Sunday, July 29, 2007

ပိုင်စိုးကိုကို၏ စာသင်ခန်းဟာသများ


ဘယ်မှမသွားတဲ့မျက်နှာ

ကျောင်းပြောင်းလာတဲ့ဂျော်နီ့ကို သူအသစ်ကြုံရတဲ့ဆရာက ပြောတယ်။

``မင်းမျက်နှာကို ငါ အရင်က တစ်နေရာရာမှာ တွေ့ခဲ့ဖူးသလိုလိုပဲ´´

``မဖြစ်နိုင်ဘူးနဲ့တူတယ် ဆရာ၊ ကျွန်တော့်မျက်နှာဟာ ကျွန်တော့် နားရွက် နှစ်ဖက်ကြားမှာ အမြဲရှိနေတာပဲ´´

-

ကတ်သီးကတ်သပ်

ဆရာဝန်က အန်ဒီလေးကို စမ်းသပ်အပြီးမှာ ပြောတယ်။

ဆရာဝန် - မင်းက ဘာမှဖြစ်တာမဟုတ်ပါဘူး။ အပျင်းလွန်တာလေးသက်သက်ပါ။

အန်ဒီ - အဲဒါကို ဆေးပညာသုံးဝေါဟာရနဲ့ ဘယ်လိုခေါ်သလဲဆိုတာ ပြောလိုက်ပါ ဆရာ။ ဒါမှ ကျွန်တော် ဆရာမကို ပြန်ပြောပြီး ခွင့်တိုင်နိုင်မှာမို့လို့ပါ။

-

သူ့မနော

မကြာခင်ထွက်မယ့် လေ့လာရေးခရီးမှာ အန္တရာယ်ကင်းစေဖို့အတွက် အတန်း ခေါင်းဆောင်တွေနဲ့ ဆရာတွေ တိုင်ပင်ဆွေးနွေးနေကြတယ်။

``ကျောင်းသားတစ်ယောက်ယောက်များ မတော်တဆ လှေပေါ်က ပြုတ်ကျသွားရင် ဘာလုပ်မလဲ´´

ဆရာကြီးက မေးလိုက်တယ်။ ဖရက်ဒီက မဆိုင်းမတွဘဲ…

``အော်ပြီး ချက်ချင်း လှေကို ရပ်ခိုင်းပါမယ်´´

ဆရာကြီး ကျေနပ်သွားတယ်။

``ဟုတ်ပြီ၊ တကယ်လို့ ဆရာတွေထဲက တစ်ယောက်ယောက်များ ပြုတ်ကျရင်ရော´´

``ဟို… ဘယ်တစ်ယောက်လဲဟင်´´

-

အလေးသာတဲ့ဘက်

ကျောင်းသားသုံးယောက်ဟာ နေသာတဲ့ နေ့ခင်းတစ်ခုမှာ ကျောင်းကနေ အိမ်ပြန်လာကြတယ်။

``ငါတို့ ဘာလုပ်ရင် ကောင်းမလဲ´´

တစ်ယောက်က မေးလိုက်တယ်။

``ခေါင်းပန်းလှန်ကြည့်ကြတာပေါ့´´တဲ့။

ကျန်တဲ့တစ်ယောက်က အကြံပြုတယ်။

``ခေါင်းကျရင်… ငါတို့ ဘောလုံးသွားကန်မယ်။ ပန်းကျရင်တော့… ရေသွားကူးကြမယ်´´

``ဒီအကြံကောင်းတယ်။ တကယ်လို့ ပိုက်ဆံက ပစ်လိုက်တဲ့အခါ တည့်တည့်သွား ထောင်နေရင်တော့ ငါတို့ အိမ်ပြန်ပြီး စာမေးပွဲအတွက် စာကျက်ကြတာပေါ့´´

-

အကြောင်းသိပြီးသား

ဓာတုဗေဒဆရာမက အက်ဆစ်ရဲ့ ဂုဏ်သတ္တိတွေကို ရှင်းပြနေတယ်။

သူဟာ အက်ဆစ်ထည့်ထားတဲ့ခွက်ကို ယူလိုက်ပြီး သူ့လက်က လက်စွပ်ကိုပါ ချွတ်လိုက်တယ်။

``အခု ဆရာမ လက်စွပ်ကို အက်ဆစ်ထဲ ထည့်လိုက်မယ်။ လက်စွပ်ဟာ အက်ဆစ်ထဲမှာ ပျော်ဝင်သွားမှာလား´´

``မပျော်ဝင်နိုင်ပါဘူး ဆရာမ´´တဲ့။

ဘာတီက သွက်သွက်လက်လက်ဖြေတယ်။

``ဟုတ်တယ်… မင်းဘယ်လို သိသလဲကွယ့် ဘာတီ´´

``ပျော်ဝင်နိုင်မှဖြင့် လက်စွပ်ကို အက်ဆစ်ခွက်ထဲ ဆရာမ ဘယ်ထည့်လိမ့်မလဲ´´

-

သူသိတာက

ဆရာမ - အိန်ဂျလာ.. ဆရာမကို တစ်ကနေ တစ်ဆယ်အထိ ရေတွက်ပြပါ။

အိန်ဂျလာ - ဟုတ်ကဲ့.. ဆရာမ၊ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်။

ဆရာမ - တော်လိုက်တာ၊ တစ်ဆယ်ပြီးရင်ရော ဘာဆက်လာသေးလဲ။

အိန်ဂျလာ - ဂျက်၊ ကွင်း၊ ကင်း။

-

တူသလိုလိုပဲ

ဒါရန့်ရုပ်ရည်က ကြည့်ရ နည်းနည်းဆိုးပါတယ်။ သူဟာ သူ့သူငယ်ချင်း အသစ်ဖြစ်တဲ့ ရှရွန်ကို သူ ကျောင်းပိတ်ရက် ခရီးထွက်တုန်းက ဓာတ်ပုံတွေ ပြနေတယ်။ သူ့ပြတဲ့ပုံက ပင်လယ်ကမ်းခြေမှာ မြင်းစီးရင်း ရိုက်ထားတဲ့ပုံပါ။

ရှရွန် - ဒါ… မင်းပုံလား။

ဒါရန် - ဟုတ်တယ်လေ။

ရှရွန် - ဟင်… မင်းကျောပေါ်က ဘယ်သူလဲ။

-

ပြောမိတာ မှားပါတယ်

တစ်နေ့မှာ မူလတန်းကျောင်းတစ်ကျောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူက လာရောက် စစ်ဆေးတယ်။ သူက ကျောင်းသားတစ်ယောက်ကို မေးလိုက်တယ်။

``ရောမ အင်ပါယာကြီး ပြိုပျက်သွားစေတဲ့ အဓိက လက်သည်ဟာ ဘယ်သူလဲ´´

ကျောင်းသားက ပျာပျာသလဲနဲ့…

``ကျွန်တော်လုပ်တာ မဟုတ်ပါဘူး´´တဲ့။

တာဝန်ရှိသူက အတန်းပိုင်ဆရာကို ဒီအကြောင်းပြောပြတော့ ဆရာကလည်း

``ဟုတ်ပါလိမ့်မယ်။ ဒီကလေး မလုပ်လောက်ပါဘူး။ သူဟာ လူရိုးလေးပါ´´

တာဝန်ရှိသူ တော်တော် မကျေမနပ်ဖြစ်သွားပါလေရော။ ဒါနဲ့ ကျောင်းအုပ်ကြီးကို သွားတိုင်တော့…

``အဲဒီ ဆရာရော၊ ကျောင်းသားပါ အင်မတန် ရိုးကြပါတယ်။ သူတို့ပြောတာ မှန်ပါလိမ့်မယ်´´

တာဝန်ရှိသူက အတတ်ပညာရေးဆိုင်ရာ ဘုတ်အဖွဲ့ကို ဒီအကြောင်း တင်ပြပါလေရော။ ခဏနေတော့ ဘုတ်အဖွဲ့က ဆုံးဖြတ်ချက် ကျလာတယ်။

``ပျက်ပြီးသား ရောမအင်ပါယာကြီးလည်း ပျက်ပါစေတော့။ ဟိုကျောင်းသားလေး လုပ်တာဆိုရင်လည်း ဘယ်သူမှ မသိအောင် ဒီကိစ္စ ဒီမှာတင် ရပ်ပါတော့´´

-

သူမြန်ပုံက

ကျောင်းမှာ ကျောင်းသားလေး သုံးယောက်ဟာ သူတို့ အဖေတွေရဲ့ အပြေးမြန်ပုံကို အပြန်အလှန် ပြောရင်း ကြွားနေကြတယ်။

ပထမကျောင်းသားလေးရဲ့ အဖေက မြားပစ်သမား ဖြစ်ပါတယ်။

ပထမကျောင်းသား - ငါ့အဖေက အပြေးသိပ်မြန်တာကွ၊ သူ့လေးနဲ့ ပစ်မှတ်ကို ပစ်လိုက်ပြီး ပစ်မှတ်ဆီ မြား မရောက်ခင် သူက အရင်ရောက်အောင် ပြေးသွားနိုင်တယ်ကွ။

ဒုတိယကျောင်းသားလေးရဲ့ အဖေဟာ ရထားမောင်းတဲ့သူပါ။

ဒုတိယကျောင်းသား - ဒါလောက်များကွာ၊ ငါ့အဖေဆို ရထားမောင်းနေရင်း ရထားပေါ်က ခုန်ချပြီး ဆင်းပြေးတာ ရထား ရောက်မလာခင် နာရီဝက်လောက်အလိုကတည်းက ဘူတာ ကြိုရောက်နေတာကွ။

တတိယကျောင်းသားလေးရဲ့ အဖေကျတော့ ရုံးဝန်ထမ်းပါ။ သူကလည်း အားကျမခံပါပဲ။

တတိယကျောင်းသား - မင်းတို့ မဟုတ်တာတွေ ပြောပြီး လာမကြွားနဲ့ကွာ။ ငါ့ အဖေကမှ တကယ်မြန်တာ၊ ငါ့အဖေရဲ့ ရုံးဆင်းချိန်က ညနေ ၅ နာရီ ပေမယ့် နေ့တိုင်း ၄ နာရီ ၁၅ မိနစ်လောက်ဆို အိမ်ပြန်ရောက်နေရောကွ။

-

မဖြစ်နိုင်ဘူးထင်တယ်

ဆရာတစ်ယောက်ဟာ တပည့်တွေကို လူဦးရေ တိုးပွားနှုန်းအကြောင်း သင်ကြားပို့ချနေတယ်။

ဆရာ - ကမ္ဘာပေါ်မှာ တရုတ်ပြည်ဟာ လူဦးရေ တိုးပွားနှုန်း အများဆုံးပဲကွ။ တရုတ်ပြည်ရဲ့ လူဦးရေ တိုးပွားနှုန်းဟာ ဘယ်လောက်မြန်သလဲဆိုရင် တရုတ်ပြည်က လူတွေကိုသာ လေးယောက်စီ တန်းစီပြီး တောင်တစ်တောင်ကို ကျော်ခိုင်းရင် အဲဒီ လူတန်းကြီးဟာ ဘယ်တော့မှ ဆုံးမှာကို မဟုတ်ဘူး။

ပို့ချချက်အဆုံးမှာ အတန်းရဲ့ရှေ့ဆုံးမှာ ထိုင်နေတဲ့ ဆမ်ဟာ ဆရာပြောသွားတာကို နားမလည်သလို ပြူးကြောင်ကြောင် ကြည့်တယ်။ ဒါနဲ့ ဆရာလည်း သူ့စကားကို ထပ်ရှင်းရတာပေါ့။

ဆရာ - ဒီလိုလေကွာ၊ သူတို့ရဲ့ လူဦးရေ တိုးပွားနှုန်းဟာ သူတို့ တောင်ပေါ်တက်သွား နိုင်တာထက်တောင် မြန်နေသေးတယ်ကွ။ လူတစ်တန်း တောင်ပေါ် တက်သွားချိန် လောက်မှာပဲ နောက်ထပ် လူတစ်တန်းက ထပ်ဖြစ်(ထပ်မွေးဖွား)နေပြီ။

ဒီအထိလည်း ဆမ်က ပြူးကြောင်ကြောင် ဆက်ကြည့်နေတုန်းပါပဲ။ စိတ်မရှည်တော့တဲ့ ဆရာက ဆမ့်ကို လက်ညှိုးထိုးပြီး လှမ်းမေးလိုက်တယ်။

ဆရာ - မင်းက ဘာကြည့်နေတာလဲ ဆမ်။ ဆရာပြောတာကို နားမလည်ဘူးလား။

ဆမ် - ဟို… သူတို့ တောင်ပေါ် ဖြတ်သွားနေကြချိန်မှာ လူဦးရေတိုးပွားဖို့ကိစ္စတွေ အတွက် အချိန်မှ ရပါ့မလားဟင်။

Friday, July 27, 2007

ပစ္စည်းလေးပါး


(သာသနာရေးကိစ္စ၌ သုံးစွဲနိုင်သော ပစ္စည်းမျိုးလေးပါး)

၁။ ဆွမ်းပစ္စည်း -ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်၊ ချိုချဉ်၊ နို့ စသော ၀တ္ထုများ။

၂။ သင်္ကန်းပစ္စည်း - ၀တ်ရုံသုံးဆောင်ကောင်းသော သင်္ကန်း (၉) ထည်။

၃။ ကျောင်းပစ္စည်း - ကပ္ပိယကုဋိခေါ် ကျောင်းအမျိုးမျိုး။

၎။ ဆေးပစ္စည်း - ကျန်းမာရေးဆိုင်ရာ ဆေးအဖျော်အမျိုးမျိုး။

Saturday, July 21, 2007

လူနှင့် သူ၏စက်ရုပ်


လူနှင့် သူ၏ စက်ရုပ်

တာရာမင်းဝေ

-

``A.Z´´

``ခင်ဗျာ…ကျွန်တော် ရှိပါတယ်´´

``O.S မနိုးသေးဘူးလား´´

``နိုးတော့ နိုးပြီ ခင်ဗျ´´

``ဘာဖြစ်လို့ မလာသေးတာလဲ´´

``သူက အရင်လို မဟုတ်ဘူးခင်ဗျ၊ အရမ်း လူဆန်နေတယ်´´

``ဘယ်လို အရိပ်အခြည် တွေ့ရလို့လဲ´´

``နှိုးနေတာကို ချက်ချင်းမထဘူး ဆရာ၊ လူတွေလိုပဲ သမ်းသမ်းဝေေ၀ ရှိတယ်။ ပြီးတော့ ပျင်းကြောဆန့်တယ်၊ ပြီးမှ မျက်လုံးကို ဇိမ်ယူပြီး ဖွင့်တယ်…´´

ကျွန်တော်ပြုံးလိုက်မိသည်။

``အဲဒါ ကောင်းတာပေါ့…´´

``မကောင်းသေးဘူးဆရာရဲ့…´´

``ဘာမကောင်းတာလဲ´´

``သူမျက်နှာသစ်ရမယ့်ရေကကော ဟောင်းနေလားလို့ စစ်ဆေးသေးတယ်´´

- ကျွန်တော် ရယ်မိ၏။ A.Z သည် ကျွန်တော့်စက်ရုပ်ဖြစ်ပြီး O.S သည်လည်း ကျွန်တော် တီထွင်ဖန်တီးထားသော စက်ရုပ်ဖြစ်သည်။ ထူးခြားသည်က A.Z အပါအ၀င် အခြား စက်ရုပ်များသည် အခိုင်းအစေသဘော တီထွင်ထားသည့် စက်ရုပ်များဖြစ်ပြီး O.S ကတော့ လူနှင့်ထပ်တူဖြစ်ရန် ဖန်တီးထားသော စက်ရုပ်ဖြစ်သည်။

- တစ်စထက်တစ်စ လူဆန်လွန်းနေပြီဖြစ်သော O.S အတွက် ၀မ်းသာအားရ ကျွန်တော် ရယ်မောမိခြင်း ဖြစ်သည်။

``ဒီကောင် လက်ဖက်ရည် သောက်ပြီးပြီလား´´

``ဂဂျီဂဂျောင် လုပ်နေတယ်ဆရာ…´´

``ဘယ်လိုလုပ်တာလဲ´´

``သူ့အတွက် လက်ဖက်ရည်ကို ကုလားမခြင်းဆွဲနို့ဆီနဲ့ ဖျော်လို့တဲ့…´´

``အဲဒီ နို့ဆီက သူနဲ့ မတည့်လို့လား´´

``မဟုတ်ဘူးဆရာ…နာမည်ကြားရတာနဲ့တင် မချိမဆန့် နိုင်လွန်းလို့တဲ့…´´

``ငါ နားမလည်ဘူး…´´

``သြော်… ကုလားကိုလည်း မ ထားရသေးတယ်၊ ခြင်းကိုလည်း ဆွဲ ထားရသေးတယ် မသက်မသာကြီးတဲ့…´´

- အစပိုင်းမှာ ရယ်မောရုံသက်သက်သာ ရှိနေသော ကျွန်တော်သည် ယခုတော့ နှစ်နှစ်ခြိုက်ခြိုက် ရယ်မိပါတော့သည်။ မည်သို့ပင် ဆိုစေ စက်ရုပ်ကို လူဆန်အောင် ဖန်တီးနေသော ကျွန်တော့်အတွက်တော့ လက်တွေ့ကျသော အောင်မြင်မှု တစ်ရပ်ပင်။

``ကဲလေ…အဲဒါတွေ ထားလိုက် အဲဒီကောင်ကို ငါ့ဆီလွှတ်လိုက်´´

``ဟုတ်ကဲ့ ဆရာ…´´

``ဟုတ်ကဲ့…´´

- မကြာခင်မှာ ကျွန်တော့်ထံသို့ O.S ရောက်လာသည်။ ကျွန်တော်က ဆီး၍ ဆူလိုက်သည်။

``မင်း ဘာကြောင့် အခုမှ ရောက်လာရတာလဲ´´

- သူက လူသားဝတ်ရုံ အပြည့်အစုံနှင့် ရောက်လာခြင်း ဖြစ်သည်။ ကျွန်တော့်မေးခွန်းကို ထစ်ငေါ့စွာ ပြန်ဖြေ၏။

``ဟို…ဟို… ကောင်းကင်က အသီး ကျွန်တော့်မှာ ပြုတ်နေလို့ပါ…´´

``ဘာရယ်…´´

- သူဘာကို ဆိုလိုမှန်း အတော်ဆွေးနွေးပြီးမှ သိလိုက်သည်။ သူ့အင်္ကျီမှာ ကြယ်သီး အချို့ ပြုတ်နေခြင်း ဖြစ်သည်။ ရယ်ရင်းနှင့် သက်ပြင်းမောကို ချရ၏။

``အခု… မင်း ဘာလုပ်ချင်လဲ´´

``ရေခဲတွေက ခုန်တဲ့ရာသီမှာ ကျွန်တော် ခရီးထွက်ချင်တယ်…´´

``အာ…ဘာ… ဘယ်လို´´

``ဟို… ရေခဲတွေပျော်ပြီး ကခုန်ကြတဲ့ ရာသီ…´´

``ဟိုး…ဟိုး…တော်ပြီ…ငါသိပြီ…´´

- သူက ရေခဲတွေ အရည်ပျော်သည့် နွေရာသီကို ဆိုလိုခြင်း ဖြစ်သည်။

``ဟိုလေ…အခြေခိုင်တဲ့မြို့ကို သွားချင်လို့…´´

``ဘယ်မြို့လဲ…´´

``သုံးခွမြို့…´´

``ဘာသွားလုပ်မှာလဲ…´´

``မီးရထားလိုလူနဲ့ ဝေးချင်လို့ပေါ့…´´

``မီးရထားလိုလူ ဆိုတာ ဘယ်သူလဲ´´

``ဆရာပေါ့.. အမြဲတမ်း ခေါင်းမီးခိုးထွက်အောင် စဉ်းစားနေတဲ့လူ…´´

``အေးပါကွာ....အေးပါ… ဒါ့ထက် မင်း အခု ဘာစားမလဲ´´

``ကျွန်တော် မသောက်ပဲ ၀ါးရတဲ့ မုန့်ကို စားချင်တယ်´´

စားဖိုမှူးကို ခေါ်ကာ ဒီကောင့်ကို ရေမုန့်ကျွေးရသည်။

``မင်း လူတွေကြားထဲရောက်ရင် စိုးရိမ်စရာ ဘာရှိမလဲ´´

``ကျွန်တော့်ကို ရူးသွပ်သွားစေမယ့် တနင်္ဂနွေနံမျိုးနဲ့ မကြုံချင်ဘူး´´

သူ့စကားကို ကျွန်တော် အတော်စဉ်းစားယူရ၏။ ပြီးမှ ရူးသွပ်စေသော ဦးခေါင်းကို အလေးထားကာ…

``ဘာလဲ မင်းဦးခေါင်းကို အုန်းသီးမှန်မှာ စိုးလို့လား´´

``မဟုတ်ပါဘူး´´

``ဥသျှစ်သီးလား´´

``မဟုတ်ပါဘူး´´

``ဒါဖြင့် ပြောကွာ ဘာလဲ´´

```ဟိုလေ… ကျွန်တော် ဥမ္မာဒန္တီနဲ့ မတွေ့ချင်ဘူး…´´

``သေဟ…´´

ထို့နောက်မှာမှ…

``အေး…အေး… မတွေ့စေရပါဘူးကွာ၊ မင်းကို ငါ လူကြားထဲ စိတ်ချလက်ချ လွှတ်လိုက်တော့မှာပါ။ လူတွေနဲ့ အဆင်ပြေအောင်နေ၊ နို့မို့ဆို မင်းမှာရှိတဲ့ အစေ့နှစ်စေ့ ကွဲသွားမယ်´´

``ဟာဗျာ.. ဆရာကလဲ´´

``မင်း မျက်နှာက ဘယ်လို ဖြစ်သွားရတာလဲ၊ ငါက မင်းရဲ့ နောက်စေ့နဲ့ မေးစေ့ ကွဲသွား မှာကို ပြောနေတာ၊ ကိုယ့်ဘာသာကိုယ် သတိထားပြီး နေထိုင်သွားလာ…´´

``ဟုတ်ကဲ့…´´

``ကျဆုံးတဲ့အခါတိုင်း မင်းကိုယ်မင်း ပြန်အသက်သွင်းတဲ့ အတတ်ပညာ မင်းကို ပေးထားပြီပဲ၊ အေး… ငါကိုတော့ မမျှော်နဲ့တော့…´´

``ဗျာ… ဘာဖြစ်လို့လဲ..´´

``မင်း လူကြားထဲ ၀င်ချင်တယ်… လူတောတိုးချင်တယ် မဟုတ်လား…´´

``ဟုတ်ကဲ့…´´

``အေး.. မင်းလူတောတိုးနိုင်ဖို့ မင်းကို လူကြားထဲ ချပေးပြီးရင် ငါ က ဧကစာရီ ကျင့်တော့မယ်…´´

``အင်း… ဆရာ ဘာပြောတယ်…´´

``မင်း လူတွေကြားရောက်ပြီး လူတောတိုးစေပြီးရင် ငါကတော့ တစ်ယောက်တည်း ဧကစာရီထွက်ပြီး တရားကျင့်တော့မယ်ကွာ၊ လူတွေကို ငါ ငြီးငွေ့နေတာ ကြာပြီ…´´

``ဗျာ…´´

-

( အလံမထူခဲ့သော လက်များ စာအုပ်မှ ပြန်လည် ကူးယူဖော်ပြပါသည် )

Friday, July 20, 2007


စိတ်ဖိစီးမှုဒဏ်ကို ရင်ဆိုင်တိုက်ပွဲဝင်နည်း

(၁) ပြဿနာတွေကို မေ့လိုက်ပါ။

- သဘောက စိုးရိမ်ပူပန်ဖွယ် ကိစ္စအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ပြဿနာတွေ အားလုံးကို တတ်နိုင်သလောက် ကြာကြာမေ့ထားနိုင်သလောက် ဂရုမစိုက်ဘဲ ပစ်ထားလိုက်ပါ။ ဒီလိုပြဿနာအကြောင်းကို မစဉ်းစား၊ ဂရုမစိုက်ဘဲ ကြာကြာထားနိုင်လေ၊ သင့်ရဲ့ စိတ်တွေဟာ တည်ငြိမ် ငြိမ်းချမ်းလာပြီး သင့်ခန္ဓာကိုယ်ဟါ အဲဒီပြဿနာတွေကို ရင်ဆိုင်နိုင်ဖို့ တိုက်မလား၊ ပြေးမလားဆိုတဲ့ (Fight and Flight) စနစ်ကို ပြင်ဆင်နိုင်ဖို့ အချိန်ပိုရလာမှာ ဖြစ်ပါတယ်။ သို့မှသာ ပြဿနာလျော့နည်းသွား အောင် စီစဉ်ရင်ဆိုင်နိုင်ပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်စိတ်တွေကို လျော့ကျသွားစေမှာ ဖြစ်ပါတယ်။

(၂) ပျော်ပျော်နေပါ။

- ပျော်ပျော်နေသေခဲ ဆိုသလို စိတ်ကို ပေါ့ပါးသွက်လက် ပျော်အောင်နေပါ။ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ လျှောက်လည်ပါ။ တွေ့ဆုံစကားပြောပါ။ နေ့လယ် နေ့ခင်း အလုပ်အားလပ်ချိန်၌ ဈေးဝယ်ထွက်ပါ။ အလုပ်အားလပ်ရက်တွေမှာ အလည် အပတ် ခရီးတို သွားပါ။ အဲဒီလို မိမိရဲ့ စိတ်ကို မိမိပျော်ရွှင်အောင်ထားပြီးနောက် ပြဿနာအရွယ်အစား ဘယ်လောက်အထိ လျော့နည်းကျဆင်းသွားခဲ့တယ်ဆိုတာကို သတိပြုမိမှာ ဖြစ်ပါတယ်။

(၃) ကာယလှုပ်ရှားမှုတွေ လုပ်ပါ။

- စိတ်ဖိစီးမှုတွေကနေ လွတ်ချင်ရင် ကာယလေ့ကျင့်ခန်း မည့်သည့် ပုံစံမျိုးကိုမဆို လုပ်ပါ။ ကာယလေ့ကျင့်ခန်းမှန်သမျှဟာ စိတ်ဖိစီးမှုဒဏ်ကို တိုက်ဖျက်နိုင်စွမ်းရှိပြီး လေ့ကျင့်ခန်းများ ပြုလုပ်ပြီးပါက စိတ်လက်ပေါ့ပါးသွားပြီး ပြဿနာတော်တော်များများ ကို ဖြေရှင်းပြီးသားဖြစ်နေတတ်ပါတယ်။

(၄) တစ်စုံတစ်ဦးထံမှ အကြံဉာဏ်၊ ထင်မြင်ယူဆချက် ရယူပါ။

- စိတ်ဖိစီးမှု ပြဿနာ တော်တော်များများဟာ လူအတော်များများမှာ တစ်ဦးနဲ့တစ်ဦး သိပ်ကွာခြားလေ့မရှိဘဲ သီးသီးသန့်သန့်ဖြစ်မှု သိပ်မရှိပါ။ ဒါကြောင့် မိမိလိုပဲ ပြဿနာ ရင်ဆိုင်ခဲ့ဖူးသူများထဲမှာ အကြံဉာဏ်ရယူခြင်းဟာ အလွန်တန်ဖိုးရှိလှပါတယ်။ ပြဿနာ ကို ဝေမျှခံစား အဖြေရှာခြင်းဟာ ပြဿနာတစ်ဝက်လောက်ကို ဖြေရှင်းပြီးသား ဖြစ်နေပါ လိမ့်မယ်။

(၅) မိမိရဲ့အချိန်တွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ နည်းလမ်းရှာကြံပါ။

- စိတ်ဖိစီးမှုးဒဏ်တွေဟာ တစ်ခါတစ်ရံ မိမိရဲ့အချိန်ကို ကောင်းစွာစီမံအသုံးမချနိုင်မှု ကနေ ဖြစ်လာရတာဖြစ်ပါတယ်။ အချိန်ကို လွဲမှားစွာ အသုံးချမိတာကြောင့် အလုပ်တွေ မပြီးစီး၊ ရုံးအလုပ် အိမ်ပါ စတဲ့ ပြဿနာတွေ ဖြစ်လာရတာဖြစ်ပါတယ်။ ဒါကြောင့် မိမိ လုပ်ရမယ့် အလုပ်တွေကို ဦးစားပေးအစီအစဉ်နဲ့ စီမံချက်ချပါ။ အရေးကြီးတာကိုအရင် လုပ်ခြင်းဖြင့် မိမိရဲ့အချိန်ကို အကောင်းဆုံးအသုံးချပါ။ ရက်သတ္တတစ်ပတ်အတွင်း မိမိ လုပ်ရမယ့်ကိစ္စတွေကို စာရွက်ပေါ်ရေးချပါ။ အစီအစဉ်ကျနစွာလုပ်ပါ။ သတ်မှတ်ချိန် အတွင်း ပြီးမပြီးကို ပြန်လည်ဆန်းစစ်ဝေဖန်ပါ။ ဘယ်နေရာတွေမှာ အချိန်ကို လွဲမှားစွာ ဖြုန်းတီးပစ်နေခဲ့သလဲဆိုတာ အဖြေရှာထုတ်ပါ။

(၆) ဖြစ်ချင်တာတွေ၊ ဆန္ဒတွေကို တရားလွန်မဖြစ်ပါစေနှင့်။

- မိမိလုပ်နိုင်တဲ့စွမ်းရည်၊ မိမိမှာရှိတဲ့ အရည်အချင်းကို မိမိဘာသာ သေချာနားလည် သဘောပေါက် သိထားဖို့လိုပါတယ်။ ဒါမှ မိမိရဲ့ လုပ်နိုင်တဲ့စွမ်းရည်ထက် ကျော်လွန်ပြီး ဖြစ်ချင်တာတွေ၊ ဆန္ဒတွေဖြစ်လာရင် ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိ ဖြစ်ချင် တာတွေ၊ ဆန္ဒတွေကို မိမိရဲ့ လုပ်နိုင်တဲ့ စွမ်းရည်ဘောင်အတွင်းမှာသာ ရှိနေစေဖို့ ရည်ရွယ်ပါ။ သို့မဟုတ်ပါက မိမိလည်း မစွမ်းဆောင်နိုင်၊ လိုချင်စိတ်ဆန္ဒကလည်းလွန်ကဲ၊ သဟဇာတ မဖြစ်တော့ဘဲ စိတ်ဖိစီးမှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

(၇) ရှေ့ဆက်ဇွတ်မတိုးဘဲ နောက်ဆုတ်ပေးလိုက်ပါ။

- စိတ်ဖိစီးမှုကို တိုက်ဖျက်ရင်ဆိုင်ဖို့ နောက်ထပ် အကောင်းဆုံး အစားထိုးနည်းလမ်း ကတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ပတ်ဝန်းကျင်ကနေ စွန့်ခွာလိုက်ခြင်းပဲဖြစ်ပါတယ်။ ဥပမာ အားဖြင့် အလုပ်ရှင်နဲ့ ဘယ်လိုမှ သဟဇာတမဖြစ်တော့ရင် အလုပ်ထွက်၊ အလုပ်ပြောင်း ဖို့ လုပ်ပါတော့။ လက်ရှိနေထိုင်တဲ့ အိမ်အခန်းကို လုံးဝ သဘောမကျတော့ရင် အိမ်အသစ် အခန်းအသစ်ကို ပြောင်းနေထိုင်ပေတော့။ ဒါဟာ အကောင်းဆုံး နည်းလမ်း တစ်ခုပါပဲ။

-

(၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ထုတ် Health Digest ဂျာနယ်

အတွဲ (၄) အမှတ် (၄၂) မှ ပြန်လည်ကူးယူ ဖော်ပြပါသည်)

Thursday, July 19, 2007

ငါတို့မျက်ရည်သည် (ဇူလိုင်၁၉)


ငါတို့ မျက်ရည်သည်

ကိုဉာဏ် (ပန်းလောင်မြေ)

- မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် ဆောင်ရွက်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးတို့သည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် အတွင်းဝန်ရုံး၌ လျှို့ဝှက်အစည်းအဝေး ကျင်းပနေစဉ် မြန်မာ့သစ္စာဖောက် လောက်ထွက် ဂဠုန်ဦးစောနှင့် အပေါင်းအပါတို့၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသည်။

- ထိုကိစ္စအတွက် မြန်မာတစ်နိုင်ငံလုံး အံ့သြတုန်လှုပ်ခဲ့ရပြီး များစွာ ယူကြုံးမရ ၀မ်းနည်း ခဲ့ကြသည်။ ထိုကိစ္စကို ``နိုင်ငံတော်လုပ်ကြံမှုကြီး´´ဟု ခေါင်းစဉ်တပ်ပြီး အမှုဖွင့်ခဲ့ကြ သည်။ ထိုကဲ့သို့ ခေါင်းစဉ်တပ်ခဲ့ခြင်းကြောင့် တစ်ကြောင်း၊ မြန်မာ့သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသော ကြီးမားလှသည့် လုပ်ကြံမှုကြီး ဖြစ်ခြင်းကြောင့်တစ်ကြောင်းတို့ကြောင့် လူသတ်သမားများမှာ ဒိတ်ဒိတ်ကြဲ နိုင်ငံပုန်ကန်သူများအဖြစ် တစ်မဟုတ်ချင်း နာမည် ကြီးသွားခဲ့ရသည်။ အမေရိကန် သမ္မတကြီး အေဘရာ ဟယ်လင်ကွန်း အား လုပ်ကြံခဲ့ သည့် အမှုနှင့်ပင် ပြောဆိုခိုင်းနှိုင်းခဲ့ကြသည်။

- အမှုစစ်သော တရားသူကြီးတို့သည် ``အမှုမှန် မပေါ်မချင်း မသင်္ဂြိုဟ်နိုင်ပါ။ ဗိုလ်ချုပ် တို့၏ ၀ိဥာဉ်များက တရားခံအမှန်ကို ဖော်ထုတ်ပေးကြပါ´´ဟု အဓိဌာန်၍ အလောင်းများကို ဆေးထိုး၍ထားပြီး အမှုကို ပြီးဆုံးအောင် စစ်ခဲ့ကြသည်။

- ၁၉၄၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ နံနက် ၀၆၃၀ နာရီတွင် ဈာပနအခမ်းအနားကို စတင် ကျင်းပသည်။ ထိုစဉ်က ရန်ကုန်မြို့တွင် လူ ၆၀၀၀၀ ခန့် နေထိုင်ရာတွင် ဈာပနအခမ်း အနားသို့ လူ ၄၀၀၀၀ ကျော် လိုက်ပါပို့ဆောင်ခဲ့ကြသည်။ လူအုပ်ကြီးမှာ များပြားလွန်း လှပြီး အချို့မှာ အလောင်းများ ဘယ်မှာ ရှိမှန်းပင် မသိခဲ့ကြချေ။ လိုက်ပို့သူ ပြည်သူ အပေါင်းတို့၏ ငိုကျွေးသံမှာ ဘ၀ဂ်ညံခဲ့လေသည်။ အချို့မှာ မူးမေ့၍ လဲကျသွားသဖြင့် ကြက်ခြေနီနှင့် သူနာပြုများ၊ ရဲတပ်ဖွဲ့ဝင်များမှ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရရာ ဆေးရုံ များ၌ လူလျှံခဲ့ရသည်။ ထို့နောက် ညနေ ၁၆၃၅ နာရီတွင် အာဇာနည်ကုန်း၌ ဂူသွင်းခဲ့ ကြသည်။

- ထိုသို့ ဂူမသွင်းမီ ဗိုလ်မှူး အောင် က ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး များအတွက် မြန်မာပြည်သူတို့၏ ``အဓိဌာန်စာတမ်း´´ ကို ဖတ်ကြားပေးသည်-

(၁) အို - ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့သည် မြန်မာ့ လွတ်လပ်ရေးလမ်းစဉ်ကို ချမှတ်ရေးဆွဲနေစဉ်အတွင်း မသမာသူ လူယုတ်မာတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည့်တိုင် ဗမာ့လွတ်လပ်ရေးကြီးကို ရရှိအောင် ဆက်လက် ဆောင်ရွက်သွားနိုင်စေရန် ငါတို့အား ခေါင်းဆောင်ကြီးတို့၏ သွေးရောင်ခြည်သည် ငါတို့၏ မီးရှူးတန်ဆောင်အဖြစ် ထွန်းတောက်ခဲ့ချေပြီ။

(၂) အို - ဗမာ့သားကောင်းရတနာ ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့ ကိုယ်ခန္ဓာ အတွင်းမှ သက်ဆင်းခဲ့ရသော သွေးရောင်ခြည်တို့ဖြင့် ထွန်းတောက်နေသည့် လွတ်လပ်ရေး မီးရှူးပန်းပမာ ညွှန်ပြရာသို့ တစ်သွေမတိမ်း ငါတို့ လိုက်နာကျင့်ဆောင်ခဲ့ ခြင်းအားဖြင့် ယခုအခါတွင် ဗမာ့လွတ်လပ်ရေးကြီးသည် တင့်တင့်တယ်တယ် ထည်ထည်ဝါ၀ါ အကောင်အထည် ပေါ်ပေါက်လာခဲ့ပြီ။

(၃) အို - ဗမာ့အာဇာနည် ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့၏ တိုင်းပြည် အတွက် သွေးနှင့်ဆက်၍ အသက်ကို စွန့်လွှတ်ခဲ့သော အာဇာနည်စိတ်ဓာတ်များအား ငါတို့သည် မရပ်မနား အကြိမ်ကြိမ် အဖန်ဖန်ထပ်ပြန်တလဲလဲ အမြဲတစေ ချီးကျူးကြပါ ကုန်၏။ လေးစားကြပါကုန်၏။ အစဉ်ထာဝရ သတိရပြီး တမ်းတပူဆွေး မိကြပါကုန်၏။

(၄) အို - ဗမာ့သူရဲကောင်း ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့၏ သွေးဖြင့် ရေးမှတ်ခဲ့သော ဗမာ့လွတ်လပ်ရေးကြီးကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက် ထားရန်နှင့် ဗမာ့လွတ်လပ်ရေး၏ ရန်သူမှန်သမျှ တွန်းလှန်ချေမှုန်းကြပါမည်ဟု ယနေ့ ဤကုန်းတော်ပေါ်တွင် လာရောက်စုဝေးနေကြသော လူထုကြီးက ခေါင်းဆောင်ကြီးများ ရှေ့မှောက်တွင် အဓိဌာန်ပြုကြပါကုန်၏။

(၅) အို - ဘ၀တစ်ပါးပြောင်းသွားကြသော ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့ အတွက် ရည်မှန်းတမ်းတပြီး လှူဒါန်းခဲ့သော ကောင်းမှုကုသိုလ် အဖို့မှန်သမျှကို အမျှ ပေးဝေကြပါကုန်၏။ ဘ၀တစ်ပါးသို့ ပြောင်းသွားပြီး လားရာသုဂတိမှနေ၍ သာဓုအနုမော ဓနာ ပြုကြပါကုန်လော့…။ ခေါင်းဆောင်ကြီးတို့၏ ၀ိဥာဉ်အပေါင်းသည် ငါတို့၏ ဤအဓိဌာန်ချက်ကို မပျက်မကွက် ဖောက်ဖျက်သွေဖည်မှု မရှိစေရန် အလင်းရောင် ပေးနိုင်ကြပါစေကုန်သတည်း - ဟူ၍ ဖြစ်လေသည်။

- ကျွန်ုပ်တို့ တစ်နိုင်ငံလုံးက အလေးအမြတ်ချစ်ခင်လေးစားကြရသော နိုင်ငံခေါင်းဆောင် ကြီးများအား လုပ်ကြံသွားသည်မှာ ကြက်ကလေး၊ ငှက်ကလေး သတ်သလို လွယ်ကူ လွန်းလှသည်။ ပို၍ ခံပြင်းမိသည်မှာ ကိုယ့်မြန်မာထဲက ဂဠုန်ခေါင်းဆောင်တစ်ဦး၏ လုပ်ဝံ့မှု၊ လုပ်ရက်မှု၊ လုပ်ရဲမှုပင် ဖြစ်သည်။ ကျွန်ုပ်သည် အာဇာနည်ခေါင်းဆောင်ကြီး များ အကြောင်း စာအုပ်များကို ဖတ်တိုင်း ထိုနေရာသို့ရောက်လျှင် စာအုပ်ကို အလိုလို ပိတ်မိသည်။ တက်ခေါက်မိသည်။ အံကြိတ်မိသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိသည်။ ခံပြင်း ဒေါသနှင့်အတူ မျက်ရည်စတို့ ဝေ့၀ဲလာတတ်သည်။ ``ကိုယ့်မြန်မာ နိုင်ငံ အတွက် အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးအချင်းချင်း လုပ်ရက်လေခြင်းကွာ´´ ဆိုပြီး ယူကြုံးမရ ဖြစ်မိသည်။

- မဖြစ်နိုင်တော့ပါ။ သို့သော် ``ဗိုလ်ချုပ်သာ ယခုအချိန်ထိရှိခဲ့ရင်´´ဆိုသည့် အတွေးသည် ကျွန်ုပ်ရင်ထဲ၊ နှလုံးထဲ၊ ဦးနှောက်ထဲ၌ တွေးမိနေဆဲပင်။ ကျောင်းသားဘ၀ ကပင် လူငယ်အခွင့်အရေးများကို လက်လွှတ်၍ အခြေအနေအရ လူကြီးဆန်ခဲ့ရသော ဗိုလ်ချုပ်၊ တက္ကသိုလ် ပညာအစား နိုင်ငံရေးအလုပ်များနှင့် ပျော်မွေ့ခဲ့ရသော ဗိုလ်ချုပ်၊ ကိုယ့်မြေနှင့် တစ်နယ်ရပ်ခြားတိုင်းတစ်ပါးတွင် ရဲဘော်ရဲဖက်များနှင့်အတူ နေပူ၊ မိုးရွာ မရှောင်၊ အစားဆင်းရဲ၊ အနေဆင်းရဲ၊ ပါးရိုက်ခံ၊ အဆဲခံ၍ စစ်ပညာသင်ခဲ့သော ဗိုလ်ချုပ်၊ မိမိမှာ အ၀တ်အစာ ဘယ်နှစုံရှိမှန်းပင် မသိခဲ့သော ဗိုလ်ချုပ်၊ အိမ်တွင် မိသားစုနှင့် နေရချိန်ထက် ရုံး၌သာ စာရွက်စာတမ်းများနှင့် အလုပ်များခဲ့သော ဗိုလ်ချုပ်၊ လွတ်လပ်ရေး ရပြီးရင် မိသားစုနှင့်အတူနေရင်း စာရေးဆရာလုပ်ချင်တယ်ဆိုတဲ့ ဗိုလ်ချုပ်ကို အခုအချိန်မှာ ရှိနေစေချင်ပါသေးသည်။

- လွတ်လပ်ရေးအရသာကို ဗိုလ်ချုပ်ခံစားစေချင်ပါသေးသည်။ ဗိုလ်ချုပ်၏ ရဲရဲတောက် မိန့်ခွန်းများကိုလည်း နားထောင်ချင်ပါသေးသည်။ မိသားစုနှင့်အတူ ဗိုလ်ချုပ်ကို ပျော်စေချင်ပါသေးသည်။ ဗိုလ်ချုပ်ရေးသော စာများကိုလည်း တခုတ်မက်မက် ဖတ်ချင် ပါသေးသည်။ သြော်… ဗိုလ်ချုပ်ရယ်.. မြန်မာပြည်သူတွေ လွတ်လပ်အောင် အချိန်တွေ ပေး၊ ဘ၀တွေစတေးပြီး ကြိုးစားခဲ့ရပေမယ့် လွတ်လပ်ရေးကို ဗိုလ်ချုပ် မြင်မသွားခဲ့ရဘူး။ လွတ်လပ်ရေးအရသာကို မခံစားသွားခဲ့ရဘူး။ ဗိုလ်ချုပ်ဟာ ကွယ်လွန်ခါနီးအချိန်အထိ ``ငါ့နိုင်ငံအတွက်တော့ ငါ ဘာမှ လုပ်မပေးနိုင်တော့ပါလား၊ ငါတို့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးခရီးလမ်းက ဘယ်လိုပါလိမ့်၊ ဘယ်သူတွေဆက်ပြီး ခေါင်းဆောင်ကြမှာပါ လိမ့်´´ ဆိုတဲ့ အတွေးတွေနဲ့ မလွတ်လပ်သေးတဲ့ မြန်မာနိုင်ငံအတွက် ဗိုလ်ချုပ် နောက်ဆံတင်းခဲ့မှာပါပဲ။ လွတ်လပ်ခဲ့ပါပြီ ဗိုလ်ချုပ်ရယ်။

- မိုးဖွဲလေးတွေက တဖြောက်ဖြောက်ကျနေသည်။ သြော် ဒီနေ့ ရောက်ပြီဆိုရင် ဘယ်နှစ် ဘယ်အချိန်ခါပဲ ဖြစ်ဖြစ် မပျက်မကွက် မိုးဖွဲလေးတွေ ရွာတတ်ပါတယ်။ မြန်မာတစ်နိုင်ငံ လုံးက သတိတရ လွမ်းဆွတ်နေတဲ့ ဒီလိုနေ့မျိုးမှာ ရွာတဲ့မိုးတွေဟာ ပြည်သူတွေရဲ့ ကိုယ်စား မျက်ရည်မိုးတွေပါ။

- ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တာ နှစ်ပေါင်း (၆၀) တောင် ရှိခဲ့ပြီနော်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးရဲ့စိတ်ထဲမှာ ဒီနေ့ ရောက်ပြီဆိုတာနဲ့ မနေ့တစ်နေ့ကလို ခံစားနေရဆဲပါ။ ဗိုလ်ချုပ်တို့ အကြောင်းတွေကို ၀မ်းနည်းစွာ ပြောနေကြတုန်းပါပဲ။ ပြည်သူတွေအပေါ်မှာ အလွန်ချစ်ခဲ့တဲ့၊ စေတနာထားခဲ့တဲ့ ဗိုလ်ချုပ်ကို ကျွန်ုပ်တို့ မေ့မရတာဟာ သဘာဝ ကျပါတယ်။

- အာဇာနည်ဗိမာန်ကြီးကို ကြည့်ရင်း ဘယ်လောက်ကြာအောင် အတွေးနယ်ချဲ့နေမိ တယ် မသိပါဘူး။ ဘေးက ဇနီးဖြစ်သူက ``မိုးတွေစိုပြီး ဖျားနေဦးမယ်၊ ပြန်ကြရအောင် လေ´´ ဆိုတော့မှ အသိပြန်ဝင်လာပါတယ်။ ကျွန်တော့်မှာ ကျလာတဲ့ မျက်ရည်ပေါက် လေးကို ဇနီးဖြစ်သူ မမြင်အောင် သုတ်ရင်း ဂူဗိမာန်ကို အလေးပြုလိုက်ပါတယ်။ စိတ်ထဲ ကတော့ ``ကျွန်တော်ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုအစုစုကို ဗိုလ်ချုပ်နှင့်တကွ ကျဆုံး လေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အမျှပေးဝေပါတယ်´´ ဟု အမျှပေးဝေ လိုက်ပါတယ်။

- မိုးဖွဲဖွဲလေးတွေက လူကို တပေါက်ပေါက်နဲ့။ တိုင်ဝက်လွှင့်ထူထားတဲ့ မြန်မာနိုင်ငံတော် အလံကိုကြည့်ရင်း ကျွန်တော့်မျက်နှာမှာတော့ မိုးရေတွေနဲ့ မျက်ရည်တွေ ရောလို့ပေါ့ဗျာ။

- ဇူလိုင် ၁၉ မို့ မျက်ရည်မိုးတို့ ဖြိုင်နေချေပြီ…။

- ဘယ်မေ့နိုင်မှာလဲ ၁၉ ဇူလိုင် ရယ်…။

-

(ဤစာမူကို ၂၀၀၁ ခုနှစ် အာဇာနည်နေ့ကာလတုန်းက ရေးခဲ့ခြင်းပါ။ အနှစ် ၆၀ ဆိုသော နေရာမှ လွဲ၍ ကျန်အရေးအသားများအားလုံးကို ယခင်အတိုင်းသာ အမှတ်တရ ပြန်လည် ဖော်ပြပေးထားပါသည်။)

-

(အထူးကျေးဇူးတင်ပါသည် - ဤစာလေးတစ်ပုဒ် ဖြစ်လာဖို့အတွက် အတွေးမျိုးစေ့နှင့် အကြောင်းအရာ မြေသြဇာ ပေးခဲ့သော အစ်ကိုကြီး သွေးသစ်ဝေ (ဧရာဝတီ)အား မမေ့ မလျော့ အထူး ကျေးဇူးတင်ရှိပါကြောင်း)

ကြွေခဲ့လေသောပန်းကိုးပွင့် (ဇူလိုင်၁၉)


ကြွေခဲ့လေသော ပန်းကိုးပွင့်

ကိုဉာဏ် (ပန်းလောင်မြေ)

ကြာခဲ့လေပြီ၊ ခြောက်ဆယ်ဆီ၌

မြန်ပြည်သမိုင်း၊ တစ်ခေတ်ရိုင်းခဲ့

ထိုလှိုင်းဂယက်၊ ပြင်းရိုက်ချက်ကြောင့်

အသက်ဇီဝိန်၊ ချုပ်ကာငြိမ်ရှင့်

ဂုဏ်သိန် အာဇာနည်ကိုးဦး။

-

တစ်အိမ်တစ်စု၊ တစ်ရွာတစ်မြို့

ထိုမှတစ်ခန်း၊ ပြည်လုံးဝန်း၌

ငြိမ်းချမ်းမရ၊ ပူမီးကြွပြီ

ဖြစ်ရလေခြင်း၊ ခေါင်းဆောင်မင်းတို့

အခင်းလက်သာ၊ လွတ်လပ်ပါမည်

မကြာမီဟု၊ မြန်ပြည်အလှ

ကြည့်မရတော့၊

လွတ်ရေးရသာ၊ ဝေးရရှာပေါ့။

-

သူတို့ကြိုးပမ်း၊ သက်စွန့်ထမ်း၍

လှမ်းခဲ့မြန်မာ၊ လွတ်လပ်ပါပြီ

မြန်မာ့အလံ၊ မိုးထက်ပျံပြီ

လွတ်လပ်ရေးတေး၊ ပြည်လုံးကြွေးကြော်

ပျော်မဆုံးပြီ၊ လွတ်လပ်ပြီ။

-

ခေါင်းဆောင်ပီပီ၊ အာဇာနည်တို့

သင်တို့သေသွား၊ နှစ်ပေါင်းများလည်း

တို့များမမေ့၊ သည်ယနေ့ဝယ်

မနေ့ကပင်၊ ကြုံရသွင်သို့

စွဲထင်အသည်း၊ နှလုံးထဲ၌

အောက်မေ့သတိရပါသည်။

-

အသေစော၍။ နှမြောပါသည်

ခွေးကလူသတ်၊ ရင်ဘတ်နာသည်

သို့ပေသော်ငြား

သင်တို့နာမည်၊ ဆီမီးသည်ကား

ငြီးငြီးအရှိန်၊ တထိန်ထိန်ဖြင့်

အစဉ်တောက်နေဦးမည်သာ။

-

( ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော နှစ် (၆၀) ပြည့် အာဇာနည်နေ့ အမှတ်တရ ရေးဖွဲ့ပါသည်)

အာဇာနည်(၉)ဦးကို ဘယ်သူသတ်


နိုင်ငံတော်လုပ်ကြံမှု တရားခံ (၁၀) ဦး

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည် ခေါင်းဆောင်ကြီးများအား လုပ်ကြံခဲ့သော တရားခံ (၁၀)ဦးမှာ-

၁။ ဂဠုန် ဦးစော

၂။ သက်နှင်း

၃။ မောင်စိန်

၎။ မှုံကြီး

၅။ မောင်နီ

၆။ သုခ

၇။ ဘညွန့်

၈။ ခင်မောင်ရင်

၉။ ရန်ကြီးအောင်

၁၀။ မောင်စိုး

အာဇာနည်(၉)ဦးဆိုသည်မှာ


အာဇာနည် (၉) ဦး

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် နယ်ချဲ့လက်ပါးစေ မြန်မာသစ္စာဖောက် တို့၏ လုပ်ကြံမှုကြောင့် အတွင်းဝန်များရုံးတွင် ကျဆုံးသွားခဲ့ရသော မြန်မာ့အာဇာနည် ၉ ဦး မှာ-

၁။ ဗိုလ်ချုပ်အောင်ဆန်း

၂။ ဦးဘ၀င်း

၃။ မန်းဘခိုင်

၎။ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း

၅။ ဦးရာဇတ်

၆။ ဒီးဒုတ်ဦးဘချို

၇။ သခင်မြ

၈။ ဦးအုန်းမောင်

၉။ ရဲဘော်ကိုထွေး

အကိုးအကားမဲ့ပြောကြည့်ခြင်း


အကိုးအကားမဲ့ ပြောကြည့်ခြင်း

ငြိမ်းအေးလူ

-

မျက်ကန်းမယားပါ သနပ်ခါးမလိုဘူး

ပန်းပုဆရာသားပါ အစားအစာမလိုဘူး

ဘုန်းကြီးကျောင်းက ခိုတစ်ကောင်ပါ အိမ်မလိုဘူး

မလိုတာတွေကို ဖွင့်ပြောဖူးတဲ့ သောက်ရေအိုးကြီးသိတယ်

လိုတာတွေကို သိမ်းထားခဲ့ဖူးတဲ့ ဒိုင်ယာရီတစ်အုပ်သိတယ်။

-

တိမ်ကရေးတဲ့ ပန်းချီကားချပ်ထဲမှာ

ဘ၀ရဲ့ နေနည်းထိုင်နည်း ရှိတယ်

လရောင်က ငှားတဲ့ အလင်းထဲမှာ မျိုသိပ်မှုတွေရှိတယ်

သစ်ရွက်တွေက လက်ယပ်ခေါ်တဲ့ လေထဲမှာ အမြိုက်တရားရှိတယ်

ပျက်နေတဲ့ အသံချဲ့စက် တစ်လုံးထဲမှာတော့

အမှန်အမှား မရှိဘူး

မနောဓာတ်လေးတိုတို လက်တစ်ဆစ်လောက်ကို

အသက်ရှည်ချင်သေးလို့ မျိုထားရတာကြာပြီ

အလိုဆန္ဒတွေထဲမှာ ဘယ်တော့မှ သမ္မာကျမ်း မရှိဘူး။

-

( ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလထုတ် ရယ်စရာ ရသစုံမဂ္ဂဇင်း အမှတ်-၁၂ မှ)

နာမည်တစ်လုံးတည်းနဲ့မြို့များ


မြန်မာနိုင်ငံတွင် နာမည် တစ်လုံးတည်းသာ ရှိသောမြို့များ

၁။ ရေး

၂။ မြိတ်

၃။ အမ်း

၎။ ဂွ

၅။ ချောက်

၆။ မြိုင်

၇။ ဖြူး

၈။ ဝေါ

၉။ ပြည်

၁၀။ ဆော

၁၁။ ပေါက်

၁၂။ မေ

၁၃။ လှိုင်

၁၄။ မြောင်

၁၅။ ပေါင်

သင့်အလုပ်အတွက် အုတ်မြစ်(၅)ချပ်


သင်ကြိုးစားမယ့် အလုပ်အတွက် အုတ်မြစ် (၅) ချပ်

-

(၁) လူတစ်ယောက်က အလုပ်တစ်ခုကို ကြိုးစားမယ်လို့ စဉ်းစားတဲ့အခါမှာ အဲဒါ ထုံးစံ ရှိရဲ့လား။ ဖြစ်ဖူးတဲ့လူရော ရှိရဲ့လားလို့ ပထမ စဉ်းစားရမယ်။

Term of Reference

(၂) ထုံးစံလည်းရှိတယ်၊ ဖြစ်ဖူးတဲ့လူလည်း ရှိတယ်ဆိုရင်တော့ ကြိုးစားရမယ်။ ဒါပေမယ့် ဘယ်လောက်အထိ ပေါက်မြောက်အောင်မြင်အောင် လုပ်ရမယ်ဆိုတာကိုလည်း ဆုံးဖြတ်ထားရမယ်။ အဲဒီလို မဟုတ်ရင် ကိုယ်ကြိုးစားတာဟာ ဖြစ်နေပြီလား၊ ရောက်နေ ပြီလား၊ မရောက်သေးဘူးလား ဆိုတာ ဘယ်သိနိုင်မှာလဲ။

Object of Aim

(၃) အဲဒီလို ဆုံးဖြတ်ပြီးတာနဲ့ ရှေ့က အောင်မြင်သွားခဲ့တဲ့လူတွေ ဘယ်လိုလုပ်သွား ကြတယ်ဆိုတာတွေကို ရတတ်သမျှ စာတွေ့၊ လက်တွေ့၊ တစ်ဆင့်စကားကစပြီး စုဆောင်းမှတ်သားရမယ်။

Collecting the Reference

(၄) အဲဒီလို စုဆောင်းပြီးတဲ့အခါမှာ ကိုယ့်မှာရော အဲဒီလို လုပ်နိုင်တဲ့ စွမ်းရည် ရှိရဲ့လား လို့ သုံးသပ်ရမယ်။

Efficiency

(၅) ကိုယ့်မှာ စွမ်းရည်ရှိတယ်ဆိုရင် နောက်မဆုတ်နဲ့တော့…။ ဘယ်သူက ဟန့်တား၊ ဟန့်တား ရှေ့ကိုသာ တိုးပြီး ကြိုးစားသွားပေတော့။

Straight Forward

-

( မင်းသိင်္ခ ၏ ပျားသားချောင်းက ရေမျောကမ်းတင်အောင်ဗဒင် စာအုပ် မှ)

ဗုဒ္ဓ၀င် မှတ်တမ်း


သက္ကရာဇ်ဖြိုခြင်း

ဘုရားရှင်၏ဘိုးတော် (မာယာဒေ၀ီ၏ ခမည်းတော်) ဒေ၀ဒဟပြည့်ရှင် ဘုရင် အဉ္စနမင်းကြီးသည် ရောက်ဆဲသက္ကရာဇ် (၈၆၄၉) ကို ထိုနှစ် တပေါင်းလကွယ် စနေနေ့ အထိ ဖြို၍ တန်ခူးလဆန်းတစ်ရက် တနင်္ဂနွေနေ့ကို အစပြု၍ သက္ကရာဇ် တစ်ခု ထားခဲ့၏။ ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟု ခေါ်ကြလေသည်။

မဟာသက္ကရာဇ် (၆၇) ၀ါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ယံကာလ

ကပိလ၀တ်ပြည်ရှင် သုဒ္ဓေါဒနမင်း၏ မိဖုရား မယ်တော် မာယာဒေ၀ီ၌ ဘုရား အလောင်းတော်သည် ပဋိသန္ဓေ နေတော်မူသည်။ ထိုအချိန်၌ မယ်တော် မာယာဒေ၀ီ ၏ အသက်ကား ၅၅ နှစ် ၆ လ ၂၀ ရက် ရှိတော်မူ၏။

မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့် သောကြာနေ့ နံနက် တစ်ချက်တီးချိန်

ကပိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည်အကြား၊ လုမ္မိနီအင်ကြင်းဥယျာဉ်တော်၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူသည်။ ထိုအချိန် အလောင်းတော်နှင့် တစ်ပြိုင်နက် ဖွားမြင်သူများမှာ -

၁။ ယသော်ဓရာမင်းသမီး

၂။ အာနန္ဒာမင်းသား

၃။ ဆန္ဒအမတ်

၎။ ကာဠုဒါယီအမတ်

၅။ ကဏ္ဍကမြင်း တို့ဖြစ်သည်။

မွေးလျှင်မွေးချင်း မြောက်အရပ်သို့ မျက်နှာမူ၍ ခုနစ်လှမ်း ကြွလှမ်းကာ၊ ယခုဘ၀ကား ငါ့အဖို့ နောက်ဆုံးဖြစ်ချေသည်ဟု ရဲရဲတောက်စကား ကြုံးဝါးတော်မူသည်။

မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်ကျော် (၅) ရက် ဗုဒ္ဓဟူးနေ့

ဖွားမြင်ပြီး ငါးရက်မြောက်သောနေ့တွင် ခေါင်းဆေးမင်္ဂလာနှင့်အတူ အမည်ပေးခြင်းပြု၏။ လောက၏ အကျိုးစီးပွားကို ပြီးစီးအောင် ဆောင်ရွက်နိုင်မည့် ယောက်ျားမြတ်ဟူသော အဓိပ္ပါယ်နှင့် သိဒ္ဓတ္ထ မင်းသားဟု မှည့်ကြကုန်သည်။ ကောဏ္ဏာည ပုဏ္ဏားက ဘုရားစင်စစ် ဧကန်ဖြစ်မည့်သူဟု တထစ်ချ ဟောခဲ့သည်။

မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်ကျော် (၇) ရက် သောကြာနေ့

ဖွားမြင်ပြီး ခုနစ်ရက်မြောက်သောနေ့တွင် မယ်တော်မာယာဒေ၀ီ ကွယ်လွန်တော် မူသည်။ ကွယ်လွန်ချိန်၌ သက်တော်ကား ၅၆ နှစ် ၄ လ ၂၇ ရက် ရှိ၏။ တုသိတာ နတ်ပြည်၌ သန္တုဿိတ အမည်ဖြင့် နတ်သားဖြစ်လေသည်။

(ဆရာသစ္စာနီ ရေးသားပူဇော်သော ဗုဒ္ဓ၀င်မှတ်တမ်း စာအုပ်မှ ပြန်လည်ဖော်ပြပါသည်)

ရတနာသုံးပါး


ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တိုင်မြင်၍ မြင်စေဟောကြား မြတ်ဘုရားကို ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ ဘုရား။

ဓမ္မံ သရဏံ ဂစ္ဆာမိ

မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန် ပရိယတ်၊ ဆယ်ဖြာသော တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ ဘုရား။

သံဃံ သရဏံ ဂစ္ဆာမိ

သမ္မုတိ သံဃာ၊ အရိယာ သံဃာ၊ နှစ်ဖြာသော သံဃာတော်တို့ကို ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ ဘုရား။

အသက်မရှူတဲ့ပုဂ္ဂိုလ် (၇) ဦး


၁။ အမိဝမ်းမှာ ပဋိသန္ဓေနေသူ

၂။ ရေနစ်နေသူ

၃။ မေ့မျောနေသူ

၎။ သေသူ

၅။ စတုတ္ထဈာန် ၀င်စားနေသူ

၆။ ရူပဘ၀ အရူပဘ၀ ရောက်နေသူ

၇။ နိရောဓ သမာပတ် ၀င်စားနေသူ

(အရှင် ဆန္ဒာဓိက ၏ တစ်ယောက်တည်းနေ တစ်စိတ်တည်းထား မှ)

တစ်ခွက်တစ်ဖလား


တစ်ခွက်တစ်ဖလား

ပန်းလှိုင်စိုး (ကျုံပျော်)

ညနေစောင်းရင်

လေကရွက်ဖောင်းအောင်တိုက်တယ်

ရောဂါတစ်ခုလို

အရက်ဆိုင်ဘက် လှည့်လှည့်နေတဲ့ခြေလှမ်းတွေကို

ရာသီကလည်း အလိုလိုက်လွန်းတယ်

ဒီစည်းစိမ်က

ဆက်ရက်မင်း စည်းစိမ်

မိသားစုဘ၀နဲ့ ၀ယ်မှရတယ်

ကိုယ့်ကိုကိုယ်လည်း အပေါင်ပေးရတယ်

ပင်စင်စားတစ်ယောက်လို

လူ့ဘ၀ကြီးက အဓိပ္ပါယ်မရှိတော့သလိုလိုအတွေးနဲ့

မြင်နေကျရှုခင်းတွေကို စိတ်ကုန်တယ်

အရက်ဆိုင်ဟာ ငါ့ညနေကို အဆိပ်ခတ်ခဲ့ပြီ

မမူးခင်တော့

ကော်ဖီဆိုင်က ကော်ဖီထက်ချိုတဲ့

ဆိုင်ရှင်ကောင်မလေးရဲ့ နှုတ်ခမ်းက

နှင်းဆီပွင့်တွေပဲတွေ့တယ် ဆူးမမြင်ဘူး

သူစီးတဲ့ ဆိုင်ကယ်ထက် အသံပိုကျယ်တဲ့

ဆိုင်ကယ်စီးသူတွေရဲ့ မျက်နှာ

ပုလင်းပဲတွေ့တယ် လွတ်နေတာ မမြင်ဘူး

လူရှုပ်ရင် ညို့လာတဲ့မိုးက

ရပ်ကွက်ထဲမှာ လာရွာချတာ

သီချင်းပဲကြားတယ် ကီးမမှန်တာ မသိဘူး

မူးလည်းလာရော

ဆူးစူး၍ပင်

ဆူးနှင့်ထွင်မည်

အသင်ဘာပြောချင်သနည်း ဆိုတဲ့

ကဗျာရွတ်ဖို့

ကိုယ့်နှုတ်ခမ်းတွေ

ကွမ်းစားထားတဲ့ နှုတ်ခမ်းတစ်စုံထက်

ပိုပိုရဲလာကြပြန်တာ ခက်တယ်….။

(ပလန်းနက် ဖိုရမ်မှ ဖတ်ရှုကူးယူထားဖူးသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်)


အချစ်နှင့် ပတ်သက်သော စကားအဆိုအမိန့်များ

အချစ်သည် သူ့အလိုအလျောက်ပေး၏။ ၀ယ်ယူ၍ မရပေ။

Love gives itself; it is not bought.

ဘ၀သည် ပန်းတိုင်ဖြစ်၍ အချစ်သည် ၀တ်ရည် ဖြစ်ပေသည်။

Life is a flower of which love is the honey.

အချစ်သည် ကမ္ဘာကြီးကို တည်ဆောက်ထားသည်။

Love made the world.

ယောက်ျားတစ်ဦး၏ အချစ်ဟူသည် သူ့ဘ၀၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်၏။ မိန်းမ၏ အချစ်မှာ သူ့ဘ၀ တစ်လျှောက်လုံးအတွက် ဖြစ်သည်။

Man’s love is of man’s life a thing apart, its woman’s whole existance.

ချစ်ခြင်းမေတ္တာသည် ဓားတစ်ချောင်း မရှိဘဲနှင့် သူ၏ တိုင်းပြည်ကို အုပ်ချုပ်၏။

Love rules his kingdom without a sword.

ရှာဖွေ၍ရသော အချစ်သည် ကောင်း၏။ သို့သော် မရှာဖွေဘဲရသော အချစ်က သာ၍ ကောင်းပါသည်။

Love sought is good, but given unsought is better.

တစ်ခါမှ မချစ်ရသည်ထက် ချစ်၍အချစ်ကို ဆုံးရှုံးရခြင်းက ပို၍ ကောင်းပေသည်။

It is better to have loved and lost than not to love at all.

အချစ်သည် အပြစ်များကို မမြင်ပါ။

Love see no faults.

အချစ်စစ်သည် ကာလရှည်ကြာစွာ ကွဲကွာနေသည့်တိုင်အောင် ဘယ်သောအခါမှ မမေ့ပျောက်။

True love is never forgotten though long absence.

အချစ်စစ်ဟူသည် နှလုံးသားအချင်းချင်း၊ စိတ်အချင်းချင်း၊ ကိုယ်တွင်းစိတ်တွင်း ရစ်နှောင်နိုင်သော အသိခက် ကြင်နာမှု ဖြစ်ပေ၏။

True love is the secret sympathy which can bind heart at heart, mind to mind and in body and in soul.

ဦးငုံးမင်း


ဦးငုံးမင်း

နီကိုရဲ

- ကျွန်တော် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က အစိုးရရုံးဝန်ထမ်း လုပ်ခဲ့ဖူးသည်။ လွယ်လွယ်ကူကူ စာရေးဟုပင် ပြောရမည်ဖြစ်သော်လည်း ကျွန်တော်က ရပ်ကွက်စာရေး တစ်ယောက်ပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော့်အလုပ်က တခြားရုံးစာရေးတွေလို မနက် (၈)နာရီ ရှိုးစမိုးနှင့် ထမင်းချိုင့်ကလေးကိုင်ကာ ရုံးသို့ပြေးရသော စာရေးမျိုးမဟုတ်။ ည(၇) နာရီတွင် ဖွင့်သော ရပ်ကွက် (ရ-၀-တ) ရုံး၊ (ယခု ရ-ယ-က ရုံး) သို့သွားကာ ညရုံးပိတ်ချိန် (၉)နာရီ (၁၀)နာရီခန့်မှ ပြန်ရသော စာရေးဖြစ်သည်။

- ကျွန်တော်တာဝန်ကျသည့်ရပ်ကွက်က သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရန်အောင် ရပ်ကွက်မှာဖြစ်သည်။ ကျွန်တော်တာဝန်ကျသည့် ရန်အောင် ရပ်ကွက်သည် မင်းသား ရန်အောင်လို ခံ့ခံ့ချောချောကြီး မဟုတ်။ သင်္ဃန်းကျွန်းဘူတာနှင့် (၃၉) ကားကြီးဂိတ် နံဘေးနားတွင်ရှိသော ရပ်ကွက်ကလေးသာဖြစ်သည်။

- ရပ်ကွက်အတွင်းရှိ လူများက ရုံးအလုပ်လုပ်သူ နည်းနည်း၊ ဘူတာနှင့် ကားဂိတ်တို့၏ လူစည်ကားမှုကို အကြောင်းပြုကာ ရောင်းဝယ်ကြသူတို့သာများသည်။ ထိုဘူတာ နံဘေးရှိ ဈေးနှင့်သင်္ဃန်းကျွန်းဈေးကြီး ဆက်နေသဖြင့် ဈေးသည်အများစုမှာ ကျွန်တော့် ရပ်ကွက်ကလေးထဲမှာ ရှိသည်။

- လက်လုပ်လက်စား ရောင်းဝယ်စားကြသည့်လူများ နေထိုင်သည့်ရပ်ကွက် ဖြစ်သည့် အားလျော်စွာ ညဘက် ရပ်ကွက်ရုံးခန်းတွင် တက်လာကြသည့် ပြဿနာတွေကလည်း မကြားဘူးသည့်ပြဿနာ မယုံနိုင်စရာ ပြဿနာများ ဖြစ်သည်။

- ဟိုဘက်အိမ်က အုန်းပင် ဒီဘက်အိမ်ထဲ ကိုင်းတဲ့ပြဿနာ၊ တစ်ခြံတည်းနေကြရာမှ ခြံစည်းရိုးကို ပိတ်ပစ်လိုက်သဖြင့် တစ်ဖက်အိမ်မှ အိမ်သာသွားလို့မရတဲ့ပြဿနာ၊ ကလေးချင်းပြဿနာဖြစ်ပြီး တစ်ဖက်အိမ်မှ ကက်ဆက်သီချင်းကို စောင်းဖွင့်သည့် ပြဿနာ၊ ချီတီစုကြသည့် ပြဿနာ စသည့် ပြဿနာများ၊ ဧည့်စာရင်းတိုင်သူများ ထောက်ခံစာတောင်းသူများနှင့် ကျွန်တော့် ရန်အောင်ရပ်ကွက် ရုံးခန်းသည် မီးတထိန်ထိန် အမြဲတမ်းရှိနေတတ်ပါသည်။

- ရပ်ကွက်အတွင်းမှ ဖြစ်ပေါ်သည့် ပြဿနာများကို ရပ်ကွက်တွင်းမှ လူကြီးများက ပြေလည်အောင်၊ ကျေနပ်အောင် ဖြေရှင်းပေးကြရ၏။ တစ်ရပ်ကွက်တည်း နေကြသူများ ဖြစ်သဖြင့် တစ်ယောက်အကြောင်း တစ်ယောက်သိကာ တစ်ခါတစ်ရံ ဖြေရှင်းရ လွယ်ကူ သော်လည်း တစ်ခါတစ်ရံ အကြောင်းသိနေကြသည့်အတွက် ဖြေရှင်းရခက်သည် များလည်း ရှိပါသည်။ ကျွန်တော်စာရေးလုပ်ခါစက ရပ်ကွက်လူကြီးတစ်ဦးနှင့် ကြုံဖူးသည်။ အသက် (၅၀)ခန့် ရှိပြီး ခပ်ပိန်ပိန်၊ အမြဲစိုးရိမ်ပူပန်နေတတ်၏။ ရပ်ကွက် လူကြီးစဖြစ်ပြီး တစ်ပတ်လောက်အထိ ပြဿနာ သေးသေးလေးတွေနှင့်သာ ကြုံရသည်။ (၁၀) ရက်ခန့်လောက်မှာ ပြဿနာ တစ်ခု တက်သည်။ တက်သည့် ပြဿနာကလည်း အနည်းငယ် ထူးဆန်း၏။

- မီးသွေးထည့်ကာ တိုက်ရသော ကြေးမီးပူ ပြဿနာ ဖြစ်၏။ မီးပူငှား၍ တိုက်ပြီး ပြန်အပေးမှာ ပြဿနာတက်ကြခြင်း ဖြစ်သည်။ မီးပူငှားသူက ပြန်ပေးသောမီးပူသည် သူ့မီးပူမဟုတ်၊ သူ့မီးပူက အကြီး ဖြစ်ပြီး ပြန်ပေးသောမီးပူက အသေးဖြစ်နေသည်ဟု စွပ်စွဲသည်။ ငှားတိုက်သူကလည်း သူငှားကတည်းက ထိုမီးပူပါဟု ပြောသဖြင့် ရုံးခန်းသို့ ရောက်လာကြခြင်းဖြစ်သည်။ ကျွန်တော် ဉာဏ်မီသလောက် စဉ်းစားကြည့်မိသည်။ ဘယ်လိုဖြေရှင်းရမှန်း မသိ။ ကျွန်တော်တင်မဟုတ်။ မဟော်သဓာတို့၊ ဦးပေါ်ဦးတို့၊ ခိုင်ဖုန်း တရားသူကြီးတို့ပင်လျှင် ခေါင်းကိုက်နိုင်သော ပြဿနာမျိုး ဖြစ်သည်။ ရပ်ကွက် လူကြီးအသစ်ကို စိန်ခေါ်လိုက်သော ပြဿနာလည်း ဖြစ်သည်။

- ကျွန်တော်တို့ ရပ်ကွက်လူကြီးက နှစ်ဖက်စလုံးကို စစ်မေးသည်။ နှစ်ဖက်စလုံးကလည်း အကြီးအသေးသာ တွင်တွင်ပြော၏။ ဒီမှာတင် ကျွန်တော်တို့ ရပ်ကွက်လူကြီးက ပြောသည်။

- ``ဒီလို ရှိတယ်ကွ။ ဒီကိစ္စရဲ့အခြေခံဟာ သစ္စာတရားပဲ။ သစ္စာတရား ပျက်တဲ့အခါ ဒီလိုပြဿနာမျိုးတွေ တက်နေမှာပဲ။ ကျုပ်တို့ မြတ်စွာဘုရား လေးသင်္ချေနဲ့ကမ္ဘာ တစ်သိန်း ပါရမီဖြည့်စဉ်တုန်းက ငုံးမင်းဘ၀ ရောက်ခဲ့ဖူးတယ်´´

- ဘုရားဆိုသဖြင့် ပြဿနာတက်နေကြသူနှစ်ယောက်စလုံး တော်တော်ငြိမ်းသွားကြ သည်။ ငုံးမင်းဇာတ်နဲ့ ကြေးမီးပူအသေးအကြီး ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ကျွန်တော် စိတ်ဝင်စားသွား၏။

- ``ဘုရားအလောင်းငုံးမင်းရှိတဲ့ တောကြီး မီးလောင်သွားတဲ့အခါ ငုံးမင်းက သစ္စာပြုတယ်။ သူ့ကို မိဘနှစ်ပါးက စွန့်ပစ်သွားတာ မှန်ပါတယ်။ သူ့မှာ ပျံနိုင်တဲ့ အမွေး အတောင်မစုံတာလည်း မှန်ပါတယ် စသဖြင့်ပေါ့ကွာ ငုံးမင်းရဲ့ သစ္စာတွေပေါ့။ အဲဒီမှာ တောမီးက ငုံးမင်းကို မလောင်ဘဲ ရှောင်သွားသတဲ့´´

- ပြဿနာတက်နေသော နှစ်ဖက်လူတွေမှာလည်း ဘာမှန်းမသိဘဲ အူကြောင်ကြောင် နှင့် နားထောင်နေကြရ၏။ သူ့ငုံးမင်းဇာတ်က အစုံလည်း မဟုတ်။ သူဘာဆက်ပြော မည်ကိုလည်း ဘယ်သူမှ မသိကြ။ ကျွန်တော်တို့ ရပ်ကွက်လူကြီးက ခဏနားပြီး ကြေးမီးပူကို ကိုင်ကြည့် ပြန်သည်။

- ``ကဲ…၊ ဒီတော့….ငါတို့မှာ အဲဒီသစ္စာကို နမူနာယူကြရမယ်။ ငါမေးတဲ့မေးခွန်းကို အဲဒီ သစ္စာနဲ့ဖြေ။ ကဲ.. မလှသိန်း နင်သူ့ကို ငှားတာ ဒီမီးပူပဲ မဟုတ်လား´´

- ``မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး။ ကျွန်မမီးပူက အကြီး၊ ကြေးနှစ်ပိဿာနီးပါးရှိတယ် ဒီအသေး မဟုတ်ဘူး´´

- ``ဟုတ်ပြီ… ကဲ … ဌေးဌေး၊ ငါတို့ သူ့သစ္စာကို ယုံရမယ်။ နင်သူ့ဆီက ငှားတာ ဒီမီးပူ မဟုတ်ဘူးဆိုတာပဲ ပြောတော့´´

- ``ဘာလို့ မဟုတ်ရမှာလဲ ကျွန်မက သူ့ထက်တောင် ပိုသစ္စာပြလို့ ရသေးတယ်။ တစ်အိမ်သားလုံး xxxxxxxxxxxxxxxx ပြီး ဒုက္ခရောက်ရပါစေရဲ့။ ဟဲ့…လှသိန်း နင် မယုတ်မာနဲ့…အလျော်မပြောနဲ့ ငါ့ဆီက ခဲတစ်လုံးတောင် မရဘူးမှတ်…´´

- ငုံးမင်းဇာတ်လမ်းလည်း ဘာမှမတတ်နိုင်။ သူတစ်ခွန်း ကိုယ်တစ်ခွန်းနှင့် စကား ထများကြသဖြင့် ဆူညီနေပြီးမှ နောက် အဖွဲ့ဝင်တစ်ယောက်က ``ဒါ ရုံးခန်း၊ ဇရပ် မဟုတ်ဘူး´´ ဘာညာအော်သဖြင့် တိတ်သွားကြသည်။ နောက်တော့ ထိုပြဿနာ ပြေလည်သွားပါသည်။ ငုံးမင်းဇာတ်ကြောင့်တော့ မဟုတ်၊ နောက်အဖွဲ့ဝင် တစ်ယောက် က ပြဿနာဖြစ်သော လမ်းထဲမှ အပေါင်ခံသော မိန်းမကို ခေါ်လာကာ မေးပြီး ထို မီးပူ အသေးသာဖြစ်ကြောင်း၊ သူ့ဆီမှာ မကြာခဏ ပေါင်ဖူးကြောင်း ထောက်ခံချက်ဖြင့် ပြဿနာပြီးသွားခြင်း ဖြစ်သည်။

- သို့သော် ကျွန်တော် နားမလည်။ ကျွန်တော်တို့ လူကြီးက ဘာကြောင့် ငုံးမင်းဇာတ်ကို ခင်းရသလဲဟု မေးကြည့်မိသည်။

- ``မသိဘူးကွ၊ သူ့စိတ်ထဲမှာ ရှိတာပြောပြီး ရှင်းတာနေမှာပေါ့´´ ဟူသော အဖြေသာ ရ၏။ သို့သော် နောက်ညများတွင် အိမ်ရှင်အိမ်ငှား ရန်ဖြစ်သည့်ကိစ္စ၊ ဖရဲသီးခိုးသည့် ပြဿနာ၊ ဘူတာဈေးမှ ငါးအလေးခိုးသည့် ကိစ္စ များလှစွာသော ပြဿနာများလာသည့် အခါတွင်လည်း ကျွန်တော်တို့လူကြီးက ``ငုံးမင်းကလေးဟာ´´ဟု အစချီပြီး ပြဿနာ မရှင်းခင် ငုံးမင်းဇာတ်ကို ဟောလေ့ရှိသည်။ ငုံးမင်းလိုသစ္စာ ရှိရမည်။ ငုံးမင်းစကားကို တန်ဖိုးထားရမည် စသဖြင့် ပြောလေ့ရှိ၏။ ကျွန်တော်တို့ ပထမ အံ့သြကြသည်။ နောက်တော့ သူပြဿနာ ရှင်းလျှင် ထိုအသံကို ကြားရဖန် များလာသဖြင့် ထုံးစံအတိုင်း ကျွန်တော်တို့ လူကြီးနာမည် ဦးငုံးမင်း ဖြစ်သွား၏။ သူ့ငုံးမင်းဇာတ်ကိုလည်း တစ်ရပ်ကွက်လုံး အလွတ်ရကာ သိနေကြပြီဖြစ်၏။

- တစ်ကြိမ်တော့ ကျွန်တော်တို့ရပ်ကွက်က မြို့နယ်မှ ကျင်းပသော ဥက္ကဌဖလားဒိုင်း အတွက် ဘောလုံးဝင်ကန်ရမည်။ အသင်းရန်ပုံငွေအတွက် ရပ်ကွက်အတွင်းတွင်ရှိသော လုပ်ငန်းရှင်များအား အလှူငွေကောက်ခံသည်။ ဖိတ်စာဖြင့်ဖိတ်ကာ ရုံးတွင် အောင်နိုင်ရေး အသင်းဖွဲ့ကြခြင်းလည်း ဖြစ်၏။

- အလှူငွေများ ကောက်ခံပြီး ဘောလုံးသမားများအတွက် အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ် ၀ယ်ရန် တိုင်ပင်ပြီး အစည်းအဝေးသိမ်းရန်အတွက် ဦးငုံးမင်း က စကားနောက်ဆုံး ပြောရသည်။ ဦးငုံးမင်း က မတ်တတ်ရပ်ကာ လုပ်ငန်းရှင်များနှင့် ဘောလုံးသမားများကို ကြည့်၍ ခဏစဉ်းစားသည်။

- ကျွန်တော် ရယ်ချင်သဖြင့် ခေါင်းငုံ့ထားလိုက်သည်။ ဘောလုံးနှင့်လိုက်ဖက်သော ဇာတ် ၅၅၀ နိပါတ်တော်ထဲမှာ ရှာနေလားမသိဘူးဟု တွေးမိသောကြောင့်ဖြစ်၏။ သို့သော်…

- ``ကျွန်တော်တို့ မြတ်စွာဘုရား ငုံးမင်းဘ၀တုန်းက…´´

- ကျွန်တော် မျက်လုံးပြူးသွားသည်။ ကျန်လူကြီးများကလည်း မျက်နှာပျက်ကုန်ကြ သည်။ ဘောလုံးနှင့် ငုံးမင်း..။ အဲဒီမှာ မနေနိုင်တော့တဲ့ လူကြီတစ်ယောက်က ``ဟေ့လူ ဘာဆိုင်လို့လဲဗျ´´ ဟု ၀င်တားပါသေးသည်။ သို့သော် မရတော့။

- ``ဘုရားအလောင်းငုံးမင်းဟာ တောမီးကြီးကို သစ္စာပြုတယ်။ အဲဒီသစ္စာတွေကြောင့် တောမီးကြီးဟာ ဘုရားအလောင်းကိုရှောင်ပြီး လောင်ခဲ့ဖူးတယ်။ အဲဒီတော့ ကျွန်တော်တို့ ဘောလုံးအသင်းလည်း ဘောလုံးကစားတဲ့အခါမှာ သစ္စာရှိရမယ်။ ကိုယ်နဲ့ ကန်ရမယ့် တစ်ဖက်အသင်းအပေါ်မှာ သစ္စာအပြည့်နဲ့ ကစားရမယ်´´ြ

- ``ဟာ…ဟေ့လူ၊ တော်ပါတော့ဗျာ။ ဘောလုံးနဲ့ ခင်ဗျားဇာတ်လမ်းနဲ့ ဘာဆိုင်လို့လဲ´´

- သည်းမခံနိုင်သော လူကြီးတစ်ယောက်က ထ၍ပြောသော်လည်း ကျွန်တော်တို့ ဦးငုံးမင်း က အပြုံးမပျက်ဘဲ ပြန်ပြောခဲ့သည်။

- ``ဆိုင်တာပေါ့ဗျာ၊ အဲဒီလို သစ္စာအပြည့်နဲ့ ကစားရင် ငုံးမင်းလို တောမီးမလောင်ဘဲ ကွင်းသွားသလို ကျွန်တော်တို့ရပ်ကွက်က လူငယ်တွေရဲ့ခြေထောက်ထဲက ဘောလုံးကို တခြားတစ်ဘက်က မလုနိုင်ဘဲ ကွင်းသွားကြမှာပေါ့´´

(သဘင်အနုပညာဂျာနယ် ၄၈ မှ)


တို့တိုင်းပြည်

ဇော်ဂျီ

ထလော့မြန်မာ၊ အိုမြန်မာတို့

တို့ရွာတို့မြေ၊ တို့ရွာမြေ၀ယ်

စေတီစပါး၊ များလည်းများ၏

များပါလေလဲ၊ တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ ကာလကြာလျှင်

ယာစကာမျိုး၊ တညှိုးညှိုးနှင့်

ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား

လှည့်လည်သွားလျက်

မစားလေရ၊ ၀မ်းမ၀၍

ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့

တို့ရွာတို့မြေ၊ တို့ရွာမြေ၀ယ်

ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်

သီးနှံချိုပျား၊ များလည်းများ၏

များပါလေလဲ၊ တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ ကာလကြာလျှင်

မြင်သာမြင်ရ၊ မစားရ၍

လောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့

အားမပျော့နှင့်၊ မလျော့လုံ့လ

သူကစ၍၊ ငါကအားလုံး

လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်

စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့

ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ

ဤယာစပါး၊ ဘယ်သူ့စပါးလဲ

ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း

ဉာဏ်ရှေ့ပန်း၍

တစ်ဝမ်းတစ်စိတ် ညီစေသတည်း။

(ဆရာဇော်ဂျီ ၏ ပိတောက်ရွှေဝါကဗျာများ မှ)

Wednesday, July 18, 2007

ခင်မောင်တိုး (မိုးမိတ်)၏ သမီးရည်းစားဟာသများ


နွားတစ်ကောင်၏ မှတ်တမ်း

ချစ်သူ့အိမ်မှာ ကျွန်တော်ရောက်နေ၏။ ကျွန်တော်တို့နှစ်ယောက် ဆိုဖာကြီးပေါ်မှာ အတူယှဉ်တွဲ ထိုင်ကြ၏။ ကျွန်တော်က ချစ်သူကို တင်းတင်းကျပ်ကျပ် ဖက်လိုက်၏။ ချစ်သူကလည်း ကျွန်တော့်ကို တင်းတင်းကျပ်ကျပ်ပင် ပြန်ဖက်လိုက်၏။ သို့သော် သိပ်မကြာပါ။ ကျွန်တော့်ကို အသာတွန်းပြီး ရုတ်တရက် ထရပ်လိုက်၏။ ပြီးတော့ မီးခလုတ်ကို လှမ်းပိတ်၏။

ကျွန်တော် အရိပ်အခြည်ကို ကောင်းကောင်း နားလည်လိုက်ပါသည်။ သြော်…သူအိပ်ချင် ရှာပြီကိုး။

ကျွန်တော် သနားစိတ်ဖြင့် ထ ပြန်ခဲ့ပါသည်။

အဖျားရှူးဇာတ်သိမ်း

ပရိဘောဂဆိုင်ကြီး ပိုင်ရှင်တစ်ဦးသည် ပြန်လည်ရောင်းချဖို့ ပရိဘောဂများဝယ်ယူရန် နယူးယောက်မြို့သို့ ရောက်လာခဲ့လေသည်။

သူတည်းသော ဟိုတယ် ဓာတ်လှေခါးထဲ၌ တစ်နေ့မှာ တကယ်လှ တကယ်ချောသော မိန်းမပျိုလေးနှင့် တွေ့ဆုံရ၏။ မိန်းမပျိုလေးက ပြင်သစ်မလေးဆိုတော့ တစ်ယောက် ဘာသာစကားကို တစ်ယောက်က နားမလည်။

ထို့ကြောင့် သူက မှတ်စုစာအုပ်လေးကို ထုတ်ယူပြီး အငှားကားတစ်စီးပုံ ဆွဲပြလိုက်၏။ သူကလေးက ပြုံး၍ ခေါင်းညိတ်၏။ သို့ဖြင့် သူတို့ အငှားကားဖြင့် ပန်းခြံထဲ ရောက်ခဲ့ကြ သည်။

ထို့နောက် သူက စားသောက်ဆိုင်ပုံ ဆွဲပြပြန်၏။ ဆိုင်ထဲရှိ စားပွဲတစ်လုံးပုံ ဆွဲ၏။ စားပွဲပေါ်မှာ အမေးလက္ခဏာပုံလေး ထည့်လိုက်၏။ သည်တော့လည်း သူကလေးက ပြုံးပြီး ခေါင်းညိတ်ပြန်၏။ သို့ဖြင့် သူတို့ စားသောက်ဆိုင်မှာ ညစာစားဖြစ်သွားကြ၏။

ညစာစားအပြီးမှာ သူက ကချေသည်လေး နှစ်ယောက်ပုံကို ဆွဲပြပြန်၏။ သူကလေး အထာပေါက်သွား၏။ ထိုညမှာ သူတို့ နိုက်ကလပ်တွင် ပျော်ပျော်ပါးပါး အားပါးတရ ကကြလေ၏။

က လို့ ၀သွားသည်တွင် သူကလေးက ခဲတန်နှင့် စာရွက်တောင်းယူပြီး နှစ်ယောက်အိပ် ကုတင်ကြီးပုံတစ်ပုံ ဆွဲပြလိုက်၏။

သည်တွင် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီး ကြက်သေသေသွားတော့၏။ ရင်သပ်အံ့သြ သွားတော့၏။

``ဟား…အံ့ရော၊ အံ့ရော၊ ကျုပ် ပရိဘောဂဆိုင်ရှင်ဆိုတာ ဒီသူငယ်မ ဘယ်လိုလုပ် သိသွားတယ် မသိပါဘူးဗျာ။ အံ့ရော..အံ့ရောပဲ´´တဲ့လေ။

မြန်မာဟူသည်


မြန်မာဟူသည်

ညွန့်ဟံ (ကြူတော)

- တိုင်းရင်းသားလူမျိုးများ ချစ်ကြည်ရင်းနှီးစွာဖြင့် စုပေါင်းနေထိုင်သော မြန်မာနိုင်ငံ အတွင်းဝယ် စုခြုံပေါင်းစည်း ခေါ်ဝေါ်သမုတ်အပ်သော မြန်မာ ဟူသော အမည်က ၀ိသေသ ထူး၏။ ဂုဏ်ယူစရာဖြစ်၏။ ``မြန်မာဖြစ်ရ ဂုဏ်ရှိစွ´´ဟု ဆိုရလောက်၏။ မြန်မာမှန်သမျှ မြန်မာလူမျိုး၏ သမိုင်းကြောင်း နောက်ခံရင်းမြစ်ကို သိသင့်၏။ လူမျိုးအကြောင်းသိမှ လူမျိုးကို ချစ်မြတ်နိုးသောစိတ်ဓာတ် ပို၍ခိုင်မာလာမည်။ အထူးသဖြင့် သမိုင်းကြောင်းရှိသော မြန်မာအစကို သိသင့်သည်။

- အတိတ်မဲ့ ရာဇ၀င်မဲ့မဟုတ်သော မြန်မာတို့သည် လူ့သမိုင်းတွင် ထည်ထည်ဝါ၀ါ ရှိခဲ့၏။ လူရည်လူသွေးလည်း မြင့်မား၏။ ``ခေတ်´´ဟူသည့် လူမျိုးတို့၏ ကာလပိုင်း၊ ရာဇ၀င်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းတို့သည် အဓိပ္ပါယ်ရှိရှိ ရပ်တည်နေနိုင်ခဲ့သည်။ သိမြင်ခြင်း ပြောဆိုနေထိုင်ကျင့်ကြံခြင်း ကိစ္စများတွင် လူမျိုးနွယ်ဗေဒနှင့် ဆက်နွှယ်နေပေသည်။ လူ့ဘောင်အဖွဲ့အစည်းတွင် မြန်မာ့အနှစ်သာရသည် အခြေခံကောင်းလျက်ရှိသည်။ စဉ်ဆက်မပြတ် တိုးတက်ပေသည်။ ဤသို့ဆိုလျှင် လူမျိုးအကြောင်း မြန်မာဟူသည့် သမိုင်းအစကို သိမြင်ဖို့ လုံ့လပြုကြခြင်းမှာ လက်တွေ့ ဆောင်ရွက်ရမည့် ကိစ္စ ဖြစ်၏။ မြန်မာပညာရှင်ကြီးများ၏ အားထုတ်ကြိုးပမ်း သုတေသနပြုမှုများစွာ ရှိနေပါသည်။

- ``မိမိနေထိုင်သည့် တိုင်းပြည်တွင် မွေးဖွားသူကို တိုင်းရင်းသား၊ ဘာသာစကား ရိုးရာဓလေ့အနွယ်စသည့် အတူအညီ ခံယူဆင်းသက်လာသော လူစုကို လူမျိုး၊ တစ်ဦး နှင့် တစ်ဦး အပြန်အလှန်ခင်မင်ရန်ကိစ္စကို ချစ်ကြည်ရေး´´ ဟူ၍ အဓိပ္ပါယ် ဖွင့်ဆိုချက်များ ရှိပြီး ဖြစ်ပါသည်။

- မြန်မာနိုင်ငံသည် အရှေ့အနောက် မိုင်ပေါင်း ခုနစ်ရာကျော်၊ တောင်နှင့်မြောက် မိုင်ပေါင်း ၁၇၀၀ ကျော်၊ စတုရန်းမိုင်ပေါင်း နှစ်သိန်း ခြောက်သောင်းကျော် တစ်နံတစ်လျား ရှိသော ဒေသကြီးဖြစ်၏။ ဤနိုင်ငံအတွင်းဝယ် ပြည်နယ်၊ တိုင်း ၁၄ ခု ဖြင့် ပိုင်းခြားကာ နိုင်ငံရေးရာ အဖြာဖြာကို စီမံဆောင်ရွက်လျက် ရှိသည်။

- ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်းဝယ် လူမျိုးစု ၁၃၅ စု နေထိုင်လျက် ရှိကြသည်။ ကချင်အစုတွင် ၁၂၊ ကယားအစုတွင် ၉၊ ကရင်အစုတွင် ၁၁၊ ချင်းအစုတွင် ၅၊ ဗမာအစု ၉၊ မွန်အစု ၁၊ ရခိုင်အစု ၇၊ ရှမ်းအစု ၃၃ ဟူ၍ တိုင်းရင်းသား မျိုးနွယ်စုများရှိကြသည်။ မျိုးနွယ်စုအချို့ကို ဖော်ပြရပါက ကချင်အစုတွင် ဂျင်းဖော၊ မဒူ၊ လရှီး၊ အဇီး၊ ရ၀မ်၊ ရှမ်းဗမာ၊ ရှမ်းတရုတ်၊ ထရုန်း၊ ရှမ်းအစုတွင် ကိုးကန့်၊ ၀၊ လားဟူ၊ အခါ၊ ပအိုဝ်း၊ အင်းသား၊ လီဆူး၊ ပလောင် စသည်တို့ ဖြစ်၏။

- မြန်မာဟူသော အမျိုးအနွယ်အတွင်း ညီရင်းအစ်ကိုများသာ ဖြစ်၏။ အမျိုးအနွယ် ကိုးကွယ်သည့် ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကား မတူညီသော်လည်း အေးအတူ ပူအမျှ ဒုက္ခသုခ အတူတကွ ခံစားကြရသူများ ဖြစ်လေသည်။ ``မြန်မာစစ်လျှင် ရှမ်း၊ ရှမ်းစစ်လျှင် မြန်မာ၊ ယောနှင့် ရခိုင် နှိုင်းပြိုင်ထားဝယ်၊ ဗရယ်တောင်သူ၊ ပြောပျူကမ်းယံ၊ ခုနစ်တန် မြန်မာ´´ ဟူသော လင်္ကာ ``သက်နှင့် ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံယော၊ ထားဝယ်နှောက၊ သတ္တ မြန်မာမျိုး´´ ဟူသော ဆွေမျိုးစပ်လင်္ကာ တို့က မြန်မာလူမျိုးအတွင်း ချစ်ကြည်ရင်းနှီးကြောင်း ညွှန်ပြလျှက် ရှိသည်။

- တကယ့်ဇာစ်မြစ်အားဖြင့် အခြေခံ အတူတူပင် ဖြစ်လေသည်။ များပြားလှစွာသော သွေးချင်း၊ သားချင်းတို့၏ အကြောင်းကား လေ့လာ၍ မကုန်ခန်းနိုင်အောင် ရှိနေသည်။ သို့အတွက် သမိုင်းပညာ ရှုထောင့်မှ လည်းကောင်း၊ မနုဿဗေဒ ရှုဒေါင့်မှလည်းကောင်း သုတေသနပြု၍ မဆုံးအောင် ရှိနေရသည်။

- တိဗက် မြန်မာ အနွယ်တွင် ပျူ၊ သက်၊ နာဂ၊ ချင်း၊ ကရင်၊ ဗမာ၊ ကချင် စသော လူမျိုးစုများ ပါဝင်ကြကာ မြန်မာစကား အသုံးအနှုံး အနွယ်အုပ်စုတွင် မရူ၊ လရှီး၊ အဇီး၊ မိုင်းသား၊ မွန်၊ ဓနု၊ ယော၊ ရခိုင်၊ ထားဝယ်၊ မြိတ်၊ တောင်ရိုး၊ အင်းသားများ ပါဝင်သည်´´ ဟူသော ဟောပြောချက်လည်း ရှိသည်။

- မြန်မာအစနှင့် ပတ်သက်၍ အယူအဆ အမျိုးမျိုး ကွဲပြားကြသည်။ ပညာရှင် သုတေသီများ အမျိုးမျိုး ကြိုးပမ်းကြ၊ လေ့လာကြ၊ ဖော်ထုတ်ကြ၊ တင်ပြကြသည်။ အယူအဆ အမျိုးမျိုးတွင် ရှုထောင့်အထွေထွေမှ တင်ပြချက်များ ရှိကြသည်။ အမျိုးသားရေးကိစ္စလည်း ဖြစ်သည်။ နိုင်ငံရပ်ခြားသုတေသီ ဒေါက်တာ လုစ် က ``မြန်မာအစ ကျောက်ဆည်က´´ဟူသော အယူအဆတင်ပြင်ဖော်ထုတ်ခဲ့သည်။ ``မြန်မာအစ တကောင်းက´´ဟူသော မျိုးရိုးစဉ်ဆက် အယူအဆလည်း ရှိနေသည်။

- မြန်မာပညာရှင်ကြီးများကလည်း မြန်မာ့အစဉ်အလာများကို ယဉ်ကျေးမှုစာစောင်၊ စာတမ်းများ ပြုစုထုတ်ဝေလျက် ဖော်ထုတ်နိုင်ခဲ့သည်။ အထူးသဖြင့် မြန်မာပညာရှိ ဆရာကြီး ဦးဖိုးလတ် က ``ရှေးဟောင်းမြန်မာရာဇ၀င် နှင့် သုတေသန´´ စာအုပ်တွင် ``မြန်မာအစ´´ အယူအဆကို အကျယ်ဖွင့်ခဲ့သည်။ သုတေသန စာအုပ်နိဒါန်းကို ကြည့်လျှင် အတန်အသင့် ရိပ်စားမိနိုင်ပါသည်။

``ခိုင်လုံသော မှတ်တမ်းများ မရှိမီခေတ်နှင့် စပ်ဆိုင်သည့် မြန်မာရှေးဟောင်းရာဇ၀င်နှင့် ယဉ်ကျေးမှုအကြောင်းအရာများကို မြန်မာတို့၏ အစဉ်အလာ ရာဇ၀င်သမိုင်း စသည်တို့ တွင် တွေ့ရသည်မှာ သဘာဝမကျ ဒဏ္ဍာရီဆန်လှသဖြင့် လည်းကောင်း၊ ခေတ်သုတေသီ တို့၏ ဟောပြောရေးသားချက်များကို ဖတ်ရှုကြည့်ပြန်သောအခါ တစ်ဖက်သတ်ကျ၍ စိတ်ကူးယဉ်ဆန်လှသဖြင့် လည်းကောင်း စာပေလေ့လာပညာရှာမှီး သူတို့၏ နယ်တွင် မည်သူမျှ ကျေနပ်မှုကို မရဘဲ ရှိနေသည်မှာ ကြာမြင့်ချေပြီ။ မကျေမနပ် ဖြစ်နေသူတို့အထဲတွင် ကျွန်ုပ်တို့လည်း ပါဝင်သည်´´

``လူမျိုးခြားနှင့် နိုင်ငံခြားမှတ်တမ်း မှတ်စာသမိုင်း ရာဇ၀င်တို့တွင် ဖော်ပြခြင်း မရှိက မြန်မာနိုင်ငံတော်အတွင်း နောက်ကြောင်းရာဇ၀င်နှင့် စပ်လျဉ်း၍ မြန်မာတို့၏ သမိုင်း ရာဇ၀င်ကို မည်သို့မျှ အတိအကျ မယူဆနိုင်ဟူသော စိတ်နေစိတ်ထားမှာ လွန်စွာ ဖောက်ပြန်၍ တစ်ဖက်သတ် ကျလွန်းချေသည်´´

``မြန်မာလူမျိုးတို့သည် မြန်မာနိုင်ငံတော် မြောက်ပိုင်း၌ ထိုအခါက ကြီးစိုးလျက်ရှိသော ကတူးလူမျိုးတို့၏ ရန်ကြောင့် ဧရာဝတီမြစ် ရှမ်းမြေပြန့်လွင်ပြင်သို့ မဆင်းသက်နိုင် သေးဘဲ တောင်ဘက်သို့ ဆက်လက်သွားရောက်ပြီးလျှင် နတ်ထပ်တောင်ကျမှသာလျှင် ထိုအခါက မွန်တို့ သိမ်းပိုက်လျက်ရှိသော ကျောက်ဆည်နယ်အတွင်းသို့ သက်ဆင်းခဲ့ကြ သည်ဟူသော ခေတ်သုတေသီတို့၏ အယူမှာ က၀ိဆန်သူတို့၏ စိတ်ကူးယဉ်၊ လုံလောက်သော သက်သေ၊ အထောက်အထားကင်းမဲ့သော ကြံဆချက်မျှသာ ဖြစ်ချေသည်´´

စသည်ဖြင့် ချေပချက်ပြုကာ ရာဇ၀င်၊ သမိုင်းသုတေသန သာဓကများနှင့်အတူ ပြတ်ပြတ်သားသားရေးသားတင်ပြလိုက်သည်။ သို့အတွက် မြန်မာမှုကို မြတ်နိုးသော မြန်မာအကြောင်း စိတ်ဝင်စားသူတို့အတွက် တအားတက်စရာ ဖြစ်လာတော့သည်။

- မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ပညာပြန့်ပွားလှုံ့ဆော်ရေး စာစဉ်က ထုတ်ဝေသော ဦးဘသန်း၏ မြန်မာရာဇ၀င် စာအုပ်ပါ ``မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ´´ ကဏ္ဍမှ မြန်မာလူမျိုးအစပထမ အကြောင်းကို တင်ပြလိုပါသည်။

- မြန်မာတိုင်းရင်းသားလူမျိုးတို့အနက် ထင်ရှားသော လူမျိုးများကား မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ချင်း လူမျိုးတို့ ဖြစ်ကြသည်။ မြန်မာပညာရှိတို့က မြန်မာ၊ ယော၊ ရခိုင်၊ ထားဝယ်၊ ပျူ၊ ကမ်းယံ၊ တောင်သူဟု မြန်မာခုနစ်မျိုးကို ရေတွက်သည်။ ရှမ်း၊ ကချင်၊ ကရင်၊ ချင်းလူမျိုးတို့ကို ရှမ်းမျိုးသုံးဆယ်တွင် ထည့်သွင်း ရေတွက်ကြသည်။

- မြန်မာ၊ မွန်စသော တိုင်းရင်းသာလူမျိုးအားလုံးပင် မြောက်ဘက်ရှိ တရုတ်ပြည် အနောက်ပိုင်း၌ ရှေးပဝေသဏီက နေထိုင်ခဲ့ကြသော မောင်ဂိုလ်(မောင်ဂွ) အနွယ်လူမျိုး များ ဖြစ်ကြ၍ မိမိနေရင်းဒေသ၌ အစာ၊ ဆန်ရေ ရှားပါးကြသည်နှင့် တောင်ဘက်သို့ တဖြည်းဖြည်း ပြောင်းရွှေ့လာကြပြီးလျှင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းကျရာ ဒေသတို့ ၌ မြို့ပြပြည်ရွာ တည်ထောင်နေထိုင်ကြဟန် တူသည်။

- မြန်မာနိုင်ငံသို့ လာရောက်နေထိုင်ကြသော အဆိုပါလူမျိုးတို့အနက် ရှေးအကျဆုံး ဖြစ်ဟန်တူသော လူမျိုးမှာ ``မွန်လူမျိုး´´ဖြစ်သည်။ မွန်လူမျိုးတို့ကား မွန်ခမာ အနွယ် ဖြစ်၍ တရုတ်ပြည်အနောက်ပိုင်း ကုန်ပြင်မြင့်များမှ တောင်ဘက်သို့ ဆင်းလာပြီးလျှင် ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ၊ မဲနန်မြစ်ဝ၊ မဲခေါင်မြစ်ဝ အရပ်ဒေသ တို့၌ မြို့ရွာ တည်ထောင် နေထိုင်ကြသည်။

- မြန်မာနိုင်ငံသို့ ဒုတိယ လာရောက်ကြသော လူမျိုးများမှာ တိဗက်တို ဘားမင်းလူမျိုး များ ဖြစ်ဟန်တူသည်။ ၄င်းတိဗက်တိုဘားမင်းလူမျိုးတို့သည် တိဗက်နိုင်ငံအရှေ့ပိုင်း ဗြဟ္မပုတြမြစ်ကြောင်းကို လျှောက်၍ ဆင်းလာပြီးလျှင် အာသံနိုင်ငံနှင့် မြန်မာနိုင်ငံတို့ အတွင်း အရပ်ဒေသများ၌ မြို့ပြတည်ထောင်၍ နေထိုင်ကြသည်။ ပျူ၊ ကမ်းယံ၊ သက် တို့မှာ ၄င်းတိဗက်တိုဘားမင်းလူမျိုးတို့မှ ဆင်းသက် ပေါက်ဖွားလာဟန် ရှိသည်။

- ပျူလူမျိုးတို့ကား မြန်မာလူမျိုးတို့၏ မူလအနွယ်ရင်းဖြစ်၍ မြန်မာရာဇ၀င်တွင် ထင်ရှားသော လူမျိုးများ ဖြစ်ကြသည်။ မြန်မာဟူသော အမည်ကို ရာဇ၀င်၌ သရေခေတ္တရာအပျက်တွင်မှ တွေ့ရသည်။ ပျူလူမျိုးတို့ အချက်အချာကား ပြည်မြို့၊ ရွှေဘိုနယ်၊ ဟန်လင်း၊ မုံရွာရှိ ဖိုးဝန်းတောင်၊ ရမည်းသင်းရှိ ညောင်လွန်း၊ မကွေးနယ်၊ ဗိဿနိုးအရပ်များ ဖြစ်၏။ ပျူလူမျိုးတို့ကား စာပေအက္ခရာရှိသော အထက်တန်းစား လူမျိုးများ ဖြစ်သည်။

- ကမ်းယံဟူသည်ကား သံတွဲမှစ၍ တောင်စဉ်ခုနစ်ခရိုင်၌ နေထိုင်သောသူတို့ကို ဆိုသည်။ ရခိုင်လူမျိုးတို့၏ ရှေးဟောင်းအနွယ်ဖြစ်သည်။ သက်လူမျိုးတို့ဒေသဖြစ်သော မစ္ဆဂီရိမှာ ရခိုင်ပြည်၏ အနောက်မြောက်ယွန်း ကစ္ဆပနဒီမြစ်ညာတွင်ရှိကြောင်း သက်လူမျိုး၊ ကျပင်းလူမျိုးဆိုသည်မှာ ဧရာဝတီအနောက်ဘက် ချင်း၊ ယော စသော ခပ်ရိုးရိုးလူမျိုးများကို ဆိုရိပ်ရှိကြောင်း သိရသည်။

- တိဗက်တို ဘားမင်းလူမျိုးတို့နောက် တိုင်ခေါ် ရှမ်းလူမျိုးတို့ လာရောက်ကြသည်။ ကရင်လူမျိုးတို့သည်လည်း အာရှတိုက်အလယ်ပိုင်းမှ လာရောက်ကြလျက် ဧရာဝတီမြစ်၊ သံလွင်မြစ်၊ မဲနန်မြစ်အကြားရှိ တောင်ကုန်းများတွင် နေထိုင်စပြုသည်။ နောင်မှ မြစ်ဝ ကျွန်းပေါ်သို့ ပျံ့နှံ့သွားသည်။

- ကချင်လူမျိုးတို့ကား ဗန်းမော်မြို့အနီးသို့ လာရောက်ကြသည်။ ထိုမှ အာသံနယ်သို့ ပျံ့နှံ့သွားသည်။ ကချင်လူမျိုးတို့သည် တိဗက်တိုဘားမင်းလူမျိုးတို့နှင့် အနွယ်တူသည် ဟု ဆို၏။

- မြန်မာတိုင်းရင်းသား လူမျိုးတို့သည် တိဗက်တိုဘားမင်းလူမျိုးအနွယ် ဖြစ်ဟန်ရှိကြောင်းဆိုရာတွင် ၄င်းအနွယ်လူမျိုးများနှင့် မျက်နှာပေါက်တူခြင်း၊ မြား၊ နား၊ မီး၊ လမ်း စသည့် အတန်များသော မြန်မာဝေါဟာရတို့နှင့် တိဗက်ဝေါဟာရတို့ တူခြင်း တို့ကြောင့် ဖြစ်သည်ဟုဆိုပါသည်။ တူးဖော်ရရှိသည့် အထောက်အထားများနှင့်လည်း တင်ပြရန်ရှိသည်။ ``မြန်မာအစ တကောင်းက´´ဟူသော ဆိုရိုးစကားရှိသည်။ တကောင်းမှတစ်ဆင့် သရေခေတ္တရာ၊ ယင်းမှ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ စသည်ဖြင့် ပြောင်းရွှေ့နေထိုင်ကြသည်ဟု ဆိုပေသည်။

- မြန်မာအစနှင့်ပတ်သက်၍ သုတေသီတို့က အယူအဆအမျိုးမျိုးမှ တင်ပြခြင်းသာ ဖြစ်ပါသည်။ ``မြန်မာ´´ ဟူသည်မှာ ပုဂံသား၊ တကောင်းသား၊ စစ်ကိုင်းသား၊ အင်းဝသား စသူတို့ ပေါင်းစုလျက် ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ကယား၊ ကရင် စသည့် လူမျိုးနွယ်စုများ အဓိပ္ပါယ်ရှိရှိ ခေါ်ဝေါ်သမုတ်ခြင်းသာဖြစ်၏။ မည်သို့ပင် ဖြစ်စေ ဆရာဇော်ဂျီ ၏ ``တို့ပြည်ထောင်စု´´ ကဗျာတွင် ဖော်ပြထားသကဲ့သို့ စိတ်ဝမ်းလက်ညီ ဖြင့် မြန်မာနိုင်ငံတည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် အဓွန့်ရှည်ရေးတို့ကို ရွက်ဆောင်ကြ ဖို့သာ ဖြစ်၏။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်းနှင့် ကချင်နှင့်၊ ချင်းနှင့် ကယားနှင့်

ရှမ်းနှင့် ရခိုင်နှင့်၊ မွန်နှင့် ကရင်နှင့်

သင့်သင့်မြတ်မြတ်၊ အနေတတ်လျှင်

နတ်ပြည်နှိုင်းတု၊ ပြည်ထောင်စုဟု

သူ့စေတနာထား၊ သူ့စကားကို

မိန့်ကြားလိုက်သော၊ ထိုအခါ

မောရှမ်းထိုထို၊ ရှေ့တခိုမှ

တောင်ပြိုနောက်မှာ၊ နယ်စပ်ရာတည့်

ခါကာဘိုရာဇီ၊ မြောက်ဖျားဆီမှ

အောက်ပြည်ကော့သောင်၊ သို့တိုင်အောင်တည့်

တောတောင်ကြံ့ခံ၊ ကမ်းယံဆီးတား

တိုင်းခြားရန်စွယ်၊ အန္တရာယ်မှ

ကာကွယ်မည်တို့၊ ကြို၏သို့

ဆီ ပဲ ထန်းလျက်၊ လက်ဖက် မက်မန်း

ဝါဂွမ်း ရေနံ၊ ဆန် ဆား ငါးပိ

သီးမှည့်စုံစွာ၊ လိုရာရာတို့

အညာအကြေ၊ မြေပြန့်တောင်တန်း

ကူးသန်းရောယှက်၊ စီးပွားဆက်အောင်

တက်သက်မည်သို့ ကြို၏သို့။

 
Web Statistics