

Posted by Ko Nyan Posted Time 3:30 AM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, ကာတွန်း-Cartoon, နိုင်ငံရေး
Posted by Ko Nyan Posted Time 11:30 AM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
Posted by Ko Nyan Posted Time 12:00 PM 1 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
Posted by Ko Nyan Posted Time 3:28 PM 0 Comment(s)
Labels Political, ကျွန်တော့်အတွေးများ, နိုင်ငံရေး
(နိဒါန်းစကားကို ဦးစွာဖတ်စေလိုပါသည်)
၁။ ကာကွယ်ရေးဝန်ကြီးဌာန
၂။ ပြည်ထဲရေးဝန်ကြီးဌာန
၃။ နယ်စပ်ရေးရာဝန်ကြီးဌာန
၎။ နိုင်ငံရေးခြားရေးဝန်ကြီးဌာန
၅။ ပြန်ကြားရေးဝန်ကြီးဌာန
၆။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၇။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
၈။ ဆောက်လုပ်ရေးဝန်ကြီးဌာန
၉။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၁၀။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၁။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
၁၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၃။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၄။ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
၁၅။ သတ္တုတွင်းဝန်ကြီးဌာန
၁၆။ သမ၀ါယမ၀န်ကြီးဌာန
၁၇။ အလုပ်သမားဝန်ကြီးဌာန
၁၈။ ပို့ဆောင်ရေးဝန်ကြီးဌာန
၁၉။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန
၂၀။ စက်မှုဝန်ကြီးဌာန
၂၁။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန
၂၂။ စွမ်းအင်ဝန်ကြီးဌာန
၂၃။ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၄။ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၅။ ပညာရေးဝန်ကြီးဌာန
၂၆။ ကျန်းမာရေးဝန်ကြီးဌာန
၂၇။ ယဉ်ကျေးမှုဝန်ကြီးဌာန
၂၈။ သာသနာရေးဝန်ကြီးဌာန
၂၉။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၃၀။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၃၁။ အားကစားဝန်ကြီးဌာန
၃၂။ သမ္မတရုံးဝန်ကြီးဌာန
၃၃။ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန
Posted by Ko Nyan Posted Time 3:50 PM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
(နိဒါန်းစကားကို ဦးစွာဖတ်စေလိုပါသည်)
မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် (၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်၊ သောကြာနေ့) တွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး၊ သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် နာယကအဖြစ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သိန်း က ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေစုစုပေါင်း (၆၅၉) ဦး ရှိရာမှာ (၆၅၉)ဦးလုံး ၁၀၀% ပြည့် တက်ရောက်ခဲ့ပါတယ်။
အဆိုပါ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ အစည်းအဝေးမှ အောက်ပါအတိုင်း ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ် -
နိုင်ငံတော် သမ္မတ - ဦးသိန်းစိန်
ဒုတိယသမ္မတ - သီဟသူရ ဦးတင်အောင်မြင့်ဦး
ဒုတိယသမ္မတ - ဒေါက်တာ စိုင်းမောက်ခမ်း (ခ) မောင်အုန်း
ကိုးကား
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး မှတ်တမ်း (၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့မှ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ထိ)
Posted by Ko Nyan Posted Time 3:48 PM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
အစကတော့ ယခုတင်ပြမည့် အကြောင်းအရာများကို ကျွန်တော်တင်ပေးမည့် ပို့စ်များ၏ ထိပ်ဆုံးတွင်သာ ရှင်းလင်းချက်အနေဖြင့် နိဒါန်းပျိုး ရေးသားရန် ရည်ရွယ်ခဲ့သော်လည်း ထိုကဲ့သို့ ရေးသားခြင်းဖြင့် ကျွန်တော်တင်ပြလိုသည့်၊ ပြန်လည်ဝေငှလိုသည့် သမိုင်းမှတ်တမ်းများတွင် ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်မိသဖြင့် သီးသန့်ပင် အမှာစာဟု ရေးသားလိုက်ရခြင်း ဖြစ်ပါကြောင်း ဦးစွာရှင်းပြလိုပါသည်။
မြန်မာ့သွေးမိတ်ဆွေများ သိကြသည့်အတိုင်း ကျွန်တော်တို့နိုင်ငံအနေဖြင့် ပြည်သူလူထု၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီနိုင်ငံစနစ်သို့ ကူးပြောင်းခဲ့ပြီ ဖြစ်ပါသည်။ ကူးပြောင်းစကာလ ဖြစ်သည့်အားလျော်စွာ လိုအပ်ချက်များ၊ လစ်ဟာမှုများ၊ အမြင်မတော်သည်များ ရှိနေသေးသည် ဆိုသည်ကိုလည်း နိုင်ငံတော်သမ္မတကြီးမှစ၍ ပြည်ထောင်စုဝန်ကြီးများအဆုံး အားလုံးက မကြာခဏဆိုသလို ၀န်ခံပြောကြား နေကြသည်ကို အားလုံးအသိ ဖြစ်ပါသည်။
ကျွန်တော်၏ မြန်မာ့သွေးဘလော့ဂ်ကို ဖတ်သူအများစုသည် ပြည်ပနိုင်ငံများမှ မိတ်ဆွေများ အများစု ဖြစ်ကြပါသည်။ ဤနေရာတွင် ယခုလို စကားပျိုးနေရခြင်းမှာ ဥပမာတစ်ရပ်အနေဖြင့် တင်ပြလိုသောကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် လက်ရှိနေထိုင်ရာ နေရာတစ်ခုမှ အခြားအရပ်ဒေသ သော်လည်းကောင်း၊ အခြားနိုင်ငံသို့သော်လည်းကောင်း ပြောင်းလဲနေထိုင်ခဲ့ပါလျှင် မည်သူပင် ဖြစ်စေကာမူ အစပထမတွင် အဆင်မပြေမှုများ၊ အသားမကျမှုများ ကြုံတွေ့ရမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။ ဘယ်လောက်ပင် ပြည့်စုံသူ ဖြစ်ပါစေဦးတော့ နေရာသစ်တွင် ရောက်သည်နှင့် တစ်ပြိုင်နက် အသားမကျနိုင်သည်ကို မည်သူကမျှ ငြင်းချက်ထုတ်နေမည် မဟုတ်ဟု ယုံကြည်ပါသည်။
ဤသည်ကား နေထိုင်ရာနေရာ အပြောင်းအလဲ တစ်ခုအတွက်ပင် သာဓက ဆောင်ပြခြင်း ဖြစ်ပါသည်။ မိမိ၏ တစ်ကိုယ်ရည်တစ်ကာယ၊ သို့တည်းမဟုတ် မိသားစုအတွက်ပင် နေထိုင်ရာ အပြောင်းအလဲသည် မည်မျှ အသားကျအောင်၊ အဆင်ပြေအောင် ကြိုးစားရသည်ကို စဉ်းစားကြည့်နိုင်၊ ပြန်တွေးကြည့်နိုင်ပါသည်။ ယခု ကျွန်တော်တို့နိုင်ငံ၏ အပြောင်းအလဲက မိသားစု အိမ်ပြောင်းခြင်း မဟုတ်သလို၊ တစ်နေရာမှ တစ်နေရာသို့ ခေတ္တမျှ ခရီးထွက်ခွာခြင်းလည်း မဟုတ်ပါ။ စနစ်တစ်ခုမှ အခြားစနစ်တစ်ခုသို့ ကူးပြောင်းခြင်း ဖြစ်ပါသည်။ နိုင်ငံတစ်ခုလုံး၏ စနစ်တစ်ခုကို အသားကျအောင်၊ အဆင်ပြေအောင်၊ ကောင်းမွန်ပြည့်စုံအောင် ကြိုးစားရခြင်းသည် မည်မျှခက်ခဲမည်ကို တွေးကြည့်နိုင်ပါသည်။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံကဲ့သို့ အခြားသော စနစ်များဖြင့် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရသည့် နိုင်ငံတစ်ခုအတွက် ပိုလို့ပင် ခက်ခဲလှပါသည်။
ထိုသို့ ခက်ခဲသော်လည်း ယခုလက်ရှိ နိုင်ငံတော်၏ အကြီးအကဲ တာဝန်ကို ထမ်းဆောင်နေရသည့် သမ္မတကြီး ကိုယ်တိုင်က ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ သန့်ရှင်းသော အစိုးရ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မည်ဟု အကြိမ်ကြိမ်အခါခါ ကတိပေးပြောကြား နေသည်ကိုလည်း အားလုံးအသိ ဖြစ်ပါသည်။ ဆောင်ရွက်မှုပမာဏ နည်းသည်၊ များသည်ကို မပြောလိုသော်လည်း ပေးထားသော ကတိကို အကောင်အထည် ပေါ်စေရန်အတွက်မူ ကောင်းမွန်သော အပြောင်းအလဲများ ဆောင်ရွက်နေသည်ကိုတော့ အသိအမှတ် ပြုရပါမည်။ ချီးကျူးရပါမည်။ ၀ိုင်းဝန်းအားပေး ကူညီကြရပါမည်။
စကားရှည်ရင်း အခြားအကြောင်းအရာများသို့ လမ်းကြောင်းသွေသွားသည်ဟု ထင်ပါသည်။ ဟုတ်ကဲ့ လိုရင်းကို ပြန်ဆက်ပါမည်။ ကျွန်တော်တို့နိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေး ခရီးလမ်းကတော့ စတင်ခဲ့ပြီ ဖြစ်ပါသည်။ ခုရေတွင်းတူး ခုရေကြည်သောက် ဆိုသကဲ့သို့ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံအား ဒီမိုကရေစီ အရိုးရင့်နေပြီဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ စသည့် နိုင်ငံများ၏ စနစ်များနှင့်တော့ နှိုင်းယှဉ်ထောက်ပြကာ ဝေဖန်ပြောဆိုမှုများတော့ဖြင့် မပြုလုပ်သင့်ပါဟု တောင်းပန်လိုပါသည်။ နှိုင်းသင့်နှိုင်းအပ်သော အရာမဟုတ်ဟုလည်း ထင်မြင်ပါသည်။ အဆိုပါ နိုင်ငံများအနေဖြင့် ယခုကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိလာအောင် နှစ်ပေါင်းမည်မျှကြာအောင် ကြိုးပမ်းခဲ့ရသည်၊ ပေးဆပ်ခဲ့ရသည်ကို မေ့မထားကြစေလိုပါ။
မြန်မာ့သွေးမိတ်ဆွေများခင်ဗျား၊ မြန်မာ့ဒီမိုကရေစီလမ်းကြောင်း၏ သမိုင်းမှတ်တိုင်များကို မှတ်တမ်းတင်အံ့ဟု အကြံဖြစ်မိသည်မှာ ကာလအတော်ကြာပြီ ဖြစ်ပါသည်။ မည်သို့မည်ပုံ မှတ်တမ်းရေးထိုးသင့်သည်ကို စဉ်းစားရင်း၊ ကြံဆရင်းဖြင့် အချိန်ပင် အတော်ဖင့်ခဲ့ရပြီ ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ပင် တစ်နှစ်သက်တမ်း ပြည့်မြောက်တော့မည် ဖြစ်ပါသည်။
ဘယ်တော့မှ မဖြစ်တာထက်စာရင် နောက်ကျတာက ပိုကောင်းတယ်ဟူသည့် စကားအတိုင်းပင် နောက်ကျပင် နောက်ကျငြားသော်လည်း စာဖတ်သူများအတွက်၊ မြန်မာ့သွေးမိတ်ဆွေများအတွက် အတိုင်းအတာ တစ်ရပ်အထိ အဖိုးတန်မည်၊ အသုံးဝင်မည်၊ အကျိုးများမည်ဟု ယုံကြည်သည့်အလျောက် ကျွန်တော်ကိုဉာဏ် တင်ပြလိုသည်များကို တင်ပြလိုက်ရပါသည်။ ပိုမိုကောင်းမွန်သော အကြံဉာဏ်များ ရှိပါကလည်း ကူညီကြပါရန် တစ်ဆက်တည်း တောင်းပန်လိုပါသည်။
"မနေ့ကသည် သမိုင်း" ဟူသော ဆိုရိုးစကားတစ်ခုကို ကျွန်တော်ကြားဖူးပါသည်။ ဟုတ်ကဲ့ မြန်မာ့ဒီမိုကရေစီသမိုင်း စာမျက်နှာသစ်များကို လေ့လာမှတ်သား မှတ်တမ်းတင်ကြပါစို့ခင်ဗျား။
Posted by Ko Nyan Posted Time 3:44 PM 1 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
မိတ်ဆွေအပေါင်း၏ ပို့သသော မေတ္တာများကြောင့် ခါးနာဝေဒနာ လျင်မြန်စွာ ပျောက်ကင်းသက်သာပြီး သကာလ ယနေ့နေ့လည်တွင် ကျွန်တော်ကိုဉာဏ် ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်းပါခင်ဗျား။ ဆရာဝန်ကြီးကတော့ ခါးထိန်းခါးပတ်ကို အမြဲတစေ ပတ်ထားဖို့ မှာပါသည်။ ပြန်ဖြစ်တတ်သည်ဟုလည်း သတိပေးရှာပါသည်။ အလေးအပင် မရာတွင် သတိထားဖို့၊ ခါးကော့လေ့ကျင့်ခန်းကို မကြာခဏ သတိရတိုင်းလုပ်ရန်၊ တစ်ထိုင်တည်း အကြာကြီး တမေ့တမော မထိုင်ရန် ဂရုတစိုက် မှာပါသည်ခင်ဗျား။ ကျေးဇူးတင်ရပါသည်။
လေဘာတီ မမြရင် ၏ နာမည်ကြီး သီချင်းလေးတစ်ပုဒ်နှင့် နှုတ်ခွန်းဆက်လိုက်ပါရစေ...
"ကိုဉာဏ် မာပါသည်၊ ကိုဉာဏ် မာပါသည်၊ အရပ်ရပ်က မေးသောအီးမေးလ် ဆက်သောဖုန်းတွေ လာကြသည်၊ အင်မတန် ကျေးဇူးတင်ပါသည်၊ အလွန်တရာ ကျေးဇူးတင်ပါသည်၊ ခါးနာတော့ ပျောက်ပါပေါ့ တုံးကျော်ပြန် ကိုဉာဏ်ပင်" ပေါ့ ခင်ဗျာ။ ပေါတောတော ဖြစ်သွားလျှင် ခွင့်လွှတ်နားလည်ကြပါဦးဟု...
Posted by Ko Nyan Posted Time 10:23 AM 0 Comment(s)
Labels ကိုယ်ရေးကိုယ်တာ
အရုဏ်အတက်
ကုလားတက်ခေါက်သံကြားတော့
သား နိုးနေပြီ အမေ။
သားက ဧည့်သည်
အမေ့အိမ်မှာ သားဟာ
ဧည့်သည်ပါ။
အိမ်ကထွက် ရွာဘက်ကခွာ
မြို့ကိုတက် ပညာရှာ
နှစ် သုံးဆယ်ကြာတော့
ပညာပါမက ကြင်ရာပါမက
ရင်အနာပါ ရခဲ့ပေါ့
အသက်က ၄၀ လွန်
မျက်မှန်ကတစ်လက် ဂုဏ်နဲ့စက်ပြီး
မနက်က၀ယ်လာ ညနေမှာတပ်
ရပ်ရွာကိုတွေး စာကိုရေးတော့
ကလေးကလားနဲ့ သားရဲ့ဝါသနာ
(ခွင့်လွှတ်ပါ)
အမေ့ဖို့စာ ကဗျာနဲ့ပဲ ရေးမိတယ်။
တစ်ခုသောည
ညဥ့်နက်လှပြီ
ရှိသမျှ မြေးသား
လသာသာ ကွင်းကျယ်ကျယ်
မျောက်အုပ်လယ် ယုန်ရောက်သလို
ခုန်ခုန်ပေါက်ပေါက်နဲ့ မီးတောက်အောင်ကစားလို့
မောမှသာနား၊ အိပ်သွားကြပြီ
နွားနှစ်ကောင် စားမြုံ့ပြန်လို့
ခြူသံကြိုးကြား
အမြီးဖျား တဖျပ်ဖျပ်
ခြင်ယပ်တာလည်း ကြားရပြီ။
အမေရယ် သားရယ်
ရေနွေးကရားရယ်
နွားလှည်အိုထက်၊ ကြယ်ပြိုးပြက်မှာ
ထန်းလျက်တစ်ကိုက်၊ ရေနွေးတစ်ကျိုက်
လျောင်းလိုက်၊ ထိုင်လိုက်
တိုးလိုက်၊ ကျယ်လိုက်နဲ့
မငိုက်စတမ်း၊ မသမ်းမဝေ
စကားအထွေထွေကို
သားနဲ့အမေ၊ မနားမနေပြောခဲ့ကြ…
အဲဒါတွေ သတိရပြီး
တစ်စကဗျာ၊ သီမိပါခဲ့။
ဆွေကြီးမျိုးကြီး
သွေးသောက်ကြီး၊ ခုံမင်းကြီး
မြို့သူကြီး၊ ရွာသူကြီး
မြေရှင်ကြီး၊ ထန်းရှင်ကြီး
ဘိုးကြီး ဘွားကြီးများ…
ဘုရားထူးခံကြတဲ့အကြောင်း။
ငွေဓားတစ်ချောင်း၊ ကြေးမောင်းတစ်လုံး
နှစ်လုံးပြူး သေနတ်နဲ့ လက်မှတ်ရရွာသူကြီး
နှစ်ဖက်သော ဘိုးကြီးတွေ
ဘယ်မြေ ဘယ်ကမ်း
ဘယ်ထန်း ဘယ်ထင်း
ဘယ်ကွင်း ဘယ်ရိုး၊ ဘယ်ကို လက်ညှိုးထိုးမလဲ
မလွဲတမ်းပိုင်ကြ
မြေစုမြေခွန်၊ မြေကျွန်တွေ တရုံးရုံးနဲ့
သုံးမကုန် လှူမခန်း၊ ချမ်းသာစွဆိုတဲ့အကြောင်း။
မြို့ကြီးနဲ့ကွာ၊ ကျေးတောရွာမှာ
တူတန်တာမရှိ၊ ပျင်းရိအားယား
လူပျိုကြီး အပျိုကြီး ဦးကြီး ဒေါ်ကြီးများကြားမှာ
ဟောဒီကသား
ဘယ်ရာသီ ဘယ်လိုဖွားလို့
ဘယ်အခါ ဘယ်လိုဖျားပြီး
ဘယ်အရွယ် ဘယ်လိုစကားနဲ့
ဘယ်လိုသွား ဘယ်လိုလာတဲ့
အကြောင်း…။
ဂျပန်ခေတ်က
ဖက်ဆစ်ဂျပန်၊ တော်လှန်သူများ
မောင်များ မတ်များ၊ တူသားများဟာ
ယခုအခါ ရွာအရှေ့ထိပ်
ညောင်ညိုရိပ်မှာ
ကာကီအင်္ကျီ ကိုင်းမှာချိတ်
ပြောင်းဖူးဖက် ဆေးလိပ်နဲ့
ပုတီးစိပ်သူ စိပ်တဲ့အကြောင်း။
ထန်းရည်အိုးကိုဖက်၊ ထန်းရွက်ကိုခင်း
ထန်းပင်ရင်းမှာ
အိပ်သူ အိပ်တဲ့အကြောင်း။
တချို့က ထွန်စက်မောင်း
ပြောင်းရိုးစဉ်းစက် ခုတ်သူခုတ်။
တချို့ပိန် တချို့ဝ
တချို့က သမ၊ တချို့က ၀ိသမ။
တချို့က အရည၀ါသီ
တချို့က ဂါမ၀ါသီ
နီသူနီ ပြာသူပြာ။
မဟာဆွေ အစ မဟာစည်အဆုံး
ဘဂျမ်း (တင်မိုး)၊ သာနိုး (ဆံရှည်)
ကျူသေ ကျူရှင်၊ ဗေဒင် ယတြာ
ရိပ်သာအဆုံး…
အမုန်းအချစ်၊ ကဗျာသစ် စာသစ်
အညှစ်အသတ်၊ အပစ်အခတ်နဲ့
အညစ်အပတ်များ အကြောင်း။
ဆရာလွမ်းမှသည် ဆရာစွမ်းအထိ
ခင်မောင်ရင်မှသည် ခင်မောင်ချင်းအထိ
ကျီးသဲလေးထပ်မှသည် ကမ်းနားခြောက်ထပ်အထိ
ဗန်းမော်ဆရာတော်မှသည် ဗန်းမော်တင်အောင်အထိ
အင်းလျားကန်မှသည် ကြာနီကန်အထိ
စိုင်းထီးဆိုင်မှသည် ကွမ်းယာဆိုင်အထိ
ဘိန်းဖြူမှသည် ဘိန်းပြာ ဘိန်းဝါအထိ
မှတ်မိမှတ်ရာ၊ ဖတ်မိဖတ်ရာ
စပ်မိစပ်ရာတွေ အကြောင်း။
အမေရယ်၊ ကျွန်တော်ရယ်
ဗန်းမော်တင်အောင် ထောင်ကအထွက်
ထန်းလျက်ကျွေးရင်း၊ ရှေးဟောင်းနှောင်းဖြစ်
"လွမ်းရစ်တော့ သက်လှယ်ရယ်"
"ဘုန်းမောင့် တစ်ယောက်တည်းရယ်"
"… တော့ကာသာဘဲရယ်"
ငယ်စာ ငယ်စကား၊ သားနဲ့အဖေ
စာတွေ ပေတွေထဲမှာ
သူရဲကောင်း ရှာခဲ့တဲ့အကြောင်း။
အဖေရယ် ကျွန်တော်ရယ်
လယ်ပြင်ပေါ် ပြောင်းခင်းကြား
ပြောင်းဖူးဖုတ်စားရင်း
သေနတ်နဲ့ဓား၊ တစ်လှည့်စီကစား
သားတစ်ပြန် ဘတစ်ပြန်
အအုပ်နဲ့အခံ၊ ကာရန် ကစားခဲ့တဲ့အကြောင်း။
ညီငယ်နဲ့ ကျွန်တော်
လျှော်ခွာတဲ့ ချောင်းအစပ်
မနော်နွယ် ဘင်္ဂလား
သရက်ရွမ်းများ ခတ်ရင်း
နောင်သိဒ္ဓတ် ကြာခြည်လှပ်ဆဲ
စိတ်ပြတ်နဲ့ မင်းနန်၊ နောင်တော်ကို ချန်
ဆံတော်ကို မချ၊ သပိတ်သံ မပြဘဲ
နိက္ခမ ကျင့်တဲ့အကြောင်း။
မိခွေးရယ်၊ မိအေးရယ်
ကျွန်တော် င၀က်ရယ်၊ အဒေါ် ဒေါ်ကြွက်ရယ်
ကြက်သွန်ကျင်း ရေလောင်း၊ ဆေးခင်း ပေါင်းပေါက်
ဝါကောက် ပဲတူး၊ ဆေးခူး ဆေးလှန်း
ထမင်းကြမ်းနဲ့ ထန်းရည်ချို
ချိုချိုမွှေးမွှေး၊ အသည်းအေးအောင်
အမြဲလွေးကြတဲ့ အကြောင်း။
ဝါခင်းအစပ်၊ မားမတ်တဲ့ ပင်လက်ပံ
ဆက်ရက်တွေ ချိုးတွေ ညိုးညိုးညံတော့
ရွာအပြန် ခရီးတစ်ထောက်
လက်ပံပွင့်ကြွေ လေထီးတွေကို
သမီးတွေနှစ်ယောက်၊ သားတစ်ယောက်
လုယက်လို့ ကောက်ကြ
သုံးယောက်ရဲ့အသံ၊ တောလုံးလျှံ
ကိုးယောက်လို ညံတဲ့အကြောင်း။
ဘိုးဘွားကုသိုလ်၊ ကန်ပေါက် လျှိုစောင်း
နွားသိုးနှစ်ကောင်၊ ဖိုးမောင် ကျောင်းလို့
ထနောင်းလဲ တုံး၊ ထန်းလဲ ပြုန်းတဲံ
သင်္ချိုင်းကုန်းက၊ သုံးပင်ဇရပ်
ကြက်လျှာဆူး၊ နဘူးပတ်ချိန်
သွပ်ချပ်အမိုးကို၊ သူခိုးတွေခွာတော့
မြို့ပေါ်မှာ သေတ္တာဖြစ်
ရွာဦးကျောင်းက၊ ခေါင်းလောင်းတွေလဲ
မမြဲအနိစ္စ၊ သင်္ခါရနယ်ထဲ
လှည်းသမား ထွန်စက်မောင်း
ရွာခေါင်း ရပ်ခေါင်း၊ ဘာခေါင်းမှ မကျန်ရစ်
ကဗျာမှာ စာမှာ၊ ငါ ငါ ငါနှင့်
ငါ သူတစ်ပါး၊ ကျားကျားမမ
တစ်နေ့ကျတော့
သင်္ခါရ တံခါးပေါက်ကို အလျားမှောက်ပြီး
ခေါက်ရမှာ ဖြစ်တဲ့အကြောင်း။
ဟိုအကြောင်း၊ ဒီအကြောင်း
အကြောင်းမျိုးစုံ၊ ဖြစ်မျိုးစုံ
ပြောမကုန်၊ မရိုးနိုင်
သန်းခေါင်တိုင်၊ သန်းလွဲကျော်
ကျွန်တော် အသိသား
စကားဟာ ပဓာန မဟုတ်ဘူးလို့။
ဒီသား….
အကြီးသား၊ ဘရီးဘရား
တဒီးလွှားလွှားနဲ့၊ မကြီးပွားသူ
ခရီးသွား နက္ခတ်နဲ့၊ ယှဉ်ကပ်လို့ဖွား
ဗွေပါတဲ့ ဖ၀ါးနဲ့ အဝေးဆုံးသွား
အငေးဆုံးသား
အမေ့နားကို၊ ကြိုးကြားရံခါ
ခဏသာ လာတဲ့သူ။
သားဖြစ်သူ၊ အပါးက
သွားချေ၊ နားချေ၊ အိပ်ပါချေ
ဆိုပေမယ့်လဲ
အမေ မသွား၊ အမေ မနား
သား သက်လျာကို၊ ကြုံလာတုန်းမှာ
ပြုံးကာ ရယ်ကာ၊ ပုတ်ခတ်ကာနဲ့
ကြည့်ကာမဝ
သန်းခေါင်ကျော် သန်းလွဲကျမှ
ခဏဖယ်ခွာ
အမေ မှေးရုံ မှေးရှာတယ်။
အရုဏ်အတက်၊ ကုလားတက်သံအကြား
နွားစာအကျွေး၊ ဆန်အဆေး
မြေးတစ်ယောက်ကိုနှိုး၊ တီးတိုးတီးတိုးနဲ့
ရွာရိုးကို လျှောက်ခဲ့
သားမြေးတွေ သောက်စရာ
နွားနို့ရှာ ဆိတ်နို့ရှာ
သကာလုပ် မုန့်ဖုတ်
အမေ အလုပ်ရှုပ်ခဲ့ပြီ။
ခေါင်းပေါ်မှာ တဘက်တင်
အိမ်စဉ် အနှံ့သွား
ယုန်သားဝယ်၊ ဂျုံသကြားဝယ်
ရက်ကန်းရှယ်သလို
ရွာလယ် ရွာရိုး၊ လွန်းထိုး လာသွား
ငှားလိုက် ချေးလိုက်၊ ကျွေးလိုက် တိုက်လိုက်
ချက်ပြုတ်လိုက်နဲ့၊ ချွေးပြိုက်ပြိုက်ယို
အမေအို
သားကို ကျွေးလို့ မောတယ်မရှိ။
သြော်…. ခုအခါ
အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာခဲ့ပြီ။
အမေ့စာ
"သား၊ အမြန်လာ" တဲ့
ပြေးဟာ လွှားဟာ၊ ရုန်းဟာ ကန်ဟာနဲ့
ကဗျာတစ်ပုဒ်၊ စာတစ်ဆုပ်
လက်လုပ်လက်စား၊ အမေ့သား
ဓားတောင် မဆီး၊ မီးပင်လယ် မခြား
အမေ့ခေါ်သံ ကြားသော်လည်း
ဝမ်းသမုဒ္ဒရာ၊ အူဂင်္ဂါခြားတာကြောင့်
သား မလာ၊ မြေး မလာ
ကဗျာတို ပူပုံပန်းနှင့်
စာတစ်ညို၊ လူကြုံကမ်းရတယ်။
အမေ စားဖို့
ဘားပလက်၊ တစ်ဘူး နှစ်ဘူး
ကလူးကိုး တစ်ထုပ်စ နှစ်ထုပ်စ
တစ်နှစ်မှ တစ်ခါ နှစ်ခါ
စတိသာ ပို့အားတဲ့ သားခမျာ
အမေ ပေးတဲ့
ဆယ့်လေးတန်း ပညာနဲ့
မြို့ပေါ်မှာ သောင်တင်
ကလောင်မင် အက်ဆစ်စွက်
ဟိုပက် ဒီကော်
တစ်နေ့သော် ပိုင်နိုး နိုင်နိုးနဲ့
ဝေဖန်ရေး ကျားဆိုးကို
အားကြိုးမာန်ခဲ အမြီးကို ဆွဲမိပေါ့။
သြော်…. အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာ၊ သုံးဝါ ရွှေ့ဆိုင်း။
"မလာဖြစ်နိုင်ဘု၊ ၀ါခေတ်တစ်ခါကုန်တော့" လို့
တေးအကြုံ ရှေးပုံနဲ့ လွမ်းလိုက်ကဲ့
ဆန်ပန်း တပြာပြာ၊ အိမ်ကြမ်း တခါခါနဲ့
နွားပြာ တသသ၊ ၀ါးဖျာ တမမ
စားစရာ တချချ
အများတကာကို သားစာပြပါလို့
အိမ်ဝမှာ အမေကြိုရော့
နေညိုချိန်တိုင်း။
Posted by Ko Nyan Posted Time 10:13 AM 0 Comment(s)
Labels ကဗျာ-Poem
ကံ၊ စိတ်၊ ဥတု၊ အာဟာရ မပြည့်စုံတာကြောင့်လား၊ အခန့်မသင့်တာလား၊ ဖြစ်ချိန်တန်လို့ ဖြစ်တာလား မပြောနိုင်သော်လည်း သေချာသည်ကတော့ ယခု ကျွန်တော်ကိုဉာဏ် ခါးနာသည့်ဝေဒနာဖြင့် ဆေးရုံပေါ်သို့ ရောက်နေပါသည်။
ဖြစ်ပုံကတော့ ဆန်းတော့ဆန်းသားခင်ဗျ။ ကြာသပတေးနေ့ ရုံးမှပြန်ခါနီး စာရေးစားပွဲမှ အထတွင် ခါးမျက်ခနဲ ဖြစ်သွားခဲ့ရာမှ ညနေပိုင်းတွင် ဘယ်လိုမှ လမ်းမလျှောက်နိုင်တော့သည့် အခြေအနေအထိ ဖြစ်သွားခဲ့ခြင်း ဖြစ်ပါသည်။ ဆေးလိမ်း၊ ဆေးထိုး၊ ဆေးစား ပြုလုပ်ပါသော်လည်း မသက်သာပါသဖြင့် နောက်တစ်နေ့နံနက်တွင် ဆရာဝန်၏ ညွှန်ကြားချက်နှင့်အညီ ဆေးရုံတက်ရန်မှတစ်ပါး အခြားမရှိခဲ့ပါ။
ဘေးမှ လူနှစ်ယောက် တွဲကူမှုမပြုလျှင် ဘယ်လိုမှ မတ်တတ်မရပ်နိုင်လောက်အောင် ခါးက နာနေသဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း အတော်လေးတော့ စိုးရိမ်မိပါသည်။ ဆရာဝန်မဟုတ်သကဲ့သို့ ဆေးပညာရှင်လည်း မဟုတ်သည့်အတွက် ခါး၏ အသုံးဝင်ပုံ၊ ထိခိုက်နိုင်ပုံ၊ အကျိုးအပြစ်များကို သေချာမသိသော်လည်း ဘောလုံးသမားတစ်ဦး ဖြစ်သည့်အတွက် ခါးမကောင်းလျှင် ပွဲပျက်ပြီ ဆိုသည်ကိုတော့ သေချာသိနေပါသည်။ ဟုတ်သည်လေ၊ ဘောလုံးအသင်းတွင် ခါးဟုခေါ်သည့် အလယ်တန်းက ဘောလုံးဖြန့်ဝေမှု၊ ဘောလုံးထိန်းသိမ်းမှု၊ ဘောလုံးလမ်းကြောင်းခင်းပေးမှု၊ အခွင့်အရေး ဖန်တီးပေးမှု မပြုနိုင်လျှင် ရှေ့တန်းနှင့် နောက်တန်းတို့သည် ဖရိုဖရဲနှင့် ဖြစ်ချင်တိုင်း ဖြစ်ကုန်ကျပါတော့သည်။ ဘောလုံးအသင်း အနိုင်ရရန် အလယ်တန်း၏ အရေးပါမှုသည် အခြားနေရာများထက် ပိုသည်ကတော့ သေချာသည်ပင်။
ဆေးရုံကို ရောက်ရောက်ချင်းနေ့ကဆိုလျှင် သေချင်စိတ်ပင် ပေါက်မိပါသည်။ ခြေဖျားလေးမှ ထောက်လို့မရ၊ တစ်ခုခုကိုမှ အားစိုက်ပြီး ကိုင်မလို့မရ၊ လှမ်းကောက်လို့မရ၊ ချောင်းဆိုးလို့မရ၊ ရယ်လို့မရ၊ နှာချေလို့မရ၊ နောက်ဆုံး အသက်ပြင်းပြင်း ရှူလျှင်ပင် ခါးရိုးဆီက တဆစ်ဆစ်ကိုက်ရသည့်ဘ၀။ လူဆိုတော့လည်း လူပီသသည်ပေါ့လေ။ ဖြစ်လာတဲ့အချိန်ကျမှ သြော် ကျန်းမာရေးဟာ တကယ့်ကို အရေးကြီးပါလားပေါ့။ (ဒါတောင်မှ စမ်းသပ်စစ်ဆေးမှုများအရ ခါးရိုး၊ ခါးဆစ် ဘာတစ်ခုမျှ ထိခိုက်ခြင်းရှိသည်မဟုတ်သေး။ ခါးရိုးကြွက်သား ဒဏ်ပိသည်ဆိုလား)
ဆေးရုံနံ့၊ ပိုးသတ်ဆေးနံ့တို့က ပုံမှန်ရှူရှိုက်နေကျ ဘာနှင့်မျှမတူသော အနံ့အသက်များတည်း။ သို့သော် အံ့သြစရာ ကောင်းလောက်အောင်ပင် အဆိုပါအနံ့များနှင့် တစ်ညအတွင်းမှာ ကျွန်တော်ကျင့်သားရသွားသည်။ ဆေးရုံနံ့ကြီးရနေလို့ စိတ်အနှောင့်အယှက် ဖြစ်နေရတာမျိုး မရှိတော့။ ဆေးရုံက အတော်ကြီးကို သန့်ပြန့်တာလည်း ပါပါသည်။ မကောင်းတာတွေ့တိုင်း အပြစ်ပြောနေကျ ကျွန်တော့်အနေနဲ့ ဆေးရုံရဲ့ သန့်ရှင်းသပ်ရပ်မှုကို အမှတ်ပြည့် ပေးမိပါတယ်။ အခန်းတွေက သန့်သန့်ရှင်းရှင်း၊ ခန်းဆီးစိမ်းလေးတွေကလည်း သန့်သန့်ပြန့်ပြန့်၊ ရေချိုးခန်းအိမ်သာကလည်း စိတ်ကျေနပ်စရာအတိ၊ ဘုရားခန်းကလည်း သန့်သန့်ရှင်းရှင်း၊ ဘုရားပန်း၊ ဆီးမီးတို့ဖြင့် အေးချမ်းလှသည်။
စိတ်အညစ်ရဆုံးက လုံးဝလှုပ်လို့မရတဲ့ အနေအထားပါ။ ဘေးနားမှာ လူနှစ်ယောက်မှ မရှိရင် အိပ်ရာပေါ်မှာတောင် ငုတ်တုတ်ထိုင်လို့မရဘူး။ ကိုယ့်စိတ်နဲ့ သူများကိုယ်လို့တောင် ပြောလို့မရဘူး။ သူများက ထူချင်၊ တွဲချင်ပေမယ့် ကိုယ်က ထချင်စိတ်၊ ထိုင်ချင်စိတ်ကို လုံးဝမရှိတော့တာ။ နည်းနည်းလေး လှုပ်လိုက်တာနဲ့ နာကျင်ရမယ်ဆိုတာ သိနေတော့ မလှုပ်မယှက် အသေကောင်လိုပဲ နေချင်မိတော့တယ်။
နောက်ထပ် အကြောက်ဆုံးကတော့ အစာစားရမှာကိုပါ။ လူဆိုတာ အစာမစားဘဲ နေလို့မှ မဖြစ်ဘဲ၊ ဘာဖြစ်လို့လဲလို့ မေးစရာ ရှိပါတယ်။ ခံတွင်းပျက်နေလို့လားပေါ့။ မဟုတ်ပါဘူး။ အစာစားခြင်းရဲ့ နောက်ဆက်တွဲကို မခံစားနိုင်လို့ပါ။ (ကန်တော့ပါရဲ့ဗျာ) အိမ်သာတက်ခြင်း အလုပ်ကို ကြောက်လို့ပါ။ အပေါ့သွားတာက ဘာမှပြဿနာမရှိပေမယ့် အိမ်သာတက်တဲ့အလုပ်ဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို ငရဲခန်းပါပဲခင်ဗျာ။ အိမ်သာတစ်ခါတက်ဖို့အရေး ၄၅ မိနစ်လောက် ကြိုးစားရတယ်ဆိုရင် စာဖတ်တဲ့လူတွေက အံ့သြမိကြ၊ မယုံနိုင် ဖြစ်ကြမှာပါပဲ။ တကယ့်ကို အဲဒီအတိုင်းပါဗျာ။ အိမ်သာကြွေကမုတ်ရှေ့မှာ မတ်တပ်ကြီးရပ်ပြီး ဘယ်လိုထိုင်ရမလဲဆိုတာကို စဉ်းစားရတာက ၁၀ မိနစ်လောက်ကြာတယ်။ အိမ်သာနံရံကို လက်နဲ့ကိုင်ပြီး ထိုင်ဖို့ကြိုးစားလိုက်၊ ဆစ်ခနဲနာလို့ ပြန်ပြီးခါးဆန့်လိုက်၊ ၃ မိနစ်လောက်နေရင် တစ်ခေါက်ပြန်ပြီး ခါးကိုင်းကြည့်လိုက် စူးခနဲ နာသွားတော့ မျက်နှာရှုံ့မဲ့ အံကြိတ်ပြီး မတ်တတ်ရပ်လိုက်၊ ၀ဲလာတဲ့ မျက်ရည်တွေကို သုတ်လိုက်၊ ဘယ်လောက်များ ငရဲကျလိုက်သလဲဆိုတာ စဉ်းစားသာ ကြည့်ပါတော့ဗျာ။ ပိုဆိုးတာက ၄၅ မိနစ်လောက် ကြိတ်မှိတ်ကြိုးစားပြီး အိမ်သာကမုတ်ပေါ် ထိုင်နိုင်အောင် လုပ်နိုင်ခဲ့ပေမယ့် ကမုတ်ပေါ်မှာ လုံးဝကို ဟိုဒီလှည့်လို့မရတာပါပဲ။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ဒီခါးပေါ်ကို တင်ထားလိုက်ရတာကိုး။ နံရံတွေကိုအတင်းတွန်း၊ ရေတိုင်ကီနှုတ်ခမ်းကို အတင်းဆွဲထားပြီး အတင်းအံကြိတ် အနာခံပေမယ့်လည်း ဒီလောက်နာကျင်နေတော့ စောစောက အိမ်သာတက်ချင်တဲ့စိတ်က ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ ဟူး… တကယ့်ကို လောကငရဲပဲဗျို့။
ကဲ… စိတ်ညစ်စရာတွေချည်းပဲဆိုတော့ စာဖတ်သူလည်း စိတ်ညစ်တဲ့ဓာတ်တွေ ကူးသွားရောပေါ့။ ဆေးရုံပေါ်မှာဆိုတော့ ဘယ်မှာလာပြီး ပျော်စရာရှိမှာလဲလို့ မထင်လိုက်ပါနဲ့ဦးဗျာ။ ပြောပြပါရစေဦး။
(၁) ခုတင်ပေါ်မှာ မထတမ်းအနားယူ၊ သဲအိတ်တွေဆွဲ၊ ဆေးမှန်မှန်သောက်၊ အနန္တောအနန္တငါးပါး ကျေးဇူးကို အာရုံပြုပြီး နေလိုက်တဲ့အတွက် နှစ်ရက်လောက်ပဲ ဆိုးဆိုးဝါးဝါး ခံစားလိုက်ရတယ်။ တတိယရက်မှာ လမ်းတွေဘာတွေ စမ်းလျှောက်နေပြီ။ အခုဆိုရင် ဘေးနားက အဆောင်တွေကိုတောင် လျှောက်လည်နေပြီ။ ညကျရင် မန်ယူပွဲ သွားအားပေးရဦးမယ်။ လူနာဧည့်ခန်းမမှာ တီဗီနဲ့ စကိုင်းနက် ထားပေးတယ်လေ။
(၂) လောကငရဲလို့ ကျွန်တော်တင်စားတဲ့အထိ နာကျင်ခဲ့ရပေမယ့် ဆေးရုံတက်ရတဲ့ ကာလတွေမှာ ကျွန်တော် လုံးဝ စိတ်ဓာတ်မကျခဲ့ဘူး။ အဲဒီအချက်ကို ကျွန်တော် အကျေနပ်ဆုံး၊ အပျော်ရွှင်ဆုံးပဲ။ နေ့စဉ် ဗာဟီရ ကိစ္စတွေနဲ့ နည်းနည်းချင်းသာ ဖတ်ခဲ့ရတဲ့ စာအုပ်တွေ၊ ဂျာနယ်တွေကို တစ်ဝကြီး ကျေကျေညက်ညက် ဖတ်ရှုခွင့်ရခဲ့တာကြောင့်ပါ။ လင်္ကာရည်ကျော်ရဲ့ သိင်္ဂါရအလှည့် ၀တ္ထုတိုပေါင်းချုပ်၊ ကျော်ဝင်း ရဲ့ အဝေးမြင် (လူများ၊ နေရာများနှင့် နိဒါန်းများ)၊ နေ့စဉ်ထုတ်ဂျာနယ်များ၊ သတင်းစာများ ဖတ်ဖြစ်ခဲ့တယ်။ ကွန်ပျူတာထဲမှာ ထည့်သိမ်းထားပြီး တစ်ခါတစ်လေမှ နားထောင်ဖြစ်တဲ့ စာပေဟောပြောပွဲ အခွေတွေအားလုံးကို တစ်ညလုံး နားထောင်ရင်းအိပ်လိုက်၊ ပြန်နားထောင်လိုက် လုပ်ဖြစ်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ကျွန်တော်ရေးချင်တာတွေကို ပုံစံချနိုင်ခဲ့တယ်၊ အကြမ်းရေးဖြစ်ခဲ့တယ်။ ကဲ… ကျွန်တော့်မှာ စိတ်လွတ်ကိုယ်လွတ် ကျန်းကျန်းမာမာ လုပ်ရတာ မဟုတ်တာကလွဲရင် ဘယ်မှာများ စိတ်ဓာတ်ကျစရာ ရှိသလဲဗျာ။ ကျွန်တော်သိလိုက်ရတာတစ်ခုက လုပ်စရာရှိနေတဲ့လူဟာ ဘယ်တော့မှ စိတ်ဓာတ်မကျနိုင်ဘူးဆိုတာပဲ။ ဟုတ်တယ်… ကျွန်တော့်မှာသာ စာဖတ်ချင်တဲ့စိတ်တွေ၊ စာရေးချင်တဲ့စိတ်တွေ မရှိဘူးဆိုရင် အိပ်ရာပေါ်မှာ ပက်လက်ကြီးလှဲပြီး ဟိုတွေးဒီတွေးနဲ့ အတော်ကြီးကို စိတ်ဓာတ်ကျချင်စရာကြီးပဲလို့ တွေးမိပါတယ်။
(၃) လူက ပေကပ်ကပ်၊ ဂျစ်ကန်ကန်၊ မဟုတ်မခံ၊ ခေါင်းမာတတ်သလောက် ကိုယ်ယုံကြည်တာတစ်ခုကို ဘယ်တော့မှ အလျှော့မပေးတတ်သူဆိုတော့ ကိုယ့်ကို လေးစားတာတွေ၊ ချစ်တာခင်တာတွေကိုလည်း သိပ်ပြီး ဂရုစိုက်လှတာမဟုတ်ဘူး။ ဒါပေမယ့် ဆေးရုံတက်ရတော့မှပဲ ကိုယ့်ကို ချစ်သူခင်သူတွေ ရှိပါသေးလားဆိုပြီး ကြည်နူးစိတ်တော့ ဖြစ်မိသားဗျ။ မေတ္တာတရားကို ကျွန်တော်ဘယ်တုန်းကမှ လျှော့မတွက်ခဲ့ဖူးပါဘူး။ အလေးဂရုမပြုခဲ့တာသာ ဖြစ်ပါလိမ့်မယ်။ သတင်းမေးသူတွေ၊ ဖုန်းဆက်သူတွေ၊ ဖတ်နေကျ ဂျာနယ်တွေကို နေ့စဉ်ရောက်အောင် ပို့ပေးတဲ့သူငယ်ချင်းတွေ၊ ကိုယ်တိုင်ကိုယ်ကျ သတင်းလာမေးသူတွေ၊ စားစရာတွေ လာပေးသူတွေ၊ စိတ်ပူပေးသူတွေ၊ အကြံဉာဏ်ပေးကြသူတွေ၊ ဆေးရုံက ခင်မင်တဲ့ အသိဆရာဝန်တွေကို ဂရုစိုက်ပေးဖို့ အပ်နှံပေးကြသူတွေ၊ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကဲ… ဘ၀ဟာ ဘယ်လောက်များ နေပျော်ဖို့ ကောင်းသလဲ။
(၄) အိုး… ပျော်စရာအကောင်းဆုံးအချက်ကို ပြောဖို့မေ့နေတယ်။ အံ့သြဖို့တော့ စိတ်မကူးပါနဲ့ဗျာ၊ ထို့အတူ မနာလိုစိတ်လည်း မဖြစ်ပါနဲ့ဗျာ။ ကျွန်တော့်အခန်းကနေ အင်တာနက်သုံးလို့ရတာပါပဲ။ ၀ိုင်ယာလက်(စ) မိနေတယ်ခင်ဗျ။ အစကတော့ သတိမထားမိပါဘူး။ တစ်ညကမှ အမှတ်မထင် ကြည့်မိရင်းက ၀ိုင်ယာလက်(စ) ကွန်နက်ရှင်းမိနေတာ သွားတွေ့တာပါ။ ကျွန်တော့်စိတ်ထဲမှာ ဒီနေရာနဲ့ ဒီအင်တာနက် ဘယ်လိုမှ မထင်ထားမိဘူးလေဗျာ။ password ခံထားတဲ့အတွက် လိုက်မေးကြည့်တော့မှ ဌာနမှူးသုံးမှန်း သိရတယ်။ သူငယ်ချင်းဆရာဝန်ကပဲ ဖုန်းလှမ်းဆက်ပြီး မေးမြန်းပေးတဲ့အတွက် ဌာနမှူးက ကြည်ကြည်ဖြူဖြူပဲ သုံးခွင့်ပြုပါတယ်။ နားလည်ပေးမှုအတွက် ကျေးဇူးပါခင်ဗျား။ ကဲ… မခက်ချေဘူးလား၊ အဆောင်ကနေ ကျွန်တော့်ကို လူမမာလာမေးတဲ့ သူငယ်ချင်းတွေက မသိတဲ့သတင်းတွေကို ကျွန်တော်က သူတို့လာရင်ပြောပြတော့ သူတို့ခမြာ ပါးစပ်တွေအဟောင်းသားနဲ့ အံ့တွေသြလို့၊ ခင်ဗျားတို့ကို မြင်စေချင်လိုက်တာ။ ကွန်နက်ရှင်းက နှေးပေမယ့် "စိတ်ရှည်ဇွဲသန်သည်းညည်းခံ သုံးရန်အင်တာနက်" ဆိုတဲ့ မြန်မာအင်တာနက်ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး သုံးစွဲတော့ အဆင်ပြေပါတယ်။ ဘလော့ဂ်ကို ပို့စ်တွေ တင်ဖြစ်တယ်။ အီးမေးလ်တွေ ဖတ်ဖြစ်တယ်။ ဘောလုံးပွဲသတင်းတွေ ဖတ်ဖြစ်တယ်။ မြန်မာလူငယ်အသင်း နိုင်ပွဲဆက်နေတာတွေဖတ်ပြီး အားအင်တွေတိုးရတယ်။ စိတ်ဓာတ်တွေ တက်ကြွရတယ်။ ဒါကြောင့် စိတ်ထဲကနေ မကြာခဏ ကြုံးဝါးမိတယ်။ " ငါဟဲ့ ၂၁ ရာစု လူနာ " လို့။
သောကြာနေ့က ဆေးရုံတက်ခဲ့တဲ့ကျွန်တော် အခုတော့ အတော်ကြီးကို သက်သာကျန်းမာနေပါပြီဗျာ။ အစာစားရမှာလည်း မကြောက်တော့ဘူး၊ လမ်းလျှောက်ရမှာလည်း မစိုးရိမ်တော့ဘူး။ တစ်ယောက်တည်းလည်း ကိုယ့်ဘာသာကိုယ် ထိုင်နိုင်၊ ထနိုင်၊ ရပ်နိုင်၊ သွားနိုင်နေပါပြီ။ အခုပဲ ဘလော့ဂ်အတွက် ဒီပို့စ်ကို ရေးနေပါတယ်။ ခဏနေရင် ဘလော့ဂ်မှာ တင်ပါ့မယ်။
ကိုရီးယားဇာတ်လမ်းတွေထဲကလို ပြောရင်းနဲ့ နိဂုံးချုပ်ပါရစေ။
Posted by Ko Nyan Posted Time 1:01 AM 0 Comment(s)
Labels ကိုယ်ရေးကိုယ်တာ
(၁)
မြန်မာရုပ်မြင်သံကြားမှာ သတင်းကြေညာတဲ့သူတွေဟာ Laptop ကွန်ပျူတာလေးတွေကို ရှေ့မှာချထားပြီး သတင်းကြေညာပြီးသား စာရွက်တွေကို အဲဒီကွန်ပျူတာပေါ် တင်ကြတာကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ Laptop ကို စာရွက်တင်စရာအဖြစ် သဘောထားတာ၊ အသုံးပြုတာ ကျွန်တော်တို့နိုင်ငံမှာပဲ ရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်ယောက်ကများ "မင်းတို့ဆီက သတင်းကြေညာတဲ့လူတွေက စာရွက်ကြည့်ဖတ်ပြီး သတင်းကြေညာကြတာပဲ၊ အဲဒီ Laptop တွေကို ဘာကိစ္စ စားပွဲပေါ်မှာ တင်ထားတာလဲ" လို့ လာမေးရင် ကျွန်တော်ဘာဖြေရမှန်း မသိဘူး။ "စာရွက်တင်တာ ခင်ဗျ" လို့ မျက်နှာချိုလေးသွေးပြီး ပြောရမယ်ထင်ပါ့။ ခင်ဗျားတို့ကို လာမေးရင်လည်း ဘယ်လိုဖြေကြမလဲဆိုတာ ကြိုတင်စဉ်းစားထားကြပါလို့ အကြံပေးလိုကြောင်းပါခင်ဗျား။
(၂)
မြန်မာ့ရုပ်မြင်သံကြား သတင်းကြေညာတဲ့အချိန်မှာ သတင်းကြေညာသူတွေနောက်က နောက်ခံအဖြစ် ပြနေတဲ့ slide တွေဟာ ဘယ်တော့မှ မပြောင်းမလဲဘဲ ဒီပုံ၊ ဒီမြင်ကွင်းတွေချည်းပဲ ဖြစ်နေတာကိုလည်း နားမလည်နိုင်ပါဘူး။ နှင်းဆီပန်းပုံကြီးလာမယ်၊ တံတားကြီးပြမယ်၊ ရေတွေဖွေးနေတဲ့ ဆည်တစ်ခုကို ပြမယ်၊ စပါးပင်တွေကိုပြမယ် ဒါတွေပဲ looping ဖြစ်နေတယ်။ မြန်မာပြည်မှာ ပြစရာ ဒီလောက်ပဲ ရှိသလားဆိုတာကို ကိုယ့်ဘာသာကိုယ် ဘယ်လိုမှကို တွေးလို့မရဘူး။
(၃)
ပြောလက်စနဲ့ မြန်မာ့ရုပ်မြင်သံကြားကိုပဲ ဆက်ပြောပါရစေဦး။ နိုင်ငံ့အကြီးအကဲတွေ ပြည်ပနိုင်ငံတွေကို ချစ်ကြည်ရေးခရီးစဉ်တွေ သွားရောက်တဲ့အခါမျိုးမှာ ကြေညာတဲ့သတင်းအထိ ဘာမှပြောစရာမရှိပါဘူး။ "နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဘယ်နိုင်ငံ ဘယ်သူ၏ ဖိတ်ကြားချက်အရ ဘယ်နေ့ ဘယ်ရက်တွင် ဘယ်လေဆိပ်မှ ထွက်ခွာသည်။ ဘယ်သူတွေ လိုက်ပါပို့ဆောင်တယ်" စသည်ဖြင့်ပေါ့လေ။ ချစ်ကြည်ရေးအဖွဲ့ ပြန်ရောက်လာရင်လည်း ပြဿနာမရှိသေးပါဘူး။ "သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်နေ့ ဘယ်ရက်က ဘယ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ဘယ်လေဆိပ်မှာ ဘယ်သူတွေ ကြိုဆိုခဲ့ကြောင်း" စသည်ဖြင့်ပေါ့လေ။ အဲ… ကျွန်တော်နားမလည်တာက ပြန်ရောက်ပြီး နောက်နေ့ဆိုရင် စတော့တာပဲ။ သမ္မတကြီး ပြည်ပခရီးစဉ်က ပြန်ရောက်ပြီဆိုတာနဲ့ ခရီးစဉ်အတွင်း သမ္မတကြီးအပါအ၀င် လိုက်ပါသွားတဲ့ ကိုယ်စားလှယ်တွေ ဘယ်သူတွေနဲ့ တွေ့တယ်၊ ဘယ်နေရာတွေ သွားလေ့လာတယ်၊ ဘာစာချုပ်တွေ လက်မှတ်ရေးထိုးတယ် စသည်ဖြင့် သတင်းအဖြစ် ပြန်လည်ထုတ်လွှင့်တဲ့ အစီအစဉ်ပေါ့လေ။ သတင်းကြေညာတဲ့လူတွေက "ဘယ်နိုင်ငံ၌ ချစ်ရေးကြည်ခရီး ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဘယ်နေ့ ဘယ်ရက်က ဘယ်သူနှင့် တွေ့ပါသည်" ဆိုတဲ့ သတင်းကို ဘယ်လိုမှကို နားလည်လို့ မရဘူး။ "ဘယ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော" တို့၊ "ဘယ်နိုင်ငံသို့ ရောက်ရှိနေသော" တို့ စတဲ့ အသံတွေကြားလိုက်တိုင်း "ဟင်… ငါတို့သမ္မတကြီးကလည်း မနေ့ကမှ ချစ်ကြည်ရေးခရီးက ပြန်ရောက်တယ်၊ ထပ်သွားပြန်ပြီလား" လို့ တွေးမိတယ်။ အဲဒီလို ကြေညာတာဟာ တစ်ရက်လည်း မဟုတ်ဘူး။ ခရီးစဉ်သွားခဲ့သမျှကို သတင်းအဖြစ်နဲ့ သုံးရက်၊ လေးရက် အဲဒီလို ကြေညာတာ။ အဲဒီလို ကြေညာတိုင်းလည်း "ဘယ်နိုင်ငံ၌ ရောက်ရှိနေသော" ဆိုပြီး ပြောမြဲပြောဆဲ၊ ကြေညာမြဲ၊ ကြေညာဆဲ။ သတင်းကြည့်နေတဲ့ ကိုယ်တွေကသာ တစ်မျိုးကြီး ဖြစ်နေတာ၊ သူတို့ကတော့ ခပ်တည်တည်ပါပဲခင်ဗျ။ ကဲ…ကျွန်တော်မပြောဘူးလား။ ကျွန်တော်ကိုက နားမလည်နိုင်တာပါလို့။
(၄)
လစားတိုးမယ်ဆိုတာက ဘယ်နေမှန်း မသိသေးဘူး။ စားသောက်ကုန်တွေကတော့ ဈေးနှုန်း တိုးသွားရှာကြပြီ။ ၀န်ကြီးတွေကလည်း လစာတိုးပေးရင်ပဲ တိုင်းပြည်က ဟိုဟာဖြစ်တော့မလို၊ ဒီဟာဖြစ်တော့မလို ပြန်ဖြေကြတာကို သတင်းစာတွေမှာဖတ်ရ၊ ရုပ်မြင်သံကြားသတင်းတွေမှာ ကြည့်ရတော့ ကျွန်တော်တို့ ၀န်ထမ်းတွေခမြာ ထိုင်ရမလို၊ ထရမလိုနဲ့ ဟိုမရောက် ဒီမရောက် ကုန်းကွကွကြီး ဖြစ်နေတော့တာပေါ့။ ကုန်းကွကွကြီး ဖြစ်နေပြီဆိုမှတော့ ထုံးစံအတိုင်း အစိုးရနဲ့ ကုန်သည်တွေကြားမှာ ၀န်ထမ်းတွေက ငထွားခါးနာတဲ့ကိန်း ဆိုက်တော့တာပေါ့ခင်ဗျ။ ငှက်ပျောသီး ၀ယ်စားနေကျ ဈေးသည်မလေးက အရင် သုံးလုံးကို နှစ်ရာနဲ့ ရောင်းနေကျကို၊ မနေ့က သွားဝယ်တော့ တစ်လုံးတစ်ရာ၊ လုံးဝမလျှော့နိုင်ဘူးတဲ့။ ဟင်.. ဘာဆိုင်လို့တုန်း ဆိုတော့၊ အစ်ကိုရေ… လစာတွေတိုးမယ်ဆိုတော့ ကုန်ဈေးနှုန်းတွေ တက်သွားတယ်လေတဲ့။ ကျွန်တော်ကလည်း ပြန်မေးရတယ်၊ အေးလေ၊ တခြားကုန်တွေက တက်တာထားပါတော့၊ ညည်းငှက်ပျောသီးက ပြည်ပကနေ သွင်းတာလည်းမဟုတ်၊ အခွန်ဆောင်ရတာလည်း မဟုတ်၊ အိမ်မှာစိုက်ထားတဲ့ ငှက်ပျောပင်က ငှက်ပျောသီးကို ခူးရောင်းတာပဲ ဘာဖြစ်လို့ တက်ရတာလဲဆိုတော့ အဲဒီကလေးမလေးကလေ.. ကျွန်တော့်ကို တုံးလိုက်၊ အ,လိုက်ပြန်ရော ဆိုတဲ့အကြည့်နဲ့ကြည့်ပြီး ဘာပြန်ပြောတယ် ထင်သလဲဗျ။ "အစ်ကိုရယ်… ငှက်ပျောသီးကတော့ ဟုတ်တာပေါ့၊ ကျွန်မတို့ ၀ယ်စားရတဲ့ ဆန်တို့၊ ဆီတို့က အိမ်မှာ စိုက်တာမဟုတ်ဘူးရှင်" တဲ့။ ကဲ… ကောင်းရော။ ပေါက်ပင်တွေကကိုင်းလိုက်၊ ဗျိုင်းကနားလိုက်။
(၅)
သူငယ်ချင်းတစ်ယောက်နဲ့ စကားစမြည်ပြောရင်း နိုင်ငံအကြောင်း၊ နိုင်ငံ့အကြောင်း ရောက်သွားကြတယ်။ နိုင်ငံရေးကိစ္စဆိုတော့ သိတဲ့အတိုင်းပဲ ပြောမဆုံး၊ ငြင်းမဆုံး၊ ဆွေးနွေးမဆုံးပေါ့။ အချိန်အတော်ကြာ ဆွေးနွေးပြီးတဲ့ အခါကျတော့ သူငယ်ချင်းက မေးရှာတယ်။ "သူငယ်ချင်း၊ ငါတို့နိုင်ငံက ပြောင်းလဲနေတာဆိုတာ တကယ်လား" တဲ့။ ကျွန်တော်လေ ဘာပြန်ဖြေရမှန်းမသိအောင် ဆွံ့အသွားမိတယ်။ သူ့ကို ဘာမှပြန်မပြောဘဲ အသာလေးပဲ ပြုံးပြလိုက်မိတယ်။ သူပြန်သွားတဲ့အချိန်ကျမှ တွေးမိတယ်။ သူ့ကိုတော့ မပြောလိုက်ရဘူး။ "ကျွန်တော်တို့ နိုင်ငံကြီးက ပြောင်းလဲတယ်၊ မပြောင်းလဲဘူး ဆိုတာကို ကျွန်တော် မပြောလိုတော့ဘူး၊ သေချာတာတစ်ခုကတော့ ကျွန်တော့်သူငယ်ချင်းခမြာတော့ အရင်တုန်းက အတွေးအခေါ်တွေ၊ သံသယတွေ အခုအချိန်အထိ မပြောင်းလဲသေးဘူး" ဆိုတာပါပဲ။
(၆)
ဒီစာစုရဲ့ နောက်ဆုံးအနေနဲ့ ပညာရှိကြီးတစ်ဦးရဲ့ စကားအဆိုအမိန့်တစ်ခုနဲ့ အဆုံးသတ်ပါရစေ။ လူတိုင်းသိနေတဲ့ ပညာရှိစကားပါပဲ။ "ကျွန်တော်သေချာသိတာကတော့ ဘာမှမသိဘူးဆိုတာပါပဲ" တဲ့။ သူများတွေကတော့ ပြောကြတာပဲ။ သိပ်မှန်တာပဲတို့၊ ပညာရှိလိုက်တာတို့ စသည်ဖြင့်ပေါ့လေ။ ကျွန်တော့်မှာတော့ ကိုယ့်ကိုယ်ကိုယ် ဘာမှမသိတာကိုတောင် မသိတဲ့ လူတစ်ယောက်အဖြစ် အခုအချိန်အထိ မိုက်ကောင်းဆဲ၊ မိုက်လို့ကောင်းဆဲ၊ မိုက်နေဆဲ….။ အဲဒါကြောင့် ပြောတာပေါ့။ ကျွန်တော် ကိုဉာဏ် ဘာမှမသိပါဘူးလို့။
ရွှင်လန်းချမ်းမြေကြပါစေဗျာ။
Posted by Ko Nyan Posted Time 2:10 AM 0 Comment(s)
Labels ကျွန်တော့်အတွေးများ
Posted by Ko Nyan Posted Time 9:01 PM 2 Comment(s)
Labels ကျွန်တော့်အတွေးများ
Posted by Ko Nyan Posted Time 12:21 PM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, ကိုယ်ရေးကိုယ်တာ, အထွေထွေ-Various
Posted by Ko Nyan Posted Time 12:08 PM 0 Comment(s)
Labels myanmarthway, ကျွန်တော့်အတွေးများ, မြန်မာ့သွေး
Posted by Ko Nyan Posted Time 11:36 AM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, မြန်မာ-Myanmar, မြန်မာ့သွေး, နိုင်ငံရေး
Posted by Ko Nyan Posted Time 11:27 AM 0 Comment(s)
Labels ကိုယ်တွေ့
(၁)
ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ ကျွန်တော့်အတွက် ခရီးသွားရက်သတ္တပတ် ဖြစ်ခဲ့ရပါတယ်။ မရောက်တာကြာပြီဖြစ်တဲ့ ဒေသတွေကို ရောက်ခဲ့တယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ခဲ့ရတယ်။ စိတ်ကျေနပ်စရာ၊ စိတ်တိုစရာ၊ စိတ်ညစ်စရာ ခရီးသွားယာဉ်လိုင်းမျိုးစုံနဲ့ ခရီးမိုင်တွေ အများကြီး သွားခဲ့ရတယ်။ သွားခဲ့တဲ့ခရီးစဉ်တွေရဲ့ အကွာအဝေးတွေကို တွက်ချက်လိုက်တဲ့အခါမှာ မိုင်ပေါင်း ၉၅၀ ကျော် ဖြစ်နေတာကို တွေ့ရတယ်။ မဆီမဆိုင် အားကစားဂျာနယ်တွေမှာ ဖတ်ခဲ့ဖူးတဲ့ ဘယ်အသင်းက ကစားသမားတွေကတော့ ဘယ်နှရက်အတွင်းမှာ ခရီးမိုင် ဘယ်လောက်သွားရမှာမို့ ပင်ပန်းကြမယ်၊ ပွဲကစားတဲ့အခါ ရလဒ်မကောင်းနိုင်ဘူး စတာတွေကို ပြန်သတိရမိတယ်။ အဲဒီ ဘောလုံးသမားတွေကို ကျွန်တော်စီးခဲ့ရတဲ့ ယာဉ်လိုင်းတွေနဲ့သာ သွားခိုင်းလိုက်ရင် ဘောလုံးကန်ဖို့ နေနေသာသာ၊ ထမင်းစားချင်စိတ်တောင် ပျောက်သွားလိမ့်ဦးမယ်။ ခရီးသွားလို့ ကိုယ်ပင်ပန်းရတဲ့အထဲ ၀န်ဆောင်မှုမကောင်းတဲ့၊ အလိုက်ကမ်းဆိုးမသိတဲ့၊ အကျင့်ဆိုးတွေကို မပြင်နိုင်သေးတဲ့ ခရီးသွားယာဉ်လိုင်းတွေကြောင့် စိတ်ပင်ပန်းခြင်း ဖြစ်ရပါသေးတယ်။
(၂)
ကျွန်တော်သွားခဲ့တဲ့ ခရီးစဉ်တွေကို မှတ်မှတ်သားသားလေး ရေးပြပါရစေဦး။
(က) နေပြည်တော် - မန္တလေး
(ခ) မန္တလေး - ပြင်ဦးလွင်
(ဂ) ပြင်ဦးလွင် - မန္တလေး
(ဃ) မန္တလေး - ဟံမြင့်မိုရ်
(င) ဟံမြင့်မိုရ် - မြစ်သား
(စ) မြစ်သား - ဟံမြင့်မိုရ်
(ဆ) ဟံမြင့်မိုရ် - နေပြည်တော်
(ဇ) နေပြည်တော် - ရန်ကုန်
(ဈ) ရန်ကုန် - နေပြည်တော်
(၃)
နေပြည်တော်-မန္တလေး ခရီးစဉ်ကိုတော့ အဝေးပြေးလမ်းမသစ်ကြီးကနေ သွားဖြစ်ခဲ့တယ်။ မိတ်ဆွေတစ်ယောက်နဲ့ ကားကြုံလိုက်ခွင့် ရခဲ့တာပါ။ အခြားဟာတွေ မပြောလိုပေမယ့် ခရီးတွင်တာတော့ အမှန်ပါပဲ။ ယာဉ်ကြောရှုပ်ထွေးမှုမရှိဘဲ လမ်းကလည်း ဖြောင့်ဖြူးနေတာ ဖြစ်တဲ့အတွက် လမ်းဘေးမှာ စိုက်ထားတဲ့ ကန့်သတ်မိုင်နှုန်းတွေကို လိုက်နာဖို့ မေ့လျော့နေတတ်ကြတာ ဖြစ်ပါလိမ့်မယ်။ ပြောစရာရှိတာကတော့ ဘယ်လောက်ပဲ တားမြစ်ချက်တွေ ရေးထား၊ ရေးထား အခုအချိန်အထိ ရှောင်လို့မလွတ်သေးတဲ့ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေ၊ နွားအုပ်တွေကို အဝေးပြေးလမ်းမသစ်ကြီးပေါ်မှာ နဖူးတွေ့၊ ဒူးတွေ့ ကြုံခဲ့ရတာပါပဲ။ မိုင် ၁၀၀ ကျော်နှုန်းနဲ့ မောင်းနေတဲ့ ကားတွေဟာ စည်းကမ်းမဲ့ ဖြတ်မောင်းလာတဲ့ ဆိုင်ကယ်တွေ၊ ရုတ်တရက် ဘွားကနဲ တွေ့လိုက်ရတဲ့ နွားအုပ်တွေကြောင့် ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်မလဲ၊ အန္တရာယ်များသလဲဆိုတာ စာဖတ်သူသာ စဉ်းစားကြည့်စေချင်ပါတယ်။ နောက်ထပ် ပြောစရာကတော့ လမ်းဘေးဝဲယာမှာ သစ်ပင်ကြီးတွေ မရှိသလောက် ရှားပါးပြီး အရိပ်မရဘဲ လွင်တီးခေါင်ကြီး ဖြစ်နေတာပါပဲ။ လမ်းမကြီးဘေးတစ်လျှောက်မှာ အရိပ်ရ အပင်ကြီးတွေသာ တန်းစီပြီး စိုက်ပျိုးနိုင်ခဲ့မယ်ဆိုရင် အင်မတန် ကဗျာဆန်ပြီး၊ စိတ်အေးချမ်းသာစွာ ခရီးသွားနိုင်မယ့် လမ်းမကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အခုတော့ လမ်းမကြီးအလယ်က လမ်းလယ်ကျွန်းတွေမှာ အပင်တွေ စိုက်နေတာ တွေ့ရပါတယ်။ မြင်ရသလောက်တော့ မြေကြီးမာမာ၊ နေပူခေါင်ခေါင်မှာ မစို့မပို့ ပက်ဖြန်းထားတဲ့ ရေလေးတွေနဲ့ ဒီအပင်တွေ မဖြစ်နိုင်ဘူး ထင်ပါရဲ့။ စက္ကူပင်အချို့ စိုက်ပျိုးထားတာ တွေ့ရတဲ့အတွက်တော့ သဘောကျမိတယ်။ အပူပိုင်းဒေသအတွက် အင်မတန် သင့်လျော်တဲ့ အပင်တွေလို့ ယူဆလို့ပါ။ သူတို့တွေကတော့ ရေသိပ်မလိုသလို၊ နည်းနည်းလေး ကြီးလာတာနဲ့ ပစ်ထားလို့ရတဲ့ အပင်တွေမို့ပါ။
(၄)
စိတ်ရှုပ်စရာကတော့ အမရပူရအနား ရောက်ခါနီးအချိန်မှာ အဝေးပြေးလမ်းမကြီးကို ပိတ်ထားတာပါပဲ။ လမ်းပိုင်းတွေ မပြီးသေးလို့ပါလို့ အကြောင်းပြပါတယ်။ ဒါဆိုရင် ဘာဖြစ်လို့ နေပြည်တော်-မန္တလေးလမ်းပိုင်း ဆိုပြီး ဖွင့်ပွဲလုပ်ခဲ့သလဲဆိုတာ စဉ်းစားမရဘူး။ ဘေးကသူငယ်ချင်းကတော့ နေပြည်တော်-တံတားဦး လမ်းပိုင်းပဲ ဖွင့်ခဲ့တာလို့ ပြောပါတယ်။ ကျွန်တော်ပဲ အမှတ်မှားတာလား မသိပါ။ ကျွန်တော်ထင်တာက ရန်ကုန်-မန္တလေး ခရီးကို အဝေးပြေးလမ်းမကြီးကနေ တိုက်ရိုက်သွားနိုင်ပြီဆိုတာပါ။ ကားပေါ်မှာ ပါလာတဲ့ သူငယ်ချင်းတစ်ယောက်က စက်မှုမြို့သစ်ကို သွားရမှာမို့ အကျိုးအကြောင်း ရှင်းပြပြီး တောင်းပန်ပေမယ့် ဘယ်လိုမှကို ခွင့်မပြုပါဘူး။ အဲဒါနဲ့ သူတို့ညွှန်တဲ့ အမရပူရ ဘက်ကနေ လမ်းလွှဲသွားဖို့ ပြင်နေတုန်းမှာပဲ ကျွန်တော်တို့ကားနောက်မှာ နောက်ထပ် ကားနှစ်စီး ထပ်ရောက်လာပါတယ်။ စောစောကလိုပဲ ကျွန်တော်တို့ကို ရှင်းပြသလို သူတို့ကို သွားရှင်းပြနေတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီကားတွေက ဘာပြောလိုက်တယ် မသိပါဘူး။ တားထားတဲ့ တန်းတွေကို ဖြုတ်ပေးလိုက်ပါတယ်။ အဲဒီကားနှစ်စီးလည်း ၀ူးကနဲ မောင်းထွက်သွားပါတယ်။ ကျွန်တော်တို့ကားပေါ်မှာ ပါလာတဲ့ လူအားလုံး ဘယ်လောက်တောင် စိတ်တိုသွားမလဲဆိုတာ စဉ်းစားသာ ကြည့်ပါတော့ဗျာ။ ကျွန်တော်တို့တွေက ၁၀ မိနစ်လောက် တောင်းတောင်းပန်ပန်နဲ့ ပြောဆိုနေတုန်းကတော့ ရှင်ဘုရင်လေသံနဲ့ ခပ်တင်းတင်း ဆိုခဲ့တဲ့ လူတွေက အခုလို လုပ်လိုက်တဲ့အတွက် တော်တော်ကြီးကို ဒေါသထွက်သွားမိပါတယ်။ မိတ်ဆွေအစ်ကိုကြီးက ဘယ်လိုမှကို သည်းမခံတော့ပါဘူး။ အဲဒီဂိတ်က လူတွေကို ကားပေါ်ကနေ ဆင်းပြောပါတော့တယ်။ အဲဒီတော့လည်း ဂိတ်ကလူတွေဟာ သူတို့ မဟုတ်သလိုပါပဲ။ မျက်နှာငယ်လေးတွေနဲ့ ဘာမှ ပြန်မပြောနိုင်ကြပါဘူး။ ကျွန်တော်တို့ကားကိုလည်း သွားလို့ရပါပြီဆိုပြီး တားထားတဲ့ တန်းတွေဖယ်ပေးပါတယ်။ ကျွန်တော်တို့ လူမျိုးတွေက အဲဒီလိုပါဆိုနေမှ။
(၅)
လမ်းတစ်လျှောက်မှာ အ၀ိုင်းပတ် သုံးခုလောက် တွေ့ခဲ့ရတယ်။ တစ်ခုမှ အဆင်မပြေဘူး။ နေပြည်တော်က အ၀ိုင်းတွေကို သဘောကျပြီး လုပ်ထားတယ်လို့ ယူဆရပေမယ့် ဘယ်လိုမှကို အဆင်မပြေတဲ့ အ၀ိုင်းတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ကားမောင်းလာရင်းနဲ့ အ၀ိုင်းကိုတွေ့ပြီဆိုတာနဲ့ ကားအရှိန်ကို လျှော့ဖို့သာ ပြင်ထားပေတော့ပဲ။ အ၀ိုင်းမို့ အေးအေးဆေးဆေး အ၀ိုင်းပတ်လို့ရမယ် မထင်နဲ့။ အ၀ိုင်းပတ်ဖို့အတွက် လမ်းကို အဆင်ပြေအောင် ပြင်ဆင်ထားတာမရှိဘဲ လမ်းဆုံနေရာတည့်တည့်မှာ အ၀ိုင်းပတ်ကြီး ဆောက်ထားလိုက်တဲ့ သဘောသက်သက်ပါပဲ။ လမ်းတွေဟာ အ၀ိုင်းပတ်မှာ တည့်တည့်ကြီးကို ထိပ်တိုက်လာတိုးကြတာကိုး။ သေချာတာကတော့ အရှိန်မထိန်းနိုင်တဲ့ ကားတွေဆိုရင်တော့ အ၀ိုင်းပေါ်မှာတက်ပြီး အနားယူကြပေါ့။ အဆင်ပြေအောင် ပြန်ပြင်ကြဦးမယ်လို့ ယူဆပါတယ်။
(၆)
မန္တလေးရဲ့ စက်ဘီး၊ ဆိုင်ကယ်တွေ ရှုပ်ထွေးမှုကတော့ တကယ်ပဲ စာဖွဲ့သင့်၊ စာတင်သင့်ပါတယ်ဗျာ။ အဝေးပြေးလမ်းမကြီးမှာ မောင်းလာတဲ့ကားကို စီးလာရပြီး ချက်ချင်းလက်ငင်း ဆိုက်ကားပြောင်းစီးရသလို ဖြစ်သွားရတယ်။ ဟိုကထွက်လာလိုက်၊ ဒီကထွက်လာလိုက် စီးနေကြတဲ့ ဆိုင်ကယ်တွေကို ကြည့်ရတာနဲ့တင် မောင်းနေတဲ့ အစ်ကိုကြီးတော့ မသိဘူး။ ထိုင်လိုက်လာရတဲ့ ကျွန်တော်ကတော့ အတော်ကြီးကို စိတ်တွေမော၊ ရင်တွေတုန်၊ ဒေါသတွေဖြစ်၊ စိတ်တွေညစ်နဲ့ပေါ့ဗျာ။ အချက်ပြမီး မပြဘဲ သူတို့ကွေ့ချင်စိတ် ပေါ်လာလို့ရှိရင် ကွေ့ပစ်လိုက်တာမျိုး၊ ရှေ့မှာ ကားရှိသလား၊ ဘာလားဆိုတာ နည်းနည်းလေးမှ မကြည့်ဘဲ သူတို့ကျော်တက်ချင်ရင် ကျော်တက်လိုက်တာမျိုးကတော့ မန္တလေးရဲ့ ဆိုင်ကယ်ယဉ်ကျေးမှုပဲ ထင်ပါရဲ့ဗျာ။
(၇)
ညနေ ၅ နာရီခွဲမှာ မန္တလေးက မှောင်စပျိုးနေပြီ။ ဆောင်းဝင်နေပြီပဲ။ ဗင်ကားတွေ မရှိတော့တဲ့အတွက် လာတဲ့ လိုင်းကားကို တားစီးခဲ့ရတယ်။ သွပ်ပြားတွေ၊ ဆန်အိတ်တွေကြားမှာ ခြေထောက်လည်း ဆန့်လို့မရ၊ ထိုင်လို့မရ၊ ခေါင်းလည်းမော့လို့မရဘဲ ပြင်ဦးလွင်ကို ခရီးဆက်ခဲ့ရတာကတော့ တကယ့်ကို အမှတ်တရပါပဲဗျာ။ ကားသံတန်းတွေကို တစ်လမ်းလုံး ဆွဲကိုင်ပြီး လိုက်ခဲ့ရတော့ လက်မောင်းတွေတောင် နာလို့ကျင်လို့ပါပဲ။ တကယ့်ကို အတွေ့အကြုံပါပဲဗျာ။
(၈)
ပြင်ဦးလွင်ရဲ့ ကြိုဆိုပုံက သိပ်အေးမြတာပဲ။ နေပြည်တော်မှာ၊ မန္တလေးမှာ ပူသလောက် ပြင်ဦးလွင်ကတော့ ဆောင်းပီပြင်နေပြီပဲ။ အပေါ်မှာ အနွေးထည်တစ်ခု ထပ်မ၀တ်ဘဲ နေလို့မရအောင်ကို အေးမြနေခဲ့ပြီလေ။ ကားမီးတွေကြားမှာ မြင်ရတဲ့ မြူမှုန်တွေကြောင့် ပင်ပန်းလာတဲ့ စိတ်တွေ လန်းဆန်းသွားရတာ အမှန်ပါပဲ။ လွမ်းလိုက်ရတာ ပြင်ဦးလွင်ရယ်။ အခုမှပဲ အလွမ်းပြေတော့တယ်။
(၉)
နေခဲ့ဖူးတဲ့ အခန်းက ဘာမှကြီးကြီးမားမား မပြောင်းလဲဘဲ ဒီအတိုင်းရှိနေတာကို အံ့သြလို့မဆုံးဘူး။ ဆရာအောင်သင်းစကား ငှားပြောရမယ်ဆိုရင် ကျလုလု မျက်ရည်ကို မနည်းပြန်ရှုံ့ထားရတယ် ဆိုသလိုပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က အငွေ့အသက်တွေက အခုထိ ဒီအတိုင်းရှိနေတုန်းပဲ။ ကောဇောခင်းကလည်း ဒီအတိုင်း၊ ခန်းဆီးလိုက်ကာတွေကလည်း ဒီအတိုင်း၊ တံခါးဘောင်ပေါ်မှာတင်ထားတဲ့ ဇီးကွက်ရုပ်လေးတွေကလည်း ဒီအတိုင်း၊ ခြေသုတ်ခုံလေးကလည်း ဒီအတိုင်း၊ အိုး… အားလုံးနီးပါး ဒီအတိုင်းပါပဲလေ။ ယုတ်စွအဆုံး အခန်းနံရံမှာကပ်ထားတဲ့ ရွန်းနီနဲ့ သရဲနီအသင်းသားတွေရဲ့ ဓာတ်ပုံတွေတောင် ဒီအတိုင်းပါပဲ။ ကဲ… ဘယ်လောက်များ လွမ်းစရာကောင်းလိုက်သလဲ။
(၁၀)
ဟံမြင့်မိုရ်ခရီးစဉ်ကလည်း အမှတ်တရပါပဲ။ ပြင်ဦးလွင်က ပြန်သယ်လာခဲ့တဲ့ ကျွန်တော့်ရဲ့ စာအုပ်အိတ် (၄) အိတ်နဲ့အတူ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းပါပဲ။ မန္တလေး-မိတ္ထီလာကားကို တစ်လမ်းလုံး စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ စီးခဲ့ရပါတယ်။ ခြေထောက်လည်း ဆန့်လို့မရ၊ ခေါင်းလည်း လှည့်လို့မရ၊ လူလည်း လှည့်လို့လှုပ်လို့မရ၊ ခါးလည်းဆန့်လို့မရ၊ ဒီကြားထဲ ကားသေးသေးလေးထဲမှာ စီးလာတဲ့လူက အယောက် ၆၀ ကျော်ဆိုတော့ အဲဒီလူတွေရဲ့ လူငွေ့တွေ၊ လူနံ့တွေနဲ့ စဉ်းစားသာကြည့်တော့။ ကားထဲမှာက ခြေချစရာတောင် နေရာမရှိတော့ဘူး။ ကားခေါင်မိုးပေါ်မှာလည်း လူတွေ၊ ကုန်တွေက ပဒေသာပင် သီးထားသလို ဖြစ်နေပြီ။ ဒီကြားထဲ လမ်းမှာ လက်ပြတားသမျှကို ကိုရွှေစပါယ်ယာနဲ့ ယာဉ်မောင်းက တင်ချင်နေသေးတယ်။ သည်းမခံနိုင်တဲ့ ခရီးသည် အမျိုးသမီးကြီးတွေနဲ့ စကားတွေ များနေကြပြန်ပါရော။ ကျွန်တော်ကတော့ စိတ်ညစ်နေလည်း ဘာမှမထူးဘူးဆိုပြီး၊ သိပ်မဆန်းတဲ့ ခပ်ညံ့ညံ့ ၀တ္ထုတစ်ပုဒ် ဖတ်နေရတယ်လို့ပဲ သဘောထားလိုက်ပါတယ်။
(၁၁)
မိသားစုတွေနဲ့ ပြန်တွေ့ရတဲ့ အရသာဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင် ကျေနပ်စရာကောင်းပါတယ်။ အဖေ့မျက်နှာ၊ အမေ့မျက်နှာကို မြင်လိုက်ရတာနဲ့တင် မနောပီတိ ဂွမ်းဆီထိ ဖြစ်ရပါတယ်။ အဖေတို့၊ အမေတို့ အရွယ်ရလာတော့ ရုပ်တွေကျသွားတယ်။ ရင်ထဲမှာ အလိုလိုဝမ်းနည်းသွားမိတယ်။ အဖေတို့၊ အမေတို့ စိတ်မကောင်းဖြစ်နေမှာ စိုးတဲ့အတွက် ရင်ထဲက ခံစားချက်ကို မြိုသိပ်ထားလိုက်တယ်။ အင်းပေါ့လေ… သူတို့လည်း ဘ၀တစ်လျှောက်လုံး ကျွန်တော်တို့အတွက် ပင်ပန်းခဲ့ပြီးပြီပဲ။ အဲဒီအရှိန်တွေကြောင့် ဖြစ်မှာပေါ့။ ကျွန်တော်တို့ မောင်နှမ သုံးယောက်အတွက် သူတို့တာဝန်တွေ ကျေခဲ့ပါတယ်။ ကျွန်တော်တို့ကသာ သူတို့အပေါ်မှာ တာဝန်ကျေနိုင်ပါ့မလားလို့ စိုးရိမ် ပူပန်နေမိတယ်။ မကြားရတာကြာပြီဖြစ်တဲ့ အဖေနဲ့ အမေရဲ့ ဇာတ်လမ်းပမာ နားဆင်စရာတွေကို ပြန်ကြားရတော့ ပြန်ငယ်သွားသလို ခံစားရတယ်။ ကျန်တာတွေ ဘယ်လောက်ပဲ ပျော်စရာကောင်းကောင်း၊ ၀မ်းသာစရာကောင်းကောင်း၊ ကျွန်တော့်အတွက်တော့ အရက်မသောက်တော့တဲ့ အဖေ့ကို တွေ့ရတာတစ်ခုတည်းနဲ့တင် အရာအားလုံးကို မေ့ပစ်လိုက်နိုင်တယ်။ အဖေ အရက်ပြတ်နေတာ (၂) နှစ် ကျော်သွားပြီတဲ့။ ကျေးဇူးပါအဖေ။
(၁၂)
အစ်ကိုကြီး ကိုနီရဲ့ ကျေးဇူးကြောင့် ပန်းလောင်မြေဖြစ်တဲ့ မြစ်သားမြို့ကို ပြန်ရောက်ဖြစ်တယ်။ အစကတော့ ကျောက်ဆည်မြို့ကို သွားလည်မလို့ပါပဲ။ ဒါပေမယ့် မရောက်တာကြာတဲ့ မွေးရပ်မြေကို သွားချင်တဲ့စိတ်ကြောင့် မြစ်သားကိုပဲ ရွေးချယ်ဖြစ်တယ်။ ပထမဆုံးအနေနဲ့ ပန်းလောင်မြစ်ကို ရေလမ်းကြောင်းပြောင်းပြီး တည်ဆောက်ထားတဲ့ စမာရေလွှဲဆည်ကို ရောက်ခဲ့တယ်။ အဲဒီဆည် ဆောက်တုန်းကတော့ ဆည်ရေသောက် လယ်တွေအတွက် ၀မ်းသာခဲ့ရတယ်။ ပန်းလောင်ရေသောက်ပြီး ရှင်သန်ကြီးထွား ရင့်မှည့်နေမယ့် စပါးပင်တွေ၊ သီးပင်စားပင်တွေကို စိတ်ကူးကြည့်ခဲ့ဖူးတယ်။ အခုရောက်တဲ့အချိန်မှာ အဲဒီအချိန်က စိတ်ကူးယဉ်မှုတွေ အားလုံးပျောက်ကွယ်ခဲ့ရတဲ့အပြင် ဒီနေရာကို မလာခဲ့မိရင် အကောင်းသားဆိုတဲ့စိတ် ဖြစ်သွားခဲ့မိတယ်။ ပန်းလောင်မြစ်ကြီးကိုယ်စား ကျွန်တော်ကပဲ စကားတွေပြောဖြစ်ခဲ့တယ်။ လုပ်ရက်လိုက်ကြတာကွာ။ ပန်းလောင်မြစ်ကြီးကတော့ ပုံစံတွေပြောင်းပြီး အလှတွေပျက်၊ သေးကြုံလှီငယ်ပြီး၊ အားပြတ်နေတဲ့ လူမမာတစ်ယောက်လို ဖြစ်နေပါပြီ။ ကျွန်တော့်ရင်ထဲ မချိဘူး။ ပန်းလောင်မြစ်ကိုတောင် ဓာတ်ပုံမရိုက်ခဲ့ဘူး။ ကြည့်မိတိုင်း ခဏခဏ ရင်နာနေရမှာစိုးလို့။ နှစ်တွေအကြာကြီး နေခဲ့ဖူးတဲ့ အိမ်လေးကို သွားကြည့်ဖြစ်တယ်။ အရာအားလုံး ပြောင်းလဲနေပြီ။ မူလအငွေ့အသက်တွေ နည်းနည်းပဲ ကျန်တော့တယ်။ ခြံစည်းရိုးကအစ အားလုံး ပုံစံအသစ်နဲ့ အသားကျနေပုံပါပဲ။ လမ်းတွေကတော့ အရင်ကလိုပဲ… ချိုင့်ထူဆဲ၊ ဗွက်ထဆဲ။ မူလတန်းကျောင်းကို သွားကြည့်ဖြစ်ပေမယ့် တံခါးတွေအားလုံး သော့ခတ်ထားတယ်။ ကျောင်းစောင့်လည်း ရှာမတွေ့တာကြောင့် ၀င်မကြည့်ခဲ့ရဘူး။ အပြင်ကနေပဲ လှမ်းကြည့်ဖြစ်တယ်။ သစ်သားဆောင်တွေအားလုံး အုတ်တွေ၊ အင်္ဂတေတွေနဲ့ ဖြစ်သွားတာတွေ့ရတယ်။ ၀မ်းသာရပါတယ်။ မင်းကုန်းဘုန်းကြီးကျောင်းကို ၀င်ဖြစ်တယ်။ ဆရာတော်နဲ့ တွေ့တယ်။ ဆရာတော်က မှတ်မိတယ်။ အခြားသော သူငယ်ချင်းတွေကိုလည်း မေးရှာတယ်။ ဘယ်သူကတော့ ဘယ်မှာလို့ ပြောရှာတယ်။ ငယ်ငယ်တုန်းက နွေရာသီရောက်တိုင်း ယဉ်ကျေးမှုသင်တန်း၊ မြန်မာစာသင်တန်း၊ အဘိဓမ္မာသင်တန်းတွေ တက်ခဲ့ရတဲ့ ဘုန်းတော်ကြီးကျောင်းဟာလည်း တခမ်းတနားကြီး ဖြစ်နေပါပြီ။ ကျောင်းဝင်းအတွင်းမှာ စေတီတစ်ဆူ တည်ထားတာ တွေ့ရတယ်။ အထဲမှာ ပူဇော်ထားတာက မန္တလေးမဟာမုနိပုံစံတူ ရုပ်ပွားတော်မြတ်ပါ။ အလွန်သပ္ပါယ်ပါတယ်။ ဆွမ်းစားချိန်ရောက်နေတဲ့အတွက် ဆရာတော်ကိုတောင် နှုတ်မဆက်ခဲ့ရဘဲ ပြန်လာခဲ့တယ်။ ပညာရင်နို့သောက်စို့ခဲ့တဲ့ အထက်တန်းကျောင်းကို အမှတ်တရ ဓာတ်ပုံဝင်ရိုက်ဖြစ်တယ်။ ကျောင်းပိတ်ထားတော့ အထဲမ၀င်ဖြစ်ဘဲ အ၀င်ပေါက်ကနေပဲ ဓာတ်ပုံရိုက်ခဲ့တယ်။ လွမ်းစရာကြီးပါပဲ။ တောမြောင်းကိုရောက်တော့ မြစ်သားမြို့အ၀င် ဆိုင်းဘုတ်မှာ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့တယ်။ ငယ်ငယ်တုန်းက ဆောင်းတွင်းဆိုရင် မနက်အစောကြီး လမ်းထလျှောက်တိုင်း ရောက်အောင်လျှောက်ခဲ့ရတဲ့ ရည်မှန်းချက်နေရာပေါ့ဗျာ။ ဘာမှ မပြောင်းလဲဘူး။ အရင်တုန်းကအတိုင်းပဲ ဘေးနားမှာ ကြာပန်းတွေပေါက်နေတုန်းပဲ။
(၁၃)
ရန်ကုန်ခရီးစဉ်အတွက်တော့ ကြည်နူးစရာအပြည့်ပါ။ အမှတ်ရစရာတွေ အများကြီးနဲ့ အမှတ်ထင်ထင် ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ တွေ့ချင်တဲ့လူတွေနဲ့ တွေ့ခွင့်ရတယ်။ ဆန္ဒရှိနေတာ ကြာပြီဖြစ်တဲ့ ကွန်ပျူတာ လက်ပ်တော့တစ်လုံး ၀ယ်ဖြစ်ခဲ့တယ်။ မျှော်လင့်စောင့်စားခဲ့ရတဲ့ လက်ရှိအလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ၀မ်းသာစရာ သတင်းစကားကို ရန်ကုန်မှာပဲ ကြားခွင့်ရခဲ့တယ်။ ကျေနပ်ဖို့အကောင်းဆုံးကတော့ လမ်းမတော် ၁၃ လမ်း (အောက်) (ဦးဘဂျမ်းလမ်း) မှာ ပြုလုပ်တဲ့ ကာတွန်းပွဲတော်ကို သွားခွင့်ရခဲ့တာပါပဲ။ ကာတွန်းတွေ ခံစားရင်း၊ ရယ်မောရင်း၊ ဓာတ်ပုံတွေရိုက်ရင်း ပျော်ရွှင်ခဲ့ရပါတယ်။
(၁၄)
အရေးကြီး အလုပ်ကိစ္စတစ်ခု ပေါ်လာတဲ့အတွက် ရန်ကုန်ကနေ စီစဉ်ထားတာထက် တစ်ရက်စောပြီး ပြန်လာခဲ့ရတယ်။ ညတွင်းချင်းကြီး ချက်ချင်းကောက်ပြန်နိုင်ဖို့ ကားလက်မှတ်ဝယ်ရတာ၊ ပစ္စည်းတွေ သိမ်းဆည်းရတာ၊ တည်းခိုတဲ့အိမ်ကနေ အဝေးပြေးကားဝင်းကို တက္ကစီငှားရတာ၊ ကားဝင်းမှာ သူငယ်ချင်းကို တွေ့အောင်ရှာရတာ အားလုံးဟာ အမှတ်တရပါပဲ။
(၁၅)
ဘာတွေ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ ပြီးခဲ့တဲ့ ရက်ပိုင်းတွေဟာ ကျွန်တော့်အတွက် ကျေနပ်ပျော်ရွှင်စရာ ခရီးစဉ်တွေနဲ့ ဖြစ်ခဲ့ရပါတယ်။ အဲဒီအတွက် ကြုံဆုံခဲ့ရတဲ့သူ အားလုံးကို ကျေးဇူးတင်ရှိကြောင်းပါဗျာ။ အထူးသဖြင့် သူငယ်ချင်း ဂျိုကာကျော်၊ ညီငယ် လူကလေး၊ အစ်ကိုကြီး ကိုနီ နဲ့ ယုလေးတို့ မိသားစုတွေပေါ့ဗျာ။ ကျွန်တော့်လိုပဲ သူတို့တွေအားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း……။
Posted by Ko Nyan Posted Time 3:43 PM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, ကိုယ်တွေ့
(၁)
ကျွန်တော်ကိုဉာဏ် မပြောမဆို ဘွားကနဲ ပေါ်လာတဲ့အတွက် မိတ်ဆွေတွေဆီက မေးခွန်းတွေမျိုးစုံ ရရှိပါတယ်။ ဘယ်တွေရောက်နေလဲ၊ ဘာတွေလုပ်နေလဲ၊ အဆင်ပြေရဲ့လား စတဲ့မေးခွန်းတွေနဲ့ အစပျိုးပြီးသကာလ နောက်ဆုံးတော့လည်း သူတို့မေးချင်တဲ့ဆီကို ရောက်သွားတာပါပဲ။ ဟုတ်ကဲ့... ဖြေပါ့မယ်ခင်ဗျား။
(၂)
ကျွန်တော်ကိုဉာဏ် စစ်တွေမှာပဲ ရှိကြောင်းပါခင်ဗျား။ ဘာတွေလုပ်နေလဲဆိုတော့ အစုံပါပဲလို့ ဖြေရမယ်ထင်ပါရဲ့။ ဘာလုပ်နေပါတယ်လို့ သတ်သတ်မှတ်မှတ် ဖြေလို့မရတဲ့အတွက်ပါ။ အဆင်ပြေရဲ့လားဆိုတော့ အားလုံးအဆင်ပြေကြောင်းပါ။ စာဖတ်ဖို့အတွက် အချိန်ရအောင် လုနေရတာရယ်၊ ခလုတ်ဖွင့်လိုက်တိုင်း မီးမလင်းသေးတာရယ်၊ စိတ်ကူးထဲမှာ ပြောချင်တာ၊ ရှာချင်တာ၊ သိချင်တာ တစ်ခုခုပေါ်လာတိုင်း အနီးအနားမှာ အင်တာနက် အလွယ်တကူ သုံးလို့ရတဲ့အခြေအနေမှာ မရှိတာရယ်တွေကလွဲရင် အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ ကျန်းမာရေးလည်း ကောင်းပါကြောင်းခင်ဗျား။ မိုးတွေအရမ်းများပြီး ဗွက်ထနေတဲ့အတွက် ဘောလုံးမကန်ရလေတော့ နဂိုကတည်းက ထွက်ချင်နေတဲ့ ဗိုက်ပူပူလေးက အခုတော့ ဗိုက်ပူပူကြီး ဖြစ်နေကြောင်းပါ။ ( သူငယ်ချင်းတွေကတော့ ဒါမှခန့်တာကွလို့ မြှောက်ပေးကြသည်။ မြှောက်ပေးမှန်းသိသော်လည်း ပုထုဇဉ်ပီပီ လက်ဘက်ရည်တိုက်လိုက်ကြောင်းပါ။ ဤကား စကားချပ်)
(၃)
စာတွေဖတ်ဖြစ်သလားဆိုတော့ ဖတ်ဖြစ်ကြောင်းပါ။ တစ်ပတ်တစ်ပတ် နေ့စဉ်ထုတ် ဂျာနယ်များကို ဖတ်ခွင့်ရရေးအတွက် ကြိုးပမ်းရသည်မှာ မလွယ်ကူလှပါ။ ဂျာနယ်အရောင်းဆိုင် (၄)ဆိုင်လောက်သာ ကြီးကြီးမားမားရှိသော အရပ်ဒေသတွင် မိမိဖတ်ချင်သည့်ဂျာနယ်ကို ဖတ်ခွင့်ရအောင် ကြိုးပမ်းရသည့် ဒုက္ခသည် ပြောပြလျှင် ရယ်စရာဖြစ်ပါလိမ့်မည်။ တနင်္လာနေ့ထွက်သော ဂျာနယ်တစ်စောင်ကို အင်္ဂါနေ့တွင် သွားဝယ်လျှင် မရှိတော့ဘူးဟု ဖြေပါလိမ့်မည်။ ထို့အတွက် တနင်္လာနေ့တွင် ၀ီရိယထားပြီး သွားဝယ်ပြန်တော့လည်း မရောက်သေးဘူး၊ မနက်ဖြန်မှရောက်မယ်ဟု ကြုံရတတ်ပြန်ပါသည်။ မနက်ဖြန်သွားပြန်တော့လည်း မိုးရွာနေသည့်အတွက် လေယာဉ်ခရီးစဉ်တွေ မရှိသဖြင့် ဒီအပတ် မပို့တော့ဘူးဟု လုပ်ပြန်တတ်ပါသည်။ ဂျာနယ်အရောင်းဆိုင်က လမ်းထိပ်တွင်ရှိတာ၊ အိမ်ဘေးမှာတင် ရှိတာဆိုလျှင် အကြောင်းမဟုတ်ပါ။ အခုတော့ ကျွန်တော်ကိုဉာဏ် နေသည့်နေရာမှ အဆိုပါဂျာနယ်ဆိုင်များရှိရာ စစ်တွေမြို့ထဲသို့ရောက်ရန် မိနစ် ၄၀ ခန့် ဆိုင်ကယ်ဖြင့် သွားရပါသည်။ အသွားအပြန် ဓာတ်ဆီတစ်ပုလင်း ကုန်သည်ဆိုလျှင်ပင် ဂျာနယ်တစ်စောင်အတွက် ဆင်ဖိုးထက် ချွန်းဖိုးကြီး ဖြစ်ရပါတော့သည်။ သို့သော်လည်း ၀ဋ်ကြီးသူပီပီ မဖတ်ရပြန်လျှင်လည်း မနေနိုင်သည့်အတွက် ရအောင်ရှာရ၊ ၀ယ်ရ၊ ဖတ်ရတာပါပဲခင်ဗျား။
(၄)
အခုလက်ရှိ နိုင်ငံရေးအခြေအနေတွေကို ဘယ်လိုမြင်သလဲဗျဟု မေးလာကြသူတွေကလည်း အများသား။ ထူးတော့မထူးဆန်းပါပေ။ ပြည်သူအများစု စိတ်ဝင်စားနေသည့် အချိန်ပေကိုး။ ကျွန်တော့်မှာ ဖြေစရာတွေ အများကြီးရှိနေပါသည်။ သို့သော် မဖြေချင်သေးပါ။ ထို့ကြောင့် အဆိုပါမေးခွန်း မေးလာသူတိုင်းကို မြန်မာ့သွေးဘလော့ဂ်တွင် တင်ပေးခဲ့ဖူးသော ဆရာမောင်စူးစမ်း၏ ဆောင်းပါးများကို ပြန်လည်ဖတ်ရှုစေလိုကြောင်း ပြောကြားလိုပါသည်။
(၅)
လက်ရှိအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို အသိအမှတ်ပြု ကြိုဆိုပါသည်။ မျှော်လင့်ချက်လည်း ထားပါသည်။ တစ်နှစ်မပြည့်သေးသည့် ကာလတိုလေးအတွင်းတွင် လက်ရှိအစိုးရအပေါ် အချို့သော ဝေဖန်နေမှုများမှာ စိတ်ပျက်စရာဖြစ်ပါသည်။ လက်ရှိအစိုးရသည် သိကြားမင်းဦးဆောင်သည့် အစိုးရမဟုတ်ပါ။ လူသားတစ်ဦးဖြစ်သည့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသာ ဖြစ်ပါသည်။ နတ်တို့ဖန်ဆင်းသည့်အလား အစစအရာရာ ဥုံဖွဆိုတာမျိုးတော့ မမျှော်လင့်သင့်ပါကြောင်း ကျွန်တော်ကိုဉာဏ်က အကြံပြုလိုပါသည်။
(၆)
လက်ရှိအစိုးရက မူဝါဒတွေ၊ စနစ်တွေ ပြောင်းလဲဖို့ လုပ်နေသည်။ သို့သော် လူတန်းစားအသီးသီးတို့က အဆင်သင့်မဖြစ်သေး။ နေရာတိုင်းတွင် လိုအပ်ချက်တွေ ရှိနေဆဲ။ မဖျောက်နိုင်သေးသည့် အကျင့်ဟောင်းတွေ ရှိနေဆဲဖြစ်သည်။ စာရေးက စာရေးအလျောက်၊ ၀န်ထမ်းက ၀န်ထမ်းအလျောက်၊ ကားမောင်းသူက ကားမောင်းသူအလျောက်၊ စပယ်ယာက စပယ်ယာအလျောက်၊ ဈေးရောင်းသူက ဈေးရောင်းသူအလျောက်၊ စီးပွားရေးသမားက စီးပွားရေးသမားအလျောက်၊ ကျောင်းဆရာက ကျောင်းဆရာအလျောက် စသဖြင့် မိမိနှင့်သက်ဆိုင်သည့် နေရာများတွင် အရိုးစွဲနေသည့် အကျင့်ဟောင်းများ၊ အကျင့်ဆိုးများကို ပြုပြင်ပြီး ခေတ်စနစ်နှင့် လိုက်လျောညီထွေသည့် အကျင့်ကောင်းများ မွေးမြူကြဖို့ လိုနေကြပြီ ဖြစ်ပါသည်။ သို့မှသာ တစ်နိုင်ငံလုံး တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပါသည်။ အစိုးရပဲ ကောင်းပြီး ကျန်သည့်လူများ မကောင်းလျှင်ရော.... မည်သို့ရှိနိုင်သည်ကို မှန်းဆကြစေလိုပါသည်။
(၇)
အခုများတော့ တော်ပါသေးပြီ။ နောက်များမှ ဆက်ရေးပါဦးမည်ခင်ဗျား။ ကမ္ဘာ့ရွာကြီးထဲတွင် ဟိုသွားဒီသွား လျှောက်သွားခွင့် ပြုကြပါဦးခင်ဗျား။
Posted by Ko Nyan Posted Time 1:34 PM 0 Comment(s)
Labels မြန်မာ့သွေး, အထွေထွေ-Various
(၁)
မြန်မာ့သွေးမိတ်ဆွေများ ကျန်းခံ့သာလို့ မာပါစခင်ဗျား။ ကျွန်တော်ကိုဉာဏ် တစ်ကျော့ပြန် ပေါ်လာရကြောင်းပါခင်ဗျာ။ သရဲခြောက်တာ မဟုတ်ရပါ။ အမှန်တကယ် ကိုဉာဏ်အစစ်အမှန် ဖြစ်ကြောင်းပါခင်ဗျ။ အားလုံးပဲ စိတ်ရွှင်လန်းစွာဖြင့် ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရကြောင်းပါ။
(၂)
ဒီနေ့တော့ ကမ္ဘာ့ရွာကြီးထဲကို အလည်တစ်ခေါက် ပြန်ရောက်ရကြောင်းပါ။ အမယ်လေး... ကျွန်တော်ကိုဉာဏ်ဖြင့် မျက်စိတွေလည်ပြီး မနည်းကို သွားလာနေရကြောင်းပါဗျာ။ ကျွန်တော်မရောက်ဖြစ်တဲ့ အချိန်အတောအတွင်းမှာ ကမ္ဘာ့ရွာကြီး ပြောင်းလဲနေလိုက်ပုံများဖြင့် ပြောကိုမပြောချင်တော့ပေါင်ဗျာ။ တောသားမြို့ရောက် ဆိုတဲ့စကားအတိုင်း ပြောရမယ်ဆိုရင်တော့ ကိုဉာဏ်ရွာရောက် ဖြစ်နေတော့တာပေါ့။ ဟိုဟာတွေကလည်း အထူးအဆန်းတွေဖြစ်၊ ဒီဟာတွေကလည်း အထူးအဆန်းတွေဖြစ်နဲ့ပေါ့ခင်ဗျာ။ ဟိုဟာလေးလည်း ၀င်ကြည့်ချင်၊ ဒီဟာလေးလည်း ၀င်ကြည့်ချင်နဲ့ ငယ်ငယ်ကသာဆိုရင် ဘေးမှာရှိနေတဲ့ အဖေ၊ အမေတွေက ခေါင်းကို ဒေါက်ကနဲ ခေါက်ကြမှာ အသေအချာပေါ့ဗျာ။ ဘာပဲပြောပြော အခုတော့ ကမ္ဘာ့ရွာကြီးထဲကို အလည်ရောက်နေရတာကို ကျွန်တော်ကိုဉာဏ် ပျော်ရွှင်ကျေနပ်နေကြောင်းပါ ခင်ဗျ။
(၃)
ကမ္ဘာ့ရွာထဲရောက်တာနဲ့ ပထမဆုံး စဖွင့်မိတာက မြန်မာ့သွေးဘလော့ဂ်ပေါ့ခင်ဗျာ။ စီဘောက်မှာ ရေးထားတာလေးတွေကို လိုက်ဖတ်ပြီး ကျေနပ်ပီတိဖြစ်ရပါဘိဗျာ။ ရေးထားတဲ့သူတွေရော၊ မရေးဖြစ်သော်လည်း အဲဒီစာတွေကို လာဖတ်တဲ့လူတွေကိုရော ကျေးဇူးတင်ကြောင်းပါခင်ဗျ။ ကျွန်တော်ကိုဉာဏ် ပျော်ရွှင်ရသလို ခင်ဗျားတို့လည်း ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါသဗျာ။
(၄)
ကွန်းမန့်တွေကိုလည်း ဖတ်ရပါ့ခင်ဗျာ။ ကျေးဇူးတင်လို့ မဆုံးပါ။ အများကြီးမဟုတ်ပေမယ့် ကျွန်တော့်ဘလော့ဂ်ကို ပုံမှန်ဖတ်နေတဲ့လူတွေ ရှိနေတယ်ဆိုတဲ့အတွက် ၀မ်းသာရပါတယ်။ တကယ့်ကို ၀မ်းသာရကြောင်းပါခင်ဗျာ။
(၅)
မြန်မာ့သွေးမိတ်ဆွေများအတွက် ပို့စ်အသစ်များ တင်ပေးနိုင်ရန် ကျွန်တော်ကိုဉာဏ် ကြိုးစားလျက်ရှိပါကြောင်း ပြောကြားရင်းနဲ့ ပြန်လည်နှုတ်ခွန်းဆက်သလိုက်ရကြောင်းပါခင်ဗျာ။
Posted by Ko Nyan Posted Time 4:45 PM 0 Comment(s)
Labels အထွေထွေ-Various
အင်တာနက်သုံးဖို့ အဆင်မပြေတဲ့အတွက် ဘလော့(ဂ်)မှာ ပို့(စ်)တွေတင်တာ ကျဲသွားတာကို ၀မ်းနည်းစွာနဲ့ တောင်းပန်ပါရစေ။ တင်ပေးစရာတွေ အများကြီးရှိပေမယ့် စိတ်သွားတိုင်း ကိုယ်မပါ ဆိုသလိုဖြစ်နေတော့ အတွေးထဲမှာပဲ တင်ပေးနေဖြစ်တဲ့ ပို့(စ်)တွေက အမြောက်အမြားပါပဲ။ အလျဉ်းသင့်သလို တင်ပေးသွားဖို့ စိတ်ကူးထားကြောင်းပါ။ မကြာမီ...... လာမည်...... မျှော်။
Posted by Ko Nyan Posted Time 4:20 PM 0 Comment(s)
Labels မြန်မာ့သွေး, အထွေထွေ-Various