Showing posts with label စာအုပ်မှတ်စုများ. Show all posts
Showing posts with label စာအုပ်မှတ်စုများ. Show all posts

Wednesday, September 18, 2013

ဆရာကျော်ဝင်း အင်တာဗျူး


မြန်မာနိုင်ငံ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေချိန် နိုင်ငံရေးဖြစ်စဉ်များတွင် အရေးပါသော လွှတ်တော် ခိုင်မာအားကောင်းရေး၊ သမ္မတဦးသိန်းစိန်အစိုးရ လပေါင်း ၃၀ အတွင်း ပြုပြင်ပြောင်းလဲမှုများနှင့် ရှေ့ဆက်ကြုံတွေ့ရမည့် စိန်ခေါ်မှုများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသားများနှင့် ဖက်ဒရယ်ပြည်ထောင်စုကိစ္စ၊ သမ္မတနှင့် လွှတ်တော်ကြား အာဏာလွန်ဆွဲမှု၊ ၂၀၁၅ ရွေးကောက်ပွဲ အလားအလာ၊ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ အပါအ၀င် အစိုးရ အဖြေမရှာနိုင်သေးသော ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများ အကြောင်းတို့ကို မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူလည်းဖြစ်၊ အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင် အဖွဲ့ဝင်လည်းဖြစ်သူ စာရေးဆရာ ကျော်ဝင်းကို ဧရာဝတီသတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။     ။ ဆရာကျော်ဝင်းအနေနဲ့ လွှတ်တော်မှာ ပါဝင်ပတ်သက်လာဖြစ်ပုံနဲ့ လွှတ်တော်ကို ဘယ်လိုမျိုး ကူညီဆောင်ရွက်နေလဲဆိုတာ သိချင်ပါတယ်
ဖြေ။     ။ ဖြစ်စဉ်ကတော့ သူတို့က ကျနော်ကို ဖုန်းဆက်ခေါ်တယ်၊ တတ်နိုင်သမျှ ပတ်ရှောင်တယ်။ ကျနော်က စာပဲ ရေးချင်တာ။ ဘယ်ထဲမှာမှ မပါချင်ဘူး။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဦးခင်အောင်မြင့် ကိုယ်တိုင်က တိုက်ရိုက် ဖုန်းဆက်ခေါ်တော့ လူကြီးဆိုတော့ အားနာတယ်။ နောက်ပြီးတော့ ဒီအလုပ်က နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဖို့မဟုတ်ဘူး။ လွှတ်တော်ရဲ့ Capacity Building ကို တတ်နိုင်သလောက် ကူညီပေးပါဖို့ပါ။ နောက်တစ်ခုက ပြန်ကြည့်လိုက်တော့ ဒီကော်မရှင်ထဲမှာက အသက် ၈၀ ကျော် အဘိုးကြီးတွေတောင်ပါတယ်၊ သူတို့တောင် အိုကြီးအိုမနဲ့ လုပ်နေတော့ ကိုယ်က ငြင်းလို့ မကောင်းဘူးလေ။ အဲဒါနဲ့ လက်ခံလိုက်တာ။

နောက်တခုက နိုင်ငံတကာ ကွန်စတီကျူးရှင်းတွေကို လေ့လာပြီးတော့ အစိုးရနဲ့ လွှတ်တော်နဲ့ ဘယ်လို Check and Balance လုပ်ရလဲဆိုတာ Paper တခုလုပ်နေတယ်။ အဲဒါကတော့ ဘယ်အစိုးရပဲ တက်တက် လွှတ်တော်မှာ နောင် အသုံးတည့်ကောင်း တည့်နိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ရေရှည် လုပ်သွား ရမှာကတော့ လွှတ်တော်မှာ သုတေသန ဌာနတခု ပေါ်အောင် ကူညီ ပေးရမှာ။ အဲဒါကတော့ နည်းနည်း ရေရှည်လုပ်ရမယ် ထင်တယ်။ အခု လွှတ်တော်အမတ်တွေ ညံ့တယ်၊ အသုံး မကျဘူးသာ ပြောနေကြတာ၊ ဒီအမတ်တွေကို အထောက်အကူ ပြုနိုင်တဲ့ Organ တခုမှ မရှိဘူး။ နိုင်ငံတကာမှာ ဆိုရင် လွှတ်တော် အမတ်တယောက်က ဥပဒေကြမ်း တခု တင်ချင်တယ်ဆိုရင် သုတေသန အဖွဲ့လိုဟာမျိုးကို အကူအညီ တောင်းရင် သူကအကုန်လုံး Set လိုက်လုပ်ပေးနိုင်တယ်။ သူမှာက Facilities အပြည့်ပဲ။ ဒီမှာက ဘာမှ မရှိဘူး။ အဲဒီ အနေအထားတွေ ဖြစ်နေလို့ ကျနော်က နိုင်သလောက် ကူမယ်ဆိုပြီး ၀င်လုပ်တာ။ ကျနော်က အမတ်မဟုတ်တဲ့အတွက် မဲပေးစရာလည်း မလိုဘူး။ လေ့လာသူအနေနဲ့ တက်ပြီးတော့ တတ်နိုင်သလောက် ၀င်ကူတာ။ တိတိကျကျပြောရရင် အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင် အဖွဲ့ဝင်ပါ။

မေး။     ။သမ္မတနဲ့ လွှတ်တော်အကြားမှာ အမြင်မတူတာတွေ ရှိတယ်၊ ပွတ်တိုက်မှုတွေ ရှိလာတယ်၊ အာဏာရပါတီ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေ အကြားမှာတောင် အမြင်မတူဘဲ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတော့ တိုင်းပြည်က နောက်ကြောင်းပြန်လှည့် ပြီးတော့ စစ်တပ်က အာဏာပြန်သိမ်းတာမျိုးအထိ ဖြစ်လာနိုင်မလား။
ဖြေ။     ။ ယေဘုယျ ပြောရင်တော့ Power Elite ပေါ့။ Elite ဆိုတဲ့စကားက စပြောရမယ်။ Elite ကို ဗမာ လက်ဝဲသမား တွေက လူ့မလိုင်တို့၊ ရေပေါ်ဆီတို့ ဆိုပြီး သုံးတယ်။ မကြိုက်တဲ့ အဓိပ္ပါယ်နဲ့ ဘာသာပြန်ကြတယ်။ အဲဒါက အရာခပ်သိမ်း မမှန်ပါဘူး။ Elite ဆိုတာက အစုအဝေး တခုမှာ လုပ်ပိုင်ခွင့် အာဏာအရ သူများထက် ခေါင်းတလုံး မြင့်တဲ့သူ။ Political Elite လို့ ပြောရင် နိုင်ငံရေးသြဇာမှာ သူများထက် ခေါင်းတလုံး မြင့်တဲ့သူကို ပြောတာ။ မြန်မာပြည်မှာ Political Elite လို့ပြောရင် ဒေါ်အောင်ဆန်းစုကြည်ပေါ့။ Power Elite က အခု အစုအနေနဲ့ ၃ စု ကွဲနေတယ်လို့ ပြောနိုင်တယ်။ တစုကတော့ သမ္မတ ဦးသိန်းစိန် အမှူးပြုတဲ့ အုပ်ချုပ်ရေး အာဏာပေါ့၊ တစုကတော့ ဦးရွှေမန်းတို့ ဦးခင်အောင်မြင့်တို့ ဦးဆောင်တဲ့ လွှတ်တော် အစုပေါ့၊ နောက်တစ်စုကတော့ တပ်ပေါ့။ အခု ပြန်ကြည့်တော့ တပ်က ဘယ်နိုင်ငံရေး ပါတီနဲ့မှ မပတ်သက်ဘဲ လွတ်လွတ် လပ်လပ် နေတဲ့ သဘောရှိတယ်။ ဒါကြောင့် လွှတ်တော်မှာ မဲပေးတဲ့ ပုံစံတွေကြည့်ရင် USDP က တင်လည်း တပ်က သူ့မူနဲ့သူပဲ။ အစိုးရက တင်တဲ့ဟာတွေလည်း သူ့မူနဲ့သူပဲ။ တပ်က တစုံတရာ လွတ်လပ်လာတယ်လို့ ယူဆရမယ်။ဒါက တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာလို့ ထင်တယ်။

လွှတ်တော်နဲ့ အစိုးရကြားမှာ ပွတ်တိုက်မှုဆိုတာက သမ္မတကြီးသုံးတဲ့စကားပေါ့။ ပွတ်တိုက်မှုက သာမန်ပါပဲ၊ မဆန်းပါဘူး။ ဒါက ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ရှိတာပဲ။ သို့သော် ပွတ်တိုက်မှုထက် ကျော်လာရင်တော့ ပြဿနာ ရှိတယ်။ အခုဟာက သာမန် ပွတ်တိုက်မှု ဖြစ်ပါစေလို့ပဲ ကျနော်တို့က ဆုတောင်းနေရတာ။ ကျော်ပြီးတော့ ဂိုဏ်းဂဏတိုက်ပွဲ ဖြစ်သွားရင်တော့ မကောင်းဘူး။ တိုင်းပြည်အတွက်လည်း မကောင်းဘူး၊ သူတို့အတွက်လည်း မကောင်းဘူး။ ဒါက ဘယ်လို အခြေခံနဲ့ ဖြစ်နေလဲဆိုတာလည်း ကျနော်မသိဘူး။ အဲဒီဟာတွေဟာ အလွန်အကျွံတွေဖြစ်ပြီး ထိန်းနိုင်သိမ်းနိုင် မရှိရင် ပြုပြင် ပြောင်းလဲရေး ထိခိုက်နိုင်တယ်လို့ ထင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီပြုပြင်ပြောင်းလဲရေးက အင်အားစု တစုတည်းက ဦးဆောင်တာ မဟုတ်ဘူး။ အားလုံးပေါင်းလုပ်ရတာ။ ညီညွတ်ရေး အားကောင်းလေ၊ အပြောင်းအလဲက ချောမွေ့လေလေပဲ။ ဒီကိစ္စကြောင့် အာဏာသိမ်းသည် အထိတော့ မဖြစ်နိုင်ပါဘူး။ သို့သော် တခုတော့ ရှိတယ်၊ အာဏာသိမ်းနိုင်တဲ့ အလားအလာက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဆက်စပ် နေတယ်၊ ဖက်ဒရယ် ကိစ္စနဲ့ ဆက်စပ်နေတယ်။ အဲဒီနှစ်ခုနဲ့ ပတ်သက်ပြီး အတိုက်အခံဘက်က အလွန်အကျွံ တောင်းလာခဲ့ရင် ပြဿနာ ရှိကောင်း ရှိနိုင်တယ်။ အလွန်အကျွံကို ဘာနဲ့တိုင်းမလဲ။ တပ်ရဲ့ ရပ်တည်မှုကို ကျနော် အကဲခတ်ရသလောက်တော့ တပ်က ဒို့တာဝန်အရေးသုံးပါးနဲ့ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဆိုတဲ့ အပေါ်မှာ ထိုင်ထားတယ်။ ထိုင်ထားတယ်လို့ ယူဆရတယ်။ ဆိုတော့၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာတဲ့ ဘောင်အထိ အတိုက်အခံဘက်က တောင်းခဲ့ရင်၊ ဒါမှမဟုတ် အခြေခံဥပဒေကို လုံးဝဖျက်သိမ်းပြီး အသစ်ရေးရမယ် ဆိုတာမျိုး တောင်းခဲ့ရင်တော့ တပ်က တခုခု တုန့်ပြန်လိမ့်မယ်။ အဲဒီ တုန့်ပြန်မှုက အာဏာပြန်သိမ်းသည် အထိ အခြေအနေ ဆိုးသွားမလား မသွားဘူးလားတော့ မပြောတတ်ဘူး။ ဒါဆိုရင်တော့ တပ်နဲ့ ထိပ်တိုက်တွေ့နိုင်တယ်။ မြန်မာ့နိုင်ငံရေးမှာ တပ်ရဲ့ သဘောတူညီမှုမရှိဘဲနဲ့ ဘာမှလုပ်လို့မရဘူး။

မေး။     ။ဆရာပြောတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ ပါလာတော့ အဲဒါကို ဘယ်လို နည်းလမ်းနဲ့ ပြင်ဆင်ကြမလဲ၊ အသစ်ဆွဲမှာလား၊ ဒါမှမဟုတ် ဖြည့်စွက် ပြင်ဆင်ရုံပဲ လုပ်မှာလား၊ ဘယ်လို လုပ်ကြမလဲ။
ဖြေ။ ။အခုက အမြင်နှစ်မျိုး ကွဲနေတယ်။ အပြင်က ချင်းမိုင်ဆွေးနွေးပွဲက ထွက်လာတဲ့ အသံနောက်မှာ ပြည်တွင်း ပြည်ပ မီဒီယာတွေက ၀ိုင်းပြီိး တင်ပေးနေကြတာ ရှိတယ်။ ပြည်တွင်း Opinion Leader တွေကလည်း ဒါကို ၀ိုင်းတင်ကြတာရှိတယ်။ အဲဒီ လမ်းကြောင်းက ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီ လုံးဝမဆန်လို့ ဒါကိုဖျက်ပြီး လုံးဝ အသစ်ပြန်ဆွဲဖို့ ပြောတဲ့လမ်းကြောင်း၊ လူကြိုက်များနိုင်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့တိုင်းပြည်မှာ Radical အစွဲကြီးတာကိုး။ အဲဒီတော့ လက်ခုပ်သံ တဖြောင်းဖြောင်း ရနိုင်တယ်။ အဖြေရမှာတော့ မဟုတ်ဘူး။ အသစ်ပြန်ဆွဲရင် တပ်နဲ့ ထိပ်တိုက် တွေ့နိုင်တော့ အန္တရာယ်ရှိတယ်။ နောက်တခုကတော့ ၂၀၀၈ အခြေခံဥပဒေကို ပေးထားချက်လို့ ယူဆပြီးတော့ အဲဒီ ဘောင်ထဲက လိုအပ်ချက်တွေကိုညှိနှိုင်း ဆွေးနွေးလိုက်ရင် အဖြေရလာနိုင်တယ်။ ဒီလမ်းကြောင်းကတော့ လူကြိုက် နည်းနိုင်တယ်။ ဒါပေမယ့် အဖြေရနိုင်ပြီး Side Effect နည်းတယ်။ လူကြိုက်များတဲ့ ပထမ လမ်းကြောင်းက အားကောင်း သွားရင်တော့ တိုင်းပြည်အနာဂတ်က ကောင်းမယ် မထင်ဘူးဗျ။

မေး။   ။အခု တိုင်းပြည် ပြုပြင်ပြောင်းလဲရေးက ၂၀၁၅ ကို စောင့်ကြည့်ရတော့မယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD သာ Landslide နိုင်ခဲ့ရင် အခု ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက ချောမွေ့ပါတော့မလား၊ စစ်တပ်က နိုင်ငံရေးမှာ ပြန်ပါလာ နိုင်လား၊ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီကရော ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်၊ တရားမျှတစွာနဲ့ လုပ်ပေးပါ့မလား။
ဖြေ။     ။ ၂၀၁၅ မရောက်သေးခင် ဘာဖြစ်မလဲဆိုတာတောင် မရေရာလှဘူး။ သူမတိုင်ခင်မှာ အရေးကြီးတဲ့ ပြဿနာတချို့ကို အရင် အဖြေ ရှာနိုင်ဖို့လိုတယ်။ အဲဒါက အခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ဖက်ဒရယ် ကိစ္စပဲ။ တပ်နဲ့ထိပ်တိုက် တွေ့နိုင်မယ့်၊ တနည်း ပြောရရင် တပ်ကပြောထားတဲ့ ဘောင်ထက် ကျော်ပြီးတော့ တောင်းလို့ရှိရင် ပြဿနာ ရှိနိုင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကိုပဲ တမျိုးတမည် ဖြစ်သွားနိုင်တယ်။

NLD Landslide နိုင်မနိုင် ဆိုတဲ့ ကိစ္စကလည်း အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ဆက်စပ်နေတယ်။ တကယ်လို့ PR စနစ် ကျင့်သုံးလိုက်ခဲ့ရင် NLD အပါအ၀င် ဘယ်သူမှ Landslide နိုင်စရာ အကြောင်း မရှိတော့ဘူး။ အဲဒီလိုလုပ်လိုက်ရင် အားလုံး စိုးရိမ်နေကြတဲ့ တပ်အာဏာ ပြန်သိမ်းနိုင်တယ်ဆိုတဲ့ အန္တရာယ် လျော့ပါးသွား နိုင်တယ်။ ဒါဟာ PR ရဲ့ အားကောင်းချက်ပဲ။ ဒါပေမယ့် PR ရဲ့ ဖြစ်နိုင်တဲ့ အားနည်းချက်တခုက PR ရဲ့အောက်မှာ ရှုပ်ထွေးမှုတွေ အများကြီး ရှိနိုင်တယ်။ အထူးသဖြင့် လူထုက ဒီမိုကရေစီ အတွေ့အကြုံ၊ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းတဲ့အောက်မှာ ပိုပြီးတော့ အမှားအယွင်း တွေ ဖြစ်နိုင်တယ်၊ ညစ်ကွက်တွေ ပိုပေါ်နိုင်တယ်။ နောက်တချက်က အစွန်းရောက် အဖွဲ့အစည်းတွေ လွှတ်တော်ထဲကို ရောက်ကောင်း ရောက်လာနိုင်တယ်။ နောက်ဆုံး တချက်ကတော့ အရေးကြီးတယ်။ အဲဒါက PR စနစ်အောက်မှာ ဘယ်သူမှ Majority Vote မရှိတဲ့အတွက် သွားရမှာက ညှိနှိုင်းဆွေးနွေးပြီး သွားရမယ့်ပုံ။ ဗမာ ပြည်မှာက ညှိနှိုင်းဆွေးနွေးတဲ့ Culture သိပ်အားနည်းတယ်။ အဲဒီတော့ အလုပ်ဖြစ်ဖို့ ခက်တယ်။ PR မှာ ကောင်းတာ ရှိတယ်၊ ဆိုးတာ ရှိတယ်။

ရွေးကောက်ပွဲက Free and Fair ဖြစ်ရင် NLD Landslide နိုင်မှာ သေချာလောက်ပါတယ်။ NLD Landslide နိုင်ရင်တောင်မှပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ မသေချာဘူး။ အခြေခံဥပဒေနဲ့က ငြိနေတယ်။ ကျနော် သိသလောက်တော့ ၄၇ အခြေခံဥပဒေရဲ့ ရွေးကောက်ပွဲဥပဒေမှာရော နောက်ဆုံး ၉၀ အထိရော ပြဋ္ဌာန်းချက်က မှတ်မိသလောက်ပြောရရင် ရွေးကောက်ပွဲဝင်မယ့်သူ တစ်ယောက်ရဲ့ အရည်အချင်းကို စိစစ်တဲ့အခါမှာ သူကိုယ်တိုင်နဲ့ သူ့အိမ်ထောင်ဘက်က နိုင်ငံခြားအထောက်အပံ့ အမှီအခို ကင်းရမယ်ဆိုတာပဲ ပါတယ်။ အခု ၂၀၁၀ ကျမှ သားသမီး ပါလာတယ်။ အဲဒီတော့ အရင် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ခဲ့တဲ့အတိုင်းသွားရင် သားသမီးဆိုတာ ဖြုတ်လိုက်ရင် ဒေါ်စုဝင်နိုင်တယ်။ သို့သော် အဲဒါကို ပြင်ပေးမလား၊ မပေးဘူးလား မသေချာဘူး။ ပြင်ပေးမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှာ။ မပြင်ဘူးဆိုရင် သူ ဒုသမ္မတတောင် မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒုသမ္မတဖြစ်ပြီးမှ သမ္မတဖြစ်လို့ရတာ။ အင်တာဗျူးတစ်ခုမှာ ပြင်မပေးလို့ သူ ဒုသမ္မတပဲဖြစ်ရင် မကျေနပ်ဘူးလို့ပြောတာ မှားနေတယ်။

မေး။     ။ကျနော်တို့နိုင်ငံမှာ ၁၉၆၂ ခုနှစ်ကစပြီး စစ်တပ်က နိုင်ငံရေးကနေ တစ်ဖဝါးမှ မခွာခဲ့ဘူး။ အခုချိန်အထိပဲဆိုတော့ သူမပါရင်ကို အပြောင်းအလဲ လုပ်လို့မရဘူးဆိုတဲ့ ယူဆချက်မျိုးတွေကလည်း ရှိနေတော့ တချို့ သုံးသပ်တာက စစ်တပ်က အာဏာသိမ်းစရာ မလိုပါဘူးတဲ့။ အခုတိုင်းပြည်ကို အုပ်ချုပ်နေတာက ဗိုလ်ချုပ်ဟောင်းတွေ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ၀န်ကြီးချုပ်တွေက စစ်တပ် အငြိမ်းစားတွေ။ နောက် ဌာနဆိုင်ရာတွေမှာ အရာရှိတွေကလည်း တပ်က မိုးကျရွှေကိုယ်တွေ။ အစိုးရ ၀န်ကြီးတွေကိုကြည့်လည်း တပ်က အများစုဆိုတော့ အာဏာထပ်သိမ်းဖို့ လိုသေးလား ဆိုတဲ့မေးခွန်း ဖြစ်လာတော့ ဘယ်လိုမြင်လဲဆရာ။
ဖြေ။     ။ ဗမာပြည်မှာ တပ်က နိုင်ငံရေး မက်ထရစ်ထဲကို ရောက်နေတာ ကြာလှပြီ။ တိတိကျကျ ရောက်လာတာတော့ ၆၂ ခုနှစ် ပေါ့။ အဲဒီမတိုင်ခင် ၅၈ ခုနှစ် မှာလည်း တပ်က တခါရောက်တယ်။ အဲဒီမတိုင်ခင်လည်း တပ်ကသြဇာ ကြီးတယ်။ ဘာလို့လဲ ဆိုတော့ ပြည်တွင်းစစ် ဖြစ်နေလို့။ ပြည်တွင်းစစ် ဖြစ်နေတဲ့ တိုင်းပြည်မှာ စစ်တပ်အင်အား ကြီးတာ သဘာဝ ကျတယ်။ တပြိုင်နက်တည်းပဲ စစ်ဖြစ်နေရင် စစ်ဘောင်ကျယ်မယ်၊ စစ်ဘောင်ကျယ်ရင် ဒီမိုကရေစီ ဘောင်ကျဉ်းမယ်။ ဒါကတော့ Reality ဆိုတော့ ကျနော်တို့ မတတ်နိုင်ဘူး။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စစ်တပ်နဲ့တော့ Deal လုပ်နိုင်ရမယ်။

ခုနက မေးခွန်းကို ပြန်ဆက်ရရင် အမှန်ပဲ။ အခု အပြောင်းအလဲကိုတောင် စလိုက်တာက အရင်အစိုးရ၊ တည့်တည့်ပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ သူခွင့်ပြုလို့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဖြစ်လာတာ။ သူခွင့်မပြုရင် ဘာမှ မတတ်နိုင်ဘူး။ အဲဒီအောက်မှာ အရင်အစိုးရက လူဟောင်းတွေ အာဏာ ဆက်ယူတာလည်း အမှန်ပဲ။ သို့သော် ဒါကို ရန်လုပ်နေလို့ မရဘူး။ သူ့ဟာသူ သဘာဝကျကျ ဖြစ်လာတဲ့ အချင်းအရာ။ အဲဒီတော့ ပြဿနာက အဲဒီလူတွေ အနေနဲ့က တဘက်က လူတွေ တောင်းတာတွေကို မလိုက်လျောဘဲ တောင့်ခံမယ်ဆိုရင် စစ်တပ်က အာဏာပြန်သိမ်းစရာ မလိုဘူး။ အဲဒီလူတွေ ကိုယ်တိုင်က တဘက်က အလွန်အကျွံ တောင်းဆိုလာရင်၊ အလွန်အကျွံလို့ ပြောရတာလည်း ကောင်းတော့ မကောင်းဘူး ပေါ့ဗျာ။ စံအရ ပြောရရင်တော့ လွန်တယ်ကျွံတယ် မရှိပါဘူး။ သို့သော် လက်တွေ့မှာ အန္တရာယ်ရှိလို့ ကျနော်က အလွန်အကျွံလို့ ပြောတာ။ လက်ရှိ ခေါင်းဆောင်တွေက အလွန်အကျွံ တောင်းဆိုတာတွေ လက်ခံလိုက်ရင် တပ်က ၀င်ပါနိုင်တယ်။

အခုတပ်က အခြေခံဥပဒေ ဖျက်ပစ်၊ အသစ်ပြန်ဆွဲ ဆိုတာမျိုးကို လက်ခံလက်မခံ မသေချာဘူး။ လက်ရှိ ခေါင်းဆောင်တွေက လက်မခံဖို့ များတယ်။ ဒါပေမယ့် ကံသေကံမ ပြောမရဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်သတိပြုမိတာ တခုရှိတယ်။ လွှတ်တော် ခေါင်းဆောင်တွေရော၊ အစိုးရအဖွဲ့က ခေါင်းဆောင်တွေရော တော်တော်များများဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ဦးဆောင်မှု ရချင်တယ်။ တနည်းပြောရရင် ဒီမိုကရေစီ ချန်ပီယံ ဖြစ်ချင်နေကြတယ်။

အဲဒီစိတ်က လွန်ကဲသွားလို့ရှိရင် လိုက်လျောမှုတွေ များသွားနိုင်တယ်။ လိုက်လျောမှုတွေ များသွားရင်တော့ တပ်ကလည်း အခြေခံဥပဒေ စောင့်ရှောက်ရေးနဲ့ ဒို့တာဝန်အရေး ၃ ပါး ထိပါးလာတဲ့ဘက် ရောက်သွားနိုင်တယ်။ အဲဒီလို ရောက်သွားရင် တော့ စစ်တပ် ပါလာနိုင်တယ်။ မရောက်သရွေ့ကတော့ မပါနိုင်ဘူး။ ဒါကြောင့်မိုလို့ အာဏာသိမ်းမလား၊ မသိမ်းဘူးလား ဆိုတာ ကံသေကံမ ပြောလို့မရဘူး။ ဘက်ပေါင်းစုံ ကြည့်ဖို့လိုမယ်။ အထူးသဖြင့် ရယ်ဒီကယ် ထောင်ခြောက်ထဲကို လိမ့်မကျဖို့ အရေးကြီးတယ်။

မေး။     ။အခု အသံပိုကျယ်လာတဲ့ ဖက်ဒရယ်ကိစ္စမှာ ၃ မျိုးလောက် ကွဲနေတာကို တွေ့ရတယ်။ လွှတ်တော်မှာ ပြောတဲ့ ဖက်ဒရယ်က ဗဟိုချုပ်ကိုင်မှု လျော့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် ပိုပေးရင် ရပြီပေါ့၊ ဦးခွန်ထွန်းဦး ပြောတဲ့ ဖက်ဒရယ်က လူမျိုးစုကို အခြေခံတဲ့ ဖက်ဒရယ်မျိုး၊ ဗမာတိုင်းရင်းသား အတွက် ဗမာ ပြည်ထောင်စု ဆိုတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောတာက အမေရိကန်ပုံစံ ဖက်ဒရယ် ဖြစ်နေတော့ ဘယ်လိုစနစ်မျိုးက နိုင်ငံအတွက် လိုက်လျောညီထွေမှု ရှိမလဲ။
ဖြေ။     ။ သီအိုရီ သဘောအရ ဖက်ဒရယ်ဆိုတာက တမျိုးပဲရှိတယ်။ ဗဟိုနဲ့ ဒေသအစိုးရကြားမှာ အာဏာခွဲဝေ ကျင့်သုံး ခြင်းပဲ။ Power Sharing ပေါ့။ တိတိကျကျပြောရရင် Power Sharing တင်မကဘူး၊ Taxes Sharing ပါတယ်။ Resource Sharing ပါတယ်။ ဒါဟာ ဖက်ဒရယ်ပဲ။ အဲဒီအပေါ်မှာ မူကွဲဖြစ်သွားတာက၊ တချို့က ပထ၀ီအရ ခွဲတာရှိတယ်။ အမေရိကားက ပထ၀ီအရ ခွဲတာ။ တချို့က လူမျိုး အခြေခံပြီး ခွဲတာ ရှိတယ်၊ အိန္ဒိယလို ဟာမျိုး၊ ဗမာလိုဟာမျိုး။ ကျနော်တို့က ၄၇ အခြေခံ ဥပဒေ စတည်ကတည်းက လူမျိုးကို အခြေခံခွဲလာတော့ အခုမှ ပထ၀ီအရ ပြောင်းခွဲလို့ မရနိုင်တော့ဘူး။ အဲဒီတော့ အမေရိကန်နဲ့ ပုံတူ ကူးချလို့ မရဘူး။

နောက်တချက်က ဦးခွန်ထွန်းဦးတို့ တင်နေတာ အရင် ရှမ်းမူပါ၊ ရှမ်းမူကို ပြန်ပြောရင် ဆန့်ကျင်ဘက် အင်အားစု နှစ်ခုပေါင်းပြီး ရှမ်းမူဆိုတာပေါ်လာတာ။ တခုက ရပလ၊ ရပလဆိုတာ တောင်ကြီး ဦးထွန်းမြင့်တို့ ပါတယ်။ ရပလက လက်ဝဲနွှယ်တယ်။ ရှမ်းမူ မပေါ်ခင် ဦးထွန်းမြင့်ရဲ့ စာတမ်းမှာ ခွဲထွက်လိုက ခွဲထွက်ခွင့်ဆိုတဲ့ အချက်တချက် ပါတယ်။ ဒါက စတာလင်ရဲ့ Self Determination က လာတာ၊ လက်ဝဲအယူအဆက လာတာ။ ဒါပေမယ့် စော်ဘွားတွေ၊ စပ်ခွန်ချိုတို့တင်တဲ့ဟာ ကျတော့ အဲဒါ မပါဘူး။ စပ်ခွန်ချိုတို့က အဲဒီကာလက Western Train ပဲ။ ဗမာပြည်မှာ အင်္ဂလန်သွား စာသင်နိုင်တာ သူတို့ပဲ ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်း တို့တောင် ရန်ကုန်တက္ကသိုလ်ပဲ တက်နိုင်တာ။ သူတို့က လက်ဝဲသမား မဟုတ်တဲ့အတွက် ခွဲထွက်ရေး မပါဘူး။ ဒါပေမယ့် သူတို့တင်တဲ့ ရှမ်းမူက ဘယ်ကလာလဲ ဆိုတော့ အမေရိကန် ဖွဲ့စည်းပုံရဲ့ ကနဦး ကာလပေါ့။ အခုလက်ရှိ အမေရိကန် ဖွဲ့စည်းပုံ မဟုတ်ဘူးနော်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နှစ်ပေါင်း ၂၀၀ ကျော်ပြီ။

စတည်ခါစက အမေရိကန်ဟာ ဖက်ဒရယ် စစ်စစ်လို့ ပြောရခက်တယ်။ ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရေးရှင်းနဲ့ ပေါင်းထားတာ။ အဲဒီတုန်းက တောင်ပိုင်း ပြည်နယ်တွေက ကွန်ဖက်ဒရေးရှင်းလို့ ခေါ်တဲ့ လျော့ရဲတဲ့ ဖွဲ့စည်းပုံနဲ့ သွားချင်တယ်။ အမေရိကန် မြောက်ပိုင်း ကတာ့ ဖက်ဒရယ် စစ်စစ်နဲ့ သွားချင်တယ်။ အမေရိကန် ကွန်စတီကျူးရှင်း ဆိုတာ ဖက်ဒရယ်လစ် ပေပါနဲ့ အင်တီ ဖက်ဒရယ်လစ် ပေပါ နှစ်ခုပေါင်းပြီးမှ ဖြစ်လာတာ။ အမေရိကန်ရဲ့ ကနဦး ကွန်စတီကျူးရှင်းမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို တော်တော်များများ ပေးထားတာ ရှိတယ်။ အားနည်းချက် တခုလို့လည်း ပြောနိုင်တယ်။ အဲဒီ အားနည်းချက်ကြောင့် နောက်ဆုံး ပြည်တွင်းစစ်ကြီး အထိ ဖြစ်ခဲ့ရတယ်။ ပြည်တွင်းစစ် နောက်ပိုင်းကနေ ဆင့်ကဲဆင့်ကဲနဲ့ ဒီနေ့ အမေရိကန်ဟာ ဗဟို အစိုးရ လုပ်ပိုင်ခွင့်ကို ပိုပေးထားတဲ့ Centralize Federalism ဘက် ရောက်လာတယ်။ ရှမ်းမူမှာ ပါတဲ့ဟာက ဒီနေ့ အမေရိကန် ကွန်စတီကျူးရှင်း မဟုတ်ဘူး။ ကနဦးက အမေရိကန် ကွန်စတီကျူးရှင်း။

မြန်မာပြည်မှာ လက်တွေ့ ကျင့်သုံးဖို့ကျတော့ စဉ်းစားစရာတွေ အများကြီးရှိတယ်။ ဦးထွန်းမြင့်တို့နဲ့ ရှမ်းမူ ပေါင်းလိုက်တော့ ခွဲထွက်ရေး ပြုတ်သွားတယ်။ သို့သော် အမေရိကန်ရဲ့ ကနဦး ကွန်စတီးကျူးရှင်းမှာ ပါတဲ့ ပြည်နယ်တွေကို အလွန်အကျွံ လုပ်ပိုင်ခွင့် ပေးတဲ့ဟာက အမွေခံ ပါလာတယ်။ ဒါကြောင့်လည်း အဲဒီတုန်းက နိုင်ငံရေးပါတီတွေ ဖြစ်တဲ့ ပမညတ ရော၊ ပထစ ရော၊ ဖဆပလ ရောက ဘယ်လို ဝေဖန်လဲဆိုတော့ ဒီအတိုင်းသွားရင် ဖက်ဒရေးရှင်းကို ကျော်ပြီးတော့ ကွန်ဖီဒရေးရှင်း ဖြစ်သွား နိုင်တယ်တဲ့၊ တချိန်မှာ ကွန်ဖီဒရေးရှင်းကို ကျော်လိုက်ရင် ဘော်ကန်နိုက်ဇေးရှင်း ဖြစ်သွားနိုင်တယ်ပေါ့။ ဘော်ကန်နိုက်ဇေးရှင်း ဆိုတာ အစိတ်စိတ် အမွှာမွှာ ပြိုကွဲမှုဆိုတဲ့ အဓိပ္ပာယ်ရတယ်။

ဒီနေ့ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး တောင်းဆိုချက်က သီးခြားပြည်နယ်၊ သီးခြားအစိုးရ၊ သီးခြားတပ် ဆိုတာမျိုး ကြားနေရတယ်။ အဲဒီအတိုင်း ဖြစ်ရင် ပြဿနာ ရှိနိုင်တယ်။ ခုနက တပ်နဲ့ သွားညိနိုင်တယ်။ အန္တရာယ်ရှိတယ်။ အဲဒီတော့ ဦးခွန်ထွန်းဦးတို့ တောင်းတာကို နားလည်တယ်၊ ဒါပေမယ့် ရှမ်းမူ အခြေခံထားတော့ ကျနော် တဦးချင်းအတွက် ကျတော့ ရှမ်းမူ အခြေခံက Decentralize ဘက်ကို ကဲတယ်လို့ မြင်တယ်။ စိတ်ရှည်ရှည်နဲ့ အများကြီး ညှိကြဖို့ လိုလိမ့်မယ်။ ဘေးထွက်ဆိုးကျိုးတွေ မတိုးအောင်လည်း သတိကြီးကြီးထားဖို့ လိုမယ်ထင်တယ်။

တချို့ပြောနေကြသလို ပထ၀ီအရ ခွဲရမယ် ဆိုရင်တော့ လက်တွေ့ မကျဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ အမေရိကန်ပုံစံ ဖက်ဒရေးရှင်းကတော့ ဘာပြောမှန်း မသေချာဘူး။ ကနဦး အမေရိကန် ကွန်စတီကျူးရှင်းကို ပြောတာလား၊ ဒီနေ့ ဟာကို ပြောတာလား။ ဒီနေ့ဟာဆိုရင်တော့ ကျနော်တို့နိုင်ငံနဲ့ အထိုက်အလျောက် ကိုက်ညီနိုင်တယ်။

မေး။     ။အခုအစိုးရက ရှေ့လပေါင်း ၃၀ မှာသူတို့ ဘာတွေလုပ်နိုင်ခဲ့လဲ၊ နောက် လပေါင်း ၃၀ မှာ ဘာတွေလုပ်ဖို့ လိုလဲ။ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေက မြန်လား၊ နှေးနေလား။
ဖြေ။     ။ သူတို့ တတ်နိုင်သလောက်တော့ လုပ်ခဲ့တာပဲ။ လပေါင်း ၃၀ ကို ပြန်ကြည့်ရင် သူတို့ လုပ်နိုင်တယ်။ လုပ်တော့ ၃ ခု တပြိုင်တည်း လုပ်တယ်။ နံပါတ်တစ်က နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊ အများကြီး ရှေ့ရောက်နေတယ်။ အတော်ကြီးကို လုပ်လိုက် နိုင်တယ်။ ကျနော်တို့ မျှော်လင့်တာထက် အများကြီး ပိုတယ်။ ကျနော်တဦးတည်းအရ ပြောရင် မြန်လွန်းတယ်လို့ ထင်တယ်။ မြန်တာကောင်းလားဆိုတော့ မြန်တာကောင်းတယ်၊ လူကြိုက်တယ်။ ဒါပေမယ့် မကောင်းတာက အဲဒီမြန်တဲ့ Speed ကို ထိန်းနိုင်မယ့် Organ မရှိရင် ဒုက္ခရောက်နိုင်တယ်။ Institutionalization လိုတယ်။ အဲဒါကမလွယ်ဘူး။ အထူးသဖြင့် ပညာရေချိန် နိမ့်တဲ့ တိုင်းပြည်မှာ ပိုကြာနိုင်တယ်။ Institutionalization ဘာမှမရှိတဲ့ အချိန်မှာ Libralization အရှိန်မြင့်လိုက်တော့ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ပေါ်လာတယ်။ ဒီကနေ့ စိန်ခေါ်မှုတွေက ဒီကနေလာမှာ။

နံပါတ်နှစ်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုက နိုင်ငံရေးနဲ့ ယှဉ်ရင် အတော်နှေးတယ်။ ဘာကြောင့် နှေးလဲဆိုတော့ အကုန်လုံး လွှမ်းခြုံနိုင်တဲ့ Master Plan လုံးဝမတွေ့ဘူး။ အမှန်က အဲဒီ Master Plan ကြီး အောက်မှာမှ မြေယာ ပေါ်လစီ၊ Industrial ပေါ်လစီ စသဖြင့် ပေါ်လစီခွဲတွေနဲ့ သွားရင် တခုနဲ့ တခုဟန်ချက် ညီတာပေါ့။ အခုတော့ ဆန်စင်ရာ ကျည်ပွေ့လိုက်သလို ဟိုရောက် ဒီရောက် ဖြစ်ကုန်လိမ့်မယ်။ အဲဒီအတွက် အပြစ်ပြောဖို့ မလိုဘူး။ မြန်မာပြည်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့က အကန့်အသတ်တွေ၊ အဟန့်အတားတွေ သိပ်များတယ်။ ဦးသိန်းစိန်အစိုးရမှ မဟုတ်ဘူး။ ဘယ်အစိုးရ တက်တက် စီးပွားရေး ကတော့ အပြောင်းအလဲ သိပ်မမြန်နိုင်ဘူး။

တတိယ လုပ်ငန်းစဉ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်တာ။ အများကြီး အရှိန်ရနေပြီ။ အစိုးရ အဆက်ဆက် လုပ်ခဲ့တဲ့ အထဲမှာတော့ အထိရောက်ဆုံးလို့ ပြောနိုင်တယ်။ သို့ပေမယ့် ရှေ့ဆက်တိုးဖို့ နည်းနည်း ခက်နေတယ်။ ရှေ့ဆက်ဖို့ ဘာခက်နေလဲ ဆိုတော့ ဖွဲ့စည်းပုံ ပြင်ရေးမှာ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ သွားငြိနေတဲ့ အချက်တွေ ပါတယ်။ အဲဒါဘာလဲ ဆိုတော့ ဇယား ၁၊ ၂ အခြေခံပေါ်မှာ ဒါကိုဆွေးနွေးပြီး ပြင်နိုင်ရင်ကောင်းတယ်။ Taxes Sharing လည်း ဇယား ၅ မှာ ပြန်ဆွေးနွေးဖို့ လိုတယ်။ မပါသေးတဲ့ Resource Sharing ဖြည့်ပေးနိုင်ရင် ကောင်းတယ်။ အဲဒါတွေ ဆွေးနွေး နိုင်ခဲ့ရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးက အဖြေတခု ရကောင်း ရနိုင်ပါတယ်။ သို့သော်လည်း ဒီနေရာမှာလည်း အဟောင်းဖျက် အသစ်ရေး ဆိုရင်တော့ အဖြေရမှာ မဟုတ်ဘူး။ အခုက အဲဒီအဆင့် မရောက်သေးဘူးဗျ။ အပစ်အခတ် ရပ်စဲရေး ဖြစ်ဖို့ကို KIA နဲ့ ပြဿနာ ရှိနေတယ်။ ဒါက ပြီးခဲ့တဲ့ လ ၃၀ လုပ်ခဲ့တာနဲ့ ရှေ့ကြုံရနိုင်တဲ့ အခက်အခဲကို ပြောတာ။

မေး။  ။အခုနောက်ဆုံး သိချင်တာက သမ္မတ ဦးသိန်းစိန် လက်ထက်ရောက်မှ သိသာလာတဲ့ ပြဿနာပေါ့။ အဲဒါက ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ အကြောင်းပါ။ ဒီကြားထဲ မရိုးသားတဲ့သူတွေက ကောလာဟလတွေ ထုတ်တယ်။ လူတွေက ဒေါသတွေထွက်ကြ။ လိုအပ်တာထက် ပိုတုန့်ပြန်ကြတယ်။ အစိုးရကလည်း ကောင်းကောင်း မကိုင်တွယ်နိုင် သေးဘူး။ မိတ္ထီလာ ဖြစ်စဉ်မှာဆိုရင် ရဲတွေရပ်ကြည့်နေတဲ့ ဗီဒီယိုတွေ ထွက်လာတယ်။ အမျိုးသားရေးဟာ အာဏာရှင်တွေရဲ့ နောက်ဆုံး ခံတပ် ဖြစ်လာပြီလား။ ဒီဖြစ်စဉ်တွေက ရိုးသားမှုကော ရှိရဲ့လား။
ဖြေ။    ။ရခိုင်ပြဿနာက သမိုင်းနဲ့လည်း ဆိုင်တယ်၊ ပထ၀ီနိုင်ငံရေးနဲ့လည်း ဆိုင်တယ်။ အခုမှ ပေါ်လာတာ မဟုတ်ဘူး။ ပြောရရင်တော့ အကျယ်ကြီးပဲ။ အင်တာဗျူး တစ်ခုနဲ့တင် မလုံလောက်ဘူး။ သို့သော် ပြဿနာက အခုဖြစ်နေပြီ။ ဖြစ်လည်း ဖြစ်မှာပဲ။ ဖြစ်တာက သဘာဝကျတယ်။ ဖြစ်ရင် ရခိုင်ပြဿနာကို Local မှာ ထိန်းနိုင်ခဲ့ရင် ကောင်းတယ်။ ဒါပေမယ့် မထိန်းနိုင်ခဲ့ဘူး။ ရခိုင်ပြဿနာက သမိုင်းဇစ်မြစ်နဲ့ဆိုင်တဲ့ ပထ၀ီ နိုင်ငံရေး ပြဿနာ။ အဲဒီပြဿနာကို လူ့အခွင့်အရေးနဲ့ ရောထွေးလို့မရဘူး၊ ဘာသာရေးနဲ့ ရောထွေးလို့လည်း မရဘူး။ ဒါပေမယ့် တဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ ဘာသာရေး ဖြစ်အောင် လုပ်တာမျိုးတွေ ရှိနေတယ်။ ဘယ်သူဆိုတာတော့ အထောက်အထား မရှိလို့ မပြောနိုင်ဘူး။ ကိုယ့်ဘက်က ဖြစ်သင့်တာက ဘာသာရေးနဲ့ ဘာမှမဆိုင်ဘူး ဆိုတာမျိုး ဖြစ်အောင် လုပ်ရမယ်။ ဒီကိစ္စ တည့်တည့်ပြောရင် နယ်မြေ ပြဿနာပဲ။ ဘာသာရေးနဲ့ မဆိုင်ဘူး။ ဘာသာရေးဖြစ်အောင် လုပ်တာကိုက မရိုးသားဘူးလို့ ပြောလို့ရတယ်။

ဆရာတော် ဦးဝီရသူတို့ ဘာတို့ ကိစ္စတွေကိုတော့ ကျနော်က ဗုဒ္ဓဘာသာဖြစ်လို့ သိပ်မဝေဖန်ချင်ဘူး။ သတိတခုတော့ ပေးချင်တယ်၊ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေး မကျင့်သုံးမိစေဖို့ပါ။ ခင်ဗျားတို့ ပြောတဲ့ မိတ္ထီလာမှာ ရဲတွေက ရပ်ကြည့် နေတယ်ဆိုတာ ကျနော်ကြားတဲ့ သတင်းက တမျိုး၊ ခင်ဗျားပြောတဲ့ သတင်းက အနောက် မီဒီယာတွေက ဖွတာ။ အနောက် မီဒီယာတွေ မရိုးသားဘူး။ မလေးရှားမှာ ကျနော်တို့ အသတ်ခံရတာ၊ မုဒိန်းအကျင့် ခံရတာတွေကျတော့ ရည်ရွယ်ချက် ရှိရှိ မှိန်ထားတယ်။

မိတ္ထီလာ ကိစ္စဆို ကျနော်ကြားတာက သိပ်ပြီးတော့ သွေးပူနေတဲ့ လူတွေက ဆိုင်တဆိုင်ကို မီးရှို့မယ် လုပ်တယ်၊ အဲဒီတော့ ရဲကထိန်းတယ်၊ ထိန်းလို့မရတော့ နောက်ဆုံး ခွင့်ပြုလိုက်ရတယ်။ ဒါပေမယ့် တခြားဟာ မလောင်စေနဲ့လို့ဆိုပြီး အဲဒါကို ရပ်ကြည့် နေရတယ်။ အဲဒီဓာတ်ပုံတွေကို ရည်ညွှန်းပြီးတော့ သတင်း တမျိုးလုပ်လိုက်တယ်လို့ ကြားတယ်။ ဘယ်ဟာ အမှန်ဆိုတာတော့ မသိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရက ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက် ကိုတော့ ကျနော် လက်မခံဘူး။

လူမျိုးရေး အဓိကရုဏ်း ဆိုတာ အာဏာရှင်တွေရဲ့ လုပ်ကွက်ဆိုတဲ့ အယူအဆ ရှိကြတယ်။ အခါခပ်သိမ်း မမှန်ပါဘူး။ အခု လောလောဆယ် မဖြစ်နိုင်ဘူး။ အစိုးရက ဘယ်တုန်းကမှ မရဘူးတဲ့ နိုင်ငံတကာ ထောက်ခံမှု ရနေတဲ့ အချိန်မှာ ကိုယ်ရပြီးသား ထောက်ခံမှုကို ဆုံးရှုံးအောင် မလုပ်ဘူး။ ကျနော်ကတော့ အစိုးရရဲ့ ပယောဂ မပါဘူးလို့ ထင်တယ်။ ပြီးတော့ ကျနော်တို့ အတိုက်အခံ တချို့က ပြဿနာဆိုးဆိုးဝါးဝါး မဖြစ်ခင်က အစိုးရမပါနဲ့၊ စစ်တပ် မပါနဲ့ဆိုတဲ့ အသံတွေနဲ့ ဟန့်တယ်၊ စစ်တပ်က မပါဘဲနေတဲ့ အခါကျတော့ စစ်တပ်ကို လုံခြုံရေး တာဝန်ယူတာ ညံ့တယ်လို့ ဝေဖန်တယ်။ အဲဒါက အစိုးရဆိုရင် ဆဲရမယ် ဆိုတဲ့ သမားရိုးကျ အမြင်က လာတယ်။ ဒါက Radical လမ်းကြောင်းက လာတဲ့ဟာ။ အစိုးရ ပယောဂ ပါတယ် ဆိုတာ လက်မခံပေမယ့် ဒီပြဿနာက ပယောဂတော့ သေချာပေါက် ပါတယ်။ ဘယ်သူတွေ ဆိုတာတော့ အထောက်အထား မရှိလို့ လက်လွတ်စပယ် မပြောချင်ဘူး။ သေချာတာကတော့ ဗမာပြည်ရဲ့ အလွန်ကောင်းမွန်တဲ့ အပြောင်းအလဲကို မလိုလားတဲ့ အင်အားစုတွေရဲ့ ပရောဂ ပါနိုင်တယ်၊ နောက်တခုက နိုင်ငံတကာ အကြမ်းဖက်မှု ပယောဂ ပါနိုင်တယ်။ နိုင်ငံတကာ အကြမ်းဖက်မှုက ၂၁ ရာစု အစောပိုင်းမှာ အဓိက ထားတာက ဖွံ့ဖြိုးပြီး နိုင်ငံတွေ၊ အခုသူတို့ ပစ်မှတ် ပြောင်းလာတယ်။ နိုင်ငံကြီးတွေမှာ အကြမ်းဖက်မှုတွေ လုပ်ဖို့ သူတို့ မတတ်နိုင်တော့ဘူး။ ကျနော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ဘက်ကို Target ရွေးလာတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာမှ သူတို့ပိုကြိုက်တာက အစိုးရနဲ့ ပြည်သူအကြားမှာ ယုံကြည်မှု ပျောက်နေတဲ့ Fail State တွေ။ အဲဒီ Concept က စဉ်းစားရင် နိုင်ငံတကာ အကြမ်းဖက်မှု ပယောက ပါကောင်း ပါနိုင်တယ်။ ဒီပြဿနာက တော်တော် ရှုပ်ထွေးတယ်၊ တော်တော် သိမ်မွေ့တယ်၊ လက်လွတ်စပယ် လုပ်လို့မရဘူး၊ ကျနော်တို့ သတိကြီးကြီး ထားရမယ်။ ကျနော်တို့က ဒီကိစ္စကို ဘာသာရေး ပြဿနာအနေနဲ့ တုန့်ပြန် လိုက်ရင် တစ်ဘက်က အကြိုက်ဖြစ်သွားမယ်။ အမှန်က ဘာသာရေး ပြဿနာ မဟုတ်ဘူး၊ နယ်မြေ ပြဿနာ၊ ပထ၀ီနိုင်ငံရေး ပြဿနာ။

[ဧရာဝတီ အင်တာနက်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြပါသည်]

Tuesday, August 20, 2013

သမိုင်းထဲက သြဂုတ် ၂၀


၂၀ သြဂုတ် ၁၉၄၅
အမှတ် ၁၂ ဗြိတိသျှတပ်မတော်ဌာနချုပ် ဗိုလ်ချုပ်ကြီး စတော့ဖို့ က မြန်မာနိုင်ငံရှိ ဂျပန်တပ်များ၏ စစ်သေနာပတိ ကီမူရာ (Lt.General Heitaro Kimura) အား အတိုက်အခိုက်ရပ်စဲပြီး လက်နက်ချရန် အမိန့်ပေးသည်။

၂၀ သြဂုတ် ၁၉၆၃
တော်လှန်ရေးကောင်စီနှင့် ကော်သူးလေ ငြိမ်းချမ်းရေးအဖွဲ့ဝင်တို့၏ ငြိမ်းချမ်းရေး ကြိုဆိုဆွေးနွေးပွဲ စတင်ပြုလုပ်သည်။

၂၀ သြဂုတ် ၁၉၉၉
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် IFLA (အပြည်ပြည်ဆိုင်ရာ စာကြည့်တိုက်အသင်းအဖွဲ့ချုပ်) ၏ ၆၅ ကြိမ်မြောက် အထွေထွေညီလာခံကြီးသို့ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း နာယကကြီးများ တက်ရောက်သည်။

၂၀ သြဂုတ် ၂၀၀၆
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက် ရေလှောင်သမံ ဖွင့်လှစ်သည်။

Monday, August 19, 2013

ဒဂုန်တာရာရဲ့ အကျော်ကြားဆုံး လက်ရာတစ်ခု


အောင်ဆန်း (သို့မဟုတ်) အရိုင်း


(၁)
သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေဝပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်း မရှိ။ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိတ်အပိုင်းတစ်ခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း ရှိ၏။

အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကိုနောက်ကားခံ၍ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံတောတောင်မျှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင်ဖြစ်၏။ ကတ္တီပါကားသည် အခြားဘာအဓိပ္ပာယ်ကိုမျှ ထူးထူးထွေထွေ မဖော်ပြ။ သို့သော် မှိုင်းညို့ခြင်းတခုကိုသာ ရဲဝံ့စွာဆောင်၍ နေသည်။

သူသည် စိမ်းညိုသောကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ရပ်ကာ စကားပြော၍နေသည်။ သူသည် ဗမာပထဝီမြေကြီးမှ ဗမာဝါဂွမ်းဖြင့် ရက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ဝတ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင်ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာအသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်ချင်း တစ်ယောက်နှင့်လည်းတူ၏။


တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထည်ဝါခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်းတို့သည် သူ့တွင် လုံးဝမခိုအောင်း။ လမ်ပေါ်တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန်ဆင်းရဲသား တစ်ဦးနှင့်သာတူ၏။ လူထုထဲမှ သူတစ်ဦး၏ အသွင်အပြင်မျိုးသာ ဖြစ်၏။

သူသည် လက်နှစ်ဖက်ကို ဘေးသို့ကား၍ လှုပ်ကာလှုပ်ကာ စကားပြော၏။ သူ၏ စကားလုံးများကား ပြေပြစ်ခြင်းမရှိ။ ချောမွေ့ခြင်း မရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။

သင် ပဋ္ဌမဦးဆုံးတွေ့မြင်သော အောင်ဆန်း၏ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည်ဖြစ်ပေသည်။

ထိုအခါကား ၁၉၃၆ ခု၊ ပဋ္ဌမဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူဗလီဟောခန်းမတွင် ဆင်ယင်သောအခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသားကိုယ်စားလှယ်များအဖြစ် ကျောင်းသားညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်း စကားပြောသည်ကို တွေ့မြင်ရခြင်းဖြစ်ပေသည်။

၁၉၃၆ ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးရောင်အူနေသည့်အခိုက်၊ ‘အောင်ဆန်း’ အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ် သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်၏။ ကျွန်တော်မှာ စာပေဝါသနာပါသူဖြစ်ရာ အောင်ဆန်းကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဖူးချင်၏။

သို့သော် ဂျူဗလီဟော ကျောင်းသားများညီလာခံတွင် သူ၏ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင်ကြားနာရသောအခါ အထင်နှင့်အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ်ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်းဟု ဖြစ်၏။ အယ်ဒီတာလည်းဖြစ်သဖြင့် အတော်အထင်ကြီးထားလေ၏။

တွေ့ရသောအခါ ရုပ်ကလည်း မဖြောင့်။ စကားပြောကလည်း မပြေပြစ်။ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။

ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။

(၂)
နောက် တစ်နှစ်ခန့် ကြာသောအခါ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍နေသည်။ ကျနော် တက္ကသိုလ်ရောက်သည့် ၁၉၃၇–၃၈ ခုနှစ်က၊ ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ဥက္ကဋ္ဌဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည် မရင်းနှီးခဲ့ပေ။

သူနှင့်ကား ရင်းနှီး၍ မဖြစ်။ သူသည် ရင်းနှီး၍ရသောလူစားမျိုး မဟုတ်။ နိုင်ငံရေး အတူတူတွဲဖက်လုပ်လျှင်သာ သူနှင့် ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တစ်ဖက်သတ် မလိုက်။ စာပေ၊ ကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လိုအစုံ လုပ်ချင်သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက်ဖြစ်သည်။

ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို သခင်ဘဟိန်းက အသိဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေးသမားသက်သက် မဟုတ်သဖြင့် သူ၏ အသိထက် လွန်မြောက်၍ ရင်းနှီးသောအဖြစ်သို့ မရောက်သွားခဲ့ပေ။

သခင်ဘဟိန်းကား သည်လိုမဟုတ်။ သခင်ဘဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူဖြစ်၏။ စာပေကဗျာလင်္ကာကို နှစ်သက်၏။ ဂီတကိုချစ်၏။ ထို့ကြောင့် ကျွန်တော်နှင့် ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ သူ ကွန်မြူနစ်ဖြစ်နေသည့် ဘဝအထိပင် ရင်းနှီးချစ်ခင်ခြင်းမပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်း မဟုတ်။ သို့သော် ချစ်ခင်ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့မဟုတ်။ ကျွန်တော် စာရေးဝါသနာပါသည်ကို ကိုအောင်ဆန်း သိသည်။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန်မဂ္ဂဇင်းမှ ရတုပိုဒ်စုံ စသော ကဗျာများ၊ ဝတ္ထုတို၊ ဆောင်းပါး စသည့် စာပေများကို သူ အကုန်ဖတ်ဖူးလိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့်လူမျိုးလည်း မဟုတ်။

သို့သော် တစ်ခါက ကိုဗဟိန်းနှင့်အတူ သမဂ္ဂအမှုဆောင် ကော်မတီခန်းတွင် ပင်းယမဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါးတစ်ခုကိုကား ကျွန်တော့်ရှေ့တွင် ဖတ်သည်ကို တွေ့ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက်ပေး၏။

ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ်– ဗမာ ဆောင်းပါးရှင်တစ်ဦး ဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော သူ၏ ဆောင်းပါးများကို ဂန္ထလောကမဂ္ဂဇင်းတွင် ဖတ်ဖူးရသည်။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အဝတ်အစား ဝတ်ဆင်ရေး ပြဿနာကို သူသည် ဂန္ထလောကတွင် ပန်းတနော် ဦးသန့်နှင့် အပြန်အလှန် ရေးသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ကြွေးကြော်သံ ‘မျိုးညွန့်’ မဂ္ဂဇင်းတွင် ပါသော သူ၏ ‘လောကဝိဟာ’ အမည်ရှိ ဆောင်းပါးတို ကလေးကိုကား သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ပညာ ဗဟုသုတ အမြင်တို့ကိုပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် ဗမာစာ အရေးညံ့သူ မဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာ သုံး၏။

တစ်ခါတရံ ဟာသဉာဏ်ပါ၏။

ပုသိမ်မြို့တွင် ကျင်းပသော ကျောင်းသားများညီလာခံ၌ သူ၏ ဥက္ကဋ္ဌမိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို ‘ပညာရေးပူရာဏ် ကျမ်းကြီးပေတကား …’ ဟု ပြောင်လှောင်ထားသည်မှာ သရော်ချက်ပါပေသည်။

ကျောင်းမှထွက်ပြီး ဒို့ဗမာအစည်းအရုံးသို့ ဝင်သောအခါ ငတ်ပြတ်၍လား မပြောတတ် ဒဂုန်မဂ္ဂဇင်းတွင် ရေးလိုကြောင်း ကျွန်တော့်ကိုပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေသည်။

ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသော ဆောင်းပါးဖြစ်သည်။ ဂရိတ်နိုင်ငံရေးက အစချီ၍ မျက်မှောက်ဗမာနိုင်ငံရေး အခြေအနေအထိ ရေး၏။ စာပြောင်၏။ ဖတ်၍ကောင်း၏။

သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍သွား၏။ အစိုးရကလည်း ငြိုးထား၍လား မပြောတတ် ဒဂုန်မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်းခံရရှာလေသည်။

(၃)
သမဂ္ဂဥက္ကဋ္ဌဖြစ်သော ၁၉၃၈–၃၉ ခုနှစ်က သူသည် ဘီ-အယ်လ်တန်းတွင်ရှိ၍ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင် နေသည်။ သူ၏အခန်းသည် သပ်ယပ်ခြင်း ကင်းမဲ့၏။ အခန်းတွင် စာအုပ်များ ပြည့်နှက်နေ၏။ စာအုပ်များသည် စားပွဲပေါ် တချို့၊ ဗီဒိုပေါ်တချို့၊ ကြမ်းပြင်ပေါ်တွင်တချို့ ပြန့်ကြဲကာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြ၏။ သူသည် အင်မတန် စာဖတ်သူတစ်ယောက် ဖြစ်၏။

သူသည် ဒေါသကြီးသူတစ်ဦးဖြစ်၏။ သည်လို အများကထင်၏။ ကျွန်တော့်အဖို့ကား ဒေါသကြီးသည် မကြီးသည်ကို မသိ။ သူ့တွင် စိတ်လိုက်မာန်ပါ စိတ်တွေရှိသည်ဟု ကျွန်တော်ထင်၏။

နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည်အထိမ်းအမှတ်ပွဲတစ်ခု တက္ကသိုလ်သမဂ္ဂတွင် ကျင်းပ၏။ ပရိသတ်ထဲကထ၍ ဝေဖန်စကားများ ပြောကြ၏။ ထိုသို့ ပြောကြသည့်အထဲတွင် စစ်ကိုင်းကျောင်းဆောင်မှ ကုလားကျောင်းသားတစ်ဦးက ဥက္ကဋ္ဌဟောင်း မစ္စတာရာရှစ်ကို ဝေဖန်ရာ၌ အတော်ထိခိုက်သော အပြစ်တွေကို ထုတ်ဖော်ပြောလေသည်။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင်သည် မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာရာရှစ်အတွက် ဒေါပွကာ ထိုကုလားကို ကြိမ်းမောင်း၍ ‘ရဲရင်ထွက်’ စသော စသော အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ ဘေးက ကျောင်းသားများက ဝိုင်း၍ ဆွဲထားရလေ၏။

သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေသည်။

ကုလား-ဗမာ အဓိကရုဏ်းအပြီး ဒေါက်တာဗမော်၏ တက္ကသိုလ်ဥပဒေ ပြင်ဆင်ရေးအဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ညိုမြ အမှူးရှိသော ကျောင်းသားတစ်စုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်းသည် ညိုမြကို ဒေါပွကာ ဥက္ကဋ္ဌ ကုလားထိုင်မှနေ၍ ညိုမြအတင်းကို အတော်ပြောလိုက်လေသည်။

သည်လို စိတ်လိုက်မာန်ပါပြောပြီးနောက် တစ်ပတ်လောက် ကြာသောအခါ၊ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုံ့ချသောစကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ်ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ်၍ လာလေသည်။

တက္ကသိုလ်တွင်ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထားကို ထားခဲ၏။

သူ၏မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါတွေ့ဖူးသောသူကို နောက်တစ်ခါတွေ့လျှင် နှုတ်ဆက်ချင်မှ ဆက်၏။ သူ့ကိုသိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှပြုံး၏။ ဥက္ကဋ္ဌဖြစ်သဖြင့် သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည်၏ လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက်ရှိနေသည်။

သူစကားပြောလျင်လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးကလူများ၏ စကားကိုသူ မကြား။ သူပြောချင်တာတွေကိုသာ စွတ်၍ ပြောနေတတ်သည်။

(၄)
တစ်ခါက ရန်ကုန်ကို ဂျပန်တို့သိမ်းပိုက်စအချိန်။

ဝိတိုရိယရိပ်သာရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက်ရှိကြသည်။ ကျွန်တော့်မှာလည်း တောက ရောက်ကာစ ဖြစ်သည်။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော်က ထိုင်ကာတီးနေ၏။ ဘေးမှ သခင်စံဝေနှင့် တက္ကသိုလ် ကျောင်းသားအချို့က ဝိုင်း၍ သီချင်းလိုက်ဆိုလျက်ရှိ၏။ ဘီ-အိုင်-အေ သမားများမှာ ဂီတ အင်မတန် ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေ ပျက်နေ၏။

ချစ်ခင်မှာလား၊ ကြင်မှာလား ခင်ခင်ရယ်…
ချစ်သဲနွယ်…
အဟုတ်ကို ချစ်တော့မယ်…
ခင်ရယ် ကြင်မယ် …

ဝိုင်း၍ဆိုနေကြရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက် – ဂေါက် – ဂေါက် – ဂေါက်နှင့် တဖက်က လျှောက်လာကာ စန္ဒယားအပါးတွင် လက်ထောက်ကာရပ်လျက် …

‘ဟေ့ … ရပ်ကြ။ ခုလို အခါမျိုးမှာ ရဲစိတ်ရဲမာန် တက်စေမယ့် ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျ။ ဒီချစ်မယ် ကြင်မယ် သီချင်းမျိုးက မဟန်ဘူး …’

ရုတ်တရက်ကြောင်၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်၏။

သူသည် သူပြောချင်တာပြောပြီး၍ ထွက်သွားလေသည်။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လိုလူစားမျိုး။

သမဂ္ဂဥက္ကဋ္ဌ ကိုလှမောင် (ယခုသံအမတ်)၏ လက်ထပ်ပွဲသည် ဘီ-အိုင်-အေခေတ်၌ ရွှေတောင်ကြားတွင် ကျင်းပသည်။ သူ၏လက်ထပ်ပွဲသည် ဘီအိုင်အေသမားများတွင် ပဋ္ဌမဦးဆုံးဖြစ်၏။ လက်ထပ်ပွဲပြီးသောအခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာနေကြ၏။ စန္ဒယားဆရာတစ်ဦးက တီးကာ ဖျော်ဖြေလျက်ရှိသည်။

သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကို ရပ်စေကာ ကျွန်တော့်ကို လူကြားထဲမှ အတင်းဆွဲခေါ်၍ သီချင်းတစ်ပုဒ်ကို တီးစေ၏။ သူသည် စန္ဒရားကိုလက်ထောက်ကာ မရတရဖြင့် လိုက်ဆိုနေ၏။ တီးသောသီချင်းမှာ ‘ကဉ္စန’ သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တစ်ပုဒ် တီးခိုင်းပြန်၏။

တစ်ခါက ဂျပန်ခေတ် ဝန်ကြီးတစ်ဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည်ပြုသောအခါ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့ သူ့ကို အရင်ဝင်စေ၏။ ဧည့်သည်များကား အဝတွင်ရပ်၍ သူ့အဝင်ကို စောင့်လျက်နေကြသည်။ သူသည် စစ်ဝတ်စစ်စားနှင့် ဝင်လာကာ ရုတ်တရက် စားပွဲထိပ် ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး ဇတ်ခနဲ ဘယာကြော်တစ်တုံးကို ယူစားလိုက်လေ၏။

သူ ထမင်းစားနေစဉ် ဧည့်သည်ဝင်လာလို့လည်း ဗမာဧည့်ဝတ်ထုံးစံအရ ထမင်းစားပါဦးလားဟု ခေါ်ချင်မှခေါ်သော လူစားမျိုးဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက ‘ကြောင်သည်’ ဟု အမှတ်ထားကြလေ၏။

(၅)
သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှအပကို သူ မမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင် စသော အနုပညာရပ်များကို မလိုက်စား။ သူ့ကိုသူ အတင်းယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုရ်အတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲနေ၏။

သူ့တွင် နိုင်ငံရေးဝိဉာဉ်ကား ပြင်းထန်လှချေသည်၏။ သူသည် နိုင်ငံရေးတစ်ခုတည်းကိုသာ လုပ်သောလူတစ်ဦးဖြစ်၏။

သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ သို့သော် ကိစ္စမရှိ။ သူသည် ဧည့်ခံခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မဟုတ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ မဲ၍လုပ်သော နိုင်ငံရေးသတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။

၁၉၄၂–၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အနုပညာအကြောင်းကို ပြောပြ၏။

‘အနုပညာဆိုတာ ရှိတာပဲ။ လင်မယားဘဝမှာလဲ အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့။ ဒီလိုပဲ တော်လှန်ရေးမှာလဲ အနုပညာရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့်တော်လှန်ရေး အစစ်ပဲ…’

ဆရာမဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ လက်မထပ်ခင် ၃–၄ ရက်အလိုက ကိုဘဟိန်းကို လာရှာရင်း ကျွန်တော်နှင့် သွားတွေ့၏။

သူသည် ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ ‘ဒီမယ် … အိမ်ထောင်ပြုတယ်ဆိုတာ သိပ် … စဉ်းစားတွေဝေနေလို့ မရဘူး။ တစ်ခါတည်း ဇွတ်လုပ်လိုက်ရတယ်…’ဟု မမေးဘဲ သူ့ဘာသာသူ သူပြောနေ၏။

လက်ထပ်ပြီးစက ကျွန်တော်ရေးလျက်ရှိသော လွတ်လပ်ရေးကြိုးပမ်းမှု စာအုပ်နှင့်ပတ်သက်၍ အင်းယားကန်စောင်းရှိ သူ့အိမ်သို့ ရောက်သွား၏။

ဧည့်ခန်းတွင် ခေတ္တစောင့်နေရ၏။ ထွက်လာသောအခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကိုတွေ့ရ၍ မပြုံးမိအောင် ဟန်ဆောင်နေရ၏။

သည့်နောက် သူနှင့်ကျွန်တော် မတွေ့တော့။ တွေ့ဆုံဖို့လည်း အကြောင်းမရှိ။ အကြောင်းမရှိဘဲ သူ့ဆီ သွားလည်ကလည်း ဖော်ဖော်ရွေရွေ လောကွတ်ပျူငှာ ခေါ်မည့်လူစားမျိုးလည်း မဟုတ်။

တစ်ခါက ဗိုလ်ချုပ်ဘဝတွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့် တစ်ပြုံကြီးကို မြင်လိုက်၏။ အော် … သားနဲ့၊ မယားနဲ့မို့ လူစိတ် တော်တော်ပေါက်လာပြီ။ အရင်ကလို ကြောင်တော့မည် မဟုတ်။ အကြမ်းအရိုင်းမှ ယဉ်ကျေးလာတော့မည်ဟု အောက်မေ့လိုက်၏။ မှန်၊ မမှန်ကား မပြောတတ်။

ဖဆပလ ဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင်၊ ဦးအောင်ဆန်းကိုကား ကျွန်တော် မသိ။ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်းမဟုတ်။ သူ၏အဖြစ်သာ။ ကျွန်တော်သိသည့်အထိ ပြောပြခြင်းဖြစ်ပေသည်။

တစ်ခုတော့ ထင်သည်။ သူသည် လူထုထဲမှ လူတစ်ဦးဖြစ်၍၊ လူထုနှင့်ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည် ဖြစ်လိမ့်မည်။

ဒဂုန်တာရာ
ဒီဇင်ဘာလ၊ ၁၉၄၆

Sunday, August 04, 2013

သမိုင်းထဲက သြဂုတ် ၎


၎ သြဂုတ် ၁၉၄၅
ပက်သစ်လောရင့်စ် (Pethick Laurence) သည် အိန္ဒိယနှင့် မြန်မာနိုင်ငံဆိုင်ရာအတွင်းဝန် ဖြစ်လာသည်။

ပဲခူးရိုးမ ဖောက်ထွက်သွားသည့် ဂျပန်တပ်များ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းသို့ ရောက်ရှိသွားသည်။ ဇူလိုင် ၂၀ မှ သြဂုတ် ၄ ရက်နေ့အကြား ပဲခူးရိုးမမှ ဖောက်ထွက်လာသည့် ဂျပန်တပ်များမှ တပ်သားပေါင်း ၆၂၇၂ ဦး ကျဆုံးသည်။ သြဂုတ်လမှစ၍ စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲ ပြီးဆုံးသည်နှင့်အတူ မြန်မာပြည်တိုက်ပွဲ ပြီးဆုံးသည်။

၎ သြဂုတ် ၁၉၅၂
ရန်ကုန်မြို့၌ ပြည်တော်သာညီလာခံကြီး စတင်ကျင်းပသည်။

၎ သြဂုတ် ၁၉၆၀
ဗိုလ်ချုပ်နေ၀င်းသည် ၁၉၆၀ ပြည့်၊ မက်ဆိုင်းဆိုင်းဆုကို ပေးအပ်ခြင်း ခံခဲ့ရသည်။ ၎င်းဆုပေးရခြင်းမှာ အိမ်စောင့်အစိုးရအဖြစ် ဦးဆောင်၍ တိုင်းပြည်ကို ကောင်းမွန်စွာအုပ်ချုပ်ခဲ့ခြင်း၊ တရားဥပဒေကျကျ လုပ်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။

Saturday, August 03, 2013

သမိုင်းထဲက သြဂုတ် ၃


၃ သြဂုတ် ၁၉၄၇
သခင်ထွန်းအုပ် အား ဖမ်းဆီးထိန်းသိမ်းသည်။

၃ သြဂုတ် ၁၉၆၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရတို့ ချုပ်ဆိုကြသော မြန်မာနယ်နိမိတ် ပြဿနာနှင့် စပ်လျဉ်းသည့် သဘောတူစာချုပ်အရ ဖွဲ့စည်းသည့် တရုတ်-မြန်မာ နယ်နိမိတ်ဆိုင်ရာ ပူးတွဲကော်မတီ၏ ဒုတိယအစည်းအဝေးပွဲကြီးကို ပီကင်းမြို့၌ ၁၉၆၀ ပြည့်၊ ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ ကျင်းပသည်။

၃ သြဂုတ် ၁၉၉၁
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) သည် မိတ္ထီလာမြို့ မီးဘေးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်း၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့နယ်များရှိ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ခန္တီးမြို့နယ် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

Thursday, August 01, 2013

သမိုင်းထဲက သြဂုတ် ၁


၁ သြဂုတ် ၁၉၄၅
အဓိပတိ ဒေါက်တာဘမော် ဦးစီး၍ မုဒုံကန်တော်ကြီးတွင် မြန်မာ့လွတ်လပ်ရေး နှစ်ပတ်လည်အောင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

၁ သြဂုတ် ၁၉၄၆
ဂျပန်ခေတ် မြန်မာအစိုးရအဓိပတိ ဒေါက်တာဘမော် ဂျပန်နိုင်ငံ ဆူကာမိုထောင်မှ လွတ်လာပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

၁ သြဂုတ် ၁၉၄၇
သခင်နု ဦးဆောင်သော ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို ပြန်လည်ဖွဲ့စည်းသည်။

၁ သြဂုတ် ၁၉၅၀
ကရင်လူမျိုး စုံစမ်းရေးကော်မရှင်က ကရင်ပြည်နယ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အကြံဉာဏ်များ ဖိတ်ခေါ်သည်။

၁ သြဂုတ် ၁၉၅၁
ရန်ကုန်မြို့ ဗဟိုကြေးနန်းရုံးကြီးတွင် မြန်မာဘာသာဖြင့် ပထမဆုံး ကြေးနန်းရိုက်ကြားခြင်းကို ဖွင့်လှစ်သည်။

၁ သြဂုတ် ၁၉၅၃
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက အိန္ဒိယနိုင်ငံသုံး ဒင်္ဂါး အမျိုးအစားအားလုံးကို တရားဝင်အဖြစ်မှ ရပ်စဲသည်။

၁ သြဂုတ် ၁၉၉၀
သူရဲကောင်းစစ်သည်ဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်ကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကာကွယ်ရေး ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးသည်။

Wednesday, July 31, 2013

သမိုင်းထဲက ဇူလိုင် ၃၁


၃၁ ဇူလိုင် ၁၉၄၅
ရခိုင်တိုင်းလုံးဆိုင်ရာအဖွဲ့ ခေါင်းဆောင်များဖြစ်သည့် ဦးအောင်ဇံဝေ (စစ်တွေ)၊ ကသက ဥက္ကဋ္ဌ ဦးကျော်ရင် (သံတွဲ) တို့က ရခိုင်တိုင်းလုံးဆိုင်ရာ အဖွဲ့နှင့် ဖတပလ ဆက်သွယ်ပူးပေါင်းရန် ဆုံးဖြတ်သည်။

၃၁ ဇူလိုင် ၁၉၅၄
ရှမ်းပြည်နယ် ၂၂ နယ်တွင် ထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းသည်။

၃၁ ဇူလိုင် ၁၉၉၄
မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော်ကြီး ဖွင့်သည်။

Tuesday, July 30, 2013

သမိုင်းထဲက ဇူလိုင် ၃၀


၃၀ ဇူလိုင် ၁၉၅၄
ဗ.လ.စ ပြည်လုံးကျွတ်ညီလာခံ ကျင်းပသည်။

၃၀ ဇူလိုင် ၁၉၅၈
ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမောင် က သင်ပုန်းခြေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်သည်။

၃၀ ဇူလိုင် ၁၉၆၀
မန္တလေး မဟာမြတ်မုနိဘုရားတွင် ပုဒ်မ ၁၄၄ (၁) အမိန့်တစ်ရပ် ထုတ်သည်။

ပါတီပေါင်းစုံ ပါဝင်သော ရခိုင်ပြည်နယ်ရရှိရေး ပူးတွဲကော်မတီ ဒသမအကြိမ်မြောက် အလုပ်အမှုဆောင် အစည်းအဝေးကို ကျင်းပသည်။

၃၀ ဇူလိုင် ၁၉၉၃
ရန်ကုန်-သန်လျင် တံတားသစ်ကြီး ဖွင့်လှစ်သည်။

Monday, July 29, 2013

ညွန့်ပေါင်း၊ ညွန့်ပေါင်းသီအိုရီ၊ ညွန့်ပေါင်းအစိုးရ


Coalition
ညွန့်ပေါင်း
ဘုံရန်သူကို ရင်ဆိုင်ရန် အပြိုင်နိုင်ငံရေးအဖွဲ့များ အုပ်စုဖွဲ့ခြင်းကို ညွန့်ပေါင်းဖွဲ့သည်ဟု ခေါ်ဆိုသည်။ ညွန့်ပေါင်းအဖွဲ့ ဖွဲ့ပြီးလျှင် သဘောမတူသည်များကို သီးသန့်ဖယ်ထားပြီး သဘောတူသည်များကို ပူးပေါင်းလုပ်ကိုင်ကြသည်။ အထူးသဖြင့် ရည်မှန်းချက်ပန်းတိုင်တူလျှင် ညွန့်ပေါင်းဖွဲ့၍ ရသည်။ သို့သော် ယနေ့ခေတ် ပါလီမန်များ၌ နိုင်ငံရေးပါတီ တစ်ပါတီတည်းက အများစုမဲမရရှိလျှင် အခြားပါတီများနှင့် ညှိနှိုင်း၍ ညွန့်ပေါင်းအစိုးရ ဖွဲ့လေ့ရှိသည်။ နှစ်ပါတီ သို့မဟုတ် နှစ်ပါတီထက်ပိုသော ပါတီများဖြင့် ညွန့်ပေါင်းအစိုးရ (Coalition government) ဖွဲ့စည်းခြင်းဖြစ်သည်။ ညွန့်ပေါင်းအစိုးရတွင် ၀န်ကြီးရာထူးများကို ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ပါတီများက ခွဲတမ်းအချိုးအစားအလိုက် ဝေခြမ်းယူကြသည်။

ညွန့်ပေါင်းအစိုးရများအနက် အချို့သည် ကာလသက်တမ်း ရှည်သည်။ နောက်ထပ် ရွေးကောက်ပွဲတစ်ခု ကျင်းပချိန်တွင် ပါတီတစ်ပါတီတည်းက အများစု မဲရပြီး နိုင်သွားလျှင်ကား ညွန့်ပေါင်းဖွဲ့စရာ မလိုတော့ဘဲ ပျက်ပြယ်သွားသည်။

ဗြိတိန်နိုင်ငံတွင် လစ်ဘရယ် ဒီမိုကရက်များသည် ကွန်ဆာဗေးတစ်ပါတီ၊ လေဘာပါတီကဲ့သို့ အားကောင်းသော ပါတီကြီးမဟုတ်၍ လစ်ဘရယ်ဒီမိုကရက်များအနေဖြင့် အစိုးရထဲ ပါဝင်နိုင်ဖို့မှာ ကွန်ဆာဗေးတစ်ပါတီနှင့် လေဘာပါတီတို့ လွတ်လွတ်ကျွတ်ကျွတ် အများစု မဲမရကြသည့် အချိန်၌သာ ဖြစ်နိုင်သည်။ ပါတီကြီးတစ်ခုသည် အများစုမဲရရှိရန် အမတ်နေရာ ၁၀ နေရာခန့် လိုနေသည်ဆိုပါက အမတ်နေရာ ၁၅ နေရာခန့် လက်ကိုင်ရှိထားသော ပါတီငယ်မှ ခေါင်းဆောင်ကို ၀န်ကြီးရာထူးပေး၍ ညွန့်ပေါင်းဖွဲ့လေ့ရှိသည်။

သြစတြေးလျမှ နေရှင်နယ်ပါတီ၊ ဂျာမနီမှ ဖရီးဒီမိုကရက်တစ်ပါတီတို့သည် တစ်ပါတီချင်းအနေဖြင့် ပြည်လုံးကျွတ်ရွေးကောက်ပွဲ အနိုင်ရရှိရန် ခဲယဉ်းသည်။ သို့သော် လွှတ်တော်တွင် အမတ်ဦးရေ ထက်ဝက်ကျော် အင်အားမရရှိခဲ့သော ပါတီကြီးများက ယင်းပါတီများ၏ အင်အားကိုရယူကာ ညွန့်ပေါင်းအစိုးရ ဖွဲ့သောအခါ ယင်းပါတီများသည် အစိုးရအဖွဲ့တွင် ပါဝင်လာကြသည်။။

အနောက်ဂျာမနီနိုင်ငံသည် ၁၉၆၉ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ ဆိုရှယ်ဒီမိုကရက် (ပါတီကြီး) နှင့် ဖရီးဒီမိုကရက် (ပါတီငယ်) ညွန့်ပေါင်းအစိုးရအောက်တွင် ရှိခဲ့သည်။ ယင်း ညွန့်ပေါင်းသည် တော်ရုံနှင့် ပျက်ပြားဖွယ်မရှိဘဲ ကြာရှည်ခံမည်ဟု အများက ထင်မြင်ယူဆခဲ့ကြသည်။ သို့သော် ဖရီးဒီမိုကရက်များက စတင်၍ ညွန့်ပေါင်းထဲမှ ထွက်သွားသည်။ ထို့နောက် ခရစ်ယာန်ဒီမိုကရက် (ပါတီကြီး) နှင့် ဖရီးဒီမိုကရက်တို့ ပူးပေါင်းပြီး ညွန့်ပေါင်းဖွဲ့ခဲ့ရာ လက်ရှိ (၂၀၀၆) အနေအထားတွင် ဂျာမနီနိုင်ငံကို ယင်းညွန့်ပေါင်းက အုပ်ချုပ်လျက်ရှိသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဘုံရန်သူ နာဇီဂျာမန်ကို တိုက်ခိုက်ရန် ဗြိတိန်၊ ဆိုဗီယက်၊ အမေရိကန်တို့ ညွန့်ပေါင်း ဖွဲ့ခဲ့ကြသည်မှာလည်း ထင်ရှားသော Coalition နမူနာတစ်ခု ဖြစ်သည်။ ထို့အတူ ဒုတိယကမ္ဘာစစ်ပြီးခေတ် NATO နှင့် Warsaw Pact စာချုပ်အဖွဲ့များသည်လည်း ညွန့်ပေါင်းပုံစံများပင် ဖြစ်သည်။

စစ်ပြီးခေတ် အင်အားချိန်ခွင်လျှာ (Balance of Power) နိုင်ငံတကာဆက်ဆံရေးတွင် အစပထမ၌ နေတိုးနှင့် ၀ါဆောကဲ့သို့သော ညွန့်ပေါင်းမဟာမိတ်အဖွဲ့များသည် အိုင်ဒီယော်လော်ဂျီ (နိုင်ငံရေး သဘောတရားများ) ပေါ်တွင် အခြေခံ၍ ဖွဲ့စည်းခဲ့သည်။ ၀ါဆောအုပ်စုသည် ဆိုရှယ်လစ်အုပ်စု ဖြစ်သည်။ နေတိုးသည် လစ်ဘရယ်ဒီမိုကရေစီ အုပ်စုဖြစ်သည်။ သို့ရာတွင် နောက်ပိုင်း၌ (ဆိုဗီယက်နှင့် ယူဂိုဆလားဗီးယားအကွဲ၊ တရုတ် ဆိုဗီယက်အကွဲတို့ အပြီး၌) အိုင်ဒီယော်လော်ဂျီ အတားအဆီးများကို ရှေ့တန်းမတင်ဘဲ အမျိုးသားရေး အကျိုးစီးပွားကို ဦးစားပေးသော နိုင်ငံတကာ ဆက်ဆံရေးပုံစံများ ဖြစ်ပေါ်လာသည်။ အမေရိကန်သည် တရုတ် (တိုင်ပေ) ကို ဘေးဖယ်ထားခဲ့ပြီး တရုတ်ပြည်မကြီးနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်လာသည်။ ထိုအခါ အယူဝါဒရေးရာ ညွန့်ပေါင်းပုံစံ ပျက်သွားပြီး အကျိုးစီးပွားကို ရှေ့တန်းတင်သော ညွန့်ပေါင်းပုံစံများ တစ်ခေတ်ဆန်းလာခဲ့သည်။
[မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန်၊ သင်းစာပေ၊ ပထမအကြိမ်၊ ဇွန်၊ ၂၀၁၁၊ စာ ၇၆-၇၈]

Coalition Theory
ညွန့်ပေါင်း သီအိုရီ
ဂိမ်းသီအိုရီကို အသုံးချ၍ ညွန့်ပေါင်းဖွဲ့စည်းရာ၌ တွက်ချက်ကျင့်သုံးမှု ဖြစ်သည်။ ညွန့်ပေါင်းသီအိုရီကို အသုံးချသော အခြေခံနယ်ပယ်နှစ်ခု ရှိသည်။ ပါလီမန်တွင် လူနည်းစုပါတီများ ညွန့်ပေါင်းဖွဲ့စည်းပြီး အစိုးရ တာဝန်ယူခြင်းနှင့် နိုင်ငံများအကြား စစ်ရေးနှင့် သံတမန်ရေး မဟာမိတ်ဖွဲ့ပြီး ညွန့်ပေါင်းအုပ်စု ထူထောင်ခြင်းဖြစ်သည်။ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော အဖွဲ့များ ပေါင်းစည်းပြီး တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ပြိုင်ဘက်ကို ရင်ဆိုင်ရာတွင် ညွန့်ပေါင်းသီအိုရီကို အသုံးပြုလေ့ရှိသည်။

ပါလီမန်တစ်ခုတွင် အစိုးရဖွဲ့နိုင်ရန် အမတ်နေရာ ၇၀ လိုအပ်သည် ဆိုပါစို့။ နိုင်ငံရေးပါတီ A,B,C,D ဟူ၍ လေးပါတီရှိသည်။ နိုင်ငံရေးသဘောတရားအရ လက်ဝဲ၊ လက်ယာ ရောင်စုံပါဝင်ကြသည်။ လေးပါတီက အသီးသီး ရရှိထားသော အမတ်ဦးရေ စာရင်းမှာ A ၅၀၊ B ၄၀၊ C ၁၀ နေရာ အသီးသီးဖြစ်၏။

သို့ဆိုလျှင် ၂ ပါတီ ညွန့်ပေါင်းဖွဲ့လိုက်ပါက A ၅၀ နှင့် B ၄၀ ပေါင်းပြီးဖွဲ့လိုက်လျှင် အမတ် ၉၀ အင်အားရပြီး အစိုးရဖွဲ့နိုင်သည်။ (ခြွင်းချက်မှာ နိုင်ငံရေးအယူဝါဒအရ ဆန့်ကျင်မှု ရှိ မရှိ။)

၃ ပါတီ ညွန့်ပေါင်းအဖြစ် B ၄၀ + C ၂၀ + D ၁၀ ဖွဲ့လျှင်လည်း အမတ် ၇၀ အင်အားရပြီး အစိုးရဖွဲ့နိုင်မည်။

A နှင့် C ပေါင်းလျှင် ရမည်ဖြစ်သော်လည်း နိုင်ငံရေးအရ လက်ဝဲနှင့် လက်ယာဖြစ်နေလျှင် ညွန့်ပေါင်း မဖွဲ့နိုင်ပြန်ချေ။

သို့မဟုတ်ဘဲ လေးပါတီ ညွန့်ပေါင်းဖွဲ့လျှင် အမတ်အင်အား ၁၂၀ ရှိမည်ဖြစ်သော်လည်း ညွန့်ပေါင်းထုံးစံတွင် ထိုသို့ ဖွဲ့စည်းလေ့မရှိ။ ခွဲတမ်းပေးရသည်မှာ များသွားပြီး ရာထူး အဝေမတည့်၍ မကျေနပ်မှုများ ဖြစ်လာတတ်သည်။ ယင်းပုံစံတွင် ပါတီတစ်ခုခုက နုတ်ထွက်သွားခြင်းကြောင့်လည်း ညွန့်ပေါင်း၏ သဘောသဘာဝမှာ မဖွဲ့လျှင်မဖြစ်၍ ဖွဲ့ရခြင်းဖြစ်သည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကျားကန်ထားသည့် အနေအထားမျိုး ဖြစ်နေရသည်။
[မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန်၊ သင်းစာပေ၊ ပထမအကြိမ်၊ ဇွန်၊ ၂၀၁၁၊ စာ ၇၈-၇၉]

ညွန့်ပေါင်းအစိုးရနှင့် အတိုက်အခံပါတီများ
ပါလီမန်စနစ်တွင် ပါတီစုံစနစ်ကို ကျင့်သုံးသောကြောင့် ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများစွာ ၀င်ရောက်ယှဉ်ပြိုင်ရသည်။ ထိုရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အများဆုံးနေရာကို ရရှိအနိုင်ယူသည့် နိုင်ငံရေးပါတီများက အစိုးရကို ဖွဲ့စည်း၍ အုပ်ချုပ်ရေးအာဏာများကို ကိုင်တွယ်ကျင့်သုံးရသည်။ သို့ရာ၌ ပါလီမန်စနစ်တွင် ဖြစ်လေ့ဖြစ်ထရှိသော အချက်တစ်ခုမှာ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတစ်ခုတည်းက အပြတ်အသတ် အနိုင်မရဘဲ အစိုးရ ဖွဲ့နိုင်လောက်သည့်  လွှတ်တော်ကိုယ်စားလှယ်အင်အား မရရှိခြင်းပင် ဖြစ်သည်။ ထိုအခါမျိုးတွင် ပါတီတစ်ခုတည်းအနေဖြင့် အစိုးရ ဖွဲ့စည်းနိုင်ခြင်းမရှိဘဲ မိမိတို့နှင့် ပေါ်လစီချင်းတူညီသည့် အခြားပါတီများနှင့် ပူးပေါင်း၍ အစိုးရကို ဖွဲ့စည်းကြသည်။ ထိုသို့ ပါတီတစ်ခုတည်းဖြင့် မဟုတ်ဘဲ နီးစပ်ရာပါတီများ ပူးပေါင်း၍ ဖွဲ့စည်းသောအစိုးရကို "ညွန့်ပေါင်းအစိုးရ" ဟု ခေါ်သည်။

ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ တချို့တွင်သာ အနိုင်ရရှိပြီး အစိုးရလည်း မဖွဲ့နိုင်၊ ညွန့်ပေါင်းအစိုးရတွင်လည်း ပါဝင်ခြင်းမရှိသော နိုင်ငံရေးပါတီများသည် လွှတ်တော်ထဲတွင် အတိုက်အခံပါတီများအဖြစ် ရပ်တည်ရသည်။ ဒီမိုကရေစီစနစ်တွင် ညွန့်ပေါင်းအစိုးရများ ဖွဲ့စည်းခြင်းနှင့် အတိုက်အခံပါတီများ ရှိနေခြင်းသည် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးများစွာ ဖြစ်ထွန်းစေသည်။ ညွန့်ပေါင်းအစိုးရနှင့် အတိုက်အခံပါတီများ ရှိခြင်းအားဖြင့် -
  1. အနိုင်ရနိုင်ငံရေးပါတီက သူတို့၏ ပေါ်လစီနှင့် လမ်းစဉ်များကို တစ်ဖက်သတ် ချမှတ်အကောင်အထည်ဖော်ခြင်း မရှိဘဲ ညွန်ပေါင်းအစိုးရတွင် ပါဝင်သော အခြားနိုင်ငံရေးပါတီများ၏ ပေါ်လစီနှင့် လမ်းစဉ်များကိုပါ ထည့်သွင်း အကောင်အထည်ဖော်ရသောကြောင့် အစိုးရအတွင်း ပေါ်လစီညှိနှိုင်းခြင်းနှင့် အပေးအယူလုပ်ခြင်း ဖြစ်ပေါ်နိုင်သည်။
  2. ထိုသို့ ပေါ်လစီညှိနှိုင်းခြင်းနှင့် အပေးအယူလုပ်ခြင်းများ ဖြစ်ပေါ်သောကြောင့် အစွန်းရောက်ဝါဒနှင့် တယူသန် အစိုးရများကို ရှောင်ရှားနိုင်သည်။
  3. အတိုက်အခံနိုင်ငံရေးပါတီများ ရှိခြင်းအားဖြင့် အစိုးရတစ်ရပ်၏ လုပ်ဆောင်ချက်များ၊ ပေါ်လစီများကို လွှတ်တော်အတွင်း ပွင့်လင်းစွာ ဝေဖန်သုံးသပ်ခြင်းများ၊ ဆွေးနွေးငြင်းခုံခြင်းနှင့် ဟန့်တားခြင်းများ ပြုလုပ်နိုင်သည်။
  4. ထိုသို့ လွှတ်တော်အတွင်း ဝေဖန်ခြင်း၊ ကန့်ကွက်ခြင်းများကို အတိုက်အခံ နိုင်ငံရေးပါတီများက ပြုလုပ်သောကြောင့် အနိုင်ရ နိုင်ငံရေးပါတီ၏ ပေါ်လစီနှင့် လုပ်ငန်းစဉ်များ ပြည်သူလူထုအတွက် အကျိုးမရှိဟု ယူဆပါက ဆန့်ကျင်၊ ကန့်ကွက်၊ ပယ်ဖျက် သွားနိုင်သည်။
  5. လွှတ်တော်အတွင်း အစိုးရနှင့် အတိုက်အခံပါတီများ၊ ပွင့်လင်းစွာ၊ လွတ်လပ်စွာ ဝေဖန်ဆွေးနွေး ငြင်းခုန်ခြင်းကြောင့် မည်သူမှန်သည်၊ မည်သူမှားသည်၊ မည်သည့်ပေါ်လစီက တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ပို၍ အကျိုးရှိနိုင်သည်ဟူသော အချက်များကို ပြည်သူလူထု တစ်ရပ်လုံး နားလည်သဘောပေါက်နိုင်သည်။
  6. အစိုးရပေါ်လစီများ၊ လုပ်ဆောင်ချက်များနှင့် စီမံကိန်းများကို လက်တွေ့အကောင်အထည် မဖော်ခင် လွှတ်တော်အတွင်း အတိုက်အခံပါတီများက မေးခွန်းထုတ်ခြင်း၊ ဆွေးနွေးဝေဖန်ခြင်းများ ပြုလုပ်ရသောကြောင့် အစိုးရတစ်ရပ်အနေဖြင့် ထိုလုပ်ဆောင်ချက်များအပေါ် ပွင့်လင်းမှု၊ တာဝန်ခံမှုနှင့် တာဝန်ယူမှုများ ပိုရှိ၍ ပိုမိုများပြား ထွန်းကားလာနိုင်သည်။

[ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဒီမိုကရေစီ ကျင့်စဉ်တရားများ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ဖက်ဒရယ် ပညာပေးစာစဉ် အမှတ်-၁၊ Burma Centre for Ethnic Studies၊ ပထမအကြိမ်၊ သြဂုတ် ၂၀၁၂၊ ချင်းမိုင်၊ဒုတိယအကြိမ်၊ အောက်တိုဘာ၊ ၂၀၁၂၊ အိုင်ဇောလ်၊ မီဇိုရမ်၊ တတိယအကြိမ်၊ အောက်တိုဘာ၊ ၂၀၁၂၊ ချင်းမိုင်၊ စာ ၅၀-၅၂]

သမိုင်းထဲက ဇူလိုင် ၂၉


၂၉ ဇူလိုင် ၁၉၄၅
ဂျပန်စစ်တပ်က မော်လမြိုင်ရေတွင်းကုန်းရွာမှ ကျောင်းအုပ်ကြီး ရာမန်နှင့် အဖော် ၂၃ ဦးတို့အား ဗြိတိသျှသူလျှိုဟု စွပ်စွဲကာ ဖမ်းဆီးပြီး မော်လမြိုင်ထောင်ထဲတွင် ရေနှင့်ပက် စစ်ဆေးခြင်း၊ တုတ်နှင့်ရိုက် စစ်ဆေးခြင်း၊ တုပ်တွင်ဆွဲပြီး စစ်ဆေးခြင်း အစရှိသဖြင့် မတရားသော နည်းလမ်းအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်သည်။

ဂျပန်နိုင်ငံက မဟာမိတ်နိုင်ငံတို့၏ ခြွင်းချက်မရှိ လက်နက်ချရန် ရာဇသံကို ငြင်းဆိုသည်။

၂၉ ဇူလိုင် ၁၉၄၇
တိုင်းပြည်ပြုလွှတ်တော် ဒုတိယအစည်းအဝေးကို စတင်ကျင်းပသည်။

၂၉ ဇူလိုင် ၁၉၄၈
ပြည်သူ့ရဲဘော်ဖြူတပ်ဖွဲ့ (ဖြူ) များကို ဖမ်းသည်။ ပြည်သူ့ရဲဘော် (ဖြူ) များ တောခိုသည်။

၂၉ ဇူလိုင် ၁၉၈၀
နိုင်ငံတော်ကောင်စီနှင့် အာဏာပိုင်အဖွဲ့အစည်းများကိုယ်စား နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားမေတ္တာရပ်ခံချက်ဖြင့် ၀န်ကြီးချုပ်ဟောင်း ဦးနု နှင့် ဇနီး ဒေါ်မြရီ တို့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။

Thursday, July 25, 2013

အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ရေးပတ်သက်၍ လတ်တလော ကျွန်တော်ဖတ်မိသော စာတစ်ပုဒ်


.....
..............
.................

ဗုဒ္ဓ၀ါဒကို အခြားအမည်နာမတစ်ခုဖြင့် ခေါ်ဝေါ်လျှင် ၀ိဘဇ္ဇ၀ါဒဟု အမည်ရ၏။ ၀ိဘဇ္ဇဆိုသည်မှာ ခွဲခြမ်းစိတ်ဖြာခြင်းဟု အမည်ရသည်။ ထေရ၀ါဒ သာသနာတော်ကို သက်ဝင်ယုံကြည်သူဖြစ်လျှင် ၀ိဘဇ္ဇ၀ါဒကို ယုံကြည်သူဖြစ်ရပါမည်။ ခွဲခြမ်းစိတ်ဖြာ ဝေဖန်ရဲသူ ဖြစ်ရပါမည်။ မြန်မာတို့၏ ဓလေ့အရ ရတနာသုံးပါးနှင့် ပတ်သက်လာလျှင် သဒ္ဓါလွန်ကဲတတ်ကြသည်။ သဒ္ဓါလွန်သောအခါ ပညာချို့၍ ခွဲခြမ်းစိတ်ဖြာနိုင်သည့် ၀ိဘဇ္ဇသို့ မရောက်တော့။ ရတနာသုံးပါးနှင့်ပတ်သက်၍ ဝေဖန်ဆန်းစစ်မှုပြုလျှင် ဓမ္မန္တရာယ်ဟု ယိုးစွပ်ကြ၏။ အမှန်တကယ်တွင် ဝေဖန်ဆန်းစစ်ခွဲခြမ်းပြီး သာသနာကို သက်ဝင်ယုံကြည်သူမှာသာ ခိုင်မြဲသော သဒ္ဓါတရား ရှိတတ်သည်။ အမျိုးဘာသာ သာသနာအတွက် အသက်ပင် စွန့်ရစွန့်ရ ဆိုသောယုံကြည်ချက်မျိုး ရှိတတ်သည်။ သို့မဟုတ်လျှင်ကား အသံသာရှိပြီး အဆန်မရှိသည့် အမြောက်ပမာပင် ရှိပေလိမ့်မည်။

မိမိတို့ကာကွယ်မည်ဆိုသော ဘာသာသာသနာဖြစ်သော ထေရ၀ါဒသည် မဟာယာန၊ တန္တရ၀ါဒ၊ မန္တရ၀ါဒ၊ ဇင်ဝါဒ၊ ဗြဟ္မဏ၀ါဒ၊ ဂိုဏ်းဘုန်းကြီးဝါဒ၊ ထွက်ရပ်ပေါက်ဝါဒ၊ နတ်ကတော်၊ ချဲဘုန်းကြီး၊ ဒုဿီလ စသည့် အတွင်းရန် အညစ်အကြေးများစွာ ကပ်ငြိနေပါသည်။ မြန်မာဗုဒ္ဓဘာသာဝင် အများစုမှာ ကိုယ်တွင်း၌ ကင်ဆာရောဂါ တစ်ခုခုဖြစ်နေသော လူများပမာ ဖြစ်နေကြပါပြီ။ ကိုယ်ကိုယ်တိုင် ချည့်နဲ့ အားနည်းနေသော ကိုယ်ခံအားဖြင့် အမျိုးဘာသာ၊ သာသနာကို ကာကွယ်မည်ဟု ကြွေးကြော်နေလျှင် ခါချဉ်ကောင် မာန်ကြီးပေမယ့် ခါးကမသန် ဆိုသည့်အခြေအနေမျိုးသာ ဖြစ်နေမည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် ရတနာသုံးပါး ပြည့်စုံစွာပေါ်ထွန်းရာ ၀ါဆိုလပြည့်နေ့မှစတင်၍ အမျိုးဘာသာ၊ သာသနာကို ကာကွယ်ရန် ထေရ၀ါဒစစ်စစ်ကို သက်ဝင်ယုံကြည်မိအောင် ကြိုးစားရင်း ကိုယ်ခံအားများ ဖြည့်တင်းကြပါဦးဟု နှိုးဆော်ချင်ပါသည်။

[7DAY Daily No.89, Monday, July 22, 2013, p.20, နီဟိန်းမော်၊ ဘာသာသာသနာ ကာကွယ်ဖို့ရာ မှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်။]

Thursday, July 11, 2013

ပိုက်ဆံဆင်းရဲတာကို အသာထားပါဦး၊ မောင်သာချို


ဂျပန်နောက်ခံ မြန်မာနိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ ဟာသကလေးတစ်ပုဒ်နဲ့ပဲ ကျွန်တော့်စကားကို စပါရစေ။ လူတော်တော်များများ ကြားဖူးကောင်း ကြားဖူးနေမယ့် ဟာသကလေးဖြစ်လို့ တကယ်လို့များ ကြားဖူးသိဖူး ဖြစ်နေခဲ့ကြရင် ခွင့်လွှတ်ပါလို့လည်း ကြိုတင်ပြီး တောင်းပန်ထားပါရစေဦး။

သည်လိုပါ...။

ဂျပန်နိုင်ငံက ရထားတွေပေါ်မှာတဲ့။ ရထားစီး ခရီးသည်တွေအနေနဲ့ လူ့အသုံးအဆောင်ပစ္စည်းကလေးတွေ မေ့မေ့ပြီး ကျန်နေခဲ့တတ်ကြပါတယ်တဲ့။ မျက်မှန်၊ လက်ကိုင်ဖုန်း၊ ထမင်းချိုင့်၊ ပိုက်ဆံအိတ်၊ အနွေးထည် စသည်ဖြင့် တစ်ခုခုပေါ့။ အဲသည်လို ပစ္စည်းလေးတွေများ မေ့ကျန်ခဲ့လို့ကဖြင့် ဘယ်သောအခါမှာမှ စိတ်မပူပါလေနဲ့တဲ့။ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းဟာ ပြန်ပြီးတော့ကို ရစေရမယ်တဲ့။ တစ်ခုပဲတဲ့။ ကိုယ်စီးတဲ့ ရထားချိန်ကို သေသေချာချာ မှတ်ထားဖို့ လိုပါတယ်တဲ့။ ရထားချိန်မှ မဟုတ်ပါဘူး။ ကိုယ်စီးခဲ့တဲ့ တွဲနံပါတ်၊ ပြီးတော့ ထိုင်ခုံနံပါတ် စတာတွေကိုလည်း မှတ်မိရမယ်တဲ့။

အဲဒါဆိုရင် တစ်ပတ်လောက်အချိန်အတွင်းအထိ အဲသည့်ရထား ရောက်ရှိနေမယ့် ဘူတာနဲ့အချိန်ကို ကြည့်ပြီးသွားစောင့်၊ ကိုယ်စီးခဲ့တဲ့ ရထားတွဲထဲက ကိုယ်ထိုင်ခဲ့တဲ့ ထိုင်ခုံနေရာကိုကြည့်လိုက်၊ ကိုယ်ကျန်ခဲ့တဲ့ ပစ္စည်းဟာ သည်အတိုင်းပဲတဲ့။ ဘယ်သူကမှ အဲသည့်ပစ္စည်းကို မယူလေဘူးတဲ့။ ကိုယ့်ပစ္စည်းကို ကိုယ်အသာကလေး ပြန်ကောက်ယူလိုက်ရုံ။ ရထားတွဲစောင့်ကလည်း ခြောက်ရက်တစ်ပတ် ကြာသည်အထိ အဲသည့်ပစ္စည်းကို သိမ်းမပစ်ဘူး။ ပိုင်ရှင်ဖြစ်သူ ပြန်လာယူနိုး ပြန်လာယူနိုးနဲ့ စောင့်နေခဲ့ပြီး မလာနိုင်တော့မှ သိမ်းပစ်လိုက်လေသတဲ့။

ဒါနဲ့ တစ်ယောက်က ဂျပန်တို့ ကိုယ်ကျင့်တရားကောင်းပုံကို အံ့သြသွားပြီး တစ်ခု မေးပါလေရော။ အခုရော ဆိုတဲ့ မေးခွန်း။ အမေးခံရတဲ့လူက ခဏတွေသွားပြီးတဲ့နောက်မှ အေးဗျ.... အခုတော့ ပစ္စည်း အခုကျန် အခုသွားကြည့်တာ မရှိတော့ဘူး လို့ လေးလေးတွဲ့တွဲ့ ဖြေပါလေသတဲ့။ ဒါနဲ့ ထပ်မေးတဲ့မေးခွန်းက ဘာလို့လဲဗျ ဆိုတဲ့မေးခွန်း။ ဖြေပါတယ်။ စိတ်မသက်မသာ အသံကြီးနဲ့။ မြန်မာတွေ ရောက်လာလို့တဲ့ဗျာ ဆိုတဲ့ အဖြေစကား။

စာဖတ်သူ စိတ်တော့မဆိုးနဲ့ဗျ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မညှာစတမ်းပြန်ပြီး သုံးသပ်ကြရအောင်။ ဆရာကြီး ဦးအောင်သင်း ပြောသလိုပေါ့။ အများသောက်ဖို့ လှူထားတဲ့ ရေချမ်းစင်က ခွက်ကို သော့ခတ်ထားရတာ ကြည့်လေကွာ တဲ့။

ဟုတ်ပါတယ်။ နိုင်ငံခြားသားတစ်ယောက် ကျွန်တော့်ကို ပြောဖူးသလိုပါပဲ။ ခင်ဗျားတို့ ဆင်းရဲသွားတာက ငွေတစ်ခုတည်း မဟုတ်ဘူးဗျာတဲ့။ စိတ်ပိုင်းဆိုင်ရာတွေပါ အကုန်လုံး ဆင်းရဲသွားတာတဲ့။ အထူးသဖြင့် ကိုယ်ကျင့်တရားပေါ့တဲ့။ ကျွန်တော်ဘာမှ ပြန်မပြောနိုင်တဲ့အပြင် ငိုင်ကျသွားမိတာ အမှန်ပါ။

............
......................
.......................................

[7Day Daily သတင်းစာ၊ အမှတ် ၆၅၊ ဇွန် ၂၈၊ ၂၀၁၃၊ စာမျက်နှာ ၁၉ မှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်]

Wednesday, July 10, 2013

ဆူပူလှုပ်ရှား နိုဗယ်ဆုရှင်များ၊ ဘစီ


အသရေဖျက်မှုနဲ့ တရားမစွဲဖို့ ကြိုတင်တောင်းပန်ပါရစေ။ မြင်မိတာပြောခြင်းဟာ အပြစ်မဖြစ်တန်ရာဘူး ထင်လို့ပါ။ အထင်လွဲ၊ အမြင်လွဲ၊ အချစ်မွဲကြတဲ့ ကနေ့သံသရာခရီးသွားတွေကြားမှာ အမုန်းတရား ပွားနေကြတာမို့ ကြို၍ တောင်းပန်ထားခြင်းပါခင်ဗျ။

အထင်လွဲစရာဖြစ်တယ်ဆိုရင်လည်း သည်းခံပါ။ ဘ၀င်ဟပ်ပြီး ကျေနပ်ဖွယ်ဖြစ်ရင်လည်း ပုဆိုးခြုံထဲမှာ လက်ခုပ်ကလေးကို အသံမထွက်အောင်တီး၍ ဘစီကိုဂုဏ်ပြုပါ။ နို့မဟုတ်ရင်လည်း တိတ်တိတ်နေပြီး စိတ်ကျေနပ်အောင်သာဆဲပါ။ တစ်ဆိတ် ဖေ့စ်ဘွတ်ခ်မှာ မဖွကြပါနဲ့ ခင်ဗျာ။

အင်း... ကမ္ဘာကြီးကလည်း တလှုပ်လှုပ်ရယ်။ ဟိုတိုင်းပြည်မယ် ဆန္ဒတွေပြလို့ မငြိမ်မသက် ဖြစ်လာဖြစ်ရဲ့။ ဒီတိုင်းပြည်မယ် ကားဗုံးခွဲလို့ လူဘယ်နှယောက် သေသတဲ့။ နောက်တစ်ခါ ဘယ်နိုင်ငံက လွှတ်တော်ထဲမယ် ရန်ဖြစ်ကြလို့ဆိုလား။ ငြိမ်းချမ်းခြင်းဟာ ဘယ်နေရာမှ မရှိပါကလားလို့ သံဝေဂပွားပြီးနေမှ တော်မယ့်အဖြစ်။

ငြိမ်းချမ်းရေးဟာ ဒီကမ္ဘာမှာ အမြဲလိုအပ်နေပါတယ်။ တည်ငြိမ်မှုကင်းမဲ့တဲ့ တိုင်းပြည်အချို့ရဲ့ အပူမီးဟာ အခြားသော ကမ္ဘာ့တိုင်းပြည်များကိုလည်း ကူးစက်နိုင်ပါတယ်။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားဟာ ပေါင်ကျိုးနိုင်တယ်ဆိုတာ ရှေးလူကြီးတွေ နှစ်ရာနဲ့ချီပြီးပြောတဲ့ စကားပါ။ ဒါကို အနောက်တိုင်းက ဋီကာချဲ့တဲ့အခါ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်ခြင်းဆိုလား၊ ဘိုလိုပြောရင် ဂလိုဘယ်လိုက်ဇေးရှင်းလို ဖြစ်စဉ်ဆိုသဟာပေါ့။

ဆိုလိုရင်းကတော့ အိမ်နီးချင်းတိုင်းပြည်မှာ စစ်ဖြစ်နေတာဟာ ကျုပ်တို့နဲ့ အဝေးကြီးပါလို့ တွေးနေလို့ ခေတ်မမီတော့တဲ့အချိန် ဖြစ်သဗျာ။ အိမ်ရှေ့ပူဟာ အိမ်နောက်မှာလည်း မချမ်းသာနိုင်ပါဘူး။ ကမ္ဘာရဲ့ ဘယ်နေရာမှာ ငြိမ်းချမ်းရေးမရှိဘူးဆိုရင် ကျုပ်တို့မှာလည်း ငြိမ်းချမ်းခြင်း မရှိနိုင်ပါဘူး။

ကျုပ်တို့ရဲ့ ရွှေပြည်ကြီးမှာလည်း ရန်ဖြစ်တဲ့နေရာမယ် ကမ္ဘာနဲ့ ရင်ပေါင်တန်းနေတယ် ပြောရမလားပဲ။ တိုင်းတုန်ပြည်တုန် ဟိုးလေးတကျော် ပဋိပက္ခကြီးတွေ ဖြစ်နေတဲ့ ကနေ့အချိန်မှာ ကျုပ်တို့ဟာ ငြိမ်းချမ်းရေးကို ပိုပြီး တောင့်တနေမိပါတယ်။ ငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေမယ့် စိတ်ကူးတွေကိုလည်း တွေးမိပါတယ်။ ငြိမ်းချမ်းရေးဟာ အရေးကြီးတဲ့အကြောင်း မငြိမ်းချမ်းတဲ့အခါ ပိုသိလာတဲ့ စကားရှိမို့လား။

ကျုပ်လည်း ပဋိပက္ခတွေနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရမှ ငြိမ်းချမ်းရေးကို သဘောပေါက်လာလို့လား မသိဘူး။ ကမ္ဘာကိုလည်း လှမ်းကြည့်တယ်။ ကျုပ်တို့ထက်တောင် ဆိုးသေးတယ်။ တချို့နေရာတွေမှာ သတ်ဖြတ်နေလိုက်ကြတာ။ မငြိမ်မသက် ဖြစ်နေလိုက်ကြတာ။ ငြိမ်းချမ်းခြင်းမရှိ ဖြစ်နေလိုက်ကြတာ။

လူဆိုတာ ကူကယ်ရာမဲ့နေချိန်မှာ အားကိုးရာရှာစမြဲပါပဲ။ ဒီကမ္ဘာမယ် ငြိမ်းချမ်းသာယာရေးအတွက် ဆောင်ကြဉ်းပေးနိုင်မယ့် လူပုဂ္ဂိုလ်တွေကို တောင့်တမြဲမို့လား။ ဒါနဲ့ ကျုပ်လည်း ရေနစ်သူဟာ အားကိုးရာအဖြစ် ကောက်ရိုးတစ်မျှင်ကိုဖြစ်စေ ဖမ်းဆုပ်ရသေးတာဆိုတော့ တွေးမိတွေးရာ တွေးမိပါသဗျ။ တခြား ဟုတ်ပါရိုးလားဗျာတို့။ ဒိုင်းနမိုက်နဲ့ ကြွယ်ဝချမ်းသာသွားတဲ့ အဲဖရက်နိုဗယ်ဟာ သူသေခါနီးမှာ အမြင်မှန်တစ်ခု ရခဲ့သဗျ။ အဲဒါကတော့ လူသတ်လက်နက် ထုတ်လုပ်မှုကရရှိတဲ့ ပိုင်ဆိုင်မှုတွေကို အရင်းအနှီးပြုပြီး ကမ္ဘာအတွက် ကောင်းရာကောင်းကြောင်း သယ်ပိုးထမ်းဆောင်ကြတဲ့သူတွေကို ထိုက်တန်တဲ့ဆုများ ချီးမြှင့်ဖို့ အမိန့်ရှိသွားတယ်။

ဒါနဲ့ နိုဗယ်ဆု ရွေးချယ်ရေးကော်မတီက ကမ္ဘာတစ်ဝန်းက ထိုက်တန်သူတွေကို ရွေးချယ်ပြီး နှစ်စဉ် နိုဗယ်ဆုတွေ ချီးမြှင့်တယ်။ စာပေ၊ ဆေးသိပ္ပံနဲ့ အခြားသောဆုများအပြင် အရေးကြီးဆုံးနဲ့ လူသိအများဆုံးကတော့ ငြိမ်းချမ်းရေးနိုဗယ်ဆု ဖြစ်ပါတယ်။ ဂုဏ်ယူလောက်တဲ့ ဒီဆုကို လက်ဝယ်ပိုင်ပိုင် ရရှိတဲ့သူတွေဟာ ကမ္ဘာမယ် မနည်းတော့ပါဘူး။ ဂုဏ်ယူဖွယ် အဖြစ်ကတော့ ကျုပ်တို့တိုင်းပြည်က ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဖြစ်လို့ပါပဲ။

ဘာပဲဖြစ်ဖြစ် ဒေါသကြီးသူတွေ ပတ်လည်ဝိုင်းနေတဲ့ ကျုပ်တို့ လူ့အသိုင်းအ၀ိုင်းမှာ ငြိမ်းချမ်းရေး လိုလားသူတွေ ရှိနေတာဟာ အားတက်စရာပါပဲ။ အဖျက်အင်အားစုက ဘယ်လောက်ပဲ အားကောင်းမောင်းသန် ရှိနေပါစေ။ ငြိမ်းချမ်းရေးနှလုံးသားကို ရိုက်မချိုနိုင်ဘူးလို့ အားတက်ချင်စရာပါပဲ။

အချိန်တွေ ကြာလာတာနဲ့အမျှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အရေအတွက် ကမ္ဘာမှာ များလာပါတယ်။ ငြိမ်းချမ်းရေးသမားတွေ များလာတာလည်း အမှန်ပဲ။ ငြိမ်းချမ်းရေးသမားထက် အရေအတွက်များတာကတော့ အကြမ်းဖက်၊ အစွန်းရောက်၊ စစ်သွေးကြွနဲ့ အမျိုးသားရေးစိတ် ပြင်းထန်သူတွေပဲလေဗျာ။

ဒီနေရာမှာ ကျုပ်တွေးနေမိတာ တစ်ခုရှိသဗျ။ ပြီးတော့ နည်းနည်း ဘ၀င်မကျ ဖြစ်မိတာလေးပေါ့ခင်ဗျာ။ အနှီလို တလှုပ်လှုပ် ဖြစ်နေတဲ့ လက်ရှိကမ္ဘာအနေအထားမှာ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ငြိမ်းချမ်းရေးစကားကို မကြားရတာကတော့ အတော်ထူးတယ်။ ကမ္ဘာတစ်ဝန်းမှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ ဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေဟာ ဘယ်လုပ်နေကြသလဲ။

သိကြတဲ့အတိုင်း ဟိုတလောလေးတုန်းက မြောက်ကိုရီးယားက တောင်ကိုရီးယားကို စိန်ခေါ်လိုက်တယ်။ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်၊ နျူကလီးယားလက်နက်နဲ့ ပစ်မယ်လုပ်လို့ တစ်ကမ္ဘာလုံး တုန်လှုပ်သွားသေးတယ်။ အနှီလို တင်းမာနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေက ကြားဝင်ဖျန်ဖြေတာ၊ ငြိမ်းချမ်းရေးအတွက် နှိုးဆော်တာလုပ်တယ်လို့ ကျုပ်ဖြင့် မတွေ့မိဘူး။ အမှတ် မမှားရင်ပေါ့လေ။ အခု ဆီးရီးယားအရေးမှာလည်း အဲသလိုပဲ။

ကျုပ်တို့ဆီမှာလည်း အလားတူပဲဗျာ။ ပဋိပက္ခတွေဖြစ်နေလိုက်တာ။ နောက်တစ်ခါ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး ပြောဆိုနေကြလို့ အဆင်မသင့်ရင် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာဖွယ်ရှိတဲ့ အနေအထားမှာ ငြိမ်းချမ်းရေးသမားတွေဟာ ဘာမှ ၀င်ရောက်ပြောဆိုခြင်း၊ ထင်မြင်ချက်ပေးခြင်း၊ ဝေဖန်ပြောဆိုခြင်း မပြုကြတာဟာ ထူးဆန်းမနေဘူးလား။

အနှီလိုဆိုရင် အခုတစ်လော ပြောပြောနေတဲ့ တိတ်ဆိတ်နေသူတွေ စာရင်းမှာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တွေကိုလည်း ထပ်ဖြည့်ရလိမ့်မယ် ထင်သဗျ။ အဲဖရက်နိုဗယ်ကတော့ ငြိမ်းချမ်းရေးဆု ပေးမယ်ဆိုတဲ့အခါ ကမ္ဘာမယ် စစ်မက်နဲ့ ငြိမ်းချမ်းရေးကို ဟန့်တားမယ့်သူ၊ ကာကွယ်နိုင်မယ့် သူတွေနဲ့ ကာကွယ်ပေးတဲ့သူတွေကို ရည်စူးခဲ့တာမို့လား။

ဒါပေမယ့် ပြောင်းပြန်တွေးကြည့်ရင် ဒီလိုလည်း ဖြစ်နိုင်သေးတယ်ဆိုတဲ့ အဖြေတစ်ခုရတယ်။ အဲဒါက အခုနောက်ပိုင်း နိုဗယ်ငြိမ်းချမ်းရေးဆုတွေပေးတာဟာ ဦးတည်ချက် နည်းနည်းပြောင်းသွားတာ သတိထားမိတယ်ဗျ။ ငြိမ်းချမ်းရေးလိုလားသူ၊ တိုက်တွန်းသူများထက် ငြိမ်းချမ်းရေးကို ဖျက်ဆီးဖွယ် ရှိတဲ့သူတွေကိုချိန်ပြီး ပေးနေတာမျိုး တွေ့လာရလို့ပါ။ ရွှေပြားသူခိုးကို ဘုရားလူကြီး ခန့်လိုက်သလိုပေါ့ဗျာ။ လူကြီးဖြစ်သွားတော့ သူခိုးပေမယ့် လူရိုသေအောင် နေရတဲ့အခြေအနေ ဖြစ်လာအောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာမျိုး ဖြစ်နိုင်သဗျ။ ဒါကြောင့် အိုဘားမားဟာ သူ့ရဲ့ သမ္မတရာထူး လက်ခံပြီးစ ကမ္ဘာကို ဘာမှ လုပ်မပြရသေးခင်မှာတင် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ပေးလိုက်တာပေါ့။ သူက စူပါပါဝါ အဏုမြူလက်နက် နိုင်ငံတော်ရဲ့ ရေမြေ့သခင်ဆိုတော့ သူ့ကို ဘုရားလူကြီး ခန့်လိုက်တဲ့သဘော ဖြစ်နိုင်တယ်ဗျ။

အာရပ်နဲ့အစ္စရေး နောင်ဂျန်ချနေချိန်မှာ အာရပ်ခေါင်းဆောင် အာရာဖတ်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့နှစ်ဦးဟာ ငြိမ်းချမ်းရေးနိုဗယ်ဆု ပူးတွဲရဖူးတယ်။ ကမ္ဘာကို အိပ်ရေးပျက်အောင် ဆူပူနေတဲ့သူတွေကို ဆုပေးလိုက်တဲ့သဘော မဖြစ်နိုင်ဘူးလား။ ဒါနဲ့ဆက်စပ်ပြီး ကျုပ်စဉ်းစားကြည့်တယ်။ မြောက်ကိုရီးယားက ခေါင်းဆောင်လေး ကင်ဂျုံအန်ကိုများ ငြိမ်းချမ်းရေးနိုဗယ်ဆု ပေးလိုက်ရင် ဘယ်နှယ့်နေမလဲ။

ပြီးတော့ ဘင်လာဒင်နဲ့ သူ့ရဲ့ အယ်လ်ကိုင်ဒါအဖွဲ့ကို ငြိမ်းချမ်းရေးနိုဗယ်ဆုများ အစကတည်းက ပေးထားလိုက်မယ်ဆိုရင် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးဟာ တစ်မျိုးတစ်မည်အားဖြင့် တိုးတက်ကောင်း တိုးတက်လာနိုင်တယ်။ ဒီကနေ့ ဟန်ရေးတပြပြနဲ့ ဆူပူလှုပ်ရှား အကြမ်းဖက်သမား အတော်များများကိုလည်း နိုဗယ်ဆုပေးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းခိုင်းလိုက်ရင် ဘယ်နှယ့်နေတုံး။

မဟုတ်ဘူးလားဗျာ။ ကနေ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေ ရှိနေတော့ကော ငြိမ်းချမ်းရေးစကား ကြားရလို့လား။ မကြားရတာထက်စာရင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ဒေသတွင်း တည်ငြိမ်မှုတွေကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့လူတွေ၊ အဖွဲ့အစည်းတွေကို ပေးလိုက်ပြီး ချွေးသိပ်လိုက်ရင် မကောင်းဘူးလား။

ဒီကိစ္စမှာ အငြင်းပွားစရာ တစ်ခုတော့ရှိတယ်။ တော်ကြာ ငြိမ်းချမ်းရေးနိုဗယ်ဆုလိုချင်လို့ တမင်တကာကို ဆူပူလှုပ်ရှားတဲ့ အဖျက်သမားတွေရဲ့ အင်အားဟာ တိုးပွားလာမယ်။ အနှီလိုများဆို ခက်ရချည်ရဲ့လို့ ပူပင်ကြောင့်ကြသူများ ရှိလာနိုင်ပါရဲ့။ ဒါလည်း မပူပါနဲ့။ ဘယ်အရာမဆို ဘေးထွက်ဆိုးကျိုးကတော့ အနည်းနဲ့အများ ရှိကြတာချည်းပါပဲ။

တကယ်လို့ အဲဒီလို လိုချင်သူတွေ များမယ်ဆိုရင်လည်း ဆူပူလှုပ်ရှား အကြမ်းဖက်သမားများအတွက် နိုဗယ်ဆုတစ်ခု ဖန်တီးပြီး ထပ်တိုးချီးမြှင့်ဖို့ နိုဗယ်ဆုကော်မတီကို ကျုပ်တို့ မေတ္တာရပ်ခံလိုက်တာပေါ့လေ။ ငြိမ်းချမ်းရေးနိုဗယ်ဆုနဲ့အပြိုင် ဆူပူလှုပ်ရှားနိုဗယ်ဆု ဆိုသဟာမျိုးပေါ့။ အဲဒီလို ဆူပူလှုပ်ရှားနိုဗယ်ဆု ကိုများ ရွေးချယ်ပေးအပ်မယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်တွေက ဘယ်သူတွေများ ရရှိမလဲဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်မှာ။

ကျုပ်ဖြင့် မြင်ယောင်ပါသေးတယ်။ သေချာတာက အဲဒီအချိန်ကျ ကျုပ်တို့တိုင်းပြည်မှာလည်း နိုဗယ်ဆုရှင်တွေ အတော်များများ ပေါ်ထွက်လာမယ် ဆိုတာပါပဲ။ ကျုပ်တို့အဖို့ ဂုဏ်ယူစရာကြီးနေမှာပေါ့။

ကျုပ်ရဲ့ ဒီလို သရော်တော်တော် ရေးတာကိုဖတ်ပြီး နိုဗယ်ဆုရွေးချယ်ရေးကော်မတီက စိတ်ဆိုးမာန်ဆိုးနဲ့ ကန့်ကွက်လာမယ်ဆိုရင် ဘယ်နှယ့်လုပ်ရမလဲ။ ဒီဆောင်းပါးကို ထည့်သွင်းဖော်ပြတဲ့ သတင်းစာတိုက်ရှေ့မှာ ဆန္ဒပြကြမလားမသိဘူး။

(ဤစာစုသည် သရော်စာဖြစ်ပြီး စာရေးသူဘစီ၏ အာဘော်အတိုင်းသာ ဖြစ်ပါသည်)

-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-

ကျွန်တော်ကိုဉာဏ် ပြောချင်တာ
ပထမဆုံးပြောချင်တာက ဒီဆောင်းပါးဟာ (သတင်းစာကပြောသလိုဆိုရင် ဒီသရော်စာဟာ) [7Day Daily သတင်းစာ အမှတ် ၇၃၊ ဇူလိုင် ၆၊ ၂၀၁၃၊ စာမျက်နှာ ၂၀] မှာပါတဲ့ဟာကို ပြန်လည်စာရိုက်ပြီး ကူးယူဖော်ပြတယ်ဆိုတာပါပဲ။

ဒုတိယအချက် အဲဒီသတင်းစာထဲမှာပါတဲ့ အခြားဆောင်းပါးတွေအားလုံး 7Day News ရဲ့ Facebook စာမျက်နှာဟာ အကုန်တင်ပေးထားပါတယ်။ ဒီစာကိုတော့ တင်ပေးခြင်းမရှိပါဘူး။ အစတုန်းက ဒီစာလေးကို သဘောကျပြီး 7Day News ရဲ့ Facebook ကနေ ပြန်ကူးပြီး တင်ပေးမယ်ပေါ့လေ။ အခုတော့ ကိုယ်တိုင်ပဲ အစအဆုံးရိုက်ပြီး မိတ်ဆွေတွေဖတ်ဖြစ်အောင် တင်ပေးလိုက်ပါတယ်။

အွန်လိုင်းမှာ ဒီစာကို မတင်ရခြင်းရည်ရွယ်ချက်ဟာ ဘာများလဲ။ 7Day News က မတင်ပေးရဲလို့လား။ စာရေးသူ ဘစီက မတင်ခိုင်းလို့လား။ ဒါမှမဟုတ် ဖြစ်လာမယ့် ဝေဖန်မှုတွေကို မခံရဲလို့လား၊ မခံနိုင်လို့လား။ ကျုပ်တို့နိုင်ငံမှာ ဘယ်သူ့ကိုတော့ မထိရဲဘူး၊ မဝေဖန်ရဲဘူးဆိုရင်တော့ အလကားနေရင်း ဂျာနယ်တွေ၊ စာစောင်တွေထဲမှာ ဒီမိုကရေစီ၊ ဒီမိုကရေစီဆိုပြီး လျှောက်ရေးမနေနဲ့တော့။ ခေတ်သစ်အာဏာရှင်စနစ် ဆိုတာကို မြဲမြဲသာမှတ်ထား။ သရော်စာရေးပါတယ်ဆိုမှပဲ ဘယ်သူ့ကိုပဲ သရော်သရော်ပေါ့၊ ဘာကိစ္စ 7Day က အလကားနေရင်း ကြားထဲကနေ စိတ်ပူနေရတာလဲ။ စာအဆုံးမှာ ကွင်းစကွင်းပိတ်နဲ့ မှတ်ချက်ရေးတာကိုလည်း လုံးဝ သဘောမကျဘူး။ ရေးသမျှစာတိုင်းဟာ စာရေးသူရဲ့ အာဘော်ဆိုတာ သိပြီးသားပဲ။ အချို့သော အယ်ဒီတာတွေအလိုကျ၊ သူဌေးအလိုကျ ရေးပေးရတဲ့ လူတွေကလွဲရင်ပေါ့လေ။

7Day News ကတော့ သူတို့အတွက် သူတို့ကာတယ်လို့ထင်မှာပဲ။ ကျွန်တော့်အမြင်ကတော့ စာရေးသူကို အချွန်နဲ့မလိုက်တယ်လို့ ခံစားရတယ်။ ဘုန်းတော်ဘွဲ့တွေချည်းပဲ ဖတ်ရတာကို သဘောမကျဘူး၊ အားလုံးကောင်းပါသည်ခင်ဗျား ဆိုတာတွေကိုလည်း လက်မခံဘူး စသဖြင့် တွင်တွင်အော်နေတဲ့ ခေတ်ကြီးထဲမှာ နိုဗယ်ဆုရှင်တွေကို သရော်တဲ့သဘောလေး ရေးတာလောက်ကိုများ ဘုရားရဟန္တာကို ပြစ်မှားတဲ့ပုံစံမျိုး ကြောက်လန့်နေတယ်ဆိုရင်တော့ သေချာတယ်... ခေတ်နောက်ပြန် ဆွဲနေတာ အစိုးရမဟုတ်ဘူး၊ ဦးသိန်းစိန်မဟုတ်ဘူး၊ ခင်ဗျားတို့ ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။

Thursday, June 13, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတအိမ်တော်ရောက်ရေး ဖြစ်နိုင်ပါသည်… သို့သော်၊ ကျော်ဝင်း



ယခုစာစုမှာ ၂၀၁၃ ခုနှစ် မေလ၂၅ ရက် ထုတ် The Economist မဂ္ဂဇင်း၏ Special Report မှ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ကမ္ဘာသိ မဂ္ဂဇင်းကြီးတစ်စောင်၏ မြန်မာ့နိုင်ငံရေး အနာဂတ်နှင့် ပတ်သက်သော သဘောထားအမြင်ဖြစ်၍ ဦးနှောက်မုန်တိုင်းဆင်နိုင်ရန် မူလအာဘော်မပျက်၊ ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။

လွှတ်တော်နိုင်ငံရေး
နေပြည်တော်တွင် အသစ်ထွက်ပေါ်လာသော ပါလီမန်များမှာ သမ္မတဦးသိန်းစိန် ဦးဆောင်သော ပြုပြင်ပြောင်းလဲမှုများအနေနှင့် ယခင်အစိုးရ အကန့်အသတ်နှင့်သာရှိသော ရည်မှန်းချက်ဖြစ်သည့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုသည်ထက် အဆများစွာ ပိုခရီးရောက်နေပြီဖြစ်ကြောင်း အခိုင်အ မာ ဖော်ပြနေသည်သို့ ရှိပါသည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ပထမဆုံး လွှတ်တော်အစည်းအဝေးများ စတင်စဉ်ကမူ အခြေအနေမှာ ယခုလို မဟုတ်သေး။ အငြင်းပွားဖွယ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှ အနိုင်ရလာကြသော အမတ်များ၊ ၂၅ ရာခိုင်နှုန်းသော တပ်မတော်အစုအဖွဲ့ဝင်များနှင့် ပွဲထွက်လာခဲ့သော လွှတ်တော်များမှာ မူလရည်မှန်းထားသည့်အတိုင်း ရာဘာတံဆိပ်တုံး အင်စတီကျူးရှင်းထက် ပိုလိမ့်မည်ဟု ထင်မထားခဲ့ကြပါ။ သို့နှင့်တိုင် တက်ကြွထက်သန်သော အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ) သူရဦးရွှေမန်း၏ ခေါင်းဆောင်မှုနှင့်အတူ လွှတ်တော်များမှာ အံ့သြဖွယ်ကောင်းလောက်အောင် 
အသက်ဝင်လာသည်။ သမ္မတကိုပင် မကြောက်မရွံ့ စိန်ခေါ်သည်များ ရှိလာသည်။ (အမှန်စင်စစ် ဦးရွှေမန်း ကိုယ်တိုင်သည်ပင် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်ပြီး ယခင်တပ်မတော်အစိုးရ လက်ထက်က နံပါတ်သုံး ခေါင်းဆောင်ဖြစ်ခဲ့သည်။)

အခြားအတိုက်အခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များလိုပင် လူနည်းစု လူမျိုးစု ပါတီများမှာလည်း မျှော်လင့်သည်ထက် ပိုလှုပ်ရှားခွင့်ရလာသော လွှတ်တော်နိုင်ငံရေးကို သိမှတ်လက်ခံ ကြိုဆိုကြသည်များ ရှိပါသည်။ “ရခိုင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ” (RNDP) မှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ယခုလိုပြောသည်။ “ပါလီမန်ရဲ့ ကနဦးရက်တွေတုန်းကတော့ ဖက်ဒရယ်စနစ်တို့၊ ဓနခွဲဝေဖြန့်ဖြူးမှုတို့လို ကိစ္စမျိုးတွေ ပြောလို့မရခဲ့ဘူးပေါ့ဗျာ။ အခုတော့ ဒီအကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရနေပါပြီ။ အပြုသဘောဆောင်တဲ့ တိုးတက်မှုမို့ ကျွန်တော်တို့ စိတ်ချမ်းသာပါတယ်”

၂၀၁၂ ခုနှစ် ဧပြီ ကြားဖြတ်ရွေးကောက်ပွဲဖြင့် တက်လာသော အင်န်အယ်လ်ဒီပါတီမှ ၀ါရင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း “အခုဆိုရင် ပါလီမန်ဟာ တကယ့်ကို အသက်ဝင်လာပြီဗျ” ဟု ဆိုသည်။ ပြောရလျှင် ပါတီဝင် လွှတ်တော်အမတ်များသည်ပင် ပုံမှန်ဥပဒေပြုရေး ဆွေးနွေးပွဲများတွင် တက်တက်ကြွကြွ ပါဝင်လျက်ရှိနေကြသည်။ တပ်မတော်၏ သဘောထားနှင့် သီးခြားကင်းလွတ်စွာ ၎င်းတို့၏ အရည်အသွေး၊ အတွေးအမြင်များအလိုက် ဥပဒေအဆိုပြုချက်များကို လွတ်လွတ်လပ်လပ် ဆွေးနွေးဆုံးဖြတ်နေကြသည်။ ပြည်သူလူထု၏ ရွေးချယ်မှုသည်ကား ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်နေဆဲပင်။ ဤကိစ္စနှင့် ပတ်သက်လျှင်ကား သံသယဖြစ်စရာ မရှိပါချေ။

ယခုအခါ လာဘ်မြင်သော နိုင်ငံရေးပဲ့ကိုင်တစ်ဦးဟု ဆိုကြရမည့် ဦးရွှေမန်းအနေနှင့် ၂၀၁၅ တွင် သမ္မတဖြစ်လာဖို့ မျှော်လင့်ချက် ရှိကောင်းရှိနိုင်ပါသည်။ လာမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပဖို့ရှိသည်။ ဦးရွှေမန်းမှာ သူ့ကိုယ်ပိုင်လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် ပါလီမန်ကို “ယာဉ်” တစ်ခုအဖြစ် အသုံးပြုနေသည့် သဘောရှိသည်။ ကိစ္စတော်တော်များများမှာဆိုလျှင် သမ္မတအဖွဲ့မှ တင်သွင်းလာသော အဆိုပြုချက်များကိုပင် ဦးရွှေမန်းဦးဆောင်သော ပါလီမန်က ဖြတ်တောက် ပြင်ဆင်သည်များ ရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိစနစ်အရ သမ္မတကို ပါလီမန်အမတ်များက ရွေးချယ်ကြရပါသည်။

ယခုဆိုလျှင် ဦးရွှေမန်းမှာ လူသိများ အထင်ရှားဆုံး ပါလီမန်အမတ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ခိုင်ခိုင်မာမာ မဟာမိတ်ဖွဲ့ထားနိုင်သည်။ ထိုမျှမက သူ၏ စိတ်အားထက်သန်မှုနှင့် ဆန့်ကျင်ဘက် အမြင်များကို လက်ခံနားထောင်နိုင်စွမ်း၊ ညှိနှိုင်းဆွေးနွေးနိုင်စွမ်းများကြောင့် အတိုက်အခံပါလီမန် အမတ်များ၏ လေးစားမှုကိုပင် ရနေသည်။ တပ်မတော်နှင့် အတိုက်အခံပါတီများကြား သဘောကွဲလွဲမှုများကို ပေါင်းကူးတံတား ခင်းပေးနိုင်လောက်သူ ဖြစ်နေ၍လည်း အပေးအယူ စေ့စပ်ညှိနှိုင်းမှုများဖြင့် ဦးရွှေမန်းကို သမ္မတလောင်းအဖြစ် လျာထားလာနိုင်စရာရှိသည်။ အထူးသဖြင့် သမ္မတရွေးချယ်ရာတွင် လူထုဆန္ဒကို ထည့်သွင်းစဉ်းစားမှုမျိုး မလုပ်လျှင် ကျန်အလားအလာမှာ ပို၍ပင် ဖြစ်နိုင်ပါသည်။

လူထုခေါင်းဆောင်မှ နိုင်ငံတော်သမ္မတသို့
လူထု၏ ရွေးချယ်မှုသည်ကား အငြင်းပွားဖွယ်ရာ မရှိလောက်အောင်ပင် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ သူမနှင့် သူမ၏ပါတီ အင်န်အယ်လ်ဒီတို့မှာ မြန်မာ့ဒီမိုကရေစီအဖွင့်တွင် အကျိုးအများဆုံး ရနေသည်မှာ အထင်အရှားပင်ဖြစ်သည်။ သူမနှင့် သမ္မတဦးသိန်းစိန်တို့၏ ပုဂ္ဂိုလ်ရေး အဆင်ပြေမှု၊ မကြာသေးမီကမှ ပို၍ သိသာထင်ရှားလာသော သူမနှင့် ဦးရွှေမန်းတို့ကြား ပိုမိုနီးစပ်လာမှုများမှာ ဒီမိုကရေစီဖြစ်စဉ် မြန်မြန်ဆန်ဆန် ရွေ့နိုင်ရေးအတွက် ဆုံချက်အကျဆုံး ဖြစ်နေသည်။ ပြုပြင်ပြောင်းလဲရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီကို ရယူနိုင်ရန် ဦးသိန်းစိန်က အတုံ့အလှည့်အနေဖြင့် အင်န်အယ်လ်ဒီ တရားဝင်ပါတီ ဖြစ်စေရေးအတွက် အဟန့်အတား အမှောင့်ပယောဂများကို ဖယ်ရှားပေးခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတမှု ရှိစေရမည်ဟု အာမခံချက် ပေးခဲ့သည်။ အင်န်အယ်လ်ဒီမှာ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာခဲ့သည်။ ဆိုခဲ့ပါ ကြားဖြတ်ရွေးကောက်ပွဲ အဖြေမှာ “မြန်မာ့ဒီမိုကရေစီအိုက်ကွန်” အနေနှင့် ဆယ်စုနှစ်အချို့ကြာ ၎င်းအပေါ် သိက္ခာချဖို့ ကြိုးစားမှုများနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် လူထုအပေါ် စွဲဆောင်နိုင်စွမ်း အနည်းငယ်မျှ လျော့ပါးမသွားကြောင်း လှစ်ပြလိုက်သည့် သာဓကပင် ဖြစ်သည်။ အင်န်အယ်လ်ဒီက အမတ်နေရာ ၄၄ နေရာ ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာ အနိုင်ရခဲ့သည်။ နေရာအတော်များများတွင် အပြတ်အသတ် အနိုင်ရခဲ့သည်လည်း ဖြစ်ပါသည်။ ယူအက်စ်ဒီပီ အနေနှင့်ကား မရှုမလှပင် ရှုံးနိမ့်ခဲ့သည်ဟု ဆိုရပါလိမ့်မည်။ လွှမ်းမိုးထားသော အစိုးရ၀န်ထမ်း အများစုရှိရာ နေပြည်တော်မဲဆန္ဒနယ် လေးခုမှာပင် အနိုင်မရခဲ့ပါ။

အင်န်အယ်လ်ဒီကို ထောက်ခံခဲ့ကြသူများမှာ ယေဘုယျအားဖြင့် ဒီမိုကရေစီအတွက် မဲပေးခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။ အခိုင်အမာကျကျ ဆိုရလျှင်မူ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြခြင်းသာ ဖြစ်သည်။ ပြည်သူလူထု၏အမြင်တွင် သူမမှာ မိသားစုဘ၀နှင့် လွတ်လပ်မှုကို တိုင်းပြည်အတွက် စတေးခဲ့ရသူ ဖြစ်သည်။ ဤစွန့်လွှတ်မှုအတွက် လူထုက သူမကို အသည်းကြားမှ မဲပြားများဖြင့် ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။ ထို့ထက် သူမမှာ၊ ခေတ်သစ်မြန်မာနိုင်ငံကို အုတ်မြစ်ချပေးခဲ့သူ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်းဖြစ်လေရာ တပ်မတော်ထဲမှာပင် သူမကို လိုလားသူတွေ မနည်းမနော ရှိနေသည်။

ပြောရလျှင် အာရှနိုင်ငံရေးမှာ မင်းဆက်သဘောနှင့်လည်း ကင်းတတ်သေးသည်မဟုတ်ရာ သူမ၏ မိဘမျိုးရိုးကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက်များထက် နှာတစ်ဖျားမက အဆများစွာ ကွာစေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဆိုလျှင် လူထုအချစ်တော် သူမဖခင်ကြီး၏ စစ်ဝတ်စုံအကျ ဖိုးရိုးဖားရားကြီး ၀တ်ထားသော ဓာတ်ပုံနှင့် ယှဉ်တွဲချိတ်ဆွဲလေ့ ရှိကြသည်။ ဤဓာတ်ပုံကို မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးရန် လန်ဒန်သွားစဉ် ၁၉၄၇ ခုနှစ်က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်မျှသာ ရှိပါသေးသည်။ ထိုနှစ်မှာပင် ဗိုလ်ချုပ်အောင်ဆန်းမှာ နိုင်ငံရေးပြိုင်ဘက်များ၏ လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရသည်။

မည်သို့ပင်ရှိစေ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ လုံးဝဥဿုံ အောင်ပွဲဆင်နိုင် ခဲ့သည်မှာ ထူးခြားလှသော အလှည့်အပြောင်းဟု ဆိုရပါလိမ့်မည်။ အကြောင်းမူ ယခင်တပ်မတော်အစိုးရ လက်ထက်တစ်လျှောက်လုံးလောက်ပင် အင်န်အယ်လ်ဒီမှာ ဘာတစ်ခုမှ လှုပ်ရှားလို့မရအောင် အတားအဆီး ခံခဲ့ရသည်။ အင်န်အယ်လ်ဒီခေါင်းဆောင် အားလုံးလောက်မှာလည်း အကျဉ်းထောင်ထဲ ရောက်ခဲ့ရသည်။ အချို့ဆိုလျှင် ဆယ်စုနှစ်များနှင့်ချီပြီး အကျဉ်းစံ ဖြစ်ခဲ့ရသည်။ အကျဉ်းကျချိန် တစ်လျှောက်လုံး သီးခြားခွဲပြီး တိုက်ပိတ်ခံခဲ့ရသည်များပင် ရှိသည်။

သို့နှင့်တိုင် သူတို့ထဲမှ အများစုမှာ တစ်ခါက ရန်သူဟောင်းများအပေါ် ပြောစမှတ်ပြုလောက်အောင် ခွင့်လွှတ်နိုင်ခဲ့ကြပါသည်။ ယခုအခါ ပါလီမန်အမတ် တစ်ယောက်အဖြစ် ယခင်ရန်ဘက်ဟောင်းများနှင့် လက်တွဲအလုပ်လုပ်နေကြပြီဖြစ်သော ဦးဝင်းထိန်ဆိုလျှင် အနှစ် ၂၀ မျှ နံရံတံတိုင်းများကြားတွင် နေခဲ့ရသူဖြစ်သည်။ “ဗုဒ္ဓဘာသာဝင် တစ်ယောက်ပီပီ၊ ဒေါသတွေ အာဃာတတွေကို ရင်ထဲမှာ မထားတော့ပါ။ လက်စားချေဖို့ အတွေးဆို၍လည်း စိတ်ထဲမှာမရှိပါ” ဟု သူက ဆိုပါသည်။ သူ့စကား “ဒေါသဆိုတာ မီးလိုပဲလေ။ လောင်မြိုက်တတ်တာပေါ့။ ပူလောင်တာပေါ့”

စည်းကမ်းတကျ ပါတီတစ်ရပ် အမြဲတမ်းဖြစ်စေရေးအတွက် ယခုအခါ အင်န်အယ်လ်ဒီမှာ ယခင် မြေအောက်အတိုက်အခံ လှုပ်ရှားမှုအဖြစ်မှ အစိုးရဖွဲ့နိုင်လောက်သည့် ပါတီတစ်ရပ် ဖြစ်လာစေရန် ပြောင်းလဲတည်ဆောက်လျက် ရှိနေသည်။ ပြီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရဆိုလျှင် လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော “မဲအများဆုံးရသူ အနိုင်ရ” ရွေးကောက်ပွဲစနစ် (First-post -the-post) အရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အေးအေးသက်သာ အနိုင်ရဖို့ များပါလိမ့်မည်။ လက်ရှိအာဏာရ ယူအက်စ်ဒီပီ ပါတီအနေနှင့်မူ အမတ်တစ်နေရာရဖို့ပင် ခက်ခဲကောင်း ခက်ခဲနိုင်သည်။

အင်န်အယ်လ်ဒီအနေနှင့် ပြီးခဲ့သော မတ်လက ပထမဆုံးအကြိမ် ပြည်လုံးကျွတ် ကွန်ဂရက်ကြီးကို ကျင်းပခဲ့ပါသည်။ ပါတီ၏ အင်အားကို စနစ်တကျ စုစည်းနိုင်ရန်နှင့် ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ထိရောက်ထက်မြက်သော လုပ်ငန်းစဉ် ဖြစ်လာစေရန် ရည်ရွယ်ကျင်းပခဲ့သော ကွန်ဂရက်ဖြစ်သည်။ သို့တစေ အင်န်အယ်လ်ဒီ ကွန်ဂရက်မှာ အပြည့်အ၀ အောင်မြင်သည်ဟူ၍ကား မဆိုနိုင်ပါ။ ယခင်က မရှိခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများပင် ရှိသလောက် ရှိလာသည်။ အထူးသဖြင့် သူမ၏ အော်တိုကရက်စတိုင် ခေါင်းဆောင်မှုနှင့် သွေးသစ်များ၊ အိုင်ဒီယာသစ်များကို လက်ခံဖို့ စိတ်အားထက်သန်မှုမရှိ စသဖြင့် ဝေဖန်ကြသည်။

ဤသို့ ဝေဖန်ခဲ့ကြသူများအနက် တစ်ယောက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးနီးကပ်ကပ် အလုပ် လုပ်ခဲ့ဖူးသော ဒေါ်ခင်လေး ဖြစ်သည်။ ၎င်းက ပါတီတွင်းအခြေအနေကို ယခုလို ညည်းညည်းညူညူ ပြောပြသည်။ “ဒေါ်စုက တစ်ခုခုပြောလိုက်ရင် အဲဒါ ပေါ်လစီပဲ။ အိုင်ဒီယာသစ်တွေနဲ့ ပတ်သက်ရင် တကယ့်အစစ်အမှန် ဒီဘိတ် လုပ်နိုင်ဖို့ အခွင့်အလမ်းက မရှိသလောက်ကို နည်းတယ်။ တစ်ခါတလေ ကျွန်မတို့က ဒေါ်စုကို ဝေဖန်မိရင် ပါတီအပေါ် သစ္စာမရှိဘူး အပြောခံရတယ်”

အင်န်အယ်လ်ဒီကို ကျယ်ပြန့်သော အခြေခံပေါ်မှာ စုစည်းညီညွတ်သော ပါတီတစ်ရပ်အဖြစ် ပြောင်းလဲနိုင်ဖို့ လိုပါသည်။ သဘောကွဲလွဲမှုများ မဖြစ်စေဘဲ စီးပွားရေး၊ နိုင်ငံခြားရေးနှင့် နယ်ပယ်တိုင်းတွင် ခိုင်မာသော ပေါ်လစီများ ချမှတ်ဆောင်ရွက်နိုင်ဖို့ လိုသည်။ ဤအရာများကို ဆောင်ရွက်နိုင်ရန် အချိန်အများကြီး ရှိတော့သည်လည်း မဟုတ်။ ၂ နှစ်မျှသာ ကျန်တော့သည်။ ဤလုပ်ငန်းတာဝန်များသည်ပင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုအတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပါလိမ့်မည်။

အမြော်အမြင်နှင့် အပေးအယူ
အကယ်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အနိုင်ရလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလိမ့်မည်ဟု ဆိုနိုင်ဦးမည် မဟုတ်ပါချေ။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမကို သမ္မတဖြစ်မလာစေရန် တားဆီးထားသည့် ပြဋ္ဌာန်းချက်တစ်ခုရှိသည်။ အထူးသဖြင့် သူမကို ရည်ရွယ်ပြီး သတ်မှတ်ထားသော ပြဋ္ဌာန်းချက်ဟူ၍ပင် ဆိုနိုင်သည်။ (ပုဒ်မ ၅၉၊ ပုဒ်မခွဲ - စ- ဖြစ်ပါသည်) ဤပြဋ္ဌာန်းချက်အရ ဇနီးခင်ပွန်းဖြစ်စေ၊ သားသမီးဖြစ်စေ၊ နိုင်ငံခြားသားဖြစ်လျှင် အဆိုပါပုဂ္ဂိုလ်အနေနှင့် သမ္မတ (သို့မဟုတ်) ဒုတိယသမ္မတ ဖြစ်ခွင့်မရှိပါချေ။ ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ် (၁၉၉၉ ခုနှစ်က ကွယ်လွန်) နှင့် လက်ထပ်ခဲ့ပြီး ဗြိတိသျှပတ်စ်ပို့ ကိုင်ထားသော သားနှစ်ယောက် ထွန်းကားခဲ့သည်။

အင်န်အယ်လ်ဒီ အနေနှင့်မူ အဆိုပါ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဘယ်တုန်းကမှ လက်မခံခဲ့သလို ဤဥပဒေ ပြင်ဆင်နိုင်ရေးအတွက်လည်း ရွေးကောက်ပွဲ မဲဆွယ်ကာလကတည်းက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ သို့နှင့်တိုင် တပ်မတော်ဘက်ကမူ မည်သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုမဆို ပယ်ချမည့်သဘော ရှိနေသည်။ သို့တစေ ယခုနောက်ပိုင်း စိတ်ဝင်စားဖို့ ကောင်းလာသည်မှာ တပ်မတော်ကိုယ်တိုင်က စိတ်ပြောင်းချင် ပြောင်းလာနိုင်သည့် အနေအထား ဖြစ်ပါသည်။

တပ်မတော်ကိုယ်ပွားတစ်ခုဟု ဆိုနိုင်သော ဦးရွှေမန်း ဦးဆောင်သည့် ယူအက်စ်ဒီပီ အနေနှင့်မူ ၂၀၁၅ ခုနှစ်တွင် အရှိန်အဟုန်နှင့် မောင်းနှင်လာတော့မည့် အင်န်အယ်လ်ဒီ ယန္တရားကြီးကို တားဆီးနိုင်လောက်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လက်ရှိရွေးကောက်ပွဲစနစ်ကိုပြောင်းပြီး “အချိုးကျကိုယ်စားပြုစနစ်” (PR စနစ်) နှင့် အစားထိုးဖို့သာ ဖြစ်လိမ့်မည်ဟု သဘောပေါက် နားလည်လာကြဟန်ရှိသည်။ ဤနည်းဖြင့်သာလျှင် ယူအက်စ်ဒီပီမှာ လုံးဝဖယ်ရှားခံရနိုင်သည့် အန္တရာယ်မှ (အနိမ့်ဆုံးအားဖြင့်) ရှောင်ရှားနိုင်စရာ ရှိပါလိမ့်မည်။ ထို့ထက် ပီအာရ်စနစ်၏အောက်တွင် လူနည်းစု ပါတီများအတွက်လည်း ပိုအခွင့်သာနိုင်စရာ ရှိသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေက မည်သို့သော ရွေးကောက်ပွဲစနစ် ကျင့်သုံးရမည်ဆိုသည်ကို တိတိပပ သတ်မှတ်ထားသည်တော့ မရှိပါ။ တစ်ခုပဲ ရှိသည်။ အောက်လွှတ်တော်ကို မဲဆန္ဒနယ်တစ်ခု၊ ကိုယ်စားလှယ် တစ်ယောက်ဖြင့် ဖွဲ့စည်းရမည်ဟု ဆိုထားရာ ပီအာရ်စနစ်ကို ကျင့်သုံးတော့မည်ဆိုလျှင် လက်ရှိ အခြေခံဥပဒေကို တစ်စုံတစ်ရာ ပြင်ဖို့လိုပါလိမ့်မည်။ ပြီးခဲ့သည့် မတ်လက ပါလီမန်တွင် ယူအက်စ်ဒီပီက အခြေခံဥပဒေကို ပြန်လည်စိစစ်ရန် လွှတ်တော်ကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ အဆိုပြုခဲ့ပါသည်။ ဘာကြောင့် 
ဤသို့ စိစစ်ဖို့လိုသည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါ။ ယူအက်စ်ဒီပီ အနေနှင့် လက်ရှိအခြေခံဥပဒေကို ပြင်လိုလျှင် လွှတ်တော်တွင် နေရာအများစု ရထားသော လက်ရှိအချိန်သာ အကောင်းဆုံး ဖြစ်သည်ကိုမူ လူတိုင်းရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။

လူမျိုးစု ပါတီများဖြစ်သော ကရင်၊ ချင်းနှင့် ရှမ်းပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြား ပါတီငယ်များကလည်း ပီအာရ်စနစ်ကို ထောက်ခံမည့်ပုံရှိသည်။ လူမျိုးစုပါတီ တော်တော်များများအနေနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ယူအက်စ်ဒီပီ အပြတ်နိုင်ခဲ့သလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အင်န်အယ်လ်ဒီ အပြတ်နိုင်သွားနိုင်မည်ကို စိုးရိမ်မကင်း ဖြစ်နေကြဟန်ရှိသည်။ သူတို့အမြင်တွင် အဆိုပါ ပါတီကြီး နှစ်ခုလုံးမှာ ဗမာလူမျိုးစု အကျိုးစီးပွားကိုသာ ကိုယ်စားပြုကြသည်ဖြစ်ရာ အပြည့်အ၀ မယုံကြည်နိုင်ကြပါချေ။ လူမျိုးစုပါတီများ စုပေါင်းပြီး ဖက်ဒရယ်ပါတီကို ပါတီသစ်တစ်ရပ် ဖွဲ့စည်းဖို့ ညှိနှိုင်းပြောဆို နေကြသည်များလည်း ရှိသည်။ ဤသို့သော တပ်ပေါင်းစုမျိုးဖြင့်သာ အင်န်အယ်လ်ဒီနှင့် ယူအက်စ်ဒီပီတို့ကို စိန်ခေါ်နိုင်မည်ဖြစ်သလို ပီအာရ်စနစ်အောက်တွင် ပို၍ အောင်မြင်မှုရလိမ့်မည်ဟု ယူဆထားကြဟန် ရှိပါသည်။

ပြောရလျှင် အခြေအနေမှာ ဘာတစ်ခုမျှ ကံသေကံမ မဆိုသာသည့် စွန့်စားမှုနှင့် အရင်းတည်ကြရမည့် အနေအထားဟု ဆိုကြရမည့် သဘောရှိသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် တားဆီးပိတ်ပင်ထားသော ပြဋ္ဌာန်းချက်ကိုသာ ဖယ်ရှားပေးလျှင် အင်န်အယ်လ်ဒီဘက်မှလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပီအာရ်စနစ်ကို လက်ခံကောင်း လက်ခံပါလိမ့်မည်။ နေပြည်တော်တွင် “လိမ္မာပါးနပ်သော နိုင်ငံရေးအပေးအယူ” တစ်ခု ရှိလာလေမည်လား မှန်းဆရပါသည်။

စာညွှန်း- Suu Kyi for President? (The Economist; May 25 th, 2013)

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -  - - -
ဇွန်လ ၁၁ ရက်နေ့ထုတ် 7Day Daily ကို ဖတ်ချိန်ကတည်းက ဆရာကျော်ဝင်းရဲ့ အထက်ပါဆောင်းပါးကို သဘောကျပြီး ပြန်လည်ဝေမျှချင်ခဲ့သည်။ သို့သော် အချိန်အား လုံးဝပင် မရခဲ့သည်မို့ စိတ်ထဲရှိသည့်အတိုင်း မလုပ်နိုင်ခဲ့။ သို့သော် ဒီနေ့ညနေ 7Day ရဲ့ Facebook စာမျက်နှာမှာ ဒီဆောင်းပါကို ဖတ်လိုက်ရတော့ အရမ်းပျော်သွားသည်။ ကျွန်တော်ဖတ်ပြီးတော့ အတွေးပွားခဲ့ရတဲ့ စာတစ်ပုဒ်ကို အခြားသူတွေကိုလည်း ဖတ်စေချင်တဲ့ ကျွန်တော့်ရဲ့ စိတ်ကလေး အခုတော့ ကျေနပ်သွားရပါပြီ။ ဦးနှောက်မုန်တိုင်းဆင်ခဲ့တဲ့ ဆရာကျော်ဝင်းနဲ့ ပြန်လည်ဖော်ပြပေးခဲ့တဲ့ 7Day ကို ကျေးဇူးတင်ပါတယ်။ မူရင်းအင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးကို ဖတ်ချင်သူများအနေဖြင့် ဤလင့်ခ်သို့ သွားကြပါကုန်။ တစ်လက်စတည်း အဲဒီဆောင်းပါးအောက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံလေးကိုလည်း သဘောကျလို့ အောက်မှာ တင်ပေးလိုက်ပါတယ်ဗျာ။


Sunday, March 17, 2013

မျှစ်ချဉ်တည်နည်း


မျှစ်ချဉ်တည်နည်းကား -
မျှစ်ချိုးစလတ်လတ်ကို ပါးပါးလွှာ၊ မိုးရည် တံစက်ရည် မ၀င်ရအောင် အိုးသန့်သန့်နှင့် ရေစိမ်၊ နှစ်ရက်တစ်ခါလဲ၊ ခြောက်ရက်စေ့၍ အစပ်၊ အခါးရည်စင်လျှင် မျှစ်ခွက်တစ်ဆယ်လျှင် ဆန်လတ် ဆန်ကွဲ တစ်ပြည်တွင် ဆားငန်ငန်ဖြူး၍ နယ်သားရအောင်နယ်၊ အိုးသန့်သန့်မှာ ကြပ်ကြပ်သိပ်၊ ဖက်ပိတ်၊ ကုပ်ကြပ်ကြပ်နှိပ်၊ အပေါ်ကို ဆားရည်တင်၊ တစ်နှစ်၊ နှစ်နှစ်ခံ၏။ အရသာကောင်း၏။ နောင်သုံးလိုသောအခါ ငါးပိကောင်၊ ငါး၊ အမဲ၊ ကြက်သွန်ဖြူ၊ ငရုတ် စသည်နှင့်ချက်၍ လိုရာသုံးလေ။
မျှစ်ချဉ်တည်နည်း ပြီး၏။

[ရှေးမြန်မာ စားတော်ကဲ၊ စားတော်ဆက်၊ စားဖိုသည် တို့၏ မြန်မာစားတော်ချက်ကျမ်းမှ ပြန်လည်ကူးယူ ဖော်ပြပါသည်။]

Saturday, March 16, 2013

မြန်မာမှုဆိုင်ရာ ဝေါဟာရများ (၅)


ခစား
v. wait upon; attend on.

ခယ
v. behave respectfully.

ခမောက်
n. bamboo hat (with a broad brim)

ခမည်းပေး
v. give a small token gift to a child as a sort of charm for his well-being.

ခရုသင်း
n. conch shell; leucoderma.

ခလောက်
n. wooden or bamboo bell hung from the neck of an animal such as a cow, buffalo, elephant, etc.

ခ၀ါချ
v. launder; wash and get up clothes.

ခါးတောင်းကျိုက်
v. gird one's loins.

ခါးထစ်ခွင်ချီ
v. carry a child astride one's hip.

ခါးပန်းကြိုး
n. girdle used by Buddhist monks.

ခါးပုံစ
n. protruding flap formed in tying 'longyi' (man's nether garment) round the waist.

ခဲဖိုး
n. money customarily given to local young men for a feast on the occasion of marriage.

ခဲဖွယ်ဘောဇဉ်
n. food offered to monks

ခဲအို
brother-in-law (husband of a woman's elder sister or elder brother of one's husband)

ခေါစာ
n. spirit food (offered in 'Khaw' basket to place to evil spirits).

ခေါစာကျွေး
v. make offering of spirit food.

ခံတောင်း
n. wide-mouthed, shallow basket used by hawkers to carry their wares.

ခေါက်တုံ့ချည်
v. tie into a bow or slip-knot.

ခင်ပွန်းကြီး
n. person who should not be wronged, according to tradition there are ten.

ခင်ကြီး
n. monk

ခေါင်းခု
n. head pad, used for carrying things on the head; wase.

[ကျော်စိုးမိုးစာတည်းအဖွဲ့၊ မြန်မာမှုဆိုင်ရာဝေါဟာရများ]

Wednesday, March 13, 2013

မြန်မာမှုဆိုင်ရာ ဝေါဟာရများ (၄)


ကြက်တောင်စည်း
n. locks of hair gathered a top in a tuft and tied with a strand of pink wool or a ribbon.

ကြင်ဖော်၊ ကြင်ဖက်
n. spouse

ကြောင်းလမ်း
v. request formally for marriage (by the elders on behalf of the prospective bride groom)

ကြန်အင်္ဂါ
n. Significant, prominent sign or mark (of body, earth etc)

ကွပ်ပျစ်
n. kind of low wooden or bamboo bedstead.

ကွမ်း
n. betel vine

ကွမ်းရွက်
n. betel leaf.

ကွမ်းစား
v. chew a quid of betel

ကွမ်းတောင်
n. ornamental utensil for carrying box.

ကွမ်းတောင်ကိုင်
n. girl carrying the betel offertory in a novitation processions

ကွမ်းယာ
n. quid of betel

ကွမ်းအစ်
n. betel box

ကျွတ်တမ်းဝင်
v. be emancipated from samsara

ကြွေအန်
n. game played with cowries.

[ကျော်စိုးမိုး စာတည်းအဖွဲ့၊ မြန်မာမှုဆိုင်ရာ ဝေါဟာရများ]

Friday, March 08, 2013

ပဲပင်ပေါက်ပျိုးနည်း


ပဲပင်ပေါက် ပျိုးနည်းကား -
ပဲတစ်ပြည်ကို အိုးတွင်ထည့်၊ ညဦးကရေစိမ်၍ မိုးသောက်လျှင် တောင်းမှာသွန်၊ အပေါ်ကို ပုဝါရေဆွတ်၍အုပ်၊ ညတိုင်လျှင် ရွက်အိုးလေးလုံးမှာ အမျှစီထည့်၊ အိုးဝကို ပုဝါရေဆွတ်၍စည်း၊ တစ်နေ့လျှင် ပုဝါပေါ်က ရေသုံးကြိမ်သွန်၊ အိုးကိုမှောက်၍ထား၊ သုံးရက် လေးရက် ရှိလျှင် ပဲပင်အခန့်သင့်သည်ကို ကြည့်၍ အခန့်သင့်လျှင်ဖော်။

တစ်နည်းကား -
သဲဖြူကို အောက်က တစ်ထွာခန့်ခံပြီးလျှင် သဲတွင် ပဲကို အင်တန်ဖြူး၊ ပဲကို သဲအင်တန်အုပ်၊ သဲပေါ်တွင် ပဲကို အင်တန်ဖြူးပြန်၊ ထိုကဲ့သို့ ပဲတစ်ထပ် သဲတစ်ထပ်ဖြူး၍ ရေတို့ကို တစ်နေ့သုံးကြိမ် လေးကြိမ်ဖြန်း၊ သုံးရက် လေးရက်ရှိလျှင် ပဲအခန့်သင့်သည် မသင့်သည်ကို ကြည့်၍ အခန့်သင့်လျှင်ဖော်၊ ရေစင်စင်ဆေး၍ အရည်စစ်အောင် နေမှာပြက်ကာလှမ်း၊ အခွံစင်အောင်ပြု၍ ရေနွေးကျိုက်ကျိုက်ဆူတွင်မှာ နနွင်းကို ၀ါအောင်ခတ်၍ ပဲပင်နွမ်းရုံဖျော၊ ပြီးလျှင် အေးအောင်ထား၊ အေးလျှင် ဆားငန်ငန်နှင့် ပဲကို မကျိုးမပဲ့ရအောင် နှံ့အောင်နယ်၍ အိုးသန့်သန့်မှာ ကြပ်ကြပ်သိပ်၊ ဖက်ပိတ်၊ ကုပ်ကြပ်ကြပ်နှိပ်၊ အပေါ်ကို ဆားရည်တင် ခုနစ်လ ရှစ်လခံ၏၊ လိုသောအခါ အထက်ကနည်းတူ သုံးလေ၊ အဆင်းလှ၏၊ အနံ့အရသာ ကောင်း၏။

ပဲပင်ပေါက်ချဉ် မင်းသုံးရ တည်နည်းပြီး၏။

မှတ်ချက်
အင်တန် - သင့်တင့်မျှတစွာ

Tuesday, March 05, 2013

ငါးချဉ်သိပ်နည်း


ငါးချဉ်ကောင်းလုပ်နည်းကား-
ငါးကြီးဖြစ်လျှင် နုပ်နုပ်စဉ်း၊ ရေစင်အောင်ဆေး၊ ငါးကလေးဖြစ်လျှင် ချေးကိုစင်စင်ထုတ်၊ ရေစင်အောင်ဆေး၊ အရည်စစ်အောင်ထား၍ ဆားနှင့်ကြပ်ကြပ်နယ်ပြီးလျှင် ငါးခွက်တစ်ဆယ်လျှင် ဆန်သုံးခွက် ထမင်းမာမာချက်၊ အေးလျှင် ဆားငန်ငန်ဖျော်၍ နယ်သားရအောင် ကြပ်ကြပ်စိစိနယ်၊ အိုးမှာ ကြပ်ကြပ်သိပ်၊ ဖက်ပိတ်၊ ကုပ်နှိပ်၊ အပေါ်ကို ဆားရည်တင် တစ်နှစ်ခံ၏၊ အဆင်းလှ၏၊ အနံ့အရသာကောင်း၏။
ငါးချဉ်ကောင်းသိပ်နည်းပြီး၏။

[ရှေးမြန်မာ စားတော်ကဲ၊ စားတော်ဆက်၊ စားဖိုသည်တို့၏ မြန်မာစားတော်ချက်ကျမ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။]

Tuesday, February 19, 2013

မြန်မာမှုဆိုင်ရာ ဝေါဟာရများ (၃)


ကျောက်ပျဉ်
n. flat, usually circular stone used for grinding Thanakha.

ကျင့်ဝတ်
n. rules of conduct; moral code.

ကျောင်းထိုင်ဆရာတော်
n. presiding monk at a monastery.

ကျောင်းအစ်မ
n. lady who sponsors a building of monastery.

ကျိုင်း
n. kind of staff used by Myanmar royalty and nobility as an emblem of rank.

ကျတ်တီးကုန်း
n. barren high ground.

ကျိန် (ကျိန်စာတိုက်)
v. curse with harm or evil to others.

ကျိန်း (ကျိန်းစက်)
v. (of sacred objects) reside lie; (of holy persons) sleep.

ကြငှန်း
n. tiered parasol placed over the royal bedstead; (arch) palace.

ကြေးစည်
n. triangular brass gong.

ကြေးနောင်
n. small brass gong of the traditional Myanmar brass gong circle.

ကြေးဝိုင်း
n. Myanmar brass gong circle.

ကြိုးသီချင်း
n. type of classical song composed for the Myanmar harp.

[ကျော်စိုးမိုးစာတည်းအဖွဲ့၊ မြန်မာမှုဆိုင်ရာဝေါဟာရများ]

 
Web Statistics