Showing posts with label UEFA. Show all posts
Showing posts with label UEFA. Show all posts

Thursday, April 08, 2010

Champions League Quarter-finals ( 2nd leg, April 7)


ချန်ပီယံလိဂ်ကွာတားဖိုင်နယ်လ် - ၃ (ဒုတိယအကျော့)

မန်ချက်စတာယူနိုက်တက် - ဘိုင်ယန်မြူးနစ်
refereekickmanu.jpg
အင်္ဂလန်အိုးထရက်ဖို့ဒ်ကွင်းကြီးမှာ သရဲနီတွေ တကယ်ပဲ ပြန်လာနိုင်ခဲ့ပါတယ်။ ပထမအကျော့ ဘိုင်ယန်ကွင်းမှာ ကစားခဲ့တဲ့ မန်ယူအသင်းမှ ဟုတ်ပါလေစလို့ ထင်မှတ်မှားရလောက်အောင် ကစားပြသွားခဲ့ပါတယ်။ ဒီပွဲအတွက် အံ့သြစရာ လူထုတ်ပုံနဲ့ နည်းဗျူဟာချမှတ်ခဲ့တဲ့ ဖာဂူဆန်ကို မလေးစားပဲကို မနေနိုင်ပါဘူး။ ဖာဂူဆန်ရဲ့ ကစားကွက်အောက်မှာ ဘိုင်ယန်တို့ လှုပ်လို့မရအောင်ကို ဖြစ်ခဲ့ရပါတယ်။ သေချာပေါက်လွဲမယ်လို့ သတင်းထွက်နေခဲ့တဲ့ ၀ိန်းရွန်းနီ ပြန်ပါလာတဲ့အတွက် မီဒီယာတို့ အထူးအဆန်း ဖြစ်ခဲ့ရပါတယ်။ ကွင်းထဲမ၀င်မီနဲ့ ကွင်းထဲမှာ တန်းစီတဲ့အချိန်အထိ ၀ိန်းရွန်းနီဟာ ကင်မရာအားလုံးရဲ့ ပစ်မှတ်ဖြစ်နေခဲ့ရပါတယ်။ ဘိုင်ယန်ကစားသမားတွေလည်း ရွန်းနီကို မြင်လိုက်ရတဲ့အတွက် အံ့သြမှု၊ ထိတ်လန့်မှုနဲ့ ကြည့်နေခဲ့ကြတာကို ရုပ်သံထုတ်လွှင့်မှုတွေမှာ အထင်အရှား မြင်ခဲ့ရပါတယ်။ မနေ့ညကပွဲမှာ ရွန်းနီဟာ ထင်သလောက် မကစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် မန်ယူရဲ့ စိတ်ဓာတ်တွေအတွက်တော့ ရွန်းနီဟာ အခရာကျခဲ့ပါတယ်။ ကွင်းထဲမှာ ရွန်းနီရှိနေတယ် ဆိုတဲ့စိတ်ကြောင့် မန်ယူကစားသမားတွေရော၊ တစ်ကမ္ဘာလုံးက မန်ယူပရိသတ်တွေရော ကျေနပ်ခဲ့ကြရ၊ အားတက်ခဲ့ကြရတာ အသေအချာပါ။ ပွဲစပြီး မကြာခင်မှာပဲ ပေါစခိုးလ်လက်သစ်လို့ သတ်မှတ်ထားကြတဲ့ ဂစ်ဘ်ဆင်က အမှတ်မထင် ကန်သွင်းခဲ့တဲ့ဂိုးနဲ့ သရဲနီတို့ရဲ့ တိုက်ပွဲခေါ်သံ စတင်ခဲ့ပါတယ်။ ဘောလုံးကိုင်ကစားပြီး၊ အလယ်တန်းကနေ တောင်ပံတွေကို ဘောလုံးဖြန့်ကစားတတ်တဲ့ ဘိုင်ယန်တို့အတွက် လျင်မြန်မှုနဲ့ ကြံ့ခိုင်မှုအသားပေး မန်ယူအသင်းရဲ့ ကစားကွက်အောက်မှာ ပြုသမျှနုခဲ့ကြရပါတယ်။ အထူးသဖြင့် ဘယ်တောင်ပံက ရီဘာရီနဲ့ ညာတောင်ပံက ရော်ဘင်တို့ဟာ မန်ယူရဲ့ ရာဖေးလ်နဲ့ အီဗရာတို့ကို လုံးဝကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ပြောစရာဖြစ်လောက်အောင် ခြေစွမ်းပြသွားနိုင်ခဲ့တာက ညာနောက်ခံလူ ဘရာဇီးလ်လူငယ် ရာဖေးလ်ပါ။ ရီဘာရီကို ထိန်းချုပ်နိုင်ခဲ့တဲ့အပြင် တိုက်စစ်အထိပါ လျင်လျင်မြန်မြန် လိုက်ပါကစားခဲ့တဲ့ သူ့ရဲ့ကစားဟန်ဟာ ဘိုင်ယန်တို့အတွက် ထိတ်ထိတ်ပြာပြာ ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် အသက်အရွယ်နဲ့ အတွေ့အကြုံ နုနယ်လွန်းသေးတဲ့အတွက် ပရိယာယ်တွေကို သူနားမလည်နိုင်ခဲ့ပါဘူး။ လူငယ်ပီပီ အတင်းဝင်၊ အတင်းဖျက်၊ အတင်းလိုက် ကစားတတ်တဲ့ သူ့ရဲ့ကစားဟန်ဟာ တစ်ဖက်အသင်းအတွက် အကွက်ဆင်လို့ ကောင်းနေတယ်ဆိုတာ ရာဖေးလ် မသိနိုင်ခဲ့ပါဘူး။ အဲဒါကြောင့်လည်း ရာဖေးလ်နဲ့ ဘောလုံးယှဉ်လုပြီဆိုတာနဲ့ ဘိုင်ယန်အသင်းသားတွေဟာ လိုတာထက်ပိုပြီး လဲကျပြ၊ အော်ဟစ်ပြ၊ ပြစ်ဒဏ်တောင်းကြ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ရွန်းနီရဲ့ နာနေတဲ့ ညာခြေထောက်ကို တမင်တကာကို သိသိသာသာကြီး ကန်နေခဲ့တဲ့ ဘိုင်ယန်နောက်ခံလူရဲ့ လုပ်ရပ်ကို ရုပ်သံထုတ်လွှင့်မှုတွေမှာ အထင်အရှား မြင်နေရပါလျက် ကွင်းလယ်ဒိုင်လူကြီးအနေနဲ့ အ၀ါကတ်တစ်ခုတောင် မပြခဲ့တာကတော့ စဉ်းစားစရာပါ။ တောင်ပံနှစ်ဖက်က ဗလင်စီယာနဲ့ နာနီတို့ရဲ့ ကစားဟန်ဟာ ပြောစရာမရှိခဲ့ပါဘူး။ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ကစားဟန်တွေနဲ့ ကြိုးစားအားထုတ်ပြီး နှစ်ယောက်စလုံး ကစားသွားခဲ့ကြပါတယ်။ ဗလင်စီယာရဲ့ ဖြတ်တင်ဘောတွေနဲ့ နာနီရဲ့ ကန်သွင်းမှုတွေ ချိန်သားကိုက်ဖြစ်ခဲ့တဲ့အတွက် ပထမပိုင်းမှာတင် နာနီအနေနဲ့ နှစ်ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်အတွက် အားဖြစ်စေခဲ့တဲ့ ချေပဂိုးကိုတော့ နှစ်ကျော့စလုံးအတွက် မန်ယူတို့ရဲ့ နတ်ဆိုးဖြစ်ခဲ့တဲ့ အိုလစ်က သွင်းယူခဲ့တာပါ။ ဒီဂိုးဟာဆိုရင် ကားရစ်ရဲ့ ဖျက်ထုတ်မှု ညံ့ဖျင်းခြင်းနဲ့ ပေါ့လျော့မှုကနေ ပေးလိုက်ရတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပထမပိုင်းတစ်ခုလုံးကို မန်ယူအသင်းက လိုသလိုပုံဖော်ပြီး ကစားသွားခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်တို့ကတော့ မန်ယူရဲ့ ကစားကွက်အောက်မှာ ကြောင်ကြီးလုပ်သမျှ ခံနေရတဲ့ ကြွက်ကလေးပမာ ဖြစ်ခဲ့ရပါတယ်။

ဒုတိယပိုင်းအစမှာ မန်ယူကပဲ ကစားကွက်စိုးမိုးအောင် ကြိုးစားကစားခဲ့ပါတယ်။ ဘိုင်ယန်တို့အနေနဲ့ သူတို့ရဲ့ ကစားကွက်တည်မိအောင် ကြိုးစားလို့မရ ဖြစ်နေခဲ့ရပါတယ်။ ဒါပေမယ့်လည်း မန်ယူက ရာဖေးလ်ရဲ့ အတွေ့အကြုံနုနယ်မှုနဲ့ ဘိုင်ယန်က ရီဘာရီရဲ့ ပရိယာယ်ကြားမှာ ဒိုင်လူကြီးရဲ့ အ၀ါကတ်တစ်ခုကြောင့် ပြိုင်ပွဲရဲ့ရသ ပျက်သုဉ်းသွားခဲ့ရပါတယ်။ ရာဖေးလ်ရဲ့အနီကတ်ဟာ သူ့ကိုသာမဟုတ်ဘဲ မန်ယူအသင်းကိုပါ ချန်ပီယံလိဂ်ကနေ ထုတ်ပယ်လိုက်တဲ့ အနီကတ်ဖြစ်သွားခဲ့ရပါတယ်။ ၁၀ ယောက်ဖြစ်သွားရတဲ့ မန်ယူအသင်း ကစားပုံပျက်သွားခဲ့ပြီး ပွဲဟာလည်း ပထမပိုင်းနဲ့ လုံးဝဆန့်ကျင်စွာပဲ ဘာဘောလုံးရသမှ မပေးနိုင်တော့တဲ့ ပွဲစဉ်တစ်ခု ဖြစ်သွားခဲ့ရပါတယ်။ တကယ်ဆိုရင် ရာဖေးလ်ဟာ အ၀ါတစ်ကတ် ရထားပြီးဖြစ်တဲ့အတွက် ဒိုင်လူကြီးအနေနဲ့ နောက်ဆုံးသတိပေးခြင်းသာ ပြုလုပ်သင့်ပါတယ်။ ရာဖေးလ်ရဲ့ လုပ်ရပ်ဟာ ပြစ်ဒဏ်ဘောဖြစ်တယ်ဆိုတာ လက်ခံလို့ရပေမယ့် အ၀ါကတ်ပြလောက်တဲ့အထိတော့ မပြင်းထန်ဘူးလို့ ထင်မိပါတယ်။ ခြေထောက်ကို ဖျက်ထုတ်တာလည်းမဟုတ်၊ ဂိုးသွင်းခါနီးမှာ နောက်ဆုံးခံစစ်မှူးအနေနဲ့ ပြစ်ဒဏ်လုပ်တာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ရီဘာရီရဲ့ ကတ်ပြဖို့ တောင်းဆိုဖိအားပေးမှုကို ဒိုင်လူကြီးက လိုက်လျောခဲ့ပါတယ်။ အရေးကြီးတဲ့အချိန်မှာ ကစားပုံအရမ်းကောင်းနေတဲ့ အဓိက ကစားသမားတစ်ယောက် လျော့သွားတဲ့အတွက် မန်ယူအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဘိုင်ယန်မြူးနစ်အသင်းက ကစားကွက်ပြန်စီးလာခဲ့ပြီး မန်ယူတို့ကတော့ တန်ပြန်တိုက်စစ်နဲ့သာ ကစားနေခဲ့ရပါတယ်။ ရသမျှ အခွင့်အရေးတွေကိုသာ မန်ယူအသင်းက အသုံးချနိုင်ခဲ့မယ်ဆိုရင် ၁၀ ယောက်ကျန်နေတဲ့ အချိန်မှာတောင် အနိုင်ဂိုးတွေ ထပ်ရနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် နာနီရဲ့ ထောင့်ကန်ဘော ပေးပို့မှုကို ကားရစ်ရဲ့ အပိုင်ပိတ်သွင်းမှု ဂိုးပေါ်ကျော်သွားတာနဲ့ ဖလက်ချာရဲ့ ဂိုးထောင့်ကို အပိုင်ကန်သွင်းမှု လွဲချော်သွားခဲ့တာ၊ နာနီရဲ့ တစ်ကိုယ်တော်ထိုးဖောက် ဂိုးသွင်းမှုကို ဘိုင်ယန်ဂိုးသမား လက်တစ်ဖက်နဲ့ ပုတ်မိသွားတာတွေဟာ မန်ယူအသင်းအတွက် နစ်နာလှပါတယ်။ အဲဒါကြောင့်လည်း ရီဘာရီရဲ့ ထောင့်ကန်ဘောပေးပို့မှုကို ရော်ဘင်က မြေမကျ volley ကန်သွင်းပြီး ဒုတိယချေပဂိုး ရယူသွားခဲ့ပါတယ်။ အဲဒီဂိုးရပြီးနောက်မှာတော့ ရော်ဘင်ကိုထုတ်ပြီး ဘိုင်ယန်တို့က ဘောလုံးကိုင်ကစားကာ ပွဲအရှိန်ကို ထိန်းသွားခဲ့ပါတယ်။

အိမ်ကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုးစီသရေကျခဲ့ပေမယ့် အဝေးဂိုးစည်းမျဉ်းအရ မန်ယူတို့ ချန်ပီယံလိဂ်ကို လက်ပြခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်တို့ကတော့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

(ပထမအကျော့အပြီးမှာ ကျွန်တော့်ခန့်မှန်းထားချက် - ကျွန်တော့်ရဲ့ ခန့်မှန်းချက်ကတော့ မန်ယူအသင်းရဲ့ အိမ်ကွင်းမှာ မန်ယူပဲ အနိုင်ရပါလိမ့်မယ်။ ဒါပေမယ့် ဂိုးတွေအပြန်အလှန်သွင်းပြီး မန်ယူအသင်း နှစ်ဂိုးမပြတ်မှာကိုပဲ စိုးရိမ်မိတာပါ။ တစ်ဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်ကိုတော့ ကျွန်တော်လုံးဝ မမျှော်လင့်ထားပါဘူး။)

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်လ် - ၄ (ဒုတိယအကျော့)
ဘော်ဒိုး - လိုင်ယွန်
bordeaxevslyon.jpg
ပထမအကျော့တုန်းက အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ထားခဲ့တာမို့ အဝေးကွင်းမှာ လိုချင်တဲ့ရလဒ်ကို ရအောင်ထိန်းပြီး လိုင်ယွန်တို့ ကစားသွားခဲ့ပါတယ်။ အိမ်ရှင်အနေနဲ့ ပရိသတ်တွေကို အနိုင်ဂိုးတစ်ဂိုးသွင်းပြီး နှစ်သိမ့်နိုင်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်လ်ကို တက်ရောက်ဖို့အထိတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့်လည်း နာမည်ကြီးရီးရဲလ်မက်ဒရစ်ကို ရှုံးထွက်အဆင့်မှာတင် ဖြုတ်ချထားခဲ့တဲ့ လိုင်ယွန်တို့ ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရသွားခဲ့ပါပြီ။

(ပထမအကျော့အပြီးမှာ ကျွန်တော့်ခန့်မှန်းထားချက် - ဒါကြောင့် ဒုတိယအကျော့ ပွဲစဉ်မှာလည်း လိုင်ယွန်ကပဲ လိုချင်တဲ့ရလဒ်ကို ထိန်းကစားသွားပြီး ဆီမီးဖိုင်နယ်ကို တက်လာလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။)

ဘိုင်ယန်မြူးနစ်နဲ့ လိုင်ယွန်တို့ ထိပ်တိုက်တွေ့မယ့် ပွဲစဉ်ဟာ စိတ်ဝင်စားဖို့တော့ ကောင်းနေဦးမှာပါ။ အထူးသဖြင့် ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်လ်ကို တက်ရောက်လာနို်င်ခဲ့တဲ့ ပြင်သစ်ကလပ်အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ရီးရဲလ်လိုအသင်းမျိုးကိုတောင် ဖြုတ်ချထားနိုင်ခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ မန်ယူလို့ ရေးပန်းစားနေတဲ့အသင်းကို ဖြုတ်ချခဲ့တဲ့ ဘိုင်ယန်မြူးနစ်တို့ ဘယ်အသင်းက ပိုခြေစွမ်းထက်သလဲဆိုတာကို စောင့်ကြည့်ကြရအောင်ပါ။ အင်္ဂလန်ကလပ်တွေ မပါတော့တဲ့ ဆီမီးဖိုင်နယ်လ်ပွဲစဉ်တွေဟာ ပရိသတ်တွေကို ဖမ်းစားနိုင်ဦးမလား ဆိုတာကတော့ စိတ်ဝင်စားစရာပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်၊ ကြာသပတေးနေ့။
ညနေ ၄ နာရီ ၁၂ မိနစ်တွင်ပြီး၏။

Wednesday, April 07, 2010

Champions League Quarter-finals ( 2nd leg, April 6)


ချန်ပီယံလိဂ်ကွာတားဖိုင်နယ် - ၁ (ဒုတိယအကျော့)

စီအက်စ်ကေအေ - အင်တာမီလန်
afterfreekick.jpg
၆ မိနစ်မှာပေးခဲ့ရတဲ့ ရှနိုက်ဒါရဲ့ ဖရီးကစ်ဂိုးဟာ ဒီတစ်ပွဲလုံးရဲ့ အဆုံးအဖြတ် ဖြစ်သွားစေခဲ့ရပါတယ်။ အဲဒီဂိုးရခဲ့တာနဲ့ ပွဲချိန်အတွင်း မိနစ် (၂၀)လောက်သာ ဖိကစားနိုင်ခဲ့တာကလွဲရင် ဒီနေ့တစ်ပွဲလုံးကို စီအက်စ်ကေအေက ထိန်းချုပ်သွားတာပါ။ ၄၉ မိနစ်မှာကတည်းက စီအက်စ်ကေအေကစားသမား အိုဒီယာအထုတ်ခံခဲ့ရလို့ ဆယ်ယောက်တည်းနဲ့ ကစားခဲ့ရပေမယ့် မော်ရင်ဟိုရဲ့ ဆယ့်တစ်ယောက်နဲ့ အင်တာဟာ ပွဲကိုစိုးမိုးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ကျွန်တော်ခန့်မှန်းခဲ့ဖူးသလိုပဲ ဒီပွဲမှာ အဓိကအဆုံးအဖြတ်ပေးမှာက ရုရှားကလပ် ဂိုးသွင်းနိုင်၊ မသွင်းနိုင်ဆိုတဲ့အချက်ကို ထင်ထင်ရှားရှား မြင်လိုက်ရပါတယ်။ အကောင်းဆုံးဖရီးကစ် အခွင့်အရေးတွေကို ကွင်းလယ်ကစားသမား ဟွန်ဒါ ဖြုန်းတီးပစ်ခဲ့တာ၊ ရှေ့တန်းတိုက်စစ်မှူးတွေ ကြုံသလို ဂိုးမသွင်းနိုင်တာတွေဟာ စီအက်စ်ကေအေအတွက် အရှုံးတွေနဲ့ပဲ ထိုက်တန်စေခဲ့ပါတယ်။ ရှနိုက်ဒါရဲ့ ဖရီးကစ်ဂိုးကို ခွင့်ပြုခဲ့ရတာကလွဲရင် အသင်းခေါင်းဆောင်ဂိုးသမား အာကင်ဖိယက်ဗ်ကလည်း သေချာပေါက်ဂိုးတွေကို ကာကွယ်ပေးသွားခဲ့ပါတယ်။ နောက်တန်းခံစစ်ကစားပုံနဲ့ အလယ်တန်းကစားပုံ ကောင်းသလောက်သာ ရှေ့တန်းတိုက်စစ်မှူးတွေ အလုပ်ဖြစ်ခဲ့ရင် စီအက်စ်ကေအေတို့အတွက် နောက်တစ်ဆင့်အတွက် မဟုတ်ရင်တောင် အိမ်ကွင်းအနိုင်အတွက်တော့ ထိုက်တန်ခဲ့ပါတယ်။ ၁၈ ကိုက်စည်းထိပ်အထိ ကစားပုံကောင်းပေမယ့် အဆုံးသတ်ဂိုးသွင်းပေးမယ့် အရည်အသွေးမြင့် တိုက်စစ်မှူးကောင်း မရှိတာဟာ ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်ရုံကလွဲပြီး ဘာများရှိဦးမှာလဲဗျာ။

(ပထမအကျော့အပြီးမှာ ကျွန်တော်ခန့်မှန်းထားချက် - ကျွန်တော်ကတော့ စီအက်စ်ကေအေ ဂိုးသွင်းနိုင်မလားဆိုတာကိုပဲ စိတ်ဝင်စားပါတယ်။ စီအက်စ်ကေအေ ဂိုးသွင်းနိုင်မယ်ဆိုရင်တော့ ရလဒ်အမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ သရေကျပြီး အချိန်ပိုကန်ရတာမျိုး ဖြစ်လာနိုင်သလို၊ အဝေးကွင်းဂိုးမရထားတဲ့အတွက် သူသွင်းကိုယ်သွင်းနဲ့ ကစားကြပေမယ့် အဝေးကွင်းသမား အားသာသွားနိုင်တာမျိုး ဆိုပါတော့။)

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် - ၂ (ဒုတိယအကျော့)
ဘာစီလိုနာ - အာဆင်နယ်
magicgoalofmessi.jpg
ဘောလုံးရသကို အပြည့်အ၀ခံစားလိုက်ရတဲ့ ပွဲတစ်ပွဲပါပဲ။ တစ်ချက်ထိအမြန်ပေး တွဲလုံးတွေနဲ့ ကစားတတ်တဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့တာဆိုတော့ ဘောလုံးပွဲဟာ လုံးဝကို အေးစက်ခြင်းမရှိခဲ့ဘဲ အပြန်ပြန်အလှန်လှန် ထိုးဖောက်ကစားကြရင်းနဲ့ စွဲမက်ဖို့ ကောင်းခဲ့ပါတယ်။ တစ်ဦးချင်း အရည်အသွေးမြင့်တဲ့ ကစားသမားတွေများတဲ့ ဘာစီလိုနာက ကစားကွက်ပိုကောင်းခဲ့တာ မှန်ပေမယ့် အာဆင်နယ်ကလည်း အိမ်ကွင်းမှာ ကစားခဲ့စဉ်ကထက် ခြေစွမ်းပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲကို အဆုံးအဖြတ်ပေးသွားခဲ့တာက လက်ရှိကမ္ဘာ့အကောင်းဆုံးဆုရ ဘောလုံးသမား မက်ဆီဖြစ်ပါတယ်။ မက်ဆီသာမပါခဲ့ဘူးဆိုရင် မနေ့ညကပွဲမှာ ဘာစီလိုနာဂိုးတွေ ရနိုင်မလားဆိုတာ သံသယဖြစ်စရာပါ။ ရခဲ့တဲ့ဂိုးအားလုံးဟာ မက်ဆီရဲ့ ကျွမ်းကျင်မှုနဲ့ လျင်မြန်မှု ကောင်းလွန်းတာကြောင့်သာ ရခဲ့တာတွေပါ။ အာဆင်နယ်အသင်းမှာသာ အာရှာဗင်ပါခဲ့ရင် ဒီထက်များတဲ့ ချေပဂိုးတွေ ရနိုင်လိမ့်မယ်လို့ ထင်မိတာပါပဲ။ ဘန်တနာကတော့ အဖွင့်ဂိုးကို သွင်းပေးနိုင်ခဲ့တာကလွဲရင် ဘာစီလိုနာနောက်တန်းအတွက် ဘာမှ အနှောင့်အယှက် မဖြစ်စေခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် မနေ့ညကပွဲမှာ လီယွန်နယ်မက်ဆီရဲ့ မှော်ဝင်နေတဲ့ ခြေစွမ်းတွေကို ကြည့်ခဲ့ရတာ တစ်ခုတည်းနဲ့တင် ဘာစီလိုနာကို အနိုင်ပေးဖို့ ထိုက်တန်ခဲ့ပါတယ်။ တစ်ပွဲတည်း လေးဂိုးသွင်းသူစာရင်းထဲမှာ ဗန်ဘက်စတင်တို့၊ နစ္စတယ်ရွိုင်းတို့နဲ့အတူ မက်ဆီလည်း စာရင်းဝင်သွားခဲ့ပါပြီ။ ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးစာရင်းမှာလည်း (၈)ဂိုးနဲ့ ဦးဆောင်နေပါတယ်။

(ပထမအကျော့အပြီးမှာ ကျွန်တော်ခန့်မှန်းထားချက် - ဘာပဲဖြစ်ဖြစ် ဂန်းနားပရိသတ်တွေက မျှော်လင့်ချက်ထားနေသေးပေမယ့် အာဆင်ဝင်းဂါးနဲ့ သူ့ကလေးတွေကတော့ ဘာကာကွင်းမှာ ဂိုးမပြတ်ဖို့ကိုပဲ အာရုံစိုက်ရင်း ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်ပြီး ဖြစ်နေလောက်ပါပြီ။ ဘာကာကွင်းမှာတော့ မက်ဆီနဲ့ အွန်နရီ ဘာတွေလုပ်ပြမလဲဆိုတာကို ကြည့်ရမယ်ထင်ပါတယ်။ မက်ဆီကြောင့်ကလွဲရင်တော့ ဂိုးမပြတ်နိုင်ဘူးလို့ ခန့်မှန်းမိပါတယ်။ ဘာစီလိုနာကပဲ လိုချင်တဲ့ရလဒ်ကို ထိန်းကစားသွားမယ်ထင်ပါတယ်။)

ဆီမီးဖိုင်နယ်လ်မှာတွေ့ကြမှာကတော့ အားလုံးခန့်မှန်းထားတဲ့အတိုင်း ဘာစီလိုနာနဲ့ အင်တာမီလန်ပါ။ တကယ့်ကို စိတ်ဝင်စားစရာကောင်းမယ့် ပွဲစဉ်တစ်ခု ဖြစ်လာမှာပါ။ ဗိုလ်လုပွဲတစ်ခုအသွင် ကြည့်ရမယ်လို့ ထင်မိပါတယ်။ ခံစစ်အားသန်တဲ့ အီတလီကလပ် အင်တာမီလန်နဲ့ တိုက်စစ်အားသန်တဲ့ စပိန်ကလပ် ဘာစီလိုနာတို့ ထိပ်တိုက်တွေ့တာလောက် စိတ်ဝင်စားစရာကောင်းတာ ဘယ်ရှိလိမ့်မတုန်း။ ကျွန်တော်ဟာ စပါယ်ရှယ်ဝမ်းပါလို့ အမြဲတမ်းပြောတတ်တဲ့ မော်ရင်ဟိုနဲ့ စကားနည်းသလောက် မရဖူးတဲ့ဆုဖလား မရှိတော့တဲ့ လူငယ်နည်းပြ ဂွါဒီယိုလာတို့ ဘယ်သူက ဗျူဟာပိုကောင်းနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းမနေဘူးလား။ ဒီထက်ပိုတဲ့ စိတ်ဝင်စားစရာတွေကလည်း ရှိပါသေးသကော။ အလဲအထပ်သဘောမျိုး ပြောင်းရွှေ့သွားခဲ့ကြတဲ့ ဘာစီလိုနာရဲ့ အီဗရာဟင်မိုဘစ်ခ်ျနဲ့ အင်တာမီလန်ရဲ့ အီတိုးတို့ဟာ သူတို့နှစ်ရှည်လများ ကစားခဲ့ကြတဲ့ အသင်းဟောင်းတွေကို ရင်ဆိုင်ရမှာမို့ပါ။ အသင်းဟောင်းတွေတုန်းက ဂိုးသွင်းအများဆုံးတွေ ဖြစ်ခဲ့ကြတဲ့ သူတို့တွေအတွက် အခုလို အသင်းဟောင်းတွေနဲ့ ပြန်တွေ့တဲ့အချိန်မှာ ဂိုးသွင်းနိုင်မလားဆိုတာ စောင့်ကြည့်စရာပါ။ မက်ဆီကိုထိန်းချုပ်နိုင်ရင် ဘာစီလိုနာကို ခြေတစ်ဖက်ရိုက်ချိုးထားတာနဲ့ အတူတူပဲဆိုတာကို မော်ရင်ဟိုလည်း တွေးပြီးနေလောက်ပါပြီ။ အဲဒီအတွက် ဘယ်လိုကစားကွက်၊ ဘယ်လိုနည်းဗျူဟာ၊ ဘယ်လိုစိတ်ဓာတ်စစ်ဆင်ရေးတွေနဲ့ မော်ရင်ဟို ဟောင်ဖွာဟောင်ဖွာ လုပ်လာဦးမလဲဆိုတဲ့ သတင်းတွေကို စောင့်ဖတ်ရင်းနဲ့ ဘာစီလိုနာနဲ့ အင်တာမီလန်တို့ရဲ့ ဆီမီးဖိုင်နယ်လ်ပွဲစဉ်ကို စောင့်မျှော်ကြပါဦးစို့လားဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်ပြီး၏။

Friday, April 02, 2010

Champions League, Europa League (Quarter-finals, 1st leg)


ဘောလုံးဝါသနာအိုးတွေအတွက် ဥရောပဘောလုံးညချမ်းတွေက ဖမ်းစားခဲ့မယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။ ၀ါသနာကြောင့် ညဥ့်နက်သန်းခေါင် ဘောလုံးပွဲထကြည့်ရတာကို စိတ်မငြိုငြင်နိုင်တဲ့အပြင် ရင်ခုန်မှုအပြည့်နဲ့ ကျေနပ်ခဲ့ကြရမယ်လို့ ထင်မိပါတယ်။ ဥရောပရဲ့ အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေရဲ့ ပထမအကျော့နဲ့ ဒီနှစ်မှာမှ ပထမဆုံးအမည်ပြောင်းလဲကျင်းပတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ပထမအကျော့တွေကြောင့် အိပ်ရေးပျက်ခဲ့ကြရပြီ ထင်ပါရဲ့။ အခုကစားနေတဲ့ ကွာတားအဆင့်မှာ ဆန်ခါတင်ကျန်ရစ်ခဲ့တဲ့ အသင်းတွေအားလုံးကလည်း မြန်မာဘောလုံးပရိသတ်တွေအတွက် ရင်းနှီးနေပြီးသား နာမည်ကြီးအသင်းတွေ ဖြစ်နေတာကြောင့်လည်း စိတ်ဝင်စားမှု ပိုခဲ့ကြရတယ် ထင်ပါတယ်။ မန်ယူပရိသတ်ရှိတယ်၊ အာဆင်နယ်ပရိသတ်ရှိတယ်၊ ဘာကာပရိသတ်ရှိတယ်၊ မော်ရင်ဟိုရဲ့ အင်တာကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ရှိတယ်၊ လီဗာပူးလ်ကို သည်းသည်းလှုပ်တဲ့ ပရိသတ်တွေရှိတယ်။ ကဲ... အဲဒီတော့ အခုကစားနေတဲ့ ပွဲစဉ်တွေကို စိတ်ဝင်တစားနဲ့ ရင်ခုန်နေမိကြတာ အပြစ်ဆိုနိုင်မယ် မထင်ပါဘူး။ ပရိသတ်တွေ စိတ်ဝင်စားသင့်တယ်ဆိုတဲ့ အချက်ကို အခုကစားပြီးသွားတဲ့ ပထမအကျော့ ပွဲစဉ်တွေက သက်သေပြသွားခဲ့တယ်လေ။ ချန်ပီယံလိဂ်ရော၊ ယူရိုပါလိဂ်မှာပါ ဂိုးမသွင်းခဲ့တဲ့ လုံးဝမရှိခဲ့ဘဲ ပြီးဆုံးခဲ့ပါတယ်။ အင်တာမီလန်နဲ့ စီအက်စ်ကေအေ တို့ ပွဲစဉ်ကလွဲရင် ကျန်ပွဲစဉ်အားလုံးမှာ အနည်းဆုံး နှစ်သင်းပေါင်း (၃) ဂိုးသွင်းခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ဘောလုံးကြည့်ပရိသတ်တွေ သိပ်ကြိုက်တဲ့ ရသတစ်ခုပေါ့။ ဂိုးတွေအပြန်အလှန် သွင်းတာကို ကြည့်ရတာလောက် စိတ်လှုပ်ရှားဖို့ကောင်းတာ ဘယ်ရှိလိမ့်မလဲ။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် - ၁ (ပထမအကျော့)

ဘိုင်ယန်မြူးနစ် ၂ - ၁ မန်ချက်စတာ ယူနိုက်တက်
၁၉၉၉ ခုနှစ် သမိုင်းစာမျက်နှာကြောင့် စိတ်ဝင်စားမှုပိုခဲ့ကြရတဲ့ ဒီပြိုင်ပွဲမှာတော့ အိမ်ရှင်ဘိုင်ယန်ကပဲ ခြေအသာ၊ ဂိုးအသာနဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ပွဲစပြီး တစ်မိနစ်မပြည့်ခင်မှာပဲ မန်ယူအတွက် အဖွင့်ဂိုးကို ၀ိန်းရွန်းနီက သွင်းယူနိုင်ခဲ့ပေမယ့် တစ်ပွဲလုံးနီးပါး ဘိုင်ယန်ရဲ့ ဖိကစားခြင်းကို ခံခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ ရွန်းနီခြေမပေါ်ခဲ့တာ၊ ပက်ဂျီဆန်ကို အစောကြီးမလဲခဲ့တာ၊ တောင်ပံနှစ်ဖက် သေနေခဲ့တာ၊ အလယ်တန်းကစားကွက် တည်မရခဲ့တာတွေကြောင့် မန်ယူအသင်း ရှုံးနိမ့်သွားခဲ့ရတာလို့ မြင်မိပါတယ်။ မန်ယူဂိုးသမား ဗန်ဒါဆားနဲ့ ညာနောက်ခံလူ ဂယ်ရီနဗီးလ် ကောင်းလွန်းတဲ့အတွက်သာ မန်ယူတို့ ဂိုးမပြတ်ခဲ့တာပါ။ ဒီပွဲမှာ ပြောစရာဖြစ်ခဲ့ရတာကတော့ ဗန်ဒါဆားပဲ ဖြစ်ပါတယ်။ အံ့သြဖွယ်ရာ ကာကွယ်မှုတွေကို အကြိမ်ကြိမ် ပြုလုပ်ပြခဲ့ပါတယ်။ သေချာပေါက် ၄ ဂိုးလောက်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း ဘိုင်ယန်ရှေ့တန်းတိုက်စစ်မှူးတွေ စိတ်ဓာတ်ပျက်ခဲ့ရပါတယ်။ အနိုင်ဂိုးသွင်းသွားတဲ့ အိုလစ်ဆိုရင် တစ်ပွဲလုံးကန်သွင်းနေတာ မဂိုးတဲ့အတွက် မယုံကြည်နိုင်လောက်အောင် စိတ်ပျက်လက်ပျက် ဖြစ်နေတာကို ကင်မရာရိုက်ချက်တွေမှာ အထင်းသားတွေ့ခဲ့ရပါတယ်။ မိနစ် (၇၀)ကျော် ဂိုးမပေးရအောင် ထိန်းကစားနိုင်ခဲ့တဲ့ မန်ယူနောက်တန်းကိုလည်း ချီးကျူးရပါတယ်။ အထူးသဖြင့် ရီဘာရီကို အသေကပ်ကစားသွားခဲ့တဲ့ ဂယ်ရီနဗီးလ်ရဲ့ အားထုတ်မှုဟာ ချီးကျူးစရာပါ။ ပွဲရှုံးတာထက် နစ်နာခဲ့ရတာကတော့ တိုက်စစ်မှူးရွန်းနီ ဒဏ်ရာရသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒုတိယအကျော့ အိုးထရက်ဖို့ဒ်ကို ရောက်လာတဲ့အခါ ဥရောပဘီလူးကြီး ဘိုင်ယန်ကို အင်္ဂလန်ရဲ့ သရဲနီတို့က ဘယ်လိုခြောက်လှန့်မောင်းထုတ်ပြီး သွေးပျက်အောင် လုပ်နိုင်ကြမလဲဆိုတာကို စောင့်ကြည့်ဖို့ပဲ ရှိပါတော့တယ်။ သရဲလေးရွန်းနီမရှိပေမယ့် သရဲကြီး ဂစ်နဲ့ ပေါစခိုးလ်တို့ဦးဆောင်ပြီး ဘိုင်ယန်ကို ငိုင်ပြန်အောင် လုပ်နိုင်ကြမယ်လို့ မျှော်လင့်နေမိပါတယ်။

ကျွန်တော့်ရဲ့ ခန့်မှန်းချက်ကတော့ မန်ယူအသင်းရဲ့ အိမ်ကွင်းမှာ မန်ယူပဲ အနိုင်ရပါလိမ့်မယ်။ ဒါပေမယ့် ဂိုးတွေအပြန်အလှန်သွင်းပြီး မန်ယူအသင်း နှစ်ဂိုးမပြတ်မှာကိုပဲ စိုးရိမ်မိတာပါ။ တစ်ဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်ကိုတော့ ကျွန်တော်လုံးဝ မမျှော်လင့်ထားပါဘူး။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် - ၂ (ပထမအကျော့)
လိုင်ယွန် ၃ - ၁ ဘော်ဒိုး
ကျွန်တော်တို့အားလုံး ခန့်မှန်းခဲ့ကြသလို လိုင်ယွန်အသင်းကပဲ ဂိုးပြတ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ဘော်ဒိုးအတွက် အဝေးကွင်းတစ်ဂိုး ရခဲ့တယ်လို့ ပြောစရာရှိပေမယ့် ပြင်သစ်အသင်းချင်း တွေ့နေတာဖြစ်တဲ့အတွက် အဲဒီဂိုးဟာ သိပ်ပြီး အကျိုးသက်ရောက်လိမ့်မယ်လို့ မထင်မိပါဘူး။ ဒါကြောင့် ဒုတိယအကျော့ ပွဲစဉ်မှာလည်း လိုင်ယွန်ကပဲ လိုချင်တဲ့ရလဒ်ကို ထိန်းကစားသွားပြီး ဆီမီးဖိုင်နယ်ကို တက်လာလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် - ၃ (ပထမအကျော့)
အာဆင်နယ် ၂ - ၂ ဘာစီလိုနာ
သရေရလဒ်အတွက် အာဆင်ဝင်းဂါး ပျော်ရွှင်နေမှာမဟုတ်တာ အသေအချာပါပဲ။ သူတို့သွားရမယ့်လမ်းကိုလည်း မြင်ပြီးသား ဖြစ်နေလိမ့်မယ် ထင်ပါတယ်။ ချေပဂိုးနှစ်ဂိုး ရခဲ့တာကလွဲရင် ဘာစီလိုနာကို အဘက်ဘက်မှာ မယှဉ်နိုင်ခဲ့ပါဘူး။ ဘာကာကလည်း နောက်ထပ်ဂိုးသွင်းဖို့အတွက် အားမထုတ်တော့ဘဲ ပွဲကို ထိန်းကစားခဲ့လို့သာ ဒီထက်ပိုပြီး ဂိုးမရခဲ့တာပါ။ ဘာကာတို့သာ တစ်ပွဲလုံးအားထည့်ပြီး ကစားခဲ့မယ်ဆိုရင် အာဆင်နယ်တို့ အရှက်တကွဲ ဖြစ်သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဂန်းနားပရိသတ်တွေက မျှော်လင့်ချက်ထားနေသေးပေမယ့် အာဆင်ဝင်းဂါးနဲ့ သူ့ကလေးတွေကတော့ ဘာကာကွင်းမှာ ဂိုးမပြတ်ဖို့ကိုပဲ အာရုံစိုက်ရင်း ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်ပြီး ဖြစ်နေလောက်ပါပြီ။

ဘာကာကွင်းမှာတော့ မက်ဆီနဲ့ အွန်နရီ ဘာတွေလုပ်ပြမလဲဆိုတာကို ကြည့်ရမယ်ထင်ပါတယ်။ မက်ဆီကြောင့်ကလွဲရင်တော့ ဂိုးမပြတ်နိုင်ဘူးလို့ ခန့်မှန်းမိပါတယ်။ ဘာစီလိုနာကပဲ လိုချင်တဲ့ရလဒ်ကို ထိန်းကစားသွားမယ်ထင်ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် - ၄ (ပထမအကျော့)
အင်တာမီလန် ၁ - ၀ စီအက်စ်ကေအေ
အားလုံးကပြောတယ်၊ အင်တာဂိုးပြတ်မယ်တဲ့။ ကျွန်တော်ကပြောတယ်၊ ရုရှားကလပ်ကို လျှော့မတွက်ပါနဲ့လို့။ ဟော... အခုတော့ ခန့်မှန်းသူအားလုံး ငုတ်တုတ်မေ့သွားအောင် စီအက်စ်ကေအေက လုပ်ပြသွားခဲ့ပြီ။ အခြားနိုင်ငံကလပ်အသင်းတွေအပေါ် ဗျူဟာအမျိုးမျိုးနဲ့ မော်ရင်ဟို မော်ကြွားနိုင်တာကို လက်ခံပါတယ်။ ဒါပေမယ့် ရုရှားကလပ်အသင်းတွေနဲ့ တွေ့တဲ့အခါ မတူခြားနားမှုတွေနဲ့ အမြဲကြုံရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားကလပ်တွေဟာ သူတို့ကန်တဲ့ပွဲစဉ်ကို ကလပ်အသင်းဆိုတာထက် နိုင်ငံအသင်းအဖြစ် ကိုယ်စားပြုကစားရသလိုမျိုး စိတ်ဓာတ်ထားတတ်ကြလို့ပါ။ အဲဒီစိတ်ဓာတ်ဟာ အခြားဘယ်နိုင်ငံက ကလပ်တွေနဲ့မှ မတူတဲ့အချက် ဖြစ်ပါတယ်။ တစ်ဂိုးအရှုံးဆိုတာကို သူတို့တွေ လက်ခံပြီးသား ဖြစ်နေနိုင်ပါတယ်။ ကျွန်တော်ရေးခဲ့ဖူးသလိုပါပဲ၊ ဒုတိယအကျော့ ရုရှားမြေမှာကစားရမယ့်ပွဲကသာ ဒီပွဲစဉ်ရဲ့ အဖြေဖြစ်လာမယ်ဆိုတာကို အခုတော့ ကွက်တိကို စောင့်ကြည်ရပါတော့မယ်။ စီအက်စ်ကေအေ ခြေအတက်နဲ့ အင်တာကြွေပျက်တဲ့အချိန် မကြုံပါစေနဲ့လို့သာ မော်ရင်ဟိုတို့လူသိုက် ဆုတောင်းနေရမယ်ထင်ပါရဲ့။

ကျွန်တော်ကတော့ စီအက်စ်ကေအေ ဂိုးသွင်းနိုင်မလားဆိုတာကိုပဲ စိတ်ဝင်စားပါတယ်။ စီအက်စ်ကေအေ ဂိုးသွင်းနိုင်မယ်ဆိုရင်တော့ ရလဒ်အမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ သရေကျပြီး အချိန်ပိုကန်ရတာမျိုး ဖြစ်လာနိုင်သလို၊ အဝေးကွင်းဂိုးမရထားတဲ့အတွက် သူသွင်းကိုယ်သွင်းနဲ့ ကစားကြပေမယ့် အဝေးကွင်းသမား အားသာသွားနိုင်တာမျိုး ဆိုပါတော့။ မော်ရင်ဟို ဘာလုပ်နိုင်မလဲ စောင့်ကြည့်ကြပါဦးစို့။ အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်က စီအက်စ်ကေအေဘက်မှာ ရှိနေပါတယ်။

ယူရိုပါလိဂ် ကွာတားဖိုင်နယ် (ပထမအကျော့) ရလဒ်များ
ဘင်ဖီကာ   ၂ - ၁   လီဗာပူးလ်
ဖူလ်ဟမ်    ၂ - ၁   ၀ုလ်ဘတ်
ဟမ်းဘတ်  ၂ - ၁   စတန်းဒတ်လိဂ်
ဗလန်စီယာ ၂ - ၂   အက်တလက်တီကို


အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဧပြီလ ၂ ရက်၊ သောကြာနေ့။
နေ့လည် ၁၁ နာရီ ၂၄ မိနစ်တွင်ပြီး၏။

Friday, March 19, 2010

2010 UEFA Champions League


ကွာတားဖိုင်နယ်လ် (၁)
Lyon Vs Bordeaux
ပြင်သစ်ကလပ်အသင်းနှစ်သင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်လာတဲ့နှစ်မှာ အင်မတန်မှ ထူးဆန်းစွာပဲ အဆိုပါပြင်သစ်အသင်းအချင်းချင်း ပြန်ကျခြင်းဟာ တော်ရုံတိုက်ဆိုင်မှု မဟုတ်တာတော့ အသေအချာပါပဲ။ တစ်သင်းရဲ့အကြောင်းကို တစ်သင်းက သိနေပြီးသားဖြစ်တဲ့အတွက် ဘယ်အသင်းကမှ အလွယ်တကူ အနိုင်ရနိုင်မှာမဟုတ်တာ အသေအချာပါပဲ။ အသင်းအားပေးသူ ပရိသတ်တွေအတွက်လည်း အခြားနိုင်ငံတွေကို တကူးတက လိုက်လံအားပေးစရာမလိုဘဲ ကိုယ့်နိုင်ငံတွင်းမှာတင် အပြည့်အ၀ အားပါးတရ ကြည့်ရှုရမယ့်အခွင့်အရေးဟာ အတော်လေးကို ကျေနပ်စရာ ဖြစ်မှာပါ။ အခြားသော ခြေစွမ်းထက်အသင်းကြီးတွေနဲ့ ရှောင်လွှဲခွင့်ရလိုက်တာကပဲ ပြင်သစ်အသင်းတွေရဲ့ ကံကြမ္မာလို့ ပြောရမယ်ထင်ပါတယ်။ တစ်သင်း သေချာပေါက် ကျန်ရစ်ခဲ့မှာဖြစ်ပေမယ့် ပြင်သစ်တစ်သင်းကတော့ ဆီမီးဖိုင်နယ်ကို တက်ခွင့်ရမှာဖြစ်တဲ့အတွက် ကျေနပ်စရာပါ။ နာမည်ကြီးကြယ်စင်စု ရီးရဲလ်မက်ဒရစ်ကို ဖြုတ်ချခဲ့တဲ့ လိုင်ယွန်တို့ ပြည်တွင်းပြိုင်ဘက်ကို အလဲထိုးနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်ကတော့ လိုင်ယွန်အသင်း ဆီမီးဖိုင်နယ်ကို တက်လာမယ်လို့ သုံးသပ်ပါတယ်။

ကွာတားဖိုင်နယ်လ် (၂)
Bayern Munich Vs Manchester United
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ရဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံဖူးခဲ့ကြတဲ့ အသင်းကြီးနှစ်သင်း ဒီနှစ် ၂၀၁၀ မှာ လာဆုံနေပါတယ်။ ဖလားသုံးလုံးနဲ့အတူ မန်ယူအသင်း အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကပုံရိပ်တွေကို ပရိသတ်တွေ ချက်ချင်းဆိုသလို ပြန်လည်မြင်ယောင်နေမိကြဦးမယ် ထင်ပါရဲ့။ အိုလေဂန်နာဆိုးလ်ရှားရဲ့ နောက်ဆုံးမိနစ်နဲ့ဂိုးနဲ့အတူ အိုလီဗာခန်းနဲ့ ဘိုင်ယန်အသင်းသားတွေ မျက်ရည်ကျခဲ့ရတာ အတော်ကြာခဲ့ပြီဖြစ်ပေမယ့် အခုမဲခွဲမှုမှာ ပြန်လည်တွေ့ဆုံနေတဲ့အခါ အဟောင်းတွေက အသစ်ပြန်ဖြစ်လာဦးမှာပါ။ ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်တို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ဟာဆိုရင် အာဆင်နယ်နဲ့ ဘာစီလိုနာပွဲစဉ်နဲ့အတူ ပရိသတ်စိတ်ဝင်စားမှုအရှိဆုံး ယှဉ်ပြိုင်မှု ဖြစ်လာဦးမှာ အသေအချာပါပဲ။ နှစ်သင်းစလုံးဟာ အသင်းကြီးတွေဖြစ်ကြပေမယ့် ရိုင်ယန်ဂစ်၊ ပေါစခိုးလ်နဲ့ ရွန်းနီတို့ကြောင့် မန်ချက်စတာယူနိုက်တက်ကိုပဲ အလေးပေးလိုက်ချင်ပါတယ်။

ကွာတားဖိုင်နယ်လ် (၃)
Arsenal Vs Barcelona
ဒီနှစ်ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်ယူနဲ့ ဘိုင်ယန်ပွဲစဉ်နည်းတူ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာအကောင်းဆုံး ပွဲစဉ်တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ၂၀၀၆ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့ဖူးတဲ့ အသင်းနှစ်သင်း ဖြစ်နေလို့ပါပဲ။ ဒီနှစ်သင်းဆုံတွေ့မှုဟာ မန်ယူနဲ့ ဘိုင်ယန်ပွဲစဉ်ထက် အများကြီးပိုထူးခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၆ ချန်ပီယံလိဂ်ဖိုင်နယ်တုန်းက အာဆင်နယ်အသင်းမှာ ပါဝင်ကစားခဲ့တဲ့ အွန်နရီဟာ အခုတော့ ဘာစီလိုနာအသင်းကနေ ပါဝင်ယှဉ်ပြိုင်ကစားရမယ်။ နောက်တစ်ခုက ဘာစီလိုနာအသင်းက မဖြစ်မနေ ရအောင်ဝယ်မယ်လို့ ဆိုထားတဲ့ ဘာကာရဲ့ ငယ်မွေးခြံပေါက် ဖာဘရီဂတ်စ်ဟာ အာဆင်နယ်နဲ့အတူ ဘာစီလိုနာကို ရင်ဆိုင်ရမှာမို့ပါ။ ဘောလုံးရသပေးပြီး ကစားတဲ့နေရမှာ တူညီတဲ့အသင်းတွေမို့လည်း အဲဒီပွဲစဉ်ဟာ အတော်လေးကို ကြည့်ကောင်းဦးမယ်လို့ ယူဆရပါတယ်။ ပြောရမယ်ဆိုရင် ကစားပုံကစားကွက် အတော်တူတဲ့နှစ်သင်း ပြိုင်ဘက်အဖြစ် တွေ့ဆုံကြခြင်းပါ။ နှစ်သင်းစလုံးရဲ့ ကစားဟန်ကိုကြိုက်ပေမယ့်လည်း မက်ဆီနဲ့ အီဗရာဟင်မိုဘစ်ခ်ျကို ဘယ်သူထိန်းမလဲဆိုတဲ့ မေးခွန်းအတွက် အာဆင်နယ်မှာ အဖြေမရှိနိုင်ဘူးလို့ သုံးသပ်မိတဲ့အတွက် ဘာစီလိုနာကိုပဲ အမှတ်ပေးလိုက်မိပါတယ်။

ကွာတားဖိုင်နယ်လ် (၄)
Inter Milan Vs CSKA Moscow
အားလုံးကတော့ မော်ရင်ဟိုရဲ့ အင်တာမီလန်ဟာ အတော်လေးကို ပွဲစဉ်ချောင်တယ်လို့ ဆိုနေကြမလားပါပဲ။ ကျွန်တော်ကတော့ အဲဒီလို မယူဆပါဘူး။ ကွာတားဖိုင်နယ်ရဲ့ ပွဲစဉ်တွေထဲမှာ မထင်မှတ်တာတွေ အဖြစ်သွားနို်င်ဆုံး ပွဲစဉ်တစ်ခုလို့ မြင်မိပါတယ်။ ချဲလ်ဆီးလိုအသင်းကိုတောင် အလဲထိုးနိုင်ခဲ့တဲ့ အင်တာမီလန်အတွက် ရုရှားကလပ် စီအက်စ်ကေအေဟာ အဆိပ်မရှိတဲ့မြွေတစ်ကောင်လို့ ထင်မှတ်ထားရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။ ယူအီးအက်ဖ်အေဖလားကို ပထမဆုံးရခဲ့တဲ့ ရုရှားကလပ်အသင်းအဖြစ် စံချိန်တင်ထားခဲ့ဖူးတယ်၊ ဒီနှစ်မှာလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိလာတဲ့ ရုရှားကလပ်အသင်းအဖြစ် စံချိန်တင်လိုက်ပြန်တယ်။ အဲဒီလိုအသင်းတစ်ခုက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ရောက်ဖူးတဲ့ ပထမဆုံးသော ရုရှားကလပ်အဖြစ် သမိုင်းမ၀င်ချင်ဘဲ နေမယ်မဟုတ်ပါဘူး။ အကြီးမားဆုံးတွန်းအားကတော့ အားလုံးသောပရိသတ်တွေက အင်တာမီလန်ပဲ အလွယ်တကူ အနိုင်ရသွားလိမ့်မယ်လို့ ထင်ထားကြတဲ့ အချက်ဖြစ်မယ်ထင်ပါတယ်။ အဲဒီအတွက် ဖိအားတွေနဲ့ ရုန်းကန်ရမှာက စီအက်စ်ကေအေ မဟုတ်ဘဲ မော်ရင်ဟိုရဲ့ အင်တာမီလန်ဖြစ်ပါလိမ့်မယ်။ သမိုင်းကြောင်း၊ နည်းပြ၊ ကစားသမားစုဖွဲ့မှုအရ အင်တာမီလန်ကို အကြွင်းမရှိ အနိုင်လို့ သတ်မှတ်ချင်ပေမယ့် အီတလီအသင်းတွေအတွက် အမြဲတမ်းခက်ခဲတတ်တဲ့ ရုရှားမြေမှာ ထွက်လာမယ့်ရလဒ်ကပဲ ဒီပွဲကို ဆုံးဖြတ်ပေးသွားမယ်လို့ ထင်နေမိပါတယ်။

ဒီနှစ်၂၀၁၀ ချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ်မဲကျမှုဟာ အတော်လေးကို ညီမျှမှုရှိတယ်လို့ ဆိုရမယ်ထင်ပါတယ်။ ကွာတားအဆင့်မှာတင်ပဲ ဗိုလ်လုပွဲပမာ ကြည့်ရမယ့်ပွဲစဉ်တွေ ပါဝင်နေသလို မျှော်မှန်းထားတဲ့အတိုင်း နိုင်သင့်နိုင်ထိုက်တဲ့အသင်းတွေ နိုင်လာတယ်ဆိုရင်တော့ ဘယ်အသင်းတွေပဲ နောက်တစ်ဆင့်ကို တက်လာသည်ဖြစ်စေ ဆီမီးဖိုင်နယ်လ်ပွဲစဉ်တွေဟာလည်း ပွဲကြီးပွဲကောင်းတွေ ဖြစ်လာဦးမယ်ဆိုတာ အသေအချာပါပဲ။ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ရဲ့ဂုဏ်ဆောင် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘာနေဗျူးကွင်းကြီးဆီကို သွားတဲ့လမ်းကြောင်းမှာ ဘယ်အသင်းတွေဟာ ကွာတားဖိုင်နယ်မှတ်တိုင်ကနေ လက်ပြနှုတ်ဆက်သွားကြမလဲ၊ ဘယ်အသင်းတွေက ဆီမီးဖိုင်နယ်လမ်းကြောင်းပေါ်ကို ပြေးတက်သွားကြမလဲ၊ ဘာနေဗျူးကွင်းကြီးထဲမှာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲပြီး ရေကုန်ရေခန်းနွှဲကြမယ့် အကောင်းဆုံးအသင်းနှစ်သင်းက ဘယ်သူတွေလဲဆိုတာကတော့ ဘောလုံးပရိသတ်တွေအားလုံးအတွက် စိတ်ဝင်စားစရာကောင်းနေဦးမှာ အမှန်ပါပဲ။ ချန်ပီယံလိဂ်ရဲ့ ဇာတ်ရှိန်ဟာ အမြင့်ဆုံးကို ရောက်လာပြီမဟုတ်ပါလား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁၉ ရက်၊ သောကြာနေ့။
ည ၁၀ နာရီ ၀၇ မိနစ်တွင်ပြီး၏။

Wednesday, February 17, 2010

New history for MU at San Siro Milan


ချန်ပီယံလိဂ်ပြိုင်ပွဲ (ရှုံးထွက် ၁၆ သင်းအဆင့်)မှာ တစ်ကမ္ဘာလုံးက ပရိသတ်တွေ စိတ်အ၀င်စားဆုံး ပွဲတစ်ပွဲဖြစ်ခဲ့တဲ့ အေစီမီလန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ပွဲမှာ ဧည့်သည်တို့က ခြေစွမ်းပြ အနိုင်ယူသွားခဲ့ပါတယ်။

A.C. Milan23Manchester United
ရော်နယ်လ်ဒင်ဟို ၃ မိနစ်၊ ဆီးဒေါ့ဖ် ၈၅ မိနစ်ပေါစခိုးလ် ၃၆ မိနစ်၊ ရွန်းနီ ၆၆ မိနစ်၊ ၇၄ မိနစ်

ရော်နယ်လ်ဒင်ဟို သွင်းတဲ့ဂိုး
အေစီမီလန်အတွက် ပထမအဖွင့်ဂိုးကိုတော့ တစ်ကျော့ပြန်ခြေစွမ်းပြနေတဲ့ ရော်နယ်လ်ဒင်ဟိုက သွင်းယူသွားခဲ့ပါတယ်။ တကယ်တော့ ကားရစ်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားတာဖြစ်ပါတယ်။ ကားရစ်နဲ့သာမထိရင် ဂိုးသမား ဗန်ဒါဆား ထိနိုင်၊ ပုတ်ထုတ်နိုင်တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ ဖရီးကစ်ကန်တင်ပေးတာကို အီဗရာဖျက်ထုတ်ရာမှာ ကန်တင်ပေးသလိုဖြစ်သွားပြီး ရော်နယ်လ်ဒင်ဟိုက မနားတမ်းကန်သွင်းခဲ့တာပါ။

မန်ယူကို ပါဝင်မြှင့်ပေးခဲ့တဲ့ ပေါစခိုးလ်ရဲ့ ချေပဂိုး
အလယ်တန်းသုံးယောက်ရဲ့ တွဲလုံးနဲ့အတူ ကစားကွက်ဖော်ပြီး သွင်းယူသွားတဲ့ဂိုး ဖြစ်ပါတယ်။ အထူးသဖြင့် ဒီနေ့အဖို့ ညာတောင်ပံက ဘောလုံးမထွက်တဲ့ နာနီနေရာကို ဖလက်ချာက ပေါစခိုးလ်နဲ့ တွဲလုံးရိုက်ထွက်ပြီး တင်ပေးလိုက်တဲ့ ဘောလုံးကို ပေါစခိုးလ်ကန်သွင်းရာမှာ ကန်တဲ့ညာခြေထောက်နဲ့ လွဲသွားသော်လည်း ကျန်တဲ့ဘယ်ခြေထောက်ရဲ့ ဒူးကို လာမှန်ပြီး အေစီဂိုးသမားဒီဒါရဲ့ ညာဘက်ထောင့်တိုင်ကို တလိမ့်ချင်းလိမ့်ပြီး ထိမှန်ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီဂိုးရလိုက်တဲ့အတွက် မန်ယူအသင်း အားတက်သွားပြီး ကစားကွက်ပိုကောင်းလာခဲ့တာ ဖြစ်ပါတယ်။

ရွန်းနီကို ဘယ်သူထိန်းမှာလဲ (မန်ယူရဲ့ ဒုတိယဂိုး)
နာနီနေရာမှာ လူစားဝင်လာတဲ့ ဗလင်စီယာဟာ သူ့ရဲ့ ပထမဆုံးဘောလုံးရရှိမှုမှာပဲ အံ့ဖွယ်တင်ပို့မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ညာခြမ်းကနေ ဂိုးရှေ့ကို အမြောက်ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို နောက်ခံလူနှစ်ယောက်ကိုကျော်ပြီး ရွန်းနီက ဂိုးသမားရဲ့ ဘယ်ဘက်အဝေးထောင့်ကို ချိန်သားကိုက် ခေါင်းတိုက်သွင်းလိုက်တာဖြစ်ပါတယ်။ ဒီဒါ ဘယ်လိုမှ မတတ်နိုင်ဘဲ မတ်တတ်ရပ်ပြီး လိုက်ကြည့်နေခဲ့ရပါတယ်။

ရပ်တန့်မရတဲ့ ရွန်းနီ နဲ့ အကွက်မြင်တဲ့ ဖလက်ချာ (မန်ယူရဲ့ တတိယဂိုး)
မီလန်သားတို့ကို အိပ်မက်ဆိုးတွေမက်ဖို့အတွက် ထပ်မံနှိပ်စက်ခဲ့တာကတော့ ရွန်းနီပဲ ဖြစ်ခဲ့ပါတယ်။ ရော်နယ်လ်ဒင်ဟိုလို ကမ္ဘာ့အကောင်းဆုံးဆုရ ဘောလုံးသမားမဟုတ်ပေမယ့် ဒီနေ့ပွဲမှာတော့ ဒင်ဟိုတစ်ယောက် ပါးစပ်ဟပြီး ကျန်ခဲ့စေမယ့် ဘောလုံးပေးပို့မှုတစ်ခုကို မန်ယူရဲ့ ဖလက်ချာက လုပ်ပြခဲ့ပါတယ်။ ၁၈ ကိုက်ထဲမှာ ရနေတဲ့ဘောလုံးကို အသာလေးလက်ပြပြီး တောင်းနေတဲ့ ရွန်းနီအတွက် အလိုက်သင့်လေး ခေါင်းတိုက်သွင်းနိုင်အောင် နောက်တန်းကိုကျော်ပြီး ဖလက်ချာတင်ပေးခဲ့ပါတယ်။ အံ့သြဖွယ်ရာကောင်းပြီး လှပလွန်းတဲ့ ပေးပို့မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ရွန်းနီကလည်း သူ့ကို ဘယ်သူမှ မရပ်တန့်နိုင်ကြောင်းကို အပိုင်ခေါင်းတိုက်သွင်းပြီး သက်သေပြခဲ့ပါတယ်။ အဲဒီဂိုးဟာ မန်ယူအတွက် အနိုင်ဂိုးသက်သက်သာ မဟုတ်ခဲ့ပါဘူး။ အေစီမီလန်အသင်းသားတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ဓာတ်နဲ့ မျှော်လင့်ချက်တွေကိုပါ တစ်ခါတည်း ရိုက်ချိုးပစ်လိုက်တဲ့ ရိုက်ချက်ဖြစ်ပါတယ်။

ရာဖေးလ်အမှား၊ ရော်နယ်လ်ဒင်ဟိုအရုန်း၊ ဆီးဒေါ့ဖ်စကေးလ် (အေစီမီလန်အတွက် ဒုတိယဂိုး)
မန်ယူကရသွားတဲ့ဘောလုံးကို ရာဖေးလ်မလိုအပ်ဘဲ ဆွဲတက်သွားတဲ့အတွက် တန်ပြန်ပေးလိုက်ရတဲ့ဂိုး ဖြစ်ပါတယ်။ တကယ်ဆိုရင် ရှေ့မှာရှိနေတဲ့ ရှေ့တန်းလူတစ်ယောက်ယောက်ကို ပေးနိုင်ပါလျက်နဲ့ တိုက်စစ်အားသန်လွန်းတဲ့ ညာနောက်ခံလူ ရာဖေးလ်က ဘောလုံးနဲ့အတူ ဆွဲပြေးသွားပါတယ်။ အဲဒီဘောလုံးကို သက်လုံကျသွားတဲ့ ရော်နယ်လ်ဒင်ဟိုရပြီး ၁၈ ကိုက်အတွင်းမှာ အကောင်းဆုံးညှစ်ထုတ်ရုန်းကန်ပြီး အကွက်ဆင်ပေးတာကို လူစားဝင်ကစားသမား ဆီးဒေါ့ဖ်ကလည်း စကေးလ်ပြပြီး သွင်းယူသွားခဲ့ပါတယ်။ မန်ယူတို့အတွက် မပေးသင့်ဘဲ ပေးလိုက်ရတဲ့ဂိုး ဖြစ်ပါတယ်။ အဲဒီဂိုးကြောင့် နောက်ဆုံးမိနစ်တွေမှာ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကစားကွက်ပါ ပျက်သွားခဲ့ရပါတယ်။

သမိုင်းဟောင်းကိုဖျက်ပြီး သမိုင်းသစ်ရေးမယ်
မန်ယူအသင်းရဲ့ သမိုင်းမှာ အေစီမီလန်အသင်းရဲ့ ဆန်စီရိုကွင်းကြီးမှာ တစ်ကြိမ်တစ်ခါမှ အနိုင်ရခဲ့ဖူးခြင်း မရှိပါဘူး။ အဲဒါကြောင့် ဆန်စီရိုကွင်းဟာ သရဲနီတို့အတွက် သမိုင်းမလှတဲ့ ခက်ခဲမှုတွေပြည့်နေတတ်တဲ့ ခရောင်းပင်လယ် ဖြစ်နေခဲ့ရပါတယ်။ ဘောလုံးကျွမ်းကျင်သူတို့ကလည်း အဲဒီသမိုင်းအချက်အလက်ကြောင့်ပဲ ဆန်စီရိုကွင်းဆိုရင် မန်ယူကိုမေ့ထားပြီး အမြဲတစေ အေစီမီလန်ကိုပဲ အလေးပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ မန်ယူရဲ့ သရဲနီတပ်သားတွေက အဲဒီသမိုင်းကြောင်းကို ပြောင်းလဲပစ်လိုက်ကြပါပြီ။ သမိုင်းဝင် ထိုက်တန်တဲ့ခြေစွမ်းပြပြီး သူ့အိမ်၊ သူ့ကွင်း၊ သူ့ပရိသတ်ရှေ့မှောက်မှာ အေစီမီလန်ကို အနိုင်ယူနိုင်စွမ်းရှိကြောင်း သမိုင်းသစ်ရေးထိုးလိုက်ကြပါပြီ။

ဖာဂူဆန်ကိုတုပြီး လီယိုနာဒို မခုန်ပါနဲ့
ဒီနေ့အနိုင်အတွက် ဖာဂူဆန်ရဲ့ လူထုတ်ပုံတွေက ဘာမှအမှားမရှိခဲ့ပါဘူး။ ခြေမှန်ပြန်ရနေတဲ့ နာနီကို ညာတောင်ပံမှာ ပွဲထွက်ကြိုးစားခွင့်ပေးခဲ့ပေမယ့် ထိရောက်တဲ့ဖန်တီးမှုတွေ မလုပ်နိုင်ခဲ့တဲ့အတွက် ရဲဝံ့စွာပဲ လူစားလဲခဲ့ပါတယ်။ အဲဒီရဲ့ အကျိုးရလဒ်အဖြစ် လူစားဝင်ဗလင်စီယာက သူ့ရဲ့ ပထမဆုံး ဘောလုံးဖန်တီးမှုကနေပဲ ရွန်းနီကို ခေါင်းတိုက်ဂိုးသွင်းနိုင်အောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အနိုင်ဂိုးသွင်းပြီးတဲ့အချိန်မှာတောင် ကစားအားချပြီး ခံစစ်မကစားစေဘဲ သက်လုံကျနေတဲ့ အေစီမီလန်ကို တောက်လျှောက်တိုက်စစ်ဆင်စေခဲ့တဲ့ ဖာဂူဆန်ရဲ့ ဆုံးဖြတ်ချက်လည်း မှန်ကန်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာလည်း သူ့ကြောင့်ပေးလိုက်ရတဲ့ ဂိုးအတွက် ဖိအားဝင်သွားတဲ့ ရာဖေးလ်ကို ဖာဂူဆန်က ချက်ချင်းလဲပစ်ခဲ့ပါတယ်။ ရာဖေးလ်ဟာ ကလေးသာသာပဲ ရှိသေးတဲ့အတွက် ဖိအားဝင်သွားချိန်မှာ အရမ်းကို သိသာသွားခဲ့ပါတယ်။ တစ်ပွဲလုံး ထိန်းချုပ်နိုင်ခဲ့တဲ့ ရော်နယ်လ်ဒင်ဟိုကိုတောင် မကပ်နိုင်တွေ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဒုတိယဂိုးရသွားတဲ့အတွက် ကစားအားတင်လာပြီး တောက်လျှောက်ဖိကစားလာတာကိုပါ မန်ယူခံခဲ့ရပါတယ်။ အဲဒါကိုမြင်တဲ့ ဖာဂူဆန်ဟာ အေစီမီလန်ရဲ့ တိုက်စစ်အရှိန် ရပ်သွားအောင်ရော၊ မန်ယူကစားသမားတွေ အနားရအောင်ရော၊ ရာဖေးလ်နေရာမှာ အချိန်မီပြန်ဖာနိုင်အောင်ရော တစ်မိနစ်တောင် မလိုတော့တဲ့အချိန်မှာ လူစားလဲမှုပြုလုပ်ခဲ့ပါတယ်။ ရာဖေးလ်နေရာမှာ ၀က်စ်ဘရောင်းကို ထည့်လိုက်တာပါပဲ။

လီယိုနာဒိုရဲ့ အေစီမီလန်ကတော့ ပထမပိုင်းမှာပဲ မန်ယူကို သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းတစ်ပိုင်းလုံး မန်ယူရဲ့တိုက်စစ်ကိုပဲ ထိန်းချုပ်ဟန့်တားနေခဲ့ရပါတယ်။ ဘာမှမလုပ်နိုင်တော့တဲ့ ဘက်ဟမ်းကို အစောကြီးလူစားမလဲခဲ့တာ၊ လုံးဝကို ခြေစွမ်းမပြနိုင်တဲ့ ဟန်တယ်လာကို လူစားမလဲခဲ့တာ၊ လှုပ်မရတဲ့ပါတိုအတွက် ကစားကွက်ပြောင်းမပေးခဲ့တာ၊ လက်စွမ်းကျနေပြီဖြစ်တဲ့ ဒီဒါကို အခုလိုပွဲမှာ ကစားစေခဲ့တာတွေက ဖာဂူဆန်ကို အရှုံးပေးဖို့အတွက် ဖြစ်သွားစေခဲ့ရပါတယ်။

ဘယ်သူမှားလဲ?
ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ ကားရစ်ကို နှစ်ဝါတစ်နီနဲ့ ထုတ်လိုက်တာနဲ့ပတ်သက်လို့ ဒွိဟဖြစ်စရာပါပဲ။ တကယ်ဆိုရင် အ၀ါမပြရင်လည်း ဖြစ်တဲ့ကိစ္စပါပဲ။ ပထမအ၀ါကတ်အတွက် မပြောလိုပါဘူး။ ရော်နယ်လ်ဒင်ဟိုရဲ့ ဘောလုံးသယ်ယူမှုကို ဘောလုံးမထိဘဲ လျှောထိုးဖျက်ထုတ်တဲ့အတွက် ပေးလိုက်တာကိုး။ ဒုတိယအ၀ါကတ်ကတော့ ကျွန်တော့်အထင် အချိန်ဆွဲတယ်ဆိုပြီး အ၀ါပြလိုက်တာလို့ ထင်ပါတယ်။ အချိန်ဆွဲတယ်ဆိုတာ ဖြစ်ချင်လည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဘောလုံးကို လက်နဲ့ကိုင်ပြီး သယ်သွားတာ၊ ဘောလုံးကို ကွင်းနဲ့အဝေးကြီးကို ကန်ထုတ်ပစ်လိုက်တာမျိုး မဟုတ်ဘဲ ပြစ်ဒဏ်ဘောဖြစ်တဲ့နေရာကနေ ဘာမှမပြောပလောက်တဲ့ နေရာအထိ ဆွဲယူသွားသလို ဖြစ်သွားတာကြောင့် အ၀ါကတ် ပြလိုက်တာကိုတော့ နားမလည်နိုင်ပါဘူး။ အထိုင်ကျနေတဲ့ အလယ်တန်းအတွက် နောက်ပွဲမှာ ကားရစ်မပါနိုင်တာဟာ အနည်းနဲ့အများဆိုသလို နစ်နာလှပါတယ်။

နောက်တန်းတွေ ညံ့ခဲ့တယ်
ဒီနေ့ပွဲမှာ နှစ်သင်းလုံးက နောက်တန်းကစားပုံတွေ အကောင်းဆုံးမဖြစ်ခဲ့ဘဲ ညံ့ဖျင်းခဲ့ပါတယ်။ ဖာဒီနန်ဦးဆောင်တဲ့ မန်ယူနောက်တန်းက နက်စ်တာဦးဆောင်တဲ့ အေစီမီလန်နောက်တန်းထက် နည်းနည်းလေးပဲ ပိုတည်ငြိမ်ပါတယ်။ ပေးလိုက်ရတဲ့ ဂိုးတွေအားလုံးထဲမှာ ရွန်းနီရဲ့ ပထမခေါင်းတိုက်ဂိုးကလွဲရင် ကျန်တဲ့ဂိုးတွေအားလုံးဟာ နောက်တန်းအမှားတွေကြောင့် မပေးသင့်ဘဲ ပေးလိုက်ရတာတွေ ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ တောင်ပံခံစစ်နှစ်ခုလုံးက အီဗရာနဲ့ ရာဖေးလ်တို့ မာခဲ့တဲ့အတွက်သာ အေစီတို့ အခက်တွေ့သွားခဲ့ရတာ ဖြစ်ပါတယ်။

မလွယ်တော့တဲ့ အေစီနဲ့ လေချွန်နေပြီဖြစ်တဲ့ မန်ယူ
ဒုတိယအကျော့ကို မန်ယူရဲ့အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လာတဲ့အခါ လီယိုနာဒိုရဲ့ အေစီမီလန်အသင်းဟာ ဘယ်လိုအင်အားမျိုးနဲ့များ လာမလဲလို့ တွေးကြည့်နေမိပါတယ်။ မန်ယူအနေနဲ့ အဝေးကွင်းဂိုး (၃)ဂိုးအထိ ရလိုက်တဲ့အတွက် နောက်တစ်ဆင့်အတွက် သေချာသလောက် ဖြစ်သွားပြီလို့ ပြောနိုင်ပါတယ်။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုပေမယ့် မန်ယူကွင်းမှာတော့ အဲဒီလောက်အထိ ဒင်ဟိုတို့အုပ်စု ပဉ္စလက်ဆန်ဆန် လုပ်မပြနိုင်လောက်ဘူးလို့ ယုံကြည်နေမိပါတယ်။ ရွန်းနီတို့လူသိုက်ကလည်း “သက်ငယ်ခြေစွမ်း သက်ကြီးလွမ်း” ဖြစ်ရအောင် အကောင်းဆုံးခြေစွမ်းပြပြီး ရော်နယ်လ်ဒင်ဟိုတို့ကို နှိပ်စက်ကြပါလိမ့်ဦးမယ်။ အိုးထရက်ဖို့ဒ်ပွဲကို မျှော်လင့်ရင်း …..။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၆ နာရီ ၁၄ မိနစ်တွင်ပြီး၏။

Friday, August 28, 2009

2009/10 UEFA Champions League Groups


ယခုနှစ် (၂၀၀၉/၂၀၁၀) ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်အတွက် မဲခွဲမှုများအရ အုပ်စုအနေအထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

အုပ်စု(က)
စဉ်အသင်းအမည်နိုင်ငံ
၁။ဘိုင်ယန်မြူးနစ်ဂျာမနီ
၂။ဂျူဗီတပ်စ်အီတလီ
၃။ဘော်ဒိုးပြင်သစ်
၎။မကာဘီဟိုင်ဖာအစ္စရေး

အုပ်စု(ခ)
စဉ်အသင်းအမည်နိုင်ငံ
၁။မန်ယူအင်္ဂလန်
၂။စီအက်စ်ကေအေမော်စကိုရုရှား
၃။ဘက်ရှီးတပ်စ်တူရကီ
၎။ဝုဘတ်ဂျာမနီ


အုပ်စု(ဂ)
စဉ်အသင်းအမည်နိုင်ငံ
၁။အေစီမီလန်အီတလီ
၂။ရီးရဲလ်မက်ဒရစ်စပိန်
၃။မာဆေးပြင်သစ်
၎။ဇူးရစ်ဆွစ်ဇာလန်


အုပ်စု(ဃ)
စဉ်အသင်းအမည်နိုင်ငံ
၁။ချဲလ်ဆီးအင်္ဂလန်
၂။ပေါ်တိုပေါ်တူဂီ
၃။အက်သလက်တီကိုမက်ဒရစ်စပိန်
၎။အေပိုးလ်ဆိုက်ပရပ်စ်


အုပ်စု(င)
စဉ်အသင်းအမည်နိုင်ငံ
၁။လီဗာပူးလ်အင်္ဂလန်
၂။လိုင်ယွန်ပြင်သစ်
၃။ဖီအိုရင်တီးနားအီတလီ
၎။ဒီဘရီစင်ဟန်ဂေရီ


အုပ်စု(စ)
စဉ်အသင်းအမည်နိုင်ငံ
၁။ဘာစီလိုနာစပိန်
၂။အင်တာမီလန်အီတလီ
၃။ဒိုင်နမိုကိယက်ဖ်ယူကရိန်း
၎။ရူဘီကာဇန်ရုရှား


အုပ်စု(ဆ)
စဉ်အသင်းအမည်နိုင်ငံ
၁။ဆီဗီလာစပိန်
၂။ရိန်းဂျားစ်စကော့တလန်
၃။စတုဂတ်ဂျာမနီ
၎။ယူနီရီယာရိုမေးနီယား


အုပ်စု(ဇ)
စဉ်အသင်းအမည်နိုင်ငံ
၁။အာဆင်နယ်အင်္ဂလန်
၂။အယ်လ်ခမာဟော်လန်
၃။အိုလံပီယာကို့စ်ဂရိ
၎။စတင်းဒတ်ဘယ်လ်ဂျီယံ

 
Web Statistics