Friday, April 30, 2010

ဆရာကောင်း


  • အကျင့်သီလနှင့် ပြည့်စုံပြီး ချစ်မြတ်နိုးဖွယ်ရှိရမည်။
  • သမာဓိနှင့် ပြည့်စုံပြီး အလေးဂရုပြုဖွယ်ရာ ဖြစ်ရမည်။
  • ပညာနှင့် ပြည့်စုံပြီး ချီးမွမ်းဖွယ်ရာ ဖြစ်ရမည်။
  • တပည့်များအပေါ်တွင်၊ မသင့်မလျော် ပြောဆိုပြုမူသည်ကို တွေ့မြင်လျှင် လျစ်လျူမရှု ကြောင့်ကြပြုပြီး ပြောဆိုဆုံးမနိုင်ရမည်။
  • သူတစ်ပါးတို့၏ ပြစ်တင်ပြောဆိုမှု ဟူသမျှကို သည်းခံနိုင်ရမည်။
  • နက်နဲသော တရားစကားကို ပြောကြားနိုင်ရမည်။
  • တပည့်များအား မသင့်မလျော် မလျောက်ပတ်သော အရာတို့တွင် ခိုင်းစေမှုမပြုရ။
  • ထိုဆရာကောင်းကို မှီဝဲမှသာ တပည့်ဖြစ်သူ၏ သီလ သမာဓိ ပညာ တိုးပွါးနိုင်မည်ဖြစ်သည်။
(အင်္ဂုတ္တရနိကာယ သတ္တကနိပါတ်၊ ဒေ၀တာဝဂ်၊ ဒုတိယမိတ္တသုတ်)

  • ရှေးရှုမေတ္တာ၊
  • ကရုဏာနှင့်၊
  • နာနာကျင်ကျင်၊
  • အပြစ်မြင်တိုင်း၊
  • ၀မ်းတွင်းမသို၊
  • ဟုတ်တိုင်းဆို၍၊
  • ကျိုးလိုစိတ်က၊
  • ဆုံးမတတ်သူ၊
  • ဆရာဟူလော့။
(မဃဒေ၀)

တစ်ချက်လွှတ်အာဏာ (Veto)


လက်တင်ဘာသာ Veto သည် တားမြစ်သည်ဟု အဓိပ္ပါယ်ရသည်။ ပိတ်ပင်သည်၊ ပိတ်ဆို့သည်၊ ငြင်းပယ်သည်ဟူသော အဓိပ္ပါယ်များကိုပေးသည်။ ယနေ့ခေတ်တွင် ဗီတိုအာဏာသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံက ကျင့်သုံးနိုင်သော အာဏာပိုင်အခွင့်အရေးအဖြစ် ထင်ရှားသည်။

မောင်ဝံသ ၏ ကမ္ဘာ့နိုင်ငံရေး ဝေါဟာရအဘိဓာန် မှ
ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၆) အမှတ် (၁၆)
စာမျက်နှာ - ၁၂

Thursday, April 29, 2010

နိုင်ငံရေးအဆိုအမိန့်များ - မောင်ဝံသ


A man that'd expict to thrain lobsters to fly in a year is called a loonytic; but a man that thinks men can be turned into angles by an iliction is called a ray-former an remains at large.
- Finely Peter Dunne, Mr. Dooley's Philosophy, 1900
ပုစွန်တုပ်ကြီးတွေကို လေ့ကျင့်ပေးရင် တစ်နှစ်အတွင်း မိုးပေါ်ပျံနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့လူကို အရူးလို့ခေါ်တယ်။ ဒါပေမယ့် လူတွေကို နတ်သားနတ်သမီးတွေဖြစ်အောင် ပြောင်းလဲလို့ရတယ်လို့ အယူအစွဲ ရှိနေတဲ့လူတွေကိုကျတော့ ပြုပြင်ပြောင်းလဲရေး သမားတွေလို့ခေါ်ပြီး လွှတ်ထားတယ်။
- ဖင်လေးပီတာဒန်း

Democracy is being allowed to vote for the candidate you dislike least.
- Robert Byrne
ဒီမိုကရေစီဆိုတာ သင်မကြိုက်တာ အနည်းဆုံးလူကို မဲပေးခွင့်ပေးခြင်း ဖြစ်တယ်။
- ရောဘတ်ဆန်း

What the mass media offers is not popular art, but entertainment which is intended to be consumed like food, forgotten, and replaced by a new dish.
- W.H Auden, The Dyer's Hand, 1962
မီဒီယာတွေက ပေးနေတာတွေဟာ ပြည်သူအများ ခံစားနိုင်တဲ့ အနုပညာမဟုတ်ဘူး။ ဖျော်ဖြေရေးမျှသာဖြစ်နေတယ်။ အစားအသောက်တစ်ခုကို စားခိုင်းတာနဲ့တူတယ်။ တစ်ခုကိုစား၊ ပြီးရင်မေ့သွားရော။ ပြီးရင် နောက်တစ်မျိုး ထပ်စားခိုင်းတဲ့ သဘောပဲ။
- ဒဗလျူအိပ်ခ်ျအော်ဒင်

You can never get all the facts from just one newspaper, and unless you have all the facts, you cannot make proper judgements about what is going on.
- Harry S Truman, Mr. Citizen, 1960
သတင်းစာတစ်စောင်တည်းကနေ အချက်အလက် စုံစုံလင်လင် မရနိုင်ဘူး။ အချက်အလက် ပြည့်ပြည့်စုံစုံ မရဘဲနဲ့တော့ ဘာတွေဖြစ်နေတယ်ဆိုတာကို မှန်မှန်ကန်ကန် ကောက်ချက်ချနိုင်မှာ မဟုတ်ဘူး။
- ဟယ်ရီအက်စ်ထရူးမင်း

Any dictator would admire the uniformity and obedience of the [U.S] media.
- Noam Chomsky
မည်သည့်အာဏာရှင်မဆို အမေရိကန်မီဒီယာလောကရဲ့ ထူးမခြားနားဖြစ်မှုနဲ့ နာခံတတ်မှုကို သဘောကျကြမှာပဲ။
- နုံးမ်ချောင်မ်စကီး

7Day News Journal
အတွဲ (၉) အမှတ် (၆)၊ ဧပြီ ၂၉၊ ၂၀၁၀။
စာမျက်နှာ - ၂၉

စိတ်အားဖြည့် ဓမ္မပဒ


ဓမ္မပါဒဂါထာ (၂၈)
ပမာဒံ အပ္ပမာဒေန၊ ယဒါ နုဒတိ ပဏ္ဍိတော။
ပညာပါသာဒမာရုယှ၊ အသောကော သောကိနိံ ပဇံ။
ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ၊ ဓီရော ဗာလေ အဝေက္ခတိ။

မမေ့လေ မြင့်လေ
မေ့ခြင်းကို မမေ့ခြင်းနဲ့
အစားထိုးဖယ်ထုတ်နိုင်တဲ့
အသိပိုင်ရှင်ဟာ
အဆင့်မြင့်ပညာဆိုတဲ့
ပြာသာဒ်ထက်ကို
တက်ရောက်နိုင်ပါတယ်။
ကိုယ်တိုင်က
စိုးရိမ်သောက ကင်းနေပြီဖြစ်တဲ့အတွက်
စိုးရိမ်သောက မကင်းသေးသူတွေကို
အပေါ်စီးကနေ
အေးအေးဆေးဆေး မြင်တွေ့နိုင်ပါတယ်။
တောင်ပေါ်ကလူက မြေပြင်ကလူကို
အပေါ်စီးမြင်တွေ့နိုင်သလို
ပညာရှိသူတွေကလည်း
ပညာမရှိသူတွေရဲ့
ဖြစ်ပုံပျက်ပုံ အလုံးစုံကို
အကုန်စီးမိုးပြီး မြင်တွေ့နိုင်တာပါပဲ။

ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ သွားရာလမ်း


ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ (ဒုတိယအကျော့) ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားပြီးသွားပြီ ဖြစ်တဲ့အတွက် ဗိုလ်လုမယ့်အသင်း (၂) သင်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘာနေဗျူးကစားကွင်းကြီးထဲမှာ ဘယ်အသင်းက အကောင်းဆုံးအသင်းလဲ ဆိုတဲ့အဖြေကို မကြာခင်မှာပဲ ကျွန်တော်တို့တွေ သိခွင့်၊ မြင်ခွင့် ရတော့မှာပါ။ အဲဒီလိုယှဉ်ပြိုင်ကြမယ့် အသင်းနှစ်သင်းရဲ့ နောက်ဆုံးခြေလှမ်းတွေကို ပြန်ကြည့်လိုက်တဲ့အခါ.....

လိုင်ယွန် - ဘိုင်ယန်မြူးနစ်
အားလုံးက လိုင်ယွန်အသင်း မထင်မှတ်တာတွေ လုပ်ပြမယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် တကယ်လုပ်ပြသွားတာက ဘိုင်ယန်အသင်း ဖြစ်နေပြန်တယ်။ ရီးရဲလ်မက်ဒရစ်နဲ့တုန်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစွမ်းတွေ ဘယ်လောက်ကုန်သလဲလို့ မေးချင်လောက်အောင် လိုင်ယွန်အသင်းဟာ အားနည်းခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကို အဘက်ဘက်ကနေ မယှဉ်နိုင်ခဲ့ဘူး။ အထူးသဖြင့် အလယ်တန်းမှာ ကစားကွက်ဖော်ပေးမယ့်လူ မရှိတဲ့အတွက် ဘွန်းမဲလ်ဦးဆောင်တဲ့ ဘိုင်ယန်အလယ်တန်းရဲ့ ဖန်တီးသမျှကို ခံခဲ့ကြရတယ်။

ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်အသင်းက အိုလစ်က ထင်မှတ်မထားတဲ့ အနေအထားနဲ့ လှည့်ကန်ပြီး အဖိုးတန်အဝေးကွင်းဂိုးကို သွင်းယူခဲ့တယ်။ အဲဒီဂိုးပေးလိုက်ရခြင်းဟာ အသင်းနှစ်သင်းလုံးအတွက် အများကြီး အကျိုးသက်ရောက်စေခဲ့တယ်။ ဘိုင်ယန်မြူးနစ်အတွက် စိတ်အေးလက်အေး ကစားသွားနိုင်တဲ့အချိန်မှာ အိမ်ရှင်အသင်းကတော့ မဖြစ်မနေ (၃)ဂိုးသွင်းနိုင်ပါမှ နောက်တစ်ဆင့် တက်နိုင်မှာမို့ ဖိအားဝင်သွားခဲ့ရတယ်။

ဒုတိယပိုင်းမှာလည်း လိုင်ယွန်အသင်း ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့ပါဘူး။ ရှေ့တန်းတိုက်စစ်မှူးတွေ ဂိုးသွင်းခြေမရှိတာ၊ နောက်တန်းတွေကို မကျော်ဖြတ်နိုင်တာ၊ အလယ်ကနေ မပံ့ပိုးပေးနိုင်တာကြောင့် ဘိုင်ယန်မြူးနစ်အဖို့ အေးအေးသက်သာပဲ ကစားနေခဲ့တယ်။ လိုင်ယွန်အသင်းက အသင်းခေါင်းဆောင် ဖျက်ထုတ်မှုကြမ်းတဲ့အတွက် အနီကတ် အပြခံလိုက်ရချိန်မှာတော့ ပွဲအခြေအနေဟာ အားလုံးပြီးသလောက် ဖြစ်သွားခဲ့ပါပြီ။ ဘိုင်ယန်မြူးနစ်အဖို့ နောက်တစ်ဆင့်တက်ဖို့ သေချာနေပြီဆိုတာ သိပေမယ့်လည်း ကစားကွက်မိနေပြီဖြစ်တဲ့အတွက် ကစားအားမချပစ်ဘဲ ဖိကစားခဲ့တယ်။ အဲဒါကြောင့်လည်း ခရိုအေးရှားတိုက်စစ်မှူး အိုလစ်အတွက် နောက်ထပ်ဂိုးနှစ်ဂိုး ထပ်သွင်းနိုင်ခဲ့ပြီး Hat-trick ရခဲ့တာပဲ ဖြစ်ပါတယ်။

အိုလစ်ဟာ စုစုပေါင်း သွင်းဂိုး (၇)ဂိုး သွင်းယူထားပြီး ဖြစ်တဲ့အတွက် ရီးရဲလ်မက်ဒရစ်အသင်းက စီရော်နယ်လ်ဒိုနဲ့ ဂိုးအရေအတွက် တူသွားခဲ့ပြီ ဖြစ်ပါတယ်။ သူ့အထက်မှာ (၈)ဂိုးသွင်းယူထားတဲ့ မက်ဆီ (ဘာစီလိုနာ) တစ်ဦးတည်းပဲ ရှိတော့တယ်။ ဗိုလ်လုပွဲမှာသာ အိုလစ်ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ရဲ့ ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိမှာ ဖြစ်ပါတယ်။ တစ်ဂိုးသွင်းရင် မက်ဆီနဲ့ ပူးတွဲရမယ်။ နှစ်ဂိုးနဲ့အထက် သွင်းခဲ့ရင်တော့ တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ရရှိမှာပါ။

ပြောရရင်တော့ ဘိုင်ယန်မြူးနစ်အတွက် ဗိုလ်လုပွဲကို တက်ရောက်ရာလမ်းဟာ ထင်သလောက် မကြမ်းတမ်းခဲ့ဘူးလို့ ဆိုရမှာပါပဲ။

ဘာစီလိုနာ - အင်တာမီလန်
တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေက ဘာစီလိုနာရဲ့ ခြေစွမ်းကို ယုံကြည်မှု လွန်ကဲနေကြတယ်။ အဝေးကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာတောင် ပူပန်စိတ် မရှိခဲ့ကြဘူး။ အိမ်ကွင်းနူးကမ့်မှာ ဘာစီလိုနာက အင်တာမီလန်ကို ချေမှုန်းပြလိမ့်မယ်ဆိုပြီး ထင်မှတ်ယုံကြည်ခဲ့ကြတယ်။ အဲ... စိုးရိမ်ခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။ သူတို့ကတော့ မော်ရင်ဟိုကို ကြောက်ကြတဲ့သူတွေပေါ့။ မော်ရင်ဟိုဟာ သူလိုချင်တဲ့ ရလဒ်တစ်ခုကို မဖြစ်မနေ ဘယ်လိုရယူရမယ်ဆိုတာ ပိုင်ပိုင်နိုင်နိုင်သိတဲ့ နည်းပြတစ်ဦး မဟုတ်ပါလား။

မက်ဆီကို မျှော်လင့်ခဲ့ကြတယ်။ ဇာဗီက အငိုက်ဖမ်းပြီး အပိုင်ကစ်မယ်လို့ ထင်ခဲ့ကြတယ်။ အေဗရာဟင်မိုဘစ်ခ်ျက သူ့အသင်းဟောင်းကို အသည်းခွဲမယ်လို့ ပြောသူတွေက ပြောကြတယ်။ ဘာကာရဲ့တိုက်စစ်ကို ဘယ်သူမှ ရပ်တန့်နိုင်မှာ မဟုတ်ဘူးလို့ ဆိုသူတွေက ဆိုကြပြန်တယ်။ အားလုံးက ဘာစီလိုနာ ဘာလုပ်ပြမလဲဆိုတာကို စိတ်ဝင်စားနေကြတယ်။

အခြားတစ်ဖက်မှာတော့ မော်ရင်ဟို ဘယ်လိုနည်းဗျူဟာတွေနဲ့ ဉာဏ်ကစားဦးမလဲဆိုတာကို စိတ်ဝင်စားသူတွေရှိတယ်။ ဘာကာရဲ့ တိုက်စစ်နဲ့ အီတလီကလပ်ရဲ့ ခံစစ် ဘယ်သူက ပိုကောင်းသလဲဆိုတာကို စောင့်ကြည့်ချင်သူတွေက တစ်ပုံတစ်ပင်။ အီတူးရော သူ့အသင်းဟောင်းကို ဂိုးသွင်းဦးမှာလားလို့ ဒွိဟဖြစ်နေရသူတွေကလည်း ရှိသေးရဲ့။ ပထမအကျော့တုန်းက မက်ဆီကို ထိန်းသွားတဲ့ နောက်တန်းတွေကလည်း ဒီပွဲမှာရော ထိန်းချုပ်နိုင်ဦးမလား စတဲ့စတဲ့ မေးခွန်းတွေနဲ့ စိတ်ဝင်စားလို့ နေပြန်ပါရော။

အားလုံးရဲ့ တူညီသော အတွေးကတော့ ဘာစီလိုနာနဲ့ အင်တာမီလန်ပွဲဟာ ဗိုလ်လုပွဲပမာ ကစားကြမှာလို့ ယုံကြည်ကြတာပါပဲ။

တကယ်ကစားတော့ ဘာစီလိုနာက သူ့ရဲ့ဟန်အတိုင်းပဲ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာနဲ့ တစ်ချိန်လုံး ဖိကစားတယ်။ ဒါပေမယ့် မော်ရင်ဟိုက အဲဒီလိုဖိကစားတာကိုပဲ ကျေနပ်နေတယ်။ လုံးဝကို စိုးရိမ်စိတ်ဖြစ်ဟန် မတွေ့ရဘူး။ တစ်ချက်တစ်ချက် တန်ပြန်တိုက်စစ်ကနေ ဘာစီလိုနာကို ခြိမ်းခြောက်ဖို့ပဲ အလေးထားခဲ့တယ်။ သူတို့သာ တစ်ဂိုးရခဲ့မယ်ဆိုရင် ပွဲကပြီးသွားပြီလေ။

ဒါပေမယ့် ပထမပိုင်းမှာပဲ အင်တာမီလန်က မော့တားကို ဒိုင်လူကြီးက အနီကတ်ပြထုတ်ပယ်လိုက်တယ်။ ပွဲချိန်က မိနစ် (၃၀) ၀န်းကျင်ပဲ ရှိသေးတယ်။ လက်ကျန်အချိန် မိနစ် (၆၀)လောက်ကို အင်တာမီလန် ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ။ တစ်ချိန်လုံးအဖိခံနေရတာ ဖြစ်တဲ့အတွက် တစ်ချိန်မဟုတ် တစ်ချိန်မှာ ဂိုးပေးရတော့မယ်။ ဘာကာလိုအသင်းကို (၁၀)ယောက်တည်းနဲ့ ရင်ဆိုင်ဖို့ဆိုတာ လပေါ်မှာ ရေရှာရသလိုပဲ ဘယ်လောက်ခက်ခဲမယ်ဆိုတာ အားလုံးသိနေကြတယ်။ မော်ရင်ဟိုနဲ့ အင်တာမီလန်အတွက် စိတ်မကောင်းဖြစ်ကုန်ကြတယ်။ မော်ရင်ဟိုတော့ ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်ပါပြီပေါ့။ ဒါပေမယ့် မော်ရင်ဟိုကတော့ အပြုံးတောင်မပျက်ဘူး။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အတွက် ရယ်ရယ်မောမောနဲ့တောင် အရွဲ့တိုက်နေလိုက်သေးတယ်။

တစ်ယောက်လျော့သွားတဲ့အတွက် ကစားကွက်ကတော့ ချက်ချင်းပြောင်းသွားတယ်။ တန်ပြန်တိုက်စစ်တွေနဲ့ ကစားရာကနေ ဇုန်အလိုက် ခံစစ်သက်သက် ကစားတဲ့ပုံစံကို ပြောင်းပစ်လိုက်တယ်။ တကယ်လို့သာ (၁၁)ယောက်ချင်း ကစားရမယ်ဆိုရင် ဘာစီလိုနာ အနိုင်ရပြီး နောက်တစ်ဆင့်ကိုတောင် တက်နိုင်လိမ့်မယ်လို့ ကျွန်တော်တွေးနေမိတယ်။ အခုတော့ တစ်ယောက်အထုတ်ခံလိုက်ရတာဟာ မော်ရင်ဟိုအတွက် အနှောင့်အယှက်မဖြစ်စေဘဲ ခွန်အားဖြစ်သွားစေခဲ့တယ်။ တန်ပြန်တိုက်စစ်အတွက် လုံးဝကို စိတ်မကူးတော့ဘဲ အဆင့်ဆင့်ခံစစ်နဲ့ ခပ်မာမာတုံ့ပြန်ပြီး ကစားသွားခဲ့တယ်။ လေးယောက်တန်းတစ်တန်း၊ ငါးယောက်တန်းတစ်တန်းထားပြီး ဇုန်အလိုက် ကစားကွက်ဖျက်ပြီး ခံစစ်ကစားတဲ့ပုံစံဟာ အင်တာအတွက် အများကြီးအသုံးတည့်သွားတယ်။

အင်တာမီလန်အသင်းရဲ့ ကွင်းတစ်ခြမ်းထဲမှာပဲ လူ (၂၀)က ဘောလုံးကစားရတဲ့အခါ ကစားကွက်ဖော်တာတွေ၊ ဂိုးသွင်းခွင့်တွေ ရှားပါးသွားတာ မထူးဆန်းပါဘူး။ ဒါကလည်း မော်ရင်ဟို လိုချင်တဲ့ပုံစံပဲ ဖြစ်ပါတယ်။ ဘာစီလိုနာက နောက်တန်းကစားသမားတွေပါ ရှေ့တန်းတက်လာပြီး ဖိကစားလေ ကစားကွက်ကျပ်ပြီး ဘောလုံးကန်ဖို့ခက်လေ ဖြစ်သွားတာကို ဂွာဒီယိုလာ မပြင်နိုင်ခဲ့ဘူး။ တကယ်ဆိုရင် တစ်သင်းလုံး အင်တာမီလန်အသင်းဘက်ခြမ်းမှာ ဖိကစားမယ့်အစား ကစားကွက်အကျဲနဲ့ ဖြန့်ကစားပြီး တောင်ပံတွေကနေ ထိုးဖောက်သင့်တယ်။ အခုတော့ ခံစစ်တံတိုင်းနှစ်ထပ် ကာထားတဲ့ အလယ်ကိုပဲ ၀င်တိုးပြီး ကစားခဲ့တဲ့အတွက် တစ်ဆင့်ကိုကျော်ပြီး နောက်တစ်ဆင့်ကို မကျော်နိုင်ဖြစ်ခဲ့ရတယ်။

ဘာစီလိုနာအသင်း ဘောလုံးရတာ၊ ကစားကွက်ဖော်တာ၊ အပေးအယူလုပ်တာတွေကို အင်တာမီလန် ကစားသမားတွေက စိတ်ရှည်လက်ရှည်နဲ့ ကစားခဲ့ကြတယ်။ သူတို့တွေပေးချင်သလောက်ပေး ဂရုမစိုက်ရေးချမစိုက်၊ ကစားကွက်ဖော်ချင်သလောက်ဖော် မကြောက်ရေးချမကြောက်ပဲ။ အဲ... ဒါပေမယ့် ဘောလုံးနဲ့အတူ (၁၈)ကိုက်စည်းထဲ ရောက်လာတဲ့သူ မှန်သမျှကတော့ သူတို့ရဲ့ ရန်သူတော်တွေပဲ။ ၁၈ ကိုက်ထိပ်စည်းအနားထိ ဘာမှမလုပ်သေးဘူး၊ ၁၈ ကိုက်စည်းထဲကို ၀င်လာပြီဆိုတာနဲ့ အလွတ်မပေးစတမ်း ခပ်ကြမ်းကြမ်း ဖျက်ထုတ်ကြတယ်။ အဲဒီနည်းဗျူဟာ အလွန်ထိရောက်ခဲ့ပြီး ဘာစီလိုနာတို့ စိတ်ညစ်ခဲ့ရ၊ ဒေါသဖြစ်ခဲ့ရတယ်။ ဒါကြောင့်လည်း မလိုအပ်ဘဲ ၁၈ ကိုက်ထိပ်ကနေ လှမ်းကန်ပြီး ကန်သွင်းကြပေမယ့် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိဘူး။

မက်ဆီဟာ ဘာစီလိုနာရဲ့ အသက်ဆိုတာ မော်ရင်ဟို ကောင်းကောင်းသိတာပေါ့။ မက်ဆီလွတ်သွားတာနဲ့ အမျိုးမျိုးဖြစ်နိုင်တယ်ဆိုတာကိုလည်း သိတာပါပဲ။ ဒါပေမယ့် မော်ရင်ဟိုရဲ့ နည်းစနစ်ဟာ အံ့သြစရာ ကောင်းလွန်းတယ်။ မက်ဆီကို လူကပ်ကစားစေခြင်း မရှိဘူး။ အဲဒီအတွက် မက်ဆီအဖို့ လွတ်လွတ်လပ်လပ် သူကစားချင်သလို ကစားခွင့်ရနေတယ်လို့ ထင်စရာရှိတယ်။ အဲလိုလည်း မဟုတ်ပြန်ဘူး။ မက်ဆီကို လူအသေကပ်ပြီး မကစားပေမယ့် သူ့ဘေးဝန်းကျင်မှာ ကစားသမားနှစ်ယောက် အမြဲတမ်းရှိတယ်။ အဲဒီနှစ်ယောက်ကလည်း တစ်နေရာတည်းမှာ မနေကြဘူး။ မက်ဆီရဲ့ ရှေ့နဲ့နောက်တွေမှာ ဖြစ်တယ်။ မက်ဆီဘောလုံးရလို့ တစ်ကိုယ်တော်ဆွဲပြေးမယ်ဆိုပြီး လိမ်ခေါက်တာနဲ့ တစ်ယောက်ကိုသာလွတ်မယ်၊ နောက်တစ်ယောက်ကို မလွတ်စေရဘူး။ ဘယ်တော့မှ နှစ်ယောက်လုံးတစ်ပြိုင်နက် မက်ဆီရဲ့ခြေထောက်ထဲက ဘောလုံးကို ၀င်မလုဘူး။ ပထမတစ်ယောက်က ၀င်လုပြီး မက်ဆီ skill ပြတာကို ကျေကျေနပ်နပ်ခံတယ်။ အဲ... နောက်တစ်ယောက်ကတော့ ထွက်လာတဲ့မက်ဆီကို ဘောလုံးရောလူပါ မလွတ်စေရဘဲ ဖျက်ထုတ်ကစားတယ်။ အဲဒီဗျူဟာကြောင့်ပဲ မက်ဆီဟာ သူ့ရဲ့တစ်ကိုယ်တော် အစွမ်းတွေကို မပြသလိုက်ရဘူး။ ပထမပိုင်းမှာ ဂိုးရလုနီးနီး တစ်ကြိမ်ကန်ခွင့် ရခဲ့တာကလွဲရင် တစ်ပွဲလုံးမှာ သူ့ခြေထောက်ထဲကို ဘောလုံးအရောက်မခံခဲ့ကြဘူး။

ရှေ့တန်းတိုက်စစ်မှူးတွေ ဂိုးပေါက်ပျောက်နေတဲ့အတွက် နောက်တန်းခံစစ်မှူး ပီကေးက ရှေ့တန်းအထိ တက်ကစားတယ်။ အဲဒါကြောင့်လည်း အဖိုးတန်ချေပဂိုးတစ်ဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒီတစ်ဂိုးဟာ ဘာစီလိုနာအတွက် နောက်တစ်ဆင့်တက်ဖို့ရာ လုံလောက်ခြင်းတော့ မရှိခဲ့ဘူး။ ပွဲချိန်တစ်လျှောက်လုံး ဖိကစားနေတာကို ပျာယာခတ်ခြင်းမရှိဘဲ အေးအေးဆေးဆေး၊ အကွက်ကျကျ ဖျက်ထုတ်ကစားသွားတဲ့ အင်တာမီလန် အသင်းသားတွေအတွက် ဗိုလ်လုပွဲသွားဖို့ ထိုက်တန်ခဲ့ပါတယ်။

ဒီပွဲအတွက် ပြောစရာဖြစ်ခဲ့တာတွေ အများကြီးရှိခဲ့တယ်။
  • ဘာစီလိုနာကွင်းက ဘောလုံးကောက်တဲ့ကလေးတွေရဲ့ ဘောလုံးအမြန်ကောက်ပေး စနစ်ကြောင့် အင်တာမီလန်ဂိုးသမား အ၀ါကတ် အပြခံရတဲ့အထိ ဖိအားဝင်ခဲ့ရတာတွေ၊
  • ဘာစီလိုနာဂိုးသမားဟာ ကွင်းလယ်စက်ဝိုင်းအထိတက်ပြီး ကစားခဲ့ရတဲ့အထိ ဘာစီလိုနာက ဖိကစားခဲ့တာတွေ၊
  • အင်တာမီလန်အသင်းရဲ့ ကွင်းတစ်ခြမ်းထဲမှာပဲ (ဘောလုံးကွင်းရဲ့ လေးပုံတစ်ပုံမှာပဲ) မိနစ် (၇၀)လောက် ကစားခဲ့တာတွေ၊
  • အင်တာမီလန်အသင်း ဘောလုံးရခဲ့ရင် တိုက်စစ်မှူးမီလီတိုဟာ လူကျွံဘောအဖြစ်ခံပြီး တစ်ဖက်ဂိုးစည်းထိပ်အထိ သွားရပ်နေခဲ့ကာ ဘောလုံးကို တစ်ဖက်ခြမ်းမှာ သွားတည်ပြီး အချိန်ကြာရအောင် လုပ်ခဲ့တာတွေ၊
  • အာဂျင်တီးနားကစားသမား မက်ဆီဟာ တစ်ဖက်နောက်တန်းကြောင့် သူ့စိတ်တိုင်းကျ ကစားခွင့်မရတဲ့အတွက် စိတ်ဓာတ်ကျဆင်းနေခဲ့တာ၊ ဒေါသထွက်နေခဲ့တာကို တီဗီဖန်သားပြင်မှာ အထင်းသားမြင်တွေ့ခဲ့ရတာတွေ၊
  • ကစားသမား တစ်ယောက်လျော့အနေအထားနဲ့ ဘောလုံးပိုင်ဆိုင်မှု (၁၄ % ) ကျော်ကျော်ပဲ ရှိခဲ့ပေမယ့် ပေးဂိုးတစ်ဂိုးပဲ ပေးရအောင် ကြံ့ကြံ့ခံကစားသွားနိုင်ခဲ့တဲ့ မော်ရင်ဟိုရဲ့ ခံစစ်နည်းဗျူဟာတွေ၊
  • ပွဲအပြီးမှာ အောင်ပွဲခံနေတဲ့ မော်ရင်ဟိုကို ဘာစီလိုနာဂိုးသမားက သွားရောက်ရန်ပြုခဲ့တာတွေ၊
စသည်ဖြင့်ပေါ့လေ။

ဘာပဲပြောပြော အင်တာမီလန်အသင်းကတော့ ဘိုင်ယန်မြူးနစ်နဲ့အတူ ဗိုလ်လုပွဲဆင်နွှဲဖို့ ဘာနေဗျူးဆီကို ချီတက်သွားခဲ့ပါပြီ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၉ ရက်၊ ကြာသပတေးနေ့။
ညနေ ၃ နာရီ ၀၁ မိနစ်တွင်ပြီး၏။

အောင်နိုင်သူ စစ်သူကြီးနှင့် သူ၏ စစ်နည်းဗျူဟာများ - ကိုဉာဏ် (ပန်းလောင်မြေ)


ရန်သူတပ်မတော်၏ သည်းသည်းမည်းမည်း တိုက်စစ်ဆင်မှုကို အလူးအလဲ ခုခံကာကွယ်နေရသည်။ သူ့နယ်မြေ၊ သူ့ဒေသဆိုတော့လည်း သူတို့က တစ်ပန်းသာလွန်နေသည်။ သူတို့ကို ထောက်ခံအားပေးမည့်သူတွေက ဒုနှင့်ဒေး။ အဆိုပါရန်သူမျိုးနှင့် ရင်ဆိုင်နေရသော အခြေအနေမျိုးဝယ် ခေါင်းဆောင်မှု၏ အခန်းကဏ္ဍသည် များစွာအရေးပါလှသည်။ မိမိထက် အင်အားသာလွန်သည့်၊ တိုက်ရည်ခိုက်ရည်စွမ်းရည် ကောင်းမွန်ပြည့်စုံသည့်၊ နယ်မြေကျွမ်းကျင်သည့် ရန်သူကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ဆိုတာက လွယ်တဲ့အလုပ်မဟုတ်။ အတော်ကြီးကို ခေါင်းအေးအေးထား စဉ်းစားဆုံးဖြတ်နိုင်မှ၊ မှန်ကန်သည့် စစ်နည်းဗျူဟာများကို ချမှတ်နိုင်ပါမှ တော်ကာကျမည်။ အရပ်မျက်နှာပေါင်းစုံမှ တရစပ်တိုက်စစ်ဆင်နေချိန်တွင် မိမိတပ်ဖွဲ့ဝင်များ ယုံကြည်မှုအပြည့်ဖြင့် ခုခံတွန်းလှန်နိုင်အောင်၊ တစ်ဖက်ရန်သူ၏ တိုက်စစ်ဆင်မှုတွင် ပြိုဆင်းမသွားအောင် ခေါင်းဆောင်ဖြစ်သူ မိမိအပေါ်တွင် များစွာမူတည်နေသည်ကိုလည်း သေသေချာချာ သိပါသည်။ သူတို့၏ ယုံကြည်မှုအပေါ်တွင် ကိုယ်ကလည်း သူတို့ယုံကြည်လောက်အောင် နည်းဗျူဟာတွေ ချမှတ်ပေးနိုင်ဖို့လိုသည်။ သူ့အတွေးတို့က တစ်နေရာဆီသို့.......။

တရုတ်စစ်ပါရဂူကြီး ဆွန်ဇု၏ စကားများကို ချက်ချင်းပင် ကြားယောင်လာမိသည်။

  • Therefore I say: Know the enemy and know yourself: in a hundred battles you will never be in peril.
  • ရန်သူအကြောင်းကို အသေးစိတ်သိပါ။ ရန်သူအကြောင်းကို တိတိကျကျ သိပါ။ မိမိအခြေအနေကို မှန်ကန်စွာသိပါ။ တိုက်ပွဲတစ်ရာတွင် တိုက်ပွဲတိုင်း အောင်မြင်လိမ့်မည်။
ဟုတ်သည်။ ရန်သူ့အကြောင်းကို သူကောင်းကောင်းသိနေသည်ပဲ။ သူတို့ရဲ့ ဓလေ့စရိုက်၊ သူတို့ရဲ့စွမ်းအား၊ သူတို့ရဲ့လက်နက်၊ သူတို့ရဲ့ နည်းဗျူဟာ၊ သူတို့ရဲ့ အားသာချက်၊ သူတို့ရဲ့ အားနည်းချက်၊ ဒါတွေအားလုံးကို မိမိသိပြီးသားပဲ။ ဒီတိုက်ပွဲကို မဖြစ်မနေ ဆင်နွှဲရတော့မယ်ဆိုကတည်းက ဒီရန်သူတွေအကြောင်းကို သူလေ့လာထားပြီးသား။ ထဲထဲဝင်ဝင် နားလည်ထားပြီးသား။ နားလည်လို့လည်း အထူးတလည် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ သူတို့ရန်ဆိုင်ရမည့် ရန်သူက ပေါ့သေးသေးမဟုတ်။ တိုက်တိုင်းအောင်ဟုဆိုရမည့် တကယ့်ထက်မြက်သည့် တပ်ဖွဲ့တစ်ခု။ သူတို့၏ အဓိကလက်နက်က အာဂျင်တိုင်းစက်သေနတ်ဖြစ်သည်။ ပြီးတော့ သူတို့က ဘယ်တော့မှ ခံစစ်ဆင်နွှဲလေ့မရှိ။ သူတို့ရဲ့ နည်းဗျူဟာက "အကောင်းဆုံးခံစစ်သည် အကောင်းဆုံးတိုက်စစ်ဖြစ်သည်" ဆိုတဲ့ တိုက်စစ်ဆင်ခြင်း။ ကဲ.. အဲဒီလို တပ်ဖွဲ့တစ်ခုကို ရင်ဆိုင်ဖို့အတွက် ဘယ်လိုလုပ်ပြီး လွယ်နိုင်ပါ့မလဲ။

နောက်... မိမိတပ်ဖွဲ့အခြေအနေကိုလည်း သူကောင်းကောင်းသိသည်။ သူ့တပ်ဖွဲ့တွင် အစွမ်းထက်လက်နက်ကြီးတွေ မပါလင့်ကစား တိုက်ပွဲတွေကို နိုင်အောင်တိုက်ဖို့အတွက်တော့ ပူစရာမရှိ။ သူ့တပ်သားတွေ၏ အမိန့်နာခံမှုက အံ့သြလောက်စရာ၊ သူချမှတ်သည့် စစ်နည်းဗျူဟာတွေအတိုင်း တသွေမတိမ်း လိုက်နာနိုင်ကြသည်။ သူတို့ရဲ့ အဓိကလက်နက်က စုစည်းမှု၊ ကြံ့ခိုင်မှု၊ နည်းစနစ်ကျွမ်းကျင်မှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် စိတ်ရှည်မှုတို့ ဖြစ်သည်။ ဘယ်လိုအခြေအနေမျိုးကြုံလျှင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို သူ့တပ်ဖွဲ့ဝင်တွေက နောကြေနေအောင်သိပြီးသား။ ရန်သူတပ်ကို အငိုက်မိအောင် ဘယ်လိုတိုက်ရမည်၊ သူတို့သတ်ကွင်းထဲဝင်လာအောင် ဘယ်လိုကျုံးသွင်းရမည်ဆိုသည့် နည်းဗျူဟာတွေက သူတို့မှာပြည့်ဝနေပြီးသား။ ထိုကဲ့သို့ ဖြစ်အောင်လည်း အချိန်များစွာယူကာ မိမိတည်ဆောက်လေ့ကျင့် ပေးထားခဲ့သည်ပဲလေ။

ဆွန်ဇုက ဆိုထားခဲ့သေးသည်-
  • He who knows when he can fight and when he cannot will be victorious.
  • ဘယ်အချိန်မှာ သူ နိုင်အောင်တိုက်နိုင်သည်။ ဘယ်အချိန်မှာ သူမတိုက်နိုင် ဆိုသောအချက်ကို နားလည်သိမြင်သူသည် အောင်ပွဲရလိမ့်မည်။

ဟုတ်ပေသည်ပဲ၊ ကိုယ့်မြေပေါ်ကို ဒီရန်သူတွေ ကျူးကျော်လာခဲ့စဉ်က သူတို့တွေနိုင်အောင် တိုက်ထုတ်နိုင်ခဲ့ကြသည်။ မိမိဘက်က အကျအဆုံးအနည်းဆုံးဖြင့် သူတို့ကို တပ်လန်သွားစေခဲ့သည်ပဲ။ စစ်ရဲ့သဘာဝအတိုင်း အထိအခိုက်၊ အကျအဆုံး ရှိတတ်တာပဲ မဟုတ်လား။ အဲဒါကြောင့်လည်း သူတို့လာတိုက်စဉ်ကတည်းက ထိခိုက်ဆုံးရှုံးမှုရှိမှာကို ကြိုတွက်ထားပြီးသား။ ဒါပေမယ့် အနည်းဆုံးဖြစ်အောင်တော့ ပြင်ဆင်ထားနိုင်ခဲ့သည်။ အကောင်းဆုံးစစ်နည်းဗျူဟာတွေနဲ့ သူတို့ကို ရင်ဆိုင်နိုင်ခဲ့သည်။ အဲဒါကြောင့်လည်း သူတို့တွေ အထိနာပြီး ပြန်သွားခဲ့ကြခြင်း ဖြစ်သည်။ ဘာပဲပြောပြော ရန်သူသည် ကျားနာတစ်ကောင် ဖြစ်သွားခဲ့ပြီဆိုတာကို မိမိ ကောင်းစွာသိရှိခဲ့ပါသည်။ ဒါကြောင့်လည်း သူတို့ဒေသမှာ စစ်ဆင်နွှဲရန် သွားရမည်ဆိုကတည်းက ကြုံလာနိုင်တာမှန်သမျှကို ကြိုတင်ပြင်ဆင်ခဲ့သည်။ သူတို့မြေ၊ သူတို့လူထုရှေ့မှောက်မှာ မိမိတပ်ဖွဲ့အနေဖြင့် မည်သို့မျှ အနိုင်ရနိုင်မည်မဟုတ် ဆိုသည်ကို အစောကြီးကတည်းက တွက်ထားပြီးသား။ အကျအရှုံးအနည်းဆုံးဖြစ်အောင် ဘယ်လိုစီစဉ်ရမလဲ ဆိုတာကိုပဲ သူတစ်ချိန်လုံး ပြင်ဆင်နေခဲ့သည်။ ငယ်သားတွေကလည်း သူ့အပေါ်မှာ ယုံကြည်မှုအပြည့် ရှိပြီးသားဆိုတော့ သူတို့အတွက်တော့ ပူစရာမလို။ သူတိုက်ခိုင်းသည့် ဗျူဟာနှင့် သူတို့တွေတိုက်ကြမည်၊ သူပြောသည့်အတိုင်း ရန်ဆိုင်တုံ့ပြန်ကြမည်ကို သူနည်းနည်းလေးမှ သံသယမရှိ။ ဒါကြောင့်လည်း ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် သူ့အတွက် တစ်ဖက်ရန်သူကို သွားတိုက်ရမည့်ပွဲသည် အသက်တမျှ အရေးကြီးနေသည်။ ရန်သူစစ်ဗိုလ်ချုပ်ကလည်း ငယ်ရွယ်ထက်မြက်သူဖြစ်သည်။ တစ်ချိန်က တိုက်ပွဲတွေမှာ ရဲရဲတောက် ဆင်နွှဲခဲ့သူ။ သူမသိမ်းပိုက်ဖူးသည့် နယ်ပယ်မရှိလောက်အောင် နပိုလီယံကဲ့သို့ ထင်ရှားလှသူဖြစ်သည်။

အင်း... ကောက်ချက်ချလိုက်တဲ့အခါ တစ်ဖက်မြေမှာ သူနိုင်အောင် တိုက်စစ်ဆင်လို့ရမှာ မဟုတ်တာကို အသေအချာ သိလာရသည်။ ဒါဆိုရင် သူလုပ်ရမှာက တစ်ခုပဲရှိသည်။ ခံစစ်... ဟုတ်သည်၊ ခံစစ်ကိုပဲ သူကျင့်သုံးရတော့မည်။ တိုက်စစ်ဆင်ဖို့အတွက်က အင်အားသာဖို့လိုသည်။ မိမိတပ်အနေဖြင့် ရေခြားမြေခြားမှာ အင်အားဆတူ ရင်ဆိုင်ရမည်ဆိုသော်လည်း သူတို့မြေ၊ သူတို့ဒေသ၊ သူတို့သတ်ကွင်းမှာ အပြိုင်တိုက်ခိုက်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူ။ သူသေကိုယ်သေသာ ရင်ဆိုင်မည်ဆိုလျှင် မိမိတပ် ပျက်သွားနိုင်သည်။ အဆုံးအရှုံး များသွားနိုင်သည်။ ဒါကြောင့် သူအကျွမ်းကျင်ဆုံးဖြစ်သည့် ခံစစ်နည်းဗျူဟာကို ကျင့်သုံးဖို့ သူဆုံးဖြတ်လိုက်သည်။ ခံစစ်ကောင်းလျှင် မိမိထက် အင်အားနှစ်ဆများတဲ့ ရန်သူကိုတောင် ဟန့်တားနိုင်တာကို သူသိထားပြီးသားလေ။ အခုဟာက အင်အားဆတူရယ်ပါ။

သူဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ပြီးတဲ့အချိန်မှာ သူ့တပ်ဖွဲ့တွေကို သေသေချာချာ တစ်ဦးချင်း မှာကြားလေ့ကျင့်ပေးရတယ်။ သူတို့တွေမှာလည်း အနည်းနဲ့အများဆိုသလို စိုးရိမ်စိတ်ကလေးတွေ ရှိနေကြသည်။ ဟုတ်သည်ပဲ... သူတို့ရင်ဆိုင်ရမည့် ရန်သူ့အကြောင်းတွေကို သူတို့လည်း သိထားပြီးသား။ အားလုံးကလည်း ရန်သူ၏ နှိပ်ကွပ်သတ်ဖြတ်မှုကို သူတို့တွေ မရှုမလှခံကြရပြီး ပြန်ပြေးလာကြရမည်ဟု ထင်မှတ်ထားကြသည်။ သို့သော် ရန်သူ့တပ်အကြောင်း၊ ရန်သူစစ်သည်တော် တစ်ဦးစီ၏ အကြောင်းတွေကို ပြောပြပြီးချိန်မှာတော့ သူ့တပ်သားတွေရဲ့မျက်နှာမှာ ရဲရင့်တဲ့ အရိပ်အယောင်တွေ မြင်လာရသည်။ ဟုတ်သည်ပဲ။ ရန်သူ့အကြောင်းကို သိထားခြင်းဟာ စစ်ပွဲကို တစ်ဝက်နိုင်ခြင်းပဲမဟုတ်လား။ ဘယ်သူရဲကောင်းကို ဘယ်သူကထိန်းရမည်၊ ဘယ်သူကတော့ ယောင်ပြပစ်ခတ်ရမည်၊ ဘယ်သူက ချုံခိုတိုက်ခိုက်ရမည်၊ ခံစစ်စည်းအတွင်း ရန်သူမ၀င်ရောက်နိုင်အောင် မည်သို့မည်ပုံ ပိတ်ဆို့ဟန့်တား တားဆီးရမည်ကို သေသေချာချာ ပြောပြသည်။

တရုတ်စစ်ပါရဂူကြီး ဆွန်ဇုပြောခဲ့သည့် စကား(၃)ခွန်းကို စာအုပ်ထဲမှ ပြန်ထုတ်ဖတ်နေမိသည်။
  • Therefore the skillful commander takes up a position in which he cannot be defeated and misses no opportunity to master his enemy.
  • ကျွမ်းကျင်သော စစ်သူကြီးသည် ရန်သူချေမှုန်းခြင်းကို မခံရနိုင်သည့် အနေအထားကို သေချာစွာ ရွေးချယ်ပြီး ခံစစ် ပြင်ဆင်သည်။ ရန်သူကို အပြီးတိုင် ချေမှုန်းဖို့ အခွင့်အလမ်းကို လက်မလွတ်တမ်း ဆုပ်ကိုင်ဖမ်းနိုင်သည်။

  • Thus a victorious army wins its victories before seeking battle; an army destined to defeat fights in the hope of winning.
  • အောင်မြင်သော တပ်မတော်သည် တိုက်ပွဲမ၀င်မီကပင် အောင်ပွဲအတွက် သေချာအောင် လုပ်ဆောင်ထားပြီးပြီ။ ထိုတပ်မတော်သည် ခံစစ်ဆင်ရန် ပြင်ဆင်နေဆဲ၌ပင် မုချ အောင်မြင်ရမည်ဟူသော မျှော်လင့်ချက်ဖြင့် သန္နိဋ္ဌာန်ခိုင်မာပြီး ဖြစ်လေသည်။

  • Those skilled in war cultivate the Tao and preserve the laws and are therefore able to formulate victorious policies.
  • ထက်မြက်သော စစ်နည်းဗျူဟာ ခေါင်းဆောင်သည် "ရည်ရွယ်ချက်" ကို တိတိကျကျ ရှင်းရှင်းလင်းလင်း ချရေးထားသည်။ ခိုင်ခိုင်မာမာ မိမိတပ်ဖွဲ့ဝင်များကို အသိပေး ညွှန်ကြားလှုံ့ဆော်ထားသည်။ အောင်ပွဲခံစေမည့် "စည်းမျဉ်းဥပဒေ" လုပ်ထုံးလုပ်နည်း၊ မူဝါဒများကို ချမှတ်ရေးဆွဲထား၏။ တင်းတင်းကြပ်ကြပ် လိုက်နာအကောင်အထည် ဖော်စေ၏။

သူ့အတွေးစတွေကို ဖြတ်တောက်လိုက်ရသည်။ သူ့တပ်ဖွဲ့ရင်ဆိုင်နေရသည့် စစ်မြေပြင်ဆီကို မျက်လုံးအကြည့်ရွှေ့လိုက်မိသည်။ သူခန့်မှန်းတွေးထင်ထားခဲ့သလိုပင် ရန်သူတပ်သည် ကျားနာတစ်ကောင်လို သည်းသည်းမည်းမည်း လိုက်လံတိုက်ခိုက်နေချေပြီ။ သူ့တပ်သားတွေအားလုံး သူမှာကြားထားသည့်အတိုင်း တသွေမတိမ်း လိုက်ပါလုပ်ဆောင်နိုင်ကြသဖြင့် ကျေနပ်ရသည်၊ ချီးကျူးရသည်။ သူချမှတ်ထားသည့် နည်းဗျူဟာအတိုင်း ခံစစ်ဆင်နိုင်ကြသည်။ သူတို့က အောင်မြင်စွာ ခံစစ်ဆင်နိုင်လေ ရန်သူတပ်အဖို့ ဒေါသထွက်ရလေ ဖြစ်နေပေသည်။

သို့သော် တိုက်ပွဲစလို့မှ မကြာသေးမီမှာပင် အလစ်အငိုက်ခံလိုက်ရသည့် လက်နက်ကြီးတစ်ခုကြောင့် သူ့တပ်သားတစ်ယောက် ကျဆုံးသွားရသည်။ သူအနည်းငယ် စိုးရိမ်စိတ် ၀င်သွားမိသည်။ ရန်သူ၏ တရစပ်တိုက်ခိုက်မှုကို ခုခံနေရချိန်တွင် အင်အားလျော့သွားခြင်းသည် ကောင်းသည့်လက္ခဏာတော့ မဟုတ်ချေ။ သို့သော် သူ့တပ်ဖွဲ့ကတော့ ဖွဲ့စည်းပုံမပျက် ဆက်လက်ခုခံနိုင်နေသေးသည်။ သူညွှန်ကြားသမျှကို လက်ခံဆောင်ရွက်နိုင်နေသေးသည်။

အဲဒါကြောင့်လည်း ဆွန်ဇုက ပြောခဲ့တာပေါ့။
  • In the tumult and uproar the battle seems chaotic, but there is no disorder; the troops appear to be milling about in circles but cannot be defeated.
  • ဆူညံရှုပ်ထွေး၍ ယောက်ယက်ခတ်နေသော အသွင်သဏ္ဌာန်ဖြင့် စစ်မြေပြင်ကို မြင်ရတွေ့ရသော်လည်း မိမိတပ်များသည် စနစ်တကျ လှုပ်ရှားနိုင်ရမည်။ ၀ါးအစည်းမပြေစေဘဲ တိုက်ပွဲဝင်ရမည်။ ထိုသို့ "ကွပ်ကဲမှုမပျက်"ရှိလျှင် စစ်မရှုံးနိုင်။

တိုက်ပွဲပြီးဆုံးကြောင်း အချက်ပေးခရာသံ ထွက်ပေါ်လာသည်။ တစ်ဖက်ရန်သူတို့ ခေါင်းငိုက်စိုက်ကျသွားကြသည်။ သူတို့တွေ လက်နက်ချလိုက်ကြပြီ။ ဟုတ်သည်၊ မိမိတို့နိုင်ပြီ။ အထိအခိုက်၊ အကျအဆုံး အနည်းဆုံးဖြင့် မိမိတို့ အောင်နိုင်လိုက်ချေပြီ။ ခေါင်းဆောင်တစ်ဦး ဖြစ်ငြားသော်လည်း အိနြေ္ဒတွေဘာတွေ ဆည်မနေနိုင်တော့။ သူပြေးလွှားကာ အောင်ပွဲခံနေမိသည်။ သူ့တပ်သားတွေကို လိုက်လံအားပေးလိုက်သည်။ သူတို့သည်း ပျော်နေကြသည်။ သူတို့လုပ်နိုင်မည်ဟု ယုံကြည်ထားခဲ့သည့်အတိုင်း သူတို့တွေ လုပ်ပြနိုင်ခဲ့ကြပြီ။ ခေါင်းဆောင်မှုပေးခဲ့သည့်အတိုင်း သူတို့တွေ ပုံဖော်နိုင်ခဲ့ကြသည်။

အကောင်းဆုံးခံစစ်ဖြင့် အထက်မြက်ဆုံးတိုက်စစ်ကို ဟန့်တားနိုင်ခဲ့ကြပြီ။ သူတို့တိုက်ပွဲအကြောင်းကို နှောင်းလူတို့က တသသပြောနေကြရတော့မည်။ မဟာဧကရာဇ်ဘွဲ့ကို ဆွတ်ခူးနိုင်ရန်အတွက် သူတို့အတွက် ရင်ဆိုင်တိုက်ခိုက်ရန် တပ်တစ်ခုသာ ကျန်တော့သည်။ ဘာပဲပြောပြော သူကျေနပ်သည်။ ပျော်ရွှင်သည်။ သူ့ဘ၀ရဲ့ အပျော်ဆုံးနေ့တွေထဲက တစ်ခုပေါ့။ ဂုဏ်အယူရဆုံး နေ့ရက်တစ်ခုပေါ့။ သူ့ဘုရင်မင်းမြတ် နှစ်ပေါင်းများစွာ လိုလားတပ်မက်နေသည့် မဟာဧကရာဇ်ဆိုသည့် ဂုဏ်ပုဒ်ကို ရယူဖို့ လက်တစ်ကမ်းမှာ ရောက်နေချေပြီ။ သူဘာလုပ်ပြနိုင်သလဲဆိုတာကို ထပ်မံအစွမ်းပြခွင့် ရလိုက်ပြန်ချေပြီ။

စပါယ်ရှယ်ဝမ်းဟု ၀င့်ကြွားပြောဆိုတတ်သူ အောင်ပွဲရစစ်သူကြီး မော်ရင်ဟိုသို့ ဂုဏ်ပြုလျက်....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၉ ရက်၊ ကြာသပတေးနေ့။
နံနက် ၁၁ နာရီ ၀၇ မိနစ်တွင်ပြီး၏။
ကိုးကား - The Art of War, SUN TZU (ချစ်နိုင်-စိတ်ပညာ ပြန်ဆိုသည့် သေနင်္ဂဗျူဟာ အတတ်ပညာ)

******** စာကြွင်း ********
စာဖတ်သူတိုင်း ကြိုက်နှစ်သက်မယ်လို့ မယူဆပါဘူး။ ကျွန်တော့်စိတ်ထဲမှာ ရေးချင်စိတ်ပေါ်လာတဲ့အတိုင်း ရေးသားထားခြင်း ဖြစ်ပါတယ်။ တစ်နည်းပြောရရင် မော်ရင်ဟိုနေရာကနေ ၀င်ရောက်ခံစားပြီး အတွေးကွန့်ထားခြင်းပါ။ အပေါ်ယံ ဖတ်သွားမယ်ဆိုရင်တော့ ကျွန်တော်ပြောချင်တာလေးတွေကို မြင်ချင်မှမြင်ပါလိမ့်မယ်။ သေသေချာချာ ဖတ်ကြည့်စေလိုပါတယ်။ ကျွန်တော်ပေးချင်တဲ့ တစ်စုံတစ်ရာကိုများ စာဖတ်သူ ရသွားခဲ့တယ်ဆိုရင် ကျေနပ်ပျော်ရွှင်ရမှာပါ။ အဲဒီလိုမှမဟုတ်ဘဲ အပျင်းပြေ ဖတ်လို့ကောင်းတယ်ဆိုရင်လည်း ၀မ်းသာရမှာပါပဲ။ ဘာတွေရေးထားမှန်းလည်းမသိဘူး၊ ဘာမှကို နားမလည်ဘူး ဆိုသူတွေအတွက်တော့ ဖတ်ရှုပေးခြင်းကို ကျေးဇူးတင်ရင်း၊ ပေးခဲ့ရတဲ့အချိန်တွေအတွက် အားနာမိကြောင်းပါ။ ကျွန်တော့်ရဲ့ အရေးအသားချို့တဲ့မှုကြောင့် လိုအပ်ချက်လေးတွေ ရှိနေခဲ့ရင် နားလည်ဖတ်ရှုပေးကြပါဦးလို့ တစ်ဆက်တည်း ပြောလိုက်ပါရစေ။ ကျေးဇူးတင်ပါတယ်။

Wednesday, April 28, 2010

အကောင်းဆုံးအရာများ - ကျော်လင်းရှိန်


သတ္တ၀ါတိုင်း အကောင်းဆုံးကို ကြိုက်မြဲဖြစ်သည်။ သို့သော် ဘယ်အရာအကောင်းဆုံးဟု ရွေးချယ်နိုင်ရန် သိရှိဖို့ လိုအပ်ပေသည်။ အကောင်းဆုံးအရာများကို ရွေးချယ်စုစည်းအပ်ပါသည်။ ဆင်ခြင်ကြည့်နိုင်ကြဖို့ ရည်သန်ပါသည်။

အကောင်းဆုံးပုဂ္ဂိုလ်
ကိုယ်တိုင်ပင် ဖြစ်ပါသည်။ လောကတွင် ကိုယ့်ထက်ပို၍ ကိုယ့်အကြိုက်လိုက်မည့်သူ မရှိနိုင်ပါ။ ကိုယ့်ထက်ပို၍ ကိုယ့်အကြောင်းသိသူ မရှိနိုင်ပါ။ ကိုယ့်ထက်ကိုယ်ကျိုးကို လိုလားပေးမည့်သူ မရှိနိုင်ပါ။ ထို့ပြင် ကိုယ်ပြုသော စေတနာကံသည် ကိုယ့်အကျိုးကိုပင် ဖြစ်စေမည်ဖြစ်သည်။ ကိုယ်လုပ်မှသာ ကိုယ်ရမည်ဖြစ်သည်။ ဘုရားရှင်ကလည်း "ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ရာ"၊ "ကိုယ့်ကံကြမ္မာ ကိုယ်သာဖန်တီးသည်" ဟု ဟောပြထားပြီး ဖြစ်ရာ ကိုယ်ကောင်းချင်လျှင် အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်ရန် ကြိုးစားစီမံရန်သာတည်း။

အကောင်းဆုံးအချိန်
ယခုအချိန်သည် အကောင်းဆုံးအချိန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောင်အချိန်တွင် ယခုအချိန် မရှိတော့၍ဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သည်များကို ယခုလုပ်မှသာ ပြီးစီးနိုင်မည်ဖြစ်သည်။ နောင်မှဆိုလျှင် မသေချာတော့ပါ။ ဖြစ်ပျက်တတ်သော သဘောရှိသည့် လောက၌ လက်ရှိအချိန်သည်သာ အသေချာဆုံးဖြစ်သည်။ "သင်သည် မြစ်တစ်ခုကို နှစ်ကြိမ်မဆင်းနိုင်" ဟု ဆိုရိုးရှိသည်နှင့်အညီ မြစ်သည်လည်း စီးဆင်း၍ သွားတတ်သည်။ သင်သည်လည်း ပြောင်းလဲ၍သွားပြီ ဖြစ်သည်။ ထို့ကြောင့် တစ်ပြိုင်တည်းကြုံရမည့် ယခုလက်ရှိအချိန်တွင် မြစ်ရေ၏ လန်းဆန်းမှု၊ အေးမြမှုကို ကြည်နူးစွာခံစားမိဖို့ လိုသည်။ ကိုယ်၊ လက်၊ မျက်နှာ သန့်စင်မိဖို့ လိုသည်။ ထို့ပြင် ရေစီးနှင့် မမြောဖို့၊ မနစ်မြုပ်ဖို့ ထိန်းသိမ်းရန် လိုသည်။ ဤကဲ့သို့ မြစ်တွင်းဆင်းမိစဉ် သင်လုပ်ဆောင်မိလျှင် ဤသဘောမျိုးပင် အချိန်ကို အသုံးချမိလျှင် ရရှိအပ်သော ယခုအချိန်မှာ သင် အကောင်းဆုံးလုပ်ဆောင်မိပြီ ဖြစ်သည်။

အကောင်းဆုံးပညာ
မဂ်ပညာသည် အကောင်းဆုံးပညာဖြစ်သည်။ အခြားပညာများသည် အကျိုးတစ်ခုသာ ပြုမြဲဖြစ်သည်။ သံသရာမှ အပြီးအပြတ် လွတ်မြောက်ခြင်းကို မပေးနိုင်။ သံသရာမှ လွတ်မြောက်ကြောင်းကို မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရှိမှသာ ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် မဂ်တရား၊ ဖိုလ်တရားတို့ကို ရရှိစေနိုင်သော ၀ိပဿနာပညာ၏ ပန်းတိုင်ဖြစ်သော မဂ်ပညာသည်သာ အကောင်းဆုံးပညာ ဖြစ်သည်။

အကောင်းဆုံးလက်နက်
မေတ္တာတရားသည် အကောင်းဆုံးလက်နက်ဖြစ်သည်။ မေတ္တာသည် ရန်အောင်ကြောင်း တရားတို့အနက် အကောင်းဆုံးဖြစ်သည်။ ရှင်တော်မြတ်ဘုရားသည် အောင်မြင်ရန်ခက်ခဲသော ရန်မှန်သမျှကို မေတ္တာဖြင့်သာ အောင်မြင့်ခဲ့သည်သာတည်း။ မေတ္တာ၏သဘောသည် ခွင့်လွှတ်ခြင်းနှင့် အကျိုးလိုလားခြင်း ဖြစ်သည်။ ပင်ကိုယ်သဘာဝ ဖြူစင်ခြင်း၊ သန့်ရှင်းကြည်လင်ခြင်း ဓာတ်သဘာဝရှိသည်။ မေတ္တာထားလျှင် ရန်ဟူသမျှ မရှိနိုင်တော့။ ရန်မရှိမှ ရန်အောင်မြင်ရန် မလိုတော့။ ထို့ကြောင့် မေတ္တာလက်နက်ကို သုံးခြင်းသည် သေချာသော ရန်အောင်မြင်မှုသာတည်း။

အကောင်းဆုံးဆရာ
အတွေ့အကြုံသည် အကောင်းဆုံးဆရာဖြစ်သည်။ လက်တွေ့သိအပ်သော ဆင်ခြင်သုံးသပ်အပ်သော ရရှိထားသည့် ကြိမ်ဖန်များစွာ အတွေ့အကြုံသည် ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများကို အကောင်းဆုံး လမ်းညွှန်မှုပေးနိုင်မည်သာ။ ထို့ကြောင့် စမ်းသပ်လုပ်ဆောင်ကြည့်ခြင်း၊ ဆင်ခြင်သုံးသပ် တွေးခေါ်ကြံဆခြင်းတို့ တိုးပွားအောင် ဆောင်ရွက်ခြင်းဖြင့် အတွေ့အကြုံကောင်းများ ရလာနိုင်သည်။ ထို့ပြင် အလုပ်မှန်သမျှ တတ်ကျွမ်းရန် လေ့ကျင့်ရမြဲဖြစ်သည်။ လေ့ကျင့်မှုများလေလေ ကျွမ်းကျင်မှု ရှိလာလေလေသာတည်း။ ထို့ကြောင့် အတွေ့အကြုံကောင်းများ ရရှိနိုင်ရန် လေ့ကျင့်မှု လိုအပ်ပါသည်။

အကောင်းဆုံးဆုလာဘ်
ကျန်းမာခြင်းသည် အကောင်းဆုံးဆုလာဘ် ဖြစ်သည်။ ကျန်းမာမှသာ ကာယသုခ ဖြစ်စေနိုင်သည်။ ကာယသုခမှသည် စိတ္တသုခသို့ ကူးစက်စေမည် ဖြစ်သည်။ မကျန်းမာဘဲ သုခမဖြစ်နိုင်ပါ။ ကျန်းမာမှသာ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းကို ရရှိနိုင်သောကြောင့် ကျန်းမာခြင်းသည် အကောင်းဆုံးဆုလာဘ် ဖြစ်ပေသည်။

အကောင်းဆုံးသမားတော်
ကိုယ်တိုင်ဖြစ်သည်။ "ကိုယ့်ဝမ်းနာ ကိုယ်သာသိ" ဟု ဆိုရိုးရှိသည့်အတိုင်း ကိုယ့်ဝေဒနာ ကိုယ်ခံစားရမှုကို ကိုယ်တိုင်အသိဆုံး ဖြစ်သည်။ ထို့ကြောင့် စဖြစ်ချိန်မှစ၍ ချက်ချင်းလိုအပ်သလို ကုစားမည်ဆိုပါက ရောဂါရင့်ခြင်း၊ ပြင်းထန်ခြင်းများ မဖြစ်စေနိုင်။ ထို့ပြင် ကံ၊ စိတ်၊ ဥတု၊ အာဟာရ သင့်တော်အောင် စီမံပေးရမည့်သူမှာလည်း ကိုယ်တိုင်ပင် ဖြစ်သည်။ ကိုယ်တိုင် ကျန်းမာရေးအတွက် ဆောင်ခြင်း၊ ရှောင်ခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။ ထို့ကြောင့် မိမိ၏ တစ်ကိုယ်ရည်ကျန်းမာရေးကို အကောင်းဆုံး သမားတော်ဖြစ်သည့် ကိုယ်တိုင်စောင့်ရှောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

အကောင်းဆုံးအလုပ်
ဝါသနာထုံ၍ စေတနာကြီးစွာဖြင့် စူးစူးစိုက်စိုက် လုပ်ဆောင်သော အလုပ်သည် သင့်အတွက် အကောင်းဆုံးအလုပ်တည်း။ ထိုလုပ်ဆောင်မှုသည် အောင်မြင်မှုနှင့် နီးသလို အကျိုးပေးသန်မှာလည်း သေချာလှပေသည်။ စူးစိုက်ခြင်းသည် ဈာန်သဘော၊ စေတနာသည် ကံ၏ အရင်းခံ၊ ၀ါသနာသည် အထုံဗီဇဖြစ်သည်။ ထိုအခြင်းအရာများ ပေါင်းစပ်သော လုပ်ဆောင်မှုသည် အကောင်းဆုံး လုပ်ဆောင်မှုဖြစ်သည်။

အကောင်းဆုံးပီတိ
ဥဒါန်းကျူးရင့်အပ်သော မိမိလိုလားရာပန်းတိုင်ကို ကြိုးစား၍ ရယူအောင်မြင်ချိန်သည် အကောင်းဆုံးပီတိကို ရရှိနိုင်သော အချိန်သာတည်း။ သတ္တ၀ါမှန်လျှင် လိုအင်ဆန္ဒရှိမြဲဖြစ်သည်။ အဓိပတိဖြစ်လိုသော ဆန္ဒ၊ အဓိပတိ ဖြစ်လိုသောစိတ်တို့ ဦးဆောင်သော ကောင်းစွာကြိုးပမ်းခြင်း ၀ီရိယဖြင့် အတွေ့အကြုံမှပေးသော ပညာတို့ဖြင့် အဓိပတိဖြစ်၍ ထောက်ပံ့မှု အားကောင်းချိန်တွင် လိုလားရာပန်းတိုင်ကို ရောက်ရှိနိုင်ပေသည်။ ထိုအချိန်သည် ရည်မှန်းရာ အမြင့်ဆုံးတောင်ထွဋ်ကို ရောက်ချိန်သာတည်း။ ကြိုးပမ်းမှုအတွက် အကောင်းဆုံးရလဒ်ကို ရရှိချိန်ပင်တည်း။ ထိုအချိန်တွင် သင်သည် အကြီးမားဆုံး၊ အကောင်းဆုံး အောင်မြင်ပြီဟု ဥဒါန်းကျူးရင့်မိမည့် အချိန်သာတည်း။ ထိုအချိန်တွင် သင်သည် ၀မ်းမြောက်ဝမ်းသာမှုအတွက် ကြီးစွာသောပီတိကို ရရှိခံစားရမည်သာတည်း။

အကောင်းဆုံးများ ပိုင်ဆိုင်နိုင်ရန် အကောင်းဆုံးကြိုးစားမှုများ ဖြစ်လာနိုင်ကြပါစေ။

The Voice Weekly Journal
အတွဲ  (၆) အမှတ် (၂၄)
စာမျက်နှာ - ၃၄

ပန်းအမည်များ (Flowers)


အရင်ဆုံးနိဒါန်းစကားတော့ ဆိုဦးမှရမယ်ဗျ။ ဒီပို့စ်ကို တင်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းခံကို ပြောပြချင်တာပါ။ ကျွန်တော့်ကို စိန်ပန်းနီတွေ ဓာတ်ပုံရိုက်ပေးတဲ့ ညီငယ်ကြောင့် ဒီပို့စ်ကို ရေးဖြစ်တာပါ။ သူရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကျွန်တော့်ကိုပေးဖို့အတွက် Folder တစ်ခု Share ပေးရတာပေါ့။ အဲဒီမှာ ပြဿနာတက်တော့တာပဲ။ စိန်ပန်းနီကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲဆိုတာ ကျွန်တော်မသိဘူး။ Folder လေးတစ်ခု Share ပေးတာ အဲလောက်တောင် ကြာရသလားဆိုပြီး ဓာတ်ပုံဆရာညီငယ်က ကျွန်တော့်ဘေးကို ရောက်လာတယ်။ ကျွန်တော်က စိန်ပန်းကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲဆိုတာ မေ့နေတဲ့အကြောင်းပြောတော့ ကျေးဇူးရှင်ကရယ်တယ်။ ပြီးတော့ အားမနာလျှာမကျိုး “အစ်ကိုက တုံးကိုတုံးလွန်းတယ်တဲ့။ ဘာမှမဟုတ်တဲ့ဟာကို စဉ်းစားနေတယ်” တဲ့။ စိန်ပန်းများ ဘာခက်လို့လဲ၊ Diamond Flower ပေါ့တဲ့။ အမယ်လေး... မြတ်စွာဘုရား၊ တော်လှချည်လား ငါ့ညီရယ်လို့ပဲ အော်လိုက်ချင်မိတယ်။ စိန်ပန်းနီဆိုတော့ Red Diamond Flower ပေါ့တဲ့။ ပြောတတ်လိုက်တာနော်။ သူကတော့ စရင်း၊ နောက်ရင်း ပြောလိုက်တာပါ။ ဒါပေမယ့် အဲဒီလိုမဟုတ်မှန်း သိနေတော့ အောင့်သက်သက်ကြီး ဖြစ်ရတာပေါ့။ အမှန်ကိုလည်း စဉ်းစားလို့မရတော့ လတ်တလော ဓာတ်ပုံတွေရဖို့အရေး သူပြောတဲ့အမည်နဲ့ပဲ Folder Name ပေးလိုက်ရတာပေါ့။

အခန်းပြန်ရောက်တော့ ပထမဆုံးလုပ်ဖြစ်တဲ့အလုပ်က စာအုပ်လှန်ပြီး စိန်ပန်းကို ဘယ်လိုခေါ်သလဲ ရှာရတာပါပဲ။ ဘယ်စာအုပ်မှာပါတယ်၊ ဘယ်နေရာမှာ ပါတယ်ဆိုတာကို သိနေတော့ ချက်ချင်းတွေ့ပါတယ်။ အမယ်လေး... ခက်လိုက်တာ။ နောက်လည်း မှတ်မိမယ် မထင်ပါဘူး။ စိန်ပန်းကို "Gold Mohur" လို့ ခေါ်ပါသတဲ့။ တော်တော့်ကို ခက်ခက်ခဲခဲကြီးပါဗျာ။ နောက်ပြီးတော့ အဲဒီအမည်နဲ့ပဲ အခြားသောပန်းတွေကိုလည်း ယေဘုယျခြုံပြီး ခေါ်သေးသဗျ။ ထားပါတော့ဗျာ။ စိန်ပန်းနီမို့ Red Gold Mohur လို့ ခေါ်လို့ရမလားလို့ လိုက်ရှာကြည့်တော့လည်း အဆင်မပြေဘူးဗျ။ ဒါပေမယ့် Yellow Gold Mohur လို့တော့ စိန်ပန်းဝါကို ရည်ညွှန်းတာ တွေ့ရတယ်။

ထားလိုက်ပါတော့ဗျာ။ ဒါကနည်းနည်းရှင်းပြတာပါ။ အခုတော့ ပန်းတွေနဲ့သက်ဆိုင်တဲ့ စကားလုံးတွေကို တင်ပေးထားပါတယ်။ လူသိများတဲ့ ပန်းတွေနဲ့ဆိုင်တဲ့ စကားလုံးတွေကိုပဲ ရွေးထုတ်ထားကြောင်းပါ။ အချို့ပန်းတွေက ရင်းနှီးသလိုလို ရှိပေမယ့် အင်္ဂလိပ်လို ဖတ်လိုက်ရတဲ့အချိန်မှာ သူစိမ်းပြင်ပြင် ဖြစ်သွားတာမျိုးလည်း တွေ့ရတယ်။ အချို့ပန်းအမည်တွေကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း မကြားဖူး၊ မမြင်ဖူးတဲ့အတွက် ထည့်မရေးပေးလိုက်တာပါ။ လူတိုင်းအတွက် မဟုတ်ရင်တောင် အချို့သော လိုအပ်နေသူတွေ အတွက်တော့ဖြင့် အဖိုးတန်ကောင်းရဲ့၊ အကျိုးရှိကောင်းရဲ့လို့ မျှော်လင့်မိကြောင်းပါ။

၁။ကံ့ကော်mesua ferrea
၂။ကညွတ်ပန်းperi winkle flower
၃။ကြက်ရုန်းပန်းarabian jasmine
၎။ခရေပန်းstar flower
၅။ခွါညိုပန်းclematis
၆။ခေါင်ရမ်းပန်းhibiscus (shoe flower)
၇။ခေါင်းလောင်းပန်းmorning glory
၈။ခိုင်ရွှေဝါgolden rod
၉။ဂမုန်းjohnquil
၁၀။ဂန္ဓမာပန်းchrysanthemum
၁၁။ဂေါ်သဇင်porana spectablis
၁၂။ငုဝါcassiafistula
၁၃။စကားဝါyellow champac
၁၄။စန္ဒကူးပန်းsandal wood flower
၁၅။စိန်ပန်းgold mohur
၁၆။ဆောင်တော်ကူးပန်းverbena (vervain) (birdal boquet)
၁၇။ဆပ်သွားဖူးပန်းscrew pine flower
၁၈။ဆိတ်ဖလူးပန်းcoral jasmine
၁၉။ဇလပ်ပန်းrhododendron
၂၀။ဇီဇ၀ါပန်းgardenia
၂၁။ဇော်မွှားပန်းcarnation (pink flower)
၂၂။ဇွန်ပန်းsmall jasmine
၂၃။ဒေါနwarmwood plant, absenth
၂၄။ဒေါင်းဖန်ဝါပန်းzinnia
၂၅။နွယ်သာကီပန်းoleander
၂၆။ပုဏ္ဏရိပ်ixora
၂၇။ပိတောက်gumkino flower (padauk)
၂၈။ပုန်းညက်ပန်းalexandrian laurel
၂၉။ဗုဒ္ဓံသရဏံပွင့်canna
၃၀။ဗေဒါပန်းhyacinth
၃၁။မေမြို့ပန်းaster flower
၃၂။မိုးမခပန်းsalitetrasperma
၃၃။မြတ်လေးပန်းstar ipomea
၃၄။ရွက်လှပန်းgarden croton
၃၅။ရွှေပန်းyellow gingerlily
၃၆။လက်ပံပွင့်bombax malabaricum
၃၇။လုမ္ဗနီအင်ကြင်းshore robusta
၃၈။သဇင်ပန်းbulbophyllum auricolum
၃၉။သပြေပန်းeugenia
၄၀။သော်ကgolden shower, amherstia
၄၁။သဇင်ပန်းbulbophyllum auricomum
၄၂။သရဖီပန်းcallophyllum amoenum
၄၃။သခွတ်ပန်းtrumpet flower
၄၄။သစ္စာပန်းtiger lily (gladiolus)
၄၅။တမာပန်းazadirachtaindica flower

[U Win Maw - Vocabulary & Irregular Verbs မှ ပြန်လည်ကူးယူဖော်ပြပါသည်။]

Gtalk အတွေးစာသားများစုစည်းမှု (၉)


(၁)
မာယာခါးသက်သက်နဲ့
ရှင်သန်နေရတဲ့ ဘ၀မှာ
ဟန်ဆောင်တာတွေ
ဘာလို့ လိုအပ်နေတာလဲ
ငယ်တုန်းကလို မဖြူစင်တော့တာဟာ
လောကကြီးရဲ့ ပျိုးထောင်မှုတွေကြောင့်လား???

(၂)
မင်းကို မလွမ်းဘူးဆိုပြီး
ငါ့ခေါင်းကိုသာ တွင်တွင်ခါယမ်းနိုင်ပေမယ့်
ညစဉ် အိမ်မက်ထဲကို
မင်းရောက်ရောက်လာတတ်တာကိုတော့
ငါလုံးဝ မငြင်းနိုင်ခဲ့ပါဘူး မေ .....။

(၃)
လေးမတင်နိုင်လို့
မယ်သီတာကိုမရတဲ့ ဒဿကို
အချစ်ရှုံးသမားလို့ပြောရင်
လေးတင်နိုင်ပါလျက်နဲ့
မတင်ခဲ့တဲ့ ညီတော်လက္ခဏာကို
ဘယ်လိုပြောမလဲ???

(၄)
မေတ္တာ  - မတွေ့ရလည်း နေနိုင်သည်။ အေးငြိမ်းချမ်းသာ၏။
ကိလေသာ အချစ် - မတွေ့ရ မနေနိုင် ပူလောင်ပြင်းပြ၏။
မေတ္တာ - အနှောင်အဖွဲ့ မရှိ။
ကိလေသာ အချစ် - နှောင်ဖွဲ့ချုပ်နှောင်တတ်၏။

(၅)
သန့်စင်၍ ညီညွတ်မျှတသော စာရိတ္တကို အလိုရှိသူများသည် ဦးစွာ အမျိုးသားရေးဘ၀ကို စီမံရ၏။
အမျိုးသားရေးဘ၀ကို စီမံရန် လိုလားသူများသည် မိသားစုဘ၀ကို စနစ်ကျရ၏။
မိသားစုဘ၀ကို စနစ်ကျလိုသူသည် မိမိဘ၀ကို ပြုစုပျိုးထောင်ရ၏။
မိမိဘ၀ကို ပြုစုပျိုးထောင်ရန် လိုလားသူသည် မိမိနှလုံးသားကို တည့်မတ်ရ၏။
မိမိနှလုံးသားကို တည့်မတ်လိုသူသည် မိမိစိတ်ကို ဖြူစင်ရ၏။
မိမိစိတ်နှလုံးကို ဖြူစင်လိုသူသည် မှန်ကန်စွာ သိမြင်ရ၏။
မှန်ကန်စွာသိမြင်လာသည့်အခါ မိမိစိတ်သည် သန့် စင်လာ၏။
မိမိစိတ်သည် သန့်စင်လာသောအခါ မိမိနှလုံးသားသည် တည့်မတ်လာ၏။
မိမိနှလုံးသား တည့်မတ်လာသည့်အခါ ပုဂ္ဂလိကဘ၀ ရှင်သန်ဖွံ့ဖြိုးလာ၏။
ပုဂ္ဂလိကဘ၀ ရှင်သန်ဖွံ့ဖြိုးလာသည့်အခါ အမျိုးသားရေးဘ၀သည် ညီညွတ်မျှတလာ၏။
အမျိုးသားရေးဘ၀ ညီညွတ်မျှတလာသည့်အခါ ကမ္ဘာ့ငြိမ်းချမ်းရေးလည်း တည်လာတော့၏။

(၆)
Regular learning is crucial when you want to improve your specialized skills.

(၇)
အမှန်တရားဆိုတာကို ပြောပြဖို့အတွက် စကားလုံးတွေ အများကြီးမလိုပါဘူး။
အမှန်တရားဆိုတဲ့ စကားလုံးကိုပဲ အသံထွက်မှန်အောင် ပြောတတ်ဖို့ လိုပါတယ်။

(၈)
နင်ချစ်နေမှန်း ငါသိတယ်...
ဒါပေမယ့်...
ငါက ချစ်တယ်လို့ပြောတဲ့အခါ...
နင့်ကို ချစ်-မချစ် စဉ်းစားပါရစေဦးလို့ နင်ပြောမှာကို သိနေတော့...
ငါဘာလုပ်သင့်သလဲ?

(၉)
မဖြစ်နိုင်တော့တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတော့မယ်လို့ ခံစားရတဲ့အချိန်တိုင်း ဆန္ဒတွေက နောက်ဆုတ်သွားတတ်ပါတယ်။

(၁၀)
ပန်းလိုချင်လို့ ပျိုးခဲ့တာပါပဲ။
ဒါပေမယ့်...
ပိုးမွှားတွေကတော့ အလိုလိုရောက်လာခဲ့တဲ့ ဧည့်ဆိုးတွေပါ။

(၁၁)
အချို့သော မုသားတွေအတွက်
ဥပဒေကပေးတဲ့ အပြစ်ထက်
ကံကြမ္မာက ပေးတဲ့အပြစ်က
ပိုပြီး ပြင်းထန်တတ်ပါတယ်။


(၁၂)
ကကြီး လုံးကြီးတင် တစ်ချောင်းငင် အောက်ကမြင့်  ကို သတိရပါ့။

(၁၃)
ဖြတ်ကနဲ အကြည့်ချင်းဆုံ
ရင်ထဲမှာ သိမ့်ကနဲတုန်
ဖန်သားပေါ်က မင်းမျက်နှာ
ကိုယ့်ကို ကြည့်နေတာမှ မဟုတ်တာ
ကင်မရာကို စူးစိုက်ကြည့်
ငါရူးမိုက်စွာ ရင်ခုန်၏
မင်းလည်း မသိ
ဘယ်သူမှ မသိ
ကိုယ်တစ်ယောက်တည်း ကျိတ်ငိုမိ
ခေါင်းအုံးလေးသာ သက်သေရှိ။

(၁၄)
ဝေးမယ်ဆိုရင်တောင် ခေါင်းနဲ့ပန်းလိုပဲ နီးလျက်နဲ့ ဝေးချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့....
တစ်ခါတရံ သတိရ၊ လွမ်းဆွတ်တဲ့အခါ မင်းနောက်ကျောလေးကိုပဲဖြစ်ဖြစ်
နောက်ပြန်လှည့်ပြီး ခိုးကြည့်နိုင်တယ်လေ။

(၁၅)
သဗ္ဗေသတ္တာ ကမ္မသကာ -
သတ္တ၀ါမှန်သမျှ မိမိ၏ ကောင်းမှု၊ မကောင်းမှုသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား။


****************** ကျွန်တော်ပြောပါရစေ ******************
ဂျီတော့ခ်တွေမှာ တင်ထားတတ်တဲ့ စာသားလေးတွေကို လက်လှမ်းမီရာ စုစည်းပေးလာလိုက်တာ အမှတ်စဉ် (၉)ကိုတောင် ရောက်လာခဲ့ပါပြီ။ ဒီပို့စ်တွေကိုမှ စိတ်ဝင်စားစရာကောင်းတယ်၊ ကြိုက်ပါတယ်လို့ ဆိုလာကြသူတွေ ရှိနေတဲ့အတွက် ဘယ်လောက်များ ၀မ်းသာအံ့သြဖို့ ကောင်းလိုက်ပါသလဲ။ လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးနေတဲ့ ကိုယ့်ရဲ့ပို့စ်ကို ကြိုက်နှစ်သက်တယ်လို့ ပြောကြတာကို ဘယ်သူကများ သဘောမကျဘဲ ရှိလိမ့်မလဲဗျာ။ တချို့ကလည်း နားမလည်နိုင်ကြသေးပါဘူး။ မင်းဟာက ကလေးကလားတွေ တင်ပေးထားတာပဲတဲ့။ သူတို့ဘာသာသူတို့ ရေးချင်ရာရေးထားတာတွေကို လျှောက်တင်ပေးနေတော့ မင်းဘလော့ဂ်ပဲ ငပေါဖြစ်တာပေါ့တဲ့။ သူတို့မို့ ပြောရက်လိုက်ကြတာနော်။ ဒါပေမယ့် စိတ်မဆိုးပါဘူး... ဘုရားစူး၊ မိုးကြိုးပစ်၊ ရောက်လေရာအရပ်မှာ အစားကောင်း စားရပါစေရဲ့။ တကယ့်ကို စိတ်မဆိုးပါဘူးဗျာ။ သူတို့ရဲ့ စေတနာကို မြင်နေလို့ပါ။ သူတို့တွေက ကိုယ့်ဘလော့ဂ်အပေါ်မှာ ကြားထဲက၀င်ပြီး စေတနာထားပေးကြတာကို နားလည်ရပါတယ်။

ဒါပေမယ့် ပထမဆုံးတင်ပေးတဲ့ ပို့စ်မှာကတည်းက ကျွန်တော်ပြောခဲ့ဖူးတာ ရှိပါတယ်။ ဂျီတော့ခ်မှာ တင်ပေးထားတဲ့ စတေးတပ် မက်ဆေ့ခ်ျလေးတွေကိုဖတ်ပြီး အဲဒီလူဟာ ဘယ်လိုလူမျိုးလဲဆိုတာကို အပြည့်အ၀မဟုတ်တောင် အနီးစပ်ဆုံး ခန့်မှန်းလို့၊ ကောက်ချက်ချလို့ရကြောင်း ရေးခဲ့ဖူးပါတယ်။ စာသားတွေကို ခဏခဏပြောင်းတတ်တဲ့ လူတွေများဆိုရင် ပိုလို့တောင်မှ ခန့်မှန်းရ လွယ်ကူပါသေးတယ်။ မယုံမရှိပါနဲ့ မိတ်ဆွေ။ ကျွန်တော်က ကိုယ်တွေ့ပါ။ လုံးဝမသိတဲ့၊ မရင်းနှီးတဲ့ လူအနည်းငယ်ကို သူတို့ဘာဖြစ်နေတယ်၊ ဘယ်လိုစိတ်ထားရှိတယ်ဆိုတာကို ကျွန်တော်ပြောပြဖူးပါတယ်။ သူတို့ကိုယ်သူတို့ အံ့သြရတဲ့အထိ ဆိုပါတော့။ အဲဒီအထဲမှာ လက်ရှိဘ၀ကို စိတ်ဓာတ်ကျနေတဲ့ ညီငယ်တစ်ယောက်နဲ့၊ စိတ်လေနေတဲ့ ညီမငယ်တစ်ယောက် ပါပါတယ်။ ကျွန်တော်တတ်နိုင်သမျှ၊ စေတနာအရင်းခံနဲ့ အားပေးခဲ့ပါတယ်။ စိတ်ဓာတ်တွေ မြှင့်တင်ပေးခဲ့ပါတယ်။ အခုစာဖတ်သူတွေထဲမှာ အဲဒီညီငယ်၊ ညီမငယ်တွေ ပါကောင်းပါနေပါလိမ့်မယ်။

အဲဒီလိုဆိုတဲ့အတွက် ကျွန်တော့်ကို ဟုတ်လှချည်လားလို့လည်း မထင်စေလိုပါ။ ကျွန်တော်ပြောခဲ့သလို အနီးစပ်ဆုံးသာ ဖြစ်ပါတယ်။ သောက်တလွဲ ကောက်ချက်ချမိတာတွေလည်း ရှိတာပေါ့ဗျာ။ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတာက အဲဒီလူကို ကောက်ချက်ချတာသာ မှားတာပါ။ အဲဒီစာသားတွေအတွက်တော့ မမှားဘူးခင်ဗျ။ နားရှုပ်သွားပါသလား။ ဒီလိုပါ။ ကျွန်တော်ကောက်ချက်ချတဲ့လူက သူတင်ထားတဲ့ စာသားတွေဟာ သူရေးထားတာမဟုတ်ဘဲ အခြားသူငယ်ချင်းတစ်ယောက် တင်ထားတဲ့စာတွေကို သဘောကျတိုင်း ကူးကူးပြီး တင်ပေးထားတာမို့ပါ။ အဲဒီတော့ ကျွန်တော်က သူ့ကိုခန့်မှန်းတာ လွဲချက်ကတော့ ဘယ်ပြောကောင်းမတုန်းဗျာ။ ဒါပေမယ့် သူ့သူငယ်ချင်းကတော့ အနီးစပ်ဆုံး ကျွန်တော်ပြောသလိုဖြစ်ကြောင်း အဲဒီမိတ်ဆွေက ဆိုထားပါတယ်။

ကဲ... ကျွန်တော့်ကိုယ်ကျွန်တော် မဏ္ဍပ်တိုင် တက်ပြနေတာ မဟုတ်ပါဘူး။ ဒီစာသားတွေကိုဖတ်ပြီး ခင်ဗျားတို့ တုံ့ပြန်ပုံနဲ့ ကျွန်တော်ကဖတ်ပြီး တွေးတာ၊ တုံ့ပြန်တာ မတူတဲ့အကြောင်းကို ပြောချင်တာပါ။ လူတစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှု၊ တွေးခေါ်မှု၊ အယူအဆ၊ အမြင်တွေ မတူကြဘူးဆိုတာကို သိစေချင်တာပါ။ တင်ပေးခဲ့ပြီးသား အမှတ်စဉ် (၈)ခုလုံးကို ပြန်ဖတ်ကြည့်စမ်းပါဗျာ။ တကယ့်ကို အနှစ်သာရပြည့်ဝတဲ့ အတွေးလေးတွေ၊ စာသားလေးတွေ အများကြီးကို တွေ့ရမှာပါ။ တချို့စာသားတွေဆိုရင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ အဆိုအမိန့်တွေပါ၊ တချို့ကတော့ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေထဲက ဒိုင်ယာလော့ခ်တွေပါ၊ တချို့ကတော့ စာအုပ်တွေထဲကပါ၊ တချို့ကတော့ စကားပုံတွေ၊ ဆောင်ပုဒ်တွေပါ။ အဲ... စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်း ရေးချင်ရာရေးထားတဲ့ စာသားတွေပေါ့ဗျာ။ တချို့က ရယ်ရတယ်၊ တချို့က လန့်စရာကောင်းတယ်၊ တချို့ကျပြန်တော့ သနားစရာ ကောင်းနေပြန်ရော၊ တချို့ကတော့ ......။ စိတ်မကောင်းတာက သဘောကျတဲ့ စာသားတိုင်းကို ပြန်တင်ပေးဖို့ အခွင့်မသာသေးတာပါပဲ။ အခြေအနေနဲ့ အချိန်အခါအရ အချို့သော စကားလုံးများဟာ အဓိပ္ပါယ်နှစ်ခွ၊ တချို့ဆိုရင် သုံးခွလောက် ထွက်စေတာတွေမို့ပါ။ တချို့စာသားတွေကတော့ တစ်ခွတည်းနဲ့ကို တင်လို့မဖြစ်တာတွေ ဆိုပါတော့။ ရှိပါစေဦးတော့လေ။

အို... စာဖတ်သူ၊ ဒီပို့စ်တွေနဲ့ပတ်သက်ပြီး ကြိုက်သလို ထင်မြင်ယူဆပါ။ အပျော်ဖတ်အဖြစ် ဖတ်ချင်လည်းဖတ်ပါ။ တွေးစရာအဖြစ် တွေးချင်လည်းတွေးပါ။ ရေးစရာအဖြစ် ရေးချင်ရင်လည်းရေးပါ။ အလကားဟာတွေလို့ ယူဆရင်လည်း ဒီပို့စ်တွေကို အသာလေးသာ ဥပေက္ခာပြုပြီး ကျော်ခွသွားလိုက်ပါ။ သင့်စိတ်ဆန္ဒအတိုင်းသာ ဖြစ်ပါတယ်။ ဒီပို့စ်တွေမှာ စာဖတ်သူအတွက် တစ်ခုခု အမြတ်ကျန်ခဲ့မယ် ဆိုတာမျိုး အပိုင်တပ်အပ် မပြောနိုင်သော်လည်း တစ်ခုခုတော့ တွေးစရာ ရသွားမယ်လို့တော့ ယုံကြည်မိပါတယ်။ လူတစ်ဦးချင်းစီရဲ့ စိတ်ခံစားမှု စာသားလေးတွေကိုဖတ်ပြီး သူတို့ရဲ့ စိတ်အခြေအနေတွေကို မြင်အောင်ကြည့်ရတာ၊ ပုံဖော်ကြည့်ရတာ ဘယ်လောက်စိတ်ဝင်စားစရာ ကောင်းသလဲဆိုတာကို နည်းနည်းလောက်ဖြစ်ဖြစ် စမ်းသပ်ကြည့်စေချင်ပါတယ်။

ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်နော်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၂ နာရီ ၀၃ မိနစ်တွင်ပြီး၏။

လတ်တလော ကျွန်တော်


တပည့်တွေက စာမေးပွဲဖြေဖို့ လုံးပမ်းနေကြချိန်ဆိုတော့ ကျွန်တော်တို့ဆရာတွေ အနားရတဲ့ကာလ ဆိုပါတော့။ အားအားလျားလျား ဖြစ်သွားတာမဟုတ်ပေမယ့် အရင်ထက်စာရင်တော့ ကိုယ်ပိုင်ချိန်လေးတွေ ပိုရလာပါတယ်။ စာအေးအေးဆေးဆေး ဖတ်ရတယ်။ တွေးချင်တာကို လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး တွေးရတယ်။ ပင်ပန်းလာတယ်ထင်ရင် အနားယူလိုက်တယ်။ ဒါလိုအေးအေးဆေးဆေး နေရမှာကလည်း တစ်လလောက်ပဲ ဖြစ်မှာပါ။ အချိန်တန်ရင် စာသင်ခန်းတွေ၊ ကျောင်းသားတွေ၊ ကျောက်သင်ပုန်းတွေ၊ မြေဖြူတွေနဲ့ ပြန်ပြီးတော့ လုံးလည်လိုက်နေဦးမှာပါပဲ။ ဘာပဲဖြစ်ဖြစ် အခုတော့ စိတ်ဖိစီးမှုတွေ အတန်အသင့် လျော့ပါးနေတာ အမှန်ပါပဲ။

သုတစာပေတွေကိုပဲ တမက်တမော ဖတ်မှတ်နေခဲ့တာ အတော်ကြာပြီ။ အခုတော့ ရသစာပေတွေဘက်ကို ပြန်ခြေဦးလှည့်နေပါတယ်။ ၀တ္ထုတိုတွေ အရင်ရှာဖတ်နေတယ်။ ပြီးရင် ဘာသာပြန်စာအုပ်တွေ လိုက်ရှာဖတ်ဖို့ စိတ်ကူးထားတယ်။ ဖတ်ချင်တဲ့စာအုပ်တွေက ဆရာကျော်ဝင်းရဲ့ စာအုပ်ကမ္ဘာထဲက ရတယ်လေ။ သူကညွှန်းထား၊ ဖွင့်ထားပြီးသားတွေကို ပြန်ဖတ်ရမှာဆိုတော့ အစိမ်းသက်သက် ဖတ်တာထက်တော့ စိတ်ဝင်စားဖို့ကောင်းမှာ အသေအချာပါ။

အခုတလော နိုင်ငံခြားဇာတ်လမ်းတွေ အတော်များများကို ကြည့်ဖြစ်တယ်။ နာမည်ကြီးဇာတ်ကား အားလုံးနီးပါးလောက်ကို ကြည့်ဖြစ်တယ်။ လူတိုင်းကြားဖူးတဲ့ ဇာတ်ကားနာမည်တစ်ခုဆိုတာနဲ့ ရအောင်လိုက်ရှာကြည့်ဖြစ်တယ်။ အရင်က မြန်မာကားတွေကလွဲရင် သိပ်မကြည့်ဖြစ်ဘူး။ တချို့ရက်တွေများဆိုရင် တစ်ရက်တည်းမှာတင် နိုင်ငံခြားကား (၄)ကားလောက်အထိ ပြီးအောင် ကြည့်ဖြစ်တယ်။ အဲဒီလို ကြည့်ပြီးတဲ့အချိန်မှာ ကျွန်တော်တွေ့မိ၊ မြင်မိ၊ သတိထားမိတဲ့ အချက်ကလေးတွေကို ပြောဖို့မှတ်ထားတာလေးတွေ ရှိပါတယ်။ ကျွန်တော်က မြန်မာကားတွေကို တစိုက်မတ်မတ် အားပေးသူဆိုတော့ ယှဉ်ထိုးပြီး မြင်မိတာလေးတွေပေါ့ဗျာ။ သေချာတာကတော့ နိုင်ငံခြားဇာတ်ကားတိုင်း မကောင်းဘူးဗျ။ တစ်ကားလုံး ကြမ်းရမ်းပြပြီး အဆင့်လွန် နည်းပညာတွေကို သုံးထားတိုင်း မကောင်းဘူးဆိုတာ အတော်လေးကို သိလာရတယ်။ ရိုက်ပြထားတာတွေကတော့ လန်းမှလန်း၊ လန်မှလန်၊ မိုက်မှမိုက်ပဲ။ ဒါပေမယ့် ရင်ထဲကို လာမငြိဘူး။ တသသနဲ့ မကျန်ရစ်ခဲ့ဘူး။ ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ဘာနဲ့ဆုံးဖြတ်သလဲဆိုရင် အဲဒီဇာတ်ကားက ပေးချင်တဲ့ message ဟာ ဘာလဲဆိုတာနဲ့ တိုင်းတာပါတယ်။ ဒါက ကျွန်တော့်စံပါ။ ကြည့်နေတဲ့ပရိသတ်တစ်ယောက် အနေနဲ့ အဲဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ ဘာကျန်ခဲ့သလဲဆိုတဲ့ စံပေတံဟာ ကျွန်တော့်ရဲ့ သတ်မှတ်ချက်ပါပဲ။

ကိုရီးယားကားတွေကို အလာ့ဂျစ်ဖြစ်တဲ့ ကျွန်တော်ဟာ အခုတလော ကိုရီးယားဇာတ်လမ်းတွဲတွေဘက်ကို ခြေဦးလှည့်ဖို့ ကြိုးစားနေပါတယ်။ သမိုင်းကြောင်းဇာတ်ကားတွေကို ကြည့်ဖြစ်ပါမယ်။ ဥပမာ... လူတိုင်းကြိုက်ကြတဲ့ ဂျူမုံဇာတ်လမ်းတွဲကို ကျွန်တော်လုံးဝ မသိဘူး။ ဆားရှားတဲ့ဇာတ်လမ်းလို့တော့ အကြမ်းဖျင်းသိတယ်။ ဒီထက်ပိုပြီး ဘာမှမသိဘူး။ နောက်... နန်းတွင်းသမားတော်တို့၊ တော်ဝင်မင်းသမီးလေးတို့ စတဲ့ဇာတ်ကားတွေကို လုံးဝကို မကြည့်ဖူးဘူး။ ဒါပေမယ့် တစ်နိုင်ငံလုံး တမ်းတမ်းစွဲဖြစ်နေရတာ အကြောင်းတော့ ရှိနိုင်ကောင်းရဲ့လို့ တွေးမိပါတယ်။ ကျွန်တော့်အတွက် ယုံကြည်ရမယ်ထင်တဲ့ မိတ်ဆွေတစ်ယောက်ကို မေးကြည့်ဖြစ်ပါတယ်။ ချက်ကျလက်ကျနဲ့ အသေးစိတ် သူပြောပြတဲ့ အချက်တွေကြောင့် ကိုရီးယားဇာတ်လမ်းတွဲတွေကို ကြည့်ဖို့အတွက် ဆုံးဖြတ်ဖြစ်သွားတာပါ။ စောစောကပြောတဲ့ နန်းတွင်းဇာတ်လမ်းတွဲတွေ၊ သမိုင်းဇာတ်လမ်းတွဲတွေကို ကြည့်ပါတဲ့။ ပညာယူစရာ၊ လေ့လာစရာတွေ အများကြီးပါသတဲ့။ ကြည့်ဖြစ်အောင် ကြည့်ပါဦးမယ်။

စိန်ပန်းနီတွေရဲရဲနီနေတာကို ဓာတ်ပုံရိုက်ချင်တာ အတော်ကြာပါပြီ။ ဘလော့ဂ်မှာလည်း ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ခပ်စုတ်စုတ် ကင်မရာနဲ့ ရိုက်ရမှာကို လက်တွန့်နေမိတယ်။ အဲဒါကြောင့်လည်း ညီငယ်တစ်ယောက်ကို အကူအညီတောင်းတော့ သူကရိုက်ပေးပါတယ်။ သူ့ရဲ့ ကင်မရာအကောင်းစားကြီးနဲ့ပေါ့။ ဒါပေမယ့် သူ့ရဲ့ စကားတစ်ခွန်းကြောင့် နည်းနည်းတော့ နင်သွားတယ်။ ရိုက်ပြီးတဲ့ပုံတွေထဲမှာ သူ့စိတ်ကြိုက်ရိုက်ထားတဲ့ ပုံတွေနဲ့ ကျွန်တော်ကြိုက်တဲ့ ပုံတွေက မတူကြပါဘူး။ သူက တကယ့်ကို စိတ်ကြိုက်လက်စွမ်းပြထားတဲ့ ပုံတွေဆိုရင် ကျွန်တော်က မကြိုက်ဘဲ၊ သူမကြိုက်တဲ့ပုံတွေကျတော့ ကျွန်တော်က သဘောကျမိနေတာမျိုးပေါ့။ သူက ဘာပြောသလဲဆိုတော့ "အကောင်းနဲ့မတန်ဘူး" တဲ့။ အင်း... အဲလိုမျိုး တကယ်ဖြစ်နေသလား မသိပါဘူးဗျာ။ တစ်ယောက်နဲ့တစ်ယောက်က အကြိုက်ချင်းတော့ ဘယ်တူနိုင်မလဲနော်။ အဲဒီစိန်ပန်းနီပုံတွေကို တင်ပေးဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် စိန်ပန်းနီနဲ့ပတ်သက်တဲ့ ကဗျာတစ်ပုဒ် ရေးတာမပြီးသေးလို့ပါ။ စိတ်ကူးထဲမှာ ရေးနေတာ အတော်ကြာနေပြီ။ အခုအချိန်ထိ စိတ်တိုင်းမကျသေးဘူး ဖြစ်နေလို့ပါ။ အနှေးနဲ့အမြန် တင်ဖြစ်ပါလိမ့်မယ်။

ပြောချင်တာတွေ အများကြီးဖြစ်နေတယ်။ ဒါပေမယ့် အလျဉ်မီအောင် ကွန်ပျူတာလက်ကွက်က မရိုက်နိုင်ဘူး။ အဲဒီတော့ မှတ်စုစာအုပ်ထဲမှာပဲ တေးထားရတယ်။ ဟော... အချိန်ရလို့ ပြန်ရေးမယ်ဆိုတော့ စောစောကမှတ်ထားတဲ့ မှတ်စုကို ပြန်ရေးချင်စိတ် ပျောက်သွားရတယ်။ မူလရေးချင်စိတ်ရှိတုန်းက အတွေးတွေက ဘယ်ပျောက်ကုန်တယ်မသိဘူး။ စိတ်ကူးပေါ်သမျှကို ပါးစပ်ကပြောလိုက်တာနဲ့ ကွန်ပျူတာမှာ အလိုအလျောက် စာလုံးတွေရိုက်ပေးရင် သိပ်ကောင်းမှာပဲ။ ဒါမှမဟုတ် လက်ထောက်စာရေးမ တစ်ယောက်လောက် ခေါ်ငှားထားနိုင်လောက်အောင် ချမ်းသာရင်လည်း အကောင်းသား။ ကျွန်တော်ပါးစပ်ကပြောသမျှကို လိုက်ရေး၊ လိုက်ရိုက်ပေးဆို အတော်လေးကို အဆင်ပြေမယ်ဗျ။ ကွန်ပျူတာအစုတ်လေးကိုတောင် အသစ်မလဲနိုင်သေးတာ စိတ်ကူးကလည်း ယဉ်လိုက်ပါဘိဗျာလို့ပဲ ကိုယ့်ဘာသာကိုယ် လှောင်မိတော့တယ်။ ဘာပဲပြောပြော စိတ်ကူးယဉ်တာပဲဗျာ ပိုက်ဆံကုန်တာမှတ်လို့။ တစ်နေ့နေ့ပေါ့ဗျာ။

ပျော်ရွှင်ကြပါစေဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၁၁ နာရီ ၀၈ မိနစ်တွင်ပြီး၏။

နီတိ ဒဿန အဟောဝတ သြ၀ါဒကထာများ


(၁) အသက်ကြီးပြီ........... လောဘကြီးတုန်းလား?
(၂) သွားကျိုးပြီ............... ဒေါသမာန ကျိုးရဲ့လား?
(၃) ဆံပင်ဖြူပြီ................ စိတ်ဖြူစင်ရဲ့လား?
(၄) အသားအရေတွန့်ပြီ..... ရာဂစိတ် တွန့်ရဲ့လား?

ဤလောကကြီး
(၁) အာတာနော အားကိုးစရာ မရှိပါတကား။
(၂) အလေနော အားထားစရာ မရှိပါတကား။
(၃) အသရနော မှီခိုရာ တွယ်တာရာ မရှိပါတကား။
(၄) သဗ္ဗေ ဓမ္မာ အနတ္တ

နန်း......... နန်းတော်နှင့် တူရမည်
ကျောင်း... ကျောင်းနှင့် တူရမည်
အိမ်......... အိမ်နှင့် တူရမည်
မတူလျှင် ပျက်တတ်သည်။

သေမှာကြောက်သူ
(၁) ကောင်းမှုမပြု သေမှာ ကြောက်
(၂) မိမိခန္ဓာစွဲသူ သေမှာ ကြောက်
(၃) ကာမစွဲနေသူ သေမှာ ကြောက်
(၄) ကုသိုလ်မပြုသူ သေမှာ ကြောက်
အထက်ပါ (၄)ချက်ကို ပြောင်းပြန်လှန်က သေမှာ မကြောက်

စား ...... မှ ...... ဝ
အိပ် ...... မှ ...... ပျော်
သွား ...... မှ ...... ရောက်
လုပ် ...... မှ ...... ရမည်။

အဖိုး ...... အနတ္တ
အဖွား ...... အနတ္တ
အဖေ ...... အနတ္တ
အမေ ...... အနတ္တ
ငါ ...... အနတ္တ
ပစ္စည်းဥစ္စာ ဟူသမျှ ...... အနတ္တ
သဗ္ဗေ ဓမ္မာ အနတ္တ။

Related:
၁။ နီတိ ဒဿန အဟောဝတ သြ၀ါဒကထာများ နိဒါန်း
၂။ နီတိ ဒဿန အဟောဝတ သြ၀ါဒကထာများ (ကြက်ပညာ)

The Hell-Hound at Large (ငရဲခွေးကြီး လွတ်နေသည်)


ဒီအပတ်ထုတ် Weekly Eleven News ဂျာနယ်ကို အတော်လေးကို သဘောကျနေမိတယ်။ အခြားသူတွေအတွက် သေချာပေါက် မဆိုနိုင်ပေမယ့် ကျွန်တော့်အတွက်တော့ စိတ်ဝင်စားစရာတွေ အများကြီးပါလာတယ်။ အချို့သော ဆောင်းပါးတွေ၊ သတင်းတွေကို ခဏခဏပြန်ဖတ်ပြီး စဉ်းစားခန်းဝင်၊ အတွေးကွန့်မြူးနေမိတယ်။ Eleven ဂျာနယ်ကို ယူလာပြီဆိုတာနဲ့ ကျွန်တော်ပထမဆုံး လုပ်နေကျအလုပ်ဖြစ်တဲ့ ဂျာနယ်ရဲ့ အလယ်တစ်ဝက်ကိုလှန်၊ ဆရာလူထုစိန်ဝင်း ဘာရေးထားသလဲ ဆိုတာကို အရင်ဆုံးဖတ်ဖြစ်တယ်။ အချို့အပတ်တွေမှာများ ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါးမပါခဲ့ရင် ဘယ်လိုကြီးမှန်းကို မသိတော့ဘူး။ အခြားဆောင်းပါးတွေ၊ စာတွေကလည်း ဖတ်လို့ကောင်းပေမယ့် ကျွန်တော့်စိတ်ထဲမှာ ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက်ကြီး ဖြစ်သွားရတတ်တယ်။

ထားပါလေ၊ ဒါတွေက အရေးမကြီးပါဘူး။ ပြောချင်တာက ဒီအပတ်ထုတ် Eleven ဂျာနယ်ထဲက ကျွန်တော်စိတ်ဝင်စားတာတွေထဲက တစ်ခုဖြစ်တဲ့ ဆရာတင်နိုင်တိုးရဲ့ မြန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကိုလိုနီခေတ် သမိုင်းဝင် မဂ္ဂဇင်းတစ်စောင် ဆိုပြီး ရေးထားတဲ့ ဆောင်းပါးထဲမှာပါတဲ့ ငရဲခွေးကြီးလွတ်နေသည်ဆိုတဲ့ အကြောင်းအရာလေးပါပဲ။

အကုန်လုံးကို ပြန်ရိုက်ပြီး တင်ပေးမနေတော့ဘဲ ကျွန်တော်ပြောချင်တဲ့ အဲဒီပေးစာနဲ့ ဆက်နွယ်တာတွေကိုပဲ နည်းနည်းတင်ပြပါရစေ။ ပထမဆုံးအနေနဲ့ အိုးဝေမဂ္ဂဇင်းဆိုတဲ့ အမည်ရလာတဲ့အကြောင်းကို ဆရာတင်နိုင်တိုး ရှင်းပြထားတာက ဒီလိုပါ။ အိုးဝေမဂ္ဂဇင်းရဲ့ မူလအမည်က ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအသင်း မဂ္ဂဇင်း ဖြစ်ပါတယ်။ အဲဒီအမည်ကို တာဝန်ခံအယ်ဒီတာ ကိုအောင်ဆန်း (နောင် ဗိုလ်ချုပ်အောင်ဆန်း) က ပြောင်းချင်တယ်။ ၀ိုင်းဝန်းစဉ်းစားကြပြီး ရောင်နီ၊ ရောင်ဖြူ၊ ရောင်ခြည်သစ် စတဲ့အမည်တွေကို အကြံပြုခဲ့ကြတယ်။ ကိုသိန်းတင် (ညိုမြ) က အငြိမ့်မင်းသမီး ဒေါင်းယဉ်ပျံ သီဆိုသည့် အိုးဝေသီချင်းကို စွဲနေတဲ့အတွက် အိုးဝေ လို့ အမည်ပေးဖို့ အကြံပြုခဲ့တာကို ကိုအောင်ဆန်းကလည်း သဘောကျလို့ အဲဒီအမည် အတည်ဖြစ်သွားရတာပါတဲ့။

အခုပြောမယ့် ငရဲခွေးကြီးလွတ်နေသည် ပေးစာက ၁၉၃၆ ခု၊ ဇန်န၀ါရီလတွင် ထုတ်ဝေသည့် အိုးဝေမဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၁ ထဲမှာ ဖော်ပြပါရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီမဂ္ဂဇင်းမှာ Points From the Letter လို့ အမည်ပေးထားတဲ့ ပေးစာကဏ္ဍပါရှိပါတယ်။

အဲဒီပေးစာကဏ္ဍမှာ The Hell Hound At Large (ငရဲခွေးကြီးလွတ်နေသည်) ဟူသည့် စာတိုကလေးသည် အင်္ဂလိပ်ဘာသာဖြင့် ပါဝင်လာပါသည်။ ရေးသားသူသည် Yamamin (ယမမင်း) ဟူသော အမည်ဝှက်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ထိုစာတိုထဲတွင် နယ်ချဲ့လက်ကိုင်တုတ်အဖြစ် အ၀ီစိသို့ ကျရောက်လာသော ခွေးနက်ကြီးတစ်ကောင် ငရဲပြည်မှ ထွက်ပြေးသွားသည်။ ယင်းကို သတိပြုကြပါ။ အထူးသဖြင့် တက္ကသိုလ်နယ်မြေတွင် သောင်းကျန်းနေသည်။ သူ့ကိုတွေ့လျှင် ငရဲပြည် ပြန်ပို့လိုက်ကြပါဟူ၍ ရေးသားဖော်ပြထားသည်။ ပေးစာပါ ခွေးနက်ကြီးဆိုသည်မှာ တက္ကသိုလ် အာဏာပိုင်တစ်ဦးကို ရည်ညွှန်းထားသည်ဟု ဆိုပါသည်။

အဆိုပါပေးစာတိုလေးကို ဖော်ပြရလျှင် အောက်ပါအတိုင်း ဖြစ်ပါသည်-

------------------------------------------------------------------------------------------------------------

The Hell-Hound at Large

Escaped from Awizi, a devil in form of a black dog. Had been during his brief span on earth, Theft, Presumption, Intrigue, Pettifogging, Sadism, Churlishness, Vulgarity, etc. A pimping knave with avuncular pretensions to some cheap wiggling wenches from a well-known Hostel, he was also a hectic popularity-hunter, shamming interest in Games, Concerts, Associations etc., menacing the public places with his wanted presence though generally welcomed everywhere as small-pox. His only distinguishing marks have been the abominable V.D. ulcers on his neck and buboes due to copulation with his own wife.

Will finder please kick him back to Hell?

Yamamin

------------------------------------------------------------------------------------------------------------

အဆိုပါစာတွင် ငရဲခွေးအဖြစ် အနှိုင်းခံရသူမှာ ဘာဆာ (Bur Sar) ခေါ် တက္ကသိုလ်ကျောင်းငွေထိန်း ဦးတင်ဖြစ်သည်ဟု ဆိုပါသည်။ ယမမင်းအမည်ခံ ညိုမြ (ဦးသိန်းတင်) သည် နောက်ပိုင်း အိုးဝေအမည်ဖြင့်ပင် စာစောင်ဆက်လက်ထုတ်ဝေခဲ့ပြီး တစ်နေ့တွင် မြန်အောင်ဦးတင် (ယခင် တက္ကသိုလ်ငွေထိန်း ဦးတင်)အား အိုးဝေတိုက်သို့ ပင့်ဖိတ်ကာ ရှိခိုးကန်တော့ခဲ့သည်ဟု ဆိုပါသည်။ နှစ်ဦးစလုံး မျက်ရည်မဆည်နိုင် ရှိကြသည်ဟု ဆိုပါသည်။

အခြားသော သမိုင်းများကတော့ စာဖတ်သူလည်း သိပြီးဖြစ်ပါလိမ့်မည်။ ကျောင်းအုပ်ကြီးက အဆိုပါပေးစာကို ရေးသားသူ မည်သူဆိုသည်ကို ပြောခိုင်းသည်ကို ကိုအောင်ဆန်းက စာနယ်ဇင်းကျင့်ဝတ်အရ မပြောသဖြင့် ကျောင်းထုတ်ဖို့ စီစဉ်တာတွေ၊ အဆိုပါပြဿနာမှတဆင့် ဒုတိယကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့တာတွေ စသည်များကို ဤနေရာတွင် ပြန်မရေးပြတော့ပါ။

ဤနေရာတွင် ကျွန်တော်စိတ်ဝင်စားသည်က ဆရာညိုမြ ဖြစ်ပါသည်။ အိုးဝေဟူသည့် အမည်ကို သူအကြံပေးခဲ့သည်။ ငရဲခွေးကြီးလွတ်နေသည် ဆိုသော ပေးစာကို သူပဲရေးခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါပေးစာထဲတွင် ငရဲခွေးအဖြစ် ရည်ညွှန်းရေးသားခဲ့သူကို ကိုယ်တိုင်ရှိခိုးကန်တော့ တောင်းပန်ခဲ့သည်။ ဆက်တွေးမိသည်ကတော့ အများကြီးဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် ကိုလိုနီခေတ် သမိုင်းဝင်မဂ္ဂဇင်းတစ်စောင်ဆိုသည့် စိတ်ဝင်စားဖွယ် ဆောင်းပါးအတွက် ပြုစုရေးသားသူ ဆရာတင်နိုင်တိုးကိုလည်းကောင်း၊ ထည့်သွင်းဖော်ပြခဲ့သည့် Weekly Eleven ဂျာနယ်ကိုလည်းကောင်း ကျေးဇူးတင်မိပါသည်။ အခြားသူများလည်း ဖတ်မိကြပါစေဟူသော ရည်ရွယ်ချက်ဖြင့် အကျဉ်းချုံး၍ ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။

အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖွဲ့
editorsofoway.jpg
(တိုက်ပုံအင်္ကျီအနက်ရောင် ၀တ်ဆင်ထားသူမှာ အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံအယ်ဒီတာ ကိုအောင်ဆန်း ဖြစ်ပါသည်။)

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၉ နာရီ ၄၇ မိနစ်တွင်ပြီး၏။
ရည်ညွှန်း - ကိုလိုနီခေတ် သမိုင်းဝင် မဂ္ဂဇင်းတစ်စောင် - တင်နိုင်တိုး
ဓာတ်ပုံ - Eleven Media Group မှ ရယူ၍ ပြန်လည်ဖော်ပြပါသည်။

ခြေနှစ်ဖက်မရှိသူတောင် ဧ၀ရတ်တောင် ရောက်အောင် တက်နိုင်သေးတာပဲ - လူထုစိန်ဝင်း


တစ်နှစ်ကူးခဲ့ပြန်ပြီ။ ရိုးရာပြက္ခဒိန်အလိုအရ ကူးခဲ့ရပေမယ့် နှစ်သစ်ကူးပြောင်းခြင်းဆိုတဲ့ သင်္ကြန်ပွဲတော်ရဲ့ အမှတ်အသား သင်္ကေတဖြစ်တဲ့ သင်္ကြန်မိုး မရွာခဲ့လို့ ပိတောက်တွေ မပွင့်နိုင်ကြဘူး။ ပိတောက်မဲ့ သင်္ကြန်ဆိုတဲ့ ထူးခြားချက်ကလွဲပြီး တစ်ခြားထူးခြားပြောင်းလဲမှုမျိုးတော့ ဘာတစ်ခုမှ မတွေ့ရဘူး။

ကြားမြဲတွေ ကြားရ
မနက်မိုးလင်းလို့ မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ မင်္ဂလာမရှိတဲ့ အသံတွေကို ကြားမြဲကြားရတယ်။ အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ ဗုံးဒဏ်၊ စက်သေနတ်ဒဏ်ကြောင့် အရပ်သူ အရပ်သားတွေ၊ ကလေးငယ်တွေ သေကျေကြရတဲ့ သတင်း၊ တရုတ်ပြည်မှာ ငလျင်ကြီးလှုပ်လို့ အကြီးအကျယ် ပျက်စီးဆုံးရှုံးပြီး လူတွေသေကြရတဲ့သတင်း၊ အိန္ဒိယမှာ မုန်တိုင်းဝင်မွှေလို့ ဒုက္ခရောက်ရတဲ့သတင်း၊ အိုက်စလန်နိုင်ငံ မီးတောင်ပေါက်ကွဲမှုကြောင့် ဥရောပလေကြောင်း ခရီးစဉ်အားလုံး ရပ်ခိုင်းထားရလို့ လူသန်းပေါင်းများစွာ သောင်တင်နေကြရတဲ့သတင်း စတဲ့စတဲ့ အမင်္ဂလာ သတင်းတွေချည်းပါပဲ။

အနီးဆုံးနေရာက အနိဋ္ဌာရုံ
ဒီကြားထဲ ကိုယ်နဲ့အနီးကပ်ဆုံးနေရာမှာ အနိဋ္ဌာရုံ မြင်ကွင်းကြီးတစ်ခုက ဗြုန်းကနဲထပြီး ပေါ်ပေါက်လာခဲ့ရသေးတယ်။ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီး ရေကစားမဏ္ဍပ်တစ်ခုရှေ့ ဗုံးပေါက်ကွဲမှုကြီးပါ။ လူရှစ်ယောက် သေဆုံးပြီး (၁၇၀) ဦး ထိခိုက်ဒဏ်ရာ ရသွားခဲ့ကြတယ်လို့ သတင်းစာမှာ ဖတ်ရတယ်။ အကြတ်နေ့ နေ့ခင်းသုံးနာရီခွဲလောက်မှာ ပူလွန်းလို့ ကြမ်းပြင်ပေါ် ဖျာခင်းပြီး လှဲရင်းနဲ့ ဟောဟဲလိုက်နေစဉ်မှာ မန္တလေးက ဖုန်းလှမ်းဆက်တယ်။ ဗုံးကွဲတာ သိပြီးပလားတဲ့။ မသိသေးဘူးဆိုတော့ အယ်လ်ဂျာဇီးရာမှာ တင်နေတယ်၊ ဖွင့်ကြည့်လိုက်လို့ ပြောတာနဲ့ ဖွင့်ကြည့်လိုက်တယ်။ ဟုတ်တယ်။ စာတန်းထိုးပြတဲ့ သတင်းမှာက လူပေါင်း ၂၄ ယောက် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရတယ်လို့ ဖော်ပြထားတယ်။ တော်တော်ကြီး စိတ်ထဲမှာ နောက်ကျိသွားတယ်။

ကမ်းကုန်အောင်ယုတ်မာ
မြန်မာလူမျိုးတို့ရဲ့ ငြိမ်းချမ်းခြင်း၊ အေးမြခြင်း သင်္ကေတဖြစ်တဲ့ သင်္ကြန်ပွဲတော်လို အခါသမယမျိုးမှာ  အစဉ်အလာအတိုင်း ပျော်ပါးမြူးတူးနေကြတဲ့ လူငယ်လူရွယ်တွေကြားထဲမှာမှ ဗုံးခွဲရတယ်လို့။ ဒါဟာ ကမ်းကုန်အောင် ယုတ်မာတဲ့လုပ်ရပ် ဖြစ်တယ်။ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ တရားတယ်လို့ မဆိုနိုင်ပါဘူး။ ဘယ်အဖွဲ့အစည်းနဲ့ ဘယ်ပုဂ္ဂိုလ်မျိုးကပဲလုပ်လုပ် ဒီလုပ်ရပ်ဟာ ခွင့်မလွှတ်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးပဲ ဖြစ်တယ်။ လုပ်သူတွေရဲ့ ရည်ရွယ်ချက်ကတော့ လူတွေ အထိတ်တလန့်နဲ့ ချောက်ချောက်ချားချား ဖြစ်ကုန်အောင် လုပ်တဲ့သဘော ဖြစ်ပါလိမ့်မယ်။

ဘိန်းစားသတ္တိ
သူတို့ရည်ရွယ်သလို ဖြစ်မလာပါဘူး။ နောက်ရက် သင်္ကြန်အတက်နေ့မှာ ရေပက်ကစားမြဲ ကစားနေကြတာပါပဲ။ ဗုံးခွဲသူတွေကို လူတွေက စက်ဆုပ်ရွံရှာ မုန်းတီးစိတ်တွေပဲ ဖြစ်နေကြပါတယ်။ ဒီလုပ်ရပ်မျိုးကို ဘယ်သူကမှ တော်လိုက်တာလို့ ချီးကျူးမှာ မဟုတ်ပါဘူး။ ချီးကျူးရမယ့် ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ဆေးဖိုးပြတ်နေတဲ့ ဆေးသမားတစ်ယောက်ကို ပိုက်ဆံပေးခိုင်းရင် ဖြစ်နေတာမျိုးပဲ။ ဘာသတ္တိမှ မလိုပါဘူး။ ဘိန်းစားသတ္တိလောက်ရှိရင် ဖြစ်ပါတယ်။ တရားခံဘယ်သူဘယ်ဝါ မသိပေမယ့် ဒီမိုကရေစီရဲ့ ရန်သူဖြစ်တယ်ဆိုတာတော့ အသေအချာ ပြောရဲတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ရပ်မျိုးတွေကြောင့် ဒီမိုကရေစီပန်းတိုင်နဲ့ ဝေးသထက် ဝေးသွားစရာ အကြောင်းသာ ရှိလို့ဖြစ်တယ်။

တောင့်တတဲ့ ချိုးကူသံ
ဒီနေ့ မြန်မာပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ အသံက ချိုးကူသံဖြစ်တယ်။ ဗုံးသံ၊ သေနတ်သံ မဟုတ်ဘူး။ နှစ်ပေါင်းခြောက်ဆယ်ကျော် ဗုံးသံ၊ သေနတ်သံတွေ ကြားနေရတာ စိတ်ပျက်လှပါပြီ။ ငြိမ်းချမ်းရေးကို လိုချင်လှပါပြီ။ ငြိမ်းချမ်းရေးသင်္ကေတ သင်္ကြန်ပွဲတော်အခါသမယမှာ အရပ်သူအရပ်သားတွေကို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်လိုက်တာဟာ ပြည်သူလူထုရဲ့ ဆန္ဒစစ် ဆန္ဒမှန်တွေကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်တယ်။ ပြည်သူကို စော်ကားသူ၊ ပြည်သူကို သတ်ဖြတ်သူဟာ ဘယ်တော့မှ သက်ဆိုးမရှည်ပါဘူး။ တစ်နေ့မှာ ပြည်သူက ဒဏ်ခတ်တာခံရမှာ မလွဲမသွေပါပဲ။

ပြည်သူကို တန်ဖိုးထားလို့
ဂျပန်တော်လှန်ရေးကာလတုန်းက တော်လှန်ရေးတပ်သားများ ရန်သူကိုတိုက်တဲ့အခါမှာ ဘယ်တော့မှ ရွာတွေထဲကနေပြီး တိုက်ခိုက်လေ့ မရှိပါဘူး။ အရပ်သူ၊ အရပ်သားများ ထိခိုက်မှာစိုးတဲ့အတွက်နဲ့ ရန်သူဂျပန်တပ်က ရွာကို မီးလောင်တိုက်သွင်းပစ်မှာ စိုးတဲ့အတွက်ကြောင့်ပါ။ တိုက်စရာရှိရင် ရွာနဲ့ဝေးတဲ့နေရာက စောင့်ပြီးတိုက်ပါတယ်။ ပြည်သူလူထုကို အဲဒီလို တန်ဖိုးထားတဲ့အတွက် ပြည်သူလူထုကလည်း တော်လှန်ရေးတပ်သားတွေကို တန်ဖိုးထားပြီးကာကွယ်စောင့်ရှောက်ကြ၊ ၀ိုင်းဝန်းကူညီကြတာ ဖြစ်တယ်။ ပြည်သူနဲ့ တစ်သားတည်းရှိလို့ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲတွေနဲ့ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေ အဆင့်ဆင့် အောင်ပွဲခံပြီး လွတ်လပ်ရေး ရယူနိုင်ခဲ့ကြတာ ဖြစ်တယ်။

မျှော်လင့်ချက်သစ်တွေနဲ့
အခုတော့ ပြည်သူတွေရဲ့အသက်ကို ဖက်ရွက်တစ်ရွက်လောက်မှ တန်ဖိုးမထားကြတော့ပါလား။ စိတ်ပျက်စရာ ကောင်းလိုက်တာ။ အကြမ်းဖက် ရက်စက်ကြမ်းကြုတ်မှုတွေကို စိတ်ပျက်တာပါ။ အနာဂတ် မျှော်လင့်ချက်တွေ ပျက်သွားတာ မဟုတ်ပါဘူး။ နှစ်သစ်ကို မျှော်လင့်ချက်သစ်တွေ၊ အားမာန်သစ်တွေနဲ့ ကြိုဆိုလျက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အမှောင်မိုက်ဆုံးဆိုတဲ့ သန်းခေါင်အချိန် ကုန်ဆုံးလွန်မြောက်သွားတာနဲ့ တစ်ပြိုင်နက် နေ့သစ်တစ်ခု စတင်ဖို့ အတွက် အမှောင်တိုက်ကြီးထဲကနေပြီး ရောင်နီကလေး စတင်ပေါ်ထွက်လာမြဲ ဖြစ်လို့ပါ။

ပြဿနာရှိမှ နည်းလမ်းရှာ
ဒီဗုံးခွဲတိုက်ခိုက်မှုကြောင့် ရွှေပြည်တော်သို့ သွားရာလမ်းခရီးမှာ အဖျက်အဆီးတွေရှိတယ်၊ ဒီမိုကရေစီကို မလိုလားတဲ့သူတွေ ရှိတယ်ဆိုတာကို မျက်ဝါးထင်ထင် သိမြင်လိုက်ကြရပြီ ဖြစ်တယ်။ အဲဒီတော့ ပြည်သူတစ်ရပ်လုံး သတိကြီးစွာ ထားနေကြတော့မှာ သေချာတယ်။ လူ့သဘာဝက ဘာမှမဖြစ်ရင် ဘာမှဂရုမစိုက်ဘဲ ပေါ့ပေါ့လျော့လျော့ နေလေ့ရှိတယ်။ ပြဿနာတစ်ခု၊ အခက်အခဲတစ်ခု ရင်ဆိုင်ကြုံတွေ့လိုက်ရမှ ပြဿနာဖြေရှင်းဖို့ တွေးတောကြံဆ တတ်ကြတယ်။ သာမန်အသိဉာဏ် (common sense) လောက် ရှိသူဆိုရင်တောင် ရှေ့မှာ တားဆီးနေတဲ့ ကျောက်တုံးကြီးကို ခေါင်းနဲ့ဝင်ဆောင့်မှာ မဟုတ်ပါဘူး။ ကျောက်တုံးကြီးကို ဖယ်ရှားပစ်ဖို့ နည်းလမ်းရှာမှာ သေချာပါတယ်။

နည်းလမ်းဆိုတာ ရှာရင်တွေ့ပါတယ်။ မတွေ့ဘဲ နေကိုမနေပါဘူး။ အရေးကြီးတာက ဦးတည်ချက်ပန်းတိုင် တိကျခိုင်မာ ပြတ်သားဖို့နဲ့ ရောက်အောင်သွားမယ်ဆိုတဲ့ သန္နိဋ္ဌာန် စွဲစွဲမြဲမြဲရှိဖို့သာ ဖြစ်တယ်။ ဒီအချက်နှစ်ချက်နဲ့ ပြည့်စုံရင် ဘယ်လိုအတားအဆီး၊ အနှောင့်အယှက်မျိုးကိုမှ ကြောက်စရာ မလိုပါဘူး။အဖျက်အင်အား ကြီးမားလေလေ သူ့ကိုတန်ပြန်တဲ့ စွမ်းအားတွေလည်း ကြီးမားလာလေလေ ဖြစ်တယ်ဆိုတာ နိယာမပဲ။ မကြောက်နဲ့၊ စိတ်မပျက်နဲ့၊ သန္နိဋ္ဌာန်စွဲမြဲခိုင်မာရင် မကျော်ဖြတ်နိုင်တဲ့ အခက်အခဲ၊ အတားအဆီးဆိုတာ မရှိဘူး။ ခြေနှစ်ဖက်စလုံး မရှိတဲ့သူတောင် ဧ၀ရတ်တောင်ထိပ်ကို ရောက်အောင်တက်နိုင်သေးတာပဲ မဟုတ်ဘူးလား။

Weekly Eleven News Journal
အတွဲ (၅) အမှတ် (၂၉)
စာမျက်နှာ - ၂၂

Tuesday, April 27, 2010

ကဆုန်လပြည့် ဗုဒ္ဓနေ့


မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ကဆုန်လပြည့်နေ့ (၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ အင်္ဂါနေ့) သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါသည်။ မြန်မာတို့၏ အထိမ်းအမှတ်နေ့ အများစုသည် ဘာသာရေးအပေါ်တွင် အခြေခံသည်ကို အားလုံးသိပြီး ဖြစ်ပါသည်။ ထိုကဲ့သို့သော ဘာသာရေးနှင့် သက်ဆိုင်သည့် နေ့များထဲတွင်မှ ကဆုန်လပြည့်နေ့သည် အခြားသော နေ့ထူးနေ့မြတ်များထက် ပိုမိုထူးခြားလို့ နေပါသည်။ အဘယ်ကြောင့်ပါနည်း။

သုံးလောကထွဋ်ထား ဗုဒ္ဓမြတ်စွာဘုရားသည် ဤကဆုန်လပြည့်နေ့ဝယ်

  1. ဘုရားစင်စစ် ဧကန်ဖြစ်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဗျာဒိတ်တော် ခံယူတော်မူခြင်း၊
  2. အလောင်းတော် သိဒ္ဓတ္ထမင်းသားအဖြစ် ဖွားမြင်တော်မူခြင်း၊
  3. သစ္စာလေးတန် တရားမှန်ကို ကိုယ်တော်တိုင် သိမြင်တော်မူပြီးနောက် ဗောဓိပင်အောက်တွင် ဘုရားစင်စစ် ဧကန် ဖြစ်တော်မူခြင်း၊
  4. မာရ်နတ်ကို အောင်မြင်တော်မူခြင်း၊
  5. (၄၅) ၀ါပတ်လုံး လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအများကို စောင့်ရှောက်ကယ်တင်တော်မူပြီးနောက် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း
စသည့် ထူးခြားသည့် အကြောင်းခြင်းရာများနှင့် ပြည့်စုံသည့် နေ့တစ်နေ့ ဖြစ်ပါသည်။

ထိုကဲ့သို့ ထူးကဲမွန်မြတ်ခြင်းများနှင့် ပြည့်စုံထုံမွှမ်းနေသည့် နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ခြင်းကြောင့်လည်း ကဆုန်လပြည့် ဗုဒ္ဓနေ့ ဟူ၍ပင် အလေးအမြတ်ပြု သတ်မှတ်ပြောဆိုကြခြင်း ဖြစ်ပါသည်။

သို့သော် အများစုက သိကြသည်မှာ အဆိုပါအချက်များထက် ကဆုန်လပြည့်နေ့သည် ညောင်ရေသွန်းပွဲတော်နေ့ ဖြစ်သည်ဟူ၍သာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုတော် အဆိုပါ ကဆုန်လပြည့်နေ့သည် မဟာဗောဓိပင် ပေါက်ရောက်ခဲ့သည့် နေ့ထူးလည်း ဖြစ်သောကြောင့် ဖြစ်ပါသည်။ မြတ်စွာဘုရားသခင်သည် မဟာဗောဓိပင်ခြေရင်း၌ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သောကြောင့် မဟာဗောဓိပင်သည် ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေး အထိမ်းအမှတ်တစ်ခု ဖြစ်နေရခြင်း ဖြစ်ပါသည်။ ထို့အပြင် မဟာဗောဓိပင်ကို ပရိဘောဂစေတီအဖြစ်လည်း တန်ဖိုးထား ကိုးကွယ်ကြပါသည်။ ထိုကဲ့သို့သော မဟာဗောဓိပင်များကို ကဆုန်လပြည့်နေ့၌ ရေသွန်းလောင်းခြင်းသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတစ်ရပ် ဖြစ်ပါသည်။

ညောင်ရေသွန်းလောင်းရခြင်း၏ ရည်ရွယ်ချက်ကို ကျွန်တော်ဖတ်ဖူးသမျှ ပြောပြလိုပါသည်။ ကဆုန်လအခါသည် ပူပြင်းခြောက်သွေ့သည့် အခါကာလဖြစ်သည်နှင့်အညီ သစ်ပင်ပန်းမာလ်တို့ ညှိုးငယ်ခြောက်သွေ့ကြရသည့် အခါသမယတစ်ခု ဖြစ်ပါသည်။ ထိုကဲ့သို့သော အခါသမယတွင် ဘုရားပွင့်ခဲ့သည့် မဟာဗောဓိပင်၏ အနွယ်အပွား ဗောဓိညောင်ပင်များ မညှိုးနွမ်း၊ မသေဆုံးသွားကြစေရန်အတွက် ရေသွန်းလောင်းကြခြင်း ဖြစ်သည်ဟု မှတ်သားရပါသည်။ နောက်တစ်ချက်ကတော့ ရှေးလူကြီးသူမများ၏ အယူအဆအရ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်းဖြင့် မိုးလေမှန်ပြီး ကောက်ပဲသီးနှံများ ဖြစ်ထွန်းစေသည်ဟုလည်း ယုံကြည်ခဲ့ကြကြောင်း သိရှိရပါသည်။

မည်သည့်ရည်ရွယ်ချက်များဖြင့် ကျင်းပကြသည်ဖြစ်စေ မြန်မာလူမျိုးတို့သည် ဗောဓိညောင်ပင်များကို ဘုရား၊ ကျောင်းကန်များ၌သာ စိုက်ပျိုးကြလေ့ ရှိပါသည်။ ထို့ကြောင့် ညောင်ရေသွန်းလောင်းရန်အတွက် ဘုရားကျောင်းကန်များကို မလွဲမသွေ သွားရောက်ကြရမည် ဖြစ်ပေသည်။ ထိုအခါ ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားနာခြင်း၊ တရားဆွေးနွေးခြင်း၊ ကောင်းမှုကုသိုလ်ပြုခြင်း စသည့်အချက်များနှင့် ပြည့်ဝကြမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။ အမြော်အမြင်ကြီးမားသည့် ရှေးမြန်မာလူမျိုးများ၏ အတွေးအခေါ်တစ်ရပ်ဟု ထင်မြင်မိပါသည်။ (ကျွန်တော်က ထပ်လောင်းစဉ်းစားမိသည်မှာ ဗောဓိညောင်ပင်များ၏ မွေးနေ့ပွဲကျင်းပပေးခြင်း ဖြစ်သည်ဟုပင်။)

တစ်ကမ္ဘာလုံးက သစ်ပင်များကို ဂရုစိုက်ဖို့၊ သစ်ပင်တွေ စိုက်ပျိုးကြဖို့၊ သစ်တောတွေ ထိန်းသိမ်းကြဖို့ နှိုးဆော်လျက်၊ အားထုတ်လျက် ရှိကြပါသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက်ကား ညောင်ရေသွန်းလောင်းသည့် ဓလေ့မှာ ရှေးနှစ်ပေါင်းများစွာမှသည် ယနေ့အထိ တည်တံ့နေသည်ကို ကြည့်ခြင်းအားဖြင့် မည်မျှခေတ်မီသည့် ဘာသာရေးတစ်ခုဖြစ်ကြောင်း ထင်ရှားလှပါသည်။ ဘာသာရေးအတွက် အလေးအမြတ်ထားရသည့် ဗောဓိညောင်ပင်များ မသေကြေစေရန်အတွက် ရေသွန်းလောင်းရန် စဉ်းစားမိခဲ့ကြခြင်း၊ စီစဉ်နိုင်ခဲ့ကြခြင်းသည် ရှေးမြန်မာကြီးများ၏ အမြော်အမြင်ကြီးမှုကို အထင်းသား မြင်တွေ့ရစေပါသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ဝယ် ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူပြည်သားအားလုံး၊ အခြားသော ဘာသာအသီးသီးကို ကိုးကွယ်ယုံကြည်ကြသည့် မြန်မာပြည်သူပြည်သားအားလုံး၊ အတူတကွ မှီတင်းနေထိုင်ကြသည့် ကမ္ဘာသူကမ္ဘာသားအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းစွာဖြင့် လောကကောင်းကျိုးကို သယ်ပိုးနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်၊ အင်္ဂါနေ့။
မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ကဆုန်လပြည့်နေ့။
ည ၉ နာရီ ၃၅ မိနစ်တွင်ပြီး၏။

Monday, April 26, 2010

ပြည်သူ့နီတိ ထွန်းကား ပြန့်ပွားရေး


ပြည်သူ့နီတိနှင့် စပ်လျဉ်း၍ စာနယ်ဇင်းအချို့တွင် စိတ်ဝင်တစား ဝေဖန်ပြောဆိုကြသည်ကို တွေ့လာရသည်။ ပြည်သူ့နီတိ (Civics) သည် တိုင်းကြီးပြည်ကြီးသားများအဖြစ် ကျင့်ကြံနေထိုင်ရေး လမ်းညွှန်ဖြစ်သည်။ ယဉ်ကျေး သိမ်မွေ့ လောက၀တ် (Etiquettes) နှင့် လူ့ကျင့်ဝတ် (Ethics) တို့သည် ပြည်သူ့နီတိ၏ အစိတ်အပိုင်းများသာလျှင် ဖြစ်သည်။

ယဉ်ကျေး သိမ်မွေ့ လောက၀တ် (Etiquettes) သည် လူမျိုးနှင့် ထုံးဓလေ့အလိုက် ကွဲပြားခြားနားမှု ရှိနိုင်သည်။ ဥပမာ အနောက်တိုင်း လူ့အဖွဲ့အစည်းတွင် အစား,စားနေစဉ် လေချဉ်တက်ခြင်းကို ရိုင်းသည်ဟု ယူဆသည်။ အရှေ့တိုင်းရှိ တရုတ်လူမျိုးတို့ကမူ လေချဉ်တက်ခြင်းသည် စားလို့ကောင်းလွန်း၍ ကျေနပ်ကြောင်း အိမ်ရှင်ကို အမူအရာဖြင့် ပြောပြခြင်းဟုဆိုကာ ရိုင်းသည်ဟု မဆိုချေ။

လူ့ကျင့်ဝတ် (Ethics) သည် လောက၀တ်ကဲ့သို့ တမင်လုပ်ယူရခြင်း မဟုတ်ချေ။ လူရယ်လို့ ဖြစ်လာလျှင် တိုင်းပြည်နှင့် လူမျိုးမရွေး ဆောက်တည် ခံယူ ကျင့်သုံးရမည့် ကျင့်ဝတ်ဖြစ်သည်။ အများပြည်သူ စီးနင်းလိုက်ပါသော ကား၊ ရထား၊ ရေယာဉ် စသည်တို့ပေါ်တွင် ကိုယ်ဝန်ဆောင် မိန်းမများ၊ သက်ကြီးရွယ်အိုများ၊ မသန်မစွမ်းသူများ၊ သားသည်မအေများအား နေရာဖယ်ပေးခြင်းသည် လူဖြူ လူညို လူဝါ လူမည်း လူမျိုးမရွေး လိုက်နာ ကျင့်သုံးကြသည့် လူ့ကျင့်ဝတ် ဖြစ်သည်။ ယင်းသို့သော လူ့ကျင့်ဝတ်အသီးသီးနှင့် ပြည်သူတို့ သိသင့်သိအပ် လိုက်နာအပ်သော တိုင်းရေးပြည်မှု၊ လူရေး လူမှုများကို ပြည်သူ့နီတိ (Civics) ဟု ခေါ်သည်။ ပြည်သူ့နီတိသည် ပို၍ ပြည့်စုံသော လူ့ကျင့်ဝတ် လမ်းညွှန် ဖြစ်သည်။

ကွယ်လွန်သူ စာရေးဆရာကြီး မောင်ထင်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ တစ်စိတ်တစ်ပိုင်းဖြစ်သော "မောင်ထင်၏ရုပ်ပုံလွှာ" စာအုပ် (ဇန်န၀ါရီ ၂၀၁၀) တွင် "ကျွန်ုပ်တို့၏ ပြည်သူ့နီတိ" ခေါင်းစဉ်ဖြင့် အခန်းတစ်ခန်း ထည့်သွင်း ရေးသားထားသည်ကို တွေ့ရသည်။ ဆရာမောင်ထင်၏ ရေးသားချက်အရ ဗြိတိသျှအုပ်ချုပ်ရေးခေတ် အစိုးရကျောင်းများတွင် ပြည်သူ့နီတိ (Civics) ဘာသာရပ်ကို သင်ကြားပို့ချခြင်း မရှိခဲ့ကြောင်း၊ အမျိုးသားကျောင်းစသော တိုင်းရင်းသားကျောင်းများ တည်ထောင်သောအခါ အမျိုးသားပညာရေးကောင်စီက ယင်းဘာသာရပ်ကို သတ္တမအဆင့်မှ ဧကဒသမ အဆင့်အထိ သင်ကြားစေရန် ပြဌာန်းကြောင်း ဖော်ပြထားသည်။

ပြည်သူ့နီတိဟူသော ပညာမှာ တိုင်းသူပြည်သား တစ်ဦးအနေဖြင့် တိုင်းသူပြည်သားကောင်းတစ်ယောက် ဖြစ်လာဖို့ရာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစနစ် စသည်တို့၌ တတ်သိလိမ္မာအောင် အုတ်မြစ်ချပေးသော အဓိပ္ပါယ်ရှိသည်။ ဆရာမောင်ထင်တို့ ကျောင်းသားဘ၀ ၁၉၂၅ ခုနှစ် ၀န်းကျင်ခန့်တွင် ပြည်သူ့နီတိ သင်ကြားရေးကို ရှေးဦးပထမ မြေစမ်းခရမ်းပျိုးသဘောဖြင့်သာ ဆောင်ရွက်ခဲ့ကြရသည်။ ပြည်သူ့နီတိ ကျောင်းသုံးစာအုပ်ဟူ၍ပင် မရှိခဲ့ချေ။ ထိုနောက်တွင်မှ Civil Government For India Students ဟူသော စာအုပ်ကို ကျောင်းသုံး ပြည်သူ့နီတိစာအုပ်အဖြစ် ပြဌာန်းလိုက်သည်။ မြန်မာပြည်သည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းခံထားရ၍ အိန္ဒိယကျောင်းသားများအတွက် စာအုပ်ကိုပင် ပြဌာန်းစာအုပ်အဖြစ် သင်ယူခဲ့ကြရခြင်း ဖြစ်သည်။

ဆရာမောင်ထင်က "ထိုကျောင်းသုံးစာအုပ်၏ ကျေးဇူးကြောင့် ကျွန်တော်တို့သည် အုပ်ချုပ်ရေးစနစ် အမျိုးမျိုးအကြောင်း၊ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့အစည်းများအကြောင်း၊ အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ် စသော စနစ်နှင့် မူဝါဒများအကြောင်းကို အခြေခံအားဖြင့် နားလည်လာကြသည်။ ယင်းအချက်တို့ကို ဆင်ခြင်ကြည့်လျှင် အမျိုးသားပညာရေးစနစ်ကို အကောင်အထည်ဖော်ပေးသော တိုင်းရင်းသားခေါင်းဆောင်များသည် ကျွန်တော်တို့ လူငယ်များအား လူမျိုးတစ်မျိုးအနေဖြင့် တွေးခေါ်၊ ပြောဆို၊ လုပ်ကိုင်နိုင်ကြစေရန် လွတ်လပ်ရေး ကြိုးပမ်းမှုမျိုးစေ့ကို ပြုစုပျိုးထောင်ပေးခြင်း ဖြစ်သည်။ အနောက်တိုင်းများရှိ ကျောင်းများတွင် ထိုပြည်သူ့နီတိဘာသာရပ်ကို သီးသန့် ပို့ချပေးသည့် သာဓကများစွာ မရှိပါ။ သို့ရာတွင် ထိုနိုင်ငံများရှိ ကျောင်းများတွင် သမိုင်းနှင့် ပထ၀ီစသည့်တို့နှင့် ဇီဝဗေဒဘာသာရပ်တို့ကို သင်ကြားပေးသောအခါ ကြားညှပ်၍ ပြည်သူ့နီတိ သဘောတရားများကိုလည်း သင်ကြားပေးသော ဓလေ့ရှိပါသည်" ဟု ရှင်းလင်း ရေးသားထားသည်။

သို့ဖြစ်ရာ ပြည်သူ့နီတိသည် တိုင်းကြီးပြည်ကြီးသားများအဖြစ် မည်သို့ တွေးခေါ် ပြောဆို နေထိုင် ဆက်ဆံရမည်ကို သင်ကြားဆည်းပူးရသော ပညာဖြစ်၍ ကျွန်ုပ်တို့အနေဖြင့် ပြည်သူ့နီတိ ထွန်းကားရေးကို ကြိုဆိုလျက် ပြည်သူ့နီတိ ပြန့်ပွားရေးကို ထပ်ဆင့်နှိုးဆော်လိုက်ရပေကြောင်း။

[၂၀၁၀ မေလ ထုတ် အတွေးအမြင် အမှတ် (၂၁၈)၊ စာမျက်နှာ ၅၊ ၆ တွင် ဖော်ပြပါရှိသည့် "ခေါင်းကြီး" ကို ပြန်လည်ကူးယူဖော်ပြပါသည်]

(ဘ) ဘောလုံး ပြောမဆုံး - ကိုဉာဏ် (ပန်းလောင်မြေ)


ဟာသသဘောနဲ့ဖြစ်စေ၊ တမင်အရွဲ့တိုက်ပြီးဖြစ်စေ ဘောလုံးနဲ့ပတ်သက်ပြီး ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ ပြောတဲ့လူတွေက သိတဲ့အတိုင်းပဲ ဘောလုံးအားကစားကို မနှစ်သက်ကြသူတွေပေါ့။ တစ်နည်းအားဖြင့် တွေ့သမျှလူတိုင်းက ဘောလုံးအကြောင်းကို အားပါးတရ ပြောကြဆိုကြ၊ ဆွေးနွေးကြ၊ ငြင်းခုန်ကြတာတွေကို ကြည့်မရသူတွေပေါ့။ ဘောလုံးအလာ့ဂျစ်သမားတွေလို့ အမည်ပေးရမလား မဆိုနိုင်ဘူး။ သေချာတာကတော့ အခြားလူတွေ ဘောလုံးအပေါ် ရူးသွပ်ကြတာကို အဲဒီလိုလူတွေက နားမလည်ကြဘူး ဆိုတာပါပဲ။

ဘောနဲ့ဝေးတဲ့ သူငယ်ချင်း
ကဲ... ထားပါလေ။ လိုရင်းကို ဆက်ရအောင်ပါ။ အဲဒီလို ဘောလုံးအလာ့ဂျစ်သမားတွေ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို ပြောပြချင်လို့ပါ။ စာဖတ်သူသာ ဘောလုံးဝါသနာရှင်တစ်ဦး ဖြစ်နေမယ်ဆိုရင်လည်း အဲဒီစကားကို ကြားဖူးပြီးသား၊ ခဏခဏ အပြောခံပြီးသား ဖြစ်နေမှာပါ။ ကျွန်တော်လည်း မကြာခဏ အပြောခံဖူးပေမယ့် တကူးတကန့်တော့ ဘယ်သူ့ကိုမှ ရှင်းမပြခဲ့ဖူးပါဘူး။ ဒါပေမယ့် မနေ့ညနေက သူငယ်ချင်းတစ်ယောက်နဲ့အတူ လက်ဘက်ရည်ဆိုင် အတူထိုင်ရင်း အဲဒီအကြောင်းအရာကို ရောက်သွားလို့ပါ။ အရင်လို သူငယ်ချင်းတွေ အများကြီးနဲ့မဟုတ်ဘဲ သူနဲ့ကိုယ်နှစ်ယောက်တည်း အေးအေးဆေးဆေး ထိုင်ရတာကြောင့် ဘောလုံးနဲ့ပတ်သက်တာတွေကို စိတ်ရှည်လက်ရှည် ရှင်းပြနေမိပါတယ်။ သူက ဘောလုံးကို မုန်းတီးသူ၊ အလာ့ဂျစ်ဖြစ်သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘောလုံးနဲ့ပတ်သက်လို့ သူများတွေ ပြောသမျှကို ဘယ်လိုမှ နားမလည်နိုင်ဘူးကွလို့တော့ ပွင့်ပွင့်လင်းလင်း ၀န်ခံပါတယ်။ တစ်ဆက်တည်း ဘာဆက်ပြောသလဲဆိုတော့ "ငါလည်းကြုံတဲ့လူတိုင်းကို မေးဖူးပါတယ်။ ဒါပေမယ့် သူတို့ရှင်းပြတာတွေကို နားမလည်ဘူးကွ" တဲ့။

ဘောလုံးနဲ့သူဟာ သူစိမ်းပြင်ပြင်
အဲဒီမှာ ကျွန်တော်သိလိုက်ရတာတစ်ခုက ကျွန်တော့်သူငယ်ချင်းဟာ ဘောလုံးကိုမရူးသွပ်ပေမယ့် ဘောလုံးအကြောင်းကိုတော့ သိချင်စိတ်ရှိတယ် ဆိုတာပါပဲ။ သူ့မှာ သိချင်လျက်နဲ့ သူ့ရဲ့ အခြေခံဘောလုံးဗဟုသုတ နည်းပါးမှုကြောင့် နားမလည်ရလေခြင်းဆိုပြီး အားငယ်နေတယ်လို့လည်း ထင်မိပါတယ်။ သူက ခေတ်မီချင်သူလေ။ ခေတ်မီချင်တယ်ဆိုတာ ဒီလိုပါ။ ဘောလုံးကို သူစိတ်မ၀င်စားပေမယ့် တစ်ကမ္ဘာလုံးကလူတွေ သည်းသည်းလှုပ်ဖြစ်နေတဲ့ ဘောလုံးကို မကောင်းကြောင်းတော့ သူမပြောပါဘူး။ လူတိုင်းနီးနီး စိတ်ဝင်စားနေတဲ့ အကြောင်းအရာကို သူလည်း အခြားလူတွေနဲ့တန်းတူ သိချင်၊ နားလည်ချင်တာပါ။ ငယ်ငယ်လေးကတည်းက စည်းကမ်းကြီးပြီး တင်းကျပ်လှတဲ့ မိဘအုပ်ထိန်းမှုနဲ့ အိမ်ထဲမှာပဲ ကစားခဲ့ရတဲ့ မြို့ပြယဉ်ကျေးမှုမှာ ကြီးပြင်းလာခဲ့သူဆိုတော့ ဘောလုံးနဲ့ပတ်သက်ရင် ဘယ်လိုလုပ်ပြီး သူ့ခမြာ အကျွမ်းဝင် နားလည်နိုင်ပါ့မလဲ။ ကားရုပ်လေးတွေ၊ သေနတ်လှလှလေးတွေ၊ စက်ဘီးသေးသေးလေးတွေနဲ့ ဆော့ကစား၊ ကျောင်းဆင်းရင် အိမ်ကလာကြိုတဲ့ ကားနဲ့အိမ်ပြန်၊ ရုံးပိတ်ရက်မှာမှ တစ်ခါတလေရောက်ရတဲ့ ကလေးကစားကွင်းတွေနဲ့ ယဉ်ပါးခဲ့ရသူမို့ လမ်းထဲက သူငယ်ချင်းတွေနဲ့ ဟေလားဝါးလားလုပ်ပြီး ပျော်ပျော်ကြီးကစားရ၊ ကျောင်းဆင်းချိန်မှာ အိမ်မပြန်သေးဘဲ သူငယ်ချင်းတွေစုပြီး ကစားရတဲ့ ဘောလုံးအားကစားဟာ သူ့အတွက် စိမ်းနေတာ မဆန်းပါဘူး။

သူသိတဲ့ ဘောလုံးသမားတွေ
အမယ်... ကိုယ်တော်ချောက ဘောလုံးအကြောင်းကို မသိဘူးသာဆိုတယ်။ ဘယ်သူတွေကို သိတယ်မှတ်သတုံး။ ဘက်ဂီယိုကို သိသတဲ့။ နောက်... ရိုမာရီယိုကိုလည်း သိသေးသတဲ့။ ဟားဟား... ဟုတ်တာပေါ့... ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ ကျွန်တော်တို့ မြန်မာတွေအတွက် ပထမဆုံး ရင်းရင်းနှီးနှီး ထိတွေ့ခွင့်ရတဲ့ ပြိုင်ပွဲကြီးဖြစ်ခဲ့တာကိုး။ သတင်းစာတွေထဲမှာ၊ ရုပ်မြင်သံကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ခဲ့ရတာမို့ မြင်းမြီးဆံပင်နဲ့ ဘက်ဂီယိုကို မြန်မာမလေးတွေ သည်းသည်းလှုပ်ဖြစ်ခဲ့တာ ပြန်လို့တောင် အမှတ်ရမိသေးတော့တယ်။ အမယ်... အဲဒီလူတွေကိုပဲသိလို့ ဒီနေ့မော်ဒန်ဘောလုံးလောကမှာ နာမည်ကြီးနေသူတွေကိုလည်း မသိဘူးမထင်လိုက်လေနဲ့။ ပထမဆုံး သူပြောတာက ဟိုကောင် ဦးစွန်းဖုတ်နဲ့ကောင်ကွာတဲ့။ ဒိုကြီးကိုပြောတာလေ။ ဘရာဇီးလ်က ရိုနယ်လ်ဒိုကိုပြောတာ။ နောက်... စီရော်နယ်လ်ဒိုကို သိသတဲ့။ ရူပါဖြောင့်ဖြောင့်နဲ့ကောင်ကွတဲ့။ သွားခေါခေါနဲ့ကောင်က ဘယ်သူလဲကွ။ ငါသူ့ကိုသိတယ်။ နာမည်မေ့နေလို့တဲ့။ ဟားဟား... ရော်နယ်လ်ဒင်ဟိုကို ပြောတာလေ။ ကျွန်တော်က နာမည်ကိုပြောပြတော့ အားရ၀မ်းသာနဲ့ အေး..အေး... ဟုတ်တယ်၊ ရော်နယ်လ်ဒင်ဟို၊ ရော်နယ်လ်ဒင်ဟိုတဲ့။ သူပျော်နေတာကြည့်ပြီး ကျွန်တော်လည်း အတော်လေးကို ပျော်နေမိတယ်။ ဘောလုံးအကြောင်း မသိဘူးသာဆိုတယ်... ကိုယ်တော်က နောက်တစ်ယောက် ဘယ်သူ့ကိုပြောတယ်ထင်သလဲ၊ ဇီဒန်းကိုလည်း သိသတဲ့။ မင်းဟာက သိလှချည်လားကွလို့ မေးမိတော့ ဇီဒန်းက နို့မို့ဆို မှတ်မိမှာ မဟုတ်ဘူးကွတဲ့။ ဘယ်သူနဲ့တွဲပြီး မှတ်ထားတာမို့ သိနေတာလို့ နာမည်တစ်ခုကို ရွတ်ပြတော့ ကျွန်တော့်မှာ ရယ်လိုက်ရတာဗျာ။ ဟုတ်ပါရဲ့ ကျွန်တော်တို့ရဲ့ ဆရာတစ်ယောက်က ဇီဒန်းလိုပဲ နဖူးပြောင်ပြောင်ကြီးလေ။ ပြီးတော့ သူက တကယ့်ကို ဘောလုံးဂျိုး။ အသက်ကြီးတဲ့အထိ ဘောလုံးလည်းကန်တယ်။ သူ့ကိုလည်း ဇီဒန်းလို့ပဲ ကွယ်ရာမှာ nick name ခေါ်ကြတာကိုး။

ကလေးကြိုက်၊ ခွေးကြိုက်၊ ဘုန်းကြီးကြိုက်၊ မြန်မာကြိုက်
အဲဒီတော့ ကျွန်တော်က ပြန်ပြောမိပါတယ်။ မင်းဟာက ဘောလုံးနဲ့ပတ်သက်လို့ တော်တော်သိတယ်လို့ ပြောလို့ရတယ်ကွပေါ့။ အဲဒီလောက်သိရင် မင်းစကားဝိုင်းတွေမှာ ၀င်ပြောလို့ရပြီဆိုတော့ မလှတဲ့သူ့မျက်နှာ ပြဲပြဲကြီးနဲ့ တခစ်ခစ်ရယ်တယ်။ ကျွန်တော်ပါ ရောယောင်ပြီး လိုက်ရယ်မိတာပေါ့။ ဘောလုံးအသင်းတွေတော့ မင်းသိမှာပါဆိုတော့။ အေးသိတယ်တဲ့... မန်ယူနဲ့ အာဆင်နယ်ကို သိတယ်လေတဲ့။ ဟားဟား... အဲဒီနှစ်သင်းသိရင်ကို မင်းဘောလုံးလောကထဲကို ခြေစုံပစ်ဝင်လို့ရတယ်ဆိုတော့ တဟားဟား ထရယ်တယ်ဗျ။ ဘေးဝိုင်းကလူတွေက ကျွန်တော်တို့နှစ်ယောက်ကို ဘာလဲဟဆိုတဲ့ မျက်နှာပေးတွေနဲ့ လှည့်ကြည့်ကြတယ်။ ကျွန်တော်တို့နှစ်ယောက်လည်း ရှက်ကိုးရှက်ကန်းနဲ့ မသိချင်ယောင်ဆောင်ပြီး ဟားတိုက်ပြီး ရယ်နေလိုက်မိတယ်။ ပြီးတော့မှ မျက်နှာပိုးသတ်ပြီး အချင်းချင်း မျက်နှာရိပ်မျက်နှာကဲပြပြီး ပါးစပ်ကို ဘရိတ်အုပ်ရတယ်။

ပြောချင်တဲ့စကား
ဟော... လျှာရှည်နေလိုက်တာ ပြောချင်တာက အခုထိ မရောက်နိုင်ဘူး။ ဘယ်လိုလဲ... အတော်စိတ်ညစ်နေပြီလား။ စောစောကလို တောင်ရောက်မြောက်ရောက် ပြောပြီးတဲ့အချိန်မှာ ကျွန်တော့်သူငယ်ချင်း ဆက်ပြောလိုက်တဲ့ စကားလေးတစ်ခွန်းက ဒီစာမှာ ကျွန်တော်ပြောချင်တဲ့ အဓိကအကြောင်းအရာပါ။ သူပြောတာက ဒီလိုဒီလို...
"ဘောလုံးလေးတစ်လုံးကို လူ (၂၂)ယောက် ၀ိုင်းလုပြီး ကန်နေကြတာ စိတ်ညစ်စရာကြီးကွာ၊ တစ်ယောက်တစ်လုံး ပေးကန်လိုက်ရင် ပြီးတာပဲ" တဲ့။ ပြောလည်းပြောပြီးရော သူ့စကားသူ သဘောကျပြီး ရယ်နေပြန်ပါရောလား။ အတော်အရယ်သန်တဲ့ကောင်။ ကဲ... ပြောခဲ့တယ်မို့လား၊ ခင်ဗျားလည်း ကြားဖူးပြီးသား၊ ကြုံဖူးပြီးသား စကားတစ်ခွန်းပါလို့။

အံ့သြလောက်ပါတယ်
ဟုတ်တယ်ဗျ... ဘောလုံးဝါသနာမပါသူ အများစု နားမလည်ကြတဲ့အထဲမှာ အဲဒီအချက်ပါတယ်ဗျ။ ကျွန်တော်တို့ ၀ါသနာရှင်တွေကသာ ဘောလုံးဥပဒေတွေက ဘယ်လို၊ နည်းစနစ်တွေက ဘယ်လို၊ ဘယ်အခြေအနေမှာ ဘာဖြစ်တယ်ဆိုတာကို သိကြတာကိုး။ ၀ါသနာမပါတဲ့ လူတွေအတွက်က ဘယ်လိုလုပ် နားလည်လိမ့်မတုန်း။ ဘောလုံးလေးတစ်လုံးကို ရေကုန်ရေခန်း၊ အသည်းပေါက်မတတ် လိုက်လုနေကြတာဟာ ဘယ်လောက်များ ကြောင်တောင်တောင် နိုင်လိုက်သလဲလို့ သူတို့တွေက တွေးနေကြမှာကို အပြစ်တော့ မဆိုသာပါဘူး။ အဲ...ပိုဆိုးတာက အဲဒီလို ဘောလုံးတစ်လုံးကို လူ(၂၂)ယောက် ၀ိုင်းလုနေတာကို ဘေးကနေပြီး သန်းပေါင်းများစွာသော တစ်ကမ္ဘာလုံးက ပရိသတ်တွေက အားပေးနေကြတာ၊ ရူးသွပ်နေကြတာ၊ ရန်ဖြစ်နေကြတာ၊ ငြင်းခုန်နေကြတာက သူတို့အတွက် ပိုလို့တောင် ထူးဆန်းအံ့သြဖို့ကောင်းပြီး နားလည်လို့မရနိုင် ဖြစ်နေကြဦးမယ် ထင်ပါရဲ့ဗျာ။

ပြန်ပြောမိတဲ့စကား
သူငယ်ချင်းက အဲဒီလိုပြောလာတော့ အသေးစိတ် ပြန်ရှင်းမပြခဲ့ပေမယ့် စကားလေးတစ်ခွန်းတော့ သူ့ကို ပြန်ပြောဖြစ်ပါတယ်။ ရယ်ရယ်မောမောနဲ့ပေါ့။ "အေးကွာ... မင်းပြောသလို ကွင်းထဲက (၂၂)ယောက်ကို ဘောလုံးတစ်လုံးစီပေးပြီး ကန်ကြတာကို မင်းမြင်ကြည့်စမ်းပါ၊ ဘယ်လိုအရသာ ထွက်လာမလဲ" လို့ မေးမိတော့ ကျေးဇူးရှင်က ပထမတော့ နည်းနည်းတွေးတယ်၊ နောက်မှ ဘာကိုစဉ်းစားမိသွားတယ်မသိဘူး လက်ခုပ်လက်ဝါးတွေတီးပြီး အားရပါးရကို တဟားဟား ရယ်ပါရောလား။ လက်ကလည်း အမူအရာလုပ်၊ ပါးစပ်ကလည်း "ဟားဟား၊ တစ်ယောက်တစ်လုံးစီနဲ့ ကန်ကြရင်" ဆိုပြီး သူ့ဟာသူ သဘောကျနေတယ်လေ။ ကျွန်တော်လည်း မျက်စိထဲမှာ ဘောလုံးသမားတစ်ယောက်ကို ဘောလုံးတစ်လုံးစီနဲ့ ကွင်းထဲမှာ ပြေးနေကြတာကို မြင်ယောင်မိပြီး သူနဲ့အတူ လိုက်ရယ်မိတာပေါ့ဗျာ။

အတွေးမဆုံးပြီ
လက်ဘက်ရည်ဆိုင်ကပြန်လာပြီး အခန်းပြန်ရောက်တဲ့အထိ အဲဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ အတွေးတွေက အမျှင်မဆုံးနိုင်သေးဘူးလေ။ အဲဒီတော့လည်း ဆက်တွေးနေမိတာပေါ့။ ကိုင်း... ကျွန်တော်တွေးမိတာလေးတွေကို ပြန်ပြီးဖောက်သည်ချပါရစေဦး။ အလေးအနက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်နော်။ အပျင်းပြေ ပေါ့ပေါ့ပါးပါးသာ ဖတ်စေချင်ပါတယ်။ အချို့တွေအတွက်လည်း အတွေးပွင့်သွားစေတာတွေ ရှိကောင်းရှိနိုင်ပါရဲ့ဗျာ။

လူ့ဘ၀နဲ့ ဘောလုံးပွဲ
ဘ၀ဆိုတာကြီးကို ဘောလုံးပွဲတစ်ပွဲနဲ့ ခိုင်းနှိုင်းလိုက်တဲ့အတွက်တော့ ကျွန်တော့်ကို အပြစ်မြင်ကြမယ်လို့ မထင်ပါဘူးနော်။ လုံးဝဥဿုံချွတ်စွတ်ကြီး တူညီတာ မဟုတ်ပေမယ့် ဘ၀ဆိုတာ ဘောလုံးပွဲတစ်ခုလိုပဲဆိုတဲ့ အချက်တွေ အတော်များများ ရှိနေတယ်လေ။ ကျွန်တော်တွေးမိသမျှတွေကို အကျယ်မဖွင့်တော့ဘဲ တိုတိုတုတ်တုတ်ပြောပြရရင်-

  • ပွဲသိမ်းခရာမမှုတ်ခင်စပ်ကြား ဘောလုံးပွဲတစ်ခုလုံး ကစားနိုင်ဖို့အတွက် သက်လုံကောင်းဖို့၊ ကြံ့ခိုင်ဖို့၊ ကျွမ်းကျင်မှုရှိဖို့၊ အကွက်မြင်ဖို့ လိုအပ်သလို သေဆုံးခြင်းဆိုတဲ့ ခရာသံမကြားခင် ဘ၀တစ်လျှောက်မှာလည်း လောကဓံကို ကြံ့ကြံ့ခိုင်နိုင်ဖို့အတွက် ကျွန်တော်တို့တွေ သက်လုံကောင်းဖို့၊ ကိုယ်စိတ်ကြံ့ခိုင်နေဖို့၊ သက်ဆိုင်ရာနယ်ပယ်တွေမှာ ကျွမ်းကျင်နေဖို့၊ အခွင့်အလမ်းတွေကို အကွက်မြင်ဖို့ လိုအပ်တယ်လေ။
  • ကိုယ့်ရဲ့ဘောလုံးပညာ ဘယ်လောက်ပဲ ကျွမ်းကျင်ကောင်းမွန်နေပါစေ၊ အားပေးတဲ့ ပရိသတ်တွေသာ မရှိခဲ့ဘူးဆိုရင် အဲဒီပညာတွေဟာ အလကားပဲမဟုတ်လား၊ အဲဒီလိုပဲ ဘ၀မှာလည်း ကိုယ်ဘယ်လောက်ပဲ တော်နေတော်နေ၊ ငါတော်ရင် ပြီးတာပဲဆိုတဲ့စိတ် ထားနေလို့မရပါဘူး။ အဖွဲ့အစည်းတစ်ခုခုအတွက်၊ သို့မဟုတ် နိုင်ငံတစ်ခုခုအတွက် အသုံးဝင်နေပါမှ၊ တစ်နည်းအားဖြင့် ပတ်ဝန်းကျင်က၊ လူ့လောကတစ်ခုလုံးက ကိုယ့်ကို အသိအမှတ်ပြုပါမှ၊ကိုယ့်ကို လိုအပ်နေပါမှ ကိုယ့်ရဲ့အရည်အချင်းတွေဟာ အသုံးဝင်မှာပါလေ။ ဘောလုံးသမားဟာ ပရိသတ်ကို စော်ကားလို့မရ၊ ဥပေက္ခာပြုလို့ မရသလို ကျွန်တော်တို့တွေရဲ့ ဘ၀မှာလည်း ပတ်ဝန်းကျင်ဆိုတာကို ဥပေက္ခာပြုလို့ မရပါဘူး။
  • ဘောလုံးကွင်းထဲမှာ ကိုယ်တစ်ယောက်တည်း ရပ်နေလို့ ဘောလုံးပွဲတစ်ပွဲ ဖြစ်မလာနိုင်ပါဘူး။ အဲဒီလိုပဲ ကိုယ့်အသင်းသား (၁၁)ယောက်ပဲ ရှိနေရင်လည်း ဘောလုံးပွဲမမြောက်ပါဘူး။ ကိုယ်နဲ့ပြိုင်ဘက် (၁၁)ယောက် ရှိနေမှသာ ဘောလုံးပွဲဖြစ်လာတာပါ။ ဘ၀မှာလည်း ကိုယ်တစ်ယောက်တည်း ရပ်တည်နေလို့ မရပါဘူး။ အဲဒီလိုပဲ ကိုယ့်ကိုထောက်ခံအားပေးမယ့်လူ၊ ကိုယ့်နဲ့အတူ စိတ်တူကိုယ်တူတွေချည်းပဲ ရှိနေရင်လည်း ဘ၀ဆိုတာ အဓိပ္ပါယ်မရှိတော့ဘူးလေ။ ဘ၀ဆိုတဲ့သရုပ် ပီပြင်ဖို့အတွက် ကိုယ့်ကို တားဆီးနှောင့်ယှက်မယ့်လူ၊ ကိုယ့်အဖွဲ့အစည်းကို ရင်ဆိုင်ဆန့်ကျင်မယ့်လူတွေလည်း ရှိရမယ်လေ။ ဒါမှလည်း ဘ၀ဆိုတဲ့ ဘောလုံးပွဲဟာ အသက်ဝင်တော့မှာပေါ့။
  • ကိုယ်ဘယ်လောက်တော်တော် အသင်းဖော်တွေရဲ့ ပံ့ပိုးကူညီမှုတွေသာ မပါခဲ့ရင် အနိုင်ဂိုးသွင်းနိုင်ဖို့၊ အသင်းအနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီလိုပဲ ဘ၀မှာလည်း ကိုယ်တစ်ယောက်တည်း မိုးပျံအောင်တော်နေလည်း ကိုယ့်ကို ကူညီမယ့်လူ၊ ဖေးမမယ့်လူ၊ လက်ကမ်းမယ့်လူ၊ နားလည်မှုရှိရှိနဲ့ လက်တွဲမယ့်လူတွေကို မဖြစ်မနေလိုအပ်ပါတယ်။ လူ့လောကကြီး တိုးတက်လာတာဟာ တစ်ဦးတစ်ယောက်တည်းရဲ့ အစွမ်းကြောင့် မဟုတ်ဘူးဆိုတာကိုတော့ စာဖတ်သူလည်း သိပြီးဖြစ်မှာပါ။ ဘ၀ဆိုတဲ့ ဘောလုံးပွဲမှာ အခြားလူတွေနဲ့ သဟဇာတဖြစ်ဖို့၊ လက်တွဲညီဖို့၊ အကူအညီရဖို့ လိုအပ်သလို အခြားလူတွေကိုလည်း အကူအညီပေးဖို့၊ ဖေးမဖို့၊ လက်ကမ်းဖို့ လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့ဗျာ။
  • ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ပြင်သစ်က ဇီဒန်းကြီးခမြာ တစ်သက်လုံး ကောင်းလာခဲ့ပြီးကာမှ ဘာမှမကြာလှတဲ့ အခိုက်အတန့်လေးမှာ ဖြစ်ခဲ့ရတဲ့ ဒေါသစိတ်တစ်ချက်ကို မထိန်းလိုက်နိုင်တဲ့အတွက် အီတလီက မာတာရာဇီကို ခေါင်းနဲ့တိုက်ပြီး ရလာခဲ့တဲ့ အနီကတ် တစ်ခုကြောင့် သူ့အတွက်လည်း အမည်းစက်ဖြစ်ခဲ့ရ၊ တကယ့်အရေးကြီးတဲ့အချိန်မှာ ပြင်သစ်အသင်းလည်း လက်တစ်ကမ်းက ကမ္ဘာ့ဖလားနဲ့ အလှမ်းဝေးခဲ့ရ ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ ဘ၀တွေမှာရော မရည်ရွယ်ပါဘဲ အသိဉာဏ်တစ်ချက်အလွတ်မှာ အမှတ်မထင် ပြုလုပ်ခဲ့မိတဲ့ အမှားလေးတွေကြောင့် တစ်သက်လုံး ကောင်းလာခဲ့သမျှတွေ မြောင်းထဲရောက်သွားရတာ၊ ကိုယ့်ကို မှီခိုနေရတဲ့သူတွေ ဒုက္ခရောက်သွားရတာမျိုး ဖြစ်ခဲ့သလားဆိုတာ စဉ်းစားကြည့်သင့်တယ်။
  • ဘောလုံးဆိုတာ တစ်သင်းလုံး ညီညီညွတ်ညွတ်နဲ့ ကစားရတာပါ။ အဲဒီလိုပဲ ဘ၀ဆိုတာလည်း အခြားသော သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ စတဲ့လူမျိုးစုံနဲ့ အပေးအယူမျှမျှ၊ လက်တွဲညီညီနဲ့ ဆောင်ရွက်ရတာမျိုးပါ။ အဲ... ဒါပေမယ့် ဘောလုံးအသင်းမှာ စီရော်နယ်လ်ဒိုလို၊ မက်ဆီလို၊ ရော်နယ်လ်ဒင်ဟိုလို၊ ဒရော့ဘာလို၊ ဂျရတ်လို၊ ကာကာလို၊ ဘူဖွန်လို သူမတူအောင် ထူးချွန်တဲ့လူတွေလည်း လိုအပ်တာအမှန်ပါ။ တကယ့်အရေးကြုံလာတဲ့အခါ ပွဲအဖြေကို ပြောင်းလဲပစ်နိုင်သူတွေဆိုတဲ့ စကားလုံးတွေကိုတော့ စာဖတ်သူလည်း ကြားဖူး၊ ဖတ်ဖူးမယ်ထင်ပါရဲ့။ အဲဒီလိုပဲ ဘ၀မှာလည်း သူတကာထက် ထူးချွန်ထက်မြက်သူတွေ လိုအပ်ပါတယ်။ သူတို့တွေကသာ ဘ၀တွေကို ပြောင်းလဲပစ်နိုင်တာကိုး။ ဥပမာဆိုရရင် အိုင်းစတိုင်းလို၊ နယူတန်လို၊ လင်ကွန်းလို၊ ဗိုလ်ချုပ်အောင်ဆန်းလို၊ ရှိတ်စပီးယားလို စတဲ့လူတော်တွေပေါ့။ ကိုယ်တိုင်က အဲဒီလို ထူးချွန်အောင်လုပ်ချင်လုပ်၊ ဒါမှမဟုတ် အဲဒီလိုထူးချွန်သူတွေကို အခွင့်အလမ်းတွေ ဖန်တီးပေးရမှာ၊ ကူညီပံ့ပိုးရမှာကတော့ ဘောလုံးပွဲနဲ့ အတူတူပါပဲဗျာ။
  • ဘောလုံးပွဲမှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ဘ၀မှာလည်း ရှိတယ်ဆိုတာ ပြောဖို့လိုအံ့ မထင်ပါဘူး။ ဘောလုံးပွဲမှာ ကိုယ့်အသင်း အနိုင်ရဖို့အတွက် အစွမ်းကုန်ကြိုးစားကြတယ်။ ဘ၀မှာလည်း ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ကြိုးစားကြတာပါပဲ။ ဒါပေမယ့် မသမာတဲ့နည်းလမ်း၊ သတ်မှတ်ထားတဲ့ ဘောင်တွေကကျော်လွန်ပြီး လုပ်ဆောင်လို့မရတာတော့ ဘ၀နဲ့ဘောလုံး နှစ်ခုစလုံးမှာ အတူတူပါပဲ။ ဘောလုံးပွဲမှာ ဒိုင်လူကြီး၊ ပရိသတ်တွေ ရှိသလို ဘ၀မှာလည်း သဘာဝတရားဆိုတဲ့ တရားသူကြီးနဲ့ ပတ်ဝန်းကျင်ဆိုတဲ့ ပရိသတ်တွေ ရှိတယ်လေ။ လိမ်လို့မရဘူး၊ ညာလို့မရဘူး။
  • ဘောလုံးပွဲရဲ့ အဓိကအသက်ဟာ ရလဒ်ဖြစ်ပါတယ်။ အဲဒီရလဒ်ကို ဂိုးနဲ့ သတ်မှတ်ပါတယ်။ Goal ဆိုတဲ့ စကားလုံးမှာကိုက အဓိပ္ပါယ်တွေ ပြည့်ဝပြီးသားမို့ အထူးအထွေ ရှင်းပြစရာ လိုမယ်မထင်ပါဘူး။ ဒါပေမယ့် အဲဒီဂိုးကသာ အဓိကဆိုပြီး အခြားဟာတွေကို လျစ်လျူရှုလို့ မရပါဘူး။ ဥပမာတွေ ပြောပါရစေဦး။ ဘောလုံးကို တစ်ကမ္ဘာလုံးကလူတွေ စွဲလန်းကြတာဟာ ဂိုးသွင်းကြလို့ မဟုတ်ပါဘူး။ အဲဒီဂိုးသွင်းဖို့အတွက် ဖန်တီးကြတာ၊ တစ်နည်းပြောရရင် အပေးအယူ၊ အချိတ်အဆက်၊ ကစားကွက်၊ နည်းဗျူဟာ၊ တစ်ဦးချင်းကျွမ်းကျင်မှု စတာတွေကို ရင်ခုန်ကြတာ ဖြစ်ပါတယ်။ ဘာမှမကျယ်လှတဲ့ ဂိုးပေါက်ကလေးထဲကို ဘောလုံးတစ်လုံး ၀င်သွားတာကို အရသာခံကြတာလို့ မထင်မှတ်လိုက်ပါနဲ့။ အဲဒီလိုသာဆိုရင်တော့ ဘောလုံးဆိုတာကို ဘယ်သူကမှ အခုလောက် သည်းသည်းလှုပ်ဖြစ်နေကြမှာ မဟုတ်ပါဘူး။ ဂိုးမသွင်းဖူးတဲ့အသင်း မရှိဘူးဆိုတာ အားလုံးသိမှာပါ။ ဒါဆိုရင် ဘာဖြစ်လို့ လူတွေက အသင်းတွေရွေးပြီး ကြိုက်ကြရတာလဲ။ ဂိုးသွင်းတဲ့ဘောလုံးသမားချင်း အတူတူဟာကို ဘာဖြစ်လို့ ကြိုက်တဲ့လူကိုကြိုက်၊ မကြိုက်တဲ့လူကို မကြိုက်ရတာလဲ။ သုံးမှတ်ရရင် ပြီးရောဆိုတဲ့ မော်ရင်ဟိုကို ဘာဖြစ်လို့ ဘောလုံးလောကသားတွေက ခါးခါးသီးသီး ကန့်ကွက်ကြတာလဲ။ ကန်တိုင်းနိုင်တာမဟုတ်၊ ရာသီတိုင်း ဖလားရတာ မဟုတ်ပါဘဲ ဘာဖြစ်လို့ ဘာစီလိုနာတို့၊ အာဆင်နယ်တို့၊ ဘရာဇီးလ်တို့ကို လူတွေတသသ စွဲလန်းနှစ်ခြိုက်ကြတာလဲ။ ရှင်းပါတယ်ဗျာ... ဂိုးသွင်းဖို့အတွက် သူတို့တွေရဲ့ ကြိုးပမ်းမှုတွေထဲမှာ ရသမြောက်နေတာ၊ လှပနေတာတွေ ရှိနေလို့ပေါ့။ ဂိုးရရင်ပြီးရော ကြမ်းကြမ်းတမ်းတမ်းကစား၊ ညစ်နည်းပေါင်းစုံနဲ့ ရအောင်ဖန်တီးတဲ့ အသင်းတွေ၊ ကစားသမားတွေကို ပရိသတ်က လက်မခံကြဘူးလေ။ ဒါဆိုရင် လူ့ဘ၀မှာရော??? ကိုယ့်ရည်မှန်းချက် အောင်မြင်ရင်ပြီးရော၊ ကိုယ့်အဖွဲ့အစည်း အောင်မြင်ရင်ပြီးရောဆိုပြီး လုပ်ချင်ရင် လုပ်လို့ရပါတယ်။ ဒါပေမယ့် ကစားကွက်မလှတဲ့အတွက် ပရိသတ်က သဘောကျမှာ မဟုတ်ဘူးဗျ။ သုံးမှတ်ရရင် ပြီးရောဆိုတဲ့ တစ်ချိန်က မော်ရင်ဟိုရဲ့ စိတ်ဓာတ်မျိုးတွေဟာ ဒီနေ့ကမ္ဘာမှာ ဘယ်သူကမှ မကြိုဆိုချင်ကြတော့ဘူး။ ရလာတဲ့ဂိုးဟာ လှလှပပ၊ သန့်သန့်ရှင်းရှင်း၊ မျှမျှတတ ဖြစ်တာကိုပဲ အားလုံးက တမက်တမော ဖြစ်နေကြပြီလေ။
  • နောက်ထပ်ဥပမာတစ်ခု ဆောင်ပါရစေဦး။ အီတလီကစားသမား ဒီကာနီယို အင်္ဂလန်ပရီမီးယားလိဂ် ပွဲစဉ်တစ်ခုမှာ ပြုလုပ်ခဲ့တဲ့ အပြုအမူ တစ်ခုပါ။ သူက ရှေ့တန်းတိုက်စစ်မှူးပါ။ ပွဲစဉ်တစ်ခုမှာ ဘောလုံးကိုလည်း သူရထားပါတယ်။ သူ့ရှေ့မှာလည်း ဂိုးပေါက်ပဲ ရှိပါတော့တယ်။ ကန်သွင်းဖို့ပဲ လိုတော့တာပေါ့ဗျာ။ ဒါပေမယ့် အဲဒီအချိန်မှာ ဂိုးသမားက ထိခိုက်ဒဏ်ရာတစ်ခုကြောင့် လဲနေပါတယ်။ ဒီကာနီယို ဘာလုပ်လိုက်ပါသလဲ။ ဂိုးပေါက်ထဲကို ကန်သွင်းမယ့်ဘောလုံးကို မကန်သွင်းတော့ဘဲ အပြင်ကိုကန်ထုတ်ပြီး Fair Play လုပ်လိုက်ပါတယ်။ ကွင်းထဲမှာရှိနေတဲ့ ပရိသတ်အားလုံး (သူ့ပရိသတ်ရော၊ ကိုယ့်ပရိသတ်ရော) ဟာ မတ်တတ်ရပ်၊ လက်ခုပ်တီး၊ လက်ခေါက်တွေမှုတ်ပြီး ဒီကာနီယိုကို ဂုဏ်ပြုချီးကျူးကြတာ တစ်ကွင်းလုံး ဘ၀ဂ်ညံသွားတဲ့အထိပါပဲ။ ဘောလုံးပွဲတစ်ခုမှာ ဂိုးရဖို့ဆိုတာ အရေးအကြီးဆုံးဖြစ်ပေမယ့် အဲဒီဂိုးကို သိက္ခာရှိရှိ၊ မျှမျှတတနဲ့ ရယူတာက အဖိုးတန်တယ်ဆိုတာကို သက်သေပြသွားခဲ့တာပါ။ ဒီကာနီယိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မဖြစ်ခဲ့ဖူးပါဘူး။ ဒါပေမယ့် သူ့နာမည်ကတော့ ယနေ့အထိ ပြောနေရဆဲ၊ နောင်လည်း ပြောနေရဦးမယ့် သမိုင်းမှတ်တမ်းတစ်ခု ဖြစ်သွားခဲ့ရပါပြီ။ အဲဒီတုန်းကသာ ဂိုးသွင်းခဲ့မယ်ဆိုရင် အဲဒီဂိုးအတွက် သမိုင်းမှတ်တမ်းဟာ အခုသူရလိုက်တဲ့ သမိုင်းမှတ်တမ်းလောက် အဖိုးတန်လိမ့်မယ် မထင်ပါဘူး။ ကျွန်တော်တို့ လူ့ဘ၀တွေမှာရော??? ကိုယ့်ရည်မှန်းချက်တစ်ခု အောင်မြင်ဖို့အတွက် ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်တွေနဲ့ လုပ်နေတဲ့သူတွေနဲ့ သိက္ခာရှိရှိနဲ့ လုပ်ကိုင်ဆောင်ရွက်နေသူတွေကို သမိုင်းက ဘယ်လိုများ မှတ်တမ်းတင်ထားသလဲဆိုတာ နည်းနည်းလောက် စဉ်းစားကြည့်စေချင်ပါတယ်။ ဘ၀မှာ လိုချင်၊ ရချင်တာတွေနဲ့ သိက္ခာယှဉ်လာတဲ့အခါ ကျွန်တော်တို့တွေ ဘာလုပ်ကြမှာလဲ။ Fair Play လုပ်မှာလား။ Goal ပဲ သွင်းမှာလား?

တစ်ယောက်တစ်လုံးစီ ပေးလိုက်ရင်
ကဲ... ဒါတွေက ကျွန်တော်တွေးမိသမျှတွေထဲက အချို့ကို ပြန်လည်ဖွင့်အံခြင်းမျှသာပါ။ ဒါဆိုရင် ဘောလုံးပွဲတစ်ခုဟာ ဘယ်လောက်အထိ ဘ၀ဆန်သလဲဆိုတာကို စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါရဲ့နော်။ သြော်... ကျွန်တော့်သူငယ်ချင်းပြောတဲ့ စကားလေးကို ဆက်ပါရစေဦးနော်။ ဟုတ်ကဲ့.. သူပြောသလို တစ်ယောက်ကို ဘောလုံးတစ်လုံးစီ ကန်ခိုင်းလိုက်ရင် ဘာတွေဖြစ်ကုန်မလဲဗျ။ စဉ်းစားကြည့်ရအောင်ပါ။ စာဖတ်သူလည်း ၀ိုင်းစဉ်းစားပေးပါဦး။ ငယ်ငယ်တုန်းက အတန်းထဲမှာ ဆုရဖူးတဲ့လူတွေများပါခဲ့ရင် ဆုရတဲ့ ခံစားချက်ကို ပြန်တွေးကြည့်စမ်းပါ။ သမီးက၊ သားက အတန်းထဲမှာ ဒုတိယရတယ်လို့ ပြောလိုက်လို့ တစ်ယောက်ယောက်ကများလေ... အတန်းထဲမှာ ကျောင်းသားက နှစ်ယောက်တည်းရှိတာလားလို့ မေးလာခဲ့တယ်ဆိုရင် ဘယ်လိုခံစားခဲ့ကြရပါသလဲ။ တစ်ယောက်တည်းရှိလို့ ပထမရတာနဲ့၊ ဆယ်ယောက်ထဲမှာ ပထမရတာ မတူဘူးလေ။ လူတစ်ရာထဲမှာ ပထမရရင် ပိုလို့တောင် ပျော်ရွှင်ရသေးတယ်မဟုတ်လား။ ဟော..... အသက်ကလေးရလာတော့ ချစ်ရကြိုက်ရတဲ့လူတွေ ရှိလာမှာပေါ့ဗျာ။ ဘယ်သူကမှ မကြိုက်ဘူးဆိုတဲ့ ကောင်မလေးမျိုးကိုမှ သေချာရွေးပြီး ကြိုက်နှစ်သက်တယ်ဆိုတဲ့လူ အလွန်အင်မတန် ရှားပါလိမ့်မယ်။ အများအားဖြင့်တော့ အားလုံးနီးပါးဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ၊ ကိုကိုတိုင်းကြိုက်တဲ့ ရွှေရုပ်လေးတွေကိုပဲ ကြိုက်ကြတာများပါတယ်။ တချို့တချို့သော ချွင်းချက်တွေကိုတော့ မဆိုလိုဘူးပေါ့ဗျာ။ လူတိုင်းကြိုက်နေကြမှန်းသိတဲ့ မိန်းကလေးတစ်ယောက်ကို သူများကြိုက်လို့ဆိုပြီး ငါမကြိုက်တော့ပါဘူး ဆိုတဲ့လူနဲ့ အားလုံးကြိုက်တဲ့ ကောင်မလေးကို ငါမရ,ရအောင် လိုက်ပြမယ်ဆိုတဲ့လူ ဘယ်သူကများ ပိုများသလဲဆိုတာ တွေးကြည့်စေချင်ပါတယ်။ ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်ကို ပြိုင်ဖက်မရှိ လုပ်ချင်တဲ့လူနဲ့ အားလုံးလိုချင်တဲ့အလုပ်၊ ရာထူး၊ နေရာကို ယှဉ်ပြိုင်အနိုင်ယူပြီး ရယူချင်တဲ့လူ ဘယ်သူကများ ပိုများပါသလဲ။ ကဲ... အဲလောက်ဆိုရင် ကျွန်တော်ကိုဉာဏ် ဘာပြောချင်တယ်ဆိုတာ စာဖတ်သူအနေနဲ့ ဆ၀ါးမိမယ်လို့ ထင်မိပါရဲ့။ မောင်ဖြူက မနီကိုကြိုက်တယ်။ တခြားဘယ်သူကမှလည်း မနီကို မကြိုက်ကြဘူး။ အဲဒီတော့ မနီကလည်း မောင်ဖြူကို ပြန်ကြိုက်လိုက်တယ်။ မောင်မည်းက မ၀ါကိုကြိုက်တယ်။ မ၀ါကိုလည်း ဘယ်သူကမှ မကြိုက်ကြဘူး။ အဲဒီတော့ မ၀ါကလည်း မောင်မည်းကို ပြန်ကြိုက်တယ်။ အဲလိုသာဆိုရင်တော့ တစ်ယောက်ကို ဘောလုံးတစ်လုံးစီပေးပြီး ကန်ခိုင်းတဲ့ ဘောလုံးပွဲတွေကို ကျွန်တော်တို့တွေ ကြည့်နေကြရတာနဲ့ ဘာမှထူးမယ် မထင်ပါဘူးဗျာ။ ဘယ့်နှယ့်လဲ... ကြည့်လို့ကောင်းမယ် ထင်သလားဗျ???

ပြောလို့ဆုံးမယ်မထင်
အင်း... ဘောလုံးပွဲအကြောင်းတွေက ပြောလို့ဆုံးမယ်မထင်ပါဘူးဗျာ။ အို.. စာဖတ်သူမိတ်ဆွေ၊ သင့်ဝန်းကျင်မှာ ဘောလုံးကို အမြင်ကတ်လောက်အောင် ရူးသွပ်ခုံမင်တဲ့လူတွေများ ရှိခဲ့ရင် သူတို့ကို နားလည်ပေးလိုက်ကြပါ။ သူတို့ဘာကြောင့် အဲလိုဖြစ်ရသလဲဆိုတာကို မြင်အောင်ကြည့်လိုက်ကြပါ။ ဘောလုံးလေးတစ်လုံးကို လူ(၂၂)ယောက် မိုက်မိုက်ကန်းကန်း ၀ိုင်းလုနေကြတာကို အားအားလျားလျား အချိန်ကုန်ခံပြီး အရူးထနေကြတယ်လို့ မမြင်ဘဲ ဘ၀သင်ခန်းစာတွေကို လေ့လာသင်ယူနေကြတယ်လို့ အပေါင်းဆောင်တဲ့ အကြည့်လေးနဲ့ မြင်ပေးလိုက်စမ်းပါ။ အဲ... တစ်ဆက်တည်းမှာပဲ ငါသည်လည်း ဘ၀ဘောလုံးပွဲထဲမှာ ကိုယ်တိုင်ပါဝင်ကစားနေသူလား၊ ဘေးကနေ ထိုင်ကြည့်နေတဲ့ ပရိသတ်လားဆိုတာကို မေးကြည့်စေချင်ပါတယ်။ ဖြေကြည့်စေချင်ပါတယ်။ သေချာတာကတော့ စာဖတ်သူလည်း ဘောလုံးနဲ့မကင်းတဲ့ လူတစ်ယောက်ဖြစ်နေတယ်လို့ ဆိုတဲ့အခါ အံ့သြနေမလားပဲ။ မယုံရင်လည်း စာဖတ်သူရဲ့ သဘောပါနော့။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်၊ တနင်္လာနေ့။
နေ့လည် ၁ နာရီ ၃၉ မိနစ်တွင်ပြီး၏။

Sunday, April 25, 2010

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ


(၁)
ဇာတ်ကားအမည် - အီမို ဘန်ကောက်
အောင်ဗပါဝါ ရေးညွှန်းရိုက်ကူးသည်။
သရုပ်ဆောင်များ - နေတိုး၊ အိန္ဒြာကျော်ဇင်၊ ဗေလုဝ၊ ကျော်ထူး၊ ငှက်ပျောကြော်၊ ညီဂျော်၊ တက္ကသိုလ်ဂွမ်းပုံ၊ မြို့တော်ချစ်ဖွယ်၊ ပွင့်၊ ချစ်စရာ
(ကျွန်တော့်အမြင်)
ပထမဆုံး အဲဒီဇာတ်ကားကို တအားရယ်ရတာပဲလို့ အညွှန်းကောင်းခဲ့တဲ့ သူငယ်ချင်းမယ်စုကို အပြစ်တင်ရမယ်။ အဟုတ်မှတ်လို့ ငှားကြည့်မိပါတယ်။ စာတန်းထိုးတဲ့အချိန်မှာ အောင်ဗပါဝါဆိုတဲ့ နာမည်ကို မြင်လိုက်ရကတည်းက လူကအတော်ကြီးကို သေချင်စော်နံသွားပြီ။ တစ်ကားတစ်လေများ ကောင်းနေမလားလို့ ဆက်ကြည့်ဖြစ်ပါတယ်။ ပြီးဆုံးတဲ့အထိ ဆိုပါတော့။ ပြီးသွားတဲ့အချိန်မှာ ဘာသံသယမှမရှိဘဲ ချဖြစ်တဲ့မှတ်ချက်ကတော့ ပေါရက်ပါပေ့ကွယ် ဆိုတာပါပဲ။ အေးလေ... အဲဒါမှလည်း အောင်ဗပါဝါ ဖြစ်တော့မှာကိုး။ အံ့သြမိတာက နေတိုးနဲ့ အူဝဲဟာ အဲလိုဇာတ်ကားမျိုးကို ဘာဖြစ်လို့ ရိုက်သလဲဆိုတာပါပဲ။ ပွင့်ကို ဆင်ဆာဖြတ်ထားတာကိုတော့ နည်းနည်းအံ့သြမိတယ်။ ဒီခန္ဓာကိုယ်ကြီးကို ဆင်ဆာရအောင်ဖြတ်တဲ့ ပညာရှင်တွေကိုလည်း ချီးကျူးမိတယ်။ ပွင့်ကလည်း တအားဟော့နေလို့ ဖြစ်မှာပါလေ။ (ဟားဟားဟား)။ ပြောသမျှ စကားတွေအကုန်လုံးက အဓိပ္ပါယ်နှစ်ခွထွက်တယ်။ တစ်ခုမှ အောက်ပိုင်းမလွတ်ဘူး။ အူဝဲရဲ့ အဖေလုပ်တဲ့ မြို့တော်ချစ်ဖွယ်ကလည်း ပေါလိုက်ကြောင်လိုက်တာမှ သြချယူရတယ်။

(၂)
ဇာတ်ကားအမည် - နတ်သမီးချစ်တဲ့ ပင်လယ်
ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ - မောင်အောင် (ရူပဗေဒ)
သရုပ်ဆောင်များ - နေတိုး၊ ပုလဲဝင်း၊ ၀တ်မှုန်ရွှေရည်၊ ဟိန်းမင်း
(ကျွန်တော့်အမြင်)
ဇာတ်သိမ်းခါနီးမှာ ညီအစ်မနှစ်ယောက်နဲ့ ဇာတ်လမ်းကို လှည့်ထားတာကလွဲရင် တစ်ကားလုံး ချာတူးလန်လို့ ပြောရမယ်။ ဒီထုတ်လုပ်ရေးကပဲထုတ်တဲ့ ပင်လယ်ကောက်ကြောင်းဇာတ်ကား ရိုက်ရင်းနဲ့ တစ်ချက်ခုတ် အချက်များစွာပြတ်ဆိုပြီး ရိုက်ထားတဲ့ဇာတ်ကားလား မပြောတတ်ဘူး။ သရုပ်ဆောင်တွေက ဒီလူတွေချည်းပဲ။ နေတိုးကလည်း ဒီဇာတ်ကားမှာပါ ပန်းချီတွေဆွဲနေပြန်ပါရောလား။ ပင်လယ်ကမ်းခြေမှာ ၀တ်မှုန်ရွှေရည် ရေကူးတာလေးတွေ၊ လျှောက်ပြေးတာလေးတွေနဲ့ ဗန်းပြပြီး လုပ်စားသွားတဲ့ ဇာတ်ကားတစ်ခုလို့ပဲ ကျွန်တော်ကဆိုရင် ကြည့်ပြီးတဲ့လူတွေက မလွန်ဘူးဗျလို့ ထောက်ခံကြမယ် ထင်ပါရဲ့ဗျာ။

(၃)
ဇာတ်ကားအမည် - ရေရုပ်ရေးခြယ်သူ
ဝတ္ထု - ရှင်မြတ်နိုး
ဇာတ်ညွှန်း - မင်းညီ
ဒါရိုက်တာ - နေပိုင်
သရုပ်ဆောင်များ - ပြေတီဦး၊ ပိုင်ဇေရဲထွန်း၊ မေကဗျာ၊ သန်းသန်းစိုး
(ကျွန်တော့်အမြင်)
ရင်ထဲမှာ နင့်ကနဲဖြစ်သွားရတဲ့ ဇာတ်လမ်းတစ်ခုပါ။ မေတ္တာဆိုတာ၊ အချစ်ဆိုတာ ရောင်ပြန်ဟပ်စမြဲပဲလို့ ယုံကြည်တဲ့လူတွေအတွက်တော့ တသသပြောစရာ ဇာတ်လမ်းတစ်ခုပေါ့။ အထူးသဖြင့် အရမ်းချစ်တတ်သူတွေအတွက် ကြည့်လို့မ၀တဲ့ ဇာတ်ကားတစ်ခု ဖြစ်မှာပါ။ အချစ်ကို သာမန်ပဲ ယုံကြည်ယူဆသူတွေအတွက်တော့ အိုဗာဖြစ်လွန်းတယ်၊ မဖြစ်နိုင်တာကြီးလို့ ပြောကြမယ့် ဇာတ်ကားပါ။ ဒါပေမယ့် အတော်လေးကိုကောင်းတဲ့ ဇာတ်လမ်းဆိုတာကိုတော့ လက်တို့လိုက်ပါရစေ။ သြော်... တစ်ခုမေ့နေလို့... ထိခိုက်ခံစားလွယ်ပြီး မျက်ရည်လွယ်တဲ့သူတွေကတော့ သူငယ်ချင်းတွေနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ကားပါ။ တစ်ယောက်တည်းထိုင်ပြီး လက်ကိုင်ပုဝါတစ်ထည်နဲ့ အေးအေးဆေးဆေး ခံစားကြည့်သင့်ပါတယ်။

(၄)
ဇာတ်ကားအမည် - သမီးရှင်
ဝတ္ထု - မီကိုဇူးဇင်
တွဲဘက်ဒါရိုက်တာ - ကျောက်ဒိုး
ဇာတ်ညွှန်းနှင့် ဒါရိုက်တာ - ခင်မောင်ဦး၊ စိုးသိန်းထွဋ်
သရုပ်ဆောင်များ - မိုးအောင်ရင်၊ လင်းလက်ဟိန်း၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ ပြည့်ဖူးခိုင်၊ မေသက်ခိုင်၊ ဆုကဗျာ
(ကျွန်တော့်အမြင်)
ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ဘ၀သရုပ်ဖော် ဇာတ်ကားတစ်ခုပါ။ ဇာတ်ကားတစ်ခုလုံးရဲ့ အသက်ဖြစ်တဲ့ သမီးရှင်ဆိုတဲ့ ဇာတ်ရုပ်နေရာမှာ စိုးမြတ်သူဇာကို ထားတယ်ဆိုကတည်းက ဒီဇာတ်ကားရဲ့ အခြေအနေကို ခန့်မှန်းကြည့်လို့ ရမယ်ထင်ပါရဲ့။ အပျင်းပြေ ရယ်စရာဟာသကားတွေ ကြည့်ချင်သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်တဲ့ အလေးအနက် ဇာတ်လမ်းတစ်ခုပါ။

(၅)
ဇာတ်ကားအမည် - တိမ်တွေသွားတဲ့လမ်း
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ဆာတိုရီ၊ မင်းထင်ကိုကိုကြီး
ဒါရိုက်တာ - မင်းထင်ကိုကိုကြီး
သရုပ်ဆောင်များ - ရဲတိုက်၊ ထွန်းအိန္ဒြာဗို၊ မေ၊ ထွန်းထွန်းဝင်း၊ မေသဉ္ဇာဦး
(ကျွန်တော့်အမြင်)
ဆာတိုရီ၊ မင်းထင်ကိုကိုကြီးနဲ့ ရဲတိုက်တို့ရဲ့ ထုံးစံအတိုင်း သာမန်ကြည့်နေကျ ဇာတ်ကားတွေနဲ့ မတူတာတော့ ပြောစရာလိုမယ် မထင်ပါဘူး။ ဥပဒေအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားအောင် ရိုက်ပြထားတဲ့ ဒီဇာတ်လမ်းကို အမှတ်ပေးမိတာ အမှန်ပါ။ ရှေ့နေတွေရဲ့ဘ၀၊ ကျင့်ဝတ်တွေ၊ လုပ်ထုံးလုပ်နည်းတွေကို ပညာသားပါပါနဲ့ ဇာတ်ကွက်တွေထဲမှာ ထည့်ပြသွားတာဟာ Love Story in Harvard ကိုတောင် ပြန်လွမ်းမိသွားတယ်။ ရဲတိုက်နဲ့ ထွန်းအိန္ဒြာဗိုတို့ရဲ့ သရုပ်ဆောင်အားပြိုင်မှုကို မြင်ခွင့်ရလိုက်တယ်။ ဒါပေမယ့် သမ္ဘာက အရမ်းစကားပြောလွန်းတယ်။ ရဲတိုက်က တအားကို အားကြိုးမာန်တက် ကြိုးစားပြီး သရုပ်ဆောင်ပြရတာကို ထွန်းအိန္ဒြာဗိုက ပေါ့ပေါ့ပါးပါးလေးနဲ့ မျက်လုံးလေးချီလိုက်၊ နှုတ်ခမ်းလေးမဲ့လိုက်နဲ့ လုပ်ပြသွားတယ်။ ကျွန်တော်က အခုမှကြည့်ရတာမို့ ကြည့်ပြီးသူတွေ များနေလောက်ပါပြီ။ မကြည့်ရသေးတဲ့သူတွေကိုတော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်တဲ့ ဇာတ်ကားတစ်ခုပါ။

(၆)
ဇာတ်ကားအမည် - ကရုပ်ကလေး
ဝတ္ထု - လွန်းထားထား (ဆေးတက္ကသိုလ်)
ဇာတ်ညွှန်း - ချင်းတွင်းတာရာ
ဒါရိုက်တာ - သန့်စင်အောင်
သရုပ်ဆောင်များ - ခန့်စည်သူ၊ သက်မွန်မြင့်၊ မိုးဒီ
(ကျွန်တော့်အမြင်)
ထုတ်လုပ်သူတစ်ယောက်နဲ့ တက်သစ်စမင်းသမီးတစ်ဦးရဲ့ ဇာတ်လမ်းပါ။ မထူးပေမယ့် မရိုးတဲ့ ဇာတ်လမ်းဆိုပါတော့။ ကျွန်တော့်မှတ်ဉာဏ်တွေ ကောင်းသေးတယ်ဆိုရင်တော့ ဒီလိုဇာတ်လမ်းမျိုး နောက်ထပ်နှစ်ကားလောက် ကြည့်ဖူးတယ်ထင်တာပါပဲ။ ဇာတ်လမ်းကျောရိုးက ဒီပုံစံချည်းပါပဲ။ အင်း... ဘယ်လိုပြောရမှန်းတောင် မသိတဲ့ဇာတ်ကားပဲဗျ။ ပေါကြောင်ကြောင် ဇာတ်ကားတွေထက်စာရင်တော့ အချိန်ပေးပြီး ကြည့်ရကျိုးနပ်တဲ့ ဇာတ်ကားတစ်ခု ဆိုပါတော့ဗျာ။ သက်မွန်မြင့်ခရေဇီတွေကတော့ ကြိုက်ကြမှာပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၅ ရက်၊ တနင်္ဂနွေနေ့။
ည ၈ နာရီ ၄၈ မိနစ်တွင်ပြီး၏။

ဖတ်မိသမျှ မြန်မာသတင်းများ


(၁)
သင်္ကြန်ကာလ ဗုံးပေါက်ကွဲမှု အမေရိကန်ရှုတ်ချဝေဖန် - ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁၅ ရက်၊ သင်္ကြန်အကြတ်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းပေါ်၌ ဗုံးသုံးလုံးပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများအဖြစ် ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ စင်ကာပူအစိုးရကလည်း အဆိုပါအဖြစ်အပျက်ကို အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ရှုတ်ချသည်။

(၂)
မီတာခမှအပ လျှပ်စစ်ဓာတ်အား စည်းကြပ်ခွန် ခုနစ်မျိုး၏ နှုန်းထားများ တိုးမြှင့်ကောက်ခံ - အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနလက်အောက်ရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ဧပြီလ ၁ ရက်နေ့မှစတင်ပြီး မီတာထိန်းသိမ်းခ၊ ဓာတ်အားခ ရက်လွန်ကြေးအပါအ၀င် အများပြည်သူ အသုံးပြုသော လျှပ်စစ်ဓာတ်အား စည်းကြပ်ခွန် ခုနစ်မျိုး၏ အခွန်နှုန်ထားများကို တိုးမြှင့်ပြင်ဆင် ကောက်ခံနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ထံမှ စုံစမ်းသိရှိရပါသည်။
  1. အစားထိုးမီတာ တပ်ဆင်ခြင်း
  2. မီးဆက်ခ
  3. မီတာလျှောက်လွှာ မှတ်ပုံတင်ကြေး
  4. မြင်းကောင်ရေကြေး
  5. လိုင်းကြိုးဆက်သွယ်ခ
  6. မီတာစောင့်ရှောက်ထိန်းသိမ်းခ
  7. ဓာတ်အားသုံးသူ အာမခံစပေါ်ငွေ

(၃)
ပုပ္ပါးတောင်၌ စကားဝါတောများ ပျောက်ကွယ် - မန္တလေးတိုင်း ကျောက်ပန်းတောင်မြို့နယ်ရှိ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော မီးတောင်သေဖြစ်သည့် ပုပ္ပါးတောင်၌ သဘာဝစကားဝါတောများ ပျောက်ကွယ်ပြုန်းတီးသွားပြီဖြစ်ကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ဒုတိယဥက္ကဋ္ဌ ဦးအုန်းက မတ်လ ၃၁ ရက်နေ့ ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် ကျင်းပသည့် အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။

(၄)
မန္တလေးတွင် တီဗီ၊ အင်တာနက်၊ ဖုန်း တစ်ပြိုင်နက် သုံးနိုင်သည့် လိုင်း ၅၀၀၀ ရောင်းမည် - ကနဦးတပ်ဆင်ကြေး ငွေကျပ်ကိုးသိန်းဖြင့် ရုပ်မြင်သံကြား၊ အင်တာနက်၊ ဖုန်းတို့ကို ဖိုက်ဘာကြိုးတစ်ချောင်းတည်းဖြင့် တစ်ပြိုင်နက်အသုံးပြုနိုင်သော Fiber To The Home - FTTH Services လိုင်းပေါင်း ၅၀၀၀ ခန့် မန္တလေးမြို့တော်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့မှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားသည်။
  • ရုပ်မြင်သံကြားစနစ်တွင် 20 MBs အထက်
  • အင်တာနက်အတွက် 50 MBs အထက်
  • တယ်လီဖုန်းစနစ်အတွက် တည်ငြိမ်သော Bandwidth ပေးနိုင်ကြောင်း သိရှိရ
  • ပထမနှစ်အတွက် နှစ်စဉ်ကြေးမကောက်ခံ
  • ဒုတိယနှစ်မှစ၍ After Sales Service အဖြစ် လိုင်းပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်ရန် နှစ်စဉ်ကြေး (၆၀,၀၀၀) ကျပ် ကောက်ခံမည်ဖြစ်

(၅)
ဗုံးခွဲသူများနှင့် ပတ်သက်သည့် သတင်းပေးလျှင် ဆုငွေ ၁၀ သိန်း ချီးမြှင့်မည် - မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်ရှေ့တွင် ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဆိုပါဗုံးပေါက်ကွဲမှုကို ပြုလုပ်ခဲ့သော ဗုံးဖောက်ခွဲသူများကို ဖမ်းဆီးအရေးယူနိုင်ရန် တိကျခိုင်လုံသော သတင်းပေးနိုင်သူများကို ဆုငွေကျပ် ၁၀ သိန်း ချီးမြှင့်မည်ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီထံမှ စုံစမ်းသိရှိရသည်။

(၆)
မြန်မာ့ရိုးရာနှစ်သစ်ကူးကာလ လေးနေရာဗုံးပေါက်ကွဲမှု - ရိုးရာနှစ်သစ်ကူးကာလအတွင်း မြန်မာနိုင်ငံတွင် နေရာလေးနေရာ၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။
  1. ဧပြီလ ၁၄ ရက်နေ့၊ မူဆယ် (၁၀၅) မိုင် အေးရှားဝေါလ် Toll Gate
  2. ဧပြီလ ၁၄ ရက်နေ့၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် (၃) စစ်ဆေးရေးဂိတ် (မြ၀တီအထွက် ခင်နိမ်းမူဂိတ်) ယဉ်စစ်ဆေးရေးဝင်ဟောင်း
  3. ဧပြီလ ၁၅ ရက်နေ့၊ ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့
  4. ဧပြီလ ၁၇ ရက်နေ့၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မေခ-မလိခ မြစ်ဝှမ်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရှိ တမံတည်ဆောက်ရေး ရှင်းလင်းဆောင်အပါအ၀င် စီမံကိန်းနေရာ လေးနေရာတွင် နံနက် ၃ နာရီအချိန်၌ မိုင်း ၁၀ လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်းအချို့ ဖော်ထုတ်ရှင်းလင်းခဲ့ရ

သတင်းအားလုံးကို The VOICE Weekly ဂျာနယ်၊ အတွဲ (၆) အမှတ် (၂၄) မှ ပြန်လည်ထုတ်နုတ် တင်ပြထားခြင်း ဖြစ်ပါသည်။

အကြမ်းဖက်မှုများ၏ နောက်ကွယ်မှ ကြီးမားသောအန္တရာယ်


မြန်မာနိုင်ငံတွင် မကြာသေးမီ နှစ်သစ်ကူးကာလများအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံနှင့် လူမျိုးအတွက် များစွာအရုပ်ဆိုး အကျည်းတန်စေခဲ့သည်သာမက နောက်ထပ် လာလတ္တံ့သော အန္တရာယ်များစွာကိုလည်း ညွှန်ပြလျက် ရှိပေသည်။

အဆိုပါ ဗုံးဖောက်ခွဲများ၏ ရည်ရွယ်ချက်ကိုကြည့်လျှင်

  1. ရွေးကောက်ပွဲသည်သာ တစ်ခုတည်းသော ရွေးချယ်စရာနည်းလမ်းဖြစ်ကြောင်း ပြောဆိုနေမှုများကို အခြားနည်းလမ်းများ ရှိသေးကြောင်း သက်သေထူရန်၊
  2. ရွေးကောက်ပွဲများကို ကျင်းပမည်ဆိုပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အမှုမထားဘဲ တိုက်ခိုက်မည်ဖြစ်ကြောင်း ပြသရန်၊
  3. အစိုးရနှင့် တိုင်းရင်းသားလူမျိုးများအကြား ဖြစ်နိုင်ခြေရှိသော ပြဿနာမှန်သမျှကို မီးထိုးပေးရန်၊
  4. အစိုးရနှင့် အိမ်နီးချင်းနိုင်ငံအကြား တင်းမာမှုများ ဖန်တီးပေးရန်
စသည်များ ပါဝင်သည်ကို တွေ့ရမည်ဖြစ်သည်။

ဆိုလိုသည်မှာ မြန်မာနိုင်ငံတွင်းသို့ လာရောက်၍ ဖောက်ခွဲခဲ့ကြသည့် ကြေးစားတရားခံများ၏ နောက်ကွယ်တွင် ရှိနေသော ဘင်လာဒင်ကဲ့သို့သော အိုင်ဒီယော်လော်ဂျီ ခေါင်းဆောင်များရှိပါက ၎င်းတို့ကို ရှာဖွေတွေ့ရှိနိုင်ရေး လွန်စွာအရေးကြီးသည်ဆိုသော အချက်ဖြစ်သည်။ အထက်တွင် ဖော်ပြထားသော ရည်ရွယ်ချက်များကိုကြည့်လျှင် ယခုကဲ့သို့သော အကြမ်းဖက်မှုများကို စီစဉ်ဆောင်ရွက်ခဲ့သူများသည် မြေအောက်လုပ်ငန်းများနှင့် နှစ်ပေါင်းများစွာ ယဉ်ပါးခဲ့သူများဖြစ်ကြောင်း ခန့်မှန်းနိုင်ပါလိမ့်မည်။ အထူးအရေးကြီးသည်မှာ မြန်မာ့လူ့အဖွဲ့အစည်းကို စစ်အစိုးရဆန့်ကျင်ရေး အကြောင်းပြချက်ဖြင့် အကြမ်းဖက်ဝါဒလမ်းကြောင်းပေါ်သို့ တွန်းပို့နေသူများ ရှိခဲ့ပါက အသိမဲ့ လိုက်ပါဆောင်ရွက်မိသူများ ပေါ်ထွက်မလာစေရေးသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးတွင် တာဝန်ရှိသည်ဆိုသော အချက်ဖြစ်သည်။

နောက်ထပ် ဆက်လက်စဉ်းစားသင့်သည်မှာ အဆိုပါရယ်ဒီကယ်များသည် မီဒီယာများတွင် ရွေးကောက်ပွဲဆန့်ကျင်ရေးအသံများ သက်သက်ထွက်ပေါ်အောင် နောက်ကွယ်မှ ပြုလုပ်ခဲ့သူများ ဟုတ်၊ မဟုတ် ဆိုသော အချက်ဖြစ်သည်။ အကယ်၍ မီဒီယာများပေါ်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ရွေးကောက်ပွဲလက်ခံသူများအား ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် လှုပ်ရှားမှု စသည်များကို နောက်ကွယ်မှ စနစ်တကျ ပေါ်ပေါက်စေသူများနှင့် ယခုအကြမ်းဖက်မှု ဆက်စပ်မှုရှိခဲ့ပါလျှင် ၎င်းတို့၏ အန္တရာယ်မှာ များစွာကြီးမားသည်ဟု ဆိုချင်ပါသည်။

မဟာဗျူဟာရှုထောင့်မှကြည့်လျှင် မြန်မာနိုင်ငံတွင် ယခုတလော ဖြစ်ပေါ်သွားခဲ့သော အဖြစ်အပျက် များစွာတို့သည် Conductor ခေါ် နောက်ကွယ်က ဆရာတင်ယောင်ပြုပြီး မသိမသာပါးနပ်စွာ အသုံးချသွားသော ကြိုးကိုင်သူ လူတစ်ဦးစ နှစ်ဦးစ၏ Orchastrated ခေါ် ပါးနပ်စွာ အခြေအနေပေါ် အခွင့်ကောင်းယူတတ်မှုနှင့် အသိမဲ့ ပူးပေါင်းပါဝင်သူများ၏ ပေါင်းစည်းသွားသော လှုပ်ရှားမှုဖြစ်ပေသည်။ ပြည်သူလူထု အချို့သည်ပင် ၎င်းတို့ကို ရုတ်တရက် ပြစ်တင်စွပ်စွဲမှု မပြုရဲလောက်အောင် ပြုလုပ်ထားနိုင်စွမ်း ရှိသည်ကိုကြည့်လျှင် ၎င်းတို့သည် လူထုဆက်သွယ်ရေး နည်းလမ်းများကို မည်မျှပိုင်နိုင်ကြောင်း ထင်ရှားပါသည်။

ထိုသို့သော အကြမ်းဖက်တိုက်ခိုက်မှုများ နောင်တွင် မဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံပြင်ပတွင် ရှိနေသော မြန်မာများကို နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်လိုသူများနှင့် အာဏာရရှိရေးသက်သက် စိတ်ဝင်စားသူများ ခွဲခြားသည့်နည်းလမ်း တစ်ခုခုဖြင့် ခွဲခြားခြင်းကို အမြန်ဆုံး ပြုလုပ်သင့်ပြီ ဖြစ်သည်။
အယ်ဒီတာ (၁၉-၄-၂၀၁၀)

The Voice Weekly Journal
အတွဲ (၆) အမှတ် (၂၄)
Monday, April 26 - May 2, 2010
အယ်ဒီတာ့အာဘော်
စာမျက်နှာ - ၎

 
Web Statistics