Thursday, September 20, 2007

အကိုးအကားမဲ့ပြောကြည့်ခြင်း


မျက်ကန်းမယားပါ သနပ်ခါးမလိုဘူး

ပန်းပုဆရာသားပါ အစားအစာမလိုဘူး

ဘုန်းကြီးကျောင်းကခိုတစ်ကောင်ပါ အိမ်မလိုဘူး

မလိုတာတွေကို ဖွင့်ပြောဖူးတဲ့ သောက်ရေအိုးကြီးသိတယ်

လိုတာတွေကို သိမ်းထားခဲ့ဖူးတဲ့ ဒိုင်ယာရီတစ်အုပ်သိတယ်။

 

တိမ်ကရေးတဲ့ ပန်းချီကားထဲမှာ

ဘ၀ရဲ့ နေနည်းထိုင်နည်းရှိတယ်

လရောင်က ငှားတဲ့အလင်းထဲမှာ မျိုသိပ်မှုတွေရှိတယ်

သစ်ရွက်တွေက လက်ယပ်ခေါ်တဲ့လေထဲမှာ အမြိုက်တရားရှိတယ်

ပျက်နေတဲ့ အသံချဲ့စက်တစ်လုံးထဲမှာတော့

အမှန်အမှားမရှိဘူး။

မနောဓာတ်လေးတိုတို လက်တစ်ဆစ်လောက်ကို

အသက်ရှည်ချင်သေးလို့ မျိုထားရတာကြာပြီ

အလိုဆန္ဒတွေထဲမှာ ဘယ်တော့မှ သမ္မာကျမ်းမရှိဘူး။

( ငြိမ်းအေးလူ ၏ ကဗျာတစ်ပုဒ်ဖြစ်ပါသည် )

ဝိနည်းဆောင်ပုဒ်များ


(၁) ဥစ္စာပျက်ကြောင်းခြောက်ပါး။ သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရှုငဲ့သဘင်၊ ပျော်ရွှင်အန်လောင်း၊ မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊ ယိုယွင်းဥစ္စာ ပျက်ကြောင်းတည်း။

(၂) သေစာအပြစ်ခြောက်ပါး။ ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊ မလုံ အင်္ဂါ၊ ပညာနည်းရှား၊ ဤခြောက်ပါးကား သောက်စားသေစာ အပြစ်တည်း။

(၃) အခါမဲ့သွားခြင်းအပြစ်ခြောက်ပါး။ ကိုယ့်သားမယား၊ တခြားဥစ္စာ၊ လုံရာမဲ့ရှောင်း၊ မကောင်းအရာ၊ ရွံရှာပေအပ်၊ ယိုးစွပ်ရောက်မှု၊ ဆင်းရဲစုကား၊ ခြောက်ခု ခါမဲ့သွားပြစ်တည်း။

(၄) မိတ်ဆွေအပြစ်ခြောက်ပါး။ ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊ အတုပြုငြား၊ လှည့်စားတထောက်၊ မျက်မှောက်လုချက်၊ နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်ဖြစ်လားကြောင့်၊ ပျက်ပြားမိတ်ဆွေ အပြစ်တည်း။

(၅) ပျင်းသူအပြစ်ခြောက်ပါး။ အချမ်းပြင်းဝှန်၊ အလွန်ပူနိုး၊ မိုးချုပ်လှမော၊ စောလွန်းလှယောင်၊ ဆာလောင်ပျင်းနေ၊ လွန်ထွေဝမ်းဝ၊ နေကပညာ၊ မပွားရာသည်၊ ခြောက်ဖြာ ပျင်းသူအပြစ်တည်း။

၄၉၄ ကာရက်ရှိ စိန်တူးဖော်ရရှိ


လန်ဒန် စက်တင်ဘာ ၁၄

လန်ဒန် ကျောက်မျက်ရတနာတူးဖော်ရေး ကုမ္ပဏီဖြစ်သည့် စိန်ကျောက်မျက်ရတနာ ကုမ္ပဏီက ၄၉၄ ကာရက် အလေးချိန်ရှိ ၁၈ ခုမြောက် အကြီးဆုံးသောစိန်ကို လီဆိုသို နိုင်ငံရှိ လက်ဆင်ကျောက်မျက် မိုင်းတွင်းမှ တူးဖော်ရရှိကြောင်း ကြာသပတေးနေ့က ပြောကြားသည်။

နာမည်မပေးရသေးသော အံ့ဖွယ်ကောင်းသည့် အဆိုပါစိန်သည် ၁၈ ခုမြောက် အကြီးဆုံးသော စိန်အရိုင်းတုံးဖြစ်ပြီး အရောင်ထူးခြားကောင်းမွန်ပြီး ကြည်လင်လျက် ရှိသည်ဟု သိရသည်။ အဆိုပါ လက်ဆင် ကျောက်မျက်မိုင်းတွင်း၏ ၇၀ ရာခိုင်နှုန်းကို စိန်ကျောက်မျက်ရတနာကုမ္ပဏီက ပိုင်ဆိုင်ပြီး ၃၀ ရာခိုင်နှုန်းကို လီဆိုသိုအစိုးရက ပိုင်ဆိုင်သည်။ ထို့အပြင် ကမ္ဘာ့ထိပ်တန်း အရည်အသွေး ကောင်းမွန်သည့် စိန်သုံးလုံးကို တူးဖော်ရရှိခဲ့သည်။

ယင်းမိုင်းတွင်းမှ ၁၅ ခုမြောက် အကြီးဆုံးဖြစ်သည့် ၆၀၃ ကာရက်ရှိ စိန်တုံးကို ၂၀၀၆ ခုနှစ် သြဂုတ်လအတွင်းက တူးဖော်ရရှိခဲ့ပြီး ဒေါ်လာ ၁၂ ဒဿမ ၄ သန်းဖြင့် ရောင်းချခဲ့သည်။ ၆၀၃ ကာရက်ရှိ အဆိုပါ စိန်ကို အောက်ကပုံတွင် ကြည့်ရှုနိုင်ပါသည်။



အမ်အင်အေ၊ ရိုက်တာ။

ဘုရားသခင်မှန်တယ်


ယောက်ျားနှင့် မိန်းမ မည်သူက သာသနည်းဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ စာရေးဆရာမကြီးနှင့် အခြေအတင် အငြင်းပွားရာတွင် သတင်းထောက်သည် မိမိ၏ နောက်ဆုံးဆင်ခြေကို ဤသို့ထုတ်ပြောသည်။

“ဘုရားသခင်ဟာ ယောက်ျားကို အရင် ဖန်ဆင်းပြီးမှ မိန်းမကို ဖန်ဆင်းတာပါ”

စာရေးဆရာမကြီး အောက်ပါအတိုင်း တုံ့ပြန်သည်။

“ဘုရားသခင် သိပ်မှန်တာပေါ့... ကျွန်မလည်း စာကြမ်းကို အရင်ရေးတာပဲ”

( မောင်ကောင်းထိုက် - နှီးပဒေါ ၏ ဟာသတစ်ပုဒ်ဖြစ်ပါသည် )

မှတ်သားစရာ စကားစာ


အသိဉာဏ်ထက် ပိုမိုစွမ်းအားကြီးသော လက်နက်ဟူ၍ မရှိနိုင်။ (ဂေါ်ကီ)

There are no arms more powerful than knowledge. (Gorky)

ချဲလ်ဆီးကိုလက်ပြသွားသောမော်ရင်ဟို



ချဲလ်ဆီးအသင်း တာဝန်ရှိသူများက နည်းပြမော်ရင်ဟို နည်းပြအဖြစ်မှ နုတ်ထွက်သွားကြောင်းကို အတည်ပြုပြောကြားခဲ့ပါသည်။

ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် မော်ရင်ဟိုသည် အသင်းမှ အဓိကကစားသမား ၅ ဦးနှင့် တွေ့ဆုံခဲ့ပြီး အသင်းမှ သူထွက်ခွာမည့်အကြောင်းကို ပြောကြားခဲ့သည်။ ထိုနေ့ ညပိုင်းတွင်ပင် ချဲလ်ဆီးအသင်း၏ နည်းပြအဖြစ်မှ သူနုတ်ထွက်ကြောင်းကို အသင်းသားအားလုံး သိခဲ့ကြရသည်။

ပီတာကီယွန်၊ ဘရုစ်ဘက်နှင့် အေဗရာမိုဘစ်ခ်ျ တို့ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး အသင်း၏ လက်ရှိအခြေအနေနှင့် အနာဂတ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

အစ္စရေးအသင်း၏ နည်းပြဟောင်း၊ ယခု ချဲလ်ဆီးအသင်း၏ အားကစား ဒါရိုက်တာအဖြစ် တာဝန်ယူနေသူ ဂရန့် အနေဖြင့် ယခုအပတ်တွင် ယှဉ်ပြိုင်ကစားမည့် မန်ယူအသင်းနှင့်ပွဲအတွက် ချဲလ်ဆီးအသင်းကို တာဝန်ယူ ယှဉ်ပြိုင်ကစားမည်ဟု မျှော်မှန်းရသည်။

မော်ရင်ဟို သည် ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် နှစ်ကြိမ် ပို့ဆောင်ပေးခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲများတွင်မူ အောင်မြင်မှုရအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။ ယမန်နှစ်ကလည်း ပရီးမီးယားလိဂ်၏ လက်ရှိချန်ပီယံဘွဲ့ကို မန်ချက်စတာယူနိုက်တက် အသင်းအား လွှဲပြောင်းပေးခဲ့ရသည်။ ယခုနှစ်တွင်လည်း ရာသီအစပိုင်း အမှတ်ပေးပွဲစဉ်များတွင် ရလဒ်မကောင်းသဖြင့် ဝေဖန်ခံခဲ့ရသည်။ အင်္ဂါနေ့က ယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်း၌ ရိုဇင်ဘော့ဂ် အသင်းကို သရေကျခဲ့ပြီးနောက် သူ၏ အနာဂတ်အတွက် မေးခွန်းများစွာ ထွက်ပေါ်လာခဲ့သည်။ ကလပ်အသင်းနှင့် သူ့အကြား နားလည်မှုယူ၍ နုတ်ထွက်ပေးခဲ့ခြင်းဖြစ်ကြောင်း မော်ရင်ဟိုက ပြောကြားခဲ့သည်။ သူနုတ်ထွက်ချိန်တွင် ချဲလ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းမှာ ၃ နှစ် ကျန်ရှိသေးသည်။

ချဲလ်ဆီးအသင်းသည် လက်ရှိအမှတ်ပေးဇယားတွင် ဦးဆောင်သူ အာစင်နယ် အသင်း၏နောက် ၂ မှတ်အကွာဖြင့် ပဉ္စမနေရာတွင် ရပ်တည်လျက် ရှိသည်။

လုပ်ငန်းအတွက် (၇) ချက်


(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )

မင်းသိင်္ခ ၏ “ရေမျောကမ်းတင် အောင်ဗဒင်” စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။

မဟာဗန္ဓုလ ၏ နောက်ဆုံး မိန့်ခွန်း


ငါတို့မှာ အကြောင်းမညီညွတ်သဖြင့် အရေးတို့သည် ပျက်ယောင်တကား။ သို့ပင်ဖြစ်စေကာမူ ငါတို့သည် သတ္တိကိုလည်းကောင်း၊ ၀ီရိယကိုလည်းကောင်း မလျှော့အပ်ချေ။ ဤမြန်မာပြည်ဖွား လူအများတို့၏ ဂုဏ်သတင်းကို ကမ္ဘာချဉ်းအောင် ငါသည် ထင်လင်းစေအံ့။ ထိုမှ တစ်ပါးလည်း မြန်မာပြည်ဖွား စစ်သူကြီးသည် သေသင့်သည့်နေရာ၌ မတွန့်မတို သေ၀ံ့ကြောင်းကို ငါသည် ထင်ရှားစေအံ့။ တစ်ကြောင်းလည်း စစ်သူကြီးရှိလျက် အရေးပျက်သော် ရာဇ၀င် ညှိုးရသည်။ စစ်သူကြီး ကျဆုံး၍ အရေးပျက်သော်ကား တိုင်းပြည်ကို လည်းကောင်း၊ အသင်စစ်သားတို့အား လည်းကောင်း အပြစ်ဆိုကြလိမ့်မည်မဟုတ်။ အပြစ်ဆိုဖွယ်ရာလည်း မရှိချေ။ ထို့ကြောင့်လျှင် ငါသို့သော စစ်သူကြီးသည် မြန်မာပြည်၏ ဂုဏ်ကို စစ်စစ် ကယ်ဆယ်ခဲ့ပေအံ့။ ထပ်၍လည်း အမွှန်းတင်ခဲ့အံ့။ အို... သူရဲကောင်းတို့...။ ယခု ငါစွန့်စားဝံ့သကဲ့သို့ အသင်တို့နှင့်တကွ နောင်လာ နောက်သားတို့သည် ရဲရင့်တည်ကြည်စွာနှင့် အရေးအရာရှိက မတွန့်မတို စွန့်စားကြရန် ငါလည်း လက်ငင်း ပုံစံအမှန် ပြခဲ့ပေတော့အံ့။ လိုက်နာကြပါကုန်လော့။

စစ်သူကြီး မဟာဗန္ဓုလ

၁၈၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့။

Wednesday, September 19, 2007

လုပ်ရပ်


ကျောက်ခဲစုဆောင်းနေသော သူငယ်ကလေးကို ကုန်သည်ကြီးတစ်ဦးက လှမ်းခနဲ့၏။

“ဘာလဲ... ကောင်းကင်ကြီးကို ခဲနဲ့ ပေါက်မလို့လား၊ လုပ်မနေနဲ့... မင်းခဲလုံးက ကောင်းကင်ဆီ ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး”

သူငယ်ကလေးကတော့...

ကျောက်ခဲတွေကို ဆက်ကောက်မြဲ ကောက်၏။

စကားတစ်ခွန်းကိုလည်း အေးအေးဆေးဆေး ပြန်ပြောသည်။

“ဦးလေး ပြောသလို မဟုတ်ပါဘူး။ ပင်လယ်ထဲကို ပစ်ချမလို့ပါ။ ဒီကျောက်ခဲတွေဟာ ပင်လယ်ရဲ့ အောက်ခြေကြမ်းပြင်အထိ ကျသွားကြမှာပါ။ သေချာပါတယ်”

တာရာမင်းဝေ

“ကျွန်တော်နှင့် နွေယဉ်စွန်းတန်း” စာအုပ်မှ...

စာဖတ်ပါ


အသိဉာဏ်ပြည့်စုံဖို့ ဘာလုပ်ရမလဲဆိုတော့ စာများများဖတ်ပါ။ အချိန်အားတာနဲ့ အဖိုးတန်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖတ်ပါ။

လူငယ်တွေဟာ စာတတ်ကြတယ်။ သို့ပေမယ့် စာမဖတ်ကြဘူး။ စာတတ်ပါလျက်နဲ့ စာမဖတ်ရင် မင်းဟာ ဘာမှ အဓိပ္ပါယ်မရှိဘူး။ စာတတ်တယ် သင်တယ် ဆိုတာဟာ စာဖတ်ဖို့။ စာဖတ်ခြင်းသည် လှေခါးနဲ့တူတယ်။ လှေခါးဆိုတာ တက်ဖို့။

ဆရာ အောင်သင်း

၆-၂-၂၀၀၆

“လူငယ်နှင့် ယနေ့ခေတ်” စာအုပ်မှ

မဟာဗန္ဓုလ ၏ ရဲရဲတောက်မိန့်ခွန်း


 ဗိုလ်မင်းတပ်မင်းအပေါင်းတို့...

ငါတို့သည် အင်္ဂလိပ်တို့အား ဓည၀တီဘက်မှ ခြောက်လှန်းမောင်းနှင်လိုက်ရာ ကုန်းကြောင်းဘက်မှ မ၀င်သာ၍ ရေကြောင်းမှ လှည့်ပတ်လာရောက် ထိပါး နှောက်ယှက်နေချေပြီ။ ဓည၀တီ ပြည်နယ်ခြားတွင်တိုက်စဉ် ငါတို့မှာ သစ္စာရှိသော လူမျိုး မှန်သည့်အားလျော်စွာ မိမိပိုင်နက်နယ်မြေကို မတရားသဖြင့် ယူထားသူထံမှ ပြန်လည်ရရန် သဘောပိုက်၍ တိုက်ခိုက်ခဲ့ကြသည်။ ရှေ့သို့ လောဘတကြီး တိုးတက်သိမ်းယူခြင်း မပြုဘဲ အင်္ဂလိပ်ကုလားဖြူတို့၏ အခြေအနေကို ကြည့်ရှု စောင့်စားနေခဲ့ကြသည်။ တစ်ကျွန်းသား ကုလားဖြူ အင်္ဂလိပ်တို့သည် ငါတို့ စိတ်သဘောကဲ့သို့ မဟုတ်မူ၍ နိုင့်ထက်စီးနင်း ကြံစည်လျက် လာရောက် စော်ကား ရန်စ ပြုပြန်ချေပြီ။ ဤအရေး၌ ပေါ့ပေါ့ဆဆပြုကြလျှင် ငါတို့တစ်မျိုးလုံး သူတို့၏ ကျွန်ဘ၀သို့ ရောက်ကြရချိမ့်မည်။ မိစ္ဆာလူမျိုးတို့၏ ကျွန်ဖြစ်ရခြင်းထက် မြန်မာ၏ဂုဏ် မညှိုးရန် တိုက်ခိုက်ရင်း လဲသေရသည်က ရာဇ၀င်ပြောင်၍ မြတ်ပေသေး၏။ ယခုအရေးသည် ငါတို့၏ ဘုရားမြေကို ငါတို့သွေးဖြင့်ဆက်၍ အသက်နှင့်လဲယူမည့် အရေး ဖြစ်ချေသည်။ ဤတစ်ကြိမ်နိုင်လျှင် ငါတို့သည် အင်္ဂလိပ်ပိုင်တိုင်းပြည်သို့တိုင်အောင် တိုက်ခိုက်သိမ်းယူဖို့သာလျှင် ရှိပေတော့သည်။ ထို့ကြောင့် ဤတစ်ပွဲတွင် ရင်မြေကတုတ် ပြုလုပ်၍ တိုက်ခိုက်ကြကုန်စို့...

စစ်သူကြီး သတိုး မဟာဗန္ဓုလ

Tuesday, September 18, 2007

တို့သိချင်တာဒါကွ


အမေရိကန်သူလျှိုကို ရုရှားတွေ ဖမ်းမိသည်။ ၄င်းကို အချုပ်ခန်းထဲ ထည့်လိုက်သည်။ မကြာမီ ထောင်ထောင်မောင်းမောင်း ဗလကောင်းကောင်း ရုရှားတစ်ယောက် ၀င်လာသည်။ စစ်မေးမည့်သူ ဖြစ်သည်။ မတောက်တခေါက် တတ်ထားသော အင်္ဂလိပ်ဘာသာစကားဖြင့် သလျှိုကို မေးသည်။

"What is your name?"

“ဂျွန်စမစ်”

အမေရိကန်၏မျက်ခွက်ကို ဗလကြီး အားထည့်ပြီး လေးငါးချက် လက်သီးစာ ကျွေးလိုက်သည်။

ထပ်မေးသည်။

"What is your name?"

“ဂျွန်စမစ်”

ဒီတစ်ခါ လက်ရောခြေထောက်ပါ ပါလာသည်။ ဤအတိုင်း နာရီအနည်းငယ် ကြာသွားသည်။ မေးလိုက်၊ ထိုးလိုက်နှင့် သူလျှို၏ မျက်နှာမှာ ကြည့်လို့ပင် မကောင်းတော့။ မျက်နှာတစ်ခုလုံး ရောင်ကိုင်းပြီး သွေးတွေနဲ့ နီရဲနေသည်။ သူလျှိုသည် ကြောက်စိတ်နှင့် တစ်ကိုယ်လုံး တုန်လှုပ်နေသည်။ ရုရှားကြီးလည်း လိုချင်သည့် အဖြေ မရသဖြင့် စိတ်တိုသည်ထက် တိုလာသည်။ ထိုးကြိတ်ရဖန်များသဖြင့် လက်တွေ နာနေပြီ ဖြစ်သည်။ သို့နှင့် အိတ်ထဲက ခြောက်လုံးပြူးကို ထုတ်ကာ အမေရိကန်၏ နားထင်နား တေ့လိုက်သည်။ ထို့နောက် သိချင်သည်ကို ဒေါသတကြီး ထပ်မေးသည်။

ဒေါသကြောင့်ထင်သည်။ ၄င်း၏ ပါးစပ်မှ အင်္ဂလိပ်လို မဟုတ်ဘဲ ရုရှားလို ထွက်လာသည်။

“ဟေ့... မင်းကို နောက်ဆုံးအကြိမ်မေးမယ်။ မင်းတို့တပ်မှာ တင့်ကား ဘယ်နှစီး ရှိသလဲကွဟေ

( မောင်ကောင်းထိုက်-နှီးပဒေါ ၏ ဟာသတစ်ပုဒ်ဖြစ်ပါသည် )

Sunday, September 16, 2007

အာစီယံချန်ပီယံမြန်မာအသင်း


မြန်မာနိုင်ပြီ… တို့မြန်မာနိုင်ပြီ…

ကျွန်တော်တို့ မြန်မာတွေအတွက် ဒီနေ့ကတော့ ဘယ်လိုမှ မေ့လို့မရတော့မယ့် နေ့တစ်နေ့ပါပဲဗျာ။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၀၇ ခုနှစ်၊ တတိယအကြိမ် အာစီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ကျွန်တော်တို့ မြန်မာအမျိုးသမီးဘောလုံးအသင်း အနိုင်ရဗိုလ်စွဲခဲ့လို့ပါပဲ။ အိမ်ရှင်မို့၊ ဒိုင်မျက်နှာလိုက်လို့မို့၊ ကံကောင်းလို့မို့ နိုင်ခဲ့တာလို့ လုံးဝကိုပြောလို့မရပါဘူး။ ထိုက်ထိုက်တန်တန်ကို ထိုင်းအမျိုးသမီးအသင်းကို အနိုင်ရခဲ့တာပါ။ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်ကနေ တစ်စက္ကန့်မှ ရွှေ့လို့မရအောင်ကို မြန်မာအသင်းနဲ့ ထိုင်းအသင်းရဲ့ ကစားပွဲက ဖမ်းစားထားခဲ့ပါတယ်။ ကြည့်သမျှ မြန်မာတွေအားလုံး အပြည့်အ၀ပျော်ခဲ့ရတဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။

ဘောလုံးပွဲမစမီ

ပွဲကြည့်စင်တွေမှာ အားပေးဖို့ရောက်နေတဲ့ မြန်မာပရိသတ်တွေကို မြင်မိတော့ အတော်ကို အံ့သြသွားပါတယ်။ ဂိုးတိုင်နှစ်ခုရဲ့ နောက်ဖက်က ပွဲကြည့်စင်နှစ်ခုကလွဲရင် ကျန်မျက်နှာစာနှစ်ခုမှာ ပရိသတ်က အပြည့်ပါ။ တလူလူ လွင့်နေတဲ့ မြန်မာနိုင်ငံတော်အလံတွေကိုတွေ့ရတော့ ရင်ထဲမှာ ကြက်သီးဖြန်းဖြန်းထမိပါတယ်။ ကမ္ဘာမကြေ သီချင်းကို သံပြိုင်ဆိုလိုက်၊ အာရှမြန်မာသီချင်းကို ညီညီညာညာဆိုလိုက်၊ မြန်မာနိုင်ပြီသီချင်းကို အားလုံးညီတူ ဆိုလိုက်နဲ့ အားပေးနေတဲ့ ပရိသတ်ကို ဘယ်လိုမှကို မလေးစားဘဲ၊ မချီးကျူးဘဲ၊ အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။ ဒီနေ့အားပေးတဲ့ ပရိသတ်အရေအတွက်၊ အားပေးပုံဟာ နိုင်ငံတကာအဆင့်နဲ့ ယှဉ်နိုင်ပါတယ်လို့ ကျွန်တော်ကဆိုရင် ကိုယ့်မြန်မာမို့ ကိုယ်ဆိုတယ်ပြောကြပါဦးမယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း နိုင်ငံတကာမှာ အမျိုးသမီးဘောလုံးကို အားပေးကြတာဟာ အမျိုးသားနဲ့ယှဉ်ရင် များစွာကို ကွာခြားလွန်းလှပါ သေးတယ်။ အထူးပြုပြောချင်တာကတော့ အာစီယံနိုင်ငံတွေထဲမှာ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အခုလို အားပေးတဲ့ နိုင်ငံဟာ ဘယ်နိုင်ငံမှမရှိသေးဘူးလို့ ကျွန်တော်က ရဲရဲဝံ့ဝံ့ဆိုပါတယ်။ အခုလိုအားပေးတဲ့ ပရိသတ်ကိုလည်း လုံးဝကို မှတ်တမ်းတင်ပါတယ်။ ကစားကွင်းတစ်ခုလုံးမှာ မြန်မာသံတွေပျံ့လွင့်၊ မြန်မာအလံတွေ တလွင့်လွင့်နဲ့ ကစားရမယ့်မြန်မာဘောလုံးအသင်းရဲ့ စိတ်ထဲမှာ ဘယ်လောက်များ တက်ကြွပြီး အားတွေရှိနေမလဲ၊ အနိုင်ယူပြချင်စိတ်တွေ ဘယ်လောက်များရှိနေမလဲဆိုတာကို သူတို့ရင်ထဲကို ၀င်ကြည့်စရာ မလိုပါဘူး။ ကိုယ်တိုင်ခံစားလို့ရပါတယ်ဗျာ။ ရာသီဥတုကလည်း တကယ့်ကို ကြည်ကြည်လင်လင်ပါပဲ။ ဘောလုံး ကွင်းကလည်း အချိန်မီပြန်ပြင်ထားတယ်လို့ ယူဆရပါတယ်။ ယခင်နေ့တွေက မိုးရွာထဲမှာကန်ခဲ့တဲ့အတွက် ပျက်စီးနေတဲ့နေရာတွေကို အခုပွဲမှာ မတွေ့ရဘဲ ကွင်းပြင်စိမ်းစိမ်းကိုသာ တွေ့ခဲ့ရပါတယ်။

မြန်မာဘောလုံးအသင်းက အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူ၊ ခြေအိတ် အ၀ါ ကို ၀တ်ဆင်ကစားပါတယ်။

ထိုင်းအသင်းကတော့ အင်္ကျီအနီ၊ ဘောင်းဘီအနီ၊ ခြေအိတ် အနက်ကို ၀တ်ဆင်ကစားခဲ့ပါတယ်။

ကြိုတင်သုံးသပ်ချက်

အခြားလူတွေက ဘယ်လိုသုံးသပ်တယ်ဆိုတာကို မပြောလိုပါဘူး။ ဒါပေမယ့် အဓိကအကျဆုံးလို့ ကျွန်တော် ယူဆတဲ့ မြန်မာအသင်းနည်းပြဖြစ်သူရဲ့ မှတ်ချက်ကိုတော့ ပြောလိုပါတယ်။ သူက မြန်မာအသင်းဟာ အကြိုဗိုလ်လုပွဲမှာ မလေးရှားအသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တာဟာ ထိုက်တန်တဲ့အနိုင်ဖြစ်ကြောင်း အခု ဗိုလ်လုပွဲ မှာ သက်သေပြမယ်လို့ဆိုပါတယ်။ အခုလို ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်လာတာဟာ မြန်မာအသင်း ကစားသမားအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်ကြောင်း၊ သူတို့တွေရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ အားလုံးကို ကျော်ဖြတ်ခဲ့တာဖြစ်ကြောင်း ပြောကြားပါတယ်။ ထိုင်းအသင်းနဲ့ပတ်သက်လို့ ထိုင်းအသင်းဟာ အစစ အရာရာ ကောင်းမွန်သော အသင်းဖြစ်ကြောင်း၊ တစ်ဦးချင်း ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု၊ ကစားကွက်ဖော်ဆောင်မှုတို့မှာ မြန်မာအသင်းထက် သာလွန်ကောင်းမွန်ပါကြောင်း၊ သို့သော် အနိုင်ရအောင် ကြိုးစားကစားသွားမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ကျွန်တော့်ရဲ့ အမြင်ကတော့ ထိုင်းအသင်းဟာ မြန်မာအသင်းထက် အစစအရာရာ သာတာမှန်ပါတယ်။ ကျွမ်းကျင်မှု၊ ကြံ့ခိုင်မှု၊ ကစားကွက်နည်းဗျူဟာ စတာတွေမှာ မြန်မာအသင်းထက် တကယ်လည်း သာပါတယ်။ အုပ်စုပွဲကစားခဲ့စဉ်က မြန်မာက တစ်ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် တစ်ပွဲလုံးကို ဖိကစားခဲ့တာက ထိုင်းအသင်းပါ။ ပြီးတော့ သူတို့ရဲ့ ကစားကွက်ဖော်ဆောင်ကစားမှုဟာ အတော်ပဲ ချီးကျူးဖို့ကောင်းပါတယ်။ ဒါပေမယ့် ဒါတွေဟာ ရုပ်ပိုင်းဆိုင်ရာတွေသာ ဖြစ်ပါတယ်။ အဓိကဖြစ်တဲ့ စိတ်ဓာတ်မှာ မြန်မာကို ထိုင်းတို့ ဘယ်လိုမှ မမီပါဘူး။ ဘယ်လို မမီတာလဲလို့ မေးရင် အဖြေရခက်ပါတယ်။ ကစားခဲ့တဲ့ပွဲတွေမှာ ကစားခဲ့တဲ့ပုံစံတွေ၊ ပြုမူမှုတွေ၊ ပြိုင်ပွဲအပေါ် အလေးထားမှုတွေကို သုံးသပ်ပြီးပြောရတာဖြစ်ပါတယ်။ သေချာတာကတော့ မြန်မာအသင်းရဲ့စိတ်ထဲမှာ ကစားနေတဲ့ပွဲကို နိုင်ရမယ်ဆိုတဲ့စိတ်သာ ရှိပါတယ်။ သူတို့တွေ ဒီချန်ပီယံဆုကို ရကို ရရမယ်ဆိုတဲ့စိတ်ကို မဏ္ဍိုင်ပြုပြီး ပြိုင်ပွဲတစ်ခုလုံးကို ကစားသွားခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ဟာ ချန်ပီယံဆုဖလား ဖြစ်ပါတယ်။ ကြားထဲမှာ ရှိသမျှအရာတွေကို သူတို့ အစွမ်းကုန်ကျော်ဖြတ်မယ်ဆိုတဲ့စိတ်ဟာ သူတို့ကို ကြည့်ရင် သိသာပါတယ်။ ဒီပွဲမတိုင်မီမှာ ကျွန်တော်တို့အားလုံး သုံးသပ်တာကတော့ မြန်မာအသင်း မလွယ်ဘူးဆိုတာ ပါပဲ။ ဒါဟာ တကယ်ကို ကျွန်တော်တို့ မညာတမ်း သုံးသပ်ကြတာပါ။ ကျွန်တော်တို့ မြန်မာကို နိုင်စေချင်ပေမယ့် သေချာပေါက် နိုင်မယ်လို့ ကျွန်တော်တို့ မပြောရဲပါဘူး။ တို့မြန်မာတော့ မလွယ်ဘူး၊ ထိုင်းက ကောင်းတယ်ဟ ဆိုတာဟာ ကျွန်တော်တို့တွေ ဘောလုံးပွဲမစမီ ခဏခဏ ရွတ်ခဲ့ရတဲ့ စကားတွေပါ။

ပြိုင်ဖက်နှစ်သင်းအကြောင်း တစေ့တစောင်း

မြန်မာအသင်းဟာ အုပ်စုတွင်းမှာ သုံးပွဲကစား သုံးပွဲနိုင် ကိုးမှတ်နဲ့ အုပ်စုပထမ၊ အကြိုဗိုလ်လုပွဲမှာ မလေးရှား အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရပြီးတက်လာခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲအထိ ကစားခဲ့ရာမှာ ရှုံးပွဲမရှိ၊ ပေးဂိုးမရှိ၊ သွင်းဂိုး ၁၅ ဂိုး နဲ့ ထိုက်ထိုက်တန်တန် တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

ထိုင်းအသင်းဟာ အုပ်စုတွင်းမှာ သုံးပွဲကစား၊ နှစ်ပွဲနိုင် တစ်ပွဲရှုံး (မြန်မာ) ခြောက်မှတ်နဲ့ အုပ်စု ဒုတိယ၊ အကြိုဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး တက်လာခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲအထိ ကစားခဲ့ရာမှာ သွင်းဂိုး ၂၄ ဂိုး၊ ပေးဂိုး ၂ ဂိုးနဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ထိုင်းအမျိုးသမီးဘောလုံးအသင်းဟာ အဆင့် ၄၂ ဖြစ်ပြီး

မြန်မာအသင်းကတော့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၄၅ ဖြစ်ပါတယ်။

ပွဲစတင်ပြီ

ပွဲစတာနဲ့ မြန်မာအသင်းက တိုက်စစ်ဆင် ဖိကစားပါတယ်။ မြန်မာ့ဟေ့ မြန်မာ ဆိုတဲ့ အော်သံတွေကလည်း သုဝဏ္ဏကွင်းတစ်ခုလုံးကို ဖုံးလွှမ်းထားပါတယ်။ ထိုင်းအသင်းဟာ ပွဲစစချင်းမှာ မြန်မာအသင်းရဲ့ တရစပ် ထိုးဖောက်မှုကို ခံလိုက်ရတဲ့အတွက် ကစားကွက်တည်မရဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၅ မိနစ်လောက် ကြာတဲ့အချိန်မှာ ထိုင်းကစားသမားတွေက ကစားကွက်စီးမိသွားပါတယ်။ မြန်မာအသင်းဖက်ကို အကြိမ်ကြိမ် ထိုးဖောက်တိုက်စစ်ဆင်ခဲ့တာကို မြန်မာအသင်း ဂိုးသမားနဲ့ နောက်တန်းလူတွေ ဖျက်ထုတ်နိုင်ခဲ့လို့သာ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။ ထောင့်ကန်ဘောတွေ အများကြီး ပေးခဲ့ရပါတယ်။ ထိုင်းရှေ့တန်းရဲ့ အပိုင်ကန်သွင်းချက် မြန်မာဂိုးသမား မေခင်ယမင်း ကာကွယ်နိုင်ခဲ့တာတွေ၊ ထိုင်းအလယ်တန်းကစားသမား မြန်မာကွင်းလယ်ကနေ လှမ်းကန်တဲ့ဘောလုံး ဂိုးဘားတန်းကို ထိပြီး ပြန်ထွက်သွားခဲ့တာတွေ၊ ထောင့်ကန်ဘော ကနေတစ်ဆင့် ဂိုးထဲကို ၀င်လာတဲ့ဘောလုံး မြန်မာနောက်တန်းကစားသမား ဂိုးစည်းရှေ့ကနေ ဖျက်ထုတ်နိုင်ခဲ့ တာတွေကြောင့်သာ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ခံစစ်ကိုပဲ အားပြုကစားနေခဲ့ရပြီး တန်ပြန်တိုက်စစ်အသွင်နဲ့သာ ကစားခဲ့ရပါတယ်။ ရှေ့တန်း တိုက်စစ်မှူးဖြစ်တဲ့ ဇင်မာဝမ်းဟာ ထိုင်းနောက်တန်းရဲ့ လူကျွံဘောထောင်ချောက်မှာ မကြာခဏမိနေတဲ့ အတွက် ဂိုးရမယ့်အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။ မြန်မာတို့ရဲ့ ဘယ်တောင်ပံက အမျိုးသမီး “ဂစ်” ဖြစ်တဲ့ အေးနန္ဒာလှိုင် ကိုလည်း ထိုင်းအသင်းခေါင်းဆောင် (နံပါတ် ၁၆) က လူကပ်ကစားခဲ့တဲ့အတွက် ဖြတ်တင်ဘော တွေ မပြုလုပ်ပေးနိုင်ခဲ့ပါဘူး။ ထိုင်းအသင်းခေါင်းဆောင်ဟာ တစ်ပွဲကို တစ်နေရာဆိုသလို လိုအပ်တဲ့နေရာ တွေမှာ ကစားပေးနိုင်တဲ့ ဂျိုကာ ကစားသမား ဖြစ်ပါတယ်။ ခန္ဓာကိုယ် ကြံ့ခိုင်သလို၊ အရပ်အမောင်းလည်း မြင့်မားပါတယ်။ ဘောလုံးကစားကွက်ကိုလည်း အတော်ကို မြင်ပါတယ်။ အတော်ကို ပါးရည်နပ်ရည်ရှိတဲ့ ကစားသမားဖြစ်ပါတယ်။ မြန်မာနည်းပြဟာ လူကောင်လည်းညှပ်၊ ဒီနေ့မှာ ခြေလည်းမပေါ်တဲ့ ဇင်မာဝမ်း ကို ထုတ်လိုက်ပါတယ်။ အုပ်စုပွဲတုန်းက ထိုင်းအသင်းဖက်ကို လှလှပပ ဂိုးသွင်းခဲ့တဲ့ မာဂရက် မာရီ ကို ထည့်လိုက်ပါတယ်။ မာဂရက် ၀င်လာတဲ့အချိန်မှာ တိုက်စစ်ဟာ သိသိသာသာပဲ ထက်မြက်လာတာကို တွေ့ရပါတယ်။ မိုင်နီလာထွေးနဲ့ မာဂရက် အတွဲဟာ ထိုင်းနောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီး ၁၀ မိနစ်ကိုတော့ မြန်မာတွေက အပိုင်ယူလိုက်ပါတယ်။ ထိုင်းအသင်းဟာ မြန်မာအသင်းရဲ့ တိုက်စစ်ကို အလူးအလဲ ခံခဲ့ရပါတယ်။ မြန်မာအသင်း ကစားသမားတွေ ဂိုးရလိုစိတ်ကြီးနေမှုကြောင့်သာ ထိုင်းတို့ သက်သာရာ ရခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ကစားခဲ့တဲ့ မြန်မာအသင်းဟာ ပထမပိုင်းတုန်းက ကစားခဲ့တဲ့ မြန်မာအသင်းမှ ဟုတ်ပါလေစလို့ မေးရလောက်အောင်ကို ထူးခြားကောင်းမွန်ခဲ့ပါတယ်။ မန်ယူအသင်းသားတွေ မြန်မာဝတ်စုံဝတ်ပြီး ၀င်ကန်နေသလားလို့ ထင်မှတ်ရလောက်အောင်ကို ကစားကွက်ရော၊ တိုက်စစ်ဆင်ပုံပါ ကောင်းမွန်ခဲ့ပါတယ်။ ဒုတိယပိုင်း တစ်ခုလုံးနီးပါးကို ထိုင်းအသင်းဖက်ခြမ်း တစ်ခုတည်းမှာပဲ ကစားခဲ့ပါတယ်။ ပွဲဟာ ပြောင်းပြန် ဖြစ်သွားခဲ့ပါတယ်။ ထိုင်းအသင်းဟာ ခံစစ်ဖြစ်သွားပြီး မြန်မာအသင်းရဲ့ တိုက်စစ်ကို တောက်လျောက် ဟန့်တား ပိတ်ဆို့ ကစားခဲ့ရပါတယ်။ တစ်ခါတစ်ခါမှသာ တန်ပြန်တိုက်စစ်နဲ့ မြန်မာဖက်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ မြန်မာနည်းပြရဲ့ ကစားကွက်နည်းဗျူဟာ ပြောင်းလဲမှုဟာ မှန်ကန်ခဲ့ပါတယ်။ ထိုင်းတို့အနေနဲ့ မြန်မာအသင်းကို ဘယ်လိုမှကို မယှဉ်နိုင်ခဲ့ပါဘူး။ မြန်မာအသင်းရဲ့ တစ်ချက်ထိ အပေးအယူကစားကွက်တွေ၊ အစွမ်းပြ လှည့်စား မှုတွေကို အလူးအလဲ ခံခဲ့ရပါတယ်။ ထိုင်းနောက်တန်းကစားသမား နှစ်ယောက် ကောင်းလွန်းလို့သာ ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းပြီးခါနီးမှာ သေချာပေါက် ဂိုးရမယ့်အခွင့်အရေးတစ်ခု ဆုံးရှုံးသွားတာ ကတော့ မြန်မာအသင်းအတွက် အလွန်ပဲ နစ်နာလှပါတယ်။ ဘာပဲပြောပြော ဒုတိယပိုင်း မြန်မာအသင်း ကစားခဲ့ပုံဟာ ပြိုင်ပွဲတစ်လျောက် ကစားခဲ့ရာမှာ အကောင်းဆုံး ပုံစံ ဖြစ်ခဲ့ပါတယ်။ ရှေ့၊ လယ်၊ နောက်၊ ဂိုးသမား ဘာမှ ပြောစရာမရှိအောင်ကို ကောင်းမွန်ခဲ့ပါတယ်။ အတော်ကို ကြည့်လို့ကောင်းပါတယ်။

အချိန်ပိုပထမပိုင်းကစားတော့ မြန်မာအသင်းကပဲ တောက်လျောက် ဖိကစားထားပါတယ်။ လူကပ်ကစားခံနေရတဲ့ အေးနန္ဒာလှိုင် ဟာ အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ အဲဒီရတဲ့အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင်ပဲ အသုံးချခဲ့ပါတယ်။ ဘယ်တောင်ပံကနေ အေးနန္ဒာလှိုင် အနေတော် ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးဟာ ထိုင်းနောက်ခံလူနှစ်ဦးကို ကျော်ပြီး မြန်မာရှေ့တန်းလူရဲ့ ရှေ့အပေါ်နားကို တိတိကျကျကို ကျပါတယ်။ ရှေ့တန်းကစားသမားကလည်း အသေအချာကို ခေါင်းတိုက်သွင်းရာမှာ ဂိုးသမားရဲ့ ဘယ်ဖက်ထောင့်ကို ၀င်ပြီး ဂိုးစတင် ရရှိခဲ့ပါတယ်။ ပရိသတ် တွေရဲ့ “ဂိုး” ဆိုတဲ့အသံဟာ သိကြားမင်းရဲ့ နန်းဆောင်အထိတောင် ရောက်လောက်အောင်ကို ကျယ်လွန်းလှပါတယ်။ ၀မ်းသာအားရ အော်ဟစ်အောင်ပွဲခံနေကြတဲ့ မြန်မာပရိသတ်ဟာ ဘယ်လိုမှကို ထိန်းလို့ မနိုင်တော့ပါဘူး။ မြန်မာဟေ့ ဆိုတဲ့ အသံတွေ တစ်ကွင်းလုံး လွှမ်းသွားတာပါပဲ။

ဒီအချိန်မှာ နည်းပြဟာ အမှားတစ်ခု ပြုလုပ်ခဲ့ပါတယ်။ တရစပ် ဖိကစားပြီး တိုက်စစ်ဆင်နေတဲ့ မြန်မာအသင်းကို ခံစစ်ဦးစားပေးကစားပြီး ရတဲ့ တစ်ဂိုးကို ထိန်းကစားစေခြင်းပါပဲ။ ကစားကွက်ဟာ ချက်ချင်းကို ပြောင်းလဲသွားတာ တွေ့ရပါတယ်။ ထိုင်းအသင်းဟာ သူ့နောက်တန်းကို ခြိမ်းခြောက်မယ့် ပြဿနာ မရှိတော့တဲ့အတွက် ရှေ့တန်းကို အတင်းကို တက်ဖိပါတယ်။ ဘောလုံးတွေ ဖြတ်တင်ပါတယ်။ ဂိုးပေါက်ကို ကန်သွင်းပါတယ်။ မြန်မာအသင်းဟာ တန်ပြန်တိုက်စစ်တောင် မကစားနိုင်တော့ဘဲ ခံစစ်အသွင်လုံးလုံး ကစားခဲ့ရပါတယ်။ အဲဒီအတွက် ရလဒ်ကတော့ အနည်းငယ် အဖိုးများလှပါတယ်။ ချေပဂိုးတစ်ဂိုး ပြန်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ နောက်တန်းလူတွေ ဖျက်ထုတ်တာ မသေချာတဲ့အတွက် ပြန်ကျလာတဲ့ဘောလုံးကို ထိုင်းကစားသမားက အပိုင်ကန်သွင်းသွားတာ ဖြစ်ပါတယ်။ အဲဒီဂိုးဝင်ပြီးလို့ ကွင်းလယ်မှာ တည်တဲ့အချိန်မှာပဲ ပထမပိုင်း ၁၅ မိနစ် ပြီးဆုံးသွားပါတယ်။ အချိန်ပို ဒုတိယပိုင်းကိုတော့ နှစ်ဖက်စလုံးက ထိန်းပြီး ကစားသွားခဲ့ပါတယ်။ အဲဒီအတွက် မြန်မာအသင်းနဲ့ ထိုင်း အသင်းတို့ တစ်ဂိုးစီ သရေပွဲ ဖြစ်ခဲ့ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမှာဖြစ်ပါတယ်။

ထိုင်းအသင်းက စတင်ကာကွယ်ရမှာဖြစ်ပြီး မြန်မာတို့က စတင်ကန်သွင်းရမှာဖြစ်ပါတယ်။ မြန်မာနောက်တန်းက ဘယ်သန်ကြီး မိုးမိုးဝါ အဖွင့်ကန်မှာ ဖြစ်ပါတယ်။ ဘောလုံးကို စိတ်ကြိုက်သေချာတည်ပါတယ်။ ပြီးနောက် ဂိုးသမားရဲ့ ညာဖက်ထောင့်ကို အသာအယာပဲ ကန်သွင်းလိုက်ပါတယ်။ ဂိုး ပါတယ်ခင်ဗျာ…။

ထိုင်းအသင်းက တိုက်စစ်မှူးတစ်ဦး ဘောလုံးကိုတည်ပါတယ်။ မြန်မာဂိုးသမားရဲ့ ညာဖက်ထောင့်ကို အသာ အယာပဲ ကန်သွင်းပါတယ်။ ဂိုး ပါတယ် ခင်ဗျာ။

မြန်မာအသင်းမှ ခင်မာလာထွန်း ကန်သွင်းပါတယ်။ ထိုင်းဂိုးသမားရဲ့ ညာဖက်ထောင့်ကိုပဲ ကန်သွင်းပါတယ်။ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ ဂိုးပါတယ်။

ထိုင်းအသင်းမှ နံပါတ် ၁၄ ကန်ပါတယ်။ အတော်ကို အံ့သြဖို့ကောင်းပါတယ်။ ယုံနိုင်လောက်စရာ လုံးဝကို မရှိပါ။ အဆိုပါ ဘောလုံးသမားသည် ဘောလုံးကို မြေလှိမ့်ဘော အားပျော့ပျော့ဖြင့် ဂိုးသမားဆီသို့ တည့်တည့်မတ်မတ် ကန်သွင်းခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ မြန်မာဂိုးသမား မေခင်ယမင်း အသာအယာပဲ အမိဖမ်းသွားနိုင်ခဲ့ပါသည်။ ( ဟေး …. ဟူသော သြဘာသံကြီးသည် လက်ခုပ်သံများနှင့်အတူ တစ်ကွင်းလုံး ဆူညံသွားပါတော့သည် )

မြန်မာအသင်းမှ ပွဲစဉ်တစ်လျောက်လုံး အစွမ်းပြခဲ့သော ကွင်းလယ်ဗိုလ်ချုပ် သန်းသန်းထွေး ကန်ရပါသည်။ ဘောလုံးကို စိတ်ကြိုက်တည်ပါသည်။ ထို့နောက် ဂိုးသမား၏ ညာဖက်ထောင့်သို့ပဲ အမှားအယွင်းမရှိ ကန်သွင်းပါသည်။ ထိုင်းဂိုးသမား မည်သို့မျှ မတတ်နိုင်ပါ။

ထိုင်းအသင်းမှ အသင်းခေါင်းဆောင် ကန်သွင်းရမည့်အလှည့်ဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး ဂိုးဟုသာ သတ်မှတ်ထားကြပါသည်။ ထိုင်းအသင်း၏ အားအထားရဆုံး ကစားသမားဖြစ်သောကြောင့်တစ်ကြောင်း၊ သူမ ကစားပုံကို မျက်မြင် တွေ့မြင်ခဲ့ကြ၍လည်းကောင်း ဖြစ်ပါသည်။ သူမသည် ဘောလုံးကို အသေအချာ တည်ပါသည်။ သို့သော် အမှတ်မထင် တွေ့လိုက်ရသည်က ဂိုးမ၀င်မည်ကို စိုးရွံ့နေသော သူမ၏ စိုးရိမ်စိတ်ကို မျက်နှာတွင် အသေအချာမြင်ရခြင်းဖြစ်ပါသည်။ အဆိုပါ ဖိအားများနှင့် ကန်သွင်းပါသည်။ မြန်မာဂိုးသမား၏ ဘယ်ဖက်အပေါ်ထောင့်သို့ ထောင်တက်သွားပါသည်။ ပရိသတ်အားလုံး အပျော်နှင့်အတူ ဟေးခနဲ ထခုန်ကြပါသည်။

မြန်မာအသင်းက စတုတ္ထမြောက် ပင်နယ်တီကို ကန်သွင်းရမည့်အလှည့်ဖြစ်ပါသည်။ အကယ်၍ မြန်မာအသင်းက ၀င်အောင် ကန်သွင်းနိုင်ခဲ့ပါက ထိုင်းအသင်းအနေဖြင့် ဆက်လက်ကန်သွင်းစရာ မလိုတော့ဘဲ မြန်မာအသင်းက အနိုင်ရ ဗိုလ်စွဲမှာ ဖြစ်ပါသည်။ မြန်မာအသင်းမှ ကန်သွင်းမည့်သူမှာ စန်းစန်းသိန်း ဖြစ်ပါသည်။ သူမအပေါ်တွင် အခြေအနေအားလုံး တည်မှီနေကြောင်းကို သူမသိပါသည်။ သူမသွင်းမည့်တစ်ဂိုးသည် ချန်ပီယံဆု၏ နောက်ဆုံး အဓိက ခြေလှမ်းဖြစ်ပါသည်။ သူမ၏ ရင်ထဲတွင် မည်သို့ ခံစားနေရမည်ကို တွေးကြည့်နိုင်ပါသည်။ ကျွန်တော်တို့ မှာ ကြည့်ရင်းနှင့် အတော်ပင် ရင်ခုန်ရပါသည်။ ရင်ထိတ်ရပါသည်။ တစ်ခါတည်း ဂိုးဝင်ပြီး ပြီးသွားစေချင်ပါသည်။ သူမသည် ဘောလုံးကို အသေအချာ တည်ပါသည်။ မည်သည့် စိတ်လှုပ်ရှားမှုကိုမျှ သူမမျက်နှာတွင် မတွေ့ရပါ။ အတော်ကို ချီးကျူးမိပါသည်။ ထို့နောက် ရှေ့ကကန်သွင်းခဲ့သော မြန်မာကစားသမားအားလုံး၏ ထုံးစံအတိုင်း ထိုင်းဂိုးသမား၏ ညာဖက်ထောင့် ဆယ်ပြားစေ့ထောင့်ကျဉ်းထဲသို့ ဘောလုံးကို အမှားအယွင်းမရှိ သေသပ်လှပစွာ ကန်သွင်းယူပါသည်။ ဂိုးပါသည် ခင်ဗျာ။ မြန်မာ ချန်ပီယံအသင်း ဖြစ်သွားပြီ ဖြစ်ပါသည်။

ချန်ပီယံမြန်မာ

သုဝဏ္ဏကွင်းအတွင်းတွင် အဆင်သင့်ပြင်ဆင်ထားသော မြန်မာနိုင်ပြီသီချင်းကို ဓာတ်စက်ဖြင့် ဖွင့်လှစ် ပေးပါသည်။ တစ်ကွင်းလုံး မြန်မာနိုင်ငံအလံများဖြင့် ရဲရဲနီသွားပါသည်။ မြန်မာနိုင်ပြီ ဆိုသော စာတမ်းများ၊ Champion အစဉ်အလာ ဒို့မြန်မာ ဟူသော ဆိုင်းဘုတ်များ၊ အာစီယံဖလားပုံစံ နှင့် ချန်ပီယံဆိုသော လက်ကိုင် စာရွက်များ၊ မြန်မာနိုင်ပြီ တို့မြန်မာနိုင်ပြီ ဆိုသော စာတမ်းများ တစ်ကွင်းလုံးအနှံ့ ဖွေးဖွေးလှုပ်အောင် မြင်တွေ့ရပါသည်။ ကမ္ဘာမကြေသီချင်းကို သံပြိုင်ဝိုင်း၍ သီဆိုလိုက်ချိန်တွင် တစ်ကွင်းလုံး ညီညီညာညာဖြင့် အားကြိုးမာန်တက် သီဆိုကြရာ ကြက်သီးမွေးညင်းများထ၍ ၀မ်းသာမျက်ရည်များပင် ၀ဲမိပါသည်။ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်ပွဲငတ်နေသော မြန်မာပရိသတ်များ၏ အလိုဆန္ဒ ပြည့်ဝသွားခဲ့ရပါသည်။ နိုင်ငံတော်အလံကို ဝှေ့ယမ်းပြီး၊ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆို၍ အားပေးချင်နေသော မြန်မာတို့အတွက် ဘာနဲ့မှ လဲလို့မရသော အခွင့်အရေးတစ်ရပ်ကို ရရှိခဲ့ပါသည်။ မြန်မာအမျိုးသမီးဘောလုံးသမားများ တာဝန်ကျေပွန်ခဲ့ပါသည်။

အောင်ပွဲရ မြန်မာအသင်းသည် နိုင်ငံတော်အလံများ ကိုင်ဆောင်ဝှေ့ယမ်း၍ ဘောလုံးကွင်းကို တစ်ပတ်ပြီး တစ်ပတ် လှည့်လည်ပြေးလွှားကာ အောင်ပွဲခံကြပါသည်။ ပရိသတ်များကို ဦးညွတ် ဂုဏ်ပြုကြပါသည်။ မှန်ပါသည်။ ယနေ့ပွဲတွင် မြန်မာအသင်းက ၁၂ ယောက်ဖြင့် ကစားခဲ့ရပါသည်။ ကစားသမား ၁၁ ယောက်နှင့် အတူ အရာအားလုံးကိုဖြစ်စေသော ပရိသတ် ကစားသမား တစ်ယောက်ပါ အပိုရခဲ့ပါသည်။ တစ်ပွဲလုံးကို အစမှ အဆုံးတိုင် မနားမနေ အော်ဟစ်အားပေးခဲ့ကြသော မြန်မာပရိသတ်များသည် ကစားသမားများအတွက် အားဆေးများ၊ ဗီတာမင်များ၊ လန်းဆန်းများ၊ တွန်းအားများ ဖြစ်ခဲ့ရပါသည်။ သူတို့တွေအားပေးမှုဖြင့် မြန်မာအသင်း အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပါသည်။ စင်ပေါ်မှ ပရိသတ်က ကစားသမားများကို နှုတ်ဆက် အားပေး၊ ကွင်းအတွင်းမှ ဘောလုံးသမားများကို ပရိသတ်ကို ဦးညွတ်နှုတ်ဆက်ဖြင့် အပေးအယူမျှမျှတတ ညီညွတ်နေကြသည်ကို မြင်ရသည်မှာ များစွာပင် ဂုဏ်ယူစရာ၊ ၀မ်းမြောက်စရာ၊ ကြည်နူးစရာ မြင်ကွင်းပင် ဖြစ်ပါသည်။ ကစားသမားများရော၊ ပရိသတ်များတွင်ပါ ဖြစ်ပေါ်နေသော အပျော်မှာ ရုပ်မြင်သံကြားမှတဆင့် တစ်ပြည်လုံးတွင် ကြည့်ရှုနေသော ပရိသတ်အားလုံးသို့ ကူးစက်ခံစားမိစေပါသည်။

ကျောက်ထုသမားသည် ကျောက်တုံးအကြီးကြီးကို တူတစ်လက်ဖြင့် ထုခွဲနေပါသည်။ တစ်ချက်မှသည် နှစ်ချက်၊ နှစ်ချက်မှသည် အချက်တစ်ရာ။ အချက်တစ်ရာမှသည် အချက် တစ်ထောင်၊ ထိုမှသည် အချက်ပေါင်း မြောက်မြားစွာ မရေမတွက်နိုင်အောင် ထုရပါသည်။ နောက်ဆုံးတွင် ကြီးမားလှပါသည်ဆိုသော ကျောက်တုံးကြီးသည် ကျောက်ထုသမား၏ လက်ချက်ဖြင့် ကွဲကြေရပါတော့သည်။ ထိုသို့ကွဲကြေစေသည့် နောက်ဆုံးအချက်သည် အဓိကမဟုတ်ပါ။ ထိုနောက်ဆုံးတစ်ချက်ကြောင့် ကျောက်တုံးကြီး ကွဲကြေခဲ့ခြင်း မဟုတ်ပါ။ ရှေ့တွင် အားထုတ်ကြိုးပမ်းခဲ့သည့် အချက်ပေါင်းမရေမတွက်နိုင်သည့် အရာများက ကွဲကြေရန်အတွက် အရင်းအနှီးများ ဖြစ်ပါသည်။

မြန်မာအသင်း ဗိုလ်စွဲခဲ့ပြီ ဖြစ်ပါသည်။ ဗိုလ်လုပွဲတွင် ထိုင်းအသင်းကို အနိုင်ရရှိခဲ့ရုံတစ်ခုတည်းဖြင့် ချန်ပီယံ ဖြစ်ခဲ့ခြင်း မဟုတ်ပါ။ ရှေ့တွင် အားစိုက်ခဲ့ရသော ထုချက်များစွာ ရှိနေခဲ့ပါသည်။ ထုချက်တိုင်းကို မခိုမကပ်ဘဲ ၀ါယမစိုက်ကာ အားထုတ်ကြိုးပမ်းခဲ့သောကြောင့်သာ နောက်ဆုံးတွင် လိုချင်သော ရလဒ်ကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ထိုရလဒ်သည် မြန်မာအသင်းနှင့် ထိုက်တန်သော ရလဒ်ဖြစ်ပါသည်။ မြန်မာအသင်းအတွက် ထိုက်တန်သည့် တစ်ခုတည်းသော ရလဒ်ဖြစ်ပါသည်။ ပြိုင်ပွဲတိုင်းကို နိုင်ရမည်ဟူသော စိတ်ဓာတ်ဖြင့် ရဲရဲဝံ့ဝံ့ ကစားခဲ့သော၊ မြန်မာ့စိတ်ဓာတ်ဖြင့် အနိုင်မခံ၊ အရှုံးမပေး ယှဉ်ပြိုင်ကစားခဲ့သော မြန်မာအမျိုးသမီးအသင်း၏ ကစားပုံများကို ကျွန်တော်တို့ အမှတ်ထင်ထင် ရှိနေဦးမည်မှာ သေချာလှပါသည်။

သင်သည် မြန်မာတစ်ဦးဖြစ်သည် မဟုတ်ပါလော…

ရဲရဲဝံ့ဝံ့ အော်ဟစ်လိုက်စမ်းပါ….

သို့မဟုတ် နှုတ်ဝယ်တိုးတိုး ရွတ်ဆိုကြည့်လိုက်စမ်းပါ….

မြန်မာနိုင်ပြီ….

တို့မြန်မာနိုင်ပြီ…. ဟု

မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် လှည့်ပတ်နေသော သင်၏သွေးများတွင် ကြက်သီးမွေးညင်းများ ထလာပါလိမ့်မည်။ မြန်မာကွဟူသော စိတ်ဖြင့် အသည်းထဲအထိ ဂုဏ်ယူစိတ်များ စိမ့်ဝင်လာပါလိမ့်မည်။ ကဲ … ကျွန်တော်ကတော့ ကြွေးကြော်လိုက်ပါသည်….

မြန်မာနိုင်ပြီ…

တို့မြန်မာ နိုင်ပြီ……

တို့မြန်မာ နိုင်ပြီ……..

(AFF Women’s Championship 2007 ချန်ပီယံ မြန်မာအမျိုးသမီးဘောလုံးအသင်းအား ဤစာဖြင့် ဂုဏ်ပြုအပ်ပါသည်)

အမှတ်တရ

ကိုဉာဏ် (ပန်းလောင်မြေ)

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ မြန်မာ-ထိုင်း ဗိုလ်လုပွဲအပြီးတွင် ရေးဖွဲ့ပါသည်။

Saturday, September 15, 2007

မြန်မာနိုင်ပြီ


တတိယအကြိမ်မြောက် အာစီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားကို ရန်ကုန်မြို့၊ သုဝဏ္ဏလူငယ်အားကစားလေ့ကျင့်ရေးကွင်း တွင် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ယှဉ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက ထိုင်းအမျိုးသမီး လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို အနိုင်ရ ဗိုလ်စွဲသွားပါသည်။
မိနစ် ၉၀ ပြည့်သည်အထိ တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပါသည်။
အချိန်ပို ပထမပိုင်းတွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့ပါသည်။
အချိန်ပို ဒုတိယပိုင်းတွင် တစ်ဖက်နှင့် တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ အချိန်ပိုပထမပိုင်းတွင် သွင်းယူထားခဲ့သော တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့ပါသည်။
ပင်နယ်တီ အဆုံးအဖြတ်ကန်သွင်းရာ မြန်မာအသင်း သွင်းဂိုးအားလုံး (၄ လုံး) ၀င်၍ ထိုင်းအသင်းက တစ်ဂိုးသာ ၀င်အောင်ကန်သွင်းနိုင်သဖြင့် မြန်မာအသင်းက စုစုပေါင်း ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါသည်။
ထို့ကြောင့် မြန်မာအမျိုးသမီးအသင်းသည် အာစီယံချန်ပီယံရှစ်တွင် ဒုတိယအကြိမ်ဗိုလ်စွဲပြီး အကြိမ်အများဆုံးအဖြစ် စံချိန်တင်ထားခဲ့ပြီ ဖြစ်ပါသည်။
ပထမအကြိမ် အာစီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ ချန်ပီယံ - မြန်မာ
ဒုတိယအကြိမ် အာစီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ ချန်ပီယံ -ဗီယက်နမ်
တတိယအကြိမ် အာစီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ ချန်ပီယံ -မြန်မာ
မြန်မာနိုင်ပြီ...
တို့မြန်မာနိုင်ပြီ...
...
....
အနိုင်ရဗိုလ်စွဲခဲ့သော မြန်မာအမျိုးသမီးဘောလုံးအသင်းအား ချီးကျူးဂုဏ်ပြုအပ်ပါသည်။
မြန်မာ့သွေးအဖွဲ့
၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်
(၂၁၅၂) နာရီ


Powered by ScribeFire.

Wednesday, September 12, 2007

နားလည်မှာပါ - မောင်ကောင်းထိုက်


ရုရှားကဗျာဆရာကြီး “မာယာကော့စကီး” သည် မိမိ၏ စာဖတ်ပရိသတ်များနှင့် မကြာခဏ တွေ့ဆုံ၏။ ဤတွေ့ဆုံပွဲ၊ ဟောပြောပွဲများတွင် ပရိသတ်၏ မေးခွန်းကို ဖြတ်ထိုးဉာဏ်နှင့် ခပ်ကြမ်းကြမ်းဖြေလေ့ရှိ၏။ ဤသို့ ဖြေသည်ကိုလည်း ပရိသတ်က နှစ်ခြိုက် သဘောတွေ့၏။

တစ်ခုသော တွေ့ဆုံပွဲတွင် စာဖတ်သူတစ်ဦးက ပြောသည်။

“မာယာကော့စကီး၊ ခင်ဗျားရဲ့ ကဗျာတွေကို နားမလည်ဘူး”

ကဗျာဆရာ ပြန်ပြောသည်။

“ကိစ္စမရှိဘူး၊ ခင်ဗျားရဲ့ သားသမီးတွေ နားလည်လာပါလိမ့်မယ်”

“ကျွန်တော့်ကလေးတွေလည်း နားလည်မှာ မဟုတ်ဘူး”

“ခင်ဗျားရဲ့ ကလေးတွေ ခင်ဗျားအတိုင်း ဖြစ်လာမယ်လို့ ဘာဖြစ်လို့ ထင်တာလဲ၊ ကလေးတွေရဲ့ အမေဟာ ပိုပြီး ဉာဏ်ကောင်းတဲ့သူ ဖြစ်ချင်ဖြစ်နေမှာပေါ့။ ကလေးတွေ သူတို့အမေနဲ့ တူချင်တူနေမှာပေါ့”

( ဟာသပဒေသာ အမှတ်-၁၉ မှ ပြန်လည် ကူးယူဖော်ပြပါသည် )

Tuesday, September 11, 2007

ထိုက်တန်သော မြန်မာအသင်း၏ အောင်ပွဲ


အခုပဲ အာစီယံ ချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပြီးသွားပါတယ်။ မြန်မာက တစ်ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။ အတော်ကို ပျော်ဖို့ကောင်းပါတယ်။ တစ်ပွဲလုံးကို အားမလိုအားမရနဲ့ ကြည့်ခဲ့ရတာ အဲဒီတစ်ဂိုးနဲ့တင် တန်ပါတယ်။ ကျွန်တော့်မှာ လက်ခုပ်တွေတီးလိုက်ရတာ၊ ပါးစပ်က အော်လိုက်ရတာ လည်ချောင်းတွေတောင် နာတယ်။ ဒါမှ ငါတို့ မြန်မာကွ ဆိုပြီး ကိုယ်ကန်တာလည်း မဟုတ်ဘဲနဲ့ အသားလွတ် ဂုဏ်ယူလိုက်ပါသေးတယ်။ အို… ဒါလည်း ကျွန်တော်တို့ မြန်မာအသင်းပဲနော်။ အားပေးရမှာပေါ့။

ထိုင်းအသင်းက တစ်ပွဲလုံးကို တိုက်စစ်နဲ့ ဖိကစားသွားပါတယ်။ မြန်မာကတော့ တန်ပြန်တိုက်စစ်ပုံစံနဲ့ ကစားခဲ့ပါတယ်။ ချီးကျူးတာတစ်ခုကတော့ မြန်မာအမျိုးသမီးဘောလုံးသမားတွေဟာ မခိုမကပ်တာပါပဲ။ အားလုံး ဟာ တစ်ကွင်းလုံးကို လပ်သွားတဲ့နေရာတွေမှာ လိုက်ကစားပေးကြပါတယ်။ မောနေလို့၊ နာနေလို့၊ ကိုယ့်နေရာ မဟုတ်လို့ ဆိုတာ မရှိဘဲ ရှေ့တန်းကလည်း နောက်တန်းအထိ လိုက်ဖျက်၊ အလယ်တန်းကလည်း ဘယ်ညာ လိုက်ကစားနဲ့ အတော်ကို ချီးကျူးမိပါတယ်။ ဘောလုံးပွဲကြည့်နေကျလူတွေဆိုရင် အလိုလို မြင်နိုင်တဲ့ အချက်တစ်ခုကိုလည်း တွေ့ရပါတယ်။ ထိုင်းအသင်းဟာ သရေအဆင့်ကို အဓိကထားပြီး ယှဉ်ပြိုင်ကစားနေပေ မယ့် မြန်မာအသင်းကတော့ နိုင်လိုစိတ်ပြင်းပြစွာနဲ့ ကစားခဲ့တာဖြစ်ပါတယ်။ ထိုင်းအသင်းဟာ အိမ်ရှင်အသင်းကို သရေကစားတာနဲ့တင် အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်မှာ ဖြစ်တဲ့အတွက် အားကြိုးမာန်တက် ကစားခဲ့ တာ မတွေ့ရပါဘူး။ ပွဲကို ပုံမှန်ပဲ ထိန်းကစားခဲ့တာ တွေ့ရပါတယ်။ ဒီပွဲမှာ ချီးကျူးမိတာက မြန်မာအသင်း နည်းပြဆရာကိုပါ။ သူ့ရဲ့ ကစားကွက်နည်းဗျူဟာ မှန်ကန်ခဲ့ပါတယ်။ မြန်မာအသင်းဟာ တိုက်စစ်ကို အဓိက မဟုတ်ဘဲ ခံစစ်အသားပေး၊ တန်ပြန်တိုက်စစ် ပုံစံနဲ့ ကစားခဲ့ပါတယ်။ တစ်ဖန် အရင်နှစ်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အေးနန္ဒာလှိုင်ကိုလည်း အနားပေးထားသလို ကစားခဲ့ပါတယ်။ အရင်နှစ်ပွဲတုန်းက အသင်းရဲ့ ဘယ်ဖက်ခြမ်းကနေ အဓိက တိုက်စစ်ဆင်ခဲ့တဲ့ မြန်မာအသင်းဟာ ဒီနေ့ပွဲမှာ အံ့သြလောက်အောင်ကို ဘယ်ဖက်ခြမ်းကို လုံးဝ မသုံးခဲ့ပါဘူး။ ညာဖက်ခြမ်းတွေကပဲ အဓိကကစားခဲ့ပါတယ်။ အေးနန္ဒာလှိုင်ဟာ အရင်နှစ်ပွဲမှာ အတော်ကို ပင်ပန်းမှာ သေချာပါတယ်။ သူ့ရဲ့ ဘယ်ဖက်ခြမ်းကနေ ဖြတ်တင်ဘောတွေဟာ ကြည့်ရှုသူတိုင်းကို သတိမထား မိဘဲ မနေနိုင်အောင်ကို ပြောင်မြောက်လှပါတယ်။ နောက်ပွဲတွေအတွက် သူ့ကို အနားပေးရင်း ညာဖက်ခြမ်းကို ဗျူဟာ စမ်းသပ်ခဲ့တယ်လို့ ကျွန်တော်ကတော့ ထင်မိပါတယ်။ နောက်တစ်ဖန် လူစားလဲခဲ့တဲ့ မာဂရက် မာရီ ကလည်း လူစားလဲရကျိုးနပ်အောင် အနိုင်ဂိုးကို သွင်းပြပေးခဲ့ပါတယ်။ ဂိုးသမားထွက်လာတာကို အသာကလေး ဘောလုံးကို လှမ်းထိပြီး ထွက်သွား၊ ပြီးမှ ဘယ်ခြေနဲ့ လှမ်းကန်လိုက်တာဟာ အတော်ကို အဆင့်အတန်း မြင့်ပါတယ်။

ပွဲပြီးခါနီးမှာ ထိုင်းအသင်းကတစ်ယောက် တိုက်ရိုက်အနီကတ် အပြခံခဲ့ရပါတယ်။ လဲကျနေတဲ့ မြန်မာအသင်း ကစားသမားရဲ့ခေါင်းကို ဘောလုံးကန်ဖိနပ်နဲ့ တမင်ရည်ရွယ်ချက်ရှိရှိ တက်နင်းခဲ့ခြင်းပါပဲ။ အတော်ကို ရုပ်ဆိုး သလို လုပ်လည်း မလုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ တစ်လုံးတည်းရိုက်တဲ့ ကင်မရာမှာကို အထင်အရှား မြင်လိုက်ကြရတာပါ။ ထိန်းချုပ်မှုဆိုတာ အဲဒီနေရာမှာ စကားပြောပါတယ်။ ကိုယ်က ရှုံးနိမ့်နေတာလည်း မဟုတ်၊ ပြီးတော့ ကိုယ့်အိမ်ကွင်းလည်း မဟုတ်၊ ကိုယ်က အမျိုးသမီးဆိုတာကလည်း ထည့်တွက်ရဦးမယ်။ သူ့ရဲ့ လုပ်ရပ်အတွက် သူပြန်ပြီး ပေးဆပ်သွားခဲ့ရတာဟာ သူ့အတွက်တင်မဟုတ်ဘဲ သူ့အသင်းအတွက်ပါ မကောင်း ဘူးဆိုတာ အခုလောက်ဆိုရင် သူသိလောက်ပါပြီ။ သူများလုပ်ရင် ကိုယ်တွေမကြိုက်တဲ့အတွက် ကိုယ့်မြန်မာ ကစားသမားတွေလည်း ရှုံးနိမ့်နေတဲ့အခါ စိတ်လိုက်မာန်ပါ မလုပ်မိဖို့ တားလိုက်ချင်ပါသေးတယ်။ ကျွန်တော်တို့ မြန်မာကလည်း ဇ က မသေးဘူးလေ။ ရှုံးပြီဆိုရင် နည်းနည်း ညစ်ချင်တဲ့အကျင့်က မပျောက်သေးပါဘူး။ အချိန်ယူ ပြီး သင်ပြ၊ ပြောပြ၊ ပညာပေးသင့်တဲ့ ကိစ္စလို့ မြင်မိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ အစွာကြီးစွာနေတဲ့ ထိုင်းအသင်းဟာ မြန်မာအသင်းကို အရှုံးပေးခဲ့ရပါတယ်။ မြန်မာ အိမ်ရှင်မို့လို့ နိုင်ခဲ့တာမဟုတ်ပါဘူး။ တစ်ပွဲလုံးကို သူတို့ကသာ ဖိကစားထားခဲ့တာပါ။ မြန်မာဖက်က ဒိုင်လူကြီးပါလို့ နိုင်ခဲ့တာ မဟုတ်ပါဘူး။ အိန္ဒိယ ဒိုင်လူကြီးဟာ တစ်ပွဲလုံးကို အကောင်းဆုံး ကိုင်တွယ်သွားပါတယ် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တစ်ခုမှ သူမလုပ်ခဲ့ပါဘူး။ ကောက်ချက်ချရရင် မြန်မာအသင်းရဲ့ နိုင်လိုစိတ်ဟာ မြန်မာအသင်းကို အနိုင်အောင်ပွဲဆီ ဆွဲခေါ်သွားတာဖြစ်ပါတယ်။ အိမ်ရှင်ပရိသတ်ရှေ့မှာ ငါတို့တွေ အနိုင်ရအောင် ကစားပြမယ်ဆိုတဲ့စိတ်ဓာတ်ကို ထိုင်းအသင်း မနိုင်ခဲ့ပါဘူး။ တစ်သင်းလုံး မခိုမကပ်ဘဲ ကိုယ့်နိုင်ငံရဲ့ ဂုဏ်အတွက် မီးကုန်ယမ်းကုန် ကစားခဲ့တဲ့ မြန်မာအသင်းကို ထိုင်းအသင်း မယှဉ်နိုင်ခဲ့ပါဘူး။ ဆိုတော့ မြန်မာအသင်းရဲ့ အောင်ပွဲဟာ စိတ်ဓာတ်အောင်ပွဲဖြစ်ပါတယ်။ မြန်မာတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ထိုင်းတို့ ဘယ်လိုမှ မမီဘူး ဆိုတာ ဒီဘောလုံးပွဲကြည့်ခဲ့တဲ့သူတိုင်း အမှတ်ထင်ထင် သတိထားမိမှာပါ။

အုပ်စုတွင်းမှာ ရှုံးပွဲမရှိ၊ ပေးဂိုးမရှိ၊ သွင်းဂိုး ၁၁ ဂိုး၊ ရမှတ် ၉ မှတ်နဲ့ အုပ်စုပထမအဆင့်ကနေ နောက်တစ်ဆင့်ကို တက်ရောက်သွားပြီဖြစ်တဲ့ မြန်မာအသင်းရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေ၊ နောက်ဆုံးဗိုလ်လုပွဲ ပွဲစဉ်တွေကို ဆက်လက်ကြည့်ရှုရင်း မြန်မာနိုင်ပြီ သီချင်းကို ပြိုင်တူသီဆိုကြပါစို့လို့ တိုက်တွန်း လိုက်ပါရစေလားခင်ဗျာ….

မြန်မာနိုင်ပြီ…

တို့မြန်မာနိုင်ပြီ…

အမှတ်တရ

ကိုဉာဏ် (ပန်းလောင်မြေ)

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့

(၁၇၅၀) နာရီချိန် မြန်မာ-ထိုင်း ဘောလုံးပွဲအပြီးတွင် အမှတ်တရ ရေးဖွဲ့ပါသည်။

Wednesday, September 05, 2007

လမ်းခွဲခြင်း


မောင်စိန်ဝင်း (ပုတီးကုန်း)
...
......

လိုက်ခဲ့လို့ ကျွန်တော်ခေါ်

အဖော်က မ၀ံ့ရဲ၊

ကိုယ့်လမ်းတာ ကိုယ့်ခရီး

မိုးသည်းလို့ပဲ။

သွားကြစို့ ကျွန်တော်ခေါ်

အဖော်က မလိုက်ရဲ၊

ကိုယ့်လမ်းတာ ကိုယ့်ခရီး

လှိုင်းကြီးလို့ပဲ။

လှမ်းကြစို့ ကျွန်တော်ခေါ်

အဖော်က မလိုက်ရဲ၊

ကိုယ်သွားရာ ခရီးလမ်း

ကြမ်းတမ်းလို့ပဲ။

လက်တွဲလို့ ကျွန်တော်ခေါ်

အဖော်က စိတ်မရဲ၊

ကိုယ့်လမ်းတာ တစ်ဆစ်ချိုး

ဆိုးလွန်းလို့ပဲ။

သွားတော့မယ်နော်

ကျွန်တော်က နှုတ်ဆက်၊

ကဗျာလှေ ရှေ့ကိုမှန်းကာ

သည်ကမ်းကထွက်။

ကျောင်းသားအတွက် အမေ့ရဲ့စာ


ကောလိပ်ကျောင်းသားထံ အမေ့ပေးစာ


ချစ်လှစွာသောသား…

အမေအသက်ရှင်နေဆဲပဲ ရှိသေးတယ်ဆိုတာကို သားသိရအောင်လို့ စာလှမ်းရေးလိုက်တာပါ။ မင်းစာမြန်မြန် မဖတ်နိုင်မှန်းသိလို့ အမေဒီစာကို ဖြည်းဖြည်းပဲ ရေးလိုက်ပါတယ်။ မင်းအိမ်ပြန်လာရင် အိမ်ဘယ်မှာမှန်းသိမှာ မဟုတ်တော့ဘူး။ အမေတို့ ပြောင်းသွားကြပြီ။ မင်းအဖေတော့ အခုအလုပ်ကောင်းကောင်း တစ်ခုရနေပြီ။ သူ့အောက်မှာ လူ ၅၀၀ လောက်ရှိတယ်။ သင်္ချိုင်းမှာ မြက်ရိတ်နေရတယ်လေ။

အခုအမေတို့ အိမ်အသစ်မှာ အဝတ်လျှော်စက် တစ်လုံးရှိတယ်။ သိပ်တော့ မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ အပတ်က အမေ အဲဒီထဲ ရှပ်အင်္ကျီ ၁၄ ထည် ထည့်တယ်။ ပြီး… သံကြိုးကိုဆွဲလိုက်တာ အဲဒီအင်္ကျီတွေကို အဲဒီကတည်းက ပြန်မတွေ့ရတော့ပါဘူး။ သားအမ မေရီလည်း ဒီနေ့မနက်ပဲ ကလေးမွေးတယ်။ သားလေးလား၊ သမီးလေးလားတော့ အမေမသိသေးဘူး။ အဲဒီတော့ မင်းက အန်တီဖြစ်မလား၊ အန်ကယ်ဖြစ်မလား အမေလည်း မပြောတတ်ဘူး။

ပြီးတဲ့အပတ်ထဲမှာ မင်းရဲ့ အန်ကယ်ဒစ်လည်း တို့မြို့က အရက်ချက်စက်ရုံမှာ ဝီစကီကန်ထဲ ကျပြီး နစ်လို့။ သူ့လုပ်ဖော်ကိုင်ဖက် တချို့က ခုန်ဆင်းပြီး ကယ်ကြသေးတယ်။ ဒါပေမဲ့သူက ကယ်တဲ့သူအားလုံးကို သတ္တိရှိရှိ တွန်းလှန်နိုင်ခဲ့တယ်။ သူ့ကို သင်္ဂြိုဟ်တော့ အဲဒီမီးကို ငြိမ်းရတော သုံးရက်ကြာတယ်။

ပြီးခဲ့တဲ့အပတ်က မိုးနှစ်ခါရွာတယ်။ ပထမတစ်ကြိမ်က သုံးရက်ကြာပြီး နောက်တစ်ခါက လေးရက်ကြာတယ်။ တနင်္လာနေ့တုန်းကများ၊ လေတွေ တိုက်လိုက်တာ ခြံထဲက ကြက်မတစ်ကောင်ဟာ ကြက်ဥတစ်လုံးတည်းကို လေးခါ ဥရတယ်။

အသုဘအလောင်းပြင်ဆင်ပေးတဲ့ အိမ်က စာတစ်စောင် မနေ့ကရတယ်။ သူက အမေတို့ပေးစရာရှိတဲ့ ကြွေးကျန်ကို (၇) ရက်အတွင်း မပေးရင် မင်းဘွားအေကြီးကို ပြန်ထလာအောင် လုပ်လိုက်မယ်တဲ့။

ချစ်တဲ့

အမေ

( P.S. အမေ သားအတွက် ဒေါ်လာ ၅၀ ထည့်ပို့မလို့ပဲ။ ဒါပေမဲ့ စာအိတ်က ပိတ်ပြီးသွားပြီ )

ကောလိပ်ကျောင်းသားထံမှပေးစာ


အဖေနဲ့ အမေခင်ဗျား . . . ကျန်းခံ့သာလို့ မာပါစ…

ဒီမှာတော့ ကျောင်းရောက်တဲ့ ပထမ တစ်လလုံးလုံး ဘာစာမှ မသင်ရပါဘူး၊ စာသင်ခန်းတွေဆီကို မသွားဖြစ်လို့။ သွားဖြစ်တဲ့ တစ်ရက်ကလည်း ညဘက်ဖြစ်နေတယ်။ အဲဒီညက မီးမလာဘူး။ ပြီးတော့ ဆရာလည်းမလာဘူး။ စာသင်တဲ့ တစ်နေ့မှာကျတော့ ဆရာက အတန်းထဲမှာပြောတယ်။ “ဒီအခန်းထဲမှာ နလပိန်းတုံးရှိရင် မတ်တတ်ရပ်စမ်းဟေ့” တဲ့။ သားတို့ တစ်တန်းလုံးငြိမ်ပြီး ဘယ်သူမှ မလှုပ်ကြဘူး။ ဒါနဲ့ပဲ ခဏနေတော့ သားမတ်တတ်ရပ်လိုက်တယ်။ အခန်းထဲမှာ ဆရာတစ်ယောက်ထဲ ရပ်နေတာကို အားနာလို့။

ကောလိပ်ကျောင်းသားဆိုပြီး ဘောင်းဘီနဲ့ ရှူးဖိနပ်နဲ့ ကျောင်းတက်လို့ မရပါဘူးဗျာ။ သင်္ချာတွက်ချိန်ကျလို့ ဆယ်ဂဏန်းကျော်သွားရင် ရှူးဖိနပ်ကို ချွတ်ပစ်နေရတာ အလုပ်ရှုပ်လွန်းလို့။ ကောလိပ်ကျောင်းမှာ ကျောင်းသူလေးတွေ ချောတယ်။ အဖေတို့ အမေတို့အတွက် ချွေးမလောင်းကိုရွေးပြီး ရည်းစားစာ တစ်စောင် အင်္ဂလိပ်လိုရေးပြီး ပေးလိုက်တယ်။ သားကို အင်္ဂလိပ်လို တတ်လှပြီမထင်နဲ့၊ သားမရေးတတ်ပါဘူး။ ဒါပေမဲ့ ကိစ္စမရှိဘူး။ ကောင်မလေးကလည်း အင်္ဂလိပ်လို မဖတ်တတ်ဘူး။

စာရေးတာ နားဦးမယ်။ သား သိပ်ပြီးနေမကောင်းဘူး။ ဟိုတစ်ပတ်က ဆရာက “မင်းတို့ အပြင်စာတွေ များများဖတ်ရမယ်” ဆိုတာနဲ့ ညဘက်အပြင်ထွက်ပြီး စာဖတ်တာ အအေးမိသွားတယ်။ နေမကောင်းဖြစ်လိုက်တာ ပိန်သွားလို့ ရွာကယူလာတဲ့ ဦးထုပ်တောင် မတော်တော့ဘူး။ အဲဒါ နောက်စေ့ကို တူနဲ့ ထုထားရတယ်။ ဒီတော့မှ နောက်စေ့မှာ ဘုထွက်ပြီး ဦးထုပ်က ကျွတ်မကျတော့ဘူးပေါ့။

ပြီးတော့ မနက်ဖြန်မှာ သားတို့ကို Blood test စစ်မယ်ဆိုလို့ ဒီည တစ်ညလုံး စာကြည့်ရဦးမယ်။

ချစ်သား

(စားကြွင်း။ ဒါနဲ့ အမေ၊ နောက်တစ်ပတ်မှာ ဂျူလီယာရောဘတ် အကြောင်း အရေးတကြီး လေ့လာရဦးမယ်။ အဲဒါ ပိုက်ဆံလိုတယ်။ ပို့ပေးပါဦး။)

Tuesday, September 04, 2007

ဖွဲ့စည်းပုံအခြေခံဥပဒေ


အားလုံးသိသင့်တယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ ဒါပေမယ့် အကုန်လုံးမပါပါဘူး။ စိတ်ဝင်စားမယ် ထင်တဲ့ဟာ လေးတွေကိုပဲ ရွေးပြီးထုတ်နှုတ်ပေးထားတာဖြစ်ပါကြောင်း…။

အခန်း(၇)

တပ်မတော်

၁။ တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော် ဖြစ်သည်။

၂။ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်။

၃။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံခိုင်မြဲရေး တို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်။

၎။ ပြည်ထောင်စုမြန်မာနိုင်ငံအား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့သည် တပ်မတော် ဖြစ်သည်။

၅။ တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်။

၆။ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်။

၇။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ အကြီးအကဲဖြစ်သည်။

၈။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆင့်သတ်မှတ်ရာတွင် မှီငြမ်းပြုနိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဒုတိယသမ္မတအဆင့် သတ်မှတ်သည်။

၉။ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။

၁၀။ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

၁၁။ တပ်မတော်သားများအတွက် စစ်ဘက်တရားစီရင်ရာတွင် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့် အညီ စီရင်နိုင်သည်။

၁၂။ စစ်ဘက်တရားစီရင်ရေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်။

၁၃။ မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံး၊ ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးတို့အတွက် ဥပဒေ ပြဌာန်းရမည်။

၁၄။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မတော်သည် ကူညီဆောင်ရွက်ရမည်။

(၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ကောက်နုတ်ဖော်ပြပါသည်။ )

Sunday, September 02, 2007

ခေတ်သစ်အဘိဓာန် - မောင်ကောင်းထိုက်


အရက် = သာမန်အားဖြင့် ယောက်ျားနဲ့မိန်းမကို နီးစပ်စေသည်။ သို့သော် လင်နဲ့မယားကို ကွဲအောင်လုပ်သည်။

ရန်သူ = ခင်ဗျားအကြောင်း သိလွန်းတဲ့ သူငယ်ချင်း။

ခြွင်းချက် = စည်းကမ်းဥပဒေတွေကို ပြဌာန်းတဲ့လူတွေရဲ့ အထူးအခွင့်အရေး။

စာပြင်သမား = တခြားလူတွေရဲ့ အမှားပေါ်မှာ ပညာမရှာဘဲ ၀မ်းစာရှာတဲ့သူ။

လက်ဆောင်ပစ္စည်း = လိုအပ်တဲ့လူကို ပေးတဲ့ မလိုအပ်တဲ့ပစ္စည်း။

ကဗျာဆရာ = ချစ်တဲ့သူကို ကမ္ဘာကြီးတစ်ခုလုံးကို လက်ဆောင်ပေးဖို့ အဆင်သင့်ဖြစ်နေပေမယ့် တကယ့်တကယ်မှာ ဖိနပ်တစ်ရံတောင် ၀ယ်မပေးနိုင်တဲ့သူ။

သရော်စာရေးသူ = ကိုယ့်ကို ချီးမွမ်းစေချင်တဲ့အတွက် တခြားသူတွေရဲ့ အားနည်းချက်တွေကို ထောက်ပြတဲ့လူ။

ကျော်ကြားမှု = ခင်ဗျားမသိတဲ့လူတွေတောင် ခင်ဗျားကို သိနေခြင်း။

ဇရာ(၁) = ဆေးက အစာဖြစ်ပြီး အစာက အဆိပ်ဖြစ်တဲ့အရွယ်။

ဇရာ(၂) = အလုပ်ကြောင့်သာမက အနားယူရင်လည်း ပင်ပန်းတဲ့အရွယ်။

ဇရာ(၃) = သွားကလွဲပြီး အရာခပ်သိမ်း နာတဲ့ အရွယ်။

ခေတ်သစ်သံတမန်(၁) = ကိုယ်ဘာမေးမိသလဲဆိုတာတောင် သတိဖော်မရအောင် ဖြေတတ်တဲ့လူ။

ခေတ်သစ်သံတမန်(၂) = `ခင်ဗျားဘာပြောလိုက်သလဲဟင်´ဆိုတဲ့မေးခွန်းကို `ကျွန်တော်စဉ်းစားရဦးမယ်´ လို့ ဖြေတဲ့သူ။

ခေတ်သစ်သံတမန်(၃) = Yes or No ဆိုတဲ့ မေးခွန်းကလွဲရင် ဘာမေးခွန်းကိုမဆို ဖြေနိုင်တဲ့လူ။

ခေတ်သစ်သံတမန်(၄) = ပြဿနာတစ်ခုနဲ့ လာတဲ့သူကို ပြဿနာသုံးခုနဲ့ ပြန်သွားအောင် လုပ်နိုင်တဲ့လူ။

ဗဟုသုတကြွယ်ဝသူ = သိတာထက် မှတ်မိတာ ပိုးများတဲ့လူ။

လျှို့ဝှက်ချက် = တိုးတိုးလေးပြောတဲ့ အများသိအကြောင်းအရာ။

ခေါင်း (Head) - တာရာမင်းဝေ


ပြိုင်ပွဲတွင် ရှုံးနိမ့်လာသူဖြစ်၍ ထိုလူက မကျေမချမ်းဆိုသည်။

``အမှန်ဆို ကျွန်တော်ရရမယ့် ဆုတံဆိပ်ဗျ၊ အဲဒီ ပင်အပ်က ဆုတံဆိပ်ကို ဘယ်ရင်ဘတ်မှာ သွားချိတ်တာလည်း မသိဘူး… တောက်´´

အဖော်ဖြစ်သူ ပြန်ပြော၏။

``ပင်အပ်ကိုလည်း သေသေချာချာ ကြည့်ဦးလေ၊ သူ့မှာ ခေါင်းရှိတယ်ဗျ´´

…..

The loser in the competition said discontentedly.

“Really, this is the prize that I should get. I don’t know which breast the pin has pinned the prize, damn!”

The companion told him.

“Look carefully at the pin, it has a head.”

…..

………………………………..

ဒီကောင်ဘယ်သူတုန်း


မရေးတော့ဘူးလို့ နေတာပါပဲ။ ဒါပေမယ့် မရေးတော့ မသိဘူးထင်နေမှာစိုးလို့ပါ။ မြန်မာပရိသတ်ဟာ ဘာမှ မသိဘူး။ သူတို့ရိုက်ပြသမျှ ရုပ်ရှင်တွေကိုပဲ ကြည့်နေရတယ်။ ငါတို့ရိုက်ချင်ရာရိုက်မယ်၊ ပိုက်ဆံရပြီးရောဆိုပြီး လုပ်နေကြမှာစိုးလို့ပါ။ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်အဆင့်အတန်းဟာ အခြား ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေရဲ့ ဗွီဒီယိုအဆင့်၊ ဒီဗီဒီ အဆင့်ကိုတောင် မီအောင်မလုပ်နိုင်သေးပါဘူး။ ဒီလိုပြောတဲ့ အတွက် ကိုယ့်လူမျိုးကို အထင်သေးပြီး အခြားလူမျိုးကိုမှ အထင်ကြီးတယ်လို့ ထင်စရာရှိပါတယ်။ ဘာပဲလုပ်လုပ် ကိုယ့်မြန်မာဆိုရင် အကုန်ကောင်းတယ်ဆိုပြီး မျက်ကန်းမျိုးချစ် လုပ်နေလို့ မရတော့ပါဘူး။ ခေတ်စနစ်ကြီးက အဲဒါကိုလည်း ခွင့်မပြုတော့ပါဘူး။ မကောင်းတာကို မကောင်းပြော၊ ပြင်သင့်တာကို ပြင်မှ တိုးတက်မှာပါ။ ကျွန်တော်ပြောတဲ့ အဆင့်မမီဘူးဆိုတာဟာ သရုပ်ဆောင်အရည်အသွေးကို မဆိုလိုပါဘူး။ ကျွန်တော်တိှု့ဆီမှာ သရုပ်ဆောင်ကောင်းတဲ့ အနုပညာရှင်တွေ အများကြီးရှိပါတယ်။ စက်မှုပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ အတတ်ပညာပိုင်းဆိုင်ရာ တွေမှာသာ တိုးတက်လာမယ်ဆိုရင် ဟောလီးဝုဒ်နဲ့ ရင်ဘောင်မတန်းနိုင်စရာ မရှိပါဘူး။ ဟိုတစ်နေ့က ကြည့်လိုက်ရတဲ့ ထိုင်းက ရိုက်ကူးတဲ့ Mercury Man ဆိုရင် အတော်လေးကို အဆင့်အတန်းမီတာ တွေ့ရပါတယ်။ သူတို့ကလည်း ကြေငြာထားပါတယ်။ အဲဒီဇာတ်ကားဟာ ဟောလီးဝုဒ်ဈေးကွက်ကို ထိုးဖောက်ဖို့ ပါတဲ့။ တကယ်လည်း အဆင့်မီတယ်လို့ ကျွန်တော်ထင်ပါတယ်။ Super Man, Spider Man တို့လို ဇာတ်လမ်းပါပဲ ဒါပေမယ့် ထိုင်းလိုနိုင်ငံက အဲဒီလိုဇာတ်ကားတွေ ရိုက်နေတဲ့အချိန်မှာ ကျွန်တော်တို့ မြန်မာတွေကရော ဘာတွေ ရိုက်ကူးနေသလဲ တစ်ချက်ကြည့်လိုက်တော့…။

ကြည့်ဖြစ်တဲ့ကားက ``ဒီကောင် ဘယ်သူတုန်း´´။ သရုပ်ဆောင်တွေကတော့ စာရင်းရေးပြရင် အတော်ကို လေးစားသွားမယ်။ အတော်လည်း စိတ်ဝင်စားသွားမယ်။ ကျွန်တော်လည်း အဲဒီ သရုပ်ဆောင်နာမည်တွေကို ကြည့်ပြီး အတော်ကိုကြီးတဲ့ မျှော်လင့်ချက်ကြီးနဲ့ သွားကြည့်ခဲ့တာကိုး။ သရုပ်ဆောင်တွေက -

နေတိုး၊ အိန္ဒြာကျော်ဇင်၊ မော့စ်၊ မေတ္တာ၊ ခင်စိုးပိုင်၊ မိုးဒီ၊ ကင်းကောင်၊ ကျော်ထူး၊ အခြားဟာသသရုပ်ဆောင်တွေ အများကြီး ပါသေးတယ်ဗျ။ ဘယ်လောက်များ အားရဖို့ကောင်းသလဲဗျာ။ ကျွန်တော်လည်း အတော်ရယ်ရမယ် ဆိုပြီး သွားတာပေါ့။

ဇာတ်လမ်းအဖွင့်ကတော့ မဆိုးပါဘူး။ နေတိုးကို သူ့မိထွေးက အလုပ်ခိုင်းတဲ့အကြောင်းတွေ၊ သူတို့ စကားပြောပုံ တွေကို ပြတယ်။ မိထွေးလုပ်တဲ့လူက တစ်ခုပြီးတစ်ခုခိုင်းတယ် နေတိုးက ဘာမှမလုပ်ဘဲ အိပ်ပျော်သွားတာကို ပရိသတ်ကို ရယ်ခိုင်းပါတယ်။ အဲဒီအခန်းမှာ ပြောစရာတွေက အများကြီးပေမယ့် မြန်မာကားပဲဆိုပြီး လျစ်လျူရှု လိုက်ပါတယ်။ လျစ်လျူရှုလို့မရတာက အဲဒီအခန်းရဲ့ နောက်ဆုံးစကားပြောခန်းမှာ နေတိုးပြောတဲ့ စကားပါ။ သူ့မိထွေးက မြို့ထဲသွားရင်းနဲ့ ဓာတ်ပုံဝင်ရွေးခဲ့ဖို့ မှာပါတယ်။ အဲဒီမှာ နေတိုးက ဘာပြန်မေးလဲဆိုတော့ ``ဓာတ်ပုံက တစ်ကိုယ်လုံးပေါ်တဲ့ပုံလား´´တဲ့။ မေးပြီးတော့ ထွက်ပြေးသွားတယ်။ ကောင်းရောဗျာ။ ယဉ်ကျေးလိုက်ကြတာ။ ပြောတော့ဖြင့် နေတိုးက အဲဒီဇာတ်ကားမှာ မိထွေးကို အမေအရင်းတစ်ယောက်ကို ချစ်ပါသတဲ့။

ထားပါတော့ဗျာ။ အဲဒီအထိ ဇာတ်လမ်းက ကြည့်လို့ရနေသေးတယ်။ စတာက နေတိုးက လမ်းလျှောက်အလာ အိန္ဒြာကျော်ဇင် နဲ့ တွေ့တဲ့အခန်းပါ။ နေတိုးက ပေတိပေစုတ်၊ အိန္ဒြာကျော်ဇင်က ပန်းရောင်းနေတာလည်း မြင်ရော။ ကျွန်တော်ဖြင့် တစ်ခါတည်းကို ထွက်ပြီးပြန်ချင်တော့တာပါပဲ။ ကျွန်တော်ကြည့်ပြီးသား ဇာတ်လမ်း ဇာတ်ကွက်တွေက မျက်စိထဲမှာ အလိုလိုကို ပေါ်လာတယ်လေဗျာ။ ကျွန်တော်ကြည့်ထားဖူးတာက ကမ္ဘာကျော် ဟာသပညာရှင် Charlie Chaplin ရဲ့ City Lights ဇာတ်ကားပါ။ တကယ့်ကို တသွေမတိမ်း အဲဒီဇာတ်ကားရဲ့ ဇာတ်ကွက်တွေအတိုင်းပါပဲဗျာ။ ဘာပြီးရင် ဘာလာမယ်ဆိုတာ ကျွန်တော်က ကြိုတွေးလိုက်၊ ရုပ်ရှင်ကလည်း အဲဒီအတိုင်းပြလိုက်ဆိုတော့ စဉ်းစားသာကြည့်ဗျာ။ ပြီးတော့ သရုပ်ဆောင်တဲ့နေတိုးက ချာလီချက်ပလင် ကို မီဖို့မပြောနဲ့ နည်းနည်းလေးမှတောင် တူအောင် သရုပ်မဆောင်နိုင်ဘူး။ ကျွန်တော်တို့ ကြည့်ဖူးတဲ့ ချာလီချက်ပလင် ရဲ့ City Lights ဟာ ဘယ်လောက်ကောင်းသလဲဆိုရင် အခုထိ ကျွန်တော်တို့ မှတ်မိနေတာသာ ကြည့်ပေါ့ဗျာ။ ပြီးတော့ အဲဒီဇာတ်ကားမှာ ချာလီချက်ပလင်ဟာ ဟာသကိုသာမက အလွမ်းအဆွေးတွေကိုပါ ပိုင်ပိုင်နိုင်နိုင် ဘယ်လိုသရုပ်ဆောင်ပြထားတယ်ဆိုတာ ကြည့်ဖူးတဲ့သူတိုင်း သိမှာပါ။ မှတ်မှတ်ရရ အဲဒီ City Lights ကို ကြည့်တုန်းက ချာလီချက်ပလင်နဲ့ ပန်းရောင်းတဲ့ကောင်မလေး ခွဲခွာတဲ့အခန်းမှာ သနားလွန်းလို့ ကလေးဖြစ်တဲ့ ကျွန်တော်တောင် မျက်ရည်တွေဝဲခဲ့ရပါသေးတယ်။

ဇာတ်လမ်းကို ပြန်ပြီး မြန်မာမှုပြုတာပဲ ဘာဖြစ်လဲဆိုရင်တော့ ထားပါတော့ဗျာ။ ဒါပေမယ့် အဲဒီဇာတ်ကားတစ်ခုလုံး မှာ ဇာတ်လမ်းသာ ပြီးသွားတယ်။ Charlie Chaplin ရဲ့ City Lights ကို ပြန်လည်ခံစားပါသည်တို့၊ ပြန်လည် ရေးဖွဲ့ပါသည်တို့၊ မြန်မာမှုပြုပါသည်တို့ ဆိုတဲ့ အညွှန်းလေးတစ်ချက်တောင် မပါတာကိုတော့ အတော့်ကို ဘ၀င်မကျ ဖြစ်မိပါတယ်။ ကိုယ်က ဇာတ်ကျောရိုးကိုသာယူပြီး ကိုယ့်ဘာသာ ဇာတ်ကွက်ဆင်ရိုက်တာဆိုရင်တော့ ထားပါတော့ဗျာ။ အခုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ မူရင်းဇာတ်ကားထဲကအတိုင်း ဇာတ်ကောင် Character တွေရော၊ ဇာတ်လမ်း Plot တွေရော၊ Flow တွေရောကို အကုန်တစ်ပုံစံတည်း ကူးချထားပြီး ဘာမှမရေးထားတော့ ဘယ်လိုနားလည်ရမှန်းကို မသိဘူးဗျာ။ အဖွင့်မှာ ရေးထားတာက ``ညီညီထွန်းလွင် ရေးတဲ့ဇာတ်လမ်း´´ တဲ့။ သေရောပေါ့ဗျာ။ မသိရင် ချာလီချက်ပလင်ကပဲ သူ့ဇာတ်လမ်းကို ခိုးပြီးရိုက်ထားသလိုလိုနဲ့။ ကျွန်တော်တို့ မြန်မာတွေလုပ်ပုံ ပြောပါတယ်။ သူကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းတစ်ခုကို နိုင်ငံခြားကားတစ်ခုမှာများ ယူပြီး ရိုက်ထားမိရင် သူဘယ်လိုပြောမလဲ၊ ဘယ်လိုလုပ်မလဲဆိုတာကို အလွန်အင်မတန် စိတ်ဝင်စားမိပါရဲ့ဗျာ။

ဆောင်းဦးလှိုင် သီချင်းတစ်ပုဒ်ကို ချက်ချင်းသတိရတယ်ဗျ။ ``x x x သူတို့သီချင်းတွေ ဗီစီဒီလေးအောင်မြင်တော့ တချို့က ခိုးကူးသတဲ့ x x x ဒါကိုတော့မခံနိုင်ဘူး x x x သူများသီချင်းတွေယူဆိုတုန်း အရသာဟာ တကယ်ကို ရှိသတဲ့ x x x ´´ အခုလည်း အဲဒီလိုပါပဲဗျာ။ ကိုယ် ပိုက်ဆံရရင်ပြီးရော ရုပ်ရှင်တစ်ကားဖြစ်ရင်ပြီးရော လုပ်တာတော့ မကောင်းဘူးလို့ ထင်မိပါတယ်။

နောက်တစ်ခုက အထက်မှာ ကျွန်တော်ပြောခဲ့သလို ဇာတ်ပို့ဇာတ်ရံ စာရင်းဟာ အတော်ကို အားရဖို့ကောင်းတဲ့ အမည်စာရင်းပါ။ တကယ်တမ်းဇာတ်လမ်းထဲမှာကျတော့ သူတို့အားလုံးဟာ ဇာတ်ဝင်ခန်း တစ်ခန်းစီလောက်နဲ့ သရုပ်ဆောင်ပြီး ပျောက်သွားကြတာပါ။ မေတ္တာဆိုရင် သွားဆရာဝန်အဖြစ် တစ်ခန်းသရုပ်ဆောင်ရတယ်၊ မိုးဒီ ဆိုရင် ဆပ်ပြာခဲနဲ့ ဒိန်ခဲ မှားပြီးစားမိတဲ့အခန်း တစ်ခန်းပဲ သရုပ်ဆောင်ရတယ်၊ ခင်စိုးပိုင်ဆိုရင်လည်း ပထမဆုံး တစ်ခန်းပဲ မိထွေးနေရာက သရုပ်ဆောင်ပြီး ဘယ်ရောက်သွားမှန်းကို မသိဘူး။ အဲဒီတော့ဗျာ သူတို့နာမည်တွေ သုံးပြီး လူဝင်အောင်လုပ်တဲ့သဘောသက်သက်ကလွဲပြီး အခြားဘာမှ ဇာတ်လမ်းကို အထောက်အကူမဖြစ်တာကို သတိထားမိတဲ့လူတိုင်း သိကြတာပေါ့ဗျာ။

နောက်ပြီးတော့ နိုင်ငံရပ်ခြားဟာသအများစုကို ဇာတ်လမ်းသဘောလေးတွေ ထည့်ပြီး ရယ်ခိုင်းတဲ့ကိစ္စပါ။ အတော်ကို ဆိုးဆိုးဝါးဝါးနိုင်တယ်လို့ ကျွန်တော်က မြင်ပါတယ်။ ဖတ်ဖူးပြီးသားလူတွေအတွက် ဘယ်လောက်တောင် မအီမလည်ကြီး ဖြစ်မယ်ဆိုတာ စဉ်းစားသာကြည့်ဗျာ။ ဥပမာဗျာ သွားနုတ်ပြီး ပြန်ထွက်လာတော့ သွားဆရာဝန်က ဒီသွားကို လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက နှုတ်ပစ်ခဲ့သင့်တယ်လို့ ပြောတယ်။ အဲဒီမှာ မော့စ်က ဒါဆိုရင် ကျွန်တော်နဲ့ မဆိုင်ဘူး၊ ကျွန်တော်နဲ့ရတာက ၁ လလောက်ပဲရှိသေးတယ်။ အဲဒီအတွက် ဒီသွားနှုတ်ခကို သူ့အဖေဆီကပဲတောင်း၊ သူမပေးနိုင်ဘူး ဆိုတာမျိုးပေါ့။ နောက်ရှိသေးတယ်။ ယမကာ ဟာသများထဲကတစ်ပုဒ်။ မော့စ်က မူးပြီး လမ်းလျှောက်လာတဲ့ကောင်မလေးတစ်ယောက်ကို ညီမလေး နာမည်ဘယ်သူလဲလို့မေးတယ်။ အဲဒီ မေးမိတဲ့ညီမလေးဟာ သူ့မိန်းမဖြစ်နေတဲ့အတွက် စိတ်ဆိုးပြီး မော့စ်နဲ့ ကွဲမလိုဖြစ်၊ အိမ်ပေါ်က ဆင်းသွားတဲ့ ဇာတ်ကွက်မျိုးပါ။ အခြားဟာသဖြစ်အောင် ရိုက်လို့ရတဲ့ မြန်မာ့လူနေမှု အဖြစ်အပျက်တွေ အများကြီးပါဗျာ။ ဘာလို့ သူများတွေဟာကိုပဲ အလွယ်တကူယူပြီး သုံးနေကြသလဲဆိုတာကို ကျွန်တော်တော့ မစဉ်းစားတတ်တော့ပါဘူး။

ဇာတ်သိမ်းခန်းမှာလည်း ချာလီချက်ပလင်နဲ့ တမင်ကွဲအောင်လုပ်လိုက်သလား မှတ်ရအောင်ကို ဒါရိုက်တာက ပညာသားပါပါကို လုပ်ပြသွားပါတယ်ဗျာ။ အနားမှာသာ ဒါရိုက်တာရှိရင် ချက်ချင်းကို ပြောလိုက်ချင်တယ်။ ခင်ဗျားဗျာ ဒီလောက်ကောင်းတဲ့ဇာတ်လမ်းကို တိုက်ရိုက်လည်း ကူးချသေးတယ်။ ပြီးတော့ ဇာတ်သိမ်းပိုင်း ကိုလည်း ရသပျက်အောင် လုပ်ပစ်လိုက်တယ်လို့။

ကဲ နိဂုံးချုပ်ရရင် ``ဒီကောင်ဘယ်သူတုန်း´´ ဇာတ်ကားကို ကြည့်ပြီး ကျွန်တော့်မှာ မရယ်ရတဲ့အပြင် ပြန်မေးတဲ့ သူငယ်ချင်းတွေကို ဘယ်လိုပြောရမှန်းမသိလို့ အီးမှန်တဲ့မျက်နှာနဲ့ ``ဒီလိုပါပဲကွာ´´လို့ ဖြေရတာ မအီမလည်ကြီး ဗျ။ ချာလီချက်ပလင်ဇာတ်ကားကို ရည်ညွှန်းထားခြင်းမရှိ၊ တောင်းပန်ထားခြင်းမရှိဘဲနဲ့ ညီညီထွန်းလွင် ရေးတဲ့ ဇာတ်လမ်းဆိုပြီး ရိုက်ကူးထားတဲ့ ဒါရိုက်တာကို ``ဒီကောင်ဘယ်သူတုန်း´´လို့ ကျွန်တော်ကတော့ မမေးတော့ပါဘူး။ သူဘယ်သူလဲဆိုတာ ကျွန်တော်သိနေပြီပဲ။ မိတ်ဆွေတို့လည်း ``ဒီကောင်ဘယ်သူတုန်း´´ သိချင်ရင် အဲဒီဇာတ်ကားသာ ပြေးကြည့်ပါတော့ဗျာ။ ဒါပေမယ့် ချာလီချက်ပလင်ရဲ့ City Lights ကိုတော့ မကြည့်ထားနဲ့လို့ ကြိုတင်မှာလိုက်ချင်တာပါပဲ။ ချမ်းမြေ့ကြပါစေ…။

စာကြွင်း။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ နစ်နာစေအောင်ရေးသားမှု လုံးဝမဟုတ်ပါကြောင်း ပြောလိုပါသည်။ ကျွန်တော် မည်သည့် ရုပ်ရှင်ဇာတ်လမ်းကိုမျှ ရိုက်ကူးနိုင်သည့် အဆင့်အတန်း၊ ရုပ်ရှင်ပညာ မရှိပါ။ သို့သော် ကိုယ့်မြန်မာ ရုပ်ရှင်ဇာတ်ကားတွေကို ကောင်းစေချင်သောစိတ်၊ ရုပ်ရှင်လောကကြီး တိုးတက်စေလိုသောစိတ်၊ မြန်မာရုပ်ရှင် ကားများ နိုင်ငံတကာသို့ ထိုးဖောက်နိုင်စေလိုသောစိတ်ကတော့ အပြည့်ရှိကြောင်းကို ကြိုက်သည့်နေရာတွင် သစ္စာဆိုဝံ့ပါကြောင်း။

...

......

....................................................

ကျွန်တော့်မြေမှာ - မောင်စိန်ဝင်း(ပုတီးကုန်း)


ပန်းပွင့်ကို ကျွန်တော်မင်

ပန်းပင်ကို ကျွန်တော်ပျိုး

ထုံနံ့သာ ငုံကာဖူးခါမှ

လက်ဦးသူ... ချိုး။

အသီးကို ကျွန်တော်မင်

အပင်ကို ကျွန်တော်ပျိုး

သီးကင်းငုံ ပေါ်ကာထွက်ခါမှ

လက်ဦးသူ... ခိုး။

ပန်းအလှ ကျွန်တော်မင်

ပန်းပင်ကို ကျွန်တော်ပျိုး

ပွင့်ချိန်တန် ရနံ့ရိုင်းနဲ့

ပဒိုင်းပင်မျိုး။

အချိုသီး ကျွန်တော်မင်

အချိုပင် ကျွန်တော်ပျိုး

သီးချိန်တန် တမာများလို

ခါးသည့်အမျိုး။

ရေမလောင်း ပေါင်းမသင်

ပန်းတစ်ပင်ပါလား။

မမျှော်ရဲပြီဘု

ကံနည်းသူ ကျွန်တော်မို့

တော်သလိုပွင့်

သင့်သလိုဖူး

လက်ဦးသူချိုးချိုး

မြတ်နိုးသူ ပန်ပန်

ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့

ကိုယ်တန်လျှင် ကိုယ်ပန်ရချည်လိမ့်လို့

ဖြေသိမ့်ကာ စိုးရိမ်စိတ်နှင့်

ရင်ထိတ်တကား။

-

---

--------------------------------------------------------

 
Web Statistics