Monday, January 27, 2014

ဆိုချီအိုလံပစ်၊ ကြီးလေးကြီး၊ လီနာ၊ ဆန္ဒခံယူခြင်းနှင့်စည်းရုံးခြင်း၊ ဂျာနယ်တွေ ဟောင်ကြပါစေ


(က) ဆိုချီ ၂၀၁၄ ဆောင်းရာသီအိုလံပစ်
ရုရှားနိုင်ငံက ဆောင်းရာသီအိုလံပစ်အတွက် စီစဉ်ထားတဲ့ အစီအစဉ်တွေထဲက တစ်ခုကတော့ အိုလံပစ် မီးရှူးတိုင်ကို အာကာသထဲ ပို့ဆောင်ခြင်းဖြစ်ပါတယ်။ နိုင်ငံတကာ အားကစားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိဖို့အတွက် ဘယ်လောက်အထိ ယှဉ်ပြိုင်ရတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ အိမ်ရှင်အဖြစ် အရွေးချယ်ခံရပြီဆိုရင်လည်း ပြောစမှတ်ဖြစ်ပြီး တသသ ပြောကျန်ရစ်အောင် စွမ်းဆောင်ကြရင်း နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ကြပါတယ်။ ကိုယ့်နိုင်ငံ ဂုဏ်သိက္ခာ တက်ဖို့အတွက် နိုင်ငံတိုင်းဟာ သူတို့စွမ်းနိုင်သမျှ အမြင့်ဆုံးကို လုပ်ပြချင်ကြတာချည်းပဲ။ ကိုယ့်နိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပြိုင်ပွဲကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ဆောင်ရွက်နိုင်ခြင်း မပြုခဲ့လို့ အများတကာက ဝေဖန်ပြစ်တင် ကဲ့ရဲ့ကြရင် အစိုးရတစ်ခုတည်းကို ပြောဆိုကြမှာ မဟုတ်ပါဘူး။ ကျွန်တော် ဘာပြောချင်လဲဆိုတာ မိတ်ဆွေတို့ သဘောပေါက်ကြမယ် ထင်ပါရဲ့။ အောက်မှာတော့ ရုရှားနိုင်ငံရဲ့ ဆိုချီ ၂၀၁၄ ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲအတွက် ၉ နှစ်တာကာလ ပြင်ဆင်ခဲ့မှုတွေကို အာကာသကနေ မှတ်တမ်းတင်ထားတဲ့ သမိုင်းဝင်ဓာတ်ပုံ ဖြစ်ပါတယ်။ အဲဒီဓာတ်ပုံအတွက် ပေးထားတဲ့ ခေါင်းစဉ်ကတော့ "၉ နှစ်တာ ပြင်ဆင်မှုများကို ၆ စက္ကန့်ဖြင့် ကြည့်ရှုခံစားပါ" တဲ့။ ဟုတ်ကဲ့... အဲဒီဓာတ်ပုံကနေ စကားလုံးပေါင်း ၆ ကုဋေလောက် ကျွန်တော်ကြားလိုက်ရသလိုပါပဲ။ ဆိုချီအိုလံပစ် အောင်မြင်ပါစေ။



(ခ) မြန်မာ့နိုင်ငံရေးရဲ့ ကြီး ၄ ကြီး
မြန်မာ့နိုင်ငံရေးမှာ ကြီး ၄ ကြီး ရှိမှန်း မနေ့က ဂျာနယ်တစ်စောင်ကို ဖတ်ရမှပဲ သိတော့တယ်။ ဖတ်ဖတ်ချင်း မြန်မာ့နိုင်ငံရေး၏ ကြီးလေးကြီး ဆိုတဲ့အသုံးအနှုန်းကို မြင်တော့ စိတ်ထဲမှာ နည်းနည်းတော့ ဇဝေဇ၀ါ ဖြစ်သွားတယ်။ နောက်မှ သြော်............ သြော်............. လို့ ရေရွတ်ပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်မိတယ်။ လွတ်လွတ်လပ်လပ် ရှိတုန်းလေး ရေးကြပါစေ၊ ပြောကြပါစေ....။ မြန်မာ့နိုင်ငံရေးရဲ့ ကြီး ၄ ကြီး တွေကတော့ -
(၁) ဦးသိန်းစိန်
(၂) သူရဦးရွှေမန်း
(၃) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
(၄) ဒေါ်အောင်ဆန်းစုကြည်
ဒါလည်း မှတ်သားစရာ တစ်ခုဟူ၍ မှတ်ယူမှတ်သားရပါသည်။ ဒါပေမယ့် ဦးသိန်းညွန့်တို့၊ ဒေါက်တာအေးမောင်တို့၊ ဦးခွန်ထွန်းဦးတို့ ဘာပြောကြမလဲ ဆိုတာကို အရမ်းစိတ်ဝင်စားမိတယ်။ ဟုတ်တော့ ဟုတ်နေပါပြီဗျာ။

(ဂ) အာရှတိုက်သူ လီနာ အတွက် ၀မ်းသာဂုဏ်ယူခြင်း


2014 Australian Open တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်မှာ တရုတ်နိုင်ငံသူ လီနာက အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကြိမ်တုန်းက အကြောင်းအမျိုးမျိုးကြောင့် ချန်ပီယံဆုနဲ့ လွဲခဲ့ရပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတဲ့ လီနာအတွက် အခုတစ်ကြိမ်မှာတော့ ချန်ပီယံဆုကို လက်ဝယ်ပိုင်ပိုင် ရရှိသွားခဲ့ပါပြီ။ တရုတ်ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ မုန်းတီးလိုက်မဟေ့လို့ ဆုံးဖြတ်ထားသူများကို စကားတစ်ခွန်း ဆိုချင်ပါတယ်။ နိုင်ငံတစ်ခု အင်အားကြီးထွားလာတာ၊ ဖွံ့ဖြိုးတိုးတက်လာတာကို မုန်းတီးတဲ့ အမြင်သက်သက်နဲ့ ကြည့်နေမယ်ဆိုရင် ကိုယ့်နိုင်ငံအတွက် ဘယ်လိုအကျိုးရှိအောင် အသုံးချရမလဲဆိုတဲ့ မူဝါဒကို မှန်ကန်စွာ စဉ်းစားတတ်မှာ မဟုတ်ပါဘူး။ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုရဲ့ အိမ်နီးချင်းအဖြစ် တည်ရှိနေပါလျက်နဲ့ အဲဒီအခွင့်အရေးကို အပြည့်အ၀ မဖမ်းဆုပ်နိုင်၊ အသုံးမချနိုင်ဘူးဆိုရင်တော့ ကိုယ်တွေလောက် ပညာမဲ့တဲ့သူ၊ အမြင်ကျဉ်းတဲ့လူ ရှိမယ်မထင်ပါဘူး။ လီနာ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်စွဲတာကို ကျွန်တော်ပျော်တယ်၊ ၀မ်းသာတယ်၊ ဂုဏ်ယူတယ်။ ဘာကြောင့်လဲဆိုတော့ အာရှစိတ်နဲ့ ခံစားအားပေးတာမို့ပဲ။ အာရှကလူတွေဆိုရင် ခပ်ညံ့ညံ့၊ ခပ်ချာချာ၊ အရိုင်းအစိုင်းတွေလို့ပဲ ထင်မှတ်ထားကြတဲ့ အနောက်က အသားဖြူတွေကြားမှာ အာရှတိုက်သူ လီနာက ဗိုလ်စွဲအောင် ယှဉ်ပြိုင်နိုင်ခဲ့တာကို ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်ကိုဉာဏ် ဂုဏ်ယူတယ်ဗျာ။ ဘယ့်နှယ်ဗျာ... ဒီမိုကရေစီကို လိုချင်လိုက်တာလည်း မြန်မာတွေအပြင် နှစ်ယောက်မရှိဘူး။ ကျွန်တော့် Facebook မှာ ကျွန်တော့်ဘာသာ လီနာ ဗိုလ်စွဲတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း Status တင်တာကို မင်းက တရုတ်လိုလားသူလား၊ တရုတ်ချစ်ကြီးပေါ့၊ စသည်စသည်ဖြင့် ခနဲ့သလိုလို၊ ရွဲ့သလိုလို လာပြောသူများကို ကျွန်တော်က ကျေးဇူးတင်ပါတယ်ခင်ဗျလို့ ပြောရလောက်အောင် ငကြောင်မဟုတ်သေးဘူးဗျာ။ သူတို့ကို မကျေမနပ် ပြန်ပြောတော့ အနာပေါ်တုတ်ကျတော့ နာသွားပြီဆိုပြီး ကျွန်တော့်ကို နှိပ်ကွပ်ကြပြန်တယ်။ အင်း... ဒီမိုး၊ ဒီရေ၊ ဒီလှေ၊ ဒီလူတွေနဲ့တော့ ခက်ရချည်ရဲ့ဗျို့။

(ဃ) ဆန္ဒခံယူခြင်းနှင့် စည်းရုံးခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်ရမယ်၊ ပြင်ရမယ်ဆိုပြီး NLD ပါတီက အသားကုန်အော်၊ အသားကုန်ဆော်၊ အသားကုန်လှုံ့ဆော်၊ အသားကုန်ဆန္ဒခံယူ လုပ်ခဲ့ကြတာ အားလုံးအသိ ဖြစ်ပါတယ်။ ဆန္ဒခံယူပွဲတွေ လုပ်တယ်ဆိုပြီး တက်လာတဲ့ လူ ၃၀၀ လောက်ကို လက်ထောင်ခိုင်း၊ ပါးစပ်နဲ့အော်ခိုင်းတွေ လုပ်ပြီးတော့ အတည်ပြုတယ်၊ ပြည်သူက ပြင်ချင်တယ်လို့ ကြေညာချက်တွေ ထုတ်ခဲ့တာလည်း အားလုံးအသိ ဖြစ်ပါလိမ့်မယ်။ ပြည်နယ်နှင့်တိုင်းတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဆန္ဒခံယူပွဲတွေကို NLD က ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ပြီးကာမှ ဒေါ်အောင်ဆန်းစုကြည်က ဘာဖြစ်လို့ နယ်တကာလှည့်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စည်းရုံးဟောပြောမှုတွေ လုပ်နေရတာလဲ။ သူတို့ပဲ ပြည်သူတွေက ပြင်ချင်ပါတယ်၊ ထောက်ခံကြပါတယ်လို့ ကြေညာချက်တွေ သတင်းတွေ ထုတ်ခဲ့ပြီးကာမှ အခုလို လိုက်လံစည်းရုံး ဟောပြောနေတာဟာ ရှေ့စကားနဲ့ နောက်လုပ်ရပ် မညီဘူးလို့ ထင်မိတာပါပဲ။ဆန္ဒခံယူပွဲတွေ လုပ်ပြီးကာမှ ပြင်ဆင်ရေးကို ထောက်ခံကြပါဆိုပြီး ပါတီဥက္ကဋ္ဌကိုယ်တိုင် လိုက်ပြောနေတာကတော့ တစ်ခုခု လွဲနေသလို ခံစားမိကြောင်းပါ။ မြန်မာ့နိုင်ငံရေး ဆိုတာကလည်း နားလည်ဖို့ အခက်သား မဟုတ်လား။

(င) ဂျာနယ်တွေမှာ ရေးသားဖော်ပြကြသမျှ
မိတ်ဆွေအချို့က မြှောက်ပေးကြတယ်။ ဂျာနယ်တွေမှာ ရေးချင်သလို ရေးနေတာတွေ၊ ဖော်ပြချင်သလို ဖော်ပြနေတာတွေအတွက် မင်းအမြင်လေးတွေ ရေးပါဦးတဲ့။ အို..... သမ္မတကြီးတို့၊ လွှတ်တော်နာယကကြီးတို့တောင် မထိရဲတဲ့ အဲဒီမဏ္ဍိုင်ကြီးကို ကျွန်တော်ကိုဉာဏ်ဆိုတဲ့ ငနဲပမွှားက ဘယ်လိုလုပ် ပြောရဲ ထိရဲမှာလဲဗျ။ သူတို့ဘာသာ သူတို့ ရေးချင်ရာ ရေးကြပါစေဗျာ။ ဟောင်ချင်တဲ့လူကို ဟောင်ချင်တဲ့အချိန်မှာ ဟောင်ချင်သလို ဟောင်ခွင့် ရှိတာကိုက ခွေးရဲ့ အခွင့်အရေး မဟုတ်ဘူးလား။ နားငြီးလို့ မခံနိုင်တဲ့လူရှိရင် တုတ်တဲ့ထပစ်လိမ့်မယ်၊ လေးခွနဲ့ ထဆော်လိမ့်မယ်၊ နောက်ဆုံး အခန့်မသင့်ရင် အသားတုံးမှာ ဆေးခပ်ပြီး အပစ်ခံရလိမ့်မယ်။ ကျွန်တော်လေးစားတဲ့ စာရေးဆရာကြီး ၂ ဦးရဲ့ မကြာခဏ ပြောစကားလေးတွေတော့ ဖော်ပြချင်ပါတယ်။ ဆရာကြီး လူထုစိန်ဝင်းက "မြန်မာပြည်သူတွေဟာ ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူးပြီ" တဲ့။ ဆရာမောင်ဝံသကတော့ "စာဖတ်ပရိသတ်က ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာမကောင်းဆိုတာကို သူတို့ဘာသာသူတို့ သိကြတယ်၊ ကိုယ်တွေက ဆရာလုပ်စရာ မလိုဘူး" တဲ့။ ကဲ... အဲလောက်ဆို ရှင်းကြမယ် ထင်ပါရဲ့ဗျာ။ ကျွန်တော်ကိုဉာဏ်ကတော့ ဘာပြောရဲမှာလဲဗျ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်၊ တနင်္လာနေ့။
မွန်းလွဲ ၁ နာရီ ၀၁ မိနစ်တွင်ပြီး၏။

Sunday, January 26, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အကြောင်း အခုလတ်တလော ရေးသားကြသမျှ




ရန်ကုန်တိုင်း(မ်)ဂျာနယ်မှာ ဖော်ပြပါရှိခဲ့တဲ့ ဘာသာပြန် ဆောင်းပါးပါ။ မူရင်းဆောင်းပါးကတော့ Foreign Policy အင်တာနက်စာမျက်နှာမှာ The Man To Watch ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ရေးသားသူက ဆုမွန်သဇင်အောင် ဖြစ်ပါတယ်။ မူရင်း အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးကို အောက်ကလင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

အခြားဆက်စပ် ဖတ်ရှုသင့်တာတွေကိုလည်း ဖော်ပြလိုက်ပါတယ်။


Saturday, January 25, 2014

ဒေါ်အောင်ဆန်းစုကြည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉-စ ပြင်ဆင်ရေး၊ လက်ရှိမြန်မာ့နိုင်ငံရေးနှင့် ကျွန်တော့်အတွေးများ


လူတိုင်းသိပြီးသားကိစ္စမို့ အထူးအထွေပြောရန်မလိုပေ။ ပါတီတစ်ခုက၊ တိတိကျကျ ပြောရလျှင် NLD ပါတီက သူတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ တွင် သမ္မတဖြစ်စေလိုသည်။ ပါတီက ဖြစ်စေချင်သည် ဆိုသည်ထက် ဒေါ်စုကိုယ်တိုင်ကလည်း သမ္မတလုပ်ချင်သည်။ ဆဲဆိုသံများကို ဂရုမထား၊ အရေးမစိုက်၊ လျစ်လျူရှု၍ မညှာတမ်း ဝေဖန်သုံးသပ်ရလျှင် တိုင်းပြည်အတွက် ဆိုသည်ထက် သူ့ဂုဏ်သိက္ခာအတွက်၊ အနောက်စပွန်ဆာများ၏ ဂုဏ်သိက္ခာအတွက် သမ္မတဖြစ်လိုခြင်း ဖြစ်သည်ဟု ဝေဖန်သုံးသပ်လိုသည်။ ကျွန်တော့်အယူအဆနှင့် ပတ်သက်၍ ငြင်းခုန်နိုင်ပါသည်၊ ပြစ်တင်နိုင်ပါသည်၊ ဝေဖန်နိုင်ပါသည်၊ ဆဲဆိုနိုင်ပါသည်။

ဒေါ်စုသမ္မတဖြစ်လျှင် မြန်မာနိုင်ငံကြီး ဒီထက်ပိုကောင်းမည်ဟု ပြောသူများကို မည်ကဲ့သို့ ဝေဖန်ရမည်နည်း ဆိုသည်ကို ကျွန်တော်စဉ်းစားမရပါ။ ဒေါ်စုသည် ကယ်တင်ရှင် မဟုတ်ပါ။ ဒေါ်စုသည် ဖန်ဆင်းရှင် မဟုတ်ပါ။ ဒေါ်စုသည် Superman မဟုတ်ပါ။ ဒေါ်စုသည် တန်ခိုးရှင် မဟုတ်ပါ။ ဒေါ်စု၏ တော်သော အရည်အချင်းများ၊ မာကျောသော စိတ်ဓာတ် စသည်တို့ကို အသိအမှတ်ပြုပါသည်။ သို့သော် မြန်မာ့နိုင်ငံရေးတွင် အဆိုပါ အချက်များရှိရုံမျှဖြင့် အလုံးစုံ ကောင်းမွန်လာလိမ့်မည်ဟု မျှော်လင့်မထားသင့်ပါ။ အစွဲကင်းကင်း၊ အမြင်ရှင်းရှင်းဖြင့် ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေများကို သုံးသပ်ကြစေလိုပါသည်။ မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးပွေလီ စည်းကမ်းမဲ့လှလွန်းသည့် အကျင့်စရိုက်များကို ဦးစွာပြင်ဆင်ကြဖို့ လိုပါသည်။ သို့မဟုတ်ပါမူ ဒေါ်စုသာမဟုတ်၊ သိကြားမင်းဆင်းလာပြီး သမ္မတလုပ်လျှင်ပင် မြန်မာနိုင်ငံကြီး ကောင်းလာစရာ မရှိပါ။ ဤသည်လည်း ကျွန်တော့်တွေးဆချက်သာ ဖြစ်သဖြင့် ဝေဖန်နိုင်ပါသည်၊ ငြင်းခုန်နိုင်ပါသည်၊ ဆန့်ကျင်နိုင်ပါသည်၊ ဆဲဆိုနိုင်ပါသည်။

ကျန်တာတွေကို ခေတ္တခဏ မေ့ထားကြဦးစို့။ အဓိကပြောလိုသည့် အကြောင်းအရာကို ဦးတည်ပါမည်။ ၂၀၁၅ တွင် ဒေါ်စုက သမ္မတဖြစ်ချင်သည်။ သူ့ကို ထောက်ခံကြသူတွေကလည်း ဒေါ်စုကို သမ္မတ ဖြစ်စေချင်သည်။ ထိုအထဲတွင် အနောက်စပွန်ဆာအားလုံး အပါအ၀င်ဖြစ်သည်။ ဒါက လက်ရှိအခြေအနေတွင် ကျွန်တော်တို့ မြင်တွေ့သိရှိနေရသည့် လိုလားချက်ဖြစ်ပါသည်။

ဆိုခဲ့ပါ လိုလားချက် အမှန်တကယ် ဖြစ်လာနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်ကို လေ့လာကြည့်သော် မဖြစ်နိုင် ဟူသည့် အဖြေကို တွေ့ရပါသည်။ ဥပဒေအရ မဖြစ်နိုင်ခြင်း ဖြစ်ပါသည်။ ဥပဒေဆိုရာတွင်ပင် သီးသန့်ဥပဒေ တစ်ရပ်ရပ်အရ မဖြစ်နိုင်ခြင်း မဟုတ်ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်နိုင်သည့် အနေအထားကို တွေ့ရပါသည်။ အဖြေကတော့ ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုကြောင့် ဖြစ်ပါသည်။ ပုဒ်မ ၅၉-စ ဖြစ်ပေသည်။ ဤကား ပကတိ အမှန်တရား။


ဥပဒေအရ မဖြစ်နိုင်သည်ကို ကျွန်တော်တို့ သိရချေပြီ။ ဒေါ်စုနှင့် သူ့ထောက်ခံသူများကလည်း သမ္မတ ဖြစ်ကိုဖြစ်ရမည်ဟု ဆန္ဒရှိကြချေသည်။ မည်သို့လုပ်ဆောင်ကြမည်နည်း။ အဖြေကလည်း အဆင်သင့် ရှိပြီးဖြစ်ပါသည်။ ဥပဒေအရ ဖြစ်ခွင့်မရှိသည့် အခြေအနေကို ဥပဒေအရ ပြင်ဆင်နိုင်ရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။ ဤကား မလုပ်မဖြစ် လုပ်ကိုလုပ်ရမည့် နည်းလမ်းအဖြေ ဖြစ်ပါသည်။ ထိုအဖြေကို မတွက်ဘဲ ဒေါ်စု သမ္မတဖြစ်စရာအကြောင်း လုံးဝ မရှိပါချေ။

ရှင်းရှင်းပြောရလျှင် ဒေါ်စု သမ္မတဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉-စ ကို ပြင်ဆင်နိုင်ဖို့ လိုအပ်သည်။ ဒေါ်စုနဲ့ NLD က ထိုပုဒ်မကို ပြင်လိုသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီဘူး၊ ဘာဘူးညာဘူးဟု အသံဟစ်လိုက်သည်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံက အခြေခံဥပဒေမျှ ရေပက်မ၀င်၊ ခြောက်ပစ်ကင်း၊ သဲလဲစင် ပြည့်စုံကောင်းမွန်သည့် ဥပဒေမဟုတ်ကြ။ ဟိုခေတ်ရောက်ရင် ဟိုလိုပြင်လိုက်၊ ဒီခေတ်ရောက်ရင် ဒီလိုပြင်လိုက် စသည်ဖြင့် ခေတ်ကာလအခြေအနေ၊ အချိန်ရေစီးအရ လိုအပ်သလို ပြင်ဆင်ပြုပြင် ပြောင်းလဲခဲ့ကြတာချည်း ဖြစ်ပါသည်။ မြန်မာ့အခြေခံဥပဒေကရော ဘာမို့နည်း။ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ တသီကြီးရှိတာ လူတိုင်းသိသည်။ ဘာမျှ ထူးဆန်းသည့် ကိစ္စမဟုတ်။ ဒေါ်စုသမ္မတဖြစ်ရေးအတွက် ပုဒ်မ ၅၉-စ ကို ပြင်ချင်တာနှင့်ပဲ မီဒီယာနှင့် နိုင်ငံရေးသမားတွေ ပူးပေါင်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့ မပြင်လျှင်ပဲ မြန်မာနိုင်ငံသည် မနက်ဖြန် ငရဲပြည် ဖြစ်သွားတော့မည့် ပုံစံမျိုး လုပ်လာ၊ ပြောလာ၊ ရေးလာ၊ မှိုင်းတိုက်လာကြသည်ကို တွေ့လာရပါသည်။

အခြေခံဥပဒေသည် ၃ နှစ်သားသာ ရှိပါသေးသည်။ ၃ နှစ်သားလေးကို ရေလည်းကူးတတ်စေချင်သည်၊ စာလည်းတော်စေချင်သည်၊ သီချင်းလည်း ဆိုတတ်စေချင်သည်၊ ဂီတတူရီယာတွေလည်း တီးခတ်တတ်စေချင်သည်၊ ပန်းချီလည်း ဆွဲတတ်စေချင်သည်၊ ကဗျာလည်း စပ်တတ်စေချင်သည်၊ ပိဋကတ်စာတွေတွေ၊ ကမ္ဘာ့ဂန္ထ၀င် စာပေတွေနှင့်လည်း ထိတွေ့စေချင်သည်၊ စသဖြင့် စသဖြင့် လိုလားချက်များစွာဖြင့် ပုံစံသွင်းဖို့ ကြိုးစားကြခြင်းသည် သင့်၊ မသင့် ဆိုသည်ကို စဉ်းစားကြစေလိုပါသည်။ ကျွန်တော့်သဘောကဖြင့် သူ့အသက်အရွယ်နှင့်သူ လိုက်လျောညီထွေဖြစ်အောင် ပဲ့ပြင်သွန်သင် သင်ကြားပေးခြင်းကသာ အကောင်းဆုံးဖြစ်မည် ဟူ၍ပင်။ ဤနေရာတွင်လည်း လွတ်လပ်စွာ အမြင်သဘောထား ကွဲလွဲနိုင်ကြပါသည်။ ကျွန်တော့်အယူအဆကို တင်ပြခြင်းသာ ဖြစ်ပါသည်။

၅၉-စ ကို ပြင်ချင်သည်။ ပြင်ဖို့လုပ်နေသည်။ ဟုတ်ပြီ.... ပြင်ဖို့အတွက် ဘာတွေလိုအပ်သနည်း။ ဘာတွေ လုပ်ရမည်နည်း။ ၅၉-စ ကို ပြင်ဆင်ဖို့အတွက် အဓိက Key Player များ ရှိကြပါသည်။ မည်သူတွေ ဖြစ်ကြသည်ဟု ကျွန်တော်ထင်မြင်သူများမှာ အခြားသော နိုင်ငံရေးစိတ်ဝင်စားသူများ တွက်ဆပြောဆိုကြသည့် အတိုင်းပင် ဖြစ်ပါသည်။ အထွေအထူး မဟုတ်ပါ။ တင်ပြရပါလျှင်-
(၁) လွှတ်တော်တွင်း အမတ်အင်အား အများဆုံးဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ
(၂) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(၃) ပြည်သူလူထု
စသည်တို့ ဖြစ်ကြပါသည်။

ယခုကဲ့သို့ ပြောခြင်းမှာ မိမိသဘောအရ စိတ်ကူးထင်မြင်ရာ ပြောခြင်းမဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြောဆိုခြင်းဖြစ်ပါသည်။ ပုဒ်မ ၅၉-စ ကို ပြင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်ကဲ့သို့ ပြဋ္ဌာန်းထားသည်ကို လေ့လာပါမည်။



အထက်တွင် ပြောခဲ့သည့်အတိုင်း အဓိကပလေယာ ၃ ဦး၊ တစ်နည်း အဆင့် ၃ ဆင့်ကို ကျော်ဖြတ်နိုင်ပြီးလျှင်ပင် ဒေါ်စု သမ္မတ ဖြစ်လာမည်ဟု တတ်အပ်သေချာ ပြောနိုင်သေးသည် မဟုတ်ပါချေ။ နောက်ထပ် လိုအပ်ချက်တစ်ခုမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အနည်းဆုံး အမတ်နေရာ ၂၅၀ အနိုင်ရရှိမှသာလျှင် ဒေါ်အောင်ဆန်းစုကြည် ဒုတိယသမ္မတ ဖြစ်ခွင့်ရှိပါလိမ့်မည်။ နောက်ထပ် လိုအပ်ချက်အဖြစ် သမ္မတဖြစ်လိုသည်ဆိုလျှင် NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်နေရာပေါင်း အနည်းဆုံး ၃၃၂ နေရာ အနိုင်ရရှိရန် လိုအပ်ပါမည်။

၅၉-စ ကို ပြင်ဆင်ရန်အတွက် ပြည်သူလူထုကို အရင်ဆုံး စည်းရုံးနေခြင်းသည် သဘောရိုး ဟုတ်မဟုတ် ဉာဏ်ရှေ့ပန်း၍ စဉ်းစားကြစေလိုပါသည်။ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ပုဒ်မ ၄၃၆-က ပါအတိုင်း ပြင်ဆင်ရန်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် နောက်ဆုံးအဆင့် ဖြစ်ပါသည်။ ရှေ့တွင် လုပ်ဆောင်ရမည့် အဆင့်များ ကျန်ရှိနေပါသေးသည်။ ပထမအဆင့် ပြည်ထောင်စုလွှတ်တော်တွင်း အမတ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံချက် ရရှိရေးသည် လွယ်သည့်ကိစ္စ မဟုတ်ပါချေ။ ပြိုင်ဘက်ပါတီဖြစ်သည့် NLD မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ရရှိရေးအတွက် အခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်ခိုင်ဖြိုးပါတီက ထောက်ခံပေးရမည့် ကိစ္စကို ငှက်ပျောသီးစားသည်ဟု မမှတ်ယူစေလိုပါ။ ထိုမျှလောက် မလွယ်ကူပါ။ ပြည်ခိုင်ဖြိုးပါတီကလည်း အဲဒီလောက် ရူးလိမ့်မည်ဟု ကျွန်တော်မထင်ပါ။ ပြည်ခိုင်ဖြိုးပါတီက ရူး၍ဖြစ်စေ၊ ကြောင်၍ဖြစ်စေ ထောက်ခံသည်ပဲ ဆိုကြပါဦးစို့။ ဒုတိယအဆင့်အဖြစ် "ကျော်" ဆိုသော စကားလုံးအတွက် ကြိုးပမ်းရပါဦးမည်။ (၇၅ ရာခိုင်နှုန်းကျော်) ဟု အခြေခံဥပဒေက ဆိုထားသည် မဟုတ်ပါလား။ "ကျော်" ဟူသည့် စကားလုံးအတွက် အဓိကပလေယာက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါသည်။ တပ်မတော်အကြီးအကဲ အနေဖြင့် ဒေါ်စုကို ယုံကြည်လက်ခံ ထောက်ခံလိမ့်မည်ဟု မည်သူကမျှ တတ်အပ်သေချာ မပြောနိုင်ပါချေ။ ကာချုပ်က ဒေါ်စုကို ထောက်ခံပေးရန်အတွက် ဒေါ်စုကြိုးပမ်းဖို့ လိုပါသည်။ လွှတ်တော်တွင်း လုပ်ငန်းစဉ် အားလုံးပြီးဆုံး၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် ဆိုသည့်ကိစ္စမှာ လွယ်မည့်ကိစ္စမဟုတ်မှန်း စာဖတ်သူလည်း သိမြင်လိမ့်မည်ထင်ပါသည်။

ထိုထိုသော အကြောင်းအချက်များကို စဉ်းစားမိပြီးသည့်နောက် ကျွန်တော့်တွင် မေးခွန်းများ ရှိလာပါသည်။ ပုဒ်မ ၅၉-စ ကို ပြင်ဆင်နိုင်မည်လား။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ချင်တာ ဘာကြောင့်လဲ။ ဒေါ်စု သမ္မတဖြစ်လျှင်ရော ဘာတွေဖြစ်လာမှာလဲ။ ပုဒ်မ ၅၉-စ ကို မပြင်နိုင်ဘူးဆိုလျှင်ရော ဘာတွေ ဆက်ဖြစ်မှာလဲ။ လက်ရှိအချိန်တွင် ဒေါ်စုအနေဖြင့် အခြေခံဥပဒေပြင်ဖို့ လူထုကို အသည်းအသန် စည်းရုံးနေတာ၊ ဟောပြောနေတာ ဘာကြောင့်လဲ။ အခြေခံဥပဒေပြင်ဆင်ရေးဟာ အဲလောက်အထိ အသည်းအသန်လုပ်ဖို့ လိုအပ်နေပြီလား။ လွှတ်တော်အမတ် တစ်ဦးအနေဖြင့် လွှတ်တော်တွင်း စည်းရုံးရေး လုပ်ငန်းများကို ဦးစွာမဆောင်ရွက်ဘဲ အဘယ်ကြောင့် လူထုကို လမ်းပေါ်ထွက်လာအောင်၊ လူစုလူဝေး ဖြစ်လာအောင် စည်းရုံးဟောပြောမှုများ ပြုလုပ်လာပါသနည်း။ အဆိုပါ မေးခွန်းများဖြင့် ကျွန်တော်ကိုဉာဏ် ချာချာလည်နေကြောင်းပါ။

မိတ်ဆွေများရဲ့ အမြင်များကိုလည်း သိလိုလှပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်၊ စနေနေ့။
နံနက် ၀၀ နာရီ ၁၆ မိနစ်တွင်ပြီး၏။

Thursday, January 23, 2014

ပြုပြင်ပြောင်းလဲရေး လုပ်ကြရအောင်


စာအုပ်တွေထဲမှာ ဖတ်ရတာတွေအရ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ စကားလုံးကို ဆိုဗီယက်ခေတ်မှာ ပြောလွန်းတယ်လို့ ထင်ခဲ့မိတာ အခုမှ မှားမှန်း သိတော့တယ်။ အခုအချိန်မှာ မြန်မာတွေလောက် အဲဒီစကားကို ပြောတဲ့လူ ရှိမှရှိပါ့မလားလို့တောင် ထင်နေမိတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြင်ရမယ်၊ ပြောင်းရမယ် ဆိုတဲ့အသံတွေချည်းပဲ လွှမ်းမိုးနေတယ်။ မကောင်းတာကို ကောင်းတာတွေနဲ့ ပြင်ဆင်ပြောင်းလဲချင်တာ၊ အသစ်အသစ်တွေကို လိုချင်ကြတာ အပြစ် ပြောစရာ မရှိပါ။ သို့သော် သို့သော်.....။

အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလွန်းတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်။
ဟုတ်တယ်.... အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်၊ စီမံခန့်ခွဲရေးစနစ်မှာ အားနည်းချက်တွေရှိတယ်။
အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတွေမှာ အားနည်းချက်တွေရှိတယ်။ သူတို့ရဲ့ mind-sets တွေ ပြောင်းပစ်ရမယ်။
ဟုတ်တယ် ပြောင်းလဲပစ်ရမယ်။
လွှတ်တော်တွေမှာ အားနည်းချက်တွေ၊ လွဲနေတာတွေရှိတယ်။
ဟုတ်တယ် ရှိတယ်။ ပြုပြင်ပြောင်းလဲပစ်ရမယ်။
တရားစီရင်ရေးမဏ္ဍိုင်က ယုံကြည်စရာမရှိဘူး။ အားနည်းချက်တွေနဲ့ ပြောစရာဖြစ်နေတယ်။
ဟုတ်တယ်... ပြောချင်စရာမရှိလောက်အောင် အားနည်းချက်တွေနဲ့မို့ ပြောင်းလဲမှုတွေ လုပ်ရမယ်။
 
ဒါဆို.. ကျွန်တော်တို့တွေမှာရော အားနည်းချက်တွေ၊ လိုအပ်ချက်တွေ၊ မကောင်းတဲ့အချက်တွေ မရှိဘူးလား။ ပြင်ဖို့ မလိုအပ်ဘူးလား။

အတိုက်အခံတွေမှာရော ပြုပြင်ပြောင်းလဲရမယ့် မကောင်းတဲ့အချက်တွေ မရှိဘူးလား။

အရပ်ဘက် လူ့အဖွဲ့အစည်းတွေမှာရော ပြုပြင်ပြောင်းလဲရမယ့်ဟာတွေ မရှိဘူးလား။

မီဒီယာတွေမှာရော အားနည်းချက်တွေ၊ ပြုပြင်ရမယ့် အချက်တွေ မရှိဘူးလား။

သူများကိုတော့ ကောင်းစေချင်တယ်၊ ပြင်စေချင်တယ်။ ကိုယ်ကိုယ်တိုင်ကျတော့ နေချင်သလိုနေမယ် ဆိုတဲ့စိတ်တွေနဲ့ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုနေကြတာလား။

ကိုယ်တိုင်က ပြည်သူကောင်းတစ်ယောက်၊ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပြီလား။
ကိုယ်တိုင်က မီဒီယာသမားကောင်းတစ်ယောက်၊ သတင်းထောက်ကောင်းတစ်ယောက်၊ တရားမျှတစွာ အသိဉာဏ်ပေးတတ်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်အောင် ကြိုးစားနေပြီလား။
ကိုယ်တိုင်က အသပြာဆရာဝန်မဟုတ်ဘဲ အများပြည်သူအတွက် မရှိမဖြစ် အားကိုးရတဲ့ ဆေးပညာရှင် တစ်ယောက်ဖြစ်အောင် ကြိုးစားနေပြီလား။
ကိုယ်တိုင်က မခိုမကပ်နဲ့ ကြိုးစားဆောင်ရွက်တတ်တဲ့ အလုပ်သမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပြီလား။
ကိုယ်တိုင်က ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့ရေးကို အစဉ်ဦးထိပ်ထားတဲ့ ယာဉ်မောင်းကောင်းတစ်ယောက်၊ ယာဉ်နောက်လိုက်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေပြီလား။
ကိုယ်တိုင်က ပညာရှာ ပမာသူဖုန်းစားဆိုတဲ့အတိုင်း အပတ်တကုတ် သင်ယူအားထုတ်နေတဲ့ ကျောင်းသူကျောင်းသားကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေပြီလား။
ကိုယ်တိုင်က စားသုံးသူတွေကို အဆင်ပြေပါစေ၊ စိတ်ချမ်းသာပါစေ ဆိုတဲ့စိတ်နဲ့ စေတနာရှေ့ထားပြီး ဆောင်ရွက်နေတဲ့ ဈေးသည်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေပြီလား။
ကိုယ်တိုင်က လမ်းပေါ်မှာ တွေ့ရာနေရာ ကွမ်းတံတွေး မထွေးတတ်တဲ့၊ တွေ့တဲ့နေရာ အမှိုက်မပစ်တတ်တဲ့ မြို့တော်သူ မြို့တော်သားကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေပြီလား။
ကိုယ်တိုင်က..................။
ကိုယ်တိုင်က........................။
ကိုယ်တိုင်က..............................။
ကိုယ်တိုင်က.....................................။
ကိုယ်တိုင်က............................................။
ကိုယ်တိုင်က...................................................။

ကဲ... ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ကြရအောင်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၃ နာရီ ၂၂ မိနစ်တွင်ပြီး၏။

Wednesday, January 22, 2014

တောင်းပန်ရမှာလား၊ နှုတ်ဆက်ရမှာလား


ဘလော့ဂ်နဲ့ကျွန်တော် ဝေးကွာနေခဲ့ရတာ အတော်တောင် ကြာလှပေါ့။
လာဖတ်နေကျ မိတ်ဆွေတွေ စာမျက်နှာမှာ ဘာများ အသစ်တက်မလဲလို့ လာကြည့်ကြမှာပဲလို့ တွေးမိပြီး မကြာခဏလည်း သတိရမိတယ်။
ဒါပေမယ့် ဘလော့ဂ်မှာ စာရေးနေရင် တစ်လောကလုံးကို မေ့သွားတတ်တာဆိုတော့ ခြေဦးမလှည့်ဖြစ်အောင် တမင်ကြိုးစားခဲ့ရတယ်။
မနေ့ညက ဘလော့ဂ်ကို တစ်ခေါက် ၀င်ကြည့်ဖြစ်တယ်။ ဘာပို့စ်မှ မတင်တာ အတော်ကြီး ကြာခဲ့ပြီ ဖြစ်ပေမယ့်လည်း လွန်ခဲ့တဲ့ တစ်လတာ ကာလအတွင်း နေ့စဉ် လာရောက်ကြတဲ့ ပျမ်းမျှ ဧည့်သည် အရေအတွက်ဟာ ၂၅၀ လောက်ရှိနေတာကို အံ့သြတကြီး တွေ့ရတော့ မယုံနိုင်အောင် ဖြစ်မိတယ်။
လာဖတ်ကြတဲ့ ပို့စ်အများစုက ကျွန်တော်အရင်က တင်ပေးခဲ့တဲ့ စာတွေအများစု ဖြစ်ကြတယ်။
ကျွန်တော့်ရဲ့ ကိုယ်ပိုင်ရေးသားချက်တွေ မဟုတ်ကြဘူး။
ဒါလည်း ၀မ်းသာစရာ ကောင်းပါတယ်။ အွန်လိုင်းမှာ တချို့အချက်အလက်တွေကို ရှာချင်၊ သိချင်တဲ့အခါ ကိုယ့်ဘလော့ဂ်မှာ လာတွေ့တယ်လို့ ကောက်ချက်ချမိတယ်။
သူများတွေ (အရင်းနှီးဆုံး မိတ်ဆွေတွေအပါအ၀င်) ဝေဖန်ခဲ့သမျှကို အရေထူထူနဲ့ ခေါင်းခါပြီး စာအုပ်တွေထဲက၊ စာစောင်တွေထဲက ကိုယ်သဘောကျတဲ့၊ ကိုယ်နှစ်သက်တဲ့ စာလေးတွေ တင်ပေးခဲ့ရကျိုး နပ်တယ်လို့ အခုအချိန်မှာ ခံစားရတယ်။
အဲဒီလို တားမြစ်ခဲ့သူတွေကိုလည်း အပြစ်မတင်ပါဘူး။ သူတို့စေတနာကို ကျွန်တော် နားလည်ပါတယ်။
သူတို့က ကျွန်တော့်ဘလော့ဂ်မှာ အခြားစာရေးဆရာတွေ ရေးတဲ့ဟာတွေကို တင်ပေးတာထက် ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အရေးအသားတွေကိုပဲ တင်စေချင်ကြတာပါ။
ကျွန်တော်ကလည်း ကျွန်တော့်ရည်ရွယ်ချက်နဲ့ ကျွန်တော်မို့ သူတို့ကို ဘာမျှ ရှင်းပြမနေဘဲ နားမလည်ရင် ၀င်မပြောနဲ့လို့ ရန်စကားပြော၊ ကန့်လန့်စကားပြောပြီး ဆက်လုပ်ခဲ့တဲ့ အလုပ်တွေပါ။
အခုတော့ ၀မ်းသာရပါတယ်။ ကျွန်တော်တင်ပေးခဲ့တဲ့ လောကနီတိတို့၊ ကျင့်ဝတ်များတို့၊ စုတုပြုတို့ကို လာဖတ်တဲ့လူတွေ ပုံမှန်ရှိနေတာကို တွေ့ရလို့ပါ။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘလော့ဂ်ကို မည်သည့်နည်းလမ်းနှင့်ဖြစ်စေ ရောက်လာခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
ကိုယ့်ဘလော့ဂ်ကို ဧည့်သည်တွေ အများကြီးလာတာကို ကျွန်တော်လည်း သဘောကျတာ ၀န်ခံပါတယ်။
ကဲ....
ဘလော့ဂ်မှာ ဘာမျှမရေး၊ ဘာမျှမတင်ဘဲ အကြာကြီး ပြစ်ထားခဲ့တဲ့အတွက် မြန်မာ့သွေး မိတ်ဆွေတွေကို တောင်းပန်စကား ပြောရမလား။
ဒါမှမဟုတ်.....
စာတွေ ပုံမှန် ပြန်ရေးနိုင်အောင် ကြိုးစားတော့မှာမို့ ပြန်လည်နှုတ်ခွန်းဆက်ပါတယ်လို့ ပြောရမလား။
အခုတော့....
အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ဗိုလ်အောင်ဒင် ပြန်လာပြီ မဟုတ်ပါ။ ကိုဉာဏ် ပြန်လာပါပြီ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၀ နာရီ ၀၁ မိနစ်။

 
Web Statistics