အချစ်နှင့်ဆိုင်သော စကားလုံးများ
Love
ကွမ်းတောင်ကိုင်မိန်းကလေး - belle
ကြင်ဖော်ကင်းသော - mateless
ကြင်ယာ (ခင်ပွန်း၊ ဇနီး) - spouse
ချစ်သူ - lover
ချစ်သူ၊ ရည်းစား - sweetheart
ချစ်မှုရေးရာကိစ္စ - love affair
ခိုးရာလိုက်ပြေးခြင်း - alopement
ငယ်ချစ်ဦး - childhood sweetheart
စေ့စပ်ပြီးသောယောက်ျား - fiance
စေ့စပ်ပြီးသောမိန်းကလေး - fiancee
ပေါင်းဖော်(ဖက်)သည် - mate
ပိုးပန်းခြင်း - courtship
ဖူးစာရေးနတ် - cupid
မေတ္တာ - affection
မေတ္တာတု၊ မေတ္တာယောင် - affectation
မင်္ဂလာသတို့သမီး - bride
မြတ်နိုးသူ - adorer; admirer
ရည်းစားစာ - love letter
လင် (သို့) မယား - better-half
လက်မထပ်ရသေးသူ (မိန်းမပျို) - maiden
လက်ထပ်ပြီးကာစဇနီးမောင်နှံ - newly weds
သမီးရည်းစား - lovelass
သတို့သား - bridegroom
လူပျိုရံ - groomsman; bestman
အပျိုရံ - bridesmaid
အပျိုစင် - (pure) virgin
အချစ်ဇာတ်လမ်း - romance
အချစ်ဝတ္ထု - love story
အချစ်သီချင်း - love song
အချစ် - love
အချစ်အထိမ်းအမှတ်ပစ္စည်း - love token
အချစ်နာ၊ စိတ္တဇနာ - love-sick
Thursday, September 25, 2008
သိမှတ်ဖွယ်ရာစကားလုံးများ
Posted by ကိုဉာဏ် Posted Time 4:22 PM 1 Comment(s)
Labels ဗဟုသုတ-Knowledge
တောင်ရောက်မြောက်ရောက်
လွန်ခဲ့သော ၅ နှစ်ကျော် ၆ နှစ်ဝန်းကျင်ကာလဆီလောက်ကဆိုလျှင် ယခုကဲ့သို့ ဘလော့ဂ်ရွှေခေတ် မဖြစ်သေးပါ။ အင်တာနက်တွင် မြန်မာစာလုံးဖြင့် ဖတ်နိုင်ဖို့ဆိုသည်မှာ အင်မတန်မှ ရှားပါးသော အခွင့်အရေးဖြစ်ပါသည်။ အများအားဖြင့် မြန်မာစာလုံးများကို ဓာတ်ပုံအသွင်ပြောင်းကာ အင်တာနက် စာမျက်နှာများတွင်သာ တင်ကြသောကာလများဖြစ်ပါသည်။ ယခုနောက်ပိုင်းကျမှသာ အယ်လ်ဖာမန္တလေး၏ ကျေးဇူးဖြင့် ဇော်ဂျီကုဒ်ဆိုပြီး ပေါ်လာပြီး ဘလော့ဂ်တွေကလည်း အလျှိုလျှို ဖတ်၍မကုန်၊ လေ့လာ၍မခန်း၊ ရသအစုံစုံ၊ သုတအဖုံဖုံဖြင့် ပေါ်ပေါက်လာကြခြင်း ဖြစ်ပါသည်။ မှတ်မှတ်ရရ အဖြစ် စာအုပ်ဖတ်ချင်လွန်း၍ အင်တာနက်တွင် သူငယ်ချင်းများနှင့်တွေ့တိုင်း မေးဖြစ်သည်မှာ စာအုပ်အသစ် ဘာတွေရှိသေးလဲ။ မြန်မာအီးဘွတ်ခ်တွေရနိုင်တဲ့နေရာ ဘယ်မှာရှိလဲဆိုတာသာ ဖြစ်ပါသည်။ အီးမေးလ်ဖြင့် ပို့ကြ၊ ဖရီးရသော စာမျက်နှာများတွင် စာအုပ်တွေတင်ပေးကြနှင့် ထိုစဉ်က ကာလလေးကို လွမ်းမိပါသေးသည်။ နောက်တော့ မြန်မာပြည်သားတို့၊ ချယ်ရီသစ္စာတို့ကျေးဇူးဖြင့် မြန်မာစာအုပ်တွေရော၊ အခြားဘာသာများဖြင့် စာအုပ်တွေပါ စုံစုံလင်လင် ဖတ်ရှုခွင့်ရခဲ့သည်။ ဘယ်သူတွေဦးစီးလုပ်ကိုင်သည်၊ ဘယ်နေရာကနေ လုပ်နေခဲ့သည်ကို ဂဃနဏ ကျွန်တော်မသိခဲ့ရိုးအမှန်ဖြစ်သော်လည်း ယနေ့ထိ ဖတ်၍ မကုန်သေးသော မြန်မာအီးဘွတ်ခ် များအတွက် ဆောင်ရွက်ခဲ့သူအားလုံးကို ကျေးဇူးတင်လျက်ရှိပါသေးသည်။
ယခုအခါ ဘလော့ဂ်ဆိုသော စကားလုံးသည် မြန်မာတို့အတွက် အတော်ပင်ယဉ်ပါးနေပြီဟု ဆိုရမည်ဖြစ်ပါသည်။ ဘလော့ဂ်ဆိုသည်ကို ဘာမှန်းသာ သေသေချာချာ မသိလျှင်ရှိပေမည်။ ထိုစကားလုံးကိုတော့ ကြားဖူးကြသည်သာများပါသည်။ အချို့လည်း ဘလော့ဂ်ဟုဆိုလိုက်သည်နှင့် နှာခေါင်းရှုံ့ကြသည်များရှိပါသည်။ ဘာပဲပြောပြော မြန်မာတို့အတွက် ဘလော့ဂ်ဆိုသော စကားလုံးသည် အသစ်အဆန်းမဟုတ်တော့တာတော့ သေချာပါသည်။ အခုလို ဘလော့ဂ်ကို ရူးရူးမူးမူး ဖြစ်ကြသလို တစ်ချိန်ဆီကတော့ ရူးရူးမူးမူး ဖြစ်ခဲ့ကြသည်က ဖိုရမ်များ ဖြစ်ပါသည်။ အမြင်ကျဉ်းလို့ဟု ဆိုချင်လည်း ဆိုကြပါစေတော့။ ကျွန်တော့်အမြင်ကို ထုတ်ဖော်လိုပါသည်။ ထိုကဲ့သို့ ဖိုရမ်များ ခေတ်စားစဉ်က ကာလကရော၊ ယခုလို ဘလော့ဂ်များ ခေတ်စားစဉ်ကာလတွင်ပါ ကျွန်တော်မြင်မိသည်က ကျွန်တော်တို့ မြန်မာများသည် သက်ဆိုင်ရာကဏ္ဍများတွင် အခြားလူမျိုးများထက် မနိမ့်ကျသည့်အပြင် သာပင်သာချေသေးသည်ဟူ၍။
ဖိုရမ်ရွှေခေတ်က မြန်မာဖိုရမ်ရော၊ အခြားဘာသာများဖြင့် ဖိုရမ်များကိုပါ ထမင်းမေ့၊ ဟင်းမေ့ ကျွန်တော် လိုက်ဖတ်ခဲ့ဖူးပါသည်။ တစ်ခါတစ်ရံ ညမအိပ်ဘဲ ဖိုရမ်ထဲမှာ လမ်းသလားနေခဲ့ရသည့် ရက်တွေက မှတ်ပင် မထားမိတော့ပါ။ ထိုနေရာတွင် တစ်ခုတွေ့ရသည်က ကျွန်တော်တို့ ကိုရွှေမြန်မာတွေ၏ ဖိုရမ်များသည် အင်မတန်မှပင် အံ့သြစရာကောင်းလောက်အောင် အကြောင်းအရာစုံ၊ ရသစုံခြင်းပင် ဖြစ်ပါသည်။ အချို့သော နာမည်ကြီး နည်းပညာဖိုရမ်များမှလွဲ၍ ကျန်သည့်ကဏ္ဍအားလုံးတွင် ကျွန်တော်တို့မြန်မာတွေသည် ထိပ်ဆုံးတန်းမှ ရှိခဲ့သည်ဟု ကျွန်တော်ကဆိုချင်ပါသည်။ အမှန်အတိုင်းပြောရလျှင် မြန်မာဖိုရမ်တွေကို ကျော်လွန်ကာ ကျွန်တော့်ကိုပို၍ ဟဒယဖြစ်စေသည့်ဖိုရမ်ဆို၍ အိန္ဒိယဖိုရမ်များသာ ရှိပါသည်။ နည်းပညာလည်း ကျွမ်းကျင်၊ ပညာရှင်လည်းများ၊ လူကလည်းအဖုံဖုံအစုံစုံဖြင့် တင်ထားသော အိန္ဒိယ ဖိုရမ်များ ပြီးလျှင် မြန်မာဖိုရမ်များသည် ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်သည့် ရွှေတွင်းများ ဖြစ်ကြပါသည်။
(ဤနေရာတွင် ကြိုတင်စကားခံခဲ့သည့်အတိုင်း ကျွန်တော်လက်လှမ်းမီသမျှ၊ ကျွန်တော့်လက်ဖြင့် ဆုပ်ကိုင်မိသမျှထဲမှ နှိုင်းယှဉ်ခံစားထားခြင်းဖြစ်ပါသည်။ ကျွန်တော်လက်လှမ်းမမီခဲ့သော၊ သစ်ရွက်များကြားတွင် ကျွန်တော်မမြင်မိလိုက်သော အလုံးလှလှ၊ အရသာချိုချိုဆိုသည့် သစ်သီးကြီးများလည်း သေချာပေါက် ရှိမည်သာ ဖြစ်ပါသည်။)
ယခုဘလော့ဂ်ရွှေခေတ်တွင်လည်း မြန်မာတွေရဲ့ ဘလော့ဂ်တွေက အခြားဘလော့ဂ်များနှင့် တူကိုမတူပါ။ ပထမဆုံး ဘလော့ဂ်ကို လှပအောင်ပြုပြင်ခြင်း၊ စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ဆက်ခြင်း စသည်တို့တွင် မြန်မာတို့သည် အင်မတန်မှပင် အနုစိတ်ကြပါသည်။ အင်မတန်မှလည်း စိတ်ရှည်ကြပါပေသည်။ အင်မတန်မှလည်း ကြိုးစားကြပါပေသည်။ အခုမှ ဘလော့ဂ်လုပ်သူတစ်ယောက်ဆို၍လည်း ပြီးစလွယ် လုပ်ထားသည်ကိုတွေ့ရမည်ဟု မယူဆပါနှင့်။ အနည်းဆုံးတော့ သိသူ၊ တတ်သူကို မေးမြန်းပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားသည်ကို တွေ့ရပါလိမ့်မည်။ ကျွန်တော့်အမြင်ကို ထပ်ပြောရလျှင် အခြားလူမျိုးများသည် ဘလော့ဂ်ရေးခြင်းကို မှတ်တမ်းမှတ်ရာတစ်ခုအနေဖြင့်သာ ရေးခြင်းဖြစ်ပါသည်။ သူတို့ ပြောချင်တာ၊ စိတ်ထဲမှာဖြစ်တာကို ရေးချင်ရာရေးသည်။ ဖတ်ချင်သည့်လူက ဖတ်ပေါ့။ မဖတ်လို့လည်း ဘာမှမဖြစ်။ ကိုယ်စိတ်ထဲထင်ရာ ကိုယ်ရေးသည်။ ကိုယ့်အယူအဆကို ကိုယ်ထုတ်ဖော်သည်။ ဒါပဲ။ ပြီးပြီ။ အမလေး ကျွန်တော်တို့ မြန်မာများကတော့ အံ့သြစရာကောင်းလောက်အောင် ရှားမှရှား။ ကိုယ့်ဘလော့ဂ်ကို လူစိတ်ဝင်စားအောင် နည်းမျိုးစုံနှင့် သတင်းပေးသည် (ကြော်ငြာသည်ဟု ကျွန်တော်မသုံးပါ)၊ ဖိတ်ခေါ်သည်။ ကိုယ့်ဘလော့ဂ်ကိုလည်း ပြီးစလွယ်မဟုတ်။ ကမ္ဘာပေါ်မှာအကောင်းဆုံးဘလော့ဂ်ဖြစ်ချင်ကြသည်။ အမျိုးစုံစွာ ပါစေချင်သည်။ လူများများလာကြည့်စေချင်သည်။ အခြားလူမျိုးတွေကတော့ ဘလော့ဂ်ကို ဘယ်လိုခံစားသလဲ ဘယ်လိုခံယူသလဲ ကျွန်တော်မသိပါ။ ကျွန်တော်တို့ မြန်မာတွေကတော့ ဘလော့ဂ်ရေးခြင်းသည် အလုပ်တစ်ခု ဖြစ်ပါသည်။ ဘလော့ဂ်ကို သေချာရေးခြင်းသည် အလုပ်ကို သေချာလုပ်ခြင်း ဖြစ်ပါသည်။ ၀ါသနာပါလို့ ဘလော့ဂ်ရေးတာပါဟု ဆိုလာလျှင် ကျွန်တော်က ရယ်ချင်ပါသည်။ ဘလော့ဂ်ဆိုတာ မပေါ်ပေါက်လျှင် ထိုသို့ ပြောသူသည် ဘာတွေကို ၀ါသနာပါနေမည်လည်း မသိဘူးဆိုပြီး ပြုံးရသည်။ လက်ခံသည်၊ လက်မခံသည်က သက်ဆိုင်သူတို့၏ အပိုင်းဖြစ်ပါသည်။ ကျွန်တော့်အမြင်ပြောရလျှင်တော့ မြန်မာတွေဘလော့ဂ်ရေးခြင်းသည် အလုပ်တစ်ခုအနေဖြင့် အချိန်ပေးပြီး သေသေချာချာကို လုပ်ခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။
ပထမဆုံးအပိုဒ်တွင်ဆိုခဲ့သလို ဖတ်ခဲ့ပြီးသမျှထဲမှ ကျွန်တော်ကြိုက်သည်များကို အခြားသူများလည်း ဖတ်မိပါစေတော့၊ ဖတ်နိုင်ပါစေတော့ဟု ရည်ရွယ်ကာ ပို့စ်တွေ ကျွန်တော်တင်ပေးနေဦးမည်သာ ဖြစ်ပါသည်။ ထို့ပြင် ရဲရဲဝံ့ဝံ့အာမခံလိုက်ချင်ပါသေးသည်။ မြန်မာ့သွေးဘလော့ဂ်ပေါ်ရောက်ပြီးသား ပို့စ်ဆိုသည်နှင့် ဖတ်သူအတွက် တစ်ခုခုတော့ ကျန်ခဲ့ရမည်ဟူသော အရည်အသွေးဖြစ်ပါသည်။ ကျွန်တော့်ဦးနှောက်ကို လာဆွသော စာများဆိုလျှင် အင်မတန်သဘောကျပါသည်။ ထို့ကြောင့်လည်း ကျွန်တော်တင်ပေးသော ပို့စ်များသည် ဘလော့ဂ်ဖတ်သူအတွက် ဦးနှောက်ကိုသော်လည်းကောင်း၊ နှလုံးသားကိုသော်လည်းကောင်း နည်းနည်းလေးဖြစ်ဖြစ် လာဆွမည်မှာ အသေအချာပင် ဖြစ်သည်ဟု ကျွန်တော်ဆိုချင်ပါသည်။
၀၁း၃၈ နာရီပြီး၏။
Posted by ကိုဉာဏ် Posted Time 4:06 PM 0 Comment(s)
Labels အထွေထွေ-Various
Wednesday, September 24, 2008
အတွေးကောင်းကင် - ကောင်းသန့်
တစ်ခါတစ်ရံ
ဘ၀ဆိုတာ
ဖရီးဝှီးချော်နေတဲ့ စက်ဘီးတစ်စီးကို
နင်းနေရသလိုမျိုး ဖြစ်တတ်တယ်။
အမြင့်ပျံတဲ့ငှက်
မုန်တိုင်းကိုမကြောက်သလို
ရည်မှန်းချက်ကြီးတဲ့သူ
လောကဓံကိုမကြောက်ရဘူး။
တစ်ခါတလေ
သစ်ပင်ကငြိမ်ချင်ပေမယ့်
လေကမငြိမ်တော့ခက်တယ်။
အရည်အသွေးကောင်းတဲ့ကျောက်
စောင့်ရှောက်ရခက်သလို
သိပ်တော်နေတဲ့သူကို
ထိန်းချုပ်ရခက်တယ်။
(ကောင်းသန့် ၏ အတွေးကောင်းကင် စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by ကိုဉာဏ် Posted Time 3:24 PM 0 Comment(s)
Labels ကဗျာ-Poem
ဥယျာဉ်မှူး - မိုးမိုး (အင်းလျား)
မိုးမိုး (အင်းလျား)
ဘုရင်မ - ညီလာခံပြီးဆုံးချေပြီ၊ မင်းမှုထမ်းအားလုံးလည်း ပြန်သွားလေပြီ၊ အဘယ့်ကြောင့် နောက်ကျ၍ ရောက်လာသနည်း မောင်မင်း
အမှုထမ်း - အခြားသူများနှင့် သခင်မ တွေ့ဆုံပြီးသည်ကား မှန်ပါသည်၊ ယခုအချိန်သည် ကျွန်တော်မျိုး၏ အချိန် ဖြစ်ပါသည်။ သခင်မ၏ နောက်ဆုံးကျန်ရှိသည့် အမှုတော်များကို ထမ်းရွက်ရန်လာပါသည်
ဘုရင်မ - နောက်ကျလှသည့် ဤအချိန်ဝယ် သင် ဘာကို မျှော်လင့်နိုင်မည်နည်း
အမှုထမ်း - သခင်မ၏ ပန်းဥယျာဉ်ဝယ် ဥယျာဉ်မှူးအဖြစ် ခန့်အပ်တော်မူပါ
ဘုရင်မ - သို့တောင်းဆိုခြင်းကား မိုက်မဲလေစွ
အမှုထမ်း - ကျွန်တော်မျိုး၏ အခြားအလုပ်ကို စွန့်လွှတ်ပါမည်၊ ကျွန်ုပ်၏ ဓားနှင့်လှံများကို မြေပေါ်သို့ လွှင့်ပစ်ပါမည်၊ ကျွန်တော်မျိုးအား အခြားတစ်ပါး ဝေးသောနေရာသို့ ပို့်တော်မမူပါနှင့်၊ တိုက်ပွဲသစ်များကို တာဝန်ယူတိုက်ခိုက်ရန် အမိန့်ပေးတော်မမူပါနှင့်တော့၊ သခင်မ၏ ပန်းဥယျာဉ်ဝယ် ဥယျာဉ်မှူးအဖြစ်သာ ခန့်အပ်တော်မူပါ
ဘုရင်မ - သင်၏ တာဝန်များကား အဘယ်နည်း
အမှုထမ်း - သခင်မ၏ ပျင်းရိငြီးငွေ့ဖွယ်နေ့များကို ဖျော်ဖြေလုပ်ကျွေးရန်သာ ဖြစ်ပါသည်။ နံနက်ခင်းဝယ် သခင်မ လမ်းလျှောက်သည့် မြက်ခင်းပြင်လေးကို စိုပြည်လန်းဆန်းနေစေရန် ပြုစုပေးပါမည်၊ သခင်မ ခြေချလိုက်တိုင်း အသက်စွန့်ရန် ၀န်မလေးသော ပန်းပွင့်လေးများက သခင်မ၏ ခြေဖ၀ါးတော်အောက်ဝယ် ၀ပ်စင်၍ သခင်မအား ချီးမြှောက်ကာ ခရီးဦးကြိုပြုစေပါမည်။ သစ်ကိုင်းတို့အကြားဝယ် ဒန်းပြုလုပ်၍ သခင်မအား စီးစေကာ ကျွန်ုပ်က လွှဲပေးပါမည်။ ညနေခင်း၏ ထွက်ပြူစလမင်းသည် သစ်ရွက်များ၏ကြားမှ သခင်မ၏ ၀တ်ရုံကို ထိနမ်းနိုင်ရန် ကြိုးစားပါလေမည်။ သခင်မ၏ဘေးဝယ် နံ့သာဆီဖြင့် မီးအိမ်ကို ထွန်းညှိပေးပါမည်။ သခင်မ၏ ခြေနင်းခုံကို ကျောက်မျက်များ၊ ပန်းများဖြင့် အံ့ချီးဖွယ် လှပစွာ တန်ဆာဆင်၍ ပေးပါဦးမည်
ဘုရင်မ - သင့်အတွက် ဆုလာဘ်အဖြစ် ဘယ်အရာကို ယူမည်နည်း
အမှုထမ်း - ကြာပန်းဖူးငုံကဲ့သို့သော သခင်မ၏ လက်ကလေးများကို ဆုပ်ကိုင်ခွင့်ပြုရန်၊ ပန်းကုံးလေးများကို သခင်မ၏ လက်ကောက်ဝတ်ဝယ် ဆင်မြန်းပေးခွင့်ပြုရန်၊ သခင်မ၏ ခြေဖ၀ါးလေးများကို နီမြန်းသော ပန်းရည်များဖြင့် ရေးခြယ်ခွင့်ပေးရန်နှင့် ဖ၀ါးထက်ဝယ် တွယ်ကပ်နေသော မြေမှုန်လေးများကို နမ်း၍ ဖယ်ရှားခွင့်ပြုရန်တို့ပင် ဖြစ်ပါသည်
ဘုရင်မ - သင်၏ တောင်းဆိုမှုများကို ပေးသနားတော်မူမည် မောင်မင်း၊ သင်သည် ကျွန်ုပ်၏ ပန်းဥယျာဉ်ဝယ် ဥယျာဉ်မှူးဖြစ်စေအံ့။ ။
Posted by ကိုဉာဏ် Posted Time 8:27 AM 0 Comment(s)
Labels ကဗျာ-Poem
Sunday, September 21, 2008
ဖြောင့်မတ်မှန်ကန်မှု-မြတ်ငြိမ်း
မြတ်ငြိမ်း
စာရေးစားပွဲပေါ်ရှိ ရုံးသုံးပစ္စည်းစင်ပေါ်မှ စာရွက်တစ်ရွက်ကို လှမ်းယူသည့် သားတော်မောင်အား သမ္မတကြီး ဂျွန်ကွင်စီအဒမ်က လှမ်းအော်၍ တားမြစ်လိုက်၏။
“အဲဒီစာရွက်တွေက အစိုးရပိုင်တာကွ။ ဟောဒီစားပွဲအစွန်က ပစ္စည်းတွေက ဖေဖေ့ကိုယ်ပိုင်ပစ္စည်းတွေ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက်ဆိုရင် ဖေဖေ ဒီပစ္စည်းတွေပဲ သုံးတယ်”
မစ္စတာအဒမ်ကား သည်နေရာတွင်သာ အသေးစိတ်တိကျသူမဟုတ်။ အခြားကိစ္စများတွင်လည်း တိကျမှန်ကန်သူ ဖြစ်၏။ သူ၏ တိကျမှု၊ သစ္စာရှိမှုနှင့် အချိန်မှန်မှုများအတွက် လူအများ၏ ချီးကျူးခြင်းခံရလေသည်။ သူ အောက်လွှတ်တော်အမတ်ဘ၀က လွှတ်တော်ခန်းမထဲသို့ သူဝင်လာချိန်သည် အစည်းအဝေး စရတော့မည့်အချိန်ဟု အများက လက်ခံသတ်မှတ်ထားကြလေသည်။ သူက ချိန်းဆိုချက်များကို ဘယ်တော့မှ မဖျက်။ ထို့ပြင် သူ့ဘက်က နောက်ကျသည့်အတွက် တစ်ပါးသူ၏ အချိန်များ မပုပ်စေရ။
“ချိန်းထားချိန်ထက် နောက်ကျမှရောက်ခြင်းသည် သူတစ်ပါး၏ အချိန်ကို ခိုးယူခြင်းဖြစ်၏။ အချိန်ခိုးခြင်းသည် ငွေကိုခိုးခြင်းနှင့် အတူတူဖြစ်သည်” ဟု သူက ယူဆလေသည်။
အီသန်အယ်လင်က ရှေ့နေတစ်ယောက်ကို အထက်ပါအတိုင်း ရှင်းပြပြီး ငှားသည်။
ရုံးတော်၌ တရားဆိုင်ရသည့်နေ့တွင် ရှေ့နေက ထိုင်ရာမှထကာ “တရားသူကြီးမင်းခင်ဗျား..။ တရားလိုဘက်က သက်သေပြထားတဲ့ စာရွက်ပေါ်က လက်မှတ်ဟာ တရားဆိုင်သူရဲ့ လက်မှတ်အစစ်မဟုတ်ကြောင်း ကျွန်တော်တို့ လျှောက်ထားပါတယ်” ဟု ပြောဆိုလိုက်၏။
ထိုသို့ ငြင်းဆိုလိုက်လျှင် ရုံးတော်အနေဖြင့် ဘော့စတွန်မှ သက်သေများကို ဆင့်ခေါ်ပြီး စစ်ဆေးရမည်။ သို့ဆိုလျှင် အီသန်အယ်လင် ငွေရှာဖို့ အချိန်တွေအများကြီးရနိုင်ကြောင်း ရှေ့နေက သိသည်။
သို့သော် အယ်လင်က ထိုင်ရာမှ ခုန်ထပြီး “မစ္စတာဂျုံး” ဟု မိုးခြိမ်းသလို အော်ဟစ်လိုက်၏။ ထို့နောက် “ကျွန်တော် ခင်ဗျားကို ငှားထားတာ ရုံးတော်မှာလာပြီး လိမ်ဖို့ မဟုတ်ဘူး။ အဲဒီစာရွက်ပေါ်က လက်မှတ်ဟာ ကျွန်တော့်လက်မှတ်အစစ်ပဲ။ အဲဒါကို ကျွန်တော်ကျမ်းကျိန်ပြီး အစစ်ခံမယ်။ ချေးထားတဲ့ငွေကိုလည်း ကျွန်တော် ပြန်ဆပ်မှာ။ ဝေ့လည်ကြောင်ပတ်လုပ်တာ ကျွန်တော် မကြိုက်ဘူး။ ကျွန်တော် အချိန်ပဲ လိုချင်တယ်။ ကျွန်တော် ခင်ဗျားကိုငှားထားတာဟာ နောက်တစ်ချိန် ရုံးချိန်းကျမှ ကြွေးဆပ်ခွင့်ပေးဖို့ ရုံးတော်မှာ လျှောက်ထားပေးဖို့ပါပဲ။ ခင်ဗျား ဒီမှာလာပြီး မုသားစကားတွေနဲ့ ကလိမ်ကျဖို့ မဟုတ်ဘူး” ဟု ရှင်းရှင်း ဘွင်းဘွင်းကြီး ပြောချလိုက်လေသည်။
ရှေ့နေဖြစ်သူမှာ တုန်လှုပ်ချောက်ချားကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားလေသည်။
သို့သော် တရားရုံးတော်က အယ်လင်၏ ဆန္ဒအတိုင်း ကြွေးပေးဆပ်ရမည့်ရက်ကို ရွှေ့ဆိုင်းပေးလိုက်လေသည်။
သည်တော့ မိတ်ဆွေ။ သင်ကော ထိုအရည်အသွေးများဖြင့် ပြည့်ဝပါပြီလား။ မိမိကိုယ်မိမိ မညာစတမ်း ဝေဖန် ဆန်းစစ်ကြည့်ပါ။ မပြည့်ဝသေးဟု ယူဆလျှင် စိတ်မပျက်ပါနှင့်။ အားမလျှော့ပါနှင့်။ အချိန်မနှောင်းသေးပါ။ အထက်ပါ အရည်အသွေးများနှင့် ပြည့်စုံအောင် သင့်ကိုယ်သင် ဖြည့်ဆည်းပေးပါ။ ဆောက်တည်ပါ။
ထိုအခါ သင်သည် လူတွေထဲတွင် တန်ဖိုးရှိသောလူတစ်ယောက် ဖြစ်လာပါလိမ့်မည်။ လူအများက သင့်အား လေးစားကြည်ညိုပြီး တန်ဖိုးထားလာပါလိမ့်မည်။ ဤကား သင်၏ အောင်မြင်မှု အခြေခံဖြစ်ပါသည်။
ဖြောင့်မတ်မှု၊ မှန်ကန်မှု၊ တိကျမှု အရည်အသွေးများကို ကျင့်စဉ်အဖြစ်လည်းကောင်း၊ မူဝါဒအဖြစ်လည်းကောင်း ကိုင်စွဲကျင့်သုံးနေသည်ကို ယခုခေတ် ယခုအခါတွင် မြင်ရတွေ့ရနည်းလာသည်။ ထိုအစား လိမ်ညာမှု၊ လှည့်စားမှုတို့ကိုသာ မြင်ရတွေ့ရ များလာသည်။ အထူးသဖြင့် အဆိုပါ အားနည်းချက်များကို စီးပွားရေးလောက၌ တွင်တွင်ကြီး ကျင့်သုံးနေသည်ကို တွေ့ရလေသည်။
ယခုခေတ် စီးပွားရေးလုပ်ငန်းရှင် အတော်များများသည် လိမ်လည်လှည့်ဖြားမှုကို မဖြစ်မနေ ပြုလုပ်နေကြ၏။ ကုန်ပစ္စည်းများ၏ လက်ရှိဖြစ်တည်မှုကို လျှော့လျှော့ပေါ့ပေါ့ လိုက်လိုက်လျောလျော သဘောထားနေကြ၏။ ချို့ယွင်းချက်များကို မသိယောင်ဆောင်နေကြ၏။ စည်းကမ်းဖောက်မှုများ၊ ထုံးတမ်းနှင့် မကိုက်ညီမှုများကို မမြင်ယောင် ဆောင်နေကြ၏။ ထိုသို့ ဖြစ်ရသည်မှာ အပြိုင်အဆိုင်တွေ များလွန်းလို့ဟု သူတို့က အကြောင်းပြသည်။
သည်တော့ အကောက်သွားနေသည့် ရှေ့ဆောင်နွားလားများကို ကြည့်ပြီး ယနေ့လူငယ်များ၊ အတုယူမှားလျှင် မခက်ပါလား။ ကောက်ကျစ်မှု၊ စဉ်းလဲမှုများဖြင့် လွှမ်းခြုံရစ်သိုင်းနေသည့် ပတ်ဝန်းကျင်၌ နေထိုင်ရသည့် လူငယ်များသည် စံနမူနာအမှားများကို အတုယူမိလျှင် မခက်ပါလား။
ယနေ့ ကျွန်တော်တို့ လိုလားတောင့်တသည်မှာ အမေရိကစက်ရုံများ၌ ထုတ်လုပ်သည့် သိုးမွှေးများကို အင်္ဂလန်ပြည်ဖြစ် သိုးမွှေးများဟု ပြောဆိုရောင်းချခြင်းမပြုသော လူငယ်များ။ နယူးယောက်တွင် ရက်လုပ်သည့် ပိတ်စများကို အိုင်ယာလန်ပိတ်စများဟု လိမ်လည်ရောင်းချခြင်းမပြုသော လူငယ်များသာ ဖြစ်၏။
ကျွန်တော်တို့ လိုလားတောင့်တသည်မှာ-
* မိမိလူနာ၏ရောဂါကို ဂဃနဏ မသိဘဲ သမားယောင်ဆောင်သည့် အကျင့်မျိုး မရှိသော ဆရာဝန်များဖြစ်၏။ ဆေးဝါးများကို မချင့်ချိန် မနှိုင်းဆဘဲ တိုက်ကျွေးပြီး လူနာအပေါ် စမ်းသပ်မှုပြုခြင်းကို ရှောင်ကျဉ်သော ဆရာဝန်များဖြစ်၏။
* အစည်းအဝေးတွေချည်း တစ်ထိုင်တည်း ထိုင်မနေသော၊ အလုပ်ထက် အပြောများမနေသော၊ ကွယ်ရာမှာ ကြိုးဆွဲပြီး စက်ပုန်းခုတ်သည့်အကျင့်မရှိသော နိုင်ငံ့ခေါင်းဆောင်များ ဖြစ်၏။
* မိမိအမှုလိုက်ခ မရလျှင် နေပါစေ။ မိမိအမှုသည် နိုင်ခြေမရှိမှန်းသိသော်လည်း တရားစွဲဖို့ အတင်းတိုက်တွန်းခြင်း မပြုသည့် ရှေ့နေများ ဖြစ်၏။
* ပိတ်စတစ်ကိုက်ဝယ်သူကို ပိတ်စသုံးဆယ့်ခြောက်လက်မ အပြည့်ပေးသော ဈေးသည်များ ဖြစ်၏။
* အယ်ဒီတာချုပ်က ရေးစေချင်သည့်အတွက် ရုန့်ရင်းကြမ်းတမ်းစွာ ပုတ်ခတ်သော၊ အပုပ်ချသော ဆောင်းပါးများ၊ သတင်းများရေးခြင်းကို ရှောင်ကြဉ်သည့် စာနယ်ဇင်းသမားများ ဖြစ်၏။
* အများမိုးခါးရေသောက်လို့ လိုက်သောက်တယ်ဟု မပြောတတ်သည့် ယောက်ျားကြီးများ၊ သမ္မာအာဇီဝ မဟုတ်သည့် လုပ်ငန်းဖြင့် မည်သည့်အကျိုးအမြတ်ကိုမျှမယူဟု ခံယူတတ်သည့် လူငယ်များသာ ဖြစ်၏။
ဤကား အမေရိကန်တရားဟောဆရာနှင့် စာရေးဆရာကြီး ဘီချာပြောခဲ့သော စကားဖြစ်၏။
အမျိုးသမီးတစ်ယောက်က အံ့သြ၀မ်းသာရေရွတ်၏။
ထိုအခါ ကျန်အမျိုးသမီးက “ဟုတ်တယ်၊ ဒီကတ်ပြားလေးတွေကို ဥရောပက သွင်းလာတာလေ။ ကျွန်မ ကံကောင်းပါတယ်။ ဒီကတ်ပြားတွေကို တခြားပစ္စည်းတွေနဲ့ ရောပြီး သွင်းလာတာဆိုတော့ ဒီကတ်ပြားတွေ အတွက် အကောက်ခွန် တစ်ပြားတစ်ချပ်မှ မပေးခဲ့ရဘူးရှင့်” ဟု ပြန်ပြောလိုက်လေသည်။
ဤကမ္ဘာပေါ်ရှိ အထူးအောင်မြင်သူကြီးများတွင် ၄င်းအရည်အသွေးများရှိ၏။ ထို့အတူ သာမန်လူတော်တော် များများတွင်လည်း ၄င်းအရည်အသွေးများရှိ၏။ သင့်တွင်လည်း ၄င်းအရည်အသွေးများ ရှိနေဖို့ လိုအပ်ပါသည်။ ၄င်းအရည်အသွေးများဖြင့် ပြည့်စုံနေလျှင် သင်သည် လောကအလယ်၌ တန်ဖိုးရှိသော လူတစ်ယောက် ဖြစ်လာပါလိမ့်မည်။
Posted by ကိုဉာဏ် Posted Time 7:35 AM 0 Comment(s)
Labels အောင်မြင်ရေး-Success
Saturday, September 20, 2008
ပြန်လည်နှုတ်ခွန်းဆက်ခြင်း
တလက်စတည်း အနည်းငယ် ရှင်းပြလိုပါသည်။ အချို့က ပြောကြပါသည်။ မြန်မာ့သွေးတွင် တင်ပေးထားသော ပို့စ်များမှာ ကိုယ်ပိုင်အရေးအသားမပါ။ အခြားနာမည်ကြီး စာရေးဆရာများ၏ စာတွေသာဖြစ်သည်ဟူ၍။ မှန်ပါ၏။ ကျွန်ုပ်အနေဖြင့် တမင်တကာပင် ထိုသို့ တင်ပေးခြင်းဖြစ်ပါသည်။ ကျွန်ုပ်တွင် ရေးစရာများမရှိမဟုတ်ပါ။ ရှိပါသည်။ ကိုယ်ပိုင်ခံစားချက်များ မရေးတတ်၍မဟုတ်ပါ။ ရေးတတ်ပါသည်။ သို့သော် ကျွန်ုပ်၏ ခံစားချက်များသည် ပုဂ္ဂလိက ခံစားချက်များဖြစ်သည့်အတွက် အားလုံးအတွက် အသုံးဝင်မည်၊ အကျိုးရှိမည်ဟု အာမ မခံနိုင်ပါ။ နာမည်ရှိပြီးသား စာရေးဆရာကြီးများ၏ စာများကတော့ အားလုံးအတွက် ရည်ရွယ်ပြီး ရေးသားထားခြင်းက ပိုများသည့်အတွက် စာဖတ်သူအားလုံးအတွက် အကျိုးရှိမည် ဟု ယူဆပါသည်။ သင်ခန်းစာယူစရာများ၊ လေ့လာစရာများ၊ လိုက်နာကျင့်သုံးစရာများ ရရှိမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့်လည်း ကျွန်ုပ်ဖတ်ရှုပြီးသော စာအုပ်များထဲမှ ကောင်းနိုးရာရာများတွေ့လျှင် ပြန်လည်ကူးယူ၍ တင်ဆက်ပေးရခြင်း ဖြစ်ပါသည်။ အချိန်အားမရ၍ စာအုပ်အများကြီး မဖတ်နိုင်သူများအတွက် အင်တာနက်သုံးချိန်လေးခဏတွင် ကောင်းနိုးရာရာစာများကို ဖတ်ရှုစေလိုခြင်းသည် ကျွန်ုပ်၏ စေတနာ အမှန်ပင် ဖြစ်ပါသည်။
Posted by ကိုဉာဏ် Posted Time 10:18 AM 0 Comment(s)
Labels အထွေထွေ-Various
Tuesday, September 02, 2008
ကဗျာ
သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြှင့်ကျန်ကောင်းသင့်၏
Posted by ကိုဉာဏ် Posted Time 2:56 PM 0 Comment(s)