Tuesday, August 31, 2010

ရဲဘော်သုံးကျိပ်တို့၏ အမည်ရင်း၊ ဂျပန်အမည်နှင့် ဗိုလ်အမည်များ


[ရဲဘော်သုံးကျိပ်ဝင်အချို့]

စဉ်အမည်ဂျပန်အမည်ဗိုလ်ဘွဲ့အမည်
၁။သခင်အောင်ဆန်းOmoda Monjiဗိုလ်တေဇ
၂။သခင်ရှုမောင်Takasugi Susumuဗိုလ်နေ၀င်း
၃။သခင်ကျော်စိန်Takahashiဗိုလ်မိုးညို
၎။သခင်ခင်မောင်ဦးMonya Masaruဗိုလ်တာရာ
၅။သခင်ငွေKatsuraဗိုလ်စောအောင်
၆။သခင်စောလွင်Yamaoka Kiyoshiဗိုလ်မင်းခေါင်
၇။သခင်စံမြNakagawa Ichiroဗိုလ်တောက်ထိန်
၈။သခင်စံလှိုင်Omura Tadashiဗိုလ်အောင်
၉။သခင်စိုးKonoဗိုလ်မြင့်အောင်
၁၀။ကိုဆောင်းMonya Hiroshiဗိုလ်ထိန်ဝင်း
၁၁။သခင်တင်အေးChinda Seijiဗိုလ်ဘုန်းမြင့်
၁၂။သခင်ထွန်းခင်Nakamura Hitoshiဗိုလ်မြင့်ဆွေ
၁၃။ကိုထွန်းရှိန်Yamashita Teruoဗိုလ်ရန်နိုင်
၁၄။သခင်ထွန်းရွှေUtsumi Susumuဗိုလ်လင်းယုန်
၁၅။သခင်ထွန်းလွင်Otani Hiroshiဗိုလ်ဗလ
၁၆။သခင်ထွန်းအုပ်Ichihara Ishiro- - - - - -
၁၇။သခင်ဗဂျမ်းBaba Takeshiဗိုလ်လရောင်
၁၈။သခင်မောင်မောင်Tsuchiyaဗိုလ်ဉာဏ
၁၉။ကိုရွှေTaniguchi Shin-ichiဗိုလ်ကျော်ဇော
၂၀။သခင်လှIto Hitochiဗိုလ်မင်းရောင်
၂၁။သခင်လှဖေTani Kiyoshiဗိုလ်လက်ျာ
၂၂။ကိုလှမောင်Kaga Masashiဗိုလ်ဇေယျ
၂၃။သခင်လှမြိုင်Itoda Tei-ichiဗိုလ်ရန်အောင်
၂၄။သခင်သစ်Osawaဗိုလ်စောနောင်
၂၅။သခင်သန်းညွန့်Okawaဗိုလ်ဇင်ယော်
၂၆။သခင်သန်းတင်(၁)Yamadaဗိုလ်သန်းတင်
၂၇။သခင်သန်းတင်(၂)Tsubotaဗိုလ်မြဒင်
၂၈။သခင်အေးမောင်Mizuno Saburoဗိုလ်မိုး
၂၉။သခင်အောင်သန်းHirata Masaoဗိုလ်စကြ်ာ
၃၀။ကိုအောင်သိန်းHyashiဗိုလ်ရဲထွဋ်

နေနဲ့ ဖုန်းဆက်ခြင်း - သစ္စာနီ


sunua.jpg
ဟဲလို
နေမင်းပါလား
အခုစကားပြောနေတာ
ကဗျာဆရာပါ။

ခင်ဗျားကို
အင်ကာတွေက ရှိခိုးတယ်
ဟာနုမာက ဆော့ကစားတယ်
မာယာကော့စကီးက လက်ဖက်ရည်တိုက်တယ်
ကျုပ်က ဖုန်းဆက်တယ်။

ဘုရားသခင်က ပြောတယ်
သူဖန်ဆင်းတဲ့ ခင်ဗျားဟာ
နှာစေးချောင်းဆိုး ကင်းရဲ့လားတဲ့။

လေအေးစက်က ပြောတယ်
သူချွေးမထွက်တာ ကြာပြီတဲ့။

တိမ်တိုက်တစ်ခုက ပြောတယ်
သူ့ရေကူးကန်ဟာ ရွှေရောင်တဲ့။

နွားတစ်ကောင်က ပြောတယ်
မျက်မှန်စိမ်းတစ်လက်လောက် လိုချင်တယ်တဲ့။

လမင်းက ပြောတယ်
ခင်ဗျားပို့လိုက်တဲ့ သံကြိုးစာ မရောက်ပါတဲ့။

နေကြာပန်းက ပြောတယ်
သူမျှားနေတဲ့ ငါးဟာ ခင်ဗျားတဲ့။

ကလေးတစ်ယောက်က ပြောတယ်
ခင်ဗျားမှာ ဦးထုပ်တစ်လုံး ရှိသလားတဲ့။

အရုဏ်ဦးက ပြောတယ်
ခင်ဗျားရဲ့ အိပ်ခန်းတံခါးကိုခေါက်တာ သူပါတဲ့။

အရိပ်တစ်ခုက ပြောတယ်
သူ့မှာ ကျည်ကာအင်္ကျီတစ်ထည် ရှိတယ်တဲ့။

ဇီးကွက်တစ်ကောင်က ပြောတယ်
ခင်ဗျားဟာ သူ့အတွက် အကောင်းဆုံးအိပ်ဆေးတဲ့။

တပေါင်းလက ပြောတယ်
သူ ထဘီအသစ်တစ်ထည် လဲချင်ပြီတဲ့။

ခင်ဗျားကို ကျုပ်က ပြောတယ်
မြင်းမိုရ်တောင်ထိပ်မှာ
ရာသီဥတု သာယာပါရဲ့လား။

လူမျိုး၏ ယဉ်ကျေးမှု အဆင့်အတန်း


စင်ကာပူနိုင်ငံကို ပထမကမ္ဘာခေါ် ကြွယ်ဝချမ်းသာသည့် နိုင်ငံအဆင့်ထဲ ရောက်နေပြီဟု သတ်မှတ်ထားကြသည်။ စီးပွားရေးအရ ပထမတန်းစားနိုင်ငံ အဆင့်ထဲ ရောက်နေပြီဆိုခြင်းကို မငြင်းလိုပါ။ သို့သော် ယဉ်ကျေးမှု အဆင့်အတန်းမှာကား အငြင်းပွားစရာများ အကြောင်းများ ရှိသည်။

စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာ ၂၃ ဇွန် ၂၀၁၀ နေ့ထုတ်တွင် လူထုအာဘော် ပေးစာတစ်ပုဒ် ပါရှိခဲ့သည်။ စင်ကာပူလူမျိုးတစ်ယောက်က ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင် တန်းစီစောင့်နေရင်း ကြုံခဲ့ရသည့် မြင်ကွင်းလေးတစ်ခုအကြောင်းကို ပြန်လည်ရေးသားခြင်း ဖြစ်သည်။

အဖိုးတန်ဝတ်စုံ ၀တ်ထားသော အသက်ကြီးကြီး စင်ကာပူ အမျိုးသားကြီးတစ်ယောက်သည် တန်းစီနေသည့် သူ့ရှေ့က ဖိလစ်ပီနို အမျိုးသမီး (ကလေးငယ်လေးကို ချီပိုးထားသူ) ကို ကျော်ပြီး ရှေ့တိုးသွားကြောင်း၊ လူချင်းတွန်းတိုက်မိသွား၍ အမျိုးသမီးက မကျေမနပ် ပြောသည့်အခါ အဆိုပါ စင်ကာပူလူကြီးက ဖိလစ်ပီနို အမျိုးသမီးကို ဒေါသတကြီး အော်ကြီးဟစ်ကျယ် ကြိမ်းမောင်းတော့ကြောင်း၊ နောက်ဆုံးစကား တစ်ခွန်းမှာ နင်တို့ အလကား လာရှုပ်နေတယ်။ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ဟု ပြောခြင်းဖြစ်ကြောင်း၊ ဖိလစ်ပီနို အမျိုးသမီးခမြာ ကလေးငယ်လေးကို ချီပြီး တန်းစီနေသည့်ထဲက ထွက်သွားရရှာကြောင်း ရေးသားထားသည်။

ပေးစာရေးသူက အော်ဟစ်ကြိမ်းမောင်းသော စင်ကာပူလူကြီး၏ အပြုအမူသည် ယဉ်ကျေးသော နိုင်ငံကြီးသား မပီသကြောင်း၊ ဖိလစ်ပီနိုတွေကတော့ စင်ကာပူသားများအပေါ် အများကြီး ခံစားသွားကြမှာ ဖြစ်ကြောင်းရေးကာ ရိုင်းပြသည့် စင်ကာပူသားများအတွက် သူက အားနာနေမိပုံကို ဖော်ပြခဲ့သည်။ နိဂုံးချုပ်၌ သူရေးလိုက်ပုံမှာ ဒဿနဆန်သည်။ "ကျွန်တော် ပိုပြီး စိတ်မကောင်း ဖြစ်ရတာကတော့ ကလေးလေး ချီးထားတဲ့ မိန်းမသားတစ်ယောက်ကို အဲဒီလူကြီး တရားလက်လွတ် နိုင့်ထက်ကလူ ပြောဆိုနေတာကို ကျွန်တော်အပါအ၀င် မည်သူကမှ ၀င်ရောက်ဟန့်တားခြင်း မပြုခဲ့ကြတာ ဖြစ်တယ်။ ၀င်ရောက်ဟန့်တားဖို့ မ၀ံ့ရဲခဲ့ကြတာ ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ ရှက်မိပါတယ်" လို့ ရေးထားခြင်း ဖြစ်သည်။

ဤကိစ္စနှင့် ဆက်စပ်၍ လွန်ခဲ့သော ၁၅ နှစ်ခန့်က စင်ကာပူခေါင်းဆောင်ကြီး လီကွမ်းယူ စထရိတ်တိုင်းမ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ၁၉၇၉ ခုနှစ်ကစပြီး စင်ကာပူသားများ အပြောအဆို အပြုအမူ ယဉ်ကျေးသိမ်မွေ့ရေးကို လူထုလှုပ်ရှားမှု တစ်ရပ်အဖြစ် ပထမဆုံး တိုက်တွန်းဆော်သြခဲ့ရာ ၁၅ နှစ်ကြာမျှ အဆက်မပြတ် လှုံ့ဆော် ကြပ်မတ်ဆောင်ရွက် လာပြီးသည့်နောက်တွင် အတော်ပင် ယဉ်ကျေးသိမ်မွေ့လာကြပြီဖြစ်ကြောင်း၊ အထူးသဖြင့် လူငယ်လူရွယ်များသည် အပြုအမူ အပြောအဆို ယဉ်ကျေးသိမ်မွေ့လာကြကြောင်း လီကွမ်းယူကိုယ်တိုင်က ထုတ်ဖော်ပြောဆိုသည်ဟု မှတ်သားခဲ့ရဖူးသည်။

ဘတ်စ်ကားစီးရာမှာလည်းကောင်း၊ အမ်အာရ်တီခေါ် အမြန်ဓာတ်ရထား စီးရာမှာလည်းကောင်း၊ ဓာတ်လှေကားထဲ ၀င်ရာမှာလည်းကောင်း၊ စားသောက်ခန်းထဲ ၀င်ရာမှာလည်းကောင်း၊ အများနှင့် သွားလာဆောင်ရွက်ရသည့် နေရာများတွင် တစ်ယောက်နှင့်တစ်ယောက် လုယက်တိုးဝှေ့ နေရာဦးကြခြင်းသည် ပင်ပန်းဆင်းရဲစရာ ဖြစ်သည်ဟု လီကွမ်းယူက ပြောကြားခဲ့သည်။

လူအများ၏ အမူအကျင့် ရိုင်းစိုင်းကြမ်းတမ်းခြင်းသည် ကီယာဆုအစ်ဇင်း (Kiasuism) ဟုခေါ်သော မိမိရရှိမည့် အခွင့်အရေး လက်လွတ် ဆုံးရှုံးရမည်ကို စိုးရိမ်ကြောင့်ကြမှု စိတ်အစွဲကြောင့်လည်း ဖြစ်နိုင်သည်။ စင်ကာပူသားများသည် ဆင်းရဲမွဲတေမှုကို ကျော်ဖြတ်ခဲ့ရစဉ်က ထိုသို့သော စိုးရိမ်ကြောင့်ကြမှု စိတ်အစွဲများ ရှိခဲ့သည်။ ဂျပန်ခေတ်နှင့် စစ်ပြီးခေတ် တစ်လျှောက်လုံး ယင်းသို့ စိုးရိမ်ကြောင့်ကြ နေခဲ့ကြရသည့် အတွေ့အကြုံကြောင့် အရာရာတွင် အလုအယက် လုပ်တတ်ကိုင်တတ် လာခဲ့ကြခြင်း ဖြစ်သည်ဟု လီကွမ်းယူက သုံးသပ်ခဲ့သည်။

ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်ဆက်ဆံတတ်ရေးတွင် ဂျပန်များကို အတုယူရမည်ဟု သူက ညွှန်းဆိုသည်။

"ပညာပေး လေ့ကျင့်မှုတွေကြောင့် အမူအရာ အပြောအဆို ယဉ်ကျေးသိမ်မွေ့တဲ့ ဂျပန် လူ့အဖွဲ့အစည်း ပေါ်ထွက်လာတာ ဖြစ်တယ်။ သူတို့မှာ ဦးညွတ်အလေးပြုတာတောင် ဘယ်လို ကိုယ်နေကိုယ်ထားနဲ့ မှန်မှန်ကန်ကန် အရိုအသေ ပေးရမယ်ဆိုတာတွေကို သင်ကြားလေ့ကျင့်ပေးတဲ့ ကျောင်းတွေ ရှိတယ်။ ဒါတွေကို သူ့အလိုလို တတ်လာကြတာ မဟုတ်ဘူး" ဟု လီကွမ်းယူက ပြောခဲ့သည်။

ဤအကြောင်းအရာများကို လေ့လာရာတွင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အခြေအနေနှင့် နှိုင်းယှဉ်ကြည့်သင့်သည်။ မိမိတို့ဆီမှာလည်း "ကီယာဆုအစ်ဇင်း" ဖြစ်နေကြပါသလား။ နေရာတကာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် တစ်ကိုယ်ကောင်းဆန်သည့် စိတ်နှင့် သူ့ထက်ငါဦး အလုအယက် လုပ်တတ်ကြသော အကျင့်ကို ပြည်သူ့နီတိ ပြန်လည်ထွန်းကားအောင် ကြိုးပမ်းခြင်းဖြင့် ပြုပြင်ကြရပေမည်။ လူလူချင်း စာနာထောက်ထားသည့် ကိုယ်ချင်းစာနာစိတ်ဖြင့် ပြုပြင်ကြရပေမည်။

ကလောင်အမည်၊ အနုပညာအမည်တွေရဲ့ အဓိပ္ပါယ်


တစ်ခါတလေမှာ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ယောက်က သူသိချင်တဲ့ မေးခွန်းတစ်ခုခုကို မေးလိုက်လို့ ပြန်မဖြေနိုင်တဲ့အခါ ကျွန်တော့်ကို မကျေမနပ်နဲ့ ပြောလေ့ရှိကြတဲ့ စကားတစ်ခွန်း ရှိပါတယ်။ "မင်းကလည်းကွာ... စာတွေ ဒီလောက်ဖတ်နေပြီး ဒါလေးတောင် မသိဘူးလား" တဲ့။ အတော်အခံရခက်တဲ့ စကားပါဗျာ။ ပြီးတော့ နားထောင်ရတာ ဘယ်လိုကြီးမှန်းလည်း မသိဘူး။ စာဖတ်တာကို ၀ါသနာပါတဲ့အတွက် လက်လှမ်းမီသလောက် တွေ့သမျှစာကို ဖတ်ပါတယ်။ အချိန်ရသလို စာဖတ်တဲ့အကျင့်ကလည်း စွဲနေပါပြီ။ ဒါပေမယ့်ဗျာ... ဘယ်လောက်ပဲ စာဖတ်သည်ဖြစ်စေ၊ "ကျွန်တော်မသိတာ ဘာမှမရှိဘူးဗျ" ဆိုတာမျိုးတော့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲဗျ။ လောကကြီးမှာ ကျွန်တော်မသိတာတွေ၊ နားမလည်တာတွေ၊ မကြုံဖူး၊ မကြားဖူး၊ မမြင်ဖူးတာတွေမှ အများကြီးမှ တကယ့်အများကြီး။ ကျွန်တော်သိတယ်လို့ ထင်ရတာတွေက နည်းနည်းလေးမှ နည်းနည်းလေးပါဗျာ။ ရှိနေတဲ့ ပညာတွေနဲ့ ကျွန်တော်သိထားတယ်ဆိုတာဟာ မဟာသမုဒ္ဒရာနဲ့ မိုးရေတစ်စက်လောက်ကို ကွာခြားပါတယ်ဗျာ။ နည်းနည်းလေးမှ တကယ့်နည်းနည်းလေးပါ။ အဲဒါကိုလည်း ကျွန်တော်သိပါတယ်၊ ၀န်ခံပါတယ်။ ရှက်စရာမှ မဟုတ်တာပဲဗျာ။ ကျွန်တော်က မသိတာကို မသိဘူးလို့ ပြောပေမယ်လို့ တချို့တချို့တွေက သိပ်မကြိုက်ကြဘူးဗျ။ သူတို့ထင်နေတာက ကျွန်တော်က သိလျက်သားနဲ့ မဖြေချင်လို့ "ဘူး" ခံလိုက်တယ်လို့ကိုး။ မတတ်နိုင်ပါဘူးဗျာ။ ကျွန်တော်မသိတာကို မသိဘူးလို့ ဖြေလိုက်ရတဲ့အတွက် ကျွန်တော်ရတာက လိပ်ပြာသန့်သန့် နေနိုင်ခြင်းပါပဲ။ အဲဒီရလဒ်အတွက် ကျန်တဲ့အရာတွေကို လျစ်လျူရှုထားနိုင်ရမှာပေါ့လေ။

စကားတွေပျိုးနေလေတော့ နည်းနည်းလေရှည်သွားပါတယ်။ အခြားမဟုတ်ပါဘူး။ တစ်နေ့က သူငယ်ချင်းတစ်ယောက်က နာမည်တစ်ခု လာမေးတာနဲ့ ဆက်စပ်ပြီး ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။ အခန်းထဲမှာ ဂျာနယ်ဖတ်နေရင်းနဲ့ သူငယ်ချင်းက ကောက်ကာငင်ကာ မေးခွန်းတစ်ခု မေးပါတယ်။ ဂျာနယ်ထဲမှာပါတဲ့ စာရေးဆရာတစ်ယောက်ရဲ့ နာမည်ကိုပါ။ အဲ... အဲလိုလည်း မဟုတ်သေးဘူးဗျ။ ရှင်းအောင်ပြောရရင် နာမည်ဆိုတာထက် အဲဒီနာမည်နောက်က ပါလာတဲ့ ကွင်းစကွင်းပိတ်ထဲက စာလုံးတွေကို မေးတာပါ။ ဥပမာဗျာ... ကျွန်တော့်နာမည်ပဲ ဆိုပါတော့။ ကိုဉာဏ် (ပန်းလောင်မြေ) ဆိုတဲ့နာမည်နဲ့ ကျွန်တော့်ဘလော့ဂ်မှာ ဟိုရေးဒီရေး ရေးတယ်ပေါ့ဗျာ။ ကိုဉာဏ်ဆိုတာကတော့ နာမည်မို့ ထားလိုက်ပါတော့။ နောက်မှာပါတဲ့ ကွင်းစကွင်းပိတ်ထဲက "ပန်းလောင်မြေ" ဆိုတာ ဘာလဲပေါ့။ အဲဒီလိုမျိုး ပြဿနာပါ။ သူမေးတဲ့ဟာကို ကျွန်တော် သေသေချာချာ မဖြေလိုက်နိုင်ဘူးဗျ။ တကယ်လည်း မသိတာပါ။ ဖြစ်နိုင်ချေရှိတာကိုတော့ တွေးတွေးဆဆနဲ့ ပြောလိုက်မိပါတယ်။ ဒါပေမယ့် မသေချာဘူး၊ ထင်တာကိုပြောတာပါလို့တော့ ကြိုတင်ပြောလိုက်ရသေးတယ်။ တော်ကြာနေ... ကျွန်တော်ပြောလိုက်တာက မှားနေတယ်ဆိုရင် အဲဒီကောင်ကိုဉာဏ်က မသိဘဲနဲ့ လျှောက်ပြောလိုက်တယ်လို့ ဖြစ်မှာစိုးလို့ပါ။

အဲဒီတော့မှ ကျွန်တော်လည်း သေသေချာချာ စဉ်းစားမိတယ်။ ဟုတ်ပေသားပဲဗျ။ ကျွန်တော်တို့ဆီက စာရေးဆရာတွေရဲ့ ကလောင်နာမည်တွေမှာ အဲဒီလို အထူးပြု စကားလုံးလေးတွေ အတော်ပါတာကိုးဗျ။ တချို့ကလည်း ဒေသနာမည်၊ တချို့က ကျောင်းနာမည်၊ တချို့က မြို့နာမည်၊ တချို့က အထူးပြုဘာသာရပ်နာမည်၊ စသည် စသည်ဖြင့်ပေါ့လေ။ အများကြီးမှ အများကြီးပါပဲ။ အနောက်နိုင်ငံက စာရေးဆရာတွေကတော့ သူတို့နာမည်ကိုပဲ ကလောင်နာမည်အဖြစ် ရေးကြ၊ သုံးကြတာကို သတိထားမိတယ်။ ကျွန်တော်တို့ မြန်မာတွေကတော့ ကလောင်နာမည်ဆိုပြီး သီးသီးသန့်သန့်ကို ရွေးကြ၊ မှည့်ကြ၊ ပေးကြ၊ ရေးကြတာ တွေ့ရပါတယ်။ နာမည်အရင်းနဲ့ စာရေးတဲ့လူဆိုတာ လက်ချိုးရေလို့ရမယ် ထင်ပါရဲ့။

အထူးပြုစကားလုံးတွေနဲ့ အမည်ပေးထားကြတဲ့ စာရေးဆရာတွေ၊ အနုပညာရှင်တွေကို ကျွန်တော်ပြန်စဉ်းစားကြည့်မိတယ်။ လတ်တလော ခေါင်းထဲမှာ ပေါ်လာသမျှကို ချရေးမိတဲ့အခါ-

မြို့မ ငြိမ်း
ဘိုကလေး တင့်အောင်
လူထု ဦးလှ
လူထု ဒေါ်အမာ
လူထု စိန်ဝင်း
ဂျာနယ်ကျော် ဦးချစ်မောင်
ဂျာနယ်ကျော် မမလေး
ဒဂုန် ရွှေမျှား
ဒဂုန် ခင်ခင်လေး
ဒဂုန် တာရာ
ထီလာစစ်သူ
ရှုမ၀ ဦးကျော်
ရဝေနွယ် (အင်းမ)
မိုးမိုး (အင်းလျား)
အကော်ဒီယံ အုန်းကျော်
တွံတေး သိန်းတန်
လယ်တွင်းသား စောချစ်
နုနုရည် (အင်းဝ)
ချစ်နိုင် (စိတ်ပညာ)
မောင်လှမျိုး (ချင်းချောင်းခြံ)
မောင်စိန်ဝင်း (ပုတီးကုန်း)
မောင်ခင်မင် (ဓနုဖြူ)
ချစ်မောင် (အ၀ကျွန်း)
ခင်မောင်ထွေး (ပျဉ်းမနား)
ရှင်မိုး (ဆေးတက္ကသိုလ်)
ရာမည ကိုကိုနိုင်
ဆင်ဖြူကျွန်း အောင်သိန်း
မြင်းမူ မောင်နိုင်မိုး
မောင်စိမ်းနီ (လယ်ဝေး)
ခင်မောင်ညို (ဘောဂဗေဒ)
ကလျာ (၀ိဇ္ဇာ/သိပ္ပံ)
ကိုကို (စက်မှု)
တင့်ဆွေ (ဖျာပုံ)
ရွှေကူ မေနှင်း
မောင်သန်းဆွေ (ထားဝယ်)
ယဉ်ယဉ်နု (မန္တလေး)
မောင်ကိုကို (အမရပူရ)
ကိုငြိမ်း (မန္တလေး)
ဝင်းဝင်းမြင့် (နန်းတော်ရှေ့)
အဖျောက်မြေ မောင်ဆွေမွန်
မင်းနန် (မော်ကျွန်း)
မောင်ရင့်မာ (ကျောင်းကုန်း)
မောင်ကောင်းထိုက် (နှီးပဒေါ)

အဲဒါတွေကတော့ ခေါင်းထဲပေါ်လာသမျှ၊ စဉ်းစားလို့ရသမျှတွေထဲက အထူးပြုစကားလုံးတွေနဲ့ နာမည်ပေးထားတဲ့ သူတွေကို ရေးချလိုက်တာပါ။ အများကြီး ကျန်နေနိုင်ပါတယ်။ အခုရေးခဲ့တာတွေဟာ လူကုန်လို့ မယူဆစေလိုပါ။ ပြောချင်တာကတော့ အထက်ပါအတိုင်း အထူးပြုနာမည်တွေနဲ့ အမည်တွေ ပေးကြလေတော့ စာဖတ်သူတွေက ဘာလဲဆိုတာ စိတ်ဝင်စားကြတာ မလွန်ဘူးဟု ထင်ပါသည်။ တကယ်တမ်း ပြောရမည်ဆိုလျှင်တော့ စာရေးသူ၊ သို့မဟုတ် အနုပညာရှင်ရဲ့ နာမည်ထက် သူရေးတဲ့စာ၊ သူလုပ်တဲ့အလုပ်ကသာ ပိုအရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အလုပ်အတွက် သူတို့ကို မှတ်တမ်းတင်တဲ့အခါ၊ ရင်ထဲမှာ အမှတ်ထင်ထင် စွဲထင်နေတဲ့အခါမှာတော့ နာမည်တွေက အရေးကြီးလာတယ်လို့ ထင်မိပါတယ်။ ဆရာ လယ်တွင်းသား စောချစ်ရဲ့ စာတွေကို သဘောကျတဲ့ လူတစ်ယောက်က လယ်တွင်းသားဆိုတာ ဘာဖြစ်လို့ ထည့်ပေးထားရတာလဲဆိုတာ သိချင်မှာပါပဲ။ ထို့အတူ လူထုစိန်ဝင်းရဲ့ ဆောင်းပါးတွေကို အမြဲတစေ စောင့်ဖတ်ရတဲ့ ပရိသတ်ကလည်း လူထုဆိုတာ ဘာကိုအစွဲပြုပြီး ထည့်ပေးထားတာလဲဆိုတာ သိထားချင်မှာပါပဲ။ ဒေသနာမည်၊ မြို့နာမည်တွေကို သူ့အတိုင်း ထည့်ထားတာဆိုရင်တော့ ပြောစရာမရှိဘူးပေါ့လေ။ ဥပမာ... ခင်မောင်ထွေး (ပျဉ်းမနား)ဆိုရင် သြော်... ဆရာခင်မောင်ထွေးက ပျဉ်းမနားကကိုးလို့ ခန့်မှန်းလို့ရ၊ ပြောလို့ရတာကိုး။ ထို့အတူ မောင်ကိုကို (အမရပူရ) ဆိုတာလည်း အမရပူရမြို့ကို အစွဲပြုပြီး မှည့်ခေါ်ထားမှန်း သိသာပါတယ်။ ဒါပေမယ့် ချင်းချောင်းခြံလို၊ ပုတီးကုန်းလို၊ အင်လျားလို၊ ရာမညလိုမျိုး အထူးပြုစကားလုံးတွေ ဆိုရင်တော့ တော်ရုံစာဖတ်သူတွေက မသိနိုင်ကြဘူးလို့ ထင်ပါတယ်။ ဒါကလည်း ကျွန်တော့်အထင်ပါ။

ကျွန်တော်ဒီပို့စ်ကို ရေးရခြင်း ရည်ရွယ်ချက်က အထက်မှာပြောခဲ့သလို ကျွန်တော်တို့ဆီမှာ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အနုပညာရှင်ကြီးတွေ အများကြီး ပေါ်ထွန်းခဲ့၊ ပေါ်ထွန်းဆဲ ရှိပါတယ်။ အချို့အချို့သော စာရေးဆရာတွေ၊ အနုပညာရှင်တွေရဲ့ နာမည်တွေမှာ အထူးပြုလေးတွေ ပါနေတတ်ပါတယ်။ တချို့အထူးပြုလေးတွေက နားလည်လွယ်တယ်။ ချက်ချင်းသိနိုင်တယ်။ ဒါပေမယ့် အချို့အချို့လေးတွေကတော့ သူ့အဓိပ္ပါယ်နဲ့သူ၊ သူ့ချိတ်နဲ့သူပါ။ အဲဒီလို စကားလုံးတွေကို လုပ်ချင်စိတ်ရှိကြသူများ၊ လုပ်နိုင်စွမ်းရှိကြသူများက ဦးစီးဦးဆောင်ပြုပြီး မှတ်တမ်းသဘောမျိုး၊ စာတမ်းသဘောမျိုး ပြုစုရေးသားထားကြလျှင်ဖြင့် စာဖတ်သူတွေအတွက် အင်မတန် အကျိုးရှိမှာပဲလို့ တိုက်တွန်းချင်တာပါ။

လူထုဆိုတဲ့ စကားလုံးကို ရှင်းပြတဲ့အခါ ကျွဲကူးရေပါဆိုသလို ဟိုးအရင်က လူထုသတင်းစာအကြောင်း၊ လူထုမောင်နှံအကြောင်း၊ လူထုစာအုပ်တိုက်အကြောင်း စသည်ဖြင့် ပါလာမှာပါပဲ။ ထို့အတူ မြို့မဆိုတဲ့ စကားလုံးကို ရှင်းပြရင်းနဲ့ မြို့မရဲ့ အဓိပ္ပါယ်ကွဲတွေအကြောင်း၊ မြို့မအဖွဲ့ကြီးအကြောင်း၊ ပေါ်ထွန်းခဲ့တဲ့ မြို့မပညာရှင်တွေအကြောင်း သိလာရမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်ကိုဉာဏ်ကတော့ လုပ်ချင်စိတ်ရှိပါရဲ့... ဒါပေမယ့် လုပ်နိုင်စွမ်းမရှိဘူး ဖြစ်နေပါတယ်။ အဲဒါကြောင့် လုပ်နိုင်တဲ့လူများကို လုပ်ကြစေချင်ကြောင်း အလေးအနက် တိုက်တွန်းလိုတာပါ။ ကျွန်တော်ရေးတဲ့အထဲမှာ မပါတဲ့ နာမည်တွေနဲ့ အဓိပ္ပါယ်တွေကိုလည်း ပြောပြပေးနိုင်ရင် ပြောပြပေးကြပါဦးလို့....။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၃၁ ရက်၊ အင်္ဂါနေ့။
နံနက် ၉ နာရီ ၂၅ မိနစ်တွင်ပြီး၏။

ရန်လုံအိမ် - အောင်သင်း


aungthin.jpg

ကျွန်တော် မိမိမွေးနေ့ပွဲ ဆိုတာတွေဘာတွေကို ၀ါသနာမပါ။ တစ်ခါတစ်ရံ ကိုယ့်မွေးနေ့ကိုလွန်လာပြီး သုံးလေးရက်ရှိမှ မွေးနေ့ကို ကျော်လာကြောင်း သတိရမိတတ်သည်။ တစ်ခါတလေတော့လည်း စိတ်လိုလက်ရ သတိရပြီး ကောင်းမှုလေးတွေကို လုပ်တတ်မိသည်။ ကျွန်တော်လုပ်ခဲ့ဖူးသည့် ကောင်းမှုအကြောင်းကို မှတ်မှတ်ရရ ပြောလိုက်ရပါဦးမည်။ ကျွန်တော်တို့လမ်းထဲက ကလေးတွေကို ဘဲသားဆန်ပြုတ် စသည်အားဖြင့် ကျွေးမွေးခြင်းဖြစ်သည်။ ကလေးတွေကိုပဲ ဖိတ်သည်။ လူကြီးတွေကို တစ်ယောက်မျှမဖိတ်။ လူကြီးတွေပါလာလျှင် ကလေးတွေရဲ့ လွတ်လပ်မှု ဆိတ်သုဉ်းသွားမည်ကို မလိုလားသောကြောင့် ဖြစ်သည်။ ကလေးတွေ သူတို့ကြိုက်သလို စားနေသည်ကို ကျွန်တော် ကြည့်ချင်သည်။ ကျွန်တော့်အရသာက ဘဲသားဆန်ပြုတ်မဟုတ်၊ နို့စိမ်းခေါက်ဆွဲမဟုတ်၊ ကလေးတွေ လွတ်လပ်စွာ အားရပါးရ "တွယ်"နေသည်ကို ကြည့်နေရခြင်းပင် ဖြစ်သည်။

ခက်နေသည်က လူကြီးတွေကို ဖိတ်ကြားပြီဆိုလျှင် စက္ကူလေးတိုတိုထွာထွာနှင့်ဖြစ်စေ၊ နှုတ်မြွက်စကားလေး တစ်လုံးတလေနှင့်ဖြစ်စေ ဖိတ်လိုက်လျှင် ပြီးသည်။ ကလေးတွေကျတော့ သည်လိုနှင့် လုပ်လို့မရ။ လိုက်ခေါ်ရသည်။ သူတို့က "လူစာရင်း" မပေါက်သေးတော့ ကြောက်တာမဟုတ်သော်လည်း ကိုယ်နှင့်မဆိုင်သလို လုပ်နေတတ်ကြသည်။ တကယ်တော့လည်း သူတို့နှင့် ဘာမှ မဆိုင်ဟုလည်း ဆိုနိုင်သည်။ ကျွန်တော့်သားငယ်လိုဟာမျိုးနှင့် ဆိုလျှင်တော့ အဆင်ပြေနိုင်သည်။

တစ်ခါတွင် ကြုံရပုံကို ပြောလိုက်ရပါဦးမည်။

ကျွန်တော့်သား အငယ်ဆုံးကလည်း ကလေးအရွယ် မဟုတ်တော့ပြီ။ တက္ကသိုလ်ပင် တက်နေပြီ။ ကျွန်တော်က မွေးနေ့ပွဲအတွက် ဘဲသားဆန်ပြုတ်ကို ကျွေးသည်။ အိမ်နီးနားချင်းတွေကို ပြောရသည်။ "ဟဲ့- နင်တို့သားသမီးတွေကို မနက်ကျရင် လွှတ်လိုက်ကြစမ်း" ပေါ့။ ရင်းနှီးနေသူများကတော့-

"ဆရာကလဲ ကလေးတွေတင်ပဲလား၊ ကျွန်မတို့လည်း လာစားကြမှာပဲ"

"အေး- မရှက်တတ်ရင် ကလေးတွေနဲ့အတူ လာစားကြပေါ့ဟာ" ဟု ရယ်ကာမောကာ ပြောလိုက်ရသည်။ တကယ်လည်း လာစားကြပါသည်။ ပျော်စရာ အလွန်ကောင်းပါသည်။

ဤကဲ့သို့ လူကြီးတွေကိုပါ ကိုယ်ကသိနေလျှင်တော့ အကြောင်းမဟုတ်။ တစ်ချို့အိမ်တွေကိုကျတော့ လူကြီးတွေက မနက်လင်းလျှင် အိမ်ကထွက်၊ ညမှောင်မှ အိမ်ပြန်ရောက်လာတတ်ကြလေတော့ လူကြီးမိဘတွေနှင့် မျက်မှန်းတန်းမိရုံလောက်သာ ရှိသည်။ ကျန်ရစ်ခဲ့သည့် ကလေးတွေက သူတို့ဘာသာသူတို့ လာဝံ့ကြတော့မည် မဟုတ်။ ထို့ကြောင့် ကျွန်တော်က ကိုယ်တိုင် လိုက်ခေါ်ရသည်။

သို့နှင့် ကျွန်တော့်နေအိမ်နှင့် လေးငါးအိမ်လောက်ခြားသော အိမ်ကလေးတစ်အိမ်ဆီသို့ ရောက်သွားခဲ့သည်။ ညီအစ်ကိုနှစ်ယောက် ဖြစ်သည်။ အစ်ကိုက အသက် ၇ နှစ်ခန့်။ ညီက ၅ နှစ်ခန့်။ သူတို့အိပ်နေကြဆဲဖြစ်၍ အိမ်နီးချင်းတစ်ယောက်က သူတို့ကို နှိုးပေးသည်။ နိုးလာသော အစ်ကိုဖြစ်သူအား ညီအစ်ကိုနှစ်ယောက်လုံး ဘဲသားဆန်ပြုတ် လာသောက်ရန် သေချာမှာကြားခဲ့သည်။ သူတို့ညီအစ်ကိုနှစ်ယောက် တော်တော်နှင့် ပေါ်မလာသောကြောင့် တစ်ခါ ထပ်သွားလိုက်မိပြန်ပါသည်။

အစ်ကိုဖြစ်သူက မျက်နှာသစ်နေရင်း "ဟေ့ကောင်၊ ထတော့ကွ။ ဒီမှာ ဦးလေးစောင့်နေတယ်"

သူက မျက်နှာသုတ်။ ညီက မထသေး။ ဒီတော့ အစ်ကိုက စိတ်မရှည်နိုင်တော့။

"ကဲကွာ- ငါတော့ ဦးလေးနဲ့ လိုက်သွားတော့မယ်၊ မင်းဘာသာမင်း လာခဲ့ပေတော့"

"အေး- ငါ့ဘာသာငါ လိုက်လာခဲ့မယ်"

"ဘယ်အိမ်လဲ ပြောခဲ့"

"ရန်လုံအိမ်ကွာ"

ကျွန်တော့်မှာ အသံထွက်ပြီး မရယ်မိအောင် မနည်းထိန်းထားလိုက်ရသည်။ "ရန်လုံ" ဆိုသည်က ကျွန်တော့်အိမ်က ခွေးဖြစ်သည်။ သူတို့သည် နိုင်ငံကျော်စာရေးဆရာ "ဦးအောင်သင်း" ဆိုတာကို မြင်ဖူးသည်။ ဘယ်အိမ်မှာနေသည်ကို သိကြသည်။ သို့သော် ဦးအောင်သင်း သူ့ဘာသာ ဘာပဲလုပ်နေနေ သူတို့ စိတ်မ၀င်စား။ သူတို့အဖို့ ရန်လုံက ဦးအောင်သင်းနေသော အိမ်တွင် နေသည်မဟုတ်။ ဦးအောင်သင်းက ရန်လုံနေသောအိမ်တွင် နေခြင်းသာ ဖြစ်သည်။

ဦးအောင်သင်းဆိုသော လူကြီးထက် ရန်လုံက တပန်းသာနေတာ ရှိသေးသည်။ ရန်လုံက သူတို့နှင့်အတူ ကစားသည်။ ရန်လုံက မကိုက်တတ်။ ကလေးတွေက ခွစီး၊ အမြီးဆွဲကစားနေလျှင် ရန်လုံကိုယ်တိုင်က ပျော်သည်။ သူတို့၏ အပေါင်းအသင်း ဖြစ်သည်။ ကျွန်တော်နေသောလမ်းမှာ တစ်ဘက်ပိတ် လမ်းတိုကလေး ဖြစ်သည်။ ထို့ကြောင့် တစ်လမ်းလုံးရှိ ကလေးတွေအားလုံး သိကြသည်။

တကယ်ဆိုတော့ ကျွန်တော်တို့ တစ်လမ်းလုံးထဲရှိ ကလေးတွေသာမက ရပ်ကွက်တွင်း အခြားလမ်းတွေက ကလေးတွေကလည်း ရန်လုံကို သိကြသည်။ ကျွန်တော်တို့လမ်းထဲတွင် မူလတန်းကျောင်းကလေးတစ်ခု ရှိလေတော့ မုန့်စားကျောင်းဆင်းပြီဆိုလျှင် ကလေးတွေက ပြေးကြလွှားကြ ကစားကြသည်။ ကလေးတွေ ပြေးကြ လွှားကြ လုပ်လျှင် ရန်လုံကလည်း သူတို့နှင့်ရောပြီး ပြေးပြေးလွှားလွှား လုပ်တတ်သည်။ ထို့ကြောင့် ကျွန်တော်တို့ရပ်ကွက် ကလေးထဲရှိ ကလေးတွေလောကမှာတော့ဖြင့် ဦးအောင်သင်းထက် ရန်လုံက ပိုပြီး နာမည်ကြီးသည်မှာ အမှန်ဖြစ်သည်။ ထိုမူလတန်းကျောင်းက ကလေးတွေကို တစ်ယောက်ယောက်က "ဦးအောင်သင်းအိမ် ဘယ်အိမ်လဲ" ဟု မေးလျှင် ဘယ်ကလေးမျှ သိမည်မဟုတ်။ ရန်လုံအိမ်ဟု မေးလိုက်လျှင် ကလေးတိုင်းသိမည်မှာ သေချာသည်။

ကျွန်တော်ကိုယ်တိုင် ငယ်ငယ်က အဖြစ်ကလေးတစ်ခုကို မကြာခဏ သတိရမိသည်။ ကျွန်တော် ကျောင်းသွားကျောင်းပြန်လမ်းတွင် အလွန်သတိ ထားမိခဲ့သော အိမ်နှစ်အိမ်ရှိသည်။ ထိုအိမ်ရှင်တွေ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကျွန်တော် ယခုထက်တိုင် မသိခဲ့။ တစ်အိမ်ကို သိတာကတော့ ထိုအိမ်ထံစက်မြိတ်တွင် ချိတ်ထားသော ကြက်တူရွေးအိမ်ကလေးကြောင့် ဖြစ်သည်။ ထိုကြက်တူရွေးအိမ်ကလေးကို (အချိန်ရလျှင်) တမက်မောမော ကြည့်နေမိတတ်သည်။ နောက်တစ်အိမ်ကို သတိထားမိတာကတော့ ထိုအိမ်ကခွေးက ကိုက်တတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သတိကြီးစွာထားပြီး မှတ်မိနေတော့သည်။

ကလေးငယ်တို့၏ စိတ်ဝင်စားမှုသည် သူ့အရွယ်နှင့်သူသာ ဖြစ်ချေသည်။

လူကြီးတွေမှာကော...။

ကျွန်တော်က ၀တ္ထုရေးတတ်သူ မဟုတ်၊ ကဗျာရေးတတ်သူ မဟုတ်။ စာပေဆောင်းပါးများနှင့် စာပေလောကထဲသို့ ၀င်လာသူသာ ဖြစ်သည်။ နောက်ပိုင်း ရောက်လာမှသာ လူငယ်တိုးတက်မှု စာပေတွေကို ရေးသားလာခဲ့ခြင်း ဖြစ်သည်။ ကျွန်တော့်ကို အဟောအပြော ကောင်းသူစာရင်း သွင်းကြပါသည်။ ထိုက်သင့်သလောက်လည်း ဖိတ်ကြားမှု၊ ကြိုဆိုမှုတို့ကို ရခဲ့ပါသည်။

သို့သော် ကျွန်တော့်ဟောပြောပွဲအစကို ပြောလိုက်ချင်ပါသေးသည်။ ကျွန်တော်နှင့် တွဲခဲ့ရသူတွေက မြသန်းတင့်တို့၊ ချစ်ဦးညိုတို့ စတဲ့ ဒီဒိတ်ဒိတ်ကြဲတွေချည်း ဖြစ်သည်။ သူတို့ကို လူတိုင်းက သိနေကြသည်၊ ချစ်နေကြသည်။ ရောက်လာလိုက်ပလားဆိုလျှင် လာတဲ့လာတဲ့ပြီး မိတ်ဆက်ကြတာတွေ၊ အော်တိုအရေးခိုင်းကြတာတွေ၊ လက်မှတ်အထိုးခိုင်းကြတာတွေ ၀ိုင်းဝိုင်းလည်နေတတ်သည်။ အောင်သင်းကို ဘယ်သူကမျှ သတိမထားမိကြ။ အရေးမလုပ်ကြ။ ဟောပြောပွဲ လုပ်လိုက်ပြီလားဆိုလျှင် ကျွန်တော်က နောက်ဆုံးနေရလေ့ရှိသည်။ အချိန်က သန်းခေါင်နား ကပ်နေလေပြီ။ ပရိသတ်အချို့ကလည်း ပြန်သွားကြပြီ။ သို့သော် ကျွန်တော့်ဘက်ကတော့ စိတ်ဓာတ်မကျ။ ကျန်သမျှကို ဟောပြောရတော့သည်သာ။

ချစ်ဦးညိုက အလွန်အကင်းပါးသည်။ ကျွန်တော့်အဖြစ်ကိုလည်း နားလည်သည်။ ထို့ကြောင့် သူဟောပြောလို့ နိဂုံးချုပ်ခါနီးလျှင် "ကျွန်တော်တို့နောက်မှာ ဆရာဦးအောင်သင်း ပြောပါလိမ့်မယ်။ အလွန်ကို သိမ်မွေ့နက်နဲတဲ့ ရသအလင်္ကာ ဆိုတာတွေကို နားထဲဆုပ်သွင်းလိုက်သလို ရှင်းရှင်းလင်းလင်း ပြောတတ်တာမို့ စောင့်ပြီး နားထောင်စေချင်ပါတယ်" ဆိုတာမျိုး ပံ့ပံ့ပိုးပိုး ပြောသွားလေ့ရှိသည်။ ကြည်နူးစရာ ကောင်းလှပါသည်။

သည်လိုဆိုလိုက်တော့ ကျွန်တော်ချစ်ခင်လေးစားသော မြသန်းတင့်၊ ချစ်ဦးညို စသည့် စာရေးဆရာများကို ကျွန်တော်ချစ်သော "ရန်လုံ" နှင့် နှိုင်းရကောင်းလားဟု စာဖတ်သူက ငြိုငြင်မည်ကို စိုးရိမ်မိပါသေးသည်။ ကျွန်တော်ဆိုလိုသည်က လူတိုင်းတွင် သူ့နယ်နှင့်သူ အောင်မြင်မှု ရှိနေကြသည်ပင် ဖြစ်ပါသည်။ ကိုယ့်အတွက်လည်း ကိုယ့်နယ်လေး ရှိနေသည်ပင် ဖြစ်ပါသည်။ သူ့နယ်အတွက် ၀န်မတိုတတ်လျှင် ဘ၀မှာ နေပျော်စရာ ဖြစ်ပါသည်။

ထို့အပြင် ရန်လည်း လုံပါသည်။

ရှင်မဟာသီလ၀ံသ တပည့်ဆုံးမစာ


တိလောကဟု၊ မရနှိုင်းတု၊ ဘက်မပြုသည့်၊ သုံးဆူရတနာ၊ မာတာပိတ၊ ဆရာစကား၊ အရှင်များကို၊ ပြစ်မှားမဆို၊ ရိုသေကြစေ၊ သာမဏေက၊ သူငယ်စကား၊ တပည့်များတို့၊ မှတ်သားကြပ်ကြပ်၊ မပြတ်သို့ပင်၊ ဆုံးမသင်သည်၊ ၀မ်းတွင်အမြဲသွတ်။

ကရောက်ကရက်၊ ကျက်ကျက်ပျောက်ပျောက်၊ စားသောက်အိပ်နေ၊ မရှိစေနှင့်၊ သေသေသပ်သပ်၊ စိတ်ယူစွဲ၍ အမြဲမှတ်။

ဆရာသမား၊ မိဘအားကို၊ နိုးကြားမပြတ်၊ မျက်သစ်တံပူ၊ လုံ့လကူသည်၊ ယူ၍မပြတ်၊ နေ့တိုင်းကပ်။

ဘုရားခြေရင်း၊ ကျောင်းတလင်းတွင်၊ မြက်သစ်ပင်ကို၊ မြင်လျှင်မဖွယ်၊ မတင့်တယ်သော်၊ လည်၍မပြတ်၊ တံမြက်ခတ်။

သုံးဆောင်ရေနှင့်၊ သောက်ရေအိုးတွင်၊ ရေနည်းမြင်သော်၊ ခေါ်ငင်ညီညွတ်၊ သွား၍ခပ်။

ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ဘဲ၊ မတ်တပ်ထိုး၍၊ မသွားနှင့်။

ဘုဉ်းပေးဆိုတမ်း၊ ရဟန်းတို့အား၊ စားမည်လားဟု၊ စကားသည်နှယ်၊ မမေးနှင့်။

မိဦးဖဦး၊ ဆရာ့ဦးကို၊ ခူး၍အလျင်၊ မစားနှင့်။

မိဘဆရာ၊ ထားသည့်ဟာကို၊ မျက်နှာကွယ်လျှင်၊ မယူငယ်နှင့်၊ လိုချင်သောအား၊ စားချင်ငြားက၊ ၀ပ်တွားခယ၊ တောင်းပါကြ။

ကျောင်းတွင်အိမ်တွင်၊ မသန့်စင်၍၊ မြင်သည်ရှိသော်၊ ယူငင်သိမ်းဆည်း၊ အထဲသို့ငြား၊ ကောင်းကောင်းထား။

အသက်ကြီးငယ်၊ ၀ါကြီးငယ်ကို၊ လွဲဖယ်မသွေ၊ နှိမ့်ချလေ။

ရိုသေတုပ်ကွ၊ ဆည်းကပ်ကြလျက်၊ နေ့ညကြည်ဖြူ၊ နည်းခံယူ၍၊ ကြီးသူခေါ်က၊ ကြွကြွလည်းလာ၊ ဗျာဗျာကျွန်ုပ်၊ ပုဆစ်တုပ်လျက်၊ ဖုံးအုပ်ခြေလက်၊ လွန်ငြိမ်သက်သည်၊ ကျောင်းထွက်လူပေ၊ ဆိုရစေ။

တရားပေစာ၊ ဟောသောအခါလည်း၊ နှုတ်မှာမစောင့်၊ တစ်ထောင့်စကား၊ တဟားဟားသည်၊ ရိုင်းကားမိုက်မဲ၊ မပြောနှင့်။

တစ်ယောက်ကိစ္စ၊ ကိုယ်တွင်ကြသော်၊ ခြေကြွလက်သာ၊ မနေရာသည်၊ တတ်ပါသမျှ၊ ညီညာကြ။

ရဟန်းသံဃာ၊ အရိယာကို၊ လူသာမဏေတို့၊ ချို့ချို့ငဲ့ငဲ့၊ ကဲ့ရဲ့ကျီစား၊ လှည့်စားမပြု၊ တုဖက်မဆို၊ ရိုသေကြစေ၊ မြွေပွေးမြွေဟောက်၊ မထိစောက်သို့၊ ရွံကြောက်စေ။

မွေတော်ဓာတ်တော်၊ ရုပ်တုတော်ကို၊ ဖူးမြော်မပြတ်၊ ရှေ့ကျောင်းဦးမှာ၊ ဖြည့်ကြ၀တ်တက်၊ နံနက်မိုးသောက်၊ ချိန်ခါရောက်သော်၊ ၀တ်လျှောက်မပျက်၊ လက်အုပ်တင်ကား၊ ဘုရားတရားသံဃာ၊ ရတနာသုံးပါး၊ ဂုဏ်တော်များကို၊ ကြိုးစားလုံ့လ၊ ဆောက်တည်ကြ။

ဗဟုသုတ၊ တတ်ပါလျင်လျှင်၊ သင်သာခိုက်ကို၊ သင်လိုက်ကြ။

သို့ပင်တစေ၊ မနေရသာ၊ ကျောင်းကခွါသော်၊ နောင်ခါနောင်တ၊ ရှိတတ်စွ။

အတတ်ပညာ၊ တတ်မှသာလျှင်၊ ကျောင်းမှာနေကျိုး နပ်မည်ပ။

ဓမ္မပဒဂါထာ (၅၆)


အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနံ။
ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။

အဝေးဆုံးပြေးတဲ့ မွှေးရနံ့
တောင်ဇလပ်ပန်းရဲ့ ရနံ့
စန္ဒကူးနံ့သာရဲ့ ရနံ့
မွှေးပျံ့တယ်ဆိုပေမယ့်
ရနံ့ပျံ့နှံ့မှုနယ်ပယ်
အတိုင်းအတာပမာဏကတော့
သိပ်ကို နည်းပါးလွန်းပါတယ်။
ကိုယ့်ကျင့်သီလ အားကောင်းတဲ့
သူတော်ကောင်းပုဂ္ဂိုလ်တွေရဲ့
ကိုယ်ကျင့်သီလရနံ့ကတော့
မွှေးပျံ့မှုနယ်ပယ်
သိပ်ကို ကျယ်ဝန်းလှပါတယ်။
အမြင့်မြတ်ဆုံးရနံ့ဖြစ်လို့
လူနတ်ဗြဟ္မာ
အထက်တန်းလွှာတွေရဲ့ကြားမှာ
အကြီးအကျယ်
မွှေးပျံ့သင်းကြိုင်နေတော့တာပါပဲ။

Monday, August 30, 2010

ဘယ်သူက ဘယ်သူ့ကို အသုံးချနေကြတာလဲ (မော်ဒယ်ရွှေစင် အင်တာဗျူး နောက်ဆက်တွဲအတွေး)


အစကတော့ ကိုယ့်ထမင်းကိုယ်စားပြီး ခပ်အေးအေး နေမလို့ပါပဲ။ ဒါပေမယ့် မပြောတော့ပါဘူး၊ မရေးတော့ပါဘူးဆိုပြီး အတင်းကျိတ်မှိတ်ပြီး နေရတာဟာ နောက်ဖေးသွားချင်ပါလျက် အတင်းအောင့်ထားရသလိုပဲ အတော်လေးကို အခံရခက်တာကိုးဗျ။ ကျွန်တော်ကိုဉာဏ်က မပြောချင်၊ မဆိုချင်ပါဘူးဆိုမှ လက်ဖက်ရည်ဆိုင်မှာလည်း ဒီအကြောင်း၊ သူငယ်ချင်းတွေ စကားလက်ဆုံကျရင်လည်း ဒီအကြောင်း၊ မကြားချင်တဆုံး ဖြစ်နေတော့တာကိုး။ ဒီကြားထဲ အချို့အချို့တွေက ကျွန်တော့်ကို တကူးတကကို လာမေးကြသေးတယ်။ သူတို့က Bi Weekly Eleven မှာ ဖတ်လိုက်ရတဲ့ သတင်းဆောင်းပါးကိုပဲ ဖတ်မိတာကိုး။ ကိုဉာဏ်ရေ... အဲဒါက ဘယ်လိုဖြစ်တာတုန်းဗျပေါ့။ သူတို့ကလည်း ဟိုလူပြော၊ ဒီလူပြော နည်းနည်းပါးပါးတော့ သိထားကြတာပါပဲ။ ဒါပေမယ့် အကိုးအကားနဲ့ ဖတ်ချင်လို့ ကျွန်တော့်ကို စကားခေါ်နေတယ်ဆိုတာ ကျွန်တော်သိတာပေါ့။ ကျွန်တော့်ဂျာနယ်ပုံထဲက အဲဒီအင်တာဗျူးတွေ၊ ကောက်နုတ်ချက် သတင်းတွေပါတဲ့ ဂျာနယ်တွေကို ချက်ချင်းပဲ ထုတ်ပေးလိုက်ပါတယ်။ တစ်ခါတည်းလည်း ကြိုပြောရသေးတယ်။ ဘေးနားမှာ ဘောလ်ပင်နဲ့ မှတ်ချက်တွေ ရေးထားတာကို ကိုယ့်ဘာသာကိုယ် ဖတ်ချင်ရင်ဖတ်ပါ။ မဝေဖန်ပါနဲ့လို့။ ဟုတ်တယ်ဗျ၊ အဲဒါတွေ ဖတ်မိကတည်းက ကျွန်တော်က စိတ်ထဲက သိပ်ပြီး အစာကြေလှတာ မဟုတ်ဘူး။

7DAY News မှာပါတဲ့ ရွှေစင်နဲ့ အင်တာဗျူးကိုတော့ မဖတ်ဖြစ်ခဲ့တာ အသေအချာပါပဲ။ မင်းသား၊ မင်းသမီးတွေကို အလကားနေရင်း အင်တာဗျူးလုပ်ပြီး ထည့်ပေးတဲ့ကဏ္ဍကို ကျွန်တော်ကတော့ မကြိုက်ဘူးဗျ။ (အဲဒါ ကျွန်တော် မကြိုက်တာကို ပွင့်ပွင့်လင်းလင်း ပြောတာ။) ပရိသတ်ကို သိစေချင်လို့၊ သိစေချင်လို့နဲ့ ခေါင်းစဉ်တပ်ပြီး သူတို့မေးတာတွေက ဘာတွေမှန်းကို မသိဘူးဗျ။ မေးခွန်းတွေက အဆင့်မတန်း မရှိဘူးဗျာ။ ကျွန်တော်ကတော့ အဲလိုပဲ မှတ်ယူထားတယ်။ အဲဒီအတွက် မင်းသား၊ မင်းသမီး အင်တာဗျူးအများစုကို မဖတ်ဖြစ်ဘူး။ တစ်ခါတလေ ပေါ်ပင်ဖြစ်ပြီး တအားကို နာမည်ကြီးနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားရင်တော့ သူတို့တွေ ဘယ်လိုမျိုး ပြောင်လိမ်ကြ၊ ပြောင်ညာကြသလဲဆိုတာကို သိချင်လို့ ဖတ်ပါတယ်။ ဥပမာ- မင်္ဂလာဆောင်တော့မယ့် သတင်းမျိုး၊ ကွာရှင်းပြတ်စဲခြင်း သတင်းမျိုး၊ အမွေပြတ် သတင်းမျိုးပေါ့။

ရွှေစင်နဲ့အင်တာဗျူးကို ဖတ်ပြီးတဲ့အချိန်မှာ အတော်လေးကို စိတ်ဝင်စားစရာကောင်းတာ တွေ့ရတယ်ဗျ။ အဲဒီအင်တာဗျူးကလည်း ဈေးဝယ်လမ်းညွှန် ဂျာနယ်ထဲက စကားတွေကြောင့် နာမည်ထွက်လာပြီးတဲ့ အချိန်ကျမှ လုပ်ထားတာပါ။ ပိုပြီး ဖတ်လို့ကောင်းသွားတာပေါ့။ ကာယကံရှင်မော်ဒယ်နဲ့ မေးမြန်းတဲ့ သတင်းထောက်ရဲ့ အကြောင်းတွေကို အတော်အတန် သိခွင့်ရလိုက်တယ်။

ကဲ.... ကျွန်တော်မြင်တာလေးတွေ၊ တွေးမိတာလေးတွေကို ပြောပြဦးမယ်ဗျာ။ ခင်ဗျားတို့နဲ့ အတွေးတူမယ်၊ ခံယူချက်တူမယ်လို့တော့ တထစ်ချ မပြောပါဘူးဗျာ။ ကျွန်တော်မြင်သမျှကို ပြန်လည်ဝေမျှတာပါ။

ပထမဆုံးအနေနဲ့ အဲဒီမော်ဒယ်ပြောတဲ့ စကားတွေကို အံ့သြမိတာ အမှန်ပဲဗျ။ သူတကယ်သုံးလို့ သုံးတယ်ပြောတယ်လို့ပဲ ကျွန်တော်က ယုံကြည်ပါတယ်။ အဲဒီလို သုံးတာကို မနာလိုလည်း မဖြစ်ရပါဘူး။ သူ့မှာ အဲဒီလိုသုံးနိုင်တဲ့ ကုသိုလ်ကံပါလာလို့ အခုလို သုံးနိုင်တယ်လို့ မုဒိတာ ပွားနိုင်ပါတယ်။ ဒါပေမယ့် သူသုံးတဲ့ပစ္စည်းအမျိုးအစားတွေ၊ တန်ဖိုးတွေ၊ သုံးစွဲမှုတွေကတော့ အံ့သြလောက်ဖွယ်ရာပါပဲခင်ဗျ။

အင်တာဗျူးမှာ သူ့မိဘတွေရဲ့ အလုပ်အကိုင်နဲ့ သူတို့အိမ်ရဲ့ စီးပွားရေးအကြောင်း ပြောထားတာ တွေ့ရပါတယ်။ အငြိမ်းစား တရားရုံးချုပ် ရှေ့နေတစ်ယောက်က အဲလောက် ချမ်းသာနိုင်သလားဆိုတာကို စဉ်းစားဖို့အတွက် ကျွန်တော်ဉာဏ်မမီပါ။ သူ့အစ်ကိုတွေရဲ့ ကားအရောင်းအ၀ယ်ကလည်း တစ်စီးရောင်းရင် ဒေါ်လာတစ်သိန်းလောက် မြတ်နိုင်သလား ကျွန်တော်မသိပါ။ ကားတစ်စီးတန်ဖိုး ဘယ်လောက်ရှိတယ်၊ ကားအမျိုးအစားတွေက ဘာတွေဆိုတာ ကျွန်တော်သေသေချာချာ နားမလည်တာကို ၀န်ခံပါတယ်။

နောက်တစ်ခုက ဒီနေ့ခေတ် မော်ဒယ်တစ်ယောက်ရဲ့ ၀င်ငွေဟာ ဘယ်လောက်ရှိလဲဆိုတာလည်း ကျွန်တော်မသိပါ။ ကျွန်တော်တို့ အမျိုးထဲမှာ မော်ဒယ်၊ ရုပ်ရှင်မင်းသမီး၊ ရုပ်ရှင်မင်းသား စသည်ဖြင့် မရှိသည့်အတွက် ဘယ်သူ့ကို မေးရမှန်းမသိပါ။ နာမည်ကြီး မင်းသားတွေကတော့ ဇာတ်ကားတစ်ကားရိုက်လျှင် သိန်းရာဂဏန်းပေးရသည်ဟု ကြားဖူးပါသည်။ အူဝဲကိုလည်း ရုပ်ရှင်တစ်ကားလျှင် သိန်း ၈၀ ၀န်းကျင် ပေးရသည်ဟု မိတ်ဆွေတစ်ဦးက သူသိသမျှကို ပြောပြဖူးပါသည်။ မှန်မမှန် ကျွန်တော်မသိပါ။

အထက်ပါ အချက်များအရ အင်တာဗျူးတွင်ဖြေသည့် ၀င်ငွေနှင့်ထွက်ငွေအပေါ် အိတ်စိုက်လုနီးပါးပဲ ဖြစ်ခဲ့ဖူးသည် ဆိုခြင်းမှာ ဘာကိုဆိုလိုမှန်း ကျွန်တော် တကယ်မသိပါ။ သူသုံးတဲ့ပစ္စည်း အမျိုးအစားတွေ၊ တန်ဖိုးတွေနှင့် သူရတဲ့ အနုပညာကြေးက လုံလောက်တယ်ဆိုတာ ဘယ်လိုများလဲလို့ ကျွန်တော်ကိုဉာဏ် ဉာဏ်မမီစွာဘဲ စဉ်းစားနေမိပါတယ်။

နောက်တစ်ခုက အင်တာဗျူးမှာ အဲဒီမော်ဒယ်က သူ့ကိုယ်သူ "မီး" ဟု သုံးနှုန်းထားခြင်းကို သဘောမတွေ့လှပါ။ ဂျာနယ်ကလည်း အဲဒီလိုပြောတာကို ဘာလို့ထည့်ပေးသလဲ မစဉ်းစားတတ်ပါ။ ဖြည့်ပြီး တွေးကြည့်မိတာက မော်ဒယ်က သူဖြေတဲ့အခါ "သမီးက... သမီးက..." ဟု အမြန်ပြောသည်ကို မေးမြန်းသူက "မီးက... မီးက..." ဟုပဲ ကြားပြီး အဲဒီလိုများ ပြန်ရေးထားသလား မသိဘူးဟူ၍ပင်။ တကယ်ဆိုရင် "သမီးက..." ဟုသာ သုံးသင့်သည်ဟု ထင်မြင်မိပါသည်။ သူ့ဟာသူ "မီးက..." လို့ ပြောပြော၊ "ရေက..." လို့ ပြောပြော သိပ်တော့ အရေးမကြီးပါ။ သို့သော် ဖတ်ရတာ တစ်မျိုးဖြစ်ရပါသည်။ ချစ်သည့်စိတ်မပေါ်ပေါက်ဘဲ အန်ချင်စိတ်သာ ပေါက်လာပါသည်။

ဥပဒေအထူးပြုဖြင့် မာစတာဘွဲ့ရထားသော ခေတ်ပညာတတ် တစ်ယောက်၏ အဆင့်အတန်းသည် မည်မျှရှိသည်ကို စဉ်းစားကြည့်စေလိုပါသည်။ မာစတာရပြီးသား အမျိုးသမီးတစ်ယောက်က "မီးက..." ဆိုတော့ ကျွန်တော်ကတော့ နားဝင်မချိုပါခင်ဗျား။ ပြီးတော့ ပြောသေးတယ်ဗျ... ဘာတဲ့ "တချို့မေးခွန်းလေးတွေကို မီးရဲ့ ဉာဏ်ရည်လေးနဲ့၊ အသက်အရွယ်အရ ကိုယ်ဖြေတတ်သလိုလေး...." တဲ့။ ကောင်းပါလေ့ဗျာ။ သူ့အသက်အရွယ်၊ သူ့ဉာဏ်ရည်လေးနဲ့တဲ့။ ရိုင်းချင်လည်း ရိုင်းပါစေတော့ဗျာ။ ကျွန်တော်ကတော့ "သေလိုက်ပါ့လား" လို့ပဲ ပြောလိုက်ချင်တယ်။ သူ့အသက်ဟာ အနည်းဆုံးတော့ ၂၅ နှစ် ကျော်လောက်ပြီ ထင်ပါတယ်။ အဲဒီအသက်အရွယ်ဟာ ကလေးမဟုတ်ဘူးဗျ။ ပြီးတော့ ဥပဒေမာစတာကို ယူထားတဲ့ လူတစ်ယောက်ရဲ့ ဉာဏ်ရည်ဟာ ဘယ်လောက်ရှိမလဲဆိုတာ ကျွန်တော်တို့က သူငယ်နှပ်စား ကလေးတွေမှ မဟုတ်တာဗျာ။ တွေးကြည့်လို့ ရပါတယ်ဗျ။ အဲ... ဒါပေမယ့် အင်တာဗျူးမေးသူကတော့ သူငယ်နှပ်စား ဖြစ်ပုံရတယ်ဗျ။ အဲဒါတွေကို နားလည်ပုံမရဘူး။ ထည့်ပေးတဲ့ ဂျာနယ်အယ်ဒီတာက ပိုဆိုးသပေါ့ဗျာ။

ကျွန်တော်မြင်တဲ့အတိုင်း ပြောရရင်တော့ အဲဒီမော်ဒယ်လေးဟာ အသက်အရွယ်လေးနဲ့မလိုက် သိပ်ဉာဏ်ပြေးတယ်ဗျ။ အဲဒါကို ခံလိုက်ရတာက အင်တာဗျူးမေးတဲ့လူရယ်၊ ဂျာနယ်တွေရယ်ဗျ။ အခုနောက်ဆုံး ကျွန်တော်တို့ပါ ပါသွားတာပေါ့ဗျာ။ တကူးတက ပြောနေရ၊ ဖတ်နေရ၊ ရေးနေရပြီလေ။ သေချာတာကတော့ သူ့ဇာတ်ကား တစ်ကားမှသာ ကျွန်တော်မကြည့်ဘူးတယ်၊ သူ့ရှိုးပွဲ တစ်ပွဲမှသာ ကျွန်တော်မကြည့်ဘူးတယ်၊ သူ့ကြော်ငြာ တစ်ခုမှသာ ကျွန်တော်မကြည့်ဘူးတယ်၊ မော်ဒယ်ရွှေစင်ဆိုတဲ့ နာမည်တစ်ခုကိုတော့ ကျွန်တော်မှတ်မိသွားတယ်ဗျ။ အဲဒါဟာ သူ့အတွက် အမြတ်ပဲလေ။ အရင်တုန်းက သူ့ကို ဘယ်သူကမှ အဲလောက် သိတာမဟုတ်ဘဲ အခုတော့ အတော်များများ သိသွားကြပြီ။ ဒါကလည်း အကွက်ဆန်းထင်ပါရဲ့။ အခု တအားကို အောင်မြင်နေတဲ့ ဟိုမင်းသမီးလေးကိုတောင် သနားသွားမိသေးတော့တယ်။ သူရင်းလိုက်ရတာက နည်းနည်းတန်ဖိုးကြီးတယ်ဗျ။ ရွှေစင်ကတော့ ပိုပြီး ပညာတတ်ဆန်တယ်၊ ဉာဏ်ပိုပြေးတယ်ဗျ။ ဟုတ်တယ်မလား။ စကားလုံးလေးတွေပဲ ရင်းလိုက်ရတာ။ ပြန်ရတဲ့ ကျော်ကြားမှုကတော့ အံ့မခန်းပဲဗျို့။

အင်း... ကောက်ချက်ချမိတာကတော့ ဂျာနယ်နဲ့ အင်တာဗျူးမမက အပိုင်ပဲဆိုပြီး ဗျူးခဲ့တာ၊ ထည့်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရွှေစင်ကလည်း အပိုင်ပဲဆိုပြီး သူပြောချင်တာတွေ ပြောချသွားလိုက်တာများ... ကျွန်တော်ကိုဉာဏ်မှာဖြင့် ဖတ်ရင်း၊ ဖတ်ရင်းနဲ့ လေးစားလို့မဆုံး၊ အံ့သြလို့ကို မဆုံးနိုင်ဘူး။

ဘယ်သူက ဘယ်သူ့ကို အသုံးချနေတာလဲ ဆိုတာကတော့ ကာယကံရှင်တွေ ကိုယ်တိုင်မှပဲ သိမှာပါပဲလေ။

သြော်... ဒါနဲ့ စကားမစပ်...။ ဟိုကကြား၊ ဒီကကြားတဲ့ အတွင်းရေးသတင်းတွေ၊ အညှီအဟောက်တွေကိုတော့ မပြောတော့ပါဘူးဗျာ။ လူတိုင်း သိနေကြတာပဲကိုး။ မသိဘူးလို့ မပြောနဲ့ဗျ။ ကျွန်တော်ကိုဉာဏ်တောင် သိတယ်ဆိုရင် တလောကလုံး သိပြီးသားဆိုတာ သေချာပေါက် ပြောရဲတယ်။ ကျွန်တော်က အဲဒီလို ခပ်ထုံထုံကောင်ဗျ။ အဲဒါကြောင့်လည်း ဒီပို့စ်ကို အခုမှ ရေးနိုင်တာပေါ့ဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၃၀ ရက်၊ တနင်္လာနေ့။
ညနေ ၃ နာရီ ၁၅ မိနစ်တွင်ပြီး၏။

သတင်းများ၊ အင်တာဗျူးများနှင့် ပတ်သက်၍


သတင်းများ ဖော်ပြရာတွင်လည်းကောင်း၊ အင်တာဗျူးများ လုပ်ရာတွင်လည်းကောင်း၊ သတင်း၏ နောက်ကွယ်တွင်ရှိသော အကြောင်းအရာကို သိရှိပြီး ပါးနပ်လိမ္မာမှုရှိရန်နှင့် အများပြည်သူ၏ အကျိုးစီးပွား (Public Interest) ကို ဦးတည်ရန်လိုကြောင်း ၀ါရင့်သတင်းစာဆရာကြီးများ အပါအ၀င် လေ့လာသူများ၊ စာဖတ်သူများက သုံးသပ်မှုများ ရှိနေပါသည်။

ထိုကဲ့သို့သော သုံးသပ်ချက်များကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ဝေခဲ့သော ပြည်တွင်းထုတ် သတင်းဂျာနယ်တစ်စောင်တွင် မော်ဒယ်တစ်ဦး၏ အင်တာဗျူးကို ထည့်သွင်းဖော်ပြခဲ့ခြင်းနှင့် အခြားသတင်းဂျာနယ် တစ်စောင်တွင် ဖော်ပြထားသော ဒါရိုက်တာတစ်ဦး၏ အင်တာဗျူးများကို မူတည်၍ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

"မြန်မာနိုင်ငံရဲ့ သရုပ်ဆောင်မော်ဒယ်လောကမှာ ဒီလောကကို ၀င်လာကတည်းက နိုင်ငံခြားဈေးဝယ် တစ်ခါထွက်ရင် ဒေါ်လာ ကိုးသောင်း၊ တစ်သိန်း ဖြုန်းနိုင်လောက်တဲ့အထိ ချမ်းသာတဲ့ အ၀န်းအ၀ိုင်းက ပေါက်ဖွားလာတာ တစ်ယောက်မှ မရှိဘူး။ ကျွန်တော်တို့အနေနဲ့ ဒီလောကသားတွေရဲ့ အတွင်းရေးတွေကို သိသင့်သလောက် သိနေတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့က Tabloid မဟုတ်တဲ့အတွက် အဲဒါတွေကို နှိုက်နှိုက်ချွတ်ချွတ် ရေးမှာ မဟုတ်ပါဘူး။ ရေးစရာလည်း အကြောင်းမရှိဘူး။ ဒါပေမယ့် မီဒီယာပေါ်ကို တက်လာပြီဆိုရင်တော့ သတင်းမီဒီယာဖြစ်တဲ့အတွက် ထောက်ပြသင့်တာတွေကိုတော့ ထောက်ပြရမှာပါပဲ။ ဘယ်သူမဆိုပါ။ Celebrity မှ ပြောနေတာမဟုတ်ဘူး။ ဘယ် Celebrity မဆို သူတို့ဟာ ပရိသတ်ရဲ့ စံနမူနာပြ မဟုတ်တောင်မှ ပရိသတ်တွေ အတုယူမှားစေတဲ့ အကြောင်းအရာ၊ ၀တ်စားဆင်ယင်မှု၊ ပြုမူပြောဆို နေထိုင်မှုတွေကို သတင်းမီဒီယာပေါ် တက်လာပြီး ထင်ထင်ပေါ်ပေါ် လုပ်လာမယ်ဆိုရင် ကျွန်တော်တို့ ဝေဖန်ရေးသား ထောက်ပြမှာပါပဲ" ဟု Eleven Media Group ၏ အနုပညာကဏ္ဍ အကြီးတန်းအယ်ဒီတာ ကိုနေထွန်းနိုင်က ပြောပါသည်။

"ကျွန်မတို့လည်း အနုပညာသတင်းတွေကို စိတ်ဝင်စားပါတယ်။ အိမ်မှာလည်း စာအုပ်ဆိုင် ဖွင့်ထားပါတယ်။ အိမ်ရှိလူကုန် ငွေရှာနိုင်မှ မိသားစုတစ်စု အဆင်ပြေနိုင်မယ့် ခေတ်ကြီးထဲမှာ ဒီမော်ဒယ်လေးအနေနဲ့ ဒီလောက်သုံးနိုင်၊ ဖြုန်းနိုင်တာ အံ့သြဖို့ ကောင်းပါတယ်။ ဘယ်က ၀င်ငွေတွေ ဒီလောက်ရနေသလဲဆိုတာ မေးခွန်းထုတ်စရာပဲ။ ဒီလို အကြောင်းတွေကို ဖော်ပြတဲ့ ဂျာနယ်တွေကိုလည်း အံ့သြမိပါတယ်။ သူ့အနေနဲ့ ဒီလိုသုံးနိုင်တယ်ပဲ ထားပါတော့၊ ဒီလိုကြွားစရာ မလိုပါဘူး" ဟု တက္ကသိုလ်ဆရာမ တစ်ဦးဖြစ်သူ ဒေါ်ခင်အေးဝင်းက ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာအသိုင်းအ၀ိုင်းကသူတွေ အထူးသဖြင့် အမျိုးသမီး အနုပညာရှင်တွေနဲ့ အနုပညာလောကထဲကိုဝင်ဖို့ တာစူနေကြတဲ့ အမျိုးသမီးငယ်တွေ ရေလိုက်လွဲမှားနေကြတယ်။ ကျွန်တော်တို့ သတင်းတွေ အများကြီးရထားပါတယ်။ ကျွန်တော်တို့ ရေးဖို့တော့ မရှိပါဘူး။ ဒါပေမယ့် ရေလိုက်မလွဲစေချင်ဘူး။ မီဒီယာတွေပေါ်မှာ ထင်ထင်ပေါ်ပေါ် ဖြစ်လာတာတွေ မဖြစ်စေချင်ဘူး။ ဒါ ဂုဏ်ယူစရာ မဟုတ်ဘူးလို့ ယူဆပါတယ်။ အဲဒါကို ရေးတယ်။ ဂျာနယ်တစ်စောင်မှာ မင်းသမီးတစ်ယောက်နဲ့ အရင်က ပြဿနာဖြစ်ခဲ့တဲ့ မေးမြန်းသူကပဲ ဒီအကြောင်းကို အင်တာဗျူးမေးပြီး ဖော်ပြထားတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်နဲ့ ဒီအင်တာဗျူးရဲ့ ရည်ရွယ်ချက် ကွဲလွဲနေတယ်။ ကျွန်တော်တို့ ဖော်ပြခဲ့တဲ့ သတင်းရဲ့ ရည်ရွယ်ချက်က တစ်မျိုး၊ အင်တာဗျူးရဲ့ ရည်ရွယ်ချက်က ကွဲလွဲနေတယ်" ဟု ကိုနေထွန်းနိုင်က ပြောကြားခဲ့သည်။

"တိုင်းပြည်က ဆင်းရဲနေတယ်။ တိုင်းပြည်မှာရှိတဲ့ လူတော်တော်များများက ငွေကို ဒီလောက်အထိ မသုံးနိုင်ဘူး။ မသုံးနိုင်တဲ့ အခြေအနေမျိုးမှာ လူတော်တော်များများက တစ်နေ့စာတစ်နေ့ကို အနိုင်နိုင် ရှာဖွေနေရတဲ့အချိန်မှာ ဒီလိုစကားမျိုး ပြောတယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ ကြွားပဲပြောပြော၊ ဘာပဲပြောပြော ရေးသားဖော်ပြတဲ့လူက နောက်ကွယ်ကအကြောင်းကို သိကိုသိမှရမယ်။ မြန်မာနိုင်ငံရဲ့ သရုပ်ဆောင်မော်ဒယ်လောကရဲ့ အခြေအနေကို အားလုံးသိပြီးသားပါ။ ဒီလိုအချိန်မှာ နိုင်ငံခြားဈေးဝယ် တစ်ခါထွက်ရင် ဘယ်လောက်သုံးတယ်လို့ ဖြေတဲ့ မော်ဒယ်ရဲ့ အဖြေစကားအပေါ် အားလုံးဝေဖန်နေကြချိန်မှာ အဲဒီမော်ဒယ်ကိုပဲ ထပ်မေးတဲ့ သတင်းထောက်နဲ့ ထည့်တဲ့ဂျာနယ်ရဲ့ ရပ်တည်ချက်က မေးခွန်းထုတ်စရာပါ။ ဒါပေမယ့် မီဒီယာသမားဆိုတာ ဘယ်ကိစ္စမဆို မှန်တဲ့ဘက်က ရပ်တည်ရမှာ ဖြစ်တဲ့အတွက် principle အရ အမှန်တရားဘက်ကပဲ ရည်တည်သွားမှာပါ။ အများပြည်သူရဲ့ အခက်အခဲတွေနဲ့ ဒုက္ခခံစားရတာတွေကို စာနာဖို့ လိုပါတယ်။ ကိုယ်ထင်ပေါ်ရေး၊ ကိုယ့်ဂျာနယ် စောင်ရေတက်ရေး တစ်ခုတည်းကိုပဲ မကြည့်သင့်ပါဘူး" ဟု Weekly Eleven News ဂျာနယ် တာဝန်ခံ အယ်ဒီတာ ကိုဝေဖြိုးက ပြောပါသည်။

[Bi Weekly ELEVEN, အတွဲ-၃၊ အမှတ်-၂၂၊ သြဂုတ် ၂၇၊ ၂၀၁၀၊ စာမျက်နှာ-၂၀၊ ၂၁၊ သတင်းများ ဖော်ပြရာတွင်လည်းကောင်း၊ အင်တာဗျူးများ လုပ်ရာတွင်လည်းကောင်း၊ သတင်း၏ နောက်ကွယ်တွင်ရှိသော အကြောင်းအရာကို သိရှိပြီး ပါးနပ်လိမ္မာမှုရှိရန်နှင့် အများပြည်သူ၏ အကျိုးစီးပွား (Public Interest) ကို ဦးတည်ရန်လို သတင်းမှ ကောက်နုတ်ဖော်ပြပါသည်။]

မြန်မာနိုင်ငံမှာ မော်ဒယ်တွေ၊ သရုပ်ဆောင်တွေ ၀င်ငွေကောင်းနေပြီလား


အမျိုးသမီးသရုပ်ဆောင် မော်ဒယ်လ်အချို့၏ အသုံးစရိတ် ထုတ်ဖော်ပြောဆိုမှုများက မြန်မာနိုင်ငံမှ မော်ဒယ်လ်များ၊ သရုပ်ဆောင်များ ၀င်ငွေကောင်းနေပြီလားဟု မေးခွန်းထုတ်ရန် ဖြစ်လာကြောင်း သိရပါသည်။

အမျိုးသမီး သရုပ်ဆောင် မော်ဒယ်လ်အချို့သည် မိမိတို့ အသုံးအဆောင်ပစ္စည်းများ၏ တန်ဖိုးများ၊ ပိုင်ဆိုင်မှုများနှင့် ဈေးဝယ်ထွက်စဉ် အသုံးပြုသော ငွေကြေးပမာဏများကို ဂျာနယ်၊ မဂ္ဂဇင်း စာမျက်နှာများထက်တွင် လူသိရှင်ကြား တရားဝင် ပြောဆိုလာခြင်းများ ရှိလာသောကြောင့် ယင်းကဲ့သို့ မေးခွန်းထုတ်စရာ ပေါ်လာခြင်း ဖြစ်ပါသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ထုတ်ဝေထားသည့်  ဈေးဝယ်လမ်းညွှန် ဂျာနယ်တစ်စောင်နှင့် မှုခင်းဂျာနယ် တစ်စောင်တို့တွင် ပြောဆိုထားသော မော်ဒယ်လ်တစ်ဦး၏ ဆိုစကားများကလည်း  မြန်မာနိုင်ငံမှ မော်ဒယ်လ်များ ၀င်ငွေကောင်းနေပြီလား ဆိုသည့်မေးခွန်းကို ဆက်လက် ဖြစ်ပေါ်စေခဲ့ပါသည်။

"ဟန်းဖုန်းက LV တံဆိပ် (Limited Edition) သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိမှာတော့ Branded တွေကို အကြိုက်များနေတယ်။ Branded တွေကိုပဲ set လိုက် ၀ယ်သုံးဖြစ်တယ်။ ဈေးဝယ်ထွက်တဲ့ အခါမှာလည်း ပြည်ပမှာ ဈေးဝယ်ဖြစ်တယ်။ ဈေးတစ်ခါဝယ်ရင် ဒေါ်လာ ၉၀၀၀၀ နဲ့ တစ်သိန်းကြား သုံးဖြစ်ပါတယ်"ဟု မော်ဒယ်လ်တစ်ဦးက ပြည်တွင်းထုတ် ဈေးဝယ်လမ်းညွှန် ဂျာနယ်တစ်စောင်တွင် ဖြေဆိုထားပါသည်။

ထိုကဲ့သို့ ပြောဆိုထားသော မော်ဒယ်လ်သည် မြန်မာနိုင်ငံတွင် တက်သစ်စ မော်ဒယ်လ်တစ်ဦး ဖြစ်ပါသည်။ ထိုမော်ဒယ်လ်ကပင် သူမ၏ ပိုင်ဆိုင်မှုအချို့နှင့် ပတ်သက်ပြီး ပြည်တွင်းထုတ် မှုခင်းဂျာနယ်တစ်စောင်တွင်လည်း ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

"ဒီကိုလာစတုန်းက မာ့ခ်တူးလုံးလေးတွေကို သဘောကျနေတဲ့ အချိန်ဆိုတော့ မာ့ခ်တူးကို ၀ယ်ဖြစ်တယ်။ ရှုတင်သွားရင် ပစ္စည်းက အရမ်းများတော့ တစ်စီးတည်းနဲ့ အဆင်မပြေဘူး။ ဒါနဲ့ နောက်တစ်စီး ၀ယ်မယ်ဆိုပြီး စဉ်းစားလိုက်တော့ အဲဒီအချိန်မှာ မာစီဒီးကို အရမ်းကြိုက်နေတာနဲ့ မာစီဒီးပဲ ၀ယ်ဖြစ်သွားတယ်။ နောက်တစ်စီးက  စီလီယာ တူးဒိုးလေး။ ပြိုင်ကားဒီဇိုင်းလေးဆိုတော့ ညနေပိုင်း ပေါ့ပေါ့ပါးပါးစီးဖို့ ၀ယ်လိုက်တာပါ"

"အခုစီးနေတဲ့ ကားထဲမှာဆိုရင် မာ့ခ်တူးကို သိပ်မကြိုက်တော့ဘူး။ ရှုတင်သွားရင် မာစီဒီး စီးဖြစ်တယ်။ တူးဒိုးလေးကတော့ ညနေပိုင်း အရမ်းပင်ပန်းနေတဲ့ အချိန်မှာ အမိုးလေးဖွင့်ပြီး စိတ်ပြေလက်ပျောက် မောင်းဖြစ်တယ်"ဟု အဆိုပါမော်ဒယ်လ်က ယင်းမှုခင်းဂျာနယ်သို့ ဖြေကြားထားခဲ့သည်။

ထိပ်တန်းအဆင့်သို့ မရောက်ရှိသေးသော တက်သစ်စ မော်ဒယ်တစ်ဦး၏ ငွေကြေးသုံးစွဲမှုများနှင့် ပိုင်ဆိုင်မှုများက မြန်မာနိုင်ငံမှ မော်ဒယ်လ်များ ၀င်ငွေကောင်းနေခြင်းကို ဖော်ညွှန်းလျက် ရှိနေပါသည်။ သို့သော် မော်ဒယ်လ် တစ်ဦးနှင့်တစ်ဦး ၀င်ငွေရရှိမှုနှင့် သုံးစွဲနိုင်မှု ပမာဏမှာမူ ကွာဟချက်ရှိနေကြောင်း သိရပါသည်။

"သိန်း ၃၆၀ တန် ဖုန်းကိုင်ပြီး ဈေးတစ်ခါဝယ်ရင် ဒေါ်လာကိုးသောင်း တစ်သိန်းသုံးတယ်ဆိုတဲ့ မော်ဒယ်လ်တစ်ယောက်ရဲ့ ပြောဆိုမှုကို ဖတ်လိုက်ရတယ်။ ဒီနေ့ခေတ်လို အချိန်မှာ အခုမှ တက်လာသလိုရှိတဲ့ မော်ဒယ်လ်တစ်ဦးက ဒီလောက်သုံးနိုင်တယ်ဆိုတာ အံ့သြမိတယ်။ ဒီလောက် သုံးနိုင်လောက်အောင်ကို ၀င်ငွေတွေ ကောင်းနေပြီလားပေါ့၊ ကြွားပြောထားတာလည်း ဖြစ်နိုင်ပေမယ့် သူပြောထားတာ ဖတ်ပြီးတော့ စိတ်ထဲမှာ မေးခွန်းထုတ်စရာတွေ အများကြီး ရှိသွားတယ်။ လက်ရှိကြော်ငြာလောကမှာ နာမည်အကြီးဆုံး ဖြစ်နေတဲ့ ၀တ်မှုန်ရွှေရည်တောင် ဒီလောက်သုံးနိုင်မယ် မထင်ဘူး"ဟု အမျိုးသမီး စာဖတ်ပရိသတ်တစ်ဦးက ပြောပြသည်။

မည်သို့ပင်ဆိုစေကာမူ ပြည်တွင်း၌ ဖြစ်ပေါ်လျက်ရှိနေသော သရုပ်ဆောင် အနုပညာကြေးများနှင့် မော်ဒယ်လ်အချို့၏ ငွေကြေးသုံးစွဲမှုများသည် ၀င်ငွေနှင့်ထွက်ငွေ ကွာဟမှုများကို ဖြစ်ပေါ်နေစေပါသည်။ အချို့သော မော်ဒယ်လ်များမှာ အမှန်တကယ်ပင် ၀င်ငွေကောင်းသည့်အတွက် မိမိတို့၏ သုံးစွဲမှုများကို အိတ်သွန်ဖာမှောက် ပြောဆိုထားခြင်း ဖြစ်နိုင်သော်လည်း ထိုကဲ့သို့ ပြောဆိုထားခြင်းအချို့က မေးခွန်းထုတ်စရာများ ရှိလာနိုင်ပါသည်။ သို့တည်းမဟုတ် အမှန်တကယ်ပင် ၀င်ငွေကောင်းနေသည် ဆိုပါကလည်း ကောင်းသောလက္ခဏာ တစ်ရပ်ပင်ဖြစ်ကြောင်း သုံးသပ်သူများက ပြောဆိုခဲ့ပါသည်။

**************************************
ဒီသတင်းကိုတော့ ဒီနေရာကနေ ဖတ်ရှုပြီး ပြန်လည်ကူးယူ တင်ပြထားခြင်း ဖြစ်ပါသည်။

သရုပ်ဆောင် မော်ဒယ်လ် ရွှေစင်နှင့် အင်တာဗျူးများ


"ရွှေစင်က Shopping ထွက်ရင် စင်ကာပူကို ဈေးဝယ်သွားရတာ ကြိုက်တယ်။ အိပ်ရာခင်းကိုတော့ Dunlopillo ကို ကြိုက်နှစ်သက်ပြီး ရေမွှေးဆိုရင် Chanel, Marc Jacob, Bulgari, So Sexy, Elizabeth Arden ကို သုံးဖြစ်ပါတယ်။ ဟန်းဖုန်းက LV တံဆိပ် (Limited Edition) သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိမှာတော့ ရွှေစင်ရဲ့ အကြိုက်တွေက Branded တွေကို အကြိုက်များနေတယ်။ Branded တွေကိုပဲ Set လိုက် ၀ယ်သုံးဖြစ်တယ်။ ရွှေစင် ဈေးဝယ်ထွက်တဲ့အခါမှာ ပြည်ပမှာ ဈေးဝယ်ဖြစ်တာများတယ်။ ဈေးတစ်ခါဝယ်ရင် ဒေါ်လာ ကိုးသောင်းနဲ့ တစ်သိန်းကြား သုံးဖြစ်ပါတယ်"

-
- -
- - -
- - - -
- - - - -
shwesin.jpg
-
- -
- - -
- - - -
- - - - -
ညီမလေးရဲ့ မိသားစုအကြောင်းကို ပြောပြပါဦး။
ဖေဖေက တရားရုံးချုပ်ရှေ့နေ ဦးကျော်မြိုင်၊ မေမေ ဒေါ်ခင်ဝင်းကြည်။ ဖေဖေက ခု အငြိမ်းစားယူလိုက်ပြီ။ မီးက ဥပဒေနဲ့ မာစတာတက်ပြီးပြီ။ DBL တက်တာလည်း ပြီးသွားပြီ။ အစ်ကိုနှစ်ယောက် ရှိတယ်။ မွေးနေ့က သြဂုတ် ၂၁ ရက်နေ့။ မန္တလေးမှာ မွေးတာ။ ငယ်ငယ်က ကျောက်ဆည်မှာလည်း နေဖူးတယ်။ ကိုယ့်မြို့ဆိုတော့ ပျော်တာပေါ့နော်။ ခုရက်ပိုင်း အရမ်းအလုပ်များတော့ ပြန်လို့ မရသေးဘူး။ ပြန်ချင်နေတာ နှစ်လလောက်ရှိပြီ။

ညီမလေးရဲ့ မိသားစုက အပြင်စီးပွားရေးအနေနဲ့ ဘာတွေများ လုပ်ကိုင်ကြပါသလဲ။
လုပ်တာက အစုံပါပဲ။ အစ်ကိုနှစ်ယောက်က တက္ကသိုလ်တွေမှာ အဆောင်တွေ ဖွင့်ထားပါတယ်။ ကြီးကြီးကျယ်ကျယ် လုပ်တာက ကားအရောင်းအ၀ယ်ပါ။ ဖေဖေကတော့ သူရုံးအလုပ်နဲ့ သူပါ။ မေမေကတော့ အစ်ကိုတွေကို ထိန်းလိုက်၊ မီးကို ထိန်းလိုက်ပေါ့။

အခုလက်ရှိ ညီမရဲ့ အင်တာဗျူးလေးတွေက ပေါက်နေတော့ ဒီအပေါ်မှာ ဘာများ ပြောချင်ပါသေးလဲ။
ပထမဆုံးပြောချင်တာက စာနယ်ဇင်းသမားတွေ အားလုံးကို ချစ်လည်းချစ်တယ်။ မီး ဘာဖြစ်လို့ အောင်မြင်လာတာလဲဆိုတဲ့ မေးခွန်းတွေကိုဖြေတိုင်း စာနယ်ဇင်းတွေရဲ့ ပံ့ပိုးကူညီမှုတွေကို ပထမဆုံးအနေနဲ့ ပြောတာ။ စာနယ်ဇင်းနဲ့ မီးနဲ့ ပြဿနာတက်တယ်ဆိုတာ ဘယ်တော့မှ မရှိရဘူး။ ဒါကြောင့် စာနယ်ဇင်းတွေ မေးသမျှကို အကောင်းဆုံး အများဆုံး ဖြေပေးတာပေါ့နော်။ ဒါပေမယ့် တချို့မေးခွန်းလေးတွေကို မီးရဲ့ ဉာဏ်ရည်လေးနဲ့၊ အသက်အရွယ်အရ ကိုယ်ဖြေတတ်သလိုလေး ဥပမာ မီးရဲ့ နောက်ဆုံးအသုံးအဆောင်ပစ္စည်းက ဘာလဲဆိုရင် မီးက ရိုးရိုးလေးပဲ ချပြလိုက်တာပေါ့နော်။ ဘယ်တံဆိပ်ကြိုက်လဲဆို ကြိုက်တဲ့တံဆိပ်လေးကို ရိုးရိုးသားသား ဖြေမိတာပါ။ နောက်ဆုံး ဘာသုံးနေလဲဆိုရင်လည်း ကိုယ်သုံးနေတာလေး၊ ၀ယ်ထားတာလေးကို ပြောမိတယ်။ အနုပညာရှင်တွေရဲ့ ဘ၀ကို ပရိသတ်က စိတ်ဝင်စားတယ်လို့ မီးထင်တယ်လေ။ အနုပညာရှင်တွေ လက်ထပ်တာ၊ ကလေးမွေးတာ၊ မွေးနေ့လုပ်တာ စသဖြင့် စာနယ်ဇင်းတွေက ရေးပေးတယ်ဆိုတာက ပရိသတ်သိချင်တဲ့ စကားကို စာနယ်ဇင်းတွေက ကိုယ်စားပြုပြီးတော့ မေးပေးတာလို့ မြင်ပါတယ်။ ဒါကြောင့် မေးလာသမျှကို မီးက ရိုးရိုးသားသား ဖြေမိတာ။ အဲဒီကဏ္ဍအတွက် မီးကို ကိုယ်စားပြုပြီး မေးတာလို့ ထင်တဲ့အတွက် မီးဖြေတတ်သလိုလေး အရိုးသားဆုံး ဖြေတယ်။ မီးဖြေလိုက်တဲ့အပေါ် ပရိသတ်က စိတ်ဝင်စားတယ်ဆိုရင်လည်း ဖြေရကျိုးနပ်တာပေါ့။ မီးဖြေလိုက်တဲ့ အထဲမှာ အမှားပါတယ်ဆိုရင်လည်း ဖတ်မိတဲ့သူတွေ အားလုံးအတွက် အမှားတစ်ခုလို ဖြစ်သွားပြီးတော့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုရင် မီးက အားလုံးကို တောင်းပန်ပါတယ်။

အနုပညာကရတဲ့ ၀င်ငွေနဲ့ ထွက်ငွေ မျှအောင် ဘယ်လိုသုံးစွဲပါသလဲ။
အိတ်တော့ မစိုက်ရပေမယ့် အိတ်စိုက်လုနီးပါး ဖြစ်ခဲ့ဖူးပါတယ်။ မီးတို့အတွက် အနုပညာကြေးဆိုတာ အသစ်တုန်းကတော့ အသစ်အလျောက်ပဲ ရခဲ့တာ။ ခုလည်း ကြိုးစားတုန်းပါပဲ။ အသစ်ထက်စာရင်တော့ မီးတို့အတွက် သုံးစွဲရတာ နည်းနည်းလေးတော့ လုံလောက်လာပါတယ်။ မလောက်တော့လည်း အိမ်က ပြန်တောင်းရတာပေါ့။

အလုပ်ကရတဲ့ ၀င်ငွေနဲ့ မိသားစုကို ဘာတွေလုပ်ပေးဖူးလဲ။
မီးကတော့ ရသမျှပိုက်ဆံ မေမေ့ကို အကုန်အပ်လိုက်တာပဲ။ ပြီးတော့မှ မေမေရေ ဒီတိုက်ခန်းကို နေချင်တယ်ဆို မေမေက ၀ယ်ပေးတယ်။ မေမေရေ ရှုတင်သွားရတာ ဒီကားနဲ့ အဆင်မပြေတော့ဘူးဆိုရင် မီးလိုချင်တဲ့ကားကို မေမေက ၀ယ်ပေးတယ်။ ပိုက်ဆံအိတ်လေး လိုချင်တယ်ဆိုလည်း အိမ်ကပဲ။ အပ်တော့အပ်လိုက်တယ်။ အပ်ပြီးတော့လည်း ပြန်မတောင်းဘူး။ ဒါပေမယ့် တောင်းလိုက်ရင်လည်း အကြီးကြီးတွေ။ (ရယ်လျက်)

ညီမလေးကို မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး မော်ဒယ်လို့ ပြောဆိုဝေဖန်ကြတဲ့အပေါ် ဘာများ ပြောစရာရှိပါသလဲ။
ပရိသတ်ကြီးက ဒီလိုသတ်မှတ်ရင်လည်း ပရိသတ်ကြီးပေးတဲ့ဆုနဲ့ ပြည့်ရပါစေလို့။

ညီမလေးရဲ့ အချစ်ရေး အခြေအနေကရော။
ချစ်သူမရှိပါဘူးမမ။


-
- -
- - -
- - - -
- - - - -
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
အစကတော့ ဒီသတင်းတွေ၊ အင်တာဗျူးတွေကို တင်ပေးဖို့ အစီအစဉ်မရှိဘူးဗျ။ သူတို့ဟာသူတို့ ရှော့ပင်းထွက်တာ၊ အင်တာဗျူးတာကို အလုပ်လုပ်ပြီးတော့ မပြောချင်၊ မရေးချင်ဘူး။ ဒါပေမယ့် ဒီအကြောင်းအရာက အခုတလော အတော်လေးကို ပြောစရာဖြစ်နေတာရယ်၊ ပြီးခဲ့တဲ့အပတ်ထုတ် Bi Weekly Eleven ဂျာနယ်တွေထဲက သတင်းဆောင်းပါး တစ်ခုကြောင့် လွန်ခဲ့တဲ့အပတ်က မဖတ်ဘဲ ဒီအတိုင်းထားခဲ့တဲ့ ရွှေစင်နဲ့ အင်တာဗျူးကို ပြန်ဖတ်မိတာရယ်ကြောင့် ပြောစရာတွေတွေ့လာ၊ မြင်လာရလို့၊ ပြောချင်လွန်း၊ ရေးချင်လွန်းတဲ့အတွက် ဒီပို့စ်ကို အရင်ဆုံးတင်ပေးလိုက်ပါတယ်။ ဒီပို့စ်ကို ဖတ်ပြီးရင် မူလအကြောင်းအရာလေးတွေကိုတော့ သိခွင့်ရနိုင်ပါတယ်။ အဲဒီအပေါ်မှာ ဆင့်ပွားဖြစ်လာတဲ့ အခြားသော ဝေဖန်ရေးသားမှုတွေ၊ ကျွန်တော့်အမြင်တွေကို သီးခြားတင်ပေးမှာပါ။ အခုတော့ ဒီပို့စ်ကို အရင်ဆုံး ဖတ်လိုက်ကြပါဦးဗျာ။ နောက်ထပ်ပို့စ်တွေ လာပါဦးမည်။ ရွှေစင်ရဲ့ ဓာတ်ပုံကိုတော့ Planet မှာတွေ့လို့ ယူသုံးထားတာပါ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၃၀ ရက်၊ တနင်္လာနေ့။

ကျွန်မတို့ မိန်းမသား - မိုးမိုး (အင်းလျား)


သူရယ်
တိုးတိုးညင်ညင် ဆိုလာတယ်။
"အချစ်ရယ် မင်းမျက်လုံးလေးတွေကို ဖွင့်လိုက်ပါလားကွယ်" တဲ့။
ကျွန်မကတော့ တင်းတင်းမာမာ ပြန်ပြောမိတယ်။
"သွားစမ်းပါ" လို့။
ဒါပေမယ့် သူ့အသွင်ကတော့ မတုန်မလှုပ်ပါပဲ။

သူရယ်
ကျွန်မရှေ့မှာ ရပ်တဲ့ပြီး ကျွန်မလက်ကလေးတွေကို ဆုပ်ကိုင်ပြန်တော့တယ်။
ကျွန်မ ခါးခါးသီးသီး ငြင်းပယ်မိတယ်။
"လွှတ်ပါရှင့်" လို့။
ဒါပေမယ့် သူကတော့ ထွက်ခွာမသွားနိုင်အောင် ဖြစ်နေပုံပါပဲ။

သူရယ်
သူ့မျက်နှာကို ကျွန်မ နား နား ကပ်ပြီး တိုးဝှေ့လာပြန်တယ်။
ကျွန်မက မျက်လုံးတစ်ချက်သာ ဝေ့ကြည့်ပြီး ညည်းတွားမိတယ်။
"ရှက်စရာ ကောင်းလိုက်တာ" လို့။
ဒါပေမယ့် သူကတော့ ဥပေက္ခာပြုနေပုံပါပဲ။

သူရယ်
သူ့နှုတ်ခမ်းအစုံနဲ့ ကျွန်မပါးကို ထိနမ်းလာတော့တယ်။
ကျွန်မက တုန်လှုပ်ချောက်ချားစွာနဲ့ ဆိုမိတယ်။
"အိုရှင်... အတင့်ရဲလှချည်လား" လို့။
ဒါပေမယ့် သူ့မှာတော့ ရှက်ခြင်းဆိုတာလည်း နားမလည်တဲ့ပုံပါပဲ။

သူရယ်
ကျွန်မရဲ့ ဆံနွယ်တွေကြားမှာ ပန်းကလေးတစ်ပွင့်ကို ပန်ဆင်လို့ ပေးလာပြန်တယ်။
ကျွန်မက ရှက်ဒေါသနဲ့ ပစ်ပစ်ခါခါပဲ ရန်တွေ့မိတယ်။
"ရှင့်ပန်းကို ဘာလုပ်ရမှာလဲရှင့်" လို့။
ဒါပေမယ့် သူကဖြင့် မတုန်မလှုပ် ရပ်လျက်ပါပဲ။

သူရယ်
ကျွန်မရဲ့လည်မှာ ဆွဲထားတဲ့ ပန်းကုံးလေးကိုယူပြီး အဝေးကို ထွက်ခွာသွားတော့တယ်။
ကျွန်မကလေ သည်တော့မှ ငိုကြွေးရင်း ကျွန်မရဲ့ နှလုံးသားကို မေးခွန်းထုတ်နေတော့တယ်။
"သူ... သူ... ဘာကြောင့်များ ပြန်မလာတော့တာပါလိမ့်" လို့။


He whispered, "My love, raise your eyes."
I sharply chid him, and said "Go!";
but he did not stir.

He stood before me and held both my hands.
I said, "Leave me!";
but he did not go.

He brought his face near my ear.
I glanced at him and said, "What a shame!";
but he did not move.

His lips touched my cheek.
I trembled and said, "You dare too much";
but he had no shame.

He put a flower in my hair.
I said, "It is useless!";
but he stood unmoved.

He took the garland from my neck and went away.
I weep and ask my heart, "Why does he not come back?"

စိတ်ဆိုးရင်လည်း မတတ်နိုင်တော့ဘူး - လူထုစိန်ဝင်း


useinwin.jpg

"ပေါ့ပ်ဆိုတာ နှာခေါင်းရှုံ့စရာ မဟုတ်ပါ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးဖူးရုံမက ပေါ့ပ်ယဉ်ကျေးမှုဆိုတာ ကိန်းကြီးခမ်းကြီးနိုင်လှတဲ့ အထက်တန်းလွှာ လူတစ်စုရဲ့ ဧည့်ခန်းဆောင်ထဲက စိန်ရောင်မြရောင် ပိုးဖဲကတ္တီပါရောင်တွေ ရွှန်းလက်တောက်ပနေတာတွေကို ဆန့်ကျင်အရွဲ့တိုက်ရာက ပေါ်ထွက်လာတဲ့ လူထုယဉ်ကျေးမှု ဖြစ်တဲ့အကြောင်း စာတွေလည်း ရေးခဲ့ဖူးပါတယ်။

စောဒကတက်ဖို့ သက်သေတွေ
တစ်နေ့တော့ လူငယ်တစ်ယောက်က ဂျာနယ်တွေထဲက ဖြတ်ညှပ်ပြီး သိမ်းထားတဲ့ ပေါ့ပ်စာမျက်နှာတွေ အထပ်လိုက် ယူချလာပြီး စောဒကတက်ပါတယ်။ သူယူလာတာတွေ ကောက်ကြည့်လိုက်တော့ 'Celebs' လို့ အတိုကောက် ခေါ်လေ့ရှိတဲ့ ထင်ပေါ်ကျော်ကြားသူများအကြောင်း သတင်းတွေ၊ အင်တာဗျူးတွေ၊ နိုင်ငံခြားဈေးဝယ်ထွက်တဲ့ သတင်းဓာတ်ပုံတွေ စုံနေတာ တွေ့ရတယ်။ ဒါ့အပြင် စကတ်တိုနဲ့ ရင်ရှားဂါဝန်ဝတ် ပုံတွေလည်း တစ်ထပ်ကြီး ပါလာသေးတယ်။ ဒါတွေကို နှာခေါင်း မရှုံ့ရတော့ဘူးလားခင်ဗျာ လို့လည်း သူက မေးလိုက်ပါတယ်။ နှာခေါင်းရှုံ့ရုံတင် မကပါဘူးကွယ်။ မီးဖိုထဲတောင် ထည့်ပစ်သင့်ပါတယ်လို့ ဖြေလိုက်တော့ ဆရာပဲ ပေါ့ပ်ဆိုတာ နှာခေါင်းရှုံ့စရာ မဟုတ်ပါလို့ ရေးခဲ့တာပဲလို့ ပြန်ပြီးချေပပါတယ်။

ကြုံဗျူးတဲ့
သူယူလာတာတွေကို တစ်ထပ်ချင်း ဆွဲထုတ်ပြီး အင်တာဗျူးသပ်သပ်၊ သတင်းသပ်သပ်၊ ဓာတ်ပုံသပ်သပ် သူ့ရှေ့မှာ ချလိုက်ပါတယ်။ ပြီးတော့ အင်တာဗျူးတွေကိုပြပြီး "ကဲ ဒါတွေဟာ သတင်းအင်တာဗျူးတွေလား" လို့ သူ့ကို မေးခွန်းထုတ်လိုက်ပါတယ်။ အင်တာဗျူး နာမည်ခံထားတာတွေ ကြည့်ပါဦး။ တစ်စက္ကန့် အင်တာဗျူးတဲ့၊ ကြုံတုန်းဗျူးတဲ့၊ ကြုံဗျူးတဲ့၊ မေးချင်သလို မေးပြီး ဖြေချင်သလို ဖြေထားတဲ့ အရည်မရ အဖတ်မရ ပေါက်ပန်းဈေးစာတွေ။ မထင်ပေါ် နဲ့ ကိုကျော်ကြား များအတွက် အကျိုးမရှိ။ စာဖတ်သူများအတွက်လည်း ပိုက်ဆံပေးဖတ်ရကျိုး မနပ်တာမျိုးတွေချည်းပဲ။

ထိန်ချန်မှုနဲ့ ငြိဦးမယ်
သတင်းဆိုတာတွေကလည်း သတင်းမဟုတ်ပါဘူး။ လူကြော်ငြာတွေပါ။ နောက်ပြီး မထင်ပေါ်နဲ့ ကိုကျော်ကြားများက ရှော့ပင်းထွက်တာတွေကို ဖော်ပြပေးနေတာတွေလည်း ဆင်ခြင်သင့်ကြတယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာကိုင်တာတွေ့ရင် အရေးယူလို့ ရတယ်ဆိုတာ မသိကြတာလား။ သိလျက်နဲ့ ဂရုမစိုက်ကြတာလား။ မသိပေမယ့် တော်ကြာရင် ဂျာနယ်ဆရာပါ သိလျက်နဲ့ ထိမ်ချန်မှုနဲ့ ငြိနေပါဦးမယ်။ မသိလို့ ချိုးဖောက်မိပါတယ်ဆိုလို့ ဥပဒေက ချမ်းသာပေးမှာ မဟုတ်ဘူး။ နိုင်ငံခြားသွား ရုပ်ရှင်ရိုက်မယ်၊ ကြော်ငြာရိုက်မယ် ဆိုသူတွေလည်း သတိနဲ့ ဆင်ခြင်သင့်ကြတယ်။

ပေါ့ပ်ကိုဖျက်တဲ့ ပက်ပ်
ပေါက်ပန်းဈေး အရည်မရ အဖတ်မရ သတင်းတွေကို ပေါ့ပ်သတင်းတွေလို့ ခေါ်နေကြတာ ဖြစ်တယ်။ တကယ်တော့ ဒါမျိုးတွေဟာ ပေါ့ပ်မဟုတ်သလို ဒါမျိုးတွေထည့်တဲ့ ဂျာနယ်တွေကိုလည်း ပေါ့ပ်ဂျာနယ်လို့ မခေါ်နိုင်ပါဘူး။ ဒါမျိုးတွေကို ပက်ပ် (Pep) အမှိုက်သရိုက်တွေ၊ အပေါစားတွေလို့ ခေါ်ပါတယ်။ လူထုယဉ်ကျေးမှု (Pop Culture) ကို ပုံပျက်ပန်းပျက်ဖြစ်အောင် တမင်တကာ လုပ်တဲ့ (Pep Culture)သာ ဖြစ်တယ်။ အဲဒီလို ပက်ပ်တွေကို ပေါ့ပ်စစ်စစ် အနုပညာသမားတွေက ဘန်းစကားနဲ့ "ရှလော့" (Schlock) လို့ ခေါ်ကြတယ်။ ဒီမှာ အတွေ့ရများတာက ပက်ပ်တွေ၊ ရှလော့တွေ ဖြစ်တယ်။ ပေါ့ပ်မဟုတ်ဘူး။

ပညာပေးဖျော်ဖြေမှု
စာနယ်ဇင်းဆိုတာ သတင်းပေးဖို့နဲ့ အသိ(ပညာ)ပေးဖို့ သာမက ဖျော်ဖြေမှုပေးဖို့ပါ လိုအပ်တယ်။ လူ့ဦးနှောက်ဟာလည်း အညောင်းဖြေဖို့ လိုတယ်။ ဖျော်ဖြေမှုနဲ့ ဦးနှောက်ကို လန်းဆန်းအောင် လုပ်ပေးရတယ်။ ဒါပေမယ့် စာနယ်ဇင်းသမားဆိုတာ ပျော်တော်ဆက် (clown) မဟုတ်ဘူး ဆိုတာလည်း မေ့မထားရဘူး။ စာနယ်ဇင်းရဲ့ ပင်မတာဝန်က သတင်းပေးဖို့နဲ့ အသိ(ပညာ) ပေးဖို့သာ ဖြစ်တယ်။ ဖျော်ဖြေမှုကို ပညာပေးတာနဲ့ ဆက်စပ်ပြီး ကျွဲကူးရေပါသဘော ပေးရမှာဖြစ်တယ်။ ဒါကို စာနယ်ဇင်းစကားနဲ့ (Edutainment) ပညာပေးဖျော်ဖြေမှုလို့ ခေါ်တယ်။ ရှေးအစဉ်အဆက် မြန်မာတွေ ပြောလေ့ရှိတဲ့ ဇာတ်သမားလာရင် မှတ်သားစရာပါရမယ်။ ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်ရမယ်ဆိုတဲ့ သဘောမျိုးဖြစ်တယ်။

ရှေးကဇာတ်သဘင်ဆိုတာ
ရှေးက မြန်မာဇာတ်သဘင်ဟာ အပျင်းပြေ ပျော်တော်ဆက်သက်သက် မဟုတ်ဘူး။ နောက်ပိုင်းဇာတ်ထုပ်ကြီးတွေဟာ ကောင်းမှုနဲ့ မကောင်းမှု၊ ဓမ္မနဲ့ အဓမ္မ အားပြိုင်မှုတွေကိုပြပြီး နောက်ဆုံးမှာ ဓမ္မက အနိုင်ရသွားရတာတွေကို ပညာပေးသွားခဲ့ကြတယ်။ ရတနာပုံခေတ်က ရှေ့တော်မှာ ကပြခဲ့ကြတဲ့ ၀ိဇယပြဇာတ်၊ ပါပဟိန်နဲ့ ရေသည်ပြဇာတ်များဟာ ဖျော်ဖြေရေးသက်သက် မဟုတ်ကြဘူး။ မင်းညီမင်းသားများရဲ့ ရမ်းကားမှုများနဲ့ တိုင်းသူပြည်သားများရဲ့ ပကတိ အခြေအနေများကို ရွှေနားတော်အရောက် ကြားသိရအောင် ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်။ ပဒေသရာဇ် ခေတ်ကြီးထဲမှာတောင် စာဆိုတော်ကြီးများနဲ့ ဇာတ်သဘင်ပညာရှင်များ တာဝန်ကျေအောင် ဆောင်ရွက်ခဲ့ကြတာ ကြည်ညိုစရာ ကောင်းလှတယ်။

ဆိုဂျူသောက်တာ အတုခိုး
စာနယ်ဇင်းဆရာတွေက ဦးကြင်ဥတို့၊ ဦးပုညတို့ကိုတော့ အတုယူဖို့ စိတ်မကူးကြဘဲ အနောက်နိုင်ငံတွေက ပက်ပ်စာစောင်တွေနဲ့ ကိုရီးယားမင်းသား၊ မင်းသမီးတွေအကြောင်း ပုံတူကူးချဖို့လောက်သာ အပြိုင်အဆိုင် ကြိုးစားနေကြတာ တွေ့ရတယ်။ ဖျော်ဖြေရေးနယ်ပယ်က မထင်ပေါ်တို့၊ ကိုကျော်ကြားတို့ကလည်း ကိုရီးယားမင်းသား၊ မင်းသမီးများရဲ့ သရုပ်ဆောင်မှု အတတ်ပညာတွေကို အားကျအတုယူ ရမယ့်အစား ဖင်ပေါ်ရင်ပေါ် ၀တ်တာစားတာတွေနဲ့ "ဆိုဂျူ" သောက်တာလောက်ကိုပဲ အတုခိုးနေကြတယ်။ ပြောလိုက်ရင်တော့ အနုပညာအလုပ်၊ အနုပညာရှင်ဆိုတဲ့ စကားတွေက မိုးမွှန်နေတာပါပဲ။

သံကုန်ဟစ်မှ ငိုတာမဟုတ်
အားမနာတမ်း ပြောရမယ်ဆိုရင် အနုပညာလို့ ခေါ်လောက်တဲ့ အဆင့်ကိုရောက်ဖို့ တော်တော်လိုသေးတယ်လို့ပဲ ထင်တယ်။ အများအားဖြင့် ဖျော်ဖြေရေးအဆင့်ထက် မပိုသေးပါဘူး။ သရုပ်ဆောင်ပုံကို ကြည့်၊ ငိုစရာရှိရင် ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား သံကုန်ဟစ်အော် ငိုချလိုက်ပြီး နှာရည်တရွှဲရွှဲ ညှစ်ပြလိုက်တာပဲ။ လူကြမ်းဆိုရင်လည်း အရုပ်ဆိုးဆိုး မျက်နှာကြောတင်းတင်းနဲ့ အော်ဟစ်ကြိမ်းမောင်း လုပ်ပြလိုက်တာပဲ။ ချစ်ခန်းကြိုက်ခန်းဆိုလည်း မင်းသား၊ မင်းသမီး ဖက်ပြလိုက်ရုံပဲ။ မျက်ရည်မရွှဲ၊ နှပ်မညှစ်ဘဲ မေးကြောလေး တစ်ချက်တင်းရုံ၊ အကြောပြိုင်းပြိုင်းထအောင် လက်သီးဆုပ်လိုက်ရုံနဲ့ ကြည့်သူရဲ့ ရင်ထဲမှာ ဆို့နင့်သွားစေနိုင်တယ်ဆိုတာ သဘောပေါက်ပုံ မရကြဘူး။ လူဆိုးဆိုတိုင်း အရုပ်ဆိုးတာ မဟုတ်ဘူး။ ဗိုလ်အောင်ဒင်လို ဂုဏ်သရေရှိ လူဆိုးကြီးတွေ ရှိတတ်တာကိုလည်း သိပုံမရကြပါဘူး။

စိတ်ဆိုးရင်လည်း မတတ်နိုင်
ဒီနေ့မြန်မာသရုပ်ဆောင် အများစုရဲ့ သရုပ်ဆောင်ပုံတွေဟာ ဇာတ်ခုံပေါ်မှာ သရုပ်ဆောင်တာနဲ့ အတူတူလို ဖြစ်နေတာ သတိထားမိတယ်။ ရုပ်ရှင်သရုပ်ဆောင်နဲ့ လုံးဝမတူပါဘူး။ မျက်နှာအမူအယာ တစ်မျိုးတည်းနဲ့ အလွမ်း၊ အသော၊ အချစ်၊ အကြမ်း၊ အရမ်း အမျိုးမျိုး သရုပ်ဆောင်ပြနိုင်စွမ်းရှိတဲ့ ရုပ်ရှင်မင်းသား ကျော်ဆွေလို သရုပ်ဆောင်မျိုး တစ်ယောက်မှ မရှိဘူးလို့ပြောရင် လွန်မယ်မထင်ဘူး။ အဲဒါကြောင့် အနုပညာလို့ ခေါ်လောက်တဲ့အဆင့် မရောက်သေးဘူး။ ဖျော်ဖြေရေးအဆင့်လောက်ပဲ ရှိသေးတယ်လို့ ဆိုခဲ့တာပါ။ စိတ်ဆိုးကြရင်လည်း မတတ်နိုင်တော့ဘူး။

နိုင်ငံတည်ဆောက်ရေးနှင့် Political Will


voiceg.jpg

နိုင်ငံတစ်ခုကို တည်ဆောက်သည်ဆိုရာတွင် အဓိကအချက်မှာ နိုင်ငံစီးပွားရေးကို တည်ဆောက်ရခြင်း ဖြစ်ပါသည်။ ရိုးစင်းအောင်ပြောရလျှင် နိုင်ငံသားတိုင်းကို တန်းတူရည်တူ အလုပ်လုပ်ခွင့်ပေးပြီး နိုင်ငံသားတိုင်းလည်း ပန်းတိုင်ရောက်၊ နိုင်ငံတော်လည်း ပန်းတိုင်ရောက် စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်သည်။ လုံခြုံရေးကိစ္စရပ် ဆိုသည်မှာ နိုင်ငံသားတိုင်း အလုပ်လုပ်ခွင့်ကို ဆောင်ရွက်ရာတွင် ထိုနိုင်ငံသားများကို အေးချမ်းစွာ အလုပ်လုပ်နိုင်ရန် ပြည်တွင်း၊ ပြည်ပရန်မှ ကာကွယ်ပေးရခြင်းဖြစ်သည်။ သို့မှသာ နိုင်ငံသားအားလုံး ညီမျှစွာ၊ လုံခြုံစွာ အလုပ်လုပ်ကြသည့်အခါ အဆုံးတွင် နိုင်ငံတော်လည်း ပန်းတိုင်ရောက်သွားခြင်း ဖြစ်သည်။

ဤနေရာတွင် နိုင်ငံတော်ဆိုသော စကားလုံး၏ အဓိပ္ပါယ်ကို အမှန်တကယ် နက်နဲစွာ သဘောပေါက်ရေးသည်လည်း အရေးကြီးသည်။ နိုင်ငံတော်ဟု ဆိုရာတွင် မြန်မာနိုင်ငံတွင် အများနားလည်ထားသည်မှာ အစိုးရဖြစ်သည်။ အမှန်အားဖြင့် နိုင်ငံတော်ဆိုရာတွင် ထိုနိုင်ငံ၏ ရေမြေ၊ သယံဇာတ၊ ပြည်သူ၊ အစိုးရ အားလုံးပါဝင်ပြီး အစိုးရသက်သက် မဟုတ်ပေ။ နိုင်ငံတော်သည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းပြီး အစိုးရများသည် မကင်းရှင်းလှပေ။ ထို့ကြောင့် နိုင်ငံတော်ဆိုသည်မှာ ယာဉ်တစ်စီးနှင့်တူပြီး အစိုးရဆိုသည်မှာ ထိုယာဉ်ကို မောင်းသူနှင့် တူသည်။ ယာဉ်မောင်းဖြစ်၍ မတည်မြဲသော သဘောကိုလည်း ဆောင်သည်။

ဤနေရာတွင် အရေးကြီးသည်မှာ Political Will ဖြစ်သည်။ ယာဉ်မောင်းဆိုသည်မှာ ထိုယာဉ်ကို တည်ဆောက်သူ မဟုတ်သကဲ့သို့ ထိုယာဉ်ကို ပြင်ဆင်တတ်သူလည်း မဟုတ်ပေ။ ထို့ကြောင့် ယာဉ်တစ်စုံတစ်ခုဖြစ်လျှင် ပြင်တတ်သူထံ ပို့ဆောင်ပေးရန်အတွက် ယာဉ်မောင်းတွင် Political Will ရှိရသည်။ မဟုတ်လျှင် ကားကိုမပြင်ဘဲ ဆက်မောင်းနေသည့်သဘော သက်ရောက်တတ်သည်။

မြန်မာနိုင်ငံတွင် အသစ်ပေါ်ထွန်းလာသည့် နိုင်ငံရေးအင်အားစုများ၏ မူဝါဒများနှင့် ပတ်သက်၍ ရေးသားဖော်ပြမှု အမျိုးမျိုးကို ဖတ်ရပါသည်။ သို့သော် အဓိကကျသည်မှာ ထိုယာဉ်မောင်းလောင်းလျာများ၏ Political Will သာလျှင် ဖြစ်ပါသည်။ Political Will ဆိုသည်မှာ နိုင်ငံသားတိုင်းကို ကားစီးစေချင်သော စေတနာ၊ နိုင်ငံသားတိုင်းကို မီးမှန်စေလိုသော စေတနာ၊ နိုင်ငံသားတိုင်းကို ချမ်းသာကြွယ်ဝစေလိုသော စေတနာ၊ နိုင်ငံသားတိုင်းကို ဥပဒေ၏ အကာအကွယ် ရရှိစေလိုသော စေတနာမျိုးကို ဆိုလိုပေသည်။
အယ်ဒီတာ (၂၁-၈-၂၀၁၀)

မေတ္တာအကျိုး


mittaresult.png

  • အေးစေမြစေ၊ မေတ္တာရေ၊ သုံးလေရပ်ရွာလုံး။
  • မွှေးကြိုင်ပျံ့နှံ့၊ မေတ္တာနံ့၊ သင်းပျံ့နယ်မဆုံး။
  • မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတိုင်းရှုံး။
  • ကိုယ်စီဆင်မြန်း၊ မေတ္တာပန်း၊ ရွှင်လန်းချိုပြုံးပြုံး။
  • စိတ်ထားမြင့်မြတ်၊ မေတ္တာဓာတ်၊ လူနတ်အချစ်ဆုံး။
  • တရားပျောက်ကွယ်၊ မေတ္တာပြယ်၊ ကြီးငယ်အများမုန်း။
  • တစ်ဦးမေတ္တာ၊ တစ်ဦးမှာ၊ ရှည်ကြာရွံမမုန်း။
  • နှစ်ရွာတစ်ရွာ၊ ဆက်ဆံရာ၊ မေတ္တာလိုရင်းသုံး။
  • မိတ်ဆွေချင်းသာ၊ ပေါင်းသင်းရာ၊ မေတ္တာအမြတ်ဆုံး။
  • ဆရာ့ဝန်တာ၊ ဆုံးမပါ၊ မေတ္တာစိတ်နှလုံး။

ဓမ္မပဒဂါထာ (၅၅)


စန္ဒနံ တဂရံ ၀ါပိ၊ ဥပ္ပလံ အထ ၀ဿိကီ။
ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂန္ဓော အနုတ္တရော။

သီလရနံ့ အမွှေးဆုံး
စန္ဒကူးရနံ့လည်း
မွှေးပျံ့ပါတယ်။
တောင်ဇလပ်ပန်းရနံ့
ကြာညိုကြာဖြူကြာနီပန်းရနံ့
မြတ်လေးပန်းရနံ့တွေလည်း
မွှေးပျံ့ကြပါတယ်။
အဲဒီမွှေးရနံ့တွေအားလုံးထက်
ကိုယ်ကျင့်သီလရနံ့
ကိုယ်ကျင့်သီလနဲ့ဆက်စပ်တဲ့
ချီးမွမ်းကျော်စောရနံ့ဟာ
အမွှေးပျံ့ဆုံး
အမြင့်မြတ်ဆုံးပါပဲ။

Saturday, August 28, 2010

နိုင်ငံရေးဝတ္ထုကြီးများရဲ့ သြဇာအရှိန်အ၀ါ - လူထုစိန်ဝင်း


useinwin.jpg

"သတင်းစာဆရာဆိုတာ ကျွန်ုပ်တို့ခေတ်ရဲ့ မှတ်တမ်းတွေကို ရေးသားတဲ့ နေ့စဉ်မှတ်တမ်း ရေးသူတွေ ဖြစ်တယ်"

နာမည်ကြီး အင်္ဂလိပ်သတင်းစာဆရာတစ်ဦးဖြစ်တဲ့ "ဖရန်စစ်ဝီလျံ" ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ မြန်မာသတင်းစာဆရာကြီး လူထု ဦးလေးလှကလည်း "သတင်းစာများသည် သမိုင်းကို ပြောနေကြသည်" လို့ ဆိုခဲ့ပါတယ်။

မင်းဒဏ်သင့်တဲ့အလုပ်
သတင်းစာဆရာတို့၊ စာရေးဆရာတို့ဆိုတာ သူ့ခေတ် သူ့အခါရဲ့ သမိုင်းကြောင်းကို မတိမ်းမစောင်းရအောင် မှန်ကန်တိကျစွာ မှတ်တမ်းတင်တဲ့ တာဝန်ကို ထမ်းဆောင်ကြရသူများ ဖြစ်တယ်။ ဥရောပမှာ သတင်းစာပေါ်ဦးစ ခေတ်အခါကဆိုရင် ဒီတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်းနဲ့ သတင်းစာဆရာ၊ စာရေးဆရာကြီးတွေဖြစ်တဲ့ "ဒင်နီယယ်ဒီဖိုး" တို့၊ "အီမိုင်းလ်ဇိုလာ" တို့တစ်တွေ မင်းပြစ်မင်းဒဏ် သင့်ခဲ့ကြရတယ်။ အခုနှစ်ဆယ့်တစ်ရာစု ရောက်တဲ့အထိလည်း သတင်းစာအလုပ်ဆိုတာ သက်စွန့်ဆံဖျား လုပ်ရတဲ့အလုပ်မျိုးအဖြစ် ရှိနေသေးတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း အကြောင်းအမျိုးမျိုးပြပြီး အသတ်ခံရတဲ့ သတင်းစာဆရာဦးရေဟာ ဘယ်တော့မှ ငါးဆယ်အောက် ရောက်တယ်မရှိခဲ့ဘူး။ တချို့နှစ်များဆိုရင် ရာဂဏန်းအထိတောင် ရှိတာကို တွေ့ရတယ်။ ဒါက စစ်မြေပြင်မှာ သေရတဲ့သူတွေရဲ့ စာရင်း မပါသေးဘူး။ ဒီလို သက်စွန့်ဆံဖျား လုပ်ကြရပေမယ့်လည်း သတင်းသမားတွေက ဘယ်တော့မှ နောက်တွန့်သွားတယ် မရှိခဲ့ပါဘူး။

ရှေ့တန်းက ပါခဲ့တာချည်းပဲ
မြန်မာသတင်းစာဆရာ၊ စာရေးဆရာတွေလည်း "ဘိုးဝဇီရ" တို့ ခေတ်ကစပြီး ဒီခေတ်အထိ နောက်ကျ ကျန်မနေရစ်ပါဘူး။ တာဝန်ကျေခဲ့ကြတယ်။

"မြန်မာ့နိုင်ငံရဲ့ သမိုင်းစဉ်တစ်လျှောက်လုံးမှာ သတင်းစာဆရာ၊ သတင်းထောက်ခေါင်းဆောင်မှု မပါခဲ့တဲ့ ခေတ်ဆိုလို့ တစ်ခေတ်မှ မရှိပါဘူး။ အမြဲ ခေါင်းဆောင်မှု ပေးနေတာပဲဆိုတာ  ရဲရဲကြီး ပြောချင်ပါတယ်" လို့တောင် ဆရာကြီး ထွန်းနေ့စဉ် ဦးထွန်းဖေက ပြောခဲ့ဖူးပါတယ်။ မှန်လည်း မှန်ပါတယ်။ နှစ်ပေါင်းရာကျော် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတစ်လျှောက်မှာ ဆီးဘန်နီဆရာတော်လို၊ အချုပ်တန်းဆရာဖေလို ပုဂ္ဂိုလ်ကြီးတွေ ရှေ့တန်းက ပါခဲ့သလို၊ ဖက်ဆစ်တော်လှန်ရေးနဲ့ တိုင်းပြည်လွတ်လပ်ရေး တိုက်ပွဲစဉ်တစ်လျှောက်လုံးမှာလည်း သတင်းစာဆရာတွေ၊ စာရေးဆရာတွေ သက်စွန့်ကြိုးပမ်း ရှေ့ဆုံးတန်းက ပါခဲ့ကြတာပါပဲ။

ရန်သူတော်နံပါတ်တစ်
နယ်ချဲ့ခေတ်တစ်ခေတ်လုံး မြန်မာစာပေနယ် တစ်ခုလုံးရဲ့ "မီးရှူးတန်ဆောင်" သဖွယ် ရှေ့က မားမားမတ်မတ်ရပ်ပြီး ဦးဆောင်မှုပေးခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို နယ်ချဲ့အင်္ဂလိပ် အစိုးရက "ရန်သူတော် နံပါတ်တစ်" အဖြစ် စာရင်းသွင်း မှတ်တမ်းအတင်ခံခဲ့ရပါတယ်။ ဆရာကြီးကလည်း တိုင်းပြည်လွတ်လပ်ရေးနဲ့ နယ်ချဲ့ဆန့်ကျင်ရေးဆို ဘယ်တော့မှ နောက်ချန်နေခဲ့တာ မဟုတ်ဘူး။ အမြဲတမ်း ရှေ့ဆုံးက ထွက်တာ။

"ဝေးခရီးပေမယ့် အရေးကြီးလျှင်ဖြင့် သွေးနီးရာပါစမြဲပေမို့ ဆရာလဲကွာ၊ ပထမအရင် ကနဦးဆီက မြန်မာ့တစ်ခွင်မှာ သမ္မတရှင်ဘုရင် မလူးခင်ပ (ထ)ဆင်ထူးကို တမြည်မြည် သင်ခဲ့သမို့ (ထီ)မထင် ကျောင်းတော်သားတွေရဲ့ အမည်အစဉ် ခေါင်းပေါ်ဖျားတွင်မှ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့....."

ယူနီဗာစီတီသပိတ် လေးချိုးကြီးမှာ စပ်ထားခဲ့တဲ့အတိုင်း ဆရာကြီး ဘ၀တစ်လျှောက်လုံး ပြည်သူတွေနဲ့ တစ်သားတည်း ရှိခဲ့တာ ဖြစ်တယ်။

မျိုးစေ့မှန်လို့ အပင်သန်
ဆရာကြီး မျိုးစေ့ချပေးခဲ့တဲ့ မြန်မာစာပေလောကဟာ လွတ်လပ်ရေး တိုက်ပွဲစဉ်တစ်လျှောက်လုံး တက်တက်ကြွကြွ ပါဝင်ခဲ့ကြသလို လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းက ဦးဆောင်ခဲ့ကြတယ်။ ကျူးဘားတော်လှန်ရေး၊ ဗီယက်နမ်လွတ်မြောက်ရေးတိုက်ပွဲ၊ လက်တင်အမေရိကနဲ့ အာဖရိက ကိုလိုနီထမ်းပိုးအောက်က ရုန်းထွက်ရေး တိုက်ပွဲမှန်သမျှ ထောက်ခံအားပေးခဲ့ကြတယ်။ မျိုးစေ့မှန်လို့ အပင်သန်တယ် ပြောရလိမ့်မယ်။

လက်ဝဲ၀ါဒ သြဇာလွှမ်း
ကိုလိုနီနယ်ချဲ့နဲ့ ဖက်ဆစ်စနစ်အောက်က ရုန်းထွက်ခဲ့ကြရတဲ့ နိုင်ငံတိုင်းမှာ လက်ဝဲအယူဝါဒတွေ အင်မတန် သြဇာလွှမ်းမိုးခဲ့တယ်။ အထူးသဖြင့် ပညာတတ် ကျောင်းသားလူငယ်တွေအပေါ်မှာ ပိုပြီး သြဇာကြီးခဲ့တယ်။ အဲဒီလို လက်ဝဲအယူဝါဒဘက် တိမ်းညွတ်ကြတဲ့ မြန်မာလူငယ် အများစုဟာ ဘယ်လက်ဝဲပါတီတွေကမှ စည်းရုံးခဲ့ကြတာ မဟုတ်သလို၊ ဘယ်လိုလက်ဝဲ၀ါဒီကျမ်းတွေမှ ဖတ်ဖူးခဲ့ကြလို့လည်း မဟုတ်ပါဘူး။ စာရေးဆရာကြီးတွေဖြစ်တဲ့ သိန်းဖေမြင့်၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ လင်းယုန်နီ၊ သခင်မြသန်း၊ အောင်လင်းတို့ တစ်တွေရဲ့ စာတွေကို စွဲလမ်းအားကျပြီး လက်ဝဲသမားပေါက်စလေးတွေ ဖြစ်လာခဲ့ကြတာပါ။

ဇာတ်လိုက်ကို အားကျတဲ့အရွယ်
ကိုယ်တွေ့ပြောရရင် ကောလိပ်ကျောင်းရောက်မှ ကားလမတ်တို့၊ အိန်ဂျယ်တို့၊ လီနင်စတာလင်နဲ့ မော်စီတုန်းတို့ကို ကြားဖူးခဲ့တာပါ။ ဒါပေမယ့် အဲဒီမတိုင်မီ အလယ်တန်းကျောင်းသား ဘ၀ကတည်းက လက်ဝဲအယူအဆတချို့ကို နှစ်သက်သဘောကျနေပါပြီ။ လင်းယုန်နီရဲ့ ဇာတ်လိုက် မောင်စောလွင်ကို အားကျပြီး လမ်းလျှောက်တဲ့အခါ ကျောက်ခဲကို ကန်ရင်း လျှောက်တတ်သလို ဓာတ်တိုင်ကို ခဲနဲ့ပေါက်တဲ့ ထူးထူးခြားခြား စရိုက်တွေကို အတုခိုးခဲ့တယ်။ မောင်စောလွင်ကို ဇာတ်လိုက်အဖြစ်ထားပြီး ရေးတဲ့ မြင့်၊ မမမြင့်၊ ချစ်မမ၊ မချစ်မမမြင့်၊ ချစ်သော မမ၊ ချစ်မမ ဆိုတဲ့ စာအ်ုပတွဲတွေကို အိပ်ရာဘေးထားပြီး စကားလုံးတွေ အလွတ်ရလုနီးပါးဖြစ်အောင် ဖတ်ခဲ့တယ်။

စာရေးဆရာတွေ ဂုရုကြီးဖြစ်ခဲ့
အဲဒီနောက်တော့ ဆရာဦးသိန်းဖေမြင့်ရဲ့ အရှေ့ကနေ၀န်းနဲ့ သပိတ်မှောက်ကျောင်းသား ၀တ္ထုရှည်ကြီးတွေရဲ့ သြဇာ အလွန်ကြီးခဲ့တယ်။ မကြိုက်တဲ့ လူငယ်ကျောင်းသား မရှိသလောက် ဖြစ်တယ်။ ကိုတင်ထွန်း၊ မမြင့်ဦးနဲ့ မမြမှီတို့ကို စွဲခဲ့တယ်။ ပြီးတော့ ဆရာဗန်းမော်တင်အောင်ရဲ့ ကိုဘုန်းနိုင်၊ ကိုတင်ဦး၊ အောင်လင်းရဲ့ ဗေဒါ၊ ဒဂုန်တာရာရဲ့ မေ နဲ့ မြိုင်၊ သခင်မြသန်းရဲ့ မမိုးစွေ စတဲ့ စတဲ့ ဇာတ်ကောင်တွေကို စွဲလမ်းခဲ့ကြရတယ်။ ၀တ္ထုဇာတ်ကောင်တွေဟာ လူငယ်တိုင်းရဲ့ စံပြုပုဂ္ဂိုလ် (Role Model)တွေ ဖြစ်လာခဲ့သလို စာရေးဆရျာွှေကိလည်း "ဂုရုကြီး" တွေအဖြစ် ကိုးကွယ်ဆည်းကပ်ခဲ့ကြတယ်။

လတ်တလော အခြေအနေ
အခုလတ်တလော အခြေအနေကို ကြည့်လိုက်တော့ ရာစုနှစ် တစ်ဝက်လောက် မကြားရတဲ့ နိုင်ငံရေးစကားတွေနဲ့ ဒီမိုကရေစီအသံတွေ ပြန်ကြားလာရ၊ ပြန်ဖတ်လာရပေမယ့် အရှေ့ကနေ၀န်းလို၊ သပိတ်မှောက်ကျောင်းသားလို၊ သူပုန်ကြီးလို၊ ပြည်တော်သာ ခင်ခင်ဦးလို၊ မမမြင့်လို၊ မမိုးစွေလို ၀တ္ထုကြီးတွေနဲ့ ဇာတ်ကောင်တွေ ထွက်ပေါ်လာတာမျိုးတော့ မတွေ့ရသေးဘူး။ ၀တ္ထုကောင်းကြီး မထွက်ကြသလို အားကျအတုယူလောက်တဲ့ စာရေးဆရာဆိုတာလည်း မရှိတော့ပါဘူး။

စာရေးဆရာရဲ့ တာဝန်
လူငယ်ဆိုတာ စိတ်ကူးယဉ်တတ်၊ အိပ်မက်တွေ မက်တတ်တဲ့ သဘာဝရှိတယ်။ ၀တ္ထုဇာတ်လမ်းနဲ့ ရုပ်ရှင်တွေကြည့်ပြီး အားကျ အတုယူတတ်တယ်။ ဇာတ်ကောင်တွေကြည့်ပြီး စိတ်ကူးယဉ်တတ်တယ်။ စာရေးဆရာတွေကို စံပြုပုဂ္ဂိုလ်ကြီးတွေအဖြစ် လေးစားကြည်ညိုလေ့ရှိတယ်။ ကျွန်တော်တို့ခေတ်က ကြည်ညိုလောက်တဲ့ စာရေးဆရာတွေ အများကြီးရှိခဲ့တယ်။ အများကြီးမှ တကယ့်ကို အများကြီးဖြစ်တယ်။ မရှိဘူးဆို အစိတ်သုံးဆယ်တာ့ အသာလေးရှိတယ်။ အခုခေတ်မှာ (ပြောရမှာ စိတ်မကောင်းဘူး၊ ရှက်လည်း ရှက်မိတယ်) သိန်းဖေမြင့်လို၊ ဗန်းမော်တင်အောင်လို၊ မြသန်းတင့်လို၊ လင်းယုန်နီလို စာရေးဆရာမျိုး တစ်ယောက်မှ မရှိပါဘူး။ ခေတ်တစ်ခေတ်ကို စနစ်တစ်ခုကို ပြုပြင်တော့မယ်ဆိုရင် ရှေ့ဆောင်လမ်းပြ လုပ်ဖို့အတွက် နိုင်ငံရေးဝတ္ထုကြီးတွေ မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒီလိုအပ်ချက်ကို စာရေးဆရာတွေက ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတဲ့အကြောင်း နှိုးဆော်လိုက်ပါရစေဗျာ။

အသုံးများသော မြန်မာဗန်းစကားများ (၀)


myanmarwords.png

ဝါးလုံးရှည်နှင့် ရမ်းသည်
သိမ်းရုံးရမ်းကားသည်။
ပေါင်းမြက် အမှိုက်စသည် တစ်စုံတစ်ခုကို ဖယ်ရှင်းရန် ရှိသောအခါ လိုရာ အရာဝတ္ထုကိုသာ ရွေးချယ်ဖယ်ရှားခြင်း မပြုဘဲ၊ လိုသည် မလိုသည်ကို မတွက် အနီးတ၀ိုက်၌ ရှိရှိသမျှ အရာဝတ္ထု အားလုံးတို့ကို ၀ါးလုံးရှည်ဖြင့် သိမ်းရုံး ဖယ်ရှင်းခြင်း ပြုသည်ကို ပမာပြု၍ သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ထိခိုက်စေရုံသာမက၊ မသက်ဆိုင်သော အခြားဆက်စပ်ရာ ပုဂ္ဂိုလ်အားလုံးကိုပါ တစ်ပါးတည်း ထိခိုက်စေသော အပြုအမူမျိုး ပြုမူသည့်အခါ သုံးသည်။
ဝါးလုံးချေးသုတ်၍ ရမ်းသည်ဟူသော စကားသည်လည်း တစ်ဦးတစ်ယောက်ကို ထိခိုက်စွန်းပေစေရန် ရည်ရွယ်ပါလျက်နှင့် ကျန်အများကိုပါ ထိခိုက်လေအောင် မိုက်မဲစွာ ပြုမူခြင်းကိုပင် ခိုင်းနှိုင်းလေသည်။

ဝိနည်းရှောင်သည်
ဟန်ဆောင်ရုံမျှရှောင်သည်။ ရှောင်သည်ဆိုရုံမျှရှောင်သည်။ အပြစ်လွတ်ရုံမျှ ရှောင်သည်။

ထိုစကားမှာ ၀ိနည်းစကားမျှကို အကြောင်းပြု၍ ကပ်ကိုးကာ ရှောင်ဖယ်သည်ဟူသော အဓိပ္ပါယ်ရှိသည်။ ရဟန်းသံဃာတော်များ၌ လိုက်နာအပ်သော ပညတ် ၀ိနည်းရှိ၍ ထိုဝိနည်းအရ ရှောင်အပ်သည်တို့ကို ရှောင်ကြဉ်ရလေသည်။ သို့ရာတွင် ၀ိနည်းသည် သဘောအားဖြင့်သာ ကောက်ယူရမည်ဖြစ်ရာ စကားလုံးအားဖြင့် ကပ်ကိုး ကောက်ယူလျှင် ၀ိနည်းတော်အလိုကျ မဖြစ်နိုင်ပေ။ ပုံစံအားဖြင့် ဗေဒင်မဟောအပ်ဟု ဆိုလျှင် လက္ခဏာလည်း မကြည့်ရဟု ကောက်ယူရပေမည်။ သူ့သားမယားကို မပြစ်မှားအပ်ဟုဆိုလျှင် သူ့သမီး သူ့နှမကိုလည်း မပြစ်မှားအပ်ဟု တစ်ပါးတည်း ကောက်ယူရပေမည်။ ဤသို့မဟုတ်ဘဲ မသူတော်ကဲ့သို့ ကျဉ်းမြောင်းစွာ စာအရှိ ကပ်ကိုး၍ ဆင်ခြေရှောင်ခြင်း ပြုလုပ်ပါမူ လွှဲမှားပေမည်။ ဤအကြောင်းကိုစွဲ၍ တကယ် လုံလောက်သော အကြောင်းနှင့် ပကတိဆန္ဒကြောင့် မဟုတ်ဘဲ၊ မိမိမလိုချင်လျှင် မလိုသလို အကြောင်းပြရှာကြံ၍ ကပ်ကိုး စပြုခြင်း၊ ခြေအားကိုး၍ အပြစ်လွတ်အောင် နေခြင်း စသည့် အဆင်းအမူမျိုးကို ၀ိနည်းစာရှိအတိုင်း ကပ်ကိုး၍ရှောင်သည်၊ ၀ိနည်းရှောင်-ရှောင်သည်၊ ၀ိနည်းရှောင်သည်ဟု သုံးနှုန်းကြသည်။ တကယ်လေးနက်စွာ မရှောင်ချင်ဘဲ ရှောင်သည်ဆိုရုံမျှ ရှောင်သည်၊ အပေါ်ယံအဓိပ္ပါယ်နှင့်သာ ရှောင်သည်ဟူ၍ ဆိုလိုသည်။ ၀ိနည်းလွတ်ရုံမျှ ရှောင်သည်၊ ၀ိနည်းစာသားအရသာလျှင် ရှောင်သည်၊ တကယ့် ကိုယ်ကျင့်အရ ဆန္ဒမှန်ကန်စွာဖြင့် ရှောင်ခြင်းမဟုတ်ဟု ဆိုလိုသည်။

ဝီခေါ်သည်
အလွန်လည်ပတ်သည်။
(မပြတ် လှည့်လည် သွားလာတတ်ခြင်းနှင့် ပါးနပ်လည်ပတ်ခြင်းအနက် နှစ်မျိုးလုံးရသည်။)
ကျင် (ဂျင်)ကို လှည့်ပေါက်ကစားရာ၌ ကျင်လည်သောအခါ တ၀ီဝီမြည်သံ ဖြစ်သည်ကို ၀ီခေါ်သည် ဆိုလေသည်။ ၎င်းကိုစွဲ၍ အလွန်လည်ပတ်သည့်သဘောကို တင်စားလျက် ၀ီခေါ်သည်ဟု ဆိုကြသည်။

ဝေလာဝေး
လုံးလုံးကင်းမဲ့သည်။
မြန်မာနိုင်ငံ၌ ဗြိတိသျှ အုပ်စိုးစဉ်က ဝေလမင်းသား၊ ဝေလငါး၊ ဝေလနယ်ဟူ၍ အသိများသကဲ့သို့ ခေါင်းတုံးတံဆိပ်နှင့် အက်ဒွပ်ဘုရင်ပုံပါသော ဒင်္ဂါးများကိုလည်း ဝေလာဒင်္ဂါးဟု အသိများကြသည်။ (၀ိတိုရိယ ဘုရင်မပုံပါသော ဆာပုဝါခြုံ၊ ခေါင်းမြီးခြုံ၊ မြိတ်ထုံးကုလားမခေါင်း ဟူ၍လည်း ခေါ်ကြသည်။) ထို့ကြောင့် ငွေကြေး ပြတ်လတ်သည့်အခါ ငွေနှင့်ဝေးသည်ဟု ဆိုမည့်အစား ဝေလဒင်္ဂါးနှင့်ဝေးသည်ဟု တစ်ကျပ်တစ်ပြား သို့မဟုတ် ကျပ်ပြား တစ်ပြားမှ မရှိဟူသော သဘောဖြင့် သုံးနှုန်းကြလေသည်။ ထိုမှတဆင့် "ဝေလာဝေးသည်၊ ဝေလာ ဝေးသည်" ဟူ၍ သုံးနှုန်းကြရာ ငွေသာမဟုတ် တစ်စုံတစ်ရာကို လုံးဝကင်းရှင်း လွတ်စင် ကွာစေကြောင်းကို ဖော်ပြလိုသည့် အခါ၌လည်း ဝေလာဝေးသည် ဟူ၍ပင် ဆိုကြလေသည်။ (ဒင်္ဂါးများ၌ ဒေါင်းရုပ်သုံးစဉ်က "ဒေါင်းမပါ မလာနှင့် ဟူ၍၊ ခြူရုပ်သုံးစဉ်က ခြူတစ်ပြားမှမရှိ ဟူ၍လည်းကောင်း တင်စားခေါ်ဆိုသော အသုံးများလည်း ရှိခဲ့လေသည်။) ပါဠိ "ဝေလာ" မှာ ကမ်းပါး အပိုင်းအခြားဖြစ်၍ ကမ်းနှင့် ဝေးသည်ဟူ၍လည်း အချို့မှတ်ထင်ကြသည်။
(ကုန်းဘောင် ခေတ်နှောင်းက အသုံးအနှုန်း တွေ့ဖူးသည်။)

RELATED:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)
အသုံးများသော မြန်မာဗန်းစကားများ (ဆ)
အသုံးများသော မြန်မာဗန်းစကားများ (ဇ၊ ဈ၊ ည၊ ဋ)
အသုံးများသော မြန်မာဗန်းစကားများ (တ)
အသုံးများသော မြန်မာဗန်းစကားများ (ထ၊ ဒ)
အသုံးများသော မြန်မာဗန်းစကားများ (ဓ၊ န)
အသုံးများသော မြန်မာဗန်းစကားများ (ပ)
အသုံးများသော မြန်မာဗန်းစကားများ (ဖ)
အသုံးများသော မြန်မာဗန်းစကားများ (ဗ)
အသုံးများသော မြန်မာဗန်းစကားများ (ဘ)
အသုံးများသော မြန်မာဗန်းစကားများ (မ)
အသုံးများသော မြန်မာဗန်းစကားများ (ယ၊ ရ)
အသုံးများသော မြန်မာဗန်းစကားများ (လ)

လောကဓမ္မ ဆုံးမစာ


  • မူးယစ်သောက်စား၊ လူရမ်းကား၊ လားလားရှောင်ကြဉ်ပါ။
  • နှုတ်ထွက်စကား၊ ကြားသူခါး၊ လားလားရှောင်ကြဉ်ပါ။
  • ဒေါသရှေ့ထား၊ ခိုက်ရန်ပွား၊ လားလားရှောင်ကြဉ်ပါ။
  • ပျော်ရွှင်လိုက်စား၊ ခါမဲ့သွား၊ လားလားရှောင်ကြဉ်ပါ။
  • မကောင်းမိတ်ထား၊ လောင်းကစား၊ လားလားရှောင်ကြဉ်ပါ။
  • ပျင်းရိစိတ်ထား၊ အိပ်ကာစား၊ လားလားရှောင်ကြဉ်ပါ။
  • ကလေးကလား၊ နေထိုင်သွား၊ လားလားရှောင်ကြဉ်ပါ။
  • သူ့စည်းကမ်းအား၊ ပယ်ရှောင်ရှား၊ လားလားရှောင်ကြဉ်ပါ။
  • မိသားစုအား၊ ဂုဏ်ပျက်ပြား၊ လားလားရှောင်ကြဉ်ပါ။
  • ပတ်ဝန်းကျင်အား၊ ဂုဏ်ပျက်ပြား၊ လားလားရှောင်ကြဉ်ပါ။
  • ဆုံးမစကား၊ ဤဆယ်ပါး၊ မှတ်သားလိုက်နာပါ။
  • သံပေါက်စာစဉ်၊ ထိပ်ပန်ဆင်၊ ထေရ်ရှင်ရေးမိန့်မှာ။

ဓမ္မပဒဂါထာ (၅၄)


န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊
န စန္ဒနံ တဂရမလ္လိကာ ၀ါ။
သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊
သဗ္ဗာ ဒိသာ သပ္ပုရိသော ပ၀ါယတိ။

လေညာဆန်တာ သူတော်ကောင်းဂုဏ်
ပန်းတွေရဲ့ ရနံ့ဟာ
လေညာအရပ်ကို
ဘယ်တော့မှ မရောက်ပါဘူး။
စန္ဒကူးရနံ့ပဲဖြစ်ဖြစ်
တောင်ဇလပ်ပန်းရနံ့
ကြက်ရုန်းပန်းရနံ့ပဲဖြစ်ဖြစ်
ဘယ်မွှေးရနံ့မှ
လေညာဆန်ရိုး မရှိပါဘူး။
သူတော်ကောင်းပုဂ္ဂိုလ်တွေရဲ့
ကိုယ်ကျင့်သီလရနံ့
သူတော်ကောင်းအလေ့အထ ရနံ့တွေကတော့
လေညာအရပ်ထိတိုင်
ဆန်တက်ရောက်ရှိနိုင်ပါတယ်။
သူတော်ကောင်းပုဂ္ဂိုလ်ဟာ
လေအောက်လေညာ
အရပ်မျက်နှာအားလုံးမှာ
ဂုဏ်သတင်းပျံ့သင်းမွှေးကြိုင်ပါတယ်။

Friday, August 27, 2010

ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးတယ် (၄)


ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက နားရည်ဝနေတဲ့ ကျင့်ဝတ်တွေထဲက "မိဘ၀တ်" ဆိုတဲ့အထဲမှာ ထိမ်းမြားခြင်းလျှင် ဆိုတဲ့အချက်တစ်ချက် ပါတယ်ဗျ။ အားလုံးလည်း သိပြီးသားပါ။ သိပြီးသားပေမယ့် ကျွန်တော်အခုပြောမယ့် အကြောင်းအရာတွေကို ဆက်စပ်ပြောရမှာဆိုတော့ ထပ်ပြောရဦးမှာပေါ့ခင်ဗျာ။ မြန်မာမိဘတွေများလေ...ကိုယ့်သားသမီးက အသက်အရွယ်လေး ရလာတဲ့အထိ အိမ်ထောင်မကျသေးဘူးဆိုရင် နေမသိ၊ ထိုင်မသာ ဖြစ်ရပြီ။ သူတို့တစ်တွေမှာ မိဘ၀တ်ပဲ မကျေသလိုလို၊ မိဘ၀တ္တရား ပျက်ကွက်မှု ကျူးလွန်ထားသလိုလို ဘာလိုလို ညာလိုလိုပေါ့လေ။ အချို့များဆိုရင် အတော်ဆိုးတာဗျ။ သားသမီးက အိမ်ထောင်ရေးအပူတွေကို ကြောက်တဲ့အတွက် တစ်သက်လုံး ဒီအတိုင်းပဲ နေချင်ပါတယ်ဆိုတာကိုပဲ အဲဒီလိုနေတာဟာ မိဘတွေကို တာဝန်မကျေခဲ့ဘူးဖြစ်အောင် လုပ်သလိုလို ပြောတတ်ကြတယ်ဗျ။ စဉ်းစားတော့ စဉ်းစားစရာပဲဗျ။ သားသမီးတွေ အရွယ်ရောက်လာရင် သင့်တော်သူနဲ့ အိမ်ထောင်ရက်သား ချထားပေးရမယ်ဆိုတဲ့ ယဉ်ကျေးမှုတစ်ရပ်ဟာ ကျွန်တော်တို့ မြန်မာ့လူ့ဘောင်မှာ ခိုင်ခိုင်မာမာ ထုနဲ့ထည်နဲ့ ဖြစ်နေပါပြီ။ နောက်လည်း အဲဒီလိုပဲ ဖြစ်ကြဦးမယ်လို့ ယုံကြည်ပါတယ်။ အင်း... ထားလိုက်ပါဦးဗျာ။

ကျွန်တော်တို့ လူမှုနယ်ပယ်မှာ ပြောတတ်ကြတဲ့ စကားတစ်ခွန်း ရှိသေးတယ်ဗျ။ အင်မတန်လည်း အသုံးများပါတယ်။ အထူးသဖြင့် လူကြီးပိုင်းတွေက သုံးတတ်ပြောတတ်ကြပါတယ်။ အခြားမဟုတ်ပါဘူး။ "သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်" တဲ့။ အဲဒီစကားမှာကိုက ရှင်းနေပြီးသားပါဗျာ။ သစ်ပင်တွေ ပန်းပင်တွေဆိုတာ သူ့အချိန်တန်ရင် ပွင့်ကြ၊ သီးကြတာကို ပြောထားတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမယ့် အဲဒီစကားကို လူတွေအတွက် ယူသုံးလိုက်တဲ့အခါကျတော့ အဓိပ္ပါယ်ပြောင်းသွားတယ်လို့ ကျွန်တော်ကမြင်တယ်။ လူတစ်ယောက်ကို "သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ရမှာပေါ့ကွာ" လို့ ပြောလိုက်ပြီဆိုရင် သေချာတာကတော့ အဲဒီလူကို ချီးကျူးတာထက် ကျီစယ်တဲ့သဘော၊ လှောင်တဲ့သဘော၊ ပြောင်တဲ့သဘော၊ အားမလိုအားမရ ဖြစ်တဲ့သဘောလေးတွေက ပိုကဲနေတယ် ဆိုတာပါပဲ။ အင်း.... ဒါလည်း ထားလိုက်ပါဦးဗျာ။

ပြောလက်စနဲ့ ပြောရဦးမယ်။ နောက်ထပ် အသုံးများတဲ့ စကားတစ်ခွန်း ရှိသေးတယ်ဗျ။ "ဆေးပေးမီးယူ" တဲ့။ အဲဒီစကားကိုတော့ ကျွန်တော် သိပ်နားမလည်ဘူးခင်ဗျ။ ဟုတ်တယ်လေ.. ခင်ဗျားပဲ စဉ်းစားကြည့်ပါဦး။ ဆေးပေးတာက ဟုတ်ပါပြီ။ မီးယူတာက ဘာတုန်းဗျ။ ကျွန်တော့်အထင် ပြောရရင်တော့ အသက်ကြီးလာတဲ့အခါ တစ်ဦးဦးက နေထိုင်မကောင်းဖြစ်ရင် ဆေးလေးဘာလေးတိုက်၊ ပြုစုတာကို ပြောချင်တယ် ထင်ပါရဲ့။ မီးယူဆိုတာကတော့ ယောက်ျားလေးတွေအတွက်များ ပြောသလားမသိဘူး။ ရှေးခေတ်အဘိုးကြီးတွေဆိုရင် ဆေးတံသောက်ဖို့အတွက် မီးလေးဘာလေး တို့ခိုင်းဖို့၊ ဒီခေတ်အတွက်ဆိုရင်တော့ ဆေးလိပ်သောက်ဖို့ မီးခြစ်လေးဘာလေး လှမ်းခိုင်းဖို့ အဲလိုများလား မသိဘူးဗျ။ ဘာပဲဖြစ်ဖြစ်ဗျာ အသက်ကြီးလာတဲ့အခါ ဆေးပေးမီးယူ လိုတယ်ကွ ဆိုပြီး အပြောခံရတဲ့သူတွေဟာ အဲဒီလိုများ အပြောခံရရင် သူတို့ကိုယ်သူတို့ အားငယ်သွားကြမလား မဆိုနိုင်ဘူးနော်။ အင်း... ထုံးစံအတိုင်း ဒီအကြောင်းအရာကိုလည်း ထားလိုက်ဦးမယ်ဗျာ။

အပေါ်က အချက်တွေအကုန်လုံးကို ကျော်ဖြတ်ပြီးသွားပြီဆိုရင်တော့ နောက်ထပ် မလွဲမသွေ ကျော်ဖြတ်ရမယ့် အခက်အခဲကြီးတစ်ခု ရှိနေပါသေးသဗျာ။ အပေါ်ကဟာတွေကို ဘယ်လောက်ပဲ လျစ်လျူရှုနိုင်သည်ဖြစ်စေ ဒီအချက်ကတော့ တစ်ချက်ဆိုတစ်ချက်၊ တစ်ခွန်းဆိုတစ်ခွန်း အတော်အထိနာတဲ့ စကားလုံးတွေဗျ။ အခြားဟုတ်ရိုးလားဗျာ၊ "မျိုးဆက်" ဆိုတဲ့ စကားလုံးပေါ့။ "မင်းနှယ်၊ သေသာသွားတယ်... ကမ္ဘာပေါ်မှာ မင်းမျိုးဆက်ရယ်လို့မှ မကျန်ရစ်ခဲ့ဘူးဆိုရင် ဘယ်လောက်ရင်နာဖို့ ကောင်းသလဲကွာ" လို့များ အပြောခံလိုက်ရပြီဆိုရင် ဘယ်လောက်နာကျင်စရာ ကောင်းလိုက်မလဲဗျာ။ ဟုတ်တော့လည်း ဟုတ်တယ်ဗျ။ ကိုယ့်မှာသာ သားသမီး မရှိခဲ့ရင် ကိုယ့်ရဲ့မျိုးဆက်က ကိုယ့်မှာတင် ပြတ်သွားပြီလေ။ အဲဒီလို မပြတ်ဖို့အတွက်ကလည်း တစ်ယောက်တည်းနေလို့ မဖြစ်ပြန်ဘူးကိုးဗျ။ အင်း... ဒီတစ်ခါတော့ မထားတော့ပါဘူး။ ပြောချင်တာကို ဆက်ပါပြီဗျာ။

အပေါ်မှာရေးခဲ့တဲ့ စကားခြေလှမ်းတွေကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော်ကိုဉာဏ် ဘယ်ကိုဦးတည်နေတယ်၊ ဘယ်လိုခြေဦးလှည့်နေတယ်ဆိုတာ စာဖတ်သူတွေ အနည်းအကျဉ်းမဟုတ်ဘဲ အတော်များများကို ရိပ်မိသိရှိနေကြပြီလို့ ထင်ပါရဲ့ဗျာ။ ခင်ဗျားတို့ ထင်တဲ့အတိုင်းပါပဲ။ အဲဒီအကြောင်းကိုပဲ ပြောမလို့ပါဗျ။

ငယ်ငယ်တုန်းက သီတင်းကျွတ်ဆိုတာ ပျော်စရာကြီးဗျ။ ကျောင်းတွေပိတ်တယ်။ သူငယ်ချင်းတွေနဲ့ အားပါးတရ ဆော့ရတယ်။ မီးပုံးပျံလွှတ်တာတွေ ကြည့်ရတယ်။ မီးပုံးကားလေးတွေ၊ မီးပုံးသင်္ဘောလေးတွေ ဆွဲတယ်။ လူငယ်ဘာဝ လူကြီးတွေမသိအောင် ဗျောက်တွေဝယ်ပြီး ခိုးဖောက်တယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက် ၁၀ ရက်ဆိုတာ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။ အဲဒီတော့ ကလေးဘ၀ ကျောင်းနေစဉ်တုန်းက သီတင်းကျွတ် ကျောင်းပိတ်ရက်ကိုပဲ လည်တဆံ့ဆံ့နဲ့ မျှော်ခဲ့ရတယ်။ အခု အရွယ်ကလေးရလာတော့ သီတင်းကျွတ်ဆိုတဲ့ စကားလုံးကိုကြားရင် ဘယ်လိုကြီးဖြစ်မှန်း မသိဘူးဗျ။ ကြောက်ကို ကြောက်နေပြီလို့တောင် ပြောရမယ်ထင်တယ်။ သူ့ဟာသူ သီတင်းကျွတ်တာပဲဗျာ.. ဘာဖြစ်လို့ ကိုယ်တွေကို လာလာပြီးတော့ "သီတင်းကျွတ်ပြီနော်၊ ၀ါကျွတ်ပြီနော်" ဆိုပြီး လာလာစနေ၊ ပြောနေကြတယ် မသိပါဘူးဗျာ။ တစ်ခါတလေ ကိုယ့်ပြဿနာနဲ့ကိုယ် ညစ်နေတဲ့အချိန်မျိုးမှာများ အဲဒီလို လာပြောပြီဆိုရင် "သီတင်းကျွတ်တော့၊ ၀ါကျွတ်တော့ ဘာဖြစ်တုန်းကွ၊ ငါကတော့ ကျွတ်စရာ ပုဆိုးပဲရှိတယ်" ဆိုပြီး ပြန်ပြောလွှတ်လိုက်မှ ဘာပြောတဲ့လူက မျက်နှာပိုးသတ်ပြီး ပြန်သွားတတ်တယ်။ တစ်နှစ်လုံးနေတာ အကောင်းဗျ၊ အဲ... သီတင်းကျွတ်ခါနီးပြီလားဆိုရင် စောစောက မေးခွန်းတွေက ဘက်ပေါင်းစုံက ၀င်လာတော့တာပါပဲဗျာ။ အဲဒီလို အပြောခံရတိုင်း၊ အမေးခံရတိုင်းလည်း ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးတယ်။

သီတင်းကျွတ်တဲ့အခါ ကြုံရတဲ့ နောက်ထပ်စိတ်ညစ်စရာ တစ်ခုကတော့ မင်္ဂလာဆောင်တွေ ဖိတ်စာတွေ အများအပြား ရရှိခြင်းပါပဲ။ အရွယ်ရလာတာနဲ့အမျှ၊ လုပ်သက်များလာတာနဲ့အမျှ အပေါင်းအသင်းလည်းများလာ၊ အသိမိတ်ဆွေလည်း တိုးလာတတ်တာကိုး။ အဲဒီတော့ သီတင်းကျွတ်ပြီဆိုတာနဲ့ ဖိတ်စာမရတဲ့ အပတ်ဆိုတာ မရှိသလောက် ဖြစ်နေတော့တာပါပဲ။ တချို့ကတော့ သူတို့ကိုယ်တိုင်၊ တချို့ကတော့ သူတို့သားသမီးတွေ၊ တချို့ကတော့ သူတို့ ညီအစ်ကို မောင်နှမတွေ စသည်ဖြင့်ပေါ့လေ။ လူမှုရေးဆိုတာ ရှိလေတော့လည်း အဲဒီမင်္ဂလာဆောင်တွေကို သွားရတာပါပဲ။ အဲဒီလို သွားရတဲ့အခါတိုင်းလည်း အမြဲလိုလို ကြုံရတာပါပဲ။ အခြားဟုတ်ရိုးလားဗျာ... ဧည့်ခံပွဲကို အတူလာတက်တဲ့ အခြားသူငယ်ချင်း ဇနီးမောင်နှံတွေနဲ့ တွေ့ပြီဆိုရင် "ဘယ်လိုလဲဗျ၊ လူပျိုကြီးရဲ့၊ သူများတွေကိုပဲ ကြည့်ပြီး အားကျမနေနဲ့ဦး၊ ကိုယ်တိုင်လည်း လုပ်ဦးလေဗျာ" တဲ့။ ဒီလောက် ဧည့်သည်တွေအများကြီးကြားမှာ ဘယ်လောက် စိတ်ဆိုးဖို့ ကောင်းသလဲ။ ဘေးနားက ကြားတဲ့လူတွေကလည်း ပြုံးစိစိနဲ့ လှည့်ကြည့်တတ်ကြသေးသဗျ။ ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးတယ်။

သတို့သား၊ သတို့သမီးက ပရိသတ်တွေကို လိုက်နှုတ်ဆက်တဲ့အခါကျရင်လည်း ကိုယ်က သတို့သားနဲ့ သိနေရင်၊ သို့မဟုတ် သတို့သမီးနဲ့ သိနေရင် မိတ်ဆက်ပေးတတ်တာက ကြည့်ဦးလေဗျာ။ "ဒါ... ကိုယ်တို့ရုံးက၊ ဒါမှမဟုတ် ဒါ သမီးတို့ရုံးက လူပျိုကြီး ကိုဉာဏ်လေ" တဲ့။ ဘာဆိုင်လဲဗျာ။ ကိုယ့်ခင်ပွန်းလောင်း ဒါမှမဟုတ် ကိုယ့်ဇနီးလောင်းကို မိတ်ဆက်ပေးတာပဲဗျာ။ "ဒါ ရုံးက ကိုဉာဏ်ပါ" ဆိုရင် ပြီးတာပေါ့ဗျာ။ ဘာကိစ္စများ လူပျိုကြီးဆိုတဲ့ စကားလုံးကြီးကို ထည့်ပြောကြတယ် မသိပါဘူး။ Sir တို့၊ Lord တို့၊ ၀ဏ္ဏကျော်ထင်တို့၊ သီရိပျံချီတို့ စတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေမို့ ထည့်ပြီးတော့ ပြောတယ်ဆိုလည်း ထားပါတော့။ လူပျိုကြီးဆိုတာ ဘွဲ့ထူးဂုဏ်ထူးမှ မဟုတ်တာပဲဗျာ။ ကျွန်တော်ကတော့ အဲဒီလို မိတ်ဆက်ပေးတိုင်း "ကျွန်တော်/ကျွန်မတို့ကတော့ အဖြစ်ရှိလို့ မင်္ဂလာဆောင်နေပြီ၊ ခင်ဗျားက အဖြစ်မရှိဘူးလားဗျ" လို့ တစ်ဖက်လှည့်နဲ့ ကြွားလည်းကြွား၊ မေးလည်းမေးတယ်လို့ ခံစားရတယ်။ အားကြီးစိတ်ဆိုးတယ်ဗျာ။

အချို့အချို့သော မင်္ဂလာဆောင်ဖိတ်စာတွေကလည်း အတော်စိတ်ဆိုးစရာတွေ ကြုံရသေးတယ်ဗျ။ မိတ်ဆွေတွေ၊ ရုံးက အပေါင်းအသင်းတွေဆိုရင်တော့ ကိုဉာဏ်ဆိုတဲ့ နာမည်တစ်ခု ရေးပြီးတော့ ပေးကြတာပါပဲ။ အဲဒီအတိုင်း မရေးဘဲ လက်စွမ်းပြတတ်ကြတာက ပြောမနာ၊ ဆိုမနာ၊ ပုခုံးဖက်ပေါင်းလာတဲ့ သူငယ်ချင်းတွေဗျ။ သူတို့ကိုယ်တိုင်ရဲ့ မင်္ဂလာပွဲ၊ ဒါမှမဟုတ် သူတို့တာဝန်ယူလုပ်ပေးတဲ့ မင်္ဂလာဆောင်တွေအတွက်များ ဖိတ်စာဝေရပြီဆိုရင် လက်စွမ်းပြတော့တာပဲ။ နာမည်ချည်းသက်သက် ရေးပေးလိုက်ရင် သူတို့ကို မိုးကြိုးပစ်မှာမို့လား မသိပါဘူး။ ရေးပေးတတ်တာတွေကို ကြည့်ဦးလေ။
"ကိုဉာဏ် နှင့် ဇနီး" တဲ့။
အဲဒါ သက်သက်ရွဲ့တာဗျ။ မပြောချင်ပါဘူးဗျာ။ ပြောရင်လည်း သူတို့ပြန်ပြောတဲ့စကားက ပိုထိတယ်ဗျ။ ဘာတဲ့... "မင်းက တစ်သက်လုံးလည်း အဲဒီလို ရေးရမှာမဟုတ်တော့ ငါတို့က မင်းအတွက် ရသေ့စိတ်ဖြေ ရေးပေးတာပါ" တဲ့။ ကဲ ကြည့်ဦးဗျာ... ဘယ်လောက်များ စိတ်ဆိုးဖို့ ကောင်းလိုက်သလဲ။ နောက်ထပ် ရှိသေးတယ်။
"ကိုဉာဏ် နှင့် မ.......... " တဲ့။
အဲဒါလည်း တမင်သက်သက် ဖဲ့တာပဲဗျ။ သဘောကတော့ ကျွန်တော့်မှာ နောက်ကလိုက်ပြီး ရေးစရာမရှိဘူးပေါ့လေ။ ကြိုက်တဲ့နာမည်ကို ကိုယ့်ဘာသာကိုယ် ထည့်ရေးဆိုတဲ့သဘောပေါ့ဗျာ။ မပြီးသေးဘူး။ ကျန်သေးတယ်။ ဘယ်လိုရေးတတ်သေးလဲဆိုတော့....
"လူပျိုသိုးကြီး ကိုဉာဏ်" တဲ့။
သူတို့ရေးမှပဲ ကိုယ့်ဟာကိုယ် စဉ်းစားမိတယ်။ သိုးရပုပ်ရအောင်လည်း ကျွန်တော်က သစ်သီးဝလံမှ မဟုတ်တာပဲဗျာ။ လူပျိုပဲ သိုးတယ်၊ ပုပ်တယ် မရှိပါဘူးဗျာ။ ထပ်ပြီးတော့ ရေးတတ်ကြတာက...
"ထာဝရလူပျိုကြီး ကိုဉာဏ်" တဲ့။
ကြည့်စမ်းပါဦးဗျာ...။ သူတို့ရေးတဲ့စာလုံးတွေကို ဖတ်ရတာ စာလုံးတွေလို့ မမြင်ဘူးဗျ။ ကျွန်တော့်ကို လျှာထုတ်ပြီး ပြောင်ပြနေတဲ့ မျက်နှာတွေကိုပဲ မြင်နေတော့တယ်။ "မင်းဟာ တစ်သက်လုံးလည်း စွံမယ့်ကောင် မဟုတ်ပါဘူးကွာ၊ အဖြစ်ရှိမယ့်ကောင်လည်း မဟုတ်ပါဘူး" လို့ ပြောနေသလိုပါပဲ။ ရေးစရာလားဗျာ။ ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးတယ်။

တစ်ခါတလေ ဦးလေးတွေ၊ အဒေါ်တွေနဲ့ တွေ့တဲ့အခါ ဟိုစကားဒီစကားပြောရင်းနဲ့ ဒီပိန္နဲပင်ကို လာတိုက်ကြသေးတာပါပဲ။ "မင်းက အိမ်ထောင်မပြုသေးဘူးလား" တဲ့။ ကျွန်တော့်ကိုတွေ့တိုင်း အဲဒီမေးခွန်းမေးဖို့ပဲ ဘာလို့ စဉ်းစားမိနေကြသလဲ မသိပါဘူးဗျာ။ ပြီးတော့ ဆက်ပြောသေးတယ်... "လူဆိုတာ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ရတယ်ကွ" တဲ့။ ဒုက္ခပါပဲဗျာ... ကျွန်တော်က အပင်မှမဟုတ်တာဗျ။ နှင်းဆီပင်ဆိုတာ ဘယ်အချိန်မှာ အဖူးစဖူးတယ်၊ ဘယ်အချိန်မှာ ပွင့်တယ်ဆိုတာ ပုံသေရှိတယ်၊ သရက်ပင်ဆိုတာလည်း ဘယ်အချိန်မှာ အပွင့်ပွင့်မယ်၊ ဘယ်အချိန်မှာ အသီးသီးမယ် ပုံသေရှိတာပါပဲ။ ကျွန်တော်ကိုဉာဏ်က လူလေဗျာ... ဘယ်အချိန်မှာ သီးရပွင့်ရမယ်ဆိုတာ ဘယ်လိုလုပ်ပြီး ပုံသေရှိမှာတုန်းဗျ။ သူတို့အနေနဲ့ "သြော်... ကိုဉာဏ်တစ်ယောက် သီးချိန်မတန်သေးဘူး" လို့ ဘာလို့ မတွေးပေးနိုင်ကြသလဲဆိုတာကို နားမလည်နိုင်ဘူး။ အချိန်တန်ရင်တော့ သီးမှာပေါ့ဗျာ၊ မဟုတ်ဘူးလား။ ပန်းပင်တိုင်းဟာ တစ်ချိန်တည်း ပွင့်ကြတာမှ မဟုတ်တာ၊ သစ်ပင်တိုင်းကလည်း တစ်ချိန်တည်း သီးကြတာမှ မဟုတ်တာပဲ။ သူတို့အချိန်ရောက်ရင်တော့ သီးကြ၊ ပွင့်ကြမှာပါ။ ကျွန်တော်လည်း ထိုနည်း၎င်းပေါ့ဗျာ။

ပြောသာပြောနေရတာပါ...။ အခုဆိုရင် ကျွန်တော့်မှာ ရန်သူတွေက ပတ်လည်ဝိုင်းနေပြီဆိုသလို ဖြစ်နေပါပြီ။ အဖေနဲ့ အမေကလည်း "ငါ့သား၊ မင်းအသက်မငယ်တော့ဘူးနော်" တဲ့။ အင်း... သူတို့လည်း မိဘ၀တ် ကျေချင်ပြီထင်ပါရဲ့။ လူကြီးသူမတွေကလည်း "သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်" တဲ့။ သူတို့မျက်စိထဲမှာ ကျွန်တော်ဟာ နှစ်ချို့သက်တမ်းလွန် အပင်ကြီးများ ဖြစ်နေသလား မသိပါဘူးဗျာ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် မနေ့တစ်နေ့ကမှ သစ်စေ့ထဲက တိုးထွက်လာတဲ့ ပျိုးပင်ပေါက်လေးတစ်ပင်လို့ပဲ ခံစားရတယ်။ သူငယ်ချင်းတွေကတော့ သြဘာပေးပါတယ်... "ငါတို့က သားတွေ၊ သမီးတွေ ရှိနေပြီကွ၊ ဒီအချိန်သေမယ်ဆိုရင်တောင် မျိုးဆက်ကျန်ခဲ့ပြီ၊ မင်းကတော့ အခုအချိန် သေသွားရင် မျိုးဆက်တောင် ကျန်ခဲ့မှာ မဟုတ်ဘူး" တဲ့။ ပြောရက်လိုက်ကြတာဗျာ။ အားကြီးစိတ်ဆိုးတယ်။ သူတို့ပြောခါမှ ကိုယ်တွေပဲ ပူချင်လာသလိုလို၊ ခေါင်းတွေပဲ ကိုက်ချင်လာသလိုလို၊ ခြေလက်တွေပဲ နာကျင်လာသလိုလို ဖြစ်လာမိသလားပဲဗျ။ အင်း... မဆီမဆိုင် "2012" ဆိုတဲ့ ကိန်းဂဏန်းတွေက အတွေးထဲကို ၀င်လာလိုက်သေးတယ်။ အင်း... မဖြစ်သေးပါဘူး။

ပြောမယ့်သာ ပြောရတာပါ။ ကျွန်တော်ကိုဉာဏ် သီးချိန်တန်လို့ သီးပြီဆိုတော့လည်း ပြောကြဦးမှာပါ။ "မင်းက သေခါနီးမှ ရိက္ခာယူတယ်" တို့၊ "အပူရှာတာကိုးကွ" တို့၊ "မင်းတော့ (အိမ်)ထောင် ကျသွားပြီ" တို့၊ "မင်းတော့ သားကျွေးမှု၊ မယားကျွေးမှုနဲ့ ရှိသမျှအမွှေး အကုန်ပြောင်မှာပဲ" တို့၊ "သံယောဇဉ်ဆိုတာ သံသရာရှည်စေတဲ့ အကြောင်းတွေကွ" တို့၊ အို... စသဖြင့် စသဖြင့်ပေါ့လေ။ အင်း... လူသားဆိုတဲ့အတိုင်း လူသားပီသကြပါပေတယ်ဗျာ။ ကြိုတွေးပြီးတော့လေ... ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးနေမိသေးသဗျာ။

ကဲ... စာဖတ်သူ၊ မကြာခင် သီတင်းကျွတ်တော့မယ်ဗျ။ "ဘယ်လိုလဲ ကိုဉာဏ်ရဲ့... ၀ါကျွတ်တော့မယ်နော်" လို့ ယောင်လို့များတောင် မမေးမိပါစေနဲ့ဗျာ။ ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးတယ်ဗျ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၇ ရက်၊ သောကြာနေ့။
နံနက် ၁၁ နာရီ ၃၃ မိနစ်တွင်ပြီး၏။

ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ နိုင်ငံရေးသမား များများလိုသည် - ဖေမြင့်


writerpemyint.jpg

ရှေးဦးစွာ
နိုင်ငံရေးသမားဆိုတာ ဘာလဲ။

နိုင်ငံရေးသမားဟူသည် တိုင်းပြည်ရပ်ရွာ၏ အထွေထွေအပြားပြားသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မှားသည်၊ မှန်သည်၊ သင့်တော်သည်၊ မသင့်တော်သည်၊ ဘယ်သို့ဘယ်ပုံ ဆောင်ရွက်သင့်သည် စသည့် မိမိ၏ အတွေးအမြင် အယူအဆများကို အများသိအောင် ဖြန့်ချိသူ၊ လက်ခံလာအောင် စည်းရုံးဆွဲဆောင်သူ၊ သဘောတူသူများကို စုစည်းသူ၊ ထို့နောက် ထိုအမြင်၊ ထိုအယူအဆများအတိုင်း အကောင်အထည်ဖော်ဖြစ်အောင် ကြိုးပမ်းသူများဖြစ်သည်။

ထို့နောက်...
ဒီမိုကရေစီ။

ဒီမိုကရေစီဟူသည် အများပြည်သူတို့၏ ယုံကြည်ချက်များ၊ ဆန္ဒသဘောထားများအားဖြင့် တိုင်းရေးပြည်ရာတို့ကို စီမံဆောင်ရွက်ရသော စနစ်ဖြစ်ရာ၊ ဒီမိုကရေစီနိုင်ငံတစ်ခု အောင်မြင်စွာ ဖြစ်ထွန်းဖို့တွင် အများပြည်သူကြားက အယူအဆများကို ကိုယ်စားပြု ဖော်ပြနိုင်သည့် နိုင်ငံရေးသမား အများအပြား လိုအပ်သည်။

တစ်နည်းပြောသော်...
တိုင်းပြည်တစ်ပြည်၌ နိုင်ငံရေးသမား နည်းပါးနေသရွေ့ သို့မဟုတ် နိုင်ငံ့အရေးကို ထက်သန်တက်ကြွစွာ ဆောင်ရွက်လိုသူ နည်းပါးနေသရွေ့ အဲသည်တိုင်းပြည်သည် ဒီမိုကရေစီနှင့် ကင်းဝေးနေဦးမည် ဖြစ်သည်။

ကောင်းသော နိုင်ငံရေးသမား၊ မကောင်းသော နိုင်ငံရေးသမား
ယခုတလော စာနယ်ဇင်းများတွင် နိုင်ငံရေးသမား မကောင်းကြောင်းရေးသော စာတော် အတော်များများ တွေ့ရသည်။

လူတို့ထုံးစံအတိုင်း နိုင်ငံရေးသမားများထဲမှာလည်း ကောင်းသူရော၊ မကောင်းသူပါ ပါဝင်နေကြမည်ဖြစ်သည်။ ကောင်းတာကို ကောင်းကြောင်းပြောသလို မကောင်းတာကို မကောင်းကြောင်း ပြောကြမည်မှာလည်း သဘာဝ ဖြစ်သည်။

သို့သော် နိုင်ငံရေးသမား မကောင်းကြောင်းကို ၀ါဒဖြန့်သလို ပြောလျှင်ကား နိုင်ငံရေးသမားကိုရော နိုင်ငံရေးအလုပ်ကိုပါ သိမ်းကျုံးဆန့်ကျင်သော သဘော သက်ရောက်သည်။

စင်စစ် နိုင်ငံရေးသမားဟူသည်တွင် တိုင်းပြည်ကို မိမိအယူအဆ၊ မိမိ သဘောထားများဖြင့် စီမံဖန်တီးခွင့်ရအောင် ကြိုးပမ်းနေသူများရော၊ စီမံခန့်ခွဲခွင့် ရရှိနေကြသူများပါ အကျုံးဝင်သည်။

သည်အထဲမှာ ကောင်းသူလည်း ရှိမည်၊ မကောင်းသူလည်း ရှိမည်။

အရေးကြီးသည်က အဲသည်လူတွေ ကောင်းအောင် တော်အောင် ထိန်းကျောင်းဖို့ ဖြစ်သည်။ အဲသည်အလုပ်ကို လူထုက လုပ်ရလိမ့်မည်။ လူထုကြားထဲမှ နိုင်ငံရေးသမား များများထွက်လျှင် အဲသည်အထဲက အကောင်းဆုံး၊ အတော်ဆုံးတွေကို လူထုက ရွေးချယ်နိုင်မည်။ သည်လူတွေကို လွတ်လပ်မျှတစွာ ယှဉ်ပြိုင်စေခြင်း၊ ပြိုင်ဘက်အချင်းချင်းရော လူထုကိုယ်တိုင်ပါ စောင့်ကြပ်ဝေဖန်ခြင်းဖြင့် ကောင်းသော တော်သော အနေအထားမှ ယိမ်းယိုင်သွေဖည်မသွားအောင် ထိန်းထားပေးနိုင်မည်။

လွတ်လပ်ပွင့်လင်းသော စနစ်အောက်တွင် မကောင်းသော နိုင်ငံရေးသမား ထွက်ပေါ်ရန် ခဲယဉ်းသည်။ ထွက်ပေါ်လျှင်လည်း ရေရှည်မတည်တံ့နိုင်။

ဘယ်သူတွေ နိုင်ငံရေး လုပ်ကြသလဲ
နိုင်ငံရေးနယ်ပယ်ထဲသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ကြသူတွေ ရှိသည်။သို့သော် သည်နယ်ပယ်မှာ ရေရှည်နေကြသူတွေကတော့ နိုင်ငံရေးစိတ်ဓာတ် တကယ်စွဲမြဲခိုင်မာသူများ ဖြစ်သည်။

နိုင်ငံရေးစိတ်ဓာတ်ဆိုတာက အထက်မှာ ဆိုခဲ့သည့် တိုင်းပြည်ကိစ္စ၊ ရပ်ရွာကိစ္စများမှာ အားတက်သရော ပါဝင်ဆောင်ရွက်ချင်နေသည့် စိတ်ဓာတ်ဖြစ်သည်။ သည်စိတ်ဓာတ် ပြင်းထန်သူတွေသာ နိုင်ငံရေးလောကဓံကို ကြံ့ကြံ့ခံနိုင်ကြသည်။

နိုင်ငံရေးဆိုသည်က မပြတ်ယှဉ်ပြိုင်နေသော အလုပ်မျိုးဖြစ်ရာ တစ်ရံတစ်ခါ၌ ပြိုင်ပွဲက ကြမ်းတမ်းတတ်သည်။ စစ်ပွဲဟူသည် နိုင်ငံရေး၏ အဆက်ဖြစ်သည်ဟူသော စကားတစ်ခုလည်း ရှိရာ နိုင်ငံရေးပြိုင်ပွဲတို့ မည်မျှအထိ ကြမ်းတမ်းသွားနိုင်ကြောင်း သိနိုင်သည်။ တိုင်းတစ်ပါးနှင့် ပတ်သက်သော နိုင်ငံရေး ကြမ်းတမ်းနိုင်သလို ပြည်တွင်း နိုင်ငံရေးကလည်း ကြမ်းတမ်းနိုင်သည်။

ထို့ကြောင့်လည်း နိုင်ငံရေးကို စိတ်ဝင်စားကြသူများနှင့် ပတ်သက်၍ ယေဘုယျအားဖြင့် နှစ်ပိုင်းခွဲခြားပြီး ပြောတတ်ကြခြင်း ဖြစ်သည်။

တက်ကြွလှုပ်ရှားသူ (activist) များနှင့် အားပေးထောက်ခံသူ (sympathizer) များ။

သို့မဟုတ်
ကွင်းထဲမှာ လက်နက်ကိုယ်စီကိုင်ကာ ယှဉ်ပြိုင်တိုက်ခိုက်ကြသူ (gladiator) များနှင့် ပွဲကြည့်စင်ပေါ်က အားပေးကြည့်ရှုသူ (spectator)များ ဟူ၍။

တကယ်ထက်သန်တက်ကြွသူတို့သာ နိုင်ငံရေးသမားစစ်စစ်များ ဖြစ်လာကြသော သဘောပင်။

လုပ်ပိုင်ခွင့် သို့မဟုတ် နိုင်ငံရေးအာဏာ ရရှိကြသူများ
နိုင်ငံရေးအာဏာ သို့မဟုတ် တိုင်းရေးပြည်ရာ စီမံခန့်ခွဲမှုအာဏာကို နိုင်ငံရေးမလုပ်သူတို့ ရစရာအကြောင်း မရှိ။ ရှေးတုန်းကတော့ ကျောက်ဖျာပေါ် အိပ်ပျော်နေသူ၊ မြို့တံခါးပေါက်သို့ လှည်းတစ်စီးနှင့် အနောက်အစောဆုံး ရောက်လာသူ စသည့် ပုဂ္ဂိုလ်များကို အတင်းအဓမ္မ ရှင်ဘုရင် တင်မြှောက်တာမျိုးတွေ ရှိခဲ့ဖူးသည်။

သည်ခေတ်မှာတော့ နိုင်ငံရေးလုပ်သူများသာ အာဏာကို ရရှိကြသည်။

ဒါလည်း အံ့သြစရာအကြောင်းတော့ မရှိ။ ဘယ်အရာမဆို လုပ်သောသူသာ ရရှိတာ သဘာဝပဲ။

သို့သော် ရပုံရနည်းတွေ အမျိုးမျိုးရှိသည်။

တချို့က တော်လှန်ရေးနှင့် အာဏာရသည်။ တချို့က အာဏာရှင်ဖခင်က လွှဲပြောင်းပေး၍ အာဏာရသည်။ တချို့က သူတစ်ပါးထံမှ သိမ်းပိုက်ပြီး အာဏာရသည်။ တချို့က ကိုယ့်အုပ်စုက ခန့်အပ်သဖြင့် အာဏာရသည်။

ဒီမိုကရေစီစနစ်မှာတော့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများတွင် ပြည်သူတို့က ရွေးကောက်တင်မြှောက်သဖြင့်သာ အာဏာရနိုင်ကြသည်။

အဲဒါက အငြိမ်းချမ်းဆုံးနည်း၊ ဣနြေ္ဒအရဆုံးနည်း ဖြစ်သည်။ ၀င်တာလည်း ဣနြေ္ဒရသည်။ ထွက်တော့လည်း ထိုနည်း၎င်း။

ဒီမိုကရေစီပြည့်ဝသော နိုင်ငံကြီးများတွင် အာဏာသက်တမ်း ကုန်ဆုံးသူနှင့် အာဏာသက်တမ်း စတင်သူတို့ အကြီးအကဲအိမ်တော်မှာ ယဉ်ကျေးစွာ လက်ခံကြိုဆိုကြ၊ တည်ငြိမ်စွာ နှုတ်ဆက်ထွက်ခွာကြတွေသည် တိုင်းပြည်၏ နိုင်ငံရေးယဉ်ကျေးမှု မြင့်မားပုံကိုပြသည့် ဂုဏ်ယူစရာ လက္ခဏာတစ်ရပ် ဖြစ်သည်။

ဒီမိုကရေစီ နိုင်ငံရေးသမား
ရွေးကောက်ပွဲနည်းလမ်းဖြင့် အာဏာရရှိသည့် ဒီမိုကရေစီနိုင်ငံရေးသမားကောင်းတစ်ယောက် ဖြစ်ဖို့သည်လည်း လွယ်ကူသည်တော့ မဟုတ်။

လူထုထောက်ခံမှုကို ခဏတစ်ဖြုတ် လှည့်ဖြားမှုနှင့် မရနိုင်။ လူထုကြားမှာနေ၊ လူထုအတွက်လုပ် လူထုအရေးကိစ္စမှန်သမျှမှာ သူတို့ရှေ့တန်းက မြင်နေရမှ လူထုက ဒါတို့လူဟု အသိအမှတ်ပြုမည်။

တို့လူဆိုသည့်တိုင် ခေါင်းဆောင်တင်လောက်သူလား၊ သာမန်အဆင့်လား စဉ်းစားလိမ့်ဦးမည်။ လူထုကြားထဲက ပြဿနာတွေ အခက်အခဲတွေ ပြုပြင်ပြောင်းလဲစရာတွေကို သူများထက် စူးစူးရှရှ မြင်တတ်၊ တွေ့တတ်၊ ဒါဘာပဲဟု ပီပီသသ ရုပ်လုံးဖော်တတ်၊ တင်ပြပြောဆိုတတ်၊ အများပါဝင်လာအောင် စည်းရုံးဆော်သြကာ ဦးစီးဆောင်ရွက်တတ်မှ၊ သည်လူကတော့ အရည်အချင်း ရှိသူပဲ၊ ခေါင်းဆောင်တင်မြှောက်လောက်သူပဲဟု ယုံကြည်လာမည်။

တချို့က ခေါင်းဆောင်မှုသည် နဂိုပါဟု ဆိုသည်။ စင်စစ် ဦးဆောင်ချင်သည့်စိတ်သာ နဂိုပါဖြစ်၍ အရည်အသွေးများကား နိုင်ငံရေးနယ်ပယ်အတွင်းမှာ လေ့ကျင့်ပျိုးထောင်ရင်းသာ ရရှိစမြဲ ဖြစ်သည်။

ဥပမာ မိမိအယူအဆကို အများသဘောပေါက်အောင် ရှင်းလင်းပြောဆိုသောအလုပ်။

ဒါသည်ပင် မလွယ်ပါ။ ဂရုစိုက် လေ့ကျင့်ရင်းသာ တဖြည်းဖြည်း ကျွမ်းကျင်လာနိုင်သည်။

အထက်က အရည်အချင်းနှင့် ဆက်စပ်ကာ လူတစ်ဖက်သားကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးတတ်မှုစွမ်းရည်။

ဒါလည်း အပြောအဆိုရော၊ မိမိ၏ လူမှုဆက်ဆံရေး ဓလေ့စရိုက်များပါ ထိန်းကျောင်းပြုပြင်ယူမှ ရနိုင်သည်။

ပြီးလျှင် နောက်ထပ်အရေးကြီးသော စွမ်းရည်တစ်ခုက အင်တိုက်အားတိုက် အလုပ်လုပ်နိုင်ခြင်း ဖြစ်သည်။

ဟိုတုန်းကတော့ အောင်မြင်သော နိုင်ငံရေးသမားများနှင့် ပတ်သက်၍ ပင်ကို ဆွဲဆောင်အား (magnetism) ဆိုသော စကားမျိုး သုံးလေ့ရှိသည်။ တချို့ခေါင်းဆောင်တွေမှာ လူလူချင်း ဆွဲဆောင်နိုင်သည့် သံလိုက်ဓာတ်အား ရှိသည်။ သူတို့ကိုမြင်လျှင် သူတို့အသံကြားလျှင် သူတို့ဘက် ပါသွားတတ်သည်ဟု ဆိုခြင်းဖြစ်သည်။

သို့သော် သံလိုက်ဓာတ်ကို အလိုလို မရပါ။ အများပြည်သူအရေး ကိစ္စများတွင် ဦးဆောင်ပါဝင်ရင်း လူထု၏ လေးစားယုံကြည်မှု ရလာသည်နှင့်အမျှ တဖြည်းဖြည်း သံလိုက်ဓာတ်ဝင်သလိုဖြစ်ကာ ဆွဲဆောင်နိုင်စွမ်း ရှိလာခြင်းဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးသမားများသည် လူထုနှင့် မပြတ်ထိတွေ့ ဆက်ဆံနေဖို့ လိုသည်။ လူအများနှင့် သက်ဆိုင်သော ပြဿနာတိုင်းမှာ သူပါဝင်ဖို့ လိုသည်။ သည်အတွက် အားပြည့်အင်ပြည့် အလုပ်မလိုပ်နိုင်လျှင် နောက်တန်းသို့ သူရောက်သွားလိမ့်မည်။

နိုင်ငံရေးဦးနှောက်
နိုင်ငံရေးသမားသည် လူထုကြားမှာ မနားမနေ လှုပ်ရှားနိုင်ရုံနှင့် ကိစ္စမပြီး။ ဦးနှောက်စွမ်းရည်လည်း ရှိဖို့လိုသေးသည်။

နိုင်ငံရေးဦးနှောက်။
ပြဿနာတို့၏ သော့ချက်ကို ရှုမြင်တတ်သော ဦးနှောက်။

သည်ပြဿနာသည် "ဘာ" ဖြစ်သည်။ သည်ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဘာတွေလိုသည်၊ ဘယ်သူတွေ လိုသည်။ ဘယ်သို့ လုပ်ရမည်။ အဲဒါတွေ သိဖို့လိုသည်။

အဲသည်လို သိရန်အတွက် လက်ရှိနိုင်ငံရေးယန္တရားထဲမှာ ဘာတွေ ဘယ်လောက် လုပ်နိုင်သည်။ ဘယ်အခြင်းအရာတွေ ဘယ်လိုကွေ့နိုင်၊ ရှောင်နိုင်၊ ကျော်လွှားနိုင်သည်၊ ဘယ်အရာတွေက ထိလို့တို့လို့ မရ။ ဘယ်ကစ္စအတွက်ကျတော့ ဘယ်တွေပါ အစအဆုံး ပြောင်းလဲပြင်ဆင်နိုင်မှ ရမည်၊ စသဖြင့် ပကတိ အနေအထားတွေကို ရင်ဆုံး နားလည်ထားဖို့ လိုသည်။

သည့်အပြင် အဲသည်ပြဿနာတွေနှင့် စပ်လျဉ်းသည့် အတိတ်ဇာတ်ကြောင်း၊ အဲသည် ပြဿနာအမျိုးအစားတွေကို ယခင်က ဘယ်ပုဂ္ဂိုလ်တွေ ဘယ်ပုံ ဖြေရှင်း အောင်မြင်ခဲ့ပြီး၊ တချို့လူတွေ ဘယ်ကဲ့သို့ လုပ်ကိုင်သဖြင့် ကျဆုံးခဲ့သည်၊ စသည့် နိုင်ငံရေးရာဇ၀င်တွေလည်း သိကျွမ်းဖို့လိုသည်။

သည့်အပြင် ပို၍ အဆင့်မြင့်သော နိုင်ငံရေးသမားများမှာ ပြဿနာ တစ်ခုချင်းတို့ကို သော့ချက်ရှာ ဖြေရှင်းတတ်သည့် ဉာဏ်အပြင်၊ မိမိကိုယ်စားပြုသည့် ရပ်ရွာဒေသတို့သာမက  မိမိတိုင်းပြည်တစ်ရပ်လုံး တိုးတက်ဖို့နှင့် သာယာဝပြောဖို့အတွက် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည်ဟူသော နိုင်ငံရေးသဘောတရား အမြင်များလည်း ပြည့်စုံပီသစွာ ရှိဖို့လိုပါသည်။

အများပြည်သူ့ အကျိုးစီးပွားကို အရင်းခံထားကာ ပညာ-သတိ-သတ္တိ ရှိစွာ လှုပ်ရှားဆောင်ရွက်တတ်သည့် နိုင်ငံရေးသမားတွေ များပြားလာမှသာ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ထွန်းလာနိုင်ပါသည်။

ကိုယ့်ကိုပြင်ရန် အဓိဌာန်


  • နေထွက်နေ၀င်၊ ကိုးဂုဏ်ရှင်၊ နေ့စဉ်ရှိခိုးမယ်။
  • အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်။
  • မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ အစဉ်မေတ္တာပွားပါမယ်။
  • သစ်ရင်းသစ်ရင်း၊ လျော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါမယ်။
  • တန်းတူတွေ့လျှင်၊ မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်တယ်။
  • ပြိုင်မည့်အစား၊ မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်။
  • ကိုယ့်အောက်တွေ့လျှင်၊ ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်တယ်။
  • နိုင်မည့်အစား၊ ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်။
  • ကိုယ့်ထက်သာလျှင်၊ မုဒိတာဝင်၊ မ၀င်ဣဿာ၊ ယိုင်တတ်တယ်။
  • ယိုင်မည့်အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်။
  • လျစ်လျူရှုလျှင်၊ ဥပေက္ခာဝင်၊ မ၀င်နိုင်က ပြိုင်တတ်တယ်။
  • ပြိုင်မည့်အစား၊ ဥပေက္ခာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်။
  • ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင်၊ ဆင်ခြင်တိုင်းရ၊ ပြုတိုင်းလှ၊ သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။

ဓမ္မပဒဂါထာ (၅၃)


ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧ၀ံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

ကုသိုလ်ပန်းကုံး နေ့တိုင်းကုံး
ပန်းကုံးကျွမ်းကျင်တဲ့သူဟာ
ပန်းပေါင်းစုံတဲ့ ပန်းပုံကြီးထဲက
ပန်းတွေနဲ့
ပန်းကုံးလှလှလေးတွေ
အမျိုးအစားစုံလင်စွာ
အရေအတွက် များပြားစွာ
သီကုံးပြုလုပ်ရပါတယ်။
အဲဒီလိုပါပဲ....
လူရယ်လို့ ဖြစ်တည်လာသူတိုင်း
တစ်နေ့ ဧကန်မုချ
သေဆုံးရမှာဖြစ်လို့
မသေခင်အချိန်လေးမှာ
ကုသိုလ်ကောင်းမှုတွေကို
အမျိုးအစားစုံလင်စွာ
အရေအတွက် များပြားစွာ
မပြုမဖြစ်
ပြုကိုပြုကြရပါမယ်။

Thursday, August 26, 2010

နိုင်ငံရေးဗဟုသုတမေးခွန်းများ (၃)


မေးခွန်း (၁၁)
သခင်အောင်ဆန်း ဦးဆောင်၍ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံ၌ ပထမဆုံး စစ်ပညာသင်ယူခဲ့ကြသော ရဲဘော်သုံးဆယ်ကို ရဲဘော်သုံးကျိပ်ဟု ခေါ်ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ် ဖြစ်လာသောအခါ "အင်္ဂလိပ်အခက် ဗမာ့အချက်" ဟူသော ကြွေးကြော်သံနှင့်အတူ သခင်အောင်ဆန်းတို့သည် နိုင်ငံခြားအကူအညီရှာရန် ကြိုးစားရာမှ ဂျပန်တို့နှင့် အဆက်အသွယ်ရခဲ့သည်။ ဂျပန်တို့က စစ်လက်နက် အကူအညီနှင့် စစ်ပညာသင်ပေးမည်ဆို၍ သခင်အောင်ဆန်း အပါအ၀င် သခင်လူငယ်နှင့် ကျောင်းသားလူငယ် သုံးဆယ်တို့သည် ၁၉၄၁ ခုနှစ်အတွင်း အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ကာ လျှို့ဝှက်၍ လေးသုတ်ခွဲပြီး ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ကြသည်။ ထိုလူငယ် ၃၀ တို့သည် ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းများတွင် စစ်ပညာများ သင်ယူပြီး ထိုင်းနိုင်ငံ၌ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ဖွဲ့စည်းခဲ့ကြသည်။ အမည်များကို ဗိုလ်နာမည်တပ်ကာ အမည်သစ်များ ပေးခဲ့ကြသည်။ ထိုအထဲတွင် စစ်ပညာသင်ရာ၌လည်း မပါဝင်ဘဲ အုပ်ချုပ်ရေးပညာကိုသာ သင်ယူခဲ့သူတစ်ဦး ပါဝင်ပြီး ဗိုလ်အမည်လည်း မခံယူသူ တစ်ဦး ပါဝင်လေသည်။ ထိုသူ၏ အမည်ကို ဖော်ပြပါ။

မေးခွန်း (၁၂)
မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်တို့အကြား ဆက်စပ်ကုန်းမြေကလေးကို ဖြတ်၍ အတ္တလန်တိတ် သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးသော တူးမြောင်းကြီးတစ်ခုကို အမေရိကန်က ဖောက်လုပ်ပြီး ၁၅ သြဂုတ် ၁၉၁၄ တွင် စတင်ဖွင့်လှစ်ခဲ့သည်။ တူးမြောင်းအမည်ကို တည်ရှိရာ နိုင်ငံအမည်ဖြင့် ခေါ်ဝေါ်သည်။ ထိုတူးမြောင်းအမည်ကို ဖော်ပြပါ။

မေးခွန်း (၁၃)
၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမားတို့၏ လက်နက်ကိုင် တော်လှန်ရေးကြီးသည် သာယာဝတီခရိုင်မှ စတင်၍ ပေါက်ဖွားခဲ့လေသည်။ ထိုတောင်သူလယ်သမား အရေးတော်ပုံကြီးမှာ တမုဟုတ်ချင်း အင်းစိန်၊ ဟင်္သာတ၊ ပြည်၊ ဖျာပုံ၊ သရက်စီရင်စုများသို့ ကူးစက်ပြန့်ပွား သွားခဲ့လေသည်။ ၁၉၃၁ ခုနှစ်တွင် ရှမ်းပြည်နယ်အထိ ကူးစက်သွားခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့တို့သည် တော်လှန်ရေးသမားများကို နှိမ်နင်းရာ၌ ရက်စက်တကာ့ အရက်စက်ဆုံး နည်းများ သုံးခဲ့သည်။ မြန်မာပြည်စစ်တပ်နှင့် မလုံလောက်သောကြောင့် အိန္ဒိယပြည်မှ တပ်မကြီးနှစ်တပ်ကို ခေါ်ယူနှိမ်နင်းရလေသည်။ ဆရာစံကား ၁၉၃၁ ခုနှစ် သြဂုတ် ၂ ရက်နေ့တွင် ရှမ်းအမျိုးသား တောင်သူလယ်သမားများကို တော်လှန်ရေးအတွက် စည်းရုံးဆောင်ရွက်နေစဉ် ဖမ်းဆီးခံရသည်။ ဆရာစံအား အမြန်ဆုံး ရုံးတင်စစ်ဆေးပြီး ၁၉၃၁ ခုနှစ် နိုဝင်ဘာလတွင် သာယာဝတီထောင်၌ ကြိုးပေးသတ်လိုက်လေသည်။ ထိုအမှုတွင် သာယာဝတီနယ်မှ ရှေ့နေများက ဆရာစံဘက်မှ လိုက်ပါအကျိုးဆောင် ရှေ့နေလိုက်ခဲ့သည်။ ထိုရှေ့နေများအမည်ကို ဖော်ပြပါ။

မေးခွန်း (၁၄)
၁၉၂၄ ခုနှစ်တွင် ဆိုဗီယက်ရုရှား ခေါင်းဆောင်ကြီး လီနင် ကွယ်လွန်သွား၍ ခေါင်းဆောင်အသစ် တက်လာသည်။ ထိုခေါင်းဆောင်သည် ၁၉၅၃ ခု ကွယ်လွန်ချိန်အထိ အာဏာရှင်အဖြစ် စိုးမိုးသွားခဲ့သည်။ သူကွယ်လွန်ပြီးနောက်ပိုင်း ဆိုဗီယက်ခေါင်းဆောင် တစ်ဦးဖြစ်သော နီကီတာခရူးရှက်က သူ့အား အပုပ်ချကာ သူ၏ ရုပ်ကလာပ်ကိုပင် ရင်ပြင်နီတွင် မထားဘဲ ဖယ်ရှားခဲ့သည်။ ထိုခေါင်းဆောင် မည်သူနည်း။

မေးခွန်း (၁၅)
၁၉၄၅ ဖေဖော်ဝါရီ ၄-၁၁ တွင် ဂျာမနီကို ဒုတိယကမ္ဘာစစ် ပွဲသိမ်းအဖြစ် အနိုင်တိုက်ရန် ကြီးသုံးကြီးတို့၏ ယော်လ်တာ ကွန်ဖရင့် ကျင်းပကာ စစ်ဆင်ရေး စီမံကိန်းများ ချမှတ်ခဲ့သည်။ ယင်းကြီးသုံးကြီး နိုင်ငံနှင့် လူပုဂ္ဂိုလ် အမည်များကို ဖော်ပြပါ။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
မေးခွန်းနဲ့ အဖြေတွေအားလုံးကို ပြည်သူ့ခေတ်ဂျာနယ်တွေထဲမှာ ဖော်ပြပါရှိတဲ့ လွတ်လပ်စိုး - ကမ္ဘာ့နိုင်ငံရေး ဗဟုသုတဉာဏ်စမ်းမြင့်ဆွေဦး - မြန်မာ့နိုင်ငံရေးသမိုင်းထဲက သိကောင်းစရာများ စတာတွေထဲကနေ ရွေးချယ်ကောက်နုတ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ အဖြေမှန်များကို အောက်မှာ ဖော်ပြထားပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -


အဖြေမှန် (၁၁) - သခင်ထွန်းအုပ်။
အဖြေမှန် (၁၂) - ပနားမားတူးမြောင်း။
အဖြေမှန် (၁၃) - ရှေ့နေကြီး ဦးသူငယ်၊ သခင်မြ၊ ဦးဘတင်၊ ဦးစံဝင်း၊ ဦးချစ်ညွန့်၊ ဦးဘရှိန်း၊ သခင်စိမ့်။
အဖြေမှန် (၁၄) - ဆိုဗီယက်အာဏာရှင် စတာလင်။
အဖြေမှန် (၁၅) - အမေရိကန် သမ္မတ ရုစဗဲ့လ်၊ ဗြိတိန်ဝန်ကြီးချုပ် ချာချီလ်၊ ဆိုဗီယက်ခေါင်းဆောင် စတာလင်။


RELATED:
နိုင်ငံရေးဗဟုသုတမေးခွန်းများ (၁)
နိုင်ငံရေးဗဟုသုတမေးခွန်းများ (၂)

အခြေခံမူနှင့် လက်တွေ့ကျင့်စဉ်


sage.jpg

ဘယ်ကိစ္စမဆို တရားသေစွဲမထားနှင့်။ အချိန်အခါ အခြေအနေနှင့် လိုက်လျောညီထွေ လုပ်ပါဟု အကြံပေးလေ့ ရှိကြသည်။

သင့်မြတ်သောစကား ဖြစ်ပါသည်။

သို့သော် ယေဘုယျ ကျလွန်းသည်။

အဲသည်အတိုင်းချည်း လိုက်လုပ်လျှင်လည်း တရားသေသဘော သက်ရောက်သွားမည်ဟု စဉ်းစားနိုင်သည်။

တစ်ဖန် တရားသေစွဲကိုင်သည်ဆိုတာ ဘာလဲ။

မှန်သည်ဟု ထင်သော၊ ယူဆသော၊ ယုံမှတ်သောအရာကို မလွှတ်တမ်း ဆုပ်ကိုင်ထားသည်ကို ဆိုလိုခြင်း ဖြစ်သည်။

သို့သော် မှန်သည်ထင်တာတွေ စွတ်လုပ်နေခြင်းမျိုးကို ငြင်းပယ်သင့်သော်လည်း အမှန်တရားကို လက်ကိုင်ထားခြင်းကိုမူ လက်ခံရပေလိမ့်မည်။ အကြောင်းက လူသည် အမှန်တရားကို ယုံကြည်မြတ်နိုးခြင်း၊ ကိုင်စွဲကျင့်သုံးခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းတို့ဖြင့်သာ ဂုဏ်ကျက်သရေ ပြည့်ဝလာနိုင်သောကြောင့် ဖြစ်သည်။

ဂုဏ်သိက္ခာ ပြည့်ဝသောသူများမှာ၊

သူ ယုံကြည်ကိုင်စွဲသော အယူအဆများ၊ သို့မဟုတ် ယုံကြည်ချက်များ ရှိသည်။

ထို့နောက် သည်အယူအဆများနှင့်အညီ လက်ခံကျင့်သုံးသော မူဝါဒလမ်းစဉ်များ ရှိသည်။

ဥပမာ-
ဘာသာရေး ယုံကြည်ချက်နှင့် ဘာသာကိုးကွယ်မှု၊
နိုင်ငံရေးယုံကြည်ချက်နှင့် နိုင်ငံရေးလမ်းစဉ်၊
စီးပွားရေးယုံကြည်ချက်နှင့် စီးပွားရေးမူဝါဒ၊ စသဖြင့်။

လူသည် သူ စွဲမြဲယုံကြည်သော အရာတစ်ခု ဖြစ်မြောက်အောင်မြင်စေလိုသော ဆန္ဒပြင်းပြလေ့ရှိသည်။ တစ်နည်းပြောသော်၊ စွဲမြဲသော ယုံကြည်ချက် တစ်ခုသည် လူတစ်ယောက်၏ ဘ၀အတွက် ရည်မှန်းချက်ပန်းတိုင် ဖြစ်တတ်သည်။

သည်အတွက် လုပ်ငန်းလမ်းစဉ်တွေချကာ အကောင်အထည်ဖော်လေ့ ရှိကြသည်။

အဲသည်အခါ အကြောင်းကြောင်းကြောင့် ယုံကြည်ချက်နှင့် လုပ်ငန်းစဉ်ကြားမှာ ကွာဟမှုတွေ ရှိလာတတ်သည်။ ညှိရ၊ နှိုင်းရ အငြင်းပွားရတာတွေ ရှိလာတတ်သည်။

သည်အခါမျိုးတွင် လက်တွေ့ပဓာန၀ါဒီတို့က တရားသေမစဉ်းစားနဲ့ ပကတိအနေအထားကိုလည်း ကြည့်ဟု ဆိုတတ်သည်။ သို့သော် ယုံကြည်ချက်သမားများကလည်း လက်တွေ့ကိုလိုက်ရင်း ယုံကြည်ချက်နှင့် သွေဖည်သွားလိမ့်ဟု ထောက်ပြတတ်သည်။

သည်လိုဖြင့် အငြင်းအခုံတွေ ဖြတ်ရသည်။

နိုင်ငံရေးကဝေဟု ဆိုကြသည့် မက္ခီယာဗယ်လီ (Machiavelli ၁၄၆၉-၁၅၇၂) ကတော့ အချိန်အခါနှင့်လျော်ညီစွာ လုပ်ငန်းလမ်းစဉ် (ပေါ်လစီ) ပြောင်းလဲကျင့်သုံးတတ်သူသာ အောင်မြင်သည်ဟူ၍ ဆိုသည်။

သူ့အဆိုက အဲသည်လောက်ပဲဆိုလျှင် လက်မခံနိုင်စရာမရှိ၊ ဟုတ်သားပဲဟုပင် ဆိုရလိမ့်မည်။ သို့သော် သူက အဲသည်မှာ မရပ်။

နိဂုံးကောင်းလျှင် နည်းလမ်းကောင်းသည် (The end justifies the means.) (ရလဒ်ကောင်းထွက်လျှင် နည်းလမ်းကောင်းဖြစ်သည်) ဟု ဆိုသည်။ အဓိပ္ပါယ်က ဘယ်နည်းလမ်းနှင့် အောင်မြင်အောင်မြင်၊ အောင်မြင်လျှင် ပြီးတာပဲဟု ဆိုလိုခြင်းဖြစ်သည်။

အောင်မြင်ဖို့အတွက်ဆိုလျှင် ခြင်္သေ့၏နည်းလမ်း (အင်အားသုံးသောနည်း) ကိုလည်း ကျင့်သုံးရမည်၊ မြေခွေး၏ နည်းလမ်း (ကောက်ကျစ်စဉ်းလဲသောနည်း) ကိုလည်း ကျင့်သုံးရမည်ဟုလည်း ထပ်၍ ဆိုပြန်သည်။

အဲသည်အခါ ပြဿနာရှိလာသည်။
အကြမ်းပတမ်းနည်း၊ လိမ်ညာကောက်ကျစ်သော နည်းများဖြင့် ရလာမည့် အောင်မြင်မှုသည် ဘာအဓိပ္ပါယ် ရှိမည်လဲ။ အဲသည်နည်းဖြင့် ရောက်ရှိသော ရည်မှန်းချက်ပန်းတိုင်သည်လည်း မြင့်မြတ်ဂုဏ်ယူဖွယ် ဖြစ်နိုင်မည်လော။

ဥပမာ - လူ့အသိုင်းအ၀ိုင်းအတွင်း ဆင်းရဲချမ်းသာ ကွာဟနေခြင်းသည် မကောင်း၊ အဲသည်လို ကွာဟနေသော လူ့အသိုင်းအ၀ိုင်းသည် မတရား မမျှတသော လူ့အသိုင်းအ၀ိုင်း ဖြစ်သည်။ အဲဒါကို ပြင်ရမည်ဟူသော မြင့်မြတ်သော ရည်မှန်းချက်၊ သို့မဟုတ် စိတ်ကောင်း စေတနာပြည့်ဝသော ယုံကြည်ချက်ကို မည်သည့်နည်းလမ်းဖြင့် အကောင်အထည် ဖော်မည်နည်း။ ချမ်းသာသူတွေဆီက လုယက်ပြီး ဆင်းရဲသူတွေ ဝေငှပေးမည်ဆိုလျှင် ရည်မှန်းချက် မြင့်မားသော်လည်း လမ်းစဉ်က နိမ့်ကျလိမ့်မည်။ ထိုနိမ့်ကျသော လမ်းစဉ်မျိုးဖြင့်လည်း မြင့်မားသော ရည်မှန်းချက်များ အောင်မြင်လေ့မရှိ။

သို့သော် မက္ခယာဗယ်လီလို ဘယ်နည်းလမ်းနှင့်ဖြစ်ဖြစ် အောင်မြင်ဖို့ အဓိကဟု ရမ်းရမ်းကားကား မကြွေးကြော်သော်လည်း လက်တွေ့လောကတွင် လုပ်ကိုင်ဆောင်ရွက်ရာ၌ မိမိတို့ ရည်မှန်းချက် အောင်မြင်ဖို့အတွက် မူဝါဒကို အလိုက်သင့် အလျားသင့် အလျော့အတင်း ပြုတန်ပြုရမည်ဟု သဘောထားကြသူတွေ ရှိသည်။

အမေရိကန် သံတမန်ထိပ်သီး ဟင်နရီကစ်ဆင်းဂျား (Henry Kissinger ၁၉၂၃ - )က နိုင်ငံရေး အနေအထား တစ်ရပ်ကို လွှမ်းမိုးထားနိုင်ဖို့ နည်းဗျူဟာပိုင်းမှာ အလျှော့အတင်း အပြောင်းအလဲ လုပ်နိုင်ရသည်။ သို့သော် ရည်မှန်းချက် (သို့မဟုတ်) အခြေခံမူကိုကား ထိန်းထားရမည်ဟု ဆိုသည်။

သို့သော် နောက်တစ်နေရာကျတော့ သူက တစ်မျိုးပြောပြန်သည်။
အခြေခံမူ (principle)တွေကို ဘယ်တော့မှ အလျှော့မပေးရဘူးဆိုပေမယ့် ကိုယ်မှ မရှင်သန် မကျန်ရစ်တော့ဘူးဆိုရင် ကိုယ့်အခြေခံမူတွေ ဘယ်လို ထိန်းသိမ်းနိုင်မလဲ ဆိုတာလည်း  ကျွန်တော်တို့ သဘောပေါက်ဖို့ လိုတယ်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

မလျှော့နဲ့ဆိုပေမယ့် မူသေ မှတ်မထားနဲ့၊ အခြေအနေတော့ ကြည့်ရဦးမည်ဟူသော သဘော။

သို့ပေမယ့် ဘယ်လောက်ဆိုးသည့် အခြေအနေမှာ အလျှော့အတင်းပြုမည်လဲ။ တော်ရုံအခက်အခဲကြုံတိုင်း လျှော့ပေါ့ပြောင်းလဲနေလျှင် နောက်ဆုံးတော့ ကိုယ့်မူဝါဒလမ်းစဉ်ဆိုတာ ဘယ်ရောက်သွားမှန်းမသိ ဖြစ်သွားတတ်သည်။

ပုဂ္ဂိုလ်တစ်ယောက်ကတော့ အတော် ထိထိခိုက်ခိုက် စကားတစ်ခွန်း ပြောသည်။

"ယုံကြည်ချက်ဆိုတာ သိပ်တန်ဖိုးရှိတယ်ဗျ၊ အရေးကြုံလာတဲ့အခါ ထုတ်ရောင်းလို့ရတယ်" ဟူ၍။

သူက ယုံကြည်ချက်စကား တွင်တွင်ပြောပြီး ယိမ်းယိုင်သွေဖည်သွားတတ်သူတွေကို လှောင်ပြောင်ပြောဆိုခြင်း ဖြစ်သည်။

ခရစ်ယာန်မှာတော့ သည်လိုလူမျိုးတွေအတွက် ပိုပြင်းထန်သော အသုံးအနှုန်းတစ်ခု ရှိသည်။ ဆာတန်နတ်ဆိုးထံမှာ မိမိဝိညာဉ်ကို ရောင်းစားထားသူ (the man who sold his soul to the devil) ဟူသော အသုံးအနှုန်း။

နတ်ဆိုးက သူ၏တန်ခိုးသတ္တိဖြင့် မိမိကို ချမ်းသာအောင်၊ ကျော်ကြားအောင်၊ သြဇာအာဏာကြီးမားအောင်၊ လူတကာကို အနိုင်ယူနိုင်အောင် လုပ်ပေးပါ။ မိမိက မိမိ၏၀ိညာဉ် သို့မဟုတ် နှလုံးသည်းပွတ် သို့မဟုတ် ယုံကြည်ကိုးကွယ်သည့် ဘာသာတရားကို နတ်ဆိုးအား ပေးပါမည်။ မိမိအား မ,စသဖြင့် မိမိကလည်း နတ်ဆိုးခိုင်းစေသည့် လောကပျက်စီးရာ ပျက်စီးကြောင်း၊ ဘာသာပျက်စီးရာပျက်စီးကြောင်း၊ အလုပ်များကို ပြန်လုပ်ပေးပါမည်ဟု ကတိက၀တ်ပြုထားသော သဘောဖြစ်ပါသည်။

တစ်နည်းပြောရသော် ကိုယ်ကျိုးစီးပွားအတွက် ယုံကြည်ချက်ကို အပေးအယူပြုလုပ်သူ။

သည်ပုဂ္ဂိုလ်မျိုးသည် အခိုက်အတန့်အဖို့မှာ လိုရာကိုရမည်။ သို့သော် နှလုံးသည်းပွတ်မပါ။ အခွံအကာသတ်သက်ဖြင့် အသက်ရှင်သန်ရသော သူ၏ဘ၀သည် အချည်းနှီးအလဟဿ ဘ၀၊ ကျက်သရေ မင်္ဂလာကင်းမဲ့သော ဘ၀သာ ဖြစ်နေပေမည်။
ပြည်သူ့ခေတ်အယ်ဒီတာ
(၁၈-၈-၂၀၁၀)

 
Web Statistics