Showing posts with label အထိမ်းအမှတ်နေ့များ. Show all posts
Showing posts with label အထိမ်းအမှတ်နေ့များ. Show all posts

Sunday, January 04, 2015

67th Anniversary Independence Day of the Republic of the Union of Myanmar


မြန်မာ့လွတ်လပ်ရေးအတွက် အသက်သွေးချွေးများဖြင့် ကြိုးစားရယူပေးခဲ့ကြသော ကျွန်တော်တို့ ဘိုးဘေးဘီဘင်များ၏ ကျေးဇူးကို ဦးစွာအောက်မေ့သတိရ ကျေးဇူးတင်မိပါသည်။

ရရှိပြီးသား လွတ်လပ်ရေးကို မဆုံးရှုံး မပျောက်ပျက်ရအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်မိပါသည်။

လွတ်လပ်ရေးကြိုးပမ်းမှု၊ လွတ်လပ်ရေးထိန်းသိမ်းမှု သမိုင်းအဆက်ဆက်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ကြရင်း အသက်စွန့်လွှတ်ခဲ့ကြရသူ၊ ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ခဲ့ကြရသူ၊ မိသားစုဘ၀များ စွန့်လွှတ်ခဲ့ကြရသူများ အားလုံးကို အသိအမှတ်ပြု အောက်မေ့သတိရ ကျေးဇူးတင် ဦးညွတ်ရပါကြောင်း...။

Happy New Year 2015


ပြက္ခဒိန်နှစ်သစ် ၂၀၁၅ သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
မြန်မာ့သွေး မိတ်ဆွေများအားလုံး နှစ်သစ်တွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် မိမိတို့၏ လုပ်ငန်းဆောင်တာများကို အခက်အခဲမရှိ အဆင်ပြေပြေ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Tuesday, April 22, 2014

Saturday, March 29, 2014

Population and Housing Census 2014




ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်သည်ဖြစ်စေ ယနေ့ည သန်းခေါင်ယံအချိန်တွင် စတင်မည့် သန်းခေါင်စာရင်း ကောက်ယူခြင်းအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါသည်။ အခြားအကျိုးကျေးဇူးတွေ ဘာတွေညာတွေကို ကျွန်တော် သိပ်ပြီးတော့ နားမလည်ပါ။ အနည်းဆုံးတော့ မြန်မာနိုင်ငံတွင် လူဦးရေ ဘယ်လောက်ရှိသည်ကို အနီးစပ်ဆုံး အမှန်ကန်ဆုံး သိရှိလာမည် ဖြစ်သဖြင့် စိတ်လှုပ်ရှားရပါသည်။ ထို့ပြင် တစ်နွှယ်ငင်တစ်စင်ပါ ဆိုသကဲ့သို့ စာတတ်မြောက်မှုနှုန်းကိုလည်း အနီးစပ်ဆုံး သိခွင့်ရမည်ဖြစ်ရာ CIA World Fact Book မှ အချက်အလက်များနှင့်သာ ကျေနပ်ခဲ့ရသည့်ဘ၀မှ အနည်းငယ် တိုးတက်လာပြီဟု ဆိုနိုင်ပါကြောင်း။ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အောင်မြင်ချောမောစွာ ပြီးမြောက်နိုင်ပါစေဟု ......။

သန်းခေါင်စာရင်း ဆိုရာတွင် လူ၊ တိရစ္ဆာန်၊ အဆောက်အအုံ၊ ပစ္စည်း၊ လုပ်ငန်းစာရင်းများနှင့် စာရင်းအင်းဆိုင်ရာ အချက်အလက်များ ပါဝင်သည်။
(လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ၊ ပုဒ်မ ၂၊ ပုဒ်မခွဲ-ခ)

သန်းခေါင်စာရင်း ကောက်ယူသည့် အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စမှတစ်ပါး အခြား မည်သည့်ကိစ္စအတွက်မျှ အသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်း မပြုရ။
(လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ၊ ပုဒ်မ ၁၅)

ပုဒ်မ ၁၆ က ဒီလိုဆိုတယ်။ (အချို့သော ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုတဲ့လူတွေ၊ အဲလို လုပ်ဖို့အတွက် မြောက်ပေးနေတဲ့လူတွေ သေချာဖတ်သင့်တယ်။ နောက်တော့မှ ဥပဒေအရ အရေးယူတော့ နှိပ်ကွပ်တယ်တို့၊ ဘာဖြစ်တယ်တို့၊ ညာဖြစ်တယ်တို့ အသံမထွက်ကြလေနှင့်။ အမောင် မီဒီယာတို့ကလည်း ယခုလို ဥပဒေတွေ ပြဋ္ဌာန်းထားသည်ကို ဖုတ်လေသည့်ငါးပိ ရှိလေသည်ဟုပင် ထင်ပုံမပေါ်ချေ။ ဘယ်ဂျာနယ်ကမျှ သန်းခေါင်စာရင်း ကောက်ယူတာကို ငြင်းဆန်တာဟာ၊ မမှန်မကန် ဖြေဆိုတာဟာ ဥပဒေနှင့် မညီညွတ်ကြောင်း၊ အရေးယူခံရနိုင်ကြောင်း လေသံမဟရဲကြပါဘူး။ နိုင်ငံကို တည့်မတ်ချင်တယ်လို့သာ ပါးစပ်က အော်နေကြတယ်၊ စောင်ရေကျမှာနဲ့ ယှဉ်လာတော့ ကိုယ့်စီးပွားရေးကိုပဲ ကြည့်ကြတာပါပဲ။)


ဒီပုဒ်မကို ဖောက်ဖျက်ရင် ရရှိနိုင်တဲ့ ပြစ်ဒဏ်တွေက တစ်လထက်မပိုသော ထောင်ဒဏ်၊ ဒါမှမဟုတ် ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ဖြစ်ပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် သိရှိရသော တစ်ဦးတစ်ယောက်၏ ကိုယ်ရေးအကြောင်းအရာကို ထုတ်ဖော်ခြင်းမပြုရ။
(လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ၊ ပုဒ်မ ၁၇၊ ပုဒ်မခွဲ-ဂ)

အဲဒီပုဒ်မ ၁၇ ကို ဖောက်ဖျက်ကျူးလွန်တဲ့ စာရင်းစစ် ဒါမှမဟုတ် စာရင်းကောက်တွေ ရရှိနိုင်တဲ့ ပြစ်ဒဏ်က အပေါ်က ပုဒ်မ ၁၆ ကို ကျူးလွန်ရင် ရမှာတွေနဲ့ အတူတူပဲဗျ။ အဲဒါကိုတော့ နည်းနည်းသဘောမကျ ဖြစ်မိတယ်။ အတွေးပိုတာလည်း ဖြစ်ကောင်းဖြစ်မှာပါလေ။ ဒီလိုပါ။ တချို့အချက်အလက်တွေကို လက်သိပ်ထိုးပြီး တစ်ဦးတစ်ယောက်ဆီမှာ ရောင်းစားခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတာပါ။ ထောင်ဒဏ်တစ်လ ဆိုတာက အမှုရင်ဆိုင်တဲ့ ကာလတွေနဲ့တင် ပြည့်သွားမယ်ထင်တာပဲ။ ဒါမှမဟုတ် ငွေဒဏ် ကျပ်ငါးသောင်းဆိုတော့ရော အဲဒီပမာဏက ထိရောက်ရဲ့လား။ စီးပွားရေးသမား တစ်ယောက်ယောက်ရဲ့ အချက်အလက်တွေကို ငွေပမာဏ တစ်ခုခုနဲ့ ရောင်းစားမယ်ဆိုရင်ရော။ မဖြစ်နိုင်ဘူးလား။ ထားပါလေ... လွှတ်တော်အမတ်မင်းတွေက ကျွန်တော့်ထက် အများကြီး ပိုသိပါတယ်။ သူတို့က ဒီအတိုင်း ဖြစ်သင့်တယ်ထင်လို့ တစ်ညီတစ်ညွတ်တည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ကျွန်တော်က အလကားနေရင်း ထိုင်ပြီးတော့ ဝေဖန်နေလို့ မသင့်ပါဘူး။ ဘာတွေဖြစ်လာမလဲ ဆိုတာကိုပဲ စောင့်ကြည့်ရမှာပဲ။ စိတ်ဝင်စားဖို့တော့ ကောင်းတာအမှန်ပဲ။

Thursday, March 27, 2014

တပ်မတော်နေ့အတွေး (၂၀၁၄ ခုနှစ်)



ယနေ့ ၂၀၁၄ ခုနှစ် မတ်လ ၂၇ ရက်နေ့သည် (၆၉) နှစ်မြောက် တပ်မတော်နေ့ ဖြစ်ပါသည်။ ယခင်က ဖက်ဆစ်တော်လှန်ရေးနေ့ဟု သုံးနှုန်းခေါ်ဝေါ်ခဲ့ဖူးပါသည်။ ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရက တပ်မတော်နေ့ဟု ပြောင်းလဲပြင်ဆင် သုံးနှုန်းခဲ့သည်ဟုလည်း ဖတ်ဖူးမှတ်ဖူးပါသည်။ ထိုကဲ့သို့ ပြောင်းလဲခဲ့မှုနှင့် ပတ်သက်၍မူ ဤနေရာတွင် အငြင်းမပွားလိုပါ။ ကျွန်တော်ကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ ဆိုသည်ထက် တပ်မတော်နေ့ ဆိုသည်ကို ပို၍ သဘောကျပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့တပ်မတော်နှင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးက လွတ်လပ်ရေးအတွက် အလှည့်အပြောင်းတစ်ရပ် ဖြစ်စေခဲ့သည့် တော်လှန်ရေးတစ်ရပ်ကို စိတ်တူကိုယ်တူ ဆင်နွှဲခဲ့ကြသည့် အထင်ကရ အမှတ်ထင်ထင် သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ခုကို ယခုကဲ့သို့ တလေးတစား တန်ဖိုးထား၍ ကျင်းပခဲ့ကြခြင်းအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ရပါသည်။

(၆၉) နှစ်မြောက် တပ်မတော်နေ့ အချိန်အခါ သမယ၀ယ် လွတ်လပ်ရေးကြိုးပမ်းကာလ သမိုင်းတစ်လျှောက်၊ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်မီး တောက်လောက်နေချိန် ကာလတစ်လျှောက်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်လာသည့် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသည့် ကာလတစ်လျှောက် မြန်မာနိုင်ငံအတွက်၊ မြန်မာပြည်သူများအတွက် မဖောက်မပြန်၊ မယိုင်မလဲ ရပ်တည်ကာကွယ်ပေးခဲ့သည့် မြန်မာ့တပ်မတော်နှင့် အသက်၊ သွေး၊ ချွေး၊ ကိုယ်လက်အင်္ဂါ စသည် စသည်ဖြင့် စွန့်လွှတ်၍ ကာကွယ်ပေးခဲ့ကြသည့် တပ်မတော်သားအားလုံးကို ဦးညွတ်ဂုဏ်ပြုပါကြောင်း ဦးစွာ ပြောကြားလိုပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍသာ မရှိခဲ့လျှင် မြန်မာ့လွတ်လပ်ရေး ဆိုသည်မှာ အိပ်မက်ပင် မက်လို့ရမည် မဟုတ်ခဲ့ပါ။ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်မီး တဟုန်းဟုန်း တောက်လောင်၍ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် ဖြစ်ခဲ့ချိန်တွင် မြန်မာ့တပ်မတော်သာ စွမ်းရည်ကင်းမဲ့ခဲ့လျှင်၊ မြန်မာ့တပ်မတော်သာ အင်အားချည့်နဲ့ခဲ့လျှင်၊ မြန်မာ့တပ်မတော်သာ ပြည်သူတို့ကို သစ္စာပျက်ယွင်းခဲ့လျှင် ယနေ့မြန်မာနိုင်ငံ ဆိုသည်မှာ မည်ကဲ့သို့ ဖြစ်လာနေမည်နည်း ဟူသည်ကို ဖြေဆိုရန် ခက်ခဲလှပါသည်။ အမေရိကန်က ကျောထောက်နောက်ခံ ပြုထားခဲ့သည့် ပြည်ပကျူးကျော်သူ တရုတ်ဖြူ  ကူမင်တန်တို့၏ ကျူးကျော်မှုကို ခံရချိန်တွင် မြန်မာ့တပ်မတော်ကသာ အသက်သွေးချွေး စတေး၍ တိုင်းပြည်ကို ရွပ်ရွပ်ချွံချွံ ကယ်တင်ခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်များထဲက တစ်ခုဖြစ်သည်ဟု တင်စားကြသည့် မြန်မာ့နိုင်ငံရေးတွင် မြန်မာ့တပ်မတော်သာ မယိမ်းမယိုင် ရပ်တည်ခဲ့ခြင်း မရှိပါလျှင် အမျိုးစုံလင် များပြားလှသည့် လက်နက်ကိုင် အဖွဲ့အမျိုးမျိုးကြောင့် မြန်မာ့မြေပုံသည် အစိတ်စိတ်အမွှာမွှာ ဖြစ်နေလောက်ပြီ ဖြစ်ပါသည်။

ဒီမိုကရေစီ အရေးတော်ပုံကြီးဟု အားလုံးက တင်စားရည်ညွှန်းကြသည့် ၁၉၈၈ ခုနှစ် အခြေအနေကို ပြန်လှန် သုံးသပ်ကြည့်လျှင်လည်း အဆိုပါ အဖြစ်အပျက်ကို ဖန်တီးသူမှာ မြန်မာ့တပ်မတော် မဟုတ်ပါ။ အဆိုပါ အဖြစ်အပျက်ကို သွေးထိုးလှုံ့ဆော်သူမှာ မြန်မာ့တပ်မတော် မဟုတ်ပါ။ အဆိုပါ အဖြစ်အပျက်ကြီးကို မည်သို့ပင် နာမည်ပေး ကင်ပွန်းတပ်သည်ဖြစ်စေ၊ မည်သို့ပင် သတ်မှတ်သည်ဖြစ်စေ၊ ထိုအချိန်က မင်းမဲ့စရိုက်များ နိုင်ငံနှင့်အ၀န်း ပျံ့နှံ့လျက် ပြည်သူအားလုံး ကျီးလန့်ဆန်စား ဖြစ်နေခဲ့ရချိန်၊ လမ်းမများပေါ်တွင် ဥပဒေကင်းမဲ့လျက် မိမိစိတ်ကြိုက် လူသတ်၊ နှိပ်စက်၊ ဖျက်ဆီး၊ လုယက် ဖြစ်နေခဲ့ချိန်၊ ပြည်ပနိုင်ငံတစ်ခုက အချိန်ကိုက် ဆိုသလိုပင် စစ်ရေယာဉ်များဖြင့် လာရောက်၍ စစ်အင်အားပြ ခြိမ်းခြောက်၍ မြန်မာ့အချုပ်အခြာအာဏာကို သွယ်ဝိုက်သောနည်းဖြင့် ခြိမ်းခြောက်လာခဲ့ချိန်တွင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူထုခေါင်းဆောင်က ရဲရဲဝံ့ဝံ့ ရပ်တည်ကာကွယ်ခဲ့ပါသနည်း။ မြန်မာနိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် မည်သူက အာမခံချက် ပေးနိုင်ခဲ့ပါသနည်း။ မြန်မာ့တပ်မတော်သာ အင်အားမတောင့်တင်းခဲ့ပါလျှင်၊ အရေးကြုံလျှင် သက်လုံမကောင်းခဲ့ပါလျှင်၊ ပြည်သူအတွက် မဆုံးဖြတ်ခဲ့ပါလျှင် မြန်မာ့နိုင်ငံရေးကို မျှော်တွေးကြည့်ရန် ရင်လေးလှပါသည်။

တပ်မတော်အစိုးရအဖြစ် တာဝန်ယူခဲ့ချိန်တွင် နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက် ခဲ့ကြသည် ဆိုသည်မှာ အငြင်းပွားဖွယ် မရှိပါ။ သို့သော် အမှားအယွင်းတွေ အများကြီး လုပ်ခဲ့သည်ကိုလည်း ကျွန်တော်တို့ လက်ခံရပါမည်။ အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းချက်များ ရှိခဲ့သောကြောင့် မလိုလားအပ်သည့် အဖြစ်အပျက်များ၊ နစ်နာဆုံးရှုံးမှုများ ရှိခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။ သို့သော် ဆိုခဲ့ပါ အဖြစ်အပျက်များကို ယထာဘူတကျကျ သုံးသပ်ပါလျှင် တပ်မတော်က ကျူးလွန်ခဲ့ခြင်း မဟုတ်ဘဲ ဦးဆောင်ခဲ့သူ၊ စီမံခန့်ခွဲပိုင်ခွင့်ရှိခဲ့သူ လူပုဂ္ဂိုလ်အချို့ကသာ ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း မြင်နိုင်ပါသည်။ တပ်မတော်အစိုးရကို နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သည့်အတွက် ဝေဖန်စရာ ရှိပါသည်။ တစ်ဖက်တွင်လည်း တပ်မတော်အစိုးရ ဦးဆောင်ခဲ့စဉ် ကာလတစ်လျှောက်လုံး တိုင်းပြည်ကို ဦးဆောင်နိုင်လောက်သည့်၊ အားလုံးအတွက် လက်ခံလောက်သည့်၊ တိုင်းပြည်နှင့် ပြည်သူလူထုကို တာဝန်ယူခေါင်းဆောင်နိုင်မည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် မည်သူတစ်ဦးတစ်ယောက်မျှ မရှိခဲ့ခြင်းကိုလည်း လက်ခံရပါမည်။ ရှိခဲ့သည်ဟု လူပုဂ္ဂိုလ်အချို့ကို ရည်ညွှန်းလိုပါက မြန်မာ့နိုင်ငံရေး အခြေအနေ၊ လုံခြုံရေးအခြေအနေ စသည်တို့နှင့် သေသေချာချာ ချိန်ထိုး၍ သုံးသပ်ကြည့်စေလိုပါသည်။ တပ်မတော်အစိုးရတစ်ရပ် နှစ်ပေါင်း များစွာကြာအောင် နိုင်ငံတော်ကို ဦးဆောင်ခဲ့ခြင်းကို ကျွန်တော်ကိုယ်တိုင်လည်း မနှစ်မြို့ပါ။ သို့သော် သူတို့ ဦးမဆောင်ခဲ့လျှင် မည်သူဦးဆောင်မည်နည်း ဟူသည့်အဖြေကိုလည်း ကျွန်တော် မဖြေတတ်ပါ။

လက်ရှိကာလအချိန်ကို မြန်မာ့ဒီမိုကရေစီရေးအတွက် ဖူးပွင့်စအချိန်၊ အားယူစအချိန်အဖြစ် အားလုံးက မှတ်ယူကြပါသည်။ ကိုယ့်ဖဲကိုချိုး၊ ကိုယ့်ဖဲကိုယ်ဝေ လုပ်သည်ဟုပဲ ပြောပြော၊ ဇာတ်တိုက်၍ ကခဲ့သည်ဟုပဲဆိုဆို၊ ယခုအပြောင်းအလဲအတွက် တပ်မတော်အစိုးရကို အံ့သြတကြီး ဖြစ်ရသည်ကတော့ အမှန်ပင် ဖြစ်ပါသည်။ အများက ရည်ညွှန်းခဲ့ကြသည့် စစ်အုပ်ချုပ်ရေး တစ်နည်း စစ်အာဏာရှင် စနစ်မှ ဒီမိုကရေစီ စနစ်ဆီသို့ ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ဖြင့် ကူးပြောင်းပေးခဲ့သည့် တပ်မတော်အစိုးရ၏ လုပ်ဆောင်မှုကို ပြည်တွင်းမှ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက လက်ခုပ်မတီးနိုင်ကြပါသော်လည်း ပြည်ပနိုင်ငံများနှင့် ပညာရှင်များကမူ အသိအမှတ်ပြု ချီးကျူးခဲ့ကြသည်ကို သတိထားကြစေလိုပါသည်။ နိုင်ငံတော်အာဏာကို ကာလကြာရှည် တာဝန်ယူခဲ့သည့် အကြောင်းရင်းနှင့် ပတ်သက်၍ ၀ိဝါဒ ကွဲပြားကြပါလိမ့်မည်။ အာဏာကို လက်မလွှတ်လိုသောကြောင့်ဟု မုန်းတီးသူတို့က ဆိုကြပါလိမ့်မည်၊ နိုင်ငံကို စိတ်မချသောကြောင့်ဟု ချစ်ခင်သူတို့က ဆိုကြပါလိမ့်မည်။ ထို့အတွက်မူ ကျွန်တော်က အဆုံးအဖြတ် မပေးလိုပါ။ စာဖတ်သူတို့၏ အတွေးအမြင်အတိုင်း၊ ထင်မြင်ချက်အတိုင်း ဖြစ်စေလိုပါသည်။

လက်ရှိအချိန်ကာလ တပ်မတော်ကို လေ့လာကြည့်လျှင် တပ်မတော်အတွင်း ပြောင်းလဲမှု အများအပြား ပြုလုပ်နေသည်ကို မြင်နိုင်သိနိုင်ပါသည်။ တပ်မတော်သည် မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ရှိနေသည်ဖြစ်ရာ အဆိုပါ အချက်သည် တပ်မတော်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။ မိမိက တပ်မတော်အစိုးရအဖြစ် တာဝန်ယူ၍ အုပ်ချုပ်နေရသည့် အချိန်အခါ မဟုတ်ဘဲ အရပ်သားအစိုးရအောက်တွင် အဆိုပါတာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်ရာ တပ်မတော်အကြီးအကဲနှင့် ထိပ်တန်းအရာရှိကြီးများ၏ စိတ်စေတနာနှင့် နိုင်ငံရေး အမြော်အမြင်တို့သည် အရေးကြီးလှပါသည်။ သေချာသည်ကတော့ လက်ရှိအကြီးအကဲသည် တပ်မတော်ကို ယခင်ကထက် စည်းကမ်းပြည့်ဝအောင်၊ အင်အားတောင့်တင်းအောင်၊ လူထုထောက်ခံမှုရအောင် ကြိုးပမ်းနေသည်ကို မြင်တွေ့ရခြင်း ဖြစ်ပါသည်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေလိုသည့် ဆန္ဒ အမှန်ပင်ရှိကြောင်းလည်း သူ၏ တရားဝင် မိန့်ခွန်းများ၊ ပေါက်ကြားလာသော ပြောစကားများအရ သိရှိခဲ့ရပြီး ဖြစ်ပါသည်။ ထို့အတွက် သံသယရှိရန် မလိုပါ။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို ကြည့်လျှင်လည်း တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း လုပ်ဆောင်မှုများကိုကြည့်၍ ကောက်ချက်ဆွဲရပါလျှင် တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ဦးဆောင်လမ်းညွှန်မှုကို နာခံလျက်ရှိသည်ဟု သုံးသပ်နိုင်ပါသည်။ ထိုအချက်သည် မြန်မာ့နိုင်ငံရေးအတွက် ကောင်းမွန်သည့်အချက်၊ ကြိုဆိုရမည့်အချက်၊ လက်ခုပ်တီးရမည့်အချက်ဟု ကျွန်တော်က မြင်ပါသည်။ တပ်မတော်သည် သီးခြားအဖွဲ့အစည်း တစ်ခုအဖြစ် ရည်တည်လိုသည့် သဘောထားရှိစေလိုကာမူ နိုင်ငံတော်သမ္မတ၏ ဦးဆောင်မှုအောက်တွင် ရှိနေသည့်ဆိုသည့်အချက်က ဒီမိုကရေစီနည်းကျသလို၊ ဖြစ်သင့်သည့် ကိစ္စတစ်ရပ်ဟုလည်း မြင်ပါသည်။

လက်ရှိတပ်မတော်ကို ဦးဆောင်နေကြသူများသည် သွေးသစ်များ ဖြစ်ကြပါသည်။ ၁၉၈၈ ခုနှစ်အပြီး နိုင်ငံတော်အာဏာကို ထမ်းဆောင်ခဲ့ကြသူများ ယခုတပ်မတော်တွင် မရှိတော့ပါ။ ယခင် တပ်မတော်အစိုးရလက်ထက်က အဆုံးအဖြတ်ပေးခဲ့သည့် နေရာများတွင် ရှိနေခဲ့ကြသူများ ယနေ့ တပ်မတော်ထဲတွင် မရှိကြတော့ပါ။ ယနေ့ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေကြသည့် အကြီးအကဲနှင့် ထိပ်တန်းအရာရှိကြီးများသည် မျိုးဆက်သစ်များ ဖြစ်ကြပါသည်။ သူတို့အနေဖြင့် တစ်ချိန်က တပ်မတော်အစိုးရ၏ အာဏာပါဝါကို တမ်းတနေစရာ မရှိသဖြင့် နောက်ကြောင်းပြန်လှည့်အောင် ကြိုးပမ်းကြမည်ဟု သံသယထား၍ မုန်းတီးနေခြင်းများသည် ယုတ္တိမတန်လှဟု ကျွန်တော်မြင်မိပါသည်။

တပ်မတော်အကြီးအကဲနှင့် ထိပ်တန်း တပ်မတော်ခေါင်းဆောင်များ အနေဖြင့် မြန်မာ့တပ်မတော်ကို ပြည်သူက ထောက်ခံသော၊ ချစ်ခင်သော၊ အားကိုးသော၊ ယုံကြည်သော တပ်မတော်တစ်ရပ်ဖြစ်အောင် ကြိုးပမ်းချင်လိုစိတ်ရှိကြောင်း ကျွန်တော်ယုံကြည်ပါသည်။ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်က ဂုဏ်သိက္ခာရှိရှိ ပါဝင်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း မြင်နေရပါသည်။ ပြည်တွင်းစစ်မီး ချုပ်ငြိမ်း၍ နိုင်ငံတည်ဆောက်ရေး ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် ရည်သန်စိတ်ဆန္ဒ ပြင်းပြနေကြောင်း အထင်အရှား မြင်နေတွေ့နေရပါသည်။ တပ်မတော်အပေါ် အရိပ်ထိုးနေသည့် ယခင်ကာလမှ အဖြစ်အပျက်ဆိုးများ၊ အရိပ်မည်းများကို လက်ရှိ တပ်မတော်ခေါင်းဆောင်များက ချေဖျက်နိုင်အောင် ကြိုးပမ်းကြံဆောင်နေကြသည်ကို ကျွန်တော်တို့ လက်ခံကြဖို့ လိုပါသည်။ မမေ့မလျော့ ချီးကျူးလိုသည့် အချက်တစ်ခုမှာ တပ်မတော်သည် နှစ်အတန်ကြာ ကင်းကွာနေခဲ့သည့် မူလတာဝန်ဖြစ်သော ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များအတွက် အဆင့်မြှင့်တင်ခြင်း၊ ပြည်ပရန်အတွက် လေ့ကျင်ြ့ခင်း၊ စုဖွဲ့ခြင်းများကို ပြုလုပ်လာသည့်အချက် ဖြစ်ပါသည်။ စွမ်းရည်ထက်မြက်သော၊ တိုက်ပွဲဝင်အသင့်ဖြစ်သော တပ်မတော်တစ်ရပ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ မူလတာဝန်များကို သဘောပေါက်ကြောင်း၊ အလေးထားကြောင်း ပြသခြင်းဖြစ်သည်ဟု ကျွန်တော်က မြင်ပါသည်။

လက်ရှိအချိန်တွင် အတိုက်အခိုက်အခံရဆုံး အဖွဲ့အစည်းကို ပြပါဆိုလျှင် မြန်မာ့တပ်မတော်ကို ပြသရပါလိမ့်မည်။ အဆိုပါအချက်ကပင် မြန်မာ့နိုင်ငံရေး၏ ထူးခြားချက်တစ်ရပ် ဖြစ်ပါသည်။ လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားများ ပါဝင်နေရုံမျှဖြင့် တပ်မတော်အပေါ် ထိုကဲ့သို့ တိုက်ခိုက်နေခြင်း၊ ရန်စောင်နေခြင်းများသည် အခြားသော အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ လူထုထောက်ခံမှု၊ မိမိတို့၏ စွမ်းအားကို မယုံကြည်ခြင်းဟု မြင်မိပါသည်။ လူထုအားလုံးကသာ တစ်ညီတစ်ညွတ်တည်း ထောက်ခံကြသည့် ကိစ္စရပ်တစ်ခုကို တပ်မတော်အနေဖြင့် မျက်ကွယ်ပြုရန်၊ လျစ်လျူရှုရန် စိတ်ကူးရှိပါမည်လားဟု တွေးကြစေလိုပါသည်။ တပ်မတော်အား ပုတ်ခတ်ခြင်းကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးချခြင်းသည် အန္တရာယ်များလှပါသည်။ ဆိုခဲ့သည့်အတိုင်း လက်ရှိတပ်မတော်သည် မျိုးဆက်သစ် သွေးသစ်လောင်း တပ်မတော်တစ်ရပ် ဖြစ်ပါသည်။ ယခင်တပ်မတော်မှ လူပုဂ္ဂိုလ်အချို့ကို မကျေနပ်ခြင်းများအား ယခုလက်ရှိ တပ်မတော်အပေါ် ပုံချ၍ တိုက်ခိုက်နေခြင်းသည် တပ်မတော်နှင့် နိုင်ငံရေးအင်အားစုများအကြား သံသယ တိုးပွားစေခြင်း၊ အဖုအထစ် ဖြစ်စေခြင်းသာ အဖတ်တင်လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ နိုင်ငံရေးသမားများ အမြော်အမြင်ရှိဖို့၊ အရှည်မျှော်ဖို့ လိုပါသည်။

တပ်မတော်သည် သူ့အတွက် အာမခံချက်တစ်ခု လိုအပ်သည်ဟူသော ခံယူချက်တစ်ခု ရှိသည်ဟု ကျွန်တော်ယူဆပါသည်။ ကျွန်တော့်ယူဆချက်သာ ဖြစ်သည့်အတွက် မှန်ကောင်းမှ မှန်ပါလိမ့်မည်။ ကျွန်တော်ပြောသည့် အာမခံချက်ဆိုသည်က တပ်မတော်သည် မြန်မာ့နိုင်ငံရေးတွင် အတိုင်းအတာ တစ်ခုအထိ ပါဝင်ပတ်သက်လိုပါသည်။ ထိုအချက်ကလည်း အာဏာကို ဖက်တွယ်ခြင်း ဆိုသည်ထက် အတိတ်က သင်ခန်းစာများကိုယူ၍ သေလုမြောပါး အခြေအနေရောက်မှ အသက်ကယ်ဆေး မထိုးလိုဘဲ (နာမည်ပျက်မခံဘဲ) ကြိုတင်ကာကွယ်ခြင်း လုပ်ဆောင်လိုသည့် ရည်ရွယ်ချက်ဟု မြင်ပါသည်။ နိုင်ငံရေးတွင် အေးအေးဆေးဆေး ဂုဏ်သိက္ခာရှိရှိဖြင့် ပါဝင်လိုနေသေးကြောင်း အကြီးအကဲ၏ ပြောစကားအချို့က သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ သူတို့၏ ရှုမြင်ချက်သည် စစ်သားပီပီ စစ်သားအမြင်ဖြင့် မြင်ကြသည်ကို နိုင်ငံရေးသမားများ နားလည်ကြဖို့ လိုပါသည်။ စစ်သားတစ်ယောက်အတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် အဓိကဖြစ်သည်ဟု ကျွန်တော်က ယုံကြည်ပါသည်။ ထို့အတွက် နိုင်ငံတော် လုံခြုံရေးအတွက် လက်ရှိအချိန်တွင် တပ်မတော် မဖြစ်မနေ ပါဝင်ပတ်သက်ရန် လိုအပ်နေသေးသည်ဟု တပ်မတော်ခေါင်းဆောင်များက ယုံကြည်သည်ကို ဥပေက္ခာ မပြုသင့်သေးဟု ကျွန်တော်က ဆိုချင်ပါသည်။ မြန်မာ့နိုင်ငံရေး ရင့်ကျက်လာချိန်၊ အရှိန်ရလာချိန်၊ မြန်မာ့နိုင်ငံရေးတွင် တပ်မတော် ပါဝင်ပတ်သက်ရန် မလိုအပ်တော့ဟု သေချာချိန်တွင် တပ်မတော်သည် ဂုဏ်သိက္ခာရှိရှိ သူ့နေရာသူ ပြန်သွားလိမ့်မည်ဟု ကျွန်တော်အခိုင်အမာ ယုံကြည်ပါသည်။ ထိုကဲ့သို့ ဖြစ်လာနိုင်ကြောင်းကိုလည်း ၂၀၁၀ ခုနှစ် မြန်မာ့နွေဦးက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။

(၆၉) နှစ်မြောက် တပ်မတော်နေ့ အချိန်အခါ သမယ၀ယ် မြန်မာနိုင်ငံအတွက် ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့် မြန်မာပြည်သူပြည်သားအားလုံး အေးချမ်းသာယာ ရှိကြပါစေကြောင်းနှင့် နိုင်ငံတော်တည်ဆောက်ရေးတာဝန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များကိုလည်း လက်ရှိအစိုးရ၊ ပြည်သူနှင့် တပ်မတော် အတူတကွ လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ရင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ကြာသပတေးနေ့။ (၆၉) နှစ်မြောက် တပ်မတော်နေ့)
မွန်းလွဲ ၂ နာရီ ၂၈ မိနစ်တွင်ပြီး၏။

Thursday, February 13, 2014

General Aung San's Birthday 2014



လွန်ခဲ့တဲ့ ၉၉ နှစ်၊ ဒီနေ့လို ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ အညာဒေသ နတ်မောက်ဆိုတဲ့ မြို့ကလေးမှာ ကလေးငယ်တစ်ဦးကို ဖွားမြင်ခဲ့တယ်။ အဲဒီကလေးဟာ နောင်တစ်ချိန်မှာ မြန်မာနိုင်ငံကြီးကို သူ့ကျွန်ဘ၀က လွတ်မြောက်အောင် ကြံဆောင်ကြိုးပမ်း ဦးဆောင်သွားမယ့် အနာဂတ်ခေါင်းဆောင် တစ်ဦးရယ်လို့ ဘယ်သူက သိခဲ့မှာလဲ။ သာမန်သူလိုကိုယ်လို လူသားတစ်ဦးအဖြစ် မွေးဖွားခဲ့တာပါပဲ။ သူ့လိုပဲ အခြားဒေသ၊ အခြားမြို့တွေမှာလည်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဖွားတွေ ရှိကြမှာပါ။ ဒါပေမယ့် အောင်ဆန်းဆိုတဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မွေးဖွားခဲ့တဲ့ သားရတနာကတော့ မိသားစုဂုဏ်ကိုတင်မဟုတ်၊ မြန်မာ့ဂုဏ်၊ အာရှဂုဏ်ကိုပါ တင်နိုင်ခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။

ကိုယ့်ဘ၀ရပ်တည်ရေး၊ ကိုယ့်မိသားစု အဆင်ပြေရေးအတွက်တောင် ကျွန်တော်တို့တွေ ဘယ်လောက် ကြိုးပမ်းရုန်းကန်ရသလဲဆိုတာ အားလုံးအသိပါ။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး သူ့ကျွန်ဘ၀က လွတ်မြောက်ပြီး ကမ္ဘာ့အလယ်မှာ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ထည်ထည်ဝါ၀ါ ရပ်တည်နိုင်အောင် ကြံစည်ကြိုးပမ်းဖို့ဆိုတာ စဉ်းစားသာကြည့်ပါလေ။ လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်အောင်ဆန်း ဘယ်လို ကြိုးပမ်းခဲ့တယ်၊ ဘယ်လိုစွန့်လွှတ်ခဲ့တယ်၊ ဘယ်လိုအနစ်နာခံခဲ့တယ်၊ ဘယ်လိုပင်ပန်းဆင်းရဲခဲ့တယ်၊ ဘယ်လို.....၊ ဘယ်လို.....၊ စတာတွေကို ပြောမနေတော့ပါဘူး။ လုပ်ကြံခံရလို့ ကွယ်လွန်တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ အသက် ၃၂ နှစ်အရွယ်ပဲ ရှိသေးတဲ့ လူငယ်တစ်ဦးဆိုတာကို နှလုံးသွင်း ဆင်ခြင်မိရုံနဲ့တင် သူဘယ်လောက် ပေးဆပ်ခဲ့ရတယ်ဆိုတာကို သိနိုင်ပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ပြီး လူ့လောကကြီးထဲမှာ ၃၂ နှစ်သာ နေခွင့်ရခဲ့တဲ့ လူငယ်တစ်ဦးက ကျွန်တော်တို့တွေရဲ့ နှလုံးသားတွေကို ဒီနေ့အထိ ကိုင်လှုပ်နေဆဲ၊ ဒီနေ့အထိ တမ်းတနေဆဲဖြစ်အောင် လုပ်ပြသွားခဲ့တယ်။

ပြက္ခဒိန်တွေ၊ အချိန်နာရီတွေဆိုတာ မရပ်မနား သွားနေ၊ ပြောင်းနေဦးမှာပါပဲ။ ဒါပေမယ့် ဖေဖော်ဝါရီလ ၁၃ ရက် ဆိုတဲ့ ရက်စွဲတစ်ခုကဖြင့် မြန်မာနိုင်ငံအတွက်၊ မြန်မာတစ်မျိုးသားလုံးအတွက် ဘယ်တော့မျှ မမေ့သင့်တဲ့ အမှတ်တရ ရက်စွဲတစ်ခုပါ။ တစ်ခုသော ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျွန်တော်တို့တွေ လောကကြီးရဲ့ လက်ဆောင်၊ ဘုရားသခင်ရဲ့ လက်ဆောင်အဖြစ် အောင်ဆန်းဆိုတဲ့ လူတစ်ဦးကို ရရှိခဲ့ဖူးတယ်။ ဟုတ်တယ်... အဲဒီရက်ကို ကျွန်တော်တို့တွေ မေ့လို့ မဖြစ်ဘူး။

"" ဖေဖော်ဝါရီ ၁၃ ""

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ဖေဖော်ဝါရီလ ၁၃ ရက်၊ ကြာသပတေးနေ့။
(၉၉) နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် ရေးသားခဲ့သည်။

Monday, July 22, 2013

ဝါဆိုလပြည့် (ဓမ္မစကြာနေ့)



ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားရာ ၀ါဆိုလပြည့်နေ့ ဖြစ်ပါသည်။ ၀ါဆိုလပြည့်နေ့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မမေ့အပ်သည့် ထူးမြတ်သည့် နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါသည်။ အဘယ်ကြောင့်နည်း။ ၀ါဆိုလပြည့်နေ့ အခါသမယသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် ရတနာသုံးပါး စုံလင်စွာ ပေါ်ထွန်းလာခဲ့သည့် နေ့ထူးနေ့မြတ် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဂေါတမဗုဒ္ဓသည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သော်လည်း တရားဟောတော်မူခဲ့ခြင်း မရှိသေးခဲ့၊ နောက်လိုက်နောက်ပါ ရဟန်းသံဃာလည်း မရှိသေးခဲ့ပါ။ ၀ါဆိုလပြည့် အခါသမယတွင်မှသာ တစ်ချိန်က အလုပ်အကျွေး ပြုခဲ့ဖူးသည့် ပဉ္စ၀ဂ္ဂီ ငါးဦးကို ဓမ္မစကြာတရားဦး ဟောကြားတော် မူခဲ့ပါသည်။ အဆိုပါ ဓမ္မစကြာတရားသည် ဘုရားရှင်၏ ပထမဆုံးသော တရားတော်ဖြစ်ပါသည်။ ပဉ္စ၀ဂ္ဂီ ငါးဦးသည်လည်း ဘုရားရှင်၏ သာသနာတော်ဝယ် ပထမဆုံးသော သံဃာတော်များ ဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် ၀ါဆိုလပြည့်နေ့သည် ဘုရား၊ တရား၊ သံဃာ ဟူသည့် ရတနာသုံးပါး စုံလင်စွာ ပေါ်ထွန်းခဲ့သည့် နေ့ထူးနေ့မြတ်ဟု ဆိုရခြင်းဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်တို့ ရွတ်ဆိုနေကြသည့် ဓမ္မံ ဟူသော စကားလုံးနှင့် သံဃံ ဟူသော စကားလုံးတို့သည် ၀ါဆိုလပြည့်နေ့မှသာ စတင်ရွတ်ဆို နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့မျှဆိုလျှင် ၀ါဆိုလပြည့်နေ့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မည်မျှအရေးပါကြောင်း၊ ထူးမြတ်ကြောင်း သိစေလောက်ပြီဟု ယူဆပါသည်။ ယနေ့ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် ၀ါဆိုလပြည့်နေ့ အခါသမယ၀ယ် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်အားလုံး ကုသိုလ်တရားများ ရင်ဝယ်ပွား၍ မေတ္တာတရားများ ကိန်းအောင်တည်ရှိနိုင်ပါစေ၊ သံသရာအတွက် အထောက်အပံ့ဖြစ်စေမည့် သူတော်ကောင်းတရားများကို ပွားများအားထုတ်နိုင်ကြပါစေ၊ ဗုဒ္ဓမြတ်စွာ သွန်သင်လမ်းပြခဲ့သည့် တရားတော်များကို နှလုံးသွင်းဆင်ခြင်နိုင်ကြပါစေ၊ စိတ်ဝမ်းနှလုံး ငြိမ်းအေးနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ၌ နေကြကုန်သော ဝေနေယျသတ္တ၀ါအားလုံး ဘေးရန်ကင်းရှင်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်၊ တနင်္လာနေ့။
မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
နံနက် ၁၀ နာရီ ၄၈ မိနစ်။

Friday, July 19, 2013

၆၆ နှစ်မြောက် အာဇာနည်နေ့ (၁၉-၇-၂၀၁၃)


ယနေ့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် ၆၆ နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ အတွင်းဝန်ရုံးတွင် မသမာသူလူတစ်စု၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အသက်ပေးသွားရသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားသောအာဇာနည်များကို ဂုဏ်ပြုသည့်အနေဖြင့် အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း ဇူလိုင် ၁၉ ရက်နေ့ရောက်တိုင်း နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်းဖြင့် ၀မ်းနည်းခြင်း အထိမ်းအမှတ်ကို ပြသကြပါသည်။ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ သွားရောက်၍ လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းများဖြင့် ကန်တော့ခြင်း၊ ဂါရ၀ပြုခြင်းများ ပြုလုပ်ကြပါသည်။ မြန်မာတို့အိမ်တိုင်းတွင် အာဇာနည်နေ့ အမှတ်တရ သီချင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း သီချင်းသံများ၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းသံများဖြင့် လွှမ်းခြုံနေလေ့ရှိပါသည်။ အာဇာနည်နေ့ ဟူသည့်စကားလုံးကို ကြားလိုက်ရတိုင်း ရင်ထဲတွင် ၀မ်းနည်းစိတ်၊ နာကျင်စိတ်တို့ ဖြစ်လာရစမြဲ ဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေးမရမီ လမ်းခုလတ်တွင် တိုင်းပြည်အတွက် အသက်ပေးသွားခဲ့သည့် အာဇာနည် ၉ ဦး အပါအ၀င် အခြားသော အာဇာနည်ပုဂ္ဂိုလ်အပေါင်းကို ဦးညွတ် အလေးပြုပါကြောင်းနှင့် ၎င်းတို့ အသက်ပေး၍ ရယူပေးခဲ့သော လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရင်း အသက်ပေးသွားခဲ့ကြသည့် ပုဂ္ဂိုလ်အပေါင်းကိုလည်း လေးစားဂုဏ်ယူစွာဖြင့် ဦးညွတ်အလေးပြုပါကြောင်း။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ သောကြာနေ့။
၆၆ နှစ်မြောက် အာဇာနည်နေ့။
နံနက် ၁၀ နာရီ ၂၉ မိနစ်။

Wednesday, May 01, 2013

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး)



မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကာယ၊ ဉာဏ အလုပ်သမားအားလုံးကို ဦးညွတ်အလေးအမြတ် ပြုပါကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Saturday, April 20, 2013

Happy Birthday U Thein Sein!



ကိုယ့်နိုင်ငံက အကြီးအကဲတစ်ယောက်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်း ပြုလုပ်ခြင်းဟာ ဒါပထမဆုံးပါ။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ သက်တမ်းတစ်လျှောက် ဒီအသက်ဒီအရွယ်အထိ ကိုယ့်နိုင်ငံအကြီးအကဲရဲ့ မွေးနေ့က ဘယ်နေ့ဆိုတာ မသိခဲ့ရဖူးသလို၊ ဘယ်တုန်းကမျှလည်း မွေးနေ့ဆုတောင်း ရေးသားခဲ့ဖူးခြင်း မရှိပါ။ တကယ်လို့ အရင်တုန်းက နိုင်ငံ့ခေါင်းဆောင်တွေရဲ့ မွေးနေ့တွေကို သိခွင့်ရခဲ့ရင်လည်း မွေးနေ့ဆုတောင်းရေးဖို့ စိတ်ကူးမိမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကျွန်တော်တို့နှင့် တသီးတခြား ဖြစ်နေခဲ့သောကြောင့် ဖြစ်ပါသည်။ သူတို့အကြောင်းကို တွေးပင်မတွေးရဲသည်အထိ ဖြစ်ခဲ့ရသည်။ ဒါက တစ်ချိန်ကဖြစ်သည်။

ယခုတော့ ထိုသို့မဟုတ်ပြီ။ သမ္မတဦးသိန်းစိန်သည် ကျွန်တော်တို့အတွက် အနီးကပ်ဆုံးမှာရှိနေသည့် အားကိုးအားထားပြုရာ ခေါင်းဆောင်တစ်ဦးပမာ ခံစားမိသည်။ ဦးသိန်းစိန်ဆိုသည်နှင့်၊ သမ္မတကြီးဟုဆိုသည်နှင့် စိတ်ထဲမှာ ရင်းရင်းနှီးနှီး ဖြစ်နေသလို ခံစားရသည်။ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးတွေအတွက် အားထုတ်ကြိုးပမ်းနေသူပဲ ဟူသည့်စိတ်က မဖိတ်ခေါ်ဘဲ ရောက်လာရသည်။ နိုင်ငံကောင်းဖို့ဆိုတဲ့ အရင်းခံစိတ်နဲ့ မဆုတ်မနစ် ကြိုးပမ်းနေသူအဖြစ် အလိုလိုခံစားမိသည်။ ကူလှော်ပေးမယ့်အစား နောက်ပြန်တွန်းနေသူတွေကြောင့် လိုအပ်တာထက် ပိုပြီးတော့ အပင်ပန်းခံပြီး ဆောင်ရွက်နေရတာကိုလည်း ခံစားသိရှိနေရသည်။ ဒီနိုင်ငံရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်မို့၊ ရာထူးအာဏာ အရှိဆုံးပုဂ္ဂိုလ်မို့ ဦးသိန်းစိန်ဆိုသည့် ပုဂ္ဂိုလ်တစ်ဦးကို ကျွန်တော်တို့တွေ ကြောက်စိတ်မ၀င်မိ၊ ကပ်ဖားရပ်ဖားလုပ်ချင်စိတ် မဖြစ်မိ၊ တသီးတခြားဟု မခံစားမိ....။ ဒါတွေသည် လုပ်ယူလို့ရတဲ့ အချက်တွေဟု ကျွန်တော်မထင်... လုပ်ယူလို့လည်း ရနိုင်မည်မဟုတ်ပေ။ သမ္မတကြီးကိုယ်တိုင် နိုင်ငံနှင့် ပြည်သူအပေါ် မေတ္တာထား၍ မေတ္တာရောင်ပြန် ဟပ်သည်ဟုသာ ကျွန်တော်ယုံကြည်သည်။ သမ္မတကြီး ဆောင်ရွက်နေသည်များသည် ကျွန်တော်တို့ပြည်သူတွေအတွက်၊ ကျွန်တော်တို့နိုင်ငံအတွက်၊ ကျွန်တော်တို့အနာဂတ်အတွက် ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ အခြားသူများ မည်သို့ရှိသည်ကို ကျွန်တော်မသိပါ။ ကျွန်တော့်အတွက် သေချာသည်ကတော့ဖြင့် ကျွန်တော်ကိုဉာဏ် ယနေ့အချိန်အထိ တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် သမ္မတကြီး ဦးသိန်းစိန်လောက် မသယ်ပိုးနိုင်သေးပါ၊ မထမ်းရွက်နိုင်သေးပါ၊ မကျေပွန်နိုင်သေးပါ။ ထို့အတွက် သမ္မတကြီး ဦးသိန်းစိန်ကို လေးစားပါသည်၊ အားကျပါသည်၊ ဂုဏ်ယူပါသည်၊ ချီးကျူးပါသည်၊ အလေးအမြတ်ပြုပါသည်။

သမ္မတကြီး ဦးသိန်းစိန်၏ အသက် ၆၈ နှစ်ပြည့် မွေးနေ့အခါသမယတွင် မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွားကို ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေ။ မြန်မာနိုင်ငံ၏ ဂုဏ်ရောင်ကို ယခုထက် ပိုမိုထွန်းလင်းအောင် အလင်းဆောင်နိုင်ပါစေ။ မြန်မာ့အနာဂတ်ကို ယခုထက် ပိုမိုလှပအောင် ထုဆစ်နိုင်ပါစေ။ သမိုင်းတွင်သော၊ သမိုင်းဝင်သော ကောင်းမြတ်သည့် လုပ်ရပ်များဖြင့် မြန်မာနိုင်ငံသမိုင်းတွင် ကြီးကျယ်မြင့်မြတ်သည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကမ္ဗည်းမှတ်တမ်း အတင်ခံနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

သမ္မတကြီး ပျော်ရွှင်ပါစေ....။
ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ ဦးသိန်းစိန်....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်၊ စနေနေ့။
ညနေ ၅ နာရီ ၃၆ မိနစ်တွင်ပြီး၏။

Wednesday, April 17, 2013

နှစ်သစ်ကူးချိန်ခါ


ပျော်ရွှင်ဖွယ်ရာ နှစ်သစ်အခါသမယ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ မြန်မာနှစ်သစ်ကူး အခါသမယတွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေကြောင်းနှင့် အလုပ်အကိုင်များအားလုံး အဆင်ပြေကြပါစေကြောင်း ဆန္ဒပြုဆုမွန်ချွေရင့်း့
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဧပြီလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
မြန်မာနှစ်ဆန်းတစ်ရက်နေ့။

Wednesday, February 13, 2013

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့



ယနေ့သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဖြစ်ပါသည်။
သာမန်အားဖြင့် ယနေ့သည်လည်း အခြားနေ့ရက်များနည်းတူ သာမန်နေ့ရက်တစ်ခုမျှသာဖြစ်ပါသည်။
သို့သော် ဖေဖော်ဝါရီလ ၁၃ ရက် ဟူသည့် နေ့ရက်တစ်ခုအတွက် ကျွန်တော်တို့မြန်မာတွေမှာ အမှတ်တရ ဖြစ်စရာ၊ သတိရစရာ၊ လွမ်းဆွတ်စရာ၊ တမ်းတစရာ၊ အောက်မေ့စရာ သမိုင်းကြောင်းလေးတစ်ခု ရှိပါသည်။
အဘယ်သို့သော သမိုင်းကြောင်းနည်း။
အခြားမဟုတ်ချေ။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ချစ်ခင်လေးစားကြရသည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အလောင်းအလျာလေးကို မွေးဖွားသန့်စင်ခဲ့သည့် နေ့တစ်နေ့ ဖြစ်သောကြောင့်ပင်။
နတ်မောက်ဆိုတဲ့ မြို့လေးတစ်ခုမှာ ရှေ့နေဦးဖာရဲ့ဇနီး ဒေါ်စုဆိုတဲ့ အမျိုးသမီးတစ်ဦးက ငယ်နာမည် မောင်ထိန်လင်းလို့ ခေါ်ဝေါ်တဲ့ ကလေးငယ်တစ်ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၁၅ ခုနှစ်မှာပေါ့။
သူမွေးလိုက်တဲ့ ကလေးဟာ နောင်တစ်ချိန်မှာ မြန်မာနိုင်ငံကြီးကို သူ့ကျွန်ဘ၀ကလွတ်အောင် ကယ်တင်လိမ့်မယ်၊ မြန်မာ့ရေမြေပေါ်က တိုင်းရင်းသားညီအစ်ကိုတွေကို စည်းလုံးညီညွတ်အောင် ကြံဆောင်ကြိုးပမ်းလိမ့်မယ်၊ မြန်မာ့တပ်မတော်ကို ဖွဲ့စည်းတည်ထောင်လိမ့်မယ်လို့ မွေးမိခင်ရင်းဖြစ်တဲ့ ဒေါ်စုအပါအ၀င် ဘယ်သူကမျှ ထင်မှတ်ခဲ့ကြလိမ့်မယ် မဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်အတွက် ဗိုလ်ချုပ်အောင်ဆန်း ဘယ်လိုကြိုးပမ်းခဲ့တယ်၊ ပေးဆပ်ခဲ့တယ်ဆိုတာ အားလုံးအသိမို့ ရေခင်းမပြလိုတော့ပါ။
သူပေးဆပ်ခဲ့တာတွေနဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ မွေးနေ့ရက်လေးတစ်ခုကို ကျွန်တော်တို့တွေ အမှတ်ထင်ထင်ရှိတာ၊ အလေးအမြတ် ထားတာဟာ မပြောပလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်။
သြော်... ဒီနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါလားဆိုတဲ့ အသိတစ်ချက် ၀င်သွားရင်ပဲ ဗိုလ်ချုပ်ရဲ့ ကျေးဇူးကို အောက်မေ့တဲ့ သဘော သက်ရောက်တယ်လို့ ကျွန်တော်က ဆိုချင်ပါတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်လို ရိုးသားဖို့လိုတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်လို ကြိုးစားဖို့လိုတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်လို ပေးဆပ်တဲ့စိတ် မွေးဖို့လိုတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်လို ရဲရင့်ဖို့လိုတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်လို အမြင်ကျယ်ဖို့လိုတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်လို တိုင်းပြည်အပေါ် သစ္စာရှိဖို့လိုတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်လို သန္နိဋ္ဌာန်စိတ်မွေးဖို့လိုတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်တယ်... အဲဒီအတွက် ဗိုလ်ချုပ်ပြောခဲ့တာတွေကို နှလုံးသွင်းဖို့လိုတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံအတွက် ဘုရားသခင်ပေးတဲ့ လက်ဆောင်။
တစ်ဦးပိုင် တစ်ဖွဲ့ပိုင် လုံးဝမဟုတ်ဘူး။
မြန်မာတစ်နိုင်ငံလုံးက ဗိုလ်ချုပ်ကို ပိုင်တယ်။
ကြွေလွင့်သွားရှာပြီဖြစ်တဲ့ အာဇာနည်တစ်ဦးဟာ ဘယ်သူ့ရဲ့ ခုတုံးလုပ်ခံရဖို့မျှ မဟုတ်ဘူး။
သူ့ဟာသူ လှနေပြီးသားပန်းကို အရောင်စိုအောင် ဆေးမသုတ်ချင်ကြပါနဲ့။ ဆေးမမှုတ်ချင်ကြပါနဲ့။
ဗိုလ်ချုပ်ကို ချစ်တယ်မလား။ ဗိုလ်ချုပ်ကျင့်ကြံခဲ့သလို ကျင့်ကြံနေထိုင်ကြပေါ့ဗျာ။
ဗိုလ်ချုပ်ကိုချစ်တယ်ပြောပြီး အသက်စွန့်ဖို့ နေနေသာသာ ကိုယ့်အတ္တကိုယ်တောင် မစွန့်နိုင်သေးပဲနဲ့တော့ နားစမ်းပါဗျာလို့ ကျွန်တော်ကိုဉာဏ်က ပြောလိုက်ချင်ပါရဲ့ဗျာ။
ဘုရားစကားနားထောင်တာဟာ ဘုရားကို ချစ်တာနဲ့ အတူတူပဲတဲ့။
မိဘစကားကို နားထောင်တာဟာ မိဘကို ချစ်တာနဲ့ အတူတူပဲတဲ့။
ဒါဆိုရင်...
ကျွန်တော်တို့တွေရော ဗိုလ်ချုပ်ကို ချစ်ကြသလားဗျ... ဟင်။ အောင်ဆန်းကို ချစ်ပါတယ်လို့ ပြောနေရုံနဲ့ မပြီးဘူး။ အောင်ဆန်းကို လွမ်းလိုက်တာလို့ တမ်းတနေရုံနဲ့ မပြီးဘူး။ အောင်ဆန်းယူပေးခဲ့တဲ့ လွတ်လပ်ရေးက နှစ်ပေါင်း ဘယ်လောက်ရှိပြီတုန်း။ အခုနေများ အောင်ဆန်းအသက်ပြန်ရှင်ရင် ဟင်... ငါရှိတုန်းကနဲ့ ဘာမျှလည်း သိပ်မထူးခြားပါလားလို့ ပြောမယ်ထင်တယ်။ လူငယ်တွေ ဘာလုပ်နေကြသလဲ။ အောင်ဆန်းဆိုတဲ့လူငယ် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တုန်းက အသက်ဘယ်လောက်ပဲ ရှိသေးလဲဆိုတာ ပြန်တွေးစေချင်ပါတယ်။ ဘေးထိုင်ဘုပြောနေမယ့်အစား သူကအစ... ငါကအဆုံး... လက်ရုံးများမြောင်... ဉာဏ်များမြောင်နဲ့... စွမ်းဆောင်ကြလေ... ဆောင်ကြလေလော့... ဆိုတဲ့ ဆရာဇော်ဂျီရဲ့ တိုက်တွန်းချက်လို ကြိုးပမ်းသင့်ကြတယ်လို့ ထင်မြင်မိကြောင်းပါ။
(အောင်ဆန်းလို့ သုံးနှုန်းတဲ့အတွက် ရိုင်းတယ်လို့ မယူဆစေလိုပါ။ အဲဒီစာသားတွေနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းလို့ ရေးတာ၊ ပြောတာထက်စာရင် အောင်ဆန်းလို့ သုံးနှုန်းတာက ပိုပြီးတော့ ရင်ထဲကို ထိစေတယ်လို့ ထင်လို့ပါ။ စာဖတ်သူများလည်း အစားထိုးပြီး ဖတ်ကြည့်စေချင်ပါတယ်။ အမြင်မတူလျှင်ဖြင့် ၀န္ဒာမိပါလို့...။)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
မွန်းလွဲ ၂ နာရီ ၅၈ မိနစ်တွင်ပြီး၏။

Tuesday, February 12, 2013

(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့


လွန်ခဲ့သည့် ၆၆ နှစ်ကာလ ဒီလိုအချိန်မှာ ရှမ်းပြည်နယ်က ပင်လုံဆိုတဲ့ မြို့ကလေးမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်။ သဘောတူစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်။ အစည်းအဝေးလုပ်ပြီး လက်မှတ်ထိုးတဲ့ မြို့လေးကို အစွဲပြုပြီး ပင်လုံစာချုပ်လို့ အမည်ပေးခဲ့ကြတယ်။ အဲဒီစာချုပ်လေးဟာ နောက်တစ်နှစ်ခန့်အကြာမှာ ရရှိတော့မယ့် မြန်မာ့လွတ်လပ်ရေးအတွက် ဘယ်လောက်အထိ အရေးပါတယ်ဆိုတာ အဲဒီအချိန်က တွေးမိချင်မှ တွေးမိကောင်းလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ အဲဒီစာချုပ်ဟာ ဘယ်လောက်အထိ တာသွားခဲ့တယ်၊ ဘယ်လောက်အထိ အဓိပ္ပါယ် ပြည့်ဝခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။ ဗမာ၊ ကချင်၊ ချင်း၊ ရှမ်း၊ စတဲ့ တိုင်းရင်းသားတွေအားလုံးဟာ ဒီမြေ၊ ဒီရေပေါ်မှာ ဥမကွဲ၊ သိုက်မပျက် နေထိုင်ကြမယ်၊ နေရာဒေသတွေသာ ကွဲပြားနေမယ် ပြည်ထောင်စုမြန်မာနိုင်ငံသား ဆိုတဲ့စိတ်က အပြည့်ပဲဆိုတာ ပြသရမယ်၊ ဘာသာစကားတွေသာ မတူရမယ် မြန်မာနိုင်ငံအတွင်းမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေထိုင်မယ်ဆိုတဲ့စိတ်က တူညီကြတယ်၊ စတဲ့အချက်တွေကို ပြသနိုင်ခဲ့တဲ့ ပင်လုံစာချုပ် ချုပ်ဆိုတဲ့နေ့ကို ဂုဏ်ပြုသတ်မှတ်ထားတဲ့ ပြည်ထောင်စုနေ့ဟာ ဒီနေ့ဆိုရင် ၆၆ နှစ် တိုင်ခဲ့ပါပြီဗျာ။ ဒီနေ့မှစပြီး နေ့စဉ်နေ့တိုင်း ပြည်ထောင်စုစိတ်ဓာတ် မွေးမြူပြီး ဒီနိုင်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲအောင်၊ ဒီနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်အောင်၊ ဒီနိုင်ငံကြီး သာယာငြိမ်းချမ်းအောင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးအားလုံးက စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။


အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ အင်္ဂါနေ့။
နံနက် ၁၀ နာရီ ၃၀ မိနစ်။

Friday, January 04, 2013

(၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့



ယနေ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

လွတ်လပ်ရေးရရှိအောင် အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ဘိုးဘေးဘီဘင် မြန်မာမျိုးချစ်ကြီးများကိုလည်း ကျေးဇူးအောက်မေ့ ကန်တော့အပ်ပါတယ်။

နယ်ချဲ့လက်အောက်မှ လွတ်မြောက်အောင် ကြိုးပမ်းကြံဆောင် တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ တိုက်ပွဲဝင်ခဲ့ကြသည့် တပ်မတော်သားများ၊ ထောက်ခံအားပေး ကူညီခဲ့ကြသည့် ပြည်ပနိုင်ငံများ၊ လွတ်လပ်ရေးတိုက်ပွဲဝင်ရန်အတွက် လင်ယောက်ျား၊ ချစ်သောသား၊ အစ်ကိုမောင်ဖွားများကို ဆုံးရှုံးခံခဲ့ကြရသည့် ကျွန်တော်တို့၏ ဘိုးဘေး မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးကို ဤလွတ်လပ်ရေးနေ့ အခါသမယ၀ယ် အောက်မေ့တသ သတိတရနှင့် ကျေးဇူးတင်စကား ဆိုရပါကြောင်းနှင့် ပြုခဲ့သမျှ ကောင်းမှုကုသိုလ် အစုစုတို့ကို ကွယ်လွန်လေပြီးသော လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြသူအားလုံးအတွက် အမျှပေးဝေကြောင်းပါ။

(၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့မှသည် နောင်နှစ်ပေါင်း ထောင်သောင်းမက ကမ္ဘာတည်သရွေ့ လွတ်လပ်သော မြန်မာနိုင်ငံတော်အဖြစ် တည်တံ့ခိုင်မြဲနိုင်ပါစေကြောင်းနှင့် ထိုသို့ တည်တံ့ခိုင်မြဲစေရန် အတွက်လည်း ကျွန်တော်တို့အားလုံးက လက်ဆင့်ကမ်းအမွေအဖြစ် အဆင့်ဆင့် ထိန်းသိမ်းစောင့်ရှောက် နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။


အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်၊ သောကြာနေ့။ 

လွတ်လပ်ရေးအောင်ပွဲနေ့ - ဇော်ဂျီ


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ မင့်မျက်ခြယ်သည်
လေးဆယ့်ရှစ်ခု၊ ပြည်ထောင်စုတွင်
ဖွားသန့်စင်၍
သခင်ဘ၀၊ ချက်ချင်းရသည်
ဖွားစဆင်သင့်၊ လွယ်လွယ်နှင့်။

မင်းနှင့်ငါကား၊ လိုလားခုံမင်
သခင်ဘ၀၊ ကြီးမှရ၏
မရသေးမီ၊ ရကြောင်းရည်လျက်
ဇာနည်သွေးချွေး၊ ပေး၍ယူကြ
မြင်ခဲ့ရ၏
ဒုက္ခနှင့်ဝယ်၊ ရမလွယ်ကို
တကယ် ဒို့သိ ခံစားသိ။

ထို့ကြောင့် သားငယ်၊ မင့်မျက်ခြယ်သည်
မလွယ်ခဲ့ပုံ၊ သာနာစုံကို
အာရုံမျက်မြင်၊ စွဲစေချင်သည်
မင့်တွင် သတိရှိပါဘိ။

နှစ်စဉ် ဤနေ့၊ အောင်ပွဲနေ့ဝယ်
နှင်းငွေ့လေပင့်၊ အောင်လံလွှင့်သော်
မင့်တွင် အသိဖြန့်ပါဘိ။ 

မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်း


အောင်စေသတည်း
၁။ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ်လည်း ဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်းမြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တစ်သွေးတစ်သား တစ်မိဘဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစ်စုတစ်ရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါ ပမာကဲ့သို့ တဖြာဖြာတ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအင်္သေချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အ၀ါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့ ငါတို့၏ လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုက်မှ ထွက်ပေါ်လာ၍ တစ်ကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့မိ၍ ပထမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီ၊ ဒုတိယအင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ-ပဲခူး၊ တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေး ရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူးမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍ လာခဲ့ကြသော ငါတို့၏လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝ ရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိယာ လစန္ဒာတို့ကို ဆီးနှင်းမြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင် လွင့်စဉ်ကွယ်ပျောက်၍ နေ၀ါလရောင်သည် ပကတိအရေကို ပြန်လည် ဆောင်လေဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေးစိတ်ဓာတ်၏ အရှိန်အတောက်ကို မခံနိုင်ရာကား ခြောက်ဆယ့်တစ်နှစ် တစ်လနှင့် တစ်ရက်သော အခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ ဤအခါမှစ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်ဝန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝလွတ်လပ်သော ဘ၀ထူး ဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင် ရရှိကြပြီ။

၃။ ယခု ငါတို့ ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင် ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့သို့သော လွတ်လပ်ရေး မဟုတ်။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန်ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သော လုံ့လ၊ မလျှော့သော ၀ီရယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဉာဏ်မျက်စိ၊ ၀ဇီရ စိန်သွားကဲ့သို့ စူးရှသော သတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြား လွတ်လပ်သော နိုင်ငံကြီးတို့နှင့် တန်းတူမြူတစ်ခြမ်းမျှ မလျော့မလို ထိုထိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အချာ တည်းဟူသော အာဏာထူးအမြတ်ကို ငါတို့ လက်ကိုင်အပိုင် ရရှိကြပြီ။

၎။ ငါတို့သည် တစ်မျိုးဘာသာ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသား ရင်သား သူကား ငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာ တောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော် တစ်ဝန်းကို တစ်သွေးတစ်သားတည်းဟူသော ကြိုးထူး၊ တစ်စိတ်တစ်ဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝအထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုးထူး၊ ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။

၅။ ငါတို့ နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်းမဟုတ်။ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလကလည်းကောင်း၊ ယခု မျက်မှောက်တွင်လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌လည်းကောင်း၊ ငါတို့ ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀န်း၏ အကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသောတရား၊ တူညီသော အခွင့်အရေး၊ တူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတ မြန်မာနိုင်ငံတော် တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရပြီ။

၆။ သိကြကုန်လော့၊ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ပြန်၍ ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့ လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက်ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။

ဤ ငါတို့ ကြေညာချက်ကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် ကြားသိစေသတည်း။

Friday, July 20, 2012

အခါလွန်မိုး


ပို့စ်ခေါင်းစဉ်ကို ဖတ်ပြီးတော့ တစ်ချိန်က ကျော်ကြားလူကြိုက်များခဲ့တဲ့ အဆိုတော် အောင်ရင် (မိုးအောင်ရင် ရဲ့အဖေ) သီဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်လို့ မထင်လိုက်ပါနဲ့။

မနေ့က အလုပ်ကိစ္စတွေနဲ့ အတော်ကြီးကို ခေါင်းခြောက်ခဲ့ရပါတယ်။ အဲဒါကြောင့် အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ပို့စ်ကို မတင်ခဲ့နိုင်ပါဘူး။ အာဇာနည်နေ့ မရောက်ခင်ကတည်းက ဘာတွေရေးမယ်၊ ဘာတွေတင်ပေးမယ်ဆိုပြီး အခဲကြီး ခဲခဲ့လေသမျှ သဲရေကျခဲ့ရပါတယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်တော်သိပ်ကြိုက်တဲ့ စကားပုံဆိုရိုးစကား တစ်ခုဖြစ်တဲ့ "ဘယ်တော့မှ မဖြစ်တာထက် နောက်ကျတာက ပိုကောင်းတယ်" ဆိုတဲ့အတိုင်း အခါလွန်မိုး ရွာလိုက်ပါတယ်။

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပါကြောင်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခါင်းဆောင်ကြီးများကို မိမိပြုခဲ့သမျှ ကုသိုလ်အစုစုကို အမျှပေးဝေပါကြောင်း.....။

၁၉ ဇူလိုင် မမေ့နိုင်။
ဇူလိုင် ၁၉ မျက်ရည်မိုး။
မျက်ရည်သွန်းဖြိုး တစ်ဆယ့်ကိုး။
၁၉ ဇူလိုင် မျက်ရည်ဖြိုင်။
မျက်ရည်ဖြိုင်ဖြိုင် လဇူလိုင်။

ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု....

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ သောကြာနေ့။
နေ့လည် ၂ နာရီ ၀၇ မိနစ်။

Saturday, February 12, 2011

၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ (၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ စနေနေ့)


ယနေ့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ (၆၄) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တိုင်းရင်းသားခေါင်းဆောင်များအားလုံး ရှမ်းပြည်နယ် ပင်လုံမြို့၌ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် နေ့ထူးရက်မြတ်ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ မြန်မာ့မြေပေါ်တွင်နေထိုင်သော တိုင်းရင်းသားသွေးချင်းများသည် စည်းလုံးညီညွတ်ပြီး တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြောင်း ကမ္ဘာသိအောင် ပြသနိုင်ခဲ့သည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ထူးခြားမွန်မြတ်လှသည့် ပြည်ထောင်စုနေ့ဝယ် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးအားလုံး စိတ်ဝမ်းနှလုံး ကြည်သာရွှင်ပြုံးနိုင်ကြပါစေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလျက်...
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ စနေနေ့။

 
Web Statistics