Saturday, July 31, 2010

ဝီစကီ နိုင်ငံရေးသမား (သို့မဟုတ်) ၀ီစကီ စာနယ်ဇင်းသမား


၁၉၅၂ ခုနှစ်က အမေရိကန်နိုင်ငံရေးသမားတစ်ဦး ပြောခဲ့၍ if-by-whiskey ခေါင်းစဉ်အမည်ဖြင့် ထင်ရှားသွားခဲ့သည့် စကားတစ်ခုအကြောင်း ဖြစ်သည်။

အလွန်အငြင်းပွားရသည့် ပြဿနာရပ်မျိုးမှာ တချို့လူတွေ ဘယ်လို ရပ်တည်တတ်ကြသည်ဆိုတာ အထင်အရှား နမူနာပြသွားသည့် စကား။

တစ်ခါတုန်းက အမေရိကန်ပြည်မှာ အရက်သေစာ ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုများကို ပိတ်ပင်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့ဖူးသည်။ ပြဋ္ဌာန်းနိုင်သူတွေ ပြဋ္ဌာန်းခဲ့သော်လည်း မလိုက်နာလိုသူတွေ များသည့်အခါ ပြဿနာတက်ပြီး နောက်ဆုံး၌ ပြည်နယ်အသီးသီးက သည်ဥပဒေကို ပြန်လည် ဖျက်သိမ်းခဲ့ကြသည်။ သို့သော် မဖျက်သိမ်းမီကာလမှာ အရက်ကို ဆက်ပိတ်ထားချင်သူတွေနှင့် တားမြစ်မှု ရုပ်သိမ်းစေချင်သူတွေအကြား အငြင်းပွားမှုတွေ ပြင်းထန်ခဲ့သည်။

အဲသည်လို ပြင်းထန်နေစဉ် အတောအတွင်း လွှတ်တော်အမတ်တွေ ရပ်တည်ရ အလွန်ခက်ခဲ့ကြသည်။ ခင်ဗျား အရက်ကို ခွင့်ပြုမလား၊ ပိတ်ပင်မလား။ တစ်ခုခု ပြတ်ပြတ်သားသား ပြောပါဆိုလျှင် ဖြေဖို့ခက်သည်။ တစ်ဖက်က ရပ်တည်လိုက်လျှင် နောက်တစ်ဖက်လူတွေ လာမည့်ရွေးကောက်ပွဲမှာ သူ့ကို မဲပေးတော့မည် မဟုတ်။ အဲသည်တော့ ပရိသတ်အခြေအနေကြည့်ကာ သူတို့နှင့် သဘောထား မကွဲပြားသလို ဘာလိုလို ဝေ့လည်ကြောင်ပတ် ယောင်ဝါးဝါး ဖြေကြသည်။

သို့သော် ကြာရှည်ဝေ့နေ ယောင်နေ၍ မရ။ ဆက်ယောင်နေလျှင် နှစ်ဖက်လုံး တညီတညာတည်း ရှုတ်ချမည့် အနေအထား ရောက်လာလိမ့်မည်။ အဲဒါဆိုလျှင် ပြုတ်မှာ သေချာသည်။

သည်အနေအထားမျိုးတွင် မစ္စစ္စီပီပြည်နယ်မှ အမတ်တစ်ဦးဖြစ်သူ နိုးဝါးဆွက်(တ) (ဂျူနီယာ) (Noah Sweat Jr.) က ပရိသတ်တစ်စုရှေ့မှာ သူ့ရပ်တည်ချက်ကို တရားဝင်ကြေညာသည်။

စကားလုံးတွေအများကြီး ဖုံးကွယ်ရစ်ပတ်ပြီး ပြောသွားသည့် သူ့စကားကို သူ့အတိုင်း တိုက်ရိုက် ဘာသာမပြန်ဘဲ ဆိုလိုရင်းသဘောကိုသာ ကျွန်တော့်စကားဖြင့် ပြန်ပြောပါမည်။

သူက

မိတ်ဆွေများခင်ဗျား။ ဒီလောက် အငြင်းပွားနေတဲ့ ပြဿနာကို အခု ဒီနေရာမှာ ဆွေးနွေးဖို့ ကျွန်တော် မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ ပြဿနာကို ရှောင်တဲ့သူ မဟုတ်ဘူးဆိုတာလည်း မိတ်ဆွေတို့ သိစေချင်ပါတယ်။ တကယ်က ဒီပြဿနာမှမဟုတ်၊ ဘယ်လောက် အထင်အမြင် လွဲမှားနိုင်တဲ့ ပြဿနာမျိုးဖြစ်စေ အချိန်မရွေး နေရာမရွေး ကျွန်တော် ဖြေရှင်းဖို့ အသင့်ပါ။

အခု မိတ်ဆွေတွေက မေးကြတယ်။ ၀ီစကီနဲ့ ပတ်သက်လို့ ကျွန်တော့်သဘောထား ဘယ်လိုရှိသလဲတဲ့။

ကောင်းပြီ၊ ကျွန်တော့်သဘောထား အခု ပြောပါမယ်။

မိတ်ဆွေတွေက ၀ီစကီလို့ ပြောလိုက်တဲ့အခါမှာ ဘာကို ဆိုလိုပါသလဲ။ သေရည်လို့ခေါ်တဲ့ မကောင်းဆိုးဝါး အဆိပ်အတောက်လား၊ သူ့ကို သွားသောက်ရင် ဦးနှောက်ပျက်၊ စဉ်းစားဉာဏ်ပျက်၊ စီးပွားပျက်၊ အိမ်ထောင်ပျက်ဖြစ်၊ ကလေးသူငယ် လူမမယ်တွေခမျာလည်း အားကိုးရာမဲ့ မိမဲ့ဖမဲ့ဖြစ်၊ အဲသလို ဘက်စုံဒုက္ခတွေပေးမယ့် အရာလား၊ လူကိုဖျက် အရက်ဆိုတဲ့ စကားလို သူ့ကို သောက်သုံးခြင်းကြောင့် လူလုံးမလှ ဘ၀တစ်ခုလုံး နိမ့်ကျ ပျက်သုဉ်းရစေမယ့် ဘုရားမကြိုက်တဲ့ သုရာမေရယလား။ အဲဒါဆိုရင်တော့ ကျွန်တော် လုံးလုံးလျားလျား ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။

ဒါမှမဟုတ် ခင်ဗျားတို့ပြောတဲ့ ၀ီစကီသည် သောက်သုံးသူကို ဖော်ရွေစေ၊ သွက်လက်စေပြီး မိတ်ဆွေအပေါင်းအသင်းအပေါ် စေတနာစိတ် ယိုဖိတ်စေတဲ့အရာ၊ နှုတ် လျှာ သွက်လက်သလို ဦးနှောက်ရွှင်လန်းပြီး စိတ်ကူးစိတ်သန်းကောင်းတွေ ထွက်ပေါ်စေတဲ့အရာ၊ အလုပ်ခွင်က တစ်နေကုန် ပင်ပန်းနွမ်းနယ်ခဲ့သမျှတွေ လျော့ပါးပျောက်ကွယ်ပြီး ခေါင်းပူရ စိတ်ရှုပ်ရ အနာဂတ်အရေး တွေးပူရတဲ့ လူ့ဘ၀ဒုက္ခတွေ အခိုက်အတန့် ကင်းဝေးအောင် ဖန်တီးပေးတဲ့အရာ၊ အတန်အသင့် ဆေးဖြစ်ဝါးဖြစ် သောက်ရင်ဖြင့် အသက်ရှည်ကျန်းမာပြီး ဘ၀ရဲ့ သုခတွေ ပြည့်ပြည့်၀၀ ခံစားရစေမယ့်အရာ၊ အဲ... ဒီအရာကို အများသူငါ သောက်သုံးကြလို့ ဒါကရတဲ့ အခွန်အကောက်တွေကြောင့် တိုင်းပြည်ဘဏ္ဍာ ပြည့်တင်းမယ်၊ ဒီဘဏ္ဍာတွေကို အသုံးပြုပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေ ဆောက်လုပ်နိုင်မယ်။ မိဘမဲ့ဂေဟာတွေ၊ ဘိုးဘွားရိပ်သာတွေ ဖွင့်လှစ်ပြီး အားကိုးရာမဲ့ရှာတဲ့ ကလေးသူငယ်များနဲ့ အိုမင်းမစွမ်းသူတွေကို ကူညီစောင့်ရှောက်နိုင်မယ် ဆိုရင်တော့ ဒီလောက် အကျိုးပြုတဲ့အရာကို ကျွန်တော် ပြတ်ပြတ်သားသား ထောက်ခံသွားမှာပဲပေါ့။

ကျွန်တော် အခုပြောတာ ၀ီစကီအရေးနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ရပ်တည်ချက်ပါ။ ဒီရပ်တည်ချက်ကို ကျွန်တော် တစ်ပြားသားမှ လျှော့မပေးနိုင်ဘူး။ ခြေ တစ်လှမ်းမှလည်း နောက်မဆုတ်နိုင်ဘူး... တဲ့။

စကားနှစ်ခွအရာမှာ ဂန္ထ၀င်မြောက်သွားခဲ့သည့် အဲသည်တုန်းက သူ့မိန့်ခွန်းကို ပရိသတ်က ဘယ်လို သြဘာပေးခဲ့ကြသလဲ ကျွန်တော် မသိ။ သည်အမတ် နောက်ပိုင်း ဘာဖြစ်သွားသလဲ၊ လွှတ်တော်မှာ ပျော်တော်ဆက်ရာထူးပဲ ခန့်အပ်ခံရသလား၊ နောက် တစ်ကြိမ်တော့ တော်ပါပြီဗျာဟု ငြင်းပယ်လိုက်ကြသလား ဆိုတာလည်း ကျွန်တော် မစုံစမ်းမိ။

သေချာသည်ကတော့ သည်တစ်ပွဲမှာ နောက်သလို အတည်လိုနှင့် ရှောင်ထွက်သွားနိုင်သော်လည်း နောက်တစ်ကြိမ် if-by-whiskey ဖြင့် စင်ပေါ်တက်ဖို့ လွယ်မည် မဟုတ်။

စာနယ်ဇင်းသမား အဖို့မှာလည်း သည်အတိုင်း ဖြစ်သည်။

နှာစေးနေ၍ မရသည့် ပြဿနာများမှာ ၀ီစကီဗျူဟာဖြင့် ရပ်တည်ကြမည်ဆိုလျှင် ၀ီစကီစာနယ်ဇင်းသမား ဖြစ်သွားလိမ့်မည်။

ကျွန်တော်တို့ ဘာလုပ်ကြမည်လဲ။


***************
ဘလော့ဂ်ဖတ်သူတစ်ဦးက စီဘောက်မှာ တောင်းဆိုထားတဲ့ အကြောင်းအရာလေးပါ။ ဆရာဖေမြင့်ရဲ့ "အယ်ဒီတာခေါင်းကြီး"ဆိုတဲ့ ဆောင်းပါးထဲကနေ ကောက်နုတ်တင်ပြထားတာပါ။ စီဘောက်မှာတုန်းက တောင်းဆိုသူကို ပြန်မဖြေဖြစ်ခဲ့တာ စိတ်မကောင်းပါ။ အလွယ်တကူ ကတိမပေးလိုသောကြောင့် ဖြစ်ပါသည်။ တင်ပေးပါမယ်ဟု စကားဆိုထားပြီးကာမှ အကြောင်းအမျိုးမျိုးကြောင့် မတင်ပေးဖြစ်လျှင် စောင့်မျှော်နေရသူလည်း မကောင်း၊ ကျွန်တော်လည်း လိပ်ပြာမလုံမလဲနှင့် စိတ်ဖြောင့်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့်လည်း စီဘောက်တွင် ဘာမှ တုံ့ပြန်စာ ပြန်မရေးခဲ့ခြင်း ဖြစ်ပါသည်။ အခုတော့ အကြောင်းတိုက်ဆိုင်သည့်အတွက် တင်ပေးလိုက်ပြီဖြစ်ကြောင်း ၀မ်းသာစကား ဆိုလိုက်ပါသည်။ မြန်မာ့သွေးဘလော့ဂ်သို့ လာရောက်ဖတ်ရှုမှုများ၊ ဝေဖန်အကြံပြုမှုများအတွက် ကျေးဇူးတင်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၁ ရက်၊ စနေနေ့။
နံနက် ၁၁ နာရီ ၀၃ မိနစ်။

Friday, July 30, 2010

ဖတ်မိသမျှတွေထဲက ပြန်ညွှန်းချင်၊ ပြန်ပြောပြချင်တာလေးတွေ (ဇူလိုင် ၃၀)


အခြားမဟုတ်ပါဘူးဗျာ။ အပတ်စဉ်ထုတ် ဂျာနယ်တွေဖတ်ရင်းနဲ့ သဘောကျတာလေးတွေကို ပြန်ညွှန်းတာပါ။ အခုလည်း သဘောကျတဲ့ စာတွေကို အလျဉ်းသင့်သလို ပြန်ရိုက်တင်ပေးနေတာပဲ မဟုတ်ဖူးလားလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့... တင်ပေးနေပါတယ်။ ဒါပေမယ့် "စာကောင်းတွေက တစ်ရာနှစ်ရာ၊ ကိုဉာဏ်က လက်နှစ်ဖက်တည်း" ဆိုသလိုပဲ ဖတ်ရသမျှထဲက ကောင်းမွန်တဲ့စာတွေက နည်းတာမှမဟုတ်တာ။ အဲဒါတွေအကုန်လုံးကို ပြန်ဝေငှနိုင်ဖို့အတွက် ကျွန်တော်ကိုဉာဏ်မှာလည်း လက်နှစ်ဖက်တည်း ရှိလေတာဆိုတော့ ဘယ်လိုလုပ်ပြီး အလျဉ်မီမလဲဗျာ။ အဲဒါကြောင့် တစ်ပုဒ်လုံး ပြန်လည်ပြီး မဝေငှနိုင်တဲ့ စာကောင်းလေးတွေကို ဘယ်လိုလုပ်လို့ရမလဲလို့ စဉ်းစားတဲ့အခါ စာညွှန်းသဘောမျိုးလေး ရေးပေးလို့ရမယ်လို့ စဉ်းစားမိတဲ့အတွက် ဒီပို့စ်ကို ရေးဖြစ်သွားတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ပြန်ဖတ်တဲ့အခါ ကျေနပ်မိတယ်၊ ဘလော့ဂ်ဖတ်သူတွေကလည်း သဘောကျတယ်ဆိုရင်တော့ ဒီခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားနိုင်မလားဆိုတာ မပြောတတ်သေးဘူး။ စာတွေကို ညွှန်းတာတင်မဟုတ်ဘဲ အလျဉ်းသင့်သလို ကျွန်တော့်အမြင်တွေကိုလည်း ထည့်သွင်းရေးသားပါရစေ။ တချို့ဟာတွေက ဝေဖန်ရေးသဘောမျိုး ဖြစ်နေရင်လည်း နားလည်ပေးကြပါဦး။ ဒိပို့စ်မှာတော့ ဒီအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ကို ညွှန်းဆိုထားကြောင်းပါ။ ဒီပို့စ်နဲ့ပတ်သက်ပြီး ဝေဖန်အကြံပြုမှုတွေကိုလည်း စောင့်မျှော်လျက်ပါ။

(၁)
ဒီအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ဖတ်ရတာ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ အမှတ်စဉ် ၄ ကို ရောက်လာပြီဆိုတော့ သူတို့သွားချင်တဲ့ လမ်းကြောင်းက ဘာလဲဆိုတာကို အတော်လေး မြင်သာလာနေတယ်။ The VOICE ခေါင်းကြီးတွေကို ကြိုက်နှစ်သက်တဲ့ ကျွန်တော့်အတွက် နောက်ထပ် နှစ်နှစ်ခြိုက်ခြိုက်ဖတ်ရမယ့် ခေါင်းကြီး (အယ်ဒီတာ့အာဘော်)ကို ပြည်သူ့ခေတ်မှာ ထပ်တွေ့ရတယ်။ ကြိုဆိုပါတယ်၊ အားပေးပါတယ်။ ဒါပေမယ့် ဒီအပတ်ထုတ် အယ်ဒီတာ့စကားက နည်းနည်းများ ရှုပ်ထွေးနေသလားလို့ပါ။ ရေးထားတာတွေက ကောင်းတယ်ဆိုပေမယ့် အများကြီးကို ပြွတ်သိပ်ထည့်ပေးထားသလို ဖြစ်နေသလားလို့ပါ။ ဆောင်းပါးမှာဆိုရင်တော့ အကြောင်းမဟုတ်ပေမယ့် အယ်ဒီတာ့အာဘော်လို နေရာမှာတော့ ခပ်ရှင်းရှင်းပဲ ရေးသင့်သလားလို့ တွေးမိပါတယ်။ ပညာရှင်အမြင်မဟုတ်ပါ၊ သာမန်စာဖတ်သူ တစ်ယောက်ရဲ့ အမြင်သက်သက်ပါ။

(၂)
"ပုဂ္ဂလိကချင်းတော့ မတူပါလေ" ဆိုတဲ့စာကို ဖတ်ပြီးတဲ့အချိန်မှာ ပြုံးမိတယ်။ ဘယ်လောက်ပြောပြော မရိုးတဲ့အကြောင်းအရာကိုး။ ရေးထားတဲ့သူက မောင်သုခမိန်တဲ့။ အခြားအကြောင်းမဟုတ်ပါဘူး။ ဆီဆိုင်မှာ ဆီထည့်တဲ့အကြောင်း ရေးထားတာလေးပါ။ ပုဂ္ဂလိကဆီဆိုင်နှစ်ခုရဲ့ ဆက်ဆံရေး မတူကွဲပြားပုံကို ရေးထားတာလေးပါ။ ဆီထည့်ရင်းနဲ့ ပိုနေတဲ့ဆီ (၁)လီတာလောက်ကို ပထမဆိုင်တစ်ဆိုင်က နောက်နေ့ထည့်လို့မရဘူး၊ ဘာဘူးဆိုပြီး မန်နေဂျာဆိုသူနှင့် ၀န်ထမ်းများက ကျီးကန်းအာသလို ၀ိုင်းအာလွှတ်လိုက်တဲ့အကြောင်း၊ ဒုတိယဆိုင်တွင်လည်း ထိုကဲ့သို့ပင် တိုင်ကီအပြည့် ဆီထည့်ရာမှ ပိုနေသော ဆီ(၁)လီတာခန့်ကို သူကမေ့မေ့ပျောက်ပျေုာက် ထားခဲ့သော်လည်း နောက် ၄-၅ ရက်အကြာ ထိုဆိုင်သို့ ဆီသွားထည့်သောအခါ မန်နေဂျာကိုယ်တိုင်က "အစ်ကိုကြီး ဟို ၄-၅ ရက်က ဆီ ၁ လီတာ ကျန်တာ ကျွန်တော်တို့ ထည့်ပေးလိုက်ပါမယ်" ဟု ပြောလိုက်သည်ကို ရေးပြထားခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ဆီမှာ ထိုကဲ့သို့ အဖြစ်မျိုးတွေက အထူးအဆန်း မဟုတ်တော့သလိုတောင် ဖြစ်နေသည်။ အချို့ဆိုလျှင် ဒီလိုရေးတာကိုတောင် အပြစ်မြင်ချင် မြင်ကြပေဦးမည်။ ဆီလေး ၁ လီတာလောက်အတွက် တော်တော်ဇီဇာကြောင်တဲ့လူပဲလို့ ထင်တဲ့လူတွေလည်း ရှိမှာသေချာသည်။ စားသုံးသူတွေကို ဂရုမစိုက်ဘူး၊ စော်ကားတယ်လို့ မြင်တဲ့လူက အတော်ရှားပါးသည်။ ဒါကလည်း အခြေအနေအရကိုး။ အခုတောင် ပုဂ္ဂလိကဆိုင်တွေ အတော်များလာပြီ။ နောက်ဆိုရင် ဒီထက်ပိုများလာဦးမှာ သေချာသည်။ ပိုက်ဆံပေးရတာချင်းအတူတူ စိတ်ချမ်းချမ်းသာသာနှင့် ကြည်ကြည်ဖြူဖြူသာ ပေးချင်ပါသည်။ ကိုယ့်အိတ်ထဲက ပိုက်ဆံကိုလည်း ပေးရသေးသည်။ သူတို့အတွက် စိတ်တိုရ၊ ဒေါသထွက်ရတာမျိုးတော့ မဖြစ်ချင်ပါပေ။ နောက်တစ်ခုတွေးမိတာက ကျွန်တော်တို့တွေကသာ ဒီလိုစာတွေကို ဖတ်ရှုပြီး တလေးတစား ဝေဖန်ကြ၊ ဆွေးနွေးကြ လုပ်နေကြတာဗျ။ အဲဒီဆီဆိုင်ပိုင်ရှင်တွေ၊ မန်နေဂျာတွေက ဒီစာတွေကို ဖတ်ရောဖတ်မိရဲ့လားလို့ တွေးမိတယ်ဗျ။ အင်း... "ဟောရင်းသာ ပျံတော်မူရမယ်" ဆိုသလိုများ ဖြစ်နေပြီလား မသိပါဘူးဗျာ။

ကျွန်တော့်အစ်ကိုကြီး ကိုအောင်နိုင် ခဏခဏ ပြောတတ်တဲ့စကားကို ချက်ချင်း ပြန်ကြားယောင်မိတယ်။ "ဘယ်အလုပ်ကိုပဲလုပ်လုပ် စေတနာထားပြီးတော့ လုပ်၊ တစ်နေ့မှာ စေတနာအကျိုး ပေးကိုပေးတယ်" တဲ့။

(၃)
ဆရာမောင်ဝံသရဲ့ ဘယ်လှေကားက ဆင်းမလဲ ဆိုတဲ့ဆောင်းပါးကလည်း ပညာသားပါလိုက်ပါဘိဗျာ။ တွေးလည်းတွေးတတ်ပါပေ့၊ ရေးလည်းရေးတတ်ပါပေ့လို့ ကျွန်တော်က ချီးကျူးရင်လည်း ရယ်စရာဖြစ်ဦးမယ်။ တကယ်ကောင်းတယ်ဗျ။ ပထမဆုံး သူပြောတာတွေက အနော်ရထာလမ်းနဲ့ ဆူးလေလမ်းဆုံ မီးပွိုင့်အကြောင်းပါ။ အဲဒီပတ်ဝန်းကျင်မှာ လူအရှုပ်ဆုံး၊ ဖြတ်ကူးသူအများဆုံး မီးပွိုင့်ပေါ့ဗျာ။ မီးစိမ်းသည်ဖြစ်စေ၊ မီးနီသည်ဖြစ်စေ ကိုရွှေမြန်မာတွေက စည်းမရှိကမ်းမရှိ ခပ်တည်တည်ပဲ ကားတွေရှေ့ကနေ ဖြတ်ကူးနေတဲ့အတွက် ပထမ သတိပေးတယ်၊ ပညာပေးတယ်၊ နောက်ဆုံး ဘယ်လိုမှ ထူးမလာတဲ့အတွက် ဘာဖြစ်သွားလဲဆိုတော့ အဲဒီမီးပွိုင့်မှာ ဖြတ်သန်းခွင့် ပိတ်သွားပါသတဲ့။ တော်ဝင်တံတားကြီးပေါ်ကနေပဲ ကူးခိုင်းတော့တယ်တဲ့။ အဲဒီနောက် ဆရာမောင်ဝံသ ရေးထားတာလေးကို ဖတ်ကြည့်ပါဦး-

"ထုံးစံအတိုင်း ငြီးတွားလိုက်ကြတာ ချူသံကိုပါရော၊ ဒါပေမယ့် ခုလို ဖြစ်သွားတာဟာ မိမိတို့ စည်းကမ်းမဲ့ လမ်းဖြတ်ကူးတာကို ထိန်းလို့မရတာကြောင့် ဖြစ်သွားတာလို့ တွေးမိသူ၊ ပြန်လည်သုံးသပ်မိသူ ရှိမှရှိပါ့မလားပဲ။"

တံတားပေါ်က ဖြတ်သန်းရတဲ့အတွက် ဒုက္ခတွေရလာတဲ့အကြောင်းလည်း ရေးထားတယ်။ လှေကားထစ်တွေအများကြီး တက်ရတဲ့အကြောင်း၊ ဒူးမကောင်းသူတွေ၊ ခြေထောက်နာနေသူတွေအတွက် အလွန်ဒုက္ခရောက်ကြောင်းပေါ့။ မသွားမဖြစ် သွားကြရသူတွေ တံတားပေါ် တက်ကြ၊ ဖြတ်ကြ လုပ်နေရတဲ့အခါ အတက်အဆင်းလှေကား ပြဿနာဖြစ်လာတဲ့အကြောင်း ဆက်ရေးတယ်။ ပန်းဘဲတန်းဘက်က လှေကားက ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့အတွက် အဆင်ပြေပေမယ့် ကျောက်တံတားဘက်က လှေကားက ကျဉ်းနေတဲ့အတွက် လူသိပ်များလာရင် တန်းစီရတာတို့၊ စောင့်ဆိုင်းရတာတို့ ဖြစ်လာတဲ့အကြောင်း၊ အဲဒီအတွက် သက်ဆိုင်ရာက လှေကားတစ်စင်း ထပ်ဆောက်ပေးတဲ့အကြောင်း၊ ကျောက်တံတားရဲစခန်းဘက်ကို အတက်အဆင်း လုပ်ရတဲ့ လှေကားအသစ်ကြီးကို ကောင်းကောင်းမွန်မွန် လုပ်ပေးတဲ့အကြောင်း ရေးပြပါတယ်။ အဲဒီမှာ စာရေးဆရာက ဘာထပ်တွေ့သလဲဆိုတော့ လူတွေဟာ လှေကားအသစ် ကောင်းကောင်းမွန်မွန်ကို အသုံးမပြုကြဘဲ ယခင်အတိုင်းပဲ လှေကားကျဉ်းကျဉ်းကျပ်ကျပ်ကို ဆင်းကြတက်ကြ၊ တိုးကြဝှေ့ကြ၊ တွန်းကြတိုက်ကြ လုပ်နေကြသတဲ့။ နိဂုံးချုပ်အနေနဲ့ စာရေးဆရာ ရေးပြထားတာလေးက ဒီဆောင်းပါးတစ်ခုလုံးရဲ့ အနှစ်ချုပ်ထင်ပါရဲ့။ ဖတ်ကြည့်ပါဦး။

"လူအများစုဟာ တိုးဝှေ့ဆင်းတက်နေတဲ့ ညာဘက်လှေကားဆီကိုပဲ တန်းပြီး သွားကြတယ်ဗျ။ သူတို့လည်း ခုနက လူတွေလိုပဲ ကိုယ်တစောင်းထိုးပြီး ဆင်းသွားကြတာပဲဗျ။ သက်သာတဲ့လမ်းကို လှည့်တောင်မကြည့်၊ လိုက်လည်းမလိုက်ဘဲ အများသွားရာလမ်းကိုပဲ ပင်ပန်းခံ ငြိုငြင်ခံပြီး ဇွတ်တိုးသွားကြတာကို ကျွန်တော်ကိုယ်တိုင် တွေ့နေမြင်နေ၇ပါတယ်ဗျာ။
အဲဒါ လူမျိုးတိုင်းရဲ့ သဘောဝလို့ပဲ ပြောမလား၊ ကျွန်တော်တို့ မြန်မာတွေရဲ့ ထူးခြားဆန်းကြယ်တဲ့ သီးခြားစရိုက် လက္ခဏာလို့ပဲ ပြောမလား။ သည်သဘောသဘာဝကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ပြီး ပြည်သူတွေရဲ့အထာကို သိထားမှသာ နိုင်ငံရေးလုပ်လို့ အောင်မြင်မယ်လို့ ယူဆကြောင်းပါဗျာ"

ဖတ်ဖြစ်အောင် ရှာဖတ်ကြည့်စမ်းပါလို့ ကျွန်တော်ကိုဉာဏ်ကပဲ ကြားထဲကနေ ကြီးတော်နွားကို အငှားကျောင်းလိုက်ပါတယ်ဗျာ။ အဆင်ပြေရင်လည်း တင်ပေးနိုင်အောင် ကြိုးစားပါဦးမယ်။

(၄)
နောက်တစ်ပုဒ်က မောင်ကောင်းမြင့်ရဲ့ ပြည်သူ့ခေတ်သို့ဆိုတဲ့ ဆောင်းပါးပါ။ သဘောကျတဲ့ စာသားလေးတွေကိုပဲ ရွေးထုတ်ပြပါတော့မယ်။

"လူတစ်ယောက်၏ ဗီဇနှင့် ပတ်သက်၍ သိပ္ပံပညာ၌ ကရိုမိုဆုန်း ၂၄ ခု ရှိရာ ထိုသူသည် အမိဘက်မှ ကရိုမိုဆုန်း ၁၂ ခု နှင့် အဖဘက်မှ ကရိုမိုဆုန်း ၁၂ ခုစီ၏ ပေါင်းခြင်းလက္ခဏာမှ သီးခြားသော ၂၄ သဘော ဖြစ်လာသည်ဟု ဆိုပါသည်။ ထို့ပြင် ပတ်ဝန်းကျင်ကလည်း ပြုပြင်ဖန်တီးသည်ဟု ဆိုပါသည်။
ဤသဘောအတိုင်းပင် ပြည်သူ့ခေတ်၏ အမိအဖအသွင်ဖြစ်သော ထုတ်ဝေသူနှင့် အယ်ဒီတာများ၏ ကရိုမိုဆုန်းနှင့်တူသော ခံယူချက်များ၊ ရေးသားချက်များက ထင်ဟပ်ပေလိမ့်မည်။"

"........ နိုင်ငံရေးသမားနှင့် စာရေးဆရာ ကွာခြားချက်တစ်ခုကို ပြောလိုသည်။ နိုင်ငံရေးသမားကို လေ့လာရာတွင် သူ ဘာပြောသည်ဆိုသည်ထက် သူဘာလုပ်သည်က အဓိကဖြစ်၏။ နိုင်ငံရေးသမားသည် ပြောသလောက် (သို့မဟုတ် ပြောခြင်းနှင့် ထပ်တူမကျသော အလုပ်မျိုးရှိနေ၏။) မလုပ်သောကြောင့် ဖြစ်သည်။ နိုင်ငံရေးသမားက အပြောထက် အလုပ်က ပြည်သူ့အတွက် အကျိုးသက်ရောက် စေသောကြောင့် ဖြစ်သည်။
စာရေးဆရာကမူ ပြော(ရေး)ခြင်းက အဓိကဖြစ်၏။ စာရေးဆရာ၏ အလုပ်သည် (၀ါ) သက်မွေးဝမ်းကျောင်းသည် စာဖတ်သူအတွက် အဓိကမဟုတ်။ အကျိုးမသက်ရောက်စေ။ စာရေးဆရာ ပြောသော(ရေးသော) စာစေတနာ လုပ်ရပ်(အကြောင်း) ကသာ စာဖတ်သူကို တိုက်ရိုက်အကျိုးပြုလေသည်။ စာရေးဆရာကြီး ပီမိုးနင်းသည် သူ ဘာလုပ်နေနေ သူ့စာများသည် စာဖတ်သူအတွက် အကျိုးရှိသည်။ အတုယူစရာ၊ လမ်းညွှန်ပေးရာများကိုသာ ပြော(ရေး)ခဲ့သည်။ အလားတူပင် တစ်ယောက်နာမည်မသေသော စာရေးဆရာများ၏ စာများသည် သူ၏ဘ၀နှင့် သက်မွေးဝမ်းကျောင်းနှင့် စာဖတ်သူက ရောစွက်၍ မစဉ်းစားခဲ့ကြပေ။ [ဤသို့ ဆိုခြင်းအားဖြင့် စာရေးဆရာသည် ကိုယ်ကျင့်တရား ဘာဖြစ်နေနေဟု ဆိုလိုခြင်းမဟုတ်ပါ။ သူ့၌ လွဲမှားသော ကိုယ်ကျင့်တရား ရှိခဲ့ပါကလည်း စာ၌ မထင်ဟပ်စေဘဲ စာဖတ်သူအတွက် အတုယူမှားနိုင်သော စာမျိုးမှ ကင်းလွတ်အောင်ရေးခြင်းကို ခွင့်လွှတ်နိုင်ခြင်းကိုသာ ဆိုလိုပါသည်။ စာလည်းကောင်း၊ ကိုယ်ကျင့်လည်းကောင်းသော ဆရာကြီး သခင်ကိုယ်တော်မှိုင်းကဲ့သို့ စာရေးဆရာမျိုးကိုမူ ပလ္လင်ဆောက်၍ ဂုဏ်မြှောက်ကြရမည်မှာ မုချ ဖြစ်ပေသည်။]"

"စာရေးဆရာသည် အရက်သောက်ခွင့် ပုဂ္ဂလိကလိုင်စင် ရှိသော်လည်း အရက်ကောင်းကြောင်း ကြော်ငြာခွင့် စာရေးသူလိုင်စင် မရှိသင့်ပေ။"

(၅)
ကိုဝရေးထားတဲ့ နှမ်းတစ်လုံးနဲ့ ဆီဖြစ်ပါတယ်ဆိုတဲ့ စာတစ်ပုဒ်ကလည်း ကိုဉာဏ်ရဲ့ရင်ကို အတော်ထိသွားတယ်ဗျ။ ပထမဆုံး စာတစ်ပိုဒ်ကို ထုတ်ပြမယ်ဗျာ။ ဖတ်ကြည့်ပါဦး။

"မြန်မာလူငယ်တွေကြားမှာ ကိုရီးယားရုပ်ရှင်တွေရဲ့ သြဇာက အတော်ကြီးပါတယ်။ ကိုရီးယားရုပ်ရှင်တွေမှာ အမျိုးသမီးတွေ အရက်၊ ဘီယာ သောက်ကြတာဟာ ဖြစ်ရိုးဖြစ်စဉ် ပြကွက်မျိုးပါ။ ဒါပေမယ့် ကိုရီးယားရုပ်ရှင်တွေမှာ အသားပေး မီးမောင်းထိုးလေ့ရှိတဲ့ အချက်တစ်ခုကိုတော့ မြန်မာလူငယ်တွေကြားမှာ မတွေ့ရဘူးလို့ပဲ ဆိုရပါမယ်။ ကိုရီးယားရုပ်ရှင်တွေထဲမှာ အလုပ်သမားပဲဖြစ်ဖြစ်၊ စားပွဲထိုးပဲဖြစ်ဖြစ်၊ စားဖိုမှူးပဲဖြစ်ဖြစ်၊ ကုမ္ပဏီဝန်ထမ်းပဲဖြစ်ဖြစ် ကိုယ့်အလုပ်တာဝန်အပေါ် အင်မတန်ကို အလေးအနက် ထားကြပါတယ်။ ကိုယ့်တာဝန်ကိုယ် ကျေပွန်တာဝန်ယူရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ပေါ်လွင်ထင်ရှားအောင် ပြသလေ့ရှိပါတယ်။ ဖက်ရှင်ဆိုတဲ့ ၀တ်စားဆင်ယင်ပုံက လူငယ်တွေကြားမှာ အလွယ်တကူ ရိုက်ခတ်တာကတော့ သဘာဝပါ။ ဒါပေမယ့် "တာဝန်ယူရမယ်" ဆိုတဲ့ အသိစိတ်ဓာတ်မျိုးနဲ့ ပတ်သက်ပြီး ရိုက်ခတ်မှု သိသိသာသာ ဘာလို့မတွေ့ရတာလဲ။ မိဘတွေအပါအ၀င် မျိုးဆက်သစ် လူငယ်တွေအရေးကို စိတ်ဝင်စားတဲ့သူတိုင်း စဉ်းစားတွေးတောသင့်တဲ့ ကိစ္စပါ။"

နောက်ပြီးတော့ ဘာဆက်ရေးထားသေးလဲဆိုတော့ -

"..... မိဘတွေက သားသမီးတွေကို [အဆင့် (၁) ရရေး] ကို အသည်းအသန် တွန်းအားပေးလေ့ ရှိကြပါတယ်။ သားသမီးတွေ ပညာထူးချွန်ရေးဆိုတာ မိဘတိုင်း လိုလားတဲ့ ကိစ္စပါ။ လိုလားသင့်တဲ့ ကိစ္စမျိုးပါ။ ဒါပေမယ့် ပညာတော့ ထူးချွန်ပါရဲ့။ တာဝန်ယူရမယ်ဆိုတဲ့ အသိစိတ်ဓာတ် မခို်င်မာဘူးဆိုရင်၊ အများနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့စိတ် မရှိဘူးဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ် ခရီးလမ်းကြောင်းဟာ ဘယ်လိုမှ ချောမွေ့ဖြောင့်ဖြူးနိုင်မှာ မဟုတ်ပါဘူး"

အဲဒီနောက်တော့ ဖိလစ်ပိုင်နိုင်ငံက အက်(ဖ)ရဲ(န) ဖဲညာဖလောရင်ဒါ (Efren Penaflorida) ဆိုသူ အသက် ၂၈ နှစ်အရွယ် လူငယ်လေးတစ်ဦးရဲ့ လက်တွန်းလှည်း စာသင်ကျောင်းအကြောင်းကို ရေးပြပါတယ်။ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းပါတယ်။ လက်တွန်းလှည်းထဲမှာ စာအုပ်တွေ၊ ခဲတံတွေ၊ စားပွဲ၊ ကုလားထိုင်တွေ ထည့်ပြီးတော့ သင်္ချိုင်း၊ အမှိုက်ပုံလိုနေရာတွေကိုသွားပြီး ဆင်းရဲနွမ်းပါးပြီး လေလွင့်နေတဲ့ လူငယ်တွေကို ပညာသင်ကြား ပေးနေတဲ့အကြောင်း ဖတ်ရတာများ အဲဒီစာသင်ဝိုင်းမှာ ကျွန်တော်ကိုယ်တိုင် သွားထိုင်ပြီး နားထောင်နေရသလိုတောင် ခံစားလာမိတယ်။ နှမ်းတစ်လုံးတည်းပေမယ့် ပွားများလာအောင် ဖန်တီးနိုင်တယ်ဆိုတဲ့ မျှော်မှန်းယုံကြည်ချက်သာ ရှိခဲ့မယ်ဆိုရင် ဆီဖြစ်နိုင်တယ်လို့ လမ်းညွှန်အားပေးထားတဲ့ စာကောင်းတစ်ပုဒ်ပါဗျာ။ စာရေးဆရာကို ကျေးဇူးတင်လိုက်ပါဘိ။

(၆)
သေသောသူ သုဿာန်သွားဖို့ရာ ဆိုတဲ့ ဇွဲ ရေးထားတဲ့ စာလေးကလည်း တစ်မျိုးဖတ်ချင်စရာပါ။ "သေသောသူသည် အသက်ရှူရပ်၍ ရှင်သောသူသည် အသက်ရှူကျပ် ကျန်ခဲ့သည်" ဆိုတဲ့ ဆရာအောင်သင်းရဲ့ စကားစုလေးနဲ့ စဖွင့်ထားတဲ့ အဲဒီစာလေးက နာရေးကူညီမှု အသင်းတွေအကြောင်း ရေးပြထားတာ မုဒိတာပွားစရာပါ။ နောက်ဆုံးနိဂုံးမှာ အဆုံးသတ်ထားပုံလေးကိုလည်း ဖတ်ကြည့်ပါဦး-

"ပရဟိတ အလုပ်ဖြစ်လို့ အပြိုင်အဆိုင်မရှိ၊ ပြိုင်စရာဆို၍ စေတနာသာရှိ၍ ရယူစရာက ကုသိုလ်သာ ဖြစ်လေသည်" တဲ့။

(၇)
Photo Essay ဆိုတဲ့ကဏ္ဍကို အရမ်းကို သဘောကျသွားတယ်။ ဓာတ်ပုံ - ငြိမ်းချမ်းစိမ်းလန်း လို့ တွေ့ရတယ်။ "စာအုပ်တစ်အုပ် ထုတ်ဝေဖြန့်ချိနိုင်ဖို့ စာအုပ်ပြုလုပ်ပုံ အဆင့်ဆင့်ကို အခုလို တွေ့နိုင်ပါတယ်" ဆိုတဲ့ခေါင်းစဉ်နဲ့အတူ ဓာတ်ပုံ (၁၅)ပုံနဲ့ အပြည့်စုံဆုံးဖြစ်အောင် ဖော်ပြထားတာဟာ လုံးဝကို သစ်တယ်။ အရမ်းကို သဘောကျသွားတယ်။ နောက်အပတ်တွေမှာ ဘာအကြောင်းအရာ လာမလဲဆိုတာ အခုကတည်းက ရင်ခုန်နေတယ်။ စိတ်ဝင်စားနေတယ်။

(၈)
ရွှေပုံကြားက ဆင်းရဲသားတိုင်းပြည် ဆိုတဲ့ ဆရာဖေမြင့်ရဲ့ စာတစ်ပုဒ်က တကယ့်ကို သုတ၊ ရသအပြည့်။ သူ့စတိုင်လ်၊ သူ့ရေးဟန်အတိုင်း ထိထိမိမိ ရေးသွားပုံက တကယ့်ကို ကျေနပ်စရာ။ တစ်ပုဒ်လုံးကို ဖတ်လာပြီး အဆုံးသတ်မှာ -
"ရွှေမြေတွေ ပိုင်ဆိုင်လျက်နှင့်ပင် မာလီကား ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံတစ်ခု ဖြစ်နေချေသည်" ဆိုတဲ့ စာသားတွေကို ဖတ်လိုက်ရတဲ့အခါ နင့်ကနဲဖြစ်ကျန်ရစ်ခဲ့တယ်။ သက်ပြင်းမောကြီးလည်း ချမိတယ်။ သယံဇာတတွေ ပေါတဲ့မြေဆိုပြီး ကိုယ့်နိုင်ငံအတွက် မကြာခဏ ဂုဏ်ယူတတ်ကြတာကိုတောင် ပြန်စဉ်းစားမိသွားတယ်။ ရယ်စရာ၊ မောစရာ မဟုတ်ဘဲ တွေးစရာမောစရာဖြစ်ပြီး ကျန်ရစ်ခဲ့တယ်။ လုပ်ရက်ပါပေ့ ဆရာဖေမြင့်ရယ်။

(၉)
နိုင်ငံရေးဗဟုသုတတွေနဲ့ ပတ်သက်တဲ့ အမေးအဖြေလေးတွေဟာ ကျွန်တော်အကြိုက်ဆုံးတွေထဲက တစ်ခုပေါ့။ တစ်ပတ်တစ်ပတ် ကျွန်တော့်မှာ အဲဒီမေးခွန်းတွေကို ဖြေကြည့်ရတာ အင်မတန် စိတ်ဝင်စားစရာကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် အဲဒီလောက် သိနေတယ်လို့တောင် မထင်မှတ်ထားမိဘူး။ အပတ်စဉ် တစ်ဝက်လောက်တော့ မှန်အောင်ဖြေနိုင်တယ်ဗျ။ ဘယ်တော့မှ မမှန်တာက ခုနှစ်တွေပဲ။ အခုအချိန်အထိ ခုနှစ်တွေနဲ့ ပတ်သက်တဲ့မေးခွန်းကို တစ်ခုမှ မှန်အောင်မဖြေနိုင်ဘူး။ ဘယ်လောက်မှတ်ထားမှတ်ထား အဲဒီခုနှစ်တွေကို ကျွန်တော်ဘယ်တော့မှ မမှတ်မိဘူး။

အဲဒီအမေးအဖြေတွေကို ဘလော့ဂ်မှာလည်း ပြန်ဝေမျှဖို့ စဉ်းစားထားပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ တွေးမရသေးလို့ပါ။ မနှေးအမြန် လာပါလိမ့်မယ်။ ဤကား ကြိုတင်ကြော်ငြာခြင်းတည်း။

(၁၀)
အခြားစာတွေကိုတော့ မကောင်းလို့ မညွှန်းတာလို့ မထင်လိုက်ပါနဲ့။ သူ့ဟာနဲ့သူ ကောင်းတာတွေချည်းပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ဆိုတာ အကြိုက်ချင်း မတူနိုင်ဘူးကိုး။ ကျွန်တော်က အုန်းထမင်းကြိုက်ပေမယ့် မတည့်တဲ့လူ၊ မကြိုက်တဲ့လူတွေလည်း ရှိမှာအသေအချာပဲလေဗျာ။ အဲဒီသဘောပါပဲဗျ။ အချိန်အခက်အခဲကြောင့် ဒီမျှနဲ့ပဲ ရပ်ပါရစေဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၀ ရက်၊ သောကြာနေ့။
ညနေ ၅ နာရီ ၀၅ မိနစ်။

အသိနဲ့ ခံစားမှုကို ဘယ်အရာက ပြဋ္ဌာန်းပေးသလဲ - လူထုစိန်ဝင်း


useinwin.jpg
လက်ပွန်းတတီးနဲ့ သိပ်ပြီးရင်းနှီးတဲ့ တပည့်မတစ်ယောက် တစ်ရက်မှာ ရောက်လာပြီး ရန်ထောင်ပါတယ်။ ဘတ်(စ်)ကားသမားတွေ သိပ်ပြီး ရိုင်းစိုင်းတဲ့အကြောင်း စာတွေရေးကြ၊ ကာတွန်းတွေဆွဲကြ လုပ်နေကြတာများနဲ့ ပတ်သက်ပြီး၊ ကိုယ့်ဘက်က ခံရတာတွေချည်း မကြည့်ဘဲ ဘတ်(စ်)ကားသမားများဘက်က ပြောစရာရှိတာတွေကိုလည်း ပြောခိုင်းပြီး နားထောင်ကြည့်ဖို့လိုတဲ့အကြောင်း "သူများဖိနပ်ကိုစွပ်ပြီး စဉ်းစားပါ" ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးခဲ့တာကို မကျေနပ်လို့ပါတဲ့။

ဘတ်(စ်)ကားစီးများရဲ့ ဒုက္ခ
သူရန်ထောင်တဲ့ စကားတွေထဲမှာ ဘတ်(စ်)ကား မစီးဖူးဘဲနဲ့ ဘတ်(စ်)ကားစီးနေရသူတွေရဲ့ ဒုက္ခကို မသိနိုင်ဘူးဆိုတဲ့ စကားတစ်ခွန်း ပါပါတယ်။ ပြီးတော့မှ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ဘတ်(စ်)ကားစီးသူများရဲ့ အစော်ကားခံရမှုမျိုးစုံကို အကျယ်တ၀င့် ရှင်းပြပါတယ်။ စပယ်ယာတွေက ရိုင်းရိုင်းပျပျ စော်ကားတယ် ဆိုတာတွေကတော့ ကြားဖူးပေါင်များလို့ မဆန်းတော့ပါဘူး။ ဆန်းတာတစ်ခုပဲ ပြောပြပါမယ်။ သတင်းစာဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်က ခါးပိုက်နှိုက်နေတာကို သိသိကြီးနဲ့ ခါးပိုက်နှိုက် ရှက်သွားမှာစိုးလို့ ဘာမှမပြောဘဲ ငြိမ်ငြိမ်ကလေး အနှိုက်ခံလိုက်တဲ့အကြောင်းကို စာရေးဆရာတွေက စာဖွဲ့ကြတယ်။ ဦးချစ်မောင်လိုလူ ရှားတဲ့အကြောင်း အမွှန်းတင်ကြတယ်။

ဂျာနယ်ကျော်တွေ အများကြီး
ဂျာနယ်ကျော် ဦးချစ်မောင် ခေတ်က သူလိုလူမျိုး ရှားပေမယ့် ဒီခေတ်မှာတော့ သူလိုလူမျိုးတွေ ပေါများလှပါတယ်။ ဒီအကြောင်းတွေတော့ ဘယ်သူကမှ ရေးဖော်မရကြဘူးလို့လည်း ပြောပါတယ်။ ကားထဲမှာ လူတွေပြွတ်သိပ်ညပ်နေတဲ့ကြားက ခါးပိုက်နှိုက်က ကိုယ့်အိတ်ခွဲနေတာကို သိလည်းသိသိနဲ့ ငြိမ်နေလိုက်ရတယ်။ ဘလိတ်ဓားနဲ့ ပါးကို ခြစ်သွားမှာစိုးလို့ မပြောရဲဘူး။ အဲဒါထက် ပိုဆိုးတာ ရှိသေးတယ်။ ငါးသေတ္တာထဲက ငါးတွေကို တစ်ယောက်နဲ့တစ်ယောက် ထပ်ညပ်နေရချိန်မှာ ကိုယ့်ဘေးမှာ ကပ်နေတဲ့ ကောင်လေးနဲ့ ကောင်မလေးစုံတွဲက ဘေးလူတွေကို ရှိတယ်တောင် သဘောမထားဘဲ တစ်ယောက်ခါး တစ်ယောက်ဖက်ရင်းက ပါးချင်းအပ်နေကြတာတွေကို အောင့်အည်းသည်းခံ နေရတာပါပဲတဲ့။

နသယ်ကို တူနဲ့နှက်သလို
အဲဒီလို အချိန်မှာ မျက်စိရှက်လို့ ရှောင်ထွက်ချင်လို့လည်း ထွက်လို့မရတဲ့ မိန်းမတစ်ယောက်ရဲ့ ဒုက္ခကို ဆရာ စဉ်းစားတောင် ကြည့်ဖူးမှာ မဟုတ်ပါဘူးလို့ သူက စကားကို နိဂုံးချုပ်လိုက်ပါတယ်။ သူပြောတာတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ဘတ်(စ်)ကား မစီးဖူးဘဲနဲ့ ဘတ်(စ်)ကားစီးသူတွေရဲ့ ဒုက္ခကို မသိနိုင်ပါဘူးဆိုတဲ့ စကားတစ်ခွန်းက ခေါင်းထဲမှာ ပဲ့တင်ထပ်ပြီး စွဲကျန်ရစ်တယ်။ တကယ့်အမှန်တရားကို သူက တည့်တည့်ကြီး ပြောထည့်လိုက်တာကိုး။ သူ့စကားက နားသယ်ကို တူနဲ့နှက်သလို ဒိုင်းခနဲ ဒိုင်းခနဲ ဆောင့်ဝင်သွားတယ်။ အခံရခက်ပေမယ့် ဘာမှ ပြန်မချေပနိုင်ဘူး။ အမှန်တရားဆိုတာ ခါးသီးလှပါတယ်။

ကိုယ်မခံရတော့ ခွင့်လွှတ်နိုင်တယ်
ဒုက္ခိတဘ၀နဲ့ အိမ်ထဲက အိမ်ပြင်မထွက်နိုင်တဲ့ အချိန်ကတည်းက ဘတ်(စ်)ကား မစီးခဲ့ဖူးတာဆိုတော့ကာ ဘာလိုလိုနဲ့ နှစ်ပေါင်းသုံးဆယ်တိတိ ရှိခဲ့ပြီ။ ဘယ်ကမှာလဲ၊ ထောင်ထဲ ကျွန်းထဲနေခဲ့တဲ့ ကာလတွေနဲ့ပါဆိုရင် လေးဆယ့်သုံးနှစ်တောင် ရှိပြီပေါ့။ အဲဒီ မတိုင်ခင်ကလည်း အိမ်နဲ့အလုပ်က တစ်နေရာတည်းဖြစ်နေတော့ ဘတ်(စ်)ကားစီးဖို့ မလိုဘူး။ ဒါကြောင့် ဘတ်(စ်)ကားအကြောင်း ဘာမှမသိဘူးဆိုတဲ့ တပည့်မရဲ့ စကားက မှန်ပါတယ်။ ဒုက္ခမခံဖူးသူကတော့ လွယ်လွယ်ကူကူ ခွင့်လွှတ်နိုင်မှာပေါ့။ ကိုယ်ခံရတာမှ မဟုတ်ဘဲကိုး။ ခံရသူကတော့ ဘယ်မေ့နိုင်မှာလဲ။

နာဇီမုဆိုးများ
ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတော့ နာဇီအသေခံစခန်းတွေကနေ အသက်ရှင်လျက် ပြန်လွတ်လာသူတွေရှိတယ်။ အဲဒီထဲက တချို့က အဖမ်းမခံရဘဲ လွတ်မြောက်သွားတဲ့ နာဇီစစ်တရားခံတွေကို မရမက လိုက်လံရှာဖွေပြီး စစ်ခုံရုံးတင်နိုင်အောင် ကြိုးပမ်းခဲ့ကြတယ်။ သူတို့ရဲ့ ကျေးဇူးကြောင့် "အိုက်ခမန်း" လို ထိပ်သီးလူသတ်သမား စစ်ရာဇ၀တ်ကောင်တွေကို ဖမ်းဆီးအပြစ်ပေး နိုင်ခဲ့ကြတယ်။ စစ်ကြီးပြီးတာ နှစ်ပေါင်း ၆၀ ကျော်တဲ့အထိ နာဇီမုဆိုးတွေဟာ သွေးအေးမသွားခဲ့ဘူး။ နာဇီအိုကြီးတွေကို လိုက်လံရှာဖွေ ဖော်ထုတ်နေကြဆဲ ဖြစ်တယ်။ မိသားစုတစ်ခုလုံး ဘိုးဘွားမိဘတွေကအစ သားငယ်၊ သမီးငယ်တွေပါ မကျန်ရစ်အောင် အသတ်ခံခဲ့ကြရသူတွေဟာ ဘယ်လိုလုပ်ပြီး သွေးအေးသွားနိုင်မှာလဲ။

မခံရသူ သဘောထားကြီးနိုင်
ဒီလူတွေကိုသွားပြီး နာဇီတွေကို မမုန်းပါနဲ့၊ ရန်သူလို သဘောမထားပါနဲ့လို့ ပြောရင် ရက်စက်ရာ မကျဘူးလား။ သူ့သွေးသားရင်းချာတွေ တစ်ယောက်ပြီးတစ်ယောက် ဇွတ်အတင်း ဆွဲခေါ်သွားတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး သူကိုယ်တိုင်တောင်မှ သေလုသေခင်အဖြစ်က သီသီကလေး လွတ်ခဲ့ရတာ။ သူလို မခံစားခဲ့ရသူအဖို့တော့ သဘောထားကြီး ခွင့်လွှတ်ရတာ လွယ်မှာဖြစ်ပေမယ့် ခံရသူအဖို့တော့ လွယ်မှာမဟုတ်ဘူး။ အဲဒီတော့ သူအမုန်းကြီးပြီး အငြိုးမပြေနိုင်တာကို အပြစ်မတင်သင့်ပေဘူး။

အသိကို ဘာက ပြဋ္ဌာန်းသလဲ
ကျောင်းသူဟောင်း ပြန်သွားပေမယ့် ဒီအကြောင်း အတွေးမပြတ်ဘဲ ကျန်ရစ်တယ်။ လူ့အသိဉာဏ်တို့ ခံစားမှုတို့၊ ယုံကြည်မှုတို့ဆိုတာတွေကို ဘယ်အရာက ပြဋ္ဌာန်းသလဲ ဆိုတဲ့အကြောင်းကို စဉ်းစားနေမိတယ်။ မွေးရာပါဗီဇတို့၊ ပါရမီတို့က ပြဋ္ဌာန်းလိုက်တာလား၊ မိုးပေါ်က ကျလာတာလား။ ဘတ်(စ်)ကား မစီးဖူးဘဲ ဘတ်(စ်)ကားစီးသူတွေရဲ့ ဒုက္ခကို မသိနိုင်ဘူးဆိုတဲ့ တပည့်မရဲ့ စကားဟာ မှန်သောစကားပဲ။ ဒီဒုက္ခကို မခံဖူးတဲ့သူက သဘောထားကြီးနိုင်၊ အလွယ်တကူ ခွင့်လွှတ်နိုင်မှာ ဖြစ်ပေမယ့်၊ နေ့စဉ်နဲ့အမျှ တစ်နေ့ကို နှစ်ကြိမ်နဲ့ နှစ်ပေါင်းများစွာ ဒီဒုက္ခတွေကို ခံလာခဲ့ရသူအဖို့တော့ အလွယ်တကူ ခွင့်လွှတ်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါကို အမြင်ကျဉ်းတယ်၊ တစ်ဖက်သတ်ကြည့်တယ်၊ မေတ္တာစိတ် ခေါင်းပါးတယ်လို့ အပြစ်ပြောရင် ပြောတဲ့သူလွန်တာပဲ ဖြစ်လိမ့်မယ်။

မြို့သားက မြွေကိုချစ်ပေမယ့်
တကယ်တော့ လူ့အသိဉာဏ်တို့၊ ခံစားမှုတို့၊ ယုံကြည်မှုတို့ဆိုတဲ့ အရာအားလုံးကို အဲဒီလူ ကျင်လည်နေတဲ့ ဘ၀နဲ့ ပတ်ဝန်းကျင်က ပြဋ္ဌာန်းပေးလိုက်တာပဲ။ ဘယ်တန်ခိုးရှင်ကမှ ဖန်ဆင်းပေးလိုက်တာ မဟုတ်ကြပါဘူး။ နီယွန်မီးရောင်အောက်က ကွန်ကရစ်လမ်းမကြီးတွေပေါ်မှာ လမ်းလျှောက်နေတဲ့ မြို့ကြီးသားက မြွေကို မကြောက်ဘူး။ ရန်သူလို့ သဘောမထားဘူး။ အလှမွေး မြွေလေးတွေကိုတောင် ၀ယ်ပြီး အိမ်မှာ မွေးချင်မွေးထားဦးမယ်။ ဒါပေမယ့် တော်က လယ်ကွင်းတွေထဲ အချိန်မတော်၊ အချိန်တော် အလုပ်လုပ်နေရတဲ့ လယ်သမားတွေကတော့ မြွေဟာ ကြောက်စရာအကောင်းဆုံး ရန်သူပဲ။ တွေ့တာနဲ့ ရိုက်သတ်မှာပဲ။ သူက ဦးအောင်ရိုက်မထားရင် မြွေက သူ့ကို တစ်ချိန်ချိန်မှာ အသေကိုက်မှာ မဟုတ်လား။

တောသားက မြွေ ကြောက်တယ်
မြို့သားမြွေချစ်တာ အပြစ်မပြောပါဘူး။ သူက မြွေကိုက်မခံရဖူးသလို သူ့ဆွေမျိုးတွေထဲမှာလည်း မြွေကိုက်လို့ သေတာ တစ်ယောက်မှမရှိတာပဲ။ တောက လယ်သမား မြွေကို ရွံကြောက်ကြီးဖြစ်ပြီး အကြီးဆုံးရန်သူလို့ သဘောထားတာ၊ တွေ့တာနဲ့ ဦးအောင်သတ်တာကိုလည်း မြို့သားက အပြစ်မတင်ဘဲ နေတတ်ဖို့ လိုပါတယ်။ အသိနဲ့ ခံစားမှုဆိုတာ လက်တွေ့ဘ၀က ပြဋ္ဌာန်းပေးလိုက်တာပါ။ ဂေဟစနစ် ထိန်းသိမ်းရေးသမားတွေက မြွေတွေဟာ ကြွက်တွေ နှိမ်နင်းပေးနေတာဖြစ်လို့ လယ်သမားရဲ့ မိတ်ဆွေပါလို့ ပြောနေပေမယ့် လက်တွေ့အားဖြင့်တော့ လယ်သမားက သူ့ဘ၀ပေး အသိနဲ့ မြွေကို ရန်သူအဖြစ်ပဲ သဘောထားနေမှာ ဖြစ်ပါတယ်။

အိမ်ပြန်ရောက်တိုင်း မှန်ပြေးကြည့်ရ
ဘတ်(စ်)ကား ဒုက္ခမခံဖူးတဲ့ ဆရာဖြစ်သူက ဘတ်(စ်)ကားဆရာတွေကို နားလည်ပေးဖို့၊ စာနာစိတ်နဲ့ သည်းခံဖို့ စာတွေရေးပြီး လူကြီးလူကောင်း ပီသပြနေပေမယ့်၊ နေ့စဉ်နဲ့အမျှ ကိုယ့်ကိုယ်ကိုယ် လူမှဟုတ်သေးရဲ့လားလို့ အိမ်ပြန်ရောက်တိုင်း မှန်ပြေးကြည့်ရတဲ့အထိ အစော်ကားခံနေရတဲ့ တပည့်မကတော့ လူကြီးလူကောင်း မဆန်နိုင်ဘူး ဆရာရေလို့ ဘွင်းဘွင်းရှင်းရှင်းပဲ ပြောလိုက်တယ်။ အဲဒါ သူ့ကို အပြစ်တင်လို့ရမလား။ မြွေကို ကြောက်စရာအကောင်းဆုံး ရန်သူအဖြစ် သဘောထားတဲ့ တောကလယ်သမားကိုရော အပြစ်တင်လို့ ရမလား။ အသိကို ဘ၀က ဖန်တီးပေးတာပဲလေ။
၂၀-၇-၂၀၁၀

လူမုန်းများအောင် လုပ်နည်း (၁၃)နည်း - စိန်နားတောင်း


lovehatew.jpg
သူတစ်ပါးကို ရန်လုပ်ရတာ သဘောကျပါသလား။ မိတ်ဆွေများများရှိတာ အလုပ်ရှုပ်တယ်လို့ ထင်ပါသလား။ သင့်စီးပွားရေးလုပ်ငန်းတွေ အရှုံးပေါ်ချင်ပါသလား။ သင့်ကို လူမုန်းများတယ်ဆိုတာကို ဂုဏ်ယူချင်ပါသလား။ မပူပါနှင့်မိတ်ဆွေ။ အောက်ပါ လူမုန်းများအောင် လုပ်နည်း ၁၃ နည်းကို လက်တွေ့စမ်းသပ်ကြည့်ပါ။

(၁)
သင်တစ်နေရာရာကို ဖုန်းဆက်ပြီဆိုပါစို့။ တစ်ဖက်က နားထောင်တဲ့အသံဟာ သင်သိကျွမ်းတဲ့ အသံ မဟုတ်လျှင် "ဟလို- အခုပြောနေတာ ဘယ်သူလဲ" လို့ ချက်ချင်းမေးပါ။ တယ်လီဖုန်း တစ်ဖက်က နားထောင်သူက သူ့နာမည်၊ လိပ်စာနဲ့ တခြား သင်သိချင်တဲ့ အချက်အလက်တွေကို ၀မ်းမြောက်ဝမ်းသာ ဖြေကြားပါလိမ့်မယ်။
(၂)
ဆိုင်တစ်ဆိုင်၊ ရုံးတစ်ရုံး သို့မဟုတ် တခြားသူတစ်ယောက်ရဲ့ အိမ်ကို သင်ရောက်သွားတယ်ဆိုပါစို့။ အဲဒီမှာ သင်လိုချင်တာ တစ်ခုခု ရှိတယ်ဆိုပါစို့။ ပဏာမ စကားတွေဘာတွေ ပျိုးမနေဘဲ "ကျုပ် ဒါတွေ ဒါတွေ လိုချင်တယ်" လို့ တစ်ခါတည်းသာ ပြောချလိုက်ပါ။ အရောင်းအ၀ယ်ကိစ္စ စာပေးစာယူ လုပ်ရင်လည်း အလားတူပဲ ရေးသားပါ။
(၃)
သင်ဆက်ဆံနေရတဲ့ လူတွေရဲ့ နာမည်တွေကို မှတ်မထားပါနှင့်။ "ဒီမယ်၊ နားထောင်စမ်း" ဆိုတဲ့ စကာနှင့်သာ ဆက်ဆံပါ။ တစ်ချို့ကိစ္စများမှာတော့ သင်စကားပြောရတဲ့လူကို နာမည်ခေါ်ပြီး ပြောရတာမျိုး ကြုံနိုင်ပါတယ်။ အဲဒီလိုအခါကျရင် တုံ့ဆိုင်းမနေပါနှင့်။ ပါးစပ်ထဲတွေ့ရာ နာမည်တစ်ခုခုကို ခပ်ဝါးဝါးခေါ်ပြီး စကားပြောပါ။
(၄)
တခြားလူ နှစ်ယောက်၊ သုံးယောက် စသည်ဖြင့် စကားဝိုင်းဖွဲ့နေကြတဲ့အခန်းထဲ သင် ၀င်သွားတဲ့အခါ သူတို့စကားပြတ်အောင် စောင့်မနေပါနဲ့။ သင်ပြောချင်တာကို ချက်ချင်းပြောပါ။ သို့မဟုတ် သင်သိချင်တာကို ချက်ချင်း ဖြတ်မေးပါ။
(၅)
တခြားလူတွေအတွက် သင့်တာဝန်ဝတ္တရားအရ တစ်ခုခု ဆောင်ရွက်ပေးပြီးတိုင်း ဒါဟာ အထူးအခွင့်အရေးပေးပြီး လုပ်ပေးကိုင်ပေးတာဖြစ်ကြောင်း အမြဲပြောပါ။
(၆)
ကုမ္ပဏီအစည်းအဝေးတွေမှာ ဆွေးနွေးပြောဆိုကြပြီဆိုရင် တခြားလူကို စကာပြောခွင့် မပေးပါနှင့်။ သင်ကလွဲလို့ တခြားလူတွေဟာ ဘာမှနားမလည်ဘဲ ၀င်ပြောနေကြတာလို့ မှတ်ယူပါ။ သူတို့ မေးမြန်းတာတွေကလည်း မိုက်မဲတဲ့ မေးခွန်းတွေပဲလို့ သဘောထားပါ။
(၇)
ဘယ်သူနှင့်ပဲတွေ့တွေ့ ကိုယ်ကစပြီး ဘယ်တော့မှ ပြုံးမပြပါနှင့်။
(၈)
အခြေအတင် ပြောကြဆိုကြရပြီဆိုရင် တစ်ဖက်လူကို သူ့အမြင်ပြောခွင့် မပေးပါနှင့်။ အခြေအတင် ပြောဆိုဆွေးနွေးကြခြင်းကနေ အမှန်တရား ပေါက်ဖွားလာတယ်ဆိုတဲ့ စကားမျိုးကို ဘယ်သူကပြောပြော နားမထောင်ပါနှင့်။ အခြေအတင် ပြောဆိုခြင်းဟာ သင့်ဘက်က အမြဲမှန်ကန်ကြောင်း သက်သေပြဖို့ပဲလို့ မှတ်ယူပါ။
(၉)
မိတ်ဆွေတစ်ယောက်ယောက် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်က သူကံဆိုးပုံကို ပြောပြတဲ့အခါ ဒါဟာ သင့်ထံမှ တစ်စုံတစ်ခု သူလိုချင်နေလို့ပဲလို့ သဘောထားပါ။ သူ ငြီးတွားနေတာတွေကို ချက်ချင်းရပ်ခိုင်းလိုက်ပါ။ ဒီလို စကားမျိုးတွေကို ကြားရဖန်များလို့ ငြီးငွေ့နေပြီ ဆိုတဲ့အကြောင်း ပြောလိုက်ပါ။
(၁၀)
ဘယ်သူ့ကိုမှ သင်က ချီးကျူးစကား မပြောပါနှင့်။ တခြားလူတစ်ယောက်က သူ့ကိုယ်သူ ကောင်းကြောင်း ပြောလာရင်လည်း အလိုက်သင့် ပြန်မပြောပါနှင့်။ သူဟာ ဘာမှအရေးပါ အရာရောက်သူ မဟုတ်ကြောင်း၊ သူဟာ သင့်လောက် တော်သူတတ်သူ မဟုတ်ကြောင်း သဘောပေါက်သွားပါစေ။
(၁၁)
လူတွေကို ရယ်စရာသတ္တ၀ါတွေ ဖြစ်အောင်ပြောပါ။ ပြုမူပါ။ သူတို့ရဲ့ အားနည်းချက်တွေကို ဖွင့်ချပါ။ ဝေဖန်ရေးဆိုတဲ့ အကာအကွယ်နှင့် ပြောဆိုရတာ ဘာမှ မခက်ပါ။ သင်ပြောတာကို မခံနိုင်လို့ တစ်ယောက်ယောက်က မကျေမနပ်ဖြစ်ရင် ဝေဖန်ရေးကို စိတ်မဆိုးရဘူးလို့ ပြန်ပြောပါ။
(၁၂)
စကားဝိုင်းတွေမှာ သင့်အကြောင်းချည်း များများပြောပါ။ သင့်အကြောင်းကလွဲလို့ တခြားပိုပြီး စိတ်ဝင်စားစရာ ဘာမှမရှိဘူးလို့ မှတ်ယူထားပါ။
(၁၃)
တခြားလူတွေကို အမှတ်တရ လက်ဆောင်တွေ ဘာတွေ ဘယ်တော့မှ မပေးပါနှင့်။ ဒါဟာ သူတို့ကို ဖျက်ဆီးခြင်းပဲလို့ သဘောထားပါ။ လက်ဆောင်ပေးလိုက်ခြင်းဖြင့် သူတို့ကိုယ်သူတို့ လူရာဝင်သူတွေလို့ ထင်မြင်သွားနိုင်တယ်။ လက်ဆောင်ပေးခြင်း ခံရဖို့ တကယ်တမ်း ထိုက်တန်သူဟာ တစ်ဦးတည်းဖြစ်တယ်။ အဲဒါ သင်ပဲလို့ စွဲမြဲထားပါ။

ကိုင်း... စမ်းကြည့်စမ်းပါမိတ်ဆွေ။ ဖော်ပြပါ ၁၃ နည်းကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် တစ်နှစ်အတွင်း စီးပွားမပျက်လို့ကတော့ ပြောချင်တိုင်းပြော။ အဲ တစ်ခုတော့ရှိတယ်။ အဲဒီနည်းတွေကို ပြောင်းပြန်ကျင့်သုံးမိရင်ဖြင့် စီးပွားလည်းတက်၊ မိတ်ဆွေအပေါင်းအသင်းတွေလည်း များလာလွန်းလို့ စိတ်ညစ်စရာ ဖြစ်သွားနိုင်ရဲ့။

ချစ်သော ဒီမို


ဒီမိုကရေစီကို လူတိုင်းတောင့်တ တပ်မက်ကြပါသည်။ အသွေးထဲကရော... အသားထဲကပါ တစ်သျှူးများပါမကျန် သွေးသားလှုံ့ဆော်မှုတစ်ရပ် အပါအ၀င်ပေါ့။ တောင်းဆိုနေတတ်ကြပါသည်။ ဒါကလည်း သမိုင်းဦးဘုံရဲ့ စေ့ဆော်တောင်းဆိုမှုတစ်ရပ်ဟု စာရေးသူ ပြောဆိုချင်ပါသည်။

(၁) သမိုင်းဦးဘုံခေတ်
အသိမကြွယ်၊ နားမလည်၊ သားစိမ်း၊ ငါးစိမ်း၊ အစိမ်းအသားများကိုသာ စားသောက်ဝမ်းဖြည့်ရင်း ဂူအောင်းကျောက်ခေတ် လူသားတို့က အသက်ဝိညာဉ်ကို အဓွန့်ရှည်ခဲ့ကြပါတယ်။ (ဒါပေမယ့် ခြွင်းချက်တစ်ခုတော့ ရှိရဲ့။ အင်အားကြီးသူက အင်အားငယ်သူ (လူ)ကို နိုင်ထက်စီးနင်းလုပ်ပြီး အနိုင်ယူတတ်ကြတဲ့ ခေတ်ကာလ၊ သမိုင်းဦးဘုံခေတ်ပါ။

(၂) နောက်.. ခေတ်တစ်ခုပြောင်းသွားပြန်ပါပြီ။
မီးကိုတွေ့ရှိခြင်း၊ မီးစာနဲ့ ကျောက်ကို ခတ်ပွတ်ရင်း တွေ့ရှိရလေတော့ အသား၊ အစားအစာကို ကင်၍ စားသောက်ရမှန်း ဂူနေလူတွေ သိရှိလာခဲ့ကြပါတယ်။

(၃) နောက်ယဉ်ကျေးမှုတစ်ခု တစ်ဆင့်တက် တိုးတက်လာခြင်း။
ကမ္ဘာဦး ဂူနေလူသားများဟာ ရေကြည်ရာ မြက်နုရာ ကျွဲနွားများ မွေးမြူရင်း စားကျက်ကောင်းရာ နေရာဌာနများကို (ဂျစ်ပစီလူမျိုးများလို) ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။

(၄) ပစ္စည်းချင်းဖလှယ်မှု။
သားကောင်ချင်းလဲတယ်။ သားကောင်ရဲ့ အရေခွံချင်းလည်း လဲလှယ်တယ်။ ဆန်းစပါးများ စိုက်ပျိုးတတ်တဲ့ အသိရှိလာတဲ့အခါ ဆန်စပါးနဲ့ လဲလှယ်တတ်တဲ့ အချိန်အခါ ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလာခဲ့ပါတယ်။

(၅) ငွေကြေးမပေါ်ခင် ကုန်ပစ္စည်း အလဲအလှယ်လုပ်ခြင်းရဲ့ နောက်ဆုံးကဏ္ဍ
ရေထဲမှာရှိကြတဲ့... ကျောက်ခဲများကိုသွေးပြီး... ငွေကြေးအဖြစ် သတ်မှတ်ကာ ကုန်ပစ္စည်း အရောင်းအ၀ယ်များ ပြုခဲ့ကြပါတယ်။

အကျဉ်းရုံးဖော်ပြခြင်း
ကြေးပိုင်ခေတ်၊ ကျွန်ပိုင်ခေတ်၊ ပဒေသရာဇ် (သက်ဦးဆံပိုင်ခေတ်) ပြောင်းရွှေ့လာခဲ့ရာ ကမ္ဘာမှာရှိကြတဲ့ နိုင်ငံအချို့ဟာ "ဒီမိုကရေစီခေတ်ကို ထူထောင်ကြသလို ကျန်နိုင်ငံအချို့ကလည်း ကွန်မြူနစ်စနစ်ကို ထူထောင်ခဲ့ကြပါတယ်။ ဒါကလည်း ကမ္ဘာကြီးကို ဟန်ချက်ညီအောင် ထိန်းပေးထားတဲ့ ဖီလော်တစ်ခုလို့၊ မက်သတ်တစ်ခုလို့  စာရေးသူ ယုံကြည်ပါသည်။

ဒီမိုကရေစီစနစ်ဆိုတာ လွတ်လပ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ရှိသလို ကွန်မြူနစ်စနစ်ဆိုတာ အများဆိုင်၊ ဘုံ လူသားများ ပိုင်ဆိုင်တဲ့ အတွေးအခေါ် သရုပ်သကန် အဓိပ္ပါယ်ကို ဖော်ဆိုထားခြင်း တစ်ရပ်ပါ။ ရိုးရိုးလေးနဲ့ အောက်ခြေသိအောင် တင်ပြရခြင်းပါ။ ကမ္ဘာ့အတွေးအခေါ် ပညာရှင်ကြီးများနဲ့ နိုင်ငံခေါင်းဆောင်များက ပြောကြပါတယ်။ စနစ်တစ်ခုက စနစ်တစ်ခုကို ပြောင်းမယ်လို့ဆိုပါရင် ပြောင်းဖို့ဝန်လေးပြီး ပြောင်းလိုက်တဲ့အခါ သူ့ဟာသူ ပြီးသွားတာပါပဲတဲ့။ သူတို့ရဲ့ သက်သေပြချက်က လှေကားတစ်ခုက လှေကားတစ်ခုကို တက်လိုက်သလိုပါပဲတဲ့။

"ချစ်သောဒီမို" ချစ်သောဒီမိုကရေစီကို ရှင်းလင်းချက်
ဒီမိုကရေစီဆိုတာ လွတ်လပ်ခြင်း၊ အများပြည်သူ လွတ်လပ်ခြင်းလို့ အဓိပ္ပါယ်ရရှိပေမယ့် ဒီမိုကရေစီလို့အော်ပြီး ကိုယ်တစ်ဦးတည်းအတွက် ကောင်းစားဖို့ (အကျိုးရှိအောင်) ရည်မျှော်ပြီး လုပ်ဆောင်တာ ဒါဟာ ဒီမိုကရေစီ အစစ်အမှန် မဟုတ်ပါ။ "အတ္တဒီမိုကရေစီ" ပဲ ဖြစ်ပါလိမ့်မည်။ တစ်ချိန်တုန်းက ကျွန်ုပ်တို့ရဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးများက ပြောကြားခဲ့ပါတယ်။ လမ်းပေါ်မှာ ငရုတ်သီးလှန်းခြင်း၊ (ဖြည့်စွက်ချက် - လမ်းပေါ်မှာ မစင်စွန့်ခြင်း၊ ရှူးရှူးပေါက်ခြင်း၊ အမှိုက်ပစ်ခြင်း၊ မိမိလုပ်ငန်းအကျိုးအတွက် တစ်ချိန်လုံး အညှော်ကြော်ခြင်း၊ လမ်းပြောင်းပြန်စီးခြင်း) လူရှိမှ တာဝန်စည်းကြပ်သူရှိမှ ဥပဒေကို လေးစားတာမျိုး မဖြစ်စေလို။ ဒါကလည်း ဒီမိုကရေစီဆိုတဲ့ လက်တံတစ်ခု၊ အတွေးအခေါ်တစ်ခုလို့ ခံယူချက်များ မမှားစေလိုပါ။ ယုတ်စွအဆုံး မီးရထားထိုင်ခုံ၊ ဘတ်စ်ထိုင်ခုံ၊ အဆောင်မီးလုံး၊ ရေစက်စသည်ဖြင့်ပေါ့လေ ဖြုတ်ယူပြီး ကိုယ်ပိုင်ပစ္စည်းတစ်ခုအတွက် အသုံးချကြတဲ့ဖြစ်ရပ်က  ဒီမိုကရေစီမဟုတ်။ ဒီမိုကရေစီဆိုတာ မိမိအတွက်လည်း ကောင်းကျိုးသုခ ခံစားရပါမယ်။ အခြားလူသားများအတွက်လည်း အနှောင့်အယှက် မဖြစ်စေဘဲ လူ့ဘောင်ကြီးကို တိုးတက်အောင် ကြံဆောင်ခြင်းသာ ချစ်သောဒီမို၊ ချစ်သောဒီမိုကရေစီပါ။

တစ်ချိန်က စာရေးသူရဲ့ ခယ်မဖြစ်သူ အနောက်နိုင်ငံကို ပြန်တဲ့အခါ လေယာဉ်ပေါ်မှာပဲ ပိုးဟပ်တစ်ကောင်ကို တွေ့ရှိတဲ့အတွက် လေယာဉ်ကုမ္ပဏီကို လေယာဉ်စီးနင်းလိုက်ပါသူများက တရားစွဲဆိုခြင်း ပြုကြပါတယ်။

တစ်ချိန်က စာရေးသူရဲ့ ခယ်မဖြစ်သူ (အနောက်နိုင်ငံမှာပါပဲ) အိမ်နီးချင်းရဲ့ အိမ်ခေါင်ရင်းမှာပါပဲ မိုးရွာ၍ လမ်းပျက်သွားတာကို လမ်းပျက်နေတယ်ဟု အိမ်ရှင်ခမျာ ဆိုင်းဘုတ်မရေးမိတာနဲ့ တရားစွဲဆိုခြင်း ခံရပါတယ်။

တစ်ချိန်ကလည်း မြန်မာပြည်က မဂ္ဂဇင်းတစ်ခုရဲ့ အယ်ဒီတာတစ်ယောက် အနောက်နိုင်ငံကို သွားရောက်တဲ့အခါ ရုပ်ရှင်ရုံဈေးရှေ့က မုန့်သရေစာများဝယ်ပြီး မရီးဖြစ်သူနဲ့အတူ အိမ်ကို ပြန်သွားခဲ့ကြပါတယ်။ လမ်းမှာ စားပြီးသောက်ပြီး အခွံများ၊ အထုပ်များကို ကားလမ်းပေါ်မှာပဲ လမ်းပေါ်ကို စွန့်ပစ်မယ်လုပ်တဲ့အခါ မရီးဖြစ်သူ မေးပြီ။

မရီးဖြစ်သူ။ နင် ဘာလုပ်မလို့လဲ။

မဂ္ဂဇင်းအယ်ဒီတာ။ အမှိုက်တွေကို ပစ်မလို့လေ။

မရီးဖြစ်သူ။ တို့ဆီမှာ အမှိုက်ကို လမ်းပေါ်မပစ်ရဘူးဟ။

မဂ္ဂဇင်းအယ်ဒီတာ။ ဘယ်သူမြင်မှာမို့လို့လဲ။ ဘယ်သူမှ မမြင်ဘူးဗျ။

မရီးဖြစ်သူ။ တို့ဆီမှာ ဥပဒေတစ်ရပ်ရှိတယ်။ လမ်းပေါ်မှာ အမှိုက်မပစ်ရတဲ့။ ဘာလဲ၊ နင်က လူမရှိရင် ဥပဒေဆိုတာ မရှိတော့ဘူးလား။

ဒါလည်း ဒီမိုကရေစီပါပဲ။ ကိုယ့်အတွက်နဲ့ အခြားလူ၊ နိုင်ငံတော်အတွက် မထိခိုက်ရမှ ဒီမိုကရေစီဆိုတဲ့ စာတန်းနဲ့အညီ ပီသမှာပါလေ။ နောက်ဆုံးတစ်ခုအနေနဲ့ စာရေးသူပြောချင်ပါသည်။ ကျွန်တော်တို့ရဲ့ ကဗျာဆရာကြီး ဒဂုန်တာရာ ပြောသလိုပါပဲ။ စာရေးသူ / စာရေးဆရာများဟာ ခေတ်အဆက်ဆက် ကွင်းဆက်မပြတ်အောင် လေ့လာသူများပါ။

အမြင်မတူသူများ အတူယှဉ်တွဲ နေထိုင်နိုင်ရေး


"လက်ထဲမှာ ပန်းသီးတစ်လုံးစီ ရှိသူနှစ်ဦး ဖလှယ်ကြလျှင် တစ်ယောက် ပန်းသီးတစ်လုံးစီပဲ ဆက်ရှိနေမည်။ တစ်ယောက် စိတ်ကူးတစ်ခုစီ ရှိသူနှစ်ယောက် စိတ်ကူးချင်း ဖလှယ်ကြလျှင်မူ တစ်ယောက်စိတ်ကူး နှစ်ခုစီ ရှိလာကြလိမ့်မည်" တဲ့။

အင်္ဂလိပ်စာရေးဆရာကြီး ဘားနာ့ဒ်ရှော ပြောခဲ့သောစကား ဖြစ်သည်။

မတူသော အမြင်တွေ ညှိနှိုင်းဖလှယ်ခြင်းဖြင့် အကျိုးမယုတ်နိုင်ကြောင်း ထောက်ခံသော စကားတစ်ခုအဖြစ် ကျွန်တော်တို့ ကောက်ယူချင်သည်။

သဘောထားအမြင်ဟူသည် လူတစ်ဦးချင်းတို့၏ ယုံကြည်ချက်များ၊ သို့မဟုတ် နာခံမှတ်သား လာခဲ့သည်များပေါ်တွင် မူတည်နေတတ်သည်။ ယင်းသိမှတ်ချက်များပေါ်တွင် မူတည်၍ ပြဿနာရပ်များအပေါ် လူတို့သုံးသပ်သည့် ရှုထောင့်များ ကွဲပြားကြသည်။ ရှုထောင့်မတူသည့်အခါ ကောက်ချက်လည်း မတူတော့။ ထို့ပြင် သက်ဆိုင်ရာ ပြဿနာနှင့် စပ်လျဉ်း၍ ဘယ်ရွေ့ဘယ်မျှ သိရှိနားလည်သနည်း ဟူသည့်အပေါ် မူတည်၍လည်း ထင်မြင်ချက်များ ကွဲလွဲတတ်ကြသည်။ ထို့နောက် လူတစ်ဦးချင်း၏ စရိုက်သဘာဝ၊ အချိန်အခိုက်အတန့် တစ်ခုမှာရှိသည့် ၎င်း၏ စိတ်အနေအထား၊ ထို့ပြင် တချို့လူများမှာ တချို့ကိစ္စများနှင့် စပ်လျဉ်း၍ ဘာကြောင့်ဟု သေသေချာချာ မပြောနိုင်သည့် အထူးနှစ်သက်မှု အထူး မနှစ်သက်မှုများ စတာတွေအပေါ် မူတည်၍လည်း သဘောထားတွေ၊ ကောက်ချက်တွေက ကွဲလွဲနိုင်ကြသည်။

ထို့ကြောင့် လူတစ်ယောက်နှင့် တစ်ယောက်ကိုထား၍ လူတစ်ဦးတည်းပင်သည် ကနေ့နှင့် မနက်ဖြန် သဘောထားချင်း ခြားနားနေနိုင်သည်။

မည်သို့ဖြစ်စေ အဲသည်အကြောင်းကြောင်းတွေဖြင့် မိမိခေါင်းထဲ ဖွဲ့စည်းဖြစ်ပေါ်လာသည့် သဘောထားအမြင်ကို အမှန်ဟု မှတ်ယူကာ၊ အဲသည်အမြင် မှန်ကန်ကြောင်း အကျိုးကြောင်းတွေ၊ အထောက်အထား သာဓကတွေလည်း ရှာဖွေတင်ပြတတ်ကြသည်။

သည်လိုဖြင့် သဘောထားအမြင်ဆိုတာတွေ လူ့ပတ်ဝန်းကျင်ထဲမှာ ပျံ့နှံ့တည်ရှိနေကြခြင်း ဖြစ်သည်။

တချို့က ခပ်ဆင်ဆင်၊ တချို့က နည်းနည်း ကွဲပြားသည်။ တချို့က တစ်ခုနှင့်တစ်ခု လုံးဝဆန့်ကျင်ဘက်။

သည်အခါ တူတာတွေမှာ ပြဿနာမရှိသော်လည်း မတူတာနှင့်ပတ်သက်၍ ဆက်စပ်စဉ်းစားစရာ ရှိလာသည်။ အဲဒါက သဘောထားအမြင်များနှင့် စပ်လျဉ်းသည့် လူတို့၏သဘောထား အမြင်များဖြစ်သည်။

သူ့အယူအဆမမှန်၊ ငါ့အယူအဆသာမှန်သည်၊ ထို့ကြောင့် သူ့အယူအဆ မရှိစေရဟူ၍ သဘောထားမည်လား။

သူ့အယူအဆ မမှန်ကြောင်း၊ ငါ့အယူအဆ မှန်ကြောင်း သူ သိမြင်လာအောင် ကျိုးကြောင်းထောက်ထားဖြင့် ငါ ပြောမည်။ တစ်ချိန်တည်းမှာ ငါ့အယူအဆ မှန်သည်ဟုချည်း အသေဆုပ်ကိုင်မထား၊ သူ့အယူအဆကို သူ ရှင်းပြ၍ ကျိုးကြောင်းထောက်ထား ခိုင်လုံလျှင် ငါလက်ခံမည်ဟူ၍ သဘောထားမည်လား။

သူ့အယူအဆ မရှိစေရဟူသော သဘောထားပြင်းထန်သူတွေကတော့ အယူအဆရော အယူအဆကိုင်စွဲသူကိုပါ အသေချေမှုန်းဖို့၊ အမြစ်ဖြုတ်သုတ်သင်ဖို့ အားထုတ်ခဲ့ကြတာတွေ ရှိသည်။ အဲဒါကြောင့် တစ်ဦးချင်းတွေကို ကားစင်တင်တာ၊ မီးရှို့စီရင်တာ၊ ခြင်္သေ့စာကျွေးတာတွေ လုပ်ခဲ့ကြသည်။ လူမျိုးလိုက်၊ ဘာသာလိုက် သွေးချောင်းစီး စစ်ပွဲကြီးတွေလည်း ဆင်နွှဲခဲ့ကြသည်။ သည်ကနေ့လည်း သည်လုပ်ရပ်မျိုးတွေ ရှိနေဆဲ။

သို့သော် သည်လို အကြမ်းပတမ်းနည်းတွေဖြင့် သူတစ်ပါးခေါင်းထဲက အယူအဆကို ဖောက်ထုတ်ရှင်းလင်း၍ မရနိုင်၊ မိမိ ပြောဆိုစည်းရုံး၍ မရလျှင်လည်း သူ့သဘောနှင့်သူ ရှိပါစေ၊ သူ့မှာလည်း သူနှစ်သက်ရာ ယုံကြည်ခွင့်ရှိသည်ပဲ ဟူသော သဘောထားမျိုးလည်း လူအတော်များများ ခေါင်းထဲမှာ ရှေးတုန်းကတည်းက ရှိခဲ့သည်။

"ခင်ဗျားပြောတာတွေ ကျုပ် သဘောမတူဘူး၊ ဒါပေမယ့် ခင်ဗျားရဲ့ ပြောဆိုပိုင်ခွင့်ကိုတော့ ကျုပ် အသက်ပေးပြီး ကာကွယ်သွားမယ်" (I disapprove of what you say, but I will defend to death your right to say it.) ဟု ပြင်သစ်တွေးခေါ်ရှင် ဗော်လတဲယား (Voltaire)က ပြောခဲ့ဖူးသည်။

မတူသော အယူအဆကို သည်းခံနိုင်မှုအပေါ် သူဘယ်လောက် တန်ဖိုးထားကြောင်း ဖော်ပြခြင်းဖြစ်သည်။

တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းကလည်း "ပန်းပေါင်းတစ်ရာ ပွင့်ပါစေ။ အတွေးအခေါ် ဂိုဏ်းပေါင်းတစ်ရာ ယှဉ်ပြိုင်ကြပါစေ" (....Let a hundred flowers blossom and a hundred schools of thought contend....) ဟူသော သဘောထားကို အသိပညာ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒတစ်ရပ်အဖြစ် ထုတ်ပြန်ကြေညာခဲ့ဖူးသည်။

ပတ်ဝန်းကျင်မှာ အယူအဆတွေ များများပြားပြား လှုပ်ရှားရှင်သန်နေသော် ယင်းတို့နှင့် ချိန်ထိုးညှိနှိုင်းရင်း မိမိအယူအဆ ပို၍ ကျယ်ဝ ပြည့်စုံလာနိုင်သည်ဟု ခံယူသောသဘော ဖြစ်ပါသည်။

သည်နေ့ခေတ်မှာတော့ ကွဲပြားခြားနားမှုတွေကို အသိအမှတ်ပြုရေး၊ အပြန်အလှန် သည်းခံတတ်ရေး၊ မတူတာတွေထားကာ တူညီရာမှာ ပူးပေါင်းဆောင်ရွက်ရေးဟူသော အယူအဆ ထွန်းကားကျယ်ပြန့်လာနေသည်ဟု ကျွန်တော်တို့ ရှုမြင်သည်။ လူအများစုဝေးရာ နယ်ပယ်ကဏ္ဍ အသီးသီးမှာပင် ဦးနှောက်မုန်တိုင်းတိုက်သည်ဟု ဆိုကြသည့် စိတ်ကူးမျိုးစုံတွေ တိုးတိုက်ဖလှယ်သော စည်းဝေးပွဲတွေ ပြုလုပ်လာကြခြင်းသည် မတူသော အယူအဆများကြားမှ ပို၍ ထူးခြားကောင်းမွန်သော အယူအဆသစ်တို့ ပေါ်ထွက်လာနိုင်ကြောင်း ယုံကြည်သူတွေ များပြားလာသည့် သာဓကတစ်ခု ဖြစ်သည်။

အားလုံးသိကြသည့် မျက်မမြင်ပုဏ္ဏားခြောက်ယောက် ပုံပြင်ကိုပင် စဉ်းစားကြည့်ပါ။ ပုဏ္ဏားတွေသည် ငါသိတာအမှန်၊ ငါကိုယ်တိုင် ကိုင်ကြည့်လာတာဟု တစ်ယူသန် စွဲမနေဘဲ၊ သူတို့လည်း ငါ့ကဲ့သို့ပင် စမ်းသပ်သိရှိလာခဲ့တာ ဖြစ်နိုင်သည်ဟု သဘောထားကာ အတူတကွ နှီးနှောဖလှယ်ကြမည်ဆိုက ဆင်နှင့် ပတ်သက်၍ အနီးစပ်ဆုံး ပုံသဏ္ဌာန်ကို ဖော်ထုတ်ရရှိနိုင်ကြလိမ့်မည်ဟု ကျွန်တော်တို့ မြင်ပါသည်။

ပြည်သူ့ခေတ် အယ်ဒီတာ
၂၀၊ ၇၊ ၂၀၁၀

Thursday, July 29, 2010

ခေတ်မီ ခေတ်စားရာနှင့် ယနေ့လူငယ်များ


လူငယ်များဟာ အတုယူရာမှာ သူတို့ကို ဘယ်သူမှ မမီပါ။ ကျွန်တော်တို့လည်း ငယ်ရာက ကြီးလာတဲ့အတွက် ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ ငယ်စဉ်အခါကဆိုရင် ရုပ်ရှင်မှာကြည့်ပြီး ဘောင်းဘီအောက်ပိုင်း ပွပွကြီးတွေ ခေတ်စားလာပါတယ်။ အခုခေတ်ဆိုလို့ရှိရင် ကိုရီးယားရုပ်ရှင်ကားများကို ကျွန်တော်တို့ ကြည့်နေတဲ့အတွက် လူငယ်များ အတုယူစရာလေးတွေ ဖြစ်လာပါတယ်။ လူငယ်လေးတွေ အတုယူကြတာဟာ ၀မ်းသာစရာဖြစ်ပါတယ်။ အခုလမ်းပေါ်မှာ ကလေးတွေဟာ ယောက်ျားလေးတွေ အတော်များများ နားကွင်းလေးတွေနဲ့ တွေ့ရပါတယ်။ ဆံပင်တွေကိုလည်း အရောင်မျိုးစုံဆိုးပြီး ဆံပင်ကို ကိုရီးယားမင်းသားများစတိုင် ထောင်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ လူငယ်တွေရဲ့ သဘာဝပါ။ အတုယူတတ်တာဟာ လူငယ်တိုင်းရဲ့ သဘာဝဖြစ်ပါတယ်။ ကျောပိုးအိတ်ကို စလွယ်သိုင်းပြီး ကိုရီးယားဇာတ်လိုက်များကဲ့သို့ သွားလာနေကြတာ တွေ့ရပါလိမ့်မယ်။

ကျွန်တော်ပြောချင်တာက ၀တ်စားဆင်ယင်မှု တစ်ခုကိုသာ မဟုတ်ဘဲ တခြား အတုနမူနာ ယူစရာတွေကိုလည်း မမေ့ဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် ကိုရီးယားမင်းသားတစ်ဦးဟာ အလုပ်သွားတော့မယ်ဆိုရင် အလုပ်နောက်ကျမှာစိုးလို့ အမြန်သွားရပုံ၊ ရထားကိုမီအောင် အမြန်ပြေးကြပုံ၊ အထက်လူကြီးကို အလုပ်နောက်ကျမှာ ကြောက်ကြပုံတွေဟာ အတုယူသင့်ပါတယ်။ လူငယ်တွေ ဖြစ်ပေမယ့်လည်း အလုပ်ကို တန်ဖိုးထားပြီး သွားကြပုံတွေကို အတုယူသင့်ပါတယ်

ကားမှတ်တိုင် ရထားမှတ်တိုင်တွေကျရင် တန်းစီပြီးမှ တက်ကြတာတွေဟာလည်း အတုယူသင့်ပါတယ်။ အစားအသောက်စားပွဲ စတာတွေကို သပ်သပ်ရပ်ရပ် ထားပုံတွေကိုလည်း အတုယူသင့်ပါတယ်။ ကိုယ်ရေးကိုယ်တာ ဘယ်လောက်ပဲရှိရှိ၊ အလုပ်နဲ့ ပတ်သက်လာရင် တလေးတစား လုပ်နေကြတာတွေ အားလုံးဟာ အတုယူသင့်ပါတယ်။ အခုခေတ်လူငယ်များအနေနဲ့ ၀တ်စားဆင်ယင်မှုတစ်ခုတည်းကိုသာ အတုယူပြီး အတုယူသင့်တာတွေကို အတုမယူမိမှာ စိုးပါတယ်။ သင်တန်းတွေ၊ ပညာရေးတွေမှာ တက်တက်ကြွကြွ ပညာကို ရှာဖွေနေတာတွေ အများကြီး တွေ့ရပါလိမ့်မယ်။ ယဉ်ကျေးမှုတွေ တစ်နေရာမှ တစ်နေရာကို ပြောင်းလဲကူးစက်ရာမှာ တန်ဖိုးရှိတဲ့ အရာတွေကို အတုယူတတ်ဖို့ လိုပါတယ်။ ၀တ်စားဆင်ယင်မှုတွေကို အတုယူတတ်ရင် တခြားကောင်းတဲ့အရာများကို အတုယူဖို့ မခက်ကြောင်း တင်ပြလိုက်ပါတယ်။

နှုတ်ခမ်းနီ ပါးနီ - ဒဂုန်တာရာ


dagontayar.jpg
ကလေးလမ်းညွှန်
မေး - အမေ၊ အလှဆိုတာ ဘာကိုခေါ်တာလဲဟင်။
ဖြေ - သဘာဝမှာပဲဖြစ်ဖြစ်၊ အနုပညာမှာပဲဖြစ်ဖြစ် အလှအပကို ကြည်နူးတတ်တဲ့စိတ်ကို လှုံ့ဆော်ခြင်းနဲ့ ပတ်သက်ပြီး ခေါ်တဲ့စကားလုံးပေါ့ကွဲ့။
မေး - အမေကော လှသလားဟင်။
ဖြေ - အချို့လူတွေကတော့ ဒီလိုပဲ အောက်မေ့ကြတာပဲ။
မေး - ဘယ်ဟာကလဲ၊ သဘာဝကလား၊ အနုပညာကလား။
ဖြေ - သဘာဝကပေါ့။
မေး - ဒါဖြင့်ရင် ဘာဖြစ်လို့ မေမေ နှုတ်ခမ်းနီ ပါးနီ ဆိုးသလဲ။
ဖြေ - သြော် ဒါကတော့ အရောင်ပိုလှအောင်လို့ပေါ့။
မေး - မေမေကလှလို့ လူတွေက ကြည့်မှာကော ကြိုက်သလား။
ဖြေ - သြ ကြိုက်တာပေါ့။
မေး - ဒါဖြင့်ရင် ဘာပြုလို့ အိမ်ကခိုင်းတဲ့ ကျင်မေတို့ ကျင်ရွှေတို့ကိုလည်း နှုတ်ခမ်းနီ ပါးနီ ပေးပြီးမဆိုးသလဲ။
ဖြေ - အို ဒါကတော့ သူတို့ကမှ မလုပ်ချင်ဘဲ။
မေး - ဘာဖြစ်လို့။
ဖြေ - သူတို့ကို လူတွေကမှ မကြည့်ဘဲကွဲ့။
မေး - ကြည့်တဲ့လူ ကြည့်တာပေါ့။ တစ်နေ့ညနေကတောင် မေမေဈေးသွားတုန်း ဖေဖေလေ ကျင်ရွှေကို စိုက်ကြည့်နေသေးတယ်။ နောက်ပြီး
ဖြေ - (တုန်ရီသောအသံနှင့်) နောက်ပြီး ဘာလုပ်သေးလဲ မြန်မြန်ပြောစမ်း။
မေး - မေ့သွားပါပြီမေမေရယ်၊ ဒါ့ထက် မေမေ၊ ဘေဘီကော လှသလားဟင်၊ ပြောစမ်းပါ။
ဖြေ - အို ဘေဘီ ဒါမျိုးတွေ စဉ်းစားဖို့ ငယ်ပါသေးတယ်။
မေး - ဘေဘီလည်း နှုတ်ခမ်းနီပါးနီဆိုးရင် ပိုပြီး လှလာပါ့မလားဟင်။
ဖြေ - ဟင့်အင်း၊ လှမလာဘူး။
မေး - ဘာဖြစ်လို့။
ဖြေ - ဘေဘီက ငယ်သေးတာကိုး။
မေး - ဘေဘီ မငယ်တော့ဘဲ ကြီးလာလို့ရှိရင်ကော နှုတ်ခမ်းက နီလာပါ့မလား။
ဖြေ - ဘေဘီမရူးစမ်းပါနဲ့။
မေး - ဘေဘီတော့ ဘာပြုလို့ နှုတ်ခမ်းနီ ပါးနီ မဆိုးရသလဲ။
ဖြေ - မေမေ ပြောပါပကောလား၊ အသက်ကြောင့်ပါလို့။
မေး - အော် အော် မေမေကြီးဟာ လှသလားဟင်။
ဖြေ - အေး။
မေး - မေမေ့ထက်ကော ဘယ်လောက်ကြီးသလဲ။
ဖြေ - နှစ်ဆလောက်ပိုကြီးတယ်။
မေး - ဒါဖြင့်ရင် ဘာပြုလို့ မေမေကြီးက မေမေ့ထက် နှစ်ဆလောက်ပိုအောင် နှုတ်ခမ်းနီ ပါးနီ မဆိုးသလဲ။
ဖြေ - (မျက်နှာထားနှင့်) ဘေဘီ ဘာပြုလို့ လက်သည်းကိုက်နေရသလဲ လက်ချလိုက်။
မေး - မေမေ၊ မေမေ့ကို နှုတ်ခမ်းနီ ပါးနီ ဘယ်သူ ၀ယ်ပေးသလဲ။
ဖြေ - ကိုယ့်ဘာသာကိုယ် ၀ယ်တာပေါ့။
မေး - ဒေါ်လေးကော လှလား။
ဖြေ - အေး။
မေး - ဒေါ်လေးတော့ ဘာပြုလို့ သူ့ဘာသာသူ မ၀ယ်သလဲ။
ဖြေ - ဒေါ်လေးသန်းသန်းကို ဘယ်သူ ၀ယ်ပေးလို့လဲ။
မေး - ညကျရင် လာလာလည်တဲ့ ဟိုအသားဖြူဖြူ ဦးလေးက နှုတ်ခမ်းဆိုးဆေး ၀ယ်ဝယ်ပေးတာတွေ့တယ်။
ဖြေ - (အံ့သြစွာဖြင့်) ဘယ်တုန်းကလဲ၊ မေမေ မရှိတုန်းလား။
မေး - မေ့ကုန်ပြီ မေမေရယ်၊ ဘယ်တုန်းကမှန် မသိတော့ပါဘူး။ ဒါ့ထက် ရှေးရှေး မေမေကြီးရဲ့ မေမေကြီးရဲ့ မေမေကြီးတို့ကော နှုတ်ခမ်းနီပါးနီ ဆိုးသေးလား။
ဖြေ - ဘယ်ဆိုးမလဲ။
မေး - ဘာဖြစ်လို့။
ဖြေ - ရှေးရှေးတုန်းက သဘာဝအတိုင်း လှတဲ့အလှကို တန်ဖိုးထားတာကိုး။ နှုတ်ခမ်းနီ ပါးနီဆိုးတာက ပြုပြင်ထားတာကွဲ့။
မေး - ခုနက မေမေက သဘာဝနဲ့ အလှလို့ ပြောတယ်မဟုတ်လား။ ဒါဖြင့် ဘာဖြစ်လို့ မေမေက နှုတ်ခမ်းနီ ပါးနီ ဆိုးသလဲ၊ သဘာဝအတိုင်း မလှလို့လား။
ဖြေ - ဘေဘီ၊ လက်သည်းကို ကိုက်ပြန်ပြီ၊ လက်ချလိုက်၊ ဟင်းနော်။
မေး - သဘာဝအတိုင်း မလှလို့လားဟင်။
ဖြေ - ဘေဘီဟာ အားကြီး အမေးအမြန်းထူတယ်။ ဖက်ရှင်မို့ နှုတ်ခမ်းနီ ပါးနီ ဆိုးတာပေါ့။
မေး - ဖက်ရှင်ဆိုတာ ဘာလဲမေမေ။
ဖြေ - ဘေဘီ တော်တော့၊ ကျင်ရွှေဆီ သွားပြီးရေချိုးခိုင်း၊ ဘေဘီက တစ်ကိုယ်လုံး ညစ်ပတ်နေတယ်။ အင်္ကျီမှာလည်း သဲတွေပေလို့၊ သွားချည်၊ ရေချိုးပြီး ထမင်းစားရမယ်။
တာရာမဂ္ဂဇင်းမှ
[လူမော်ဟန် သိမ်းဆည်းထားသည်ကို ပြန်လည်ဝေငှသည်ဟု ဆိုပါသည်]
[မော်နီတာသတင်းဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၂၊ စာမျက်နှာ-၁၀]

အသုံးများသော မြန်မာဗန်းစကားများ (တ)


myanmarwords.png

တစ်ကောင်ဖွား
ထူးချွန်သူ၊ ရှားမှရှားသူ
ထိုစကားမှာ မ,တစ်ထောင် တစ်ကောင်ဖွားဟူသော စကားမှလာသည်။ မိန်းမပေါင်းတစ်ထောင် သားသမီး ဖွားမြင်ရာတွင်မှ ထိုလူမျိုးတစ်ယောက်သာ ဖွားမြင်နိုင်အောင် ရှားပါးလှသောဟူ၍ အဓိပ္ပါယ်ရသည်။ အလွန်ထူးချွန်သူကို ချီးမြှောက်တင်စား၍ ခေါ်ဆိုသော စကားဖြစ်သည်။

တစ်ပင်တိုင်
တစ်ဦးတည်း တစ်မျိုးတည်း၊ အဖော်အဖက်မပါ တစ်ပါးတည်း။
ရှေးမြန်မာ ဘုရင်များလက်ထက်က သမီးတော်တစ်ပါးပါးကို နန်းဆောင်သီးခြားဖြစ်သော တစ်ပင်တိုင်နန်းဖြင့် ချီးမြှောက်ထားလေ့ရှိသည်။ ထိုမင်းသမီးမှာ အိမ်ရှေ့မင်း၏ မိဖုရားလောင်းဖြစ်ပြီး၊ နောင်တော်အိမ်ရှေ့မင်း ထီးနန်းဆက်ခံရပါက မိဖုရားကြီးဖြစ်ရန် အလားအလာရှိလေသည်။ ထိုသို့ တစ်ပင်တိုင်နန်းဖြင့် တသီးတခြား တစ်ပါးတည်း စံမြန်းစေသည်ကိုစွဲ၍ အခြားအဖော်အဖက် အတွဲအစပ်မပါသော အရာများကို တင်စား၍ ဥပမာ "တစ်ပင်တိုင် မုန့်ဟင်းခါး" (ဟင်းပြစ်၊ ဟင်းကြဲ နှစ်မျိုးမပါဘဲ ဟင်းရည်တစ်မျိုးတည်းသာ ပါသည်။)၊ "တစ်ပင်တိုင် မင်းသမီး" (အတွဲအဖက်မပါဘဲ တစ်ဦးတည်း ခေါင်းဆောင်၍ ကပြရသည်။)၊ "တစ်ပင်တိုင် တီးလုံး" (အခြားတူရိယာများ မဖက်ဘဲ တူရိယာ တစ်ခုတည်းဖြင့်သာ တီးမှုတ်သည်။) စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲကြသည်။

တစ်ဖက်ကမ်းခတ်သည်
ပေါက်ရောက်ကျွမ်းကျင်သည်။
ဤစကားမှာ ပါဠိစကားမှ တိုက်ရိုက်ပြန်ဆိုခြင်း ဖြစ်လေသည်။ "ပါရ = တစ်ဖက်ကမ်း" ၊ "ဂု = ရောက်ခြင်း"။ တစ်ဖက်ကမ်းသို့ ကူးမြောက်ပေါက်ရောက်သူကို "ပါရဂူ" ဟု ဆိုသည်။ ပညာတစ်ရပ်ရပ်၌ အစမှအဆုံး တတ်မြောက်ခြင်းကို ပင်လယ်၊ သမုဒ္ဒရာနှင့် တင်စားကာ အလွန်ကျယ်ဝန်းလှသော (၀ါ) ကူးခတ်၍ ကမ်းသို့ရောက်ရန် ခက်ခဲလှစွာသော မဟာသမုဒ္ဒရာ ဖြစ်လျက်ပင် အဆုံးအဖျား တစ်ဖက်ကမ်းသို့ ပေါက်ရောက်သည်ဟု တင်စားဆိုလေသည်။ မြန်မာဘာသာ၌လည်း ထူးချွန်ပြည့်စုံစွာ တတ်မြောက်ခြင်းကိုပင် တစ်ဖက်ကမ်းခတ်သည်ဟု ဆိုကြသည်။

တဖွဖွပြောသည်
ထပ်တလဲလဲပြောသည်။
မြန်မာတို့သည် ဂါထာမန္တာန် မန်းမှုတ်သောအခါ သက္ကတဂါထာ မန္တာန်များတွင် အစ၌ ပါလေ့ရှိသော "ဥုံ" ဟူသော အသံနှင့် "ဖွ" ဟူသော အသံကို အာဏာစက်ရှိစေရန် ပြင်းပြင်းထန်ထန် မန်းမှုတ်လေ့ရှိကြသည်။ ထို့ကြောင့် ဂါထာအကြိမ်ကြိမ် အထပ်ထပ် ရွတ်ဆိုသည်ကို ပမာပြု၍ (ဥုံတလဲလဲ၊ ဖွတလဲလဲ) ဟူ၍ ဥုံနှင့် ဖွကို တပြန်စီ ရွတ်ဆိုသကဲ့သို့ အဖန်ဖန်ပြောဆိုခြင်းကို တင်စား၍လည်း သုံးစွဲပြောဆိုကြသည်။ ထပ်ကာထပ်ကာ၊ ကြိမ်ဖန်များစွာဟူသော အနက်ရ၏။ အစ သေ၀ပ်ငြိမ်သက်ပြီးကိစ္စကို ပြန်၍ပွအောင် ဖွကာဖွကာ လှုံ့ဆွဖော်ထုတ် ပြောဆိုခြင်းဟူ၍ အချို့ ယူဆကြသည်။

တီးခေါက်သည်
စမ်းသပ်သည်။
သံစုံတူရိယာပစ္စည်းဖြစ်သော ပတ္တလား ကြေးနောင် စသည်တို့ ကောင်း-မကောင်း အသံသာ-မသာ စသည်တို့ကို သိလိုသောအခါ ကိုယ်တွယ်ကြည့်ရှုခြင်းဖြင့် မပြီးဘဲ တီးခေါက်ကြည့်ရလေသည်။ ဤသည်ကိုစွဲ၍ တစ်စုံတစ်ရာကို သိလို၍ အကဲထောက်ခြင်း၊ ယေဘုယျ ဆန်းစစ်ခြင်းတို့ကို တီးခေါက်ကြည့်သည်၊ တီးခေါက်သည်ဟု ဆိုလေသည်။ ထိုမှတဖန် တိုက်ရိုက်မေးစမ်းခြင်း မဟုတ်ဘဲ သွယ်ဝိုက်သောနည်းဖြင့် သဘောထားစုံစမ်းမှုကို တီးခေါက်သည်ဟုပင် ဆိုလေသည်။ ထို့ပြင် ထိုသို့ သိရှိရခြင်းကို တီးမိခေါက်မိသည် ဟူ၍လည်း ဆိုကြသည်။ ထိုမှတဆင့် ပညာတစ်ရပ်ရပ်ကို အတော်အသဲ့ လေ့ကျက်မိခြင်းကိုလည်း တီးမိသည်၊ ခေါက်မိသည်ဟုပင် ဆိုကြသည်။

တောခိုသည်
ဥပဒေနှင့် ဆန့်ကျင်မှုကိုပြု၍ ရှောင်တိမ်းသည်၊ အစိုးရကို တော်လှန်၍ ဥပဒေအပြင်သို့ ဖယ်ထွက်သည်။
အစိုးရကို ဆန့်ကျင်၍ လက်နက်ကိုင်တိုက်ခိုက်သူများသည် ဥပဒေလက်လှမ်းမီရာ မြို့ကို ဖယ်ရှောင်၍ တောစွန်ကျေးလက်နှင့် စိမ့်မြိုင် တောနက်ရာသို့ တိမ်းရှောင် ခိုလှုံကာ ဆူပူထကြွလေ့ရှိသည်ကို စွဲ၍ ဆူပူသောင်းကျန်းရန် ကြံရွယ်ချက်ဖြင့် ဥပဒေလက်လှမ်းမမီရာသို့ တိမ်းရှောင် ခိုကိုးခြင်း၊ ထွက်ပြေးပုန်းခိုခြင်းတို့ကို တင်စား၍ သုံးနှုန်းသည်။

တောသည်
ဝင်၍ပြောသည်၊ ကြားဝင်သည်၊ အားပေးအားမြှောက်ပြုသည်။
တူရိယာသံနှင့်အတူ သီချင်းဆိုရာတွင် သီဆိုသူလည်း အသက်ရှူခွင့် အနားရ၍ စည်းဝါးလည်း အတိုင်းအတာ ပြည့်မီကိုက်ညီ တိကျစေရန် သီချင်းမပါဘဲ တီးလုံးချည်းသက်သက်၊ စည်းဝက်၊ တစ်စည်း၊ နှစ်စည်းစသည် အခိုက်အတန့်အားဖြင့် ကြားညှပ်ဖြည့်ဆက် တီးမှုတ်ပေးရသည်ကို တောသည်ဟု ဆိုသည်။ ထိုမှတစ်ပါး သီချင်းစ၍ မဆိုမီ အသံပြသည့်သဘောဖြင့် တီးလုံးချည်းသက်သက် အစပျိုး၍ တီးမှုတ်သည်ကိုလည်း တောသည်ဟု ဆိုသည်။ ထိုသဘောကို တင်စား၍ လူတစ်ဦးတစ်ယောက် ပြုမူပြောဆိုသည်ကို ၀င်စွက်သည့် သဘောဖြင့်ဖြစ်စေ၊ လိုက်လျောထောက်ခံသော သဘောအားဖြင့်ဖြစ်စေ ပြောဆိုခြင်းစသည်နှင့် ပြောဆိုလေအောင် စကားကြောင်း၍ လှုံ့နှိုးလမ်းခင်းပေးခြင်းတို့ကို တင်စား၍ တောသည်ဟုပင် ဆိုသည်။

တံတွေးကွက် ပက်လက်မျောသည်
သူတစ်ပါး စက်ဆုတ်ကဲ့ရဲ့ခြင်း ခံရသည်။
လူများသည် အလွန်စက်ဆုတ်ရွံရှာသောအခါ နှုတ်မသန့်ဘိသကဲ့သို့ ရင်ပျို့၍ တံတွေးထွေးကာ နှုတ်သန့်စင်တတ်ကြလေသည်။ ထို့ကြောင့် လူတစ်ယောက်အား လူပေါင်းများစွာက ရွံရှာသောအခါ ထိုသူတို့၏ တံတွေးများသည် စုပေါင်းလိုက်လျှင် များပြားပြည့်လျှံ လာလိမ့်မည်ဟု တွေးဆဖွယ်ရှိလေသည်။ လွန်ကဲသည်ကို ထိုသူတို့ထွေးမည့် တံတွေးအစုကို ပမာပြု၍ တင်ပြသောအားဖြင့် တံတွေးကွက်၌ ပက်လက်မျောလှအောင်ပင် ရှိမည်ဟု ဆိုလိုသောအခါ တံတွေးကွက် ပက်လက်မျောမည်ဟု ဆိုကြသည်။

တောင်ကျော်သည်
အကျပ်အတည်း ကျော်လွန်သည်
လမ်းခရီးတွင် ဆီးဆို့နေသော တောင်ကြီးများသည် အခက်အခဲတစ်ရပ်ပင် ဖြစ်လေသည်။ ထိုတောင်ကို ကျော်နိုင်ခြင်းသည် အခက်အခဲတစ်ခုကို လွန်မြောက်ခြင်းပင် မည်ပေသည်။ ထို့ကြောင့် ကြီးမားသော အခက်အခဲ တစ်စုံတစ်ရာ ကျော်လွန်နိုင်ခြင်းကို တောင်ကျော်သည်ဟု ဆိုသည်။ "ရောဂါကြောင့် ဒီတောင်ကိုတော့ ကျော်နိုင်မည်မထင်ဘူး" စသည်ဖြင့် အန္တရာယ်အကြီးဆုံး သေဘေးကို ရည်မှတ်၍လည်း တောင်နှင့် ခိုင်းနှိုင်းတင်စား၍ ဆိုတတ်ကြသည်။ အကြီးဆုံး အခက်အခဲကို ကျော်လွန်လျှင် တောင်ကျော်ပြီဟု ဆိုကြရာ၊ ရှေ့တွင် ထိုမျှလောက် အခက်အခဲမရှိတော့ဟု ဆိုရာရောက်လေသည်။

တုံးကျော်သည်
ဖြစ်မည့်အန္တရာယ် ကင်းပသည်။
ထိုစကားကို တောင်ကျော်သည် ဟူသကဲ့သို့ သစ်တုံးအတားအဆီးကျော်သည့် အဓိပ္ပါယ်မျိုး ယူဆကြသည်။ သို့ရာတွင် ထိုသို့မဟုတ်ပေ။ ဘုန်းတော်ကြီးများ ပျံလွန်တော်မူသောအခါ မီးကျည်တုံး ပစ်လွှတ်ပူဇော်၍ အပြီးသတ် သင်္ဂြိုဟ်ကြလေသည်။ ဤအခါတွင် အချို့တုံးသည် လောင်တိုက်ကို မထိမှန်ဘဲ တစ်ဖက်သို့ ကျော်ထွက်သွားတတ်ပေရာ လူအများက ဘုန်းတော်ကြီး၏ ဘုန်းဂုဏ်တော်ကြောင့် တုံးကပင် ရှောင်လွှဲဖြတ်ကျော်သွားရသည်ဟု ယူဆကြရလေသည်။ ထိုစကားဖြင့် ဆရာတော်သည် "တုံးကျော်သည်" စသည်ဖြင့် တုံးအကျော်ခံရခြင်းကို ထူးကဲသော အဖျက်အဆီးဒဏ်ကို ခံနိုင်သည့် ဂုဏ်အဖြစ် သုံးနှုန်းစကားလွှင့်ကြလေသည်။ ထိုမှတဆင့် လူများအတွက် သေဘေးကင်းသည်၊ သေဘေးပြီးသည် ဟူသောအဓိပ္ပါယ်ဖြင့်လည်း တုံးကျော်သည်ဟုပင် ဆိုကြပြန်သည်။ ထို့ကြောင့် လူတစ်ယောက်ယောက်အား သေဆုံးလေပြီကဲ့သို့ သတင်းထွက်ပေါ်ပြီးမှ တကယ်သေပျောက်ခြင်း မရှိခဲ့သော် ထိုသူသည် သေခြင်းပြီးသွား၍ တော်တော်နှင့် သေတော့မည် မဟုတ်ဟူ၍ မင်္ဂလာအတိတ် ယူကြသောအခါ သေမင်းက မထိမတွေ့ဘဲ ကျော်သွားပြီဟူသော သဘောဖြင့် သေမင်း၏ အသွင်သဘောဖြစ်သော (သေပြီးနောက် အဆုံးသင်္ဂြိုလ်ရာဖြစ်သည်) မီးကျည်တုံးကို တင်စားကာ "တုံးကျော်သည်" ဟုပင် ဆိုကြလေသည်။ သေမင်းကျော်သည်၊ သေမင်းပြီးသည်ဟူသော သဘောပင် ဖြစ်သည်။ အချို့ကလည်း တုံးသည် အဝေးမှပြေးလာသောအခါ အန္တရာယ်ပြုမည့် သဘောရှိ၍ စိုးရိမ်စရာရှိသော်လည်း ထိမှန်စဖွယ်နေရာကို ကျော်လွန်သွားသောအခါ ထိုအန္တရာယ်က နောက်ထပ်စိုးရိမ်စရာ မရှိတော့၍ လွတ်မြောက်ကင်းစင်သည့် သဘောကို တင်စား၍ ဆိုသည်ဟု မှတ်ယူကြသည်။ ပြောသံမှာကား "ဒု" ကျော်သည်ဟူ၍ မဆိုဘဲ သစ်တုံးသဘောနှင့် လွဲမှားကာ အရင်းအမြစ်ပျောက်လျက် "တုံးကျော်သည်" ဟုပင် ပြောကြသည်။ မည်သို့ပင်ဖြစ်စေ တင်စားသော စကားသာပင်ဖြစ်သည်။

Related:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)
အသုံးများသော မြန်မာဗန်းစကားများ (ဆ)
အသုံးများသော မြန်မာဗန်းစကားများ (ဇ၊ ဈ၊ ည၊ ဋ)

မျက်နှာစာသုံးပါးမှ ၀ိသေသများ - မောင်စူးစမ်း


mgsusan.jpg
ဒါဝင်ဝါဒနှင့် လစ်ဘရယ်
အရင်းရှင်စနစ်သည် အာဏာရှင်စနစ်တို့နှင့်လည်း လက်တွဲခဲ့သည်။ ဒီမိုကရေစီစနစ်တို့၌လည်း လက်တွဲခဲ့သည်။ အရင်းရှင်စနစ်သည် မည်သည့်နိုင်ငံရေးနှင့်မဆို လက်တွဲလို့ရသည်ဟု ဆိုကြသည်။ သို့ဖြင့် အရင်းရှင်စနစ်သည် နိုင်ငံရေးစနစ် ရွေးချယ်မှု၌ ကြားနေသည်ဟု အဆိုပြုမှု ရှိလာသည်။ ဤအဆိုပြုမှုကို လက်မခံသော ပညာရှင်တို့က "အားသန်သူ ရှင်သန်သည်" ဆိုသော ဒါဝင်ဝါဒနှင့် လစ်ဘရယ်ဝါဒကို တွဲစပ်၍ လေ့လာကြည့်သည်။ Survival of the Fittest အားသန်သူရှင်သန်ရေး ဆိုသည်မှာ အပြိုင်အဆိုင်လောကကို ရည်ညွှန်းသည်။ ပြိုင်ဆိုင်ရာ၌လည်း ကျားကုတ်ကျားခဲ အသည်းအသန် ပြိုင်ဆိုင်ကြသည်။

ဤသို့ အသည်းအသန် ပြိုင်ဆိုင်နိုင်ရန် လွတ်လပ်မှုရှိရမည်။ လစ်ဘရယ်ဝါဒနှင့် ဖေဇယ်ဖယ်ယားဝါဒတို့သည် အပြင်းအထန် ယှဉ်ပြိုင်မှုကို ခွင့်ပြုသောဝါဒတို့ ဖြစ်ကြသည်။ တစ်နည်းပြောလျှင် ဖရီးမတ်ကက်ကို ညွှန်းခြင်းဖြစ်သည်။ ဈေးကွက်မလွတ်လပ်လျှင် တန်းတူရည်တူ ယှဉ်ပြိုင်နိုင်ကြမည် မဟုတ်ပေ။ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ကြလျှင် သဘာဝကျကျ ချိန်ခွင်လျှာမှန်မှု Natural Equilibrium ပေါ်မည်။ တစ်ပြိုင်နက်တည်း၌ နိုင်ငံရေးစနစ်၌ လစ်ဘရယ်ဝါဒ၊ ပိုင်ဆိုင်မှုစနစ်၊ ပုဂ္ဂလိကပိုင်ဆိုင်မှုတို့ကို အလေးပေးလာသဖြင့် အရင်းရှင်စနစ်သည် ဒီမိုကရေစီအရင်းရှင်စနစ် ဖြစ်လာသည်။

ဒီမိုကရေစီ
ဒီမိုကရေစီနှင့်မတွဲသော အရင်းရှင်စနစ်တို့လည်း ရှိသည်။ လက်တွေ့သာဓကအားဖြင့် တရုတ်ပြည်၊ စင်ကာပူ၊ အရှေ့အလယ်ပိုင်း နိုင်ငံတို့ကို ပြသနိုင်သည်။ အရင်းရှင်စနစ်သည် ဒီမိုကရေစီအပြည့်နှင့်လည်း တွဲသည်။ အာဏာရှင်အပြည့်နှင့်လည်း တွဲသည်။ ရောစပ်ကပြားတို့နှင့်လည်း တွဲသည်။ အရင်းရှင်စနစ်နှင့် ဒီမိုကရေစီအတွဲအစပ် ပြဿနာသည် နိုင်ငံရေးအာဏာပြဿနာ ဖြစ်ပုံရသည်။ အာဏာရအဖွဲ့၏ မူဝါဒနှင့် စေတနာတို့အပေါ် မူတည်ပုံရသည်။

သုံးမျိုး
ဒီမိုကရေစီနှင့်ပတ်သက်၍ အနက်အဓိပ္ပါယ်ဖော်ရာ၌ မျက်နှာစာသုံးမျိုးဖြင့် ဖော်ကြသည်။

ပထမမျက်နှာစာအရ နိုင်ငံရေးစနစ်၌ လူထုပါဝင်ပတ်သက်မှုကို ကြည့်သည်။ လူထုပါဝင်ပတ်သက်မှုရှိ၍ ဒီမိုကရေစီရေး လက္ခဏာပေါ်မည်။ ဤနေရာ၌ အငြင်းပွားစရာမှာ လူထုသည် ကျိုးကြောင်းဆင်ခြင်တိုင်းထွာ၍ မိမိရွေးချယ်မှုကို ပြုသလား သို့မဟုတ် လူအုပ်စိတ်ဖြင့် ရွေးချယ်မှုကို ပြုသလားဟူ၍ ဖြစ်သည်။ လူအုပ်စိတ်ဆိုသည်မှာ သူများလုပ်သလို လိုက်လုပ်ခြင်း၊ လူအုပ်သွားရာနောက်လိုက်ခြင်း Crowd Mentality ကို ဆိုလိုသည်။

ဒုတိယမျက်နှာစာအရ ရွေးကောက်ပွဲဖြင့် အာဏာရလာသူတို့သည် ရေရှည်အလားအလာတို့ကို အမြော်အမြင်ရှိရှိ ရာသက်ပန်ပညာဖြင့် ခေါင်းဆောင်မှာလား၊ သို့တည်းမဟုတ် ပေါ်ပြူလာဖြစ်ရာ ရေပန်းစားရာတို့ကိုကြည့်၍ ခေါင်းဆောင်မှာလားဟူ၍ ရွေးချယ်ရန် ပေါ်ခြင်းဖြစ်သည်။

တတိယမျက်နှာစာ
တတိယမျက်နှာစာအရ အစိုးရ၏ သဘောသကန်ကို ရှင်းရှင်းလင်းလင်း ကြိုတင်သိထားရန် လိုအပ်ခြင်းဖြစ်သည်။ ကောင်းမွန်သော အစိုးရ ပေါ်ထွန်းရေးသည် အရေးကြီးသော ရည်မှန်းချက်ပန်းတိုင် ဖြစ်ရမည် ဖြစ်သည်။ ကောင်းမွန်သော အစိုးရဆိုသည်မှာ (၁) လူထုကိုယ်စားပြု ဖြစ်ရမည်၊ (၂) နိုင်ငံရေးတရားမျှတမှု၊ (၃) တန်းတူအခွင့်အရေးညီမျှမှု၊ (၄) လွတ်လပ်မှုနှင့် လူ့အခွင့်အရေးတို့ကို လေးစားခြင်းဖြစ်သည်။
အညွှန်း - Harvard Series

ထလော့မြန်မာ... အို... မြန်မာတို့ - ကိုကိုလှိုင်


kokohlaing.jpg
ဆရာဇော်ဂျီ၏ ကဗျာခေါင်းစဉ်ကို နှစ်သက်လွန်းလှသဖြင့် ထိပ်စည်းတင်၍ သုံးစွဲခွင့်ပြုစေချင်ပါသည်။ ကိုယ့်နိုင်ငံနှင့် ဆက်စပ်နေသော သတင်းများကို ကြားရသိရ စဉ်းစားမိရာမှ ဆရာကြီး၏ ကဗျာကို ပြေး၍ပြေး၍ သတိရနေမိခြင်း ဖြစ်ပါ၏။

ပထမဆုံး သတိထားမိသည့် သတင်းမှာ ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ "ဂဒီး ဂဒီး" လာနေကြခြင်း ဖြစ်ပါ၏။ ဗီယက်နမ်ကုန်စည်ပြပွဲ ပြုလုပ်ခြင်း၊ ဗီယက်နမ်လေကြောင်းက မြန်မာနိုင်ငံသို့ တိုးချဲ့ပြေးဆွဲခြင်း၊ ဗီယက်နမ်လုပ်ငန်းရှင်များက မြန်မာ့အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေခြင်း စသည့် သတင်းများကို သတင်းစာဂျာနယ်များ၌ တွေ့နေရသည်။

ဗီယက်နမ်တို့ ခြေသွက်လှချေဘိတကားဟု စကားဦးမသန်းလိုပါ။ အဘယ်ကြောင့်ဆိုသော် ဗီယက်နမ်တို့ မြန်မာနိုင်ငံသို့ ခေါင်းပြူလာသည်မှာ နောက်ပင် ကျေနေသေးတော့ဟု ဆိုနိုင်သောကြောင့် ဖြစ်ပါ၏။ စင်စစ်၌ ဗီယက်နမ်တို့သည် မြန်မာကိုကျော်၍ တောင်အာရှနယ်စပ်မှ ဘင်္ဂလာဒေ့ရှ်သို့ပင် တိုးဝင်နေသည်မှာ လွန်ခဲ့သော နှစ်များကပင် ဖြစ်ပါ၏။

၂၀၀၈ ခုနှစ်ကုန်ပိုင်းက ဒါကာကုန်သည်ကြီးများအသင်း ရွှေရတု စီးပွားရေးဖိုရမ်သို့ ဗီယက်နမ်မှ စီးပွားရေးမစ်ရှင် အဖွဲ့တစ်ဖွဲ့ အုံလိုက်ကျင်းလိုက် ချီတက်လာသည်ကို တွေ့ရပါ၏။ အစိုးရဌာနမှ အရာရှိများလည်းပါသည်။ လုပ်ငန်းရှင်အသင်းအဖွဲ့ ကိုယ်စားလှယ်များလည်း ပါသည်။ အင်္ဂလိပ်စကား လည်လည်ပတ်ပတ် ပြောတတ်သူ များများစားစားမပါ။ ဗီယက်နမ်သံရုံးမှ စကားပြန် အကူအညီဖြင့် ပြောကြရသည်။ သို့သော် မူလအစီအစဉ် မပါသည့်တိုင်အောင် ဗီယက်နမ်အဖွဲ့က ရှင်းလင်းပွဲကလေးတစ်ခု လုပ်ပါရစေဟု မေတ္တာရပ်ခံသဖြင့် အိမ်ရှင်တို့က စီစဉ်ပေးသည်။ အသင့်ပါလာသော စီဒီချပ်များနှင့် လက်ဆောင်တိုထွာများကိုပေး၍ ဗီယက်နမ်စီးပွားရေး အခွင့်အလမ်းများကို ဆလိုက်ဖြင့်ရှင်းပြသည်။ ဘင်္ဂလာဒေ့ရှ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို မေးမြန်းဆွေးနွေးသည်။ ဘင်္ဂလားဒေ့ရှ်၏ ပေါများဈေးချိုသော လုပ်အားတို့ကို သဘောကျကာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း သိလာသည်။ ဗီယက်နမ်ကုန်စည်ပြပွဲများ လာရောက်ပြုလုပ်လိုကြောင်း ဆွေးနွေးသည်။

ထိုကာလမှ တစ်နှစ်ကျော်ကြာမှ မြန်မာနိုင်ငံသို့ ဗီယက်နမ်တို့ ရောက်လာကြခြင်းဖြစ်ရာ စောလှသည်ဟုတော့ မဆိုနိုင်ပါ။ သို့သော် အချိန်ကောင်း မီသည်ဟုတော့ ဆိုနိုင်ပါသည်။ ယခုအချိန်တွင် မြန်မာဈေးကွက်သည် (မီခေးရှိုလိုကော့ဗ်၏ ၀တ္ထုအမည်ကိုယူ၍ ပြောရလျှင်) အပျိုစင်မြေသား (Virgin Socil) ဖြစ်သည်။ (ဆရာကျော်အောင်ကတော့ "တောရိုင်းမြေ" ဟု ဘာသာပြန်သည်။) ဆိုလိုသည်မှာ အလျင်ဦးသူက အကျိုးရှိမည့် အနေအထားဖြစ်သည်။

ဗီယက်နမ်တို့က ဤအနေအထားကို သိသည်။ သူတို့မှာ ကမ္ဘာ့ဈေးကွက် အဆက်အသွယ်တွေ အများကြီးရှိသည်။ မြန်မာနိုင်ငံက အဖိုးတန်ကုန်ကြမ်းများကို သူတို့ဆီမှာ ပြုပြင်၍ ကမ္ဘာ့ဈေးကွက်သို့ ဗီယက်နမ်တံဆိပ်တပ်ကာ အလွယ်တကူ တင်ပို့နိုင်သည်။ သူတို့ဆီကိုလာသည့် ကမ္ဘာလှည့်ခရီးသွား (အထူးသဖြင့် တရုတ်၊ ဂျပန်၊ ကိုရီးယား) များကို ဘန်ကောက်ကိုကျော်၍ မြန်မာနိုင်ငံသို့ တိုက်ရိုက်ပို့ပေးနိုင်သည်။ ဤသို့ဖြင့် နိုင်ငံရေးမတည်ငြိမ်၍ ဘန်ကောက်လေဆိပ်၌ ပိတ်မိမည်မစိုးရဘဲ ဗီယက်နမ်မှ ရန်ကုန်သို့ ရောက်လာနိုင်သည်။ ဗီယက်နမ်လေကြောင်းလည်း အလုပ်ဖြစ်မည်။ မြန်မာ့အိမ်ရာဈေးကွက်တွင် စောစောစီးစီး ရင်းနှီးမြှုပ်နှံထားခြင်းဖြင့် မြန်မာ့စီးပွားရေးတွင် ပြည်ပမှ ရင်းနှီးသူများ အုပ်လိုက်ဝင်လာသည့်အခါ ရုံးခန်းနေရာ၊ စက်ရုံနေရာ၊ အိမ်ခြံမြေနေရာတို့ကို ဈေးတင်ပြန်ရောင်းကာ အမြတ်ကြီးကြီး ရနိုင်မည်။

သေချာသည်ကတော့ သူတို့ စီးပွားရေးလုပ်တတ်သွားပြီဟူသော အချက်ပင်ဖြစ်၏။ ၁၉၉၀ ပြည့်လွန်နှစ်များအထိ စီမံကိန်းစီးပွားရေးစနစ်နှင့် လုံးချာလိုက်နေခဲ့သော ကွန်မြူနစ်ဝါဒီများ ကုန်သည်စိတ် အပြည့်ဝင်သွားကြသည်မှာ လျင်မြန်လှသည်။ မကြာမီက ဗီယက်နမ်သို့ သွားရောက်လည်ပတ်၍ ပြန်လာသော ဆရာတစ်ဦးက ဗီယက်နမ်တို့ စီးပွားရေးလုပ်တတ်ပုံ၊ ငွေရှာတတ်ပုံနှင့် လျင်မြန်စွာ စီးပွားရေးဖွံ့ဖြိုးလာပုံကို ချီးမွမ်းခန်းထုတ်သည်။ တစ်ချိန်က မြန်မာနိုင်ငံသို့လာ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို လေ့လာသွားခဲ့ရသည့် ဗီယက်နမ်သည် မြန်မာနိုင်ငံ၌ပင် လာရောက်ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းနေပါပြီကော။

"ကျွန်တော်တို့က အချင်းချင်း ရန်ဖြစ်ဖို့ စဉ်းစားနေကြတဲ့အချိန်မှာ သူတို့က ပိုက်ဆံရှာဖို့ စဉ်းစားနေကြတာကိုးဗျာ" ဟု ကျွန်တော် ပြန်ပြောမိသည်။ လူဆိုသ်ညမှာ ကိုယ်ရှာသည်ကို ကိုယ်ရသည်ချည်းသာ ဖြစ်၏။ ပိုက်ဆံရှာလျှင် ပိုက်ဆံရ၏။ ပညာရှာလျှင် ပညာရ၏။ အလုပ်ရှာလျှင် အလုပ်ရ၏။ သက်သာရာရှာ၍ ဖြစ်သလိုနေလျှင် (မကြီးပွားချင်နေ) လူသက်သာ၏။ ရန်ရှာလျှင် ရန်ဖြစ်စရာရ၏။ ပြဿနာရှာလျှင် ပြဿနာရ၏။

မြန်မာတွေ မညံ့ပါ။ တွေ့ဖူးသမျှ နိုင်ငံခြားသားများတိုင်းလိုလိုက မြန်မာတို့၏ ဉာဏ်ရည်နှင့် ကိုယ်ရည်ကိုယ်သွေးကို ချီးမွမ်းကြသည်။ သို့သော် ဤအရည်အသွေး၊ အရည်အချင်းတို့ကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် အသုံးချရန် လိုအပ်နေသေးခြင်းသာ ဖြစ်သည်။ အသုံးပြုခွင့် မရသေး၍လည်း ဖြစ်နိုင်သည်။ တလွဲအသုံးချနေ၍လည်း ဖြစ်နိုင်သည်။ အသုံးချလိုစိတ် မရှိဘဲ အပျင်းထူနေ၍လည်း ဖြစ်နိုင်သည်။ အသုံးပြုရကောင်းမှန်း မသိသေး၍လည်း ဖြစ်နိုင်သည်။

သို့သော် သည်လိုချည်းနေ၍ကား မဖြစ်နိုင်တော့ပါ။ ကိုယ့်နိုင်ငံပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် အရှိန်အဟုန်နှင့် သိမ်းကျုံးကာ အလုပ်လုပ်ရင်း တိုးတက်နေကြသော နိုင်ငံများ ဖြစ်လာနေကြပြီ။ တရုတ်နှင့် အိန္ဒိယတို့ကား ဖွံ့ဖြိုးစ ဧရာမစီးပွားရေး နိုင်ငံကြီးများ ဖြစ်နေလေပြီ။ တရုတ်သည် အမေရိကန်ပြီးလျှင် ဒုတိယ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ၊ အမေရိကန်၏ အကြီးဆုံးကြွေးရှင်နိုင်ငံ ဖြစ်နေသည်။ ကမ္ဘာပေါ်၌ စွမ်းအင်အများဆုံး သုံးသည့်နိုင်ငံ ဖြစ်လာသည်။ အိန္ဒိယကား တရုတ်နောက်မှ ထပ်ကြပ်မကွာ ခြေရာနင်း၍ လိုက်နေသည်။ ကွန်ပျူတာအပျော့ထည် နည်းပညာဖြင့် ဖောက်ထွက်နေသည်။ တစ်ချိန်က မြန်မာနိုင်ငံမှ ဇီးထုပ်နှင့် အညာစောင်ကို ၀ယ်သုံးနေခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်ပင်လျှင် မြန်မာနိုင်ငံဘက်သို့ အိမ်သုံးဆေး၊ ဓာတ်မြေသြဇာနှင့် ပလတ်စတစ်ပစ္စည်းများ ပြန်သွင်းနေလေပြီ။

ယခုအခါ လမ်းနံဘေးမှ သွားရည်စာရောင်းသည့် မုန့်ဆိုင်တစ်ဆိုင်ကို ၀င်ကြည့်လိုက်လျှင်ပင် ကိုယ့်အနေအထား ကိုယ်သိနိုင်သည်။ ဈေးရောင်းသည့် ဗန်းတစ်ခုလုံး၌ ပြည့်နေသည်က တရုတ်နိုင်ငံမှလာသော ယိုစုံများ၊ ထိုင်းနှင့် မလေးရှားမှလာသော မုန့်ထုပ်များ၊ အပေါ်မော့ကြည့်လိုက်သောအခါ အိန္ဒိယမှလာသော အသင့်စားကွမ်းမှုန့်အထုပ်များ၊ မြန်မာဖြစ်ဟူ၍ တို့ဟူးခြောက်ကြော်နှင့် အာလူးကြော်သာ ရှိသည်။

"ထိုင်နေလို့တော ဘာမှဖြစ်မလာဘူး" ဆိုသောသီချင်းကို သတိရသည်။ ထိုင်နေ၍လည်း ဘာမျှဖြစ်လာမှာ မဟုတ်ပါ။ အိပ်နေပျင်းနေ၍လည်း ဘာမျှဖြစ်လာမည် မဟုတ်ပါ။ အချင်းချင်း နေရာလုကြ၊ အာဏာလုကြ၊ ကုလားထိုင်လုကြ၊ တံဆိပ်လုကြ၊ ရန်ဖြစ်ကြ၊ ကွဲကြပြဲကြ လုပ်နေကြ၍လည်း ဘာမျှဖြစ်လာမည် မဟုတ်ပါ။ အချိန်ဆိုင်းစရာ အချိန်မရှိတော့ပါ။ ကိုယ်ညံ့လျှင် ကိုယ်ပျင်းလျှင် ကိုယ့်နေရာပင် ကျန်မည် မဟုတ်တော့ပါ။

ညီညီညွတ်ညွတ် - တက်တက်ကြွကြွ - အလုပ်လုပ်ကြပါစို့။

"ထလော့မြန်မာ - အို... မြန်မာတို့"

ရွေးကောက်ပွဲ၊ လွှတ်တော် လမ်းမှန်လမ်းဖြောင့် - စိုးမြင့်သိန်း


NORTHERN STAR နိုင်ငံရေးစာပေ ရေးဖော်တစ်ယောက် ဆရာမောင်စူးစမ်းအိမ်ကို ရောက်သွားသည်။ ထွေရာလေးပါး ပြောကြားရင်း မိတ်ဆွေက ဒီနေ့ မြန်မာပြည်နိုင်ငံရေး ကိစ္စအ၀၀ကို (အရပ်ဘက်-တပ်ဘက် ဆက်ဆံရေး အပါအ၀င်) ပြေလည်အောင်ဖြေရှင်းနိုင်တဲ့ အမျိုးသားရေးခေါင်းဆောင် ပေါ်ဖို့လိုမယ်ထင်တယ်ဟု ဆွေးနွေးရာ မောင်စူးစမ်းက လုံးဝ ပယ်ချလိုက်ပြီး "ဒီမယ် ကျွန်တော်နဲ့ စကားလာပြောရင် အိုင်ဒီးလ် (စံပြပုဂ္ဂိုလ်၊ သူရဲကောင်း)နဲ့ လာမပြောနဲ့၊ ကျွန်တော် လက်မခံဘူး၊ ဒီနေ့ ကျွန်တော်တို့တိုင်းပြည်ဟာ လမ်းညွှန်ဒီမိုကရေစီ Guided Democracy ၊ တပ်မတော်ပါဝင်သော ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံဥပဒေအတိုင်းသာ စခန်းသွားရမယ်၊ ဒီလမ်းကြောင်းပဲ ရှိတယ်" ဟု ပြတ်သားစွာ တုံ့ပြန်ပါသည်။

ထို့နောက် မကြာမီ မြန်မာပို့စ် ဇူလိုင် ၁၄ ရက် ၂၀၁၀ တွင် "ရွေးကောက်ပွဲနှင့် လွှတ်တော်လမ်း ပြန်ဖြောင့်ခြင်းလော" ဆောင်းပါးကို ရေးသားလာပါသည်။ ဆိုလိုရင်းကတော့ နိုင်ငံရေးဒဿန၊ နိုင်ငံရေးသိပ္ပံပညာရှင်တို့က ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တို့ အစွဲလမ်းကင်းစွာ၊ ဓမ္မဓိဋ္ဌာန်ကျစွာရှိဖို့ကို "စံ" ဟု သတ်မှတ်ကြသည်။ ယင်းကို တရားမျှတသည်ဟုလည်း သတ်မှတ်သည်။ ထိုရွေးကောက်ပွဲမျိုးမှ သန့်ရှင်းသောရလဒ် ထွက်မည်။ အချို့ပညာရှင်တွေကတော့ အုပ်စိုးသူစေတနာကို အခြေခံ "စံ" ဟု မှတ်ယူပြီး အုပ်စိုးသူက စေတနာမှန်လျှင် ရွေးကောက်ပွဲ တရားမျှတမည်ဟု ဆိုကြသည်။

သို့ဖြင့် ရွေးကောက်ပွဲကို မဲဆန္ဒရှင်ဘက်မှကြည့်သော ရှုထောင့်၊ အုပ်စိုးသူ၏ စေတနာဘက်မှကြည့်သော ရှုထောင့်ဟူ၍ နှစ်မျိုးကွဲပြားသည်ကို တွေ့ရသည်။

ထိုအထဲ ၀င်ပြိုင်မည့် နိုင်ငံရေးပါတီတွေ၏ ရှုထောင့်ကို ပေါင်းထည့်လျှငက် သုံးမျိုးဖြစ်သွားမည်။ ရှုထောင့်သုံးမျိုးလုံးတွင် တူညီချက်တစ်ခုတော့ ရှိသည်။ ၎င်းမှာ ပြည်သူ့သဘောထားအမြင် ဖြစ်သည်။ ပြည်သူ့သဘောထားအမြင်ကို အကဲဖြတ်လျှင်တော့ ဓမ္မဓိဋ္ဌာန်ကျဖို့ အခက်အခဲ ရှိနေသည်။ ယင်းသည် အရေးကြီး။

၂၈ မျိုး
တကယ်တော့ ပြည်သူ့သဘောထား အမြင်ဆိုသည်ကို အကြောင်း/အကျိုး ဆက်စပ်ဆင်ခြင်လျှင် အကဲဖြတ်ရလွယ်ပါသည်။ ထိုသို့မဟုတ်ဘဲ ခံစားမှု (အီမိုးရှင်း)မှာ အခြေစိုက်နေလျှင် ယင်းပြည်သူ့သဘောထားသည် တည်ငြိမ်မည်မဟုတ်။ လှုပ်ရှားဘောင်ဘင်ခတ်နေမည်။ ယခင်က ပြည်သူ့သဘောထား ဆင်ခြင်တုံတရားများ ဂုဏ်ယူနိုင်ခဲ့ကြသည်။ သို့သော် ယနေ့လို အင်ဖော်မေးရှင်း အပြည့်အ၀ရနိုင်သော အနေအထားမှာပင် ပြည်သူ့သဘောထား အမြင်ဆိုသည်များ ဆင်ခြင်တုံတရား ကင်းလွတ်နေသည်ကို တွေ့ကြရသည်။ ဘာကြောင့် ဆင်ခြင်တုံတရားကို လက်လွှတ်လိုက်ရတာလဲ။ ခံစားမှု အီမိုးရှင်းအပေါ် အခြေစိုက်ပြီး နိုင်ငံရေးကို ကြည့်ကြသည်။ ရွေးကောက်ပွဲကို ကြည့်ကြသည်။ အီမိုးရှင်း ၂၈ မျိုးထိရှိကြောင်း ပညာရှင်တို့က ခွဲခြမ်းပြသည်။ သိပ္ပံသုတေသန လုပ်နည်းလုပ်ထုံးဖြင့်။ (အဆိုပါ အီမိုးရှင်းများ စောစောက မိတ်ဆွေ၏ အမြင်အပါအ၀င်ကို ဆရာမောင်စူးစမ်းက လုံးဝပယ်သည်။)

လမ်းပြန်ဖြောင့်ခြင်းလော
မြန်မာ့နိုင်ငံရေးက အီမိုးရှင်းအပေါ် အခြေစိုက်ခဲ့ကြလို့ အမှားတွေကြားမှာ ခေတ်ပြိုင်သမိုင်းက သက်သေပြပြီးဖြစ်သည်။ အီမိုးရှင်း (ဆိုကြပါစို့ ဒေါသမောဟနောက် လိုက်ခဲ့ကြလို့) နိုင်ငံရေးဖြစ်စဉ်သည် အစီအစဉ် စနစ်တကျ မသွားဘဲ ပြတ်တောက်ကောက်ကွေ့ ရှော့ခ်တွေဖြစ်၊ မီးတွေပွင့် Non-Linear ဖြစ်ပြီး အချိန်တွေ ကုန်လင့်ကြာမြင့်မျောမော ဖြစ်ခဲ့ကြရသည်။

ယခု ဖွဲ့စည်းပုံအခြေခံဥပဒေ စနစ်တကျ ပြဋ္ဌာန်းပြီးပြီ။ Road Map လမ်းညွှန်မြေပုံ ဆွဲထားတဲ့အတိုင်း သွားနေပြီ။ ရွေးကောက်ပွဲ၊ အခြေခံဥပဒေနှင့်အညီ ကျင်းပပြုလုပ်တော့မည်။

ထို့ကြောင့် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို အပြတ်အတောက် အကောက်အကွေ့တို့ ကင်းစင်အောင် ပြန်၍ ဖြောင့်မတ်ပေးခြင်းလောဟု စဉ်းစားစရာ ဖြစ်လာ၏။ အဖြေကို ချက်ချင်း ယတိပြတ် ပြောချလို့တော့ စောသေး၏။ အကောင်းဘက်ကတော့ မျှော်ရ၏။ ခန့်မှန်းရတာ ခက်တော့ ခက်ပါသည်။ ထို့ကြောင့်လည်း နိုင်ငံရေးသည် ဖြစ်နိုင်ခြေဆိုင်ရာ အတတ်ပညာဟု အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း ဖြစ်ဟန်တူသည်။ Ref: Political Brain by Drew Westen ဟု မောင်စူးစမ်းက တင်ပြလိုက်သည်။

လာမည့် မြန်မာ့နိုင်ငံရေးယဉ်ကျေးမှု၌ လူထုပါဝင်ပတ်သက်မှု ရှိမည်၊ ၀ါဒသဘောတရားရေးရာ အိုင်ဒီယာအချို့ ပေါ်လာမည်၊ အင်စတီကျူးရှင်းများ ပေါ်လာမည် (လွှတ်တော်၊ တပ်မတော်ပါဝင်မှု စသည်ဖြင့်...) တပ်မတော် ပါဝင်ပတ်သက်ခြင်းသည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖြစ်နေပြီး ယင်းသည်လည်း မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှု၏ အပိုင်းတစ်ပိုင်း မလွဲမသွေ ဖြစ်နေပြီ။ နိုင်ငံရေးပါတီများ နေရာရလာခြင်းသည်လည်း မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုသစ် ဖြစ်သည်။ အာဏာသိမ်းမှုလို ကိစ္စမျိုးတွေ အဆုံးသတ်စေလို၍ တပ်မတော်က နိုင်ငံရေးထဲ တရားဝင်ဥပဒေကြောင်းအရ ပါဝင်ပတ်သက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

မည်သို့ရှိစေ-
(၁) မဲပေးခြင်းသည် ဒီမိုကရေစီကို ကာကွယ်ရာရောက်၏။
(၂) ဒီမိုကရေစီတွင် ရွေးကောက်ပွဲတို့ လိုအပ်သည်။
(၃) ဒီမိုကရေစီ အသည်းကြားက မဲတစ်ပြားသည် တန်ဖိုးကြီးလှစွာ၏။
(၄) ရွေးကောက်ပွဲသည် အပြောင်းအလဲများ၏ ရှေ့ပြေးလှပ သင်္ကေတဖြစ်သည်။

ဤအချက်များကိုတော့ မည်သူမှ မငြင်းနိုင်ဟု စာရေးသူမှ ယူဆသည်။

Wednesday, July 28, 2010

ဟာသလေးတွေဖတ်ပြီး ရယ်မောပျော်ရွှင်ရမယ့်အချိန်


ကိုယ်ဝန်အရင့်အမာနှင့် မိန်းမဖြစ်သူ အလွန်အမင်း ဗိုက်နာနေသည့်အတွက် ယောက်ျားဖြစ်သူက ဆရာဝန်ကို အသည်းအသန် ဖုန်းဆက်ခေါ်သည်။
ဆရာဝန်မကြီးရောက်လာပြီးနောက်-
"လူနာရော"
"အခန်းထဲမှာ"
"ရှင် အပြင်မှာပဲနေနော်၊ အခန်းထဲဝင်မလာနဲ့"
"ဟုတ်ကဲ့"
ခဏကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး ယောက်ျားဖြစ်သူကို လှမ်းပြောတယ်။
"၀က်အူလှည့်ရှိရင် အမြန်ပေးပါ"
"ဟုတ်ကဲ့"
ယောက်ျားဖြစ်သူက ယူပေးလိုက်တယ်။ ဆရာမကြီးဝင်သွားပြီး ခဏနေတော့ ပြန်ထွက်လာတယ်။
"ပလာယာပါ လိုချင်တယ်"
"ဟုတ်"
တစ်မိနစ်လောက်ကြာတော့
"စို့ နဲ့ တူသာ ပေးပါတော့"
ဒီတော့ လူနာရှင်ယောက်ျားက စိုးရိမ်တကြီးနဲ့
"ဆရာမရယ်၊ ပွင့်ပွင့်လင်းလင်းပြောပါခင်ဗျာ၊ လူနာရဲ့ အခြေအနေက တော်တော်ဆိုးလို့လား"
"မပြောတတ်သေးဘူးရှင့်၊ ဆေးသေတ္တာကို ဖွင့်လို့မရသေးလို့ လူနာကို မကြည့်ရသေးဘူး"

hahahah.jpg

ဂျီကာဂိုမြို့မှ အမျိုးသမီးကြီးတစ်ဦးသည် မရောက်ဖူးသေးသည့် ဖလော်ရီဒါပြည်နယ်သို့ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။ မြို့တစ်မြို့သို့ ရောက်သောအခါ ဟိုတယ်တစ်ခုသို့ ၀င်သည်။ အဆိုပါဟိုတယ်မှာ လူမျိုးရေးခွဲခြားမှုရှိသော ဟိုတယ်အဖြစ် ထင်ရှားသည့်ဟိုတယ် ဖြစ်သည်။
ဟိုတယ်မန်နေဂျာအား အမျိုးသမီးကြီးက ပြောလိုက်သည်။
"ကျွန်မကို အခန်းတစ်ခန်းပေးပါ၊ နှစ်ပတ်ကြာနေပါ့မယ်"
မန်နေဂျာက ပြန်ဖြေသည်။
"၀မ်းနည်းပါတယ်ခင်ဗျာ၊ ကျွန်တော်တို့ဆီမှာ အခန်းလွတ်မရှိပါဘူး"
ထိုအချိန်တွင် ဧည့်သည်တစ်ယောက် အခန်းလာအပ်သည်ကို တွေ့ရသဖြင့် အမျိုးသမီးကြီးက ၀မ်းသာအားရပြောလိုက်သည်။
"ကြည့်စမ်း၊ အဆင်ပြေလိုက်တာ၊ အခန်းတစ်ခန်း လွတ်သွားပြီ။ အခုပြန်အပ်တဲ့အခန်းကို ကျွန်မကိုပေးလို့ ရပြီမလား"
"စိတ်မရှိပါနဲ့ဗျာ၊ ကျွန်တော်တို့ဟိုတယ်မှာ ဂျူးလူမျိုးတွေကို တည်းခိုခွင့်မပြုပါဘူးခင်ဗျ"
"ဘယ်သူလဲ ဂျူးလူမျိုးက၊ ကျွန်မလား၊ ကျွန်မက ကတ်သိုလစ်ဘာသာဝင်ရှင့်"
"လွယ်လွယ်ယုံဖို့တော့ ခက်ပါတယ်ခင်ဗျ၊ မေးခွန်းအချို့ မေးခွင့်ပြုပါ၊ ဘုရားသခင်ရဲ့ သားတော်ဟာ ဘယ်သူပါလဲ"
"မယ်တော်မေရီကမွေးတဲ့ ယေရှုသခင်ပေါ့ရှင့်"
"သူ့ကို ဘယ်မှာမွေးတာလဲ"
"နွားတင်းကုတ်မှာ"
"ဘာဖြစ်လို့ နွားတင်းကုတ်မှာ မွေးရတာလဲ"
"နင်တို့လို အကောင်မျိုးတွေကြောင့် မယ်တော်မေရီ အခန်းငှားမရလို့တဲ့ဟေ့"

hahahah.jpg

တစ်နေ့တွင် ဆရာဝန်တစ်ယောက်ထံ နားထဲသို့ ဂေါ်လီလုံးဝင်သွားသော ကလေးလူနာတစ်ယောက် ရောက်လာလေသည်။ ဆရာဝန်ခမျာ ကလေးနားထဲသို့ ၀င်နေသော ဂေါ်လီလုံးကို ခက်ခက်ခဲခဲနှင့် အသည်းအသန်ကြိုးစားပြီး ထုတ်ပေးလိုက်ရသည်။ ထို့နောက် ကလေးငယ်အား မေးလိုက်သည်။
"သားရယ်… နားထဲကို ဂေါ်လီလုံးဝင်အောင် ဘယ်လိုများ ဆော့လိုက်ပါလိမ့်"
ထိုအခါ ကလေးငယ်က "ဒီလိုပဲ ဦးဦးရဲ့" ဟုဆိုကာ ဂေါ်လီလုံးကို နားထဲသို့ ပြန်ထည့်ပြလိုက်လေသည်။

hahahah.jpg

လူနာ
- ဒေါက်တာ၊ ကျွန်တော်လေ… အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ်၊ ဘာလုပ်ရမလဲဆိုတာ အကြံပေးပါဦးခင်ဗျာ။
ဆရာဝန် - လွယ်ပါတယ်ဗျာ၊ တခြားအကြောင်းတွေ လျှောက်စဉ်းစားမနေနဲ့၊ အလုပ်ထဲမှာ ခေါင်းမြှုပ်ထားလိုက်။
လူနာ - (ပြာပြာသလဲဖြင့်) ဟာ… အဲဒါတော့ မဖြစ်ဘူးဆရာ၊ ကျွန်တော်က ဘိလပ်မြေဖျော်တဲ့လူဗျ။

hahahah.jpg

ပါမောက္ခက ကျောင်းသားအား နောက်ဆုံးစာမေးပွဲအတွက် လူတွေ့စစ်မေးနေလေသည်။
ပါမောက္ခ - ရွှေနဲ့ အသိဉာဏ် နှစ်ခုယှဉ်လာရင် မင်း.. ဘာကို ရွေးချယ်မလဲကွ။
ကျောင်းသား - ရွှေကို ယူမှာပေါ့ဆရာရဲ့။
ပါမောက္ခ - ဆရာကတော့ အသိဉာဏ်ကို ယူမယ်ကွ၊ ဘာကြောင့်လဲ သိလား။
ကျောင်းသား - သိပါတယ်ဆရာ၊ လူဆိုတာ ကိုယ့်မှာ မရှိတာ၊ မပြည့်စုံတာကို လိုချင်တတ်ကြတာ သဘာဝပဲလေ။

hahahah.jpg

ဧည့်သည်များစုံလင်နေချိန်တွင် လူတစ်ဦးက အခြားသူငယ်ချင်းတစ်ဦးကို နောက်ပြောင်လိုသောကြောင့် စကားလှမ်းပြောသည်။
"တလောက ငါ အိပ်မက်,မက်တယ်ကွ၊ အိပ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေပေါက်ပြီး ပျံကြတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ တို့နှစ်ယောက်လုံး မြေကြီးပေါ်ကို ပြန်ကျလာကြတယ်။ အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့်ရှိတဲ့ တွင်းထဲကို ပြုတ်ကျပြီးတော့၊ မင်းကတော့ အညစ်အကြေးတွေ ပြည့်နေတဲ့ တွင်းကြီးထဲကို ကျသွားတယ်ကွ"
အပြောခံရတဲ့ သူငယ်ချင်းကလည်း ဟာသဉာဏ်ရှိသူဖြစ်လေတော့ ချက်ချင်းပဲ ပြန်ပြောလိုက်တယ်-
"အံ့သြစရာကောင်းလိုက်ပါဘိကွာ၊ ငါလည်း အဲဒီပုံစံအတိုင်းပဲ အိပ်မက်,မက်တာကွ။ ဒါပေမယ့် ငါက ရှေ့ဆက်ပြီး အိပ်မက်ဆုံးတဲ့အထိ မက်ခဲ့သေးတယ်ကွ"
"ဟေ၊ ဟုတ်လား… ဘာတွေ ဆက်မက်ခဲ့သေးလို့လဲ"
"ငါတို့တွေ တွင်းတွေထဲကနေ ပြန်တက်လာပြီးတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လျှာနဲ့လျှက်ကြတယ်လေ"

hahahah.jpg

ကျောင်းနေစ ကလေးငယ်တစ်ဦးကို လူကြီးတစ်ယောက်က အင်္ဂလိပ်စာလုံးများ မေးမြန်းလျက်ရှိသည်။
လူကြီး - Ant ကို သိလားကွ။
ကလေး - သိပါတယ်၊ ပုရွက်ဆိတ်ပါ။
လူကြီး - မှန်တယ်၊ Apple ကရော။
ကလေး - ပန်းသီးပါ။
လူကြီး - ဒါဆို Book ကရောကွ။
ကလေး - စာအုပ်။
လူကြီး - အေးမှန်တယ်ကွ၊ Bag ကရောကွာ။
ကလေး - လွယ်အိတ်ပါ။
လူကြီး - Cat ဆိုတာကရော။
ကလေး - (အတန်ကြာစဉ်းစားလျက် မဖြေနိုင်သဖြင့် ခေါင်းကုတ်လျက်) မသိဘူးခင်ဗျ။
ကလေးငယ်အား ဖြေနိုင်စေရန်အတွက် လူကြီးဖြစ်သူက နိမိတ်ပြမေးခွန်း မေးလေသည်။
လူကြီး - သားတို့အိမ်မှာ ကြွက်ကို ဘယ်သူဖမ်းသလဲ။
ကလေး - အမေက ကြွက်ထောင်ချောက်နဲ့ ဖမ်းပါတယ်။
လူကြီး - ဘာကွ။
hahahah.jpg

************************
ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ ဟာသတွေကို ပြန်ဖတ်ရင်းနဲ့ သဘောကျတာလေးတွေကို ပြန်ဝေမျှတာပါ။ မူရင်းဟာသတွေမှာ အချို့အရေးအသားတွေကို သဘောမကျတဲ့အတွက် ဆီလျော်အောင် ပြန်ရေးထားပါတယ်။ ဖတ်ပြီးတော့ မရယ်ရဘူးဆိုရင် ကျွန်တော်ပြန်ပြင်ရေးတာ လိုသွားလို့ ဖြစ်ပါလိမ့်မယ်။ မူရင်းဟာသတွေကတော့ တကယ်ရယ်ရတာ သေချာပါတယ်။ ရယ်မောပျော်ရွှင်၍ အမောအပန်းပြေနိုင်ကြပါစေဟု...။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

အသုံးများသော မြန်မာဗန်းစကားများ (ဇ၊ ဈ၊ ည၊ ဋ)


myanmarwords.png

ဇယားကိုက်သည်
မျှတညီညွတ်သည်၊ တွက်ခြေမိသည်။
ဂဏန်းတွက်ချက်ရာ၌လည်းကောင်း၊ စာရင်းရေးမှတ်ရာ၌လည်းကောင်း၊ အ၀င်အထွက် စာရင်းနှစ်ဖက်ဖြစ်စေ၊ စာရင်းတစ်ခုတည်းကို တွက်နည်း တွက်ပုံ နှစ်မျိုးခွဲ၌ဖြစ်စေ တွက်ချက်ရာ၌ တစ်ဖက်အဖြေ ဇယားကွက်နှင့် ကျန်တစ်ဖက် အဖြေဇယားကွက်တို့ ညီညွတ်သည်ကို ဇယားလိုက်သည်ဟု ဆိုသည်။ တင်းတောင်း၊ ဇလားအခြင်အတွယ်ချင်း ကိုက်ညီသည်ကို ဇလား ကိုက်သည်ဟုလည်း ဆိုသည်။ ထိုသဘောကို တင်စား၍ အ၀င်နှင့်အထွက်၊ အရှုံးနှင့်အမြတ်၊ အကျိုးနှင့်အပြစ်၊ အပေးအယူ စသည် တစ်ဖက်နှင့်တစ်ဖက် မပိုလွန်း-မလိုလွန်း ထေမိခြင်း ကိုက်ညီခြင်း စသည်တို့သည် တင်စား၍ သုံးသည်။

ဇာတ်ခေါင်းကွဲသည်
အပေါင်းအဖွဲ့ ကွဲပြားပြတ်တောက်သည်။
ဇာတ်သဘင်အဖွဲ့များသည် ယခင်က လေလုံမိုးလုံရုံကြီးများ မရှိသဖြင့် နွေကာလ၌သာ အရပ်ရပ်သို့ လှည့်လည်ကပြရလေသည်။ မိုးရာသီရောက်လျှင် စုပေါင်းဖွဲ့စည်းထားသော သဘင်သည် အသီးသီးတို့သည် ဇာတ်ကရန် မရှိတော့သဖြင့် မိမိတို့ရပ်ထံသို့ တကွဲတပြားစီ ပြန်ကြရလေသည်။ နောက်နှစ် ဇာတ်တိုက်ချိန်ကျမှ ဇာတ်ဆရာ သို့မဟုတ် ဇာတ်ခေါင်းအိမ်သို့ ပေါင်းဆုံလာရောက် ကြရပြန်သည်။ ဤကဲ့သို့ သဘင်သည်များ တကွဲတပြား ဇာတ်အဖွဲ့အစည်းများ တကွဲတပြား ဇာတိရပ်ထံ ပြန်ကြသည်တွင် ဇာတ်အဖွဲ့အစည်း ပြေကွဲသွားသည်ကို အကြောင်းပြု၍ ဇာတ်ခေါင်းကွဲသည်ဟု ခေါ်ဆိုကြလေသည်။ ထိုသဘောကို တင်စား၍ တစ်ကြိမ်က စုပေါင်းဖွဲ့စပ်ပြီးမှ နောက်တစ်ကြိမ်တွင် ကွဲပြားပြေလွင့်သွားသောအခါ ဇာတ်ခေါင်းကွဲသည် ဆိုကြသည်။

ဇာတ်မျောသည်
မပြီးမပြတ် ရှည်လျားဖင့်ကြာသည်။
ဇာတ်ပွဲကပြရာတွင် နှစ်ပါးသွားပြီး၍ နိပါတ်တော် စသည့်ဇာတ်လမ်းများ ဆက်လက်ကပြရာ၌ နံနက်မိုးလင်းသည်နှင့် တစ်ပါတည်း ဇာတ်လမ်းပြီးဆုံး၍ ဇာတ်ပေါင်းလျှင် သဘင်ဂုဏ်မြောက်သည်ဟု အမှတ်ထားကြသည်။ ဇာတ်လမ်းသည် ဇာတ်ပေါင်းသင့်ချိန်တွင် မပေါင်းနိုင်ဘဲ မဆုံးမပြတ် ကျန်နေလျှင် ကမ်းမတင် သောင်မတင်ဘဲ ရေမျောနေဘိသကဲ့သို့ ဇာတ်မျောသည်ဟု ဆိုသည်။ ဤသဘောကိုစွဲ၍ ပြီးပြတ်ခြင်းမရှိဘဲ ရှည်လျားဖင့်ကြာနေသော အကြောင်းကိစ္စကို တင်စား၍ သုံးသည်။ (ရှည်မျောသည် ဟူသော အနက်ဖြင့် ဇာတ်မျောသည်ဟုလည်း ရေးကြသည်။)

ဇာတ်တူသားစားသည်
အချင်းချင်း အကျိုးမဲ့ပြုသည်။
ဇာတ်တူသားစား၍ ဟင်္သာကိုးသောင်း ပျက်စီးသော ဇာတ်တော်ကို အကြောင်းပြု၍ ပြောဆိုခြင်းဖြစ်သည်။ အမျိုးတူ ဘ၀တူ လူအချင်းချင်းအားဖြင့် အပြစ်ရောက်နစ်နာအောင် အားထုတ်ပြုလုပ်မှုများကို မလိုလားသော သဘောဖြင့် ရှုတ်ချပြောခြင်း ဖြစ်သည်။

ဇူဇကာ
အစားကြီးသောသူ
ဝေသန္တရာဇာတ်တော်တွင် ဒုန္န၀ိဋ္ဌရွာမှ ဇူဇကာအမည်ရှိသော ပုဏ္ဏားအိုကြီးမှာ ဝေသန္တရာမင်းကြီးထံမှ သားတော် သမီးတော်တို့ကို အလှူခံပြီးနောက် သိဉ္စည်းမင်းကြီး ထံသို့ရောက်သော် စားကောင်းသောက်ဖွယ်တို့ကို အစားလွန်ပြီး စားပိုးနင့်ကာ သေလေသည်။ ထိုပုဏ္ဏားကို အစွဲပြု၍ အစားကြီးသောသူကို တင်စားခေါ်သည်။

ဈေးဆစ်သည်
အကဲစမ်း၍ ဆိုင်းငံ့သည်
ဈေးရောင်းဝယ်ရာတွင် ရောင်းသူက ဆိုသောဈေးသည် ၀ယ်သင့်သည်ထက် ပိုမိုများပြားသည်ဟု အထင်ရှိသောအခါ ၀ယ်သူက လျော့ပေါ့ရန် ဈေးဆစ်လေ့ရှိလေသည်။ ရုတ်တရက် ၀ယ်ယူခြင်းမပြုဘဲ အလဲအလှယ် အလျော့အတင်း ရောင်းသူဝယ်သူ အပေးအယူ ပြုကြလေသည်။ ထိုနောက်မှ တကယ်အရောင်းအ၀ယ် ဖြစ်လေသည်။ ဤကိုစွဲ၍ တစ်စုံတစ်ရာကို တစ်ကြိမ်တည်း ချောမောစွာ ပေးကမ်းခြင်း၊ လိုက်လျောခြင်း၊ ဆောင်ရွက်ခြင်းမရှိဘဲ အခွင့်တစ်စုံတစ်ရာကို ငဲ့မျှော်ဆိုင်းတွနေသောအခါ ဈေးဆစ်သည်ဟူ၍ တင်စားသုံးနှုန်းကြသည်။

ညိုမြလုပ်သည်
ဟန်လုပ်သည်၊ အမူဆောင်သည်၊ မူသည်။
တစ်စုံတစ်ရာကို နှစ်သက်သော်လည်း ရှက်ရွံ့စနိုးနှင့် အိနြေ္ဒချုပ်တည်း ဟန်ဆောင်နေပြီးမှ နှစ်သက်ဟန်ကို မသိမသာပြုခြင်း၊ မနှစ်သက်ဟန်ကဲ့သို့ ပြုပြီးမှ နှစ်သက်ကြောင်းလည်း မပြဘဲ မနေနိုင်ဘဲ အတွင်းစိတ်အမှန်ကိုသာ သိစေခြင်း စသော အပြုအမူမျိုး ပြုမူသည်ကို တင်စား၍ ဆိုသည်။ မူသည်ဟုလည်း ဆိုကြသည်။ ရှေးအခါက အငြိမ့်မင်းသမီးတစ်ဦး၏ ဟန်အမူအရာကို စွဲ၍ တင်စားခေါ်မှတ်သည် ဆို၏။
(ထိုမင်းသမီးမှာ ယူနီဗာစီတီ မြသန်းကြည် ဖြစ်သည်ဟု မှတ်ရဖူးသည်။)

ဋီကာချဲ့သည်
အကျယ်ချဲ့သည်၊ ကဲပိုဖြည့်လောင်းသည်။
ပိဋကတ်ပါဠိတော်များ၏ အနက်အဓိပ္ပါယ်ကို အကျယ်သိရှိသင့်ရာ၌ ပညာရှင် ရဟန္တာအရှင်မြတ်တို့က အဌကထာကျမ်းများဖြင့် ဖွင့်ပြကြသည်။ ထိုအဌကထာတို့ကို တစ်ဖန် ပညာရှင်တို့က ထပ်မံဖွင့်ချဲ့ကြပြန်သော ကျမ်းကို ဋီကာကျမ်း ဟူ၍ခေါ်သည်။ ထိုသို့ ဋီကာချဲ့သည်ကို အစွဲပြု၍ တစ်စုံတစ်ရာ၌ အကျယ်ချဲ့ထွင် ဖော်ပြပြောဆို ရှင်းလင်းခြင်းတို့ကို တင်စား၍ သုံးနှုန်းသည်။

Related:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)
အသုံးများသော မြန်မာဗန်းစကားများ (ဆ)

သူတို့နှင့်ပင် ဆိုင်သည်


တိုင်းပြည်ဝင်းလက်၊ စီးပွားတက်က
"အောင်နက်" "ဂုတ်ကျား"၊ ထိုသူများလည်း
စားစရာပေါလှ၊ ၀မ်းဝကြ။

တိုင်းပြည်ခေတ်ပျက်၊ ၀မ်းရေးခက်သော်
"အောင်နက်" "ဂုတ်ကျား"၊ ထိုသူများလည်း
အစားငတ်ကြ၊ ၀မ်းမ၀။

ထို့ကြောင့်ချင့်တွေး၊ နိုင်ငံရေးကား
ခွေးများနှင့်ပင် ဆိုင်ကြောင်းကို။

လူတွေက ကိုယ့်ကို ဘယ်လိုသဘောထားသလဲ ဆိုတာထက် ကိုယ့်အတွင်းဓာတ်ခံက ပိုအရေးကြီးတယ်


လူတစ်ယောက်ကို လူတွေ ဘယ်လောက်ချစ်၊ ဘယ်လောက်ခင်သလဲဆိုတာကို တိုင်းတာနိုင်တဲ့ အရေးပါဆုံးအချက်က အဲဒီ အခြားလူတွေနဲ့ ဆက်ဆံရေးပိုင်း မဟုတ်ပါဘူး။ ချစ်ခင်ပေါင်းသင်းမှု အဆင်ပြေတယ်-မပြေဘူး၊ ဒါမှမဟုတ် အခင်ဆုံး မိတ်ဆွေသူငယ်ချင်းတွေ များများစားစား ရှိတယ်-မရှိဘူး ဆိုတာဟာ လူတစ်ယောက်ကို ဘယ်လောက်ချစ်တယ် ခင်တယ်ဆိုတာကို အပြင်ပန်းကနေကြည့်ပြီး တိုင်းတာရတဲ့ အချက်တွေပါ။ သို့သော်လည်း အဲဒီအချက်တွေဟာ ကိုယ့်ကိုယ်ကိုယ် မြတ်နိုးစိတ် တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစိတ် ရှိကြသူတွေဟာ အချစ်ရေး အဆင်ပြေပြေ မပြေပြေ၊ အခင်ဆုံးမိတ်ဆွေတွေ ဘယ်လောက်ပဲ ရှိရှိ-မရှိရှိ၊ လူတွေက ချစ်တယ်ခင်တယ်လို့ သဘောထားနိုင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်မှ မနှစ်သက်နိုင်သူတွေကတော့ ချစ်ရေးခင်ရေးမှာ ဘယ်လောက်ပဲ အဆင်ပြေပြေ၊ ကူညီအားပေးနေတဲ့ သူငယ်ချင်းတွေလည်း ဘယ်လောက်ပဲများများ သူတို့ကို လူတွေက ချစ်တယ်ခင်တယ်လို့ သဘောမထားနိုင်ကြပါဘူး။

friendsc.gif

စိတ်ရောဂါကုပညာရှင် မာတင် ပတ်ခ်ျက-
လူတွေမှာ အဲသလို စိတ်ခွန်အား ကင်းမဲ့သလို ဖြစ်နေကြတာဟာ ကိုယ့်ကိုယ်ကိုယ် မြတ်နိုးစိတ် မပေါ်ကြလို့ပါ။ ဒါက ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်စွမ်းရှိမှ ဖြစ်တာပါ။ စိတ်အပညာအရ အကောင်းအဆိုး အားလုံးမှာ ဒါက အရေးပါနေပါတယ်။ ဘ၀မှာ အကြီးမားဆုံး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ အားလုံးအတွက် အဖြေက ရှင်းရှင်းလေးပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ ဆိုတာပါပဲ။ ဒါပေမယ့် အကောင်အထည် ပေါ်ဖို့ကတော့ အားထုတ်ရပါတယ်။ အခြေခံကျကျ ပြောရရင်တော့ စိတ်ဓာတ်ကြံ့ခိုင်မှုရှိမှ ပြီးမြောက်နိုင်မှာပါ။ အမှန်ကို အမှန်အတိုင်း ပြောရဲတဲ့ သတ္တိရှိရတယ်။ ကိုယ်ယုံကြည်တဲ့အတိုင်း နေနိုင်ရတယ်။ ကိုယ့်စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ စွန့်စားရဲရတယ်။ ကိုယ့်ဆီမှာရော ဒီပြင်လူတွေဆီမှာပါ အကောင်းကို မြင်တတ်ကြည့်တတ် လက်ခံတတ်ရပါမယ်။

မိမိကိုယ်မိမိ ယုံကြည်မှု လျော့နည်းကြသူတွေဟာ သူတို့ရဲ့ ချစ်ခင်ပေါင်းသင်းမှု ဘယ်လောက်ပဲ အဆင်ပြေပြေ၊ သူတို့မှာ မိတ်ဆွေသူငယ်ချင်း ဘယ်လောက်ပဲရှိရှိ တခြားသူတွေက သူတို့အပေါ်မှာ အကောင်းမြင်စိတ် သိပ်မရှိကြဘူးလို့ ထင်စားကြပါတယ်

Tuesday, July 27, 2010

အံ့ရော... အံ့ရော.... - ကိုဉာဏ် (ပန်းလောင်မြေ)


ကြက်ဥနဲ့ ကြက်မ
chickenegg.jpg
ငယ်ငယ်တုန်းကတော့ အဲဒီမေးခွန်းမျိုး သူငယ်ချင်းတွေနဲ့ မေးခဲ့ဖူးတယ် ထင်ပါရဲ့။ အလယ်တန်းလောက်တုန်းက ဖြစ်မယ်ထင်ပါတယ်။ အခြားမဟုတ်ပါဘူး။ "ကြက်ဥနဲ့ ကြက်မ ဘယ်သူက အရင်ဖြစ်သလဲကွ" ဆိုတဲ့ မေးခွန်းပါ။ အခုစာဖတ်သူတွေထဲမှာလည်း အဲဒီမေးခွန်းကို မေးခဲ့ဖူးသူ၊ ဖြေခဲ့ဖူးသူ၊ ငြင်းခုန်ခဲ့ဖူးသူတွေ ရှိကြမယ်ထင်ပါတဲ့။ ငယ်ငယ်တုန်းကတော့ ငယ်ငယ်အတွေးမို့ စဉ်းစားမှုကလည်း ခပ်ငယ်ငယ်ပဲ ဖြစ်ခဲ့မှာပါပဲ။ ကျွန်တော်တို့မြင်နေတာက ကြက်ဥလေးတွေကနေ ကြက်ကလေးတွေ ပေါက်လာကြတာဆိုတော့ ကြက်ဥကသာလျှင် အစဦးဖြစ်တယ်လို့ ထင်မှတ်ခဲ့ကြတာကိုး။ အမယ်....ကိုယ်တွေတင် အဲဒီလို ထင်မှတ်ခဲ့တယ်လို့ ထင်မိခဲ့တာကိုး။ ဘယ်ဟုတ်လို့လဲဗျ။ တစ်ကမ္ဘာလုံးက လူအကုန်လုံးနီးနီးကလည်း အဲဒီလိုပဲ ထင်မှတ်ခဲ့ကြပါသတဲ့။ "ကြက်ဥနဲ့ ကြက်မ ဘယ်သူကစ" ဆိုတဲ့မေးခွန်းကလည်း မရိုးနိုင်တဲ့ မေးခွန်းတစ်ခုတဲ့ခင်ဗျ။ ဟော... အခုတော့ ပညာရှင်ဆိုသူများက လုပ်ချလိုက်ပြန်ပါပြီ။ "ကြက်ဥနဲ့ကြက်မမှာ ကြက်မက အရင်ဖြစ်ပါတယ်" တဲ့။ အလိုလေ... ဒီအတိုင်း စိတ်ထဲထင်ရာ ပြောတာမဟုတ်ဘူးနော်။ HECTOR လို့ခေါ်တဲ့ စူပါကွန်ပျူတာကိုသုံးပြီး တွက်ချက်ပြီးတော့မှ သက်သေပြတာလို့ ဆိုပါတယ်။ အံ့ရော.. အံ့ရော..။ တစ်ခုစဉ်းစားမိတာက အခုလို သက်သေပြလိုက်နိုင်ပြီဆိုတော့ ကမ္ဘာတစ်ဝန်းမှာရှိနေတဲ့ ကြက်မတွေခမြာ အတော်ပျော်သွားမှာပဲလို့။ အဲဒါကြောင့်ထင်ပါရဲ့ တစ်နေ့က ကြက်ခြံတစ်ခုအနားက ဖြတ်သွားတော့ ခြံထဲကကြက်မတွေ တရုန်းရုန်းနဲ့ အော်ဟစ်ဆူညံနေကြတာ ကြားလိုက်ရသဗျ။ နားလည်တဲ့လူနဲ့ ဘာသာပြန်ခိုင်းရမယ်ဆိုရင်တော့ "ငါတို့ကြက်မတွေက ကြက်ဥတွေထက် အရင်ဖြစ်တာကွ" ဆိုပြီး ဂုဏ်ယူဝံ့ကြွားစွာနဲ့ အော်ဟစ်အောင်ပွဲခံနေကြဟန် တူပါရဲ့ဗျာ။ အံ့ရော... အံ့ရော... ။ ကျွန်တော့်မှာလေ တစ်နေ့တစ်နေ့ စဉ်းစားလိုက်ရတာ၊ "မီးက ဘာဖြစ်လို့ ခဏခဏ ပျက်ရတာလဲ၊ မိုးအုံ့တာနဲ့ ချက်ချင်းမီးပျက်သွားအောင် ဘယ်လိုစနစ်သုံးထားသလဲ၊ နေ့စဉ်သတင်းစာကို ရက်ကျော်လာလာပေးတာ ဘာကြောင့်လဲ၊ ကွာလတီဆိုတဲ့ မဂ္ဂဇင်းစာအုပ်တွေမှာ (တန်ဖိုး-၁၀၀ ကျပ်) လို့ ပုံနှိပ်မှတ်တမ်းမှာ ရေးထားပြီး ငှားဖတ်တဲ့အခါ တစ်ရက်ငှားခ (၃၅၀ ကျပ်) ပေးနေရတာ ဘာကြောင့်လဲ" စတဲ့ စတဲ့ မေးခွန်းတွေပေါ့ဗျာ။ တစ်ခါမှကို အဖြေရအောင် စဉ်းစားလို့မရဘူး။ ဟော... တော်တဲ့လူတွေများကျတော့လည်း ကြည့်စမ်းပါဦး။ ကြက်ဥနဲ့ကြက်မ ဘယ်သူက အရင်ဖြစ်သလဲဆိုတာကို တွက်ချက်ပြသွားလိုက်တာများ လက်ဖျားခါလောက်တယ်ဗျာ။ အံ့ရော... အံ့ရော....။

mkmtppa.jpg
ဟိုတစ်နေ့က ဇူလိုင်လထုတ် မဂ္ဂဇင်းတစ်စောင်ကို လဘက်ရည်ဆိုင်မှာ ဖတ်လိုက်ရတယ်။ ဖတ်ချင်တဲ့စာကို ရွေးဖတ်ချင်တဲ့အတွက် မာတိကာကို အတော်ရှာယူလိုက်ရတယ်။ ပေါင်တံဖြူဖြူတွေ၊ ရင်ဘတ်ပြောင်ပြောင်တွေ၊ ခြေသလုံးဖွေးဖွေးတွေ၊ ကော့လန်ပျံကားတွေကို လက်ညှိုးတံတွေးဆွတ်ပြီး တဖျပ်ဖျပ် လှန်ပြီးတော့မှပဲ မာတိကာကို တွေ့ခွင့်ရတယ်။ ငွေမျက်နှာများ တယ်ကြီးသကိုးဗျ။ အံ့ရော... အံ့ရော....။ အဲဒီမှာ ဘာသွားတွေ့သလဲဆိုတော့ ဒေါက်တာသွင်ပပအောင်နဲ့ အင်တာဗျူးပါ။ သြော်... သူလား၊ မျိုးကျော့မြိုင်ရဲ့ မဟေသီဆိုပါတော့။ အစကထင်ထားတာက အခြားအကြောင်းအရာပါ။ ဒါပေမယ့် အထဲကိုလှန်ကြည့်လိုက်တော့ မျိုးကျော့မြိုင်နဲ့ သူနဲ့ နှစ်ယောက်တွဲ ဓာတ်ပုံတွေနဲ့၊ မင်္ဂလာဧည့်ခံပွဲပုံတွေတောင် ပါလိုက်သေးတယ်။ အတော်အံ့သြသွားတယ်။ "ဟာ" လို့တောင် ပါးစပ်က ယောင်အော်မိလိုက်သလား မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်က ဇွန်လ ၂၄ ရက်နေ့မှာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲပြီးပါပြီလို့ သတင်းစာထဲမှာ တရားဝင်ကြော်ငြာတာကို ဖတ်လိုက်ရတာကိုး။ ဇွန်လ ၂၄ ရက်နေ့မှာ ကွာရှင်းပြီးတဲ့ လင်မယားအကြောင်းကို ဇူလိုင်လထုတ်မဂ္ဂဇင်းမှာ အခန့်သားဖတ်ရတယ်။ အံ့ရော... အံ့ရော....။ အခုခေတ် မဂ္ဂဇင်းတွေရဲ့ ကြိုထုတ်တဲ့ သဘောသဘာဝကို ကျွန်တော်နားလည်ပါတယ်။ ဇွန်လ လ၀က်လောက်ကတည်းက ဇူလိုင်ကထုတ်က ထွက်နေပြီဆိုတာလည်း သိပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် မဖြစ်သင့်ဘူးထင်တယ်ဗျ။ နောက်လာမယ့် မျိုးဆက်တွေကျရင် အဲဒီမဂ္ဂဇင်းတွေက မှတ်တမ်းတွေဖြစ်ကုန်မှာလေ။ သူတို့ခေတ်ကျရင် အခုလိုမျိုး ဟုတ်ချင်မှ ဟုတ်တော့မှာပေါ့။ ဇွန်လမှာ ကွာရှင်းထားတဲ့ ဇနီးမောင်နှံနှစ်ယောက်အကြောင်းကို ဇူလိုင်လထုတ်မှာ အင်တာဗျူးထားတာ ဖြေထားတာလေးတွေက အင်မတန် စိတ်ဝင်စားဖို့ကောင်းသကိုးဗျ။ တကယ်ပြောတာပါ။ မေးထားတဲ့လူကလည်း သူမေးချင်တဲ့ မေးခွန်းကို စကားလုံးရွေးချယ်မှုကောင်းကောင်းနဲ့ မေးတတ်လိုက်တာဗျာ။ "အမေးမတော် တစ်ချက်" ခံလိုက်ရတဲ့ဟိုဂျာနယ်လစ်မမကို ပြေးပြီးတောင် သတိရလိုက်မိသေးတယ်။ ပြောရမယ်ဆိုရင် အင်တာဗျူးမေးထားတဲ့လူရဲ့ မေးခွန်းတွေဟာ တကယ့်ကို ပုဂ္ဂိုလ်ရေးတွေချည်းပါပဲ။ တိုက်ရိုက်မမေးပေမယ့် သူဘာမေးချင်တယ်ဆိုတာကို တွေးမိလိုက်တိုင်း ကျွန်တော့်မှာဖတ်နေရင်း ကြက်သီးတောင် ထမိပါသေးရဲ့။ ဒေါက်တာသွင်ပပအောင်ကလည်း မေးသမျှကို လိမ္မာပါးနပ်စွာ ပြန်ဖြေထားပါသဗျ။ (လက်စွမ်းထက်တဲ့ ရွှေမင်းသမီးလေးနဲ့တော့ ကွာပါ့ဗျာ။) သူဖြေတဲ့အထဲမှာပါတဲ့ မျိုးကျော့မြိုင်နဲ့ ပတ်သက်တဲ့ကိစ္စတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ အချို့အကြောင်းအရာတွေဆိုရင် စာပေစိစစ်ရေးက ဘယ်လိုခွင့်ပြုလိုက်သလဲလို့ တွေးမိတဲ့အထိ အံ့သြရတာတွေပါတယ်။ အရင်အိမ်ထောင်နဲ့ရတဲ့ ကလေးတောင် အတော်ကြီးနေကာမှ မျိုးကျော့မြိုင်ကို လက်တွဲခဲ့တာရော၊ ဘာမှမကြာသေးတဲ့ ကာလကလေးမှာပဲ နှစ်ခုလပ် ဖြစ်သွားရတာရော၊ ကြားထဲကနေ မဆီမဆိုင် စိတ်အနာတရ ဖြစ်သွားရမယ့် ကလေးအတွက် တွေးမိပြီးတော့ရော ဖတ်နေရင်းနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။ ဇူလိုင်လထုတ် မဂ္ဂဇင်းထဲမှာ ရွှေလက်မြဲမြဲ တွဲကြမည်လို့ အသေအချာဆိုထားတဲ့ အိမ်ထောင်ရေးတစ်ခုက ဇွန်လကတည်းက ကွဲကွာပျက်စီးသွားခဲ့ပြီ ဆိုတဲ့အကြောင်း စဉ်းစားမိပြန်တော့ ဘာပြောရမှန်းကို မသိတော့ပါဘူးဗျာ။ အံ့ရော... အံ့ရော...။

ကလေးကြီးတွေ ရန်ဖြစ်ကုန်ကြပြီ
uskoreadrill.jpg
ကလေးတွေ ရန်ဖြစ်ကုန်ပြီဆိုလို့ လျှောက်မတွေးပါနဲ့ဗျာ။ သူ့ဟာသူ အရပ်ထဲက ကလေးတွေ ရန်ဖြစ်တာကို ကျွန်တော်က ခင်ဗျားတို့ရဲ့ အဖိုးတန်အချိန်လေးတွေကို ဖြုန်းတီးပစ်ရာရောက်အောင် ဘလော့ဂ်ပေါ်မှာ တကူးတက မရေးပါဘူး။ အခုဟာက ကမ္ဘာ့ကလေးကြီးတွေ ရန်ဖြစ်ကုန်ကြတာကို ပြောတာပါ။ ဘယ်သူတွေလဲလို့ သိချင်မှာပေါ့။ ဘယ်သူတွေဖြစ်ရမတုန်းဗျာ၊ ထုံးစံအတိုင်း ငပွကြီးနဲ့ ဂျစ်ကန်ကန်ကောင်ပေါ့ဗျာ။ သြော်... ရှင်းပြကာမှ ပိုဆိုးကုန်ပြီ ထင်ပါရဲ့။ အမေရိကန်နဲ့ မြောက်ကိုရီးယားကို ပြောတာပါဗျ။ ငပွကြီးကလည်းလေ... သိပ်မပြောချင်ဘူး၊ ဟိုလူနဲ့ ရန်ဖြစ်လိုက်၊ ဒီလူနဲ့ ရန်ဖြစ်လိုက်နဲ့။ တစ်ခါတလေ အဲဒီကောင်က လက်တောင်ပါလိုက်သေးတယ်။ အတ်ရီဆိုတဲ့ကောင်ဆိုရင် ငပွကြီးက အကြောင်းမရှိ အကြောင်းရှာပြီး နာရင်းအုပ်လိုက်တာ အခုအချိန်ထိ ပြန်မထနိုင်သေးဘူးလေ။ အတော်နာသွားတယ်ဗျ။ အန်ဖဂါဆိုတဲ့ကောင်လေးလည်း ဘာထူးလို့လဲ၊ အရင်တုန်းက အိမ်ကအစ်ကိုဆိုးတွေကိုပဲ ကြောက်ရတာ၊ အခုတော့ ငပွကြီးအနိုင်ကျင့်သမျှ ခံနေရတယ်လေ။ ဟော.... အခုလည်းကြည့်ဦး။ ငပွကြီးက ဂျစ်ကန်ကန်ကောင်ကို ရန်စပြန်ပြီလေ။ ဟိုကောင်က အကောင်သာသေးတာ၊ ပြီးဆေးထိုးထားသလိုလို၊ မသေဆေးပဲစားထားသလိုလို လေကျယ်ထားလေတော့ ငပွကြီးက အဲဒီဂျစ်ကန်ကန်ကောင်ကို နားရွက်တံတွေးဆွတ်တာမျိုးတော့ မလုပ်ရဲဘူးဗျ။ အဲဒီတော့ ဘာလုပ်လဲဆိုဗျာ... တစ်ခါတုန်းက အကြီးအကျယ် ရန်ဖြစ်ဖူးပြီး ဆွေပြတ်မျိုးပြတ်ဖြစ်သွားတဲ့အထိ နာကျည်းနေတဲ့ ညီအစ်ကိုရင်းနဲ့ ရန်တိုက်ပေးတယ်လေ။ တောင်ကိုရီးယားပေါ့ဗျာ။ ငပွကြီးနဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြလိုက်တော့ ဂျစ်ကန်ကန်ကောင်လည်း တအားကို ဒေါပွတော့တာပေါ့။ နဂိုကမှ ဘယ်သူ့ကိုမှ အမြင်ကြည်တာမဟုတ်လေတော့ ဒီလိုလုပ်တာဟာ သူ့ကိုရန်စတာပဲ၊ စိန်ခေါ်တာပဲဆိုပြီး တရှူးရှူး ဖြစ်တော့တာကိုးဗျ။ အဲဒီမှာ စိတ်ဆိုးတာကို ဒီအတိုင်းမဆိုးဘူးဗျို့။ ဦးချိုရှိတဲ့ သတ္တ၀ါဟာ ဦးချိုကို အားကိုးတယ် ဆိုတဲ့အတိုင်းပဲ သူ့မှာရှိတယ်ဆိုတဲ့ နျူလက်နက်တွေနဲ့ ပစ်မယ်၊ ခတ်မယ်၊ အမှုန့်ချေပစ်မယ်ပေါ့။ ငပွကြီးကလည်း ဒါမျိုးတော့ ဘယ်ခံလိမ့်မလဲ၊ ချက်ချင်းကို ပြန်ပြောတော့တာပေါ့။ မင်းမှာရှိတဲ့ နျူလက်နက်ဟာ လက်ဆယ်ချောင်းတောင် မပြည့်ပါဘူးကွာ၊ ဘာညာပေါ့။ တကယ်ရယ်ရတဲ့ကောင်တွေဗျာ၊ ကလေးတွေကျနေတာပဲ။ သူတို့တွေက အဲဒီလိုတွေဖြစ်တာ အကြောင်းမဟုတ်ဘူး၊ မီဒီယာတွေက သတင်းရေးစရာတွေဖြစ်ပြီး "နျူကလီးယားစစ်ပွဲ လာတော့မည်လော" တွေဘာတွေ ဖြစ်ကုန်ကြတယ်ဗျ။ အံ့ရော... အံ့ရော....။ သူတို့များကျတော့လည်း ကုသိုလ်ကံကိုက ထူးလွန်းပါတယ်ဗျာ။ သူတို့ဘာသာသူတို့ ရန်ဖြစ်ပြီး စကားများတဲ့ဟာကို ကမ္ဘာသိအောင် ဟိုးလေးတကြော်ကြော် ဖြစ်ရတယ်လို့။ အံ့ရော... အံ့ရော...။

athenchoswe.jpg
မန္တလေးအက်ဖ်အမ်ကို အမြဲလိုလို နားထောင်ဖြစ်တဲ့အကြောင်း မကြာခဏ ရေးဖြစ်ပါတယ်။ အဲဒီလို နားထောင်တဲ့နေရာမှာ ကျွန်တော်အကြိုက်ဆုံး အစီအစဉ်တွေထဲက တစ်ခုကတော့ "ရင်သွေးငယ်တို့ရဲ့ တေးကဗျာ" ပါ။ အရင်တုန်းကတော့ ဦးသုမောင်ကြီးရဲ့ သြော်... ဒါနဲ့ စကားမစပ်ကို အပတ်စဉ် မလွတ်တမ်း စောင့်ပြီးနားထောင်ရတယ်။ အခုတော့ အရင်လွှင့်ခဲ့တာတွေကိုပဲ ပြန်လွှင့်နေတော့ နားထောင်လို့ကောင်းပေမယ့် တစ်မျိုးကြီး ဖြစ်ရတယ်။ အလွတ်လောက်နီးနီး နားရည်ဝနေတော့ နားထောင်ရတာ တစ်မျိုးဖြစ်သွားတယ်။ စောစောကပြောတဲ့ ရင်သွေးငယ်တို့ရဲ့ တေးကဗျာ အစီအစဉ်ကတော့ လတ်တလော ကျွန်တော်အကြိုက်ဆုံး အစီအစဉ်ဖြစ်နေတယ်ဗျ။ ပြောလိုက်ရင် အံ့သြကြဦးမယ်။ တခြားမထင်ပါနဲ့ ကလေးတွေ ကဗျာရွတ်ကြ၊ ဘုရားစာရွတ်ကြ၊ သီချင်းဆိုကြတဲ့ အစီအစဉ်ပါ။ ကျွန်တော်က ရေဒီယိုကို Sound Box နဲ့တွဲပြီး ဖွင့်တာဖြစ်လေတော့ အဲဒီအစီအစဉ်ကို နားထောင်နေတဲ့အချိန်မှာ သူငယ်ချင်းတွေရောက်လာရင် ကျွန်တော့်ကို အံ့သြတကြီး ကြည့်တတ်ကြပါတယ်။ သူငယ်ပြန်နေတာလားတဲ့။ ထားလိုက်ပါတော့ဗျာ။ ကြုံတုန်းညွှန်းပါရစေဦး။ အချိန်အားလေးများ ရတဲ့အခါ မန္တလေးအက်ဖ်အမ်က "ရင်သွေးငယ်တို့ရဲ့ တေးကဗျာ" ဆိုတဲ့အစီအစဉ်လေးကို နားထောင်ကြည့်စမ်းပါဗျ။ အရမ်းကို ကြည်နူးစရာကောင်းတဲ့ အစီအစဉ်လေးဗျ။ ကလေးတွေရဲ့ မပီကလာ ပီကလာနဲ့ ကဗျာရွတ်တာ၊ သီချင်းဆိုတာ၊ ဘုရားစာရွတ်တာ စတဲ့စကားသံလေးတွေဟာ နားထောင်တဲ့သူတိုင်း၊ ကြားရတဲ့သူတိုင်းကို ကျေနပ်ပီတိ ဖြစ်စေတယ်ဗျ။ အဲဒီအစီအစဉ်ကို နားထောင်နေတဲ့အချိန်ဆိုရင် ကျွန်တော့်မှာ ပါးစပ်ကို ပိတ်မနေရဘူး၊ ရယ်လိုက်ရ၊ ပြုံးလိုက်ရနဲ့ဗျာ။ ထားလိုက်ပါတော့၊ စကားတွေလမ်းကြောင်းလွဲပြီး မန္တလေးအက်ဖ်အမ်ကို ကြော်ငြာပေးနေသလို ဖြစ်နေပြီ။ ပြောချင်တာက ဒီလိုဗျ။ အဲဒီအစဉ်ကို ဖုန်းဆက်ပြီး ကဗျာရွတ်ကြတဲ့ ကလေးငယ်အများစုက ၃ နှစ်လေးတွေကနေ ၆ နှစ်လောက်အထိ ပါတယ်။ ကဗျာလေးတွေရွတ်ပြီးတဲ့အခါ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ (မ)သဲစုက သီချင်းဆိုခိုင်းတာတွေ၊ ကလေးတွေနဲ့ အလ္လာပသလ္လာပ ပြောတာတွေ လုပ်တယ်ဗျ။ ကျွန်တော်စိတ်ဝင်စားတာက အဲဒီအကြောင်းအရာပဲ။ ကဗျာရွတ်တာကတော့ဗျာ... ကလေးဆိုတော့ လူကြီးတွေ သင်ထားတဲ့အတိုင်း၊ ကျောင်းကသင်ထားတဲ့အတိုင်း အလွတ်ကျက်ထားတဲ့ဟာတွေကို ရွတ်ကြတာကိုး။ စောစောကပြောတဲ့ သီချင်းဆိုတာ၊ ဘုရားစာရွတ်တာ၊ စကားပြောတာတွေကျတော့ သူတို့ပြင်ဆင်ထားတဲ့အထဲမှာ မပါဘူးလေဗျာ။ အဲဒီမှာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းတော့တာဗျို့။ ဒီအကြောင်းကို နောက်မှပဲ သီးသန့်ရေးပါဦးမယ်။ အခုပြောချင်တာက အဲဒီကလေးတွေကို သီချင်းဆိုခိုင်းတဲ့အခါ သမီးငယ်လေးတွေ အများဆုံးဆိုတဲ့ သီချင်းတွေက ဘယ်သူ့သီချင်းတွေမှတ်တုန်း၊ ခေါင်းစဉ်မှာပြောထားတဲ့အတိုင်း အေသင်ချိုဆွေပေါ့ဗျာ။ အံ့ရော... အံ့ရော....။ လမ်းမခွဲကြေးတို့၊ လေပြေတို့ စတဲ့သီချင်းတွေကို ကလေးငယ်လေးတွေက မပီကလာ ပီကလာနဲ့ တကယ့်ကို ခံစားချက်အပြည့်နဲ့အလား ဆိုပြနေတာကို နားထောင်ရတာ ဘယ်လောက်ချစ်စရာကောင်းမလဲ ဆိုတာကိုသာ တွေးကြည့်ပါတော့ဗျာ။ အေသင်ချိုဆွေရဲ့ ပေါက်ပုံကတော့ တကယ့်ကို စီးရီးနာမည်အတိုင်းပါပဲ။ "ပေါက်တဲ့အိုး" မဟုတ်ဘူးဗျ... "ပေါက်တဲ့အေသင်ချိုဆွေ" ပါဗျာ။ အံ့ရော... အံ့ရော....။

မထွက်နိုင်ပြန်တဲ့ The VOICE
voiceg.jpg
အရင်အပတ် တနင်္လာနေ့လောက်ကတည်းက အင်တာနက်မှာ သတင်းတစ်ခုဖတ်ရတယ်။ ခေါင်းစဉ်မှာပါတဲ့ ဂျာနယ်ကို နှစ်ပတ်ပိတ်ထားတယ်တဲ့။ ဒီအတိုင်းပဲ ဖတ်လိုက်ပါတယ်။ သတင်းမှာတော့ အကြောင်းပြချက်တွေ ဘာတွေလည်း ပါတယ်ပေါ့ဗျာ။ အဲဒါတွေက ကျွန်တော်နဲ့မဆိုင်ဘူး ဆိုပါတော့။ ဆိုင်တာက ဘာလဲဆိုတော့ တစ်ပတ်တစ်ပတ်ကို ကျွန်တော်ပုံမှန်ဝယ်ဖတ်နေတဲ့ ဂျာနယ်က ၁၅ စောင်လောက် ရှိပါတယ်။ အဲဒီဂျာနယ်တွေထဲမှာ အဲဒါနဲ့ပတ်သက်လို့ ဘာသတင်းမှ မဖတ်ရပါဘူး။ အံ့ရော... အံ့ရော....။ VOICE က စနေနေ့မှ ထွက်တာဆိုတော့ ကျွန်တော်ယူသမျှထဲမှာ နောက်ဆုံးထွက်ဂျာနယ် ဆိုပါတော့။ သောကြာနေ့ညနေပိုင်း ဂျာနယ်သွားယူတော့ အဲဒီဆိုင်က ကလေးမလေးကို ပြောခဲ့ပါတယ်။ VOICE က နှစ်ပတ်ပိတ်မှာဆိုတော့ အစားမယူတော့ဘူး၊ နှစ်ပတ်မယူနဲ့ပဲ မှတ်ထားလိုက်ပါပေါ့။ အရင်က တစ်ပိတ်ပိတ်တာတို့ ဘာတို့ဆိုရင် လကုန်လို့ စာရင်းရှင်းတဲ့အခါ ရှုပ်တဲ့အတွက် မထွက်တဲ့ဂျာနယ်အစား အခြားတစ်ခုခုကို အစားထိုးပေးလေ့ ရှိပါတယ်။ ဆိုင်က ကလေးမလေးက မယုံတစ်ဝက် ယုံတစ်ဝက်နဲ့၊ ဟုတ်လားလို့ ပြန်မေးတယ်။ ဟုတ်တယ်လို့ ပြန်ဖြေပြီး ထွက်လာခဲ့တယ်။ တကယ်လည်း ဒီအပတ်မှာ အဲဒီဂျာနယ်ကို မဖတ်ခဲ့ရပါဘူး။ အဲဒီဂျာနယ်ကို ပိတ်လိုက်တဲ့အတွက် ဘာတွေဖြစ်သွားတယ်တော့ ကျွန်တော်မသိဘူး။ ကျွန်တော် မဖတ်ရတဲ့အတွက်တော့ အပတ်စဉ် စောင့်ဖတ်နေကျ ဆရာဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောပွဲအတွေ့အကြုံ မဖတ်ရဘူး၊ ကျွန်တော်အကြိုက်ဆုံး ခေါင်းကြီး (အယ်ဒီတာ့အာဘော်) မဖတ်ရတော့ဘူး။ အခြားဂျာနယ်တွေနဲ့မတူတဲ့ အမြင်တွေနဲ့ ရှုထောင့်တစ်မျိုးကရေးထားတဲ့ နိုင်ငံရေးဆောင်းပါးတွေ မဖတ်ရတော့ဘူး။ အများကြီးပေါ့ဗျာ။ ပြောချင်တာက ပြည်တွင်းမှာတောင် ဘာသတင်းမှ မထုတ်ပြန်တဲ့ ကိစ္စကို ပြည်ပမီဒီယာတွေက ဘာဖြစ်လို့ အမြဲတမ်း သတင်းဦးအဖြစ် ဖော်ပြနိုင်နေရတာလဲ ဆိုတာပါ။ တွေးကြည့်စမ်းပါဗျာ... အရောင်းဆိုင်တွေအတွက် အဲဒီဂျာနယ်က စီးပွားရေး၊ စာဖတ်သူတွေအတွက်က ပုံမှန်စောင့်ဖတ်ရတဲ့ အသိအမြင်ပေးတဲ့ ဂျာနယ်တစ်ခု၊ အဲဒီလိုလူတွေက ဘာမှသေသေချာချာ သိခွင့်မရှိ၊ သိခွင့်မရဘဲ သတင်းရေးဖို့သက်သက် စောင့်နေတဲ့ သူတွေကပဲ ပြောသမျှကို ကျွန်တော်တို့တွေ သိခွင့်ရနေတာကတော့ ထူးဆန်းအံ့သြဖွယ် ထင်တာပါပဲ။ အံ့ရော.... အံ့ရော...။
(ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရင်ထဲမှာရှိတဲ့အတိုင်း ကျွန်တော်ရေးချင်တာတွေက စကားလုံးအသုံးအနှုန်းတွေ အရမ်းကို ပြင်းထန်လွန်းနေတဲ့အတွက် ပြန်ပြင်ရေးလိုက်ရတာပါ။ ဖတ်ရတာ တစ်မျိုးကြီးဖြစ်နေရင် နားလည်ပေးပါ။ အချို့သော စာဖတ်သူတွေကတော့ ကျွန်တော်ဘာပြောချင်တယ်၊ ကျွန်တော့်ခံစားချက်က ဘာဆိုတာကို နားလည်ပါလိမ့်မယ်။ အခြားတွေတော့ လျှောက်မတွေးပါနဲ့၊ စာဖတ်သူတစ်ယောက်ဆိုတဲ့ ကျွန်တော့်ရဲ့ ခံစားချက်သက်သက်ကိုပဲ ဆိုလိုတာပါ။ ဘာအရောင်မှ မပါပါဘူး။)

စာကြွင်း
ပါးစပ်အဟောင်းသားနဲ့ "အံ့ရော... အံ့ရော..." လို့ ကျွန်တော် တ,ရတဲ့ ကိစ္စတွေက အများကြီးကျန်သေးသဗျ။ ဒါပေမယ့် နေ့လည်စာ မစားခင်ကတည်းက ရေးနေတဲ့ပို့စ်က ဟိုအလုပ် ထ,လုပ်ရ၊ ဒီအလုပ် ထ,လုပ်ရနဲ့ အခုမှပဲ ပြီးတော့တယ်။ အချိန်တွေကုန်သွားတာ မြန်လိုက်တာဗျာ။ အံ့ရော... အံ့ရော...။ စာဖတ်သူနဲ့ အမြင်မတူတာတွေ ရှိခဲ့ရင်လည်း နားလည်ပေးပါဗျာ။ ဒါမှမဟုတ်ရင်လည်း အဲဒီကိုဉာဏ်ဆိုတဲ့လူက ရေးလိုက်ရင် တလွဲတွေချည်းပဲ.. အံ့ရော.. အံ့ရော.. ဆိုပြီးသာ ရေရွတ်လိုက်ပါဗျ။ ပျော်ရွှင်ပါစေဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက်၊ အင်္ဂါနေ့။
ညနေ ၃ နာရီ ၅၇ မိနစ်တွင်ပြီး၏။

မတူတာကို သည်းခံတတ်တဲ့ ယဉ်ကျေးမှု - လူထုစိန်ဝင်း


useinwin.jpg
အဟောင်းတွေကို ပြန်လည်တူးဆွ ဖော်ထုတ်ပြနေကြတာနဲ့ ပတ်သက်ပြီး မသင့်တော်တာတွေကို မကြာမကြာ ရေးခဲ့ဖူးတယ်။ အဟောင်းတွေကို ပြန်လည်ဖော်ထုတ်တာဟာ သမိုင်းထဲက သင်ခန်းစာတွေ ထုတ်ယူနိုင်စေဖို့ ဖြစ်ပါတယ်လို့ တချို့ကလာပြီး ရှင်းပြကြတယ်။ သင်ခန်းစာယူကြသလား၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်တာပဲ အဖတ်တင်သလားလို့ ပြန်မေးတော့ မဖြေကြတော့ဘူး။

ခုတ်ရာတခြား ရှရာတခြား
အတိတ်ကို ပြန်ပြောပြတဲ့ စေတနာကို နားလည်ပါတယ်။ ဒါပေမယ့် အပြောမတတ်ရင် ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားတတ်တာကို သတိပြုကြဖို့ လိုတယ်။ ဒီနေ့ စာနယ်ဇင်းများမှာ ပြန်လည်ဖော်ပြနေကြသမျှ အားလုံးလောက်နီးပါးက ရှေးခေတ်နိုင်ငံရေး အကွဲအပြဲတွေအကြောင်းချည်း ဖြစ်နေတာ သတိထားမိတယ်။ ကာတွန်းလက်ရာဟောင်းတွေ ဖော်ပြရာမှာလည်း နိုင်ငံရေးသမားတွေ မကောင်းကြောင်း ပြောတာတွေချည်း ဖြစ်ကြတယ်။ နိုင်ငံရေးဆိုတာကို အခုမှ နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံရင်ဆိုင်ကြရတဲ့ လူငယ်တွေက နိုင်ငံရေးဆိုတာ တစ်ဖက်နဲ့တစ်ဖက် ကလော်ကြ၊ ဆော်ကြ၊ တိုက်ကြခိုက်ကြတာတွေပါလား၊ နိုင်ငံရေးသမား ဆိုတာတွေကလည်း ပွဲလန့်ရင် ဖျာဝင်ခင်းချင်တဲ့ အခွင့်အရေး သမားတွေချည်းပါလားလို့ အထင်ရောက်မသွားနိုင်ပေဘူးလား။

ရွံကြောက်ကြီးဖြစ်နေလို့
နိုင်ငံရေးကို လူတွေ အထင်အမြင်မကောင်းတာ၊ ရွံကြောက်ကြီးဖြစ်တာ မကောင်းဘူး။ နိုင်ငံ့အရေး၊ ကိစ္စမှန်သမျှကို နိုင်ငံသားတိုင်း စိတ်ဝင်စားပြီး လူတိုင်း ပါဝင်ဆောင်ရွက်ကြဖို့ လိုတယ်။ နိုင်ငံသူ နိုင်ငံသားများကိုယ်တိုင် စိတ်ပါလက်ပါ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြမှ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်။ သယံဇာတတွေ အင်မတန်ကြွယ်ဝတဲ့ ကျွန်တော်တို့နိုင်ငံ၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်းခြောက်ဆယ် ကျော်တဲ့အထိ ဖွံ့ဖြိုးဆဲနိုင်ငံဆိုတဲ့ အဆင့်မှာပဲ ရှိနေသေးတဲ့ အကြောင်းရင်းဟာ နိုင်ငံရေးကို လူတွေက ရွံကြောက်ကြီးဖြစ်ပြီး မလုပ်မရှုပ်၊ မပြုတ်ဆိုတဲ့ စိတ်ထားတွေနဲ့ နေခဲ့ကြလို့ ဖြစ်တယ်လို့ပဲ ယူဆပါတယ်။

စာနယ်ဇင်းတွေ တာဝန်မကင်း
အဲဒီလို ရွံကြောက်ကြီးဖြစ်ရတာဟာ နိုင်ငံရေးသမားများမှာ တာဝန်ရှိသလို စာနယ်ဇင်းတွေမှာလည်း တာဝန်မကင်းဘူးလို့ ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ စာနယ်ဇင်းများက ဒေါမနဿစိတ်တွေ လွန်ကဲပြီး နိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်တိုင်းကို ဝေဖန်ရှုတ်ချမှု ပြုလွန်းအားကြီးသလားလို့ တွေးမိတာကြောင့် ဖြစ်တယ်။ နို်င်ငံရေးမှာ အယူအဆသဘောထား အမြင်မတူ ကွဲပြားတာဟာ အဆန်းမဟုတ်ဘူး။ ဖြစ်ရိုးဖြစ်စဉ် နိယာမဖြစ်တယ်။ ရေကိုသားလို့ အကြားမထင်ဆိုတဲ့ ညီညွတ်ရေးမျိုးဆိုတာ လူ့ဘောင်လောကမှာ မရှိနိုင်တဲ့ အရာမျိုး ဖြစ်တယ်။ တစ်မိတည်းပေါက် သွေးသားရင်းချာတွေချင်းတောင်မှ တစ်ဦးနဲ့တစ်ဦး စိတ်သဘောထားချင်း ထပ်တူကျတယ်လို့ ရှိတာမှ မဟုတ်တာ။

ကွဲပြားတာ မကောင်းတာမဟုတ်
အမြင်မတူတာ သဘောထား မယူအဆ ကွဲပြားတာဟာ မကောင်းတဲ့အရာ မဟုတ်ပါဘူး။ ရှုတ်ချစရာလည်း မဟုတ်ပါဘူး။ မတူကွဲပြား ခြားနားမှုတွေ ရှိနေတာကြောင့် လူ့ဘောင်လောက တိုးတက်ဖွံ့ဖြိုးလာရတာပါ။ မတူတာတွေကို သည်းခံညှိနှိုင်း နေထိုင်တတ်ကြလို့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရယ်လို့ ဖြစ်ထွန်းလာတာ ဖြစ်တယ်။ သဘောထားကွဲပြားတာကို သည်းမခံတတ်ခြင်းကြောင့် အန္တရာယ်တွေ ကျရောက်ရင်ဆိုင်ကြရတာပါ။ သဘောထားကွဲလို့ အန္တရာယ်ကျရောက်တာ မဟုတ်ပါဘူး။

ကယ်တင်ရှင်များက အသုံးချ
အမြင်မတူတာ၊ အယူအဆကွဲပြားခြားနားတာကို အန္တရာယ်အဖြစ် ယူဆတဲ့ အခြေခံစိတ် mindset ကို ပြုပြင်ပစ်ဖို့လိုတယ်။ ဒီစိတ်ကို ပြုပြင်ပြောင်းလဲ မပစ်နိုင်သရွေ့ လူ့ဘောင်လောက ငြိမ်းချမ်းသာယာဖွယ် မရှိဘူး။ အမြင်မတူတာ အယူအဆ ကွဲပြားခြားနားတာကို အန္တရာယ်အဖြစ် ယူဆပြီး အတွေးခေါင်လွန်း ပုံကြီးချဲ့လွန်းလို့ ချောက်ထဲကျခဲ့ရတဲ့ သာဓကတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ ပွဲလှန့်ပြီး ဖျာဝင်ခင်းတဲ့ ကယ်တင်ရှင်ဆိုတဲ့ အချောင်သမား မှန်သမျှက ကွဲပြားခြားနားမှုကို အန္တရာယ်လို့ ယူဆတဲ့ အခြေခံစိတ် (mindset) ကို အသုံးချသွားကြတာ ဖြစ်တယ်။

သည်းခံခြင်းယဉ်ကျေးမှု
အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ အမေရိကန်က ကယ်တင်ရှင်ဆိုပြီး ၀င်လာတာပဲကြည့်ပါ။ အီရတ်တွေ အချင်းချင်း၊ အာဖဂန်တွေ အချင်းချင်း အယူအဆ မတူကွဲပြားကြတာကို သည်းမခံတတ်ကြဘဲ အန္တရာယ်ကြီးအဖြစ် သဘောထားပြီး အချင်းချင်း တိုက်ခိုက်ကြတာကို အကြောင်းပြုပြီး ၀င်လာကြတာ မဟုတ်လား။ သဘောထား ကွဲပြားခြားနားတာ အယူအဆ မတူတာဟာ အန္တရာယ်မဟုတ်ဘူး။ ကြောက်စရာ မဟုတ်ဘူး။ အဲဒါကို သည်းခံတတ်တဲ့ စိတ်ယဉ်ကျေးမှု မရှိတာကသာ အန္တရာယ်ဖြစ်တယ်။ ကြောက်စရာ ကောင်းတယ်။

တစ်သားတည်း ညီညွတ်ရေးဆိုတာ
သဘောထားကွဲတာ၊ အယူအဆ မတူတာကို အန္တရာယ်အဖြစ် ယူဆခြင်းဆိုတဲ့ အခြေခံစိတ်ကြောင့် ညီညွတ်ခြင်းကို သိပ်ပြီး အမွှန်းတင်တဲ့စိတ် အလိုအလျောက် ပေါ်ပေါက်လာရတယ်။ အဲဒီ ညီညွတ်ခြင်းစကား ပြောလွန်း၊ အမွှန်းတင်လွန်းတော့ သဘောထားကွဲခြင်းကို မကောင်းမြင်တဲ့စိတ် ပိုပြီး အားကြီးလာပြန်ရော။ ဒီလိုနဲ့ သံသရာလည်သွားတယ်။ ကြားထဲက ကယ်တင်ရှင်တွေဝင်ပြီး အမြတ်ထုတ်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်တယ်။ ရေကိုသားလို့ အကြားမထင်သလို ညီညွတ်ရေးဆိုတာ တကယ်မရှိနိုင်ဘူး။ သိပ်အမွှန်းတင်လွန်းအားကြီးရင် အာဏာရှင်စနစ်ကို အသက်သွင်းပေးရာ ရောက်ပါတယ်။

လွတ်လပ်စွာ သဘောထားကွဲပါစေ
အမြင်အယူအဆတွေ မတူခြားနားတာကို အပြစ်မမြင်ပါနဲ့။ ပန်းဥယျာဉ်ထဲမှာ ပန်းတွေရောင်စုံပွင့်နေမှ ပိုပြီးလှတယ် မဟုတ်ဘူးလား။ အတွေးအခေါ်တွေ လွတ်လွတ်လပ်လပ် ဖော်ထုတ်ကြပါစေ။ သဘောထား ကွဲပြားခြားနားတာတွေကိုလည်း လွတ်လွတ်လပ်လပ် ဆွေးနွေး ငြင်းခုံကြပါစေ။ ဆွေးနွေးမှ တိုးတက်ပါတယ်။ ငြင်းခုံမှ အမှန်ကို သိရပါတယ်။ စာနယ်ဇင်းတွေက မီးလောင်ရာ လေပင့်သလို လုပ်မယ့်အစား ဆွေးနွေးငြင်းခုံတာတွေကို အားပေးသင့်တယ်။ သည်းခံခြင်းဆိုတဲ့ စိတ်ယဉ်ကျေးမှု ထွန်းကားစေသင့်တယ်။ မတူကွဲပြားတာတွေကို သည်းခံပြီး အတူတကွ ယှဉ်တွဲနေထိုင်ခြင်းဆိုတာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်သလို လူယဉ်ကျေးများရဲ့ အမှတ်လက္ခဏာလည်း ဖြစ်တယ်။

လွတ်လပ်စွာ သဘောထား ကွဲကြပါစေ။ မတူတာတွေကို သည်းခံတတ်တဲ့ ယဉ်ကျေးမှု ထွန်းကားပါစေ။

 
Web Statistics