Saturday, November 06, 2010
7 November 2010
Posted by Ko Nyan Posted Time 8:03 AM 2 Comment(s)
Labels 2010, Myanmar, Political, နိုင်ငံရေး
Monday, November 01, 2010
November ရောက်လေပြီ
အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံး၊ တစ်လပြီးတစ်လ ဖြတ်သန်း၊ တစ်နှစ်ပြီးတစ်နှစ် ပြီးဆုံးသွားတာဟာ အထူးအဆန်းကိစ္စတော့ မဟုတ်ပါဘူး။ ပြက္ခဒိန်စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက် ကုန်ဆုံးသွားလိုက်တာ အခုဆိုရင် ၂၀၁၀ ပြည့်နှစ်ရဲ့ နိုဝင်ဘာလကိုတောင် ရောက်လာခဲ့ပါပေါ့။
နိုဝင်ဘာလဆိုတာ အင်္ဂလိပ်ပြက္ခဒိန်ရဲ့ ၁၁ ခုမြောက် “လ” ပေါ့။ ဘာမှ မထူးဆန်းပါဘူး။ အဲ... အဲဒီလက မထူးဆန်းပေမယ့် အဲဒီလအတွင်းမှာ ရေးထိုးကြမယ့် သမိုင်းမှတ်တမ်းတွေ၊ အဖြစ်အပျက်တွေ၊ ပုံရိပ်တွေကတော့ စိတ်ဝင်စားစရာတွေ၊ ပျော်ရွှင်စရာတွေ၊ တသသဖြစ်စရာတွေ၊ စတဲ့စတဲ့ ရင်ခုန်မှုများစွာနဲ့ အသက်ဝင်နေမှာပါ။ နောင်တစ်ချိန်မှာ သမိုင်းမှတ်တမ်း တွင်ကျန်ရစ်ဦးမှာပါ။
စကားတွေမရှည်ဘဲ လိုရင်းကို ပြောကြရအောင်ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလဟာ စိတ်ဝင်စားစရာအတိ၊ စိတ်လှုပ်ရှားစရာ အတိပြီးတဲ့ လတစ်ခု ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲ? လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီရွေးကောက်ပွဲကြီး ကျင်းပမယ့် အခါသမယ ဖြစ်လို့ပါပဲ။ စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မ၀င်စားသည်ဖြစ်စေ ၂၀၁၀ ပြည့်နှစ်ရဲ့ နိုဝင်ဘာလဟာ ကျွန်တော်တို့ မြန်မာတွေအတွက်တော့ သမိုင်းမှတ်တိုင်တစ်ခုကို အခိုင်အမာ စိုက်ထူတော့မှာ အသေအချာပါပဲ။ လက်ရှိမှာ နိုင်ငံတော်တာဝန်ကို ယူထားရတဲ့ တပ်မတော်အစိုးရက ကြီးမှူးကျင်းပပေးမယ့် ဒီရွေးကောက်ပွဲကြီးကို နိုင်ငံတကာကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲပြောနေပါစေ... ဒီရွေးကောက်ပွဲဟာ မြန်မာတွေအတွက်တော့ အလှည့်အပြောင်းတစ်ခုပါပဲ။
ကာလကြာရှည် အုပ်ချုပ်ရေးစနစ်တစ်မျိုးနဲ့ အုပ်ချုပ်လာခဲ့ရာက ရွေးကောက်ပွဲအပြီးမှာ ပေါ်ပေါက်လာမယ့် လွှတ်တော်တွေကတစ်ဆင့် အုပ်ချုပ်ရေးစနစ်သစ်တစ်မျိုးနဲ့ ပြောင်းလဲအုပ်ချုပ်တော့မှာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် အကျိုးရှိတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်မဖြစ်ဆိုတာက ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် အမတ်တွေအပေါ်မှာ မူတည်ပါတယ်။ သူတို့တွေရဲ့ စေတနာမှန်နဲ့ ကြိုးစားမှုတွေသာ ဖြစ်တည်ခဲ့မယ်ဆိုရင် မြန်မာပြည်သူတွေအတွက် တိုးတက်ဖွံ့ဖြိုးမှု အသီးအပွင့်တွေ ခံစားလာရမယ်လို့ ယုံကြည်ပါတယ်။
အဲဒီလို ယုံကြည်ဖို့အတွက် မဲပေးခွင့်ရှိတဲ့ ပြည်သူတွေအားလုံး မိမိတို့အကျိုးစီးပွားကို အမှန်တကယ် ထမ်းဆောင်ပေးနိုင်တယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲပေးရွေးချယ်ကြဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်တော့ မဲမပေးဘူး၊ ဘေးထိုင်ဘုပြော လုပ်နေပြီးကာမှ တက်လာတဲ့အစိုးရကို မကောင်းဘူးပြော၊ အပုပ်ချမယ်ဆိုရင်တော့ မဲပေးခဲ့တဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကို စော်ကားရာ ရောက်ပါလိမ့်မယ်။ ဒီမိုကရေစီရဲ့ သဘောသဘာဝအရ လူအများစုက ရွေးကောက်တင်မြှောက်လိုက်တဲ့သူကို မိမိသဘောမကျလျှင်သော်မှ လက်ခံပေးရပါလိမ့်မယ်။ အမေရိကန်သမ္မတ အိုဘားမားကို အမေရိကန် တစ်နိုင်ငံလုံးက ကြိုက်နှစ်သက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အများစုက လက်ခံသဘောကျတဲ့အတွက် သူ့ကို သမ္မတအဖြစ် အသိအမှတ်ပြု လက်ခံရပါတယ်။ ဒါဟာ... ဒီမိုကရေစီရဲ့ သဘောသဘာဝပါပဲ။
ကိုယ်တိုင် မဲပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အများပြည်သူရဲ့ မဲပေးရွေးချယ်မှုအရ ဖြစ်ပေါ်လာမယ့် အမတ်တွေ၊ လွှတ်တော်တွေ၊ အကြီးအကဲတွေနဲ့ အစိုးရသစ်ကိုတော့ လက်ခံအသိအမှတ် ပြုပေးရပါလိမ့်မယ်။
သင်ကြိုက်တဲ့လူကို သင် မဲပေးနိုင်တဲ့ အခွင့်အရေး သင့်လက်ထဲမှာ ရှိနေပါတယ်။
မြန်မာ့သမိုင်းရဲ့ အထင်ကရ မှတ်တိုင်တစ်ခုမှာ ကိုယ်တိုင်ပါဝင် မဲထည့်ခဲ့တယ်ဆိုတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို အသုံးချနိုင်ခွင့် သင့် လက်ထဲမှာ ရှိနေပါတယ်။
မဲပေးဖို့ ဘယ်လောက်မှ မလိုတော့ပါဘူး။ ဘယ်သူ့ကို ရွေးချယ်ပြီး မဲပေးမလဲဆိုတာ ဆုံးဖြတ်ထားပါတော့။ ဘယ်သူတွေဟာ တကယ် အလုပ်လုပ်နေသလဲ၊ ဘယ်သူတွေဟာ ပြည်သူ့အကျိုးကို လိုလားသလဲ။ အရွေးမမှားဘဲ မှန်မှန်ကန်ကန်ဖြစ်အောင် လေ့လာပါ၊ စုံစမ်းပါ၊ မဲထည့်ပါ။ ကိုယ်မသိတဲ့ လူတစ်ယောက်ကို သူကတော့ ကောင်းအောင်လုပ်ပေးမယ် ထင်ပါရဲ့ဆိုပြီး မဲမထည့်မိပါစေနဲ့။ သူ့အကြောင်းကို သေသေချာချာ သိမှသာ မဲထည့်ပေးပါ။
ကဲ... မဲထည့်ဖို့ ပြင်ဆင်ဆုံးဖြတ်ထားကြရအောင်ပါ။
Posted by Ko Nyan Posted Time 6:04 AM 5 Comment(s)
Labels 2010, Political, မြန်မာ-Myanmar, နိုင်ငံရေး
Tuesday, September 07, 2010
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ
- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
- အမျိုးသားဒီမိုကရေစီအင်အားစု
- ဒီမိုကရက်တစ်ပါတီ (မြန်မာ)
- ခေတ်သစ်ပြည်သူ့ပါတီ
- ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ
- အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ
- ပြည်ထောင်စု ဒီမိုကရေစီပါတီ
- ကရင်ပြည်သူ့ပါတီ
- ချင်းတိုးတက်ရေးပါတီ
- ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
- ကမန်အမျိုးသားတိုးတက်ရေးပါတီ
- ၀ံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ)
- အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ
- မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ (မ.ခ.မ.ည.ဖ)
- လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
- ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ
- ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
- ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ
- ကယန်းအမျိုးသားပါတီ
- "၀" အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ
- ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်
- တအာင်း (ပလောင်) အမျိုးသားပါတီ
- ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)
- ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)
- ချင်းအမျိုးသားပါတီ
- မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
- အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ
- "၀" ဒီမိုကရက်တစ်ပါတီ
- ဖလုံ - စဝေါ်ဒီမိုကရက်တစ်ပါတီ
- တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ
- ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ
- မြန်မာဒီမိုကရေစီကွန်ဂရက်
- မြိုတိုင်းရင်းသားပါတီ
- ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်)
- မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
- မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု
- ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်
- စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)
- အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်
- မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
- ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
Posted by Ko Nyan Posted Time 9:35 AM 0 Comment(s)
Labels 2010, သတင်း-News
Saturday, August 14, 2010
လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များ သတ်မှတ်ကြေညာပြီ
| (က) | လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင် တင်သွင်းနိုင်သည့် နေ့ရက် | ၁၃၇၂ ခုနှစ်၊ ၀ါခေါင်လဆန်း ၆ ရက် (၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၆ ရက်) |
| (ခ) | လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက် | ၁၃၇၂ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၅ ရက် (၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၃၀ ရက်) |
| (ဂ) | လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ရက် | ၁၃၇၂ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၁၂ ရက် မှ တော်သလင်းလဆန်း ၂ ရက်အထိ (၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၆ ရက် မှ ၁၀ ရက်အထိ) |
| (ဃ) | လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက် | ၁၃၇၂ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၉ ရက် (၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်) |
Posted by Ko Nyan Posted Time 10:56 AM 0 Comment(s)
Labels 2010, Myanmar, news, Political, သတင်း-News, နိုင်ငံရေး
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် သတ်မှတ်ကြေညာပြီ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
ကြေညာချက်အမှတ် (၈၉/၂၀၁၀)
၁၃၇၂ ခုနှစ်၊ ၀ါခေါင်လဆန်း ၃ ရက်
(၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၃ ရက်)
လွှတ်တော် အသီးသီးအတွက်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ
ကျင်းပမည့်နေ့ရက် သတ်မှတ်ကြေညာခြင်း
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
Union Election Commission
Nay Pyi Taw
Notification No. 89/2010
3rd Waxing of Wagaung, 1372 ME
(13 August 2010)
Sd/Thein Soe
Chairman
Union Election Commission
Posted by Ko Nyan Posted Time 10:32 AM 0 Comment(s)
Labels 2010, news, Political, မြန်မာ-Myanmar, သတင်း-News, နိုင်ငံရေး
Wednesday, August 04, 2010
ရွေးကောက်ပွဲဝင်မည့်သူများ၏ စကားသံအချို့
| “....... မဲရုံကိုလည်း သွားရမယ်၊ မဲလည်း ပေးရမယ်။ ကုန်ကုန်ပြောရရင် ခင်ဗျားတို့ကိုယ်၌က နိုင်ငံအရေး၊ တိုင်းပြည်အရေး စိတ်ဝင်စားလို့ ဒီဆွေးနွေးပွဲ ရောက်နေတာ။ ပြည်နယ်တိုင်းမှာရှိတဲ့ လူတွေအများကြီးထဲမှာ ခင်ဗျားတို့ အရည်အချင်းရှိလို့ ခုလို လာဆွေးနွေးနိုင်တာ။ နောက်ဆုံး ကျွန်တော်ပြောချင်တာက ကိုယ့်ဒေသမှာ ခင်ဗျားတို့ မဲပေးရမယ့်လူကို ကြည့်လိုက်၊ ကိုယ်မဲပေးရမယ့်လူက ကိုယ့်လောက်မှ အရည်အချင်း မရှိဘူးဆိုရင်၊ ဘယ်သူမှ လုပ်မယ့်လူ မရှိဘူးဆိုရင် ခင်ဗျားတို့အရပ်၊ ခင်ဗျားတို့နယ်အကျိုး ခင်ဗျားတို့မှ မသယ်ပိုးရင် ဘယ်သူက ဘာသယ်ပိုးမှာလဲ” ဒီစကားပြောတော့ သူတို့သဘောပေါက်သွားတယ်။ ဒါနဲ့ ဒီနက်ဝပ်လေး (တစ်သီးပုဂ္ဂလနက်ဝပ်) ဖြစ်လာတာပါ။ နောက်ပြီးတော့ တပ်မတော်က ၂၅ ရာခိုင်နှုန်း ယူထားတဲ့ကိစ္စလည်း ရှင်းပြရတယ်။ ကျွန်တော်တို့ နိုင်ငံမှာမို့ ၂၅ ရာခိုင်နှုန်းပဲ ရှိတာ။ အင်ဒိုနီးရှားမှာဆိုရင် တပ်မတော်က ရာခိုင်နှုန်း ၆၀ ယူထားတာ။ ရွေးကောက်ပွဲလုပ်တဲ့အခါ သူတို့နိုင်တာပဲ။ ဒါပေမယ့် အခု အင်ဒိုနီးရှားက ဒီမိုကရေစီဖြစ်နေပြီ။ သူတို့က ၁၉၉၈ ကမှ ပြောင်းတာ။ အခု သူတို့ပြည်သူတွေ နိုင်ငံရေးအသိ ကျွန်တော်တို့ထက် ကြွယ်ဝနေပြီ။ သူတို့တောင် ရာခိုင်နှုန်း ၆၀-၄၀ လက်ခံနိုင်သေးတာ။ ကျွန်တော်တို့ဆီမှာ ၂၅ ရာခိုင်နှုန်းပဲ ရှိတယ်။ သူတို့ဆီမှာ ဒီမိုကရေစီပြန့်ပွားရေးနဲ့ ပတ်သက်ပြီး ကျောင်းတွေမှာ နယ်ရောတောပါမကျန် ဖြန့်ဝေပေးတယ်။ ပြည်သူနဲ့တပ်မတော် တစ်ပြေးညီ လိုက်နိုင်တယ်။ အခု အင်ဒိုနီးရှားဆိုရင် အရမ်းတိုးတက်နေပြီ။ ဘာလီကျွန်းဆိုရင် နာမည်ကြီးပဲ။ အင်တာနေရှင်နယ် လေကြောင်းလိုင်း ရှိတယ်။ ဟိုတယ်တွေ၊ ပို့ဆောင်ရေးလုပ်ငန်းတွေမှာ နိုင်ငံခြားသားတွေ စည်ကားနေတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းနေတယ်။ လမ်းတွေက ရှစ်လမ်းသွား၊ ၁၀ လမ်းသွားတွေနဲ့ အားကျစရာ ကောင်းတယ်။ သူတို့လို ကျွန်တော်တို့ မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ ဘာလီအလှက ကျွန်တော်တို့ ငပလီကို မမီဘူး။ ........ ............... နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ပတ်သက်ပြီး ပြောချင်တာက ဒီနေ့ ဖြစ်နေတာက ဘယ်သူမပါလို့၊ ဘယ်ပါတီမပါလို့ဆိုတဲ့ အစွဲအလမ်းက အင်မတန် ကြီးမားနေတယ်။ အဲဒီဖိအားကို ကျွန်တော်တို့က အထိုက်အလျောက် ပြေလျော့စေချင်တယ်။ ဒါကြောင့်လည်း ပြည်တွင်းမှာ အစဉ်အလာရှိတဲ့ လူတွေပါအောင် တတ်နိုင်သမျှ ကြိုးစားနေတယ်။ အစိုးရကတော့ သူ့လမ်းကြောင်းအတိုင်း သွားမှာပဲ။ ဘယ်သူမပါလို့၊ ဘယ်ဝါမပါလို့ဆိုတာ မရှိဘူး။ ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းမှာ ဦးသုဝေတို့လို ပုဂ္ဂိုလ်မျိုး ပါလာခြင်းအားဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားမှာ မျက်နှာပြ လှမယ်။ ဒါဆိုရင် ထိုးနှက်ချက်တွေ အထိုက်အလျောက် လျော့သွားနိုင်တယ်။ ဒီလိုလျော့သွားမှ ပြည်သူလူထုအတွက် နိုင်ငံရေးအပြောင်းအလဲကို ဖန်တီးနိုင်သလို စီးပွားရေးအခွင့်အလမ်းတွေလည်း ပွင့်လန်းလာမယ်။ နိုင်ငံတကာ ငွေကြေးတွေရရင် ကျွန်တော်တို့တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ထိထိရောက်ရောက် သုံးစွဲသွားနိုင်မယ်လို့ သုံးသပ်မိတယ်” |
| “............ ဒီမိုကရေစီနဲ့ ပတ်သက်လို့ ချက်ချင်းမရနိုင်ဘူး။ ဒီမိုကရေစီကို တစ်ဆင့်ချင်း သွားမှရမယ်။ ခုရေတွင်းတူး ခုရေကြည်သောက်လို့တော့ ရမှာမဟုတ်ဘူး။ လက်ရှိပါတီမှာ ဦးဆောင်နေတဲ့သူတွေက အရွယ်လွန်သူတွေများတယ်။ ဒါကြောင့် မျိုးဆက်သစ် လူငယ်တွေကို လက်ဆင့်ကမ်းပေးဖို့ သူတို့ကို ပြုစုပျိုးထောင်ပေးရမယ်။ .......... ” |
| “...... ပထမအချက်က ရွေးကောက်ပွဲမှာ မျှမျှတတနဲ့ စနစ်တကျဖြစ်ဖို့ လိုတယ်။ ဒုတိယအဆင့်က အာဏာအလွှဲအပြောင်းမှာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဖြစ်လို့လိုပါတယ်။ သိပ်လောကြီးစရာ အကြောင်းမရှိပါဘူး။ စည်းရုံးရေးကာလမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ပါတီနဲ့တစ်ပါတီ အထင်အမြင် လွဲမှားစရာတွေ ဖြစ်မှာစိုးတယ်။ အချို့ပါတီတွေ အလွန်အကျွံ စည်းရုံးရေးဆင်းတာ သိပ်မဖြစ်စေချင်ဘူး။ တို့လည်း နိုင်ချင်တာပဲ။ ဒါပေမယ့် စည်းစနစ်တို့၊ ကိုယ့်ကျင့်တရားတို့ ဆိုတာရှိတယ်။ ဒါတွေကို ဂရုမစိုက်ဘူးဆိုရင် သမိုင်းမှာ မှတ်တမ်းကျန်ရစ်ခဲ့မှာပဲ” |
Posted by Ko Nyan Posted Time 4:04 PM 1 Comment(s)
Labels 2010, Political, နိုင်ငံရေး
Tuesday, July 20, 2010
ဒီမိုကရေစီ မော်ဒန်ဖြစ်ရေး ၁၁ ပါး - မောင်စူးစမ်း
ပေါ်ထွန်းမည့် နိုင်ငံရေးစနစ်သစ်တွင် ဒီမိုကရေစီမော်ဒန်ဖြစ်ရန် မည်သည့်အခြေအနေများ လိုအပ်ပါသနည်းဟု မေးခွန်းထုတ်စရာ ပေါ်သည်။ ဒီမိုကရေစီ၌ ရှေးဟောင်း ၂၀ ရာစုနှစ်နှင့် ၂၁ ရာစုနှစ်တို့ဟူ၍ ပုံစံအမျိုးမျိုးရှိလေရာ ထူထောင်မည့် ဒီမိုကရေစီသည် ခေတ်ရေစီးကြောင်းနှင့်အတူ မော်ဒန်ဖြစ်ဖို့ လိုသည်။ ချမှတ်ရရှိထားသော နိုင်ငံရေးပုံစံခွက်၌ အောက်ပါလက္ခဏာတို့ ပါဝင်သည်။
- နိုင်ငံရေးစနစ်တွင် အရပ်ဘက်ကိုယ်စားပြုမှုနှင့် စစ်ဘက်ကိုယ်စားပြုမှုတို့ဟူ၍ စုံတွဲပါရှိရာ သီအိုရီအရ ဤကိုယ်စားပြုမှုနှစ်ရပ်သည် ချိန်ခွင်လျှာမှန်ရမည်။
- လွှတ်တော်သုံးရပ် နိုင်ငံရေးဖြစ်မည်။
- ပါတီစုံနိုင်ငံရေးစနစ်ဖြစ်မည်။
- အာဏာရပါတီဆိုပြီး ရွေးကောက်ပွဲတွင် မျက်နှာစာတစ်မျိုး ပေါ်မည်။ (၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အာဏာရပါတီဆိုပြီး မရှိခဲ့ပေ။ ယခု အာဏာရအဖွဲ့က နိုင်ငံရေးပါတီ ဖွဲ့စည်းလာသည်။)
ထို့ကြောင့် အထက်ပါလက္ခဏာလေးပါးရှိသော နိုင်ငံရေးပုံစံခွက်ကို ခေတ်မီသော ဒီမိုကရေစီဖြစ်အောင် (မော်ဒန်ဒီမိုကရေစီဖြစ်အောင်) မည်ကဲ့သို့ ဖန်တီးမည်နည်းဟူသော အရေးကြီးသည့် ပုစ္ဆာတစ်ရပ် ပေါ်သည်။ ဒီမိုကရေစီဟုပြောရုံဖြင့် မလုံလောက်။ ဒီမိုကရေစီသည် မော်ဒန်ဖြစ်ရဦးမည်။
လိုအပ်ချက် ၁၁ ပါး
မော်ဒန်ဒီမိုကရေစီဖြစ်ရေးအတွက် ဟားဗတ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံပညာရှင် ဘားနက်ခရစ်က လိုအပ်ချက် ၁၁ ပါးကို ရှင်းပြသည်။ ဤလိုအပ်ချက် ၁၁ ပါးသည် မြန်မာ့ဒီမိုကရေစီပုံစံခွက်နှင့် မည်သို့အံကိုက်ဖြစ်သနည်းဟု လက်တွေ့ကျကျ စဉ်းစားသုံးသပ်ရန် လိုသည်။
ဒီမိုကရေစီ မော်ဒန်ဖြစ်ရေးအတွက် အောက်ပါလက္ခဏာများ လိုအပ်သည်။
- နိုင်ငံသားတို့၏ ဆန္ဒအလျောက် ပါဝင်ပတ်သက်မှုရှိရမည်။
- သစ္စာခံမှုသည် ဆန္ဒအလျောက် ဖြစ်ရမည်။ ဘာသာရေးနှင့် ကင်းရှင်းရမည်။ အာဏာကျင့်သုံးသည့်ဖြစ်ရပ်သည် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့ကြား ထားရှိသော ပဋိညာဉ်အရ ဖြစ်ရမည်။
- လူလတ်တန်းစား ပေါ်ထွန်းအားကောင်းရမည်။
- အထက်လွှာအီလစ် ရှိရမည်။ အီလစ်သည် တည်ငြိမ်မှုကို ထိန်းသည်။ ခေတ်ကို ရှေ့ဆောင်သည်။
- စံနမူနာပြ အစိုးရအဖွဲ့အစည်းများ ရှိရမည်။ အထူးသဖြင့် လွှတ်တော်ရှိရမည်။
- စီးပွားရေးစနစ် အမျိုးအစားသည် ဈေးကွက်စီးပွားရေး (၀ါ) အရင်းရှင်စနစ် စီးပွားရေးဖြစ်ရမည်။
- ပစ္စည်းဆိုင်ရာ သီအိုရီတို့တွင် ပုဂ္ဂလိကပိုင်ဆိုင်မှုကို အားပေးရမည်။ ပစ္စည်းသည် လှုပ်ရှားလာသော မိုဘိုင်းလ်ဖြစ်ရမည်။
- ဥပဒေအပေါ် သဘောထားတွင် ဓလေ့ထုံးတမ်းဥပဒေနှင့် ဥပဒေပြုအဖွဲ့မှ ပြဋ္ဌာန်းသော ဥပဒေတို့ဟူ၍ ရှိနေရာ ဥပဒေအသစ်တို့ကို ပါလီမန်လွှတ်တော်က ပြဋ္ဌာန်းစေရမည်။
- ပညာနှင့်ပတ်သက်သော သဘောထားတွင် ပညာသည် ခွဲခြမ်းစိတ်ဖြာမှုရှိရမည်။ ပညာသည် နိုင်ငံရေးပါဝါ၏ လက်နက်ကိရိယာ မဖြစ်စေရ။
- သတင်းအချက်အလက်တို့သည် ပျံ့နှံ့ရမည်။ ကြေညာချက်တို့က သတင်းဖြစ်သည်ထက် စာနယ်ဇင်းတို့က သတင်းဖြစ်ရမည်။
- ဒီမိုကရေစီတွင် ညှိနှိုင်းရေးကို အားထားရမည်။
ဒီမိုကရေစီမော်ဒန်ဖြစ်ရန် အထက်ဆိုခဲ့ပါ လက္ခဏာများ ပြည့်စုံရန်လိုသည်။
အညွှန်း - Harvard Series
***********************
ရန်ကုန်တိုင်း(မ်)တွင် ဖော်ပြပါရှိခဲ့သော ဒီမိုကရေစီမော်ဒန်ဖြစ်ရေး ၁၁ ပါးကို ဤနေရာတွင် ပြန်ဖတ်နိုင်ပါသည်။
Posted by Ko Nyan Posted Time 10:29 AM 0 Comment(s)
Labels 2010, Political, နိုင်ငံရေး
Monday, July 05, 2010
ရွေးကောက်ပွဲ၌ ဘာတွေရောစပ်မလဲ၊ ကလီချေပြဿနာ - မောင်စူးစမ်း
ပေါ်ပေါက်နေသည့် မြန်မာ့နိုင်ငံရေးစနစ်သစ်သည် အချက် (၃)ချက်တွင် အလေးပေးထားသည်။ ၎င်းတို့မှာ (၁) နိုင်ငံရေးစနစ်သစ်တွင် စစ်ဘက်မှ ပါဝင်ပတ်သက်မှုရှိမည်။ တစ်နည်းပြောရလျှင် စစ်ဘက်မှ စပွန်ဆာပြုသော ဒီမိုကရေစီဖြစ်သည်။ (၂) လွှတ်တော်သုံးရပ်ရှိမည်။ (၃) ပါတီစုံစနစ် ဖြစ်သည် တို့ဟူ၍ ဖြစ်သည်။
စိတ်ကူးအရ၊ သီအိုရီအရ လွှတ်တော်သုံးရပ်စနစ်ဖြင့် အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေးသည် ချိန်ခွင်လျှာမျှနေမည်သာ ဖြစ်သည်။ စစ်ဘက်ကိုယ်စားပြုမှုမှာ ၂၅ ရာခိုင်နှုန်း အလိုလိုရရှိနေ၍ အရပ်ဘက်ကိုယ်စားပြုမှုကို ရွေးကောက်ပွဲဖြင့် အဆုံးအဖြတ်ပေးတော့မည်။
ပုဂ္ဂိုလ်-အိုင်ဒီယာ-အင်စတီကျူးရှင်း
လွှတ်တော်သုံးရပ်အပြင် ပြည်နယ်၊ တိုင်းလွှတ်တော်တို့လည်း ရှိဦးမည်ဖြစ်၍ ပေါ်ထွန်းမည့် နိုင်ငံရေးစနစ်ကို ရှုပ်ထွေးသောစနစ် Complex System အဖြစ် နားလည်ရပေမည်။ ရိုးစင်းလွယ်ကူသောစနစ် Simple System မဟုတ်ပေ။ ထို့ကြောင့် ရှုပ်ထွေးသောစနစ်ကို ချောချောမောမောဖြစ်စေမည့် နည်းလမ်းတို့ကို ခုကတည်းက ကြိုတင်စဉ်းစားထားအပ်သည်။
ထားပါတော့၊ နိုင်ငံရေးစနစ်သစ်ကို အကောင်အထည်ဖော်ရန် (၁) အင်စတီကျူးရှင်း (၂) ပုဂ္ဂိုလ်တို့၏အခန်းကဏ္ဍ (၃) အိုင်ဒီယာနှင့် ၀ါဒ တို့နှင့် (၄) တရားဥပဒေစနစ်တို့ကို စံထားကြည့်ကြသည်။ မြန်မာ့နိုင်ငံရေးစနစ် ဖြစ်ထွန်းမှုတွင် ဒုတိယကမ္ဘာစစ်ကြီး အပြီးမှစ၍ လူပုဂ္ဂိုလ်တို့က အခြားအရာတို့ထက် ပို၍ လွှမ်းမိုးခဲ့သည်။ နိုင်ငံရေးနှင့် အာဏာအခင်းအကျင်းတွင် လူပုဂ္ဂိုလ်က အဓိက အဆုံးအဖြတ်ပေးခဲ့သည်။ နောက်ပိုင်း အင်စတီကျူးရှင်း တစ်နည်းပြောလျှင် စစ်ဘက်က အဆုံးအဖြတ်ပေးသောနေရာကို ရယူလာသည်။ ပေါ်ပေါက်မည့် နိုင်ငံရေးစနစ်တွင် အဓိကအဆုံးအဖြတ်ပေးသင့်သည့် အရာတို့သည် (၁) အိုင်ဒီယာအတွေးအခေါ်နှင့် (၂) အင်စတီကျူးရှင်း (အဓိကအားဖြင့် လွှတ်တော်သုံးရပ်) တို့သာ ဖြစ်သင့်သည်။
ကလီချေနှင့် ပေါင်းစပ်
မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုဟူ၍ ပေါ်ကတည်းက တိုင်းပြည်ကောင်းကျိုးကိုကြည့်ရန်၊ လူထုကောင်းစားရေးကို ရှေးရှုရန်၊ အကျင့်သီလသန့်ရှင်းရန် စသည်ဖြင့် နှိုးဆော်ခဲ့ကြသည်။ ဘယ်လောက်တောင် နှိုးဆော်ခဲ့ကြသနည်းဆိုလျှင် ဤတိုက်တွန်းချက်တို့သည် "ကလီချေ" (အဖန်ဖန်သုံးလွန်း၍ နွမ်းနေသောအရာ) ပင် ဖြစ်နေသည်။
ထို့ကြောင့် စာရေးသူအနေဖြင့် အဆိုပါ တိုက်တွန်းနှိုးဆော်ချက်တို့ကို အားလုံးအလိုလို သိပြီးသားအဖြစ် မှတ်ယူပြီး ခေတ်သစ်အယူအဆတို့နှင့် အချိန်နှင့်တစ်ပြေးတည်းညီစွာ ယဉ်ပါးနေဖို့ကိုသာ တိုက်တွန်းလိုသည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့်သူတို့သည် ခေတ်သစ်အတွေးအခေါ်နှင့် မော်ဒန်ရေစီးကြောင်းတို့နှင့် ခေတ်မီမီ ကိုယ်တိုင်ယဉ်ပါးနေရန် ဖြစ်သည်။ ၂၁ ရာစုနှစ် ရေစီးကြောင်းနှင့် အညီအညွတ်ဖြစ်ဖို့ ဖြစ်သည်။
တစ်ခုတော့ စောဒကတက်စရာရှိသည်။ ယင်းမှာ ခေတ်ဆန်သော အယူအဆတို့သည် တွေးခေါ်ဆင်ခြင်ရန်လိုသဖြင့် လူထုမလိုက်နိုင်။ လူထုသည် ဆင်ခြင်တွေးတောစရာ မလိုဘဲ အီမိုးရှင်းခံစားမှုဖြင့် တုံ့ပြန်တတ်ကြသည်။ ထို့ကြောင့် မဲဆွယ်စည်းရုံးလျှင် အတွေးအခေါ်ထက် ခံစားမှုကို အခြေခံရန်လိုသည်။ ဤဆင်ခြေသည်လည်း ယုတ္တိရှိ၍ မငြင်းလိုပေ။ အိုင်ဒီယာနှင့် ခံစားမှုတို့ကို လိုသလိုပေါင်းစပ်၍ အသုံးပြုလျှင်တော့ မမှားနိုင်ဟု ထင်မိသည်။
Posted by Ko Nyan Posted Time 12:55 PM 0 Comment(s)
Labels 2010, Political, နိုင်ငံရေး
ကိန်းသေလေးပါးနှင့် ဖြစ်နိုင်ချေသုံးပါး - မောင်စူးစမ်း
ဒီမိုကရေစီအကြောင်း သမားရိုးကျအမြင်ဖြင့်ပြောလျှင် (၁) နိုင်ငံရေးဖြစ်စဉ်တွင် လူထုပါဝင်ပတ်သတ်မှုနှင့် (၂) အစိုးရကောင်း ပေါ်ထွန်းရေးကို အခြေခံထားသည်။ ခေတ်သစ်အမြင်နှင့်ပြောလျှင် မေးခွန်းသုံးပုဒ်ကို ထုတ်သည်။ ၎င်းတို့မှာ (၁) အမှန်တရားက ဘာလဲ၊ (၂) အကောင်းဆုံးက ဘာလဲ နှင့် (၃) အကြောင်းအကျိုး အဆီလျော်ဆုံးက ဘာလဲတို့ဟူ၍ ဖြစ်သည်။ ဤသို့ မေးခွန်းထုတ်ရသည်မှာ ဒီမိုကရေစီနှင့်ပတ်သက်၍ အမြင်တွေအမျိုးမျိုး ဖြစ်ပေါ်နေသောကြောင့် ဖြစ်သည်။
ဤအမြင်တို့ထဲတွင် ပို့စ်မော်ဒန်အမြင်လည်း ပါဝင်သည်။ ပို့စ်မော်ဒန်အမြင်က အထက်တွင် ဖော်ပြသည့်အတိုင်း မေးခွန်းထုတ်ခြင်းကို ဆန့်ကျင်သည်။ အပိုအလုပ်ဟုထင်သည်။ အကြောင်းမူ မေးခွန်းသုံးပုဒ်စလုံးသည် သဘောကိုယ်စီဖြင့် တန်းတူရည်တူ ခိုင်လုံမှုရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မည်သည့်အမြင်က ပို၍သာလွန်သည်ဟု စုံစမ်းခြင်းသည် အချည်းနှီးသာဖြစ်အံ့ဟု ထောက်ပြသည်။ ဤထောက်ပြမှုကလည်း နှုတ်ပိတ်နေရန် ပြောရာရောက်၍ လက်ခံရခက်သည်။
ဧကန်လား၊ ဧကန်မဲ့လား
နိုင်ငံရေးသည် ဖြစ်နိုင်ခြေတို့ကို တွက်ချက်ရာအတတ်ပညာဟု အနက်ဖွင့်ဆိုသဖြင့် နိုင်ငံရေးသမားနှင့် ဂျာနယ်လစ်တို့သည် ဖြစ်နိုင်ခြေတို့ကို မှန်မှန်ကန်ကန် ခန့်မှန်းတတ်ရန်လိုသည်။ ဖြစ်နိုင်ခြေကို ခန့်မှန်းရာ၌ ဧကန်မဲ့မှု သို့မဟုတ် ခဲအော့ဖ်ကို အခြေစိုက်တွက်ချက်ခြင်းနှင့် ဧကန်တရားနှင့် မျဉ်းတစ်ပြေးတည်းသဘောကို အခြေစိုက်တွက်ချက်ခြင်းဟူ၍ နှစ်မျိုးရှိလေရာ မြန်မာ့နိုင်ငံရေးအနာဂတ်ကို မည်သည့်အခြေခံတရားဖြင့် ခန့်မှန်းမလဲဟု မေးခွန်းထုတ်စရာပေါ်သည်။
သင်္ချာတွင် ဖြစ်နိုင်ခြေတွက်နည်းသင်္ချာဆိုပြီး ရှိသည်။ သို့ဖြင့် အချို့က သင်္ချာတွက်နည်းဖြင့် နိုင်ငံရေးလောက၏ ဖြစ်နိုင်ချေတို့ကို တွက်ကြည့်ရန် အကြံပေးသည်။ သင်္ချာနှင့် နိုင်ငံရေးမတူညီပေ။ နိုင်ငံရေးတွင် ကိန်းရှင်တွေ အလွန်များသည်။ မထိန်းနိုင်သောကိန်းတွေ အလွန်များသည်။ မသိကိန်းတွေရှိသည်။ သင်္ချာက ဖော်မြူလာတို့၊ ပုံစံတို့ရှိ၍ ပုံသေတွက်လို့ဖြစ်သည်။ နိုင်ငံရေး၌ ကိန်းရှင်နှင့် မထိန်းနိုင်သော ကိန်းတွေအလွန်များသဖြင့် တွက်ရ၊ ချက်ရခက်သည်။ ဖော်မြူလာ ဖော်စပ်၍ တွက်ရခက်သည်။ သို့ဖြင့် ဖြစ်နိုင်ခြေတို့ကိုပဲ တွက်ရသည်။
ကိန်းသေလေးပါး
သို့သော် ယခုမဟာဗျူဟာမြောက် ကိန်းသေတို့အဖြစ် အောက်ပါအတိုင်းပေါ်လာ၍ အနာဂတ်ကို မှန်းရအနည်းငယ် လွယ်သွားသည်။
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂) စစ်ဘက်ပါဝင်သောနိုင်ငံရေး
(၃) ပါတီစုံစနစ်
(၄) လွှတ်တော်သုံးရပ်
ဤလေးပိုင်းပါ အနေအထားကို စိုးမိုးသောပါရာဒိုင်းဟုခေါ်၍ ဤအပေါ်မူတည်ပြီး နိုင်ငံရေးအရ ဖြစ်နိုင်ခြေတို့ကို တွက်နိုင်သည်။ လာမည့်ရွေးကောက်ပွဲ ကျင်းပပြီးစီးသည်နှင့် ပါရာဒိုင်းသည် လှုပ်ရှားလာမည်။ လွှတ်တော်နိုင်ငံရေး၌ ဖြစ်နိုင်ခြေအလားအလာသည် သုံးမျိုးပေါ်စရာရှိသည်ဟု ခန့်မှန်းရသည်။
(၁) လွှတ်တော်သုံးရပ်စလုံးတွင် တစ်ပါတီတည်းက ကြီးစိုးခြင်း၊ သို့မဟုတ်
(၂) လွှတ်တော်တစ်ရပ်စီ၌ ပါတီကြီးနှစ်ပါတီ၊ သုံးပါတီက ကြီးစိုးခြင်း၊ သို့မဟုတ်
(၃) လွှတ်တော်သုံးရပ်စလုံး၌ ပါတီအင်အားတွေ သူမသာကိုယ်မသာ မျှနေခြင်းတို့ဟူ၍ ဖြစ်သည်။
သီအိုရီအရ လွှတ်တော်၌ စစ်ဘက်ကိုယ်စားပြုသည့် အရပ်ဘက်ကိုယ်စားပြုမှုနှင့် သဟဇာတဖြစ်ရန် တစ်နည်းပြောလျှင် လုံလောက်စွာ ပျော့ပျောင်းမှုရှိရန် လိုသည်။
Posted by Ko Nyan Posted Time 10:17 AM 0 Comment(s)
Labels 2010, Political, နိုင်ငံရေး
သင်စိုက်သော အပင်
ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသစ်၏ အခြေအနေအရပ်ရပ်သည် မည်ရွေ့မည်မျှ ပြောင်းလဲသွားနိုင်မည်နည်း ဆိုသောမေးခွန်းသည် ယနေ့ လူပြောများသောမေးခွန်း ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း များစွာသောပြည်သူတို့သည် ရွေးကောက်ပွဲအပြီး ပြောင်းလဲသွားသော အုပ်ချုပ်ရေးစနစ်ကြောင့် မိမိတို့ လိုလားသော အပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်ဟု မယုံမရဲ ရှိကြသည်ကို တွေ့ရသည်။
The Voice Weekly အနေဖြင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပြီး အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို အသေအချာ သိရှိပါသော်လည်း မည်ရွေ့မည်မျှ ပြောင်းလဲသွားမည်ကို မသိပါဟု ဖြေချင်ပါသည်။
ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံတွင် မည်ရွေ့မည်မျှ အပြောင်းအလဲများ ဖြစ်ပေါ်လာမည်နည်း ဆိုသောအချက်သည် ယနေ့မှစ၍ လာမည့်သုံးလေးလအတွင်း နိုင်ငံသားများက မည်ရွေ့မည်မျှ စိုက်ထည့်ခဲ့သည်ဆိုသော ပမာဏနှင့် အချိုးညီသာ ရိတ်သိမ်းရရှိမည်ဖြစ်၍ မည်သည့်အတိုင်းအတာအထိ ပြောင်းလဲမည်ကို မသိရှိပါဟု ပြောခဲ့ခြင်းဖြစ်ပါသည်။
များစွာသော နိုင်ငံသားများသည် အပြောင်းအလဲများကိစ္စကို မယုံမရဲရှိကြသော်လည်း မိမိတို့ဘက်က တတ်စွမ်းသမျှ ထည့်ဝင်ခြင်းဖြင့် အပြောင်းအလဲများ၏ အတိုင်းအဆကို ပိုမိုဖြစ်ပေါ်စေရန် ဆောင်ကြဉ်းနိုင်ခွင့်ရှိသည် ဆိုသောအချက်ကို သိရှိကြခြင်းမရှိသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲများ ဖြစ်ပေါ်စေရေးအတွက် ပြည်သူလူထု၏ ပါဝင်ခွင့်ကို မရရှိနိုင်ဘဲ ရှိခဲ့သည်မှာ နှစ်ပေါင်း ၂၂ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါသည်။ မည်သည်မျှ ဖြစ်ပေါ်လာမည်မဟုတ်၍ မည်သို့မျှ ထည့်ဝင်ပေးရန် ဆန္ဒမရှိပါဆိုသော ပြည်သူများအား ထိုသို့ သဘောထားရှိခဲ့လျှင် အပြောင်းအလဲများကိုလည်း မျှော်မနေပါနှင့်ဟူ၍သာ ပြောလိုပါတော့သည်။
ဖြစ်နိုင်ချေမရှိဘူး ဆိုသောအထင်နှင့် မည်သို့မျှ ထည့်ဝင်လုပ်ဆောင်ခြင်း မရှိပါဟုဆိုလျှင် လေယာဉ်ပျံများ ကောင်းကင်တွင် ပျံနေလိမ့်မည်မဟုတ်ပါ။ မြန်မာနိုင်ငံ၏ အပြောင်းအလဲများအတွက် လူထုဘက်မှ ထည့်ဝင်သင့်သော ကိစ္စများသည် ဥပဒေအရ အရေးယူခံရနိုင်သော လမ်ပေါ်တွင် ဆန္ဒပြသည့် ကိစ္စရပ်များ မပါဝင်ပါ။ ဂြိုဟ်တုလွှတ်တင်သော နည်းပညာလည်း လိုအပ်သည်မဟုတ်ပါ။ တစ်ယောက်တစ်ထောင် လူငါးရာစုပေးခြင်း၊ မဲရုံကိုယ်စားလှယ်အဖြစ် စေတနာ့ဝန်ထမ်း လုပ်ပေးခြင်းများသာဖြစ်ရာ ဤကိစ္စများအတွက် စေတနာနည်းခဲ့လျှင် စေတနာအလျောက် အကျိုးပေးကြမည်သာ ဖြစ်ပေသည်။
နိုင်ငံသားများအားလုံးက မိမိတို့စေတနာနှင့် ထိုက်တန်သောဘ၀ကိုသာ ရကြမည်ဆိုသောကိစ္စကို ယနေ့မှစသော သုံးလေးလကာလအတွင်း သဘောပေါက်ကြလျှင် မိမိတို့နှင့် ထိုက်တန်သော မြန်မာနိုင်ငံသစ်ကို အသေအချာ ရရှိကြလိမ့်မည်ဖြစ်ကြောင်း မီးမောင်းထိုးဖော်ပြလိုက်ရပါသည်။
Posted by Ko Nyan Posted Time 8:15 AM 0 Comment(s)
Labels 2010, Political, နိုင်ငံရေး
Saturday, July 03, 2010
နိုင်ငံရေးသမားများ စာဖတ်သင့်ပါတယ် - မောင်ဝံသ
တစ်နေ့ကတော့ စကားဝိုင်းတစ်ခု နားထောင်လိုက်ရတယ်။ အဲဒီကနေ သိလိုက်တာက နိုင်ငံရေးသမားတချို့နဲ့ နိုင်ငံရေးလေ့လာသူအချို့ဟာ အခြေခံဥပဒေကိုလည်း သေသေချာချာ မဖတ်ဖူးဘူး။ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေကိုလည်း သေသေချာချာ မဖတ်ဖူးဘဲ ကြိုတင်တွက်ဆထားတဲ့ ထင်ကြေးတွေနဲ့ ပြောနေရေးနေကြတယ် ဆိုတာပါပဲ။
မကြာသေးခင်က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ "၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာလွှဲမယ်လို့ ယုံကြည်ပါသလား" လို့ မေးတယ်။ မေးသူစာနယ်ဇင်းသမားဟာ ၂၀၀၈ အခြေခံဥပဒေအရ ပေါ်လာမယ့် နိုင်ငံရေးစနစ်ဟာ ပါလီမန်ဒီမိုကရေစီလား၊ သမ္မတအုပ်ချုပ်ရေးလား၊ ကွဲကွဲပြားပြား နားလည်ဟန်မတူဘူး။ ဖြေဆိုတဲ့ နိုင်ငံရေးသမားကြီး ဆိုသူကလည်း "ဟုတ်ကဲ့ အနိုင်ရတဲ့ပါတီကို အာဏာလွှဲအပ်မယ်လို့ ယုံကြည်ပါတယ်" လို့ ဖြေလိုက်တာကြားရတယ်။ တယ်ခွကျပါလားဗျာ။ ၂၀၀၈ အခြေခံဥပဒေဟာ ပါလီမန်ဒီမိုကရေစီစနစ် မဟုတ်ဘူး။ သမ္မတအုပ်ချုပ်ရေး ဆိုတာလောက်တော့ သိဖို့ကောင်းပါတယ်။ အနိုင်ရတဲ့ပါတီကို အာဏာလွှဲအပ်တဲ့ ဖြစ်စဉ်မျိုးနဲ့ ဘာမှမဆိုင်ဘူးလေ။ အမေရိကန်ပြည်ထောင်စုမှာ ရီပတ်ဗလီကင်ပါတီအစိုးရက ရွေးကောက်ပွဲမှာ ရှုံးသွားပြီး ဒီမိုကရက်တစ်ပါတီကို အာဏာလွှဲပြောင်း ပေးအပ်လိုက်တယ်ဆိုတာမျိုးမှ မရှိတာ။
ပါလီမန်ဒီမိုကရေစီကျင့်သုံးမှု
ဝက်စ်မင်စတာပုံစံလို့ခေါ်တဲ့ ပါလီမန်စနစ်က ဗြိတိသျှစနစ်ပါ။ အာဏာရပါတီဟာ လေဘာပါတီ ဖြစ်ချင်ဖြစ်မယ်။ ကွန်ဆာဗေးတစ်ပါတီ ဖြစ်ချင်ဖြစ်မယ်။ သည်တော့ ပါလီမန် (အောက်လွှတ်တော်)မှာ အမတ်အများစုရထားတဲ့  ပါတီရဲ့ခေါင်းဆောင်က ၀န်ကြီးချုပ်တာဝန်ယူပြီး ၀န်ကြီးအဖွဲ့ကို ဖွဲ့စည်းတယ်။ အဲဒီနောက် အုပ်ချုပ်ရေးအာဏာကို အာဏာရပါတီရဲ့ မူဝါဒများနဲ့အညီ ကျင့်သုံးသွားတာပါ။ အာဏာရပါတီဟာ ကိုယ့်တစ်ပါတီတည်း အများစုမဲမရခဲ့ရင် ပါတီငယ်အချို့ကို ၀န်ကြီးရာထူးခွဲတမ်း ဝေမျှပေးပြီး သိမ်းသွင်းရတယ်။ အဲသလို ညွန့်ပေါင်းအစိုးရအဖြစ် အာဏာယူထားရာက တစ်ချိန်ချိန် အမှားအယွင်းရှိလာပြီဆိုရင် အတိုက်အခံပါတီတွေက ညီညွတ်ရေးရယူပြီး လက်ရှိအစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းနိုင်တယ်။ အစိုးရ ပြုတ်ကျသွားနိုင်တယ်။ ပြုတ်မကျရင်တောင်မှ ရွေးကောက်ပွဲကို စောပြီးကျင်းပပေးရတာမျိုး ဖြစ်လာတတ်တယ်။ ဂျာမနီ၊ အီတလီ၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည်တို့ဟာ ဗြိတိသျှပုံစံ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ သွားနေကြတာပါ။ မြန်မာနိုင်ငံမှာလည်း ၁၉၄၈- ၁၉၆၂ ကာလတစ်လျှောက်လုံး အဲဒီအတိုင်းပါပဲ။
သမ္မတရွေးကောက်တင်မြှောက်တဲ့စနစ်
အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာမှာက သမ္မတစနစ် ဖြစ်တယ်။ လွှတ်တော်နှစ်ရပ်က ရွေးကောက်ခံ ကိုယ်စားလှယ်များက ဒုတိယသမ္မတ တစ်ယောက်စီရွေးပေးမယ်။ လွှတ်တော်နှစ်ရပ်က တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယသမ္မတတစ်ယောက် ရွေးပေးမယ်။ ဒုတိယသမ္မတသုံးဦးဟာ လွှတ်တော်ကိုယ်စားလှယ် ဟုတ်ချင်ဟုတ်မယ်။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ ဖြစ်ချင်လည်း ဖြစ်မယ်။ အဲဒီသုံးဦးထဲက တစ်ယောက်ကို လွှတ်တော်နှစ်ရပ်ပေါင်းကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ရမှာ ဖြစ်တယ်။ ကျန်နှစ်ယောက်က ဒုတိယသမ္မတများအဖြစ် ဆက်လက်တာဝန်ယူရမယ်။ အရွေးခံပြီးချိန်ကစပြီး သူတို့သုံးဦးဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ရင်လည်း နုတ်ထွက်ပြီးသား ဖြစ်ရမယ်။ နိုင်ငံရေးပါတီကဆိုရင်လည်း ရာထူးသက်တမ်းအတွင်း သက်ဆိုင်ရာ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်ခြင်းမပြုရလို့ ပါရှိတယ်။
အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးများကို နိုင်ငံတော်သမ္မတက ခန့်အပ်မှာဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူကိုလည်း ၀န်ကြီးခန့်နိုင်တယ်။ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို ၀န်ကြီးခန့်လိုက်ရင် အဲဒီအချိန်ကစလို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ပြီးသားဖြစ်မယ်။ နိုင်ငံရေးပါတီဝင်တစ်ယောက် ၀န်ကြီးဖြစ်လာရင် ရာထူးသက်တမ်းအတွင်း ယင်းပါတီ၏ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရလို့ ပါရှိတယ်။
အာဏာရပါတီဆိုတာ မရှိဘူး
အထက်ပါအကြောင်းများကြောင့် ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် နိုင်ငံရေးပုံစံမှာ အာဏာရပါတီဆိုတာ မရှိပါဘူး။ လွှတ်တော်ဟာ ဥပဒေပြုရေး အလုပ်ကိုသာ ပဓာနတာဝန်အဖြစ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးမဏ္ဍိုင်ဆိုတဲ့ အစိုးရလုပ်ငန်းနဲ့ ဘာမှမဆိုင်တော့ပါဘူး။ အမေရိကန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားတို့လို သမ္မတအုပ်ချုပ်ရေးစနစ်မှာ သမ္မတဖြစ်လာသူရဲ့ နောက်ခံပါတီက အရေးမကြီးဘဲ သမ္မတရဲ့ ကိုယ်ရည်ကိုယ်သွေးက ပိုအရေးကြီးပါတယ်။ (တောင်ကိုရီးယား၊ အင်ဒိုနီးရှားတို့ဟာ သမ္မတရွေးချယ်ရေးအဖွဲ့နဲ့ ရွေးချယ်ရာကနေ လူထု တိုက်ရိုက်ဆန္ဒမဲပေး ရွေးချယ်တဲ့စနစ်သို့ ပြောင်းလဲခဲ့ပါတယ်)
၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီများမှ ရွေးကောက်တင်မြှောက်ခံရမယ့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အဓိကတာဝန်ပိုင်းဟာ တိုင်းပြည်အတွက် ထူးထူးခြားခြား အကျိုးဖြစ်ထွန်းစေမယ့် ဥပဒေများကို အဆိုပြုတင်သွင်းခြင်း၊ အခြားကိုယ်စားလှယ်များက တင်သွင်းလာမည့် ဥပဒေကြမ်းများကို ပါဝင်ဆွေးနွေးခြင်းတို့သာလျှင် ဖြစ်ပါလိမ့်မယ်။ ဥပဒေပြုရေးမဏ္ဍိုင်နဲ့သာ သက်ဆိုင်ပါတယ်။
ဝန်ကြီးဖြစ်ဖို့ကတော့ လွှတ်တော်ကိုယ်စားလှယ်ထဲက ရွေးချင်မှရွေးမယ်။ တက္ကသိုလ်ပါမောက္ခတစ်ယောက်ကို သမ္မတက မျက်စိကျပြီး ခန့်ချင်ခန့်မယ်။ ( ၁၉၆၉ ခုမှာ ဟားဗတ်ပါမောက္ခ ဒေါက်တာဟင်နရီကစ်ဆင်ဂျားကို နစ်ဆင်ကဖိတ်ခေါ်ပြီး အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်၊ နောက်တော့ နိုင်ငံခြားရေးဝန်ကြီး ခန့်ခဲ့တာမျိုး) စီးပွားရေး လုပ်ငန်းရှင်ကြီးများထဲက သင့်တော်မယ်ထင်သူကို ခေါ်ပြီး ၀န်ကြီးလုပ်ခိုင်းချင်ခိုင်းမယ်။ တပ်မတော်ကိုယ်စားလှယ်ထဲကရွေးပြီး ခေါ်ချင်ခေါ်မယ်။
ကမ္ဘာမှာ သမ္မတအုပ်ချုပ်ရေးပုံစံနဲ့  ပါလီမန်ဒီမိုကရေစီပုံစံ နှစ်မျိုးစလုံးကို ကိုယ့်နိုင်ငံကိုယ်လူမျိုးနဲ့ လိုက်ဖက်အောင် ရွေးချယ်ကျင့်သုံးနေကြတာပါပဲ။
သမ္မတစနစ်က လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အရည်အသွေးနဲ့ သြဇာတိက္ကမအပေါ် အားပြုတာများတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လက ဂျပန်မြို့ကြီးနှစ်မြို့ပေါ် အနုမြူဗုံး ကြဲချခိုင်းတာ အမေရိကန်သမ္မတ ထရူးမင်းရဲ့ ဆုံးဖြတ်ချက်ပဲ။ တကယ်လို့ ၁၉၇၇ မှာ သမ္မတဖြစ်ခဲ့တဲ့ ဂျင်မီကာတာလို လူမျိုးသာ အဲဒီအချိန်က သမ္မတဆိုရင် အနုမြူဗုံး အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့ တွက်ဆကြတယ်။ အလားတူပဲ ဂျော့ဒဗလျူဘုရှ်နေရာမှာ အိုဘားမားရှိခဲ့ရင် အီရတ်ကို စစ်တိုက်ခဲ့မှာ မဟုတ်ဘူးလို့ မှန်းဆကြတယ်။
ဆိုလိုတာက သမ္မတစနစ်ဟာ တာဝန်ယူတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းမှာ အာဏာတွေ အများကြီးရှိလေတော့ ကောင်းခြင်း-ဆိုးခြင်းဟာ အဲဒီပုဂ္ဂိုလ် တစ်ယောက်တည်းအပေါ်မှာ အများဆုံးတည်တယ်လို့ ပြောချင်တာပါ။ အမေရိကန်သမ္မတ တစ်ယောက်ဟာ ရှင်ဘုရင်တစ်ပါးရဲ့ အာဏာထက်ပိုပြီး ပြင်းထန်တဲ့အာဏာရှိတယ်လို့ အဆိုရှိတယ် မဟုတ်လားဗျာ။
နိုင်ငံရေးဆောင်ရွက်မည့်သူများ စာဖတ်ကြစေချင်ပါတယ်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေကိုတော့ ကြေညက်အောင် ဖတ်သင့်ပါတယ်။ တလွဲတချော်တွေ ပြောနေကြတာကြားရပြီး မနေသာလို့ ခုလိုရေးလိုက်ရတာပါ။
Posted by Ko Nyan Posted Time 1:58 PM 1 Comment(s)
Labels 2010, Political, ဆောင်းပါး-Article, နိုင်ငံရေး
Monday, June 21, 2010
၂၀၁၀ အလွန် သုံးပွင့်ဆိုင်ပေါ်လစီအခင်းအကျင်း - ကျော်ဝင်း
စစ်အေးပုံပြင်
စစ်အေးခေတ်တွင် နိုင်ငံရေးပုံပြင်တွေ တော်တော်များများ ထွက်ခဲ့ဖူးသည်။ ဤလိုပုံပြင်မျိုး စာရေးသူအများဆုံး ဖတ်ခဲ့ရသည်မှာ "ရီးဒါးဒိုင်ဂျက်" (R.D)မဂ္ဂဇင်းမှ ဖြစ်သည်။ များသောအားဖြင့် လက်ဝဲနိုင်ငံများနှင့် လက်ဝဲခေါင်းဆောင်တွေကို လှောင်ထားသော လက်ယာဘက်မှ ပုံပြင်တွေဖြစ်ပါသည်။ အကြောင်းသင့်လာ၍ အဆိုပါပုံပြင်များထဲမှ တစ်ခုကို ပြန်ပြောလိုသည်။ ယခုလို....။
ကျူးဘားတော်လှန်ရေးအောင်ပွဲခံပြီးခါစအချိန် ဖြစ်သည်။ တော်လှန်ရေးခေါင်းဆောင် "ဖီဒယ်ကက်စ်ထရို" က သူ့ရဲဘော်တွေကို တန်းစီစေပြီး ယခုလို မေးလိုက်သည်ဆို၏။ "ဒို့ထဲမှာ အီကောနောမစ် ပါလားဟေ့"။ ဤတွင် ခပ်လှမ်းလှမ်းရောက်နေ၍ "အီကောနောမစ်" ကို "ကွန်မြူနစ်" ဟု နားကြားလွဲသွားသော "ချေ-ဂွေ-ဗားရား" က "ပါသဗျို့" ဟု ပြန်အော်လိုက်သည် ဆိုသတတ်။ သည်လိုနှင့် ချေဂွေဗားရားမှာ ကျူးဘားနိုင်ငံသစ်၏ ပထမဆုံး စက်မှုလက်မှုဝန်ကြီး ဖြစ်သွားခဲ့သည်ဟု ပုံပြင်လေးက ဆိုပါသည်။
ဝန်ခံရလျှင် ဤပုံပြင်ကို ဖတ်ရခါစက စာရေးသူ အလွန်ဒေါကန်ပါသည်။ အခုမှ ပြန်တွေးကြည့်တော့ အပေါ့စားပုံပြင်ဖြစ်သည့်တိုင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာတစ်ရပ်ကို သွယ်ဝိုက်ရည်ညွှန်းရာ ရောက်သည်ဟု စဉ်းစားမိသည်။ ကွန်မြူနစ်နိုင်ငံများ (ပြောရလျှင် ကွန်မြူနစ်နိုင်ငံများချည်း မဟုတ်၊ လွတ်လပ်ခါစနိုင်ငံအများစု) ရင်ဆိုင်ကြုံတွေ့ရတတ်သော "ပညာရှင်ရှားပါးမှု" ပြဿနာဖြစ်ပါသည်။
တာဝန်ခံမှု - အတို၊ အရှည်
သီအိုရီအရပြောရလျှင် ဒီမိုကရေစီဆိုသည်မှာ လူထုကိုယ်တိုင်က သူတို့ကိုယ်စား၊ သူတို့အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်ရန်၊ သူတို့စိတ်ကြိုက် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ကြရသည့် လုပ်ထုံးလုပ်နည်းဖြစ်သည်။ "မဲဆန္ဒရှင်လူထု" (Principal) နှင့် "လူထုကိုယ်စားလှယ်" (Agent)ဆိုသော ဒေါက်နှစ်ဒေါက်နှင့် လည်ပတ်စေသော အခင်းအကျင်းဖြစ်သည်။ လက်တွေ့ကျင့်သုံးရာတွင်မူ မဲဆန္ဒရှင် လူထု၏ လိုအင်ဆန္ဒနှင့် လူထုကိုယ်စားလှယ်တို့၏ ဆောင်ရွက်ချက်တို့မှာ တစ်ထပ်တည်းမကျသည်က များပါသည်။
ဤတွင် အကျင့်ပျက်ခြစားမှုများ၊ အရှင်မွေးသူကောင်းပြုမှုများ၊ ပေါ်လစီအရေးနိမ့်မှုများ၊ အားနည်းချည့်နဲ့သည့် စီမံခန့်ခွဲမှုများ စသည်စသည်တို့ ပေါ်ထွက်လာလေတော့သည်။ "အေဂျင်စီပြဿနာများ" (Agency Problems)ဟု ခေါ်ပါသည်။ ဤသို့သော ပြဿနာများပေါ်လာလျှင် (သီအိုရီအလိုအရ) "ဒီမိုကရက်တစ်တာဝန်ခံမှု" (Democratic Accountability) ဖြင့် ဖြေရှင်းကြရသည်။ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေအရ ရွေးကောက်ပွဲများကျင်းပခြင်း၊ လွှတ်တော်များဖွဲ့စည်းခြင်း၊ အာဏာသုံးရပ် ခွဲခြားကျင့်သုံးခြင်း စသည်တို့ဖြစ်သည်။
နှောင်းခေတ်ပညာရှင်များက ဆိုခဲ့ပါ လပ်ထုံးလုပ်နည်းများကို "လမ်းကြောင်းရှည် တာဝန်ခံမှု" (Long Route Accountability)ဟု ခေါ်ကြသည်။ "အလျားလိုက် တာဝန်ခံမှု" (Horizontal Accountability) ဟုလည်း ခေါ်သည်။ တကယ့်လက်တွေ့တွင် ဤမျှနှင့် မလုံလောက်ပါ။ လူထုကိုယ်စားလှယ်များကို ကူညီအားဖြည့်ပေးနိုင်မည့် အင်အားစုများ (ပညာရှင်များ၊ မီဒီယာများ၊ အရပ်ဘက်အဖွဲ့အစည်းများ) ပါဝင်လှုပ်ရှားနိုင်ရန်၊ တာဝန်ခံမှုကို "ခွင်" ချဲ့ယူကြရပါသည်။ ဤသို့သော တိုးချဲ့ခွင်မျိုးကို "လမ်းကြောင်းတို တာဝန်ခံမှု" (Short Route Accountability) ဟုခေါ်သည်။ "ဒေါင်လိုက်တာဝန်ခံမှု" (Vertical Accountability) သဘောမျိုး ဖြစ်ပါသည်။ ဥပမာဆိုရလျှင် ၁၉၉၄ ခုနှစ်က ဘိုလစ်ဗီးယားနိုင်ငံတွင် ချမှတ်အကောင်အထည်ဖော်ခဲ့သော "လူထုပါဝင်ဆောင်ရွက်နိုင်ရေး ဥပဒေ" (Law of Popular Participation) မျိုးဖြစ်သည်။ အမေရိကတွင် လက်တွေ့အလုပ်ဖြစ်နေသော "စီးပွားရေးအကြံပေးကောင်စီ" လိုမျိုးဖြစ်ပါသည်။
ဖိုခုံလောက်ဆိုင်
အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့နိုင်ငံတွင် ရွေးကောက်ပွဲများ မကြာခင် ကျင်းပတော့မည်ဖြစ်ပါသည်။ ရွေးကောက်ပွဲပြီးလျှင် လွှတ်တော်အဆင့်ဆင့် ပေါ်ထွက်လာပေတော့မည်။ ဤလွှတ်တော်များတွင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များရော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရွေးချယ်မည့် တပ်ကိုယ်စားလှယ်များပါ ပါဝင်ကြမည်ဖြစ်သည်။ ဤအင်အားစုနှစ်ရပ်ကို ဖိုခုံလောက်ဆိုင်ပြီးသကာလ ဒီမိုကရေစီအိုးကြီးကိုတည်ကာ အများမျှော်လင့်နေကြသော "ခေတ်မီနိုင်ငံတော်" ဟင်းလျာကို စီမံကြတော့မည်ဖြစ်သည်။
ဤတွင် စာရေးသူ ပူပန်မိသည်မှာ ဆိုခဲ့ပါ ဖိုခုံလောက်နှစ်လုံးတည်းနှင့် ဒီမိုကရေစီအိုးကြီး ငြိမ်ပါ့မလားဆိုသော အတွေးဖြစ်သည်။ ဖိုခုံလောက်မငြိမ်လျှင် စီမံဟင်းလျာတွေ အဖိတ်အစင် ရှိကောင်းရှိနိုင်သည်။ ပိုငြိမ်အောင်၊ ပိုအခြေခိုင်အောင် နောက်ထပ် ဖိုခုံလောက်တစ်လုံး အားဖြည့်နိုင်လျှင် မကောင်းလား စဉ်းစားမိသည်။ သီအိုရီလာ လက်တန်ရှည်တာဝန်ခံမှုကို လက်တန်တိုတာဝန်ခံမှုများ တီထွင်ပြီး အားဖြည့်ထောက်ကူကြဖို့ ဖြစ်ပါသည်။
နိုင်ငံရေးပါတီကိုယ်စားလှယ်များတွင် နိုင်ငံရေးအတွေ့အကြုံ ဖြတ်သန်းမှုများ ရှိကြပါလိမ့်မည်။ တပ်မတော် ကိုယ်စားလှယ် များတွင်လည်း စစ်ရေးအတွေ့အကြုံ၊ အုပ်ချုပ်ရေးအတွေ့အကြုံများ ရှိကြသည်သာ ဖြစ်ပါသည်။ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် အသုံးတည့် အဖိုးတန်မည့် အတွေ့အကြုံကောင်းတွေ ဖြစ်ပါသည်။ သို့သော် အားမရသေးပါ။ ပညာရှင်များ၏ ပညာအတွေ့အကြုံများပါ အားဖြည့်စေချင်ပါသေးသည်။ အထူးသဖြင့် ပေါ်လစီရေးရာများတွင် သက်ဆိုင်ရာပညာရှင်များ ကူညီအားဖြည့်နိုင်ရန် (ဖွဲ့စည်းပုံစည်းမျဉ်း ဥပဒေက ခွင့်ပြုသည့် ဘောင်အတွင်းမှာပင်) "လှုပ်ရှားခွင်" အသစ်များ တီထွင်ဖန်တီးကြဖို့ ဖြစ်ပါသည်။ ဆိုရလျှင် အနာဂတ်မြန်မာ့နိုင်ငံရေး ကွန်ခြာကို နိုင်ငံရေးပါတီ၊ တပ်မတော်၊ ပညာရှင်ဆိုသော အင်အားစုသုံးရပ်ဖြင့် စုစည်းပုံဖော်ကြဖို့ ဖြစ်ပါကြောင်း.....။
Posted by Ko Nyan Posted Time 8:39 AM 2 Comment(s)
Labels 2010, Political, နိုင်ငံရေး
လွှတ်တော်နိုင်ငံရေး ပုံသဏ္ဌာန်အသစ်၌ ညွန့်ပေါင်းပေါ်မလား - မောင်စူးစမ်း
လွှတ်တော်နိုင်ငံရေးသုံးမျိုး
ဒီမိုကရေစီကို ဟားဗတ်ပညာရှင်တစ်ဦးက အခြေခံအားဖြင့် နှစ်ပိုင်းဆစ်သည်။ ပထမပိုင်းသည် နိုင်ငံရေးဖြစ်စဉ်တွင် ပြည်သူလူထု၏ ပါဝင်ပတ်သက်မှုဖြစ်သည်။ ဒုတိယပိုင်းသည် လွှတ်တော်နိုင်ငံရေး Parliamentary Politics ဖြစ်သည်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်၌ လွှတ်တော်နိုင်ငံရေးသည် ပေါ်ထွန်းမည့်စနစ်ကိုပါ ထည့်တွက်လျှင် သုံးမျိုးရှိသည်။ ၎င်းတို့မှာ -
(၁) လွှတ်တော်နှစ်ရပ် နိုင်ငံရေး (၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့ ပေါ်ခဲ့သည်)
(၂) လွှတ်တော်တစ်ရပ် နိုင်ငံရေး (၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွှတ်တော်တစ်ရပ်တည်း ရှိသည်)
(၃) လွှတ်တော်သုံးရပ် နိုင်ငံရေး (ယခု ပြဋ္ဌာန်းလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သုံးရပ် ရှိသည်)
သို့ဖြင့် နိုင်ငံရေးပါတီတို့သည် လွှတ်တော်သုံးရပ်အခင်းအကျင်းတွင် မြေစမ်းခရမ်းပျိုးပြီး ပါဝင်ကစားကြရန် စိုင်းပြင်းလျက် ရှိကြသည်။ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မျှော်နေကြသည်။
ပျော့ပျောင်းညှိနှိုင်း
လွှတ်တော်နိုင်ငံရေးကို ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဖြင့် ဖန်တီးရသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ဗြိတိသျှအစဉ်အလာကို အခြေခံသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ဆိုရှယ်လစ်အိုင်ဒီအိုလိုဂျီကို အခြေခံသည်။ ယခု အခြေခံဥပဒေသစ်သည် အရပ်ဘက်နှင့် စစ်ဘက် အာဏာခွဲဝေမှုကို အခြေခံ၍ လွှတ်တော်သုံးရပ်ကို ဖန်တီးထားသည်။ စစ်ဘက်ပါဝင်ပတ်သက်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ခွင့်ပြုထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသူတို့သည် ဘုရားများ မဟုတ်ကြလေရာ အုပ်စိုးသူတို့၏ ကြံရွယ်ရင်းကိုသော်လည်းကောင်း၊ ပေါ်ဖွယ်ရှိသည့် အကျပ်အတည်းတို့ကိုလည်းကောင်း ကြိုတင်မြင်နိုင်စွမ်း မရှိနိုင်ကြပေ။ ထို့ကြောင့် ပျော့ပျောင်းမှုနှင့် အပေးအယူ စေ့စပ်ညှိနှိုင်းမှုတို့သည် အခြေခံကိရိယာ ဖြစ်ရတော့မည်။ ပလေယာတို့သည် ပျော့ပျောင်း၍ အပေးအယူ စေ့စပ်ညှိနှိုင်းရန် အဆင်သင့် ဖြစ်ကြရမည်။ Deal Making လိုသည်။ အကြောင်းမူ တစ်ဖွဲ့တည်းက လွှတ်တော်သုံးရပ်ကို မကိုင်တွယ်နိုင်သောကြောင့် ဖြစ်သည်။
ပကတိတရား
သက်ဆိုင်ရာ နိုင်ငံရေးပလေယာတို့သည် မြန်မာ့နိုင်ငံရေးစနစ်သစ်၏ အခြေခံယုတ္တိကို သိထားရန် အထူးလိုအပ်သည်။
(၁) မြန်မာ့ဒီမိုကရေစီ၌ စစ်ဘက်မှ ပါဝင်ပတ်သက်မှုရှိခြင်း၊
(၂) လွှတ်တော်သုံးရပ်ရှိခြင်း၊
(၃) ပါတီစုံစနစ် ဖြစ်၍လည်းကောင်း၊ ပါတီများ ယခုမှ ဖွဲ့စည်းရခြင်းကြောင့်လည်းကောင်း၊ ပင်မရေစီးကြောင်းပါတီ Mainstream Party ဆိုသောပုံသဏ္ဌာန် မှုန်ဝါးဝါး ဖြစ်နေသေးခြင်းတို့သည် မျက်မှောက်ပြုရမည့် ပကတိတရားတို့ ဖြစ်အံ့ဟုထင်သည်။ ညွန့်ပေါင်းအစိုးရပုံသဏ္ဌာန် ဖြစ်ပေါ်ဖွယ်ရှိသည်။
အညွှန်း - Democracy - Harvard Series
Posted by Ko Nyan Posted Time 7:49 AM 0 Comment(s)
Labels 2010, Political, နိုင်ငံရေး
ပြည်နယ်မြို့တော်ကြီးများတွင် ပေါ်ထွန်းလာမည့် အစိုးရများနှင့် လွှတ်တော်များ
၂၀၁၀ မြန်မာနိုင်ငံရွေးကောက်ပွဲများအပြီး အသစ်ဖြစ်ပေါ်မည့် စနစ်သစ်အတွက် ကြိုတင်ပြင်ဆင်မှုများအနက် မြင်သာထင်သာ အရှိဆုံးမှာ နေပြည်တော်တွင် တည်ဆောက်လျက်ရှိသည့် လွှတ်တော်အဆောက်အအုံများ ဖြစ်ပါသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့်အတူ အသစ်ပေါ်ထွန်းလာမည့် အုပ်ချုပ်ရေးစနစ်သစ်တွင် ပြည်ထောင်စုအဆင့် အချုပ်အခြာအာဏာ သုံးရပ်နှင့် ပတ်သက်သော အစိုးရအဖွဲ့အစည်းအရပ်ရပ်၊ လွှတ်တော်နှစ်ရပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့အပြင် ပြည်ထောင်စုစနစ်ဖြစ်သည့် အားလျော်စွာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင်လည်း အချုပ်အခြာအာဏာသုံးရပ်နှင့် ပတ်သက်သော အဖွဲ့အစည်းများလည်း ရှိနေပါသည်။
အထူးသဖြင့် ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များသည် မြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ်သစ်တွင် ထူးခြားသေ အဖွဲ့အစည်းများဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အရေးအရာများကို ဆောင်ရွက်ရန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ (၁၈၈)ပါ ကိစ္စရပ်ပေါင်းများစွာကို ရေးဆွဲအတည်ပြုကြရမည့် လွှတ်တော်များဖြစ်ပေသည်။
အဆိုပါလွှတ်တော်များသည် ယခင်တစ်ပါတီစနစ်၏ ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရှိခဲ့ဖူးသော တိုင်းကောင်စီများကဲ့သို့ လက်ညှိုးထောင် ခေါင်းညိတ်သဘော မဟုတ်တော့ရာ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး မြို့တော်များတွင် တစ်နှစ်ပတ်လုံး ဆုံတွေ့၊ စည်းဝေး၊ ရုံးတက်၍ နိုင်ငံနှင့် လူမျိုးအတွက် အလုပ်လုပ်ရမည့် လွှတ်တော်များ ဖြစ်နေပါသည်။
ဤအခြေခံဥပဒေသစ်အရ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အများစုဖြင့် ဖွဲ့စည်းမည်ဖြစ်ရာ အစိုးရအဖွဲ့ဝင်များသည် အုပ်ချုပ်ရေးအာဏာတွင်ရော ဥပဒေပြုအာဏာတွင်ပါ ပတ်သက်ကြရမည် ဖြစ်ပေသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့တော်များတွင် ရုံးစိုက်သော အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများ မထိခိုက်စေဘဲ လွှတ်တော်အစည်းအဝေးများကို ပြည်နယ်မြို့တော်များတွင် တစ်နှစ်ပတ်လုံး ဆုံတွေ့နိုင်ရေးသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပါသည်။ အထူးသဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ မြို့တော်အသီးသီးတွင် အသစ်ပေါ်ထွန်းလာမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၊ ထိုမြို့တော်များတွင် တစ်နှစ်ပတ်လုံး ဆုံတွေ့စည်းဝေးသော လွှတ်တော်များသည် များစွာအရေးပါကြောင်း ဖော်ပြလိုက်ရပါသည်။
Posted by Ko Nyan Posted Time 7:28 AM 0 Comment(s)
Labels 2010, Political, နိုင်ငံရေး
Monday, May 24, 2010
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ လာတော့မည်
စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မ၀င်စားသည်ဖြစ်စေ၊ လေ့လာထားသည်ဖြစ်စေ၊ ဘာသိဘာသာနေသည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျွန်တော်တို့အနေဖြင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးကို မလွဲမသွေ ကြုံတွေ့ဖြတ်သန်း ကြရတော့မည် ဖြစ်သည်။ ဥပဒေအရ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသည့် နိုင်ငံသားတိုင်းသည် မိမိဆန္ဒအတိုင်း မဲပေးခွင့်ရရှိကြမည် ဖြစ်သည်။ လက်ဝယ်ရရှိထားသည့် အခွင့်အရေးကို ကြိုက်သလိုဆုံးဖြတ်ပိုင်ခွင့် ရှိခြင်းသည် မိမိကိုယ်တိုင်၏ အခွင့်အရေးပင် ဖြစ်ပေသည်။ သို့သော် မိမိ၏ ဆုံးဖြတ်ချက်၊ ပြုမူချက်သည် မိမိအတွက်သော်လည်းကောင်း၊ မိမိနေထိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ တိုင်းဒေသ၊ နောက်ဆုံး တိုင်းပြည်အတွက်သော်လည်းကောင်း တစ်စုံတစ်ခု အကျိုးရှိပါ၏လော ဆိုသည်ကတော့ ထိုအခွင့်အရေးပိုင်ရှင်၏ အဆင့်အတန်းနှင့် များစွာပင် သက်ဆိုင်လှပေမည်။ လူတစ်ဦးနှင့်တစ်ဦးသည် ခံစားချက်များ၊ နားလည်မှုများ၊ ခံယူချက်များ တူညီနိုင်ကြမည် မဟုတ်ပါ။ ထိုကဲ့သို့ မတူညီသည်များကို မတူညီသည့်အတိုင်း ပြုမူပြောဆိုခွင့် လူတိုင်းတွင် ရှိသည်ကိုလည်း နားလည်မိပါသည်။
မည်သို့ပင်ဖြစ်စေ၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးကတော့ မနှေးအမြန်ဆိုသလို ရောက်လာပါတော့မည်။ ထီးလိုမင်းလိုဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်၊ လူတိုင်းသဘောကျချင်မှ ကျပါလိမ့်မည်။ သို့သော် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ဖြင့် ကြီးမားလှသည့် အလှည့်အပြောင်းကြီးတစ်ခု ဖြစ်သည်ဆိုသည်ကတော့ ငြင်းမရသည့်အချက် ဖြစ်ပါသည်။ မည်သည့်နိုင်ငံတွင်မှ ပြည်သူလူထုက ၁၀၀ ရာခိုင်နှုန်း ထောက်ခံသည့် အစိုးရဟူသည် မရှိပါချေ။ ထိုအရာကပင် ဒီမိုကရေစီသဘောဟု မြင်မိပါသည်။ ပြောချင်သည်မှာ တိုင်းပြည်အတွင်းရှိ ပြည်သူအားလုံး၏ ဆန္ဒများအားလုံးသာ တစ်ထပ်တည်း၊ တညီတညာတည်း ဖြစ်နေပါလျှင် ဒီမိုကရေစီစနစ်၊ ဘာစနစ်၊ ညာစနစ် စသည်ဖြင့် မည်သည့်စနစ်မှ လိုအပ်လိမ့်မည် မဟုတ်ပါချေ။ ယခုမူ ထိုကဲ့သို့ မဟုတ်သည့်အတွက်သာ မည်သည့်စနစ်ကို သဘောကျသည်၊ ဘယ်စနစ်က ပိုကောင်းသည်၊ ဘယ်အစိုးရကကောင်းသည်၊ ဘယ်ပါတီကမကောင်း စသည်ဖြင့် ကွဲလွဲနေကြခြင်း ဖြစ်ပါသည်။
ပြောခဲ့သလိုပင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် ကျွန်တော်တို့အတွက် ထူးခြားသည့် အပြောင်းအလဲတစ်ခု ဖြစ်ပါသည်။ တင်ဇာမော်၏ သီချင်းတစ်ပုဒ်ထဲက စာသားများအတိုင်း ပြောရပါလျှင် "ဒီခြေတစ်လှမ်းနဲ့ စတင်ဖို့သာလိုတယ်" ဟု ပြောရမလိုပင်။ ခရီးတစ်ခုကို ရောက်ဖို့အတွက် အရေးအကြီးဆုံးသည် ခြေတစ်လှမ်း အစပြုလိုက်ဖို့ပင် ဖြစ်ပါသည်။ ခြေတစ်လှမ်းသော်မှ မကြွမလှမ်းပါဘဲ၊ အိမ်ထဲတွင်ထိုင်ပြီး နေပူသည်၊ မိုးရွာသည်၊ လမ်းကြမ်းသည်၊ ခရီးဖော်ကို သဘောမကျဟု ဘေးထိုင်ဘုပြောနေရုံဖြင့် ဘယ်ခရီးကိုမှ ရောက်နိုင်လိမ့်မည် မဟုတ်ပါချေ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် အလုံးစုံပြည့်ဝသော ဒီမိုကရေစီစနစ်တစ်ခုကို ဖော်ဆောင်နိုင်လိမ့်မည်ဟု မည်သူကမျှ အာမ,မခံထားပါ။ သို့သော် အဆိုပါ ဒီမိုကရေစီပန်းတိုင်သို့ ရောက်အောင်သွားဖို့အတွက် အစဦးဆုံး ခြေလှမ်းတစ်လှမ်း ဖြစ်သည်ဆိုသည်ကိုတော့ နားလည်ကြဖို့ သင့်ပါသည်။
နက်ဖြန်ခါတွင် မိမိလုပ်ကိုင်မည့် လုပ်ငန်းများအတွက် လိုလေသေးမရှိအောင် အစီအစဉ်ချ၊ ပြင်ဆင်ထားပါသော်လည်း အရာအားလုံးသည် မိမိမှန်းဆထားသလို ဖြစ်လာတတ်သည်မဟုတ်ပါ။ မိမိအစီအစဉ်ထဲတွင် မပါဝင်သည့် ဧည့်သည်တွေ ရောက်လာနိုင်သည်၊ မမျှော်မှန်းနိုင်သည့် အဖြစ်အပျက်များနှင့် ကြုံတွေ့နိုင်သည်၊ ရှောင်လွဲမရသည့် လူမှုရေး၊ စီးပွားရေးအခက်အခဲများလည်း ကြုံနိုင်သည်ပင်။ ဤကား လူတစ်ဦး၏ ဘ၀လေးကို ဥပမာပြု၍ ဆိုခြင်းသက်သက်သာ။ အခုပြောနေသည်က လူတစ်ဦး၏ ဘ၀သေးသေးလေးမဟုတ်။ လူပေါင်းများစွာ၊ သန်းပေါင်းများစွာသော ပြည်သူလူထု၏ အရေးကိစ္စဖြစ်သည်။ ထို့အတွက် မည်မျှပင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားစေကာမူ အဆင်မပြေမှုများ၊ အနှောင့်အယှက်များ ပေါ်လာနိုင်သည်ပင်ဖြစ်သည်။ သို့သော် ထိုအချက်များကို ကြိုတင်တွေးတော ပူပင်နေပြီး ဘာမှမလုပ်ဘဲ ထိုင်နေမယ်ဆိုပြီး နေလို့လည်းဖြစ်မည် မဟုတ်ပေ။
အကွေ့အမျိုးမျိုးအတွက် တက်အမျိုးမျိုး လိုပါလိမ့်မည်။ ကိုယ်တိုင် ကြိုးစားလုပ်ကိုင်သူတွေအတွက် ဖြစ်ပါသည်။ အပင်ပန်းမခံဘဲ ဒီအတိုင်း လိုက်ပါမည်ဆိုလျှင်လည်း အခွင့်အရေးရှိပါသည်။ သို့သော် မိမိလိုက်မည့် လှေအကြောင်း၊ လှေသူကြီးအကြောင်း၊ လှေထိုးသားများအကြောင်းကိုတော့ သေသေချာချာ သိဖို့လိုပါလိမ့်မည်။ အန္တရာယ်နှင့်ကြုံလျှင် ကိုယ်လွတ်ရုန်းသွားမည့် လူတွေလား၊ မိမိအတွက် အသက်ပေးပြီး ကာကွယ်မယ့်လူတွေလား၊ မိမိလိုရာရောက်ဖို့ အမှန်တကယ် ဦးဆောင်ခေါ်သွားနိုင်မယ့်လူတွေလား စသည့် စသည့် မေးခွန်းများနှင့် မိမိကိုယ်တိုင် ဆုံးဖြတ်ကြရပါလိမ့်မည်။ လှေအသီးသီး၊ လှေသူကြီး အသီးသီးကတော့ သူတို့လှေသာ အကောင်းဆုံး၊ သူသာလျှင် အတွေ့အကြုံအများဆုံး၊ သူတို့လှေသာလျှင် ရာသီဥတုဒဏ်ကို အခံနိုင်ဆုံးဟု မွှန်းကြပါလိမ့်မည်။ မည်သူတစ်ဦးတစ်ယောက်ကသော်မျှ သူတို့လှေက သိပ်မကောင်းသည့်အတွက် ဘယ်လှေနဲ့လိုက်ပါဟု ပြောဆိုကြမည် မထင်ပါ။
ပြောလိုသည်မှာ အရာအားလုံးသည် မိမိကိုယ်တိုင်အပေါ်တွင်သာ မှီတည်နေပါသည်။ မိမိကိုယ်သာ ကိုးကွယ်ရာဆိုသော်လည်း လူဆိုသည်မှာ အရာအားလုံးကို တတ်နိုင်ကြသူများ မဟုတ်ပါ။ နယ်ပယ်အားလုံးတွင် ကျွမ်းကျင်လိမ္မာမည်သူဟူ၍ ရှိလိမ့်မည် မဟုတ်ပါ။ နေမကောင်းဖြစ်၍ ဖျားနာလျှင် ဆရာဝန်ကို အားကိုးရမည်၊ အဆောက်အအုံဆောက်လိုလျှင် အင်ဂျင်နီယာ၊ ဗိသုကာကို အားကိုးရမည်၊ စားစရာ၊ ၀တ်စရာများအတွက် တောင်သူလယ်သမားတွေကို အားကိုးရမည် စသည်ဖြင့် နယ်ပယ်အလိုက်၊ ကဏ္ဍအလိုက် ရှိကြပါလိမ့်မည်။ ယခုလည်း ရွေးကောက်ပွဲကြီး လာချေပြီ။ ရွေးကောက်ပွဲဟူသည် နိုင်ငံရေးပင်ဖြစ်သည်။ နိုင်ငံရေးဟူသည် နိုင်ငံသားအားလုံး (ပြည်သူအားလုံး) ၏ အရေးပင်ဖြစ်သည်။ မိမိသည်လည်း နိုင်ငံသားတစ်ဦး ဖြစ်သည့်အတွက် ထိုအရေးတွင် ကိုယ်တိုင်ပါဝင်ရတော့မည်။ သို့သော် နိုင်ငံရေးသည် မိမိမကျွမ်းကျင်သောနယ်ပယ်၊ မိမိနှင့် စိမ်းလှသောကဏ္ဍ ဖြစ်နေကောင်း ဖြစ်နေနိုင်ပါသည်။ ထိုအခါ ဆရာဝန်၊ အင်ဂျင်နီယာများကို အားကိုးသလိုပင် အခြားသော နိုင်ငံရေးသမားများကို အားကိုးရတော့မည်မှာ မလွဲပင်။ မည်သို့မည်ပုံ အားကိုးကြမည်နည်း၊ မည်သူ့ကို အားကိုးကြမည်နည်း။ ဆုံးဖြတ်ကြရတော့မည်။
အစိုးရတစ်ရပ်ကို ဆန့်ကျင်ပုန်ကန်မှု ပြုလုပ်ခြင်းကိုသာ နိုင်ငံရေးလုပ်သည်ဟု အများစုသော မြန်မာများက ထင်မြင်ယူဆထားကြသည်ဟု ကျွန်တော့်အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောလိုသည်။ အပြစ်တင်ခြင်း မဟုတ်ပါ။ ထိုသို့ဖြစ်နေရခြင်းသည် အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် ဆိုသည်ကိုလည်း ကောင်းစွာနားလည်နေပါသည်။ သို့သော် နိုင်ငံရေးအသိရေချိန် မြင့်လာဖို့ မကြိုးစားခြင်း၊ သိချင်စိတ်မရှိခြင်းကိုတော့ စိတ်မကောင်းဖြစ်မိသလို၊ စိတ်ဆိုးဒေါသလည်း ဖြစ်မိပါသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် အားမလိုအားမရ ဖြစ်သည့်ဒေါသဟု နားလည်ကြမည် ထင်ပါသည်။ မိမိနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် မိမိဆန္ဒအလျောက် မိမိယုံကြည်သူကို မဲထည့်ခြင်းသည်လည်း နိုင်ငံရေးလုပ်ခြင်း ဖြစ်သည်ဟု နားလည်ကြသူ အတော်နည်းပါးပါသည်။ နိုင်ငံရေးလုပ်ခြင်းသည် အပြစ်ကျူးလွန်ခြင်း မဟုတ်ပါ။ ထို့အတူ နိုင်ငံရေးဟူသည်မှာလည်း မစားကောင်း၊ မထိကောင်းသည့် အသီးမဟုတ်ပါ။
နိုင်ငံတွင်ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် မိမိပိုင်အခွင့်အရေးအရ မိမိကြိုက်နှစ်သက်သူကို မဲထည့်ခြင်းသည် နိုင်ငံသားတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းဟု ကျွန်တော်ယုံကြည်ပါသည်။ မိမိတစ်ယောက်၏ မဲတစ်ပြားသည် ဘာမှဖြစ်လာနိုင်သည်မဟုတ်ဟု မယူဆကြစေလိုပါ။ "တစ်စက်တစ်ပေါက် ကျဖန်များသော် အင်းနားချောင်းကန် ပြည့်သောဟန်" ဆိုသည့်သဘောကို မြန်မာတွေ ယဉ်ပါးအကျွမ်းဝင်ပြီး ဖြစ်ပါသည်။
လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မြန်မာတွေအားလုံးနီးပါး မဲပေးကြရတော့မည်။ မိမိပေးမည့် မဲသည် မည်သို့အကျိုးသက်ရောက်မည်၊ မည်ကဲ့သို့ ဖြစ်လာနိုင်စေသည်ကို သိရှိနားလည်ထားလျှင် (တစ်နည်း) ကိုယ်စီးသည့်မြင်းအကြောင်းကို ကောင်းကောင်းသိထားလျှင် ပိုမိုအဓိပ္ပါယ်ရှိလိမ့်မည်ဟု ယူဆပါသည်။
ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲပေးစနစ်ကို အောက်တွင် ဖြော်ပထားပါသည်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး မှန်ကန်စွာမဲပေးရင်း မြန်မာ့သမိုင်းစာမျက်နှာတွင် ပါဝင်နိုင်ကြပါစေဟု တိုက်တွန်းဆန္ဒပြုရင်း.....။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၄ ရက်၊ တနင်္လာနေ့။
နံနက် ၁၁ နာရီ ၁၈ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 11:21 AM 0 Comment(s)
Labels 2010, Political, နိုင်ငံရေး
လာရင်းကိစ္စ
မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေကြသော Stakeholder အားလုံးအတွက် လာရင်းကိစ္စသည် ယနေ့တိုင် မပြီးဆုံးသေးသော ဒီမိုကရေစီရေးဆိုင်ရာ နိုင်ငံရေးတာဝန်များ ဖြစ်ပေသည်။
အမှန်အားဖြင့် ပြောရလျှင် နိုင်ငံသားအားလုံးသည် နိုင်ငံရေးတွင် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေရာ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူ အားလုံးဆိုသည်မှာ နိုင်ငံသားအားလုံးကို ဆိုလိုခြင်းလည်း ဖြစ်ပေသည်။
ထိုနိုင်ငံသားအားလုံးတို့ထံတွင် နိုင်ငံ၏ ဒီမိုကရေစီရေးနှင့် ပတ်သက်၍ အယူအဆအမျိုးမျိုး၊ လုံ့လ၀ီရိယအမျိုးမျိုး ရှိကြသည့်တိုင် လာရင်းကိစ္စဖြစ်သည့် ဒီမိုကရေစီရေးမှာမူ ရာနှုန်းပြည့် တူညီကြသည်ဟု အသေအချာ ယုံကြည်ပါသည်။
ထိုသို့လာရင်းကိစ္စကို နည်းအမျိုးမျိုးနှင့် ပါဝင်ပတ်သက်ကြရာတွင် လူ့လောကထုံးစံအတိုင်း လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန စသည့် လှုံ့ဆော်မှု (Temptations) များလည်း ရှိတတ်သည်ဖြစ်ရာ ထိုလှုံ့ဆော်မှုများကြောင့် လာရင်းကိစ္စကို မေ့သွားပြီး ရည်ရွယ်ချက်တူသူ အချင်းချင်း ရည်ရွယ်ချက်တူမှန်း သိပါလျက် ချက်အောက်ထိုးသော အပြုအမူများကိုလည်း ပညာရှိသတိဖြစ်ခဲဆိုသလို ပြုမူမိတတ်ပေသည်။ နာမည်ကျော် ဒီမိုကရေစီခေါင်းဆောင်များ၊ နာမည်ကျော် သတင်းစာဆရာများပင်လျှင် ပညာရှိသတိဖြစ်ခဲ ဆိုသကဲ့သို့ သတိလက်လွတ်ဖြစ်ကာ လာရင်းကိစ္စကို ဘေးချိတ်၍ စကားလုံးများနှင့် အပြစ်ပေးသောအလုပ်ကို လုပ်ခဲ့ကြသည်ကို ၀မ်းနည်းဖွယ် တွေ့ခဲ့ရပေသည်။
ကျွန်ုပ်တို့၏ လာရင်းကိစ္စသည် ဒီမိုကရေစီရေးသာလျှင်ဖြစ်၍ ထိုကိစ္စကို နှစ်ပေါင်းများစွာ လျှောက်လှမ်းအကောင်အထည် ဖော်ကြရမည်ဖြစ်ရာ Temptations များကြောင့် အချိန်ကုန်၊ ငွေကုန်၊ အင်အားကုန် မဖြုန်းတီးသင့်ကြောင်း အကြံပြုလိုပါသည်။
Posted by Ko Nyan Posted Time 8:58 AM 0 Comment(s)
Labels 2010, Political, နိုင်ငံရေး
Saturday, May 22, 2010
မြန်မာ့နိုင်ငံရေး ဟိုက်ပိုသီးစစ် - စိုးမြင့်သိန်း
Hypothesis ဟိုက်ပိုသီးစစ် အနုမာနတွေးဆချက်ဟူသည် ဥပမာ - လပေါ်မှာ ရေရှိနိုင်တယ်ဟု မှန်းဆတွေးဆ လျာထားကြည့်ခြင်း၊ ဘာဖြစ်လာနိုင်သည်ဟု ရော်ရမ်းကြည့်ခြင်း။ တကယ့်လက်တွေ့မှာတော့ ဘယ်လိုဖြစ်လာမလဲ မသိသေးခြင်း၊ လက်တွေ့မဟုတ်သော်ငြား တင်ကူးတွေးဆ ကြည့်ခြင်းသဘော။ ဖြစ်နိုင်ဖွယ်ရာ။
ရွေးကောက်ပွဲများ ကျင်းပပြီးစီးသွားလျှင် မည်သည့်နိုင်ငံရေးပုံသဏ္ဌာန် ဖြစ်ပေါ်လာမည်နည်းဆိုသည် ဟိုက်ပိုသီးစစ်ဖြစ်၏။ စိတ်လှုပ်ရှားစရာလည်း ကောင်းပါသည်။ စာအုပ်ထဲက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်နိုင်ခြေအားလုံး လက်တွေ့နိုင်ငံရေးတွင် ဖြစ်ပေါ်သီးပွင့်လာအောင် စွမ်းဆောင်နိုင်လျှင် ထိုနိုင်ငံရေးသည် အများထင်ထားသည်ထက် ပိုမိုကောင်းမွန်သော နိုင်ငံရေးဟု မှတ်ယူရပါမည်။
မနေ့က မိတ်ဆွေတစ်ယောက်နှင့် လက်ဖက်ရည်ဆိုင်ထိုင်ရာ သူက အမြဲတမ်း Anti ဂါးဗားမင့် ပြောတတ်သူ၊ တည်ဆဲအစိုးရကို ဆန့်ကျင်ပုတ်ခတ် ပြောတတ်သူ၊ ဒီတစ်ခါတော့ မိတ်ဆွေက "ဟာ.. မဆိုးဘူးဗျ၊ ပြောစရာရှိတာတွေ ပြောခွင့်၊ ရေးစရာရှိတာတွေ ရေးခွင့်ရလာပါလား။ ပွင့်လင်းလွတ်လပ်မှုရဲ့ ရှေ့ပြေးအခြေအနေကောင်းပဲဗျ" ဟု ခပ်ပြုံးပြုံး ကျေနပ်မှုရှိရှိ မျက်နှာနှင့် စကားဆိုလာပါသည်။
ကျွန်တော်က သူ့ကို ရိတိတိ မပြောတော့ပါ။ သူ့ဘာသာသူ နားလည်လှည့်ပြောင်းလာလို့ ကျွန်တော် ၀မ်းသာသည်။
အဓိကကျသည်မှာ ယနေ့ မြန်မာ့နိုင်ငံရေးတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ပါဝင်ပတ်သက်သူအားလုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပေးထားချက်များကို သဘောပေါက်ထားဖို့ပင်။ ၁၉၉၀ ထက်စာလျှင် ယနေ့ ၂၀၁၀ က Civil Society အရပ်ဘက်လူမှုအဖွဲ့အစည်း ပို၍ဆန်လာတာ ကျယ်ပြန့်စွာ မြင်တွေ့နေရခြင်းပင်။
လူထုပညာရေး၊ မဲဆန္ဒရှင်များ နားလည်သဘောပေါက်ရေးတို့ကို နိုင်ငံရေးပလေရာသစ်တို့က ဂရုဓမ္မထားရပါမည်။ နာဂစ်လို အခက်အခဲကို ရင်ဆိုင်ဝံ့သည့် သတ္တိမျိုး လုံ့လ၀ီရိယမျိုး ပြန်လည်နိုးကြား ထုတ်လုပ်နိုင်လျှင် မြန်မာ့နိုင်ငံရေးသည် ပျော်ရွှင်ခြင်းနိုင်ငံဆီသို့ ချီပေလိမ့်မည်ဟု ဟိုက်ပိုသီးစစ် ပြုနိုင်သည်။
ယနေ့ မဲပေးကြမည့် ပြည်သူလူထုတို့သည် ထောင်လိုက်ရော၊ အလျားလိုက်ပါ သေချာစဉ်းစား ရွေးချယ်ဖို့တော့ လိုပါမည်။
မိမိတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ဖြစ်သည်။ ရွေးကောက်ပွဲအပြီးတွင် တပ်မတော်နှင့် နိုင်ငံရေးပါတီများ ဒိုင်ယာလော့ရလဒ် မြင်တွေ့ရမည်။ အရပ်ဘက်အစိုးရ လူ့အဖွဲ့အစည်းသစ် ပေါ်လာမည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အရေး သဘာဝအရင်းအနှီး၊ ကုန်ထုတ်အရင်းအနှီး၊ ဘဏ္ဍာအရင်းအနှီးတို့အပေါ်တွင် မှီတည်နေသည်။
ပို့စ်မော်ဒန်ခေတ် ကမ္ဘာကြီး၌ ဒေသအခြေအနေသည်လည်း အရေးကြီးရာ Local စံနှုန်းများကို ဗဟိုပြုစဉ်းစား လုပ်ဆောင်ကြရေးသည် လက်တွေ့နှင့် ကိုက်ညီပေသည်။ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် အားလုံးအသိတရားဖြင့် ပါဝင်ရေးကတော့ ဘယ်ခေတ်မှာမဆို အရေးကြီးပါသည်။ မြန်မာ့နိုင်ငံရေး ပါရဒိုင်းသစ် ပြောင်းသွားသော်ငြား ယင်းစိတ်ဓာတ်အသိတရားက မဏ္ဍိုင်အဖြစ် ပါဝင်နေဦးမည်သာ ဖြစ်သည်။
နိုင်ငံရေး ခေါင်းဆောင်တို့သည် မြန်မာ့ပါရဒိုင်းသစ်၌ ဒိုင်းနမစ်သီအိုရီများ၊ လက်တွေ့ပြောင်းလဲနေသော အခြေအနေများနှင့်အညီ ချမှတ်ကျင့်သုံး ကြရပေမည်။ ရေတိုရေရှည် မဟာဗျူဟာနည်းဗျူဟာများ အရေးတကြီး လိုအပ်လာပါမည်။
အမေရိကန်နိုင်ငံရေး၊ ထိုင်းနိုင်ငံရေးတို့သည် ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်ပါမည်။ ဟီလာရီကလင်တန်ကိုယ်တိုင်က သူ့အား ထိုင်းမှ လူငယ်များက မေးသည့်အတွက် ဖြေကြားရာမှာ မိမိဘာသာ ခေါင်းဆောင်မှုကို တည်ဆောက်ယူကြဖို့ သူ့ကို (ဟီလာရီကလင်တန်ကို) စံပြုဖို့မလိုကြောင်း ပြတ်သားစွာ ဖြေကြားခဲ့သည်။
ကာလာမသုတ်၌ ဗုဒ္ဓက "ငါပြောတာကို မယုံနဲ့ ကိုယ်တိုင်လုပ်ကြည့်ပြီးမှ ယုံသင့်မှယုံ" ဟု ပြောခဲ့သည်။
ပုံတူကူးချ၊ နိုင်ငံခြားမှ အထင်ကြီးရောဂါတွေကို သတိထား။ ဒိန်ခဲကိုက် ဘီယာကျိုက်ရင်း အတင်းအဖျင်း ချသူများ၏ လက်ထဲမှာ မြန်မာ့နိုင်ငံရေး ပါရဒိုင်းသစ် မရှိပါ။ ကျွန်တော်တို့ ဒီက - ယနေ့ ၂၀၁၀ မြန်မာ့နိုင်ငံရေးသမားသစ်တွေဆီမှာသာ မြန်မာ့နိုင်ငံရေး ပါရဒိုင်းသစ်၊ ဒိုင်းနမစ် တည်ရှိနေပါသည်။ သမားရိုးကျ ယခင် အတွေးအခေါ်တွေကိုတော့ စွန့်မှဖြစ်မည်။ Conventional Wisdom တွေ မသုံးနှင့်တော့။ ၀ါဒတွေ ရှေ့တန်းမတင်နှင့်တော့။ ဆရာမောင်စူးစမ်း အလိုအရ အိုင်ဒီအိုလိုဂျီနှင့် သမိုင်းဟောင်း 1947/48, 1974, 1990 တို့သည် တာ့တာနေရစ်ခဲ့ပါတော့။ ယနေ့သည် မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် Guided Democracy ဖြစ်သည်။ ပြည်သူလူထု၊ တပ်မတော်၊ နိုင်ငံရေးပါတီများ သုံးချောင်းထောက်စနစ်။ ဒိုင်းနမစ် ဖြစ်မှ။
Election is the best form of politics. ရွေးကောက်ပွဲသည်သာ အကောင်းဆုံး နိုင်ငံရေးပုံစံ။ အငြင်းပွားဖွယ် မရှိပါ။
ဦးနေ၀င်း ဆိုရှယ်လစ်ခေတ်က နိုင်ငံခြားပြန်ပြေးရသော ကုလားသူဌေးကြီးများ။ ခေါင်းငုံ့လျှိုနေရသော တရုတ်သူဌေးကြီးများ ၁၉၉၈ နောက်ပိုင်း ပြန်ထကြွလာကြပြီး မြန်မာ့စီးပွားရေးလောက၌ ပြန်၍ခေါင်းဆောင် ကြီးပွားလာနေကြခြင်း၊ National Champions ခေါ် အစိုးရသူကောင်းပြုခံအချို့ ကြီးပွားချမ်းသာလာကြခြင်းသည်လည်း မြန်မာ့ပါရဒိုင်းတစ်ခု ဖြစ်နေ၏။ ယင်းကို တိုင်းပြည်အတွက် (အများပြည်သူလူထုအတွက်) မျက်နှာပြု ပရစိတ် မွေးမြူရင်း လှည့်ပြောင်းဒိုင်းနမစ် ဖြစ်ကြဖို့ ကျွန်တော်တို့ ပြည်သူများက လိုလားလျက် ရှိကြောင်းလည်း လေးစားစွာ တင်ပြလိုက်ရပေသည်။
ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေး၌ တစ်ပါတီတည်းလား၊ ညွန့်ပေါင်းပါတီလား မကွဲပြားနိုင်သေး။ နိုင်ငံသားများ၏ အခြေခံပိုင်ခွင့်များကို လေးစားအကောင်အထည်ဖော်သော ပါတီများ၊ အင်စတီကျူးရှင်းများ ရှေ့တန်းရောက်လာရပေမည်။ ဆောင်းပါးရှင်တစ်ဦးကတော့ လူထုအတွက် ၅၀ ရာခိုင်နှုန်းလောက် အကျိုးဆောင်နိုင်သော ပုဂ္ဂိုလ်မျိုး၊ အဖွဲ့အစည်းမျိုးကိုပင် နိုင်ငံတော်တည်ငြိမ်ရေးရှုထောင့်မှ ကျေနပ်စွာ လက်ခံသွားရပေမည်လို့ ရေးသားတာ ဖတ်လိုက်ရသည်။
အမှတ် (၆၅)
၂၀၁၀ ခုနှစ်၊ မေလ ၂၀ ရက်
Posted by Ko Nyan Posted Time 11:30 AM 0 Comment(s)
Labels 2010, Political, နိုင်ငံရေး
Thursday, May 13, 2010
မြန်မာ-အမေရိကန် တိုက်ရိုက်ထိတွေ့ ဆက်ဆံရေးလုပ်ငန်းစဉ်
အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell နှင့်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ၂၀၁၀ ပြည့်နှစ် မေလ ၉ ရက်နေ့၌ နေပြည်တော်သို့ သွားရောက်ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
| မေလ ၉ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း၏ ပြောကြားချက်အချို့မှာ |
- ပထမအချက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၆) အပိုဒ်ခွဲ (ဂ)ပါ နိုင်ငံရေးပါတီများသည် “ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမည်” ဆိုသည့်အချက် ဖြစ်ပါကြောင်း။ ၎င်းတို့က အခြေခံဥပဒေကို ပြည်လည်ညှိနှိုင်းပြင်ဆင်ခွင့် တောင်းခံထားသည့်အတွက် ဤပြဋ္ဌာန်းချက်ကို လက်မခံနိုင်ဟု ဆိုပါကြောင်း၊ ဤပြဋ္ဌာန်းချက်သည် အခြေခံဥပဒေကို ထိန်းသိမ်းရန်ဟုသာ ဖော်ပြထားခြင်းဖြစ်ပြီး အခြေခံဥပဒေကို မည်သည့်အခါမျှ မပြင်ဆင်ပါ၊ ပြင်ဆင်ရန် မကြိုးစားပါဟု ကတိပေးရခြင်း မဟုတ်ပါကြောင်း၊ အခြေခံဥပဒေကို ပြင်ဆင်ခွင့်မရှိ၊ ပြင်ဆင်ခြင်းမပြုရဟု ပြဋ္ဌာန်းချက် မဟုတ်ပါကြောင်း၊ အခြေခံဥပဒေ အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင်ခွင့်ရှိပါကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာသည့်အခါ လွှတ်တော်အတွင်း ဆွေးနွေးပြီး အခြေခံဥပဒေပြင်ဆင်ခြင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ပြင်ဆင်သွားနိုင်မှာ ဖြစ်ပါကြောင်း၊ သို့သော်လည်း လွှတ်တော်ပြင်ပမှာ ပြင်၍မရနိုင်ပါကြောင်း၊ NLD မှာလည်း ပြင်ဆင်ခွင့်မရှိပါကြောင်း၊ အစိုးရမှာလည်း ပြင်ဆင်ခွင့်အာဏာ မရှိပါကြောင်း၊ ပြည်သူအများစုက တစ်ခဲနက် ထောက်ခံအတည်ပြုပြီး ဖြစ်၍ဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာသည့်အခါ ပြည်သူ့ကိုယ်စားလှယ်ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များက အခြေခံဥပဒေ ပြင်ဆင်ခြင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်ဆင်ခွင့်ရှိမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေကို ပြင်ဆင်လိုပါက ရွေးကောက်ပွဲဝင်ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်သာ ဖြစ်ပါကြောင်း၊ ထိုသို့မဟုတ်ဘဲ အခြေခံဥပဒေကို ညှိနှိုင်းပြင်ဆင်ခွင့် တောင်းဆိုနေခြင်းမှာ မဖြစ်နိုင်သည်ကို တောင်းဆိုနေခြင်းသာ ဖြစ်ပါကြောင်း၊ ၎င်းအချက်အပေါ် အခြေခံလျက် မှတ်ပုံမတင်ဟု ဆုံးဖြတ်ခြင်း၊ ရွေးကောက်ပွဲမ၀င်ဟု ပြောနေခြင်းများသည်လည်း မည်သည့်အကျိုးမျှ မရနိုင်ဘဲ အခြေအနေကို ပိုမိုရှုပ်ထွေး ခက်ခဲစေရုံသာ ရှိမည်ဖြစ်ပါကြောင်း၊ ထိပ်တိုက်ရင်ဆိုင်ရေး လမ်းပေါ်ရောက်စေရုံသာ ရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဤပြဋ္ဌာန်းချက်သည် အခြေခံဥပဒေနှင့်အညီ ပြဋ္ဌာန်းခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊ အခြေခံဥပဒေပုဒ်မ (၄၀၅) တွင် “နိုင်ငံရေးပါတီများသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်” ဟု ပြဋ္ဌာန်းထားပါကြောင်း။
- ဒုတိယအချက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၁၀)၊ အပိုဒ်ခွဲ (င) ပါ “ထောင်ဒဏ်ကျခံနေရသူများကို ပါတီဝင်အဖြစ် စည်းရုံးခြင်းမပြုရ” ဟူသော ပြဋ္ဌာန်းချက်ဖြစ်ပါကြောင်း၊ ဤပြဋ္ဌာန်းချက်မှာ လက်ရှိထောင်ဒဏ်ကျခံနေရသူများ ပါတီဝင်မဖြစ်နိုင်သော်လည်း ထောင်ဒဏ်လွတ်မြောက်ပြီးသည့်အခါ ပါတီဝင်မဖြစ်ရဟု သတ်မှတ်ခြင်း မဟုတ်ပါကြောင်း၊ နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူများ အားကိုးအားထားပြုရမည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ထိုကဲ့သို့သော အဖွဲ့အစည်းတစ်ခုတွင် ပြစ်မှုကျူးလွန်သဖြင့် ထောင်ကျနေသူများ ပါသင့်/မပါသင့် စဉ်းစားကြစေလိုကြောင်း၊ ထောင်ကျနေသူများထဲတွင် သာမန်ပြစ်မှုကျူးလွန်သူများ ပါနိုင်သကဲ့သို့ ရာဇ၀တ်ပြစ်မှုကြီးများကို ကျူးလွန်သူများလည်း ပါဝင်နိုင်ပါကြောင်း၊ နိုင်ငံတော်ကိုဦးဆောင်သည့် ပါတီတစ်ခုတွင် ထိုကဲ့သို့ ထောင်ကျနေဆဲသူများ မပါဝင်သင့်ဆိုသည်မှာ သာမန်အတွေးဖြင့်ပင် သိနိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ထောင်ဒဏ်ကျခံနေရသူများကို ပါတီဝင်အဖြစ် စည်းရုံးခွင့်မပြုခြင်းသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့် မဆိုင်ဘဲ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ထောင်ဒဏ်ကျခံနေရသူများ အားလုံးကို ရည်ရွယ်ခြင်းသာဖြစ်သည်မှာ ထင်ရှားပါကြောင်း။
- တတိယအချက်မှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၁၀)၊ အပိုဒ်ခွဲ (က) ပါ “ထောင်ဒဏ်ကျခံနေရသူများ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရ” ဆိုသည့် ပြဋ္ဌာန်းချက်ဖြစ်ပါကြောင်း၊ ၎င်းပုဒ်မသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရွေးကောက်ပွဲ ၀င်ခွင့်မရအောင် ရည်ရွယ်ပြဋ္ဌာန်းခြင်းဖြစ်သည်ဟု ဝေဖန်စွပ်စွဲကြပါကြောင်း၊ ဤသည်မှာ အမှန်တရားနှင့် အလှမ်းဝေးသည့် လိုရာစွဲ ဝေဖန်ချက်သာ ဖြစ်ပါကြောင်း၊ အမှန်စင်စစ် ထိုပြဋ္ဌာန်းချက်သည် မြန်မာနိုင်ငံ၏စံနှုန်းများ၊ နိုင်ငံတကာ၏ စံနှုန်းများနှင့်အညီ ပြဋ္ဌာန်းခြင်းသာဖြစ်ပြီး အသစ်အဆန်း ပြဋ္ဌာန်းခြင်းမဟုတ်ပါကြောင်း။
- ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် “လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ထောင်ဒဏ်ကျခံနေရစဉ်ကာလနှင့် ထောင်ဒဏ်မှ ကင်းလွတ်ပြီးနောက် ၅ နှစ်ကာလအထိ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခွင့်မရှိ” ဟု ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၁၉၈၉ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင်လည်း “ထောင်ဒဏ်ကျခံနေရသူများ ရွေးကောက်တင်မြှောက်ခံခွင့် မရှိရ” ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အတူ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံများ အပါအ၀င် အာရှနိုင်ငံအများစု၏ ဥပဒေများတွင်လည်း ထောင်ဒဏ်ကျခံနေရသူများ ၀င်ရောက်ရွေးချယ်ခွင့်မရှိ ဆိုသည့်အချက်ကိုလည်းကောင်း၊ အချို့နိုင်ငံများဆိုပါလျှင် ထောင်ဒဏ်ကျခံနေစဉ်သာမက ထောင်ဒဏ်မှလွတ်ပြီး ၅ နှစ် မကျော်သေးလျှင် ၀င်ရောက်ရွေးချယ်ခံခွင့်မရှိဆိုသည့် အချက်ကိုလည်းကောင်း ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရပါကြောင်း။ ယခု မိမိတို့၏ ရွေးကောက်ပွဲဥပဒေသည် ထောင်ဒဏ်ကျခံနေရစဉ် ကာလအတွင်းသာ ရွေးကောက်ပွဲဝင်ခွင့် မပြုခြင်းဖြစ်ပြီး ထောင်မှလွတ်ပြီးသည်နှင့် ရွေးကောက်ပွဲဝင်ရောက်ခွင့်ရှိကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံ၏ ယခင်က ပြဋ္ဌာန်းကျင့်သုံးခဲ့သည့် ဥပဒေများထက်လည်းကောင်း၊ အခြားနိုင်ငံများ၏ ဥပဒေများထက်လည်းကောင်း ပိုမိုပျော့ပျောင်းသည်ကို တွေ့နိုင်ပါကြောင်း၊ ထိုပြဋ္ဌာန်းချက်သည် ဆန့်ကျင်ဘက်များက စွပ်စွဲပြောဆိုနေသည့်အတိုင်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ညွှန်းပြဋ္ဌာန်းခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးရှိ ထောင်ဒဏ်ကျခံနေရသူအားလုံးကို ရည်ရွယ်ခြင်းဖြစ်သည် ဆိုသည်မှာ ထင်ရှားပါကြောင်း၊
- မိမိတို့အနေနှင့် ပြဋ္ဌာန်းပြီးဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီ ၂၀၁၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုလည်း လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာရှိအောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
| နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဉာဏ်ဝင်း နှင့် တွေ့ဆုံဆွေးနွေးရာ၌ Mr. Campbell နှင့် ဦးဉာဏ်ဝင်းတို့၏ ဆွေးနွေးချက်များ |
| သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဧည့်ခန်းမ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဦးသောင်း နှင့် တွေ့ဆုံဆွေးနွေးရာ၌ Mr. Campbell နှင့် ဦးသောင်းတို့၏ ဆွေးနွေးချက်များ |
| နေပြည်တော်ရှိ ရုံးအမှတ် (၂၂) ဧည့်ခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တွေ့ဆုံရာ၌ Mr. Campbell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဦးသိန်းစိုးတို့၏ ဆွေးနွေးချက်များ |
Mr. Larry M. Dinger (အမေရိကန်သံရုံး ယာယီတာဝန်ခံ)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်စပ်လျဉ်း၍ မေးမြန်းလိုကြောင်း၊ ၀န်ကြီးများအနေဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းမှာ ဥပဒေနှင့် ညီ/မညီ၊ ပါတီတည်ထောင်ခွင့် ပြုနိုင်/မပြုနိုင် မေးမြန်းသည်။
| နေပြည်တော် ဒက္ခိဏသီရိမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဌာနချုပ်ရုံး ဧည့်ခန်းမ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး နှင့် တွေ့ဆုံဆွေးနွေးရာ၌ Mr. Campbell နှင့် ဦးဌေးဦး တို့၏ ဆွေးနွေးချက်များ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးအား အမွေခံအခြေပြုပြီး ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနှင့် ပြည်သူများ၏ လိုအင်ဆန္ဒအတိုင်း အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးနှင့် အဓွန့်ရှည်တိုးတက် တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ရည်မှန်းဖွဲ့စည်းခြင်း ဖြစ်ပါကြောင်း၊ ပါတီဖွဲ့စည်းထူထောင်ရန် စတင်အဆိုပြုသူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်နှင့် ရွေးကောက်ပွဲဥပဒေ၏ ပြဋ္ဌာန်းချက်များအတိုင်း အစိုးရ၀န်ထမ်းမှ နုတ်ထွက်ပြီးဖြစ်ပါကြောင်း၊ ၀န်ကြီး၊ ဒုတိယ၀န်ကြီး ရာထူးများသည် အစိုးရ၀န်ထမ်းမဟုတ်သော နိုင်ငံရေးတာဝန်များသာ ဖြစ်ပါကြောင်း၊ ပါတီအနေဖြင့် စည်းရုံးသိမ်းသွင်းသည့်အခါတွင် ပါတီဝင်များကို သတ်မှတ်ချက်များနှင့်အညီ စည်းရုံးသိမ်းသွင်းသွားမည်ဖြစ်ကြောင်း၊ မူလ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် အစိုးရ၀န်ထမ်းများလည်း ပါရှိပါကြောင်း၊ ပါတီဝင်အဖြစ် ၀င်ရောက်မည်ဆိုလျှင် အစိုးရ၀န်ထမ်းမှ နုတ်ထွက်သူများကိုသာ လက်ခံမှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များတွင် ကျောင်းသားများလည်း ပါရှိနေကြောင်း၊ ကျောင်းသားများအား ပါတီနိုင်ငံရေးကင်းကင်းနှင့် ပညာသင်ကြားစေလိုသော ဆန္ဒရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပါတီဝင်အဖြစ် သိမ်းသွင်းခြင်းမပြုဘဲ ပညာသင်ကြားရေးကိုသာ အားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မိမိတို့အနေနှင့် နိုင်ငံတော်နှင့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှုတို့အတွက် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒနှင့် အတည်ပြုထားပြီးဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော ဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူများအတွက် ထိုက်တန်သည့် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးအား စည်းရုံးပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးအနေနှင့် ယုံကြည်ချက်၊ ခံယူချက်များ၊ လမ်းစဉ်များ ကွာခြားနိုင်သော်လည်း နိုင်ငံတော်နှင့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်ကြမည် ဆိုသည်ကို မိမိတို့အနေဖြင့် ယုံကြည်ပါကြောင်း ပြောကြားသည်။
Posted by Ko Nyan Posted Time 3:56 PM 0 Comment(s)
Labels 2010, Myanmar, news, Political, နိုင်ငံရေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် အခြားပါတီများနှင့် နိုင်ငံရေးသမားများ၏ အမြင်များ
ဒီမိုကရေစီစနစ်မှာ ဘယ်သူပါပါပေါ့ဗျာ။ ပါတီတည်ထောင်ခွင့်ကို မြန်မာနိုင်ငံသားတိုင်း ရပိုင်ခွင့်ရှိတာပေါ့ဗျာ။ ၁၉၉၀ တုန်းက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက အားကောင်းတယ်လေဗျာ။ တစညကပဲ ရတော့မလိုလို ဖြစ်ခဲ့သေးတာပဲ မဟုတ်လား။ အချိန်တန်တော့ ပြည်သူကပဲ အဆုံးအဖြတ်ပေးသွားတာပဲ မဟုတ်လား။ ဘယ်သူဝင်ရမယ်၊ မ၀င်ရဘူးဆိုတာကိုတော့ ပြောခွင့်မရှိပါဘူး။ နောက်ဆုံးတော့ ပြည်သူ့အဆုံးအဖြတ်က အဓိကပါပဲ။
ဗဟိုကော်မတီဝင်
အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန် ပါလာတော့ ဒီမိုကရေစီရဲ့ ဖော်ဆောင်မှုအခန်းကဏ္ဍမှာ အနားမယူဘဲ ဆက်လက်လုပ်ဆောင်တဲ့အတွက် ကြိုဆိုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ အနိုင်အရှုံးဝါဒကို မလိုလားဘူး။ တည်ငြိမ်မှုနဲ့ အောင်မြင်ဖို့ကိုပဲ လိုလားပါတယ်။
ဗဟိုအလုပ်အမှုဆောင်
ကရင်အမျိုးသားများအဖွဲ့ချုပ်
ဘယ်အဖွဲ့အစည်းမဆို ရွေးကောက်ပွဲဝင်မယ်ဆိုရင် လက်ခံရမှာပဲ။ အခုလာမယ့် ရွေးကောက်ပွဲက ပြည်သူက အဆုံးအဖြတ် ပေးရမှာဖြစ်တယ်။ လူတွေရဲ့ ဆန္ဒသဘောထားကို လေးစားရင် ဘယ်သူမဆို ဖိတ်ခေါ်ရမှာပဲ ဖြစ်ပါတယ်။ ပြည်သူတွေ အမြင်ကြည်လင်စွာနဲ့ ရွေးကောက်ပွဲကို ပါဝင်လက်ခံလာအောင် စည်းရုံးမယ်ဆိုတဲ့ ရည်ရွယ်ချက်က ကျွန်မတို့ နဂိုကတည်းက ဆုံးဖြတ်ချက်ချထားခဲ့တာပါ။ ပြည်သူကိုယ်စားပြုချင်တယ်ဆိုရင် ရွေးကောက်ပွဲကို ၀င်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ပါတီရယ်လို့ မဟုတ်ဘူး။ ပြည်သူကကြိုက်တဲ့ ဘယ်အဖွဲ့အစည်း ပါတီမဆို လက်ခံသွားရမှာ ဖြစ်ပါတယ်။ အချိန်တန်ရင် ပြည်သူက အဆုံးအဖြတ် ပေးသွားမှာပါ။
ဥက္ကဋ္ဌ
ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ)
ကျွန်မကတော့ နည်းနည်းမရှင်းဘူး ဖြစ်နေတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ဆက်ရှိနေမှာလား။ ဒီအသင်းက လူမှုရေးအဖွဲ့ပဲ။ အစိုးရက ထူထောင်ပေးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ စတုတ္ထတန်း ကျောင်းသားများကနေ ၀န်ထမ်းတွေအထိ ကြံ့ခိုင်ရေးအသင်းဝင်တွေ ဖြစ်နေတယ်။ အခု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြစ်လာတော့ ဒီမှာ မရှင်းဘူးဖြစ်နေတယ်။ ပါတီမှာဆိုရင် အရာထမ်း အမှုထမ်းတွေ ပါမလား၊ မပါတော့ဘူးလား မသိဘူး။ သူတို့က ပါတီကြီးတစ်ခုဆိုတာ အငြင်းပွားစရာ မလိုပါဘူး။ ငွေအင်အား၊ လူအင်အား၊ ရုပ်ပိုင်းဆိုင်ရာအားလုံး ပံ့ပိုးထားတော့ အင်အားကြီးပါတီ ဖြစ်လာမှာ။ ဒီမိုကရေစီစနစ်အရတော့ သိပ်ပြီး မျှတမှုမရှိဘူးလို့ မြင်မိတယ်။ ခုရွေးကောက်ပွဲက တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရင်တော့ ကောင်းတာပေါ့။
အထွေထွေအတွင်းရေးမှူးချုပ်
ဒီမိုကရက်တစ်ပါတီ (မြန်မာ)
ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ ဆက်လက်သွားရမှာပဲလေ။ ကိုယ့်ယုံကြည်ချက်၊ ခံယူချက်အတိုင်း လုပ်ဆောင်တာဖြစ်တဲ့အတွက် ဘာမှ ဝေဖန်ဆန်းစစ်စရာ မရှိပါဘူး။ အခြေခံဥပဒေအပေါ် မူတည်ပြီးတော့ လုပ်ဆောင်နေကြတာ ဖြစ်တဲ့အတွက် ဘာမှကို ဝေဖန်ဆန်းစစ်စရာ မရှိပါဘူး။ ကိုယ့်မဲဆန္ဒနယ်မှာ ပြိုင်ဆိုင်ရတဲ့အခါမှာလည်း အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း လုပ်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့် ကိုယ်ဘာမှ စိုးရိမ်စရာ အကြောင်းမရှိပါဘူး။ အကောင်းဆုံးဖြစ်သွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဥပဒေအရ မှန်မှန်ကန်ကန်နဲ့ လျှောက်လှမ်းသွားဖို့ပဲ လိုပါတယ်။ ဒီအတိုင်းပဲ လုပ်ဆောင်သွားမယ်ဆိုရင် ပြဿနာမရှိပါဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လုပ်ဆောင်နေကြတဲ့အတွက် ရန်သူဆိုတာလည်း မရှိပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်သွားမယ်လို့ ဒီလိုပဲ ယုံကြည်တယ်လေ။
ဒုတိယဥက္ကဋ္ဌ (၂)
ကရင်ပြည်သူ့ပါတီ
အစကတည်းက ပါတီတစ်ခုအနေနဲ့ ဖြစ်လာမယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် အခုလိုမျိုးတော့ မဟုတ်ဘူး။ ပါတီတစ်ရပ်အနေနဲ့ အစိုးရအဖွဲ့လိုမျိုးမှာ လက်ရှိတာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ နုတ်ထွက်ပြီးတော့ ပါတီထူထောင်ကြမယ် ထင်ထားတာ။ ပြိုင်ပွဲတစ်ခုမှာ မျှတစေချင်တယ်။ မျှတမှလည်း ဂုဏ်သိက္ခာရှိမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယှဉ်ပြိုင်ကြတဲ့အခါမှာ ဘက်တူရင် အရမ်းကြည့်ကောင်းမှာပါ။ ဘက်တူတဲ့ပြိုင်ပွဲ ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။
ဝါရင့်နိုင်ငံရေးသမားနှစ်ဦး
အတွဲ (၆) အမှတ် (၁၈)
မေ ၁၃ - ၁၉၊ ၂၀၁၀
နိုင်ငံရေးအချပ်ပို
Supplement B, C
Posted by Ko Nyan Posted Time 3:33 PM 0 Comment(s)
Labels 2010, Myanmar, Political, နိုင်ငံရေး
ဆက်လက်ရပ်တည်ခွင့် ပျက်ပြယ်သွားသော ပါတီများ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၁၈/၂၀၁၀) ဖြင့် နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားရန် နောက်ဆုံးနေ့ရက် အသိပေးကြေညာချက်ကို ဧပြီ ၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသည့် ပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ကော်မရှင်သို့ လျှောက်ထားခွင့်ရှိသည့် အချိန်ကာလမှာ မေလ ၆ ရက်တွင် ရက်ပေါင်း ၆၀ ပြည့်မည်ဖြစ်သည်။
ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ လျှောက်ထားခြင်းမရှိသော ပါတီများအနေဖြင့် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု ကြေညာချက်အရ ၁၉၉၀ ရွေးကောက်ပွဲလက်ကျန် ပါတီ (၁၀)ခု အနက်မှ အောက်ဖော်ပြပါ ပါတီ (၅)ခုသည် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားပြီဖြစ်သည်။
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
- ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
- ပြည်ထောင်စုပအိုဝ်း အမျိုးသားများအဖွဲ့ချုပ်
- ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ
- "၀" အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ
အတွဲ (၆) အမှတ် (၁၈)
အထူးအချပ်ပိုမှ ကောက်နုတ်ဖော်ပြပါသည်။
Posted by Ko Nyan Posted Time 3:26 PM 0 Comment(s)
Labels 2010, Myanmar, Political, နိုင်ငံရေး