Showing posts with label နာဂစ်-Nargis. Show all posts
Showing posts with label နာဂစ်-Nargis. Show all posts

Sunday, June 08, 2008

နာဂစ်ကသတိပေးခဲ့ခြင်း-ချစ်စံဝင်း


နာဂစ်က သတိပေးခဲ့ခြင်း
ချစ်စံဝင်း

မြန်မာနိုင်ငံတွင် မြစ်ဝကျွန်းပေါ်အောက်ပိုင်းနှင့် ရန်ကုန်မြို့သို့ ၀င်ရောက်တိုက်ခိုက်သွားသော နာဂစ်မုန်တိုင်းကြောင့် ဖြစ်ပေါ်လာရသော ခံစားမှုများက ပြင်းထန်လွန်း၊ ကြီးမားလွန်းသည်။ ကျွန်တော်တို့ အသက်(၇၀)သက်တမ်းတွင် တစ်ခါမှတစ်ခါဘူးမှ မကြုံဘူး။ ကျွန်တော်တို့၏ အဘိုးအဘွားတို့ကလည်း သူတို့သက်တမ်းတွင် ယခုလိုပြင်းထန်သော မုန်တိုင်းတစ်ခု ခံစားရဘူးသည်ဟု ကျွန်တော်တို့အား မပြောခဲ့ဘူးသဖြင့် လွန်ခဲ့သောအနှစ်(၁၀၀) (၁၅၀)အတွင်းလည်း မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော မုန်တိုင်းဖြစ်ပေါ်တိုက်ခတ်ခဲ့ဖူးခြင်းမရှိဟု ယူဆရသည်။ နှစ်ပေါင်း (၂၀၀၀)ကျော် ရှည်လျားသော မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့သော မုန်တိုင်းဖြစ်ပေါ်တိုက်ခတ်သည့် အမှတ်အသား တစ်စုံတစ်ရာ မတွေ့ရှိရပါ။
ကျွန်တော်တို့ခေတ် ကျွန်တော်တို့အခါတွင်မှ ဖြစ်ပေါ်ခံစားရသော မုန်တိုင်းကြီးဖြစ်၏။ တိုက်ခတ်ခံရသော ဒေသသည် မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသဖြစ်သည်။ ထိုဒေသတွင် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ပင်လယ်ရေ မြင့်တက်မှုနှင့် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော လှိုင်းဒဏ်ကိုပါ တစ်ပြိုင်နက် ခံကြရသည်။ တစ်နာရီ မိုင်(၁၂၀)နှုန်း တိုက်ခတ်သော လေဒဏ်အပြင် ပင်လယ်ရေ မြင့်တက်မှုနှင့် ပင်လယ်လှိုင်းရိုက်ခတ်မှုဒဏ်ကို တစ်စုတစ်ဝေးတည်း ခံစားလိုက်ရသောကြောင့် ခံစားချက် ပိုပြင်းပြီး အထိနာခဲ့သည်။ ပင်လယ်ရေပြင်မြင့်တက်လာကာ (၁၂)ပေ၊ လှိုင်းလုံးက (၁၂)ပေ ရှိသောကြောင့် အချို့နေရာများတွင် ရေက အုန်းပင်ထိပ်ဖျားအထိ ရောက်သည်။
နောက်တစ်ချက်က ကျွန်တော်တို့ ပြည်သူရော၊ အစိုးရနှင့် ဌာနဆိုင်ရာတို့ပါ ပြင်းထန်သော မုန်တိုင်း အတွေ့အကြုံမရှိ၍ ခံရတာလည်းပါသည်။ မုန်တိုင်းဖြစ်နေသည်။ မုန်တိုင်းလာနေသည်ကို မြစ်ဝကျွန်းပေါ်ကရော ရန်ကုန်ကပါ သိသင့်သလောက်သိ၏။ သို့သော် မုန်တိုင်းကြီးဝင်လာပါက ညိုသကြီးကို နှစ်တစ်လက်မနှင့် လွှဲရိုက်လိုက်သလို ခံစားရမည်ကို မသိကြ။ ဧရာဝတီတိုင်း မြောက်ဘက်သို့ ၀င်ရောက်ပြီး အားပျော့ပျက်ပြယ်သွားမည်ဟု ထင်မှတ်ကာ ရန်ကုန်သူ ရန်ကုန်သားက (၂-၅-၂၀၀၈)ရက်နေ့ ညဦးပိုင်းတွင် စားသောက်ဆိုင်မှာ ရှိသူက ရှိနေဆဲ။ ညကိုးနာရီခွဲ ရုပ်ရှင်ကို ကြည့်သူတို့က ကြည့်နေကြဆဲဖြစ်၏။ ကျွန်တော့်မိတ်ဆွေ (၃၄)လမ်းမှ အမျိုးသမီးတစ်ဦးက “ကျွန်မတို့လည်း အဲဒီညက (၉)နာရီခွဲပွဲ သွားကြည့်တာ (၁၂)နာရီလောက် ရုပ်ရှင်ရုံထဲက ထွက်လိုက်တော့ လေထဲ ထမီပါသွားလို့ မနည်းဆွဲထားပြီး ပြန်ပတ်ထားရတယ်” ဟု ဆိုပါ၏။ ရန်ကုန်က အဲသလောက်အထိ မုန်တိုင်းအပေါ် စိတ်ချလက်ချရှိခဲ့တာဖြစ်သည်။ နာဂစ်မုန်တိုင်းသည် ထိုနေ့ည (၁၂)နာရီတွင် ရန်ကုန်သို့ ၀င်ရောက်ကာ တစ်စစီချေမှုန်းဖျက်ဆီးခဲ့သည်။ မြစ်ဝကျွန်းပေါ်အောက်ပိုင်း ပင်လယ်ကမ်းခြေဒေသနှင့် ရန်ကုန်သို့ ၀င်ရောက်တိုက်ခိုက်ခဲ့သော မုန်တိုင်းက ပြင်းထန်လွန်းသည်။ လှိုင်းရော၊ လေရော၊ ရေရော၊ မိုးပါ ပါသည်။ ထို့ကြောင့် အသေအပျောက်လည်းများသည်။ အချို့သော ပြင်ပစာနယ်ဇင်းတို့က ဆူနာမီ တမျှ ရှိသည်ဟု ဆိုကြ၏။ ထို့ကြောင့်လည်း အနိုင်နိုင်ငံက ရေးကြီးသုတ်ပြာ အကူအညီများပေးကြ၏။ လူသားချင်း ညှာတာထောက်ထားစွာဖြင့် ပေးအပ်ကြသည်မှာ ၀မ်းသာစရာဖြစ်သည်။ ကျေးဇူးတင်ရမှာ ဖြစ်သည်။ အခြားအချိန်များထက် ယခုလို ဒုက္ခနှင့် ရင်ဆိုင်နေချိန်တွင် ပေးအပ်သည်က ကျေးဇူးကြီးမား လှသည်။
နိုင်ငံတော်ကလည်း ကြီးမားသော သဘာဝဘေးအန္တရာယ်၏ အနေအထားကိုကြည့်ကာ ချက်ချင်းစည်းဝေး တိုင်ပင်၍ ၀န်ကြီးချုပ်ကိုယ်တိုင် ကွပ်ကဲကာ ကနဦးအဆင့် မြန်မာကျပ်ငွေ (၅)ဘီလီယံ (သန်း ၅၀၀၀) အသုံးပြုမည်ဟု ကြေငြာပြီး သန်းပေါင်း ဘီလီယံ (၅၀)အထိ တိုးတက်သုံးစွဲခဲ့သည်ဟု ဆိုသည်။
ပြည်တွင်းရှိ အစိုးရမဟုတ်သော လူမှုဝန်ထမ်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့များ၊ စေတနာရှင် ကရုဏာရှင် အဖွဲ့များကလည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်းကူညီကြသည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် မိမိစီးပွားရေး၊ လုပ်ငန်းများကို ရပ်တန့်ထားပြီး မုန်တိုင်းဒဏ်ခံရသော ဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ သတ်သတ်မှတ်မှတ်တာဝန်ယူ ကူညီမှုတို့သည် သမိုင်းတွင် မှတ်သားထားရမည့် မမေ့နိုင်လောက်သည့် လုပ်ဆောင်မှုများ ဖြစ်ပါ၏။
မြန်မာတို့၏ အရေးကြီးလျှင် သွေးနီးသည်ဆိုသော စကားပုံအတိုင်း တိုင်းရင်းသား ညီအစ်ကိုများကလည်း စုပေါင်းလှူဒါန်းကြသည်။ မိမိတို့ဒေသထွက်ကုန်များကို လှူဒါန်းကြသည်။ ကုန်သည်များကပင် အမြတ်မယူဘဲ မုန်တိုင်းဒဏ်ခံနေရသော ဒေသသို့ ဈေးရင်းအတိုင်း တင်ပို့ရောင်းချသည်ကို တွေ့ကြရေသောအခါတွင်လည်း ၀မ်းသာကြည်နူးကြရပါသည်။ လူငယ်များကလည်း ၀မ်းသာကြည်နူး ကြရပါသည်။ လူငယ်များကလည်း လူငယ်များအလျောက်၊ ကျောင်းသားများ၊ သက်တူရွယ်တူ လူထုများ၊ လူလတ်ပိုင်းရော လူကြီးပိုင်းပါ ငွေကြေးစုဆောင်း၍ စုဆောင်းရရှိသမျှသော ပစ္စည်းအိုးခွက်စားစရာများပါ မကျန် မုန်တိုင်းဘေးဒဏ်ခံရသောဒေသသို့ ကိုယ်တိုင်ကိုယ်ကျပြေးကာလွှားကာ သွားပို့ကြ၊ လှူကြတန်းကြသည်ကို နေရာတကာတွင် တွေ့ကြရသည်မှာလည်း ၀မ်းသာအားရ ကြည်နူးဖွယ် ဖြစ်ရသည်။ နာဂစ်မုန်တိုင်း၏ တိုက်ခတ်မှုကား ပြင်းထန်လှ၏။ အသေအပျောက်လည်း များပြားသည်။ အပျက်အစီး အဆုံးအရှုံးလည်း ကြီးမားသည်။ ထို့ကြောင့် မုန်တိုင်းဒဏ်ခံစားမှုကို ကုစားပေးရတာကလည်း ကြီးမားကျယ်ပြန့်သည်။ အသေးစိတ်တာလေးများလည်း ရှိပြီး ကာလတာရှည်စွာ ကုစားပေးရမည့် ခံစားမှုကြီးဖြစ်သည်။ ဤအချက်ကို မမေ့ရန်လိုအပ်သည်။ မမေ့ရန်လိုသည့်အချက်က ဘာလဲဆိုတော့ ကုစားရတာ တာရှည်မည် ဆိုသော အချက်ဖြစ်၏။ ယခုသွေးပူတုန်းတော့ မုန်တိုင်းဒဏ်ခံဒေသသို့ ပြေးပို့လိုက်ကြ၊ အတွေ့အကြုံလေးများကို ပြောလိုက်ကြနှင့် ရေရှည်တွင် ကူညီသူတို့ လက်ပန်းမကျရန် လိုသည်။ နိုင်ငံတကာအကူအညီဆိုသည်မှာ ရေရှည်မျှော်လင့်အားထားနေ၍ မရ။ ရေရှည်တွင် ကိုယ့်အားကိုယ်ကိုးကြရမှာဖြစ်၏။ ထို့ကြောင့် ကူညီမှု၊ လှူဒါန်းမှုများ ကာလကြာကြာ ကူညီဖို့၊ ကူညီကြသော ပစ္စည်းများ အလေအလွင့်မဖြစ်ဖို့ ကူညီမှုများ မမျှတဖြစ်တာမျိုး၊ အချို့နေရာများတွင် ကူညီမှုတွေများနေပြီး အချို့နေရာများတွင် နည်းနေတာမျိုး မဖြစ်ရန် လိုအပ်၏။ ကူညီမှု ပြန်လည်ထူထောင်မှုပြုရာတွင် မုန်တိုင်းဒဏ်ခံပြည်သူတို့၏ (က) စားရေးနှင့်ဝတ်ရေး (ခ) ပြီးပါက သူတို့အတွက် နေရေးကိစ္စများကို ဦးစားပေး ကူညီကြရမည်ဖြစ်သည်။ လောလောဆယ် စားဖို့ဝတ်ဖို့က ထိပ်တန်းဦးစားပေးဖြစ်သည်။ ဒီ ကိစ္စများပြီးမှ တတိယ အရေးကြီးတာ မုန်တိုင်းဒဏ်ခံရသော ပြည်သူတို့၏ ပြန်လည်ထူထောင်ရေးဖြစ်သည်။
မုန်တိုင်းဒဏ်ခံရသော ပြည်သူတို့၏ ပြန်လည်ထူထောင်ရေးကိစ္စသည် အခက်ခဲဆုံးဖြစ်၏။ ထိုအချိန်တွင် ပြည်ပအကူအညီဆိုတာလည်း ရှိချင်မှ ရှိတော့မည်ဖြစ်၏။ ဆိုးဆိုးဝါးဝါး သဘာဝဘေးဒဏ်ခံရသူတို့ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုတာက ကျွမ်းကျင်မှုလိုသည်။ စေတနာ အနစ်နာခံဖို့ လိုသည်။ အချက်အလက် ကိန်းဂဏန်းများလိုသည်။ ကျေးရွာဘယ်နှရွာ မုန်တိုင်းဒဏ်ခံရသည်။ ရွာတစ်ခုချင်းစီ၏ လူဦးရေ၊ သေဆုံးမှု၊ ကျန်ရှိလူဦးရေ၊ ကျွဲနွားစာရင်း၊ လယ်ယာထွန်တုံး၊ ထွန်တံစာရင်းကအစ မုန်တိုင်းဒဏ် ခံဒေသ မြေအကျယ်အ၀န်း၊ ဧက၊ ထိုဒေသ၏ ထွက်ရှိသီးနှံအမျိုးအစားကအစ စာရင်းဇယား လိုအပ်သည်။ နာဂစ်မုန်တိုင်းဒဏ်ခံရသော နယ်မြေများ ပြန်လည်ထူထောင်ရေး ၀န်ကြီးဌာန (သို့မဟုတ်) သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေးဝန်ကြီးဌာနမျိုး ဖွဲ့စည်းသင့်ကလည်း ဖွဲ့စည်းလုပ်ဆောင်ကြရမည်ဖြစ်၏။
အချို့သော ပြည်တွင်းပြည်ပကုမ္ပဏီများ၊ အဖွဲ့အစည်းများအား ကျေးရွာများကို သတ်သတ်မှတ်မှတ် တာဝန်ယူစေ၍ ပြန်လည်ထူထောင်ရေးလုပ်ကြရန် လိုပါသည်။ ပြည်သူတို့၏ အကြံပြုချက်များကိုလည်း တောင်းခံသင့်သည်။ ကမ္ဘာကြီးသည် ပိုမိုပူနွေးလာသည်နှင့်အမျှ ရာသီဥတုကလည်း ပြောင်းလဲလျက်ရှိရာ နာဂစ်ကဲ့သို့သော ဆိုးဝါးသည့် အခြားသော သဘာဝဘေးအန္တရာယ်များကိုလည်း မျှော်လင့်ထားရန် လိုအပ်သည်။ ကမ္ဘာပေါ်ရှိ သမုဒ္ဒရာကြီးများ၏ ရေမျက်နှာပြင်သည် တစ်မီတာမျှ မြင့်တက်လာရန် မဝေးတော့ပြီဟု တွက်ချက်ထားကြရာ လူသားတို့ ပင်လယ်သမုဒ္ဒရာ ကမ်းစပ်တွင် မြို့ကြီးပြကြီးများ ထူထောင်ရန် သင့်မသင့်၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ ရွှေ့ပြောင်းထားမှုများ ပြုသင့်မပြုသင့်မှ အစ ကျွန်တော်တို့ စဉ်းစားလာရတော့မည် ဖြစ်ပါ၏။ ထိုအချက်များကို စဉ်းစားရန် နာဂစ်က သတိပေးခဲ့ပြီ ဖြစ်၏။
ဘဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စများ၊ ကမ္ဘာကြီးပူနွေးလာမှုကိစ္စ၊ ရေတိမ်ဒေသထိန်းသိမ်းရေး၊ မွန်ဆွန်း မုတ်သုံသစ်တောကြီးများ ထိန်းသိမ်းရေး၊ ဒီရေတောများ ထိန်းသိမ်းရေးစသော ကိစ္စများမှအစ ကျွန်တော်တို့ စဉ်းစားစရာကိစ္စများစွာကို နာဂစ်က သတိပေးခဲ့ပြီဟု တင်ပြရပါသည်။

(၂၀၀၈ ခုနှစ် မေလ ၃၀ ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၁)၊ အမှတ် (၈၃)မှ
ပြန်လည်ကူးယူဖော်ပြပါသည်။)

နာဂစ်သို့အိတ်ဖွင့်ပေးစာ


နာဂစ်သို့ အိတ်ဖွင့်ပေးစာ
အောင်မင်း (ဒလ)

အချစ်ကြမ်းကြမ်းနဲ့ ပွေ့ဖက်လာတဲ့မင်းကြောင့်
သိမ်မွေ့နူးညံ့မှုကင်းတဲ့ မင်းရဲ့ ရင်ခွင်ရောက်ခဲ့တဲ့ တို့တစ်တွေဟာ
ဘယ်လောက်ဒုက္ခရောက်သွားတယ်ဆိုတာ ပြောပြမယ်…. နားထောင်။
အညောင်းအညာပြေဖို့ဆိုပြီး
သစ်ပင်ကြီးရဲ့ အောက်မှာ ထားလို့ထား…..။
အိမ်ခေါင်မှာတပ်ထားတဲ့ တီဗီအင်တန်နာနဲ့ ဂြိုဟ်တုစလောင်းတွေကိုလည်း
မြေအောက်ကြိုး ဖြစ်လို့ဖြစ်…..။
သူ့ဟာသူ ရပ်နေတဲ့ကုန်ဈေးနှုန်းကိုလည်း
Jumping ခုန်ခိုင်းလို့ခိုင်း…….။
မင်းရဲ့ ရိုင်းစိုင်းတဲ့လုပ်ရပ်ကြောင့်
စားဖို့ရာ ဆန်ကလည်းမရှိ
နေဖို့အိမ်ကလည်း နတ္ထိ
သွားဖို့ခရီးစရိတ်ကလည်း မိုးထိ
ဝိသမလောဘသားတွေကတော့
ဘဲဥတစ်လုံး (၁၅၀)ကနေ (၃၀၀)ဖြစ်လို့ဖြစ်
ငါးဆယ်တန်ဖယောင်းတိုင်ကလည်း နှစ်ရာဖိုးသုံးတိုင်
အရင် တစ်ရာကျပ်တန်ခရီးလမ်းက ခုတော့ ငါးရာတဲ့
ငါးထောင်ကျပ်တန် သွပ်တစ်ချပ်ကလည်း တစ်သောင်းခွဲနှစ်သောင်း
တစ်ပိဿာသုံးထောင်ကျော်တန်ဆီကလည်း ခြောက်ထောင်
ဆန်တစ်အိတ်တစ်သောင်းကျော်ကနေ နှစ်သောင်းကျော်ပေးနေခဲ့ရ…။
ဖြစ်ချင်တိုင်းဖြစ်အောင်လုပ်ခဲ့ မင်းကြောင့်
ဒို့ဘ၀တွေ အသစ်ဖြစ်အောင် ဘယ်လောက်ကြိုးစားရမယ်ဆိုတာ
မင်းနားလည်မယ်မထင်ဘူး
ငါသာပါဝါရှိရင် မင်းကို ဒို့နိုင်ငံဝင်ခွင့်မပေးဘူး….။
ဒီဘ၀ မတတ်နိုင်ရင်တောင်…
နောက်ဘ၀အထိ ပိတ်ဆို့ရုံသာမက
ဘလာချီရစ်ခဲ့တဲ့နာဂစ်ကို
မကြည့်ချင်လောက်အောင် မုန်းနေမယ်ဆိုတာယုံ…။

(၂၀၀၈ ခုနှစ် မေလ ၃၀ ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၁)၊ အမှတ် (၈၃)မှ
ပြန်လည်ကူးယူဖော်ပြပါသည်။)

ဓမ္မစေတီဆရာတော်၏ မိန့်ကြားချက်များ


လေဘေးသင့်ပြည်သူများအတွက် ငွေနှင့်ပစ္စည်းများ လှူဒါန်းကြရာတွင် စနစ်တကျနှင့် စည်းကမ်းတကျ ပေးဝေလှူဒါန်းသင့်ကြောင်း ဓမ္မစေတီဆရာတော်၏ မိန့်ကြားချက်များ

လေဘေးသင့်ခံရတယ်ကြားတော့ ဆရာတော် မြစ်ကြီးနားရောက်နေတယ်။ ဒါနဲ့ မန္တလေးမှာ ဓမ္မသဘင်ပွဲ လုပ်ခဲ့တယ်။ လေဘေးသင့်ခံရတဲ့ သူတွေအတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာပါ။ အဲဒီဓမ္မသဘင်ပွဲတွေမှာ ဆရာတော် သိန်း ၁၂၀၀ ကျော်နဲ့ ပစ္စည်းတွေ ၁၀ ဘီးကား (၁၀)စီးစာလောက် ရခဲ့တယ်။ အဲဒီပစ္စည်းတွေကို သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေထံ အကူအညီတောင်းပြီး သယ်ယူခဲ့တာ မေ ၂၂ ရက်မှာ ကွမ်းခြံကုန်းမြို့သို့ ရောက်ခဲ့တယ်။ ကွမ်းခြံကုန်းမြို့မှာ ငွေကျပ် ၄၃ သိန်းလောက် တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းမျိုးစုံ ကားခြောက်စီးခန့် လှူခဲ့ပါတယ်။
ဒီမှာရှိတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ၀န်ထမ်းတွေရဲ့ အကူအညီကိုယူပြီး ဒေးဒရဲ၊ ဖျာပုံ၊ ကျုံဒတ်၊ သံဒိတ်၊ ကျုံဒါးစတဲ့ နေရာတွေအထိ ကိုယ်တိုင်သွားပြီး အစားအစာ၊ အ၀တ်အထည်ပစ္စည်းတွေ လှူခဲ့ပါတယ်။ မေ ၂၈ ရက်နေ့အထိ ဆန်အိတ်ပေါင်း ၂၀၀၀ ကျော်၊ အ၀တ်အထည် နှစ်သိန်းခန့်ကိုလည်း လေဘေးသင့်ခံရသူတွေအတွက် လှူဒါန်းခဲ့တာ သက်ဆိုင်သူတွေကို မေးကြည့်တဲ့အခါ အားလုံး လေဘေးသင့်ခံရသူတွေလက်ထဲ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။
လှူဒါန်းတာကတော့ လေဘေးသင့်ခံရတဲ့ သံဃာ၊ သီလရှင်၊ ဘုန်းတော်ကြီးကျောင်း၊ ဘုရားတွေကအစ အားလုံးလှူတာပါ။ ကွမ်းခြံကုန်းမြို့မှာ လူဦးရေ တစ်သိန်းသုံးသောင်းခန့် ရှိတယ်။ မြို့ပေါ်မှာ အိမ်ထောင်စု ၃၉၀၀၊ ကျေးလက်မှာ အိမ်ထောင်စု ၂၁၀၀၀ ရှိတာမို့ စုစုပေါင်း အိမ်ထောင်စု ၂၅၀၀၀ ခန့်ရှိတယ်။ သူတို့ကို အခုအချိန်အထိ ဆန်ပြည်ပေါင်း နှစ်သိန်းခွဲ လှူပြီးပြီ။ ကျေးရွာတွေအရောက်သွားပြီး လှူဒါန်းဖို့အတွက် ဒီဇယ်ဂါလန် ၅၀ ဖိုးကိုလည်း ပေးခဲ့တယ်။ ဒီလိုပစ္စည်းတွေကို ကျေးရွာတွေအထိ ပို့ဆောင်ပေးမယ့် လုပ်အားပေးရဲဘော်တွေအတွက် (၁၀)သိန်း ပေးလှူခဲ့ပါတယ်။ လှူဒါန်းတဲ့အခါမှာလည်း ကွမ်းခြံကုန်းမြို့နယ်မှာ ကျန်းမာရေးအတွက် ငါးသိန်း၊ ပညာရေးအတွက် ငါးသိန်း၊ ဘုရားကြီးအတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပါတယ်။
ဒေးဒရဲနဲ့ ဖျာပုံမြို့နယ်မှာ ပစ္စည်းတွေ ကားသုံးစီးတိုက်၊ ဘိုကလေးမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နဲ့ လပွတ္တာမြို့နယ်တွေစတဲ့ ဧရာဝတီတိုင်းအတွင်းမှာ အခုအချိန်အထိ လှူဒါန်းခဲ့တာ သိန်းတစ်သောင်းကျော်ဖိုး ရှိနေပြီ။ ကွမ်းခြံကုန်းမြို့မှာ ဆန်အိတ် ၁၀၀၀ ကျော် အခု လှူဒါန်းနေတယ်။ လှူဒါန်းတဲ့အခါမှာလည်း တစ်ယူနစ်လို့ သတ်မှတ်ရမယ့် မုန့်ခြောက်၊ ခေါက်ဆွဲခြောက်၊ တဘက်၊ ဖိနပ်၊ ငါးပိကြော်၊ ဆန်၊ အ၀တ်အထည် စတဲ့ ပစ္စည်းရှစ်မျိုးပါရှိတဲ့ ယူနစ်ပေါင်း နှစ်သောင်းကျော် ဆရာတော် ယူလာခဲ့တယ်။ ဆန်ကတော့ တစ်ယူနစ်မှာ တစ်ပြည်နှုန်းဆိုတော့ ဆန်တစ်ပြည် လူ ၁၀ဦး သတ်မှတ်ရင် လူဦးရေ နှစ်သိန်းခန့် (မိသားစု နှစ်သောင်း) စားလောက်အောင် လှူဒါန်းနေပါတယ်။ ဆရာတော်အနေနဲ့ ရန်ကုန်မှာရှိတဲ့ ရွှေပေါက်ကံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့တွေမှာလည်း လှူဒါန်းခဲ့ပြီးပါပြီ။
လေဘေးသင့်သူတွေကို စာနာထောက်ထားပြီး လှူဒါန်းနေပေမယ့် ချက်ချင်းပစ္စည်းတွေ မရောက်လာလို့ သူတို့တွေ ဒေါသဖြစ်ကြတယ်။ ဒါဟာ ပစ္စည်းရလိုမှုအပေါ် လောဘရှိနေလို့ ဒေါသဖြစ်တာ၊ လောဘကို အမှီပြုပြီး ဒေါသဖြစ်တာပါ။ အဲဒီဒေါသကြောင့် မောဟလည်း ဖြစ်လာတာပါပဲ။ လောဘအားကြီးရင် မီးဘေးဒဏ်ခံရတတ်တယ်။ ဒေါသအားကြီးရင် ရေဘေးသင့်တတ်တယ်။ မောဟကြီးရင် လေဘေးသင့်တတ်တယ်။ အဲဒီတော့ လောဘကို နှိမ်နင်းနိုင်အောင် ပေးကမ်းမှုတွေ ပြုလုပ်ရမယ်။ ဒေါသကို နှိမ်နင်းဖို့အတွက် ကိုယ်ကျင့်တရား(သီလ) ကောင်းရမယ်။ မောဟကို နှိမ်နင်းချင်ရင်တော့ တရားအကျင့် ကျင့်ရမယ်။
တချို့လှူဒါန်းတဲ့သူတွေက ဒီလိုပေးကမ်းရတာ ပျော်တယ်ဆိုရင်တော့ မကောင်းဘူး။ ဒုက္ခရောက်တဲ့ သူတွေကို မေတ္တာစစ်စစ်၊ ကရုဏာစစ်စစ်နဲ့ ပေးဝေလှူဒါန်းမှုဖြစ်သင့်တယ်။ အပျော်အကုသိုလ်ဖြစ်အောင် မလုပ်သင့်ဘူး။ နောက်ပြီး အားလပ်ရက်အပျော်ခရီးထွက်တာမျိုးလည်း မဖြစ်သင့်ဘူး။ ဆရာတော်က အခုပျော်လို့ လာလုပ်နေတာမဟုတ်ဘူး။ ဒုက္ခကိုယ်စီရှိနေကြတဲ့ လူသားချင်းဖြစ်တာမို့ ကိုယ်ချင်းစာ တရားနဲ့ လာလုပ်နေတာပါ။ တချို့က ကားပေါ်မှာတင်လာတဲ့ ပစ္စည်းက တစ်တန်လောက်ရှိတယ်။ ကျန်ပါလာတဲ့ကားက ငါးစီးလောက်ရှိတယ်။ ကားပေါ်ကနေပြီး မုန့်တစ်ချပ် နှစ်ချပ်လောက် ပစ်ချတာကို လူ ၂၀၀ လောက် ၀ိုင်းလုကြတယ်။ မကြိုက်ဘူး။ ဒါကြောင့် ဆရာတော် အမှန်တိုင်းပြောတာပါ။ အပျော်ကြီး တစ်ခုအနေနဲ့ မထွက်လာပါနဲ့။ နောက်ပြီး သာသနာ့အလံ ထောင်ထားတဲ့ ကားတစ်စီးက မောင်းရင်း မုန့်တွေ ပစ်ချသွားတယ်။ လူတွေ ၀ိုင်းလုကြတယ်။ ဒီတော့ အဲဒီကားကို ရဲတပ်ဖွဲ့က တားတယ်။ ဒီလို မလုပ်ပါနဲ့လို့။ ဒါပေမယ့် အဲဒီကားမှာပါလာတဲ့ ဆရာတော်တစ်ပါးက ပြည်သူတွေကို ပစ္စည်းတွေ ငါတို့ ပေးချင်တယ်။ ဒါပေမယ့် ရဲက တားတယ်လို့ ပြောတယ်။ အဲဒီတော့ ပြည်သူနဲ့ ရဲတွေ ထိပ်တိုက်တွေ့တာပေါ့။ စကားတွေ ထွက်လာတယ်။ ပေးလိုက်တဲ့ပစ္စည်းတွေကို ရဲကတားတယ်။ စစ်တပ်က တားတယ်။ ဒါ အမှန်မဟုတ်ဘူး။ ပေးတာ စနစ်မကျလို့ စနစ်ကျအောင်ပြောတာ။ အခု ဆရာတော်ပြောတာတွေဟာ ဘယ်ဗိုလ်ချုပ်ကမှ ပြောခိုင်းတာ မဟုတ်သလို ဘယ်အစိုးရကမှ ပြောခိုင်းတာလည်း မဟုတ်ဘူး။ ကိုယ်တိုင်မြင်လို့ ပြောတာ။ အဲဒီလို သတင်းမျိုးတွေ မီဒီယာတွေဆီ ရောက်ပြီး အသံတွေ ထွက်လာတာပေါ့။
ဦးကောသလ္လကတော့ ပစ္စည်းတွေပေးဝေမှုမှာ သက်ဆိုင်ရာကို အကူအညီယူတယ်။ သူတို့ ကူညီကြတယ်။ ဆရာတော်နဲ့ တွေ့ရတဲ့ ရဲတွေ၊ တပ်မတော်သားတွေဟာ အလုပ်လုပ်ကြတယ်။ တစ်ဦးချင်းကို မသိပေမယ့် သူတို့တွေ အလုပ်လုပ်ကြပါတယ်။ ဒါကြောင့် တိတိကျကျ သတင်းတွေမသိဘဲ မပြောကြပါနဲ့။ ပြည်သူတွေ တကယ်ဆင်းလာကြည့်ပါ။ နားစွန်နားဖျားနဲ့ မလုပ်ပါနဲ့။ တိုင်းပြည် တကယ်အရေးဒုက္ခတွေ့နေချိန်မှာ လောဘ၊ ဒေါသ၊ မောဟတွေလျှော့ပြီး ဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။

( ၂၀၀၈ ခုနှစ် ဇွန်လ ၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ပြန်လည်ကောက်နုတ်ဖော်ပြပါသည်)

Dhamma Zedi Sayadaw says people should donate cash and kind to storm victims systematic and in disciplined ways

When I heard about the natural disaster, I was in Myitkyina. Then, I held a preaching ceremony in Mandalay with the aim of raising funds for the victims. At the ceremony, I was offered more than 120 million kyats and supplies full of ten ten-wheel trucks. I asked authorities for help to transport the donations. The supplies arrived at Kungyangon on 22 May. I donated supplies full of six trucks worth about 4.3 million kyats in the town.
Then, I asked responsible persons and staff for help to transport the donations to the storm-affected areas such as Dedaye, Pyapon, Kyondat, Thandeik and Kyonda and I donated the food and clothes to the victims. Up to 28 May, I had donated more than 2000 bags of rice and about 200000 clothes to the victims through officials concerned.
I donated the supplies to all victims including members of the Sangha, nuns, monasteries and pagodas. Now, the population of Kungyangon is about 130000. In the town, there are 3900 households in the urban area and 21000 households in the rural areas, totaling about 25000 households. So far, I have donated 250000 pyis (small baskets) of rice to them. I presented cash to buy 50 gallons of diesel to transport the donations to the villages. I presented one million kyats to the volunteers who would transport the supplies to the villages. Of the donations to Kungyangon Township, 500000 kyats went to the health sector, 500000 kyats to the education sector, and one million kyats to the trust funds of the pagoda.
I donated supplies full of three trucks in Dedaye and Pyapon townships. So far, I have donated supplies worth more than 1000 million kyats to the victims in the storm-hit areas of Ayeyawady Division such as Bogale, Mawlamyiegyun and Labutta townships. I am now donating more than 1000 bags of rice to the victims in Kungyangon. In the process, I took more than 20000 units of supplies. A unit is made up eight kinds of supplies. They are rusk, instant noodle, towel, slippers, fried prawn paste, rice and clothes. A unit of rice is rated at a pyi. Supposing a pyi of rice is enough for ten people, I am donating rice enough for about 200000 people (20000 households). I also made donations to the victims in Shwepaukkan, Shwepyitha and Hlinethaya in Yangon.
The victims felt angry because the supplies did not reach immediately. The anger was due to their greed. They could come under delusion due to their anger. Persons with much greed may face fire, persons with much anger may face floods, and persons with much delusion may face strong winds. So, a person should make charity to suppress his greed, preserve moral conduct to suppress his anger, and practice meditation to overcome his delusion.
I did not think it was wise if some felt joy to make donations, and the donation should be based on true loving-kindness and compassion; that they should not make donations for pleasure replete with demerits, nor should they do so like going on a picnic; that I was making donations because of my humanitarianism not because of joy; that some buses carried a ton of supplies each; that when one or two slices of bread were dropped from a moving car, about 200 people were in a scramble for the bread; that I was not happy with seeing such acts; that I suggested that donors should not make a trip to the areas as if they were on a picnic; that I witnessed snacks were dropped from a moving car with the religious flag flown, and people on the road were jostling each other for the snacks, so the police stopped the car; that then a monk in the car said that he wanted to give a way supplies to the victims but he was prevented by the police, thereby creating a conflict between the police and the victims; that then some rumours surfaced that the police and the armed forces were forbidding the direct aid; that indeed, they were not true at all; that I am saying so to ensure systematic donations; that I am saying so, but not under the instructions of any senior military officers or the government; and that I say so because of I firsthand experiences.
I asked the officials for help in distributing the supplies. They extended a helping hand to me. All the police and servicemen I met worked hard. I did not know them in person, but I can say that they worked. So, No one should make comments without knowing all the facts. I would like to urge the people to visit the areas for their information. They should not spread the hearsays. I would say all should not have much greed, anger and delusion in carrying out the relief tasks in the times of emergency.

Thursday, May 22, 2008

ကူကြစို့ (ကဗျာ)


ကူကြစို့
သူငယ်ချင်း…
--------------မင်းလည်းမြင်သား ငါလည်းကြားပြီ
--------------မြန်မာပြည်တွင် မုန်တိုင်းဝင်၍
--------------သစ်ပင်ပိသေ ရေနစ်သေကြ
--------------အသုဘတွေ မြေမမြှုပ်အား
--------------မိသားစုလိုက် ကပ်ကြီးဆိုက်လျက်
--------------အသက်လုကာ တစ်ရွာလုံးကျွတ်
--------------ဘေးလွတ်ရာပြေး မသေသေးလည်း
--------------ဆေးပြတ်ရေပြတ် အစာငတ်နှင့်
--------------အရပ်ကူဆဲ လူဝိုင်းဆဲမှာ
--------------ရောဂါဖိစီး သက်ကြီးအိုရွယ်
--------------လူမမယ်တို့ ချို့တဲ့ဆုံးပါး
--------------ဒုက္ခများချိန် ငြိမ်ဘိငုတ်တုတ်
--------------မတုန်လှုပ်စွာ ငတေမာပြီးရော
--------------လူညံ့တောမှာ မင်းကိုမင်းသာ
--------------အပါခံရင် ရာဇ၀င်ရိုင်းမည်သူငယ်ချင်း။ ။
-------------------------------------------------အဝေးမြေက မင်းရဲ့ သူငယ်ချင်း
-------------------------------------------------၁၁-၅-၂၀၀၈

( Weekly Eleven Journal အတွဲ ၃၊ အမှတ် ၃၁ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

နာဂစ်၏ရိုက်ချက်များ


ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့်
သေဆုံး၊ ပျောက်ဆုံးမှုနှင့် ဒဏ်ရာရရှိမှုအခြေအနေ
နေပြည်တော် မေ ၁၆
၂၀၀၈ ခုနှစ် မေ ၂ ရက်နှင့် ၃ ရက် တို့တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် မုန်တိုင်းဖြတ်သန်း ခဲ့သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသအချို့၌ ပျက်စီးဆုံးရှုံးမှုများ၊ လူသေဆုံး၊ ပျောက်ဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။
မုန်တိုင်းဖြစ်ပေါ်ပြီးနောက် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဖွဲ့စည်းကာ ကယ်ဆယ်ရေး၊ ရှာဖွေရေးနှင့် အကူအညီပေးရေးလုပ်ငန်းများကို အလျင်အမြန် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တစ်ချိန်တည်းတွင် လူအသေအပျောက်၊ ဒဏ်ရာရနှင့် ပျက်စီးဆုံးရှုံးမှုများကိုလည်း စာရင်းကောက်ယူရေး ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် မုန်တိုင်းဒဏ်ကြောင့်လည်းကောင်း၊ ဆိုးရွားသော ရာသီဥတုကြောင့် လည်းကောင်း ကျယ်ပြန့်သောနယ်မြေအတွင်း နှံ့နှံ့စပ်စပ် ရှာဖွေဆောင်ရွက်ခဲ့ရခြင်းကြောင့်လည်းကောင်း မေလ ၁၅ ရက်တွင်မှ အတည်ပြုနိုင်ခဲ့သည်။
စိစစ်အတည်ပြုသောစာရင်းမှာ ၀န်ထမ်း ၁၅၉ ဦး အပါအ၀င် သေဆုံးသူစုစုပေါင်း ၇၇၇၃၈ ဦး၊ ၀န်ထမ်း ၅၈ ဦး အပါအ၀င် ပျောက်ဆုံးသူစုစုပေါင်း ၅၅၉၁၇ ဦးနှင့် ၀န်ထမ်း ၄ ဦး အပါအ၀င် ဒဏ်ရာရသူ စုစုပေါင်း ၁၉၃၅၉ ဦး ဖြစ်ကြောင်း သတင်းရရှိသည်။

(၂၀၀၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ ၃ မှ ပြန်လည်ကူးယူ ဖော်ပြပါသည်)

Wednesday, May 21, 2008

အခုတော့ကျွန်တော့်ကိုလာခေါ်ကြပြီ-ဂျူး


အခုတော့ ကျွန်တော့်ကို လာခေါ်ကြပြီ
ဂျူး

သာမန် လေကြီးမိုးကြီးသည်းထန်သည့်အချိန်များမှာတောင် ကိုယ်နေသည့် ကန်ထရိုက်တိုက်ပြိုကျမှာ ကြောက်လန့် စိုးရိမ်နေခဲ့မိသေးတာ၊ အခုလို မကြုံဖူးသည့် မုန်တိုင်းပြင်းအားအောက်မှာဆိုတော့ ကျွန်မ နေစရာမရှိ စိုးရိမ်တုန်လှုပ်မိပြီ။ ကျွန်မတို့ တိုက်မှာက အုတ်နံရံအင်္ဂတေအကာက နည်းနည်း၊ မှန်တွေက များများ၊ မှန်ဆွဲတံခါးတွေက နံရံအပြည့်နီးပါးမို့ လေတွေက တ၀ုန်းဝုန်း တိုက်ခတ်နေချိန်တွင် မှန်ချပ်တွေနှင့် နီးသည့်နေရာမှာ ကျွန်မ မနေရဲပေ။ ကိုယ့်တိုက်၏ တစ်ဖက်မှာ ပိုမြင့်သော တိုက်ကပ်ရက် ရှိနေပေမယ့် တခြားတစ်ဖက်မှာက လမ်းပဲရှိသည်မို့ ဟာလာဟင်းလင်း အကာအကွယ်မဲ့သလို ခံစားရသည်။ သွပ်တစ်ချပ်ပဲ လာထိလိုက်၊ သွားပြီ။ မုန်တိုင်းတိုက်ခတ်ချိန် ခြောက်နာရီပြည့်ဖို့ ဘယ်လောက် လိုသေးပါလိမ့်။ ည ၁၀ နာရီခွဲကို မုန်တိုင်းအစဟု ကိုယ့်ဟာကိုယ်သတ်မှတ်ပြီး နံနက် ၄ နာရီ ကျော်လျှင်တော့ မုန်တိုင်းအားပျော့သွားလေမလား မျှော်လင့်မိသည်။ ညီမနှင့်တူမက ၀ရန်တာတံခါး လေအရှိန်ဖြင့် တဒုန်းဒုန်း တွန်းကန်နေသည်ကို ပြန်တွန်းကန်ထားရသည်မို့ တစ်ညလုံးနီးပါး ထိုင်လိုက် ထလိုက် မအိပ်ရဲကြပေ။ ကျွန်မကတော့ ဟိုပြေးလိုက် ဒီပြေးလိုက်၊ မှန်တံခါးတွေနား မရဲတရဲကပ်သွားပြီး အပြင်ကို လှမ်းကြည့်လိုက်၊ အော်မြည်ပြီး ပြေးလာသည့်လေသံကို ကြားရလျှင် နောက်ပြန်ဆုတ်လိုက်၊ တကယ်ကိုပဲ နေစရာမရှိခဲ့ပါ။ တစ်အိမ်လုံးမှာ အေးအေးဆေးဆေးရှိသူက ဖေဖေပဲ။ ဒီတိုက်ကို မပြိုပါဘူးဟု အာမခံသည်။ ငလျင်ကြောင့်သာ ပြိုချင်ပြိုမယ်။ မုန်တိုင်းကြောင့်တော့ မပြိုပါဘူးတဲ့။ ကျွန်မကတော့ အခုလို အခြေအနေမျိုးမှာ စဉ်းစားချင့်ချိန်နိုင်စွမ်းတွေ ပျောက်ဆုံးကုန်ခဲ့ပြီ။ သုံးနာရီ၊ လေးနာရီ မုန်တိုင်းအရှိန်က လျော့မသွားသည့်အပြင် ပိုတောင် တိုးလာသေး၏။ ငါးနာရီမှာ တော်တော် အရှိန်ပြင်းထန်လာတော့၏။ မှန်တွေကွဲတော့မှာပဲ၊ တိုက်တော့ ပြိုတော့မှာပဲ။ ဒီလေဟာ ဘယ်လိုနည်းနဲ့မှ တစ်နာရီ ၄၅ မိုင်၊ မိုင် ၅၀ မကပါဘူး။ မိုင် ၈၀ ဒါမှမဟုတ် မိုင် ၁၀၀ ရှိမှာပါ။ ဘယ်အချိန်မှာ တိုက်ကြီး ပြိုလဲသွားမလဲ။ ထိုအချိန်မှာ ကျွန်မအသိစိတ်ထဲမှာ တစ်ခုပဲ လွှမ်းမိုးနေခဲ့၏။ ကျွန်မတို့မိသားစု အန္တရာယ်မှ ကင်းဝေးလိုသည်။ မိုးလင်းပါစေတော့။ မိုးလင်းလျှင်တော့ မုန်တိုင်းအားပျော့သွားလေမလား။
ကျွန်မတို့တိုက် လုံခြုံပါသည်ဟု စိတ်သက်သာရချိန်တွင် လမ်းသွယ်၏ တစ်ဖက်က သုံးထပ်တိုက် ခေါင်မိုးမှ လွင့်ကျသွားသည့် သွပ်ပြားတွေကို အဲသည်တိုက်မှ ၀န်ထမ်းကောင်လေးနှစ်ယောက် ပြေးထွက်ပြီး ကောက်ယူဖို့ကြိုးစားသည်။ ထိုမြင်ကွင်းကိုမြင်ရတော့ သူတို့အတွက် ကျွန်မစိုးရိမ်သွားသည်။ လေက ပြင်းထန်တုန်းပါ။ သူတို့ကောက်ယူမည့် သွပ်ပြားချပ်ကြီးသည် လမ်းမပေါ်မှာ အပြားလိုက်ကပ်နေ တုန်းက သိပ်နေရာမရွေ့ပေမယ့် သူတို့ မယူထောင်လိုက်သောအခါ အားပြင်းသောလေဖြင့် ၀ုန်းကနဲ လွင့်သွားသည်။ သူတို့နှစ်ယောက်စလုံးပါ သုံးလေးလှမ်းလောက် ပါသွားပြီးမှ သူတို့ လွှတ်ချလိုက်၏။ ဖေဖေက ကလေးတွေကို ကရုဏာဒေါသဖြင့် အပြစ်တင်နေ၏။ ဒီမုန်တိုင်းကြားထဲ ထွက်ကောက်ရသလား။ လူပါ ပါသွားနိုင်တယ်။ ဟုတ်ပါရဲ့နော်။ ခဏများ စောင့်လိုက်ပါဦးတော့လား။ သို့သော် ထိုလေပြင်းမိုးပြင်းကြားထဲမှာပင် သွပ်ချပ်တွေ၊ စလောင်းအကျိုးအပဲ့တွေ၊ တီဗီအင်တာနာ အချောင်းအကျိုးတွေကို လိုက်လံကောက်ယူသူကလည်း ရှိသေးသည်။ မျက်နှာချင်းဆိုင်က ဘူတာဝင်းထဲမှ အိမ်ခေါင်မိုးတွေ အကုန်ပြုတ်ထွက်ကုန်သည်ကို လေထဲ၊ မိုးထဲမှာပင် ခေါင်မိုးပေါ်တက်ပြီး မိုးကာ ပလတ်စတစ်တွေဖြင့် ဖာထေးနေသူတွေ ရှိသည်။ တကယ်မငြိမ်သွားသေးသည့် မုန်တိုင်းအောက်မှာမို့ ကျွန်မ သူတို့အတွက် စိတ်ပူပါသည်။ ထိုအချိန်ကျမှ တိုက်ခန်းမဟုတ်သည့် အိမ်တွေက ပိုပြီး ဒဏ်ခံရတာပါလားဟု အသိဝင်လာသည်။ အဲသည့်အခါ ကျွန်မစိုးရိမ်ပူပန်ပေးရမယ့် လူတွေ အာရုံထဲမှာ အစီအရီပေါ်လာပြီး သူတို့အတွက် သောက၀င်လာသည်။ မုန်တိုင်းငြိမ်သက်သွားပေမယ့် လျှပ်စစ်တွေ ပြတ်တောက်ပြီး မီးသွေးမီးဖိုလည်း မမွှေးရဲသေးသည်မို့ အဆင်သင့်စားစရာ ရလိုရငြား ကျွန်မလမ်းထွက်ပြီး ဆိုင်တွေရှာရသည်။ ဖေဖေက ပေါင်မုန့်ရရင် ပြီးရောတဲ့။ အိမ်မှာ လက်ကျန်နို့ဆီနှင့် ပေါင်မုန့်ကို စားမည်ဟုဆိုသည်။ ဘယ်စတိုးဆိုင်မှ မဖွင့်။ ပေါင်မုန့် ၀ယ်နေကျ ညဈေးအနီးက ဆိုင်လည်း ပိတ်ထားသည်။ အေးလေ ဘယ်ဆိုင်ကဖွင့်မှမဖွင့်တာ ဘာအံ့သြစရာ ရှိလဲ။ ညဈေးလမ်းမှ ဗိုလ်သူရလမ်းဘက် ကွေ့ဖို့ကို ပြိုလဲကျနေသည့် သစ်ပင်ကြီးတွေအောက်မှ ဖြတ်ရသည်။ တချို့ဓာတ်ကြိုးလိုင်းတွေကိုကျော်ခါ၊ တချို့ကြိုးလိုင်းတွေ အောက်ကငုံ့ဝင်၊ ဘာဆိုင်မှမဖွင့်။ ထို့နောက် ကျွန်မ၏ရှေ့တွင် ကြီးမားလှသော အစိမ်းရောင်ကြီးတစ်ခုက အုပ်မိုးနေတော့သည်။ တခြားဟုတ်ပါ့မလား။ လူသုံးယောက်ဖက်မှ လက်ချင်းထိမည့် ညောင်ပင်ကြီး အမြစ်မှ ကျွတ်ပြီး တုံးလုံးလဲကျနေခြင်း ဖြစ်သည်။ “သစ်ပင်လဲတာ ဒီလောက်ကြောက်စရာ မကောင်းပါဘူးဗျာ။ အဲဒီသစ်ပင်အောက်မှာ လူပိသွားတာကမှ ကြောက်စရာ။ ခင်ဗျားတို့ မမြင်လိုက်ရဘူး။ ကြက်သီးတောင်ထတယ်။ မနက်ငါးနာရီခွဲကနေ ပိခံလိုက်ရတဲ့လူ၊ ၁၀ နာရီခွဲမှ ဆွဲထုတ်ယူလို့ရတယ်။ မသေမရှင်ဝေဒနာခံစားရတာကို တွေးကြည့်စမ်းပါ”။ အဲလိုကြားလိုက်ရတော့ ကျွန်မမှာ ညောင်ပင် ပင်စည်ကြီးအောက်သို့ ရဲရဲပင် မကြည့်ရဲတော့ပေ။ ဘုရားရေ ငါးနာရီခွဲမှာ ဒီလူဘာဖြစ်လို့ သစ်ပင်နားကို ရောက်လာရတာလဲ။ သေချာသည်ကတော့ တိုက်ခန်းတစ်ခုထဲမှာ မုန်တိုင်းစဲချိန်ကို စောင့်မနေနိုင်တဲ့၊ တစ်နေ့လုပ်တစ်နေ့စားရတဲ့သူ ဖြစ်မှာပါ။ သွပ်ပြား၊ အင်တာနာ၊ စလောင်းအကျိုးအပဲ့တွေ လိုက်ကောက်သူ ဖြစ်မလား။ ဆိုက်ကားတစ်စီး ပိပြားနေသည်ကို မမြင်ချင်ဘဲ ဖြတ်ခနဲ မြင်လိုက်ပြီးပြီမို့ ဆိုက်ကားနင်းသူလား။ ထိုသူအခု ဆေးရုံရောက်ပြီလား။ ကျွန်မအိမ်ပေါ် ပြန်တက်မိသည့်အခါ စိတ်ကလေးပင် ညှိုးငယ်သွားတော့သည်။



မုန်တိုင်းကြောင့် ထိခိုက်နစ်နာသူတွေက ချက်ချင်းကိုပဲ မြင်သာထင်ရှားလာခဲ့သည်။ အိမ်ပြိုကျပြီး ပိခံရသူ၊ သစ်ပင်ပိသူ၊ ဓာတ်တိုင်ပိသူ၊ မိသားစုခြင်ထောင်အမိုးပေါ်ထိ ကြီးမားသော သစ်ကိုင်းကျိုးကြီး ပြုတ်ကျခံရသူ၊ ဒါက ရေနှင့်မနီးလှသည့် ကုန်းပေါ်ဒေသ၊ ရန်ကုန်ဝန်းကျင်မှ ထိခိုက်မှုတွေ၊ မြစ်နှင့် ပင်လယ်နှင့်နီးသော အခြားဒေသတွေမှာတော့ မုန်တိုင်းကြောင့် ရေမျက်နှာပြင်မြင့်ပြီး အိမ်တွေရေထဲ ပါသွားသူတွေ၊ မြစ်ထဲမှာ ကမ်းကပ်ထားသည့် မော်တော်သင်္ဘောတွေမှောက်ပြီး နစ်မြုပ်လို့ ရေနစ်သေဆုံး ရသူတွေ။
“ပေါင်မုန့်မရှိရင် ဒီလူတွေ ကိတ်မုန့်စားပါစေပေါ့” ဟု ပြောခဲ့သည့် ပြင်သစ်မိဖုရား မေဒီအင်တွိုင်းနက်ကို ခါးသက်စွာ ကျွန်မရယ်မောခဲ့ဖူးသည်။ အခုတော့ ကျွန်မကိုယ်တိုင်ပင် အဲဒီစကားမျိုး ပြောမိသွားခဲ့သည်မှာ မေလ ၄ ရက်နေ့မှာပါ။ ဧရာဝတီတိုင်း မြစ်ဆိပ်ကမ်းမှာ ကပ်ထားသည့် မော်တော်၊ သင်္ဘောတွေ မုန်တိုင်းမိပြီး ကလေး၊ လူကြီးအားလုံး ရေနစ်သေဆုံးကုန်ကြသည်ဟု ကြားတော့ “ဟောတော် သူတို့ ဘာဖြစ်လို့ သင်္ဘောထဲမှာ နေနေကြတာလဲ၊ ကမ်းပေါ်တက် အကာအကွယ်အောက်မှာ နေရောပေါ့” ဟု လွှတ်ခနဲ ပြောလိုက်မိသည်။ ကျွန်မအား ထိုသတင်းကို ပြောသည့်တူကလေးက ဒါတောင် မသိရကောင်းလားဟူသော မျက်နှာပေးဖြင့် ရှင်းပြ၏။ “ဆရာမကလည်း ဒီမြို့က သူတို့မြို့မှ မဟုတ်ဘဲ။ သူတို့က သင်္ဘောပေါ်က ခရီးသည်တွေလေ။ ကိုယ်နဲ့ အသိအကျွမ်းမရှိတဲ့မြို့ပေါ်ကို လေပြင်းမုန်တိုင်းကြားထဲတက်ပြီး ဘယ်မှာအကာအကွယ်ရှာရဲမလဲ။ ဘယ်သူကရော တံခါးဖွင့်ပေးမှာလဲ။ သူတို့ သင်္ဘောပေါ်မှာပဲ နေရတာပေါ့” တဲ့။ အင်း အဲဒီလိုလား။ ကျွန်မ စိတ်မသက်သာလိုက်တာ။ ကြည့်မြင်တိုင်ကမ်းနားက မော်တော်သင်္ဘောတွေ မှောက်သူမှောက်၊ နစ်သူနစ်၊ လူတွေ ရေနစ်သည့် သတင်းတွေ။ ဧရာဝတီတိုင်းထဲက မြို့တချို့မှာ သေဆုံးသူတွေ ကိန်းဂဏန်းက တုန်လှုပ်ဖွယ် ကောင်းလှသည်။ ဒါက မုန်တိုင်း၏ တိုက်ရိုက် ချက်ချင်းကျရောက်သည့် ထိခိုက်မှုအန္တရာယ် ဆိုးကျိုးတွေပေါ့။
တဖြည်းဖြည်းနှင့် လေး၊ ငါးရက်လွန်လာသည့် အခါမှာတော့ ကျွန်မ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ ကျွန်မထံ ပြန်ရောက်လာသည်ဟု ခံစားရသည်။ ကိုယ့်ဒုက္ခကိုမှ ဆိုးရွားလှပြီဟု ထင်သည့် သွေးရူးသွေးတန်းစိတ်တွေ ပြယ်သွားပြီကိုး။ လက်တွေ့မှာ ကိုယ့်ထက်ဆိုးရွားသူတွေ အများကြီးကို မြင်လာသည်။ ထမင်းချက်ဖို့ဆန်၊ မီးသွေး၊ ဆီ၊ ဆား မရှိလျှင် မတန်တဆ ဈေးခေါ်သည့် ဆိုင်တွေမှာတောင် ဖြစ်အောင်တော့ ၀ယ်စားနိုင်သည့် အခြေအနေတော့ ရှိသေးသည်။ ဒီကနေ့ အလုပ်မလုပ်ရရင် မနက်ဖြန် စားစရာမရှိသူတွေ၊ ညစာ စားစရာမရှိသူတွေ ဘယ်လိုအသက်ရှင် ရုန်းကန် ကြမှာလဲ။ ငါးထပ်တိုက်ပေါ်မှာ ရေမလာပေမယ့် မိသားစုနည်းလို့ ရှိသမျှရေကို ချွေသုံးပြီး ချက်ပြုတ်လို့ ရသေးသည်။ တကယ်လို့ ပြတ်တောက်သွားလျှင်လည်း မြေညီထပ်တချို့မှာ မီးစက်တွေ ခုတ်မောင်းပြီး အ၀ီစိတွင်းမှ ရေတင်နေရတာ မြင်ရလို့ သွားခပ်လျှင် တစ်ပုံးနှစ်ပုံးတော့ သယ်လို့ရမှာပေါ့။ မီးမလာပေမယ့် မီးစက်နှိုးပြီး အလင်းရောင်ယူလို့ရ၊ ဖုန်းဓာတ်ခဲတွေကို အားသွင်းလို့ ရသည်။ နေစရာအိမ်တောင် ပြိုကျသွားသူတွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဇရပ်တွေမှာ ခိုကပ်နေရသူတွေ၊ ချက်ပြုတ်စရာ၊ လျှော်ဖွပ်စရာ ရေ၊ ခြုံစရာစောင်၊ ခြင်ထောင်၊ ဆီး၊ ၀မ်း၊ အညစ်အကြေးစွန့်စရာ အိမ်သာ၊ အညစ်အကြေးစွန့်ပြီး ကိုယ့်ကိုကိုယ် ပြန်သန့်စင်ဖို့ရေ… ဘုရား ဘုရား။ ရေ၀ိုင်းနေသည့် ပလုံစီအိမ်သာတွေ၊ ကျွဲ၊ နွား၊ ခွေး၊ တိရစ္ဆာန်အသေကောင်တွေ၊ လူသေအလောင်းတွေ၊ ရေမျောကမ်းတင် ဖောင်ပုံသဏ္ဍာန်တောင်ဖြစ်နေသည့် လူသေအလောင်းတွေ၊ ထိုရေတွေက ဘယ်လောက်တောင် ညစ်ညမ်းနံစော်နေမလဲ။ အဲသည်ကနေ ဖြစ်လာမည့် ရောဂါတွေကို ကျွန်မကြိုတင်တွေးမိသွားသည်။ သောက်ရေ၊ သုံးရေ၊ ရေသန့်မရသည့်အခါ ရှိသည့်ရေထဲမှာနေ…၊ ရှိသည့်ရေကိုပဲသုံး။ ရလာမှာက ၀မ်းပျက်ရောဂါ။ တစ်ယောက်ရောဂါကနေ သန့်စင်အောင် မလုပ်နိုင်လျှင် နောက်တစ်ယောက်ကိုကူး။ ဒီရေထဲမှာပဲနေ… နောက်တစ်အိမ်၊ နောက်ထပ်တစ်အိမ်၊ တစ်ရပ်ကွက်လုံး… နောက်ထပ်ရပ်ကွက်…။ အမိုးအကာ စောင်မလုံမခြုံလို့ အဆုတ်အအေးမိ ဖျားနာသည့်ရောဂါတွေ…။ ဆေးရုံတွေ လိုအပ်သည်။ ဆေးတွေ လိုသည်။ ရေကို သန့်အောင် လုပ်ပေးသည့် ဆေးပြားတွေလိုသည်။ ၀မ်းပျက်ဝမ်းလျှောသည့် လူနာကို ဆုံးရှုံးသွားသည့်ရေနှင့် ဓာတ်ဆားတွေ ပြန်ဖြည့်ပေးဖို့ ဓာတ်ဆားရည်ဖျော်စရာ ဓာတ်ဆားထုပ်တွေ လိုသည်။ ထို့ပြင် စနစ်တကျ ပြုစုကုသပေးဖို့ ကျွမ်းကျင်ပညာရှင်တွေ လိုသည်။
အမေရိကန်မှာတော့ တက္ကသိုလ်က ပညာရှင်တွေ နာဂစ်မုန်တိုင်းနှင့်ပတ်သက်ပြီး ဦးနှောက်ခြောက်၊ ဆွေးနွေးငြင်းခုံနေကြပြီတဲ့။ လေမုန်တိုင်းသည် အဆင့် ၂ (Category II) ကနေ မြေပြင်နားကပ်တော့မှ အဆင့် ၃ နဲ့ ၄ အဖြစ် (Category III နဲ့ IV အဖြစ်) ရုတ်တရက်ပြောင်းသွားတာ။ အဲဒါကို သူတို့ အဖြေရှာနေကြသည်တဲ့။ ဒါ ဘာကြောင့်လဲ။ ရာသီဥတုပြောင်းလဲမှု (Climate Change) ကြောင့်လား။ အားလုံးစဉ်းစားဆွေးနွေးနေကြသည်ဆိုပဲ။ မြန်မာပြည်ကို ကူညီထောက်ပံ့ဖို့လည်း ကြိုးစားရင်း သိပ္ပံနည်းကျကျ မုန်တိုင်း၏ ထူးခြားမှုကို အဖြေရှာဖို့ ဆွေးနွေးသုတေသနလုပ် ရှာဖွေနေကြသည်တဲ့။ ရှာဖွေကြပါ။ စဉ်းစားစမ်းသပ်ကြပါ။ ဒီလိုမုန်တိုင်းမျိုး မဖြစ်ပေါ်အောင် နိုင်ငံတကာ ပူးပေါင်းကာကွယ်ဖို့ ကြိုးစားနိုင်လျှင် ကောင်းမည်။
ကက်ထရီးနား မုန်တိုင်းက သတင်းအဖြစ်သာ၊ ကိုယ်နှင့်မဆိုင်သလို ရှိခဲ့သည်။ နာဂစ်ကျတော့ ကိုယ့်ကို တိုက်ရိုက်ထိခိုက်လာသည်။ နာမည်ကျော်ဆိုစကား တစ်ခုအတိုင်းပါပဲ။ “ဂျူးတွေကို လာခေါ်သည့်အခါ နာဇီတွေက ကျွန်တော်နှင့်မဆိုင်၊ ကျွန်တော်က ဂျူးမှ မဟုတ်ဘဲ။ သူတို့တွေကို လာခေါ်သည့်အခါ ကျွန်တော်နှင့်မဆိုင် ကျွန်တော်က သူတို့မှ မဟုတ်ဘဲ” ဆိုတဲ့ အဓိပ္ပါယ်ပါ။ အခုတော့ ကျွန်တော့်ကို လာခေါ်ကြပြီ။ တခြားသူ မရှိတော့ဘူး။ ကျွန်တော်ပါပဲ။
အခုမှပဲ ထောက်ပံ့ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုယ်တိုင် ကြိုးစားရပါတော့မည်။

( ၂၀၀၈ ခုနှစ် မေလ ၁၈ ရက်နေ့ထုတ် “ Bi Weekly Eleven ” ဂျာနယ် အတွဲ ၁၊ အမှတ် ၉ မှ
ပြန်လည်ကူးယူ ဖော်ပြပါသည် )

Tuesday, May 13, 2008

နာဂစ်မုန်တိုင်း၏ဂယက်


မုန်တိုင်း၏ ဂယက် (သို့မဟုတ်) အသက်ဘေးမှ လွတ်မြောက်လာသူများ၏ အသံများ

ကျွန်တော်က လပွတ္တာမြို့နယ်ထဲမှာ မုန်တိုင်းအပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ ပြင်စလူကျေးရွာကပါ။ မုန်တိုင်းလာပြီး ရေက ပေ ၂၀ နဲ့ အထက် တက်လာပါတယ်။ အိမ်တွေလည်ပြိုပျက်ပြီး ရေထဲပါသွားတယ်။ ကျွန်တော်လည်း သမီးနှစ်ယောက်ကိုချီပြီး ရေကူးခဲ့ရတယ်။ အဲဒီမှာ လှိုင်းကပြင်းတော့ သမီးနှစ်ယောက်မှာ တစ်ယောက်သေသွားတယ်။ အဲဒါနဲ့ အဲဒီတစ်ယောက်ကို ရေထဲမှာပဲ လက်လွှတ်ခဲ့ရတယ်။ နောက်တစ်ယောက်ကို ချီပြီး ရေထဲမှာ အကြာကြီးမျောနေတယ်။ သစ်ပင်တစ်ပင်ကိုတွေ့လို့ လှမ်းပြီး ဆွဲထားလိုက်တယ်။ မုန်တိုင်းငြိမ်လို့ လက်ထဲကျန်တဲ့ ကလေးကိုကြည့်တော့ သေဆုံးနေပြန်တယ်။ မိန်းမနဲ့ မိဘတွေက အစကတည်းက မျောသွားတာ တွေ့လိုက်တယ်။ အခုတော့ ကျွန်တော်တစ်ယောက်တည်းပဲ ကျန်တော့တယ်။ ကျန်တဲ့လူတွေလည်း ဒီလိုပါပဲ။ ရွာနဲ့အဝေးကြီးကို လွင့်သွားတယ်။ အဲဒီကတစ်ဆင့် လပွတ္တာကို လမ်းလျှောက်လာတာပါ။ လမ်းမှာ စက်လှေကြုံနဲ့ တွေ့ပြီး ဆက်လိုက်လာတာပါ။ ရွာတွေအားလုံးနီးပါး ရေလွှမ်းခံရလို့ သောက်စရာရေ မရှိတော့ပါဘူး။ စားစရာလည်းမရှိဘူး။ အဲဒီအတွက် အုန်းရည်သောက်တယ်။ အုန်းထိပ်ဖူးအနုလေးတွေကိုစားပြီး အားတင်းနေခဲ့ရသေးတယ်။ ကျန်တဲ့သူတွေလည်း အုန်းရည်သောက်ပြီး အသက်ဆက်ခဲ့ရတယ် ဟု လပွတ္တာမြို့နယ် ပြင်စလူမြို့နယ်ခွဲမှ မုန်တိုင်းဒဏ်မှ လွတ်မြောက်ခဲ့သူတစ်ဦးက ဆိုသည်။

ကျွန်မက သင်္ဃန်းကြီးကျေးရွာက ကျောင်းဆရာမတစ်ဦးပါ။ ရွာကတော်တော်များများကို သေဆုံးခဲ့ကြရပါတယ်။ အနီးအနားရွာလေးတွေကတော့ ပျောက်ထွက်သွားတယ်။ ကျွန်မတို့လည်း ဘုန်းကြီးကျောင်း ခေါင်မိုးပေါ် တက်နေရတယ်။ ခေါင်းပေါ်ကနေ သွပ်တွေ၊ သစ်သားချောင်းတွေ ကျော်ထွက်နေတယ်။ လေထဲမှာပါလာတဲ့ ၀ါးလုံးတွေလည်း လူကိုလာရိုက်တယ်။ အားတင်းပြီး ကိုင်ထားရတယ်။ လှိုင်းကလည်း လာရိုက်တယ်။ မခံနိုင်တဲ့သူဆို လွတ်ထွက်သွားပြီး မုန်တိုင်းထဲ ပါသွားပြန်တယ်။ တစ်ညလုံး မုန်တိုင်းဒဏ်ကို ခံလိုက်ရတယ်။ ကျွန်မတို့ရွာက ပင်လယ်နဲ့ နီးနီးလေး ပဲလေ။ နောက်နေ့ကျတော့လည်း ရွာမှာသောက်စရာ ရေမရှိ၊ စားစရာလည်းမရှိလို့ အုန်းရည်ပဲ သောက်နေရတယ်။ အဲဒီကနေတစ်ဆင့် ဒီကို ကုန်းကြောင်းလျှောက်လာတာ။ လမ်းမှာဆိုရင် သေဆုံးနေသူတွေ အများကြီးတွေ့ခဲ့ရတယ်။ ကျွန်မတို့ရွာမှာလည်း လေးပုံသုံးပုံလောက် သေမယ်လို့ ခန့်မှန်းရတယ်။ ကျွဲတွေလည်းသေတာ မနည်းဘူး။ ကျွန်မတို့နားက ရွေးရွာဆိုရင် ငါးယောက်လောက်ပဲ အသက်ရှင်တာ တွေ့ရတယ် ဟု လပွတ္တာမြို့နယ် သင်္ဃန်းကြီးကျေးရွာမှ ကျောင်းဆရာမတစ်ဦးက ဆိုသည်။

ကျွန်တော်က ရေဝေရွာကပါ။ မေလ ၂ ရက်နေ့ နေ့လည် ၂ နာရီ မုန်တိုင်းစ၀င်တယ်။ မမှောင်ခင်မှာ ကျွန်တော်တို့ရွာပျောက်သွားတယ်။ အားလုံးရေထဲ မျောပါသွားတယ်။ မိုးရေတွေကလည်း ငန်တယ်။ အသားတွေကို ထိရင် အရေပြားလန်ထွက်တယ်။ ကျွန်တော့်ကျောပြင်တစ်ခုလုံး အရေပြားတွေ လန်နေတယ်။ မိုးဒဏ်ကိုလည်းခံရ၊ လေဒဏ်ကလည်းပြင်း၊ လှိုင်းကလည်း အမြင့်ကြီးတွေလာတယ်။ ရေထဲမှာပဲ မျောနေတယ်။ ရေထဲမှာ သစ်ပင်တွေနဲ့ ဆောင့်မိသေးတယ်။ ကျွန်တော်သတိရတော့ ခြုံကြီးပေါ် တင်နေတာ တွေ့ရတယ်။ မုန်တိုင်းစတုန်းက မိသားစုကို လှေပေါ်တင်ထားတာ လှိုင်းက လှေကို အုပ်သွားတာ တွေ့လိုက်ရတယ်။ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တယ်ဗျာ။ တစ်ရွာလုံး၊ တစ်နယ်လုံး ဒီလိုပါပဲ။ မိသားစုလိုက်လွတ်မြောက်တာ မရှိသလောက်ပါပဲ။ ကျွန်တော်လည်း ရေနဲ့မျောသွားတာ ရေဝေရွာကနေ မျောတာ သံကြိုးဝိုင်းရွာရောက်တဲ့အထိပါပဲ။ ကျွန်တော့်အစ်ကိုနှစ်ယောက်ကတော့ ဆုံးပြီ ဟု ရေဝေကျေးရွာမှ အသက်ရှင်လွတ်မြောက်လာသူတစ်ဦးက ပြောပြခဲ့ပါသည်။

ကျွန်တော်တို့က ပြာမလော့မြစ်ကမ်းဘေးက ကနုကမာရွာကပါ။ လွှစာအုပ်စုထဲမှာ ပါတယ်။ မုန်တိုင်းက ၂ နာရီမှာ စ၀င်တယ်။ မုန်တိုင်းတိုက်ပြီး နှစ်နာရီ၊ သုံးနာရီပဲကြာတယ်။ တစ်ရွာလုံး အိမ်တွေကုန်သွားတယ်။ လှိုင်းက ပေ ၂၀ အထက်မှာ ရှိနေတယ်။ ကြေညာထားတာက ၁၂ ပေပဲ တက်မယ်တဲ့။ သေတဲ့အထဲမှာ ကလေးနဲ့ မိန်းမတွေက အများဆုံးပဲ။ ယောက်ျားတွေပဲ ရှင်တာများတယ်။ တစ်ရွာလုံးအော်နေကြတာ ကမ္ဘာပျက်နေသလိုပဲ။ လမ်းမှာတွေ့ရတယ်။ တစ်ချို့က နှစ်ယောက်တွဲ၊ တစ်ချို့က မိသားစုလိုက် ကြိုးနဲ့ တွဲလျက်သေနေတာ တွေ့ရတယ်ဗျာ ဟု လပွတ္တာမြို့နယ် ကနုကမာရွာမှ မုန်တိုင်းဘေးဒဏ်ခံခဲ့ရသူ တစ်ဦးက ရှင်းပြခဲ့သည်။

ကျွန်တော်က မြို့ခံဆရာဝန်တစ်ဦးပါ။ လူပေါင်း သုံးလေးသောင်းလောက် ဒီလိုပဲ နေ့တိုင်း မစင်စွန့်တာက နောက်ဆက်တွဲရောဂါကို ဖိတ်ခေါ်နေသလိုပါပဲ။ ဒါကို သတ်သတ်မှတ်မှတ် လုပ်ပေးဖို့ လိုပါတယ်။ နောက် ရေထဲမှာ အလောင်းတွေကိုလည်း မရှင်းလင်းရသေးတော့ အဲဒီကတစ်ဆင့် ရောဂါဖြစ်ပွားမှာလည်း အရမ်းစိုးရိမ်ပါတယ် ဟု ဒေသခံ ဆရာဝန်တစ်ဦးက ဆိုသည်။

( ၂၀၀၈ ခုနှစ် မေလ ၁၄ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၃)၊ အမှတ် (၃၀) မှ ပြန်လည် ကူးယူဖော်ပြပါသည် )

 
Web Statistics