Wednesday, June 30, 2010

2010 World Cup Quarter-final ပွဲစဉ်တွေလာတော့မည်


တောင်အာဖရိကနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဟာ အခုဆိုရင် အရှိန်အဟုန်ပြင်းပြင်းနဲ့ ချီတက်လာခဲ့တာ ကွာတားဖိုင်နယ်လ် အဆင့်ကိုတောင် ရောက်ရှိလာခဲ့ပါပြီ။ အသင်း (၈) သင်းသာ ကျန်တော့တဲ့ ဒီအဆင့်ကို တက်ရောက်လာခဲ့တဲ့ အသင်းတိုင်းဟာ သူ့အတိုင်းအတာနဲ့သူ ခြေစွမ်းပြပြီး ပြိုင်ဘက်တွေကို အလဲထိုးလာခဲ့ကြတာ ဖြစ်ပါတယ်။ နာမည်ကြီးပြီး ထမင်းငတ်ခဲ့ရတဲ့ အသင်းတွေပေါ်ထွက်ခဲ့ရသလို၊ မရွယ်ဘဲ စော်ကဲမင်းဖြစ်ခဲ့ရတဲ့ အသင်းတွေလည်း ရှိခဲ့တာပါပဲ။ မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့လို့ စိတ်ပျက်အားလျော့ခဲ့ကြရသလို ထီးလိုမင်းလိုအသင်းတွေလည်း ရှိခဲ့တာပါပဲ။ ဗူဗူဇီလာသံတွေကြားမှာ ရသအဖုံဖုံ၊ စိတ်လှုပ်ရှားမှု အစုံစုံနဲ့ လှုပ်ရှားသက်ဝင်ခဲ့တဲ့ ပန်းချီကားကြီးဟာ အခုဆိုရင် အတော်လေးကို ရုပ်လုံးပေါ်စ ပြုနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပွဲ မစခင်က ကြိုတင်ခန့်မှန်းခဲ့ကြတဲ့ မှန်းဆချက်တွေနဲ့ သိပ်မကွာလှတဲ့ အသင်းတွေပဲ ဗိုလ်လုပွဲမှာ ဆုံကြရဖို့ မြင်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်လ်အဆင့်ကို တက်ရောက်လာတဲ့ အသင်းတွေကို သမိုင်းအစဉ်အလာအရ လေ့လာကြည့်မိတဲ့အခါ အောက်ပါအတိုင်း တွေ့ရပါတယ်-

၁။ဘရာဇီးလ်
၂။ဂျာမနီ
၃။အာဂျင်တီးနား
၎။ဥရုဂွေး
၅။ဟော်လန်
၆။စပိန်
၇။ပါရာဂွေး
၈။ဂါနာ

မှတ်ချက်။ [ = ချန်ပီယံ ၊ = ဒုတိယ ]

ကမ္ဘာ့ဖလားရဖူးတဲ့အသင်း (၇)သင်း ရှိတဲ့အနက် ဒီနှစ်ကမ္ဘာ့ဖလားမှာ အသင်း(၄)သင်းသာ ကွာတားအဆင့်ကို တက်ရောက်လာနိုင်ခဲ့တာကို တွေ့ရပါတယ်။ အံ့သြစရာကောင်းတာကတော့ တောင်အမေရိကတိုက်ရဲ့ အသင်းငါးသင်းစလုံး ရှုံးထွက်အဆင့်ကို တက်ရောက်လာနိုင်ခဲ့ရာမှာ အုပ်စုပထမရခဲ့တဲ့ အသင်း (၄) သင်းစလုံး (ဘရာဇီးလ်၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေး) ကွာတားအဆင့်ကို ဆက်လက်တက်ရောက် လာနိုင်ခဲ့ပြီး အုပ်စုဒုတိယရခဲ့လို့ ဘရာဇီးလ်နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ချီလီတစ်သင်းပဲ ရှုံးထွက်အဆင့်ကနေ ထွက်ခွာခဲ့ရတာပါပဲ။ ဥရောပက အသင်း (၃) သင်းနဲ့ အာဖရိကတိုက်က အသင်း (၁) သင်း ကွာတားတက်လာနိုင်ခဲ့ပါတယ်။ ကွာတားအဆင့်မှာ လေးသင်းအထိ ပါဝင်လာနိုင်ခဲ့တဲ့ တောင်အမေရိကရဲ့ ဘောလုံးအဆင့်အတန်းကို လေးစားရမှာ ဖြစ်ပါတယ်။ ရေပန်းစားတဲ့အတိုင်းသာ အတိမ်းအစောင်း မရှိခဲ့ဘူးဆိုရင်လည်း ဗိုလ်လုပွဲမှာ ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ ဆုံတွေ့နိုင်နေတာမို့ ဥရောပပြင်ပမှာပြုလုပ်တဲ့ ကမ္ဘာ့ဖလားပွဲတိုင်းမှာ တောင်အမေရိကအသင်းတွေ ဗိုလ်စွဲတယ်ဆိုတဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းဖို့ ရှိနေပါတယ်။ အဲဒီစံချိန် ကျိုးပျက်ဖို့အတွက် ဖျက်မြင်းဖြစ်နိုင်တဲ့ အသင်းအဖြစ် ဥရောပရဲ့ စပိန်အသင်း တစ်ခုကိုပဲ မြင်မိပါတယ်။ အစဉ်အလာအရ ပြောရမယ်ဆိုရင်တော့ ဂျာမနီအသင်းကိုလည်း သတိထားရမယ့် စာရင်းထဲမှာ ထည့်ထားရပါလိမ့်မယ်။

ကွာတားဖိုင်နယ်လ်အဆင့်မှာ ဆုံတွေ့ရမယ့် ပွဲစဉ်ဇယားနဲ့ ဆက်လက်ကြုံဆုံရမယ့် အခြေအနေတွေကို အောက်ကပုံမှာ ကြည့်ရှုနိုင်ပါတယ်။ ဘယ်အသင်းတွေ အနိုင်ရပြီး ဆီးမီးအဆင့်ကို တက်လှမ်းလာဦးမလဲဆိုတဲ့ မေးခွန်းထက် အခုဆုံတွေ့မယ့် ပွဲစဉ်အခြေအနေအရ တောင်အမေရိကအသင်း (၄) သင်းစလုံး ဆီမီးအဆင့်ကို တက်လာနိုင်တဲ့ သင်္ချာသဘောတရားတစ်ခုကို မြင်နေရတာဟာ စိတ်ဝင်စားစရာပါ။ အဲဒီအတိုင်းသာ တကယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ တကယ့်ကို သမိုင်းမှတ်တမ်းသစ် ဖြစ်လာပါလိမ့်မယ်။ အဲဒီသမိုင်းသစ်ကို ကဖျက်ယဖျက် လုပ်နိုင်တာဆိုလို့ ပါရာဂွေးနဲ့ဆုံမယ့် စပိန်တစ်သင်းသာ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ အနေအထားတစ်ရပ်အဖြစ် ကျွန်တော်ကတော့ မြင်မိပါတယ်။ ဘယ်လိုတွေ ဖြစ်လာဦးမလဲ ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရုံမှတစ်ပါး ..........။

quarterfinal.jpg
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၅ နာရီ ၁၂ မိနစ်တွင်ပြီး၏။

ပေါ်တော်မူအစစ် မှိုနဲ့မျှစ်


ကိုယ့်သန္တာန်မှာ ဉာဏ်ဘုရားပေါ်အောင် လုပ်ရမှာ၊ မလုပ်ကြဘဲနဲ့ ဟိုအနား ဘုရားပေါ်တယ်ဆိုရင် သွားလိုက်ကြတာ ဆီးမရ တားမရ၊ နွားမိတ်သင်းကြီးလိုပဲကွယ့်၊ ကောင်းလိုက်တဲ့ သဒ္ဓါတရား။ ပါတာအကုန်ချွတ်လှူတာပဲ။ ပေါ်တော်မူအစစ်ဆိုတာ မှိုနဲ့ မျှစ်သာ ရှိသကွယ့်၊ အဲဒါကလွဲရင် ကိုယ့်ဘုရားကိုယ်မြှုပ်၊ ကိုယ့်အိပ်မက်ကိုယ်မြင်ပြီး လိမ်စားကြတာချည်းပဲ၊ ပေါ်တော်မူမှန်ရင် မြေထဲမြှုပ်လို့မဆွေးတဲ့ ကျောက်ဆင်းတုနဲ့ ဖန်သားဘုရားတွေချည်းပဲ၊ "ကျွန်းသား ဆင်းတု" မပါဘူး။

"ဒီလို မစဉ်းစားဘဲ အရမ်းကောင်းတဲ့ သဒ္ဓါတရားဟာ သဒ္ဓါရူး, သဒ္ဓါနှမ်းတဲ့။ ငွေကုန်ပြီး ဘာမှအကျိုးမရှိဘူး၊ အကျိုးမရှိတဲ့နေရာမှာ သဒ္ဓါတွေကကောင်း၊ အကျိုးရှိမည့်နေရာမှာ သဒ္ဓါတရားမကောင်း၊ ဘယ်ကလာပြန်ပြီး မြန်မာတွေ ကောင်းစားမလဲကွဲ့၊ ကြည့်ပါလား အလှူပေးတာလဲ မြန်မာ၊ မွဲတာလည်း မြန်မာ၊ အဲဒါ သဒ္ဓါ အချိုးမကျလို့ကွဲ့"

"မြတ်စွာဘုရားက ဆင်းရဲတဲ့လူတွေကို ကရုဏာနဲ့ ပေးကမ်းကြ၊ ထောက်ပံ့ကြတဲ့။ ဒါမှ သဒ္ဓါအစစ်ကွဲ့၊ အခုတော့ မဟုတ်တာလုပ်ပြီး ညာရင် သဒ္ဓါတရားကောင်းပြီ၊ အဲဒါ သဒ္ဓါအစစ် မဟုတ်ဘူးကွဲ့၊ ဒိဋ္ဌိတဲ့"

2010 World Cup Results (Round of 16, 29 June)


(အချိန်ပိုတွင်လည်း ဂိုးမရှိ သရေကျနေသဖြင့် ပင်နယ်တီကန်သွင်းရာ ပါရာဂွေးက ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရသည်)
အာရှတိုက်ရဲ့ တစ်ခုတည်းသော လက်ကျန်မျှော်လင့်ချက် ဂျပန်အသင်းနဲ့ တောင်အမေရိကရဲ့ ပါရာဂွေးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲဟာ ပွဲစပြီဆိုကတည်းက အချိန်ပိုတွေအထိ ရောက်တော့မယ်ဆိုပြီး ခန့်မှန်းမိပါတယ်။ နှစ်သင်းစလုံးဟာ ဖွင့်ကစားခဲ့ခြင်းမရှိဘဲ တစ်သင်းအမှားကို တစ်သင်းကစောင့်ရင်း တစ်ချက်တစ်ချက်မှသာ ထိုးဖောက်ကစားခဲ့ကြပါတယ်။ တစ်သင်းသင်းက အပြတ်အသာ အသာစီးရနိုင်တာမျိုး မရှိမှန်းလည်း သိနေတာမို့ နှစ်သင်းစလုံးက ကစားသမားတွေဟာ ခွန်အားကို ချွေကစားခဲ့ကြပါတယ်။ အဲဒါကြောင့် ပွဲဟာ ထင်သလောက် သွက်သွက်လက်လက် မရှိခဲ့ဘဲ အေးတိအေးစက်သဘော ဖြစ်နေခဲ့ပါတယ်။ အရင်ပွဲတွေမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ဂျပန်အလယ်တန်းဟာ ဒီနေ့ပွဲမှာတော့ ကစားကွက်ပျက်နေခဲ့ပါတယ်။ အထူးသဖြင့် အလယ်တန်းအဖျက် ကစားမယ့်လူ မရှိသလို ဖြစ်နေခဲ့အတွက် ပါရာဂွေးအသင်းရဲ့ တိုက်စစ်ဆင်မှုတွေဟာ ဂျပန်နောက်တန်းတွေနဲ့ ထိပ်တိုက်တွေချည်း ဆုံခဲ့ရပါတယ်။ ရှေ့တန်းမှာ ဟွန်ဒါတစ်ဦးတည်း ရုန်းကန်ခဲ့ရပြီး အလယ်တန်းက အန်ဒိုကလည်း အမှားများခဲ့ပါတယ်။ ပါရာဂွေးကလည်း တန်ပြန်တိုက်စစ်တွေကနေသာ အဓိကတိုက်စစ်ဆင်ခဲ့ပေမယ့် အဆုံးသတ်ညံ့ဖျင်းတဲ့ တိုက်စစ်မှူးတွေကြောင့် ဂိုးမရခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ချီးကျူးသင့်တာကတော့ ဂျပန်နောက်တန်း ကစားပုံဖြစ်ပါတယ်။ ဂိုးရလုလု အနေအထားများစွာ ဖြစ်ခဲ့ပေမယ့် ဂျပန်နောက်တန်းဟာ ကြံ့ကြံ့ခံပြီး ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ရှေ့တန်းမှာ အထောင်တိုက်စစ်မှူး ကစားတဲ့ ဟွန်ဒါဆီကို ဘောလုံးမရတဲ့အတွက် သူကိုယ်တိုင် အလယ်တန်းအထိ ဘောလုံးဆင်းယူပြီး ကစားကွက်ပုံဖော်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူနဲ့တွဲကစားမယ့် အရည်အသွေးမြင့် ကစားသမား မရှိခဲ့တာဟာ ဂျပန်အသင်းအတွက် နစ်နာလှပါတယ်။ ပွဲကြည့်နေရင်းနဲ့ စဉ်းစားမိတာတစ်ခုက ဂျပန်အသင်းမှာသာ ပက်ဂျီဆန်နဲ့ ဟွန်ဒါကို တွဲပေးလိုက်ရင် အတော်အလုပ်ဖြစ်နိုင်မယ် ဆိုတာပါပဲ။ ပါရာဂွေးအသင်းမှာ ထင်သလောက် ခြေစွမ်းမပြနိုင်တဲ့ တိုက်စစ်မှူးတွေကို အချိန်မီ လဲလှယ်တာ၊ ကစားကွက်ပြောင်းလဲတာ မလုပ်ခဲ့တာကလည်း နည်းပြရဲ့ အမှားတစ်ခုပါပဲ။ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဟွန်ဒါရဲ့ ကန်သွင်းချက် အနည်းငယ်ဝေ့ပြီး ဂိုးမ၀င်ခဲ့တာ၊ အလယ်တန်းက နံပါတ်-၈ ရဲ့ လှပသေသပ်ပြီး အံ့သြလောက်တဲ့ ကန်သွင်းချက် ဂိုးဘားတန်းထိပြီး ထွက်သွားခဲ့ရတာတွေဟာ ဂျပန်အသင်းအတွက် နစ်နာခဲ့ရပါတယ်။ ပါရာဂွေးအသင်းထက်စာရင် ဂျပန်အသင်းကတောင် အပေးအယူ အချိတ်အဆက် ပိုကောင်းခဲ့တယ်လို့ ပြောနိုင်ပါသေးတယ်။ မိနစ် ၉၀ အတွင်း ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် အချိန်ပို ၃၀ မိနစ် ဆက်ကစားရာမှာလည်း တစ်သင်းနဲ့တစ်သင်း ထိန်းကစားသွားပြီး ပင်နယ်တီအထိ ဆွဲခေါ်သွားခဲ့ပါတယ်။ အဲဒါကြောင့်လည်း ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်ရဲ့ နောက်ဆုံးပွဲစဉ်ကျမှ ပထမဆုံးအချိန်ပိုနဲ့ ပထမဆုံးပင်နယ်တီ ဆုံးဖြတ်မှုကို မြင်တွေ့ကြည့်ရှုခွင့် ရခဲ့ကြပါတယ်။ ပင်နယ်တီကန်သွင်းရာမှာတော့ ဂျပန်အသင်းက တစ်လုံးမ၀င်ဘဲ ပါရာဂွေးအသင်းက ၅ ဂိုးလုံးဝင်အောင် ကန်သွင်းနိုင်ခဲ့တဲ့အတွက် ဂျပန်အသင်းရဲ့ နောက်ဆုံးပင်နယ်တီကို ကန်သွင်းစရာ မလိုတော့ဘဲ ၅ ဂိုး ၃ ဂိုးနဲ့ ပါရာဂွေးအသင်း အနိုင်ရသွားခဲ့ပြီး စပိန်နဲ့ ပေါ်တူဂီအသင်း အနိုင်ရသူနဲ့ ဆုံတွေ့ရတော့မှာပါ။
hondau.png
Man of the Match - ဟွန်ဒါ (ဂျပန်)

ဘောလုံးပရိသတ်တွေအတွက် ကျေနပ်စရာ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးပြီး အလယ်တန်းအားပြု ကစားတတ်တဲ့ စပိန်အသင်းနဲ့ လျင်မြန်မှုကို အသုံးချပြီး အရည်အသွေးမြင့် ကစားသမားတွေကို အားပြုပြီး ကစားတတ်တဲ့ ပေါ်တူဂီအသင်းတို့ အားပြိုင်မှုဟာ စိတ်ဝင်စားမှုအတိ ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအလယ်တန်းဖြစ်တဲ့ ဇာဗီနဲ့ အင်နီယေစတာတို့ရဲ့ အထိုင်ချမှုမှာ အလွန်ဆိုက အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့တဲ့အတွက် စပိန်အလယ်တန်းဟာ အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒီနေ့ပွဲမှာ တောရက်စ်ဟာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်တော့ ရှာမတွေ့ခဲ့ပါဘူး။ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးသစ် ဒေးဗစ်ဗီလာကလည်း အလယ်တန်းနဲ့ အကောင်းဆုံး ချိတ်ဆက်ကစားနိုင်ခဲ့ပြီး ကိုယ်တိုင်လည်း မွှေနှောက်ထိုးဖောက်ပြီး ကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ ပေါ်တူဂီအသင်းကတော့ အသင်းလိုက်စုစည်းမှု အပိုင်းမှာ စပိန်အသင်းကို မယှဉ်နိုင်ခဲ့ဘဲ စီရော်နယ်လ်ဒိုကို အားပြုကစားတဲ့ ကစားကွက်နဲ့ပဲ အဓိကယှဉ်ပြိုင်သွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုကိုပဲ ထိန်းချုပ်ကစားရမယ်ဆိုတာ သိနေတဲ့ စပိန်နောက်တန်းအတွက် အရာရာလွယ်ကူခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ စီရော်နယ်လ်ဒိုဆီကပဲ ဘောလုံးထွက်နိုင်တာကို သိထားတဲ့အတွက် နှစ်ယောက်သုံးယောက် လူကပ်ကစားပြီး ဘောလုံးပျက်အောင် ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းမှာ ဒန်နီမပါတာဟာ သိသာခဲ့ပါတယ်။ ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး။ ဒုတိယပိုင်း ၆၃ မိနစ်မှာတော့ စပိန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဂိုးသွင်းစက် ဒေးဗစ်ဗီလာက သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီတို့အနေနဲ့ ချေပဂိုးရဖို့အတွက် ခပ်ကြမ်းကြမ်း တုံ့ပြန်ကစားခဲ့ပေမယ့်လည်း လိုအပ်တဲ့ ချေပဂိုးကိုတော့ မရရှိခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ တံတောင်ထုတ်ပြီး ကစားခဲ့တာကြောင့် ရီကာဒိုကော်စတာ အနီကတ်လက်ဆောင် ရခဲ့လိုက်ပါသေးတယ်။ အုပ်စုအဆင့်မှာ လှုပ်လီလှုပ်လဲ့နဲ့ တက်လာခဲ့တဲ့ ဥရောပချန်ပီယံ စပိန်အတွက်တော့ ပေါ်တူဂီကို အနိုင်ရရှိခဲ့တာကြောင့် ဂျပန်ကို ကျော်ဖြတ်လာတဲ့ ပါရာဂွေးနဲ့ ဆုံတွေ့ရတော့မှာပါ။
xavit.png
Man of the Match - ဇာဗီ (စပိန်)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၁ နာရီ ၄၈ မိနစ်တွင်ပြီး၏။

မောင်ကောင်းထိုက်၏ ဟာသပဒေသာ


ဖြစ်လာမယ့် အကျိုးဆက် (ဆိုဗီယက်ခေတ်က ဟာသတစ်ခု)
"ဘာအလုပ်မှ မလုပ်ဘဲ သူများဆီမှာ ကပ်စား၊ တောင်းစားနေတဲ့ အခြေအနေမဲ့တွေကို ထောင်ထဲပို့မယ့်အစား နိုင်ငံခြားကို နှင်ထုတ်လိုက်ရင် မကောင်းဘူးလား"
"ဟာ... သွားမလုပ်နဲ့၊ ဒီလို အခြေအနေမဲ့တွေ တဖြည်းဖြည်း သန်းနဲ့ချီပြီး တိုးလာလိမ့်မယ်"

ပျားရည်မဟုတ်ပါ
အဖေလုပ်သူ ဗော့ဒ်ကာပုလင်းကို တစ်ဦးတည်း ဖြိုနေသည်။ သားငယ်က ခပ်လှမ်းလှမ်းမှနေ၍ ခါးထောက်ပြီး ရွံရှာစွာ ကြည့်သည်။
"ဟေ့ကောင်၊ ငါ့ဆီလာစမ်း"
"အဖေ၊ မလာပါရစေနဲ့"
"လာလို့ ငါ ပြောနေတယ်၊ ရော့ သောက်စမ်း"
"ဟာ အဖေ၊ မလုပ်ပါနဲ့"
"သောက်လို့ ငါ အမိန့်ပေးနေတယ်"
အဖေပေးသောခွက်ကို ချာတိတ် သောက်ချလိုက်သည်။
"ထွီ၊ ခါးလိုက်တာ"
"အေး၊ မင်းအမေက ငါ ပျားရည်သောက်နေတယ်လို့ ထင်နေတယ်၊ ဟင်း"

ဘ၀င်မမြင့်နဲ့
ညစာစားပွဲတစ်ခုတွင် နာမည်ကြီး သမားတော်ကြီးသား ဆရာဝန်ပေါက်စက ကျန်ဧည့်သည်များရှေ့တွင် မိမိကိုယ်မိမိ ကိုယ်ရည်သွေးနေသည်။
"ကျွန်တော်ဟာ ကျွန်တော့်အဖေရဲ့ ဦးနှောက်ကို အမွေရလိုက်တယ်လို့ ဆိုကြတယ်ခင်ဗျ"
"အဲဒါဆို ခင်ဗျားမှာ ညီအစ်ကိုမောင်နှမတွေ အတော်များမှာပဲနော်"
"ဘာဖြစ်လို့ မေးတာလဲ"
"သြော်- အဖေ့ဦးနှောက်ကို မောင်နှမတွေ အချင်းချင်း နည်းနည်းစီ ခွဲယူရတယ် မဟုတ်လား"

ကြော်ငြာ
စက်ရုံ၏ အ၀င်တံခါး၌ တွေ့ရသော ကြော်ငြာစာ။
"အလုပ်လုပ်နေရမှ ကျေနပ်သူ ဖြစ်သည်ဆိုပါလျှင် ကျွန်ုပ်တို့၏ စက်ရုံ၌ သင် ကျေနပ်မှု အများကြီး ရပါလိမ့်မည်"

ကျောက်ခေတ်
"ဖေဖေ၊ ကျောက်ခေတ်ဆိုတာ ဘာကို ခေါ်တာလဲဟင်"
"ဘယ်အရာကိုမဆို ကျောက်နဲ့လုပ်တဲ့ကာလကို ပြောတာ"
"ဘာလဲ၊ ရုပ်မြင်သံကြားစက်ကိုလည်း ကျောက်နဲ့လုပ်တာပဲလားဟင်"

ယောက်ျား
ယောက်ျားက ဇနီးသည်အား ကားတံခါးဖွင့်ပေးလျှင် ကားသစ်သော်လည်းကောင်း ဖြစ်ရမည်၊ သို့မဟုတ် ဇနီးသစ် ဖြစ်ရမည်။

ဆိုလိုရင်း
"ရှင့်လောက် တော်တဲ့လူ မရှိဘူး" ဟု မိန်းမက ယောက်ျားကိုပြောလျှင် ဤလို ထုံထိုင်းညံ့ဖျင်းသော ယောက်ျားမျိုး နောက်ထပ်ရှာမတွေ့နိုင်တော့ဟု သူမ နားလည်၍ ဖြစ်သည်။

ကြီးကြပ်သူ
"ရဲသားတွေ ဘာဖြစ်လို့ သုံးယောက်တစ်တွဲ သွားကြတာလဲ"
"တစ်ယောက်က စာဖတ်တတ်တယ်၊ ဒါပေမယ့် စာမရေးတတ်ဘူး၊ နောက်တစ်ယောက်က စာရေးတတ်တယ်၊ ဒါပေမယ့် စာမဖတ်တတ်ဘူး၊ တတိယရဲ့ သူတို့နှစ်ယောက်ကို ကြီးကြပ်တဲ့သူ၊ သူက စာမရေးတတ်ဘူး၊ ဖတ်လည်း မဖတ်တတ်ဘူး"

မိတ်ဆက်ချင်တယ်
ကောင်လေးက ကောင်မလေးကို ချစ်စကားဆိုသည်။
"ကိုယ်ဟာ ကိုယ့်မိတ်ဆွေ ကိုဘမောင်လို မချမ်းသာဘူး၊ သူ့လို တိုက်ကြီးတာကြီးနဲ့ မနေနိုင်ဘူး၊ အပျံစားကားလည်း မရှိဘူး၊ ဆန်စက်၊ သစ်စက်တွေလည်း မပိုင်ဘူး၊ ဒါပေမယ့် မင်းကို ကိုယ် အင်မတန်ချစ်တယ်"
ကောင်မလေးက ပြန်ဖြေသည်။
"ကျွန်မကလည်း ရှင့်ကို ချစ်ပါတယ်၊ ဒါနဲ့ စကားမစပ် အဲဒီ ကိုဘမောင်နဲ့ ကျွန်မကို မိတ်ဆက်ပေးပါလားဟင်"

ချစ်တဲ့အကြောင်းပဲ ပြောပါ
"ရှင် ကျွန်မကို ချစ်တယ်နော်"
"သိပ်ကို ချစ်ပါတယ်"
"အဲဒါဆို ဘယ်တော့ လက်ထပ်ကြမလဲဟင်"
"ဟေ့ ဟေ့၊ ခေါင်းစဉ်ကို ဗြုန်းစားကြီး ပြောင်းမပစ်နဲ့လေ"

ဓာတုဗေဒပညာရှင်
ပါမောက္ခ - "၁၇ ရာစုနှစ်က ဓာတုဗေဒပညာရှင်တွေအကြောင်း တစ်ခုခု ပြောပြနိုင်မလား"
ကျောင်းသား - "ဟုတ်ကဲ့၊ သူတို့အားလုံး သေသွားပါပြီ"

အခြေခံလမ်းစဉ်


  1. မိမိအတွင်းစိတ်နှင့် စွမ်းရည်ကို ဆန်းစစ်၍ ဘ၀အထုံကို ရှာပါ။
  2. ဘ၀ကံကြောင့် မိမိ လိုချင်သည့် ပန်းတိုင်သို့ တိုက်ရိုက် မသွားနိုင်စေဦးတော့၊ အစားထိုး အောင်မြင်နိုင်သည်ကို သတိရပါ။
  3. ထိုပန်းတိုင်သို့ ရောက်နိုင်ရန် ဆု မတောင်းပါနှင့်၊ ဆုပန်ပါ။ (ခိုင်မာသော အဓိဋ္ဌာန်ချပါ)
  4. ကြိုးပမ်းနေခိုက်တွင် မုချ ကြုံရမည်ဖြစ်သော လောကဓံကို သည်းခံရင်ဆိုင်နိုင်အောင် စိတ်ကို လေ့ကျင့်ထားပါ။
  5. ငယ်ငယ်ရွယ်ရွယ်နှင့် မသေနိုင်အောင် ဂရုစိုက်ပါ။ ကျန်းမာအောင် နေပါ။ (သေလျှင် ဘာမျှ မလုပ်နိုင်၊ မကျန်းမာလျှင်လည်း ဘာမျှ မလုပ်နိုင်။ ဘာမျှ မလုပ်နိုင်လျှင် ဘာမျှ မဖြစ်နိုင်ကြောင်း သတိရပါ)
  6. တာဝန်သိ လူကြီးများက မိမိတို့အတွက် ရေးထားပေးခဲ့သော စာ၊ လုပ်ပေးခဲ့သမျှ အသီးအပွင့်ကို ရအောင်ဆည်းပူးပါ။
  7. ကိုယ့်အလှည့် ရောက်လာလျှင်လည်း မျိုးဆက်သစ်အတွက် တစ်ခုခု လုပ်ပေးရမည်ဟူသော တာဝန်သိစိတ်ကို ယခုကတည်းက မွေးပါ။
aungthin.gif
အောင်သင်း
နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ
သင့်ဘဝ

Tuesday, June 29, 2010

ကျွန်တော်နှင့် နားမလည်နိုင်ခြင်းများ


ခေါင်းစဉ်မှာဖတ်ရတဲ့အတိုင်း ကျွန်တော်နားမလည်တဲ့ အကြောင်းအရာလေးတွေကို ဖောက်သည်ချမလို့ပါ။ တစ်ခါတလေမှာ မြန်မာလိုပြောလိုက်ပေမယ့် မြန်မာစစ်စစ်ဖြစ်တဲ့ ကျွန်တော်ကိုဉာဏ် နားမလည်နိုင်တာတွေ၊ မြန်မာလိုရေးထားတာတွေ ဖြစ်ပေမယ့် ဘာအဓိပ္ပါယ်လဲဆိုတာ နားလည်လို့မရတာတွေ၊ စသည်စသည်ဖြင့် အများကြီးပေါ့ဗျာ။ အစကတော့ နည်းနည်း၊ နောက်တော့ တဖြည်းဖြည်းများလာပြီး ကျွန်တော်ကိုဉာဏ်ရဲ့ ရင်ဘတ်ကြီးထဲမှာ နားမလည်နိုင်တဲ့အရာတွေ ပြည့်လာခဲ့တယ်ဗျ။ အဲဒါကြောင့် ရင်ဘတ်ထဲမှာ သိမ်းမထားတော့ဘဲ ဘလော့ဂ်ပေါ်မှာ ရေးတင်ပြီး ရင်ဖွင့်လိုက်တာပါ။ ဘလော့ဂ်ဖတ်သူတွေထဲမှာ ကျွန်တော်နားမလည်နိုင်တာတွေကို ရှင်းလင်းပြောပြ ပေးနိုင်မယ့်သူတွေများ ပါလာခဲ့ရင် အမြတ်ပေါ့ဗျာ။ အဲ.. တကယ်လို့များ၊ ဒီကောင်ကိုဉာဏ်ဆိုတဲ့ကောင်ဟာ ဒါလေးတွေကိုတောင် နားမလည်ရကောင်းလား၊ ပိန်းလိုက်တဲ့ကောင်ကွာလို့ ချီးကျူးထောပနာ ပြုလာခဲ့မယ်ဆိုရင်လည်း အမုန်းမပွားဘဲ အပြုံးများနဲ့ပဲ ကြိုဆိုလျက်ရှိကြောင်းပါခင်ဗျာ။

နားမလည်နိုင်ခြင်း (၁)
အရင်အပတ်က မော်နီတာဂျာနယ် မဖတ်ရဘူး။ ဆိုင်ကပြောတာတော့ မပို့တာလို့ပြောတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ကျွန်တော့်အတွက် ချန်ထားတဲ့ဂျာနယ်ကို အခြားတစ်ယောက်ကို ရောင်းလိုက်တယ်ထင်ပြီး စိတ်တိုမိတာ အမှန်ပဲ။ ဂျာနယ်က လိုက်ရှာဖတ်လို့ရပေမယ့် သိမ်းထားဖို့ကျတော့ အပိုင်ဝယ်ထားနိုင်မှ ဖြစ်နိုင်တာကိုး။ ဟော... မနေ့က ဂျာနယ်တွေသွားယူတော့ ဒီအပတ်လည်း မော်နီတာဂျာနယ် မထွက်ဘူးတဲ့။ ဒါဆိုရင်တော့ သေချာသွားပြီ။ ဘာဖြစ်ရပြန်တာလဲ မသိဘူး။ ဂျာနယ်လေးတစ်စောင် ဖတ်စရာ၊ မှတ်စရာ၊ သိမ်းစရာတွေနဲ့ ထွက်လာတာမို့ သဘောကျကျေနပ်မယ်ပဲ ကြံသေးတယ်။ မထွက်လာတော့ပြန်ဘူး။ အပိတ်ခံရတာလား၊ အခြားအကြောင်းကြောင့်လား ဆိုတာကိုတော့ ကျွန်တော်မသိပါဘူး။ နောက်ဆုံးထုတ် လျှပ်တစ်ပြက်ရဲ့ လမ်းလျှောက်အယ်ဒီတာရဲ့ လမ်းလျှောက်ဒိုင်ယာရီမှာတော့ လျှပ်တစ်ပြက်နဲ့ မော်နီတာဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေးရုံးက ခေါ်တဲ့အကြောင်းကို ဖတ်လိုက်ရတယ်။

monitork.jpg

ကျွန်တော်တွေးမိတာက ဂျာနယ်တစ်စောင်ကို ဂျာနယ်တိုက်က မထုတ်ဖြစ်တာဆိုရင်လည်း ဘာကြောင့်မထုတ်ဖြစ်သလဲ ဆိုတာကို ကြိုတင်ကြေညာသင့်တယ်၊ ဒါမှမဟုတ် သတင်းထုတ်ပြန်သင့်တယ်လို့ ထင်တယ်။ စိစစ်ရေးက အကြောင်းကြောင်းကြောင့် ပိတ်တာဆိုရင်လည်း တရားဝင်သတင်း ထုတ်ပြန်သင့်တယ်။ ဘာအကြောင်းအရာနဲ့ ငြိလို့၊ ဂျာနယ်ထဲမှာပါတဲ့ ဘယ်အရေးအသားက စာပေစိစစ်ရေးမူနဲ့ မကိုက်ညီလို့ စသည်ဖြင့်ပေါ့လေ။ အခုတော့ ဘယ်သူကမှ ဘာမှမပြောဘဲ ဒီအတိုင်းကြီး နှုတ်ပိတ်နေကြတော့ စာဖတ်သူတွေက ဘာတွေဖြစ်ကုန်လဲ။ ကျွန်တော်တို့ဆီက တချို့မူတွေကို ပြင်သင့်နေပြီ။ အမြဲတမ်းရေငုံနှုတ်ပိတ်နေလို့ သူများပြောချင်ရာ ပြောတာတွေက အင်တာနက်မှာ၊ လေလှိုင်းကြားမှာ၊ ပါးစပ်ဖျားမှာ ပလူပျံအောင် ပျံ့နေပြီဆိုမှ တကယ့်အဖြစ်မှန်က ဒီလိုပါဆိုတာမျိုး ရှင်းပြနေတော့ စောစောက စကားတွေကို မကျော်နိုင်တော့ဘူး ဖြစ်ကုန်ရော။ ဘယ်လိုမှကို နားမလည်နိုင်တော့ပါဘူးဗျာ။

နားမလည်နိုင်ခြင်း (၂)
မန္တလေးအက်ဖ်အမ်ကို အချိန်အားတိုင်း နားထောင်ဖြစ်တယ်။ အဲဒီလိုနားထောင်နေတုန်းမှာ မကြာခဏ လွှင့်တတ်တဲ့ ကြော်ငြာတွေကြောင့် စိတ်ထဲမှာ ကလိကလိ ဖြစ်ရတာ ခဏခဏပဲ။ ကြော်ငြာတွေလွှင့်လို့ မဟုတ်ပါဘူး။ ကြော်ငြာပုံကို သဘောမကျလို့ပါ။ ပထမတစ်ခုကို နမူနာပြောရရင် ကုန်တိုက်တစ်ခုကြော်ငြာပါ။ သားလုပ်တဲ့သူက အမေဖြစ်သူကို ကျောင်းဖွင့်တော့မှာမို့ ကျောင်းဝတ်စုံဝယ်ပေးဖို့ ပူဆာတယ်။ သမီးလုပ်သူကလည်း လွယ်အိတ်ဆိုလား၊ ဘာဆိုလားပူဆာတယ်။ အမေဖြစ်သူက ဘာပြန်ပြောလဲဆိုတော့ အဲဒါတွေကို ၀ယ်စရာမလိုဘူး၊ ဘယ်ကုန်တိုက်မှာ ဈေးဝယ်ရင်းနဲ့ လက်ဆောင်ပေးမှာမို့ အဲဒီအခါကျရင် သားတွေ၊ သမီးတွေ လိုချင်တဲ့ဟာကို ရပြီတဲ့။ ကောင်းရော။ နောက်တစ်ခုရှိသေးတယ်။ ယောက်ျားလုပ်သူက မိန်းမဖြစ်သူကို ရွှေဆွဲပြားတစ်ခု လက်ဆောင်ပေးတယ်ပေါ့လေ။ မိန်းမက ၀ယ်လာတာလားလို့မေးတော့ မဟုတ်တဲ့အကြောင်း၊ သူတို့အမြဲသုံးနေတဲ့အရာ (ကြော်ငြာတဲ့ပစ္စည်း) က ကျေးဇူးတုံ့ပြန် ကံစမ်းမဲဖောက်ပေးတာလို့ ပြန်ဖြေတယ်။ ဒါဆိုရင် ယောက်ျားအတွက်လည်း အဆင်ပြေ၊ မိန်းမလိုချင်တဲ့ ရွှေဆွဲပြားတွေလည်း ရတာပေါ့ဆိုပြီး ခပ်တည်တည်ပဲ ကြော်ငြာသဗျ။ အင်း... ပြောရရင်တော့ မကောင်းရှိရော့မယ်။ ကျွန်တော်တို့မြန်မာတွေက ကံစမ်းမဲတို့၊ မေတ္တာလက်ဆောင်တို့၊ ကျေးဇူးတုံ့ပြန်မှုတို့ဆိုတဲ့ သကာရည်အုပ်ထားတဲ့ အရာတွေကို အတော်ကြီးကို မက်မက်မောမော ကြိုက်ကြတာပဲဗျ။ ကိုယ်လိုချင်တာကို ကိုယ့်ဘာသာကိုယ် ရအောင်ကြိုးစားမယ်ဆိုတဲ့ စိတ်ခွန်အားတွေဖြစ်လာအောင် တွန်းအားပေးမယ်၊ တိုက်တွန်းမယ်မရှိဘူး၊ ကားစီးချင်သလား၊ သူတို့ရဲ့ ဘာကိုသုံးပါ၊ တိုက်ခန်းနဲ့ နေချင်သလား၊ သူတို့ပစ္စည်းမှာပါတဲ့ ကံစမ်းမဲပေါက်ရင် နေနိုင်မယ်၊ ရွှေဆွဲပြား လိုချင်သလား၊ သူတို့တွေရောင်းတဲ့ ပစ္စည်းဗူးတွေထဲမှာ ကံစမ်းမဲအနေနဲ့ ထည့်ပေးထားတယ်၊ စသည်စသည်ဖြင့်ပေါ့လေ။ အဲဒီပစ္စည်းတွေရဲ့ ကြော်ငြာတွေ အောင်မြင်သလား၊ မအောင်မြင်ဘူးလား၊ ဆေးတွေမှာလိုပဲ အဲဒီကြော်ငြာတွေမှာရော side-effect တွေ ဖြစ်လာနိုင်သလားဆိုတာကို တွေးနေမိတယ်။

နားမလည်နိုင်ခြင်း (၃)
မပြောတော့ဘူးလို့ နေမလို့ပါပဲ။ ဒါပေမယ့် အခုလိုရင်ဖွင့်တော့လည်း ဘာမှကိုမကျန်အောင် ရင်ဖွင့်ပစ်လိုက်ချင်တာကြောင့် ပြောရဦးမှာပဲ။ သတင်းစာမှာ ရေးထားတဲ့ ကမ္ဘာ့ဖလားပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဆိုပါတော့။ မြန်မာသတင်းစာမှာ မြန်မာလိုရေးထားတဲ့ ကမ္ဘာ့ဖလားအကြောင်းကို မြန်မာဖြစ်တဲ့ ကျွန်တော်ကိုဉာဏ် ဖတ်ပြီးတော့ နားမလည်တာကတော့ အတော်ကြီးကို ဆိုးဝါးလွန်းပါတယ်။ အဲဒီသတင်းစာကိုပဲ အားပြုပြီးဖတ်ပြီး အင်တာနက်မရှိ၊ ဂြိုလ်တုစလောင်းမရှိတဲ့ ဒေသကလူတွေဆိုရင် ဘယ်လိုများနားလည်ကြမလဲလို့ တွေးလိုက်မိသေးတယ်။

wcnewsfromnewspaper.png

ပွဲကြိုသုံးသပ်ချက် ရေးထားတာက စလိုဗက်ကီးယားနဲ့ အီတလီအကြောင်းပါ။ စာဖတ်သူက သိပြီးသားပေမယ့် ပြန်ပြောပါရစေဦး။ အုပ်စု(စ)မှာ ပါတဲ့အသင်းတွေက အီတလီ၊ ပါရာဂွေး၊ စလိုဗက်ကီးယားနဲ့ နယူးဇီလန်ပါ။ ဟော.. အပေါ်မှာရေးထားတာကို ဖတ်ကြည့်ပါဦး။ စလိုဗက်ကီးယားအသင်းခမျာ အယ်လ်ဂျီးရီးယားအသင်းကို ရှုံးပြီး၊ အမေရိကန်အသင်းနဲ့ သရေတွေဘာတွေကျလို့ဗျ။ ထားပါတော့ဗျာ။ စလိုဗက်ကီးယားနဲ့ စလိုဗေးနီးယားအသင်းကို မှားရေးတယ်လို့ပဲ။ ဒါပေမယ့် ဘာမှတော့ မဆိုင်ဘူးနော်။ :D နောက်ဆုံးမှာ ရေးထားတာကလည်း ဖတ်ကြည့်ပါဦး။ "အီတလီတို့ လက်ရှိအခြေအနေမှ လွန်မြောက်အောင် နယူးဇီလန်ကို သမ္ဘာနှင့် ၀ါတို့ဖြင့်ထိန်းကာ အနိုင်သုံးမှတ်ရရှိရေး ကြိုးစားသွားမည့် ရွေးချယ်မှုမှတစ်ပါး...." ဆိုပြီး လုပ်ထားသေးသဗျ။ သူ့ဟာသူ အုပ်စုနောက်ဆုံးပွဲအဖြစ် ပါရာဂွေးနဲ့ ကန်ရမယ့် နယူးဇီလန်ကို အီတလီအသင်းက ဘာဖြစ်လို့ အနိုင်ကန်ဖို့လိုနေသလဲဆိုတာ ကျွန်တော်ကိုဉာဏ် နားမလည်နိုင်တော့ကြောင်းပါခင်ဗျား။ (မနေ့က သတင်းစာထဲမှာ အင်္ဂလန်နဲ့ ဂျာမနီပွဲအကြောင်း ရေးထားတာကိုဖတ်မိတော့ ဂျာမနီရဲ့ စတုတ္ထဂိုးကို ကလိုဆေးက သွင်းယူသွားတယ်ဆိုပြီး ခပ်တည်တည်ရေးထားတဲ့ အကြောင်းကိုတော့ မပြောတော့ပါဘူး :D) အဆိုးဆုံးကတော့ နောက်ဆုံးမှာ "ကိုးကား-အင်တာနက်" ဆိုပြီး ရေးထားတတ်တာပါပဲ။ အင်တာနက်ပေါ်က ဘယ်နေရာမှာသွားဖတ်ပြီး ဘာသာပြန်လိုက်ပါလိမ့်။ ကမ္ဘာ့ဖလားအကြောင်း ရေးချင်တာများဗျာ၊ FIFA စာမျက်နှာတစ်ခုလုံး ရှိနေတာပဲ။ ကျွန်တော့်ဉာဏ်လေးနဲ့ နားကိုမလည်နိုင်တော့ပါဘူးဗျာ။

နားမလည်နိုင်ခြင်း (၄)
အယ်လ်ဆိုင်းဇီရဲ့ "ဝေခွဲမရပါလား" စီးရီးကို ဒီလ ၃ ရက်နေ့ကတည်းက ဖြန့်ချိတယ်ဆိုတာကို မီဒီယာတွေကတစ်ဆင့် ကျွန်တော်သိထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မြို့လေးမှာ ဒီနေ့အထိ ၀ယ်လို့မရသေးဘူးဆိုရင် စာဖတ်သူက အံ့သြနေမလားပဲ။ လမ်းပန်းဆက်သွယ်ရေးတွေ၊ ဘာတွေကြောင့် မဟုတ်ရပါဘူး။ ခေတ်နောက်ကျကျန်နေခဲ့တဲ့ တောမြို့လည်း မဟုတ်ရပါဘူး။ မေးမြန်းကြည့်တော့ မန္တလေးမြို့မှာ ခိုးကူးခွေတွေကို စီမံချက်နဲ့ ဖမ်းနေလို့ပါတဲ့။ အဲဒါဆိုလည်း မူရင်းခွေတွေ တင်လေဗျာလို့ ပြောမိတော့ ကျွန်တော့်ကို အံ့သြတကြီးနဲ့ ဂြိုလ်သားတစ်ယောက်ကို တွေ့ရတဲ့ပုံစံနဲ့ ပြန်ကြည့်တယ်။ ကျွန်တော် အတော်လေးကို စိတ်တိုသွားမိတယ်။ သူတို့ကြည့်ရတာ ပေါပေါလောလော ခိုးကူးခွေတွေ မရမချင်း အဲဒီစီးရီးကို တင်ပေးမယ့်ပုံ မပေါ်ဘူး။ အင်တာနက်ပေါ်မှာ နားထောင်လို့ရပေမယ့် အခန်းထဲမှာ အေးအေးဆေးဆေး ဖွင့်ပြီးနားထောင်ချင်တဲ့အတွက် ဆိုင်တွေစုံအောင် လိုက်မေးနေမိတာပါ။ အခုထိတော့ ဘယ်ဆိုင်မှာမှ မရသေးဘူး။ တော်ပြီ၊ မန္တလေးကိုပဲ လူကြုံမှာတော့မယ်။ ခိုးကူးခွေတွေကို မ၀ယ်တော့ဘူး။ ကျွန်တော်တို့မြန်မာတွေရဲ့စိတ်က နားလည်ရခက်တယ်ဗျာ။ အင်တာနက်ပေါ်မှာ နားထောင်လို့ရတဲ့ နေရာတစ်ခုက ဒီနေရာမှာပါ။

နားမလည်နိုင်ခြင်း (၅)
ဒါကလည်း ကမ္ဘာ့ဖလားနဲ့ ပတ်သက်တဲ့အကြောင်းအရာတစ်ခုပဲ။ Eleven ဂျာနယ်တွေမှာ ပါနေတဲ့ စာသားအချို့ကို ကျွန်တော်နားမလည်နိုင်ဘူး။ သူပြောချင်တဲ့ အဓိပ္ပါယ်နဲ့ ကျွန်တော်နားလည်တာကိုကပဲ ကွဲလွဲနေတာလား မသိပါဘူး။ စာဖတ်သူတော့ ဘယ်လိုတွေးမိမယ် မပြောတတ်ဘူး။ အရင်ဆုံး ဖတ်ကြည့်ပါဦး။

freshnews.jpg

မြန်မာသတင်းသမားတစ်ယောက်အနေနဲ့ ကမ္ဘာ့ဖလားသတင်းတွေကို တောင်အာဖရိကအထိသွားပြီး သတင်းယူတာကို ၀မ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ နောင်အနာဂတ် စာနယ်ဇင်းလောကအတွက် ကောင်းတဲ့ရှေ့ပြေးတွေလို့လည်း မြင်မိပါတယ်။ ဒါပေမယ့် နားမလည်နိုင်တာက နေ့စဉ်ထုတ်ဂျာနယ် ဆိုရင်တော့လည်း တစ်မျိုးပေါ့လေ။ အခုဟာက တစ်ပတ်ကို တစ်စောင်ပဲထွက်တဲ့ (သူတို့နဲ့ဆိုင်တဲ့ ဂျာနယ်တိုင်းမှာဆိုရင်တော့ လေးစောင်ပေါ့လေ၊ တစ်ပတ်ကိုလေးစောင်ပေါ့) ဂျာနယ်တွေထဲမှာ ရေးရမယ့် သတင်းတွေပါ။ ဒီနေရာမှာ ကျွန်တော်နားမလည်တာက လတ်ဆတ်သော သတင်းအချက်အလက်ဆိုတဲ့ အသုံးအနှုန်းပဲ။ ဘာကိုဆိုလိုတာတုန်းဗျ။ အချိန်နှင့်တပြေးညီ ဆိုတာကရော? တောင်အာဖရိကနိုင်ငံမှာ လူကိုယ်တိုင်သွားယူတဲ့ သတင်းတွေမို့ လတ်ဆတ်တယ်လို့ ပြောချင်တာလား၊ အချိန်နှင့်တပြေးညီ ဖြစ်တယ်လို့ ဆိုချင်တာလား။ တိုက်ရိုက်ပေးပို့မှုဆိုတာကရော ဘာလဲဗျ။ ကျွန်တော့်ဘလော့ဂ်မှာ ကျွန်တော်ရေးနေတဲ့ ဘောလုံးသတင်းတွေက မလတ်ဆတ်ဘူးလားဗျ၊ အချိန်နှင့်တပြေးညီ မဖြစ်ဘူးလား၊ ပြီးတော့ အခုစာဖတ်နေတဲ့ ခင်ဗျားတို့ဆီကို တိုက်ရိုက်ဝေငှနေတာ မဟုတ်ဘူးလား။ ဘာတွေမှန်းလည်း မသိပါဘူးဗျာ။ မနေ့ကဖတ်ရတဲ့ Weekly Eleven ထဲမှာလည်း ပြောစရာက ပါလာပြန်သေးတယ်။ အဲဒီကိုယ်တိုင် သတင်းသွားယူနေတဲ့ အယ်ဒီတာကြီး ပေးပို့တဲ့ စာမျက်နှာဆိုပြီး ကမ္ဘာ့ဖလားအတွက် သီးသန့်စာမျက်နှာတစ်ခု ဖော်ပြထားတယ်။ အခြားသတင်းတွေကတော့ ထားပါတော့လေ။ အမေရိကန်အသင်းကို အိုဘားမားက ဖုန်းဆက်ပြီး အားပေးတယ်ဆိုတဲ့သတင်း၊ အီတလီဝန်ကြီးက အီတလီအသင်းအပေါ် ဝေဖန်တဲ့သတင်း စတာတွေဟာ တောင်အာဖရိကနိုင်ငံကနေ တကူးတက ပေးပို့ရတဲ့ သတင်းတွေလားဗျ။ မြန်မာပြည်မှာလည်း အင်တာနက်သုံးရင် သိနိုင်တဲ့သတင်းတွေပါပဲ။ တကယ်ဆိုရင် တောင်အာဖရိကရဲ့ ဘောလုံးအပေါ် ရူးသွပ်မှု၊ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် သူတို့တွေရဲ့ သဘောထား၊ ဒီပြိုင်ပွဲက သူတို့အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိသလဲ၊ သူတို့ဆီမှာ ဘောလုံးသမားတွေကို ဘယ်လိုမွေးမြူလေ့ကျင့်ပေးနေသလဲ၊ ရွက်ပုန်းသီးတွေကို ဘယ်လိုရှာဖွေကြသလဲ၊ ဒီကာလမှာ စုပြုံရောက်ရှိနေတဲ့ နာမည်ကြီးနည်းပြတွေ၊ ကစားသမားတွေ၊ အသင်းအုပ်ချုပ်သူတွေနဲ့ တွေ့ဆုံပြီး အသင်းတစ်သင်းကို ဘယ်လိုတည်ဆောက်သင့်တယ်၊ ဘယ်လိုကိုင်တွယ်သင့်တယ်၊ ပရော်ဖက်ရှင်နယ်ပီသဖို့ ဘယ်လိုလုပ်သင့်သလဲ စတာတွေကို အင်တာဗျူးသင့်တယ်၊ နောက်တောင်အာဖရိက အတွေ့အကြုံတွေကို ခရီးသွားဆောင်းပါးတွေ ရေးသင့်တယ်၊ အမှတ်တရသွားခဲ့တဲ့ နေရာတွေမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို အခြားစာဖတ်သူတွေလည်း ခံစားရအောင် ပြန်လည်ဖော်ပြတာမျိုးက ကောင်းတယ်လို့ မြင်မိတယ်။ အရေးအကြီးဆုံးက တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ အားသာချက်တွေ၊ အားနည်းချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ရေးသင့်တယ်။ အခုတော့ ဂျာနယ်တွေထဲမှာ ကျွန်တော်မြင်သလောက်ကတော့ နာမည်ကြီးတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် ဓာတ်ပုံတွဲရိုက်ပြီး အင်တာဗျူးလေး နည်းနည်းလုပ်တယ်၊ အင်တာနက်မှာ လူတိုင်းဖတ်လို့ရတဲ့ သတင်းတွေကို ကိုယ်တိုင်ယူသတင်းတွေဆိုပြီး ရေးကြီးခွင်ကျယ် လုပ်နေတာကိုတော့ နားမလည်နိုင်ကြောင်း အားနာပါးနာနဲ့ ရင်ဖွင့်လိုက်ရကြောင်းပါ။

အပေါ်ဆုံးကအဖွင့်နိဒါန်းမှာ စကားဦးသန်းခဲ့ပြီးပြီမို့ အထွေအထူး နိဂုံးချုပ်စကား မဆိုတော့ပါဘူး။ ကျွန်တော်နားမလည်နိုင်တာတွေကို နားမလည်တဲ့အကြောင်း ပြန်လည်ရင်ဖွင့်ခြင်းမှလွဲ၍ အခြားမည်သည့် အနုတ်လက္ခဏာဆောင်သော ရည်ရွယ်ချက်များမှ မရှိပါကြောင်း ရဲရဲဝံ့ဝံ့ ပြောလိုက်ပါရစေဗျာ။ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်၊ အင်္ဂါနေ့။
နေ့လည် ၂ နာရီ ၃၃ မိနစ်တွင်ပြီး၏။

စကားပုံ - ရှင်မဟာသီလ၀ံသ


ရတနာသုံးပါးကို ကြည်ညိုရိုသေလေးမြတ်ခြင်း၌ လည်ဝယ်ဆင်ဝတ်ထားသော အဘိုးအနဂ္ဃထိုက်သည့် ပုလဲကုံးရတနာကဲ့သို့၊ ဥစ္စာရှာခြင်း၌ အာယုကပ်ပတ်လုံး စားသုံးနေရမည်ကဲ့သို့၊ လှူဒါန်းပေးကမ်းခြင်း၌ ရေပြည့်အိုးကို သွန်မှောက်ဘိသကဲ့သို့၊ ပညာရှာခြင်း၌ တောသွားမုဆိုးသည် သားရှိရာအရပ် ပျပ်ဝပ်ကျိုးနွံဘိသကဲ့သို့၊ ၀ီရီယရှိခြင်း၌ တောမျောက်သည် မြေပျောက်မည်အထင်နှင့် မြေပြင်ကို တစ်ညဥ့်သုံးခါ အိပ်ရာမှထ၍ စမ်းသပ်ဘိသကဲ့သို့၊ သူတစ်ပါးဥစ္စာဖြစ်လေက စွန့်ပစ်လိုက်သော တံတွေးပေါက်ကဲ့သို့၊ သူ့မယားကို ယဉ်ပါးခြင်း၌ သူသတ်ယောက်ျားသည် လည်ဝယ်တင်ထားသော ဓားရှိသကဲ့သို့၊ သုရာမေရယစသည်၌ ဆိပ်မျိုးပြည့်သော ရေကဲ့သို့၊ မုသာဝါဒါ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း၌ မြေလက်ခတ်မလွဲ ငရဲသို့ အမြဲကျရောက်မည်ဆဲဆဲကဲ့သို့၊ ပါဏာတိပါတ၌ တစ်ယောက်တည်းသော သားကို အမိစောင့်ရှောက်ဘိသကဲ့သို့ ကြဉ်ရှောင်ကုန်ရာသည်။ သဒ္ဓါလွန်သော် ရာဂ၊ ပညာလွန်သော် မာန၊ ၀ီရိယလွန်သော် ဥဒ္ဓစ္စ၊ ချမ်းသာလွန်သော် ရာဂ၊ အသုံးလွန်သော် ဒါသ၊ အ၀တ်လွန်သော် ဣဏ၊ အစားလွန်သော် ဘယ၊ အအိပ်လွန်သော် မောဟ၊ အ၀လွန်သော် ထိန၊ တတ်သိလိမ္မာ ပညာရှိသည်မှန်စေ၊ ရေးကြီးခွင့်ကျယ်ရှိက တတ်မြောက်နိုင်ခဲသည်။ အ၀တ်အစား၊ အသုံးအဆောင်၊ အဆောက်အဦ ပြုစုကျွေးမွေး ပေးကမ်းစားသောက်ရသည်မှန်စေ၊ သူ့ကျေးဇူးကို သိခဲသည်။ နေ့ညဥ့်မပြတ် အဖန်တလဲလဲ အမြဲဆည်းကပ်မပြတ် သွားလာရသည်မှန်စေ၊ မင်းစိတ် မင်းရိပ်ကို သိခဲသည်။ ရာကြီးထူးကြီးကို သိမ်းပိုက်ရသည်မှန်စေ၊ ကိုယ့်ဖို့ဝေခြမ်းသောအခါ စုံစမ်းထောက်မျှော်ခဲသည်။ သူ့အသက် သူ့ဥစ္စာ သူ့အိမ်ရာကို ကြဉ်ရှောင်ပါ၏ ဆိုစေ၊ အခွင့်သာလျှင် ရှောင်နိုင်ခဲသည်။ တော်တည့်မှန်ကန်တရားသဖြင့် ကျင့်ပါ၏ ဆိုစေ၊ သစ္စာမှန်ခဲသည်။ ရဲရင့် တည်ကြည်ခြင်း ရှိပါ၏ဆိုစေ၊ ရန်သူတွေ့က စွန့်စားခဲသည်။ မမြင်ရာသည် ဆေးသမား။ မကြားရာသည် တရားသူကြီး။ မနှီးနှောရာသည် မင်းလုလင်။ မတိုင်ပင်ရာသည် ရှေ့နေရှေ့ရပ်။ မစေအပ်ရာသည် မိန်းမရှာ။ မလာမသွားရာသည် နတ်ဝင်။ မထင်မပေါ်ရာသည် လွှသမား။ တရားမစောင့်ရာသည် သူ့မြီစား။ မသိုထားရာသည် ကျောင်းဥစ္စာ။ မပါဝင်ရာသည် ခိုက်ရန်ပွဲ။ မဆွဲမငင်ရာသည် ရဟန်းပုဏ္ဏား။ မပွားမစီးမကြီးရာသည် ကိုယ်ရောဂါ။ ပညာကိုလိုသော် မပျင်းနှင့်။ စကားဆိုသော် မတင်းနှင့်။ ဥစ္စာကိုလိုသော် မငြင်းနှင့်။ ဘေးကိုရှောင်သော် ရန်သူ့ဘောင်သို့ မချဉ်းနှင့်။ သတင်းကြီးသော် အဖော်မရ။ အစားကြီးသော် သူ့နောက်ကျ၏။ အစားလျင်သော် အလျင်ရောက်၏။ ခရီးလျင်သော် ကြံတိုင်းမြောက်၏။ အစားပုပ်သော် အလုပ်ကြာ၏။ အသွားချုပ်သော် နေ့ရက်ကွာ၏။ အရာမရှိဘဲလျက် ပလွှားသည်။ ဥစ္စာမရှိဘဲလျက် ထောင်လွှားသည်။ ပညာမရှိဘဲ ၀ါကြွားသည်။ ညီညွတ်သည်မရှိဘဲလျက် စွန့်စားသည်။ ချစ်သူမဟုတ်ဘဲလျက် ကစားသည်။ ခရီးမဟုတ်ဘဲလျက် လာသွားသည်။ အမှုအခင်းမရှိဘဲလျက် ကြွေးမြီများသည်။ သူ့မယားကိုချစ်သော် ကွမ်းကုန်သည်။ သူ့သားကိုချစ်သော် မုန့်ကုန်သည်။ မယားကိုချစ်သော် သူတစ်ပါးနှင့် မယုံကြည်။ သားကိုချစ်သော် ပညာဖုန်သည်။ အမတ်ကိုချစ်သော် ကိုယ်လုံသည်။ ဥစ္စာကိုချစ်သော် ပြည့်စုံသည်။ ပညာကိုချစ်သော် အတတ်မျိုးစုံသည်။ ကျွန်ကိုချစ်သော် အလုံးပုံသည်။ တရားတတ်၏ မဖြောင့်။ စကားတတ်၏ မစောင့်။ တရားတတ်သော် ဖြောင့်ခဲသည်။ စကားတတ်သော် စောင့်ခဲသည်။ ပညာပင်ရှိသော်လည်း သတိရှိခဲသည်။ အမှုရှိမှ အမိကို တသည်။ အပေးရှိမှ အဖော်ရသည်။ အရေးရှိမှ အကျော်ရသည်။ မင်းကို ချစ်စေလိုသော် လက်ဆောင်။ ရန်ကို အောင်စေလိုသော် မေတ္တာ။ ဆရာကို ချစ်စေလိုသော် ချဉ်းကပ်။ အရပ်ကို ချစ်စေလိုသော် ပေးကမ်း။ ကိုယ်ချမ်းသာစေလိုသော် ချိုသာ။ အရာအထူးကိုလိုသော် ပျပ်ဝပ်။ ဖြောင့်မတ်စေလိုသော် တော်မှန်။ အလုပ်အကြံကိုလိုသော် နှီးနှော။ ရောပြွမ်းယှက်တင်လိုသော် မေးမြန်း။ စုံစမ်းလိုသော် ဆိုင်းလင့်။ အခွင့်ကိုလိုသော် ချိုသာ။ ရာကြီးထူးကြီးကိုလိုသော် စောင့်ထိန်း။ သိမ်းပိုက်စေလိုသော် သည်းခံ။ သစ္စာမှန်မှ လူသမာ။ ပညာရှိမှ လူဆရာ။ ဥစ္စာရှိမှ မှီခိုရာ။ အရံအကာရှိမှ ပြည့်စုံရာ။ လုံခြုံမှ လူလိမ္မာ။ အရာကောင်းလျှင် တစ်ချက်။ အနေကောင်းလျှင် တစ်သက်။ အဆက်ကောင်းလျှင် တနွယ်။ ၀ယ်တတ်မှ မြတ်သည်။ လာဘ်ရှိမှ ပေးနိုင်သည်။ အထိန်းအသိမ်းရှိမှ ဥစ္စာပြန့်ပွားသည်။ စကားငြိမ်သက်မှ အမျက်နည်းပါးသည်။ အစည်းအရုံးရှိမှ အမှုညီညွတ်သည်။ အရင်းရှိမှ အမြတ်အစွန်းမြင်သည်။ အသွင်အပြင်ရှိမှ လူရိုသေသည်။ အနေအထိုင်ကျစ်လျစ်မှ ချစ်သနားသည်။ စွန့်စားမှ ဥစ္စာရသည်။ စည်ပင်မှ သုံးလောက်သည်။ ကြောက်ရွံ့မှ အမှုပြီးသည်။ အကြီးအအုပ်ရှိမှ ငြိမ်သက်သည်။ အဆက်အလက်ပြန့်ပွားမှ အလိုရှိတိုင်းရသည်။ အဆိုအပြော ပြေပြစ်မှ ချစ်ဖွယ်ရှိသည်။ အညစ်အကြေးကင်းမှ သန့်ရှင်းသည်။ အတွင်းဥစ္စာရှိမှ အပဆောင်နိုင်သည်။ အကောင်အထည်ရှိမှ မပျောက်သည်။ အရောက်အလာရှိမှ အကျွမ်းဝင်သည်။ အရှင်လေးမြတ်မှ ခံ့ညားသည်။ သားမြေးရှိမှ တင့်တယ်သည်။ အရွယ်အလိုက်ဝတ်စားမှ တော်တင့်သည်။ အကျင့်ကောင်းမှ သူမြတ်ချစ်သည်။ အကျစ်အလျစ်ရှိမှ ဥစ္စာတည်သည်။ အမျိုးအမည်သိမှ ပေါင်းဖော်ရာသည်။ လာမည့်ဘေးကို အဝေးကရှောင်မှ ကင်းငြိမ်းရာသည်။ စောင့်စည်းမှ တည့်မှန်သည်။ အရံအကာရှိမှ လုံခြုံသည်။ ယုံကြည်မှ အခွင့်ပေးသည်။ ဆိုရေးဆိုခွင့်သိမှ စကားတတ်သည်။ အကျပ်အတည်းတွေ့မှ အလေ့အကျင့်ကို သိသာသည်။ ဥစ္စာဟူသည် မျက်လှည့်မျိုး။ ပညာဟူသည် မြတ်ရွှေအိုး။ အကျိုးကားလို၏ အပြစ်မတော်။ အကျော်သတင်းရှိ၏ မမြဲ။ အရိပ်အရောင်ရှိ၏ မစူးစမ်း။ အပူအချမ်းခံ၏ မပြုစု။ အမှုကားကုံ၏ မယုံ၍မသုံး။ ထုံးစံတတ်၏ လူရိုသေအောင် မကျင့်။ အခွင့်ပေး၏ ဆိုရေးဆိုအစ်ကို မသိ။ မိမိကား သိမ်းပကား၏မယားကြောင့် ကျွန်မပျော်။ လှော်ကားလှော်၏ လှေမပြေး။ ဆိုရေးဆိုအစ်ကိုသိ၏ အခွဲအခြမ်းမရှိ။ အဂတိသို့ မလိုက်ပါဟုဆို၏ နှုတ်ပေးသွန်သင်ပြုသည်။ အမှုအခင်းမရှိဟု ဆို၏ အခေါ်အချများသည်။ မယားကို မနိုင်စေနှင့်။ အသိမ်းကို မပိုင်စေနှင့်။ ကျေးကျွန်ကို မယိုင်စေနှင့်။ သစ်ပင်ကို မချိုင်စေနှင့်။ မကောင်းသောစကားကို မလှိုင်စေနှင့်။ လျှို့ဝှက်သောစကားကို မကြိုင်စေနှင့်။ ရန်သူကို မဆိုင်လေနှင့်။ မင်းကို မပြိုင်လေနှင့်။ ပိုင်ကားပိုင်၏ အခွင့်အရာမသိ။ ဥစ္စာရှိ၏ မပေးမလှူ။ လူအရည်ကားကောင်း၏ မစောင့်မထိန်း။ ငြိမ်းကားငြိမ်း၏ ကုသိုလ်မဖြစ်။ အစစ်အမေးတတ်၏ ဓမ္မသတ်ကိုမကျွမ်း။ ဆိုလမ်းဆိုအစ်ကိုသိ၏ မျက်နှာရှိရာပါသည်။ ပညာရှိ၏ လောဘနိုင်ငံသို့လိုက်သည်။ မရိုက်မီက ငိုနှင့်သည်။ မလာမီက ကြိုနှင့်သည်။ မပြောမီက ဆိုနှင့်သည်။ မစားမီက မျိုနှင့်သည်။ မချေးမီက လိုနှင့်သည်။ မြင်းကမလှုပ် ခုံတိုင်လှုပ်။ အိုးကားမဆူ စလောင်းဆူ။ အယူမတတ် မဖြောင့်မတ်။ စကားတတ်၏ ပါဌ်ကားမပြေ အနက်ပြေ၏။ ဆိုလေသမျှ၊ ထိုသူကသည်၊ လောကကပ်ခါ၊ ပညာရှိသူ၊ မှတ်နာယူ၍၊ ကြည်ဖြူလှစွာ၊ ဤသည့်စာကို၊ ကြားခါခဏ၊ သတိရအောင်၊ မော်ကွန်းထောင်သည်၊ တန်ဆောင်ဆီမီးပမာတည်း။

2010 World Cup Results (Round of 16, 28 June)


နှစ်သင်းစလုံးဟာ ကျွန်တော်ကြိုက်နှစ်သက်တဲ့အသင်းတွေ မဟုတ်တာမို့ အစတုန်းက မကြည့်တော့ဘူးလို့ ဆုံးဖြတ်ထားတာပါ။ ဒါပေမယ့်လည်း အခန်းထဲမှာ စာဖတ်နေရင်းနဲ့ ဘောလုံးပွဲကြည့်နေတဲ့ တီဗီဆီကနေ ထွက်လာတဲ့ ဗူဗူဇီလာအသံတွေက စာဆက်ဖတ်ဖို့ အခွင့်အရေးမပေးတော့ပါဘူး။ ဟိုးအရင်တုန်းကတော့ ဟော်လန်အသင်းကို အသေအလဲ ကြိုက်ခဲ့ဖူးပါတယ်။ ကလူးဗတ်တို့၊ အဂ္ဂါဒေးဗစ်တို့၊ ဒီဘိုးဝါးညီနောင်တို့၊ ဒင်းနစ်ဘားကင့်တို့၊ နစ္စရယ်ရွိုင်းတို့၊ ဆီးဒေါ့ဖ်တို့ ခေတ်ကောင်းစဉ်အခါက ကစားခဲ့တဲ့ ဟော်လန်ရဲ့ ကစားဟန်ကို စွဲမက်ခဲ့ဖူးတယ်။ Total Football ဆိုတဲ့ ကစားနည်းကို သေသေချာချာ နားမလည်ခဲ့ပေမယ့် ကစားတဲ့စတိုင်လ်ကို သဘောကျလွန်းလို့ ဟော်လန်ကို အားပေးခဲ့ဖူးတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ဟော်လန်အသင်းမှာ လူကောင်းတွေ၊ ကမ္ဘာကျော်တွေ များလာတာမှန်ပေမယ့် အရင်လိုမျိုး လှလှပပကစားပြီး ဘောလုံးရသတွေပေးနိုင်မှု နည်းပါးသွားတာ တွေ့ရတယ်။ ထားပါတော့လေ။ စကားတွေ ဘေးချော်သွားပါတယ်။ မနေ့ညကပွဲမှာ ကျွန်တော်ကိုင်တိုင်ကပဲ စိတ်မပါလက်မပါနဲ့ ကြည့်မိလို့လား၊ ဘောလုံးပွဲကိုကပဲ မကောင်းတာလားတော့ စာဖတ်သူပဲ ဆုံးဖြတ်ပါတော့။ ကျွန်တော့်အမြင်သက်သက် ပြောရရင်တော့ ကစားခဲ့ပြီးသမျှ ရှုံးထွက်အဆင့် ပွဲစဉ်တွေထဲမှာ အညံ့ဆုံးပွဲပါပဲ။ နှစ်သင်းစလုံးဟာ နိုင်လိုစိတ်မရှိ၊ အင်တိုက်အားတိုက်မရှိ၊ ဖျော်ဖြေမှုမရှိဘဲ ပေါ့တိပေါ့ပျက်၊ အေးတိအေးစက် ကစာသွားလိုက်ပုံများက လက်ဖျားခါလောက်ပါတယ်။ ဘောလုံးပွဲ ကြည့်နေရင်းနဲ့ အတူကြည့်မိတ်ဆွေတွေကိုတောင် ကျွန်တော်နောက်မိပါသေးတယ်။ ဒီနေ့ပွဲနိုင်တဲ့အသင်းကို ဗုံးခွဲလုပ်ကြံမယ်လို့ သတင်းထွက်နေလို့ အဲဒီလိုတွေ ကစားနေကြတာလို့။ သူတို့ကစားသွားတဲ့ ပုံစံကလည်း ကြည့်ပါဦးလေ။ ကိုယ့်ရှေ့က ဖြတ်သွားတဲ့ ဘောလုံးကိုတောင် မသိချင်ယောင်ဆောင်ပြီး လမ်းလျှောက်နေတယ်။ တစ်ဖက်အသင်းက ဘောလုံးရသွားရင် အဲဒီဘောလုံး မပျက်မချင်း လိုက်ချင်ယောင်ဆောင်ပြီး ဟိုပြေးဒီပြေး လုပ်ပြတယ်။ ကိုယ့်အသင်း ဘောလုံးရရင်လည်း ပေးချင်တဲ့နေရာပေးတယ်။ လူပေးမှားတာ၊ လူမရှိတဲ့နေရာကို ဘောလုံးခင်းပေးတာ စတာတွေကတော့ ပြောမနေနဲ့တော့၊ ရေကိုမရေနိုင်ဘူး။ ရော်ဘင်သွင်းသွားတဲ့ ပထမဂိုးဆိုရင်လည်း ဂိုးဝင်ချင်လို့ကို ၀င်သွားတာ။ နောက်တန်းကလည်း သေသေချာချာ မဖျက်ထုတ်ဘူး၊ မဟန့်တားဘူး၊ ဂိုးသမားကလည်း ဂိုးရှေ့ထွက်ပြီး ဘာလုပ်နေမှန်းမသိဘူး၊ ရော်ဘင်ကလည်း ရမ်းကစ်မှန်းကစ်နဲ့ ကန်ထည့်လိုက်တယ်၊ ဂိုးသမားကလည်း ဂိုးဖြစ်ရုံ ဘောလုံးတစ်လုံးစာလောက် လွတ်သွားပြီး ဘောလုံးကလည်း မ၀င်ချင်ဝင်ချင်နဲ့ ဂိုးပိုက်ထဲကို ပြေးဝင်သွားရတယ်။ ဟော... ဂိုးသွားလို့ အောင်ပွဲခံတာကိုလည်းကြည့်ဦး။ ဂိုးဝင်သွားတာကိုတောင် မပျော်သလို၊ စိတ်မပါသလိုနဲ့။ တီဗီကနေ ကြည့်နေရတဲ့လူကိုတောင် စိတ်ဓာတ်အကြီးအကျယ် ကျသွားစေတယ်ဆိုတော့ အဲဒီကွင်းထဲမှာ ကြည့်နေတဲ့ပရိသတ်တွေ ဘယ်လိုများ နေကြပါလိမ့်။ ဒုတိယပိုင်းမှာ ရှနိုက်ဒါက တစ်ဂိုးထပ်သွင်းတယ်။ နှစ်ဂိုးပြတ်နဲ့ ပြီးတော့မယ်ပေါ့။ အချိန်ပိုမှာတော့ စလိုဗက်ကီးယားက ပင်နယ်တီရတယ်။ အသင်းရဲ့ ဂိုးသွင်းသူရဲကောင်း ဗီတက်ခ်ကပဲ သွင်းယူသွားတယ်။ ပထမဆုံး ၀င်ပြိုင်တဲ့ ကမ္ဘာ့ဖလားမှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တယ်ဆိုတဲ့ သမိုင်းမှတ်တိုင်သစ်ကို ရေးထိုးပြီးသကာလ စလိုဗက်ကီးယားတို့ ကြည်ကြည်ဖြူဖြူပဲ အိမ်ပြန်သွားခဲ့ကြပါပြီ။ စိတ်မပါလက်မပါ ဟော်လန်ကတော့ ဘရာဇီးလ်နဲ့ ချီလီအသင်း နိုင်လာတဲ့သူနဲ့ ထိပ်တိုက်တွေ့တော့မှာပါ။ ဘယ်သူနိုင်မလဲဆိုတာကို ကြိုတင်သိနေတဲ့အတွက် ကြိုတင်ပြီးတော့များ စိတ်ဓာတ်ကျပြီး ၀မ်းနည်းနေကြသလား ဆိုတာကိုတော့ လိမ္မော်ရောင် တပ်သားတွေမှတစ်ပါး ဘယ်သူတွေ သိနိုင်မလဲဗျာ။ ရှုံးထွက်အဆင့်မှာ လုံးဝကို ကြည့်ရတာမတန်တဲ့ ပွဲစဉ်တစ်ခုပါ။
robben.png
Man of the Match - ရော်ဘင် (ဟော်လန်)

တောင်အမေရိကတိုက်က ငါးသင်းစလုံး အုပ်စုအဆင့်ကနေတက်တယ်။ အသင်းလေးသင်းက အုပ်စုပထမအဖြစ်နဲ့ တက်လာတယ်။ တစ်သင်းကတော့ အုပ်စုဒုတိယပဲ ရခဲ့တယ်။ အဲဒီအသင်းက ချီလီ။ အုပ်စုအဆင့်မှာသာ စပိန်ကို သရေကစားနိုင်ခဲ့မယ်ဆိုရင် အုပ်စုပထမအဖြစ်နဲ့ ပေါ်တူဂီနဲ့ ရင်ဆိုင်ရမှာ။ အဲသလိုသာဆိုရင် ဘရာဇီးလ်နဲ့ ထိပ်တိုက်တွေ့တာထက်တော့ အခြေအနေကောင်းနိုင်တယ်။ အခုတော့ အုပ်စုဒုတိယပဲ ရခဲ့တဲ့အတွက် မတွေ့ချင်တဲ့ အသင်းနဲ့ တွေ့ရတော့တာပေါ့။ ရှုံးထွက်အဆင့်မှာ တွေ့ရတဲ့အသင်းကလည်း တောင်အမေရိကရဲ့ ထိပ်သီးဘရာဇီးလ်။ ဒေသတွင်းမှာ ပြိုင်ဘက်ဖြစ်သလို၊ သမိုင်းမှတ်တမ်းအရလည်း ချီလီတို့ အသာစီးမရခဲ့ဘူး။ အဲဒါကြောင့် ချီလီတို့အတွက် ဒီပွဲဟာ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်မို့ အလျှော့မပေးခဲ့ပါဘူး။ သူတင်ကိုယ်တင် ယှဉ်ကစားခဲ့တာကြောင့် အတော်လေးကို ကြည့်ကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အစောပွဲမှာ စိတ်တိုဒေါသထွက်ခဲ့ရတာတွေ ကြက်ပျောက်၊ ငှက်ပျောက် ဖြစ်သွားခဲ့ရတယ်။ မြန်လိုက်တဲ့ကစားပွဲ၊ လှလိုက်တဲ့ ကစားကွက်၊ ပြလိုက်တဲ့ ကျွမ်းကျင်မှု၊ သွင်းလိုက်တဲ့ဂိုးတွေဆိုတာ ပြောစရာကို မရှိဘူး။ ဘရာဇီးလ်အသင်းကို တစ်ကမ္ဘာလုံးက ဘာကြောင့်အထင်တကြီး ရှိနေရသလဲဆိုတာ မနေ့ညကပွဲမှာ ထင်ထင်ရှားရှား သိခွင့်ရလိုက်တယ်။ အင်္ဂလန်အသင်း ဘောလုံးရရင် ဘယ်လိုဖြန့်မယ်၊ ဘယ်လိုကန်မယ်ဆိုတာ ပရိသတ်တွေ ပုံဖော်နိုင်ကြတယ်၊ စပိန်အသင်း ဘောလုံးရရင်လည်း ဘယ်သူ့ကိုတည်ပြီး ကစားကွက်ဆင်မယ်၊ ဘယ်သူ့ဆီရောက်ရင် ဂိုးရနိုင်တယ်ဆိုတာကို ခန့်မှန်းနိုင်တယ်၊ ပေါ်တူဂီအသင်း ကစားဟန်ကလည်း ဘယ်လိုရှိတယ်၊ ဘယ်သူ့ကို အသေကပ်လိုက်ရင် ပွဲပြီးပြီဆိုတာကို ပရိသတ်တိုင်း သိပြီးသားဖြစ်တယ်။ ဟော... ဘရာဇီးလ်အသင်းကတော့ ဘယ်အသင်းနဲ့မှကို မတူဘူး။ သူတို့ကစားကွက်ကို ခန့်မှန်းလို့မရဘူး၊ သူတို့ကစားနေတဲ့ ပုံစံကို နာမည်တပ်လို့မရဘူး၊ ဘယ်သူက အဓိက,ကစားသမားလဲဆိုတာ မဝေခွဲနိုင်ဘူး၊ ဘယ်သူက ဂိုးသွင်းမယ့်လူလဲဆိုတာလည်း သတ်သတ်မှတ်မှတ် မရှိဘူး၊ ကြုံတဲ့လူက ဂိုးသွင်းတယ်၊ ကွင်းထဲက ဆယ်ယောက်လုံးက တစ်ယောက်တစ်မျိုးစီနဲ့ စကေးလ်ပြတယ်၊ ဘောလုံးပေးတာက ဘယ်လိုမှ နားမလည်နိုင်တဲ့ ပေးဟန်တွေနဲ့၊ ဂိုးသွင်းတော့မယ်လို့ ထင်တဲ့အချိန်မှာ ဘောလုံးက နောက်တန်းကို ပြန်ရောက်သွားတယ်၊ အေးအေးဆေးဆေး ဘောလုံးထိန်းနေပြီလို့ ထင်နေတဲ့အချိန်ကျတော့ ဂိုးသွင်းသွားတယ်၊ တိုက်စစ်မှူးတွေကို ထိန်းချုပ်နေတဲ့အချိန်မှာ နောက်တန်းကလူက ၁၈ ကိုက်ထိပ်မှာလာပြီး ဂိုးသွင်းတယ်။ ပြောလို့ကို မကုန်နိုင်ဘူး။ ရော်ဘင်ဟိုတို့၊ ကာကာတို့ ဘောလုံးရသွားရင် ဘောလုံးဆွဲပြေးတာလား၊ ဆမ်ဘာကနေတာလားတောင် ထင်မှတ်မှားရတယ်။ ညက်ညက်ညောညော၊ ပျော့ပျော့ပျောင်းပျောင်းနဲ့ ဘောလုံးဆွဲယူသွားပုံက ကြော်ငြာရိုက်ဖို့ သရုပ်ပြနေသလားတောင် ထင်ရတယ်။ ဘရာဇီးလ်အသင်းက အဲဒီလိုတွေ ကစားနေတဲ့အတွက် ချီလီအသင်းကိုလည်း လျှော့မတွက်လိုက်နဲ့ တောင်အမေရိကဟန်နဲ့ ဘောလုံးကျွမ်းကျင်မှုကို ဦးစားပေးပြီး အပြန်အလှန် ကစားသွားပုံက ချီးကျူးချင်စရာ။ ဒါပေမယ့်လည်း ဘရာဇီးလ်နဲ့ ချီလီကြားက ကွာခြားချက်ဟာ ကြီးမားလွန်းနေခဲ့တာ အမှန်ပါပဲ။ ဘရာဇီးလ်က ကန်နေတဲ့ ၁၀ ယောက်လုံးက တစ်ယောက်တစ်မျိုးစီ ဒုက္ခပေးနေတဲ့အချိန်မှာ ချီလီကတော့ အရေအတွက်နည်းနည်းနဲ့ အဓိက,ကစားသမားတွေကို အားပြုတဲ့ပုံစံနဲ့ ကစားခဲ့ရတာမို့ ဘယ်လိုမှ အသာစီးမရခဲ့ဘူး။ အဲဒါကြောင့်လည်း ဂျူအန်ရဲ့ ခေါင်းတိုက်ဂိုးကို ပထမဆုံး ခွင့်ပြုလိုက်ရတယ်။ တစ်ခါထပ်ပြီး ရော်ဘင်ဟို၊ ကာကာ၊ ဖေဘီယာနို တွဲလုံးကနေ ဂိုးသမားကိုပါလိမ်ပြီး ဂိုးသွင်းယူသွားလိုက်ပုံက ဘရာဇီးလ်ဟန်အစစ်။ အရင်တုန်းက ဘရာဇီးလ်ရဲ့ ဂိုးသွင်းစက်ကြီး ရိုနယ်လ်ဒို သွင်းယူတဲ့ပုံစံတွေနဲ့ တစ်ထပ်တည်းပဲ။ ရော်ဘင်ဟိုရဲ့ လျင်မြန်မှု၊ ကာကာရဲ့ အကွက်မြင်မှု၊ ဖေဘီယာနိုရဲ့ နေရာယူတတ်မှုနဲ့ အဆုံးသတ်သေချာမှုကို ချီလီတို့ မဟန့်တားနိုင်တာ အဆန်းတော့ မဟုတ်ပါဘူး။ နှစ်ဂိုးပြတ်နဲ့ ရှုံးနေပြီဖြစ်တဲ့အတွက် ချီလီတို့အတွက် အိမ်ပြန်ဖို့ သေချာနေပြီဆိုတာ ကြည့်နေတဲ့ပရိသတ်အားလုံး သိနေကြပြီ။ ဒါပေမယ့် ချီလီအသင်းကတော့ အလျှော့ပေးချင်သေးပုံ မရဘူး။ ဒုတိယပိုင်းမှာ လူစားလဲမှုတွေလုပ်၊ ကစားကွက်ပြောင်းပြီး ဘရာဇီးလ်ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့သေးတယ်။ ပထမပိုင်းထက် ပိုကောင်းလာတာ မှန်ပေမယ့် ဘရာဇီးလ်အတွက်တော့ ရင်ခုန်စရာ မကောင်းခဲ့ပါဘူး။ မျှော်လင့်ချက်နဲ့ အားကုန်ကစားနေတဲ့ ချီလီအသင်းကို ငြိမ်ကျသွားစေမယ့် ဂိုးတစ်ဂိုးကို ရော်ဘင်ဟိုက ကျွမ်းကျင်မှုအပြည့်နဲ့ လှလှပပ သွင်းယူပြလိုက်တော့ ချီလီတို့ စိတ်ဓာတ်ကျသွားတယ်။ ဘရာဇီးလ်အသင်းအနေနဲ့ ဂိုးလိုချင်တယ်ဆိုရင် ဘယ်အချိန်မဆို သွင်းလို့ရတယ်ဆိုတာကို ပြလိုက်သလို ဖြစ်သွားခဲ့ရတယ်။ ဒွန်ဂါကြီးကလည်း ဂိုးတွေထပ်သွင်းမှာစိုးလို့ ထင်ပါရဲ့။ ကာကာတို့၊ ရော်ဘင်ဟိုတို့ကို လူစားလဲပစ်လိုက်တယ်။ အဲဒါတောင် ချီလီတို့ သိက္ခာဆည်ဂိုးရအောင် မသွင်းနိုင်ခဲ့ဘဲ လူစားဝင်လာတဲ့ လူငယ်ကစားသမားတွေရဲ့ ပညာပေးမှုတွေကို အလူးအလဲ ခံလိုက်ကြရသေးတယ်။ ဒီပွဲကတော့ သွင်းယူသွားတဲ့ ဂိုးသုံးဂိုးထက် ဘရာဇီးလ်ရဲ့ ဖျော်ဖြေမှုအပြည့်နဲ့ ကစားဟန်က ပိုပြီးအဖိုးတန်လွန်းနေတယ်။ အိပ်ရေးပျက်ခံပြီး ကြည့်ခဲ့ရတဲ့ ဒီပွဲအတွက် ကျေနပ်နေမိတာ အမှန်ပါပဲ။ ကွာတားဖိုင်နယ်လ်အဆင့်မှာ အ၀ါရောင် ဘရာဇီးလ်တွေနဲ့ လိမ္မော်ရောင် ဟော်လန်တို့ ထိပ်တိုက်တွေ့မှုကတော့ စိတ်ဝင်စားစရာ ကောင်းနေဦးမှာပါ။ စောင့်ကြည့်ကြသေးတာပေါ့။
robinhod.png
Man of the Match - ရော်ဘင်ဟို (ဘရာဇီးလ်)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်၊ အင်္ဂါနေ့။
နံနက် ၁၀ နာရီ ၁၁ မိနစ်တွင်ပြီး၏။

Monday, June 28, 2010

နည်းပညာနှင့် စည်းပညာ


မနေ့ည (ဇွန် ၂၇) က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အင်္ဂလန်အသင်းနဲ့ ဂျာမနီအသင်းတို့ရဲ့ ရှုံးထွက်ပွဲစဉ်မှာ ဥရုဂွေးက စည်းကြပ်ဒိုင်လူကြီးနဲ့ ကွင်းလယ်ဒိုင်လူကြီးတို့ဟာ ဖီဖာအတွက် မျက်နှာပျက်စေမယ့် အမှားတစ်ခုကို ကျူးလွန်ခဲ့ကြပါတယ်။ အဲဒါကတော့ ဂျာမနီအသင်းက အင်္ဂလန်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်နေတဲ့အချိန်မှာ နှစ်ဂိုးစီသရေဖြစ်စေမယ့် ဖရန့်လမ်းပတ်(အင်္ဂလန်)ရဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့တာပါပဲ။ လမ်းပတ်ကန်သွင်းတဲ့ ဘောလုံးဟာ ဂိုးစည်းကို မသိမသာလေး ကျော်လွန်ခဲ့တာမဟုတ်ဘဲ ဘောလုံးနှစ်လုံးစာလောက်တောင် ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဂိုးသာ ရခဲ့မယ်ဆိုရင် အင်္ဂလန်အသင်း စိတ်ဓာတ်တက်ကြွလာနိုင်ပြီး ပွဲကလည်း အကြိတ်အနယ် ရှိလာနိုင်တယ်လို့ စိတ်ကူးနဲ့ ထီထိုးကြသူတွေလည်း မနည်းလှပါဘူး။ တကယ်ပဲ ပွဲအဖြေပြောင်းသွားနိုင်သလား၊ မပြောင်းလဲနိုင်ဘူးလား ဆိုတာကိုတော့ တကယ်မဖြစ်ခဲ့တဲ့အတွက် မသိနိုင်ပါဘူး။ ဒါပေမယ့် သေချာတာကတော့ နဂိုကတည်းက ငပွကြီးလုပ်တတ်တဲ့ အင်္ဂလန်မီဒီယာတွေရဲ့ ပါးစပ်ဖျားမှာတော့ ဒီအဖြစ်အပျက်ဟာ ကြုံတိုင်းပြန်ညွှန်းစရာ ဖြစ်နေဦးတော့မှာပါပဲ။

ဖီဖာအနေနဲ့လည်း ဘောလုံးပွဲတွေမှာ နည်းပညာအကူအညီ မလိုအပ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့တာတွေ၊ နောက်ဆုံးမှာ ဒိုင်လူကြီး ငါးယောက်ထားတဲ့ နည်းစနစ်တွေကို စမ်းသပ်နေတာတွေကြောင့် အခုအဖြစ်အပျက်ကလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်လာခဲ့ရပါပြီ။

စောစောကပဲ ဂျီတော့ခ်ထဲက မိတ်ဆွေတစ်ယောက်ရဲ့ စတေးတပ်မက်ဆေ့ခ်ျမှာ ထူးထူးဆန်းဆန်း စာသားလေးတွေ ဖတ်လိုက်ရပါတယ်။ သူရေးထားတဲ့ စာသားအားလုံးကို ဖတ်တတ်ပေမယ့် သူပြောချင်တဲ့ အဓိပ္ပါယ်ကိုတော့ နားမလည်မိတာ အမှန်ပါ။ နောက်ဆုံးမှာ လင့်ခ်တစ်ခုလည်း ပေးထားပါသေးတယ်။ အဲဒီလင့်ခ်ကို သွားကြည့်တော့မှ ဓာတ်ပုံဖိုင်တစ်ခု ဖြစ်နေပါတယ်။ အဲဒီလို ဓာတ်ပုံနဲ့စာ တွဲကြည့်လိုက်တဲ့အချိန်ကျမှ သူရေးထားတဲ့စာကို နားလည်ပြီး အားပါးတရ ရယ်လိုက်ရတာ မပြောပါနဲ့တော့ဗျာ။ သူရေးထားတဲ့စာနဲ့ သူညွှန်းထားတဲ့ပုံက အောက်မှာဖော်ပြထားတဲ့ အတိုင်းပါတဲ့ခင်ဗျား။

လိုအပ်နေတာ နည်းပညာ မဟုတ်ဘူး။
စည်းပညာ (စည်းပြင်ညာ) ကွ။

goalline.jpg

ဂျီတော့ခ်မှာ တင်ပေးထားတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ကြောင်းပါ။ အားလုံးအတွက် ပြန်လည်ဝေငှပေးခြင်းပါနော်။ ပျော်ရွှင်ကျေနပ်နိုင်ကြပါစေဗျာ
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်၊ တနင်္လာနေ့။
ညနေ ၄ နာရီ ၁၀ မိနစ်တွင်ပြီး၏။

မျက်လုံး၊ အပေါင်းအသင်းနှင့် စာကိုးစကားကိုး - မောင်ဝံသ


mgwuntha.png
ဖတ်မိမှတ်မိတဲ့ စာတွေထဲက အမည်မသိ အဆိုအမိန့်တစ်ခုကို စိတ်ထဲစွဲနေတယ်။ "လူတစ်ယောက်အကြောင်းကို အချင်းအရာ သုံးခုက ပြောနေတယ်။။ သူ့မျက်လုံးတွေရယ်၊ သူပေါင်းသင်းတဲ့ မိတ်ဆွေတွေရယ်၊ သူကြိုက်နှစ်သက်တဲ့ စာကိုးတွေရယ်" (Three things tell a man: his eyes, his friends and his favorite quotes.) လို့ ဆိုပါတယ်။

အဲဒီအဆိုအမိန့်ကို ဖတ်ဖူးကတည်းက လူတွေကိုတွေ့ရင် မျက်လုံးကို အရင် ဂရုစိုက်ကြည့်မိတယ်။ ဟုတ်ပေသားဗျာ။ လူရိုးလူကောင်းဟာ မျက်လုံးမှာပေါ်နေသလို လူဆိုးလူညစ်ဟာလည်း မျက်လုံးမှာကို အရိပ်အငွေ့တွေ ပေါ်နေသဗျ။

ရုပ်ရှင်မင်းသား ဒါရိုက်တာ ကိုမြတ်လေးက အမူအရာလုပ်ရင် မျက်လုံးအမူအရာဟာ အရေးကြီးဆုံးဖြစ်ကြောင်း ပြောဖူးတယ်။ မျက်နှာကို အနီးကပ်ဆွဲရိုက်ပြရင် မျက်လုံးနဲ့ ငိုတတ်ရမယ်၊ မျက်လုံးနဲ့ ရယ်တတ်ရမယ်၊ မျက်လုံးနဲ့ ရက်စက်ပုံပြတတ်ရမယ်၊ မျက်လုံးနဲ့ သနားကရုဏာ ပြတတ်ရမယ်လို့ သူကပြောတယ်။

လူတွေရဲ့ မျက်လုံးတွေကို ကျွန်တော်ဖတ်ကြည့်နေတာ ကြာပြီ။ မာန်တက်နေတဲ့ မျက်လုံး၊ လူတွေကို အထင်သေးအမြင်သေးနဲ့ အပေါ်စီးက ကြည့်တဲ့မျက်လုံး၊ ကြိမ်လုံးသံကြားရုံနဲ့ ကြောက်ပြီးရုန်းပြေးနေရှာတဲ့ နွားတစ်ကောင်ရဲ့ မျက်လုံးနဲ့တူတဲ့ မျက်လုံး၊ အကြောက်ခံရတာကို ကျေနပ်နေတဲ့မျက်လုံး၊ ထန်းလျက်ခဲလေး ထပ်ရဦးမလားလို့ မျှော်တဲ့မျက်လုံး၊ လည်စင်းပေးပါပြီလို့ ပြောနေတဲ့မျက်လုံး၊ နယ်ချဲ့ပါးကွက်သား သေနတ်ပြောင်းရှေ့က ပုဂံဗိုလ်ချိုရဲ့ ထီမထင်မျက်လုံး၊ နွိုင်နွိုင်းအာကွီနိုရဲ့ ရိုးရှင်းတဲ့ အောင်ပွဲခံမျက်လုံး၊ ဂေါ်ဒန်ဘရောင်းရဲ့ မချိပြုံးရိပ်ပေါ်နေတဲ့ မျက်လုံး၊ ကင်မ်ဂျုံအီလ်ရဲ့ အေးစက်တဲ့မျက်လုံး၊ မူဂါဘီရဲ့ မာကြောတဲ့မျက်လုံး၊ ဟူးဂိုးချာဗက်ရဲ့ စိန်ခေါ်တဲ့မျက်လုံး၊ လီရှောင်လုံးရဲ့ သောကမဲ့မျက်လုံး၊ ယူဒိုယိုနိုရဲ့ ရိုးဂုဏ်ပြမျက်လုံး၊ အာပါး..... မနည်းလှတဲ့ မျက်လုံးတွေကို ကျွန်တော် တွေ့ဖူးပါသော်ကော။

အပေါင်းအသင်းမိတ်ဆွေ
လူတစ်ယောက်ဟာ ဘယ်လိုလူတွေနဲ့ မိတ်ဖြစ်နေသလဲ ဆိုတာကလည်း အလွန်အရေးကြီးတဲ့ အချက်ပါ။ လူပေါင်းမှားတယ် ဆိုတဲ့စကား၊ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ဆိုတဲ့စကား၊ သည်ပုတ်ထဲကသည်ပဲ အတူတူပဲဖြစ်မှာပေါ့ ဆိုတဲ့စကားတွေ အရှိသား မဟုတ်လားဗျာ။

ကျွန်တော့်ကိုယ်တွေ့တချို့ကို ရေးခဲ့ဖူးပါတယ်။ ပတ်ဝန်းကျင်က အထင်သေးစရာဖြစ်အောင် သောက်စားမူးယစ်နေတတ်သူ တစ်ယောက်နဲ့ ခပ်ငယ်ငယ် ကျောင်းသားဘ၀က ခင်မင်ရင်းနှီးခဲ့တာဖြစ်လို့ (သူ့ရဲ့ လက်ရှိအခြေအနေကိုလည်း မသိလို့) ရင်းရင်းနှီးနှီး ဆက်ဆံမိတယ်။ အဲဒါကို မြင်သွားတဲ့လူ အချို့က ကျွန်တော့်ကိုပါ အရက်သမားလို့ ထင်မြင်သွားကြတဲ့အကြောင်း၊ သူများအကြွေးယူထားပြီး ပြန်မဆပ်တဲ့ လူတစ်ယောက်နဲ့ အတူလိုက်သွားမိလို့ ပွဲရုံတရုတ်တစ်ယောက်က ကျွန်တော့်ကိုပါ ဂျပိုးသူခိုးတစ်ယောက်လို အော်ငေါက်ခဲ့ပုံအကြောင်း၊ လူကြိုက်မများတဲ့ အယူအဆတွေကို ထုတ်ဖော်လေ့ရှိသူတစ်ယောက်နဲ့ တတွဲတွဲနေမိလို့ ကျွန်တော်တို့ နှစ်ယောက်စလုံး ဖောက်ပြန်သွားပြီလို့ သံချပ်ထိုးခံရတဲ့အကြောင်းတွေ၊ ဆရာကြီး ဦးဆန်းထွန်း (မန်းတက္ကသိုလ်)က ငြုတ်သီးနားရောက်နေတဲ့ ကြက်သွန်ဟာ ငြုတ်သီးနဲ့ ရောအထောင်းခံရတာပဲလို့ ပြောဖူးပုံတွေကို ကျွန်တော်ရေးခဲ့ဖူးတယ်။

ဘယ်စာတွေကို ကိုးကားသလဲ
ကျွန်တော်သဘောကျတဲ့ အဆိုအမိန့်မှာ လူတစ်ယောက် ကြိုက်နှစ်သက်တဲ့ စာကိုးတွေ (favorite quotes)ကို ကြည့်ပြီး အဲဒီလူကို အကဲဖြတ်နိုင်တယ်လို့ ဆိုတယ်။ သိပ်မှန်တာပဲလို့ ကျွန်တော်က ထောက်ခံချင်တယ်ဗျာ။

စာကိုး စကားကိုးတွေကို အသာထားဦး၊ လူတွေ အမှတ်တမဲ့ ပြောပုံဆိုပုံကို ကြည့်ရုံနဲ့တင် အကြမ်းဖျင်း သိသာပါတယ်။ အဲဒီလူရဲ့ အတိမ်အနက်ကို သူ့စကားတွေက လှစ်ဟနေတာပဲ။ စာကိုး စကားကိုးတွေ ပြောရင်တော့ သူ ဘယ်လိုစာတွေကို ဖတ်ထားသလဲဆိုတာ ပေါ်လာတာပေါ့။ လူတစ်ယောက်ဟာ ဘယ်လိုလူတွေကို ပေါင်းသလဲဆိုတာအပြင် ဘယ်လိုစာတွေကို ဖတ်သလဲဆိုတာက သူ့စရိုက်သဘာဝကိုသာမက သူ့အရည်အချင်းကိုပါ ဖော်ပြနေတယ်လို့ ဆိုနိုင်တယ်။

"ရက်စက်မှ မင်းဖြစ်" ဆိုတဲ့စကားကို ကိုးကားတဲ့ နိုင်ငံရေးသမားဟာ သူ မင်းဖြစ်ဖို့ဆိုရင် ရက်စက်ဖို့လည်း ၀န်မလေးဘူးဆိုတဲ့ လူမျိုးဆိုတာ ဖော်ပြနေတာပဲပေါ့။

"အူမတောင့်မှ သီလစောင့်နိုင်မယ်" လို့ ကိုးကားသူဟာ အူမ မတောင့်ရင် သီလမစောင့်နိုင်ဘူး၊ အူမတောင့်အောင် (မိမိတစ်ကိုယ်ရည် ချမ်းသာအောင်) အရင်လုပ်ဦးမယ်လို့ ဆိုလိုရာ ရောက်မသွားနိုင်ဘူးလား။

တချို့လူတွေက အပြောအဆို အလွန်ရိုင်းစိုင်းတယ်။ ပါးစပ်ကြမ်းရုံမက လက်ပါ,ပါသူတွေလည်း တွေ့ဖူးတယ်။ မြန်မာရှေးလူကြီးများ ဆိုရိုးစကားမှာ "အဖယုတ်က ကိုယ်အမူအရာ ကြမ်းတမ်းသည်၊ အမိယုတ်က နှုတ်အမူအရာ ကြမ်းတမ်းသည်" လို့ အဆိုရှိတယ်ဗျ။

မိမိကို ကိုယ်ထိလက်ရောက် ပြန်လည်မခုခံဝံ့တဲ့ လက်အောက်ငယ်သားကို ထိုးကြိတ် ပါးရိုက်ရဲတဲ့ "သတ္တိခဲ" တချို့ တွေ့ဖူးတယ်။ သူ့ကို ပြန်လုပ်မိရင် ထမင်းအိုးကွဲမှာဖြစ်လို့ မျိုသိပ်ချုပ်တည်းနေရတာကို ကြောက်လို့ထင်ပြီး မောက်မာနေသူဟာ တကယ်ကတော့ လူ့သိက္ခာ သုညအောက် ရောက်နေသူပဲပေါ့ဗျာ။

ဖဆပလခေတ်က အာဏာရ နိုင်ငံရေးသမားအချို့အကြောင်း စာဖတ်သူများလည်း ဖတ်ဖူး၊ ကြားဖူးကြမှာပါ။ နယ်စားပယ်စားတွေလို ကိုယ့်အပိုင်နယ်တွေမှာ လက်သတ်မွေး တပည့်လူမိုက်တွေနဲ့ အနိုင်ကျင့် စိုးမိုးချယ်လှယ်နေကြတာ၊ မိမိကို ယှဉ်ပြိုင်လာတဲ့ နိုင်ငံရေး ပြိုင်ဖက်တွေကို အသက်အန္တရာယ် ပေးသည်အထိ ရန်ပြုတာ၊ အဲဒီခေတ်က ထုတ်ဝေတဲ့ သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါခဲ့တာပဲဗျ။

သူတို့ရဲ့ ပြင်းပြတဲံ အဓိကဆန္ဒကတော့ အနိုင်ရလိုခြင်းပါပဲ။ ဘယ်လိုနည်းနဲ့ပဲဖြစ်စေ၊ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်ဇောက ပြင်းထန်လွန်းလှတယ်။ အနိုင်ရဖို့ဆိုရင် ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့လူတွေဟာ ပြည်သူလူထုရဲ့ တစ်ခဲနက် တွန်းလှန်မှုကြောင့် နောက်ဆုံးတော့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရတာပဲ မဟုတ်လားဗျာ။

သမိုင်းအပ်ကြောင်းထပ်ခြင်း (Repetition of History) ဆိုတဲ့ စကားရှိတယ်။ အဲသလို အနေအထားမျိုးတွေ ထပ်ပြီး ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးဗျ။ မဲဆန္ဒရှင်တွေကို စည်းရုံးသိမ်းသွင်းတဲ့နည်းနဲ့ မဆွဲဆောင်ဘဲ ခြိမ်းခြောက်ဟိန်းဟောက်ပြီး ထောက်ခံမှုကို ရယူဖို့ ကြိုးစားသူတွေ ရှိလာဦးမယ်ဆိုရင် သမိုင်းအပ်ကြောင်းထပ်တာကို ကျွန်တော်တို့ မြင်တွေ့ရဦးမယ် ထင်တယ်ဗျ။

အဲသလိုကြုံရင်လည်း "နိုင်ငံရေးသမားတစ်ယောက်အဖို့ ရင့်ကျက်တဲ့ နိုင်ငံပြုခေါင်းဆောင် အမြန်ဆုံးဖြစ်လာစေတဲ့ နည်းကတော့ ရွေးကောက်ပွဲတစ်ပွဲလောက် ရှုံးဖူးခြင်းပါပဲ" ("The fastest way for a politician to become an elder statesman is to lose an election." - Earl Wilson) လို့ နှလုံးသွင်းတတ်ရင် အရှုံးထဲက အမြတ်ထွက်လာနိုင်ကြောင်းပါဗျာ။
Popular News, 27 May 2010

စာနယ်ဇင်းသမားလည်း စိတ်ကောင်းရှိဖို့ ပထမ - လူထုစိန်ဝင်း


peopleseinwin.jpg
သတင်းစာပညာ သင်တန်းတို့၊ ကျောင်းတို့မရှိတဲ့ ရှေးအခါက သတင်းစာတိုက်တွေမှာ သတင်းထောက်တွေ အယ်ဒီတာတွေ ဘယ်လိုရွေးချယ် ခန့်ထားကြသလဲဆိုတဲ့ မေးခွန်းမျိုး မကြာခဏ အမေးခံရတယ်။ အထူးသဖြင့် ဂျာနယ်ထုတ်ဝေသူတွေနဲ့ အယ်ဒီတာကြီးတွေက မေးလေ့ရှိတယ်။

များသထက်များ၊ ရှားသထက်ရှား
ဂျာနယ်သစ်တွေ တစ်စောင်ပြီးတစ်စောင် တိုးလာတာနဲ့အမျှ "ဂျာနယ်လစ်" လိုအပ်ချက်တွေလည်း များသထက်များလာပြီး အရည်အချင်းရှိသူတွေ ရှားသထက် ရှားလာတာကို ကြုံတွေ့နေကြရတဲ့အတွက် မေးကြတာ ဖြစ်ပုံရတယ်။ ရှေးရှေးတုန်းကဆိုတာထား ကျွန်တော်တို့ခေတ်မှာတောင် အခုလောက် စာနယ်ဇင်းတွေ အများကြီးရှိတာ မဟုတ်တော့ လိုအပ်ချက်လည်း ခုလောက်မများပါဘူး။ ကျွန်တော်တို့ခေတ်က တရုတ်သတင်းစာ သုံးလေးစောင်နဲ့ ကုလားသတင်းစာ သုံးလေးစောင်၊ အင်္ဂလိပ်သတင်းစာ နှစ်စောင်၊ သုံးစောင် အပါအ၀င်မှ နေ့စဉ်ထုတ်သတင်းစာ သုံးဆယ်ကျော်၊ လေးဆယ်နီးပါးလောက်ပဲ ရှိတယ်။ လူဦးရေကလည်း ၂၇ သန်းလောက်ပဲ ရှိတယ်လေ။

ဂျာနယ်တွေရာကျော်
အခုတော့ လူဦးရေ သန်း ၅၀ ၀န်းကျင် ရောက်နေပြီး အပတ်စဉ်ထုတ်ဂျာနယ် တစ်ရာကျော်နဲ့ လစဉ်ထုတ်မဂ္ဂဇင်း တစ်ရာကျော်ထိ ရှိနေတယ်လို့ သိရတယ်။ အဲဒီတော့ စာနယ်ဇင်းသမား လိုအပ်ချက်လည်း များလာတာပေါ့။ ရှေးအခါက သတင်းစာအလုပ် လုပ်ချင်သူတွေဟာ နီးစပ်ရာ အဆက်အသွယ်ရှာပြီး ၀ါရင့်သတင်းထောက်ကြီးတွေနောက် တကောက်ကောက်လိုက်ရင်း ပညာယူရတယ်။

သတင်းထောက်ကြီး ခိုင်းတဲ့နေရာသွား၊ ယူခိုင်းတာယူ၊ မေးခိုင်းတာမေး၊ မှတ်ခိုင်းတာမှတ် လုပ်ရတယ်။ အဲဒီလို နှစ်နှစ်တန်သည် သုံးနှစ်တန်သည်လောက် လုပ်ပြီးမှ ကိုယ်တိုင်သတင်းရေးပြီး သတင်းထောက်ကြီးကို ပြခွင့်ရတယ်။ သတင်းထောက်ကြီးက အတော်အတန် စိတ်ချရလောက်ပြီထင်မှ သတင်းစာတိုက်ကို ထောက်ခံပြီး အလုပ်သွင်းပေးတာ။သတင်းထောက်ကြီးနောက် တကောက်ကောက်လိုက်နေရတဲ့ ကာလတစ်လျှောက်လုံး ၀င်ငွေတစ်ပြားမှ ရှိတာမဟုတ်ဘူး။ ကိုယ့်ထမင်း ကိုယ်စားပြီး လိုက်နေရတာဖြစ်တယ်။

ထွက်ခဲ၊ ပြောင်းခဲတယ်
မလုပ်ရ မနေနိုင်လောက်အောင်ကို ၀ါသနာအစွဲအလမ်း ကြီးသူများမှ ဒီလိုလုပ်ကြတာ ဖြစ်တဲ့အတွက် သတင်းစာလောကထဲ ရောက်သွားပြီးမှ ပြန်ထွက်သွားတဲ့သူ ရှားတယ်။ အများစုက သေတစ်ပန်သက်တဆုံး လုပ်ကိုင်သွားကြတယ်။ ဟိုတိုက်ဒီတိုက် ခဏခဏ ပြောင်းသူလည်းနည်းတယ်။ သတင်းထောက်ကြီးနောက် တကောက်ကောက်လိုက်ပြီး ပညာသင်ချိန်ကတည်းက နီးစပ်ခဲ့တဲ့တိုက်ကိုပဲ သံယောဇဉ် တွယ်နေလေ့ရှိတယ်။ သတင်းထောက်အဖြစ် နာမည်လေးရလာလို့ လစာပိုပေးပြီး ခေါ်တာရှိရင်တောင် ပြောင်းလုပ်ချင်ကြတာ မဟုတ်ဘူး။ ကိုယ့်တိုက် ကိုယ့်သတင်းစာ ဆိုတဲ့အစွဲ ရှိတယ်။ သံယောဇဉ် ကြီးမားတယ်။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သတင်းစာဆရာကြီး မြန်မာ့အလင်း ဦးသန်းညွန့်ဆိုရင် အလုပ်စလုပ်ကတည်းက ပင်စင်ယူတဲ့အချိန်ထိ မြန်မာ့အလင်း သတင်းစာတိုက် တစ်ခုတည်းမှာပဲ လုပ်ခဲ့တယ်ဆိုတာကို အင်မတန် ဂုဏ်ယူဝံ့ကြွားခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ်သတင်းထောက်
ကျွန်တော်တို့ ခေတ်လောက်ရောက်တော့ လေ့ကျင့်သင်ယူမှုပုံစံ နည်းနည်းပြောင်းသွားတယ်။ တက္ကသိုလ် ကျောင်းသားတွေဟာ တက္ကသိုလ်ကြေညာချက်တွေ သတင်းစာတိုက်ပေါင်းစုံကို လည်ပို့ရာက သတင်းစာတိုက်တွေနဲ့ ရင်းနှီးပြီး တက္ကသိုလ်သတင်းစုံ ရေးပို့တဲ့ တက္ကသိုလ်သတင်းထောက်များအဖြစ် လုပ်ကိုင်လာကြတယ်။ နောက် ကျောင်းပြီးသွားတော့ သတင်းစာတိုက်တွေမှာ လခစားအဖြစ် အချိန်ပြည့် ၀င်လုပ်သွားကြတယ်။ ဒါပေမယ့် ဒါက လူနည်းစုပါ။ အများစုကတော့ ရှေးကပုံစံအတိုင်း ဆရာသတင်းထောက်ကြီးတွေဆီမှာ လက်ပူးလက်ကြပ် ဆည်းပူးပြီးမှ ရောက်လာကြတာ ဖြစ်တယ်။ အခြေခံသင်ရိုးကြေတဲ့ နေရာမှာတော့ တက္ကသိုလ်က လာသူတွေထက် ရှေးရိုးနည်းနဲ့ သတင်းစာသမား ဖြစ်လာသူတွေက သာတယ်။

စွယ်စုံရသူတွေ
ဒီအချက်ကို ကျွန်တော်တို့ ၀န်မခံဘဲနေလို့ မရပါဘူး။ တချို့ ဘယ်လောက်ထိ တတ်သလဲဆိုရင် ညဖက် စာစီသမားတွေ ပြန်သွားချိန်ကျမှ "စက်ရပ်" သတင်းအဖြစ်ထည့်ရမယ့် သတင်းကြီးဝင်လာရင် ကိုယ်တိုင်စာသွားစီပြီးကို ပါအောင်လုပ်တာ။ လိုအပ်လာရင် စက်လည်း ၀င်ရိုက်တတ်တယ်။ ရိုက်ပြီးသား စာရွက်တွေ အထပ်လိုက်ကြီးကိုကိုင်ပြီး ရေနေလိုက်ပုံများ လုပ်နေကျ "ခေါက်ခွာ" သမားအတိုင်း "ဖြတ် ဖြတ် ဖြတ်" နဲ့ကိုနေတာ။ ဘဏ်ငွေကိုင် ငွေစက္ကူတွေ ရေနေသလို သိပ်ကြည့်လို့ ကောင်းတယ်။ ကျွန်တော်တို့တစ်တွေက ဒါမျိုးတွေ ဘယ်တတ်မှာလဲ။

ဘယ်သူအရည်အချင်းရှိသလဲ
ဒီခေတ် လူငယ်တွေ မေးလေ့မေးထရှိတဲ့ နောက်မေးခွန်းတစ်ခု ရှိသေးတယ်။ သတင်းစာပညာ သင်တန်းတွေ၊ ကျောင်းတွေ တက်ထားသူနဲ့ မုဆိုးစိုင်သင်လုပ်ပြီး ဖြစ်လာသူ ဘယ်သူက အရည်အချင်းပိုရှိတယ် ထင်သလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။ ဒီမေးခွန်းကတော့ ဖြေဖို့ နည်းနည်းခက်တယ်။ ယေဘုယျသဘော ခြုံဖြေလို့ရတာမျိုး မဟုတ်ဘူး။ တစ်ဦးချင်းနဲ့ပဲ ဆိုင်တဲ့ကိစ္စ ဖြစ်တယ်။ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ တက္ကသိုလ်ကြီးတွေက ထွက်လာသူတိုင်း အတော်ဆုံး အကောင်းဆုံးတွေ ဖြစ်လာတာ မဟုတ်ဘူး။

ခပ်ညံ့ညံ့နဲ့ အောင်လာသူတွေလည်း ရှိတယ်။ ကျောင်းမှာ အတော်ဆုံးစာရင်းဝင် ဖြစ်ပေမယ့်လည်း လက်တွေ့အလုပ်ခွင်ထဲကျတော့ ဘယ်လိုမှ သုံးမရ သင်မရတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။

ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်
တချို့ ဘယ်တက္ကသိုလ်မှ မရောက်၊ ဘယ်သင်တန်းမှ မတက်ဖူးပေမယ့် သတင်းစာကြီးတစ်စောင်ကို ထိပ်တန်းရောက်အောင် ဦးစီးလုပ်ကိုင်နိုင်သူလည်း ရှိပါတယ်။ အခြေခံပညာ အားနည်းရတဲ့အထဲမှာ ကြိုးစားအားထုတ်မှုလည်း မရှိလို့ ဘယ်လိုမှ တွန်းတင်လို့မရတဲ့ သူမျိုးတွေလည်း အများကြီးရှိပါတယ်။ ဒီကိစ္စဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အိုင်ကျူတွေ၊ အီးကျူတွေနဲ့ ဆိုင်တယ်လို့ပဲ ပြောရလိမ့်မယ် ထင်ပါတယ်။

အသေအချာပြောရဲတာက
ဘာပဲဖြစ်ဖြစ် သေသေချာချာ ပြောရဲတာတစ်ခုကတော့ ဘယ်ပညာရပ်မဆို စနစ်တကျ သင်ယူလေ့လာထားခြင်းဟာ အကောင်းဆုံးပဲ ဆိုတာဖြစ်တယ်။ စနစ်တကျ သင်ယူထားသူနဲ့ သင်မထားသူဟာ နင်လား၊ ငါလား အကြိတ်အနယ် ယှဉ်ပြိုင်ကြရတဲ့ အခါကျတော့ သိသိသာသာ ကွာခြားပါတယ်။ အခြေခံပညာ (Formal education) သိပ်အားနည်းနေသူ တစ်ယောက်ကို ကုလသမဂ္ဂ ညီလာခံကြီးလွှတ်ပြီး သတင်းယူခိုင်းလို့ မဖြစ်နိုင်ပါဘူး။

အခြေခံပညာကိုက အားနည်းလွန်းတော့ ဒီခေတ် ကွန်ပျူတာ၊ အင်တာနက် နည်းပညာတွေကို စွမ်းအင်ပြည့် အသုံးချနိုင်အောင် သင်ဖို့ခက်သလို၊ နိုင်ငံပေါင်းစုံက သတင်းသမားတွေကြားမှာ ကိုယ်လိုချင်တာရအောင် ယှဉ်ပြိုင်ရယူဖို့လည်း ခက်မှာ သေချာတယ်။

သင်ရိုးကျွတ်အောင်သင်
ဒါကြောင့် လူငယ်တွေဟာ ဘာပညာသင်သင် စနစ်တကျ သင်ရိုးကျွတ်အောင် သင်ယူကြဖို့ အကြံပေးချင်တယ်။ ရက်တိုသင်တန်းလို ကျူရှင်လို လက်ပူတိုက်ပေးတဲ့ သင်တန်းလေးတွေလောက်နဲ့ ကျေနပ်မနေစေချင်ဘူး။ လက်တွေ့ အတွေ့အကြုံက ကျောင်းသင်ပညာထက် ပိုအရေးကြီးတယ်ဆိုတဲ့ တယူသန်အစွဲ မထားသင့်ဘူး။ သဘောတရားမပါတဲ့ လက်တွေ့သမားဟာ အကန်းနဲ့တူသလို၊ လက်တွေ့မပါတဲ့ သဘောတရားသမားဟာလည်း အကျိုးနဲ့တူပါတယ်။ နှစ်မျိုးစလုံးပြည့်စုံလေ ကောင်းလေဖြစ်တယ်။

စိတ်ကောင်းရှိဖို့
Formal education ခေါ်တဲ့ အခြေခံပညာ အရေးကြီးသလို၊ လက်တွေ့အတွေ့အကြုံလည်း အရေးကြီးပါတယ်။ စာနယ်ဇင်းသမားဆိုတာ အများဖတ်ဖို့ စာတွေရေးနေသူဖြစ်တော့ စိတ်ကောင်းရှိဖို့လည်း အင်မတန် အရေးကြီးတယ်လို့ ဖြည့်စွက်ပြောချင်တယ်။ ကိုယ်နာမည်ကြီးဖို့၊ ကိုယ့်သြဇာထူထောင်ဖို့၊ ကိုယ်ချမ်းသာအောင်လုပ်ဖို့၊ သြဇာအာဏာ ရှိသူများအကြား ၀င်ဆံ့အောင်လုပ်ဖို့ဆိုတဲ့ မသမာတဲ့ ရည်ရွယ်ချက်ရှိသူများကြောင့် စတုတ္ထမဏ္ဍိုင်ကြီး ခြစားခဲ့ရတဲ့ အဖြစ်မျိုးတွေ အများကြီး ကြုံတွေ့ခဲ့ဖူးလို့ ပြောရတာဖြစ်ပါတယ်။

အရေအတွက်မှ အရည်အချင်းသို့


မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ်အမျိုးမျိုး ကျင့်သုံးခဲ့ပြီးဖြစ်သည်။ ၁၉ ရာစု ပထမထက်ဝက်အတွင်း ၁၈၂၄ တွင် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားကာ ရခိုင်ဒေသနှင့် တနင်္သာရီဒေသကို အင်္ဂလိပ်တို့ထံ ပေးအပ်လိုက်ရသည်။ ထို့နောက် ၁၈၅၂ ခုတွင် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားကာ မြေထဲမြို့မှ အောက်မြန်မာပြည်အောက်ပိုင်း (ပဲခူးတိုင်းကြီး) ကို အင်္ဂလိပ်တို့လက်သို့ ပေးအပ်ခဲ့ရပြန်သည်။ တစ်ဖန် နှစ် ၃၀ ကျော်အကြာ ၁၈၈၅ ခုတွင် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားကာ မြန်မာတစ်ပြည်လုံး အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သည်။

သို့ဖြင့် ရခိုင်၊ တနင်္သာရီနှင့် မြန်မာပြည်အောက်ပိုင်းသည် အနောက်တိုင်း နိုင်ငံရေးစနစ်နှင့် ပညာရေးစနစ်ကို စောစီးစွာ ကြုံတွေ့ခဲ့ရသည်။ အနောက်တိုင်း ခေတ်မီပညာရေးကြောင့် အောက်မြန်မာနိုင်ငံသားများသည် ပို၍ အမြင်ကျယ်ခဲ့သည်။ ပြင်ပကမ္ဘာနှင့် အဆက်အဆံ ပို၍ များပြားကာ မျက်စိပွင့်ခဲ့ကြသည်။ ထိုအချိန်တွင် အထက်မြန်မာပြည်သည် သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်အောက်တွင် ပျပ်ဝပ်နေရဆဲဖြစ်သည်။

မြန်မာတစ်ပြည်လုံးကို သိမ်းပိုက်ပြီးနောက် ဗြိတိသျှတို့သည် စစ်အုပ်ချုပ်ရေးဖြင့် ရှေးဦးစွာ အုပ်ချုပ်သည်။ ထို့နောက် အောက်မြန်မာပြည်နည်းတူ အရာရှိအုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည်။ အရာရှိ အုပ်ချုပ်ရေးသည် အောက်ဆုံးအဆင့် ရွာသူကြီးအထိ အင်္ဂလန်ပြည့်ရှင် ဘုရင်က ကိုယ်စားအာဏာလွှဲအပ်ကာ အဆင့်ဆင့် အုပ်ချုပ်သွားခြင်း ဖြစ်သည်။ မြန်မာပြည်သည်လည်း အုပ်ချုပ်ရေးသဘောအရ သီးခြားနိုင်ငံ မဟုတ်တော့ဘဲ အိန္ဒိယပြည်၏ လက်အောက်ခံပြည်နယ်တစ်ခု ဖြစ်သွားသည်။

ထိုအချိန်ကာလအထိ မြန်မာတိုင်းရင်းသားတို့သည် တိုင်းရေးပြည်ရေးတွင် ပါဝင်ပတ်သက်ခြင်းမရှိ။ ပတ်သက်ခွင့်လည်း မရှိ။ အုပ်ချုပ်ခံသက်သက် ကျေးတော်မျိုး ကျွန်တော်မျိုးများ (subjects) သာ ဖြစ်ခဲ့သည်။ မြန်မာဘုရင်၏ ကျေးတော်မျိုး ကျွန်တော်မျိုးဘ၀မှ ၀ိတိုရိယဘုရင်မနှင့် နောက်ပိုင်းတွင် ဂျော့ဘုရင်၏ ကျေးတော်မျိုး ကျွန်တော်မျိုး ဘ၀သို့ ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။

နိုင်ငံရေးရာများကို တိုင်ပင်ဆွေးနွေးရာတွင်လည်းကောင်း၊ မည်သို့မည်ပုံ ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်သင့်သည်ဟု စဉ်းစားရာတွင်လည်းကောင်း နိုင်ငံရေးခေါင်းဆောင်များသည် အရေးမပါသော ၀န်ကြီးဌာနများကိုသာ ကိုင်တွယ်ခွင့်ရကြသည်။

မည်သို့ရှိစေ၊ ထိုခေတ် ထိုကာလကစ၍ နိုင်ငံရေးသမားဟူသော လူ့အလွှာ တစ်နည်းအားဖြင့် လူအမျိုးအစားတစ်ရပ် ပေါ်ထွန်းလာခဲ့ရာ ၁၉၃၇ ခုတွင် ၉၁ ဌာန အုပ်ချုပ်ရေး ရွေးကောက်ပွဲများ၊ ၁၉၄၇ တွင် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲများ၊ ၁၉၅၂၊ ၁၉၅၆၊ ၁၉၆၀ တို့တွင် ပါလီမန်ဒီမိုကရေစီ ရွေးကောက်ပွဲများကို ခေတ်အဆက်ဆက် နိုင်ငံရေးသမားများ ဖြတ်သန်းခဲ့ကြရသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ် (၁၉၇၄-၁၉၈၈) မှာမူ တစ်ပါတီစနစ်ဖြစ်၍ ပါတီတာဝန် ထမ်းဆောင်သူများမှာ လခစားနိုင်ငံရေးသမားများ ဖြစ်ခဲ့ကြသည်။ ထိုခေတ် ရွေးကောက်ပွဲများမှာလည်း ယှဉ်ပြိုင်အရွေးခံသူ မရှိသလောက်ဖြစ်၍ ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကို ထောက်ခံ/ကန့်ကွက် မဲပေးရခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပါတီစုံဒီမိုကရေစီစနစ်ကို အစပျိုးခဲ့ရာ အရောင်အသွေးစုံ နိုင်ငံရေးပါတီစုံ ပေါ်ပေါက်လာသည်။ သို့သော် နိုင်ငံရေးသမားအဖြစ် ဘ၀ကို နှစ်မြှုပ်ဆောင်ရွက်သူများသည် အရေအတွက်အားဖြင့်ပင် နည်းပါးလွန်းနေသေးသည်ကို တွေ့ရသည်။

နိုင်ငံရေးသမားအလုပ်သည် ကိုယ်ကျိုးစီးပွားကို နောက်တန်းတွင်ထားပြီး အများအကျိုးကို မိမိအကျိုးထက် ပို၍ ဦးစားပေး လုပ်ကိုင်ရသောအလုပ် ဖြစ်သည်။ ကိုယ်ကျိုးစီးပွားအလို့ငှာ နိုင်ငံရေးလုပ်သူများ တွင်ကျယ်လာလျှင် တိုင်းပြည်ဆုတ်ယုတ်ဖို့သာ ရှိသည်။ ဗူးတောင်းနစ်လို့ ဇောင်ချမ်းပေါ်သည်ဟူသော အခြေအနေမျိုးကို ဆိုက်ရောက်သွားမည်ဖြစ်သည်။

သို့ဖြစ်ရာ အများအကျိုးကို မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်လိုသော အရင်းခံစိတ်ထားရှိသူ လူငယ် လူလတ်များ နိုင်ငံရေးနယ်ထဲသို့ များနိုင်သမျှ များများဝင်ရောက်ကြရန် ကျွန်ုပ်တို့ အားပေးတိုက်တွန်း နှိုးဆော်လိုပါသည်။ ထိုသူများသည် စိတ်ရင်းစေတနာ မှန်ကန်ကောင်းမွန်ပြီး ဖြစ်ရကား အရည်အချင်းပိုင်းကို "မုဆိုး စိုင်သင်" သကဲ့သို့ ဆက်လက်ဖြည့်ဆည်း သွားနိုင်ကြမည်ဟု ယုံကြည်ပေသည်။ နိုင်ငံရေးတွင် အဓိကအကျဆုံး အရည်အချင်းမှာ ဖြောင့်မတ်ခြင်း (sincerity) သာလျှင် ဖြစ်သည်မဟုတ်ပါလော။

2010 World Cup Results (Round of 16, 27 June)


သွင်းဂိုးနှစ်ဂိုးတည်းနဲ့ အုပ်စုအဆင့်က တက်လာတဲ့ အင်္ဂလန်အသင်းကို အထင်ကြီးနေဆဲ ပရိသတ်တွေအတွက်တော့ မနေ့ညကပွဲဟာ ပြန်ပြောချင်စိတ် မရှိတော့လောက်အောင် စိတ်ပျက်သွားစေပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီနှစ်ကမ္ဘာ့ဖလားမှာ ကစားခဲ့တဲ့ ခြေစွမ်းပိုင်းအရဆိုရင် အင်္ဂလန်အသင်းဟာ အုပ်စုအဆင့်ကတောင် တက်သင့်တဲ့အသင်း မဟုတ်ခဲ့ပါဘူး။ ကစားဟန်ကလည်း စွဲမက်စရာမရှိ၊ အသင်းသားအားလုံးကလည်း နိုင်လိုစိတ် ပျောက်ဆုံးနေတဲ့ပုံစံ၊ နည်းပြကလည်း စိတ်ဓာတ်မြှင့်တင်ပေးနိုင်ခြင်းမရှိနဲ့ တကယ့်ကို တပ်ပျက်ကြီးတစ်ခုကို ကြည့်နေရသလိုပါပဲ။ အုပ်စုအတွင်းမှာ အယ်လ်ဂျီးရီးယားလို၊ စလိုဗေးနီးယားလို အသင်းငယ်တွေနဲ့သာ ယှဉ်ပြိုင်ခဲ့ရတဲ့အတွက် နောက်တစ်ဆင့် တက်လာနိုင်ခဲ့တာပါ။ တကယ်လို့သာ မြောက်ကိုရီးယားလို၊ တောင်အာဖရိကလို၊ ဆွစ်ဇာလန်လို အသင်းတွေသာ ဒီအုပ်စုမှာ ပါလာခဲ့မယ်ဆိုရင် အင်္ဂလန်တို့အနေနဲ့ ပြင်သစ်၊ အီတလီတို့နဲ့အတူ အိမ်ပြန်စောနိုင်ခဲ့ပါတယ်။ မနေ့ညကအရှုံးအတွက် အဓိကတာဝန်အရှိဆုံးလူကို ပြပါဆိုရင်တော့ နည်းပြကာပယ်လိုကိုပဲ လက်ညှိုးထိုးရပါလိမ့်မယ်။ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကမ္ဘာကျော် ဘောလုံးသမားတွေနဲ့ စုဖွဲ့ထားတဲ့အသင်းကို ကစားကွက်၊ နည်းဗျူဟာ၊ စိတ်ဓာတ်၊ အသင်းလိုက်စည်းလုံးမှု ဘာတစ်ခုမှ မတည်ဆောက်ပေးနိုင်ခဲ့ပါဘူး။ ပွဲတိုင်းရှုံးပြီး အိမ်ပြန်သွားတဲ့ မြောက်ကိုရီးယားမှာတောင် အင်္ဂလန်ထက်ကောင်းတဲ့ စုစည်းမှုနဲ့ ကစားဟန်တွေ မြင်တွေ့ခဲ့ရပါတယ်။ အင်္ဂလန်ကစားသမားတွေဟာ နာမည်ကြီးပြီးသား မီလျံနာတွေဖြစ်တဲ့အတွက် သူတို့အတွက် နိုင်ငံပွဲဟာ သေရေးရှင်ရေး မဟုတ်ခဲ့တာ သေချာပါတယ်။ ကစားသမား တစ်ဦးချင်းယှဉ်ရင် အင်္ဂလန်အသင်းကတောင် အသာစီးရတယ်လို့ ဆိုနိုင်ပါတယ်။ နောက်တန်းမှာ အက်ရှ်လေကိုး၊ တယ်ရီ၊ အလယ်တန်းမှာ လမ်းပတ်၊ ဂျရတ်၊ ဘယ်ရီ၊ ရှေ့တန်းမှာ ရွန်းနီ စတဲ့ ကစားသမားတွေဟာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းမှာ ပါဝင်နေကျသူတွေပါ။ ဂျာမနီအသင်းကတော့ ဖိလစ်လမ်း၊ ကလိုဆေး၊ ရှဝိန်းစတိုင်ဂါ၊ ပိုဒေါ့စကီး စတဲ့ကစားသမားတွေကို အထိုင်ချပြီး အိုဇေးလ်၊ မူလာ စတဲ့လူသစ် ကစားသမားတွေကို တွဲဖက်ကစားခဲ့တာပါ။ မနေ့ညကကပွဲဟာ အင်္ဂလန်ပရီးမီးယားလိဂ်နဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါတို့ရဲ့ အားပြိုင်ပွဲလို့တောင် ဆိုနိုင်ပါသေးတယ်။ အင်္ဂလန်ကို ရင်ဆိုင်ဖို့အတွက် မှန်ကန်တဲ့ ကစားနည်းဗျူဟာကို ချမှတ်ပေးခဲ့တဲ့ နည်းပြဂျိုအာချင်လိုးဟာ အထင်ကြီးစရာပါ။ အားနည်းနေတဲ့ အင်္ဂလန်နောက်တန်းရဲ့ အမှားတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး တန်ပြန်တိုက်စစ်တွေကနေ ဂိုးရအောင်သွင်းယူသွားခဲ့တဲ့ ကစားကွက်ဟာ အလုပ်ဖြစ်ခဲ့ပါတယ်။ ဒီနေ့ပွဲအတွက် အဓိကအဆုံးအဖြတ် ပေးခဲ့တာကတော့ အသင်းလိုက် စုစည်းမှုစိတ်ဓာတ်နဲ့ နိုင်လိုစိတ်ပဲ ဖြစ်ပါတယ်။ ဂျာမနီအသင်းဟာ အသင်းလိုက်စုစည်းမှု အကောင်းဆုံးအနေအထားကို ပြသသွားနိုင်ခဲ့ပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တွေမှာ အမှားနည်းခဲ့တဲ့ ဒိုင်လူကြီးတွေအတွက် မနေ့ညက ပွဲစဉ်တွေဟာ အရှက်ရစရာ ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂျာမနီနောက်တန်းကစားသမား ဖျက်ထုတ်လိုက်လို့ ရသွားတဲ့ဘောလုံးကို ရွန်းနီဆွဲပြေးတာကို လူကျွံဘောဖမ်းခဲ့တာနဲ့ နှစ်ဂိုးစီသရေဖြစ်ဖို့ အရမ်းအရေးကြီးနေတဲ့အချိန်မှာ လမ်းပတ်ရဲ့ ဂိုးဝင်သွားတဲ့ ဘောလုံးကို ခွင့်မပြုခဲ့တဲ့ စည်းကြပ်ဒိုင်ရဲ့ ပေါ့လျော့မှုဟာ အင်္ဂလန်အသင်းအတွက် များစွာနစ်နာသွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း မနေ့ညက ခြေစွမ်းအရဆိုရင်တော့ ဂျာမနီအသင်းကပဲ အနိုင်ရသင့်ခဲ့တာပါ။ သုံးစားလို့မရတဲ့ အင်္ဂလန်နောက်တန်းနဲ့ လုံးဝအလုပ်မဖြစ်ခဲ့တဲ့ အင်္ဂလန်အလယ်တန်းထက် တည်တည်ငြိမ်ငြိမ်နဲ့ ကစားကွက်ဖော်ကစားနိုင်ခဲ့တဲ့ ဂျာမနီအသင်းကပဲ အနိုင်ရသင့်ခဲ့တာကို အင်္ဂလန်ပရိသတ်တွေတောင် လက်ခံနိုင်လိမ့်မယ် ထင်ပါတယ်။ တကယ်ဆိုရင် သမိုင်းကြွေးကြေသွားအောင် ငါးဂိုး-တစ်ဂိုးလောက်အထိ ဖြစ်ခဲ့သင့်တာပါ။ အာဂျင်တီးနားနဲ့ မက္ကစီကိုအသင်းက နိုင်လာမယ့်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်အတွက် တစ်စက်ကလေးမှ စွဲမက်စရာမရှိတဲ့ လေးတိလေးကန် အင်္ဂလန်အသင်း ကံကူပြီး တက်မလာတာကိုပဲ အာဖရိကနတ်ဘုရားတွေကို ကျေးဇူးတင်နေမိပါရဲ့။
mueller.png
Man of the Match - မူလာ (ဂျာမနီ)

စုတ်ပြတ်ပြတ် အင်္ဂလန်ပွဲကို ကြည့်ပြီးတဲ့အချိန်မှာ စိတ်ညစ်သွားခဲ့ရပေမယ့် ဒီပွဲကို ကြည့်လိုက်ရချိန်မှာတော့ ရှုံးထွက်အဆင့် ပီပီသသ နှစ်သင်းစလုံး အပြန်အလှန်ကစားသွားကြတာမို့ ကျေနပ်ခဲ့ရပါတယ်။ မက္ကစီကိုအသင်းကများ အဖွင့်ဂိုးတွေ ရခဲ့မယ်ဆိုရင် ဒီပွဲစဉ်ဟာ ဒီထက်ပိုပြီး ကြည့်လို့ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာမယ်ထင်ပါရဲ့။ ကစားကွက်ပိုင်းမှာ မက္ကစီကိုအသင်းကတောင် အသာစီးရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း ပွဲတစ်ပွဲကို အဆုံးအဖြတ်ပေးမယ့် ဂိုးတွေအတွက် အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူးတွေ လိုအပ်တယ်ဆိုတာကို အာဂျင်တီးနားအသင်းက ထပ်မံပြသသွားခဲ့ပါတယ်။ (တောင်ကိုရီးယားနဲ့ ဥရုဂွေးနဲ့ ပွဲစဉ်တုန်းက တစ်ခါမြင်ခဲ့ရပြီးပါပြီ)။ အင်္ဂလန်နဲ့ ဂျာမနီပွဲစဉ်မှာ လမ်းပတ်ရဲ့ဂိုးကို ခွင့်မပြုခဲ့တဲ့အတွက် ဒိုင်လူကြီးတွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ကာမှ ဒီပွဲမှာလည်း ထပ်ဖြစ်ခဲ့ပါတယ်။ အာဂျင်တီးနားရဲ့ အဖွင့်ဂိုးဟာ လူကျွံအနေအထားကနေ သွင်းယူသွားခဲ့တာဖြစ်လို့ စည်းကြပ်ဒိုင်တွေရဲ့ အရည်အသွေးအပေါ် သံသယဖြစ်စရာ ဖြစ်လာခဲ့ရပါပြီ။ ဂိုးသွင်းယူသွားခဲ့တဲ့ တိဗက်ဇ်ဟာ မသိမသာမဟုတ်ဘဲ သိသိသာသာကြီးကို လူကျွံနေခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးကတော့ ဂိုးအဖြစ် ခွင့်ပြုခဲ့ပါတယ်။ မက္ကစီကိုအသင်းက ဒေါ့ဆန်းတို့စ်ရဲ့ ကစားဟန်ဟာ စွဲမက်စရာပါ။ တစ်ကွင်းလုံးပြေးလွှားပြီး မက္ကစီကိုအသင်းအတွက် ပေးဆပ်သွားတဲ့သူ့ကို သူ့နိုင်ငံသားတွေက အမှတ်ထင်ထင် ဖြစ်နေကြမှာ အသေအချာပါပဲ။ နောက်တန်းအမှားကနေ ဟီဂူအင်က ဒုတိယဂိုးသွင်းယူပြီးတဲ့အချိန်မှာတော့ အရာရာဟာ အာဂျင်တိုင်းတို့အတွက် ဖြစ်သွားခဲ့ရပါပြီ။ မက္ကစီကိုအသင်းအနေနဲ့ မက်ဆီကို ပိတ်ဆို့ကစားခဲ့နိုင်ပေမယ့် အတင်းဝင်၊ အတင်းလိုက်၊ အတင်းတိုးကစားတဲ့ တိဗက်ဇ်ရဲ့ တတိယဂိုးကိုတော့ မက္ကစီကိုဂိုးသမား ဘယ်လိုမှ မကာကွယ်လိုက်နိုင်ပါဘူး။ ကန်ချက်တိကျသေချာတဲ့အပြင် အရှိန်ပြင်းပြင်းနဲ့ တိဗက်ဇ်ရဲ့ ဒုံးကျည်ကန်ချက်ဟာ အံ့သြစရာပါ။ သုံးဂိုးရှုံးနေခဲ့ပေမယ့် မက္ကစီကိုအသင်းဟာ ကစားကွက်ပျက်မသွားဘဲ သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ခဲ့ပါတယ်။ အဲဒီရလဒ်အဖြစ် မန်ယူရဲ့ တိုက်စစ်မှူးသစ် ဟာနန်ဒက်ဇ်က သိက္ခာဆည် ချေပဂိုးတစ်ဂိုးကို လှလှပပ သွင်းယူသွားနိုင်ခဲ့တာပါ။ အနိုင်ရခဲ့တဲ့ အာဂျင်တီးနားဟာ ဂျာမနီနဲ့ ထိပ်တိုက်တွေ့ဆုံရမှာဖြစ်ပြီး ဂျိုအာချင်လိုးနဲ့ မာရာဒိုနာ ဘယ်သူက ပိုစွမ်းသလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြရဦးမှာပါ။
tevezj.png
Man of the Match - တိဗက်ဇ် (အာဂျင်တီးနား)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်၊ တနင်္လာနေ့။
နံနက် ၉ နာရီ ၅၇ မိနစ်တွင်ပြီး၏။

Sunday, June 27, 2010

ကျွန်တော်ကြိုက်သောပုံပြင်များ (၁၆)


တစ်ခါက သမီးလေးတစ်ယောက်ဟာ သူ့မိခင် ထမင်း၊ ဟင်း ချက်နေတာကို မီးဖိုထဲမှာ ကြည့်နေလေသတဲ့။ မိခင်လုပ်သူက ငါးဟင်းချက်ဖို့ ငါးရဲ့ ခေါင်းနဲ့ အမြီးကို ခုတ်ဖြတ်ပြီး အိုးထဲထည့်ချက်တယ်တဲ့။ သမီးလုပ်သူကလည်း စိတ်ဝင်တစားနဲ့

"မေမေ၊ ဘာကြောင့် အခုလို ခေါင်းနဲ့အမြီးကို ဖြတ်ပြီးချက်ရတာလဲ" လို့ မေးလိုက်တယ်။

မေးခွန်းကိုကြားရတဲ့မိခင်က "မေမေလည်း မသိပါဘူးသမီး၊ မေမေငယ်ငယ်တုန်းက မေမေရဲ့အမေ ငါးဟင်းချက်တာ ကြည့်ပြီး သူလုပ်သလို လုပ်မိတာ။ ဘာကြောင့် ဒီလိုလုပ်သလဲဆိုတာ မသိပါဘူး" လို့ ၀န်ခံရှာတယ်။

ဒါနဲ့ သမီးလေးက ဒါဆို...ဘွားဘွားကို သွားမေးရအောင်လို့ ပြောတယ်။ အမေလုပ်သူကလည်း ကောင်းသားပဲဆိုပြီး အဘွားရှိတဲ့အိမ်ကို သားအမိနှစ်ယောက် သွားကြတယ်တဲ့။

ဘွားဘွားဆီရောက်ပြီး သမီးငယ်လေးက "ဘွားဘွား... ဘွားဘွား... ငါးဟင်းချက်ရင် ဘာကြောင့် ခေါင်းနဲ့အမြီး ခုတ်ပြီးမှ ချက်တာလဲ" လို့ မေးတော့ အဘွားလုပ်သူက အချိန်တော်တော်ယူစဉ်းစားပြီး

"ငါလည်း မသိပါဘူး၊ ငါ့အမေ ငါးဟင်းချက်တဲ့အခါ ဒီလိုပဲလုပ်တာ မြင်ခဲ့လို့ သူ့ကိုအတုခိုးပြီး ချက်တာ" လို့ ပြောပြန်တယ်။

ဒါနဲ့ သမီးငယ်က "ဒါဆို ဘွားဘွားကြီးဆီ သွားရအောင်" ဆိုပြီး သမီးရယ်၊ အမေရယ်၊ အဘွားရယ် ဘွားဘွားကြီးဆီ သွားကြတယ်။ ဘွားဘွားကြီးဆီရောက်တော့

"ငါးဟင်းချက်တဲ့အခါ ဘာကြောင့် အမြီးနဲ့ ခေါင်းဖြတ်ပြီးမှ ချက်တာလဲ" လို့ မေးတော့ ဘွားဘွားကြီးက အတော်လေး အချိန်ယူစဉ်းစားပြီးမှ

"ငါးဟင်းချက်တဲ့အခါ သုံးတဲ့အိုးက ငယ်နေလို့ ဆံ့အောင် အခုလို အမြီးနဲ့ ခေါင်းဖြတ်တာ" လို့ ပြောလိုက်ပါသတဲ့။

*****************************************************************************************************
ကျွန်တော်တို့တွေအနေနဲ့ တချို့ကိစ္စတွေမှာ ဘာကြောင့် လုပ်သလဲဆိုတာ ဂဃဏနမသိဘဲ လုပ်နေကြတယ်ဆိုတဲ့ သဘောကို ပေါ်လွင်စေချင်တဲ့ ပုံပြင်လေးလို့ စာရေးသူ ဆရာအောင်ထွန်းသက်က ဆိုထားပါသေးတယ်။

2010 World Cup Results (Round of 16, 26 June)


ဘောလုံးပွဲတစ်ခုရဲ့ အနိုင်အရှုံးကို ထွက်ပေါ်လာတဲ့ ရလဒ်အရ ဆုံးဖြတ်တဲ့အခါ ဂိုးပိုများတဲ့အသင်းက အနိုင်ရပါတယ်။ အခုပွဲမှာလည်း ဂိုးရလဒ်အရ ဥရုဂွေးအသင်းက တောင်ကိုရီးယားကို အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန်အတွင်း ယှဉ်ပြိုင်ကစားရာမှာတော့ ဥရုဂွေးအသင်းဟာ အာရှအသင်း တောင်ကိုရီးယားကို အသာစီးယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ပက်ဂျီဆန်ဦးဆောင်တဲ့ တောင်ကိုရီးယားအသင်းရဲ့ အချိတ်အဆက်မိမိ ထိုးဖောက်တိုက်စစ်ဆင်မှုအောက်မှာ ဥရုဂွေးတို့ ဗျာများခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲတစ်ပွဲရဲ့ အဆုံးအဖြတ်ကို ပေးနိုင်တဲ့ ဂိုးတွေကို သွင်းယူဖို့အတွက် အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူးတွေ မရှိမဖြစ် လိုအပ်တယ်ဆိုတာကို ကိုရီးယားတွေသိဖို့အတွက် ဥရုဂွေးအသင်းက ကောင်းကောင်းကြီး သင်ခန်းစာ ပေးသွားခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကနေသာ ခုခံကစားခဲ့ရတဲ့ ဥရုဂွေးအသင်းရဲ့ ကစားကွက်ဟာ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ တစ်ဖက်သတ် ဖိကစားနေတာက တောင်ကိုရီးယား၊ ဂိုးရသွားတာက ဥရုဂွေး။ ဘာကွာသွားသလဲဆိုတော့ ရတဲ့အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ဖို့လိုတယ် ဆိုတာပါပဲ။ တောင်ကိုရီးယားအသင်းက နံပါတ်-၁၀ ရဲ့ ဖရီးကစ်ကန်ချက် တိုင်ထိပြီး ထွက်သွားရတာ၊ ရှေ့တန်းတိုက်စစ်မှူးတွေ အံ့သြလောက်အောင် ဂိုးလာဘ်ပျောက်နေခဲ့တာဟာ အာရှအသင်းအတွက် အိမ်ပြန်စေဖို့ ဖြစ်လာခဲ့ရပါတယ်။ တောင်ကိုရီးယားရဲ့ တရစပ်ဖိကစားမှုကြောင့် ဖော်လန်ကိုယ်တိုင် နောက်တန်းအထိဆင်းပြီး ဘောလုံးယူကစားခဲ့ရတာ တွေ့ရပါတယ်။ အကောင်းဆုံးကစားသမားဆု ရရှိသွားခဲ့တဲ့ ဆွာရက်ဇ်ကတော့ တစ်ပွဲလုံး သာမန်ပဲ ကစားနိုင်ခဲ့ပေမယ့် အဆုံးအဖြတ်ပေးမယ့် ဂိုးတွေအတွက်တော့ တာဝန်ကျေခဲ့ပါတယ်။ တကယ်ဆိုရင် ဒီနေ့ပွဲအတွက် အကောင်းဆုံး ကစားသွားနိုင်ခဲ့တာက တောင်ကိုရီးယားအသင်းနဲ့ ပက်ဂျီဆန်ပါ။ ဒါပေမယ့်လည်း လိုအပ်တဲ့ ဂိုးတွေရအောင် မသွင်းယူနိုင်ခဲ့တဲ့အတွက် ဘောလုံးထုံးစံအရ ရှုံးနိမ့်မှုကို လက်ခံလိုက်ဖို့ပဲ ရှိတော့တာပေါ့လေ။ အနိုင်ရခဲ့တဲ့ ဥရုဂွေးကတော့ အမေရိကန်အသင်းနဲ့ ဂါနာအသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ကွာတားဖိုင်နယ်လ် ယှဉ်ပြိုင်ကစားရမှာပါ။
suarez.png
Man of the Match - ဆွာရက်ဇ် (ဥရုဂွေး)

(မိနစ် ၉၀ အတွင်း တစ်ဖက် တစ်ဂိုးစီ သရေကျနေခဲ့ပြီး အချိန်ပိုတွင် ဂါနာအသင်းက အနိုင်ဂိုးသွင်းယူနိုင်ခဲ့သည်)
ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကံအကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အမေရိကန်တို့ ဒီပွဲမှာတော့ ကံကောင်းခြင်းတွေကို မရှာဖွေနိုင်ခဲ့ပါဘူး။ ပွဲချိန်အစောကြီးကတည်းက သွင်းယူခံခဲ့ရတဲ့ ဂါနာအသင်းရဲ့ဂိုးကို ဒိုနိုဗန်က ပင်နယ်တီကတစ်ဆင့် သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲဒီဂိုးကြောင့်ပဲ အမေရိကန်တို့ရဲ့ မျှော်လင့်ချက်တွေ ပြန်လည်တောက်ပလာခဲ့ရပါတယ်။ ပွဲကစားချိန် မိနစ် ၉၀ အတွင်း နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင်ကြလို့ တစ်ဂိုးစီသရေနဲ့ နောက်ထပ်အချိန်ပို ၃၀ မိနစ် ကစားခဲ့ကြရပါတယ်။ အမေရိကန်တို့အတွက် အိပ်မက်ဆိုးတွေကို သယ်ဆောင်ပေးခဲ့သူကတော့ ဂါနာအသင်းရဲ့ ဂိုးသွင်းစက် ဂီယန်ပါပဲ။ အထနှေးတတ်တဲ့ အမေရိကန်အသင်းရဲ့ ကစားဟန်ကို အခွင့်ကောင်းယူပြီး အချိန်ပိုစပြီး ၃ မိနစ်အတွင်းမှာပဲ အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ဂါနာအသင်းရဲ့ နိုင်ပွဲဟာ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အခြေမလှဖြစ်ခဲ့ရတဲ့ အာဖရိကအသင်းတွေအတွက် မျှော်လင့်ချက်အပြည့်နဲ့ ဖြေဆေးတစ်ခွက်ဖြစ်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်မှာ ဥရုဂွေးနဲ့ ဂါနာတို့ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။
ayew.png
Man of the Match - အာရူး (ဂါနာ)

အာရှတိုက်က တောင်ကိုရီးယားအသင်းနဲ့ မြောက်အမေရိကတိုက်ရဲ့ အမေရိကန်အသင်းတို့ ထွက်ခွာခဲ့ရပြီဖြစ်တဲ့အတွက် ဒီနှစ်ကမ္ဘာ့ဖလားဟာ တောင်အမေရိကအသင်းတွေနဲ့ ဥရောပအသင်းတွေပဲ အဓိကအားပြိုင်စေဖို့အတွက် ပိုမိုသေချာသွားစေခဲ့ပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၇ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၁၁ နာရီ ၀၂ မိနစ်တွင်ပြီး၏။

အတ္ထုပ္ပတ္တိ ပြုတယ်ဆိုတာ


မွေးလာရုံ၊ သေသွားရုံနဲ့တော့ဖြင့် ကျွန်တော်တို့က ဘယ်သူ့ကိုမှ အတ္ထုပ္ပတ္တိတစ်ခုရယ်လို့ ရေးကြီးခွင်ကျယ်လုပ်ပြီး မှတ်တမ်းပြုမိကြမယ် မဟုတ်ပါဘူး။

သူ အသက်ရှင်စဉ်မှာ လူ့လောကကြီးကောင်းအောင် (သို့မဟုတ်) ဆိုးအောင် ထူးထူးခြားခြား လုပ်ခဲ့လို့သာ မှတ်တမ်း တင်ခဲ့ကြတာပါပဲ။

aungthin.gif
အောင်သင်း
သင်္ဂါရ၀သုတ်
စံပယ်ဖြူ၊ ဧပြီ ၁၉၈၆။

ရေရှည်ပြိုင်ပွဲ


လေးနှစ်တစ်ကြိမ် ကျင်းပသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး စတင်နေသည်မှာ ယခုဆိုလျှင် အုပ်စုပထမပွဲစဉ်များ ပြီးဆုံးတော့မည်ဖြစ်ရာ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များသို့ တက်ရောက်မည့် အုပ်စုပထမ၊ ဒုတိယအသင်းများ ရှင်းလင်းကွဲပြားလာတော့မည် ဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့ဖလားပွဲ ကျင်းပပြီးခဲ့သော အုပ်စုပွဲစဉ်များအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြသည့် အသင်းများအနက် မယုံကြည်နိုင်စရာ အရှုံးရလဒ်များဖြင့် အုပ်စုအတွင်း အောက်ဆုံးအဆင့် ရောက်ရှိသွားပြီး အုပ်စုအဆင့်မှ လှည့်ပြန်ရတော့မည့် ပြင်သစ်အသင်းကို သင်ခန်းစာယူသင့်သလို နှစ်ပေါင်း ၄၄ နှစ်အကြာတွင်မှ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် မြောက်ကိုရီးယား လက်ရွေးစင်အသင်းကိုမူ များစွာလေးစားချီးကျူးစရာ ကောင်းလှပါသည်။

အထူးသဖြင့် ၎င်းတို့ထက် အစစအရာရာ သာလွန်နေသည့်အပြင် ဗိုလ်စွဲရန်ပါ ရေပန်းစားနေသော ဘရာဇီးအသင်းကို သူတင်ကိုယ်တင် ကစားကာ နှစ်ဂိုး တစ်ဂိုးဖြင့် ပွတ်ခါသီကာ ရှုံးနိမ့်ခဲ့ပြီး ဂိုးပြတ်အသွင်းခံရသော်လည်း ပွဲပြီးချိန်အထိ ပေါ်တူဂီအသင်းအား မဆုတ်မနစ် အားထုတ်ယှဉ်ပြိုင်သွားသော မြောက်ကိုရီးယားအသင်း၏ စိတ်ဓာတ်မှာ များစွာလေးစားစရာ ကောင်းလှပေသည်။ ပြိုင်ပွဲတိုင်း ရှုံးနိမ့်လင့်ကစား ကမ္ဘာတစ်ဝန်းလုံးမှနေ၍ အားပေးကြည့်ရှုနေကြသူ ပရိသတ်အားလုံး၏ လေးလေးစားစား အသိအမှတ်ပြုမှုကို ခံရခြင်းမှာ မြောက်ကိုရီးယားနိုင်ငံနှင့် နိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ခြင်းပင် ဖြစ်ပါသည်။

ဘောလုံးအားကစားသည် တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် ယှဉ်ပြိုင်၍ မရသည့်အလျှောက် နည်းပြအပါအ၀င် အသင်းသားအားလုံး တစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီရှိနေရန် များစွာအရေးကြီးပါသည်။ အထူးသဖြင့် နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြု ပြိုင်ပွဲဝင်ရသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အသင်းသားအားလုံး၏ ဂုဏ်သိက္ခာသာမက နိုင်ငံနှင့် နိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာကိုလည်း ကိုယ်စားပြုနေပါသည်။ ထို့အတွက် အနိုင်ရရှိရေး၊ မိမိအသင်းနှင့် မိမိနိုင်ငံဂုဏ်ကို မြှင့်တင်ရေးဆိုသော စိတ်ဆန္ဒဖြင့် အားထုတ်ယှဉ်ပြိုင်ကြရခြင်း ဖြစ်ပေသည်။

မည်သို့သော ပြိုင်ပွဲမဆို ချန်ပီယံဆုရရှိရေးသည် ပြိုင်ပွဲဝင် အသင်းတိုင်းအတွက် အမြင့်မားဆုံး မျှော်လင့်ချက်ဖြစ်ပါသည်။ ဤနေရာတွင် ချန်ပီယံဆု ရခြင်းမရခြင်းထက် မိမိတို့ကို မျှော်လင့်ချက်ကြီးမားစွာ စောင့်စားကြည့်ရှု အားပေးနေကြသည့် မိမိတို့ နိုင်ငံသားများအတွက်ဟူသော စိတ်ဖြင့် ပြိုင်ပွဲတိုင်းကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ခြေကုန်ထုတ် ယှဉ်ပြိုင်ရေးက အရေးအကြီးဆုံးဟု ဆိုချင်ပါသည်။ နောက်ဆုံး မိမိတို့အသင်းအပေါ် မမျှမတ ဆက်ဆံနေစေကာမူ မိမိတို့ကိုယ်စားပြုနေသော နိုင်ငံနှင့် ပြည်သူလူထုအတွက် အကောင်းဆုံးယှဉ်ပြိုင် ကစားကြမည့် တာဝန်ရှိပေသည်။ သို့မဟုတ်ပါပဲ မိမိတို့အတ္တ၊ လောဘ၊ မကျေနပ်ချက်၊ ဒေါသ၊ စိတ်ခံစားမှုများဖြင့် ယှဉ်ပြိုင်ပါက ရလဒ်ကောင်းများ မည်သို့မျှ မြင်တွေ့ရမည် မဟုတ်ပေ။

ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင်လည်း ဘောလုံးပွဲများနှင့် အလားသဏ္ဌာန်တူသော ပြိုင်ပွဲများကို အမြဲတစေ ယှဉ်ပြိုင်နေကြရပါသည်။ တစ်နည်းအားဖြင့်ဆိုရသော် ကျွန်ုပ်တို့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတစ်ရပ်လုံး အကျိုးအလို့ငှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသော နယ်ပယ်အသီးသီးအလိုက် နေ့စဉ်နှင့်အမျှ ပြိုင်ပွဲများ ယှဉ်ပြိုင်နေရခြင်း ဖြစ်ပါသည်။ ထိုပြိုင်ပွဲများသည်လည်း ပြိုင်ပွဲတည်ရှိရာ နေရာဒေသ၏ နောက်ခံသမိုင်းကြောင်းနှင့် ထိုလူ့အဖွဲ့အစည်းရှိ လူအများစု၏ အသိပညာရေချိန်အပေါ် မူတည်ကာ အခြေအနေအမျိုးမျိုး၊ အကွေ့အ၀ိုက်၊ အလှည့်အပြောင်း အဖုံဖုံ ရှိတတ်ပါသည်။ ထို့အပြင် ပြိုင်ပွဲတိုင်းသည် ရေတိုခဏတာအတွင်း ပြီးဆုံးသွားမည်မဟုတ်ဘဲ ရေရှည်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများဖြစ်ပါသည်။ ထို့အတွက် မည်သို့သော အခြေအနေများ ရှိနေစေကာမူ ပြိုင်ပွဲတိုင်းကို မိမိတို့ ကိုယ်စားပြုနေသော ပြည်သူလူထုနှင့် လူ့အဖွဲ့အစည်းတစ်ရပ်အတွက် ဦးတည်ယှဉ်ပြိုင်ကြစေလိုကြောင်း အထူးဖော်ပြလိုရင်း ဖြစ်ပါသည်။

အယ်ဒီတာ (၂၄-၆-၂၀၁၀)

Saturday, June 26, 2010

၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ (ရှုံးထွက်အဆင့်)


တောင်အာဖရိကနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ချီတက်လာခဲ့တာ အခုဆိုရင် ရှုံးထွက်အဆင့်ကိုတောင် ရောက်ရှိလာခဲ့ပါပြီ။ ၁၆ သင်းသာကျန်တော့တဲ့ ဒီအဆင့်ဟာ ဘယ်အသင်းတွေ အောင်ပွဲခံကြမလဲ၊ ဘယ်အသင်းတွေ လက်ပြနှုတ်ဆက်ကြမလဲဆိုပြီး ဘောလုံးပရိသတ်တွေအားလုံး ရင်ခုန်နေကြတဲ့ အချိန်အခါပေါ့လေ။ အုပ်စုပွဲစဉ်တွေမှာ မထင်မှတ်တာတွေ များစွာဖြစ်ပျက်ခဲ့တဲ့ ဒီနှစ်ကမ္ဘာ့ဖလားဟာ စိတ်ဝင်စားမှုတွေ၊ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတာတော့ အမှန်ပါပဲ။

  • အာရှအသင်းတွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်အသင်းတို့ ထိုက်ထိုက်တန်တန် ခြေစွမ်းပြပြီး အုပ်စုအဆင့်ကနေ လွန်မြောက်လို့ ရှုံးထွက်အဆင့်ကို တက်ရောက်လာခဲ့တာ၊
  • ၂၀၀၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲရောက် အသင်းနှစ်သင်းဖြစ်တဲ့ အီတလီနဲ့ ပြင်သစ်တို့ အုပ်စုအဆင့်အနေ အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး လှည့်ပြန်သွားရတာ၊
  • ဒီနှစ်ကျမှ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ စလိုဗက်ကီးယားအသင်းက လက်ရှိချန်ပီယံ အီတလီအသင်းကို ကျော်ဖြတ်ပြီး ရှုံးထွက်အဆင့် တက်ရောက်ခဲ့တာ၊
  • အာဖရိကမြေပေါ်မှာ ကျင်းပပြုလုပ်တာ ဖြစ်တဲ့အတွက် အာဖရိကအသင်းတွေ အခြေအနေကောင်းနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အာဖရိကရဲ့ ဂါနာတစ်သင်းပဲ အုပ်စုအဆင့်ကို ကျော်လွှားနိုင်ခဲ့တာ၊
  • ဗိုလ်စွဲမယ်လို့ ရေပန်းစားခဲ့တဲ့ နာမည်ကြီး အင်္ဂလန်နဲ့ စပိန်အသင်းတို့ ရုန်းကန်ခဲ့ရပြီး အုပ်စုနောက်ဆုံးပွဲစဉ်ကျမှ ကံကောင်းထောက်မစွာ အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ၊
  • တောင်အမေရိကတိုက်က ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပါရာဂွေး၊ ဥရုဂွေး၊ ချီလီ စတဲ့ အသင်းငါးသင်းစလုံး အုပ်စုအဆင့်ကနေ ကျော်ဖြတ်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ သမိုင်းမှတ်တမ်း ရေထိုးနိုင်ခဲ့တာ၊
  • ဂိုးသွင်းဘုရင်ဖြစ်မယ်လို့ ထင်ကြေးပေးခံထားရတဲ့ ရွန်းနီ (အင်္ဂလန်)၊ တောရက်စ် (စပိန်)၊ မက်ဆီ (အာဂျင်တီးနား)၊ စီရော်နယ်လ်ဒို (ပေါ်တူဂီ) တို့ အုပ်စုအဆင့် ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ခြင်း မရှိဘဲ ဂိုးရဖို့အတွက် ခက်ခဲခဲ့ကြတာ (စီရော်နယ်လ်ဒိုက တစ်ဂိုးသွင်းထားသည်)၊
စသည်ဖြင့် မထင်မှတ်တာတွေများစွာနဲ့ စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။ ဘောလုံးပရိသတ်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ထပ်မံပြီး ယမ်းအားမြှင့်ပေးမယ့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေ ရောက်ရှိလာခဲ့ပါပြီ။ ရှုံးထွက်အဆင့်မှာ ထိပ်တိုက်ရင်ဆိုင်ပြီး အပြိုင်ကျဲကြမယ့် အသင်းတွေရဲ့ အခြေအနေကတော့ အောက်မှာဖော်ပြထားတဲ့ အတိုင်းပါပဲ။ ဘယ်သူတွေ ပြုံးပျော်ပြီး ဘယ်သူတွေ ငိုကြွေးကြဦးမလဲ ဆိုတာကိုတော့.....။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်၊ စနေနေ့။
ညနေ ၄ နာရီ ၂၀ မိနစ်တွင်ပြီး၏။

အချစ်ကဗျာ


မင်းအတွက်တော့ အချစ်ဆိုတာ
လေးလုံးစပ်ကဗျာ...။

အလင်္ကာအဟောင်း
စကားလုံးအဟောင်းတွေနဲ့
သုံးကြောင်းလောက်ဖတ်ရင်ပဲ
ရပ်လို့ရပြီပေါ့...။

ငါ့အတွက်တော့
ချစ်ခြင်းဆိုတာ
ပန်းတစ်ပင်ပျိုးခြင်းပါ။

မျိုးစေ့ကအပင်
အပင်ကနေအပွင့်
သံယောဇဉ်တွေကို
နင့်နင့်နဲနဲ ရေလောင်းပေါင်းသင်ခဲ့ရ
ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရ
မျှော်လင့်ချက်တွေကို
မြေသြဇာလို ချကျွေးခဲ့ရ...။

ငါ့အပင်က
ပန်းလေးတစ်ပွင့် ပွင့်လာတဲ့အခါ
အဲဒါ
မင်းအတွက်
ထာဝရကဗျာပေါ့...။

ပျိုးထောင်ခြင်း
စောင့်ဆိုင်းခြင်း
အဆင့်တိုင်းမှာ
ယုယမှုနဲ့ မြတ်နိုးခြင်းတွေပါရဲ့။

*******************************************************************************************
နေနော်ရဲ့ ချစ်သူကောက်ကြောင်း ၀တ္ထုထဲကပါ။ ကဗျာခေါင်းစဉ်တွေဘာတွေ မတပ်ထားတဲ့အတွက် အချစ်ကဗျာလို့ ကျွန်တော့်ဘာသာ တပ်ပေးလိုက်တာပါ။

သစ်ပင်နှစ်ပင်၊ စကားတစ်ခွန်းနှင့် ကျွန်တော့်အတွေးများ


တစ်နေ့က ရုံးကအပြန် လမ်းလျှောက်လာရင်း သွားနေကျလမ်းမှာ အပင်ကြီးနှစ်ပင် လဲကျနေတာ တွေ့ရပါတယ်။ အတော်ကြီးကို ကြီးမားတဲ့ အပင်ကြီးတွေပါ။ တစ်ပင်က ထင်းရှူးပင်ဖြစ်ပြီး နောက်တစ်ပင်ကိုတော့ ဘာပင်လဲဆိုတာ ကျွန်တော်မသိပါဘူး။ အစကတော့ အဲဒီနေ့မတိုင်မီညက ရွာထားတဲ့မိုးကြောင့် လဲကျနေတဲ့ အပင်တွေလို့ပဲ ထင်မှတ်ခဲ့တာပါ။ ဒါပေမယ့် သေသေချာချာ ကြည့်တော့မှ မိုးရွာလို့ လဲကျနေတာမဟုတ်ဘဲ တမင်ခုတ်လှဲထားကြောင်း တွေ့ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုကြီးဖြစ်သွားမှန်း မသိပါဘူး။ ဒေါသထွက်မိတာလည်း အမှန်ပါပဲ။ အဲဒီနားဝန်းကျင်မှာ အဆောက်အအုံတစ်ခုဆောက်မယ့် လက္ခဏာတွေလည်း တွေ့ရတဲ့အတွက် ဒီအပင်တွေကို ခုတ်ပစ်လိုက်ဟန် တူပါတယ်။ ကျွန်တော့်အထင်ပြောရရင် အနည်းဆုံး ၁၀ နှစ်၊ ၁၅ နှစ်လောက် သက်တမ်းရှိတဲ့ အပင်ကြီးတွေပါ။ နှမြောလို့ကို မဆုံးပါဘူး။

လဲနေတဲ့အပင်တွေကို ရှောင်ကွင်းပြီး လမ်းလျှောက်လာရင်းနဲ့ ခပ်လှမ်းလှမ်းရောက်တော့ လူတစ်ယောက်နဲ့ တွေ့ပါတယ်။ ကြည့်ရတာတော့ အဲဒီအပင်တွေကို ခုတ်လှဲတဲ့နေရာမှာ သူ့ကို တာဝန်ပေးထားပုံ ရပါတယ်။ မျက်မှန်းတန်းမိနေသူမို့ လှမ်းနှုတ်ဆက်လိုက်ပါတယ်။ သာကြောင်း၊ မာကြောင်းပြောရင်းနဲ့ ဒီနေရာမှာ ဘာလုပ်မှာလဲ၊ ညာလုပ်မှာလဲ စသည်ဖြင့် စပ်စုပါတယ်။ ပြီးတော့မှ ကျွန်တော်သိချင်တဲ့ လဲကျနေတဲ့အပင်ကြီးတွေကို ဘာကြောင့်ခုတ်လိုက်ရတာလဲ မေးမိပါတယ်။ အဲဒီတော့ သူပြန်ဖြေတဲ့ စကားလေးတစ်ခွန်းက ကျွန်တော့်ကို အတွေးတွေ ပလုံစီစေခဲ့တော့တာပါပဲ။

"ဒီအပင်တွေကို ဒီနေရာမှာ မရှိသင့်ဘူးထင်လို့ ခုတ်ခိုင်းတာဖြစ်မှာပေါ့" တဲ့။

သြော်... အဲဒီအပင်တွေဟာ အဲဒီနေရာမှာ မရှိသင့်ဘူးတဲ့လား။ ဒါဆိုရင် သူတို့တွေက ဘယ်နေရာမှာ ရှိသင့်တာလဲ။ သစ်ပင်တွေအတွက် နေရာဆိုတာရော ရှိသေးလို့လား။ မြို့ဆိုတာ လူနေဖို့၊ တောဆိုတာ သစ်ပင်တွေနေဖို့လို့ သေသေချာချာ ပြောနိုင်သေးလို့လား။ အဲဒီလို ပြောနိုင်သေးတယ်ဆိုရင်တော့ သစ်ပင်တွေအတွက် သူ့နေရာနဲ့သူ ရှိပြီးသားလို့ ဆိုနိုင်တာပေါ့လေ။ ဒါပေမယ့်လည်း လူသားတွေက တောတွေ၊ တောင်တွေ၊ လျှိုတွေ၊ ချောင်တွေ ရွေးနေတော့တာ မဟုတ်ပါဘူး။ နေချင်တဲ့နေရာမှာ နေတယ်။ စက်ရုံဆောက်ချင်တဲ့နေရာမှာ ဆောက်တယ်။ စိုက်ပျိုးရေးလုပ်ချင်တဲ့ နေရာမှာ လုပ်တယ်။ ကဲ.. သစ်ပင်တွေအတွက် သီးသန့်နေရာဆိုတာ ရှိသေးလို့လား။ လူနေအိမ်မှာ နွယ်ပင်တွေပေါက်ရင်၊ ညောင်ပင်ပေါက်ရင် ရှင်းပစ်လိုက်ကြတယ်။ သူတို့အပင်တွေနေရာမှာ လူတွေလာနေကြရင်ရော အပင်တွေက ဘာပြန်လုပ်နိုင်ကြမှာလဲ။

လူသားဟာ အသိဉာဏ်ပညာ ရှိတယ်တဲ့။ သစ်ပင်တွေကတော့ အသိဉာဏ် မရှိရှာကြပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်မှာ လူသားတွေချည်း သီးသန့်နေထိုင်လို့ မဖြစ်ဘူးဆိုတာ လူသားတွေ သိသင့်ပါတယ်။ သစ်ပင်တွေမရှိတဲ့ ကမ္ဘာကြီးကို မြင်ယောင်တွေးတောကြည့်စမ်းပါ။ လူသားတွေမရှိတဲ့ ကမ္ဘာကြီးမှာတော့ သစ်ပင်တွေ နေနိုင်ကြမယ် ထင်ပါရဲ့။ သေချာတာကတော့ လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုမှာ သစ်ပင်တွေဟာ မရှိမဖြစ် အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတယ်ဆိုတာပါပဲ။ လူသားနဲ့သစ်ပင် သဟဇာတဖြစ်ဖို့ လိုပါတယ်။

စောစောကခုတ်လိုက်တဲ့ သစ်ပင်ကြီးနှစ်ပင်အတွက် သဘာဝကြီးဆီကို ဘယ်လိုများ အစားပြန်ပေးနိုင်မှာလဲ။ သူတို့တွေနေရာမှာ ဘယ်သူနဲ့ အစားထိုးနိုင်မှာလဲ။ သစ်ပင်တစ်ပင် ရှင်သန်ကြီးထွားအောင် ပြုစုပျိုးထောင်ဖို့ ဘယ်လောက်အထိ ခက်ခဲသလဲဆိုတာကို ကိုယ်တိုင်စိုက်ပျိုးဖူးသူတွေသာ သိနိုင်တာပါ။ ၁၅ နှစ်သက်တမ်း သစ်ပင်တစ်ပင်ကို ၁၅ မိနစ်လောက်အတွင်းမှာ မြေကြီးပေါ်ကို ဗုန်းဗုန်းလဲအောင် ခုတ်နိုင်တာကို နည်းပညာတွေ တိုးတက်လာပြီဆိုပြီး လူသားတွေက ဂုဏ်ယူနေကြတာလား။ ဒီနေ့စိုက်လိုက်တဲ့ အပင်တစ်ပင်ကို တစ်ပတ်အတွင်းမှာ အပင်ကြီးတစ်ပင်ဖြစ်အောင် ပြုလုပ်နိုင်တဲ့ နည်းပညာမျိုးကျတော့ ဘာဖြစ်လို့ မတီထွင်ကြသလဲ။ ငါခုတ်လိုက်တာက သစ်ပင်လေးတစ်ပင်ပါလို့ မထင်လိုက်ပါနဲ့ မိတ်ဆွေ။ ကမ္ဘာပေါ်မှာ တစ်နေ့တစ်နေ့ကို သင့်လိုမျိုး သစ်ပင်တစ်ပင် ခုတ်လိုက်တဲ့လူ ဘယ်နှယောက်ရှိနေတယ်ဆိုတာ သင်မသိနိုင်သလို၊ ကျွန်ုပ်လည်း မသိနိုင်ဘူးလေ။

ကမ္ဘာကြီး ပူနွေးလာနေပြီ။ ပင်လယ်သမုဒ္ဒရာရေတွေ မြင့်တက်လာနေပြီ။ ရာသီဥတုတွေ ဖောက်ပြန်လာနေပြီ။ ရောဂါဘယတွေ ထူပြောလာနေပြီ။ အဲဒါတွေအတွက် လူသားတွေပဲ ဒုက္ခရောက်ကြရတာပါ။ မုန်တိုင်းတွေ ခဏခဏ ကြုံနေရတယ်။ အပူလှိုင်းဖြတ်ပြီး လူတွေသေကုန်ကြတယ်။ ရေတွေကြီးပြီး အသက်အိုးအိမ်တွေ ဆုံးရှုံးနေကြရတယ်။ ဒါတွေဟာ ဘာကြောင့်ဖြစ်နေရတာလဲ။ ပညာရှင်တွေ ပြောကြ၊ သတိပေးကြတာလည်း များလွန်းလှပါတယ်။ ဒါပေမယ့်လည်း လူသားတွေကတော့ ဘာသိဘာသာပါပဲ။

ရေကြီးလိုက်၊ မုန်တိုင်းတိုက်လိုက်၊ အပူလှိုင်းဖြတ်လိုက်နဲ့ သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် သေဆုံးနေရတဲ့ လူသားတွေ ဘယ်လောက်များနေတယ်ဆိုတာ သတင်းစာ၊ ဂျာနယ်တွေ၊ တီဗီသတင်းတွေမှာ မြင်တွေ့ကြားသိ နေကြမှာပါ။ အဲဒီလိုဆိုတော့ ကျွန်တော့်မိတ်ဆွေ ပြောတဲ့စကားလေးနဲ့ စပ်ဆက်ပြီး အတွေးတစ်ခုကို တွေးနေမိပြန်ရော။

"ကျွန်တော်တို့လူသားတွေကို ဒီကမ္ဘာပေါ်မှာ မရှိသင့်ဘူးထင်လို့ သဘာဝတရားကြီးက သတ်ပစ်နေတာလား" ဆိုတာကိုပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်၊ စနေနေ့။
နေ့လည် ၂ နာရီ ၂၅ မိနစ်တွင်ပြီး၏။

2010 World Cup Results (25 June)


အုပ်စု (ဆ)

လိုချင်တဲ့ရမှတ်နဲ့ လိုချင်တဲ့ရလဒ်အတွက် ဒီနှစ်သင်းကစားသွားပုံက နည်းနည်းတော့ စိတ်တိုချင်စရာကောင်းတယ်။ တစ်ချက်တစ်ချက် အင်တိုက်အားတိုက် ကစားပြတာလေးတွေသာ မရှိခဲ့ရင်၊ စီရော်နယ်လ်ဒိုသာ အလှအပ၊ အလိမ်အခေါက်လေးတွေနဲ့ မကစားခဲ့ရင် ပွဲကြည့်ပရိသတ်တွေကို စော်ကားလိုက်လေခြင်းလို့ နာမည်တပ်မိမှာ အမှန်ပါပဲ။ ဘရာဇီးလ်ကလည်း နိုင်စရာမလိုမှန်းသိနေတယ်၊ ပေါ်တူဂီကလည်း အနိုင်ရဖို့ မလွယ်မှန်း၊ နောက်တစ်ဆင့်ကို အေးအေးဆေးဆေး တက်နိုင်နေမှန်း သိနေတယ်။ အဲဒီတော့ ကစားပွဲဟာ ပရိသတ်တွေ မျှော်လင့်ထားသလို ရသပေါင်းစုံနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်မလာခဲ့တာ ဆန်းတော့မဆန်းပါဘူး။ ကျွန်တော့်အမြင်ကတော့ ဘရာဇီးလ်နဲ့ ပေါ်တူဂီပေါင်းပြီး အိုင်ဗရီကို့စ်ကို အသေသတ်သွားတယ် ထင်တာပါပဲ။ အဲလိုဆိုရပေမယ့် အိုင်ဗရီကို့စ်ကလည်း ပုံမလာပါဘူးဗျာ။ သူကသာ မြောက်ကိုရီးယားကို ဂိုးတွေအများကြီးသွင်း၊ ဂိုးပြတ်နဲ့နိုင်ပြီး မျှော်လင့်ချက်တွေကို ထွေးပိုက်နေတဲ့အချိန် ဘရာဇီးလ်နဲ့ ပေါ်တူဂီက သရေကစားတယ်ဆိုရင် ဇာတ်နာအောင် ပြောလို့ကောင်းသား။ အခုတော့ သူကလည်း ပုံမလာ၊ ဟိုနှစ်သင်းကလည်း အာပလာ၊ ကြည့်လိုက်ရတဲ့ ကျွန်တော်တို့ကပဲ ယောင်ချာချာ ဖြစ်သွားခဲ့ရတယ်။ ပြောကို မပြောချင်တော့ဘူး။
cronaldog.png
Man of the Match - စီရော်နယ်လ်ဒို (ပေါ်တူဂီ)

တကယ်လို့များ အုပ်စုအဖွင့်ပွဲစဉ်မှာသာ အခုပွဲကို ကစားခဲ့ရမယ်ဆိုရင် အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းမယ်ထင်ပါရဲ့။ အခုတော့ စိတ်ဓာတ်ကျနေတဲ့ မြောက်ကိုရီးယားကို အိုင်ဗရီကို့စ်တို့ အလွယ်တကူပဲ အနိုင်ရခဲ့ပါတယ်။ စိတ်လျှော့လိုက်တဲ့ မြောက်ကိုရီးယားရဲ့ ကစားပုံဟာ အရမ်းကို သိသာလွန်းပါတယ်။ မျှော်လင့်ချက်တွေများစွာနဲ့ ရောက်လာခဲ့ပေမယ့် မရဏအုပ်စုမှာ ရောက်ခဲ့ရတဲ့အတွက် သူတို့တွေအတွက် အစစအရာရာဟာ အရမ်းကို ခက်ခဲလွန်းခဲ့တာ အားလုံးမြင်ခဲ့ရပြီးပါပြီ။ တကယ်ဆိုရင် သူတို့ရဲ့ ကြိုးစားအားထုတ်မှုအရ အမှတ်အနည်းငယ်ပိုက်ပြီး အိမ်ပြန်သင့်ကြတာပါ။ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပေမယ့် သူတို့တွေရဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့ ကြိုးစားအားထုတ်မှုကို တစ်ကမ္ဘာလုံးက အံ့သြတကြီး စောင့်ကြည့်မြင်တွေ့ခွင့် ရခဲ့ပြီးပါပြီ။ အဲဒါကပဲ သူတို့အတွက် အမြတ်လို့ မှတ်ယူသင့်ပါတယ်။ ကြံ့ခိုင်မှုနဲ့ ဘောလုံးကျွမ်းကျင်မှု၊ အဆုံးသတ်သေချာမှုတွေမှာ အိုင်ဗရီကို့စ်ကို ဘယ်လိုမှ မယှဉ်နိုင်တဲ့အတွက် သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရတာဟာ ဖြစ်သင့်တယ်လို့ ယူဆပါတယ်။ နောင်ကမ္ဘာ့ဖလားတွေအတွက် မြောက်ကိုရီးယားမှာ အတွေ့အကြုံကောင်းတွေ အများကြီးရသွားခဲ့ပါတယ်။ တောင်အမေရိကတိုက်ရဲ့ အကောင်းဆုံး ဘရာဇီးလ်၊ ဥရောပထိပ်သီး ပေါ်တူဂီနဲ့ အာဖရိကရဲ့ နာမည်ကြီး အိုင်ဗရီကို့စ် စသည်ဖြင့် တိုက်အသီးသီးရဲ့ အသင်းကြီးတွေနဲ့ ကစားခဲ့ရတဲ့ အတွေ့အကြုံတွေဟာ မြောက်ကိုရီးရီးယားအတွက် ကျေနပ်စရာပါ။ အုပ်စုကထွက်ခဲ့ရတဲ့ နှစ်သင်းရဲ့ နောက်ဆုံးပွဲစဉ်ဟာ ကြည့်လို့ကောင်းခဲ့တာတော့ အမှန်ပါပဲ။
drogbah.png
Man of the Match - ဒရော့ဘာ (အိုင်ဗရီကို့စ်)

အုပ်စု (ဇ)
စိတ်ဝင်စားစရာ သိပ်ကောင်းတဲ့ပွဲပါ။ ပွဲရလဒ်ကလည်း သိပ်အံ့သြဖို့ ကောင်းပါတယ်။ ပွဲမတိုင်မီ အခြေအနေက စပိန်အသင်းဟာ သေမြေကြီး ရှင်ရွှေထီးဆိုတဲ့ အနေအထားပါ။ နောက်ဆုံးတော့လည်း ရွှေထီးဆောင်းသွားခဲ့ပါတယ်။ လူအပြောင်းအလဲ ကြီးကြီးမားမား မရှိခဲ့ပေမယ့် ပြောစရာဖြစ်ခဲ့တာက အင်နီယေစတာပါလာတဲ့ စပိန်အလယ်တန်းပါ။ ဇာဗီနဲ့ အင်နီယေစတာကိုတွဲပြီး ဘာစီလိုနာပုံစံအတိုင်း အထိုင်ချကစားခဲ့တဲ့ နည်းပြရဲ့လုပ်ရပ် မှန်ကန်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာက အလွန်ဆိုကလည်း ဒီနေ့ပွဲကျမှ ခြေစွမ်းပြနိုင်နေခဲ့တာပါပဲ။ ကွင်းလယ်အဖျက်ပိုင်းမှာ အလွန်ဆိုဟာ အလုပ်ဖြစ်ခဲ့ပြီး နောက်တန်းအထိဆင်းကာ ခေါင်းတိုက်ဖျက်ထုတ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ နာမည်ကြီးတွေ မပါဝင်တဲ့ ချီလီအသင်းရဲ့ ကစားပုံကလည်း အံ့သြစရာဖြစ်ပြီး စွဲဆောင်မှုရှိခဲ့ပါတယ်။ တကယ်လို့သာ တစ်ယောက်အထုတ်မခံရဘဲ ဆယ့်တစ်ယောက်စီသာ ကစားရမယ်ဆိုရင် စပိန်အသင်း အုပ်စုကနေ လှည့်ပြန်သွားရနိုင်ပါတယ်။ ဒါပေမယ့်လည်း စပိန်အသင်းမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားကောင်းတွေ ရှိနေတာဟာ ကံကောင်းစေခဲ့ပါတယ်။ ဒေးဗစ်ဗီလာရဲ့ ပထမဂိုးနဲ့ အင်နီယေစတာရဲ့ ဒုတိယဂိုးတွေဟာ သူတို့တွေရဲ့ ကျွမ်းကျင်မှုကို မျက်ဝါးထင်ထင် မြင်တွေ့စေခဲ့ရပါတယ်။ နှစ်ဂိုးပြတ်ရှုံးနိမ့်နေမှုဟာ ချီလီအသင်းအတွက် အန္တရာယ်မျဉ်းပေါ်ကို ရောက်သွားစေခဲ့ပါတယ်။ တစ်ဖက်ပွဲစဉ်မှာသာ ဆွစ်ဇာလန်အသင်းက ဟွန်းဒူးရပ်စ်ကို အနိုင်ရခဲ့ပြီဆိုတာနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ချီလီတို့ အုပ်စုကနေ လက်ပြကြရမှာပါ။ အဲဒီအတွက် ချေပဂိုးတစ်ဂိုး မဖြစ်မနေ လိုအပ်ခဲ့ပါတယ်။ လိုအပ်တဲ့ချေပဂိုးကိုလည်း ဒုတိယပိုင်းမှာ ချီလီတို့ ဖန်တီးနိုင်ခဲ့ပါတယ်။ ချေပဂိုးရသွားတဲ့အတွက် ချီလီတို့ စိတ်အေးသွားရပြီး နှစ်သင်းစလုံးက ပွဲကိုထိန်းကစားသွားခဲ့ပါတယ်။ အဲဒါကြောင့်လည်း နှစ်သင်းလုံး အုပ်စုအဆင့်ကနေ တက်ရောက်သွားခဲ့ကြပါတယ်။ အုပ်စုကထွက်ရမယ်လို့ ထင်ခဲ့ကြတဲ့ စပိန်အသင်းဟာ အုပ်စုပထမအဖြစ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီး ဘရာဇီးလ်အသင်းကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။
iniesta.png
Man of the Match - အင်နီယေစတာ (စပိန်)

အနိုင်ကစားဖို့ လိုအပ်နေခဲ့တာ ဘယ်အသင်းလဲဆိုတာတောင် ဇဝေဇ၀ါ ဖြစ်စေခဲ့ပါတယ်။ တစ်ဖက်ပွဲစဉ်မှာ ချီလီအသင်း ရှုံးနိမ့်နေတယ်ဆိုတာကို ဆွစ်တို့ မသိခဲ့ဘဲတော့ နေမှာမဟုတ်ပါဘူး။ စပိန်အသင်းကို အနိုင်ယူခဲ့တဲ့ ခြေစွမ်းတွေ ဘယ်များပျောက်ဆုံးနေခဲ့သလဲလို့ မေးရလောက်အောင်ကို ဆွစ်ဇာလန်တို့ ညံ့ဖျင်းခဲ့ပါတယ်။ သူတို့ညံ့ဖျင်းခဲ့တယ်ဆိုပေမယ့် ဟွန်ဒူးရပ်စ်ကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ သိက္ခာအတွက် အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ရှေ့တန်းတိုက်စစ်မှူးတွေသာ ဂိုးသွင်းသေချာခဲ့မယ်ဆိုရင် ဆွစ်ဇာလန် ရှုံးနိမ့်သွားနိုင်တဲ့ အနေအထားပါ။ ဟွန်ဒူးရပ်ဂိုးသမား ကောင်းနေခဲ့တာကလည်း ဆွစ်တို့အတွက် ဒုက္ခများစေခဲ့တာပါ။ အဲဒါကြောင့်လည်း ဟွန်ဒူးရပ်စ်နဲ့အတူ တစ်မှတ်စီခွဲဝေယူပြီး နှစ်သင်းလုံးပဲ အုပ်စုကနေ လက်ပြသွားခဲ့ကြပါပြီ။
valladares.png
Man of the Match - ဗယ်လာဒါးရပ်စ် (ဟွန်ဒူးရပ်စ်)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်၊ စနေနေ့။
နေ့လည် ၁ နာရီ ၄၈ မိနစ်တွင်ပြီး၏။

နိုင်ငံရေး၏သဘော - နောင်ဦး


naungoo.jpg
နိုင်ငံရေး - နိုင်ငံရေးဆိုသည်ကို အင်္ဂလိပ်ဝေါဟာရအားဖြင့် Politics ဟု ခေါ်၏။ ယင်းစကားသည် ဂရိစကား Politikos မှ လာသည်။ Polis ဆိုသော ဂရိစကားကို အင်္ဂလိပ်လို City State ဟု ခေါ်၏။ မြန်မာလို မြို့ပြနိုင်ငံဟု ခေါ်နိုင်၏။ ထိုမြို့ပြနိုင်ငံ၏ အရေးအရာများကို စီမံခန့်ခွဲ၍ ဆောင်ရွက်အပ်သော သဘောကိုလည်းကောင်း၊ အလုပ်ကိုလည်းကောင်း၊ အခွင့်အာဏာကိုလည်းကောင်း၊ အတတ်ပညာကိုလည်းကောင်း ဂရိလူမျိုး၏ စကားဖြင့် Politikos ဟု ခေါ်သည်။ သို့ဖြစ်၍ နိုင်ငံရေးဆိုသည်မှာ နိုင်ငံနှင့်စပ်ဆိုင်သော အရေးကိစ္စများပင်ဖြစ်သည်။ လူသားတို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စများပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စပင်ဖြစ်သည်။ လူသားတို့စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှုအစုစုသည် နိုင်ငံရေးပင်ဖြစ်သည်။

နိုင်ငံရေးတွင် အာဏာနိုင်ငံရေးနှင့် ထိုအာဏာနိုင်ငံရေးမှအပဖြစ်သော နိုင်ငံရေးဟူ၍ အကြမ်းအားဖြင့် နှစ်မျိုးခွဲနိုင်၏။ အာဏာနိုင်ငံရေးမှာ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာဆိုသည့် အချုပ်အခြာအာဏာ ရရှိရေးနှင့် အစိုးရဖွဲ့အုပ်ချုပ်ရေးအတွက် အလုပ်လုပ်ခြင်းကိုခေါ်သည်။ အာဏာနိုင်ငံရေးတွင် နိုင်ငံရေးသမားများသည် အာဏာရရှိရေးအတွက် စည်းရုံးခြင်း၊ နိုင်ငံရေးပါတီများ ထူထောင်ခြင်း၊ နိုင်ငံရေးစည်းရုံးလှုပ်ရှားခြင်း၊ ရွေးကောက်ပွဲများ ပြုလုပ်ယှဉ်ပြိုင်အရွေးခံခြင်း၊ အစိုးရဖွဲ့စည်းအုပ်ချုပ်ခြင်း စသည့်အမှုတို့ကို ပြုကြသည်။ ထိုအာဏာနိုင်ငံရေးမှ အပဖြစ်သော ၀န်ထမ်းအဖွဲ့အစည်းများ၊ အလုပ်သမားများ၊ လယ်သမားများ၊ ကူးသန်းရောင်းဝယ်သူများ စသူတို့၏ ဆိုင်ရာဆိုင်ရာ နေ့စဉ်လုပ်ကိုင် ဆောင်ရွက်နေခြင်းသည်လည်း နိုင်ငံရေးပင်ဖြစ်သည်။ ဤနိုင်ငံရေးဆောင်ရွက်မှုမှာ အာဏာနှင့် မပတ်သက်ပေ။ တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွား သက်သက်ကိုသာ ဆောင်ရွက်သောနိုင်ငံရေး ဖြစ်သည်။

နိုင်ငံရေးအပေါ်ထားရှိသည့် သဘောထားနှင့် အမြင်တွင် အရှေ့တိုင်းနှင့် အနောက်တိုင်း ကွဲပြားခြားနားမှုရှိ၏။ အနောက်တိုင်းသားတို့က နိုင်ငံရေးအပေါ် ထားရှိသည့် သဘောထားမှာ အကောင်းဘက်သို့ မတိမ်းဘဲ အဆိုးဘက်သို့ ယိမ်းနေသည်ကို တွေ့ရ၏။ နိုင်ငံရေးကို တိုက်ရခိုက်ရ၊ ယှဉ်ပြိုင်ရ၊ ကလိမ်ချုံကျရ၊ ခြေပုန်းခုတ်ရ၊ ချောက်တွန်းရ၊ သစ္စာဖောက်ရသော အလုပ်ဟုမြင်၏။ နိုင်ငံရေးတွင် မုန်းတီးမှု၊ နာကြည်းမှုများ စနစ်တကျ ဖွဲ့စည်းနေသည်ဟု အနောက်တိုင်းသားတို့က ရှုမြင်သည်။ သူတို့၏ အမြင်နှင့်သဘောထားကို လွဲမှားသည်ဟုလည်း မဆိုသာ။ လက်တွေ့တွင် သူတို့မြင်သည့်အတိုင်း ဖြစ်နေသည်က များသည်။ နိုင်ငံရေးသမား တစ်ဦးနှင့် တစ်ဦးသော်လည်းကောင်း၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့သော်လည်းကောင်း ယှဉ်ပြိုင်မှုများ ရှိသည်။ ယှဉ်ပြိုင်ရာတွင်လည်း တရားနည်းလမ်း ကျသည်လည်းရှိသည်။တရားနည်းလမ်း မကျသည်လည်း ရှိသည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တွန်းကြတိုက်ကြသည်လည်း ရှိသည်။ ပုတ်ခတ်ကြသည်လည်း ရှိသည်။ ထိုးနှက်ကြသည်လည်း ရှိသည်။ နောက်ဆုံး လုပ်ကြံသတ်ဖြတ်ကြသည်လည်း ရှိသည်။ သို့ဖြစ်၍ ဟင်နရီအဒမ်က "နိုင်ငံရေးဆိုသည် မည်သို့သော သဘောပင်ရှိစေကာမူ တကယ့်လက်တွေ့တွင် မုန်းတီးနာကြည်းမှုများကို စနစ်တကျ ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်" ဟု ဆိုထားသည်။

နိုင်ငံရေးနယ်ပယ်တွင် မမှန်မကန်မှုများ ရှိသည်။ အပြောတစ်မျိုး အလုပ်တခြားဖြစ်မှုများစွာ ရှိသည်။ နိုင်ငံရေးသမား ကတိပေးသည်ကိုလည်းကောင်း၊ အာမခံချက် ပေးသည်ကိုလည်းကောင်း ယုံကြည်ရန်မဖြစ်နိုင်ဟု အနောက်တိုင်းသားတို့က ရှုမြင်သည်။ အမှန်ပြောခြင်း၊ အမှန်လုပ်ခြင်းမရှိဟု မဆိုနိုင်သော်လည်း အမှန်ပြောသူ၊ အမှန်လုပ်သူသည် အထင်အမြင်သေးခြင်းလည်း ခံရတတ်သည်။ နုံသည်၊ အ,သည်ဆိုသော အမြင်မျိုး ထားရှိတတ်သည်။ နောက်ဆုံး နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပထုတ်ခြင်းလည်း ခံရတတ်သည်။ "သင့်အနေဖြင့် နိုင်ငံရေးလုပ်ငန်းအတွင်း အမှန်တရားများကို ထည့်သွင်းဖို့ ကြိုးပမ်းမည်ဆိုလျှင် သင်သည် နိုင်ငံရေးအသိ မရှိသူသာ ဖြစ်သည်" ဟု ၀ီလ်ရော်ဂျာက ဆိုခဲ့ဖူးသည်။ နိုင်ငံရေးနယ်ပယ်ကို မမှန်မကန်လ်ုပသော၊ မမှန်မကန်ပြောသော၊ ကလိမ်ချုံကျသော၊ မရိုးသားမဖြောင့်မတ်သော၊ တိုင်းပြည်သယံဇာတများကို အခွင့်အာဏာရှိသူက မောင်ပိုင်စီး ကိုယ်ကျိုးသုံးသော၊ အဂတိလိုက်စားသော၊ အကျင့်ပျက်ခြစားသော နယ်ပယ်ဟု အနောက်တိုင်းသားတို့က ရှုမြင်ထားပုံရလေသည်။

တိုင်းပြည်အန္တရာယ်ဖြစ်မည့် အလုပ်လုပ်ခြင်း၊ တိုင်းပြည်၏ လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ထိပါးမည့် အလုပ်လုပ်ခြင်း၊ တိုင်းပြည်နစ်နာရာ နစ်နာကြောင်း၊ ပျက်စီးရာ ပျက်စီးကြောင်းလုပ်ခြင်း၊ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားခြင်း စသည့် တိုင်းပြည်အပေါ် သစ္စာဖောက်သော လုပ်ရပ်များ နိုင်ငံရေးနယ်ပယ်တွင် ရှိတတ်သည် ဟူ၍လည်းကောင်း၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ် တစ်မျိုးပြော၍ ရွေးကောက်တင်မြှောက် ခံရပြီးနောက်တွင် တစ်မျိုးဖြစ်သွားခြင်း၊ ပေးခဲ့သော ကတိများမေ့ခြင်း၊ မဲဆန္ဒရှင်များအပေါ် စော်ကားမော်ကားပြုခြင်း၊ မဲဆန္ဒရှင်များအပေါ် သစ္စာဖောက်ခြင်း စသည်တို့လည်း နိုင်ငံရေးနယ်ပယ်တွင် ရှိတတ်သည်ဟု အနောက်တိုင်းသားတို့က ရှုမြင်သည်။ သို့ဖြစ်၍ "နိုင်ငံရေးမှာ နိုင်ငံအပေါ် သို့မဟုတ် မဲဆန္ဒရှင်များအပေါ် သစ္စာဖောက်ကြစမြဲ ဖြစ်သည်။ ကျုပ်ဆိုလျှင်မူ မဲဆန္ဒရှင်များအပေါ် တစ်ခုတည်းသာ သစ္စာဖောက်မိမှာပါ" ဟု ချားလ်စ်ဒီဂေါလ်က ဆိုခဲ့ဖူးသည်။

နိုင်ငံရေးသမား၏ စံသတ်မှတ်မှုတွင်လည်း အနောက်နှင့်အရှေ့ ခြားနားမှုရှိသည်။ အနောက်တိုင်းသားတို့က နိုင်ငံရေးသမားတစ်ဦးကို ပရိယာယ် မည်မျှကောင်းသည် ဟူသောစံဖြင့် တိုင်းသည်။ အရှေ့တိုင်းသားများကမူ နိုင်ငံရေးသမားတစ်ဦးက မည်မျှ ရိုးသားဖြောင့်မတ်သည်၊ မည်မျှ တရားမျှတသည် ဟူသောစံဖြင့် တိုင်းသည်။

နိုင်ငံရေးအလုပ်သည် အများပြည်သူတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးရသည် ဖြစ်သောကြောင့် မွန်မြတ်သော ပရဟိတအလုပ် ဖြစ်သည်ဟု အရှေ့တိုင်းသားတို့က ခံယူသည်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ မေတ္တာကရုဏာ ရှေ့ထားလျက် အုပ်ချုပ်သည်ဆိုသော အသုံးအနှုန်းများကို အရှေ့တိုင်းသားတို့၏ သမိုင်းတွင် တွေ့ရသည်။

အရှေ့တိုင်းနိုင်ငံများသည် အိမ်နီးချင်းအခန့်မသင့်၍ စစ်ဖြစ်ရာတွင်ပင် အချင်းချင်း ညှိနှိုင်းဖြေရှင်းပြီး ပြေငြိမ်းသည်ကို သမိုင်းများတွင် တွေ့ရသည်။ ထိုသို့ညှိနှိုင်းဖြေရှင်းရာ၌လည်း စာချုပ်များကို တစ်ဖက်စောင်းနင်း တင်တင်စီးစီး ချုပ်ဆိုပြေငြိမ်းကြသည်မဟုတ်ပေ။ လက်ဆောင်ပဏ္ဍာလောက်ဖြင့် ပြီးငြိမ်းသည့် သမိုင်းအစဉ်အလာ ရှိသည်ကို တွေ့ရ၏။

အနောက်တိုင်းသား နယ်ချဲ့များသည် ကိုလိုနီနယ်ချဲ့စစ်ပွဲများကို မတရားဖန်တီးပြီး စစ်ပြေငြိမ်းစာချုပ်များကိုလည်း တစ်ဖက်သတ် နိုင်ထက်စီးနင်း မတရားချုပ်ဆိုကြသည့် သမိုင်းအထောက်အထားများ ရှိသည်။ နိုင်ငံရေးသည် ယုတ်မာညစ်ထေးသော အလုပ်ဖြစ်သည်ဟု အနောက်တိုင်းသားတို့ ရှုမြင်သကဲ့သို့ သူတို့ကိုယ်တိုင်ပင် ယုတ်မာညစ်ထေးသော ကျင့်စဉ်ကို ကျင့်သုံးကြသည်။

အရှေ့တိုင်းသားများကမူ နိုင်ငံရေးကို ယုတ်မာညစ်ထေးသောအလုပ်ဟူ၍ သဘောမထားကြပေ။ "နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည်ဟု ဆိုရမည်လော။ စင်စစ်မှာ နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည် မဟုတ်။ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းသာ ဖြစ်ပေ၏" ဟု မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက် ရွှေတိဂုံစေတီတော် အလယ်ပစ္စယာတွင် ကျင်းပခဲ့သည့် ဖဆပလအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

အရှေ့တိုင်းသားတို့၏ နိုင်ငံရေးနယ်ပယ်တွင် ရှေးပဒေသရာဇ်၊ ဧကရာဇ်များ ခေတ်ကတည်းက တိုင်းပြည်အုပ်ချုပ်ရေး စံများရှိခဲ့သည်။ တိုင်းပြည်အုပ်ချုပ်သူတို့ လိုက်နာကျင့်သုံးနေသည့် ကျင့်ဝတ်များ ရှိသည်။ မင်းကျင့်တရား ၁၀ ပါး ရှိသည်။ တိုင်းပြည်အုပ်ချုပ်သူသည် အလှူဒါနပြုရသည်။ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသည့် သီလဆောက်တည်ရသည်။ အပေးအကမ်း အစွန့်အကြဲလည်း ရှိရသည်။ ကိုယ်နှုတ်နူးညံ့သိမ်မွေ့မှု ရှိရသည်။ အမျက်မထွက်ရ။ ရဟန်းရှင်လူ ပြည်သူတို့နှင့် မဆန့်ကျင်ရ။ ပြည်သူလူထုကို အခွန်အတုတ်အမျိုးမျိုးဖြင့် မညှဉ်းဆဲရ။ သည်းခံရသည်။ ဖြောင့်မတ်မှန်ကန်မှု ရှိရသည်။ နိုင်ငံရေးသည် မွန်မြတ်သောအလုပ် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေးကို ဖြောင့်ဖြောင့်မတ်မတ် မှန်မှန်ကန်ကန် လုပ်ရမည်ဟု အရှေ့တိုင်းသားတို့ သဘောထားသည်။

နိုင်ငံရေးဆိုသည်မှာ လူ့အရေး လူ့ကိစ္စပင်ဖြစ်ရာ ထိုအရေးအရာများ၊ ကိစ္စများမှာ သဘာဝအားဖြင့် ညစ်ညမ်းသည်၊ ယုတ်ညံ့သည်၊ နိမ့်ကျသည်ဟူ၍ မရှိပါ။ ထိုလူ့အရေး၊ လူ့ကိစ္စများကို ကိုင်တွယ်ဆောင်ရွက်သူများက တော်လျှင်၊ ကောင်းလျှင်၊ ဖြောင့်မတ်မှန်ကန်လျှင် ကောင်းမြတ်သည်သာ ဖြစ်သည်။ လူကိုယ်နှိုက်က မကောင်းလျှင်၊ ယုတ်မာညစ်ထေးလျှင်သာ ထိုလူယုတ်မာတို့၏ အလုပ်မကောင်းခြင်း ဖြစ်သည်။

စင်စစ် နိုင်ငံရေးတွင် အရှေ့ကကောင်းသည် အနောက်က မကောင်းချည်းလည်း မရှိပါ။ အနောက်က ကောင်းသည် အရှေ့က မကောင်းချည်းလည်း မရှိပါ။ လူဖြူက ကောင်းသည် လူမည်းက မကောင်း၊ လူဖြူက မကောင်း လူမည်းက ကောင်းသည်ဟူ၍ချည်းလည်း မရှိပါ။ မည်သည့်လူမျိုးတွင်မဆို ကောင်းသူရှိသကဲ့သို့ မကောင်းသူလည်း ရှိသည်သာ။ ထို့ပြင် မကောင်းဆိုသည်မှာလည်း ပြင်မရသောကိစ္စ မဟုတ်ပါ။ လူသည် အသိဉာဏ်ရှိသော သတ္တ၀ါဖြစ်ရကား ကောင်းစိတ်၊ ကောင်းကျင့်၊ ကောင်းစရိုက်များကို ထိန်းပြီး မကောင်းစိတ်၊ မကောင်းကျင့် မကောင်းစရိုက်များကို ပြင်ရမည်သာ ဖြစ်သည်။ ကောင်းစိတ်၊ ကောင်းကျင့်၊ ကောင်းစရိုက်များဖြင့် နိုင်ငံရေးလုပ်ကြမည်ဆိုလျှင် တစ်ကမ္ဘာလုံး အေးချမ်းသာယာမည်သာ ဖြစ်ပါသတည်း။

Friday, June 25, 2010

Gtalk အတွေးစာသားများစုစည်းမှု (၁၄)


အတွေးစာသား (၁)
ဆရာတော်တစ်ပါးက မိန့်ကြားတော်မူဖူးတယ် အကုသိုလ်ကို အကုသိုလ်မှန်း သိရက်နဲ့ လုပ်တာလောက် အပြစ်ကြီးတာမရှိဘူးတဲ့။

အတွေးစာသား (၂)
ငါ့ဒဏ်ရာတွေကို မင်းရဲ့အလင်းရောင်နဲ့ မတောက်ပချင်တာကတော့ အမှန်ပါ ကြယ်စင်ရယ်...။
နင်ငိုမှ ငါစိုမယ်ဆိုရင်တော့ စိတ်ချပါ ငါတစ်သက်လုံး အစိုမခံတော့ဘူး။

အတွေးစာသား (၃)
လွမ်းဆွတ်ခြင်းဆိုတာ ရေရာတဲ့ အကြောင်းပြချက်မရှိဘဲ  လူတစ်ယောက်ကို မျက်ရည်ကျစေအောင် ပေးနိုင်စွမ်းတဲ့ အင်အားတွေဖြစ်တယ်။ "ပျော်ရွှင်ခြင်းတစ်မျိုးက ကိုယ်ချစ်တဲ့လူကို ပေးဆပ်ခြင်းသက်သက်နဲ့ တစ်သက်လုံးချစ်နေတာပါပဲ"

အတွေးစာသား (၄)
နေကောင်းလားလို့ မေးတိုင်း ဖြေရအောင် ငါက နာတာရှည်ရောဂါသည် မဟုတ်ဘူး။
စားပြီးပြီလားမေးရအောင် အီသီယိုပီးယားမှာ နေတယ်မှတ်နေလား။
နာမည်မေးတိုင်း ဖြေရအောင် နင်က လူဝင်မှု ကြီးကြပ်ရေးကလား။

အတွေးစာသား (၅)
ကျောင်းမှန်မှန်တက် ဦးနှောက်ပျက်။
ကျောင်းမှန်မှန်ပြေး ဦးနှောက်အေး။
မှန်မှန်ရေးပါ ရည်းစားစာ။
မိဘစကား ဘေးမှာထား။
ဆရာစကား ဘေးချိတ်ထား။
ချစ်သူစကား တန်ဖိုးထား။

အတွေးစာသား (၆)
Life is short!
Break the rules!
Forgive quickly!
Kiss slowly!
Love truly!
Laugh uncontrollably!
And never regret anything that made you smile.

အတွေးစာသား (၇)
ကိုယ်ချစ်တဲ့သူကို မမြင်နိုင်တဲ့ အနာတရနဲ့ ဒဏ်ရာတွေ မပေးမိပါစေနဲ့။

အတွေးစာသား (၈)
အလှူတကာ အလှူတို့တွင် ရည်းစားအလှူသည် အမြတ်ဆုံး။
ကိုယ့်ရည်းစားကို သူများက ကြားဖြတ်လုဖို့ ကြိုးစားနေတယ်ဆိုရင် ပေးလှူလိုက်ပြီး အမျှအတန်းပေးဝေပါ။
ကိုယ် အသည်းကွဲခံစားရတာများလေ ကုသိုလ်ရလေလေပဲ။

အတွေးစာသား (၉)
ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက်အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

အတွေးစာသား (၁၀)
လူတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့အတွက် စကားလုံးတွေ အများကြီးလိုအပ်နိုင်ပါတယ်။
ဒါပေမယ့် လူတစ်ယောက်ရဲ့ ဘ၀ကိုတော့ စကားတစ်ခွန်းတည်းနဲ့ ပျက်စီးစေနိုင်တယ်။
ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

အတွေးစာသား (၁၁)
သတိရခြင်းဆိုတာ….
လွတ်လပ်တယ်…၊ တိကျသေချာတယ်…၊ သိုဝှက်ဟန်ဆောင်မှု ကင်းတယ်…၊ ကျယ်ဝန်းတယ်…၊ နက်ရှိုင်းတယ်…၊ အနှောင့်အယှက် ကင်းတယ်…၊ လုံခြုံတယ်…၊ အချက်အလက် ပြည့်စုံတယ်…။
ဒါပေမယ့်…. အထီးကျန်ဆန်တယ်…၊ ၀မ်းနည်းစရာကောင်းတယ်…၊ မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်…။
အဆိုးဆုံးကတော့… တစ်ဖက်သတ်ဆန်တယ်။

အတွေးစာသား (၁၂)
၅၀ % က နင့်ကိုမယုံတာ၊
၃၀ % က ငါ့ကိုယ်ငါမယုံတာ၊
၂၀ % က ငါ့စိတ်နဲ့ နှိုင်းနေတာ...။

******************************************************************
အမှတ်စဉ် (၁၄)တောင် ရောက်သွားပြန်ပါပေါ့။ အားအားလျားလျား သူများတွေရဲ့ ဂျီတော့ခ်စတေးတပ် မက်ဆေ့ခ်ျတွေကို လိုက်စုပြီး ပို့စ်တင်ပေးနေတယ်လို့ မထင်ပါနဲ့ဗျာ။ တကယ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တချို့အတွေးလေးတွေက ကြည်နူးစရာ၊ ပျော်ရွှင်စရာပါ၊ တချို့ကတော့ ဖတ်တဲ့လူကိုတောင် ပူလောင်လာစေပါတယ်၊ စသည်စသည်ဖြင့်ပေါ့လေ။ ဘာပဲဖြစ်ဖြစ် လူတွေရဲ့ စိတ်ခံစားမှုလေးတွေကို အနည်းနဲ့အများ သိခွင့်ရတာ ပျော်ဖို့ကောင်းပါတယ်။ သြော်... တစ်ခုတော့ ပြောပါရစေဦး။ အချို့အကြောင်းအရာတွေက ငြင်းခုန်စရာကောင်းနေပါလိမ့်မယ်။ အားလုံးကို လေးလေးနက်နက်ရယ် မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဖတ်တန်သည်ကို ပေါ့ပေါ့ပါးပါးပဲ ဖတ်စေချင်တာပါ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ ဒီအမှတ်စဉ်အတွက်တော့ သူငယ်ချင်းတွေ ပို့ပေးတဲ့မက်ဆေ့ခ်ျ နည်းတယ်ဗျ။ ကျွန်တော့်ဘာသာပဲ လိုက်စုစည်းနေရတော့ ရှေ့အမှတ်စဉ်နဲ့ နည်းနည်းခြားသွားတယ်။ ခင်ဗျားသဘောကျတဲ့ ဂျီတော့ခ်စတေးတပ် မက်ဆေ့ခ်ျလေးတွေများ ဖတ်ခွင့်ရခဲ့ရင် ကျွန်တော့်ကို တစ်ချက်လောက် သတိရလိုက်စမ်းပါဗျာ။ ကျေးဇူးတင်လျက်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်၊ သောကြာနေ့။
နံနက် ၉ နာရီ ၅၈ မိနစ်။

 
Web Statistics