Monday, February 13, 2012

နာမည်မသေသော လူတစ်ယောက်အကြောင်း - ကိုဉာဏ် (ပန်းလောင်မြေ)


လူကြီးသူမတွေပြောတာ မကြာခဏ ကြားခဲ့ဖူးတယ်။
``အဲဒီကောင်ကတော့လေ... လူတောင် မသေသေးဘူး၊ နာမည်ကတော့ ရစရာ မရှိတော့ဘူး´´ တဲ့။

စာပေတွေထဲမှာ မွေ့လျော်မိတော့ ဖတ်မိတာတွေ ရှိပြန်တယ်။
``ကျားသေလျှင် သားရေကျန်ရမည်၊ လူသေလျှင် နာမည်ကျန်ရမည်´´ တဲ့။

သမိုင်းမှတ်တမ်းတွေထဲမှာ လေ့လာမိပြန်တော့လည်း သင်ခန်းစာတွေ ရပြန်တယ်။
``လူသေသွားပေမယ့် နာမည်မသေဘဲ အခုထိ တသသ ပြောနေရသူများ´´ အကြောင်းပေါ့။

နာမည်ဆိုတာ လူသားတစ်ဦးအတွက် ပညတ်တစ်ခုသက်သက်တဲ့။
ဒါပေမယ့် အဲဒီ နာမည်တွေ အကြောင်းဟာ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်။
နာမည်နဲ့ ပတ်သက်ရင် အရေးတယူ ပြုကြတယ်။
နာမည်ကျန်တယ်တို့၊ နာမည်ပျက်တယ်တို့၊ နာမည်ကြီးတယ်တို့၊ အို... စုံလို့ပါပဲဗျာ။

ကဲ... သမိုင်းဇာတ်ကွက်တစ်ခုကို ကြည့်ကြဦးစို့ရယ်။
ဒီကမ္ဘာမြေပေါ်မှာ လူသားတစ်ဦး မွေးဖွားရှင်သန်ခဲ့ဖူးတယ်။
သူလို၊ ကိုယ်လို ဘ၀ကို ဖြတ်သန်းတယ်။ ကလေးမှ လူငယ်၊ လူငယ်မှ လူလတ်ပေါ့။
အဲ... ဒါပေမယ့် သူခမြာ အသက် ၃၂ နှစ် အရွယ်မှာတော့ သေဆုံးသွားရှာတယ်။
လူ့ဘ၀ဆိုတာ ဒီလိုပါပဲ။ မွေးဖွာလာကတည်းက သေဆုံးကြဖို့ပဲ မဟုတ်လား။
ပညာရှင်တွေက ပြောကြတယ်လေ... ``ဘ၀ဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက ခရီးတစ်ခုပါ´´ တဲ့။
ဟုတ်တယ်... လူတွေ မွေးဖွားကြတယ်၊ နောက်တော့ သေဆုံးသွားကြတယ်။ ဒါသဘာဝတရားပဲလေ။
ဒါပေမယ့် အခု ကျွန်တော်ပြောနေတဲ့လူက သူများတွေနဲ့ မတူတဲ့လူ။
ဘာတွေ မတူတာလဲ?
အခု ကျွန်တော် သူ့အကြောင်းပြောနေတဲ့ အချိန်ဟာ သူ့အသက် ၉၇ နှစ်ပြည့် မွေးနေ့ ဖြစ်ရမယ့်အချိန်ပေါ့ဗျာ။
ဒါပေမယ့် အပေါ်မှာ ကျွန်တော်ပြောခဲ့သလို သူက အသက် ၃၂ နှစ် အရွယ်နဲ့ သေဆုံးသွားခဲ့ပါပြီလို့။
ခင်ဗျား.... သတိထားမိမှာပါ။ သိထားပြီးသားဖြစ်ပေမယ့် ဆက်ပြောပါရစေဦးနော်။
အသက် ၃၂ နှစ်မှာ သေဆုံးတယ်။ အခု သေဆုံးပြီးတာ ၆၅ နှစ် ပြည့်တော့မယ်။
ဒါပေမယ့် လူတွေ၊ လူတွေ၊ ကျွန်တော်တို့တွေပေါ့ဗျာ၊ ပိုရှင်းအောင်ပြောရရင် မြန်မာလူမျိုးတွေ (မြန်မာဆိုတာ ကချင်အစ ရှမ်းအဆုံး ၁၃၅ မျိုးသော လူမျိုးစုအားလုံးပါတယ်) အတွက်တော့ ဒီနေ့အထိ အဲဒီလူကို တသသ ဖြစ်နေတုန်း၊ တတမ်းတတ ဖြစ်ကြရတုန်း၊ တအောက်မေ့မေ့ ရှိနေကြတုန်း၊ တလွမ်းဆွတ်ဆွတ် ခံစားကြရတုန်း၊ တစွဲလန်းလန်း ရှိနေကြတုန်းပေါ့ဗျာ။
ဟုတ်တယ်... ကျွန်တော်တို့တွေ သူ့ကို မမေ့ကြသေးဘူး။ ရင်ထဲမှာ ရှိနေကြတုန်းပဲ။
အဘိုးလည်း သူ့ကိုချစ်တယ်၊ အဖေလည်း သူ့ကို ချစ်တယ်၊ ကျွန်တော်လည်း သူ့ကို ချစ်တယ်၊ ကျွန်တော့် သားသမီးတွေလည်း သူ့ကို ချစ်ကြဦးမှာပဲ၊ အိုဗျာ.... ကျုပ်တို့ မြန်မာပြည်ကြီး တည်ရှိနေသရွေ့ သူ့အကြောင်းပြောကြရဦးမှာ၊ သူ့ကို သတိရနေကြဦးမှာ၊ သူ့ကို တမ်းတနေကြဦးမှာ၊ အဲဒါ... မလွဲတဲ့ အမှန်တရားပဲ။
ကဲ... အဲဒီလောက်တောင် ကြီးကျယ်တဲ့၊ ခမ်းနားတဲ့၊ မြင့်မြတ်တဲ့၊ အသက် ၃၂ နှစ်ဆိုတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတဲ့ လူငယ်လေးက ဘယ်သူများပါလိမ့်။
ခင်ဗျား ဖြေတာ မှန်ပါတယ်။ ထပ်ပြီးတော့ အသံထွက်ပြီး ဖြေကြည့်ပါဦး။ သူ့နာမည်ကို ရွတ်ကြည့်ပါဦး။
သူ့နာမည်ကို ရွတ်လိုက်တဲ့ခဏမှာ ခင်ဗျားရင်ထဲကို အမျိုးအမည်မသိတဲ့ စွမ်းအားတစ်ခု ၀င်လာပါလိမ့်မယ်။ အဲဒါ အသေအချာပါ။ ရှင်းပြဖို့ မကြိုးစားနဲ့၊ နားလည်ဖို့ မကြိုးစားနဲ့။ ဒီအတိုင်းပဲ ရှိပါစေ။
ကဲ... ကျွန်တော်တို့ ပြိုင်တူ သူ့နာမည်ကို ရွတ်လိုက်ကြရအောင်...။
စမယ်.... ၁.... ၂.... ၃.....။

ဗိုလ်ချုပ် အောင်ဆန်း

ဟုတ်တယ်....
ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းဟာ... လူသာ သေသွားတယ် နာမည်တော့ ဘယ်တော့မှ သေမယ့် လူစားမဟုတ်ဘူး။
ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါ။
ငယ်ငယ်ကတည်းက နှုတ်တက်ရခဲ့တဲ့ ကဗျာလေးနဲ့ ဂုဏ်ပြုပါရစေ...။

ဖေဖော်ဝါရီ  ဆယ့်သုံးမှာ
ဗိုလ်ချုပ် မွေးနေ့ပါ။
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာ သား။
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စု သား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းဆောင်

ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား။

ကောင်းရာမွန်ရာ ရောက်နေတဲ့ ဗိုလ်ချုပ်တစ်ယောက် ကျေနပ်နိုင်ပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
ည ၈ နာရီ ၅၂ မိနစ်။

 
Web Statistics