Monday, January 19, 2015
လူသားဆန်မှုတွေ ပျောက်ဆုံးကုန်ပြီလား
Posted by Ko Nyan Posted Time 8:28 PM 0 Comment(s)
Labels Cartoons, Internet, ကျွန်တော့်အတွေးများ, ကာတွန်း-Cartoon, စု၊ တု၊ ပြု, အထွေထွေ-Various
Sunday, August 26, 2012
ပြုံးမိသည်၊ ရယ်မိသည်၊ တွေးမိသည်၊ ရေးမိသည်
Posted by Ko Nyan Posted Time 8:08 PM 3 Comment(s)
Labels Cartoons, ကျွန်တော့်အတွေးများ, ကာတွန်း-Cartoon, ဟာသ-Funny
Monday, September 20, 2010
တွေးစရာ၊ ပြုံးစရာ၊ ရယ်စရာ၊ ဟားစရာ
လူ (၃)ဦး အထူးစုံထောက်သင်တန်း တက်နေကြသည်။ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သင်တန်းပြီးဆုံးသည့်နေ့တွင် သင်တန်းဆရာက စားပွဲပေါ်တွင် သေနတ်တစ်လက်တင်၍ ပထမအမျိုးသားအား "ရော့၊ ဒီမှာ သေနတ်၊ နောက်ကအခန်းမှာ မင်းမိန်းမရှိတယ်။ သူ့ကို သွားပစ်ချေ" ဟု ပြောလိုက်၏။ ပထမအမျိုးသားမှာ ချုံးပွဲချငိုလေရာ ၎င်းအား အိမ်ပြန်ပို့လိုက်ပါတော့သည်။ နောက်အမျိုးသားအားလည်း ယင်းသို့ပင် စေခိုင်းရာ အမျိုးသားက အခန်းထဲဝင်သွားပြီး "ကျွန်တော် သူ့ကို မပစ်ရက်ဘူးဗျာ" ဟု ပြောပြီး ပြန်ထွက်လာ၍ ၎င်းလည်း အိမ်ပြန်ရပါလေတော့၏။ နောက်ဆုံး အမျိုးသမီးအလှည့် ရောက်လာသောအခါ အမျိုးသမီးက အခန်းထဲ တန်းဝင်သွားသည်။ အခန်းထဲမှ ၀ုန်းဒိုင်းအသံများလည်း ထွက်လာ၏။ ခဏအကြာတွင် အမျိုးသမီး ပြန်ထွက်လာရာ "သေနတ်က ကျည်ဆန်အတုတွေပဲ ပါတာပဲ။ ဒါနဲ့ ကျွန်မလည်း ယောက်ျားကို တွေ့ရာခုံနဲ့ ကောက်ရိုက်ခဲ့တယ်" ဟု ပြောပါလေ၏။
ပင်စင်စား အဘိုးကြီးလေးဦး စကားဝိုင်းဖွဲ့ကြသည်။
ပထမပုဂ္ဂိုလ် - ကျန်းမာရေးက အရင်လို မဟုတ်တော့ဘူးဗျာ။ ကော်ဖီခွက်ကိုတောင် တော်တော်အားစိုက်ပြီး "မ"နေရတယ်။ မသန်တော့ဘူးဗျို့။
ဒုတိယပုဂ္ဂိုလ် - ကျုပ်လောက် မဆိုးပါဘူးဗျာ။ ကျုပ်ဆို ကော်ဖီခွက်ကိုတောင် မမြင်ရတော့ဘူး။ အမြင်အာရုံ ကျသွားပြီဗျ။
တတိယပုဂ္ဂိုလ် - ကျုပ်က ပိုဆိုးတယ်။ သူများတိုက်တဲ့ ကော်ဖီကို အသင့်သောက်နေရပေမယ့် မျိုလို့ မရတော့ဘူး။ မျိုလို့ရခဲ့ရင်လည်း သိပ်မကြာခင် သွေးတိုးတော့တာပဲ။ အတွင်းအင်္ဂါတွေ ပျက်ကုန်ပြီ ထင်ပါရဲ့။
စတုတ္ထပုဂ္ဂိုလ် - ခင်ဗျားတို့တွေ စကားပြောရင် ကျယ်ကျယ်ပြောကြပါဗျာ။ အခု ခင်ဗျားတို့ ပြောနေတဲ့ကိစ္စကို ဗဟိုက သိသွားရင် ဒုက္ခရောက်သွားနိုင်တယ်။ သူတို့က ဝေဖန်မှာ ကြောက်နေတာကို ခင်ဗျားတို့ သိသားပဲဟာ။ ဟုတ်ဖူးလား။ "ဟေ့ ချာတိတ်၊ အန်ကယ့်အတွက် ကော်ဖီတစ်ခွက်"။
ဂျက်ရဲ့မိန်းမက အရမ်းကို သ၀န်တိုတတ်ပါတယ်။ ဂျက်ကို ဘယ်သွားသွား၊ ဘယ်လာလာ စိတ်မချတတ်သလို အမြဲတမ်းလည်း ကွယ်ရာမှာ တခြားမိန်းကလေးတွေနဲ့ ခြေရှုပ်နေပြီလားလို့လည်း အမြဲသံသယ ဖြစ်တတ်ပါတယ်။
တစ်ရက်တော့ ဂျက်က အိမ်ပြန်နောက်ကျပါတယ်။ ဒါနဲ့ မိန်းမဖြစ်သူက ဂျက်ရဲ့ ကုတ်အင်္ကျီကို အသည်းအသန်တောင်းပြီး မိန်းမဆံပင် တွေ့လိုတွေ့ငြား ရှာပါတော့တယ်။
ဆံပင်ချည်တစ်မျှင်မှ မတွေ့လို့ ဂျက်က စိတ်အေးသက်သာသွားချိန်မှာ သူ့မိန်းမက သ၀န်တိုတတ်သူပီပီ ဒေါသတကြီး ဆိုလိုက်တာက "ရှင် ကျွန်မကွယ်ရာမှာ ကတုံးမတစ်ယောက်နဲ့ ဖောက်ပြန်နေတယ် မဟုတ်လား..." တဲ့။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၀ ရက်၊ တနင်္လာနေ့။
နံနက် ၁၁ နာရီ ၁၉ မိနစ်။
Posted by Ko Nyan Posted Time 11:21 AM 0 Comment(s)
Labels Cartoons, funny, jokes, စု၊ တု၊ ပြု, ဟာသ-Funny
Tuesday, August 24, 2010
အတွေးပါသော ကာတွန်းများ
ခေါင်းစဉ်ကတော့ ကျွန်တော်ပေးချင်စိတ်ရှိတဲ့ နာမည်လေးကို ပေးလိုက်တာပါ။ ကာတွန်းဆိုကတည်းက အတွေးတစ်ခုခု ပေးချင်လို့၊ message တစ်ခုခုကို ပေးချင်လို့ ဆွဲထားကြတာပါ။ သို့ပေသော်လည်းပေါ့လေ... အချို့အချို့သော ကာတွန်းလေးတွေက တွေးလို့မဆုံးနိုင်အောင် အရသာရှိတယ်ဗျ။ ပြောရမယ်ဆိုရင် ကာတွန်းလေးတစ်ကွက်ကို ဖတ်ပြီးတဲ့အချိန်မှာ ခေတ်ကြီး၊ စနစ်ကြီးတစ်ခုလုံးကို မျက်စိထဲမြင်လာတဲ့အထိ ဖြစ်စေတာမျိုးတွေ ရှိနေတယ်ဗျ။ အခုအောက်မှာ ဖော်ပြထားတဲ့ ကာတွန်းလေးတွေမှာလည်း မူလရည်ရွယ်ချက်၊ အတွေး၊ တန်ဖိုးအပြင် ဆင့်ပွားတွေးမိစရာ၊ ဆင်ခြင်သံဝေဂ ယူစရာလေးတွေ ရှိနေတယ်လို့ ကျွန်တော်က မြင်မိပါတယ်။ တစ်ခါတလေ စိတ်တွေအရမ်းကို မွမ်းကျပ်နေတဲ့အခါ ကာတွန်းကောင်းလေးတွေကို ခံစားပြီး နှစ်နှစ်ခြိုက်ခြိုက် ဟားတိုက်ပြီး ရယ်လိုက်ရတာကလည်း အရသာတစ်ခုပဲဗျ။ အခြားသူတွေအတွက် မသိပေမယ့် ကျွန်တော့်အတွက်တော့ စိတ်ဖိစီးမှုတွေကို ဖောက်ထုတ်နည်းတစ်ခုပေါ့လေ။ ကဲပါဗျာ... ကြည့်ရမယ့်ကာတွန်းက နည်းနည်း၊ ကျွန်တော်ကိုဉာဏ် စကားရှည်တာက များများဖြစ်နေပါပြီ။ ကာတွန်းလေးတွေကြည့်ပြီး ရယ်မောပျော်ရွှင် တွေးဆဆင်ခြင် ကြည့်ကြပါဦးလို့ လက်တို့လိုက်ပါတယ်နော်။
စားပြီးရင် စွန့်တဲ့
အဲဒါကြောင့် ကြီးပွားတာ
ဖြေတွေးများလားဗျာ
ကိုယ့်ဝါသနာနဲ့ကိုယ်ပေါ့လေ
ရုပ်ရှင်၊ ဗီဒီယိုကြည့် ပရိသတ်တွေ
Posted by Ko Nyan Posted Time 10:33 AM 2 Comment(s)
Tuesday, April 06, 2010
ရင်ဘတ်ကိုလာမှန်သော ကာတွန်းများ
အခုနောက်ပိုင်း အပတ်စဉ်ထွက် ဂျာနယ်တိုင်းလိုလိုမှာ ကျွန်တော်ထူးထူးခြားခြား သဘောကျနေမိတာက ကာတွန်းတွေပါ။ လွန်ခဲ့တဲ့ ၃-၄ လလောက်အထိ ဂျာနယ်တွေမှာ ကာတွန်းကဏ္ဍပါဝင်မှုဟာ အင်မတန်မှကို နည်းပါးခဲ့ပါတယ်။ ဟော... အခုတော့ ကာတွန်းရွှေခေတ်လို့တောင် ပြောရမလားမသိဘူး။ ဂျာနယ်တိုင်းလိုလိုမှာ ကာတွန်းတွေပါနေလိုက်တာများ သဘောကျစရာ ကောင်းလွန်းသေးတော့တယ်။ သေချာတာကတော့ ကာတွန်းဖတ်တာ ကလေးတွေအလုပ်လို့ ပြောလို့မရတာပါပဲ။ ဘာကြောင့်လဲဆိုတော့ အခုနောက်ပိုင်း ပါလာတဲ့ ကာတွန်းလေးတွေဟာ တော်တော်လေးကို အတွေးပါလာလို့ပါ။ အချို့ကာတွန်းတွေဆိုရင် အတော်ကြီးကို တွေးယူပြီးမှ ဘာကိုဆိုလိုသလဲဆိုတာ သဘောပေါက်တယ်။ အချို့ကျတော့ အဓိပ္ပါယ်တွေ အမျိုးမျိုး ထွက်နေပြန်ပါရော။ ဟိုလိုလို၊ ဒီလိုလိုနဲ့ ဖတ်ရတဲ့လူ၊ စဉ်းစားရတဲ့လူက သို့လော၊ သို့လောနဲ့ ဘယ်လိုကြီးမှန်းကို မသိဘူး။ နောက်ပိုင်းကာတွန်းတွေမှာ ခေတ်ကိုသရော်တဲ့ကာတွန်းတွေ အများကြီးပေါ်လာတာ တွေ့ရတယ်။ တော်တော်ကြီးလည်း ပွင့်လင်းလာကြသလို၊ ကာတွန်းဆရာတွေကလည်း တင်ပြပုံ အရမ်းကောင်းလာကြတယ်။
ရန်ကုန်တိုင်းမ်မှာ ဟိုးအရင်ခေတ်သတင်းစာတွေက ကာတွန်းအဟောင်းတွေကို ထည့်ပေးတတ်တယ်။ အများအားဖြင့်တော့ နိုင်ငံရေးကာတွန်းတွေပါ။ Northern Star မှာတော့ ဦးဘဂျမ်းရဲ့ ကာတွန်းတွေများတယ်။ သူကတော့ နိုင်ငံရေးအကြောင်းအရာ သက်သက်ပဲ။ 7Day News မှာတော့ ကာတွန်းကဏ္ဍအတွက် စာမျက်နှာတစ်ခု သတ်သတ်ကို ပေးထားတာ တွေ့ရတယ်။ အဲဒီဂျာနယ်ထွက်တဲ့နေ့ဆိုရင် ကျွန်တော်အရင်ဆုံး လှန်ဖတ်မိတာက ကာတွန်းစာမျက်နှာပါ။ ကာတွန်းတွေကို တ၀ကြီး၊ တစ်နေရာတည်းမှာ တစ်ထိုင်တည်း ဖတ်ရတယ်။ အဲဒီစိတ်ကူးအတွက်တော့ 7Day ကို ချီးကျူးမိတာ အမှန်ပါ။ ဟိုတစ်ကွက်၊ ဒီတစ်ကွက်ထည့်တာထက်စာရင် အဲဒီလို တစ်နေရာတည်းမှာ စုစုစည်းစည်းဖတ်ရတာလည်း အရသာတစ်မျိုးပဲလို့ ထင်မိတာပါပဲ။ Voice မှာတော့ နိုင်ငံရေးကာတွန်းတွေ ထည့်တာများတယ်။ Eleven ကတော့ လေးစောင်လုံးမှာ ကာတွန်းတွေပါတတ်တယ်။ Health Digest ဂျာနယ်မှာလည်း ကျန်းမာရေးနဲ့ဆိုင်တဲ့ ကာတွန်းလေးတွေ ပါတတ်တယ်။ သစ္စာဂျာနယ်၊ မြန်မာတိုင်းမ်၊ နိုင်ငံတကာသတင်းတွေမှာတော့ ကာတွန်းမပါတတ်ဘူး။ နိုင်ငံတကာရေးရာမှာတော့ မျက်နှာဖုံးညာဘက်ထောင့်မှာ နိုင်ငံခြားကာတွန်းပုံတစ်ပုံ အမြဲပါတတ်တယ်။ လျှပ်တစ်ပြက်ကတော့ အခုနောက်ပိုင်းကျမှ တစ်ပုံစ၊ နှစ်ပုံစ တွေ့လာရတယ်။
ကဲ... ထားပါတော့ဗျာ။ အခုလောလောဆယ်တော့ ကျွန်တော့်ရင်ဘတ်ထဲကိုရောက်လာတဲ့ ကာတွန်းလေးတွေကို ဝေမျှပါဦးမယ်။ အားလုံးက Eleven ဂျာနယ်တွေမှာ ပါခဲ့တဲ့ကာတွန်းတွေပါ။ သူရဲ့အင်တာနက်စာမျက်နှာမှာ ကာတွန်းတွေကို သီးသန့်တင်ပေးထားတဲ့အတွက် အလွယ်တကူ ကြည့်လို့ရ၊ သိမ်းလို့ရတာကို သဘောကျမိတယ်။ အဲဒီအထဲက ကျွန်တော်သဘောကျတာလေးတွေကို ဝေမျှလိုက်ပါတယ်နော်။
ဒီတစ်ပတ်ထဲမှာ ကျွန်တော်အကြိုက်ဆုံး ကာတွန်းလေးပါပဲ။ Eleven မှာ ကာတွန်းလေးတွေကို Cartoon နဲ့ Satire ဆိုပြီး ခွဲခြားဖော်ပြပေးတတ်တာကို တွေ့ရပါတယ်။ အရင်ကာတွန်းတွေတုန်းကတော့ ပြောစရာသိပ်မရှိပါဘူး။ ဒီကာတွန်းကိုတော့ ဘာဖြစ်လို့ Satire ဆိုပြီး မသတ်မှတ်သလဲဆိုတာ ကျွန်တော့်အတွက် နည်းနည်းပြောစရာဖြစ်တယ်။ ကာတွန်းရေးသူမှသာ သူ့ရဲ့ မူရင်းအာဘော်ကို သိနိုင်မှာဖြစ်ပေမယ့် ကျွန်တော့်အမြင်ကတော့ အခုလက်ရှိအခြေအနေတစ်ခုကို ပညာသားပါပါနဲ့ သရော်ထားတဲ့ တကယ့်ထိပ်တန်းကာတွန်းတစ်ခုလို့ မြင်မိပါတယ်။ တစ်ဦးနဲ့တစ်ဦးတော့ အမြင်တူချင်မှ တူပါလိမ့်မယ်။ ကျွန်တော်ကတော့ အဲဒီကာတွန်းကို ကြည့်လို့မ၀၊ တွေးလို့မ၀၊ သဘောကျလို့မဆုံး ဖြစ်နေတာကို မမြိုသိပ်ထားနိုင်ပါဘူး။ စာဖတ်သူကိုလည်း နည်းနည်းလေး စဉ်းစားကြည့်စေချင်ပါတယ်။ ကျွန်တော့်မှာလေ မဖြစ်နိုင်လို့သာပေါ့... ဖြစ်နိုင်လို့ကတော့ ဒီကာတွန်းရဲ့ဖန်ဆင်းသူ ဆရာဧကနဲ့ နှစ်ယောက်တည်းထိုင်ပြီး ဆွေးနွေးလိုက်ချင်တာမှ တစ်ကိုယ်လုံးကို သေလို့ပါဗျာ။
ပထမပြုံးမိတယ်၊ နောက်တွေးမိတယ်၊ ပြီးတော့ သက်ပြင်းတွေချမိတယ်။ ရင်ထဲမှာ တစ်ခုခုကို စူးစူးနင့်နင့် ခံစားလိုက်ရသလိုပဲ။ ကာတွန်းကိုပဲ အရင်ဆုံးကြည့်ရရင်တော့ ကာတွန်းထဲက အမေးခံရသူခမြာ ဘယ်လောက်တောင် အဖြေရခက်လိုက်မလဲဆိုတာကို တွေးကြည့်နေမိတယ်။ ကျွန်တော့်ကိုရော အဲဒီလိုလာမေးရင် ကျွန်တော်ဘာပြန်ဖြေရမလဲလို့ စဉ်းစားနေမိတယ်။ မမေးခဲ့ဘူးပေမယ့် အဲဒီလိုအဖြေရခက်တဲ့ လူများစွာကို ကျွန်တော်တွေ့ဖူး၊ ကြုံဖူးပါတယ်။ ကာတွန်းထဲက ပညာရှိကြီးလို အဖြေရခက်တဲ့လူတွေ ဘယ်လောက်များနေပြီလဲ မသိဘူးနော်။ ပညာရပ်တွေမှာ တကယ်ပဲ မရဲရင့်လို့လားလို့လည်း တွေးမိလိုက်တယ်။ အမောဆို့ပြီး ရင်ထဲရောက်ခဲ့ရတဲ့ ကာတွန်းလေးတစ်ကွက်ပါ။
ရှင်းပြစရာတောင်မလိုတဲ့ ကာတွန်းလေးပါ။ သာမန်ရယ်စရာတစ်ခုအနေနဲ့ပဲ ဖတ်မယ်ဆိုရင်တောင် ကျေနပ်စရာကောင်းလှပါတယ်။ ရယ်စရာနောက်က မောစရာလေးတွေကို ဆက်တွေးကြည့်လိုက်တော့လည်း သင်ခန်းစာယူစရာ၊ ဆင်ခြင်စရာတွေ ပါလာပြန်ပါရောလား။ ကျွန်တော်တို့တွေရဲ့ လက်ရှိဘ၀မှာရော အဲဒီလို လူတွေနဲ့ ဘယ်လောက်ကြုံခဲ့ရသလဲ၊ ကြုံနေရသလဲ၊ ကြုံဦးမှာလဲဆိုတာ သိနိုင်ပါ့မလားဗျာ။ အဲ... အရေးကြီးတာတစ်ခုက အဲဒီလူဟာ ကိုယ်ကိုယ်တိုင်ရော ဖြစ်နေသလားဆိုတဲ့ မေးခွန်းပါပဲ။ ကျွန်တော်တို့တွေရော ဖြတ်လမ်းပေါ်ကလူတွေလားဆိုတာ အားမနာတမ်း မေးကြည့်ရအောင်လားဗျာ။
ဘယ်တော့မှရိုးမယ်မထင်တဲ့ ကာတွန်းတစ်ကွက်ပါပဲ။ ထိလည်းထိပါတယ်။ ဘ၀တစ်လျှောက်လုံးမှာ အဲဒီလို လည်ပင်းညှစ်တဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်လောက်တောင် ဆုံခဲ့ရသလဲဆိုတာ စာဖတ်သူကိုယ်တိုင် အသိဆုံးဖြစ်မှာပါ။ အရေးကြီးတာက ကျွန်တော်တို့ကိုယ်တိုင်က လည်ပင်းညှစ်တဲ့လူ မဖြစ်ဖို့ပါဘဲ။ အင်း... စဉ်းစားစရာက လည်ပင်းညှစ်တဲ့လူ မဖြစ်စေနဲ့ဆိုတော့ အညှစ်ခံသူရော ဖြစ်ရမှာလားဆိုတဲ့ မေးခွန်းပါ။ အဲဒီလိုအဖြစ်ခံရင်လည်း ကိုယ်ညံ့ရာကျပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်လည်ပင်းကိုလည်း အညှစ်မခံနဲ့၊ သူများကိုလည်း လည်ပင်းမညှစ်နဲ့၊ ဟုတ်တယ်မလား။
တွေးစရာလေးပါ။ မေးတဲ့လူနဲ့ ဖြေတဲ့လူကတော့ ကိုက်နေတာပါပဲ။ နောက်ဆုံးဖြေလိုက်တဲ့ အဖြေထဲမှာ စဉ်းစားစရာ၊ တွေးစရာတွေ အများကြီးပါနေတယ်လို့ ကျွန်တော်ကမြင်မိတယ်။ တစ်ခါတလေကျတော့လည်း ဘော့စ်ဖြစ်ဖို့ထက် အလုပ်သမားကောင်းတစ်ယောက် ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ လူတိုင်းဟာ ဘော့စ်မဖြစ်နိုင်ဘူးမလား။ ဘော့စ်မဖြစ်နိုင်မယ့်အတူတူ ဘာအလုပ်ကိုမှ မကြိုးစားချင်တော့ဘူး ဆိုရင်လည်း ဒီလောကကြီးဟာ အဆင်ပြေမယ် မထင်ဘူး။ တစ်ဖက်ကကြည့်ပြန်တော့လည်း ကြိုးစားပါလျက်၊ ရိုးသားပါလျက်၊ သစ္စာရှိပါလျက် ဘော့စ်မဖြစ်နိုင်ဘူးဆိုတာကို ကျေနပ်နိုင်မယ်မထင်ဘူး။ အဲဒီအရည်အချင်းတွေ ရှိတယ်ဆိုရုံနဲ့ ဘော့စ်လုပ်လို့မရတာကတော့ အသေအချာပါပဲ။ ဒါပေမယ့် အလုပ်သမားကောင်းတစ်ယောက် (၀ါ) နောက်လိုက်ကောင်းတစ်ယောက် ဖြစ်တာဟာလည်း ဂုဏ်ယူဖွယ်ရာဆိုတာကို နားလည်နိုင်ကြရင် အားလုံးပဲ အဆင်ပြေချောမွေ့နေမှာပါ။
စိတ်ရှည်သည်းခံပြီး အင်တာနက်သုံးနေရတဲ့ ဘလော့ဂ်ဖတ်သူတွေကို အားနာတဲ့အတွက် ကာတွန်းတွေအများကြီး မတင်ပေးတာပါ။ နောက်ပို့စ်များကျမှ ဆက်ကြသေးတာပေါ့။ အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ကြပါဦး။ အမြင်မတူတာတွေအတွက်လည်း အမြဲတမ်း ကြိုဆိုလျက်ပါ။ ကွန်းမန့်တွင်ဖြစ်စေ၊ စီဘောက်တွင်ဖြစ်စေ ဆွေးနွေးနိုင်ကြကြောင်းပါ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်၊ အင်္ဂါနေ့။
နံနက် ၀ နာရီ ၀၂ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 12:04 AM 0 Comment(s)
Labels Cartoons, ကျွန်တော့်အတွေးများ
Wednesday, March 31, 2010
Funny Cartoons for Your Relax
ကာတွန်းလေးတွေခံစားပြီး အပန်းဖြေကြပါဦး။ စိတ်ကြည်နူးပျော်ရွှင်စေပြီး အတွေးပါတဲ့ ကာတွန်းလေးတွေကို ရွေးထုတ်တင်ပေးထားပါတယ်။ ကျောင်းစာတွေ၊ ရုံးအလုပ်တွေ၊ အိမ်အလုပ်တွေနဲ့ ပင်ပန်းနွမ်းနယ်နေရတဲ့အထဲ ကျွန်တော့်ဘလော့ဂ်ကိုရောက်လာတော့ ဦးနှောက်ကို အပန်းပြေစာတွေထက် ဦးနှောက်ကို ဖိအားပေးမယ့် စာတွေကိုပဲ ဖတ်နေရတဲ့ ဘလော့ဂ်ဖတ်သူတွေကို တကယ်ကိုပဲ အားနာပါတယ်။ ဖြစ်နိုင်ရင်တော့ ပျော်ရွှင်စရာ၊ ရယ်မောစရာ၊ ပေါ့ပေါ့ပါးပါးလေးတွေကိုပဲ ရေးပြီးတင်ပေးချင်ပါတယ်။ ဒါပေမယ့်လည်း .........။
ကဲ... အခုတော့ သဘောကျရင်ကျသလို အားပါးတရ အော်ဟစ်ရယ်မောလိုက်ကြပါဦး။ ဘာတွေကိုမှ စဉ်းစားမနေပါနဲ့။ သူများတွေကို အလေးဂရုထားပြီး ပြုံးရုံပဲပြုံးမနေစမ်းပါနဲ့။ ခင်ဗျား တကယ်သဘောကျတဲ့ ကာတွန်းတွေများပါခဲ့ရင် ကလေးတစ်ယောက်လို အော်ဟစ်ပြီးတော့ ရယ်ပစ်လိုက်စမ်းပါ။ ပျော်ရွှင်နိုင်ကြပါစေဗျာ။
ပို့စ်တစ်ခါတင်ရင် နည်းနည်းစီ တင်ပေးနေတဲ့ ကျွန်တော့်ကို စိတ်မရှည်လို့ အဲဒီကာတွန်းတွေကို အားပါးတရသွားကြည့်ချင်ရင်တော့ ဒီနေရာကို သွားကြည့်နိုင်ပါတယ်နော်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၉ နာရီ ၃၀ မိနစ်။
Posted by Ko Nyan Posted Time 9:40 PM 0 Comment(s)
Labels Cartoons, funny, ကာတွန်း-Cartoon
Sunday, March 28, 2010
Cartoons လေးတွေ ခံစားရင်း အပန်းဖြေကြပါဦး
တစ်ရက်က ကမ္ဘာ့ရွာကြီးထဲမှာ လျှောက်လည်ရင်း ကာတွန်းတွေနဲ့ပြည့်နေတဲ့ အိမ်တစ်လုံးကို အလည်ရောက်ခဲ့တယ်။ ကာတွန်းပုံလေးတွေနဲ့ မျက်နှာချင်းဆိုင်ထိုင်ရင်း ကျွန်တော့်မှာလေ ရယ်လိုက်၊ ပြုံးလိုက်၊ စဉ်းစားလိုက်နဲ့ ပျော်မဆုံး၊ မော်မဆုံးပေါ့။ ကျွန်တော်ကြုံဖူးသမျှတော့ အဲဒီအိမ်လေးဟာ ကာတွန်းလေးတွေ အများဆုံးရှိတဲ့ အိမ်ဂေဟာတစ်ခုလို့ ထင်ပါတယ်။ ကာတွန်းလေးတွေချည်းပဲ သီးသန့် နေကြတာမို့လည်း ချစ်စရာကောင်းတယ်၊ ငြိမ်းချမ်းတယ်လို့ ကျွန်တော်က မြင်မိပါတယ်။ အဲဒီအိမ်မှာ ကျွန်တော်တ၀ကြီးထိုင်ပြီး ကာတွန်းတွေကို အားပါးတရ စားသုံးခဲ့ပါတယ်။ ကိုယ်တိုင် တ၀တပြဲစားတာနဲ့ အားမရဘဲ အခြားချစ်ခင်ရတဲ့ မိတ်ဆွေတွေ (အခုဘလော့ဂ်ဖတ်နေသူ သင့်လို့လူတွေပေါ့) အတွက်ပါ ပါဆယ်တွေ အားပါးတရဆွဲ၊ ချိုင့်တွေနဲ့အပြည့် ထည့်လာခဲ့ပါသေးတယ်။ အစားကောင်းလေးများ စားရတဲ့အခါ ကိုယ်ချစ်တဲ့သူတွေကို သတိရတတ်သတဲ့။ ကျွန်တော်လည်း ကာတွန်းကောင်းကောင်းလေးတွေ စားလိုက်ရတဲ့အခါမှာ ခင်ဗျားတို့ကို သတိရလိုက်မိတာပေါ့ဗျာ။ အဲဒါကြောင့်လည်း လောဘတကြီး ဆွဲလာခဲ့တဲ့ ကာတွန်းကောင်းလေးတွေ ခင်ဗျားတို့ စားသုံးဖို့အတွက် ဝေငှပေးလိုက်ပါတယ်နော်။ သြော်... အင်တာနက်ကွန်နက်ရှင်း မကောင်းတဲ့လူတွေများ ကာတွန်းလေးတွေ ကြည့်ရဖို့အရေး တမေ့တမောကြီး ထိုင်စောင့်နေရပြီး စိတ်ညစ်နေရမှာကို မလိုလားတဲ့အတွက် (၆)ပုံပဲ တင်ပေးလိုက်ပါတယ်။ နောက်ပို့စ်တွေမှာ ထပ်တင်ပေးပါ့မယ်။ ပလောင်တောင်တက် နှေးရမယ်လေ။ လက်ဖက်ကောင်း စားချင်တာကိုး။ :D
ကျေနပ်ပျော်ရွှင်စွာနဲ့ စိတ်အာဟာရများ ပြည့်ဝနိုင်ကြပါစေဗျာ။
(၂)
(၃)
(၄)
(၅)
(၆)
သြော်.... ကျွန်တော်အလည်ရောက်ခဲ့တဲ့ အိမ်ဂေဟာလေးက ဒီနေရာမှာပါဗျာ။ သွားလည်ချင်တဲ့ မိတ်ဆွေတွေအတွက် လမ်းညွှန်လိုက်ပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ည ၉ နာရီ ၁၂ မိနစ်။
Posted by Ko Nyan Posted Time 9:15 PM 0 Comment(s)
Friday, March 26, 2010
Climate Cartoons
ကမ္ဘာကြီးပူနွေးလာနေပြီ ဆိုတဲ့သတင်းတွေ နားထောင်ရတယ်၊ ဂျာနယ်တွေထဲမှာ ဖတ်ရတယ်၊ ပညာရှင်တွေကလည်း ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်သေသေချာချာ မသိပါဘူး။ အဲ... တစ်ခုတော့ သေချာသိတယ်။ ဘာလဲဆိုတော့ ကျွန်တော်အခုနေရတဲ့ ဒေသလေးမှာ အရင်ကထက် ပိုပူလာတယ်ဆိုတာပါပဲ။ ဘယ်လောက်ပဲနေပူပူ ချွေးမထွက်တဲ့ ဒေသဟာ အခုတော့ နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့၊ အပြင်ထွက်လိုက်တာနဲ့ ချွေးလေးတစို့စို့ ဖြစ်နေရပြီ။
ရေခဲပြင်တွေ အရည်ပျော်ကုန်ပြီ၊ ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာနေပြီ စတဲ့စတဲ့ သတင်းတွေကို ကြားရ၊ ဖတ်ရပါတယ်။ ကိုယ်တိုင်မကြုံဖူးတော့ သေသေချာချာ မသိပါဘူး။ ဒါပေမယ့် သေသေချာချာသိတာ တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့အညာမှာရှိတဲ့ ချောင်းတွေ၊ မြစ်တွေထဲမှာ ရေတွေမရှိတော့ဘူး၊ သဲသောင်တွေကိုပဲ မြင်နေရတယ်။ ဧရာဝတီမြစ်ကြီးရဲ့ပုံကိုလည်း ဂျာနယ်ထဲမှာ ကြည့်လိုက်ရတယ်။ အရင်လို ၀၀တုတ်တုတ်၊ ပြည့်ပြည့်ဖြိုးဖြိုး၊ လှလှပပ မဟုတ်တော့ဘူး၊ ဟိုနားက သဲသောင်၊ ဒီနားက ရေတိမ်နဲ့ ပွေးကွက်တွေ၊ ၀ဲကွက်တွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေရှာပြီ။ စီးစရာ ရေမရှိတော့လို့ ကောရာကနေ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ချောင်းငယ်၊ မြောင်းငယ်တွေ ဘယ်လောက်များနေခဲ့ပြီလဲ?
ကမ္ဘာပေါ်မှာ တစ်နှစ်တစ်နှစ်ကို သစ်တောဧရိယာ ဟက်တာဘယ်လောက်၊ ဧကဘယ်လောက် ပြုန်းတီးနေသလဲဆိုတာ ကျွန်တော်သေသေချာချာ မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာတော့ သစ်ပင်သစ်တောတွေ နည်းပါးလာတာ အမှန်ပဲ။ အရင်တုန်းက ကြည့်လေရာ စိမ်းနေတဲ့ဒေသတွေဟာ အခုတော့ လွင်တီးခေါင်ပြင်တွေဖြစ်၊ အဆောက်အဦးတွေ ထိုးထိုးထောင်ထောင်ဖြစ်နဲ့ နေရောင်အောက်မှာ ကြည့်ရတာ မျက်စိစူးလိုက်တာ။ လူတစ်သိန်းနေတဲ့ မြို့တစ်ခုမှာ သစ်ပင်တစ်သိန်း ရှိပါ့မလားဆိုတာကို သုတေသနလုပ်ရရင် အတော်စိတ်ဝင်စားဖို့ကောင်းမယ်။ ကတ်သီးကတ်သတ်နဲ့ ဂေါက်ကွင်းထဲက မြက်ပင်တွေကိုတော့ လိုက်မရေခိုင်းနဲ့ပေါ့ဗျာ။
ကဲပါ... စကားတွေရှည်နေမိတော့ စိတ်ငြိုငြင်မှာလည်း စိုးရသေးတယ်။ ဒီပို့စ်ရဲ့ အဓိကရည်ရွယ်ချက်က ရာသီဥတုနဲ့ဆိုင်တဲ့ ကာတွန်းလေးတွေကို ကြည့်စေချင်တာပါ။ ကိုယ်တိုင် ဘာမှမလုပ်နိုင်ရင်တောင် သိထားနိုင်၊ အတွေးပွားနိုင်၊ အခြားလူတွေကို ပြန်ပြောပြနိုင်မယ်ဆိုရင် တစ်နည်းနည်းနဲ့ လုပ်ဆောင်တာပဲလို့ ယုံကြည်ပါတယ်။ အဲဒီအတွက် လက်လှမ်းမီရာ ကျွန်တော်ကြည့်မိသမျှတွေထဲက သဘောကျတဲ့ ကာတွန်းလေးတွေကို တင်ပေးလိုက်ပါတယ်။
အစကတော့ ကာတွန်းတစ်ကွက်ချင်းကို ကျွန်တော့်အမြင်လေးတွေနဲ့ တင်ပေးမလို့ပါ။ ဒါပေမယ့် မူရင်းကာတွန်းရေးသူရဲ့ အာဘော်ကို လွတ်သွားမှာစိုးတာနဲ့ စာဖတ်သူတွေကို မိချောင်းမင်းရေခင်းပြ မဖြစ်ရအောင်အတွက် ကိုယ်တိုင်ပဲ တွေးကြစေချင်လို့ ကျွန်တော့်စိတ်ကူးကို ရေမျှောလိုက်ပါတယ်။ ကိုယ်တိုင်ခံစား ကြည့်ရှု၊ တွေးတောလိုက်ကြပါဦး။
ကွန်နက်ရှင်းအမြန်နှုန်းနှေးတဲ့သူတွေကို အားနာတဲ့အတွက် ပုံတွေကို အများကြီးမတင်ပေးဘဲ နည်းနည်းပဲ တင်ပေးလိုက်ပါတယ်။
(၂)
(၃)
(၄)
(၅)
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၂၆ ရက်၊ သောကြာနေ့။
နေ့လည် ၃ နာရီ ၁၁ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 3:31 PM 0 Comment(s)
Labels Cartoons, ကျွန်တော့်အတွေးများ, ကာတွန်း-Cartoon
Friday, March 05, 2010
Funny Cartoons For You
Posted by Ko Nyan Posted Time 2:52 PM 0 Comment(s)
Tuesday, January 19, 2010
မျောက်များပုံပြင်
Posted by Ko Nyan Posted Time 9:11 PM 0 Comment(s)
Labels Cartoons, funny, Story, ကာတွန်း-Cartoon, ဟာသ-Funny


