Showing posts with label အားကစား-Sports. Show all posts
Showing posts with label အားကစား-Sports. Show all posts

Friday, March 21, 2014

UEFA Champions League Quarter Finals Draw






ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲဟာ အသင်း ၈ သင်းသာ ကျန်ရစ်တော့တဲ့ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။ ဘယ်အသင်းတွေ ယှဉ်ပြိုင်ကစားရမယ်ဆိုတာ ဒီကနေ့ မဲနှိုက်တဲ့အခါ ခန့်မှန်းထားသူတွေ အံ့သြသွားစေမယ့် အတွဲအဖက်တွေကို မြင်တွေ့ခဲ့ရပါတယ်။ နိုင်ငံတူအသင်း ၇ သင်း ပါရှိနေတဲ့အနက် ၃ သင်းပါတဲ့ စပိန်ကလပ်အသင်းတွေပဲ အချင်းချင်း ပြန်တွေ့ခဲ့ကြပြီး ကျန်တဲ့အသင်းတွေကတော့ နိုင်ငံတူချင်း ပြန်ကျမယ့် ပွဲစဉ်တွေကို ရှောင်ရှားနိုင်ခဲ့ကြပါတယ်။ အင်္ဂလန်ကလပ် အသင်းတွေဖြစ်တဲ့ မန်ယူနဲ့ ချဲလ်ဆီးတို့ ပြန်ဆုံကြမယ့် အဖြစ်က လွဲခဲ့ရသလို ဂျာမန်အသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့လည်း အချင်းချင်း မဆုံခဲ့ကြပါဘူး။ ကံဆိုးသူများအဖြစ် စပိန်ကလပ်အသင်းချင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ အတ္တလက်တီကိုမက်ဒရစ်တို့ ဆုံကြတဲ့ပွဲကတော့ စိတ်ဝင်စားစရာပါ။ တစ်သင်းအထာကို တစ်သင်းက နောကျေနေအောင် သိနေကြသူတွေမို့ ပြောရခက်တဲ့ ပွဲစဉ်တစ်ခုပါပဲ။ မန်ချက်စတာယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ ပြန်ဆုံကြတဲ့ ပွဲစဉ်ကလည်း အများစိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်ယူအသင်းက နောက်ဆုံးမိနစ်မှာ ၂ ဂိုးဆက်သွင်းပြီး အသည်းခွဲခဲ့တဲ့ သမိုင်းကြောင်းကို ပြန်သတိရသူတွေရှိသလို၊ ၂၀၀၉-၂၀၁၀ ရာသီမှာ ရော်ဘင်ရဲ့ဂိုးကြောင့် ကွာတားအဆင့်မှာ အသည်းကွဲပြီး ကျန်ခဲ့ရတဲ့ မန်ယူအသင်းကို ပြန်အစဖော်သူတွေလည်း ရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကွာတာအဆင့် ပွဲစဉ်တိုင်းကတော့ စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်ဦးမှာ အသေအချာပါပဲ။

ဧပြီလ ၁ ရက်နေ့ပွဲစဉ်များ
ဘာစီလိုနာ - အတ္တလက်တီကို
ရီးရဲလ်မက်ဒရစ် - ဒေါ့မွန်

ဧပြီလ ၂ ရက်နေ့ပွဲစဉ်များ
ပီအက်စ်ဂျီ - ချဲလ်ဆီး
မန်ယူ - ဘိုင်ယန်မြူးနစ်

ဧပြီလ ၈ ရက်နေ့ပွဲစဉ်များ
ချဲလ်ဆီး - ပီအက်စ်ဂျီ
ဘိုင်ယန်မြူးနစ် - မန်ယူ

ဧပြီလ ၉ ရက်နေ့ပွဲစဉ်များ
အတ္တလက်တီကို - ဘာစီလိုနာ
ဒေါ့မွန် - ရီးရဲလ်မက်ဒရစ်

ဘယ်အသင်းတွေ အနိုင်ကျဲပြီး ဆီးမီးဖိုင်နယ်အဆင့်ကို ရောက်လာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အခု အနေအထားအရ ဘယ်အသင်းမျှ အပိုင်ပြောလို့ မရတဲ့ အခြေအနေပါ။ ဘက်မျှတဲ့ အတွဲအဖက်တွေ တွေ့ကြတယ်လို့ ပြောနိုင်ပါတယ်။ ဆီးမီးဖိုင်နယ် ပွဲစဉ်တွေ မဲခွဲဆုံးဖြတ်ဖို့အတွက် ဘယ်အသင်း ၄ သင်း ကျန်ရစ်ခဲ့မလဲဆိုတာ အခုလာမယ့် ကွာတားဖိုင်နယ် ပွဲစဉ်တွေကို စောင့်မျှော်ကြည့်ရှုရင်း ရင်ခုန်ခံစားကြပါဦးစို့....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်၊ သောကြာနေ့။
ည ၈ နာရီ ၄၆ မိနစ်တွင်ပြီး၏။

Thursday, December 12, 2013

27th SEA GAME, MYANMAR 2013


နိဒါန်း
အချို့သော အားကစားနည်းတွေကို ကြိုတင်ကျင်းပခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲရဲ့ ပထမဆုံး ရွှေတံဆိပ်ဆုကိုလည်း မြန်မာ့ရိုးရာခြင်းလုံးအသင်း (အမျိုးသမီး) က ရရှိခဲ့ပါတယ်။ မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲတွေမှာ မြန်မာအသင်းတွေ ပြတ်ပြတ်သားသား အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ အခြားနိုင်ငံတွေက ဝေဖန်တာကို နားလည်နိုင်ပေမယ့် အချို့သော မြန်မာတွေက ကိုယ်နိုင်မယ့်ဟာကို ကိုယ်ထည့်တယ်တို့၊ ကိုယ့်ခြင်းလုံးမှ ကိုယ်မနိုင်ရင် အကုန်လုံးကို သတ်ပစ်ဖို့ပဲရှိတယ်တို့ စတဲ့စတဲ့ နားထောင်လို့တောင် မကောင်းလှတဲ့ စကားသံတွေနဲ့ ဝေဖန်ကြတာကိုလည်း ကြားရဖတ်ရပါတယ်။ အာဆီယံနိုင်ငံထဲက ဘယ်နိုင်ငံကရော သူတို့တွေဆီမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတိုင်း သူတို့ရိုးရာ အားကစားနည်း တစ်ခုတစ်လေမျှ ထည့်သွင်းခြင်းမရှိဘဲ အိုလံပစ်အားကစားနည်းတွေကိုချည်းပဲ ထည့်သွင်းယှဉ်ပြိုင်တာ ကြားဖူးလို့လဲ။ အခုအချိန်မှာ မြန်မာ့ရိုးရာ ခြင်းလုံးဆိုတာ မြန်မာတွေရဲ့ မူပိုင်အားကစားလို့ ထင်မှတ်နေကြသူ အချို့ဟာ နောင်ကမ္ဘာတည်သရွေ့ ဒီအားကစားဟာ မြန်မာ့ရိုးရာအဖြစ်သာ ဆက်လက်ရှိသွားလိမ့်မယ်လို့ တွေးထားကြပုံပါပဲ။ ဘောလုံးအားကစားနည်းဟာ ဘယ်သူတွေရဲ့ အားကစားနည်းလဲဆိုတာ ပြန်စဉ်းစားကြစေချင်ပါတယ်။ အခုအချိန်မှာ ဘောလုံးအားကစားကို တီထွင်ခဲ့တယ်ဆိုတဲ့ နိုင်ငံခမျာ ခြေစစ်ပွဲအောင်ဖို့တောင် အတော်ကြီးကို ရုန်းကန်ခဲ့ရတာ မဟုတ်လား။ ဂေါက်သီးအားကစားကို တီထွင်ခဲ့တဲ့ နိုင်ငံလည်း အခုအချိန်မှာ ဂေါက်သီးနဲ့ ပတ်သက်ပြီး ဘယ်လောက်များ လောက်လောက်လားလား ရှိလို့လဲဗျာ။ အဲဒီ ဂေါက်သီးဘိုးအေ နိုင်ငံကြီးက နိုင်ငံသားတွေကပဲ ပြိုင်ပွဲတိုင်းမှာ ဆုတွေရနေကြတာလားဗျ။ ဝေဖန်တဲ့လူတွေကို တစ်ခုတော့ ချီးကျူးအသိအမှတ် ပြုချင်ပါတယ်။ သူတို့တွေဟာ အဲဒီအားကစားတွေ ထည့်သွင်းကျင်းပတဲ့အတွက် မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံတွေက တစ်မျိုးမြင်ကြမှာ၊ အထင်သေးကြမှာကို မခံချင်ဘူးဆိုတဲ့ စိတ်အခံလေး ရှိလို့ဖြစ်ပါလိမ့်မယ်။ ကိုယ့်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အချိန်မှာ သမာသမတ်ကျကျ အဆင့်အတန်းမြင့်မြင့် ယှဉ်ပြိုင်စေချင်တဲ့ စိတ်ဓာတ်ရှိနေတာကို အသိအမှတ် ပြုရပါတယ်။

သမိုင်းဝင် ဖွင့်ပွဲအခမ်းအနား
မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့ဖူးသမျှ အခမ်းအနားတွေထဲမှာ ပြောစရာအဖြစ်ဆုံးနဲ့ အခမ်းနား အထည်ဝါဆုံး ဖွင့်ပွဲအခမ်းအနား ဖြစ်ပါတယ်။ ဂုဏ်ယူရပါတယ်... ၀မ်းမြောက်ရပါတယ်။ ပျော်ရွှင်ရပါတယ်... ကျေနပ်ရပါတယ်။ မြန်မာဆိုတာ ဒီလိုနိုင်ငံကွလို့ အခြားနိုင်ငံတွေကို ကြေညာမောင်းခတ်ပြီးသား ဖြစ်သွားတယ်လို့ မြင်ပါတယ်။ ထင်မှတ်မထားလောက်အောင် ထည်ဝါခံ့ညား တင့်တယ်အံ့ဘနန်း ဖြစ်လှပါပေတယ်။ ဘယ်မြန်မာပြည်သူ တစ်ဦးတစ်ယောက်ကမျှ ဒီလိုအခမ်းအနားကြီး ဖြစ်လာလိမ့်မယ်လို့ ထင်မှတ်ထားကြမှာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံသားတွေတောင် မင်သက်အံ့သြသွားရရင် အခြားနိုင်ငံတွေအတွက်ဆို ပိုလို့တောင် အံ့သြဘနန်း ဖြစ်ရပါလိမ့်မယ်။ မကျင်းပဖြစ်တာ မေ့လောက်အောင် ကြာခဲ့ပြီဖြစ်တဲ့ နိုင်ငံတစ်ခုက အခုမှ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတဲ့ အခမ်းအနားကို ဒေသတွင်းမှာ အဆင့်အတန်းအမြင့်ဆုံး အခမ်းအနားတစ်ခုဖြစ်အောင် အဆင့်မီ၊ တန်းမီ၊ ဒေါက်မီ လုပ်ပြသွားတာကို အခြားနိုင်ငံတွေ အံ့အားသင့်ကြမှာ မလွဲပါဘူး။ ရုပ်မြင်သံကြားကနေ လာနေတဲ့ အခမ်းအနား အစီအစဉ်တွေကို ကြည့်ရင်းနဲ့ ကြက်သီးတွေထပြီး ကျေနပ်ပီတိ ဖြစ်ရပါတယ်။ အဲဒီအတွက် တာဝန်ရှိသူများ အပါအ၀င်၊ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသူ အားလုံးကို နိုင်ငံသားတစ်ဦးအနေနဲ့ ကျေးဇူးတင်ရပါတယ်။ ကျွန်တော်တို့အတွက် ဂုဏ်ယူစွာ ပြောစမှတ်ဖြစ်အောင် လုပ်ပေးခဲ့တဲ့ သူတွေကို မမေ့မလျော့ ကျေးဇူးတင်ပါတယ်။

အကောင်းဆုံး ယှဉ်ပြိုင်နိုင်ကြပါစေ
အခြားသော အားကစားနည်းတွေကို ဆက်လက်ယှဉ်ပြိုင်ကြဦးမှာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံအတွက် ရွှေဆုတွေ ရစေချင်တဲ့ ဆန္ဒရှိပေမယ့် သန့်ရှင်းမျှတစွာ ယှဉ်ပြိုင်ရင်း အခြားနိုင်ငံတွေက ကိုယ့်ထက်သာလွန်နေလို့ ဆုတံဆိပ်တွေနဲ့ ဝေးခဲ့လျှင်လည်း နားလည်ပေးနိုင်ရပါမယ်။ ပြီးခဲ့တဲ့အကြိမ် ပြိုင်ပွဲတုန်းက အဆင့် ၇ လောက်မှာ ရပ်တည်ခဲ့တဲ့ နိုင်ငံတစ်ခုက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အချိန်ကမှ ပထမနေရာမှာ ရပ်တည်သွားတယ် ဆိုတာမျိုးကတော့ မသင့်လျော်သလို မဖြစ်နိုင်တဲ့ အရာပါ။ အဲဒီပကတိတရားကို ကျွန်တော်တို့တွေ နားလည်ရပါမယ်။ ရသလောက် ရွှေတံဆိပ်တွေ ရယူဖို့ဖြစ်ပေမယ့် ကျွန်တော်တို့တွေရဲ့ အဓိကရည်မှန်းချက်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အားကစားပြိုင်ပွဲကြီးကို အဆင်ပြေပြေ၊ ချောချောမွေ့မွေ့၊ သန့်သန့်ရှင်းရှင်း၊ မျှမျှတတ၊ ဖော်ဖော်ရွေရွေ၊ ခင်ခင်မင်မင်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးသွားအောင် စွမ်းဆောင်ကြဖို့ ဖြစ်ပါတယ်။ လာပြိုင်ခဲ့တဲ့ အသင်းအားလုံးက ပြိုင်ပွဲပြီးသွားတဲ့ အချိန်မှာ မိမိတို့တိုင်းပြည်တွေကို မပြန်ချင်သေးဘဲ မြန်မာနိုင်ငံမှာပဲ ဆက်နေချင်သေးတဲ့ ခံစားချက်မျိုးဖြစ်သွားအောင်၊ သူတို့တိုင်းပြည်တွေကို ပြန်ရောက်တဲ့အခါ မြန်မာနိုင်ငံက ကောင်းမွန်တဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့ ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်သွားတဲ့အထိ တသသ ပြောကြရအောင် ကျွန်တော်တို့တွေ ကြိုးစားကြရမှာပါ။ ပြိုင်ပွဲမှာ ရွှေတံဆိပ်တွေ အများကြီးနဲ့ ဗိုလ်စွဲဖို့ထက် ကိုယ့်နိုင်ငံသားတွေရဲ့ စည်းကမ်းရှိမှု၊ ဖော်ရွေမှု၊ ခင်မင်မှု၊ ရိုးသားမှု၊ နိုင်ငံကြီးသားပီသမှု၊ ရိုင်းပင်းကူညီတတ်မှု စတဲ့စတဲ့ ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေကို ပြသပြီး ကိုယ့်နိုင်ငံရဲ့ အဆင့်အတန်း၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ကြဖို့ ပိုပြီးတော့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် မြန်မာအားကစားသမားများ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။







အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ ကြာသပတေးနေ့။
နံနက် ၀၀ နာရီ ၃၀ မိနစ်တွင် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ရေးသားပြီးစီး၏။

Monday, July 08, 2013

အန်ဒီမာရေးရဲ့ ၀င်ဘယ်(လ်)ဒန်အောင်ပွဲ



၂၀၁၃ ခုနှစ် ၀င်ဘယ်(လ်)ဒန် တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်းပွဲစဉ် ဗိုလ်လုပွဲမှာ အိမ်ရှင်ကစားသမား အန်ဒီမာရေးက ကမ္ဘာ့နံပါတ်တစ် ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်ကို ၆-၄၊ ၇-၅၊ ၆-၄ နဲ့ သုံးပွဲပြတ် အနိုင်ရရှိပြီး အင်္ဂလိပ်တွေရဲ့ ၇၇ နှစ်ကြာ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးခဲ့သည်။ ဂျိုကိုဗစ်အနေဖြင့် ပုံမှန်လက်စွမ်းတွင် ရှိနေခဲ့သော်လည်း မာရေး၏ စိတ်ဓာတ်တင်ကစားမှု၊ ပရိသတ်၏ ဖိအားပေးမှုတို့ကြောင့် အမှားများခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် အပိုင်ရမှတ်အဖြစ် တွက်ဆထားသည့် အသည်းအသန် ဘောလုံးများကို မာရေးက အမှားအယွင်း အနည်းဆုံးဖြင့် ပြန်လည်ဆယ်ယူပြီး အမှတ်ရယူသွားခဲ့ခြင်းများက ဂျိုကိုဗစ်ကို ဖိအားများစေခဲ့သည်ဟု ထင်ပါသည်။ တင်းနစ်အရည်အသွေးနှင့် ပတ်သက်၍ မည်သူက သာသည်ဆိုသည်မှာ ပြောလို့ရကောင်းသည် မဟုတ်သော်လည်း ဗိုလ်လုပွဲတွင် ကစားသွားခဲ့သည့် အနေအထားအရမူ အိမ်ရှင်တစ်နိုင်ငံလုံး၏ မျှော်လင့်ချက်အဖြစ် ကစားခဲ့ရသည့် မာရေးက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် အဆများစွာ သာလွန်ခဲ့သည်ဟု မြင်ပါသည်။ နှစ်ဦးလုံးအနေဖြင့် ရှိသမျှပညာစွမ်း၊ ရှိသမျှအင်အားဖြင့် အလျှော့မပေးစတမ်း ယှဉ်ပြိုင်ခဲ့ကြသည်မှာ တကယ်ပင် ရသမြောက်လှပါသည်။ စပေးဘောလုံး ရသည့်သူက အဆိုပါပွဲငယ်အတွက် အနိုင်ရရှိရန် အမြဲတစေ ရုန်းကန်ခဲ့ရခြင်းကလည်း ထူးခြားမှုတစ်ရပ် ဖြစ်ခဲ့ပါသည်။ မာရေးနှင့် ဂျိုကိုဗစ်တို့၏ ဗိုလ်လုပွဲစဉ်သို့ ဗြိတိန်နာမည်ကျော် အများအပြား လာရောက်အားပေးခဲ့ကြသည်ကို တွေ့ရပါသည်။ အထူးသဖြင့် အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကိုယ်တိုင် လာရောက်အားပေးခဲ့ခြင်းက ထူးခြားမှုတစ်ရပ် ဖြစ်ပါသည်။ ရွန်းနေဇနီးမောင်နှံ၊ ဗစ်တိုးရီးယားဘက်ဟမ်းနှင့် အခြားသော နာမည်ကျော် များကိုလည်း တွေ့မြင်ခဲ့ရသည်။ ဗိုလ်လုပွဲစဉ်၏ စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်မှု အပေးစွမ်းဆုံး အခိုက်အတန့်မှာ အန်ဒီမာရေး ချန်ပီယံအဖြစ် အောင်ပွဲခံစေခဲ့သည့် ပွဲငယ်ဖြစ်ပါသည်။ ၄၀-၀ အထိ အမှတ်ရရှိထားသည့် မာရေးအနေဖြင့် ချန်ပီယံပွိုင့် ၃ ကြိမ် ရရှိခဲ့သော်လည်း လိုအပ်သည့်အမှတ်ကို မရရှိခဲ့သည့်အပြင် ဂျိုကိုဗစ်ကို break point ၃ ကြိမ်အထိ ပြန်ပေးခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ ဂျိုကိုဗစ်အနေဖြင့် ချန်ပီယံဖြစ်ခွင့်အတွက် မျှော်လင့်ချက် မရှိသလောက် အနေအထားဆိုသည်ကို သဘောပေါက်ထားပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အလွယ်တကူ အရှုံးမပေးဘဲ နောက်ဆုံးအချိန်အထိ မာရေးကို စိန်ခေါ်သွားခဲ့သည်မှာ ကြည့်ရှုသူအားလုံးအတွက် ရင်ခုန်သံမြန်စေခဲ့ပါသည်။ ပွဲအပြီးတွင် အရှုံးအတွက် ရဲရဲဝံ့ဝံ့ ကျေကျေနပ်နပ် ရင်ဆိုင်သွားသော ဂျိုကိုဗစ်ကို လေးစားမိသကဲ့သို့ အိမ်ရှင်ပရိသတ်များအတွက် မထင်မှတ်လောက်အောင် စိတ်ဓာတ်တင်ပြီး ရေကုန်ရေခန်း ကစားသွားခဲ့သော အန်ဒီမာရေးကိုလည်း ချီးကျူးမိပါသည်။ ၀င်ဘယ်(လ်)ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့် မာရေး နှစ်ဦးလုံး ကောင်းခဲ့ကြပါသည်၊ အစွမ်းကုန် ကြိုးစားခဲ့ကြပါသည်။ သို့သော် မာရေးအတွက် ထိုက်တန်သည့် အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်မှာ တစ်ကမ္ဘာလုံးမှ ပရိသတ်များအတွက် အငြင်းပွားစရာ မရှိခဲ့ပါပေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်၊ တနင်္လာနေ့
နံနက် ၀၀ နာရီ ၂၃ မိနစ်တွင် ပြီး၏။

Friday, March 01, 2013

ကြည့်ဖြစ်ခဲ့သော ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲဖွင့်ပွဲ


နိဒါန်း
ပထမဆုံး ပြည်ထောင်စုဖလား ဟူသည့် အသုံးအနှုန်း၊ သို့မဟုတ် အမည်နာမအတွက် ချီးကျူးလိုပါသည်။ အရမ်းကို အဓိပ္ပါယ်ပြည့်ဝသည့် စကားလုံးအဖြစ် အသိအမှတ် ပြုမိပါသည်။ တစ်ချိန်က ပြည်နယ်နှင့်တိုင်း ဘာပြိုင်ပွဲ၊ ညာပြိုင်ပွဲ စသည်ဖြင့် သုံးနှုန်းခဲ့သည်ထက် ယခုအမည်က ပိုမိုကောင်းမွန်သည်ဟု ကျွန်တော်ကိုဉာဏ်ကဖြင့် ထင်မိကြောင်းပါဗျာ။

ကျေးဇူးတင်တယ်
ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်ပြသပေးခဲ့တဲ့ ရုပ်သံလိုင်းတွေကို ကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ သွားရောက်နိုင်ခြင်း မရှိတဲ့အတွက် သတင်းစာတွေမှာ ကြော်ငြာထားကတည်းက ရုပ်မြင်သံကြားကနေ ကြည့်မယ်လို့ ဆုံးဖြတ်ပြီး စောင့်ကြည့်ခဲ့ရတဲ့ ပွဲမို့ပါ။

အားကစားကွင်းအပြင်အဆင်

ဝဏ္ဏသိဒ္ဓိအားကစားကွင်းဟာ ကျွန်တော်မြင်သလောက်ဆိုရင် အခြားသော အားကစားကွင်းတွေနဲ့ ပုံစံတူ ဖြစ်နေသလားလို့ပါ။ ဟကောင်ရ... အကုန်လုံးကို ပုံစံတူ ဆောက်ထားတာပဲလေကွာဆိုပြီး အပြစ်တင်ရင်လည်း ကျွန်တော်ကိုဉာဏ် ခံယူပါတယ်။ ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် ဘယ်လိုကွင်းပဲဖြစ်ဖြစ် ပိုက်ဆံကုန်မှာပဲမဟုတ်လား၊ ပိုက်ဆံကုန်မှာချင်း အတူတူ ဒီဇိုင်းပုံစံ မတူညီတဲ့ အားကစားကွင်းတွေ မဆောက်သင့်ခဲ့ဖူးလားလို့ တွေးမိလို့ပါ။ တွေးမိသလောက် ပြောရမယ်ဆိုရင် ငှက်သိုက်ပုံဏ္ဌာန်၊ ကြာပန်းပုံသဏ္ဌာန်၊ ဘောလုံးပုံသဏ္ဌာန်၊ စသည်ဖြင့် ဒီဇိုင်းပုံစံမျိုးစုံနဲ့ ဆောက်ထားမယ်ဆိုရင် နောင်တစ်ချိန်မှာ ဒီထက်ပိုပြီး အဆင်ပြေမလားလို့ တွေးမိလို့ပါ။ ပုံစံတူတွေ အားလုံးရှိနေတာလည်း တစ်မျိုးကောင်းချင် ကောင်းနိုင်ပေမယ့် ကျွန်တော့်မျက်စိထဲမှာတော့ တစ်ခုခုကို ခံစားမိသလို ဖြစ်မိတဲ့အတွက် မတူညီတာတွေကိုပဲ မြင်ချင်စိတ်ဖြစ်မိကြောင်းပါ။

အစီအစဉ်တွေ
ဒီနေရာမှာ တပ်ထားတဲ့ ခေါင်းစဉ်အရ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အဓိကထား ပြောရမှာဖြစ်ပေမယ့် ဒီအကြောင်းကိုပြောတိုင်း မပြောမဖြစ် ပြောရမယ့် အကြောင်းအရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ကျွန်တော်တို့နိုင်ငံက တာဝန်ရှိသူတွေဟာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အကောင်းဆုံး မဖြစ်ဖြစ်အောင် ပြသချင်နေတဲ့ စိတ်ရှိနေတယ်ဆိုတာပါပဲ။ အဲဒီစိတ်အတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ သို့သော် ဖြစ်ချင်စိတ်တွေ တအားများနေတဲ့အတွက် သူတို့ပြသတဲ့ အစီအစဉ်တွေကလည်း တအားကို ရှုပ်ထွေးပွေလီပြီး ကြည့်တဲ့ပရိသတ်တွေကို ဟုန်သွားစေတယ်လို့ မြင်မိပါတယ်။ ပြချင်တဲ့ အစီအစဉ်တွေကများ၊ တစ်ခုနဲ့တစ်ခုက အဆက်အစပ်မရှိ၊ Tempo တွေကလည်း မတူဆိုတော့ ပရိသတ်က အီလည်လည်တွေ ဖြစ်ကုန်တော့တာပါပဲ။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာဖြင့် ဒီပုံစံအတိုင်းတော့ မလုပ်လိုက်ပါနဲ့လို့ တောင်းပန်ပါရစေ။ တာဝန်ရှိတဲ့လူတွေက ကောင်းစေချင်တဲ့ စေတနာလွန်ကဲပြီး လုပ်ခဲ့ကြတာမို့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်ကိုဉာဏ် မဝေဖန်လိုတော့ပါဘူး။

အစီအစဉ်တင်ဆက်သူများ
မနေ့က ကြည့်တဲ့အချိန်မှာ ကျွန်တော်စိတ်အတိုဆုံးက အစီအစဉ်ကြေညာသူ (သို့မဟုတ်) အစီအစဉ် တင်ဆက်သူတွေပါ။ သူတို့ကြောင့် အခမ်းအနားဟာ ကြွတက်ခမ်းနားလာရမယ့်အစား သူတို့မို့ တစ်ခုခု ကြေညာလိုက်ပြီဆိုရင် စိတ်တိုစရာ၊ ဒေါသဖြစ်စရာ ဖြစ်ရတော့တာပါပဲ။ လုံးဝ မမှားသင့်တဲ့ အမှားတစ်ခုကတော့ အခမ်းအနားအစီအစဉ်တွေ စတင်ကြေညာစဉ်တုန်းက အစီအစဉ် အမှတ်စဉ်တစ်ခုမှာ "နိုင်ငံတော်အကြီးအကဲ ပြန်လည်ထွက်ခွာခြင်း" ဆိုတာပါပဲ။ ရေးပေးတဲ့လူတွေမှာ အဓိက တာဝန်ရှိတယ် ဆိုပေမယ့် ကျွန်တော်သာ အစီအစဉ် တင်ဆက်သူဆိုရင် အဲဒီလို မတော်တရော် အမှားမျိုးဆိုရင် အကြံပေးမိ၊ ထောက်ပြမိ၊ ဆွေးနွေးမိမှာပါပဲ။ အခြေအနေအရ လက်ခံနားထောင်တဲ့သူက တစ်လမ်းမောင်းဦးနှောက်နဲ့လူ ဖြစ်နေခဲ့လို့ မပြင်နဲ့ကွာ၊ ဒီအတိုင်းဖတ်ဆိုပြီး ဖတ်ခဲ့ရမယ်ဆိုရင်တောင် သူ့ကို မှားနေတဲ့အကြောင်း ပြောခဲ့မိတဲ့အတွက်တော့ ကျေနပ်နေမိဦးမှာပါ။ အခုဟာက အစီအစဉ် တင်ဆက်သူကလည်း ရေးပေးတဲ့ဟာကို ဖတ်ဖို့ပဲ စိတ်ဝင်စားပုံရပါတယ်။ သူဖတ်တာ မှားသွားတာကိုလည်း သိပုံမရပါဘူး။ မနေ့ကလုပ်တဲ့ အခမ်းအနားကို အဆင့်အမြင့်ဆုံး အနေနဲ့ တက်ရောက်ခဲ့သူဟာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဖြစ်ပါတယ်။ သူ့ကို ရည်ညွှန်းတဲ့နေရာမှာ နိုင်ငံတော်အကြီးအကဲလို့ သုံးနှုန်းလို့ မရပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆ အရပါ။ "၁၆။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်" လို့ ပြဋ္ဌာန်းထားပါတယ်။ မမှားသင့်တဲ့ အမှားပါ။ နောက်တစ်ခု အစီအစဉ် တင်ဆက်သူတွေကို မကြိုက်တဲ့အချက်ကတော့ ပရိသတ်တွေကို လက်ခုပ်တီးပေးဖို့ ဖိတ်ခေါ်တာပါပဲ။ ဖိတ်ခေါ်တာတောင်မှ ဒီအတိုင်းမဟုတ်ဘူး၊ ပြောပုံလေးက အတော်သင်းတယ်၊ ဘာတဲ့... "ပရိသတ်များခင်ဗျား... လက်ခုပ်များ အားပါးတရတီးပြီး အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်" တဲ့။ အဲဒီလို ပရိသတ်တွေကို လက်ခုပ်တီးခိုင်းတာကို မြင်ရ၊ ကြားရတိုင်း မျက်စိထဲမှာ ပြေးမြင်ပြီး ဖနောင့်နဲ့ ပေါက်ချင်တာက တင်မိုးလွင်ပါ။ သူစခဲ့တဲ့ အစဉ်အလာတစ်ရပ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ တင်မိုးလွင် တင်ဆက်သူလုပ်တဲ့ အစီအစဉ်တွေတိုင်း ဘယ်အဆိုတော်အတွက် လက်ခုပ်တီးပေးပါဦးရှင်၊ ဘယ်သူ့အတွက် လက်ခုပ်လေးတွေ တီးပြီး အားပေးပါဦးရှင်လို့ ပြောတတ်ပါတယ်။ အခုနောက်ပိုင်း အစီအစဉ်တင်ဆက်သူတွေ အားလုံးနီးပါးကလည်း အဲဒီအတိုင်းပဲ လိုက်ပြောကြပါတော့တယ်။ အဆိုတော်ထွက်လာရင် သူတို့က လက်ခုပ်တီးပေးဖို့ ဖိတ်ခေါ်တယ်၊ အဆိုတော် ဆိုပြီးသွားရင် လက်ခုပ်တီးပြီး အားပေးလိုက်ကြပါဦးလို့ ထပ်ပြောတယ်။ တောက်.... မြန်မာပြည်မှာ ပရိသတ်ဖြစ်ရတာ မလွယ်လိုက်တာဗျာ... လက်ခုပ်တီးတာကိုတောင် အပေါ်က အမိန့်ပေးတဲ့အတိုင်း တီးရတယ်လို့။ ပြောတော့ဖြင့် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြ၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ တကယ်တမ်း အာဏာရှင်အစစ်က အဲဒီ အစီအစဉ် တင်ဆက်သူတွေဗျ။ မနေ့ကဆိုရင် အစီအစဉ်တင်ဆက်သူတွေက "ပရိသတ်တွေက အားပါးတရ လိုက်ကနိုင်ပါတယ်" ဆိုတာက ပါသေးတယ်။ အတော်ဟုတ်တဲ့လူတွေဗျာ။ အင်္ဂလန်ဘောလုံးပြိုင်ပွဲတွေ၊ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲတွေ၊ ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲတွေ၊ နိုင်ငံတကာက အားကစားပြိုင်ပွဲ ဖွင့်ပွဲ/ပိတ်ပွဲတွေမှာ ပရိသတ်တွေ လက်ခုပ်တီးဖို့ ဖိတ်ခေါ်တာမျိုး ကြုံဖူးကြပါသလားခင်ဗျာ။ ကျွန်တော်ကိုဉာဏ်ကဖြင့် မတွေ့ဖူး၊ မမြင်ဖူးသလို၊ မကြုံဖူး၊ မကြားဖူးပါခင်ဗျာ။

သနားမိပါသည်
ကွင်းထဲမှာ လာအားပေးတဲ့ တူညီဝတ်စုံတွေနဲ့ ကိုကို၊ မမတွေကို အင်မတန်မှကို သနားမိတာပါပဲ။ ကျွန်တော်တွက်ကြည့်မိတယ်လေ။ အစီအစဉ်တွေကို ၅ နာရီမှာ စတယ်ဆိုတော့ အဲဒီလူတွေဟာ နေ့လည် ၁၂ နာရီ၊ ဒါမှမဟုတ် ၁ နာရီဝန်းကျင်ကတည်းက အဲဒီအားကစားကွင်းထဲကို ရောက်နေကြတဲ့ လူတွေပါ။ ၀န်ကြီးဌာနအလိုက်၊ ကျောင်းအလိုက် ခွဲတမ်းနဲ့ လာထိုင်နေတဲ့လူတွေ ဖြစ်မယ်ထင်ပါတယ်။ ဆင်တူဝတ်စုံ ၀တ်ပြီးတော့ ဒီအတိုင်းလာကြည့်မယ့် အဖွဲ့တွေတော့ ရှိမယ်မထင်လို့ပါ။ တိုက်ရိုက်ထုတ်လွှင့်မှုကို မြ၀တီရုပ်သံက ရပ်နားလိုက်တဲ့အချိန်မှာ အခမ်းအနား အစီအစဉ်တွေက မပြီးသေးပါဘူး။ ဒုတိယသမ္မတ ပြန်သွားတဲ့အချိန်မှာ မြ၀တီကလည်း တိုက်ရိုက်လွှင့်တာကို ရပ်လိုက်ပါတယ်။ အစီအစဉ် ကြေညာသူက ဘယ်အဆိုတော်တွေက ဖျော်ဖြေပါလိမ့်မယ်ဆိုပြီး ကြေညာတာကို ကြားနေရပြီးကာမှ ဒုသမ္မတလည်း ပြန်သွားရော တိုက်ရိုက်လွှင့်တာကို မကြည့်ရတော့ပါဘူး။ ကွင်းထဲကလူတွေကတော့... အင်း... ကျွန်တော်ထင်တယ်... အဲဒီလူတွေအတွက် အစောဆုံး အိမ်ပြန်ရောက်ချိန်ဟာ ည ၁၂ နာရီပါပဲ။ ဂင်းနစ်စံချိန်တင် အားကစားပြိုင်ပွဲဖွင့်ပွဲ ဖြစ်အောင်များ ကြံဆောင်နေကြသလားလို့ တွေးမိပါတယ်။

အစာမကြေတာတွေ
Countdown လုပ်တဲ့အစီအစဉ်ကို သိပ်သဘောမကျဘူး။ ပရိသတ်က မပါမှန်းသိတာကြီးကို အတင်းအဓမ္မ လုပ်ပစ်လိုက်တော့ အစီအစဉ်တင်ဆက်သူတွေရဲ့ အသံတွေကလွဲရင် တခြားအသံက မဖြစ်စလောက်နဲ့ ကွဲတာပေါ့ဗျာ။ စိတ်အတိုဆုံးကတော့ အင်္ဂလိပ်လို ရေတွက်တာကိုပါပဲ။ ကျွန်တော်တို့ မြန်မာဘာသာမှာလည်း အဲဒီဂဏန်းတွေကို မြန်မာလို ရှိပါသဗျာ။ ရှိတာမှ သူများတွေကို အခေါ်အဝေါ်သာ ကွဲပြီး ရေးတာကျတော့ 1,2,3,4 ဆိုပြီး အင်္ဂလိပ်ဂဏန်းကိုပဲ ရေးတာမဟုတ်ပါဘူး။ ခေါ်တာကလည်း တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် စသဖြင့်ခေါ်ပြီး ရေးတော့ကျလည်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ စသဖြင့် ရေးကြတာပါ။ အရေးရော၊ အပြောပါ ရှိတဲ့စကားလုံးတွေပါဗျာ။ နိုင်ငံတော်အဆင့် ဒီလိုအခမ်းအနားမှာတောင် ကိုယ့်မြန်မာလို ဂဏန်းတွေကို မရွတ်ချင်၊ မပြောချင်ကြတော့ရင် ဘယ်အချိန်မှာ၊ ဘယ်သူတွေက ရွတ်ကြ၊ ပြောကြမှာလဲ။ ဆရာမောင်ခင်မင်တို့ ဒီအတိုင်း ကြည့်မနေကြပါနဲ့။ ဒီအတိုင်းဆိုရင် မြန်မာစကားတွေ ပျောက်ကွယ်ကုန်ပါလိမ့်မယ်။ တစ်၊ နှစ်၊ သုံး၊ လေး (အစား) ၀မ်း၊ တူး၊ သရီး၊ ဖော စသည်ဖြင့်၊ အမေ၊ မေမေ (အစား) အိုမား၊ အဖေ၊ ဖေဖေ (အစား) အာပါးရှိ၊ ကျေးဇူးတင်ပါတယ် (အစား) သန့်(ခ်)ယူ၊ စသည် စသည်ဖြင့် ပေါပေါသီသီ သုံးနှုန်းပြောဆိုကြလျှင်ဖြင့် နောက်ဆိုရင် ကျေးလက်တောရွာတွေမှာ ခလုတ်တိုက်လို့ ယောင်လျှင်တောင် အရင်ကလို "ဟဲ့.. မြတ်စွာဘုရား" (အစား) "အိုး... ဂေါ့" တွေဘာတွေ ဖြစ်ကုန်ကြပါလိမ့်မည်။ ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချို၊ အစွယ်ရှိတဲ့သတ္တ၀ါက အစွယ်၊ အဆိပ်ရှိတဲ့ သတ္တ၀ါက အဆိပ် စသည်ဖြင့် အားကိုးကြတယ်တဲ့။ ပေါင်တံလှလှလေးရှိတဲ့ ချမ်းချမ်းကလည်း သူ့ရဲ့ ပေါင်တံလေးကို အားကိုးရှာတယ်။ နောက်ကကြည့်တော့ အလုံပိတ်၊ မြေကြီးပေါ်ကိုတောင် ဒရွတ်တိုက်နေသေးတယ်။ ရှေ့ကနေ ရိုက်ပြလိုက်တော့မှပဲ အောက်က၀တ်ထားတဲ့ ဘောင်းဘီအတိုကိုတောင် မြင်နေရတော့တယ်။ အတော်ရုပ်ပျက်သကိုးဗျ။ ချမ်းချမ်း ပေါင်တံလှတာကို လက်ခံပါတယ်၊ သဘောလည်းကျပါတယ်၊ ဒါပေမယ့် ဒီလို အခမ်းအနားမျိုးမှာတော့ ဒါမျိုး မ၀တ်သင့်ဘူးလို့ အန်းဒိတ်အတွေးအခေါ်လေးနဲ့ ကျွန်တော်ကိုဉာဏ်က ဝေဖန်ချင်ပါတယ်။ တအားကို အတိုကြိုက်ပါတယ်ဆိုတဲ့ နီနီခင်ဇော်တောင်မှ မနေ့က အစီအစဉ်တွေမှာ သင့်သင့်လျော်လျော်ပဲ ၀တ်ထားတာ တွေ့ရတဲ့အတွက် အမှတ်ပေးမိကြောင်းပါ။ ပွဲစီစဉ်တဲ့ တာဝန်ရှိသူတွေခမျာ မြန်မာပြည်မှာရှိသမျှ တိုင်းရင်းသားယဉ်ကျေးမှုတွေ အစဉ်အလာတွေကို ပြချင်လိုက်တာမှ ဟိုဘက်ကိုတောင် လွန်နေတယ်ဆိုတာ မနေ့က မြင်ခွင့်ရလိုက်တယ်။ ချမ်းချမ်းကို တွေ့လိုက်ရတော့မှပဲ... အဟဲဟဲ... ပြောတော့ပါဘူးဗျာ။

ကြိုးစားရန်လိုသေးသည်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ရည်ရွယ်ပြုလုပ်ခဲ့သည်များကို အသိအမှတ်ပြုပါသည်။ သို့သော် အခြားနိုင်ငံများ၏ အားကစားပြိုင်ပွဲ အခမ်းအနားများကို မီရန်အတွက်မူ အများကြီးမှ တကယ့်အများကြီး လိုအပ်နေသေးကြောင်း ဆန်ရင်းနာနာဖွပ်ပါရစေ။ မနေ့က တင်ဆက်ခဲ့သည့်အတိုင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ပြသလိုက်လျှင်ဖြင့် ရှက်စရာကြီးပါဗျာ။ တာဝန်ရှိသူ လူကြီးများအနေဖြင့် ၀န်ကြီးအဆင့်၊ ဒုဝန်ကြီးအဆင့်၊ ညွှန်ချုပ်အဆင့် အစည်းအဝေးတွေလောက်သာ အခန်းထဲမှာ ထိုင်လုပ်ပြီး ဘယ်လိုလုပ်မယ်၊ ညာလိုလုပ်မယ်ဟု ဆုံးဖြတ်လုပ်ကိုင် မနေကြတော့ဘဲ အလုပ်ရုံဆွေးနွေးပွဲများလုပ်ခြင်း၊ အကြံဉာဏ်များ ဖိတ်ခေါ်ခြင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အစီအစဉ် ရေးဆွဲခဲ့သည့် ပညာရှင်များကို ဖိတ်ခေါ်အကြံဉာဏ်ယူခြင်း၊ လူငယ်များနှင့် တွေ့ဆုံပြီး မည်ကဲ့သို့ အစီအစဉ်များ လုပ်သင့်ကြောင်း ဆွေးနွေးတိုင်ပင်ခြင်း လုပ်သင့်တယ်လို့ မြင်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လျှင် လူကြီးတွေရဲ့ အိုင်ဒီယာသည် လူငယ်တွေကို လုံးဝမမီနိုင်တာ သေချာပါသည်။ ဘောင်အတွင်းက စဉ်းစားမှုနှင့် လွတ်လပ်နေသော စဉ်းစားမှုသည် ဘယ်လိုမျှ တူနိုင်စရာ မရှိပါ။ အမှန်ကို လက်ခံရန် လိုပါသည်။ ကျွန်တော်တို့ ရည်မှန်းချက်ထားပြီး ပြင်ဆင်နေတာသည် ကျောင်းသားအားကစားပွဲ မဟုတ်ပါ၊ နိုင်ငံတကာကလေးများပြိုင်ပွဲ မဟုတ်ပါ။ ထိုအချက်ကို သတိပြုရန် လိုပါသည်။ ဒီဇာတ်ကွက်ကို ပြတာချင်းအတူတူ အိုင်ဒီယာနှင့် တင်ဆက်ပုံ ကွာတာနဲ့အမျှ လေးနက်သွားနိုင်သလို၊ ဟာသဖြစ်သွားနိုင်ပါသည်။ ကျွန်တော်တို့ အဓိက လိုအပ်နေတာက အိုင်ဒီယာနှင့် နည်းပညာဖြစ်ပါသည်။ ကိုယ့်မှာမရှိလျှင် ရှက်တာကို နောက်ထား၍ ရှိတဲ့လူကို ချဉ်းကပ်ဖို့လိုပါသည်။ နိုင်ငံတကာကို အကူအညီ တောင်းသင့်ပါသည်။ ကိုယ့်နိုင်ငံက ဆင်းရဲနေတာပဲ ဘာပဲညာပဲဟု အကြောင်းပြချက်ပေးကာ ကန့်ကွက်နေသူများ ရှိမည်ဆိုလျှင်လည်း အံ့သြစရာပဲ ဖြစ်ပါသည်။ ကျွန်တော့်သဘောကတော့ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အခမ်းအနားကြီးကို အာဆီယံဒေသတွင်း လုပ်ပြီးခဲ့သမျှ ပြိုင်ပွဲများ၌ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး ဖြစ်စေချင်ပါသည်။ အခြားသူများတော့ မသိ၊ ကျွန်တော်ကတော့ဖြင့် နောင်တစ်ချိန်မှာ မြန်မာအိမ်ရှင်အဖြစ် လုပ်ခဲ့တဲ့ အားကစားပြိုင်ပွဲကို ပြန်တွေးမိတိုင်း ရှက်သလိုလို၊ သိမ်ငယ်သလိုလို၊ ပြန်မပြောရဲသလိုလို အဖြစ်မခံနိုင်ကြောင်းပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၁ ရက်၊ သောကြာနေ့။
နံနက် ၁၀ နာရီ ၄၄ မိနစ်တွင်ပြီး၏။

Saturday, October 02, 2010

အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ၂၀၁၀ ချန်ပီယံ ရတနာပုံအသင်းအား ချီးကျူးဂုဏ်ပြုခြင်း


ပထမဆုံးပြောချင်တာက ဘယ်သူပြောခဲ့မှန်းမသိတဲ့ ဆိုရိုးစကားတစ်ခုကို ကျေးဇူးတင်ချင်တာပါ။ အခြားမဟုတ်ပါဘူး။ "ဘယ်တော့မှ မဖြစ်တာထက်စာရင် နောက်ကျတာက ပိုကောင်းတယ်" တဲ့။ သိုးဆောင်းစကားပုံပဲဖြစ်ဖြစ်၊ မျက်နှာဖြူစကားပုံပဲဖြစ်ဖြစ်၊ မျက်နှာမည်းစကားပုံပဲဖြစ်ဖြစ် အဲဒီဆိုရိုးစကားက ဆိုးတော့ မဆိုးဘူးဗျ။ နောက်ကျပြီဆိုရင် အဲဒါလေး သုံးလို့ရတာပေါ့လေ။ အခုလည်း ကျွန်တော်ကိုဉာဏ် အဲဒီဆိုရိုးစကားလေး သုံးပါရစေဦး။

ရတနာပုံအသင်းက အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားကို ရတာဖြင့် ကြာလှပြီ။ ကျွန်တော်ကိုဉာဏ်က အခုမှ တစ်ရေးနိုးထပြီး ဂုဏ်ပြုတာတွေ၊ ချီးကျူးတာတွေ လုပ်နေလေတော့ မိုးလွန်မှ ထွန်ချတယ်လို့ ဆိုကြဦးမယ် ထင်ပါရဲ့။ ကဲပါဗျာ... ဆိုချင်သလိုသာ ဆိုကြပါတော့။ မှတ်တမ်းတစ်ခုအနေနဲ့ ဂုဏ်ပြုရေးသားလိုက်ချင်တာကြောင့် ဒီပို့စ်ကို ရေးပါတယ်။

ရူးရူးမူးမူး အားပေးနေတဲ့ ရတနာပုံ ပရိသတ်တွေအတွက်.... တစ်ခဲနက် အားပေးခဲ့ကြတဲ့ မြန်မာဘောလုံးပရိသတ်တွေအတွက်...... ကိုယ့်မြေ၊ ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ်ရှေ့မှာ အနိုင်မခံ၊ အရှုံးမပေးဘဲ အရိုးကြေကြေ၊ အရေခန်းခန်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ၂၀၁၀ ကို လက်ဝယ်ပိုင်ပိုင် ရယူနိုင်ခဲ့တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု ရတနာပုံဘောလုံးအသင်းကို အထူးပင် ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

scup.jpg

အာရှအဆင့်ကလပ်အသင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံးသော အောင်မြင်မှုဖလား ရရှိခဲ့မှု၊ ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိ၊ ပေးဂိုးမရှိစံချိန်ဖြင့် ချန်ပီယံဆုဖလား ရရှိခဲ့သော အောင်မြင်မှု၊ စတင် ကျင်းပခဲ့သည့်နှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း (၆-ကြိမ်ဆက်) ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည့် အင်အားကြီးအသင်းတစ်ခုကို အနိုင်ယူနိုင်ခဲ့သည့် ရတနာပုံအသင်း၏ အံ့သြဖွယ်အောင်မြင်မှု၊ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည့် အဆင့်အတန်းရှိသည့် ပြိုင်ပွဲတစ်ခုကို အောင်အောင်မြင်မြင် ကျင်းပပြုလုပ်ပေးနိုင်ခဲ့သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အားထုတ်ကြိုးပမ်းမှုနှင့် တာဝန်ရှိသူများ၏ ပံ့ပိုးပေးမှု၊ ရတနာပုံအသင်းကို နိုင်ငံအသင်းအလား တစ်ခဲနက် ညီညီညွတ်ညွတ် အားပေးခဲ့ကြပြီး အောင်မြင်မှုအတွက် မုဒိတာပွားကာ ၀မ်းသာဂုဏ်ယူပေးခဲ့ကြသည့် ကလပ်အသင်းအသီးသီး၏ ပရိသတ်များ၏ အံ့သြဖွယ်ရာအားပေးမှု၊ စသည့် စသည့် အကြောင်းခြင်းရာများအတွက် ၀မ်းမြောက်ဂုဏ်ယူရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ရတနာပုံအသင်း၏ အောင်မြင်မှုမှသည် မြန်မာဘောလုံးအသင်း၏ အောင်မြင်မှုတိုင်အောင် ဆက်လှမ်းလျှောက်လှမ်း နိုင်ပါစေကြောင်း ..........။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂ ရက်၊ စနေနေ့။
နေ့လည် ၃ နာရီ ၂၂ မိနစ်တွင်ပြီး၏။

Friday, September 24, 2010

မြန်မာဘောလုံးသတင်းများ


ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး ပြီးသွားကတည်းက ဘောလုံးအကြောင်းနဲ့ အဆက်ပြတ်သလို ဖြစ်နေခဲ့ပါတယ်။ အခြားအကြောင်းအရာတွေကို စိတ်ဝင်စားမှု ပိုနေတဲ့အတွက် အားကစားဂျာနယ်ကိုတောင် သေချာမဖတ်ဖြစ်ပါဘူး။ အင်တာနက်မှာလည်း ဘယ်နေ့က ဘယ်ပွဲမှာ ဘယ်လိုရလဒ်နဲ့ ပြီးသွားသလဲ ဆိုတာလောက်ကိုပဲ ကြည့်ဖြစ်တော့တယ်။ ဒီနေ့တော့ အကြောင်းတိုက်ဆိုင်လာတဲ့အတွက် မြန်မာဘောလုံး သတင်းလေးတွေအကြောင်း နည်းနည်းပါးပါး ရေးလိုက်ပါတယ်ဗျာ။ အချိန်ပေးပြီး ရေးထားတာ မဟုတ်တဲ့အတွက် ဖတ်လို့မကောင်းရင်၊ အချက်အလက်တွေ လိုနေရင် နားလည်ပေးကြပါဗျို့။

(၁)
ဒီနေ့ညနေမှာ ကျွန်တော်တို့မြန်မာနိုင်ငံကိုယ်စားပြု ရတနာပုံအသင်းဟာ AFC President's Cup ပထမအကြိုဗိုလ်လုပွဲအဖြစ် တာဂျစ်ကစ္စတန်ကလပ် ဗာကတ်ရှ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အနိုင်ရတဲ့အသင်းဟာ ဒုတိယအကြိုဗိုလ်လုပွဲက အနိုင်ရလာတဲ့အသင်းနဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အခုပွဲစဉ်တွေကို အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ကြည့်ရှုမယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ သူများအသင်းတွေကိုပဲ အားပေးနေရတဲ့ မြန်မာပရိသတ်တွေအတွက် ကိုယ့်မြန်မာဘောလုံးအသင်း ယှဉ်ပြိုင်မှာကို အားပေးကြည့်ရှု နိုင်ကြတဲ့အကြောင်း သတင်းပေးတာပါ။ ဒီနေ့ ရတနာပုံအသင်းရဲ့ ပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသမယ်လို့ ဂျာနယ်အချို့မှာ ဖတ်ရပါတယ်။ ညနေကျရင်တော့ အားပေးရပါဦးမယ်။ ရတနာပုံ အောင်မြင်ပါစေ....။
၂၄-၉-၂၀၁၀ (သောကြာနေ့)
ပထမအကြိုဗိုလ်လုပွဲ
ရတနာပုံ (မြန်မာ) - ဗာကတ်ရှ် (တာဂျစ်ကစ္စတန်)
ဒုတိယအကြိုဗိုလ်လုပွဲ
ဒိုဒွိုင်းဘစ်ရှက် (ကာဇက်စတန်) - အိုင်တီတီယူ (တာ့ခ်မင်နစ္စတန်)

(၂)
၂၀၁၀ မြန်မာနေရှင်နယ်လိဂ်ကတော့ အသင်း (၁၁)သင်း ပါဝင်ကစားလျက် ရှိပါတယ်။ အသင်းအများစုဟာ ပွဲစဉ်(၁၅)ပွဲစဉ် ယှဉ်ပြိုင်ကစားပြီးတဲ့ အချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးကို ရတနာပုံအသင်းက ရယူထားတာကို တွေ့ရပါတယ်။ ရမှတ်ပေါင်း ၃၄ မှတ်နဲ့ ဖြစ်ပါတယ်။ ဒုတိယနေရာမှာ ကမ္ဘောဇအသင်းက ရမှတ်ပေါင်း ၃၀ နဲ့ ရပ်တည်လျက် ရှိပါတယ်။ အောက်ဆုံးနေရာမှာတော့ အမှတ်မရသေးတဲ့ ဇွဲကပင်အသင်း ရှိနေပြီး သူ့အပေါ်ကပ်လျက် ဒုတိယနောက်ဆုံး နေရာမှာတော့ ၅ မှတ် ရရှိထားတဲ့ နေပြည်တော်အသင်း ရှိနေပါတယ်။ ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်တွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ယှဉ်ပြိုင်ကစားနေတာ ဖြစ်ပါတယ်။

(၃)
အရင်တုန်းက တိုက်ဂါးဖလားလို့ နာမည်တွင်ခဲ့ပြီး ဒေသတွင်း နိုင်ငံအလိုက် ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ၂၀၁၀ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲကို ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့က ပူးတွဲအိမ်ရှင် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်မယ့် အဲဒီပြိုင်ပွဲအတွက် ပွဲစဉ်ဇယား ရေးဆွဲပြီးတဲ့အခါ အုပ်စုတွင်း တွေ့ဆုံမှုအခြေအနေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
အုပ်စု (က)
အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ခြေစစ်ပွဲပထမရအသင်း
အုပ်စု (ခ)
ဗီယက်နမ်၊ စင်ကာပူ၊ မြန်မာ၊ ခြေစစ်ပွဲဒုတိယရအသင်း

မြန်မာအသင်း ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကတော့-
၂-၁၂-၂၀၁၀ - ဗီယက်နမ် နှင့် မြန်မာ
၅-၁၂-၂၀၁၀ - မြန်မာ နှင့် စင်ကာပူ
၈-၁၂-၂၀၁၀ - မြန်မာ နှင့် ခြေစစ်ပွဲဒုတိယရအသင်း

AFC President's Cup ပြိုင်ပွဲဝင် ရတနာပုံအသင်းနှင့် AFF Suzuki Cup 2010 ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အသင်းတို့ အောင်မြင်ကြပါစေကြောင်းနှင့် မြန်မာနိုင်ပြီဟု ဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်လိုက်ချင်ကြောင်းပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ သောကြာနေ့။
နံနက် ၁၁ နာရီ ၀၁ မိနစ်တွင်ပြီး၏။

Monday, August 09, 2010

2010 FA Community Shield Review


ကာလအတန်ကြာ ရပ်နားထားခဲ့တဲ့ ၂၀၁၀-၂၀၁၁ အင်္ဂလန်အမှတ်ပေးဖလား ပရီမီးယားလိဂ်ပြိုင်ပွဲတွေ မကြာခင်မှာ စတင်တော့မှာ ဖြစ်ပါတယ်။ အဲဒီလို မစတင်ခင်မှာ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေအတွက် စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ရတဲ့ ပြိုင်ပွဲတစ်ခု ရှိနေပါတယ်။ ပရီမီးယားလိဂ်ရာသီအကြို ပြိုင်ပွဲလို့တောင် ခေါ်ဝေါ်တတ်ကြပါတယ်။ အခြားမဟုတ်ပါဘူး၊ ကွန်မြူနတီဒိုင်းလို့ ခေါ်တဲ့ ရန်ပုံငွေပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ အဲဒီပွဲစဉ်က ရသမျှဝင်ငွေတွေကို ဆုကြေးပေးအပ်ခြင်းမရှိဘဲ အခြားသော လူမှုရေးအဖွဲ့အစည်းတွေကို လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒါကြောင့်မို့ ယခင်ကဆိုရင် ချာရတီဒိုင်းလို့တောင် နာမည်ခေါ်တွင်ခဲ့ကြပါတယ်။ ပြိုင်ပွဲအသွင်ထက် ချစ်ကြည်ရေးရန်ပုံငွေပွဲသဘောမျိုး ပိုဆန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း ယှဉ်ပြိုင်ကစားကြတဲ့ အသင်းတွေဟာ ရာသီသစ်အဖွင့်မှာ စိတ်ဓာတ်မြှင့်တင်လိုတဲ့စိတ်၊ အနိုင်ရလဒ်နဲ့ အဖွင့်ကောင်းချင်တဲ့စိတ်တွေကြောင့် ပြိုင်ဆိုင်မှုပြင်းထန်ပြီး ကြည့်ကောင်းလေ့ရှိပါတယ်။ ယှဉ်ပြိုင်ကစားရတဲ့ အသင်းတွေကလည်း ပြီးခဲ့တဲ့နှစ် အမှတ်ပေးချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံအသင်းတွေ ဖြစ်ကြလေတော့ အသင်းကြီးအချင်းချင်းသာ တွေ့ဆုံကြလေ့ရှိပါတယ်။ တစ်ခါတလေမှသာ အက်ဖ်အေဖလားကို ကြားဖောက်ပြီးရတတ်တဲ့ အသင်းငယ်တစ်ချို့နဲ့ အသင်းကြီးတွေ ဆုံတွေ့တာမျိုး ဖြစ်တတ်ပါတယ်။ အခုနောက်ပိုင်းကတော့ မန်ယူ၊ ချဲလ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ် စတဲ့ အသင်းကြီးတွေထဲက အနည်းဆုံးတစ်သင်းတော့ ယှဉ်ပြိုင်ကစားနေရတာမို့ ပရိသတ်တွေအဖို့ စိတ်ဝင်စားစရာ ဖြစ်နေခဲ့တာပါ။

၂၀၁၀ ပြည့်နှစ်ရဲ့ ကွန်မြူနတီဒိုင်းမှာ ဆုံတွေ့ကြတဲ့ အသင်းနှစ်သင်းကတော့ မနှစ်ကတစ်နှစ်လုံး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်ယူတို့ ဖြစ်ကြပါတယ်။ ဘယ်အသင်းမှ မရဖူးသေးတဲ့ စံချိန်ဖြစ်တဲ့ လေးနှစ်ဆက် အမှတ်ပေးချန်ပီယံဘွဲ့အပြင် အင်္ဂလန်နိုင်ငံမှာ အအောင်မြင်ဆုံးကလပ်ဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ ရယူဖို့အတွက် လက်တစ်ကမ်းအလိုကို ရောက်ခဲ့ပြီးကာမှ ချဲလ်ဆီးရဲ့ အလဲထိုးခြင်းကို ခံခဲ့ရတဲ့ မန်ယူအသင်းအတွက် ယခုလိုပြိုင်ပွဲမှာ လာရောက်ဆုံတွေ့နေတဲ့ ချဲလ်ဆီးအသင်းဟာ ခါးသီးတဲ့ပြိုင်ဘက် ဖြစ်နေပါတယ်။ ဒါကြောင့်လည်း တစ်ကမ္ဘာလုံးက ပရိသတ်တွေအတွက် ပိုမိုစိတ်ဝင်စားစရာ ဖြစ်ခဲ့ရတာပါ။ မန်ချက်က ဘယ်လိုနှက်မလဲ ဆိုတဲ့လူတွေနဲ့ ချဲလ်ဆီးက ဘယ်လိုတီးမလဲဆိုတာကို စိတ်ဝင်စားသူတွေရဲ့ ပါးစပ်တိုက်ပွဲတွေက ပွဲမစခင်ကတည်းက ပြင်းထန်နေခဲ့ပါတယ်။ နှစ်သင်းလုံးဟာ ကြီးကြီးမားမား အပြောင်းအလဲ ပြုလုပ်ထားတာမျိုး မရှိခဲ့ဘဲ ယမန်နှစ်က အဓိက ကစားသမားတွေကိုပဲ အားပြုကစားမှာဖြစ်တာကြောင့် ကြည့်ကောင်းမယ့်ပွဲလို့ ခန့်မှန်းခဲ့ကြပါတယ်။

မန်ယူအသင်း လူစာရင်း
(ဂိုး) ဗန်ဒါဆား၊ (နောက်တန်း) ဗီဒစ်၊ အိုရှေးလ်၊ ဖာဘီယို၊ အီဗန်၊ (အလယ်တန်း) ပေါစခိုးလ်၊ ကားရစ်၊ ပက်ဂျီဆန်၊ ဗလင်စီယာ၊ (ရှေ့တန်း) အိုဝင်၊ ရွန်းနီ။
(အရံ) ကုဇက်၊ ဂစ်၊ ဟာနန်ဒက်ဇ်၊ ဘာဘာတော့ဗ်၊ စမောလင်း၊ ဖလက်ချာ၊ နာနီ။

ချဲလ်ဆီးအသင်း လူစာရင်း
(ဂိုး) ဟီလာရီယို၊ (နောက်တန်း) တယ်ရီ၊ အက်ရှ်လေကိုး၊ ဖာရဲယား၊ အီဗန်နိုဗစ်၊ (အလယ်တန်း) လမ်းပတ်၊ အက်ဆီယန်၊ မီခေးလ်၊ (ရှေ့တန်း) အနယ်လ်ကာ၊ ကာလူး၊ မာလူဒါ။
(အရံ) တန်ဘူးလ်၊ ဘီနာယောင်၊ ဒရော့ဘာ၊ ဇာကော့ဗ်၊ ဘရူးမား၊ စတားရစ်ခ်ျ၊ ဗန်အန်းဟော့လ်တ်။

2010charityshield.png
နှစ်သင်းစလုံးဟာ ပွဲထွက်ကစားသမားအစုံအလင်နဲ့ ပြင်ဆင်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း မန်ယူအသင်းရဲ့ လူထုတ်ပုံကတော့ အနည်းငယ် စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါတယ်။ ရှေ့တန်းမှာ အများထင်မှတ်ထားသလို ရွန်းနီကို ဘာဘာတော့ဗ် ဒါမှမဟုတ် ဟာနန်ဒက်ဇ်နဲ့ တွဲဖက်ကစားစေခြင်း မရှိဘဲ အိုဝင်နဲ့ တွဲပေးခဲ့တာကို တွေ့ရပါတယ်။ အလယ်တန်းမှာလည်း ဂစ်နဲ့ ဖလက်ချာကို အနားပေးပြီး ပက်ဂျီဆန်နဲ့ ကားရစ်ကို သုံးခဲ့ပါတယ်။ ဘယ်နောက်ခံလူနေရာမှာ အီဗရာအစား အစာအဆိပ်သင့်နေလို့ မကစားနိုင်ဘူးလို့ သတင်းထွက်နေခဲ့တဲ့ ဖာဘီယိုက ၀င်ကစားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကတော့ နာနေတဲ့ ဂိုးသမားပီတာဆက်ခ်ျနဲ့ တိုက်စစ်မှူး ဒရော့ဘာကလွဲရင် ကျန်ပွဲထွက်ကစားသမား အစုံအလင်နဲ့ ခင်းကျင်းခဲ့ပါတယ်။

ပွဲစပြီး ၁၀ မိနစ်လောက်အထိ ချဲလ်ဆီးအသင်းက အပေးအယူမိမိနဲ့ ပွဲကိုစိုးမိုးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အလယ်တန်းက ပေါစခိုးလ်နဲ့ ကားရစ်အတွဲအဖက် မိသွားတဲ့အတွက် မန်ယူအသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားလာနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကွင်းလယ်က အက်ဆီယန် ခြေပေါ်ခဲ့ပေမယ့် လမ်းပတ်နဲ့ မီခေးလ်က အလုပ်မဖြစ်ခဲ့တဲ့အတွက် အလယ်တန်းကစားကွက် အသာစီး မရခဲ့တာပါ။ မန်ယူအသင်းကတော့ ပေါစခိုးလ် ခြေစွမ်းပြပြီး ကွင်းလယ်ကို ထိန်းကျောင်းသွားနိုင်ခဲ့ပါတယ်။ ရွန်းနီကလည်း အလယ်တန်းအထိ ဆင်းကူပေးခဲ့လို့ ချဲလ်ဆီးတို့ ဘောလုံးရဖို့ ခက်ခဲခဲ့ရပါတယ်။ မန်ယူရှေ့တန်းက အိုဝင်နဲ့ ညာနောက်ခံလူ အိုရှေးလ်တို့ကတော့ ဒီနေ့ပွဲမှာ အညံ့ဆုံးလို့တောင် ဆိုရမယ်ထင်ပါတယ်။ အိုဝင်ကလည်း ပြန်နာမှာကြောက်ပြီး မတိုးရဲသလို အရင်ကလို လျင်မြန်မှုတွေလည်း မတွေ့ရတော့ပါဘူး ငှက်မြန်လေးမဟုတ်ဘဲ လဒအိုကြီး ဖြစ်နေသလိုပါပဲ။ အိုရှေးလ်ကလည်း မလိုအပ်ဘဲ ရှေ့တန်းကို အလွန်အကျွံလိုက်ပါမှုကြောင့် သူ့ဘက်ခြမ်းကနေ မကြာခဏ ပေါက်ထွက်နေခဲ့ပါတယ်။ မာလူဒါ၊ အနယ်လ်ကာနဲ့ ကာလူးတို့ ညံ့လွန်းလို့သာ ဂိုးစောစောစီးစီး မပေးရတာပါ။

မန်ယူဘယ်နောက်ခံကနေ ၀င်ကစားတဲ့ ဖေဘီယိုဟာ အများကြီးတိုးတက်လာတာကို တွေ့ရပါတယ်။ ရင့်ကျက်မှုပိုင်း လိုအပ်နေသေးပေမယ့် သူ့တာဝန်ကိုတော့ သူကျေပွန်အောင် ကစားပြနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲအတွက် ပြောစရာဖြစ်ခဲ့တာက သက်ကြီးဂိုးသမား ဗန်ဒါဆားနဲ့ ပေါစခိုးလ်တို့ရဲ့ ငယ်ခြေ၊ ငယ်လက်တွေ ပြန်ရနေတာပါပဲ။ မထင်မှတ်တဲ့ ပေးပို့မှုတွေ ဖြတ်တင်ဘောတွေကို ပေါစခိုးလ် လုပ်ပြခဲ့သလို ဗန်ဒါဆားကလည်း သေချာပေါက်ဂိုးတွေကို အံ့သြဖွယ် ကာကွယ်ပြနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက အက်ဆီယန် ခြေစွမ်းပြနိုင်ခဲ့ပြီး လမ်းပတ်ကတော့ ယုံကြည်မှု ပျောက်ဆုံးနေခဲ့ပုံ ပေါ်နေခဲ့ပါတယ်။ အနယ်လ်ကာ လေးနေခဲ့ပြီး မာလူဒါကလည်း အံ့သြဖွယ်ရာ ပေးပို့မှုတွေ မပြုလုပ်ပေးနိုင်ခဲ့ပါဘူး။ ချဲလ်ဆီးအသင်းအတွက် အဓိကအားနည်းချက်ကတော့ ဘောလက်အစား အလယ်တန်းအဖျက်နေရာမှာ လူမဖြည့်နိုင်တာနဲ့ နောက်တန်းနဲ့ ဂိုးသမားတို့ အားနည်းနေတာပါပဲ။ တယ်ရီတစ်ယောက်တည်း ထိန်းနေရတဲ့ နောက်တန်းဟာ တိုက်စစ်အသားပေးတဲ့ အသင်းတွေနဲ့ဆိုရင် မလွဲမသွေ ဂိုးပေးရမှာ အသေအချာပါပဲ။ ပီတာဆက်ခ်ျမရှိတဲ့ ဂိုးပေါက်ကြောင့် နောက်တန်းတွေအနေနဲ့ စိုးရိမ်စိတ်များပြီး ဖိအားဝင်နေခဲ့ပုံ ရပါတယ်။

ဒီနေ့ပွဲမှာ ပရိသတ်တွေက ရွန်းနီ၊ လမ်းပတ်၊ တယ်ရီ၊ အက်ရှ်လေကိုးတို့ ဘောလုံးရတိုင်း ဘူးမှုတ်ပြီး အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။ ကမ္ဘာ့ဖလားမှာ ခြေစွမ်းမပြနိုင်ဘဲ အင်္ဂလန်အသင်း မရှုမလှ ရှုံးနိမ့်ခဲ့ရတဲ့ အကျိုးဆက်တစ်ခု ဖြစ်ပါတယ်။

မန်ယူအတွက် အဖွင့်ဂိုးကိုတော့ ပေါစခိုးလ်ရဲ့ တိကျတဲ့ ပေးပို့မှု၊ ရွန်းနီရဲ့ မခိုမကပ်ကြိုးစားမှုနဲ့ အကွက်မြင်မြင်နဲ့ အမှတ်မထင် ချပေးလိုက်တာကို အလိုက်သင့်ပြေးလာတဲ့ တောင်ပံကစားသမား ဗလန်စီယာက အသာအယာ ပိတ်သွင်းယူသွားခဲ့တာပါ။ ရွန်းနီရဲ့ ပေးပို့မှုဟာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အနေအထားကနေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ မန်ယူအသင်းက တစ်ဂိုးအသာနဲ့ အနိုင်ရနေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဖာဂူဆန်ဟာ တစ်ပြိုင်နက်တည်း သုံးယောက်တွဲ လူစားလဲမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ခြေမပေါ်တဲ့ အိုဝင်၊ ခြေစမ်းပွဲကန်ရဦးမယ့် ရွန်းနီနဲ့ ခြေစွမ်းမပြနိုင်တဲ့ ပက်ဂျီဆန်တို့ကို ထုတ်ပြီးတဲ့နောက် ဟာနန်ဒက်ဇ်၊ ဘာဘာတော့ဗ်နဲ့ နာနီတို့ကို ထည့်သွင်းခဲ့ပါတယ်။ ဖာဂူဆန်ရဲ့လုပ်ရပ် မှန်ကန်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ မန်ယူအသင်းရဲ့ တိုက်စစ်ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး ကစားကွက်လည်း မြိုင်လာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကလည်း ဒုတိယပိုင်းမှာ အနယ်လ်ကာ၊ မီးခေးလ်၊ မာလူဒါ စတဲ့ကစားသမားတွေကို ထုတ်ပြီး ဒရော့ဘာ၊ စတားရစ်ခ်ျ၊ ဘီနာယောင်နဲ့ ဇာကော့ဗ်တို့ကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။

လူစားလဲမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ နှစ်သင်းစလုံးရဲ့ ကစားကွက်ဟာ ပထမပိုင်းကထက် ပိုကောင်းလာခဲ့တာကို တွေ့ရပါတယ်။ ချဲလ်ဆီးအသင်းကလည်း ချေပဂိုးရဖို့အတွက် ဂိုးပေါက်ကို အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပေမယ့် ဗန်ဒါဆား လက်စွမ်းပြနေတာကြောင့် ထင်တိုင်းမပေါက် ဖြစ်ခဲ့ရပါတယ်။ နှစ်ဖက်အသင်းက နောက်ဝင်လာတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ မန်ယူရဲ့ ဟာနန်ဒက်ဇ်နဲ့ ချဲလ်ဆီးရဲ့ စတားရစ်ခ်ျတို့ရဲ့ ကစားပုံဟာ အထင်ကြီးစရာပါ။ သူတို့တွေရဲ့ တိုးအား၊ လှုပ်အား၊ ကြိုးစားမှုတွေကြောင့် ပွဲဟာအတော်လေးကို အသက်ဝင်ခဲ့ပါတယ်။

မန်ယူအတွက် ဒုတိယဂိုးကိုတော့ ညာတောင်ပံက ဗလန်စီယာရဲ့ ချိန်သားကိုက် ပေးပို့မှုကနေတစ်ဆင့် ဟာနန်ဒက်ဇ်က အပြင်းကန်သွင်းပြီး ရယူသွားခဲ့ပါတယ်။ ဂိုးသမားရဲ့ ညာဖက်ထောင့်ကို အပြင်းကန်သွင်းခဲ့ပေမယ့် ဘောလုံးဟာ မျက်နှာကိုလာမှန်ပြီး ဂိုးသမားရဲ့ ဘယ်ဖက်ထောင့်ကို ၀င်သွားခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂိုးဝင်မှာဖြစ်ပေမယ့် ခြေထောက်နဲ့ကန်တဲ့ ဘောလုံးဟာ မျက်နှာကိုမှန်ပြီး ၀င်သွားတဲ့အတွက် ဟာသအဖြစ် ပြောစရာကျန်ရစ်ခဲ့ပါတယ်။ မန်ယူအသင်းသားတွေဟာ ဟာနန်ဒက်ဇ်အပေါ် နွေးထွေးစွာနဲ့ အရေးပေးတာကို တွေ့ရပါတယ်။

ချဲလ်ဆီးရဲ့ ချေပဂိုးကိုတော့ စတားရစ်ခ်ျရဲ့ ကြိုးစားအားထုတ်မှုကြောင့် ပြန်ထွက်လာတဲ့ဘောလုံးကို ကာလူးက ချိန်သားကိုက်သွင်းယူပြီး ရယူခဲ့တာပါ။ ဒီဂိုးဟာ မန်ယူနောက်ခံညာအစွန်လူ အိုရှေးလ်ရဲ့ လူကပ်ကစားပုံ ပေါ့လျော့မှုနဲ့ မကျွမ်းကျင်မှုကြောင့် ပေးလိုက်ရတာ ဖြစ်ပါတယ်။ စတားရစ်ခ်ျရဲ့ ဧရိယာထိပ်က အပြင်းကန်သွင်းချက်ကို ဗန်ဒါဆား ပုတ်ထုတ်ကာကွယ်ခဲ့ပေမယ့်လည်း ပြန်ထွက်လာတဲ့ ဘောလုံးကို ထပ်မံဖျက်ထုတ်ဖို့အတွက် မန်ယူနောက်ခံလူတွေ ရှိမနေခဲ့ဘဲ ကန်သွင်းယူမယ့် ကာလူးကပဲ လွတ်လွတ်ကျွတ်ကျွတ် သွင်းယူသွားခဲ့တာပါ။

ချဲလ်ဆီးရဲ့ ချေပဂိုးဟာ ပွဲအပေါ်မှာ အများကြီးသက်ရောက်သွားခဲ့ပါတယ်။ ချေပဂိုးရသွားတဲ့အတွက် ချဲလ်ဆီးအသင်းဟာ တင်ကစားလာခဲ့ပါတယ်။ နောက်ထပ်ချေပဂိုးတစ်ဂိုး ရရုံနဲ့တင် ပင်နယ်တီကန်သွင်းကြရမှာမို့ နောက်ဆုံးမိနစ်တွေမှာ အသည်းအသန် အားထည့်ခဲ့ကြပါတယ်။ မန်ယူနောက်တန်းနဲ့ အလယ်တန်းကစားသမားတွေရဲ့ ဖျက်ထုတ်ရှင်းလင်းမှုတွေကြောင့်သာ ချေပဂိုးပြန်မပေးခဲ့ရတာ ဖြစ်ပါတယ်။

မန်ယူအတွက် အနိုင်သေချာစေမယ့် အနိုင်ဂိုးကိုတော့ ထပ်ဆောင်းအချိန်ပို ၂ မိနစ်ခန့်မှာ ဘာဘာတော့ဗ်က သူ့ရဲ့ကျွမ်းကျင်မှုကို အသုံးချပြီး လှလှပပ သွင်းယူသွားခဲ့တာပါ။ နာနီရဲ့ မထင်မှတ်တဲ့ ပေးပို့မှုကို တစ်ချက်ထိန်းပြီး ရှေ့ထွက်နေတဲ့ ဂိုးသမားကိုကျော်ပြီး အသာအယာ ပိတ်သွင်းယူသွားပုံက ပရိသတ်တွေအတွက် တသသဖြစ်ပြီး ကျန်ရစ်ခဲ့စေပါတယ်။ အဲဒီဂိုးဟာ ချဲလ်ဆီးရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်ရုံတင်မဟုတ်ဘဲ ပွဲအခြေအနေကိုပါ ငြိမ်သက်သွားစေခဲ့ပါတယ်။ ရလဒ်ပိုင်း အပြောင်းအလဲ မရှိနိုင်တော့တဲ့အတွက် နှစ်သင်းစလုံးဟာ လက်ကျန်မိနစ်ကို ထိန်းကစားပြီး ပွဲပြီးဆုံးစေခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ထူးထူးခြားခြားအဖြစ် နှစ်သင်းစလုံးဟာ အတင်းဝင်၊ အတင်းဖျက် ခပ်ကြမ်းကြမ်း ကစားခဲ့တာမျိုး မရှိခဲ့ဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ ကစားသွားတာပါပဲ။ ဒီနှစ်သင်းတွေ့တိုင်း ပြိုင်ဆိုင်မှုပြင်းထန်ပြီး ခပ်ကြမ်းကြမ်းကစားလေ့ရှိပေမယ့် ဒီနေ့ပွဲမှာ ကစားသွားပုံကိုတော့ ချီးကျူးရပါလိမ့်မယ်။ ရာသီသစ်အစမှာ ဒဏ်ရာအနာတရကြောင့် အဖွင့်ပွဲစဉ်တွေနဲ့ မလွဲချော်ချင်ကြဘူးလို့ ယူဆရပါတယ်။ ခပ်ကြမ်းကြမ်း မကစားကြပေမယ့်လည်း ပွဲရသကိုတော့ အပြည့်အ၀ ခံစားလို့ရအောင် ကစားသွားခဲ့ကြပါတယ်။ ဒိုင်လူကြီးကလည်း အေးအေးဆေးဆေးပဲ ထိန်းသိမ်းသွားခဲ့ပြီး အ၀ါကတ်ပြသခဲ့ခြင်းတောင် မရှိခဲ့တာကို တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့ရဲ့ ကွန်မြူနတီဒိုင်းလုပွဲဟာ ၀င်ဘလေကွင်းထဲက ပရိသတ် ရှစ်သောင်းကျော်တင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးက ဘောလုံးပွဲကြည့်ပရိသတ်တွေကို ကျေနပ်စေခဲ့တဲ့ ပွဲစဉ်တစ်ခုအဖြစ် အသိအမှတ် ပြုရပါတယ်။

manu2010charityshield.jpg

နှစ်သင်းစလုံးရဲ့ ပရိသတ်တွေဟာ သူတို့အားပေးတဲ့ အသင်းတွေရဲ့ ကစားပုံတွေကို မြင်တွေ့ခဲ့ကြရပြီးပြီမို့ ရာသီသစ်မှာ ဘယ်လိုအခြေအနေ ရှိနိုင်မလဲဆိုတာကို ခန့်မှန်းမိနေလောက်ကြပါပြီ။ အခြားအသင်းတွေက ငွေဒရဟောသုံးပြီး ကစားသမားသစ်တွေ ၀ယ်ယူဖြည့်တင်းနေကြပေမယ့် ကိုယ့်အသင်းတွေက ငြိမ်သက်နေကြလို့ အားမလိုအားမရ ဖြစ်ခဲ့ကြရတာတွေလည်း ရပ်တန့်သွားလောက်ပါပြီ။ မန်ယူအသင်းဟာ ယခင်နှစ်ကထက် ပိုကောင်းလာတယ်လို့တောင် ခန့်မှန်းရပါတယ်။ ရွန်းနီတစ်ယောက်တည်း အားပြုကစားတဲ့ ပုံစံကို ဖာဂူဆန်တစ်ယောက် ပြောင်းလဲပစ်လိုက်နိုင်ပြီလို့ ယူဆရပါတယ်။ အဲဒီအချက်ကို သက်သေပြချင်တဲ့အတွက် ဒုတိယပိုင်းမှာ ရွန်းနီကိုထုတ်ပြီး ဘာဘာတော့ဗ်နဲ့ ဟာနန်ဒက်ဇ်ကို တွဲပေးလိုက်သလားလို့တောင် တွေးမိရပါတယ်။ အံ့သြစရာကောင်းတာက ပေါစခိုးလ်နဲ့ ဗန်ဒါဆားတို့ဟာ အသက်ကြီးသွားကြပေမယ့် မပျက်စီးကြသေးတာပါပဲ။ ချဲလ်ဆီးအသင်းက စတားရစ်ခ်ျဟာ ဒီနှစ်ပြိုင်ပွဲတွေမှာ စောင့်ကြည့်ရမယ့် လူငယ်ကစားသမား ဖြစ်လာမယ်ထင်ပါရဲ့။ ပီတာဆက်ခ်ျမရှိတဲ့ ဂိုးပေါက်အတွက် အဖြေတစ်ခုခုရအောင် အန်ဆယ်လော့တီ ဖြေရှင်းဖို့လိုနေတယ်ဆိုတာ သိပြီးဖြစ်နေမယ်လို့ ထင်မိတာပါပဲ။ မန်ယူအတွက်ကတော့ ညာနောက်ခံလူနေရာမှာ နဗီးလ်နဲ့ ရာဖေးလ် နှစ်ယောက်စလုံး ဒဏ်ရာကင်းကင်းနဲ့ ရှိနေမှသာလျှင် စိတ်ချရမယ် ထင်ပါရဲ့ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၉ ရက်၊ တနင်္လာနေ့။
နေ့လည် ၁၂ နာရီ ၅၀ မိနစ်တွင်ပြီး၏။

Sunday, August 08, 2010

ဖတ်မိသမျှ အင်္ဂလန်ဘောလုံးသတင်းများ


၂၀၁၀-၂၀၁၁ ပရီမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲမတိုင်မီ ကျင်းပလေ့ရှိတဲ့ ချာရတီဒိုင်း (သို့မဟုတ်) ကွန်မြူနတီဒိုင်း ပြိုင်ပွဲကို ဒီနေ့ည မြန်မာစံတော်ချိန် ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရှိသူတွေကတော့ ယမန်နှစ် အမှတ်ပေးချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီဖလားနှစ်ခုလုံးကို တစ်သင်းတည်းက ရရှိထားခဲ့မယ်ဆိုရင် အမှတ်ပေးချန်ပီယံနဲ့ ဒုတိယရခဲ့တဲ့အသင်းတို့ ယှဉ်ပြိုင်ကစားရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယမန်နှစ်က ဖလားနှစ်လုံးချန်ပီယံ ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဒုတိယ မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုကြီးမားတဲ့ အသင်းကြီးနှစ်သင်း တွေ့ဆုံပွဲဖြစ်တာကြောင့်မို့ ရန်ပုံငွေပွဲ ဖြစ်ပေမယ့်လည်း တစ်ကမ္ဘာလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်လေ့ရှိတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ လာမယ့်ရာသီသစ်မှာ ဘယ်လိုအသင်းတွေကို မြင်တွေ့ရမလဲဆိုတာကို ကြိုတင်စိတ်ကူး ပုံဖော်တဲ့ပွဲလို့လည်း ဆိုနိုင်ပါတယ်။ ဒီနေ့ညပြိုင်ပွဲအတွက် ဖြစ်နိုင်ဖွယ်ရာ လူစာရင်းကတော့-
မန်ချက်စတာယူနိုက်တက် (၄-၄-၂)
(ဂိုး) ဗန်ဒါဆား၊ (နောက်တန်း) အီဗန်၊ နဗီးလ်၊ ဗီဒစ်၊ အိုရှေးလ်၊ (အလယ်တန်း) ကလီဗာလေး၊ ဖလက်ချာ၊ ဗလန်စီယာ၊ နာနီ၊ (ရှေ့တန်း) ဘာဘာတော့ဗ် (ဟာနန်ဒက်ဇ်)၊ ရွန်းနီ။
ချဲလ်ဆီး (၄-၃-၃)
(ဂိုး) တန်ဘူးလ်၊ (နောက်တန်း) အီဗန်နိုဗစ်၊ တယ်ရီ၊ ဖာရဲယား၊ ကိုးလ်၊ (အလယ်တန်း) အက်ဆီယန်၊ လမ်းပတ်၊ မီခေးလ်၊ (ရှေ့တန်း) ကာလူး၊ အနယ်လ်ကာ၊ မာလူဒါ။
ခန့်မှန်းချက်
သာမန်ပွဲချိန် မိနစ် ၉၀ အတွင်း အရှုံးအနိုင် မပေါ်နိုင်ဘူးလို့ ခန့်မှန်းထားကြပါတယ်။ ပွဲချိန်အတွင်း ဖြစ်နိုင်ဖွယ်ရလဒ်ကတော့ (၀-၀) သို့မဟုတ် (၁-၁) ဖြစ်ပါတယ်။ မိနစ် ၉၀ အတွင်း သရေကျနေရင် အချိန်ပိုကစားရမှာ မဟုတ်ဘဲ ပင်နယ်တီအဆုံးအဖြတ် ကန်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုသာဆိုရင်တော့ မန်ယူရဲ့ ဗန်ဒါဆားနဲ့ ကုဇက်တို့ဟာ ချဲလ်ဆီးရဲ့ တန်ဘူးလ်နဲ့ ဟီလာရီရိုတို့ထက် ပိုအားထားရမယ်လို့ ခန့်မှန်းမိတဲ့အတွက် ပွဲချိန်အတွင်း သရေရလဒ်နဲ့ ပင်နယ်တီမှာ မန်ယူအသင်းက အနိုင်ရသွားမယ်လို့ ခန့်မှန်းထားကြကြောင်းပါဗျာ။

englandhungary.png
အင်္ဂလန်အမှတ်ပေးပြိုင်ပွဲ စတင်ဖို့အတွက် ဘာမှမလိုတော့တဲ့ အချိန်ကာလကို ရောက်နေတဲ့အချိန်ကျမှ အင်္ဂလန်နည်းပြကြီးရဲ့ ဟန်ဂေရီအသင်းနဲ့ ခြေစမ်းပွဲအတွက် လူရွေးချယ်မှုဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။ အသင်းကြီးတွေက အဓိက ကစားသမားတွေကို ခေါ်ယူသုံးစွဲမယ့် သူ့ရဲ့အစီအစဉ်ကို ကလပ်အသင်းနည်းပြတွေ မကျေမနပ်ဖြစ်ကြရတာ အဆန်းတော့ မဟုတ်ပါဘူး။ အထူးသဖြင့် သြဂုတ်လ ၈ ရက်နေ့မှာ ကွန်မြူနတီဒိုင်း ကစားထားကြတဲ့ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းက ကစားသမားတွေကို ရွေးချယ်ခဲ့တာကတော့ ပြောစရာဖြစ်ခဲ့ပါတယ်။ နှစ်ရက်သာခြားပြီး ခြေစမ်းပွဲကစားရမယ့် မန်ယူနဲ့ ချဲလ်ဆီးက ကစားသမားတွေအတွက် ပွဲပန်းပြီးမောပန်းနွမ်းနယ်မှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေကြောင့် သြဂုတ်လ ၁၄ ရက်နေ့မှာ စတင်မယ့် ၂၀၁၀/၁၁ ရာသီသစ်ရဲ့ အဖွင့်ပွဲစဉ်တွေမှာ ကလပ်အသင်းတွေနဲ့အတူ မပါဝင်နိုင်မှာကို စိုးရိမ်နေကြတာပါ။ အခုဆိုရင် နည်းပြတွေကတင်မဟုတ်ဘဲ ပရိသတ်တွေကတောင် နည်းပြကာပယ်လိုရဲ့ လုပ်ရပ်ကို မေးခွန်းထုတ်နေကြပါပြီ။ ကမ္ဘာ့ဖလားပွဲမှာတော့ အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ဘဲ ဘာမဟုတ်တဲ့ ခြေစမ်းပွဲလေးကို အနိုင်ရဖို့အတွက် နာမည်ကြီးကစားသမားတွေကို အကုန်လုံးနီးနီး ခေါ်ယူထားတာဟာ ရယ်စရာလုပ်ရပ်အဖြစ်တောင် ရှုမြင်နေကြပါတယ်။ ကာပယ်လိုရွေးချယ်ခဲ့တဲ့ ကစားသမားစာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်-
(ဂိုးသမား)
ဖော်စတာ (ဘာမင်ဂမ်)၊ ဂျိုးဟတ် (မန်စီးတီး)၊ ရော်ဘင်ဆင် (ဘလက်ဘန်း)
(နောက်တန်း)
ဘရောင်း (မန်ယူ)၊ ကာဟေးလ် (ဘော်လ်တန်)၊ အက်ရှ်လေကိုး (ချဲလ်ဆီး)၊ ဒေါ်ဆန် (စပါး)၊ ဂစ်ဘ်စ် (အာဆင်နယ်)၊ ဂျာဂီးလ်ကာ (အဲဗာတန်)၊ ဂလင်းဂျွန်ဆင် (လီဗာပူးလ်)၊ တယ်ရီ (ချဲလ်ဆီး)
(အလယ်တန်း)
ဘယ်ရီ (မန်စီးတီး)၊ ဂျရတ် (လီဗာပူးလ်)၊ ဂျွန်ဆင် (မန်စီးတီး)၊ လမ်းပတ် (ချဲလ်ဆီး)၊ မီလ်နာ (ဗီလာ)၊ အက်ရှ်လေယန်း (ဗီလာ)၊ ၀ဲလ်ကော့ (အာဆင်နယ်)၊ ၀ီလ်ရှီးယား (အာဆင်နယ်)
(ရှေ့တန်း)
ဒါရင့်ဘန့် (ဆန်းဒါးလန်း)၊ ကာတန်ကိုးလ် (၀က်စ်ဟမ်း)၊ ရွန်းနီ (မန်ယူ)၊ ဇာမိုရာ (ဖူလ်ဟမ်)


၁၄ သြဂုတ် ၂၀၁၀၊ စနေနေ့။
(၁) စပါး နဲ့ မန်စီးတီး
(၂) ဗီလာ နဲ့ ၀က်စ်ဟမ်း
(၃) ဘလက်ဘန်း နဲ့ အဲဗာတန်
(၄) ဘော်လ်တန် နဲ့ ဖူလ်ဟမ်
(၅) ဆန်းဒါးလန်း နဲ့ ဘာမင်ဂမ်
(၆) ၀ီဂန် နဲ့ ဘလက်ပူးလ်
(၇) ၀ုလ်ဗ် နဲ့ စတုတ်
(၈) ချဲလ်ဆီး နဲ့ ၀က်စ်ဘရွန်း
၁၅ သြဂုတ် ၂၀၁၀၊ တနင်္ဂနွေနေ့။
လီဗာပူးလ် နဲ့ အာဆင်နယ်
၁၆ သြဂုတ် ၂၀၁၀၊ တနင်္လာနေ့။
မန်ယူ နဲ့ နယူးကာဆယ်

ကိုးကား
၁။ ကွန်မြူနတီဒိုင်း
၂။ ပရီမီးယားလိဂ်ပွဲစဉ်ဇယား
၃။ အင်္ဂလန်ခြေစမ်းပွဲ

Thursday, July 15, 2010

၂၀၁၀ ကမ္ဘာ့ဖလား သောင်းပြောင်းထွေလာ (၄)


သောင်းပြောင်းထွေလာ (၁၀)

This time for Shakira
wakawakap.jpg
ဒီနှစ်ကမ္ဘာ့ဖလားမှာ ဘယ်ကစားသမားတွေ ထင်ပေါ်ခဲ့ပြီး ဘယ်အသင်းတွေ နာမည်ကျော်ခဲ့သလဲတော့ အတော်စဉ်းစားရတယ်။ ဒါပေမယ့် သေချာတာကတော့ ရှကီရာနဲ့ ကမ္ဘာ့ဖလား၊ ၀ါကာဝါကာနဲ့ ကမ္ဘာ့ဖလားဟာ ရေနဲ့ကြာလို ဖြစ်ခဲ့တာပါပဲ။ မီဒီယာခေတ်ကြီးဆိုတော့လည်း တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာအိုးတွေဟာ အာဖရိကမြေကို အရောက်မသွားနိုင်ခဲ့ပေမယ့် ဂြိုလ်တုစလောင်းတွေကတစ်ဆင့် ကမ္ဘာ့ဖလားကို မြိန်ရည်ရှက်ရည် အားပါးတရ ကြည့်ရှုခံစားခွင့်ရခဲ့တာ အသေအချာပါပဲ။ ကမ္ဘာ့ဖလားပိတ်ပွဲ အခမ်းအနားကို တစ်ကမ္ဘာလုံးကနေ တိုက်ရိုက်ကြည့်ရှုသူ သန်း ၇၀၀ ရှိတဲ့အကြောင်း ဖီဖာကသတင်းထုတ်ပြန်တယ်လို့ ဖတ်လိုက်ရတယ်။ ကဲ... ဘယ်လောက်များ အံ့သြဖို့ကောင်းလိုက်သလဲ။ အဲဒီအရေအတွက်အားလုံးဟာ ဘောလုံးအသင်းအားလုံးကို အားပေးသူတွေ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ကမ္ဘာ့အဆင့် အခမ်းအနားတစ်ခုမို့ စိတ်ဝင်တစား ကြည့်ကြတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့ ဘောလုံးအသင်းအားလုံးကိုသာ မကြည့်ခဲ့ရင် ရှိရလိမ့်မယ်။ ရှကီရာရဲ့ ၀ါကာဝါကာကိုတော့ မကြားဖူးတဲ့သူ၊ မကြည့်ဖူးတဲ့သူ ရှိမယ်မထင်ပါဘူး။ ကမ္ဘာကျော်ရုပ်သံလိုင်းတွေကနေ ကမ္ဘာ့ဖလားပွဲတွေ တိုက်ရိုက်မလာခင်မှာ ရှကီရာကိုတော့ အမြဲတမ်း မြင်တွေ့နေခဲ့ကြမှာပါ။ လက်ကိုင်ဖုန်းတွေရဲ့ ring tone တွေကလည်း Waka Waka ဖြစ်ကုန်တယ်။ ကလေးတွေပါးစပ်ကလည်း Waka Waka တဲ့။ လူကြီးတွေကလည်း Waka Waka အကမှာ ပြုံးလို့ဖြီးလို့။ စီးပွားရေးအကွက် မြင်သူတွေက အခွေတောင် ထုတ်ရောင်းလိုက်သေးတယ်။ ရှကီရာနဲ့ ၀ါကာဝါကာ ပေါက်ပုံကတော့ အံ့ရောဆိုသလိုပဲ။ ရှကီရာကတော့ သီချင်းထဲမှာ ဆိုရှာပါတယ်။ This time for Africa တဲ့။ ကျွန်တော်ကတော့ အဲဒီလို မကြားမိဘူး။ ခေါင်းစဉ်မှာ ပြောထားသလိုပဲ This time for Shakira လို့ပဲ ကြားနေမိတယ်။ :D

သောင်းပြောင်းထွေလာ (၁၁)
မဆီမဆိုင် ကမ္ဘာကျော်သွားရတဲ့ ရေဘ၀ဲပေါလ်
worldcuppauloctopus.jpg
ရှကီရာက ကမ္ဘာ့ဖလားသီချင်းကြောင့် နာမည်ကျော်တာကို လက်ခံလို့ရပါတယ်။ ဒါပေမယ့် မဆီမဆိုင် ဂျာမနီက ရေဘ၀ဲကောင်က ကမ္ဘာကျော်သွားတာကိုတော့ ဘယ်လိုမှကို လက်မခံနိုင်ဘူး။ ဂျာမနီအသင်းရဲ့ ပွဲစဉ်အားလုံးကို မှန်ကန်အောင် ဟောပေးနိုင်ခဲ့တယ်ဆိုပြီး အခုဆိုရင် ပျိုတိုင်းကြိုက်တဲ့ ရေဘ၀ဲ ဖြစ်နေပါရော့လား။ အမယ်လေး... အဲဒီကိုယ်တော်က ဂျာမနီအသင်းပွဲတောင် မဟုတ်တော့ဘူး။ နောက်ဆုံးဗိုလ်လုပွဲမှာ စပိန်အသင်းအတွက်ပါ ခန့်မှန်းပေးခဲ့သေးသတဲ့။ အင်းပေါ့လေ... မဆီမဆိုင် သူ့ဘာသာသူ ဗိုက်ဆာလို့ဝင်စားတဲ့ ကမာကောင်အခန်းတွေမှာ အလံတွေကပ်ထားပြီး ပိုင်ရှင်လုပ်တဲ့လူက အဲဒီအသင်းနိုင်မယ်ဆိုပြီး ရေဘ၀ဲစကားကို ဘာသာပြန်ပေးနေတာကလည်း အံ့သြစရာပါပဲ။ အမယ်မင်း... ကိုယ်တော်ချောရဲ့ ကမာကောင်စားတဲ့ အခမ်းအနားကို နာမည်ကြီးရုပ်သံတွေကတောင် တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ရတဲ့အထိ နာမည်ကျော်သွားတာကိုးဗျ။ ကမ္ဘာ့ဖလားရအောင် အသေအကျေ ကစားခဲ့ရတဲ့ ဇာဗီတို့၊ အင်နီယေစတာတို့၊ ဗီလာတို့၊ ပူယိုးလ်တို့၊ ရာမို့စ်တို့ကိုတောင် သနားနေမိသေးတော့တယ်။ သူတို့ခမျာ ရေဘ၀ဲကြောင့် ဖလားရခဲ့သလိုတောင် ဖြစ်နေကြပြီလား မသိပါဘူး။ အင်နီယေစတာကို လူတိုင်းမသိပေမယ့် ဂျာမနီက ရေဘ၀ဲကို တစ်ကမ္ဘာလုံးသိသွားတာကတော့ "မဆီလေတဲ့မှအိုမဆိုင်"လို့သာ ကျွန်တော်ကိုဉာဏ် အော်လိုက်ချင်တော့တာပါပဲဗျာ။ အဲဒီရေဘ၀ဲကောင်ကို မနာလိုတောင် ဖြစ်မိသေးတော့တယ်။ :D

သောင်းပြောင်းထွေလာ (၁၂)
နိုင်နိုင်ရှုံးရှုံး ချွတ်မှာပဲ
paraguaylarrisa.jpg
ဒီနှစ်ကမ္ဘာ့ဖလားကလည်း အတော်လေးတော့ ရယ်စရာအကောင်းသားဗျ။ ဖတ်ရသမျှ၊ ကြားရသမျှ၊ မြင်ရသမျှက ဘာတွေမှန်းကို မသိပါဘူး။ တကယ့်ကို ကဘောက်တိကဘောက်ချာတွေချည်းပါပဲ။ အဲဒီအထဲမှာ တစ်ခုအပါအ၀င်ကတော့ ပါရာဂွေးမော်ဒယ် လာရီဆာပဲ။ ပါရာဂွေးနဲ့စပိန် ကွာတားဖိုင်နယ်မှာတွေ့တယ်။ အဲဒီမော်ဒယ်က ပါရာဂွေးသူမို့ ပါရာဂွေးအသင်းကို အားပေးတာ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမယ့် ပါရာဂွေးအသင်းဟာ စပိန်အသင်းကို အနိုင်ရခဲ့မယ်ဆိုရင် အ၀တ်အစားမပါဘဲ ၀တ်လစ်စလစ်နဲ့ လမ်းပေါ်မှာလျှောက်ပြေးပြီး အောင်ပွဲခံမယ်ဆိုတော့ တစ်ကမ္ဘာလုံးက ပုရိသတွေ လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။ ပါရာဂွေးအသင်း နိုင်ပါစေလို့တောင် တစ်ကမ္ဘာလုံးက ၀ိုင်းဆုတောင်းရမလို ဖြစ်ကုန်ကြတယ်။ သူ့အရင် အဲဒီလိုစကား ပြောဖူးတာက မာရာဒိုနာပါ။ အာဂျင်တီးနားအသင်းသာ ကမ္ဘာ့ဖလားရခဲ့မယ်ဆိုရင် အ၀တ်မပါဘဲ အာဂျင်တိုင်းမြို့တော်မှာ လျှောက်ပြေးမယ်လို့ ပြောထားခဲ့ဖူးတယ်။ သူက အသင်းကိုကိုင်တွယ်နေတဲ့ နည်းပြ၊ ပြီးတော့ တစ်ချိန်က ကမ္ဘာ့ဖလားဆုရ အာဂျင်တီးနားအသင်းရဲ့ ဂန္ထ၀င်ကစားသမား။ အဲဒီလိုလူက နည်းပြဘ၀နဲ့ နောက်တစ်ကြိမ်ဖလားရမယ်ဆိုရင် ဘယ်လောက်ပျော်မလဲဆိုတာ ခန့်မှန်းကြည့်လို့ရတယ်။ အခုတော့ မရွှေမော်ဒယ်လာရီဆာက ပါရာဂွေးအသင်းကို အားပေးသလိုလိုနဲ့ သူနာမည်ကြီးအောင် လုပ်ချလိုက်တာ ဘာပြောရမှန်းတောင် မသိတော့ဘူး။ အားလုံးကလည်း အဲဒီပွဲကို စိတ်ဝင်စားကြပါတယ်။ ဟော... ဖြစ်ချင်တော့ ပါရာဂွေးအသင်းက စပိန်အသင်းကို ရှုံးသွားပါလေရော။ ပုရိသတွေကတော့ တောက်တခေါက်ခေါက်နဲ့ နာလိုက်တာကွာပေါ့။ ဟားဟားဟား... အဲဒီအချိန်မှာပဲ မော်ဒယ်မက ဘာပြောသလဲဆိုတော့ ပါရာဂွေးအသင်းဟာ ကွာတားအဆင့်အထိ ရောက်ရှိအောင် ကစားခဲ့တဲ့အတွက် သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ချွတ်ပြီးပြေးပါ့မယ်တဲ့။ ကိုင်း၊ ကောင်းရောပေါ့။ အစောကြီးကတည်းက ကျွန်မနိုင်ငံ ပါရာဂွေးအသင်း နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အ၀တ်အစားမပါဘဲ လမ်းပေါ်မှာ ပြေးပြပါမယ်ဆိုလည်း ပြီးတာပဲကို။ သူ့ဟာသူ ချွတ်ချင်တာနဲ့ပဲ မဆီမဆိုင် ပါရာဂွေးအသင်းက ဓားစာခံဖြစ်သွားရသေးတယ်။ နောက်ဆုံးသတင်းကတော့ အ၀တ်အစားမပါဘဲ ဓာတ်ပုံအရိုက်ခံတာနဲ့ပဲ ပြီးသွားပါတယ်တဲ့။ လမ်းပေါ်မှာတော့ လျှောက်မပြေးဖြစ်ပါဘူး။ အင်း၊ အဲဒါကြောင့် တစ်ခါတလေလည်း စဉ်းစားမိတယ်။ ငါတို့ မြန်မာအသင်း ကမ္ဘာ့ဖလားပွဲ ၀င်မပြိုင်သေးတာပဲ ခပ်ကောင်းကောင်းရယ်လို့။ မဟုတ်ရင်....။ :D

ဆက်ပါဦးမယ်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်၊ ကြာသပတေးနေ့။
နံနက် ၉ နာရီ ၅၄ မိနစ်တွင်ပြီး၏။

Tuesday, July 13, 2010

AWARDS FOR 2010 FIFA WORLD CUP, SOUTH AFRICA


ချန်ပီယံဒုတိယတတိယ
စပိန်နယ်သာလန်ဂျာမနီ
မှတ်ချက်။ ဗိုလ်လုပွဲတွင် စပိန်အသင်းနှင့် နယ်သာလန်အသင်းတို့ မိနစ် ၉၀ အတွင်း သရေကျနေသဖြင့် အချိန်ပို ဆက်လက်ကစားခဲ့ရာ စပိန်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ စပိန်အသင်းအတွက် အနိုင်ဂိုးကို ကွင်းလယ်လူ အင်နီယေစတာက ပွဲချိန် ၁၁၆ မိနစ်၌ သွင်းယူပေးခဲ့သည်။ တတိယနေရာအတွက်မူ ဂျာမနီအသင်းက တောင်အမေရိကထိပ်သီး ဥရုဂွေးအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ရွှေဘောလုံးဆုငွေဘောလုံးဆုကြေးဘောလုံးဆု
ဖော်လန် (ဥရုဂွေး)စနိုက်ဒါ (နယ်သာလန်)ဒေးဗစ်ဗီလာ (စပိန်)
မှတ်ချက်။ ရွှေဘောလုံးဆုအတွက် ဥရုဂွေးအသင်းကို တတိယလုပွဲသို့ရောက်အောင် ဦးဆောင်ကစားနိုင်ခဲ့သည့် ဒီယေဂိုဖော်လန်အား ပေးအပ်ချီးမြှင့်ခဲ့သည်။ ၃၁ နှစ်သား ဖော်လန်သည် မည်သူမျှ ထင်မှတ်မထားသည့် ဥရုဂွေးအသင်းကို ဆီမီးဖိုင်နယ်အထိရောက်အောင် ဆွဲခေါ်ခဲ့ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဥရုဂွေးအသင်း၏ ပွဲစဉ်တိုင်းတွင် သူမတူအောင် ခြေစွမ်းပြကစားခဲ့မှုများကြောင့် အကောင်းဆုံးကစားသမားဆု (ရွှေဘောလုံးဆု) ကို ရရှိခဲ့ခြင်းဟု သုံးသပ်မိပါသည်။ ဟော်လန်အသင်းကို ဗိုလ်လုပွဲအထိရောက်အောင် အဆုံးအဖြတ်သွင်းဂိုးများ၊ အကောင်းဆုံး ဂိုးဖန်တီးမှုများဖြင့် ကူညီနိုင်ခဲ့သော စနိုက်ဒါအား ငွေဘောလုံးဆုနှင့် စပိန်အသင်း၏ နိုင်ပွဲများအတွက် အဖိုးတန်ဂိုးများကို သွင်းယူပေးခဲ့သည့် ဒေးဗစ်ဗီလာအား ကြေးဘောလုံးဆု ပေးအပ်ခဲ့သည်။ မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီ၊ ရှဝိန်းစတိုင်ဂါ၊ ရော်ဘင်၊ အိုဇီးလ်၊ အဆာမိုဂီယန်တို့မှာမူ ဆုရရှိခဲ့ခြင်း မရှိဘဲ ဆန်ခါတင်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ကြရသည်။

ရွှေဖိနပ်ဆုငွေဖိနပ်ဆုကြေးဖိနပ်ဆု
မူလာ (ဂျာမနီ)ဒေးဗစ်ဗီလာ (စပိန်)စနိုက်ဒါ (နယ်သာလန်)
မှတ်ချက်။ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုအတွက် (၅)ဂိုးစီ သွင်းယူထားကြသည့် မူလာ (ဂျာမနီ)၊ ဗီလာ (စပိန်၊ ဖော်လန် (ဥရုဂွေး) နှင့် စနိုက်ဒါ (နယ်သာလန်) စသည့် ကစားသမား (၄)ဦး တူညီနေခဲ့သော်လည်း ဂိုးရအောင်ဖန်တီးပေးနိုင်မှုတွင် မူလာက (၃)ကြိမ်ဖြင့် အမှတ်အများဆုံးရကာ ရွှေဖိနပ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

အကောင်းဆုံး
လူငယ်ကစားသမားဆု
အကောင်းဆုံးဂိုးသမားဆု
(ရွှေလက်အိတ်)
အသန့်ရှင်းဆုံး
အသင်းဆု
မူလာ (ဂျာမနီ)ကားဆီးလက်စ် (စပိန်)စပိန်အသင်း

ကိုးကား - FIFA Website

2010 World Cup Review (Final, 11 July)


2010finald.png

နယ်သာလန် ၀ - ၀ စပိန်
(အချိန်ပိုတွင် စပိန်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသည်)

ချန်ပီယံသစ်ဆိုတဲ့ ကမ္ဘာ့ဖလားသမိုင်းသစ်နဲ့ မိမိတို့နိုင်ငံအတွက် ပထမဆုံးသော ကမ္ဘာ့ဖလားချန်ပီယံအဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးမယ့်ပွဲ ဖြစ်တာနဲ့အညီ နှစ်သင်းစလုံးဟာ ရေကုန်ရေခန်း မညှာတမ်း၊ မလျော့တမ်း ကစားသွားခဲ့ကြတာမို့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တယ်လို့ သုံးသပ်ရပါတယ်။

ဖိုင်နယ်ကို နှစ်ကြိမ်တက်ခဲ့ဖူးပေမယ့် ဖလားမရဖူးတဲ့ ဟော်လန်အသင်းဟာ တတိယအကြိမ်မြောက် ဖိုင်နယ်ရောက်ရှိမှုမှာတော့ ကမ္ဘာ့ဖလားကို လိုချင်နေမှာ ဗေဒင်မေးစရာမလိုတဲ့ အချက်ပါ။ သူတို့အတွက် ပိုပြီးတော့ တွန်းအားဖြစ်စေတာက ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွေမှာ တစ်ပွဲမှ ရှုံးပွဲမရှိသေးခြင်းပါပဲ။ တကယ်လို့သာ စပိန်ကို အနိုင်ရပြီး ဗိုလ်စွဲခဲ့မယ်ဆိုရင် ရှုံးပွဲမရှိ ကမ္ဘာ့ဖလားကို ရယူခဲ့တဲ့အသင်းဆိုပြီး သမိုင်းမှတ်တမ်းတစ်ခုကိုပါ အပိုဆုကြေးအဖြစ် ရရှိဦးမှာပါ။

စပိန်အသင်းကတော့ သူတို့နိုင်ငံအသင်းရဲ့ သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြိုင်ပွဲမစတင်မီက ရေပန်းအစားဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းဖို့အတွက် အသင့်ဖြစ်နေခဲ့ပါတယ်။ အုပ်စုအဆင့်မှာ အိမ်ပြန်ရတော့မလားလို့တောင် ပရိသတ်တွေက စိုးရိမ်ခဲ့ကြရပေမယ့် နောက်ဆုံးတော့လည်း ဗိုလ်လုပွဲအဆင့်ထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဂျာမနီကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို ရောက်လာခဲ့တာဟာ သူတို့အတွက် အကြီးမားဆုံးယုံကြည်မှု ဖြစ်စေခဲ့ပါတယ်။

ဟော်လန်အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ရော်ဘင်၊ ဗန်ပါစီ၊ စနိုက်ဒါ၊ ဗွန်းမဲလ်၊ ကူရစ် စသည်ဖြင့် အဓိက ကစားသမားအစုံနဲ့ ပွဲထွက်လာခဲ့သလို၊ စပိန်အသင်းကလည်း ဒေးဗစ်ဗီလာ၊ အင်နီယေစတာ၊ ဇာဗီ၊ အလွန်ဆို စသူတို့နဲ့ လူစုံခဲ့ပါတယ်။ ဟော်လန်အသင်းက ဟန်တယ်လာနဲ့ ဗန်ဒါဗတ်ကို အရံခုံမှာ ထိုင်ခိုင်းထားခဲ့ပြီး၊ စပိန်အသင်းကလည်း တောရက်စ်၊ ဖာဘရီဂတ်စ်နဲ့ ဒါလ်ဆေးဗားတို့ကို ပွဲထွက်အဖြစ် မသုံးခဲ့ပါဘူး။

ဥရောပနှစ်သင်း ဆုံတွေ့တာမို့ အပြန်အလှန်ထိန်းကစားပြီး ပျင်းစရာကောင်းတော့မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် တကယ်တမ်း ကစားရာမှာတော့ အပြန်အလှန် ထိုးဖောက်ကစားသွားခဲ့ကြပြီး ကြည့်ကောင်းခဲ့ပါတယ်။ ခွန်အားနဲ့ လျင်မြန်မှုတွေကိုသုံးပြီး အဝေးဘောတွေနဲ့ ကစားသွားခဲ့ပြီး ဥရောပဟန်ကို အပြည့်အ၀ ခံစားခွင့်ရခဲ့ပါတယ်။ ကစားသမားတွေကလည်း ရင်းနှီးနေပြီးသားတွေမို့ ဘယ်သူက ဘယ်လိုကစားပေါက်ရှိတယ်၊ ဘယ်လိုလှည့်စားတတ်တယ်ဆိုတာကို သိနေခဲ့တာကြောင့်လည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း စပိန်ရဲ့ ဒေးဗစ်ဗီလာနဲ့ ဟော်လန်ရဲ့ ရော်ဘင်တို့ဟာ ယခင်ပွဲတွေလိုမျိုး စိတ်ထင်တိုင်းမပေါက် ဖြစ်ခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ ဟော်လန်အသင်းရဲ့ ခပ်ကြမ်းကြမ်းကစားပုံကြောင့် စပိန်အသင်းရဲ့ အလယ်တန်းကစားကွက် ပျက်ခဲ့ရပါတယ်။ ဘောလုံးကို ကိုင်ကစားတတ်တဲ့ အင်နီယေစတာနဲ့ ဇာဗီတို့ရဲ့ အလယ်တန်းဟာ စိတ်ကြိုက်အကွက်ဆင်ခွင့် မရရှိခဲ့ဘဲ ဟော်လန်အသင်းရဲ့ အတင်းဝင်၊ အတင်းဖျက် ကစားပုံကြောင့် ရစ်သမ်ပျက်ခဲ့ရပါတယ်။ အဲဒါကြောင့်လည်း နှစ်သင်းစလုံးဟာ ဘောလုံးအပေးအယူ အချိတ်အဆက်မိမိနဲ့ ခပ်စိတ်စိတ် ကစားတာထက် အမြင့်ဘောတွေနဲ့ ကန်တင်ပြေးပုံစံသာ ဖြစ်နေခဲ့ပါတယ်။

ဟော်လန်အသင်းရဲ့ တိုက်စစ်အားလုံးနီးပါးကို ရော်ဘင်ဆီက စတင်ပြီး စပိန်အသင်းကတော့ နောက်ခံလူရာမို့စ် ရှေ့တက်လာတဲ့အချိန်မှာ တိုက်စစ်အရှိန် မြင့်တတ်တာကို စိတ်ဝင်စားဖွယ် တွေ့ခဲ့ရပါတယ်။ ကစားပြီးခဲ့သမျှ စပိန်အသင်းတွေရဲ့ ပွဲစဉ်တွေမှာ ရာမို့စ်ရဲ့ ကစားပုံဟာ အံ့သြစရာပါ။ ကလပ်အသင်းမှာတောင် မမြင်ရတဲ့ ခြေစွမ်းတွေကို ရာမို့စ်က ထုတ်ပြနိုင်ခဲ့ပါတယ်။ ဟော်လန်အသင်းရဲ့ စနိုက်ဒါနဲ့ စပိန်အသင်းရဲ့ ဇာဗီတို့ အရင်နေ့က ခြေစွမ်းတွေကိုမမီဘဲ သာမန်ဖြစ်နေခဲ့တာက နှစ်သင်းစလုံးအတွက် နစ်နာလှပါတယ်။

နှစ်သင်းစလုံးရဲ့ ထိုးဖောက်ဂိုးသွင်းမှုတွေကို ဂိုးသမားနှစ်ဦးလုံးက ကာကွယ်သွားနိုင်ခဲ့တဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ အပိုင်ဂိုးရမယ့် အခွင့်အရေးတွေ နှစ်သင်းစလုံးမှာ ကြုံခဲ့ရပေမယ့် ရှေ့တန်းတိုက်စစ်မှူးတွေ အံ့သြလောက်အောင် ဂိုးကံခေခဲ့တာကတော့ စိတ်ပျက်စရာပါ။ ဟော်လန်အသင်းက ကစားကွက်အသာစီး ရခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။

ဒီနေ့ပွဲမှာ ပြောစရာဖြစ်အောင် ညံ့ခဲ့တာကတော့ အင်္ဂလန်ကွင်းလယ်ဒိုင် ဟောင်းဝက်ဘ်ပါ။ အလွန်အကျွံပွဲထိန်းမှုကြောင့် ဘောလုံးပွဲရသကို ရသင့်သလောက် မရခဲ့ပါဘူး။ ဘောလုံးပွဲအရှိန် မြင့်တက်လာပြီဆိုတာနဲ့ ဒိုင်လူကြီးရဲ့ ခရာသံကြောင့် ရပ်တန့်သွားခဲ့တာကို တွေ့ရပါတယ်။ ပြေးနေတဲ့မြင်းကို ဇက်ကြိုးဆွဲလိုက်သလို၊ အရှိန်တက်နေတဲ့ ဘောလုံးပွဲကို ခရာသံတွေနဲ့ အရုပ်ဆိုးအကျည်းတန်အောင် လုပ်ပစ်ခဲ့ပါတယ်။ နှစ်ဖက်ကစားသမားတွေကို သူ့ကိုကြောက်လာအောင် တမင်လုပ်နေခဲ့တယ်လို့တောင် ထင်မိပါတယ်။ တစ်ကမ္ဘာလုံး ကြည့်နေတဲ့ပွဲမှာ အင်္ဂလိပ်တစ်ယောက်ရဲ့ပါဝါကို ပြချင်တဲ့စိတ်မျိုးနဲ့ လုပ်ပြနေသလား ဟောင်းဝက်ဘ်ရယ်လို့တောင် မေးလိုက်ချင်သေးတော့တယ်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ ဟောင်းဝက်ဘ်ပြခဲ့တဲ့ ကတ်တွေကို ကြည့်ပါဦး။ အ၀ါကတ် (၁၄)ကတ်နဲ့ အနီကတ် (၁)ကတ် ဆိုတဲ့အရေအတွက်ဟာ မှတ်တမ်းသစ်များလား မဆိုနိုင်ဘူး။ ဗိုလ်လုပွဲဟာ ဘောလုံးကန်တဲ့ပွဲမဟုတ်ဘဲ ခရာမှုတ်တဲ့ပွဲ ဖြစ်နေခဲ့တယ်လို့ ဝေဖန်ချင်ပါတယ်။ နယ်သာလန်ဘက်က (၂၈)ကြိမ်နဲ့ စပိန်ဘက်က (၁၉)ကြိမ် ပေးခဲ့ရတယ်ဆိုတဲ့ foul အရေအတွက်ဟာ နှစ်မိနစ်ကို တစ်ကြိမ်နှုန်းနဲ့ ပြစ်ဒဏ်ဘောတွေ ပေးနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ နှစ်မိနစ်တစ်ခါ ခရာမှုတ်နေတဲ့ ဘောလုံးပွဲတစ်ခုဟာ ဘယ်လိုလုပ်ပြီး ရသအပြည့်အ၀ ရနိုင်တော့မလဲဗျာ။

ရော်ဘင်က အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့သလို၊ ဒေးဗစ်ဗီလာနဲ့ ပတ်ဒရိုကလည်း ဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့်လည်း မိနစ် ၉၀ ပြည့်တဲ့အထိ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ရတယ်။ အချိန်ပို ၃၀ မိနစ်အတွက် နှစ်သင်းလုံး ဆက်လက်တိုက်ပွဲဝင်ကြတယ်။

အချိန်ပိုမှာလည်း တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဂိုးတွေသွင်းနေကြပေမယ့် ဂိုးရခဲ့ခြင်းမရှိဘူး။ သရေကျပြီး ပင်နယ်တီအထိ ရောက်တော့မယ်လို့ အားလုံးက တွက်ဆထားကြတာပါ။ နှစ်သင်းစလုံးကလည်း အပြည့်အ၀ အားထည့်ကစားခြင်း မရှိတော့ဘဲ အမှားကိုစောင့်ပြီး တန်ပြန်တိုက်စစ်တွေကိုပဲ အားကိုးခဲ့တယ်။ ရော်ဘင် ကျသွားခဲ့သလို လူစားဝင် တောရက်စ်လည်း နာသွားခဲ့တယ်။

အချိန်ပိုပြည့်ဖို့ ၄ မိနစ်ပဲလိုတော့တဲ့အချိန်ကျမှ စပိန်အသင်းရဲ့ တန်ပြန်တိုက်စစ်တစ်ခုဟာ ဟော်လန်ဂိုးစည်းထဲကို ရောက်လာခဲ့တယ်။ တင်ပေးလိုက်တဲ့ ဘောလုံးကို ဟော်လန်နောက်ခံလူတွေ အသေအချာဖျက်လို့ ရပါလျက်နဲ့ ပေါ့ဆခဲ့ကြတယ်။ နောက်မှာ လူကပ်ခံထားရခြင်း မရှိတဲ့ အင်နီယေစတာဆီကို ဘောလုံးရောက်တယ်။ ခြေခွင်နဲ့ တစ်ချက်ထိန်းတယ်၊ အသာလေးမြောက်လာတဲ့ ဘောလုံးကို ထိချက်မှန်မှန်၊ ကန်ချက်ပြင်းပြင်းနဲ့ လွှဲကန်လိုက်တယ်။ ကမ္ဘာ့အကောင်းဆုံး အလယ်တန်းလူတွေထဲက တစ်ဦးဖြစ်တဲ့ ဘာကာကစားသမားရဲ့ ကန်ချက်ကို ဟော်လန်ဂိုးသမား ဘယ်လိုလုပ် ဖမ်းနိုင်မလဲဗျာ။ လာရာလမ်းကြောင်းကို သိနေပေမယ့်လည်း အနီးကပ်တည်ပြီး အပြင်းကန်သွင်းတာကြောင့် ဘောလုံးရဲ့အမြန်နှုန်းကို ဂိုးသမားရဲ့ လှုပ်ရှားမှုက လိုက်မမီခဲ့ဘူး။ ပိုက်နဲ့ဘောလုံး ထွေးကနဲဖြစ်သွားချိန်မှာ အင်နီယေစတာက အင်္ကျီကိုချွတ်ပြီး ကွင်းပတ်အောင်ပွဲခံနေပြီ။ လက်ကျန် ၄ မိနစ်မှာ ဟော်လန်တို့ ဘာများတတ်နိုင်ဦးမှာလဲ။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ရှစ်သင်းမြောက် ချန်ပီယံအသင်းသစ်အဖြစ် စပိန်အသင်းက မှတ်တမ်းရေးထိုးသွားခဲ့ပါပြီ။ ဟော်လန်အသင်းကတော့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
iniesta.png
Man of the Match - အင်နီယေစတာ (စပိန်)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်၊ အင်္ဂါနေ့။
နံနက် ၁၁ နာရီ ၃၁ မိနစ်တွင်ပြီး၏။

Monday, July 12, 2010

2010 World Cup Review (3rd Place, 10 July)


3rdplacej.png
တစ်ခုတည်းသော တောင်အမေရိကတိုက်လက်ကျန် ဥရုဂွေးအသင်းနဲ့ ဥရောပတိုက်ရဲ့ ကမ္ဘာ့ဖလားသမိုင်း အစဉ်အလာအကြီးဆုံး ဂျာမနီတို့ပွဲဟာ နိုင်ငံအသင်းရဲ့ ဂုဏ်သိက္ခာအတွက်၊ ပရိသတ်တွေအတွက် ရေကုန်ရေခမ်း ကြိုးစားကစားခဲ့ကြတာမို့ ပွဲကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာကတော့ ဒီနေ့ပွဲမှာ ဂျာမနီအသင်းရဲ့ လူထုတ်ပုံပါပဲ။ လူငယ်အများစုကို ပွဲထွက်ကစားခွင့်ပေးခဲ့တာ တွေ့ရပါတယ်။ ဒဏ်ရာရနေတဲ့ ကလိုဆေး၊ ဖိလစ်လမ်းတို့ကို အနားပေးခဲ့ပြီး ရှဝိန်းစတိုင်ဂါကို အသင်းခေါင်းဆောင်ခန့်ပြီး တိုက်ပွဲဝင်စေခဲ့ပါတယ်။ ဥရုဂွေးအသင်းကလည်း ဖော်လန်နဲ့အတူ ပွဲပယ်ပြစ်ဒဏ်က ပြန်လွတ်လာခဲ့တဲ့ ဆွာရက်ဇ်ကို အဓိကထားပြီး ယှဉ်ပြိုင်ခဲ့တယ်။

ဂျာမနီအသင်းမှာ မူလာပြန်ပါလာတာဟာ အတိုင်းအတာတစ်ခုအထိ သိသာခဲ့ပြီး ကံဆိုးစွာဘဲ အိုဇီးလ်ခြေမပေါ်ခဲ့တာကတော့ ဆိုးဝါးခဲ့ပါတယ်။ မူလာနဲ့အိုဇေးလ် အတွဲအဖက်မမိ ဖြစ်နေခဲ့တာကပဲ ဥရုဂွေးတို့ကို ကံကောင်းစေခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်က အသင်းခေါင်းဆောင် ရှဝိန်းစတိုင်ဂါ ဒီနေ့ပွဲမှာ အထူးခြေပေါ်အောင် ကစားနိုင်ခဲ့တာ ကျေနပ်စရာပါ။

အသင်းလိုက်ခြေစွမ်းကိုကြည့်မယ်ဆိုရင် ဒီနေ့ပွဲမှာ ဥရုဂွေးအသင်းကတောင် ပိုကောင်းတယ်လို့ ဆိုရပါမယ်။ ဥရုဂွေးအသင်းရဲ့ အချိတ်အဆက်မိမိ အမြန်ပေးတွဲလုံးတွေကို ဂျာမနီနောက်တန်း အသည်းအသန် ဖျက်ထုတ်ကာကွယ်ခဲ့ရပါတယ်။ ဥရုဂွေးအသင်းက ဖိကစားနေခဲ့ပေမယ့် ဂိုးရသွားတာကတော့ ဂျာမနီအသင်းပါ။ ရှဝိန်းစတိုင်ဂါက အမှတ်မထင် အဝေးကန်ချက်ပြင်းကို ဥရုဂွေးဂိုးသမား ပုတ်ထုတ်ရာမှာ ဂိုးရှေ့ကို ပြန်ကျလာပြီး အသင့်လိုက်လာတဲ့ မူလာကပဲ ဒီနှစ်ကမ္ဘာ့ဖလားမှာ သူ့ရဲ့ ပဉ္စမမြောက်ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ ရှဝိန်းစတိုင်ဂါရဲ့ ကန်ချက်ပြင်းထန်တိကျမှု၊ ဂိုးသမားရဲ့ နည်းစနစ်အားနည်းမှု၊ မူလာရဲ့ ကျွမ်းကျင်မှုတွေကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဂိုးသမားအနေနဲ့ အဲဒီလိုဘောလုံးတွေကို ဂိုးလွန်ဘောဖြစ်အောင် ရှင်းထုတ်သင့်ပေမယ့် မကျွမ်းကျင်မှုကြောင့် ဂိုးရှေ့ကိုပဲ ပြန်ပုတ်ထုတ်ခဲ့မိတာ ဖြစ်ပါတယ်။ စတိုင်ဂါရဲ့ ကန်ချက်ပြင်းတာလည်း ခက်ခဲစေခဲ့သလားတော့ မဆိုနိုင်ဘူး။ လူကျွံဘောလို့ ထင်ခဲ့ကြပေမယ့် ဂိုးသွင်းယူသွားတဲ့ မူလာက လုံးဝလူကျွံခြင်း မရှိခဲ့ပါဘူး။ သူ့ရဲ့ နည်းစနစ်ကျွမ်းကျင်မှုကြောင့် ပြန်ထွက်လာတဲ့ ဘောလုံးနောက်ကို လူကျွံထောင်ချောက်ကနေ လွတ်အောင်ရုန်းထွက်ပြီး ပြေးလိုက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ညာခြေခွင်နဲ့ အသာလေးပဲ ပိတ်သွင်းပြီး ဂိုးယူသွားခဲ့တာပါ။

ဂိုးပေးလိုက်ရတဲ့အတွက် ဥရုဂွေးကစားပုံ ပိုကောင်းလာခဲ့ပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဂျာမနီနောက်တန်း ကစားပုံကောင်းနေခဲ့တာကြောင့် ထင်တိုင်းမပေါက် ဖြစ်နေခဲ့ပါတယ်။ ၂၈ မိနစ်မှာတော့ အလယ်ဘီးကုပ်စက်ဝိုင်းနားမှာ ရှဝိန်းစတိုင်ဂါဆီက လျှောထိုးဖျက်ထုတ်ရယူပြီး အလိုက်သင့်ခင်းပေးလိုက်တဲ့ ဘောလုံးကို ဥရုဂွေးအသင်းက ကာဗာနီက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး အဖိုးတန်ချေပဂိုး ရယူခဲ့ပါတယ်။

တစ်ဂိုးစီသရေဖြစ်သွားတဲ့အတွက် ပွဲဟာပိုပြီး အကြိတ်အနယ် ဖြစ်လာခဲ့ပါတယ်။ သူတစ်ပြန် ကိုယ်တစ်လှည့် တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ခပ်ကြမ်းကြမ်းကစားခဲ့တဲ့ ဥရုဂွေးရဲ့ ကစားဟန်ကြောင့် ဂျာမနီတို့ ထင်တိုင်းမပေါက် ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ပထမပိုင်းမှာ ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ တစ်ဂိုးစီသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ကစားကွက်ကောင်းနေတဲ့ ဥရုဂွေးတို့ကပဲ ပွဲကိုစိုးမိုးခဲ့ပါတယ်။ အဲဒါကြောင့်လည်း ဒုတိယပိုင်းပွဲချိန် ၅၁ မိနစ်မှာ ညာတောင်ပံက တင်ပေးလိုက်တဲ့ဘောလုံးကို ဒီယေဂိုဖော်လန်က အံ့သြဖွယ်ရာ အဆုံးသတ်မှုအဖြစ် လှလှပပ ကန်သွင်းခဲ့ပါတယ်။ ဖော်လန်ရဲ့ဂိုးဟာ အဆင့်မြင့်လွန်းပြီး ဘယ်လိုမှမထင်မှတ်တဲ့ အနေအထားနဲ့ သွင်းယူသွားခဲ့တာပါ။ ဂျာမနီဂိုးသမား လှုပ်တောင်မလှုပ်လိုက်ရဘဲ မတ်တတ်ရပ်ရင်း လိုက်ကြည့်နေခဲ့ရတာပါ။

တစ်ဂိုးရှုံးသွားတဲ့ ဂျာမနီအသင်းဟာ အဲဒီအချိန်ကျမှ အိပ်ပျော်ရာကနေ နိုးလာသူတစ်ယောက်လို ချေပဂိုးရဖို့အတွက် ပြန်လည်တိုက်စစ်ဆင်မှုတွေ လုပ်လာခဲ့ပါတယ်။ ရှဝိန်းစတိုင်ဂါနဲ့ မူလာတို့နှစ်ယောက်က ကွက်လပ်တွေကို လိုက်ဖြည့်ပြီး ကစားသွားခဲ့တဲ့အတွက် ကစားပုံပြန်ကောင်းလာခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ၅၆ မိနစ်မှာ ဂျန်ဆန်က ချေပဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ဘော ကန်တင်ပေးလိုက်တဲ့ဘောလုံးဟာ ခေါင်းကိုမှန်ပြီး ၀င်သွားခဲ့တာဖြစ်ပါတယ်။

နှစ်ဂိုးစီသရေမို့ နှစ်သင်းစလုံးဟာ အမှားအယွင်းမခံတော့ဘဲ ထိန်းကစားလာတာ တွေ့ရပါတယ်။ ဥရုဂွေးအသင်းက သက်လုံးကျပြီး ဖော်လန်နဲ့တွဲဖက် မကစားနိုင်တဲ့ ကာဗာနီကို စောစောစီးစီး လူစားမလဲခဲ့တာလည်း နည်းပြရဲ့ မှားယွင်းမှုတစ်ခုပါပဲ။ ကာဗာနီဟာ ဖော်လန်အကွက်ဆင်ပေးသမျှကို မသုံးမချနိုင်ခဲ့ဘဲ ဖြုန်းတီးပစ်ခဲ့ပါတယ်။ ညာဖက်ခြမ်းက ဆွာရက်ဇ်ကတော့ အံ့သြဖွယ်ရာခြေစွမ်းတွေ ပြသခဲ့ပါတယ်။ သေချာပေါက်ဂိုးရမယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးကံခေခဲ့တာကြောင့်သာ ဂိုးမရခဲ့တာပါ။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံးရဲ့ ဂိုးသမားတွေဟာ နည်းစနစ်အမှားတွေ အများကြီးလုပ်ခဲ့ကြပါတယ်။ ဖော်လန်ရဲ့ဂိုးကလွဲရင် ကျန်ဂိုးတွေအားလုံးဟာ ဂိုးသမားတွေရဲ့ နည်းစနစ်အားနည်းမှုကြောင့် ပေးလိုက်ရတာတွေပါ။

နှစ်ဂိုးစီသရေနဲ့ပွဲသိမ်းပြီး အချိန်ပိုတွေ၊ ပင်နယ်တီတွေအထိ ဆက်ကြည့်ရတော့မယ်လို့ ထင်မှတ်ထားကြတဲ့ ပရိသတ်တွေအတွက် မမျှော်လင့်တဲ့ အဖြစ်အပျက်က ပွဲချိန် ၈၂ မိနစ်ခန့်မှာ ဖြစ်လာခဲ့ပါတယ်။ အိုဇေးလ်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို ဥရုဂွေးနောက်တန်းလူတွေရဲ့ လူကပ်ခံထားရခြင်းမရှိတဲ့ ခီဒီရာက ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။ ဂိုးပေးလိုက်ရတဲ့အတွက် ဥရုဂွေးအသင်း စိတ်ဓာတ်အနည်းငယ် ကျသွားတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဖော်လန်ဦးဆောင်တဲ့ တိုက်စစ်ဟာ ချေပဂိုးပြန်ရဖို့အတွက် အားထုတ်ခဲ့ကြပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်ပေးချိန်မှာ ဥရုဂွေးအသင်း ချေပဂိုးပြန်မသွင်းနိုင်ဘဲ ဖြစ်နေခဲ့လို့ ဒီအတိုင်းပဲ ပြီးတော့မယ်လို့ ထင်မှတ်ထားချိန်မှာ ဂျာမနီနောက်ခံလူက ဆွာရက်ဇ်ကို ဖျက်ထုတ်ပုံကြမ်းတာကြောင့် ပြစ်ဒဏ်ဘောကန်ခွင့် ရခဲ့ပါတယ်။ ဂျာမနီဂိုးရှေ့ အနေတော်နေရာမှာ ကန်ခွင့်ရတဲ့ အလွတ်တည်ကန်ဘောကို ကန်မယ့်လူက ဖော်လန်ပါ။ အချိန်ပို ၂ မိနစ်ကလည်း ပြည့်နေပြီဖြစ်ပါတယ်။ သေချာတာကတော့ ဖော်လန်ကန်ပြီးသွားရင် အချိန်ပြည့်ခရာ မှုတ်တော့မှာပါ။ တစ်ကွင်းလုံးပရိသတ်တွေသာမက တစ်ကမ္ဘာလုံးက ရုပ်သံကြည့်ပရိသတ်တွေအားလုံးရဲ့ စိတ်တွေအားလုံးဟာ အဲဒီအခိုက်အတန့်မှာတော့ ဖော်လန်ကန်မယ့် ဘောလုံးဆီမှာပဲ ရှိနေကြမယ်ထင်ပါတယ်။ အသက်တောင်ရှူကြရဲ့လားလို့ တွေးနေမိတယ်။ ဒိုင်လူကြီးက ကန်သွင်းဖို့ ခရာမှုတ်ချိန်မှာတော့ ဖော်လန်က ဖရီးကစ်ကို ကန်သွင်းနေကျဟန်အတိုင်း ကန်ပါတယ်။ ဘောလုံးဟာ လူတံတိုင်းကို ကျော်သွားပါတယ်။ ဂိုးသမားရဲ့ ညာဖက်ထောင့်ကို အပြင်းသွားနေတဲ့ဘောလုံးဟာ ပိုက်နဲ့လုံးထွေးသွားရမယ့်အစား ဂိုးဘားတန်းကိုထိပြီး အပေါ်ကို ထောင်တက်သွားပါတယ်။ ပရိသတ်တွေရဲ့ အာမေဋိတ်သံနဲ့အတူ ဒိုင်လူကြီးရဲ့ ပွဲသိမ်းခရာသံက ဂျာမနီအသင်းကို တတိယနေရာအတွက် သေချာစေခဲ့ပါတော့မယ်။
mueller.png
Man of the Match - မူလာ (ဂျာမနီ)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၂ ရက်၊ တနင်္လာနေ့။
ညနေ ၃ နာရီ ၃၄ မိနစ်တွင်ပြီး၏။

Thursday, July 08, 2010

2010 World Cup Review (Semi-Final, 7 July)


semifinal2.png

ဥရောပနှစ်သင်း တွေ့ဆုံတဲ့ပွဲမို့ အကြိတ်အနယ်ရှိပြီး အပြန်အလှန် ဂိုးတွေသွင်းကြမယ်လို့ ပရိသတ်တွေက ထင်မှတ်ထားခဲ့တဲ့ ပွဲတစ်ခုပါ။ ဒါပေမယ့်လည်း ဂျာမနီတို့အနေနဲ့ ဥရောပဖလားရှုံးကြွေးကို ပြန်မဆပ်နိုင်ခဲ့ဘဲ ကမ္ဘာ့ဖလားမှာပါ နောက်ထပ်အကြွေးသစ် ထပ်တင်သွားခဲ့ပါတယ်။ အင်္ဂလန်၊ အာဂျင်တီးနား စတဲ့နာမည်ကြီးအသင်းတွေကို ဖြတ်ကျော်လာခဲ့တဲ့ ဂျာမနီအတွက် ဒီအရှုံးဟာ ခါးသီးတာအမှန်ပါပဲ။ ကမ္ဘာ့ဖလားနဲ့ လက်တစ်ကမ်းအကွာကျမှ ခြေချော်လဲကျသွားခဲ့ရတာ နစ်နာလှပါတယ်။

အင်္ဂလန်အသင်းနဲ့ အာဂျင်တီးနားအသင်းတွေကို အနိုင်ယူခဲ့တဲ့ ဂျာမနီအသင်းနဲ့ ဒီနေ့ကစားခဲ့တဲ့ ဂျာမနီအသင်းမှာ မတူတာဆိုလို့ အလယ်တန်းကစားသမား သောမတ်မူလာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်တာတစ်ခုပါပဲ။ ဒါပေမယ့်လည်း အဲဒီတစ်ခုဟာ အရာအားလုံးဖြစ်စေခဲ့ပါတယ်။ မူလာမပါတဲ့ ဂျာမနီအလယ်တန်း ကစားပုံဟာ လုံးဝကို စွဲမက်စရာ မရှိခဲ့ပါဘူး။ အထူးသဖြင့် တန်ပြန်တိုက်စစ်တွေ ကစားရာမှာ အိုဇီးလ်တစ်ယောက်တည်းနဲ့ ရုန်းကန်ခဲ့ရတဲ့ ဂျာမနီတိုက်စစ်ဟာ အင်ဂျင်တစ်လုံးပျက်နေတဲ့ လေယာဉ်တစ်စင်းလို ထင်တိုင်းမပေါက် ဖြစ်ခဲ့ရပါတယ်။ တစ်ပွဲလုံးနီးပါး တစ်ဖက်သတ် ဖိကစားခဲ့တဲ့ စပိန်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ဂိုးမပေးရအောင် ထိန်းကစားနိုင်ခဲ့တဲ့ ဂျာမနီနောက်တန်းကိုတော့ ချီးကျူးမိတာ အမှန်ပါပဲ။ အခွင့်အရေးတွေ ဖန်တီးပေးမယ့်လူ မရှိတဲ့အတွက် ရှေ့တန်းမှာ ကလိုဆေး ရုန်းကန်ခဲ့ရပြီး စပိန်နောက်တန်းကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဂျိုအာချင်လိုးအနေနဲ့ မူလာမပါတဲ့ ဂျာမနီအသင်းကို ဘယ်လိုကစားကွက်နဲ့ ကစားခိုင်းရမလဲဆိုတာ ခေါင်းခြောက်ခဲ့ပုံပါပဲ။ အဲဒါကြောင့်လည်း ဂိုးမပေးရရေးကို ဦးစားပေးကစားပြီး တန်ပြန်တိုက်စစ်တွေကနေသာ ဂိုးသွင်းဖို့ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ အချိန်ပို၊ ပင်နယ်တီတွေအထိ ဆွဲခေါ်ပြီး ကစားမယ့်နည်းလမ်းကို ဂျိုအာချင်လိုး ရွေးချယ်ခဲ့ပုံပါပဲ။

စပိန်အသင်းကတော့ သူ့ကစားဟန်အတိုင်းပဲ ဘောလုံးပိုင်ဆိုင်မှုကို အဓိကထားပြီး ကစားသွားခဲ့ပါတယ်။ ရှေ့တန်းမှာ တောရက်စ်ကိုမသုံးဘဲ ပတ်ဒရိုကို ပွဲထုတ်ခဲ့တာကတော့ မေးခွန်းထုတ်စရာပါ။ တောရက်စ်ဟာ အခုအချိန်အထိ ဂိုးမသွင်းနိုင်သေးဘူးဆိုပေမယ့် ဒေးဗစ်ဗီလာနဲ့ အတွဲအဖက်မိမိ ကစားနိုင်တဲ့ ကစားသမားပါ။ သူ့ရုန်းအား၊ တိုးအားနဲ့၊ အလိမ်အခေါက်တွေကြောင့် အခြားလူတွေအတွက် နေရာလွတ်တွေရလာအောင် ဖန်တီးနိုင်တဲ့ ကစားသမားပါ။ အလှုပ်ကစားမယ့်လူ မပါတဲ့အတွက် ဒေးဗစ်ဗီလာဟာ လူကပ်ကစားတာကို ခံခဲ့ရပြီး ခြေစွမ်းမပြနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒီနေ့ပွဲမှာ စပိန်နည်းပြဟာ တိုက်စစ်ဖွင့်ကစားခြင်းမပြုဘဲ တစ်ဖက်အသင်းရဲ့ အမှားကိုစောင့်ပြီး ကစားစေခဲ့ပါတယ်။ ဂျာမနီအသင်းကို အသာစီးရစေချင်တဲ့အတွက် အလယ်တန်းမှာ ၄ ယောက်တန်းနဲ့ ဘောလုံးကိုင်ပြီး ကစားစေခဲ့ပါတယ်။ အဲဒါကြောင့် ဂျာမနီတိုက်စစ်ဟာ စပိန်နောက်တန်းအထိ မရောက်နိုင်ဘဲ အလယ်တန်းမှာပဲ ပျက်နေခဲ့ရပါတယ်။ ဂျာမနီကလည်း အလယ်တန်းမှာ ၄ ယောက်ထားပြီး ကစားတဲ့အသင်းဖြစ်လေတော့ ဘောလုံးဟာ အလယ်တန်းမှာပဲ ကစားကွက်ကြပ်နေခဲ့ပါတယ်။

အလယ်တန်းမှာပဲ ကစားကွက်ကြပ်နေတဲ့အတွက် အဝေးဘောပေးကစားတတ်တဲ့ ဂျာမနီအသင်းအတွက် ခက်ခဲသွားခဲ့ပြီး ဘာစီလိုနာဟန် တစ်ချက်ထိ အနီးပေးတွေနဲ့ ကစားတတ်တဲ့ စပိန်အသင်းက အသာစီးရသွားခဲ့ပါတယ်။ ဂျာမနီအသင်းရဲ့ တိုက်စစ်မဲ့နေမှုကြောင့် အလွန်ဆိုဟာ ကွင်းလယ်အဖျက်တောင် မကစားခဲ့ရဘဲ ဇာဗီနဲ့အတူ ကစားကွက်ပုံဖော်ရာမှာ တွဲကစားခဲ့ပါတယ်။ အင်နီယေစတာက တစ်ကွင်းလုံးကို လိုက်ကစားပြီး ဂျာမနီအသင်းရဲ့ အားနည်းချက်ကို လိုက်ရှာခဲ့တာ တွေ့ရပါတယ်။ ကွင်းလယ်မှာ ဇာဗီက အကောင်းဆုံးထိန်းကျောင်းနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အလွန်ဆို ညံ့လွန်းတဲ့အတွက်သာ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ စိတ်ရှည်လက်ရှည်နဲ့ တစ်ယောက်အမှားကို တစ်ယောက်စောင့်ပြီး ဘောလုံးပိုင်ဆိုင်မှုကိုပဲ အဓိကထား ကစားခဲ့ကြလေတော့ တိုက်စစ်ဆင်ဂိုးသွင်းတာတွေကို ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ဘောလုံးပွဲဟာ ပျင်းစရာကောင်းခဲ့တာ အမှန်ပါပဲ။ ပထမပိုင်းတစ်ခုလုံး ဂိုးမရှိသရေနဲ့ ထိန်းကစားသွားပြီး နှစ်သင်းစလုံးရဲ့ ဘောလုံးပိုင်ဆိုင်မှုဟာ သိပ်မကွာခြားခဲ့ပါဘူး။

ဒုတိယပိုင်းမှာလည်း အပြောင်းအလဲသိပ်မလုပ်ခဲ့ဘဲ ပထမပိုင်းကလိုပဲ အလယ်တန်းမှာပဲ ဘောလုံးအပျက်များနေခဲ့တာပါ။ မူလာအစား ၀င်ကစားရတဲ့ ထရိုချိုးစကီးဟာ ကောင်းကောင်းမွန်မွန် ကစားနိုင်ခဲ့ခြင်းမရှိဘဲ သာမန်ခြေစွမ်းသာ ရှိနေခဲ့ပါတယ်။ စပိန်အသင်းက တောရက်စ်ကိုထည့်ပြီး တိုက်စစ်မြှင့်သင့်ပေမယ့် မလုပ်ခဲ့သလို၊ ဂျာမနီအသင်းကလည်း ထရိုချိုးစကီးအစား ဂိုးမက်ဇ်ကိုထည့်ပြီး ကလိုဆေးနဲ့ တွဲကစားဖို့ ပျက်ကွက်ခဲ့ပါတယ်။ အဲဒါကြောင့် နှစ်သင်းစလုံးရဲ့ တိုက်စစ်တွေ သေနေခဲ့ပြီး အလယ်တန်းတွေကပဲ အဓိကထိုးဖောက်ပြီး ကစားနေခဲ့ရပါတယ်။

၇၃ မိနစ်မှာတော့ ထောင့်ကန်ဘောကနေတစ်ဆင့် ပူယိုးလ်က ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဂျာမနီနောက်တန်းရဲ့ လူကပ်ကစားပုံ ပေါ့လျော့မှုနဲ့ ဂိုးသမားရဲ့ ညံ့ဖျင်းမှုကြောင့် ပေးလိုက်ရတဲ့ဂိုး ဖြစ်ပါတယ်။ ခေါင်းတိုက်မှာကိုရော၊ ဘောလုံးလမ်းကြောင်းကိုပါ သိနေမြင်နေပါလျက်နဲ့ ပုတ်ထုတ်ကာကွယ်နိုင်ခြင်း မရှိခဲ့တဲ့ ဂျာမနီဂိုးသမားရဲ့ အံ့အားသင့် အငိုက်မိမှုဟာ အံ့သြစရာပါ။ ပူယိုးလ်ရဲ့ ခေါင်းတိုက်ချက် ပြင်းတဲ့အတွက် မြန်လွန်းတာလည်း ပါမယ်ထင်ပါရဲ့။

အနိုင်ဂိုးရပြီးတဲ့နောက် စပိန်အသင်းဟာ ခံစစ်ကိုပြောင်းသွားခဲ့ပြီး ဂျာမနီအသင်းက ဖိကစားခဲ့ပါတယ်။ ဒီနေ့ပွဲရဲ့ ရသဟာ နောက်ဆုံးမိနစ် ၂၀ ကျမှပဲ ခံစားခွင့်ရခဲ့ပြီး ဂျာမနီရဲ့ တရစပ်တိုက်စစ်ကို စပိန်အသင်းက ကြံ့ကြံ့ခံရင်း တန်ပြန်တိုက်စစ်တွေကနေ ဂျာမနီကို ပြန်လည်ဒုက္ခပေးခဲ့တာဟာ ဘောလုံးပွဲကို ရသမြောက်စေခဲ့ပါတယ်။ ပထမပိုင်းကတည်းကသာ ဂျာမနီနဲ့ စပိန်နှစ်သင်းစလုံး အဲဒီလို ကစားခဲ့မယ်ဆိုရင် ဒီဆီမီးဖိုင်နယ်လ်ဟာ အတော်ကြည့်ကောင်းမှာပါ။ ဂျာမနီတို့အနေနဲ့ ချေပဂိုးရဖို့ မနားတမ်းကြိုးစားခဲ့ပေမယ့် ဒီနေ့ပွဲမှာ အမှားမရှိခဲ့တဲ့ ပူယိုးလ်နဲ့ ပီကေးနောက်တန်းကို မကျော်နိုင်ခဲ့ပါဘူး။ အထူးသဖြင့် ခေါင်းတိုက်အမြင့်ဘောတွေနဲ့ တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့တဲ့ ဂျာမနီရှေ့တန်းကို ဂျရတ်ပီကေး အကောင်းဆုံး ဖျက်ထုတ်ရှင်းလင်းနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ စပိန်အသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပြီး ဥရောပအသင်းတွေချည်း ဗိုလ်လုပွဲအတွက် လိမ္မော်ရောင်ဟော်လန်တို့နဲ့ ရင်ဆိုင်ဖို့အတွက် ခရီးဆက်သွားခဲ့ပါပြီ။ ဂျာမနီကတော့ တတိယနေရာလုပွဲမှာ ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
xavit.png
Man of the Match - ဇာဗီ (စပိန်)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်၊ ကြာသပတေးနေ့။
နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်ပြီး၏။

Wednesday, July 07, 2010

2010 World Cup Review (Semi-Final, 6 July)


semifinal1.png

တောင်အမေရိကတိုက်ရဲ့ တစ်ခုတည်းသော လက်ကျန်မျှော်လင့်ချက်လေးကို ဥရောပရဲ့ လိမ္မော်ရောင်တွေက ဖျက်ဆီးပစ်ခဲ့ကြပါပြီ။ ဒီနေ့ပွဲမှာ ဟော်လန်အသင်းဟာ ဘရာဇီးလ်ကိုအနိုင်ရခဲ့ပွဲက ခြေစွမ်းမျိုး မရခဲ့သလို ဥရုဂွေးအသင်းကလည်း ဖော်လန်တစ်ဦးတည်းနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဆွာရက်ဇ်မပါတဲ့ ဥရုဂွေးရှေ့တန်းဟာ ဆားမပါတဲ့ဟင်း ဖြစ်ခဲ့ရတာ အမှန်ပါပဲ။ ဖော်လန်နဲ့ တွဲကစားမယ့် အရည်အသွေးမြင့် ကစားသမား မရှိတဲ့အတွက် ဟော်လန်နောက်တန်းကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကစားကွက်ပိုင်းနဲ့ အသင်းလိုက်စုစည်းမှုမှာတော့ ဥရုဂွေးတို့ကတောင် အသာစီးရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဟော်လန်အသင်းရဲ့ ကစားကွက်ဟာ ဒီနေ့မှာ စွဲမက်စရာ မရှိခဲ့ပါဘူး။ ပုံသေနည်းအတိုင်း ရော်ဘင်ကို အားပြုကစားခဲ့ပေမယ့် ဥရုဂွေးဘယ်နောက်ခံလူရဲ့ ထိန်းသိမ်းနိုင်မှုကြောင့် ရော်ဘင်တစ်ယောက် စိတ်ထင်တိုင်းမပေါက်ခဲ့ပါဘူး။ အဲဒါကြောင့်လည်း ဟော်လန်ရှေ့တန်း ဂိုးသွင်းဖို့အတွက် ခက်ခဲခဲ့ရပါတယ်။ ဗန်ပါစီကလည်း သာမန်ခြေစွမ်းအောက် ရောက်နေပြီး ရှေ့တန်းမှာ လူပိုတစ်ယောက်လို ဖြစ်နေခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ ဘောလုံးပိုင်ဆိုင်မှုကိုပဲ အာရုံစိုက်ကစားခဲ့ပြီး ဘောလုံးတွေဟာ ကွင်းလယ်မှာပဲ အပျက်များနေခဲ့ပါတယ်။ ပထမပိုင်း ၁၈ မိနစ်ခန့်မှာ ဟော်လန်အသင်းခေါင်းဆောင် ဗန်ဘရွန်းခဟော့စ်ရဲ့ ဘယ်ဘက်ခြမ်းက အမှတ်မထင် အပြင်းကန်ချက်ကို ဥရုဂွေးဂိုးသမား ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ပါဘူး။ ကန်ချက်တိကျသေချာပြီး အားပြင်းပြင်းနဲ့ ကန်သွင်းယူခဲ့တဲ့ အဲဒီဂိုးဟာ ဒီနှစ်ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးဂိုးတွေထဲမှာ တစ်ဂိုးအပါအ၀င် ဖြစ်ဦးတော့မှာပါပဲ။ ယခင်ဟော်လန်အသင်းရဲ့ လက်ရွေးစင်ကစားသမားဟောင်း ဆီးဒေါ့ဖ်ကိုတောင် ချက်ချင်းဆိုသလို သတိရမိသေးတော့တယ်။ အဲဒီလိုဂိုးတွေကို မကြာခဏ ကန်သွင်းယူတတ်သူမို့ပါ။ ရှေ့တန်းတိုက်စစ်မှူးတွေ ဂိုးပေါက်ပျောက်ပြီး ရုန်းကန်နေရချိန်မှာ တစ်ဂိုးရလိုက်တဲ့အတွက် အားတက်သွားစေတာ အမှန်ပါပဲ။ ဥရုဂွေးအသင်းဟာ အသင်းလိုက်စုစည်းမှုနဲ့ ဟော်လန်အသင်းကို တုံ့ပြန်ကစားခဲ့ပါတယ်။ ချေပဂိုးရဖို့အတွက်တော့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပြီးခါနီး ၄၁ မိနစ်ခန့်မှာတော့ ဥရုဂွေးအသင်းခေါင်းဆောင် ဒီဂိုဖော်လန်က ကိုက် ၂၀ ခန့်အကွာလောက်ကနေ အမှတ်မထင် ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူပြီး အဖိုးတန် ချေပဂိုးတစ်ဂိုး ရယူခဲ့ပါတယ်။ ဒီဂိုးဟာ ဖော်လန်ရဲ့ ကန်သွင်းချက်တိကျ သေချာတယ်ဆိုတာထက် ဟော်လန်ဂိုးသမားရဲ့ ပေါ့ဆမှုကြောင့် ပေးလိုက်ရတယ်လို့ ဆိုနိုင်ပါတယ်။ ဘောလုံးလာမယ့်လမ်းကြောင်းကို မှားယွင်းတွက်ချက်ခဲ့မှုကြောင့် ဝေ့၀ိုက်လာတဲ့ ဘောလုံးကို ပြီးစလွယ် ပုတ်ထုတ်လိုက်ရာမှာ ဂိုးထဲကို ၀င်သွားခဲ့တာ ဖြစ်ပါတယ်။ တကယ်ဆိုရင် အဲဒီဘောလုံးဟာ ဘယ်လိုပုတ်ပုတ် ထောင့်ကန်ဘောသာ ပေးရမယ့်ဘောလုံး ဖြစ်သင့်ပါတယ်။ ဘောလုံးသွားတဲ့ပုံစံဟာ ဝေဖန်နေသူတွေ ပြောနေတဲ့အတိုင်း လိုအပ်တာထက်ပိုပြီး လေထဲမှာ ပိုမိုပေါ့ပါးနေသလားလို့ မေးခွန်းထုတ်စရာပါ။ ဟော်လန်ဂိုးသမားအနားကို ရောက်ခါနီးကျမှ ဘောလုံးဟာ ညာဖက်ကို ရုတ်ခြည်းဆိုသလို ဝေ့၀ိုက်သွားတာကို အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။ ဒါကလည်း ဖော်လန်က ဘယ်ခြေနဲ့ကန်တဲ့အတွက် ညာဖက်ကို ဝေ့၀ိုက်သွားတာ ဖြစ်နိုင်ပါတယ်။ အဲဒါဆိုရင်တော့ ဖော်လန်ရဲ့စကေးလ်ကို ချီးကျူးရမှာပါ။ ပထမပိုင်းမှာ တစ်ဂိုးစီသရေနဲ့ ကျေကျေနပ်နပ်ပဲ ပြီးဆုံးခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာတော့ ဟော်လန်အသင်းက နာသွားတဲ့ နောက်ခံလူအစား ဗန်ဒါဗတ်ကို ထည့်သွင်းကစားခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ ကစားကွက်ပျက်နေခဲ့ပြီး ထင်သလောက် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ ဥရုဂွေးက ဖော်လန်တစ်ဦးတည်းကို အားပြုကစားနေရသလို ဟော်လန်အသင်းကလည်း ရော်ဘင်ကိုပဲ အဓိကမဏ္ဍိုင်ထားပြီး ကစားနေခဲ့ရပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းယူနိုင်ဖို့ ခက်ခဲနေခဲ့တာမို့ အချိန်ပိုတွေ၊ ပင်နယ်တီတွေအထိ ကြည့်ကြရတော့မယ်လို့တောင် တွေးထင်ခဲ့မိပါသေးတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်း ၇၀ မိနစ်မှာတော့ ဟော်လန်အသင်းရဲ့ ဂိုးလာဘ်ကောင်ဖြစ်တဲ့ ဆနိုက်ဒါက မဖြစ်နိုင်တဲ့ အနေအထားကနေ ဂိုးရသွားခဲ့ပါတယ်။ မပြင်းထန်လှတဲ့ ကန်ချက်ဟာ ဥရုဂွေးနောက်တန်း ကစားသမားနှစ်ဦးရဲ့ ခြေထောက်တွေကို ပွတ်တိုက်ထွက်သွားပြီး ဂိုးဝင်သွားခဲ့တာပါ။ မိနစ် ၇၀ ခန့်မှာ ရခဲ့တာဖြစ်တဲ့အတွက် ဟော်လန်အသင်းအတွက် မျှော်လင့်ချက်တွေ တပွေ့တပိုက် ဖြစ်သွားစေခဲ့ပါတယ်။ ဥရုဂွေးအတွက်တော့ ချေပဂိုးရဖို့ အတော်ကြီးကို ရုန်းကန်ရတော့မယ်ဆိုတာ သေချာသွားစေခဲ့ပါတယ်။ နောက်ထပ်သုံးမိနစ်အကြာမှာပဲ ဘယ်ဖက်ခြမ်းက ကူရစ် မ,တင်ပေးလိုက်တဲ့ ဘောလုံးကို ရော်ဘင်က ခေါင်းတိုက်ပြီး အနိုင်ဂိုးတစ်ဂိုး ထပ်သွင်းယူခဲ့ပါတယ်။ နှစ်ဂိုးအသာရသွားတဲ့အတွက် ဟော်လန်အသင်းအတွက် သေချာသလောက် ဖြစ်သွားစေခဲ့ပေမယ့် ဥရုဂွေးအတွက်တော့ စိတ်ဓာတ်ကျသွားခဲ့ရတာ အမှန်ပါပဲ။ ကစားကွက်ကောင်းပေမယ့် ရှေ့တန်းတိုက်စစ်မှူးတွေ ဟော်လန်နောက်တန်းကို မကျော်နိုင်တဲ့အတွက် ချေပဂိုးတွေရဖို့ေ၀၀ါးခဲ့ရပါတယ်။ အဲဒါကြောင့်လည်း ဥရုဂွေးနည်းပြဟာ ၈၄ မိနစ်မှာ အသင်းခေါင်းဆောင် ဖော်လန်ကိုထုတ်ပြီး လူငယ်ကစားသမား ဖာနန်ဒက်ဇ်ကို ထည့်သွင်းကစားခဲ့ပါတယ်။ ဟော်လန်အသင်းကို လက်ကျန် ၆ မိနစ်မှာ နှစ်ဂိုးပြန်သွင်းဖို့ဆိုတာ အရမ်းခက်ခဲသွားခဲ့ပြီမှန်း နည်းပြက မှန်ကန်စွာ သုံးသပ်နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ မိနစ် ၉၀ ပြည့်တဲ့အချိန်မှာ နာကျင်အချိန်ပို ၃ မိနစ် ထပ်ဆောင်းပေးပါတယ်။ နာကျင်အချိန်ပို ၂ မိနစ်မှာ ဥရုဂွေးအသင်းက ဟော်လန်ဂိုးရှေ့မှာ အလွတ်တည်ကန်ဘော ကန်ခွင့်ရပါတယ်။ အဲဒီပြစ်ဒဏ်ဘောကို ဥရုဂွေးကစားသမားနှစ်ဦးက ဟော်လန်အသင်းကို လှည့်စားပြီး ချေပဂိုးရအောင် သွင်းယူသွားခဲ့ပါတယ်။ ချေပဂိုးရသွားတဲ့အတွက် ဥရုဂွေးအသင်း အားတက်သွားပြီး ဟော်လန်အသင်းကတော့ ပြာယာခတ်သွားတာ တွေ့ရပါတယ်။ ဒိုင်လူကြီးကလည်း ဂိုးသွင်းအောင်ပွဲခံမှု၊ ကွင်းလယ်မှာ ကြန့်ကြာမှုတွေကြောင့် နောက်ထပ် ၂ မိနစ်ကျော် ပေးခဲ့တာကို တွေ့ရပါတယ်။ အဲဒီနှစ်မိနစ်ခန့်အတွင်းမှာ ဥရုဂွေးအသင်းဟာ ချေပဂိုးရဖို့ တရစပ်တိုက်စစ်ဆင်ခဲ့ပြီး သရေကျနိုင်မယ့် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဟော်လန်အသင်းကတော့ ကစားကွက်ပျက်သွားပြီး နောက်ဆုံးအချိန်တွေမှာ ဂိုးမပေးရဖို့ကိုပဲ ကြုံသလို ဖျက်ထုတ်ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်လူကြီးရဲ့ နောက်ဆုံးခရာမှုတ်ပြီး ကွင်းလယ်ကို ညွှန်ပြလိုက်ချိန်မှာတော့ အရာအားလုံးဟာ ပြီးဆုံးသွားခဲ့ပါတယ်။

ဟော်လန်အသင်းဟာ ဥရုဂွေးအသင်းကို ကျော်ဖြတ်ပြီး ဥရောပဖိုင်နယ် ဆင်နွှဲဖို့အတွက် ဂျာမနီနဲ့ စပိန်အသင်းတို့ရဲ့ ပွဲစဉ်က အနိုင်ရမယ့်အသင်းကို စင်ပေါ်ကနေ စောင့်ဆိုင်းနေပြီ ဖြစ်ပါတယ်။ ဥရုဂွေးအသင်းကလည်း တတိယနေရာအတွက် ရှုံးနိမ့်လာမယ့်အသင်းကို ထိုင်စောင့်လျက်ပေါ့လေ။ သေချာတာကတော့ ဒီနှစ်ကမ္ဘာ့ဖလားမှာ All European World Cup Final ကို ကျွန်တော်တို့ပရိသတ်တွေ မြင်တွေ့ရတော့မှာပါ။ ဒါဟာ ဥရောပအသင်းတွေရဲ့ သမိုင်းမှတ်တမ်းသစ် ဖြစ်ပါတယ်။ ဥရောပတိုက်ပြင်ပမှာ ပြုလုပ်တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်း တောင်အမေရိကအသင်းတွေ ဗိုလ်စွဲတဲ့စံချိန်တစ်ခုကို ရိုက်ချိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၁၀ ကမ္ဘာ့ဖလားကတော့ ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်လာခဲ့ပြီလေ။ ဆက်လက်ရင်ခုန်ကြပါစို့လားဗျာ။

sneijder.png
Man of the Match - ဆနိုက်ဒါ (ဟော်လန်)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၂ နာရီ ၀၅ မိနစ်တွင်ပြီး၏။

Tuesday, July 06, 2010

၂၀၁၀ ကမ္ဘာ့ဖလား သောင်းပြောင်းထွေလာ (၁)


vuvuzelablower.jpg
တောင်အာဖရိကမှာ ပြုလုပ်ခဲ့တဲ့ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပြောမဖြစ် ထည့်ပြောရမယ့် အရာကတော့ ဗူဗူဇီလာလို့ခေါ်တဲ့ ပလတ်စတစ်ဟွန်းတွေ ဖြစ်ပါတယ်။ နှစ်ပေကျော်ရှည်လျားတဲ့ အဲဒီပလတ်စတစ်ဟွန်းတွေရဲ့ ဆူညံလှတဲ့ အသံတွေဟာ ဒီနှစ်ကမ္ဘာ့ဖလားမှာ အကြီးအကျယ် လွှမ်းမိုးထားခဲ့ပါတယ်။ တောင်အာဖရိက တစ်နိုင်ငံလုံး ဗူဗူဇီလာအသံ မကြားရတဲ့နေရာ ရှိသေးရဲ့လားလို့ မေးရလောက်အောင် ဖုံးလွှမ်းခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက ရုပ်သံကြည့် ပရိသတ်တွေအတွက်လည်း ၂၀၁၀ ကမ္ဘာ့ဖလားပွဲနဲ့ ဗူဗူဇီလာမှုတ်သံဟာ လင်မယားလို ဖြစ်သွားကြပါပြီ။ ဗူဗူဇီလာတွေရဲ့ ဆူညံသံတွေကို ဝေဖန်ကန့်ကွက်သူတွေ ရှိခဲ့သလို၊ ထောက်ခံခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဝေဖန်ကန့်ကွက်သူတွေက အသံဖိအား ၁၂၀ dB(A) ရှိတဲ့ ဒီအသံတွေဟာ လူ့အကြားအာရုံကို ထိခိုက်စေတဲ့ ဆူညံသံဖြစ်တယ်၊ ဘောလုံးကွင်းထဲမှာ အဲဒီအသံတွေ ဆူညံနေတဲ့အတွက် ကစားသမားတွေကို စိတ်ပျံ့လွင့်စေတယ် စသည်ဖြင့်ပေါ့လေ။ ထောက်ခံသူတွေကတော့ ဗူဗူဇီလာဆိုတာ အာဖရိကရဲ့ အမှတ်အသား၊ ယဉ်ကျေးမှုတစ်ခုဖြစ်တယ်လို့ ချေပကြပါတယ်။ အချို့နေရာတွေမှာ ဗူဗူဇီလာ ကန့်သတ်နယ်မြေတွေ လုပ်ခဲ့ရတာကလွဲလို့ ဒီနှစ်ကမ္ဘာ့ဖလားမှာ ဗူဗူဇီလာယဉ်ကျေးမှုဟာ ထိန်းမနိုင်သိမ်းမရအောင် ကြီးထွားခဲ့ပါတယ်။ ဘောလုံးပွဲကို လာရောက်အားပေးကြတဲ့ နိုင်ငံအသီးသီးက ပရိသတ်တွေဟာ သူတို့အလံပုံစံတွေ အရောင်ခြယ်မှုန်းထားတဲ့ ဗူဗူဇီလာတွေကိုမှုတ်ပြီး ဘောလုံးပွဲကြည့်ရတဲ့ အရသာကို စွဲမက်နေကြပါပြီ။ ဒီနှစ်ကမ္ဘာ့ဖလားအတွက် ဗူဗူဇီလာတွေကို လက်မလည်အောင် ထုတ်ပေးနေရတာက တရုတ်နိုင်ငံ ဖြစ်တယ်ဆိုတာကိုတော့ စာဖတ်သူလည်း သိပြီးဖြစ်မှာပါ။ ၀ယ်လိုအားက များလွန်းလို့ တရုတ်တွေခမျာ ဗူဗူဇီလာကို အလျဉ်မီအောင် မနည်းထုတ်လုပ်နေရပါသတဲ့။ အခု ဒီစာကို ဖတ်နေရင်းနဲ့ နားထဲမှာများ ဗူဗူဇီလာအသံတွေ ကြားလာခဲ့ရင် မကြောက်ပါနဲ့ဗျာ၊ ကျွန်တော်ကိုယ်တိုင်လည်း ဒီစာကို ရေးနေရင်းနဲ့ ဗူဗူဇီလာအသံတွေကို ကြားနေမိတာကိုး။ :D

diegomaradona.jpg
ဒီနှစ်ကမ္ဘာ့ဖလားမှာ အသင်းအသီးသီးကို ကိုင်တွယ်နေကြတဲ့ နည်းပြတွေကြားမှာ ပေါ်ပြူလာအဖြစ်ဆုံးကတော့ အာဂျင်တီးနားအသင်းရဲ့ မာရာဒိုနာပါပဲ။ ရာစုနှစ်အတွက် အကောင်းဆုံးဘောလုံးသမား ဆိုတဲ့ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့အပြင် ကစားသမားဘ၀ကလည်း ပရိသတ်တွေအတွက် တသသဖြစ်စေမယ့် လုပ်ရပ်တွေကို အများအပြား ပြုလုပ်ခဲ့သူမို့ သူ့ရဲ့အရှိန်အ၀ါဟာ အခြားနည်းပြတွေထက် သာလွန်နေခဲ့တာတော့ အမှန်ပါပဲ။ သူ့အသင်းမှာ ပါဝင်လာတဲ့ မက်ဆီဟာ မာရာဒိုနာလက်သစ် မဟုတ်ပါဘူး။ သူ့တုန်းကထက် ပိုကောင်းတဲ့ကစားသမားပါလို့ ပြိုင်ပွဲမတိုင်မီမှာ ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့်လည်း ဂယက်တွေ ဖြစ်ခဲ့ရပါတယ်။ ဘရာဇီးလ်ရဲ့ ပီလီကို ဘယ်တော့မှ မထင်မကြီးတဲ့၊ ဘယ်တော့မှ အကောင်းမပြောတဲ့ မာရာဒိုနာက မက်ဆီလိုလူမျိုးကို သူ့ထက်တောင် ပိုကောင်းပါတယ်လို့ ပြောလိုက်တော့ အားလုံးအတွက် အထူးအဆန်း ဖြစ်ကုန်ကြတာပေါ့။ မက်ဆီဆိုတာက ကလပ်အသင်းမှာသာ ခြေစွမ်းပြနိုင်တာ။ အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလား ယူပေးနိုင်ခြင်း မရှိသေးတဲ့သူ။ ဖြစ်နိုင်တာကတော့ မာရာဒိုနာဟာ သူ့အသင်းအတွက် ရည်ရွယ်ပြီး မက်ဆီကို စိတ်ဓာတ်မြှင့်ပေးခဲ့တယ် ထင်ပါရဲ့။ ကမ္ဘာ့ဖလားပွဲ စတင်တော့လည်း အခြားနည်းပြတွေနဲ့ မတူတဲ့ အပြုအမူတွေနဲ့ မာရာဒိုနာကို တစ်ကမ္ဘာလုံးက ပရိသတ်တွေ တွေ့မြင်ခဲ့ရတယ်။ ဆံပင်တွေက ဖွာလန်ဘုတ်သိုက်၊ နားပေါက်မှာ စိန်ပွင့်တွေပြောင်ပြောင်၊ ပါးသိုင်းမွှေး၊ မုတ်ဆိတ်မွှေးဗရဗြစ်နဲ့ အနောက်တိုင်းဝတ်စုံကို စမတ်ကျကျ ၀တ်ထားတဲ့ မာရာဒိုနာရဲ့ ဟန်ပန်ဟာ တစ်မူထူးနေတာတော့ အမှန်ပါပဲ။ ပွဲကစားချိန်မှာလည်း ကွင်းပြင်ထွက်လာတဲ့ ဘောလုံးတွေကို ခြေထောက်နဲ့ အသာလေး ကော်ယူ,မ,တင်ပြီး လက်ပစ်ဘော ပစ်မယ့်လူဆီကို ပေးတတ်တဲ့ဟန်ကလည်း ဒီနှစ်ကမ္ဘာ့ဖလားမှာ မာရာဒိုနာရဲ့ စတိုင်လ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်း ဂိုးသွင်းပြီဆိုတာနဲ့ ကစားသမားတွေထက် မလျော့တဲ့ အောင်ပွဲခံမှုပုံစံမျိုးနဲ့ ပျော်ရွှင်နေပုံတွေကို ရုပ်မြင်သံကြားကတစ်ဆင့် မြင်တွေ့ရတာကလည်း တစ်မူထူးနေသလိုပါပဲ။ သူ့လက်ထဲမှာ အဆောင်လက်ဖွဲ့လို့ ယူဆရတဲ့ ပုတီးတစ်ခုကို အမြဲတမ်းကိုင်ထားတတ်ပြီး မကြာခဏ နမ်းလေ့ရှိတာကိုလည်း ရုပ်သံပြကွက်တွေက အမိအရ ရိုက်ပြနိုင်ခဲ့ကြပါတယ်။ အာဂျင်တီးနားအသင်းဟာ ဂျာမနီကိုရှုံးပြီး ကွာတားအဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သမိုင်းမှတ်တမ်းတွေထဲမှာတော့ မာရာဒိုနာရဲ့ ပုံရိပ်တွေဟာ တသသပြောစရာဖြစ်အောင် ကျန်ရစ်နေခဲ့တာ အမှန်ပါပဲ။

suarezhandofgod.jpg
၁၉၈၆ ခုနှစ် မက္ကစီကိုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့ အင်္ဂလန်တို့ ဆုံခဲ့ကြတဲ့ ကွာတားဖိုင်နယ်လ်ဟာ ဘောလုံးအကြောင်းပြောတိုင်း တသသထည့်ပြောရတဲ့ အမှတ်တရပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီပွဲစဉ်မှာ အာဂျင်တီးနားအသင်းက မာရာဒိုနာဟာ အင်္ဂလန်အသင်းဘက်ကို လက်နဲ့ပုတ်ပြီး ဂိုးသွင်းခဲ့တာကြောင့်ပါ။ မြန်လွန်းတဲ့အတွက် ဘယ်သူကမှ မာရာဒိုနာလက်နဲ့ သွင်းယူသွားတယ်လို့ မထင်မှတ်ခဲ့ကြပါဘူး။ အဲဒီနှစ်မှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့သလို မာရာဒိုနာလည်း အကောင်းဆုံး ရွှေဘောလုံးဆု ရခဲ့ပါတယ်။ မာရာဒိုနာဟာ ဘုရာပေးတဲ့လက်လို့ ကြွေးကြော်ခဲ့ပြီး အဲဒီစကားဟာလည်း ကမ္ဘာကျော်ခဲ့ပါတယ်။ မာရာဒိုနာ လက်နဲ့ပုတ်သွင်းသွားတဲ့ ဂိုးကိုလည်း ရာစုနှစ်ရဲ့ အကောင်းဆုံးဂိုးအဖြစ် ပရိသတ်တွေက မဲပေးခဲ့ကြပါတယ်။ ဒါတွေကတော့ ဘုရားပေးတဲ့လက်ဆိုတဲ့ အသုံးအနှုန်းအတွက် နိဒါန်းခံရတာပါ။

အခုပြောချင်တာကတော့ ဒီနှစ်ကမ္ဘာ့ဖလားမှာလည်း ဘုရားပေးတဲ့လက်ဆိုတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့လို့ပါပဲ။ ဒါပေမယ့် မာရာဒိုနာလိုတော့ တစ်ဖက်အသင်းကို ဂိုးသွင်းယူခဲ့တာ မဟုတ်ပါဘူး။ တစ်ဖက်အသင်းက သွင်းယူတဲ့ဂိုးကို မိမိဂိုးထဲမ၀င်အောင် တားဆီးခဲ့တာ ဖြစ်ပါတယ်။ မိမိဂိုးထဲမှာ တစ်ဖက်အသင်းက ကန်သွင်းတဲ့ဘောလုံးကို ဂိုးမ၀င်အောင် ဟန့်တားရင်း လက်နဲ့ထိတာ၊ အနီကတ်ပြပြီး အထုတ်ခံရတာ စတာတွေဟာ ဒီနေ့ဘောလုံးမှာ အထူးအဆန်း မဟုတ်ပါဘူး။ ဖြစ်ပျက်နေကျ အဖြစ်အပျက်တွေပါပဲ။ ဒါပေမယ့် ဒီတစ်ခါဖြစ်တဲ့ အဖြစ်အပျက်ကတော့ ထူးပါတယ်။ သာမန်လက်ထိသလိုမျိုး မဟုတ်သလို၊ သာမန်အကျိုးသက်ရောက်မှုမျိုးလည်း မဟုတ်ပါဘူး။ ဒီလက်ထိဘောကြောင့် အသင်းတစ်ခုလုံးရဲ့ ကံကြမ္မာတွေ ပြောင်းလဲသွားခဲ့ရသလို၊ အာဖရိကတိုက်ကြီး တစ်ခုလုံးရဲ့ ဘောလုံးပရိသတ်တွေလည်း အသည်းကွဲခဲ့ရတာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်ထိဘောကြောင့် အာဖရိကတိုက်ရဲ့ နောက်ဆုံးလက်ကျန် ဂါနာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကွာတားအဆင့်ကနေ ထွက်ခွာခဲ့ရလို့ပါပဲ။

အဲဒီအဖြစ်အပျက် ဖြစ်ပျက်ခဲ့တာက ၂၀၁၀၊ ဇူလိုင်လ ၂ ရက်နေ့မှာ ကစားခဲ့တဲ့ ဥရုဂွေးနဲ့ ဂါနာအသင်းတို့ရဲ့ ကွာတားဖိုင်နယ်လ် ပွဲစဉ်မှာပါ။ ပထမပိုင်းမှာ ဂါနာအသင်းက တစ်ဂိုးအသာနဲ့ အနိုင်ရထားခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ဥရုဂွေးအသင်းက ဖော်လန်က ချေပဂိုးသွင်းထားတယ်။ ပွဲအချိန်အတွင်း နောက်ထပ် ဂိုးမသွင်းနိုင်တဲ့အတွက် အချိန်ပို မိနစ် ၃၀ ဆက်ကစားရတယ်။ အချိန်ပိုပထမပိုင်းမှာလည်း ဘယ်သူမှ ဂိုးမသွင်းနိုင်ကြဘူး။ အချိန်ပိုဒုတိယပိုင်းမှာလည်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပွဲပြီးတော့မယ်။ ဒိုင်လူကြီးက နာကျင်အချိန်ပိုအဖြစ် တစ်မိနစ်ပဲ ပေးလိုက်တယ်။ သေချာပြီ ပင်နယ်တီ ကန်သွင်းကြရတော့မယ်။ အဲဒီအချိန်မှာပဲ ဂါနာအသင်းက ကစားသမား နံပါတ်-၁၈ ADIYIAH က ခေါင်းတိုက်ပြီး ဂိုးသွင်းလိုက်တယ်။ ဥရုဂွေးဂိုးသမား မမီလိုက်ဘူး။ နောက်တန်းတွေ မတားလိုက်နိုင်ဘူး။ သေချာပေါက်ဝင်တော့မယ့် ဂိုးပေါ့။ အဲဒီအချိန်မှာ ဂိုးစည်းပေါ်မှာရှိနေတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်က ပုံမှာမြင်ရတဲ့အတိုင်း လက်နဲ့ပုတ်ပြီး တားလိုက်တယ်။ သွားပြီ ပင်နယ်တီပေါ့။ ဆွာရက်ဇ်လည်း အနီကတ်ထိသွားတယ်။ အဲဒီဂိုးသာ ၀င်သွားခဲ့ရင် ကွင်းလယ်ဒိုင်လူကြီးက ပွဲသိမ်းခရာပါ တစ်ခါတည်း မှုတ်တော့မှာလေ။ ဒါပေမယ့် လက်ထိဘောဖြစ်သွားတော့ ပင်နယ်တီပေးရတယ်။ ဂါနာတိုက်စစ်မှူး ဂီယန်က အဲဒီပြစ်ဒဏ်ပင်နယ်တီကို ကန်သွင်းတယ်။ ဂိုးမရဘူး။ အနီကတ်ကြောင့် စိတ်ပျက်လက်ပျက်နဲ့ ယူကျုံးမရဖြစ်ပြီး အပြင်ထွက်သွားတဲ့ ဆွာရက်ဇ် ချက်ချင်းဆိုသလို ပျော်ရွှင်မြူးထူးသွားတယ်။ အဲဒီအချိန်မှာပဲ ပွဲသိမ်းခရာ မှုတ်လိုက်တယ်။ ပင်နယ်တီမှာ ဥရုဂွေးက ဂါနာကို အနိုင်ရပြီး ဆီမီးကိုတက်ရောက်သွားတယ်။ အာဖရိကမြေပေါ်ကပွဲမှာ အာဖရိကန်တွေအတွက် တစ်ခုတည်းသော မျှော်လင့်ချက်လေး ပျက်စီးသွားရတယ်။

ပင်နယ်တီမ၀င်တဲ့ ဂါနာအသင်းက ဂီယန်ကို အပြစ်တင်ကြပေမယ့် ဒီပွဲတစ်ခုလုံးနဲ့ ကံကြမ္မာတွေကို အလှည့်အပြောင်း ဖြစ်စေခဲ့တာက ဆွာရက်ဇ်ဖြစ်နေတယ်။ ကျန်ရှိတဲ့ပွဲတွေမှာ သူပါဝင်ကစားနိုင်တော့မှာ မဟုတ်ပေမယ့် သူ့နိုင်ငံအသင်း ဆီမီးဖိုင်နယ်လ် တက်ရောက်သွားနိုင်တဲ့အတွက် သူကျေနပ်ပျော်ရွှင်နေတယ်။ အဲဒါကြောင့်လည်း သူက ကြွေးကြော်လိုက်တာဖြစ်မယ်။ Hand of God (ဘုရားပေးတဲ့လက်) တဲ့။ ဒီနှစ်ကမ္ဘာ့ဖလားမှာသာ ဥရုဂွေးအသင်း ဗိုလ်စွဲခဲ့မယ်ဆိုရင် ဆွာရက်ဇ်ရဲ့ ဘုရားပေးတဲ့လက်ဟာ ဒီထက်ပိုပြီး နာမည်ကြီးလာပါလိမ့်မယ်။ မာရာဒိုနာရဲ့ ဘုရားပေးတဲ့လက်နဲ့အပြိုင် သမိုင်းမှတ်တမ်းသစ် ရေးထိုးပါလိမ့်မယ်။ စောင့်ကြည့်ကြသေးတာပေါ့။

စာကြွင်း
အပေါ်တွင် ရွေးချယ်ရေးသားထားမှုများသည် ကျွန်တော့်အမြင်၊ ကျွန်တော့်အတွေးသက်သက်သာ ဖြစ်ပါသည်။ စာဖတ်သူတို့နှင့် သဘောဆန္ဒတိုက်ဆိုင်လိမ့်မည်၊ အပြည့်အ၀ လက်ခံကြလိမ့်မည်ဟု မဆိုလိုပါ။ ကမ္ဘာ့ဖလားပွဲကို ရူးရူးမူးမူး ကြည့်ရှုအားပေးနေသည့် ပရိသတ်တစ်ဦးအနေဖြင့် ခံစားမိသမျှကိုသာ ရေးဖွဲ့တင်ပြထားခြင်း ဖြစ်ပါသည်။ အမှတ်စဉ် (၁)ဟု ခေါင်းစဉ်တပ်ထားပါသည်။ သေချာပေါက် ဆက်ရေးဦးမည်ပေါ့ခင်ဗျာ။ ကျန်းမာပျော်ရွှင်ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်၊ အင်္ဂါနေ့။
နေ့လည် ၁၂ နာရီ ၂၈ မိနစ်တွင်ပြီး၏။

Monday, July 05, 2010

2010 World Cup Review (Quarter-Finals, 3 July)


quarterfinals2.png

ဘောလုံးပရိသတ်အများစုက ဒီရလဒ်ကို လက်မခံနိုင်ဘူး ဖြစ်နေကြတယ်။ ဒါပေမယ့် အဲဒီပွဲကို ကြည့်ခဲ့ရသူတွေကတော့ ဒီရလဒ်ထက် ပိုမိုပြတ်သားတဲ့ ရလဒ်ကိုတောင် လိုချင်ကြမယ် ထင်ပါရဲ့။

အနည်းငယ် စားမြုံ့ပြန်ရရင် မကြာသေးတဲ့ ကာလတစ်ခုဆီက ဥရောပရဲ့ အကောင်းဆုံးအသင်းဆိုတဲ့ စပိန်ကလပ် ဘာစီလိုနာအသင်းဟာ သူ့အိမ်ကွင်း၊ သူ့ပရိသတ်တွေရှေ့မှောက်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ စုဖွဲ့ပြီး အီတလီကလပ် အင်တာမီလန်ကို လိုအပ်တဲ့ဂိုးတွေ မသွင်းယူနိုင်ခဲ့လို့ မျက်ရည်စက်လက်နဲ့ ချန်ပီယံလိဂ်ကို နှုတ်ဆက်လက်ပြခဲ့ရတာ မှတ်မိကြမယ် ထင်ပါတယ်။ အင်တာမီလန်က ဘာစီလိုနာကို အနိုင်ယူတာမဟုတ်ဘူးလို့ မြင်နိုင်တဲ့လူ အတော်ရှားပါတယ်။ မြင်နိုင်တဲ့လူတွေကတော့ မော်ရင်ဟိုဟာ ဂွာဒီယိုလာကို အလဲထိုးသွားတယ်လို့ သုံးသပ်နိုင်ခဲ့ကြပါတယ်။ ဟုတ်ပါတယ်... မော်ရင်ဟိုဟာ ဂွာဒီယိုလာကိုတင်မဟုတ်ပါဘူး၊ ဘာကာအသင်းသားအားလုံးရဲ့ စိတ်ဓာတ်တွေကိုပါ အလဲထိုး အနိုင်ယူသွားခဲ့တာပါ။

အခုလည်း အဲဒီဇာတ်လမ်းက ကြောင်းတူသံကွဲ ဖြစ်လာခဲ့ပါပြီ။ အားလုံးက အာဂျင်တီးနားကြီး ဂျာမနီကို ရှုံးသွားပြီလို့ မြင်ကြတယ်။ အမှန်ကတော့ မာရာဒိုနာတစ်ယောက် ဂျိုးအာချင်လိုးရှေ့မှာ ဒူးထောက်လိုက်ရတာပါ။ ဂွာဒီယိုလာဟာ သူကိုယ်တိုင် ကစားသမားဘ၀က လာတဲ့လူဖြစ်လေတော့ ဘောလုံးရသတို့၊ တိုက်စစ်တို့၊ ဘောလုံးပိုင်ဆိုင်မှုတို့ စသည်စသည်တွေကို အလေးထားပါတယ်။ မာရာဒိုနာက ပိုဆိုးပေသပေါ့။ သူကိုယ်တိုင်က ဂိုးတွေသွင်းခဲ့သူ၊ ဘောလုံးကို ၀ိဇ္ဇာတစ်ပါးလို လိုသလိုကိုင်ကစားခဲ့သူ ဖြစ်ခဲ့လေတော့ ဘောလုံးအလှအပ၊ တိုက်စစ်ဆင်မှု စတာတွေကို အားသန်ပါတယ်။ မော်ရင်ဟိုကတော့ လူပြောသူပြောခံရတာကို စိတ်မ၀င်စားဘူး။ နည်းပြအလုပ်က ဘောလုံးပွဲနိုင်ရင် ချီးကျူးခံရမယ်၊ ရှုံးနိမ့်ရင် ဝေဖန်ခံရမယ်၊ ဖိအားပေးခံရမယ်၊ ဒီထက်ပိုရင် အထုတ်ပယ်ခံရမယ်။ အဲဒီတော့ ဘောလုံးပွဲတစ်ပွဲကို ဘယ်လိုအနိုင်ရအောင် လုပ်ရမလဲဆိုတာကိုပဲ အာရုံစူးစိုက်တယ်။ ဘောလုံးပွဲကို နိုင်အောင်ကစားနိုင်ဖို့က အဓိက၊ အလှအပတွေ၊ ရသတွေက ကျွဲကူးရေပါ ဖြစ်လာလိမ့်မယ်လို့ ခံယူထားတဲ့သူ။

ဟော... ထိုနည်းတူစွာပါပဲ။ ဂျိုးအာချင်လိုးဟာ အာဂျင်တီးနားကို ရင်ဆိုင်ဖို့အတွက် နည်းနည်းလေးမျှ စိုးရိမ်စိတ်ရှိခဲ့ပုံ မပေါ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာကို အနိုင်ရဖို့အတွက် မော်ရင်ဟို အသုံးချသွားတဲ့ အဓိကသော့ချက်ဟာ ဘာလဲဆိုတာကို သူသိနေခဲ့တယ်။ အခုလည်း အာဂျင်တီးနားကို အနိုင်ရဖို့အတွက် သူဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိနေခဲ့တယ်။ တကယ်လည်း အဲဒီအသိကို မှန်မှန်ကန်ကန် အကျိုးရှိရှိ အသုံးချသွားခဲ့တယ်။ ကျွန်တော်လည်း ဒီနှစ်ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားပရိသတ်ပါ။ ဗိုလ်စွဲမယ်လို့တောင် ခန့်မှန်းထားခဲ့သူပါ။ ဒါပေမယ့် အခုကစားခဲ့တဲ့ပွဲမှာတော့ အာဂျင်တီးနား နိုင်ခဲ့မယ်ဆိုရင်တောင် ကျွန်တော်လိုချင်မိမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အာဂျင်တီးနားအသင်းဟာ မနိုင်သင့်ခဲ့လို့ပါပဲ။ ဂျိုးအာချင်လိုးရဲ့ ညွှန်ကြားမှုအောက်မှာ အကောင်းဆုံး ပုံဖော်ကစားနိုင်ခဲ့တဲ့ ဂျာမနီအသင်းကို ချီးကျူးမိတာ အမှန်ပါပဲ။

ပွဲကစားဖို့အတွက် ပထမပွဲထွက်စာရင်းကို ကြည့်လိုက်တဲ့အချိန်မှာ အာဂျင်တိုင်းတို့ အခြေအနေ မကောင်းတော့ဘူးဆိုတာ ကျွန်တော်သိလိုက်ပါပြီ။ အဓိကပြောစရာကတော့ အလယ်တန်းလူစာရင်းပါ။ အလယ်တန်းမှာ ကစားကွက်ဖော်ပြီး ကစားနိုင်မှာဆိုလို့ ဒီမာရီယို တစ်တစ်ယောက်ကိုပဲ မြင်မိတယ်။ မက်ဆီနဲ့ ကူရမှာပေါ့လေ။ ကျန်တဲ့နှစ်ယောက်က မာရှေယာနိုနဲ့ မက်ဆီရိုဒရီဂွတ်။ သူတို့နှစ်ဦးက ဖန်တီးသူတွေ မဟုတ်ကြဘူး။ အဖျက်အားသန်တဲ့ ကစားသမားနှစ်ယောက်။ ရှေ့တန်းမှာ နောက်ချန်တိုက်စစ်မှူးအဖြစ် နေရာပေးထားတဲ့ မက်ဆီကပဲ အလယ်တန်းကို ဆင်းကူရတော့မယ်ဆိုတာ သေချာစေတဲ့ လူထုတ်ပုံနဲ့ ကစားကွက်။ မက်ဆီက ပွဲမကန်မီတစ်ရက်အထိ အပြင်းဖျားနေခဲ့တဲ့လူ။ တစ်ရက်လောက်နဲ့ အားအင်ပြည့်ဝဖို့၊ ကြံ့ခိုင်မှုပြည့်ဝဖို့ သေချာပါ့မလား။ မက်ဆီမလှုပ်နိုင်ရင် သေပြီဆရာပဲ။ ဂျာမနီအသင်းကတော့ အလယ်တန်းကို အဓိကထားပြီး ပြင်ဆင်လာတာတွေ့ရတယ်။ မလှုပ်မတိုးနိုင်ပေမယ့် ကလိုဆေးကိုပဲ ရှေ့တန်းမှာ တင်ကစားခဲ့တယ်။ ပိုဒေါ့စကီး၊ ရှဝိန်းစတိုင်ဂါ၊ မူလာ၊ အိုဇေးလ်တို့နဲ့ စုဖွဲ့ထားတဲ့ ဂျာမနီအလယ်တန်းဟာ အာဂျင်တီးနားကို ကောင်းကောင်းဒုက္ခပေးတော့မှာ မြင်ယောင်နေမိတယ်။

ပွဲကစားတော့လည်း ထင်တဲ့အတိုင်းပါပဲ။ အာဂျင်တီးနားဟာ တစ်ဦးချင်းကျွမ်းကျင်မှုနဲ့အတူ ထိုးဖောက်မှုတွေ ပြုလုပ်နေခဲ့တယ်။ ဂျာမနီနောက်တန်းအတွက် အေးဆေးပေါ့လေ။ ဂျာမနီကတော့ အသင်းလိုက်စုဖွဲ့မှု အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့တယ်။ ဘောလုံးကို စိတ်ရှည်လက်ရှည် ကိုင်ကစားတယ်။ လိုချင်တဲ့အကွက်ကို ရအောင်ဖော်တယ်။ သူတို့လိုချင်တဲ့ ကစားကွက်ထဲကို အာဂျင်တီးနားတို့ ၀င်လာဖို့အတွက် ဂျာမနီတို့ သိပ်တောင်မစောင့်လိုက်ရဘူး။ အလယ်တန်းမှာ ကွက်လပ်ကြီးဖြစ်နေတဲ့ အာဂျင်တီးနားအတွက် ဂျာမနီအလယ်တန်းရဲ့ လုပ်ချင်တိုင်းလုပ်တာကို ခံခဲ့ရတယ်။

လက်ရှိအချိန်အထိ ဒီနှစ်ကမ္ဘာ့ဖလားရဲ့ အမြန်ဆုံးဂိုးအဖြစ် မူလာက ခေါင်းတိုက်သွင်းသွားတော့ ပြုံးမိတယ်။ ဒီပွဲတော့ အာဂျင်တိုင်းတို့ ခွက်ခွက်လန်တော့မှာပဲလို့။ ဟုတ်ပါရဲ့... ပေးလိုက်ရတဲ့ဂိုးကလည်း နောက်တန်းကစားသမားတွေ လူကပ်ကစားပုံ မကျွမ်းကျင်တဲ့အတွက် မူလာက အေးအေးဆေးဆေး ခေါင်းတိုက်သွားနိုင်ခဲ့တာ။ မူလာဟာ ဒီနှစ်ကမ္ဘာ့ဖလားမှာ ကျွန်တော်သဘောအကျဆုံး အလယ်တန်းကစားသမား ဖြစ်နေပါတယ်။ ဘောလက်နာသွားတော့ အားလုံးက စိုးရိမ်ခဲ့ကြတယ်။ ဂျာမနီတော့ နာတာပဲပေါ့လေ။ ဒါပေမယ့် ဘောလက်မပါနိုင်ခြင်းရဲ့ အကျိုးရလဒ်အဖြစ် သောမတ်မူလာဆိုတဲ့ ကမ္ဘာ့အကောင်းဆုံး အလယ်တန်းကစားသမား တစ်ယောက်ကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရခဲ့တယ်။ ဒီနှစ်ဂျာမနီအသင်းရဲ့ နိုင်ပွဲတွေမှာ မူလာရဲ့ စွမ်းဆောင်ချက်တွေဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။

ဂိုးပေးလိုက်ရလို့ ပြာသွားတဲ့အာဂျင်တီးနားအတွက် အကြီးမားဆုံး အမှားကတော့ အားနည်းနေတဲ့ အလယ်တန်းကို အချိန်မီ မပြင်ဆင်နိုင်ခဲ့တာပါပဲ။ ဒီမာရီယိုကလည်း တောင်ပံမှာပဲ ကစားနေခဲ့တယ်။ မာရှေယာနိုကလည်း နောက်တန်းအထိ လိုက်ဖျက်ထုတ်နေရတယ်။ ရိုဒရီဂွတ်ကလည်း ဘာမှလောက်လောက်လားလား လုပ်မပြနိုင်ဘူး။ ပိုဆိုးတာက အာဂျင်တီးနားရဲ့ အဓိကဖန်တီးရှင် မက်ဆီနဲ့ အချိတ်အဆက် မမိတာပဲ။ မက်ဆီတစ်ယောက်ပဲ လှုပ်နိုင်မယ့်လူဆိုတာ သိနေတဲ့အတွက် ဂျိုးအာချင်လိုး တာဝန်ပေးထားတဲ့ ဂျာမာန်နှစ်ယောက်ကလည်း နည်းနည်းလေးမှ အလွတ်မပေးခဲ့ဘူး။ ကြံ့ခိုင်မှုမပြည့်တဲ့ပုံ ပေါက်နေတဲ့မက်ဆီဟာ စိတ်တိုင်းကျ ကစားခွင့်မရတဲ့အတွက် စိတ်ဓာတ်ပါ ကျသွားပုံရပါတယ်။ သူဖန်တီးပေးတာကို အဆုံးသတ်မယ့်လူ မရှိ။ သူ့ကိုကျတော့လည်း ဖန်တီးပေးမယ့်လူမရှိနဲ့ တကယ့်ကို သနားစရာလေးပါဗျာ။

တစ်ကမ္ဘာလုံးက ပရိသတ်တွေနည်းတူ ကျွန်တော်ကိုယ်တိုင်လည်း ဒုတိယပိုင်းမှာ မာရာဒိုနာနဲ့ အာဂျင်တီးနားအသင်း ပြန်လာနိုင်ခဲ့မယ်လို့ ထင်မှတ်ခဲ့ကြတယ်။ ခေတ်သစ်ဘောလုံးမှာ တစ်ဂိုးဆိုတဲ့ပမာဏဟာ စာဖွဲ့နေစရာမကို မဟုတ်တော့ဘူး။ ဒါကြောင့် မာရာဒိုနာတစ်ယောက် အပြောင်းအလဲတွေလုပ်ပြီး ကစားကွက်ကို ပြုပြင်နိုင်မယ်လို့ ထင်မှတ်ထားခဲ့တယ်။ ဒါပေမယ့် ပွဲထွက်လာတော့ ပထမပိုင်းကလူစာရင်းအတိုင်းပဲ။ တော်တော်စိတ်ပျက်သွားတယ်။ အလယ်တန်းကစားပုံ ညံ့ဖျင်းနေတာကို မာရာဒိုနာ မမြင်နိုင်ခဲ့တာလား၊ ခေါင်းမာခဲ့တာလားဆိုတာ သူကိုယ်တိုင်မှပဲ ပြောနိုင်လိမ့်မယ်။

ဂိုးလိုချင်တဲ့လူတွေဆိုတော့လည်း အာဂျင်တီးနားတို့က တရစပ်ဖိကစားတာပေါ့လေ။ အတူကြည့်နေတဲ့ သူငယ်ချင်းတွေက ၀မ်းသာအားရတွေဖြစ်လို့၊ လက်ခုပ်လက်ဝါးတွေတောင် တီးနေလိုက်သေးတော့တယ်။ ကျွန်တော်က တစ်ခွန်းပြောလိုက်မိတယ်။ အင်္ဂလန်ပွဲကို မှတ်မိလားလို့။ အားလုံးရဲ့မျက်လုံးတွေက ကျွန်တော့်ဆီကို ၀ိုင်းလာကြတယ်။ ငါလည်း မင်းတို့နဲ့အတူ အာဂျင်တီးနားပရိသတ်ပါကွ။ ဘာဖြစ်လို့လဲဆိုတော့ ဘာတွေရွှီးဦးမလို့လဲဆိုတဲ့ အကြည့်တွေပေါ့။ ကျွန်တော်ကတော့ အလျှော့မပေးပါဘူး။ ဆက်ပြောလိုက်ပါသေးတယ်။ မာရာဒိုနာဟာ ပရိယာယ်ကို နားမလည်ဘူးကွ။ သူက အခုအချိန်အထိ ဘောလုံးသမားစိတ်နဲ့ စဉ်းစားနေတုန်းပဲ။ သူသာဆိုရင် ဘယ်လိုအခွင့်အရေးရရင် ဘယ်လိုဂိုးသွင်းပစ်မယ်ဆိုတဲ့ အတွေးနဲ့အတူ မက်ဆီတို့၊ ဟီဂူအင်တို့၊ တိဗက်ဇ်တို့ကို ယုံကြည်နေတယ်ကွ။  အဓိကအားနည်းချက်က အဲဒါပဲ။ ဂျာမနီကို အသာစီးရအောင် ဘယ်လိုကစားကွက်နဲ့ ပုံဖော်မလဲဆိုတာထက် မက်ဆီဘယ်အချိန်မှာ အစွမ်းပြပြီး သူလုပ်ပြဖူးသလိုမျိုး နောက်တန်းအားလုံးကို တစ်ယောက်တည်းမွှေနှောက်ပြီး ဂိုးသွင်းမလဲဆိုတာကို သူစောင့်နေပုံရတယ်။ ဒါဟာ သူတို့ခေတ်ဘောလုံး မဟုတ်တော့ဘူးကွ။ သူတို့တုန်းက ကစားသမားက အဓိကကျတယ်။ ပါရမီရှင်ကစားသမား နှစ်ယောက်လောက်ပါရင် အဲဒီအသင်းဟာ ချန်ပီယံဖြစ်နိုင်တယ်။ အခုခေတ်က ကစားသမားချည်းပဲ အားကိုးရတဲ့ခေတ် မဟုတ်တော့ဘူး။ ဗျူဟာချင်းပြိုင်တဲ့ခေတ်၊ ပြိုင်ဘက်နည်းပြနှစ်ဦး ဉာဏ်စီချင်းထိုးတဲ့ခေတ်ကွလို့ ပြောမိတယ်။ သူတို့က ဆက်မေးတယ်။ အခုဘာဖြစ်နေလို့လဲတဲ့။ ဘာဖြစ်ရမလဲဗျာ။ အခုအာဂျင်တီးနားတို့ လုပ်နေပုံက အင်္ဂလန်အသင်း ချေပဂိုးရဖို့အတွက် အသည်းအသန် ဖိကစားနေတာတဲ့ တစ်ပုံစံတည်းဖြစ်နေတာပေါ့။ အဲဒီတော့ ဘာဖြစ်ရမလဲ ဂျိုးအာချင်လိုး လိုအပ်တဲ့အကွက်ထဲကို ကွဲခနဲ ၀င်သွားပြီပေါ့ကွာ။ မယုံရင်စောင့်ကြည့်၊ တန်ပြန်တိုက်စစ်ကနေ အာဂျင်တီးနားအသင်း ဂိုးတွေပေးရတော့မယ်။ အင်္ဂလန်အတိုင်းပေါ့။

ပြောလို့မှမကြာသေးဘူး၊ ဖိကစားနေတာက အာဂျင်တီးနား၊ ဂိုးရသွားတာက ဂျာမနီ... သေပြီဆရာပဲ။ ဘာမှကို လိုက်မကစားတဲ့ ကလိုဆေးက ဂိုးမသွင်းရင် မဖြစ်တော့တဲ့ အနေအထားကနေ မသွင်းချင်သွင်းချင်နဲ့ ဂျာမနီအတွက် ဒုတိယအနိုင်ဂိုးကို သွင်းလိုက်ရတယ်။ အသင်းကြီးအချင်းချင်း တွေ့တဲ့ပွဲမှာ နှစ်ဂိုးဆိုတဲ့ ပမာဏဟာ လုံလောက်ပြီလို့ အများစုက တွေးနေကြမှာပဲ။ ဒါပေမယ့် ဂျိုးအာချင်လိုးက အဲဒီလိုမတွေးဘူး။ ရလဒ်အားဖြင့်သာ အနိုင်ရသေးတယ်လို့ သူယူဆတယ်။ ရလဒ်ဆိုတာတွေက ကစားသမားတွေက ဖန်တီးတာဖြစ်တဲ့အတွက် အချိန်မရွေး အဲဒီရလဒ်ကို ချေဖျက်ပစ်နိုင်ကြသေးတယ်။ မက်ဆီသာ ချေပဂိုးတစ်ဂိုးလောက် ရသွားမယ်ဆိုရင် အခြေအနေတွေက ရှုပ်ထွေးသွားနိုင်တယ်။ အဲဒီအခါ မလိုအပ်ဘဲ ကစားကွက်ပျက်၊ ကစားသမားတွေ စုစည်းမှုပျက် ဖြစ်ကုန်ကြမယ်။ အဲဒီတော့ အနိုင်ဂိုးတွေရထားပေမယ့် ကစားအားကို ချမပစ်ဘဲ ဒီအတိုင်းပဲ ဆက်ထိန်းထားလိုက်တယ်။ ရလဒ်တွေထက် အနိုင်သေချာစေတာတွေ ရှိနေတယ်ဆိုတာ ဂျာမန်တွေ သိနေတယ်လေ။ ၇၄ မိနစ်မှာ ဖရိုက်ရစ်ခ်ျက တတိယဂိုးသွင်းလိုက်တဲ့ အချိန်မှာတော့ ဂျိုးအာချင်လိုး လိုချင်တဲ့အနိုင်ရလဒ်ကို ရရှိသွားခဲ့ပါတယ်။ ဂိုးအရေအတွက်မဟုတ်ပါဘူး။ စိတ်ဓာတ်အောင်ပွဲပါ။ သုံးဂိုးရှုံးသွားတဲ့အချိန်မှာ အာဂျင်တီးနား အသင်းသားတွေတင်မဟုတ်ပါဘူး၊ နည်းပြမာရာဒိုနာကိုယ်တိုင် စိတ်ဓာတ်ကျသွားခဲ့ပါပြီ။ စိတ်ဓာတ်ကျသွားတဲ့ အသင်းတစ်သင်းဟာ ဘယ်တော့မှ ပြန်လာလေ့မရှိပါဘူး။ ပြုသမျှကို နုပါတော့မယ်လို့ လည်စင်းခံပေးဖို့ပဲ ရှိတော့တာပါ။ အာဂျင်တီးနားတို့ကို သမိုင်းဝင်ရှက်ဖွယ်လိလိ ဖြစ်စေဖို့အတွက် လိုအပ်တဲ့ဂိုးတစ်ဂိုးကို ပွဲပြီးခါနီး ၈၉ မိနစ်မှာ ဂိုးတော့မယ်လို့ သေချာပေါက်သိနေတဲ့ အနေအထားကနေပဲ ကလိုဆေးက အသာအယာ ပိတ်သွင်းယူသွားခဲ့ပါသေးတယ်။

အာဂျင်တီးနားအသင်း မညံ့ပါဘူး။ မာရာဒိုနာ ညံ့တာပါ။ မက်ဆီမညံ့ပါဘူး။ ဒါပေမယ့် မာရာဒိုနာကစားခဲ့စဉ်က ပုံစံမျိုးကိုတော့ လုံးဝမမီပါ။ တိဗက်ဇ်ကြိုးစားပါတယ်။ ဒါပေမယ့် အရာမထင်ပါ။ ပြောရရင်တော့ ရှုံးသင့်လို့ရှုံးရတဲ့ပွဲဆိုတာကို တစ်ကမ္ဘာလုံးက လက်ခံနေကြပါပြီ။ မိတ်ဆွေရော...? အာဂျင်တီးနားရှုံးသွားလို့ မယုံနိုင်ဖြစ်နေတုန်းပဲလား။ မဖြစ်ပါနဲ့ဗျာ... ပိုကောင်းတဲ့အသင်း အနိုင်ရသွားတာပဲ။ ၀မ်းသာပေးလိုက်ပါ။ ဂျာမန်ဝန်ကြီးချုပ် မာကယ်လ်တစ်ယောက် ကလေးတစ်ယောက်လို ၀မ်းသာအားရနဲ့ ပျော်နေတာကိုမြင်တော့ သူ့ရင်ထဲက အပျော်တွေတောင် ကူးစက်လာတယ်လို့ ခံစားရတယ်။ သူများအသင်း အနိုင်ရတာကိုကြည့်ပြီး ဒီလောက်ပျော်နေရရင် ကျွန်တော်တို့နိုင်ငံအသင်းသာဆိုရင်.....။ အင်း... အင်း.... အင်း....။ ဟူး...... ဟူး.... ဟူး....။ :P
schweinsteiger.png
Man of the Match - ရှဝိန်းစတိုင်ဂါ (ဂျာမနီ)

အတော်ဆိုးတဲ့ အသင်းနှစ်သင်းဗျာ။ ကြည့်နေတဲ့ကျွန်တော်တို့က အချိန်ပိုတွေ၊ ပင်နယ်တီတွေအထိ အားခဲထားနေတဲ့အချိန်ကျတော့မှ ဆန့်တငင်ငင်နဲ့ ပူစပ်ပူလောင်ဖြစ်ပြီး ကျန်ရစ်ခဲ့အောင် လုပ်သွားကြတယ်။ ပွဲချိန်တစ်လျှောက်လုံး အသက်ရှူရပ်သွားမတတ် စိတ်လှုပ်ရှားမှုပေးခဲ့တဲ့ ဒီပွဲဟာ အတော်အသက်ဝင်ခဲ့တာပါ။ အများစုကတော့ ပွဲကြီးက အေးတိအေးစက်ကြီးလို့ မြင်ကြတယ်။ ဒါပေမယ့် တကယ်တမ်းက မအေးစက်ပါဘူး။ မသိမသာလေး အသည်းပေါက်မတတ် အနိုင်ရဖို့ လုံးပန်းခဲ့တဲ့ နှစ်သင်းလုံးဟာ တစ်ဖက်နဲ့တစ်ဖက် အမှားမခံဘဲ ရင်ဆိုင်ခဲ့ကြတဲ့အတွက် ပွဲအေးလို့ ထင်ခဲ့ရတာပါ။ အနိုင်ရတဲ့ပွဲတိုင်မှာ အလယ်တန်းကစားပုံကောင်းခဲ့တဲ့ စပိန်အသင်းဟာ ဒီနေ့ပွဲမှာတော့ ကစားကွက်အသာစီး မရခဲ့ပါဘူး။ အတင်းဝင်၊ အတင်းထွက်၊ မြန်နှုန်းတင်ပြီး ခပ်ကြမ်းကြမ်းကစားခဲ့တဲ့ ပါရာဂွေးအသင်းကတောင် အသာစီးရခဲ့ပါသေးတယ်။ တကယ်လို့သာ ပါရာဂွေးအသင်းရဲ့ တိုက်စစ်မှူးတွေ တစ်ဂိုးလောက်ပဲ ရခဲ့မယ်ဆိုရင်တောင် စပိန်တို့ အိမ်ပြန်သွားရနိုင်ပါတယ်။ ရှေ့၊ လယ်၊ နောက် ကစားသမားတွေအားလုံး အားကြိုးမာန်တက် ကစားသွားတဲ့ ပါရာဂွေးအသင်းဟာ စပိန်အသင်းထက် ပိုကောင်းနေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ စပိန်တိုက်စစ်မှူး တောရက်စ်တစ်ယောက် ဂိုးပေါက်ပျောက်နေဆဲမို့ ပါရာဂွေးတို့ သက်သာရာရခဲ့ပါတယ်။ ဒေးဗစ်ဗီလာကလည်း ဘယ်အစွန်ကို ထွက်ကစားနေတဲ့အတွက် ထိရောက်တဲ့ထိုးဖောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။

ပါရာဂွေးအသင်းက ဗဲလ်ဒက်ဇ်ရဲ့ ကစားပုံဟာ ဒီနေ့ပွဲမှာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ စပိန်နောက်တန်းဟာ ဗဲလ်ဒက်ဇ်ကို အတော်ကြီးကို ထိန်းသိမ်းယူခဲ့ရပါတယ်။ သူသွင်းယူခဲ့တဲ့ ဂိုးတစ်ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ပြီး ဂိုးမပေးခဲ့တာက ဒီပွဲရဲ့ အဓိက အလှည့်အပြောင်းတစ်ခု ဖြစ်သွားစေခဲ့ပါတယ်။ တကယ်ဆိုရင် အဲဒီဂိုးဟာ လူကျွံဘောမဟုတ်ပါဘူး။ လူကျွံအနေအထားမှာ ရှိနေတဲ့ နံပါတ်-၇ ဟာ ဘောလုံးကို ခေါင်းတိုက်မိခြင်း လုံးဝမရှိခဲ့ဘဲ ဗဲလ်ဒက်ဇ်က လွတ်လွတ်ကျွတ်ကျွတ် သွင်းယူခဲ့တာပါ။ စည်းကြပ်ဒိုင်လူကြီးရဲ့ အမှားတစ်ခုပါ။

ဘောလုံးပွဲကို ခံစားမှုရသတွေ တစ်ပြုံကြီးပေးခဲ့တဲ့ အဖြစ်အပျက်တွေကတော့ မိနစ် ၆၀ အနီးမှာ ဖြစ်ပျက်ခဲ့ပါတယ်။ သုံးမိနစ်အတွင်းမှာ နှစ်ဖက်စလုံးကို ပင်နယ်တီပေးခဲ့တဲ့ အဖြစ်အပျက်ဟာ ဒီနှစ်ကမ္ဘာ့ဖလားပွဲရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်ရပ်တွေထဲက တစ်ခုအပါအ၀င် ဖြစ်ပါလိမ့်မယ်။ အံ့သြစရာကောင်းတာက အဲဒီပင်နယ်တီ နှစ်လုံးစလုံးကို နှစ်ဖက်အသင်းတွေက ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ကြတာပါပဲ။ စပိန်အသင်းက အလွန်ဆိုကန်သွင်းရာမှာ ဂိုးဝင်သွားခဲ့ပေမယ့် ဘောလုံးကိုမကန်ခင် စပိန်ကစားသမားတွေ စည်းအတွင်း ၀င်လာခဲ့တယ်ဆိုပြီး ပြစ်ဒဏ်ဘောသတ်မှတ်ကာ ဒုတိယအကြိမ် ပြန်ကန်ခိုင်းခဲ့ပါတယ်။ ဒုတိယအကြိမ်မှာတော့ အလွန်ဆိုရဲ့ ကန်သွင်းမှုကို ပါရာဂွေးဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီပင်နယ်တီကို ပြသပြီးခဲ့ချိန်မှာ ထုတ်လွှင့်နေတဲ့ ရုပ်သံအစီအစဉ်က ပါရာဂွေးအသင်းက ကာဒိုဇိုပင်နယ်တီ ကန်သွင်းတဲ့အနေအထားကို ပြန်ပြခဲ့ပါတယ်။ အဲဒီလိုပြန်ပြတဲ့အချိန်ကျမှ ကာဒိုဇို ပင်နယ်တီကန်သွင်းတုန်းကလည်း ဘောလုံးကို မထိခင်ကတည်းက စပိန်ကစားသမားတွေ စည်းအတွင်းကို ကျော်ဝင်လာတာကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းကတော့ ကွင်းလယ်ဒိုင်လူကြီးဟာ ပင်နယ်တီကို ဒုတိယအကြိမ် ပြန်ကန်ဖို့ ဘာကြောင့်မသတ်မှတ်သလဲဆိုတာ မေးခွန်းထုတ်စရာပါ။

ဒီအတိုင်းပဲ မိနစ် ၉၀ ပြီးတော့မယ်လို့ ထင်မှတ်ရတဲ့အချိန်မှာပေါ့ဗျာ။ ဂိုးရချင်တဲ့လူများကျတော့လည်း ကြံဖန်ပြီးတော့ကို ဂိုးရတတ်ကြတာမျိုးဗျ။ အင်နီယေစတာက အံ့သြဖွယ်ရာ ဖန်တီးမှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ ပါရာဂွေးအလယ်တန်းနဲ့ နောက်တန်းကစားသမားတွေအားလုံးကို မထင်မှတ်ဘဲ ကျော်ဖြတ်ခဲ့တယ်။ ပြီးတဲ့အချိန်မှာ တိကျသေချာတဲ့ ပေးပို့မှုတစ်ခုကို ညာဘက်မှာလွတ်နေတဲ့ ပတ်ဒရိုဆီကို ပေးပို့ခဲ့တယ်။ ပတ်ဒရိုကလည်း အဲဒီဘောလုံးကို အပြင်းကန်သွင်းတယ်၊ ပါရာဂွေးဂိုးသမားရဲ့ ညာဖက်ဂိုးတိုင်ကို ထိမှန်ပြီး ပြန်ထွက်သွားတယ်..၊ ဟာ...၊ အဲဒီဘောလုံးကို နောက်တန်းက ခေါင်းတိုက်ဖျက်ထုတ်တယ်၊ ဒေးဗစ်ဗီလာဆီကိုရောက်တယ်၊ အသာလေးပွတ်သွင်းလိုက်တယ်၊ ဂိုးသမားရဲ့ ဘယ်ဖက်ဂိုးတိုင်ကို သွားမှန်တယ်...၊ ပြန်ထွက်လာပြီး ဂိုးသမားရဲ့ ညာဖက်ဂိုးတိုင်ကို ထပ်ပြီးမှန်တယ်၊ ပြီးတော့ ဂိုးဝင်သွားတယ်။ ဖြစ်ပျက်ခဲ့တာတွေက ခဏလေးမှ တကယ့်ကို ခဏလေးရယ်။ ဒါပေမယ့် ကြည့်နေရသူတွေက ဟာလိုက်၊ ဟင်လိုက်နဲ့ ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။ ဒေးဗစ်ဗီလာတို့ ဂိုးရပုံများကတော့ အံ့သြစရာပါပဲ။ အာဖရိကန်နတ်တွေဟာ စပိန်အသင်းကို သဘောကျတယ်ထင်ပါရဲ့။ ကံကောင်းခြင်းတွေကို လက်ဆောင်ပေးခဲ့ကြပါတယ်။

ဆီမီးဖိုင်နယ်လ်အဖြစ် ဂျာမနီနဲ့ စပိန်တွေ့ဆုံမှုကတော့ ပွဲကြီးပွဲကောင်းပဲ ထင်ပါရဲ့။ သမိုင်းအစဉ်အလာချင်းယှဉ်ရင် ကွာဟချက်ကြီးလွန်းတဲ့ သူတို့နှစ်သင်းရဲ့ ဆုံတွေ့မှုဟာ စိတ်လှုပ်ရှားမှုတွေ ဖြစ်စေဦးမှာတော့ အမှန်ပါပဲ။ ဂျာမနီရဲ့မူလာ ပွဲပယ်ခံထားရတာကတော့ နစ်နာလှသဗျာ။ ဒေးဗစ်ဗီလာဂိုးသွင်းတဲ့ပွဲတိုင်း စပိန်အသင်း အနိုင်ရတဲ့စံချိန်အတိုင်းဆိုရင်တော့ ဂျာမနီနဲ့နေ့မှာ ဒေးဗစ်ဗီလာကို ထိန်းချုပ်ဖို့အတွက် ဂျိုးအာချင်လိုးတစ်ယောက် ဘာတွေဖန်တီးမလဲဆိုတာ ကြိုတင်တွေးတောတာနဲ့တင် ရင်ခုန်စရာကောင်းလှပါပြီ။

iniesta.png
Man of the Match - အင်နီယေစတာ (စပိန်)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၅ ရက်၊ တနင်္လာနေ့။
နံနက် ၉ နာရီ ၃၈ မိနစ်တွင်ပြီး၏။

 
Web Statistics