Monday, October 29, 2012

နိုင်ငံရေးအကြောင်းလား၊ အဲဒီအကြောင်းတော့ မပြောချင်သေးပါဘူးဗျာ


ပြိုင်ဆိုင်မှု ပြင်းထန်လှသည့်၊ ခါးသီးလှသည့်၊ အမုန်းတရားတွေ များလွန်းလှသည့်၊ နှစ်ဘက်အကြား အာဃာတများ မနည်းမနောရှိသည့်၊ အချင်းချင်း ဝေဖန်တိုက်ခိုက်နေတတ်သည့် ပြိုင်ဘက်များ ထိပ်တိုက်တွေ့ခဲ့ကြလေပြီ။ သူတို့အကြောင်းကို နည်းနည်းလေး ပြန်စောင်းငဲ့ကြည့်ချင်သည်။

အများက သတ်မှတ်ထားကြသည့် ကာလကြာရှည် မင်းမူခဲ့သူတွေက သူတို့ပြိုင်ဘက်ကို နည်းနည်းလေးမျှ ထီမထင်သည့် ဟန်ပန်ဖြင့် တွေ့ရသည်။ ဒီလိုပြိုင်ဘက်တွေနဲ့ ပြိုင်ရမှာကိုပင် သိပ်ပြီးတော့ မကျေနပ်ချင်လှ။ ပြိုင်ဘက်ဆိုသူတွေက မနေ့တစ်နေ့ကမျှ ပိုက်ဆံတွေ ပေါပေါသီသီ ထောက်ပံ့ပေးခဲ့တဲ့ ကြိုးကိုင်သူကြီးကြောင့် နေ့ချင်းညချင်း နောက်မှပေါက်တဲ့ ရွှေကြာပင်လို ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဒီကြားထဲ ဟိုဆု၊ ဒီဆုတွေက ရလိုက်သေးတော့ အဲဒီလူတွေအဖို့ မာန်တက်တာ မဆန်းလှချေ။ အဆိုးဆုံးက သူတို့ကပဲ ဒီလိုယှဉ်ပြိုင်မှုတွေ ပြင်းထန်လာအောင် လမ်းသစ်ထွင်ခဲ့သူတွေလိုလို၊ သူတို့ကပဲ ဒီယှဉ်ပြိုင်မှုတွေရဲ့ သော့ချက်တွေလိုလို ပြောဆိုကြခြင်းပင်။ သမ္ဘာရင့်၊ ၀ါရင့်ကြီးတွေကတော့ ထိုသို့မဟုတ်ချေ။ ဘာဆုတံဆိပ်တွေမျှ မရလျှင်ပင် သူတို့အတွက် နေရာဆိုတာက အဆင်သင့်ရှိပြီးသား။ သူတို့ရဲ့ အခန်းကဏ္ဍကို ဘယ်လိုမျှ မေ့ဖျောက်ပစ်လို့ မရသလို၊ ပစ်ပယ်ထားလို့လည်း ရကောင်းသည့် အရာမဟုတ်။ အထူးသဖြင့် သူတို့ကို အသေးစိတ် ညွှန်ကြားနေသည့်၊ လမ်းပြနေသည့်၊ ဦးဆောင်နေသည့် ခေါင်းဆောင်ကြီးကြောင့် သူတို့ကို အားလုံးက လေးစားကြရသည်၊ အသိအမှတ်ပြုကြရသည်။ သူ့ဦးနှောက်သည် နှယ်နှယ်ရရ မဟုတ်ချေ။ အပွဲပွဲ နွှဲလာခဲ့ပြီးသား၊ အောင်ပွဲအလီလီ ရလာခဲ့ပြီးသား၊ အတွေ့အကြုံပိုင်းနှင့် ယှဉ်မလား၊ အသက်အရွယ်နှင့်ပဲ ယှဉ်မလား၊ ရခဲ့ဖူးတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ပဲ ယှဉ်မလား၊ သူ့ပြိုင်ဘက် အားလုံးထက် သူကအမြဲတမ်း သာနေခဲ့သည်။ သူ့ပြိုင်ဘက်တွေအတွက်တော့ သူသည် နတ်ဆိုးတစ်ကောင်၊ မိစ္ဆာတစ်ကောင် အသေအချာပင်။ သူ့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို ပြိုင်ဘက်တွေ ကြောက်ကြသည်၊ သူ့ငယ်သားတွေ၊ သူ့တပ်သားတွေကိုလည်း သူက အလုံးစုံ လွှမ်းမိုးထားသည်။ သူတို့အဖို့ ခေါင်းဆောင်ကြီးက သေဆိုသေ၊ ရှင်ဆိုရှင်။ ဒါကလည်း မဆန်းတော့ မဆန်းချေ။ သူနှင့် အဆင်မပြေသူ၊ သူ့ကို အာခံသူ မှန်သမျှကို သူက ရှင်းပစ်လိုက်သည်ချည်းပင်။ ဘယ်လောက်ပဲ စွမ်းသူဖြစ်ပါစေ၊ ဘယ်လောက်ပဲ အများက နှစ်သက်သဘောကျသူ ဖြစ်ပါစေ၊ သူနှင့် အဆင်ပြေအောင်ပေါင်း၊ မပြေလျှင်ဂျောင်းပဲ။ ထိုကဲ့သို့ လုပ်ရဲသည်ကလည်း အကြောင်းမဲ့မဟုတ်၊ သူ့မှာက သူ့ထက်ငါ လူစွမ်းကောင်းတွေက ဒုနှင့်ဒေး မဟုတ်လား။ ပြောရလျှင် ငယ်မွေးခြံပေါက်တွေ၊ ကောင်းကောင်းလေ့ကျင့်ပေးထား၍ လေ့ကျင့်သား ပြည့်ဝနေသူတွေ၊ နောက်ဆုံး ကုန်ကုန်ပြောရလျှင် နောက်အနှစ် ၂၀ လောက်အတွက်ထိ သူက တွက်ချက်ပြီး ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ဘယ်အချိန်မှာ ဘာဖြစ်ရမယ်ဆိုတာ သူက ကြိုတင်တွက်ချက်ထားပြီးသား။ လွဲလျှင် နည်းနည်းသာ၊ အားလုံးက သူတွက်ထားသည့်အတိုင်း သူဆင်ထားသည့်အတိုင်း ဖြစ်လာသည်ချည်းပင်။ ထို့ကြောင့်လည်း သူ့ကို ပြိုင်ဘက်အားလုံးက အမြန်ဆုံး ဇာတ်သိမ်းစေချင်ကြသည်၊ အမြန်ဆုံး ပျောက်သွားစေချင်ကြသည်။ သူကလည်း သူပင်၊ ဟိုနေ့ အနားယူတော့မလိုလို၊ ဒီနေ့ အနားယူတော့မလိုလိုနှင့်၊ သတင်းတွေသာ ထွက်လာသည်၊ ထိုင်ခုံပေါ်ကတော့ လုံးဝ နေရာမရွှေ့ချေ။ နောက်ဆုံးသတင်းများအရ အနားယူခဲ့လျှင်ပင် သူ့အဖွဲ့တွေကို သူက အကြံဉာဏ်တွေ ပေးဦးမည်၊ တစ်သက်တာ ဂုဏ်ထူးဆောင်အဖြစ် ရှိနေဦးမည်တဲ့။ သူ့အဖွဲ့တွေနဲ့ သူတို့ကို အားပေးသူတွေအတွက်တော့ တကယ့်မဟာသတင်း၊ ပြိုင်ဘက်တွေအတွက်တော့ သိတဲ့အတိုင်း အမင်္ဂလာသတင်းပေါ့။ ဒီနေရာမှာ ထူးခြားတာတစ်ခုက သူနှင့် သူ့ပြိုင်ဘက်တွေရဲ့ ခံယူပုံဖြစ်သည်။ သူက သူ့ကို တစ်ခုခုဖြစ်စေချင်ကြတာ၊ သူ့ကို မုန်းတီးကြတာ၊ သူ့ကိုဝေဖန်ကြတာကို ဖြစ်မြဲဖြစ်စဉ် သဘာဝအဖြစ် လက်ခံသည်။ ကျေကျေနပ်နပ် ခံယူသည်။ သို့သော် သူ့ပြိုင်ဘက်တွေက သူ့ကိုသာ ဝေဖန်လျှင် ဝေဖန်မည်၊ သူတို့ကို ဝေဖန်လျှင်တော့ နည်းနည်းလေးမျှ မနှစ်မြို့ကြချေ။ ဒါကလည်း အကြောင်းရှိသည်၊ သူက စိတ်ဓာတ်စစ်ဆင်ရေး ကောင်းသည်ကိုး။ သူမို့ စကားတစ်ခွန်း ပြောလိုက်၊ ဝေဖန်လိုက်လျှင် ပြိုင်ဘက်တွေအဖို့ အုန်းအုန်းကြွက်ကြွက် ဖြစ်ရသည်ချည်းပင်။

ကဲ.. ထားတော့။ ပြိုင်ဘက်အကြောင်း ပြောကြဦးမည်။ အထက်မှာ ပြောခဲ့သလိုပင် နောက်မှပေါက်သည့် ရွှေကြာပင်များ ဖြစ်ကြသည်။ အဓိကကတော့ ထောက်ပံ့ပေးမှုတွေကောင်း၊ ပိုက်ဆံတွေ ပေါပေါများများ ရနေ၍ သူတို့လုပ်ချင်တိုင်း လုပ်လို့ရနေသည်။ သူတို့ကို ထောက်ပံ့ပေးနေသည့် ပိုက်ဆံတွေနှင့် ပတ်သက်၍၊ သူတို့ကို ထောက်ပံ့နေသူနှင့် ပတ်သက်၍ အမြဲတစေ အငြင်းပွားရသည်။ ပိုက်ဆံရှိသူဆိုတော့ အားလုံးကို ပိုက်ဆံနှင့် မြူဆွယ်သည်ပေါ့။ ဟိုလူကလည်း သူတို့ဆီဝင်၊ ဒီလူကလည်း သူတို့နဲ့ပူးပေါင်း၊ သိတဲ့အတိုင်း ပိုက်ဆံမက်သူတွေပေါ့။ အထူးသဖြင့် သူတို့က နေရာလိုချင်ကြသည်။ ဒီအထဲကိုဝင်လျှင် ဒီနေရာကို ရမှဖြစ်မည်ဟု သူတို့က သန္နိဋ္ဌာန်ချထားကြပြီးသား။ နေရာမရလျှင်တော့ သူတို့တွေ ပူညံပူညံ လုပ်ကြသည်၊ ဟိုနေ့ထွက်မယ် ဒီနေ့ထွက်မယ်ဟု ခြိမ်းခြောက်ကြမည်၊ နုတ်ထွက်ကြမည်။ အခြားတစ်ဖက်ဖက်သို့ ကူးပြောင်းကြမည်။ သူ့ကိုယ်သူ အကောင်းဆုံးလူ၊ အတော်ဆုံးလူက ထင်နေသည့် လူတစ်ယောက် သူတို့ကို ဦးဆောင်ခဲ့သည်။ ထိုကာလများသည် သူတို့အတွက် ရွှေရောင်နေ့များ ဖြစ်ခဲ့သည်။ အောင်မြင်မှုတစ်ချို့ သူတို့ရရှိခဲ့သည်။ ပေါက်ကရ ပြောတတ်သော်လည်း သူ့ကို ပုဂ္ဂိုလ်ခင်နေသည့်အတွက် ဘယ်သူကမျှ အပြစ်မမြင်ခဲ့ကြ။ နောက်ဆုံးတော့ သူက အာဏာရှင်ဆန်ဆန် ဖြစ်လာခဲ့သည်။ ထောက်ခံသူတွေများလာ၊ အားပေးသူတွေများလာ၊ မြောက်ပေးသူတွေ များလာချေတော့ သူလည်း အနည်းငယ်တော့ ဘ၀င်မြင့်ချေမည်။ သူ့ကံကလည်း ကောင်းသည်ဟု ဆိုရမည်၊ သူလုပ်သမျှက ဖြစ်လာသည်၊ သူ့ပြိုင်ဘက်တွေအတွက် သူက ဦးစားပေးဖြစ်လာခဲ့သည်။ အထူးသဖြင့် ကာလရှည်ကြာ သက်တော်ရှည်ဂုရုကြီးကိုပင် သူက ထီမထင်သလို လုပ်လာသည်။ တချို့နေရာတွေမှာဆိုလျှင် သူကပင် အနိုင်ယူလိုက်သေးသည်။ နောက်ဆုံးတော့ သူ့အောင်မြင်မှုတွေကို သူကိုယ်တိုင် ယုံကြည်မှု လွန်ကဲတာလား၊ သူ့ကံကြမ္မာကပဲ အနိမ့်ပိုင်းကို ရောက်သွားတာလားမသိ သူလုပ်သမျှ အမှားအယွင်းတွေ ဖြစ်လာသည်။ အထူးသဖြင့် အခွင့်အရေး ရနိုင်ခဲသည့် ပွဲကြီးပွဲကောင်းတစ်ခုမှာ သူ့ကြိုးကိုင်သူအလိုကျ သူမလုပ်ပေးနိုင်ခဲ့။ အဲဒီအတွက် သူက ဘာမျှမဖြစ်သလို နေပြသည်။ သူ့ငယ်သားတွေက သူ့ကို ကွန်ပလိန်းတွေ တက်လာကြသည်။ သူ့အဖွဲ့ထဲမှာ ဟိုအုပ်စု၊ ဒီအုပ်စုဆိုတာတွေ အကွဲကွဲ ဖြစ်လာကြသည်။ နောက်ဆုံးတော့ မီးလောင်ရာလေပင့် ဆိုသလိုပင် သူ့ပြိုင်ဘက်တွေက သူ့ကို အလဲထိုးခဲ့ကြသည်။ သူ့ဘ၀ ခဏနားသွားရသည်။ နားတာကိုပင် အနိုင်နှင့် ပိုင်းနေသေးတော့သည်။ သူ့ရဲ့ ခါးသီးတဲ့ ပြိုင်ဘက်ကြီးကတော့ သက်တော်ရှည်နေဆဲ၊ အောင်ပွဲခံနေဆဲ၊ သူပြုစုပျိုးထောင်ထားသည်များကို ခံစားနေဆဲ၊ ပီတိဖြစ်နေဆဲ၊ ခရီးဆက်နေဆဲပင်။

အခုလည်း သူတို့တွေ ထိပ်တိုက်တွေ့ပြန်ချေပြီ။ နေရာအတွက် အပြိုင်အဆိုင်၊ အရိုးကျေကျေ၊ အရေခန်းခန်း ယှဉ်ပြိုင်ကြရမည်။ သက်တော်ရှည်ကြီးရဲ့ အဖွဲ့သားတွေအတွက်တော့ အခုအချိန်မှာ သူတို့ပြိုင်ဘက်က သူတို့ထက် သာသလိုဖြစ်နေတာကို မခံချင်ကြ၊ သူတို့မှာလည်း အစွမ်းတွေရှိတာကို ပြသချင်သည်။ သူတို့မှာ သမိုင်းကြောင်းရှိတာကို ထိန်းသိမ်းချင်သည်။ ပွဲက တကယ့်ပွဲကောင်းပင်။ တကယ်လည်း ပွဲက ကောင်းခဲ့ပါသည်။ သူတို့တွေရဲ့ ယှဉ်ပြိုင်မှုက ပညာသားပါသလို၊ သိပ်ပြီးလည်း အင်အားပါသည်။ ခက်သည်က အားပေးသူတွေက သက်တော်ရှည်ကြီးဘက်မှာ အနည်းငယ်သာ ရှိနေသည်။ သူတို့ပြိုင်ဘက်ကို အားပေးသူတွေက အဆမတန် များပြားနေသည်။ တော်ရုံတန်ရုံ စိတ်ဓာတ်နှင့်ဆိုလျှင်တော့ ဒီအားပေးသူတွေ၊ ရူးသွပ်သူတွေကြောင့် တွေဝေသွားနိုင်သည်၊ ဖျားသွားနိုင်သည်။ သို့သော် အဓိကက ရလဒ်ဖြစ်သည်၊ ဗျူဟာဖြစ်သည်။ သက်တော်ရှည်ကြီးက သိပ်ပြီးတော့ ပါးနပ်သည်။ အရင်ကလိုမျိုး အပြင်းအထန် တိုက်ခိုက်တာမျိုးတွေ မလုပ်ချေ။ စိတ်ရှည်လက်ရှည်နှင့် အများကို စောင့်ဖမ်းသည်။ အပိုင်ဆိုမှ သူက တိုက်ခိုက်သည်။ လက်ဝှေ့စကားနှင့်ဆိုလျှင် ချက်ကောင်းတွေကိုချည်း ရွေးပစ်သည်။ လက်သီးတရစပ် မထွက်ပေမယ့် ထွက်သမျှလက်သီးက ချက်ကောင်းကိုချည်းဖြစ်သည်။ အဲဒီတော့ ပြိုင်ဘက်တွေက မခံချင်တွေ ဖြစ်လာကြသည်၊ ရှူးရှူးရှဲရှဲတွေ ဖြစ်လာကြသည်။ ဥပဒေပတွေ ယှဉ်ပြိုင်လာကြသည်။ အားပေးသူတွေရဲ့ အားကိုးနဲ့ မိုက်ကြသည်ပေါ့။ သို့သော် ဥပဒေက ဥပဒေပဲဖြစ်သည် မဟုတ်လား။ ဥပဒေပတွေ လုပ်တာများလာတော့ သူတို့တွေ ဥပဒေရဲ့ စီရင်ခြင်းကို ခံကြရသည်။ တချို့တွေ သတိပေးခံရသည်၊ တချို့တွေ ခံဝန်နှင့်နေကြရသည်၊ တချို့တွေဆိုလျှင် ယှဉ်ပြိုင်ခွင့်ပင် ပိတ်ပင်ခံလိုက်ရသည်။ ထိုသို့ အလုပ်ခံရလေ သူတို့က ပိုပြီးတော့ တင်းမာလေဖြစ်သည်။ သူတို့ရဲ့ အခြေအနေမှန်ကို သူတို့တွေ မှန်အောင် မသုံးသပ်နိုင်ခဲ့၊ သူများကိုသာ တိုက်ခိုက်ဖို့ သည်းသည်းမည်းမည်း ဖြစ်နေခဲ့သည်။ ဒီအတွက် သူတို့မှာ ဟာပေါက်တွေ အများကြီး ရှိလာသည်။ ခေါင်းဆောင်လုပ်သူကလည်း အခြေအနေကို မထိန်းနိုင်သလို ဘေးကနေ ကူညီအကြံပေးသည့် လက်ထောက်တွေ၊ လူယုံတွေကလည်း ဘာအကြံတွေမျှ ထွက်မလာတော့။ သက်တော်ရှည်ကြီးကို ဝေဖန်တာ၊ မထိတထိပြောတာ၊ ပုတ်ခတ်တာတွေပဲ လုပ်လာကြသည်။ အဲဒီတော့ စကားများကြတာပဲ အဖတ်တင်သည်။ သက်တော်ရှည်ကြီးရဲ့ အဖွဲ့သားတွေ အပြင်းအထန် အလူးအလဲ ခံကြရသည်။ ဒါကိုပင် ပြိုင်ဘက်တွေက သူတို့တွေမမှားဘဲ တစ်ဖက်က မှားသလိုဖြစ်အောင် အားပေးသူတွေ၊ ပရိသတ်တွေကို တိုင်တည်ကြသေးသည်။ ပရိသတ်အားကိုးနှင့် မိုက်ပြကြသည်၊ ရမ်းပြကြသည်၊ ကြမ်းပြကြသည်။ သက်တော်ရှည်ကြီးက အကွက်စေ့သည်။ တစ်ဖက်ရဲ့ ဗျူဟာထဲကို နည်းနည်းလေးမျှ အ၀င်မခံချေ။ စိတ်ရှည်လက်ရှည်ထားသည်၊ ဇွဲကောင်းကောင်းနှင့် အခွင့်ကောင်းကို စောင့်သည်။ တစ်ဖက်က သွေးဆူတိုင်း သူ့လူတွေကို သွေးမဆူခိုင်း၊ တစ်ဖက်က ကြမ်းရမ်းတိုင်း သူလူတွေကို မရမ်းခိုင်း။ သမ္ဘာနှင့်ဝါနှင့် ထိန်းခိုင်းသည်။ လိုချင်သည့် ရလဒ်ရအောင် သူ့လူတွေကို ယှဉ်ပြိုင်ခိုင်းသည်။ သူ့လူတွေကလည်း ဒီလိုပြိုင်ဘက်တွေနှင့် ယှဉ်ပြိုင်လာတာ အံတိုနေပြီ ဆိုသည့်လူစားများဖြစ်သည်။ ထို့ကြောင့် ဘာမျှ အခက်အခဲမရှိ။ နောက်ဆုံးတော့ လိုချင်သည့် အနိုင်ရလဒ်က သူတို့လက်ထဲသို့ ရောက်လာခဲ့သည်။

သူတို့အတွက်တော့ ချိုမြိန်လှသည့် အောင်မြင်မှုပင်၊ အခြားတစ်ဖက်အတွက်တော့ ဘယ်လောက် ခါးသီးမည်ကို စာဖတ်သူတို့သာ စာနာကြည့်စေလိုပါသည်။ သေချာသည် မကြာမီ စကားသံတွေ၊ ဝေဖန်သံတွေ ထွက်လာဦးမည်။ တရားမျှတမှု မရှိဘူး၊ ဘက်လိုက်တယ်၊ သက်တော်ရှည်ကြီးကိုဆို ဆုံးဖြတ်သူတွေက အမြဲပစားပေးတယ်၊ မပြောရဲဘူး၊ မဆိုရဲဘူး၊ သူတို့ကိုတော့ နှိပ်ကွပ်တယ်၊ မလုပ်သင့်တာတွေ လုပ်တယ်၊ စသည်စသည်ဖြင့်ပေါ့။ ဒါကလည်း မထူးဆန်းပါချေ။ ဒီလောကမှာ ဒီရပ်ဝန်းမှာ ဒီလိုဖြစ်လာပြီဆိုလျှင် ဒီလိုပဲ စကားသံတွေ ထွက်လာစမြဲ ဖြစ်သည်ကိုး။ ဘယ်သူကမျှ အရှုံးကို ကျေကျေနပ်နပ် မခံယူလိုကြ။ တစ်ခုခုကိုတော့ အကြောင်းရှာလိုက်ရမှ နေသာထိုင်သာရှိသည်။ ဥပဒေအရ အရေးယူခံလိုက်ရတဲ့ လူတွေအတွက်တော့ စိတ်မကောင်းချေ။ သူတို့ခမျာ နောက်ပြိုင်ပွဲ ၂ ခုလောက်ကို လက်လွှတ်ကြရဦးမည်။ အင်း... ခက်တော့လည်း ခက်သည်။

လူတွေကလည်း သူတို့ရဲ့ ပြိုင်ဆိုင်မှုကိုပဲ စိတ်ဝင်စားသည်ကိုး။ အခုဆိုလျှင် တစ်ကမ္ဘာလုံးက သူတို့ရဲ့ ပြိုင်ဆိုင်မှုကို စောင့်ကြည့်ခဲ့ကြမှာ သေချာသည်။ အားပေးသူတွေ အသီးသီးအတွက် ၀မ်းသာမှုနှင့် ၀မ်းနည်းမှုတွေ ရရှိကြပေမည်။ သေချာသည်ကတော့ ဒီတစ်ခါပြိုင်ရုံနဲ့ ပြီးသွားမှာ မဟုတ်ပါ။ နောက်ထပ် ပြိုင်ပွဲတွေ လာဦးမည်ဆိုသည်ပင်။ မကြာသော အချိန်အတွင်းမှာပင် သူတို့ ၂ ဖွဲ့ ပွဲကြီးပွဲကောင်း ထပ်တွေ့ကြဦးမည်။ ကျွန်တော်တို့ ရင်ခုန်စွာဖြင့် စောင့်မျှော်ကြည့်ရှုရဦးမည်ပင်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၁ နာရီ ၄၄ မိနစ်တွင်ပြီး၏။

ရှင်းလင်းချက်။ မနေ့ညက ကြည့်ခဲ့ရသည့် ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲ ချဲလ်ဆီးအသင်းနှင့် မန်ယူအသင်းတို့၏ ပွဲစဉ်ကို ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် သို့လော၊ သို့လော မတွေးကြစေလိုပါ။ နိုင်ငံရေးအကြောင်း ပြောခြင်းမဟုတ်ပါခင်ဗျား။ ဒါနဲ့ စကားမစပ် ညက ကျွန်တော့်မန်ယူက ၃ ဂိုး ၂ ဂိုးနဲ့ ချဲလ်ဆီးကို အနိုင်ရသွားတယ်ခင်ဗျ။ ကြည့်လို့ ကောင်းသလားမမေးနဲ့၊ လွှတ်ကောင်းဗျို့။ ကျုပ်ဖြင့် အဲဒီဘောလုံးပွဲကို ကြည့်ရတာ နှလုံးရောဂါ ရမတတ်ပါပဲ။ တကယ်ကောင်းတဲ့ပွဲဗျို့။ အဲဒါကြောင့်လည်း ဒီစာတွေကို ရေးဖြစ်တာပါ။ ဘောလုံးပွဲကရတဲ့ အတွေးပေါ့ဗျာ။ ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ မှတ်ချက်တွေ ရေးလိုကလည်း ရေးသွားနိုင်ပါတယ်ခင်ဗျ။ မရေးလိုကလည်း သဘောတော်အတိုင်းပါခင်ဗျား။

Sunday, October 28, 2012

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၄၄ ဦး


၁။ ဦးသိန်းစိန်                          ဥက္ကဋ္ဌ
၂။ ဦးအောင်သောင်း                  အတိုင်ပင်ခံ
၃။ ဦးတင်ထွတ်                        အတိုင်ပင်ခံ
၎။ ဦးစိုးသာ                             အတိုင်ပင်ခံ
၅။ သူရဦးရွှေမန်း                      ဒု-ဥက္ကဋ္ဌ
၆။ သူရဦးအေးမြင့်                     ဒု-ဥက္ကဋ္ဌ
၇။ ဦးဌေးဦး                             ဒု-ဥက္ကဋ္ဌ
၈။ ဦးမောင်မောင်သိမ်း               အထွေထွေအတွင်းရေးမှူး
၉။ ဦးသိန်းဇော်                        တွဲဖက်အထွေထွေအတွင်းရေးမှူး
၁၀။ ဦးခင်အောင်မြင့်                 ဗဟိုအတွင်းရေးမှူး
၁၁။ ဦးသိန်းဆွေ                       ဗဟိုအတွင်းရေးမှူး
၁၂။ သူရဦးအောင်ကို                 ဗဟိုအတွင်းရေးမှူး
၁၃။ ဦးကျော်ဆန်း                     ဗဟိုအလုပ်အမှုဆောင်
၁၄။ ဦးသိန်းညွန့်                       ဗဟိုအလုပ်အမှုဆောင်
၁၅။ ဦးအုန်းမြင့်                        ဗဟိုအလုပ်အမှုဆောင်
၁၆။ ဦးအောင်မင်း                     ဗဟိုအလုပ်အမှုဆောင်
၁၇။ ဦးသိန်းအောင်                    ဗဟိုအလုပ်အမှုဆောင်
၁၈။ သူရဦးမြင့်မောင်                  ဗဟိုအလုပ်အမှုဆောင်
၁၉။ ဦးတင်နိုင်သိန်း                   ဗဟိုအလုပ်အမှုဆောင်
၂၀။ ဦးအောင်သိန်းလင်း              ဗဟိုအလုပ်အမှုဆောင်
၂၁။ ဦးသန်းဌေး                        ဗဟိုအလုပ်အမှုဆောင်
၂၂။ ဦးဘုန်းဆွေ                        ဗဟိုအလုပ်အမှုဆောင်
၂၃။ ဦးဉာဏ်ထွန်းအောင်             ဗဟိုအလုပ်အမှုဆောင်
၂၄။ ဦးစိုးနိုင်                            ဗဟိုအလုပ်အမှုဆောင်
၂၅။ ဦးစိုးသိန်း                          ဗဟိုအလုပ်အမှုဆောင်
၂၆။ ဦးမောင်မောင်ဆွေ              ဗဟိုအလုပ်အမှုဆောင်
၂၇။ ဦးအောင်ထွန်း                    ဗဟိုအလုပ်အမှုဆောင်
၂၈။ ဦးလှသိန်းဆွေ                    ဗဟိုအလုပ်အမှုဆောင်
၂၉။ ဦးမောင်ဦး                         ဗဟိုအလုပ်အမှုဆောင်
၃၀။ ဦးအောင်ကြည်                   ဗဟိုအလုပ်အမှုဆောင်
၃၁။ ဦးမောင်ရှိန်                       ဗဟိုအလုပ်အမှုဆောင်
၃၂။ ဦးသာအေး                        ဗဟိုအလုပ်အမှုဆောင်
၃၃။ ဦးရဲမြင့်                             ဗဟိုအလုပ်အမှုဆောင်
၃၄။ ဦးမြင့်ဆွေ                         ဗဟိုအလုပ်အမှုဆောင်
၃၅။ ဦးဉာဏ်ဝင်း                       ဗဟိုအလုပ်အမှုဆောင်
၃၆။ ဦးနန္ဒကျော်စွာ                    ဗဟိုအလုပ်အမှုဆောင်
၃၇။ ဦးမြညိမ်း                          ဗဟိုအလုပ်အမှုဆောင်
၃၈။ ဦးဇော်မြင့်ဖေ                     ဗဟိုအလုပ်အမှုဆောင်


ဗဟိုအကြံပေးအဖွဲ့
၁။ ဦးသောင်း
၂။ ဦးမောင်ပါ
၃။ ဦးလွန်းသီ
၎။ ဒေါက်တာချမ်းငြိမ်း
၅။ ဒေါက်တာကျော်မြင့်
၆။ ဒေါက်တာမြဦး

Source: Northern Star Journal, No.188, Oct 24, 2012, Page.4

Thursday, October 25, 2012

ကိုဉာဏ်မေး၍ ကိုဉာဏ်ဖြေသည်


အမေး။
ယနေ့ မြန်မာ့နိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်ပါသလဲ။
အဖြေ။
ချီးခြောက်ရေနှူးပြီး အနာဟောင်းကို ပြန်ဆွနေကြတဲ့ကာလလို့ မြင်မိပါတယ်။

အမေး။
အခုအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုတွေကို ဘယ်သူက အဓိပ္ပါယ်ဖွင့်ဆိုပေးမလဲ။
အဖြေ။
ဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အဓိပ္ပါယ်ဖွင့်ကြပါလိမ့်မယ်။

အမေး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ လုပ်ဆောင်မှုတွေအပေါ် အမြင်ကိုသိချင်ပါတယ်။
အဖြေ။
သူတို့ကို အကြံတစ်ခုပေးချင်ပါတယ်၊ အရင်တုန်းက ထင်ရှားခဲ့ဖူးတဲ့ ဆောင်ပုဒ်တွေကို စာသားပြောင်းပြီး ပြန်သုံးပါလို့။ နမူနာတွေ ရေးပြထားပါတယ်။
၁။ ပါတီတွင်း၊ ပါတီပ ဆန့်ကျင်သူများအား ဒီမိုကရေစီရန်သူအဖြစ် တံဆိပ်တပ် ချေမှုန်းကြ။
၂။ ဒေါ်စုသာအမိ ဒေါ်စုသာအဖ၊ ဘယ်သူပြောတာမှမယုံနဲ့ ဒေါ်စုပြောတာယုံ။
၃။  ဒေါ်စုအင်အားသည် အမေရိကားမှာသာ ရှိသည်။

အမေး။
လက်ရှိအစိုးရအပေါ် ဘယ်လိုမြင်ပါသလဲ။
အဖြေ။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြဿနာပေါင်းစုံဖြေရှင်းရေးအဖွဲ့ ဖြစ်မှန်းမသိ ဖြစ်လာနေပြီလို့ မြင်တယ်။

အမေး။
မြန်မာပြည်မှာ အပေါများဆုံးက ဘာဖြစ်မလဲ။
အဖြေ။
စီတန်းလှည့်လည်ပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ တိုင်စာတွေနဲ့ သမဂ္ဂတွေပါ။

အမေး။
မြန်မာပြည်မှာ အရှားပါးဆုံးက။
အဖြေ။
စိတ်ရှည်သည်းခံမှုနဲ့ နားလည်မှု။

အမေး။
နန်းခင်ဇေယျာက မြန်မာပြည်ကိုယ်စားပြု အောင်မြင်ခဲ့တယ်ဆိုတော့ မြန်မာ့မော်ဒယ်လောကရဲ့ အနာဂတ်အလားအလာက ဘယ်လိုရှိနိုင်သလဲ။
အဖြေ။
အရင်တုန်းက တကူးတကနဲ့ ဟိုရှာဒီရှာ ရှာရတဲ့ဓာတ်ပုံတွေကို ပေါပေါများများနဲ့ တရားဝင် အားပါးတရ ကြည့်နိုင်တော့မယ်လို့ မြင်မိတယ်။

အမေး။
ကချင်ပြည်နယ်အရေးအပေါ် ခင်ဗျားရဲ့အမြင်က ဘယ်လိုရှိသလဲ။
အဖြေ။
ဘာလော့တယ်လီကို အသားဖြူဆေး ရောင်းသလို ဖြစ်နေတယ်လို့ပဲ မြင်တယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၆ နာရီ ၀၁ မိနစ်။ 

Wednesday, October 24, 2012

ကျွန်တော်ကိုဉာဏ်လည်း သမ္မတလုပ်ရဲတဲ့သတ္တိ ရှိပါသည်


ရင်းနှီးတဲ့လူတွေက အတန်တန် သတိပေးတဲ့ကြားက၊ အတန်တန် တားမြစ်တဲ့ကြားက အမြင်မတော်တာတွေ့တိုင်း ဝေဖန်လိုက်ရမှ၊ ထောက်ပြလိုက်ရမှ နေသာထိုင်သာရှိတဲ့ စိတ်ကလေးကို အခုထိ မပြင်နိုင်သေးဘူး။ တစ်ခါတလေတော့လည်း ကိုယ့်ဘာသာကိုယ် တွေးမိပါရဲ့။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ ရှိနေတာတွေထက် အမြင်မတော်တာတွေက ပိုများနေသလားလို့ပါ။ သူငယ်ချင်းတစ်ဦးကတော့ ဒဿနဆန်ဆန် ပြောခဲ့ဖူးပါတယ်။ သဘာဝတရားကြီးဆိုတာ သူ့ဟာနဲ့သူ နေသားတကျ ရှိပြီးသား၊ အစီအစဉ်တကျ ရှိပြီးသားတဲ့။ အဲဒီလို ရှိနေတာတွေကို ကမောက်ကမတွေဖြစ်အောင်၊ တလွဲတချော်တွေဖြစ်အောင် လူတွေကပဲ လုပ်တာတဲ့။ သဘာဝအတိုင်း သူ့ဟာသူ ရှိနေရင် ဘယ်အရာမှ အမြင်မတော်တာ မရှိဘူးတဲ့။ ကျွန်တော်က ခပ်ထုံထုံလူဆိုတော့ သူပြောတာတွေကို နားလည်တစ်ချက်၊ နားမလည်တစ်ချက်ပေါ့။ ထားပါလေ။ အခုတော့ ကိုယ့်ဘာသာကိုယ် သေသေချာချာ ဆန်းစစ်ပြီး အဖြေတစ်ခု တွေ့လိုက်သလိုပါပဲ။ ကျွန်တော်ဟာ အဆိုးမြင်သမားတစ်ဦး ဖြစ်မှန်းမသိ ဖြစ်နေတာကိုး။ လောကကြီးမှာ ကောင်းတဲ့အရာတွေ ဒီလောက် ပြည့်နှက်နေတဲ့ဟာကို မဖြစ်စလောက်ပဲရှိတဲ့ ကမောက်ကမတွေ၊ အမှားတွေ၊ အမြင်မတော်တာတွေကိုမှ အလုပ်တစ်ခုလုပ်ပြီး အရေးတယူ လုပ်နေမိတာကိုး။ ကြားဖူးတဲ့ ဇာတ်လမ်းတစ်ခုထဲကအတိုင်း ဆိုရင်တော့ စာရွက်ဖြူပေါ်မှာ မင်တစ်စက် ပေနေတာကိုသာမြင်ပြီး ကျန်တဲ့အစိတ်အပိုင်းတွေ အားလုံးဖြူနေတာကို လျစ်လျူရှုတတ်တဲ့ လူတစ်မျိုးဖြစ်မှာပေါ့။ အဲဒါကြောင့် အခုရေးမယ့်စာတွေဟာ စာရွက်တွေပေါ်က မင်စက်ကလေးတွေရဲ့ အကြောင်းသာဖြစ်ကြောင်း ဦးစွာပြောလိုပါတယ်။ မင်စက်တွေဟာ အရောင်အမျိုးမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အနီ၊ အနက်၊ အစိမ်း၊ အပြာ၊ စသည်ဖြင့်ပေါ့လေ။ ကဲ... ကျွန်တော် အဆိုးမြင်သမားကြီးရဲ့ အမြင်တွေကို ဖတ်ကြည့်ပေးကြပါဦးဗျာ။

သမ္မတလောင်း၊ သမ္မတလောင်း၊ သမ္မတလောင်း
ခေါင်းစဉ်ကိုဖတ်ပြီး အမေရိကန်နိုင်ငံအကြောင်း ပြောတော့မယ်လို့ မမှတ်လိုက်ကြပါနဲ့ခင်ဗျ။ အိုဘားမားနဲ့ မစ်ရွန်းနေ စကားစစ်ထိုးတာ သူတို့ကိစ္စပဲ၊ ကျွန်တော်တို့နဲ့ အနေသာကြီး။ အဲဒီအကြောင်းကို စကားထဲ ထည့်ပြောမနေဘူး။ ကျွန်တော်ပြောချင်တာက ၂၀၁၅ ခုနှစ် ကိစ္စ၊ ၂၀၁၅ ခုနှစ် ကိစ္စ။ အခုမှ ၂၀၁၂ ခုနှစ်ပဲ ရှိသေးတယ်... ၂၀၁၅ ခုနှစ်မှာတော့ ဘယ်လိုတွေဖြစ်နိုင်တယ်၊ ဘယ်လိုဖြစ်သင့်တယ် စတဲ့စတဲ့ နိုင်ငံရေး ခန့်မှန်းချက်တွေက လှိုင်လှိုင်ကြီးကို ထွက်နေကြပြီ။ မြန်မာ့နိုင်ငံရေးရဲ့ ပြောင်းလဲတိုးတက်မှုတစ်ခုလို့ မြင်မိပါတယ်။ ဒါပေမယ့် ကျေးဇူးရှင် ကိုရွှေမီဒီယာတွေရဲ့ နှပ်ကြောင်းပေးတာ၊ မြောင်းသွယ်တာတွေက အံ့သြစရာ ကောင်းလောက်တယ်။ ၂၀၁၅ ခုနှစ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး။ အနာဂတ်ဆိုတာ ဘယ်သူမှ မပိုင်ဘူးလေ။ ဒါပေမယ့် ဂျာနယ်စာမျက်နှာတွေထက်မှာတော့ အမိန့်ကြော်ငြာစာ မထွက်သေးတာကလွဲရင် ၂၀၁၅ ခုနှစ်အတွက် အစိုးရက ဖွဲ့ပြီးသလောက် ဖြစ်နေပြီ။ သူတို့လိုချင်တဲ့ အစိုးရဖြစ်ဖို့အရေး လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကိုတောင် ပြင်သင့်သလေး၊ ဘာလေးနဲ့ နှပ်ကြောင်းတွေ ပေးနေလိုက်ကြတာများ ရယ်တောင်ရယ်ချင်သေးတော့တယ်။ ပထမအချက်၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလုပ်မလားတို့၊ သမ္မတဖြစ်နိုင်တယ်တို့ဆိုတာ မီဒီယာတွေရဲ့ ဖွလုံး၊ ဆွလုံး၊ ထွင်လုံး၊ ဂွင်လုံးတွေပါ။ အမှန်တရားကို မျက်မှောက်ပြုမယ်ဆိုရင် အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်နိုင်တဲ့ အရည်အချင်းနဲ့ မကိုက်ညီသေးပါဘူး။ အလို... ကျွန်တော်က ဒီလိုရေးတာကို ဖတ်ရတော့ ခင်ဗျားက ဘယ်လိုဖြစ်ပြီး စိတ်တွေတိုနေရတာတုန်း။ အခုလို ပြောနေတယ်ဆိုတာ ကျွန်တော့်ဘာသာ ပြောချင်ရာကို ရမ်းသန်းပြောနေတာ မဟုတ်ဘူးဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အလိုတော်အတိုင်း ပြောနေတာလေ။ ခင်ဗျားတို့ပဲ Rule of the Law ဆိုတဲ့စကားကို အမြင်ကတ်လောက်အောင် ပြောခဲ့ကြတာမဟုတ်လား။ အခုတော့ ကျွန်တော်တို့နိုင်ငံရဲ့ အထွတ်အထိပ်ဥပဒေကို ဟိုပြောဒီပြော ပြောချင်နေပြီလား။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရဘူးလေ။ (ကျွန်တော်ပြောတာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးတော့ မကြားစေနဲ့ပေါ့ဗျာ) သူ့ကိုတော့ သားသားကြောက်ကြောက်၊ သူက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ခုလုံးကိုတောင် မြောင်းထဲပို့ပစ်နိုင်စွမ်းရှိတဲ့လူလေ။ သားသားပြောတဲ့အထဲမှာ သူမပါဘူး။ :D ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ထိုက်သလား ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရရင် လုံးဝကို သဘောမတူပါဘူး။ အဲဒီလိုပြောတော့ ကျွန်တော်သဘောမတူတာနဲ့ပဲ ကြီးတော်စုက သမ္မတ မဖြစ်တော့သလိုလို ဖြစ်ဦးမယ်။ ကျွန်တော်က သဘောတူလည်း ကြီးတော်စုက သမ္မတ မဖြစ်နိုင်သေးဘူးဗျ။ ဂျာနယ်တွေက ဒီလောက် ဟောကိန်းတွေ၊ ဆွယ်ကိန်းတွေ လုပ်နေတဲ့အချိန်မှာ ကျွန်တော်လည်း ဘယ်နောက်ကျန်ခဲ့လို့ ဖြစ်မလဲဗျ။ ကျွန်တော့်ရဲ့ ရှေ့ဖြစ်အဟောကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ သမ္မတ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးဗျ။ မှန်မမှန်တော့ အခု မငြင်းပါနဲ့ဗျာ။ စောင့်ကြည့်ကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်တဲ့နေ့ကျရင် ကျွန်တော်ကိုဉာဏ်ရဲ့ နိုင်ငံရေးခန့်မှန်းချက်ဟာ တက်တက်စင် လွဲခဲ့ပါတယ်လို့ ပြန်ပြီးတော့ ၀န်ခံရေးသားပါ့မယ်ဗျာ။ အခုတော့ ဆောရီးပဲ။ သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုကလက်ခံရင် သမ္မတအဖြစ် လက်ခံသွားမယ်ဆိုတဲ့ စကားကိုလည်း ရယ်ချင်တယ်ဗျ။ အိုး.... ရယ်ချင်တယ်ဆိုတာ သမ္မတကြီးကို ပြောတာမဟုတ်ဘူး။ အဲဒီစကားအပေါ်မှာ Feeling တက်နေတဲ့လူတွေကို ပြောတာပါဗျာ။ သမ္မတကြီးက နိုင်ငံရေးသမားလေဗျာ။ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးစကားပဲ ပြောရမှာပေါ့။ ဒီလောက်တော့ ကျွန်တော်တို့တွေ နားလည်ထားသင့်တယ်။ အဲဒီလောက်မှ နားမလည်ရင်တော့ ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ဖူးတယ်၊ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူးတယ်ဆိုပြီး မီဒီယာတွေရဲ့ မြှောက်လုံး၊ ပင့်လုံးတွေကြားမှာ ကျွန်တော်တို့ ပြည်သူတွေဟာ အောက်ခြေတွေလွတ်ပြီး အတွေးမှား၊ အပြောမှား၊ အလုပ်မှားတွေ ဖြစ်နေကြဦးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ခမျာလည်း အောက်ကလူတွေ၊ ဘေးကလူတွေရဲ့ စကားဒဏ်ကို အတော်ကြီး ခံလိုက်ရရှာတယ် ထင်ပါရဲ့။ သူ့ဟာသူ နိုင်ငံခြားက ပြန်လာတဲ့ခရီးစဉ် ရှင်းလင်းပွဲမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် သမ္မတလုပ်ရဲတဲ့ သတ္တိရှိပါတယ်လို့ ပြောရတဲ့အထိ ဖြစ်သွားရတယ်။ ကျွန်တော့်အမြင်ကတော့ ဒေါ်စုကလည်း ရိုးရိုးလေး ပြောတာပါပဲ။ သူ့မှာ လုပ်မယ်ဆိုရင် လုပ်ရဲတဲ့သတ္တိ ရှိတယ်လို့ ပြောတာပဲလေ။ ဒါကိုများ ဘာဖြစ်လို့ အဲဒီလောက် သည်းသည်းလှုပ် ဖြစ်နေရသလဲဆိုတာ ကျွန်တော်ဖြင့် နားကိုမလည်နိုင်ဘူး။ ကျွန်တော်ကိုဉာဏ်လည်း သမ္မတလုပ်ရဲတဲ့သတ္တိ ရှိပါတယ်ဗျ။ အခုတော့ မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လည်း ဒေါ်စုလိုပဲ အခုအချိန်မှာ သမ္မတအရည်အချင်းနဲ့ မကိုက်ညီသေးဘူးဗျ။ ကျွန်တော်ကတော့ အသက်ကန့်သတ်ချက် အရည်အချင်းနဲ့ မကိုက်ညီတာပါဗျာ။ :D ဒါပေမယ့် အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရော၊ ကျွန်တော်ရော သမ္မတမဖြစ်နိုင်တာချင်း အတူတူပဲဗျ။ ကျုပ်ရေးတာတွေဖတ်ပြီး စိတ်တွေတို၊ အပြစ်တွေတင်မနေနဲ့ဦး။ မှိုတက်လို့ အမှိုက်ပုံထဲကိုရောက်နေတဲ့ ကိတ်မုန့်နဲ့ ပေါင်မုန့်မှာ ဘယ်သူကများ ပိုပြီး အဖိုးတန်နေသေးသလဲဗျာ။ :D သဘောကိုပြောတာပါနော်။ သမ္မတကြီး ဦးသိန်းစိန်ကလည်း ပြည်သူတွေက လက်ခံရင် နောက်တစ်ဆက် သမ္မတအဖြစ် ဆက်လုပ်ပါ့မယ်လို့ ပြောတာကလည်း သိပ်ကို ပညာပါတယ်ဗျ။ ဒီနေရာမှာ ကျွန်တော်နားမလည်တာက အဲဒီစကားကို ဘာသာပြန်တဲ့လူတွေကိုပါ။ မြန်မာလို ပြောတဲ့ဟာကို မြန်မာတွေက နားလည်ပုံဟာ အတော်ကြီးကို စိတ်ဝင်စားစရာကောင်းတယ်။ အစကတော့ အဆိုးမြင်သမားဟာ ကျွန်တော်တစ်ယောက်တည်းလို့ အောက်မေ့နေတာ။ အခုမှပဲ ကျွန်တော့်လို အဆိုးမြင်သမားတွေ ဒုနဲ့ဒေး ရှိသေးမှန်း သိရတော့တယ်။ သမ္မတကြီးကို ဝေဖန်လိုက်ကြတာများ သောသောကိုညံနေတာပဲ။ ပြည်တွင်းမီဒီယာတွေရော၊ ပြည်ပမီဒီယာတွေရောပေါ့။ ကျုပ်ဖြင့် ရယ်လိုက်ရတာ အမောပါပဲ။ လက်ရှိသမ္မတကြီးက အဲဒီလိုပြောတော့ သမ္မတကို လူထုက တိုက်ရိုက်ရွေးရာမဟုတ်ဘူးတို့၊ အဲဒီလို ပြောတဲ့စကားဟာ အဓိပ္ပါယ်မရှိဘူးတို့၊ ပြောတတ်လိုက်ကြတာဗျာ။ ခင်ဗျားတို့ဟာက ကြည့်လည်းလုပ်ကြပါဦးဗျ၊ ဦးသိန်းစိန်ကိုကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဇလုတ်တိုက်တယ်၊ ဒေါ်စုကျတော့ ဖွဲ့စည်းပုံကိုတောင် ပြင်ပေးဦးမတဲ့။ ဟားဟားဟား၊ အတော်နောက်တဲ့လူတွေ။ သေချာတာကတော့ အခုအချိန်မှာ ဦးသိန်းစိန်သည် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားလှယ်၊ ဒါပါပဲဗျာ။ သြော်... မေ့သွားလို့ဗျ၊ ကျုပ်တို့ မြန်မာမီဒီယာတွေ ရေးနေကျအတိုင်း ရေးမှပြောမှဖြစ်မယ်။ ဘာတဲ့၊ ဒေါ်အောင်ဆန်းစုကြည်သည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဆိုလား။ ထားပါတော့ဗျာ။ ပြောချင်တာကို ဆက်ရအောင်ပါ။ ဦးသိန်းစိန်ပြောတဲ့ ပြည်သူလူထုက လက်ခံရင် သမ္မတအဖြစ် ဆက်လုပ်ပါ့မယ်ဆိုတာ အဲဒါ အမှန်ပဲလေ။ လူထုက တိုက်ရိုက်ရွေးချယ်တာ မဟုတ်ပါဘူးတို့၊ ဘာတို့ညာတို့ ပြောနေတဲ့လူတွေရဲ့ စကားကို နားယောင်မနေပါနဲ့ဗျာ။ ကျွန်တော်ကိုဉာဏ်က အဲဒီစကားဟာ အမှန်ဖြစ်ကြောင်း သက်သေပြမယ်။ ဒီနေရာမှာ အဲဒီစကားကို ရှင်းပြရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကိုလည်း ရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ နှစ်ခုလုံးက ဆက်စပ်နေတာမို့ပါ။ တစ်နည်းပြောရရင် သမ္မတကြီးရော၊ ဒေါ်စုရောဟာ နိုင်ငံရေးသမားပါး ၀ကြတယ်လို့ ပြောနိုင်တာမို့ပါ။ ဒီလိုဗျ၊ သမ္မတကို မြန်မာပြည်သူလူထုက တိုက်ရိုက်မရွေးချယ်နိုင်ဘူး။ အဲဒါမှန်တယ်၊ ထားလိုက်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူတွေက ကိုယ်စားလှယ်တွေ ရွေးချယ်ပေးရဖို့ရှိတယ်။ ကိုယ့်မြို့နယ်အတွက်၊ ကိုယ့်ဒေသအတွက် ကိုယ်စားလှယ်ကို ရွေးချယ်ပေးရမှာဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ တာဝန်ပဲ။ ရွေးကောက်ပွဲမှာ ကိုယ်သဘောကျတဲ့လူကို မဲပေးရမယ်ပေါ့ဗျာ။ တစ်ချို့က လူကိုကြည့်ပြီး မဲပေးကြလိမ့်မယ်။ တစ်ချို့က ပါတီကိုကြည့်ပြီး မဲပေးကြလိမ့်မယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နိုင်တာ အဲဒီနှစ်မျိုးပဲရှိတယ်။ အဲဒီနှစ်မျိုးထဲမှာပဲ လက်ရှိအချိန်အထိ အားကောင်းကောင်းနဲ့ လွှမ်းမိုးနေဦးမှာက ပါတီကို မဲပေးခြင်းပဲ။ ကိုယ်စားလှယ်က ဘယ်သူလဲ၊ ဘယ်ကလာသလဲ၊ ဘယ်လိုရှိသလဲ ဆိုတာကိုမကြည့်ဘဲ ဘယ်ပါတီကို ကိုယ်စားပြုသလဲဆိုတဲ့ အမြင်တွေနဲ့ မဲပေးကြဦးမယ်။ အဲဒီတော့ မဲအများဆုံးရတဲ့ ပါတီဟာ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်အများဆုံး ဖြစ်မယ်လေ။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ဟာ ဒုတိယသမ္မတ တစ်ဦးစီကို ရွေးပေးရမယ်။ လွှတ်တော်နှစ်ရပ်မှာ ရှိနေတဲ့ ကိုယ်စားလှယ်တွေဟာ သူတို့သဘောကျတဲ့လူကို ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်ကြမှာပါပဲ။ အဲဒီအထဲကမှ ဒီမိုကရေစီ ထုံးစံအတိုင်း လွှတ်တော်တစ်ရပ်စီအတွက် ဒုတိယသမ္မတလောင်း တစ်ဦးကို မဲအနည်းအများနဲ့ ဆုံးဖြတ်ပေးလိမ့်မယ်။ အများစုအနိုင်ရထားတဲ့ ပါတီဟာ မဲအများဆုံးဖြစ်မှာ သင်္ချာသဘောအရ အားလုံးသိပြီးသားပဲ။ အဲဒီတော့ အများစုအနိုင်ရတဲ့ ပါတီက တင်တဲ့လူဟာ လွှတ်တော်တစ်ရပ်စီရဲ့ ဒုတိယသမ္မတလောင်းတွေ ဖြစ်လာမှာပဲ။ လွှတ်တော်နှစ်ရပ်ကတင်တဲ့ ဒုတိယသမ္မလောင်းတွေရယ်၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ကတင်တဲ့ ဒုတိယသမ္မတလောင်းရယ်၊ အဲဒီ သုံးဦးထဲကမှ တစ်ဦးကို သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်မယ်။ ရွေးချယ်မယ်ဆိုတာ မဲအနည်းအများနဲ့ ဆုံးဖြတ်မယ်ပေါ့ဗျာ။ အဲဒီတော့ ဘယ်သူအနိုင်ရမလဲဆိုတာ စဉ်းစားကြည့်ပေါ့။ ပါတီတွေကလည်း ဒုတိယသမ္မတလောင်း တင်တဲ့အခါ သူတို့ပါတီရဲ့ ခေါင်းဆောင်ကိုပဲ တင်ကြမှာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နေတာ မြန်မာပြည်လေဗျာ၊ အမေရိကန်ပြည်ထောင်စုမှ မဟုတ်တာပဲ။ မဟုတ်ဘူးလား။ ကျွန်တော်နားလည်သလို ပုံဆွဲထားတာကို အောက်မှာကြည့်နိုင်ပါတယ်။

သြော်... တစ်ခုသိထားဖို့ ရှိတာကတော့ မဲအများစု အနိုင်ရတယ် ဆိုပေမယ့်လည်း ကိုယ်တွေ ရွေးချယ်ပေးတဲ့ ဒုတိယသမ္မတလောင်းတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ နဲ့ ညီညွတ်ဖို့လည်း လိုသေးတယ်ဗျ။ အဲလိုမှ မဟုတ်ရင်တော့ ...........။


ကျွန်တော့်အမြင်ကတော့ သမ္မတ၊ ဒုတိယသမ္မတွေအတွက် သတ်မှတ်အရည်အချင်းထဲမှာ ထောက်ပြစရာ ဘာမျှမတွေ့မိပါဘူး။ ကိုယ့်နိုင်ငံရဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်မယ့် လူတစ်ယောက်ကို အရည်အချင်းလေး ၇ ချက်နဲ့ပဲ ကန့်သတ်ထားတာကိုတောင် မကျေမနပ် ဖြစ်မိသေးတော့တယ်။ တကယ်ဆိုရင် နိုင်ငံတစ်ခုကို ဦးဆောင်မယ့်လူဟာ ဒီထက်ပိုပြီး အရည်အချင်း ပြည့်သင့်တယ်လို့ ထင်မိတာပါပဲ။ ဥပမာအားဖြင့် ပညာအရည်အချင်း ကန့်သတ်ချက် ထည့်တာမျိုးပေါ့။ ပညာခေတ်ပါလို့ တဖွဖွ ပြောနေကြပေမယ့်လည်း အဲဒါကို သိပ်ပြီးတော့ အလေးအနက်ထားပုံ မရကြသေးပါဘူး။ ဒေါ်စုကလည်း သူ့ကို ကန့်သတ်ထားတယ်ဆိုတဲ့ စိတ်ခံစားချက်ကိုပဲ ဦးစားပေးနေတယ် ထင်ပါရဲ့။ အခြားအချက်တွေ ပြင်ဖို့ကိုတော့ တစ်ခုမှကို ပြောတာမတွေ့မိဘူး။ ပုဒ်မ ၅၉ (စ) ကိုပဲ ပြင်ဖို့လုပ်နေတာ တွေ့ရတယ်။ ပြောကို မပြောချင်တော့ဘူး။ ကျွန်တော်ကိုဉာဏ်ကတော့ ပုဒ်မ ၅၉ (ဂ) ကို ပြင်ရမယ်လို့ တစ်ခါမျှ ပြောဆိုဖူးခြင်း မရှိပါခင်ဗျ။ ဒီအချက်ဟာ လူငယ်တွေကို ကန့်သတ်ထားတာ၊ ခွဲခြားထားတာပဲလို့လည်း တစ်ခါမျှ အပြစ်မမြင်ခဲ့ဖူးပါ၊ တစ်ခါမျှလည်း မကောင်းမပြောခဲ့ဖူးပါ။ ကဲ.... သမ္မတလုပ်ရဲတဲ့ လူချင်းအတူတူ ကျွန်တော်နဲ့ဒေါ်စုက အဲဒီလို ကွာတယ်ဗျ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၄ နာရီ ၂၀ မိနစ်တွင်ပြီး၏။ 

စာကြွင်း။ ကျွန်တော်ရေးတဲ့စာတွေကိုဖတ်ပြီး ကျွန်တော့်ကို တစ်မျိုး မထင်ကြပါနဲ့ဦးဗျာ။ ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးသူ မဟုတ်သလို၊ ဦးသိန်းစိန်လုပ်သမျှကို မှန်ပါတယ်လို့ ခေါင်းညိတ်နေတဲ့လူလည်း မဟုတ်ပါဘူး။ ကျွန်တော်မြင်သမျှ၊ တွေးမိသမျှကို အရင်းအတိုင်း ပြန်လည်ရင်ဖွင့်ခြင်းလို့ နားလည်ပေးကြပါကုန်။ နားမလည်လျှင်လည်း လွတ်လပ်စွာ ဆဲနိုင်၊ ဝေဖန်နိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့နိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတွက် ကျွန်တော်လည်း သူ့ကို ချစ်ပါတယ်ဗျာ၊ ခင်ဗျားတို့လောက်တော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ :D

Sunday, October 21, 2012

ရယ်ရမှာလား၊ ပြုံးရမှာလား၊ စိတ်တိုရမှာလား၊ ကြည့်လည်းလုပ်ကြပါဦးကွယ်ရို့


(က)
ELEVEN Media Group လည်း ဆူးလှည်းကြီး ဖြစ်မှန်းမသိ ဖြစ်နေပါရော့လား။ အင်တာနက်ပေါ်မှာ ဘာဖြစ်လို့ အလဲဗင်းကို ကစ်နေကြသလဲဆိုတာ ကျွန်တော်သိပ်ပြီးတော့ နားမလည်ခဲ့ဘူး။ အခုမှပဲ နည်းနည်းလေး သဘောပေါက်တော့တယ်။ ဘယ်သူတွေပြောပြော မပြောပြော၊ ဘယ်သူတွေ ပေးပေး မပေးပေး၊ ဂျာနယ်ထဲမှာ စာလုံးဆိုဒ်မျိုးစုံနဲ့ သူတို့ခမျာ ရေးလိုက်ရတာ အမောပဲ။ ဘာတဲ့... ပရိသတ်ကပေးတဲ့ နံပါတ်တစ်တဲ့။ အင်း... အံ့ရော၊ အံ့ရော...။ အခုလည်း အောက်မှာပြထားတဲ့ သတင်းကို ဖတ်ကြည့်ကြပါဦးဗျာ။ သူရေးချင်တဲ့ သတင်းရဲ့ မူလရည်ရွယ်ချက်က ဘာလဲ။ စာဖတ်ပရိသတ်ကို ဘာသတင်းစကား ပါးချင်တာလဲ။ သူရေးတဲ့အထဲမှာလည်းပါတယ်... လူ ၂၀-၂၅ ဦးလောက် ရှိတဲ့အဖွဲ့က လမ်းသရဲဆန်ဆန်၊ ဥပဒေမဲ့လုပ်ရပ် လုပ်ခဲ့တာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ အဲဒီအထဲကမှ မဆီမဆိုင် ဆေးတပ်မှာ ဗိုလ်ကြီးအဆင့် တာဝန်ထမ်းဆောင်နေတဲ့လူရဲ့ သားဖြစ်သူလည်း ပါနေတယ်လို့ ရေးရတာလဲ။ စာဖတ်သူတို့လည်း သေသေချာချာ စဉ်းစားကြည့်စေချင်တယ်။ စစ်တပ်မကောင်းကြောင်းရေးရင် ပရိသတ်သဘောကျတဲ့ခေတ်က ကုန်သွားပြီဗျ။ ရေးထားတဲ့ သတင်းကိုလည်း ပြန်ဖတ်ကြည့်ပါဦး... စာဖတ်ပရိသတ်ရဲ့အမြင်မှာ တပ်မတော်နဲ့ ပတ်သက်နေတဲ့ လူတွေဟာ လူရမ်းကားတွေ၊ သူခိုးဂျပိုးတွေလို့ မထင်ထင်အောင် အပုပ်ချသလို ဖြစ်မနေဘူးလား။ ဒီမယ် ELEVEN, ဆေးတပ်ကဗိုလ်ကြီးသားလည်း ဆိုးချင်ဆိုးပါမှာပေါ့ဗျ၊ ဘယ်နယ်ပယ်မှာများ ခြောက်ပစ်ကင်း သဲလဲစင် ရှိလို့လဲဗျ။ ခင်ဗျားတို့ မီဒီယာသမားတွေရော အားလုံးကောင်းကြလို့လား၊ ဂျာနယ်အချင်းချင်း ရန်ဖြစ်ရတာနဲ့၊ ပိုက်ဆံယူပြီး ကြော်ငြာရေးပေးရတာနဲ့၊ ပွဲတက်ပြီး လက်ဆောင်ယူရတာနဲ့၊ ရထားတဲ့ သတင်းတစ်ခုကို ခုတုံးလုပ်ပြီး ငွေညှစ်ရတာနဲ့၊ စတဲ့ကိစ္စတွေ ရှိတာပဲမဟုတ်လား။ နောက်ဆုံးဗျာ... ကျွန်တော်တို့တွေက ဘုရားနဲ့တစ်ဂိုဏ်းထဲထားပြီး ကိုးကွယ်ဆည်းကပ်နေတဲ့ သံဃာတွေထဲမှာတောင် မာတုဂါမတွေနဲ့ မဖွယ်မရာဇာတ်လမ်းတွေ ရှုပ်နေတဲ့လူတွေ၊ ဗေဒင်တွက်၊ ချဲတွက်၊ ဂဏန်းပေး လုပ်နေတဲ့ အယောင်ဆောင်တွေ ရှိနေကြသေးတာပဲ။ ရုပ်ရှင်လောကဆိုရင်တော့ ပြောမနေနဲ့တော့ ဘယ်လိုဇာတ်လမ်းတွေရှိတယ်၊ ဘယ်လိုအရှုပ်တွေ ရှိတယ်ဆိုတာ ခင်ဗျားတို့ ပိုသိမှာပါ။ ပရိသတ်ကပေးတဲ့ နံပါတ်တစ် ဟုတ်မဟုတ်တော့ ကျွန်တော်မသိဘူး။ ကျွန်တော့်အတွက်ကတော့ ဒီနေ့ကစပြီး ELEVEN ဟာ ပရိသတ်ကခေါ်တဲ့ ချီးထုပ်ပဲ။ သိပ်မထုပ်စမ်းပါနဲ့ အလဲဗင်းရယ်... ခင်ဗျားသတင်းတွေက တစ်ပြည်လုံး နံစော်နေပြီဗျ။


( ခ )
ကျွန်တော်တို့ရဲ့ မှူးဇော်ကြီးလည်း ဘာတွေဖြစ်နေသလဲဗျ။ အလုပ်တွေများပြီး typing တောင် မစစ်နိုင်ရှာတော့ဘူး။ ဖတ်မိတဲ့လူတွေကလည်း ပြောပြပြီး ပြင်ခိုင်းတဲ့လူ ရှိဟန်မတူဘူး။ ကြည့်ရတာတော့ တစ်ကိုယ်တော်ပဲ ရေးနေ၊ တင်နေတယ် ထင်ပါရဲ့ဗျာ။ သနားတောင် သနားမိပါသေးရဲ့။ မြန်မာပြည်သမိုင်းမှာတော့ မှူးဇော်လောက် သတင်းထုတ်ပြန်နိုင်တဲ့လူ မရှိလောက်ဘူး ထင်ပါရဲ့ဗျာ။ တစ်နေ့တစ်နေ့ မှူးဇော် ဘာသတင်းတွေ ထုတ်ပြန်မလဲပဲ စောင့်ဖတ်နေရတယ်။ ဟုတ်မဟုတ် မသိပေမယ့် ကျွန်တော်ကြားတာကတော့ ဂျာနယ်တိုက်တွေမှာ မှူးဇော်ရဲ့ Facebook Account ကို စောင့်ကြည့်ဖို့အတွက် သီးသန့်လူတစ်ယောက် ခန့်ထားရသတဲ့။ သတင်းဦး သတင်းထူးတွေ မသိလိုက်မှာစိုးလို့တဲ့။ အံ့ရော.. အံ့ရော...။ မှူးဇော်တို့ အောင်မြင်ချက်ကတော့ အဲလို။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်တောင် အခုတလော သမ္မတကြီး ဘာလုပ်နေသလဲဆိုတာ စိတ်မ၀င်စားတော့ဘူး၊ မှူးဇော် ဘာတွေတင်နေသလဲ ဆိုတာကိုပဲ စိတ်ဝင်စားနေမိတယ်။ တစ်ခါတစ်ခါတော့လည်း တွေးမိတယ်ဗျ၊ ဒီလောက်တောင် သတင်းတွေ မြန်ဆန်တိကျ နေရတယ်ဆိုတော့ သမ္မတကြီးများ မှူးဇော်ဆိုတဲ့ နာမည်နဲ့ သတင်းတွေ တင်နေသလားပေါ့။ ဖြစ်တော့ မဖြစ်နိုင်ပါဘူးနော်။ ကဲ... ထားပါဗျာ။ ကျွန်တော်တို့ပြည်သူတွေမှာ အဓိကရည်မှန်းချက် ၉၂ ရပ် ရှိတယ်ဆိုတော့ ကျွန်တော် မျက်လုံးပြူးသွားတယ်ဗျ။ တွေးလည်း တွေးမိတယ်။ ဘုရား... ဘုရား...။ ငါလည်း ပြည်သူတစ်ယောက်ပါပဲ၊ ဒါပေမယ့် ငါ့မှာ ရည်မှန်းချက် ၉၂ ရပ် ရှိသလား၊ မရှိသလားဆိုတာ ငါ့ကိုယ်ငါတောင် မသိရပါလားပေါ့။ တော်တော်လည်း စိတ်တိုသွားမိတယ်၊ ကိုယ့်ကိုယ်ကိုယ်ပြောတာပါ။ ငါဟာ ပြည်သူတစ်ယောက် ဖြစ်နေပါလျက်နဲ့ ကိုယ့်မှာ ရည်မှန်းချက် ၉၂ ရပ် ရှိတာတောင် မသိရပါလား၊ တော်သေးတာပေါ့ သမ္မတကြီးက ငါတို့ရဲ့ ရည်မှန်းချက်တွေကို သိနေတယ်ဆိုတဲ့အကြောင်း မှူးဇော်က ရေးပြထားလို့။ အင်းပေါ့လေ... လူဦးရေ သန်း ၆၀ နီးပါးဆိုတော့ တစ်ယောက်စီ တစ်ယောက်စီရဲ့ ရည်မှန်းချက်တွေကို စုပေါင်းလိုက်ရင် ၉၂ ရပ် ရှိချင်ရှိမှာပေါ့ဗျာ။ မှူးဇော်ရေ... ကြည့်လည်း လုပ်ပါဦးဗျို့။ :D သမ္မတကြီးကို ပြောင်သလိုလည်း ဖြစ်နေပါဦးမယ်။


( ဂ )
အခုနောက်ပိုင်း The VOICE လည်း နည်းနည်းလေး လမ်းလွဲလာတာကို တွေ့ရတယ်။ ဘာတွေဘယ်လို ခံစားချက်တွေနဲ့ လုပ်နေလည်းတော့ မသိနိုင်ဘူး။ စေတနာအမှားလား၊ တမင်တကာ စကားလား ဆိုတာတော့ သူတို့ပဲ သိနိုင်လိမ့်မယ်။ အောက်ကသတင်းကို ရေးထားတဲ့ အရေးအသားကို ဖတ်ကြည့်ပါဦး။ အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် တဲ့။ ခင်ဗျားတို့ဟာလေ... စစ်အစိုးရနဲ့ပဲ တန်တယ်။ နည်းနည်းလေးမျှ လွတ်လပ်ခွင့်ပေးလို့မရဘူး။ လွတ်လပ်ခွင့်လေး ပေးလိုက်တာနဲ့ ရေးချင်ရာ ရေးတော့တာပဲ။ ငါရေးတဲ့သတင်းဟာ အလယ်ကနေ ရေးထားတာ ဟုတ်ရဲ့လားဆိုတာကို ပြန်စစ်ကြစေချင်တယ်။ အခုအရေးအသားဟာ လုံးဝ အလယ်ကနေ ရေးထားတာ မဟုတ်ဘူး။ ဖတ်ကြည့်တဲ့လူတိုင်း သိနိုင်တယ်။ ဘယ်သူတွေ လက်ခံခံ၊ လက်မခံခံ ကျုပ်ကတော့ ရှင်းတယ်။ ကျုပ်တို့ မြန်မာနိုင်ငံမှာ တပ်မတော်ဆိုတာ တစ်ခုပဲရှိတယ်။ အဲဒါ ကျုပ်ရဲ့ ကိုယ်ပိုင်အယူအဆ မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အလိုတော်အတိုင်းပဲ။ နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမယ်လေဗျာ။ ခင်ဗျားတို့တွေက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးအပ်ထားတဲ့ နိုင်ငံသား အခွင့်အရေးကိုကျတော့ လိုချင်လိုက်တာမှ ငမ်းငမ်းတက်ပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကိုပဲ ရေးသားပြဋ္ဌာန်းထားတာ မဟုတ်ဘူးဗျ။ အခြားလိုက်နာရမှာတွေလည်း အများကြီး ရှိသေးတယ်။ ဘယ်နိုင်ငံမှာမှ တပ်မတော် ၂ ခု၊ ၃ ခု မရှိဘူး။ တပ်မတော်ဆိုတာ တစ်ခုတည်းပဲ။ အေး... ဗွိုက်(စ)က ရေးတဲ့အတိုင်း အစိုးရတပ်မတော်ဆိုရင် ကျန်တဲ့တစ်ဖက်ဟာ သူပုန်ပဲ။ အဝေးကြီး မကြည့်ပါနဲ့ဗျာ။ တစ်ကမ္ဘာလုံးက ပြုတ်ကျအောင် ၀ိုင်းလုပ်နေကြတဲ့ ဆီးရီးယားကိုပဲကြည့်။ သမ္မတ အာဆတ်ကို ထောက်ခံတာပဲဖြစ်ဖြစ်၊ သမ္မတက အမိန့်ပေးတဲ့အတွက် ဆီးရီးယားတပ်တွေက လုပ်တာပဲဖြစ်ဖြစ် ဘယ်ကမ္ဘာ့သတင်းဌာနကမှ ဆီးရီးယားတပ်တွေနဲ့ ဘယ်တပ်မတော်လို့ မရေးဘူးဗျ။ ဆီးရီးယားတပ်တွေနဲ့ လက်နက်ကိုင် သူပုန်တွေ ပစ်ကြတယ်၊ ခတ်ကြတယ်၊ တိုက်ကြတယ်၊ ခိုက်ကြတယ် ဒီလိုပဲ ရေးတယ်ဗျ။ လက်နက်ကိုင်သူပုန်တွေကို အမေရိကန်ကိုယ်တိုင်က လက်နက်ခဲယမ်းတွေ၊ ငွေကြေးတွေ ထောက်ပံ့နေတယ်ဆိုတာ တစ်ကမ္ဘာလုံး သိနေတာပဲ။ ဘယ်အမေရိကန် သတင်းဌာနက လက်နက်ကိုင်သူပုန်တွေကို တပ်မတော်လို့ သုံးနှုန်းတာ တွေ့ဖူးသလဲ။ လေ့လာကြည့်ကြပါဦးဗျာ။ အာဆတ်အစိုးရသည် လက်ရှိအစိုးရဖြစ်တဲ့အတွက် အစိုးရတပ်တွေနဲ့ ရင်ဆိုင်တဲ့လူတိုင်းဟာ သူပုန်ပဲဗျ။ အဲဒီတော့ ကျုပ်တို့နိုင်ငံမှာ မြန်မာ့တပ်မတော်ဆိုတာ တစ်ရပ်ပဲရှိတယ်။ ကျုပ်တို့အတွက် တပ်မတော် ၂ ခု၊ ၃ ခု မလိုဘူး။ မြန်မာ့တပ်မတော်ကို ဆန့်ကျင်ပြီး လက်နက်ကိုင်စစ်တိုက်တဲ့ တပ်မတော်သား မဟုတ်သူတိုင်းဟာ လက်နက်ကိုင်သူပုန်ပဲ။ မြန်မာပြည်မှာကျမှပဲ တလေးတစားနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့၊ ဘာတို့ လာလုပ်နေသေးတယ်။ အဲဒီလူတွေ အခုလို သက်တမ်းရှည်နေသေးတာ ခင်ဗျားတို့လို မြောက်ပေးနေတဲ့ မီဒီယာတွေ ရှိနေသေးလို့ပဲ။ ကေအိုင်အေလို့ ရေးရင်လည်း အဆင်ပြေနေတာပဲဗျာ။ အဲဒီလိုပြောတော့ စာဖတ်တဲ့လူတွေက ရယ်ကြဦးမယ်။ ကိုဉာဏ်ရယ် မင်းက အတော်ကြောင်တဲ့ကောင်ပဲလို့။ ကေအိုင်အေဆိုတာလည်း အဲဒီအဓိပ္ပါယ်ပဲ မဟုတ်လားလို့ ပြောကြဦးမယ်။ အင်း... ခက်တယ်။ ကျွန်တော်ပြောချင်တာ ဘာလဲဆိုတာ အောက်ကသတင်းမှာ ကျွန်တော် မင်နီတားပြီး ပြထားတဲ့ စာသားတွေကို ၃-၄ ခေါက်လောက်ဖတ်ပြီး တွေးကြည့်စေချင်ပါတယ်။ ဒါဆိုရင် သည်ဗွိုက်(စ)ရဲ့ ဟိုကလိ သည်ကလိ အရေးအသားဟာ ဘာကို ဦးတည်စေသလဲဆိုတာ ရှင်းသွားပါလိမ့်မယ်။ ဒေါက်တာနေ၀င်းမောင်ကို လွမ်းမိတယ်။ ၂-၃ ပတ်ရှိပြီး ဗွိုက်(စ) ကွာလတီ ကျသွားတယ်။ ပေးစာတွေကို အဓိကဖော်ပြတဲ့ ရင်ဖွင့်သံဂျာနယ် ဖြစ်မှန်းမသိ ဖြစ်လာနေပြီ။ ကိုယ့်မူနဲ့ကိုယ် ဘယ်သူ့ကိုမှ မကလိ၊ မငြိဘဲ ရပ်တည်သွားစေချင်ပါတယ်။ ဒါဟာ The VOICE ကို နှစ်ရှည်လများ အားပေးလာတဲ့ ပရိသတ်တစ်ယောက်ရဲ့ ဆန္ဒအစစ်ပါ။


(ဃ)
ဒါလည်း The VOICE ပဲ။ ကျွန်တော်ကိုဉာဏ် ဘာပြောချင်သလဲဆိုတာ အောက်ကသတင်းကိုသာ ဖတ်ကြည့်ပါတော့ဗျာ။ အဲဒီလို သတင်းခေါင်းစဉ် တပ်ပုံမျိုးနဲ့ကတော့ အရင်တုန်းက အယ်ဒီတာကြီးတွေ၊ သတင်းစာဆရာကြီးတွေ သက်ရှိထင်ရှား ရှိနေသေးရင် ဆဲလိုက်မယ့်ဖြစ်ခြင်း။ တကယ့်ကို မလွယ်ပါလားဗျာ။ စာဖတ်တဲ့သူ စိတ်ဝင်စားရင်ပြီးရော... လုပ်ချင်တိုင်းကို လုပ်နေကြတော့တာပဲ။ ခက်တယ်ဗျို့၊ ခက်တယ်။ ကျန်တဲ့ မဏ္ဍိုင် ၃ ခုကို တည့်မတ်ပေးမယ်ဆိုတဲ့ မီဒီယာတွေကိုယ်တိုင်က ယိုင်နဲ့နဲ့၊ ဆွေးတေးတေးနဲ့ ဒီမိုး၊ ဒီရေ၊ ဒီလှေကတော့ ကောင်းကောင်းကြီးလှပြီ။


( င )
မြ၀တီကသတင်းကို ဖတ်ပြီးတဲ့အချိန်မှာ ဘုရားတမိတယ်။ ယာယာတိုရေးကို တစ်ပတ်လုပ်ခ ပေါင် သန်း ၃၀ နဲ့ ချဲလ်ဆီးက ခေါ်မယ်ဆိုတော့ ကိုယ့်မျက်လုံးကိုတောင် ကိုယ်မယုံဘူး။ ဒီနေ့ခေတ်ကြီးမှာ ကစားသမားတစ်ယောက်ရဲ့ အပြောင်းအရွှေ့တောင် သန်း ၃၀ ရှိချင်မှ ရှိတတ်တာမျိုးပါ။ တော်ရုံတန်ရုံ ကစားသမားဆိုရင် ပေါင်း ၈ သန်း၊ ၉ သန်း၊ ၁၅ သန်း ဒီလောက်ပဲ။ အခုဟာက ယာယာတိုရေးကို ပေါင်း သန်း ၃၀ တောင် ပေးခေါ်မယ်ဆိုတော့ သူက သာမန်ဘောလုံးသမားမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်။ တရုတ်ဘောလုံးကားထဲကလို ဘောလုံးကန်လိုက်ရင် ဘောလုံးက မီးတွေဘာတွေပွင့်ပြီး ဒုံးကျည်တစ်စင်းလို ပြေးသွားမှာလားလို့ တွေးမိတယ်။ ကျွန်တော်သာ ချဲလ်ဆီးပိုင်ရှင်ဆိုရင်တော့ ငါတို့ပေးနိုင်တာက ဒီလောက်ပဲရှိတယ်၊ ကျန်တာကို မင်းတို့ မြ၀တီကပေး ဆိုပြီးတော့ ကြေညာချက် ထုတ်တယ်။


( စ )
အောက်က သတင်းဓာတ်ပုံကို အရင်ဆုံးကြည့်စေချင်ပါတယ်။ ဗီဒီယိုရိုက်ကွင်းတစ်ခုလို့ မမှတ်လိုက်ပါနဲ့။ ရှေ့နေတွေ ဆန္ဒဖော်ထုတ်တဲ့နေ့က သတင်းဓာတ်ပုံ ယူနေတဲ့ဓာတ်ပုံပါ။ အဲဒီလောက် လိုသလား၊ မလိုသလား ဆိုတာကတော့ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့ဗျာ။ အင်း... ခက်တယ်၊ ခက်တယ်။ လုပ်ကြစမ်းဗျာ၊ လုပ်ကြစမ်း။


ကဲ... ဒီတစ်ခေါက်တော့ ဒီမျှနဲ့ တော်ဦးမည်။ အားလုံးပို့သတဲ့ မေတ္တာများကိုလည်း ခံယူလျက်ပါခင်ဗျား။ မြန်မာ့သွေး မိတ်ဆွေများလည်း ကျန်းမာချမ်းသာကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ တနင်္ဂနွေနေ့။
ည ၈ နာရီ ၀၅ မိနစ်တွင်ပြီး၏။ 

Wednesday, October 17, 2012

ဖတ်မိသမျှ သတင်းများ၊ တွေးမိသမျှ အတွေးများ၊ ရေးမိသမျှ အရေးများ


(က)

သတင်းစာမျက်နှာတွေမှာ ဒီနေ့ဖတ်ရသမျှ သတင်းတွေထဲက စိတ်ဝင်စားစရာအကောင်းဆုံးကတော့ မြန်မာနိုင်ငံမှာ အိုအိုင်စီ (OIC) ရုံး ဖွင့်လှစ်ခွင့်မပြုကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။ သတင်းဌာနအားလုံးနီးပါးလောက်က အဲဒီသတင်းကို ဖော်ပြကြတာဟာ သာမန်သတင်းတစ်ခုအနေနဲ့ သက်သက်လား၊ အားစမ်းမှုတစ်ခုလားဆိုတာ စိတ်ဝင်စားစရာပါ။ တမန်တော်မိုဟာမက်ကို လှောင်ပြောင်တဲ့ အင်တာနက်ဇာတ်လမ်းတိုကြောင့် ကမ္ဘာတစ်ဝန်းလုံးက မွတ်စလင်နိုင်ငံတွေမှာ အမေရိကန်ဆန့်ကျင်ရေး၊ ခရစ်ယာန်ဆန့်ကျင်ရေးတွေ ဖြစ်ပွားခဲ့ရတာ အားလုံးအသိပါ။ အခုလည်း မြန်မာနိုင်ငံမှာ OIC ရုံး ဖွင့်ခွင့်မရတာကို အကြောင်းပြပြီး ကမ္ဘာတစ်ဝန်းလုံးမှာ ဗုဒ္ဓဘာသာဆန့်ကျင်ရေး၊ မြန်မာဆန့်ကျင်ရေးတွေ လုပ်လာဦးမလားလို့ စဉ်းစားမိတယ်။ အင်း.... ကျွန်တော်တို့နိုင်ငံကလည်း ထင်ပေါ်သည်ထက် ထင်ပေါ်ဦးမယ် ထင်ပါရဲ့။

( ခ )
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီညီလာခံမှာ လက်ရှိသမ္မတ ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့တဲ့သတင်းကို အင်တာနက်သတင်းတွေမှာ ဖော်ပြထားတာဖတ်ရတော့ ၀မ်းသာရပြန်တယ်။ ကိုယ့်နိုင်ငံက ခေါင်းဆောင်တစ်ဦးရဲ့ သတင်းကို ကမ္ဘာက အရေးတယူ ဖော်ပြတာကို ဖတ်ရတော့ နိုင်ငံသားတစ်ဦးအနေနဲ့ ဂုဏ်ယူမိတာ အမှန်ပါပဲ။ ကြိုက်တဲ့နာမည်သာတပ်၊ ကျွန်တော်ကိုဉာဏ်ကတော့ သမ္မတကြီးရဲ့ သတင်းတွေကို ကမ္ဘာ့သတင်းတွေမှာ ဖတ်ရတာ ဂုဏ်ယူမိသဗျ။ ဒါပေမယ့် သတင်းတွေမှာ အာဏာရပါတီ၊ အာဏာရပါတီလို့ ဖော်ပြကြတာကိုတော့ သိပ်ပြီးတော့ သဘောမတွေ့လှဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ စနစ်အရ အာဏာရပါတီဆိုတာ မရှိဘူးဆိုတာကို ကျွန်တော် ဘယ်လိုပြောပြရမလဲ။ ရွေးကောက်ပွဲမှာ အများစုအနိုင်ရတဲ့ပါတီနဲ့ အနည်းစုနိုင်တဲ့ပါတီ ဒါပဲရှိတယ်။ အများစုနိုင်တဲ့ပါတီဟာ သမ္မတရွေးတယ်၊ အစိုးရဖွဲ့တယ်မဟုတ်လားလို့ ပြောကြမယ့်လူတွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်သူတွေလို့ပဲ ကျွန်တော်က တုံ့ပြန်ချင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအားလုံးအပါအ၀င် နိုင်ငံအတွင်းမှာရှိတဲ့ အစိုးရဖြစ်စေ၊ သမ္မတဖြစ်စေ၊ တပ်မတော်ဖြစ်စေ၊ ပါတီတွေဖြစ်စေ အလေးအမြတ်ထား လိုက်နာရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတတွေ၊ ဒုသမ္မတွေ၊ ၀န်ကြီးတွေ၊ တရားသူကြီးချုပ်တွေကို သူတို့ရဲ့ မိခင်ပါတီတွေနဲ့ သူစိမ်းပြင်ပြင်ဖြစ်အောင် ဘယ်လိုမျိုး ကန့်သတ်ထားတယ်ဆိုတာ ကျွန်တော့်မိတ်ဆွေတွေ လေ့လာစမ်းစေချင်တယ်။ အခုတော့ အာဏာရပါတီလို့ ပြောတဲ့လူတွေက များနေတဲ့အတွက် ကျွန်တော်အသာလေး နှုတ်ဆိတ်နေလိုက်ပါဦးမယ်။ ဆရာကြီး လူထုစိန်ဝင်းကတော့ မကြာခဏ ရေးပြသွားရှာသဗျ၊ အာဏာပိုင်တို့၊ အာဏာရတို့၊ အာဏာရှိတို့ ဆိုတဲ့စကားလုံးတွေကို ဂျာနယ်တွေ၊ သတင်းစာတွေထဲမှာ မရေးကြပါနဲ့၊ စကားနောက်တရားပါ ဖြစ်သွားတတ်တယ်၊ အရေးခံရတဲ့သူတွေကလည်း သူတို့ကိုယ်သူတို့ အဲဒီလိုမျိုး ခံယူသွားတတ်တယ် ဆိုတာပါပဲ။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ ကျေးဇူးတော်ရှင် ကိုယ်ရွှေမီဒီယာများကတော့ အာဏာရပါတီဆိုတဲ့ စကားလုံးကို အင်မတန်မှကို နှစ်ခြိုက်သဘောကျတော် မူကြတယ်ထင်ပါရဲ့ဗျာ။ ဆရာလူထုစိန်ဝင်းကိုပဲ သင်္ချိုင်းကနှိုးပြီး တိုင်ပြောချင်မိပါတော့တယ်ဗျာ။

( ဂ )
အရှေ့အလယ်ပိုင်းဒေသဟာ အင်မတန်မှကို ပြဿနာများတဲ့ အရပ်ဒေသဆိုတာ တစ်နေ့တစ်ခြား ပိုပိုသိလာရတယ်။ မဖြစ်လိုက်နဲ့ ဖြစ်လိုက်ရင် အဲဒီဒေသမှာချည်းပဲ။ တတိယကမ္ဘာစစ်ကို ဦးတည်နေတဲ့ဒေသ၊ နျူကလီးယားစစ်ပွဲကို ဦးတည်နေတဲ့ဒေသ၊ အချိန်မရွေး ထဖြစ်နိုင်တဲ့ စစ်ပွဲချိန်ကိုက်ဗုံးတွေ ရှိတဲ့ဒေသ၊ အကြမ်းဖက်သမားတွေ မွေ့လျော်တဲ့ဒေသ၊ ပြဿနာပေါင်းစုံနဲ့ ပြည့်လျှမ်းနေတဲ့ဒေသ၊ စတဲ့ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့ဒေသမှာ လူဖြစ်ရတဲ့ လူတွေအတွက် ဘယ်လောက်များ အကုသိုလ်ကြီးလိုက်သလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့တင် သိနိုင်တယ်ဗျာ။ ကိုယ့်အိမ်မှာ ကိုယ်နေရင်းနဲ့တောင် ဘယ်အချိန်များ ကိုယ့်ဘေးနားကို ဒုံးကျည်ကျကွဲမလဲ၊ ဘယ်အခမ်းအနားမှာများ အသေခံဗုံးခွဲခံရမလဲ၊ လေယာဉ်စီးနေရင်း ဘယ်အချိန်များ ပစ်ချခံရပြီး လေယာဉ်ပျက်ကျတာနဲ့ ကြုံရမလဲ စတဲ့စတဲ့ စိုးရိမ်စိတ်တွေနဲ့ လူဖြစ်ကြရတဲ့ဘ၀ကို စဉ်းစားသာကြည့်ပါတော့ဗျာ။ ဒေသကြောင့်လား၊ လူမျိုးကြောင့်လား၊ ငွေကြေးကြောင့်လား၊ ဘာသာရေးကြောင့်လား၊ သွေးထိုးမှုတွေကြောင့်လား ဆိုတာကတော့ သူ့အမြင်နဲ့သူ ရှိကြပါလိမ့်မယ်။ အမေရိကန်ကို ဒီမိုကရေစီတင်ပို့သူအဖြစ် တင်စားပြောဆိုတတ်ကြတယ်၊ အဲဒီလိုသာဆိုရင်တော့ အရှေ့အလယ်ပိုင်းဒေသကို အကြမ်းဖက်မှုများ တင်ပို့သူအဖြစ် ကင်ပွန်းတပ်ရလိမ့်မယ် ထင်ပါရဲ့။

(ဃ)
စကော့တလန်ကို ယူနိုက်တက်ကင်းဒမ်းကနေ ခွဲထွက်လိုခြင်း ရှိ၊ မရှိ လူထုဆန္ဒခံယူပွဲ ပြုလုပ်ဖို့ ဗြိတိန်ဝန်ကြီးချုပ်က ခွင့်ပြုလိုက်ရတဲ့ သတင်းကလည်း စိတ်ဝင်စားစရာ ကောင်းလှပါရဲ့ဗျာ။ စကော့တလန်နိုင်ငံသားရဲ့ ဆန္ဒတွေကသာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်ချင်ပါတယ်လို့ အဖြေထွက်ခဲ့ရင် ဒါဟာခေတ်သစ်သမိုင်းရဲ့ သမိုင်းဝင်မှတ်တမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ထို့အတူ ဗြိတိန်အစိုးရအတွက်လည်း ခေါင်းခဲစရာ ကိစ္စရပ်တွေ နောက်ထပ်ကြုံလာရမယ့် နိမိတ်လက္ခဏာလည်း ဖြစ်လာပါလိမ့်မယ်။ ကိုလိုနီနေရောင် ထွန်းပြောင်ခဲ့စဉ်အချိန်တုန်းက သူများနိုင်ငံတွေကို ကျူးလွန်ခဲ့တဲ့ ၀ဋ်ကြွေးတွေ ပြန်ဆပ်ရတော့မယ့် အချိန်တစ်ခုကို ရောက်လာခဲ့ပြီလို့ ကျွန်တော်ကတော့ တွေးနေမိတယ်။ အင်္ဂလိပ်တွေ ရှို့ခဲ့တဲ့မီးက မြန်မာပြည်မှာ အခုထိ အငွေ့တအူအူ ဖြစ်နေတုန်းမဟုတ်လား။ ကျွန်တော်တို့နိုင်ငံက အခုဆိုရင် ငြိမ်းချမ်းလုနီးပါး အခြေအနေမှာ၊ အင်္ဂလိပ်တွေကတော့ ခွဲရေးတွဲရေးတွေနဲ့ နပန်းလုံးနေရတာကို စောင့်ကြည့်ချင်ပါသေးတယ်ဗျာ။ ၂၀၁၄ ခုနှစ်မှာ စကော့တွေ ဘယ်လိုဆုံးဖြတ်မှာလဲ ဆိုတာကတော့ ဆက်လက်ရှုစားကြရမည်ပေါ့ခင်ဗျာ။ သြော်... တစ်ခုလောက် အကြံပြုချင်သေးသဗျ၊ မြန်မာနိုင်ငံအပေါ် အင်္ဂလိပ်တွေရဲ့ သွေးထိုးမှုတွေ၊ သွေးခွဲမှုတွေ ဘယ်လိုပင် ရှိခဲ့စေကာမူ ယူနိုက်တက်ကင်းဒမ်းမှာ အခုဖြစ်နေတဲ့ ခွဲထွက်ရေး ကိစ္စရပ်တွေမှာ မြန်မာနိုင်ငံအနေနဲ့ ၀င်ရောက်သွေးထိုးခြင်း၊ ခွဲထွက်ရေးသမားများကို ထောက်ပံ့ခြင်းများမရှိကြောင်း ကြေညာချက် ထုတ်ပြန်ရင် ကောင်းမယ်ထင်တာပဲ။ မိတ်ဆွေတို့ရော.. ဘယ်လိုသဘောရသလဲခင်ဗျ။ :D

( င )
လတ်တလောအခြေအနေတွေအရ မကြာခင်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာကြတော့မည်ဟု မျှော်မှန်းရသည်။ ယခင်တုန်းကတော့ နိုင်ငံခြားသားတွေ မြန်မာပြည်သို့ အကြောင်းအမျိုးမျိုးနှင့် ရောက်လာခဲ့ကြသည်၊ တချို့က ကျွန်ပြုဖို့၊ တချို့က အလည်အပတ်၊ တချို့က အလုပ်တာဝန်၊ တချို့က စီးပွားရေးကိစ္စ၊ စသည်စသည်ဖြင့် သူ့အကြောင်းနဲ့သူ လာရောက်နေထိုင်ခဲ့ကြဖူးသည်။ သူတို့တွေ ပြန်သွားတော့ ကမ္ဘာတစ်ဝန်းလုံးကို မြန်မာပြည်အကြောင်း သူတို့သိသမျှ ပြန်လည်ဖောက်သည်ချကြသည်။ မြန်မာပြည်သည် စေတီပုထိုးများ လက်ညှိုးထိုးမလွဲ ပေါများသည့်အကြောင်း၊ ရွှေရောင်တ၀င်းဝင်းနှင့် ရွှေနိုင်ငံဟု တင်စားထိုက်ကြောင်း၊ မြန်မာလူမျိုးများသည်လည်း အင်မတန် ဖော်ရွေပျူငှာပြီး စာနာကူညီ တတ်ကြသူများဖြစ်ကြောင်း၊ အင်မတန်အေးချမ်းသည့် နိုင်ငံဖြစ်ကြောင်း၊ စသဖြင့် စသဖြင့်ပေါ့။ အင်း... အခုလာမည့် နိုင်ငံခြားသားတွေ ပြန်သွားလျှင်ရော..၊ ကျွန်တော်ကိုဉာဏ် တွေးမိသလောက်ဆိုလျှင်ဖြင့် မြန်မာနိုင်ငံသည် လမ်းပေါ်ဆန္ဒပြပွဲများ အင်မတန်များပြားသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ကလေးအစ ခွေးအဆုံး မကျေနပ်တာ တစ်ခုခုရှိတိုင်း လမ်းပေါ်ထွက်ပြီး တစ်ကိုယ်တော်၊ နှစ်ကိုယ်တော်၊ တစ်ရာ၊ နှစ်ရာ စသည်ဖြင့် ဆန္ဒဖော်ထုတ်ကြသည့် နိုင်ငံဖြစ်ကြောင်း၊ သင်္ကန်းဝတ်များ မကြာခဏ စုပေါင်းလမ်းလျှောက်ထွက်ကြသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ နိုင်ငံရေးအကြံပေး ခန့်ရလောက်အောင် နိုင်ငံရေးကိစ္စများတွင် အင်မတန်တက်ကြွသည့်၊ အင်မတန်ကျွမ်းကျင်သည့် သင်္ကန်းဝတ်များ ပေါများသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတွင် အဆင်မပြေမှု တစ်ခုခုရှိတိုင်း နိုင်ငံတော်သမ္မတထံ စာရေးပြီး ရင်ဖွင့်တတ်သည့် လူမျိုးများနေထိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ စာမျက်နှာပြည့် အရက်ကြော်ငြာများကို PH7 ဟူသည့် စာလုံးသေးသေး ၃ လုံး မထင်မရှား ထည့်ရုံမျှဖြင့် တရားဝင်ကြော်ငြာခွင့်ရသော တိုင်းပြည်ဖြစ်ကြောင်း၊ မြန်မာလူမျိုးများသည် ပေါင်ပေါ်ဒူးပေါ်ချက်ပေါ် အမျိုးသမီးဓာတ်ပုံများပါသည့် ဂျာနယ်မဂ္ဂဇင်းများကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုအားပေးတတ်ကြကြောင်း၊ နိုင်ငံခြားသားများကို ကူညီပါဟူသည့် ဆိုင်းဘုတ်များထောင်ပြီး ဈေးဆိုင်များတွင် အဆမတန် ဈေးတင်ရောင်းတတ်သည့် လူမျိုးများနေထိုင်သည့် တိုင်းပြည်ဖြစ်ကြောင်း၊ တယ်လီဖုန်းပြောချင်လျှင် အခန်းပြင်၊ ၀ရန်တာ၊ ကွင်းပြင်များသို့ ထွက်၍ဆက်ရသည့် တိုင်းပြည်ဖြစ်ကြောင်း၊ စသဖြင့်ပေါ့လေ။

သူ့ကျွန်ဘ၀ ရောက်နေတုန်းက နိုင်ငံလွတ်လပ်ရေးရဖို့ လုပ်လိုက်ကြရတာ၊ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ မရေနိုင်၊ မတွက်နိုင်။ လွတ်လပ်ရေးရပြီးတော့ နယ်ချဲ့အမွေပေးခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ခွဲလိုက်၊ တွဲလိုက်၊ သန့်ရှင်းလိုက်၊ တည်မြဲလိုက်၊ နီလိုက်၊ ဖြူလိုက်၊ တိုင်းပြည်ခမျာ ဖွတ်ဖွတ်ကိုကျေလို့။ စစ်တပ်အငွေ့အသက် မကင်းခဲ့တဲ့ အနှစ်ငါးဆယ် ကာလကျတော့ ဗကပကိုတိုက်လိုက်၊ ကိုယ့်ညီအစ်ကို အချင်းချင်းတိုက်လိုက်၊ သူများတွေနောက်မှာ အနှစ်ငါးဆယ်လောက် ကျန်ခဲ့သတဲ့။ ဟောအခု... မြန်မာ့နွေဦးတဲ့၊ ဒီမိုကရေစီခေတ်ဦးတဲ့၊ ဆန္ဒဖော်ထုတ်လိုက်၊ ဆန္ဒပြလိုက်၊ စုဝေးလိုက်၊ တိုင်စာရေးလိုက်နဲ့ လူတိုင်းက ကိုယ့်ဆန္ဒတွေအတိုင်း ဖြစ်ချင်နေလိုက်ကြတာများ အသွေးအရောင် စုံပါတယ်ဆိုတဲ့ အိန္ဒိယကတောင် အဖေမဟုတ်ဘူး၊ အဘိုးခေါ်ရလောက်တယ်။ ဘာလုပ်လုပ် ဆန္ဒဖော်ထုတ်ပြီး ကန့်ကွက်နေကြတာဆိုတော့ အင်း... နောက်ဆိုရင် လမ်းပေါ်မှာ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေ တစ်ဖက်နဲ့တစ်ဖက် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ သတ်ပုတ်ခွင့်တို့၊ ဆဲဆိုခွင့်တို့ တောင်းဆိုလာကြဦးမလား မသိဘူး။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တဲ့နိုင်ငံ၊ အခု ၂၀၁၂ ခုနှစ်ကုန်တော့မယ်။ ဘယ်ကာလမှာများ နိုင်ငံတည်ဆောက်ရေးအတွက် တစ်နိုင်ငံလုံး တက်ညီလက်ညီ ကြိုးပမ်းခဲ့ကြတာ ရှိသလဲ။ လမ်းပေါ်နိုင်ငံရေးသမားတွေကိုပဲ ဘုရားလို ကိုးကွယ်နေကြတဲ့ နိုင်ငံမှာ ပညာရှင်တွေ မနေချင်တာ အဆန်းတော့ မဟုတ်ဘူး။ ကျွန်တော်တို့လိုနေတာ နိုင်ငံတိုးတက်ရေးအတွက် ရှေ့ဆောင်လမ်းပြပေးမယ့် ပညာရှင်တွေ၊ နည်းပညာတွေ အကူအညီပေးမယ့် အလှူရှင်တွေ၊ လက်တွဲခေါ်မယ့် မိတ်ဆွေနိုင်ငံတွေ၊ လူထုကို လမ်းပေါ်ရောက်အောင် ဆွဲခေါ်မယ့် ခေါင်းဆောင်တွေ မလိုချင်တော့ဘူး၊ ကူညီသလိုလိုနဲ့ အိတ်ကပ်ထဲက နှိုက်သွားမယ့်လူတွေကို မလိုချင်တော့ဘူး၊ လူတွေကို ဆုအမျိုးမျိုးပေးပြီး ကြိုးကိုင်ချင်တဲ့ ဇာတ်ဆရာတွေကို မလိုချင်တော့ဘူး၊ လမ်းပေါ်ထွက်ပြီး လက်သီးလက်မောင်းတန်းရင် ရှေ့ဆုံးကပါပြီး တိုင်းပြည်အတွက် တိုးတက်အောင်လုပ်ဖို့ကြတော့ ဆယ်တန်းတောင် မအောင်တဲ့ကောင်တွေကို မလိုချင်တော့ဘူး၊ ကျွန်တော်တို့လိုချင်တာ ထောင်ထွက်တွေ မဟုတ်ဘူး၊ နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာတွေသင်လာခဲ့တဲ့ ပညာရှင်တွေ၊ ကျွန်တော်တို့လိုချင်တာ နိုင်ငံရေးမျက်လှည့်သမားတွေ မဟုတ်ဘူး၊ သမ္မတကြီးကို ၀န်းရံပြီး တိုင်းပြည်ကို ထူထောင်မယ့်လူတွေကို လိုချင်တာ။ ကျုပ်ကတော့ရှင်းတယ်... ဒီကနေ့ လမ်းပေါ်ထွက်ပြီး လတ်လျားလတ်လျား လုပ်နေတဲ့သူတွေ အားလုံးဟာ မြန်မာ့နိုင်ငံရေးကို နောက်ပြန်ဆွဲနေကြသူတွေပဲ။ အစိုးရပိုင်းကလူတွေ ဘယ်လိုရှိသလဲဆိုတာ ခန့်မှန်းလို့ကို မရတော့ဘူး။ တိုင်းပြည်ရဲ့ အရှိန်တန့်နေမှုဟာ အစိုးရကြောင့်လား၊ ဘာကြောင့်လားဆိုတာ ဝေခွဲရခက်စေတယ်။ မှောင်ရီဝိုးတ၀ါးထဲမှာ နာရီသွားနေလား၊ ရပ်နေသလားသိချင်ရင်တော့ ပတ်ဝန်းကျင်ဟာ ဆိတ်ငြိမ်တိတ်ဆိတ်ဖို့လိုတယ်။ ဒါမှ ချက်ချက်မြည်နေသလား၊ တိတ်နေသလားဆိုတာ သိရမှာ။ ကျွန်တော်သာ ဘီလ်ဂိတ်လောက် ချမ်းသာမယ်ဆိုရင် လမ်းပေါ်ထွက်လာတဲ့လူတွေ အားလုံးကို နာမည်စာရင်းကောက်ပြီး အရှေ့အလယ်ပိုင်းဒေသကို တစ်နှစ်လောက် လေ့လာရေးခရီး ပို့ပစ်မယ်။ သီးသန့်လိုက်ချင်တဲ့လူတွေ ရှိရင်လည်း ကွန်းမန့်မှာ စာရင်းပေးခဲ့လို့ရကြောင်းပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၅ နာရီ ၀၁ မိနစ်တွင်ပြီး၏။ 

Friday, October 12, 2012

The Nobel Peace Prize 2012




 ၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်(လ)ဆုကို ဥရောပသမဂ္ဂကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

Thursday, October 11, 2012

Gangnam Styles


တောင်ကိုရီးယားအဆိုတော် PSY ရဲ့ Gangnam Style အောင်မြင်မှုကတော့ တကယ့်ကို အံ့မခန်းပါပဲ။ အခု ဒီပို့စ်ကို ရေးနေတဲ့အချိန်အထိ Youtube မှာ အဲဒီသီချင်းကို ကြည့်ရှုတဲ့သူ အရေအတွက်က ၄၂၃ သန်းကျော်ရှိပြီး၊ Like လုပ်ထားသူအရေအတွက်က ၄ သန်းနီးပါး ရှိနေပါတယ်။ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ရူးသွပ်မှုကတော့ နားမလည်နိုင်အောင်ပါပဲဗျာ။ အမေရိကန်ကစပြီး အာဖရိကအဆုံး Gangnam မှ Gangnam ပဲ။ မြန်မာတွေလည်း Gangnam၊ ထိုင်းတွေလည်း Gangnam၊ အခုနောက်ဆုံး အမေရိကန်တွေကပါ သမ္မတလောင်းနှစ်ဦးကို Gangnam Style တွေနဲ့ အပြောင်အပြက်တွေ လုပ်လာကြပါပြီ။ အကြောင်းအရာ တစ်ခုခုကို ပြောလိုက်တာနဲ့ Gangnam လုပ်ပစ်မယ်လို့များ စိတ်ကူးထားကြသလား မသိပါဘူးဗျာ။ အမှန်အတိုင်း ပြောရရင် အဲဒီသီချင်းကို ဘာဖြစ်လို့ လူတွေအဲဒီလောက် ကြိုက်ရသလဲဆိုတာကို ကျွန်တော် နားမလည်ဘူးဗျ။ သူဆိုထားတာကလည်း ကိုရီးယားလိုဆိုတော့ သီချင်းအဓိပ္ပါယ်ကြောင့်လည်း မဖြစ်နိုင်ဘူး။ မီဒီယာတွေမှာ ဖော်ပြကြသလို သူ့ရဲ့ အကပုံစံကြောင့်လား။ မြင်းစီးတဲ့ဟန်နဲ့ ကတဲ့အကကို တစ်ကမ္ဘာလုံးကလူတွေက အဲဒီလောက်တောင် ကြိုက်ကြသတဲ့လား။ ကျွန်တော်ဖြင့် အံ့သြလို့ကို မဆုံးဘူး။ ကြည့်ရှုတဲ့ သန်း ၄၀၀ ကျော်မှာ သူများကြိုက်လို့ လိုက်ကြိုက်တဲ့လူတို့၊ သူများကြည့်လို့ လိုက်ကြည့်တဲ့လူတို့က ဘယ်လောက်ပါဦးမယ် မသိနိုင်ဘူး။ အချို့နိုင်ငံတွေများဆိုရင် ကျောင်းတွေမှာ Gangnam မကရဆိုပြီး အမိန့်တွေဘာတွေတောင် ထုတ်ထားရသတဲ့။ အံ့ရော.. အံ့ရော...။ တော်သေးတာပေါ့ ကျွန်တော်တို့ဘော့စ်ကလည်း ငါလည်းခေတ်မီအောင် အလုပ်ထဲမှာ Gangnam မကရဘူးဆိုပြီး အမိန့်ထုတ်မယ်ဆိုရင် ခက်ရချေရဲ့။ တစ်ကမ္ဘာလုံးကသာ Gangnam ကို အုတ်အော်သောင်းနင်းနဲ့ သည်းသည်းလှုပ်ဖြစ်နေကြတာ။ ကျုပ်တို့မြန်မာတွေကဖြင့် သူများယောင်တိုင်း လိုက်မယောင်ပေါင်။ လမ်းမှာတွေ့တဲ့ လူတစ်ယောက်ကို Gangnam ကမလားလို့ သွားမေးကြည့်ပါလား။ ဘာတွေလာပြောနေတာတုန်းလို့ ပြန်ပြောလိမ့်မယ်။ ကဲ... မမိုက်ဘူးလား။ သန်း ၄၀၀ ကျော်သော ကြည့်ရှုသူတွေထဲမှာ ကျွန်တော်တို့မြန်မာတွေ ဘယ်လောက်များ ပါသလဲဆိုတာ ကျွန်တော် တကယ်ပဲ သိချင်တယ်ဗျာ။ Ko Nyan Gangnam Style ဆိုတဲ့ ဗီဒီယိုဖိုင် Youtube ပေါ်မှာ တင်လာခဲ့ရင်လည်း အားပေးကြပါဦးနော်။ ကျွန်တော်ကတော့ မြင်းမစီးချင်ဘူးဗျ။ စီးမယ့်စီးတော့ မြန်မာဆန်ဆန် ဘတ်(စ)ကား တိုးစီးတဲ့အကပဲ ကတော့မှာပေါ့။ မဟုတ်ဘူးလား။ မြန်မာတွေ ဘတ်(စ)ကားတိုးစီးတဲ့အကကို သီချင်းကောင်းကောင်းလေးနဲ့ ရိုက်ပြနိုင်ရင်တော့ PSY ကြီး ထိုင်ငိုသွားရမယ်။ စွမ်းနိုင်သူတွေ လုပ်ကြပါဦးလို့ အချွန်နဲ့ မလိုက်ပါတယ်ဗျာ။ ပျော်ရွှင်ကြပါစေ။

အမြဲတမ်း ခေါင်းခြောက်စရာကောင်းတဲ့ဟာတွေ၊ ဦးနှောက်ကို အလုပ်ပေးတဲ့ဟာတွေပဲ တောင်ရေးမြောက်ရေး ရေးနေခဲ့တာဆိုတော့ အခုတလော ပေါ့ပေါ့ပါးပါးလေးတွေ ရေးချင်နေမိတယ်။ အဲဒါကြောင့် စိတ်လက်ပေါ့ပါးစွာနဲ့ ပို့စ်လေးတွေ ရေးဖြစ်နေတဲ့အတွက် နိုင်ငံရေးစာတွေ ဖတ်ချင်သူတွေကို သည်းခံပေးကြပါဦးလို့ တောင်းပန်ပါရစေ။ လေးကြိုးလေးတော့ လျှော့ပါရစေခင်ဗျာ။

အောက်မှာတော့ Gangnam တွေကို အ၀သာ ခံစားကြည့်ရှုကြပါခင်ဗျား။

(၁)
ဒါကတော့ မူရင်း PSY ရဲ့ Gangnam Style ပါ။

(၂)
ဒါကတော့ လက်ရှိသမ္မတ အိုဘားမားကို ဟာသလုပ်ထားတဲ့ အပြောင်အပြက် Obama Style ပါ။

(၃)
ဒါကတော့ အိုဘားမားရဲ့ ပြိုင်ဘက်သမ္မတလောင်း မစ်ရွန်းနေကို လှောင်ပြောင်ထားတဲ့ Mitt Romney Style ပါ။
  
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၄၅ မိနစ်တွင်ပြီး၏။ 

Wednesday, October 10, 2012

ကျွန်တော်ဖတ်မိတာတွေ...


(က) 
နီးနီးကို အားကိုးမလား၊ ဝေးဝေးကို အားကိုးမလား
တစ်ပတ်တစ်ခါလောက် တွေ့နေကျ အင်္ဂလိပ်စာဆရာကြီး ၇၀/၈၀ နီးကတော့ အမေရိကန်နဲ့ ဥရောပဟာ သူတို့ကိုယ်၌က စီးပွားရေးမှာ အကျဘက် ယိမ်းနေတော့ ယိုင်နေတော့ သူများကို ဘယ်လို ထူမတ်အားပေး လုပ်နိုင်မှာလဲ ဝေးလည်းဝေးပ။

တရုတ်က လပေါ်တက်မယ်၊ စီးပွားရေးလည်း မြင့်တက်လာတယ်၊ ခပ်လျှိုလျှိုမူနဲ့ ကျိတ်ပြီးကြိုးစားရာက မြင့်တက်လာတာပဲ၊ ယှဉ်ပြိုင်ရင်ဆိုင် ၀ံ့ဝံ့စားစား တိုးပြီးသွားရဲတဲ့ စိတ်ဓာတ်လည်းရှိတယ်။ သူနဲ့ ကိုယ်နဲ့က ကပ်လျက် အနီးလေး၊ သူ့အင်အားကို ကိုယ်မှီလို့ရတယ် - ဟု ကုန်သည်လမ်း၊ အိန္ဒိယသံရုံးရှေ့က ကော်ဖီဆိုင်မှာ ပြောလာသည်။ စဉ်းစားကြဖို့ပါ။ နဂါးကြီးက ကိုယ့်မမျိုအောင်လည်း Clever ဖြစ်မှ မူဝါဒ မှန်မှန်ချနိုင်မှဟု ဆရာကြီးက ဆိုပါသည်။ ဆရာကြီးက ကွန်မြူနစ်လည်းမဟုတ်၊ NLD လည်းမဟုတ်၊ စာများများဖတ်သော ပညာရှင်ကြီးတစ်ဦးမျှသာ ဖြစ်ပါသည်။
သတင်း ဂယက် ဝေဖန်ချက်၊ ကျော်စိန်ထွန်းမြင့်
Northern Star Journal, No.185, 2012 October 3, Page.8

(ခ)
ပိုင်ဟွေ့ဂါဝန်တွေဝတ်ရင်း စတိုင်(လ)ရိုးလာတော့ ဘောင်းဘီဖင်ကြပ်၊ ဘောင်းဘီဖင်ကြပ်ကနေ စတော့ကင်၊ စတော့ကင်ကနေ ခေတ်ကုန်လာတော့ ကိုရီးယားဘက်ကို လှည့်သွားကြပြန်ပါတယ်။ ကိုရီးယားကားထဲက ဆံပင်ပုံစံတွေ ၀တ်စားဆင်ယင်မှုတွေက သူ့နိုင်ငံနဲ့သူ၊ သူ့ယဉ်ကျေးမှုနဲ့သူက အံဝင်ဂွင်ကျလှပါတယ်။ အသားလေးတွေကဖြူတော့ ဘယ်လိုတိုတို မျက်စိပသာဒတွေကိုဖြစ်လို့။ ပြီးတော့ သူများနိုင်ငံမှာက ဘတ်(စ)ကားကြပ်ကြပ်ကို တိုးစီးစရာလည်း မလိုဘူးလေ။ ဒီမှာက စကတ်ကတို၊ ဘတ်(စ)ကားကကြပ်နဲ့ မြင်ရသူများအဖို့ အသက်ရှူများ မှားစေလောက်တော့ ဘသားချောများ မျက်စိအလုပ်ပိုရပြန်ပြီပေါ့။ ဒါထက်ဆိုးတဲ့ အတုယူပုံက ကိုရီးယားကားတွေထဲမှာ အင်္ဂလိပ်ကားတွေထဲမှာ သမီးရည်းစားတွေ ဘတ်(စ)ကားဂိတ်တွေ၊ ဘတ်(စ)ကားတွေပေါ်မှာ ချစ်ရည်လူး ကြည်နူးကြတဲ့ ကားတွေကိုကြည့်ပြီး အခုခေတ် သားပျို၊ သမီးပျိုတွေမှာ အဲဒီ virus စတင်ဝင်ရောက် တိုက်ခိုက်ခြင်းခံရတာကို စာဖတ်သူများလည်း သတိပြုမိမှာပါ။ တိုင်းတစ်ပါးက ၀တ်စားဆင်ယင်မှုတွေကို အတုခိုးရုံအားမရ အပြောအဆို၊ အနေထိုင်တွေကိုပါ အတုခိုးကြတာကတော့ ရင်လေးဖွယ်ရာပါပဲ။ ကျွန်မတို့နိုင်ငံမှာ ဘတ်(စ)ကားဆိုတာက လူပေါင်းစုံ၊ အရွယ်ပေါင်းစုံ စီးနင်းလိုက်ပါကြတာပါ။ တစ်ခါတလေများ ရာသီဥတုပူရတဲ့အထဲ ကောင်လေးက ကောင်မလေးကို ရင်ခွင်ထဲ ထည့်ထားတာများ အသားချင်း ကော်နဲ့ကပ်ထားသလို ပူးကပ်လို့။ သူတို့ပဲ မပူနိုင်၊ မအိုက်နိုင်။ တစ်ချို့စုံတွဲများကတော့ အသားချင်းကပ်လို့မှ အားမရ၊ ခဏနေ မေးစေ့လေးကိုင်လိုက်၊ ခဏနေ ပါးလေးနမ်းလိုက်၊ ခဏနေ အကြင်နာလေးပေးလိုက် (ကိုရီးယားကားထဲက စကားလုံးလေးတော့ ခိုးသုံးလိုက်ဦးမှ)။ သြော် ကားပေါ်က လူတွေကိုများ သူတို့က အချစ်ကား ရိုက်ပြနေသလိုလို။ သူတို့နောက်မှာ၊ ဘေးမှာ အပျိုကြီးမမတွေ၊ ရှက်တတ်တဲ့ အန်တီကြီးတွေများ စီးမိလို့ကတော့ ကားကြပ်ကြပ်ထဲ ရွှေ့စရာနေရာမရှိ ဘာမရှိဆိုတော့ မျက်စိပျက်၊ မျက်နှာပျက်တွေနဲ့ ဇောချွေးတောင် ပြန်ခဲ့ရတဲ့အဖြစ်မျိုး ကြုံခဲ့ရတာတွေကိုလည်း ကြားရပေါင်း မနည်းတော့ပါဘူး။ အောင်မယ် ဒါတောင် တချို့အတွဲတွေက သူတို့ကို အမြင်ကတ်လို့ ကြည့်နေရင် ပိုလုပ်ပြတယ်တောင်ဆိုသေး။
လွတ်လပ်ခွင့်ဆိုတာ အရှက်တရားကင်းမဲ့မှုမဟုတ်ပါ၊ ဆူးထက်မြက်
လျှပ်တစ်ပြက်ဂျာနယ်၊ အတွဲ (၃)၊ အမှတ် (၁၀၀)၊ ၈-၁၀-၂၀၁၂၊ စာ-၃၅

(ဂ)
အဲသည်တော့ သင်ခန်းစာက ရိုးရိုးလေးပဲ ဖြစ်သည်။ မလုပ်ခင် သေသေချာချာ စဉ်းစား၊ ကိုယ်လုပ်မည့် ကိစ္စနှင့် ပတ်သက်သမျှကို စေ့စုံစွာ စူးစမ်းလေ့လာပြီးမှလုပ်။ တစ်နည်းပြောသော် သေသေချာချာ သိပြီးမှလုပ်။ သို့သော် အဲသည်လို အခြေခံလေးများကို သွားပြောလျှင် အားနာစရာဖြစ်မည့် ပုဂ္ဂိုလ်တွေက အသိလွန်ပြီး လုပ်တာကိုင်တာတွေတော့လည်း ရှိသေးသည်။

ဥပမာ-ဆိုပါတော့။ မနေ့တစ်နေ့ (၂၀၁၁ ခုနှစ်)က အင်တာဗျူးတစ်ခုတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း ရမ်း(စ)ဖဲလ်(ဒ)က အီရတ်မှာ အစုလိုက် အပြုံလိုက် သေစေနိုင်သည့် လက်နက်များ ရှိသည်ဆိုတာ မဟုတ်ကြောင်း ကြို၍သိခဲ့လျှင် မိမိတို့ အီရတ်ကို ၂၀၀၃ ခုနှစ်တုန်းက တိုက်ချင်မှ တိုက်ဖြစ်ခဲ့လိမ့်မည်ဟု ဆိုသည်။

တိုင်းပြည်တစ်ပြည်ကို ၀င်ရောက်တိုက်ခိုက်မည့် ကိစ္စ။ သည်ဟာနှင့် စပ်လျဉ်း၍ ၎င်းတို့ စုဆောင်းရရှိခဲ့သည့် သတင်းအချက်အလက်များသည် မပြည့်စုံ၊ သို့မဟုတ် မမှန်သော အချက်အလက်တွေ ပါခဲ့သည်။ အဲသည် မမှန်ကန်သော လွဲချော်သော အချက်အလက်သည် တိုက်မည် မတိုက်မည် ဆုံးဖြတ်ရာ၌ အရေးကြီးသော အချက်တစ်ခု ဖြစ်ခဲ့သည်ဟု သူဝန်ခံလိုက်သော သဘောဖြစ်သည်။
သိခြင်း၊ မသိခြင်းနှင့် မသိကြောင်း မသိခြင်းများ...၊ ပြည်သူ့ခေတ်အယ်ဒီတာ
၁၆၊၉၊၂၀၁၁၊ အတွဲ ၂၊ အမှတ် ၆၁။
ပြည်သူ့ခေတ်ဆောင်းပါးများ၊ စာမျက်နှာ ၁၉-၂၀။ 

Monday, October 08, 2012

လူပျိုကြီးဖြစ်ရခြင်းအကြောင်း


ကျွန်တော် မိန်းမယူချင်နေတာကြာပြီ။
စိတ်ကြိုက်ဖြစ်မယ့်မိန်းမတစ်ယောက်ကို တွေ့တာနဲ့ ကောက်ယူမယ်လို့ ဆုံးဖြတ်ထားတယ်။
ကျွန်တော်ယူမယ့်မိန်းမဟာ လူတကာကို ဆွဲဆောင်နိုင်မယ့် အလှဘုရင်မ ဖြစ်စရာမလိုဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ ချစ်စရာမျက်နှာရှိရင်တော်ပြီ။
ကျွန်တော်ရယ်စရာပြောရင် လိုက်ရယ်တတ်ရမယ်။ ကျွန်တော် တစ်ခါတစ်လေ ထွေပြီးပြန်လာရင် ပြုံးပြုံးလေးနဲ့ ကြိုတတ်ရမယ်။
ကျွန်တော်ယူမယ့်မိန်းမရဲ့အိမ် ဘယ်ပုံရှိသလဲဆိုတာ စိတ်မ၀င်စားဘူး။ အိမ်ကျယ်ရင်ပြီးရော။
မင်္ဂလာဆောင်ရင် ကုန်ကျစရိတ်ကို တစ်ဝက်စီ ကျခံမယ်။ ကျွန်တော်ယူမယ့် မိန်းမကတစ်ဝက်၊ သူ့မိဘတွေက တစ်ဝက်။။
မသွင်မတူရင် အိမ်သူမဖြစ်ဘူးဆိုတာ ကျွန်တော်နားလည်တယ်။ ဒါကြောင့် လက်ထပ်ပြီးရင် စိတ်တူကိုယ်တူဖြစ်အောင် ညှိမယ်။ ဆိုကြပါစို့။ မြို့လယ်ရုံမှာ ရန်အောင်ပါတဲ့ကားသစ်တင်လို့ သွားကြည့်ရအောင် သူမကို ကျွန်တော်ပြောတယ်။ ရန်အောင်ကို သူမ မကြိုက်ဘူး။ ဒါကြောင့် မလိုက်ချင်ဘူးလို့ သူမငြင်းတယ်။ အဲဒီလို အခြေအနေမျိုးဖြစ်လာရင် နှစ်ယောက်စလုံး မသွားဘူး။ ရုပ်မြင်သံကြားကလာတဲ့ တရုတ်ကားကိုပဲ ကြည့်ကြမယ်။
သူမရဲ့ ကျန်းမာရေးကို ကျွန်တော်ဂရုစိုက်မယ်။ ချိုလွန်းတဲ့ အစာ၊ ဥပမာ ဈေးကြီးပေးရတဲ့ ချောကလက်ကို သူမ လုံးဝလက်နဲ့တောင် မထိစေရဘူး။ ကျွန်တော်ပဲ စားမယ်။ ဘေးဖြစ်စေတဲ့ ဆေးလိပ်နဲ့ အရက်ဆိုရင်လည်း ကျွန်တော်ပဲ ပင်တိုင်သုံးစွဲသူဖြစ်မယ်။
ကျွန်တော်ယူမယ့်မိန်းမဟာ ခေတ်နဲ့တစ်ပြေးညီ ၀တ်မယ်။ ဒါပေမယ့် ဈေးကြီးထည်ကို ၀ယ်မ၀တ်ဘူး။
ထမင်းဟင်းကို သူမ ဘယ်လိုချက်ချက် ကျွန်တော့်အတွက် အရေးမကြီးဘူး။ အရသာရှိရင်တော်ပြီ။ မြန်မာဟင်းလျာချည်း ချက်စရာမလိုဘူး။ ဒီနေ့ မြန်မာစာ၊ မနက်ဖြန် ကုလားစာ၊ သန်ဘက်ခါ တရုတ်စာ စသည်ဖြင့် ပြောင်းလဲချက်ချင်သလား။ ရတယ်။ ဒီကိစ္စမှာ သူမကို လုံးဝလွတ်လပ်ခွင့် ပေးထားမယ်။
အ၀တ်လျှော်ရမယ်။ မီးပူတိုက်ရမယ်လို့ သူမကို ကျွန်တော်မပြောဘူး။
ဒါပေမယ့် ကျွန်တော်ဝတ်တဲ့ အ၀တ်အစား အမြဲတမ်း သန့်ရှင်းနေရမယ်။ အိမ်ခန်းကို လှဲကျဉ်းဖို့ သူမကို ကျွန်တော် မတောင်းဆိုပါဘူး။ အိမ်ရှင်မကောင်း တစ်ယောက်ဆိုရင် သူမရဲ့ အသိစိတ်ဓာတ်နဲ့သူမ လုပ်လိမ့်မယ်။ အဲ အိမ်ရှင်မကောင်း မဟုတ်ဘူးဆိုရင်တော့ အိမ်ခန်းသန့်ရှင်းရေးကို သူမရဲ့အမေ တာဝန်ယူပါစေ။
လှဲကျင်းလျှော်ဖွပ်ရလို့ ပင်ပန်းလာပြီလား။ အဲဒါဆိုရင် မိန်းမကို ခဏအနားယူခိုင်းမယ်။ အမောပြေပြီဆိုတော့မှ ကျန်နေတဲ့ ပန်းကန်ခွက်ယောက်တွေကို ဆေးခိုင်းမယ်။
ဈေးကိုတော့ အတူတူသွားမယ်။ အသွားမှာ ဈေးခြင်းကို ကျွန်တော်ကိုင်မယ်။ အပြန်မှာ သူမဆွဲလာမယ်။
ကျွန်တော့်သဘောထားနဲ့ တိုက်ဆိုင်တဲ့ကိစ္စမှန်သမျှမှာ သူမပြောတာကို လက်ခံနားထောင်မယ်။
သူမရဲ့အသက်ကို ကျွန်တော်တန်ဖိုးထားမယ်။ ဘယ်ပဲသွားသွား လက်ထဲကို ပိုက်ဆံတစ်ပြားမှ ထည့်မပေးဘူး။ လူဆိုးသူခိုးတွေ ပေါတယ်မဟုတ်လား။
ကျွန်တော့်အမိန့်ကို နာခံရမယ်လို့ ဘယ်တော့မှ မပြောဘူး။ ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးရင်တော်ပြီ။
အဲ၊ မဖြည့်ဆည်းနိုင်ဘူးဆိုရင်လား။ ဒါဆို နောက်ယောက်ျားတစ်ယောက်ကို ရှာပစေပေါ့။ မဟုတ်ဘူးလား။
အင်း၊ ဘာလိုလိုနဲ့ ကျွန်တော်ကြင်ယာရှာနေတာ နှစ်တွေ အတော်တောင် ကြာသွားပါပကောဗျာ။
- - - - - - - - - - - - - - - - - - -
အပေါ်ကစာတွေကိုဖတ်ပြီး သို့လောသို့လော မဖြစ်ကြပါနဲ့ဗျာ။ မောင်ကောင်းထိုက် (နှီးပဒေါ) ရဲ့ အပြုံးလက်ဆောင် စာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာပါ။ ကျွန်တော်ကိုဉာဏ်အကြောင်း လုံးဝမဟုတ်ရပါဘူး။ သီတင်းကျွတ်ခါနီးပြီဆိုတော့ ကျွန်တော့်သူငယ်ချင်း လူပျိုကြီးတွေနဲ့ မြန်မာ့သွေး မိတ်ဆွေတွေအတွက် ရယ်မောစရာအဖြစ် တင်ပေးလိုက်တာပါ။ 

Friday, October 05, 2012

လတ်တလော... လတ်တလော... လတ်တလော...


(က)
ကုလသမဂ္ဂမှာပြောကြားခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး ကြိုဆိုကြတာကို တွေ့ရတဲ့အတွက် ၀မ်းသာမိပါတယ်။ ကိုယ့်နိုင်ငံက အကြီးအကဲတစ်ဦး ကုလသမဂ္ဂလိုနေရာမှာ မိန့်ခွန်းပြောတာကိုလည်း ဂုဏ်ယူတယ်၊ သူပြောတဲ့ မိန့်ခွန်းကို အားလုံးက တလေးတစားနားထောင်ပြီး လက်ခံကြိုဆိုကြတာကိုလည်း ဂုဏ်ယူတယ်၊ မိန့်ခွန်းထဲမှာ ပြောသင့်ပြောထိုက်တာတွေကို ထည့်ပြောတဲ့အတွက်လည်း ဂုဏ်ယူတယ်၊ လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီတို့၊ အီရန်သမ္မတ အာမာဒီနီဂျက်တို့လို အခန်းထဲက ကိုယ်စားလှယ်တွေ ထထွက်သွားရတဲ့ မိန့်ခွန်းမဟုတ်တဲ့အတွက် ပိုလို့တောင် ဂုဏ်ယူရသေးတယ်၊ သြော်.. ငါတို့နိုင်ငံဟာ အခုတော့လည်း သူ့နေရာသူ ပြန်ရောက်တော့မှာပါလားလို့ တွေးမိပြီး မျက်ရည်လည်မိတဲ့အထိ ဂုဏ်ယူရပါတယ်။ အဲဒီအတွက် အခုလို အခြေအနေတွေကို ရောက်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သူအားလုံးကို ကျေးဇူးတင်လိုက်ပါတယ်။ အနောက်တိုင်းသားတွေ ပြောနေကျအတိုင်း ပြောရမယ်ဆိုရင်တော့ "ရှေ့ဆက်ပါမြန်မာ... ရှေ့ဆက်ပါ... မင်းအကောင်းဆုံး လုပ်နိုင်မှာပါ..." ပေါ့ခင်ဗျာ။

(ခ)
ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်မိတယ်။ လူလူချင်း ဖြစ်တဲ့ပြဿနာတွေမှာ ဘာဖြစ်လို့ သမိုင်းဆိုင်ရာ အဆောက်အဦးတွေ၊ အထွတ်အမြတ်ထားတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေကို ဖျက်ဆီးရသလဲဆိုတာကို တွေးလို့မရဘူး။ ငယ်ငယ်တုန်းက ကလေးအချင်းချင်း ရန်ဖြစ်တဲ့အခါ မနိုင်မှန်းသိရင် အခြားကလေးရဲ့ စက်ဘီးကို တွန်းလှဲပြီး ထွက်ပြေးတာမျိုး၊ အခြားကလေးရဲ့ လွယ်အိတ်ကို အဝေးကိုလွှင့်ပစ်တာမျိုး၊ အခြားကလေးရဲ့ ထမင်းဘူးကို သွန်ပစ်တာမျိုးလို့ပဲ မြင်မိတယ်။ တစ်ခုတော့ တွေးမိတယ်... ဘင်္ဂလာဒေ့ရှ်မှာ အခုလိုလုပ်သလိုမျိုးသာ ရန်ကုန်မြို့က ဗလီတွေကို ဖျက်ဆီးခဲ့မယ်ဆိုရင် ဘာတွေများ ဆက်ဖြစ်မလဲဆိုတာပါ။ အော်လိုက်ကြမယ့်အမျိုး၊ ဝေဖန်လိုက်ကြမယ့်ဖြစ်ခြင်း၊ ဟူး..... အတော်ကြီးကို ရင်မောမိတယ်။ မပြီးနိုင်မစီးနိုင်ဖြစ်နေတဲ့ ပြဿနာတွေကို မြင်ကြားနေရတဲ့အတွက် "ငိုချင်လျက် လက်တို့" ဆိုတဲ့ စကားပုံကိုပဲ အထပ်ထပ် ဆင်ခြင်နေမိတယ်။ ငိုချင်နေတဲ့ကလေးကို ကျွန်တော်တို့တွေ လက်နဲ့တို့မိသလားလို့ ပြန်စဉ်းစားကြည့်နေမိတယ်။

(ဂ)
ဆရာမောင်ဝံသမှာ အဆုတ်ကင်ဆာ တွေ့တယ်ဆိုတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်ရပါတယ်။ စာဖတ်သူတစ်ဦးအနေနဲ့ ကိုယ်သဘောကျလေးစားတဲ့ စာရေးဆရာတစ်ယောက်အတွက် ၀မ်းနည်းမိခြင်းပါ။ ဆရာရေးတဲ့ ဆောင်းပါးတွေ၊ စာတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုနေသူတစ်ဦးအနေနဲ့ ဆရာ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာအသက်ရှည်ပါစေ၊ တိုင်းပြည်အတွက် စာတွေအများကြီး ဆက်ရေးနိုင်ပါစေ။

(ဃ)
သူငယ်ချင်းတစ်ယောက်က မေးပါတယ်။ ဦးစိုးသိန်းအင်တာဗျူးတွေ နားထောင်ပြီးပြီလားတဲ့။ ကျွန်တော်က ဟုတ်ကဲ့လို့ ပြန်ဖြေလိုက်ပါတယ်။ အဲဒီတော့ သူကဆက်မေးပါတယ်။ ဘယ်လိုသဘောရလဲတဲ့။ ကျွန်တော်က ဘာကိုမေးတာလဲလို့ ပြန်မေးမိပါတယ်။ သူငယ်ချင်းက ဦးစိုးသိန်းက အမေရိကန်မှာလုပ်တဲ့ အင်တာဗျူးတွေကြောင့် အမှတ်တွေ ထပ်တက်သွားပြီတဲ့။ အခုလောလောဆယ်တော့ သူနဲ့ ဦးအောင်မင်းလောက် နာမည်ကြီးတဲ့ ပြုပြင်ပြောင်းလဲရေးသမား မရှိဘူးတဲ့။ ကျွန်တော်က ဘာမှပြန်မပြောချင်တဲ့အတွက် အေးပါ လို့ပဲ ပြောလိုက်ပါတယ်။ ကျွန်တော့်သူငယ်ချင်းက သိပ်ပြီးတော့ အစာကြေပုံမရပါဘူး။ ကျွန်တော်သူ့ကို ဘာမှအထွေအထူး မရှင်းပြလိုက်ပါဘူး။ ကိုယ်ရှင်းပြတာကို နားလည်လက်ခံရင် ဟုတ်သေးရဲ့၊ နောက်ဆုံး လက်မခံရင်တောင် ကျွန်တော့်မှာ သူနဲ့မတူတဲ့ ဒီလိုအတွေးတွေ ရှိနေတယ်ဆိုပြီး နားလည်ပေးနိုင်ရင် ကောင်းသေးရဲ့၊ အဲဒီလို မဟုတ်ဘဲ ဦးစိုးသိန်း ချီးမွမ်းခန်းတို့၊ ဦးအောင်မင်းဋီကာတို့ လာဖွင့်ပြနေရင် သေချာပေါက် ကျွန်တော်နဲ့ထပြီး စကားများမှာပါပဲ။ အဲဒါကြောင့်လည်း စကားနည်းရန်စဲဖြစ်အောင် အေးပါလို့ပဲ ပြောလိုက်တာပါ။ ဒီမိုကရေစီနိုင်ငံကလူတွေဟာ အပြောကို သိပ်ကြိုက်တယ်ဆိုတာ သေချာတဲ့အချက်တစ်ခုပါ။ အမေရိကန်လို နိုင်ငံမျိုးမှာတောင် ပြည်သူတွေကို ယုံကြည်လောက်အောင် ပြောဆိုစည်းရုံးနိုင်ရင် သမ္မတဖြစ်နိုင်သေးတာပဲ မဟုတ်လား။ ကျွန်တော်တို့ဆီကလူတွေ မြန်မြန်ဆန်ဆန်ပဲ ဒီမိုကရေစီနဲ့ အသားကျတယ်လို့ ကျွန်တော်က မှတ်ယူပါတယ်။ ကျွန်တော့်သူငယ်ချင်း သဘောကျတဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေလိုမျိုး စကားတွေမပြောပေမယ့် တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့လူတွေ အများကြီးပါ။ ဥ,မဥတဲ့ကြက်ဟာ ပိုအော်တယ်ဆိုတဲ့ စကားကိုလည်း ကျွန်တော်ပြန်တွေးမိတယ်။ နောက်နေ့ကျမှ ကြက်ခြံတွေကို သွားလေ့လာဦးမယ်။

(င)
OIC ကို မြန်မာနိုင်ငံမှာ ခြေချခွင်ပြုမယ့် ကိစ္စကိုတော့ ပြန်စဉ်းစားကြစေချင်တယ်။ ဘာဖြစ်လို့ ကျွန်တော်တို့နိုင်ငံကို လာကြမှာလဲ... ဘာရည်ရွယ်ချက်လဲ။ စာရွက်ပေါ်က ဘာကြောင့်ညာကြောင့် ဆိုတာတွေကို ဖယ်လိုက်မယ်ဆိုရင် ဘာကြောင့်လာချင်သလဲဆိုတာကို အားလုံးသိနေပြီးသားပါ။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အဲဒီဘာသာဝင်တွေကလည်း လူနည်းစုမှ တကယ့်လူနည်းစုပါ။ နိုင်ငံ့လူဦးရေရဲ့ ဘယ်လောက်ရာခိုင်နှုန်း ရှိမှာမို့လဲ။ အဲဒီလိုနိုင်ငံမျိုးမှာ သူတို့ဘာသာဝင်တွေအတွက် ဘာတွေများ ဆောင်ရွက်ပေးချင်ကြတာလဲဆိုတာ ကျွန်တော်တွေးလို့မရဘူး။ တွေးလို့ ရသမျှကတော့ တစ်ခုမှ ကောင်းတာမပါဘူး။ မြန်မာနိုင်ငံသား သူတို့ဘာသာဝင်တွေ အကျိုးကို ဆောင်ရွက်ပေးမယ်ဆိုရင်တောင် ဒါဟာ တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် ဘာမျှပြောပလောက်တဲ့ ပမာဏမဟုတ်တာမို့ နိုင်ငံအတွက် ဘာအကျိုးမှ မရှိဘူးလို့ပဲ သုံးသပ်ပါတယ်။ စစ်အစိုးရလက်ထက်တုန်းက အမိန့်အာဏာနဲ့ အားလုံးကို တားလို့ရခဲ့တယ်။ အခုတော့ ဒီမိုကရေစီနိုင်ငံရယ်လို့ ဖြစ်မယ်မှမကြံသေးဘူး... စိန်ခေါ်မှုတွေကလည်း ဒုနဲ့ဒေးပါပဲ။ ကျွန်တော်ကိုဉာဏ်ရဲ့ သဘောထားကတော့ OIC အလိုမရှိပါခင်ဗျား။

အချိန်မပေးနိုင်တဲ့အတွက် ပို့စ်တွေတင်တာ ကျဲတာကို နားလည်ပေးကြစေချင်ပါတယ်။ စာဖတ်သူများကို လေးစားလျက်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ သောကြာနေ့။
ညနေ ၅ နာရီ ၁၂ မိနစ်တွင်ပြီး၏။ 

 
Web Statistics