Sunday, June 08, 2008

နာဂစ်ကသတိပေးခဲ့ခြင်း-ချစ်စံဝင်း


နာဂစ်က သတိပေးခဲ့ခြင်း
ချစ်စံဝင်း

မြန်မာနိုင်ငံတွင် မြစ်ဝကျွန်းပေါ်အောက်ပိုင်းနှင့် ရန်ကုန်မြို့သို့ ၀င်ရောက်တိုက်ခိုက်သွားသော နာဂစ်မုန်တိုင်းကြောင့် ဖြစ်ပေါ်လာရသော ခံစားမှုများက ပြင်းထန်လွန်း၊ ကြီးမားလွန်းသည်။ ကျွန်တော်တို့ အသက်(၇၀)သက်တမ်းတွင် တစ်ခါမှတစ်ခါဘူးမှ မကြုံဘူး။ ကျွန်တော်တို့၏ အဘိုးအဘွားတို့ကလည်း သူတို့သက်တမ်းတွင် ယခုလိုပြင်းထန်သော မုန်တိုင်းတစ်ခု ခံစားရဘူးသည်ဟု ကျွန်တော်တို့အား မပြောခဲ့ဘူးသဖြင့် လွန်ခဲ့သောအနှစ်(၁၀၀) (၁၅၀)အတွင်းလည်း မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော မုန်တိုင်းဖြစ်ပေါ်တိုက်ခတ်ခဲ့ဖူးခြင်းမရှိဟု ယူဆရသည်။ နှစ်ပေါင်း (၂၀၀၀)ကျော် ရှည်လျားသော မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့သော မုန်တိုင်းဖြစ်ပေါ်တိုက်ခတ်သည့် အမှတ်အသား တစ်စုံတစ်ရာ မတွေ့ရှိရပါ။
ကျွန်တော်တို့ခေတ် ကျွန်တော်တို့အခါတွင်မှ ဖြစ်ပေါ်ခံစားရသော မုန်တိုင်းကြီးဖြစ်၏။ တိုက်ခတ်ခံရသော ဒေသသည် မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသဖြစ်သည်။ ထိုဒေသတွင် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ပင်လယ်ရေ မြင့်တက်မှုနှင့် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော လှိုင်းဒဏ်ကိုပါ တစ်ပြိုင်နက် ခံကြရသည်။ တစ်နာရီ မိုင်(၁၂၀)နှုန်း တိုက်ခတ်သော လေဒဏ်အပြင် ပင်လယ်ရေ မြင့်တက်မှုနှင့် ပင်လယ်လှိုင်းရိုက်ခတ်မှုဒဏ်ကို တစ်စုတစ်ဝေးတည်း ခံစားလိုက်ရသောကြောင့် ခံစားချက် ပိုပြင်းပြီး အထိနာခဲ့သည်။ ပင်လယ်ရေပြင်မြင့်တက်လာကာ (၁၂)ပေ၊ လှိုင်းလုံးက (၁၂)ပေ ရှိသောကြောင့် အချို့နေရာများတွင် ရေက အုန်းပင်ထိပ်ဖျားအထိ ရောက်သည်။
နောက်တစ်ချက်က ကျွန်တော်တို့ ပြည်သူရော၊ အစိုးရနှင့် ဌာနဆိုင်ရာတို့ပါ ပြင်းထန်သော မုန်တိုင်း အတွေ့အကြုံမရှိ၍ ခံရတာလည်းပါသည်။ မုန်တိုင်းဖြစ်နေသည်။ မုန်တိုင်းလာနေသည်ကို မြစ်ဝကျွန်းပေါ်ကရော ရန်ကုန်ကပါ သိသင့်သလောက်သိ၏။ သို့သော် မုန်တိုင်းကြီးဝင်လာပါက ညိုသကြီးကို နှစ်တစ်လက်မနှင့် လွှဲရိုက်လိုက်သလို ခံစားရမည်ကို မသိကြ။ ဧရာဝတီတိုင်း မြောက်ဘက်သို့ ၀င်ရောက်ပြီး အားပျော့ပျက်ပြယ်သွားမည်ဟု ထင်မှတ်ကာ ရန်ကုန်သူ ရန်ကုန်သားက (၂-၅-၂၀၀၈)ရက်နေ့ ညဦးပိုင်းတွင် စားသောက်ဆိုင်မှာ ရှိသူက ရှိနေဆဲ။ ညကိုးနာရီခွဲ ရုပ်ရှင်ကို ကြည့်သူတို့က ကြည့်နေကြဆဲဖြစ်၏။ ကျွန်တော့်မိတ်ဆွေ (၃၄)လမ်းမှ အမျိုးသမီးတစ်ဦးက “ကျွန်မတို့လည်း အဲဒီညက (၉)နာရီခွဲပွဲ သွားကြည့်တာ (၁၂)နာရီလောက် ရုပ်ရှင်ရုံထဲက ထွက်လိုက်တော့ လေထဲ ထမီပါသွားလို့ မနည်းဆွဲထားပြီး ပြန်ပတ်ထားရတယ်” ဟု ဆိုပါ၏။ ရန်ကုန်က အဲသလောက်အထိ မုန်တိုင်းအပေါ် စိတ်ချလက်ချရှိခဲ့တာဖြစ်သည်။ နာဂစ်မုန်တိုင်းသည် ထိုနေ့ည (၁၂)နာရီတွင် ရန်ကုန်သို့ ၀င်ရောက်ကာ တစ်စစီချေမှုန်းဖျက်ဆီးခဲ့သည်။ မြစ်ဝကျွန်းပေါ်အောက်ပိုင်း ပင်လယ်ကမ်းခြေဒေသနှင့် ရန်ကုန်သို့ ၀င်ရောက်တိုက်ခိုက်ခဲ့သော မုန်တိုင်းက ပြင်းထန်လွန်းသည်။ လှိုင်းရော၊ လေရော၊ ရေရော၊ မိုးပါ ပါသည်။ ထို့ကြောင့် အသေအပျောက်လည်းများသည်။ အချို့သော ပြင်ပစာနယ်ဇင်းတို့က ဆူနာမီ တမျှ ရှိသည်ဟု ဆိုကြ၏။ ထို့ကြောင့်လည်း အနိုင်နိုင်ငံက ရေးကြီးသုတ်ပြာ အကူအညီများပေးကြ၏။ လူသားချင်း ညှာတာထောက်ထားစွာဖြင့် ပေးအပ်ကြသည်မှာ ၀မ်းသာစရာဖြစ်သည်။ ကျေးဇူးတင်ရမှာ ဖြစ်သည်။ အခြားအချိန်များထက် ယခုလို ဒုက္ခနှင့် ရင်ဆိုင်နေချိန်တွင် ပေးအပ်သည်က ကျေးဇူးကြီးမား လှသည်။
နိုင်ငံတော်ကလည်း ကြီးမားသော သဘာဝဘေးအန္တရာယ်၏ အနေအထားကိုကြည့်ကာ ချက်ချင်းစည်းဝေး တိုင်ပင်၍ ၀န်ကြီးချုပ်ကိုယ်တိုင် ကွပ်ကဲကာ ကနဦးအဆင့် မြန်မာကျပ်ငွေ (၅)ဘီလီယံ (သန်း ၅၀၀၀) အသုံးပြုမည်ဟု ကြေငြာပြီး သန်းပေါင်း ဘီလီယံ (၅၀)အထိ တိုးတက်သုံးစွဲခဲ့သည်ဟု ဆိုသည်။
ပြည်တွင်းရှိ အစိုးရမဟုတ်သော လူမှုဝန်ထမ်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့များ၊ စေတနာရှင် ကရုဏာရှင် အဖွဲ့များကလည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်းကူညီကြသည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် မိမိစီးပွားရေး၊ လုပ်ငန်းများကို ရပ်တန့်ထားပြီး မုန်တိုင်းဒဏ်ခံရသော ဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ သတ်သတ်မှတ်မှတ်တာဝန်ယူ ကူညီမှုတို့သည် သမိုင်းတွင် မှတ်သားထားရမည့် မမေ့နိုင်လောက်သည့် လုပ်ဆောင်မှုများ ဖြစ်ပါ၏။
မြန်မာတို့၏ အရေးကြီးလျှင် သွေးနီးသည်ဆိုသော စကားပုံအတိုင်း တိုင်းရင်းသား ညီအစ်ကိုများကလည်း စုပေါင်းလှူဒါန်းကြသည်။ မိမိတို့ဒေသထွက်ကုန်များကို လှူဒါန်းကြသည်။ ကုန်သည်များကပင် အမြတ်မယူဘဲ မုန်တိုင်းဒဏ်ခံနေရသော ဒေသသို့ ဈေးရင်းအတိုင်း တင်ပို့ရောင်းချသည်ကို တွေ့ကြရေသောအခါတွင်လည်း ၀မ်းသာကြည်နူးကြရပါသည်။ လူငယ်များကလည်း ၀မ်းသာကြည်နူး ကြရပါသည်။ လူငယ်များကလည်း လူငယ်များအလျောက်၊ ကျောင်းသားများ၊ သက်တူရွယ်တူ လူထုများ၊ လူလတ်ပိုင်းရော လူကြီးပိုင်းပါ ငွေကြေးစုဆောင်း၍ စုဆောင်းရရှိသမျှသော ပစ္စည်းအိုးခွက်စားစရာများပါ မကျန် မုန်တိုင်းဘေးဒဏ်ခံရသောဒေသသို့ ကိုယ်တိုင်ကိုယ်ကျပြေးကာလွှားကာ သွားပို့ကြ၊ လှူကြတန်းကြသည်ကို နေရာတကာတွင် တွေ့ကြရသည်မှာလည်း ၀မ်းသာအားရ ကြည်နူးဖွယ် ဖြစ်ရသည်။ နာဂစ်မုန်တိုင်း၏ တိုက်ခတ်မှုကား ပြင်းထန်လှ၏။ အသေအပျောက်လည်း များပြားသည်။ အပျက်အစီး အဆုံးအရှုံးလည်း ကြီးမားသည်။ ထို့ကြောင့် မုန်တိုင်းဒဏ်ခံစားမှုကို ကုစားပေးရတာကလည်း ကြီးမားကျယ်ပြန့်သည်။ အသေးစိတ်တာလေးများလည်း ရှိပြီး ကာလတာရှည်စွာ ကုစားပေးရမည့် ခံစားမှုကြီးဖြစ်သည်။ ဤအချက်ကို မမေ့ရန်လိုအပ်သည်။ မမေ့ရန်လိုသည့်အချက်က ဘာလဲဆိုတော့ ကုစားရတာ တာရှည်မည် ဆိုသော အချက်ဖြစ်၏။ ယခုသွေးပူတုန်းတော့ မုန်တိုင်းဒဏ်ခံဒေသသို့ ပြေးပို့လိုက်ကြ၊ အတွေ့အကြုံလေးများကို ပြောလိုက်ကြနှင့် ရေရှည်တွင် ကူညီသူတို့ လက်ပန်းမကျရန် လိုသည်။ နိုင်ငံတကာအကူအညီဆိုသည်မှာ ရေရှည်မျှော်လင့်အားထားနေ၍ မရ။ ရေရှည်တွင် ကိုယ့်အားကိုယ်ကိုးကြရမှာဖြစ်၏။ ထို့ကြောင့် ကူညီမှု၊ လှူဒါန်းမှုများ ကာလကြာကြာ ကူညီဖို့၊ ကူညီကြသော ပစ္စည်းများ အလေအလွင့်မဖြစ်ဖို့ ကူညီမှုများ မမျှတဖြစ်တာမျိုး၊ အချို့နေရာများတွင် ကူညီမှုတွေများနေပြီး အချို့နေရာများတွင် နည်းနေတာမျိုး မဖြစ်ရန် လိုအပ်၏။ ကူညီမှု ပြန်လည်ထူထောင်မှုပြုရာတွင် မုန်တိုင်းဒဏ်ခံပြည်သူတို့၏ (က) စားရေးနှင့်ဝတ်ရေး (ခ) ပြီးပါက သူတို့အတွက် နေရေးကိစ္စများကို ဦးစားပေး ကူညီကြရမည်ဖြစ်သည်။ လောလောဆယ် စားဖို့ဝတ်ဖို့က ထိပ်တန်းဦးစားပေးဖြစ်သည်။ ဒီ ကိစ္စများပြီးမှ တတိယ အရေးကြီးတာ မုန်တိုင်းဒဏ်ခံရသော ပြည်သူတို့၏ ပြန်လည်ထူထောင်ရေးဖြစ်သည်။
မုန်တိုင်းဒဏ်ခံရသော ပြည်သူတို့၏ ပြန်လည်ထူထောင်ရေးကိစ္စသည် အခက်ခဲဆုံးဖြစ်၏။ ထိုအချိန်တွင် ပြည်ပအကူအညီဆိုတာလည်း ရှိချင်မှ ရှိတော့မည်ဖြစ်၏။ ဆိုးဆိုးဝါးဝါး သဘာဝဘေးဒဏ်ခံရသူတို့ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုတာက ကျွမ်းကျင်မှုလိုသည်။ စေတနာ အနစ်နာခံဖို့ လိုသည်။ အချက်အလက် ကိန်းဂဏန်းများလိုသည်။ ကျေးရွာဘယ်နှရွာ မုန်တိုင်းဒဏ်ခံရသည်။ ရွာတစ်ခုချင်းစီ၏ လူဦးရေ၊ သေဆုံးမှု၊ ကျန်ရှိလူဦးရေ၊ ကျွဲနွားစာရင်း၊ လယ်ယာထွန်တုံး၊ ထွန်တံစာရင်းကအစ မုန်တိုင်းဒဏ် ခံဒေသ မြေအကျယ်အ၀န်း၊ ဧက၊ ထိုဒေသ၏ ထွက်ရှိသီးနှံအမျိုးအစားကအစ စာရင်းဇယား လိုအပ်သည်။ နာဂစ်မုန်တိုင်းဒဏ်ခံရသော နယ်မြေများ ပြန်လည်ထူထောင်ရေး ၀န်ကြီးဌာန (သို့မဟုတ်) သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေးဝန်ကြီးဌာနမျိုး ဖွဲ့စည်းသင့်ကလည်း ဖွဲ့စည်းလုပ်ဆောင်ကြရမည်ဖြစ်၏။
အချို့သော ပြည်တွင်းပြည်ပကုမ္ပဏီများ၊ အဖွဲ့အစည်းများအား ကျေးရွာများကို သတ်သတ်မှတ်မှတ် တာဝန်ယူစေ၍ ပြန်လည်ထူထောင်ရေးလုပ်ကြရန် လိုပါသည်။ ပြည်သူတို့၏ အကြံပြုချက်များကိုလည်း တောင်းခံသင့်သည်။ ကမ္ဘာကြီးသည် ပိုမိုပူနွေးလာသည်နှင့်အမျှ ရာသီဥတုကလည်း ပြောင်းလဲလျက်ရှိရာ နာဂစ်ကဲ့သို့သော ဆိုးဝါးသည့် အခြားသော သဘာဝဘေးအန္တရာယ်များကိုလည်း မျှော်လင့်ထားရန် လိုအပ်သည်။ ကမ္ဘာပေါ်ရှိ သမုဒ္ဒရာကြီးများ၏ ရေမျက်နှာပြင်သည် တစ်မီတာမျှ မြင့်တက်လာရန် မဝေးတော့ပြီဟု တွက်ချက်ထားကြရာ လူသားတို့ ပင်လယ်သမုဒ္ဒရာ ကမ်းစပ်တွင် မြို့ကြီးပြကြီးများ ထူထောင်ရန် သင့်မသင့်၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ ရွှေ့ပြောင်းထားမှုများ ပြုသင့်မပြုသင့်မှ အစ ကျွန်တော်တို့ စဉ်းစားလာရတော့မည် ဖြစ်ပါ၏။ ထိုအချက်များကို စဉ်းစားရန် နာဂစ်က သတိပေးခဲ့ပြီ ဖြစ်၏။
ဘဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စများ၊ ကမ္ဘာကြီးပူနွေးလာမှုကိစ္စ၊ ရေတိမ်ဒေသထိန်းသိမ်းရေး၊ မွန်ဆွန်း မုတ်သုံသစ်တောကြီးများ ထိန်းသိမ်းရေး၊ ဒီရေတောများ ထိန်းသိမ်းရေးစသော ကိစ္စများမှအစ ကျွန်တော်တို့ စဉ်းစားစရာကိစ္စများစွာကို နာဂစ်က သတိပေးခဲ့ပြီဟု တင်ပြရပါသည်။

(၂၀၀၈ ခုနှစ် မေလ ၃၀ ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၁)၊ အမှတ် (၈၃)မှ
ပြန်လည်ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment

 
Web Statistics