များသထက်များ၊ ရှားသထက်ရှား
ဂျာနယ်သစ်တွေ တစ်စောင်ပြီးတစ်စောင် တိုးလာတာနဲ့အမျှ "ဂျာနယ်လစ်" လိုအပ်ချက်တွေလည်း များသထက်များလာပြီး အရည်အချင်းရှိသူတွေ ရှားသထက် ရှားလာတာကို ကြုံတွေ့နေကြရတဲ့အတွက် မေးကြတာ ဖြစ်ပုံရတယ်။ ရှေးရှေးတုန်းကဆိုတာထား ကျွန်တော်တို့ခေတ်မှာတောင် အခုလောက် စာနယ်ဇင်းတွေ အများကြီးရှိတာ မဟုတ်တော့ လိုအပ်ချက်လည်း ခုလောက်မများပါဘူး။ ကျွန်တော်တို့ခေတ်က တရုတ်သတင်းစာ သုံးလေးစောင်နဲ့ ကုလားသတင်းစာ သုံးလေးစောင်၊ အင်္ဂလိပ်သတင်းစာ နှစ်စောင်၊ သုံးစောင် အပါအ၀င်မှ နေ့စဉ်ထုတ်သတင်းစာ သုံးဆယ်ကျော်၊ လေးဆယ်နီးပါးလောက်ပဲ ရှိတယ်။ လူဦးရေကလည်း ၂၇ သန်းလောက်ပဲ ရှိတယ်လေ။
ဂျာနယ်တွေရာကျော်
အခုတော့ လူဦးရေ သန်း ၅၀ ၀န်းကျင် ရောက်နေပြီး အပတ်စဉ်ထုတ်ဂျာနယ် တစ်ရာကျော်နဲ့ လစဉ်ထုတ်မဂ္ဂဇင်း တစ်ရာကျော်ထိ ရှိနေတယ်လို့ သိရတယ်။ အဲဒီတော့ စာနယ်ဇင်းသမား လိုအပ်ချက်လည်း များလာတာပေါ့။ ရှေးအခါက သတင်းစာအလုပ် လုပ်ချင်သူတွေဟာ နီးစပ်ရာ အဆက်အသွယ်ရှာပြီး ၀ါရင့်သတင်းထောက်ကြီးတွေနောက် တကောက်ကောက်လိုက်ရင်း ပညာယူရတယ်။
သတင်းထောက်ကြီး ခိုင်းတဲ့နေရာသွား၊ ယူခိုင်းတာယူ၊ မေးခိုင်းတာမေး၊ မှတ်ခိုင်းတာမှတ် လုပ်ရတယ်။ အဲဒီလို နှစ်နှစ်တန်သည် သုံးနှစ်တန်သည်လောက် လုပ်ပြီးမှ ကိုယ်တိုင်သတင်းရေးပြီး သတင်းထောက်ကြီးကို ပြခွင့်ရတယ်။ သတင်းထောက်ကြီးက အတော်အတန် စိတ်ချရလောက်ပြီထင်မှ သတင်းစာတိုက်ကို ထောက်ခံပြီး အလုပ်သွင်းပေးတာ။သတင်းထောက်ကြီးနောက် တကောက်ကောက်လိုက်နေရတဲ့ ကာလတစ်လျှောက်လုံး ၀င်ငွေတစ်ပြားမှ ရှိတာမဟုတ်ဘူး။ ကိုယ့်ထမင်း ကိုယ်စားပြီး လိုက်နေရတာဖြစ်တယ်။
ထွက်ခဲ၊ ပြောင်းခဲတယ်
မလုပ်ရ မနေနိုင်လောက်အောင်ကို ၀ါသနာအစွဲအလမ်း ကြီးသူများမှ ဒီလိုလုပ်ကြတာ ဖြစ်တဲ့အတွက် သတင်းစာလောကထဲ ရောက်သွားပြီးမှ ပြန်ထွက်သွားတဲ့သူ ရှားတယ်။ အများစုက သေတစ်ပန်သက်တဆုံး လုပ်ကိုင်သွားကြတယ်။ ဟိုတိုက်ဒီတိုက် ခဏခဏ ပြောင်းသူလည်းနည်းတယ်။ သတင်းထောက်ကြီးနောက် တကောက်ကောက်လိုက်ပြီး ပညာသင်ချိန်ကတည်းက နီးစပ်ခဲ့တဲ့တိုက်ကိုပဲ သံယောဇဉ် တွယ်နေလေ့ရှိတယ်။ သတင်းထောက်အဖြစ် နာမည်လေးရလာလို့ လစာပိုပေးပြီး ခေါ်တာရှိရင်တောင် ပြောင်းလုပ်ချင်ကြတာ မဟုတ်ဘူး။ ကိုယ့်တိုက် ကိုယ့်သတင်းစာ ဆိုတဲ့အစွဲ ရှိတယ်။ သံယောဇဉ် ကြီးမားတယ်။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သတင်းစာဆရာကြီး မြန်မာ့အလင်း ဦးသန်းညွန့်ဆိုရင် အလုပ်စလုပ်ကတည်းက ပင်စင်ယူတဲ့အချိန်ထိ မြန်မာ့အလင်း သတင်းစာတိုက် တစ်ခုတည်းမှာပဲ လုပ်ခဲ့တယ်ဆိုတာကို အင်မတန် ဂုဏ်ယူဝံ့ကြွားခဲ့တာ ဖြစ်ပါတယ်။
တက္ကသိုလ်သတင်းထောက်
ကျွန်တော်တို့ ခေတ်လောက်ရောက်တော့ လေ့ကျင့်သင်ယူမှုပုံစံ နည်းနည်းပြောင်းသွားတယ်။ တက္ကသိုလ် ကျောင်းသားတွေဟာ တက္ကသိုလ်ကြေညာချက်တွေ သတင်းစာတိုက်ပေါင်းစုံကို လည်ပို့ရာက သတင်းစာတိုက်တွေနဲ့ ရင်းနှီးပြီး တက္ကသိုလ်သတင်းစုံ ရေးပို့တဲ့ တက္ကသိုလ်သတင်းထောက်များအဖြစ် လုပ်ကိုင်လာကြတယ်။ နောက် ကျောင်းပြီးသွားတော့ သတင်းစာတိုက်တွေမှာ လခစားအဖြစ် အချိန်ပြည့် ၀င်လုပ်သွားကြတယ်။ ဒါပေမယ့် ဒါက လူနည်းစုပါ။ အများစုကတော့ ရှေးကပုံစံအတိုင်း ဆရာသတင်းထောက်ကြီးတွေဆီမှာ လက်ပူးလက်ကြပ် ဆည်းပူးပြီးမှ ရောက်လာကြတာ ဖြစ်တယ်။ အခြေခံသင်ရိုးကြေတဲ့ နေရာမှာတော့ တက္ကသိုလ်က လာသူတွေထက် ရှေးရိုးနည်းနဲ့ သတင်းစာသမား ဖြစ်လာသူတွေက သာတယ်။
စွယ်စုံရသူတွေ
ဒီအချက်ကို ကျွန်တော်တို့ ၀န်မခံဘဲနေလို့ မရပါဘူး။ တချို့ ဘယ်လောက်ထိ တတ်သလဲဆိုရင် ညဖက် စာစီသမားတွေ ပြန်သွားချိန်ကျမှ "စက်ရပ်" သတင်းအဖြစ်ထည့်ရမယ့် သတင်းကြီးဝင်လာရင် ကိုယ်တိုင်စာသွားစီပြီးကို ပါအောင်လုပ်တာ။ လိုအပ်လာရင် စက်လည်း ၀င်ရိုက်တတ်တယ်။ ရိုက်ပြီးသား စာရွက်တွေ အထပ်လိုက်ကြီးကိုကိုင်ပြီး ရေနေလိုက်ပုံများ လုပ်နေကျ "ခေါက်ခွာ" သမားအတိုင်း "ဖြတ် ဖြတ် ဖြတ်" နဲ့ကိုနေတာ။ ဘဏ်ငွေကိုင် ငွေစက္ကူတွေ ရေနေသလို သိပ်ကြည့်လို့ ကောင်းတယ်။ ကျွန်တော်တို့တစ်တွေက ဒါမျိုးတွေ ဘယ်တတ်မှာလဲ။
ဘယ်သူအရည်အချင်းရှိသလဲ
ဒီခေတ် လူငယ်တွေ မေးလေ့မေးထရှိတဲ့ နောက်မေးခွန်းတစ်ခု ရှိသေးတယ်။ သတင်းစာပညာ သင်တန်းတွေ၊ ကျောင်းတွေ တက်ထားသူနဲ့ မုဆိုးစိုင်သင်လုပ်ပြီး ဖြစ်လာသူ ဘယ်သူက အရည်အချင်းပိုရှိတယ် ထင်သလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။ ဒီမေးခွန်းကတော့ ဖြေဖို့ နည်းနည်းခက်တယ်။ ယေဘုယျသဘော ခြုံဖြေလို့ရတာမျိုး မဟုတ်ဘူး။ တစ်ဦးချင်းနဲ့ပဲ ဆိုင်တဲ့ကိစ္စ ဖြစ်တယ်။ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ တက္ကသိုလ်ကြီးတွေက ထွက်လာသူတိုင်း အတော်ဆုံး အကောင်းဆုံးတွေ ဖြစ်လာတာ မဟုတ်ဘူး။
ခပ်ညံ့ညံ့နဲ့ အောင်လာသူတွေလည်း ရှိတယ်။ ကျောင်းမှာ အတော်ဆုံးစာရင်းဝင် ဖြစ်ပေမယ့်လည်း လက်တွေ့အလုပ်ခွင်ထဲကျတော့ ဘယ်လိုမှ သုံးမရ သင်မရတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။
ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်
တချို့ ဘယ်တက္ကသိုလ်မှ မရောက်၊ ဘယ်သင်တန်းမှ မတက်ဖူးပေမယ့် သတင်းစာကြီးတစ်စောင်ကို ထိပ်တန်းရောက်အောင် ဦးစီးလုပ်ကိုင်နိုင်သူလည်း ရှိပါတယ်။ အခြေခံပညာ အားနည်းရတဲ့အထဲမှာ ကြိုးစားအားထုတ်မှုလည်း မရှိလို့ ဘယ်လိုမှ တွန်းတင်လို့မရတဲ့ သူမျိုးတွေလည်း အများကြီးရှိပါတယ်။ ဒီကိစ္စဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အိုင်ကျူတွေ၊ အီးကျူတွေနဲ့ ဆိုင်တယ်လို့ပဲ ပြောရလိမ့်မယ် ထင်ပါတယ်။
အသေအချာပြောရဲတာက
ဘာပဲဖြစ်ဖြစ် သေသေချာချာ ပြောရဲတာတစ်ခုကတော့ ဘယ်ပညာရပ်မဆို စနစ်တကျ သင်ယူလေ့လာထားခြင်းဟာ အကောင်းဆုံးပဲ ဆိုတာဖြစ်တယ်။ စနစ်တကျ သင်ယူထားသူနဲ့ သင်မထားသူဟာ နင်လား၊ ငါလား အကြိတ်အနယ် ယှဉ်ပြိုင်ကြရတဲ့ အခါကျတော့ သိသိသာသာ ကွာခြားပါတယ်။ အခြေခံပညာ (Formal education) သိပ်အားနည်းနေသူ တစ်ယောက်ကို ကုလသမဂ္ဂ ညီလာခံကြီးလွှတ်ပြီး သတင်းယူခိုင်းလို့ မဖြစ်နိုင်ပါဘူး။
အခြေခံပညာကိုက အားနည်းလွန်းတော့ ဒီခေတ် ကွန်ပျူတာ၊ အင်တာနက် နည်းပညာတွေကို စွမ်းအင်ပြည့် အသုံးချနိုင်အောင် သင်ဖို့ခက်သလို၊ နိုင်ငံပေါင်းစုံက သတင်းသမားတွေကြားမှာ ကိုယ်လိုချင်တာရအောင် ယှဉ်ပြိုင်ရယူဖို့လည်း ခက်မှာ သေချာတယ်။
သင်ရိုးကျွတ်အောင်သင်
ဒါကြောင့် လူငယ်တွေဟာ ဘာပညာသင်သင် စနစ်တကျ သင်ရိုးကျွတ်အောင် သင်ယူကြဖို့ အကြံပေးချင်တယ်။ ရက်တိုသင်တန်းလို ကျူရှင်လို လက်ပူတိုက်ပေးတဲ့ သင်တန်းလေးတွေလောက်နဲ့ ကျေနပ်မနေစေချင်ဘူး။ လက်တွေ့ အတွေ့အကြုံက ကျောင်းသင်ပညာထက် ပိုအရေးကြီးတယ်ဆိုတဲ့ တယူသန်အစွဲ မထားသင့်ဘူး။ သဘောတရားမပါတဲ့ လက်တွေ့သမားဟာ အကန်းနဲ့တူသလို၊ လက်တွေ့မပါတဲ့ သဘောတရားသမားဟာလည်း အကျိုးနဲ့တူပါတယ်။ နှစ်မျိုးစလုံးပြည့်စုံလေ ကောင်းလေဖြစ်တယ်။
စိတ်ကောင်းရှိဖို့
Formal education ခေါ်တဲ့ အခြေခံပညာ အရေးကြီးသလို၊ လက်တွေ့အတွေ့အကြုံလည်း အရေးကြီးပါတယ်။ စာနယ်ဇင်းသမားဆိုတာ အများဖတ်ဖို့ စာတွေရေးနေသူဖြစ်တော့ စိတ်ကောင်းရှိဖို့လည်း အင်မတန် အရေးကြီးတယ်လို့ ဖြည့်စွက်ပြောချင်တယ်။ ကိုယ်နာမည်ကြီးဖို့၊ ကိုယ့်သြဇာထူထောင်ဖို့၊ ကိုယ်ချမ်းသာအောင်လုပ်ဖို့၊ သြဇာအာဏာ ရှိသူများအကြား ၀င်ဆံ့အောင်လုပ်ဖို့ဆိုတဲ့ မသမာတဲ့ ရည်ရွယ်ချက်ရှိသူများကြောင့် စတုတ္ထမဏ္ဍိုင်ကြီး ခြစားခဲ့ရတဲ့ အဖြစ်မျိုးတွေ အများကြီး ကြုံတွေ့ခဲ့ဖူးလို့ ပြောရတာဖြစ်ပါတယ်။
No comments:
Post a Comment