ပေါ်ပေါက်နေသည့် မြန်မာ့နိုင်ငံရေးစနစ်သစ်သည် အချက် (၃)ချက်တွင် အလေးပေးထားသည်။ ၎င်းတို့မှာ (၁) နိုင်ငံရေးစနစ်သစ်တွင် စစ်ဘက်မှ ပါဝင်ပတ်သက်မှုရှိမည်။ တစ်နည်းပြောရလျှင် စစ်ဘက်မှ စပွန်ဆာပြုသော ဒီမိုကရေစီဖြစ်သည်။ (၂) လွှတ်တော်သုံးရပ်ရှိမည်။ (၃) ပါတီစုံစနစ် ဖြစ်သည် တို့ဟူ၍ ဖြစ်သည်။
စိတ်ကူးအရ၊ သီအိုရီအရ လွှတ်တော်သုံးရပ်စနစ်ဖြင့် အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေးသည် ချိန်ခွင်လျှာမျှနေမည်သာ ဖြစ်သည်။ စစ်ဘက်ကိုယ်စားပြုမှုမှာ ၂၅ ရာခိုင်နှုန်း အလိုလိုရရှိနေ၍ အရပ်ဘက်ကိုယ်စားပြုမှုကို ရွေးကောက်ပွဲဖြင့် အဆုံးအဖြတ်ပေးတော့မည်။
ပုဂ္ဂိုလ်-အိုင်ဒီယာ-အင်စတီကျူးရှင်း
လွှတ်တော်သုံးရပ်အပြင် ပြည်နယ်၊ တိုင်းလွှတ်တော်တို့လည်း ရှိဦးမည်ဖြစ်၍ ပေါ်ထွန်းမည့် နိုင်ငံရေးစနစ်ကို ရှုပ်ထွေးသောစနစ် Complex System အဖြစ် နားလည်ရပေမည်။ ရိုးစင်းလွယ်ကူသောစနစ် Simple System မဟုတ်ပေ။ ထို့ကြောင့် ရှုပ်ထွေးသောစနစ်ကို ချောချောမောမောဖြစ်စေမည့် နည်းလမ်းတို့ကို ခုကတည်းက ကြိုတင်စဉ်းစားထားအပ်သည်။
ထားပါတော့၊ နိုင်ငံရေးစနစ်သစ်ကို အကောင်အထည်ဖော်ရန် (၁) အင်စတီကျူးရှင်း (၂) ပုဂ္ဂိုလ်တို့၏အခန်းကဏ္ဍ (၃) အိုင်ဒီယာနှင့် ၀ါဒ တို့နှင့် (၄) တရားဥပဒေစနစ်တို့ကို စံထားကြည့်ကြသည်။ မြန်မာ့နိုင်ငံရေးစနစ် ဖြစ်ထွန်းမှုတွင် ဒုတိယကမ္ဘာစစ်ကြီး အပြီးမှစ၍ လူပုဂ္ဂိုလ်တို့က အခြားအရာတို့ထက် ပို၍ လွှမ်းမိုးခဲ့သည်။ နိုင်ငံရေးနှင့် အာဏာအခင်းအကျင်းတွင် လူပုဂ္ဂိုလ်က အဓိက အဆုံးအဖြတ်ပေးခဲ့သည်။ နောက်ပိုင်း အင်စတီကျူးရှင်း တစ်နည်းပြောလျှင် စစ်ဘက်က အဆုံးအဖြတ်ပေးသောနေရာကို ရယူလာသည်။ ပေါ်ပေါက်မည့် နိုင်ငံရေးစနစ်တွင် အဓိကအဆုံးအဖြတ်ပေးသင့်သည့် အရာတို့သည် (၁) အိုင်ဒီယာအတွေးအခေါ်နှင့် (၂) အင်စတီကျူးရှင်း (အဓိကအားဖြင့် လွှတ်တော်သုံးရပ်) တို့သာ ဖြစ်သင့်သည်။
ကလီချေနှင့် ပေါင်းစပ်
မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုဟူ၍ ပေါ်ကတည်းက တိုင်းပြည်ကောင်းကျိုးကိုကြည့်ရန်၊ လူထုကောင်းစားရေးကို ရှေးရှုရန်၊ အကျင့်သီလသန့်ရှင်းရန် စသည်ဖြင့် နှိုးဆော်ခဲ့ကြသည်။ ဘယ်လောက်တောင် နှိုးဆော်ခဲ့ကြသနည်းဆိုလျှင် ဤတိုက်တွန်းချက်တို့သည် "ကလီချေ" (အဖန်ဖန်သုံးလွန်း၍ နွမ်းနေသောအရာ) ပင် ဖြစ်နေသည်။
ထို့ကြောင့် စာရေးသူအနေဖြင့် အဆိုပါ တိုက်တွန်းနှိုးဆော်ချက်တို့ကို အားလုံးအလိုလို သိပြီးသားအဖြစ် မှတ်ယူပြီး ခေတ်သစ်အယူအဆတို့နှင့် အချိန်နှင့်တစ်ပြေးတည်းညီစွာ ယဉ်ပါးနေဖို့ကိုသာ တိုက်တွန်းလိုသည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့်သူတို့သည် ခေတ်သစ်အတွေးအခေါ်နှင့် မော်ဒန်ရေစီးကြောင်းတို့နှင့် ခေတ်မီမီ ကိုယ်တိုင်ယဉ်ပါးနေရန် ဖြစ်သည်။ ၂၁ ရာစုနှစ် ရေစီးကြောင်းနှင့် အညီအညွတ်ဖြစ်ဖို့ ဖြစ်သည်။
တစ်ခုတော့ စောဒကတက်စရာရှိသည်။ ယင်းမှာ ခေတ်ဆန်သော အယူအဆတို့သည် တွေးခေါ်ဆင်ခြင်ရန်လိုသဖြင့် လူထုမလိုက်နိုင်။ လူထုသည် ဆင်ခြင်တွေးတောစရာ မလိုဘဲ အီမိုးရှင်းခံစားမှုဖြင့် တုံ့ပြန်တတ်ကြသည်။ ထို့ကြောင့် မဲဆွယ်စည်းရုံးလျှင် အတွေးအခေါ်ထက် ခံစားမှုကို အခြေခံရန်လိုသည်။ ဤဆင်ခြေသည်လည်း ယုတ္တိရှိ၍ မငြင်းလိုပေ။ အိုင်ဒီယာနှင့် ခံစားမှုတို့ကို လိုသလိုပေါင်းစပ်၍ အသုံးပြုလျှင်တော့ မမှားနိုင်ဟု ထင်မိသည်။
မောင်စူးစမ်း (၂၆-၆-၂၀၁၀)
No comments:
Post a Comment