Sunday, January 08, 2012

New Year Resolutions


နှစ်သစ်ကူးအခါသမယမှာ အချို့သောလူတွေဟာ New Year Resolution လို့ခေါ်တဲ့ နှစ်သစ်ကူး အဓိဌာန် ပြုလုပ်ကြလေ့ရှိပါတယ်။ လာမယ့်နှစ်မှာ ကိုယ်ဘာလုပ်မယ်၊ ဘာဖြစ်ရမယ်၊ လာမယ့်နှစ်မှာ ဆေးလိပ်ဖြတ်မယ် စသည်ဖြင့်ပေါ့လေ။ အဲဒီအကျင့်ကို ကျွန်တော်နဲ့ မိတ်ဆက်ပေးခဲ့တာက သူငယ်ချင်း ဗိုလ်ကောင်းပါ။ သူမိတ်ဆက်ပေးတဲ့ နှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း နှစ်သစ်အဓိဌာန်ကို မပျက်မကွက် ပြုလုပ်ခဲ့ပါတယ်။ ဒိုင်ယာရီစာအုပ်ရဲ့ ရှေ့ဆုံးစာမျက်နှာမှာ သေသေချာချာ ရေးဖြစ်ခဲ့ပါတယ်။ နှစ်ကုန်သွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ အဓိဌာန်တွေထဲက ဘယ်နှချက်များ လုပ်နိုင်ခဲ့သလဲဆိုတာ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းပါတယ်။

သူများတွေရဲ့ နှစ်သစ်စိတ်ကူး အဓိဌာန်တွေက တစ်ချက်၊ နှစ်ချက်ပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ နှစ်တိုင်းလိုလို နှစ်သစ်ကူး အဓိဌာန်တွေ အများကြီး ချဖြစ်တတ်တယ်။ ၁၀ ချက် ၁၂ ချက်လောက် ပါတဲ့ အဓိဌာန်တွေ အများကြီးရှိခဲ့ဖူးတယ်။ နှစ်စဉ်ဆိုသလို တစ်ဝက်လောက် (၅၀%) တော့ အောင်မြင်ပြီးမြောက်တာ တွေ့ရပါတယ်။ ကျေနပ်တယ်တော့ မဟုတ်ပေမယ့် ကြည်နူးမိတာတော့ အမှန်ပါပဲ။

ဒီနှစ်လည်း New Year Resolution မလုပ်ရသေးဘူးဆိုပြီး သတိရမိတယ်။ ဒါပေမယ့် ထူးဆန်းတာက အရင်လိုမျိုး ဘာလုပ်မယ်၊ ညာလုပ်မယ်၊ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ် ဆိုတာမျိုး အများကြီး မရှိတော့ဘဲ ဖြစ်နေတာပါပဲ။ ကျွန်တော့်စိတ်ထဲမှာ ဖြစ်ချင်တာတွေ သိပ်မများတော့တာများလားပေါ့။ အဲလိုလည်း မဟုတ်ရပါဘူး။ ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ တောင်ပုံရာပုံပါ။

ကဲပါဗျာ... လေရှည်နေမိတာနဲ့ လိုရင်းကို မရောက်တော့ဘူး။ ကျွန်တော့်ရဲ့ နှစ်သစ်အဓိဌာန်ကိုပဲ ပြောပြပါတော့မယ်။
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ကျွန်တော်ပြုစုထားသမျှ၊ သိထားသမျှကို အများသိအောင် ပြန်လည်ဖြန့်ဝေပေးမည်။ ပြန့်ပွားအောင် ဆောင်ရွက်မည်။
(၂) ပုံနှိပ်မီဒီယာများတွင် ဆောင်းပါးများ၊ ကဗျာများ၊ အတွေ့အကြုံများ စတင်ရေးသားပါမည်။
(၃) မြန်မာပြည်က လူတွေထဲတွင် ကိုဉာဏ် (ပန်းလောင်မြေ) ဆိုသည့် လူသားတစ်ဦးရှိကြောင်း မှတ်တမ်းရေးထိုးနိုင်အောင် ကြိုးစားပါမည်။

ကဲ... ကျွန်တော့်ရဲ့ နှစ်သစ်အဓိဌာန်တွေပါခင်ဗျာ။ စာဖတ်သူအတွက် ကြောင်တောင်တောင် ဖြစ်နေရင်လည်း သည်းခံ၍သာ ဖတ်ရှုကြပါဦးခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်၊ တနင်္ဂနွေနေ့။
မွန်းလဲ ၁၂ နာရီ ၂၀ မိနစ်။
စစ်တွေမြို့။

ပျော်ရွှင်ဖွယ်ရာနှစ်သစ် ၂၀၁၂ ခုနှစ်


နှစ်သစ်အခါသမယတွင် မြန်မာ့သွေးမိတ်ဆွေများအားလုံးနှင့် မြန်မာပြည်သူပြည်သားများအားလုံး ဘေးဘယာ ဝေးကွာနိုင်ကြပါစေ...
စိတ်ဝမ်းနှလုံး ရွှင်ပြုံးနိုင်ကြပါစေ...
ကြားလိုသောစကားများ ကြားကြရပါစေ...
မြင်လိုသော မြင်ကွင်းများ မြင်ကြရပါစေ...
ကြိုးစားသလောက်၊ အစွမ်းရှိသလောက် လုပ်ခွင့်ရကြပါစေ...
ပိုမိုမြင့်မားသော ဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေ...
ကြောင့်ကြခပ်သိမ်း ငြိမ်းကြပါစေ...
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ...
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိစွမ်းသမျှ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ထမ်းရွက်နိုင်ကြပါစေ...
မိသားစုများအတွက်လည်း ချစ်ခင်ကြင်နာမှုများ၊ အချိန်များ ပေးနိုင်ကြပါစေ....
ကောင်းမြတ်သည့် လိုရာဆန္ဒများအားလုံး ပြည့်ဝအောင်မြင်ကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
မြန်မာ့သွေးဘလော့ဂ်၊ မြန်မာ့သွေးဂူဂဲလ်ဂရု(ပ)
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်၊ တနင်္ဂနွေနေ့။
မွန်းလဲ ၁၂ နာရီ ၆ မိနစ်။

စာကြွင်း။ စကားပုံတစ်ခု ကြားဖူးတယ်။ ဘယ်တော့မှ မဖြစ်တာထက်စာရင် နောက်ကျတာက ပိုကောင်းတယ်တဲ့။ ထမင်းရည်ပူလာ လျှာလွှဲပဲဆိုဆို၊ မိုးကြိုးပစ်တာ ထန်းလက်ကာ ဆိုဆို အခုမှပဲ ရေးခွင့်သာတဲ့အတွက် မြန်မာ့သွေးဘလော့ဂ်ရဲ့ နှစ်သစ်ဆုတောင်းကို အခုမှပဲ ရေးလိုက်ပါတယ်နော်။

ဆရာ အောင်ထွဋ်အတွက် ၀မ်းနည်းကြေကွဲရပါသည်



The Voice Weekly ဂျာနယ်က ဆရာအောင်ထွဋ် သေဆုံးသွားပြီဆိုတဲ့ သတင်းကို မိတ်ဆွေတစ်ယောက်က တယ်လီဖုန်းကတစ်ဆင့် အသိပေးလာတဲ့အခါ မယုံနိုင်အောင် ဖြစ်သွားရတယ်။ သတင်းမှားဖြစ်ပါစေ၊ အဲဒီသတင်း မဟုတ်ပါစေနဲ့လို့ ဆန္ဒဖြစ်မိတယ်။ အဲဒီဆန္ဒအတ္တဟာ ဘယ်လောက်အထိ ကြီးမားသွားခဲ့သလဲဆိုရင် သတင်းပေးတဲ့ မိတ်ဆွေကို ပုလိပ်စစ်သလို စစ်ဆေးမိတဲ့အထိ ဖြစ်သွားတဲ့အတွက် မိတ်ဆွေက ဒေါဖောင်းသွားရတဲ့အထိပဲ။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ကျွန်တော်ကလည်း သေချာလို့လား၊ ဘယ်သူလဲ၊ အောင်ထွဋ်ဟုတ်ရဲ့လား၊ ဒေါက်တာ နေ၀င်းမောင် ဟုတ်ရဲ့လား၊ ဗွိုက်(စ)ဂျာနယ်က ဟုတ်ရဲ့လား၊ မြန်မာအီးဂရက်(စ) တည်ထောင်သူ ဟုတ်ရဲ့လား စသည်ဖြင့် စုံနေတာပါပဲ။ ဖြစ်ချင်တော့ သတင်းပေးတဲ့ မိတ်ဆွေက အောင်ထွဋ်ကို သေချာသိတဲ့သူ မဟုတ်ပါဘူး။ ကျွန်တော်မေးတဲ့ သည်ဗွိုက်(စ) စီအီးအိုလား၊ မြန်မာအီးဂရက်(စ) တည်ထောင်သူလား စတာတွေကို မသိပါဘူး။ သူသိတာက အဲဒီစာရေးဆရာ သေသွားတဲ့အတွက် အင်တာနက်ပေါ်မှာ ဟိုးလေးတကြော် ဟိုကကွန်းမန့်တွေတက်၊ ဒီကကွန်းမန့်တွေတက်၊ ၀မ်းနည်းစကားဆိုကြ၊ စိတ်မကောင်းဖြစ်ကြတာမို့ ထူးထူးဆန်းဆန်းဆိုပြီး သတင်းပေးတာပါ။ နောက်ဆုံးဗျာ အောင်ထွဋ်ဆိုတာ ကျွန်တော် သိပ်သဘောကျတဲ့၊ အမြဲတမ်းစောင့်ဖတ်နေရတဲ့ စာရေးဆရာတစ်ယောက် ဆိုတာကိုတောင် သူက သိရှာတာ မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော့်ရဲ့ ပုလိပ်စစ် စစ်ဆေးပြီး မယုံသင်္ကာနဲ့ သူ့ကို ပြန်မေးနေတာတွေကို သည်းခံနိုင်ပုံမရပါဘူး။ မယုံရင်လည်း နေတော့၊ ပြောလည်းပြောရသေးတယ် ဆိုပြီးတော့ စိတ်ဆိုးမာန်ဆိုးနဲ့ ဖုန်းချသွားပါတယ်။

အခြားတစ်ယောက်ဆီကို အတည်ပြုမေးမြန်းလိုက်တဲ့အခါမှာ ဒေါက်တာ နေ၀င်းမောင် (ခ) အောင်ထွဋ် သေသွားပြီဆိုတာ သေချာတယ်ဆိုတာကို သိလိုက်ရပါတယ်။ နှလုံးရောဂါနဲ့တဲ့။ လူတိုင်းဟာ သေမျိုးတွေချည်းပါပဲ၊ ကျွန်တော်လည်း တစ်နေ့မှာ မလွတ်စတမ်း သေရမှာပါပဲ၊ စာဖတ်သူလည်း ထိုနည်းအတူပါပဲ။ ဒါပေမယ့် အခုလို နိုင်ငံတော်သစ်ကို ချီတက်နေတဲ့အချိန်မျိုးမှာ ဆရာအောင်ထွဋ်ကို ရှိစေချင်သေးတာတော့ အမှန်ပါပဲ။ သူ့ရဲ့ ပြောင်မြောက်ရဲတင်းလှတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေကို ကျွန်တော် ဖတ်ချင်၊ သိချင်နေမိသေးတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ The Voice Weekly ရဲ့ နှစ်သစ်အထူးလက်ဆောင်အဖြစ် ၂၀၁၂ ဟောကိန်းကို ကျွန်တော်တို့ ဖတ်ခဲ့ရသေးတယ်။ အံ့သြဘနန်း ဖြစ်လို့မဆုံး ဖြစ်ရသလို၊ အတွေးရဲတဲ့၊ အရေးရဲတဲ့ ဆရာအောင်ထွဋ်ကို အသိအမှတ် ပြုရပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကမှ ဂျာနယ်ဆိုင်က မှာပေးထားတဲ့ ဆရာအောင်ထွဋ်ရဲ့ အပြောင်းအလဲအတွက် လူထုလိုသည် ဆိုတဲ့ စာအုပ်ကို ကျွန်တော်ဖတ်နေတာ တစ်ဝက်တောင် မကျိုးသေးပါဘူး။ ပြီးခဲ့တဲ့ လတွေက နိဒါန်းချီခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ လူသိမများတဲ့ လျှို့ဝှက်ချက်တွေ၊ ထူးခြားချက်တွေကို နောက်အပတ်တွေမှာ ချရေးပြတော့မယ်ဆိုလို့ စောင့်နေတဲ့ ကျွန်တော့်အတွက် အခုတော့ တကယ့်ကို ဟာတာတာကြီးပါပဲ။

၂၀၀၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ နောက် ၂၀၁၁ ခုနှစ် လွှတ်တော်နိုင်ငံရေး အခင်းအကျင်း စတဲ့ ကာလတွေအားလုံးမှာ ဆရာအောင်ထွဋ်ဟာ တာဝန်ကျေခဲ့တယ်လို့ ကျွန်တော့်အမြင်ကို ဖော်ထုတ်ပါရစေ။ သူ့စာတွေကို အားလုံးလက်မခံနိုင်ပေမယ့် အားလုံးက စောင့်ဖတ်ခဲ့ရတာကိုတော့ ငြင်းပယ်ကြမယ် မဟုတ်ဘူးလို့ ထင်မိပါတယ်။ လက်ခံဖို့ ခက်ခဲတဲ့ အချက်အလက်တွေ၊ အရေးအသားတွေ၊ အပြောအဆိုတွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့အတွက်တော့ ဦးနှောက်မုန်တိုင်း ဆင်ခဲ့ရတာပါပဲ။ အတွေးသစ်၊ အမြင်သစ်၊ ရှုထောင့်သစ်၊ ချဉ်းကပ်ပုံအသစ်တွေနဲ့ ထိတွေ့ခွင့် ရခဲ့ကြတာပါ။ ဆရာအောင်ထွဋ်ဟာ ဘယ်လိုလူမျိုးပါလို့ ညွှန်းဆိုပြစရာ မလိုပါဘူး။ သူရေးခဲ့တဲ့ စာတွေကို ဖတ်ဖူးသူတိုင်း သူ့အကြောင်းကို ကောင်းကောင်းသိကြပါတယ်။ ၂၀၁၀ အကြိုကာလက ရေးခဲ့တဲ့ သူ့စာတွေကို ဖတ်ကြည့်စေချင်ပါတယ်။ အဲဒီအခါမှာ ဒီနေ့ ကျွန်တော်တို့ ကြုံနေရတဲ့ အဖြစ်အပျက်တွေနဲ့ သူရေးတဲ့စာတွေကို နှိုင်းယှဉ်ကြည့်မိပါလိမ့်မယ်။ အဲဒီလို နှိုင်းယှဉ်ကြည့်မိတဲ့အခါမှာတော့ ဘာကြောင့် ကျွန်တော် ဒီလောက်အထိ ဖွဲ့နွဲ့နေရသလဲဆိုတာကို စာဖတ်သူ သဘောပေါက်နိုင်ပါလိမ့်မယ်။ The Voice Weekly ရဲ့ အယ်ဒီတာ့အာဘော် အကုန်နီးနီးကို ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ်ကာလတွေက မြန်မာ့သွေးဘလော့ဂ်မှာ ကျွန်တော် တင်ပေးခဲ့ပါတယ်။ အခုထိ ပြန်ဖတ်နိုင်ပါသေးပါတယ်။ နောက်ပိုင်းကျမှသာ အင်တာနက်သုံးစွဲမှု အခက်အခဲကြောင့် ကျွန်တော်မတင်ပေးဖြစ်တော့တာပါ။

ဆရာအောင်ထွဋ်ဟာ သူ့ကလောင်အတွက်သူ တာဝန်ကျေခဲ့သူပါ။ အောင်ထွဋ်ဆိုတဲ့ ကလောင်အမည်ကို တွေ့လိုက်တာနဲ့ စာဖတ်သူကို တစ်ခုခု ပေးတော့မယ်ဆိုတဲ့ အသိတွေ ၀င်လာစေတဲ့အထိ ကလောင်စွမ်းအား ကြီးမားခဲ့သူပါ။ The Voice Weekly ဆိုတဲ့ ဂျာနယ်ကို နိုင်ငံရေးစိတ်ဝင်စားသူတိုင်း ဖတ်ဖြစ်အောင် ဆွဲဆောင်ထားခဲ့တာကလည်း ဆရာအောင်ထွဋ်ရဲ့ အယ်ဒီတာ့အာဘော်နဲ့ ဆောင်းပါးတွေကြောင့်ပါ။ အခုတော့ The Voice Weekly အတွက် စိန်ခေါ်မှုအသစ် စပါပြီ။ အရင်လိုပဲ ဆက်ပြီး ပန်းပန်နိုင်ဦးမလား ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ အရင်လိုပဲ ဆက်လက်ချီတက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဗျာ။
 
နိုင်ငံရေး၊ နိုင်ငံ့အရေးအတွက် သန်းငါးဆယ်ကို အနိုင်ပေးပါ... ဆိုတဲ့ အောင်ထွဋ်၊
အပြောင်းအလဲအတွက် လူထုလိုသည်... ဆိုတဲ့ အောင်ထွဋ်၊
ချောတိုင်ဆက်တက်ဦးမယ်... ဆိုတဲ့ အောင်ထွဋ်၊
အရွေ့တစ်ခုအတွက် ကိုယ်တိုင်ယုံယုံကြည်ကြည် တွန်းခဲ့သလို အခြားသူတွေကိုလည်း လက်တွဲခေါ်ခဲ့သူ၊
နိုင်ငံသားတွေလည်း ပန်းတိုင်ရောက်၊ နိုင်ငံတော်လည်း ပန်းတိုင်ရောက်စေချင်ခဲ့တဲ့.... အောင်ထွဋ်၊
အခုတော့ ဆရာအောင်ထွဋ် ပန်းတိုင်တစ်ခုကို ရောက်သွားပြီလို့ ကျွန်တော်ယုံကြည်နေမိပါတယ်။
၂၀၁၂ အတွက် The Voice Weekly ရဲ့ ဟောကိန်းတွေ ဘယ်လောက်အထိ မှန်မလဲဆိုတာကိုတောင် ဆရာ စောင့်မကြည့်သွားနိုင်လိုက်ဘူးနော်။ ၀မ်းနည်းပါတယ်ဗျာ။

ဆရာ အောင်ထွဋ်ရေ… ကျွန်တော်ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အစုစုအတွက် အမျှပေးဝေပါတယ်။ ကောင်းရာမွန်ရာကနေ သာဓုခေါ်ပါဗျာ။

ဝမ်းနည်းစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၆ ရက်၊ သောကြာနေ့။
နံနက် ၁၁ နာရီ ၂၉ မိနစ်။

သောင်းပြောင်းထွေလာ၊ ရောက်တတ်ရာရာ၊ စုံစီနဖာ


(၁)
ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရာသီဥတုက အရမ်းအေးနေတယ်။ စိမ့်ပြီးတော့ကို အေးတာ။ ပြင်ဦးလွင်မှာ နေဖူးခဲ့တဲ့လူ ဖြစ်ပေမယ့်လည်း မတူတဲ့အအေးဒဏ်ကြောင့် အံ့သြရတယ်။ ပြင်ဦးလွင်မှာက အပြင်မှာသာ စိမ့်နေအောင် အေးတာ၊ အခန်းထဲမှာများ စောင်ခြုံပြီးကွေးနေလိုက်ရင် နွေးနေတတ်တာကိုး။ အခုတော့ ဒီရခိုင်ဆောင်းက စောင်ခြုံထားတာတောင်မှ သိပ်မနွေးချင်ဘူး။ ဟိုနားကစိမ့်ပြီး အေးသလိုလို၊ ဒီနားက စိမ့်ပြီး အေးသလိုလိုနဲ့။ အအေးကြိုက်တဲ့ ကျွန်တော်ကိုဉာဏ်တောင် အတော်လေး ကြောက်နေရတဲ့အထိပဲ။ မနှစ်က ဒီအချိန်တုန်းက ဒီလောက် မအေးဘူးဆိုတာကိုတော့ သတိထားမိတယ်။ ကျွန်တော်ပဲ အမှတ်မှားသလား ဆိုတာကတော့ သေသေချာချာ မှတ်သားထားမိတဲ့လူများရှိရင် ပြင်ပေးတော်မူကြရန် ဖြစ်ကြောင်းပါခင်ဗျား။ အဆိုတော်ကြီး ဒေါ်ခင်ညွန့်ရည် ရဲ့ သီချင်းစာသားလေးကို ပြောင်းဆိုလိုက်ချင်ပါရဲ့ဗျာ။
“ဆောင်းအမီ… ရောက်အောင်သာ ပြန်ခဲ့… မောင့်ဆီ…၊ ဆောင်းအမီ… မေ့ကိုသာ မောင်လွမ်းတော့သည်… မေရေ… ဆောင်းအမီရောက်အောင် မောင့်ဆီ ပြန်ခဲ့စေချင်သည်…” လို့။

(၂)
၃၄ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို တက်ခွင့်ရခဲ့တယ်။ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ နဲ့ ပြည်နယ်နေ့ အထိမ်းအမှတ် ခရိုင်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ရခိုင်ပြည်နယ်လက်ရွေးစင်အသင်းနဲ့ ရက္ခပူရအသင်းတို့ရဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲတွေကြောင့် ဒီနှစ် ရခိုင်ပြည်နယ်နေ့ဟာ စစ်တွေမြို့မှာ အတော်စည်ကားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လူတွေကလည်း အတော်လေးကို ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြတာ တွေ့ရပါတယ်။ အားလုံးရဲ့ တူညီတဲ့ ခံစားချက်တစ်ခုကတော့ ရခိုင်ပြည်နယ်နေ့ကို စည်စည်ကားကား၊ ခမ်းခမ်းနားနား ပြုလုပ်ပေးခဲ့တဲ့ ရခိုင်ပြည်နယ်အစိုးရကို ကျေးဇူးတင်နေကြတာပါပဲ။ ရခိုင်ရိုးရာ ယဉ်ကျေးမှုတွေ ပျောက်ဆုံးသွားမှာ၊ အခြားသော ယဉ်ကျေးမှုတွေကြောင့် လွှမ်းမိုးခံရမှာကို ရခိုင်လူမျိုးတွေက စိုးရိမ်ကြတာကို တွေ့ရတော့ မြန်မာလူမျိုးဖြစ်ရခြင်းကို အင်မတန်မှ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခုလိုမျိုး ကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်စီ၊ ဘာသာစကားကိုယ်စီ၊ ဓလေ့စရိုက်ကိုယ်စီနဲ့ အသီးသီးသော လူမျိုးတွေရှိနေကြတာ၊ မြန်မာပြည်ရဲ့ တစ်မိုးအောက်မှာ ဥမကွဲ သိုက်မပျက် စုစည်းနေထိုင်ကြတာ ဘယ်လောက်များ ဂုဏ်ယူချင်စရာ ကောင်းသလဲဆိုတာကို  စာဖတ်သူကိုယ်တိုင်ပဲ တွေးကြည့်စေလိုပါတယ်။ စေ့စေ့တွေးလေ ကြက်သီးထလေ ဖြစ်ရတဲ့ ယဉ်ကျေးမှုအစဉ်အလာကြီးတဲ့ လူမျိုးပါခင်ဗျ။

(၃)
ဘောက်ဆင်ဒေးလို့ ခေါ်ကြပြီး ဘောလုံးဝါသနာရှင်အများ သိရှိကြတဲ့ အင်္ဂလန်ပရီမီးယားလိဂ်ရဲ့ ပွဲကျပ်ကာလ ပွဲစဉ်တစ်ခုဖြစ်တဲ့ ဖူလ်ဟမ် နဲ့ မန်ယူ ပွဲကို သွားကြည့်ဖြစ်ခဲ့တယ်။ ကျွန်တော်နေတဲ့ နေရာက ည ၉ နာရီနောက်ပိုင်းဆို မီးရောင်မမြင်ရလေတော့ စစ်တွေမြို့ထဲကို သွားကြည့်ဖြစ်ခဲ့တယ်။ ကြည့်ရမယ့်ပွဲစဉ်က မနက်အစောကြီး ၂ နာရီခွဲ ဆိုတော့ မနက် ၁ နာရီလောက်ကတည်းက နှိုးစက်သံနဲ့ အိပ်ရာထပြီး၊ ချမ်းချမ်းစီးစီးထဲမှာ ဆိုင်ကယ်တစ်စီးနဲ့ ထသွားရတယ်။ အိုး… အဲဒီလို သွားကြည့်မိမှပဲ စစ်တွေမြို့ရဲ့ ညအလှကို ခံစားမိပြီး အံ့သြတကြီးဖြစ်ရတော့တယ်။ အရင်တုန်းက ပိန်းပိတ်မှောင်နေတဲ့ စစ်တွေမြို့ရဲ့ လမ်းတွေဟာ ဖန်ချောင်းမီးရောင် ဖြူဖြူဖွေးဖွေးတွေအောက်မှာ စိတ်ကြီးဝင်ပြီး အလှမာန်တွေ တက်နေပါရော့လား။ လမ်းကြားတွေပါမကျန် မီးချောင်းရောင် ဖြူဖြူဖွေးနဲ့ ဘယ်လိုမှကို မှတ်မိစရာမရှိတဲ့ မြို့ကြီးပြကြီးရောက် တောသူမလေးတစ်ယောက်လိုမျိုး လှနေပါရော့လား။ စစ်တွေမြို့ရဲ့ ညအလှကို ခံစားနေရင်းနဲ့ စိတ်ထဲမှာ တစ်ခုခု အလိုမကျသလို ဖြစ်နေမိတာမို့ ဘာပါလိမ့်ဆိုပြီး သေချာသတိထားကြည့်မိတယ်။ ရော်… အဲဒီတော့မှ လမ်းတွေကသာ လင်းပြီး အိမ်တွေအကုန်လုံးက မီးတွေမှောင်ပြီး ပိတ်ပိတ်ပိန်းနေတာကို သတိပြုမိတယ်။ မျက်နှာတစ်ခုလုံး ဖွေးဖွေးဖြူအောင် ချယ်သလိမ်းကျံထားပေမယ့် တစ်ကိုယ်လုံး အနက်ရောင်ဝတ်စုံနဲ့  ဆိုသလို ဖြစ်နေပါလားလို့ တွေးမိတယ်။ မီတာခ တစ်ယူနစ်ကို ၅၀၀ ကျပ် ဆိုတဲ့ ကန့်သတ်ချက်ဟာ ရောင်စုံဝတ်စုံတွေ ၀တ်ဆင်ဖို့ စိတ်ဆန္ဒရှိပေမယ့် မဖြစ်နိုင်တဲ့ အခြေအနေကို တွန်းပို့ထားတာကိုး။ ပြီးတော့ လမ်းပေါ်မှာလည်း အသွားအလာမရှိဘဲ လမ်းမီးတွေသာ ထိန်ထိန်လင်းနေတာမို့ ကြည့်မယ့်သူမရှိဘဲ၊ အပြင်မသွားဘဲ၊ အခမ်းအနားမတက်ဘဲ အိမ်မှာနေရင်း အလှတွေပြင်ထားသလို ဖြစ်နေပါလားလို့လည်း တွေးမိတယ်။ အင်း…. အလှတွေဖူးပွင့်စ၊ ပျိုမျစ်စ၊ အပျိုဘော်ဝင်စ စစ်တွေမလေးကို ရောင်စုံဝတ်စုံလေးတွေ အမြန်ဆုံး ဆင်ယင်နိုင်ကြပါစေလို့ စိတ်ထဲကနေ တိုးတိုးလေး ဆုတောင်းနေမိတယ်။

(၄)
သြော်… ဒါနဲ့ စကားမစပ်၊ အပေါ်မှာပြောခဲ့တဲ့ ဖူလ်ဟမ်နဲ့ မန်ယူပွဲမှာ ကျွန်တော့်အသင်းကြီး မန်ယူက ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားတယ်ဗျ။ ၀ဲလ်ဘက်၊ နာနီ၊ ဂစ်၊ ရွန်းနီ၊ ဘာဘာတော့ဗ် တို့ရဲ့ သွင်းဂိုးတွေကလည်း ရင်ခုန်ချင်စရာချည်းပါပဲဗျာ။ ဒီနှစ် ပရီမီးယားလိဂ်ရာသီကို စစ်တွေမြို့မှာ ပထမဆုံးကြည့်တဲ့ပွဲမှာ အခုလိုမျိုး ဂိုးပြတ်အနိုင်ရခဲ့တော့ ကျွန်တော်ကိုဉာဏ်တစ်ယောက် ပါးစပ်ကြီး နားရွက်တက်ချိတ်လုမတတ် အပျော်ကြီး ပျော်နေကြောင်းပါခင်ဗျား။

(၅)
ဒီနှစ် ကျွန်တော်တို့ စပါးအထွက်နှုန်းလေး နည်းနည်းတိုးတော့ ပျော်ရွှင်ပြီး သူငယ်ချင်းတစ်ယောက်ကို သွားကြွားမိတယ်။ ဖြစ်ချင်တော့ အဲဒီသူငယ်ချင်းက ဧရာဝတီတိုင်းမှာနေတဲ့လူ ဖြစ်နေတယ်။ သူက ၀မ်းသာအားရနဲ့ ဘယ်လောက်ထွက်ပြီးလဲလို့ ၀မ်းသာအားရနဲ့ မေးရှာတယ်။ ကျွန်တော်လည်း အလောတကြီး ၀မ်းပန်းတသာနဲ့ ပြန်ဖြေလိုက်တယ်။ ဒီနှစ် တစ်ဧကအထွက်နှုန်း ပျမ်းမျှ  ၃၅ တင်းလောက်ရှိတယ်ကွပေါ့။ သူငယ်ချင်းခမြာ ချက်ချင်းစကားပြန်မပြောနိုင်ရှာဘူး။ ခဏကြာတော့မှ နောက်နေတာလားတဲ့။ ကျွန်တော်လည်း ကြောင်သွားတယ်။ ဘာလို့နောက်ရမှာလဲပေါ့။ အဲဒီတော့ သူက ထပ်မေးတယ်။ ၁၃၅ တင်းလားတဲ့။ ဒီတစ်ခါ အေသင်ချိုဆွေ ဖြစ်သွားတာက (တင်းတယ်ကို ပြောတာပါ) ကျွန်တော်ပေါ့။ ဘာလို့ နောက်ရတာလဲပေါ့။ ၁၃၅ တင်း ဖြစ်မလားပေါ့။ အဲဒီတော့ သူက ရှင်းပြရှာတယ်။ သူတို့ ဧရာဝတီတိုင်းမှာ စပါးခင်းထဲကို မျိုးစေ့ကြဲပြီး ဒီအတိုင်းပစ်ထားရင်တောင် ရိတ်တဲ့အချိန်မှာ တင်း ၈၀ တော့ အေးအေးဆေးဆေး ထွက်တယ်တဲ့။ ကျွန်တော် ရင်မောသွားတယ်။ ကျွန်တော်တို့ ရခိုင်ဒေသရဲ့ စိုက်ပျိုးမှုပုံစံတွေ၊ နှစ်စဉ်ထွက်ရှိမှု အခြေအနေတွေကို သူ့ကို ရှင်းပြလိုက်တယ်။ သူနားလည်သွားပါတယ်။ ကျွန်တော်လည်း စိတ်ထဲမှာ ဘာဖြစ်သွားမှန်းမသိဘူး။ နေလို့ထိုင်လို့မကောင်း ဖြစ်သွားရတယ်။ ကျွန်တော့်ရဲ့ အကြီးအကဲတစ်ယောက်က ပြောတာကို ပြန်သတိရမိတယ်။ ရခိုင်ပြည်နယ်ရဲ့ စပါးထွက်ရှိရမယ့် ရည်မှန်းချက်က တစ်ဧကကို ၇၂.၅ တင်း ထွက်ရှိရေးတဲ့။ ပြည်နယ်တစ်ခုလုံးက စပါးခင်းတွေကို ကျွန်တော်မပြောချင်သေးဘူး၊ စစ်တွေမြို့အနီးမှာ စံပြကွက်တွေအနေနဲ့ ဒီနှစ်မှာ စိုက်ပျိုးခဲ့တဲ့ စပါးခင်းတွေ ဘယ်လောက်ထွက်သလဲ ဆိုတာပဲ သိချင်နေမိတယ်။ တစ်ဆက်တည်းမှာပဲ အခြားအတွေးတွေ ၀င်လာမိတယ်။ မနှစ်ကတော့ ကျွန်တော့်စပါးခင်းတွေက တစ်ဧကကို ပျမ်းမျှ ၃၂ တင်းလောက်ပဲ ထွက်ခဲ့ပြီး ဒီနှစ်မှာ ပျမ်းမျှ ၃၅ တင်းထွက်လာတော့ ပျော်ခဲ့မိတယ်။ ကိုယ့်အထွာနဲ့ကိုယ် ပျော်စရာဆိုပေမယ့် အခြားသောဒေသတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ကိုယ်က ၀မ်းပန်းတသာ ဖြစ်နေတဲ့ကိစ္စဟာ သူတို့အတွက် လူရယ်ချင်စရာကြီး ဖြစ်နေပါပေါ့လားလို့ တွေးမိလိုက်တယ်။ အခြားသော ကဏ္ဍရပ်တွေမှာလည်း အဲဒီလိုမျိုး အခြေအနေတွေ ဖြစ်နေသလားလို့ တစ်ချက်တွေးမိတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ နည်းနည်းတော့ စိတ်ပူသွားမိတာ အမှန်ပါ။

(၆)
ဂျာနယ်တွေ အားကြီးဖတ်လို့ကောင်းတယ်။ အစ်ကိုကြီးတစ်ယောက်က ကျွန်တော်စစ်တွေမြို့ထဲမှာ ဂျာနယ်ယူတာကို နှစ်ခါ-သုံးခါလောက် အတူလိုက်လာဖူးတယ်။ သူက အံ့သြတကြီး မေးရှာတယ်။ မင်းက ထွက်သမျှဂျာနယ်ကို နေ့တိုင်း ယူနေတာလားတဲ့။ ပြီးတော့ တစ်ဆက်တည်းမှာပဲ ကျွန်တော်ယူတဲ့ ဂျာနယ်အရေအတွက်နဲ့ တစ်စောင်ချင်းတန်ဖိုးတွေကို မြှောက်ကြည့်ပြီး ဟာ… တစ်လတစ်လကို ဂျာနယ်ဖိုးနဲ့တင် ပိုက်ဆံတွေ အများကြီးကုန်မှာပေါ့ ဆိုပြီး နှမြောသံနဲ့ ပြောရှာတယ်။ အတွေ့အကြုံ များနေပြီဖြစ်တဲ့ ကျွန်တော်ကိုဉာဏ် ဘာမှ ပြန်မပြောလိုက်ပါဘူး။ ပြုံးပြီးတော့ပဲ နားထောင်နေလိုက်ပါတယ်။ တစ်ခုတော့ ပြောလိုက်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အပတ်စဉ်ထွက်နေတဲ့ ဂျာနယ်ပေါင်း ၁၀၀ ကျော် ရှိတယ်ဆိုတော့ သူက အံ့သြတကြီး ဖြစ်သွားရှာတယ်။ အဲဒီထဲကမှ ကျွန်တော်က ဂျာနယ်လေး ၁၄ စောင်ကို စားသောက်မယ့်အထဲက အနှမြောမရှိ ဖတ်တာဟာ ဘာမှ မပြောပလောက်ပါဘူးလို့ စိတ်ထဲကနေ ပြောနေမိတယ်။ သူ့သူငယ်ချင်း နှစ်ယောက်နဲ့အတူ စားသောက်ဆိုင်မှာ နေ့လည်စာစားကြ၊ ဘီယာသောက်ကြ၊ အမြည်းစားကြတာကို ကျွန်တော်လည်း ပါသွားတယ်။ ပြီးတဲ့အချိန်မှာ တစ်သောင်းရှစ်ထောင်ကျပ် ကျသင့်တာကို ကျွန်တော့်အစ်ကိုကြီးက မတွန့်မတို လက်မတွန့်ဘဲ ရှင်းပေးလိုက်ပါတယ်။ ဒီတစ်ခါ တွက်ချက်တာက ကျွန်တော်ပေါ့။ ဒီငွေနဲ့ဆိုရင် ဂျာနယ် အစောင် ၃၀ လောက် ၀ယ်ဖတ်လို့ရတယ်ဆိုပြီး နှမြောနေမိတယ်။ သူ့ကို ပြောရင်လည်း အပေါင်းအသင်းကဏ္ဍဆိုတာ ရှိတယ် ကိုယ့်ညီရဲ့လို့ ပြောမယ်ဆိုတာ ကြိုတင်ကြားယောင်နေမိတယ်။
သြော်… တစ်ခါတလေမှာ အနီးကပ်ဆုံးမှာ ရှိနေပေမယ့် အတွေးအခေါ်တွေ၊ အယူအဆတွေ၊ ခံယူချက်တွေဟာ ဟိုဖက်ခြမ်းနဲ့ ဒီဖက်ခြမ်း၊ ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာ ဖြစ်နေတတ်ပါလားဆိုတာကို တွေးနေမိတယ်။

(၇)
အထူးကျေးဇူးတင်ရမယ့် မိတ်ဆွေ (၃) ဦးရဲ့ ကူညီစောင်မမှုကြောင့် Laptop လေး တစ်လုံးကို အရစ်ကျ ၀ယ်ခွင့်ရခဲ့တယ်။ ခရီးသွားတိုင်း ကျွန်တော့်ရဲ့ ကွန်ပျူတာနဲ့ မော်နီတာကို သယ်ဆောင်နေရတဲ့ ဒုက္ခက ကင်းလွတ်ခွင့်ရသွားတယ်။ လက်ကိုင်အိတ်ထဲမှာ ဘာမှနေရာမယူလှတဲ့ ဒီ Laptop လေးဟာ ကျွန်တော့်အတွက် ဘယ်လောက်တောင် အကျိုးများစေသလဲဆိုတာ ကျွန်တော်ကိုယ်တိုင်ထက် ဘယ်သူကမှ ပိုမသိနိုင်ပါဘူးဗျာ။ မီးလာတဲ့အချိန် ၃ နာရီနဲ့ မီးပျက်သွားတဲ့အချိန် ၃ နာရီ စုစုပေါင်း တစ်ရက်ကို (၆) နာရီလောက် ကွန်ပျူတာ သုံးခွင့်ရတဲ့ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် စကြ၀တေးမင်းလောက် ထင်မှတ်မိသဗျ။ ကျွန်တော့်အလုပ်အတွက်လည်း အသုံးဝင်၊ အမျိုးမျိုးသော ဖတ်မကုန်၊ လေ့လာမကုန်တဲ့ စာအုပ်တွေ ဖတ်ဖို့အတွက်လည်း အဆင်ပြေ၊ စာရေးဖို့အတွက်လည်း မရှိမဖြစ်၊ မှတ်တမ်းဓာတ်ပုံတွေ သိမ်းဆည်းဖို့အတွက်လည်း စိတ်အေးရ၊ အခြားသော နည်းပညာတွေကိုလည်း စမ်းသပ်ချင်တိုင်း စမ်းသပ်လို့ရတဲ့ ဒီကွန်ပျူတာလေးအတွက် အန်တီစု၊ မကြီးအိနဲ့၊ မမယုတို့ကို ကျေးဇူးတင်မဆုံးရှိကြောင်း မှတ်တမ်းတင်ပါရစေ။ ကျွန်တော်သိခွင့်ရသော အသိပညာများ၊ လေ့လာခွင့်ရသော အတတ်ပညာများ အားလုံးကိုလည်း ကျွန်တော်နဲ့ထပ်တူ သူတို့တွေ ရရှိကြပါစေ၊ ဘ၀သံသရာတွင် အသုံးချနိုင်ကြပါစေလို့ စိတ်ဆန္ဒဖြစ်မိပါတယ်။

(၈)
မြန်မာ့သွေးဘလော့ဂ်အပေါ် ကျွန်တော်ကိုဉာဏ် ဘယ်လောက်သံယောဇဉ် ရှိသလဲဆိုသည်ကို စာဖွဲ့မနေလိုတော့ပါ။ ဘလော့ဂ်အတွက် ကျွန်တော်လုပ်ခဲ့သည်များက သက်သေပင်ဖြစ်သည်ဟု ဆိုချင်ပါသည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ကျွန်တော့်ဘလော့ဂ်ကို လာဖတ်ခဲ့ကြသည့်၊ ဝေဖန်အကြံပြုခဲ့ကြသည့်၊ ချီးကျူးခဲ့ကြသည့်၊ ကဲ့ရဲ့ခဲ့ကြသည့်၊ ပြစ်တင်ခဲ့ကြသည့် မြန်မာ့သွေးမိတ်ဆွေများ ဖြစ်ကြပါသည်။ ဘယ်သူမှ မဖတ်သည့် ဘလော့ဂ်သည် ဘယ်လောက်ပဲ ကောင်းအောင်လုပ်ထားပါစေ ဘာမျှမဟုတ်ပါ။ မြန်မာ့သွေးဘလော့ဂ်ဆိုသည့် အမည်တစ်ခုကို ရရှိခဲ့ခြင်းမှာ ဘလော့ဂ်ဖတ်သူ မိတ်ဆွေများကြောင့် ဖြစ်ပါသည်။ ထိုထိုသော ကျွန်တော်သိသူ၊ မသိသူ မြန်မာ့သွေးမိတ်ဆွေအားလုံးကို အစဉ်အမြဲ မေတ္တာပို့သလျက်ရှိကြောင်းပါ။ ဤမှန်သော သစ္စာစကားကြောင့် လူသားများအကျိုးကို နည်းများမဟူ သယ်ပိုးဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရပါလို၏ဟု ကျွန်တော်ဆုတောင်းလိုပါသည်။

(၉)
အခြေအနေများကြောင့် ဘလော့ဂ်ပုံမှန် မရေးနိုင်သည်များ၊ ပို့စ်ပုံမှန် မတက်နိုင်သည်များကို အားနာရပါသည်။ ပို့စ်အသစ် တက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ၊ လာရောက်လည်ပတ်ကြသူများ၊ ပို့စ်အဟောင်းများကို လာဖတ်ကြသူများအားလုံးကို အမြဲတစေ လက်ကမ်းကြိုဆိုလျက် ရှိပါကြောင်းခင်ဗျား။

ရွှင်လန်းချမ်းမြေ့ကြပါစေ
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်၊ ကြာသပတေးနေ့။
ညနေ ၄ နာရီ ၄၀ မိနစ်။

 
Web Statistics