Tuesday, September 29, 2009

လရောင်အောက်က စိတ်ကူးများ - ကိုဉာဏ် (ပန်းလောင်မြေ)


စာအုပ်ကိုအတော်အားစိုက်ပြီး ဖတ်နေခဲ့ရတာကြောင့် မျက်လုံးတွေညောင်းကိုက်လာတယ်။ ဘေးမှာထွန်းထားတဲ့ ဖယောင်းတိုင်မီးကတော့ သူစွမ်းသလောက်အလင်းရောင်ကို ပေးနေရှာသား။ သုံးတိုင်မြောက်ထွန်းထားတဲ့ ဖယောင်းတိုင်မီးဟာ ရှေ့နှစ်တိုင်လိုပဲ အရည်ပျော်ခံပြီး အလင်းရောင်ပေးနေဆဲပါ။ စာအုပ်ကို အသာပိတ်ပြီး နံရံက နာရီကိုလှမ်းကြည့်လိုက်မိတယ်။ သြော်…. ၁၁ နာရီတောင် ခွဲတော့မှာပါလား။

ခြေညောင်းလက်ဆန့်အနေနဲ့ အပြင်ဘက်ကော်ရစ်တာကို ထွက်လိုက်မိတယ်။ အို…. ဘယ်လိုမှ မျှော်လင့်မထားတဲ့ ခံစားမှု၊ တစ်နည်းပြောရရင် မေ့လျော့နေပြီဖြစ်တဲ့ ခံစားမှုတွေကို ချက်ချင်းဆိုသလို ခံစားလိုက်ရတယ်။ သဘာဝလောကကြီးဟာ သိက္ခာတော်ရ ဆရာတော်ကြီးတစ်ပါးလိုအိနြေ္ဒနဲ့ တည်ငြိမ်လွန်းနေတယ်။ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်မိတော့ ကိုယ့်လိုပဲ ဖယောင်းတိုင်အားကိုးနဲ့ စာဖတ်နေတာလား၊ စာရေးနေတာလား၊ အခြားတစ်ခုခုလုပ်နေတာလားမသိတဲ့ မီးရောင်လေး သုံးလေးခုကို တွေ့တယ်။ ဒါပေမယ့် ဆူညံသံတွေ တစ်နည်းပြောရရင် လျှပ်စစ်သံတွေ ဆိတ်သုဉ်းငြိမ်သက်နေတာကတော့ တကယ့်ကိုထူးခြားတဲ့ အခြေအနေပါပဲ။ အမြဲတမ်းဆူညံနေခဲ့တဲ့ လျှပ်စစ်သံတွေဟာ ဘယ်ကိုများ ထွက်ပြေးနေခဲ့ကြပါလိမ့်။

ပတ်ဝန်းကျင်ကို ပြန်ပြီးဂရုစိုက်လိုက်တယ်။ အထူးခြားဆုံးခံစားရတဲ့ အရသာကတော့ မြူနှင်းတွေကြားမှာ ဖြာကျနေတဲ့ လရောင်ပါပဲ။ လဆန်း ၁၀ ရက်အလင်းရောင်ဟာ ကမ္ဘာမြေပြင်ပေါ်ကို အလင်းပုဝါ ခြုံလွှမ်းပေးထားရှာတယ်။ အဲဒီပုဝါအောက်မှာ သစ်ပင်တောတန်းတွေ၊ ဟိုးအဝေးမှာလှမ်းမြင်နေရတဲ့ ကျောက်တောင်စေတီတော်၊ လရောင်နဲ့လက်နေတဲ့ ခေါင်မိုးပုလေးတွေနဲ့ အိမ်လေးတွေဟာ နို့ဝတဲ့ ကလေးငယ်တစ်ယောက်လို နှစ်ခြိုက်အေးချမ်းအပူအပင်ကင်းစွာ အိပ်မက်တွေမက်နေပါရောလား။ လှလိုက်တဲ့ပန်းချီကားပါပဲ။ ဘယ်ကမ္ဘာကျော်များ ဒီမြင်ကွင်းကို တူအောင်ဆွဲနိုင်ပါ့မလဲ၊ ပေါ်အောင် ပုံဖော်နိုင်ပါ့မလဲ။ ပုရစ်အော်သံလေးတွေ ကြားရတယ်။ တစ်ခါတစ်ခါ အဝေးပြေးကားလမ်းမကြီးပေါ်မှာ ဖြတ်မောင်းသွားတဲ့ မော်တော်ဆိုင်ကယ်သံ၊ ကားသံတွေကို ကြားနေရတယ်။ တစ်ခုခုကို ကျွန်တော်ခံစားနေရတယ်။ အဲဒီတစ်ခုခုဟာ ဘာလဲဆိုတာကို ကိုယ်တိုင်မဝေခွဲတတ်ဘူး။ ကြည်နူးမှုလား၊ ပျော်ရွှင်မှုလား၊ လွမ်းဆွတ်မှုလား၊ နာကျင်မှုလား။

လရောင်လွှမ်းတဲ့ညချမ်းတွေကို ကျွန်တော်မေ့နေခဲ့တာ၊ ဥပက္ခာပြုထားခဲ့တာ ဘယ်လောက်ကြာပြီလဲဆိုတာကို ပြန်စဉ်းစားလို့မရဘူး။ အတော်ကြီးကြာခဲ့ပြီဆိုတာပဲ ပြောနိုင်တယ်။ လရောင်ထက် လျှပ်စစ်ရောင်ကိုသာ ကျွန်တော်မက်မောအားကိုးနေခဲ့တာကိုး။ အခုမှ ကောင်းကင်ကြီးကို မမြင်ဖူးတဲ့ လူစမ်းတစ်ဦးကို စူးစမ်းတဲ့ပုံစံနဲ့ အသေအချာ ကျွန်တော်ကြည့်နေမိတယ်။ ကောင်းကင်ကြီးက ကြည်လင်သာယာနေတယ်။ ကြယ်ပွင့်လေးတွေက မှိတ်တုတ်မှိတ်တုတ်လင်းလဲ့နေကြတယ်။ ကောင်းကင်ကြီးပေါ်မှာ အမေ့မျက်နှာကို မြင်လာတယ်။ ငယ်ငယ်တုန်းက လရောင်အောက် အိမ်ရှေ့ကွပ်ပျစ်မှာ ပုံပြောပြနေတဲ့ အမေ့ကို ကျွန်တော် တွေ့နေရတယ်။ ရင်ထဲမှာ နွေးသွားတယ်။ အိတ်ဇောဖြုတ်ထားပုံရတဲ့ ဆိုင်ကယ်တစ်စီးရဲ့ ဆိုးဝါးလှတဲ့အသံက ကျွန်တော့်အတွေးတိမ်တိုက်လေးကို လေတစ်ချက်သုတ်လိုက်သလို ဆွဲခေါ်သွားတယ်။ အစကတော့ စိတ်တိုမလို့ပါပဲ။ ဒါပေမယ့် လရောင်အောက်မှာ အနီရောင်ဒေါသတွေ မထွက်ချင်တာကြောင့် အပြာရောင် ခွင့်လွှတ်မှုတွေနဲ့ အစားထိုးလိုက်ပါတယ်။ အဲဒီလူလည်း ဆိုင်ကယ်စီးပြီး လရောင်အောက်မှာ ပျော်နေတာ ဖြစ်မှာပါလေလို့ တွေးလိုက်ပါတယ်။ စောစောက ဆူပူချင်နေတဲ့ရင်ဟာ ချက်ချင်း ငြိမ်းချမ်းသွားတယ်။

ဘယ်သူက အမိန့်ပေးသလဲ၊ ဘယ်သူက ညှို့ငင်ဆွဲခေါ်သလဲဆိုတာကို ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အဆောင်ရှေ့က လမ်းလေးပေါ်ကို ရောက်နေတာတွေ့ရတယ်။ ကျွန်တော့်စိတ်ကို စုစည်းလိုက်တယ်။ လက်တွေအလိုလို ဆန့်မိတယ်။ မြူနှင်းတွေကျနေတယ်ဆိုတာကို ခံစားသိရှိနိုင်တယ်လေ။ လရောင်က ကျွန်တော်တစ်ကိုယ်လုံးကို ရစ်သိုင်းထားတာများ ဘာနဲ့မှမတူတဲ့ ခံစားမှုအသစ်တစ်ခုပါ။ ကလေးတစ်ယောက်လိုမျိုး အော်ဟစ်ပြေးလွှား ဆော့ကစားပစ်လိုက်တယ်။ စိတ်ကူးတွေနဲ့ပါ။ ကျွန်တော့်စိတ်တွေကို နှောင်ကြိုးမဲ့လွှတ်ပေးထားလိုက်တယ်။ တုတ်ဆီးတွေတိုးနေတယ်၊ စိန်ပြေးတမ်းကစားနေတယ်၊ တူတူပုန်းနေတယ်၊ ထမင်းရည်ပူလောင်ပြီဆိုပြီး အော်သံလည်းကြားနေရတယ်၊ တွေ့ပြီထွက်ခဲ့ဆိုတဲ့အသံကိုလည်း ပီပီသသကြီးကြားလိုက်ရတယ်၊ မိပြီဆိုပြီး ၀မ်းသာအားရအော်လိုက်တဲ့ အသံလည်းပါရဲ့။ "ကလေးတွေ အမှောင်ထဲ လျှောက်မသွားနဲ့နော်၊ ခလုတ်တိုက်ဦးမယ်၊ တအားကြီး ပြေးမနေကြနဲ့" ဆိုတဲ့ အမေတွေရဲ့ အသံကိုလည်း နားနဲ့ဆတ်ဆတ် ကြားနေရတယ်။ ဒီမြင်ကွင်းပန်းချီကားကို ကျွန်တော်ရင်းနှီးလှချည်လား၊ အားလုံးကို အလွတ်ရနေပါလား။ သြော်… ကျွန်တော်ကိုယ်တိုင် ဒီပန်းချီကားထဲက စုတ်ချက်လေးတစ်ချက် ဖြစ်နေခဲ့တာကိုး။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ပန်းချီကားကို ကျွန်တော်ဒီနေ့မှ ပြန်တွေ့ခဲ့တာကိုး။ ပါးပြင်ပေါ်မှာမဟုတ်တဲ့ မျက်ရည်တွေ ကျွန်တော်ကျနေတယ်။ ၀မ်းသာလို့ကျတဲ့၊ သတိရလွမ်းဆွတ်မိလို့ကျတဲ့ အပျော်မျက်ရည်၊ ကြည်နူးမှုမျက်ရည်ပါ။

အခန်းကိုပြန်တက်လာခဲ့တယ်။ အိပ်ယာဝင်ဖို့ပြင်ဆင်တယ်။ မနက်အတွက် နှိုးစက်ပေးတယ်။ ဘုရားရှိခိုးလိုက်တယ်။ ခေါင်းအုံးပေါ်ကို ခေါင်းရောက်တဲ့အချိန်မှာ စောင်ကိုအသာလေး ကိုယ်ပေါ်ကို လွှမ်းလိုက်တယ်။ ညာဘက်ကိုစောင်းလိုက်တော့ ပြတင်းပေါက်ကနေ လရောင်လဲ့လဲ့ကို မြင်နေရတယ်။ စောင်ကိုခွာလိုက်ပြီး ထထိုင်လိုက်တယ်။ အပြင်ကော်ရစ်တာကို ထွက်ဖို့ပြင်လိုက်တယ်။ သိစိတ်နဲ့ မသိစိတ်ဟာ ဘယ်လိုတွေ ညှိနှိုင်းပြီး ဆုံးဖြတ်လိုက်ကြတယ်မသိပါဘူး။ ခြင်ထောင်အပြင်ကို မထွက်ဖြစ်တော့ဘူး။ စောင်ကို အသာပြန်ခြုံလိုက်တယ်။ နဖူးပေါ်လက်တင်ပြီး ၀င်လေထွက်လေကို သိရှိခံစားနေလိုက်တယ်။ သိပ်မကြာခင်မှာ ကျွန်တော်အိပ်ပျော်တော့မှာ အသေအချာပါပဲ။ ဒါပေမယ့် အိပ်မက်ထဲမှာ လရောင်တွေပြည့်လျှံနေတဲ့ ကွင်းပြင်ကြီးတစ်ခုရဲ့အလည်ကို အရောက်သွားပြီး သူငယ်ချင်းတွေနဲ့ ဆော့ဦးမယ်၊ အမေပြောတဲ့ မင်းသားလေးနဲ့ မင်းသမီးလေးပုံပြင်ကို နားထောင်ရဦးမယ်ဆိုတာကိုတော့ တွေးရင်းနဲ့ သိရှိရင်ခုန်နေမိတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်၊ အင်္ဂါနေ့။
နံနက် ၇ နာရီ ၁၂ မိနစ်တွင် ပြီး၏။

မှတ်ချက်
ညနေ ၄ နာရီခွဲလောက်ကတည်းက စပြီး တစ်မြို့လုံး မီးပျက်ပြီးမှောင်မဲနေတဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ညကို ခံစားရေးဖွဲ့ပါသည်။ တစ်ညလုံးမီးမလာတဲ့အတွက် ကွန်ပျူတာမသုံးခဲ့ရလို့ နေမသိထိုင်မသာ ဖြစ်နေခဲ့ရတယ်။ မနက်အိပ်ရာနိုးတော့ မီးလာနေပြီ။ မျက်နှာသစ်၊ ဘုရားကန်တော့ပြီး ပထမဆုံး လုပ်ဖြစ်တာက ဒီပို့စ်ကို ရေးဖြစ်တာပါပဲ။ ညကခံစားချက်လေးတွေက ချက်ချင်းမရေးရင် ပျောက်သွားမှာစိုးလို့ပါ။ အခုမှ ဗိုက်ထဲက အချက်ပေးသံကို ကြားရတယ်။ အစားအစာတွေ မပို့သေးဘူးလားတဲ့။ အတော်ကို ဒေါသထွက်နေပုံပဲ။ ကျွန်တော့်ဗိုက်ကို ထုရိုက်နေလိုက်ကြတာ အသံတွေတောင် ကြားနေရတယ်။ မနက်စာသွားစားလိုက်ဦးမယ်။ လက်ဘက်ရည်နဲ့ အီကြာကွေးပေါ့ဗျာ။ စားချင်တာလား။ ထမင်းကြော်နဲ့ ပဲပြုတ်ပေါ့။

ကျေးဇူးစကား
သဘာဝအလှအပတွေကို မေ့နေတဲ့ကျွန်တော်တို့တွေကို မမေ့မလျော့ဖြစ်အောင်၊ ခံစားရစေအောင် မီးပျက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းပါ။ မဟုတ်ရင် လျှပ်စစ်မီးရောင်တွေကြားမှာ ကျင်လည်ပြီး သဘာဝတရားရဲ့ လရောင်ကို မေ့ထားနေမိဦးမှာမို့ပါ။ ပုရစ်အော်သံလေးတွေကို မေ့ထားနေမိဦးမှာမို့ပါ။ ၀ိုင်းဝိုင်းလေသံနဲ့ အော်လိုက်ချင်ပါတယ်။ "အရာရာကို ကျေးဇူးပဲ…" ဘာကိုလဲလို့မေးရင် တစ်ညတာကာလလေးမှာ လူတွေအကုန်လုံးကို လယ်ဗယ်ညှိပေးလိုက်လို့ပါ။ မီးပျက်နေတဲ့အတွက် အားလုံးဟာ လရောင်အောက်မှာ ကျွန်တော့်လိုပဲ သဘာဝတရားရဲ့အလှအပကို ခံစားနေခဲ့ကြလိမ့်မယ်လို့ မဆီမဆိုင် တွေးနေမိပါကြောင်း။

No comments:

Post a Comment

 
Web Statistics