Monday, June 30, 2008

ရုပ်ပြနှင့်ပြယုဂ်-လူထုစိန်ဝင်း


ရုပ်ပြ နှင့် ပြယုဂ်
လူထုစိန်ဝင်း

ကျောင်းသား - မိန်းကလေးတွေ ဆံပင်တိုထားတာနဲ့ ဘောင်းဘီဝတ်တာကို သဘောကျအားပေးတယ်လို့ ဆရာ တစ်ခါက အတန်းထဲမှာ ပြောဖူးတယ်နော်။

ဆရာ - ဟုတ်တယ်…။ ပြောဖူးတယ်။ အတန်းထဲမှာတင် မဟုတ်ဘူး။ ဆောင်းပါးလည်း ရေးဖူးပါတယ်။ ဘာဖြစ်လို့လဲ။

ကျောင်းသား - မိန်းကလေးတွေ ဆံပင်တိုထားပြီး ဘောင်းဘီတိုဝတ်တာကို အားပေးတယ်ဆိုတော့ ဆရာဟာ ရှေးဆန်ပြီး ခေတ်နောက်ကျန်ရစ်တဲ့သူတစ်ယောက် မဟုတ်ဘူးလို့ ယူဆမိပါတယ်။ အဲဒီတော့ ဒီခေတ်မှာ မိန်းကလေးတွေ စကတ်ဘေးခွဲ၊ ရှေ့ခွဲ၊ နောက်ခွဲတွေ ၀တ်ကြတဲ့အပေါ်မှာ ဆရာ့အမြင်များ ဘယ်လိုရှိလေမလဲ။ စိတ်ဝင်စားမိလို့ပါ။

ကျောင်းသူ - ဆရာ့အမြင်ကို မမေးခင် ရှင့်အမြင်ကို အရင် ပြောဦးမှပေါ့။

ကျောင်းသား - ကောင်းပြီလေ။ ကျွန်တော့်အမြင်ကို ပြောခိုင်းရင် မိန်းကလေးတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ အမြင်ကိုလည်း ပြောရမယ်နော်။

ကျောင်းသူ - ကျွန်မက ၃၀ ကျော်နေပါပြီ။ ဆရာမတောင် ဖြစ်နေပြီဆိုတော့ ကျွန်မရဲ့အမြင်ကတော့ ခေတ်မမီတော့ပါဘူး။ နိုင်ငံတကာအဆင့်မီ ခေတ်မီတဲ့ အဖြေကိုကြားချင်ရင်တော့ အဲဒီအကွဲတွေနဲ့ မိန်းကလေးတွေကို သွားမေးကြည့်လေ။

ကျောင်းသား - ဒါတော့ ခင်ဗျားက “ထမင်းရည်ပူလာ လျှာလွှဲ” လုပ်လိုက်တာပဲ။ ကျွန်တော်လည်း ၃၀ ကျော်လို့ ဆရာဝန်ဖြစ်နေပါပြီ။ ဆရာလည်း ၆၀ ကျော်နေပါပြီ။ ကိုယ့်အမြင်ကိုယ်ထုတ်ပြောကြတဲ့ ကိစ္စမှာတော့ အသက်အရွယ်နဲ့ ကန့်သတ်ထားဖို့ မလိုဘူးထင်ပါတယ်။

ကျောင်းသူ - ဟုတ်ပါတယ်။ လက်ခံပါတယ်။ လူတစ်ယောက်ရဲ့ အတွေးအမြင်ကို ကန့်သတ်ဘောင်ခတ် ထားလို့လည်း မရပါဘူး။

ဆရာ - ဟုတ်ပါ့ဗျာ။ လူတစ်ယောက်ကို ဟိုလိုမ၀တ်နဲ့။ ဒီလိုမ၀တ်နဲ့လို့ စည်းကမ်းတွေထုတ်ပြီး ချုပ်ချယ် ထားလို့လည်း မရပါဘူး။

ကျောင်းသား - ကန့်သတ်ချုပ်ချယ်ဖို့ မဟုတ်ပါဘူးခင်ဗျာ။ ဆံပင်တိုထားတဲ့ကိစ္စ၊ ဘောင်းဘီဝတ်တဲ့ကိစ္စ တုန်းကလို ဆရာ့အမြင် ဆရာ့သဘောထားကို သိချင်ရုံသက်သက်ပါ။

ကျောင်းသူ - ဆရာ… ခဏလေး နေပါဦးနော်။ ရှင့်သဘောထားကို အရင်ပြောလေ။

ကျောင်းသား - အင်း… ရှောင်လွှဲလို့ မရဘူးဆိုမှတော့ ပြောရတော့မှာပေါ့လေ။ ဆရာဝန်တစ်ယောက် အဖို့တော့ ခြေသလုံးသားလေးပေါ်သွားတာ၊ ပေါင်ကလေးပေါ်သွားတာလောက်က ဘာမှ မထူးဆန်းလှပါဘူး။ အဲဒါကြောင့် ဘေးကွဲ၊ နောက်ကွဲ၊ ရှေ့ကွဲ ကြိုက်သလိုသာ ကွဲကြ၊ ကန့်ကွက်စရာ မရှိပါဘူး။ အဲ… အဲ… ဒါပေမယ့် ကျွန်တော့်နှမတွေသာဆိုရင်တော့ ကြိမ်လုံးကြီးကြီးနဲ့ ရိုက်ပစ်မိမှာ သေချာတယ်။

ကျောင်းသူ - ဒါဆိုရင် ရှင်က အကွဲတွေကို မကြိုက်ဘူးလို့ ယူဆရမှာပေါ့။

ကျောင်းသား - အင်း… ယူဆမယ်ဆိုရင်လည်း ရပါတယ်။

ကျောင်းသူ - မိန်းကလေးတွေ ရေကူးနေတဲ့အခါ ရေကူးဝတ်စုံ ၀တ်ကြတာကိုရော ရှင် ဘယ်လို သဘောထားလဲ။

ကျောင်းသား - ဒါက မတူဘူးလေဗျာ။ အားကစားလုပ်တဲ့အခါတော့ တစ်မျိုးပေါ့။

ကျောင်းသူ - အားကစားလုပ်တဲ့အခါ ခြေသလုံးမက၊ ပေါင်လယ်လောက်မက ပေါ်တဲ့ ဘောင်းဘီတိုလေးတွေ ၀တ်တာကျတော့ လက်ခံတယ်ဆိုပြီး အခြားအချိန်မှာတော့ ခြေသလုံးလေးပေါ်တာတောင် အပြစ်မြင်တယ်ဆိုတော့ ရှင့်သဘောထားကို ဘယ်လို ယူရမလဲ။ အားကစားပွဲကြည့်တဲ့အခါ မျက်စိတစ်မျိုးနဲ့ ကြည့်ပြီး တခြားအချိန်တွေမှာကျတော့ နောက်မျက်စိ တစ်မျိုးနဲ့ ကြည့်လို့ရသလား။

ကျောင်းသား - ဟာ… ဆရာမကလည်းဗျာ…။

ကျောင်းသူ - တမင်တကာ ကပ်ဖဲ့ပြောတာမဟုတ်ဘူး။ ရှင့်ရဲ့ သဘောထားအမှန်ကို သိချင်လို့ ဆန်းစစ်ကြည့်တာပါ။

ဆရာ - စိတ်ပညာဆရာမ ပီသပါပေ့ကွယ်။ သူ့သဘောထားကို မင်းတွေ့ရတဲ့အတိုင်း ပြောပါဦး။

ကျောင်းသူ - တကယ်တော့ သူသဘောကျပါတယ် ဆရာရဲ့။ သူ့ရဲ့ ပင်ကိုအဖိုစိတ်က မိန်းကလေးတွေရဲ့ ခြေသလုံးသားလေးတွေ၊ ပေါင်သားလေးတွေပေါ်တာကို သဘောကျပါတယ်။ ဒါ သဘာဝပါ။ ရှက်စရာ ကိစ္စ မဟုတ်ပါဘူး။ သူ့နှမတွေဝတ်ရင်တော့ လက်မခံဘူး။ ကြိမ်လုံးကြီးကြီးနဲ့ ရိုက်ပစ်မယ်ဆိုတာက သူ့ပင်ကိုစိတ် မဟုတ်ပါဘူး။ ပြုပြင်ပုံသွင်းခံထားရတဲ့စိတ်နဲ့ ပြောတာပါ။

ဆရာ - ဘယ်လို ပြုပြင်ပုံသွင်းခံရတဲ့ စိတ်မျိုးလဲကွဲ့။

ကျောင်းသူ - သူက ဗမာမဟုတ်လားဆရာရဲ့။ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုထုံးဓလေ့တွေအရ မိန်းကလေးများဟာ သိုသိုသိပ်သိပ်၊ ပိပိပြားပြား၊ ဗိုင်းကောင်းကျောက်ဖိ ရှိရမယ်လို့ “မိစဉ်ဖဆက်” သွန်သင်ဆုံးမခဲ့ကြတာ ဖြစ်လေတော့ သူလည်း ဒီစကားတွေကြားမှာ ကြီးပြင်း လာခဲ့ရတယ်လေ။ အဲဒီအစဉ်အလာ ယဉ်ကျေးမှုပေတံနဲ့တိုင်းပြီး ပတ်ဝန်းကျင်က ကဲ့ရဲ့စကားပြောတာ ခံရမှာစိုးလို့သာ သူက သဘောမကျဘူး ပြောနေတာပါ။ သူ့ပင်ကိုစိတ်က သဘောကျပါတယ်။ ဟုတ်တယ် မဟုတ်လား။ ရှင်မညာနဲ့နော်။

ကျောင်းသား - ခင်ဗျားလို တစ်ခါမှ လေးလေးနက်နက် စဉ်းစားတွေးခေါ်မကြည့်ဖူးးတော့ မပြောတတ်တော့ဘူးဗျာ။

ကျောင်းသူ - ကဲ… ဒီလိုဆို ကျွန်မမေးမယ်။ ရှင် အမှန်အတိုင်း ပြော။

ကျောင်းသား - မေးပါဗျာ၊ မေးပါ။

ကျောင်းသူ - ရှေ့ကွဲ၊ နောက်ကွဲ မိန်းကလေးတွေနဲ့ ဆုံတဲ့အခါ ရှင် မျက်နှာလွှဲပစ်လိုက်သလား။ မကြည့်ဘဲ နေသလား။

ကျောင်းသား - ကြည့်တော့ ကြည့်မိတာပေါ့ဗျာ။ ဒါပေမယ့်…

ကျောင်းသူ - ဒါပေမယ့်တွေဘာတွေ လုပ်မနေနဲ့။ ကြည့်တော့ ကြည့်လိုက်တာပဲ။ နောက်မှ ပတ်ဝန်းကျင်ကို တွေးမိပြီး မျက်မှာလွှဲချင်ယောင် ဆောင်လိုက်တယ်ပေါ့။ မိန်းကလေးတွေက အဲဒီ သဘောတရားကို မွေးရာပါ “မစိတ်”နဲ့ သိကြတယ်လေ။ တကယ်တော့ သူတို့ကလည်း ကြည့်စေချင်လို့ ၀တ်ကြတာပဲ။ ကြည့်လို့ စိတ်မဆိုးဘူး။ မကြည့်ရင်သာ စိတ်ဆိုးမှာ။

ကျောင်းသား - တကယ်…။

ကျောင်းသူ - တကယ်ပါ။ အစဉ်အလာယဉ်ကျေးမှုထုံးဓလေ့တွေကို ဆန်းစစ်ကြည့်နိုင်လောက်အောင် အသိဉာဏ်အဆင့်အတန်း မြင့်မားခြင်းမရှိတဲ့ မိန်းကလေးတိုင်းက အလှအပဟာ မိန်းမတို့ရဲ့လက်နက် ဖြစ်တယ်လို့ ဒီခေတ်ကြီးထဲထိ ယုံကြည်လက်ခံနေကြဆဲ ဖြစ်တယ်လေ။ အလှနဲ့ဆွဲဆောင်နိုင်မှ ယောက်ျားကောင်းရမယ်။ ယောက်ျားကောင်းရမှ ဘ၀အတွက် ခိုင်လုံစိတ်ချရတယ်လို့ ယူဆတဲ့ မိန်းကလေးတွ အများကြီးရှိနေသေးတယ်။ “ဘူးကောင်းတော့ စင်ခံ၊ လင်ကောင်းတော့ စံ” ဆိုတဲ့ စကားကို ဒီနေ့ထိ လက်ကိုင်ပြုနေကြဆဲပဲ။

ကျောင်းသား - ဆရာမစကားတွေ နားထောင်ရတာ ကောင်းပါတယ်။ စဉ်းစားစရာတွေလည်း အများကြီး ရပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ အမြင်ကို မပြောရသေးဘူးနော်။

ကျောင်းသူ - ရှင်မှန်းကြည့်လို့ မရလောက်သေးဘူးနော်။

ကျောင်းသား - စောစောက ပြောခဲ့တာတွေကို လေးလေးနက်နက် စဉ်းစားရဦးမှာမို့ ထပ်ပြီး ဦးနှောက်အလုပ် မရှုပ်ပါရစေနဲ့တော့ဗျာ။ ကိုယ်တိုင်ပဲ ပြောလိုက်ပါတော့။

ကျောင်းသူ - ကောင်းပြီလေ။ ဒီလိုဆိုလည်း ပြောရတာပေါ့။ ကျွန်မကတော့ အလှသိပ်ပြင်တဲ့ မိန်းကလေးတွေနဲ့ သိတ်ခေတ်ဆန်ပြီး သိပ်စတန့်လုပ်ချင်တဲ့သူမျိုးဆို မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားလေး ဖြစ်ဖြစ် အသိဉာဏ် အဆင့်အတန်း သိပ်ပြီးနိမ့်ကျတဲ့သူတွေပဲလို့ သတ်မှတ်ပြီး သနားမိတယ်။ အ၀တ်အစားလှဖို့ထက် စိတ်လှဖို့၊ ပညာလှဖို့ ကြိုးစားနေသူမျိုးကိုမှ ကျွန်မက အထင်ကြီးတာ။

ကျောင်းသား - မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ဖက်လေးကောင်းကောင်းရဖို့ အရေးမကြီးဘူးလား။

ကျောင်းသူ - အဲဒါက ဟိုးရှေးပဒေသရာဇ်ခေတ်က အတွေးအခေါ်တွေပါ။ ဒီခေတ်မှာ မိန်းမဆိုတာ ယောက်ျားတွေရဲ့ အလုပ်အကျွေးမှီခိုသူ မဟုတ်တော့ပါဘူး။ မိန်းမလည်း အလုပ်လုပ်ပြီး အိမ်ထောင့်တာဝန် “ဦးပဲ့ထမ်း” နေကြတာမဟုတ်လား။ ဒီတော့ကာ ယောက်ျားတွေ သဘောကျအောင်၊ ကျေနပ်အောင် လိုက်လုပ်နေဖို့ မလိုပါဘူး။ ရုပ်ပြစားတဲ့ခေတ် မဟုတ်တော့ပါဘူး။ ဒီခေတ် မိန်းကလေးများရဲ့ ပြယုဂ်က ပညာဖြစ်ပါတယ်။ ရုပ်အလှ မဟုတ်တော့ဘူးလေ။

ကျောင်းသား - မိန်းကလေးတစ်ယောက်အနေနဲ့ အချက်အပြုတ်၊ အချုပ်အလုပ်တို့၊ အိမ်ထောင်ထိန်းသိမ်းမှုတို့ တတ်ဖို့ကော မလိုဘူးလား။

ကျောင်းသူ - ထမင်းရောင်းစားတဲ့သူ၊ စက်ချုပ်စားတဲ့သူ လုပ်ဖို့မဟုတ်ဘူးဆိုရင် ဒါတွေတတ်မထားလို့ ဘာမှ မဖြစ်ပါဘူး။ ပညာတတ်ဖို့က ပိုအရေးကြီးပါတယ်။ အိမ်ထောင်ထိန်းသိမ်းရေးဆိုတာက မိန်းမ တစ်ယောက်တည်းက တာဝန်ယူရမှာ မဟုတ်ပါဘူး။ အိမ်ထောင်ရှင်နှစ်ဦးစလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ “မောင်တစ်ထမ်း မယ်တစ်ရွက်” ဆိုတဲ့ ရှေးစကား အရှိသားပဲ။ တာဝန်ကို ခွဲဝေယူရမှာပေါ့။

ကျောင်းသား - အတွေးအခေါ်တွေကတော့ ခေတ်ရှေ့ကို အများကြီး ရောက်ပါတယ်။ ရှေ့ကွဲနောက်ကွဲ ကိစ္စကို ပြောပါဦး။

ကျောင်းသူ - တည့်တည့်ပြောမှ ရိပ်မိတော့မယ်ဆိုတော့ တည့်တည့်ပဲပြောရတော့မှာပေါ့။ ကျွန်မ အနေနဲ့တော့ ရှေ့ကွဲနောက်ကွဲခွဲကြတဲ့ မိန်းကလေးတွေတင်မက ယောက်ျားတန်မဲ့ လက်ကောက်ဝတ်ပြီး နားကွင်းစွပ်တဲ့လူတွေအားလုံးကိုပါ အပေါ်ယံကြောလေး စတန့်ထွင်ဖို့လောက်သာ တတ်သိနားလည်တဲ့၊ အသိဉာဏ်အဆင့် နိမ့်ကျလှတဲ့လူတွေပဲဆိုပြီး သနားမိတယ်လို့ ပြောလိုက်ချင်ပါတယ်။ ကဲ… ရှင်းပလား။

ကျောင်းသား - ဟုတ်ကဲ့.. ရှင်းပါပြီဗျာ။ တွေးစရာတွေ ပေးသွားတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။ ဆရာ့အမြင်ကိုတော့ နောက်များမှပဲ ဆက်ပြီး မေးပါတော့မယ်။

( ၂၀၀၈ ခုနှစ် ဧပြီလထုတ် Youth မဂ္ဂဇင်း၊ အတွဲ(၃)၊ အမှတ်(၄) မှ ပြန်လည်ကူးယူ ဖော်ပြပါသည် )

မြန်မာ့သတ္တိပြပါလေ (ကဗျာ)


မြန်မာ့သတ္တိပြပါလေ
ဆွေသန်း

နာဂစ်ဟာ
ကမ္ဘာစစ်ထက်ဆိုးတယ်။

နာဂစ်ကြောင့်
ရွာပစ်ယာပစ်
အိုးပစ်အိမ်ပစ်
မြစ်ဝကျွန်းပေါ်
သေမင်းခေါ်သံ…။

(၁၂)ပေကျော်
ဒီရေလှိုင်းပုတ်၊ စုန်းစုန်းမြုပ်ခဲ့
တုန်လှုပ်ချိန်တောင်မရလိုက်။
မြန်၍မကောင်း၊ ရွာလယ်ချောင်းမှာ
အလောင်းပေါလော၊ စုန်ဆန်မျော။

ရွာဦးကျောင်းလည်း
အုန်းမောင်းသံဆိတ်၊ သပိတ်အက်ကွဲ
ကျောင်းတိုင်လဲ…။

တိုင်ခြေပဲ့ကျိုး၊ အမိုးပွင့်ထွက်
ကြမ်းပြင်အက်ကွဲ၊ တဲ အိမ်တိုက်တာ
ရစရာမရှိ၊ သစ်ပင်ပိ…။

စာသင်ကျောင်းမှာ
ခေါင်းလောင်းမချို၊ ရွတ်ဆိုသံမကြား
ကျောင်းသားနတ္ထိ၊ ဆရာမရှိ…။

စာသင်ဆောင်တို့
ခေါင်မိုးကလန်၊ နံရံကအက်
ကြမ်းပြင်ခွက်အောင်၊ ပြိုပျက်ခဲ့ရာ
အဘယ်မှာလျှင်
ကျမ်းစာသင်နိုင်တော့အံ့နည်း။

ဆားငန်ရေ၀င်
လယ်တွေပျက်စီး၊ မိုးသည်းလေထန်
သီးနှံအထွက်ဆွံ့၊ လုပ်ငန်းတန့် …။

မိမဲ့ဘမဲ့၊ ကျန်ရစ်ခဲ့ရှာ
ဆိုးနွဲ့ပျော်ရွှင်၊ ခိုလှုံဝင်ဖို့
ရင်ခွင်ပျောက်ကွယ်၊ ကလေးငယ်…။

လောကငရဲ၊ ဒုက္ခ၀ဲမှာ
လဲလဲပြိုပြို၊ ငိုငိုကြွေးကြွေး
ပြေးပြေးလွှားလွှား၊ သောကကြား၌
ဘုရားတ၍နေကြရ။

စားသုံးစရာ၊ အဘယ်မှာနည်း
ကျောချစရာ၊ အဘယ်မှာနည်း
ဝတ်ဆင်စရာ၊ အဘယ်မှာနည်း
နာဂစ်အရိုင်း၊ ကဆုန်စိုင်း၍
မုန်တိုင်းကြားဝယ်
လူးလာစုန်ဆန်၊ နှဲ့တိုင်းခံရ
စားရန်အစာလည်းမကျန်တော့ပြီ
နေရန်အိမ်လည်းမကျန်တော့ပြီ
ဝတ်ရန်အထည်လည်းမကျန်တော့ပြီ။

လှိုင်းကြားလေကြား၊ မုန်တိုင်းကြားမှာ
ဘိုးဘွားတွေလည်းပျောက်ခဲ့ရ။
လှိုင်းကြားလေကြား၊ မုန်တိုင်းကြားမှာ
ထွန်သွားတွေလည်းပျောက်ခဲ့ရ။

လှိုင်းကြားလေကြား၊ လယ်သမားတို့
နွားပျောက် ကျွဲပျောက်၊ လယ်ယာပျောက်ခဲ့
စပါးပျောက်လှည်းပျောက်၊ ဘ၀ပျောက်ခဲ့
ကုန်းကောက်စရာပင်မကျန်တော့ပြီ။

ဧရာဝတီမြစ်ဝှမ်းသား၊ လယ်သမားတို့
စားစရာမဲ့
နေစရာမဲ့
ဝတ်စရာမဲ့
ပန်းကဲ့သို့ကြွေ၊ ရေကဲ့သို့ခန်း
ဒုက္ခလွှမ်းလည်း
ပန်းတိုင်မပျောက်ပါစေနှင့်။

ဤဒေသသည်
မြစ်ဝကျွန်းပေါ်၊ ကျော်စောထင်ရှား
မြန်မာ့စပါးကျီ၊ မှန်ပေသည်တည့်။

မုန်တိုင်းစဲသော်
လဲရာမှထ၊ ထွန်ထယ်သကာ
မျိုးချစိုက်ပျိုး၊ တမန်းနှိုးဖို့
မိုးဦးတေးသံ၊ ခြိမ့်ခြိမ့်ညံပြီ။

မုန်တိုင်းနောက်က
ဖြိုးဖြောက်ကျလာ၊ စွေရွာသွန်းဖြိုး
မိုးနှင့်အပြိုင်၊ ထွန်ထယ်ကိုင်ကာ
ပန်းတိုင်အရောက်လျှောက်ကြစို့။

ဒုက္ခကြားမှ၊ လူးလဲထ၍
ရုန်းကြွရှင်သန်၊ ဇွဲအားမာန်နှင့်
မြန်မာ့သတ္တိ ပြပါလေ…။

( ၂၀၀၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၈၇) မှ ပြန်လည်ကူးယူ ဖော်ပြပါသည် )

ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း


ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း
အောင်သင်း

“ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း ညီရဲ့လား”၊ “ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း ကွဲရဲ့လား” ဆိုသည့်စကားမျိုးကို ကျွန်တော်တို့ ကြားဖူးကြပါသည်။ ရွတ်ဆိုသောအခါ၌လည်း “ဆွန်း-ကွန်း-ကျွန်း-လွန်း” ဟု ရွတ်ဆိုကြောင်းကိုလည်း ကျွန်တော်တို့ သတိထားမိကြပါသည်။ ယနေ့ခေတ် လူငယ်များတော့ဖြင့် မပြောတတ်၊ ကျွန်တော်တို့ ငယ်စဉ်ကတော့ အငြိမ့်များတွင် လူရွှင်တော်များက “ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း” ညီအောင် ရေးဖွဲ့ရွတ်ဆိုတတ်ခြင်းမှာ တစ်ဂုဏ်ဖြစ်ကြောင်း ပြောသည်ကို မကြာခဏ ကြားခဲ့ရဖူးပါသည်။ ကျွန်တော့်စိတ်တွင်တော့ ကာရန်ညီညွတ်အောင် ရေးဖွဲ့တတ်ခြင်းကို ဆိုလိုသည်ဟုသာလျှင် ခပ်ပေါ့ပေါ့ ထင်မှတ်ခဲ့ဖူးပါသည်။ နောင်တော့မှ ရေးသူက ဘယ်လောက်ပဲ အသံလှအောင် ကာရန်ယူထားလိုက်စေ ဦးတော့ ဖတ်သူက ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း မှန်ကန်အောင် မဖတ်တတ်လျှင် ကာရန်အလှ ပျောက်သွားတတ်ကြောင်း သတိပေးထားခြင်း ဖြစ်ကြောင်း သိလာပါသည်။

ဆွမ်း ကို ဆွာမ်း/ဆွန်း၊ ကွမ်း ကို ကွာမ်း/ကွန်း၊ ကျွမ်း ကို ကျွာမ်း/ကျွန်း၊ လွမ်း ကို လွာမ်း/လွန်း စသည်ဖြင့် ရွတ်ဖတ်နိုင်ပါသည်။ မည်သည့်အသံမျိုး ထွက်မည်နည်းဆိုလျှင် သာမန်ပြောဆိုကြရာ၌ ကိုယ်ကြိုက်သလို အသံထွက်နိုင်သည်။ သို့သော် ကာရန်တွင် ၀င်လာပြီဆိုလျှင်တော့ ကာရန်ကိုငဲ့ပြီး ရွတ်ကြရတော့မည် ဖြစ်ပါသည်။

ကျွန်တော်ပထမဆုံး သတိပြုလိုက်မိသည်မှာ နန်းတော်ရှေ့ဆရာတင်၏ “အောင်ပင်လယ်” သီချင်းထဲက စာသားကို သီဆိုကြပုံ ဖြစ်ပါသည်။ စာဖတ်သူလည်း ကြားဖူးပါလိမ့်မည်။ သူ့သီချင်းစာသားက -
“ဘယ်ဆီသို့ ဘယ်ဝယ်သို့ လွမ်းရပါမယ်
ညွှန်းကာပြကွယ် ကြာဖူအိုင်ကြီးရယ်”

သီချင်းဆိုသူများက “လွမ်းရပါမယ် ညွှန်းကာပြကွယ်” ဟု ဆိုလိုက်သောအခါ နန်းတော်ရှေ့ဆရာတင် အလှဆင်ထားခဲ့သော “လွန်း-ညွှန်း” ကာရန်ကလေး ပျောက်သွားပါလေတော့သည်။ ဆရာတင်ကိုယ်တိုင် သင်ကြားပေးနေမည်ဆိုလျှင် ထိုအချက်ကို ချက်ချင်းပြင်ပေးလိုက်မည် ထင်ပါသည်။ ဆရာတင်တို့လို သီကုံးရေးသားသူများကို မဆိုထားနှင့်။ ကျွန်တော်တို့လို ကျောင်းဆရာများကပင် ထိုသို့ အရွတ်အဖတ်မှားလျှင် “နားက” သည်းမခံနိုင်လောက်အောင် ဖြစ်မိတတ်ပါသည်။

တက္ကသိုလ်တွင် ဆရာလုပ်ခဲ့စဉ်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၏ “အညာမင်္ဂလာဆောင် လေးချိုးကြီး” ကို သင်ပေးခဲ့ရဖူးသည်။ ကျောင်းသားတွေကို တစ်ခါတရံ အသံထွက်ပြီး ဖတ်ခိုင်းကြည့်သည်။

ပြေတခွင် သထုံရောက်ရာကပဲ လွမ်းမိပါရဲ့
မြေအင်တုံ သောက်စရာ ဇွန်း ငဲ့ပြင်
ကွမ်းအစ်ပါ လွယ်အိတ်တစ်လုံးငယ်နှင့်

“ဇွန်း” ဟူသော အသံကို ထောက်ပြီး “လွန်း-ကွန်း”ဟု ရွတ်ရမည်ကို “လွာမ်း-ကွာမ်း” ဟု ရွတ်လိုက်လျှင် ချက်ချင်း ပြင်ပေးလိုက်ခဲ့မိပါသည်။

ယခုလည်း ဒသမတန်းတွင် “အင်္ဂလန်သွား ဒယ်လီကိတ်ဘွဲ့ လေးချိုးကြီး” ကို ပြဌာန်းထားပါသည်။

ဟံသာ ဒဂုံပါ စံရာ သထုံကွန်းဆီက
လွမ်းရက် မမေ့သူတွေမှာကွယ်
ဆွမ်းသက်စေ့ လှူ။

ထိုအပိုဒ်ကို ကျောင်းသားများအား အဖတ်ခိုင်းလိုက်လျှင်
ဟံသာ ဒဂုံပါ စံရာ သထုံကွန်းဆီက
လွာမ်းရက် မမေ့သူတွေမှာကွယ်
ဆွမ်းသက်စေ့ လှူ။
ဟု ဖတ်ချင် ဖတ်ပစ်လိုက်ကြသည်။ ကျွန်တော့်မှာ ရယ်ကာမောကာနှင့် “မင်းတို့ နားတွေကလည်းကွာ ကာရန်ကန်းနေကြပြီ ထင်ပါရဲ့”ဟု ပြောပြီး ဆွမ်း၊ ကွမ်း၊ ကျွမ်း၊ လွမ်း ကို သင်ပေးလိုက်ရပြန်ပါသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ လေးချိုးကြီးများကို ဖတ်မိကြပြီဆိုလျှင် ဆွမ်း၊ ကွမ်း၊ ကျွမ်း၊ လွမ်း ကို အတော်လေး သတိထားရသည်ဟု ထင်ပါသည်။ သုံးလေးပိုဒ်လောက် သာဓကအဖြစ် ပြလိုက်ချင်ပါသေး သည်။

သြော် ကမ္မဌာန်း ပြခဲ့တဲ့
ဗဟန်းက နန်းမဒေ၀ီကို သနားသနားပြီး
အို ဆွမ်းအစ်မ ကွမ်းအစ်မကြီးရဲ့
တနွမ်းနွမ်း တလျလျနဲ့ တမှန်းမှန်း တတပြီး
လွမ်းရချေပြီဘုရား။
(မိဘုရားခေါင်ကြီး နတ်ပြည်စံဘွဲ့ လေးချိုးကြီး)

“နွမ်း” ကို “နွန်း” ဟုလည်း ရွတ်နိုင်ရာ ဤနေရာတွင်တော့ဖြင့် “နွမ်း”ဟုသာ ရွတ်ရမည်ဖြစ်ကြောင်း သိသာပါသည်။

ဇေယျာစည် ပဟိုရ် အရွမ်းတွင်မှ
ကေသာဝတီမှာ တငိုငိုနဲ့ ကျွမ်းလောက်တဲ့
ကိုလွန်း အမိန့်တော် အတိုင်းငဲ့ပြင်
(စုဖုရားလတ် နတ်ရွာစံ လေးချိုးကြီး)

စင်စစ်အားဖြင့် ဆွမ်း၊ ကွမ်း၊ ကျွမ်း၊ လွမ်း မျှသာ မဟုတ်၊ အခြားအခြားသော စကားသံများကိုလည်း အသံနှစ်မျိုးလောက် ရွတ်တတ်ကြသည်ဖြစ်ရာ ကာရန်ငဲ့ထားသည်ကို တွေ့လိုက်လျှင် ရေးဖွဲ့သူ ရှာဖွေထားသည့် အသံအလှကို ပေါ်အောင် ရွတ်ဆိုသင့်သည်ဟု ထင်မိပါသည်။ အနောက်နန်းမတော် မမြလေး ရေးသော တေးထပ်ကလေးကို သတိပြုပြီး ကြည့်လိုက်စေချင်ပါသည်။

ပါရမီ ဖြည့်စမို့၊ ကြည့်ဖရာ့ သခင်
အလှည့်ကျ မဆင်၊ အရင်လို မနွှဲ့
အဖြူနဲ့အပြာ ပယ်မယ်၊
အ၀ါထည်ကလေးဖြင့် လျော်ရဲ့၊
တစ်ခွန်းထက် နှစ်ခွန်းမပိုပြီ၊ အလွမ်းကို မချဲ့
ကျွန်းညိုညို ဟိုအလှဲ့ဆီက၊ ငိုမဲ့မဲ့တားရှာ။

“ဖြည့်”ကို “ဖြေ့” ဟူ၍ လည်းကောင်း၊ “လှည့်” ကို “လှဲ့” ဟူ၍ လည်းကောင်း၊ ရွတ်နိုင်ကြပါသည်။ သို့သော် ထိုကဲ့သို့ ရွတ်လိုက်မည်ဆိုလျှင် အနောက်နန်းမတော် ရှာကြံထားသည့် အသံအလှကလေး ပျက်သွားမည်မှာ မုချဖြစ်ပါသည်။

“ရေသည်ပြဇာတ်” ကို ကျွန်တော်တို့ “ရေသယ်ပြဇာတ်” ဟုလည်း ဖတ်နိုင်ပါသည်။ ဘယ်လိုပဲ ဖတ်ဖတ် မှန်သည်ဟုလည်း ဆိုရပါမည်။ သို့သော်
“ကိုးမျက်စုံ မှန်ဝိုင်းလယ်က
ရေသည်ကို နေမမြင့်ရအောင်
အိုးပင့်တော် မူလိုက်စမ်းပါ မောင်ကြီးရှင့်” ဟု ရေးထားသည်ကိုတော့ “ရေသယ်” ဟူ၍သာ ဖတ်ကြရပါတော့မည်။

ကျောင်းသားလူငယ်များအတွက် အတော်လေးခက်ခဲသောနေရာများကို တွေ့ရတတ်ပါသေးသည်။ “ခွါထောက်” ကာရန်ယူထားသည့် နေရာမျိုးတွင် ကာရန်အကြောင်းကို မသိလျှင် ဖတ်တတ်ဖို့ မလွယ်လှပါ။ ဥပမာ-
နင်ထားတဲ့ ငွေညံ့၊ ပဲဝက်ခန့်ကို
သန့်သန့်ရှိပစေ၊ အခြားရှစ်ရွေး
တစ်ပဲကြေးကို၊ ငါပေးမည်။
“သန့်သန့်ရှိပစိ” ဟု ဖတ်မှသာလျှင် “မည်” နှင့် ခွါထောက်ကာရန် မိပါလိမ့်မည်။

ငါလည်းနန်းလောင်း၊ ငါ့အကြောင်း
ဆုတောင်းတိုင်း ပြည့်၊ နန်းဦးကိုင်ကို
ပိုင်ပိုင်ကြီးတက်ရအောင်၊ ချက်ကောင်းကို တွေ့ပြီ။
“ပြည့်”ကို “ပြေ့”ဟု ဖတ်ကြရပါတော့မည်။

ဘုရား ပညာ၊ ရကြောင်း ရှာတဲ့
ငါ မင်းမြတ်ကပဲ၊ သတ်၍ အဆုံး
ယူရဦးမလား၊ လုံးလုံးပိုင်လို
အမောင်ဆိုလျှင်…..
“ယူရအုံးမလား” ဟု ဖတ်လိုက်မှသာလျှင် ဦးပုည၏ အသံအလှကို ရနိုင်ပါလိမ့်မည်။

တစ်ခါတရံ ကတ်သီးကတ်သတ် ကြုံရပုံကလေးများကိုလည်း တင်ပြလိုက်ချင်ပါသေးသည်။ “ကြက်သီးထသည်” ဟုလည်း ပြောကြရိုးရှိပါသည်။ အချုပ်တန်းဆရာဖေ၏ မန္တလေးဆောင်းဘွဲ့လေးချိုး တွင် -
ယမ်းယောင်ကာ တလျှက် ညည်းမိတော့
သန်းခေါင်မှာ မြကြက်သီးတွေက
တဖီးဖီး ပျံ့လို့ငယ် အုံ
ဗျာဆုံတဲ့ ရာသီပဲ ဟု ရေးခဲ့ပါသည်။
ဤနေရာမျိုးတွင် “ကြက်သီး”ဟုပဲ ရွတ်ကြရပါလိမ့်မည်။ သို့မှသာ ဆရာဖေ၏ အသံအလှကို လေးစားရာ ရောက်ပါလိမ့်မည်။ (စကားစပ်မိလို့ ပြောလိုက်ရပါဦးမည်။) “သန်းခေါင်” ကို “သဂေါင်” ဟု ရွတ်ဖတ်ကြမှ အသံထွက် အမှန်ဟု ဆိုနိုင်ပါသည်။ တစ်ချို့ ကျောင်းသားငယ်များက -
ယမ်းယောင်ကာ တလျှက် ညည်းမိတော့
သဂေါင်မှာ မြကြက်သီးတွေက
ဟု ဖတ်လိုက်လျှင် ကျွန်တော့်မှာလည်း ကြက်သီးထမခန်း စိတ်ညစ်သွားမိတတ်ပါသည်။ သူတို့ ဖတ်လိုက်သည့် အသံမှာ ရပ်သံရွာသံအရ အမှန်ပင် ဖြစ်သော်လည်း ဆရာဖေ အသံယူထားပုံနှင့် မကိုက်ညီသောကြောင့် ဖြစ်ပါသည်။ ကြက်သီးအကြောင်းကို ဆက်လိုက်ပါရစေဦး။ တောင်တွင်း ဆရာကြော့က “စုံနံ့သာမြိုင် ရှာပုံတော်ကြီး” တွင် -
တောမှော်ရုံပြန့်၊ မြကြက်သီးတွေက
တဖိန်းဖိန်းလန့်တာမို့၊ မသန့်လိပ်ပြာ
ဟု ရေးခဲ့ပါသည်။ သည်နေရာတွင်တော့ “ကြက်သိမ်း” ဟုသာ ဖတ်ကြရပါတော့မည်။ သို့မှသာ စာဆိုခမျာ ကြိုးစားပမ်းစား ရှာဖွေထားသော အသံအလှပေါ်လာမည် ဖြစ်ပါသည်။ ဖတ်သူကိုယ်တိုင်က “နားဝေး” လွန်းလှသောကြောင့် ပေါက်ကရလေးဆယ် ဖြစ်သွားလျှင်တော့ မှော်ဘီဆရာသိန်းကြီး၏ “အရူးလွယ်အိတ်စာတမ်း” ထဲတွင်ပါသည့် စာရေးတော်ကြီးမင်း ဦးစံဘ ရေးသော လေးဆစ်ထဲက အတိုင်း ဖြစ်သွားပါလိမ့်မည်။ တစ်ပိုင်းတစ်စလောက် ပြလိုက်ရပါဦးမည်။
ရေးမှုတတ်သော်လဲ၊ ဖတ်ရှုတဲ့ မကျွမ်းရင်
မြေခယောင်း၊ လှည်းမောင်းပုံ စာအသွား
နားဝတံကျင် တဲ့။

ကဗျာလင်္ကာများကို ဖတ်ကြပြုကြရာတွင် ကာရန်ကို “နင်း”ပြီး ရွတ်တတ်အောင် သတိပြုကြရပါသည်။ ကာရန်ကို သိလာလျှင် “ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း”လည်း မှန်လာတတ်သည်ဟု ထင်မိပါသည်။

ယခုကျွန်တော်တင်ပြခဲ့သမျှ ဘာမျှလေးလေးနက်နက်ကြီး မဟုတ်ကြောင်း စာဖတ်သူတို့ သတိထားမိကြ ပါလိမ့်မည်။ ထို့ကြောင့်လည်း အခြားသော စာပေပညာရှင်များက စာလုပ်ပြီး မရေးခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။ သို့သော် ကျွန်တော့်မှာတော့ ကျောင်းဆရာလည်းဖြစ်နေပြန်သောကြောင့် ကျောင်းသားငယ်များအား စာအဖတ်ခိုင်း ကြည့်လိုက်တိုင်း “နားဝတံကျင်” ခံနေရသောကြောင့် မနေနိုင် မထိုင်နိုင် ကောက်ပြီးရေးလိုက်ရပါသည် ခင်ဗျား။

( ဆရာ အောင်သင်း ၏ “တိုလီမိုလီစာပေ” စာအုပ်မှ ပြန်လည်ကူးယူ ဖော်ပြပါသည် )

ဖေဖေပေးခဲ့မယ့်အမွေများ-၁၅


အရက်သေစာ သောက်စားခြင်း

မင်းတို့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အပြင်ထွက်ပြီး သောက်စားပျော်ပါးတဲ့အခါ သူတို့တိုက်တဲ့ အရက်ကို နှစ်ခွက်ထက်ပိုမသောက်ဘဲ နေခြင်းဟာ လိမ္မာယဉ်ကျေးတဲ့ အပြုအမူ ဖြစ်တယ်။ တကယ်လို့ နှစ်ခွက်ထက်ပိုသောက်ဖို့ လိုအပ်လာရင် နောက်ထပ်သောက်တဲ့ အရက်ဖိုးကို ကိုယ့်ဘာသာ ကိုယ်ပေးပါ။ မော်တော်ကားမောင်းနိုင်တယ်လို့ တရားဝင်ခွင့်ပြုထားတဲ့ ယမကာပမာဏက ဘီယာနှစ်ခွက်နော်။ အဲဒီထက် ပိုသောက်ထားမိရင် ကားမမောင်းမိဖို့ သတိထားပါ။ တဒင်္ဂပျော်ရွှင်မှုဟာ တစ်သက်လုံး ကြေကွဲစရာ ဖြစ်သွားနိုင်တယ်။ အိမ်ပြန်ဖို့ အငှားကားစီးပါ။ မူးနေတဲ့ အပေါင်းအသင်းတွေက ကားမောင်းပြီး လိုက်ပို့ပေးတာကိုလည်း ခွင့်မပြုနဲ့။ အမူးသမားမောင်းတဲ့ မော်တော်ကားတွေနဲ့ လိုက်မိတဲ့ ခရီးသည်အတော်များများဟာ ခုဆို သူတို့ရဲ့ အုတ်ဂူတွေထဲမှာ အိပ်စက်အနားယူနေကြပြီလေ။
မိတ်ဆုံစားသောက်ပွဲတွေမှာ လူတွေရဲ့ အကျင့်စရိုက်ကို အကဲခတ်မှန်းလို့ ရနိုင်တယ်။ ယမကာဖိုးကို ဘယ်သူက ပေးချေနေတယ်ဆိုတာ အမှုမထားဘဲ ကိုယ်သောက်နိုင်သလောက် နင်းကန်သောက်တတ်တဲ့ လူတွေရှိနေတယ်ကွယ့်။ သူတို့ဟာ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ စေတနာနဲ့ လောက၀တ်ပြုမှုကို အခွင့်အရေးယူတတ်တဲ့ လူတွေပေါ့။ ဒီတော့ အဲဒီလူမျိုးတွေကို သတိထား။ အဲဒီလူမျိုးတွေနဲ့ တွဲဖက်ပြီး စီးပွားရေးမလုပ်မိအောင် ဆင်ခြင်ပါ။
ဟောဒီမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကလေးတချို့ ဖော်ပြထားတယ်။

အလှူရှင်အများစုဟာ သူတို့ရဲ့ ဧည့်သည်တွေကို ပိုပြီးသောက်စေချင်တယ်။ ဒီတော့ နှစ်ခွက်သောက်ပြီးလို့ နောက်ထပ်လည်း သောက်ရဦးမယ်။ အရက်ဖိုးပေးခွင့်လည်း မပြုဆိုရင် ယမကာကို ကိုယ့်ဘာသာ သွားယူခွင့်ပြုဖို့ အလှူရှင်ကို ချိုသာယဉ်ကျေးစွာ ပြောပါ။ မင်းတို့ရဲ့ ယဉ်ကျေးဖွယ်ရာမှုကို သူ တလေးတစား အသိမှတ်ပြုပါလိမ့်မယ်။ အဲဒီလို ပြုမူတဲ့လူဟာ မင်းတစ်ယောက်တည်းပဲ ရှိကောင်းရှိနိုင်တယ်။

ဘရန်ဒီဆိုရင် ဖြည်းဖြည်းချင်းအရသာခံပြီး သောက်ရတယ်။ ယမကာကို မြန်နိုင်သမျှအမြန်ဆုံး လည်ချောင်းထဲလောင်းထည့်တဲ့ တရုတ်သောက်နည်းဟာ မှားတယ်။ ငွေဖြုန်းတီးရာ ရောက်တယ်။

အသားနီ (သိုး၊ အမဲ စတဲ့အသားဟင်းလျာ) ကို စားနေရင် ၀ိုင်အနီကို သောက်ပါ။ အသားဖြူ (ကြက်၊ ဘဲ စတဲ့ အသားဟင်းလျာနဲ့ ပင်လယ်အစားအစာ)ကို စားနေရင် ၀ိုင်အဖြူကို သောက်ပါ။

ယမကာအနည်းကျဉ်းသောက်တာ ကိုယ်ခန္ဓာအတွက် သင့်လျော်ကောင်းမွန်တယ်။ အဲဒီလို သောက်တာကို သမ္မာကျမ်းစာကတောင် အားပေးထောက်ခံတယ်။

သင့်တင်လျောက်ပတ်စွာ ယမကာသောက်သုံးခြင်းဟာ ကောင်းပါတယ်။ ဒါပေမယ့် အရက်သေစာ အလွန်အကျွံသောက်စားမှုကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ ဘေးဒုက္ခတွေအကြောင်း သမိုင်းစဉ်တစ်လျှောက်မှာ တခမ်းတနားရှိလေရဲ့။ အရက်ရဲ့ ကျေးကျွန်ခေါင်းဆောင်တွေကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရ အဖွဲ့အစည်းတွေ ပြိုလဲပျက်စီးခဲ့ရတယ်။ ဘယ်အလုပ်မဆို အစွန်းရောက်အောင်လုပ်ရင် မကောင်းဘူး။ မင်းတို့ရဲ့ ဘွားအေကြီးဆို အသက် ၉၆ နှစ်ထိ အသက်ရှင်နေထိုင်သွားတယ်။ ဖေဖေတို့ဟာ ဆင်းရဲ နွမ်းပါးပေမယ့် သူက ညစဉ်ညတိုင်း အိပ်ရာမ၀င်မီ ဖန်ခွက်ကလေးတစ်ခွက်နဲ့ ဆေးဖက်ဝင် ၀ိုင်အချို သောက်လေ့ရှိတယ်။ အသက် ၉၀ ရောက်တဲ့တိုင် သူ့မျက်လုံးတွေ အမြင်ကြည်နေတုန်းပဲ။ သူဟာ အပ်ပေါက်လည်း ထိုးနိုင်တယ်။ အပ်လည်း ချုပ်နိုင်တယ်။

ယမကာကောင်းကောင်းကို သောက်သုံးပါ။
အလွန်အကျွံ မသောက်ရင် ပျော်ရွှင်ကြည်နူးစရာ ကောင်းပါတယ်။

ဖေဖေပေးခဲ့မယ့်အမွေများ-၁၄


လင်မယားကွာရှင်းပြတ်စဲခြင်း

လင်မယားကွာရှင်းပြတ်စဲခြင်းဆိုတာ နုတ်မရသိမ်းမရနိုင်လောက်အောင် လက်တွေ့ကျလွန်းတယ် သားတို့ရေ။ ပြန်ပြီး ရင်ကြားစေ့သင့်မြတ်သွားတဲ့ ပြတ်တောက်ကွာရှင်းပြီးသား အိမ်ထောင်ရေးမျိုးကတော့ နည်းပါတယ်။
မင်းတို့ရဲ့ အနာဂတ်အရေးကို ဖေဖေစိုးရိမ်တယ်။ အထူးသဖြင့် မင်းတို့ရဲ့ ဇနီးမယားနဲ့ ပတ်သက်လို့ပေါ့။ ဒါကြောင့် နောက်ဆက်တွဲ ဆောင်းပါးကလေးကို ရေးလိုက်ရပြန်တယ်။

အမှားအားလုံးကို အချစ်က ဖုံးလွှမ်းပစ်တယ်တဲ့။ ဒီအဆိုအမိန့်ဟာ သိပ်ကို မှန်ကန်တဲ့ အဆိုအမိန့်ပေါ့။ ဖေဖေ့မိတ်ဆွေတစ်ယောက်က ပြောပြတယ်။ သူဟာ လူမှုရေးအရကော ရုပ်ပိုင်းအရပါ အရိုးစွဲနေတဲ့ ပြဿနာတွေရှိနေတဲ့ မိန်းမတစ်ယောက်ကို လက်ထပ်ခဲ့တယ်တဲ့။ သူတို့ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာ အဲဒီ အမျိုးသမီးက ဒီလူ့ကို အတော့်ကို ဒုက္ခပေးခဲ့ဆိုပဲ။ ဖေဖေကတော့ ဒီလူရဲ့ သည်းခံနိုင်စွမ်းနဲ့ အချစ်စိတ်ကို လေးစားအားကျမိတယ်။ ဒီလူ ဒီမိန်းမကို ဘာဖြစ်လို့ လက်ထပ်ယူခဲ့ပါလိမ့်လို့လည်း ဖေဖေ မကြာမကြာ အတွေးကြွယ်မိတယ်။
ဖေဖေ့မိတ်ဆွေ နောက်တစ်ယောက်ကတော့ စိတ်ရောဂါရှင် အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ဒီလူဟာ ခုချိန်ထိ သူ့မိန်းမကို ပြုစုစောင့်ရှောက်ဖို့ သူ့အချိန်တွေ အများကြီးပေးခဲ့တာကလား။ စိတ်ရှည်ဖို့၊ သည်းခံဖို့၊ တယုတယပြေုစုစောင့်ရှောက်ဖို့ အများကြီးလိုတာပေါ့ကွယ်။ အဲဒီလို လူမျိုးတွေကို ဖေဖေ ဦးညွတ်အလေးပြုမိပါတယ်။ အချစ်စစ်အချစ်မှန်ဆိုတာ ကောင်းကင်ဘုံက လာတာပါ။ အချစ်စစ် အချစ်မှန်တွေ အများကြီး ပိုင်ဆိုင်ခွင့်ရဖို့ မင်းတို့ ဘုရားသခင်ထံမှာ တောင်းခံရမယ်။
တကယ်လို့ မင်းတို့ဟာ မင်းတို့မိန်းမကို တကယ်ချစ်တယ်ဆိုရင် သူ့ရဲ့ နောက်ကြောင်းရာဇ၀င်ကို မမေးရဘူး။ နောက်ကြောင်းရာဇ၀င်ဆိုတာ များသောအားဖြင့် မကောင်းဘူး။ နောက်ကြောင်းရာဇ၀င်ကို နည်းနည်းသိလေ ပိုကောင်းလေပဲ။ ဒါမှ ခိုက်ရန်ဒေါသဖြစ်ရတဲ့ အခါမျိုးတွေမှာ မခံချိမခံသာ ဖြစ်စေမယ့် စကားမျိုးတွေ မပြောဖြစ်တော့မှာပေါ့။

မင်းတို့ရဲ့ ဇနီးမယားက ဘုရားသခင်အကြောင်းကိုသိတယ်။ ဘယ်လိုဝတ်ပြုဆုတောင်းရမယ်ဆိုတာကို သိတယ်ဆိုရင် အနာဂတ်ကာလမှာ မင်းတို့ ဒုက္ခကြီးကြီးကျယ်ကျယ် တွေ့မှာမဟုတ်ဘူး။ သူဟာ မင်းတို့ရဲ့ ခွန်အားနဲ့ ပျော်ရွှင်မှု ဖြစ်နေလိမ့်မယ်။ အလှအပထက် ဘုရားသခင်ကို ပိုပြီးဆည်းကပ်ကိုးကွယ်ပါ။ တကယ်လို့ မင်းတို့ရဲ့ ဇနီးမယားဟာ ဘယ်လိုဝတ်ပြုဆုတောင်းရမယ်ဆိုတာကို မသိဘူး။ ၀တ်ပြုဆုတောင်းခြင်းနဲ့ ပြဿနာတွေကို ဖြေရှင်းကျော်လွှားနိုင်တယ်ဆိုတာလည်း မသိဘူးဆိုရင် သူဟာ နောင်တစ်ချိန်မှာ ဆင်းရဲဒုက္ခတွေနဲ့ ကောလာဟလသတင်းတွေကို လက်လျှော့အရှုံးပေးသွားလိမ့်မယ်။

အောင်မြင်တဲ့ယောက်ျားတိုင်းရဲ့ နောက်ကွယ်မှာ မိန်းမတစ်ယောက် ရှိနေတယ်။ အဲဒီအတိုင်းပဲ။ မအောင်မြင်တဲ့ ယောက်ျားတိုင်းရဲ့ နောက်ကွယ်မှာ ရှိနေတာကလည်း မိန်းမပါပဲ။ ဇနီးမယားရွေးတဲ့အခါ ဂရုတစိုက်ရွေးချယ်ပါ။ သူ့ရဲ့ ၀တ်စားဆင်ယင်ပုံနဲ့ စားပုံသောက်ပုံ ဓလေ့စရိုက်တွေကို လေ့လာပါ။ အကဲခတ်ပါ။ သူ့အပေါင်းအသင်းတွေ၊ သူ့မိတ်ဆွေတွေဟာ ဘယ်သူတွေလဲဆိုတာကို ကြည့်ပါ။ ဖော်ထုတ်ပါ။ တကယ်လို့ ဒီမိန်းကလေးဟာ ပေါ့ပြက်ပြက်မိန်းကလေးမျိုး ဖြစ်နေရင် ပြီးတော့ သူပေါင်းသင်းတဲ့ သူတွေကလည်း မကောင်းဘူးဆိုရင်တော့ သားတို့ရေ… ဝေးရာကိုသာ ပြေးကြပေတော့။

လက်ထပ်ထိမ်းမြားပြီးတဲ့နောက်ပိုင်းကျတော့ မင်းတို့ ကွာရှင်းပြတ်စဲရေးတို့ကို စဉ်းစားချင်စိတ် ပေါက်လောက်တဲ့ အနေအထားတချို့ တွေ့လာလိမ့်မယ်။ အထင်အမြင်လွဲတဲ့ အခိုက်အတန့်လေးတွေ မလွှဲသာမရှောင်သာ ပေါ်ပေါက်လာမှာပဲ။ အဲဒီအခါမျိုးမှာ ခက်ထန်မာကျောတဲ့ ဆုံးဖြတ်ချက်မျိုးတွေကို စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပါနဲ့။ အဲဒီလို ဆုံးဖြတ်ချက်မျိုး ချမှတ်ဖို့ အနည်းဆုံး ခြောက်လကနေ သုံးနှစ်အထိ အချိန်ပေးပါ။ မိဘနှစ်ပါးစလုံးဟာ ရင့်ကျက်တဲ့ သဘောထားရှိပြီး စာနာထောက်ထားတတ်တဲ့ စိတ်မျိုးရှိရင် အိမ်ထောင်ရေးပြဿနာတွေကို ဘယ်လောက်မြန်မြန်ဆန်ဆန် ဖြေရှင်းကျော်လွှား နိုင်တယ်ဆိုတာ မင်းတို့ တအံ့တသြ တွေ့ကြရလိမ့်မယ်။

လုပ်စရာရှိတာကို မြန်မြန်ဆန်ဆန်လုပ်ပစ်ဖို့ အကြံပေးလာတဲ့ အပေါင်းအသင်းတွေရဲ့ စကားကို မနာခံပါနဲ့။ ကွာရှင်းဖို့၊ ပြတ်စဲဖို့ ရှေ့နေလိုက်တဲ့လူတွေကိုကြည့်လိုက်၊ အများစုဟာ သူတို့ကိုယ်တိုင်က ကွာရှင်း ပြတ်စဲထားသူ၊ လင်မယားကွဲနေသူ၊ အိမ်ထောင်မရှိသူ၊ မိန်းမလျာ၊ ဒါမှမဟုတ် ယောက်ျားလျာတွေ ဖြစ်နေတာ တွေ့ရလိမ့်မယ်။

လင်မယားကွာရှင်ပြတ်စဲခြင်းကို ဘုရားသခင်က စက်ဆုပ်တော်မူတယ်။ ဒီတော့ ဘ၀ကြင်ဖော်ကို ရွေးတဲ့အခါ ကိုယ်နဲ့အတွဲညီမယ့် အဖော်မွန်ကို ရွေးမိစေဖို့ အလေးထားဂရုစိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေက တကယ့်ကို ဆိုးဆိုးရွားရွား ဖြစ်နေပြီဆိုရင်တော့ ဘုရားသခင်ထံမှာ ဆုတောင်းဖို့နဲ့ ဘုရားသခင်ရဲ့ ထိန်းကျောင်းစောင့်ရှောက်မှုကို ခံယူဖို့ လင်မယားနှစ်ယောက် ခဏတစ်ဖြုတ် ခွဲခွာနေနိုင်တာပဲ။ ဒါပေမယ့် အဲဒီလို ခွဲခွာနေပြီး အဖော်သစ်ကို မရှာပါနဲ့။

လင်မယားကွာရှင်းပြတ်စဲမှုကို တားဆီးဖို့အတွက် လင်မယားနှစ်ယောက်စလုံး အတူတွဲပြီး နေ့စဉ်နေ့တိုင်း ဘုရားသခင်ထံမှာ ၀တ်ပြုဆုတောင်းမယ်ဆိုရင် မမှားနိုင်ပါဘူး။

အိမ်ထောင်ပြုခြင်းဟာ လူသားမျိုးနွယ်အတွက် ဘုရားသခင်က ချီးမြှင့်တော်မူတဲ့ ကောင်းချီးမင်္ဂလာပဲ။
ဒီတော့ အိမ်ထောင်သုခကို ခံစားပြီး သားသမီးတွေ ပွားစည်းစေပါ။
ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာလမ်းကြောင်းကို လျှောက်ပါ။
အမုန်းလမ်းကြောင်းကို မလျှောက်ပါနဲ့။

ဖေဖေပေးခဲ့မယ့်အမွေများ-၁၃


သမီးကညာများ

ဂျဝါဟာလာနေရူးတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခ မို့ဒ်ဟာဆန် (အမ်အေ၊ အယ်လ်အယ်လ်ဘီ၊ ပီအိပ်ခ်ျဒီ) က ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ဖေဖေ့ကို နှစ်ကြိမ်တိုင်တိုင် တိုက်တွန်းခဲ့တာကတော့ ဖေဖေ့အတွေးအမြင်တွေကို ရေးနေတဲ့အထဲမှာ သမီးကညာများအကြောင်း လည်း ထည့်သွင်းရေးသားပါတဲ့။ ခုဖေဖေ့ရဲ့ ချွေးမလောင်းများနဲ့ မြေမလောင်းများကို ရည်စူးပြီး ဆောင်းပါး ရေးလိုက်တယ်။ မင်းတို့မှာ သမီးကညာတွေများ မွေးလာခဲ့ရင် သူတို့ကို ဒီဆောင်းပါး ဖတ်ကြည့်ခိုင်းရင် ကောင်းမယ်ထင်တယ်။

ဘုရားသခင်က လူတိုင်းကို တူညီစွာ ဖန်ဆင်းပေးမထားဘူးဆိုတာ မိန်းကလေးတစ်ယောက်အနေနဲ့ သမီးတို့ သိထားရမယ်။ ယောက်ျားတွေက ကလေးမမွေးနိုင်ကြဘူး။ သမီးတို့က ကလေးမွေးနိုင်ကြတယ် ဆိုတာ သမီးတို့ ကောင်းကောင်းသိပြီးသားနော်။ ဘုရားသခင်က သမီးတို့ကို သမီးတို့ခင်ပွန်းသည်ရဲ့ အဖော်မွန်အဖြစ် ပါရမီဖြည့်ဖက်အဖြစ် ဖန်ဆင်းပေးထားတယ်။ သူတို့ရဲ့ အောင်မြင်မှုဟာ သမီးတို့ အပေါ်မှာ အများကြီးမူတည်နေတယ်ကွယ့်။

သမီးတို့ သိပြီးတဲ့အတိုင်း လောကမှာ ပြီးပြည့်စုံတဲ့ လူရယ်လို့ ဘယ်သူမှ မရှိဘူး။ ဒီတော့ ဘ၀မှာ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ငြိမ်းအေးသာယာစွာ နေနိုင်ဖို့အတွက် သမီးတို့မှာ ကရုဏာနှလုံးသားနဲ့ သည်းခံခွင့်လွှတ်စိတ် ရှိနေရမယ်။ သမီးတို့ရဲ့ ခင်ပွန်းသည် စီးပွားရေးအရ၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းအရ အဆင်မပြေချိန်မှာ သူ့ကို အားပေးပါ။ အားဖြည့်ပါ။ သမီးတို့ တတ်နိုင်သမျှ နည်းပေါင်းစုံနဲ့ ကူညီပါ။ သူ့အတွက် အကူအညီလိုနေချိန်မှာ သူ့နဲ့ အလှမ်းဝေးအောင်လုပ်ဖို့ မကြိုးစားပါနဲ့။ သူ့ကို ထုထောင်းဖို့ အခွင့်အရေးမယူပါနဲ့။ ဖေဖေ့မှာ မိတ်ဆွေတစ်ယောက်ရှိတယ်။ သူဟာ သူ့အဖေဆီက ဒေါ်လာ သန်း ၃၀၀ လောက် ဆက်ခံအမွေရစရာရှိတယ်။ ဒါပေမယ့် ထင်ရှားကျော်ကြားတဲ့ သူ့အဖေနဲ့ စကားများရန်ဖြစ်ပြီး သူ့အဖေပိုင်တဲ့ စီးပွားရေးလုပ်ငန်းကို ကျောခိုင်းလိုက်ရတယ်။ အဲဒီလို အကျဉ်းအကျပ်တွေ့ပြီး စိတ်ထိခိုက်နေရတဲ့ ကာလမျိုးမှာ သူ့ကို အားပေးကူညီမယ့်အစား သူ့မိန်းမက သူနဲ့ အဆက်ဖြတ်လိုက်တယ်။ ပြီးတော့ ကွာရှင်းပြတ်စဲလိုက်တယ်။ သူဟာ စိတ်ဆင်းရဲလွန်းလို့ ကိုယ့်ကိုကိုယ် သတ်သေမိမတတ် ခံစားခဲ့ရတယ်လို့ ဖေဖေ့ကို ပြောပြတယ်။

ဖေဖေအံ့သြတကြီးနဲ့ တုန်လှုပ်ရတာကတော့ ခေတ်သစ်မိန်းကလေးတချို့ဟာ ထမင်းဟင်း မချက်မပြုတ် တတ်ဘူးဆိုတာ သိရလို့ပဲ။ သမီးတို့ ထမင်းဟင်းချက်ပြုတ်တာမှာ ပျော်မွေ့ရမယ်နော်။ ကိုယ့်လင်ယောက်ျားက ကိုယ်ချက်ပြုတ်ကျွေးတဲ့ ထမင်းဟင်းကို ကိုယ့်အိမ်မှာ မြိန်ရေရှက်ရေစားချင် လာအောင် သမီးတို့ အချက်အပြုတ်ကောင်းရမယ်။ ကိုယ့်ယောက်ျားက တခြားသူတစ်ဦးဦးအိမ်မှာ သွားပြီး စားသောက်တာမျိုးကို ညည်းတို့ လိုလားမှာမဟုတ်ဘူးဆိုတာ ဖေဖေသိတာပေါ့။ သူဟာ ဒုတိယနေအိမ် ကို တွေ့သွားနိုင်တယ်လေ။

ဖေဖေ့မိတ်ဆွေ သွားရောဂါကုဆရာဝန်တစ်ယောက်က သူ့မိန်းမဟာ ကလေးမွေးရမှာကို သိပ်ကြောက်တယ်လို့ ညည်းညူဖူးတယ်။ အဲဒီတော့ ဘာဖြစ်သလဲ။ ခုသူတို့ အသက်လေးဆယ်နား ကပ်နေပြီ။ သားသမီးတစ်ယောက်မှ မရှိဘူး။ ရှေ့ဆက်ပြီးပွားစည်းပါစေ ဆိုတာ ဘုရားသခင်ရဲ့ မိန့်မှာချက်ပဲ။ သမီးတို့ တတ်နိုင်မယ်ဆိုရင် သားသမီးသုံးယောက်ထက် ပိုယူပါ။ နှစ်ယောက်ဆိုတာ ကတော့ နည်းလွန်းတာအမှန်ပဲ။ အသက်ခြောက်ဆယ်ကျော်၊ အောင်မြင်တဲ့ စီးပွားရေးသမားကြီး တစ်ယောက်က ဖြစ်နိုင်ရင် နောက်ထပ် သားသမီးတွေ လိုချင်သေးကြောင်း ဖေဖေ့ကို ပြောတယ်။ သူ့မှာ လောလောဆယ်ကိုပဲ သားသမီး ငါးယောက်ရှိနေပြီ။ ဒါတောင် သူက နောက်ထပ် လိုချင်သေးသတဲ့လေ။

သမီးတို့ရဲ့ လင်ယောက်ျားနဲ့ သားသမီးတွေကို ကြင်နာပါ။ ယုယပါ။ အဲဒါဆို သူတို့က သမီးတို့ကို ဒီထက်မကတောင် တုံ့ပြန်ကြင်နာယုယလာကြပါလိမ့်မယ်။ တချို့မိခင်တွေဆို သူတို့ရဲ့ သားသမီးတွေကို ကြမ်းတမ်းရင့်သီးတဲ့ စကားလုံးတွေနဲ့ ဆူပူကြိမ်းမောင်းနေတာ၊ သေပါစေလို့ ကျိန်ဆဲနေတာ ဖေဖေကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။ တကယ်တော့ သူတို့ စိတ်ထဲကပါလို့ ပြောတာမဟုတ်ဘူးဆိုတာ ဖေဖေ သိတယ်။ သူတို့ဟာ သူတို့ရဲ့ ဒေါသကို ထုတ်ဖော်ပြသနေတာပါ။ ဒီနေရာမှာ ဖေဖေ ပြောချင်တာကတော့ ကလေးတွေနာကြည်းသွားစေမယ့် စကားလုံးမျိုးတွေ သုံးနှုံးပြောဆိုတာ မှားတယ်။ အဲဒီလို သုံးနှုံးပြောဆိုခြင်းဟာ ကိုယ့်ကိုယ်ကို သတ်သေမှုမျိုးတောင် ဖြစ်ပေါ်စေနိုင်တယ်ဆိုတာပါပဲ။ ဒီတော့ ကြမ်းတမ်းရင့်သီးတဲ့ စကားလုံးတွေ မသုံးပါနဲ့။ အဲဒီစကားလုံးတွေကို သမီးတို့ရဲ့ ဝေါဟာရ စာရင်းထဲက ဖျက်ထုတ်ပစ်လိုက်ပါ။

ဖေဖေရေးထားတဲ့ လင်မယားကွာရှင်းပြတ်စဲခြင်း ဆောင်းပါးကို ဖတ်ကြည့်ပါ။ သွက်လက်မြန်ဆန်တဲ့ ဒီခေတ်သစ်ကြီးထဲမှာ လင်မယားကွာရှင်းပြတ်စဲမှုဆိုတာ အချိန်တိုတိုအတွင်း ပြီးပြတ်သွားနိုင်ပြီး ပြန်ပြင်လို့ မရတော့တဲ့ ဆုံးရှုံးပျက်စီးမှုကို ဖြစ်ပေါ်စေတယ်။ ထင်ရှားကျော်ကြားတဲ့ စီးပွားရေးသမားတစ်ယောက်ဟာ သူ့မိန်းမရဲ့ မိသားစုအသိုင်းအ၀ိုင်းက အတင်းအကျပ်ကိုင်တာနဲ့ သူ့မိန်းမကို ကွာရှင်းပေးလိုက်ရတယ်။ နောက်ပိုင်းကျတော့ ဒီလိုလုပ်လိုက်တာ မှားတယ်ဆိုပြီး သူ့မိန်းမက နောင်တရတယ်။ ဒါနဲ့ သူ့ခင်ပွန်းဟောင်းဆီ သွားပြီး ကွာရှင်းပြတ်စဲမှုကို ရုပ်သိမ်းပေးဖို့ ဒူးထောက်တောင်းပန်တယ်။ ဒါပေမယ့် အချိန်သိပ်နှောင်းသွားပြီလေ။ အဲဒီအချိန်မှာ အဲဒီလူက နောက်အိမ်ထောင်ပြုထားပြီကိုး။

အထက်ပါအကြောင်းအရာတွေကို ဖေဖေရေးပြနေရတာဟာ သမီးတို့အနေနဲ့ စိတ်ဆင်းရဲစရာအကောင်းဆုံး ဆုံးရှုံးနစ်နာမှုတချို့ကို ရှောင်ကွင်းနိုင်အောင်လို့ပါ။ ကမ္ဘာကြီးကို အလှဆင်ဖို့နဲ့ အကြင်နာတရား လွှမ်းခြုံပေးဖို့ သမီးတို့ လူဖြစ်လာကြရတာလေ။

ဖေဖေပေးခဲ့မယ့်အမွေများ-၁၂


လူလိမ်လူကောက်များ

လောကမှာ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုအပြည့်ရှိတဲ့ လူလိမ်လူညာတွေ အများကြီးရှိတယ်။ သူတို့က လိမ်လို့ညာလို့လွယ်မယ့် “အချဉ်”တွေကို လိုက်ရှာနေကြတာ။ သူတို့အထဲက တချို့ဆိုရင် သိပ်ပြီး အလုပ်သဘောဆန်ကြတယ်။ သူတို့ရဲ့ လိမ်ကွက်ညာကွက်တွေ ယုတ္တိရှိရှိနဲ့ ပိပိရိရိရှိဖို့ သူတို့ရဲ့ ပစ်မှတ်တွေကို ကြိုတင်လေ့လာသုတေသန ပြုကြတယ်။ ဖေဖေဆိုရင် နှစ်ကြိမ်တိတိ အလိမ်ခံခဲ့ရတယ်။ ဒါပေမယ့် ပါသွားတဲ့ ငွေကြေးပမာဏကတော့ မပြောပလောက်ပါဘူး။ ဖေဖေဟာ ငွေကြေးလောကမှာ ကျင်လည်ကျက်စားပြီး ကျင့်သားရလာသူဆိုတော့ ဖေဖေ့ကို အာရုံထက်မြက်သူ၊ သတိဝီရိယရှိသူလို့ သတ်မှတ်ကြတယ်။ ဒါတောင် ဖေဖေဟာ လူလိမ်တွေရဲ့ သားကောင်ဘ၀ကို ရောက်သွားသေးတယ်။ ဒါကြောင့် မင်းတို့ကို တပ်လှန့်နှိုးဆော်ထားဖို့ ဒီဆောင်းပါးကို ရေးနေတာပဲ။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဖေဖေ့မိတ်ဆွေ အင်ဒိုနီးရှားလူမျိုးဟာ တိုရန်တိုမြို့မှာ အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ ငွေညှစ်ခံခဲ့ရတယ်။ တစ်နေ့မှာ အမျိုးသမီးတစ်ယောက်ကို သူ့အိမ်ပြန်အပို့မှာ ထောက်ချောက်အဆင်ခံလိုက်ရတယ်။ လူဆိုးအဖွဲ့က သူ့ကားထဲမှာ ဘိန်းဖြူတစ်ထုပ်ကို စနစ်တကျ ထည့်ထားခဲ့ကြတယ်လေ။ ဆင်ကွက်ကို လူတစ်စုရဲ့ ပူးပေါင်းကူညီမှုနဲ့ ပိပိရိရိကြိုတင်စီစဉ်ထားကြတယ်။ ဖေဖေ့မိတ်ဆွေရဲ့ ရှေ့နေကတောင် ပြောတယ်။ အဲဒီလို ဆင်ကွက်တွေဟာ သူတို့ဆီမှာ အတော့်ကို ရိုးနေပါပြီတဲ့။ အထူးသဖြင့် ခုမှရောက်လာတဲ့ လူသစ်တွေကို အဲဒီလို အကွက်ဆင်တတ်ကြတယ်ဆိုပဲ။ ဒီတော့ သူ့အနေနဲ့ ငွေပေးမလား။ ဒါမှမဟုတ် သူ့မိန်းမရော တက္ကသိုလ်တက်နေဆဲ သမီးနှစ်ယောက်ပါ အင်ဒိုနီးရှားပြန်ပို့တာ ခံမလား။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တိုင်းပြည်မှာ လာနေတဲ့ လူသစ်တွေ ရာဇ၀တ်မှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် မိခင်နိုင်ငံကို ပြန်ပို့ရမယ်ဆိုတဲ့ ဥပဒေ ရှိနေတာကိုး။ ဖေဖေ့ မိတ်ဆွေက ငွေပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ သူ့ခမျာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားရှာတယ်။ သူအဲဒီလို ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဘာလဲဆိုတော့ သူ့မှာ ငွေကြေးအမြောက်အမြား ရှိတယ်လို့ ထင်သွားကြလို့ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူက အိမ်တွေလျှောက်ဝယ်တယ်။ ပြီးတော့ အပျံစား မော်တော်ကားကိုမှ စီးတယ်လေ။
လောဘမသတ်နိုင်သူတွေကို ဖြားယောင်းလှည့်စားပြီး “အချဉ်ဖမ်း” ကြတဲ့ လောင်းကစားသမား အုပ်စုတွေ ရှိတယ်။ ဂျင်ကလေးတွေကို လိုအပ်သလို ထိန်းချုပ်လို့ရအောင် ဂျင်လှည့်တဲ့စားပွဲအောက်မှာ သံလိုက်တွေ တပ်ဆင်ထားတာ ဖေဖေကိုယ်တိုင် မြင်တွေ့ခဲ့ဖူးတယ်။ မင်းတို့ဆီမှာ ပိုက်ဆံရှိမှန်းသိရင် မင်းတို့ကို အပိုင်ကြံဖို့ နည်းလမ်းတွေ ရှာကြံကြတော့တာပဲ။ သူတို့ကို ရှောင်ကွင်းနိုင်ဖို့အတွက် လောင်းကစားမှု မလုပ်ပါနဲ့။ ဒါမှမဟုတ် လောဘမကြီးပါနဲ့။ ငွေရမြန်တဲ့ ဖြတ်လမ်းနည်းကို ရှောင်ပါ။ ဖြတ်လမ်းနည်းနဲပ သူဋ္ဌေးဖြစ်စေရမယ်လို့ မင်းတို့ကို အာမခံတဲ့လူတွေဟာ ပုံမှန်အားဖြင့် “ဘိုင်” တွေချည်းပဲ။ ဒါပေမယ့် သူတို့က ချမ်းသာကြွယ်ဝသူများဂိုက်မျိုး ဖမ်းထားကြတယ်။
မကြာသေးမီကလေးကပဲ အင်ဒိုနီးရှားလူမျိုး စီးပွားရေးသမားတစ်ယောက်က သူ့ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးပါ။ သူ့ဘဏ်က အာမခံအဖြစ် အဲဒီတန်ဖိုးနဲ့ညီမျှတဲ့ ဘဏ်အာမခံစာချုပ်တစ်စောင် ထုတ်ပေးထားပါမယ်လို့ ပြောတယ်။ ဒီတော့ “ပရိုင်းဘဏ်” က အာမခံစာချုပ်တောင် ထုတ်ပေးနိုင်မှတော့ အဲဒီငွေကိုလည်း ထုတ်ချေးနိုင်မှာပေါ့လို့ ဖေဖေက ပြန်ပြောလိုက်တယ်။ ဖေဖေ့ကို ကြားပွဲစားအဖြစ် ထားနေဖို့ မလိုဘူးလေ။ ရယ်စရာကောင်းတာက အဲဒီ “ဘဏ်အာမခံစာချုပ်” လိမ်ဆင်တွေအကြောင်း လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက စီးပွားရေးသမား အတော်များများဆီက ကြားနေရတာ ဖန်တစ်ရာ တေနေပြီ။ အဲဒီအထဲမှာ အများစုဟာ ဘဏ်အာမခံစာချုပ် အတုတွေချည်းပဲ။
ဒီကမ္ဘာပေါ်မှာ လိမ်ညာလို့လွယ်တဲ့ လောဘသားတွေအများကြီးရှိလေရဲ့။ သူတို့ဟာ ငွေရလွယ်မယ်ဆိုရင် ဘယ်လိုစီမံကိန်းမျိုးကိုမဆို ဘယ်လောက်ပဲ သံသယ၀င်စရာကောင်းနေပေမယ့်လည်း ယုံကြည်လက်ခံ လိုက်ကြတာပဲ။ လူသိများတဲ့ စင်ကာပူလူမျိုး၊ ငွေကြေးကုမ္ပဏီတစ်ခုရဲ့ အထွေထွေ မန်နေဂျာတစ်ဦး ဆိုရင် အဲဒီလို စီမံကိန်းမျိုးထဲမှာ ရင်းနှီးမြှုပ်နှံဖို့ သူ့အိမ်ကိုတောင် ရောင်းလိုက်တယ်။ သူ့ခမျာ အစစ အရာရာ ဆုံးရှုံးသွားတယ်။ အဲဒီအထဲမှာ သူ့မိသားစုတောင် ပါသွားတယ်လေ။ နောက်ပြီး သူ့မှာ အကြွေးတွေလည်း တင်သွားတယ်။ အဲဒီအချိန်ကစပြီး သူလည်း စင်ကာပူကနေ ပျောက်သွားတော့တယ်။ ဒီတော့ လူလိမ်လူကောက်တွေကို သတိကြီးကြီးထားပါ။ သူတို့က မင်းတို့ရဲ့ ပိုက်ဆံတွေကို မသမာတဲ့ နည်းနဲ့ ယူချင်ကြတာဟေ့။
မင်းတို့မှာ ငွေကြေးရှိကြောင်း လူတွေ မသိပါစေနဲ့။ မင်းတို့ ချမ်းသာကြွယ်ဝကြောင်း လူတွေသိအောင် ကြွားဝါစရာအကြောင်း ဘာမှမရှိဘူး။ ရဟတ်ယာဉ်နဲ့ ရေငုတ်သင်္ဘောက ကွာခြားတယ်။ အဲဒီယာဉ် နှစ်မျိုးစလုံးဟာ လိုရာအရပ်ကို ရောက်အောင် သွားနိုင်တာချည်းပဲ။ ဒါပေမယ့် ရဟတ်ယာဉ်က သူလာပြီ ဆိုရင် အဝေးကြီးကတည်းက ကြေညာလာတယ်။ ရေငုပ်သင်္ဘောကတော့ လိုရာအရပ်ကို အသံတိတ် ရောက်အောင် သွားတယ်လေ။
ကိုယ်က လူလိမ်လူကောက်တွေထက် ပိုပြီးလျင်ပါ။ နည်းလမ်းရှိရင် သူတို့ကို ဖော်ထုတ်ပါ။ တစ်ချိန်တည်းမှာ မင်းတို့ရဲ့ ပကတိအသိဉာဏ်ကို လေဘဇောတိုက်မှုက မလွှမ်းမိုးရအောင် သတိထားပါ။ ဖြတ်လမ်းနည်းနဲ့ သူဋ္ဌေးဖြစ်ဖို့ ကမ်းလှမ်းချက်ဆိုရင် ဘယ်ကမ်းလှမ်းချက်မျိုးကိုမှ လက်မခံပါနဲ့။

မြန်မြန်ပိုက်ဆံရတယ်ဆိုတာ မြန်မြန် ဒုက္ခရောက်တော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဒီတော့ နှိမ့်ချစွာ၊ ရောင့်ရဲစွာ၊ လောင်းကစားခြင်းကင်းစွာ နေထိုင်ပြီး မင်းတို့ဘ၀ထဲကို လူလိမ်လူကောက်တွေ ၀င်ရောက် နှောင့်ယှက်ခွင့် မပေးပါနဲ့။

Thursday, June 26, 2008

အထင်နှင့်အမြင်


အထင်နှင့်အမြင်သည် ထပ်တူကျလေ့မရှိသော အကြောင်းအရာကဏ္ဍများဖြစ်ပါသည်။ ရာခိုင်နှုန်းအများစုအားဖြင့် အထင်နှင့်အမြင်သည် လုံးဝနီးပါးကို လွဲချော်လေ့ရှိပါသည်။ ထို့ကြောင့် အတွေ့အကြုံ ရှိသူ လူကြီးသူမများက မကြာခဏ ဆုံးမလေ့ရှိပါသည်။ အထင်ကို တစ်ခါတည်းနှင့် မဆုံးဖြတ်ရန် ဖြစ်ပါသည်။ ထိုအထင်ကို ဆန်းစစ်ရပါဦးမည်။ ထိုအခါတွင် အမြင်ဆိုသည့်အတိုင်းလည်း လုံးဝယုံကြည်လိုက်ရမည်ဟု ကံသေကံမ မပြောနိုင်သေးပါ။ မျက်မြင်ကိုယ်တွေ့ကြုံရသည်များဖြစ်ကြသော်လည်း လုံးဝယုံကြည်စရာ မရှိသော အကြောင်းအရာများ ဤကမ္ဘာလောကကြီးတွင် အများကြီးရှိနေပါသေးသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှ လူများကိုပင် ဂရုစိုက်လေ့လာကြည့်လျှင် အင်မတန် စိတ်ဝင်စားဖွယ်ကောင်းသော အချက်များကို တွေ့လာပါလိမ့်မည်။ လူရှေ့သူရှေ့တွင် အင်မတန် ယဉ်ကျေးသော၊ ပျူငှာသော၊ ဖော်ရွေသော လူကြီးလူကောင်းများကို ကျွန်တော်တို့ မကြာခဏ တွေ့ဆုံရလေ့ရှိပါသည်။ ထိုအခါ ကျွန်တော်တို့မှာ သူ့အပေါ် လေးစားအားကျ၍မဆုံး၊ ခင်မင်၍မဆုံး၊ အတုယူ၍မဆုံးဖြစ်တတ်ကြပါသည်။ သို့သော် တကယ့်လက်တွေ့တွင်မူ တစ်ခါတစ်ရံ ထိုလူများသည် အိမ်တွင် အင်မတန်ဆိုးသွမ်းသောလူများ ဖြစ်နေတတ်ကြပါသေးသည်။ အိမ်သူအိမ်သားများ အပေါ် နိုင်လိုမင်းထက်ပြုတတ်သော၊ စိတ်မရှည်သော၊ မည်သည့်အခါတွင်မှ မျက်နှာသာမပေးသော လူများ ဖြစ်နေတတ်ကြပါသည်။
တစ်ခါတစ်ရံတွင်မူ လူပုံကိုကြည့်ရတာနှင့် ဒေါင့်မကျိုးဘူးဟု မိမိတို့ထင်မြင်သည့်လူများက အင်မတန် စိတ်ထား သိမ်မွေ့တတ်တာ၊ ယဉ်ကျေးပျူငှာတာမျိုး၊ ကူညီတတ်တာမျိုးလည်း တွေ့ရတတ်ပါသည်။ ထို့ကြောင့် အထင်သည် အထင်သာဖြစ်၍ အမှန်မဟုတ်ပေ။ ထို့အတူ အမြင်သည်လည်း အမြင်သာဖြစ်၍ ထိုအရာကို အမှန်ဟု တစ်ထစ်ချ ထင်မြင်ယူဆရန် မဖြစ်နိုင်ပေ။ မည်သည့်အရာကိုမဆို ဝေဖန်ပိုင်းခြားပြီးမှသာ သင့်၏ မသင့်၏၊ မှန်၏မမှန်၏ကို ဆုံးဖြတ်ကြရန်ဖြစ်ပါသည်။ သို့မှသာလည်း................
အောက်တွင် ဖော်ပြထားသော ကာတွန်းလေးကို ကျွန်တော်ဖတ်မိကတည်းက ပြုံးမိပါသည်။ ထို့အတူ အတွေးတွေလည်း ဆင့်ပွားတွေးမိပါသည်။ တွေး၍မဆုံး သဘောကျ၍မဆုံး ဖြစ်ရပါသည်။ ပတ်ဝန်းကျင်ရှိ လူများနှင့် ထိတွေ့ဆက်ဆံရလေ၊ ကာတွန်းထဲက လူကဲ့သို့သောသူများနှင့် အပြင်တွင် ထိတွေ့လာရလေ ထိုကာတွန်းလေးကို ပို၍ သဘောကျလာရလေ ဖြစ်ပါသည်။ တွေးလျှင် တွေးသလို အတွေးရစေသော ထိုကာတွန်းလေးကို ပြန်လည်တင်ပြလိုက်ရပါသည်....
(မည်သည့် စာမျက်နှာက ကူးယူထားမိသည်ကို မှတ်မထားမိသည့်အတွက် ကိုးကားအညွှန်း မဖော်ပြနိုင်သည်ကို တောင်းပန်အပ်ပါသည်)


မသိဘူးလားဆိုရင်တော့သိတာပေါ့


မသိဘူးလားဆိုရင်တော့ သိတာပေါ့
ကံချွန်

“လောကကြီးမှာ အသိဉာဏ်အရှိဆုံးသတ္တ၀ါဟာ ဘာလဲ”
“လူပေါ့ဗျာ ”
“အေး… အဲဒါ ငါတွေးနေတာပဲ။ အသိဉာဏ်ဆိုတာ ရှိနေတာနဲ့ ပြီးသွားပြီလား။ လူမှာရှိနေတဲ့ အသိဉာဏ်နဲ့ အကောင်းအဆိုးခွဲပြီး ရှောင်သင့်တာရှောင်၊ နားသင့်တာနား၊ စားသင့်တာစား၊ လုပ်သင့်တာလုပ်ဖို့ဆိုတဲ့ လိုက်နာမှု မရှိသင့်ဘူးလားကွာ။ အဲသလို လိုက်နာမှုမရှိရင်ကော လူမှာ ရှိပါတယ်ဆိုတဲ့ အသိဉာဏ်က ဘယ်မှာလာပြီး တန်ဖိုးရှိပါဦးမလဲ။ မင်းလည်း တွေးကြည့်စမ်းပါ။ တို့ဟာ ကိုယ့်မှာရှိတဲ့ အသိဉာဏ်ကို သုံးဖြစ်ရဲ့လားလို့။ ငါနိုင်ငံခြားဟာသတိုလေးတစ်ခုကို အမှတ်ရမိတယ်။ ဦးနှောက်တွေကို ရောင်းတဲ့ဆီမှာ ပညာရှင်ဒေါက်တာတွေက ၀ယ်ဖို့လာသတဲ့။ ဈေးအတော်လေးသက်သာတဲ့ ဦးနှောက်ကိုကြည့်ပြီး ဘာလို့ သက်သာတာလဲ။ ဘယ်သူ့ဦးနှောက်လဲဆိုတော့ ရောင်းတဲ့လူက ပြောသတဲ့။ တွေးခေါ်ပညာရှင်ကြီးရဲ့ ဦးနှောက်ပါ။ သူက သူ့ဦးနှောက်ကို နောက်ဆုံးအချိန်ထိ အသုံးပြုသွားတာလေ။ မိုင်ပေါင်းသိန်းချီပြီး မောင်းထားတဲ့ကားများလိုပေါ့။ အတော့်ကို ကျေနေပါပြီ။ ဒါကြောင့် ဈေးပေါတာပါလို့ ဖြေသတဲ့လေ။ ဈေးအတော်ကြီးတဲ့ ဦးနှောက်ကို ဘာလို့ ဈေးကြီးတာလဲ။ ဘယ်သူ့ ဦးနှောက်လဲလို့ မေးတော့ ဒီလူက ဘာမှ စဉ်းစားတာ၊ တွေးတောတာ မရှိဘူး။ သူများခိုင်းသလောက်ပဲ လုပ်တတ်တာ။ သူ့ဦးနှောက်က လုံးဝ အသစ်အတိုင်းပဲ။ ဒါကြောင့် တန်ဖိုးကြီးနေတာလို့ ဖြေသတဲ့။ မင်းတို့ ငါတို့ရော တို့ဦးနှောက်ကို ပက်ကင် မပျက် အသစ်အတိုင်းပဲ ထားကြမလား။ စဉ်းစားကွ”
“ဘယ်က ဘယ်လို ဒီအတွေးစု ခေါင်းထဲရောက်လာရတာလဲ ဦးလေးရှုပ်ရ”
“လူတွေသိပြီး မလိုက်နာတာတွေ များလွန်းလို့ပါကွာ။ သိပ်ကို အံ့သြဖို့ကောင်းတယ်။ အထူးသဖြင့် တို့အမျိုးသားများပေါ့။ ဆေးလိပ်သောက်ခြင်းသည် သင့်ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေပါသည် ဆိုတဲ့ သတိပေးစာတန်းထိုးထားတဲ့ ဆေးလိပ်ကို ၀ယ်သောက်တယ်ကွာ။ အရက်ကို အလွန်အကျွံ သောက်သုံးပါက အသက်တိုပါမည်။ ကင်ဆာဖြစ်ပါမည်။ အသည်းခြောက်ပါမည်။ ပြောချင်တာတွေပြော။ ချီးယားစ်ဆို အော်ပြီး ဆော်ပလော်တီးနေကြတာ အံ့သြစရာ မကောင်းဘူးလားကွာ။ ဆေးလိပ်ဆိုရင် ဆိုးကျိုးပေးပုံက HIV ပိုးထက်တောင် ကြောက်စရာကောင်းသေးတယ်။ HIV ပိုးက ကိုယ်ဘာမှမလုပ်ရင် ရှောင်ကြဉ်ရင်၊ စောင့်ထိန်းရင် ဘာမှ မဖြစ်နိုင်ဘူး။ ဆေးလိပ်က ကိုယ့်ဘေးလာသောက်တာနဲ့ ကိုယ်ပါ ရောဂါ ဖြစ်ရတာ။ သောက်တဲ့လူနဲ့ အတူတူပဲ။ ပူးတွဲတရားခံပဲ။ ကျန်းမာရေးဒုစရိုက်မှုကို မကျူးလွန်ရဘဲ တရားခံဖြစ်ရတာ။ ရောဂါကို လက်ခံရတော့မှာ။ လူအများစုဝေးမိတဲ့ နေရာတွေမှာ သွားလာလှုပ်ရှား နေရတဲ့ လူတွေအတွက် စဉ်းစားသင့်ပြီပေါ့ကွာ။ ဆေးလိပ်သောက်ရမယ့်နေရာ သတ်မှတ်တာမျိုး၊ ဆေးလိပ် မသောက်ရ ဧရိယာ ချဲ့ထွင်တာမျိုး၊ မင်း ဒေါက်တာ အောင်မြင့် ရေးသွားတဲ့ နမူနာကောင်းပြပါ ဆိုတဲ့ ဆောင်းပါးကို မှတ်မိသလား”
“မှတ်မိပါတယ်”
“ငါက အဲဒီ စကားလုံးကို ဆွဲဆန့်ချင်တာ ကံချွန်ရ။ ပထမဆုံး နမူနာကောင်းပြတဲ့အနေနဲ့ ကျန်းမာရေး ၀န်ထမ်းအားလုံး ဆေးလိပ်ဖြတ်ပြဖို့ပဲ။ ပြီးတော့ ပညာရေးဝန်ထမ်းများ ဆေးလိပ်ဖြတ်ပြဖို့ပဲ။ ရုပ်ရှင်မင်းသား ဆေးလိပ်ဖြတ်တာကို လူသိရှင်ကြားကြေညာပြီး လူငယ်တွေအတွက် ပညာပေး စည်းရုံးတာလိုပဲ ကိုယ့်လက်တစ်ကမ်းက ကိုယ်ယုံကြည်အားထားနေရတဲ့ ပုဂ္ဂိုလ်များလည်း ဆေးလိပ်ဖြတ်ပြဖို့ လိုတယ်ကွ။ တက္ကသိုလ်ကျောင်းတော်သားကြီးများလည်း ဆေးလိပ်ဖြတ်ပြမယ်ဆိုရင် (သောက်နေသူတွေ ဆိုလိုတာပါ) သူ့လက်တစ်ကမ်းက အားကျနေတဲ့ အလယ်တန်း၊ အထက်တန်း ကလေးတွေအတွက် နမူနာကောင်းဖြစ်မှာပါပဲ။ ဆရာလည်းဖြတ်၊ ပညာရေးမှူးလည်းဖြတ်၊ ဆေးကျောင်းသားလည်းဖြတ်၊ ဆရာဝန်လည်းဖြတ်၊ ကွန်ပေါင်ဒါလည်းဖြတ် လုပ်မပြသင့်ဘူးလား။ အိမ်တစ်အိမ်မှာဆိုရင် သေချာပေါက် အိမ်ထောင်ဦးစီးနဲ့ အစ်ကိုကြီး၊ ဦးလေးကြီးများက ဆေးလိပ်သောက်နေရင် ဖြတ်သင့်ပါတယ်။ ငါဟောပြောပွဲတစ်ခုကို သွားနားထောင်တော့ ဆေးလိပ် မီးခိုးမွှန်လို့ ကသိကအောင့်ဖြစ်တာနဲ့ လှည့်ကြည့်လိုက်တော့ အသက် (၇၀)နား နီးနေတဲ့ အဘိုးကြီး တစ်ယောက် သောက်နေတာ ဖြစ်နေတယ်။ ငါကတော့ အဲဒီအိမ်က ကလေးတွေ အတွက်ပဲ ရင်လေးတာပါ။ သူသောက်သလောက် ဘေးကလူတွေ၊ မိသားစုတွေပါ လိုက်သောက်နေသလို ဖြစ်နေတာကို မသိတာလား။ သိလျက်နဲ့ သတိမထားမိတာလားဆိုတာ စဉ်းစားစရာပဲကွ”
“ပြီးတော့ ပြောချင်တာ ရှိသေးတယ်။ ဆေးလိပ်မသောက်ရ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် ရှိသင့်တယ်ကွ။ သီးသန့်နေရာဖြစ်ဖြစ် သတ်မှတ်ပြီးတော့ လက်ဖက်ရည်ဆိုင်မှာ ခွဲခြားထားတာမျိုး ဖြစ်ဖြစ်ပေါ့။ ရှေ့စားပွဲတွေမှာ ဒါမှမဟုတ် နောက်စားပွဲတွေမှာ ဆေးလိပ်မသောက်ရလုပ်ထားရင် သောက်ချင်သူများ ကိုယ့်အချင်းချင်းပဲ ရောဂါဖလှယ်ကြပေါ့။ မသောက်သူများကတော့ မီးခိုးလွတ်ရာ သွားထိုင်လို့ ရတာပေါ့။ စဉ်းစားကြည့်ကွာ။ စားသောက်ဆိုင်မှာ စားသောက်ကုန်ကို ဘယ်လောက်သန့်ရှင်းအောင်လုပ်လုပ် ဆေးလိပ်မီးခိုးတွေကြား ထိုင်စားနေကြရတော့ ကျန်းမာရေးက ကောင်းပါဦးတော့မလား”
“ဖြစ်နိုင်ရင်တော့ ကားမှတ်တိုင်၊ ဈေး၊ ဘူတာရုံ၊ မီးရထားပေါ်၊ သင်္ဘောပေါ်၊ ကားပေါ် ဆေးလိပ်မသောက်ရ လုပ်ထားရင် အများအတွက် အဆင်ပြေမယ်ကွာ။ သောက်နေသူများလည်း မသောက်ရ ကန့်သတ်ဧရိယာကျယ်လာရင် သောက်တဲ့စံချိန် လျော့သွားမယ်ကွာ။ ဒါက မြင်မြင်ထင်ထင် အများနဲ့ ပတ်သက်တာ၊ အားလုံးနဲ့ဆိုင်တာ၊ အားလုံးနီးပါး သိထားကြပြီး မလုပ်ကြ၊ မလိုက်နာကြတဲ့ ကိစ္စတစ်ခု။ ဒါမျိုးတွေ အများကြီးပဲကွ။ ကိုယ့် ကိုယ်ရေးကိုယ်တာအတွက် မလုပ်သင့်မှန်းသိထားပြီး လုပ်နေတာမျိုးတွေဆိုတာ လူတိုင်းနီးပါးမှာ အများကြီးပါပဲကွာ။ ကိုယ့်ကိစ္စဆိုတော့ သူများမသိလို့သာပေါ့။ ဒီတော့ ငါက အသိဉာဏ်ကို လက်တွေ့ အသုံးချကြစေချင်တယ်ကွာ။ ကိုယ့်ဦးနှောက်ကို လုံးဝမသုံးဘဲ သေမှ ဈေးကောင်းရလေမလားဆို ပက်ကင်မဖွင့်ကြရင်တော့ ရင်လည်းလေးတယ်။ သနားလည်း သနားတယ်..”
“သိပြီး မလုပ်တာတွေ နည်းပါးပပျောက်စေချင်လို့…”
ရွှေမန္တလေးဂျာနယ်
၂၃-၈-၂၀၀၄

( ဆရာ ကံချွန် ၏ “သတင်းထောက်ကြီး ဦးလူရှုပ်” စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )

ပုဂံကျောင်းကခေါင်းလောင်းသံ


ပုဂံကျောင်းက ခေါင်းလောင်းသံ
တင်မိုး

ပုဂံကျောင်းက
ရွှေဒေါင်းတောင်ကျိုး၊ ကလောင်ရိုးဖြင့်
ထိုးလိုက်ပါတဲ့ ခေါင်းလောင်းသံ။

နေရီမိုးချုပ်၊ ခေါင်းလောင်းထိုးလည်း
ညိုးညိုးမညံ၊ တိုးတိုးသံ။

ပုဂံအတိတ်၊ ပုဂံရိပ်ကို
ကားလိပ်တင်မ၊ ပွဲခင်းပြသို့
ကြွပါကြည့်ပါ၊ ဆင်ခြင်ပါဟု
ပြလာသေးဟန်၊ ရှေးပုဂံ။

တိုးတိုးမြည်ဟန်၊ ခေါင်းလောင်းသံကား
ပုဂံနိမိတ်၊ ပုဂံစိတ်ဟု
စိတ်နေမြင့်မြတ်၊ စိတ်ဓာတ်မြင့်မား
စိတ်ထားမြင့်မိုရ်၊ စိတ်လိုမြင့်မာန်
စည်ကြီးသံ။

ပုဂံတရား၊ ပုဂံသားတို့
တရားကိုချစ်၊ ဓားကိုချစ်ခဲ့
အသစ်တည်ထောင်၊ နိုင်ငံအောင်ဖို့
ရွက်ဆောင်ခဲ့ကြ အားနှင့်မာန်။

ပုဂံကျောင်း၏
တောင်စောင်းတောင်ထိပ်၊ စေတီရိပ်က
တိုးတိတ်ညင်သာ၊ ထိုးခတ်လာသော
ကဗျာငြိမ့်ညောင်း၊ ဤခေါင်းလောင်းကြောင့်
ကောင်းမှုတွေနိုး၊ ကောင်းမျိုးတွေဝေ
ကောင်းစေစိတ်သန်၊ အဓိဋ္ဌာန်။

ဆွံ့သူကြား၍
ကြားသူလမ်းမြင်၊ မြင်သူရှေ့တိုး
အားလုံးနိုးဖို့
ထိုးလိုက်ပါတဲ့ ခေါင်းလောင်းသံ။

Monday, June 23, 2008

ဖေဖေပေးခဲ့မယ့်အမွေများ-၁၁


ယဉ်ကျေးဖွယ်ရာရှိခြင်း

နေအိမ်အများစုမှာ၊ ဟိုတယ်တွေမှာ၊ ရုံးခန်းတွေမှာ ပန်းတွေကို မြင်တွေ့နိုင်တယ်။ ဒီပန်းကလေးတွေက သူတို့ရဲ့ ပတ်ဝန်းကျင်ကို တန်ဖိုးတိုးစေတယ်။ ဆွဲဆောင်မှုအားကောင်းစေတယ်။ သူတို့ရဲ့ အရောင်တွေ၊ ရနံ့တွေနဲ့ အရွယ်အစားတွေက တို့များရဲ့ အာရုံတွေကို နိုးကြွစေတယ်။ တကယ်လို့ တို့တစ်တွေသာ အားထုတ်ကြိုးပမ်းမယ်ဆိုရင် လူ့ဘ၀ဟာ အဓိပ္ပါယ်ရှိပြီး နှစ်လိုပျော်မွေ့ဖွယ် ကောင်းတယ်ဆိုတာကို ဒီပန်းပွင့်ကလေးတွေက သိသာထင်ရှားစေတယ်။ ပတ်ဝန်းကျင်တိုးတက်သာယာစေဖို့အတွက် ဒီပန်းပွင့် ကလေးတွေကို အသုံးချကိရိယာများအဖြစ် အသုံးချတတ်တဲ့ လူတွေကတော့ ဘ၀ကို ဘယ်လိုအဓိပ္ပါယ်ရှိရှိ နေထိုင်ရမယ်ဆိုတာ သဘောပေါက်ကြတယ်။
ယဉ်ကျေးဖွယ်ရာရှိခြင်းဆိုတာ ဘ၀ရဲ့ အမွန်မြတ်ဆုံး ပန်းပွင့်ပဲ။

သက်ရှိယဉ်ကျေးဖွယ်ရာ အပြုအမူများ

မင်းတို့ကို ဧည့်ခံပွဲတစ်ခုခုကို ဖိတ်ကြားခြင်းခံရတဲ့အခါ အသက်ကြီးဆုံး လူတစ်ဦးက စတင်မစားမသောက် မချင်း အစားအစာ၊ ဒါမှမဟုတ် ယမကာကို မတို့မထိပါနဲ့။ မင်းတို့ အသက်အရွယ်ကြီးရင်သူဆိုရင် ဘယ်သူ့ကိုမဆို ဂါရ၀တရားထားရမယ်။ ရာထူးဋ္ဌာနန္တရနဲ့ ဆုံးဖြတ်ဖို့ မလိုဘူး။

အများပြည်သူစီးတဲ့ယာဉ်၊ ရထားတွေပေါ်မှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိန်းမတွေ၊ မစွမ်းမသန် ဖြစ်နေသူတွေကို ဦးစားပေးပါ။ နေရာပေးပါ။ တခြားလူတွေက အဲဒီလို ဦးစားမပေးလည်း စိတ်အနှောက် အယှက်မဖြစ်ပါနဲ့။ လောကမှာ လူတော်လူကောင်းတွေလည်း ရှိနေပါသေးတယ် ဆိုတာကို မင်းတို့ရဲ့ အပြုအမူနဲ့ ပြသပါ။

နှုတ်ခွန်းဆက်စကားတွေကို စတင်ပြောဆိုနှုတ်ဆက်သူဟာ မင်းတို့ ဖြစ်ပါစေ။ စတင်ပြုံးပြသူဟာ မင်းတို့ ဖြစ်ပါစေ။ မင်းတို့ ခုချိန်ထိ ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေထိုင်ခွင့်ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ။ မင်းတို့ရဲ့ ကြည်လင်ဝင်းပမှုတွေ တခြားလူတွေဆီကို ကူးစက်ပျံ့နှံ့ပါစေ။ တစ်ဦးတစ်ယောက်ရဲ့ ဘ၀ကို ပိုပြီး သာယာကြည်လင်လာအောင် ပြုလုပ်ပေးပါ။

ယဉ်ကျေးဖွယ်ရာရှိခြင်းဟာ ယာဉ်ရထားပါပဲ။

ကိုယ်သွားရာလမ်းမှာ ကားပျက်ပြီးဒုက္ခရောက်နေသူတွေကို တွေ့ရင် အကူအညီပေးပါ။ မင်းတို့မှာ အချိန်မရဘူး။ ဒါမှမဟုတ် အရေးတကြီး သွားစရာရှိနေတယ်ဆိုရင် သူတို့ အကူအညီရအောင် စီစဉ်ပေးပါ။ အကြောင်းကြားပေးပါ။

လမ်းဖြတ်ကူးတဲ့အခါ သက်ကြီးရွယ်အိုတွေနဲ့ အားနွဲ့သူတွေအရင်ဖြတ်ပါစေ။ သူတို့ အကူအညီလိုအပ်လို လိုအပ်ငြား သူတို့နံဘေးကရံပြီး လျှောက်သွားပါ။

သူများတွေ တန်းစီစောင့်နေတဲ့ တန်းထဲကို ကြားဖြတ်မ၀င်ပါနဲ့။

လက်ဆေးကြွေခွက်နဲ့ ကြည့်မှန်ကို အသုံးပြုပြီးတိုင်း တိုက်ချွတ်သန့်စင်ပစ်ခဲ့ပါ။

မင်းတို့ရဲ့ကားထဲမှာ ရနံ့သင်းသင်းကလေး ဖျန်းဆွတ်ထားပါ။ ကားထဲမှာကော အိမ်ထဲမှာပါ လေသန့်ဆေးဘူး ဆောင်ထားပါ။

အိမ်သာကို သုံးပြီးတိုင်း ရေလောင်းခဲ့ပါ။

ကိုယ့်ထက်ကြီးတဲ့လူ (အသက်အရွယ်အရဖြစ်ဖြစ်၊ ရာထူးအရဖြစ်ဖြစ်)ကို အစားအစာ၊ ဒါမှမဟုတ် ယမကာ ကမ်းလှမ်းမယ်ဆိုရင် ဘယ်တော့မဆို လက်နှစ်ဖက်နဲ့ကိုင်ပြီး ကမ်းလှမ်းပါ။ ဒါဟာ ဂါရ၀တရားကို ပြသတဲ့ အာရှယဉ်ကျေးမှုပဲ။ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာလည်း လက်နှစ်ဖက်စလုံးနဲ့ ဆုပ်ကိုင်ပြီး နှုတ်ဆက်ပါ။ လက်တစ်ဖက်တည်းနဲ့ ဆွဲကိုင်နှုတ်ဆက်တာက ကိုယ့်ထက်ကြီးတဲ့လူအပေါ် လေးစားမှု ကင်းမဲ့ရာရောက်ပြီး မောက်မာဝင့်ကြွားတဲ့သဘော သက်ရောက်တယ်။

ယဉ်ကျေးဖွယ်ရာ ရှိခြင်းဟာ လူသားဆန်တယ်။ ဆိုလိုတာကတော့ ရိုင်းစိုင်းခြင်းဟာ တိရစ္ဆာန်ဆန်တယ် ဆိုတဲ့ သဘောပဲ။

Friday, June 20, 2008

ငွေတွင်းကြီးများ၏အ၀ကိုကျယ်အောင်ချဲ့ပါ


ငွေတွင်းကြီးများ၏အ၀ကို ကျယ်အောင်ချဲ့ပါ
ချစ်စံဝင်း

လူ့လောကတွင် တရားဝင် သမ္မာအာဇီ၀၀င်ငွေဟူသည် ၀င်ငွေသုံးမျိုးသာရှိ၏။ အခြားဝင်ငွေ များသည် သမ္မာအာဇီဝမဟုတ်သော ၀င်ငွေများ ဖြစ်၏။ ခိုးယူ၍ရသောဝင်ငွေ၊ ဓားပြတိုက်၍ရသောဝင်ငွေ၊ လုယက်ရသောငွေ၊ လာဘ်ယူခြင်း၊ လာဘ်စားခြင်း၊ နိုင်ထက်စီးနင်းပြုလုပ်ခြင်းတို့မှ ရရှိသော ၀င်ငွေများသည် သမ္မာအာဇီဝဖြင့် ရရှိသောဝင်ငွေများ မဟုတ်၍ ထိုဝင်ငွေများအကြောင်း ကျွန်တော်တို့ မစဉ်းစားပါ။ ဓားပြ၊ လူဆိုး၊ သူခိုး၊ နိုင်ထက်စီးနင်း မတရားသိမ်းဆည်းရယူ လာဘ်လာဘယူသူများသည် လူဆိုး၊ လူယုတ်များဖြစ်၍ အကုသိုလ်နှင့် ဆက်စပ်နေသူများ ဖြစ်၏။ ယင်းလူမျိုးများသည် မုချ ပျက်စီး ဆုံးရှုံးမည့်သူများ ဖြစ်၏။ သဘာဝတရား၏ ဒဏ်ခတ်ခြင်းကို ခံရမည့်သူများ၊ အကုသိုလ်တရား၏ သားကောင်များဖြစ်၍ ထိုကဲ့သို့သော ၀င်ငွေများကို ကျွန်တော်တို့သည် ရွံရှာမုန်းတီးကြရမည်၊ ဆန့်ကျင်ရမည်ဖြစ်သည်။ ထိုဝင်ငွေများကို စက်ဆုပ်ရွံရှာကြရမည်ဖြစ်၍ ချမ်းသာကြွယ်ဝရေး နည်းလမ်းများတွင် ထိုဝင်ငွေများကို ကျွန်တော်တို့ လုံးဝ ထည့်သွင်းစဉ်းစားမှု မပြုပါ။
ကျွန်တော်တို့ သူဌေးဖြစ်ရန် အဓိကထားရမည့် ၀င်ငွေမှာ ကန့်သတ်မဲ့ဝင်ငွေ ဖြစ်ပါ၏။ ကျွန်တော်တို့ သူဌေးဖြစ်ရန် အစပျိုးရမည့်ဝင်ငွေမှာ အကန့်အသတ်ရှိသောဝင်ငွေ ဖြစ်၏။ ထို့ကြောင့် ကန့်သတ်မဲ့ဝင်ငွေသည် စိတ်ဝင်စားစရာအကောင်းဆုံး ၀င်ငွေ ဖြစ်သော်လည်း အကန့်အသတ်ဝင်ငွေ ကိုလည်း လက်လွှတ်၍ မရပါ။ ကန့်သတ်မဲ့ငွေသည် အဆုံးအစမရှိသော ငွေစီးကြောင်းကြီး ဖြစ်သည်။ ကန့်သတ်မဲ့ဝင်ငွေ တစ်စုံတစ်ရာ ရရှိထားသူသည် ငွေပုံကြီးပေါ်တွင် ခွထိုင်ထားမိသူလည်း ဖြစ်ပါ၏။
ကျွန်တော်တို့သည်-
(က) ကန့်သတ်မှုဝင်ငွေ (မိမိပိုင်အချိန်ကို ရောင်းချအသုံးပြုပြီး ရရှိသောဝင်ငွေ)
( ခ) ကန့်သတ်မဲ့ဝင်ငွေ (ငွေကြေးကို ရင်းနှီးမြှုပ်နှံပြီး ရရှိသော ၀င်ငွေ)
ဤကိစ္စနှစ်ရပ်ကို ကျွန်တော်တို့ အလေးအနက်ထား စဉ်းစားရမည်ဖြစ်သည်။
ကန့်သတ်ဝင်ငွေသည် ငွေပုံကြီးခွထိုင်ထားသလို ရရှိသော ၀င်ငွေ မဟုတ်သော်လည်း ထိုဝင်ငွေသည် သင် အသက်ရှင်ရန်အတွက် သင့်မိသားစု လတ်တလော စားဝတ်နေရေးအတွက်နှင့် စုဆောင်းငွေ ရရှိရေးတို့အတွက် မရှိမဖြစ်သော ၀င်ငွေဖြစ်၏။ သင်သည် သင့်ဘ၀ကို သင်ပိုင်အချိန်အား ရောင်းချ၍ရရှိသော ငွေမှသာ စုဆောင်းရမည်ဖြစ်၏။ သင် ငွေပုံကြီးပေါ် ထိုင်မိရန်အတွက် လိုအပ်သော အရင်းအနှီးကို သင်သည် ကန့်သတ်ဝင်ငွေဖြင့် ရှာဖွေရမည် ဖြစ်ပါ၏။
သင်သည် လူငယ်ဘ၀တွင် မိဘ၏ ပြုစုပျိုးထောင်မှုဖြင့် ပညာသင်ကြားမည်။ သို့မဟုတ် သင့်ထူးသင်ချွန် ပညာရှာရမည်။ သို့မဟုတ် ပညာရှာခြင်း မပြုနိုင်ဘဲလည်း သင့်ကိုယ်၊ သင့်ခန္ဓာမှ သင့်စွမ်းအားကို အသုံးပြု၍ ငွေရှာမည်။
ထိုသို့ ရှာဖွေ၍ ရရှိသော ငွေထဲမှ သင်သည် အချို့ကို စားသုံးပြီး ဆယ်ရာခိုင်နှုန်းကို စုဆောင်းရမည် ဖြစ်ပါ၏။ ထိုစုဆောင်းငွေကို အမြော်အမြင်ရှိရှိနှင့် ကျွမ်းကျင်စွာ ရင်းနှီးမြှုပ်နှံရမည် ဖြစ်သည်။
ဤနေရာတွင် ကျွမ်းကျင်မှု ဟူသော စကားရပ်သည် အလွန်မှ အရေးကြီးပါ၏။ ကျွမ်းကျင်မှုသည် အဆင့်မြင့်ပညာနှင့် သိပ်မဆိုင်ပါ။ အဆင့်မြင့်ပညာတတ်မြောက်မှုသည် စဉ်းစားဝေဖန်မှုကို ပေးစွမ်းနိုင် သော်လည်း ကျွမ်းကျင်မှုအတွက် ဆက်လက်လေ့လာရဦးမည် ဖြစ်၏။
ဥပမာ - ကားအရောင်းအ၀ယ်လုပ်ငန်းတွင် အရောင်းအ၀ယ်ကျွမ်းကျင်သူ ကားပွဲစားတို့ အမြတ်ရ၍ ထိုလုပ်ငန်းကို ပါမောက္ခကြီးများ မစွမ်းဆောင်နိုင်ပါ။ ပါမောက္ခကြီးများ၊ ကထိကကြီးများ၊ ဒေါက်တာဘွဲ့ရရှိသူများစွာတို့ မှာယူတင်သွင်းလာသော ကားများကို ရောင်းဝယ်ကြရာတွင် ကားအရောင်း အ၀ယ် ကျွမ်းကျင်သူ ပွဲစားများက ပါမောက္ခကြီးများထက် ပိုမို အမြတ်အစွန်းရကြသည်ကို သင်ရော ကျွန်တော်ပါ တွေ့ဖူးသောကိစ္စ၊ နေ့စဉ် ဖြစ်ပျက်နေသောကိစ္စ ဖြစ်ပါ၏။
ထို့ကြောင့် ငွေရရှိရေးကိစ္စတွင် အဆင့်မြင့်ပညာထက် ကျွမ်းကျင်မှု အမြော်အမြင်ရှိမှု အရေးကြီးပါ၏။
ကျွမ်းကျင်စွာ ရင်းနှီးမြှုပ်နှံခြင်းမှ သင်သည် အကန့်အသတ်မဲ့ ၀င်ငွေကို ရရှိ၏။ ကျွမ်းကျင်စွာ ရင်းနှီးမြှုပ်နှံမှုမှ သင်သည် အမြဲတမ်းဝင်ငွေ ရရှိနိုင်၏။ ကျွမ်းကျင်စွာ ရင်းနှီးမြှုပ်နှံထားသောငွေသည် သင့်အတွက် လခမပေးရဘဲ အလုပ်လုပ်ပေးနေသော စကားမပြောတတ်သည့် ကျွန်တစ်ယောက် ရရှိနေခြင်းနှင့် တူ၏။ ထိုကျွန်သည် သင့်အား အမြဲအလုပ်လုပ်ပေးနေ၏။ တစ်လပြီးတစ်လ တစ်နှစ်ပြီး တစ်နှစ် ၂၄ နာရီ ကာလပတ်လုံး မအိပ်မနေ သင့် ၀င်ငွေများ တိုးအောင် လုပ်ပေးနေ၏။
အလွန်ထူးခြားသည့် ထိုကျွန်သည် သင့်အား ထာဝစဉ် သစ္စာရှိရုံသာမက သင့်အတွက် ကျွန်မျိုးဆက်သစ်ကိုပါ မွေးဖွားပေးသဖြင့် သင်သည် ခေတ်သစ် ကျွန်ပိုင်ရှင်ကြီး ဖြစ်၏။ ၂၁ ရာစု၌ သင်သည် ကျွန်ပိုင်ရှင်ဖြစ်သော်လည်း သင်ကံကောင်းသည်မှာ ကျွန်ပိုင်ရှင်ဖြစ်သဖြင့် ဘယ်သူ့ကိုမှ သံခြေကျဉ်းသွားခတ်ထားရန် မလိုခြင်းဖြစ်၏။ သင်၏ ကျွန်များကို အစာရေစာ ကျွေးမွေးဖို့လည်း မလို။ ထိုကျွန်များသည် သင့်အား သစ္စာရှိ၍ အမြဲအလုပ်အကျွေးပြုနေ၏။ ထိုကျွန်များဆိုသည်မှာ သင် မှန်ကန်စွာနှင့် အမြော်အမြင်ရှိစွာ ရင်းနှီးမြှုပ်နှံထားသော အရင်းအနှီးများ ဖြစ်ပါ၏။
ထို့ကြောင့် ကျွန်တော်သည် ငွေပုံကြီးပေါ် ထိုင်မိစေရန်-
(က) ရင်းနှီးမြှုပ်နှံရန်ငွေ နှင့်
( ခ) အရည်အသွေး ကျွမ်းကျင်မှု လိုပါ၏။
ထိုအရာနှစ်ခုကို သင်ဘယ်က ရရှိမည်နည်း။
လူ့လောက၌ လူတိုင်းပိုင်ဆိုင်သော အရာသည် အချိန်သာလျှင် ဖြစ်၏။ ထိုအချိန်ကို အသုံးပြု၍ ထိုအချိန်ကို ရောင်းချ၍ သင်သည် ရင်းနှီးရန်ငွေ ရှာဖွေရမည် ဖြစ်၏။
သင်သည် ဆရာဝန်၊ အင်ဂျင်နီယာ၊ ယာဉ်မောင်း၊ ပန်းချီဆရာ၊ လခစား၊ စာရေးဆရာ၊ ရေထမ်းသမား စသည်ဖြင့် သင်တတ်ကျွမ်းသော အလုပ်တစ်ခုခုနှင့် အချိန်ကို ပေါင်းစပ်ကာ ပထမအဆင့်၌ သင်အသက်ရှင်ဖို့အတွက် အလုပ်လုပ်ရပါမည်။ ထိုသို့ အလုပ်လုပ်၍ ရသော ၀င်ငွေထဲမှ သင်တတ်နိုင်သမျှ စုဆောင်းပါ။ စုဆောင်း၍ ရရှိသောငွေကို သင် ရင်းနှီးမြှုပ်နှံရမည် ဖြစ်ပါ၏။
သင့်တွင် စုဆောင်းငွေ တစ်ရာကျပ်ရှိလျှင် တစ်ရာနှင့် ရင်းနှီးမြှုပ်နှံနိုင်သောလုပ်ငန်း၊ ၁၀၀၀ ကျပ် ရှိလျှင် ၁၀၀၀ နှင့် ရင်းနှီးမြှုပ်နှံရန်လုပ်ငန်းများ သူ့အဆင့်နှင့်သူ ရှိပါသည်။ ရသမျှ ၀င်ငွေကို တစ်ပြားတစ်ချပ်မှ မချန်ဘဲ သုံးပစ်ပါလျှင်ကား ရင်းနှီးမြှုပ်နှံရန်ငွေ မရှိဘဲ ဖြစ်၏။
သင်သည် မည်သည့်နည်းနှင့်မဆို ငွေကိုတော့ စုဆောင်းရမည် ဖြစ်သည်။ စုဆောင်းပြီးနောက် စုဆောင်းငွေကို ရင်းနှီးမြှုပ်နှံကာ ရင်းနှီးမြှုပ်နှံငွေမှသာ ငွေဝင်ပေါက်ကြီးကို တွေ့နိုင်၏။
ဝင်ငွေကို မစုဆောင်းဘဲ သုံးပစ်ခြင်းသည် မျိုးစေ့ကို ပြုတ်စားပစ်ခြင်းနှင့် တူ၏။ ပြောင်းဖူးတစ်ဖူးကို ပြုတ်စားမည့်အစား အချိန်ယူ ရင့်မှည့်အောင်ထား၍ စိုက်ပျိုးပါက သင်သည် ပြောင်းတစ်ခင်း ရနိုင်ပါမည်။ ထိုပြောင်းခင်းကြီး ဖြစ်လာမှ သင်လည်းစား၊ ပေးသင့်တာလည်းပေး၊ လှူသင့်တာလည်းလှူ၊ နောက်ထပ် ပြောင်းခင်းဆယ်ခင်းလောက်လည်း ထပ်၍ စိုက်ပါ။
ကျွန်တော်တို့သည် သုံးပစ်လိုက်သောငွေ၏ အဓိပ္ပါယ်ကိုလည်း ဖော်ထုတ်ရန် လိုအပ်ပါ၏။ ကျွန်တော်တို့ နေ့စဉ် သုံးပစ်နေသော ငွေသည် ကျွန်တော်တို့၏ လူနေမှုအဆင့်အတန်းကို ယေဘုယျအားဖြင့် ဖော်ပြနေပါ၏။ ကျွန်တော်တို့ ၀ယ်ယူသော အ၀တ်အစားများ၊ ကျွန်တော်တို့ နေသောအိမ်၊ စီးသောကား၊ နေ့စဉ် ၀ယ်ယူစားသောက်မှုများသည် ကျွန်တော်တို့၏ နေထိုင်မှုအဆင့်ကို ဖော်ပြပါ၏။
ထိုအရာများသည် ကျွန်တော်တို့ ပိုင်ဆိုင်မှုကို မဖော်ပြပါ။ ကျွန်တော်တို့၏ ကြွယ်ဝပိုင်ဆိုင်မှုကို ပြသသော အရာတို့မှာ-
- ဘဏ်တွင် စုထားသောငွေ
- လက်ဝတ်ရတနာပစ္စည်း
- ၀ယ်ထားသော အစုရှယ်ယာများ
- အနာဂတ်တွင် ၀င်ရောက်မည့်ဝင်ငွေ
အစရှိသော အရာများကသာ ကျွန်တော်တို့၏ ပိုင်ဆိုင်မှု ကြွယ်ဝမှုကို ပြဆိုပါ၏။
ထို့ကြောင့် ကျွန်တော်တို့သည်-
(က) အချိန်ကို အသုံးပြု၍ အကန့်အသတ်ရှိသောဝင်ငွေကို ရှာကြရပါမည်။
( ခ) ထိုဝင်ငွေမှ ဆယ်ရာခိုင်နှုန်းမျှကို စုရပါမည်။
( ဂ) စုငွေကို အမြော်အမြင်ရှိစွာ ရင်းနှီးရပါမည်။
(ဃ) ရင်းနှီးငွေမှရလာသော ၀င်ငွေကို ကျွန်တော်တို့ နေ့စဉ် လူနေမှုအဆင့်အတန်းအတွက် သုံး၍
( င) ရင်းနှီးငွေ ထပ်မံစုဆောင်းကာ
( စ) ထပ်မံ ရင်းနှီးမြှုပ်နှံရပါမည်။
ကျွန်တော်တို့သည် ၀င်ငွေ သံသရာကို အထက်ပါအတိုင်း လှည့်ပတ်ရပါမည်။ ထိုသို့ လှည့်ပတ်ခြင်းဖြင့် ထပ်မံ ရင်းနှီးမှုများ ပို၍ ပို၍ များလာနိုင်ပါ၏။ ထပ်မံ ရင်းနှီးမှုများခြင်းသည် သင်၏ ကြွယ်ဝမှုကို ပြဆိုပါသည်။
ဥပဒေသမှာ ၀င်ငွေသံသရာကို ကြီးမားအောင် တိုးချဲ့ပါ။

( ၂၀၀၈ ခုနှစ် ဧပြီလထုတ် “လူငယ်” မဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၄ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

ပန်းတိုင်ရှိရာ - မောင်စိန်ဝင်း(ပုတီးကုန်း)


ပန်းတိုင်ရှိရာ
မောင်စိန်ဝင်း(ပုတီးကုန်း)

ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

(၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလထုတ် ငွေတာရီမဂ္ဂဇင်း မှ ပြန်လည်ကူးယူဖော်ပြပါသည်)

ဖေဖေပေးခဲ့မယ့်အမွေများ-၁၀


ကလေးသူငယ်များ

ဖခင်တစ်ဦးဖြစ်ရတယ်ဆိုတာ အံ့သြ၀မ်းသာစရာအကောင်းဆုံး မင်္ဂလာတစ်ပါးပဲ။ မင်းတို့ကြည့်လေ။ ဒီကမ္ဘာလောကကြီးထဲကို မင်းတို့လို လူသားကလေးတစ်ယောက် မွေးဖွားဝင်ရောက်လာတယ်။ ပြီးတော့ သူကလေးဟာ မင်းတို့နဲ့လည်း တစ်စိတ်တစ်ပိုင်းတူပြီး မင်းတို့ရဲ့ ဇနီးမယားနဲ့လည်း တစ်စိတ်တစ်ပိုင်း တူနေလေရဲ့။ မင်းတို့ဟာ မင်းတို့ရဲ့ ကလေးတွေအတွက် အုပ်ထိန်းစောင့်ရှောက်သူ ဖြစ်ရတော့မယ်။ သူတို့ကလေးတွေ ပျော်ရွှင်ချမ်းမြေ့ပြီး ကျေနပ်နှစ်သိမ့်တဲ့ဘ၀ကိုရဖို့ မင်းတို့ နည်းပေါင်းစုံနဲ့ ကြိုးစားကြရတော့မယ်။ ဒီတာဝန်တွေကို မင်းတို့ တမလွန်ဘ၀ကို ကူးပြောင်းချိန်ထိ ထမ်းဆောင်ကြရလိမ့်မယ်။ ဒါပေမယ့် အဲဒီလို သူတို့ကလေးတွေကို ပြုစုပျိုးထောင်နေတဲ့ ကာလအတွင်း မင်းတို့အတွက် အကူအညီနဲ့ ပဲ့ပြင်လမ်းညွှန်မှုတွေလိုအပ်မယ့် အနေအထားမျိုးတွေ အများအပြား ပေါ်ပေါက်လာလိမ့်မယ်။

ကလေးတွေဟာ မိခင်ရဲ့ ၀မ်းဗိုက်ထဲမှာပဲ ရှိနေသေးတဲ့တိုင် မင်းတို့ရဲ့ အသံကို ကြားနိုင်တယ်။ ဒီအချက် မှန်ကန်ကြောင်း သိပ္ပံပညာဆိုင်ရာ လေ့လာတွေ့ရှိချက်တွေက အတည်ပြုထားတယ်။ အဲဒီအခွင့်အရေးကို ယူပြီး မင်းတို့ရဲ့ သားသမီးတွေအပေါ် ချစ်ကြောင်းနဲ့ လိုလိုလားလားရှိကြောင်း ဖွင့်ဟပြောဆိုသင့်တယ်။ ဖေဖေ့ မိတ်ဆွေတချို့ဆိုရင် သူတို့ရဲ့ ကလေးတွေ မိခင်ဝမ်းဗိုက်ထဲမှာ ရှိနေစဉ်မှာပဲ သီချင်းဆိုပြကြသတဲ့။ ဒီတော့ မွေးလာတဲ့ ကလေးတွေဟာ ကျောင်းမှာပိုပြီး စာတော်ကြတယ်။ ပိုပြီး ဖေးဖေးမမရှိတယ်။ ပိုပြီး ပျော်ပျော်နေတတ်ကြတယ်ဆိုပဲ။

သူတို့ကလေးတွေ ငယ်ရွယ်စဉ်ကတည်းက ပညာသင်ကြားနိုင်အောင် သူတို့ကို မမွေးခင်ကတည်းက ပညာသင်စရိတ်အတွက် ဘဏ်မှာ ငွေစာရင်းဖွင့်ပြီး ကြိုတင်ပြင်ဆင်ထားသင့်တယ်။ တခြားနည်းလမ်းကောင်းတစ်ခုကတော့ သူတို့အတွက် အသက်အာမခံ ထားပေးတဲ့ နည်းပဲ။

သူတို့လိုချင်တာမှန်သရွေ့ လိုလေသေးမရှိအောင် ဆောင်ကြဉ်းပေးပြီး အကျင့်ဖျက်တာမျိုး ဘယ်တော့မှ မလုပ်လေနဲ့။ သူတို့ကို ဝေဒနာခံစားရခြင်းနဲ့ ဆာလောင်မွတ်သိပ်ခြင်းဆိုတဲ့ အရှိတရားတွေနဲ့ ရင်မဆိုင်ရအောင် တစ်သက်လုံး ကာကွယ်စောင့်ရှောက်ထားတာမျိုး မလုပ်ရဘူး။ သူတို့ကို ကလေးများ ဂေဟာ၊ ဒါမှမဟုတ် မိဘမဲ့ ကလေးများကျောင်းကို ခေါ်သွားပါ။ သူတို့ရင်ထဲမှာ တန်ဖိုးရှိတဲ့ ကရုဏာ နှလုံးသားကလေး ဖူးပွင့်ပါစေ။ ပြီးတော့ ဆင်းရဲနွမ်းပါးသူတွေ၊ ခိုကိုးရာမဲ့သူတွေကို လှူဒါန်းဖို့ စားသောက်ဖွယ်ရာနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကို သူတို့ရဲ့ ကိုယ်ပိုင်ငွေနဲ့ ၀ယ်ယူခွင့်ပြုပါ။

ဘယ်တော့မဆို မင်းတို့ရဲ့ သားသမီးများနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ သူတို့ကို မင်းတို့ မိတ်ဆွေတွေလို သဘောထားပြီး စကားပြောပါ။ သူတို့နဲ့အတူ နောက်ပြောင်ကျီစယ်ပါ။ ရယ်မောပါ။ ကစားပါ။ ငိုစရာရှိရင်တောင် ငိုပစ်လိုက်ပါ။ အရာရာတိုင်းအတွက် အချိန်အခါဆိုတာ အမြဲတမ်းရှိတယ်။ သူတို့ကလေးတွေ ငယ်ရွယ်စဉ်မှာ တန်ဖိုးထားမြတ်နိုးပါ။ သူတို့ကြီးလာလို့ အိမ်ထောင်ရက်သားကျပြီး သားသမီးတွေနဲ့ ဖြစ်လာတဲ့အခါကျတော့ မင်းတို့အဲဒီလို မြတ်နိုးယုယနေဖို့ အခွင့်အရေးရမှာ မဟုတ်တော့ဘူး။

သားသမီးတွေ ကြီးပြင်းလာတဲ့ သက်တမ်းအဆင့်ဆင့်မှာ ဓာတ်ပုံတွေ ရိုက်ထားပါ။ အဲဒီ ဓာတ်ပုံတွေကို သူတို့ တန်ဖိုးထားကြမှာပါ။ ပွားစည်းလာတဲ့ သူတို့သားသမီးတွေကို ပြန်ပြနိုင်တာပေါ့။ သူတို့နဲ့ အတူတွဲပြီး မိသားစုဓာတ်ပုံများလည်း ရိုက်ထားပါ။

သူတို့နဲ့အတူ အားလပ်ရက် အပန်းဖြေခရီးများ ပုံမှန်ထွက်ပေးပါ။ သူတို့ရဲ့ အချိန်တွေကိုတော့ သိပ်များများ မယူမိအောင် သတိထားပေါ့။ သီတင်းတစ်ပတ်လောက်ဆိုရင်တောင် လိုတာထက် ပိုများနေပြီထင်တာပဲ။ မင်းတို့ဟာ သူတို့ရဲ့ မိတ်ဆွေဖြစ်နေတဲ့တိုင် ဖက်လဲတကင်း နေထိုင်ခြင်းက မထီမဲ့မြင်ပြုမှုကို ပေါက်ဖွားစေသည် ဆိုတဲ့ ဆိုရိုးစကားဟာ အမှန်တကယ် ဖြစ်လာနိုင်တယ်။

သူတို့ကို လွတ်လွတ်လပ်လပ် နေထိုင်ကျင့်ကြံတတ်အောင်နဲ့ ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ကြားပေးပါ။ မင်းတို့ဟာ သူတို့ကို အားပေးအားမြှောက်ပြုသူ ဖြစ်ရမယ်။ ပြီးတော့ လိုအပ်ရင် လိုအပ်သလို ကူညီရမယ်။ တကယ်လို့ သူတို့အတွက် အမွေအဖြစ် ပိုက်ဆံတွေထားခဲ့မယ်ဆိုရင် ခိုင်မာစိတ်ချရတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတတ်အောင် လမ်းညွှန်ပေးသင့်တယ်။ အထူးသဖြင့် အမြတ်ရဖို့ သေချာတဲ့ နေရာအကွက်အကွင်းတွေမှာရှိတဲ့ ဘိုးဘွားပိုင်မြေတွေကို ၀ယ်ပြီး ရင်းနှီးမြှုပ်နှံဖို့ သွန်သင်ညွှန်ကြားပါ။

ဘုရားသခင်မပါရှိရင် အရာရာတိုင်းဟာ အကျိုးမဲ့အချည်းနှီး ဖြစ်မှာပဲ။ သူတို့ငယ်ရွယ်စဉ်ကတည်းက သူတို့နဲ့အတူ ၀တ်ပြုဆုတောင်းတတ်အောင် အကျင့်လုပ်ပါ။ မင်းတို့ အခက်အခဲ တစ်ခုခုနဲ့ ကြုံနေရတဲ့ အခါမျိုးမှာ သူတို့ကိုလည်းကူပြီး ဆုတောင်းပေးခိုင်းပါ။ တို့တစ်တွေအားလုံး ဘုရားသခင်ရှေ့တော်မှောက်ကို မဖြစ်မနေလာကြရပြီး ကူညီစောင်မဖို့ တောင်းခံရတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုမပါရင် ဒီကမ္ဘာကြီးဟာ အတော့်ကို အံ့အားသင့်စရာ ကောင်းတဲ့ နေရာဌာနကြီး ဖြစ်သွားနိုင်တယ်။

သူတို့လေးတွေကို ခေါက်ရိုးကျိုးအောင် သင်ကြားလေ့ကျင့်ပေးရမှာတွေကတော့ သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်ခြင်း၊ အချိန်တိကျခြင်း၊ ဂါရ၀တရားရှိခြင်း၊ ရိုးရိုးစင်းစင်းနေထိုင်ကျင့်ကြံခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ရိုးသားစင်ကြယ်ခြင်း၊ မိဘဘ၀၊ ပညာရေး၊ ဘာသာရေး၊ ဇွဲသတ္တိနဲ့ သိရှိနားလည်နိုင်စွမ်းရှိခြင်းတို့ပဲ ဖြစ်တယ်။

ကလေးသူငယ်တွေဆိုတာ ဘုရားသခင်က လူသားမျိုးနွယ်အတွက် ပေးသနားတော်မူတဲ့ လက်ဆောင်တွေပဲ ဖြစ်တယ်။ သူတို့မွေးဖွားလာချိန်ကစပြီး တို့များ ခွဲခွာသွားရတဲ့ အချိန်ထိ သူတို့ကို ထိုက်ထိုက်တန်တန် ပြုစုစောင့်ရှောက်သွားမယ်ဆိုရင် သူတို့ဟာ တို့များရဲ့ မိတ်ဆွေတွေ ဖြစ်လာမှာပါ။

ဖေဖေပေးခဲ့မယ့်အမွေများ-၉


အပြောင်းအလဲ

ဘယ်သူပဲဖြစ်ဖြစ်၊ သူ့ဘ၀မှာ အောင်မြင်မှုတွေရပြီး အသက် ၅၀ ၀န်းကျင်လောက် ရောက်လာပြီဆိုရင် လောကမှာ “ဘယ်အရာမှ မတည်မြဲဘူး”။ ဒါကြောင့် အပြောင်းအလဲတွေကို မျှော်လင့်ထားရမယ်ဆိုတဲ့ အယူအဆ မှန်ကန်ကြောင်း ထောက်ခံပြောဆိုလိမ့်မယ်။ အရာရာတိုင်းဟာ ဆက်လက်ရွေ့လျားနေရမယ်။ ခြောက်သွေ့တဲ့ ရာသီဥတုနဲ့ စိုစွတ်တဲ့ရာသီဥတုတွေ၊ လူသားတွေရဲ့ စိတ်လှုပ်ရှားမှုတွေ၊ မွေးဖွားခြင်း၊ သေဆုံးခြင်း စတာတွေပေါ့။ နောက်ပြီး မကြာမတင်အတွင်း တို့များလည်း ဒီအထဲမှာ အကျုံးဝင်သွားမယ်လေ။ တို့တစ်တွေဟာ တို့များ ထိန်းချုပ်နိုင်စွမ်းရဲ့ ပြင်ပက ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကြောင့် ပြောင်းလဲကြရလိမ့်မယ်။ လျှို့ဝှက်ချက်ကတော့ ကိုယ့်အကျိုးရှိဖို့အတွက် ပြောင်းလဲမှု ဖြစ်ရပ်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာ သိထားဖို့ပဲ။
တို့တစ်တွေဟာ ချောင်ပိတ်အဖမ်းခံရပြီး ရှင်သန်ရပ်တည်နိုင်ရေးအတွက် အလောင်းအစားလုပ်ရတော့မယ့် အနေအထားမျိုး ရောက်လာရင် ရှိသမျှ ကိုယ်တွင်းအင်အားကို ညှစ်ထုတ်ပြီး ရုန်းကန်တိုက်ခိုက်တတ်ကြတယ်။ တချို့လူတွေကျတော့ အဲဒီလို ဖိနှိပ်အကျပ်ကိုင်မှုမျိုးနဲ့ ကြုံလာရင် ပိုပြီး ထက်မြက် ထူးချွန်လာပြီး ပိုပြီးအောင်မြင်ကြီးပွားလာတတ်ကြတယ်။ ဗိုလ်မှူးကြီးဆင်းဒါး ဆိုတဲ့ ပုဂ္ဂိုလ်ပိုင်တဲ့ စားသောက်ဆိုင်ဟာ လမ်းဖောက်လုပ်ရေးမှာ မလွတ်ကင်းတဲ့အတွက် ဖြိုချဖျက်ဆီးပေးလိုက်ရတယ်။ ဒါကြောင့် ဘ၀ရဲ့ နှောင်းပိုင်းအရွယ် အသက် ၆၅ နှစ် ကျမှ “ကင်တပ်ကီကြက်ကြော်” ကို စတင်ဈေးကွက်တင်ခဲ့တယ်။ ဒီကနေ့ဆိုရင် သူ့ရဲ့ ကင်တပ်ကီကြက်ကြော် ဟာ ကမ္ဘာကျော် ဖြစ်နေပြီ။ တကယ်လို့ လမ်းဖောက်လုပ်ရေးက သူ့လက်ရင်း စီးပွားရေးအလုပ်ကို ဖျက်ဆီးမပစ်ခဲ့ဖူးဆိုရင် ကင်တပ်ကီကြက်ကြော် ဆိုတာဖြစ်ပေါ်လာမှာ မဟုတ်ဘူး။
ဝေါ့ဒစ်စနေဟာ အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့တယ်။ ငွေကြေး ချွတ်ခြုံကျပြီး လူမွဲစာရင်းတောင် အသွင်းခံခဲ့တယ်။ ဒါပေမယ့် သူဟာ ဇွဲခတ်ပြီး တောင့်ခံခဲ့တယ်။ နောက်ဆုံးအကြိမ် ကြိုးစားအားထုတ်ချိန်မှာ သူဟာ အိမ်တစ်အိမ်ရဲ့ အပေါ်ဆုံးထပ်က အထပ်ခိုးကလေးပေါ်မှာ ကြွက်ကလေးတစ်ကောင်နဲ့အတူ ထမင်းစားနေတယ်။ ဒါနဲ့ ဒီနောက်ဆုံးအကြိမ်အားထုတ်မှုမှာ အောင်မြင်ခဲ့ရင် ဒီကြွက်ကလေးကို နာမည်ကျော်အောင် လုပ်ပေးမယ်လို့ တစ်ကိုယ်တော် သစ္စာဆိုလိုက်တယ်။ ဒါကြောင့် ဒီနေ့ တို့များ မစ်ကီးမောက်စ်ကို ကြည့်ရှုနေရတာဖြစ်ပြီး ဝေါ့ဒစ်စနေဟာလည်း လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားပြီး ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်လာတာပေါ့။ ဒါကြောင့် အပြောင်းအလဲဆိုတာ အောင်မြင်ရေးအတွက် အထောက်အကူပေးတဲ့ အကြောင်းရင်း တစ်ရပ်သာဖြစ်တယ်။ လူတွေရဲ့ သမာသမတ် မကျတဲ့နည်းနဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ဖြစ်၊ သူတို့ရဲ့ မနာလိုဝန်တိုမှုကြောင့်ဖြစ်ဖြစ် မလွှဲမရှောင်သာ အလုပ်အကိုင်ပြောင်းလဲ လုပ်ကိုင်ရတော့မယ် ဆိုရင် စိတ်မညစ်ပါနဲ့။ စိတ်မဆင်းရဲပါနဲ့။ ရှေ့သို့တက်လှမ်းနိုင်ရေးအတွက် တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်အလုပ်ကိုသာ အကောင်းဆုံးဖြစ်အောင်လုပ်။ ဟောဒီ မိခင်ကမ္ဘာကြီးက သူ့ရဲ့ ၀မ်းဗိုက်ထဲမှာ မင်းတို့အတွက် အံ့သြစရာကောင်းပြီး ကြီးမားခမ်းနားတဲ့ ဆုလာဘ်တွေကို ဆောင်ကြဉ်းထားတယ်။ တစ်ခုတော့ရှိတယ်။ မင်းတို့ကလည်း အဲဒီဆုလာဘ်တွေကို ရယူခံစားရလောက်အောင် ထိုက်တန်ရမယ်။ ဒီတော့ အပြောင်းအလဲကို လက်သင့်ခံဖို့ လိုလိုချင်ချင်ရှိကြောင်း ပြသကြပါ။
အပြောင်းအလဲကို လှိုက်လှဲစွာ ကြိုဆိုပါ။
ဘုရားကျောင်းတွေမှာသုံးတဲ့ လေမှုတ်သစ်သားအော်ဂင်တစ်လုံးကို ဖေဖေ သတိရတယ်။ အဲဒီ အော်ဂင်ကို တီးတဲ့အခါ လိုချင်တဲ့အသံကို ရအောင် လေမှုတ်သွင်းဖို့ ခြေနင်းကိရိယာကို ဖေဖေ ခက်ခက်ခဲခဲ နင်းခဲ့ရတယ်လေ။ ဒီခေတ်မှာတော့ လျှပ်စစ်အော်ဂင်တွေဟာ အိမ်တွေမှာသုံးဖို့၊ ဘုရားကျောင်းတွေမှာ သုံးဖို့ သာမန်ပစ္စည်းတစ်မျိုး ဖြစ်နေပြီ။ ကွန်ပျူတာတွေ၊ ရုပ်မြင်သံကြားစက်တွေ၊ ကင်မရာတွေ၊ ဗိသုကာ လက်ရာတွေ၊ တယ်လီဖုန်းတွေမှာ တပ်ဆင်အသုံးပြုတဲ့ နည်းပညာတွေ တိုးတက်ထွန်းကားလာတယ်။ ဒါတွေဟာ တောင်းဆိုမှုကြောင့် လူသားမျိုးနွယ်က ပြုလုပ်လာတဲ့ ပြောင်းလဲမှုတွေပဲ။ လူတွေဟာ အလုပ်အကိုင်တွေလုပ်ဖို့၊ ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေကို အမြဲတမ်း ရှာဖွေ ကြံဆနေကြတယ်။ အက်ဒီဆင်ဆိုရင် လျှပ်စစ်မီးလုံးကို တီထွင်ပြုလုပ်ဖို့ ကြိုးပမ်းတဲ့အခါ အကြိမ်ပေါင်း ၃၀၀၀ တိတိ မအောင်မမြင် ဖြစ်ခဲ့ရသတဲ့။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူအောင်မြင် သွားတာပဲလေ။ မင်းတို့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ စီမံကိန်းတွေမှာကော မင်းတို့ ဘယ်နှကြိမ် ဘယ်နှခါလောက် မအောင်မမြင် ဖြစ်ခဲ့ဖူးပြီလဲ။ မင်းတို့ရဲ့ စီမံကိန်းဟာ လူသားမျိုးနွယ်အတွက် သင့်မြတ်တယ်။ ကောင်းတယ်လို့ သိထားရင် အဲဒီစီမံကိန်းကို ဆက်ပြီး အားထုတ်သင့်တယ်။ မင်းတို့ လိုချင်တဲ့ ရည်မှန်းချက်တွေ မပေါက်မြောက်မချင်း အပြောင်းအလဲတွေ ပြုလုပ်ဖို့ ပြင်ဆင်ထားပါ။

ရှေ့သို့ တရွေ့ရွေ့တက်လှမ်းနိုင်ဖို့၊ တို့တစ်တွေ အရင်က အိပ်မက်တောင် မမက်ခဲ့ဖူးတဲ့
ရှာဖွေတွေ့ရှိချက် အသစ်တွေ ဖော်ထုတ်တွေ့ရှိနိုင်ဖို့ဆိုတာ စွမ်းအားတွေရှိမှ ဖြစ်မယ်။
အဲဒီစွမ်းအားတွေ ဖြစ်ထွန်းလာရေးအတွက် မင်းတို့၊ ဖေဖေတို့ လိုအပ်တာကတော့
အပြောင်းအလဲပဲ။
အပြောင်းအလဲကို လိုလိုလားလား အသုံးချပြီး တို့တစ်တွေကော တခြားလူတွေပါ အကျိုးအမြတ်ရှိလာအောင် တို့များရဲ့ စိတ်ကူးတွေနဲ့ လုပ်ဆောင်မှုတွေကို ပြုပြင်ပြောင်းလဲပစ်ပါ။
ဒီတော့ အပြောင်းအလဲကို လှိုက်လှဲစွာ ကြိုဆိုပါ။

Monday, June 16, 2008

ဖေဖေပေးခဲ့မယ့်အမွေများ-၈


အခွင့်အလမ်း

ဖေဖေရောက်နေတဲ့ မလေးရှားနိုင်ငံ ကာလာလမ်ပူမြို့မှာ ၁၉၉၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က မနက်ပိုင်းရုပ်မြင်သံကြားအစီအစဉ်ကို ဖွင့်ကြည့်မိတဲ့အတွက် ပီတိဖြာသွားခဲ့တယ်။ အဲဒီတုန်းက မလေးရှား နိုင်ငံရဲ့ “အမျိုးသားငွေစုဘဏ်” လက်ရှိဥက္ကဋ္ဌကို တွေ့ဆုံမေးမြန်းခန်းအစီအစဉ် ထုတ်လွှင့်နေတဲ့ အချိန်ပေါ့။ ဒီလူအသက် ၄၀ လောက်ပဲ ရှိဦးမယ်။ ဒါပေမယ့် သူ့ရဲ့ ရိုကျိုးနှိမ့်ချမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုတွေ၊ အပြောအဆိုညက်ညောမှုတွေကိုကြည့်ပြီး ဖေဖေ တအံ့တသြဖြစ်ခဲ့ရတယ်။ သူဟာ စီးပွားရေးလုပ်ငန်းပေါင်းများစွာမှာ ပါဝင်နစ်မြုပ်နေတယ်။ ဒါပေမယ့် သူ့မှာ နိုင်ငံရေးအတွက် အချိန်ပေးနိုင်သေးတယ်။ ဖေဖေရုပ်မြင်သံကြားစက်ပေါ်မှာ တွေ့မြင်ခဲ့ရတဲ့အတိုင်း ဆက်ပြီး ရိုရိုကျိုးကျိုး နှိမ့်နှိမ့်ချချ နေထိုင်ကျင့်ကြံသွားမယ်ဆိုရင် သူဟာ လာမယ့်နှစ်များအတွင်းမှာ ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်သွားမှာပဲ။ “ညီညွတ်သော မလေးအမျိုးသားအဖွဲ့ (UMNO) ရဲ့ လူငယ်အဖွဲ့အစည်းမှာ အကြီးအကဲဖြစ်လာမယ့် အလားအလာကိုမေးတော့ သူက နှိမ့်ချရိုကျိုးမှုအပြည့်နဲ့ ရယ်မောလိုက်တယ်။ ပြီးတော့ ဒီအကြောင်းကို ပြောရလောက်အောင် အချိန်မတန်သေးပါဘူးလို့ ဖြေတယ်။ သူထပ်ဖြည့်ပြီး ပြောလိုက်တာကတော့ အရာရာတိုင်းမှာ သူဟာနဲ့သူ “အချိန်အခါ” နဲ့ “အခွင့်အလမ်း” ဆိုတာ ရှိပါတယ်တဲ့လေ။

ဆော်လမွန်ဘုရင်ကြီးဟာ အောက်ဖော်ပြပါ အဓွန့်ရှည်မယ့် ရှုမြင်ချက်တွေကို ပြုလုပ်ခဲ့တယ်။
ဒီကမ္ဘာလောကကြီးမှာ တစ်စုံတစ်ရာကို ငါတွေ့ခဲ့တယ်။
လျင်မြန်သူမှ အပြေးပြိုင်ပွဲမှာ နိုင်တာမဟုတ်သလို
အားကြီးသူမှ တိုက်ပွဲမှာ နိုင်တာမဟုတ်။
အဲဒီလိုပဲ…
စားနပ်ရိက္ခာက အမြော်အမြင်ကြီးသူဆီကိုမှ လာတာမဟုတ်သလို
စည်းစိမ်ဥစ္စာက ဉာဏ်ရည်ထက်သူဆီကိုမှ လာတာမဟုတ်သလို
အခွင့်သာမှုက ပညာရှိသူဆီကိုမှ လာတာမဟုတ်။
ဒါပေမယ့် အချိန်အခါနဲ့ အခွင့်အလမ်းက
အဲဒါတွေအားလုံးကို ဖြစ်ပေါ်နေစေတာပဲ။

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ အိမ်ရာခြံမြေတွေရဲ့ တန်ဖိုးဟာ တက်လိုက်ကျလိုက်နဲ့ သံသရာလည်နေတာကို ဖေဖေအကဲခတ် ရှုမြင်ခဲ့ရတယ်။ ကျပ်တည်းခက်ခဲတဲ့ အခြေအနေတွေကြောင့် ဈေးနှုန်းတွေထိုးကျသွားတယ်။ ဒါပေမယ့် မလွဲမသွေပြန်တက်လာတာပဲ။ ဖေဖေ ၁၉၇၃ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်အတွင်း နေခဲ့တဲ့အိမ်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ တုန်းက စင်ကာပူဒေါ်လာ ၃၀၀၀၀ နဲ့ ၀ယ်ခဲ့တယ်။ ဒီကနေ့ အဲဒီအိမ်ဟာ စင်ကာပူဒေါ်လာ ၈၄၀၀၀၀၀ တန်နေပြီ။ တန်ဖိုးဟာ အံ့အားသင့်စရာ ကောင်းလောက်အောင် အဆပေါင်း ၂၈၀ မြင့်တက်သွားတယ်။ အတိုးနှုန်းနဲ့ တွက်ချက်ကြည့်ရင် တစ်နှစ်အတွက် အတိုးနှုန်း ၇၀၀၀ ရာခိုင်နှုန်းရှိတယ်။ ငွေကြေးအဖွဲ့အစည်းတွေမှာ မင်းတို့ ပုံသေအပ်နှံငွေ အဖြစ် အပ်နှံထားရင် တစ်နှစ်ကို အတိုး ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိပဲ ရမယ်။

အိမ်ရာခြံမြေတွေကို လူတွေမ၀ယ်တော့ဘဲ ဈေးနှုန်းတွေ ကျနေချိန်မှာဝယ်။ လူတွေ အလုအယက် ၀ယ်နေချိန်မျိုးမှာ မ၀ယ်နဲ့။ မင်းတို့ ၀ယ်ပြီး နောက်ပိုင်း ဈေးမလှုပ်သေးလည်း လက်ထဲမှာ ထိန်းထား။ ဒါမှမဟုတ် ငှားထားပေါ့။ တကယ်လို့ ဘိုးဘွားပိုင်မြေအမျိုးအစားကို ဈေးနှုန်းချိုချိုသာသာနဲ့ ၀ယ်ထားနိုင်လို့ကတော့ အိမ်ရာခြံမြေ ၀ယ်ရောင်းအလုပ်ဟာ ဘယ်တော့မှ မမှားနိုင်ဘူး။

ဖေဖေဆိုရင် စတော့ဈေးကွက်မှာလည်း အဲဒီအခြေခံသဘောတရားကိုပဲ အသုံးပြုတယ်။ စတော့တစ်ခု အကြောင်း လူတိုင်း ပါးစပ်ဖျားမှာ ပြောနေပြီး ဆင်ကန်းတောတိုး ၀ယ်နေချိန်မျိုးမှာ ဖေဖေ လက်ရှောင်နေတယ်။ ဈေးကွက်ထိုးကျသွားပြီဆိုရင်တော့ ဖေဖေတက်တက်ကြွကြွ လှုပ်ရှားပြီသာမှတ်။ ဖေဖေ ကောင်းကောင်းရင်းနှီးကျွမ်းဝင်နေတဲ့ အစုရှယ်ယာတွေကို ဖျိုးခနဲ ဖျပ်ခနဲ ကောက်ဝယ်ပစ်တယ်။ ပြီးတော့ လက်ထဲမှာ ကိုင်ထားလိုက်တယ်။ ဒီအစုရှယ်ယာတွေရဲ့ တန်ဖိုးဟာ ပြန်ပြီး တက်ဖို့ပဲ ရှိတော့တယ်လေ။

မင်းတို့ရဲ့အဘွား (ဖေဖေ့ယောက္ခမ) က ပြောဖူးတယ်။ ပိုက်ဆံမှာ ခြေလေးချောင်း ရှိတယ်တဲ့။ မင်းဘက်ကသာ အဆင်သင့်ဖြစ်နေရင် ပိုက်ဆံက မင်းဆီပြေးလာလိမ့်မယ်တဲ့။ ဒီအဆုံးအမကို သူက သူ့ဘိုးအေဆီက ဆည်းပူးခဲ့ရတာလေ။ သူ့ဘိုးအေက တရုတ်ပြည်မှာ မဆိုစလောက်ကလေးပဲ ကျောင်းပညာကို ဆည်းပူးခဲ့ရပေမယ့် စီးပွားရေးနဲ့ ဘာသာရေးလုပ်ငန်းတွေမှာ အရမ်းအောင်မြင်ခဲ့သူပေါ့။ သူဟာ လူတော်တော်များများက တလေးတစားဖတ်ရတဲ့ စာအုပ်နည်းနည်းပါးပါး ရေးခဲ့တယ်။ သူ့သားတွေထဲက နှစ်ယောက်ဟာ လူသိများတဲ့ ဒေါက်တာဘွဲ့တွေရသွားကြတယ်။ အဘိုးကြီးဟာ သွားရောဂါကုပညာ၊ ကြက်ဘဲမွေးမြူရေးပညာ၊ ဓာတ်ပုံပညာနဲ့ ထာဝရဘုရားလေ့လာရေး ပညာရပ်တို့ကိုလည်း စမ်းသပ်လေ့လာခဲ့တယ်။ သူဟာ သူ့အတွက် ပေါ်ပေါက်လာတဲ့ အခွင့်အလမ်း အားလုံးကို အရယူခဲ့တယ်။ မင်းတို့ဟာ သူ့မြေးတွေ။ ဒီတော့ မင်းတို့လည်း သူ့ခြေရာအတိုင်း လိုက်နင်းသင့်တယ်။

အချိန်အခါနဲ့ အခွင့်အလမ်းက အားလုံးဆီကို လာလိမ့်မယ်။
အဲဒီ နှစ်မျိုးစလုံးကို အရယူဖို့ အသင့်ဖြစ်နေပါစေ။

ဖေဖေပေးခဲ့မယ့်အမွေများ-၇


မော်တော်ကားများ

စွမ်းဆောင်ရည်ထက်မြက်တဲ့ ဘတ်စ်ကားတွေ၊ မီးရထားတွေနဲ့မှ အလုပ်မဖြစ်ဘူးဆိုရင်တော့ ဒီခေတ်မှာ မော်တော်ကားဟာ လိုအပ်ချက်တစ်ခုပဲ။ မင်းတို့ရဲ့ သက်တမ်းတစ်လျှောက်အတွင်းမှာ မင်းတို့ ကားပေါင်းများစွာ ပိုင်ဆိုင်ကြလိမ့်မယ်။ မင်းတို့ဘ၀မှာ တစ်ချိန်မဟုတ်တစ်ချိန်ချိန် မင်းတို့ မိတ်ဆွေတွေဆီက မော်တော်ကားတွေ ငှားစီးဖြစ်မယ့် အလားအလာလည်း ရှိတာပဲ။ မင်းတို့ သင်ခန်းစာတွေလည်း အများကြီးရကြမှာပဲ။ ကားမှာ ချို့ယွင်းချက်တွေတွေ့တာ၊ ပေါက်သွားတဲ့ဘီးကို လဲတပ်ရတာ၊ ကားဝပ်ရှော့ကို သွားရတာ၊ ကားရေဆေးရတာ၊ ကားကို အရောင်တင်ဆီနဲ့ တိုက်ရတာ အပြင် တခြားတာဝန်ဝတ္တရားတွေလည်း အများကြီးလိုတယ်နော်။ မော်တော်ကား တစ်စီးကို ပိုင်ဆိုင်ပြီ ဆိုရင် စိတ်ရှည်ဖို့လိုမယ်။ အလေးထားဂရုစိုက်တတ်ဖို့ လိုမယ်။ မင်းတို့ရဲ့ အသက်ဟာ အဲဒီ ကားပေါ်မှာ တည်မှီနေတယ် မဟုတ်လား။
မင်းတို့ ကားမောင်းနေတဲ့အခါ မင်းအသက်ဟာ ဘီးလေးဘီးပေါ်မှာ တည်မှီနေတယ်ဆိုတာ အမြဲတမ်း သတိရနေပါလို့ ဖေဖေ့မေမေ ပြောခဲ့ဖူးတာ ဖေဖေ မှတ်မိနေတယ်။ တကယ်လို့ ဘီးလေးဘီးထဲက တစ်လုံးလုံး ပြဿနာပေါ်တာနဲ့ ဖေဖေထိခိုက်ဒဏ်ရာရသွားနိုင်တယ်။ ဒါမှမဟုတ် အသက်ဆုံးရှုံးသွားနိုင် တယ်လေ။ သေဆုံးခြင်းအကြောင်းပြောရင်းနဲ့ တစ်ဆက်တည်းပြောရရင် ယာဉ်တိုက်မှုတွေကြောင့် သေဆုံးသွားတဲ့မိတ်ဆွေ အတော်များများရဲ့ အသုဘတွေကို ဖေဖေလိုက်ပို့ခဲ့ရပြီးပြီ။ ဒီတော့ မော်တော်ကားဟာ တို့များအတွက် သွားရေးလာရေး အဆင်ပြေဖို့ အရေးပါအရာရောက်တဲ့ ယာဉ်တစ်ခု ဖြစ်နေသလို ၀မ်းနည်းကြေကွဲမှု ဖြစ်ပေါ်စရာ အကြောင်းရင် တစ်ခုလည်း ဖြစ်သွားနိုင်တယ် သားတို့ရေ။ ဒါကြောင့် အောက်ပါအကြောင်းအချက်တွေကို သိနားလည်ထားအောင် အားထုတ်ကြရမယ်။

မော်တော်ကားကို အချိန်မှန် ပြုပြင်ထိန်းသိမ်းပေးရမယ်။ ပလတ်တွေက အသစ်ဟုတ်ရဲ့လား။ ဒါမှမဟုတ် သန့်ရှင်းရဲ့လား။ စက်ဆီချောဆီ ဖြည့်ထားသလား။ ကားဘီးတွေ ချိန်သားကိုက်အောင် စနစ်တကျ ချိန်ထားရဲ့လား။ ဘရိတ်ကောင်းရဲ့လား။ ရေတိုင်ကီတို့ လေအေးပေးစက်တို့ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ရဲ့လား ဆိုတာတွေကို သေသေချာချာ စစ်ဆေးကြည့်ရှုရမယ်။ အဲဒါတွေကို အချိန်မှန် ပြုလုပ်တဲ့အတွက် ငွေကြေးအကုန်အကျ သိပ်မများပါဘူး။ မော်တော်ကားလည်း ကြာရှည်အသုံးခံလာမယ်။

အန္တရာယ်ကင်းတယ်လို့ နာမည်ရထားတဲ့ ကားမျိုးကို ၀ယ်ပါ။ ဂုဏ်ရှိန်မြင့်မားစေဖို့အတွက် ကားဝယ်တာမျိုးကတော့ သိပ်ပြီးအမြော်အမြင် ကြီးရာမရောက်ဘူး။ မကြာခင်ကလေးကမှ ကွယ်လွန်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ပုဂ္ဂိုလ်ကြီးတစ်ဦးဟာ အလုပ်လုပ်ဖို့အတွက် ကုန်တင်ကားကြီးတစ်စီးကိုပဲ မောင်းခဲ့သတဲ့။ သူက နာမည်ကျော် “ဝေါလ်တန်” ကုန်ပစ္စည်း အရောင်းဆိုင်တွေကို ပိုင်ဆိုင်သူကြီးပေါ့။

ဆီတိုင်ကီထဲမှာ အမြဲတမ်း ဆီအပြည့်ထည့်ပါ။ တိုင်ကီထဲမှာ ဆီတစ်ဝက်ပဲရှိတာ မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆီတွေအငွေ့ပျံဖို့ နေရာလပ်ရှိနေလို့ပဲ။ ဆီတွေ အငွေ့ပျံကုန်တယ်ဆိုတော့ အကျိုးမဲ့ ဖြုန်းတီးရာ ရောက်တာပေါ့။

မင်းတို့တစ်ဦးတစ်ယောက်ရဲ့ကားကို ငှားပြီးသုံးပြီဆိုရင် ဆီအပြည့်ဖြည့်ပြီး ပြန်ပေးရမယ်။ ကားကို ဆေးကြောသန့်စင်ပြီး ကားအတွင်းမှာ ဖုန်မရှိအောင် လေစုတ်စက်နဲ့ စုတ်ပစ်ရမယ်။ ဒီလုပ်ရပ်က မင်းတို့ဟာ ယဉ်ကျေးတဲ့လူ၊ စိတ်ကောင်းရှိတဲ့လူဆိုတာကို ပြသလိုက်တာပဲ။

မင်းတို့ ကားထဲမှာ ရေမွှေး၊ ဒါမှမဟုတ် အနံ့ပျောက်ဆေး အမြဲဖျန်းဆွတ်ထားပါ။ ကားမောင်းနေခိုက်မှာ ပေမယ့်လည်း ကိုယ့်ပတ်ဝန်းကျင်မှာ ရနံ့သင်းသင်းကလေး မွှေးပျံ့နေတော့ ကောင်းတာပေါ့။ တစ်ခါတစ်လေ မင်းတို့ရဲ့ ဧည့်သည်တွေက အနံ့ဆိုးတွေ ထွက်ကောင်းထွက်နေနိုင်တယ်။ အဲဒီ အခါမျိုးကျ ကိုယ့်ကားထဲမှာ ရေမွှေးကလေးဖျန်းထားတော့ စိတ်အနှောင့်အယှက် မဖြစ်ရတော့ဘူးပေါ့ကွယ်။

ကိုယ့်ကားထဲမှာ ဆောင်ထားတဲ့ အပိုဘီးမှာ လေအပြည့်ရှိရဲ့လားဆိုတာ ပုံမှန်စစ်ဆေးပါ။ တချို့ဆို ကားဘီးပေါက်သွားလို့ အပိုဘီးနဲ့ လဲတပ်မယ်လည်းဆိုရော အပိုဘီးကလည်း သုံးမရတဲ့ အနေအထားမျိုး ဖြစ်နေတာ ကြုံကြရတယ်လေ။

သာမန်ချို့ယွင်းမှုလေးတွေကို ပြင်ဆင်နိုင်အောင် ကားထဲမှာ ပစ္စည်းအစုံအလင်ပါတဲ့ တန်ဆာပလာ သေတ္တာ ဆောင်ထားရမယ်။ အဲဒီအထဲမှာ နန်းကြိုးကလေးတွေလည်း ပါဝင်အောင် ဂရုစိုက်ပါ။

ရေနည်းနည်းပါးပါး ဆောင်ထားတာ မမှားဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူနေအိမ်ခြေတွေနဲ့ အလှမ်းဝေးတဲ့ နေရာမျိုးမှာ ကားရေတိုင်ကီကို ရေဖြည့်ပေးဖို့ ရေရှာရတာ အခက်အခဲ တွေ့ရတတ်လို့ပဲ။

ကားမောင်းရင်း ပျော်ရွှင်မှုကို ရှာပါ။ ဒါပေမယ့် တရားဝင် ကန့်သတ်ထားတဲ့ မိုင်နှုန်းအတွင်းမှာပဲ မောင်းပါ။ အရက်သေစာ သောက်စားထားရင် ကားမမောင်းနဲ့။ အရက်သေစာမသောက်တဲ့ သူငယ်ချင်း တစ်ဦးဦးကို မောင်းခိုင်းပါ။ ဒါမှမဟုတ် လုံခြုံစိတ်ချရတဲ့ တစ်နေရာရာမှာ မင်းတို့ ကားကိုရပ်ပစ်ခဲ့။ အိမ်ကို အငှားကားနဲ့ ပြန်။ “တဒင်္ဂပျော်ရွှင်မှုဟာ တစ်သက်တာ ယူကျုံးမရစရာ ဖြစ်သွားနိုင်တယ်” ဆိုတဲ့ ဆိုရိုးစကား ရှိတယ် မဟုတ်လား။ အရှိန်ပြင်းစွာ မောင်းလာတဲ့ကားတွေကို ဘယ်တော့မဆို လမ်းဖယ်ပေးပါ။ ကားမောင်းနေခိုက်မှာ မောက်မာဝင့်ကြွားဖို့ မလိုဘူး။

အထက်ပါ ဖော်ပြချက်တွေဟာ စိတ်ပင်ပန်းစရာကောင်းလှတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ မော်တော်ကားတစ်စီးကို ပိုင်ရတာ၊ မောင်းရတာဟာ ပျော်စရာ၊ ကြည်နူးစရာကောင်းပါတယ်။ ဒါကြောင့် မော်တော်ကားတစ်စီး ပိုင်ဆိုင်ရခြင်းကို မင်းတို့ရဲ့ ပျော်ရွှင်ကြည်နူးမှုဖြစ်အောင် လုပ်ပါ။

Wednesday, June 11, 2008

သိမှတ်ဖွယ်ရာစကားလုံးများ


ရာသီဥတုနှင့် ဆိုင်သော စကားလုံးများ
Weather

ကမ္ဘာ့လေ - planetary
ကွက်ကျားမိုး - isolated rain
ကုန်သည်လေ - trade wind
ချမ်းအေးသော/အရိုးခိုက်အောင်အေးသော - chilly
စိုထိုင်းသောလေ - humid air
စွတ်စိုသောလေ - wet air
စိုထိုင်းခြင်း - humidity
စွတ်စိုသော - moist, wet
ဆောင်းဥတု - winter, cold season
ဆောင်းလယ် - midst of the cold season
ဆောင်းအကုန် - end of the cold season
ဆောင်းဦးရာသီ/မိုးကုန်ဆောင်းကူးရာသီ - autumn
ဆောင်းဦးပေါက် - beginning of the cold season
ဆောင်းမုတ်သုံ - winter monsoon
ဆည်းဆာချိန် - twilight
တောင်လေ - south wind
တိမ်မျှင် - cirrus
တိမ်ထူသော/မိုးအုံ့သော - cloudy
တိုက်မြဲလေ - prevailing wind
တိမ်လွှာ - stratus
တိမ်ပြေး - scud
တစ်နာရီ(၂၂)မိုင်မှ (၂၅)မိုင်နှုန်းတိုက်လေပြင်း - strong breeze
တိမ်မည်းတိမ်ညိုများဖုံးလွှမ်းညှို့မှိုင်းနေသောကောင်းကင် - overcast shower
ထစ်ချုန်းမိုး - thunder shower
နေ၀င်ချိန် - sunset
နေထွက်ချိန် - sunrise
နေနာရီ - sun-dial
နှင်းကျသော - snowy
နှင်းမုန်တိုင်း - snow storm
နှင်းစိုထိုင်းစတိုင်းကိရိယာ - dew-cell humidity meter
နွေဥတု - summer, hot season
နွေအကုန် - end of the summer
နေသာသော - sunny
နွေလယ် - mid summer
နွေဦးရာသီ - spring
နွေမုတ်သုံ - summer monsoon
နွေဦးရာသီ၊ မတ်လ(၂၁)ရက် ပတ်ဝန်းကျင် မိန်ရာသီ - vernal equinox
ပူအိုက်သော - hot
ပူလှောင်လှောင်ဖြစ်သော - stuffy
မိုး - rain
မိုးစွေကာလ - rain spell, wet spell
မိုးချုန်းသံ - thunder
မိုးရေချိန် - rainfall
မိုးကြိုးပစ်သံ - thunder clap
မိုးရွာခြင်း - rain fall
မိုးပေါက်မိုးရေစက် - rain drop
မိုးဦး - early rains
မိုးဦးကျ - first shower, beginning of the rain
မိုးများသော - rainy
မိုးရာသီ - rainy season
မိုးကုန်ဆောင်းကူးရာသီ - autumn
မိုးသား - dark rain cloud
မိုးခေါင်ရာသီဥတု - drought
မုတ်သုံလေ - monsoon wind
မုတ်သုံရာသီ -monsoon
မိုးသားကင်းစင်သောကောင်းကင်ပြင် - clear sky
မိုးတိမ် - nimbus
မိုးဖွဲ - fine rain
မိုးခေါင်သော - rainless, drought
မိုးသက်မုန်တိုင်း - tempest
မုန်တိုင်း - storm
မိုးပြေး - sudden squall, passing shower
မိုးနှောင်း - close of the rains
မိုးလေ၀သရဟတ် - weather vane
မိုးလေ၀သ - climate
မိုးလေ၀သခန့်မှန်းချက် - weather forecast
မိုးရေချိန်တိုင်းကိရိယာ - rain gauge
မိုးလေ၀သအစီရင်ခံချက် - weather report
မိုးလယ် - middle of the rainy season, intermediate showers
မြူဆိုင်းသော - foggy
မြေပြိုခြင်း - landslide
မြောက်လေ - north wind
ရေကြီးခြင်း - flood
ရေ၀ဲ - whirl pool
ရေငွေ့၊ မိုးငွေ့တိုင်း ကိရိယာ - hygrometer
ရေငွေ့ - vapour
ရာသီလေ - seasonal wind, periodic wind
ရာသီဥတုဆိုးရွားပြင်းထန်မည့် အရိပ်လက္ခဏာများ - threatenings
ရောင်ပြေးတိမ် - iridescent cloud
ရုတ်ခြည်းကျရောက်သောလေပြင်း - squall
(အမြဲတည်ရှိသော)လေ - air
လေရဟတ် - wind vane, wind mill
လေတိုက်နှုန်းအား - wind force
(လှုပ်ရှားတိုက်ခတ်သော)လေ - wind
လေပြေလေညင်း - breeze
လေစိမ်းတိုက်သော - draughty
လေ၀ဲ - air pouch
လေထန် - moderate gale
လေဖိအားတိုင်းကိရိယာ - barometer, weather glass
လေတိုက်နှုန်းတိုင်းကိရိယာ - anemometer
လေနီကြမ်း - violent wind
လေပြင်း - fresh gale
လေမုန်တိုင်း၊ ဆိုင်ကလုံးမုန်တိုင်း - cyclone hurricane, typhoon
လေကြောင်းပြကြက်ရုပ် - weather cock
လေညင်း - zephyr
လေပွေ - revolving storm
လေပြည် - gentle breeze
လေပြည်အေး - cold breeze
လေဆင်နှာမောင်း - dragon-twist, twister
လေစိုင်အေး - cold air mass
လေစိုင်နွေး - warm air mass
လေပွေမုန်တိုင်း - whirl wind
လှိုင်းထန်ထကြွနေသောရေမျက်နှာပြင် - turbulence
လျှပ်စီးလက်ခြင်း - lighting
ဝင်ရိုးစွန်းလေ - polar wind
ဝင်ရိုးစွန်းလေတိုက်ခတ်ရာနယ်နိမိတ် - polar front
သက်တန့် - rainbow
သမရာသီဥတု -moderate climate
အရှေ့လေ - east wind
အနောက်လေ - west wind
အပူဆ - specific heat
အပူချိန်တိုင်းကိရိယာ - thermometer
အပူချိန်မှတ်တမ်းဇယား - thermograph
အရည်ဖိအားတိုင်းကိရိယာ - hydrometer
အပူပိုင်းဒေသလေတိုက်ခတ်မှုအခြေအနေများ - variables
အေးမြသော - cold
ဥတု၊ ရာသီ - season

ဖေဖေပေးခဲ့မယ့်အမွေများ-၆


ချေးငှားခြင်း

တိုရန်တိုက ဖေဖေ့မိတ်ဆွေတစ်ဦး မကြာမီကလေးက ဖေဖေ့ဆီလာလည်တယ်ကွယ့်။ ဒီလိုမလာခင် ကလေးမှာပဲ သူဟာ အကြီးအကျယ်စီးပွားပျက်သွားခဲ့တယ်။ သူ့မှာ သူပိုင်ပစ္စည်းဆိုလို့ ငွေအနည်းအကျဉ်းနဲ့ ပေါင်နှံထားတဲ့ အိမ်တစ်လုံးပဲ ရှိတယ်။ သူ့ရဲ့ ငွေကြေးဥစ္စာတွေ ကုန်းကောက်စရာ မရှိလောက်အောင် ဆုံးရှုံးသွားပေမယ့် အိမ်ပေါင်ထားတဲ့ အကြွေးကလေး အနည်းအကျဉ်းကလွဲပြီး သူ့မှာ ကြွေးမြီမရှိတော့ဘူးလို့ သူက ၀င့်ကြွားဂုဏ်ယူစွာ ကြေညာခဲ့တယ်။ ဒါဟာ ချီးကျူးဂုဏ်ပြုစရာ ကောင်းလောက်တဲ့ အနေအထားမျိုးပဲ။ သူ့မှာ စိတ်ငြိမ်းချမ်းမှု ရှိတယ်လေ။
ဖေဖေတို့ရဲ့ လက်ရှိလူ့အဖွဲ့အစည်းဟာ ကြွေးဝယ်ကတ်ပြားစနစ်ပေါ် အခြေပြုထားတယ်နော်။ ကြွေးဝယ်ကတ်ပြားစနစ်က သုံးစွဲရလွယ်တယ်။ ကရိကထမများဘူး။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဧည့်ခံ ဖျော်ဖြေမှုတွေအတွက် အသုံးတည့်တယ်။ ဒါပေမယ့် အချိန်မီ ငွေမသွင်းနိုင်ရင်တော့ ပေးရမယ့် အတိုးနှုန်းက မြင့်တယ်။ ဒါကြောင့် ပေးချေစရာရှိတဲ့ ငွေတောင်းခံလွှာအားလုံးကို အချိန်မီ ပေးသွင်းတတ်အောင် အကျင့်လုပ်ပါ။
မဆင်မခြင်ဈေးဝယ်တာကို တားဆီးဖို့အတွက် ကြွေးဝယ်ကတ်ပြားနဲ့ မ၀ယ်ဖြစ်အောင် ကြိုးစားပါ။ ကြွေးဝယ်ကတ်ပြားနဲ့ ဈေးဝယ်ရတာ သိပ်လွယ်ကူလွန်းတယ်။ ပစ္စည်းတစ်ခုကို ကောက်ကာငင်ကာ မ၀ယ်ဖြစ်အောင် အားထုတ်။ ဆုံးဖြတ်ချက်ချဖို့ကို ရက်အနည်းငယ်လောက် အချိန်ပေးပြီး စဉ်းစား။ အဲဒီလောက် ကြာသွားတဲ့အခါကျ ၀ယ်ချင်စိတ်မရှိတော့ဘဲ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။
အိမ်ရာခြံမြေတွေထဲမှာ ရင်းနှီးမြှုပ်နှံပါ။ အဲဒီ ရင်းနှီးမြှုပ်နှံမှုဟာ မြိုးမြိုးမြက်မြက်အမြတ်ရဖို့ အသေချာဆုံး နဲ့ စိတ်အချရဆုံးပဲ။ ဘိုးဘွားပိုင် မြေပေါ်က အဆောက်အအုံမျိုးကို ၀ယ်နိုင်အောင် ကြိုးစား။ ကမ္ဘာပေါ်မှာ လူဦးရေက တစ်နေ့တစ်ခြား တိုးပွားလာနေတယ်။ ဒါပေမယ့် မြေအကျယ်အ၀န်းက ဒီအတိုင်းပဲ ရှိနေတယ်။ လူတိုင်းလူတိုင်း အိမ်တစ်လုံးတော့ လိုတာပဲ။ စင်ကာပူမှာရှိတဲ့ အိမ်ရာခြံမြေတွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းကထက် ၁၀၀၀% တန်ဖိုး တက်သွားတယ်။ ပြည်ပမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် တည်ငြိမ်မှုရှိတဲ့နိုင်ငံတွေ၊ ဒါမှမဟုတ် စွမ်းရည်ထက်မြက်တဲ့ အစိုးရတွေ အုပ်ချုပ်နေတဲ့ နိုင်ငံတွေကို သွားပါ။ ရင်းနှီးမြှုပ်နှံဖို့အတွက် ငွေကြေးချေးငှားရမယ်ဆိုရင် အနိမ့်ဆုံးငွေကြေးပမာဏကိုပဲ ယူပါ။ အမြင့်ဆုံးငွေကြေးပမာဏကို ယူဖို့ မကြိုးစားပါနဲ့။
ငွေကြေးချေးငှားခြင်းဟာ ရောဂါတစ်ခု ဖြစ်သွားနိုင်တယ်။ ငွေကြေးစုလို့ဆောင်းလို့ရတာနဲ့ ချက်ချင်း ပြန်ဆပ်ပါ။
ဖေဖေ့အကြံပေးချက်ဟာ တင်းကျပ်လွန်းသယောင်ရှိကောင်းရှိမယ်။ စီးပွားရေးကျပ်တည်းတဲ့ ခေတ်ကာလတွေအကြောင်း ပြန်လှန်စဉ်းစားသုံးသပ်ကြည့်ရင် အထက်မှာ ဖေဖေပြောခဲ့တာတွေကို မင်းတို့ သတိရလိမ့်မယ်ထင်ပါတယ်။ အခွင့်အလမ်းကို ရတုန်းယူပါ။ စီးပွားရေး ကျပ်တည်းနေတဲ့ ကာလမျိုး၊ အိမ်ရာခြံမြေတွေ ဈေးကျနေတဲ့အချိန်မျိုးမှာ အိမ်ရာခြံမြေတွေကို မင်းတို့ တတ်နိုင်တဲ့ ငွေအင်အားအတွင်းက တတ်နိုင်သလောက်သာ ၀ယ်ပစ်။ အချိန်တန်ရင် တိုးပွားလာတဲ့ ဆုလာဘ်တွေကို မင်းတို့ ရလာလိမ့်မယ်။

ငွေကြေး အကြွေးမတင်ပါစေနဲ့။ မဟုတ်ရင် မင်းတို့ဟာ ငွေဝယ်ကျွန်လို ဖြစ်လာပြီး မင်းတို့ရဲ့ စဉ်းစားတွေးခေါ်မှုနဲ့ ပျော်ရွှင်မှုကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်။ ပြီးတော့ မင်းတို့ရဲ့ မိတ်ဆွေတွေတောင် ရန်သူဖြစ်သွားစေနိုင်တယ်။

ဖေဖေပေးခဲ့မယ့်အမွေများ-၅


ကောင်းချီးမင်္ဂလာများ

ဖေဖေလူငယ်ကလေးဘ၀တုန်းက တနင်္ဂနွေ ဘာသာရေးသင်တန်းမှာ ဖေဖေရရှိခံစားနေရတဲ့ ကောင်းချီးမင်္ဂလာတွေကို နာမည်တပ်ပြီး တစ်ခုချင်း ရေတွက်ပြဖို့ ခိုင်းစေတာ ခံခဲ့ရဖူးတယ် သားတို့ရေ။ ခုတော့ ဖေဖေအသက် ၄၆ နှစ် ရှိနေပြီ။ ဖေဖေရရှိခံစားခဲ့ရတဲ့ ကောင်းချီးမင်္ဂလာတွေ များလွန်းလို့ ရေတွက်လို့တောင် မရနိုင်တော့ဘူး။ အဲဒီ ကောင်းချီးမင်္ဂလာတွေကို ခံစားနိုင်အောင် အသက်ရှင်နေထိုင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်ရုံပဲ ရှိတော့တယ်။
ဖေဖေ့အမေက ဖေဖေ့ကို ပြောခဲ့ဖူးတယ်။ လူသားမျိုးနွယ်အတွက် အကြီးမြတ်ဆုံး ကောင်းချီးမင်္ဂလာ နှစ်ခုကတော့ စားသောက်နိုင်စွမ်းရှိခြင်းနဲ့ အိပ်စက်နိုင်စွမ်းရှိခြင်းပဲ။ မင်းတို့မှာ အဲဒီစွမ်းရည်နှစ်မျိုးစလုံး ရှိတာနဲ့တစ်ပြိုင်နက် မင်းတို့ဟာ ကျန်းကျန်းမာမာနဲ့ သက်တမ်းရှည်စွာနေနိုင်ပြီး လောကီစည်းစိမ်တွေကို ခံစားရမယ်တဲ့။ ဘယ်လောက်မှန်လိုက်သလဲနော်။ လူအတော်များများဟာ အိပ်ဆေး သောက်နေကြရတယ်။ သူတို့ အိပ်မပျော်ကြဘူးလေ။ အစားအစာကောင်းကောင်း မစားနိုင်တဲ့ လူတွေလည်း အများကြီး ရှိတာပေါ့ကွယ်။
၁၉၈၂ ခုနှစ်ထဲတုန်းက လာစ်ဗေးဂတ်စ်မှာ အသက် ၇၀ လောက်ရှိတဲ့ ရည်ရည်မွန်မွန် အဘွားကြီး တစ်ယောက်ကို တွေ့ခဲ့ဖူးတယ်။ သူက ကွယ်လွန်သူ ရယ်ဗလွန် အလှကုန်ပစ္စည်းတွေ စတင်ထုတ်လုပ်ခဲ့သူရဲ့ ဇနီးပေါ့။ သူဟာ ခင်မင်နှစ်လိုချစ်စရာ အကောင်းဆုံးနဲ့ သဘောကောင်း မနောကောင်း အမျိုးသမီးကြီးပဲ။ သူက ဖေဖေနဲ့ တွေ့တွေ့ချင်းပဲ ဖေဖေ့ကို ပွေ့ဖက်နှုတ်ဆက်တယ်။ ပြီးတော့ ဖေဖေနဲ့ ဖေဖေ့မိတ်ဆွေတွေအားလုံး သူ့အိမ်ကို လာလည်ဖို့ ဖိတ်ခေါ်တယ်။ သူ့အိမ်က မြေအောက်ပေ ၃၀ အနက်လောက်မှာ ဆောက်ထားတယ်။ တည်ဆောက်ခဲ့သူကတော့ ကွယ်လွန်သူ သူ့ခင်ပွန်းပဲပေါ့။
သူ့အိမ်ကိုရောက်အောင် ဖေဖေတို့ ဓာတ်လှေခါးနဲ့ ဆင်းကြရတယ်လေ။ သူ့ခြံထဲ ရောက်သွားတာနဲ့ တစ်ပြိုင်နက် ဖေဖေတို့ နိဗ္ဗာန်ဘုံကလေးတစ်ခုကို ရောက်သွားသလိုပါပဲ။ ခြံထဲမှာ ဂေါက်သီးရိုက် လေ့ကျင့်ကွင်း အသေးစားလေး တစ်ကွင်းရှိတယ်။ ဒါ့အပြင် ရေတံခွန်တွေလည်း ရှိရဲ့။ သူ့အိမ်ထဲကို လှည့်လည်ကြည့်ရှုပြီးတဲ့အခါ ဖန်သားဖလားခွက်ကြီးထဲမှာ ထည့်ထားတဲ့ အခွံမာမာနဲ့ အသီးကလေးတွေ (အားလုံးပျော့နေပြီ) တွေ့ရတယ်။ ဒါနဲ့ အဲဒီအသီးကလေးတွေက ဘာလုပ်ဖို့လဲလို့ ဖေဖေကမေးကြည့်တယ်။ အမျိုးသမီးကြီး ရှင်းပြတာက သူဟာ ကင်ဆာရောဂါကြောင့် လျှာနဲ့ လည်ချောင်းကို ခွဲစိတ်ကုသထားရတယ်တဲ့။ အဲဒီလို ခွဲစိတ်ကုသခဲ့ရတဲ့အတွက် သူ့လျှာပေါ်က အရသာခံစားတဲ့ အဖုကလေးတွေမရှိတော့ဘူးတဲ့။ ဒါကြောင့် သူဟာ ဘာကိုမှ အရသာခံလို့ မရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီတဲ့ကွယ်။ အဲဒီအခိုက်အတန့်ကလေးမှာ ဖေဖေဟာ ကောင်းကောင်းစားနိုင် သောက်နိုင်၊ အရသာခံနိုင်တဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်။ စဉ်းစားကြည့်ကြစမ်း။ ဒီအမျိုးသမီးကြီးဟာ ကျိကျိတက်ချမ်းသာကြွယ်ဝတယ်။ ဒါပေမယ့် သူ့ခမျာ စားသောက်တဲ့အခါ ချိုချဉ်ဖန်ခါး အရသာတွေကို ခံစားလို့မရရှာတော့ဘူးလေ။
ဖေဖေတော့ ပင်ပန်းနွမ်းနယ်လာတဲ့အခါ ဖြစ်နိုင်ရန် တစ်ရေးတစ်မော အိပ်ပစ်လိုက်တာပဲ။ ဒါဟာ ဖေဖေ့ခန္ဓာကိုယ်က အနားယူဖို့ အမိန့်ပေးတာကို နာခံလိုက်တာပဲ။ မင်းတို့ ဂရုစိုက်ရမှာက နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ရေးဝအောင် အိပ်ဖြစ်ဖို့ပဲ။ အဲဒီလို အအိပ်ကို ဂရုစိုက်ရင် မင်းတို့ရဲ့ ကျန်းမာရေးနဲ့ နုပျိုလန်းဆန်းမှုကို ထိန်းထားနိုင်လိမ့်မယ်။ ဖေဖေ့မိတ်ဆွေ တချို့ကပြောကြတယ်။ သူတို့တစ်နေ့ကို နှစ်နာရီကနေ လေးနာရီလောက်ပဲ အိပ်ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ ကျန်းမာရေးက ဒေါင်ဒေါင်မြည် နေတာပဲတဲ့။ ဖေဖေကတော့ သူတို့ပြောတာကို လက်မခံဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ မကြာခင်အတွင်း အနာရောဂါတွေကို မခုခံမကာကွယ်နိုင်တော့ဘဲ အရုပ်ကြိုးပြတ်ဖြစ်သွားကြလိမ့်မယ်။ စက်ယန္တရားတွေတောင် အနားပေးဖို့နဲ့ ကြံ့ခိုင်ရေးလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ သတိရပါ။ အဲဒီလိုမှ မလုပ်ရင် အဲဒီစက်ယန္တရားတွေ ပျက်စီးကုန်မှာပေါ့။ ဆေးရုံတက်တယ်ဆိုတာ ငွေကုန်ကြေးကျ များတဲ့ကိစ္စ။ နောက်ပြီး စောစောစီးစီးသေတယ်ဆိုတာ အလွန်အင်မတန် နှမြောစရာကောင်းတဲ့ကိစ္စ။ ဒီတော့ သင့်တင့်လျောက်ပတ်စွာ အိပ်ဖြစ်အောင် ဂရုစိုက်ပါ။ ဖြစ်နိုင်ရင် ညဥ့်နက်သန်းခေါင်ထိ နေတာမျိုးကို ရှောင်ကြဉ်ပါ။
ဒါကြောင့် အစားအသောက်ကို သင့်တင့်မျှတစွာ စားသောက်ပါ။ ပြီးတော့ အိပ်ရေးဝအောင် အိပ်ပါ။

မင်းတို့ရဲ့ ဘ၀နဲ့ မိသားစုသက်တမ်းကို ဆွဲဆန့်နိုင်ဖို့ သင့်တင့်စွာ၊ ငြိမ်းချမ်းစွာ၊ ချမ်းသာသုခ ပြည့်စုံစွာ စားပါ၊ အိပ်ပါ။

Tuesday, June 10, 2008

မဲဇာတောင်ခြေ - လက်ဝဲသုန္ဒရ


မဲဇာတောင်ခြေ
လက်ဝဲသုန္ဒရအမတ်ကြီး

မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မြွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမြှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်။ ။ ရွှေပြည်ဌာန ဝေးသောကြောင့်။

သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တို့အောင်ခွင်ဝယ်၊ ရေရှင်ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီးဆိတ်ညံ၊ ဆီးကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမြော်ပါရ၊ နေကိုတလည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်။ ။ လေပြည်လာက အေးသောကြောင့်။

ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းယှက်၍၊ ၀န်းကာဝှေ့သည်၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရော၊ မိုးမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝန်မထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရေလှည့်လည်၊ တလျက်မည်သည်။ ။ နေခြည်ဖြာမှ နွေးသောကြောင့်။

MEZA HILL
Letwe Thondara (f 1752 – 1783)

Meza Hill. Swift-flowing river waters wash its encircling beaches.
From this dense forest, my thoughts turn to the Golden City.
On the heights of the Victory Soil the shrines that our Ancestor built thrust skyward in a swell and spill of radiant glory.
Lamp of the World, bright with the six colors, the Cave Temple, Shwe Lin Bin, the Golden Lion Shrine, the Golden Temple, flash like lightning.
In my desire to see these shrines and the Golden Palace, I am deceived by my imagination.
I say: here the city, there the shrines, this the palace.
For the Golden City is far away.

Our down river home is pleasant with sand beaches and moving waters.
It is as far as another world.
Here, the brown river Meza flows through a silent forest of tall trees and impenetrable thickets.
Mist and vapors hide the north star from my gaze.
I do not know where to look for the sun, not knowing east, west, north, or south.
My breath falters often as I wonder about this primordial forest.
Daily my strength fails me as I think of home.
The wind which rises in the Kinwun range grows in strength with the deep wind from the west.
For it is cold when the wind begins to blow.

Devout Meza people hold the customary festival for watering the Banyan Tree, and pray at the resplendent Cavern Shrine.
But when from Meza valley the mists rise to shroud the Hill, to darken the whole range, to mix and swirl with the mountain vapors, agitated by the wind, to drip like thickest rain, then the sun’s chariot on Yugan Hill shivers with cold.
I pray that the hours may soon complete their circle to high noon.
For it is warm only when the sun breaks through.

(ဆရာဝင်းဖေ ၏ မြကန်သာ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

ဖေဖေပေးခဲ့မယ့်အမွေများ-၎


ရိုးရိုးစင်းစင်းကျင့်ကြံနေထိုင်ခြင်း

ဖေဖေကျောင်းသားအရွယ်ကလေးငယ်ဘ၀ကတည်းက ခေါင်းထဲစွဲနေတဲ့ ဆောင်ပုဒ်ကလေး ရှိတယ်ကွယ့်။ ဖေဖေပစ္စည်းတစ်ခုခုကို လိုချင်စိတ်ပေါက်လာတိုင်း အဲဒီဆောင်ပုဒ်ကလေးကို ကိုက်တံအဖြစ်သုံးပြီး ချင့်ချိန်တိုင်းထွာကြည့်တာ အကျိုးရှိကြောင်း တွေ့ရတယ်။

ဆုံးခန်းတိုင်အောင်သုံး၊ သုံးလို့ရအောင်ပြင်၊ အသုံးဘဲဖြစ်အောင်နေ၊ ပေးကမ်းစွန့်ကြဲ

ဆုံးခန်းတိုင်အောင်သုံး
မင်းတို့ပစ္စည်းတစ်ခုခု - ဥပမာ ဖိနပ်၊ ကွန်ပျူတာ၊ အိမ်ထောင်ပရိဘောဂ၊ ဒါမှမဟုတ် အ၀တ်အစား ၀ယ်တော့မယ်ဆိုရင် မင်းတို့မှာ ရှိပြီးသားဖြစ်တဲ့ ပစ္စည်းတွေကိုတော့ ဆုံးခန်းထိတိုင် သုံးပြီးပြီလားဆိုတဲ့ မေးခွန်းကို မေးကြည့်ပါ။ တို့တစ်တွေဟာ တို့မှာရှိပြီးသားဖြစ်တဲ့ ပစ္စည်းတွေကို သုံးလို့မရတော့တဲ့အထိ သုံးစွဲတတ်ဖို့ အကျင့်လုပ်ရမယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဆိုတဲ့ ပဂ္ဂိုလ်ကြီးတွေဟာ ပစ္စည်းအသစ်အဆန်းတွေနဲ့ ၀င့်ဝါပလွှားမှု မလုပ်ကြတာ ဘာကြောင့်လဲလို့ မင်းတို့ တစ်ခါတစ်လေ မအံ့သြမိကြဘူးလား။ ရှေးဆန်တဲ့လူတွေဟာ အမြဲတမ်းတသမတ်တည်း ချမ်းသာ ကြွယ်ဝနေကြပြီး ၀င့်ဝါပလွှားသူတွေကတော့ အနှေးနဲ့အမြန် ဆင်းရဲမွဲတေ သွားကြတာ မကြာခဏ တွေ့ရတယ်လေ။

သုံးလို့ရအောင်ပြင်
လူအတော်များများဟာ သူတို့ရဲ့ပစ္စည်းအဟောင်းတွေကို လိုအပ်သလို နည်းနည်းပါးပါးပြင်လိုက်ရင် ပြန်သုံးလို့ ရနိုင်သားနဲ့ အဲဒီပစ္စည်းအဟောင်းတွေကို လွှင့်ပစ်ပြီး အသစ်တွေကို ၀ယ်တတ်ကြတယ်။ ဂျပန်ပြည်က ကုန်တိုက်ကြီးတွေရှေ့မှာဆိုရင် ရဲတပ်ဖွဲ့က နောက်မှလာပြီးသိမ်းဖို့ စာကပ်ထားတဲ့ စက်ဘီးတွေကို မြင်တွေ့ရတာ သမားရိုးကျမြင်ကွင်းဖြစ်နေပြီ။ လူတွေက စက်ဘီးအသစ်တွေ ၀ယ်ပစ်လိုက်ကြတာပဲ။ ပြီးတော့ စီးမယ်ဆို စီးလို့ရနိုင်သေးတဲ့ စက်ဘီးအဟောင်းတွေကို စွန့်ပစ်ခဲ့ကြတယ်လေ။ အဲဒါဟာ ဖြုန်းတီးမှုသက်သက်ပဲ။ တို့တစ်တွေအနေနဲ့ တို့မှာရှိထားတဲ့ ပစ္စည်းတွေကို တန်ဖိုးထားထိန်းသိမ်းပြီး ပြင်လို့ရသလောက် ပြင်ပြီးသုံးဖို့ အကျင့်လုပ်ကြရမယ်။

မသုံးဘဲဖြစ်အောင်နေ
လူများစုဟာ စိတ်နောက်ကိုယ်ပါ မဆင်မခြင် ၀ယ်နေတတ်ကြတယ်။ ရလဒ်ကတော့ သူတို့မသုံးတဲ့ ပစ္စည်းတွေ သူတို့လက်ထဲမှာ သောင်တင်နေတာပဲပေါ့။ ဒီတော့ ပစ္စည်းတစ်ခုခုမ၀ယ်မီ ဒီပစ္စည်းကို မင်းတို့ တကယ်လိုအပ်ရဲ့လားဆိုတာ ဆန်းစစ်ကြည့်ရမယ်။ တကယ်လို့ အဲဒီပစ္စည်းမရှိလည်း သက်တောင့်သက်သာ နေလို့ထိုင်လို့ရနိုင်တယ်ဆိုရင် မ၀ယ်ဘဲနေပါ။ အဲဒီပစ္စည်းကို မသုံးဘဲ ဖြစ်အောင်နေပါ။

ပေးကမ်းစွန့်ကြဲ
အစားထိုးပစ္စည်းတွေ ၀ယ်ယူမည့်အစား လိုအပ်နေသူတစ်စုံတစ်ဦးကို ပေးကမ်းစွန့်ကြဲဖို့ စဉ်းစားပါ။ ဆင်းရဲနွမ်းပါးသူများကိုကြည့်တဲ့ မင်းတို့ရဲ့ မျက်လုံးတွေနဲ့ နှလုံးသားမှာ ကရုဏာတရားပြည့်လျှမ်း နေရမယ်။ ကလေးများ ဂေဟာကို သွားကြည့်ပါ။ ကလေးသူငယ်တွေနဲ့ စကားစမြည်ပြောကြည့်ပါ။ မင်းတို့ဘယ်လောက် ကံကောင်းတယ်ဆိုတာ သဘောပေါက်လာလိမ့်မယ်။ မင်းတို့မှာ ပိုနေတဲ့ပစ္စည်း ဒါမှမဟုတ် မလိုချင်တော့တဲ့ ပစ္စည်းတွေကို ပေးကမ်းစွန့်ကြဲပါ။ သေသေချာချာဆန်းစစ်ပြီး ပေးကမ်းစွန့်ကြဲတဲ့ ပညာကို တတ်သွားရင် မင်းတို့ဟာ လူ့လောကမှာ နေရတာ ကျေနပ်နှစ်သိမ့်စရာ ကောင်းတဲ့လူတွေ ဖြစ်လာလိမ့်မယ်။

ဝင့်ဝါမောက်ကြွားမှုကင်းစွာနဲ့ ရိုးရိုးစင်းစင်း ကျင့်ကြံနေထိုင်ပါ။
ဆင်းရဲနွမ်းပါးသူတွေကို ညှာတာထောက်ထားပါ။ အဲဒီအခါ မင်းတို့ဘ၀မှာ ဖူးပွင့်လန်းဆန်းလာတဲ့ နှလုံးသားနဲ့ စိတ်ထားဟာ စစ်မှန်ပြီး ကျေနပ်နှစ်သိမ့်စရာကောင်းတဲ့ လှပတင့်တယ်မှုတွေနဲ့ ထုံမွှမ်းနေလိမ့်မယ်။

ဖေဖေပေးခဲ့မယ့်အမွေများ-၃


နှစ်လိုဖွယ်ကောင်းခြင်း
တို့တစ်တွေ လူစုလူဝေးတစ်ခုထဲမှာ လူတွေကို တွေ့ကြဆုံကြရတယ်။ ခဏတစ်ဖြုတ်လောက် နေပြီးတာနဲ့ တချို့လူတွေကို သဘောကျသွားတယ်။ ခင်မင်နှစ်သက်သွားတယ်။ တချို့လူတွေကိုတော့ သဘောမကျဘူး။ မခင်မင် မနှစ်သက်ဘူး။ ဒါသဘာဝပဲ။ တချို့လူတွေက မိတ်ဆွေအပေါင်းအသင်း ဖြစ်ဖို့ အရမ်းလွယ်တယ်။ အဲဒီလို လူမျိုးတွေကို တို့တစ်တွေ ခင်မင်နှစ်သက်သွားတာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့ အပြုံးတွေ၊ သူတို့ရဲ့ အကြင်နာ ကိုယ်နှုတ်အမူအရာကလေးတွေနဲ့ သူတို့ရဲ့ ချိုသာမှုကလေးတွေကြောင့်ပဲပေါ့။ အဲဒီလိုလူမျိုးတွေ ကိုယ့်ဝန်းကျင်မှာ အမြဲရှိနေရင် သိပ်ကောင်းတာပေါ့ကွယ်။ တို့တစ်တွေလည်း သူတို့လို ခင်မင်နှစ်လိုဖွယ်ကောင်းသူတွေ ဖြစ်နိုင်မယ် ဆိုရင် အတိုင်းထက်အလွန်ပေါ့။
အောက်မှာ ဖော်ပြထားတဲ့ ဂုဏ်အင်္ဂါရပ်တွေကို ပြုစုပျိုးထောင်နိုင်မယ်ဆိုရင် ကောင်းလိမ့်မယ်လို့ ဖေဖေ ယူဆတယ်ကွယ့်။
- အ၀တ်အစားကို သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျ ၀တ်စားဆင်ယင်ပါ။ ကိုးရိုးကားရား အ၀တ်အစားတွေ မ၀တ်ဆင်ပါနဲ့။
- ဆံပင်တိုတိုထားပါ။ ဆံရှည်ကိုယ်တော်တွေကျတော့ ဂျစ်တီးဂျစ်ကန်လူ၊ သေသေသပ်သပ် မရှိတဲ့လူဆိုတဲ့ ပုံရိပ်မျိုး ဖြစ်ပေါ်စေတယ်။ နောက်ပြီး တာဝန်မဲ့တဲ့လူ၊ ကိုယ်ကျင့်တရား ပျက်ပြားနေတဲ့လူလို့တောင် ထင်မြင်သွားစေနိုင်တယ်။
- မင်းတို့ကိုယ်က သင်းရနံ့ကလေး ထွက်နေရင် မဆိုးဘူး။ ချွေးနံ့ပျောက်ဆေး ဒါမှမဟုတ် အနံ့မပြင်းတဲ့ ရေမွှေးဆွတ်ပါ။ ဟောင်စော်နံနေတဲ့ လူတစ်ယောက်ဟာ ဘယ်သူ့ကိုမဆို စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ နည်းနည်းလေး ကရိကထခံပြီး မင်းတို့ကိုယ်မင်းတို့ လတ်ဆတ်ပြီး ရနံ့ကလေးသင်းနေအောင် လုပ်ကြပါ။ ကောင်းတာကတော့ ဘယ်ပွဲလမ်းသဘင်ကိုပဲ သွားသွား၊ မသွားခင် စိတ်ကြိုက်ရေမိုးချိုးသန့်စင်ပြီးမှ သွားပါ။ အဲဒီလို လုပ်ဆောင်ခြင်းဟာ မင်းတို့ကိုယ်မင်းတို့လည်း ဂရုစိုက်တယ်။ တခြားလူတွေ စိတ်ကသိကအောက် မဖြစ်အောင်လည်း ဂရုစိုက်တယ်လို့ ပြသရာရောက်တဲ့အထိ တာသွားပါတယ်။
- လှိုက်လှိုက်လှဲလှဲပြုံးပါ။ မျက်မှောင်ကြုတ်ရတာ ပိုပြီးခက်ပါတယ်။ မျက်နှာသေကြီးနဲ့ လူတစ်ယောက်ကို ဘယ်သူမှ အပေါင်းအသင်း မလုပ်ချင်ကြဘူး။
- စကားကို ရှင်းရှင်းလင်းလင်းနဲ့ လိုရင်းကိုပဲပြောပါ။ လေကြောရှည်မှုကို ရှောင်ပါ။ ယဉ်ကျေးဖွယ်ရာ စကားပြောပါ။ မင်းတို့ရဲ့ စကားတွေထဲမှာ “ကျေးဇူးအများကြီးတင်ပါတယ်”၊ “တယ်ဟုတ်ပါလား”၊ “ခွင့်ပြုပါနော်”၊ “တစ်ဆိတ်လောက်”၊ “သတိထားနော်”၊ “သိပ်ကောင်းတာပေါ့” ဆိုတဲ့ စကားတွေအပြင် တခြားအကောင်းမြင် စကားလုံးတွေသုံးပြီး ဖွယ်ဖွယ်ရာရာ ဖြစ်အောင်ပြောပါ။
- တခြားလူတွေနဲ့ စကားပြောတဲ့အခါ သူတို့ရဲ့မျက်လုံးကို တည့်တည့်ကြည့်ပြီးပြောပါ။ မျက်နှာကြက်ကို မော့ကြည့်ရင်း ပြောတာတို့၊ ကြမ်းပြင်ကို ငုံ့ကြည့်ပြီး ပြောတာတို့ မလုပ်ပါနဲ့။ မဟုတ်ရင် မင်းတို့မှာ မျက်စိရောဂါတစ်ခုခု ရှိနေတယ် ဒါမှမဟုတ် ရူးကြောင်ကြောင် ဖြစ်နေတယ်လို့ သူတို့က ထင်သွားလိမ့်မယ်။
- စိတ်ရင်းမှန်နဲ့ ချီးမွမ်းပါ။ မင်းတို့ကို ဖိတ်ခေါ်တဲ့ အိမ်ရှင်တွေ၊ ဒါမှမဟုတ် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပတ်သက်တဲ့ ကောင်းကွက်လေးတွေကို ရှာကြံပြီး ပြောပါ။ ဒါဆိုရင် သူတို့ရဲ့ ကောင်းကွက်တွေကို အသိအမှတ်ပြုတဲ့လူရှိသားပဲ။ သူတို့ကို ချီးမွမ်းတဲ့သူရှိသားပဲ ဆိုပြီး သူတို့ ကျေးဇူးတင်ဝမ်းမြောက်ကြလိမ့်မယ်။
- ဘယ်သူနဲ့ပဲတွေ့တွေ့ အရင်စပြီး နှုတ်ဆက်သူက မင်းတို့ ဖြစ်ပါစေ။ တခြားလူတွေကို ဘယ်လို လှိုက်လှဲပျူငှာ နှုတ်ဆက်ရမယ်ဆိုတာ သိနေတဲ့လူတွေ ရှိနေရင် ဒီကမ္ဘာလောကကြီးဟာ ပိုပြီး နေချင်စဖွယ်ကောင်းတဲ့ ကမ္ဘာကြီး ဖြစ်လာမှာအမှန်ပဲ။
- ဘယ်သူ့ကိုမဆို ကူညီဖို့ အသင့်ဖြစ်နေပါ။ လက်မတွန့်ပါနဲ့။ လောကမှာ ကောင်းတဲ့ အပြုအမူလေးတွေ ပြုလုပ်ဖို့ အခွင့်အလမ်းကလေးတွေ အမြဲတမ်းရှိနေပါတယ်။
လူတွေက မင်းတို့ကို ခင်မင်နှစ်လိုလာပြီဆိုရင် မင်းတို့ဟာ အောင်မြင်မှုလှေကားမှာ လှေကားထစ် နည်းနည်းလောက် တက်လှမ်းရောက်ရှိနေပြီလို့ ဆိုရမယ်။

နှစ်သက်သဘောကျခံရခြင်းဆိုတာ မုန်းတီးရွံရှာခံရခြင်းနဲ့ ပြောင်းပြန်ဖြစ်တယ်။
ဒီတော့ တို့တစ်တွေ အမုန်းမခံချင်ရင် အခင်မင်ခံရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို
လေ့လာဆည်းပူးရမယ်။ တကယ်လို့ တို့တစ်တွေ အားထုတ်ကြိုးစားမယ်ဆိုရင်
ချစ်သူခင်သူ ပေါလာအောင် လုပ်ဖို့ဆိုတာ မခဲယဉ်းပါဘူး။

Monday, June 09, 2008

ဖေဖေပေးခဲ့မယ့်အမွေများ-၂


ဒေါသ
ဒေါသက သာမန်အသိဉာဏ်ကို “ကန်း”သွားစေတယ်။ သမိုင်းဝင်ဘေးဒုက္ခဆိုးကြီးတွေ ကျရောက်မှု အတော်များများကို တကယ်တမ်း ရှောင်ကွင်းမယ်ဆို ရှောင်ကွင်းလို့ရတာပေါ့ကွယ်။ ဒေါသထွက်နေတဲ့ အခိုက်အတန့်အတွင်း လှုပ်ရှားလုပ်ဆောင်မှုတွေက ပြန်ပြင်လို့မရလောက်တဲ့ ဆုံးရှုံးပျက်စီးမှုတွေကို ဖြစ်ပေါ်စေတာပေါ့။
ဒေါသဟာ မင်းတို့ရဲ့ ကျန်းမာရေးအတွက်လည်း မကောင်းဘူး။ ဒေါသကြီးတဲ့လူတစ်ယောက်ဟာ ဟောင်စော်နံနေတဲ့ တိရစ္ဆာန်တစ်ကောင်နဲ့ အတူတူပဲ။ လူတွေဟာ သူ့အနားက ခွာသွားကြလိမ့်မယ်။ အဲဒီလို လူစားတွေဟာ သာမန်အားဖြင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ သွေးတိုးရောဂါကို ခံစားကြရတတ်တယ်။
ဘာပဲဖြစ်ဖြစ်၊ တစ်ခါတစ်လေမှာတော့ တို့တစ်တွေ ဒေါသမထွက်ဘဲ မနေနိုင်ကြဘူး။ အဲဒီလို ဒေါသမထွက်ဘဲ မနေနိုင်တဲ့ အခိုက်အတန့်မျိုး ကြုံလာပြီဆိုရင် အောက်ပါကုစားနည်းကလေးတွေ သုံးကြည့်ပါလို့ ဖေဖေ အကြံပေးပါရစေ။
-အဲဒီလိုအခြေအနေမျိုးကို မလွှဲသာမရှောင်သာ ကြုံလာရပြီဆိုရင် အဲဒီနေရာကနေ အမြန်ထွက်ခွာသွားပြီး ဘုရားသခင်ထံမှာ ၀တ်ပြုဆုတောင်းလိုက်ပါ။ မင်းတို့ကို ကူညီစောင့်ရှောက်ဖို့နဲ့ သည်းခံစိတ်ကို ပေးသနားဖို့ ဘုရားသခင်ထံမှာ တောင်းခံပါ။
-မင်းတို့ယုံကြည်စိတ်ချပြီး အကြံကောင်းဉာဏ်ကောင်းပေးလေ့ရှိသူ တစ်ဦးကိုရှာပါ။ အကြံဉာဏ်ကောင်း
ပေးသူတွေရဲ့ အလယ်မှာနေရင် အန္တရာယ်ကင်းတယ် ဆိုတဲ့ ဆိုရိုးစကား ရှိတယ်လေ။
-တစ်နေရာရာကို သွားပြီး ကစားပွဲတစ်ခုခု နွှဲပစ်လိုက်ပါ။ ဒါမှမဟုတ် တူရိယာပစ္စည်းတစ်ခုခုကို တီးမှုတ်နေလိုက်ပါ။ အဲဒီနည်းတွေက မင်းတို့ရဲ့ ဒေါသစိတ်ကို ပြေပျောက်စေလိမ့်မယ်။
- ရေကို တစ်ဝကြီးချိုးပစ်လိုက်ပါ။ အညစ်အကြေးအားလုံးကို ဆေးကြောသန့်စင်ပစ်လိုက်ပါ။ မင်းတို့စိတ် ပေါ့ပါး လန်းဆန်းလာလိမ့်မယ်။
-နော်မန် ဗင်းဆင့်ပီးလ်၊ ဒါမှမဟုတ် ရောဘတ် အိပ်ခ်ျရှူလာ ရဲ့ ဂန္ထ၀င်မြောက် စာအုပ်တွေထဲက အခန်းတစ်ခန်းလောက် ဖတ်လိုက်ပါ။ သူတို့ရဲ့ စာတွေက ရင်ကို အေးမြစေတယ်။ ပြီးတော့ မြင့်မြတ်တဲ့ စာနာနားလည်မှုအကြောင်း၊ မေတ္တာတရားအကြောင်းတွေနဲ့ ထုံမွှမ်းနေတယ်။ အဲဒီစာတွေကို ဖတ်ရုံလောက်နဲ့ မင်းတို့ရင်ထဲက တင်းမာမှုတွေ လျော့ပါးသွားလိမ့်မယ်။
-ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ဆန်ဆန် ချရတော့မယ်ဆိုရင်တောင် တစ်ထိုင်တည်း မဆုံးဖြတ်လိုက်လေနဲ့။ ၀တ်ပြုဆုတောင်းဖို့နဲ့ ဒေါသတွေပြေပျောက်သွားအောင် အနည်းဆုံး ခုနစ်ရက် အချိန်ယူပါ။ အဲဒီလို အချိန်ယူလိုက်တဲ့အတွက် မင်းတို့ ၀မ်းမြောက်ရမှာပါ။
-ဘိုးဘွားရိပ်သာ၊ ဒါမှမဟုတ် မိဘမဲ့ကလေးများကျောင်းကို သွားပြီး ကူညီပါ။ အောက်ခြေသိမ်း အလုပ်တွေကို လုပ်ပါ။ မင်းတို့နဲ့ အနီးဆုံး ဆေးရုံက အချိန်ပြည့် အနီးကပ်စောင့်ကြည့်လူနာခန်းကို သွားကြည့်ပါ။ အဲဒီအခါကျ မင်းတို့ ဘယ်လောက်ဘ၀အကျိုးပေးကောင်းတယ်ဆိုတာ သဘောပေါက်လာလိမ့်မယ်။ အဲဒီခါကျ မင်းတို့ လူ့လောကကြီးမှာဆက်ပြီး အသက်ရှင်နေထိုင်ချင် လာလိမ့်မယ်။ တခြားလူတွေက သေခြင်းတရားကို ငံ့မျှော်နေရတဲ့အချိန်၊ ဒါမှမဟုတ် သူတို့ရဲ့ ခန္ဓာကိုယ်တွေပေါ်မှာ ခွဲစိတ်ကုသမှုကို စောင့်စားနေရတဲ့ အချိန်မှာ မင်းတို့က ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေထိုင်ခွင့်ရတာကို ၀မ်းမြောက်ဝမ်းသာဖြစ်လာလိမ့်မယ်။

မင်းတို့ ပျော်ရွှင်နေရင် ဒေါသထွက်ခဲမယ်။ ဒီလိုမှမဟုတ်ဘဲ ဒေါသထွက်နေပြီဆိုရင်တော့ မင်းတို့ စိတ်အစာ ဆာလောင်မွတ်သိပ်နေပြီ၊
စိတ်အဆာ ပြန်လည်ဖြည့်ဆည်းပေးဖို့နဲ့ စိတ်ကို ဆုံးမပဲ့ပြင်ပေးဖို့ လိုအပ်နေပြီလို့ သဘောပေါက်ပေတော့။
အဲဒီအခါမျိုးကျရင် သဘာဝတရားကြီးနဲ့ နီးနီးစပ်စပ်နေဖို့နဲ့ ဘုရားရဲ့ အရိပ်အာဝါသကို ခိုလှုံဖို့ ခဏတစ်ဖြုတ် အနားယူလိုက်ပါ။

Sunday, June 08, 2008

EURO2008 ပြိုင်ပွဲ


ဥရောပတိုက်က နိုင်ငံအသီးသီးရဲ့ အမှတ်ပေးပြိုင်ပွဲတွေ ရပ်နားထားချိန်မှာ ဘောလုံးပရိသတ်တွေအတွက် စောင့်ကြည့်ရင်ခုန်ရမယ့် ဘောလုံးပြိုင်ပွဲတစ်ခုကတော့ စတင်နေပြီဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြီးရင် အကျော်ကြားဆုံးပြိုင်ပွဲဖြစ်တဲ့ ဒီဥရောပဖလားဘောလုံးပြိုင်ပွဲကိုလည်း (၄)နှစ်တစ်ကြိမ်သာ ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အမှတ်ပေးပြိုင်ပွဲတွေဟာ ဥရောပက နိုင်ငံတွေရဲ့ ပြည်တွင်းပြိုင်ပွဲတွေ ဖြစ်တဲ့အတွက် အခုလို ဥရောပနိုင်ငံတွေအချင်းချင်း ပြိုင်ဆိုင်ကြမယ်ဆိုတာကလည်း အင်မတန်မှ စိတ်ဝင်စားစရာကောင်းပါတယ်။ ဆွစ်ဇာလန်နဲ့ သြစတြီးယားတို့ ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမယ့် ဒီနှစ် ဥရောပဖလား-၂၀၀၈ မှာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ကမ္ဘာ့ဘောလုံးပရိသတ်အားလုံးရဲ့ အားပေးမှုအရှိဆုံး ပရီးမီးယားလိဂ်ကို ကျင်းပနေတဲ့၊ ဘောလုံးကစားနည်းရဲ့ ဘိုးအေကြီးဖြစ်တဲ့ အင်္ဂလန်အသင်း ခြေစစ်ပွဲမအောင်မြင်လို့ မပါဝင်ရတာပဲဖြစ်ပါတယ်။ အနည်းနဲ့အများဆိုသလို အင်္ဂလန်မပါတဲ့အတွက် ပြိုင်ပွဲအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် ပရီးမီးယားလိဂ်၊ အီတလီ စီးရီးအေ၊ စပိန် လာလီဂါ နဲ့ ဂျာမနီ ဘွန်ဒက်လီဂါ တို့မှာ ကစားနေကြတဲ့ နာမည်ကြီး ဘောလုံးသမား အသီးသီးဟာ မိခင်နိုင်ငံအသီးသီးကို ကိုယ်စားပြု ကစားမှာဖြစ်တဲ့အတွက် ပရိသတ်တွေအတွက်ကတော့ စောင့်ကြည့်ရမယ့် ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။
ပွဲကြို သုံးသပ်ချက်တွေ၊ ခန့်မှန်းချက်တွေအရ ဒီနှစ် ဥရောပဖလားကို သိမ်းယူနိုင်ဖို့အတွက် ဂျာမနီက ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။ ခြေစစ်ပွဲကာလတစ်လျှောက် တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် တက်ရောက်လာခဲ့တဲ့ ဂျာမနီအသင်းကို အများစုက သဘောကျနှစ်ခြိုက်ကြတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အခြားအသင်းတွေကလည်း သူ့အစွယ်နဲ့သူ လျှော့တွက်လို့ မရကြတာကို သတိထားရပါတယ်။ အနီးစပ်ဆုံးပြိုင်ပွဲဖြစ်တဲ့ ဥရောပဖလား-၂၀၀၄ မှာ မထင်မှတ်ဘဲ ဂရိက ဗိုလ်စွဲထားခဲ့တဲ့အတွက် ဥရောပပြိုင်ပွဲဟာ ခန့်မှန်းသူတွေကို မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ ပြိုင်ပွဲတစ်ခုဆိုရင်လည်း မမှားပါဘူး။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ချိန်ရွယ်နေတဲ့ စီရော်နယ်လ်ဒို နဲ့ လူငယ်ကြယ်ပွင့် နာနီတို့ ပါဝင်ကစားနေတဲ့ ပေါ်တူဂီအသင်း၊ လီဗာပူးလ်ရဲ့ အဖိုးတန်တိုက်စစ်မှူး တောရက်စ်ရဲ့ စပိန်အသင်း၊ ဂိုးသွင်းဘုရင် နစ္စရွိုင်း၊ မန်ယူရဲ့ ဗန်ဒါးဆား၊ လီဗာပူးလ်ရဲ့ ကူရစ် တို့ ပါဝင်မယ့် ဟော်လန်အသင်း၊ အွန်နရီ၊ ဂါးလက်စ်၊ ရီဘာရီ၊ လူငယ်ကြယ်ပွင့် ဘန်ဇီမာတို့နဲ့ ပွဲထွက်လာမယ့် ပြင်သစ်၊ တိုနီ၊ ဂတ်တူဆို၊ ပီယာလို၊ ဘူဖွန်၊ ဒယ်ပီယာရို စတဲ့ ကြယ်ပွင့်တွေအများကြီးနဲ့ ချီတက်လာမယ့် အီတလီ၊ ဇင်းနစ်အသင်းရဲ့ UEFA ဖလား ရရှိမှုနဲ့အတူ စိတ်ဓာတ်တက်ကြွနေတဲ့ ဟော်လန်နည်းပြ အတ်ဗိုကတ်ရဲ့ ရုရှားအသင်းတို့ဟာလည်း လျှော့တွက်လို့ မရဘဲ မထင်မှတ်တာတွေ လုပ်ပြသွားနိုင်ပါတယ်။
အဲဒီလို အမျိုးမျိုး ဖြစ်နိုင်တဲ့ကြားကပဲ ဘယ်ဘောလုံးသမားတွေ ခြေစွမ်းပြကြမလဲ၊ ဘယ်အသင်းတွေ ဗိုလ်လုပွဲကို တက်ရောက်သွားကြမလဲလို့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရင်း ဥရောပဖလားဘောလုံးပြိုင်ပွဲ(၂၀၀၈)ကို အားပေးလိုက်ကြပါစို့။

အုပ်စု (က)
ချက်
ပေါ်တူဂီ
ဆွစ်ဇာလန်
တူရကီ

အုပ်စု (ခ)
သြစတြီးယား
ခရိုအေးရှား
ဂျာမနီ
ပိုလန်

အုပ်စု (ဂ)
ပြင်သစ်
အီတလီ
ဟော်လန်
ရိုမေးနီးယား

အုပ်စု (ဃ)
ဂရိ
ရုရှား
စပိန်
ဆွီဒင်

 
Web Statistics