လူနှင့် သူ၏ စက်ရုပ်
တာရာမင်းဝေ
-
``A.Z´´
``ခင်ဗျာ…ကျွန်တော် ရှိပါတယ်´´
``O.S မနိုးသေးဘူးလား´´
``နိုးတော့ နိုးပြီ ခင်ဗျ´´
``ဘာဖြစ်လို့ မလာသေးတာလဲ´´
``သူက အရင်လို မဟုတ်ဘူးခင်ဗျ၊ အရမ်း လူဆန်နေတယ်´´
``ဘယ်လို အရိပ်အခြည် တွေ့ရလို့လဲ´´
``နှိုးနေတာကို ချက်ချင်းမထဘူး ဆရာ၊ လူတွေလိုပဲ သမ်းသမ်းဝေေ၀ ရှိတယ်။ ပြီးတော့ ပျင်းကြောဆန့်တယ်၊ ပြီးမှ မျက်လုံးကို ဇိမ်ယူပြီး ဖွင့်တယ်…´´
ကျွန်တော်ပြုံးလိုက်မိသည်။
``အဲဒါ ကောင်းတာပေါ့…´´
``မကောင်းသေးဘူးဆရာရဲ့…´´
``ဘာမကောင်းတာလဲ´´
``သူမျက်နှာသစ်ရမယ့်ရေကကော ဟောင်းနေလားလို့ စစ်ဆေးသေးတယ်´´
- ကျွန်တော် ရယ်မိ၏။ A.Z သည် ကျွန်တော့်စက်ရုပ်ဖြစ်ပြီး O.S သည်လည်း ကျွန်တော် တီထွင်ဖန်တီးထားသော စက်ရုပ်ဖြစ်သည်။ ထူးခြားသည်က A.Z အပါအ၀င် အခြား စက်ရုပ်များသည် အခိုင်းအစေသဘော တီထွင်ထားသည့် စက်ရုပ်များဖြစ်ပြီး O.S ကတော့ လူနှင့်ထပ်တူဖြစ်ရန် ဖန်တီးထားသော စက်ရုပ်ဖြစ်သည်။
- တစ်စထက်တစ်စ လူဆန်လွန်းနေပြီဖြစ်သော O.S အတွက် ၀မ်းသာအားရ ကျွန်တော် ရယ်မောမိခြင်း ဖြစ်သည်။
``ဒီကောင် လက်ဖက်ရည် သောက်ပြီးပြီလား´´
``ဂဂျီဂဂျောင် လုပ်နေတယ်ဆရာ…´´
``ဘယ်လိုလုပ်တာလဲ´´
``သူ့အတွက် လက်ဖက်ရည်ကို ကုလားမခြင်းဆွဲနို့ဆီနဲ့ ဖျော်လို့တဲ့…´´
``အဲဒီ နို့ဆီက သူနဲ့ မတည့်လို့လား´´
``မဟုတ်ဘူးဆရာ…နာမည်ကြားရတာနဲ့တင် မချိမဆန့် နိုင်လွန်းလို့တဲ့…´´
``ငါ နားမလည်ဘူး…´´
``သြော်… ကုလားကိုလည်း မ ထားရသေးတယ်၊ ခြင်းကိုလည်း ဆွဲ ထားရသေးတယ် မသက်မသာကြီးတဲ့…´´
- အစပိုင်းမှာ ရယ်မောရုံသက်သက်သာ ရှိနေသော ကျွန်တော်သည် ယခုတော့ နှစ်နှစ်ခြိုက်ခြိုက် ရယ်မိပါတော့သည်။ မည်သို့ပင် ဆိုစေ စက်ရုပ်ကို လူဆန်အောင် ဖန်တီးနေသော ကျွန်တော့်အတွက်တော့ လက်တွေ့ကျသော အောင်မြင်မှု တစ်ရပ်ပင်။
``ကဲလေ…အဲဒါတွေ ထားလိုက် အဲဒီကောင်ကို ငါ့ဆီလွှတ်လိုက်´´
``ဟုတ်ကဲ့ ဆရာ…´´
``ဟုတ်ကဲ့…´´
- မကြာခင်မှာ ကျွန်တော့်ထံသို့ O.S ရောက်လာသည်။ ကျွန်တော်က ဆီး၍ ဆူလိုက်သည်။
``မင်း ဘာကြောင့် အခုမှ ရောက်လာရတာလဲ´´
- သူက လူသားဝတ်ရုံ အပြည့်အစုံနှင့် ရောက်လာခြင်း ဖြစ်သည်။ ကျွန်တော့်မေးခွန်းကို ထစ်ငေါ့စွာ ပြန်ဖြေ၏။
``ဟို…ဟို… ကောင်းကင်က အသီး ကျွန်တော့်မှာ ပြုတ်နေလို့ပါ…´´
``ဘာရယ်…´´
- သူဘာကို ဆိုလိုမှန်း အတော်ဆွေးနွေးပြီးမှ သိလိုက်သည်။ သူ့အင်္ကျီမှာ ကြယ်သီး အချို့ ပြုတ်နေခြင်း ဖြစ်သည်။ ရယ်ရင်းနှင့် သက်ပြင်းမောကို ချရ၏။
``အခု… မင်း ဘာလုပ်ချင်လဲ´´
``ရေခဲတွေက ခုန်တဲ့ရာသီမှာ ကျွန်တော် ခရီးထွက်ချင်တယ်…´´
``အာ…ဘာ… ဘယ်လို´´
``ဟို… ရေခဲတွေပျော်ပြီး ကခုန်ကြတဲ့ ရာသီ…´´
``ဟိုး…ဟိုး…တော်ပြီ…ငါသိပြီ…´´
- သူက ရေခဲတွေ အရည်ပျော်သည့် နွေရာသီကို ဆိုလိုခြင်း ဖြစ်သည်။
``ဟိုလေ…အခြေခိုင်တဲ့မြို့ကို သွားချင်လို့…´´
``ဘယ်မြို့လဲ…´´
``သုံးခွမြို့…´´
``ဘာသွားလုပ်မှာလဲ…´´
``မီးရထားလိုလူနဲ့ ဝေးချင်လို့ပေါ့…´´
``မီးရထားလိုလူ ဆိုတာ ဘယ်သူလဲ´´
``ဆရာပေါ့.. အမြဲတမ်း ခေါင်းမီးခိုးထွက်အောင် စဉ်းစားနေတဲ့လူ…´´
``အေးပါကွာ....အေးပါ… ဒါ့ထက် မင်း အခု ဘာစားမလဲ´´
``ကျွန်တော် မသောက်ပဲ ၀ါးရတဲ့ မုန့်ကို စားချင်တယ်´´
စားဖိုမှူးကို ခေါ်ကာ ဒီကောင့်ကို ရေမုန့်ကျွေးရသည်။
``မင်း လူတွေကြားထဲရောက်ရင် စိုးရိမ်စရာ ဘာရှိမလဲ´´
``ကျွန်တော့်ကို ရူးသွပ်သွားစေမယ့် တနင်္ဂနွေနံမျိုးနဲ့ မကြုံချင်ဘူး´´
သူ့စကားကို ကျွန်တော် အတော်စဉ်းစားယူရ၏။ ပြီးမှ ရူးသွပ်စေသော ဦးခေါင်းကို အလေးထားကာ…
``ဘာလဲ မင်းဦးခေါင်းကို အုန်းသီးမှန်မှာ စိုးလို့လား´´
``မဟုတ်ပါဘူး´´
``ဥသျှစ်သီးလား´´
``မဟုတ်ပါဘူး´´
``ဒါဖြင့် ပြောကွာ ဘာလဲ´´
```ဟိုလေ… ကျွန်တော် ဥမ္မာဒန္တီနဲ့ မတွေ့ချင်ဘူး…´´
``သေဟ…´´
ထို့နောက်မှာမှ…
``အေး…အေး… မတွေ့စေရပါဘူးကွာ၊ မင်းကို ငါ လူကြားထဲ စိတ်ချလက်ချ လွှတ်လိုက်တော့မှာပါ။ လူတွေနဲ့ အဆင်ပြေအောင်နေ၊ နို့မို့ဆို မင်းမှာရှိတဲ့ အစေ့နှစ်စေ့ ကွဲသွားမယ်´´
``ဟာဗျာ.. ဆရာကလဲ´´
``မင်း မျက်နှာက ဘယ်လို ဖြစ်သွားရတာလဲ၊ ငါက မင်းရဲ့ နောက်စေ့နဲ့ မေးစေ့ ကွဲသွား မှာကို ပြောနေတာ၊ ကိုယ့်ဘာသာကိုယ် သတိထားပြီး နေထိုင်သွားလာ…´´
``ဟုတ်ကဲ့…´´
``ကျဆုံးတဲ့အခါတိုင်း မင်းကိုယ်မင်း ပြန်အသက်သွင်းတဲ့ အတတ်ပညာ မင်းကို ပေးထားပြီပဲ၊ အေး… ငါကိုတော့ မမျှော်နဲ့တော့…´´
``ဗျာ… ဘာဖြစ်လို့လဲ..´´
``မင်း လူကြားထဲ ၀င်ချင်တယ်… လူတောတိုးချင်တယ် မဟုတ်လား…´´
``ဟုတ်ကဲ့…´´
``အေး.. မင်းလူတောတိုးနိုင်ဖို့ မင်းကို လူကြားထဲ ချပေးပြီးရင် ငါ က ဧကစာရီ ကျင့်တော့မယ်…´´
``အင်း… ဆရာ ဘာပြောတယ်…´´
``မင်း လူတွေကြားရောက်ပြီး လူတောတိုးစေပြီးရင် ငါကတော့ တစ်ယောက်တည်း ဧကစာရီထွက်ပြီး တရားကျင့်တော့မယ်ကွာ၊ လူတွေကို ငါ ငြီးငွေ့နေတာ ကြာပြီ…´´
``ဗျာ…´´
-
( အလံမထူခဲ့သော လက်များ စာအုပ်မှ ပြန်လည် ကူးယူဖော်ပြပါသည် )
No comments:
Post a Comment