Wednesday, September 30, 2009

Quote Wallpaper


ရယ်သောသူအသက်ရှည်၏


အမျိုးသမီးတစ်ဦး ရဲစခန်းသို့ရောက်လာပြီး သူမ၏ခင်ပွန်းဖြစ်သူ ပျောက်ဆုံးသွားသဖြင့် တိုင်ချက်ဖွင့်သည်။
အမျိုးသမီး - ကျွန်မယောက်ျား ပျောက်နေလို့ပါရှင်။
စစ်ဆေးသူ - အရပ်ဘယ်လောက်မြင့်သလဲ။
အမျိုးသမီး - တစ်ခါမှ သတိမထားမိပါဘူးရှင်။
စစ်ဆေးသူ - ပိန်ပိန်လား တောင့်တောင့်ဖြောင့်ဖြောင့်လား။
အမျိုးသမီး - ပိန်တော့မပိန်ဘူးထင်တယ်၊ ခပ်၀၀ ဆိုပါတော့။
စစ်ဆေးသူ - မျက်လုံးအရောင်။
အမျိုးသမီး - သတိမထားမိပါဘူးရှင်။
စစ်ဆေးသူ - ဆံပင်အရောင်ကရော။
အမျိုးသမီး - အကြောင်းပြချက်အမျိုးမျိုးနဲ့ ခဏခဏ အရောင်တွေပြောင်းနေတတ်တယ်ရှင့်။
စစ်ဆေးသူ - သူဘာဝတ်သွားသလဲ။
အမျိုးသမီး - ပုဆိုးနဲ့ရှပ်လား.... ကျွန်တော်သေချာ မမှတ်မိပါဘူးရှင်။
စစ်ဆေးသူ - သူနဲ့အတူ ဘယ်သူတွေပါသွားသေးသလဲ။
အမျိုးသမီး - ကျွန်မရဲ့ခွေးလေး "ရိန်း" ပါသွားတယ်ရှင့်။ သူ့ကို ရွှေကြိုးနဲ့ ချည်ထားတယ်၊ လက်မ ၃၀ မြင့်တယ်၊ အကောင်က ခပ်ထွားထွား၊ မျက်လုံးက အပြာရောင်၊ အညိုရောင်အမွှေးဖွားလေးတွေနဲ့၊ ဘယ်ဖက်ခြေထောက်ရဲ့ လက်သည်းလေးတစ်ခုက ကျိုးနေတယ်၊ ဘယ်တော့မှ မဟောင်တတ်ဘူး၊ ခေါင်းလောင်းအပြာလေးတွေချိတ်ထားတဲ့ ရွှေလည်ပတ်လေး ဆွဲထားတယ်၊ အသားမပါရင် မစားတတ်ဘူး၊ ကျွန်မတို့နဲ့ အမြဲအတူ စားလေ့ရှိတယ်၊ ကျွန်မနဲ့ အမြဲဆော့ကစားနေကျရှင့်။

ပြောနေရင်းတန်းလန်းနှင့် အမျိုးသမီးသည် ရှိုက်ကြီးတငင် စတင်ငိုကြွေးလေတော့သည်။

စစ်ဆေးသူ - ကဲ... ကျွန်တော်တို့ ခင်ဗျားခွေးကို အရင်ရှာကြတာပေါ့ဗျာ။

( အင်တာနက်ပေါ်က ဟာသတစ်ပုဒ်ကို ဘာသာပြန်ပေးလိုက်တာပါ။ ပျော်ရွှင်ကျေနပ်နိုင်ကြပါစေဟု )

လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၀ နာရီ ၂၇ မိနစ်တွင် ပြီး၏။

စကားပြောသောဓာတ်ပုံများ


obamawatchmyanmarthway.jpg

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်မှာ အင်မတန် နာမည်ကြီးသွားခဲ့တဲ့ ဓာတ်ပုံပါ။ အီတလီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေးမှာ တစ်ထောင့်တစ်နေရာက တာဝန်ထမ်းဆောင်ခဲ့ရတဲ့ အသက်(၁၇)နှစ်အရွယ် ဘရာဇီးလ်နိုင်ငံသူလှပျိုဖြူလေး မာရာယာရိုဒရီဂွက်စ်တာမာရက်စ် ရဲ့ နောက်ပိုင်းကို ငေးကြည့်နေတယ်လို့ ဖွခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဓာတ်ပုံဟာ ဘယ်လောက်ထိ တာသွားသလဲဆိုရင် You Tube မှာ အဲဒီအစည်းအဝေးမှတ်တမ်း ဗီဒီယိုတက်ပြီးတဲ့အထိ ဘရာဇီးလ်လှပျိုဖြူရဲ့ နောက်ပိုင်းကို အိုဘားမား ကြည့်ခဲ့သလား၊ မကြည့်ခဲ့ဘူးလားဆိုပြီး ခေါင်းစဉ်တပ် ငြင်းခုံခဲ့ကြရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဘာပဲပြောပြော ဓာတ်ပုံထဲမှာကတော့ အမေရိကန်သမ္မတကြီး အိုဘားမားဟာ ဘရာဇီးလ်အချောအလှလေးကို အသေအချာကို ငေးနေတယ်လို့ ထင်မြင်စေတာတော့ အမှန်ပါပဲ။ အိုဘားမားဘေးမှာ မေးစေ့ကြီးပွတ်ပြီး ပြုံးပြုံးကြီးရှိနေတာကတော့ ပြင်သစ်သမ္မတ ဆာကိုဇီပါ။

 

clitonkimjonilmyanmarth.jpg

၁၉၉၄ ခုနှစ်က အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ပြီးသည့်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ မြောက်ကိုရီးယားကို ကြိုတင်ကြေညာထားခြင်း မရှိဘဲ သွားရောက်ခဲ့ပါတယ်။ အကြောင်းကတော့ မြောက်ကိုရီးယားတို့ ဖမ်းဆီးထားတဲ့ အမေရိကန် သတင်းထောက်နှစ်ယောက်ကို ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ပါ တွေ့ဆုံစကားပြောခွင့်ရရှိခဲ့ပြီး သတင်းထောက်နှစ်ယောက်ကိုလည်း မြောက်ကိုရီးယားက လွှတ်ပေးခဲ့ပါတယ်။ ဖော်ပြထားတဲ့ ဓာတ်ပုံကတော့ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ်တို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံဖြစ်ပါတယ်။

 

obamasdaughtersarshamya.jpg

ဒီဓာတ်ပုံကလည်း အမေရိကန်သမ္မတကြီး ဘာရက်အိုဘားမားနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံပါပဲ။ ဒါပေမယ့် အပေါ်ကပုံလို မဟုတ်ဘဲ ကြည်နူးစရာဓာတ်ပုံလို့ ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတရုံးခန်းရဲ့ ရုံးစားပွဲမှာ စာဖတ်နေတဲ့ အိုဘားမားဆီကို သူ့ရဲ့ အသက်(၈)နှစ်အရွယ် သမီးငယ်လေး ဆာရှာက တိတ်တဆိတ်ချဉ်းကပ်လာနေတဲ့ပုံ ဖြစ်နေလို့ပါပဲ။ ဘာရက်အိုဘားမားဆိုတာ တစ်ကမ္ဘာလုံးက အလေးထားရတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဆာရှာအတွက်ကတော့ အိုဘားမားဆိုတာဟာ သူနဲ့အတူ ဆော့ကစားရမယ့်၊ သူ့ကိုပုံပြင်တွေပြောပြမယ့် ဖခင်တစ်ယောက်ပဲဖြစ်ပါတယ်။ အဖြူသက်သက်ဖြစ်တဲ့အတွက် သူ့ဖခင်အမေရိကန်သမ္မတကြီး အလုပ်တွေရှုပ်နေသလား၊ ဘာတွေအရေးတကြီး ဆုံးဖြတ်နေသလဲဆိုတာကို ဆာရှာလေး စဉ်းစားမှာမဟုတ်ပါဘူး။ ဆာရှာအတွက်ကတော့ အိုဘားမားဟာ အမေရိကန်သမ္မတကြီးဆိုတဲ့ ဂုဏ်ပုဒ်ထက်အများကြီး ပိုပြီးကြီးကျယ်၊ အဓိပ္ပါယ်ရှိတဲ့ ဖခင်တစ်ဦးဆိုတာပဲ ဖြစ်ပါတယ်။

 

tevezpostermyanmarthway.jpg

မိတ်ဆွေဟာ ဘောလုံးဝါသနာရှင်တစ်ယောက်ဆိုရင်တော့ ဒီဓာတ်ပုံကိုမြင်လိုက်တာနဲ့ ဘယ်သူ့ဓာတ်ပုံ၊ ဘယ်နေရာမှာ ချိတ်ဆွဲပြသထားတယ်ဆိုတာလောက်တော့ အကြမ်းဖျင်းသိပြီး ဖြစ်ပါလိမ့်မယ်။ မသိသေးတဲ့လူတွေအတွက်တော့ အနည်းငယ်ရှင်းပြဖို့ လိုပါလိမ့်မယ်။ ဒီဓာတ်ပုံဟာ မန်ချက်စတာစီးတီး ဘောလုံးအသင်းမှာ ကစားနေတဲ့ အာဂျင်တီးနားကစားသမား ကားလို့စ်တိဗက်ဇ်ရဲ့ပုံ ဖြစ်ပါတယ်။ ဒီပုံကို ချိတ်ဆွဲ ပြသထားတာကတော့ မန်ချက်စတာ မြို့လယ်မှာဖြစ်ပါတယ်။ ဘောလုံးသမားပုံကို ပြထားတာ ဘာများဆန်းသလဲလို့ ထင်စရာရှိပါတယ်။ ဟုတ်ကဲ့ အခြားပုံတွေဆိုရင်တော့ မဆန်းလှပါဘူး။ ဒီပုံကတော့ ဆန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားလို့တိဗက်ဇ်ရဲ့ပုံ ဖြစ်နေလို့ပါပဲ။ ကားလို့စ်တိဗက်ဇ်ဆိုတာက အခုနှစ်ရာသီမစမီလေးကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ တစ်မြို့တည်းမြို့ခံပြိုင်ဖက် မန်ချက်စတာ စီးတီးအသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ မန်စီးတီးအသင်းဆိုတာက အစဉ်အလာ သမိုင်းကြောင်းနဲ့ချီပြီး ပြိုင်ဘက်ဖြစ်ခဲ့ကြသူတွေပါ။ အသင်းချင်းကလည်း မတည့်သလို အားပေးသူပရိသတ်တွေကလည်း တည့်ကြတာမဟုတ်ပါဘူး။ အောင်မြင်မှုတွေမှာ မန်ယူအသင်းက အပြတ်အသတ် အသာရပေမယ့် မန်စီးတီးအသင်းကလည်း သူတို့အသင်းသာ မန်ချက်စတာမြို့ရဲ့ ဂုဏ်ဆောင်အသင်းဖြစ်တယ်၊ မန်ယူလို မြို့အစွန်အဖျားမှာရှိတဲ့ တောဇနပုဒ်အသင်းမဟုတ်ဘူးဆိုပြီး လှောင်ပြောင်တတ်ကြပါတယ်။ ဒီနှစ်မှာတော့ မန်စီးတီးအသင်းဟာ အသင်းပိုင်ရှင် ဆော်ဒီသူဌေးတွေရဲ့ အားကိုးနဲ့ ပိုက်ဆံတွေဖောဖောသီသီသုံးပြီး ပြင်ဆင်နိုင်ခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်တဲ့အထဲမှာ မန်ယူအသင်းမှာ စာချုပ်ပြည့်သွားပြီး ဆက်ပြီးစာချုပ်ဖို့ မတင်မကျဖြစ်နေတဲ့ တိဗက်ဇ်ကို အရခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ ပြိုင်ဖက်အသင်းကို မရောင်းချင်ပေမယ့် တိဗက်ဇ်ကိုယ်တိုင်က မန်ယူအသင်းမှာ ဆက်မနေဘဲ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် အခုလို ပိုမိုတင်းမာမှုတွေ ဖြစ်လာခဲ့ရတာပါပဲ။ ပိုပြီး ဆိုးသွားစေတာကတော့ တစ်မြို့တည်းမြို့ခံပြိုင်ဘက်အသင်းကနေ ခြံခုန်လာတဲ့ တိဗက်ဇ်ပုံပိုစတာကို မန်ချက်စတာ မြို့လယ်လူမြင်ကွင်းကြီးမှာ အခုလို ချိတ်ဆွဲပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ မန်ယူအသင်းနည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကဆိုရင် အဲဒီပုံဟာ အင်မတန်မှကို စိတ်ပျက်ဖွယ်ကောင်းတဲ့ပုံ၊ စဉ်းစားတွေးခေါ်မှုမရှိဘဲ ထင်ရာစိုင်းထားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပေါ်ပေါ်တင်တင် ဝေဖန်ပြောဆိုထားတဲ့ပုံ ဖြစ်ကြောင်းပါခင်ဗျား။

 

tebetanmastiffdogmyanma.jpg

ဒီပုံကတော့ ထူးထွေသည့်အံ့ရာဆိုတဲ့ပုံဆိုပါတော့။ ခွေးတစ်ကောင်ကို မာစီးဒီးကား အစီး(၃၀)နဲ့ လာကြိုကြတယ်ဆိုတာကိုကြားရင် မိတ်ဆွေဘာများပြောမလဲ။ မဖြစ်နိုင်ပါဘူးလို့ ဆိုမလား၊ အဲဒါ အတော်ကြောင်တောင်တောင်နိုင်တဲ့ ကိစ္စလို့ပဲ ပြောမလား။ မယုံမရှိနဲ့ မိတ်ဆွေ။ မာစီးဒီးကားနက်ကြီး အစီး(၃၀)နဲ့ လာကြိုခြင်းခံရတာကတော့ ဓာတ်ပုံထဲမှာ မြင်ရတဲ့ တိဘက်မတ်စတစ်မျိုး ခွေးတစ်ကောင် ဖြစ်ပါသတဲ့။ တရုတ်ပြည် ရှန်စီးပြည်နယ်က "၀မ်" ဆိုတဲ့ သန်းကြွယ်သူဌေးမကြီးဟာ အဲဒီခွေးကို လိုချင်လွန်းတဲ့အတွက် တိဘက်လူမျိုးတွေနေထိုင်ကြတဲ့ တရုတ်ပြည်မြောက်ပိုင်းက "ကျင်ဟိုင်း" ပြည်နယ်အထိသွားပြီး ခက်ခက်ခဲခဲ ရှာဖွေကာ ယွမ်ငွေလေးသန်း (ဒေါ်လာ ၆၀၀၀၀၀) ပေးပြီး ၀ယ်ခဲ့တာပါတဲ့။ ကဲ အဲဒီလောက်ဆိုရင် အဲဒီတိဘက်မတ်စတစ်မျိုး ခွေးနက်ရဲ့ တန်ဖိုးကို သိလောက်ပါပြီနော်။ သြော်… နောက်ထပ် ပြောစရာဖြစ်သွားတာကတော့ သူဌေးမကြီး"၀မ်" ပြောခဲ့တဲ့ စကားတစ်ခွန်းပါပဲ။

"ရွှေကို တန်ဖိုးသတ်မှတ်လို့ရတယ်၊ ဒီတိဘက်မတ်စတစ်ခွေးမှာ တန်ဖိုး အကန့်အသတ်မရှိဘူး" ဆိုတဲ့ စကားပါပဲ။

 

အပေါ်ကဟာတွေကတော့ ဓာတ်ပုံတွေက ပြောတဲ့စကားလုံးတွေကို ကျွန်တော်ကြားသလို ပြန်ရေးပြခဲ့တာပါ။ တစ်ယောက်နဲ့တစ်ယောက် ကြားပုံချင်းတော့ တူကြမယ်မဟုတ်ပါဘူး။ အဲဒီအတွက် အချို့နေရာတွေမှာ ကျွန်တော်က အကြားမှားနေခဲ့တာ၊ မကြားလိုက်ဘဲ လွတ်သွားတာတွေများ ရှိနေခဲ့ရင် စာဖတ်သူမိတ်ဆွေက ကိုယ့်ဘာသာဖြည့်စွက်နားလည်ပေးလိုက်ဖို့ တောင်းဆိုပါရစေ။ မိတ်ဆွေကြားတဲ့ စကားလုံးတွေကိုလည်း ပြန်ပြီးဖောက်သည်ချချင်သပဆိုရင် ကျွန်တော်က နားထောင်ဖို့အသင့်ရှိနေကြောင်းပါခင်ဗျား။

 

အမှတ်တရ

ကိုဉာဏ် (ပန်းလောင်မြေ)

၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်၊ အင်္ဂါနေ့။

နေ့လည် ၂ နာရီ ၁၆ မိနစ်တွင် ပြီး၏။

အိမ်ဦးနတ်အစွဲနဲ့ ရောင်းကုန်စိတ်ဓာတ် - လူထုစိန်ဝင်း


ဒီခေတ်ဂျာနယ်၊ မဂ္ဂဇင်းတွေဖတ်ရတာ တော်တော်အကုသိုလ်ဖြစ်ပါတယ်။ မြန်မာမိန်းကလေးတွေရဲ့ ၀တ်ပုံစားပုံ လော်လီတာတွေကြည့်ပြီး စိတ်ထဲက "ဆတ်ဆလူးမလေးတွေပဲ" အစချီတဲ့ ဖရုဿဝါစာစကားမျိုးတွေနဲ့ အသံမထွက်ဘဲ ကောက်ချက်ချိမိပါတယ်။ ဒီတော့ အလကားနေရင်း အကုသိုလ်မဖြစ်ဘဲ ဘယ်နေတော့မှာလဲ။

 

လွန်လွန်းနေပြီ

ကဲ ပုံတွေလည်း ကြည့်ဦးလေ။ ကျောတစ်ပြင်လုံး ခါးထိအောင် ဟာလာဟင်းလင်းဝတ်လိုဝတ်၊ အပေါ်ပိုင်းတစ်ခုလုံး ဗလာကျင်းထားတဲ့ "ရင်ရှား"၀တ်စုံ ၀တ်လိုဝတ်နဲ့ သိပ်ကိုနိုင်ငံတကာအဆင့်မီ ဖြစ်နေကြပါတယ်။ နိုက်ကလပ်လိုနေရာမျိုး သွားတဲ့အခါ ၀တ်ချင်ဝတ်ပါ။ ခုတော့ မင်္ဂလာဆောင်တို့၊ မွေးနေ့ပွဲတို့လို နေ့ခင်းကြောင်တောင် လူပုံလယ်မှာ လုပ်တဲ့ပွဲတွေကိုတောင် ဒါလောက်မျက်နှာပြောင်တိုက် ၀တ်ရဲကြတာတော့ တော်တော်ကို အံ့သြမိတယ်။ မော်ဒယ်ရှိုးတွေမှာ မီးမောင်းတွေထိုးထားပြီး ကိုယ်ဟန်ပြကြတာလည်း အမြင်ရိုင်းလှပါတယ်။ အဘိုးကြီးမို့ ဒိတ်အောက်ပြီး "အန်းတစ်" ဖြစ်နေလို့ပြောတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အစိတ်သုံးဆယ်လောက်ကတောင် မိန်းကလေးတွေ ဆံပင်တိုတိုညှပ်ပြီး ဘောင်းဘီဝတ်တာကို အားပေးခဲ့တာပါ။ အခုလည်း ဟစ်ဟော့ဂီတကို နှစ်သက်အားပေးနေသူပါ။ တချို့မိန်းကလေးတွေ အထူးသဖြင့် ဖျော်ဖြေရေးနယ်ပယ်က မိန်းကလေးတွေ (အနုပညာရှင်လို့ မပြောချင်ပါဘူး) ကတော့ လွန်လွန်းအားကြီးနေပြီလို့ ထင်ပါတယ်။

 

မြန်မာမျက်စိနဲ့ ကြည့်တာ

ဒါထက်ဆိုးတာ ရှိပါသေးတယ်။ အဲဒီနယ်ပယ်က မိန်းကလေးတွေပါပဲ။ လူရှေ့သူရှေ့ မရှက်မကြောက် တစ်ယောက်ပြီးတစ်ယောက် "ထည်လဲ"တွဲပြလိုက်ကြ၊ ကွဲပြလိုက်ကြနဲ့ မြန်မာမိန်းကလေးတွေ မဟုတ်ကြသလိုပါပဲ။ နက်ဖြန်ယူတော့မှာလိုလို၊ သန်ဘက်ခါယူတော့မှာလိုလိုနဲ့ နောက်လုံးဝ မယူဖြစ်တော့ နစ်နာကျန်ရစ်ရတာက ဘယ်သူလဲ။ သူတို့တစ်တွေက "နိုင်ငံတကာအဆင့်မီ"တွေမို့ ရှက်ရကောင်းမှန်း မသိပေမယ့် ဒီနိုင်ငံက မြန်မာနိုင်ငံ၊ လူမျိုးက မြန်မာလူမျိုးတွေလေ။ ဒီတော့ "နိုင်ငံတကာမျက်စိ"နဲ့ ဘယ်ကြည့်မလဲ။ "မြန်မာမျက်စိ"နဲ့ကြည့်ပြီး မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ပဲ အကဲဖြတ်ကြမှာပေါ့။ ဒီခေတ်က ပါးစပ်နဲ့ တီးတိုးသတင်းလွှင့်တဲ့ခေတ် မဟုတ်တော့ဘူး။ လက်ကိုင်ဖုန်းနဲ့ ဓာတ်ပုံရော၊ ဗီဒီယိုပါရိုက်ပြီး ချက်ချင်းအင်တာနက်ပေါ် တင်လို့ရတဲ့ခေတ် ဖြစ်နေပြီလေ။ ဗြောင်လိမ်လို့ရတဲ့ခေတ် မဟုတ်တော့ဘူး။

 

ရှောင်မလွတ်ပုံတွေ

"မမြင်ချင်ရင်မကြည့်နဲ့"လို့ ပြောလည်း စာနယ်ဇင်းတွေမဖတ်ဘဲ မနေနိုင်တော့ ၀ယ်ရဖတ်ရတာပဲ။ စာနယ်ဇင်း အဖုံးတွေမှာကို အဲဒီလို "ရင်ရှား"ပုံတွေပါနေတော့ မကြည့်လည်း မြင်နေရပါတယ်။ အတွင်းမှာလည်း ကိုယ်ဖတ်ချင်တဲ့ စာကို အဲဒီလို မျက်နှာပြည့်ရောင်စုံပုံတွေကြားမှာ မနည်းလိုက်ရှာပြီး ဖတ်နေရတာဆိုတော့ ရှောင်လို့ကို မရနိုင်ပါဘူး။ ဖက်ရှင်ဆိုတာ ဒီလိုပါပဲ။ ခေတ်စားလိုက် ပျောက်သွားလိုက် ဖြစ်နေမှာပါ။ ရေးကြီးခွင်ကျယ်လုပ် ပြောမနေပါနဲ့လို့ ဆိုသူတွေရှိပေမယ့် မပြောဘဲနေဖို့ မသင့်ပါဘူး။ ဂျာနယ်မဂ္ဂဇင်းတွေထဲ ပါနေတယ်ဆိုတော့ လူတိုင်းမြင်တွေ့နေရတာဖြစ်တယ်။ ပြီးတော့ ဖျော်ဖြေရေးနယ်ပယ်က လူတွေဆိုတော့ ကလေးတွေက လိုက်အတုခိုးတတ်ကြပါတယ်။ ၀တ်ပုံစားပုံအတုခိုးရုံတင်မက စာနယ်ဇင်းတွေထဲ အမြဲပါနေတဲ့ ဖျော်ဖြေရေးသမားတွေရဲ့ "ထည်လဲထည်ချွတ်" ကိစ္စတွေ၊ တွဲလိုက်ခွဲလိုက် နောက်တစ်ယောက်ထပ်တွဲလိုက် ကိစ္စတွေကိုပါ အတုမြင် အတတ်သင်ဖြစ်ကုန်မှာ စိုးရပါတယ်။ ဒါကြောင့် ပြောရတာပါ။

 

ဘီကီနီနဲ့ အားကစား

ဒီလို အ၀တ်အစား လော်လီကြတာ မြန်မာမိန်းကလေးတွေတင် မဟုတ်ပါဘူး။ သူတို့အနောက်နိုင်ငံသူတွေလည်း အတူတူပါပဲ။ ပိုတောင် ကဲပါသေးတယ်။ တစ်လောက ကျင်းပပြီးစီးသွားတဲ့ နိုင်ငံတကာပြေးခုန်ပစ်ပြိုင်ပွဲတစ်ခုမှာ ၀ါသနာပါတဲ့ မီတာ ၁၀၀ ပြိုင်ပွဲနဲ့ အမြင့်ခုန်တုန်တောက်ခုန်ပြိုင်ပွဲတွေကို ကြည့်ဖြစ်ပါတယ်။ အဲဒီမှာ သတိထားမိတာတစ်ခုက ယောက်ျားအားကစားသမားတွေက အားကစားဘောင်းဘီ၊ အင်္ကျီတွေနဲ့ လုံလုံခြုံခြုံ ၀တ်ကြပေမယ့် အမျိုးသမီးတွေကတော့ အပြေးသမားတွေကလည်း ဘီကီနီဝတ်စုံနဲ့၊ အခုန်သမားတွေကလည်း ဘီကီနီဝတ်စုံနဲ့ချည်း ဖြစ်နေပါတယ်။ နောက်တစ်ခါ စောင့်ကြည့်လေ့ရှိတဲ့  ကမ္ဘာ့ပတ်လည် တင်းနစ်ကစားပွဲတွေမှာလည်း ဖက်ဒါရာတို့၊ နာဒယ်လ်တို့လို ယောက်ျားတွေက ဘောင်းဘီနဲ့ စပို့ရှပ်နဲ့ တင့်တင့်တယ်တယ်ခင်ဗျ။ ၀ီလျံညီအစ်မတို့၊ ရှာရာပိုဇာတို့လို အမျိုးသမီးတွေကတော့ တင်းပါးကိုဖုံးရုံသာရှိတဲ့ စကတ်တိုနှံ့နှံ့လေးနဲ့ ချက်ပေါ်ဗိုက်ပေါ် အင်္ကျီမျိုးဝတ်ကြတယ်။ တင်ပါးဖုံးရုံသာဖုံးတဲ့ စကတ်တိုနဲ့ ကုန်းလိုက်ကွလိုက် ဘောလုံးရိုက်တဲ့ မြင်ကွင်းဟာ ဘယ်လိုမှကို မတင့်တယ်ပါဘူး။

 

မိန်းမဆိုတာ ရောင်းကုန်မဟုတ်

ဒီခေတ်ကြီးမှာ မိန်းကလေးတွေက ဘာကြောင့်များ ယောက်ျားလေးတွေထက် ပိုပြီးအရှက်နည်းရသလဲဆိုတာ စဉ်းစားလို့ကို မရပါဘူး။ မိန်းမသားများရဲ့ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်ဟာ လင်ကောင်းသားကောင်းရဖို့ ဆိုတဲ့ ရှေးခေတ်ကဆို ထားပါတော့၊ နားလည်နိုင်သေးတယ်။ အခုခေတ်က မိန်းမတွေ ပညာသင်အလုပ်လုပ်ပြီး ငွေရှာနိုင်တဲ့ ခေတ်ဖြစ်နေပြီလေ။ ယောက်ျားတွေကို ဆွဲဆောင်ညှို့ယူဖမ်းစားဖို့ ကိုယ့်ကိုကိုယ် ရောင်းကုန်ပစ္စည်းလို ခင်းကျင်းပြသနေဖို့ မလိုတော့ပါဘူး။ မိန်းကလေးတွေကိုယ်တိုင်က ဒါကို သဘောမပေါက်ကြသေးတာလား မပြောတတ်တော့ပါဘူး။ အမျိုးသမီးအခွင့်အရေးတို့ အမျိုးသမီးလွတ်မြောက်ရေးတို့ ကျယ်ကျယ်အော်နေတဲ့ အနောက်နိုင်ငံတွေမှာတောင် မယ်စကြာဝဠာပြိုင်ပွဲလို ပွဲကြီးတွေလုပ်နေကြတာ နားမလည်နိုင်တော့ပါဘူး။ ဒီလိုပြိုင်ပွဲတွေကိုမြင်တိုင်း မျက်စိထဲမှာတော့ "နွားပွဲ" တွေကိုပဲ ပြေးပြေးပြီး မြင်နေမိပါတော့တယ်။

 

ယောက်ျားက အိမ်ဦးနတ်မဟုတ်

အမျိုးသမီးလွတ်မြောက်ရေးဆိုတာ သူများဆီက တောင်းယူလို့မရပါဘူး။ အမျိုးသမီးတွေကိုယ်တိုင် သူတို့ ခေါင်းထဲမှာ အမြစ်တွယ်နေတဲ့ "ရောင်းကုန်" စိတ်ဓာတ်ကို ဖယ်ရှားသုတ်သင်ပစ်ရပါမယ်။ ယောက်ျားက အိမ်ထောင်ဦးစီး၊ မိန်းမက အိမ်ရှင်မဆိုတဲ့ အယူအဆကိုလည်း စွန့်လွှတ်ရပါမယ်။ ဒီခေတ်မှာ လင်ရော၊ မယားပါ အလုပ်လုပ်၊ ပိုက်ဆံရှာနေကြရတာ ဖြစ်လေတော့ အိမ်ထောင့်တာဝန်ကိုလည်း ခွဲဝေယူကြရမှာဖြစ်ပါတယ်။ ယောက်ျားက အိမ်ဦးနတ်ဆိုပြီး အိမ်ဦးခန်းမှာ မိန့်မိန့်ကြီးထိုင်ပြီး သတင်းစာဖတ်နေလို့ မရတော့ပါဘူး။ ရုံးချိန်အမီ ထမင်းချိုင့်ယူသွားနိုင်အောင် ငရုတ်သီး ၀င်ထောင်းဖို့လိုရင် ထောင်းပေး၊ ချိုင့်ဆေးဖို့လိုရင် ဆေးပေး လုပ်ရမှာပါပဲ။ ဒါမှ ရာသက်ပန်သာယာခိုင်မြဲတဲ့ အိမ်ထောင်ဖြစ်မှာပါ။

 

လုပ်အားခွဲဝေမှု

မိန်းမတွေက သူတို့စိတ်ထဲက "ရောင်းကုန်" စိတ်ဓာတ်ဖျောက်ပစ်ဖို့လိုသလို၊ ယောက်ျားတွေကလည်း "အိမ်ဦးနတ်" ဆိုတဲ့ အစွဲကြီး ဖျောက်ပစ်ဖို့လိုပါတယ်။ ဒီနေ့ ကမ္ဘာတစ်ခုလုံးမှာ ရှေးကလို "ရာသက်ပန်ရိုးမြေကျ" ဆိုတာမျိုးကိုတော့ သိပ်အလေးမထားကြတော့ဘဲ လင်မယားကွာရှင်းတာကို ထမင်းစားရေသောက် သဘောထားပြီး ကွာလိုက်ကြ၊ ထပ်ယူလိုက်ကြ၊ ထပ်ကွာလိုက်ကြဆိုတဲ့ ကိစ္စမျိုးတွေ အလွန်အင်မတန်ကို များပြားနေပါတယ်။ အများအားဖြင့်တော့ အိမ်ထောင်ရေးမှာ "လုပ်အားခွဲဝေမှု" (Division of Labor) မရှိတဲ့အတွက် ဖြစ်ကြရတာလို့ ယူဆပါတယ်။

 

မကြိုက်ရင်သွားလို့ရတယ်

ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် သူတို့ အနောက်လူ့အဖွဲ့အစည်းတွေမှာတော့ အိမ်ထောင်ရေးကိစ္စတို့၊ ဖိုမကိစ္စတို့ဆိုတာ ထမင်းစားရေသောက်ကိစ္စလောက်ပဲ သဘောထားကြတာဖြစ်လေတော့ ဘယ်သူ့ဘယ်သူမှ အပြစ်တင်မနေကြတော့ပါဘူး။ သူကြိုက်တာသူလုပ်၊ ကိုယ်ကြိုက်တာကိုယ်လုပ်ပဲလေ။ ဒါပေမယ့် မြန်မာနိုင်ငံမှာနေတဲ့ မြန်မာလူမျိုးဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ပစ်ပယ်လို့မရပါဘူး။ မကြိုက်လည်း လိုက်နာရမှာပါပဲ။ မလိုက်နာနိုင်ဘူးဆိုရင်လည်း ရပါတယ်။ ကြိုက်တဲ့နေရာသွားပြီး နေချင်သလိုနေပါ။ ခုခေတ်ပတ်စပို့ရဖို့ မခက်ပါဘူး။ "ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်" ဆိုတဲ့ မြန်မာစကားက အမျိုးကောင်းသမီးများကို ပြောတာမဟုတ်ဘူးဆိုတာတော့ မြန်မာပြည်မှာနေရင် သိထားကြဖို့လိုတယ်လို့ သတိပေးလိုက်ချင်ပါတယ်။

 

( Weekly Eleven ဂျာနယ် အတွဲ ၁၄၊ အမှတ် ၅၀ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

Tuesday, September 29, 2009

လရောင်အောက်က စိတ်ကူးများ - ကိုဉာဏ် (ပန်းလောင်မြေ)


စာအုပ်ကိုအတော်အားစိုက်ပြီး ဖတ်နေခဲ့ရတာကြောင့် မျက်လုံးတွေညောင်းကိုက်လာတယ်။ ဘေးမှာထွန်းထားတဲ့ ဖယောင်းတိုင်မီးကတော့ သူစွမ်းသလောက်အလင်းရောင်ကို ပေးနေရှာသား။ သုံးတိုင်မြောက်ထွန်းထားတဲ့ ဖယောင်းတိုင်မီးဟာ ရှေ့နှစ်တိုင်လိုပဲ အရည်ပျော်ခံပြီး အလင်းရောင်ပေးနေဆဲပါ။ စာအုပ်ကို အသာပိတ်ပြီး နံရံက နာရီကိုလှမ်းကြည့်လိုက်မိတယ်။ သြော်…. ၁၁ နာရီတောင် ခွဲတော့မှာပါလား။

ခြေညောင်းလက်ဆန့်အနေနဲ့ အပြင်ဘက်ကော်ရစ်တာကို ထွက်လိုက်မိတယ်။ အို…. ဘယ်လိုမှ မျှော်လင့်မထားတဲ့ ခံစားမှု၊ တစ်နည်းပြောရရင် မေ့လျော့နေပြီဖြစ်တဲ့ ခံစားမှုတွေကို ချက်ချင်းဆိုသလို ခံစားလိုက်ရတယ်။ သဘာဝလောကကြီးဟာ သိက္ခာတော်ရ ဆရာတော်ကြီးတစ်ပါးလိုအိနြေ္ဒနဲ့ တည်ငြိမ်လွန်းနေတယ်။ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်မိတော့ ကိုယ့်လိုပဲ ဖယောင်းတိုင်အားကိုးနဲ့ စာဖတ်နေတာလား၊ စာရေးနေတာလား၊ အခြားတစ်ခုခုလုပ်နေတာလားမသိတဲ့ မီးရောင်လေး သုံးလေးခုကို တွေ့တယ်။ ဒါပေမယ့် ဆူညံသံတွေ တစ်နည်းပြောရရင် လျှပ်စစ်သံတွေ ဆိတ်သုဉ်းငြိမ်သက်နေတာကတော့ တကယ့်ကိုထူးခြားတဲ့ အခြေအနေပါပဲ။ အမြဲတမ်းဆူညံနေခဲ့တဲ့ လျှပ်စစ်သံတွေဟာ ဘယ်ကိုများ ထွက်ပြေးနေခဲ့ကြပါလိမ့်။

ပတ်ဝန်းကျင်ကို ပြန်ပြီးဂရုစိုက်လိုက်တယ်။ အထူးခြားဆုံးခံစားရတဲ့ အရသာကတော့ မြူနှင်းတွေကြားမှာ ဖြာကျနေတဲ့ လရောင်ပါပဲ။ လဆန်း ၁၀ ရက်အလင်းရောင်ဟာ ကမ္ဘာမြေပြင်ပေါ်ကို အလင်းပုဝါ ခြုံလွှမ်းပေးထားရှာတယ်။ အဲဒီပုဝါအောက်မှာ သစ်ပင်တောတန်းတွေ၊ ဟိုးအဝေးမှာလှမ်းမြင်နေရတဲ့ ကျောက်တောင်စေတီတော်၊ လရောင်နဲ့လက်နေတဲ့ ခေါင်မိုးပုလေးတွေနဲ့ အိမ်လေးတွေဟာ နို့ဝတဲ့ ကလေးငယ်တစ်ယောက်လို နှစ်ခြိုက်အေးချမ်းအပူအပင်ကင်းစွာ အိပ်မက်တွေမက်နေပါရောလား။ လှလိုက်တဲ့ပန်းချီကားပါပဲ။ ဘယ်ကမ္ဘာကျော်များ ဒီမြင်ကွင်းကို တူအောင်ဆွဲနိုင်ပါ့မလဲ၊ ပေါ်အောင် ပုံဖော်နိုင်ပါ့မလဲ။ ပုရစ်အော်သံလေးတွေ ကြားရတယ်။ တစ်ခါတစ်ခါ အဝေးပြေးကားလမ်းမကြီးပေါ်မှာ ဖြတ်မောင်းသွားတဲ့ မော်တော်ဆိုင်ကယ်သံ၊ ကားသံတွေကို ကြားနေရတယ်။ တစ်ခုခုကို ကျွန်တော်ခံစားနေရတယ်။ အဲဒီတစ်ခုခုဟာ ဘာလဲဆိုတာကို ကိုယ်တိုင်မဝေခွဲတတ်ဘူး။ ကြည်နူးမှုလား၊ ပျော်ရွှင်မှုလား၊ လွမ်းဆွတ်မှုလား၊ နာကျင်မှုလား။

လရောင်လွှမ်းတဲ့ညချမ်းတွေကို ကျွန်တော်မေ့နေခဲ့တာ၊ ဥပက္ခာပြုထားခဲ့တာ ဘယ်လောက်ကြာပြီလဲဆိုတာကို ပြန်စဉ်းစားလို့မရဘူး။ အတော်ကြီးကြာခဲ့ပြီဆိုတာပဲ ပြောနိုင်တယ်။ လရောင်ထက် လျှပ်စစ်ရောင်ကိုသာ ကျွန်တော်မက်မောအားကိုးနေခဲ့တာကိုး။ အခုမှ ကောင်းကင်ကြီးကို မမြင်ဖူးတဲ့ လူစမ်းတစ်ဦးကို စူးစမ်းတဲ့ပုံစံနဲ့ အသေအချာ ကျွန်တော်ကြည့်နေမိတယ်။ ကောင်းကင်ကြီးက ကြည်လင်သာယာနေတယ်။ ကြယ်ပွင့်လေးတွေက မှိတ်တုတ်မှိတ်တုတ်လင်းလဲ့နေကြတယ်။ ကောင်းကင်ကြီးပေါ်မှာ အမေ့မျက်နှာကို မြင်လာတယ်။ ငယ်ငယ်တုန်းက လရောင်အောက် အိမ်ရှေ့ကွပ်ပျစ်မှာ ပုံပြောပြနေတဲ့ အမေ့ကို ကျွန်တော် တွေ့နေရတယ်။ ရင်ထဲမှာ နွေးသွားတယ်။ အိတ်ဇောဖြုတ်ထားပုံရတဲ့ ဆိုင်ကယ်တစ်စီးရဲ့ ဆိုးဝါးလှတဲ့အသံက ကျွန်တော့်အတွေးတိမ်တိုက်လေးကို လေတစ်ချက်သုတ်လိုက်သလို ဆွဲခေါ်သွားတယ်။ အစကတော့ စိတ်တိုမလို့ပါပဲ။ ဒါပေမယ့် လရောင်အောက်မှာ အနီရောင်ဒေါသတွေ မထွက်ချင်တာကြောင့် အပြာရောင် ခွင့်လွှတ်မှုတွေနဲ့ အစားထိုးလိုက်ပါတယ်။ အဲဒီလူလည်း ဆိုင်ကယ်စီးပြီး လရောင်အောက်မှာ ပျော်နေတာ ဖြစ်မှာပါလေလို့ တွေးလိုက်ပါတယ်။ စောစောက ဆူပူချင်နေတဲ့ရင်ဟာ ချက်ချင်း ငြိမ်းချမ်းသွားတယ်။

ဘယ်သူက အမိန့်ပေးသလဲ၊ ဘယ်သူက ညှို့ငင်ဆွဲခေါ်သလဲဆိုတာကို ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အဆောင်ရှေ့က လမ်းလေးပေါ်ကို ရောက်နေတာတွေ့ရတယ်။ ကျွန်တော့်စိတ်ကို စုစည်းလိုက်တယ်။ လက်တွေအလိုလို ဆန့်မိတယ်။ မြူနှင်းတွေကျနေတယ်ဆိုတာကို ခံစားသိရှိနိုင်တယ်လေ။ လရောင်က ကျွန်တော်တစ်ကိုယ်လုံးကို ရစ်သိုင်းထားတာများ ဘာနဲ့မှမတူတဲ့ ခံစားမှုအသစ်တစ်ခုပါ။ ကလေးတစ်ယောက်လိုမျိုး အော်ဟစ်ပြေးလွှား ဆော့ကစားပစ်လိုက်တယ်။ စိတ်ကူးတွေနဲ့ပါ။ ကျွန်တော့်စိတ်တွေကို နှောင်ကြိုးမဲ့လွှတ်ပေးထားလိုက်တယ်။ တုတ်ဆီးတွေတိုးနေတယ်၊ စိန်ပြေးတမ်းကစားနေတယ်၊ တူတူပုန်းနေတယ်၊ ထမင်းရည်ပူလောင်ပြီဆိုပြီး အော်သံလည်းကြားနေရတယ်၊ တွေ့ပြီထွက်ခဲ့ဆိုတဲ့အသံကိုလည်း ပီပီသသကြီးကြားလိုက်ရတယ်၊ မိပြီဆိုပြီး ၀မ်းသာအားရအော်လိုက်တဲ့ အသံလည်းပါရဲ့။ "ကလေးတွေ အမှောင်ထဲ လျှောက်မသွားနဲ့နော်၊ ခလုတ်တိုက်ဦးမယ်၊ တအားကြီး ပြေးမနေကြနဲ့" ဆိုတဲ့ အမေတွေရဲ့ အသံကိုလည်း နားနဲ့ဆတ်ဆတ် ကြားနေရတယ်။ ဒီမြင်ကွင်းပန်းချီကားကို ကျွန်တော်ရင်းနှီးလှချည်လား၊ အားလုံးကို အလွတ်ရနေပါလား။ သြော်… ကျွန်တော်ကိုယ်တိုင် ဒီပန်းချီကားထဲက စုတ်ချက်လေးတစ်ချက် ဖြစ်နေခဲ့တာကိုး။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ပန်းချီကားကို ကျွန်တော်ဒီနေ့မှ ပြန်တွေ့ခဲ့တာကိုး။ ပါးပြင်ပေါ်မှာမဟုတ်တဲ့ မျက်ရည်တွေ ကျွန်တော်ကျနေတယ်။ ၀မ်းသာလို့ကျတဲ့၊ သတိရလွမ်းဆွတ်မိလို့ကျတဲ့ အပျော်မျက်ရည်၊ ကြည်နူးမှုမျက်ရည်ပါ။

အခန်းကိုပြန်တက်လာခဲ့တယ်။ အိပ်ယာဝင်ဖို့ပြင်ဆင်တယ်။ မနက်အတွက် နှိုးစက်ပေးတယ်။ ဘုရားရှိခိုးလိုက်တယ်။ ခေါင်းအုံးပေါ်ကို ခေါင်းရောက်တဲ့အချိန်မှာ စောင်ကိုအသာလေး ကိုယ်ပေါ်ကို လွှမ်းလိုက်တယ်။ ညာဘက်ကိုစောင်းလိုက်တော့ ပြတင်းပေါက်ကနေ လရောင်လဲ့လဲ့ကို မြင်နေရတယ်။ စောင်ကိုခွာလိုက်ပြီး ထထိုင်လိုက်တယ်။ အပြင်ကော်ရစ်တာကို ထွက်ဖို့ပြင်လိုက်တယ်။ သိစိတ်နဲ့ မသိစိတ်ဟာ ဘယ်လိုတွေ ညှိနှိုင်းပြီး ဆုံးဖြတ်လိုက်ကြတယ်မသိပါဘူး။ ခြင်ထောင်အပြင်ကို မထွက်ဖြစ်တော့ဘူး။ စောင်ကို အသာပြန်ခြုံလိုက်တယ်။ နဖူးပေါ်လက်တင်ပြီး ၀င်လေထွက်လေကို သိရှိခံစားနေလိုက်တယ်။ သိပ်မကြာခင်မှာ ကျွန်တော်အိပ်ပျော်တော့မှာ အသေအချာပါပဲ။ ဒါပေမယ့် အိပ်မက်ထဲမှာ လရောင်တွေပြည့်လျှံနေတဲ့ ကွင်းပြင်ကြီးတစ်ခုရဲ့အလည်ကို အရောက်သွားပြီး သူငယ်ချင်းတွေနဲ့ ဆော့ဦးမယ်၊ အမေပြောတဲ့ မင်းသားလေးနဲ့ မင်းသမီးလေးပုံပြင်ကို နားထောင်ရဦးမယ်ဆိုတာကိုတော့ တွေးရင်းနဲ့ သိရှိရင်ခုန်နေမိတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်၊ အင်္ဂါနေ့။
နံနက် ၇ နာရီ ၁၂ မိနစ်တွင် ပြီး၏။

မှတ်ချက်
ညနေ ၄ နာရီခွဲလောက်ကတည်းက စပြီး တစ်မြို့လုံး မီးပျက်ပြီးမှောင်မဲနေတဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ညကို ခံစားရေးဖွဲ့ပါသည်။ တစ်ညလုံးမီးမလာတဲ့အတွက် ကွန်ပျူတာမသုံးခဲ့ရလို့ နေမသိထိုင်မသာ ဖြစ်နေခဲ့ရတယ်။ မနက်အိပ်ရာနိုးတော့ မီးလာနေပြီ။ မျက်နှာသစ်၊ ဘုရားကန်တော့ပြီး ပထမဆုံး လုပ်ဖြစ်တာက ဒီပို့စ်ကို ရေးဖြစ်တာပါပဲ။ ညကခံစားချက်လေးတွေက ချက်ချင်းမရေးရင် ပျောက်သွားမှာစိုးလို့ပါ။ အခုမှ ဗိုက်ထဲက အချက်ပေးသံကို ကြားရတယ်။ အစားအစာတွေ မပို့သေးဘူးလားတဲ့။ အတော်ကို ဒေါသထွက်နေပုံပဲ။ ကျွန်တော့်ဗိုက်ကို ထုရိုက်နေလိုက်ကြတာ အသံတွေတောင် ကြားနေရတယ်။ မနက်စာသွားစားလိုက်ဦးမယ်။ လက်ဘက်ရည်နဲ့ အီကြာကွေးပေါ့ဗျာ။ စားချင်တာလား။ ထမင်းကြော်နဲ့ ပဲပြုတ်ပေါ့။

ကျေးဇူးစကား
သဘာဝအလှအပတွေကို မေ့နေတဲ့ကျွန်တော်တို့တွေကို မမေ့မလျော့ဖြစ်အောင်၊ ခံစားရစေအောင် မီးပျက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းပါ။ မဟုတ်ရင် လျှပ်စစ်မီးရောင်တွေကြားမှာ ကျင်လည်ပြီး သဘာဝတရားရဲ့ လရောင်ကို မေ့ထားနေမိဦးမှာမို့ပါ။ ပုရစ်အော်သံလေးတွေကို မေ့ထားနေမိဦးမှာမို့ပါ။ ၀ိုင်းဝိုင်းလေသံနဲ့ အော်လိုက်ချင်ပါတယ်။ "အရာရာကို ကျေးဇူးပဲ…" ဘာကိုလဲလို့မေးရင် တစ်ညတာကာလလေးမှာ လူတွေအကုန်လုံးကို လယ်ဗယ်ညှိပေးလိုက်လို့ပါ။ မီးပျက်နေတဲ့အတွက် အားလုံးဟာ လရောင်အောက်မှာ ကျွန်တော့်လိုပဲ သဘာဝတရားရဲ့အလှအပကို ခံစားနေခဲ့ကြလိမ့်မယ်လို့ မဆီမဆိုင် တွေးနေမိပါကြောင်း။

ကတ်သီးကတ်သတ် အင်္ဂလိပ်စကားလုံးများ - တာရာမင်းဝေ


(မေး)
လေသေနတ်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ…။
(ဖြေ)
ခဲရာခဲဆစ်မှ မဟုတ်တာဗျာ။ လေသေနတ်ပါဆိုမှ Air Gun ပေါ့။
ခေတ်အသုံးအနှုန်းနဲ့ ထူးထူးခြားခြား ခေါ်ချင်ရင်တော့ B.B Gun လို့ ခေါ်ပေါ့။

(မေး)
ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားတဲ့သူကို ဘယ်လိုခေါ်ပါသလဲ….။
ဆရာမရှိဘဲ ကိုယ့်ဘာသာ လေ့လာတတ်မြောက်သူကိုရော ဘယ်လိုခေါ်ပါသလဲ…။
(ဖြေ)
ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားသူကို Leapfrog လို့ ခေါ်ပါတယ်…။
ဆရာမပါဘဲ ကိုယ့်ဘာသာကိုယ် တတ်မြောက်သူကို Autodidact လို့ သုံးပါတယ်…။

(မေး)
ထူးခြားပြီး အံ့သြဖွယ်ကောင်းတဲ့အရာကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ…။
စုန်းကဝေပညာနဲ့ အသက်သွင်းထားတဲ့ သေလျက်ရှင်နေသူကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ…။
(ဖြေ)
ထူးခြားပြီး အံ့သြဖွယ်ကောင်းတဲ့အရာကို Whizbang လို့ခေါ်တယ်။
စုန်းကဝေပညာနဲ့ အသက်သွင်းထားလို့ သေလျက်ရှင်နေသူကို… (ဥပမာ-ဖုတ်ကောင်) Zombie လို့ ခေါ်ပါတယ်။

(မေး)
အကျင့်ပျက်တဲ့ မိန်းမကို ဘယ်လိုခေါ်ပါသလဲ… ။ နာမည်ပျက်ရှိထားတဲ့ မိန်းမပေါ့လေ။
(ဖြေ)
ချိတ်ချိတ်ချင်း ချိတ်တယ်ဆိုတဲ့ စကားကို ခင်ဗျား ကြားဖူးတယ်မဟုတ်လား။
ကျောက်စိမ်းကို ခင်ဗျား Jade (ဂျိတ်) လို့ ခေါ်တယ်မလား။
အကျင့်ပျက်တဲ့မိန်းမ၊ နာမည်ပျက်ရှိတဲ့မိန်းမကိုလည်း Jade လို့ပဲ ခေါ်တယ်။
တန်၏ မတန်၏ဆိုတာ ခင်ဗျားဘာသာ ထိုင်စဉ်းစားပေတော့။

( ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလထုတ် IDEA မဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြပါသည် )

တစ်ခါတုန်းက တက္ကသိုလ်မှာ


 တစ်ခါတုန်းက တက္ကသိုလ်မှာ စာအုပ်အမည်နှင့် ပတ်သက်သမျှ

လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၂)၊ အမှတ်(၅၁) မှာ ပါဝင်တဲ့ စာရေးဆရာ မျိုးကိုမျိုး နဲ့ တွေ့ဆုံမေးမြန်းခန်းကို အရင်ဆုံး ဖတ်ကြည့်စေချင်ပါတယ်။

ကိုမျိုး အရင်တုန်းကရေးခဲ့တဲ့ ၀တ္ထုတွေထဲမှာ တက္ကသိုလ်နောက်ခံ ဇာတ်လမ်းမျိုးတွေ အများကြီး ရေးဖွဲ့ခဲ့ပေမယ့် ၀တ္ထုခေါင်းစဉ်ကို တက္ကသိုလ်နဲ့ ပတ်သက်တဲ့ နာမည်မပေးခဲ့ဘဲ အခုနောက်ဆုံးထွက်လာတဲ့ "တစ်ခါတုန်းက တက္ကသိုလ်မှာ" ၀တ္ထုကျမှ နာမည်ပေးလာတာ ထူးခြားနေတယ်နော်။

ဟုတ်ပါတယ်၊ ကိုယ်တက္ကသိုလ်နောက်ခံဝတ္ထုကို ပုဒ်ရေ သုံးဆယ်ဝန်းကျင်နဲ့ လုံးချင်းဝတ္ထု သုံးလေးအုပ်မက ရေးခဲ့ဖူးပေမယ့် ဘယ်တစ်အုပ်ကိုမှ တက္ကသိုလ်ခေါင်းစဉ် မပေးခဲ့ဖူးပါဘူး။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်ခေါင်းစဉ် တပ်ရတယ်ဆိုတာ တာဝန်ကြီးပါတယ်။ တက္ကသိုလ်နဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေရဲ့ အစဉ်အလာ ဓလေ့စရိုက်နဲ့ တက္ကသိုလ်ကို အလွမ်းဓာတ်ရအောင် ဘယ်လောက်ရသမြောက်အောင် ဖန်တီးနိုင်မလဲဆိုတာ အင်မတန်အရေးကြီးပါတယ်။ အခုဝတ္ထုကိုတော့ "တစ်ခါတုန်းက တက္ကသိုလ်မှာ" ဆိုပြီး တက္ကသိုလ်ခေါင်းစဉ်ကို ရဲရဲတပ်ခဲ့တာကတော့ အထက်ကပြောခဲ့တဲ့ တာဝန်ယူနိုင်မှုတွေ အလွမ်းဓာတ်တွေကို ပေါ်လွင်အောင် ရေးဖွဲ့ဖန်တီးနိုင်မှုတွေနဲ့ တက္ကသိုလ်ရသကို အပီအပြင်ပေးနိုင်ခဲ့တယ်လို့ ယုံကြည်မိလို့ပါ။

ဒါပေမယ့် အချစ် Fancy လိုင်းကို အားသန်တဲ့ စာရေးဆရာပီပီ၊ ဒီစာအုပ်ကလည်း လိုင်းကွဲထွက်သွားတာမျိုး မရှိပြန်ဘူး။

မှန်ပါတယ်။ ဒီ "တစ်ခါတုန်းက တက္ကသိုလ်မှာ" ဆိုတဲ့ လုံးချင်းဝတ္ထုကလည်း ရှေ့က ကိုယ်ရေးသမျှ ၀တ္ထုတွေလိုပဲ အချစ်ဖန်စီလိုင်းလေးပါပဲ။ ပြုံးစရာ၊ ရယ်စရာပလော့တွေနဲ့ ပျော်ရွှင်ကြည်နူးဖွယ်ဖြစ်အောင် ဖန်တီးထားတာပါ။ ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် ဒီဝတ္ထုထဲက ပျော်ရွှင်ရယ်မောစရာပလော့တွေနဲ့ အဖြစ်အပျက်တွေဟာ တမင်ဖန်တီးထားတာမဟုတ်ဘဲ တက္ကသိုလ်ကျောင်းသားဘ၀တုန်းက ကိုယ်နဲ့ကိုယ့်သူငယ်ချင်းတွေရဲ့ တကယ့်အဖြစ်အပျက်တွေကို အခြေခံပြီး ရေးဖွဲ့ထားတာပါ။

တက္ကသိုလ်ကျောင်းသားဘ၀ကို ဘယ်တော့မှ မမေ့နိုင်တဲ့လူတွေထဲမှာ ကိုမျိုးက ထိပ်ဆုံးက ပါဝင်နေသလိုပဲနော်။ ရေးရတာ ရိုးအီမသွားဘူးလား။

ပြောရရင် တက္ကသိုလ်နောက်ခံဝတ္ထုတွေလည်း တော်တော်များများ ရေးခဲ့ဖတ်ခဲ့ပြီးပြီ။ အခုထိလည်း ရေးလို့ဖတ်လို့ မ၀သေးသလို နောင်လည်း ဆက်ပြီးရေးဖြစ်ဖတ်ဖြစ်နေဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်ကျောင်းသားဘ၀ရဲ့ ပုံရိပ်ကို ရေးဖွဲ့ရတာဟာ လွတ်လပ်ပေါ့ပါးပြီး သွက်လက်တက်ကြွမှု ခံစားချက်ကို ရရှိစေနိုင်လို့ပါ။ ဒီ့ထက်ရှင်းအောင် ပြောရရင် ကိုယ်က ကိုယ်တက်ခဲ့ဖူးတဲ့ ရန်ကုန်တက္ကသိုလ်ကိုချစ်တယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်အကြောင်းဆိုရင် ပြောရတာ၊ ရေးရတာ ဘယ်တော့မှ မရိုးအီနိုင်လို့ပဲ။

အားမနာတမ်းပြောရရင် ဒီဝတ္ထုခေါင်းစဉ်က ဆရာနွမ်ဂျာသိုင်း ရေးသားခဲ့ပြီး၊ အောင်မြင်မှုတွေရခဲ့တဲ့ "တစ်ခါတုန်းက တက္ကသိုလ်မှာ" ၀တ္ထုနာမည်အတိုင်း ဖြစ်နေတယ်လေ။

ဟုတ်တယ်။ "တစ်ခါတုန်းက တက္ကသိုလ်မှာ" ဆိုတဲ့ ကိုယ့်ရဲ့ လုံးချင်းဝတ္ထုထွက်လာတာနဲ့ တစ်ပြိုင်နက်တည်း ဆိုသလိုပဲ ဆရာဦးမြတ်ခိုင် အပါအ၀င် စာပေစာနယ်ဇင်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေကရော ကျောင်းတုန်းက သူငယ်ချင်းတချို့ကပါ သတိပေးစကား ဆိုလာကြတယ်။ မင်းရဲ့ "တစ်ခါတုန်းက တက္ကသိုလ်မှာ" ဆိုတဲ့ နာမည်က ဆရာနွမ်ဂျာသိုင်း ပေါက်ခဲ့တဲ့ ၀တ္ထုနာမည်နဲ့ သွားတူနေတယ်ဆိုပြီး ပြောကြတာပေါ့။

တက္ကသိုလ်နောက်ခံဇာတ်လမ်းချင်းတူပေမယ့် ဇာတ်ကျောရိုး မတူတာရယ်၊ တခြားနာမည်တစ်ခုကို သီးသန့်မွေးထုတ်ပြီးပေးရင် ရရဲ့သားနဲ့ မပေးဖြစ်ခဲ့တာကိုလည်း ဘာကြောင့်လဲဆိုတာ ပြောပါဦး။

ပြောရရင် စောစောက ပြောခဲ့သလိုပဲ တက္ကသိုလ်နောက်ခံဝတ္ထု တော်တော်များများ ရေးခဲ့ပေမယ့် နာမည်ပေးတဲ့အခါ တက္ကသိုလ်ဆိုတာ မပါဘဲ ကဗျာဆန်ဆန် လှလှပပ ဆန်းသစ်အောင် ဖန်တီးခဲ့တာချည်းပဲ။ အခုဒီစာအုပ်မှာတော့ အဲဒီလို မပေးချင်ဘူး။ ကိုယ်တိုင်က တက္ကသိုလ်ရဲ့ရသ ပီပီပြင်ပြင်ခံစားရတယ်လို့ တကယ်ယုံကြည်တဲ့အတွက် ၀တ္ထုနာမည်ပေးတဲ့အခါ တက္ကသိုလ်ကို ထည့်ကို ထည့်ချင်နေတာ၊ ဒါပေမယ့် ဘယ်လိုမှ စဉ်းစားလို့ မရဘူးဖြစ်နေတာနဲ့ စာအုပ်က ရေးလို့ပြီးသွားတာ လေးငါးခြောက်လကြာပြီ။ နာမည်မပေးရသေးဘူး ဖြစ်နေတာ။ တစ်ရက်တော့ တိုက်တိုက်ဆိုင်ဆိုင် "တစ်ခါတုန်းက တက္ကသိုလ်မှာ"လို့ အမည်ပေးထားတဲ့ ကိုရီးယားကားလေး ၀ယ်ကြည့်မိလိုက်တယ်။ အဲဒီ နာမည်လေးက ရိုးရှင်းလှပပြီး တသသဖြစ်နေစေတဲ့ အလွမ်းဓာတ်ကို ပေးစွမ်းနိုင်တာကို ခံစားမိတာနဲ့ ကိုယ်လည်း ရေးပြီးသိမ်းထားတဲ့စာအုပ်ကို ပြန်ဆွဲထုတ်ပြီး မျက်နှာဖုံးမှာ ချရေးလိုက်မိတာက "တစ်ခါတုန်းက တက္ကသိုလ်မှာ" ပါပဲ။

ကိုရီးယားနာမည်တူက နောက်မှ ပေါ်လာတာလေ။ ဆရာနွမ်ဂျာသိုင်းဆိုတာက ၀ါရင့်သမ္ဘာရင့် နာမည်ကျော် စာရေးဆရာတစ်ဦးပါ။ ဒီလို ဖြေလိုက်တာက ၀တ္ထုခေါင်းစဉ်ကို လမ်းကြောင်းလွှဲလိုက်သလို ဖြစ်မသွားဘူးလား။


ခုလို ပြောရတာက ဆရာနွမ်ဂျာသိုင်းရဲ့ "တစ်ခါတုန်းက တက္ကသိုလ်မှာ" ဆိုတဲ့ နာမည်နဲ့ သွားတူနေတယ်လို့ ပြောကြလို့ ထမင်းရေပူလျှာလွှဲပြောတာ မဟုတ်ပါဘူး။ ဆရာနွမ်ဂျာသိုင်းရဲ့ "တစ်ခါတုန်းက တက္ကသိုလ်မှာ" ဆိုတဲ့ ၀တ္ထုကိုရာ၊ "ဟိုတုန်းက တက္ကသိုလ်" ဆိုတဲ့ ၀တ္ထုအပါအ၀င် ဆရာရေးခဲ့သမျှ ၀တ္ထုအားလုံးကို ကြိုက်ခဲ့၊ ဖတ်ခဲ့ဖူးပါတယ်။ ခုလို နာမည်ချင်းသွားတူတာကလည်း မထေမဲ့မြင်သဘောနဲ့ တမင်လုပ်လိုက်တာ မဟုတ်ခဲ့ပါဘူး။ နောင်တော် စာရေးဆရာတွေအပေါ်မှာ လေးစားသမှု ရှိပြီးသားပါ။ အချိန်ပြ "တစ်ခါတုန်းက" ဆိုတာရော၊ နေရာပြ "တက္ကသိုလ်မှာ" ဆိုတာရောက ဘုံပိုင်ဝေါဟာရတွေဆိုတာ အားလုံးသိနားလည်ပြီး နေမှာပါ။ နောက်ပြီး အခုဒီဝတ္ထုကို ဒီနာမည် ပေးလိုက်မှလည်း လိုက်ဖက်ပြီး အလှဓာတ်လည်း ပိုရသွားတယ်လို့ ထင်ပါတယ်။ ဘာပဲပြောပြော ခုလို နာမည်တူပေးလိုက်မိသလို ဖြစ်သွားတဲ့အတွက် ဆရာနွမ်ဂျာသိုင်းဘက်ကလည်း နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။
သေချာတာကတော့ ကာလအပိုင်းအခြားအရ "ဟိုတုန်းက တက္ကသိုလ်…" နဲ့ "တစ်ခါတုန်းက တက္ကသိုလ်…." ဆိုတဲ့ ဆရာနွမ်ဂျာသိုင်းရဲ့ ၀တ္ထုတွေဟာ ဆရာနွမ်ဂျာသိုင်း ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ပုံရိပ်တွေကို တွေ့ရမှာဖြစ်သလို ကိုယ်ရေးတဲ့ "တစ်ခါတုန်းက တက္ကသိုလ်မှာ" ဆိုတဲ့ ၀တ္ထုကလည်း ကိုယ်ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ပုံရိပ်ကို ထိတွေ့ခံစားရမှာ ဖြစ်ပါတယ်။


ကိုမျိုး နောက်ထပ်အသစ်ထွက်ဖို့ ပြင်ဆင်နေတဲ့ စာအုပ်တွေ အများကြီးရှိတယ်ဆို။

"တစ်ခါတုန်းက တက္ကသိုလ်မှာ" ပြီးရင် ဆက်ထွက်မယ့် ၀တ္ထုတွေကတော့ "ဆယ်မျက်နှာပုံပြင်"၊ "အချစ်၏ အခြားသောအမည်နာမတော်"၊ "နတ်ဝှက်ထားတဲ့ အိပ်မက်"၊ "မမမောင်မင်းမူ"၊ "အချစ်နဲ့ဝိညဉ်"၊ "အချစ်နန်းတော်သွား တောလား" နဲ့ "ရင်ခုန်သံစောင့် နတ်ဖုရားမ၏ အလိုတော်အတိုင်း" ဆိုတဲ့ လုံးချင်းဝတ္ထုသစ်တွေပဲ ဖြစ်ပါတယ်။ ထုတ်ဝေသူ လက်ထဲကို စာချုပ်အရ အုပ်ရမယ့် လက်ကျန်(၈)အုပ်စလုံး အပ်ပြီးသွားပြီဆိုပါတော့။ ထုတ်ဝေသူဘက်က တစ်လတစ်အုပ်နှုန်းနဲ့ ဆက်တိုက် ထုတ်သွားပါလိမ့်မယ်။ အဲဒီထဲမှာမှ "အချစ်နဲ့ ၀ိညဉ်" ရယ်၊ "အချစ်၏ အခြားသော နာမတော်" ရယ် နှစ်အုပ်ကတော့ မြင့်မြတ်၊ နေတိုးတို့နဲ့ ဗီဒီယို ရိုက်ပြီးသွားပြီ။
သြော်.. အခု "တစ်ခါတုန်းက တက္ကသိုလ်မှာ" ဆိုတဲ့ လုံးချင်းဝတ္ထုကိုလည်း မျက်ခြယ်ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးက ၀ယ်သွားပါပြီ။

-----------------
----------------------
------------------------------
ဒီအောက်ကဟာတွေကတော့ လျှပ်တစ်ပြက်ဂျာနယ် အတွဲ(၂)၊ အမှတ် (၅၂)မှာ ဆရာနွမ်ဂျာသိုင်းရဲ့ တုံ့ပြန်ချက်ဖြစ်တဲ့ "နားလည်ပေးချင်ပါတယ် ဒါပေမယ့်" ဆိုတဲ့ ပေးစာဖြစ်ပါတယ်။

မျိုးကိုမျိုးသို့ အိတ်ဖွင့်ပေးစာ
တစ်ခါတုန်းက တက္ကသိုလ်မှာဆိုတဲ့ ၀တ္ထုကို (၅-၂-၈၁)နေ့က ရေးသားပြီးခဲ့ပြီး (၁၉၈၁)ခုနှစ် ဧပြီလမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီလုံးချင်းဝတ္ထုကို (၁၉၈၈)ခုနှစ်မှာ ဒုတိယအကြိမ်၊ (၁၉၉၅)ခုနှစ်မှာ တတိယအကြိမ်၊ (၂၀၀၅)ပတ်ဝန်းကျင်မှာ စတုတ္ထအကြိမ် အကြိမ်ကြိမ်ဆိုသလိုလဲ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဗီဒီယိုရုပ်ရှင်အနေနဲ့လည်း အကယ်ဒမီဆုများရှင် ဒါရိုက်တာ မောင်တင်ဦးက ထုတ်လုပ်သူ စင်ရော်မောင်မောင်အတွက် ရိုက်ကူးထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ကက်ဆက်ခွေဇာတ်လမ်းလည်း အကယ်ဒမီသုမောင်တို့ ပါဝင်ပြီး ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။

ဇာတ်သဘင်မှာဆိုလဲ ရွှေမန်းသဘင်က မောင်ချမ်းသာက စင်တင်ပြဇာတ်အနေနဲ့ ကပြခဲ့ပါတယ်။ စာပေဟောပြောပွဲတွေမှာလည်း မြို့ပေါင်း ၂၀၀ ကျော်၊ ပွဲပေါင်း ၅၀၀ ကျော်မှာ ဒီဝတ္ထုရေးဖြစ်ခဲ့တဲ့အကြောင်းနဲ့ ဒီဝတ္ထုအပေါ် ကျွန်တော်ခံစားရမှုတွေ ဟောခဲ့ပြောခဲ့ဖူးပါတယ်။

အဓိပ္ပါယ်ကတော့ ဒီနာမည်လေးနဲ့ ဒီဝတ္ထုဟာ ကျွန်တော်နဲ့ တွဲဖက်ပြီး မြောက်မြားပြားလှစွာသော အကြောင်းတွေနဲ့ ပရိသတ်က သတ်သတ်မှတ်မှတ် အသိအမှတ် ပြုထားခဲ့တယ်လို့ ပြောချင်တာပါပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က လျှပ်တစ်ပြက်ဂျာနယ် ဖတ်လိုက်ရချိန်မှာတော့ ဒီနာမည်ကို တခြားစာရေးဆရာတစ်ယောက်က ခပ်တည်တည်နဲ့ (မျက်နှာကြောတင်းတင်း) ယူသုံးထားတာ တွေ့လိုက်ရပါတယ်။ အဲဒီအခါမှာ ခံစားမှုနှစ်ခု တစ်ပြိုင်နက်တည်း ဖြစ်ခဲ့ရပါတယ်။ တစ်ခုက ဒီလိုဖြစ်ပျက်နေတာကို ကာယကံရှင် ကျွန်တော်သိတောင် မသိတဲ့အချိန်မှာ တာဝန်သိသိ ဖော်ထုတ်ပေးတဲ့ လျှပ်တစ်ပြက်နဲ့ ကိုမြတ်ခိုင်ကို ကျေးဇူးတင်တာပါပဲ။ နောက်တစ်ခုကတော့ ၀တ္ထုနာမည်ကို အခွင့်မရှိဘဲ ယူသုံးထားတဲ့ စာရေးဆရာရဲ့ မာကြောကြော၊ ခပ်တင်းတင်း ဖြေရှင်းချက်တွေကြောင့် စိတ်မကောင်းဖြစ်ရတာပါပဲ။ ဖြေရှင်းချက်တွေထဲက ကျွန်တော်မနှစ်သက်တဲ့ အချက်တချို့ကို ကောက်နုတ်ဖော်ပြပါရစေ…

အားမနာတမ်းပြောရရင် ဒီဝတ္ထုခေါင်းစဉ်က ဆရာနွမ်ဂျာသိုင်း ရေးသားခဲ့ပြီး အောင်မြင်မှုတွေရခဲ့တဲ့ တစ်ခါတုန်းက တက္ကသိုလ်မှာ ၀တ္ထုနာမည်အတိုင်း ဖြစ်နေတယ်လေ….


ဟုတ်တယ် တစ်ခါတုန်းက တက္ကသိုလ်မှာ ဆိုတဲ့ ကိုယ့်ရဲ့ လုံးချင်းဝတ္ထု ထွက်လာတာနဲ့ တစ်ပြိုင်နက်တည်းဆိုသလိုပဲ ဆရာဦးမြတ်ခိုင် အပါအ၀င် စာပေစာနယ်ဇင်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေကရော ကျောင်းတုန်းက သူငယ်ချင်း တချို့ကပါ သတိပေးစကား ဆိုလာကြတယ်။

အမှန်က အဲဒီမှာကတည်းက ကိုယ်လုပ်ခဲ့တာ မဟုတ်ဘူး။ မမှန်ဘူး။ မှားနေတယ်ဆိုတာ သိဖို့ကောင်းပါတယ်။ တကယ့်တကယ် အမှန်ကတော့ သူများ မပြောခင်ကတည်းက (စာရေးဆရာစစ်စစ်မှန်မှန်သာ ဖြစ်ခဲ့မယ်ဆိုရင်) ငါဒီလိုလုပ်တာ မသင့်တော်ဘူး။ ဒီလိုအလုပ်မျိုးဟာ သိပ်ရှက်ဖို့ကောင်းတယ်ဆိုတာ သိသင့်ပါတယ်။

ထားပါ၊ သတိပေးမှ သိတယ်ဆိုရင်လဲ အဲဒီမှာ ငါတော့ မှားသွားပြီထင်တယ်။ ရိုးရိုးသားသားပဲ ၀န်ခံတောင်းပန်၊ နောက်အကြိမ်များ ထုတ်တဲ့အခါ တစ်မျိုးတစ်ဖုံ ပြင်ဆင်သွားမယ်လို့ ဆုံးဖြတ်သင့်ပါတယ် (ရိုးသားမယ်ဆိုရင်ပေါ့လေ)။ အဲဒီလိုမဟုတ်ဘဲ ဇွတ် မုန်လာဥလုပ်ဖို့ ကြိုးစားတဲ့အခါ အမှားတွေက ထပ်ဆင့်သွားပါတယ်။

တစ်ရက်တော့ တိုက်တိုက်ဆိုင်ဆိုင် တစ်ခါတုန်းက တက္ကသိုလ်မှာလို့ အမည်ပေးထားတဲ့ ကိုရီးယားကားလေး ၀ယ်ကြည့်လိုက်မိတယ်။ အဲဒီနာမည်လေးက ရိုးရှင်းလှပပြီး…

အမှန်က ကိုရီးယားကားဆိုတာလေးဟာ မြန်မာလိုသင့်တင့်သလို ပြန်ဆိုပြီး ရုပ်မြင်သံကြားက တစ်ပြည်လုံးကို လွှင့်ခဲ့တာ လပေါင်းများစွာပါ။

ဒီနာမည်လေး သိပ်သဘောကျသွားတဲ့အချိန်မှာ ရုပ်မြင်သံကြားကော နွမ်ဂျာသိုင်းကိုကာ သတိရသင့်ပါတယ်။ ကိုရီးယားကားတွေကို ရုပ်မြင်သံကြားက မြန်မာပြန်တဲ့အခါ အဲလိုပဲ ထင်ရှားတဲ့ မြန်မာဝတ္ထုခေါင်းစဉ်လေးတွေကို သဘောကျရင်ကျသလို ပြန်သုံးတတ်ပါတယ်။ သက်ဆိုင်ရာ ကာယကံရှင်က ကျေနပ်မကျေနပ် ဆိုတာကတော့ တစ်ယောက်ချင်းသဘောပါပဲ။ သူတောင် လုပ်သေးတာပဲ၊ ငါလည်း လုပ်ခွင့်ရှိတယ်လို့ ဇွတ်ဆုံးဖြတ်ခွင့် မရှိပါဘူး။

မြ၀တီတို့၊ မြန်မာ့ရုပ်မြင်သံကြားတို့က ၀တ္ထုမဟုတ်တဲ့နေရာမှာ ယူသုံးတာကို ကျွန်တော်ကြည်ဖြူရင် ကြည်ဖြူပေမယ့် အဲဒီနာမည်အတိုင်း ၀တ္ထုခေါင်းစဉ်လုပ်တာကိုကတော့ ကျွန်တော်ကြည်ဖြူစရာ အကြောင်းမရှိပါဘူး။

သူများဖန်တီးထားတာကို ခင်ဗျားတွေ့တဲ့အချိန်မှာ လပေါင်းများစွာ နာမည်ရှာလို့ မရတဲ့ဝတ္ထုအတွက် သိပ်သဘောကျနှစ်ခြိုက်သွားရင် အဲဒီကာယကံရှင် အဲဒီနာမည်လေးကို ဖန်တီးစီရင်ခဲ့တုန်းက ဘယ်လောက် တန်ဖိုးထားခဲ့မယ်ဆိုတာ ကိုယ်ချင်းစာပြီး သိသင့်ပါတယ်။

ခင်ဗျားဘယ်ဝတ္ထုနဲ့ နာမည်ကြီးနေလဲဆိုတာကိုတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အဲဒီဝတ္ထုနာမည်ကို တစ်ယောက်ယောက်က မပြောမဆို ယူသုံးသွားမယ်ဆိုရင် ခင်ဗျားခွင့်လွှတ်နိုင်ပါ့မလား၊ နားလည်မယ်ဆိုရင်တော့ ခင်ဗျားဟာ ကိုယ်ဖန်တီးခဲ့တာတွေ မဟုတ်လို့ပါပဲ။

အဲဒီထဲမှာ အစော်ကားဆုံးကတော့ ဆရာနွမ်ဂျာသိုင်းရဲ့ "တစ်ခါတုန်းက တက္ကသိုလ်မှာ"ဆိုတဲ့ ၀တ္ထုရော "ဟိုတုန်းက တက္ကသိုလ်" ဆိုတဲ့ ၀တ္ထုအပါအ၀င် ဆရာရေးခဲ့သမျှ ၀တ္ထုအားလုံးကိုဆိုတဲ့ စကားပါပဲ။

ကျွန်တော်ရေးခဲ့တဲ့ ၀တ္ထုလုံးချင်းစာအုပ် ၁၀၀ လောက်မှာ တစ်ခုမှ တက္ကသိုလ်နောက်ခံနဲ့ မလွတ်ပေမယ့် "ဟိုတုန်းက တက္ကသိုလ်"ဆိုတဲ့ အဲဒီလောက် အသုံးမကျဆုံး နာမည်ပေးထားတဲ့ ၀တ္ထုတစ်ပုဒ်မှ မရှိပါဘူး။ ကျွန်တော့်ဝတ္ထုခေါင်းစဉ်က "တစ်ခါတုန်းက တက္ကသိုလ်မှာ"ပါ။ နောက်ဆုံးမှာ "မှာ" ဆိုတာလေး ပါ,ပါသေးတယ်။

အချိန်ပြ "တစ်ခါတုန်းက" ဆိုတာရော နေရာပြ "တက္ကသိုလ်မှာ" ဆိုတာရောက ဘုံပိုင်ဝေါဟာရတွေဆိုတာ အားလုံးသိနားလည်ပြီးနေမှာပါလို့ မရှက်မကြောက် ပြောရဲလောက်အောင် ခင်ဗျားညံ့ပါတယ်။

စာပေအစဉ်အလာရှိတဲ့ ခင်ဗျား လေးစားတဲ့ သမာဓိရှိတဲ့ ဆရာတစ်ယောက်ကို မေးကြည့်ပါဗျာ။ ဒီအထိ (စာရေးဆရာ အမည်ခံထားတဲ့) လူတစ်ယောက်ကို လိုက်ရှင်းပြနေရတာ စိတ်ပျက်ဖို့ ကောင်းလွန်းပါတယ်။

ဘာပဲပြောပြော ခုလိုနာမည်တူ ပေးလိုက်မိသလို ဖြစ်သွားတဲ့အတွက် ဆရာနွမ်ဂျာသိုင်းဘက်ကလည်း နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်တဲ့။

စိတ်ပျက်ဖို့ ကမ်းကုန်သွားပြီဗျာ။

ခုကိစ္စက နာမည်တူပေးလိုက်မိသလို ဖြစ်သွားတာမဟုတ်ဘူး။ ကိုယ့်လူ နာမည်တူကိုပေးပြီး မျက်နှာပြောင်တိုက်နေတာ ကိုယ့်လူကို မိနေတာက ခိုးထုပ်ခိုးထည်နဲ့ကို မိနေတာ။

ကျွန်တော်က "အချစ်၏ အခြားတစ်ပါးသော သန္တာန်" ဆိုတဲ့ နာမည်နဲ့ ၀တ္ထုရေးဖူးတယ်။ လုံးချင်းပဲ။ ခင်ဗျားက "အချစ်၏ အခြားသော အမည်နာမတော်"လို့ ရေးတယ်။ အဲဒါမျိုးမှာ ကျွန်တော်က အဖြစ်သည်းနေရင် ကျွန်တော်အလွန်။

ခုဟာက ဒါမျိုးမဟုတ်ဘူး။

သြော်… တစ်ခုတော့ မမေ့နဲ့။ အခု တစ်ခါတုန်းက တက္ကသိုလ်မှာကို မျက်ခြယ်ဗီဒီယို ထုတ်လုပ်ရေးက ၀ယ်သွားပြီလို့ ကြေညာလိုက်ပြီနော်။ အဲဒါဆို မျက်ခြယ်ပါကြားအောင် ကျွန်တော်ပြောရတော့မယ်။ မျက်ခြယ်ရေ… ယောင်ပြီးတော့များ အဲဒီနာမည်နဲ့ ရုပ်ရှင် ဗီဒီယို မရိုက်လိုက်နဲ့နော်။ ကျွန်တော် အစည်းအရုံးကော၊ ဆင်ဆာရောကို ကန့်ကွက်မှာ။

နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်လို့လည်း လက်လွတ်စပယ် မပြောကြပါနဲ့ဗျာ။ နားလည်ပေးချင်ပါတယ်၊ ဒါပေမယ့်…..

အနုပညာဆိုတာ အဲလောက် ပေါပေါပဲပဲ မနိုင်ပါဘူး။

နွမ်ဂျာသိုင်း

ရယ်သောသူအသက်ရှည်၏


အင်တာနက်ပေါ်က ဟာသတွေကို ဘာသာပြန်ဖို့ ကျွန်တော့်မှာ အခက်အခဲအချို့ ရှိတဲ့အတွက် ဆရာ မောင်ကောင်းထိုက်(နှီးပဒေါ)ရဲ့ ဟာသပဒေသာတွေက ကောင်းနိုးရာရာလေးတွေကိုပဲ ပြန်တင်ပေးလိုက်ပါတယ်နော်။ ဖတ်ပြီးသားတွေများ ဖြစ်နေခဲ့ရင် ခွင့်လွှတ်နားလည်ပေးကြပါလို့ ကြိုတင်တောင်းပန်ရင်း။

ကောက်ချက်
ဆေးထိုးပြီးတဲ့အခါ အမေးဆုံး မေးခွန်းတွေ။
(ယောက်ျား)
ကျွန်တော်…. အရက်သောက်လို့ ရမလားဟင်…
(မိန်းမ)
ကျွန်မ…. ရေချိုးလို့ ရမလားဟင်…
အဲဒါကိုကြည့်ပြီး မိန်းမတွေ ညစ်ပတ်နေတယ်၊ ယောက်ျားတွေ တစ်ခွက်မှ မရသေးဘူးလို့ ကောက်ချက်ချနိုင်တယ်။

ဖြစ်လာမှာပါ
ဘားကောင်တာသို့ ဂျိမ်းစ်ဘွန်း လျှောက်လာသည်။ ကုလားထိုင်လွတ်တစ်ခုတွင် ၀င်ထိုင်လိုက်ပြီး မာတီနီ မှာသောက်သည်။
ဘေးကုလားထိုင်တွင် မိန်းမချောတစ်ယောက်။
သူမကို ဂျိန်းစ်ဘွန်း လုံးဝဂရုမစိုက်။ လက်တွင်ပတ်ထားသော မိမိ၏ နာရီကိုသာ မကြာခဏကြည့်နေသည်။ အမျိုးသမီး စိတ်ဝင်စားလာပြီး မေးသည်။
"ဘာလဲ… မိတ်ဆွေအမျိုးသမီး နောက်ကျနေသလား"
"မဟုတ်ပါဘူး… နောက်ဆုံးပေါ်နာရီကို ကြည့်မ၀ဖြစ်နေလို့ပါ"
"တခြားနာရီတွေထက်…. ဘာများသာလို့လဲရှင့်"
"အများကြီးသာတာပေါ့။ သူ့မှာ ထိုးထွင်းသိမြင်တဲ့ဉာဏ်ပါတယ်။ ဥပမာ… ခင်ဗျား ဘရာစီယာ ၀တ်မထားဘူးလို့ ကျုပ်နာရီက သတင်းပေးနေတယ်ဗျ"
အမျိုးသမီး ဟက်ဟက်ပက်ပက် ရယ်ပြီးပြောသည်။
"ရှင့်နာရီမှားပြီ… ကျွန်မမှာ ဘရာစီယာပါတယ်ရှင့်"
ဂျိန်းစ်ဘွန်း နာရီကို သေသေချာချာ ပြန်ကြည့်ပြီးပြောသည်။
"အင်း… နာရီက နာရီဝက်တိတိ မြန်နေတာကိုး"

သူငယ်ချင်းကို ရွေးပါ
"မာယာကော့စကီး… ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော် ခင်ဗျားရဲ့ ကဗျာကိုဖတ်တယ်။ နားမလည်ဘူး"
"ဉာဏ်ကောင်းတဲ့သူငယ်ချင်းကို ရွေးပေါင်းရတယ်ဗျ"

စမ်းကြည့်လိုက်ရောပေါ့
အင်္ဂလိပ်စာရေးဆရာကြီး ဘားနတ်ရှောထံသို့ ၎င်းနှင့်သိကျွမ်းခြင်းမရှိသည့် အမျိုးသမီးတစ်ဦး ဆွစ်ဇာလန်မှနေ၍ စာတစ်စောင် ရေးလိုက်သည်။ စာထဲတွင် "ရှင့်ဆီမှာ အကောင်းဆုံးဦးနှောက်၊ ကျွန်မဆီမှာ အကောင်းဆုံး ကိုယ်လုံးကိုယ်ပေါက်၊ ဒီနှစ်ယောက်ကို ပေါင်းလိုက်ရင် ကမ္ဘာပေါ်မှာ အကောင်းဆုံး ကလေးတစ်ယောက် မွေးလာမှာ သေချာတယ်" ဟု ဖော်ပြထားသည်။
အမျိုးသမီး၏စာကို ဘားနတ်ရှော အောက်ပါအတိုင်း ပြန်ကြားလိုက်သည်။
"အဲဒီ သနားစရာကလေးငယ်ဟာ ကျွန်တော့်ကိုယ်လုံးကိုယ်ပေါက်နဲ့ ခင်ဗျားရဲ့ ဦးနှောက်ကို အမွေဆက်ခံလိုက်ရင် ဘယ်နှယ့်လုပ်မလဲဟင်" ဟူ၍ ဖြစ်သည်။

အစောင့်တပ်သား ကိုချူချာ
လျှို့ဝှက်စခန်းတစ်ခုကို တပ်သားကိုချူချာ စောင့်ကြပ်နေသည်။ စခန်းဘက်ကို ဦးတည်ပြီး ကားတစ်စီး အရှိန်နဲ့ မောင်းလာသည်။
"ရပ်" ဟု ကိုချူချာ အော်လိုက်သည်။
ကားမရပ်ဘဲ ဆက်မောင်းသည်။ သေနတ်ကို မောင်းတင်ပြီး ကိုချူချာ ပထမတစ်ချက်ပစ်သည်။ ဒရိုင်ဘာကို ထိသွားသည်။ ဒုတိယတစ်ချက် ထပ်ပစ်သည်။ ကားပေါ်ပါလာသောသူကို ထိသွားသည်။ ကားလည်း ရပ်သွားသည်။
ကိုချူချာ အော်ပြောသည်။
"ရပ်လိုက်တာ ကံကောင်းတယ်မှတ်….. တတိယအကြိမ်ကျရင် … ချူချာ မိုးပေါ်ထောင်မပစ်တော့ဘူးဟေ့"

Monday, September 28, 2009

တွေ့ရကြုံရ ရှတတလေးတွေ - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
ဟိုတစ်နေ့က ပျင်းပျင်းရှိတာနဲ့ ဗီဒီယိုခွေလေးဘာလေး ငှားကြည့်ရအောင်ဆိုပြီး ဗီဒီယိုခွေငှားဆိုင်ကို သွားပါတယ်။ ထုံးစံအတိုင်း မူရင်းခွေမရှိတဲ့ ကူးခွေဆိုင်ပဲဆိုပါတော့။ အခွေဆိုင်ရောက်တော့ ဘာကားကြည့်ရမလဲဆိုတာ လိုက်ရှာပါတယ်။ ကျွန်တော်က မင်းသား၊ မင်းသမီးရွေးတဲ့လူဆိုတော့ ဗီဒီယိုခွေ တစ်ခါငှားရင် အနည်းငယ်ကြာတတ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်နဲ့ အဖော်လိုက်လာတတ်တဲ့ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော်ဗီဒီယိုခွေရွေးမယ်ဆိုရင် နှာခေါင်းရှုံ့ကြတာပါ။ တစ်ခွေချင်းကို စိတ်ရှည်လက်ရှည် ရွေးနေတဲ့ကျွန်တော့်ကို သူတို့တွေ စိတ်မရှည်ကြတာကို သိပေမယ့်လည်း ကိုယ့်ရဲ့ ရှားပါးလှတဲ့အချိန်တွေထဲကနေ တကူးတကဖဲ့ပေးပြီး ကြည့်ရမယ့်ဇာတ်လမ်းတစ်ခုဟာ ကွမ်းယာလို ဇာတ်လမ်းဖြစ်နေရင် မခက်ချေဘူးလား။ သြော် ကွမ်းယာလိုဇာတ်လမ်းဆိုတာက အရည်မရ… အဖတ်မရ… ပတ်ဝန်းကျင်လည်းညစ်ပတ်… စားတဲ့လူလည်းရောဂါရ ဆိုတဲ့သဘောကို ပြောချင်တာပါ။ အဲဒါကြောင့် မင်းသားသစ်တွေဆိုရင် မကြည့်ဖြစ်တာများပါတယ်။ အခြားလူတွေက တအားကြီးအာမခံပြီး အဲဒီမင်းသားကတော့ သရုပ်ဆောင်တာကောင်းတယ်၊ သဘာဝကျတယ် စသည်ဖြင့် ပြောလွန်းမှသာ ငှားကြည့်တတ်ပါတယ်။ ဘေးချော်သွားပြန်ပြီ။ မူလလမ်းကြောင်းကို ပြန်ဆက်ရအောင်ပါ။ အဲဒီလို အခွေရွေးရင်းနဲ့ ကျွန်တော်ကြည့်ချင်တဲ့ ကောင်းမယ်ထင်တဲ့ ဇာတ်ကားမျိုးမတွေ့တဲ့အတွက် အခွေဆိုင်က ကောင်မလေးကို "ဘာဇာတ်ကား အသစ်တွေထွက်သေးလဲ… လုပ်စမ်းပါဦး"လို့ ပြောမိပါတယ်။ ကောင်မလေးက ပါးစပ်ကနေ ပွစိပွစိနဲ့ ရေရွတ်ရင်း အခုလက်တလော အသစ်ထွက်တဲ့ ဇာတ်လမ်းတွေကို စဉ်းစားနေပါတယ်။ ပြီးတော့မှ သတိရသွားဟန်နဲ့ ၀မ်းသာအားရ ပြောပါတယ်။ "ဒီအခွေကြည့်ပါလား…. တော်တော်ကောင်းတယ်" တဲ့။ အခွေပေါ်မှာ ရေးထားတာကို ဖတ်လိုက်တော့ "ဥမ္မာဒန္တီ"တဲ့။ ဟာ……… ဆိုပြီး ကျွန်တော် အတော်လေးကို စိတ်ညစ်သွားပါတယ်။ ကောင်မလေးက ထပ်ပြီး ရှင်းပြနေပြန်ပါသေးတယ်။ "တော်တော်ကောင်းတယ်… ဘုရင်ကြီးက မင်းသမီးကို မရလို့ ရူးသွားတဲ့ဇာတ်လမ်း" ဆိုပြီး ကျွန်တော့်ကို ကြော်ငြာနေပြန်ပါရောလား။ အေးပေါ့လေ… သူတို့တွေအတွက်တော့ အဲဒီလို ဇာတ်လမ်းတွေဟာ အထူးအဆန်းဇာတ်လမ်းတွေ ဖြစ်နေပါလိမ့်မယ်။ သူတို့တွေဟာ ကျွန်တော်တို့တွေလို ငယ်ငယ်က အဲဒီလိုဇာတ်လမ်းတွေကို အိပ်ရာဝင်ပုံပြင်တွေအဖြစ် နားထောင်ခဲ့ကြရတာမှ မဟုတ်ဘဲ။ သူတို့အတွက် ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး ဆိုတဲ့ ပုဂံသူရဲကောင်းတွေထက် စပိုက်ဒါမန်း၊ စူပါမန်း၊ ပါဝါရိန်းဂျား၊ ဟယ်ရီပေါ့တာ စတဲ့ဇာတ်ကောင်တွေက ပိုပြီး သူတို့စိတ်ကို လွှမ်းမိုးထားမှာပေါ့။ ဒါက အဲဒီအခွေငှားဆိုင်က ကောင်မလေးကို ကျွန်တော့်ကို ကြော်ငြာနေတုန်း ကျွန်တော်တွေးနေမိတာတွေပါ။ အဲဒီအထိ ပြဿနာမရှိသေးပါဘူး။ ကျွန်တော်က ရှည်ကဲပြီး "အဲဒီကားတွေ မကြည့်ချင်ပါဘူးဟာ…. အခြားကားသာ ပေးစမ်းပါ… အဲဒါဇာတ်ကားတွေကို ငါတို့ကြည့်တဲ့အချိန်မှာ နင်တို့မွေးတောင် မမွေးသေးပါဘူး… " လို့ ပြောမိတာက စတာပါ။ အံမယ်မင်း… သူ့ကို အဲဒီလိုပြောတော့ သူကမကြိုက်ဘူးဗျ။ သဘောကတော့ သူ့ကို ကလေးလို့ပြောတာကို မခံချင်ဖြစ်တာလို့ ကျွန်တော်ယူဆပါတယ်။ သူက သူ့ကိုယ်သူ လူကြီးတစ်ပိုင်းဖြစ်နေပြီလို့ ခံယူထားပုံ ရပါတယ်။ ဘာပြန်ပြောတယ်မှတ်လဲ။ "အဲဒါတော့ မဖြစ်နိုင်ပါဘူး… မွေးတော့မွေးလောက်ပါပြီ" တဲ့။ ကျွန်တော်ရယ်လိုက်မိပါတယ်။ "ကဲပါ… ဟုတ်ပါပြီ… ညည်းအသက်ဘယ်လောက်ရှိပြီလဲ" လို့ မေးလိုက်တော့ ဘာပြန်ဖြေလဲဆိုတော့ "၉၃ ခုနှစ်ဖွား"တဲ့။  ကျွန်တော်အိနြေ္ဒမဆည်နိုင်အောင်ကို ရယ်မိပါတယ်။ ပါးစပ်ကလည်း "ငါ ၁၃ နှစ်သားတုန်းက နင်မွေးတောင်မမွေးသေးဘူး" လို့လဲ ပြောလိုက်ပါတယ်။ ကျွန်တော်နဲ့ အသက် (၁၀)နှစ်ကွာတဲ့ အငယ်ဆုံးနှမထက်တောင်ငယ်တဲ့ အဲဒီကောင်မလေးက လူကြီးဟန်နဲ့ ကျွန်တော့်ကို ရန်တွေ့နေတာကို ကျွန်တော်အတော်လေးကို သဘောကျနေမိပါတယ်။ ကျွန်တော်နဲ့အတူပါလာတဲ့ ညီငယ်တစ်ယောက်ဆိုရင် ရယ်လို့ကို မဆုံးဘူး။ အစ်ကိုကြီးကို သူနဲ့သက်တူရွယ်တူလောက်ပဲ ထင်နေပုံရတယ်တဲ့။ မဟုတ်မှန်းသိရဲ့နဲ့ သူ့ကို ပြန်မေးမိပါတယ်။ "ငါက အဲဒီလောက်တောင် နုနေလားကွ" လို့။ အဲဒီကျတော့မှ ညီငယ်က ကျွန်တော့်ကိုသေချာကြည့်ပြီး ပိုပြီးရယ်တော့တာပေါ့ဗျာ။ သူဘာကြောင့်ရယ်တယ်ဆိုတာ ကျွန်တော်အသေအချာကို နားလည်ပါတယ်…. အဲဒါကို ကိုယ်တော်က မကျေနပ်နိုင်ဘူး…. ထပ်ပြီးတော့တောင် ရှင်းပြလိုက်သေးတယ်။ "နုပါ့အစ်ကိုရာ…. ကျွန်တော်က အစ်ကိုတို့နဲ့ ပေါင်းနေလို့ပေါ့… မသိတဲ့လူသာဆိုရင် အစ်ကို့ကို ဦးလေးလို့ ခေါ်မှာပဲ" တဲ့။ ဟားဟားဟားဟား…. အဲဒီလိုလူကို အခွေငှားဆိုင်က ကလေးမက "ဥမ္မာဒန္တီ" ဇာတ်လမ်းကြည့်ခိုင်းတာကိုမှ မရယ်ရင် ကျွန်တော်ဘယ်မှာသွားပြီး ရယ်မလဲဗျာ။ ကြုံရတာလေးပြောပါတယ်။

(၂)
အပေါ်မှာ အခွေငှားဆိုင်အကြောင်းပြောရင်းနဲ့ တစ်ဆက်တည်းသတိရလို့ ထပ်ပြောမလို့ပါ။ အပေါ်မှာ ပြောခဲ့သလို ကျွန်တော်ဟာ အခွေငှားဆိုင်မှာ အခွေရွေးတဲ့အခါ အင်မတန်အချိန်ယူတယ်၊ အင်မတန်မှကို ချေးများတယ်လို့ စကားပလ္လင်ခံခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကြုံရတာလေးတွေကို ဆက်ပြောမလို့ပါ။ ဒီလိုပါ အခွေတွေကို ရွေးပြီဆိုတဲ့အခါ အကြမ်းဖျင်းအနေနဲ့ ၅ ခွေ ၆ ခွေလောက် အရင်ရွေးထားတတ်ပါတယ်။ ပြီးတော့မှ အဲဒီထဲကနေ ဘယ်အခွေဟာ ဘယ်လိုဇာတ်လမ်းမျိုးလည်း ဆိုတာကို အခွေဆိုင်ကိုမေးတာ၊ အခွေလာငှားတဲ့ လူတွေကို ပြန်မေးတာ စသည်ဖြင့် လုပ်ပါတယ်။ စိတ်တိုင်းကျပြီဆိုမှ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ ၂ ခွေကို ငှားပါတယ်။ ဒါကလည်း တကယ်လို့များ တစ်ခွေက ပုံမလာရင် နောက်တစ်ခွေနဲ့ လဲလှယ်ကြည့်ရှုလို့ ရအောင်ပါ။ နို့….. မဟုတ်လို့ကတော့ ငှားလာတဲ့ဇာတ်လမ်းက မကောင်းဘူးဆိုရင် ဗီဒီယိုမကြည့်ဘဲနေရင်နေလိုက်ရမယ်၊ ဒါမှမဟုတ် အဲဒီမကောင်းတဲ့ဇာတ်ကားကိုပဲ စိတ်ဆင်းရဲစွာနဲ့ အချိန်ပေးပြီး ထိုင်ကြည့်နေရဦးမယ်၊ မေတ္တာတွေ ပို့နေရဦးမယ်၊ စိတ်တိုနေရဦးမယ်။ ဒါတွေကို ကြိုတွေးမိလို့ပါ။ အဲဒါတွေထက်ပိုဆိုးတဲ့ ကျွန်တော်အကြောက်ဆုံး အကြောင်းပြချက် ရှိပါသေးတယ်။ အဲဒါကို ပြောချင်လွန်းလို့ ရေးတာပါ။ ဒီလိုပါ ကျွန်တော်တို့က ဗီဒီယိုကြည့်တဲ့အခါ အနည်းဆုံး သူငယ်ချင်း လေးငါးယောက်စုပြီး ကြည့်တာပါ။ အများအားဖြင့် ငှားကြည့်ဖြစ်တာက ဟာသကားတွေ များပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာ တစ်ယောက်က နိုင်ငံခြားရုပ်ရှင် ဇာတ်လမ်းတွေနဲ့ ပတ်သက်ရင် တကယ့်ကို စပါယ်ရှယ်လစ်ပါ။ သူမကြည့်ဖူးတဲ့ နိုင်ငံခြားရုပ်ရှင် ဇာတ်လမ်းဆိုတာ အတော်ကို ရှားပါတယ်။ ကျွန်တော်တို့အတွက် ဘယ်လောက်ပဲ အသစ်ဖြစ်နေဖြစ်နေ သူက အမြဲတမ်း အဲဒီဇာတ်ကားကို ကြည့်ပြီးသား၊ သိပြီးသား ဖြစ်နေတတ်ပါတယ်။ ဟောလိဝုဒ်က မင်းသား၊ မင်းသမီးနာမည်ဆိုတာလည်း သူမသိတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် သူက မြန်မာကားကို လုံးဝမကြိုက်ပါဘူး။ နောက်ပိုင်းမှ ကျွန်တော်က အတင်းအကြပ် မဲဆွယ်ပြီး ကြည့်ခိုင်းလွန်းတဲ့အတွက် ကျွန်တော်တို့တွေ ဗီဒီယိုကြည့်တဲ့အခါ လာထိုင်တာပါ။ ထားပါတော့လေ ဆိုလိုရင်းကို ပျောက်သွားသလိုတောင် ဖြစ်သွားပါတယ်။ စောစောကပြောသလို ဗီဒီယိုခွေငှားလာတယ်။ သူငယ်ချင်းတွေ စုပြီး ထိုင်ကြည့်ကြတယ်။ အများအားဖြင့်က ဟာသကားတွေ။ ဒါပေမယ့် ဟာသကားကလည်း ကျွန်တော်ကြည့်သလောက် မှီအောင် ထွက်တာမဟုတ်တော့ အခြားသော ကောင်းနိုးရာရာ ဇာတ်လမ်းလေးတွေကိုလည်း ကြည့်ကြရတာပေါ့။ အများအားဖြင့်တော့ ကျွန်တော်ငှားလာတဲ့ ဇာတ်ကားတွေဟာ အတော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ ကြည့်တဲ့လူတွေ ကြိုက်ကြတယ်ဆိုပါတော့။ အဲ…. တစ်ခါတစ်လေတော့လည်း အဆင်မပြေတာ ရှိတာပေါ့ဗျာ။ အဲဒီလိုနေ့များဆိုရင် ကိုယ်တော်ချောသူငယ်ချင်းတွေက ကျွန်တော့်ကို စကားလုံးတွေ အမျိုးမျိုးနဲ့ ချီးမွမ်းကြတာများ ခင်ဗျားတို့ကို ကြားစေချင်လိုက်တာဗျာ။ ကျွန်တော်လည်း ဘာပြန်ပြောနိုင်မလဲဗျာ…. ပုံမလာပန်းမလာရိုက်တဲ့ ဒါရိုက်တာ၊ ပုံမလာပန်းမလာ သရုပ်ဆောင်တဲ့ မင်းသား၊ မင်းသမီးတွေ၊ ပုံမလာပန်းမလာထုတ်တဲ့ ထုတ်လုပ်ရေး၊ ပုံမလာပန်းမလာခွေကိုငှားတဲ့ အခွေငှားဆိုင် စသည်ဖြင့် ကျွန်တော့်မျက်စိရှေ့မှာမရှိတဲ့ သူတွေကိုပဲ ကျိန်ဆဲရတာပေါ့ဗျာ။ နောက်နေ့ညနေရောက်တာနဲ့ လက်ဘက်ရည်ဆိုင်ထိုင်ပြီးလို့ အဆောင်ပြန်ရောက်ရင် သူငယ်ချင်းတွေက မေးမြဲမေးခွန်းကို မေးကြပါတယ်။
"ဒီနေ့ ဘာခွေတွေ ငှားထားလဲ" တဲ့။

(၃)
သတင်းစာ လာမပို့တာ နှစ်ရက်ရှိပြီမို့ ဒီနေ့လာပို့တဲ့အခါ သတင်းစာပို့သမားကို ကျွန်တော်ခေါ်ပြောမိပါတယ်။ သူရဲ့အကြောင်းပြချက်က ညနေပိုင်းတွေ မိုးရွာနေလို့ဆိုတာရယ်၊ သိပ်နေမကောင်းလို့ ဆိုတဲ့အဖြေတွေပါပဲ။ ကျွန်တော်လည်း ခဏခဏ ပြောနေရတာဖြစ်တဲ့အတွက် အတော်လေးကို စိတ်ပျက်မိတာ အမှန်ပါပဲ။ ဒါပေမယ့် သတင်းစာပို့တဲ့လူကလည်း သူတစ်ယောက်တည်း ရှိတဲ့အတွက် ဘယ်သူ့ကိုမှ ပြောင်းယူလို့ မရတာက ကျွန်တော့်အတွက် တစ်ပန်းရှုံးနေတော့တာပေါ့။ သူလုပ်သမျှကို ခံနေရတာ အတော်လေးကို ခံပြင်းပါတယ်။ သတင်းစာဆိုတာ နေ့စဉ်ဖတ်ရတဲ့အမျိုးပါ။ အဲဒီလို နေ့စဉ်ဆိုတာတောင် ကျွန်တော်တို့ဆီမှာက ညနေပိုင်းမှ ဖတ်ရတာပါ။ နေ့လည် ၂ နာရီ ၃ နာရီဝန်းကျင်မှ သတင်းစာက ကျွန်တော်တို့မြို့လေးကို ရောက်ပါတယ်တဲ့။ ကိုယ်က ရန်ကုန်မှာနေတာ မဟုတ်ဘူးလေဆိုပြီး ညနေပိုင်းမှ ဖတ်ရတာကိုတောင် အပြစ်မမြင်ဘဲ ဘာမှမပြောပါဘူး။ နေ့တိုင်းလာပို့နေရင်ကို အစဉ်ပြေတယ်လို့ သဘောထားခဲ့တာပါ။ ဒါပေမယ့် နှစ်ရက်သုံးရက် မပို့ဘူးဆိုတာကတော့ လွန်လွန်းတယ်လို့ ထင်ပါတယ်။ နေ့ချင်းသတင်းစာဆိုတဲ့ အဓိပ္ပါယ်ကို မသိတဲ့လူတစ်ယောက်ကို ဘယ်လိုရှင်းပြရမလဲဆိုတာကို ကျွန်တော်အဖြေမတွေ့သေးပါ။ အဲဒီအတွက် ကျွန်တော်က ဒေါသစကားပဲ ပြောလိုက်ရပါတယ်။ ဘာပဲဖြစ်နေဖြစ်နေ သတင်းစာကို နေ့တိုင်းလိုချင်တယ် ဒါပဲ ဆိုတဲ့စကားကလွဲရင် အခြားပြောစရာမှ မရှိတာဗျာ။ ဒီမှာရှိတဲ့ စာအုပ်ဆိုင်တွေ၊ ဂျာနယ်ဆိုင်တွေမှာလည်း သတင်းစာကို တစ်စောင်ချင်း ၀ယ်ဖတ်လို့ရတာ မဟုတ်ပါဘူး။ ပြီးတော့ သတင်းစာဖိုးက လစဉ် ၂၅၀၀ ကျပ် ရှင်းရတာပါ။ သတင်းစာထဲမှာ တစ်စောင်ကို ၅၀ ကျပ်နှုန်းနဲ့ ထုတ်ဝေဖြန့်ချိပါတယ်လို့ တရားဝင်ကြေညာထားတာ ပါပေမယ့် ကျွန်တော်တို့နယ်တွေမှာတော့ ထုံးစံအတိုင်းပဲ သတ်မှတ်ဈေးနှုန်းနဲ့ ဘယ်ရမလဲဗျာ။ အဲဒါကို ကျွန်တော်မပြောလိုပါဘူး။ ပိုက်ဆံလေး ၁၀၀၀ ကျပ်လောက် ပိုပေးရတာကို ဘယ်လိုမှလည်း စိတ်ထဲမှာ မရှိပါဘူး။ အဆောင်အထိလာပို့ပေးတဲ့အတွက် ပို့ခအနေနဲ့ ဒီလောက်တော့ ယူမှာပေါ့လေလို့ ဖြေတွေးတွေးပေးပါတယ်။ ဒါပေမယ့် နေ့ချင်းသတင်းစာကို နှစ်ရက်ကျော် သုံးရက်ကျော် ဖတ်နေရတာကတော့ ဘယ်လိုမှကို သဘာဝမကျတဲ့အပြင် ကျွန်တော့်အတွက် အခြားသော ခံစားမှုတွေကိုပါ ရရှိစေပါတယ်။ အခုလကုန်ခါနီးပါပြီ။ လကုန်ရင်တော့ သတင်းစာဖိုး တောင်းတဲ့ဘောက်ချာ အသေအချာ လာတော့မှာပါ။ အဲဒါကြောင့် ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ အခြားမဟုတ်ပါဘူး။ သတင်းစာဖိုးကို မရှင်းသေးဘဲ နေဖို့ပါ။ နောက်နှစ်လကျော်ကျရင် ရှင်းပေမယ်လို့ စိတ်ကူးထားပါတယ်။ ဒါမှမဟုတ် ကြားထဲမှာ စိတ်ပြေသွားရင်လည်း လ၀က်လောက်ရောက်တဲ့အခါ ရှင်းပေးချင် ရှင်းပေးမှာပေါ့ဗျာ။ အဲဒီလိုဆိုရင် သတင်းစာကို နေ့တိုင်းမဖတ်ရတဲ့ အတွက် ကျွန်တော်ဘယ်လိုခံစားရသလဲဆိုတာကို သတင်းစာပို့တဲ့လူနဲ့ ကျွန်တော်ဘယ်လောက်ပဲ အသိပေးပေး ဘာအရေးယူမှုမှမလုပ်တဲ့ သတင်းစာဖြန့်တဲ့ဆိုင်ကပုဂ္ဂိုလ် ကိုယ်ချင်းစာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အခုလို ကျွန်တော်ဆုံးဖြတ်တာဟာ မှန်သလား၊ မှားသလား ဆိုတာကို ဒီပို့စ်ကိုဖတ်တဲ့ စာဖတ်သူတွေရဲ့အမြင်ကို သိချင်ပါတယ်။ အဆင်ပြေရင် ခင်ဗျားတို့ရဲ့ အမြင်ကို ပြောပြပေးစမ်းပါ။ သြော်… ဒါနဲ့ နည်းနည်းပြောရဦးမယ်။ အလုပ်မရှိ အလုပ်ရှာပြီး သတင်းစာပို့တဲ့လူနဲ့ ပြဿနာရှာရသလားဆိုပြီး တွေးနေကြမှာစိုးလို့ပါ။ အခုလို ကြုံနေရတာ၊ ဖြစ်နေတာဟာ အခုမှမဟုတ်ဘူးဗျ။ ဒီမြို့ကို ကျွန်တော်တာဝန်အရ ပြောင်းလာပြီဆိုကတည်းက မကြာခဏ ကြုံနေရတဲ့ဒုက္ခပါ။ ဘယ်လောက်ကြာပြီလဲ ဟုတ်လား။ ကျွန်တော်ဒီမှာ တာဝန်ကျတာ သုံးနှစ်နီးပါးပဲ ရှိပါသေးတယ်ဗျာ။ ကျွန်တော့်ဘက်ကတော့ သတင်းစာဖိုးကို တစ်လမှ မပျက်ကွက်ဖူးပါဘူး။ မြန်မာ့အလင်းနဲ့ The New Light of Myanmar အတွက် လစဉ် ၅၀၀၀ ကျပ် ပုံမှန်ပေးနေကြောင်းပါ။ နောက်တစ်ခုက သတင်းစာတွေကြားမှာ ပေါက်ကရ မုန့်ဟင်းခါးဆိုင်တို့၊ ဆံပင်ညှပ်ဆိုင်တို့၊ ပိုက်ဆံအိတ်ကျပျောက်တာတို့ စတဲ့ ကြော်ငြာစာရွက်တွေပါလာလို့ ပြောမိပါတယ်။ အင်မတန်ကို ထူးဆန်းအံ့သြဖွယ် သတ္တ၀ါတစ်မျိုးကို တွေ့ရတဲ့ပုံစံမျိုးနဲ့ ကျွန်တော့်ကို ကြည့်ပါတယ်။ ကျွန်တော်သဘောပေါက်သွားပါတယ်။ ရောမရောက်နေတာကို ရောမလိုကျင့်ဖို့ လိုတာကိုးလို့။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်၊ တနင်္လာနေ့။
နံနက် ၀ နာရီ ၁၃ မိနစ်တွင် ပြီး၏။

Game Theory က ပေးသော သင်ခန်းစာ - နေသန်မောင်၊ အောင်ထွဋ်


(၁) နေသန်မောင်၏ Game Theory
နိုင်ငံရေးသိပ္ပံပညာရှင် ရောဘတ်တက်ကာက Prisoner’s Dilemma ဟူသော နိုင်ငံရေးသဘောတရားတစ်ခုကို ၁၉၅၀ ၀န်းကျင်တွင် စတင်ဖော်ထုတ်ခဲ့သည်။ ယင်းသီအိုရီသည် ရီရယ်လစ်ဇင် သဘောတရားများနှင့် လစ်ဘရယ်အတွေးအခေါ်တို့ ရောနှောထားပြီး လူသား၏ အရက်စက်ဆုံးသော အမှန်တရားအပေါ် လက်တွေ့အကျဆုံး တွက်ချက်မှုများဖြင့် အခြေခံထားသည်။

တက်ကာ၏ Prisoner’s Dilemma ဆိုင်ရာ ရှင်းလင်းချက်မှာ လူနှစ်ဦးအား ရဲက ပြစ်မှုတစ်ခုအတွက်ဖမ်းဆီးပြီး ပြစ်မှုကို တစ်ယောက်ယောက်က ကျူးလွန်ကြောင်း ၀န်ခံစေလိုသည့်အခါ Prisoner’s Dilemma ဂိမ်းကို သုံးခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူနှစ်ဦးကို သီးခြားစီ ချုပ်နှောင်ထားပြီး ရဲက တစ်ယောက်ချင်းစီကို ကမ်းလှမ်းမှုတစ်ခု လုပ်သည်။ ကျူးလွန်သော ပြစ်မှုအတွက် ၀န်ခံပါက ထောင်အနှစ် ၂၀ ကျခံရမည်ဖြစ်သည်။ ကမ်းလှမ်းမှု (၁)မှာ မိမိအတွက် ၀န်မခံဘဲ အခြားတစ်ယောက် ကျူးလွန်သည်ဟုဆွဲချပါက တစ်ဖက်မှ အစွပ်စွဲခံရသူက ထောင်ဒဏ် ၁၀ နှစ် ကျခံရမည်ဖြစ်ပြီး ကိုယ်လွတ်ရုန်းသူက အမှုမှ ကွင်းလုံးကျွတ် လွတ်မည်ဖြစ်သည်။

(၂)အရ နှစ်ဦးကိုယ်လွတ်ရုန်းပါက ထောင်ဒဏ်ငါးနှစ်စီ ကျခံရမည်။ (၃)အရ နှစ်ဖက်စလုံးမှ ဘာတစ်ခုမှ မပြောဘဲ ရေငုံနှုတ်ပိတ်နေပါက ထောင်ဒဏ်ခြောက်လစီ ကျခံရမည်ဖြစ်သည်။ ရောဘတ်တက်ကာ၏ အဆိုပါ သီအိုရီအပေါ် အဖမ်းခံရသူနှစ်ဦးက မည်သို့မည်ပုံ တုံ့ပြန်မည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းပါသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းဂိမ်းအား တစ်ကြိမ်တည်းသာ ကစားခွင့်ရှိသောကြောင့် ဖြစ်သည်။

ယင်း Prisoner’s Dilemma ဂိမ်းအရ အကျဉ်းသားနှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး ချောက်တွန်းခြင်းသည်သာ ပြစ်ဒဏ်ခံရမှု အနည်းဆုံးဖြစ်သည်။ တစ်ဖက်က ရေငုံနှုတ်ပိတ်နေပါက ကျန်တစ်ဖက်က ကွင်းလုံးကျွတ်သွားနိုင်ပြီး မိမိမှာ ထောင် ၁၀ နှစ် ကျမည့်ကိန်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ နှစ်ဖက်စလုံးက ဖြစ်နိုင်သည့်လမ်းကို လိုက်ပြီး သက်သာမှုရှိသည့်နည်းကို ရွေးချယ်သည့် လူတို့၏ သဘောတရားကို စစ်ဆေးခြင်း ဖြစ်သည်။

ဖမ်းခံရသူ(၂) ရေငုံနှုတ်ပိတ်ဖမ်းခံရသူ(၂) ကိုယ်လွတ်ရုန်း
ဖမ်းခံရသူ(၁) ရေငုံနှုတ်ပိတ်တစ်ဦးစီ ထောင်ခြောက်လ ကျခံဖမ်းခံရသူ(၁) ၁၀ နှစ်ကျ
ဖမ်းခံရသူ(၂) ကွင်းလုံးကျွတ်
ဖမ်းခံရသူ(၁) ကိုယ်လွတ်ရုန်းဖမ်းခံရသူ(၁) ကွင်းလုံးကျွတ်
ဖမ်းခံရသူ(၂) ၁၀ နှစ်ကျ
တစ်ဦးစီ ငါးနှစ်စီ ကျခံ


ယင်း Prisoner’s Dilemma ဂိမ်းအား တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပြုလုပ်မည့် အကြောင်းအရာပေါ် ဥပမာထား တွက်ချက်ကြည့်သင့်ပါသည်။ အမေရိကန်ဘက်မှ ကုန်သွယ်ရေးတွင် အထက်စီးရမှုကိုသာ လိုလားမည်ဖြစ်ပြီး တရုတ်တို့ဘက်မှ ရှုံးနိမ့်မှုကိုသာ မြင်စေချင်သည်။ ယင်းမှာ ပထမဦးဆုံးသော ရွေးချယ်မှုဖြစ်သည်။ လက်တွေ့တွင် ယင်းသို့ မဖြစ်နိုင်သည့်အခါ နောက်ထပ်ရွေးချယ်စရာ နှစ်နည်းရှိနေသေးသည်။ လွတ်လပ်စွာ ကုန်သွယ်ရေးနှင့် ကုန်သွယ်ရေးလုပ်ချင်လုပ်၊ မလုပ်ချင်နေဆိုသည့်နည်းတို့ ဖြစ်သည်။

ထိုနှစ်နည်းမှာ ရေငုံနှုတ်ပိတ်နေပါက ခြောက်လသာ ကျခံရမည့်နည်းနှင့် ကိုယ်လွတ်ရုန်းပါက ငါးနှစ်စီကျခံရသော နည်းတို့ဖြစ်သည်။
လွတ်လပ်စွာကုန်သွယ်ရေးအမေရိကန်အသာစီး
လွတ်လပ်စွာကုန်သွယ်ရေးလွတ်လပ်စွာကုန်သွယ်ရေးံအမေရိကန်အသာစီး
တရုတ်ရှုံးနိမ့်
တရုတ်အသာစီး ကုန်သွယ်ရေးအမေရိကန်ရှုံးနိမ့်
တရုတ်အသာစီး
နှစ်ဖက်စလုံး ကုန်သွယ်မှု ပြုချင်ပြု - မပြုချင်နေ


ပဋိပက္ခဖြစ်သည့် ဘက်နှစ်ဖက်သည် နံပါတ်(၁)ကို ရွေးချယ်စရာအဖြစ် ပထမဦးဆုံး ရွေးချယ်ကြသည်။ ယင်းမှ တစ်ဖက်သတ် အပြတ်အနိုင်ရရေးဖြစ်သည်။ ယင်းနည်းလမ်း မအောင်မြင်သည့်အခါ ကျန်နှစ်နည်းကို စဉ်းစားလာရခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင်လည်း Prisoner’s Dilemma ဂိမ်းကို ထည့်သွင်းစဉ်းစားသင့်သည်။

တပ်မတော်အစိုးရနှင့် အတိုက်အခံအင်အားစုတို့၏ နံပါတ်(၁) ရွေးချယ်မှုတို့သည် တစ်ဖက်မှ အပြတ်အနိုင်ရရေးကိုသာ ဆုပ်ကိုင်ထားသည်။ အဆိုပါ မပြေလည်နိုင်ခဲ့သော ပဋိပက္ခသည် ဆယ်စုနှစ် နှစ်ခုတိုင်ကြာမြင့်ခဲ့ပြီး အချိန်များ ကုန်ခဲ့သည်။ လမ်းကြောင်းမှန်သမျှ ပိတ်စေခဲ့သည်။

ဒုတိယနည်းမှာ နှစ်ဖက်စလုံးမှ တွေ့ဆုံဆွေးနွေးရေးနည်းဖြင့် ဖြေရှင်းကြရန်ဖြစ်သည်။ ယင်းမှာ တရုတ်-အမေရိကန် ကစားနည်းမှ လွတ်လပ်စွာကုန်သွယ်ရေး (Free Trade) ဖြစ်သည်။ ယင်းနည်းသည် နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် ယုံကြည်မှုနည်းပါးသည့်အခါ ပေါ်ပေါက်ရန်ခဲယဉ်းသည်။ တစ်ဖက်ဖက်မှ အချိန်မရွေးဖောက်လာနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် နှစ်ဖက်စလုံး ရေငုံနှုတ်ပိတ်နေမည်၊ မနေမည်အပေါ် တစ်ဖက်ကိုတစ်ဖက် မယုံကြည်သောကြောင့် ဖြစ်သည်။ နောက်ထပ်စည်းမျဉ်းတစ်ခုမှာ ယင်းဂိမ်းကို တစ်ကြိမ်သာ ကစားရမည်ဆိုသည်ကို မေ့မထားရန်လိုသည်။

နောက်ဆုံးနည်းမှာ နှစ်ဖက်စလုံးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်စရာမလိုဘဲ ရွေးမည့်နည်းဖြစ်ပါသည်။ လမ်းညွှန်မြေပုံကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲအရ မဲအများဆုံးဖြင့် ရွေးကောက်ခံရသူသည် လွှတ်တော်နှင့် အုပ်ချုပ်ရေးအာဏာကို ၇၅ ရာခိုင်နှုန်း ချုပ်ကိုင်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။ ထိုနည်းသည် နှစ်ဖက်စလုံးမှ ရှုံးရန်မရှိပေ။ ၂၀၁၀ ရွေးကောက်ပွဲနှင့် လာမည့်အသွင်ကူးပြောင်းရေးအား ဆန့်ကျင်ခြင်းသည်သာ အတိုက်အခံများဘက်မှ လုံးဝရှုံးမည့် ကစားနည်းဖြစ်သည်။

(၂) Game Theory ပေးသော သင်ခန်းစာ
အထက်တွင် ဖော်ပြထားသော အပိုင်း(၁)မှာ လွန်ခဲ့သောအပတ် The Voice Weekly 5-46 တွင် ဖော်ပြခဲ့သော နေသန်မောင်၏ Game Theory ဆောင်းပါး ကောက်နုတ်ချက်ဖြစ်ပါသည်။ The Voice Weekly 5-43 တွင် စာရေးသူ Game Theory ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါသည်။ ယခုဆောင်းပါးကို အဆိုပါဆောင်းပါးနှင့် တွဲဖတ်လျှင် ပို၍ ပြည့်စုံပါလိမ့်မည်။ စာရေးသူ၏ ဆောင်းပါတွင် Game Theory ၏ အခြေခံသဘောတရားကို မရှင်းလင်းဘဲ ရေးလိုက်သောအချက်များကို နေသန်မောင်၏ ဆောင်းပါးတွင် အသေးစိတ် ရှင်းလင်းထားသောကြောင့် အဆိုပါ ဆောင်းပါးနှစ်ပုဒ်ကို တွဲဖတ်ရန် စာဖတ်သူများအတွက် ပြန်လည်ဖော်ပြရန် သင့်လေမည်လားဟုပင် စာရေးသူ တွေးမိပါသည်။ Game Theory ၏ Lesson Learnt ခေါ် သင်ခန်းစာများကို ထပ်မံဖြည့်စွက်၍ ရေးသားလျှင် ကောင်းမည်ဟု စိတ်ကူးရမိ၍ ယခုအပိုင်း(၃)ကို ထပ်မံဖြည့်စွက်လိုက်ပါသည်။
အစိုးရ၏ တွေ့ဆုံဆွေးနွေးခြင်းအစိုးရ၏ အာဏာရလိုမှု
အတိုက်အခံ၏ တွေ့ဆုံဆွေးနွေးခြင်းနှစ်ဖက်သာတူညီမျှ တွေ့ဆုံဆွေးနွေးရေးအစိုးရ အသာစီး
အတိုက်အခံ ရှုံးနိမ့်
အတိုက်အခံ၏ အာဏာရလိုမှုအစိုးရ ရှုံးနိမ့်
အတိုက်အခံ အသာစီး
လမ်းညွှန်မြေပုံကို အကောင်အထည်ဖော်သည့် ရွေးကောက်ပွဲ


နေသန်မောင်၏ Game သီအိုရီဆောင်းပါးတွင် အဆိုပါ Game ကို ကစားရန် ထည့်သွင်းထားသော ကန့်သတ်ချက်များ ဖော်ပြထားသည်ကို စာဖတ်သူများ ဖတ်ရှုမိပါလိမ့်မည်။ ၎င်းတို့မှာ -
(၁) တစ်ကြိမ်သာ ကစားခွင့် ရှိသည်။
(၂) အပြန်အလှန် တွေ့ဆုံညှိနှိုင်းခွင့်ကို ဖြတ်တောက်ထားသည်။
(No Dialogue – No Conversation)
(၃) တစ်ဦးနှင့်တစ်ဦး တစ်နေရာစီခွဲ၍ ချုပ်ထားသည်။
(No Transparency)

တစ်နည်းအားဖြင့် Game သီအိုရီအရ နှစ်ဖက်အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု (ဇယားတွင် အရောင်ရင့်ဖြင့် ပြထားသောအပိုင်း) ရရှိရန်အတွက် အောက်ပါတို့ လိုအပ်သည်ဟု Game Theory က သုံးသပ်ထားပါသည်။

(၁) တစ်ကြိမ်မက အကြိမ်ကြိမ် စမ်းသပ်ကစားခဲ့လျှင်
(၂) အပြန်အလှန်ဆက်သွယ်မှု၊ ဆက်ဆံမှု၊ ညှိနှိုင်းမှု
(၃) သတင်းအချက်အလက်များ မြင်သာထင်သာရှိမှု၊ တစ်ဖက်၏ ခြေလှမ်းကို အခြားတစ်ဖက် မြင်သာထင်သာ ရှိမှု
(၄) Trust ခေါ် အပြန်အလှန်ထားရှိသော ယုံကြည်မှု

အမှန်အားဖြင့် ဆောင်းပါးနှစ်ပုဒ်က Game Theory ဖြင့် နှိုင်းယှဉ်ဖော်ပြသော မြန်မာနိုင်ငံ၏ နိုင်ငံရေး Statue-quo သည် တစ်ကြိမ်သာမက နှစ်ပေါင်း ၂၀ ကျော် အကြိမ်ပေါင်းများစွာ ကစားထားသော Game ဖြစ်၍ သင်ခန်းစာယူမည်ဆိုလျှင် ရယူနိုင်သောသင်ခန်းစာများ ရှိပါသည်။ ထို့ထက်ပို၍ ပြောရလျှင် ဆောင်းပါးများတွင် စမ်းသပ်ထည့်သွင်းထားသော ကန့်သတ်ချက်များဖြစ်သည့် Conversation Dialogue, Transparency နှင့် Trust စသည်များသည် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း တည်ဆောက်ခဲ့ပြီးဖြစ်ရမည့်အရာများလည်း ဖြစ်ပေသည်။ အထက်ပါ ကိစ္စရပ်များကို “ကြက်ဥနှင့်ကြက်မ” သဖွယ်သဘောထားခဲ့လျှင် ကြက်ဥ အရင် သို့မဟုတ် ကြက်မ အရင် စဉ်းစားစရာများ ရှိလာမည်ဖြစ်ပြီး “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဟုသာ အဖြေထွက်လိမ့်မည် ဖြစ်ပါသည်။

ဒီမိုကရေစီအင်အားစုများက အမြဲလိုပြောလေ့ရှိသော “တွေ့ဆုံဆွေးနွေးရေးတံခါး အမြဲဖွင့်ထားပါတယ်” ဆိုသော စကားသည် သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဟု ပြောနေခြင်းဖြစ်ပါသည်။ အထက်တွင် ဖော်ပြထားသော အချက်လေးချက်ကို တည်ဆောက်ရန် ကြိုးစားမှု တစ်စုံတစ်ရာရှိသည်ဟု စာရေးသူမထင်မိပေ။

အမျိုးသားစည်းလုံးညီညွတ်ရေးအလို့ငှာ မည်သို့သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လိုပါသည်ဟု တစ်ဖက်သတ် ကမ်းလှမ်းခဲ့လျှင် ဒီမိုကရေစီအင်အားစုများအနေဖြင့် ဆုံးရှုံးနစ်နာစရာမရှိဟု ထင်ပါသည်။ ထိုသို့သော ကမ်းလှမ်းမှုအတွက် အကြောင်းပြန်ကြားမှု တစ်စုံတစ်ရာရရှိခဲ့လျှင် ဤကိစ္စကို Conversation ဟု ခေါ်ရမည်သာ ဖြစ်ပေသည်။ ဤကိစ္စမျိုးသည် ဆိုင်းဘုတ်တင်ပွဲ လိုအပ်လှသည် မဟုတ်ပေ။ Trust ခေါ် ယုံကြည်မှုကို ပြနိုင်သူက စတင်ပြသခြင်း၊ Transparency ကို ပြနိုင်သူက စတင်ပြသခြင်း၊ Conversation ကို စနိုင်သူက စတင်ခြင်းများသည် နှစ်ပေါင်း ၂၀ ကျော် အကြိမ်ကြိမ် ကစားပြီးဖြစ်သည့် Game Theory ၏ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရေခံမြေခံများကို တည်ဆောက်ခြင်းဖြစ်ရာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု မလွဲမသွေ ရရှိစေလိမ့်မည်သာ ဖြစ်ပေသည်။ (Negatiation Theory များတွင် Reciprocal ဖြစ်စေမည့် နည်းလမ်းများ ဖော်ပြလေ့ရှိပါသည်။)

နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါသည်၊ ပူးတွဲကြေညာချက်တစ်ခု ထုတ်လိုပါသည်ဟု စဉ်းစားခြင်းသည် Trust ခေါ် ယုံကြည်မှုကို မိမိဘက်က စတင်ပြသရန် အသင့်မဖြစ်ခြင်းကို ပြသခြင်းပင် ဖြစ်ပေသည်။

အထက်တွင်ဖော်ပြခဲ့သော နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို မလွဲမသွေရရှိစေမည့် အချက်လေးချက်သည် စာရေးသူ၏ ထင်မြင်ယူဆချက်မဟုတ်ဘဲ Game Theory မှ ထုတ်နုတ်ထားသော သင်ခန်းစာများ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တပ်မတော်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းအကြား အထက်ဖော်ပြပါ အချက်လေးချက်ကို ရရှိနိုင်ရန် အရပ်ဘက် လူ့အဖွဲ့အစည်း၊ နိုင်ငံရေးအင်အားစုများဘက်မှ တည်ဆောက်ပေးရန် ဖြစ်နိုင်ချေရှိ၊ မရှိ စာဖတ်သူများကိုယ်တိုင် စဉ်းစားကြည့်စေလိုပါသည်။ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ရလိုပါသည်ဟု ပြောကြားနေသော်လည်း အထက်ပါ အချက်လေးချက်ကို အလေးမထားခြင်း သို့မဟုတ် ပြောင်းပြန်သဘောထားခြင်းများသည် မည်သည့်သဘောဆောင်သနည်းဆိုသော အချက်ကိုလည်း စာဖတ်သူများ စဉ်းစားကြည့်စေလိုပါသည်။

( The Voice Weekly ဂျာနယ်၊ အတွဲ ၅၊ အမှတ် ၄၇ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

နိုင်ငံရေးယဉ်ကျေးမှု - ခြောက်ပိုင်းဖွဲ့စည်း - မောင်စူးစမ်း


တည်ငြိမ်မှုအလို့ငှာ
ဒီမိုကရေစီကိစ္စတွင် "နိုင်ငံရေးယဉ်ကျေးမှု" က အရေးကြီးသော ကဏ္ဍမှ ပါဝင်သည်။ ရွေးကောက်ပွဲ မတိုင်မီ၌ဖြစ်စေ၊ ရွေးကောက်ပွဲအပြီး၌ဖြစ်စေ ဒီမိုကရေစီအကျိုးငှာ တည်ငြိမ်မှုလိုအပ်သည်။ ထို့ကြောင့် ယင်းတည်ငြိမ်မှုကို ဒီမိုကရက်တစ်တည်ငြိမ်မှုဟု ခေါ်သည်။

ဤသို့သော ဒီမိုကရက်တစ်တည်ငြိမ်မှုရရှိရန်မှာ နိုင်ငံရေးယဉ်ကျေးမှုပေါ် မူတည်သည်။ မြန်မာ့နိုင်ငံရေးဖြစ်ထွန်းမှုတွင် အပြတ်အတောက်တွေများသည်။ အာဏာသိမ်းမှု၊ ပါတီဖျက်သိမ်းမှု၊ ဆိုရှယ်လစ်စနစ် စသည်တို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှုသည် အပြတ်အတောက် ဖြစ်ခဲ့ရသည်။ ရင့်ကျက်ပြီး ဒီမိုကရေစီနိုင်ငံတို့၌သာ စဉ်ဆက်မပြတ်သော နိုင်ငံရေးယဉ်ကျေးမှုရှိသည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေးယဉ်ကျေးမှု ကွင်းဆက်ပြတ်သည်။

ခြောက်ပါး
ယခု ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီးကာလတို့၌ နိုင်ငံရေးယဉ်ကျေးမှုသည် မည်သို့ ဖြစ်ထွန်းမည်နည်းဟု ခန့်မှန်းတွက်ကြည့်သည်။ ဤသို့တွက်ကြည့်ရာ၌ နိုင်ငံရေးယဉ်ကျေးမှု၏ အစိတ်အပိုင်းတို့ကို ကနဦးဖော်ပြရန် လိုသည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့ နိုင်ငံရေးယဉ်ကျေးမှုတွင် (၁) လူထု၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု၊ (၂) နိုင်ငံရေးပါတီတို့၏ အနေအထား၊ (၃) ၀ါဒရေးရာကိုင်းညွှတ်မှု၊ (၄) အာဏာသိမ်းမှု Coup၊ (၅) အင်စတီကျူးရှင်းတို့တွင် ယုံကြည်စိတ်ချမှုနှင့် (၆) စည်းရုံးဖွဲ့စည်းမှုတို့ ဟူ၍ ပါဝင်သည်။ အာဏာသိမ်းခြင်း၌ အာဏာသိမ်းခြင်းအပေါ် လူထု၏ အမြင်ကိုလည်း ထည့်တွက်သည်။ နောင်တွင် စစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်မှုကို နိုင်ငံရေးယဉ်ကျေးမှု၏ အစိတ်အပိုင်းအဖြစ် ထည့်စဉ်းစားရမည်။

ရွေးကောက်ပွဲ
လူထု၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ သမားရိုးကျပါဝင်မှု (ရွေးကောက်ပွဲ) နှင့် သမားရိုးကျမဟုတ်သော ပါဝင်မှု (ကန့်ကွက်ဆန္ဒပြပွဲ) တို့ဆိုပြီး နှစ်မျိုးခွဲကြည့်သည်။ ရွေးကောက်ပွဲသည် သမားရိုးကျပါဝင်မှု၊ လမ်းပေါ်နိုင်ငံရေး Street Politics နှင့် အခြားအစည်းအဝေးတို့တွင် ပါဝင်မှုတို့သည် သမားရိုးကျမဟုတ်သော ပါဝင်မှု။

ဝါဒရေးရာ ကိုင်းညွှတ်မှုနှင့် ပတ်သက်ပြီး နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးက "လူထုသည် အယူအဆတို့ကို မဖန်တီး။ လမ်းပြမြေပုံနောက်သာလိုက်သည်" ဟု မှတ်ချက်ချသည်။ မြန်မာ့နိုင်ငံရေးတွင် လက်ဝဲယိမ်း၊ လက်ယာယိမ်းဟူ၍လည်းကောင်း၊ ပြုပြင်ရေးသမားနှင့် တော်လှန်ရေးသမားဟူ၍ လည်းကောင်း ခွဲခြားရှုမြင်ခဲ့ကြသည်။ လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတို့ မည်သို့ အရောင်ဆိုးကြမည်ကို မသိရသေးပေ။

တတိယလမ်း
Coup ခေါ် အာဏာသိမ်းမှုကို နိုင်ငံရေးယဉ်ကျေးမှု၏ တစ်စိတ်တစ်ဒေသအဖြစ် ထည့်သွင်းစဉ်းစားသည်မှာ ဆီလျော်၍ မြန်မာနိုင်ငံ၌ သုံးကြိမ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့၍ လက်တွေ့ကြုံခဲ့ပြီး ဖြစ်သည်။ အာဏာသိမ်းမှုသည် အင်စတီကျူးရှင်းတို့အပေါ် ယုံကြည်စိတ်ချမှုမရှိသောအခါတွင် ပေါ်ပေါက်သည်။ လက်တင်အမေရိကားတွင် ခဏခဏ အာဏာသိမ်းမှုဖြစ်ပွားရာ ယဉ်ကျေးမှုလိုပင် ဖြစ်နေသည်။

ယခုဝါဒရေးရာနှင့် ပတ်သက်ပြီး အယူအဆတစ်ခုပေါ်နေသည်။ ၎င်းအယူအဆမှာ ဈေးကွက်စီးပွားရေးနှင့် ဆိုရှယ်ဒီမိုကရေစီ ပေါင်းစပ်ပေးရေးဖြစ်သည်။ ယင်းအပေါင်းအစပ်ကို တတိယလမ်းဟု ဆိုသည်။

သို့ဖြင့် တတိယလမ်းအယူအဆပေါ်သည်။ ပထမဗားရှင်းက ဈေးကွက်စီးပွားရေးနှင့် ဆိုရှယ်ဒီမိုကရေစီ ပေါင်းစပ်ရေးဖြစ်၍ ဒုတိယဗားရှင်းက အလယ်ဗဟိုကို ညွှန်းသည်။ ကြိုးကိုင်ဒီမိုကရေစီတွင် ဆိုရှယ်ဒီမိုကရေစီကို ပေါင်းစပ်လို့ ရနိုင်ဖွယ်ရှိသည်။

မောင်စူးစမ်း (၁၈-၉-၂၀၀၉)
အညွှန်း - Social Science Journal

( The Voice Weekly ဂျာနယ်၊ အတွဲ ၅၊ အမှတ် ၄၇ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

စင်ကာပူရောက်မြန်မာတွေ ဖတ်စေချင်၊ စဉ်းစားစေချင်၊ ပြုပြင်စေချင်လို့ပါ


ကြိုတင်တောင်းပန်ပါသည်
ဒီပို့စ်ကိုတင်ဖို့ အတော်ကို စဉ်းစားခဲ့ရပါတယ်။ မူရင်းဆောင်းပါးက ဆရာကျော်ဗဟိန်းရဲ့ ပထမကမ္ဘာသို့ ဒုတိယတစ်ခေါက် (၂၅) ဖြစ်ပါတယ်။ ကျွန်တော် အပတ်စဉ်စောင့်ဖတ်နေရတဲ့ ခရီးသွားဆောင်းပါး ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ပြီးစီးသွားခဲ့ပြီဖြစ်တဲ့ စင်ကာပူအမျိုးသားနေ့ အခမ်းအနားကြီးကို တက်ရောက်ခွင့်ရခဲ့သူ စင်ကာပူအစိုးရရဲ့ ဖိတ်ကြားခံ အာစီယံသတင်းစာဆရာများထဲက တစ်ယောက်အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့သူ တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်းတွေကို အပတ်စဉ်ဖတ်နေခဲ့ရတာဖြစ်ပါတယ်။ ဗဟုသုတများစွာရသလို စာရေးသူက အကြောင်းတိုက်ဆိုင်လာလို့ သူသတိရတဲ့ဟာတွေကိုပါ ထည့်ရေးသွားတာ၊ သူ့အယူအဆတွေ၊ အတွေ့အကြုံတွေကိုပါ ထည့်ရေးသွားတဲ့ အကြောင်းအရာတွေဟာ လက်ကမချဘဲ တစ်ဆက်တည်းဖတ်ရတဲ့အထိ ဆွဲဆောင်မှုရှိခဲ့တာပါ။ အခုလည်း ဒီအပတ်မှာပါလာတဲ့ အမှတ်(၂၅)ကို ဖတ်ပြီး စင်ကာပူရောက် မြန်မာတွေနဲ့ သက်ဆိုင်တာလေးကိုဖတ်ပြီး ကျွန်တော့်ရင်ထဲမှာ အတွေးတွေ အများကြီးရလိုက်တယ်။ အစက ဆောင်းပါးတစ်ပုဒ်လုံးကို ပြန်ရိုက်ပြီး တင်ပေးမလို့ပါပဲ။ ဒါပေမယ့် အချိန်ကိုကြည့်တော့ မနက် ၂ နာရီခွဲနေပြီ။ ကျွန်တော်တမှေးမှ မအိပ်ရသေးဘူး။ အခြားသူတွေကိုလည်း ဖတ်စေချင်တဲ့စိတ်က တားမရဘူး။ ဒါကြောင့် ဆောင်းပါးထဲကမှ ကျွန်တော်အဓိက ပြန်ပြီးဝေမျှချင်တဲ့အပိုင်းလေးကိုပဲ ရွေးထုတ်ပြီးပြန်ကူးပေးလိုက်ပါတယ်။ အကယ်၍များ အခုလို ရွေးထုတ်ပြီး ဖော်ပြပေးလိုက်မှုဟာ မူရင်းဆောင်းပါးရဲ့ အာဘော်နဲ့ ရည်ရွယ်ချက်၊ အဓိပ္ပါယ်တွေကို တစ်မျိုးဖြစ်သွားစေတယ်ဆိုရင် စာရေးသူနဲ့ The Voice Weekly ကို အနူးအညွတ်တောင်းပန်ပါကြောင်းခင်ဗျား။
ကိုဉာဏ်
--------------------------------------------------------------------------------------
မြန်မာနိုင်ငံသား သိန်းချီရောက်ရှိနေပြီဖြစ်သော ယနေ့ စင်ကာပူတွင် မြန်မာနိုင်ငံသားအများအပြားကို တစ်နေရာတည်း မြင်တွေ့နိုင်သောနေရာမှာ မြို့လယ်ခေါင်ဧရိယာရှိ ပင်နဆူလာပလာဇာဖြစ်သည်။ ပင်နဆူလာတွင် မြန်မာဆိုင် အများအပြားလည်း ရှိသည်။ ပဲပြုတ်၊ ချဉ်ပေါင်ရွက်မှစ၍ မြန်မာပြည်တွင် ရှိသမျှ ရောင်းသမျှနီးပါး ၀ယ်၍ရသည်။ ကျွန်တော်လည်း စင်ကာပူရောက်တိုင်း ပင်နဆူလာသို့ သွားဖြစ်သည်။ ထိုနေရာရောက်တိုင်း ကျွန်တော် ဒေါသဖြစ်မိသည်။ ထို့နောက် ရှက်စိတ်ဝင်မိသည်။ နောက်ပိုင်းတွင်မူ စိတ်မကောင်းဖြစ်ရသည်။ အကြောင်းက ရွှေမြန်မာအမည်ခံ အချို့အချို့သော စည်းကမ်းမဲ့များ၏ နေထိုင်ပြုမူပုံကြောင့် ဖြစ်သည်။ မြန်မာပြည်တွင်ပင် ကျွန်တော် စိတ်အလိုမကျဖြစ်ရသည်က အရည်မရအဖတ်မရ ကွမ်းစားသည့် အလေ့အထဖြစ်သည်။ ကွမ်းစားသူအားလုံးသည် စည်းကမ်းမဲ့သူများချည်း ဖြစ်သည်ဟု ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ရလောက်အောင်လည်း ရန်ကုန်မြို့တော်ကြီးတစ်ခုလုံး ကွမ်းတံတွေးထဲတွင် ပက်လက်မျောမတတ် ဖြစ်နေသည်။ နေရာတကာ ကွမ်းတံတွေးများက မြင်မကောင်း၊ ရှုမကောင်း။ ငွေကုန်၊ ရောဂါရ၊ ပတ်ဝန်းကျင်ညစ်နွမ်းကာ အဆင့်အတန်းရှိရှိ သန့်သန့်ပြန့်ပြန့် နေရာများနှင့် မထိုက်တန်သော ဤကွမ်းယာစားသည့် အလေ့အထက ယခုအခါ မြန်မာပြည်သူတစ်ရပ်လုံးကို ဒုက္ခအကြီးအကျယ်ပေးနေသည်။ ပြောရလျှင် မူးယစ်ဆေးဝါးတစ်ခု စွဲလမ်းသကဲ့သို့ပင် အန္တရာယ်ကြီးနေပေပြီ။

ထိုစရိုက်ဆိုးက ရွှေမြန်မာတို့ နယ်ပယ်ချဲ့ထွင်ရာ စင်ကာပူသို့လည်း ကူးစက်နေသည်။ ဘယ်နေရာ၊ ဘယ်အဆောက်အအုံကိုကြည့်ကြည့်၊ ယုတ်စွအဆုံး လမ်းဘေးဆိုင်ကလေးပင်လျှင် အမြဲသန့်ရှင်းသပ်ရပ်နေသော စင်ကာပူတွင် ပင်နဆူလာကတော့ ဆန့်ကျင်ဘက် ဖြစ်နေသည်။ အဆောက်အအုံနှင့် လူမျိုးတစ်ရပ်၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကိုပင် မငဲ့ကွက်။ ထုံးစက်၊ ထုံးကွက်၊ ထုံးအိုင်များ ဗွက်ထပေကျံနေသော ကွမ်းယာဆိုင်က သန့်ရှင်းတောက်ပြောင်နေသော အဆောက်အအုံ လူသွားစင်္ကြံဘေး၊ ဆိုင်ခန်းရှေ့တွင် ကျက်သရေမရှိစွာ နေရာယူလျက် ရှိနေချေ၏။ အခြားနေရာအားလုံးတွင် ၀င်းလက်တောက်ပြောင်နေတတ်သော စတီးအမှိုက်ပုံးငယ်ကလေးများမှာလည်း ပင်နဆူလာတွင်တော့ ကွမ်းတံတွေးတို့ဖြင့် ရဲရဲနီလျက် ရှိနေတော့သည်။ ဘယ်နေရာရောက်ရောက်  အရေးပေါ်အခြေအနေကြုံလို့ ၀င်သည်ဖြစ်စေ မွှေးကြိုင်သန့်ပြန့်နေတတ်သည့် သန့်စင်ခန်းအိမ်သာများ ရှိနေသော စင်ကာပူသည် ပင်နဆူလာနှင့်တော့ လုံးဝမသက်ဆိုင်သကဲ့သို့ ရှိ၏။ အပေါ့စွန့်သည့် ကမုတ်ခွက်တွင်လည်း ဆေးလိပ်တို၊ ကွမ်းတံတွေးကွက်တို့ ပေရေညစ်ပတ်စွာ တွေ့ရ၏။ လေအေးစက်တပ်ထားသော အများပြည်သူနှင့်ဆိုင်သော နေရာအားလုံးတွင် ဆေးလိပ်သောက်ခြင်းကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသော စင်ကာပူလို နိုင်ငံမျိုးတွင် ပင်နဆူလာအိမ်သာများ ပါဝင်ပုံမရ။ ဘယ်နေရာတွင်မဆို လာသမျှ ပရိသတ်အပေါင်းကို လေးလေးစားစား ရိုရိုသေသေ ဆက်ဆံတတ်သော သန့်ရှင်းရေး၊ လုံခြုံရေးဝန်ထမ်းများက ပင်နဆူလာတွင်တော့ ထိုသို့မဟုတ်။ သူတို့ကပင် စည်းကမ်းမရှိရန်ကောဟု ပြန်မာန်မဲငေါက်ငမ်းနေသေးသည်။ ဤအခြေအနေများကို မြင်ကြားတွေ့သိနေရသော ကျွန်တော့်အဖို့ စောစောကပြောသကဲ့သို့ စည်းကမ်းရှိသော ပတ်ဝန်းကျင်သို့ ရောက်နေသည့်တိုင် ဘာကြောင့် စည်းကမ်းမဲ့နေကြသနည်းဟုတွေးကာ ဒေါသဖြစ်မိသည်။ တစ်ဦးချင်း တစ်ယောက်ချင်း စည်းကမ်းဖောက်မှုမှသည် နိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာ အဆင့်အတန်းကို ထိခိုက်စေသည်။ ထို့ကြောင့် ကျွန်တော်ဒေါသဖြစ်ရသည်။ ဒေါသနောက်တွင် ရှက်စိတ်ဖြစ်မိသည်။ နိုင်ငံတကာမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဥဒဟိုလာရောက် ၀င်ထွက်အလုပ်လုပ်နေသော သည်လိုနိုင်ငံမျိုးတွင် မြန်မာများစုရပ်ဆုံရပ်၊ မြန်မာဆိုင်များ တည်ရှိရာ ဤနေရာတွင်မှ အခြားနေရာများနှင့်မတူ စည်းကမ်းမဲ့၊ ညစ်ပေစုတ်ပြတ်နေသည်ကို မြန်မာတစ်ယောက်ဖြစ်နေသောကျွန်တော် စည်းကမ်းမဲ့ မြန်မာတစ်စုကိုယ်စား အင်မတန် ရှက်မိသည်။ စည်းကမ်းကလနားနှင့် ဥပဒေစည်းမျဉ်းနှင့် လူနေမှုအဆင့်မြင့်မြင့် မိမိလုပ်အား၊ အတတ်ပညာနှင့် ထိုက်တန်သော လုပ်ခလစာ၊ ပညာသင်ယူခွင့်ရနေသာ နေရာတစ်ခုတွင် အဘယ်ကြောင့် မိမိနိုင်ငံနှင့် နိုင်ငံသားများ၏ ဂုဏ်သရေကို ညှိုးနွမ်းစေပါသနည်းဟုတွေးရင်း ရှက်စိတ်က တားမနိုင် ဆီးမရ ဖြစ်မိသည်။ ရှက်စိတ်နှင့် တစ်ဆက်တည်း မေးခွန်းများလည်း ပေါ်လာသည်။ မည်သို့သော ရွှေမြန်မာများက ဤသို့ပြုမူကြသနည်း။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ ဤသို့ ပြုမူခြင်းအတွက် မည်သို့ ခံစားနေကြသနည်း။

"အမှန်ကတော့ဗျာ စင်ကာပူမှာ အရင်ကရောက်နေတဲ့ မြန်မာအများစုက ဒီလိုမဟုတ်ကြပါဘူး။ နောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ တခြားအလုပ်ကြမ်းတွေအတွက် ရောက်လာတဲ့သူတွေထဲမှာ နဂိုကတည်းက ကြုံသလိုအိပ်၊ ကြုံသလိုစားလာခဲ့တဲ့သူတွေလည်း ပါလာတယ်။ သူတို့တစ်တွေက ဟိုမှာတုန်းကအတိုင်း ဒီမှာနေကြတော့ အခုလိုဖြစ်သွားတာပါ။ အရင်ကဆိုရင် ဘင်္ဂလားဒေ့ရှ်တို့ ဘာတို့ကလာတဲ့ ကုလားတွေမှ လမ်းဘေးပလက်ဖောင်းမှာ ၀ိုင်းဖွဲ့ပြီး သောက်တာစားတာလုပ်တယ်။ သူတို့က သူတို့နိုင်ငံမှာလည်း ဒီလိုပဲလေ။ အခုနောက်ပိုင်း အလုပ်ကြမ်းလုပ်တဲ့ မြန်မာတချို့တောင် အဲဒီလို လုပ်လာကြတာ တွေ့ရတယ်"

စင်ကာပူတွင် ၈ နှစ်ကျော်ကြာ ရောက်ရှိ ပညာသင် အလုပ်လုပ်နေသူ မြန်မာလူငယ် အင်ဂျင်နီယာတစ်ဦးက ကျွန်တော့်ကို ပြောသောစကားဖြစ်ပါသည်။ သူပြောတော့မှ ကျွန်တော်လည်း သတိထားကြည့်မိသည်။ ကွမ်းယာရောင်းသူနှင့် ကွမ်းယာဝယ်စားနေကြသူများ၊ စည်းကမ်းမဲ့ ဆေးလိပ်သောက်နေသူများမှာ စည်းကမ်းရှိသော ပတ်ဝန်းကျင်တစ်ခုသို့ ရောက်ရှိနေသည့်တိုင် သူတို့တစ်တွေကို ထိန်းကျောင်းပေးနိုင်သည့် အသိပညာ၊ အတန်းပညာ လုံလုံလောက်လောက် မရှိခဲ့၊ မရခဲ့သူများ ဖြစ်နေသည်။ အတန်းပညာရှိပါသည် ဆိုသူအချို့ပင်လျှင် ပင်နဆူလာကို ကိုယ့်အိမ်ကိုယ့်ရာကဲ့သို့ သဘောထားကာ စည်းကမ်းမဲ့နေသည်ကိုလည်း တွေ့ရသည်။ ကျွန်တော် ပင်နဆူလာရောက်ခိုက် မြန်မာဆိုင်များနှင့် ပိတ်ရက်တွင် လာအနားယူဝယ်ခြမ်းနေကြသော မြန်မာများကို မှတ်တမ်းအနေနှင့် ဓာတ်ပုံရိုက်နေစဉ် စင်္ကြံကော်ရစ်တာတွင် အုပ်စုဖွဲ့နေသော မြန်မာလူငယ်တစ်ယောက်က ဓာတ်ပုံရိုက်နေသော ကျွန်တော့်ထံကို တန်းတန်းမတ်မတ် လျှောက်လာကာ "ဘာကို ရိုက်နေတာလဲ။ ဘာလုပ်ဖို့လဲ။ ခင်ဗျားက ဘယ်ကလဲ။ ကျုပ်တို့ပုံ မပါစေနဲ့နော်။ ပါလို့ကတော့ မလွယ်ဘူးမှတ်" ဟု ရုပ်ရှင်ထဲက လူကြမ်းပုံမျက်နှာပေးဖြင့် လာပြောသည်။ ကျွန်တော်က မှတ်တမ်းအနေနှင့် ရိုက်ခြင်းဖြစ်ကြောင်း၊ မည်သို့ကိုမျှ ပုဂ္ဂိုလ်ရေးထိခိုက်အောင် လုပ်မည်မဟုတ်ကြောင်း ထိုလူငယ်ကို ကျွန်တော် ကောင်းကောင်းမွန်မွန်ပဲ အဖြေပေးလိုက်ပါသည်။ ထိုလူငယ်ကိုကြည့်ရသည်မှာ အကယ်၍ ကျွန်တော်ကသာ မချေမငံပြန်ပြောပါက တစ်ခုခုပင် လုပ်မည့်ပုံပေါ်နေသည်။ သို့သော် သူ စင်ကာပူကို မည်သည့်ရည်ရွယ်ချက်ဖြင့် ရောက်ရှိနေသည်ကိုတော့ မသိရ။ သူ့ထံတွင် ဤကဲ့သို့ လာပြောလိုက်ပြုမူလိုက်ရခြင်းကို ယဉ်ပါးနေပုံပေါက်သည်။ ဤသို့ပြုမူလိုက်ခြင်းက သူ့အား မြို့ကြီးသား၊ လူရည်လည် ခေတ်မီသူတစ်ယောက်အဖြစ် ပြသရာရောက်သည်ဟု အထင်ရောက်နေဟန် ရှိ၏။ သူ့အပြုအမူကို ကြည့်လျှင် သူကျင်လည်ခဲ့သည့် ပတ်ဝန်းကျင်ကို အကဲခတ်၍ရသည်။ မယဉ်ကျေးခြင်း၊ စည်းကမ်းမရှိခြင်း၊ ကိုယ်ချင်းမစာခြင်း၊ အကြင်နာကင်းခြင်း၊ တလွဲဆံပင်ကောင်းခြင်းတို့သည် သူတို့တစ်တွေ၏ ငယ်ဘ၀ဖြတ်သန်းခဲ့သော ပတ်ဝန်းကျင်နှင့် ဆိုင်သည်။

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၇ တွင် ပါရှိသည့် ကျော်ဗဟိန်း၏ ပထမကမ္ဘာသို့ ဒုတိယတစ်ခေါက် (၂၅) မှ ထုတ်နုတ်ကူးယူဖော်ပြပါသည် )

Friday, September 25, 2009

New Five Thousand Kyats Note


Central Bank of Myanmar will put into circulation new denomination of Five Thousand Kyats currency note with effect from October 1
--------------------------------------------------------------
All legal tender currency notes, coins will continue to be in circulation

-------------------------------------------------------------------------------------------------------------------------------------------
CENTRAL BANK OF MYANMAR
NAY PYI TAW

September 24, 2009
PRESS RELEASE

The Central Bank of Myanmar will put into circulation a new denomination of Five Thousand Kyats currency note with effect from October 1, 2009. The new currency note will be issued to the public at the Currency Department of the Central Bank of Myanmar, Banks and Government Treasuries during the banking hours.

All legal tender currency notes and coins will continue to be in circulation.

General description of the new currency note is as follows:-

FIVE THOUSAND KYATS NOTE
Dimension : 15 x 7 cm
Dominant Colour : Red

Obverse Side : On the top, the inscription "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" is printed. In the middle portion, the Note carries the depiction of Royal White Elephant in Myanmar artistic style and the Myanmar inscription "ငါးထောင်ကျပ်" mentioning the value of the Note. At the bottom, floral designs in Myanmar artistic style are printed. On the three corners, the value of the Note is printed in numeral figures. Bank Note numbers are printed in Myanmar and English. On the right hand side, the Note bears the watermark image of the white elephant. A security thread is embedded upright in the Note.

Reverse Side : On the top, the inscription "CENTRAL BANK OF MYANMAR" is printed. At the bottom, the inscription
"FIVE THOUSAND KYATS" is printed. In the middle, the Note bears the illustration of the building of Hluttaw. On the three corners, the value of the Note is printed in numeral figures.

You can see the reproductions of the new note HERE.


ငါးထောင်ကျပ်တန် ငွေစက္ကူအသစ် ထုတ်ဝေမည်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငါးထောင်ကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် ထုတ်ဝေမည်ဖြစ်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

ငါးထောင်ကျပ်တန်ငွေစက္ကူ၏ မျက်နှာစာဘက်တွင် ဆင်ဖြူတော်ပုံကို ထင်ရှားစွာ တွေ့မြင်ရပြီး ကျောဘက်တွင်မူ လွှတ်တော်အဆောက်အအုံပုံကို မြင်တွေ့ရမည်ဖြစ်ပါသည်။

အဆိုပါသတင်းကို အသေးစိတ်သိလိုပါက ဤနေရာတွင် ဓာတ်ပုံဖိုင်ဖြင့် ဖတ်ရှုနိုင်ပါသည်။

ပြောရပြန်ပြီ မြန်မာဘောလုံး


မန္တလေးမြို့ ဗထူးအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရတနာပုံအသင်းနဲ့ ဒယ်လ်တာယူနိုက်တက်အသင်းတို့ ပွဲမှာ ဒယ်လ်တာယူနိုက်တက်က နှစ်ဂိုး-တစ်ဂိုး နဲ့ အနိုင်ရရှိသွားပါတယ်။ ရတနာပုံအသင်းအတွက် အသင်းစတင်တည်ထောင်စဉ်ကတည်းက စပြီး ပထမဆုံးကြုံရတဲ့ ရှုံးပွဲဖြစ်ပါတယ်။ ပိုပြီးခံရခက်စေတာက ကိုယ့်မြေ၊ ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ်ရှေ့မှောက်မှာ ရှုံးရတာဖြစ်ပါတယ်။ ဘောလုံးဆိုတာဟာ အရှုံး၊ အနိုင်၊ သရေ ဆိုပြီး ရှိစမြဲဖြစ်ပါတယ်။ ဘယ်အသင်းမှ အမြဲတမ်းအနိုင်မရနိုင်သလို၊ အမြဲတမ်းလည်း မရှုံးနိုင်ပါဘူး။ အဲဒီအတွက် အနိုင်အရှုံးဆိုတာကို လက်ခံတတ်အောင် ကြိုးစားဖို့လိုပါတယ်။ နိုင်နေစဉ်တုန်းက ၀မ်းသာအားရ ပျော်ခဲ့ကြပြီး ရှုံးတဲ့အခါကျမှ မခံစားနိုင်ဘူးဆိုရင်တော့ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စတစ်ရပ်လို့ မြင်ပါတယ်။

သေချာတာကတော့ ဒယ်လ်တာယူနိုက်တက်ဟာ ဗထူးကွင်းမှာ လာကန်ရရဲ့သားနဲ့ အနိုင်ရတယ်ဆိုတဲ့အတွက် ရတနာပုံအသင်းအပေါ်ကို နိုင်သင့်နိုင်ထိုက်လို့၊ အနိုင်နဲ့ထိုက်တန်လို့ နိုင်တယ်လို့ပဲ ကျွန်တော်က ယူဆပါတယ်။ ကျွန်တော်လည်း ရတနာပုံအသင်းပရိသတ်ပါ။ ကိုယ့်အသင်း နိုင်တာကိုပဲ ကြားချင်၊ မြင်ချင်တဲ့လူပါ။ ဒါပေမယ့် ရှုံးလာတယ်ဆိုရင်လည်း လက်ခံရပါမယ်။ စောစောက ပြောခဲ့သလို ရှုံးသင့်လို့ရှုံးတယ်လို့ ခံယူထားလိုက်ရင် ဘာမှဖြစ်စရာအကြောင်း မရှိပါ။

ထားပါတော့။ အဓိကပြောချင်တာကတော့ အဲဒီနေ့က ဘောလုံးပွဲအပြီးမှာ ရတနာပုံအသင်းအားပေးသူ ပရိသတ်အချို့ဟာ ဗထူးကွင်းရဲ့ ထွက်ပေါက်ကို ပိတ်ဆို့ထားခဲ့တဲ့အတွက် ဒယ်လ်တာအသင်းနဲ့ မီဒီယာသမားအချို့ဟာ ဘောလုံးကွင်းထဲမှာ အချိန်တစ်ခုအထိ ငုတ်တုတ်ထိုင်စောင့်နေခဲ့ရတယ်ဆိုတဲ့ သတင်းပါ။ အတော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေတဲ့ အပြုအမူ။ လူကြီးလူကောင်းမဆန်တဲ့ အပြုအမူလို့ ဆိုချင်ပါတယ်။ ရတနာပုံအသင်းကို ဘယ်လောက်ပဲ အားပေးသည်၊ ချစ်ခင်သည်ဖြစ်စေ အခုလို လုပ်ရပ်မျိုးကို အပြင်းအထန် ကန့်ကွက်ရှုံ့ချပါသည်။

သူများနိုင်ငံက ပရိသတ်တွေ ဆူပူသောင်းကျန်းတဲ့ သတင်းတွေကို ဖတ်ပြီးရင် ဒီကောင်တွေ အတော်ဆိုးတဲ့ကောင်တွေပါလား ဆိုပြီး စိတ်တိုရ၊ ဆဲရ၊ ဆိုရနဲ့။ ဟော... အခု ကိုယ့်မြန်မာတွေကလည်း ကမ္ဘာနဲ့အမီ ရင်ဘောင်တန်းနေကြပါရောလား။ ၀မ်းသာရမှာလား၊ ဂုဏ်ယူရမှာလားဗျာ။ အဲဒီပရိသတ်တွေကပဲ မြန်မာ့ဘောလုံးကို ကမ္ဘာ့အဆင့်မီစေချင်တယ်တဲ့။ ဟုတ်ပါပြီဗျာ။ အားပေးတဲ့ ပရိသတ်တွေကရော အဆင့်မီရဲ့လားလို့ ပြန်မေးခွန်းထုတ်ချင်ပါတယ်။ အင်္ဂလန်ကပရိသတ်တွေကို တစ်ကမ္ဘာလုံးက ကြောက်ကြပါသတဲ့။ အင်္ဂလန်အသင်း ပါဝင်ယှဉ်ပြိုင်တဲ့ပွဲတွေဆိုရင် လုံခြုံရေးကို အရင်ကထက် ပိုပြီးတိုးမြှင့်ချထားရတယ်ဆိုတာကို ဘောလုံးနဲ့ ရင်းနှီးသူတိုင်း သိကြပါတယ်။

အခုလည်း အာစီယံဒေသတွင်းပြိုင်ပွဲတွေမှာ မြန်မာအသင်းပါတယ်ဆိုတာနဲ့ အခြားနိုင်ငံတွေက "အရိုင်းအစိုင်းကောင်တွေလာပြီး စည်းမရှိ၊ ကမ်းမရှိ အားပေးကြတော့မယ်၊ သတိသာထားကြတော့"ဆိုပြီး မေးငေါ့ကြမှာ မြင်ယောင်နေမိပါတယ်။ နဂိုကမှ မြန်မာဆိုရင် အမြင်မကြည်ရတဲ့အထဲ အခုလို ပရိသတ်တွေက အမျိုးဂုဏ်ကို မြှင့်တင်နေကြတော့ အင်း.... ဆိုပြီး အများကြီး တွေးနေမိတယ်။ ရင်လေးနေမိတယ်။

မြတ်စွာဘုရားက ဟောကြားထားပါတယ်။ အစွန်းနှစ်ပါးကို ရောက်တာဟာ မကောင်းဘူးတဲ့။ အလယ်အလတ်ပဲ ကောင်းပါတယ်။ ကိုယ်ကြိုက်တဲ့အသင်းကို အားပေးတယ်ဆိုပေမယ့် အစွန်းတစ်ဖက်ကို ရောက်မသွားအောင် ထိန်းသိမ်းကြသင့်တယ်လို့ မြင်မိကြောင်း အကြံပြုရေးသားအပ်ပါသည်။

မြန်မာ့ဘောလုံး တိုးတက်အောင်မြင်နိုင်ပါစေဟု.....

လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်၊ သောကြာနေ့။
နေ့လည် ၂ နာရီ ၁၃ မိနစ်တွင် ပြီး၏။

သတင်းစာဖတ်ရင်း ရင်ဘတ်ထဲမှ ခုန်ထွက်လာသော စကားလုံးများ


(ကိုယ်ပိုင်ခံစားချက်များဖြင့် ရေးထားသောပို့စ်ဖြစ်သည့်အတွက် ခေါင်းရှုပ်မခံချင်သူများ၊ နိုင်ငံရေးကို စိတ်မ၀င်စားသူများ၊ အခြားသော သုတရသနှင့် ဟာသပို့စ်များကိုသာ ကြိုက်နှစ်သက်၍ ပုံမှန်လာဖတ်သော ဘလော့ဂ်ဖတ်မိတ်ဆွေများကို ဆက်မဖတ်ရန် အကြံပြုပါသည်။ ---- ကိုဉာဏ်)

၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေပလုံစီပွထလာပြီးတဲ့နောက် ပြောစရာစကားလုံးတွေ ရင်ဘတ်ထဲကနေ ခုန်ထွက်လာကြတဲ့အတွက် ဒီပို့စ်ကိုရေးပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ခံစားချက်ဖြစ်တဲ့အတွက် မှန်တယ်၊ မှားတယ်ကို ဘလော့ဂ်ဖတ်သူတွေကသာ ကြိုက်သလို ဆုံးဖြတ်နိုင်ကြပါတယ်။ ကျွန်တော့်အဆင့်လေး၊ ကျွန်တော့်ရဲ့ မတောက်တခေါက်အသိလေးနဲ့ တွေးထားတာဖြစ်တဲ့အတွက် အားလုံးအတွက် လက်ခံနိုင်စရာ ဖြစ်လိမ့်မယ်ဆိုတာကိုတော့ ကျွန်တော်အာမ မခံနိုင်ပါကြောင်း ကြိုတင်အသိပေးလိုက်ပါရစေလားခင်ဗျာ…။

ပထမဆုံး ဒီနေ့သတင်းစာကိုဖတ်ပြီး ဘာကြောင့် ဒီလောက်ပေါက်ကွဲနေရသလဲဆိုတာကို ရှင်းပြရင်းနဲ့ အစပျိုးလိုက်ပါရစေ…။ ဒီလိုပါ ဒီနေ့ သတင်းစာထဲမှာ "ပြည်ပနိုင်ငံသားခံယူပြီး မိမိနိုင်ငံနှင့် လူမျိုးအပေါ် သစ္စာမဲ့စွာ ပြည်တွင်း၌ ဆူပူအုံကြွမှုများနှင့် ဖောက်ခွဲဖျက်ဆီးမှုများ ဖြစ်ပွားစေရန် စီစဉ်ချိတ်ဆက်ဆောင်ရွက်ခဲ့သူ ညီညီအောင် (ခ) ကျော်ဇောလွင်အား ဖမ်းဆီးရမိ" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ကို ဖတ်မိတာကနေ စခဲ့တာလို့ ဆိုလိုက်ပါရစေ။

အကြမ်းဖျင်းပြောရရင် အခုဖမ်းမိတဲ့သူနဲ့ ဆက်စပ်ပြီး ဖော်ထုတ်စစ်မေးချက်တွေအရ All Burma Student's Democratic Front (ABSDF) သောင်းကျန်းသူအဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းမှာ အဖျက်လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ All Arakan Students and Youth Congress (AASYC) အဖွဲ့မှ ပြည်တွင်းမှာရှိတဲ့ ယူဂျီအဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တဲ့ သတင်းပါ။ အဲဒီလို ဖမ်းဆီးရမိခဲ့တဲ့လူတွေဟာ အခု ၂၀၀၉ ခုနှစ်အတွင်းမှာပဲ ဆူပူအကြမ်းဖက်မှုတွေ၊ ဖောက်ခွဲဖျက်ဆီးမှုတွေ ပြုလုပ်ဖို့အတွက် ပြည်တွင်းပြည်ပ ချိတ်ဆက်ပြီး အစီအစဉ်တွေဆွဲထားတာဖြစ်တဲ့အတွက် အခုလိုဖမ်းဆီးရမိလိုက်တာဟာ ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက် တကယ့်ကို မင်္ဂလာသတင်းပဲဖြစ်ပါတယ်။ တကယ်လို့များ ဒီလူတွေကို မဖမ်းမိသေးဘူးဆိုရင် သူတို့တွေရဲ့လက်ချက်ကြောင့် ဘယ်သူတွေ သေကြေပျက်စီး၊ ထိခိုက်ဒဏ်ရာ ရကြဦးမယ်၊ အိုးအိမ်တွေပျက်စီးပြိုကွဲကြဦးမယ်၊ အဖြူသက်သက်နဲ့ သူတို့ရဲ့ဆွဲဆောင်စည်းရုံးမှုကြောင့် အပြစ်မဲ့တဲ့လူ ဘယ်လောက် တရားဥပဒေကို ချိုးဖောက်မိကြဦးမယ်ဆိုတာကိုတော့ ဘယ်သူမှ သိနိုင်ကြမယ်မထင်ပါဘူး။

ထားပါတော့လေ… အခုသတင်းကိုဖတ်ပြီး ကျွန်တော်မြင်မိတွေးမိတာလေးတွေကို ဆက်ကြရအောင်ပါ…

(၁)
ပထမဆုံးအနေနဲ့ AASYC, KNU, ABSDF, NDD, DPNS, FDB, ABMU, GW, ၈၈မျိုးဆက်ကျောင်းသား အဖွဲ့ဝင်တွေနဲ့ NLD ပါတီဝင်အချို့တို့ဟာ ချိတ်ဆက်လှုပ်ရှားလျက် ရှိတယ်ဆိုတာကို ဖော်ထုတ်ချက်တွေအရ အချက်အလက်ခိုင်ခိုင်မာနဲ့ ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်ပါတယ်။ အမြဲတမ်းပဲ ကျွန်တော်တို့ဟာ ဘယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့မှ ဆက်သွယ်ဆောင်ရွက်မှု မရှိပါဘူး။ မြန်မာ့ဒီမိုကရေစီအရေးအတွက် ငြိမ်းချမ်းစွာ အကောင်အထည်ဖော် ဆောင်ရွက်နေကြတာပါ၊ အကြမ်းဖက်ဖောက်ခွဲမှုတွေကို ကျွန်တော်တို့ ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူးဆိုပြီး အမြဲတမ်း မျက်စိစုံမှိတ်ပြီး အော်ခဲ့ကြတဲ့လူတွေ၊ အဲဒီလိုအော်တာကိုပဲ အထူးသတင်းတွေ၊ အထူးကဏ္ဍတွေ၊ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်တွေနဲ့ တခမ်းတနား အမြဲတမ်း ထုတ်လွှင့်ပေးနေတဲ့ ရေဒီယိုလှိုင်းတွေက ဘယ်လိုဆင်ခြေတွေများ ပေးကြဦးမလဲဆိုတာကို နက်ဖြန်မနက်ကျရင်တော့ အသေအချာကို စောင့်နားထောင်ရဦးမယ်။ ဘာပဲပြောပြော မနက်စောစောစီးစီး ဟာသတွေနားထောင်ရရင် အသက်ရှည်တာပေါ့ဗျာ။ ကျွန်တော့်သဘောနဲ့ ကျွန်တော်သာ ထင်တိုင်းပြောရရင် အဲဒီရေဒီယိုတွေနဲ့ ပူးပေါင်းပြီး ဘယ်နေ့မှာ ဘာလုပ်သင့်တယ်၊ ဘယ်နေ့ကတော့ ဘာနဲ့ချိန်ကိုက်ဖြစ်တယ်၊ ဘယ်နေ့ကတော့ ဘယ်အစီအစဉ်ထုတ်လွှင့်ရင်းနဲ့ တစ်ဆက်တည်း ရောချလိုက်လို့ရတယ်ဆိုပြီးများ အစီအစဉ်တွေဆွဲပြီး လုပ်နေကြသလားလို့ပါ။ မြန်မာပြည်ထဲမှာ ပေါက်ကွဲမှုတစ်ခုခုဖြစ်ရင်၊ သဘာဝဘေးအန္တရာယ် တစ်ခုခုကျရောက်ရင် ရေဒီယိုအသံလွှင့်ဌာနတွေမှာ လုပ်ကိုင်နေကြတဲ့ ကြေညာပေးနေကြတဲ့ မြန်မာစကားပြော အသားထဲကလောက်ထွက်တွေဟာ သူတို့အတွက် သတင်းထူးရတယ်၊ အလုပ်ရတယ်ဆိုပြီး ပျော်နေကြမလားလို့ တွေးနေမိပါတယ်။ ပါးစပ်ကတော့ ၀မ်းနည်းသလိုလို ဘာလိုလိုနဲ့ တစ်ဦးမှ မသေဆုံးဘူးဆိုရင် မကျေနပ်တဲ့လေသံနဲ့။ အစိုးရကပဲ သေတဲ့စာရင်းတွေကို ဖျောက်ထားသယောင်ယောင် ပြောနေလိုက်ကြတာများ မြန်မာသွေးတစ်စက်လောက်မှ ပါရဲ့လားလို့ မေးချင်စရာပါပဲ။ သူတို့ကြားချင်တာက ပေါက်ကွဲမှုဖြစ်တယ် လူထောင်နဲ့ချီပြီးသေတယ် ဒီလိုသတင်းမျိုး ဖြစ်ပါလိမ့်မယ်။ အဲဒီလို ဖြစ်တဲ့အတွက် လက်ရှိအစိုးရမှာ သူ့အတိုင်းအတာနဲ့သူ ထိခိုက်နစ်နာတာတွေတော့ ရှိမှာအမှန်ပါပဲ။ ဒါပေမယ့် လက်တွေ့ခံလိုက်ရတာက ဘာမှအပြစ်မရှိဘဲ သူ့ဟာသူနေတဲ့၊ လုပ်ကိုင်စားသောက်နေတဲ့ ကိုယ့်လူမျိုး အပြစ်မဲ့ပြည်သူတွေဆိုတာကို သူတို့တွေ တွေးမိကြပုံပေါ်ရဲ့လား မသိပါ။ KNU ဆိုတာဟာ မြန်မာ့တပ်မတော်ကို နှစ်ရှည်လများ တော်လှန်တိုက်ခိုက်နေတဲ့၊ လက်ရှိမြန်မာအစိုးရပျက်စီးကြောင်းကို အမြဲတမ်းနည်းလမ်းရှာပြီး အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီလို အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အပေါ်က ကျွန်တော်ပြောခဲ့တဲ့ အဖွဲ့တွေအားလုံးဟာ အကြမ်းဖက်အဖွဲ့အစည်းမဟုတ်ရင်တောင် ပြည်တွင်းမှာ အကြမ်းဖက်မှုတွေပြုလုပ်ဖို့ အတွက် ဆန္ဒရှိကြတဲ့ စိတ်တူကိုယ်တူ အကြမ်းဖက်လမ်းစဉ်ကိုင်စွဲရေးဝါဒီတွေ ဖြစ်တယ်လို့ ကျွန်တော်က ဆိုချင်ပါတယ်။ ရေဒီယိုမှာဆိုရင် အသံကောင်းဟစ်ပြီး တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ စကားလုံးတွေကို ရေလဲသုံးပြီး လက်တွေ့မှာ ပြည်သူတွေ သေကြေအောင် ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်နေကြတဲ့ အဲဒီအဖွဲ့တွေကို ယုံကြည်ထောက်ခံနေကြတဲ့ သူတွေကို ကိုယ့်ဘာသာကိုယ် ပြန်ပြီးစဉ်းစားကြဖို့ ကျွန်တော်က အကြံပြုချင်ပါတယ်။ ပြောရမယ်ဆိုရင် ဘယ်အကြမ်းဖက်မှုကိုမဆို ကျွန်တော်ဆန့်ကျင်ပါတယ်။ အဲဒီလို ပြုလုပ်တာဟာ ကျွန်တော်တို့ဗုဒ္ဓရဲ့ လမ်းစဉ်မဟုတ်ပါ။ ဆီနဲ့ရေ၊ ရွှေနဲ့ချေး၊ မိုးနဲ့မြေ ဖြစ်ပါတယ်။
AASYC – All Arakan Students and Youth Congress
KNU – Karen National Union
ABSDF – All Burma Student's Democratic Front
NDD – Network of Democracy and Development
DPNS – Democratic Party for a New Society
FDB – Forum for Democracy in Burma
ABMU - မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး
GW – Generation Wave
၈၈မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များ - မင်းကိုနိုင်၊ ဌေးကြွယ်၊ မင်းဇေယျ၊ အံ့ဖွယ်ကျော်၊ လှမျိုးနောင်၊ သန်းတင့်၊ အောင်သူ

(၂)
အခုလို အဖျက်လုပ်ငန်းတွေလုပ်ဖို့ စီစဉ်တာတွေအားလုံးမှာ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသူတွေဟာ ပြည်ပနိုင်ငံတွေကနေ၊ အဖွဲ့အစည်းအသီးသီးကနေ ထောက်ပံ့ကြေးငွေတွေ ရယူပြီး ဆောင်ရွက်နေတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ တကယ်လို့သာ ဘယ်သူကမှ ငွေကြေးထောက်ပံ့မှု မြိုးမြိုးမြက်မြက် မပေးဘူးဆိုရင် အဲဒီလူတွေ လုပ်မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဒါဆိုရင် သူတို့တွေလုပ်နေကြတာတွေဟာ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်ဆန္ဒကြောင့်မဟုတ်ဘဲ ပိုက်ဆံရဖို့အတွက်သာ လုပ်တယ်လို့ ကောက်ချက်ချနိုင်ပါလိမ့်မယ်။ အဲဒါမျိုးဆိုရင် ရေဒီယိုလှိုင်းတွေကနေ အော်နေသလိုမျိုး သူတို့ဟာ ဒီမိုကရေစီအရေး ဆောင်ရွက်ကြသူတွေ မဟုတ်ကြတာ အသေအချာပါပဲ။ တိကျသေချာတဲ့ အမည်နာမ တပ်ပေးရမယ်ဆိုရင်တော့ ကြေးစားလူသတ်သမားတွေ၊ ကြေးစားသစ္စာဖောက်တွေပါပဲ။

(၃)
နောက်တစ်ခုက အင်တာနက်ပေါ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့တဲ့ အပြစ်မရှိဘဲ အဖမ်းခံခဲ့ရတယ်ဆိုတဲ့ Ecovision ဂျာနယ်က သတင်းထောက် အိမ့်ခိုင်ဦးကို ငွေကျပ်(၂၅)သိန်း ထောက်ပံ့ပေးခဲ့တယ်ဆိုတာကြီးက ဘူးပေါ်သလို ပေါ်လာပါရောလား။ အဲဒီသတင်းထောက်အမည်ခံ အမျိုးသမီးဟာ ဟိုတစ်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့ အကျဉ်းသူတွေထဲမှာ ပါတယ်လို့ အင်တာနက်သတင်းတွေက ဆိုပါတယ်။ သူမဟာ အပြစ်မရှိဘဲ အဖမ်းခံခဲ့ရတာပါလို့ လေလှိုင်းတွေက အလုအယက်ထုတ်လွှင့်ခဲ့ကြတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုလို အဖြစ်မှန်ပေါ်ပေါက်လာပြီဆိုတော့ ဘယ်လိုများ ဖွကြဦးမလဲလို့ ကြိုတွေးကြည့်မိပါတယ်။ စဉ်းစားလို့ရတာ တစ်ခုကတော့ "အခုဆိုရင် ဟိုနေ့ကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာခဲ့တဲ့ သတင်းထောက် အိမ့်ခိုင်ဦးကို အစိုးရက ပြန်ပြီးဖမ်းဆီးထားပါတယ်" ဆိုတာပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီလိုဖွတာဟာ တကယ်ဖြစ်နေတယ်ဆိုရင်လည်း လုပ်သင့်လုပ်ထိုက်တာပဲဖြစ်တဲ့အတွက် နားလည်ပေးရမယ်လို့ ကျွန်တော်က ထင်ပါတယ်။ ကိုယ်ပြုသောကံ ကိုယ်ခံရမှာပဲဖြစ်ပါတယ်။ ဘယ်သူမပြု မိမိမှုပါ။

(၄)
အမေရိကန်နိုင်ငံသားတွေဆိုရင် အစိုးရဟာ တင်းကြပ်လွန်းတယ်၊ မျက်စိဒေါက်ထောက်ပြီး ကြည့်တယ် စသည်ဖြင့် ပြောနေကြတဲ့လူ အတော်လေးများပါတယ်။ မကြာသေးတဲ့ကာလလေးကတင်မှ အမေရိကန်နိုင်ငံသားဆိုတဲ့ အူကြောင်ကြောင်ယောင်ဆောင်ဘဲကြီးက မမစုဆီကို မကြီးမငယ်ကြီးနဲ့ ရေသန့်ဘူးပိုက်ပြီး ရေကူးသွားခဲ့လို့ ပြဿနာတွေတက်ခဲ့တာ မှတ်မိကြဦးမှာပါ။ ဟော… အခု ထပ်သိလာရပြန်ပြီ။ အမေရိကန်နိုင်ငံသားလက်မှတ် ကိုင်ဆောင်ပြီး လူမှုရေးဗီဇာ (Social Visa) အသုံးပြုပြီးတော့ မြန်မာနိုင်ငံထဲကို အကြိမ်ကြိမ်ဝင်တယ်၊ ပြည်တွင်းက သူတို့လက်ဝေခံတွေကို ထောက်ပံ့ကြေးတွေပေးတယ်၊ သတင်းတွေစုတယ်၊ အမာခံအသစ်တွေမွေးတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြပါသတဲ့။ ကဲ… အဲဒီလိုတွေဖြစ်နေတဲ့အတွက် တင်းကြပ်မှုတွေလုပ်ရတာ၊ မျက်စိဒေါက်ထောက်ကြည့်ရတာတွေဟာ သံသယစိတ်နဲ့ စောင့်ကြည့်ကာကွယ်နေရတဲ့ လူတွေရဲ့အလွန်လား၊ ရသမျှအခွင့်အရေးတွေကို ခုတုံးလုပ်အသုံးချပြီး တိုင်းပြည်ပျက်စီးအောင်လုပ်ဖို့ စီစဉ်ဆောင်ရွက်နေကြတဲ့လူတွေရဲ့ အလွန်လားဆိုတာကို ဘယ်သူ့မေးမေး သိလိမ့်မယ်ထင်ပါတယ်။

(၅)
အဆိုးဝါးဆုံးကတော့ သံဃာဝတ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းတွေ၊ ဆူပူအကြမ်းဖက်မှု လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာပါပဲ။ လူသတ်တဲ့လုပ်ငန်း၊ ဖောက်ခွဲဖျက်ဆီးတဲ့လုပ်ငန်းတွေဟာ သံဃာတွေနဲ့ ဘယ်လိုများ ပတ်သက်သလဲဆိုတာကို စဉ်းစားကြည့်ကြပါဦးဗျာ။ အပေါ်ယံ သင်္ကန်းခြုံထားရုံနဲ့ ရဟန်းသံဃာမဟုတ်ဘူးဆိုတာကို ခဏခဏရှင်းပြရတာလဲ မောလှပါပြီ။ သင်္ကန်းကို အရေခွံခြုံထားတာကလွဲရင် အဲဒီလူတွေဟာ လူတွေပါပဲ။ သိုးရေခြုံထားတဲ့ မြေခွေးတွေပါ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရတနာတစ်ပါးဖြစ်တဲ့ သံဃာရဲ့ အသုံးအဆောင်တွေကို ခုတုံးလုပ်အသုံးချသူတွေဟာ ဘယ်လောက်များ အကုသိုလ်ကြီးမားလိုက်တဲ့ လူတွေပါလဲ။ သာသနာတော်အရေးကို စွမ်းစွမ်းတမံထမ်းနေကြကုန်တဲ့ သံဃာစစ်၊ သံဃာမှန်တွေအတွက် ဘယ်လောက်များ ရင်နာဖို့ ကောင်းလိုက်ပါသလဲ။ ပိုဆိုးတာက အဲဒီလိုသံဃာအရေခြုံထားတဲ့ ငမိုက်သားတွေကို ကိုးကွယ်ဆည်းကပ်၊ ဆရာတင်၊ မြှောက်ပေးလုပ်နေတဲ့လူတွေပါ။ အဲဒီလိုအရေခြုံတွေကို တာဝန်အရ ဆောင်ရွက်တဲ့အခါကျ ဘုန်းကြီးတွေကို ဖမ်းဆီးနေပါတယ်၊ သံဃာတော်တွေကို နှိပ်စက်နေပါတယ်လို့ အော်နေကြတဲ့လူတွေကို မေးလိုက်ချင်ပါတယ်။ အခုသံဃာအရေးအခင်းတွေကို ဖန်တီးနေတဲ့အရေခြုံတွေနဲ့ လက်ရှိအစိုးရက ဖမ်းထားတယ်ဆိုတဲ့ သံဃာအရေခြုံတွေကို ပြန်ပြီးလွှတ်ပေးမယ်၊ ခင်ဗျားတို့ အိမ်ဦးခန်းမှာတင်ပြီး တစ်သက်လုံး ကိုးကွယ်ဆည်းကပ်ကြမလားလို့ပါ။ အင်း… (ရေးပြီးခါမှ တအားပြင်းထန်ရိုင်းစိုင်းနေသည်ဟု ယူဆသည့်အတွက် ဤနေရာမှ စာသားများကို ဖျက်လိုက်ပါသည်) စဉ်းစားကြပေါ့ဗျာ။

အင်း… ပြောတာအတော်လေးများသွားပါသည်။ ဒါတောင် အချို့အတွေးတွေက တအားကြီးပြင်းထန်နေသည့်အတွက်၊ စကားလုံးတွေတအားကြီး ကြမ်းတမ်းနေသည့်အတွက် ထည့်မရေးဖြစ်တော့ပါ။

နိဂုံးချုပ်လိုက်ပါတော့မည်။
ကုမ္ပဏီတစ်ခုတွင် သန့်ရှင်းရေးအလုပ်သမားလေးအဖြစ် အလုပ်ဝင်လုပ်ပါသည်။ နောက်တစ်ဆင့် တံခါးစောင့်၊ နောက်တစ်ဆင့် ရုံးစေ၊ နောက်တစ်ဆင့် စာရေးလေး၊ နောက် စာရေးကြီး၊ နောက် ငွေကိုင်၊ ပြီးတော့ လက်ထောက်မန်နေဂျာ၊ မန်နေဂျာ၊ ရှယ်ယာပါတနာ စသည်ဖြင့် အဆင့်ဆင့်တိုးတက်ချင်သော တိုးတက်အောင်ကြိုးစားနေသောသူတွေ ရှိပါလိမ့်မည်။ ထိုသူတို့ကို အားပေးပါသည်။ လေးစားပါသည်။ တိုးတက်ချင်စိတ်ကို အသိအမှတ်ပြုပါသည်။ ထိုသို့မဟုတ်ဘဲ ယနေ့မှ သန့်ရှင်းရေးလုပ်သားအဖြစ် အလုပ်ဝင်သည်။ နောက်နေ့ကျတော့ ကုမ္ပဏီပိုင်ရှင်အလုပ်ရှင် ဖြစ်ချင်နေလျှင်တော့ သဘာဝမကျသော၊ လက်မခံနိုင်သော ကိစ္စတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်ပါသည်။ တပ်မတော်အစိုးရသည် နိုင်ငံတော်အာဏာကို တစ်သက်လုံး ဆုပ်ကိုင်ထားမည်မဟုတ်ကြောင်း အကြိမ်ကြိမ်ပြောခဲ့ပြီး ဖြစ်ပါသည်။ အခုလည်း ဒီမိုကရေစီ ပန်းတိုင်ဆီသို့ ဦးဆောင်ချီတက်လျက် ရှိနေပါသည်။ အဘယ်ကြောင့်များ လှေခါးထစ်များကို မကျော်ဖြတ်ချင်ဘဲ ထိပ်ဆုံးကို ရောက်ချင်နေသလဲဆိုတာကို စဉ်းစားမရပါ။ ဓာတ်လှေခါးခေတ်ကွဟု ပြောလာကြမည့် မိတ်ဆွေတွေကိုလည်း ကြိုတင်အသိပေးပါရစေ။ ဒါမြန်မာပြည်ဖြစ်ပါသည်။ အမေရိက မဟုတ်ပါ။ မိမိဘာသာ ဆက်လက်စဉ်းစားကြစေလိုပါသည်။

ဒီအထိဖတ်လာခဲ့တဲ့လူတွေအတွက် ကျေးဇူးတင်ကြောင်းပါ။ တစ်စုံတစ်ရာများ ပြောဆိုစရာရှိလာသည် ဆိုငြားအံ့။ nyanmyokyaw@gmail.com သို့ အီးမေးလ်ပေးပို့နိုင်ပါကြောင်း။ တလေးတစား စောင့်မျှော်ဖတ်ရှုသွားမည် ဖြစ်ပါကြောင်းခင်ဗျား။

လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်၊ သောကြာနေ့။
နံနက် ၁ နာရီ ၅၂ မိနစ်တွင် ပြီး၏။

ကျွန်တော်ကြိုက်တဲ့ ဇာတိပုည ဂုဏ်မာန - စိုးမြင့်သိန်း


နိဒါန်းငယ်
ပြီးခဲ့တဲ့ ဆောင်းပါးနှစ်ပုဒ်ဖြစ်သော အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါရစေသားနှင့် လက်နက်ကိုင်ခွင့်/မကိုင်ခွင့်၊ အမေရိကန်ပြန်တစ်ဦးနှင့် မှာ ပါဝင်ခဲ့သော ဖဆပလလူကြီး၏သား ကျွန်တော့်သူငယ်ချင်းအကြောင်း ရေးဖို့ ကြုံလာပြန်ပါပြီ။ ကောင်းတဲ့ အကွက်ကလေးတွေမို့ပါ။ အကွက်ကနှစ်ကွက်၊ နှစ်ကွက်လုံး လှသည်။

(၁)
ကျွန်တော့်သူငယ်ချင်းက သေနတ်ပစ်ကျွမ်းကျင်သလို ဂေါက်ရိုက်လည်းကျွမ်းသည်။ သူ့အိမ်မှာ ဂေါက်တံတွေ စိုက်ထိုးစီရီ အင်မတော်လေးရှင်း ပါဖောမင့်လုပ်ထားရာ အင်မတန်လှပသားနားသည်။ သူ ဂျပန်ကုမ္ပဏီကြီးတစ်ခုမှာ ဒု-အကြီးအကဲလုပ်သည်။ သူ့အပေါ်မှာ ဂျပန်အရာရှိ(လူငယ်)ပဲ ရှိသည်။ မနက်မနက် ဂေါက်ကွင်းမှာ ဂျပန်တွေနှင့် ဂေါက်အတူရိုက်ကြသည်။ အဲဒီမှာ ဂျပန်တွေက သူ့ဂေါက်တံကို တကြည့်ထဲ ကြည့်ကြည့်နေကြသည်။ သူက သိသည်။ သို့သော် မသိဟန်ပြုနေသည်။ သို့နှင့် မနေနိုင်လောက်အောင် ဖြစ်လာဟန်တူသော ဂျပန်နှစ်ယောက်က "မစ္စတာ… ခင်ဗျားဂေါက်တံက သုံးသောင်းလောက်တန်တာပဲ (၁၉၈၀ ပတ်ဝန်းကျင်က)၊ ကျွန်တော်တို့ကိုင်တဲ့ ဂေါက်တံတွေက ၈၀၀၀ (ရှစ်ထောင်)လောက်ပဲတန်တာ"
အဲဒီမှာ ကျွန်တော့်သူငယ်ချင်းက ဂျပန်တွေကို ဘယ်လိုပြောလိုက်တယ်မှတ်သလဲ။

"ဒီမှာ မင်းတို့ကုမ္ပဏီမှာလုပ်လို့ ငါချမ်းသာလာတယ် ထင်လို့လား။ ငါက တစ်သက်လုံး ချမ်းသာတဲ့ကောင်ကွ။ ငါ့မိဘနဲ့ ငါ့မှာ ဆန်စက် ဆီစက် သစ်စက်တွေ လယ်တွေယာတွေ အများကြီးရှိတယ်။ ဒီထက်ကောင်းတဲ့ ဂေါက်တံတောင် ငါဝယ်ကိုင်ဦးမယ်" လို့ အသံအောင်မာစွာ ပြတ်ပြတ်သားသား ခြားခြားနားနားကြီး တုံ့ပြန်လိုက်ပါသတဲ့။ အဲဒီလိုမျိုး "ဇာတိပုည ဂုဏ်မာန"ကို ကျွန်တော်က ကြိုက်သည်။

(၂)
အဲဒီ ကျွန်တော့်သူငယ်ချင်းဟာ သူ့အထက်က ဂျပန်အရာရှိကိုလည်း ကြည့်မရဘူး။ အဲဒီ ဂျပန်အရာရှိက ကုမ္ပဏီရုံးထဲက မြန်မာ (၁၀)ယောက်လောက်ကို နာမည်မခေါ်ဘဲ ဟေ့ဟေ့ ကျွတ်ကျွတ် ရှူးရှူး ဆိုပြီး ကြောင်တွေ ခွေးတွေကို ခေါ်သလိုမျိုး ခေါ်လေ့ရှိသတဲ့။ ကျွန်တော့်သူငယ်ချင်းကိုတော့ မစ္စတာလို့ ကောင်းကောင်းမွန်မွန် ခေါ်လေ့ရှိသည်တဲ့။ (မြန်မာ ၁၀ ယောက်ကလည်း M.A, M.Sc တွေချည်းပဲနော်၊ ပေါ့ပေါ့တော့ မဟုတ်)

ငါ့ကို ရှူးရှူးကျွတ်ကျွတ်လို့ ခေါ်တဲ့နေ့ အဲဒီဂျပန်တော့ ဒုက္ခကောင်းကောင်းရောက်ပြီမှတ် ဆိုပြီး ကျွန်တော့်သူငယ်ချင်းက "တေး"ထားသည်။

တစ်နေ့ အဲဒီဂျပန် အိမ်က ဘာဖြစ်လာတယ်မသိ။ ကျွန်တော့်သူငယ်ချင်းကို ဟေ့ဟေ့ ရှူးရှူးဟု ခေါ်လိုက်ပါသတဲ့။ အဲဒီမှာ ပွဲကြီးပွဲကောင်းက စတာပဲ။ ကျွန်တော့်သူငယ်ချင်းက ဂျပန်ရှိရာ ပြေးသွားပြီး ဂျပန်လိုရော အင်္ဂလိပ်လိုရော နှစ်ခေါက်နှစ်ခါတိတိ ခုလို ပြောချလိုက်သတဲ့။

"ဟေ့ကောင်… ငါတို့က မြန်မာလူမျိုး ဗုဒ္ဓဘာသာတွေကွ၊ အရိုင်းအစိုင်းတွေ မဟုတ်ဘူး။ ငါတို့ လူမျိုးဓလေ့မှာ ဟေ့ဟေ့ကျွတ်ကျွတ်ရှူးရှူးလို့ခေါ်တာ ခွေးကိုခေါ်တာကွ။ မင်းနဲ့ငါနဲ့ လက်သီးချင်း ယှဉ်ထိုးချင်သလား… လာခဲ့" လို့ စိန်ခေါ်ပါတော့သည်။

အဲဒီမှာ ဘယ်မြန်မာတစ်ယောက်ကမှ ခုလိုမပေါက်ကွဲဘဲ ကျွန်တော့်သူငယ်ချင်းကသာ ပေါက်ကွဲတာကို ပါးစပ်အဟောင်းသားနဲ့ကြည့်ပြီး ဂျပန်လိုရော အင်္ဂလိပ်လိုပါ အကြီးအကျယ် တောင်းပန်ပြောဆိုပါသတဲ့။
မရဘူး။ ကျွန်တော့်သူငယ်ချင်းက -
"မင်းကို ဒီလောက်နဲ့ မကျေနပ်နိုင်ဘူး။ ဂျပန်က ကုမ္ပဏီ HEAD အကြီးဆုံးကို စာရေးပြီးတိုင်မယ်" လို့ ပြောလိုက်တော့ ဟိုဂျပန်လည်း ကျွန်တော့်သူငယ်ချင်းကို ဒူးထောက် ဖက်ယက်ပြီး ငိုကြီးချက်မကို တောင်းပန်ဝန်ချပါသတဲ့။ သူအလုပ်ပြုတ်သွားမှာကိုး…။
အဲဒီလိုမျိုး "ဇာတိပုည ဂုဏ်မာန"ကို ကျွန်တော်က ကြိုက်သည်။

ဇာတ်ကွက်အမှတ်သုံး လာပါဦးမည်။ အမှတ်သုံးကတော့ ဖဆပလလူကြီးသား ကျွန်တော့်သူငယ်ချင်း မဟုတ်တော့ပါ။
L.LB ဥပဒေနှင့်အောင်ပြီး သင်္ဘောလိုက်တဲ့ သင်္ဘောသားတစ်ယောက်အကြောင်း ဖြစ်ပါသည်။ သူ့တိုက်ပွဲက ပိုပြင်းသည်။

(၃)
သူ့နာမည်ကိုတော့ အရင်းတိုင်း ထည့်ရေးလိုက်တော့မည်။
မြင့်ဦး၊ ကိုမြင့်ဦး၊ ဦးမြင့်ဦး… တဲ့။ ကျွန်တော်က သူ့ကို မောင်မြင့်ဦးလို့ ခေါ်သည်။ သူဟာ L.LB ဥပဒေဘွဲ့ရပြီးတော့ ရှေ့နေမလုပ်၊ တရားရေးဝန်ထမ်းမလုပ်ဘဲ သင်္ဘောလိုက်သွားသည်။ အခြေခံမှစပြီး ၀င်သည်။ ငယ်ဂုဏ် မာဂုဏ် လှပသည့်ဂုဏ် ပညာဂုဏ်များနှင့် တင့်တယ်ပြီး ယောက်ျားပီသတဲ့ မြန်မာစစ်စစ် တစ်ယောက်ပါပဲ။ ရေကြောင်းပညာဆိုင်ရာ English စာအုပ်ကြီးတွေ ကျမ်းကြီးပေကြီးတွေကို သူ့အခန်းထဲမှာ အပြည့်ထားပြီး ခပ်ကုပ်ကုပ်ပဲ လေ့လာဆည်းပူးနေခဲ့သူ။ အဲဒီတုန်းက သူ့အလုပ်က သင်္ဘောမှာ ၀ါနုအခြေခံအဆင့်ပဲ။ သူလိုက်တဲ့ သင်္ဘောလိုင်းက တရုတ်(တိုင်ပေ) သင်္ဘောလိုင်း။

တစ်နေ့ သင်္ဘောဒုကပ္ပတိန် တရုတ်(တိုင်ပေ) ပုဂ္ဂိုလ်က မောင်မြင့်ဦးအခန်းကို လာကြည့်ပြီး အများရှေ့ရောက်တော့မှ…

"ဟေ့ကောင်… မင်းအခန်းထဲက စာအုပ်တွေက ဘာလုပ်တာလဲကွ"

"ငါဖတ်တာပေါ့ကွ၊ မင်းက ဘာလို့ မေးရတာလဲ"

"မင်းက ဖတ်တတ်လို့လား၊ ဟားဟားဟား"

အရှက်ခွဲချင်တဲ့သဘော၊ လှောင်ပြောင်နှိမ့်ချ ရန်စတဲ့သဘော လုပ်ပါတော့သည်။ အဲဒီမှာ မောင်မြင့်ဦးက မြန်မာ့သတ္တိပြပါတော့သည်။

"ဟေ့ကောင် မင်းနဲ့ငါနဲ့ အင်္ဂလိပ်စာ အပြော၊ အရေး၊ အဖတ် ပြိုင်မယ်၊ လက်သီးချင်းလည်း ယှဉ်ထိုးမယ်၊ မင်းကို ငါ စိန်ခေါ်တယ်" လို့ လုပ်ရာက တရုတ်(တိုင်ပေ)နဲ့ တရုတ်(တိုင်ပေ)ရဲ့ တပည့်လူမိုက်နှစ်ယောက်က ဓားမြှောင်တွေနဲ့၊ မောင်မြင့်ဦးတစ်ယောက်ထဲက တုတ်တစ်ချောင်းနဲ့။ ကျန်တဲ့ မြန်မာ ၁၂ ယောက်က လှုပ်တောင် မလှုပ်ဘူးဆိုပဲ။

သင်္ဘောဦးစီးမာလိန်မှူး ကပ္ပတိန်ကြီးက ၀င်ရောက်ဖျန်ဖြေပေးပြီး သူ့လူ ဒု-ကပ္ပတိန်ကိုသာ လွန်သူ၊ မှားသူ အဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာကို ကြေးနန်းဖုန်းနဲ့ ဆက်သွယ်ပြီး တိုင်တောဖြေရှင်းစေတဲ့အတွက် အဲဒီရန်စတဲ့ တရုတ်(တိုင်ပေ)ငနဲကို ဟယ်လီကော့ပတာနဲ့ (ရဟတ်ယာဉ်နဲ့) လာခေါ်သွားပြီး သင်္ဘောပြောင်းပစ်လိုက်သည်။ မောင်မြင့်ဦးကို ဘယ်လိုမှ အရေးမယူပါဘူး။ မှန်တဲ့ဘက်က နေပေးတဲ့ မာလိန်မှူးကြီးကို ကျေးဇူးတင်ဖို့ကောင်းပ။

အဲဒီလိုမျိုး "ဇာတိပုည ဂုဏ်မာန"ကိုလည်း ကျွန်တော်က ကြိုက်သည်။

အဲဒီ မောင်မြင့်ဦးဟာ အခုအခါ သင်္ဘောအကြီးဆုံး မာလိန်မှူးကြီး ဖြစ်နေပြီး၊ ရေကြောင်းလိုင်းတွေထဲမှာ နာမည်ကောင်းရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီး မိသားစုနှင့်အတူ သုဝဏ္ဏမြို့သစ်မှာ ပျော်ရွှင်စွာ နေထိုင်လျက် ရှိပါသည်။

နိဂုံး တိုရှင်းလိုရင်း
အင်းဝခေတ် ကဗျာစာဆို ရတုစာဆို ကျမ်းပညာရှင် ရဟန်းပညာရှိကြီးတွေကပင် ဇာတိပုည၊ ဂုဏ်မာန၊ သံပဟုံးစုံး ဟု ကြွေးကြော်ခဲ့ကြပါသည်။ ကုန်းဘောင်ခေတ် ဆီးဘန်းနီးဆရာတော်ကြီး၊ အချုပ်တန်းဆရာဖေတို့လို စာဆိုတွေကလည်း သေသော်မှတည့် သြော်ကောင်း၏ဟု ဇာတိပုည ဂုဏ်မာန ၀င့်ခဲ့ကြပါသည်။။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ ဆိုရှယ်လစ်ခေတ်များ၌လည်း ဇာတိပုည ဂုဏ်မာန လိုအပ်စွာ ၀င့်ထည်ခဲ့ကြပါသည်။

ယနေ့တိုင် ဇာတိပုည ဂုဏ်မာန လိုအပ်နေပါသေးသည်။ ကျွန်တော်တို့သည် တရုတ်၊ ကုလား(အိန္ဒိယ)၊ ယိုးဒယား၊ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဥရောပ ဘာညာသာရကာ နိုင်ငံ၊ လူမျိုးတွေနှင့် ရှောင်မရ ပုန်းမရ ရင်ဆိုင်တွေ့ဆုံပေါင်းသင်း ရောင်းဝယ်ရင်း သွားလာကူးသန်းရင်း အတူနေထိုင်ကြရပါသည်။ ဒါက သဘာဝပထ၀ီဘူမိနိုင်ငံရေးပါပဲ။ ဒီထဲမှာ ဇာတိပုညဂုဏ်မာနက လိုကိုလိုအပ်ပါသည်။

ထိုလိုအပ်ချက်အရ ကျွန်တော် ဇာတိပုည ဂုဏ်မာန စာဖွဲ့လိုက်ရပါသည်။

( ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် Northern Star ဂျာနယ် အမှတ် ၃၃ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

မိန်းမလှကဗျာ


အရင်ဆုံး ခင်ဗျားကို တစ်ခုမေးချင်တယ်။ ဖြေကြည့်ပါဦး။ ဇာတ်လမ်းအစ စာတန်းထိုးတဲ့အချိန်မှာ ၀တ္ထု - မောင်လှမျိုး (ချင်းချောင်းခြံ) ဆိုတာကို ခင်ဗျားဖတ်ရရင် ဘယ်လိုနေမလဲဗျ။ ခင်ဗျား ဘယ်လိုဖြေမလဲဆိုတာကို ကျွန်တော်မသိပါဘူး။ ခင်ဗျားရဲ့အဖြေကို ကိုယ့်ဘာသာကိုယ် မှတ်ထားလိုက်ပါ။ ကျွန်တော်ကတော့ စာတန်းထိုးတဲ့အချိန်မှာ ၀တ္ထု - မောင်လှမျိုး(ချင်းချောင်းခြံ) ဆိုတာကို တွေ့လိုက်ဖတ်လိုက်ရတဲ့အခါ အတော်လေးကို စိတ်ညစ်သွားပါတယ်။ သြော် မောင်လှမျိုးရဲ့ ဇာတ်လမ်းပါလားဆိုပြီး ကျွန်တော့်မှာလေ အလိုလို လွမ်းလာ၊ ဆွေးလာ၊ ငိုချင်လာ၊ ကြေကွဲလာရတော့တာပါပဲ။ အဲဒါတကယ်ပြောတာပါ။ အပိုပြောနေတာ မဟုတ်ပါဘူး။ မောင်လှမျိုးဝတ္ထုအတော်များများကလည်း ဖတ်ဖူးနေတော့ ပိုဆိုးတာပေါ့။ ခင်ဗျားသာ မောင်လှမျိုး ပရိသတ်ဆိုရင် ဒါမှမဟုတ် မောင်လှမျိုးစာအုပ် နှစ်အုပ်လောက် ဖတ်ဖူးရင်ကို ကျွန်တော့်ရဲ့ ခံစားချက်တွေကို နားလည်မိပါလိမ့်မယ်။

ဇာတ်ကားအမည် - မိန်းမလှကဗျာ
ဝတ္ထု - မောင်လှမျိုး (ချင်းချောင်းခြံ)
ဇာတ်ညွှန်း - သမီးမြတ်ကျော်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်၊ သဇင်

အခြားဝတ္ထုတွေနဲ့ မတူဘဲ မောင်လှမျိုးဝတ္ထုတွေဟာ တစ်မူဆန်းပြားတာ အားလုံးအသိပါ။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ နောက်ထပ်သိလာတာတစ်ခုကတော့ မောင်လှမျိုး ၀တ္ထုကို ပြန်ရိုက်ထားတာ ဖြစ်တဲ့အတွက် မျက်လုံးထဲမှာ ဘာပြီးရင် ဘာဖြစ်တော့မယ် ဘာလာတော့မယ်ဆိုတာကို အလိုလိုကို မြင်နေတာ ဖြစ်ပါတယ်။ အခြားသော ကျွန်တော်ဖတ်ပြီးသား ၀တ္ထုတွေကို ဇာတ်ကားတွေ ပြန်ရိုက်တာ အများကြီး ကြည့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ရုပ်ရှင်ဇာတ်လမ်းထဲမှာ မျောပါသွားတဲ့အချိန်မှာ ၀တ္ထုကို သတိမရတော့ဘဲ ဖြစ်ခဲ့တာပါပဲ။ မင်းသိင်္ခ၀တ္ထုတွေ၊ နေနွယ်ဇင်မြင့်ဝတ္ထုတွေ၊ ပုဏ္ဏမီဝတ္ထုတွေ၊ အကြည်တော် စတဲ့စာအုပ်တွေကို ဖတ်ဖူးခဲ့တာပါပဲ။ အဲဒီဇာတ်လမ်းတွေကို ပြန်ရိုက်တဲ့ ရုပ်ရှင်၊ ဗီဒီယိုတွေကိုကြည့်တဲ့အချိန်မှာ အဆင်ပြေတာပါပဲ။ ဒါပေမယ့် မောင်လှမျိုးဇာတ်လမ်းကို ပြန်ကြည့်ရတဲ့အချိန်မှာတော့ တစ်မျိုးထူးခြားနေမိတာ အမှန်ပါပဲ။

ထွန်းထွန်းရော၊ အိန္ဒြာကျော်ဇင်ရော၊ သဇင်ရော ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံး သရုပ်ဆောင်သွားတာ တွေ့ရပါတယ်။ အထူးသဖြင့် အူဝဲကတော့ သူ့သမ္ဘာအရ အကောင်းဆုံး ပါးပါးနပ်နပ် သရုပ်ဆောင်သွားတာ တွေ့ရပါတယ်။ အူဝဲပရိသတ်တွေကတော့ အတော်လေးကို သဘောကျမယ့် ဇာတ်လမ်းလို့ ဆိုပါရစေ။

စစချင်း ပထမအခန်းမှာပဲ အိန္ဒြာကျော်ဇင်က ဒိုင်ယာရီစာအုပ်လိုပုံစံမျိုး မှတ်စုစာအုပ်တစ်အုပ်ကို ဖတ်နေတာကို ရိုက်ပြပါတယ်။ ဘေးမှာ ထွန်းထွန်းက ထိုင်နေပါတယ်။ သူတို့နှစ်ယောက်စကားပြောတဲ့အခန်း ဆိုပါတော့။ ဒါပေမယ့် အဲဒီလို စကားပြောနေရင်းနဲ့ အိန္ဒြာကျော်ဇင်က ဖတ်နေတဲ့ မှတ်စုစာအုပ်ကို အောက်ကိုချလိုက်ပါတယ်။ စကားဆက်ပြောကြပါတယ်။ ဟော… အဲဒီစကားပြောနေတာကိုပဲ အနီးကပ်မဟုတ်ဘဲ ဘေးကနေရိုက်ပြတဲ့အခါကျတော့ စောစောက အိန္ဒြာကျော်ဇင်ဖတ်နေတဲ့ မှတ်စုစာအုပ်ဟာ အလကားနေရင်း ခြေထောက်ပေါက်ပြီး ထွန်းထွန်းရဲ့ ညာဖက်လက်နားက စားပွဲစွန်းမှာ ရောက်သွားတာတွေ့ရသဗျ။ အိန္ဒြာကျော်ဇင် ထိုင်နေတာက ထွန်းထွန်းရဲ့ ဘယ်ဖက်မှာပါ။ ထွန်းထွန်းလက်ကြီးနှစ်ဖက်ကလည်း စားပွဲခုံအောက်ကို ချထားတာမှ အထင်အရှားကြီး။ ဘယ်သူမှလည်း အဲဒီစာအုပ်ကို ရွှေ့တာပြောင်းတာ မလုပ်သေးပါဘူး။ စကားပြောခန်းလေး တစ်မိနစ်တောင်မပြည့်သေးတဲ့ အချိန်မှာကိုပဲ စာအုပ်ဟာ ဘယ်လို တောင်ပံပေါက်၊ ဘယ်လိုခြေထောက်ပေါက်ပြီး အဲဒီလိုရောက်သွားရသလဲဆိုတာတော့ ကျွန်တော်လည်း မတွေးတတ်ကြောင်းပါ။

နောက်တစ်ခုက မောင်လှမျိုးဝတ္ထုတွေထဲမှာမှ ရှားရှားပါးပါး ဇာတ်ကောင်ဖိုနဲ့ ဇာတ်ကောင်မ (မင်းသားနဲ့ မင်းသမီးဆိုတဲ့ ခပ်ညံ့ညံ့ အသုံးအနှုန်းကို မသုံးချင်လို့ပါ) ဇာတ်ပေါင်းတဲ့ ဇာတ်လမ်းဆိုပါတော့ဗျာ။ ပျော်ရွှင်ဖွယ်၊ ကြည်နူးဖွယ်၊ ဆွတ်ပျံ့ဖွယ်၊ ကြေကွဲဖွယ် စတဲ့ ရသမျိုးစုံကို ခံစားချင်တဲ့ပရိသတ်တွေအတွက်တော့ ကြည့်ပျော်တဲ့ ဇာတ်ကားလေးတစ်ကားလို့ ညွှန်းလိုက်ပါရစေ။

မှတ်ချက်။ ဗီဒီယိုဇာတ်ကားတွေကို ကြော်ငြာရေးပေးနေတဲ့အတွက် ကြော်ငြာခတစ်ပြားမှ မရပါ။ အားလုံး အခမဲ့ ဖြစ်ပါကြောင်း။ မိတ်ဆွေများ၏ လုပ်ငန်းများကို ကြော်ငြာလိုပါက အလုပ်အပ်နှံနိုင်ပါသည်။ သို့သော် ဈေးကြီးပါသည်။ (ဟား ဟား ဟား ဟား) အခမဲ့ပါလို့ ပြောခဲ့ပါသကော။ သြော်.. ထပ်ပြောဦးမယ်။ ဒီပို့စ်တွေဖတ်ပြီး စလောင်းမှာလာနေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Film Mistakes လိုမျိုး မြန်မာရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေရဲ့ ဇာတ်ဝင်ခန်းအမှားများ ရေးပါလားဆိုပြီး အဆင်းကို ဘီးလာတပ်မပေးနဲ့နော်။ (ဟား ဟား ဟား ဟား) ဇာတ်ကားလေးကြည့်ရတာက တစ်နာရီကျော်ကျော်၊ အဲဒီဇာတ်ကားကို အမှားရှာပြီးရေးရတာက စာမျက်နှာ ၅၀ လောက်တော့ ကျွန်တော်မရေးနိုင်ဘူးဗျ။

P.S. Special Thank to Nay Lwin

ကျေနပ်နိုင်ကြပါစေဟု
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ ကြာသပတေးနေ့။
နံနက် ၂ နာရီ ၉ မိနစ်တွင် ပြီး၏။

ဟင့်အင်း


(ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား)
သဘောကျလွန်းလို့ ရယ်ပါရစေဦးဗျာ။ ပို့စ်ခေါင်းစဉ်ကို ဖတ်ပြီး သို့လော၊ သို့လော မတွေးလိုက်ကြပါနဲ့ဦး။ "ဟင့်အင်း" ဆိုတာ ကျွန်တော်မနေ့ညက ကြည့်ခဲ့ရတဲ့ ဗီဒီယိုဇာတ်ကားနာမည်ပါဗျ။ ဇာတ်ကားနာမည်ကြီးကလည်း ဘယ်လိုကြီးမှန်းလည်း မသိဘူးဆိုပြီး အပြစ်တင်မစောကြနဲ့ဦး။ အဲဒီဇာတ်ကားကိုကြည့်ပြီးရင် အဲဒီထက် ဆိုးတယ်ဗျ။ ကျွန်တော်လည်း အဲဒီဇာတ်ကားကို ကြည့်နေတဲ့အချိန်မှာ၊ ကြည့်ပြီးတဲ့အချိန်မှာ ဘယ်လိုကြီးမှန်းလည်း မသိဘူးဆိုပြီး တွေးနေခဲ့ရတာပါဗျာ။ (ဟား ဟား ဟား ဟား) တကယ့်ကို ကဘောက်တိ ကဘောက်ချာဇာတ်လမ်းပါပဲ။ အဲဒီလို ဇာတ်လမ်းတွေကို တွေးခေါ်တတ်တဲ့လူတွေကို ချီးကျူးရမလား၊ ဒီလိုကြီးတော့ မဖြစ်သင့်ပါဘူးဗျာလို့ပဲ ပြောရမလား၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ကျွန်တော်တို့ မြန်မာတွေ ဒီလိုဇာတ်လမ်းတွေကို ကိုယ်ပိုင်ထွင်ပြီး ရိုက်တတ်ပါတယ်ဗျလို့ပဲ ပြောရမလား။ မသိတော့ပါဘူးဗျာ။

အစကတော့ အဲဒီဇာတ်လမ်းအကျဉ်းလေးကို ရေးပြမလို့ဗျ။ အခုတော့ စိတ်ပြောင်းသွားပြီ။ ခင်ဗျားတို့ကိုယ်တိုင် အဲဒီဇာတ်ကားကို ကြည့်စေချင်တဲ့အတွက် အရသာမပျက်ရအောင်လို့ ကျွန်တော်က ကြားထဲကနေ ဆားမလုပ်တော့ပါဘူးဗျာ။ ဟင့်အင်း ဆိုတဲ့ ပြည်ပန်းညိုလေး ချိုစေချင်လို့ပါ။ တကယ်လို့များ ခင်ဗျားအနေနဲ့ ဗီဒီယိုဇာတ်လမ်းတွေ (အထူးသဖြင့် မြန်မာဇာတ်ကားတွေပေါ့ဗျာ) ကြည့်တာ ၀ါသနာမပါဘူးဆိုရင်လည်း ခင်ဗျား ပတ်ဝန်းကျင်က ကြည့်ပြီးတဲ့လူ၊ ဒါမှမဟုတ် ကြည့်တတ်တဲ့လူကို လက်တို့ပြီး အဲဒီဇာတ်လမ်းအကြောင်း ပြန်ပြောပြခိုင်းလိုက်စမ်းပါ။ သူက ဘာမှတ်ချက်တွေ ပေးမလဲဆိုတာ နားထောင်ကြည့်ပေါ့။

တစ်ခုတော့ရှိတယ်ဗျ။ ခင်ဗျား အမြဲတမ်းကြည့်ဖူးနေတဲ့ မြန်မာဗီဒီယိုဇာတ်လမ်းတွေနဲ့ လုံးဝမတူတာ အသေအချာပဲ။ တစ်ကားလုံးကို အံ့သြခြင်း၊ ဟာဟင် ဖြစ်ခြင်းများနဲ့ ကြည့်ရမယ်။ အချို့လူတွေများဆိုရင် တစ်ကားလုံး နှာခေါင်းရှုံ့ကြမလားမသိဘူး။ (ဟား ဟား ဟား ဟား)

ဇာတ်ကားအမည် - ဟင့်အင်း
စီစဉ်ထုတ်လုပ်သူ - ကိုဂျမန်း (မဟော်ဂနီ ဗီဒီယို ထုတ်လုပ်ရေး)
ဒါရိုက်တာ - ကုသိုလ်
တွဲဖက်ဒါရိုက်တာ - ပုညကုသိုလ်
ဝတ္ထု - ကျော်ထူး
ဇာတ်ညွှန်း - ဦးလှဝင်း(ဘောဂဗေဒ)
သရုပ်ဆောင်များ - မြင့်မြတ်၊ ခိုင်သင်းကြည်၊ ဇော်ဝင်းနိုင်၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဆင်မ၊ စိုးမိုးကြည်၊ တက္ကသိုလ်ဂွမ်းပုံ
အထူးဧည့်သည်သရုပ်ဆောင်များ - နေဆန်း၊ ရန်ကျော်၊ ကျော်ဝင်း (ဟား ဟား ဟား ဟား၊ ဘာလို့ရယ်တာလဲ သိချင်ရင် ငှားကြည့်၊ ငှားကြည့်၊ ဒါမှမဟုတ် လိုက်ရှာပြီး ဒေါင်းလုဒ်လုပ်ပြီးကြည့်)

ဇာတ်ကားအပေါ် သုံးသပ်ချက်
ဇာတ်ရံနေရာတွေကနေ သရုပ်ဆောင်နေတဲ့ ဇော်ဝင်းနိုင်ဟာ သရုပ်ဆောင်မှု အင်မတန်ပီပြင်တာကို တွေ့ရပါတယ်။ ဒီဇာတ်ကားမှာလည်း သူ့ရဲ့ကျရာဇာတ်ရုပ်ကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ အခြားရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း သူ့ရဲ့ သရုပ်ဆောင်မှုတွေကို သတိထားမိပါတယ်။ ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်တဲ့အခန်း နည်းနေလို့ဖြစ်မယ်ထင်ပါတယ်။ သူ့အတွက် လုပ်ကွက်နည်းနေသေးတာ ဖြစ်တဲ့အတွက် အခုအချိန်အထိ အကယ်ဒမီမရသေးတာ ဖြစ်မယ်လို့ ယူဆမိပါတယ်။ တကယ်ဆိုရင် ဇော်ဝင်းနိုင်ရဲ့ အနုပညာသမ္ဘာဟာ အကယ်ဒမီဇာတ်ပို့သရုပ်ဆောင်တစ်ဦး ဖြစ်သင့်နေပြီလို့ မြင်မိပါတယ်။

ခိုင်သင်းကြည်ကို ဘာကြောင့် မင်းသမီးအဖြစ် ဒီဇာတ်ကားမှာ သုံးထားရသလဲဆိုတာကို ဇာတ်ကားကြည့်တဲ့အခါ အလိုလို နားလည်လာပါလိမ့်မယ်။ အခြားမင်းသမီးဆိုရင် အခုလိုမျိုး ဇာတ်ရုပ်ဟာ ပီပြင်မယ်မထင်ပါဘူး။ အမြဲတမ်း ကက်ကက်လန်နေတဲ့ ခိုင်သင်းကြည်တစ်ယောက် ဒီဇာတ်ကားမှာတော့ အတော်လေးကို ဇာတ်ရုပ် ပီပြင်တာ တွေ့ရပါတယ်။ ချီးကျူးမိပါတယ်။

မင်းသားနေရာမှာတော့ မြင့်မြတ် အစား အခြားမင်းသားတစ်ယောက်ဆိုရင် ပိုကောင်းမလားလို့ပါ။ သူနဲ့ မလိုက်လို့တော့ မဟုတ်ပါဘူး။ မြင့်မြတ်လည်း အတော်လေးကို ကြိုးစားသရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ဘာလိုနေမှန်းမသိပါဘူး။ အဲဒီထက်ပီပြင်အောင် သရုပ်ဆောင်လို့ ရနိုင်သေးတယ်လို့ ထင်နေမိလို့ပါ။ ဒါပေမယ့် မဟော်ဂနီဗီဒီယိုထုတ်လုပ်ရေးရဲ့ ပင်တိုင်မင်းသားဖြစ်တဲ့အတွက် မြင့်မြတ်ကို သုံးထားတာမို့ မပြောလိုတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီဇာတ်ကားမှာ သရုပ်ဆောင်တာ မဆိုးဘူးလို့ပဲ မှတ်ချက်ချပါတယ်။

ခိုင်သင်းကြည်ရဲ့ မိခင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ စိုးမိုးကြည်ကတော့ ပါတဲ့အခန်းလေးတွေကို သမ္ဘာနဲ့ထိန်းပြီး သရုပ်ဆောင်သွားပါတယ်။ ဈေးထဲမှာ ဇော်ဝင်းနိုင်နဲ့ ရန်ဖြစ်တဲ့အခန်းကတော့ စိုးမိုးကြည်ကို အမှတ်ပြည့် ပေးမိပါတယ်။ တကယ်များ ရန်ဖြစ်နေသလားလို့ကို ထင်မိပါတယ်။ အဲဒီလောက်ထိ ပီပြင်တာပါ။

ကင်းကောင်၊ ငှက်ပျော်ကြော်၊ ဆင်မ နဲ့ တက္ကသိုလ်ဂွမ်းပုံတို့ကတော့ ဇာတ်လမ်းကို ကြွတက်လာအောင် ပို့ပေးတဲ့ တကယ့်ဇာတ်ပို့တွေပါပဲ။ သူတို့တွေရဲ့ သရုပ်ဆောင်မှုတွေနဲ့ သူတို့တွေပြောတဲ့ စကားလုံးတွေကြောင့် ဇာတ်လမ်းဟာ ကြွတက်လာရတာတော့ အသေအချာပါပဲ။

ဒါပေမယ့် ဇာတ်သိမ်းပိုင်းကိုတော့ ကျွန်တော်သဘောမကျဘူး။ အလကားနေရင်းကို ဇာတ်သိမ်းပစ်လိုက်သလိုမျိုးကြီး ဖြစ်နေတယ်။ ဆိုလိုတာကဗျာ ဗီဒီယိုဇာတ်ကားတစ်ကားစာ အချိန်ပြည့်နေပြီဖြစ်တဲ့အတွက် ဇာတ်လမ်းကို သိမ်းလိုက်ရတဲ့ပုံစံမျိုးကြီး။ တကယ်ဆိုရင် ဒီထက်ပိုကောင်းသင့်တယ်။ တစ်ကားလုံးကို ဖန်တီးလာတာ၊ ဆွဲခေါ်လာတာ ဟုတ်နေရဲ့သားနဲ့ နောက်ဆုံးကျမှ အဆက်အစပ်မရှိ လုပ်ပစ်တာကတော့ ဒါရိုက်တာရဲ့ လိုအပ်ချက်လို့ ဆိုချင်ပါတယ်။

ဘာပဲပြောပြော အသစ်အဆန်းဇာတ်လမ်းတွေ၊ သူများနဲ့မတူတာတွေကို ကြိုက်တတ်တဲ့လူတွေအတွက်တော့ အပျင်းပြေ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကား ဖြစ်ကြောင်း ကိုယ့်ထမင်းကိုယ်စားပြီး အခမဲ့ ကြော်ငြာမောင်း ခတ်လိုက်ရကြောင်းပါ။

P.S. ဒီဇာတ်ကားကို ကျွန်တော့်ဘာသာကျွန်တော်ဆိုရင် ငှားကြည့်ဖြစ်မှာမဟုတ်တာ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ မြင့်မြတ်ဆိုတာ ကျွန်တော်ငှားကြည့်တတ်တဲ့ မင်းသားမဟုတ်လို့ပါ။ အသစ်တွေကို ကျွန်တော်မကြိုက်တာ မဟုတ်ပါဘူး။ ကျွန်တော်ငှားကြည့်ဖြစ်တဲ့ မင်းသားသစ်တွေ ရှိပါတယ်။ မြင့်မြတ်ကိုတော့ သရုပ်ဆောင်တာ သိပ်ပြီး မပီပြင်ဘူးထင်တဲ့အတွက်၊ တစ်ခုခုလိုနေသလို ထင်တဲ့အတွက် မကြည့်ဖြစ်တာပါ။ မနေ့က ကျွန်တော့်သူငယ်ချင်း နေလွင်ဆိုတဲ့ကောင်က သူငှားလာတဲ့ မြန်မာကားနှစ်ကားကို လာပေးလို့ ကြည့်ဖြစ်သွားတာပါ။ ဘာပဲပြောပြော ဇက်ကြောနဲ့ မျက်စိ ပြဿာနာအချို့ကြောင့် မနေ့ညက အင်တာနက်သွားမသုံးဘဲ အခန်းမှာပဲ အပျင်းပြေဗီဒီယိုကြည့်ဖြစ်တဲ့အချိန်မှာ အပျင်းပြေပေါ့ပေါ့ပါးပါးလေး ကြည့်လိုက်ရတဲ့အတွက်တော့ နေလွင့်ကို ကျေးဇူးတင်မိကြောင်းပါ။

သြော်…. မိတ်ဆွေအနေနဲ့ အဲဒီ ဟင့်အင်း ဆိုတဲ့ ဇာတ်ကားကို ငှားကြည့်ပြီးတဲ့အခါ "သဘောတော့ ကျတယ်ဗျ၊ ဒါပေမယ့် ဘယ်လိုကြီးမှန်းမသိဘူး၊ တစ်မျိုးကြီးပဲ" လို့ ဆိုချင်ဆိုလာပါလိမ့်မယ်။ ဒါမှမဟုတ် "ဟာဗျာ… အဲဒီဇာတ်ကားက မစွံပါဘူးဗျာ။ ခင်ဗျားညွှန်းလို့သာ ကြည့်လိုက်ရတာ ဘာမှန်းကို မသိဘူး၊ အလကား အချိန်ကုန်တာပဲ အဖတ်တင်တယ်" လို့ ဆိုချင်ဆိုလာပါလိမ့်မယ်။ ကျွန်တော်အပေါ်ဆုံးမှာ ပြောခဲ့ပါတယ်ဗျ။ တကယ့်ကို ကဘောက်တိကဘောက်ချာ ဇာတ်လမ်းပါလို့။ (သြော်… နောက်ထပ်ကြည့်ဖြစ်တဲ့ ဇာတ်ကားက မိန်းမလှကဗျာ တဲ့ဗျ။ နောက်ထပ်ပို့စ်တစ်ခု ရေးလိုက်မယ်)

ပျော်ရွှင်နိုင်ကြပါစေဟု
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၄၆ မိနစ်တွင် ပြီး၏။

 
Web Statistics