Tuesday, April 30, 2013

လွတ်ရာက ကြည့်ရှောင်


သိင်္ဂီ ပညာသဟတ္ထေန၊
သတေန ၀ါဇိနံ ၀ဇ္ဇေ။
ဟတ္ထိံ ဒန္တိံ သဟေဿန၊
ဒေသစာဂေန ဒုဇ္ဇနံ။

ဦးချိုရှိသော သတ္တ၀ါကို အတောင်ငါးဆယ်ကွာသော အရပ်မှ ရှောင်ကွင်းရာ၏။
ရိုင်းစိုင်းသော မြင်းကို အတောင်တစ်ရာ ကွာဝေးသောအရပ်မှ ရှောင်ကွင်းရာ၏။
အစွယ်ရှိသော ဆင်ပြောင်ကြီးကို အတောင်တစ်ထောင် ကွာဝေးသောအရပ်မှ ရှောင်ကွင်းရာ၏။
လူယုတ်မာကိုကား နေရပ်ကို စွန့်လွှတ်ခြင်းဖြင့် ရှောင်ကွင်းရာ၏။

Monday, April 29, 2013

အရှင်ဆိုး၊ သခင်ဆိုး


န သေဝေ ဖရုသံ သာမိံ၊
န စ သေဝေယျ မစ္ဆရိံ။
တတော အပဂ္ဂဏှံ သာမိံ၊
နေ ၀ နိဂ္ဂဟိတံ တတော။

ကြမ်းတမ်းသောအရှင်
ဝန်တိုသောအရှင်
မချီးမြှောက်သောအရှင်
နှိပ်စက်တတ်သော အရှင်တို့ထံ မှီခိုခြင်းမပြုရာ။

Sunday, April 28, 2013

အပေါ်ယံ ရွှေမှုန်ကြဲသူ


ပဒုမံဝ မုခံ ယဿ၊
ဝါစာ စန္ဒနသီတလာ။
တာဒိသံ နောပသေဝေယျ၊
ဟဒယေတု ဟလာဟလံ။

လူတစ်ယောက်၏ မျက်နှာသည် ပဒုမ္မာကြာပွင့်ကြီးကဲ့သို့ ရွှင်လန်းလှ၏။ သူပြောကြားသည့် စကားကလည်း စန္ဒကူးကဲ့သို့ ချမ်းအေးလှ၏။ သို့ရာတွင် ထိုသူ၏ စိတ်နှလုံးကတော့ လောလောလတ်လတ် သေစေတတ်သော အဆိပ်ရည်လွှမ်းလျက် ရှိပေ၏။ ထိုကဲ့သို့သော လူမျိုးကို ရှောင်ကြဉ်ရာ၏။

Saturday, April 27, 2013

အကြွင်းမထားသင့်သော သုံးမျိုး


ဣဏသေသော အဂ္ဂိသေသော၊
ရောဂသေသော တထေ၀ စ။
ပုနပ္ပုနံ ၀ိဝဍ္ဎန္တိ၊
တသ္မာ သေသံ န ကာရယေ။

ကြွေးမြီ အကြွင်းအကျန်
မီး အကြွင်းအကျန်နှင့်
ရန်သူ အကြွင်းအကျန်တို့သည် ထပ်ကာထပ်ကာ တိုးပွားကြကုန်၏။
ထို့ကြောင့် အကြွင်းအကျန် မထားရာ။

ကျွန်တော်ကိုဉာဏ် ခရီးလွန်နေပါသည်



(က)
အခုရက်ပိုင်း ကျွန်တော်ကိုဉာဏ် ပို့စ်တွေ ပုံမှန် တင်ဖြစ်လိမ့်မည် မဟုတ်ပါ။ အလုပ်တာဝန်အရ ခရီးသွားနေရပါသည်။ ခရီးမသွားခင်ကတည်းက တင်လိုသည့် ပို့စ်များကို ကြိုတင်ရေးသားခြင်း ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း အဆင်မပြေသည့်အတွက် လောကနီတိ တစ်ခုတည်းကိုသာ ပုံမှန် နေ့စဉ်ပို့စ် တက်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အတွက်လည်း အမြဲတစေ လာရောက်ဖတ်ရှု အားပေးကြသည့် မိတ်ဆွေများကို အားနာရပါသည်။

(ခ)
အလုပ်တာဝန်အရ မန္တလေးနှင့် ပြင်ဦးလွင်မြို့များသို့ သွားနေရပါသည်။ ဆိုင်ကယ်တွေ သိပ်များလွန်းတဲ့ မန္တလေးကို အံ့သြရသလို စိတ်လည်းရှုပ်ရပါသည်။ ၆ လမ်းသွား၊ ၈ လမ်းသွား၊ ၁၀ လမ်းသွား၊ ၁၂ လမ်းသွား စသည့်စသည့် လမ်းမကြီးများရှိသည့် နေပြည်တော်လို နေရာကနေ ယနေ့ထက်တိုင် ၄ လမ်းသွားထက် မပိုသေးသည့် မန္တလေးလိုမြို့ကြီးကို ရောက်လာတော့ အတော်ကြီးကို စိတ်ကျဉ်းကြပ်သွားရသည်။ ကားမောင်းတဲ့ ဒရိုင်ဘာကတော့ ဘယ်လိုစိတ်ခံစားမှုနဲ့ မောင်းနှင်သည်မသိ။ ဘေးကနေ ထိုင်လိုက်ရသည့် ကျွန်တော်ကတော့ ဘုရားဘုရားဟု မပြတ်တမ်း တနေရသည်။ ဟိုနားက ဆိုင်ကယ်တွေ ထွက်လာလိုက်၊ ဒီရှေ့က ဆိုင်ကယ်က ဖြတ်မောင်းလိုက်ဖြင့် အသည်းယားစရာ ကောင်းလှသည်။ သို့သော် လဘက်ရည်ဆိုင်တွေ ထိုင်ရတာကတော့ တကယ့်ထိပ်တန်း ဖီလင်ပင်။ ဘယ်မြို့မှာမှ မရနိုင်သည့် လဘက်ရည်ဆိုင် အငွေ့အသက်တွေကို မန္တလေးမှာသာ ရနိုင်သည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော့် အစွဲအလန်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ လဘက်ရည်ဆိုင်ကောင်တာမှာ ထိုင်နေသည့် ပုဂ္ဂိုလ်တွေက ပါးစပ်က တတွတ်တွတ်နှင့် စက်သေနတ်ပစ်သလို အော်ဟစ်ညွှန်ကြားနေတာက ကျွန်တော့်အတွက် သံစဉ်တစ်ခုပင်။ တွေးမိတာတစ်ခုက မန္တလေးမြို့တွင် ဘယ်အချိန်မှများ ဘတ်စ်ကားလိုင်းတွေ ခေတ်စားမလဲ ဆိုတာဖြစ်သည်။ ရန်ကုန်ကဲ့သို့ ယာဉ်လိုင်းများသာ မန်းတွင် တွင်ကျယ်လာမည်ဆိုပါက အရမ်းအန္ဆရာယ်များပြီး ပျားပန်းခတ်မျှ များပြားလှသည့် ဆိုင်ကယ်တွေကိစ္စ ပြေလည်သွားမည်ဟု ထင်မိသည်။ ဒါက မမီ့တမီ ဉာဏ်လေးဖြင့် တွေးမိတာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မန္တလေးကို ကျွန်တော်ချစ်သည်။ တက်ခဲ့ဖူးသည့် မန္တလေး ဂျီတီအိုင်ကို အလွမ်းပြေ သွားကြည့်ဖြစ်သည်။ ကျောင်းဝန်းကျင်တစ်ခုလုံး ဆိုင်ခန်းတွေ ပြည့်နေတာ တွေ့ရသည်။ ကျောင်းဆင်းချိန် ညနေတိုင်း ၀င်ကြည့်ဖြစ်သည့် ဗထူးကွင်းကလည်း ထိုနည်း၎င်းပင်။ ဆိုင်ခန်းတွေ ပတ်လည်နှင့် ၀င်ပေါက်ဘယ်နားမှာလဲလို့ အတော်ရှာယူရသည်။ တစ်ချိန်က မန္တလေးနေ့ရက်များကို လွမ်းမိပါသည်။ ကိုအငဲရဲ့ မန္တလေးညများတမ်းချင်း သီချင်းကို စိတ်ထဲမှာ ဆိုလိုက်မိသည်။ ××× လွမ်းမိတယ် ဟိုတုန်းက မန္တလေးညရေ ×××

(ဂ)
ပြင်ဦးလွင်ကိုတက်တော့ အသိသာဆုံး ခံစားမိတာက ရာသီဥတု အပြောင်းအလဲဖြစ်သည်။ ပြင်စာကိုကျော်သည်နှင့် လေအေးလေးတွေက ပွေ့ဖက်ဆီးကြိုကြသည်။ နေပြည်တော်မှာ မြင်ရခဲသည့် သစ်ကြီးဝါးကြီး၊ သစ်ပင်ဝါးပင်၊ တောအုပ်တောတန်းများကို တ၀ကြီးမြင်ရသည်။ ပြင်ဦးလွင်သည် အရင်ကထက် ပိုပူလာတာတော့ အသေအချာပင်။ သို့သော် မိတ်ဆွေဟောင်းများ၊ နေရာဟောင်းများက ကျွန်တော့်စိတ်ပျော်ရွှင်မှုများအတွက် ပြည့်စုံစေခဲ့သည်။ စိတ်အညစ်ရဆုံးက အင်တာနက်ကွန်နက်ရှင်း လုံးဝ အဆင်မပြေခြင်းပင်။ စစ်တွေမှာတုန်းက ဖုန်းလိုင်းက အင်တာနက်နှင့်ပင် အွန်လိုင်းမှတဆင့် ညစဉ် ဗီဒီယိုကြည့်နိုင်ခဲ့သည်။ နေပြည်တော်မှာ ကြိုက်တဲ့ အင်တာနက်စာမျက်နှာကို ဖုန်းအင်တာနက်နဲ့ ဖွင့်ကြည့်လို့ရသည်။ ပြင်ဦးလွင်လည်းရောက်ရော ဖုန်းပြောဖို့အတွက်ပင် လိုင်းမိသည့်နေရာကို ရှာယူရသည်။ လားရှိုးအထွက် ဒီဇင်ဘာဆိုင်လောက်ရောက်ရင် ဖုန်းလိုင်းက သိပ်မမိချင်တော့။ အခုကျွန်တော်တည်းနေသည့် ညံတောအ၀ိုင်းအနီးမှာ ဖုန်းအင်တာနက်လိုင်းက ဘာပြောရမှန်း မသိရလောက်အောင် စုတ်ပြတ်လှသည်။ ရောက်ကတည်းက အင်တာနက်သုံးဖို့ ကြံစဉ်တာ မအောင်မြင်။ လဘက်ရည်ဆိုင် အများစုက Wi-Fi Free လုပ်ပေးထားတာကို တွေ့ရသည်။ ကျွန်တော့်မှာ ညဘက် လဘက်ရည်ဆိုင်ထိုင်မှ အင်တာနက် သုံးရသည်။ သတင်းတွေဖတ်ရသည်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာကိုပင် လွှတ်ပြီးနောက်နေ့မှ သိရသည်။ ဘာပဲဖြစ်ဖြစ် ညစဉ်ညတိုင်း မိတ်ဆွေဟောင်းတွေနဲ့ လဘက်ရည်ဆိုင်မှာ အာလူးဖုတ်ရတာ ထပ်တိုးရသည့် အမှတ်တရများပင်။

(ဃ)
ကျွန်တော့်မိတ်ဆွေတွေ အများစုက တွေ့တိုင်းမေးတတ်သည့် မေးခွန်းရှိသည်။ ၂၀၁၅ ကို ဘယ်လိုမြင်သလဲတဲ့။ ၂၀၁၅ မှာ ဘာတွေဖြစ်လာမလဲတဲ့။ ကျွန်တော်ကိုဉာဏ် ဘာကောင်မျှ မဟုတ်ပါဟု ပြောသော်လည်း သူတို့က မကျေနပ်ချင်ကြ။ တစ်ခုခု ဖြေစေချင်သည်။ တစ်ခုခု ဆွေးနွေးစေချင်သည်။ ထို့အတွက် ကျွန်တော့်ရင်ထဲမှာ တကယ်ရှိတဲ့အတိုင်း သူတို့ကို ပြောဖြစ်သည်။ မြန်မာ့နိုင်ငံရေးသည် ပုံစံခွက် အတိအကျမရှိ၊ ခန့်မှန်းရခက်ခဲသည်၊ လူတိုင်းက သူ့အမြင်နှင့်သူ ကြိုက်သလို ခန့်မှန်းနိုင်သည်။ အဆိုပါ ခန့်မှန်းချက်များ အားလုံးကလည်း ဖြစ်နိုင်တာတွေချည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့နိုင်ငံရေးသည် ထင်သလောက် မရှင်းလင်း၊ မလွယ်ကူသောကြောင့် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် မြန်မာ့နိုင်ငံရေး အခြေအနေက အနာဂတ် မြန်မာ့နိုင်ငံရေးကို ပုံဖော်သွားလိမ့်မည်ဟု ကျွန်တော်က သုံးသပ်သည်။ သို့သော် ၂၀၁၅ တွင် ဘာတွေဖြစ်လာမည်ကို ကျွန်တော်သေသေချာချာ မသိပါ။ ခန့်မှန်းခြင်းလည်း မပြုလုပ်နိုင်ပါ။ စိုးတထိတ်ထိတ်ဖြင့် စောင့်ကြည့်နေသည်ဟုသာ ဖြေချင်ပါသည်။ အထူးသဖြင့် လက်ရှိအာဏာရနှင့် အတိုက်အခံ ပါတီများမှ ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးပါးဝသော၊ အမြော်အမြင်ရှိသော၊ အရှည်ကိုမြင်သော၊ အနာဂတ်ကိုဦးတည်သော ခေါင်းဆောင်တွေ ဖြစ်ဖို့လိုသည်ဟု ယုံကြည်သည်။ ပြည်ခိုင်ဖြိုးပါတီနှင့် အန်အယ်လ်ဒီပါတီ ခေါင်းဆောင်ပိုင်းတွေ ဘယ်လိုခံယူမလဲ၊ စီစဉ်မလဲ ဆိုတာက ၂၀၁၅ ၏ အသက်ဖြစ်သည်ဟု သုံးသပ်လိုပါသည်။

(င)
ဂျာနယ်တွေ မဖတ်ဖြစ်၊ သတင်းတွေ မကြည့်ဖြစ်၊ သတင်းတွေ မဖတ်ဖြစ်၊ ဖဘမသုံးဖြစ်၊ ဘလော့ဂ်မရေးဖြစ်သည့် ကျွန်တော်ကိုဉာဏ် မကြာမီ ဘလော့ဂ်ပို့စ်တွေ ပြန်တင်နိုင်ပါလိမ့်မည်။ စာတွေ ပြန်ရေးနိုင်ပါလိမ့်မည်။ ဒီကြားထဲ ပို့စ်တွေ မတင်ဖြစ်တာကိုတော့ နားလည်ပေးကြစေလိုကြောင်း တောင်းပန်လိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်၊ စနေနေ့။
နံနက် ၁ နာရီ ၁၁ မိနစ်တွင်ပြီး၏။
ခေတ္တ - ပြင်ဦးလွင်

Friday, April 26, 2013

ချက်ကောင်းကို စောင့်ပါ


ဝဟေ အမိတ္တံ ခန္ဓေန၊
ယာဝ ကာလံ အနာဂတံ။
တမေ၀ အာဂတေ ကာလေ၊
သေလေ ဘိန္ဒေ ဃဋံ ဣ၀။

မိမိ၏ အကြံအစည် မပြည့်သေးသမျှ အချက်မရသေးသမျှ ရန်သူကို ပခုံးပေါ်မှာ ထမ်းထားရာ၏။
မိမိ၏ အကြံအစည် ပြည့်ဝ၍ အချက်ရသော အခါတွင်ကား ပခုံးပေါ်က မြေအိုးကို ကျောက်ခဲပေါ် ပစ်ခွဲလိုက်သကဲ့သို့ ပစ်ခွဲရာ၏။

Thursday, April 25, 2013

သေမင်းကို ဖိတ်ခေါ်ခြင်း


သကိံ ဒုဋ္ဌတိ ယော မိတျာ၊
ပုန သန္ဓိတု မိစ္ဆတိ။
သော မစ္စုံ ဥပဂဏှာတိ၊
ဂဗ္ဘော အဿတရီ ယထာ။

လူတစ်ယောက်သည် မိတ်ဆွေနှင့် တစ်ကြိမ် ရန်ဖြစ်ဖူး၏။ ထိုလူသည် နောက်တစ်ဖန် ထိုမိတ်ဆွေနှင့် မိတ်ဖွဲ့ရန် မလိုရှိ၏။
ထိုလူသည် အဿတိုရ်မြင်းမသည် ကိုယ်ဝန်ကြောင့် သေရသကဲ့သို့ သေရမည်သာ ဖြစ်၏။

Wednesday, April 24, 2013

အကျွမ်းဝင်မှု သတိပြု


န ၀ိဿသေ အမိတ္တဿ၊
မိတ္တဉ္စာပိ န ၀ိဿသေ။
ကဒါစိ ကုပ္ပိတေ မိတ္တေ၊
သဗ္ဗဒေါသံ ပကာသတိ။

မိတ်ဆွေမဟုတ်သူနှင့်လည်း အကျွမ်းမ၀င်ရာ။
မိတ်ဆွေနှင့်လည်း အကျွမ်းမ၀င်ရာ။
တစ်ချိန်တစ်ခါတွင် မိတ်ဆွေကလည်း အမျက်ထွက်သောအခါ မိမိမှာ ရှိရှိသမျှ အပြစ်အနာအဆာတို့ကို ထုတ်ဖော်တတ်၏။

Tuesday, April 23, 2013

ဆွေမျိုး၊ ဖခင်၊ မိတ်ဆွေနှင့် မယား


သော ဗန္ဓု ယော ဟိတေ ယုတ္တော၊
ပိတရော ဟောတိ ပေါသကော။
တံ မိတ္တံ ယတ္ထ ၀ိဿာသော၊
သ ဘရိယာ စ နိဗ္ဗူတိ။

အကျိုးစီးပွားကို ဆောင်သောသူသည် ဆွေမျိုးဖြစ်၏။
ကျွေးမွေးပေးကမ်းသောသူသည် ဖခင်ဖြစ်၏။
အကျွမ်းဝင်သောသူသည် မိတ်ဆွေဖြစ်၏။
နှလုံးအလိုပြည့်ဝအောင် ပြေငြိမ်းအောင်ပြုနိုင်သော အမျိုးသမီးသည် မယားဖြစ်၏။

Monday, April 22, 2013

အရေးကြုံမှ အမှန်သိနိုင်


ဇာနေယျ ပေသေန ဘစ္စံ၊
ဗန္ဓ၀ါပိ ဘယာဂတေ။
အပ္ပကာသု တထာ မိတ္တံ၊
ဒါရဉ္စ ၀ိဘ၀က္ခယေ။

အလုပ်သမားအကြောင်းကို ခိုင်းကြည့်မှ သိနိုင်၏။
ဆွေမျိုးများအကြောင်းကို ဘေးတွေ့သောအခါမှ သိနိုင်၏။
ထို့အတူ မိတ်ဆွေများအကြောင်းကို စီးပွားကျဆင်းသွားသောအခါမှ သိနိုင်၏။
မယားအကြောင်းကို စီးပွားပျက်သွားခါမှ သိနိုင်၏။

Sunday, April 21, 2013

မျက်နှာပွင့်လှသော မိတ်ဆွေကြီး


ဓနဟီနေ စဇေ မိတ္တော၊
ပုတ္တဒါရော သဟောဒရာ။
ဓန၀န္တေ၀ သေ၀န္တိ၊
ဓနံ လောကေ မဟာ သခါ။

ဥစ္စာမရှိသောအခါ မိတ်ဆွေကပင် စွန့်ပစ်တတ်၏။
သားမယားနှင့် မွေးချင်းညီအစ်ကို မောင်နှမများကပါ စွန့်ပစ်တတ်ကြ၏။
လူချမ်းသာများကိုသာ လူအများတို့ မှီခိုကြ၏။
ထို့ကြောင့် လောက၌ ဥစ္စာသည် မိတ်ဆွေကြီး ဖြစ်ပေ၏။ မျက်နှာပွင့်လှ၏။

Saturday, April 20, 2013

Happy Birthday U Thein Sein!



ကိုယ့်နိုင်ငံက အကြီးအကဲတစ်ယောက်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်း ပြုလုပ်ခြင်းဟာ ဒါပထမဆုံးပါ။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ သက်တမ်းတစ်လျှောက် ဒီအသက်ဒီအရွယ်အထိ ကိုယ့်နိုင်ငံအကြီးအကဲရဲ့ မွေးနေ့က ဘယ်နေ့ဆိုတာ မသိခဲ့ရဖူးသလို၊ ဘယ်တုန်းကမျှလည်း မွေးနေ့ဆုတောင်း ရေးသားခဲ့ဖူးခြင်း မရှိပါ။ တကယ်လို့ အရင်တုန်းက နိုင်ငံ့ခေါင်းဆောင်တွေရဲ့ မွေးနေ့တွေကို သိခွင့်ရခဲ့ရင်လည်း မွေးနေ့ဆုတောင်းရေးဖို့ စိတ်ကူးမိမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကျွန်တော်တို့နှင့် တသီးတခြား ဖြစ်နေခဲ့သောကြောင့် ဖြစ်ပါသည်။ သူတို့အကြောင်းကို တွေးပင်မတွေးရဲသည်အထိ ဖြစ်ခဲ့ရသည်။ ဒါက တစ်ချိန်ကဖြစ်သည်။

ယခုတော့ ထိုသို့မဟုတ်ပြီ။ သမ္မတဦးသိန်းစိန်သည် ကျွန်တော်တို့အတွက် အနီးကပ်ဆုံးမှာရှိနေသည့် အားကိုးအားထားပြုရာ ခေါင်းဆောင်တစ်ဦးပမာ ခံစားမိသည်။ ဦးသိန်းစိန်ဆိုသည်နှင့်၊ သမ္မတကြီးဟုဆိုသည်နှင့် စိတ်ထဲမှာ ရင်းရင်းနှီးနှီး ဖြစ်နေသလို ခံစားရသည်။ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးတွေအတွက် အားထုတ်ကြိုးပမ်းနေသူပဲ ဟူသည့်စိတ်က မဖိတ်ခေါ်ဘဲ ရောက်လာရသည်။ နိုင်ငံကောင်းဖို့ဆိုတဲ့ အရင်းခံစိတ်နဲ့ မဆုတ်မနစ် ကြိုးပမ်းနေသူအဖြစ် အလိုလိုခံစားမိသည်။ ကူလှော်ပေးမယ့်အစား နောက်ပြန်တွန်းနေသူတွေကြောင့် လိုအပ်တာထက် ပိုပြီးတော့ အပင်ပန်းခံပြီး ဆောင်ရွက်နေရတာကိုလည်း ခံစားသိရှိနေရသည်။ ဒီနိုင်ငံရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်မို့၊ ရာထူးအာဏာ အရှိဆုံးပုဂ္ဂိုလ်မို့ ဦးသိန်းစိန်ဆိုသည့် ပုဂ္ဂိုလ်တစ်ဦးကို ကျွန်တော်တို့တွေ ကြောက်စိတ်မ၀င်မိ၊ ကပ်ဖားရပ်ဖားလုပ်ချင်စိတ် မဖြစ်မိ၊ တသီးတခြားဟု မခံစားမိ....။ ဒါတွေသည် လုပ်ယူလို့ရတဲ့ အချက်တွေဟု ကျွန်တော်မထင်... လုပ်ယူလို့လည်း ရနိုင်မည်မဟုတ်ပေ။ သမ္မတကြီးကိုယ်တိုင် နိုင်ငံနှင့် ပြည်သူအပေါ် မေတ္တာထား၍ မေတ္တာရောင်ပြန် ဟပ်သည်ဟုသာ ကျွန်တော်ယုံကြည်သည်။ သမ္မတကြီး ဆောင်ရွက်နေသည်များသည် ကျွန်တော်တို့ပြည်သူတွေအတွက်၊ ကျွန်တော်တို့နိုင်ငံအတွက်၊ ကျွန်တော်တို့အနာဂတ်အတွက် ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ အခြားသူများ မည်သို့ရှိသည်ကို ကျွန်တော်မသိပါ။ ကျွန်တော့်အတွက် သေချာသည်ကတော့ဖြင့် ကျွန်တော်ကိုဉာဏ် ယနေ့အချိန်အထိ တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် သမ္မတကြီး ဦးသိန်းစိန်လောက် မသယ်ပိုးနိုင်သေးပါ၊ မထမ်းရွက်နိုင်သေးပါ၊ မကျေပွန်နိုင်သေးပါ။ ထို့အတွက် သမ္မတကြီး ဦးသိန်းစိန်ကို လေးစားပါသည်၊ အားကျပါသည်၊ ဂုဏ်ယူပါသည်၊ ချီးကျူးပါသည်၊ အလေးအမြတ်ပြုပါသည်။

သမ္မတကြီး ဦးသိန်းစိန်၏ အသက် ၆၈ နှစ်ပြည့် မွေးနေ့အခါသမယတွင် မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွားကို ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေ။ မြန်မာနိုင်ငံ၏ ဂုဏ်ရောင်ကို ယခုထက် ပိုမိုထွန်းလင်းအောင် အလင်းဆောင်နိုင်ပါစေ။ မြန်မာ့အနာဂတ်ကို ယခုထက် ပိုမိုလှပအောင် ထုဆစ်နိုင်ပါစေ။ သမိုင်းတွင်သော၊ သမိုင်းဝင်သော ကောင်းမြတ်သည့် လုပ်ရပ်များဖြင့် မြန်မာနိုင်ငံသမိုင်းတွင် ကြီးကျယ်မြင့်မြတ်သည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကမ္ဗည်းမှတ်တမ်း အတင်ခံနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

သမ္မတကြီး ပျော်ရွှင်ပါစေ....။
ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ ဦးသိန်းစိန်....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်၊ စနေနေ့။
ညနေ ၅ နာရီ ၃၆ မိနစ်တွင်ပြီး၏။

အဆိပ်အိုးထဲက ပျားရည်


ပရောက္ခေ ဂုဏဟန္တာရံ၊
ပစ္စက္ခေ ပိယ၀ါဒိနံ။
၀ေဇၨယ် တာဒိသံ မိတၱံ၊
ဝိသကုမ္ဘေ ယထာ မဓုံ။

မျက်ကွယ်တွင် ဂုဏ်ကျေးဇူးကို ချေဖျက်၍ ကဲ့ရဲ့တတ်၍ မျက်မှောက်တွင် ချစ်ဖွယ်စကား ပြောကြားတတ်သော မိတ်ဆွေကို အဆိပ်အိုးထဲက ပျားရည်ကဲ့သို့ ရှောင်ကြဉ်ရာ၏။

Friday, April 19, 2013

ဆွေမျိုး နှင့် သူစိမ်း


ဟိတကာရော ပရော ဗန္ဓု၊
ဗန္ဓုပိ အဟိတော ပရော။
အဟိတော ဒေဟဇော ဗျာဓိ၊
ဟိတံ အရညမောသဓံ။

သူတစိမ်းပင်ဖြစ်ပါစေ အကျိုးပြုလျှင် ဆွေမျိုးဖြစ်၏။
ဆွေမျိုးပင်ဖြစ်ပါစေ အကျိုးမပြုလျှင် သူတစိမ်းဖြစ်၏။
မိမိကိုယ်ခန္ဓာ၌ ဖြစ်ပွားလာသော အနာရောဂါသည် အကျိုးမပြုပေ။
တောထဲက ဆေးမြစ် ဆေးခေါက်များသည်ကား အကျိုးပြုပါပေ၏။

Thursday, April 18, 2013

သိမ်းသွင်းနည်း လေးမျိုး


လုဒၶံ အေတၳန ဂေဏွယ်၊
ထဒၶံ အၪၨလိကမၼဳနာ။
ဆန္ဒာနုဝတ္တိယာ မူဠှံ၊
ယထာဘူတေန ပဏ္ဍိတံ။

အလိုရမ္မက်ကြီးသောသူကို လက်ဆောင်ပစ္စည်းပေးခြင်းဖြင့် သိမ်းသွင်းရာ၏။
မာန်ခက်ထန်သော သူကို အရိုအသေ ဆက်ဆံခြင်းဖြင့် သိမ်းသွင်းရာ၏။
မသိမလိမ္မာသေးသော သူကို အလိုလိုက်ပေးခြင်းဖြင့် သိမ်းသွင်းရာ၏။
ပညာရှိကိုကား ဟုတ်တိုင်းမှန်ရာ ပြောဆိုခြင်းဖြင့် သိမ်းသွင်းရာ၏။

Wednesday, April 17, 2013

နှစ်သစ်ကူးချိန်ခါ


ပျော်ရွှင်ဖွယ်ရာ နှစ်သစ်အခါသမယ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ မြန်မာနှစ်သစ်ကူး အခါသမယတွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေကြောင်းနှင့် အလုပ်အကိုင်များအားလုံး အဆင်ပြေကြပါစေကြောင်း ဆန္ဒပြုဆုမွန်ချွေရင့်း့
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဧပြီလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
မြန်မာနှစ်ဆန်းတစ်ရက်နေ့။

ချီးမွမ်းခြင်း နှင့် ဒဏ်ခတ်ခြင်း


ပဏ္ဍိတဿ ပသံသာယ၊
ဗာလော ဒဏ္ဍေန ဒိယျတေ။
ပဏ္ဍိတံ ပဏ္ဍိတေနေ၀၊
ဝဏ္ဏိတောဝ သုဝဏ္ဏိတံ။

လူမိုက်တစ်ယောက်က ပညာရှိအား ချီးမွမ်းလိုက်လျှင် ပညာရှိကို ဒဏ်ခတ်လိုက်သကဲ့သို့ ဖြစ်သွားရ၏။
ပညာရှိကို အခြားပညာရှိတစ်ယောက်က ချီးမွမ်းပါမှ ထိုက်ထိုက်တန်တန် ချီးမွမ်းရာရောက်၏။

Tuesday, April 16, 2013

လိပ်ကို ပုံပြု


နတ္တဒေါသံ ပရေ ဇညာ၊
ဇညာဒေါသံ ပရဿ တု။
ဂုယှေ ကုမ္မာဝ အင်္ဂါနိ၊
ပရဒေါသဉ္စ လက္ခယေ။

မိမိအပြစ်ကို သူတစ်ပါး မသိစေနှင့်။
သူတစ်ပါးအပြစ်ကိုတော့ သိအောင် ကြိုးစားပါ။
လိပ်များသည် ခေါင်းနှင့် ခြေတို့ကို ၀ှက်ထားကြသကဲ့သို့ ကိုယ့်အပြစ်ကို လျှို့ဝှက်ထားရာ၏။
သူတစ်ပါး၏ အပြစ်ကိုမူ မှတ်မှတ်သားသား ပြုထားရာ၏။

Monday, April 15, 2013

လမ်းလျှောက်ခြင်း


လမ်းလျှောက်ခြင်းသည် အသက်အရွယ်၊ ကျား၊ မ မရွေး ပြုလုပ်နိုင်သော အကောင်းဆုံး ကိုယ်လက်လှုပ်ရှားခြင်း ဖြစ်ပါသည်။ ကျန်းမာကြံ့ခိုင်မှုကို ပေးစွမ်းနိုင်ပါသည်။ လမ်းလျှောက်ခြင်းသည် လူတိုင်းဆောင်ရွက်နိုင်သော လေ့ကျင့်ခန်း ဖြစ်ပါသည်။ ထူးပြီး သင်ယူရန်မလိုပါ။ လမ်းလျှောက်ခြင်းမှ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။

လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ
လမ်းလျှောက်ခြင်းသည် အခြားလေ့ကျင့်ခန်းများကဲ့သို့ပင် အရေးကြီးသော ကျန်းမာရေး အကျိုးအမြတ်များ ရရှိနိုင်ပါသည်။
  • (LDL) မကောင်းသော ကိုလက်စထရောကျစေခြင်း
  • (HDL) ကောင်းသော ကိုလက်စထရော တက်စေခြင်း
  • သွေးပေါင်ချိန် လျော့ကျစေခြင်း
  • သွေးချို၊ ဆီးချိုရောဂါ ဖြစ်ပွားမှုကို လျော့ကျစေခြင်း
  • ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ခြင်း
  • စိတ်ရွှင်လန်းစေခြင်း
  • ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာ သန်စွမ်းနေစေခြင်း

ဤအကျိုးကျေးဇူးများသည် ခပ်သွက်သွက်လမ်းလျှောက်ခြင်းမှ ရရှိနိုင်ပါသည်။ ခပ်သွက်သွက် လမ်းလျှောက်ခြင်းသည် အခြားပြင်းထန်သော အားကစားများကဲ့သို့ပင် နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချစေနိုင်ပါသည်။ ဖြေးဖြေးမလျှောက်ပါနှင့်၊ ခပ်သွက်သွက် ခပ်မြန်မြန် လျှောက်ပါ။ နေ့စဉ် နာရီဝက် ပုံမှန်လမ်းလျှောက်ဖြစ်ရန်သာ လိုပါသည်။ အချိန်မပေးနိုင်လျှင် နံနက် ၁၅ မိနစ်၊ ညနေ ၁၅ မိနစ်ခန့်လည်း လျှောက်နိုင်ပါသည်။ တစ်ရက်လျှင် မိနစ် ၃၀ သို့မဟုတ် ရက်သတ္တ တစ်ပတ်လျှင် ၂ နာရီခွဲခန့် လမ်းလျှောက်လျှင် လုံလောက်ပါသည်။

လမ်းလျှောက်မည့်နေရာသည် နေအိမ်ခြံဝင်းအတွင်း၊ ပန်းခြံတွင်း စသဖြင့် ရွေးချယ်နိုင်ပါသည်။ မိမိနေအိမ်၌ပင် ခေါက်တုံ့ခေါက်ပြန် လျှောက်၍လည်း ရပါသည်။

သတိချပ်ရန်မှာ ကျန်းမာသက်ရှည်လိုသောဆန္ဒဖြင့် လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်လိုသော်လည်း ယာဉ်အန္တရာယ်များသော လမ်းမပေါ်တွင် လမ်းလျှောက်ခြင်း၊ နံနက် မိုးမလင်းမီ မှောင်နေသောအချိန် လမ်းလျှောက်ခြင်းတို့သည် အသက်အန္တရာယ်ရှိသဖြင့် သတိပြုရှောင်ကြဉ်သင့်ပါသည်။ အသက်ဆုံးရှုံးခဲ့ရသော သာဓကများစွာ ရှိပါသည်။





နှမ်းစေ့နှင့် အုန်းသီး


တိလမတ္တံ ပရေသံဝ၊
အပ္ပဒေါသဉ္စ ပဿတိ။
နာဠိကေရမ္ပိ သဒေါသံ၊
ခလဇာတော န ပဿတိ။

ယုတ်မာသော စိတ်သဘောထား ရှိသောသူသည် သူတစ်ပါးတို့၏ နှမ်းစေ့မျှလောက်သော အပြစ်ကို မြင်တတ်၏။
အုန်းသီးမျှလောက်သော မိမိ အပြစ်ကိုကား မမြင်ချေ။

Friday, April 12, 2013

ကွမ်းစားခြင်း


ကွမ်းစားခြင်းဆိုသည်မှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ရှားစေး၊ ဆေးရွက်နှင့် အခြားအမွှေးအကြိုင်များ ရော၍ ကွမ်းယာအဖြစ် ၀ါးစားကြခြင်း ဖြစ်ပါသည်။ ကွမ်းယာတွင် အဓိကပါဝင်သော ကွမ်းရွက်နှင့် ကွမ်းသီးတို့သည် အမည်ဆင်တူသော်လည်း သီးခြားရုက္ခမျိုးစု အပင်မှ ရရှိသော အသီးနှင့် အရွက်များ ဖြစ်ကြသည်။ ကွမ်းသီးသည် ဖန်သော အရသာရှိသည်။ ၎င်းတွင်ပါသော ဓာတုပစ္စည်း များစွာထဲမှ အေရိုကိုလင်း၊ ဖလေဗီနွိုက်ဒ်စ် တို့သည် ကင်ဆာရောဂါဖြစ်စေသော ဒြပ်စင်များ၏ အာနိသင်ကို အထောက်အကူပြုသည်ဟု သိရသည်။

အခြားပစ္စည်းတစ်မျိုးမှာ ထုံးဖြစ်ပါသည်။ ထုံးသည် ဒြပ်စင်အနေဖြင့် သွားနှင့် အရိုးများ တည်ဆောက်မှုတွင် အရေးပါသော်လည်း သတ္တုဒြပ်ပေါင်းအနေဖြင့် ထိတွေ့နေသော သွားဖုံး၊ ပါး၊ အာခေါင်၊ လျှာ စသည်တို့၏ အပေါ်ယံလွှာများကို ပျက်စီးလွယ်စေ၏။ အရပ်ခေါ် ထုံးပေါက်ခြင်းဟုခေါ်ပြီး ကွမ်းသွေးမှာပါသော လူကို အန္တရာယ်ပေးနိုင်သော ပစ္စည်းများ၏ ပိုမိုစိမ့်ဝင်မှုကို အားပေးသည်။

ကွမ်းယာတွင်ပါဝင်ပြီး အန္တရာယ်အပေးနိုင်ဆုံးမှာ ဆေးရွက်ကြီးဖြစ်ပါသည်။ ဆေးရွက်ကြီးမှာ နီကိုတင်းနှင့် အယ်ကလွိုက် အပါအ၀င် အခြားအမျိုးပေါင်းများစွာသော ဘေးဖြစ်စေသည့် ပစ္စည်းများ ပါဝင်ပါသည်။ ဆေးရွက်ကြီးတွင် အဓိကပါဝင်သော နီကိုတင်းသည် တံတွေးနှင့်ပေါင်းပြီး ကင်ဆာဖြစ်စေသည့် ပစ္စည်းအဖြစ် ပြောင်းလဲနိုင်ပါသည်။ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာမျိုလမ်းကြောင်းကင်ဆာနှင့် အစာအိမ်ကင်ဆာတို့ကို ဖြစ်စေနိုင်ပါသည်။ နီကိုတင်း၏ အာနိသင်ကို ကွမ်းသီးတွင်ပါဝင်သော အေရိုကိုလင်း (Arecoline) က ပိုမိုအစွမ်းထက်စေပါသည်။ ကွမ်းယာတွင် ထည့်စားတတ်သော အမွှေးအကြိုင်များသည်လည်း ခံတွင်းမှာ ကြာကြာထားပြီး များများစားသင့်သော အစားအစာများ မဟုတ်ကြပါ။

ကွမ်းစွဲနေသူတို့၏ သွားမျက်နှာပြင်တွင် အများအခေါ် ကွမ်းချိုးကပ်နေပြီး မူလသွားရောင် မရှိတော့ဘဲ နီညိုရောင်ညစ်ပေနေပြီး ရုပ်ဆင်းတင့်တယ်မှုကို လျော့ပါးစေပါသည်။ ထို့အပြင် သွားများ၏ အပေါ်ယံကြွေလွှာများ ပြုန်းတီးပျက်စီးပြီး အတွင်းသားသွားများ လျင်မြန်စွာ ပေါ်လာလျက် အပူအအေးနှင့် ချဉ်သောအစာများ စားလျှင် သွားကျင်သောဝေဒနာ ခံစားရခြင်း၊ သွားဖုံးရောဂါ အဖြစ်များခြင်း၊ ခံတွင်းအကြို ကင်ဆာအနာများ ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

ကွမ်းစားသည့် အလေ့အထသည် ဖော်ပြခဲ့သော ဆိုးကျိုးများကို စားသုံးသူတစ်ဦးတည်းကိုသာ ဒုက္ခဖြစ်စေခြင်း မဟုတ်ဘဲ ကွမ်းစားသူတစ်ဦး၏ မဆင်မခြင်မှု၊ စည်းကမ်းမဲ့စွာ ကွမ်းသွေးကို အလွယ်တကူ နေရာမရွေး ထွေးတတ်သောကြောင့် အများနှင့်ဆိုင်သော နေရာများတွင် ကွမ်းသွေးများနှင့် ညစ်ပေနေပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုကို ပျက်စီးစေနိုင်ပါသည်။

ထို့ကြောင့် ကွမ်းစွဲနေသူများသည် ကွမ်းကို ဖြတ်သင့်ပါသည်။ မိမိတို့ခံတွင်းမှာ ကွမ်းစားခြင်းကြောင့် ဖြစ်ပေါ်တတ်သော လက္ခဏာများ ရှိမရှိကို သွားနှင့်ခံတွင်း ဆရာဝန်များနှင့် ပြသဆွေးနွေးသင့်ပါသည်။ ကွမ်းစားခြင်းကို အချိန်မီရပ်ပြီး ကုသမှု ခံယူသင့်ပါသည်။

ကွမ်းမစွဲသေးဘဲ တစ်ခါတစ်ရံ အပျင်းပြေ ကွမ်းဝါးတတ်သူများသည် ကွမ်းစားခြင်း၏ ဆိုးကျိုးများ မခံစားရမီ ကွမ်းဖြတ်ရန် လိုအပ်ပါသည်။

ရှည်ခြင်း သုံးမျိုး


ဒီဃာ ဇာဂရတော ရတ္တိ၊
ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာန သံသာရော၊
သဒ္ဓမ္မံ အ၀ိဇာနတံ။

အိပ်မပျော်သောသူအတွက် တစ်ညတာသည် ရှည်လျားလှ၏။
ခရီးပန်းနေသောသူအတွက် တစ်ယူဇနာသည် ရှည်လျားလှ၏။
လူမိုက်တို့၏ သံသရာခရီးသည် ရှည်လျားလှ၏။

Thursday, April 11, 2013

အရက်သောက်ခြင်း


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်း ၁၄၀ ခန့်သည် အရက်၏ ကျေးကျွန်များ ဖြစ်လျက်ရှိပါသည်။ အရက်စသောက်သည့် အရွယ်ငယ်လေ အရက်၏ ကျေးကျွန်ဖြစ်ရန် များလေဖြစ်ပါသည်။ အရက်ပိုမိုသောက်ဖြစ်ရန် မျိုးရိုးနှင့် ပတ်ဝန်းကျင် အကြောင်းတရားများမှလည်း လွှမ်းမိုးနိုင်ပါသည်။ အရက်ကို အလွန်အကျွံသောက်လျှင် ခန္ဓာကိုယ် ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သည်။ လူမှုရေးပြဿနာများကိုလည်း ဖြစ်ပေါ်စေပါသည်။

ခန္ဓာကိုယ်ကျန်းမာရေး ဆိုးကျိုးများ
အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာရောဂါဖြစ်ခြင်း၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါဖြစ်ခြင်း၊ နှလုံးကြီးခြင်းနှင့် နှလုံးအားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အစာအိမ် အနာရောဂါဖြစ်ခြင်း၊ ပန်ကရိယရောင်ခြင်း၊ ဦးနှောက်နှင့် အာရုံကြော အားနည်းခြင်း၊ ခံတွင်းနှင့်လည်ချောင်း ကင်ဆာဖြစ်ခြင်း၊ အရက်ဆိပ်တက်ခြင်း၊ ဦးခေါင်းအား ထိခိုက်ဒဏ်ရာရခြင်းအပြင် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။

စိတ်ကျန်းမာရေး ဆိုးကျိုးများ
စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုများခြင်း၊ မှတ်ဉာဏ် အားနည်းခြင်း၊ စိတ်လှုပ်ရှားမှုများခြင်း၊ အရက်ကြောင့် စိတ်ရောဂါဖြစ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

လူမှုရေးဆိုးကျိုးများ
အိမ်ထောင်ရေးပြဿနာ၊ လူမှုရေးပြဿနာ၊ ငွေရေးကြေးရေး ပြဿနာများ၊ မကြံရွယ်ဘဲ လိင်ဆက်ဆံမိခြင်း၊ ယာဉ်တိုက်မှုနှင့် လုပ်ငန်းခွင်အန္တရာယ် ပိုများစေခြင်းတို့ကို ဖြစ်စေပါသည်။

ထို့ကြောင့် အရက်မသောက်ဖူးသူများအနေဖြင့် အရက်ကို စမ်းသပ်သောက်ကြည့်ခြင်း မပြုလုပ်ရန် လိုပါသည်။ စသောက်မိပါက စွဲသွားတတ်ပြီး အရက်ဖြတ်ရန် ခက်ခဲနိုင်ပါသည်။ အရက်သောက်တတ်သည့် သူများမှာလည်း အရက်၏ဆိုးကျိုးများ မခံစားရမီ ဆရာဝန်နှင့် ပြသပြီး အရက်ဖြတ်ရန် ကြိုးစားပါ။










အဖျက်သမား လေးယောက်


ဃရေ ဒုဋ္ဌော မူသိကော စ၊
ဝနေ ဒုဋ္ဌော စ ၀ါနရော။
သကုဏေ စ ဒုဋ္ဌော စ ကာကော၊
နရေ ဒုဋ္ဌော စ ဗြာဟ္မဏော။

အိမ်၌ ဖျက်ဆီးသူက ကြွက်။
တော၌ ဖျက်ဆီးသူက မျောက်။
ငှက်မျိုးထဲမှာ ဖျက်ဆီးသူက ကျီး။
လူတန်းစား အမျိုးမျိုးထဲမှာ ဖျက်ဆီးသူက ပုဏ္ဏား။

Wednesday, April 10, 2013

လူမိုက်တို့ သွားရာလမ်း


န သာဓု ဗလ၀ါ ဗာလော၊
သဟသာ ၀ိန္ဒတေ ဓနံ။
ကာယဿ ဘေဒါ ဒုပ္ပညော၊
နိရယံ သောပပဇ္ဇတိ။

လူမိုက်သည် ခွန်အားကောင်းလျှင် မကောင်း၊ သူတစ်ပါး၏ ဥစ္စာကို အနိုင့်အထက် လုယက်ယူတတ်၏။ ပညာမရှိသော ထိုလူမိုက်သည် ကိုယ်ခန္ဓာပျက်စီး၍ သေဆုံးသောအခါ ငရဲသို့ ကျရောက်ရ၏။

Monday, April 08, 2013

ဆေးလိပ်သောက်ခြင်း


ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သော အချက်အလက်များအရ ဆေးလိပ်သောက်ခြင်းကြောင့် ကမ္ဘာတစ်ဝန်း လူသန်းပေါင်း ၅.၄ သန်းခန့် နှစ်စဉ် သေဆုံးလျက်ရှိပါသည်။ သေဆုံးခြင်းကို ကာကွယ်၍ရသော အကြောင်းတရားများတွင် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် အဓိက ကျလှပါသည်။ ဆေးလိပ်တွင် နီကိုတင်းခေါ် စိတ်ကိုစွဲလန်းတတ်စေသော ပစ္စည်းအပါအ၀င် ဓာတုပစ္စည်း အမျိုးပေါင်း ၄၀၀၀ ကျော်နှင့် ကင်ဆာဖြစ်စေသော ပစ္စည်း ၂၂ မျိုး ပါဝင်သည်။ ဆေးလိပ်တွင် ပါဝင်သော နီကိုတင်းသည် ဦးနှောက်ရှိ အာရုံခံနေရာများတွင် ဓာတ်ပြုခြင်းအား လှုံ့ဆော်သဖြင့် စိတ်ကျေနပ်မှုကို ရရှိခြင်းကြောင့် စွဲလမ်းခြင်း ဖြစ်ပေါ်စေပါသည်။

ဆေးလိပ်သောက်ခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများမှာ -
နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာနှင့် အခြားကင်ဆာများ၊ အဆုတ်လေပြွန်ယောင်ခြင်း၊ လက်နှင့်ခြေထောက်ရှိ သွေးလွှတ်ကြောကြီးများပိတ်၍ ခြေချောင်း၊ လက်ချောင်း ပုပ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းကြောင့် လူစဉ်မမီခြင်း၊ ပန်းသေပန်းညှိုးရောဂါ၊ မိခင်များတွင် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေး ပေါင်မပြည့်ခြင်း၊ မွေးကင်းစကလေး သေဆုံးခြင်း အစရှိသော ကျန်းမာရေး ဆိုးကျိုးများအပြင် -

စီးပွားရေးနှင့်ပတ်သက်သော ဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေသည်။ ဥပမာ - ဆေးလိပ်ကြောင့် အပိုကုန်ကျငွေသည် မိသားစုစားဝတ်နေရေးကို ကျပ်တည်းစေနိုင်ခြင်း၊ အိမ်ထောင်ဦးစီးတွင် ရောဂါရပါက မိသားစုတွင် ဆုံးရှုံးမှုကြီးစွာ ဖြစ်စေခြင်း၊ ဆေးလိပ်မှသည် အရက်၊ မူးယစ်ဆေးဝါးအထိ စွဲသွားပြီး လူမှုရေးဆုံးရှုံးမှုများ၊ ရာဇ၀တ်မှုများ များပြားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် ဆေးလိပ်သည် လူတို့၏ ကာယဉာဏစွမ်းအားကို ထိခိုက်စေခြင်း၊ ဆေးရွက်စိုက်ခင်း၊ စီးကရက်စက်ရုံများကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်း အစရှိသော လူမှုရေးဆိုးကျိုးများကိုလည်း ဖြစ်ပေါ်နိုင်သောကြောင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

ဆေးလိပ်ဘာကြောင့် ဖြတ်သင့်သလဲ။

  • သင် ဆေးလိပ်ကို မည်သည့်အရွယ်မှစ၍ မည်မျှပင် သောက်ခဲ့စေကာမူ ဖြတ်လိုက်သည့်အချိန်မှစ၍ သင့်ကျန်းမာရေး သိသာစွာ တိုးတက်ကောင်းမွန်လာမည်။
  • နှလုံးသွေးကြောကျဉ်းရောဂါ၊ အဆုတ်ရောဂါ စသည့် ဆေးလိပ်ကြောင့်ဖြစ်တတ်သော ရောဂါများ ဖြစ်ပွားနိုင်မှု လျော့နည်းသွားသည်။
  • လူ့သက်တမ်းစေ့ နေနိုင်ရန် အခွင့်အရေး ရှိလာသည်။
  • မိသားစုကုန်ကျစရိတ်သက်သာ၍ ကျန်းမာပျော်ရွှင်ကြရသည်။
  • ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ၀န်ထုပ်ဝန်ပိုး လျော့နည်းသွားသည်။


ဆေးလိပ်ဘယ်လိုဖြတ်မလဲ။

  • ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချပါ။
  • ဆေးလိပ်ဖြတ်မည့်နေ့ကိုရွေး၍ မိသားစုနှင့် သူငယ်ချင်းများအား မိမိဆေးလိပ်ဖြတ်ပြီဖြစ်ကြောင်း ကြေညာပါ။
  • လျှော့သောက်ရန် မကြိုးစားပါနှင့်။ တိခနဲဖြတ်ပါ။
  • ဆေးလိပ်နှင့်သက်ဆိုင်သော ပစ္စည်းများ ပတ်ဝန်းကျင်၌ လုံးဝမရှိပါစေနှင့်။
  • ဆေးလိပ်သောက်မိမည့် နေရာများသို့ မသွားပါနှင့်။
  • မိဘ၊ မိသားစု၊ သူငယ်ချင်းများ၏ ထောက်ခံမှုကို ရယူပါ။


ဆေးလိပ်သည် စွဲလန်းစေနိုင်သဖြင့် လုံးဝ စမ်းသပ် မသောက်မိပါစေနှင့်။ အထူးသဖြင့် လူငယ်များ အတုခိုး မမှားပါစေနှင့်။ ဆေးလိပ်ကို နှစ်ပေါင်းများစွာ သောက်လာသူများအနေဖြင့်လည်း မည်သည့်အချိန်မှ ဖြတ်ရန်နောက်ကျနေပြီဟု မရှိပါ။ ဖြတ်မည်ဟု ဆုံးဖြတ်ချက် ချမှတ်လိုက်ရန်သာ လိုအပ်သည်။ မိမိစိတ်သာ အဓိကဖြစ်ကြောင်းနှင့် ပညာရှိသတိဖြစ်ခဲ မဖြစ်ရန်သာ အရေးကြီးပါသည်။













ကျွန်တော်ဖတ်မိတဲ့ သတင်းတွေ၊ တွေးမိတဲ့ အတွေးတွေ


(က)
SIM Card တွေကို ဧပြီလ ၂၄ ရက်နေ့ကစပြီး တစ်ကဒ်ကို ၁၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာခဲ့ပါတယ်။ ကန့်သတ်ချက်အချို့ ရှိနေပေမယ့်၊ သမ္မတကြီးနဲ့ တာဝန်ရှိသူတွေရဲ့ စေတနာအတိုင်း တန်ဖိုးနည်းဈေးနှုန်းအတိုင်းမဖြစ်ဘဲ အပြင်မှာ အဆအတန်ငယ် ဈေးမြင့်နိုင်တဲ့ အလားအလာတွေ ရှိနေပေမယ့်၊ ဖုန်းကတ်အသုံးပြုရမယ့် ကန့်သတ်ချက်အချို့ဟာ သာမန်ပြည်သူတွေ (၀ါ) တောသူတောင်သားတွေ နားလည်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိပေမယ့် လူအများစု တယ်လီဖုန်းကိုင်နိုင်မယ့် အခွင့်အရေးမို့ သာဓုခေါ်ပြီး ကြိုဆိုလိုက်ပါတယ်။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေသာ မတက်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ။ တော်တော်ကြာ... ကျွန်တော့်ဖုန်းကဒ်က သုံးနေတာ တစ်လလောက်ရှိပြီ.. အခု လိုင်းပိတ်သွားပြီတို့၊ ကျွန်တော်က တစ်ပတ်ကို ဖုန်းကတ် ၅၀၀၀ ကျပ်ဖိုးလောက် သုံးနေပေမယ့် သူ့အလိုလို ပိုက်ဆံတွေ လျော့လျော့နေတယ်တို့၊ အခု အသစ်ချပေးထားတဲ့ ၁၅၀၀ ကျပ်တန် ဖုန်းတွေရဲ့ ၀န်ဆောင်မှုကို ကျွန်မတို့ မလုပ်ပေးပါဘူးရှင်တို့ စတဲ့ စတဲ့ နောက်ဆက်တွဲတွေအတွက် ဘယ်လိုတွေများ ကြားရဦးမလဲလို့ စောင့်ကြည့်ရမှာပ။

(ခ)
တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘိုအောဖိုရမ်ကို တရုတ်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပါတယ်။ မလိုသူတွေ ဘယ်လိုပဲပြောပြော၊ ဘယ်လိုပဲ အပုန်ချချ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ စိတ်ဝင်စားမှု အခံရဆုံး နိုင်ငံတစ်ခု ဖြစ်နေတယ်ဆိုတဲ့ အချက်ကတော့ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် အဲဒီလို အချက်တွေကို ကျွန်တော်တို့တွေ အခုအချိန်အထိ ပြည့်ပြည့်၀၀ အသုံးမချနိုင်သေးတာကလည်း ၀မ်းနည်းစရာပါပဲ။ အရင်တုန်းက တိုင်းပြည်မတိုးတက်တာဟာ ပြည်တွင်းစစ်ကြောင့်၊ အုပ်ချုပ်တဲ့အစိုးရကြောင့်၊ ပိတ်ဆို့မှုတွေကြောင့် စတဲ့စတဲ့ ခေါင်းစဉ်တွေနဲ့ လှည့်ပတ်ပြီး ဖြေသိမ့်လို့ရ၊ ပေါက်ကွဲလို့ ရပါသေးတယ်။ ဒီနေ့ဒီအချိန်လို ကာလမျိုးမှာ တိုင်းပြည်တိုးတက်ရေးကို အရှိန်အဟုန်နဲ့ မဆောင်ရွက်နိုင်သေးတာဟာ ဘာကြောင့်များလဲလို့ တွေးကြစေချင်ပါတယ်။ အစိုးရနဲ့ပြည်သူ တက်ညီလက်ညီနဲ့ လှော်ရမယ့်အချိန်မှာ တက်မြှောက်တဲ့လူ၊ ရေသာခိုတဲ့လူ၊ ကန့်လန့်တိုက်တဲ့လူ၊ ပြောင်းပြန်လှော်တဲ့လူ၊ လေနဲ့ပဲလှော်နေတဲ့လူ စတဲ့စတဲ့ ဝေလေလေတွေနဲ့ ရှေ့ကိုမရွေ့ဘဲ ရေလယ်မှာ တန့်နေတာကတော့ ဖြစ်သင့်မဖြစ်သင့် ၀ိုင်းဝန်းစဉ်းစားသင့်ကြပါကြောင်း။

(ဂ)
မိတ္ထီလာအရေးအခင်းကို စတင်မီးမွှေးခဲ့သူတွေနဲ့ ပိုမိုကြီးမားအောင် နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့သူတွေကို တရားစွဲဆိုမှုတွေ ပြုလုပ်သွားတော့မယ်လို့ ဖတ်ရပါတယ်။ တကယ်လုပ်တဲ့လူတွေ လုံးဝ မကျန်ရစ်ခဲ့ရလေအောင် ကြိုးစားဆောင်ရွက်ကြဖို့ တာဝန်ရှိသူများကို ပန်ကြားလိုက်ပါတယ်။

(ဃ)
ပြည်ပရောက် (တိတိကျကျပြောရရင် မွတ်စလင်နိုင်ငံတွေရောက်) မြန်မာတွေ အတော်ကြီးကို အနေရ၊ အထိုင်ရခက်ပြီး ဖိစီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အရမ်းစိတ်မကောင်း ဖြစ်မိသလို ကိုယ်ချင်းစာမိပါတယ်။ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ သူများနိုင်ငံမှာ အောက်ကျခံပြီး အလုပ်သွားလုပ်ကာမှ ကိုယ်လည်းမသိရ၊ မလုပ်ရပါဘဲ မြန်မာပြည်မှာဖြစ်တဲ့ ပြဿနာတွေကြောင့် သူတို့ခမျာ မျက်နှာတောင် မပြရဲလောက်အောင် ဖြစ်ရတယ်ဆိုတော့ စဉ်းစားသာကြည့်ပေါ့ဗျာ။ ဂလိုဘယ်ခေတ်မှာ ကိုယ့်မြန်မာတွေ တပျော်တပါးကြီး ခေတ်နောက်ပြန်ဆွဲနေတာ မြင်နေကြားနေရတော့ အင်း... ရောက်ချေဦးမယ် ခေတ်သစ်ကြီး၊ ဖြစ်လာဦးမယ် ခေတ်မီနိုင်ငံတော်လို့သာ ညည်းမိပါတယ်။

(င)
Google Search Engine မှာ မြန်မာဆိုတဲ့ စာလုံးလေးတွေ့ရတဲ့အတွက် ၀မ်းသာမိတာ အမှန်ပါ။ www.google.com.mm ဆိုတဲ့ လိပ်စာကို ရိုက်ထည့်ရတာကိုပဲ ဂုဏ်ယူမဆုံး ဖြစ်ရတယ်။ မြန်မာနိုင်ငံ ဆိုတာကို လူရာမသွင်း၊ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့ကို မထင်ခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာခဲ့ပြီလဲ။ ဒါလည်း တိုးတက်မှုတစ်ခုလို့ မှတ်ယူပါတယ်။ Myanmar 2, Myanmar 3 ရှိမှ မြန်မာစာပေါ်တဲ့ ကိစ္စကတော့ အထူးအထွေ ပြောမနေတော့ပါဘူး။ ဇော်ဂျီနဲ့ ရိုက်ရှာရင်လည်း ကိုယ်လိုချင်တာ ရနေမင့်ဥစ္စာ။ ဒီအကြောင်းအရာက ကျွန်တော့်အရေးကိစ္စ မဟုတ်ပါ.... ပညာရှင်တွေ ဆွေးနွေးငြင်းခုန်ကြပါလိမ့်မယ်။

(စ)
ဒီနေ့ညတော့ မန်ချက်စတာဒါဘီပွဲ အားပေးရပါဦးမယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရယူဖို့အတွက် သေချာသလောက် ဖြစ်နေပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ လက်ရှိချန်ပီယံဘွဲ့ကို စွန့်လွှတ်ရဖို့ သေချာသလောက် ရှိနေပြီဖြစ်တဲ့ မန်ချက်စတာစီးတီး အသင်းတို့ရဲ့ ဂုဏ်သိက္ခာဆိုင်ရာ ပြိုင်ပွဲက ကြည့်ကောင်းဦးမှာ အသေအချာပါပဲ။ ဖာဂူဆန်ရဲ့ မန်ချက်စတာယူနိုက်တက်က အနိုင်ကစားလိမ့်မယ်လို့ ယုံကြည်မိပါရဲ့။ ဘောလုံးပွဲတွေ ကြည့်ရင်းနဲ့ ကျွန်တော်တို့နိုင်ငံလည်း မန်ချက်စတာယူနိုက်တက်လို စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ကြမယ်၊ ကြိုးစားကြမယ်ဆိုရင် သာယာအေးချမ်းတဲ့ ဘ၀တွေကို ပိုင်ဆိုင်အနိုင်ရလိမ့်မယ်လို့ တွေးမိတယ်။ တစ်ယောက်ချင်း ထူးချွန်သူတွေ ရှိလို့လိုအပ်သလို၊ တစ်သင်းလုံးလည်း ညီညွတ်မျှတမှ အောင်မြင်မှု ရရှိနိုင်မယ်ဆိုတာ ဘောလုံးပွဲကြည့်တိုင်း ကျွန်တော်တွေးမိတယ်။ အဲဒါကြောင့်လည်း ဘောလုံးပွဲတွေကို တစ်ကမ္ဘာလုံးက နှစ်ခြိုက်ကြတာ ထင်ပါရဲ့ဗျာ။

(ဆ)
ပြည်တွင်းမှာ မီးမွှေးလို့ အားမရသူတွေက အခုထပ်ပြီးတော့ ထိုင်းနဲ့မြန်မာ စစ်ဖြစ်စေချင်ကြပြန်ပြီ ထင်ပါရဲ့ဗျာ။ နယ်စပ်မှာ မြန်မာစစ်တပ်က ၁၃ ဦးကို ထိုင်းစစ်တပ်က ပစ်သတ်တယ်တို့၊ တိုက်ပွဲဖြစ်တယ်တို့ စတဲ့စတဲ့ သတင်းတွေကို ကိုယ်တိုင်လည်း သေသေချာချာ ရေရေရာရာ သိတာမဟုတ်၊ သေချာစိတ်ချရတဲ့ သတင်းဌာနက တင်တာလည်း မဟုတ်ပါဘဲ အားအားလျားလျား ခလုတ်လေး ၂ ချက် ၃ ချက် နှိပ်ရတာပဲ၊ ပိုက်ဆံပေးရတာမှတ်လို့ဆိုပြီး Share လိုက်ကြတာ နည်းတာမဟုတ်ဘူး။ ထုံးစံအတိုင်း မျက်ကန်းမျိုးချစ်တွေကလည်း ဆော်ဟ၊ နှက်ဟ၊ တိုက်ဟ၊ ဘာလုပ်နေတာလဲ၊ စသဖြင့် အင်တာနက်ပေါ်မှာ တိုက်ပွဲသံကို ညံနေတာပါပဲ။ မဟုတ်တဲ့သတင်းကျတော့ တွေ့တဲ့လူကို လိုက်ပြီးတော့ Share လုပ်တယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး အမှန်အတိုင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်တော့ မသိချင်ယောင် ဆောင်နေကြတယ်။ အဲဒီသတင်းမှန်ကို Share ဖို့ ဘယ်သူကမျှ အရေးတယူ မလုပ်ကြဘူး။ အဲဒါလည်း နိုင်ငံကြီးသားတွေ၊ အဲဒါလား မြန်မာဆိုပြီး ဂုဏ်ယူနေတဲ့လူတွေ...။ ပြောရင်လည်း ကိုဉာဏ်ဆိုတဲ့ကောင်က အလကားနေရင်း အပြစ်ပြောတယ်၊ ဘေးထိုင်ဘုပြောနေတယ်လို့ ပြောကြဦးမယ်။ အရင်တုန်းက အင်တာနက် သုံးခွင့်မပေးတဲ့အတွက် မျက်စိပိတ်၊ နားပိတ်ရပါတယ်ဆိုတဲ့ ပညာရပ်တွေ ဆည်းပူးလို့ မရပါဘူးဆိုတဲ့ ဆန်ကုန်မြေလေးတွေက အခုလို အင်တာနက်ကို ပေါပေါသီသီ သုံးခွင့်ရတဲ့ အချိန်ကျတော့ အကျိုးရှိရှိ အသုံးချနေလိုက်ပုံများ မြင်တဲ့အတိုင်းပါပဲ။ တစ်နေ့တစ်နေ့ အရည်မရ၊ အဖတ်မရ တွေ့သမျှ သတင်းကို Like လုပ်၊ Share လုပ်နေကြတာ ဘယ်လောက်တောင် များသလဲဆိုတာ ကိုယ့်ဘာသာကိုယ် မှတ်တမ်းလေး လုပ်ထားကြည့်သင့်တယ်။ လက်နဲ့ mouse ပဲ သုံးတတ်ပြီး ခေါင်းမသုံးတတ်သော၊ စဉ်းစားဆင်ခြင်ဉာဏ် မသုံးတတ်သော အင်တာနက်ပေါ်က ကြီးကြီး၊ ငယ်ငယ်၊ ပျိုပျို၊ ရွယ်ရွယ်၊ အိုအို၊ ကျိုးကျိုး ခပ်သိမ်းသောသူ အားလုံးကို မော်နီတာထဲက ခဏထွက် နားရင်းတစ်ချက်လောက် အသာရိုက်လိုက်ချင်ကြောင်းပါ။ ပြည်တွင်းမှာ ငါတို့လိုသလို မီးမွှေးလို့ ရသွားပြီ၊ ပြည်ပနဲ့ စစ်ဖြစ်၊ မဖြစ် မီးမွှေးကြည့်ဦးမှလို့ စိတ်ကူးနေသူများခင်ဗျား... ခင်ဗျားတို့ပြောသလိုမျိုး ယခင်အစိုးရတွေ မကောင်းလို့ တို့နိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် နောက်ကျကျန်ရစ်ခဲ့ရသည်ဆိုပါလျှင် ယခုလိုမျိုး လုပ်ရပ်တွေကြောင့်သာဆိုလျှင်ဖြင့် မြန်မာနိုင်ငံသည် ကျောက်ခေတ်ကပင် တက်တော့မည် မဟုတ်ပါကြောင်း လေးလေးစားစား သတိပေးလိုပါသည်။

(ဇ) 
မြန်မာ့နွေဦးလို့ တင်စားခဲ့ကြသည်။ ၀မ်းသာခဲ့ရသည်၊ ပျော်ရွှင်ခဲ့ရသည်၊ ဂုဏ်ယူခဲ့ရသည်။ ဟော... အခုတော့ အဲဒီနွေဦးက နည်းနည်းကြာလာတော့ နွေခေါင်ခေါင် ဖြစ်လာချေပြီ။ ပြည်တွင်း၌ နွေပီပီသသ ပူလိုက်သမှ ရခိုင်မှာပူလိုက်၊ ကချင်မှာပူလိုက်၊ မိတ္ထီလာမှာပူလိုက်၊ အညာမှာပူလိုက်၊ အောက်ပြည်မှာပူလိုက်၊ ကမ်းရိုးတန်းမှာပူလိုက်၊ နယ်စပ်မှာပူလိုက်၊ စီမံကိန်းတွေပူလိုက်နှင့် အို... ပူလိုက်တာမှ နေစရာတောင် မရှိတော့ဘူးလား မှတ်ထင်ရသည်။ ဒီလောက် ပူနေသည့် မြန်မာနိုင်ငံမှာ နောက်ထပ် ပူလောင်ရအောင် မီးမရှို့ကြပါနဲ့ခင်ဗျာ။ ပူပြင်းခြောက်သွေ့သည့် နိုင်ငံရေးအခြေအနေသို့ ရောက်ရှိနေပါသဖြင့် တို့မီး၊ ရှို့မီးများကို ဂရုပြုကြပါရန်နှင့် မိမိကိုယ်တိုင် မသိ၍ဖြစ်စေ၊ သိလျက်နှင့်ဖြစ်စေ အဆိုပါမီးတောက်များကို ၀င်ရောက်လေတိုက်ခြင်း၊ ဓာတ်ဆီလောင်းခြင်းများ မပြုလုပ်ကြပါရန် တောင်းပန်လိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဧပြီလ ၈ ရက်၊ တနင်္လာနေ့။
နံနက် ၁၁ နာရီ ၄၈ မိနစ်တွင်ပြီး၏။

မချိုသော ပျားရည်


မဓုဝ မညတိ ဗာလော၊
ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊
အထ ဒုက္ခံ နိဂစ္ဆတိ။

လူမိုက်သည် မိမိပြုလုပ်ထားသော မကောင်းမှုက အကျိုးမပေးသေးသမျှ ကာလပတ်လုံး ပျားရည်ကဲ့သို့ မှတ်ထင်နေ၏။
မိမိပြုထားသော မကောင်းမှုက အကျိုးပေးလာသော အခါတွင်ကား ဆင်းရဲကြီးစွာ ရောက်လာရပေတော့သည်။

Sunday, April 07, 2013

လူမိုက် ပညာရှိ


ယော ဗာလော မညတိ ဗာလျံ၊
ပဏ္ဍိတောဝါပိ တေန သော။
ဗာလောဝ ပဏ္ဍိတမာနီ၊
သော ဝေ ဗာလောတိ ၀ုစ္စတိ။

လူမိုက်သည် မိမိ မိုက်မဲနေသည့် ဖြစ်အင်ကို သိမြင်၏။ ထိုသို့ သိမြင်ခြင်းကို အကြောင်းပြု၍ ထိုလူမိုက်ကို ပညာရှိဟူ၍ ပြော၍ ရနိုင်ပါ၏။
အခြားလူမိုက်တစ်ယောက်သည်ကား မိမိကိုယ်ကို တကယ့်ပညာရှိကြီးဟု မှတ်ထင်နေ၏။ ထိုကဲ့သို့သောသူကိုကား လူမိုက်စစ်စစ် ဟူ၍သာ ခေါ်ထိုက်ပေသည်။

Saturday, April 06, 2013

တောင်းပန်လိုပါသည်


အခုရက်ပိုင်း ဘလော့ဂ်မှာ ပို့စ်တွေ မတင်ဖြစ်တဲ့အတွက် လာဖတ်တဲ့ မိတ်ဆွေများကို အားနာပါကြောင်းနှင့် မကြာမီ ပုံမှန်အတိုင်း ပြန်ရေးနိုင်အောင် ကြိုးပမ်းလျက်ရှိပါကြောင်း အသိပေးပြောကြားလိုပါသည်။

Tuesday, April 02, 2013

ဖတ်ရသိရသမျှ သတင်းတိုထွာ (ဧပြီ ၂၊ ၂၀၁၃)


(က)
စင်ကာပူသမ္မတ ဒေါက်တာတိုနီတန်ကင်ယမ်းနှင့်ဇနီး မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေပါတယ်။ ဧပြီလ ၁ ရက်နေ့က ရောက်ရှိတာပါ။ ခရီးစဉ်အတွင်း သမ္မတကြီးနဲ့ တွေ့ဆုံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်။ စင်ကာပူနိုင်ငံက မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာတော့ ဟုတ်ဟန်မတူဘူး။ မြန်မာပြည်ကနေ ဘာတွေများ ရနိုင်မလဲလို့ လာစနည်းနာတာ ဖြစ်မယ်ထင်ပါရဲ့။ ထားဝယ်စီမံကိန်းကို သွားကြည့်ချင်တယ်လို့ မတောင်းဆိုဘူးလား သိချင်မိပါရဲ့။

(ခ)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်မယ့်အကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ ဘယ်နေ့ဘယ်ရက်မှာ သွားမယ်ဆိုတာတော့ မသိရသေးကြောင်းပါ။

(ဂ)
ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့တယ် ၄၈ လမ်းမှာရှိတဲ့ ကျမ်းစာသင်ကျောင်း ရေကျော်ဗလီမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ၀ါယာရှော့တစ်ခုကနေ မီးလောင်မှုဖြစ်ပွားတာလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဗလီကျောင်းအိပ်ကျောင်းသား ၇၀ ခန့် ရှိတဲ့အနက် အခုမီးလောင်မှုကြောင့် သေဆုံးသူ ဗလီကျောင်းသား ကလေးငယ် ၁၃ ဦးရှိကြောင်း သိရှိရပါတယ်။ ပျောက်နေတယ်ဆိုတဲ့ ကလေးငယ် ၄ ဦးကိုလည်း အသက်ရှင်လျက် ပြန်တွေ့ရပြီးပါပြီတဲ့။ အင်တာနက်ပေါ်မှာ ထုံးစံအတိုင်း မီးပွားကနေ မီးတောက်ဖြစ်အောင် ဓာတ်ဆီလောင်း၊ လေတိုက် လုပ်ပေးနေကြသူတွေကြောင့် သတင်းမှန်တွေ ထုတ်ပြန်ပေးရာမှာ အခက်အခဲဖြစ်နေရတာကို တွေ့ရပါတယ်။ ရုပ်မြင်သံကြား သတင်းတွေကလည်း ဒီနေ့မနက်က မီးလောင်သွားတဲ့ ဗလီကို ရိုက်ကူးတင်ပြခဲ့ပါတယ်။ အင်တာနက်မှာ ဖွနေကြသလို ရှို့မီးမဟုတ်တဲ့အကြောင်း ဗလီအဆောက်အအုံကို အသေအချာ ရိုက်ပြကြပါတယ်။ အပြင်ပန်းက မီးရှို့ထားတဲ့ ဘာအရိပ်အယောင်မျှ မရှိတဲ့အကြောင်း၊ မီးလောင်မှုဖြစ်တဲ့အချိန်မှာ သော့ခတ်ထားတဲ့ ဗလီဝင်ပေါက် သံပန်းတံခါးကို ဖျက်ပြီးမှ ၀င်ရောက်ငြိမ်းသတ်ခဲ့ရကြောင်း သိရှိရပါတယ်။ ကိုယ်တွေလူမျိုးကလည်း ခက်တယ်... ပြန်ကြားရေး၊ ပြည်ထဲရေး၊ အစိုးရအဖွဲ့ရုံးက သတင်းထုတ်ပြန်တာကို မစောင့်နိုင်ဘူး၊ လက်မခံကြဘူး။ တစ်ဆင့်စကားနဲ့ အင်တာနက်မှာ တင်သမျှသတင်းကို မျက်မိမှိတ် ယုံလိုက်ကြတာပါပဲ။ အဲဒီလို နိုင်ငံသားတွေနဲ့ ဒီနိုင်ငံကြီးကို ရှေ့ဆက်ဖို့ဆိုတာ အတော်စဉ်းစားစရာပါ။ ၄၈ လမ်းဆိုတာလည်း ဘယ်နားမှန်းမသိ၊ ဗလီပုံစံကလည်း ဘယ်လိုမှန်းမသိဘဲ အင်တာနက်ပေါ်ကနေ ချဟ၊ ရှို့ဟ၊ လောင်ဟ၊ သေဟ၊ ကောင်းဟ ဆိုပြီး ဘေးတီးနေသူတွေ၊ လေပင့်နေသူတွေကို အသိဉာဏ်နဲ့စဉ်းစား၊ နှလုံးသားနဲ့ ခံစားပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါလို့ တောင်းပန်လိုပါတယ်။ မြန်မာပြည်ကြီး သွေးချောင်းစီးတာ၊ မီးဟုန်းဟုန်းတောက်တာကို မြင်ချင်ကြည့်ချင်စိတ်ဖြင့် အဆင်အခြင်မဲ့ မလုပ်ကြပါမည့်အကြောင်း တောင်းပန်လိုက်ပါတယ်။

ကျွန်တော်တွေးမိသမျှ မှတ်စုသက်သက်သာ


(က)
ဒီနေ့ ဧပြီလ ၁ ရက်နေ့ကစပြီး ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေခွင့်ရပါတယ်။ ကျွန်တော်တစ်စောင်မျှ ဖတ်ခွင့်မရသေးဘူး။ ဂျာနယ်လာပို့တဲ့ ကျေးဇူးရှင်က တစ်စောင်ချင်းရောင်းဖို့ အစီအစဉ်မရှိပါဘူးတဲ့။ လွှတ်တော်ထဲမှာ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေ မေးခွန်းတွေ ဖြေကြတာကိုတောင် ပြေးမြင်လိုက်မိသေးတယ်။ တစ်လလုံးယူမှ မှာပေးမယ်တဲ့။ နောက်ဆက်တွဲ ဆက်ပြောသေးတယ်။ နေ့စဉ် မရဘူးနော်တဲ့။ တစ်ရက်တော့ နောက်ကျမယ်တဲ့။ ဆိုလိုတာက ဒီနေ့သတင်းစာကို နက်ဖြန်ကျမှ ဖတ်ရမယ်ဆိုတဲ့သဘော။ ဈေးနှုန်းမေးကြည့်တော့ ၂၀၀ ကျပ် ၀န်းကျင် ရှိပါသတဲ့။ ကျွန်တော်တွက်ကြည့်တယ်၊ တစ်စောင်ချင်းကလည်း မှာလို့မရဘူး.. ဖတ်ချင်တာကလည်း ၃-၄ စောင်လောက် မြည်းစမ်းပြီး ဖတ်ကြည့်ချင်တယ်။ တစ်လကို သတင်းစာဖိုးချည်းပဲ ၂သောင်းခွဲနီးပါးလောက် သုံးရမှာကိုတော့ စဉ်းစားမိတာ အမှန်ပါပဲ။ သတင်းစာပို့တဲ့လူကို အားမကိုးဘဲ စာအုပ်ဆိုင်ရောက်မှပဲ ကိုယ်စိတ်ဝင်စားတာလေးတွေကို တစ်စောင်ချင်းဝယ်ဖတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုထက်ထိတော့ အွန်လိုင်းပေါ်မှာ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာတွေ PDF ဖိုင်နဲ့ ရောက်လာတာ မတွေ့ရသေးပါ။ ဖတ်လို့ရတဲ့နေရာများ သိတဲ့လူရှိရင်လည်း လက်တို့လိုက်ကြပါဦးကွယ်ရို့။

(ခ)
အခုရက်ပိုင်း တီဗီရှေ့ကနေ မခွာနိုင်ဘူးဖြစ်နေတယ်။ ဟိုတစ်နေ့က စိုးသူရှိုးပွဲ၊ နောက် ဘောလုံးပွဲ၊ ဒီနေ့လည်း MLTR ရှိုးပွဲကို ပြန်လွှင့်ပေးနေလို့ စောင့်ကြည့်ရတယ်။ နောက်တစ်ခုက သံချပ်တွေ။ ဟော ဒီနေ့ရောဆိုရင် လူထုပဲ့တင်သံဆိုတဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန် သံချပ်ပြိုင်ပွဲဆိုပြီး SKY Net MYANMAR ARTS ကနေ လွှင့်ပေးနေတာ ၃ ရက်ရှိပြီ။ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ဒါပေမယ့် အဖွဲ့တွေအားလုံးခမျာ သံချပ်တိုင်စရာ အကြောင်းအရာ ရှားပါးမှုနဲ့ ကြုံနေရတယ် ထင်ပါရဲ့။ တက်လာသမျှ သံချပ်အဖွဲ့ အားလုံးနီးပါးလောက် မလွတ်တမ်း သံချပ်တိုင်ကြ၊ ဖောက်ကြတာက -
လွှတ်တော်နဲ့ ဒေါက်တာဆိတ်ဖွား
လက်ပံတောင်း
အဘနဲ့ အစ်မ
မော်တော်ပီကယ်
စည်ပင်သာယာ
လမ်းတံတား
အစိုးရ
ယခင်စစ်အစိုးရ
ဦးပိုင်
တရုတ်
နိုင်ငံရေးအကျဉ်းသား
ဖုန်းဆင်းကဒ်
မီးပျက်တဲ့ကိစ္စ
ထမင်းတစ်နပ်ကိစ္စ
ကချင်ပြည်နယ်ကိစ္စ
စတာတွေပဲ ဖြစ်ပါတယ်။ သံချပ်အဖွဲ့မှာ ကျွန်တော်သိတဲ့ လူရွှင်တော်တွေ ပါပြီဆိုရင် အဲဒီအဖွဲ့က မကောင်းတာ အသေအချာပဲ။ ဘယ်သူတွေမှန်းလည်း မသိ၊ ဘယ်ကမှန်းလည်း မသိတဲ့လူတွေဆိုရင် တော်တော်စိတ်ဝင်စားဖို့ကောင်းတာ တွေ့ရပါတယ်။ ကိုယ်သိတဲ့အထဲက မေတ္တာဦးဆောင်တဲ့ အဖွဲ့တစ်ခုပဲ ကြည့်ပြီးတဲ့အထိ မဆိုးဘူးလို့ ပြောနိုင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်တို့ ဟိုရှာဒီရှာ နားထောင်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံရောက် ဒီမိုကရေစီအင်အားစုတွေ နှစ်စဉ်ရေးစပ်ခဲ့တဲ့ သံချပ်တွေက အပုံကြီးသာတယ်။ သူတို့တွေက ICRC လည်းပါတယ်၊ ကိုဖီအာနန်လည်းပါတယ်၊ အထူးကိုယ်စားလှယ်ကြီးလည်း မလွတ်ဘူး၊ တရုတ်လည်းပါတယ်၊ ထိုင်းလည်းပါတယ်၊ ပြည်ပရောက် အင်အားစုတွေကိုလည်း ကစ်တယ်၊ အဲဒီတုန်းက အစိုးရကတော့ ပြောမနေနဲ့တော့... ရစရာကိုမရှိဘူး။ အင်း.. ဘာပဲပြောပြော ကာလအတန်ကြာ မမြင်၊ မကြားခဲ့ရတဲ့ သံချပ်တွေကို ပြန်လည်ခံစားရတဲ့အတွက် ကျေနပ်မိပါတယ်။ သံချပ်ပြိုင်တဲ့နေရာကို နိုင်ငံရေးစင်မြင့်အဖြစ် ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ၊ ပါတီကြော်ငြာတာတွေ၊ သွေးခွဲတာတွေကိုတော့ လက်မခံနိုင်ပါကြောင်း ပြောလိုပါတယ်။

(ဂ)
ရာသီဥတု ပူချက်ကတော့ ပြောကိုမပြောချင်လောက်အောင်ပါပဲ။ ပြင်ဦးလွင်လို၊ ကလောလို၊ တောင်ကြီးလို နေရာမျိုးမှာ သွားနေချင်စိတ် ပေါက်မိပါရဲ့။ ဘယ်မှမသွားဘဲ ထိုင်နေတာတောင် အလကားနေရင်း ချွေးတွေထွက်ပြီး ရေတွေငတ်၊ တစ်နေကုန် ရေထိုင်သောက်တာက ၅-၆ လီတာလောက် ရှိတယ်။ ဗိုက်ထဲမှာလည်း ရေတွေချည်းပဲ၊ တစ်ခါတစ်လေ လမ်းလျှောက်တဲ့အခါ ဗိုက်ထဲမှာ လှုပ်နေတဲ့ရေသံက ပလုပ်၊ ပလုပ်နဲ့ အတိုင်းသားကြားနေရတယ်။ အင်း... ကျွန်တော်တို့နိုင်ငံမှာက သစ်တောတွေ ခုတ်လို့ကောင်းတုန်း၊ တောမီးတွေ ရှို့လို့ကောင်းတုန်း၊ မနက်မိုးလင်းတိုင်း အမှိုက်ပုံလေးတွေစုပြီး မီးရှို့တုန်း၊ ပလတ်စတစ်အိတ်တွေ ဖောဖောသီသီ အသုံးပြုတုန်း၊ ............။ အဲလိုကိစ္စတွေကျတော့ အွန်လိုင်းမှာ အုတ်အော်သောင်းနင်းဖြစ်အောင် ဘယ်သူမှ မလုပ်ကြဘူး။ ဘယ်သူကမှလည်း မလှုံ့ဆော်ကြဘူး။ အင်း... နောက်ထပ် ၅ နှစ်လောက်ဆိုရင် ကျုပ်တို့တွေ ကျောက်ခေတ်ကို ပြန်ရောက်ပြီ။ ဘယ်သူမှ အ၀တ်အစား ၀တ်နိုင်တော့မှာ မဟုတ်ဘူး။ ပူလွန်းလို့။

(ဃ)
တယ်လီဖုန်းဆင်းကဒ်ကိစ္စကို သမ္မတကြီးဦးစီးပြီး အစည်းအဝေးလုပ်ရတာကို နားမလည်နိုင်ဘူး။ ကျွန်တော် ဉာဏ်မမီတာလည်း ဖြစ်မှာပါ။ ဒီ တယ်လီဖုန်းဆင်းကဒ်ဆိုတဲ့ ကိစ္စဟာ ဒီနိုင်ငံရဲ့ အကြီးအကဲကိုယ်တိုင် အစည်းအဝေး လုပ်ရလောက်အောင် ကြီးကျယ်နေသလား။ ထားပါတော့... ကြီးကျယ်တယ်လို့ပဲ။ သမ္မတကိုယ်တိုင် အစည်းအဝေးလုပ်ပြီးသွားတာသာ ရှိတယ်။ ဘာအချက်အလက်မျှလည်း တိတိကျကျ မသိရဘူး။ ကိုယ်တွေရောင်းမယ့် ဆင်းကဒ်ကို ဘယ်လောက်တန်ဖိုးနဲ့ ရောင်းမယ်ဆိုတာကိုတောင် မပြောနိုင်လောက်အောင် ခက်ခဲနေသလား။ ဘယ်နေ့မှာ စရောင်းမယ်ဆိုတာကိုတောင် မပြောနိုင်လောက်အောင် ပြဿနာတစ်ရပ် ဖြစ်နေသလား။ ဟုတ်တော့ မဟုတ်သေးပါဘူးဗျာ။ အခက်အခဲတွေ၊ ပြဿနာတွေ ရှိနေရင်လည်း ပွင့်ပွင့်လင်းလင်း ရှင်းလင်းပြောကြားသင့်တယ် ထင်ပါတယ်ဗျာ။ ဘယ့်နှယ်... လူကြားလို့ရယ်မှ မကောင်းဘူး။ တန်ဖိုးနည်းဖုန်းဆင်းကဒ်ကို ဟိုနေ့ ရောင်းနိုးနိုး၊ ဒီနေ့ ရောင်းနိုးနိုးနဲ့ ကံစမ်းမဲဖောက်သလို၊ မျှော်လင့်ချက်ပေးသလိုလို၊ ဘာမှန်းကို မသိဘူး၊ နားလည်းမလည်နိုင်ဘူး။ မြန်မာအစိုးရအဖွဲ့က ဘယ်သူကမျှလည်း တိတိကျကျ၊ ရေရေရာရာ မပြောနိုင်ဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနက ပိုဆိုးသေးတယ်... သူတို့ကကို မပြောရဘူး၊ မဆီမဆိုင် အခြားလူတွေကချည်းပဲ ၀င်ဝင်ပြောနေတာ..။ ကဲ... ကျွန်တော်ကိုဉာဏ်ကပဲ ဆင်းကဒ်နဲ့ ပတ်သက်ပြီး အတိအကျ ပြောလိုက်ပါ့မယ်။ တန်ဖိုးနည်း တယ်လီဖုန်းဆင်းကဒ်တွေကို ကြိုက်တဲ့ဈေးနဲ့ ကြိုက်တဲ့အချိန်မှာ စတင်ရောင်းချပါမည်။ ကဲ... ဒါ့ထက် သေချာတာ ဘာရှိသေးလဲ။ :D

(င)
ရခိုင်အရေး အစီရင်ခံစာတင်ဖို့ ရက်ရွှေ့ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး အခြားလူတွေနဲ့ လုံးဝကို မတူကွဲပြားစွာပဲ ကျွန်တော်ကိုဉာဏ်က နားလည်ပေးမိပါတယ်။ ရခိုင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ နောက်ကျနေတာ၊ ဟိုရွှေ့ဒီရွှေ့ လုပ်နေတာအားလုံးကို ကျွန်တော်ကိုဉာဏ် အပြည့်အ၀ နားလည်မိပါတယ်။ ကော်မတီမှာပါတဲ့ လူတွေအားလုံးနေရာက ၀င်ခံစားမိတာရော၊ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ရောပါ။ အွန်လိုင်းပေါ်မှာ မဟာမျိုးချစ်တွေ ပြောနေသလောက် ရခိုင်အရေးဟာ မလွယ်ပါဘူးဗျာ။ ကိုယ်တိုင်သာ အဲဒီကော်မရှင်မှာ ၀င်လုပ်ကြည့်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ နောက်တစ်ခုက ဆရာကျော်ဝင်းတို့၊ ဆရာမောင်စူးစမ်းတို့ အမြဲတမ်း ထောက်ပြပြောဆိုခဲ့တဲ့ Win-Win ဆိုတာကို သတိရစေချင်ပါတယ်။ ကိုယ်ကိုယ်တိုင် သမ္မတကြီးနေရာ၊ ကော်မရှင်အဖွဲ့ဝင်တွေနေရာကို ၀င်ရောက်ခံစား၊ စီမံခန့်ခွဲကြည့်ပါလို့ ပြောချင်ပါတယ်။ စိတ်ကူးနဲ့ စီမံခန့်ခွဲတာတောင် ဘယ်လောက်ခက်ခဲသလဲဆိုတာ သိလာပါလိမ့်မယ်။ ဖြစ်လာနိုင်တာတွေကို စိတ်ကူးနဲ့ ကြိုတွေးမိတာနဲ့တောင် ဘယ်လောက်ရင်လေးစရာ ကောင်းတယ်ဆိုတာ သိလာပါလိမ့်မယ်။

မြန်မာ့သွေးမိတ်ဆွေများအားလုံး စိတ်ဝမ်းနှလုံး ရွှင်ပြုံးနိုင်ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဧပြီလ ၂ ရက်၊ အင်္ဂါနေ့၊
နံနက် ၀၀ နာရီ ၀၅ မိနစ်တွင်ပြီး၏။

Monday, April 01, 2013

နေပြည်တော်ခရိုင် ပြင်ဆင်ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
နေပြည်တော်၊ ၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၄ ရက်
(၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်)
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နေပြည်တော်ခရိုင်အား တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ စုစုပေါင်း မြို့နယ် ၈ မြို့နယ်ဖြင့် ဖွဲ့စည်းထားရာမှ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ် စုစုပေါင်း ၄ မြို့နယ်တို့ကို စုစည်း၍ နေပြည်တော်မြောက်ပိုင်းခရိုင် (ဥတ္တရခရိုင်) အဖြစ်လည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် စုစုပေါင်း ၄ မြို့နယ်တို့ကို စုစည်း၍ နေပြည်တော်တောင်ပိုင်းခရိုင် (ဒက္ခိဏခရိုင်) အဖြစ်လည်းကောင်း အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည် -


ယခင်နေပြည်တော်ခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအား ပယ်ဖျက်လိုက်သည်။

အထက်ဖော်ပြပါအတိုင်း နေပြည်တော်ကောင်စီနယ်မြေအတွင်း နေပြည်တော်ခရိုင်အား နေပြည်တော်မြောက်ပိုင်းခရိုင် (ဥတ္တရခရိုင်) နှင့် နေပြည်တော်တောင်ပိုင်းခရိုင် (ဒက္ခိဏခရိုင်) အဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းလိုက်သဖြင့် နေပြည်တော်မြောက်ပိုင်းခရိုင် (ဥတ္တရခရိုင်) နှင့် နေပြည်တော် တောင်ပိုင်းခရိုင် (ဒက္ခိဏခရိုင်) အတွင်း ပါဝင်သည့် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ ဖွဲ့စည်းတည်ရှိမှု ဧရိယာအကျယ်အ၀န်းနှင့် နယ်နိမိတ် အလားအလာသတ်မှတ်ချက်သည် နေပြည်တော် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အမှုတွဲတွင် ပါရှိသည့်အတိုင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊
ပြည်ထောင်စုဝန်ကြီး၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
ပြည်ထဲရေးဝန်ကြီးဌာန။
[၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ထုတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း၊ အတွဲ ၆၆၊ အမှတ် ၁၂ မှ]

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်း (မတ်လ ၃၁ ရက်)



မိဘပြည်သူများခင်ဗျား…
ကျွန်တော့်အနေနဲ့ လစဉ် ရေဒီယိုမှတစ်ဆင့် ပြည်သူများအား အသိပေး ပြောကြားလိုသည်များကို ပြောကြားလျက်ရှိရာ ရှေးဦးစွာ မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ပထမအချက်အနေနဲ့ကတော့ ပြည်သူအများ မျှော်လင့်စောင့်စားနေတဲ့ မိုဘိုင်းတယ်လီဖုန်းကိစ္စ ဖြစ်ပါတယ်။ မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို ယခု ဧပြီလမှစပြီး သက်ဆိုင်ရာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ လိုအပ်တဲ့ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပြီး အသက်သာဆုံး ကျပ်ငွေနှုန်းထားဖြင့် ကျွန်တော်ကတိပေး ပြောကြားထားတဲ့အတိုင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ မိုဘိုင်းတယ်လီဖုန်းဆင်းကဒ် ရောင်းချရာမှာ တည်ဆောက်ပြီးဖြစ်တဲ့ အခြေခံအဆောက်အဦ၊ တပ်ဆင်ထားပြီးဖြစ်တဲ့ လိုင်းအင်အားနဲ့ ၀င်ဆံ့တဲ့ မိုဘိုင်းတယ်လီဖုန်းအရေအတွက်ကို တွက်ချက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး မျှမျှတတ ဖြစ်စေရန် ဖြန့်ခွဲရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ၄င်းအပြင် အခြေခံတယ်လီဖုန်း အဆောက်အဦများနဲ့ တယ်လီဖုန်းလိုင်းများကို ပြည်တွင်းပြည်ပကုမ္ပဏီများနဲ့ လစဉ်တိုးချဲ့ တပ်ဆင်သွားမယ့်အပြင် မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို လစဉ်မှန်မှန် ရောင်းချပေးသွားမှာ ဖြစ်တဲ့အတွက် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးလက်ဒေသအထိ ဆက်သွယ်ရေးစနစ်များ တိုးတက်ကောင်းမွန်လာအောင် စီမံချက်ချမှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လက်ရှိသုံးစွဲနေတဲ့ အော်တိုတယ်လီဖုန်း လိုင်းများကိုလည်း ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒုတိယအချက်အနေနဲ့ ၀န်ထမ်းများရဲ့ လစာနဲ့ ထောက်ပံ့ကြေးကိစ္စ ဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ၊ ရငွေ၊ သုံးစွဲရမည့်ငွေ၊ ဘတ်ဂျတ်အခြေအနေပေါ်မှာ တွက်ချက်ပြီး အခါအားလျော်စွာ တိုးမြင့်ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ် ခန့်မှန်းခြေ ရငွေသုံးငွေစာရင်းမှာ ၀န်ထမ်းများအတွက် လစာနှင့်ပင်စင် တိုးမြှင့်ပေးနိုင်ဖို့ တွက်ချက်ပြီး ကျပ်ငွေ (၃၈၅) ဘီလီယံ ထည့်သွင်းပြီး လွှတ်တော်ကို တင်ပြတောင်းခံခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကလည်း ၀န်ထမ်းများရဲ့ အခက်အခဲကို စာနာပြီး ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ယခင်ထောက်ပံ့ပေးထားခဲ့တဲ့ ကျပ်ငွေသုံးသောင်းကို ယခင်အတိုင်း ထောက်ပံ့ကြေးငွေအဖြစ် ဆက်လက်သတ်မှတ်ပြီး ယခု ကျပ်ငွေနှစ်သောင်းကို လစာငွေအဖြစ် ဧပြီလမှစပြီး ထပ်မံ၍ တိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

တတိယအချက်ကတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ ဖြစ်ပါတယ်။ ရေမြင့်ရင် ကြာတင့်တယ်ဆိုသလို တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရင် တိုးတက်သလောက် ပြည်သူများရဲ့ လူမှုစီးပွားဘ၀ဟာလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိဖို့အတွက် အလုပ်ရုံစက်ရုံများ ထူထောင်နိုင်ဖို့ ကျွန်တော်တို့ တိုင်းပြည်မှာ ငွေကြေးအရင်းအနှီး၊ နည်းပညာနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ လိုအပ်နေပါတယ်။ ဒီအချက်တွေ မပြည့်စုံသေးချိန်မှာ ပြည်ပမှ အရင်းအနှီးတွေ ဖိတ်ခေါ်ရမှာ ဖြစ်ပါတယ်။ ပြည်ပအရင်းအနှီးတွေ ဖိတ်ခေါ်တဲ့နေရာမှာလည်း တိုင်းပြည်ရဲ့အကျိုး၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မထိခိုက်စေမယ့် မူဝါဒများလည်း ချမှတ်ထားပြီးဖြစ်ပါတယ်။ ပြည်ပအရင်းအနှီးတွေ လာရောက်ရင်းနှီး မြှုပ်နှံကြဖို့အတွက် နိုင်ငံတကာနဲ့ လိုက်လျောညီထွေရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ပက မိမိတို့နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့တားဆီးမှုတွေ ဖြေလျော့ပေးနိုင်ဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှုတချို့ ရရှိနေပြီဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က တင်ရှိနေတဲ့ နိုင်ငံခြား ကြွေးမြီများအနက်မှ အမေရိကန်ဒေါ်လာ သန်းပေါင်းခြောက်ထောင်ကျော်ကိုလည်း လျှော်ပစ်ပယ်ဖျက်ခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ အရှဖွံ့ဖြိုးရေးဘဏ်နှင့် ODA တို့မှ အတိုးနှုန်းသက်သာတဲ့ နှစ်ရှည်ချေးငွေများကိုလည်း ရရှိတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ အထောက်အကူများ ရရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိကလိုအပ်ချက်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။ တိုင်ပြည်တည်ငြိမ်းအေးချမ်းမှုမရှိပဲ ဆူဆူပူပူဖြစ်နေရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခွင့်အလမ်းတွေ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူများအားလုံးကို တိုင်းပြည်တည်ငြိမ်းအေးချမ်းမှုရှိအောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

စတုတ္တအချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံအကျဆုံး လူအများစုဖြစ်တဲ့ အလုပ်သမားနဲ့ တောင်သူလယ်သမားများဘ၀ တိုးတက်မြင့်မားရေးဖြစ်ပါတယ်။ တိုင်းပြည်လူဦးရေရဲ့ အများစုဟာ ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းအပေါ်မှာ အခြေခံတဲ့ လက်လုပ်လက်စားသမားများ ဖြစ်ကြပါတယ်။ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စာရေး၊ ၀တ်ရေးနဲ့ နေရေးတို့ ပြည့်စုံဖူလုံလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများအနေနဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြပြီး လယ်ယာထွက်ကုန်များ ပိုမိုထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့၊ မိမိတို့ရဲ့ လယ်မြေများ တန်ဖိုးမြင့်တက်လာအောင် လယ်မြေများကို ပြုပြင်ကြဖို့၊ အထွက်တိုးတဲ့ မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုးကြဖို့၊ စနစ်တကျ သိပ္ပံနည်းကျ စိုက်ပျိုးကြဖို့နဲ့ စက်မှုလယ်ယာ ကူးပြောင်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တောင်သူလယ်သမား အလုပ်သမားများအတွက် အဓိက လိုအပ်ချက်ဟာ ငွေကြေးအရင်းအနှီး ဖြစ်တယ်ဆိုတာ ကျွန်တော်အနေနဲ့ သိရှိထားပါတယ်။ ဒါကြောင့် ငွေကြေးအရင်းအနှီးကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသေးစားငွေစုငွေချေးဘဏ်၊ အသေးစား ငွေစုငွေချေးအသင်းများနဲ့ သမ၀ါယမ ငွေစုငွေချေးအစုအဖွဲ့များ ထူထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် ပြည်ပအထောက်အပံ့နဲ့ ချေးငွေများကိုလည်း ရယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။

ပဉ္စမအချက်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒစိုးမိုးရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရဟန်းရှင်လူ ပြည်သူအများစုဟာ တည်ငြိမ်အေးချမ်းတဲ့တိုင်းပြည်၊ တရားဥပဒေစိုးမိုးတဲ့ တိုင်းပြည်ဖြစ်ဖို့ အလွန်လိုလားကြပါတယ်။ တိုင်းပြည်တည်ငြိမ်းအေးချမ်းမှု မရှိခဲ့လို့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ရစ်ခဲ့ရတာကို အားလုံး ကြုံတွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်မှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရှိအောင်၊ နိုင်ငံသားတိုင်း နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ခွင့်ရအောင် ဖန်တီးပုံဖေါ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အကျဉ်းသားပေါင်း များစွာကိုလည်း အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်အောင် အကျဉ်းသားစိစစ်ရေး ကော်မတီတစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းပြီး စီမံဆောင်ရွက်လျက်ရှိပါတယ်။ နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာညောင်းခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် အောင်မြင်မှုရလဒ်များလည်း ရရှိနေပြီ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီကနေ့မှာ ကျွန်တော်တို့ ပြည်သူအချို့ဟာ ပြဿနာတစ်ရပ် ကြုံတွေ့လာရင် တရားဥပဒေနည်းလမ်းနဲ့ ဖြေရှင်းကြရမယ့်အစား ဒေါသအလျောက် ဥပဒေကို မျက်ကွယ်ပြုပြီး လူအုပ်စုဖွဲ့ကာ အကြမ်းဖက်သတ်ဖြတ်မှု၊ မီးရှို့မှုများ ကျူးလွန်နေကြတဲ့အတွက် နိုင်ငံတကာမျက်နာစာမှာ မျက်နာပျက်ဖွယ်ရာများ မကြာခဏ ကြုံတွေ့နေရပါတယ်။ ပြဿနာတစ်ခုဖြစ်တိုင်း ကိုယ့်နိုင်ငံအတွင်းမှာ ဖြေရှင်းဆောင်ရွက်ရုံနဲ့မပြီးပဲ ဒေသတွင်းမှာရော၊ နိုင်ငံတကာ နယ်ပယ်မှာပါ ရင်ဆိုင်ဖြေရှင်းနေရတဲ့အတွက် တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို များစွာထိခိုက်စေပြီး တိုင်းပြည်အတွက် အခွင့်အလမ်းများလည်း နစ်နာဆုံးရှုံးစေခဲ့ပါတယ်။ တစ်ချို့ကလည်း ပြဿနာတစ်ခုဖြစ်လာရင် အမြန်ငြိမ်းအေးအောင် ပူးပေါင်းဆောင်ရွက်ကြရမယ့်အစား ပြဿနာ ပိုမိုကြီးထွားအောင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြပါတယ်။ ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန် ဖြစ်နေရင် ပြည်သူအများ လိုလားနေတဲ့ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောင့်အယှက် အဟန့်အတားတွေ ဖြစ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုရေးနဲ့ စည်းကမ်းရှိသော ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအား အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်များနဲ့အညီ ပြည်သူများရဲ့ အသက်အိုးစည်းစိမ်ကို အတတ်နိုင်ဆုံး ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

ဆဌမအချက်ကတော့ မတ်လ ၂၇ ရက်နေ့ဟာ ၆၈ နှစ်မြောက် တပ်မတော်နေ့ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ရဲဘော်သုံးကျိပ်နဲ့ စတင်ထူထောင်ခဲ့တဲ့ မြန့်မာတပ်မတော်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ဖက်စစ်တော်လှန်ရေးကို ပြည်သူများနဲ့အတူ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းရာမှာလည်း ပြည်တွင်းပြည်ပ အန္တရာယ်တွေကို တွန်းလှန်တားဆီးနိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာကြီးမားတဲ့ တပ်မတော်ဖြစ်ပါတယ်။ ယခုအခါမှာဆိုရင်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်များကို ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ပြီး အရေးကြီးတဲ့ အခန်းကဏ္ဍတွေက ပါဝင်ဆောင်ရွက်နေပါတယ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရာမှာ တပ်မတော်ရဲ့ ကောင်းမွန်တဲ့ အစဉ်အလာတွေကို အင်အားတွေအဖြစ် အသုံးပြုသွားရဲရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ဧပြီလအတွင်းမှာ ကျရောက်မယ့် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွင်းလန်းချမ်းမြေ့စွာ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ကြပါစေရန်၊ အေးချမ်းသာယာသော၊ မင်္ဂလာရှိသောနှစ်သစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများအားလုံး ဘေးဘယာကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေ…။

မြွေဆိုးထက် ဆိုးသူ


သပ္ပေါ ဒုဋ္ဌော ခလော ဒုဋ္ဌော၊
သပ္ပါ ဒုဋ္ဌတရော ခလော။
မန္တောသဓေဟိ သော သပ္ပေါ၊
ခလော ကေနုပသမ္မတိ။

မြွေသည် ဖျက်ဆီးတတ်၏။ လူယုတ်မာသည် ဖျက်ဆီးတတ်၏။
မြွေထက် လူယုတ်မာက ပို၍ ဖျက်ဆီးနိုင်၏။
မြွေ၏ အဖျက်ရန်ကို မန္တန်နှင့် ဆေးတို့ဖြင့် ပြေငြိမ်းအောင် ပြုနိုင်၏။
လူမိုက်၏ အဖျက်ရန်ကိုကား အဘယ်မန္တန် အဘယ်ဆေးတို့ဖြင့် ပြေငြိမ်းအောင် ပြုနိုင်ပါမည်နည်း။

 
Web Statistics