Thursday, February 28, 2013

ခြင်္သေ့တို့၏ သဘာဝ


သီဟော နာမ ဇိဃစ္ဆာပိ၊
တိဏောဒီနိ န ခါဒတိ။
သီဟော နာမ ကိသောစာပိ၊
နာဂမံသံ န ခါဒတိ။

ခြင်္သေ့မည်သည် ဆာလောင်မွတ်သိပ်သော်ငြားလည်း မြက်သစ်ရွက်တို့ကို မစားပေ။
ခြင်္သေ့မည်သည် ပိန်လှီသော်ငြားလည်း ဆင်သားကို မစားပေ။

Wednesday, February 27, 2013

ဘယ်သူလဲ၊ ဘာလဲ၊ ဘယ်တုန်းကလဲ၊ ဘယ်မှာလဲ၊ ဘာကြောင့်လဲ၊ ဘယ်လိုလဲ (၃)


မြန်မာနိုင်ငံကို နောက်ဆုံးအုပ်ချုပ်ခဲ့သော အင်္ဂလိပ်ဘုရင်ခံချုပ်သည် ဘယ်သူလဲ။
ဆာဟူးဘတ်ရန့်(စ်)

ပထမဦးဆုံး အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ဘယ်သူရေးသားပြုစုခဲ့တာလဲ။
အမေရိကန်သာသနာပြုဆရာ ဒေါက်တာယုဒသန်

ကိုလိုနီခေတ်တွင် မြန်မာလူမျိုးများထဲမှ ဘုရင်ခံချုပ်ဖြစ်ခဲ့သူဟာ ဘယ်သူလဲ။
ဆာဂျေအေ မောင်ကြီး

ကဆုန်လရဲ့ ထူးခြားချက်တွေက ဘာတွေလဲ။
ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံယူတော်မူသည်။ အလောင်းတော် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ် ရောက်တော်မူသည်။ ပရိနိဗ္ဗာန် စံတော်မူသည်။

ဝါဆိုလရဲ့ ထူးခြားချက်တွေက ဘာတွေလဲ။
ဂေါတမဘုရားအလောင်းတော် ပရိသန္ဓေ နေတော်မူသည်။ အလောင်းတော် တောထွက်တော်မူသည်။ မြတ်စွာဘုရား ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်။

ဇာတ်ကြီးဆယ်ဘွဲ့ဆိုတာ ဘာတွေလဲ။
အတိုကောက်အားဖြင့် - တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ
အပြည့်အစုံမှာ -
(၁) တေမိယဇာတ်တော်၊
(၂) မဟာဇနကဇာတ်တော်၊
(၃) သုဝဏ္ဏသာမဇာတ်တော်၊
(၄) နေမိဇာတ်တော်၊
(၅) မဟောသဓဇာတ်တော်၊
(၆) ဘူရိဒတ်ဇာတ်တော်၊
(၇) စန္ဒကုမ္မာရဇာတ်တော်၊
(၈)နာရဒဇာတ်တော်၊
(၉) ၀ိဓူရဇာတ်တော်၊
(၁၀) ဝေဿန္တရာဇာတ်တော်

ရေဒီယိုအသံလွှင့်ခြင်းကို မြန်မာနိုင်ငံတွင် မည်သည့်အချိန်တွင် စတင်ခဲ့ပါသလဲ။
၁၉၃၇ ခုနှစ်

မြန်မာနိုင်ငံတွင် ပါဠိပထမပြန်စာမေးပွဲကို မည်သည့်အချိန်က စတင်ကျင်းပခဲ့ပါသလဲ။
၁၈၇၅ ခုနှစ်၊ မင်းတုန်းမင်းလက်ထက်၌ စတင်ကျင်းပခဲ့ပါသည်။

မီးပုံပျံဦးကျော်ရင်ကို မည်သည့်အရပ်ဒေသတွင် မည်သည့်အချိန်က မွေးဖွားခဲ့ပါသနည်း။
၁၈၇၃ ခုနှစ်တွင် ထားဝယ်မြို့နယ်၊ ပန်းတလဲရွာ၌ ဖွားမြင်ခဲ့ပါသည်။

ကမ္ဘာ့သမိုင်းတွင် စစ်ပွဲအများဆုံးဖြစ်ပွားခဲ့သောကြောင့် "ဥရောပယမ်းအိုး" ဟု အမည်ရခဲ့သော ဒေသမှာ အဘယ်နည်း။
ဗော်(လ်)ကန်ကျွန်းဆွယ်ဒေသ ဖြစ်ပါသည်။

ကြက်မများသည် ဥ,ဥပြီးသောအခါ အဘယ်ကြောင့် ကျယ်လောင်စွာ အော်မြည်ပြီး ပြေးထွက်သွားကြပါသလဲ။
ကြက်မများသည် ဥကို အောင်မြင်စွာ ဥလိုက်ရသည်ကို ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး ဤသို့ အော်မြည်ကာ ဥတင်းမှ ပြေးထွက်သွားရခြင်း ဖြစ်ပါသည်။

မြန်မာစာပေသမိုင်းကို လေ့လာရာတွင် ခေတ်ကာလကို မည်သို့ ပိုင်းခြားထားပါသနည်း။
အားလုံး ၇ ခေတ် ပိုင်းခြားထားပါသည် -
(၁) ပုဂံခေတ်
(၂) ပင်းယခေတ်
(၃) အင်းဝခေတ်
(၄) တောင်ငူခေတ်
(၅) ညောင်ရမ်းခေတ်
(၆) ကုန်းဘောင်ခေတ်
(၇) ကိုလိုနီခေတ်

[ဦးဝမ်ထိန်၊ မေးစရာ ဖြေစရာ သုတအဖြာဖြာ စာအုပ်မှ ပြန်လည်ကောက်နုတ် ကူးယူဖော်ပြပါသည်]

သူတော်ကောင်းတို့ သဘာဝ


သုက္ခောပိ စန္ဒနတရု န ဇဟာတိ ဂန္ဓံ၊
နာဂေါ ဂတော နရမုခေ န ဇဟာတိ လီဠံ။
ယန္တာဂတော မဓုရသံ န ဇဟာတိ ဥစ္ဆု၊
ဒုက္ခောပိ ပဏ္ဍိတဇနော န ဇဟာတိ ဓမ္မံ။

စန္ဒကူးသားသည် ခြောက်သွေ့သွားသော်ငြားလည်း မွှေးရနံ့ကို မစွန့်ပေ။
ဆင်ပြောင်ကြီးသည် လူပုံအလယ်မှာ သွားလာရသော်ငြားလည်း တင့်တယ်ခြင်းကို မစွန့်ပေ။
ကြံသည် ကြံကြိတ်စက်ထဲသို့ ရောက်သော်ငြားလည်း ချိုသော အရသာကို မစွန့်ပေ။
ပညာရှိ သူတော်ကောင်းသည် ဒုက္ခရောက်နေသော်ငြားလည်း တရားကို မစွန့်ပေ။

Tuesday, February 26, 2013

မြင်းစီး၍ ကျမ်းသစ္စာကျိန်ဆိုခြင်း


တောင်ကိုရီးယားသမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပြီ
တောင်ကိုရီးယားသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရတဲ့ ပတ်ဂွန်ဟေးဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီ ဖြစ်ပါတယ်။ သူ့အနေနဲ့ တောင်ကိုရီးယားသမ္မတနိုင်ငံရဲ့ ၁၁ ဦးမြောက် သမ္မတဖြစ်လာခဲ့တဲ့အပြင် နိုင်ငံ့သမိုင်းမှာ ပထမဆုံးသော အမျိုးသမီးသမ္မတလည်း ဖြစ်လာခဲ့ပါတယ်။ ပရိသတ် ၇ သောင်းကျော် တက်ရောက်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ဆိုးလ်မြို့တော်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မနေ့ညကတော့ သမ္မတတာဝန် စတင်ထမ်းဆောင်တဲ့ အထိမ်းအမှတ်အဖြစ် ဆိုးလ်မြို့လယ်မှာရှိတဲ့ ဧရာမခေါင်းလောင်းကြီးမှာ ခေါင်းလောင်းထိုးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။


ပတ်ဂွန်ဟေးဆိုတာ
၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦးပါ။ သူအပါအ၀င် မောင်နှမသားချင်း ၃ ဦး ရှိပါတယ်။ မောင်တစ်ဦးနဲ့ ညီမတစ်ဦးဖြစ်ပါတယ်။ သူ့ဖခင်ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ တတိယမြောက်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ပတ်ချုံဟီး ဖြစ်ပါတယ်။ မြန်မာတွေအတွက် မစိမ်းလှတဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဘောလုံးဝါသနာရှင်တွေ အတွက်ပေါ့။ တစ်ချိန်တုန်းက တောင်ကိုရီးယား ပတ်ချုံဟီးဖလား ဘောလုံးပြိုင်ပွဲဆိုတာ ဒေသတွင်းမှာ နာမည်ကြီး ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ပတ်ချုံဟီးဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ဖူးတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ သမ္မတသစ် ပတ်ဂွန်ဟေးဟာ ထိုင်ဝမ်မှာရှိတဲ့ တရုတ်ယဉ်ကျေးမှုတက္ကသိုလ်က ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပါအ၀င် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ၃ ခု ရရှိထားပါတယ်။ သူဟာ ပြင်သစ်နိုင်ငံမှာလည်း သွားရောက်ပြီး ပညာသင်ကြားခဲ့ဖူးပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်တစ်ခုကတော့ ပတ်ဂွန်ဟေးဟာ ဘယ်တုန်းကမျှ လက်ထပ်ခဲ့ဖူးခြင်း မရှိတဲ့ အပျိုကြီးတစ်ဦး ဖြစ်တာပါပဲ။ :D

ကမ္ဘာကျော်မြင်းစီးအက
အခုတောင်ကိုရီးယားသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ပတ်ဂွန်ဟေးကို နိုင်ငံရေးစိတ်ဝင်စားသူတွေနဲ့ နိုင်ငံတကာသတင်း စိတ်ဝင်စားသူတွေကလွဲပြီး အခြားလူတွေက သိချင်မှ သိပါလိမ့်မယ်။ ဒါပေမယ့် "အိုပါ ဂန်းနန်းစတိုင်လ်...." လို့သာ ပါးစပ်ကနေအော်ပေးလိုက်.... ကလေးကအစ၊ လူငယ်လူလတ်မကျန်၊ လူကြီးအဆုံး အားလုံးနီးနီးက လက်မမြောက်ရင်တောင်၊ လက်ကလေးဟိုလှုပ်ဒီလှုပ် မလှုပ်ရင်တောင်၊ ခေါင်းလေးဟိုရမ်းဒီရမ်း မရမ်းရင်တောင်၊ ခြေထောက်လေး ဟိုခါဒီခါ မခါရင်တောင်၊ ခါးလေးဟိုကော့ဒီကော့ မကော့ရင်တောင်၊ သံစဉ်အလိုက်လေးကို လိုက်မဆိုဖြစ်ရင်တောင်၊ မျက်နှာပေါ်မှာ အပြုံးလေးတစ်ချက် လက်သွားမှာကတော့ သေချာသလောက် ရှိပါတယ်။ စကားမပြောတတ်သေးတဲ့ ကလေးတွေတောင်မှ PSY ရဲ့ Oppa Gangnam Style ကိုကြားရင် လက်မြောက်ခြေမြောက် လိုက်ကတတ်ကြပါတယ်။ သေချာတာကတော့ ဂန်းနန်းဟာ ကမ္ဘာလုံးဆိုင်ရာ အမှတ်သင်္ကေတ ဖြစ်သွားပါပြီ။ အဲဒီသီချင်းကို ကိုရီးယားလို ဆိုတတ်ဖို့ မလိုပါဘူး၊ အဓိပ္ပါယ် မသိရင်လည်း ကိစ္စမရှိပါဘူး၊ အဲဒီတီးလုံးသံ ကြားတာနဲ့တင် ကြားရသူကို အလိုလို မြူးကြွလာစေနိုင်တဲ့အထိ ကျွန်တော့်တို့တွေကို လွှမ်းမိုးထားခဲ့ပါပြီ။

ကျမ်းသစ္စာမဆိုမီ မြင်းစီးခြင်း
တောင်ကိုရီးယားသမ္မတသစ် ပတ်ဂွန်ဟေး ကျမ်းသစ္စာကျိန်ဆိုခြင်း မပြုမီမှာ တောင်ကိုရီးယားအဆိုတော် PSY က ကမ္ဘာကျော် မြင်းစီးအကကို အားပါးတရ ကပြသီဆို အသုံးတော်ခံသွားပါသဗျာ။ ရှုစားတော် မူကြည့်ကြပါဦး။ အခမ်းအနား တက်ရောက်လာကြတဲ့ ဧည့်သည်တော်ကြီးတွေ ခမျာမှာလည်း ရှိုးနဲ့မိုးနဲ့ ပြင်ဆင်လာပြီး ရုပ်တည်ကြီးတွေနဲ့ လာထိုင်ပါမယ်ဆိုမှ PSY က ရှေ့ကနေပြီး အိုပါးဂန်းနန်းစတိုင်လ်ဆိုပြီး လုပ်ချလိုက်တော့ ပြုံးစိပြုံးစိတွေ ဖြစ်ကုန်ကြပါလေရောလား။ နောက်... ဧည့်သည်အဖြစ် တက်ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်လည်း ကင်မရာတွေဘာတွေထုတ်ပြီး ဓာတ်ပုံတွေ ရိုက်ယူရတဲ့အထိ ဖြစ်သွားရတော့တာပါပဲ။ ကျမ်းသစ္စာကျိန်ဆိုပွဲကို လာအားပေးတဲ့ ပရိသတ်တွေ ဆိုတာကတော့ ပြောမနေနဲ့တော့၊ လွတ်လပ်ပေါ့ပါးလိုက်သမှ ကြည့်နေတဲ့လူတောင် အပျော်တွေ ကူးစက်သွားရတဲ့အထိပဲ။


ကျွန်တော်တွေးမိတာတွေ
တကယ်လို့များ ကျွန်တော်ကိုဉာဏ်က ၂၀၁၅ သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ စိုင်းစိုင်းခမ်းလှိုင်က တောဂေါ်လီ သီချင်းနဲ့ "အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့" ဆိုပြီး ဖျော်ဖြေမယ်လို့ ပြောခဲ့မယ်ဆိုရင် ကျွန်တော့်ကို အရူးဆိုပြီးတော့များ ဆေးရုံတွေဘာတွေ ပို့ကြမလား မပြောတတ်ပါဘူး။ ဒီလိုလျှောက်တွေးမိတဲ့အတွက် ကျွန်တော့်ကို အပြစ်တော့ဖြင့်လည်း မဆိုသင့်ဘူးလို့ ထင်ပါတယ်။ တောင်ကိုရီးယားတွေတောင် သမ္မတသစ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ အိုပါးဂန်းနန်းစတိုင်လ်ဆိုပြီး မြင်းစီးအက ကနေကြသေးတာပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အိုးလေးလှုပ်ပါဟေ့ ဆိုပြီး ဘာဖြစ်လို့ မကနိုင်ရမှာလဲ၊ မဟုတ်ဘူးလားဗျာ။ အင်း... တွေးကြည့်ရတာနဲ့တင် အတော်စိတ်ဝင်စားမိပါတယ်။ တောင်ကိုရီးယားသမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မစတင်မီမှာ PSY က Oppa Gangnam Style နဲ့ ဖျော်ဖြေခဲ့တာကတော့ တကယ်ပါဗျာ။ တစ်ကမ္ဘာလုံးလည်း အံ့သြခဲ့ရပါသတဲ့။ တစ်ကမ္ဘာလုံးရဲ့ အသည်းကျော် PSY ကို တောင်ကိုရီးယားသမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဖျော်ဖြေစေခဲ့တာဟာ အခြားသော ကမ္ဘာ့နိုင်ငံအသီးသီးက ဖြစ်လာလတ္တံ့သော သမ္မတသစ်များအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲ စတိုင်လ်အသစ်များ ဖြစ်လာလေမလားလို့ ကျွန်တော်ကိုဉာဏ်က တွေးကြည့်နေမိပါတယ်။ နောက်တစ်ခု ကြံကြံဖန်ဖန် တွေးမိတာက ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တက်လာကြတဲ့ လူဦးရေရဲ့ ရာခိုင်နှုန်းဘယ်လောက်ဟာ PSY ရဲ့ Gangnam Style နဲ့အတူ ကချင်ခုန်ချင်၊ ဆိုချင်ပျော်ချင်လို့ လာကြသလဲ ဆိုတာပါပဲ။ အဲဒီလို တွေးကြည့်မိတော့လည်း အပျိုကြီးပတ်ဂွန်ဟေးကို မျက်နှာပူမိပါသဗျာ။

စောင့်ကြည့်ကြစို့
မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ ပြန်စနေချိန်နဲ့ အချိန်ကိုက်ကျမှ တောင်ကိုရီးယားသမ္မတ လာဖြစ်ရတာဆိုတော့ ကိုရီးယားကျွန်းဆွယ် အရေးကိစ္စနဲ့ပတ်သက်ပြီး မြင်းစီအကထဲက ဇက်ကြိုးကိုထိန်းသလို ထိန်းသိမ်းနိုင်မလား၊ ဂန်းနန်းစတိုင်လ်ထဲကအတိုင်း မြင်းလေးကို အသားကျလေးစီးပြီး ကြွကြွရွရွလေး ပြေးသလိုမျိုး တောင်ကိုရီးယားနိုင်ငံကို မောင်းနှင်သွားနိုင်မလား ဆိုတာကတော့ဖြင့် စောင့်ကြည့်ကြဦးစို့လို့သာ ပြောရင်းဖြင့်.....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ အင်္ဂါနေ့။
နံနက် ၁ နာရီ ၃၇ မိနစ်တွင်ပြီး၏။

ပိန္နဲသီး နှလုံးသား


ယထာပိ ပနသပက္ကာ၊
ဗဟိ ကဏ္ဋကမေ၀ စ။
အန္တော အမတသမ္ပန္နာ၊
ဧ၀ံ သုဇနဟဒယာ။

ပိန္နဲသီးမှည့်တို့သည် အပြင်၌ ဆူးများရှိကုန်၏။ အတွင်းသို့ ခွဲကြည့်သောအခါတွင်ကား ချိုမြိန်သော အရသာနှင့် ပြည့်စုံ၏။
သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ဤအတိုင်းပင်ဖြစ်၏။

Monday, February 25, 2013

ဘာကြောင့် မျက်ရည်ထွက်ရသလဲ


မျက်ရည်ဟာ မျက်လုံးအပေါ်ယံရှိ နူးညံ့တဲ့ မျက်နှာပြင်စိုစွတ်ပြီး သန့်ရှင်းအောင် ပြုလုပ်ပေးပါတယ်။ မျက်ရည်ဟာ မျက်လုံးအပေါ် အတွင်းထောင့်မှာရှိတဲ့ Lacrimal ဂလင်းကနေ ထွက်ရှိတာဖြစ်ပြီး မျက်တောင်ခတ်လိုက်တိုင်း မျက်လုံးမျက်နှာပြင်အနှံ့ ပျံ့နှံ့သွားလေ့ရှိပါတယ်။ မျက်တောင် တစ်ခါခတ်ချိန်က တစ်စက္ကန့်ရဲ့ သုံးပုံတစ်ပုံသာ ကြာမြင့်ပြီး လူအများစုက ခြောက်စက္ကန့်ကို တစ်ခါလောက် မျက်တောင်ခတ်လေ့ ရှိပါတယ်။ မျက်တောင်ခတ်တဲ့ အချိန်ပေါင်းကို ပေါင်းကြည့်မယ်ဆိုရင် တစ်နေ့ကို နာရီဝက်စာလောက် ခတ်နေတာကို တွေ့ရမှာပါ။ မျက်တောင် ခတ်လိုက်တဲ့အခါမှာ ထွက်လာတဲ့ မျက်ရည်ကြည်တွေဟာ လေထဲကို အငွေ့ပျံ ပျောက်ကွယ်သွားသလို မျက်ရည်လမ်းကြောင်းထဲ စိမ့်ဝင်သွားတာမျိုးလည်း ရှိတတ်ပါတယ်။ မျက်လုံးအတွင်းထောင့်နားမှာရှိတဲ့ မျက်ရည်လမ်းကြောင်းငယ် နှစ်ခုကနေတစ်ဆင့် နှာခေါင်းထဲ ၀င်ရောက်ပြီး နှာခေါင်းအတွင်းဘက် တစ်သျှူးတွေကို စွတ်စိုသွားစေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငိုတဲ့အခါ နှာရည်တွေပါ ထွက်လာတာပါ။ ငိုတဲ့အခါ ဒါမှမဟုတ် မျက်လုံးထဲ တစ်ခုခု ၀င်ရောက်တဲ့အခါမျိုးမှာ ပုံမှန်ထက် မျက်ရည်ပိုထွက် လာတတ်တာကြောင့် အငွေ့ပျံရုံ၊ မျက်ရည်လမ်းကြောင်းထဲ စီးဝင်ရုံနဲ့ မလုံလောက်တော့တဲ့အတွက် မျက်လုံးအပြင်ကို မျက်ရည်အဖြစ် လှိမ့်ဆင်းလာတာပဲ ဖြစ်ပါတယ်။

ဝမ်းနည်းလို့ပဲဖြစ်ဖြစ်၊ ၀မ်းသာလို့ပဲဖြစ်ဖြစ်၊ နာကျင်လို့ပဲဖြစ်ဖြစ် ဘာကြောင့် မျက်ရည်ကျရသလဲဆိုတာကို သိပ္ပံပညာရှင်တွေက သေချာ အဖြေရှာမရသေးပါဘူး။ ဒါပေမယ့် ငိုကြွေးခြင်းက နက်နက်ရှိုင်းရှိုင်း ခံစားရတဲ့ ခံစားချက်တွေကို ဖော်ထုတ်ပေးသလို စိတ်ဖိစီးမှုတွေ၊ စိတ်တင်းကျပ်မှုတွေကိုလည်း လျှော့ချပေးပါတယ်။ ငယ်စဉ်ကလေးဘ၀ နို့စို့အရွယ်တုန်းက စကားမပြောတတ်သေးတာကြောင့် ကိုယ် တစ်ခုခု လိုအပ်တာကို တခြားလူတွေသိအောင် ငိုပြရပါတယ်။ အသက်ကြီးလာတဲ့အခါ ငိုကြွေးခြင်းက ကျွန်မတို့မှာ အကူအညီ၊ နှစ်သိမ့်မှု စသည်တို့ လိုအပ်နေကြောင်းကို စကားလုံးမပါတဲ့ သင်္ကေတတစ်ခု ဖြစ်နေဆဲပါပဲ။ ကမ္ဘာတစ်ဝန်း နေရာတွေမှာ ဘယ်ဘာသာစကားနဲ့မဆို ပြောဆိုနေပါစေ ငိုကြွေးခြင်းက လူတိုင်းနားလည်တဲ့ ဘာသာရပ် ဖြစ်နေပါတယ်။
ဒေါက်တာနုမြတ်
[Good Health Journal, No.425 မှ ပြန်လည်ကူးယူဖော်ပြပါသည်]

ရေသဖန်းသီး နှလုံးသား


ယထာ ဥဒုမ္ဗရပက္ကာ၊
ဗဟိရတ္တကမေ၀ စ။
အန္တော ကိမိလ သမ္ပုဏ္ဏာ၊
ဧ၀ံ ဒုဇ္ဇန ဟဒယာ။

ရေသဖန်းသီးမှည့်တို့သည် အပြင်ကကြည့်သောအခါ နီမြန်း၍ နေကြကုန်၏။ အထဲသို့ ခွဲကြည့်သော အခါတွင်ကား ပိုးကောင်တို့ဖြင့် ပြည့်နေ၏။
လူဆိုးတို့၏ စိတ်နှလုံးသည်လည်း ဤအတိုင်းပင် ဖြစ်၏။

Sunday, February 24, 2013

မင်းကိုနိုင်၊ ၀ီရသူ၊ ကျော်ကိုကို၊ ကချင်ဘင်လာဒင်


ကျွန်တော်ကိုဉာဏ် လူသာမန်
ပထမဆုံး မပြောမဖြစ်တာလေးကို အရင်ဆုံး ပြောလိုသည်။ ကျွန်တော်ကိုဉာဏ်သည် လူသာမန် တစ်ဦးသာ ဖြစ်သည်ဆိုသော အချက်ဖြစ်ပါသည်။ မြန်မာ့သွေးဘလော့ဂ်ဆိုသည်က ကျွန်တော့်ရဲ့ မြန်မာ့သွေးမိတ်ဆွေ ၃၀၀ ၀န်းကျင်မျှ နေ့စဉ်ဖတ်ရှုသော သာမန်ဘလော့ဂ်တစ်ခုသာ ဖြစ်ပါသည်။ ထိုကဲ့သို့သော ဘလော့ဂ်လေးတစ်ခုကို ရေးနေသည့် ကျွန်တော်သည် အချို့သော စာဖတ်သူများ ထင်မြင်နေသကဲ့သို့ နိုင်ငံရေးတတ်သိနားလည်သူ၊ ဗဟုသုတကြွယ်ဝသူ၊ စာရေးကောင်းသူ မဟုတ်ကြောင်းကို ၀န်ခံထားလိုပါသည်။ စာဖတ်ခြင်းကို ထမင်းဆာသလို ဆာနေတတ်တာကလွဲ၍ အခြားသောအရည်အချင်း ကျွန်တော်ကိုဉာဏ်တွင် သိပ်ပြီး မယ်မယ်ရရ မရှိလှပါ။ ဟိုတွေး ဒီတွေး တွေးမိသည်များရှိလျှင် ဖတ်ရှုမှတ်သား စဉ်းစားဆင်ခြင်ထားသည့် မတောက်တခေါက် ဉာဏ်လေးများဖြင့် ဝေဖန်ပိုင်းခြားကာ ဟိုရေးဒီရေး ရေးနေခြင်းသာ ဖြစ်ပါသည်။ ထို့အတွက် အရာအားလုံးတွင် ကျွန်တော်သိလိမ့်မည်ဟု မည်သည့်အခါမျှ မတွေးကြစေလိုသည့်အကြောင်း အသိပေး တောင်းပန်ချင်ပါသည်။ သို့သော် ကျွန်တော့်အမြင်၊ ကျွန်တော့်အတွေး မည်သို့ရှိသည်ကို သိလိုလျှင်တော့ဖြင့် နဂိုကတည်းက က,ချင်နေသူမို့ ပါးစပ်ဆိုင်းနှင့်လည်း ကွေးနေအောင် က,တတ်ပါကြောင်းခင်ဗျား။ အောက်တွင် ရေးသားထားသည့် အကြောင်းအရာများသည် ကျွန်တော့်ကို ပါးစပ်ဆိုင်း တီးပေးထားကြသူများကြောင့် လက်မြောက်၊ ခြေမြောက် က,ထားရခြင်းများ ဖြစ်ကြောင်းပါခင်ဗျား။

မင်းကိုနိုင် အင်္ဂလိပ်စကားပြောခြင်း 

အွန်လိုင်းပေါ်မှာ အတော်ပေါက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ကြည့်ရပါတယ်။ ပြောချင်တာက အဲဒီဗီဒီယိုဖိုင်၊ အဲ... ဗီဒီယိုဖိုင်ဆိုတာထက် မင်းကိုနိုင်ပြောတာနဲ့ပတ်သက်ပြီး လိုရာဆွဲပြီး ရေးကြပြောကြတာတွေဟာ စိတ်ဝင်စားစရာ ကောင်းတာပါပဲ။ မင်းကိုနိုင်ကို လိုလားသူတွေ၊ ထောက်ခံသူတွေက သူတို့မြင်တဲ့ အပေါင်းလက္ခဏာဆောင်တာတွေကို ရေးကြပြောကြတယ်။ အခြားတစ်ဖက်ကတော့ မင်းကိုနိုင်ရဲ့ အင်္ဂလိပ်စကားပြော စွမ်းရည်နဲ့ပတ်သက်ပြီး ဝေဖန်ပုတ်ခတ်ကြတယ်။ ကျွန်တော့်ကို မေးတဲ့လူ အတော်များသမို့ ဒီနေရာကနေပဲ ဖြေလိုက်ပါတယ်။ မင်းကိုနိုင်ပြောသွားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်မနှစ်မြို့တာဟာ ရာခိုင်နှုန်းအတော်များပါတယ်။ ဒါပေမယ့် သူ့ရဲ့ အင်္ဂလိပ်စကားပြော စွမ်းရည်နဲ့ ပတ်သက်လို့ ဝေဖန်ကြတာကိုတော့ ကျွန်တော်လုံးဝကို ကန့်ကွက်ပါတယ်။ ဒါဟာ မင်းကိုနိုင်ကို ပြောတာမို့ ဒီလိုပြောနေတာ မဟုတ်ပါဘူး။ မင်းကိုနိုင်နေရာမှာ အခြားလူတစ်ဦး ပြောနေလို့ အဲဒီလို ဖြစ်နေရင်လည်း ကျွန်တော့်ရပ်တည်ချက်က အဲဒီအတိုင်းပါပဲ။ မင်းကိုနိုင်ဆိုတာလည်း ကျွန်တော်သိပ်ပြီး ကြည့်လို့ရတဲ့လူတော့ မဟုတ်ပါဘူး။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဒီအသက်အရွယ်အထိ ကျောင်းသားဆိုပြီး နာမည်ခံထားတာကစပြီး အခြားသော ကျွန်တော်မကြိုက်တဲ့အချက်တွေ အများကြီး ရှိပါတယ်။ ဒီနေရာမှာ အဲဒီအကြောင်းအရာတွေကို မပြောလိုပါဘူး။ ကျွန်တော့်ကို မေးကြပြောကြတဲ့ လူတွေက သူ့ရဲ့ အင်္ဂလိပ်စကားပြောဟာ ဘယ်လောက်ညံ့တဲ့အကြောင်း ပြောကြပြီး ဘယ်လိုမြင်သလဲလို့ မေးတာကိုပဲ ဖြေချင်တာ ဖြစ်ပါတယ်။ မင်းကိုနိုင် အင်္ဂလိပ်စကားပြော မကောင်းတာဟာ ကျွန်တော့်အတွက် တစ်စက်ကလေးမျှ အရေးမပါပါ။ စိတ်လည်းမ၀င်စားပါ။ မင်းကိုနိုင် အင်္ဂလိပ်စကားပြော မကောင်းတဲ့အတွက် ကျွန်တော်တို့ နိုင်ငံအတွက်လည်း ဘာတစ်ခုမျှ နစ်နာသွားတာ မရှိပါ။ အဲလောက်လည်း အရေးပါတဲ့ကိစ္စ မဟုတ်ပါ။ သူ့ဟာသူ အဲ... အီး.... အူး..... ဘယ်လိုပဲပြောပြော မြန်မာပြည်အတွက် ဘာမျှမဆိုင်ဘူးလို့ပဲ မြင်ပါတယ်။ လူဆိုတာမျိုးက ဘက်စုံထူးချွန်နေဖို့ လွယ်တာမှ မဟုတ်တာ။ နာဆာက သိပ္ပံပညာရှင်တစ်ယောက်ကများ ဟေ့ကောင်ကိုဉာဏ် မင်းဆိုတဲ့ကောင်ဟာ စကြာဝဠာနဲ့ပတ်သက်ရင်၊ နေအဖွဲ့အစည်းနဲ့ပတ်သက်ရင် ဘာတစ်ခုမျှ မယ်မယ်ရရ သိတဲ့ကောင်လည်း မဟုတ်ပါလားကွာလို့ လာပြောပြီး ရယ်ပွဲဖွဲ့မယ်ဆိုရင် ကျွန်တော်ကလည်း အဲဒီပညာရှင်ကို သနားကြည့်လေးနဲ့ ပြန်ကြည့်ပြီး ရယ်မိမှာ အသေအချာပါပဲ။ ကျွန်တော့်မှာလည်း သူမယှဉ်နိုင်တဲ့ အရည်အချင်းတွေ ရှိနေမယ်ဆိုတာ ကျွန်တော်သေသေချာချာ ပြောရဲပါတယ်။ အနည်းဆုံးတော့ ဘောလုံးပြိုင်ကန်တာ ဖြစ်ဖြစ်ပေါ့။ ပြောချင်တာက ဘတ်(စ်)ကား မစီးတတ်တဲ့ တောသားကို လှောင်စရာမဟုတ်သလို ကျွဲမစီးရဲတဲ့ မြို့သားကိုလည်း ကြောက်တတ်လှချည်ရဲ့လို့ မပြောသင့်ဘူးလို့ ကျွန်တော်က အဖြေပေးချင်ပါရဲ့ဗျာ။

လာပြန်ပြီလား ၀ီရသူ
အဲဒီသင်္ကန်းဝတ်ကလည်း အတော်ခက်တယ်...။ သင်္ကန်းဝတ်ပြီး ကိုယ့်အလုပ်ကိုယ် မလုပ်တဲ့အထဲမှာ အဲဒီကိုယ်တော် ထိပ်ဆုံးကပါတယ်။ ဘာသာအတွက်၊ သာသနာအတွက်၊ မြန်မာနိုင်ငံအတွက်၊ .... အတွက်၊ စသည်ဖြင့် .... အတွက်ဆိုတဲ့ စကားလုံးတွေဟာ နားထောင်လို့တော့ အင်မတန်ကောင်းသဗျ။ အဲဒီ ၀ီရသူဆိုတဲ့ သင်္ကန်းဝတ်ကိုယ်တော်နဲ့ ရင်းနှီးတဲ့လူတွေများရှိရင် ကျွန်တော့်ကိုယ်စား မေးပေးစမ်းပါဗျာ။ သင်္ကန်းဝတ်ရခြင်းရဲ့ ရည်ရွယ်ချက်၊ ဘုရားသားတော်အဖြစ် သာသနာ့ဘောင်ကို ၀င်ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲလို့။ အရှင်ဝီရသူဟာ ဘာသာရေးနဲ့ပတ်သက်လို့၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ အတော်လေးကို နှံ့နှံ့စပ်စပ်ရှိတာ၊ ဗဟုသုတရှိတာကို ကျွန်တော်ကိုဉာဏ် မငြင်းပါ။ သို့သော် အဲဒီလို သိနေ၊ ရှိနေတာနဲ့ လုပ်နေတာတွေဟာ ဘာမျှမဆိုင်ဘူးလို့ ထင်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတာထက် သာလွန်မြင့်မြတ်တာ ဘာများရှိလို့လဲဗျာ။ အဲဒီလို အသာလွန်ဆုံး၊ အမြင့်မြတ်ဆုံး အရာကို လက်လှမ်းယူခွင့် ရှိပါလျက်နဲ့ ဘာကိစ္စများ မဆီမဆိုင်တွေမှာ အဲဒီကိုယ်တော် လိုက်လျှာရှည်နေရသလဲလို့ တွေးမိတယ်ဗျာ။ ကိုယ်က သင်္ကန်းဝတ်ထားတဲ့လူပဲ၊ တပည့်ဒကာဒကာမတွေကို အပူတွေငြိမ်းအောင်၊ စိတ်တွေအေးချမ်းအောင် ကြံဆောင်ကြိုးပမ်း အားထုတ်ဆောင်ရွက်မယ် မရှိဘူး၊ ထစ်ကနဲရှိ ဆန္ဒပြမယ်၊ လမ်းလျှောက်မယ် ဆိုတာချည်းပဲ။ လူစုစုများ ဖြစ်ပြီလားဆိုတာနဲ့ အဲဒီဝီရသူဆိုတဲ့ကိုယ်တော် ရှေ့ဆုံးကချည်းပဲ။ အဲဒီလောက် ဆန္ဒထက်သန်နေရင်၊ နိုင်ငံရေးပိုးဝင်နေရင် လူဝတ်လဲပါ၊ ပါတီထောင်ပါ၊ ဒါမှမဟုတ် ပါတီတစ်ခုခုဝင်ပါ၊ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ပါ၊ နိုင်ငံရေးလုပ်ပါ။ အခုဟာက သာသနာကို ခုတုံးလုပ်ပြီး နိုင်ငံရေးဖက်နေရုံတင် မဟုတ်ဘူး၊ မြန်မာပြည်မှာရှိတဲ့ သံဃာတော်တွေကိုပါ နိုင်ငံရေးဇာတ်သွင်းပြီး သာသနာတော်ညစ်နွမ်းအောင် လုပ်နေတယ်လို့ ကျွန်တော်က အတိအလင်းပဲ ဝေဖန်ပါတယ်။ အခုအင်တာနက်ပေါ်မှာ အရမ်းပျံ့နေတဲ့ NLD ကို ဝေဖန်ထားတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး မေးတဲ့လူတွေအတွက် ကျွန်တော့်အမြင်ကို ပြောပြပါ့မယ်။ စာဖတ်သူဟာ ဒူးရင်းသီးကြိုက်သူတစ်ဦး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် ဒူးရင်းသီးနံ့ကို နည်းနည်းလေးမျှကို မခံနိုင်တဲ့သူလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကြိုက်တဲ့လူအတွက် ဒူးရင်းသီးနံ့ဟာ အင်မတန်မှ သွားရည်ယိုစရာကောင်းတဲ့ ရနံ့ချိုမွှေးဖြစ်ပြီး မကြိုက်တဲ့လူအတွက်တော့ ပျို့ချင်စရာ၊ အန်ချင်စရာ၊ ထွက်ပြေးချင်စရာ ဖြစ်နေပါလိမ့်မယ်။ ဒီလောက်ကောင်းတဲ့ အသီးကို မကြိုက်ရကောင်းလားဆိုပြီး အနံ့တောင် မခံနိုင်တဲ့လူကို မေးငေါ့ဖို့ မသင့်သလို၊ ဒီလောက်နံစော်နေတဲ့ အသီးကို ဒင်းမို့လို့ ကြိုက်တယ်ဆိုပြီး ဝေဖန်နေဖို့လည်း မဟုတ်ပါဘူး။ ဒါဟာ ဘာမျှ အရေးပါလှတာ မဟုတ်တဲ့ သစ်သီးတစ်မျိုးနဲ့ ပတ်သက်တာပဲဖြစ်ပါတယ်။ ဘာသာတရားဆိုတာကတော့ ဒီထက် အများကြီး ကျယ်ပြန့်ပါတယ်။ ကိုယ်ယုံကြည်တဲ့ ဘာသာတရားကို ကိုယ့်ဘာသာကိုယ် ကိုးကွယ်တာဟာ ဘာပြဿနာမှ မရှိပါ။ ဝေဖန်ပုတ်ခတ်စရာလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်တိုင်းဟာ သူတော်ကောင်း မဟုတ်ကြသလို၊ မွတ်စလင်တိုင်းဟာလည်း သူခိုးဓားပြတွေ မဟုတ်ကြပါဘူး။ ခရစ်ယာန်လည်း ခရစ်ယာန်အလျောက်၊ အစ္စလာမ်ဟာလည်း အစ္စလာမ်အလျောက်၊ ဗုဒ္ဓဘာသာဟာလည်း ဗုဒ္ဓဘာသာအလျောက် သူတို့ယုံကြည်သက်ဝင်ရာကို ကိုးကွယ်ကြမှာပါပဲ။ ဒူးရင်းသီးကို ကြိုက်တဲ့လူက ဒူးရင်းသီးစားသလို၊ ပိန္နဲသီးကြိုက်တဲ့လူကလည်း ပိန္နဲသီး စားမှာပါပဲ။ အခု အရှင်ဝီရသူ ပြောတဲ့အကြောင်းအရာက ဒူးရင်းသီး မကြိုက်တဲ့လူကို ဒီလောက်ကောင်းတဲ့အသီး မကြိုက်ရကောင်းလားဆိုပြီး အတင်းပါးစပ်ဖွင့်ခိုင်းပြီး ထိုးကျွေးနေတယ်လို့ မြင်မိကြောင်းပါခင်ဗျား။

ကျော်ကိုကို မြန်မာ့လက်ရွေးစင် မဟုတ်တော့ပြီ
အပြင်လက်တွေ့ တကယ့်အဖြစ်အပျက်က ဘယ်လိုလဲတော့ မသိရသေးပါဘူး။ အွန်လိုင်းပေါ်မှာကတော့ ကျော်ကိုကိုနဲ့ပတ်သက်ပြီး ပြောကြဆိုကြတာတွေက မိုးမွှန်နေတာပါပဲ။ အများစုက ကျော်ကိုကိုဟာ မြန်မာဘောလုံးသမားတွေထဲမှာ အလားအလာအကောင်းဆုံး ကစားသမား ဖြစ်တဲ့အတွက် ဒီလို ဖြစ်သွားတာဟာ မဖြစ်သင့်ဘူး၊ နည်းပြဟာ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ သြော်... ကျွန်တော်က ကိုယ့်အတွေးနဲ့ကိုယ် ပြောချင်ရာတွေ လျှောက်ပြောနေမိတယ်။ သိပြီးလူတွေအတွက် အကြောင်းမဟုတ်ပေမယ့် မသိသေးတဲ့လူတွေအတွက် စကားနိဒါန်း ပျိုးပါရစေဦး။ ကျော်ကိုကိုဆိုတာ မြန်မာဘောလုံးသမားပါ။ အခု ရန်ကုန်ယူနိုက်တက်ကလပ်မှာ ကစားနေပါတယ်။ အရင်ကတော့ ဇေယျာရွှေမြေ ကလပ်အသင်းမှာ ကစားခဲ့ပါတယ်။ အရှေ့တောင်အာရှရဲ့ အကောင်းဆုံး ဘောလုံးသမားတွေထဲကမှ အကောင်းဆုံးတစ်ဦးအဖြစ် Goal.com က ရွေးချယ်ခြင်း ခံခဲ့ရဖူးသူပါ။ နည်းပြအဖွဲ့ကို အကြိမ်ကြိမ် စော်ကားပုတ်ခတ်တဲ့အတွက် ဆိုပြီးတော့ မကြာသေးမီ ရက်ပိုင်းအတွင်းကပဲ ကျော်ကိုကိုဟာ မြန်မာ့လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ ဒါက နောက်ခံ အကြောင်းအရာလေးတွေပါ။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကို ပြောပြရမယ်ဆိုရင် ကျော်ကိုကိုဟာ အာရှအဆင့်၊ ကမ္ဘာ့အဆင့်မပြောနဲ့ မြန်မာ့အဆင့်လောက်ပဲ ရှိသေးတဲ့အချိန်မှာတောင် နည်းပြရဲ့ နည်းစနစ်ကို ဝေဖန်တာတို့၊ နည်းပြရဲ့ လေ့ကျင့်ခန်းတွေကို ဝေဖန်တာတို့ လုပ်တယ်ဆိုတာ အတော်မကောင်းတဲ့ လုပ်ရပ်လို့ ဝေဖန်ချင်ပါတယ်။ ဘောလုံးပွဲတစ်ခုရဲ့ အနိုင်အရှုံး၊ ပြိုင်ပွဲတစ်ခုရဲ့ အောင်မြင်မှု၊ ကျရှုံးမှုနဲ့ပတ်သက်ပြီး အဓိကတာဝန်ခံရတာဟာ နည်းပြ/မန်နေဂျာပါ။ အဲဒီအတွက် သူရဲ့ နည်းစနစ်တွေ၊ လေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပြောဆိုဝေဖန်တယ်ဆိုတာ ဖြစ်သင့်မဖြစ်သင့် စဉ်းစားကြည့်စေချင်ပါတယ်။ တချို့သောသူတွေက နည်းပြဟာလည်း ကစားသမားရဲ့ ဝေဖန်တာ၊ ထောက်ပြတာကို လက်ခံနိုင်ရမယ်လို့ ရေးကြတာ ဖတ်ရပါတယ်။ ကစားသမား ၃၀ လောက် ရှိတဲ့အထဲမှာ တစ်ယောက်လောက်နဲ့ အဆင်မပြေတာကို နည်းပြမှားတယ်လို့ ကောက်ချက်မဆွဲစေချင်ပါဘူး။ ကျော်ကိုကို အားလုံးမှန်တယ်လို့ ပြောဆိုရေးသား နေကြသူတွေကို ဘောလုံးအသင်းတစ်ခုရဲ့ နည်းပြအဖြစ် တစ်ပတ်လောက်ဖြစ်ဖြစ် ခန့်အပ်ချင်မိကြောင်းပါဗျာ။

ကချင်ဘင်လာဒင်
ဦးလှဆွေက လွှတ်တော်ထဲမှာ သူ့အမြင်ကို သူပြောတယ်၊ ဆွေးနွေးတယ်။ အားလုံးက မှန်လှပါဘုရား၊ အင်မတန်မှ လျော်ကန် သင့်မြတ်လှကြောင်းပါဘုရားလို့ ပြောနေတဲ့အချိန်မှာ သူပြောခဲ့၊ ဆွေးနွေးခဲ့တာဟာ အထူးအဆန်း ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ သူက သူပြောတဲ့အတိုင်း လုပ်ကိုလုပ်ရမယ်လို့ ပြောခဲ့၊ ဆွေးနွေးခဲ့တာမှ မဟုတ်တာပဲ။ အဲဒီလို လုပ်သင့်တယ်၊ ဖြစ်သွားမယ် စသဖြင့် သူ့အမြင်နဲ့သူ ပြောခဲ့တာပဲ။ နားခံရခက်စေတဲ့ စကားလုံးတွေ ပါတာကိုလည်း မငြင်းပါဘူး။ အခြားစကားလုံးတွေနဲ့ ဖလှယ်ပြီး သုံးရင်လည်း ဒီအဓိပ္ပါယ်မျိုးထွက်အောင် ပြောလို့ရပါလျက်နဲ့ ဦးလှဆွေဟာ ပွင့်ပွင့်လင်းလင်းပဲ တုတ်ထိုးအိုးပေါက် ပြောခဲ့တာ ဖြစ်ပါတယ်။ ကဲ... အဲဒီကိစ္စက ထားပါလေ။ အခုနောက်ဆုံး အဖြစ်အပျက်က ဦးလှဆွေဆီကို ကချင်တိုင်းရင်းသား ဆိုတဲ့လူတစ်ယောက်က စာပို့လိုက်ပါသတဲ့။ ဦးလှဆွေအပါအ၀င် သားစဉ်မြေးဆက်ကို ရန်သူအဖြစ် သတ်မှတ်ပါသတဲ့။ အတော်ရယ်ရတဲ့လူဗျာ။ ပထမအချက် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံဖို့အတွက် ခေါင်းဆောင်ခဲ့တဲ့ ဂဠုန်ဦးစောကို မြန်မာပြည်က မုန်းတီးကြတယ်။ ဒါပေမယ့် သူ့ရဲ့ သားစဉ်မြေးဆက်ကို ကျွန်တော်တို့ ဘာပြောလို့လဲ။ ဦးစော လုပ်ခဲ့တာအတွက် ဦးစော ခံခဲ့ရပြီးပြီပဲ။ ကချင်ဘင်လာဒင် ဆိုတဲ့လူဟာ အဲဒီလို တွေးမိပုံ မရပါဘူး။ ဒုတိယအချက် ဦးလှဆွေဟာ လွှတ်တော်မှာ တရားဝင်ပြောတာ၊ ဆွေးနွေးတာ ဖြစ်ပါတယ်။ သူဘယ်သူလဲ၊ ဘယ်မဲဆန္ဒနယ်ကလည်းဆိုတာ လူတိုင်းအသိ ဖြစ်ပါတယ်။ ကချင်ဘင်လာဒင် ဆိုတဲ့လူဟာ သူ့ကိုယ်သူပဲ ကချင်သွေးအပြည့်လိုလို၊ ကချင်တွေအတွက်ပဲ သူရဲကောင်းလိုလိုနဲ့ ဘယ်သူဘယ်ဝါပါ ဆိုတာကျတော့ အတိအကျ မဖော်ပြရဲဘူး။ ကျုပ်ကတော့ ဦး/ဒေါ် ဘယ်သူပါ၊ ဘယ်မှာနေတယ်၊ ဦးလှဆွေကို မကျေနပ်ဘူး၊ ရန်သူအဖြစ် သတ်မှတ်တယ် စသဖြင့် သတ္တိရှိရှိ ပြောင်စိန်ခေါ်ပါ့လား။ အခုတော့ ဘယ့်နှယ်ဗျာ... တိတ်တိတ်ပုန်းလည်း စာရေးသေးတယ်၊ နာမည်ခံတော့လည်း ကြည့်ပါဦး ကချင်ဘင်လာဒင်တဲ့။ ပြီးတော့ သို့... ဦးလှရွှေ တဲ့။ တောက်... အတော်ဟုတ်တဲ့လူဗျာ။ ဦးလှဆွေကလည်း ပြန်ပြောတာ ပြတ်သားသလား မမေးနဲ့။ သူ့မိသားစုရဲ့ ခံယူချက်ဟာလည်း သူ့လိုပါပဲတဲ့။ ထပ်ပြောသေးတယ်... ကချင်ဘင်လာဒင်ဆိုမှတော့ ဘင်လာဒင်လိုပဲ ဇာတ်သိမ်းရလိမ့်မယ်တဲ့။ ကဲ... မကောင်းဘူးလား။ တစ်လက်စတည်း လွှတ်တော်ကို မေးချင်တာက အခုလို ကိုယ်စားလှယ်တစ်ယောက်ကို အသက်အန္တရာယ် ခြိမ်းခြောက်တဲ့အထိ လုပ်လာတဲ့ ကချင်ဘင်လာဒင်ကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီး စစ်ဆေးဖော်ထုတ်ဖို့ ရှိ၊ မရှိပါ။ ဒေါက်တာဆိတ်ဖွားဆိုတာက သိက္ခာပိုင်းလောက်ကိုသာ ထိခိုက်စေတာပါ။ အခုဟာက အသက်ကိုအထိ ရန်ရှာနေပြီလေ။ မဟုတ်ဘူးလားဗျ။


အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၂ နာရီ ၅၁ မိနစ်တွင်ပြီး၏။ 

Saturday, February 23, 2013

ကုသိုလ်ကောင်းမှု အချိန်တိုင်းပြု


စဇ ဒုဇ္ဇနသံသဂ္ဂံ၊
ဘဇ သာဓု သမာဂမံ။
ကရ ပုည မဟောရတ္တိံ၊
သရ နိစ္စ မနိစ္စတံ။

လူဆိုးတို့နှင့် ပေါင်းဖက်ခြင်းကို စွန့်လွှတ်ပါလော့။
ပေါင်းဖက်သင့်သော သူတော်ကောင်းနှင့် ပေါင်းဖက်ပါလော့။
နေ့ရော ညပါ ကုသိုလ်ကောင်းမှု ပြုပါလော့။
မိမိရုပ်နာမ်ခန္ဓာတို့၏ အမြဲမရှိပုံကို အမြဲသတိပြုပါလော့။

Friday, February 22, 2013

ဘယ်သူလဲ၊ ဘာလဲ၊ ဘယ်တုန်းကလဲ၊ ဘယ်မှာလဲ၊ ဘာကြောင့်လဲ၊ ဘယ်လိုလဲ (၂)


မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမဦးဆုံး သမ္မတမှာ ဘယ်သူလဲ။
ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက် ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လက်မွန်မဆွ စတင်တည်ထား ကိုးကွယ်ခဲ့သူများသည် မည်သူတွေပါလဲ။
ဥက္ကလာပမင်းကြီးနှင့် တဖုဿ၊ ဘလ္လိက ကုန်သည်ညီနောင်တို့ ဖြစ်ကြပါသည်။

မြန်မာ့သမိုင်းတွင် ဖေ၊ ပု၊ ရှိန် ဟု ရည်ညွှန်းပြောဆိုခြင်း ခံရသူများသည် ဘယ်သူတွေလဲ။
မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလန်ပြည်ကို သွားရောက်အရေးဆိုခဲ့ကြသော ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် တို့ ဖြစ်ကြပါသည်။

မြန်မာစာပေတွင် ပေလေးပင် ရှင်လေးပါးအဖြစ် ကျော်ကြားခဲ့သူများမှာ ဘယ်သူတွေလဲ။
ရှင်မဟာသီလ၀ံသ၊ ရှင်ဥတ္တမကျော်၊ ရှင်အုန်းညို၊ ရှင်ခေမာ တို့ ဖြစ်ကြပါသည်။

သာသနာသက္ကရာဇ် ဆိုသည်မှာ အဘယ်နည်း။
မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ပြီးနောက် ပထမသင်္ဂါယနာတင် အဇာတသတ်မင်းလက်ထက်မှစ၍ ရေတွက်သော သက္ကရာဇ် ဖြစ်ပါသည်။

ကောဇာသက္ကရာဇ် ဆိုသည်မှာအဘယ်နည်း။
ပုဂံခေတ်သက္ကရာဇ်ကို ပုပ္ပါးစောရဟန်းမင်းလက်ထက်တွင် နှစ်ပေါင်း ၅၆၀ ကို ၂ ခု အကြွင်းထား၍ ဖြိုခဲ့ရာ ယင်းနှစ်မှစ၍ ရေတွက်ခဲ့သော သက္ကရာဇ် ဖြစ်ပါသည်။ သာသနာသက္ကရာဇ်ကို သိလိုလျှင် ရောက်နေသော ကောဇာသက္ကရာဇ်ကို တည်၍ ၁၁၈၂ ကို ပေါင်းလိုက်လျှင် သိနိုင်ပါသည်။

မြန်မာနိုင်ငံတော်အစိုးရက ဖွင့်လှစ်ပေးနေသော ထီကို မည်သည့်အချိန်က စတင်ဖွင့်လှစ်ခဲ့ပါသလဲ။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်ကို မည်သည့်အချိန်တွင် စတင်ဖွင့်လှစ်ခဲ့သနည်း။
၁၉၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်သောအခါ အဘယ်ကြောင့် Good-bye ဟု နှုတ်ဆက်ကြသလဲ။
Good-bye ဟူသော စကားသည် God be with you "သင့်အား ဘုရားသခင် စောင့်ရှောက်ပါစေ" ဟူ၍ အဓိပ္ပါယ်ရှိရာ ရင်းနှီးသူအချင်းချင်း တွေ့ဆုံကြသောအခါ တစ်ဖက်သား၏ ကောင်းကျိုးကို လိုလားကြောင်း ပြသသည့်အနေဖြင့် Good Bye ဟု နှုတ်ဆက်ကြခြင်း ဖြစ်သည်။

[ဦးဝမ်ထိန်၊ မေးစရာ ဖြေစရာ သုတအဖြာဖြာ စာအုပ်မှ ပြန်လည်ကောက်နုတ်ကူးယူဖော်ပြပါသည်]

သူတော်ကောင်းနှင့် ပေါင်းဖော်ပါ


သဗ္ဘိရေ၀ သမာသေထ၊
သမ္ဘိ ကုဗ္ဗေထ သန္ထ၀ံ။
သတံ သဒ္ဓမ္မ မညာယ၊
သေယျော ဟောတိ န ပါပိယော။

သူတော်ကောင်းတို့နှင့်သာ ပေါင်းဖော်ရာ၏။
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကိုသာ ပြုကုန်ရာ၏။
သူတော်ကောင်းတို့၏ တရားကို သိမြင်ရသဖြင့် မြင့်မြတ်သူ ဖြစ်လာနိုင်၏။ သူယုတ်မာ ဘ၀သို့ မကျရောက်နိုင်ပေ။

Thursday, February 21, 2013

နိုင်ငံတော်ကိုကာကွယ်ဖို့ အားလုံးအပြင်ထွက်လမ်းလျှောက်စို့


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မြန်မာနိုင်ငံကို ကျန်းမာရေးဆိုင်ရာ နိုးကြားတက်ကြွမှုအရှိဆုံးဆုနဲ့ လမ်းလျှောက်နိုင်ငံဆု ပေးအပ်မယ်တဲ့။ လမ်းလျှောက်ခြင်းသည် အကောင်းဆုံးသော ကျန်းမာရေးလေ့ကျင့်ခန်းဆိုတဲ့အချက်ကို မြန်မာနိုင်ငံက ရာနှုန်းပြည့်နီးပါး အကောင်အထည်ဖော် ဆောင်ရွက်နိုင်လို့ပါတဲ့။

အရင် တပ်မတော်အစိုးရ လက်ထက်တုန်းကတော့ မလာမနေရစနစ် ပုံစံသဘော သက်ရောက်တဲ့ ဌာနတစ်ခုကို ဘယ်နှဦး၊ ရပ်ကွက်တစ်ခုကို ဘယ်နှဦး၊ အဖွဲ့အစည်းတစ်ခုကို ဘယ်နှဦး စသည်ဖြင့် စုပေါင်းလမ်းလျှောက်တာတွေ လုပ်ခဲ့ဖူးတာပေါ့။ ဘာပဲဖြစ်ဖြစ် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လမ်းလျှောက်ဖြစ်တာဟာ ကောင်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ခဲ့ပါသတဲ့။ ဒါပေမယ့် သူတို့တွေ စိုးရိမ်တာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီခေတ်ရောက်သွားလို့ အရင်ကလိုမျိုး မလာမနေရတို့၊ မလျှောက်မနေရတို့ မရှိတော့တဲ့အခါ လမ်းတွေပေါ်မှာ လမ်းလျှောက်တဲ့လူတောင် ရှိပါ့မလားလို့ တွေးပူမိခဲ့ပါသတဲ့။

အခုတော့ သူတို့တွေ စိတ်ပူစရာ လုံးဝကို မရှိတော့ပါဘူးတဲ့။ မြန်မာပြည်မှာ နေ့စဉ်နဲ့အမျှ လမ်းမလျှောက်တဲ့မြို့၊ လမ်းမလျှောက်တဲ့ဒေသ မရှိသလောက် ဖြစ်နေပါပြီ။ အရင်တုန်းက မလာမနေရ လမ်းလျှောက်တယ်ဆိုတာ ဆောင်းရာသီကာလ၊ ဒီဇင်ဘာလ တစ်ခုတည်းသာ ဖြစ်ပါတယ်။ အခုတော့ မြန်မာတစ်ပြည်လုံး လမ်းတွေလျှောက်လိုက်ကြတာများ လလည်းမရွေးဘူး၊ ရက်လည်းမရွေးဘူး၊ ရက်ရာဇာလား ပြဿဒါးလားလည်း မရွေးဘူး။ ထစ်ခနဲရှိ လျှောက်မယ်ဆိုတာချည်းပဲ။ အဲဒီတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မြန်မာနိုင်ငံကို လမ်းလျှောက်နိုင်ငံအဖြစ် ဂုဏ်ပြုတာ မကောင်းဘူးလားဗျာ။ လျှောက်ထားမြန်မာ.... မြန်မာလျှောက်ထား.....။

ငယ်ငယ်တုန်းက မကြာခဏ ကြားခဲ့ရဖူးတဲ့ သီချင်းလေး တစ်ပိုင်းတစ်စကို သွားသတိရမိတယ်။ ဘာတဲ့.... "အားကစား... မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်ပါသည်.... အားကစား... ရည်မှန်းချက်သည်.... မြန်မာ့အားကစား.... ကမ္ဘာကို လွှမ်းရမည်....." တဲ့။ လမ်းလျှောက်တယ်ဆိုတာ အားကစားနည်း တစ်မျိုးပါပဲ။ ကျန်းမာရေးအတွက်လည်းကောင်း၊ နိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်ရာလည်း ရောက်တဲ့အတွက် လမ်းလျှောက်ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။

တစ်လက်စတည်း ဟဲလေးရဲ့ သီချင်းလေးကိုလည်း စာသားလေး နည်းနည်းဖျက်ပြီး ဆိုပြပါရစေဦး။ နားထောင်ကြည့်ပါဦး။ သံစဉ်အလိုက်လေးနဲ့ ဆိုကြည့်စေချင်ပါတယ်။ တစ်ယောက်တည်းကြိတ်ပြီး ပြုံးပျော်နိုင်ပါစေ...။
"မင်း.... ၁၈ နှစ် ပြည့်ပြီးပြီ.... လမ်းလျှောက်ပွဲတွေဘာတွေ သွားချင်သွားလို့ရပါပြီ... ထူခြားတဲ့ ဆိုင်းဘုတ်တွေ မင်းလက်ဆီ အချိန်မီသာ ဝေငှပါမည်..." 

စာကြွင်း
Draft ထဲမှာရှိနေတာ ကြာပါပြီ။ စိတ်အချဉ်ပေါက်တဲ့ အချိန်တိုင်း တစ်ခုမဟုတ်တစ်ခု ရေးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဘလော့ဂ်မှာ တင်ဖို့အတွက်ကျတော့ အတော်စဉ်းစားရတယ်။ ဒါပေမယ့် အခုတော့ တင်ဖြစ်အောင် တင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်တော့်ရဲ့ စိတ်အချဉ်ပေါက်မှုတွေကို ဆက်တိုက် ဖတ်ရပါဦးမယ်။ ကျွန်တော် ကိုဉာဏ်(ပန်းလောင်မြေ) ပါ။

အနံ့မွှေးသော ပေါက်ဖက်


တဂ္ဂရဉ္စ ပလာသေန၊
ယော နရော ဥပနယှတိ။
ပတ္တာပိ သုရဘိံ ၀ါယန္တိ၊
ဧ၀ံ ဓီရူပသေ၀နာ။

လူတစ်ယောက်သည် တောင်ဇလပ်ပန်းကို ပေါက်ဖက်ဖြင့် ထုပ်၏။ ထိုအခါ ပေါက်ဖက်တို့မှာလည်း အနံ့ကူး၍ မွှေးကြိုင်လာကြ၏။
ပညာရှိထံ ဆည်းကပ်ခြင်းမှာလည်း ဤအတိုင်းပင် ဖြစ်ပေ၏။

Wednesday, February 20, 2013

ဘယ်သူလဲ၊ ဘာလဲ၊ ဘယ်တုန်းကလဲ၊ ဘယ်မှာလဲ၊ ဘာကြောင့်လဲ၊ ဘယ်လိုလဲ (၁)


မြန်မာစာပေတွင် ပထမဦးဆုံး စကားပြေ၀တ္ထုကို ဘယ်သူ ရေးခဲ့သလဲ။
အင်းဝခေတ် ရဟန်းစာဆို ရှင်မဟာသီလ၀ံသ ရေးသားခဲ့ပါသည်။ စကားပြေ၀တ္ထု၏ အမည်မှာ ပါရာယန၀တ္ထု ဖြစ်ပါသည်။

မြန်မာ့ယဉ်ကျေးမှုတွင် ပန်းဆယ်မျိုးဟူသည် ဘာပန်းတွေလဲ။
ပန်းပဲ၊ ပန်းတိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရံ၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း ပညာရပ်များ ဖြစ်ကြပါသည်။

သမိုင်းဝင် ပထမအကြိမ် ကျောင်းသားသပိတ်သည် မည်သည့် ခုနှစ်၊ လ၊ ရက်တွင် ဖြစ်ပွား ပေါ်ပေါက်ခဲ့သလဲ။
၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ မြန်မာနှစ် ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့ပါသည်။

မြန်မာ့ရှေးဟောင်း ဆေးရေးပန်းချီများကို အများဆုံး ဘယ်မှာ တွေ့ရပါသလဲ။
ပုဂံမြို့ မင်းနန်သူရွာ ဘုရားသုံးဆူဘုရားတွင် တွေ့မြင်ရပါသည်။

ငရုတ်သီးသည် ဘာကြောင့် စပ်ရသလဲ။
ငရုတ်သီးတွင် အယ်လ်ကိုဟောလ်ပါသည့် Capsaicin ပါရှိရာ ၎င်းက Substance P ဟူသော ဓာတုပစ္စည်းတစ်မျိုးကို ထုတ်ယူပြီး သွေးထဲမှတစ်ဆင့် ဦးနှောက်သို့ ပို့ပေးလိုက်သည်။ ပူစပ်သည့် အရာတစ်မျိုးကို စားနေသည်ဟု သတင်းပို့လိုက်သည့် သဘောပင်ဖြစ်၍ စားသောသူသည် လျှာပေါ်တွင် ပူစပ်သောအရသာကို ခံစားလိုက်ရခြင်းဖြစ်သည်။

မြန်မာလအမည်များထဲမှ ၀ါဆို၊ ၀ါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်လများကို ရှေးအခါက ဘယ်လို ခေါ်ဆိုကြပါသလဲ။
ဝါဆိုကို                 နွယ်ကာလ/မြွယ်ကာလ
ဝါခေါင်ကို              နံကာလ
တော်သလင်းကို      သစ်ဆင်းလ
သီတင်းကျွတ်ကို      သံတူလ

[ဦးဝမ်ထိန်၊ မေးစရာ ဖြေစရာ သုတအဖြာဖြာ စာအုပ်မှ ပြန်လည်ကောက်နုတ်ကူးယူဖော်ပြပါသည်

အိုးထိန်းသည်နှင့် အိုး


န ဘိဇ္ဇေတုံ ကုမ္ဘကာရော၊
သောဘေတုံ ကုမ္ဘံ ဃဏ္ဍတိ။
န ခိပေတုံ အပါယေသု၊
သိဿာနံ ၀ုဍ္ဎိကာရဏာ။

အိုးထိန်းသည် အိုးကို ကွဲသွားအောင် မပုတ်ခတ်ပေ။
ရှုချင်စဖွယ် တင့်တယ်လာအောင်သာ ပုတ်ခတ်၏။
ဆရာတို့သည်လည်း တပည့်တို့ကို အပါယ်လေးပါးသို့ ကျသွားစေရန် မပုတ်ခတ်ပေ။ တပည့်တို့၏ ကြီးပွားချမ်းသာရေးကို အကြောင်းပြု၍သာလျှင် ပုတ်ခတ်ကုန်၏။

Tuesday, February 19, 2013

ရယ်မိ ပြုံးမိသော ကျွန်တော့်ကိုယ်တွေ့များ


ပြီးခဲ့တဲ့ ရုံးပိတ်ရက် ၂ ရက်က ကိစ္စတစ်ခုကြောင့် ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကို သွားခဲ့တာပါ။ ခရီးမသွားရတာ ၆ လနီးပါး ရှိခဲ့ပြီဆိုတော့ အခုလို သွားခဲ့ရတာဟာ ကျွန်တော့်အတွက် အပြောင်းအလဲတစ်ခု ဖြစ်စေခဲ့သလို အလုပ်တွေနဲ့ ပိနေခဲ့ရတဲ့ ဦးနှောက်ကိုလည်း အနားပေးလိုက်နိုင်ပါတယ်။ အတော်တန်တဲ့ ခရီးလို့ ပြောရမှာပါပဲ။ အတွေးသစ်၊ အမြင်သစ်တွေ ရခဲ့သလို၊ အတွေ့အကြုံသစ်တွေလည်း ရခဲ့ပါတယ်။ အဆိုတော်ကြီး (ဒေါ်)မာမာအေး လေသံနဲ့ ပြောရမယ်ဆိုရင်တော့ ပြောစရာတွေလည်း တစ်ပုံကြီးရှိသေးတယ်ပေါ့ဗျာ။ အခုတော့ ကျွန်တော်ကြုံခဲ့ရတာတွေထဲက ရယ်စရာ၊ မောစရာလေးတွေကို ပြောပြပါရစေ။ ရယ်စရာနောက်မှာ ပါနေတဲ့ မောစရာလေးတွေကိုတော့ မရှင်းပြတော့ပါဘူး။ ရယ်ရင်းနဲ့ စာဖတ်သူတွေကပဲ စဉ်းစားဆင်ခြင် နိုင်ကြလိမ့်မယ်လို့ ယုံကြည်ကြောင်းပါ။

(က)
တော်ဝင်စင်တာမှာဖွင့်ထားတဲ့ မြန်မာနိုင်ငံမှာအကြီးဆုံး စာအုပ်ဆိုင်ဆိုတဲ့ TAB-BOOK CENTRE ကို သွားခဲ့တုန်းက ကြုံခဲ့ရတာပါ။

စာအုပ်တွေကို ကြည့်ရင်း၊ ဖတ်ရင်း၊ မြည်းရင်း၊ ကြိုက်တဲ့စာအုပ်တွေ့ရင် ခြင်းထဲထည့်ရွေးရင်းနဲ့ ဟိုကြည့် ဒီကြည့်ပေါ့ဗျာ။ အဲဒီလိုနဲ့ ကျွန်တော်လိုချင်တဲ့ စာရေးဆရာအချို့ကို ကျွန်တော်ရှာမတွေ့ပါဘူး။ စာအုပ်ဆိုင်က ကျန်းမာရေး၊ ဟာသ၊ ၀တ္ထု၊ အတ္ထုပ္ပတ္တိ၊ ကွန်ပျူတာ၊ နိုင်ငံရေး စသည်ဖြင့် သူ့ကဏ္ဍနဲ့သူ ခွဲထားတာမို့ ရှိမယ်ထင်တဲ့ အကန့်တွေမှာ ကျွန်တော်လိုက်ရှာသော်လည်း မတွေ့ဘူးပေါ့ဗျာ။ အဲဒါနဲ့ ကျွန်တော်က ဆိုင်ဝန်ထမ်းကို မေးလိုက်ပါတယ်။

ညီလေးရေ... ဂျက် (ကွမ်းခြံကုန်း) စာအုပ်တွေ ဘယ်နားမှာရှိလဲ။
ဟုတ်ကဲ့ အစ်ကို... ခဏလေးနော်။
နာမည်တစ်ခု လှမ်းအော်ပြီး ဒီအစ်ကို့ကို ဂျက်(ကွမ်းခြံကုန်း) စာအုပ်တွေ ပြလိုက်ပါလို့ လှမ်းပြောပါတယ်။
အဲဒီ နာမည်အခေါ်ခံရတဲ့ ကောင်လေးဆီကို ကျွန်တော်သွားလိုက်ပါတယ်။
သူက ကျွန်တော့်ကို စာအုပ်တန်းတစ်ခုကြား ခေါ်သွားပါတယ်။ ပြီးတော့ ကျွန်တော့်ကို မေးပါတယ်။
အစ်ကို... ဂျက် (ကွမ်းခြံကုန်း) ရဲ့ ဘယ်ဝတ္ထုကို လိုချင်သလဲတဲ့။
ကျွန်တော်ကြောင်သွားတယ်။ ဆရာကြီးဂျက် ဘယ်တုန်းကများ ဒီနာမည်နဲ့ ၀တ္ထုရေးလိုက်ပါလိမ့်ပေါ့။ ကျွန်တော်မသိတာလည်း ဖြစ်နိုင်တာကိုး။ အဲဒါနဲ့ သူတို့ခွဲထားတဲ့ အကန့်ကို ကြည့်လိုက်တော့ ၀တ္ထုများတဲ့။ သေရော... သေဟဲ့ နန္ဒိယလို့ပဲ အော်လိုက်ချင်တယ်ဗျာ။ တကယ်ပါပဲ။ ကျွန်တော့်စိတ်ထဲမှာ ခဏလေးအတွင်းမှာ ဖြစ်နေတဲ့အရာတွေပါ။ တကယ့်လက်တွေ့ကတော့ မေးတဲ့ဝန်ထမ်းလေးကို..
အေးကွာ ညီလေးရာ ရှိတဲ့စာအုပ်လေးတွေ ပြပေးပါ
ဟုတ်ကဲ့ အစ်ကို
ရော့ အစ်ကို ဆိုပြီး ဂျက် (ကွမ်းခြံကုန်း) ရဲ့ စာအုပ်တွေကို ထုတ်ပြပါတယ်။ စာအုပ်တွေဆိုပေမယ့် ၃ အုပ်တည်းရယ်ပါ။ တစ်အုပ်က ကျွန်တော်ဝယ်ထားပြီးသားမို့ ပြန်ပေးလိုက်တယ်။ ကျန် ၂ အုပ်အနက် တစ်အုပ်က ဖတ်ပြီးသား။ ပြင်ဦးလွင်မှာတုန်းက ငှားဖတ်ဖူးတယ်။ ဒါပေမယ့် အပိုင်မရှိတဲ့အတွက် ၀ယ်ဖို့ ယူလိုက်ပါတယ်။ နောက်တစ်အုပ်ကတော့ ကျွန်တော်လိုချင်သော စာအုပ်အစစ်။ ၀ယ်လာဖြစ်တဲ့ စာအုပ်တွေက -
(၁) ကူးတို့ဆိပ်က မှို့အိတ်
(၂) လွမ်းလို့ရယ်တဲ့ မကုန်နိုင်တယ်
ကဲ... ကျွန်တော်ကိုဉာဏ် အဲဒီဝတ္ထုစာအုပ်များကို ဖတ်လိုက်ပါဦးမယ်ခင်ဗျား၊ အဲ... ဟုတ်ပေါင်၊ ယောင်လို့ပါဗျာ၊ ဆရာကြီးဂျက်ရဲ့ သရော်သော၊ ကလိသော စာများကို ဖတ်လိုက်ပါဦးမယ်။ စာဖတ်သူတို့ရော ဆရာကြီးဂျက်ရဲ့ ၀တ္ထုတွေ ဖတ်ဖူးကြသလားဗျ။ ဆရာမောင်သာချိုသာ ဒီဟာသကို ဖတ်မိရင်တော့ သူ့ကိုယ်သူ ၀တ္ထုရေးဆရာဆိုပြီး ဂုဏ်ယူနေဦးမလား မပြောတတ်ဘူး။

(ခ)
ဒါကလည်း တော်ဝင်စင်တာက အဲဒီစာအုပ်ဆိုင်မှာပါပဲ။ ဖတ်ကြည့်ပါဦးဗျာ။

ဟိုးအရင်ကတော့ စိတ်ကူးရှိပေမယ့် စာအုပ်ဆိုင်ကို လာတဲ့ရည်ရွယ်ချက်ထဲမှာ အခုပြောမယ့် စာအုပ်တွေ ၀ယ်ဖို့အစီအစဉ် မပါပါဘူး။ ဒါပေမယ့် စာအုပ်တန်းတွေကို လိုက်ကြည့်ရင်းနဲ့ အဲဒီစာအုပ်တွေကို အမှတ်မထင် တွေ့လိုက်တဲ့အခါ ကျွန်တော်မေ့နေတဲ့ မှတ်ဉာဏ်က ချက်ချင်းပဲ ပြန်ပေါ်လာပါတယ်။ ဟုတ်ပါရဲ့ ကျွန်တော်အဲဒီစာအုပ်တွေ ၀ယ်ဖို့၊ သိမ်းဖို့ တေးထားတာ အတော်ကြာနေပြီပဲ။ ဒါပေမယ့် အဲဒီနေ့က ၀ယ်ဖြစ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က အိမ်က အဖေနဲ့အမေကို ပို့ပေးချင်တဲ့ စိတ်ကပိုကြီးပါတယ်။ သူတို့တွေက ကျွန်တော့်ထက် အဲဒီစာအုပ်ကို ပိုပြီးတော့ စိတ်ဝင်စားကြမှာ အသေအချာမို့ပါ။ စာအုပ်ကလည်း အမှတ် (၁) နဲ့ အမှတ် (၂) နှစ်အုပ်ပါ။ အမှတ် (၁) ကိုတော့ ပြင်ဦးလွင်မှာ အစ်ကိုကြီးတစ်ယောက်ဆီက ငှားဖတ်ဖူးပါတယ်။ ငှားဖတ်တယ်ဆိုတာထက် အဲဒီအစ်ကိုကြီးက ကျွန်တော့်လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ထည့်ပေးလို့ ဖတ်ခဲ့ရတယ် ဆိုပါတော့။ လက်ကမလွှတ်တမ်း ဖတ်မိတဲ့ စာအုပ်တစ်အုပ်ပါ။ အစအဆုံးပြီးမှပဲ အဲဒီစာအုပ်ကို လက်ကချမိတဲ့အထိ ဖြစ်ရတဲ့ စာအုပ်ပါ။ အခြားမဟုတ်ပါဘူး။ ဆရာ မောင်မိုးသူ ရဲ့ လွမ်းတော်မူဖို့ စာကိုစီတယ် ဖြစ်ပါတယ်။ ဖတ်ဖူးတဲ့လူတွေက အထွေအထူး ညွှန်းစရာမရှိပေမယ့် မဖတ်ဖူးသေးတဲ့ လူတွေအတွက် အမြည်းပြောရရင် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အနုပညာသည်များနဲ့ ဆရာမောင်မိုးသူတို့ တရင်းတနှီး ပြောဆိုဆက်ဆံ ပေါင်းသင်းခဲ့တာတွေကို ရေးသားထားတဲ့ စာအုပ်ပါ။ မဖတ်ဖူးသူတွေကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။ သမိုင်းအမွေတစ်ခု ဖြစ်လာမယ့် စာအုပ်တစ်အုပ်လို့လည်း ကျွန်တော်က မြင်မိပါတယ်။ ကျွန်တော်ကြုံခဲ့ရတာက ဒီလိုပါ။

မောင်မိုးသူရဲ့ လွမ်းတော်မူဖို့ စာကိုစီတယ် စာအုပ်ကိုတွေ့တော့ ကျွန်တော် အတော်ပျော်သွားပါတယ်။ အဲဒါနဲ့ အမှတ် (၁) ရော၊ (၂) ရော နှစ်အုပ်လုံးကို ခြင်းထဲထည့်လိုက်ပါတယ်။ စာအုပ် ၂ အုပ်လုံးက ပုံစံတူ၊ ဆိုဒ်တူ ဖြစ်ပါတယ်။ ကျွန်တော်က ခြင်းထဲကို ထည့်ထားလိုက်ပြီး အခြားစာအုပ်တွေကို ကြည့်နေတုန်း ကျွန်တော်နဲ့အတူ လိုက်လာတဲ့ သူငယ်ချင်းက မေးရှာပါတယ်။

ဟေ့ကောင် ဉာဏ်ကြီး ဒီစာအုပ်က တစ်မျိုးတည်းကို ၂ အုပ်တောင် ဖြစ်နေပါလားကွ၊ ဘာလုပ်ဖို့လဲ
သြော်.. တစ်အုပ်တည်း မဟုတ်ဘူးကွ၊ အမှတ် (၁) နဲ့ (၂) နှစ်အုပ်ကွ
သြော်...
အဲဒီစာအုပ်တွေ သိပ်ကောင်းတယ်ကွ၊ မင်းကြုံတဲ့အခါ ဖတ်ကြည့်...
ဟုတ်လား၊ အမှတ် (၃) ရော မထွက်သေးဘူးလား
ဟေ... အာ....၊ မင်းကလည်းကွာ... ဒီစာအုပ်က အနုပညာလောကထဲက ကွယ်လွန်သွားတဲ့ လူတွေအကြောင်းကို ရေးထားတာကွ၊ မင်းပြောတဲ့ပုံနဲ့ဆို စာအုပ်တစ်အုပ်စာ အနုပညာသည်တွေ ထပ်သေပေးရမလိုပဲ

သူငယ်ချင်း ဘာမျှစကားပြန် မရတော့။ ကျွန်တော်လည်း ထိုသို့ ပြန်ပြောလိုက်ရသည့်အတွက် အားနာမိပါသည်။ သို့သော် အခြားလူတွေနဲ့ သွားတဲ့အချိန်မှာများ ကျွန်တော့်သူငယ်ချင်းက ထိုသို့ပြောလိုက်လျှင် ကျွန်တော့်လို ပြန်ရှင်းမပြဘဲ ဟားလိုက်မှဖြင့် ဟူသောစိတ်အတွေး ၀င်သွားမိသဖြင့် သေသေချာချာ ပြန်ရှင်းပြလိုက်ခြင်းရယ်ပါ။ သူရှက်ကောင်း ရှက်သွားပါလိမ့်မည်။ သို့သော် ဤစာကို ဖတ်မိလျှင် သူရှက်နေတာတွေ ပျောက်စေချင်ပါသည်။ ဒါ ရှက်စရာ မဟုတ်ပါ။ အဲဒီသူငယ်ချင်းမှာ ကျွန်တော့်ထက်တော်တဲ့ အချက်တွေ အများကြီးရှိပါသည်။ ဒါက ကိုယ့်စိတ်ဝင်စားမှုနှင့်ကိုယ်မို့ ဖြစ်သွားရခြင်းရယ်ပါ။ ကျွန်တော်ကတော့ဖြင့် လွမ်းတော်မူဖို့ စာကိုစီတယ်-၃ ကိုရေးဖို့ ဆရာမောင်မိုးသူ နောက်ထပ် နှစ်ပေါင်းရာကျော် စုဆောင်းစေချင်ပါသေးသည်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ချစ်တဲ့ အနုပညာရှင်တွေကို မသေစေချင်သေးပါ။ ထို့ကြောင့် လွမ်းတော်မူဖို့ စာကိုစီတယ်-၃ ကို ကျွန်တော်ကိုဉာဏ် မမျှော်ပါခင်ဗျား။

(ဂ)
တော်ဝင်စင်တာ စာအုပ်ဆိုင်မှာကြုံခဲ့ရတဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါသည်။ ခံစားကြည့်ပါဦး။

နိုင်ငံရေးခေါင်းစဉ်အောက်က စာအုပ်တွေကို စိတ်ကြိုက်တစ်ဝကြီး စာမြည်းဖတ်ဖြစ်သည်။ ဟိုစာအုပ်က နည်းနည်း၊ ဒီစာအုပ်က နည်းနည်းပေါ့။ စာအုပ်စင်က လူတစ်ရပ်နီးပါးမြင့်သည်။ သေသေချာချာ မရေတွက်ခဲ့မိ၍ မမှတ်မိသော်လည်း အဆင့် ၅ ဆင့်ခန့် ရှိမည်ထင်သည်။ အပေါ် ၃ ဆင့်လောက်အထိက အေးအေးဆေးဆေး မတ်တတ်ရပ်ရင်း လှမ်းယူလိုက်၊ ဖတ်လိုက် လုပ်လို့ရသည်။ ဟိုးအောက်က ၂ ဆင့်ကျတော့ အဲဒီလို လှမ်းယူဖို့ အဆင်မပြေလှ။ အဲဒီတော့ ကျွန်တော်ကတော့ စာအုပ်ခြင်းကို ဘေးမှာချ၊ စောင့်ကြောင့်ထိုင်ပြီး စာအုပ်တစ်အုပ်ချင်းကို ပြူးတူးပြဲတဲဖြင့် တစ်အုပ်ပြီးတစ်အုပ် ဟိုနှိုက်ဒီနှိုက်လုပ်၍ ဖတ်လေတော့သည်။ ဆိုင်ဝန်းထမ်းလေးတွေ တစ်နေရာတည်းမှာ နာရီဝက်လောက် မထတမ်း ဖတ်နေသည်မို့ တစ်မျိုးထင်သွားသည် ထင်ပါရဲ့။ ကျွန်တော့်ဘေးမှာ မယောင်မလည်နဲ့ ဟိုကြည့်ဒီကြည့် ကြည့်ကြသည်။ သိပ်တော့ မကြိုက်လှပေမယ့် သူတို့ကို သိပ်ပြီးတော့ ဂရုမစိုက်အား။ ကိုယ့်အာရုံတွေက စာအုပ်တွေထဲ ရောက်နေတာကိုး။ အတော်ကြာကြာ ဖတ်ပြီးတော့ ကျွန်တော်မတ်တတ်ရပ်ပြီး ဘယ်စာအုပ်ကို ရွေးရမလဲ၊ ၀ယ်ရမလဲ စဉ်းစားရသည်။ စာအုပ်တွေက အကုန်လုံး လိုချင်စရာတွေချည်းကိုး။ အောင်ထွဋ်ရဲ့နာမည်နဲ့ စာအုပ်လေးတစ်အုပ်ကို မြင်လိုက်ရ၍ လှမ်းကိုင်ကြည့်မိသည်။ ကျော်မင်းဆွေတို့ ဘော်ချက်ထားသောစာအုပ် (ကျွန်တော်က အဲဒီလိုပဲ နာမည်ပေးထားသည်၊ ဘာကြောင့်လဲဆိုတာ အကြောင်းသိများ သိပါလိမ့်မည်) ဖြစ်သည်။ အလိုလိုပြုံးမိပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်မိသည်။ အဲဒါကို ဆိုင်ဝန်ထမ်းကောင်လေးက ဘယ်လို သဘောပေါက်သွားသည် မသိချေ။ ကျွန်တော့်နား ကပ်လာသည်။ ထို့နောက် သူလုပ်နေကျအလုပ်ကို လုပ်ရှာပါသည်။

အစ်ကို အဲဒီစာအုပ်က ကောင်းတယ်၊ ထွက်တာ မကြာသေးဘူးခင်ဗျ။
သြော်... အေးအေး၊ ကိုယ့်မှာ သူ့ရှေ့ကထွက်တဲ့ စာအုပ် ၂ အုပ် ၀ယ်ထားပြီးပြီကွ။ အားလုံးဖတ်ပြီးသားတွေ။
ဟာ... အစ်ကိုကလည်း ဒီစာအုပ်က အခုမှ အသစ်ထွက်တာခင်ဗျ။ အဲဒီစာရေးဆရာကလည်း လူကြိုက်များတယ်ဗျ။
ကျွန်တော်သူ့ကို တအံ့တသြ ကြည့်မိတယ်။
ညီလေးက ဆရာအောင်ထွဋ်ကို ကြိုက်တယ်လား။
အဲလိုတော့ မဟုတ်ပါဘူး အစ်ကိုရယ်၊ ၀ယ်တဲ့လူတွေလာရင် ခဏခဏ မေးတတ်လို့ မှတ်ထားတာပါ။ သူက စာအုပ်လည်း ထွက်တာနည်းတယ်ခင်ဗျ။ သူများတွေလို အများကြီးလည်း မထွက်ဘူး။ ဒါက နောက်ဆုံးထွက်ထားတဲ့ စာအုပ်အသစ်ပါ။

ကျွန်တော်သဘောပေါက်လိုက်ပါသည်။ အဲဒီဝန်ထမ်းသည် ဆရာအောင်ထွဋ်ဆိုတာ ဘယ်သူမှန်းလည်း မသိ၊ အောင်ထွဋ်ရေးတဲ့ ဘယ်စာအုပ်ကိုမှလည်း မဖတ်ဖူး၊ ယုတ်စွအဆုံး အဲဒီစာရေးဆရာဟာ အခု လူ့လောကမှာ မရှိတော့ဘူးဆိုတာကိုပါ သိထားခြင်းမရှိတဲ့ လူငယ်ပါ။ အဲဒါကြောင့် ကျွန်တော်က ဖတ်ပြီးသားတွေလို့ ပြောတာကို မယုံမကြည်နဲ့ စာအုပ်သစ်လို့ အတင်းညွှန်းနေခြင်း ဖြစ်ပါလိမ့်မည်။ သူ ကျွန်တော့်ကို ညွှန်းတဲ့စာအုပ်က "နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ချောတိုင်တက်သူများ" ဖြစ်ပါသည်။ ကျွန်တော်ဝယ်ထားပြီး ကိုယ်ပိုင်ရှိသော စာအုပ် ၂ အုပ်ကတော့ -
(၁) နိုင်ငံရေး၊ နိုင်ငံ့အရေးနှင့် သန်း ၅၀ ကို အနိုင်ပေးပါ
(၂) အပြောင်းအလဲအတွက် လူထုလိုသည်

အဲဒီဝန်ထမ်းလေးနဲ့ တွေ့ပြီးတဲ့အချိန်မှာ တွေးမိတာတစ်ခုက ဆရာအောင်ထွဋ်များ တမလွန်ကနေ စာအုပ်တွေရေးပြီး လှမ်းပို့နေသလားဆိုတာပါ။ ဆရာအောင်ထွဋ်ခမျာ မြန်မာ့နိုင်ငံရေးအတွက် နောက်ဆံတတင်းတင်းနဲ့ သေသွားခဲ့ရှာသလားလို့ တွေးမိပြန်တော့ ရင်ထဲမှာ မကောင်းပြန်ဘူး။

(ဃ)
အခုပြောမှာကတော့ တော်ဝင်စင်တာကနေ ပြန်အထွက်မှာ ကြုံခဲ့တဲ့ အဖြစ်အပျက်ပါ။ ဖတ်ကြည့်ပါဦးနော်။

ဝယ်ချင်တာဝယ်ပြီး ပြန်ထွက်လာတော့ အပေါက်မှာ မြင်လိုက်ရတာက လူငယ်မင်းသမီးသစ်လေး ၀ါဆိုမိုးဦးပါ။ အင်တာနက်ဘော်ဒါတွေနဲ့ ရင်းနှီးပြီးသားမို့ အထူးအထွေ မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ အဲဒီနေ့က ၀ါဆိုမိုးဦးဟာ အင်တာနက်က ဓာတ်ပုံတွေထက်တောင် လန်းသေးတယ်ဗျာ။ အလန်းလွန်နေတော့ ကျွန်တော်ကိုဉာဏ်ဖြင့် မျက်စိတွေတောင်ရှက်တယ်။ အကြာကြီးမကြည့်ရဲပေမယ့် မကြည့်ဘဲတော့လည်း မနေနိုင်ဘူးလေ။ ခိုးခိုးပြီး ကြည့်ရတာပေါ့။ ကြည့်စေချင်လို့မှ ၀တ်ထားတဲ့ဟာကို ကျွန်တော်တို့က မကြည့်ဘူးဆိုရင် လူမှုရေး မသိတတ်သလို ဖြစ်မယ်မဟုတ်လား။ သူတောင် အများပြည်သူ ဒီလောက်စည်းကားတဲ့ နေရာကို တာဇံနီးနီးဝတ်ပြီး လာရဲသေးတာ ကျွန်တော်တို့က ဘဇာကြောင့် မကြည့်ရဲရမှာတုန်း မဟုတ်ဘူးလား။ ထားပါတော့... ပြောချင်တာက အဲဒါမဟုတ်။ ၀ါဆိုမိုးဦးရယ်၊ သူနဲ့ ဘာတော်မှန်းမသိသော အမျိုးသမီး အန်တီကြီးတစ်ဦးရယ် တော်ဝင်စင်တာထဲ ၀င်လာကြသည်။ လုံခြုံရေးအရ စစ်ဆေးသည့် အပေါက်ကို ဖြတ်ရ၀င်ရသည်။ ၀ါဆိုမိုးဦးက ပုံမှန်လမ်းလျှောက်သလို လျှောက်ပြီးတော့ ၀င်သွားလိုက်သည်။ နောက်ကအန်တီကြီးကသာ လက်ကိုင်အိတ်ကို ဖွင့်ပြရ၊ အသံမြည်တာကို ထုတ်ပြရနှင့် အတော်အလုပ်များသွားပုံရသည်။ ကျွန်တော့်သူငယ်ချင်းနှင့် အတူပါလာသော သူ့ညီ အငယ်ဆုံးလေး အသက် ၂၀ က မှတ်ချက်ဝင်ပေးလိုက်တော့ ကျွန်တော့်မှာ မပြုံးဘဲ အသံထွက်ပြီးတော့ကို ရယ်မိပါတော့သည်။

ကျွန်တော်သာ လုံခြုံရေးဆိုရင် ၀ါဆိုမိုးဦးကို အဲဒီစစ်တဲ့ အခန်းထဲကနေ ဖြတ်ခိုင်းမနေပါဘူးဗျာ။ သူ့တစ်ကိုယ်လုံးမှာ ကြီးကြီးမားမား ပါတဲ့ပစ္စည်းဆိုလို့ နေကာမျက်မှန်တစ်ခုပဲ ရှိတဲ့ဟာပဲတဲ့။

ဟုတ်ပေသား၊ သူပြောကာမှ ပြန်တွေးကြည့်မိသည်။ တစ်ကိုယ်လုံးမှာ အင်္ကျီဆိုတာကလည်း ပါးလှပ်ပြီး အဖြစ်ဝတ်ထားရုံသာ၊ ဘောင်းဘီအတိုဆိုတာကလည်း ယောက်ျားလေးတွေဝတ်တဲ့ အတွင်းခံဘောင်းဘီကမှ နည်းနည်းကြီးဦးမည်။ အဲဒီ အင်္ကျီရယ်၊ ဘောင်းဘီရယ်ကလွဲရင် ကျန်တာက မိမွေးတိုင်း၊ ဖမွေးတိုင်းနီးနီး ဖြစ်သည်။ ဟုတ်ပ... ဒီလိုလူတစ်ယောက်ကို ဘာများ မသင်္ကာဖြစ်ပြီး စစ်ဆေးနေရသေးလဲဗျာ။ အသက် ၂၀ ပေးလိုက်တဲ့ မှတ်ချက်က အသက် ၃၀ ကျော် ကိုဉာဏ်အတွက် တွေးမဆုံး၊ ပြုံးမဆုံး၊ ဟားမဆုံးပါဗျာ။ လုံခြုံရေးဝန်ထမ်းများ အလုပ်ရှုပ်သက်သာစေသော အမျိုးသမီးငယ်လေးများ အလုံးအရင်းနဲ့ ပေါ်ထွက်လာပါစေလို့ ဆုတောင်းလိုက်ရရင်တော့ မကောင်းရှိရော့မယ်... ဟင်း။

ဒီမျှနှင့် တော်ပါရစေဦးဗျာ။ ရယ်မောပျော်ရွှင်ဖွယ်ရာတွေကို ခံစားနိုင်ကြပါစေ။ ကျွန်တော့်အတွက် အူလှိုက်သည်းလှိုက် ရယ်ပွဲဖွဲ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေမယ့် အရေးအသား မပြေပြစ်မှု၊ ပုံဖော်နိုင်ခြင်း အားနည်းမှုတို့ကြောင့် မရယ်ရခဲ့ရင် တောင်းပန်ပါတယ်ဗျာ။ ခေါင်းစဉ်မှာ ရယ်မိ ပြုံးမိသောလို့ ပေးထားပြီး မရယ်မပြုံးရရင် ကျွန်တော်ကိုဉာဏ် ညံ့လို့ပါ။ အားလုံးပဲ ပျော်ရွှင်ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်၊ အင်္ဂါနေ့။
နံနက် ၁၁ နာရီ ၀၇ မိနစ်တွင်ပြီး၏။

မြန်မာမှုဆိုင်ရာ ဝေါဟာရများ (၃)


ကျောက်ပျဉ်
n. flat, usually circular stone used for grinding Thanakha.

ကျင့်ဝတ်
n. rules of conduct; moral code.

ကျောင်းထိုင်ဆရာတော်
n. presiding monk at a monastery.

ကျောင်းအစ်မ
n. lady who sponsors a building of monastery.

ကျိုင်း
n. kind of staff used by Myanmar royalty and nobility as an emblem of rank.

ကျတ်တီးကုန်း
n. barren high ground.

ကျိန် (ကျိန်စာတိုက်)
v. curse with harm or evil to others.

ကျိန်း (ကျိန်းစက်)
v. (of sacred objects) reside lie; (of holy persons) sleep.

ကြငှန်း
n. tiered parasol placed over the royal bedstead; (arch) palace.

ကြေးစည်
n. triangular brass gong.

ကြေးနောင်
n. small brass gong of the traditional Myanmar brass gong circle.

ကြေးဝိုင်း
n. Myanmar brass gong circle.

ကြိုးသီချင်း
n. type of classical song composed for the Myanmar harp.

[ကျော်စိုးမိုးစာတည်းအဖွဲ့၊ မြန်မာမှုဆိုင်ရာဝေါဟာရများ]

သူအ အိပ်မက်


ယော သိေဿာ သိပ္ပလောဘေန၊
ဗဟုံ ဂဏှာတိ တံ သိပ္ပံ။
မူဂေါဝ သုပိနံ ပဿံ၊
ကထေတုမ္ပိ န ဥဿဟေ။

တပည့်တစ်ယောက်သည် အတတ်ပညာကို လိုချင်လွန်းလှသဖြင့် အမျိုးအမည် များစွာသော အတတ်ပညာကို သင်ယူ၏။ ထိုသူသည် အိပ်မက်မက်သော သူအ,ကဲ့သို့ မိမိ သင်ယူခဲ့သော အတတ်ပညာတို့ကို ပြောပြရုံမျှပင် မတတ်နိုင်ချေ။

Monday, February 18, 2013

လူဆိုတာ အညွန့်နှင့်


ဟီနပုတ္တော ရာဇာမစ္စော၊
ဗာလပုတ္တော စ ပဏ္ဍိတော။
အဓနဿ ဓနံ ဗဟု၊
ပုရိသာနံ န မညထ။

အောက်တန်းစားမျိုးရိုးမှ ဖွားမြင်လာသူ ဖြစ်ပါလျက် မင်းဖြစ်လာတတ်၏။ အမတ် ဖြစ်လာတတ်၏။
လူမိုက်၏သား ဖြစ်ပါလျက် ပညာရှိ ဖြစ်လာတတ်၏။
မရှိဆင်းရဲသူ ဖြစ်ပါလျက် ဥစ္စာများစွာ ပိုင်စိုးသူ ဖြစ်လာတတ်၏။
ထို့ကြောင့် လူတို့ကို မထင်အမြင် မသေးရာ။

Thursday, February 14, 2013

လူ့ပေါက်ပန်း


ရူပယောဗ္ဗန သမ္ပန္နာ၊
ဝိသာလကုလ သမ္ဘ၀ါ။
ဝိဇ္ဇာ ဟီနာ န သောဘန္တိ၊
နိဂန္ဓာ ဣ၀ ကိံသုကာ။

အဆင်းလှလှ အရွယ်ကောင်းကောင်း ဖြစ်သော်ငြားလည်း၊ ဆွေးကြီးမျိုးကြီးမှ ဖွားမြင်လာသူ ဖြစ်သော်ငြားလည်း အတတ်ပညာ ချို့တဲ့နေပါက ထိုသူသည် မွှေးရနံ့မရှိသော ပေါက်ပန်းကဲ့သို့ လူ့ဘောင်လောက၌ မတင့်တယ်နိုင်ပေ။

Wednesday, February 13, 2013

လတ်တလော လူပြောအများဆုံး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာကဗျာစု



နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကို ငါတို့ဆီ ပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက် တာဝန်ကျေပြီ။

ခင်ကြည်...
ညည်းယောက်ျားကို သေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေး တစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူစား
နိုင်ငံ့ခေါင်းဆောင်ငမွဲကို
ညည်း… စိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။

ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင် ရှက်နေရှာဦးမယ်။

ဆရာတော်ဦးသောဘိတ....
နောက်တစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချဆိုတာ
တပည့်တော်တို့အတွက်ပါဘုရား။

ဦးဘ၀င်း..
ခင်ဗျားညီ အငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။

ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျား တင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။

ဟေ့လူ... ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းကကြည့်ကြည့် ၊ တစ်မတ်တန်းကကြည့်ကြည့်
သွားမတားပါနဲ့။
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့သူ
စိတ်လွတ်ကိုယ်လွတ် ခံစားပါစေဗျ။

ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား… ခင်ဗျားကို လက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိ အဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ အဲဒီလိုပြောရဲတာ တစ်ကောင်မှမရှိဘူး။

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံး မဟုတ်လား။

ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်။ ခွင့်လွှတ်လို့တော့ မရသေးဘူး။
ဒါပေမဲ့… မပူပါနဲ့။
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေ အများကြီးရယ်။

မစ္စတာနေရူး...
ခင်ဗျား သူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။

ပဲခူးဆောင်...
ခင်ဗျားအခန်းထဲကကြမ်းပိုးတွေ မောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူ…ဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ ဇိမ်နဲ့နေနေရတာ။

ညိုညိုစိန်....
ညည်းတစ်သက်လုံး မင်းသမီးလုပ်လာတာ အနယ်နယ်အရပ်ရပ်
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊ တွေ့ဖူးရဲ့လား
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်း ထသွားရဲ့မဟုတ်လား။

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအင်္ကျီအိတ်ကြီး ပြဲသွားအောင်
ဖောင်တိန်ကိုဆွဲလုလိုက်တာ မအံ့သြပါနဲ့
၃၂ နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း။

ဦးဋ္ဌေးမြိုင် (သို့) ဒဂုန်တာရာ.....
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက် သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ
နှလုံးသားမရှိတာ မဟုတ်ပါဘူး။
နှလုံးသား ရှိလွန်းလို့ပါ။

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက် လှည့်မထားပါနဲ့
ခင်ဗျားကိုမြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။

ရဲဘော်ကလေးတွေ....
စိတ်မကောင်းမဖြစ်နဲ့
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။

ပြည်ထဲရေးဝန်ကြီး ဦးမြ...
ခင်ဗျား…. မှားတယ်
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။

ကိုကျော့မောင်....
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံ သင်ယူခဲ့တဲ့ ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေ မပါဘူး။

မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့
နိုင်ငံရေးလောက,က ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့သူ
ကျည်ဆံ ၁၃ တောင့် စိုက်သွားပြီ
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ။

မှတ်ချက်
အထက်ပါစာစုများသည် ယခုလောလောဆယ် Facebook စာမျက်နှာများနှင့် အခြားသော ဘလော့ဂ်များတွင် အပြန်အလှန်ဝေမျှနေကြသည့် စာစုများဖြစ်ပါသည်။ ပြန်လည်ဝေမျှသူများက ကဗျာဟု သတ်မှတ်ဝေမျှနေကြခြင်း ဖြစ်သော်လည်း မူလရေးသားသူကမူ သူ၏ Facebook စာမျက်နှာတွင် အတွေးများကို ဆစ်ပိုင်းဆစ်ပိုင်း ရေးသားခဲ့ခြင်းသာ ဖြစ်ပါသည်။ ယခုအပေါ်တွင် ဖော်ပြထားသည့်အတိုင်း ကဗျာတစ်ပုဒ်အဖြစ် စုစည်းရေးသားခဲ့ခြင်း မဟုတ်ဘဲ တစ်ပိုင်းစီ ရေးသားခဲ့သည်များကို စုစည်းလိုက်ခြင်း ဖြစ်ကြောင်း တွေ့ရပါသည်။ မည်သို့ပင်ဖြစ်စေ မူလရေးသားသူက ရည်ရွယ်ရေးသည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ ကာရန်ပါသည်ဖြစ်စေ၊ ကာရန်မပါသည်ဖြစ်စေ၊ ကဗျာဟုတ်သည်ဖြစ်စေ၊ ကဗျာမဟုတ်သည်ဖြစ်စေ၊ သေချာသည်ကတော့ အဆိုပါစာစုများကို ဖတ်ပြီးချိန်တွင် ရင်ထဲ၌ တစ်ခုခု ကျန်ခဲ့ခြင်းဖြစ်ပါသည်။ လွမ်းဆွတ်မှု ဖြစ်ကောင်းဖြစ်မည်၊ တမ်းတမှုဖြစ်ကောင်းဖြစ်မည်၊ ဇာတိသွေးဇာတိမာန် ဖြစ်ကောင်းဖြစ်မည်၊ ပျော်ရွှင်ကျေနပ်မှု ဖြစ်ကောင်းဖြစ်မည်၊ စိတ်ပျက်ဝမ်းနည်းမှု ဖြစ်ကောင်းဖြစ်မည်၊ ဂုဏ်ယူဝံ့ကြွားမှု ဖြစ်ကောင်းဖြစ်မည်၊ သေချာသည်ကတော့ တစ်ခုခု ခံစားရသည် ဆိုခြင်းပင်။ ထို့အတွက် မူလရေးသားသူအား ချီးကျူးမိပါကြောင်းနှင့် ယခုစာစုများအတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ဤနေရာမှ မှတ်တမ်းတင်အပ်ပါသည်။

မူလရေးသားသူ၏ Facebook စာမျက်နှာမှာ - http://www.facebook.com/heinn.fivestrings ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့



ယနေ့သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဖြစ်ပါသည်။
သာမန်အားဖြင့် ယနေ့သည်လည်း အခြားနေ့ရက်များနည်းတူ သာမန်နေ့ရက်တစ်ခုမျှသာဖြစ်ပါသည်။
သို့သော် ဖေဖော်ဝါရီလ ၁၃ ရက် ဟူသည့် နေ့ရက်တစ်ခုအတွက် ကျွန်တော်တို့မြန်မာတွေမှာ အမှတ်တရ ဖြစ်စရာ၊ သတိရစရာ၊ လွမ်းဆွတ်စရာ၊ တမ်းတစရာ၊ အောက်မေ့စရာ သမိုင်းကြောင်းလေးတစ်ခု ရှိပါသည်။
အဘယ်သို့သော သမိုင်းကြောင်းနည်း။
အခြားမဟုတ်ချေ။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ချစ်ခင်လေးစားကြရသည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အလောင်းအလျာလေးကို မွေးဖွားသန့်စင်ခဲ့သည့် နေ့တစ်နေ့ ဖြစ်သောကြောင့်ပင်။
နတ်မောက်ဆိုတဲ့ မြို့လေးတစ်ခုမှာ ရှေ့နေဦးဖာရဲ့ဇနီး ဒေါ်စုဆိုတဲ့ အမျိုးသမီးတစ်ဦးက ငယ်နာမည် မောင်ထိန်လင်းလို့ ခေါ်ဝေါ်တဲ့ ကလေးငယ်တစ်ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၁၅ ခုနှစ်မှာပေါ့။
သူမွေးလိုက်တဲ့ ကလေးဟာ နောင်တစ်ချိန်မှာ မြန်မာနိုင်ငံကြီးကို သူ့ကျွန်ဘ၀ကလွတ်အောင် ကယ်တင်လိမ့်မယ်၊ မြန်မာ့ရေမြေပေါ်က တိုင်းရင်းသားညီအစ်ကိုတွေကို စည်းလုံးညီညွတ်အောင် ကြံဆောင်ကြိုးပမ်းလိမ့်မယ်၊ မြန်မာ့တပ်မတော်ကို ဖွဲ့စည်းတည်ထောင်လိမ့်မယ်လို့ မွေးမိခင်ရင်းဖြစ်တဲ့ ဒေါ်စုအပါအ၀င် ဘယ်သူကမျှ ထင်မှတ်ခဲ့ကြလိမ့်မယ် မဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်အတွက် ဗိုလ်ချုပ်အောင်ဆန်း ဘယ်လိုကြိုးပမ်းခဲ့တယ်၊ ပေးဆပ်ခဲ့တယ်ဆိုတာ အားလုံးအသိမို့ ရေခင်းမပြလိုတော့ပါ။
သူပေးဆပ်ခဲ့တာတွေနဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ မွေးနေ့ရက်လေးတစ်ခုကို ကျွန်တော်တို့တွေ အမှတ်ထင်ထင်ရှိတာ၊ အလေးအမြတ် ထားတာဟာ မပြောပလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်။
သြော်... ဒီနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါလားဆိုတဲ့ အသိတစ်ချက် ၀င်သွားရင်ပဲ ဗိုလ်ချုပ်ရဲ့ ကျေးဇူးကို အောက်မေ့တဲ့ သဘော သက်ရောက်တယ်လို့ ကျွန်တော်က ဆိုချင်ပါတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်လို ရိုးသားဖို့လိုတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်လို ကြိုးစားဖို့လိုတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်လို ပေးဆပ်တဲ့စိတ် မွေးဖို့လိုတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်လို ရဲရင့်ဖို့လိုတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်လို အမြင်ကျယ်ဖို့လိုတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်လို တိုင်းပြည်အပေါ် သစ္စာရှိဖို့လိုတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်လို သန္နိဋ္ဌာန်စိတ်မွေးဖို့လိုတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်ပြောခဲ့တာတွေကို နှလုံးသွင်းဖို့လိုတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံအတွက် ဘုရားသခင်ပေးတဲ့ လက်ဆောင်။
တစ်ဦးပိုင် တစ်ဖွဲ့ပိုင် လုံးဝမဟုတ်ဘူး။
မြန်မာတစ်နိုင်ငံလုံးက ဗိုလ်ချုပ်ကို ပိုင်တယ်။
ကြွေလွင့်သွားရှာပြီဖြစ်တဲ့ အာဇာနည်တစ်ဦးဟာ ဘယ်သူ့ရဲ့ ခုတုံးလုပ်ခံရဖို့မျှ မဟုတ်ဘူး။
သူ့ဟာသူ လှနေပြီးသားပန်းကို အရောင်စိုအောင် ဆေးမသုတ်ချင်ကြပါနဲ့။ ဆေးမမှုတ်ချင်ကြပါနဲ့။
ဗိုလ်ချုပ်ကို ချစ်တယ်မလား။ ဗိုလ်ချုပ်ကျင့်ကြံခဲ့သလို ကျင့်ကြံနေထိုင်ကြပေါ့ဗျာ။
ဗိုလ်ချုပ်ကိုချစ်တယ်ပြောပြီး အသက်စွန့်ဖို့ နေနေသာသာ ကိုယ့်အတ္တကိုယ်တောင် မစွန့်နိုင်သေးပဲနဲ့တော့ နားစမ်းပါဗျာလို့ ကျွန်တော်ကိုဉာဏ်က ပြောလိုက်ချင်ပါရဲ့ဗျာ။
ဘုရားစကားနားထောင်တာဟာ ဘုရားကို ချစ်တာနဲ့ အတူတူပဲတဲ့။
မိဘစကားကို နားထောင်တာဟာ မိဘကို ချစ်တာနဲ့ အတူတူပဲတဲ့။
ဒါဆိုရင်...
ကျွန်တော်တို့တွေရော ဗိုလ်ချုပ်ကို ချစ်ကြသလားဗျ... ဟင်။ အောင်ဆန်းကို ချစ်ပါတယ်လို့ ပြောနေရုံနဲ့ မပြီးဘူး။ အောင်ဆန်းကို လွမ်းလိုက်တာလို့ တမ်းတနေရုံနဲ့ မပြီးဘူး။ အောင်ဆန်းယူပေးခဲ့တဲ့ လွတ်လပ်ရေးက နှစ်ပေါင်း ဘယ်လောက်ရှိပြီတုန်း။ အခုနေများ အောင်ဆန်းအသက်ပြန်ရှင်ရင် ဟင်... ငါရှိတုန်းကနဲ့ ဘာမျှလည်း သိပ်မထူးခြားပါလားလို့ ပြောမယ်ထင်တယ်။ လူငယ်တွေ ဘာလုပ်နေကြသလဲ။ အောင်ဆန်းဆိုတဲ့လူငယ် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တုန်းက အသက်ဘယ်လောက်ပဲ ရှိသေးလဲဆိုတာ ပြန်တွေးစေချင်ပါတယ်။ ဘေးထိုင်ဘုပြောနေမယ့်အစား သူကအစ... ငါကအဆုံး... လက်ရုံးများမြောင်... ဉာဏ်များမြောင်နဲ့... စွမ်းဆောင်ကြလေ... ဆောင်ကြလေလော့... ဆိုတဲ့ ဆရာဇော်ဂျီရဲ့ တိုက်တွန်းချက်လို ကြိုးပမ်းသင့်ကြတယ်လို့ ထင်မြင်မိကြောင်းပါ။
(အောင်ဆန်းလို့ သုံးနှုန်းတဲ့အတွက် ရိုင်းတယ်လို့ မယူဆစေလိုပါ။ အဲဒီစာသားတွေနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းလို့ ရေးတာ၊ ပြောတာထက်စာရင် အောင်ဆန်းလို့ သုံးနှုန်းတာက ပိုပြီးတော့ ရင်ထဲကို ထိစေတယ်လို့ ထင်လို့ပါ။ စာဖတ်သူများလည်း အစားထိုးပြီး ဖတ်ကြည့်စေချင်ပါတယ်။ အမြင်မတူလျှင်ဖြင့် ၀န္ဒာမိပါလို့...။)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
မွန်းလွဲ ၂ နာရီ ၅၈ မိနစ်တွင်ပြီး၏။

Tuesday, February 12, 2013

(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့


လွန်ခဲ့သည့် ၆၆ နှစ်ကာလ ဒီလိုအချိန်မှာ ရှမ်းပြည်နယ်က ပင်လုံဆိုတဲ့ မြို့ကလေးမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်။ သဘောတူစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်။ အစည်းအဝေးလုပ်ပြီး လက်မှတ်ထိုးတဲ့ မြို့လေးကို အစွဲပြုပြီး ပင်လုံစာချုပ်လို့ အမည်ပေးခဲ့ကြတယ်။ အဲဒီစာချုပ်လေးဟာ နောက်တစ်နှစ်ခန့်အကြာမှာ ရရှိတော့မယ့် မြန်မာ့လွတ်လပ်ရေးအတွက် ဘယ်လောက်အထိ အရေးပါတယ်ဆိုတာ အဲဒီအချိန်က တွေးမိချင်မှ တွေးမိကောင်းလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ အဲဒီစာချုပ်ဟာ ဘယ်လောက်အထိ တာသွားခဲ့တယ်၊ ဘယ်လောက်အထိ အဓိပ္ပါယ် ပြည့်ဝခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။ ဗမာ၊ ကချင်၊ ချင်း၊ ရှမ်း၊ စတဲ့ တိုင်းရင်းသားတွေအားလုံးဟာ ဒီမြေ၊ ဒီရေပေါ်မှာ ဥမကွဲ၊ သိုက်မပျက် နေထိုင်ကြမယ်၊ နေရာဒေသတွေသာ ကွဲပြားနေမယ် ပြည်ထောင်စုမြန်မာနိုင်ငံသား ဆိုတဲ့စိတ်က အပြည့်ပဲဆိုတာ ပြသရမယ်၊ ဘာသာစကားတွေသာ မတူရမယ် မြန်မာနိုင်ငံအတွင်းမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေထိုင်မယ်ဆိုတဲ့စိတ်က တူညီကြတယ်၊ စတဲ့အချက်တွေကို ပြသနိုင်ခဲ့တဲ့ ပင်လုံစာချုပ် ချုပ်ဆိုတဲ့နေ့ကို ဂုဏ်ပြုသတ်မှတ်ထားတဲ့ ပြည်ထောင်စုနေ့ဟာ ဒီနေ့ဆိုရင် ၆၆ နှစ် တိုင်ခဲ့ပါပြီဗျာ။ ဒီနေ့မှစပြီး နေ့စဉ်နေ့တိုင်း ပြည်ထောင်စုစိတ်ဓာတ် မွေးမြူပြီး ဒီနိုင်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲအောင်၊ ဒီနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်အောင်၊ ဒီနိုင်ငံကြီး သာယာငြိမ်းချမ်းအောင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးအားလုံးက စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။


အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ အင်္ဂါနေ့။
နံနက် ၁၀ နာရီ ၃၀ မိနစ်။

Monday, February 11, 2013

မရောင့်ရဲခြင်း လေးမျိုး


န တိတ္တိ ရာဇာ နေမှိ၊
ပဏ္ဍိတောပိ သုဘာသိတေ။
စက္ခုံ ပိ ပိယဒဿနေ၊
ဇလေ သာဂရော န တိတ္တိ။

မင်းသည် ဥစ္စာ၌ မရောင့်ရဲ။
ပညာရှိသည် စကားကောင်း ပြောဆိုခြင်း၌ မရောင့်ရဲ။
မျက်စိသည် ချစ်သူကို ကြည့်ခြင်း၌ မရောင့်ရဲ။
သမုဒ္ဒရာသည် ရေ၌ မရောင့်ရဲ။

Saturday, February 09, 2013

သမ္မတကြီး ဦးသိန်းစိန် နှင့် ကိုမြ


ပထမဆုံး အနည်းငယ် ရှင်းပြချင်သည်က အစအဆုံးမဖတ်ဘဲ ဒီပို့စ်ရဲ့ခေါင်းစဉ်ကိုဖတ်ရုံမျှဖြင့် ဘာကိုပြောမှန်း၊ ဘာကိုဆိုလိုမှန်း နားလည်နိုင်လိမ့်မည်မဟုတ် ဟူသောအချက် ဖြစ်ပါသည်။ ဒီပို့စ်တွင် အပိုင်း ၂ ခု ပါဝင်ပါသည်။ ပထမပိုင်းက ဟာသတစ်ပုဒ်၊ ဒုတိယတစ်ပိုင်းက ကျွန်တော့်အတွေး။ ဒီ ၂ ပိုင်းကို သီးခြားဖတ်လျှင် သူ့သဘောသူဆောင် ကြပါလိမ့်မည်၊ ကျွန်တော် ပြောချင်သည်ကိုတော့ ရောက်မည်မဟုတ်။ ထိုနှစ်ခု ပေါင်းလိုက်လျှင်တော့ ကျွန်တော်ကိုဉာဏ် တွေးမိသည့် အတွေးများကို ဆ၀ါးနိုင်ကြလိမ့်မည်ဟု ကြိုတင်၍ နိဒါန်းချီလိုက်ရပါသည်ခင်ဗျား။

ချစ်တယ်ဆို၊ မောင်ကောင်းထိုက်
"ကိုမြ ဈေးကို ပြေးလိုက်စမ်းပါ"
"ပြေးပြီ အချစ်ရေ"
"ကိုမြ ထမင်းအိုး တည်လိုက်ပါ"
"တည်နေပါပြီ အသက်"
"ကိုမြ အိမ်သန့်ရှင်းရေးကို ဘယ်တော့လုပ်မှာလဲ"
"လုပ်နေပါပြီ မောင့်ဒါလီရယ်"
"ကိုမြ အ၀တ်တွေလျှော်လိုက်ပါဦး"
"လျှော်နေပြီ ဒါလင်ရေ လျှော်နေပြီ"
"ကိုမြ ပြောင်းဖူးပြုတ်လိုက်စမ်းပါ"
"ပြုတ်ထားတာ ကျက်တောင်ကျက်တော့မယ် မိုးနတ်မယ်ရယ်"
"ကိုမြ မီးပူတိုက်လိုက်ပါ"
"တိုက်နေပါပြီ မင်းသမီးရယ်"
"ကိုမြ ပန်းကန်ခွက်ယောက်တွေကို မဆေးကြောတော့ဘူးလား"
"ဆေးနေပြီ ချောကလျာရေ"
"ကိုမြ အိပ်ရာထဲကို ကော်ဖီခါးခါးတစ်ခွက် ယူခဲ့စမ်းပါ"
"ယူလာနေပါပြီ သက်ထားရယ်"
"ကိုမြ လခ ဘယ်မှာလဲ၊ ပေး"
"ယူ..ယူ... အကုန်ယူတော်မူ မောင့်သည်းအူရေ"
"ကိုမြ အိမ်ကို ပြင်ချိန် တန်နေပြီနော်"
"ပြောတာ နောက်တောင်ကျနေပြီ လှဒေ၀ီရေ၊ မောင် ဆေးစသုတ်နေပြီကွဲ့"
"အဲဒါဆိုပြီးရော၊ ကိုင်း အခု ကျွန်မကို လာချစ်လှဲ့"
ဘာသံမျှ မကြားရ။
"ကိုမြ ရှင်ဘယ်မှာလဲ"
တိတ်ဆိတ်နေမြဲ။
"သေပြီထင်တယ်။ ဟင်း.... ပြောတော့ ချစ်တယ်တဲ့"

ကျွန်တော့်အတွေး (ဦးသိန်းစိန်ဟာ ကိုမြလား)
အမှန်အတိုင်းပြောရလျှင် ဒီဟာသကို တင်ပေးဖို့ အတော်ကြီးကို စဉ်းစားရပါသည်။ ပထမတစ်ချက်က ဟာသက နည်းနည်းဝါနေသောကြောင့် ဖြစ်သည်။ သို့သော် ဟာသကို ဟာသလို သဘောထားလျှင် ပြီးတာပဲဟု ဆုံးဖြတ်လိုက်မိသည်။ ဒုတိယတစ်ချက်က ကျွန်တော်တွေးမိသလို အခြားသူတွေ မတွေးမိလျှင် ကျွန်တော့်အတွက် အတော်ကို အူကြောင်ကြောင် နိုင်မယ့်ကိစ္စ ဖြစ်သည်။ ဟာသက ရသအရမ်းမြောက်လေတော့ ကျွန်တော့်အတွက်က ပထမဖတ်တဲ့တစ်ခေါက်ပဲ ဟာသအဖြစ် ရယ်မိသည်။ နောက်တစ်ခေါက်၊ နောက်တစ်ခေါက်တွေ ထပ်ဖတ်တိုင်း အခြားသော အကြောင်းအရာများကို ဆက်စပ်စဉ်းစားမိသည်။ အခုလောလောဆယ် စဉ်းစားမိတာက ဟာသကို ဖတ်ပြီးတဲ့အချိန်မှာ သမ္မတကြီး ဦးသိန်းစိန်ကို မျက်စိထဲမှာ ပြေးမြင်မိတာဖြစ်သည်။ ကုန်လွန်ခဲ့သည့် သမ္မတသက်တမ်းအတွင်း ဦးသိန်းစိန် လုပ်ဆောင်ခဲ့တာတွေသည် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းအတွက် ဆက်စပ်နေတာတွေချည်း ဖြစ်ပါသည်။ တိုက်ရိုက်လက်ငင်း အကျိုးကျေးဇူး ခံစားရတာတွေ ရှိသလို၊ သွယ်ဝိုက်၍ တစ်ဖက်တစ်လမ်းမှ အကျိုးဖြစ်ထွန်းစေတာတွေလည်း ရှိသည်။ တစ်ချို့တော့လည်း လက်အောက်က နားလည်မှုလွဲ၍ ဆေးကြောင့် လေးရတာတွေလည်း ရှိသည်။ သို့သော် သေချာသည်ကတော့ သမ္မတကြီး ဆုံးဖြတ်လုပ်ကိုင် ဆောင်ရွက်နေသမျှသည် ဒီတိုင်းပြည်အတွက်၊ ဒီနိုင်ငံသားတွေအတွက် ဖြစ်သည်ဆိုသောအချက်။ စေတနာတွေထဲမှာ စေတနာအမှားတွေ ပါကောင်းပါနိုင်တာပါပဲ။ အပြစ်မြင်လို့မဖြစ်၊ ဘယ်သူကရော ဒီနေ့ ဒီအချိန်မှာ ခြောက်ပစ်ကင်း သဲလဲစင် ရှိလို့တုန်း။ လိုရင်းကိုပြောရလျှင် မောင်ကောင်းထိုက်ရဲ့ ဟာသကို ဖတ်ပြီးတဲ့အချိန်မှာ ဦးသိန်းစိန်ဟာ ကိုမြများ ဖြစ်နေသလားလို့ တွေးမိသည်။ ကိုမြရဲ့ မိန်းမကတော့ ပြည်သူတွေပေါ့။ သူ့ခမျာ မလုပ်ဘူးလားဆိုတော့လည်း လုပ်လိုက်ရတာ စာဖတ်သူများ မြင်တဲ့အတိုင်း။ ဟော... ဒါပေမယ့် ဟာသထဲကလို တကယ်အရေးအကြီးဆုံး လုပ်ရမယ့်အချိန်ကျတော့ ခြေကုန်လက်ပမ်း ကျသွားပြီလား။ ဒါက ကျွန်တော့်ဉာဏ်လေးနဲ့ တွေးမိသလောက်သာ ဖြစ်ပါသည်။ စာဖတ်သူများထဲတွင် ကျွန်တော့်ထက် ပညာရင့်သန်သူတွေ၊ အတွေ့အကြုံများသူတွေ ပါဝင်မည်မှာ အငြင်းပွားဖွယ်မရှိ။ မိမိဉာဏ်ရှိသလောက် ဒီထက်မက ဖြန့်ကျက်တွေးနိုင်ပါလိမ့်မည်။ ကျွန်တော်ကိုဉာဏ် တွေးသလိုမဟုတ်ဘဲ အခြားအတွေးအမြင်များနဲ့ တစ်မူထူးစွာ၊ ပိုကောင်းစွာ တွေးနိုင်သူတွေလည်း ရှိပါလိမ့်မည်။ ရေခင်းမပြလိုပါ။ မောင်ကောင်းထိုက်ရဲ့ ဟာသမှာ မိန်းမလုပ်သူက "ဟင်း.... ပြောတော့ချစ်တယ်တဲ့" ဆိုတဲ့ ဒိုင်ယာလော့ခ်လေးနဲ့ နိဂုံးချုပ်ထားသည်။ ရယ်ရပါသည်၊ ပြုံးရပါသည်၊ ဟာသပေကိုး....။ သို့သော် သမ္မတကြီးရဲ့ မျက်နှာကို ပြေးမြင်မိတော့ ကျွန်တော်မပြုံးနိုင်တော့။ ဒါသည် ဟာသမဟုတ်တော့။ ကျွန်တော်တို့အားလုံး ၀ိုင်းတွေးရမည့်အချက်ဟု ကျွန်တော်မြင်သည်။ ကျွန်တော်ကိုယ်၌ကပဲ အကဲပိုလွန်းတာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ တွေးဆဆင်ခြင်နိုင်ကြရန်သာ ဖြစ်ပါသည်။ ကျွန်တော်ကိုဉာဏ်ကတော့ဖြင့်.....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်၊ စနေနေ့။
ညနေ ၅ နာရီ ၂၇ မိနစ်တွင်ပြီး၏။ 
အညွှန်း - မောင်ကောင်းထိုက် (နှီးပဒေါ)၊ အပြုံးလက်ဆောင်၊ စာမျက်နှာ ၆၇၊ ၆၈ 

လူတူမရှား ပညာတူရှား


မဏ္ဍုကေပိ ဥကြေ သီဟေ၊
သူကရေပိ ဥဟေ ဒီပေ။
ဗိဠာရေ သဒိသေ ဗျဂ္ဃေ၊
သဗ္ဗဓီရေ သိပ္ပသမေ။

ဆောင့်ကြောင့်ထိုင်တတ်ကာမျှဖြင့် ဖားသူငယ်ကို ခြင်္သေ့ဟု ခေါ်သင့်မည်လော။
အုတ်အုတ် မြည်တတ်ကာမျှဖြင့် ၀က်ကို ကျားသစ်ဟု ခေါ်သင့်မည်လော။
အဆင်းသဏ္ဌာန် တူရုံမျှဖြင့် ကြောင်ကို ကျားဟု ခေါ်သင့်မည်လော။
အလုံးစုံသော ပညာရှိတို့သည် အတတ်ပညာချင်း တူကြပါမည်လော။

Friday, February 08, 2013

သံပုရာသီးချဉ်တည်နည်း


သံပုရာသီးချဉ် အသုံးရအောင်တည်နည်းကား သံပုရာသီး အနုအနွမ်းတို့ကို မပါစေနှင့်။ ရင့်ရင့်ပြွမ်းပြွမ်း အမှည့်ဆွတ်စ လတ်လတ်ကို ပြာထည့်၍ အစပ်ရည်ကုန်အောင် လေးရက် ရေလဲ၍စိမ်လေ၊ ရက်စေ့လျှင် သံပုရာသီးကို ရေစင်အောင်ဆေး၍ နေမှာ တစ်နေ့လှမ်း၊ ခန့်ခန့်ထပ်ထပ်ရှိလျှင် ဆားရည်နှင့် နှစ်ရက်၊ သုံးရက် စိမ်ပြန်၊ သုံးရက်စေ့လျှင် နေပူလှမ်း၊ ခန့်ခန့်ထပ်ထပ်ရှိလျှင် လေးစိတ်ခွဲ၊ ဆားငန်ငန်သွပ်၍ နေမှာ တစ်နေ့လှမ်းပြီးလျှင် ငါးမြင်းရင်းငါးပိ၊ ငါးပတ်ငါးပိအသားကောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းကျို၍ ဆီးကို ကျက်စွာချက်၊ ဆီကျက်အေးနှင့်ဖျော်၊ သည်အရည်နှင့် သံပုရာသီး လေးစိတ်ခွဲထဲကို ၀င်အောင်နယ်၍ အိုးသန့်သန့်တွင် ကြပ်ကြပ်သိပ်၊ အပေါ်ကို ဖက်လုံစွာပိတ်၊ ကုပ်ကြပ်ကြပ်နှိပ်၊ ဆီကျက်၊ ဆားရည်ဖျော်၍ အပေါ်က တင်၊ တစ်နှစ် နှစ်နှစ် ခံ၏။ ချက်ဖယောင်းကဲ့သို့ နူးနပ်သည်။ အရသာလည်း လေးလေးကောင်းလှသည်။

သံပုရာသီးမှည့် အကောင်းတည်နည်းပြီး၏။

[ရှေးမြန်မာ စားတော်ကဲ၊ စားတော်ဆက်၊ စားဖိုသည် တို့၏ မြန်မာစားတော်ချက်ကျမ်း မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။]

မြန်မာမှုဆိုင်ရာ ဝေါဟာရများ (၂)


ကန်တော့
v. pay obeisance with one's hands clasped palm to palm and raised to touch one's forehead.

ကိန္နရာ၊ ကိန္နရီ
n. (male, female) mythical bird with human head and torso.

ကိန်းဝပ်
v. be enshrined.

ကပ္ပိ
v. make ritualistic preparations in accordance with Buddhist ordinances regarding the needs of Buddhist monks.

ကပ္ပိယ
n. lay attendant (to monasteries)

ကမ္ဗည်းထိုး
v. record in writing; inscribe.

ကုမ္မာရီ
n. maiden.

ကိုယ်လုပ်တော်
n. female personal attendant to a King or Queen.

ကျီးမနိုးပွဲ
n. customary pranks played by youths on the full moon night of Dazaungmour.

ကိုရင်
n. novice in the Buddhist order.

ကျေးဇူး
n. good deed for others.

ကျက်သရေ
n. grace; glory; nobility; honour;

ကျက်သရေခန်း
n. store-room in a Buddhist monastery. 

ကြွားချင်သူတို့ သတိပြု


မဏ္ဍုကေပိ ဥကြေ သီဟေ၊
ကာကဂ္ဂဟေ ပိယေ ပိယေ။
အပဏ္ဍိပိ ပဏ္ဍိ ဟုတွာ၊
ဓိရာ ပုစ္ဆေ ငယေ ငယေ။

ဖားသူငယ်သည် ဆောင့်ကြောင့် ထိုင်တတ်ကာမျှဖြင့် ငါ ခြင်္သေ့ဟု ထင်နေတတ်၏။ သူ့ကို ကျီးချီသော အခါတွင်ကား ချစ်ဆွေ ချစ်ဆွေဟု အော်မြည်တတ်၏။

ပညာမရှိသောသူသည်လည်း ပညာရှိယောင် ဆောင်နေရာက တကယ့်ပညာရှင်က အမေးခံရသောအခါ ငါ့ရှင် ငါ့ရှင်ဟု ပြောဆိုတတ်၏။

Thursday, February 07, 2013

မန်လည်ဆရာတော်ရဲ့ ပညာ အပေါင်း နှလုံးသား၊ မောင်သာချို



(တစ်) 
ပညာပြည့်ဝ၊
နှလုံးလှသော် ကိစ္စကြီးငယ်၊
ဆောက်သဖွယ်လျှင်
ကျဉ်းကျယ်ထွင်းဖောက်၊
ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏။

မဃဒေ၀ လင်္ကာသစ်ထဲက ကဗျာတစ်ပိုင်းတစ်စကို ကောက်နုတ်ဖော်ပြလိုက်ခြင်းပင် ဖြစ်ပါသည်။ ရေးဖွဲ့သူက မန်လည်ဆရာတော်ဘုရား။ "မာန်မလုပ်ချင်ဘု၊ မာန်လုပ်လျှင် လွယ်သည်သာပ၊ ငယ်မည်မှာ နကိုသတ်ရုံပဲ" စသည့် ဆရာတော်ကိုယ်တိုင် ဖွဲ့ဆိုခဲ့သော ကဗျာအရ ငယ်နာမည် မောင်မာ ဆိုတာကတော့ ထင်ရှားပါသည်။ ငယ်နာမည်ကို "" သတ်လိုက်ရုံနှင့် မာန်ဖြစ်သွားမည်ဟု ဆိုသည်မဟုတ်ပါလား။ သည်တော့ ငယ်နာမည် မောင်မာ။

အဖ သစ်ကုန်သည် ဦးထင်ညိုနှင့် အမိ ဒေါ်ဖြေတို့က မန်လည်မြို့တွင် မွေးဖွားခဲ့သော ပုဂ္ဂိုလ်လည်းဖြစ်ပါသည်။ ရဟန်းအမည် ရှင်ဇ၀န။ မြန်မာနှစ် ၁၂၀၃ ခု မွေး၊ ၁၂၈၂ ခု ပျံလွန်တော်မူ။ သက်တော် ၇၉ နှစ်၊ ၀ါတော် ၅၆ ၀ါ။ ဆရာတော်က ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ်ဦးတို့ကို မီလိုက်သူဖြစ်ရာ အင်္ဂလိပ်အစိုးရလက်ထက်၌ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ကို အဆက်ကပ် ခံတော်မူခဲ့ရသူလည်း ဖြစ်ပါသည်။ မဃဒေ၀လင်္ကာကတော့ ဆရာတော်၏ နာမည်ကျော်လက်ရာ။ အထက်တွင် ကောက်နုတ်ကိုးကား ဖော်ပြထားသည်က ထိုမဃဒေ၀လင်္ကာသစ်ထဲက။

(နှစ်)
ကဗျာစာသားကောက်နုတ်ချက်က ရှင်းပါသည်။ လောကကို အောင်မြင်ထိုးဖောက် ခရီးရောက်အောင် သွားနိုင်မည့် လူတစ်ယောက်တွင် နှစ်ခုလိုအပ်ပါသတဲ့။ တစ်ခုက ပညာ။ တစ်ခုက လှပသည့်နှလုံးသား။ ထိုနှစ်ခုပြည့်စုံလျှင် ကျွမ်းကျင်သော ဆောက်သမားက အကျဉ်း အကျယ်၊ အကြီး အငယ်ကို လိုသလို ထွင်းဖောက်ဖြတ်တောက်ကာ လိုရာပုံကို ရုပ်လုံးဖော်နိုင်သကဲ့သို့ ထိုပညာတတ်၍ စိတ်ထားလှသော လူကလည်း သူ့ဘ၀ရုပ်ပုံလွှာကို သူလိုသလို ထုဆစ်သွန်းဖွဲ့ နိုင်ပါလိမ့်မည်ဟု မန်လည်ဆရာတော်ဘုရားက ရေးဖွဲ့ထားခြင်းပင် ဖြစ်ပါသည်။

လောကုတ္တရာစာပေများနှင့်သာ နီးစပ်သော၊ နည်းပညာမထွန်းကားမီ ကုန်းဘောင်ခေတ်နှောင်းက ဗုဒ္ဓဘာသာ ရန်ဟန်းတစ်ပါးမျှသာဖြစ်သော မန်လည်ဆရာတော်ဘုရားလို ပုဂ္ဂိုလ်မျိုး၌ သည်လို ခေတ်မီအတွေးအမြင် ရှိနေတာက အံ့သြကြည်ညိုဖွယ် ကောင်းလှပါသည်။

လောက၌ ပညာတတ်ပြီး နှလုံးမလှတော့လည်း လိုရာမရောက်၊ စိတ်နေသဘောထား နှလုံးသားက လှပကာ ဘာပညာမှ မတတ်တော့လည်း ခရီးမတွင်။ ပညာ အပေါင်း နှလုံးသား ညီမျှခြင်း ဘ၀အောင်ပွဲ အယူအဆ။

(သုံး)
ကမ္ဘာကြီးကို လွှမ်းခြုံကြည့်လိုက်တော့ မန်လည်ဆရာတော်ဘုရား၏ ကဗျာစာသားထဲကအတိုင်းပင် ဖြစ်ပါသည်။

ဂျာမနီနိုင်ငံ၊ ဂူတင်ဘာ့ဂ်မြို့သား အယ်လ်ဘတ်အိုင်းစတိုင်း (Albert Einstein) ပညာဉာဏ်ထူးချွန်တာကတော့ လူတိုင်းသိပြီးသားပင် ဖြစ်ပါသည်။ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုရ၊ ၂၀ ရာစု၏ စံပြလူသား (Man of the century for 20th century)။ E=mc2 ညီမျှခြင်း၏ ဖခင်။ ဒါက ပညာကိစ္စ။ ထို့ပြင် သူက နှလုံးသားလှလေသတဲ့။ အ၀တ်အစားကို ဘယ်တော့မှ တောက်တောက်ပြောင်ပြောင် ခန့်ခန့်ထည်ထည်နှင့် ကိန်းကြီးခန်းကြီး မ၀တ်။ အရိုးဆုံး၊ အစုတ်ချာဆုံး ၀တ်ဆင်သူ။ အစ္စရေးသမ္မတအဖြစ် ကမ်းလှမ်းလာသည်ကို ငြင်းဆန်သူ။ ဒေါ်လာ ၁၅၀၀ တန် ချက်လက်မှတ်ကို စာအုပ်ညှုပ်ဖို့လောက်သာ တန်ဖိုးထားသူ။ သည်လို စိတ်နေစိတ်ထား နှလုံးသားတွေနဲ့ ပညာမှာ သွားပေါင်းလိုက်တော့ အယ်လ်ဘတ်အိုင်းစတိုင်း ဆိုသည်မှာ ကမ္ဘာကျော်ပုဂ္ဂိုလ် ဖြစ်သွားပါတော့သည်။

အိန္ဒိယနိုင်ငံတွင် ၁၁ ဆက်မြောက် သမ္မတအဖြစ် ၂၀၀၂ ခုနှစ်မှသည် ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်သွားခဲ့သော အဗ္ဗဒူလ်ကလမ် (Abdul Kalam) ဆိုလျှင်လည်း သိပ္ပံနှင့်နည်းပညာသမား။ ဒုံးပျံအင်ဂျင်နီယာ။ Anna University Chennai တွင် Ph.D သင်တန်းတွေ ပို့ချပေးသူ။ သည်တော့ အဗ္ဗဒူလ်ကလမ်ဆိုတာ ပညာတတ်တစ်ယောက်။ သည့်နောက်မှာကတော့ သူ့စိတ်နေသဘာဝ နှလုံးသားဆိုင်ရာများ။ သူက ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၄ ရက် သမ္မတအိမ်တော်ကဆင်း။ သူ့ဘ၀တစ်လျှောက်လုံးမှာ ဘာလက်ဆောင်ကိုမှမယူ။ သူ့ကိုယ်ပိုင်ပစ္စည်းက သူ့ကိုယ်ပိုင်ငွေကြေးနှင့် ၀ယ်ထားသည့် စာအုပ်များသာ။ သည်တော့ သည်ပညာတွေ၊ သည်နှလုံးသားတွေနှင့် အဗ္ဗဒူလ်ကလမ် အိန္ဒိယ မိုးကောင်းကင်မှာ ထွန်းတောက်နေတာ ဘာမှမဆန်း။

ကမ္ဘာကျော် မိုက်ခရိုဆော့ဖ် (Microsoft) ကွန်ပျူတာကုမ္ပဏီ တည်ထောင်သူ ဘီလ်ဂိတ် (Bill Gates) ကို ကြည့်လျှင်လည်း သည်အတိုင်းပဲ ဖြစ်ပါသည်။ သူက သူပိုင်ငွေ ဒေါ်လာ ၅၈ ဘီလီယံကို ပရဟိတကိစ္စများ ဆောင်ရွက်ရန် ကမ္ဘာကို လှူထားလေသတဲ့။

အင်္ဂလန်နိုင်ငံ၌ ဥပဒေပညာကို သွားသင်ခဲ့သူ မဟတ္တမဂန္ဒီ () ဆိုလျှင်လည်း သည်အတိုင်းပင် ဖြစ်ပါသည်။ သူက ရထားကို စတုတ္ထတန်း မရှိလို့ဟုဆိုကာ တတိယတန်းကနေ စီးလေသတဲ့။ တကယ့်ကို နိဝါတောစသမား။ ရထားပေါ်သို့အတက် ဖိနပ်တစ်ဖက် ကျွတ်ကျလေသောအခါ နောက်တစ်ဖက်ကို ထပ်ချွတ်ပစ်ချခဲ့ပြီး ကောက်ရသောသူ တစ်ရန်လုံးဖြစ်ပြီး စီးလို့ရသွားအောင် လုပ်ပေးခဲ့လေသတဲ့။ သူ့တရားက ခန္တီစတရား။ သူ့လမ်းစဉ်က အကြမ်းမဖက်လမ်းစဉ်။

ထို့အတူပင် သမ္မတ နောက်သက်တမ်းတစ်ဆက်ကို ငြင်း။ နိုင်ငံတော်ကပေးသည့် မာစီးဒီးကားကို ငြင်းသူ ဖိလစ်ပိုင် အမျိုးသမီး သမ္မတ ကိုရာဇန်အကွီနို (Corazan Aquino)၊ တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ကို အကျဉ်းထောင်မှလွှတ်၊ ANC (African National Congress) ပါတီကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေး၊ မင်ဒဲလား သမ္မတအဖြစ် အရွေးချယ်ခံရသည်ကို ကြည်ဖြူစွာ လက်ခံခဲ့သည့် လူဖြူသမ္မတ ဒီကလပ် () စသည် စသည်ဖြင့် ကမ္ဘာပေါ်မှာ သာဓက ထုတ်ပြစရာ လူပုဂ္ဂိုလ်တွေ အများကြီးမှ အများကြီးပဲ ဖြစ်ပါသည်။

သည်ပုဂ္ဂိုလ်တွေကို လေ့လာကြည့်သောအခါ ပညာဉာဏ်ကြီးခြင်း၌ နှလုံးသားအလှများက ပေါင်းစပ်ထားကြောင်း တွေ့နိုင်ပါလိမ့်မည်။ ထို့ကြောင့်လည်း ကမ္ဘာက လေးစားသောပုံရိပ်အဖြစ် ထုဆစ်နိုင်ခဲ့ကြခြင်း ဖြစ်ပါသည်။

(လေး)
"ပညာပြည့်ဝ၊ နှလုံးလှသော်" တဲ့။
လူဆိုတာ ပညာလည်း တတ်ပါမှ။ နှလုံးသားလည်း လှပါမှ။
သြော်... မန်လည်ဆရာတော်ဘုရား၏ ကမ္ဘာဆန်သည့် အတွေးအမြင်တစ်ရပ်ပဲ မဟုတ်ပါလား။

Look မဂ္ဂဇင်း၊ ဇွန်လ။

[မောင်သာချို၊ မဟာတံတိုင်းပေါ်ကကျော်၍ကြည့်ခြင်း၊ စာမျက်နှာ၊ ၁ မှ ၄]

မပြည့်သူတို့ သဘာဝ


အပ္ပရူပေါ ဗဟု ဘာသော၊
အပ္ပပညော ပကာသကော။
အပ္ပပူရော ဃဋော ခေါဘေ၊
အပ္ပခီရာ ဂါဝီ စလေ။

အရုပ်ဆိုးသောသူသည် စကားများတတ်၏။
အသိပညာနည်းသောသူသည် ၀င့်ဝါ ပလွှားတတ်၏။
မပြည့်သောအိုးသည် ဘောင်ဘင်ခတ်တတ်၏။
နို့မထွက်သော နွားမသည် ကန်တတ်၏။

မြန်မာမှုဆိုင်ရာ ဝေါဟာရများ (၁)


ကထိန်
n. offering of yellow robes to the members of the Budhist order for a special purpose, between the first waning day of Thadingyut and Dazaunmoun.

ကနုတံ
n. toilet article used by Buddhist monks.

ကရွတ်
n. circular frame made of intertwined rattan or bamboo (especially to keep round bottomed pots in place)

ကလတက်
n. hollowed log, kept in Myanmar Buddhist monasteries and struck at intervals to indicate time for meals, devotions etc.

ကာလနဂါး
n. heavy sleeper; dragon said to awaken only when a Buddha attains Buddhahood.

ကိလေသာ
n. evil desire

ကုဋီ
n. water-closet for Buddhist monks.

ကူးတို့ခ
n. coin placed in the mouth of a deceased person as a token of ferriage to another world.

ကေသရာဇာ
n. king lion

ကောဇာသက္ကရာဇ်
n. the present year (according to the Myanmar Calendar)

ကိစ္စ ၀ိစ္စ
n. sundry matters.

[ကျော်စိုးမိုးစာတည်းအဖွဲ့၊ မြန်မာမှုဆိုင်ရာဝေါဟာရများ

Tuesday, February 05, 2013

တစ်ပတ်စာပြောစရာ သောင်းပြောင်းထွေလာ (ဇန် ၂၈ - ဖေ ၃)




(က)
မြန်မာနိုင်ငံက ပေးရမယ့်ကြွေးမြီတွေကို လျှော်ပေးတဲ့ကိစ္စ
လောကမှာ အကဲ့ရဲ့လွတ်သောသူမရှိလို့ မြတ်ဗုဒ္ဓမိန့်ခဲ့တဲ့စကားဟာ ဒီနေ့အထိမှန်နေဆဲ… နောင်လည်း မှန်နေဦးမည်သာ။ ကျွန်တော့်အစ်ကိုဝမ်းကွဲတစ်ယောက် အသံနေအသံထားနဲ့ ပြောတတ်တဲ့ စကားတစ်ခွန်းကိုလည်း သတိရမိပြီး ပြုံးမိပါရဲ့။ ဒီမယ်... မောင်ဉာဏ်ရ… လူဆိုတဲ့အမျိုးက သိကြားမင်း ဖန်ဆင်းပေးတဲ့ နွားကိုတောင်မှ ချိုလေးက နည်းနည်းကားသလိုပဲနော်၊ မျက်လုံးက နည်းနည်းများ စောင်းနေသလားလို့၊ အမြီးက နည်းနည်းသေးနေတယ် ထင်တယ်ဗျလို့ လုပ်တတ်တဲ့လူတွေကွ။ အင်း… အဲဒီတော့လည်း အခုလက်ရှိအစိုးရ ဘာလုပ်လုပ် အပြစ်ပြောမှာပဲ၊ ဝေဖန်မှာပဲ ဆိုတဲ့အတိုက်အခံတွေနဲ့ အတိုက်အခံတွေ ဘာလုပ်လုပ် အကောင်းမပြောဘူးဆိုတဲ့ အစိုးရကို ထောက်ခံသူတွေအကြား ဘယ်တော့မှလည်း သင်ပုန်းချေနိုင်မှာ မဟုတ်သလို၊ ဘယ်တော့မှလည်း သံသယစိတ် ပျောက်မှာမဟုတ်ပါဘူး။ မင်ဒဲလားတစ်ယောက် မြန်မာပြည်မှာ လူလာမဖြစ်တာ အတော်ကံကောင်းတယ်လို့ ကျွန်တော်ကိုဉာဏ်က သတ်မှတ်တယ်။ အဲဒီလူကြီးလည်း တောင်အာဖရိကမှာမို့ပေါ့ မြန်မာပြည်မှာဆိုရင်တော့ ဘယ်ပြောကောင်းမလဲ… ဟားဟားဟား။ ပြောချင်တာက မင်ဒဲလားလည်း မဟုတ်ဘူး၊ တောင်အာဖရိကလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံက ပေးဆပ်ဖို့တာဝန်ရှိတဲ့ ချေးငွေတွေကိစ္စ ဦးသိန်းစိန်အစိုးရက ဆောင်ရွက်နေတာတွေကို ဒီအပတ်ထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဘယ်လောက်ပမာဏ လျှော်ပေးတယ်၊ ဘယ်လောက်ကျန်သေးတယ် ဆိုတာက တစ်ပိုင်းပါ။ ကျွန်တော့်အတွက်ကတော့ ကိုယ့်နိုင်ငံက ဆပ်စရာအကြွေး ဘယ်လောက်ရှိတယ်၊ ဘယ်သူတွေကို ဘယ်လောက်ပေးရမယ်၊ ဘယ်နှစ်ကတည်းက ယူထားတာ၊ စတဲ့ စတဲ့ ဘယ်တုန်းကမျှ သိခွင့်မရခဲ့တာတွေကို သိရတဲ့အတွက် ပြည်သူတစ်ဦးအနေနဲ့ ကျေနပ်တယ်။ ပြီးတော့ အစိုးရဟာ သူလုပ်စရာရှိတာတွေကို တစ်ဆင့်ချင်း လုပ်သွားနေတယ်လို့ ခံစားရတယ်။ ဒီမိုကရေစီသက်တမ်း ၃ နှစ်တောင် မပြည့်သေးတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို တွင်တွင်အော်ပြီး နေရာတကာ အန်ကယ်ဆမ်ရဲ့ပေတံ၊ အယ်လီဇဘတ်ရဲ့ပေကြိုးနဲ့ လိုက်တိုင်းနေတာကိုတော့ မျက်စိစပါးမွှေး အတော်ဆူးသဗျ။ သူတို့က မြန်မာနိုင်ငံမှာ လူဖြစ်ရတာ နာတယ်ထင်သေးသတဲ့။ အံ့ရော.. ကျွန်တော်ကလည်း ပြန်ပြောလိုက်ချင်သေးတယ်၊ ဒင်းတို့တွေနဲ့အတူ မြန်မာပြည်မှာ လူလာဖြစ်ရတာ နာလိုက်တာဗျာ။ တိုင်းပြည်က ငါ့အတွက် ဘာလုပ်ပေးမလဲ ဆိုတဲ့ပေတံကို လက်မှာကိုင်ပြီး ဘေးထိုင်ဘုပြော နေတဲ့သူတွေခမျာ တိုင်းပြည်အတွက် ငါဘာလုပ်ပေးရမလဲ ဆိုတဲ့စကားကို ကြားဖူးပုံမရဘူး။ ကဲ… ထားပါတော့ဗျာ… ပြောချင်တာကတစ်ခြား၊ ပြောမိတာတွေကတစ်လွဲ ဖြစ်နေပြန်ပါပြီ။ လွဲနေကျမို့ ထုံးစံအတိုင်း သည်းခံလော့ဒကာပေါ့ဗျာ။ ဘာပဲပြောပြော အကြွေးကင်းတာ ကောင်းတယ်မဟုတ်လား။ ဦးသိန်းစိန်အစိုးရကို အသိအမှတ် ပြုလိုက်ပါတယ်ဗျာ။

( ခ )
ဖွလို့ကောင်းသွားခဲ့ပြန်တဲ့ ဆိုင်ကယ်ဓာတ်ပုံ
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ “မြစ်ကြီးနား-ပူတာအို ကားလမ်းပေါ်၌ KIA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်၊ အပြစ်မဲ့အရပ်သား ၁ ဦး သေဆုံး” ဆိုတဲ့သတင်းမှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံဟာ ဟဲဟိုလေဆိပ်အနီးမှာ ပျက်ကျခဲ့တဲ့ AirBagan လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ သေဆုံးခဲ့ရတဲ့ ဦးပြားရဲ့ဆိုင်ကယ် ဖြစ်နေတဲ့အတွက် ပြောစရာပေါင်း သောင်းခြောက်ထောင် ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ဇန်န၀ါရီလ ၃၁ ရက်နေ့ထုတ် သတင်းစာများမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် ပြန်လည်တောင်းပန်ခဲ့တာကို ဖတ်ခဲ့ရပါတယ်။ မှားတာ မကောင်းပေမယ့်၊ မှားတဲ့အတွက် ပြန်တောင်းပန်တာကို လက်ခံရပါမယ်။ ဘယ်တုန်းကမျှ ဘယ်သူ့ကိုမျှ မတောင်းပန်ခဲ့ဖူးတဲ့ သတင်းစာတွေက အခုလို စာဖတ်သူတွေကို တလေးတစား တောင်းပန်တာဟာ အပြောင်းအလဲ မဟုတ်ဘူးလားလို့ ကျွန်တော်ကမေးရင် ကိုဉာဏ်ဆိုတဲ့ကောင်က ကြံ့ဖွံ့အလံရှူးပါကွာလို့ ပြောဦးမလား မသိပါဘူးဗျာ။ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ ရှိပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အီရတ်ကို ၀င်ဗျင်းလိုက်လို့ ဟိုနိုင်ငံခမျာ စိစိညက်ကျေသွားတာ မှတ်မိကြဦးမယ်ထင်ပါရဲ့။ အဲဒီအမှားအတွက် အမေရိကန်ရဲ့ တာဝန်ယူမှုက တစ်ခွန်းတည်း မဟုတ်လား။ သူတို့မှားသွားပါတယ်… ဆောရီး တဲ့။ အဲဒါထက်စာရင် ဒီဓာတ်ပုံမှားတာလောက်က စာမဖွဲ့လောက်ဘူး ထင်ပါရဲ့ဗျာ။

( ဂ )
အမိန့်အမှတ် ၂/၈၈ ကို ပယ်ဖျက်သည့် အမိန့်ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၃/၂၀၁၃)
၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက်
(၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်)
အမိန့်အမှတ် ၂/၈၈ ကို ပယ်ဖျက်သည့်အမိန့်
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် နေ့စွဲပါ အမိန့်အမှတ် ၂/၈၈ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၇ နှင့် ဆန့်ကျင်ပါသဖြင့် ယင်းအမိန့်ကို ပယ်ဖျက်လိုက်သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အရင်တုန်းကထုတ်ပြန်ခဲ့တဲ့ အမိန့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီလို့ ပယ်ဖျက်တာ၊ ရုပ်သိမ်းတာဟာ ကောင်းတဲ့အလုပ်ပါပဲ။ ခက်တာက ရုပ်သိမ်းလိုက်တဲ့ ဥပဒေက ဘာအကြောင်းအရာလဲ၊ ဘယ်လိုပြဋ္ဌာန်းခဲ့တာလဲ ဆိုတာကို သေသေချာချာ မသိရတာပါပဲ။ အင်း… တစ်ခါတစ်လေကျတော့လည်း မသိတာဘဲ ကောင်းပါတယ်လေ။ အခုတော့ သိသင့်တယ်ထင်လို့ ဖော်ပြလိုက်ပါတယ်။ တစ်ချို့တွေက တကယ်မသိဘဲ ဟိုလိုလို၊ ဒီလိုလို လျှောက်ပြောနေတာကို မျက်စိစပါးမွှေး စူးလွန်းလို့ပါ။


(ဃ)
ဇေယျာသီရိ တပ်မတော်အားကစားကွင်းဖွင့်ပွဲ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆီးဂိမ်းအတွက် ကြိုတင်ရင်ခုန်ရင်းနဲ့ ကြည့်ဖြစ်ခဲ့တဲ့ အခမ်းအနားတစ်ခုဆိုတာ ၀န်ခံပါရစေ။ ဘာဆိုင်လို့တုန်းဟလို့ အပြစ်တင်မစောပါနဲ့ဗျာ။ မကြာခင်မှာ ကျင်းပတော့မယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မယ်ဆိုပေမယ့် ကျွန်တော့်အနေနဲ့ စိုးရိမ်မိတာ အမှန်ပါပဲ။ ဒီနေ့ခေတ်ကာလမှာ အားကစားပြိုင်ပွဲတွေရဲ့ ဖွင့်ပွဲ၊ ပိတ်ပွဲတွေဟာ ဘယ်လောက်ခမ်းနားတယ်၊ ဘယ်လောက်ရင်သပ်ရှုမော ဖြစ်ရစေတယ်ဆိုတာ စာဖတ်သူတွေ အသိဖြစ်ပါတယ်။ ကိုယ့်နိုင်ငံအခြေအနေကို အမှန်အတိုင်း သုံးသပ်လိုက်တော့ အားမရမိတာအမှန်။ တကယ်တော့လည်း ကျွန်တော်က အလကားနေရင်း ဘေးကနေ စိတ်စောနေတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ လှုံ့ဆော်ရေးသီချင်းတွေက မသေမသပ်၊ ပုံစံဟောင်းထဲက ခွဲမထွက်နိုင်သေး။ ပြီးတော့ နိုင်ငံတကာကို ဆွဲဆောင်ဖို့ဝေးစွ၊ ကိုယ့်ပြည်တွင်းမှာတောင် လူတိုင်းသိတဲ့ သီချင်းတွေ မဖြစ်သေး။ မြန်မာတွေမေးကြည့်လို့ ၁၀ ယောက်မှာ ၈ ယောက်လောက်က ဆီးဂိမ်းကို ဘယ်လထဲလုပ်မှာ သိကြသေးတာမဟုတ်။ သူပြောငါပြောနှင့် အိမ်ရှင်လုပ်မှာပဲ သိကြသေးသည်။ အဲဒီလောက်တောင် မသိသေးဘူးဆိုမှဖြင့် ဘာအားကစားနည်းတွေပါမည်၊ ဘယ်သူတွေလာမည် မြန်မာက ဆုဘယ်လောက်ရဖို့ မှန်းထားသည် ဆိုတာကတော့ ဝေးသေးသည်ဟု ဆိုရမည်ပင်။ အမှန်အတိုင်းပြောရလျှင် ကိုယ့်နိုင်ငံက အိမ်ရှင်အဖြစ် လုပ်မယ့်ပွဲကို မျက်နှာမငယ်စေချင်၊ ဂုဏ်မငယ်စေချင်၊ တစ်နိုင်ငံလုံးက ပြည်သူတွေက မျက်နှာကောင်းရအောင် လုပ်မှသာဖြစ်လိမ့်မည်။ သြော်… ပြောရင်းနဲ့ စကားတွေက ဘေးရောက်သွားပြန်ချေပြီ။ လိုရင်းဆက်ရလျှင် ဇေယျာသီရိတပ်မတော်အားကစားကွင်း ဖွင့်ပွဲအခမ်းအနားကို ကြည့်ပြီးတဲ့အချိန်မှာ အနည်းငယ်တော့ စိတ်အေးသွားသည်ဟု ဆိုရမည်ပင်။ လက်ခံနိုင်သည့် အဆင့်အတန်းတစ်ခုကို မြင်ခဲ့ရသည်။ တင်ဆက်ပုံအစီအစဉ်တွေ မဆန်းသစ်ဘဲ ခေါက်ရိုးကျိုးနေတာကလွဲရင် အတော်ကောင်းသည်ဟု ဆိုနိုင်သည်။ သေချာတာတစ်ချက်ကတော့ လုပ်သွားတဲ့အခမ်းအနားအတွက် အစီအစဉ်တွေ လှလှပပဖြစ်ဖို့ ပညာရှင်ငှားရမ်းပြီး လုပ်ခြင်းမဟုတ်တာဖြစ်သည်။ ဒီနေရာမှာ အသေးစိတ်ရှင်းပြနေရလျှင် အဲဒီအကြောင်းနဲ့ပဲ ကျမ်းတစ်စောင် ဖြစ်သွားနိုင်သည်။ အဲဒီလောက် ပြောစရာမလိုဘူးဟု ကျွန်တော်ယုံသည်။ ကျွန်တော်ကိုဉာဏ် ပြောချင်သည့်အကြောင်းအရာကို အခုစာဖတ်နေသူက ပြောစလိုမလိုအောင် သိနေပြီးသားဟု မြင်ပါသည်။ အခုပြီးသွားတဲ့ ဇေယျာသီရိအားကစားဖွင့်ပွဲကနေ သင်ခန်းစာတွေ အများကြီးရလိုက်မည်ဟု ယုံကြည်မိကြောင်းပါခင်ဗျား။

( င )
ကျွန်တော်မပျော်ခဲ့ရတဲ့ သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ
အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ဘီလာရုစ်က အဇာရန်ကာက တရုတ်တင်းနစ်မယ် လီနာကို အနိုင်ရသွားတယ်။ ပွဲစဉ် အဆင့်ဆင့်မှာ လက်စွမ်းပြပြီး တည်တည်ငြိမ်ငြိမ် ကစားလာခဲ့တဲ့ လီနာကို ကျွန်တော်ဖြင့် အားပေးလိုက်ရတာ အမောဆိုပါတော့ဗျာ။ အာရှစိတ်က ၉၀ ရာခိုင်နှုန်းလောက် ပါတာကို မငြင်းပါဘူး။ ကိုယ့်အာရှဒေသက အားကစားသမားတစ်ဦးကို အနိုင်ရစေချင်ခဲ့တယ်။ ဗိုလ်စွဲစေချင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဆန္ဒ မပြည့်ဝခဲ့ရဘူး။ လီနာကတော့ နောက်နှစ်မှာ ပြန်တွေ့မယ်လို့ ပရိသတ်တွေကို ပြောသွားခဲ့ပါရဲ့။ ဒီစာကိုရေးဖို့အတွက် အတော်လေးကို စဉ်းစားခဲ့ရတယ်။ တော်တော်ကြာ လီနာကို အားပေးတဲ့အတွက် ကိုဉာဏ်ဆိုတဲ့လူဟာ တရုတ်အားပေးတစ်ယောက်လို့ အပြောခံရမှာလည်း ကြောက်ရသေးတာကိုး။ ဒီခေတ်ကြီးက အင်မတန်မှကို တံဆိပ်ကပ်တာကို ၀ါသနာပါသကိုး။ တစ်ချို့ဆို လူကသာတစ်ယောက်တည်း၊ အကပ်ခံထားရတဲ့ တံဆိပ်တွေဆိုတာ နည်းတာမှတ်လို့။ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲမှာတော့ ဂျိုကိုဗစ်က အင်ဒီမာရေးကို အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့တယ်။ ဖက်ဒဲရာကို ဗိုလ်လုပွဲမှာမြင်ချင်တဲ့ ကျွန်တော့်ဆန္ဒတွေ မပြည့်ဝခဲ့တာကိုလည်း ၀န်ခံပါရဲ့ဗျာ။ ဒီနှစ် သြစတြေးလျအိုးပင်းဟာ ကျွန်တော့်အတွက်တော့ ပျော်စရာမကောင်းတဲ့ ပြိုင်ပွဲတစ်ရပ်ပါပဲဗျာ။

( စ )
သမ္မတကြီးရဲ့ ရေဒီယိုမိန့်ခွန်း
ဘာမျှမပြောခဲ့တဲ့ ကာလတုန်းကလည်း ဘာမျှမပြောလို့တဲ့၊ အခု ပြောတဲ့အခါကျတော့လည်း သမ္မတကြီးက ပြောတာများလွန်းတယ်တဲ့။ အင်း… ဘယ်လိုပြောရမလဲပေါ့နော်။ ဘယ်လိုမှ မပြောတော့ပါဘူးဗျာ။ ဦးသိန်းစိန်ကိုက အပြောခံဖို့အတွက် မြန်မာနိုင်ငံမှာ သမ္မတဖြစ်လာရတာပါလို့ပဲ ပြောချင်ပါတယ်။ နှစ်ပေါင်းဘယ်လောက်ကြာ မြိုသိပ်ခဲ့ရ၊ ဖုံးထားခဲ့ရတာတွေကို အတိုးချပြီး အခုမှ ဦးသိန်းစိန်ကို ၀ိုင်းပြောနေကြသလဲဆိုတာ စဉ်းစားလို့မရဘူး။ တရားမျှတမှု ရှိရဲ့လားလို့လည်း တွေးနေမိတယ်။ ဆိုးမွေကောင်းမွေကို ဆက်ခံရတယ်ဆိုတာ မှန်ပေမယ့်လည်း နေရာတကာ၊ အကြောင်းကိစ္စအားလုံးမှာ ဦးသိန်းစိန်အစိုးရက တာဝန်ရှိတယ်လို့ လက်ညှိုးထိုးနေတာကတော့ သိပ်မဟန်ဘူး ထင်ပါတယ်။ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်နေတယ်ဆိုတာ အားလုံးလက်ခံနေကြတာပဲ။ ဘာဖြစ်လို့ မပံ့ပိုးဘဲ၊ မ၀န်းရံဘဲ ၀ိုင်းဆော်နေကြတာလဲ။ နိုင်ငံကို ရှေ့ကနေ ဦးဆောင်ပြီး ဆွဲတင်နေတဲ့ လူတစ်ယောက်ကို အတူကူပြီး မဆွဲနိုင်ရင်တောင် နောက်ကနေ၀ိုင်းတွန်း၊ ဘေးကနေ၀ိုင်းထိန်း လုပ်ပေးသင့်ကြတယ်လို့ မထင်မိကြဘူးလားလို့ မေးချင်ပါတယ်။ တစ်သက်လုံးက ရှိနေသမျှ မကောင်းတဲ့အချက်တွေကို ဦးသိန်းစိန်မှာချည်းပဲ တာဝန်ရှိတယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းသာ အော်ဆိုလိုက်ချင်တယ်ဗျာ။ “နည်းနည်းလေးတော့ လွဲနေတယ်” လို့။ ကျွန်တော်တို့နိုင်ငံအနေနဲ့ မကြာသေးတဲ့ ကာလတွေဆီက ပြည်ပကနေ ထိုးနှက်တိုက်ခိုက်တာတွေကို အလူးအလဲ ခံခဲ့ရဖူးတယ်။ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေက တိုက်ခိုက်ခဲ့ကြတယ်၊ ဖယ်ကြဉ်ခဲ့ကြတယ်၊ စွက်ဖက်ခဲ့ကြတယ်။ ဟော… အခုတော့ ဒီမိုကရေစီခေတ်ကို လျှောက်လှမ်းပြီလည်းဆိုရော ပြည်တွင်းက တစ်စခန်းထကြတယ်။ အရင်တုန်းက မလုပ်ခဲ့ရလို့ အခုလုပ်တယ်ကွာ ဆိုတဲ့စိတ်ဓာတ်တွေနဲ့တော့ အင်း… ကျွန်တော်တို့နိုင်ငံလား… ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားလိုပဲ ဖြစ်နေဦးမယ်လို့ ဆိုလိုက်ချင်သဗျာ။
သမ္မတကြီးရဲ့ ရေဒီယိုမိန့်ခွန်းကို ဒီနေရာမှာ ဖတ်ပါ။

(ဆ)
အထွေထွေအရပ်ရပ်
ဒီသတင်းတွေလည်း ဖတ်ခဲ့ရ၊ ကြားခဲ့ရသဗျို့။
  • အဲပုဂံပျက်ကြရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ လေယာဉ်ကွင်းကို ဆင်းသက်ချိန်မှာ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် ဖြစ်တယ်တဲ့။
  • အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သူ့ရဲ့ရာထူးကနေ နုတ်ထွက်သွားခဲ့တာကို သတိပြုဖွယ် သတင်းတစ်ပုဒ်အနေနဲ့ ဖတ်ခဲ့မှတ်ခဲ့ပါတယ်။ (ဒီနေရာမှာ ပြောချင်တာတစ်ခုကတော့ သတင်းစာတွေက အမျိုးသမီးကို ရည်ညွှန်တဲ့နေရာမှာ ဘာဖြစ်လို့ “သူမ” ဆိုတဲ့ အသုံးအနှုန်းကို သုံးကြသလဲဆိုတာပါပဲ။ မြန်မာစာကို မြတ်နိုးသူတစ်ဦးအနေနဲ့ လုံးဝကို လက်မခံပါဘူး။ အခြားစာစောင်တွေမှာ ဘယ်လိုရေးရေး၊ ဘယ်လိုစာလုံးပေါင်းပေါင်း အကြောင်းမဟုတ်ပေမယ့် နိုင်ငံပိုင် သတင်းစာတွေမှာတော့ မှန်မှန်ကန်ကန် သုံးစေချင်တယ်လို့ ဝေဖန်ချင်ပါရဲ့။ မြန်မာအဘိဓာန်မှာ ဖော်ပြထားတာကို ရေးပြပါရစေ။ “သူ၊ န-တစ်စုံတစ်ဦးကို ရည်ညွှန်းသောစကားလုံး။” တဲ့။ ဟောရင်းနဲ့သာ ပျံလွန်တော်မူမယ်ဆိုသလို ဆရာမောင်ခင်မင်လည်း ပြောရင်းနဲ့သာ သေသွားမယ်၊ မှားနေတဲ့လူတွေကတော့ ပြင်ကြမယ်မထင်ပါဘူး။ သူမ၏ နိုင်ငံခြားရေးဝန်ကြီးရာထူးနေရာကို…. တဲ့။ ကောင်းရော။)
  • ကေအိုင်အိုနဲ့ ဆွေးနွေးပွဲတွေ စတင်ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့တာကိုလည်း ဖတ်ခဲ့ရကြောင်းပါ။
  • လွှတ်တော်တွေစပြီဆိုကတည်းက တပြောတည်းအပြောခံနေရတဲ့ ချင်းပြည်နယ်က ဆရာဝန်တွေကိစ္စကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့က သတင်းထုတ်ပြန်လိုက်ပုံလေးကို သိပ်သဘောကျမိသဗျ။ အရင်လွှတ်တော် မှတ်တမ်းတွေ ပြန်ဖတ်တဲ့ အချိန်မှာလည်း ကျွန်တော်မကြာခဏ ဖတ်ခဲ့ရပါတယ်။ ချင်းပြည်နယ်က ကိုယ်စားလှယ်တွေက တစ်ခုခု မေးခွန်းမေးတိုင်း၊ အဆိုတင်တိုင်း သူတို့ပြည်နယ်မှာ ဆရာဝန်မရှိတာကိုပဲ ပြောကြတယ်၊ တောင်းကြတယ်။ ဘယ်အကြိမ်တုန်းကလည်း မမှတ်မိပေမယ့် ကျန်းမာရေးဝန်ကြီး ပြန်ဖြေတာကို ဖတ်ခဲ့ရဖူးတယ်။ သူပြောတာက အတိအကျမှ တကယ့်ကိုအတိအကျ၊ ချင်းတိုင်းရင်းသားဆရာဝန် ဒီနေ့အထိ ဘယ်နှဦးရှိတယ်၊ ဘယ်သူတွေကတော့ ချင်းပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတယ်၊ ကျန်တဲ့လူတွေကတော့ ချင်းပြည်နယ်ကို မသွားချင်ကြဘူးလို့ ဆန္ဒပြုတယ်တဲ့။ အဲဒါ ချင်းတိုင်းရင်းသား ဆရာဝန်တွေနော်။ အခုလည်း ရာထူးဝန်အဖွဲ့ ချင်းပြည်နယ်အတွက် ဘယ်သူတွေကို ခန့်အပ်ပေးထားတယ်ဆိုတာ သတင်းစာထဲမှာ တိုင်းသိပြည်သိကို လုပ်ချလိုက်တယ်ဗျာ။ အင်း… ဘယ်ဆရာဝန်တွေ ဘယ်လိုဖြစ်ဦးမယ်တော့ ကြိုမပြောတတ်ပေါင်။ ချင်းတောင်လတ်ငြိမ်းဆိုတာ တကယ်ရှိခဲ့တယ်လို့ ဆရာလင်္ကာရည်ကျော်ကတော့ ပြောတာပဲ။ ကြိုးကြာတောင်ပံခတ်သံထဲက ဒေါက်တာလတ်ငြိမ်းတွေ ချင်းပြည်နယ်ကို ရောက်ကြပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးကြရအောင်ပါ။ (ဒေသခံ ချင်းတိုင်းရင်းသားတွေ ဆရာဝန်တွေအပေါ်မှာ ဘယ်လိုဆက်ဆံသလဲ ဆိုတာတွေနဲ့ ပတ်သက်တဲ့ ကျွန်တော့်သူငယ်ချင်း ဆရာဝန်တွေရဲ့ ပြောစကားတွေကိုတော့ ဒီနေရာမှာ မတင်ပြလိုတော့ပါဘူး။ တစ်ခွန်းပဲ ပြောချင်တာက ဘယ်အရာမဆို အကြောင်းနဲ့ အကျိုးဟာ ဆက်စပ်နေတယ် ဆိုတာပါပဲ။)
  • စကားပြောစွမ်းရည် ပြသခဲ့ကြလို့ အများပြည်သူကြားမှာ ဝေဖန်ပြောဆိုစရာ ဖြစ်ခဲ့ရတဲ့သူတွေရဲ့ သတင်းတွေကလည်း အခုရက်ပိုင်း တသင်းသင်းပါပဲလားခင်ဗျ။ "ကျွန်မခွေးလေးလို..." ဆိုတဲ့စကားက မပွဘဲ "ထမင်းတစ်နပ်လျှော့စားရမယ်" ဆိုတာရယ်၊ "ရွှေလက်နဲ့ခေါ်တုန်းလာပါ" ဆိုတာရယ် "လေယာဉ်တွေဝယ်ထားတာ..." ဆိုတာရယ်တွေက ထပွနေလေတော့ မျက်စိတောင် အတော်လည်သွားတယ်။ ခင်ဗျားတို့ မြန်မာတွေကလည်း အံ့သြစရာကြီးပါဗျာ...။ ဘာတွေမှန်းကို မသိပါဘူး။ :D
  • ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားနိုင်ငံကို အလည်အပတ်ခရီး သွားခဲ့တာကိုလည်း ဖတ်မှတ်ခဲ့ရပါတယ်။
  • ဒေါ်အောင်ဆန်းစုကြည် ကြီးမှူးကျင်းပသောဆိုတဲ့ စာလုံးတွေအကြီးကြီးရေးပြီး ဒေါ်အောင်ဆန်းစုကြည် လုံးဝမတက်ခဲ့တဲ့ ရုပ်ရှင်ပွဲတော်ယောင်ယောင်၊ ဘာယောင်ယောင်ပွဲလည်း ပြီးသွားပြီလို့ ဖတ်ခဲ့ရသဗျ။ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ၀င်ပြီးတော့ စွက်ဖက်တဲ့နေရာမှာတော့ အမေရိကန်သွေး အပြည့်ပဲလို့ အဲဒီလူတွေကို မှတ်ချက်ပေးလိုက်ချင်ပါရဲ့ဗျာ။ ရုပ်ရှင်လည်းပါချင်၊ ဂီတလည်းမလွတ်၊ စာပေလည်းမောင်ပိုင်စီး၊ ပညာရေးလည်းမကျန်၊ ကျန်းမာရေးလည်း၊ အခြားဟာတွေလည်း စဉ်းစားသာကြည့်တော့။ ကျွန်တော်ကတော့ အဲဒီအမျိုးသမီးကို အန်တီဆမ် လို့တောင် ပြောင်းခေါ်လိုက်ချင်သေးတယ်။ ဂုဏောအနန္တောတွေ အတွက်တော့ ကြိုက်ကြမည်မထင်။ တတ်နိုင်ဘူးလေ... ပြောရေးရှိက ပြောအပ်လှ၏ကိုး။ :D
  • ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ပြန်လည်ဖွဲ့စည်းဖို့အတွက် ပြည်သူ့လွှတ်တော်က ခုံရုံးအဖွဲ့ဝင် ၃ ဦး အမည်စာရင်းကို တင်သွင်းလိုက်ပါပြီ။ ကျန်တဲ့ ၂ ခုကတော့ ငြိမ်နေတုန်းပဲ။ ဘာတွေဆက်ဖြစ်မလဲ စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေမိကြောင်းပါ။
  • လွှတ်တော်တွေသက်တမ်း ၂ နှစ်ပြည့်သွားပြီ။ အကောင်းဆုံးလုပ်ဆောင်ချက်များဖြင့် ဆက်လက် ချီတက်နိုင်ပါစေဟု ဆုမွန်ဆန္ဒပြုလိုက်ပါတယ်။ နောက်ထပ် ၃ နှစ်မှာ ပြီးခဲ့တဲ့ ကာလတွေထက် ပိုမို ကောင်းမွန်တဲ့ ဥပဒေတွေပြုနိုင်လိမ့်မယ်လို့ မျှော်လင့်လျက်ပါဗျာ။
  • ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီး ခန့်အပ်မယ့်အကြောင်း သမ္မတက လွှတ်တော်ကို အမည်စာရင်း ပေးပို့တယ်။ လွှတ်တော်က ကန့်ကွက်မယ့်လူ မရှိတဲ့အတွက် အတည်ပြုတယ်။ ကိုယ်စားလှယ်တစ်ယောက်က ပြန်စဉ်းစားသင့်တယ်လို့ ထပြောတယ်။ လွှတ်တော်နာယကကလည်း ပြတ်တယ်၊ ပြန်စဉ်းစားတာဟာ သမ္မတအလုပ်တဲ့၊ လွှတ်တော်အလုပ်က နာမည်ပေးပို့တာကို အတည်ပြုတယ်၊ မပြုဘူး ဆုံးဖြတ်ဖို့ပဲတဲ့။ ကဲ... ကောင်းရော။ ဦးဆန်းဆင့်လည်း ဒီအပတ်ထဲမှာ အတော်ဟော့သွားသည်။ ကျွန်တော်ကတော့ ကျေနပ်သည်။ ပုဂ္ဂိုလ်ရေးမဟုတ်၊ အလုပ်ကို အလုပ်နဲ့တူအောင် ကြိုးစားခြင်းရဲ့ရလဒ်၊ စေတနာထားပြီး အလုပ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူး၊ တာဝန်ကျေပွန်ခြင်းရဲ့ ဆုလာဘ်တို့ကို သက်သေပြသကဲ့သို့ ဖြစ်နေ၍ ဖြစ်သည်။ သင်ခန်းစာယူမိသည်။ ကျေးဇူးပါ ဦးဆန်းဆင့်။ ကျေးဇူးပါလွှတ်တော်၊ ကျေးဇူးပါသမ္မတ၊ ကျေးဇူးပါ ဧရာဝတီတိုင်းသားများ။ 


ဒီအပတ်တော့ ဒီမျှနှင့် တော်ကြဦးစို့ဗျာ။ သူငယ်ချင်းတစ်ယောက်က ဟိုတစ်နေ့က ဖုန်းဆက်တော့ ပြောရှာတယ်။ “မင်းရဲ့ တစ်ပတ်စာသောက်တင်းတွေက ဖတ်လို့ကောင်းတယ်ကွ” တဲ့။ ပြောမနာ ဆိုမနာ ဘော်ဘော်ချင်းတွေမို့ ခပ်ရိုင်းရိုင်း အားပေးစကားကိုပဲ အားဆေးလို့ သတ်မှတ်လိုက်ပါတယ်။ နောက်အပတ်များမှ ထပ်ပြီးတော့ ………………..။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၊ အင်္ဂါနေ့။
ည ၁၀ နာရီ ၃၅ မိနစ်တွင်ပြီး၏။

 
Web Statistics