Friday, November 21, 2008

Grand Royal Challenge Cup 2008


ဂရင်းရွိုင်ရယ်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို ပြီးဆုံးသွားတဲ့ နေရာမှာ ဘာတွေအမြတ်ကျန်ခဲ့သလဲ၊ ဘာတွေပညာရလိုက်သလဲ စသည်ဖြင့် သင်ခန်းစာဖော်ထုတ်တာကို တာဝန်ရှိသူတွေအနေနဲ့ လုပ်ဖြစ်အောင် လုပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေနဲ့ ပြန်လည်သုံးသပ်တာတွေ၊ အားသာချက်၊ အားနည်းချက်ဖော်ထုတ်တာတွေကို မဖြစ်မနေ လုပ်ဆောင်သွားမယ်လို့ ယုံကြည်မိပါတယ်။
..........................................................................
ဂုဏ်ယူပါတယ် မြန်မာ
ပထမဆုံး နောက်ဆုံး ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရဗိုလ်စွဲသွားတဲ့ မြန်မာအသင်းကို ချီးကျူးပါတယ်။ ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပခဲ့သမျှ ဂရင်းရွိုင်ရယ်ဖိတ်ခေါ်ပြိုင်ပွဲအားလုံးမှာ ဗိုလ်စွဲထားတဲ့ မြန်မာအသင်းအတွက် ဂုဏ်ယူပါတယ်။ ဘယ်လိုပဲ ထောက်ပြစရာ၊ ပြောပြစရာတွေပဲ ရှိခဲ့ရှိခဲ့ပါ။ ဒီဖိတ်ခေါ်ပြိုင်ပွဲ ပြုလုပ်သမျှအကြိမ်တိုင်းမှာ ဗိုလ်စွဲခဲ့တယ်ဆိုတဲ့ အစဉ်အလာဟာ အခုအထိတော့ ဂုဏ်ယူစရာ ဖြစ်တယ်လို့ ကျွန်တော်က ခံယူပါတယ်။ အဲဒီအတွက် ဂုဏ်ယူပါတယ်။
............................................................................
ဗိုလ်လုပွဲ သို့လှမ်းခဲ့သောလမ်း
မြန်မာအသင်းဟာ အုပ်စု (က)မှာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့အတူ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
အုပ်စု တစ်ပွဲနိုင်၊ တစ်ပွဲသရေ (၄)မှတ်နဲ့ အုပ်စုပထမ ရခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို သရေကစားပြီး၊ အင်ဒိုနီးရှားကို အနိုင်ကစားခဲ့တာပါ။
အုပ်စု (ခ)မှာတော့ ဗီယက်နမ်ယူ-၂၃(လက်ရှိမာဒေးကားချန်ပီယံ)၊ မလေးရှားအသင်းနဲ့ ကိုရီးယားက အူလ်ဆန် ဟွန်ဒိုင်းကလပ်အသင်းတို့ ပါဝင်ခဲ့ကြပါတယ်။ ကိုရီးယားအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေ (၄)မှတ်၊ မလေးရှား အသင်းကလည်း တစ်ပွဲနိုင်၊ တစ်ပွဲသရေ (၄)မှတ်ရရှိခဲ့ပေမယ့်လည်း ဂိုးကွာခြားချက်အသာနဲ့ အူလ်ဆန်ဟွန်ဒိုင်း အသင်းက အုပ်စုပထမရရှိခဲ့ပြီ၊ မလေးရှားအသင်းက အုပ်စုဒုတိယ ရရှိခဲ့ပါတယ်။
ပထမအကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းက မလေးရှားအသင်းကို လေးဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်လှမ်းခဲ့ပါတယ်။
ဒုတိယအကြိုဗိုလ်လုပွဲမှာတော့ မြန်မာအသင်းကို ရအောင်ရှောင်ခဲ့တဲ့ ကိုရီးယားကလပ်အသင်း အူလ်ဆန်ဟွန်ဒိုင်းအသင်း ကံမကောင်းခဲ့ပါဘူး။ ပွဲကစားချိန်အတွင်း သရေကျနေတဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းကလည်း ထိုက်ထိုက်တန်တန်ကို အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
(ကျွန်တော့်ရဲ့ စိတ်ကူးကိုပြောရရင် မြန်မာအသင်းနဲ့ ကိုရီးယားအသင်းကို ဗိုလ်လုပွဲမှာ တွေ့စေချင်တာပါ။ နိုင်မှာ ရှုံးမှာမသေချာပေမယ့် အတွေ့အကြုံတွေရမှာကတော့ အသေအချာပါပဲ။ ကိုရီးယားကလပ်အသင်း တစ်သင်းနဲ့ ခြေစမ်းခွင့်ရမယ့် အခွင့်အရေးကို မြန်မာအသင်းလက်လွတ်ခဲ့ရတယ်လို့ ဆိုချင်ပါတယ်။)
..............................................................................................
ဗိုလ်လုပွဲ (မြန်မာ နှင့် အင်ဒိုနီးရှား)
မြန်မာအသင်းက အနီရောင်ဝတ်စုံ၊ အင်ဒိုနီးရှားအင်းက အင်္ကျီအဖြူရောင်နဲ့ ဘောင်းဘီအစိမ်းရောင်ဝတ်စုံကို ၀တ်ဆင်ပြီး ကစားခဲ့ပါတယ်။ ပွဲစတာနဲ့ မြန်မာအသင်းက လျင်လျင်မြန်မြန်ပဲ ထိုးဖောက်ကစားတဲ့အတွက် အင်ဒိုနီးရှားတို့ တောက်လျှောက်ပဲ ခံစစ်ကစားနေရပါတယ်။ မြန်မာတို့အတွက် အဖွင့်ဂိုးကိုတော့ ပွဲစပြီး ၅ မိနစ်အကြာမှာရတဲ့ ပြစ်ဒဏ်ဘော ဖရီးကစ်တင်ပေးတာမှတဆင့် စိုးမြတ်မင်းက ခေါင်းလှန်တိုက်ပြီး သွင်းယူခဲ့ပါတယ်။ စိုးမြတ်မင်းရဲ့ Goal Luck လို့ ပြောရင်ပိုမှန်ပါတယ်။ အဲဒီဂိုးရသွားတာဟာ မြန်မာအတွက် အများကြီး အပြောင်းအလဲဖြစ်သွားပါတယ်။ အင်ဒိုနီးရှားတို့က ခံစစ်ကစားနေရာကနေ တိုက်စစ်ပြန်ဖွင့်ပြီး တစ်သင်းလုံးတက်၊ တစ်သင်းလုံးဆင်း ကစားလာတဲ့အတွက် မြန်မာတို့ ဘောလုံးမထိရသလောက်အထိ ဖိကစားခံလာရပါတယ်။ အထူးသဖြင့် ကွင်းလယ်မှာ အဖျက်အားနည်းတဲ့အတွက် မလိုအပ်ဘဲ ဂိုးဧရိယာထဲအထိ ရောက်သွားတာကို တွေ့ရပါတယ်။ မြန်မာညာနောက်ခံလူဘက်ကနေ အထူးသဖြင့် ထိုးဖောက်ကစားတာကို တွေ့ရပါတယ်။ ဆက်တိုက် အဖိခံနေရတဲ့ မြန်မာတို့အတွက် အားလုံးထင်မြင်ထားတဲ့အတိုင်းပဲ ပထမပိုင်းမှာတင် ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ဒီဂိုးကိုတော့ မြန်မာညာနောက်ခံလူ မဖျက်ထုတ်နိုင်ဘဲ ကျွံထွက်သွားတဲ့ ဘောလုံးကို အင်ဒိုနီးရှား ဘယ်တောင်ပံက မတင်ပေးလိုက်ရာမှာ အောင်အောင်ဦး ထွက်ပုတ်ပြီး နောက်ခံလူ မိုးဝင်းကိုထိကာ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ Own Goal ပေးလိုက်ရတဲ့အတွက် မြန်မာအသင်းဟာ ကစားအား ပြန်တက်လာရမယ့်အစား အင်ဒိုနီးရှားတို့ရဲ့ ကစားကွက်ထဲမှာပဲ မျောနေခဲ့ပါတယ်။ အင်ဒိုနီးရှားဘက်က တိုက်စစ်မှူးတွေ ဂိုးပေါက်ပျောက်နေခဲ့တဲ့အတွက်သာ မြန်မာအသင်း ကံကောင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဘက်မှာ ရှေ့တန်းက စိုးမြတ်မင်းနဲ့ အလယ်တန်းက ရာဇာဝင်းသိန်း နှစ်ယောက်ကိုပဲ အားထား ကစားနေတာကို တွေ့ရပါတယ်။ အင်ဒိုနီးရှားအသင်းကလည်း ဒီအကွက်ကို သိပြီးဖြစ်ပုံရပါတယ်။ စိုးမြတ်မင်းနဲ့ ရာဇာဝင်းသိန်းကို ပြစ်ဒဏ်ဘောအဖြစ်ခံပြီးကို ဖျက်ထုတ်ဟန့်တားတာကို တွေ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဟာ ပထမပိုင်းကအတိုင်းပဲ ကစားကွက်ကို မပြောင်းလဲနိုင်ခဲ့ပါဘူး။ အင်ဒိုနီးရှားအသင်းရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရပါတယ်။ ရှေ့တန်းမှာ ကျော်သီဟအစား အောင်ကျော်မိုး၊ နောက်တန်းက မင်းသူအစားအခြားတစ်ယောက်နဲ့ လူစားလဲ ကစားခဲ့ပါတယ်။ မြန်မာတို့အတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် မိနစ် ၇၀ ခန့်မှာ ပြစ်ဒဏ်ဘောရတာကို ကန်တင်ပေးတာတစ်ဆင့် စိုးမြတ်မင်းကပဲ ခေါင်းတိုက် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ တကယ့် ဂိုးပေါက်ထောင့်ကျဉ်းကျဉ်းလေးကို ချိန်သားကိုက် တိုက်နိုင်ခဲ့တဲ့အတွက်သာ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဘက်က ဘယ်တောင်ပံကစားသမား မျိုးမင်းထွန်း ခြေမှန်ပြန်ပေါ်လာတဲ့အတွက် ပြန်ပြီး ဖိအားပေးနိုင်လာတာကို တွေ့ရပါတယ်။ အင်ဒိုနီးရှားအသင်းအနေနဲ့ ဘယ်တောင်ပံက မျိုးမင်းထွန်းနဲ့ ညာတောင်ပံက ရာဇာဝင်းသိန်းကို အတော်ပဲ ထိန်းခဲ့ရပါတယ်။ အထူးသဖြင့် ဘောလုံး Skill ကောင်းပြီး ကစားပုံငြိမ်တဲ့ ရာဇာဝင်းသိန်းဟာ အင်ဒိုတို့အတွက် တကယ့်အန္တရာယ်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ၁၈ ကိုက်ထိပ်ကနေ ဂိုးကန်ချက် ဂိုးတန်းထိပြီး ထွက်သွားခဲ့တာရယ်၊ ရာဇာဝင်းသိန်းနဲ့ မျိုးမင်းထွန်းအပေးအယူလုပ်ပြီး မျိုးမင်းထွန်းအပြင်းကန်သွင်းတဲ့ကန်ချက် ဂိုးတန်းထိပြီးထွက်သွားတာတွေရယ်ကြောင့်သာ မြန်မာအသင်း ဂိုးပြတ်အနိုင်မရခဲ့တာပါ။ျ
........................................................................................................
ပရိသတ်တွေရဲ့ အားသာချက်၊ အားနည်းချက်
ဒီနေ့ဗိုလ်လုပွဲမှာ မြန်မာပရိတ်သတ်တွေဟာ လေးဘက်လေးတန်ကွင်းလုံးပြည့် လာရောက်ကြည့်ရှုအားပေးကြ တာကို တွေ့ရပါတယ်။ ဒါဟာ တကယ့်ကို ဂုဏ်ယူလေးစားစရာကောင်းသလို၊ မြန်မာအသင်းအတွက်လည်း တကယ့်ကို ခွန်အားဖြစ်စေပါတယ်။ ဘောလုံးကွင်းတစ်ခုလုံး မြန်မာနိုင်ငံအလံတွေ ရဲရဲနီနေတာကို ကြက်သီး မွေးညင်းထပြီး မကျေနပ်မယ့် နိုင်ငံသားဘယ်မှာရှိပါ့မလဲဗျာ။ ပြောရမယ်ဆိုရင်တော့ ဗိုလ်လုပွဲမှာ မြန်မာအသင်းဟာ ၁၂ ယောက်နဲ့ ကန်သွားခဲ့တာပါ။ ပရိသတ်တွေဟာ ၁၂ ယောက်မြောက် ကစားသမားပါ။
အဲဒီလို ဂုဏ်ယူတာလေးတွေကို တစ်ဝက်တစ်ပျက်ကနေ ရပ်သွားစေခဲ့တာကတော့ စည်းကမ်းမဲ့ ပရိသတ်အချို့ရဲ့ လုပ်ရပ်ကြောင့်ပါ။ မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိနဲ့ နိုင်နေတဲ့အချိန်တုန်းက အိုးစည်ဗုံမောင်း တွေတီးပြီး ပျော်ရွှင်နေတဲ့ မြန်မာတွေဟာ တစ်ဂိုးစီသရေဖြစ်သွားပြီးတဲ့နောက် ချက်ချင်းပြောင်းသွားပါတယ်။ ကိုယ့်မြန်မာအသင်းကို နိုင်စေချင်တာ မြန်မာတိုင်းရဲ့ဆန္ဒပါ။ ဒါကို နားလည်ပါတယ်။ ဒါပေမယ့် မှန်ကန်မျှတတဲ့ အနိုင်ကို လိုချင်ဖို့တော့ လိုပါတယ်။ ကိုယ့်ခြေအဆင့်အတန်း၊ ကိုယ့်အခြေအနေနဲ့ ကမ္ဘာ့ဖလားလောက်ကို လိုချင်နေလို့တော့ မရပါဘူး။ ဒါက သဘောကိုပြောတာပါ။ ဗိုလ်လုပွဲမှာ ဖြစ်ခဲ့တာကတော့ ကျွန်တော်ပြောခဲ့သလို သရေကျသွားတဲ့အချိန်မှာ ပရိသတ်တွေထဲကနေ ရေသန့်ဘူးတွေ၊ ရေထုတ်တွေနဲ့ ပစ်ပေါက်ခဲ့တာပါပဲ။ အဲဒီလိုပစ်ပေါက်ရင် မြန်မာအသင်းနိုင်မယ်လို့ ဘယ်သူကများပြောသလဲဗျာ။ အခုတော့ သေချာပါတယ်။ ပြောကြတော့မယ်။ မြန်မာအသင်းပရိသတ်တွေဟာ စည်းကမ်းတကျအားမပေးတတ်ကြဘူး။ အရှုံးကို လက်မခံတတ်ကြဘူးလို့။ ကိုယ့်မြေမှာ ဖိတ်ခေါ်ပြိုင်ပွဲလုပ်ပြီး ကိုယ့်ဆီကို လာကန်တဲ့ ဧည့်သည်တွေကို ရေသန့်ဗူးနဲ့ပေါက်တာဟာ ကောင်းတယ်မကောင်းဘူးဆိုတာကို အဲဒီပရိသတ်တွေ စဉ်းစားမိပါလေစလို့ ကျွန်တော် တွေးမိပါတယ်။
ကျွန်တော့်အနေနဲ့ အကြံပြုရရင် ပထမဆုံး အဲဒီလိုပစ်ပေါက်တဲ့လူတွေရဲ့ဘေးက ပရိသတ်တွေက အဲဒီလူတွေကို မလုပ်ဖို့ တားမြစ်သင့်ခဲ့ပါတယ်။ ကိုယ်တစ်ယောက်တည်းအတွက် တခြားစည်းကမ်းတကျလာအားပေးတဲ့ ပရိသတ်အားလုံးကို ထိခိုက်မှာမျိုး မဖြစ်စေရပါ။ တားမြစ်လို့မရရင် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ကျကို သတင်းပို့ပြီး တာဝန်ရှိသလို ဆက်လုပ်ရပါမယ်။ အခုတော့ ဖြစ်ပြီးသွားပြီဖြစ်တဲ့အတွက် ဘာမှပြောလို့ မရတော့ပါ။ ဒါပေမယ့် အဲဒီလို ရေသန့်ဗူးတွေပစ်ပေါက်ခဲ့တဲ့လူတွေကို ဖော်ထုတ်ပြီး အရေးယူပေးသွားမယ်ဆိုရင် နောင်ပြိုင်ပွဲတွေမှာ စည်းကမ်းမဲ့လုပ်ရပ်တွေ နည်းပါးသွားမယ်၊ ပပျောက်သွားမယ်လို့ ကျွန်တော်က မြင်မိပါတယ်။
ကောင်းတာနဲ့ ဆိုးတာမှာ ဆိုးတာက ပိုပြီးပျံ့နှံ့လွယ်ပါတယ်။ အခုလို ဖိတ်ခေါ်ပြိုင်ပွဲကြီးတစ်ခုလုံးကို အောင်အောင်မြင်မြင်ဖြစ်အောင် ကျင်းပနိုင်ခဲ့တာကို ပြောချင်မှပြောပါလိမ့်မယ်။ ဒါပေမယ့် ရေသန့်ဗူးနဲ့ ပေါက်တတ်တဲ့အကျင့်ရှိတယ်ဆိုပြီး မြန်မာပရိသတ်တွေကို မှတ်ချက်ချပြောကြမှာကတော့ အသေအချာပါပဲ။ နောင်နိုင်ငံတကာပြိုင်ပွဲတွေမှာ မြန်မာပရိသတ်တွေ တစ်ခုခုဖြစ်ခဲ့ရင် ဒီဖြစ်ရပ်တွေကို ပြန်ပြီး နောက်ကြောင်းပြန် ပြောကြပါလိမ့်မယ်။ အင်္ဂလန်ပရီးမီးယားလိဂ်က ပရိသတ်တွေ စည်းကမ်းတကျအားပေးကြတာကို ပြောကြသူ ရှားပါတယ်။ ဒါပေမယ့် အင်္ဂလန်ပရိသတ်ဆိုရင် လူဆိုးတွေလို့ မြင်ကြ၊ ပြောကြ၊ ရေးကြတဲ့လူက ပိုများပါတယ်။ အဲဒီလိုပါပဲ။ ဗိုလ်လုပွဲမှာ လေးဘက်လေးတန်အပြည့် လာအားပေးကြတဲ့ ပရိသတ် ထောင်ပေါင်းများစွာထဲက လက်တစ်ဆုပ်စာ လူလေး ၁၄-၅ယောက်ကြောင့် မြန်မာပရိသတ်တွေကို အခြားလူတွေ အထင်အမြင်သေးမှာကို ကျွန်တော် စိတ်မကောင်းပါဘူး။ ၀ိုင်းဝန်းအဖြေရှာကြဖို့လိုပြီလို့ ထင်မြင်မိပါတယ်။
.................................................................................................
ဘာပဲပြောပြော အားလုံးမျှော်မှန်းထားသလို မြန်မာအသင်း ဗိုလ်စွဲခဲ့ပါပြီ။
ဒီပြိုင်ပွဲက အတွေ့အကြုံကောင်းတွေကို အခြေခံပြီး ဆူဇူကီးပြိုင်ပွဲမှာ ဆက်လက်အောင်မြင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။Justify Full

Tuesday, November 18, 2008

Waves Magazine (Nov 08)


ပထမဆုံးပြောချင်တာကတော့ “အားနာလိုက်တာ” ဆိုတဲ့စကားပါပဲ။
ဘယ်သူ့ကိုလဲဆိုတော့ ဆရာထွန်းလှအောင်ကိုပါ။ ပြောချင်တာလောကြီးနေတော့ စာဖတ်နေသူတွေက ဘာတွေမှန်းမသိဖြစ်ကုန်ရောပေါ့။ ဒီလိုပါ။ ရှင်းပြပါ့မယ်။
ဆရာထွန်းလှအောင်က တစ်နေ့ကမှ ရန်ကုန်ကနေ ပြန်လာပါတယ်။ သူ့ရဲ့ခါးနာရောဂါကို သွားကုတာပါ။ ပြန်လာပြီး နောက်နေ့မှာ ဆရာနဲ့ လမ်းမှာတွေ့တော့ စာအုပ်တွေအများကြီးဝယ်လာတဲ့အကြောင်း ပြောပါတယ်။ ကျွန်တော်စာအုပ်ကြိုက်တတ်မှန်းသိလို့လည်း တခုတ်တရအသိပေးတာပါ။ ကျွန်တော်လည်း ဟုတ်ကဲ့ဆရာ၊ နောက်နေ့လာဖွပြီး ကြိုက်တဲ့စာအုပ်လေးတွေ ငှားပါမယ်လို့ပြောလိုက်တယ်။ ဒါပေမယ့် ကိုယ့်အလုပ်နဲ့ကိုယ် စာမဖတ်နိုင်တာ၊ ဘလော့ဂ်မရေးနိုင်တာ၊ အင်တာနက်မသုံးနိုင်တာ အတော်ကိုကြာနေပါပြီ။ ဆရာ့ကို စကားကြီး အဖတ်တင်အောင်ပြောထားပြီး မသွားဖြစ်ပါဘူး။ နောက်တစ်နေ့ထပ်တွေ့တော့ သူ့ဆီက မဂ္ဂဇင်းတစ်အုပ် လာယူပါတဲ့။ သူ့အခန်းမှာ ယူလာတယ်တဲ့။ ဝေ့ဖ်မဂ္ဂဇင်းလို့ ပြောပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့ နာမည်ပါ။ အဲဒီနာမည်နဲ့ မဂ္ဂဇင်းရှိမှန်း ကျွန်တော်မသိပါဘူး။ နောက်ပိုင်းအလုပ်ရှုပ်တော့ စာအုပ်ဆိုင်တွေဘက်ကိုမရောက်ဖြစ်တာ၊ စာအုပ်ဆိုင်တွေမှာ အချိန်ပေးပြီး မမွှေနိုင်တာ အတော်ကို ကြာနေပြီမို့ပါ။
ဆရာက နောက်ဆက်တွဲဆက်ပြောပါတယ်။ ဆရာကျော်ဝင်းတို့ထုတ်တာတဲ့။ ဆရာကျော်ဝင်းဆိုတဲ့အတွက် ကျွန်တော်ခေါင်းထောင်သွားပါတယ်။ ကျွန်တော်အနှစ်သက်ဆုံး စာရေးဆရာတွေထဲက တစ်ယောက်မို့ပါ။ မှတ်မှတ်ရရဖြစ်နေတဲ့ ကမ္ဘာပြားပြီ ရဲ့ ဘာသာပြန်ဆိုသူဖြစ်နေလို့လည်း လေးစားတာပါပါတယ်။ ဆရာက ဆက်ပြောပါတယ်။ အတွေးအမြင်စာစဉ်လိုပဲတဲ့။ ဟုတ်လား။ ကျွန်တော်က အတွေးအမြင်ကို အတော်ကြိုက်ပြီး လစဉ်ဝယ်ဖတ်နေတာကို ဆရာသိနေလို့ ဆွပေးတာပါ။ ကျွန်တော် သေချာပေါက်ဖတ်မယ်လို့ ပြောလိုက်ပါတယ်။ လာယူပါမယ်ပေါ့။ ဒါပေမယ့် ထုံးစံအတိုင်း မသွားဖြစ်ပါဘူး။ ဘာတွေနဲ့ရှုပ်နေခဲ့မှန်းလည်း ကိုယ့်ဘာသာမသိပါဘူး။
မနေ့က အပြင်ကပြန်လာတော့ အခန်းကိုဝင်လိုက်တာနဲ့ ဆရာနဲ့တန်းတွေ့ပါတယ်။ ဝေ့ဖ်မဂ္ဂဇင်းလာပေးတာပါတဲ့။ ကျွန်တော့်မှာလေ အားနာလိုက်တာမပြောပါနဲ့။ မအားလို့ လာမယူဖြစ်တဲ့အကြောင်း ပြောရတော့တာပေါ့။ တကယ်လည်း မအားလို့ သွားမယူဖြစ်သေးတာပါ။ တော်သေးတာပေါ့။ ဆရာက နားလည်တဲ့လူမလို့။ ဖတ်စေချင်လို့ကို သေသေချာချာ လာပေးတာဖြစ်ကြောင်း ပြောပါတယ်။ ဆရာနဲ့ ကျွန်တော်ဆိုတာက အသက်အားဖြင့်ရော၊ ရာထူးအားဖြင့်ရော အစစအရာရာ အလှမ်းကွာပါတယ်။ ဒါပေမယ့် ဆရာက စာဖတ်ဝါသနာပါတဲ့လူတွေကို အင်မတန် တန်ဖိုးထားပါတယ်။ အင်မတန် ချီးကျူးပါတယ်။ တွေ့တဲ့လူတိုင်းကို စာဖတ်ဖို့ တိုက်တွန်းတတ်ပါတယ်။ တိုက်တွန်းရုံတင် မဟုတ်ပါဘူး။ စာဖတ်နည်းနဲ့ စာမှတ်နည်းကိုပါ တစ်ခါတည်း သင်ပေးလေ့ရှိပါတယ်။ ပတ်ဝန်းကျင်မှာတော့ အင်မတန်ရှားတဲ့ လူစားမျိုး ဖြစ်ပါတယ်။ ဆရာကဆက်ပြောပါတယ်။ သူမဖတ်ရသေးတဲ့အတွက် တစ်ပတ်ပဲ ဖတ်ပါတဲ့။ ပြီးရင် ပြန်ပေးပါတဲ့။ ပိုပြီးတော့ အားနာသွားမိပါတယ်။ သူတောင်မဖတ်ရသေးတဲ့စာအုပ်ကို ကျွန်တော့်ကို အရင်လာပြီး ပေးဖတ်တဲ့အတွက် ဘာပြောရမှန်းမသိပါ။ ပြန်ပေးရင်လည်း မယူဘူးဆိုတာ သိနေတဲ့အတွက် သူပြောတဲ့ တစ်ပတ်အတွင်းမှာ အပြီးဖတ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။
စာမဖတ်ဖြစ်ဘူး၊ မဖတ်ဖြစ်ဘူးနဲ့ ကျွန်တော်ကသာ ပြောနေတာ။ ဖတ်လိုက်တော့လည်း သုံးရက်နဲ့ ပြီးသွားပါတယ်။ တချို့ဟာလေးတွေဆိုရင် လက်ရေးနဲ့ကူးဖို့ အချိန်မရတဲ့အတွက် မိတ္တူကူးလိုက်ရပါတယ်။ ပိုက်ဆံတော့ အတော်လေးထွက်သွားတယ်။ တော်တော်များများကလည်း ကောင်းနေတော့ ကူးချင်စရာတွေ ချည်းပါပဲ။ အဲဒီလို ကူးချင်စရာတွေချည်းထဲကနေမှ တချို့ကို ဝေမျှပေးလိုက်ပါတယ်။ တစ်ခုကြိုပြောချင်တာက မိတ်ဆွေတို့နဲ့ ကျွန်တော် အကြိုက်ချင်းတူချင်မှတူမယ်ဆိုတာပါပဲ။ ကျွန်တော်က နှစ်သက်တဲ့၊ စိတ်ဝင်စားတဲ့ အကြောင်းအရာများဖြစ်ပေမယ့် မိတ်ဆွေတို့အတွက်က ဘ၀င်မကျစရာဖြစ်နေခဲ့မယ်ဆိုရင် ဆောရီးပါလို့........။
-------------------------------------------------------------
WAVES Magazine
6/08. November 2008
မျက်နှာဖုံးခွင့်ပြုချက်အမှတ် ၅၄၀၉၈၀၁၀၀၈
ထုတ်ဝေသူ - ဦးကျော်ဝင်း
ပုံနှိပ်သူ - ဦးဝင်းကျော်ထွန်း
အယ်ဒီတာအဖွဲ့ - ကျော်ဝင်း၊ ရွှေကျော်၊ မောင်ဇေယျာ၊ နေမျိုးသူရ
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၁၃၀၀ ကျပ်
--------------------------------------------------------------
အင်ဖလေးရှင်းဋီကာအကျဉ်း
မောင်စူးစမ်း
............................................
................ အချို့က inflation ကို ငွေကြေးဖောင်းပွမှုဟု ဘာသာပြန်သည်။
ငွေကြေးဖောင်းပွမှုဆိုတော့ မြန်မာ့နား၌ အသိလွယ်သွားသလို ဖြစ်သွားဟန်ရှိသော်လည်း အဓိပ္ပါယ်က ကျဉ်းနေသည်။ လွဲနေသည်ဟု ယူဆမိသည်။............................
အင်ဖလေးရှင်းသည် ငွေကြေးဖောင်းပွမှု သက်သက်ကို ရည်ညွှန်းသည်မဟုတ်။ အရပ်ရပ်ဈေးနှုန်းများ တက်ခြင်းကိုလည်း ရည်ညွှန်းသည်။
စာရေးသူက အင်ဖလေးရှင်းကို ဈေးနှုန်းအရပ်ရပ်တက်ခြင်းဟု သုံးနှုံးရေးသားသည်။ ဈေးနှုန်းများတက်ခြင်းကို အင်ဖလေးရှင်းဟုလည်း ခေါ်သည်။ ပူဖောင်းများ (bubble) ဟုလည်း ခေါ်သည်။ ထို့ကြောင့် အင်ဖလေးရှင်း တိုက်ဖျက်ရေးတွင် မည်သည့်ပူဖောင်းကို ဦးစားပေးဖောက်မလဲဟု စဉ်းစားရသည်။...................................
.......................................................
ဖွံ့ဖြိုးပြီးနိုင်ငံတို့တွင် အင်ဖလေးရှင်းကိုတိုက်ဖျက်ရန် အဓိကလက်နက်အဖြစ် အတိုးနှုန်းကို အားကိုးသည်။
........................
မဖွံ့ဖြိုးသေးသောနိုင်ငံတို့တွင် ဘဏ္ဍာရေးစနစ်ကို မဖွံ့ဖြိုးသောဘဏ္ဍာရေးဈေးကွက်ထဲ အပြည့်အစုံ မချိတ်မိကြသေးသည့်အတွက် တစ်နည်းပြောလျှင် ဘဏ္ဍာရေးဈေးကွက် မဖွံ့ဖြိုးသေးသည့်အတွက် အတိုးနှုန်းသည် အင်ဖလေးရှင်းကို တိုက်ဖျက်ရန် အဓိကလက်နက် မဖြစ်နိုင်ပေ။
------------------------------------------------------------------------
အစိမ်းရောင်ကမ္ဘာပြား
အယ်ဒီတာအဖွဲ့
ကမ္ဘာကြီးပူနွေးလာမှုသည် အရေးကြီးသော ပြဿနာဖြစ်လာသည်။ တစ်ရှိန်ထိုးတက်လာသော ရေနံဈေးနှုန်းသည် ကမ္ဘာ့အစီအစဉ်ကို ဖျက်ဆီးလျက်ရှိသည်။ ထိုလမ်းကြောင်းသည် လူအများ၏ မိတ်ဆွေမဟုတ်သည်မှာ ထင်ရှားသည်။
.......................................................................
ကွန်ပျူတာအသုံးပြုသူများလာခြင်း၊ ကားတ၀ီဝီစီးသောလူတန်းစား တိုးပွားလာခြင်း၏ အဓိပ္ပါယ်သည် အရင်းအမြစ် အထူးသဖြင့် စွမ်းအင်ရှာတော်ပုံပြိုင်ပွဲကို ပို၍ အရှိန်မြင့်စေသည်။ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသော ဓာတ်ငွေ့ထုတ်လွှင့်မှု ပိုတိုးစေသည်။ ဒုက္ခပေါ်ဒုက္ခဆင့်စေမည့် အကြောင်းတစ်ခုမှာ ထိုဖြစ်စဉ်များ စုပေါင်းမိပါက သစ်တောနှင့် တိရစ္ဆာန်များ မျိုးတုံးပျောက်ကွယ်မှုကို ဆိုးဝါးသွားစေပြီး ရေနံအာဏာရှင်စနစ် (petro-dictatorship) ကို အားပေးသလိုဖြစ်လိမ့်မည်ဟု ဖရိုင်းမင်းက တင်ပြထားသည်။ ................
-----------------------------------------------------------
မြေကမ္ဘာကို လေးစားပါ
အယ်ဒီတာအဖွဲ့
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် လက်ဆုပ်လက်ကိုင် မမြင်နိုင်သော်လည်း အရေးပါလှသည့် အချက်တွေ ရှိပါသေးသည်။ ဤသည်မှာ လူ့အဖွဲ့အစည်းအပေါ် တာဝန်သိစိတ်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အချင်းချင်း တာဝန်သိရမည်။ အနာဂတ်မျိုးဆက်သစ်များအပေါ် တာဝန်သိရမည်။ ဘုရားသခင်ပေးထားသော မြေကမ္ဘာကို စောင့်ရှောက်ထိန်းသိမ်းရန် တာဝန်သိရမည်။ နှစ်သန်းပေါင်းများစွာ အချိန်ယူ၍ ပြုစုပျိုးထောင် ဖန်တီးရရှိခဲ့သော ဤကမ္ဘာ၏ သဘာဝသယံဇာတနှင့် သဘာဝအလှအပများကို ဆယ်စုနှစ်အနည်းငယ်အတွင်း ဖျက်ဆီးပစ်မည်။ တ်ကတက်ပြောင်အောင် သုံးစွဲပစ်မည်ဆိုလျှင် တာဝန်မဲ့ရာ ရောက်ပေလိမ့်မည်ဆိုသည့် လူ့အဖွဲ့အစည်းအပေါ် တာဝန်သိစိတ်ပင် ဖြစ်ပါသည်။ ...............................
သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်သိစိတ်ဖြင့် မှန်မှန်ကန်ကန် လက်တွေ့စောင့်ရှောက်ကြမည်ဆိုလျှင် ကမ္ဘာကြီးဆီမှ ၄င်း၏ သဘာဝလက်ဆောင်များကို ဆက်လက်ရရှိနေမည်သာမက ကျွန်ုပ်တို့အချင်းချင်းလည်း ပိုမိုရင်းနှီးချစ်ခင်လာကြပါလိမ့်မည်။
------------------------------------------------------------------------
ရခဲမှ ရတနာ သိခဲမှ ပညာ
ဒေါက်တာ နေဇင်လတ်
.................. ဓာတုပေါင်းစပ်မှုအချိုးတစ်ခုရလျှင် ကျောက်ဖြစ်ပါသည်။ ကျောက်တော့ကျောက်ဖြစ်၏။ ရတနာကျောက်တော့ကားမဟုတ်၊ ရတနာတန်းမ၀င်၊ ရတနာကျောက်တို့ကား အတွေ့ရနည်း၏။ လူတိုင်းလည်း မရနိုင်၊ မြေတိုင်းကလည်း မပေး။
ရခဲလှစွာ ရတနာဟု ခေါ်သည်။
............................
“စာသင်ကြားခြင်း”သည် တစ်စုံတစ်ရာသော အတိုင်းအတာတစ်ခုအတွင်း၌သာ ရှိသင့်သည်။ ပညာသင်ကြားခြင်းကား ဘ၀ဆုံးထိဖြစ်၏။ ““စာ””မှ ““ပညာ”” ဖြစ်သည်ဆိုသော်လည်း ပညာအဖြစ် ပြောင်းတတ်ရန်လိုသည်။ ပညာအဖြစ်မပြောင်းတတ်သမျှကာလပတ်လုံး စာသင်ခြင်းမှ လွတ်ကင်းနိုင်မည် မဟုတ်၊ စာသင်ခြင်းကိုပင် ပညာသင်ခြင်းဟု အမှတ်မှားကြသူတွေမနည်း။......................
.......................................
လီကွမ်ယူကျောင်းတက်စဉ်က အဓိကယူခဲ့သော ဘာသာရပ်မှာလည်း စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဟုတ်၊ သို့သော်လည်း Know Who ဆိုသော အဓိပ္ပါယ်ကို “လီ”က ကောင်းစွာသိခဲ့ အသုံးချနိုင်ခဲ့သည်။ ခေါင်းဆောင်သည် ခိုင်းတတ်ရန်လိုသည်။...........................
.......................................
စာသင်တိုင်း ပညာ မဖြစ်ပါ။
စာတတ်တိုင်းလည်း ပညာရှိ မဟုတ်ပါ။
လောကတွင်...
ပညာမတတ်သော ပညာရှိ
ပညာမရှိသာ ပညာတတ်တွေ အများကြီး ရှိနေပါသည်။
.........................................................................................
ပညာတွင် နွံနစ်ရိုးထုံးစံ မရှိပါ။
စာတွင် တစ်ခါတစ်ရံ နွံနစ်တတ်ပါသည်။
တတ်သောစာတိုင်းကို အသိသို့ပြောင်းနိုင်လျှင် ပညာဖြစ်လာပါသည်။
......................................
အနောက်နိုင်ငံများ ယနေ့တွင်ကျယ်စွာ သုံးနေသော Knowledge ဟူသော ပညာသည် ဗုဒ္ဓဟောခဲ့သော ပညာအဆင့်နှင့်ယှဉ်လျှင် အခြေခံအဆင့်သာ ဖြစ်သည်။ “သုတအခြေခံပညာ”ဟု အကြမ်းအားဖြင့် ဖွင့်ဆိုနိုင်မည် ဖြစ်သည်။ ဤသုတအခြေခံဟူသော ပညာကိုပင် အနောက်ဘက်ပညာရှင်များက -
Knowledge = Education + Experience
ဟု ကျောင်းပညာနှင့် အတွေ့အကြုံတို့ ပေါင်းစပ်သည့်အရာဟု အဓိပ္ပါယ်ဖွင့်ဆိုကြပါသည်။
...............................................................................
တွင်းထွက်သည် ကျောက်ဖြစ်သည်တော့ မှန်၏။ သို့သော် ရတနာတန်းဝင်နိုင်ရန်ကား အရည်အသွေးလိုသည်။ အပြစ်အနာအဆာကင်းရန်လိုသည်။ ကျောက်တိုင်းကို ဆိုင်ရာအမည်တပ်၍ ကျောက်စိမ်း၊ စိန်ဟူ၍ ခေါ်ဆိုနိုင်သော်လည်း ရတနာဟု ပြောရန် မဖြစ်နိုင်ပါ။
ရတနာအဆင့်သည် ရခဲ၏။
ရခဲမှလည်း ရတနာ မည်သည်။
စာကိုလည်း သင်ယူခွင့်ရှိသူများ ရရှိတတ်ကျွမ်းနိုင်သော်လည်း ပညာဖြစ်သည်မဖြစ်သည်မှာ အရေးကြီး၏။ အသိမဲ့စာတတ်ခြင်းထက် အသိဖြင့် စာတတ်ခြင်းက တစ်ဆင့်မြင့်သည်။ အသိစိမ့်ဝင်သော အမှားအမှန် ကောင်းစွာ ဝေဖန်ပိုင်းဖြတ်နိုင်သော အများအကျိုး သယ်ပိုးနိုင်သော အဆင့်ရောက်မှ ပညာသည် ပြည့်စုံသော အဆင့်သို့ ရောက်ပါသည်။
ဖတ်နိုင်၊ တတ်နိုင်သည်က “စာ”ဖြစ်ပါသည်။
ပညာမှာကား သိနိုင်ခဲသည်။
ထို သိနိုင်ခဲသောအရာကား ပညာဖြစ်၏။
-------------------------------------------------------------------
မြန်မာ့ရိုးရာ လိမ္မာရေးမှု
ဦးဝန်
............ မင်္ဂလသုတ်ထဲမှာတော့ ကျွန်တော်တို့လို အရပ်သားများအတွက် တစ်သက်ပန်လုံး လိုက်နာသင့်တဲ့ ဆုံးမသြ၀ါဒတွေ အများကြီးပါတာပေါ့။ ဒါတွေကိုတော့ လူတကာသိကြပါတယ်။ ဘယ်ဘုရားကို ကိုးကွယ်ကိုးကွယ်၊ ဘယ်ဝါဒကိုလိုက်လိုက် မကြိုက်နိုင်စရာမရှိတဲ့ သြ၀ါဒတွေပါ၊ ကမ္ဘာ့တရားရိုးကြီးတွေပါ။ အဲဒီ မင်္ဂလာတရား ၃၈ပါးကိုသာ လိုက်နာကျင့်ကြံနိုင်မယ်ဆိုရင် ကျွန်တော်တို့မှာ ဒီဘ၀အတွက်ရော၊ သံသရာအတွက်ပါ ဖူလုံနိုင်ပါတယ်။ ...........................
.......................
ငါ၏စိတ်တွင်။ ထင်၏မလွဲ
လိပ်ခဲတည်းလည်း၊ ဟုတ်အည်းဧကန်
အားမသန်နှင့်
မှန်သည်တစေ၊ မရှိချေတဲ့။
.......................
အဲဒီတော့ ဆိုလိုတာက ဘုန်းကြီးကျောင်းသားဘ၀လောက်ကို ရောက်နိုင်တဲ့ ရှေုးဖုန်းရှေးကံရှိတဲ့ အမျိုးသားကလေး တစ်ယောက်ဟာ ဆယ်တန်းပညာ၊ တက္ကသိုလ်ပညာတွေ သင်ခွင့်မရနဲ့ဦးတော့ လောကမှာ အဆင်ပြေပြေ လူတစ်လုံးသူတစ်လုံးလုပ်နိုင်ရုံ အဆုံးအမလောက်ကိုတော့ ရနိုင်ပါတော့တယ်။
(လူထုပညာရေးကောင်စီမှကျင်းပသည့် လူထုပညာရေးမှူးများ၏ စုပေါင်းပညာဖလှယ်ပွဲတွင် ဦးဝန်(မင်းသုဝဏ်) ဟောပြောချက်။ သွေးသောက်မဂ္ဂဇင်း၊ ၁၉၅၂ ခုနှစ် သြဂုတ်လ။)
-------------------------------------------------------------------------
ဒါတွေကတော့ ကျွန်တော်နှစ်သက်တာလေးတွေထဲက တချို့ဖြစ်ပါတယ်။ ဖြစ်နိုင်ရန် ဆောင်းပါးတွေကို အပုဒ်လိုက်ပြန်ရေးပြီး တင်ပေးချင်ပေမယ့် ဘယ်လိုမှ အချိန်မရတဲ့အတွက် ရသလောက်လေးတွေကို တင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားမှုချင်းတူတဲ့လူတွေအတွက်တော့ ကျေနပ်မှုတစ်စုံတစ်ရာရလိမ့်မယ်၊ ဦးနှောက်ကို လာဆွလိမ့်မယ်လို့ ထင်မိပါကြောင်း။


Tuesday, November 11, 2008

သူတို့ဆီက စည်ပင်သာယာ


တစ်နေ့က အလုပ်ခန်းသို့ ဆရာက စာအုပ်တွေယူလာသည်။ စာကြည့်တိုက်က ငှားလာတာဟုပြောသည်။ အချိန်အား၍ပျင်းလျှင် ဖတ်လို့ရသလို၊ ဧည့်သည်လာလျှင် ဒီအတိုင်းထိုင်ခိုင်းထားတာထက် စာအုပ်လေးတွေ ပေးဖတ်ထားတော့ နည်းနည်းတော့ ကြောင်စီစီနိုင်တာ သက်သာသည်ဟု ဆိုသည်။ ဟုတ်လည်းဟုတ်သည်။ တစ်နေ့တစ်နေ့ ကျွန်တော်တို့အခန်းထဲသို့ လာသည့်ဧည့်သည်က မနည်းလှပေ။ လူကြီးက အချိန်အားရ၍ ထိုဧည့်သည်နှင့် ချက်ချင်းတွေ့နိုင်သည်၊ သို့မဟုတ် သူနှင့်ကြိုတင်ချိန်းချက်ထားပြီးသားလူဆိုလျှင် အကြောင်းမဟုတ်ချေ။ ရောက်သည်နှင့် သတင်းပို့ပြီး ချက်ချင်းခေါ်သွားရုံသာဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ပြင်ပ ဧည့်သည်များလာ၍ လူကြီးမအားသေးလျှင် ကျွန်တော်တို့အခန်းမှာ သောင်တင်နေတော့သည်။ ကျွန်တော်တို့ အခန်းကလည်း မူလတာဝန်ကို လုပ်ရသည်ထက် ဧည့်ကြိုတာဝန်များထမ်းနေရသလားဟုပင် တွေးရမိအောင် ဧည့်သည်ကများလှသည်။ လာသမျှဧည့်သည်ကလည်း စုံလင်လှသလို ကြုံရသည်များကလည်း အစုံပင်ဖြစ်သည်။ တစ်ချို့က နားလည်မှုရှိသည်။ စကားစမြည်ပြောရင်း ထိုင်စောင့်သည်။ တစ်ချို့ကျတော့ နာရီတကြည့်ကြည့်နှင့် စိတ်မရှည်ပုံစံနှင့်။ အပေါ်မှာမအားဘူးလား။ ကျွန်တော်တက်သွားလိုက်မယ်ဆိုတာက လာသေးသည်။ အေး တက်သွားလိုက်ဟုသာ လွှတ်လိုက်လျှင် ပွဲကတော်တော်ကြည့်ကောင်းသွားမည် ထင်သည်။ နဂိုကတည်းက မအားလျှင်လည်း မလာနဲ့ပေါ့။ ဒါမှမဟုတ် စောင့်သည့်အလုပ်ကို မလုပ်ချင်လျှင်လည်း ကြိုတင်ပြီး ချိတ်ထား၊ ရက်ချိန်ယူထား၊ အချိန်တောင်းထားပေါ့။ အခုတော့ သူ့မှာ အချိန်မရှိသည့်ရသည့်အထဲ စောင့်ရတာအလုပ်မဟုတ်ဘူးဆိုသည့် မျက်နှာပေးဖြင့် အတော်ကို စိတ်ပျက်စရာ ကောင်းသည်။ ပြီးတော့ သူတို့က လူကြီးနှင့်လာတွေ့တာဆိုပြီး ကျွန်တော်တို့ကို နည်းနည်းမှ မထီလေးစားသည့် ပုံစံနှင့်။ အတော်ကို စိတ်ညစ်စရာကောင်းသည်။ ကျွန်တော့်စိတ်နှင့်ကျွန်တော်သာဆိုလျှင် အဲဒီလိုလူတွေကို နရင်းတီးပစ်သည်။ ငယ်ငယ်ကတည်းက အိမ်ကသင်မပေးလိုက်ဘူးလားဟု မေးပြီး ဆုံးမလိုက်ချင်သည်။ တစ်ချို့ဆိုလျှင် ကိုယ့်ထက်အသက်အများကြီး ကြီးသည်။ လုပ်နေသည့်အလုပ်ကလည်း တကယ့်ဌာနကြီးတွေမှာ အဆင့်အတန်းရှိရှိ ရာထူးရာခံတွေနှင့်။ သို့သော် သူတို့၏ စိတ်ဓာတ်အဆင့်အတန်းက အင်မတန် အောက်တန်းကျလှသည်။ လူတိုင်းကို အထက်စီးကနေ ဆက်ဆံချင်သည့် ပုံစံမျိုှးနှင့်။ အားလုံးကို သူတို့ ရုံးက လက်အောက်ဝန်ထမ်းတွေချည်းပဲ မှတ်နေလားမသိ။
စကားကဘေးချော်သွားသည်။ ပြောချင်သည်က ထိုကဲ့သို့ ဧည့်သည်ဆောင်သည်များလာလျှင် အပျင်းပြေ ဖတ်ရအောင်ဆိုပြီး ဆရာက စာအုပ်တွေငှားလာသည်။ မဂ္ဂဇင်းတွေများသည်။ နှစ်ရက်သုံးရက် ကြာသည်အထိ ဘာစာအုပ်တွေပါမှန်း ကိုင်မကြည့်မိ။ စားပွဲပေါ်မှာ ဒီအတိုင်းပဲ တင်ထားတာကို နေ့စဉ်မြင်နေရသည်။ ဧည့်သည်လာလျှင် ဟိုလှန်ဒီလှန်နှင့် ဖတ်ကြသည်။ မဆိုးဘူးဟု တွေးမိသည်။ မနေ့ကတော့ အလုပ်ပါးလို့ အချိန်အားရနေတော့ အင်တာနက်သုံးမယ်ဆိုပြီးလုပ်တော့ ကိုရွှေအင်တာနက်ကမကောင်း။ ဘယ်စာမျက်နှာ ကိုမှ ဖွင့်လို့မရ။ တော်တော်စိတ်ညစ်သွားသည်။ ဒါနဲ့ စားပွဲပေါ်မှ တွေ့ရာစာအုပ်တစ်အုပ်ကို ဆွဲယူမိသည်။ ဟိုလှန်ဒီလှန်နှင့် လျှောက်ကြည့်နေရင်း တစ်ခုခုတော့ ဖတ်ဦးမှပါဆိုပြီး မာတိကာကို ကြည့်မိသည်။ အဲဒီမှာ ခေါင်းစဉ်တစ်ခုက ကျွန်တော့်ကို ဖမ်းစားသွားသည်။ ကျွန်တော်စိတ်ဝင်စားသည့် အကြောင်းအရာ။ “ သူတို့ဆီက စည်ပင်သာယာ ” တဲ့။ အတော်ကို သိချင်သွားမိသည်။ သေချာသည်ကတော့ အခြားနိုင်ငံတစ်ခုခုရဲ့ စည်ပင်သာယာအကြောင်းကို အနည်းနှင့်အများဆိုသလို သိခွင့်ရမည်ဟု သိလိုက်သည်။
ကြုံတုန်းစကားမစပ်ပြောလိုက်ချင်သေးသည်။ ကျွန်တော်သည် စည်ပင်သာယာဆိုသည့် စကားလုံးကို လည်းကောင်း၊ ထိုအတွက်လုပ်ရသည့် အလုပ်များကိုလည်းကောင်း အင်မတန် စိတ်ဝင်စားသည်။ အိမ်တွင် ပန်းပင်များစိုက်ခြင်း၊ ပန်းအိုးများကို အလှစီခြင်း၊ နေ့စဉ် တံမြက်လှည်း၊ ကြမ်းတိုက်၊သန့်ရှင်းရေး လုပ်ခြင်းများသည် စည်ပင်သာယာရေးလုပ်ငန်းများဟု ထင်သည်။ လူတိုင်းနှင့်၊ အိမ်တိုင်းနှင့်၊ ရပ်ကွက်တိုင်းနှင့်၊ လုပ်ငန်းတိုင်းနှင့်၊ မြို့တိုင်းနှင့် နိုင်ငံတိုင်းနှင့် စည်ပင်သာယာသည် မကင်းနိုင်ဟု ကျွန်တော်ထင်သည်။ နိုင်ငံတိုင်းတွင် စည်ပင်သာယာရေးအဖွဲ့များ ရှိကြမည်ဟု ယူဆမိသည်။ မြို့တစ်မြို့ကိုရောက်သည်နှင့် ကျွန်တော်တခုတ်တရ သတိထားမိသည်က ထိုမြို့၏ သန့်ရှင်းသာယာလှပမှုကို ဖြစ်သည်။ မြို့တွင် ဘာပင်တွေ စိုက်ထားသလဲ၊ လမ်းတွေက သန့်ရှင်းသာယာလှပသလား၊ အမှိုက်ကင်းသလား၊ မြို့တွင် ပန်းခြံရှိသလား၊ ထိုပန်းခြံကိုဘယ်လိုပြုပြင်ဖန်တီးထားသလဲ စသည့်အချက်များကို တမင်မဟုတ်သည့်တိုင် အမှတ်မထင် အလိုလို ဂရုတစိုက် ကြည့်မိတတ်သည်။
ဒီနေရာမှာ တစ်ခုပြောလိုသည်က တစ်ခါလာလည်း စင်ကာပူ၊ တစ်ခါလာလည်း စင်ကာပူဆိုသည့် စကားကို ဖြစ်သည်။ မှန်ပါသည်။ စင်ကာပူနိုင်ငံ သန့်ရှင်းသာယာလှပသည်ကို စည်းကမ်းရှိသည်ကို လက်ခံပါသည်။ သို့သော် ကျွန်တော်တို့ရော သူတို့လို စည်းကမ်းရှိအောင်၊ သန့်ရှင်းသာယာလှပအောင် မလုပ်နိုင်ဘူးလား ဆိုသည်ကို အမြဲတမ်းမေးမိသည်။ သူများတွေကို မေးလျှင် နှာခေါင်းရှုံ့ကြမည်ကိုသိနေ၍ လူတိုင်းကို မမေးမိ။ ရင်းနှီးသူတွေနှင့်တော့ ဆွေးနွေးကြည့်မိသည်။ အများစုက အားအားယားယား ခေါင်းခြောက်ခံတယ်ဆိုသည့် အကြည့်ဖြင့်ကြည့်ကြသည်။ မဖြစ်နိုင်တာကို စိတ်ကူးယဉ်တယ်ဆိုပြီး သူတို့မျက်လုံးတွေက ပြောနေတာကို ကျွန်တော်သိနေသည်။ ထိုအချက်ကို ကျွန်တော်မကြိုက်ပါ။ စင်ကာပူနိုင်ငံ သန့်ရှင်းခြင်းသည်၊ စည်းကမ်းရှိခြင်း သည် နဂိုသူ့နိုင်ငံကိုက အလိုအလျောက် သန့်ရှင်းခြင်း၊ စည်းကမ်းရှိခြင်းမဟုတ်ပါ။ ထိုနိုင်ငံတွင် နေထိုင်သည့် ပြည်သူလူထုအားလုံးက စည်းကမ်းရှိ၍ သန့်ရှင်းမှုကို ဂရုစိုက်ကြ၍ သန့်ရှင်းသာယာခြင်း၊ စည်းကမ်းရှိခြင်း ဖြစ်ပါသည်။
တစ်ယောက်က ပြောပါသည်။ သူတို့ဆီက စည်ပင်သာယာက အလုပ်လုပ်တယ်ကွ။ ငါတို့နိုင်ငံမှာလို မဟုတ်ဘူးတဲ့။ ကျွန်တော် တော်တော်ကို မြင်ပြင်းကတ်သွားသည်။ အေးဟုတ်ပါပြီ ငါတို့နိုင်ငံက စည်ပင်ထက် သူတို့ဆီက အများကြီးပိုအလုပ်လုပ်တယ်ဆိုတာကို ထားပါတော့။ သူတို့ဆီက နိုင်ငံသားတွေကလည်း မင်းလောက် အောက်တန်းမကျဘူးကွ။ အခု မင်းသောက်ပြီးလွှင့်ပစ်လိုက်သလို ဆေးလိပ်တိုကို တွေ့ရာ နေရာကို မပစ်ဘူးကွ၊ မင်းကွမ်းစားပြီး လမ်းပေါ်မှာ တွေ့ရာထွေးသလို သူတို့နိုင်ငံသားတွေက မထွေးကြဘူးကွ ဆိုတော့ စည်ပင်သာယာအကြောင်းကနေ သွေဖယ်ပြီး သူနဲ့ ကျွန်တော် စကားများကြပါလေရော။ ကျွန်တော့်မှာ မဆီမဆိုင် သူငယ်ချင်းနဲ့ စကားများရ၊ အမုန်းခံရနဲ့ သိပ်တော့ မနိပ်ပါဘူးလေ။
ကျွန်တော်က ကျွန်တော်သိသမျှ ဉာဏ်လေးတစ်ထွာတစ်မိုက်နှင့် စာအုပ်တွေထဲမှာ ဖတ်ဖူးထားသမျှ စင်ကာပူ သမိုင်းကြောင်းကို ပြောပြသည်။ သူတို့လက်မခံ။ သူတို့စိတ်ထဲမှာ စင်ကာပူဆိုသည့် နိုင်ငံကပင် အလိုလို ကြီးကျယ်ခမ်းနားနေသည်ဟု မြင်နေပုံရသည်။ မတတ်နိုင်ပြီ။ ကျွန်တော်တို့ဆီတွင် တစ်ခုခုဆိုတာနှင့် အစိုးရကို လက်ညှိုးထိုးတာက အကျင့်ပါနေပြီ။ အခုအစိုးရမလို့မဟုတ်။ နောက်အစိုးရတက်လာလည်း ဒီအတိုင်းပဲ ဖြစ်ဦးမည်မှာမလွဲ။ မယုံလျှင် စောင့်ကြည့်ဟုသာ ပြောချင်သည်။ တပ်မတော်က နိုင်ငံတော်ကို တာဝန်ယူထားလို့ပဲ တိုင်းပြည်က မတိုးတက်သယောင်ယောင် ရေးနေ၊ ပြောနေတာကို မြင်ရတော့ အတော်လေး စိတ်ထဲတွင် ဘ၀င်မကျဖြစ်ရသည်။ နောက်ထပ် အရပ်သားအစိုးရတက်လာလျှင်လည်း အပြန်အလှန် မကောင်းပြောကြ၊ လက်ညှိုးထိုးကြနှင့် ဒီလိုပဲ ဖြစ်နေဦးမည်ဆိုသည်ကို မြင်နေမိသည်။ ကျွန်တော်တို့ လူမျိုးတွေကိုက စည်းကမ်းဆိုတာကို ချုပ်ချယ်မှုဟု အပြည့်အ၀သတ်မှတ်ထားကြသည်ဟု ကျွန်တော်ထင်သည်။ စင်ကာပူတွင် အမှိုက်ပစ်မိ၍ ဒဏ်ရိုက်ခံရသည်ကို ဂုဏ်ယူသလိုလိုပြောကြသည်။ ရှက်ရကောင်းမှန်းမသိ။ ကိုယ်သောက်သုံးမကျလို့ အပြစ်ပေးတာဟု မခံယူ။ ငါအမှိုက်ပစ်မိလို့ ပိုက်ဆံဘယ်လောက် ဒဏ်ကြေး ဆောင်လိုက်ရတယ်ဟု ဖိုရမ်တွေထဲ၊ ဘလော့ဂ်တွေထဲမှာပင် ကြွားသလိုလို ပြောလိုက်သေးသည်။ အဲဒီကျေးဇူးရှင်များကို မြန်မာပြည်မှာ အမှိုက်ပစ်လို့ဆိုပြီး ဒဏ်ရိုက်ဖို့ဝေးစွ စည်ပင်သာယာမှ ၀န်ထမ်းတစ်ဦးဦးက လာပြောလျှင်ပင် မင်းကဘာကောင်မို့လဲ၊ ပစ်တော့ဘာဖြစ်လဲ ဘာလုပ်ချင်လဲဟု ပြန်ပြောဦးမည်ကို မြင်ယောင်နေမိသည်။ သူများနိုင်ငံတွင် ဒဏ်ရိုက်ခြင်းသည် စည်းကမ်းဖောက်ဖျက်၍ ပေးဆောင်ရခြင်းဖြစ်သည်၊ ကိုယ့်နိုင်ငံတွင် ဒဏ်ရိုက်ပါက အနှီအမျိုးကောင်းသားများ မည်သို့ပြောမည်ကို စာဖတ်သူတို့သာ တွေးကြည့်ကြပါလေ။ စာဖတ်သူတို့ ၀န်းကျင်တွင်လည်း ထိုကဲ့သို့ ပုဂ္ဂိုလ်များ အသေအချာ ရှိနေမည်ကို သိနေသောကြောင့် ဖြစ်ပါသည်။
ပြောချင်သည်ကို ဆက်ပါမည်။ ဖတ်မိသည့်စာအုပ်က LIVING COLOR NO.159, OCTOBER 2008 ဖြစ်ပါသည်။ ခေါင်းစဉ်က “ သူတို့ဆီက စည်ပင်သာယာ ” စာရေးသူက “ ကိုဝမ်း ”။ အပြည့်အစုံပြန်မရေးပြ တော့ပါ။ စည်ပင်သာယာနှင့် သက်ဆိုင်သည့် အကြောင်းအရာများကိုသာ ထုတ်နုတ်ကူးရေးသွားပါမည်။
.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.
သူတို့ဆီက စည်ပင်သာယာ
ကိုဝမ်း
......................................................................................................



......................................................................................................
မကာအို၏ ရေကိစ္စ၊ မီးကိစ္စသည် စည်ပင်သာယာ၏ ကိစ္စမဟုတ်ပါ။ ရေကုမ္ပဏီ၊ မီးကုမ္ပဏီကိစ္စသာ ဖြစ်သည်။ သူတို့၏ အဓိကလုပ်ငန်းသည် ပန်းပင်စိုက်ရသည်၊ ပန်းပျိုးရသည်၊ လမ်းပြင်ရသည်၊ ရေမြောင်းရှင်းရသည်၊ အခါကြီးရက်ကြီးများတွင် မီးအလှထွန်းရသည်။ စည်ပင်သာယာဆိုသည့် အတိုင်း မကာအိုမြို့ကို စည်ပင်ပြီး လှပနေအောင် သူတို့က လုပ်ကြရလေသည်။
သည်တော့ စာဖတ်သူက အမှိုက်သိမ်းသည့်ကိစ္စကရောဟု မေးလိုပေမည်။ မကာအိုတွင် အမှိုက်သိမ်းသည့် အလုပ်ကို စည်ပင်သာယာက မလုပ်ပါ။ ကျွန်တော်ရောက်ခါစ ၁၉၉၁-၉၂ ခုနှစ်ထိ စည်ပင်သာယာက သိမ်းသည်။ သို့သော် နောက်ပိုင်းတွင် ပုဂ္ဂလိကသို့ ကန်ထရိုက်ပေးသည်။ ကန်ထရိုက်ဆွဲသည့် C.S.R ဆိုသော ကုမ္ပဏီက ဒေသခံမဟုတ်ပါ။ နိုင်ငံတကာ ကုမ္ပဏီဖြစ်သည်။ အမှိုက်သိမ်းသည့်ကိစ္စကို စည်ပင်သာယာက မလုပ်တော့သော်လည်း စည်ပင်သာယာလုပ်ငန်းပင်ဖြစ်၍ ဤကိစ္စကစ၍ ပြောပြလိုပါသည်။
၁၉၉၂ ခုနှစ်တွင် မကာအိုအစိုးရက ပုဂ္ဂလိကသို့ လေလံပစ်၍ အမှိုက်သိမ်းဖို့ရန် စီစဉ်ခဲ့ရာ လက်ရှိ အမှိုက်သိမ်းနေသော စည်ပင်သာယာအလုပ်သမားများက သပိတ်မှောက်သည်။ နောက်တော့ အစိုးရနှင့် ဆွေးနွေးပြီး သပိတ်လှန်ခဲ့ရာ သူတို့သည် ပုဂ္ဂလိက C.S.R ကုမ္ပဏီ၏ အမှုထမ်းများ ဖြစ်လာခဲ့သည်။ တစ်ရက်ကို အလုပ်ချိန် ရှစ်နာရီ၊ တစ်လလျှင် နားရက် လေးရက် ရသည်။ မကာအိုမှာက လူစည်ကားရာနေရာတွေမှာ လူတစ်ယောက်၏ ပခုံးခန့်မြင့်သော အမှိုက်ပုံးကြီးတွေထားသည်။ အမှိုက်စွန့်မည့်သူက ခြေထောက်နှင့် မောင်းတံကိုနင်းသော် အဖုံးပွင့်လာမည်။ အမှိုက်စွန့်ပြီးသော် အဖုံးပိတ်သွားမည်။ ထို့ကြောင့် ဤအမှိုက်ပုံးကို ခွေး၊ ကြောင်တက်နှိုက်၍ မရပါ။ ဤအမှိုက်ပုံးတွေကို အမှိုက်များသောနေရာတွင် နေ့တစ်ကြိမ်၊ ညတစ်ကြိမ် သိမ်း၍ သာမန်နေရာတွင် ည၌သိမ်းသည်။ အမှိုက်သိမ်းသည့်ကားတွင်ပါ အလုပ်သမားက အမှိုက်ပုံးကိုဆွဲ၍ ကားနောက်တွင်ရှိ ချိတ်မှာချိတ်ပေးလိုက်သည်။ ထို့နောက် ရှေ့ကယာဉ်မောင်းက ကားစက်အား ယင်းပုံကို ချိတ်၍ ကားနောက်ခန်းထဲသို့ သွန်မှောက်ထည့်လိုက်သည်။ ယင်းကားထွက်သွားသော် ရေဆေးကား ၀င်လာသည်။ အမှိုက်ပုံးကို ရေပန်းနှင့် ပက်၍ဆေးသည်။
နေ့စဉ် လမ်းသန့်ရှင်းရေးအလုပ်သမားက မိမိစု၍ ရရှိသောအမှိုက်ကို ဤအမှိုက်ပုံးတွင် လာသွန်သည်။ တစ်ဦးတစ်ဦးကို ဤနေရာ၊ ဤနေရာအထိ နေရာသတ်မှတ်ပေးထားသည်။ ဦးဝိစာရလမ်းပေါ်ရှိ သန့်ရှင်းရေးအလုပ်သမားများကဲ့သို့ ဖြစ်သော်လည်း မကာအိုသန့်ရှင်းရေးသမားများက ပို၍ ပင်ပန်းလေသည်။ မကာအိုမြို့နှင့် ကျန်ကျွန်းနှစ်ကျွန်းတွင် တစ်ကျွန်းနှင့်တစ်ကျွန်းကူးသော တံတားများပေါ်မှအပ သစ်ပင်ကြီးများ ရှိသည်။ ညောင်ညိုပင်များဖြစ်ပြီး နွေရာသီတွင် ရှေ့ကနေ သစ်ရွက်ခြောက်တွေလှည်းသွားသော် နောက်က တဖြုတ်ဖြုတ်ကြွေ၏။ ယင်းလမ်းသန့်ရှင်းရေးသမားများကိုကြည့်သော် မည်သူမှ အဆီတွေနှင့် ၀ဖြိုး၍မနေ။ ကိုယ်ရေစစ်ကာ ပိန်နေကြသည်။ အဓိက အမှိုက်က လူစွန့်ပစ်အမှိုက်ကို သိမ်းရန် ဖြစ်ပေသည်။ ကျန်သစ်ရွက်ခြောက်တွေက သူတို့ကို ဒုက္ခပေးလှသည်။ တာဝန်ချိန်တွင် လက်ဖက်ရည်သောက်ခြင်း၊ ဈေးသွားခြင်း၊ ဘဏ်သွားခြင်း ပြုလုပ်၍ မရပါ။ ဒဏ်တပ်ခံရသည်။ ဒဏ်ငွေကမသေးပါ။ ၇၀၀ ပါတာကပ် ဖြစ်ပါသည်။ အမြဲပင် တာဝန်ကျက လာ၍ စစ်ဆေးသည်။
မကာအိုသည် တိုက်ခန်းများနှင့်သာ နေကြပေရာ ကိုလိုနီအစိုးရလက်ထက်ကတည်းက ပန်းခြံတွေ၊ ပန်းဥယျာဉ်တွေ လုပ်ပေးထားသည်။ ဘဏ်တွေပေါသလို ပန်းခြံတွေလည်း ပေါသောအရပ်ဖြစ်သည်။ သက်ကြီးရွယ်အိုများက သည်ပန်းခြံမှာပဲ လမ်းလျှောက်ရသည်။ အပန်းဖြေရသည်။ ဤပန်းခြံတွေ သာယာလှပဖို့၊ ထိုင်စရာထိုင်ခုံတွေထားဖို့၊ ညတွင် လျှပ်စစ်မီးထွန်းဖို့က စည်ပင်သာယာဌာန၏ တာဝန်ဖြစ်သည်။ ပန်းခြံများတွင် ကျားထိုးဖို့ ကျားကွက်ကအစ ကျောက်စားပွဲအလယ်ကောင်တွင် ရေးဆွဲပေးသည်။ မည်သည့်ပန်းခြံကိုမှ ၀င်ခ မပေးရပါ။ ဘန်ကောက်တွင်လည်း လုမ္ဗနီဥယျာဉ်အတွင်းသို့ ၀င်ရာ၌ ၀င်ခ မပေးရပါ။
နောက်တစ်ခုက အများသုံးအိမ်သာကိစ္စဖြစ်သည်။ လိုအပ်သောနေရာတွင် အများသုံးအိမ်သာ ထားပေးသည်။ ပိုက်ဆံမပေးရပါ။ စည်ပင်သာယာဝန်းထမ်းက အမြဲတမ်းသန့်ရှင်းရေးလုပ်ရသည်။ အိမ်သာတာဝန်ကျ စည်ပင်သာယာအမျိုးသမီး၏ လစာသည် တစ်လလျှင် ရှစ်ထောင်ပါတာကပ်ဖြစ်သည်။ ဒါကို ကျွန်တော့် ဘဏ်မန်နေဂျာ အပန်းက “ငါတောင် လုပ်လိုက်ချင်သေးရဲ့” ဟု ပြော၏။ ဘဏ်ခွဲတစ်ခု၏ မန်နေဂျာလခကလည်း ရှစ်ထောင်မို့ပဲဖြစ်သည်။ ဘဏ်မန်နေဂျာဆိုသည်က ဂုဏ်သိက္ခာရှိမှန်း သူလည်းသိပါသည်။ သို့ပေမယ့် တာဝန်ကြီးလှသည်။ အထက်က ဖိအားများသည်။ အိမ်သာသန့်ရှင်းရေး တာဝန်က ရေလောင်း၊ တိုက်ချွတ်ဆေးကြော၊ ရေလောင်းချလျှင် ကိစ္စပြီးသည်။ စိတ်ရှုပ်စရာ၊ ခေါင်းရှုပ်စရာ ဘာမှမရှိပါ။ ဒါကြောင့် မန်နေဂျာအပန်းက ဤစကားကို ပြောခြင်းဖြစ်ပါသည်။ နောက်တစ်ခုက ရွှေ့ပြောင်း အိမ်သာ ထားပေးသည်။ အောက်ခံပုံပါသော အိမ်သာကို ကားနှင့်ဆွဲလာပြီး ချထားပေးသည်။ သန့်ရှင်းရေးကားက မှန်မှန်လာ၍ သန့်ရှင်းရေးလုပ်သည်။
လမ်းကို ရေဆေးသည်ဆိုလျှင် စာဖတ်သူက အံ့သြမည်။ လမ်းပဲ မိုးရွာရင် စင်သွားမှာပေါ့ဟု ပြောလိုပေမည်။ တစ်ပတ်တစ်ခါ လမ်းကို ရေဆေးသည်။ ရေပိုက်နှင့် ဖျန်းသည်။ နောက်ကားတစ်စီးက လမ်းကို ဘရပ်ခ်ျနှင့် တိုက်သည်။ ယင်းကား၏ရှေ့တွင် ဘရပ်ခ်ျအကြီးစား အ၀ိုင်းပုံစံပါသည်။ အထူးသဖြင့် လမ်းနှင့်စင်္ကြန်အစပ်ထောင့်ရှိ ဖုန်တွေ၊ သဲတွေကို တိုက်ပစ်ခြင်းဖြစ်သည်။
ပန်းပင်များ ပျိုးရသည်။ ပန်းပင်တွေ စိုက်ရသည်။ ဟံသာဝတီအ၀ိုင်းလို အ၀ိုင်းတွင် ပန်းရောင်စုံတွေ စိုက်သည်။ မြို့လယ်ကောင် ဆမ်းမားလူးဆိုသည့် လူစည်ကားရာလမ်းမျိုးတွင် ပန်းရောင်စုံအိုးတွေ ချိတ်ဆွဲထားသည်။ တိုးရစ်မြို့တော်ဖြစ်၍ မျက်စိပသာရှိအောင် လုပ်စရာမှန်သမျှ အကုန်လုပ်သည်။ ရေမြောင်းတွေ၊ မိလ္လာမြောင်းတွေ ရှင်းရသည်။ မြန်မာနိုင်ငံတွင် ကြာပန်းသည် သီတင်းကျွတ်မှာပွင့်ပြီး မကာအိုမှာက ဇွန်လတွင် ပွင့်သည်။ ဇွန်လမတိုင်ခင်မှာ စည်ပင်သာယာစိုက်ပျိုးရေးအလုပ်သမားတွေက ကြာပန်းတွေပျိုးရသည်။ ဇွန်လရောက်သော် ရေကန်ရှိသည့် ဥယျာဉ်တွေကို ကြာပန်းအိုးတွေပို့သည်။ ရေကန်ထဲတွင်ဝါးဖောင်ခံ၍ ယင်းဝါးဖောင်ပေါ်တွင် ကြာပန်းအိုးတွေ တင်လိုက်သောအခါ ရေထဲက ၀ါးဖောင်နှင့်အိုးကို မမြင်ရတော့ဘဲ ရေထဲကနေ သဘာဝအလျောက် ကြာပန်းတွေပွင့်နေသလိုဖြစ်အောင် လုပ်ထားသည်။ ကြာနီကများ၏။ ကြာပြာ သို့မဟုတ် ကြာခရမ်းရောင်ကို မကာအိုရောက်မှ မြင်ဖူးသည်။ (ယခု မြန်မာနိုင်ငံမှာလည်း ရှိနေပါပြီ)
စည်ပင်သာယာ၏ နောက်အလုပ်တစ်ခုက ခွေးလေခွေးလွင့်တွေ လိုက်ဖမ်းရသည်။ မကာအိုတွင် ခွေမှတ်ပုံတင်ခက ဈေးကြီး၏။ ၂၅၀၀ ပါတာကပ်ဖြစ်သည်။ မှတ်ပုံတင်လည်ပတ်နှင့်ခွေးကို မဖမ်းရပါ။ ပိုင်ရှင်မဲ့ ခွေးသာ ဖမ်းရသည်။ ခွေးကိုက်သော် ကိုက်သည့်ခွေးကို ခွေးထောင်ချ၏။ ပိုင်ရှင်မဲ့ခွေး သို့မဟုတ် လည်ပတ်မပါသော ခွေးကို နှစ်ပတ်ထား၏။ လာမရွေးသော် လျှပ်စစ်နှင့်တို့၍ သတ်ပစ်သည်။ အိမ်မှာ ခွေးမွေးထားပြီး ရောဂါရ၍ သေသော် စည်ပင်သာယာကို ဖုန်းဆက်ရသည်။ စည်ပင်သာယာက သွားယူရသည်။ မကာအိုစည်ပင်သာယာဝင်းထဲတွင် ခွေးသင်္ချိုင်းရှိသည်။ မိမိ၏ အချစ်တော်ခွေးသေသော် ဤသင်္ချိုင်းမှာ မြေ၀ယ်၍ မြှုပ် အုတ်ဂူလုပ်၊ အုတ်ဂူပေါ်တွင် ခွေးဓာတ်ပုံနှင့် ဖြစ်သည်။ ဤသင်္ချိုင်းက သူ့ခွေးအုတ်ဂူတွင် ပန်းစည်းလာချပြီး တရှုံ့ရှုံ့ငိုသော ကောင်မလေးကို တွေ့ဖူးသည်။
နောက်တစ်ဖွဲ့က ကြွက်နှိမ်နင်းရေးအဖွဲ့ဖြစ်သည်။ မကာအိုအဖွဲ့က သတ်သတ်၊ တိုင်ပါလူဝမ်အဖွဲ့က သတ်သတ်ဖြစ်သည်။ ကြွက်သတ်ဆေးတွေကို ကြွက်တွင်းတွေရှာပြီး လိုက်ချရသည်။ ကြွက်ကောင်ရေ မည်မျှသေသည်ကို လိုက်ရှာရသည်။
မကာအိုတွင် တိရစ္ဆာန်ရုံမရှိပါ။ ထို့ကြောင့် မျောက်၊ ဒေါင်း၊ ကြက်ဆင်၊ လင်းယုန် သတ္တ၀ါအရေအတွက် နည်းနည်းကို လူဝမ်စည်ပင်သာယာဝင်းမှာ ခြံကိုယ်စီနှင့် မွေးထားသည်။ မကာအိုမြို့ထဲက ဥယျာဉ်တွေမှာ လှောင်ချိုင့်နှင့် ပြထားသည်။
သူတို့အရပ်က ခရီးသွားလုပ်ငန်းကို အဓိကထားသည်။ ဧည့်သည်ဆိုသည်မှာ အိမ်သာမှ ဧည့်လာသည်။ ထို့ကြောင့် သူတို့ အိမ်သာယာလှပအောင် နည်းအမျိုးမျိုးနှင့် ဆောင်ရွက်သည်။ စင်္ကြန်ခင်းသော အုတ်ကို သြစတြေးလျနိုင်ငံ ဘရစ္စတိန်းမြို့က အုတ်မှာပြီး ခင်းသည်။ ယင်းအုတ်အနီနှင့် အပြာကို လှပအောင် ရောင်စုံဖော်၍ ခင်းသည်။ ဤအုတ်တွေ လှလှချည်လားဆိုပြီး လူစပ်စု ကျွန်တော်က အုတ်ပုံက ထုပ်ပိုးလာသော အပြင်စက္ကူကို အသေအချာသွားလေ့လာ၍ ဤသို့သိရပါသည်။ လူဝမ်စည်ပင်သာယာတွင် ဘုရင်ခံ၏ မြင်းရှိသည်။ ယင်းမြင်းကိုကျွေးသော မြက်ခြောက်က ဂျာမနီက ဖြစ်သည်။ ပိုက်ဆံရှိသောအရပ်မို့လည်း ဤသို့ အကုန်အကျခံနိုင်၏။ ဤသို့အကုန်အကျခံ၍ လှပအောင်လုပ်သောကြောင့်လည်း ဧည့်လာကာ ၀င်ငွေရရှိလေသည်။

Tuesday, November 04, 2008

ကြီးပွားချမ်းသာမှု


အချိန်အားလေး နည်းနည်းရတာနဲ့ မှတ်စုစာအုပ်ကို ပြန်လှန်ပြီး ဖတ်မိနေပါတယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ မှတ်စုမှတ်ခြင်းဟာ မှတ်နေတဲ့ အချိန်တုန်းကတော့ ဘာမှမသိသာပေမယ့် အခုလို ကာလတစ်ခုကြာတဲ့အခါမှာ ပြန်ဖတ်ရတဲ့အခါ အတော်လေး အဖိုးတန်တာကို တွေ့ရပါတယ်။ တချို့ဟာတွေဆိုရင် ကျွန်တော်ဘယ်လိုမှကို မမှတ်မိတော့တဲ့ အကြောင်းအရာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ကြည်နူးစရာတွေပါသလို အဲဒီတုန်းက မှတ်သားထားတာကို အခုမှ ပြန်ပြီးသတိရပြီး လုပ်ရတာတွေလည်း အများကြီးပဲ။ မှတ်သားခဲ့တဲ့အချိန်တုန်းကတော့ စိတ်ညစ်စရာ၊ ခံပြင်းစရာ၊ အဲဒီတုန်းက တော်တော်ကို အသည်းအသန်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေက အခုပြန်ဖတ်တော့ အတော်ကို ရယ်စရာကောင်းနေတာ တွေ့ရပြန်တယ်။ အခုမှ သတိထားမိတယ်။ အခုလက်ရှိ ကျွန်တော်ကြုံနေတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကလည်း နောက်တစ်လနှစ်လလောက်ဆိုရင် ရယ်စရာသမိုင်းလေးတွေ ဖြစ်တော့မှာ အသေအချာပါပဲ။
စကားက ဘေးချော်သွားတော့ ဘယ်ရောက်သွားမှန်းမသိပါဘူး။ ပြောချင်တာက မှတ်စုစာအုပ်လေးကို ပြန်ဖတ်ရင်းနဲ့ အထဲမှာ ကြီးပွားချမ်းသာနေသူ (၃)မျိုး ဆိုပြီး မှတ်ထားတာလေးကို တွေ့မိလို့ပါ။ ဘယ်စာအုပ်ထဲက၊ ဘယ်ဂျာနယ်ထဲက မှတ်မိမှန်းကို မသိတော့ပါဘူး။ ပြီးတော့ အဲဒီအကြောင်းအရာကို ကျွန်တော်ဖတ်ဖြစ်ခဲ့တာရော ဟုတ်ရဲ့လားလို့ တွေးမိပါတယ်။ ဘယ်လိုမှကို မမှတ်မိလို့ပါ။ အခုဖတ်တော့လည်း အသစ်ဖြစ်နေပြန်တာပါပဲ။ ရက်စွဲကတော့ ၂၈-၆-၂၀၀၈ လို့ တပ်ထားတာတွေ့ရပါတယ်။ တစ်နေရာရာကိုသွားရင်းနဲ့ ဖတ်မိပြီး ကြိုက်လို့ ကူးယူထားမိတာ ဖြစ်နိုင်ပါတယ်။ အခန်းမှာ အသေအချာ ဖတ်တယ်ဆိုရင်တော့ ဘယ်စာအုပ်ကကူးတယ်၊ ဘယ်သူရေးတဲ့စာထဲက စသည်ဖြင့် သေသေချာချာမှတ်တဲ့ စာအုပ်နဲ့ မှတ်တာမို့ပါ။
အဓိကအကြောင်းအရာကိုပဲ ပြောပါတော့မယ်။ လောကမှာ ကြီးပွားချမ်းသာနေသူ (၃)မျိုး(၃)စားဆိုပြီး ခေါင်းစဉ်တပ်ထားပါတယ်။
(၁) အမွေရသူ
(၂) ကံကောင်းထောက်မပြီး နေရာကောင်းကို အချိန်ကောင်းမှာ ရောက်သွားတဲ့သူ
(၃) စိတ်ကူးဉာဏ်ရှိပြီး ကိုယ့်စိတ်ကူး အကောင်အထည်ပေါ်တဲ့အထိ ဇွဲလုံ့လ၀ီရိယနဲ့ လုပ်ဆောင်တဲ့သူ ပါတဲ့။
အတော်လေး သဘောကျသွားမိတယ်။ သဘောကျမိတာနဲ့ အတွေးလည်းဖြန့်ကျက်မိတယ်။ ဘေးနားမှာလည်း မှတ်ချက်လေးရေးထားတာကို ဖတ်မိတယ်။ အမှတ်စဉ်(၁)နဲ့(၂)က ""ကံ"" တဲ့။ အမှတ်စဉ်(၃)ကတော့ ""လူ"" လို့ မှတ်ထားပါတယ်။ ကံကြောင့်ချမ်းသာတာနဲ့ ဉာဏ်(လူ)ကြောင့် ချမ်းသာတာကို ပြောချင်တာဖြစ်ပါမယ်။ တစ်ဆက်တည်း စဉ်းစားမိတာက ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း ကြီးပွားချမ်းသာနေတဲ့သူတွေ အများကြီးရှိပါတယ်။ သူတို့တွေ ဘယ်အမျိုးအစားမှာ ပါနေသလဲဆိုတာကို ကိုယ့်ဘာသာလိုက်ပြီး တွက်ကြည့်နေမိပါတယ်။ စိတ်မကောင်းစရာပဲ အမှတ်စဉ်(၁)နဲ့(၂)မှာ လူတွေများနေတာကို တွေ့ရပါတယ်။ သူတို့ကတော့ သူတို့ကိုသူတို့ ကံကောင်းကြသူတွေဆိုပြီး ဂုဏ်ယူနေကြမှာပါပဲ။ အဲဒီအထဲမှာ တစ်ခု ကျွန်တော်ဘ၀င်မကျတာက သူဌေးသား၊ သူဌေးသမီးကို ရပြီးချမ်းသာကြီးပွားနေတဲ့လူတွေကို ဘယ်အမျိုးအစားထဲမှာ ထည့်ရမလဲဆိုတဲ့ အတွေးပါ။ ကံကောင်းလို့ သူဌေးသား၊ သူဌေးသမီး၊ တချို့ဆိုရင် သူဌေးကိုယ်တိုင်နဲ့ ရတာလား၊ သို့တည်းမဟုတ် ကြီးပွားချမ်းသာရေးအတွက် မိမိကိုယ်ကို အရင်းအနှီးလုပ်ပြီး ဉာဏ်ကူခဲ့ကြတာလား ဆိုတာကိုတော့ ကျွန်တော်ပဲ ဉာဏ်မမီတာလား၊ ရိုးရိုးလေးကို ဆန်းနေတာလား မစဉ်းစားတတ်ပါ။ ရှိပါစေတော့။
ဒါဖြင့်ရင် ဒုတိယအမျိုးအစားဖြစ်တဲ့ ဉာဏ်ကြောင့်ကြီးပွားချမ်းသာတဲ့လူတွေကရော ဘယ်လိုများပါလိမ့်။ ကျွန်တော်မြင်သလောက်တော့ ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားပြီး ကြီးပွားချမ်းသာလာသူတွေသာလျှင် သမိုင်းတွင်ကျန်ရစ်တယ်လို့ မြင်မိပါတယ်။ ဒီနေရာမှာ ကံကြောင့် ချမ်းသာလာပြီး ကိုယ်တိုင်လည်း ဉာဏ်စွမ်းဉာဏ်စနဲ့ ကြိုးစားပြီး ကြီးပွားတိုးတက်နေသူတွေကိုလည်း ထည့်သွင်းပါတယ်။ ကျွန်တော့်အတွေးသက်သက်နဲ့ပြောရရင် ငွေကြေးပစ္စည်းဥစ္စာ ကြီးပွားတိုးတက်တာဖြစ်စေ၊ ပညာရပ်ပိုင်းဆိုင်ရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်တာဖြစ်စေ၊ သူ့တို့ကို တန်ဖိုးဖြတ်နိုင်တာက သူ့ပတ်ဝန်းကျင်ကို ဘယ်လောက်အကျိုးပြုသလဲဆိုတဲ့အချက်ပဲ ဖြစ်လိမ့်မယ်လို့ ထင်မိတာပါပဲ။ ကြွယ်ဝချမ်းသာမှုဟာ မြင်းကို ချိုတပ်ပေးသလို ဖြစ်နေသလား၊ ဒါမှမဟုတ် သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားဆိုတဲ့အတိုင်း ကောင်းကျိုးပြုနေသလားဆိုတာကိုကြည့်ပြီး သူ့ကို အဆင့်အတန်းခွဲရမယ်လို့
ကျွန်တော်ကတော့ ထင်မြင်မိကြောင်းပါ။
ဒါဖြင့် ကျွန်တော်ရော ဘယ်လိုအမျိုးအစားထဲမှာ ပါချင်သလဲလို့ မေးလာရင်တော့ အဖြေရ အတော်ခက်ခဲ့ကိစ္စပါပဲ။ ဘာကြောင့်လဲဆိုတော့ အမှန်အတိုင်းဝန်ခံရရင် ကိုယ်စွမ်းကိုယ်စအရ ကြီးပွားတိုးတက်အောင် ကြိုးစားချင်စိတ်ရှိနေသော်လည်း ထီပေါက်ချင်စိတ်တို့၊ နေရာကောင်း၊ ရာထူးကောင်းကို လိုချင်တဲ့ စိတ်တို့လည်း ကျွန်တော့်မှာ ရှိနေတာမို့ပါ။ ဒါကြောင့်လည်း ဟိုမရောက်ဒီမရောက်နဲ့ မျောက်သစ်ကိုင်းလွတ်ဖြစ်နေတယ်လို့ ထင်မိတာပါပဲ။
ကျွန်တော့်မိတ်ဆွေများအားလုံးလည်း ကြီးပွားတိုးတက်သူများ ဖြစ်ကြပါစေ။
ကျွန်တော်လည်း ညောင်ပင်ကြီးတစ်ပင် ဖြစ်ချင်ပါသေးတယ်။
လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်

..::: WITHOUT KNOWING WHAT I AM AND WHY I AM HERE, LIFE IS IMPOSSIBLE.:::..
(LEO TOLSTOY)

Saturday, November 01, 2008

တွေးတောဆင်ခြင်လိုက်နာဖွယ်


မှားယွင်းမှုဟူသည်
မောဟမကင်းသူလူတိုင်းနှင့် ဆက်ဆံ၏။
သူတစ်ပါးမှားလျှင်
အမှန်ရောက်အောင် ငါပြင်မည်။
ငါမှားလျှင်
သူတစ်ပါးအပြင်ကို ငါခံမည်။
ငါ့ကို ပြုပြင်သူကို
ငါ့ဆရာဟု အသိအမှတ်ပြုမည်။
သူတစ်ပါးအကျိုးကို ငါလိုလားမှ
ငါ့အကျိုးကို သူတစ်ပါးက လိုလားမည်။
ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍
ဆောင်ရွက်မည်။
ငါ့အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ
ငါ့မိတ်ဆွေမဟုတ်။
သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို
ရဲဝံ့စွာ ငါခံယူမည်။
ဒုက္ခ၏မျိုးစေ့ဖြစ်သော သုခကို
ရဲဝံ့စွာ ငါရှောင်ရှားမည်။
ငါ့အလုပ်နှင့်တူသော အကျိုးကို
မချွတ် ငါရမည်။

(အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ
စတုတ္ထစံကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိမလ)

 
Web Statistics