(၁)
ဝတ္ထု - အိုစွမ်းပြည့်
ဇာတ်ညွှန်း - ဇော်မြင့်ဦး
ဒါရိုက်တာ - မလိခ စိုးထိုက်အောင်
သရုပ်ဆောင်များ - ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ သန်းသန်းစိုး၊ ဘုန်းလျှံ
ကျွန်တော်တို့ဆီက မင်းသား၊ မင်းသမီးတွေ ဘယ်လောက်များ တော်လိုက်သလဲဆိုရင် မာနချင်းပြိုင်နေတာတောင် မာနချင်းပြိုင်နေတယ်လို့ မထင်ရဘူး။ ဘေးကဇာတ်ပို့တွေက စကားလုံးတွေသုံးပြီး နင်တို့နှစ်ယောက်က မာနချင်းပြိုင်နေတာကိုးတို့၊ နင်ကလည်း မဟုတ်တဲ့မာနတွေ ထားနေပြန်ပြီတို့ စသည်စသည်ဖြင့် ပို့ပေးခါမှပဲ သြော်... သူတို့နှစ်ယောက်က မာနချင်းပြိုင်နေကြပါလားလို့ သိရတော့တယ်။ ချီးကျူးလို့ကို မဆုံးဘူး။ အခြားဇာတ်ကားတွေမှာလိုမျိုး ရှူးရှူးရှဲရှဲကြီးတွေဖြစ်ပြီး မာနပြိုင်တာ၊ ဒေါသထွက်တာမျိုး မဟုတ်တဲ့အတွက်တော့ သဘောကျမိတာအမှန်ပဲ။ ခန့်စည်သူက နည်းနည်းလှုပ်ပေမယ့် စိုးမြတ်သူဇာက ဒီဇာတ်ကားမှာ နည်းနည်းများ အငြိမ်လွန်နေသလားလို့ တွေးနေမိတယ်။ ဒေါသထွက်ရင်တောင် ခေါင်းအေးအေးနဲ့ ထွက်မယ်ဆိုတဲ့ ပုံစံမပေါက်ဘဲ စိတ်မပါလက်မပါ သရုပ်ဆောင်နေသလားရယ်လို့တောင် တွေးမိစေတယ်။ အချို့စကားပြောခန်းတွေဆိုရင် တအားပေါ့လွန်းတယ်။ ဇာတ်လမ်းကို ဆွဲခေါ်သွားပုံကတော့ သဘောကျစရာပါ။ ဇာတ်ညွှန်းဆရာ တော်တယ်လို့ ချီးကျူးရမယ်။ ကျွန်တော့်အထင်ပြောရရင် သရုပ်ဆောင်ပညာကို ကျွန်တော်နားမလည်နိုင်တဲ့အတွက် သူတို့သရုပ်ဆောင်မှုတွေကို အပြစ်မြင်နေမိတယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇာတ်ကားတစ်ခုလုံး ပြီးသွားတဲ့အထိ စိတ်ဝင်စားမှုကို တစ်ပြားလေးမှ မလျှော့သွားအောင် ဆွဲခေါ်သွားနိုင်တဲ့ ဒီဇာတ်ကားကို အမှတ်ပေးထားမိလို့ပါပဲ။ ငှားကြည့်ဖြစ်အောင် ငှားကြည့်သင့်တဲ့ကားလို့ ဆိုချင်ပါတယ်။
(၂)
ဇာတ်ကားအမည် - ကဲ... ဘာတတ်နိုင်သေးလဲ
ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ - စိုးကျော်ဆန်း
သရုပ်ဆောင်များ - စွမ်း၊ မိုးယုစံ၊ မေသဉ္ဖာဦး၊ ကြည်လဲ့လဲ့ဦး၊ ကောင်းစံ၊ မျိုးမျိုးခိုင်
[ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်]ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ - စိုးကျော်ဆန်း
သရုပ်ဆောင်များ - စွမ်း၊ မိုးယုစံ၊ မေသဉ္ဖာဦး၊ ကြည်လဲ့လဲ့ဦး၊ ကောင်းစံ၊ မျိုးမျိုးခိုင်
ကျွန်တော်ဘယ်တုန်းကမှ မကြည့်တဲ့မင်းသားမို့ မယူပါဘူးဆိုတာကို ဗီဒီယိုဆိုင်က အစ်မကြီးက အတင်းပေးလိုက်တဲ့အတွက် ကြည့်ဖြစ်တဲ့ကားပါ။ ရယ်ရတယ်ဆိုပြီး အတင်းထည့်ပေးလိုက်တာပါ။ အခြားဇာတ်ကားသစ် ကြည့်စရာမရှိတဲ့အချိန်မို့ အောင့်ကာနမ်းလိုက်ရပါတယ်။ ဇာတ်ကားနာမည်မှာ မေးထားသလိုပါပဲ။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ ဘာတတ်နိုင်သေးလဲဆိုရင် ဟုတ်ကဲ့... ဘာမှမတတ်နိုင်ပါဘူးလို့ပဲ ဖြေရပါတော့မယ်။ လက်တွေ့ဘ၀တွေ၊ သရုပ်မှန်တွေ၊ သဘာဝကျတာတွေ၊ ဘာတွေညာတွေကို မတွေးတော့ပါဘူး။ ဗီဒီယိုဇာတ်ကားကို ဗီဒီယိုဇာတ်ကားလို့သာမှတ်ကွလို့ ကိုယ့်ဘာသာကိုယ် ပြန်ဆုံးမရပါတယ်။ ရှေးခေတ်ဟောင်း အဖြူအမည်းဓာတ်ပုံ သုံးလေးပုံပြပြီး ဆွေတော်မျိုးတော်ဆိုပြီးလုပ်၊ အစ်မကြီးသုံးယောက်က တစ်ယောက်တစ်မျိုးစီနဲ့ ညီမအငယ်ဆုံးလေးရဲ့ ချစ်သူရည်းစားကို ပညာပေးနှိပ်ကွပ်တဲ့အကြောင်း ရိုက်ပြထားတာပါ။ ဒိုင်ယာလော့ခ်တွေအတွက် သုံးနှုန်းထားတဲ့ စကားလုံးတွေကို နားထောင်ရင်း ကြက်သီးတောင် ထမိသေးတော့တယ်။ အိမ်က အမေ့ရှေ့မှာများ အဲဒီလိုသွားပြောမိရင် "စကားကို ယဉ်ယဉ်ကျေးကျေး မပြောတတ်ဘူးလား" ဆိုပြီး ကျွန်တော်ကိုဉာဏ်တစ်ယောက် ဒီအရွယ်ကြီးနဲ့ ခေါင်းအခေါက်ခံရဦးမယ် ထင်ပါရဲ့။ သူတို့တွေတော့ ပြောနေကြတာ အေးအေးဆေးဆေးပဲ။ ချစ်သူသက်တမ်း နှစ်ပတ်လည်နေ့အတွက် အပြင်သွားဖို့ဆိုပြီး မိုးယုစံဝတ်စားလာတာကို ကင်မရာမင်းကလည်း ကွက်ကွက်ကွင်းကွင်း၊ ရှင်းရှင်းလင်းလင်းကို ရိုက်ပြထားလေတော့ ကျွန်တော်ကိုဉာဏ် ကြည့်နေရင်းနဲ့ တံတွေးတွေ ခဏခဏ မြိုချရပါသေးလား။ ပေါင်လယ်လောက်အထိ တိုနှံ့နှံ့ဝတ်ထားပြီး လှေကားပေါ်ကနေ ဆင်းလာတာကို ရိုက်ပြထားပုံက အံ့လောက်စရာပါခင်ဗျ။ အစ်မကြီးတွေကို ငပေါမကြီးတွေ လုံးလုံးဖြစ်အောင် သရုပ်ဖော်ပြသွားပုံကလည်း သင်းတယ်ခင်ဗျ။ ရယ်စရာကောင်းတဲ့အခန်း ၄-၅ ခန်းလောက် ကြည့်လိုက်ရတဲ့အတွက်တော့ ကျေးဇူးတင်မိသေးတော့တယ်။ မိုးယုစံကို သွားခိုးဖို့အတွက် လှေကားတွေဘာတွေ အကျအနထောင်ပြီး စွမ်းတို့တူဝရီးနှစ်ယောက် သံဆူးကြီးခွေတင်ထားတဲ့ နံရံတံတိုင်းကို ကျော်သွားပုံကတော့ စောရတွေအတွက် သင်ခန်းစာပေါ့ခင်ဗျ။ မှတ်သားသင့်ကြပါတယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်ဆိုတဲ့စကားလည်း ရှိတယ်မဟုတ်လား။ ကျွန်တော်က ပုဂ္ဂိုလ်မချစ်တော့လည်း အပြစ်တွေဖြစ်နေတာ ဖြစ်နေနိုင်ပါတယ်။ ကြည့်မိပြီးမှတော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့ပါဘူးဗျာ။
(၃)
ဇာတ်ကားအမည် - အိမ်
တွဲဖက်ဒါရိုက်တာ - ပုညကုသိုလ်
ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ - ကုသိုလ်
သရုပ်ဆောင်များ - မြင့်မြတ်၊ စိုးမြတ်နန္ဒာ၊ နွဲ့နွဲ့မူ၊ ဇော်ဝင်းနိုင်၊ ကုသိုလ်၊ ဦးခိုင်တင်၊ ဒေါ်တင်တင်လှ၊ ဆင်မ
[ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်]တွဲဖက်ဒါရိုက်တာ - ပုညကုသိုလ်
ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ - ကုသိုလ်
သရုပ်ဆောင်များ - မြင့်မြတ်၊ စိုးမြတ်နန္ဒာ၊ နွဲ့နွဲ့မူ၊ ဇော်ဝင်းနိုင်၊ ကုသိုလ်၊ ဦးခိုင်တင်၊ ဒေါ်တင်တင်လှ၊ ဆင်မ
တစ်ကားလုံး ကောင်းလာပြီးခါမှ ဇာတ်သိမ်းပုံကြောင့် စိတ်ပျက်သွားရတယ်။ အရသာရှိရှိနဲ့ ခပ်မြိန်မြိန်ကြီး ထမင်းစားလို့ပြီးခါနီးမှ အစားပိတ်အနေနဲ့ နောက်ဆုံးသောက်လိုက်တဲ့ ဟင်းရည်ထဲမှာ ဆံပင်မွှေးရှည်ကြီး မြင်လိုက်ရသလို ဖြစ်သွားရတယ်။ ဇာတ်သိမ်းခန်းကိုသာ ယုတ္တိရှိရှိလေး လုပ်ပြနိုင်ခဲ့မယ်ဆိုရင် ဒီဇာတ်ကားကို အမှတ်ပြည့်ပေးမိမှာ အမှန်ပါပဲ။ မဟုတ်မခံ ခပ်ဆိုးဆိုး မောင်နှမနှစ်ယောက်အဖြစ် မြင့်မြတ်နဲ့ စိုးမြတ်နန္ဒာက အကောင်းဆုံး သရုပ်ဆောင်သွားနိုင်ပါတယ်။ အထူးချီးကျူးချင်တာက ဒါရိုက်တာကုသိုလ်ရဲ့ ဇာတ်ပို့တွေရွေးချယ်မှုနဲ့ နေရာချထားမှုဖြစ်ပါတယ်။ သူ့နေရာအလိုက် အပိုအလိုမရှိတဲ့ သရုပ်ဆောင်တွေဖြစ်တာကို တွေ့ရတယ်။ အထူးသဖြင့် ဇော်ဝင်းနိုင်ဟာ ရသမျှလုပ်ကွက်အတွက် ပရိသတ်ရဲ့ လက်ခုပ်သံကို အပြည့်ယူသွားခဲ့တယ်။ ရုပ်ရှင်ဇာတ်ကားကြီး တစ်ခုခုမှာသာ လုပ်ကွက်ကောင်းကောင်းရခဲ့ရင် အကယ်ဒမီဆု ရသင့်နေပြီဖြစ်တဲ့ ဇာတ်ပို့ကောင်းတစ်ယောက်ပါ။ ကုသိုလ်ပေးချင်တဲ့ message ကေ၀၀ါးနေသလို ခံစားရတယ်။ ဘာကိုပေးချင်တာလဲလို့ တွေးလို့မရဘူးဖြစ်မိတယ်။ အဲဒီလိုဖြစ်အောင်လည်း ဇာတ်ကားနာမည်က လာပြီးနှောင့်ယှက်တယ်။ တကယ်ဆိုရင် အဲဒီနာမည်အစား အခြားနာမည်တစ်ခုကို ဇာတ်ကားအမည်ရွေးသင့်တယ်။ အခုတော့ "အိမ်" ဆိုတဲ့နာမည်နဲ့ ကျွန်တော်တွေးမိတာတွေက တခြားစီတွေဖြစ်ကုန်တယ်။ ဒါရိုက်တာရဲ့ဉာဏ်ကို ကျွန်တော်လိုက်မမီတာလည်း ဖြစ်နိုင်ပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးမှာ ကျွန်တော်အကြိုက်ဆုံးက ဒိုင်ယာလော့ခ်စကားတစ်ခွန်း ဖြစ်ပါတယ်။ အခုအချိန်အထိ နားထဲမှာ ပြန်ကြားနေတုန်းပဲ။ ဘယ်အချိန်အထိ အဲဒီစကားသံက ကျွန်တော့်နားထဲမှာ လွှမ်းမိုးပဲ့တင်ထပ်နေဦးမယ် မသိပါဘူး။
"ရွေးချယ်စရာရှိရင်တော့ နောင်တမရမယ့်လမ်းကိုပဲ ရွေးချယ်မှာပေါ့" တဲ့။
ရွေးချယ်စရာရှိရဲ့သားနဲ့ နောင်တတွေကို ပျော်ပျော်ကြီး စားသုံးလျှောက်လှမ်းနေကြတဲ့ လူတချို့ရဲ့မျက်နှာကိုမြင်ပြီး ကျွန်တော်သက်ပြင်း ချလိုက်မိတယ်။ ကျွန်တော်ဆိုရင်ရော ဘာလုပ်မှာပါလိမ့်???
(၄)
ဇာတ်ကားအမည် - ယောက်ျားမစစ် လာမချစ်နဲ့
ဝတ္ထု - ကိုငြိမ်းဦး
ဇာတ်ညွှန်း နှင့် ဒါရိုက်တာ - ဗန်းကြီး (ခ) မောင်အောင် (ရူပဗေဒ)
သရုပ်ဆောင်များ - မိုးအောင်ရင်၊ နေအောင်၊ အောင်ခိုင်၊ န၀ရတ်၊ သိင်္ဂီထွန်း
[ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်]၀တ္ထု - ကိုငြိမ်းဦး
ဇာတ်ညွှန်း နှင့် ဒါရိုက်တာ - ဗန်းကြီး (ခ) မောင်အောင် (ရူပဗေဒ)
သရုပ်ဆောင်များ - မိုးအောင်ရင်၊ နေအောင်၊ အောင်ခိုင်၊ န၀ရတ်၊ သိင်္ဂီထွန်း
လက်ဝှေ့နဲ့ ပတ်သက်တဲ့ ဗဟုသုတအချို့ သိခွင့်ရတဲ့အတွက်တော့ ကျေနပ်မိတယ်။ မိန်းမစိတ်ဝင်နေတဲ့ သားကို ပြုပြင်ပေးဖို့အတွက် ကိုယ့်ရုံးက အလုပ်သမားကို တာဝန်ပေးတာကိုတော့ နည်းနည်းလေး တွေးမရဖြစ်မိတယ်။ အလုပ်ရှင်နေအောင်နဲ့ အလုပ်သမား န၀ရတ်ကလည်း ရင်းနှီးတာလည်း မဟုတ်ပါဘူး။ စိတ်ပညာနဲ့ ကျောင်းပြီးထားတယ်ဆိုတဲ့အတွက် ခိုင်းတယ်ဆိုတာပဲ သိရတယ်။ ထပ်ပြီးစိတ်ဝင်စားတာက စိတ်ပညာနဲ့ ကျောင်းပြီးထားတဲ့ န၀ရတ်က အဲဒီကုမ္ပဏီမှာ ဘာလုပ်ရတာလဲဆိုတာနဲ့ အဲဒီကုမ္ပဏီကရော ဘာလုပ်တာလဲ ဆိုတာကိုပါ။ မိုးအောင်ရင်ဟာ အခြောက်ဇာတ်ရုပ်နဲ့ အရမ်းကိုလိုက်ဖက်တာ တွေ့ရပါတယ်။ တကယ့်အခြောက်ကလေးလို့တောင် ထင်မှတ်ရတယ်။ စိတ်ပျက်မိတာတစ်ခုက သိင်္ဂီထွန်းရဲ့ ပြောပုံဆိုပုံ၊ လှုပ်ရှားပုံတွေက ဘာဖြစ်လို့ အခြောက်ပုံဖြစ်နေရသလဲ ဆိုတာပါပဲ။ ကျွန်တော့်မှာ နားကိုမလည်နိုင်ဘူး။ လက်ဝှေ့သင်တာ၊ ထိုးတာကလည်း ဗီဒီယိုဆိုတော့လည်း ဗီဒီယိုပေါ့လေ။ ထားလိုက်ပါတော့။ ဇာတ်လမ်းရည်ရွယ်ချက်လေး ကောင်းသလို ဟာသခန်းလေးတွေလည်းပါတဲ့ အပျင်းပြေဇာတ်ကားတစ်ကားအဖြစ် ညွှန်းလိုက်ပါတယ်။
(၅)
ဇာတ်ကားအမည် - ကျွန်တော်တင်တဲ့ သတို့သမီး
ဇာတ်လမ်း - လင်းညှို့သွေး
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ သက်မွန်မြင့်၊ ဇော်ဦး၊ မိုခမ်း၊ ဇော်ဝင်းနိုင်၊ ခင်မို့မို့အေး၊ တက္ကသိုလ်ဂွမ်းပုံ၊ ယွန်းရွှေရည်
[ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်]ဇာတ်လမ်း - လင်းညှို့သွေး
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ သက်မွန်မြင့်၊ ဇော်ဦး၊ မိုခမ်း၊ ဇော်ဝင်းနိုင်၊ ခင်မို့မို့အေး၊ တက္ကသိုလ်ဂွမ်းပုံ၊ ယွန်းရွှေရည်
ယုတ္တိတန်တာမတန်တာ၊ ဖြစ်နိုင်တာမဖြစ်နိုင်တာတွေ မစဉ်းစားဘဲ ကြည့်မယ်ဆိုရင်တော့ မဆိုးလှပါဘူး။ ကိုရီးယားဇာတ်ကားတွေက ကပ်လွဲလေးတွေ လွဲတတ်တယ်လို့ ပြောကြတယ်။ ကိုရီးယားကား သိပ်မကြည့်တော့ မသိပါဘူး။ မြန်မာကားတွေကတော့ တိုက်ပဲတိုက်ဆိုင်လွန်းတယ် ဆိုရလောက်အောင် အင်မတန်တိုက်ဆိုင်တတ်တာကို တွေ့ရပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်တာတွေကလည်း အလကားနေရင်း လာတိုက်ဆိုင်နေရတာပဲ။ ဟိန်းဝေယံရဲ့ ခေါက်ရိုးကျိုးနေတဲ့ သရုပ်ဆောင်မှုတွေကို မပြင်နိုင်ရင်တော့ အခြားသော မင်းသားသစ်တွေက ကျော်တက်သွားပါလိမ့်မယ်။ ပရိသတ်ကလည်း ဒီအက်ရှင်တွေကိုချည်းပဲ မြင်နေရတဲ့အခါ ငြီးငွေ့လာလိမ့်မယ် ထင်ပါတယ်။ သူအံ့သြတာ၊ ပျော်ရွှင်တာ၊ စိတ်တိုတာတွေဟာ ဘယ်ဇာတ်ကားမှာပဲဖြစ်ဖြစ် ဒီတစ်ပုံစံတည်း ဖြစ်နေတာကို သူကိုယ်တိုင် မသိဘူးလားလို့ မေးခွန်းထုတ်မိတယ်။ ရုပ်အခံလေးကလည်းရှိ၊ ဆန်းလေးကလည်း ရှိနေချိန်မို့ အောင်မြင်နေပေမယ့် ရေရှည်မှာ ငုပ်သွားနိုင်ပါတယ်။ ထူးအိမ်သင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ပြန်သတိရမိတယ်။ "အနုပညာရှင်တွေမှာ ပါရမီသက် ကုန်သွားရင် ပညာသက်နဲ့ ဆက်ရတယ်" တဲ့။ တွေးတောဆင်ခြင်စရာပါ။ သိပ်တော့လည်း မတိုက်တွန်းချင်တဲ့ ဇာတ်ကားပါ။
(၆)
ဇာတ်ကားအမည် - သူညှို့ခေါ်ရာ
ဝတ္ထု - ပုညခင်
ဇာတ်ညွှန်း - ပဉ္စမံဒီရိုင်း
ဒါရိုက်တာ - မီးပွား
သရုပ်ဆောင်များ - မင်းမော်ကွန်း၊ ခင်လေးနွယ်၊ မိုးယုစံ၊ ဒေစီကျော်ဝင်း၊ ချိုပြုံး၊ အောင်ဇော်
[ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်]၀တ္ထု - ပုညခင်
ဇာတ်ညွှန်း - ပဉ္စမံဒီရိုင်း
ဒါရိုက်တာ - မီးပွား
သရုပ်ဆောင်များ - မင်းမော်ကွန်း၊ ခင်လေးနွယ်၊ မိုးယုစံ၊ ဒေစီကျော်ဝင်း၊ ချိုပြုံး၊ အောင်ဇော်
ပုညခင်ရဲ့ ၀တ္ထုကိုက နဂိုကောင်းမို့လား၊ မီးပွားကြောင့်ပဲလား၊ ပဉ္စမံဒီရိုင်းရဲ့ ဇာတ်ညွှန်းကောင်းလို့လား၊ သရုပ်ဆောင်တွေကပဲ ပီပြင်အောင် သရုပ်ဆောင်နိုင်ကြလို့လား စတဲ့မေးခွန်းတွေနဲ့ ဇဝေဇ၀ါ ဖြစ်ရတယ်။ ဒီလိုဇာတ်ကားလေးတွေ ရှိနေသေးတာကြောင့်၊ ကြည့်ခွင့်ရသေးတာကြောင့်လည်း မြန်မာဗီဒီယိုဇာတ်ကားတွေကို ကျွန်တော်မမုန်းနိုင်သေးတာပါ။ ဇာတ်ကားပြီးမှပဲ စိတ်လက်ပေါ့ပါးသွားပြီး အပြင်လောကထဲကို ပြန်ရောက်ပါတော့တယ်။ အချို့ဇာတ်ဝင်ခန်းတွေ၊ စကားပြောခန်းတွေ၊ သရုပ်ဆောင်မှုတွေကို သဘောကျလွန်းလို့ ခဏခဏ ပြန်ရစ်ကြည့်မိတဲ့အတွက် ဇာတ်လမ်းကြာချိန်ထက် ပိုကြာသွားရတယ်။ ဂျွန်ထရာဗိုတာဟာ Face Off ရိုက်ပြီးတဲ့အချိန်ကစပြီး ဗီလိန်ဇာတ်ရုပ်တွေနဲ့ချည်း အကျိုးပေးတယ်တဲ့။ အရမ်းကို ပီပြင်သွားလို့ ဖြစ်မှာပေါ့နော်။ နောက်ဆုံးကြည့်လိုက်ရတဲ့ Love from Paris ဇာတ်ကားမှာလည်း ခေါင်းတုံးပြောင်ပြောင်နဲ့ ဗီလိန်ဆန်ဆန် သရုပ်ဆောင်ထားတာ တကယ့်ကို ပြောင်မြောက်လှပါတယ်။ ပြောချင်တာက ဒါမဟုတ်ပါဘူး။ ဒီဇာတ်ကားမှာ ခင်လေးနွယ်ရဲ့ ဇာတ်ကောင်စရိုက်ကို ပြောချင်တာပါ။ ခပ်ဆိုးဆိုး၊ ခပ်တေတေ၊ ခပ်ပေပေ၊ ချစ်သူကို သ၀န်တိုပြီး တဇွတ်ထိုး လုပ်မိလုပ်ရာလုပ်တတ်တဲ့ စရိုက်ကြမ်းကြမ်း ဇာတ်ကောင်အဖြစ် ပီပြင်လွန်းတာကို အံ့သြမိပါတယ်။ မီးပွားကိုချီးကျူးရမလား၊ ခင်လေးနွယ်ကိုပဲ ချီးကျူးရမလား မသိပါဘူး။ နောင်ရိုက်မယ့်ဇာတ်ကားတွေမှာ ခင်လေးနွယ်ဆိုတာနဲ့ ဗီလိန်ပုံစံတွေချည်း ဖြစ်လာမလားတောင် မသိတော့ပါဘူး။ ပုညခင်ဟာ ဇာတ်ကောင်လေး ၅ ခုလောက်နဲ့ ဇာတ်လမ်းတစ်ခုလုံးကို လှည့်စားချင်တိုင်းလှည့်စား၊ ဖမ်းစားချင်တိုင်း ဖမ်းစားသွားတာ အံ့သြစရာပါ။ အထူးသဖြင့် မင်းမော်ကွန်း၊ ခင်လေးနွယ်နဲ့ မိုးယုစံတို့ သုံးဦးသုံးဖလှယ်အကြား အဖြစ်အပျက်တွေနဲ့ ဇာတ်လမ်းတစ်ခုလုံးကို ဆွဲခေါ်သွားပါတယ်။ မိုးယုစံက အအေး၊ ခင်လေးနွယ်က အပူ၊ မင်းမော်ကွန်းက ကြားညှပ်ပြီး ဘာလုပ်ရမှန်းမသိ ဘာကိုင်ရမှန်းမသိနဲ့ အူကြောင်ကြောင် စတဲ့စရိုက်တွေကို အပီပြင်ဆုံး သရုပ်ဖော်သွားပါရဲ့။ ဒီလိုဇာတ်ကားတွေကျတော့ ဘာဖြစ်လို့များ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် မထုတ်လုပ်ကြသလဲ မသိပါဘူး။ ပေးချင်တဲ့ message ကလည်း ကောင်းမွန်ပါတယ်။ အချစ်ဆိုတဲ့အရာကို ပုံဖော်ကြပုံချင်း မတူညီတဲ့အတွက် ရရှိလာတဲ့ အကျိုးရလဒ်တွေလည်း မတူညီကြတာကို ချစ်သူတွေအတွက် တစ်ခုခု အကျိုးရှိစေမယ်လို့ မျှော်လင့်ရပါတယ်။ နောက်ဆုံးတော့ တွေးစရာတွေပေးမှာ အသေအချာပါပဲ။ မကြည့်မဖြစ် ငှားကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုလို့ လက်တို့လိုက်ချင်ပါတယ်။ တကယ်ကောင်းလို့ပါ။ မင်းမော်ကွန်း၊ ခင်လေးနွယ်၊ မိုးယုစံတို့ သုံးဦးစလုံးကို အမှတ်ပြည့်ပေးမိပါတယ်။ မင်းသမီးနှစ်ယောက်ကိုတော့ မေတ္တာလက်ဆောင် အမှတ်လေးတွေတောင် ပိုပေးလိုက်ချင်ပါသေးရဲ့။ ဒီဇာတ်ကားထဲမှာ မိုးယုစံအရမ်းလှနေတယ်။ ဒေါသမထွက်တတ်တာလေး တစ်ခုကလွဲရင်ပေါ့။ :D
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၅ ရက်၊ တနင်္လာနေ့။
နေ့လည် ၂ နာရီ ၂၁ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၅ ရက်၊ တနင်္လာနေ့။
နေ့လည် ၂ နာရီ ၂၁ မိနစ်တွင်ပြီး၏။
No comments:
Post a Comment