Friday, March 19, 2010

2010 UEFA Champions League


ကွာတားဖိုင်နယ်လ် (၁)
Lyon Vs Bordeaux
ပြင်သစ်ကလပ်အသင်းနှစ်သင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်လာတဲ့နှစ်မှာ အင်မတန်မှ ထူးဆန်းစွာပဲ အဆိုပါပြင်သစ်အသင်းအချင်းချင်း ပြန်ကျခြင်းဟာ တော်ရုံတိုက်ဆိုင်မှု မဟုတ်တာတော့ အသေအချာပါပဲ။ တစ်သင်းရဲ့အကြောင်းကို တစ်သင်းက သိနေပြီးသားဖြစ်တဲ့အတွက် ဘယ်အသင်းကမှ အလွယ်တကူ အနိုင်ရနိုင်မှာမဟုတ်တာ အသေအချာပါပဲ။ အသင်းအားပေးသူ ပရိသတ်တွေအတွက်လည်း အခြားနိုင်ငံတွေကို တကူးတက လိုက်လံအားပေးစရာမလိုဘဲ ကိုယ့်နိုင်ငံတွင်းမှာတင် အပြည့်အ၀ အားပါးတရ ကြည့်ရှုရမယ့်အခွင့်အရေးဟာ အတော်လေးကို ကျေနပ်စရာ ဖြစ်မှာပါ။ အခြားသော ခြေစွမ်းထက်အသင်းကြီးတွေနဲ့ ရှောင်လွှဲခွင့်ရလိုက်တာကပဲ ပြင်သစ်အသင်းတွေရဲ့ ကံကြမ္မာလို့ ပြောရမယ်ထင်ပါတယ်။ တစ်သင်း သေချာပေါက် ကျန်ရစ်ခဲ့မှာဖြစ်ပေမယ့် ပြင်သစ်တစ်သင်းကတော့ ဆီမီးဖိုင်နယ်ကို တက်ခွင့်ရမှာဖြစ်တဲ့အတွက် ကျေနပ်စရာပါ။ နာမည်ကြီးကြယ်စင်စု ရီးရဲလ်မက်ဒရစ်ကို ဖြုတ်ချခဲ့တဲ့ လိုင်ယွန်တို့ ပြည်တွင်းပြိုင်ဘက်ကို အလဲထိုးနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်ကတော့ လိုင်ယွန်အသင်း ဆီမီးဖိုင်နယ်ကို တက်လာမယ်လို့ သုံးသပ်ပါတယ်။

ကွာတားဖိုင်နယ်လ် (၂)
Bayern Munich Vs Manchester United
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ရဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံဖူးခဲ့ကြတဲ့ အသင်းကြီးနှစ်သင်း ဒီနှစ် ၂၀၁၀ မှာ လာဆုံနေပါတယ်။ ဖလားသုံးလုံးနဲ့အတူ မန်ယူအသင်း အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကပုံရိပ်တွေကို ပရိသတ်တွေ ချက်ချင်းဆိုသလို ပြန်လည်မြင်ယောင်နေမိကြဦးမယ် ထင်ပါရဲ့။ အိုလေဂန်နာဆိုးလ်ရှားရဲ့ နောက်ဆုံးမိနစ်နဲ့ဂိုးနဲ့အတူ အိုလီဗာခန်းနဲ့ ဘိုင်ယန်အသင်းသားတွေ မျက်ရည်ကျခဲ့ရတာ အတော်ကြာခဲ့ပြီဖြစ်ပေမယ့် အခုမဲခွဲမှုမှာ ပြန်လည်တွေ့ဆုံနေတဲ့အခါ အဟောင်းတွေက အသစ်ပြန်ဖြစ်လာဦးမှာပါ။ ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်တို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ဟာဆိုရင် အာဆင်နယ်နဲ့ ဘာစီလိုနာပွဲစဉ်နဲ့အတူ ပရိသတ်စိတ်ဝင်စားမှုအရှိဆုံး ယှဉ်ပြိုင်မှု ဖြစ်လာဦးမှာ အသေအချာပါပဲ။ နှစ်သင်းစလုံးဟာ အသင်းကြီးတွေဖြစ်ကြပေမယ့် ရိုင်ယန်ဂစ်၊ ပေါစခိုးလ်နဲ့ ရွန်းနီတို့ကြောင့် မန်ချက်စတာယူနိုက်တက်ကိုပဲ အလေးပေးလိုက်ချင်ပါတယ်။

ကွာတားဖိုင်နယ်လ် (၃)
Arsenal Vs Barcelona
ဒီနှစ်ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်ယူနဲ့ ဘိုင်ယန်ပွဲစဉ်နည်းတူ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာအကောင်းဆုံး ပွဲစဉ်တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ၂၀၀၆ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့ဖူးတဲ့ အသင်းနှစ်သင်း ဖြစ်နေလို့ပါပဲ။ ဒီနှစ်သင်းဆုံတွေ့မှုဟာ မန်ယူနဲ့ ဘိုင်ယန်ပွဲစဉ်ထက် အများကြီးပိုထူးခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၆ ချန်ပီယံလိဂ်ဖိုင်နယ်တုန်းက အာဆင်နယ်အသင်းမှာ ပါဝင်ကစားခဲ့တဲ့ အွန်နရီဟာ အခုတော့ ဘာစီလိုနာအသင်းကနေ ပါဝင်ယှဉ်ပြိုင်ကစားရမယ်။ နောက်တစ်ခုက ဘာစီလိုနာအသင်းက မဖြစ်မနေ ရအောင်ဝယ်မယ်လို့ ဆိုထားတဲ့ ဘာကာရဲ့ ငယ်မွေးခြံပေါက် ဖာဘရီဂတ်စ်ဟာ အာဆင်နယ်နဲ့အတူ ဘာစီလိုနာကို ရင်ဆိုင်ရမှာမို့ပါ။ ဘောလုံးရသပေးပြီး ကစားတဲ့နေရမှာ တူညီတဲ့အသင်းတွေမို့လည်း အဲဒီပွဲစဉ်ဟာ အတော်လေးကို ကြည့်ကောင်းဦးမယ်လို့ ယူဆရပါတယ်။ ပြောရမယ်ဆိုရင် ကစားပုံကစားကွက် အတော်တူတဲ့နှစ်သင်း ပြိုင်ဘက်အဖြစ် တွေ့ဆုံကြခြင်းပါ။ နှစ်သင်းစလုံးရဲ့ ကစားဟန်ကိုကြိုက်ပေမယ့်လည်း မက်ဆီနဲ့ အီဗရာဟင်မိုဘစ်ခ်ျကို ဘယ်သူထိန်းမလဲဆိုတဲ့ မေးခွန်းအတွက် အာဆင်နယ်မှာ အဖြေမရှိနိုင်ဘူးလို့ သုံးသပ်မိတဲ့အတွက် ဘာစီလိုနာကိုပဲ အမှတ်ပေးလိုက်မိပါတယ်။

ကွာတားဖိုင်နယ်လ် (၄)
Inter Milan Vs CSKA Moscow
အားလုံးကတော့ မော်ရင်ဟိုရဲ့ အင်တာမီလန်ဟာ အတော်လေးကို ပွဲစဉ်ချောင်တယ်လို့ ဆိုနေကြမလားပါပဲ။ ကျွန်တော်ကတော့ အဲဒီလို မယူဆပါဘူး။ ကွာတားဖိုင်နယ်ရဲ့ ပွဲစဉ်တွေထဲမှာ မထင်မှတ်တာတွေ အဖြစ်သွားနို်င်ဆုံး ပွဲစဉ်တစ်ခုလို့ မြင်မိပါတယ်။ ချဲလ်ဆီးလိုအသင်းကိုတောင် အလဲထိုးနိုင်ခဲ့တဲ့ အင်တာမီလန်အတွက် ရုရှားကလပ် စီအက်စ်ကေအေဟာ အဆိပ်မရှိတဲ့မြွေတစ်ကောင်လို့ ထင်မှတ်ထားရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။ ယူအီးအက်ဖ်အေဖလားကို ပထမဆုံးရခဲ့တဲ့ ရုရှားကလပ်အသင်းအဖြစ် စံချိန်တင်ထားခဲ့ဖူးတယ်၊ ဒီနှစ်မှာလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိလာတဲ့ ရုရှားကလပ်အသင်းအဖြစ် စံချိန်တင်လိုက်ပြန်တယ်။ အဲဒီလိုအသင်းတစ်ခုက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ရောက်ဖူးတဲ့ ပထမဆုံးသော ရုရှားကလပ်အဖြစ် သမိုင်းမ၀င်ချင်ဘဲ နေမယ်မဟုတ်ပါဘူး။ အကြီးမားဆုံးတွန်းအားကတော့ အားလုံးသောပရိသတ်တွေက အင်တာမီလန်ပဲ အလွယ်တကူ အနိုင်ရသွားလိမ့်မယ်လို့ ထင်ထားကြတဲ့ အချက်ဖြစ်မယ်ထင်ပါတယ်။ အဲဒီအတွက် ဖိအားတွေနဲ့ ရုန်းကန်ရမှာက စီအက်စ်ကေအေ မဟုတ်ဘဲ မော်ရင်ဟိုရဲ့ အင်တာမီလန်ဖြစ်ပါလိမ့်မယ်။ သမိုင်းကြောင်း၊ နည်းပြ၊ ကစားသမားစုဖွဲ့မှုအရ အင်တာမီလန်ကို အကြွင်းမရှိ အနိုင်လို့ သတ်မှတ်ချင်ပေမယ့် အီတလီအသင်းတွေအတွက် အမြဲတမ်းခက်ခဲတတ်တဲ့ ရုရှားမြေမှာ ထွက်လာမယ့်ရလဒ်ကပဲ ဒီပွဲကို ဆုံးဖြတ်ပေးသွားမယ်လို့ ထင်နေမိပါတယ်။

ဒီနှစ်၂၀၁၀ ချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ်မဲကျမှုဟာ အတော်လေးကို ညီမျှမှုရှိတယ်လို့ ဆိုရမယ်ထင်ပါတယ်။ ကွာတားအဆင့်မှာတင်ပဲ ဗိုလ်လုပွဲပမာ ကြည့်ရမယ့်ပွဲစဉ်တွေ ပါဝင်နေသလို မျှော်မှန်းထားတဲ့အတိုင်း နိုင်သင့်နိုင်ထိုက်တဲ့အသင်းတွေ နိုင်လာတယ်ဆိုရင်တော့ ဘယ်အသင်းတွေပဲ နောက်တစ်ဆင့်ကို တက်လာသည်ဖြစ်စေ ဆီမီးဖိုင်နယ်လ်ပွဲစဉ်တွေဟာလည်း ပွဲကြီးပွဲကောင်းတွေ ဖြစ်လာဦးမယ်ဆိုတာ အသေအချာပါပဲ။ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ရဲ့ဂုဏ်ဆောင် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘာနေဗျူးကွင်းကြီးဆီကို သွားတဲ့လမ်းကြောင်းမှာ ဘယ်အသင်းတွေဟာ ကွာတားဖိုင်နယ်မှတ်တိုင်ကနေ လက်ပြနှုတ်ဆက်သွားကြမလဲ၊ ဘယ်အသင်းတွေက ဆီမီးဖိုင်နယ်လမ်းကြောင်းပေါ်ကို ပြေးတက်သွားကြမလဲ၊ ဘာနေဗျူးကွင်းကြီးထဲမှာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲပြီး ရေကုန်ရေခန်းနွှဲကြမယ့် အကောင်းဆုံးအသင်းနှစ်သင်းက ဘယ်သူတွေလဲဆိုတာကတော့ ဘောလုံးပရိသတ်တွေအားလုံးအတွက် စိတ်ဝင်စားစရာကောင်းနေဦးမှာ အမှန်ပါပဲ။ ချန်ပီယံလိဂ်ရဲ့ ဇာတ်ရှိန်ဟာ အမြင့်ဆုံးကို ရောက်လာပြီမဟုတ်ပါလား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁၉ ရက်၊ သောကြာနေ့။
ည ၁၀ နာရီ ၀၇ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics