Friday, July 31, 2009

Cbox အသစ်ပြန်လုပ်ပေးထားပါသည်


ယခင်က ရှိခဲ့သော စီဘောက်ကို အကြောင်းအမျိုးမျိုးကြောင့် ဖြုတ်ပစ်ခဲ့ရပါသည်။ ဤသို့ရေးရသည်မှာ စာဖတ်လို့ကောင်းအောင်ဖြစ်ပါသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် စည်းမရှိ၊ ကမ်းမရှိ အမျိုးကောင်း သားသမီးများ၏ အရေမရ၊ အဖတ်မရ ၀င်ရောက်လက်သရမ်းမှုကြောင့် ဖြစ်ပါသည်။ သူတို့ရေးသည်များအတွက် ကျွန်တော့်တွင် ဘာမှမထိခိုက်ပါ။ ဘလော့ဂ်ကိုလာဖတ်သော ဧည့်သည်များအတွက်သာ ထိုစာများကိုဖတ်၍ အနှောင့်အယှက်ဖြစ်ရပါသည်။ ထို့ကြောင့်လည်း ပိတ်ပစ်ခဲ့ခြင်းဖြစ်ပါသည်။ ဘယ်သူတွေရေးသော ဘာစာတွေကို ကျွန်တော်မဖတ်ရဲ၍ဟု လုံးလုံးမထင်လိုက်ပါနှင့်။ ရေးချင်ရာရေးပါ။ ကျွန်တော်ကတော့ ထမင်းစားမပျက်ပါ။ ဘလော့ဂ်ရေးမပျက်ပါ။ အဆုံးစွန်ပြောရလျှင် စီဘောက်ထဲမှာပင် ကျွန်တော့်ကို သေအောင် သတ်နေကြပါစေဦး။ ကျွန်တော်ကတော့ လုံးဝဂရုမစိုက်ပါ။ ထိုသို့ဆိုလျှင် စီဘောက်ထဲတွင် လာ၍သြဘာပေး ဆဲဆိုသည်များလောက်ကိုတော့ ကျွန်တော်မည်သို့ ခံယူချက်ထားသည်ကို သိလောက်မည်ထင်ပါသည်။ အခုလည်း စီဘောက်ကို ပြန်တင်ပေးရခြင်းမှာ ကွန်းမန့်စနစ် အဆင်မပြေ၍ ဖြစ်ပါသည်။ ဘလော့ဂ်ဂါမှ ကွန်းမန့်စနစ်သည် မြန်မာပြည်မှ အင်တာနက်အသုံးပြုသူများအတွက် အသုံးပြုရန်မဖြစ်နိုင်သကဲ့သို့ အခြားသော ပြင်ပမှ ကွန်းမန့်စနစ်များကို စမ်းသပ်ရာတွင်လည်း ကျွန်ုပ်အနေဖြင့် စိတ်ကျေနပ်မှုမရှိသည့်အတွက် ဘလော့ဂ်နှင့်ပတ်သက်၍၊ ပို့စ်များနှင့် ပတ်သက်၍ မြန်မာ့သွေးကို ဝေဖန်အကြံပြုလိုသူများအတွက် ယာယီအဆင်ပြေအောင် စီဘောက်တင်ပေးလိုက်ခြင်း ဖြစ်ပါသည်။ သို့သော် ယခုစီဘောက်သည် ဘလော့ဂ်လာဖတ်သူ မိတ်ဆွေအများစုကို အနှောင့်အယှက်ဖြစ်လာမည်ဆိုပါက ကျွန်တော်ထပ်မံ၍ တစ်မျိုး စဉ်းစားပါမည်။ ယခုတော့ မိတ်ဆွေတို့အားလုံး စီဘောက်တွင် ဟစ်နိုင်ကြပြီဖြစ်ပါကြောင်း။ ဝေဖန်အကြံပြုချက်များကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိပါကြောင်း........။
လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဇူလိုင်လ ၃၁ ရက် (သောကြာနေ့)

ကျွန်တော်ကြိုက်သော ပုံပြင်များ (၅)


ယုံကြည်မှုဆိုတာနဲ့ပတ်သတ်လို့ ဖတ်ဖူးတဲ့ပုံပြင်လေးတစ်ခုကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။ တစ်ခါတုန်းက တိဗက်မှာ လောကီပညာရှင် အချွန်အမွန်ကြီးတစ်ဦး ရှိခဲ့ဖူးတယ်။ သူ့နာမည်က မိလာရေပလို့ ခေါ်တယ်။ တိဗက်မှာ နာမည်ကြီးခဲ့တဲ့ ဂါလ၀ံတို့၊ ဓူလ၀ံတို့နဲ့ တစ်တန်းတည်းလောက်ပါပဲ။ အဲဒီလို ဆရာကြီးတစ်ဆူမဖြစ်ခင်က သူဟာ ဆရာတစ်ယောက်ဆီမှာ တပည့်ခံရတယ်။ သူ့ရဲ့ဆရာက အမှန်ကတော့ ဘာမှ တန်ခိုးသိဒ္ဓိ မရှိဘူး။ သူက ရှိတယ်ထင်ပြီး တပည့်ခံတာပါ။ သူ့လိုပဲ အဲဒီဆရာကို အထင်ကြီးပြီး တပည့်ခံနေတဲ့ တပည့်တွေက အများကြီးပဲရှိတယ်။ သူက အဲဒီတပည့်တွေထဲမှာ ဆရာ့အပေါ် အယုံကြည်ဆုံး တပည့်တစ်ယောက်ပေါ့။ ဆရာ့ရဲ့ ဝေယျာဝစ္စတွေကိုလည်း အလုပ်ဆုံး တပည့်ပဲ။ အဲဒီတော့ ကျန်တဲ့တပည့်တွေက မိလာရေပကို ချောက်တွန်းကြတာပေါ့ကွယ်။ တစ်နေ့မှာ တပည့်အုပ်စုဟာ တောင်စောင်းတစ်ခုကို ဖြတ်ပြီး ခရီးသွားကြတယ်။ အဲဒီအုပ်စုထဲမှာ မိလာရေပလည်း ပါတယ်။ တောင်ချောက်တစ်ခုကိုလည်း ရောက်ရော တပည့်တစ်ယောက်က မိလာရေပကို "ဟေ့..မိလာရေပ၊ မင်းဟာ ဆရာ့အပေါ်မှာ သိပ်ပြီးယုံကြည်တဲ့သူပဲ၊ ဘာဖြစ်လို့ အပင်ပန်းခံပြီး တောင်ကြောအတိုင်း လျှောက်နေမှာလဲ၊ ဆရာ့ကို တ ပြီး ခုန်ချလိုက်ပေါ့။ တို့ဆရာဟာ တန်ခိုးသိဒ္ဓိနဲ့ ပြည့်ဝတဲ့ ဆရာဆိုတာ မင်းယုံတယ်မလား။ ခုန်ချလိုက်ပေါ့ကွာ"လို့ ပြောတယ်။ အဲဒီအခါမှာ မိလာရေပက စဉ်းစားမနေတော့ဘဲ "ဆရာ သခင် ကယ်ပါ"လို့ တ ပြီး ချောက်ထဲကို ခုန်ချလိုက်တယ်။ အမြင့်ကြီးမှ အမြင့်ကြီးပါပဲ။ အဲဒီမှာ ကျန်တဲ့တပည့်တွေက မိလာရေပ အရူးတော့ အရိုးတခြား အသားတခြားဖြစ်သွားပါပြီး၊ ဆင်းကြည့်ဦးမှဆိုပြီး ချောက်ထဲကို ဆင်းကြည့်ကြတယ်။ အဲဒီလို ဆင်းကြည့်တော့ မိလာရေပဟာ ဘာမှမဖြစ်ဘူး။ တင်ပလ'င်ခွေထိုင်နေတယ်။ ကျန်တဲ့တပည့်တွေကို သူကတွေ့တော့ ပျော်ပျော်ရွှင်ရွှင်တောင် နှုတ်ဆက်နေသေးတယ်။ "ကျုပ်တို့ဆရာဟာ တကယ့်ကို အစွမ်းသိဒ္ဓိနဲ့ ပြည့်စုံတဲ့ဆရာ"လို့တောင် သူက ပြောလိုက်သေးတယ်။

အဲဒီလိုနဲ့နေလာတာ တစ်နေ့မှာ အိမ်တစ်လုံးကို မီးလောင်တယ်။ အဲဒီမှာ မိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက် ပိတ်မိနေတယ်။ ဘယ်သူမှဝင်ပြီး မကယ်ရဲဘူး။ ကယ်ရင်လည်း သေမှာပါပဲ။ အဲဒီမှာ တပည့်တစ်ယောက်က "မိလာရေပရေ..ဆရာ့ကို တ ပြီး မီးထဲဝင်ပြီး ဟိုသားအမိကို ကယ်ပါတော့"လို့ ပြောတယ်။ မိလာရေပလည်း မဆိုင်းမတွဘဲ "ဆရာကယ်ပါ"လို့ အော်ပြီး မီးထဲပြေးဝင်သွားတယ်။ သားအမိနှစ်ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်။ သူဟာ ဘာမှ မဖြစ်ဘူး။ မီးပွားလေး တစ်ပွားတောင် သူ့ကိုယ်ပေါ်ကို မကျခဲ့ဘူး။ အဲဒီမှာ မိလာရေပက ကျန်တဲ့ တပည့်တွေကို "တို့ဆရာကြီးက တကယ်စွမ်းတာပါ"လို့ ပြောတယ်။

တစ်နေ့မှာ သူတို့ဟာ မြစ်ကြီးတစ်ခုကို ဖြတ်ကူးဖို့ အကြောင်းပေါ်လာတယ်။ အဲဒီအထဲမှာ တပည့်တွေတင် မဟုတ်ဘူး။ ဆရာကိုယ်တိုင်ပါ ပါလာတယ်။ အဲဒီအချိန်မှာ တပည့်တစ်ယောက်က မိလာရေပကို တိုးတိုးလေး လှမ်းပြောလိုက်တယ်။ "လှေက သိပ်ကျပ်နေပြီကွာ၊ မင်းအနေနဲ့ မစီးပါနဲ့၊ တစ်ယောက်စာချောင်သွားရင်လည်း မနည်းဘူးပေါ့ကွာ။ ဆရာ့ကို တ ပြီး ရေပေါ် လမ်းလျှောက်သွာကွာ"လို့ ပြောတယ်။ အဲဒီမှာ မိလာရေပက "ကောင်းပြီ၊ အဲဒီလိုပဲ လုပ်ရမှာပဲ"လို့ ပြောပြီး ဆရာကို တ ပြီး ရေပေါ်ကို လမ်းလျှောက်သွားတယ်။ လှေပေါ်က လူတွေလည်း တအံ့တသြကြည့်နေကြတယ်။ အဲဒီအထဲမှာ ဆရာကိုယ်တိုင်လည်း ပါတယ်။ အဲဒီအခါမှာ ဆရာလုပ်တဲ့လူက စိတ်ကြီးဝင်တော့တာပဲ။ ဒီလောက် ရူးပေါပေါနိုင်လှတဲ့ မိလာရေပလိုကောင်တောင် ငါ့ကို တ ပြီး ရေပေါ်လမ်းလျှောက်နိုင်သေးရင် ငါကိုယ်တိုင်က ဘာပြုလို့ ရေပေါ်လမ်းမလျှောက်နိုင်ရမှာလဲလို့ အတွေးပေါက်တော့ တာပဲ။ အဲဒီလို အတွေးပေါက်တာနဲ့ တပြိုက်နက် ဆရာဟာ ရေပေါ်လမ်းလျှောက်မယ်ဆိုပြီး လှေပေါ်ကနေ မြစ်ထဲကို ဆင်းလိုက်တာပေါ့။ တစ်ခါတည်း စုန်းစုန်းမြုပ်သွားတေ့တာပဲ။ ပေါ်ကိုမလာတော့ဘူး။ တိဗက်လောကီပညာ သမိုင်းမှာလည်း အဲဒီဆရာအကြောင်း ပြောသံမကြားတော့ပါဘူး။ တကယ်ပြောနေကြတာကတော့ ဆရာကြီးမိလာရေပအကြောင်းပဲ။ အဲဒီဆရာကြီး မိလာရေပကလည်း ဘာကိုပဲထူးထူးဆန်းဆန်းလုပ်လုပ် သူ့လောက်အစွမ်းသိဒ္ဓိမရှိလို့ ရေနစ်ပြီး မြစ်အောက်ကျသွားတဲ့ သူ့ဆရာကို တ တပြီး လုပ်တော့တာပဲ။ တစ်သက်လုံးဆိုပါတော့။ ယုံကြည်မှုဆိုတာ ဒါပါပဲ။

မိုးကြိုးပစ်ခြင်း


အခုတလော ဂျာနယ်၊ သတင်းစာတွေမှာ မိုးကြိုးပစ်ခံရတဲ့အကြောင်းတွေ အတော်လေးများတာ တွေ့ရတယ်။ တစ်ချို့က လယ်စိုက်နေရင်း၊ တစ်ချို့က လမ်းလျှောက်နေရင်း၊ တစ်ချို့က စက်ဘီးစီးနေရင်း မိုးကြိုးပစ်ခံရလို့ သေသွားကြတာကို တွေ့ရတယ်။ အဲဒါကြောင့် မိုးကြိုးနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုကို ဝေငှလိုက်ပါတယ်။ ဘယ်စာအုပ်ထဲက ပြန်ကူးရေးပေးထားတာလဲလို့ မေးလာရင် ဖြေရမှာ နည်းနည်းခက်ပါတယ်။ မသိလို့မဟုတ်ပါဘူး။ မဖြေချင်လို့ပါ။ ဘာကြောင့်မဖြေချင်ရတာလဲဆိုတော့ တရုတ်ပြည် ကလေးလူငယ်ထုတ်ဝေရေးဌာနမှ ထုတ်ဝေတဲ့ SHI WAN GE WEISHENME စာအုပ်မှ ဘာသာပြန်ဆိုထားတဲ့ ကြည်ကြည်မာ ရဲ့ အဘယ်ကြောင့် တစ်သိန်း စာအုပ်က ပြန်ကူးပေးထာတာမို့ပါ။ တရုတ်ပြည်က ကလေးတွေအတွက် ထုတ်ထားတဲ့စာအုပ်ကို မြန်မာပြည်အတွက် ဘာသာပြန်ထားတာကို မြန်မာကလေးတွေဖတ်မဖတ်တော့ မသိပါဘူး။ အဘယ်ကြောင့်တစ်သိန်း စာအုပ်ထဲမှာ ကျွန်တော်ကိုယ်တိုင် သိသလိုလို မသိသလိုလို ဖြစ်နေတဲ့အကြောင်းအရာက ၁၀ ပုံ ၁ ပုံလောက် ပါနေတဲ့အတွက် တရုတ်ပြည်က ကလေးတွေကများ ငါ့ထက် ပိုသိနေကြသလားမသိဘူးဆိုပြီး မျက်နှာရော၊ နားရွက်ပါ ပူသွားပါတယ်။ နောက်တစ်ဆက်တည်း ငါ့ထက်ပိုသိတဲ့ ကလေးတွေ တရုတ်ပြည်မှာ ဘယ်လောက်တောင်များနေပြီလဲဆိုတဲ့ အတွေးက ကျွန်တော့်ကို ပူစပ်ပူလောင်ဖြစ်စေခဲ့ပါတယ်။

 

အဘယ်ကြောင့် မိုးကြိုးပစ်တဲ့အခါမှာ အထီးတည်းဖြစ်ပြီး မြင့်မားတဲ့အရာဝတ္ထုကို ထိမှန်တတ်တာလဲ

 

မိုးရွာ မိုးကြိုးပစ်မယ့် တိမ်ရဲ့အောက်ပိုင်းမှာ လျှပ်စစ်ဓာတ်ပါလာတယ်။ အဲဒီလျှပ်စစ်ဓာတ်ဟာ မြေပြင်ကို တုံ့ပြန်အောင် ဆွဲဆောင်နိုင်တယ်။ မြေပြင်ကို တိမ်အောက်ပိုင်းရှိ လျှပ်စစ်ဓာတ်နဲ့ သဘောချင်းမတူတဲ့ လျှပ်စစ်ဓာတ် ဖြစ်ပေါ်လာစေတယ်။ တိမ်အောက်ပိုင်းမှာ ဓာတ်ဖိုဆောင်ရင် မြေပြင်က ဓာတ်မ ဆောင်မယ်။ တိမ်အောက်ပိုင်းက ဓာတ်မဆောင်ရင် မြေပြင်က ဓာတ်ဖိုဆောင်မယ်။ အဲဒီလို မြေပြင်ကဆောင်တဲ့ လျှပ်စစ်ဓာတ်ကို တုံ့ပြန်လျှပ်စစ်ဓာတ်လို့ ခေါ်တယ်။

အဲဒီ တုံ့ပြန်လျှပ်စစ်ဓာတ်ဟာ အ၀န်းအ၀ိုင်းသေးသေးမှာဆိုရင် မြေပြင်ကဟာနဲ့ သဘောအတူတူပဲ။ ဥပမာ - အားလုံး ဓာတ်ဖိုချည်း သို့မဟုတ် အားလုံး ဓာတ်မချည်းပဲ။ သဘောတစ်ခုတည်း ဆောင်တဲ့ဓာတ်ဟာ အပြန်အလှန် တွန်းဖယ်တယ်။ ရလဒ်က လျှပ်စစ်ဓာတ်ကို မြေပြင်ပေါ်မှာ အသစ်တစ်ဖန် ပြန်လည်ဖြန့်ကျက်စေတယ်။ အဲဒီ တွန်းဖယ်အားဟာ မြေပြင် ဦးတည်ချက်အရ အကွေ့အကောက်ကြီးတဲ့ မြေပြင်ဟာ ညီညာတဲ့ မြေပြင်ထက်ငယ်တယ်။ ဒါကြောင့် လျှပ်စစ်ဓာတ်အားဟာ မြေပြင်အကွေ့အကောက်များတဲ့နေရာကို ရောက်တာများတယ်။ ဒီတော့ မြေပြင်အကွေ့အကောက်များတဲ့ နေရာမှာ တုံ့ပြန်လျှပ်စစ်ဓာတ် ပိုများမယ်။ ပိုစိပ်မယ်။

မြင့်မားတဲ့ အရာဝတ္ထုဟာ ၎င်းကိုယ်နှိုက်မှာ မြေပြင်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ ၎င်းက မြေပြင်ပေါ် ချွန်ထွက်နေတဲ့အတွက် ၎င်းဟာ မြေပြင်ပေါ်က အကွေ့အကောက်ဆုံးအပိုင်း ဖြစ်နေတယ်။ ဒါကြောင့် မြေပြင်ကို မိုးရွာ၊ မိုးကြိုးပစ်မယ့် တိမ်က ဆွဲဆောင်မှုကြောင့် လျှပ်စစ်ဓာတ် ဖြစ်ပေါ်လာတဲ့အခါမှာ ချွန်ထွက်နေတဲ့ အရာဝတ္ထုပေါ်မှာ တုံ့ပြန်လျှပ်စစ်ဓာတ်တွေ စုနေတယ်။

ချွန်ထွက်နေတဲ့ အရာဝတ္ထုဆောင်တဲ့ လျှပ်စစ်ဓာတ်ဟာ မြေပြင်ထက်များတဲ့အတွက် လျှပ်စီးကို ဆွဲဆောင်နိုင်အား ကြီးတယ်။ ဒါကြောင့် လျှပ်စီးကို အလွယ်တကူ ဆွဲယူလို့ရတယ်။

ဒါကြောင့် မိုးကြီးလေကြီး ကျတဲ့အခါမှာ မြင့်မားချွန်ထွက်နေတဲ့အရာဖြစ်တဲ့ အလံတိုင်၊ အပင်မြင့်၊ မျှော်စင်၊ မီးခိုးခေါင်တိုင်၊ ဓာတ်တိုင်တွေအောက်မှာ သွားမပုန်းရဘူး။ အဲဒီနေရာတွေဟာ လျှပ်စီးက အလည်လာချင်ဆုံးနေရာတွေ ဖြစ်လို့ပဲ။

ဒါပေမယ့် လူတွေဟာ မြင့်မားတဲ့ အရာဝတ္ထုတွေရဲ့ အဲဒီထူးခြားချက်ကို အသုံးပြုပြီး အဆောက်အအုံတွေကို မိုးကြီးမပစ်အောင် ကာကွယ်တယ်။ အဲဒါ မိုးကြိုးလွှဲပဲ။

မိုးကြိုးလွှဲဆိုတာ ထိပ်ပိုင်းက အဆောက်အအုံထက် မြင့်ပြီး အောက်ပိုင်းက မြေကြီးနဲ့ဆက်နေတဲ့ သတ္ထုပြားဖြစ်တယ်။ ၎င်းက ၎င်းအနီးဝန်းကျင်ရှိ အောက်ကိုဆင်းတဲ့ လျှပ်စီးကို မိမိဆီ ဆွဲယူတယ်။ မိမိကိုယ်ကို လျှပ်စီးသွားလမ်းကြောင်းလုပ်ပြီး လျှပ်စီးကို  ၎င်းကတစ်ဆင့် မြေထဲဝင်သွားစေတယ်။ ဒီတော့ မူလက အဆောက်အအုံကို ပစ်မယ့် မိုးကြိုးဟာ လမ်းခုလတ်မှာကွေ့သွားတော့ အဆောက်အအုံကို မထိတော့ဘူးပေါ့။

(၀မ်ဖုံဖေး)

Tuesday, July 28, 2009

ရယ်ချင်ရယ်ပါ၊ တွေးချင်တွေးပါ


မေး။.....။ ဗုံးဖောက်ခွဲပြီး အပြစ်မဲ့ပြည်သူတွေ သေကြေအောင်လုပ်တဲ့လူကို မင်းဘယ်လိုခေါ်မလဲ။
ဖြေ။.....။ အကြမ်းဖက်သမား။
မေး။.....။ လေယာဉ်ပေါ်ကနေ အနုမြူဗုံးကြဲချပြီး အပြစ်မဲ့ပြည်သူတွေ သေကြေအောင်လုပ်တဲ့လူကိုရော။
ဖြေ။.....။ ရဲရင့်တဲ့အမေရိကန်ပိုင်းလော့ပေါ့။

----- ။ -----
မေး။.....။ သူ့မြေကို မတရားကျူးကျော်သိမ်းပိုက်ထားတဲ့ ဂျူးတွေကို အကြမ်းဖက်တွန်းလှန်တဲ့ ပါလက်စတိုင်းတစ်ယောက်ရဲ့ လုပ်ရပ်ကို မင်းဘယ်လိုနာမည်တပ်မလဲ။
ဖြေ။.....။ အကြမ်းဖက်တိုက်ခိုက်မှု။
မေး။.....။ ကျောက်တုံးကျောက်ခဲတွေကိုင်ထားတဲ့ ပါလက်စတိုင်းလူငယ်တွေကို ရဟတ်ယာဉ်ပေါ်ကနေ ဒုံးကျည်တွေနဲ့ပစ်တဲ့ အစ္စရေးတွေရဲ့ လုပ်ရပ်ကိုရော။
ဖြေ။.....။ ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှု။
----- ။ -----
မေး။.....။ လူတစ်ယောက်က သူ့ကို အခွင့်အရေးပိုပေးစေချင်တဲ့အတွက် အစိုးရအရာရှိတစ်ယောက်ကို ပိုက်ဆံပေးရင် ဘယ်လိုနာမည်တပ်မလဲ။
ဖြေ။.....။ လာဘ်ပေးလာဘ်ယူမှု။
မေး။.....။ ကုမ္ပဏီကြီးတစ်ခုက သူ့တို့ကို အခွင့်အရေးပိုပေးစေချင်တဲ့အတွက် အစိုးရအရာရှိတစ်ယောက်ကို ပိုက်ဆံပေးရင်ရော။
ဖြေ။.....။ ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်။
----- ။ -----
မေး။.....။ မိမိလက်ထဲမှာရှိတဲ့ အခွင့်အာဏာကို အသုံးချပြီး တရားမျှတတဲ့ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ လူတွေကိုသတ်ဖြတ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ရပ်ကို ဘယ်လိုခေါ်မလဲ။
ဖြေ။.....။ တရားဥပဒေနှင့်အညီမဟုတ်ဘဲ သေဒဏ်ပေးခြင်း။
မေး။.....။ မိမိလက်ထဲမှာရှိတဲ့ အခွင့်အာဏာကို အသုံးချပြီး တရားမျှတတဲ့ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ လူတွေကို သတ်ဖြတ်တဲ့ အမေရိကန်တွေရဲ့ လုပ်ရပ်ကိုရော။
ဖြေ။.....။ လွတ်မြောက်မှုစစ်ဆင်ရေး။
----- ။ -----
မေး။.....။ ချမ်းသာတဲ့လူတွေဆီက ခိုးယူပြီး ဆင်းရဲသားတွေကို ပြန်ပြီးဝေငှပေးတဲ့လူဟာ ဘယ်သူလဲ။
ဖြေ။.....။ ရော်ဘင်ဟု(ဒ်)။
မေး။.....။ ဆင်းရဲတဲ့လူတွေဆီက ခိုးယူပြီး ချမ်းသာတဲ့လူတွေကို ပြန်ပေးတဲ့လူကရော။
ဖြေ။.....။ အမေရိကန်အစိုးရ။
----- ။ -----
မေး။.....။ လူတွေထောင်နဲ့ချီပြီး သေစေနိုင်တဲ့လက်နက်ကို ဘယ်လိုခေါ်သလဲ။
ဖြေ။.....။ အစုလိုက်အပြုံလိုက်သေစေနိုင်သောလက်နက်။
မေး။.....။ ကလေးငယ် ငါးသိန်းအပါအ၀င် အပြစ်မဲ့အီရတ်ပြည်သူ တစ်ဒသမငါးမီလျံကို သေစေခဲ့တဲ့ လက်နက်ကိုရော။
ဖြေ။.....။ (စစ်ဆင်နွှဲရန်) ခွင့်ပြုမိန့်။

ရှက်စိတ်၊ ကြောက်စိတ်၊ အရိုင်းစိတ် - လူထုစိန်ဝင်း


သိပ်မကြာခင်လေးက နိုင်ငံခြားသတင်းတွေထဲမှာ သားသမီးသုံးယောက်နဲ့ မိန်းမကို သေနတ်နဲ့ ပစ်သတ်ပြီးမှ သူ့ကိုယ်သူ သတ်သေသွားတဲ့ ရင်နင့်စရာသတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးထဲမှာ အလုပ်လက်မဲ့ဖြစ်ပြီး စားစရာလည်းမရှိ၊ နေစရာလည်းမရှိတာကြောင့် သတ်သေလိုက်ကြတာပါတဲ့။ သတင်းဖတ်ပြီးပြီးချင်း သနားစရာကောင်းလိုက်တာ လို့ စုတ်တသပ်သပ်ဖြစ်မိတယ်။ ခဏကြာတော့ ဒုတိယအတွေးတစ်ခု ထပ်ဝင်လာတယ်။ ရက်စက်လိုက်တာ ဆိုတဲ့ အတွေးဖြစ်တယ်။

ဘာကြောင့်လဲ၊ ဘာကြောင့်လဲ

ကိုယ့်ရင်သွေး လူမမယ်လေးသုံးယောက်ကို ကိုယ့်လက်နဲ့ကိုယ်တိုင် သတ်ပစ်ရက်တဲ့စိတ်ဟာ ရက်စက်တဲ့စိတ်ပဲ မဟုတ်ဘူးလား။ ဘာကြောင့်များ ဒီလိုစိတ်မျိုး လူသားတွေမှာ ၀င်ရောက်ကိန်းအောင်းနေကြတာလဲ။ တိရစ္ဆာန်တွေတောင်မှ ဒီလိုတော့ မလုပ်ကြပါဘူး။ ခြင်္သေ့လို ကျားလို အသားစားတိရစ္ဆာန်တောင် သူ့ရင်သွေးကိုတော့ အသက်ပေး စောင့်ရှောက်လေ့ရှိပါတယ်။ သက်ရှိသတ္တ၀ါများအနက်မှာ ယဉ်ကျေးမှု အဆင့်အမြင့်မားဆုံးဆိုတဲ့ လူသားတစ်ယောက်က ဘာကြောင့် ဒီလိုကြမ်းကြုတ်ရက်စက်တဲ့အပြုအမူမျိုး ပြုရတာလဲ။ သူတို့အဖြစ် မတိုင်မီ ရက်ပိုင်းကလေးကလည်း ဂျာမနီနိုင်ငံ ဘီလျံနာသူဌေးကြီးတစ်ယောက် စီးပွားပျက်ကပ်ဒဏ်ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်သွားတဲ့သတင်း ဖတ်လိုက်ရပါသေးတယ်။ ဘီလျံနာကြီးတောင် ထွက်လမ်းမရှာနိုင်လို့ အရှုံးပေးအညံ့ခံသွားခဲ့ရတာ။ အမေရိကန်မိသားစုလို သာမန်အလုပ်သမား လူတန်းစားက ထွက်ပေါက်ဘယ်လိုရှာနိုင်မှာလဲဆိုတာ သဘောပေါက်ပါတယ်။ သူတို့မိသားစုကို သနားလည်းသနားပါတယ်။ ဖခင်လုပ်သူကို အပြစ်မတင်ပါဘူး။ ကိုယ့်သားသမီးကိုယ်ပြန်သတ်တဲ့ ရက်စက်တဲ့စိတ်မျိုး ဘာကြောင့် ရှိနေရသလဲဆိုတာကိုသာ စဉ်းစားတွေးတောနေမိတာဖြစ်ပါတယ်။

ဝိုင်းပြီးစဉ်းစားပေးကြပါ

တွေးမိသလောက်ပြောကြည့်ပါမယ်။ မှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ ထောက်ပြပါ။ ပြုပြင်ပေးပါ။ ဒီကိစ္စကို ၀ိုင်းပြီး စဉ်းစားကြစေချင်လို့ စိတ်ထဲရှိတာ ထုတ်ပြောလိုက်တာပါ။ ကိုယ်နဲ့မသက်ဆိုင်သလိုပဲနေကြရင် တစ်နေ့တခြား ပိုပိုပြီး ဆိုးလာစရာ ရှိပါတယ်။ ကျေးဇူးပြုပြီး ခပ်ပေါ့ပေါ့ သဘောမထားလိုက်ကြပါနဲ့။ ဒီခေတ်လူသားများဟာ ရှေးဘိုးဘေးများ ခေတ်လူသားတွေထက် အဆပေါင်းများစွာ ရိုင်းလာကြတယ်။ ကြမ်းကြုတ်ရက်စက်လာကြတယ်ဆိုတာကို အားလုံး သဘောတူနိုင်ကြလိမ့်မယ်ထင်ပါတယ်။ ခရီးသည်အပြည့်တင်ထားတဲ့ လေယာဉ်ကြီးကို အပိုင်စီးပြီး လူတွေသောင်းနဲ့ချီ ရှိနေတဲ့ အဆောက်အအုံကြီးကို ၀င်ဆောင့်တဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုး ဘယ်တုန်းက ကြားဖူးခဲ့လို့လဲ။ မူလတန်းကျောင်းကလေးထဲဝင်ပြီး မောင်းပြန်သေနတ်နဲ့ မွှေ့ယမ်းတဲ့ ရမ်းကားမှုမျိုးလည်း ဘယ်ခေတ်မှာကြုံခဲ့ဖူးလို့လဲ။ မိုင်းပေါင်းများစွာဝေးတဲ့ အရပ်ကနေပြီး မကောင်းသူထိပ်၊ ကောင်းသူထိပ် ဆိုတဲ့သဘောနဲ့ ဒုံးကျည်တွေ ဒလစပ် ပစ်လွှတ်တိုက်ခိုက်တာမျိုးလုပ်သူတွေကို လူယဉ်ကျေး လို့ ခေါ်နိုင်သလား။ ဒုံးဆန်၊ အမြောက်ဆန်တွေက ဆေးရုံပေါ် ကျကျ၊ လူအိုရုံပေါ်ကျကျ၊ စာသင်ကျောင်းပေါ်ကျကျ၊ သေဆုံးသူတွေ ဘယ်လောက်များများ အကြမ်းဖက်သမား ဘယ်နှယောက် ချေမှုန်းသုတ်သင်ပစ်လိုက်တယ်လို့ ခပ်တည်တည်နဲ့ ကြေညာချက်ထုတ်လိုက်ရုံနဲ့ ပြီးသွားတာကို စစ်ပွဲလို့ ခေါ်နိုင်သလား။ ၀ိုင်းဝန်းစဉ်းစားပေးကြပါ။

တရားခံဘယ်သူလဲ

လူသားတွေ တစ်နေ့တခြား ရိုင်းသထက်ရိုင်းလာကြ၊ ရက်စက်ကြမ်းကြုတ်သထက် ရက်စက်ကြမ်းကြုတ်လာရခြင်းရဲ့ အဓိကလက်သည်တရားခံဟာ ဒီနေ့တည်ရှိနေတဲ့ စီးပွားရေးစနစ်နဲ့ လူမှုရေးစနစ်တို့ကြောင့်လို့ ထင်ပါတယ်။ ဒီနေ့နိုင်ငံတိုင်း၊ လူမျိုးတိုင်း ဦးထိပ်ပန်ဆင်ထားကြတဲ့ အဘိဓမ္မာက ချမ်းသာခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်တယ်။ လူတိုင်းချမ်းသာအောင်လုပ်ကြ ဆိုတဲ့ တရားဖြစ်တယ်လေ။ အဲဒီတော့ အပြိုင်အဆိုင်အလုအယက် ချမ်းသာအောင် လုပ်ကြရင်းနဲ့ လူတွေဟာ တစ်ယောက်ခေါင်းတစ်ယောက်တက်နင်းပြီး ထိပ်ရောက်အောင်လုပ်ကြပါတော့တယ်။ နှစ်ဆယ်ရာစု နှောင်းပိုင်းကျတော့ ဘယ်လောက်များဆိုးသွားသလဲဆိုရင် ရှေးရောမခေတ်က ကျွန်တွေကို အရောင်းအ၀ယ်လုပ်ကြသလို ကလေးငယ်တွေနဲ့ မိန်းမငယ်တွေကို မကောင်းတဲ့အလုပ်တွေ လုပ်ခိုင်းဖို့ လူကုန်ကူးတယ်ဆိုတာမျိုးတွေတောင် တစ်ကျော့ပြန်လုပ်လာကြပါတယ်။

မိန်းမတွေကို ရောင်းကုန်ပစ္စည်းလို

မိန်းမတွေကို ရောင်းကုန်ပစ္စည်းလို ဈေးကွက်တင်ရောင်းတဲ့စနစ်က ရှေးပဒေသရာဇ်ခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်က ကျင့်သုံးခဲ့တာ မဟုတ်လား။ အခုခေတ်မှာလည်း မိန်းမတွေကို အသွင်အမျိုးမျိုးနဲ့ ရောင်းကုန်ပစ္စည်းလို သဘောထား လုပ်ဆောင်နေကြတာတွေ ဒုနဲ့ဒေးပါပဲ။ ဒီနေ့ စီးပွားရေးနဲ့ လူမှုရေးစနစ်ကို အပီပြင်ဆုံး သရုပ်ဖော်ပြတဲ့ စကားကတော့ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ စကားပဲဖြစ်ပါတယ်။

မီဒီယာတွေလည်း တရားခံ

ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ စိတ်မိုက်စိတ်ရိုင်းတွေ ကမ္ဘာတစ်ခုလုံး အလျင်အမြန် ပျံ့နှံ့ရောက်ရှိသွားအောင် ဖြန့်ဖြူးပေးတဲ့ လက်သည်တရားခံကတော့ ဒီနေ့ခေတ် မီဒီယာတွေပါပဲ။ ရုပ်ရှင်တွေ၊ စာနယ်ဇင်းတွေ၊ စင်တင်ကပြတဲ့ ပြဇာတ်တွေနဲ့ တေးဂီတတွေကတစ်ဆင့် စီးပွားရေးသမားတွေက သူတို့ထုတ်လုပ်တဲ့ ပစ္စည်းတွေကို တွင်ကျယ်အောင် ကြော်ငြာကြတယ်လေ။ လူသုံးကုန်ပစ္စည်း ကြော်ငြာပုံတွေကိုတော့ ကြော်ငြာမှန်းလူတိုင်းသိပြီးသားမို့ အထူးမပြောတော့ ပါဘူး။ ကြော်ငြာမှန်းမသိတာမျိုးပဲ ပြောပြပါမယ်။ လက်နက်ခဲယမ်းမီးကျောက် ထုတ်လုပ်ရောင်းချတဲ့ မရဏကုန်သည် ကြီးတွေက ရမ်ဘိုလို၊ အာနိုးလိုရုပ်ရှင်တွေလို၊ ဗီယက်နမ်စစ်ပွဲနောက်ခံရုပ်ရှင်တွေလို၊ စတားဝါးရုပ်ရှင်တွေလို ရုပ်ရှင်ကားတွေ ရိုက်ကူးထုတ်လုပ်စေပြီး သူတို့လက်နက်တွေရဲ့ အစွမ်းတွေကို ကြော်ငြာကြတယ်လေ။ ရုပ်ရှင်ကားတွေက ကြည့်ကောင်းတော့ ကြော်ငြာမှန်းမသိကြဘူးပေါ့။ အရက်တွေ၊ စီးကရက်တွေ၊ မူးယစ်ဆေးဝါးတွေလည်း ဒီလိုကြော်ငြာကြတာပဲ။ ဒီလိုနဲ့ပဲ မီဒီယာတွေဟာ စတုတ္ထမဏ္ဍိုင်အဖြစ်က ဈာန်လျှောပြီး စီးပွားရေးသမားတွေရဲ့ ခုတုံးအဖြစ် အသုံးချခံရတဲ့ ဘ၀ကို ရောက်သွားကြရပါတော့တယ်။

ဗိုက်သားပေါ် ကိုက်စားမနော်တဲ့

မီဒီယာတွေထဲမှာ ရက်ရက်စက်စက် တိုက်ကြခိုက်ကြ၊ သတ်ကြဖြတ်ကြတာတွေကို မြင်ပါများတော့ လူတွေရဲ့စိတ်ဟာ ယဉ်ပါးသွားပြီး သတ်တာသေတာတွေဟာ အဆန်းမဟုတ်တော့ဘူး။ ကြောက်စရာလို့ မထင်ကြတော့ဘူးလေ။ တခြား လူမှုရေး၊ အိမ်ထောင်ရေး ဖောက်ပြန်ပျက်စီးမှုမျိုးစုံဟာလည်း တွေ့ရမြင်ရပါများတော့ ရှက်စရာ၊ ကြောက်စရာ၊ စက်ဆုပ်ရွံရှာစရာလို့ သဘောမထားကြတော့ဘူး။ လူ့သဘာဝ ဖြစ်ရိုးဖြစ်စဉ်တွေပဲလို့ နှလုံးသွင်းထားလိုက်ကြတော့တယ်။ ၀တ်စားဆင်ယင်မှုမှာလည်း အလားတူပါပဲ။ ဖုံးရအုပ်ရမယ့်အရာရယ်လို့ ရှိတယ်တောင် မအောက်မေ့ကြတော့ပါဘူး။ ကျွန်တော်တို့ ကောလိပ်ရောက်စ ငါးဆယ်ခုနှစ်များအတွင်းက မန္တလေးတက္ကသိုလ်မှာ ဘရာစီယာဝတ်တဲ့ မိန်းကလေး တစ်ယောက်မှမရှိပါဘူး။ အားလုံး ဇာဘော်လီတွေပဲ ၀တ်ကြပါတယ်။ မန္တလေးက တောကျလို့ဖြစ်ချင်ဖြစ်မှာပါ။ ရန်ကုန်တက္ကသိုလ်တော့ မသိပါဘူး။ ဒီလိုနဲ့ ၁၉၅၆ ခုနှစ်ကျတော့ မေမြို့ (ပြင်ဦးလွင်) ကွန်ဗင့်က တရုတ်မလေးတစ်ယောက်က ဘရာစီယာစပြီး ၀တ်လာပါတယ်။ တစ်ခဏတာချင်း တစ်ကျောင်းလုံး အုံးအုံးကြွက်ကြွက် ဖြစ်သွားပြီး တရုတ်မလေးတက်တဲ့ အတန်းတိုင်းမှာ ကျောင်းသားတွေတရုန်းရုန်း စည်ကားနေပါတော့တယ်။ ဘာသာတွဲတူချင်းမို့ နှစ်ကစ ကောင်းကောင်းမှတ်မိနေတာပါ။ တချို့ကျောင်းသားတွေက ကော်ရစ်ဒါကနေပြီး (either or neither nor) ဗိုက်သားပေါ် ကိုက်စားမနော် လို့ နောက်ပြောင်ကြပါတယ်။ ဟော ခုတော့လည်း စင်ပေါ်တက်ပြီး ကိုယ်ဟန်တောင်ပြကုန်ကြပြီလေ။ မိန်းကလေးဆိုတာ ရောင်းကုန်ပစ္စည်းမဟုတ်ဘူးဆိုတာကို မိန်းကလေးတွေကိုယ်တိုင် သိမှသိကြပါလေစ။

မျက်နှာပြောင်တိုက်ရဲတာ

လူ့လောကကြီးတစ်ခုလုံးလိုလိုမှာပဲ ရှက်စိတ်နဲ့ ကြောက်စိတ်တွေ ပျောက်ကွယ်သွားပြီးထင်မိတယ်။ ရှေးကများ မဟုတ်တာ လုပ်မိလို့ မတော်တဆလူမိသွားရင် ခေါင်းကို မဖော်ရဲလောက်အောင် ဖြစ်နေကြတာ။ ခုခေတ်များတော့ ဘယ်မှုလိမ့်မလဲ။ မျက်နှာပြောင်တိုက်ပြီး နေရဲလိုက်ကြပုံများ မယုံနိုင်လောက်အောင်ကိုပါပဲ။ အဲဒီလောက်ကို အရှက်အကြောက်တွေ ကင်းမဲ့ကုန်ကြတာကြောင့် ဒီကိစ္စကို ကိုယ်နဲ့မဆိုင်သလို ခပ်ပေါ့ပေါ့သဘောထားပြီး မနေကြပါနဲ့။ ၀ိုင်းဝန်းစဉ်းစားအဖြေရှာကြပါလို့ပဲ မေတ္တာရပ်ခံ တောင်းပန်လိုက်ရပါတယ်ခင်ဗျား။

( Weekly Eleven News ဂျာနယ် အတွဲ(၁၄)၊ အမှတ် (၄၁) မှ ပြန်လည်ကူးယူဖော်ပြပါသည် )

Letter to the Editor (The Voice Journal)


ဒီအပတ်ထုတ် The Voice Weekly ဂျာနယ် အတွဲ(၅) အမှတ်(၃၈) Letter to the Editor ကဏ္ဍတွင်ဖော်ပြထားသော ပေးစာတစ်စောင်ကို အခြားသူများလည်း ပြန်လည်ဖတ်ရှုစေချင်သည့်အတွက် ပို့စ်အဖြစ် တင်ပေးလိုက်ပါသည်။ အောက်တွင်ဖော်ပြထားသည်များအားလုံးသည် အဆိုပါဂျာနယ်တွင် ဖော်ပြထားသည့်အတိုင်း ၏ သည် မရွေး ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

 

အယ်ဒီတာခင်ဗျား

မကြာမီ အသစ်ဖြစ်ပေါ်လာတော့မည့် နိုင်ငံရေးပြောင်းလဲမှုတွင်ရော နောင် နိုင်ငံရေးခရီးတစ်လျှောက်တွင်ပါ မီဒီယာ၊ ပြည်သူ၊ နိုင်ငံရေးပါတီဟူသော လူ့အဖွဲ့အစည်းများသည် အရေးအကြီးဆုံး အခန်းကဏ္ဍများမှ ပါဝင်နေကြမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ အဆိုပါ လူ့အဖွဲ့အစည်းသုံးရပ်နှင့် ပတ်သက်၍ လက်ရှိအခြေအနေအပေါ် စာရေးသူအမြင်ကို တင်ပြချင်ပါသည်။

မီဒီယာ

ယနေ့မီဒီယာကဏ္ဍ (အထူးသဖြင့် ပုံနှိပ်မီဒီယာ) များသည် မကြာမီဖြစ်ပေါ်လာတော့မည့် နိုင်ငံရေးသစ်နှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို အစွဲကင်းကင်းနှင့် တတ်အားသမျှ ရေးသားတင်ပြလျက် ရှိကြသည်။ ဤသည်မှာ မီဒီယာသမားများအနေဖြင့် ဆောင်ရွက်နိုင်သမျှ အမြင့်ဆုံးစွမ်းဆောင်နေခြင်းဖြစ်သည်ဟု မြင်ပါသည်။ ထိုဆောင်ရွက်မှုများသည် အခြားလူ့အဖွဲ့အစည်းနှစ်ရပ်အတွင်း မည်သည့်အတိုင်းအတာအထိ အကျိုးသက်ရောက်သည်ကို ပြောဆိုရန် ခက်ခဲသော်လည်း မီဒီယာများဘက်မှတော့ မိမိတို့၏ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်လျက်ရှိသည်ဟု အသေအချာပြောနိုင်ပါသည်။ သို့သော် ယခုအတိုင်းပင် မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်ရန်တော့ သတိချပ်ကြရလိမ့်မည် ထင်ပါသည်။

ပြည်သူ

၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲ ကျင်းပစဉ်က ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၈ ဒသမ ၁၂ ရာခိုင်နှုန်း အထက်ရှိသည်ဟု သိရသည်။ ယခု ထိုအရေအတွက်ထက် ပိုမိုလာဖွယ်ရှိပါသည်။ သို့ဖြစ်၍ စာရေးသူအနေဖြင့် ထိုအရေအတွက်ကို ကိုယ်စားပြု၍ မည်သည့်အထောက်အထား၊ မည်သည့်စစ်တမ်းမှမရှိဘဲ မှတ်ချက်ပြု ပြောဆိုရန်တော့ ဖြစ်နိုင်မည်မဟုတ်ပါ။ သို့သော် စာရေးသူ ထိတွေ့ဆက်ဆံမိသမျှ လူမှုပတ်ဝန်းကျင်အပေါ် တည်မှီသုံးသပ်၍ ပြောရပါမူ အများစုသည် နေ့စဉ်ပြုနေကျ လူမှုဘ၀များထဲတွင်သာ အမှုမဲ့စီးမျောလျက်ရှိနေကြသည်။ ထိုနိစ္စဓူဝဘ၀များထဲတွင် နိုင်ငံရေး ဟူသော ခေါင်းစဉ်တစ်ခု မပါသေးသည်ကတော့ အသေအချာပြောနိုင်မည်ထင်ပါသည်။ အမှန်တော့ သဘာဝကျပါသည်။ သူတို့ကိုယ်သူတို့ ငါတို့သည် နိုင်ငံရေးသတ္တ၀ါများဖြစ်ကြသည်၊ နိုင်ငံရေးသည် ငါတို့နှင့်လည်း သက်ဆိုင်သည် ဟူသော အသိကို ကာလကြာမြင့်စွာ သူတို့အသိအိမ်ထဲမှ ထုတ်ပယ်ထားခဲ့ကြသည် မဟုတ်ပါလား။ ထို့ပြင် နိုင်ငံရေးဆိုသည်မှာ မစားကောင်းသောအသီး၊ မတို့ထိကောင်းသောအရာဟူ၍လည်း စွဲစွဲမြဲမြဲ မှတ်ယူထားခဲ့ကြသည် မဟုတ်ပါလား။

သို့ဖြစ်၍ ပြည်သူများ၏ နိုင်ငံရေးအသိပညာရေချိန်ကို မြှင့်တင်ရန်မှာ ဦးဆုံး ထိုအမြင် ထိုအစွဲများကို ပြောင်းလဲပစ်ကြရပေလိမ့်မည်။ လောလောဆယ်တော့ ဘောလုံးစာမျက်နှာများပေါ်တွင်သာ ပျော်မွေ့နေကြပါလိမ့်ဦးမည်။ သတင်းများနှင့်သာ နစ်မြောသာယာနေကြပါလိမ့်ဦးမည်။ သို့သော် သိပ်ကြာမြင့်လှမည်မထင်ပါ။ သူတို့ကိုယ်သူတို့

- နိုင်ငံရေးတွင် သူတို့အမှန်တကယ် ပါဝင်လာရပြီပဲဟု သိမြင်လာသောအခါ...

- နိုင်ငံရေးသည် ယခင်ကာလများကကဲ့သို့ မစားကောင်းသောအသီး၊ မတို့ထိကောင်းသောအရာမဟုတ်ဟု ယုံကြည်စိတ်ချစွာ လက်ခံလာကြသောအခါ...

- သူတို့အဆုံးအဖြတ်၏ အကောင်း၊ အဆိုး၊ အကျိုးရလဒ်များကို သိရှိခံယူလာရသောအခါ...

ယခင်က စိတ်ဝင်စားဖွယ်မကောင်းဟုဆိုကာ ချန်လှပ်ထားခဲ့သော စာမျက်နှာများ၊ ဆောင်းပါးရှည်ကြီးများကို စိတ်လိုလက်ရ ပြန်လည်ဖတ်ရှုလာကြပါလိမ့်မည်။ စာမဖတ်နိုင်လျှင်သော်မှ အနည်းဆုံး ထိုအကြောင်းအရာများ ဆွေးနွေးနေသည့် စကားဝိုင်းများဆီသို့ စိတ်ဝင်တစား ချဉ်းကပ်လာကြတော့မည်ဖြစ်သည်။ အမှန်တော့ အဲသည်တော့မှပင် Capacity Building အစပျိုးခြင်းဖြစ်သည်ဟု ပြောနိုင်မည်ဖြစ်ပါသည်။

နိုင်ငံရေးပါတီများ

ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်နှင့် တစ်ခုထက်ပိုသော နိုင်ငံရေးပါတီများ မလွဲမသွေပါဝင်လာမည်ဖြစ်သည်။ ယခုလက်ရှိအခြေအနေတွင် တရားဝင်နိုင်ငံရေးပါတီများ ရှိနေသကဲ့သို့ မကြာမီနိုင်ငံရေးပါတီသစ်များကလည်း ပေါ်ထွက်လာဖွယ်ရှိပါသည်။ ထိုထိုသော နိုင်ငံရေးပါတီများသည် ၂၀၁၀ ပြည့်နှစ်ထဲတွင် ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင်ကြပါလိမ့်မည်။ ရွေးကောက်ပွဲဝင်ခြင်း၊ မ၀င်ခြင်း မသေချာသော နိုင်ငံရေးပါတီများလည်း ရှိနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးပါတီများအနေဖြင့် ယခုအချိန်သည်

- ပြည်သူများက အတည်ပြုပြဌာန်းထားပြီးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် တွေဝေနေရမည့်၊ အငြင်းပွား နေကြရမည့် အချိန်မဟုတ်

- ပြည်သူများထက်ပို၍ အလေးဂရုပြုရမည့်အချိန်ဖြစ်သည်ဟု ထင်မြင်ပါသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ စာရေးသူ၏ အတွေ့အကြုံတစ်ခုကို သာဓကပြုတင်ပြလိုပါသည်။ စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် လက်ရှိတရားဝင်နိုင်ငံရေးပါတီတစ်ခုတွင် အလုပ်သမားထုအတွင်း စည်းရုံးရေးလုပ်ငန်း၌ မြို့နယ်အဆင့် တာဝန်အရှိဆုံးသူတစ်ဦး ဖြစ်ပါသည်။ ဘွဲ့ရပညာတတ် တစ်ဦးလည်းဖြစ်ပါသည်။ တစ်နေ့သူ့အား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးကြည့်မိပါသည်။ အမှန်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြို့နယ်များကို အခြေခံသည့် လွှတ်တော်များရှိပေရာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီတစ်ရပ်အနေဖြင့် ထိုအခြေခံဥပဒေအရ မည်သို့ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်ကို သိလို၍ ဖြစ်ပါသည်။ သို့သော် မိတ်ဆွေသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကောင်းကောင်းလေ့လာထားပုံမရကြောင်း တွေ့ရှိလိုက်ရသည်။

နိုင်ငံရေးပါတီတစ်ခုသည် နိုင်ငံရေးဆောင်ရွက်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုနိုင်ငံရေးပါတီတွင် ပါဝင်နေကြသူများသည်လည်း ပါတီနိုင်ငံရေးကို စိတ်ဝင်စားကြသည်ဖြစ်၍ ပါဝင်လာကြခြင်းဖြစ်သည်။ ထိုသို့ ပါဝင်လာကြပြီဆိုပါလျှင် (အထူးသဖြင့် ပါတီတာဝန်ကြီးကြီးယူထားကြသူများ) ပြည်သူများထက်တော့ နိုင်ငံရေးအသိအမြင် ကြွယ်ဝနေရန် အားထုတ်နေသင့်သည် ထင်ပါသည်။ အနည်းဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ ကျေညက်အောင် အလေ့အလာရှိသင့်သည် ထင်ပါသည်။

အလျဉ်းသင့်၍ ၁၉၈၉ ခုနှစ်ခန့်က သုတေသီတစ်ဦး ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် အခြေခံဥပဒေကို လေ့လာသော အလေ့အထဟူ၍ နိုင်ငံရေးပါတီများတွင် မရှိခဲ့ကြချေ။ အကြင်သူတစ်ဦးသည် အခြေခံဥပဒေစကားလေး တစ်ခွန်း၊ နှစ်ခွန်းပြောမိလျှင်ပင် အရေခြုံနိုင်ငံရေးခေတ်တွင် အမြင်ကတ်ခံရမည်မှာ တကယ်သေချာခဲ့သည်။

အခြေခံဥပဒေကို မရိုသေခဲ့ကြခြင်း တစ်နည်းဖြင့်ဆိုလျှင် အခြေခံဥပဒေကို မလေ့လာခြင်းတို့မှာ ကျွန်တော်တို့၏ အပြစ်တစ်ခု ဖြစ်ခဲ့ပါသည် ဟု ရေးသားထားသည်ကို တွေ့ရပါသည်။ ထိုစကားသည် ပါလီမန်ဒီမိုကရေစီခေတ်အခါက နိုင်ငံရေးနှင့် နိုင်ငံရေးပါတီများကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ ယခုဖြစ်ပေါ်လာတော့မည့် နိုင်ငံရေးခေတ်သစ်သည် ထိုစဉ်ကကဲ့သို့ အရေခြုံနိုင်ငံရေးခေတ်မျိုးတော့ ဖြစ်လာလိမ့်မည်မဟုတ်ပါ။ အရေခြုံနိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားကောင်းများ ရှိကောင်းရှိနိုင်သော်လည်း ခေတ်သစ်နိုင်ငံရေးစင်မြင့်တွင် ရေရှည်ရပ်တည်နိုင်ကြလိမ့်မည် မထင်ပါ။

ထို့ပြင် အချို့နိုင်ငံရေးပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်ပင် ကိုယ်တိုင်ပါဝင်ခဲ့ကြသည်ဖြစ်၍ အမြင်ကတ်ခံရမည်ကို စိုးရိမ်တွန့်ဆုတ်နေစရာလည်း မရှိပါ။ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရိုသေလေးစားကြရန်၊ လေ့လာကြရန်သာ လိုအပ်ကြမည်ဖြစ်ပါသည်။

နိုင်ငံရေးပါတီတစ်ခုတွင်

- အပြုသဘောဆောင်၍ တိကျသော နိုင်ငံရေးလမ်းစဉ်ရှိရမည်၊

- ကိုယ်စားပြု လူတန်းစားရှိရမည်

- ပြတ်သားသည့် နိုင်ငံရေးသဘောထားခံယူချက် ရှိရမည်ဟူ၍ စာရေးသူ ဖတ်ခဲ့၊ မှတ်ခဲ့ဖူးသည်။ ထိုအချက်များကို အခြေခံ၍ စာရေးသူမိတ်ဆွေကို မေးကြည့်မိပြန်သည်။ သူတို့ မည်သည့်လူတန်းစားကို ကိုယ်စားပြုသည်ဟု ပြောနိုင်သည်မှလွဲ၍ အခြားအချက်များကို မပြောနိုင်ပါ။ စာရေးသူကတော့ မိမိသိထား၊ မှတ်သားထားသည်များမှာ များစွာ ခေတ်နောက်ကျကျန်ခဲ့ပြီဟု မှတ်ယူလိုက်ပါသည်။ တရားဝင်စည်းရုံးခွင့် ရရှိလာသည့်အချိန်တွင် သူတို့ကိုယ်စား ပြုသည် ဆိုသော ပြည်သူများကို ဘာပြောမည်လဲဆိုသည်ကိုမူ ဆက်၍ မမေးလိုက်တော့ပါ။

အထက်ပါ ပြောဆိုရေးသားချက်များသည် စာရေးသူ၏ မိတ်ဆွေတစ်ဦးတည်းကိုသာ သာဓကပြုတင်ပြခြင်း ဖြစ်ပါသည်။ အခြားတစ်ပါးသော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီဝင်များကို ဤနည်းနှင်နှင်ရှိသည်ဟု ပြောဆိုခြင်းမဟုတ်ပါ။ သို့သော် ၂၀၁၀ ပြည့်နှစ်၏ ဟိုမှာဘက်တွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးဦးဆောင်မှုတွင် ပါဝင်လာကြတော့မည်ဖြစ်သကဲ့သို့ ပြည်သူများသည်လည်း နိုင်ငံရေးစနစ်အတွင်း အဓိကနေရာမှ မဖြစ်မနေပါဝင်လာကြရတော့မည်ဖြစ်သည်။ ယနေ့ပြည်သူများသည် ရှိစေချင်သည့် နိုင်ငံရေးအသိပညာများ မရှိသေးဟု ပြောနိုင်သော်လည်း ၁၉၉၀ ခုနှစ်များ မတိုင်မီကနှင့် မတူတော့သည်ကတော့ အသေအချာ ပြောနိုင်ပါသည်။ ပညာသိ (စာပေသိ)နှင့် မဟုတ်သည့်တိုင် အတွေ့အကြုံအသိများနှင့် ယှဉ်၍ အတိုင်းအတာတစ်ခုအထိ စဉ်းစားသုံးသပ်မှုတော့ ပြုနိုင်နေပြီဟု ပြောနိုင်မည်ထင်ပါသည်။ သို့ဖြစ်ရာ နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူများထက် နိုင်ငံရေးအသိပညာရေချိန် မြင့်မားအောင် ပို၍ပို၍ ကြိုးစားမြှင့်တင်နေကြသင့်သည် မဟုတ်ပါလား....။

အချုပ်ဆိုရပါမူ စာရေးသူသည် သာမန်နိုင်ငံရေး စိတ်ဝင်စားသူတစ်ဦးသာဖြစ်၍ စာရေးသူ၏ အမြင်များတွင် ချွတ်ချော်မှားယွင်းများစွာ ရှိနိုင်ပါသည်။ သို့အတွက် ဆရာသစ္စာနီပြောသကဲ့သို့ ဆင်ချေးတုံးလောက်မြင်ဖူးသူက ဆင်အကြောင်း ဆွေးနွေးသည် ဟု ပြောလိုကလည်း ပြောနိုင်ပါသည်။ သို့သော် ဖြစ်ပေါ်လာတော့မည့် နိုင်ငံရေးခရီးသစ်တွင် အစကောင်းစေလိုသော စေတနာ၊ ခရီးလမ်းတစ်လျှောက် အခက်အခဲနည်းနည်းနှင့် လျှောက်လှမ်းနိုင်ကြစေလိုသော စေတနာဖြင့် ရေးသားခြင်းဖြစ်ကြောင်းကိုတော့ဖြင့်...။    

ခင်မောင်ဆွေ (ပြည်မြို့) ၈-၇-၂၀၀၉

နိုင်ငံရေးပို့စ်တွေ လာပါမည်


ကျွန်တော်တို့မြန်မာလူမျိုးများအတွက် နိုင်ငံရေးဆိုသည်မှာ အတန်ပင်စိမ်းသော အကြောင်းအရာဖြစ်ပါသည်။ အချို့သောသူများဆိုလျှင် နိုင်ငံရေးဆိုသော စကားလုံးသည် မပြောသင့်သော၊ မဆွေးနွေးသင့်သော၊ မသိလျှင်လည်း ဘာမှမဖြစ်သော အကြောင်းအရာတစ်ရပ်ဟုပင် လွဲမှားစွာခံယူထားကြသည်ကို တွေ့ရပါသည်။ ဤသည်များကို အပြစ်ပြောလိုခြင်းမဟုတ်ပါ။ သူ့အကြောင်းနှင့်သူ ရှိသောကြောင့် ဖြစ်ပါလိမ့်မည်။ မီးလောင်မှုကို ကိုယ်တွေ့ကြုံဖူးသောသူ၊ မျက်စိရှေ့တွင် မီးလောင်မှု၏ ဆိုးကျိုးကို ကိုယ်တွေ့မြင်ဖူးကြုံဖူးသောသူတို့အနေဖြင့် မီးကို ကြောက်လန့်ကြမည်မှာ သဘာဝကြပါသည်။ သို့သော် ထိုကဲ့သို့သော ဆိုးကျိုးများကိုသာ ကွက်၍ကြည့်ပြီးလျှင် မီးကို လုံးဝအသုံးမပြုဘဲနေရန် ဖြစ်နိုင်မည်မဟုတ်ပါချေ။ ဆိုလိုသည်မှာ ဘယ်အရာကိုမှ အစွန်းမရောက်ဘဲ မှန်မှန်ကန်ကန်သုံးသပ်ကာ အကျိုးရှိရှိ အသုံးချသွားရန်သာ ဖြစ်ပါသည်။ နိုင်ငံရေးဆိုသည်မှာ နိုင်ငံသူနိုင်ငံသားအားလုံး၏ အရေးကိစ္စဟု ကျွန်တော်ကတော့ ထင်မြင်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် မြန်မာနိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပါသည်။ ယခုတော့ မြန်မာနိုင်ငံသားများကတော်တော်၊ အနောက်နိုင်ငံကြီးများနှင့် အခြားနိုင်ငံသားခံယူထားသည့် ပြည်ပရောက် မြန်မာလူမျိုးများကကဲကဲ ဖြစ်နေသည်မှာလည်း အံ့သြစရာဖြစ်ပါသည်။

နည်းနည်းလေး ကျွန်တော်မြင်သလို ဥပမာပေးလိုပါသေးသည်။ အိမ်ထောင်ကျပြီးနောက် အခြားမြို့ရွာများတွင် တစ်အိုးတစ်အိမ်ထူထောင်ကာ အခြေကျနေသည့် သားသမီးများက အိမ်တွင်ကျန်ခဲ့သည့် မိဘမောင်ဘွားများ၏ အိမ်တွင်းရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများကို အဝေးမှ စိတ်ပူနေသည်ဆိုသည်မှာ ရယ်စရာဖြစ်ပါသည်။ မည်မျှပဲ မိသားစုကို ချစ်သည်ဖြစ်စေ ကိုယ့်အိုးကိုယ့်အိမ်နှင့် ဖြစ်နေသည့်အချိန်တွင် အရေးအကြီးဆုံးသည် လက်ရှိမိသားစုရှိ မိမိ၏ဇနီးမယားနှင့် သားသမီးများ၏ အရေးကိစ္စသာဖြစ်သည်မှာ သဘာဝဖြစ်ပါသည်။ အိမ်တွင်ကျန်ခဲ့သည့် ညီတစ်ယောက်၊ နှမတစ်ယောက် ဖျားနာနေသည်ထက် မိမိ၏ဇနီးခေါင်းကိုက်နေသည်က ပို၍ ကြီးမားသည့် ပြဿနာဖြစ်ပါသည်။ ထိုအချက်သည် ဖြစ်ရိုးဖြစ်စဉ်သဘာဝတစ်ခုဖြစ်သည့်အတွက် နားလည်ပေးနိုင်ပါသည်။ သို့သော် ဖျားနာနေသည့် ညီငယ်၊ နှမငယ်တို့အတွက် အိမ်တွင်ကျန်ခဲ့သည့် မိဘများက ဂရုမစိုက်လို့ဖြစ်ရတာ၊ ပေါ့လျော့လို့ ဖြစ်ရတာ စသည်ဖြင့် အပြစ်တင်လျှင်ဖြင့် မည်သည့်မိဘကမှ သည်းခံလိမ့်မည်မဟုတ်ပါ။ အဝေးရောက်အစ်ကိုကြီး တစ်ယောက်အနေဖြင့် ညီငယ်များအတွက်၊ နှမငယ်များအတွက် စိတ်ပူသည့် သံယောဇဉ်မေတ္တာကို နားလည်ပေးနိုင်ကြပါလိမ့်မည်။ သို့သော် အနီးကပ်နေရသည့် မိဘများက သူ့ထက်ပို၍ စိတ်ပူပါလိမ့်မည်။ ဂရုစိုက်ပါလိမ့်မည်။ သားသမီးများ၏ အနာဂတ်အတွက် အကောင်းဆုံးစီမံခန့်ခွဲပါလိမ့်မည်။ အဆုံးစွန်ထိပြောရလျှင် အရက်သမားဖခင်ပင်ဖြစ်ပါစေဦးတော့၊ ပြည့်တန်ဆာမိခင်ပင် ဖြစ်ပါစေဦးတော့ မိမိတို့၏ သားသမီးများကို ကောင်းရာမွန်ရာကိုသာ ရောက်စေချင်သည့်စိတ်၊ တိုးတက်ကြီးပွားစေလိုသည့်စိတ်၊ မိမိတို့ထက် မြင့်မားတိုးတက် စေလို့သည့်စိတ် ရှိမည်မှာ မလွဲဧကန်ဟု ယုံကြည်ပါသည်။

ဆိုကြပါဦးစို့။ ဖခင်က သူဌေးအိမ်တွင် ကားမောင်း၊ မိခင်က အိမ်ဖော်လုပ်သည်ဆိုပါတော့။ သူတို့အတွက် သူဌေးသည် အလုပ်ရှင်ဖြစ်ပါသည်။ ကျေးဇူးရှင်ဖြစ်ပါသည်။ ထို့အတွက် သူတို့လေးစားပါလိမ့်မည်။ ချစ်ခင်ပါလိမ့်မည်။ အမိန့်ကို နာခံပါလိမ့်မည်။ သို့သော် သူတို့၏ အိမ်တွင်းရေးကိစ္စများတွင် သူဌေးက ၀င်ရောက်စွက်ဖက်မည်ကိုတော့ မည်သူကမျှ ကြိုက်နှစ်သက်လိမ့်မည်မဟုတ်ပါ။ သူဌေးအိမ်တွင် သူတို့သည် အလုပ်သမားဖြစ်ပါသည်။ သို့သော် မိမိတို့အိမ်တွင်တော့ အိမ်ဦးနတ်၊ အိမ်ရှင်မ ဖြစ်ပါသည်။ မိမိ မိသားစု၏အရေးကို မိမိဘာသာ ဆုံးဖြတ်ပိုင်ခွင့် သူတို့တွင် အပြည့်အ၀ ရှိပါသည်။ ထိုအရာသည်ပင်လျှင် ပြည်တွင်းရေးဟု ကျွန်တော်က မြင်ပါသည်။ မိမိတို့မိသားစုအပေါ် အမှန်တကယ် ချစ်မြတ်နိုးစိတ်၊ တိုးတက်စေချင်သည့်စိတ်ဖြင့် အကြံဉာဏ်ပေးခြင်း၊ အကူအညီပေးခြင်းဆိုလျှင်တော့ လက်ခံကောင်း လက်ခံနိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ ငါလိုသူဌေးကပြောတာကို မင်းတို့က မလိုက်နာရင် အလုပ်ထွက်ကြဟု မဆီမဆိုင် အပြစ်ပေးလျှင်တော့ မလိုက်နာသည့် သူတွေအပြစ်လား၊ စွက်ဖက်လိုသည့် သူဌေး၏ အပြစ်လားဆိုသည်ကို မိတ်ဆွေတို့ကိုယ်တိုင်သာ စဉ်းစားကြည့်စေလိုပါသည်။

ထားပါတော့။ စကားလည်းအတန်ငယ် ရှည်သွားပါသည်။ ပြောချင်သည်ကတော့ မကြာမီ ကာလအတွင်း မလွဲမသွေကူးပြောင်းတော့မည့် နိုင်ငံရေးအကူးအပြောင်းကာလတွင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး အနေဖြင့် နိုင်ငံရေးနှင့်ပတ်သက်သော အသိပညာ၊ ဗဟုသုတများ နည်းနည်းရလည်းနည်းနည်း၊ များများရလည်း များများ အကျိုးရှိနိုင်ကောင်းသည်ဟူသော ရည်ရွယ်ချက်အမှန်ဖြင့် နိုင်ငံရေးနှင့်သက်ဆိုင်သော အကြောင်းအရာများကို ဤဘလော့ဂ်တွင် တင်ပြနေရခြင်းဖြစ်ကြောင်း ပြောလိုပါသည်။ ထပ်မံပြောလိုပါသေးသည်။ ကျွန်တော်တစ်ယောက်တည်း သိလိုလျှင် စာတွေဖတ်ပြီး ဒီအတိုင်းနေလိုက်ရုံသာဖြစ်ပါသည်။ ကျွန်တော့်လို မသိသေးသော သူတွေလည်း သိပါစေတော့ ဟူသော စေတနာကြောင့်သာ လက်အညောင်းခံကာ၊ အချိန်ကုန်ခံကာ ပြန်ရိုက်ပြီး ပို့စ်တွေ တင်ပေးနေခြင်းဖြစ်ကြောင်း ကြေညာလိုပါသည်။ ထပ်ပြောရပါဦးမည်။ ကျွန်ုပ်သည် မည်သည့်ဂျာနယ်စာစောင်ကိုမျှ ကြော်ငြာပေးနေသည်မဟုတ်ပါ။ မည်သူကမှလည်း မင်းဒီပို့စ်တွေတင်စမ်းဟု ခိုင်းစေသဖြင့် လုပ်နေခြင်းမဟုတ်ပါ။ ကျွန်ုပ်ကိုယ်တိုင်၏ ၀ါသနာကြောင့် လုပ်နေခြင်းဖြစ်ပါသည်။ ကျွန်တော်စိတ်မပါလျှင် ဘာပို့စ်မှမတင်ဘဲ နေနိုင်ပါသည်။ ထို့အတွက် ဘာထိခိုက်မှုမှ မရှိပါ။ ဘလော့ဂ်ရေးချင်စိတ်ကုန်သွားလျှင် ဘလော့ဂ်မရေးဘဲ နေလိုက်ရုံဖြစ်ပါသည်။ အားလုံးသည် ကျွန်ုပ်တစ်ဦးတည်း၏ ခံစားချက်၊ ဆုံးဖြတ်ချက်များသာ ဖြစ်ပါသည်။ ကျွန်တော့်စကားများတွင် အနည်းငယ်ဒေါသသံ ပါသွားသည်ထင်ပါသည်။ ဒါကလည်း အကြောင်းရှိပါသည်။ အခြားသော ဘလော့ဂ်များ၊ စာမျက်နှာများပေါ်တွင် မြန်မာ့သွေးဘလော့ဂ်နှင့် ပတ်သက်ပြီး သို့လောသို့လော ကိုယ်ထင်ရာကိုယ်ပြော ရေးနေကြခြင်းကို စိတ်ကုန်လွန်း၍ ဖြစ်ပါသည်။ အထင်သည် အထင်သာဖြစ်ပါသည်။ လူတိုင်း ကိုယ်ထင်ချင်ရာ ထင်နိုင်ခွင့်ရှိပါသည်။ သို့သော် ကိုယ်ထင်ရာတိုင်းသည် အမှန် မဟုတ်သည်ကိုတော့ နားလည်ထားဖို့လိုပါသည်။ ခဏခဏရှင်းနေရသည့်ဒုက္ခကို ကျွန်တော်စိတ်ကုန်ပါသည်။ ကိုယ့်ထမင်းကိုယ်စားပြီး ဘာကိစ္စများ …………..။ မပြောလိုတော့ပါ။ ကျွန်တော်ယုံကြည်သည့်အတိုင်း ကျွန်တော် ဆက်လုပ်နေပါဦးမည်။

မြန်မာ့သွေးဘလော့ဂ်ကို ပုံမှန်ဖတ်ရှုသူများအား ကျေးဇူးတင်ပါသည်။ မဖတ်သူများကိုလည်း ကျေးဇူးတင်ပါသည်။ ချီးကျူးကြသူများကို ကျေးဇူးတင်ပါသည်။ အမြင်မတူ ဝေဖန်ကြသူများကို ပို၍ ကျေးဇူးတင်ပါသည်။ ဖတ်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ချီးကျူးကြသည်ဖြစ်စေ၊ ဝေဖန်ကဲ့ရဲ့ကြသည်ဖြစ်စေ ကျွန်တော်ကတော့ ဘလော့ဂ်ပို့စ်တွေ ဆက်ရေးနေပါဦးမည်။ ပို့စ်တစ်ခုလောက်ကို ဖတ်ပြီး ကျွန်တော့်ကို မဝေဖန်ပါနှင့်။ မြန်မာ့သွေးတွင် တင်ပေးထားသည့် ပို့စ်အားလုံးကို ဖတ်ပြီးမှ ကျွန်တော့်ကို ဝေဖန်ပါ။ ကျွန်တော့်ကို ကောက်ချက်ချပါ။ ကျွန်တော့်ရဲ့ ဒေါသသံများအတွက်တော့ တောင်းပန်အပ်ပါသည်။

ကြိုးစားပါဦးမည်

ကိုဉာဏ် (ပန်းလောင်မြေ)

၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၈ ရက်။

သတင်းစာ၊ ဂျာနယ်များမှ ကောက်နုတ်ချက်များ


ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ကျွန်တော်ဖတ်ခဲ့သမျှ သတင်းစာ၊ ဂျာနယ်တွေထဲကမှ ကျွန်တော့်ကို မှတ်သားစရာတွေ၊ တွေးစရာတွေ၊ ငေးစရာတွေ၊ ဆွေးစရာတွေ ဖြစ်ကျန်ခဲ့အောင် ခံစားမှုတစ်ခုခုပေးခဲ့တဲ့ အကြောင်းအရာလေးတွေကို အခြားသူတွေလည်း ဖတ်ကြည့်စေချင်တဲ့စိတ်တစ်ခုတည်းနဲ့ ပို့စ်တင်လိုက်တာပါ။ ကျွန်တော့်အတွက် တွေးစရာတွေဖြစ်နေပေမယ့်  အခြားလူတွေအတွက်တော့ ဘာမှမထူးဆန်းတဲ့ အကြောင်းအရာတွေလည်း ဖြစ်နေနိုင်ပါတယ်။ မူလ သတင်းစာ၊ ဂျာနယ်ကနေ ကျွန်တော်ကြိုက်တဲ့အပိုင်းလေးတွေကို အဲဒီထဲကအတိုင်း ရွေးထုတ်ပြထားတာကလွဲရင် ဘာတစ်ခုမှ ပြင်ဆင်ထားခြင်း၊ နုတ်ပယ်ထားခြင်း၊ ဖြည့်စွက်ထားခြင်းမရှိကြောင်း အသိပေးလိုပါတယ်။

----- ။ -----

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးဖွင့်အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တိုးတက်မှုကို အသိအမှတ်မပြု မမြင်ချင်ယောင်ဆောင်ခြင်း (သို့မဟုတ်) အစိုးရအပေါ် ရမယ်ရှာနေခြင်းသည် မျှတမှုမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယအမြဲတမ်းကိုယ်စားလှယ် လူရှင်မင်းက ပြောကြားသည်။

(နိုင်ငံတကာသတင်းဂျာနယ် အမှတ် (၇၁၄) စာမျက်နှာ - ၇ တွင် ဖော်ပြထားသည့် နိုင်ငံတကာအသိုက်အ၀န်းအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုဖြစ်စဉ်ကို ပို၍ မျှတစွာ အကဲဖြတ်၊ အထက်စီးဆန်စွာ ဆက်ဆံလျက် အမှန်ကို မစူးစမ်းဘဲ မလိုမုန်းထားစိတ်နှင့် ဘက်လိုက်နေမှုကိုလျှော့ သတင်းမှ )

----- ။ -----

အီရတ်နိုင်ငံ၏ သမိုင်းဝင်ဒေသတစ်ခုဖြစ်သော ဘေဘီလုံတွင် အမေရိကန်တပ်ဖွဲ့များနှင့် လုပ်ငန်းကန်ထရိုက်များ၏ ပယောဂကြောင့် ပျက်စီးဆုံးရှုံးမှုများ အမြောက်အမြား ဖြစ်ပေါ်ခဲ့ရကြောင်း ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) မှ ကျွမ်းကျင်သူပညာရှင်များက ထုတ်ဖော်ပြောကြားလိုက်သည်။ အထွတ်အမြတ်ထားရာနေရာများကို ဖြတ်သန်း၍ ထုထည်ကြီးမားသော ယာဉ်ယန္တရားများကို မောင်းနှင်ခြင်း၊ တောင်ကုန်းငယ်များကို ဖြိုချရှင်းလင်းပစ်ခြင်းနှင့် ကတုတ်ကျင်းများတူးဖော်ခြင်းတို့ကို ကမ္ဘာ့အရေးပါဆုံးသော ရှေးဟောင်းသုတေသန ယဉ်ကျေးမှုအမွေအနှစ် ဒေသတစ်ခွင်၌ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

(နိုင်ငံတကာသတင်းဂျာနယ် အမှတ် (၇၁၄) စာမျက်နှာ-၁၀ တွင်ဖော်ပြထားသည့် နိုင်ကြေးမုံ၏ အမေရိကန်တပ်ဖွဲ့များကြောင့် အမြောက်အမြားပျက်စီးခဲ့ရသည့် ဘေဘီလုံ၏ သမိုင်းအမွေအနှစ်များ သတင်းမှ )

----- ။ -----

သတင်းအယ်ဒီတာ လုပ်မည်ဆိုလျှင် သတင်းသမားစိတ်ဓာတ် ရာနှုန်းပြည့်ရှိရမည်၊ ရှိသင့်သည်။ သတင်းအယ်ဒီတာသည် သတင်းကောင်းများ (တန်ဖိုးရှိသည့် သတင်းများ)ရရှိရန် အစဉ်ကြိုးပမ်းနေရမည်ဖြစ်ပြီး ကောင်းမွန်သော တည်းဖြတ်ဖော်ပြမှုရှိရန်လည်း ၀ါယမစိုက်ရပေမည်။

(နိုင်ငံတကာသတင်းဂျာနယ် အမှတ် (၇၁၄) စာမျက်နှာ-၁၂ တွင်ဖော်ပြထားသည့် အောင်သုတ ၏ သတင်းအယ်ဒီတာဟူသည် ဆောင်းပါးမှ )

----- ။ -----

အီရတ်လွတ်မြောက်မှုစစ်ဆင်ရေးဟု အမည်တပ်စေကာမူ အမှန်တကယ် လွတ်မြောက်ခြင်းရှိပါသလော။ အထင်နှင့်အမြင် တက်တက်စင်အောင် လွဲခဲ့သည်။ စတင်ကျူးကျော်ခဲ့သည်မှစ၍ ယခုနှစ် ဇူလိုင်လ ၇ ရက်နေ့အထိ သေဆုံးသူ အီရတ်ပြည်သူ ဦးရေ ၆၉၇၈၀၃ ဦး ရှိခဲ့ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရသူဦးရေမှာ ၁၂၅၆၂၅၉ ဦး ရှိခဲ့ကြောင်း အင်တာနက်သတင်းများအရ သိရသည်။

အီရတ်နိုင်ငံကို ခြောက်နှစ်ကျော်ကြာကြာ ကျူးကျော်သိမ်းပိုက်ထားပြီးမှ အမေရိကန်နှင့် အီရတ်နှစ်နိုင်ငံစာချုပ်အရ ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ အမေရိကန်တပ်ဖွဲ့များ စတင်ဆုတ်ခွာနေကြပြီဖြစ်သည်။ ဘဂ္ဂဒက် မြို့သူမြို့သား ထောင်နှင့်ချီ၍ လမ်းမပေါ်ထွက်ကာ မြူးထူးခဲ့ကြသည်။ အမေရိကန်တွေ ဆုတ်ခွာသွားကြပြီ... ငါတို့လွတ်လပ်ပြီ ဟု ကြွေးကြော်ခဲ့ကြသည်။ သူတို့ပျော်ကြသည်မှာ အံ့သြစရာတော့မဟုတ်ပေ။ ကျူးကျော်သူတို့၏ အုပ်စိုးမှုအောက်တွင် မည်မျှ ဒုက္ခရောက်ခဲ့သည်ကို အီရတ်ပြည်သူများသာ သိကြပေလိမ့်မည်။

ကျူးကျော်စစ်ပြုခံရသည့်နိုင်ငံတိုင်းတွင် ကျူးကျော်သူများ ပြန်ထွက်သွားသည့်အခါ အနိဌာရုံအမျိုးမျိုး ကျန်ခဲ့သည်။ ၀ါဒရေးရာ၊ လူမျိုးရေးရာ သဘောထားကွဲပြား၍ ပေါ်ပေါက်လာရသည့် ပြည်တွင်းစစ်၊ ဘာသာရေးဂိုဏ်းကွဲများ၏ ၀ိဝါဒကွဲပြားမှုကြောင့် ဖြစ်ပေါ်လာသည့် အဓိကရုဏ်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများသည် ကျူးကျော်ခံရသည့် နိုင်ငံများတွင် ကျန်ရစ်နေသည်ကို သတိချပ်ကြရပါမည်။

(နိုင်ငံတကာသတင်းဂျာနယ် အမှတ် (၇၁၄) စာမျက်နှာ-၁၄ တွင် ဖော်ပြထားသည့် မောင်လှိုင်၏ လူဖြူတို့၏ ၀န်ထုပ်ဝန်ပိုးခေတ် ချုပ်ငြိမ်းပြီလော ဆောင်းပါးမှ )

----- ။ -----

ကျွန်မက အခုလက်ရှိ စင်ကာပူမှာ အရောင်းမြှင့်တင်ရေးဝန်ထမ်းလုပ်တာ မြန်မာငွေနဲ့တွက်ရင် သိန်း ၂၀ ၀န်းကျင် ရပါတယ်။ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး အင်္ဂလိပ်စာနဲ့ ကွန်ပျူတာဆိုင်ရာ အောင်လက်မှတ်တွေ ကျွန်မမှာ ရှိပါတယ်။ ဒီက ပညာရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှာ အဲဒီလက်မှတ်တွေနဲ့ပဲ အလုပ်လုပ်ခဲ့တုန်းက တစ်သိန်းခွဲထက် ပိုမရခဲ့ပါဘူး။ လူငယ်တွေအနေနဲ့ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတွေကို ရှာနေတာ ကောင်းတဲ့ရည်ရွယ်ချက်တစ်ခုပါ။ ဒါပေမယ့် ကိုယ့်ဘက်က တကယ်ပြည့်ဝပြီး ပညာတတ်တစ်ယောက် အနေနဲ့ပဲ သွားလုပ်စေချင်တယ်။ သာမန်အိမ်ဖော်လို၊ အလုပ်ကြမ်းအလုပ်သမားတွေလို သွားလုပ်ရင်တော့ ဒီမှာထက်တော့ ပိုက်ဆံပိုရကောင်းရလိမ့်မယ်။ ဒါပေမယ့် စိတ်ရောလူပါ ဒုက္ခရောက်ရမှာပါ ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ဆိုပါသည်။

( Weekly Eleven News ဂျာနယ် အတွဲ (၁၄) အမှတ် (၄၀)၊ စာမျက်နှာ-၄ တွင်ဖော်ပြထားသည့် သွားဦးမှာလား နိုင်ငံခြား ဆောင်းပါးမှ )

----- ။ -----

မှတ်ပုံတင်ဖို့နဲ့ စာမေးပွဲဖြေဆိုရုံသက်သက် အွန်လိုင်းပညာသင်စနစ်ပုံစံကတော့ သိပ်ပြဿနာမရှိနိုင်ပေမယ့် ကာလရှည် ကာလနဲ့ချီပြီး အွန်လိုင်းပေါ်ကသင်ယူ၊ တစ်လချင်းအလိုက် စာမေးပွဲဖြေဆိုရတဲ့သူတွေအတွက်တော့ ဒီကအင်တာနက် ကွန်နက်ရှင် အနေအထားကြောင့် အခက်အခဲတချို့ တွေ့နိုင်ပါတယ်။ အွန်လိုင်းပညာသင်စနစ် သိပ်မတွင်ကျယ်ရတဲ့အထဲမှာ ဒါကလည်း တစ်ချက်ပါပါတယ်။ လုပ်ဖို့ကြိုးစားလာတဲ့သူတွေ ရှိလာတာကိုတော့ ကြိုဆိုပါတယ် ဟု ကွန်ပျူတာပညာရှင် တစ်ဦးက ပြောပြပါသည်။

( News Eleven ဂျာနယ် အတွဲ (၁၄) အမှတ် (၄၀)၊ စာမျက်နှာ-၁၀ တွင်ဖော်ပြထားသည့် နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့များကို အွန်လိုင်းမှတစ်ဆင့် သင်ယူရရှိနိုင်ရန် ကြိုးပမ်းမှုများရှိလာ သတင်းမှ )

----- ။ -----

.............

...............................................

နားလည်သလောက်ပြောရလျှင် နိုင်ငံရေးနှင့်ပတ်သက်သော ရေးသားဖော်ပြမှုများကို လမ်းညွှန်မြေပုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲများအား အနည်းဆုံးမူအားဖြင့် လက်ခံလျှင် သို့မဟုတ် ထိုမူဘောင် အတွင်းမှ ရေးသားလျှင် ဖော်ပြခွင့်ပြုခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ တစ်နည်းအားဖြင့် ပြောရလျှင် အနာဂတ်ကို အပြုသဘောရေးသားဖော်ပြခြင်းကို ခွင့်ပြုခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။

.................................

................................................................

လူထုဆက်သွယ်ရေးယန္တရားပေါ်မှ လက်ရှိအခြေအနေ၏ အားနည်းချက်များကို ဖော်ပြ၍ အနာဂတ်ကို ပိုမိုကောင်းမွန်ကြောင်း ထောက်ပြခြင်းသည် စီးပွားရေးလုပ်ငန်းများ အရင်းတစ်ခုစိုက်၍ အနာဂတ်တွင် အမြတ်ရှာသည့် သဘောပင် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများတွင် အရင်းမစိုက်ဘဲ အမြတ်ရယူလိုခြင်းကို Rent Seeking ဟု သုံးနှုန်းသကဲ့သို့ လက်ရှိနှင့် မနှိုင်းယှဉ်ဘဲ အနာဂတ်ကိုပြောခြင်းသည် PR Rent Seeking ဟု အထင်လွဲခံရနိုင်သည်ဖြစ်ရာ အနာဂတ်သက်သက်ကို ရေးသားဖော်ပြရခြင်းသည် မီဒီယာ၏အသက်ဖြစ်သော သြဇာနှင့်ရင်း၍ စွန့်စားရသည့်သဘော မကြာခဏ သက်ရောက်သွားလေ့ရှိသည်။ ထို့ကြောင့် မီဒီယာအများစုသည် Contemporary Politics ခေါ် ခေတ်ပြိုင်နိုင်ငံရေးကို ရှောင်ရှားကြသည်ကို တွေ့နိုင်ပါသည်။

.............................................................

......................................................................................

( The Voice Weekly ဂျာနယ် အတွဲ (၅) အမှတ် (၃၈)၊ စာမျက်နှာ-၄ တွင် ဖော်ပြထားသည့် EDITORIAL မှ )


ကျွန်တော်ကြိုက်သော ပုံပြင်များ (၄)


တစ်ခါတုန်းက အလက်ဇင်းဒါးသဂရိတ် လို့ခေါ်တဲ့ စစ်သူရဲကောင်းကြီးတစ်ဦး ရှိခဲ့ဖူးပါတယ်။ တစ်နေ့မှာ သူဟာ မြစ်ဆိပ်တစ်ခုကို လမ်းလျှောက်ရင်း မြစ်ကမ်းနဖူး သဲပြင်ပေါ်မှာ အ၀တ်အစားဗလာကျင်း တုံးလုံးလှဲအိပ်နေပြီး နေဆာလှုံနေတဲ့ ဒိုင်အိုဂျင်ဆိုတဲ့ သူတောင်းစားတစ်ဦးကို မြင်တွေ့ရတယ်။ အဲဒီစစ်သူရဲကောင်းကြီးကလည်း အဲဒီသူတောင်းစား ဒိုင်အိုဂျင်ကို သိပါတယ်။ အဲဒီဒိုင်အိုဂျင်ဟာ ကိုယ်လုံးကိုယ်ပေါက် အလွန်လှတယ်။ မျက်နှာကလည်း ဥပဓိရုပ်ကောင်းတယ်။ အဲဒီတော့ အလက်ဇင်းဒါးသဂရိတ်က “အို..ဆရာသမား၊ ကျုပ်ဘာများ ခင်ဗျားအတွက် လုပ်ပေးရမလဲ”လို့ ရိသဲ့သဲ့စကားမျိုးနဲ့ မေးလိုက်ပါသတဲ့။ အဲဒီအခါမှာ ဒိုင်အိုဂျင်က “အလက်ဇင်းဒါးသဂရိတ် ဆိုတဲ့လူကို ပြောချင်တာကတော့ ဘာမှ လုပ်မပေးပါနဲ့။ ဒီနားက နည်းနည်းဖယ်ပေးစမ်းပါ၊ နေဆာလှုံနေတာ အရိပ်ကွယ်လို့ပါ၊ ဒီ့အပြင်တော့ ဘာမှ လုပ်ပေးစရာ မလိုပါဘူး”လို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီတော့ အလက်ဇင်းဒါးသဂရိတ်က နေရိပ်မကွယ်အောင် နေရာဖယ်ပေးလိုက်တယ်။ အဲဒီအခါမှာ ဒိုင်အိုဂျင်က “တလောတုန်းက တပ်တွေပြင်ဆင်နေတာ ကျုပ်တွေ့ခဲ့ရတယ်။ အဲဒါဘာလုပ်မလို့လဲ”လို့ မေးလိုက်တယ်။ အဲဒီတော့ အလက်ဇင်းဒါးသဂရိတ်က “တခြားမဟုတ်ပါဘူး ဒိုင်အိုဂျင်ရယ်၊ အိန္ဒိယကို တိုက်မလို့၊ အိန္ဒိယကိုတိုက်လို့ နိုင်ပြီဆိုရင် ကမ္ဘာတစ်ခုလုံးကို နိုင်တာနဲ့အတူတူပဲ” လို့ ပြန်ပြီးပြောလိုက်တယ်။ အဲဒီအခါမှာ ဒိုင်အိုဂျင်က “အိန္ဒိယကို နိုင်ပြီပဲ ထားပါတော့၊ ဘာလုပ်ဦးမလဲ” လို့ အလက်ဇင်းဒါးသဂရိတ်ကို မေးလိုက်ပါတယ်။ အဲဒီအခါမှာ အလက်ဇင်းဒါးသဂရိတ်က “အိန္ဒိယကို အောင်နိုင်ပြီးရင်တော့ ကျုပ်အနားယူမှာပေါ့”လို့ ပြန်ဖြေပါတယ်။
အဲဒီအခါမှာ ဒိုင်အိုဂျင်က ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။ “ခင်ဗျားက အရူးပဲ၊ အနားယူဖို့ ကိစ္စမှာ အိန္ဒိယကို အောင်နိုင်ဖို့ဆိုတဲ့အကြောင်းမပါဘူး။ ဘယ်သူမဆို အနားယူခွင့်ရှိတယ်။ အိန္ဒိယကိုအောင်နိုင်မှ အနားယူရမယ်လို့ ခင်ဗျားကို ဘယ်လိုဆရာသမားမျိုးက သင်ပေးလို့လဲဗျာ။ ဒီမှာကြည့်စမ်း၊ ခု..ကျုပ် အနားယူနေပြီ၊ အိန္ဒိယကိုလည်း မအောင်နိုင်ပါဘူးဗျာ၊ လွတ်လွတ်လပ်လပ်အနားယူခွင့် ကျုပ်မှာ ရှိနေပြီ။ ခင်ဗျားနားရမယ့်အချိန်ဟာ ဒီအချိန်ပဲ။ အိန္ဒိယကို အောင်နိုင်ပြီးမှ နားရမယ် ဆိုရင်တော့ ခင်ဗျားနားရမှာ မဟုတ်ဘူး။ အိန္ဒိယကို အောင်နိုင်ပြီးရင်လည်း တခြားအောင်နိုင်စရာတွေကို ခင်ဗျားလုပ်ရဦးမယ်။ ဘယ်တော့မှ နားရမယ့်လူစားမျိုး မဟုတ်ဘူး။ သေရင်လည်း အိမ်မှာသေရမယ့် လူစားမျိုးမဟုတ်ဘူး။ အဲဒီလိုပဲ စစ်ချီရင်း လမ်းမှာသေရမှာပဲ” လို့ ပယ်ပယ်နယ်နယ်ကြီး ပြောချလိုက်တယ်။ “ခင်ဗျား လုပ်ရတဲ့အလုပ်တွေ မပြီးခင်မှာဘဲ ခင်ဗျား သေမှာ၊ ကျုပ်ပြောတာ မယုံရင်စောင့်ကြည့်”လို့ ဒိုင်အိုဂျင်က ဆက်ပြီးပြောတယ်။
အဲဒီတော့ အလက်ဇင်းဒါးသဂရိတ်က “ဒိုင်အိုဂျင်းပြောတာ ကျုပ်မှတ်ထားပါ့မယ်။ ဒီလိုပြောတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။ ဒါပေမယ့် အခုတော့ အိန္ဒိယကို အောင်နိုင်ဖို့ သွားရဦးမယ်ဗျို့”လို့ ပြောပြီး ထွက်သွားတယ်။ အမှန်တကယ်ပဲ အလက်ဇင်းဒါးသဂရိတ်က လမ်းမှာပဲ ဆုံးသွားတယ်။ အိမ်ကို ပြန်မရောက်တော့ဘူး။ အလက်ဇင်းဒါးသဂရိတ်သေဆုံးတဲ့နေ့မှာပဲ ဒိုင်အိုဂျင်လည်း သေဆုံးသွားပါတယ်။ သူတို့နှစ်ဦးဟာ သေလွန်ပြီးတဲ့နောက်ပိုင်း တမလွန်ဘ၀မှာ ပြန်ပြီးတွေ့ကြတယ်။ အဲဒီအခါမှာ အလက်ဇင်းဒါးသဂရိတ်က ရှက်ကိုးရှက်ကန်းနဲ့ “ဟော..စစ်သူရဲကောင်းနဲ့ သူတောင်းစားတစ်ဦး ပြန်ပြီး ဆုံပြန်ပြီ၊ ဒီလိုမဟုတ်ရင်လည်း ဧကရာဇ်ဘုရင်တစ်ဦးနဲ့ သူတောင်းစားတစ်ဦး ပြန်ပြီးဆုံကြပြန်ပြီ”လို့ ပြောလိုက်တယ်။ အဲဒီအခါမှာ ဒိုင်အိုဂျင်က “ပြန်ပြီးဆုံတာတော့ မှန်တယ်ဗျို့၊ ဒါပေမယ့် ခင်ဗျားရဲ့ တွေးထင်ချက်တွေဟာ လွဲနေတယ်၊ ခင်ဗျားနဲ့ ကျုပ်နဲ့ နှစ်ယောက်ဟာ ဘယ်သူဟာ သူတောင်းစား၊ ဘယ်သူဟာ ဧကရာဇ်ဖြစ်တယ်ဆိုတာ ခင်ဗျား သဲသဲကွဲကွဲသဘောပေါက်ပုံ မရဘူး။ ကျုပ်ဟာလွတ်လပ်တယ်၊ ပြီးတော့ ကျုပ်ဘ၀ကို ကျုပ်ကျေနပ်တယ်။ အပြည့်အ၀ အသက်ရှင်တယ်။ ခင်ဗျားဟာ ဒီလိုမဟုတ်ဘူး။ အောင်နိုင်မှုတွေအတွက်ကြိုးစားရင်း ခင်ဗျားဘ၀ကို ခင်ဗျားမကျေနပ်ဘူး။ အဲဒီတော့ ခင်ဗျားဟာ အစဉ်သဖြင့် လိုအပ်မှုတွေနဲ့ ပြည့်လျှမ်းနေတယ်။ ကျုပ်ဟာ ဘာမှမလိုအပ်ဘူး။ ဒါကြောင့် ကျုပ်ဟာ သူတောင်းစား မဖြစ်နိုင်ဘူး။ ဖြစ်ချင်ဖြစ်ရင် ဟဲ..ဟဲ.. မပြောတော့ပါဘူးလေ”လို့ ပြန်ပြီးပြောလိုက်ပါသတဲ့။

Friday, July 24, 2009

ရယ်သောသူအသက်ရှည်၏


(၁)
မူလတန်းကျောင်းသားများနှင့် အဖွဲ့လိုက်ဓာတ်ပုံ ရိုက်ပြီးသည့်နောက် အဆိုပါ ဓာတ်ပုံအား တစ်ယောက်ချင်းစီ အားလုံးကူးယူထားကြရန် ဆရာမက တိုက်တွန်းလေ၏။
" ဒီဓာတ်ပုံကို မင်းတို့တွေ အရွယ်တွေရောက်ပြီး အလုပ်ကိုယ်စီနဲ့ ဖြစ်လာတဲ့အခါ ပြန်ကြည့်ရင် အင်မတန်မှကို ကြည်နူးစရာ၊ လွမ်းစရာကောင်းလိမ့်မယ်ကွဲ့။ ဒါကတော့ မောင်မြ၊ အခုတော့ အင်ဂျင်နီယာကြီး ဖြစ်နေပြီ။ ဒါက မလှလေ၊ ခွဲစိတ်ဆရာဝန်မကြီးတောင်ဖြစ်နေပြီ။ ဒါကတော့ မောင်ကောင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်နေပြီ စသဖြင့် မင်းတို့တွေ ပြန်ပြောပြီး လွမ်းကြရလိမ့်မယ် "
ထိုစဉ် နောက်နားဆီမှ အသံထွက်လာသည်။
" ဒါကတော့ ငါတို့ ဆရာမလေ၊ သေရှာပြီ " တဲ့။
(၂)
မေးသူ ။.....။ မင်း နောက်ဘ၀မှာ ဘာဖြစ်ချင်လဲ။
ဖြေသူ ။.....။ ကြွက် ဖြစ်ချင်တယ်။
မေးသူ ။.....။ ဟေ...ဘာဖြစ်လို့ ကြွက်ဖြစ်ချင်ရတာလဲ။
ဖြေသူ ။.....။ ငါ့မိန်းမ ကြောက်တာဆိုလို့ ကြွက်ပဲရှိတယ်ကွ။
(၃)
မေးသူ ။.....။ မင်းကြားပြီးပြီလား။ မွေးခါစလေးကို ဆင်နို့တိုက်တာ တစ်ပတ်ကို အလေးချိန် ပေါင်နှစ်ဆယ်တောင် တိုးလာသတဲ့။
ဖြေသူ ။.....။ မဖြစ်နိုင်တာပဲ၊ ဘယ်သူ့ကလေးလဲကွ။
မေးသူ ။.....။ အဲဒီ နို့တိုက်တဲ့ဆင်မကြီးရဲ့ကလေး ဆင်ပေါက်လေးလေ။
(၄)
စာသင်ခန်းတွင် ဖြစ်သည်။ ဆရာမက မြေပုံဖတ်နည်း သင်ကြားပို့ချလျက်ရှိ၏။ လတ္တီတွဒ်၊ လောင်ဂျီတွဒ်၊ ဒီဂရီ၊ မိနစ် စသည်တို့အကြောင်းကို ရှင်းပြပြီးနောက် အခန်းကို မေးမြန်းလိုက်၏။
" ကဲ နေ့လည်စာ စားဖို့အတွက် ဆရာမကို မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၄၅ ဒီဂရီ ၁၅ မိနစ်မှာ လာတွေ့ပါဆိုရင် မင်းတို့ ဘယ်ကိုလာကြမလဲ "
တစ်ခန်းလုံး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် အခန်းထောင့်မှ ကျောင်းသားတစ်ဦး မ၀ံ့မရဲနဲ့ ထလာသည်။
" ကျွန်တော့်အထင်ပြောရရင် နေ့လည်စာကို ဆရာမတစ်ယောက်တည်းပဲ စားရမယ်ထင်ပါတယ် "
(၅)
မေး ။.....။ ပထမဆုံးည (first night) နဲ့ နောက်ဆုံးည (last night) ဘာကွာသလဲဗျ။
ဖြေ ။.....။ ဘာမှမကွာပါဘူး။ အတူတူပါပဲဗျာ။ ပန်းပွင့်လေးတွေအပေါ်မှာ ခင်ဗျားအိပ်တယ်ဆိုရင် အဲဒါ ပထမဆုံးည (first night)။ အဲ... ပန်းပွင့်လေးတွေက ခင်ဗျားအပေါ်မှာ အိပ်တယ်ဆိုရင်တော့ အဲဒါ နောက်ဆုံးည (last night)ပဲ။

သင်္ချာရဲ့ အလှတရားများ


ပို့စ်ခေါင်းစဉ်ကိုဖတ်ပြီး စိတ်ထဲမှာ တစ်မျိုးဖြစ်မသွားပါနဲ့။ The Beauty of Mathematics လို့ အင်္ဂလိပ်လို ကျွန်တော်ဖတ်ရတဲ့အတွက် ဆီလျော်အောင်ဆိုပြီး မြန်မာမှုပြုလိုက်တာပါ။ ကဗျာခေါင်းစဉ်လိုလို၊ ၀တ္ထုခေါင်းစဉ်လိုလို ဖြစ်သွားတာကတော့ ကျွန်တော့်ရင်ထဲမှာ ကဗျာစိတ်၊ စာစိတ်လေးတွေ အခံရှိနေလို့ ဖြစ်လိမ့်မယ် ထင်ပါတယ်။ အမြင်မတော် ဆင်တော်နဲ့ခလောက် ဖြစ်သွားရင်လည်း နားလည်ပေးလိုက်ကြပါဦးဗျာ။ ထုံးစံအတိုင်းပေါ့။ :D

1 x 8 + 1 = 9
12 x 8 + 2 = 98
123 x 8 + 3 = 987
1234 x 8 + 4 = 9876
12345 x 8 + 5 = 98765
123456 x 8 + 6 = 987654
1234567 x 8 + 7 = 9876543
12345678 x 8 + 8 = 98765432
123456789 x 8 + 9 = 987654321


=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=

1 x 9 + 2 = 11
12 x 9 + 3 = 111
123 x 9 + 4 = 1111
1234 x 9 + 5 = 11111
12345 x 9 + 6 = 111111
123456 x 9 + 7 = 1111111
1234567 x 9 + 8 = 11111111
12345678 x 9 + 9 = 111111111
123456789 x 9 +10= 1111111111


=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=

9 x 9 + 7 = 88
98 x 9 + 6 = 888
987 x 9 + 5 = 8888
9876 x 9 + 4 = 88888
98765 x 9 + 3 = 888888
987654 x 9 + 2 = 8888888
9876543 x 9 + 1 = 88888888
98765432 x 9 + 0 = 888888888

=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=<>=

1 x 1 = 1
11 x 11 = 121
111 x 111 = 12321
1111 x 1111 = 1234321
11111 x 11111 = 123454321
111111 x 111111 = 12345654321
1111111 x 1111111 = 1234567654321
11111111 x 11111111 = 123456787654321
111111111 x 111111111 = 12345678987654321

သင့်ရဲ့ဗဟုသုတကို စစ်ဆေးကြည့်ပါ


ပန်းချီကားတွင် ကမ္ဘာကျော်လူပုဂ္ဂိုလ် (၁၀၀)ကျော်ခန့် ပါဝင်အောင် ရေးဆွဲထားပါသည်။ နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီး၊ လူမျိုးအသီးသီး၊ အသက်အရွယ် အသီးသီးမှ ကမ္ဘာသိပုဂ္ဂိုလ်များစွာ ပါဝင်ပါသည်။ အချို့ကို သင်ရင်းရင်းနှီးနှီး သိပါလိမ့်မည်။ အချို့ကို သိသလို မသိသလိုနှင့် ဇဝေဇ၀ါဖြစ်ရပါလိမ့်မည်။ အချို့ကိုကျတော့ တစ်ခါမှ မမြင်ဖူးတာ ဖြစ်နေနိုင်ပါသည်။ ဘောလုံးသမားလည်းပါသည်၊ နိုင်ငံရေးသမားတွေလည်းပါသည်၊ ဘတ်စကတ်ဘောသမားလည်းပါသည်၊ နိုင်ငံ့ခေါင်းဆောင်တွေလည်းပါသည်၊ စစ်ဗိုလ်ချုပ်ကြီးတွေလည်းပါသည်၊ ရုပ်ရှင်သရုပ်ဆောင်တွေလည်းပါသည်။ နောက်ဆုံး သိပ္ပံပညာရှင်တွေ၊ အတွေးအခေါ် ပညာရှင်တွေပင် ပါလိုက်သေးသည်။ မည်သို့ပင်ဆိုစေ မိမိစိတ်ဝင်စားရာ နယ်ပယ်အလိုက် မိမိသိသည့်ပုဂ္ဂိုလ်တွေ တစ်ဦးမဟုတ်တစ်ဦးတော့ ပါဝင်နေတာ သေချာနေသည့်အတွက် အားငယ်စရာတော့မရှိပါ။ ကဲ အဆိုပါ ပန်းချီကားတွင် သင်သိသည့်ပုဂ္ဂိုလ် မည်မျှပါသည်ကို ရေတွက်ကြည့်လိုက်ပါ။ အနည်းဆုံး (၂၅)ယောက်၏ အမည်ကို သင်ပြောနိုင်သည်ဆိုလျှင် သင်သည် အတော်လေး ဗဟုသုတပြည့်ဝသူဖြစ်ကြောင်း သူများကိုမမေးဘဲ ကိုယ့်ဘာသာကိုယ် ယုံကြည်လိုက်ပါ။ ပျော်ရွှင် ကျေနပ်နိုင်ကြပါစေ။
အောက်တွင်ပြထားသောပုံသည် နမူနာပုံအသေးဖြစ်ပါသည်။ ဤပုံကိုကြည့်၍ သင်မည်သို့မျှ ရေတွက်နိုင်မည်မဟုတ်ပါ။ မူရင်းပုံဆိုဒ်အကြီးကို သွားကြည့်ပါ။ သို့မဟုတ် သွားရောက် ဒေါင်းလုဒ်ချပြီးမှ ရေတွက်ကြည့်ပါဟု အကြံပေးစကားဆိုပါရစေ။



မူရင်းပုံကို ဆိုဒ်အကြီးဖြင့် မြင်ရအောင် ( ဒီနေရာ ) ကို သွားပါ။

Thursday, July 23, 2009

Funny Jokes


အင်္ဂလိပ်ဟာသအချို့ကို မြန်မာဘာသာသို့ ပြန်ဆိုချင်သဖြင့် မောင်ထုံဆိုသော ဇာတ်ကောင်တစ်ခုကို ကျွန်တော် ဖန်တီးလိုက်ပါသည်။ ဟာသသဘောသက်သက်မှလွဲ၍ မည်သူ့ကိုမျှ ထိခိုက်နစ်နာပါစေတော့ဟူသော ရည်ရွယ်လိုခြင်းမရှိကြောင်း ကြိုတင်ပြောကြားလိုပါသည်။ ထိုသို့ပြောကြားထားပါလျက်နှင့် ငါ့ကိုစောင်းမြောင်းပြီး ရေးထားတာပဲဟူသောစိတ် ဖြစ်လာပါက ကျွန်ုပ်တွင် ဖြေရှင်းရန်စကားလုံးမရှိပါခင်ဗျာ။း) စာဖတ်သူတွေထဲတွင် မောင်ထုံဟူသော အမည်သညာရှိသည့် ပုဂ္ဂိုလ်များ တိုက်တိုက်ဆိုင်ဆိုင် ပါလာခဲ့ပါက အံ့သြခြင်းနှင့်အတူ အနူးအညွတ်တောင်းပန်ပါကြောင်း။

 

(၁)

စတိုးဆိုင်တစ်ခုအတွင်းသို့ မောင်ထုံရောက်နေသည်။ အရောင်လှလှနှင့် ပစ္စည်းတစ်ခုကိုတွေ့သည်။

မောင်ထုံ။.......။ အဲဒီ အရောင်လှလှနဲ့ ပစ္စည်းလေးက ဘာလဲခင်ဗျ။

အရောင်းစာရေး ။.......။ အဲဒါ ဓာတ်ဘူးပါရှင့်။

မောင်ထုံ ။.......။ ဘာသုံးလို့ရလဲ။

အရောင်းစာရေး ။.......။ ပူတဲ့အရာထည့်ထားရင် အပူဓာတ်ကို ထိန်းပေးပြီး အေးတဲ့အရာထည့်ထားရင်တော့ အအေးဓာတ်ကို ထိန်းပေးပါတယ်။

မောင်ထုံ ။.......။ ၀ိုး... ဟုတ်လား။ ကျွန်တော်အဲဒါကိုယူမယ်။

နောက်တစ်နေ့တွင် မောင်ထုံ အလုပ်သို့သွားသည်။ လက်ထဲတွင်လည်း ဓာတ်ဘူးအသစ်ကို ကိုင်သွားသည်။ အလုပ်ရှင်က လှမ်းမေးသည်။

အလုပ်ရှင် ။.......။ ဟေ့ မောင်ထုံ လက်ထဲက ဘာကြီးလဲကွ။

မောင်ထုံ ။.......။ ဓာတ်ဘူးပါခင်ဗျ။

အလုပ်ရှင် ။.......။ ဟုတ်လား၊ ဘယ်နေရာမှာ သုံးတာလဲကွ။

မောင်ထုံ ။.......။ ပူတဲ့အရာကို ထည့်ထားရင် အပူဓာတ်ကို ထိန်းပေးပြီး အေးတဲ့အရာကို ထည့်ထားရင်တော့ အအေးဓာတ်ကို ထိန်းပေးပါတယ်။

အလုပ်ရှင် ။.......။ ဟုတ်လှချည်လားကွ။ အခုမင်းဘာတွေ ထည့်လာလဲကွ။

မောင်ထုံ ။.......။ ကော်ဖီနှစ်ခွက်နဲ့ ကိုကာကိုလာတစ်ဘူး။

(၂)

လျှပ်စစ်ပစ္စည်းအရောင်းဆိုင်သို့ မောင်ထုံသွားသည်။

မောင်ထုံ ။.......။ ခင်ဗျားတို့ဆိုင်မှာ ကာလာတီဗီတွေ ရှိသလား။

အရောင်းစာရေး ။.......။ ဟုတ်ကဲ့ ရှိပါတယ်ခင်ဗျ။

မောင်ထုံ ။.......။ ကျွန်တော့်ကို တီဗီအစိမ်းတစ်လုံး ပေးပါ။

(၃)

အိမ်ထောင်စုစာရင်းကို မောင်ထုံ မိတ္တူသွားကူးသည်။ မိတ္တူကူးပြီးသောအခါ မူရင်းစာရွက်နှင့် မိတ္တူစာရွက်နှစ်ခုကို တစ်လှည့်စီကြည့်ရင်း အလုပ်ရှုပ်နေသည်။ ပိုက်ဆံမပေးသေးသဖြင့် မိတ္တူကူးပေးသူက မေးသည်။

မိတ္တူကူးပေးသူ ။.......။  ဘာများအလိုမကျတာ ရှိလို့လဲခင်ဗျာ။ မိတ္တူကူးခ ၅၀ ကျပ် ကျပါတယ်ခင်ဗျ။

မောင်ထုံ ။.......။ နေစမ်းပါဦး၊ မင်းတို့ကူးပေးထားတာ စာလုံးပေါင်းသတ်ပုံ မှန်မမှန် မူရင်းစာရွက်နဲ့ တိုက်ပြီးစစ်နေတာကွ။

(၄)

မောင်ထုံ အရက်ဘားတစ်ခုတွင် အရက်သောက်နေစဉ် သူ၏ခါးမှ ဖုန်းသံမြည်လာသည်။ ဖုန်းကိုဖွင့်၍ မောင်ထုံ ပြောလိုက်သည်။

ဟဲလို... ကျွန်တော်ဒီမှာရှိနေတာ ခင်ဗျားဘယ်လိုလုပ် သိသလဲဗျ တဲ့။

(၅)

မောင်ထုံနှင့် သူငယ်ချင်းဖြစ်သူတို့ လမ်းတွင်ဆုံတွေ့ကြသည်။

သူငယ်ချင်း ။.......။ မင်း အိမ်အသစ်ကိုပြောင်းသွားပြီလား။

မောင်ထုံ ။.......။ မပြောင်းသေးပါဘူးကွာ။

သူငယ်ချင်း ။.......။ ဟေ၊ ဘာဖြစ်လို့လဲကွ။ မင်းအိမ်အဟောင်းကိုတောင် ရောင်းဖို့အတွက် ပွဲစားကိုအပ်ပြီးပြီမို့လား။

မောင်ထုံ ။.......။ ဟုတ်တယ်ကွ၊ ဒါပေမယ့် သတင်းစာထဲမှာ ပွဲစားထည့်လိုက်တဲ့ အိမ်ကြော်ငြာကို ဖတ်ပြီးတဲ့အချိန်မှာ ငါရှာနေတာ အဲဒီလိုအိမ်မျိုး ဖြစ်နေတယ်ကွ။ ဒါကြောင့် ဒီမှာပဲနေတော့မလို့။

(၆)

၁၃ ထပ်တွင်ရှိသော ရုံးခန်းတွင် မောင်ထုံ ထိုင်နေသည်။ ထိုအချိန်တွင် လူတစ်ယောက် အမောတကောတက်လာပြီး အော်ပြောလိုက်သည်။

ကိုအုန်းကြိုင်၊ ခင်ဗျားသမီးလေး ချယ်ရီ ကားအက်ဆီးဒင့်ဖြစ်လို့ သေပြီဗျ။

မောင်ထုံ အရမ်းစိတ်ထိခိုက်သွားသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ပြတင်းပေါက်မှ ခုန်ချလိုက်သည်။

အောက်သို့ ပြုတ်ကျနေရင်း ၁၀ ထပ်ခန့်သို့ ရောက်သောအခါ သူ့တွင် ချယ်ရီဆိုသည့် သမီးမရှိကြောင်း စဉ်းစားမိသည်။

၅ ထပ်ခန့်သို့ ရောက်သောအခါ သူသည် အိမ်ထောင်မရှိသူ လူပျိုကြီးဖြစ်ကြောင်း စဉ်းစားမိသည်။

မြေကြီးပေါ်သို့ ရောက်ခါနီးတွင် သူသည် အုန်းကြိုင်မဟုတ်ကြောင်း သတိရသည်။

(၇)

စာကြည့်တိုက်တွင် ဖြစ်သည်။

မောင်ထုံ ။.......။ လွန်ခဲ့တဲ့လက ခင်ဗျားတို့ဆီကနေ စာအုပ်တစ်အုပ်ငှားသွားတယ်။ ကျွန်တော်ဖတ်ဖူးသမျှတွေထဲမှာ ပျင်းစရာအကောင်းဆုံး စာအုပ်ပဲဗျ။ ဘာဇာတ်လမ်းမှလည်း မပါဘူး။ တစ်အုပ်လုံးမှာလည်း များလိုက်တဲ့ ဂဏန်းတွေဗျာ။ ဖတ်ရင်းနဲ့ အမြဲတမ်းအိပ်ပျော်သွားတယ်။

စာကြည့်တိုက်မှလူ ။.......။ သြော် ကျွန်တော့်တို့စာကြည့်တိုက်က ဖုန်းစာအုပ်ကို ယူသွားတာ ခင်ဗျားကိုး။

Wednesday, July 22, 2009

နေအပြည့်ကြတ်ခြင်း


၂၁ ရာစု၏ အချိန်အကြာဆုံး နေအပြည့်ကြတ်ခြင်းကို ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် အာရှနိုင်ငံအချို့မှ မြင်တွေ့ခွင့်ရခဲ့သည်။ အဆိုပါနေအပြည့်ကြတ်ခြင်းကို အာရှဒေသမှ လူသန်းပေါင်းများစွာနှင့် နေကြတ်ခြင်းကို လာရောက်ကြည့်ရှုကြသည့် ကမ္ဘာလှည့်ခရီးသည်များ မြင်တွေ့ခွင့်ရခဲ့ကြသည်။ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီး နှစ်ခုဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ အဆိုပါဖြစ်ရပ်ကို မြင်တွေ့ခွင့်ရခဲ့သည့်အတွက် ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ထက်ဝက်ခန့်သည် အဆိုပါ နေအပြည့်ကြတ်ခြင်းကို မြင်တွေ့ခွင့် ရခဲ့သည်ဟု ဆိုနိုင်ကြောင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှိ၊ နီပေါ၊ ဘူတန် နှင့် မြန်မာနိုင်ငံတို့မှလည်း အဆိုပါ နေကြတ်ခြင်းကို မြင်တွေ့ခွင့် ရခဲ့ကြသည်။ သို့သော် အချို့သောဒေသများတွင်မူ နေကြတ်ခြင်းကို တိမ်ထူများဖုံးလွှမ်းနေသည့်ကြားမှ မပီဝိုးတ၀ါးသာ ကြည့်ရှုခွင့်ရရှိခဲ့ကြသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် နီပေါနိုင်ငံများတွင်မူ သူတို့၏ ယုံကြည်မှုအရ အဆိုပါ နေကြတ်ခြင်းသည် ကံကောင်းစေမည့်နိမိတ်ဖြစ်သည်ဟုဆိုကာ လူပေါင်းများစွာတို့က နေကြတ်ချိန်တွင် မြစ်များအတွင်း ရေချိုးရင်း ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။
နာဆာမှထုတ်ပြန်သော အချက်အလက်များအရ အဆိုပါနေကြတ်ခြင်းသည် ပစိဖိတ်သမုဒ္ဒရာ၏အပေါ်တွင် ၆ မိနစ်နှင့် ၃၉ စက္ကန့် ကြာမြင့်ခဲ့ကြောင်းနှင့် အဆိုပါဖြစ်ရပ်မျိုးကို ၂၁၃၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့အထိ ထပ်မံမြင်တွေ့ရလိမ့်ဦးမည်မဟုတ်ကြောင်း သိရှိရသည်။

နေကြတ်ခြင်းမှတ်တမ်းပုံအချို့ကို အောက်မှာ ကြည့်နိုင်ပါတယ်။
ပုံ(၁)
ပုံ(၂)
ပုံ(၃)
ပုံ(၄)


ကိုးကား - အင်တာနက် သတင်းများ

ကျွန်တော်ကြိုက်သော ပုံပြင်များ (၃)


တစ်ခါတုန်းက ရွာတစ်ရွာမှာ တပည့်တပန်းတွေ အများကြီးရှိတဲ့ သိုင်းဆရာကြီး တစ်ယောက်ရှိတယ်။ အဲဒီဆရာကြီးဟာ တပည့်တွေကို သိုင်းပညာသင်ချင်သင် ...၊ မသင်ရင် သူ့ခြံထဲမှာ အမှိုက်ရှင်းလိုက်၊ အမှိုက်တွေကို မီးရှို့လိုက် လုပ်တော့တာပဲ။ အစဉ်သဖြင့် ဂေါ်ပြားကြီးကို ကိုင်ချင်နေတယ်။ မကိုင်ရင် ထွန်ခြစ်ကြီး ဆွဲထားတယ်။ မဆွဲရင် မတ်တတ်တံမြက်စည်းကြီးနဲ့ တံမြက်စည်း လှည်းနေတော့တာပဲ။ အဲဒါတွေ လုပ်စရာမရှိရင်တော့ စူးစောက် တန်ဆာပလာ လက်သမားပစ္စည်းတွေနဲ့ သစ်သားရေစည်ပိုင်း လုပ်နေလေ့ရှိတယ်။ လုပ်ပြီးတဲ့ ရေစည်ပိုင်းလေးတွေကိုလည်း မြို့ကိုပို့ပြီး ရောင်းချလေ့ရှိတယ်။

အဲဒီလို ရောင်းချလို့ရတဲ့ ငွေတွေနဲ့ပဲ တပည့်တွေကို ဆန်ပြုတ်တိုက်တယ်။ အီကြာကွေးကျွေးတယ်။ ဆန်ပြုတ်ပြုတ်တဲ့အခါမှာ လည်း တခြားလူကို အပြုတ်မခိုင်းဘူး။ သူကိုယ်တိုင်ပြုတ်တယ်။ အီကြာကွေးကလည်း ၀ယ်တာမဟုတ်ဘူး။ ဂျုံကို ၀ယ်ပြီး သူ့ဟာသူ အီကြာကွေးလုပ်တာ။ သူ့အီကြာကွေးကလည်း တစ်ခါစားပြီးရင် စွဲသွားအောင်ကို ကောင်းတယ်လို့ဆိုတယ်။ အဲဒီဆရာကြီးဟာ အသက် ၈၀ ရောက်နေပြီ။ တပည့်တွေကို သိုင်းပြနိုင်တုန်း၊ အလုပ်တွေကို လုပ်နေနိုင်တုန်းပဲ။

ဒါပေမယ့် သူ့တပည့်တွေက သူ့ကို သနားနေကြတယ်။ "တို့ဆရာကြီးကွာ၊ အသက် ၈၀ ရောက်နေပြီ၊ တို့ကိုလည်း သိုင်းပညာ သင်ပြရသေးတယ်။ ပြီးတော့လည်း ခြံထဲမှာ တလုပ်လုပ်နဲ့ အလုပ်ရှုပ်နေတော့တာပဲ၊ အဲဒါကို မကြည့်ရက်ဘူးလို့ တစ်ယောက်တစ်လှည့် ပြောကြတယ်။ ပြီးတော့ တပည့်တွေဟာ ဆရာကြီး အလုပ်မလုပ်အောင်ဆိုပြီးတော့ အလုပ်လုပ်တဲ့ပစ္စည်းတွေကို ၀ှက်ထားကြတယ်။ ဂေါ်ပြားတို့၊ ထွန်ခြစ်တို့၊ တံမြက်စည်းတို့ကို ဆရာကြီးမတွေ့အောင် နေရာတွေပြောင်းလိုက်ကြတယ်။ ပြီးတော့ လက်သမားပစ္စည်းတွေ ကိုလည်း ၀ှက်ထားလိုက်ကြပါလေရော။ အဲဒီလို လုပ်လိုက်တော့ ဆရာကြီးခမျာ ရေစည်ပိုင်းအလုပ်လည်း မလုပ်ရတော့ဘူးပေါ့။

အဲဒီအခါမှာ အဘိုးကြီးဟာ ဘာမှ လုပ်စရာမရှိတော့ဘူး၊ အဲဒီတော့ သူ့အိမ်ရှေ့က ကွပ်ပျစ်ပေါ်မှာ ငုတ်တုတ်ကြီး ထိုင်နေတော့တာပဲ။ တပည့်တွေက ထမင်းဟင်းတွေချက်ပြီး သူ့ရှေ့မှာ ထမင်းပွဲပြင်ပေးကြတယ်။ ဒါပေမယ့် အဘိုးကြီးက မစားဘူး။

အဲဒီလို မစားဘဲနေလာလိုက်တာ ၃ ရက်တောင်ရှိသွားတယ်။ အဲဒီတော့ အဘိုးကြီးဟာ ဘုန်းဘုန်းကြီး လဲတော့တာပေါ့။ ဆေးဆရာတွေ ဘာတွေခေါ်ပြီးတော့ ပြသတယ်။ ဆေးဆရာပေးတဲ့ ဆေးတွေကိုတော့ သောက်တယ်။ အစာတော့ မစားဘူး။ အဲဒီအခါမှာ တပည့်တွေက ၀ှက်ထားတဲ့ ပစ္စည်းတွေကို အဘိုးကြီးကို ပြန်ပြီးထုတ်ပေးကြတယ်။

"ဟောဒီမှာ မတ်တတ်တံမြက်စည်း၊ ဟောဒီမှာ ထွန်ခြစ်၊ ဟောဒီမှာ ဂေါ်ပြား"ဆိုပြီး သူ့ရှေ့မှာ ပြန်ချပေးကြတယ်။ "ဟောဒီမှာ လက်သမားပစ္စည်းတွေ"ဆိုပြီး စူးဆောက် တန်ဆာပလာတွေကိုလည်း ပြန်ချပေးကြတယ်။ အဲဒီတော့မှ အဘိုးကြီးက "ငါ အလုပ်လုပ်ခွင့်ရပြီ" လို့ပြောပြီး အားယူပြီး ထရှာတယ်။ ပြီးတော့ ခြံထဲဆင်းပြီး မတ်တတ်တံမြက်စည်းကြီးနဲ့ တံမြက်စည်းလှဲတယ်။ အမှိုက်တွေကောက်တယ်။ ထွန်ခြစ်ကြီးနဲ့ အမှိုက်တွေကို ဆွဲထုတ်တယ်။ အဲဒီလို လုပ်နေတဲ့အချိန်မှာပဲ သူဟာ ဆန်ပြုတ်အိုးလေး တည်ထားတယ်။ အီကြာကွေးလည်းကြော်ထားတယ်။ ပြီးတော့ အလုပ်လည်းနားရော ဆန်ပြုတ်နဲ့ အီကြာကွေးကို မြိန်ရေယှက်ရေ စားသောက်တော့တာပဲ။

အဲဒီလိုနဲ့ပဲ အဘိုးကြီးဟာ ပြန်ပြီးကျန်းမာသွားတယ်။ အဲဒီတော့ တပည့်တွေက အဘိုးကြီးကို "ဘယ်လိုဖြစ်တာလဲ" မေးကြတယ်။ အဲဒီအခါမှာ အဘိုးကြီးက ..

"ဒီလိုကွ ... ငါဟာ ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားလာတာဖြစ်တယ်။ ငါကိုယ်တိုင်လည်း ဆင်းရဲတယ်။ အဲဒီတော့ ဆင်းရဲတွင်းက တက်ဖို့ နည်းလမ်းဟာ အလုပ်လုပ်တဲ့ နည်းလမ်းပဲ ရှိတယ်ဆိုတာ ငါနားလည်တယ်။ ဒါကြောင့် အလုပ်လုပ်ဖို့ အမြဲကြိုးစားတယ်။ နောက်တစ်ခုက ငါ့ဟာငါ သစ္စာဆိုထားတယ်။ "ဘာမှ မလုပ်ရတဲ့နေ့ဟာ ဘာမှမစားတဲ့နေ့ပဲ" လို့ သစ္စာဆိုထားတယ်ကွ။ မင်းတို့က ငါ့ကို အလုပ်လုပ်တာကို သနားကြတယ်။ အဲဒါကြောင့် အလုပ်မလုပ်နိုင်အောင် ပစ္စည်းတွေ ၀ှက်ထားကြတယ်။ အဲဒီနေရာမှာ သနားရာမရောက်ဘဲနဲ့ အစာငတ်အောင် လုပ်သလိုဖြစ်သွားတာကွ.."လို့ ရှင်းပြလိုက်တဲ့အခါ တပည့်အားလုံးဟာ စိတ်မကောင်းဖြစ်ကြရတယ်။

နောက်နောင် အလုပ်လုပ်တာကို မကန့်ကွက်ပါဘူးလို့လည်း ကတိပြုကြတယ်။ အဲဒီအခါမှာ ဆရာလုပ်တဲ့လူက "မင်းတို့လည်း အဲဒီသစ္စာမျိုး ပြုထားသင့်တယ်"လို့ အကြံပေးတယ်။ အဲဒါကြောင့် တပည့်အားလုံးဟာ "ဘာမှမလုပ်ရင် ဘာမှမစားပါဘူး ဘုရား"လို့ ဘုရားရှေ့မှာ သစ္စာပြုကြတယ်။ အဲဒီအချိန်ကစလို့ အဘိုးကြီးရဲ့ တပည့်တွေဟာ တစ်ခုမဟုတ်တစ်ခု အလုပ်လုပ်နေကြတော့လေသတည်း။

ပါပါး၊ မာမား၊ အားပူချေး နဲ့ အိုပါးတဲ့လား - လူထုစိန်ဝင်း


ဖြူးအမျိုးသားကျောင်း နှစ် ၉၀ ပြည့် အထိမ်းအမှတ်မဂ္ဂဇင်းထုတ်ဖို့အတွက် စာမူလာတောင်းတော့ ရေးပေးဖို့ ချက်ချင်းကတိပေးလိုက်တယ်။ အမျိုးသားကျောင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ဒီနေ့ထိ တန်ဖိုးထားကြသူတွေ ရှိနေသေးပါလားဆိုတဲ့ အသိကြောင့် ၀မ်းသာပီတိလည်း ဖြစ်ရတယ်။ အထူးသဖြင့် ဒီနေ့လို တိုင်းတစ်ပါးယဉ်ကျေးမှုမျိုးစုံ လွှမ်းမိုးစပြုနေချိန်မှာ အမျိုးသားကျောင်းဂုဏ်ပုဒ်ကို မမေ့မလျော့ ပြန်လည်ဖော်ထုတ်ကြတာ အင်မတန်ကျေးဇူးတင်စရာကောင်းတယ်။

 

မြန်ဂလိဂ်စကား

ဒီနေ့အချိန်မှာ မြန်မာစာ၊ မြန်မာစကား တော်တော်လေးမျက်နှာငယ်နေတာ သတိပြုမိပါတယ်။ ထွက်နေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ မြန်မာနာမည်တပ်တာ တော်တော်ရှားနေပြီ။ အင်္ဂလိပ်လိုမှည့်မှ နိုင်ငံတကာအဆင့်မီသလို ဖြစ်နေတယ်။ စာရေးဆရာတွေကလည်း မြန်မာလူမျိုးတွေအတွက် ထုတ်တဲ့ မြန်မာစာအုပ်တွေမှာ မြန်မာလိုချည်းသက်သက်ရေးရင် လူအထင်ကြီးမခံရမှာစိုးလို့ ထင်ပါရဲ့ "မြန်ဂလိပ်" (Myanglish) စာတွေနဲ့ ညှပ်ပြီးရေးနေကြတော့တယ်။ ဘစ်ဇနက် ဂျာနယ်လစ်ဇင် တဲ့၊ အွန်လိုင်းဂျာနယ်လစ် တဲ့၊ အင်ဗိုင်းရွန်းမင်း တဲ့၊ စတိတ်ဟိုးလဒါး တဲ့၊ ဂိမ်းပလေယာ တဲ့။ ဖတ်ရတာ တော်တော်ကို မျက်စိစပါးမွှေးစူးရတယ်။ ပြုတ်တူတို့၊ ဂွရှင်တို့၊ ခွေးသွားစိပ်တို့၊ ၀က်အူလှည့်တို့ စတဲ့ ဝေါဟာရတွေကို တီထွင်ခဲ့ကြတဲ့ စက်ရုံအလုပ်ရုံတွေထဲက အလုပ်သမားတွေကိုတောင် ရှက်ဖို့ကောင်းနေပြီ။ နည်းပညာတွေရဲ့ တိုးတက်မှု အရှိန်အဟုန်က လျင်မြန်လွန်းတဲ့အတွက် မြန်မာစကားလုံးတွေနဲ့ ဘာသာပြန်ဖို့ အချိန်ကို မရနိုင်တော့ဘူးလို့ ဆင်ခြေပေးလည်း သဘာဝမကျပါဘူး။ Atomic Bomb ကို အဏုမြူဗုံး၊ Rocket ကို ဒုံးပျံ၊ missile ကို ဒုံးကျည်၊ Sattelite ကို ဂြိုဟ်တု၊ Machine Gun ကို စက်သေနတ် စသဖြင့် စတင်ဘာသာပြန် သုံးစွဲခဲ့သူတွေဟာ သတင်းစာဆရာတွေပါ။ နိုင်ငံခြားကြေးနန်းသတင်းထဲက ပါလာတဲ့ ဝေါဟာရတွေကို တစ်ထိုင်တည်းက ဘာသာပြန်လိုက်ရတာဖြစ်တယ်။ ဖြည်းဖြည်းချင်းအချိန်ယူ စဉ်းစားနေဖို့မဖြစ်တဲ့ သတင်းစာအလုပ်လုပ်နေသူတွေကတောင် ဒီလိုတစ်မုဟုတ်ချင်း ဘာသာပြန်နိုင်ခဲ့ကြပါလျက်နဲ့ စဉ်းစားဖို့အချိန် ကြိုက်သလောက်ယူလို့ရတဲ့ စာရေးဆရာတွေက ဘာကြောင့် ဘာသာမပြန်နိုင်ရမှာလဲ။ ကြိုးစားအားထုတ်မှုကို မလုပ်ချင်ကြလို့သာ ဖြစ်ပါတယ်။

 ပါပါး၊ မာမားခေတ်

နောက်တစ်ခါ ဘာတွေ့ရသလဲဆိုတော့ သတင်းစာထဲက ကြော်ငြာတွေ။ မွေးနေ့ဆုတောင်းတို့၊ မင်္ဂလာနှစ်ပတ်လည် ဆုတောင်းတို့လို ကြော်ငြာတွေမှာ တွေ့ရတဲ့ ပါပါး၊ မာမား ဆိုတဲ့ အသုံးအနှုံးတွေ။ ဟိုရှေးကျွန်ဘ၀က ရေပေါ်ဆီလူတန်းစားတွေကြား ခေတ်စားခဲ့တဲ့ ဒယ်ဒီ၊ မာမီ ဆိုတဲ့နေရာမှာ အစားထိုး ၀င်ရောက်လာတာလေ။ မြန်မာလူမျိုးစစ်စစ်တွေ ဖြစ်ပါလျက်နဲ့ ဘာကြောင့်များ ပါပါး၊ မာမား ကို ခံတွင်းတွေ့နေကြသလဲမသိပါဘူး။ အဖေ၊ အမေ ဆိုတဲ့ အခေါ်အဝေါ်ဟာ ဘယ်လောက်အားပါးတရရှိပြီး လှိုက်လှဲတဲ့ အဓိပ္ပါယ်ဆောင်ပါသလဲ။ ဖေဖေ၊ မေမေ ဆိုတာကတောင် ပေါ့ရွှတ်ရွှတ်ဖြစ်နေသလိုပါပဲ။ ဒါလောက် ခေါ်လို့ကောင်းတဲ့ အဖေ၊ အမေ နေရာမှာ ဘာဖြစ်လို့များ ပါပါး၊ မာမား နဲ့ အစားထိုးချင်နေကြပါလိမ့်။ စဉ်းစားလို့ကို မရပါဘူး။

 

အားပူချေးတဲ့လား

နောက်ပြီးတော့ရှိသေးတယ်။ ခုခေတ်ကလေးတွေ ပြောပြောနေကြတဲ့ အိုပါးတို့၊ အိုမိုညီး တို့၊ အားပူချေး တို့ ဆိုတဲ့စကားတွေ၊ ဘာတွေမှန်းလည်း မသိပါဘူး။ ဟိုအရင် လေး၊ ငါးနှစ်ကတော့ ရှဲ့ရှဲ့ တို့၊ တွေ့ပူချိ တို့၊ မေးယိုကွမ်းစီး တို့ ခေတ်စားခဲ့တာပေါ့။ ဒီလိုတိုင်းတစ်ပါးက စကားလုံးတွေကို မွေးစားလိုက်ကြတာဟာ မြန်မာစကား​ ကြွယ်ဝသွားစေတာလား။ မြန်မာစကား ပျောက်ကွယ်သွားဖို့ ဖြစ်စေတာလားဆိုတာတော့ စဉ်းစားကြဖို့ကောင်းတယ်။ ကိုယ့်စာ၊ ကိုယ့်စကား ပျောက်ကွယ်သွားရင် ကိုယ့်လူမျိုးပါ ပျောက်ကွယ်သွားနိုင်တယ် မဟုတ်လား။ ဒီအန္တရာယ်ကို ပေါ့သေးသေး မထင်စေချင်ဘူး။ ပျူစကား၊ ပျူစာနဲ့ ပျူလူမျိုးတွေ ကွယ်ပျောက်သွားတာကို သင်ခန်းစားယူသင့်ကြပါတယ်။ ကိုယ့်စာ ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှုတွေ ခိုင်မာအားကောင်းနေမှ ကိုယ့်လူမျိုး မပျောက်နိုင်မှာဖြစ်တယ်။ ကိုယ့်ယဉ်ကျေးမှု ခိုင်မာအားကောင်းနေအောင် အမြဲဂရုစိုက်နေရပါမယ်။ ကိုယ်ခံအားကောင်းနေရင် ဘာမှကြောက်စရာ မရှိပါဘူး

 

နိုင်သူကိုတောင် မြိုပစ်နိုင်တာ

ဒီနေရာမှာ တရုတ်လူမျိုးတွေကို သာဓကအဖြစ် ပြောချင်တယ်။ တရုတ်လူမျိုးများရဲ့ ယဉ်ကျေးမှုဟာ ကမ္ဘာမှာ အဆင့်မြင့်ဆုံးဆိုတဲ့ ယဉ်ကျေးမှုကြီးတွေမှာ အပါအ၀င်ဖြစ်ပါတယ်။ သက်တမ်းအားဖြင့်လည်း ရှည်ကြာလှပြီဖြစ်လို့ အင်မတန်မှကို ခိုင်ခံ့နေပြီဖြစ်တယ်။ တစ်ချိန်တစ်ခါမှာတော့ တရုတ်ပြည်ကြီးဟာ မွန်ဂိုတို့လက်အောက် ရောက်ခဲ့ပါတယ်။ မန်ချုးလူမျိုးများရဲ့ သိမ်းပိုက်အုပ်စိုးမှုကိုလည်း ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် တရုတ်တို့ရဲ့ ယဉ်ကျေးမှုက ခိုင်ခံ့အားကောင်းလွန်းလေတော့ စစ်နိုင်ပြီး ကိုယ့်ကိုလာအုပ်စိုးတဲ့ မွန်ဂိုနဲ့ မန်ချူးတွေကို လုံးဝလူမျိုးပျောက်ကွယ်သွားတဲ့အထိတောင် မြိုပစ်လိုက်နိုင်တာ တွေ့ရပါတယ်။

 

ရှေးလူကြီးတွေကို အားနာပါ

ဒီသာဓကကိုကြည့်ပြီး ကိုယ့်ယဉ်ကျေးမှုတွေ ပျက်စီးကွယ်ပျောက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးကြောင်း သတိရှိကြစေချင်တယ်။ ကျွန်တော်တို့ ဘေးတစ်ဖက်တစ်ချက်မှာ ရှိနေတာက ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးနှစ်ခုနော်။ ကိုယ့်လူမျိုး၊ ကိုယ့်စာပေ၊ ကိုယ့်ဘာသာစကား၊ ကိုယ့်ယဉ်ကျေးမှုကို အင်မတန်မှကို တန်ဖိုးထားမှ တော်ကာကျမှာ။ အင်္ဂလိပ်အုပ်စိုးမှုအောက် ကျရောက်နေစဉ်အခါက တက္ကသိုလ်မှာ မြန်မာစာဌာနရယ်လို့တောင် မရှိတဲ့ အခြေအနေကနေပြီး မြန်မာစာပေဌာနထူထောင်ခွင့်ရဖို့ မြန်မာစာပေ သင်ကြားခွင့်ရဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ လူကြီးသူမများကို အားနာကြဖို့လည်း ကောင်းတယ်။ ချိုချဉ်နဲ့ အာလူးကြော်လို ပစ္စည်းကစ မြန်မာပြည်တင်ပို့ရောင်းချဖို့သက်သက် နယ်စပ်ဒေသမှာတင် ထုတ်လုပ်တဲ့ ပစ္စည်းတု၊ ဆေးဝါးတုတွေနဲ့  အပေါစား အညံ့စား ပစ္စည်းမျိုးတွေကိုတော့ ကျဉ်ပစ်သင့်ကြတယ်။

 

လွယ်အောင်လုပ်ပေးပါ

အမျိုးချစ်စိတ်ဆိုတာမျိုးက ဟောပြောနေရုံနဲ့ရတာ မဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ချစ်စရာကောင်းတာတွေ။ မြတ်နိုးတွယ်တာစရာကောင်းတာတွေကို လူငယ်တွေသိအောင် လုပ်ပေးဖို့လိုပါတယ်။ ဘန်ကောက်တို့ ဖူးခက်တို့ သွားဖို့လွယ်ကူသလို၊ ပူတာအိုသွားဖို့လွယ်ကူအောင် ဖန်တီးပေးဖို့ လိုပါတယ်။ ပုဂံတို့၊ ပုပ္ပါးတို့မှာရှိတဲ့ ဟိုတယ်ခတွေက ဘန်ကောက်တို့ ဖူးခက်တို့က ဟိုတယ်ခတွေထက် ဈေးကြီးမြင့်နေရင်တော့ လူငယ်တွေက ဘန်ကောက်ကို ရှော့ပင်းသွားချင်ကြတာ သဘာဝကျတယ်လို့ ဆိုရမှာပဲလေ။

 

( ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ထုတ် Weekly Eleven News ဂျာနယ် အတွဲ ၁၄၊ အမှတ် ၄၀ မှ )

Tuesday, July 21, 2009

မြန်မာ့နိုင်ငံရေးအင်တာဗျူး


၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် The Voice ဂျာနယ် အတွဲ(၅)၊ အမှတ်(၃၇)မှာ ဖော်ပြပါရှိတဲ့ တွေ့ဆုံမေးမြန်းခန်း ဆောင်းပါးကို အခြားလူတွေလည်း ဖတ်စေချင်တဲ့ ဆန္ဒနဲ့ ပြန်လည်ဝေငှလိုက်ခြင်းဖြစ်ပါတယ်။ တစ်ခုခုတော့ တွေးစရာရလိမ့်မယ်လို့ ယုံကြည်လို့ပါ။ အောက်မှာ ဖော်ပြထားသည်များ အားလုံးသည် အဆိုပါ The Voice ဂျာနယ်တွင် ပါရှိသည့်အတိုင်း ပြန်လည်ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

 

မြန်မာနိုင်ငံသား အာရှသား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ မြေးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ကြီးပြင်းခဲ့သည့်၊ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်နှင့် ကင်းဘရစ်ခ်ျတက္ကသိုလ်များတွင် ကျင်လည်ခဲ့သည့် သမိုင်းပညာရှင်နှင့် စာရေးဆရာ ဦးသန်းမြင့်ဦးက မြန်မာနိုင်ငံအပေါ် သူ၏ အမြင်များကို နိုင်ငံ့သမိုင်းကြောင်း၊ သူ၏ ဘ၀ဇာတ်ကြောင်းနှင့်ယှဉ်ကာ ထိထိမိမိတင်ပြထားသည့် The River of Lost Footsteps စာအုပ်ထွက်ရှိအပြီးတွင် သူ၏ အမြင်များမှာ မြန်မာနိုင်ငံအရေး စိတ်ဝင်စားသည့် မူဝါဒချမှတ်သူများ၊ ပညာရှင်များအကြားတွင် ထင်ရှားလာခဲ့သည်။ ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်တွင် အခြေစိုက်ရင်း မြန်မာနိုင်ငံဆိုင်ရာ နောက်ထပ်စာအုပ်တစ်အုပ်ကို ရေးသားပြုစုနေသည့် ဦးသန်းမြင့်ဦးအား အေးရှားတိုင်းအွန်လိုင်းက တွေ့ဆုံမေးမြန်းထားသည်ကို ဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။ (ယခုဖော်ပြပါ တွေ့ဆုံမေးမြန်းခန်းကို ကာယကံရှင် ဒေါက်တာသန်းမြင့်ဦး၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်ဆို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

အယ်ဒီတာ

 

မြန်မာနိုင်ငံအရေး ရေလိုက်လွဲခြင်း

မင်းညိုစံ

မေး ။.....။ အနောက်မီဒီယာတွေဟာ မြန်မာနိုင်ငံအကြောင်း သတင်းဖော်ပြရင် ရိုးစင်းလှတဲ့ ချဉ်းကပ်မှုနဲ့ပဲ ဖော်ပြလေ့ရှိတယ်လို့ ခင်ဗျားရဲ့ စာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ ထောက်ပြခဲ့တယ်။ အဲဒီလိုမျိုး ချဉ်းကပ်မှုကို သမိုင်းကြောင်းနဲ့မယှဉ်တဲ့ ချဉ်းကပ်မှုလို့ ခင်ဗျားက နာမည်ပေးထားတယ်။ အခုလောလောဆယ် အခြေအနေကို အနောက်မီဒီယာတွေမှာ ဘယ်လိုရေးသားဖော်ပြနေကြတယ်ဆိုတာ သမိုင်းကြောင်းနဲ့မယှဉ်ဘဲ ရေးနေကြတယ် ဆိုတဲ့ ခင်ဗျား ထောက်ပြခဲ့တဲ့ ရှုထောင့်ကနေ ပြောပြပါလား

သန့် ။.....။ လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး မြန်မာနိုင်ငံအရေးဟာ ဒီမိုကရေစီရေးသက်သက်ပဲလို့ မီဒီယာတွေမှာ ပုံဖော်ခံခဲ့ရတယ်။ မြန်မာနိုင်ငံအကြောင်း သတင်းဖော်ပြတာ နည်းရတဲ့အထဲ တပ်မတော်အစိုးရရယ်၊ ဒေါ်အောင်ဆန်းစု ခေါင်းဆောင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုရယ် ဒါတွေကပဲ လွှမ်းမိုးထားတယ်။ ဒါက လူ့သည်းခြေကြိုက်တဲ့ ဇာတ်လမ်းဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ကမ္ဘာကျော်ပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ဒီဇာတ်လမ်းက ၁၉၉၀ အစောပိုင်းကာလတွေကတည်းက အေးခဲရပ်တန့်သွားခဲ့ပြီ (၁၉၉၀ အစောပိုင်းကာလတွေကတည်းက ဒီလိုပဲရေးနေကြတာ)။ မြန်မာနိုင်ငံအကြောင်း သတင်းတင်ပြချက်တွေအားလုံးဟာ တကယ့်ကို တစ်ကြောင်းသွား ဖော်ပြချက်ပဲ။ မြန်မာနိုင်ငံဟာ လူသန်း ၆၀ မှီတင်းနေထိုင်ပြီး တိုင်းရင်းသားလူမျိုးစုတွေ ဒါဇင်နဲ့ချီပြီး ရှိတဲ့နိုင်ငံ၊ ဆင်းရဲတွင်းထဲ နက်နေပြီး အခုမှ ပြည်တွင်းစစ် ချုပ်ငြိမ်းလုဆဲဆဲနိုင်ငံ။ ဧရာမ လူမှုပြောင်းလဲမှုကြီးတွေ ဖြစ်ပေါ်နေပြီး အိန္ဒိယနဲ့ တရုတ်တို့နဲ့ ဆက်ဆံရေး အမြန်ဖွံ့ဖြိုးတိုးတက်နေတယ်။ ဒီလိုမျိုး အခြားအကြောင်းအရာကြီးကြီးမားမားတွေ ရှိနေပေမယ့် ခုနက ဖော်ပြခဲ့တဲ့ ဇာတ်လမ်းကလွဲရင် တခြားအကြောင်းအရာ ဘာဆိုဘာမှ လူစိတ်ဝင်စားမှု မရဘူးဖြစ်နေတယ်။ ဒီလိုဖြစ်နေမှတော့ မြန်မာနိုင်ငံအပေါ်ထားတဲ့ နိုင်ငံတကာမူဝါဒက ဘယ်ကိုမှ မရွေ့နိုင်တာ မဆန်းဘူးပေါ့ဗျာ။

မေး ။.....။ ဒါပေမယ့် ဒီဇာတ်လမ်းက သတင်းဆက်ဖြစ်နေတုန်းပဲလေ။ မြင်ကွင်းထဲက ပျောက်ဆုံးနေတာ ဘာလဲဆိုတာ ပြောပြပါလား

သန့် ။.....။ မြန်မာနိုင်ငံအကြောင်း စဉ်းစားရင်၊ သတင်းဖော်ပြ ရေးကြသားကြရင် မြင်ကွင်းထဲက အမြဲလိုလို ပျောက်နေတဲ့ အဓိကအကြောင်းအရာ အနည်းဆုံး ၂ ခု ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ပထမက ပြည်တွင်းစစ်။ နှစ်ပေါင်းခြောက်ဆယ် ဆက်တိုက် လက်နက်ကိုင်ပဋိပက္ခဖြစ်နေရာက မြန်မာနိုင်ငံဟာ ခုမှ လွတ်လာစ ရှိနေသေးတယ်။ ၁၉၈၀ နှောင်းပိုင်း၊ ၁၉၉၀ အစောပိုင်းနှစ်တွေမှာ မြန်မာအစိုးရဟာ လူမျိုးရေးအခြေခံတဲ့ နှစ်ဒါဇင်နီးနီး သူပုန်တပ်တွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ရယူခဲ့ပြီး ကမ္ဘာ့အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်လုနီးနီး ဖြစ်စေခဲ့တယ်။ ဒါပေမယ့် အဓွန့်ရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးတော့ မရသေးဘူး၊ ဆက်ပြီး ဆောင်ရွက်စရာတွေ အများကြီး ကျန်နေသေးတယ်။ ဒါပေမယ့် ဒီကိစ္စကို ဆောင်ရွက်ဖို့ နိုင်ငံတကာမှာ အာရုံလုံးဝမရှိဘူး။ နှုတ်အားဖြင့်ရော လက်အားဖြင့်ရော စောင်မမှု ဘာဆိုဘာမှ မရှိဘူး။ ဒါမျိုးအခြေအနေတစ်ခုခု တခြားနေရာမှာ ဖြစ်ကြည့်ပါလား။ အိန္ဒိယနဲ့ တရုတ်ကြားက တောင်တွေပေါ်မှာ ဖြစ်နေတဲ့ စစ်ပွဲတစ်ပွဲလိုမျိုး မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခကို ဘယ်သူမှ ဂရုမထားတာကတော့ အံ့သြလောက်စရာပါ။

နောက်တစ်ခုက မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံလေ။ မြန်မာ့ရေးရာ ဆွေးနွေးပွဲတွေမှာ ဆင်းရဲသားတွေရဲ့အသံ လုံးဝ မကြားရဘူး။ ပျောက်နေတယ်။ ဆင်းရဲသားတွေဟာ ဆက်ရှင်သန်ဖို့နဲ့ မိသားစုဝမ်းဝဖို့တောင် နည်းလမ်းသစ်တွေရှာဖို့ အရေးတကြီး လိုအပ်နေတယ်။ ဒီမိုကရေစီ အကူးအပြောင်းလုပ်ချိန်မှာ စီးပွားရေးကဏ္ဍကို အပြောင်းအလဲ တစ်ချိန်တည်းမှာ ကြီးကြီးမားမား မလုပ်ဘဲနဲ့တော့ ဘယ်ဒီမိုကရေစီ အကူးအပြောင်းမှ သက်ဆိုးရှည်မှာ မဟုတ်ဘူး။ ဒီမှာလည်း ခုနကအတိုင်း ဖြစ်နေပြန်ရော။ ဒီကဏ္ဍမှာ လုပ်နိုင်တာတွေ အများကြီးရှိပေမယ့် နိုင်ငံတကာက လုံးဝ အာရုံမရှိသလောက်နီးနီးပဲ။ အရင်နှစ် နာဂစ်မုန်တိုင်းပြီးကတည်းက အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းအကြား ပူးပေါင်းဆောင်ရွက်မှုမှာ ကြီးကြီးမားမား တိုးတက်လာတာက အလွန့်အလွန် အရေးပါတဲ့ ဖြစ်ရပ်ပါ။ နိုင်ငံရေးအကြောင်းကြောင်းတွေကြောင့် နိုင်ငံတကာအလှူရှင်တွေဟာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက တစ်ဦးချင်းရတဲ့ အထောက်အပံ့တွေရဲ့ မပြောပလောက်တဲ့ အစိတ်အပိုင်းလေးလောက်ပဲ မြန်မာနိုင်ငံကို ပံ့ပိုးကြတယ်။ ရှက်စရာ ကောင်းလိုက်တာဗျာ။

မေး ။.....။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ လတ်တလောခရီးစဉ်ကနေ ဘာတွေဖြစ်ထွန်းလာတာ တွေ့ရသလဲ။

သန့် ။.....။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ဆန္ဒတွေက ဘာလဲဆိုတာကို အရင်မမေးဘဲနဲ့ ဒီခရီးစဉ်ကို အကဲဖြတ်ရင် မတရားဘူးထင်တယ်။။ အဓိက ပါဝင်ပတ်သက်နေတဲ့ အစိုးရတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုတို့၊ တရုတ်တို့ စတဲ့နိုင်ငံတွေဟာ မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ စိန်ခေါ်မှုတွေက ဘာလဲဆိုတဲ့ မေးခွန်းပေါ်မှာတောင် အလွန်ကွဲပြားခြားနားတဲ့အမြင်တွေ ရှိကြတယ်။ အနောက်ကမ္ဘာက ဒီမိုကရေစီမြှင့်တင်ရေး အဓိကပဲလို့ မြင်တယ်။ အိမ်နီးချင်းနိုင်ငံတွေက တည်ငြိမ်ရေးဟာ အဓိကဦးစားပေးပဲ။ ကျန်တဲ့ အာရှနိုင်ငံအများအပြားကတော့ စီးပွားရေးလုပ်ငန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးက အဓိကလို့ ထင်ကြတယ်။ စီးပွားရေးတိုးတက်လာရင် နိုင်ငံရေးအပြောင်းအလဲက နောက်ကလိုက်လာလိမ့်မယ်လို့ ယုံကြည်တာလည်း ပါမှာပေါ့။

ဘန်ကီမွန်းလို ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်အတွက် မြန်မာနိုင်ငံကို သွားလိုက်၊ ပြဿနာတွေကို ရှင်းခဲ့ဆိုတာက အလွန့်အလွန်ခက်ခဲလှပါတယ်။ မြောက်ကိုရီးယားအရေးဆိုရင် အဓိက အာရုံစိုက်ရမယ့် အကြောင်းအရာက နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုတာ လူတိုင်းလက်ခံတယ်။ ဒါပေမယ့် ဒီမှာက အများကြီး ပိုရှုပ်ထွေးတယ်။ ကိစ္စတွေကလည်း အမျိုးမျိုး အဖုံဖုံ။ ပြဿနာရဲ့ သဘောသဘာဝအပေါ်မှာကို နိုင်ငံတကာရဲ့အမြင်က ဂိုဏ်းကွဲနေတယ်။ ဘန်ကီမွန်းအတွက် အခွင့်အရေးတွေ ရှိနေတယ်။ သူ့ရဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆိုတဲ့ ရာထူးဌာနန္တရကို လေးစားမှုလည်း အတော်ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီခရီးစဉ်အောင်မြင်မှုဟာ ဖြစ်ပေါ်နေတဲ့ မြင်ကွင်းအပြည့်အစုံကို ကြည့်ချင်စိတ် သူ့မှာ ရှိမရှိအပေါ် မူတည်နေတယ်။ လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုအချို့ကို သူကိုင်တွယ်ကို ကိုယ်တွယ်ရမှာပါ။ ဒါပေမယ့် ဟိုလွန်ခဲ့တဲ့ နှစ်တွေထဲက အထပ်ထပ်ကြားခဲ့ရတဲ့ အရာတွေကိုသာ ပြန်ရွတ်ပြပြီး အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ကြားက အကျိုးဆောင်ပေးမယ့်သူတစ်ယောက်လို့သာ သူကိုယ်သူ မြင်နေရင်တော့ သူ ခရီးပေါက်မယ်မထင်ဘူး။ သူ့မှာ ဘာမှ မဲမတင်းနိုင်တဲ့အရာ မရှိဘူး။

မေး ။.....။ သမိုင်းကြောင်းတစ်လျှောက်လုံးမှာ မြန်မာနိုင်ငံမှာ တစ်ကိုယ်တော်နေရေးကိုသာ ကြိုးစားခဲ့တယ်လို့ ခင်ဗျားက ရေးခဲ့တယ်။ အခုလက်ရှိအစိုးရက ကမ္ဘာကနေ အဆက်အသွယ်ဖြတ်တောက်ပြီး ဘာကြောင့် နေချင်ရတာလဲ

သန့် ။.....။ ပထ၀ီအနေအထားအရ မြန်မာနိုင်ငံဟာ သမိုင်းတစ်လျှောက် အချိန်ကာလရှည်ရှည်လျားလျား အရှေ့နဲ့ အနောက် ကူးသန်းရောင်းဝယ်ရေး အဓိက လမ်းကြောင်းကြီးတွေကနေ ကင်းလွတ်နေခဲ့တယ်။ သီးခြားနေလိုစိတ် အမြဲရှိခဲ့တယ်။ ဒီလို သီးခြားနေလိုစိတ်ကို ကျော်လွှားဖို့ စိတ်သန်ပြီး ကမ္ဘာနဲ့ဆက်သွယ်ချင်တဲ့ စိတ်ရှိချိန်တွေမှာ မြန်မာနိုင်ငံဟာ ဖန်တီးတီထွင်နိုင်စွမ်းတွေရှိပြီး ရွှေခေတ်တွေတောင် ဖြစ်ခဲ့တယ်။

ဒါပေမယ့် ဒီဘက်ခေတ်ရောက်ပြန်တော့လည်း ပြည်ပက ထပ်ခါထပ်ခါ ကျူးကျော်မှုတွေသမိုင်းက အတော်ရှည်နေသေးတယ်။ ၁၉ ရာစုနဲ့ ၂၀ ရာစုတွေမှာ ဗြိတိသျှတွေရဲ့ ကျူးကျော်မှုကို သုံးကြိမ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ဗြိတိသျှတွေလက်အောက်မှာ နှစ် ၁၀၀ ကျော် အုပ်စိုးခံခဲ့ရတယ်။ ၁၉၄၀ နှစ်တွေမှာ ဂျပန်တွေရဲ့ ကျူးကျော်မှု၊ ၁၉၅၀ နှစ်တွေမှာ တရုတ်ဖြူတွေရဲ့ ကျူးကျော်မှု၊ ၁၉၆၀ နှစ်တွေမှာ တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ ကွန်မြူနစ်တွေရဲ့ ကျူးကျော်မှုတွေကို ခံခဲ့ရပြန်တယ်။ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ တခြားတခြားသော နိုင်ငံတွေကလည်း မြန်မာ့နိုင်ငံရေးမှာ ၀င်ပြီး ခြယ်လှယ်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာပဲလေ။ ဒီတော့ နိုင်ငံခြားသားရွံမုန်းမှုက ကြီးထွားလာလိုက်တာ ဖယ်ရှားပစ်ဖို့ခက်တဲ့ အခြေထိအောင်ပဲ။ ၁၉၅၀ နှစ်တွေက ချန်ကေရှိတ်တပ်မတော်ရဲ့ အကြွင်းအကျန်တပ်တွေ မြန်မာနိုင်ငံတွင်းကို နယ်စပ်ကနေ ထိုင်းနဲ့ အမေရိကန်ပြည်ထောင်စုအကူအညီနဲ့ ၀င်လာခဲ့တဲ့ အချိန်မှာ မြန်မာနိုင်ငံက ကုလသမဂ္ဂကို ပထမဦးဆုံးအကြိမ် အကူအညီတောင်းခဲ့တယ်။ အကူအညီမရခဲ့တာကြောင့် အရေးအကြောင်းဆိုရင် ကုလသမဂ္ဂကို အားကိုးလို့မရဘူးဆိုတဲ့ သင်ခန်းစားကို မြန်မာနိုင်ငံရလိုက်တယ်။ ဒါဟာ တပ်မတော်အတွက် အလှည့်အပြောင်းပဲ။ အရင်တုန်းက တပ်မတော်ဟာ သောင်းကျန်းမှု နှိမ်နင်းရေးဆောင်ရွက်နေတဲ့ အရွယ်အစား ခပ်ငယ်ငယ် တပ်တစ်တပ်ပဲ။ တရုတ်ဖြူကိစ္စနောက်ပိုင်းမှာ တပ်မတော်ရဲ့ အရွယ်အစားကြီးလာလိုက်တာ ကနေ့ကျွန်တော်တို့ မြင်ရတဲ့ အနေအထား ရောက်လာခဲ့တာပဲ။

မေး ။.....။ အဲဒီနယ်ချဲ့ဆန့်ကျင်ရေး စိတ်အခြေခံက ကနေ့အစိုးရရဲ့ မူဝါဒတွေထဲကို ဘယ်လိုလုပ်ရောက်လာတာလဲ။

သန့် ။.....။ နယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံက မြန်မာ့တပ်မတော်အရာရှိတွေရဲ့ စိတ်ထဲမှာ သံမှိုနှက်သလို စွဲမြဲနေတယ်။ ဒီနေ့အထိလည်း ဒီအတိုင်းပဲ။ မြန်မာနိုင်ငံဟာ စစ်မြေပြင်တစ်ခု၊ လူမျိုးရေးအခြေခံ သောင်းကျန်းမှုတွေနဲ့ တခြားနိုင်ငံရေး ရန်သူတွေ ပတ်လည်ဝိုင်းနေတဲ့ စစ်မြေပြင်လို့ တပ်မတော်ခေါင်းဆောင်တွေက ရှုမြင်ထားကြတယ်။ သူတို့ရဲ့ ရန်သူအားလုံးဟာ နိုင်ငံခြားနဲ့ ချိတ်ဆက်ထားတယ်လို့ သံသယရှိတာကြောင့် သူတို့ရဲ့ မျိုးချစ်အခန်းကဏ္ဍဟာ နယ်ချဲ့ ဆန့်ကျင်ရေးလွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ ဆက်စပ်နေတယ်လို့ ခံယူထားတယ်။ ဒါဟာ ၁၉၄၀ နှစ်တွေကတည်းက တပ်မတော်ရဲ့ ခံယူချက်အမြင်။ ဒီနေ့ထက်ထိလည်း ဒီလိုပဲ မြင်နေတုန်းပဲ။ ဒီတပ်မတော်ဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက နှစ်စဉ်တိုက်ပွဲဝင်နေရတဲ့ တပ်မတော်တစ်ရပ်၊ ကျွန်တော်စဉ်းစားမိသလောက် ကမ္ဘာပေါ်မှာ ဒါမျိုး တိုက်ပွဲဝင်နေရတဲ့ တစ်ခုတည်းသော တပ်မတော်။ သူတို့တိုက်ခဲ့ရတဲ့ အဖွဲ့တွေဟာ အံ့သြလောက်စရာ အမျိုးအစား စုံလင်တယ်။ အရင် အရှေ့ပါကစ္စတန်နယ်စပ် သောင်းကျန်းသူ မူဂျာဟစ်ဒင် (ယခု ဘင်္ဂလားဒေ့ရှ်) တွေ၊ ဟိုအရင် တရုတ် ကျောထောက်နောက်ခံ ပေးထားတဲ့ ကွန်မြူနစ်တွေ၊ အမေရိကန်နဲ့ ထိုင်းကျောထောက်နောက်ခံပေးထားတဲ့ လက်ယာယိမ်းသောင်းကျန်းသူတွေ၊ ဘိန်းစစ်ဘုရင်တွေ၊ လူမျိုးရေးအခြေခံခွဲထွက်ရေး သောင်းကျန်းသူတွေ၊ တကယ့်ကို အမျိုးစုံအမယ်စုံပဲ။ ဒါတွေကို တပ်မတော်က ရာစုနှစ်တစ်ဝက်ကျော်လောက် တိုက်ခဲ့ရတာ။ စစ်ပွဲနဲ့ အထူးသဖြင့် သောင်းကျန်းသူ တိုက်ဖျက်ရေး စစ်ဆင်ရေးတွေကို ဆယ်စုနှစ်ခြောက်စုလောက် တိုက်လာခဲ့ရရင် ဘယ်လိုနေမလဲ စဉ်းစားသာကြည့်ပေတော့။

ခုပြောခဲ့တဲ့ ပြဿနာတွေထဲက တချို့ကို မဖြေရှင်းနိုင်သေးသရွေ့ ခိုင်မြဲတည်ငြိမ်တဲ့ ဒီမိုကရေစီ အကူးအပြောင်းဖြစ်မှာ မဟုတ်ဘူး။ ကုလသမဂ္ဂအနေနဲ့ ပိုပြီးနက်ရှိုင်းတဲ့ ချဉ်းကပ်မှုနဲ့ ချဉ်းကပ်ပြီး နှစ်ခြောက်ဆယ်လောက် ကြာရှည်နေတဲ့ ဆင်းရဲမွဲတေမှုနဲ့ လက်နက်ကိုင် ပဋိပက္ခအကြောင်းကို စဉ်းစားစေချင်တယ်။ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့အခွင့်အရေးတွေဟာ ချိတ်ဆက်နေတယ်လို့ ကုလသမဂ္ဂက အမြဲပြောနေတာပဲ။ ဒါပေမယ့် ပိုမိုရှုပ်ထွေးတဲ့ အဲဒီ ချဉ်းကပ်မှုက မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ဘယ်ရောက်သွားတာလဲ။

မေး ။.....။ အပြောင်းအလဲဖြစ်လာဖို့ ခင်ဗျားပြောတဲ့ ပုံသေနည်းက တစ်ချိန်က "debate, engagement, and gradualism" ဆွေးနွေးငြင်းခုံအဖြေရှာ၊ ထိတွေ့ပူးပေါင်း၊ တစ်ဆင့်ချင်းသွား လို့ ဖော်ပြခံခဲ့ရတယ်။ ဒီပုံသေနည်းက မူဝါဒ ချမှတ်တဲ့အသိုက်အ၀န်းတွေ၊ ဥပမာ- ကုလသမဂ္ဂနဲ့ ၀ါရှင်တန်တို့မှာ နေရာရရဲ့လား

သန့် ။.....။ ဒီသဘောတရားကို လေးလေးနက်နက်ထား စဉ်းစားကြပါတယ်။ ပိတ်ဆို့အရေးယူမှုအခြေခံတဲ့ ချဉ်းကပ်မှုတွေဟာ မြန်မာနိုင်ငံလို အခြေအနေမျိုးမှာ အလုပ်မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်လာတဲ့ အနောက်နိုင်ငံ မူဝါဒချမှတ်သူတွေ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ပိုများလာခဲ့တယ်။ လတ်လတ်ဆတ်ဆတ် နည်းလမ်းသစ်တွေ စဉ်းစားဖို့ စိတ်လိုလက်ရ ရှိကြပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေဟာ အမြင့်ဆုံးရလဒ်အနေနဲ့ မထိရောက်ဘူး။ ဒေသတွင်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလောက်နဲ့တင် အစိုးရဟာ ဆက်လက်ရှင်သန်နေနိုင်တယ်။ ပိတ်ဆို့အရေးယူမှုတွေဟာ အလွန်အလွန် ပြောင်းပြန်ရလဒ်ကို ရစေပေမယ့် အဆိုးဆုံးကတော့ ကြီးမားတဲ့ အားတစ်ခုဖြစ်တဲ့ Global Capitalization ကို ဆွဲထိန်ထားတာပဲ။ ဒါကိုသာ လွှတ်ပေးလိုက်ရင် အားလုံးပြောင်းလဲသွားနိုင်တယ်။ အရေးကြီးဆုံးလို့ ကျွန်တော်ထင်တာကတော့ လက်ရှိအနေအထားကို ပြောင်းပစ်တာပဲ။ အကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကမ္ဘာလှည့်ခရီးသည်ကဏ္ဍတွေမှာ အနောက်ကမ္ဘာရဲ့ ပါဝင်ပတ်သက်မှုတွေဟာ လက်ရှိအနေအထားကို ပြောင်းလဲရာမှာ ကြီးမားတဲ့အစိတ်အပိုင်းအနေနဲ့ ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ပိတ်ဆို့အရေးယူမှုတွေ၊ သပိတ်မှောက်မှုတွေသာ မရှိခဲ့ဘဲ လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနဲ့ Global Capitalism ကနေ ချိတ်ဆက်တဲ့နည်း အပါအ၀င် မြန်မာနိုင်ငံကို ကမ္ဘာနဲ့ပြန်လည်ချိတ်ဆက်ရေး၊ ဒါတွေကိုသာ အာရုံစိုက်ခဲ့မယ်ဆိုရင် ဒီမိုကရေစီရေးဟာ ကနေ့ အချိန်မှာ ပိုအားကောင်းနေမှာ သေချာတယ်။

မေး ။.....။ ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် အမြင်လေး သိပါရစေ

သန့် ။.....။ အလောင်းအစားတစ်ခု လုပ်တာပဲဗျ။ တကယ်လို့ ဒီမိုကရေစီအစိုးရ မနက်ဖြန် သန်ဘက်ခါ ဖြစ်ဖို့ အကူးအပြောင်းပေါ်လာပြီဆိုပါစို့။ ဒါဆိုရင် သူ့ (ဒေါ်အောင်ဆန်းစုကြည်) မဟာဗျူဟာရဲ့ အောင်ပွဲပဲလို့ လူတိုင်းက ပြောကြမှာပဲ။ တကယ်လို့ ဒီအတိုင်း ဖြစ်မလာရင် တခြားလမ်းကြောင်းတွေ မစမ်းလိုက်ရတဲ့အတွက် ပေးရတဲ့ အလျော်အစားက ကြီးလိမ့်မယ်။ ပေါ်လာတဲ့ အခွင့်အလမ်းတွေကို လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ အလျော်အစားကြီးမယ်။ အရေးယူပိတ်ဆို့မှုတွေနဲ့ အကူအညီဖြတ်တောက်မှုကြောင့် သာမန်ပြည်သူတွေ၊ အထူးသဖြင့် အဆင်းရဲဆုံးနဲ့ အကာအကွယ်မဲ့ သေဆုံးသူတွေအပေါ် လှိုင်းတံပိုးကြီးတစ်ခုလို ရိုက်ခတ်တယ်။ အဲဒီ အလျော်အစားလည်း ကြီးမယ်။

မေး ။.....။ ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲက အစိုးရ ကတိပြုသလို ဒီမိုကရေစီအပြောင်းအလဲကို ဆောင်ကြဉ်းပေးမှာလား

သန့် ။.....။ အနည်းဆုံးအနေနဲ့ ၂၀၁၀ ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း အကြီးမားဆုံး နိုင်ငံရေးအပြောင်းအလဲပဲ။ အဆောက်အဦအသစ် အမျိုးစုံကို ဖန်တီးနေပြီ။ အရေးကြီးတဲ့ မျိုးဆက်လိုက် အကူးအပြောင်း တပ်မတော် ခေါင်းဆောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်။ ဒါဟာ အနည်းဆုံးအနေနဲ့ ကြီးမားတဲ့ အတွင်းပိုင်း အကူးအပြောင်းဖြစ်ပြီး အခွင့်အလမ်းသစ်တွေလည်း ဖြစ်နိုင်တယ်။

ထိပ်ပိုင်းက နိုင်ငံရေးအပြောင်းအလဲပေါ် အခြေခံတွက်ချက်ထားတဲ့ ဖြစ်နိုင်ချေကို ကျွန်တော်သိပ်အားမရဘူး။ တကယ့်အပြောင်းအလဲ ထွက်လာရမယ့်နေရာက ခုနက နိုင်ငံရေးအပြောင်းအလဲထက် အများကြီး ပိုကြီးတဲ့ နှစ်နေရာက လာရမှာ။ လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်စေဖို့နဲ့ စီးပွားရေးအပြောင်းအလဲပဲ။ ကျွန်တော်က မာ့ခ်စ်ဝါဒီ မဟုတ်ပေမယ့် နိုင်ငံရေးဟာ စီးပွားရေး နောက်လိုက်တတ်တယ်လို့ ထင်တယ်။ အနောက်ကမ္ဘာဟာ စီးပွားရေးအခြေအနေကို ပုံဖော်ပေးဖို့ လုံးဝမကြိုးစားခဲ့တဲ့အပြင် ပိတ်ဆို့အရေးယူမှုတွေနဲ့ သူ့ကိုယ်သူ ကစားပွဲအပြင်ဘက် ထုတ်ပစ်ခဲ့တယ်။

မေး ။.....။ မြန်မာနိုင်ငံအနာဂတ်ကို ဘယ်လိုမြင်လဲ

သန့် ။.....။ နောင် နှစ် ၁၀၀ လောက်မှာ အခုခေတ်လက်ရှိ မြန်မာနိုင်ငံရဲ့အကြောင်းကို စာတစ်အုပ်ရေးကြမယ်ဆိုရင် အဓိကအကြောင်းအရာက ရှေ့နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲလည်းမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အမှုလည်း မဟုတ်ဘူး။ ဒီမိုကရေစီလှုပ်ရှားမှုလည်း မဟုတ်ဘူး။ အဲဒီအချိန်လောက်ကျရင် ကနေ့ဖြစ်နေတဲ့အထဲမှာ အရေးအကြီးဆုံးက တရုတ်နိုင်ငံကို မြန်မာနိုင်ငံက တံခါးဖွင့်ပေးမှုနဲ့ ကမ္ဘာ့ စူပါပါဝါတွေဖြစ်လာတဲ့ အိန္ဒိယနဲ့ တရုတ်တို့ကြားက သူ့နေရာကို ထိန်းသိမ်းနိုင်စွမ်း မထိန်းသိမ်းနိုင်စွမ်းတွေပဲ ဖြစ်လာမှာ။ မြန်မာနိုင်ငံဟာ နှစ်ဘီလီယံခွဲလောက်ရှိတဲ့ တရုတ်တွေနဲ့ အိန္ဒိယတွေကြားမှာ ညပ်နေတဲ့ လူဦးရေ သန်း ၆၀ ရှိ နိုင်ငံတစ်နိုင်ငံပဲ။ အနောက်ကမ္ဘာမှာ ကျွန်တော်တို့ ပြောကြတယ်။ အိန္ဒိယနဲ့ တရုတ်တို့ အတက်ဆိုပြီးတော့လေ။ မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ် အဲဒီဖြစ်စဉ်က ဘယ်လိုသက်ရောက်မယ်ဆိုတာ စဉ်းစားကြည့်ပါလား။ အရာအားလုံးပဲလေ။ ဒီနိုင်ငံ ၀ါးမျိုခံရမလား။ ဒါမှမဟုတ် ကမ္ဘာ့အကြီးဆုံး၊ အပြောင်းအလဲအမြန်ဆုံး နိုင်ငံနှစ်နိုင်ငံကြားထဲမှာ ရောက်နေတာကနေ အကျိုးခံစားရမလား။ တကယ်လို့ မြန်မာနိုင်ငံဟာ သူ့နိုင်ငံသားတွေအားလုံး အကျိုးအမြတ်ရရှိဖို့ နည်းလမ်းရှာနိုင်မယ်ဆိုရင် နိုင်ငံ့အနာဂတ်ဟာ ၂၁ ရာစုမှာလည်း ၀င်းလက်တောက်ပနေဦးမှာပဲ။

 
Web Statistics