုပ်သံမှာ ကြည့်ရတဲ့ပုံစံအရတော့ တကယ့်ကို အပြန်အလှန် ပြောနေကြပုံပါပဲ။ ပညာရဲရင့် ပွဲလယ်တင့်တယ်လို့ ထင်တာပါပဲ။ အင်း... ကိုမြတ်ခိုင်ကိုပဲ အားကိုးရတော့မယ် ထင်ပါရဲ့။ ဆရာမြတ်ခိုင်က အဲဒါမျိုးတွေ ၀ါသနာပါသကိုး။ မော်နီတာနဲ့ လျှပ်တစ်ပြက်ကို စောင့်ဖတ်လိုက်ဦးမယ်ဗျာ။ အဲဒီကလေးမလေးနဲ့ အင်တာဗျူးတွေဘာတွေ ထည့်ပေးမယ်လို့ မျှော်လင့်မိလို့ပါ။ အခြားနေရာတွေမှာ အဲဒီအကြောင်း ဖော်ပြထားတာရှိရင်လည်း ဖတ်ရတဲ့လူက ကျွန်တော်ကို လက်တို့လိုက်ကြပါဦးဗျာ။


၁၀။ မြန်မာနိုင်ငံမှာရှိတဲ့ ရန်ကုန်တက္ကသိုလ်ကြီးမှာ အိုဘားမားက မိန့်ခွန်းပြောတဲ့ကိစ္စမှာ ဘာဖြစ်လို့ စကားပြောစင်မြင့်မှာ အမေရိကန်တံဆိပ်တွေ တပ်ထားရတာလဲ။ ဟုတ်တော့ မဟုတ်ဘူးထင်ပါရဲ့ဗျာ။ ကျွန်တော်တို့မြန်မာတွေက သိပ်ပြီးတော့ အလျှော့ပေးလွန်းရာ၊ အားနာလွန်းရာ၊ လိုက်လျောလွန်းရာ ကျမနေဘူးလားလို့ ကျွန်တော် မေးချင်တယ်။ အမေရိကန်မှာ ဦးသိန်းစိန် စကားပြောရင်ရော မြန်မာတံဆိပ်တပ်ပြီး ပြောခွင့်ရှိမလား။ ထိုင်ဝန်ကြီးချုပ် မြန်မာပြည်လာရင်လည်း သူစကားပြောမယ့်စင်မြင့်ကို ထိုင်းတံဆိပ် တပ်ပေးကြမှာလား။ ကျွန်တော်ဖြင့် လုံးဝကို အမြင်မတော် ဖြစ်မိကြောင်းပါဗျာ။ ဘယ်သူတွေက ဘယ်လိုစီစဉ်လိုက်သလဲ ဆိုတာကိုတော့ တာဝန်ရှိသူတွေပဲ သိလိမ့်မယ် ထင်ပါရဲ့ဗျာ။ အမေရိကန်သံရုံးကများ သူတို့လုပ်ချင်ရာ လုပ်ခဲ့တာလားလို့လည်း တွေးနေမိတယ်။ နောက်ခံမှာ အမေရိကန်အလံတွေနဲ့အတူ မြန်မာအလံလေးတွေ ရောနှောပြီး လွှင့်ပေးထားလို့သာ မြန်မာပြည်မှာမှန်း သိရတယ်။ :(


၁၁။  မိန့်ခွန်းပြောသွားတဲ့လူက တစ်ယောက်တည်း၊ ပြောတဲ့မိန့်ခွန်းကလည်း တစ်ခုတည်း၊ ပြောတဲ့နေရာကလည်း တစ်နေရာတည်း၊ ဒါပေမယ့် အိုဘားမားမိန့်ခွန်းကို မြန်မာဂျာနယ်တွေက ဘာသာပြန်ပြီး ဖော်ပြလိုက်ကာမှပဲ အိုဘားမားမိန့်ခွန်းမူကွဲတွေ ဖတ်လိုက်ရတော့တယ်။ မဆိုးပါဘူး... နှစ်မျိုးသုံးမျိုး သိရတာပေါ့လေ။ ဒါလည်း ကောင်းပါတယ်ဗျာ။ :D

၁၂။ ထုံးစံအတိုင်း ဂျာနယ်တွေကိုပဲ ကျွန်တော်ကိုဉာဏ် ဝေဖန်ရဦးတော့မှာပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီဂျာနယ်တွေကြောင့်ပဲ Transparency ဆိုတဲ့စကားကို နားနဲ့မဆံ့အောင်၊ မျက်လုံးနဲ့မဆံ့အောင် ကျွန်တော်ကြားခဲ့၊ ဖတ်ခဲ့ရလို့ပါ။ အခုတော့ အန်တီစုနဲ့ အိုဘားမားတို့ နှစ်ဦးတည်း ဘာတွေပြောခဲ့သလဲဆိုတာ ဘယ်သူမှ သိခွင့်မရပါလားဗျာ။ ပွင့်လင်းမြင်သာမှု အပြည့်ဆိုပါတော့။ ဟုတ်တယ်ဟုတ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ညတွင် စတင်ရေးသား၍
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၅၃ မိနစ်တွင် အပြီးသတ်သည်။ 

2 comments:

  1. Anonymous10:30 AM

    ကြိုက်သည်...ဆက်ေ၇းပါ...

    ReplyDelete
  2. moesat1:10 PM

    good my brother.

    ReplyDelete

 
Web Statistics