သိပ်မကြာခင်လေးက နိုင်ငံခြားသတင်းတွေထဲမှာ သားသမီးသုံးယောက်နဲ့ မိန်းမကို သေနတ်နဲ့ ပစ်သတ်ပြီးမှ သူ့ကိုယ်သူ သတ်သေသွားတဲ့ ရင်နင့်စရာသတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးထဲမှာ အလုပ်လက်မဲ့ဖြစ်ပြီး စားစရာလည်းမရှိ၊ နေစရာလည်းမရှိတာကြောင့် သတ်သေလိုက်ကြတာပါတဲ့။ သတင်းဖတ်ပြီးပြီးချင်း သနားစရာကောင်းလိုက်တာ လို့ စုတ်တသပ်သပ်ဖြစ်မိတယ်။ ခဏကြာတော့ ဒုတိယအတွေးတစ်ခု ထပ်ဝင်လာတယ်။ ရက်စက်လိုက်တာ ဆိုတဲ့ အတွေးဖြစ်တယ်။
ဘာကြောင့်လဲ၊ ဘာကြောင့်လဲ
ကိုယ့်ရင်သွေး လူမမယ်လေးသုံးယောက်ကို ကိုယ့်လက်နဲ့ကိုယ်တိုင် သတ်ပစ်ရက်တဲ့စိတ်ဟာ ရက်စက်တဲ့စိတ်ပဲ မဟုတ်ဘူးလား။ ဘာကြောင့်များ ဒီလိုစိတ်မျိုး လူသားတွေမှာ ၀င်ရောက်ကိန်းအောင်းနေကြတာလဲ။ တိရစ္ဆာန်တွေတောင်မှ ဒီလိုတော့ မလုပ်ကြပါဘူး။ ခြင်္သေ့လို ကျားလို အသားစားတိရစ္ဆာန်တောင် သူ့ရင်သွေးကိုတော့ အသက်ပေး စောင့်ရှောက်လေ့ရှိပါတယ်။ သက်ရှိသတ္တ၀ါများအနက်မှာ ယဉ်ကျေးမှု အဆင့်အမြင့်မားဆုံးဆိုတဲ့ လူသားတစ်ယောက်က ဘာကြောင့် ဒီလိုကြမ်းကြုတ်ရက်စက်တဲ့အပြုအမူမျိုး ပြုရတာလဲ။ သူတို့အဖြစ် မတိုင်မီ ရက်ပိုင်းကလေးကလည်း ဂျာမနီနိုင်ငံ ဘီလျံနာသူဌေးကြီးတစ်ယောက် စီးပွားပျက်ကပ်ဒဏ်ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်သွားတဲ့သတင်း ဖတ်လိုက်ရပါသေးတယ်။ ဘီလျံနာကြီးတောင် ထွက်လမ်းမရှာနိုင်လို့ အရှုံးပေးအညံ့ခံသွားခဲ့ရတာ။ အမေရိကန်မိသားစုလို သာမန်အလုပ်သမား လူတန်းစားက ထွက်ပေါက်ဘယ်လိုရှာနိုင်မှာလဲဆိုတာ သဘောပေါက်ပါတယ်။ သူတို့မိသားစုကို သနားလည်းသနားပါတယ်။ ဖခင်လုပ်သူကို အပြစ်မတင်ပါဘူး။ ကိုယ့်သားသမီးကိုယ်ပြန်သတ်တဲ့ ရက်စက်တဲ့စိတ်မျိုး ဘာကြောင့် ရှိနေရသလဲဆိုတာကိုသာ စဉ်းစားတွေးတောနေမိတာဖြစ်ပါတယ်။
ဝိုင်းပြီးစဉ်းစားပေးကြပါ
တွေးမိသလောက်ပြောကြည့်ပါမယ်။ မှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ ထောက်ပြပါ။ ပြုပြင်ပေးပါ။ ဒီကိစ္စကို ၀ိုင်းပြီး စဉ်းစားကြစေချင်လို့ စိတ်ထဲရှိတာ ထုတ်ပြောလိုက်တာပါ။ ကိုယ်နဲ့မသက်ဆိုင်သလိုပဲနေကြရင် တစ်နေ့တခြား ပိုပိုပြီး ဆိုးလာစရာ ရှိပါတယ်။ ကျေးဇူးပြုပြီး ခပ်ပေါ့ပေါ့ သဘောမထားလိုက်ကြပါနဲ့။ ဒီခေတ်လူသားများဟာ ရှေးဘိုးဘေးများ ခေတ်လူသားတွေထက် အဆပေါင်းများစွာ ရိုင်းလာကြတယ်။ ကြမ်းကြုတ်ရက်စက်လာကြတယ်ဆိုတာကို အားလုံး သဘောတူနိုင်ကြလိမ့်မယ်ထင်ပါတယ်။ ခရီးသည်အပြည့်တင်ထားတဲ့ လေယာဉ်ကြီးကို အပိုင်စီးပြီး လူတွေသောင်းနဲ့ချီ ရှိနေတဲ့ အဆောက်အအုံကြီးကို ၀င်ဆောင့်တဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုး ဘယ်တုန်းက ကြားဖူးခဲ့လို့လဲ။ မူလတန်းကျောင်းကလေးထဲဝင်ပြီး မောင်းပြန်သေနတ်နဲ့ မွှေ့ယမ်းတဲ့ ရမ်းကားမှုမျိုးလည်း ဘယ်ခေတ်မှာကြုံခဲ့ဖူးလို့လဲ။ မိုင်းပေါင်းများစွာဝေးတဲ့ အရပ်ကနေပြီး မကောင်းသူထိပ်၊ ကောင်းသူထိပ် ဆိုတဲ့သဘောနဲ့ ဒုံးကျည်တွေ ဒလစပ် ပစ်လွှတ်တိုက်ခိုက်တာမျိုးလုပ်သူတွေကို လူယဉ်ကျေး လို့ ခေါ်နိုင်သလား။ ဒုံးဆန်၊ အမြောက်ဆန်တွေက ဆေးရုံပေါ် ကျကျ၊ လူအိုရုံပေါ်ကျကျ၊ စာသင်ကျောင်းပေါ်ကျကျ၊ သေဆုံးသူတွေ ဘယ်လောက်များများ အကြမ်းဖက်သမား ဘယ်နှယောက် ချေမှုန်းသုတ်သင်ပစ်လိုက်တယ်လို့ ခပ်တည်တည်နဲ့ ကြေညာချက်ထုတ်လိုက်ရုံနဲ့ ပြီးသွားတာကို စစ်ပွဲလို့ ခေါ်နိုင်သလား။ ၀ိုင်းဝန်းစဉ်းစားပေးကြပါ။
တရားခံဘယ်သူလဲ
လူသားတွေ တစ်နေ့တခြား ရိုင်းသထက်ရိုင်းလာကြ၊ ရက်စက်ကြမ်းကြုတ်သထက် ရက်စက်ကြမ်းကြုတ်လာရခြင်းရဲ့ အဓိကလက်သည်တရားခံဟာ ဒီနေ့တည်ရှိနေတဲ့ စီးပွားရေးစနစ်နဲ့ လူမှုရေးစနစ်တို့ကြောင့်လို့ ထင်ပါတယ်။ ဒီနေ့နိုင်ငံတိုင်း၊ လူမျိုးတိုင်း ဦးထိပ်ပန်ဆင်ထားကြတဲ့ အဘိဓမ္မာက ချမ်းသာခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်တယ်။ လူတိုင်းချမ်းသာအောင်လုပ်ကြ ဆိုတဲ့ တရားဖြစ်တယ်လေ။ အဲဒီတော့ အပြိုင်အဆိုင်အလုအယက် ချမ်းသာအောင် လုပ်ကြရင်းနဲ့ လူတွေဟာ တစ်ယောက်ခေါင်းတစ်ယောက်တက်နင်းပြီး ထိပ်ရောက်အောင်လုပ်ကြပါတော့တယ်။ နှစ်ဆယ်ရာစု နှောင်းပိုင်းကျတော့ ဘယ်လောက်များဆိုးသွားသလဲဆိုရင် ရှေးရောမခေတ်က ကျွန်တွေကို အရောင်းအ၀ယ်လုပ်ကြသလို ကလေးငယ်တွေနဲ့ မိန်းမငယ်တွေကို မကောင်းတဲ့အလုပ်တွေ လုပ်ခိုင်းဖို့ လူကုန်ကူးတယ်ဆိုတာမျိုးတွေတောင် တစ်ကျော့ပြန်လုပ်လာကြပါတယ်။
မိန်းမတွေကို ရောင်းကုန်ပစ္စည်းလို
မိန်းမတွေကို ရောင်းကုန်ပစ္စည်းလို ဈေးကွက်တင်ရောင်းတဲ့စနစ်က ရှေးပဒေသရာဇ်ခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်က ကျင့်သုံးခဲ့တာ မဟုတ်လား။ အခုခေတ်မှာလည်း မိန်းမတွေကို အသွင်အမျိုးမျိုးနဲ့ ရောင်းကုန်ပစ္စည်းလို သဘောထား လုပ်ဆောင်နေကြတာတွေ ဒုနဲ့ဒေးပါပဲ။ ဒီနေ့ စီးပွားရေးနဲ့ လူမှုရေးစနစ်ကို အပီပြင်ဆုံး သရုပ်ဖော်ပြတဲ့ စကားကတော့ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ စကားပဲဖြစ်ပါတယ်။
မီဒီယာတွေလည်း တရားခံ
ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ စိတ်မိုက်စိတ်ရိုင်းတွေ ကမ္ဘာတစ်ခုလုံး အလျင်အမြန် ပျံ့နှံ့ရောက်ရှိသွားအောင် ဖြန့်ဖြူးပေးတဲ့ လက်သည်တရားခံကတော့ ဒီနေ့ခေတ် မီဒီယာတွေပါပဲ။ ရုပ်ရှင်တွေ၊ စာနယ်ဇင်းတွေ၊ စင်တင်ကပြတဲ့ ပြဇာတ်တွေနဲ့ တေးဂီတတွေကတစ်ဆင့် စီးပွားရေးသမားတွေက သူတို့ထုတ်လုပ်တဲ့ ပစ္စည်းတွေကို တွင်ကျယ်အောင် ကြော်ငြာကြတယ်လေ။ လူသုံးကုန်ပစ္စည်း ကြော်ငြာပုံတွေကိုတော့ ကြော်ငြာမှန်းလူတိုင်းသိပြီးသားမို့ အထူးမပြောတော့ ပါဘူး။ ကြော်ငြာမှန်းမသိတာမျိုးပဲ ပြောပြပါမယ်။ လက်နက်ခဲယမ်းမီးကျောက် ထုတ်လုပ်ရောင်းချတဲ့ မရဏကုန်သည် ကြီးတွေက ရမ်ဘိုလို၊ အာနိုးလိုရုပ်ရှင်တွေလို၊ ဗီယက်နမ်စစ်ပွဲနောက်ခံရုပ်ရှင်တွေလို၊ စတားဝါးရုပ်ရှင်တွေလို ရုပ်ရှင်ကားတွေ ရိုက်ကူးထုတ်လုပ်စေပြီး သူတို့လက်နက်တွေရဲ့ အစွမ်းတွေကို ကြော်ငြာကြတယ်လေ။ ရုပ်ရှင်ကားတွေက ကြည့်ကောင်းတော့ ကြော်ငြာမှန်းမသိကြဘူးပေါ့။ အရက်တွေ၊ စီးကရက်တွေ၊ မူးယစ်ဆေးဝါးတွေလည်း ဒီလိုကြော်ငြာကြတာပဲ။ ဒီလိုနဲ့ပဲ မီဒီယာတွေဟာ စတုတ္ထမဏ္ဍိုင်အဖြစ်က ဈာန်လျှောပြီး စီးပွားရေးသမားတွေရဲ့ ခုတုံးအဖြစ် အသုံးချခံရတဲ့ ဘ၀ကို ရောက်သွားကြရပါတော့တယ်။
ဗိုက်သားပေါ် ကိုက်စားမနော်တဲ့
မီဒီယာတွေထဲမှာ ရက်ရက်စက်စက် တိုက်ကြခိုက်ကြ၊ သတ်ကြဖြတ်ကြတာတွေကို မြင်ပါများတော့ လူတွေရဲ့စိတ်ဟာ ယဉ်ပါးသွားပြီး သတ်တာသေတာတွေဟာ အဆန်းမဟုတ်တော့ဘူး။ ကြောက်စရာလို့ မထင်ကြတော့ဘူးလေ။ တခြား လူမှုရေး၊ အိမ်ထောင်ရေး ဖောက်ပြန်ပျက်စီးမှုမျိုးစုံဟာလည်း တွေ့ရမြင်ရပါများတော့ ရှက်စရာ၊ ကြောက်စရာ၊ စက်ဆုပ်ရွံရှာစရာလို့ သဘောမထားကြတော့ဘူး။ လူ့သဘာဝ ဖြစ်ရိုးဖြစ်စဉ်တွေပဲလို့ နှလုံးသွင်းထားလိုက်ကြတော့တယ်။ ၀တ်စားဆင်ယင်မှုမှာလည်း အလားတူပါပဲ။ ဖုံးရအုပ်ရမယ့်အရာရယ်လို့ ရှိတယ်တောင် မအောက်မေ့ကြတော့ပါဘူး။ ကျွန်တော်တို့ ကောလိပ်ရောက်စ ငါးဆယ်ခုနှစ်များအတွင်းက မန္တလေးတက္ကသိုလ်မှာ ဘရာစီယာဝတ်တဲ့ မိန်းကလေး တစ်ယောက်မှမရှိပါဘူး။ အားလုံး ဇာဘော်လီတွေပဲ ၀တ်ကြပါတယ်။ မန္တလေးက တောကျလို့ဖြစ်ချင်ဖြစ်မှာပါ။ ရန်ကုန်တက္ကသိုလ်တော့ မသိပါဘူး။ ဒီလိုနဲ့ ၁၉၅၆ ခုနှစ်ကျတော့ မေမြို့ (ပြင်ဦးလွင်) ကွန်ဗင့်က တရုတ်မလေးတစ်ယောက်က ဘရာစီယာစပြီး ၀တ်လာပါတယ်။ တစ်ခဏတာချင်း တစ်ကျောင်းလုံး အုံးအုံးကြွက်ကြွက် ဖြစ်သွားပြီး တရုတ်မလေးတက်တဲ့ အတန်းတိုင်းမှာ ကျောင်းသားတွေတရုန်းရုန်း စည်ကားနေပါတော့တယ်။ ဘာသာတွဲတူချင်းမို့ နှစ်ကစ ကောင်းကောင်းမှတ်မိနေတာပါ။ တချို့ကျောင်းသားတွေက ကော်ရစ်ဒါကနေပြီး (either or neither nor) ဗိုက်သားပေါ် ကိုက်စားမနော် လို့ နောက်ပြောင်ကြပါတယ်။ ဟော ခုတော့လည်း စင်ပေါ်တက်ပြီး ကိုယ်ဟန်တောင်ပြကုန်ကြပြီလေ။ မိန်းကလေးဆိုတာ ရောင်းကုန်ပစ္စည်းမဟုတ်ဘူးဆိုတာကို မိန်းကလေးတွေကိုယ်တိုင် သိမှသိကြပါလေစ။
မျက်နှာပြောင်တိုက်ရဲတာ
လူ့လောကကြီးတစ်ခုလုံးလိုလိုမှာပဲ ရှက်စိတ်နဲ့ ကြောက်စိတ်တွေ ပျောက်ကွယ်သွားပြီးထင်မိတယ်။ ရှေးကများ မဟုတ်တာ လုပ်မိလို့ မတော်တဆလူမိသွားရင် ခေါင်းကို မဖော်ရဲလောက်အောင် ဖြစ်နေကြတာ။ ခုခေတ်များတော့ ဘယ်မှုလိမ့်မလဲ။ မျက်နှာပြောင်တိုက်ပြီး နေရဲလိုက်ကြပုံများ မယုံနိုင်လောက်အောင်ကိုပါပဲ။ အဲဒီလောက်ကို အရှက်အကြောက်တွေ ကင်းမဲ့ကုန်ကြတာကြောင့် ဒီကိစ္စကို ကိုယ်နဲ့မဆိုင်သလို ခပ်ပေါ့ပေါ့သဘောထားပြီး မနေကြပါနဲ့။ ၀ိုင်းဝန်းစဉ်းစားအဖြေရှာကြပါလို့ပဲ မေတ္တာရပ်ခံ တောင်းပန်လိုက်ရပါတယ်ခင်ဗျား။
( Weekly Eleven News ဂျာနယ် အတွဲ(၁၄)၊ အမှတ် (၄၁) မှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment