Showing posts with label ကျွန်တော့်အတွေးများ. Show all posts
Showing posts with label ကျွန်တော့်အတွေးများ. Show all posts

Monday, January 05, 2015

ဦးနှောက်မုန်တိုင်းဆင်စေသော ဖန်တီးမှုများ


တစ်ခါတရံမှာ အာဏာရှင်တစ်ယောက်ကို ဖြုတ်ချလိုက်တာဟာ အခြားအာဏာရှင်တစ်ယောက်ကို ပေါ်ထွန်းလာစေတယ်လို့ ဆိုလိုချင်သလား။ ဒါမှမဟုတ် တစ်ပတ်လည်တတ်တဲ့ နိုင်ငံရေး အစဉ်အလာတွေကိုပဲ ရည်ညွှန်းချင်သလား။

ကျွန်တော်တို့တွေရဲ့ ဘ၀မှာ Facebook ရဲ့ အသုံးဝင်မှု၊ အရေးပါမှုက ငြင်းမရတဲ့ အချက်တစ်ခု ဖြစ်လို့လာပါပြီ။ ဒါပေမယ့် အရမ်းကာရော အလွန်အကျွံ အားထားလွန်းနေတယ်လို့များ ဒီပုံကို ဖန်တီးသူက ဆိုလိုချင်သလား။ တံခါးပေါက်ကလည်း စေ့ရုံလေးပဲ ကျန်တော့တယ်။ အဲဒါလေးကို ဖွင့်လိုက်တာနဲ့ တကယ့်အပြင်လောကကြီးကို ကိုယ်တွေ့မျက်မြင် ကြုံရမှာဖြစ်ပေမယ့် ကျွန်တော်တို့တွေက အတွင်းထဲမှာပဲ လှောင်ပိတ်မိနေပြီး တံခါးလေးတစ်ချပ်ပဲခြားတဲ့ ပြင်ပကမ္ဘာကို FB ကနေ တစ်ဆင့်များ ကြည့်နေကြသလားဗျာ။

ရပ်နေတဲ့လူက ဘာကို ကိုယ်စားပြုတယ်၊ ကျွဲက ဘာကို ကိုယ်စားပြုတယ်၊ ဒုံးလက်နက်က ဘာကို ကိုယ်စားပြုတယ်၊ မုန်လာဥနီက ဘာကို ကိုယ်စားပြုတယ် စတာတွေကို အထူးအထွေ ရှင်းပြစရာ မလိုတာမို့ ဒီပုံက ပေးချင်တဲ့ message က ဘာလဲဆိုတာ...။

ဘယ်နိုင်ငံက ရွေးကောက်ပွဲတွေပဲဖြစ်ဖြစ် ယေဘုယျအားဖြင့် အခုပုံမှာ ပြထားတဲ့အတိုင်းပဲဆိုတာ ငြင်းလို့မရပါဘူးလေ။ တုတ်ကိုင်ထားတဲ့ သိုးကျောင်းသား ရှိနေသလို၊ တစ်ခုခု အမှားအယွင်း လုပ်တာနဲ့ သခင့်အလိုကျ ပြေးကိုက်ပေးမယ့် သိုးထိန်းခွေးကလည်း အရန်သင့် ထိုင်စောင့်နေတာကို ကြည့်နေရင်းနဲ့ ရွေးကောက်ပွဲတွေရဲ့ သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်မိပါတယ်။

ကောင်းဘွိုင်ဆိုတာ အမေရိကန်ရဲ့ သရုပ်သကန်။ ကုလားအုတ်စီးနေတဲ့ အာရပ်တွေကတော့ အရှေ့အလယ်ပိုင်းဒေသကို ပြောချင်တာ ဖြစ်မယ်ထင်ပါရဲ့။ စွမ်းအင်လိုအပ်ချက်အတွက် အာရပ်ကမ္ဘာကို အသည်းအသန် အာရုံစိုက်နေတဲ့ အမေရိကန်တို့ရဲ့ လုပ်ရပ်ကို သရော်ချင်တယ်လို့ မြင်မိကြောင်းပါ။

အင်တာနက်ရဲ့ အမှတ်သင်္ကေတတစ်ခုလို့ ပြောနိုင်တဲ့ @ လေးကို နေမင်းသဖွယ် ရေးဆွဲပြထားတာက စိတ်ဝင်စားစရာပါ။ အင်တာနက်က လူတွေကို အလင်းရောင်ပေးနေတယ်လို့ ဆိုလိုချင်သလား။ အဲဒီ အင်တာနက်ကမ္ဘာကို ဆက်သွယ်တဲ့နေရာမှာ အတားအဆီးတွေ၊ အပိတ်အဆို့တွေ၊ အဖြတ်အတောက်တွေ ရှိနေတယ်လို့ ဆိုလိုချင်သလား၊ ဒါမှမဟုတ် လွတ်လပ်စွာ ဆက်သွယ်ခွင့် မရဘဲ အချိန်မရွေး ဖြတ်တောက်ခံရနိုင်တယ် ဆိုတာကိုများ ပြောချင်တာလား။ အချို့တွေကတော့ ဒါဟာ အင်တာနက် အသုံးပြုမှုနဲ့ အမျိုးသား လုံခြုံရေးကို သရုပ်ဖော်ချင်တာလို့ ဆိုကြပြန်တယ်။ အဲဒါဆိုရင် အစောင့်အကြပ်နေရာမှာ ဘာဖြစ်လို့ စစ်သားပုံကို သရုပ်ဖော်ထားတာလဲလို့ ကျွန်တော်က ပြန်မေးချင်မိပါရဲ့။ တွေးလို့ကောင်းတဲ့ ပုံတစ်ခုပါပဲ။

အခြားနိုင်ငံတွေမှာလည်း အဲဒီလို ဖြစ်နေလို့သာ ဒီလို သရုပ်ဖော်တယ်လို့ ကျွန်တော်က မြင်မိပါတယ်။ မြန်မာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က မြန်မာ့အရေးတွေနဲ့ နှိုင်းယှဉ်ပြီး တွေးမိပါတယ်။ ဒီနေ့ခေတ်ကာလမှာ တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ မှန်သည် မှားသည် နောက်မှာထား အရင်ဆုံး FB ပေါ် ရောက်သွားတော့တာပါပဲ။ တစ်ခါတလေမှာ အဲဒီ အကြောင်းအရာတွေက မူလအဖြစ်အပျက်နဲ့ လုံးလုံး အံချော်သွားတဲ့အထိ ချဲ့ကားသွားတတ်ပြီး မလိုလားအပ်တဲ့ ပြသနာတွေ ဆိုးကျိုးတွေကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။ အာရပ်နွေဦးဟာ ဆိုရှယ်မီဒီယာတွေကြောင့် ဖြစ်ပေါ်ခဲ့တာလို့ ပညာရှင်အချို့က သုံးသပ်ကြတာကိုလည်း ဒီပုံကိုကြည့်ရင်း ပြန်သတိရမိပါတယ်။ အချို့တွေကတော့ Facebook ဟာ တစ်ခါတရံမှာ လူတွေကို အထိနာစေတယ်၊ ထိခိုက်စေတယ်လို့ ပြောချင်တာဖြစ်နိုင်ကြောင်း ဆိုကြပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် တွေးစရာလေးပါ။

နိုင်ငံရေးသမားတွေ၊ ဒါမှမဟုတ် နိုင်ငံ့ခေါင်းဆောင်တွေကို သရော်ချင်တာလို့ ထင်ပါတယ်။ သူတို့တွေရဲ့ ကတိစကားတွေ၊ ပြောစကားတွေဟာ ဘာမှ အဖိုးမတန်တဲ့ အညစ်အကြေးတွေပဲလို့ ဆိုလိုချင်ဟန် ရှိပါတယ်။ သူတို့တွေ ဘာပဲပြောင်ပြော နောက်ဆုံးတော့ မြောင်းထဲရောက်ကုန်တယ်လို့များ ဆိုလိုချင်သလား မသိပါဘူး။

မြန်မာစကားပုံ (((ဆင်သေကို ဆိတ်သားရေဖုံး))) ဆိုတာနဲ့များ ဆင်တူရိုးမှား ဖြစ်မလား မသိပါဘူး။ နိုင်ငံကြီးတွေဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမယ့် အပြုအမူတွေကို သူတို့ကိုယ်တိုင် လုပ်နေပေမယ့်လည်း အများအမြင်မှာ အဲဒီလို မထင်ရအောင် မီဒီယာတွေကတစ်ဆင့် ပုံပြောင်းပြီး လိမ်ညာနေကြတယ်လို့ ဖန်တီးသူက ပြောချင်သလား တွေးနေမိကြောင်းပါ။

ဒီပုံနဲ့ ပတ်သက်လို့တော့ အမြင်အမျိုးမျိုး ကွဲပြားကြပါတယ်။ တချို့ကလည်း နိုင်ငံတွေက ပိုက်ဆံတွေကို စစ်ပွဲတွေအတွက် အဓိက သုံးနေကြတာကို ဖော်ပြချင်တာလို့ ဆိုကြပါတယ်။ အချို့ကတော့လည်း ဒါဟာ အမေရိကန်ရဲ့ အခြေအနေမှန်ကို ဖော်ပြတာတဲ့။ သူတို့တွေ ပြောကြတာကတော့ အမေရိကန်ဟာ စစ်လက်နက်ပစ္စည်းတွေ အများဆုံး တင်ပို့ရောင်းချပြီး သူ့နိုင်ငံရဲ့ စီးပွားရေးကို ကျားကန်ထားရတာတဲ့။ အဲဒါကြောင့် အမေရိကန်ဒေါ်လာကို အားပေးတာဟာ စစ်ကို အားပေးတာနဲ့ အတူတူပဲလို့ ဆိုကြတယ်။ သူတို့တွေက သူတို့အမြင်နဲ့သူတို့ တွေးကြသလို ကျွန်တော်တို့လည်း ကျွန်တော်တို့ဘာသာ တွေးကြတာပေါ့ဗျာ။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဖော်ပြချင်တယ်လို့ အများစုက လက်ခံကြတယ်။ သစ်ပင် သစ်တောတွေနဲ့ ရေဆိုတာ အမြဲတမ်း စည်းနှောင်ထားတယ်လို့ ဆိုလိုချင်တယ်လို့ အများစုက မြင်ကြပါတယ်။ ရေဆိုတာ သက်ရှိလူသားတွေရဲ့ ပြယုဂ် ဖြစ်ပါတယ်။ ရေမရှိတဲ့အရပ်ဟာ သက်ရှိ မရှိနိုင်ပါဘူး။ ပုံမှာ ပြထားတာက လွင်တီးခေါင်ပြင်ထဲမှာ ထီးတည်းကြီး ဖြစ်နေတဲ့ သစ်ပင်တစ်ပင်ရယ် ရေငုတ်တစ်ခုရယ် ဖြစ်နေတာကလည်း စိတ်ဝင်စားစရာပါ။ ဖန်တီးသူ ပြောချင်တာက အခြားအဓိပ္ပါယ်များ ဖြစ်နေလေမလားလို့လည်း တွေးမိပါတယ်။

အချိန်နာရီတွေက ကျွန်တော်တို့ရဲ့ သင်္ချိုင်းကို စက္ကန့်နဲ့အမျှ တူးနေတယ်လို့ သတိပေးချင်တာများလားဗျာ။ လူတိုင်း မလွန်ဆန်နိုင်တဲ့ ဒီလမ်းကို သွားဖို့အတွက် စက္ကန့်နဲ့အမျှ နီးကပ်လာနေပြီလို့ ဆိုလိုချင်တယ် ထင်ပါရဲ့။ တရားသဘောပါတဲ့ ဖန်တီးမှုလေးလို့ ထင်မိပါတယ်။

ဒီနေ့ခေတ်ကြီးမှာ အဓိကနဲ့ သာမညကို ခွဲခြားမသိတော့တာကိုများ ဆိုလိုချင်သလား။ ဆေးသုတ်တံကိုင်လျက် ပြုတ်ကျသေဆုံးနေတဲ့ လူသာူးကို ဘယ်သူမှ စိတ်မ၀င်စားနိုင်ဘဲ မှောက်သွားတဲ့ ဆေးပုံးကို အလေးထားနေကြပုံက တွေးစရာပါ။ နောက်တစ်ခု ကျွန်တော် တွေးမိတာက အပြာရောင်ဆိုတာ ငြိမ်းချမ်းရေးရဲ့သရုပ်သကန်ပါ။ အနီရောင်ကတော့ စစ်ပွဲတွေ၊ အနိဌာရုံတွေရဲ့ သင်္ကေတပေါ့။ ဒီနေ့ ကမ္ဘာကြီးက ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဆိုပြီး အသည်းအသန် ဆွေးနွေးကြ၊ အဖြေရှာကြ လုပ်နေကြပေမယ့် တကယ်တမ်း စစ်ပွဲတွေကြောင့် သေဆုံးရသူတွေ ခံစားရသူတွေကို လျစ်လျူရှု မေ့လျော့နေကြတာကိုများ သတိပေးချင်တာများလားလို့ပါ။ ကျွန်တော့်အတွေး သက်သက်ရယ်ပါ။

ကျွန်တော်တို့ကိုယ်တိုင်ရော အဲဒီလိုမျိုး ကိုယ့်အခွင့်အရေးတွေကို ကိုယ်တိုင်မီးရှို့ဖျက်ဆီးပြီး တဒင်္ဂ အဆင်ပြေဖို့အတွက် ဖြေရှင်းဆောင်ရွက်နေကြသလားလို့ မေးခွန်းထုတ်မိပါတယ်။

အောက်ခြေမှာ ပြထားတာက စစ်ပွဲတွေရဲ့ သရုပ်သကန်...တင့်ကားတွေ၊ အမြောက်တွေပေါ့။ အဲဒီ စစ်ပွဲတွေကနေ သေဆုံးသူတွေကို စားမယ့် ၀ါးမယ့် အကောင်တွေက သစ်ပင်ပေါ်မှာ စောင့်ကြည့်နေတဲ့ ဠင်းတကြီးတွေ။ ငြိမ်းချမ်းရေး ချိုးငှက်ကလေးခမျာ စစ်ပွဲတွေကြောင့် မလုံမခြုံ ဖြစ်နေရရှာတာကို အသားစား ဠင်းတကြီးတွေက အကာအကွယ် ပေးထားပုံက ရယ်ချင်စရာတောင် ကောင်းပါသေးရဲ့။ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံတကာ အရေးတွေကို စိတ်ဝင်တစား ဖတ်ရှုလေ့လာသူတွေ ဆိုရင်တော့ ဒီပုံလေးဟာ အင်မတန်မှကို သဘောကျစရာ၊ တွေးစရာ ဖြစ်ပါလိမ့်မယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်၊ တနင်္လာနေ့။
ည ၈ နာရီတွင်ပြီး၏။

Monday, May 19, 2014

ဒေါ်စုကို ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ...



ပို့စ်ခေါင်းစဉ်ကို သာမန်အတိုင်း ဖတ်မည်ဆိုပါက NLD နှင့် အတိုက်အခံများကို မြင်ပြင်းကတ်နေသူများက သဘောကျစိတ်ဖြင့် ပြုံးသွားကျေနပ်သွားကြပါလိမ့်မည်။ ဒေါ်စုကို ထောက်ခံအားပေး ချစ်ခင်နှစ်သက်သူများက စိတ်ထဲတွင် (တချို့ဆိုလျှင် ပါးစပ်မှပင် အသံထွက်နိုင်ပါသည်) ထောင်းခနဲ ဒေါသထွက်၍ ရေးသူကျွန်တော့်အပေါ် ဆဲချင် ဆိုချင် ထိုးချင် ကြိတ်ချင် ရိုက်ချင် နှက်ချင် သတ်ချင် ဖြတ်ချင် အရေဆုတ်ချင် အခွံနွှာချင် ထုချင် ထောင်းချင် ဖြစ်သွားပါလိမ့်မည်။ မြန်မာ့နိုင်ငံရေးကို ဟက်ဟက်ပက်ပက် မရှိလှသူများကတော့ ဒီကောင် ဘာတွေများ ရေးထားပါလိမ့်ဟူသော စူးစမ်းစိတ် ဖြစ်သွားပါလိမ့်မည်။ ဤကား စာဖတ်သူများ နေရာမှနေ၍ ကျွန်တော်ဝင်၍ ခံစားကြည့်မိခြင်း ဖြစ်ပါသည်။ အခြားသူများ ရေးသားထားသော စာများကို ဖတ်သောအခါတွင်လည်း ကျွန်တော်သည် စာဖတ်သူ တစ်ဦးအနေဖြင့် ထိုကဲ့သို့သော ခံစားမှုများထဲမှ တစ်ခုမဟုတ် တစ်ခုကို ခံစားဖတ်ရှုမိ၍ ဖြစ်ပါသည်။ ဤကား ခေါင်းစဉ်နှင့် ပတ်သက်၍ စကားချီးဖြစ်ပါသည်။ ဆက်ဖတ်စေလိုပါသည်။

ပထမဆုံး ထိုကဲ့သို့ ဖြစ်သူများအနေဖြင့် ကျွန်တော်ရေးသောစာကို ဦးစွာပထမ ဆုံးအောင်ဖတ်စေချင်သည့် အကြောင်း မေတ္တာရပ်ခံလိုပါသည်။ ကျွန်တော့်တင်ပြချက် ဆွေးနွေးချက် ပြီးဆုံးသွားချိန်တွင် မိမိအမြင်၊ မိမိခံစားမှု၊ မိမိထင်မြင်ချက်များကို လွတ်လပ်စွာ ဝေဖန်ပြောဆို ရေးသားနိုင်ကြပါသည်။

ခေါင်းစဉ်ကို ဖတ်ကြည့်လျှင်ပင် ကျွန်တော့်သဘောထားကို အထင်းသား မြင်နိုင်ပါလိမ့်မည်... ဟုတ်ကဲ့.. ကျွန်တော်မငြင်းပါ... ဘယ်တုန်းကမျှလည်း ဝေ့လည်ကြောင်ပတ် မလုပ်ခဲ့ပါ... ဒေါ်စုကို သမ္မတ မဖြစ်လိုသူတွေ စာရင်းထဲမှာ ကျွန်တော်သည်လည်း တစ်ဦးအပါအ၀င် ဖြစ်ပါသည်။ ထိပ်ဆုံးက ပါသည်ဟု မပြောလိုပါ။ အခြားသူများ ဒေါ်စုအပေါ် မုန်းတီးသလောက် ကျွန်တော် မမုန်း၍ ဖြစ်ပါသည်။ ဒေါ်စုတွင် ကောင်းကွက်တွေရှိသည်ကို ကျွန်တော်လက်ခံပါသည်။ ဒေါ်စု တော်သည်ကို ကျွန်တော် အသိအမှတ်ပြုပါသည်။ ဤစကားများအတွက် စိတ်အနှောင့်အယှက် မဖြစ်စေလိုပါ။ ကျွန်တော် မချီးကျူးလျှင်လည်း ဒေါ်စုက အလုံးအရပ် လျော့သွားသည် မဟုတ်ပါ...။ ၎င်းအချက်ကို ကျွန်တော်ကောင်းစွာ သိပါသည်။ ကျွန်တော့် အယူအဆများကို ဆက်ဖတ်ကြည့်စေလိုပါသည်။

နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သောကြောင့်ဟူသော အကြောင်းပြချက်ဖြင့် ဒေါ်စုကို သမ္မတမဖြစ်စေလိုသူများ စာရင်းတွင် ကျွန်တော် မပါဝင်ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ ခင်ပွန်းဖြစ်သူသည် ကွယ်လွန်သွားခဲ့ပြီးဖြစ်ရာ ထိုအချက်သည် သမိုင်းမှတ်တမ်း တစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်ပါသည်။ သို့သော် ဒေါ်စု၏ သားများသည် နိုင်ငံခြားသားများ ဖြစ်နေခြင်းကိုတော့ ကျွန်တော်လုံးဝ သဘောမကျပါ။ သူတို့သည် သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံသားဟု ခံယူပါသလား၊ သူတို့ကိုယ်သူတို့ မြန်မာစိတ်အပြည့်ဟု ခံယူပါသလား၊ မြန်မာ့မြေ မြန်မာ့ရေ မြန်မာ့အလှကို ချစ်မြတ်နိုးစိတ် သူတို့တွင် မည်မျှရှိပါသနည်း။ အကယ်၍များ ဒေါ်စု သမ္မတဖြစ်လာလျှင် သူတို့သည် သမ္မတ၏ သားသမီးများ ဖြစ်ကြပါသည်။ အရေးကြီးပုဂ္ဂိုလ်များ ဖြစ်လာကြပါလိမ့်မည်။ သမ္မတအိမ်တော်တွင် ၀င်ချည်ထွက်ချည် လုပ်ကြပါလိမ့်မည်။ မြန်မာလို မပီကလာ ပီကလာ ပြောတတ်ပြီး အင်္ဂလိပ်လို မွှတ်နေအောင် ပြောတတ်သော သူတို့၏ သားသမီးများ တစ်နည်း ဒေါ်စု၏ မြေးများသည် သမ္မတ အိမ်တော်ဝင်းအတွင်း ပြေးလွှားဆော့ကစား ကြပါလိမ့်မည်။ ဒေါ်စု၏ အနီးကပ်လုံခြုံရေးများ၊ သက်ဆိုင်ရာ ၀န်ထမ်းများသည် ထိုသူတို့ကို ဂရုစိုက်ကြရပါလိမ့်မည်၊ သူတို့ခိုင်းသမျှ လုပ်ကြရပါလိမ့်မည်။ အခြားနိုင်ငံသားများကို မြန်မာတွေက အကြီးအကဲ၏ မိသားစုဝင်များအဖြစ် အရိုအသေပေးရမည်၊ ကာကွယ်ပေးရမည်ကို မြင်ယောင်ကြည့်စေလိုပါသည်။ (ဤနေရာတွင် နိုင်ငံခြားသံတမန်များ၊ ဧည့်သည်တော်များနှင့် နှိုင်းယှဉ်၍ စကားကတ် မပြောကြစေလိုပါ) အချို့က ပြောကြပါလိမ့်မည်။ ဒေါ်စုသည် စစ်ဗိုလ်ချုပ်တွေလို အခွင့်အရေး ယူတတ်သူမဟုတ်၊ အဲဒီလို ဘယ်တော့မျှ ဖြစ်မလာဘူးဟု...။ ရိုးရိုးလေးပဲ တွေးကြည့်စေလိုပါသည်။ NLD ရန်ပုံငွေပွဲအတွက် ဖျော်ဖြေပွဲတွေ အများကြီးလုပ်ပါသည်။ ထိုအခမ်းအနားများတွင် ဒေါ်စုတစ်ယောက် ပြည်သူတွေနဲ့အတူ ပလတ်စတစ် ထိုင်ခုံတွေမှာ ၀င်ထိုင်ကြည့်ပါသလား၊ သို့မဟုတ် ရှေ့ဆုံးတန်းက သူ့အတွက် အထူးသတ်မှတ်ထားသော နေရာမှာ ထိုင်ကြည့်ပါသလား။ ကျွန်တော် ကလေးဆန်နေခြင်း မဟုတ်ပါ။ ထိုသို့လုပ်ခြင်းကို ဝေဖန်ခြင်း မဟုတ်ပါ။ ထိုသို့ လုပ်ကိုလုပ်ရမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ့ပါတီတွင် အကြီးဆုံးပုဂ္ဂိုလ် ဖြစ်ပါသည်။ ထို့အတွက် သူ့ကို ဦးစားပေးမှု ရှိကိုရှိရပါမည်။ သမ္မတဦးသိန်းစိန်က ရန်ကုန်မှာလုပ်တဲ့ အခမ်းအနားမှာ ကုလားထိုင်ကြီး ခမ်းခမ်းနားနားနဲ့ သီးသန့်ထိုင်တာကို အပြစ်လုပ်ပြီး ဝေဖန်ကြတာမျိုး ကျွန်တော်မလုပ်တတ်ပါ။ ဒေါ်စုသွားလေရာမှာ သူ့ဘေးက အင်္ကျီအဖြူ ၀တ်ထားသူကြီးတွေက ပုသိမ်ထီးတွေ မိုးပေးတာကိုလည်း အပြစ်မပြောပါ။ သူတို့ချစ်သည့် သူတို့ခေါင်းဆောင်ကို သူတို့လုပ်ပေးတာ မနာလိုစရာ မရှိပါ။ သို့သော် မြန်မာနိုင်ငံတွင် အကြီးအမှူးဖြစ်သည့် သမ္မတကြီးက လုံခြုံရေးတွေနဲ့သွား သွားပြန်ပြီ၊ သီးသန့်ထိုင်ခုံမှာထိုင် ထိုင်ပြန်ပြီ၊ ဟိုဟာလုပ် လုပ်ပြန်ပြီး စသဖြင့် ဝေဖန်နေကြတာတွေသည် အဆင့်အတန်း ရှိ၊ မရှိ ဝေဖန်ဆင်ခြင်ကြဖို့ ဖြစ်ပါသည်။ သမ္မတက ပုဆိုးအစုတ်၊ စွပ်ကျပ်ချိုင်းပြတ်နှင့် နွားလှည်းစီးပြီး ဘယ်သူမှမပါဘဲ တစ်ယောက်တည်း နိုင်ငံပတ်နေရလျှင်တော့ မဟုတ်သေးဘူးဟု ထင်ပါသည်။ စကားတွေ ဘေးရောက်သွားပါသည်။ လိုရင်းကို ပြန်ဆက်ကြပါဦးစို့။

ဒုတိယတစ်ချက် ဒေါ်စုကို သမ္မတမဖြစ်စေချင်သည့် အကြောင်းပြချက်မှာ အာဏာရှင်နိုင်ငံအဖြစ်ကို မရောက်စေလို၍ ဖြစ်ပါသည်။ စစ်အစိုးရအုပ်ချုပ်မှသာ အာဏာရှင်စနစ်ဟု ထင်နေကြသူများကို နိုင်ငံရေး သူငယ်နာ မစင်သူများအဖြစ် ကျွန်တော်က ရန်စကားလေး ဆိုလိုက်ချင်ပါသည်။ ဒီမိုကရေစီအာဏာရှင် အုပ်ချုပ်သော တိုင်းပြည်သည် စစ်တပ်အုပ်ချုပ်သော တိုင်းပြည်များထက် ပိုဆိုးလေ့ ရှိပါသည်။ နိုင်ငံတကာသမိုင်းကို အနည်းငယ် တီးခေါက်မိသူတိုင်း သိနိုင်သည့် ကိစ္စဖြစ်သဖြင့် ဘုန်းကြီးစာချ မလုပ်လိုတော့ပါ။ အာဏာရှင်နိုင်ငံ မဖြစ်စေလိုသည့် ကျွန်တော့်အကြောင်းပြချက်အတွက် ကျွန်တော့်ယူဆချက်များ၊ စိုးရိမ်ချက်များကို ပြောပြပါရစေ။

နိုင်ငံရေးဆိုသည်မှာ ကလေးတွေ တုပ်ဆီးတိုးသလို လွယ်သည့်အလုပ် မဟုတ်ပါ။ အန်စာတုံးလှည့်ပြီး ခွက်နှင့်အုပ်ကာ မည်သည့်အပွင့် ကျသည်ကို ခန့်မှန်းပြောဆိုရသလိုလည်း ဘက် ၆ ဘက်တည်း မဟုတ်ပါ။ သို့သော် အချို့သော သင်္ချာပုစ္ဆာများတွင် အဖြေမှန်ကို သိနေသည်ဆိုပါက နောက်ပြန်စဉ်းစားခြင်းဖြင့် ပုံသေနည်းများကို တွက်ချက်နိုင်သကဲ့သို့ ယခုလည်း ကျွန်တော်ကိုဉာဏ်က မြန်မာ့နိုင်ငံရေးကို နောက်ပြန်တွက်ကြည့်လိုပါသည်။

ယခုလက်ရှိ NLD ပါတီ၊ အတိုက်အခံများနှင့် ၈၈ မျိုးဆက်များ ဖြစ်စေလိုသည့် ကိစ္စရပ်များကို ဖြစ်မြောက်အောင်မြင်ပြီဟု ဆိုကြပါစို့။
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုက်နိုင်သည်။
(၂) ဒေါ်စု သမ္မတဖြစ်ခွင့် ရှိသွားသည်။
(၃) တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးမှ ထွက်ခွာသွားကြသည်။
(၄) နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖျက်သိမ်းလိုက်သည်။
(၅) ၂၀၁၅ ခုနှစ်တွင် NLD ပါတီ အများစုအနိုင်ရသွားသည်။
(၆) ဒေါ်စုကို သမ္မတအဖြစ် တင်မြောက်ကြသည်။
(၇) NLD ပါတီဝင်တစ်ဦးကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြသည်။
(၈) ဒေါ်စုက အစိုးရဖွဲ့သည်၊ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ၀န်ကြီးဌာနအားလုံးတွင် အရပ်သားဝန်ကြီးများသာ ခန့်အပ်လိုက်သည်။
(၉) ပြည်ခိုင်ဖြိုးပါတီက အမတ်အင်အားအနည်းငယ်ဖြင့် လွှတ်တော်ထဲတွင် အတိုက်အခံအဖြစ် ရောက်ရှိသွားသည်။

ကဲ... စာဖတ်သူမိတ်ဆွေ။ အထက်ပါ ၉ ချက်သည် ယခုလက်ရှိ ဒေါ်စုနှင့် ၈၈ မျိုးဆက်များ လိုချင်နေသည့် ပုံစံများ၊ ကြိုးစားနေသည့် ရလဒ်များ ဖြစ်ကြပါသည်။ အမှန်အားဖြင့် ကျွန်တော့်စိတ်ရင်းအတိုင်း ဆိုလျှင် ဤနေရာတွင် ကျွန်တော့်ရေးသားမှုကို ရပ်နားလိုပါသည်။ ထို ၉ ချက်ကို ဖတ်ရှုပြီးလျှင် စာဖတ်သူများက ကိုယ့်ဘာသာကိုယ် တွေးတောဆင်ခြင် ဝေဖန်သုံးသပ် လုပ်ကြစေချင်ပါသည်။ အားလုံးက ဆင်ခြင်ပိုင်းခြားနိုင်သူများ ဖြစ်သည့်အားလျော်စွာ ကျွန်တော်က အလကားနေရင်း ဆရာဝင်လုပ်သည့် ပုံစံဖြင့် ဒီလိုဖြစ်သွားနိုင်တယ်... ဟိုလိုဖြစ်သွားနိုင်တယ်ဟု ပြောရမှာကို တကယ်ပင် ၀န်လေးလှပါသည်။ သို့သော် ကျွန်တော့်အမြင်များကို ပြောပြချင်စိတ်ကလည်း ထိန်းမရ၊ သိမ်းမရ ဖြစ်လျက်ရှိပါသည်။ စိတ်ထဲမှာ ပြောချင်တာတွေ ရှိပါလျက်၊ အမြင်တွေရှိပါလျက် မပြောခဲ့ရ၊ မရေးခဲ့ရသည့် နောင်တများ ကျွန်တော့်တွင် အပြည့်ဖြစ်သည့်အတွက် နောင်တစ်ချိန်ကျမှ ကျွန်တော်မပြောခဲ့ရလေခြင်းဟုလည်း နောင်တမရလိုပါ။ ထို့ကြောင့် စာဖတ်သူများက ယခုအချိန်တွင် မိမိတို့စိတ်ကြိုက် တွေးတောကြည့်စေလိုပါသည်။ ပြီးမှ ကျွန်တော့်အမြင်များကို ဖတ်ကြစေလိုပါသည်။ အမှန်ဆိုရပါလျှင် ကျွန်တော့်ပို့စ်သည် ဤနေရာတွင် ပြီးပြီဖြစ်ပါသည်။ အောက်တွင် ရေးသားဖော်ပြမည့် အကြောင်းအရာများသည် ကျွန်တော့်ကွန်းမန့်များဟုသာ သဘောထား၍ ဖတ်ရှုကြစေလိုကြောင်း မေတ္တာရပ်ခံလိုပါသည်ခင်ဗျား။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
ဒေါ်စုသမ္မတဖြစ်သွားလျှင် နိုင်ငံတကာထောက်ခံအားပေးမှုတွေ ထင်မှတ်မထားလောက်အောင် ရလာလိမ့်မည်ဟု ယူဆစရာ ရှိပါသည်။ သေချာသည်ကတော့ နိုင်ငံတကာမှ ကျော်ကြားသည့် နိုင်ငံရေး ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ အိမ်ဦးကြမ်းပြင် လာကြပါလိမ့်မည်။ ထို့အတွက် မြန်မာနိုင်ငံ၏ ဂုဏ်သတင်း တက်သည်ဟု အကောင်းဘက်က တွေးစရာရှိပါသည်။

အစိုးရအဖွဲ့ကို မည်သူတွေနှင့် ဖွဲ့မည်နည်းဟူသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ သေချာသည်ကတော့ သူမနှင့် နီးစပ်သည့်၊ ပလဲပနံသင့်သည့်၊ လူကြိုက်များသည့် ပုဂ္ဂိုလ်များကို အစိုးရအဖွဲ့အဖြစ် ခန့်အပ်ပါလိမ့်မည်။ အဆိုပါပုဂ္ဂိုလ်များနှင့် လက်ရှိ ၀န်ကြီးဌာနအသီးသီး၊ ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ၀န်ထမ်းများအကြား ဆက်ဆံရေးအခြေအနေ မည်သို့ရှိမည်မှာ မသေချာလှပါ။ ယခုလက်ရှိ ၀န်ထမ်းများထဲမှ NLD ကို ထောက်ခံသူများက ထိုအချိန်တွင် နေရာရလာနိုင်သလို၊ သူတို့၏ အတို့အထောင် လုပ်မှုများကြောင့် ယခုလက်ရှိ NLD နှင့် ဒေါ်စုကို ကြည့်မရသူတို့သည် ထိုအချိန်တွင် အခက်ကြုံရပါလိမ့်မည်။ ၀န်ထမ်းဘ၀မှ နုတ်ထွက်ကောင်း နုတ်ထွက်ကြပါလိမ့်မည်။ ထိုသို့ဆိုလျှင် အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုပေါ် သက်ရောက်မှု ရှိလာနိုင်ပါသည်။ ဤကား ကျွန်တော့်မှန်းဆချက်သာ ဖြစ်ပါသည်။

လွှတ်တော်တွင် မည်သူပင် ဥက္ကဋ္ဌ ဖြစ်လာပါစေ... အဆိုပါ လွှတ်တော်ဥက္ကဋ္ဌသည် ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်နိုင်မည်ဟု မည်သို့သော အမိုက်အမဲများက မျှော်လင့်နေပါသနည်းဟု ကျွန်တော်က မေးခွန်းထုတ်လိုပါသည်။ ယခုလက်ရှိ ဦးသိန်းစိန်နှင့် ဦးရွှေမန်းကြားက အားပြိုင်မှုမျိုး၊ ပွတ်တိုက်မှုမျိုး၊ ထိန်းကျောင်းမှုမျိုး ဖြစ်လာမည်ဟု ယူဆကြပါသလား။ ကျွန်တော်တို့တွေ စိတ်ကိုဖွင့်ပြီး လွတ်လွတ်လပ်လပ် စဉ်းစားကြည့်ကြရအောင်လား ခင်ဗျာ။ ဒေါ်စုကို ထိန်းကျောင်းဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌကို NLD က တစ်ဦးတစ်ယောက်ကို မခန့်အပ်ဘဲ အခြားတစ်ဦး (ပြည်ခိုင်ဖြိုးပါတီမှသော်လည်းကောင်း၊ အခြားပါတီတစ်ခုခုမှသော်လည်းကောင်း) ကို ခန့်အပ်သည်ပဲ ဆိုကြပါစို့။ သမ္မတက သဘောမတူသည့် ဥပဒေများအတွက် လွှတ်တော်ဥက္ကဋ္ဌနှင့် သူ၏ လွှတ်တော်က အတည်ပြုပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြပါသလားခင်ဗျာ။ အဘယ်သို့သော NLD လွှတ်တော်အမတ်က သမ္မတကြီး ဒေါ်စုကို ဆန့်ကျင်လျက် လွှတ်တော်တွင် မဲပေးကြပါလိမ့်မလဲခင်ဗျာ။ ဥက္ကဋ္ဌက သမ္မတကို မရမက ထိန်းကျောင်းဖို့ ကြိုးစားပါလျှင် NLD လွှတ်တော်အမတ်များက ထိုဥက္ကဋ္ဌကို စွပ်စွဲပြစ်တင်ကြပါလိမ့်မည်။ ကျွန်တော်ဘာကို ဆိုလိုကြောင်း ဆ၀ါးနိုင်ကြလိမ့်မည် ထင်ပါသည်။

NLD ပါတီတွင် ဒေါ်စု ကောင်းသည်ဆိုးသည်ကို ဝေဖန်ရဲသူ မည်သူရှိပါသနည်း။ ဒေါ်စုကို လွန်ဆန်ရဲသူ မည်သူရှိပါသနည်း။ ထို့အတွက် ဒေါ်စု သမ္မတဖြစ်လျှင် သူ့စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်သည်များကို မည်သူက ထိန်းကျောင်းမည်နည်း၊ တည့်မတ်မည်နည်း။ ဒေါ်စုသည်လည်း လူသားတစ်ဦး ဖြစ်သည့်အတွက် အမှားအယွင်း ရှိမည်သာ ဖြစ်ပါသည်။ ဆုံးဖြတ်ချက် အမှားများ ရှိလာနိုင်သည်သာ ဖြစ်ပါသည်။ နိုဘယ်လ်ဆုရထားသည့်၊ ကမ္ဘာပတ်ခဲ့သည့်၊ နိုင်ငံခြားသားကို လင်တော်ခဲ့သည့်၊ ကမ္ဘာကျော်တက္ကသိုလ်မှာ ပညာသင်ကြားလာသည့်၊ အင်္ဂလိပ်စာကို မြန်မာလိုထက် ပိုကောင်းအောင်ပြောတတ်သည့် ဒေါ်စုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို မင်းကိုနိုင်၊ ကိုကိုကြီး၊ ဇေယျာသော်၊ မြတ်ဉာဏစိုး စသည့် လူကြီးလူကောင်းများက ထိန်းမတ်ဝေဖန်ရဲမည်ဟု ထင်ပါသလား၊ ဦးကိုနီလို၊ဦးဉာဏ်ဝင်းလို၊ ဦးဝင်းထိန်လို ပုဂ္ဂိုလ်တွေက အကြံပေးနိုင်မယ်၊ တည့်မတ်နိုင်မယ်လို့ ထင်ကြပါသလား။

ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများဆီသို့ ဆက်ကြပါဦးစို့။ ဒီမိုကရေစီစံနှုန်းဟု တဖွဖွ ရွတ်သူများ အမြဲပြောနေသည့် အမေရိကန်ကဲ့သို့ မြန်မာသမ္မတသည် စစ်သေနာပတိချုပ် ဖြစ်သွားပါပြီ။ ကာကွယ်ရေးဝန်ကြီးသည်လည်း အရပ်သား ဖြစ်သွားပါပြီ။ စစ်ရေးအမြင် ရှိဖို့တွေ မလိုတော့ပါ။ ဒီမိုကရေစီ စံနှုန်းအရ သမ္မတသည် စစ်တပ်ကို အမိန့်ပေးမည်။ အရပ်သား ကာကွယ်ရေးဝန်ကြီး ပြောသည့်အတိုင်း တပ်ချုပ်နှင့် သူ၏တပ်က အမိန့်နာခံရမည်။ မြန်မာ့နိုင်ငံရေးတွင် ပါဝင်မှုကို ဖျက်သိမ်းခံလိုက်ရသည့် ကာချုပ်နှင့် သူ၏တပ်မတော်အတွက် ဒေါ်စုနှင့် ဆက်ဆံရေးကို ကိုယ်တိုင် တွေးကြည့်စေလိုပါသည်။ ကျွန်တော်မပြောရဲပါ... မတွေးရဲပါ.. မပြောချင်ပါ... မတွေးချင်ပါ... မပြောလိုပါ... မတွေးလိုပါ... မြန်မာနိုင်ငံတွင် ၂၀၁၅ တိုင် မပြီးမပြတ် ဖြစ်နေဦးမည့် တိုင်းရင်းသား လက်နက်ကိုင်များအရေး၊ အနောက်ဘက် အိမ်နီးချင်းနိုင်ငံက အခွင့်ကောင်းစောင့်နေသည့် ပြည်ပရန်အရေး၊ စသည့် စသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းမည့် ကာကွယ်ရေးဝန်ကြီးသည် ဘောင်းဘီချွတ် စစ်ဗိုလ်ချုပ်ဟောင်းလည်း မဟုတ်၊ စစ်ရေးအမြင်ရှိသူလည်း မဟုတ်ပါလျှင် မည်ကဲ့သို့ စခန်းသွားကြပါမည်နည်း။ ကျွန်တော့်လက်တွေ ဆက်ရိုက်ရန် မ၀ံ့ရဲပါသဖြင့် ဤအကြောင်းအရာကို ဆက်မရေးလိုပါ။ ရင်လေးမိပါသည်... စိတ်ပူမိပါသည်... ကျောချမ်းမိပါသည်...။

ဒေါ်စုသမ္မတဖြစ်ပြီ၊ NLD က လွှတ်တော်တွင် အမတ်အများစု ဖြစ်သွားပြီဆိုတော့ မျိုးစောင့်ဥပဒေတွေလည်း မလိုတော့ပါ။ ဘာသာရေးပဋိပက္ခတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်အရေးယူ အပြစ်ပေးပါပြီ။ ဘင်္ဂလီတွေ ကိစ္စကလည်း လူ့အခွင့်အရေး ရှုထောင့်အရ လွတ်လပ်စွာ နေထိုင်ခွင့် ရရှိသွားပါပြီ။ OIC ရုံးလည်း မြန်မာပြည်မှာ ဖွင့်ခွင့်ရသွားပါပြီ။ ရခိုင်ဒေသမှ မွတ်စလင် ဒုက္ခသည်တွေအတွက် အာရပ်နိုင်ငံများ၏ အဓိကအထောက်အပံ့ဖြင့် UN ဦးဆောင်သည့် INGO အဖွဲ့အစည်းများက နေရာချထားမှုများ၊ ပြန်လည်ထူထောင်ရေးများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်ပေးကြပါမည်။ ဘာတွေဆက်ဖြစ်နိုင်သည်ကို ကျွန်တော်မရေးလိုတော့ပါ။ တွေးကြည့် ဆင်ခြင်ကြည့်စေလိုပါသည်။ အကယ်၍များ မမျှော်မှန်းနိုင်သည့် ပြဿနာတွေ အနောက်ဒေသမှာ ထပ်ဖြစ်ခဲ့ပါလျှင်၊ တပ်မတော်ကို သမ္မတကြီး ဒေါ်စု (စစ်သေနာပတိလည်းဖြစ်) က အမိန့်ပေးခဲ့ပါလျှင် တပ်မတော်သားများက မည်သို့ တုံ့ပြန်ကြမည်နည်း။ စဉ်းစားစရာဖြစ်ပါသည်။ ကျွန်တော်ကိုဉာဏ် အစိုးရိမ်လွန်နေတာသာ ဖြစ်ပါစေလေ။

ဒီမိုကရေစီစနစ် ပြည့်ပြည့်၀၀ ရပြီဆိုတော့ Freedom of expression ရှိလာသည်မို့ ခွင့်ပြုချက် တောင်းစရာမလိုဘဲ လမ်းတွေပိတ်၊ ပလက်ဖောင်းတွေပိတ်ပြီး ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေ လုပ်ကြပါလိမ့်မည်။ ဒေါ်စုမကောင်းကြောင်း၊ NLD ပါတီသည် ထောင်ထွက်ပါတီ၊ ထမီနားခိုစားသည့်ပါတီ၊ မွတ်ဒေါင်းပါတီ၊ လူမိုက်ပါတီသာဖြစ်ကြောင်း အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်၍ ဟောပြောမှုတွေ၊ ဝေဖန်မှုတွေ လုပ်ကြပါလိမ့်မည်။ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်များကလည်း ဒေါ်စုသည် အနောက်နိုင်ငံများ၏ ရုပ်သေးရုပ်ဖြစ်ကြောင်း၊ သူ၏ ပေါ်လစီများသည် အနောက်အလိုကျများသာဖြစ်ကြောင်း၊ ဒေါ်စုသည် တိုင်းတစ်ပါးသားကို အိမ်ထောင်ပြုခဲ့သူ ဖြစ်သည့်အားလျော်စွာ နိုင်ငံခြားသားစီးပွားရေး လုပ်ငန်းရှင်များကို ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များထက် အရေးပေးကြောင်း၊ အခွင့်အရေးပေးကြောင်း လွှတ်တော်အစည်းအဝေးများတွင် ထည့်သွင်းပြောဆို ဆွေးနွေးကြပါလိမ့်မည်။ ထိုသောအခါ ဒီမိုကရေစီ အစိုးရပီပီ ဒေါ်စုသည် ဘာမျှမပြောဘဲ သည်းခံပါလိမ့်မည်။ အာဏာရပါတီဖြစ်သည့် NLD ကလည်း ဒီမိုကရေစီခေတ်တွင် ဝေဖန်ခံရဲရမည်ဟု နှလုံးပိုက်ကာ သည်းခံကြပါလိမ့်မည်။ ဂျာနယ်သစ်အချို့ ပေါ်လာပြီးနောက် ဒေါ်စုနှင့် ပါကစ္စတန်ကိုကို၊ မမစုအတွက် ရေကူးကောင်းတဲ့ ယက်တော၊ အမေစုနှင့် တစ်ခါတုန်းကတက္ကသိုလ်၊ ကိုယ်ရံတော်လေး ခပ်ငယ်ငယ်၊ စသည့် စသည့် အတည်ပြုရန် ခက်ခဲလှသည့် အကြောင်းအရာများကို ဓာတ်ပုံမြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် သူ့ထက်ငါ ရေးသားထုတ်ဝေကြပါလိမ့်မည်၊ ပြည်ခိုင်ဖြိုးမှ ထုတ်ဝေသည့် ပြည်ထောင်စုနေ့စဉ်တွင်လည်း အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ပင်တိုင်ကော်လံစားဖြင့် သွေးတောင်းတဲ့ဒေါ်စု၊ နိုင်ငံခြားသားနဲ့ ပျော်နေတုန်းက တိုင်းပြည်ကို သတိမရတဲ့မိစု၊ နိုင်ငံတကာပတ်ပြီး ဆုတွေလက်ခံရင်း ပိုက်ဆံတောင်းစားခဲ့တဲ့ ဒေါ်လာသူတောင်းစား စသဖြင့် ထိထိမိမိ စကားလုံးများ၊ တစ်တစ်ခွခွ စကားလုံးများဖြင့် ရေးသားဝေဖန်ပါလိမ့်မည်။ ထို့ပြင် အဆိုပါ စာရေးသူက NLD အစိုးရ မပြုတ်မချင်း စစ်ဆွယ်တာနှင့် စစ်ဘောင်းဘီကို မချွတ်တမ်း ၀တ်မည်ဟုလည်း ကြွေးကြော်ပါလိမ့်မည်။ (ဂျာနယ်အမည်များသည် စန္ဒာလ၀န်း၊ ဟိုလှိုင်း စသည်ဖြင့် ဖြစ်နိုင်ပါသည်) ယခုအရေးအသားများကို ဖတ်၍ ကျွန်တော့်ကို ကလေးဆန်သူ၊ အဆင့်မရှိသူဟု ဆန္ဒစော၍ မဝေဖန်ကြစေလိုပါ။ ကျွန်တော်ပြောခဲ့သည်များသည် အသစ်အဆန်းလုပ်၍ ရေလာမြောင်းပေး လုပ်နေသည့် စကားလုံးများ မဟုတ်ကြပါ။ အားလုံးသည် ကျွန်တော်တို့ သိရှိပြီး၊ ကြုံခဲ့ရပြီး အကြောင်းအရာများ ဖြစ်ကြပါသည်။

ပို့စ်လည်း အတော်ရှည်သွားပါပြီ။ ယခုအချိန်အထိ အချိန်ပေး၍ တလေးတစား စိတ်ရှည်လက်ရှည် ဖတ်ပေးသည့်အတွက် ကျေးဇူးတင်စကား ဆိုပါရစေ။ ဟုတ်ကဲ့.... ကျွန်တော့်ယူဆချက်ဖြင့် နိဂုံးချုပ်ပါရစေ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေလိုပါ။ ဘာပုဂ္ဂိုလ်ရေး မကျေနပ်ချက်မျှ မပါပါ၊ ဘယ်လိုသော အမုန်းတရားများမျှ မပါဝင်ပါ။ ကျွန်တော်လို ပီဘိအသေးအမွှားကောင်လေးက ဒေါ်စုလို ပုဂ္ဂိုလ်မျိုးကို ခြေရာမတိုင်းဝံ့သလို၊ မနာလိုဖြစ်စရာလည်း အကြောင်းမရှိပါ။ သို့သော် တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ်၊ တိုင်းပြည်ကို တိုးတက်စေလိုစိတ်များတွင်လည်း ဒေါ်စုထက် မလျော့ကြောင်း အသက်နှင့်ထပ်၍ အာမခံဝံ့ပါသည်။ စာဖတ်သူများလည်း ထိုနည်းနှင်နှင် ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ဒေါ်စုကို သိက္ခာရှိစေချင်ပါသည်၊ ထို့အတူ မြန်မာနိုင်ငံကိုလည်း ဒီမိုကရေစီအာဏာရှင်နိုင်ငံ မဖြစ်စေလိုပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မေလ ၁၉ ရက်၊ တနင်္လာနေ့။
နံနက် ၂ နာရီ ၀၇ မိနစ်တွင်ပြီး၏။

Sunday, May 18, 2014

လက်ရှိမြန်မာ့နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နေကြသူတွေကို မုန်းတယ်...


လက်ရှိပါတီတွေအားလုံးကို ကျွန်တော် အယုံအကြည် မရှိဘူး...
အားလုံးဟာ ကိုယ့်ပါတီ အောင်နိုင်ရေး၊ အာဏာရရေးအတွက် ဘယ်နည်းကိုသုံးရသုံးရ သုံးမယ်ဆိုတဲ့ လူတွေချည်းပဲလို့ မြင်တယ်...
လက်ရှိ အာဏာရပါတီလည်း မဖြူစင်သလို၊ အတိုက်အခံပါတီတွေလည်း မရိုးသားဘူး...
အားလုံးရဲ့ တူညီချက်ကတော့ အရမ်းရိုးသားလွန်းတဲ့၊ အတွေ့အကြုံ နုနယ်လွန်းသေးတဲ့၊ ခံစားချက်ဦးစားပေးတဲ့ ပြည်သူတွေကို ခုတုံးလုပ်တာပါပဲ...
သူတို့အချင်းချင်း တွေ့ဆုံညှိနှိုင်းဖြေရှင်းလို့မရ၊ သဘောတူညီချက်မရ၊ လက်တွဲလို့မရ၊ သင်ပုန်းချေလို့မရ၊ ....မရ... စတဲ့ အခြေအနေတွေအားလုံးကို တိုင်တည်ဖို့အတွက်ပဲ ပြည်သူကို အသုံးချတယ်...
လက်ရှိအာဏာရပါတီရော အတိုက်အခံပါတီတွေရာ ပြည်သူတွေက တကယ်တောင်းဆိုလို့ လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့အလုပ် တစ်ခုမျှ မရှိဘူး...
သူတို့လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို ပြည်သူ့ဆန္ဒဆိုပြီး ကြွေးကြော်ကြ၊ လှုံ့ဆော်ကြ လုပ်နေကြတယ်...
ပြည်သူတွေက ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူးတို့၊ ပြည်သူတွေက သိပ်ပါးနပ်တယ်တို့၊ ပြည်သူတွေရဲ့ အသိရေချိန်က ကြောက်စရာကောင်းတယ်တို့၊ ပြည်သူတွေက အခြေအနေနဲ့ အချိန်အခါကို သဘောပေါက်တယ်တို့၊ စတဲ့ စတဲ့ စကားလုံးတွေဟာ ပါတီတွေအားလုံးက မုသားသုံးပြီး ပြောနေကြတဲ့ အလိမ်အညာ စကားတွေသာဖြစ်တယ်....
တကယ်တမ်း ပြည်သူတွေက နဝေတိမ်တောင် ဖြစ်နေကြတယ်...
တကယ်တမ်း ပြည်သူတွေက ဝေခွဲမရ ဖြစ်နေကြတယ်...
တကယ်တမ်း ပြည်သူတွေက နားမလည်နိုင် ဖြစ်နေကြတယ်...
တကယ်တမ်း ပြည်သူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်...
တကယ်တမ်း ပြည်သူတွေက လမ်းပျောက်နေကြတယ်....
တကယ့်ပြည်သူ့ဆန္ဒအမှန်က အခုအခြေအနေထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ် ဖြစ်လာစေချငတယ်...
တကယ့်ပြည်သူ့ဆန္ဒအမှန်က စီးပွားရေးအခွင့်အလမ်းတွေ အခုအခြေအနေထက် ပိုကောင်းလာစေချင်တယ်....
တကယ့်ပြည်သူ့ဆန္ဒအမှန်က သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်လေး လုပ်ကိုင်စားသောက်ပြီး စားဝတ်နေရေး အဆင်ပြေပြေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရမယ့် ဘ၀မျိုးကို လိုချင်တယ်....
ပြည်သူတွေက ဘာဥပဒေတွေကြောင့် ဘာတွေဖြစ်နေတယ်ဆိုတာ စိတ်မ၀င်စားဘူး....
ဘယ်ပါတီနဲ့ ဘယ်ပါတီ အားပြိုင်နေကြတယ်၊ ရန်စောင်နေကြတယ်ဆိုတာကို ပြည်သူတွေက သေချာမသိဘူး...
ဖွဲ့စည်းပုံကို မပြင်ရင် ဘာတွေဖြစ်မှာလဲဆိုတာလည်း ပြည်သူတွေ သေသေချာချာ နားမလည်ဘူး....
ဘာကြောင့် ပြင်ချင်တယ်ဆိုတာလည်း ပြည်သူတွေ မသဲကွဲဘူး....
လက်ရှိ ကြုံတွေ့နေရတဲ့ စီးပွားရေးကြပ်တည်းမှုတွေ၊ နိမ့်ကျတဲ့ လူနေမှုအဆင့်အတန်းတွေ၊ မပြည့်စုံ မလောက်ငှတဲ့ ကျန်းမာရေး၊ ပညာရေး ၀န်ဆောင်မှုစနစ်တွေကနေ ကင်းလွတ်ချင်တာ ပြည်သူတွေရဲ့ ဆန္ဒအမှန်ပဲ...
အဲဒီတော့ အဲဒီလိုဖြစ်အောင် လုပ်ပေးမယ်လို့ ပြောတဲ့လူ၊ စည်းရုံးတဲ့လူကို သူတို့ယုံကြည်မှာ၊ အားကိုးမှာ သဘာဝပဲ...
ကိုယ့်ကို ထောက်ခံတဲ့ ပြည်သူတွေဟာ အသိပညာ မြင့်မားကြသူတွေ ဖြစ်ကြပြီးတော့...
အခြားပါတီတွေကို ထောက်ခံတဲ့လူတွေကတော့ အလကားကောင်တွေ၊ ဦးနှောက်မရှိတဲ့ ကောင်တွေလို့ မြင်နေကြတာဟာ ပါတီတွေအနေနဲ့ ပြည်သူတွေကို တကယ်ပဲ လေးစားတာ၊ အားကိုးတာ၊ ယုံကြည်တာ ဟုတ်ရဲ့လားလို့ ကိုယ့်ဘာသာကိုယ် ပြန်ပြီးတော့ မေးခွန်းထုတ်စေချင်တယ်....
ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်ရဲ့ အခန်းကဏ္ဍတွေကို အခုအချိန်မှာ မဆွေးနွေးချင်သေးဘူး....
အချိန်မကျသေးဘူးလို့ ယုံကြည်တယ်....
မယုံကြည်တဲ့လူတွေကိုလည်း အပြစ်မတင်ချင်တော့ဘူး... ငြင်းခုန်မှုလည်း မလုပ်ချင်ဘူး....
ပြောချင်တာတစ်ခုကတော့ တပ်မတော်အနေနဲ့ ပါတီနိုင်ငံရေးတွေနဲ့ ခပ်ကင်းကင်း နေစေချင်တယ်...
ပါတီနိုင်ငံရေးဟာ အရမ်းကို ရှုပ်ထွေးလွန်းသလို၊ အရမ်းလည်း ညစ်ပတ်လွန်းတယ်...
တပ်မတော်ရဲ့ သဘောသဘာဝက ရှင်းလင်းပြတ်သားတဲ့ မူဝါဒနဲ့ ရပ်တည်ရတာမျိုးဖြစ်တယ်...
ပါတီနိုင်ငံရေးနဲ့ တပ်မတော်ဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းလို့ မြင်မိတယ်....
ပါတီတွေက တပ်မတော်ကို အသုံးချချင်ကြလိမ့်မယ်...
ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ တပ်မတော်လောက် စုစည်းညီညွတ်တဲ့ အဖွဲ့အစည်း မရှိသေးလို့ပဲ...
စည်းကမ်း၊ စိတ်ဓာတ်၊ စည်းလုံးမှုတွေမှာ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကို မြန်မာနိုင်ငံထဲက ဘယ်အဖွဲ့အစည်းမှ လိုက်မမီဘူး...
အဲဒါကို ပါတီတွေအားလုံး နားလည်တယ်၊ သိတယ်....
လက်ရှိတပ်မတော်ဟာ ဟိုးအရင်တုန်းကလို ၃ ယောက်ပေါင်း ၄ တန်းတို့၊ ၄ ယောက်ပေါင်း ၆ တန်းတို့ဆိုတဲ့ တပ်မတော်မျိုး မဟုတ်တော့ဘူး....
အဲဒီတော့ ပါတီတိုင်းက တပ်မတော်ရဲ့ ထောက်ခံမှု၊ ကာကွယ်ပေးမှုကို လိုချင်ကြမှာပဲ..
မရတဲ့ပါတီက တပ်မတော်ကို သွေးခွဲဖို့ ကြိုးစားမယ်၊ ပြည်သူနဲ့ ရန်တိုက်ပေးမယ်...
ဒါတွေဟာ ဘာမျှ ထူးဆန်းတဲ့ သဘောတရားတွေ မဟုတ်ဘူး....
အဲဒါကို တပ်မတော်ခေါင်းဆောင်ပိုင်းက နားလည်ဖို့လိုတယ်...
ပြည်သူတွေအနေနဲ့ စစ်သားဘ၀ကို နားလည်ဖို့လိုတယ်...
အမိန့်နဲ့ဆောင်ရွက်ရတဲ့ စစ်သားဘ၀ကို နားမလည်နိုင်သ၍ ပါတီတွေက ပြောသမျှ အဟုတ်ထင်နေမှာပဲ...
ပါတီတွေက မြောက်ပေးတိုင်း စစ်သားဆိုတာ သုံးစားမရတဲ့လူတွေလို့ မထင်မှတ်စေချင်သလို...
ပါတီတွေက လိုအပ်လို့ပြောဆိုတဲ့ စစ်သားဆိုတာ ဘယ်လိုဘယ်ဝါ ဆိုတာတွေကိုလည်း တစ်ထစ်ချ မမှတ်ယူစေချင်ဘူး...
တပ်မတော်မှာမှ မဟုတ်ဘူး... နေရာတိုင်း အဖွဲ့အစည်းတိုင်းမှာ အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲနေတာပဲ...
တပ်မတော်ဟာ လူသားတွေနဲ့ ဖွဲ့စည်းထားတာမို့ အမှားအယွင်းလုပ်တဲ့ လူသားတွေ တပ်မတော်မှာ ပါဝင်နေမှာ အသေအချာပဲ...
အဲဒါကို ပြည်သူတွေက နားလည်ဖို့လိုတယ်...
ဘယ်စစ်သားက ဘယ်လိုယုတ်မာတာ... ဘယ်စစ်သားက ဘယ်လိုဆိုးသွမ်းတာ... စသဖြင့် မကောင်းတဲ့ အချက်လေးတွေကို ထောက်ပြပြီး တပ်မတော်ဆိုတာ သုံးစားမရဘူးလို့ ပါတီတွေက ပြောလာခဲ့ရင် ချင့်ချိန်ကြစေချင်တယ်...
တပ်မတော်အင်အား ဘယ်လောက်ရှိလဲဆိုတာ ကျွန်တော်မသိဘူး...
ဒါပေမယ့် သိန်းဂဏန်းတော့ ရှိမှာပဲ...
တပ်မတော်သား လူသိန်းဂဏန်းထဲက တပ်မတော်သား တစ်သောင်းလောက်က မြန်မာပြည် တစ်နံတစ်လျားမှာ ခိုးဆိုးသောင်းကျန်း၊ လူသတ်၊ မုဒိန်းကျင့်၊ အကျင့်ပျက် လုပ်နေတယ်ဆိုရင် အဲဒီ တပ်မတော်ကို မကောင်းဘူးလို့ ပြောလာခဲ့ရင် ကျွန်တော်လက်ခံချင်သေးတယ်...
အဲလိုမှ မဟုတ်ဘဲ... လက်ချိုးရေလို့ရတဲ့ အရေအတွက်လောက်က စည်းကမ်းဖောက်ဖျက်ပြီး ကျူးလွန်နေကြတာတွေကို မုဒိန်းတပ်မတော်တို့၊ လူသတ်တပ်မတော်တို့ ကင်ပွန်းတပ်နေကြမယ်ဆိုရင် အပြစ်မရှိတဲ့ စစ်သားတွေစိတ်ထဲမှာ ဘယ်လိုခံစားရမလဲ တွေးကြည့်စေချင်တယ်...
အဲဒါမျိုးဟာ ပြည်သူနဲ့တပ်မတော် စည်းရုံးရေးပျက်ပြားစေသလို၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေကြား ယုံကြည်မှု ပျောက်ဆုံးစေတယ်...
တပ်မတော်အနေနဲ့ ဘယ်ပါတီဘက်မျှ မလိုက်ဘဲ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ရင်း သိက္ခာရှိရှိ နေဖို့လိုတယ်လို့ ကျွန်တော်မြင်တယ်...
ပါတီတွေ အပြိုင်အဆိုင် စစ်ကြေညာတာ အကြောင်းမဟုတ်ဘူး...
တကယ်တမ်းဖြစ်လာလို့ ခံကြရတာက ပြည်သူတွေ...
တကယ်တမ်းဖြစ်လာလို့ ပင်ပန်းကြရမှာက တပ်မတော်...
မြန်မာ့နိုင်ငံရေးမှာ တစ်ခုခုဖြစ်လာရင် ခိုင်ခိုင်မာမာ အားကိုးစရာ အဖွဲ့အစည်းဟာ တပ်မတော်ပဲရှိတယ်...
အဲဒီလိုပြောလို့ ကျွန်တော့်ကို တပ်မတော်လော်ဘီလို့ ပြောရင်လည်း ခံပါတယ်...
မျက်စိတ်ဖွင့်ပြီး စဉ်းစားကြည့်ရင် ကျွန်တော်ဘာကို ဆိုလိုမှန်း အားလုံးသိပါတယ်....
လက်ရှိမြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကို ဘေးဖယ်ဖို့ ကြိုးစားနေတဲ့ လုပ်ရပ်မှန်သမျှဟာ ပုစ္ဆာရဲ့ ပေးထားချက်ကို နားမလည်တာ၊ နိုင်ငံရေးပါးမ၀တာလို့ ကျွန်တော်က မှတ်ယူပါတယ်...
တဆိတ်ရှိရင်... အခြားနိုင်ငံတွေနဲ့ လာလာမနှိုင်းပါနဲ့...
ကျွန်တော်တို့ကြုံခဲ့ရတဲ့၊ ကြုံနေရတဲ့ အခြေအနေဟာ ဘယ်နိုင်ငံနဲ့မှ မတူပါဘူး...
မြန်မာပြည်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ဘယ်လောက်ရှိသလဲဆိုတာ အရင်သိအောင် ကြိုးစားကြပါ...
မြန်မာပြည်မှာ အမြင်မတူ၊ ပူးပေါင်းလို့မရ၊ လက်တွဲလို့မရတဲ့ လက်ရှိပါတီပေါင်း ဘယ်လောက်ရှိသလဲဆိုတာ အရင်သိအောင် ကြိုးစားကြပါ....
မြန်မာ့နိုင်ငံရေးကို အခြားနိုင်ငံရေးပုံစံခွက်တွေနဲ့ ထည့်ပြီးတော့ ကြည့်နေသ၍ တလွဲတွေပဲ ဖြစ်နေပါဦးမယ်....
ပြည်သူတွေကို လမ်းပေါ်မထွက်ခိုင်းပါနဲ့တော့...
ပြည်သူတွေကို မဆူပူခိုင်းပါနဲ့တော့...
ပြည်သူတွေကို ဒေါသမထွက်ခိုင်းပါနဲ့တော့...
ပြည်သူတွေကို လက်သီးလက်မောင်း မတန်းခိုင်းပါနဲ့တော့....
နိုင်ငံရေးပါတီများအားလုံး ငြိမ်းချမ်းစွာ ဖြေရှင်းကြစေလိုသည့်အကြောင်းနှင့် တပ်မတော်အနေဖြင့် ကြားထဲမှ မှန်မှန်ကန်ကန် ရပ်တည်ပေးစေလိုသည့်အကြောင်း ဤနေရာမှ တောင်းပန်လိုက်ပါသည်....
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မေလ ၁၈ ရက်၊ တနင်္ဂနွေနေ့။
မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင်ပြီး၏။

Saturday, May 17, 2014

ဒေါ်စုရဲ့ စကားများအတွက် စိုးရိမ်မိပါသည်


ဒီနေ့ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်အဖွဲ့တို့ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တယ်ဆိုတဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေ အွန်လိုင်းပေါ်မှာ ဖတ်ရပါတယ်။ အသံဖိုင်နဲ့ ဗီဒီယိုဖိုင် လိုက်ရှာနေပေမယ့် အခုထိ နားမထောင်ရသေး၊ မမြင်ရသေးတဲ့အတွက် ကိုယ်တိုင်မြင်ကြားတာ မဟုတ်ဘဲ အခြားလူများ ရေးသားတင်ပြထားတာတွေကိုသာ ဖတ်ရှုရသေးကြောင်း ပထမဆုံး ၀န်ခံပါရစေ။ ရေးသားတင်ပြတဲ့ ပုဂ္ဂိုလ်အချို့ဟာ NLD အတွင်းသတင်းတွေကို အမြဲတစေ ခရေစေ့တွင်းကျ တင်ပြရေးသားနေသူတွေဆိုတော့ ယုံကြည်လောက်သော သတင်းရင်းမြစ်တွေအဖြစ် မှတ်ယူမိတာကြောင့် ဒီပို့စ်ကို ရေးပါတယ်။

အားလုံးလည်း အဲဒီမိန့်ခွန်း ကောက်နုတ်ချက်တွေကို ဖတ်ပြီးသား ဖြစ်ကြမယ်လို့ ယုံကြည်တဲ့အတွက် ဘာပြောခဲ့တယ်၊ ညာပြောခဲ့တယ် ဆိုတာတွေကို အသေးစိတ် မပြောလိုပါဘူး။ လိုရင်းကိုပဲ ပြောရမယ်ဆိုရင် အဲဒီလို ပြောဆိုခဲ့တာတွေအတွက် အရမ်းပင် စိုးရိမ်မိကြောင်း ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်စိတ်ကို ဖွင့်ဟပါရစေ။

ထိုင်းနိုင်ငံမှာ ဖြစ်နေသလိုမျိုး လူထုတွေ လမ်းပေါ်တက်ပြီး အစိုးရကို ဖိအားပေးတဲ့ပုံစံဖြစ်အောင် ကြိုးပမ်းနေတယ်ဆိုရင်တော့ ဒေါ်စုကို ဆက်မလုပ်ဖို့ မေတ္တာရပ်ခံပါရစေ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ရမယ်ဆိုတာ အခြေခံဥပဒေထဲမှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အခြေခံဥပဒေကို သဘောမကျတဲ့အတွက် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း မလိုက်နာနိုင်ဘူး၊ မလုပ်နိုင်ဘူး ဆိုရင်တော့ ဒါဟာ ဖြစ်သင့်၊ မဖြစ်သင့် စဉ်းစားကြစေလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လက်ရှိအသက်ဝင်နေတဲ့ တည်ဆဲဥပဒေ ဖြစ်ပါတယ်။ ဥပဒေအားလုံးရဲ့ အထွဋ်အခေါင် ဖြစ်ပါတယ်။ လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေး စသဖြင့် မဏ္ဍိုင်သုံးရပ် ရှိနေတယ်ဆိုတာ၊ ၅ နှစ်တစ်ကြိမ် ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတာ၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်၊ စုဝေးခွင့် ရှိတယ်ဆိုတာ၊ ပါတီစုံနိုင်ငံရေးကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိတယ်ဆိုတာ၊ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ အာမခံချက်တွေကြောင့် ဖြစ်ပါတယ်။

အခြေခံဥပဒေမှာ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေ ရှိတယ်ဆိုတာ မြန်မာပြည်သူတိုင်း သိရှိသလို၊ တာဝန်ရှိသူတွေကလည်း ပြင်ဆင်သင့်တဲ့ အချက်တွေ ရှိပါတယ်လို့ ၀န်ခံသဘောတူထားကြပြီးသားပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်လုံးကို အစအဆုံး ပြင်ဆင်ပစ်မယ်၊ သဘောမကျတဲ့ အချက်တွေ အကုန်လုံးကို ကိုယ်တွေစိတ်ကြိုက် ပြင်ပေးရမယ် ဆိုတာကတော့ နိုင်ငံရေးမဆန်ဘူးလို့ ကျွန်တော်က မြင်မိတာပါပဲ။

ဒေါ်စုအနေနဲ့ လက်ရှိပကတိ အခြေအနေကို မှန်ကန်စွာ အကဲဖြတ်သုံးသပ်မှု မလုပ်နိုင်တာလား၊ တမင်ပဲ မြောက်ပေးမှုတွေကြား၊ ကြိုးဆွဲမှုတွေကြားမှာ ခေါင်းမာစွာ ဆက်တိုးနေတာလားဆိုတာ နားမလည်နိုင်ပါ။ NLD သည် လက်ရှိအာဏာရပါတီ မဟုတ်ပါ။ ထိုအချက်ကို မမေ့စေလိုပါ။ အတိုက်အခံသည် အတိုက်အခံသဘောသာ ဆောင်စေလိုပါသည်။ နိုင်ငံရေးကပ်ဆိုးများ၊ နိုင်ငံရေးမုန်တိုင်းများနှင့် မကြုံရဘူးဆိုပါက ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အထိုက်အလျောက် အာဏာရလာနိုင်ပါသည်။ ယခင်ကကဲ့သို့ အပြတ်အသတ်၊ တောင်ပြိုကမ်းပြို၊ ပက်ပက်စက်စက် နိုင်လိမ့်မည်ဟူသည်မှာ မသေချာသော အခြေအနေတစ်ရပ် ဖြစ်သည်ကို ဒေါ်စုကိုယ်တိုင် သိရှိနေပါသည်။ ယခုလို အတိုက်အခံ အခြေအနေမျိုးမှာပင် ထိုမျှအထိ သဘောထား တင်းမာနေပါလျှင် အာဏာရရှိသွားပါက ယခုထက် ပိုမိုတင်းမာသော အနေအထားမျိုး ဖြစ်လာနိုင်ပါသည်။

လိုရင်းကို ပြန်ဆက်ရလျှင် ဒေါ်စုသည် တပ်မတော်နှင့် ပြည်သူကို အတိအလင်းပင် ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းပေါ်သို့ တင်ပေးနေပါသည်။ ပြည်သူနှင့် တပ်မတော်ကို အတိအလင်း သွေးခွဲနေပါသည်။ ထိုအချက်သည် မြန်မာ့နိုင်ငံရေးအတွက် ကောင်းလှသည်မဟုတ်ပါ။ တွေးကြည့်လေ စိုးရိမ်ရလေ ဖြစ်ပါသည်။ တကယ်တမ်း ဖြစ်လာပြီဟေ့ဆိုလျှင် နစ်နာကြရသည်က ပြည်သူများ ဖြစ်ကြပါသည်။ ပြည်သူကို နောက်ထပ် ၈၈ အဖြစ်ဆိုးမျိုးထဲသို့ တွန်းမပို့ကြရန် တောင်းပန်လိုပါသည်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိထားသည့် ဒေါ်စုအနေဖြင့် မိမိနိုင်ငံ တပ်မတော်နှင့် မိမိပြည်သူများကို ရန်တိုက်ပေးခြင်းဖြင့် မည်သည့် နိုင်ငံရေးအကျိုးအမြတ်များ ရရှိနိုင်သနည်းဟု မေးခွန်းထုတ်လိုပါသည်။ ၂၀၁၅ ခုနှစ်တွင် မိမိအာဏာရရှိရေးအတွက် မဖြစ်နိုင်တော့သည့် အခြေအနေတစ်ရပ်အပေါ် မကျေနပ်သည့် စိတ်အခံဖြင့် နိုင်ငံရေးအသိ နည်းပါးနေသေးသည့် ပြည်သူများကို စစ်တုရင် နယ်ရုပ်များပမာ သဘောထား၍ ကစားကွက် မရွှေ့သင့်တော့ပါကြောင်း တောင်းပန်လိုပါသည်။

အချိန်အားရလျှင် ကျွန်တော့်အမြင်များကို ထပ်မံ၍ သီးသန့်ရေးသားလိုပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ် မေလ ၁၇ ရက်၊ စနေနေ့။
ညနေ ၆ နာရီ ၁၅ မိနစ်တွင်ပြီး၏။

Monday, March 24, 2014

အခြေခံဥပဒေကို ချက်ချင်းပြင်ဖို့၊ အလောတကြီးပြင်ဖို့ တကယ်ပဲ လိုအပ်နေပြီလား



ဒေါ်စုရဲ့ မိုးကုတ်ခရီးစဉ်
မိုးကုတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲ ဗီဒီယိုဖိုင်ကို ကြည့်ရှုနားထောင်ခဲ့ရပါတယ်။ အစကတော့ သူ့ပါတီက ဥပဒေပညာရှင်တွေ၊ သူ့လက်ရုံးတွေနဲ့ လွှတ်ထားခဲ့တဲ့ ကိစ္စကို အခုအခါမှာတော့ ဒေါ်စုကိုယ်တိုင် နယ်တွေဆင်းပြီး အားသွန်ခွန်စိုက် လုပ်လာတာကို တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်ကိုလည်း ရောက်လာခဲ့ပြီ မဟုတ်လား။ ပေးထားတဲ့ ခေါင်းစဉ်နဲ့ ပြောသွားတဲ့ အကြောင်းအရာတွေဟာ ထပ်တူကျခြင်း ရှိ၊ မရှိဆိုတာ အဲဒီ ဗီဒီယိုဖိုင်ကို စာဖတ်သူ ကျွန်တော့်မိတ်ဆွေတွေ ကြည့်ရှုနားထောင်ပြီးရင် ဝေဖန်ပိုင်းခြား နိုင်ကြပါလိမ့်မယ်။ အခြေခံဥပဒေကို အကြောင်းပြပြီး တပ်မတော်နဲ့ ပြည်သူကို ပညာသားပါပါ သွေးခွဲတာပဲလို့ ကျွန်တော်က မြင်ပါတယ်။ အဲဒီလိုမျိုး လုပ်ရပ်ဟာ အင်မတန်မှ အန္တရာယ်များပါတယ်။ ကိုယ့်နိုင်ငံအတွက် အင်အားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ် လိုချင်သလား၊ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေတဲ့ တပ်မတော်တစ်ရပ်ကို လိုချင်လားဆိုတာ စဉ်းစားကြည့်ကြစေချင်ပါတယ်။ ပြည်ပရန်နဲ့ ကြုံတဲ့အခါဖြစ်စေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အဖွဲ့အစည်းတစ်ခုခုက ထိပါးစော်ကားလာလျှင်ဖြစ်စေ ကာကွယ်တွန်းလှန်ဖို့အတွက် တပ်မတော်တစ်ရပ် လိုအပ်တယ်ဆိုတာကိုတော့ နိဒါန်းစကား ဆိုချင်ပါတယ်။ တပ်မတော်သားတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကတိသစ္စာပြုတာဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိပါးရာရောက်တယ်လို့ ဒေါ်စု ပြောခဲ့တဲ့ စကားဟာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ကာကွယ်စောင့်ရှောက်ခြင်း ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုချက် ကွဲလွဲကြတယ်လို့ ကျွန်တော်က မြင်ပါတယ်။

အခြေခံဥပဒေကို ဘာလို့ ပြင်ချင်တာလဲ
အားလုံးသိတဲ့အတိုင်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး အခုအချိန်မှာ အလှုပ်ခတ်ဆုံး ဂယက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာပဲ ဖြစ်ပါတယ်။ အစွဲကင်းကင်းနဲ့ အမှန်အတိုင်း သုံးသပ်သူတိုင်း လက်ခံနိုင်မယ့် အကြောင်းအရာ တစ်ခုကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးကို အခုလို ကျယ်ကျယ်လောင်လောင် ဖြစ်လာအောင် လှုံ့ဆော်ခဲ့တာဟာ ပြည်သူတွေရဲ့ လိုအင်ဆန္ဒ မဟုတ်ပါဘူး။ ပါတီကြီးတစ်ခု၊ သူတို့ခေါင်းဆောင်နဲ့ သူ့ကို ခစားကိုးကွယ်ကြသူတွေရဲ့ ၀ါဒဖြန့်ချိမှုက အခြေခံဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်စုသည် သမ္မတအရည်အချင်း သတ်မှတ်ချက်များနဲ့ လုံးဝ မကိုက်ညီပါဘူး။ ဒါပေမယ့် ဒေါ်စုက သမ္မတ ဖြစ်ချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့အခါ သူ့ကို ၀န်းရံကြသူတွေက ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီဘူး။ ဒါကို မပြင်ရင် ဒီမိုကရေစီခရီးကို မလျှောက်လှမ်းနိုင်ဘူးလို့ စတင်ဝါဒဖြန့် စည်းရုံးရာကနေ ဒီနေ့လို အခြေအနေအထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ
လက်ရှိအခြေခံဥပဒေကို ယခင် တပ်မတော်အစိုးရက တာဝန်ယူ ရေးဆွဲခဲ့ပြီး လူထုဆန္ဒခံယူပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်အစိုးရကလည်း သူတို့ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ အပြည့်အ၀ ကိုက်ညီပါတယ်၊ စင်းလုံးချော ပြောစရာမရှိတဲ့ အခြေခံဥပဒေပါလို့ မပြောခဲ့ပါဘူး။ လိုအပ်ချက်တွေ ရှိနေတယ်၊ ပြင်ဆင်သင့်တာတွေ ရှိနေတယ်လို့ ယခင်အစိုးရလက်ထက်မှာ ရာထူးကြီးကြီးတွေ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိအချိန်မှာလည်း မြန်မာ့နိုင်ငံရေးရဲ့ အထင်ကရ နေရာတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေက ပြောကြားထားပြီး ဖြစ်ပါတယ်။ လက်ရှိအစိုးရ၊ လွှတ်တော်၊ တပ်မတော် စတဲ့ အဖွဲ့အစည်းတွေကလည်း အခြေခံဥပဒေမှာ ပြင်ဆင်စရာတွေ၊ ဖြည့်စွက်စရာတွေ ရှိနေတယ်လို့ ပုံစံအမျိုးမျိုးနဲ့ ထုတ်ဖော်ပြောကြားခဲ့ကြပြီး ဖြစ်ပါတယ်။ သဘောကတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အားနည်းချက်တွေ ရှိနေတယ်၊ လိုအပ်ချက်တွေ ရှိနေတယ်လို့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူ အများစုက လက်ခံကြတယ် ဆိုတာပါပဲ။

တစ်ဦးအတွက် အများလား
အခု ဖြစ်နေတဲ့ ပြဿနာက ပြည်သူတွေကို ဇဝေဇ၀ါ နဝေတိမ်တောင် ဖြစ်စေပါတယ်။ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ပြင်ချင်တဲ့အုပ်စုနဲ့ မပြင်ချင်တဲ့ အုပ်စုဆိုပြီး နှစ်ပိုင်းကွဲနေတယ်လို့ ပြည်သူ အများစုက မှတ်ထင်နေကြပါတယ်။ ပြင်ချင်တဲ့ အုပ်စုကို ဒီမိုကရေစီ ဘက်တော်သားတွေလို့ မီဒီယာတွေက အခမဲ့ အမည်ပေး ကင်ပွန်းတပ်လုပ်ပြီး မပြင်ချင်သူတွေကိုတော့ နောက်ကြောင်းပြန်လှည့်အောင် လုပ်နေသူတွေ၊ ဒီမိုကရေစီ မလိုချင်သူ အာဏာရှင်တွေလို့ စွပ်စွဲကြပါတယ်။ တကယ်တမ်း ဖြစ်နေတယ်လို့ ကျွန်တော်မြင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လတ်တလောအားဖြင့် အလောတကြီး မပြင်သင်သေးဘူးလို့ ခံယူကြသူတွေနဲ့ အခုချက်ချင်း ပြင်ကိုပြင်ရမယ် ဆိုတဲ့ အုပ်စုနှစ်ခု ကွဲနေတယ်လို့သာ မြင်ပါတယ်။ အဲဒီ ကွဲပြားမှုနှစ်ခုကို သေသေချာချာ ဆန်းစစ်ကြည့်သူတိုင်း သိနိုင်တာတစ်ခုကတော့ ချက်ချင်းပြင်ရမယ်ဆိုတဲ့ အုပ်စုဟာ လူတစ်ဦးတစ်ယောက် အကျိုးအတွက် ရည်ရွယ်ပြီး လူထုပါလာအောင် စည်းရုံးလှုံ့ဆော်နေတယ်ဆိုတာ တွေ့ရမှာပါ။ ဒါဟာ ငြင်းပယ်လို့ မရတဲ့ အမှန်တရားပါ။

မပြင်ရင် ဘာဖြစ်မှာလဲ
အခြေခံဥပဒေကို အခုချက်ချင်း မပြင်ရင် ဘာဖြစ်မှာလဲဆိုတဲ့ အဖြေကို စာဖတ်သူတို့ ကိုယ်တိုင် ဖြေကြည့်စေချင်ပါတယ်။ ကိုယ်ကြိုက်တဲ့ရှုထောင့်၊ ကြိုက်တဲ့အမြင်နဲ့ ဖြေဆိုနိုင်ပါတယ်။ အစွဲမကင်းသူတွေရဲ့ အဖြေထဲမှာ ဒေါ်စု သမ္မတမဖြစ်နိုင်ဘူး၊ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ခြယ်လှယ်နေဦးမယ်၊ စတဲ့အဖြေတွေ ပါနိုင်ပါတယ်။ ဘက်ကင်းသူတွေရဲ့ အဖြေတွေကတော့ အမျိုးမျိုး ဖြစ်မှာပေါ့လေ။ ဒါပေမယ့် အဲဒီအဖြေတွေထဲမှာ ကျွန်တော်အောက်မှာ ဖော်ပြမယ့် အကြောင်းအရာတွေ ပါ၊ မပါ စဉ်းစားကြည့်စေလိုပါတယ်-
တည်ငြိမ်မှု မရနိုင်ဘူး
နိုင်ငံတော်ကို တိုးတက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး
တရားဥပဒေစိုးမိုးမှု မရှိနိုင်ဘူး
ပြည်သူတွေ လွတ်လွတ်လပ်လပ်နေထိုင်နိုင်မှာ မဟုတ်ဘူး
လူ့အခွင့်အရေးတွေကို ဆုံးရှုံးရမယ်
လွတ်လပ်စွာ စီးပွားရှာခွင့်ရမှာ မဟုတ်ဘူး
နိုင်ငံရေးလွတ်လပ်ခွင့် မရှိနိုင်ဘူး
အခြားနိုင်ငံတစ်ခုရဲ့ ရုပ်သေးရုပ်ဖြစ်သွားနိုင်တယ်
ကဲ... ဒါက ကျွန်တော် နမူနာအနေနဲ့ ရေးပြထားတာတွေပါ။ အခြားသော အချက်အလက်တွေ အများကြီး ရှိနိုင်ပါသေးတယ်။ အပေါ်မှာ ကျွန်တော်ဖော်ပြခဲ့တဲ့ အချက်တွေအတိုင်း တကယ်ပဲ ဖြစ်မယ်ဆိုရင်တော့ အဲဒီ အခြေခံဥပဒေကို ချက်ချင်းပြင်ဖို့၊ စက္ကန့်မဆိုင်းပြင်ဖို့ လိုအပ်တယ်လို့ ကျွန်တော် အလေးအနက် ထောက်ခံပါရဲ့ဗျာ။ အဲလိုမှ မဟုတ်ရင်တော့ ကျင့်သုံးတာမှ ၃ နှစ်ကျော်ပဲ ရှိသေးတဲ့ အခြေခံဥပဒေတစ်ခုကို ဈေးထဲက ငါးစိမ်းသည် အကြွေးစာရင်း မှတ်သလို၊ ဖျက်သလို ရော့... အင့်.... ဆိုပြီး လုပ်သလိုမျိုး မလုပ်စေချင်ပါဘူး။ လတ်တလော အရေးတကြီး မပြင်သေးဘဲ နိုင်ငံတော်ကြီးကို ရှေ့ဆက်လို့ ရသေးတယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ဘယ်တော့မှ မပြင်ရဘူးလို့ မဟုတ်ပါဘူးဗျာ၊ တိုင်းပြည်ကို တိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းရင်းနဲ့ ပြင်ဆင်သင့်တာတွေကို ဖြည်းဖြည်းချင်း ပြင်သွားလို့ ရပါတယ်ဗျာ။ အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဖို့အတွက် တစ်ဦးတစ်ယောက်တည်းရဲ့ဆန္ဒ (ဘယ်လောက်တော်သည့် ပုဂ္ဂိုလ်ပင် ဖြစ်နေပါစေ)၊ တစ်ပါတီတည်းရဲ့ဆန္ဒ (ဘယ်လောက် လူကြိုက်များသည့် ပါတီပင် ဖြစ်နေပါစေ) နဲ့ မလုပ်သင့်ဘူး၊ မလောသင့်ဘူး၊ မဆုံးဖြတ်သင့်ဘူးလို့ မြင်မိပါတယ်။

ချက်ချင်းပြင်ခိုင်းတာ ဘာလို့လဲ
ဒါကလည်း အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ ကျွန်တော့်အမြင်တွေကို တင်ပြပါရစေ။ ပထမဆုံးအနေနဲ့ အခြေခံဥပဒေကို ပြင်မယ်၊ ဒါပေမယ့် သမ္မတအရည်အချင်း သတ်မှတ်ချက်တွေကို မပြင်ဘူးဆိုရင် "ချက်ချင်းပြင်အဖွဲ့တွေ" လက်ခံနိုင်မယ်လို့ ထင်ပါသလားဆိုတဲ့ မေးခွန်းကို အရင်ဆုံး မေးပါရစေ။ ဒေါ်စု သမ္မတဖြစ်ခွင့်မရှိတဲ့ အရည်အချင်း သတ်မှတ်ချက်လေး တစ်ခုကို ပြင်ဖို့အတွက် အခြေခံဥပဒေကို မြောင်းထဲရောက်အောင် လုပ်ဆောင်နေကြသူတွေကို အခြေခံဥပဒေကပဲ ဒဏ်ခတ်ပါလိမ့်မယ်။ မြန်မာပြည်သူ ဘယ်နှရာခိုင်နှုန်းက အခြေခံဥပဒေကို အစအဆုံး တစ်ခေါက်ပြည့်အောင် ဖတ်ဖူးသလဲဆိုတာလည်း ကျွန်တော်မေးချင်တဲ့ မေးခွန်းတစ်ခုပါပဲ။ အဲဒီလို ဖတ်ရမယ်လို့ ကျွန်တော်က တစ်ထစ်ချ ဆိုလိုတာ မဟုတ်ပါဘူး။ လက်ရှိ အခြေခံဥပဒေမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်တယ်၊ ဘာတွေ အာမခံချက် ပေးထားတယ် ဆိုတာလောက်ကို သိအောင်ပဲ ပြည်သူတွေကို မျက်စိဖွင့်၊ နားဖွင့်ပေးသူ ဘယ်နှဦးများ ရှိပါသလဲ။ ဒေါ်စု အခု နယ်တကာလှည့်ပြီး ဟောနေတဲ့ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲ ဆိုတာကလည်း အခြေခံဥပဒေအကြောင်း ရှင်းပြတာ မဟုတ်ပါဘူး။ ယခင် တပ်မတော်အစိုးရနဲ့ လက်ရှိအစိုးရ၊ တပ်မတော် ဒါတွေကို အပုပ်ချတဲ့ပွဲတွေပါပဲ။ သေသေချာချာ နားထောင်ကြည့်ကြစေချင်ပါတယ်။ အခြေခံဥပဒေမှာ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတာတွေ ပါနေပါတယ်လို့ ဟောပြောပွဲတိုင်းပြောတယ်၊ အဲဒီလိုပြောတိုင်း တပ်မတော်သား ၂၅ % လွှတ်တော်တွေမှာ ပါဝင်နေတာကို ထောက်ပြပြီး ပြည်သူနဲ့ တပ်မတော်ကို ရန်တိုက်ပေးတယ်။ သမ္မတအရည်အချင်း ကန့်သတ်ချက်ဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီပါဘူးလို့ ပြောမယ်။ ဒါတွေပါပဲ။ ချက်ချင်းပြင်ဖို့ မထောက်ခံသူတွေဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိပါးနေသူတွေပါ ဆိုတဲ့အထိ ပြောဆိုလာတာ တွေ့ရပါတယ်။ မိမိအာဏာရရှိရေးအတွက် အခြားလူတွေကို ထိပါးလာတဲ့အထိ ပြောဆိုလာတာမျိုးကဖြင့် သိပ်ပြီးတော့ လူကြီးလူကောင်း မဆန်လှဘူးလို့ မြင်မိပါတယ်။ နောက်တစ်ချက် တွေးမိတဲ့ အချက်တစ်ခုကတော့ အတိုက်အခံပါတီဟာ ရည်ရွယ်ချက်ရှိရှိနဲ့ အစိုးရကို အလုပ်ရှုပ်အောင် လုပ်နေတယ်ဆိုတာပါပဲ။ တိုင်းပြည်တိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ရှေ့ကိုချီတက်ရမယ့်အစား ဦးသိန်းစိန်အစိုးရအဖို့ ပြည်တွင်းက ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရှင်းနေရတာနဲ့ပဲ ခရီးမတွင်လှပါဘူး။ ခဏတာ ရေတိုမကြည့်ဘဲ အရှည်ကို မျှော်ကြည့်မယ်ဆိုရင် အခုလို လုပ်ရပ်တွေဟာ အစဉ်အလာဆိုးတစ်ခု ဖြစ်သွားပြီး မြန်မာ့နိုင်ငံရေးမှာ အမြစ်တွယ်သွားမှာကို စိုးရိမ်စရာပါ။

ကျွန်တော့်ခန့်မှန်းချက်များ
အရှည်အလျား၊ အထူးအထွေ မပြောလိုပါဘူး။ သူ့ဟာသူနေရင်တောင် အခြေခံဥပဒေကိစ္စဟာ ယခုထက်ပိုပြီး လွယ်လွယ်ကူကူ ပြင်ဆင်လို့ ရချင်ရပါလိမ့်မယ်။ အခုလို လူထုဆန္ဒခံယူပွဲတွေ၊ ထောက်ခံပွဲတွေ၊ ဟောပြောပွဲတွေ လုပ်နေတာကို တွေ့တဲ့အတွက် ပြင်ချိန်မကျ/ချက်ချင်းပြင် အုပ်စုနှစ်ခုအကြား ပိုပြီးတော့ ယုံကြည်မှု ကင်းမဲ့လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီအချက်ကပဲ ပြင်ဆင်ရေးမှာ ကြီးစွာသော အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်က လုပ်ဆောင်နေတဲ့ နေရာမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြင်ဆင်သင့်တယ်လို့ ယူဆတဲ့ ပုဒ်မအချို့ ပြင်ဆင်နိုင်ခဲ့တယ်ဆိုရင်ပဲ ဒါဟာ လက်ရှိအခြေခံဥပဒေအတွက် သမိုင်းဝင် အဖြစ်အပျက် ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို ပြင်ဆင်နိုင်မယ်လို့ သေချာတပ်အပ် ပြောဆိုနိုင်ခြင်း မရှိပါ။ အတိုက်အခံများအနေဖြင့် အထူးသဖြင့် ဒေါ်စုအနေဖြင့် တပ်မတော်နှင့် သင့်မြတ်ရေးလမ်းစဉ်ကို ရွေးချယ်ခြင်းမပြုဘဲ တပ်မတော်ကို ပြိုင်ဘက်သဖွယ် သဘောထားနေခြင်း၊ တပ်မတော်ကို သံသယရှိနေခြင်းတို့က တပ်မတော်အကြီးအကဲအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းက သူ၏ ကိုယ်စားလှယ်များကို မီးစိမ်းပြရန် ခက်ခဲနေလိမ့်မည်ဟု ထင်ပါသည်။ ဒေါ်စုအတွက်ရည်ရွယ်ပြီး သမ္မတအရည်အချင်း သတ်မှတ်ချက်တွေကို ပြင်ဆင်ဖို့ ဆိုတာကတော့ဖြင့် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ဘူးဟု ကျွန်တော်ကိုဉာဏ် ထင်မြင်ယူဆမိပါကြောင်း တင်ပြလိုက်ပါရစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် စတင်ရေးသား၍ မတ်လ ၂၄ ရက်နေ့တွင် ပြီးသည်။

Friday, March 21, 2014

စိတ်ဝင်စားတယ်....



လစ်လပ်လွှတ်တော်ကိုယ်စားလှယ် နေရာ ၃၀ အတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ ပြုလုပ်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီးက ပြောတာကို ကျွန်တော် စိတ်ဝင်စားတယ်။

မကြာခင် ကောက်ယူတော့မယ့် သန်းခေါင်စာရင်း ကောက်ယူမှုကို သူတို့နယ်မြေထဲမှာ ခွင့်ပြုမှာ မဟုတ်ဘူးလို့ KIO က ဘာကြောင့် ပြောသလဲဆိုတာကို ကျွန်တော် စိတ်ဝင်စားတယ်။

ကမ္ဘာ အမှန်သိစေဖို့ Facebook ကိုယ်စီ သုံးကြစို့လို့ ပြောခဲ့တဲ့ ဦးဝီရသူရဲ့ စကားကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်မှာ လုပ်ငန်းဆောင်ရွက်ခွင့် မပြုဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးလောက်ကလွဲပြီး ကျန်တဲ့လူတွေအားလုံးက မီတာခတွေ တိုးကောက်မှာကို သဘောတူ အတည်ပြုခဲ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် ပါတီတစ်ခုက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဦးဆောင်ကန့်ကွက်သွားမယ် ဆိုတဲ့ကိစ္စကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

မလေးရှားလေယာဉ် ပျောက်ဆုံးမှုက ကမ္ဘာလုံးဆိုင်ရာ သတင်းတစ်ပုဒ် ဖြစ်နေပြီး အခုအချိန်အထိ ရှာမတွေ့သေးတာကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

လွှတ်တော်ရှေ့မှာရှိနေတဲ့ ခြင်္သေ့ကြီးတွေမှာ အထီး/အမ အင်္ဂါ ပါတယ်၊ မပါဘူးဆိုပြီး သတင်းလုပ်နေ၊ ငြင်းခုန်နေတဲ့ မြန်မာ့နိုင်ငံရေးကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

စာပေဟောပြောပွဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ အစိုးရမကောင်းကြောင်း၊ ဒေါ်စုသာ ကယ်တင်ရှင် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မှာ ပြည်သူတွေ အကင်းပါးကြဖို့လိုကြောင်း စသည် စသည်ဖြင့် ပြောဆို စည်းရုံး မဲဆွယ်နေကြတဲ့ ဟောပြောပွဲတွေကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

မျိုးစောင့်ဥပဒေဟာ မြန်မာနိုင်ငံအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ပြောနေကြသူတွေနဲ့ အဲဒီဥပဒေဟာ အပေါက်စောင့်ဥပဒေပဲလို့ ဝေဖန်နေကြသူတွေအကြား အငြင်းပွားကြ၊ စောင်းကြ၊ မြောင်းကြ၊ ပုတ်ခတ်ကြ၊ ဝေဖန်ကြ၊ ရေးသားကြ၊ ဆဲဆိုကြ၊ ကြိမ်းမောင်းကြ၊ လက်ခမောင်းခတ်ကြ၊ ..... ကြတာကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

အခြေခံဥပဒေကို မပြင်ဆင်ပေးရင် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ နှပ်ကြောင်းပေးလာကြတာကိုလည်း ကျွန်တော်စိတ်ဝင်စားတယ်။

လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းဖို့အတွက် ပြည်ထောင်စု လွှတ်တော်က ကြိုးပမ်းနေကြပြီဆိုတဲ့ သတင်းနဲ့အတူ အဲဒီဥပဒေထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ပြန်လည်ရုပ်သိမ်းဖို့အတွက် တိုင်တန်းနိုင်တယ် ဆိုတဲ့ပြဋ္ဌာန်းချက် ပါတယ်ဆိုတာကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

အမေရိကန်နဲ့ အပေါင်းအပါတွေက ကန့်ကွက်နေတဲ့ကြားက ခရိုင်းမီးယားဒေသကို ရုရှားပိုင်နက်ထဲ ထည့်သွင်းကြောင်း အတည်ပြု လက်မှတ်ရေးထိုးခဲ့တဲ့ သမ္မတပူတင်ရဲ့ လုပ်ရပ်ကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

သူတို့သာလျှင် အယုံကြည်ရဆုံး မီဒီယာပါလို့ ကြွေးကြော်ထားတဲ့ မီဒီယာတစ်ခုနဲ့ အခြားမီဒီယာတွေ တိတ်တိတ်ပုန်း နည်းလမ်းတွေနဲ့ အပြန်အလှန် ဖဲ့ကြ၊ ဆော်ကြ၊ နှက်ကြ၊ ထိုးကြ၊ ကစ်ကြ၊ ညစ်ကြ၊ ခြေထိုးကြ၊ အဆင်းတွန်းကြ၊ နောက်ကြောဓားနဲ့ထိုးကြ၊ ချောင်းရိုက်ကြ၊ စတာတွေကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

ကျွန်တော့်ဘလော့ဂ်ကို လာဖတ်ကြတဲ့သူတွေရဲ့ အမြင်တွေ ဘယ်လိုရှိသလဲ ဆိုတာကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်၊ သောကြာနေ့။
နံနက် ၇ နာရီ ၅၄ မိနစ်တွင်ပြီး၏။

နိုင်ငံရေးကာတွန်းများ (၂၀၁၄ မတ် ၂၁ စုစည်းတင်ပြမှု)


ပို့စ်တွေ မတင်ဖြစ်တာလည်း အတော်ကြာသွားပြီဆိုတော့ ဘယ်ကနေစပြီး ပြန်ရေးရမလဲ မသိဘူး။ စာမေးပွဲ ကိစ္စတွေကြောင့် မြန်မာ့နိုင်ငံရေးနဲ့လည်း နှစ်ပတ်လောက် အဆက်ပြတ်သလို ဖြစ်သွားခဲ့ရတယ်။ အဲဒီတော့ မြန်မာ့နိုင်ငံရေးကိုလည်း မတို့မထိချင်သေးဘူး။ အခုမှ သတင်းဟောင်းတွေ၊ ဆောင်းပါးဟောင်းတွေ၊ နာမည်ကြီး ဖေ့စ်ဘုတ်တွေရဲ့ အရေးအသားတွေကို ပြန်ဖတ်နေရတယ်။ ဖတ်လို့လည်းကောင်းတယ်၊ စိတ်ဝင်စားစရာလည်း ကောင်းတယ်။ အခုတော့ ဘော်ချက်တယ်ပဲပြောပြော၊ အလွယ်လိုက်တယ်ပဲ ပြောပြော၊ ပြောချင်သလိုသာ ပြောကြပါတော့။ ပို့စ်တစ်ခု မဖြစ်မနေ တင်ချင်တဲ့အတွက် သဘောကျလို့ စုစည်းထားတဲ့ ကာတွန်းလေးတွေကို တင်ပေးလိုက်ပါတယ်။ ဖတ်ဖူးပြီးသူ အများစု ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခေါက် ထပ်ဖတ်ကြည့်ကြပါဦး။ မဖတ်ဖူးသူတွေအတွက် သဘောကျ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း။

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။

(၁) ပထမဆုံးအနေနဲ့ အဖြေမျိုးစုံ ဆိုတဲ့ ကာတွန်းတစ်ကွက်ကို တင်ပြချင်ပါရဲ့။ ဒီနေ့ခေတ် မြန်မာ့နိုင်ငံရေးမှာ အဖြေတွေနဲ့ ပတ်သက်လို့ ပြောစရာရှိတဲ့ နေရာဆိုလို့ လွှတ်တော်မှာ မေးခွန်း မေးမြန်းခြင်း၊ ဖြေကြားခြင်း ဆိုတဲ့နေရာ တစ်ခုပဲ ရှိတယ်လို့ မြင်ပါတယ်။ အဲဒီတော့ ကာတွန်းဆရာဟာ လွှတ်တော်မှာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ လာဖြေကြတဲ့ အဖြေတွေအပေါ်မှာ သဘောမကျတဲ့အတွက် ဝေဖန်တာလို့ မှတ်ယူပါတယ်။ မီဒီယာအများစုကလည်း လွှတ်တော်မှာ ဖြေဆိုကြတဲ့ အဖြေအများစုဟာ တိတိကျကျ ရှင်းရှင်းလင်းလင်း မရှိလှဘဲ ဟိုလိုလို ဒီလိုလိုတွေ များတယ်လို့ ဝေဖန်ကြမြဲ ဖြစ်ပါတယ်။ လွှတ်တော်အလေ့အကျင့် ၄ နှစ်ပင် မပြည့်တတ်သေးတဲ့ ကာလမှာ ယခုလို ဖြစ်နေတာကို ကျွန်တော်တို့တစ်တွေ စိတ်ရှည်သည်းခံ ကြရမယ်လို့ မှတ်ယူပါတယ်။ တဖြည်းဖြည်းနဲ့တော့ ပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကာတွန်းဆရာရဲ့ သရော်ချက်ကလည်း ထိမိပါရဲ့ဗျာ။ မြန်မာစကားရဲ့ ဝေါဟာရ ကြွယ်ဝမှုကြောင့်လည်း စိတ်ဝင်စားစရာ ကောင်းလို့နေပြန်ပါရော။

 

(၂) ဒီကာတွန်း တစ်ပုဒ်ကလည်း မြန်မာ့နိုင်ငံရေးမှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေကို သရော်ထားတာပါ။ သူတို့တွေ ပြောခဲ့တဲ့စကားတွေ၊ အခြားသူတွေ ပြောကြတဲ့ ကောလာဟလတွေ အပေါ်မှာ အခြေတည်ပြီး ကာတွန်းဆရာက ပုံဖော်ထားပါတယ်။ သူ့စကားနဲ့ သူ့ရာဇ၀င်ကို သိသူများအဖို့ ဘာကို ဆိုလိုတယ်ဆိုတာ အလွယ်တကူ သိနိုင်ပေမယ့် မြန်မာ့နိုင်ငံရေးနဲ့ အတန်အသင့် စိမ်းသူများအဖို့ ကာတွန်းဆရာက ဘယ်သူတွေကို သရော်ထားတယ်ဆိုတာ သိနိုင်ဖို့ ခက်ခဲပါတယ်။ မြန်မာနိုင်ငံတွင်းမှာ နေသူတွေပင်လျှင် သတင်းဂျာနယ် စုံလင်အောင် မဖတ်ဖူးသူ၊ အင်တာနက် ဖေ့စ်ဘုတ်ကို အမြဲတစေ သုံးစွဲသူမဟုတ်သူ ဖြစ်ပါလျှင် အားလုံးကို နားလည်နိုင်မည် မဟုတ်ပါ။


(၃) ဒါကလည်း အပေါ်က ကာတွန်းနဲ့ သဘောတရား အတူတူပါပဲ။ အစိုးရ တာဝန်ရှိသူအချို့ရဲ့ ပြောစကားတွေကို အခြေတည်ပြီး ကာတွန်းဆရာက သရော်ထားတာပါ။ တာဝန်ရှိသူတွေရဲ့ ပြောစကားတွေဟာ ဟာသတွေပါပဲလို့ အတိအလင်းကို ဝေဖန်ထားလေရဲ့။


(၄) နာမည်ကြီး အစိုးရတာဝန်ရှိသူ ၄ ဦးရဲ့ စကားတွေကို ပေါင်းစပ်ပြီး ကာတွန်းဆွဲထားတာ သဘောကျစရာ ကောင်းပါတယ်။ ကြံကြံဖန်ဖန် စဉ်းစားတတ်ပါပေ့လို့ပဲ ရေရွတ်ရမယ် ထင်ပါရဲ့။ ထမင်းတစ်နပ် လျှော့စားခိုင်းတာရယ်၊ မြေမပိုင်ပါဘူးဆိုတာရယ်၊ ပါးရိုက်မယ်ဆိုတာရယ်၊ နွားနို့သောက်ပါ ဆိုတာရယ်ကို ရောသမမွှေ လုပ်လိုက်တဲ့အခါ အောက်မှာမြင်ရတဲ့ ကာတွန်းလေး ဖြစ်လာတာပါပဲ။


(၅) အပေါ်ကကာတွန်းမှာ ပါတဲ့စကား ၄ ခွန်းကို နောက်ထပ် ကာတွန်းဆရာတစ်ယောက်က နောက်ထပ် အိုင်ဒီယာတစ်မျိုးနဲ့ တင်ပြသရော်လိုက်ပုံကလည်း စိတ်ဝင်စားစရာပါ။ နောင်တစ်ချိန်မှာ ကိုယ့်သားသမီး၊ မြေးမြစ်တွေက ဒီကာတွန်းတွေကို ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်အနေနဲ့ ပြန်လှန်ကြပြီး ကိုယ့်ကိုယ်များ လာမေးကြရင် ဘယ်လိုများ ပြန်ဖြေရပါလိမ့်။ ထမင်းတစ်နပ် ကိစ္စရဲ့ အပြည့်အစုံကို ပြောပြရမှာလား၊ မြေတစ်ကွက်မပိုင်ဘူးဆိုတဲ့ ၀န်ကြီးအကြောင်း ရှင်းပြရမှာလား၊ နယ်လှည့်ပြီး ပါးရိုက်ရဲတယ်လို့ ပြောတဲ့စကားတစ်ခွန်းကိုပဲ ကွက်ပြီးတော့ မီးမောင်းထိုးပြရမှာလား၊ နွားနို့သောက်ခိုင်းတာကို ဟာသတစ်ခုလုပ်ပြီး ပြန်ပြောရမှာလား၊ သို့လော သို့သော မေးခွန်းတွေနဲ့ ကျွန်တော်ကိုဉာဏ် ခေါင်းခြောက်မိကြောင်းပါ။ ဟာသအနေနဲ့ ဒီကာတွန်းတွေကို လက်ခံနိုင်ပေမယ့် သမိုင်းတစ်ခု ဖြစ်သွားမှာကိုတော့ စိုးရိမ်မိတယ်။ အဲဒီပြောစကားတွေရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို ပြည့်ပြည့်စုံစုံ မတင်ပြဘဲ လိုတဲ့အပိုင်းလေးကို ကွက်ပြီးတော့ ပြောတဲ့အခါ အဓိပ္ပါယ် တစ်မျိုးပေါက်ပါတယ်။

 

(၆) သမ္မတကြီးရဲ့ အရက်မသောက်နဲ့၊ နွားနို့သောက်လို့ ပြောတဲ့စကားကို မီဒီယာမျိုးစုံမှာ ဟာသအဖြစ် ပြောကြ၊ သရော်ကြတာ အတော်ကြီးကို အံ့သြစရာ ကောင်းမိပါတယ်။ အင်တာနက်ပေါ်က မြန်မာစာနဲ့ ရေးသားဖြန့်ဝေကြတဲ့ မီဒီယာတွေမှာလည်း နွားနို့တွေ အလျှံအပယ်၊ နွားနို့တွေ တရွှဲရွှဲနဲ့ပေါ့ဗျာ။ အပြင်က လဘက်ရည်ဆိုင်တွေမှာ တကယ်ပဲ သမ္မတကြီး ၀မ်း ဆိုတဲ့ အသုံးအနှုန်း တွင်ကျယ်နေပြီလားဆိုတာ ကျွန်တော် အတည်မပြုနိုင်သေးပါ။ အခုထိတော့ ကျွန်တော်သိသမျှ လဘက်ရည်ဆိုင်များတွင် ထိုကဲ့သို့ မမှာ၊ မပြောကြပါခင်ဗျား။

 

(၇) ဒါကတော့ နောက်ဆုံးထွက် ဟာသဗားရှင်း အသစ်ပေါ့လေ။ မနေ့တစ်နေ့ကမှ ထွက်လာတဲ့ ညွှန်ကြားချက်တစ်ခုကို အကြောင်းပြုပြီး ကာတွန်းဆရာက သရော်ထားတာပါ။ ဆွဲထားတဲ့ ပုံလေးတွေက ဘာမျှ အထူးအထွေ မပါပေမယ့် ရေးထားတဲ့ စာလေးက ထိရောက်ပါတယ်။ အိမ်သာဘေးမှာ ရေပုံးလေး ချထားတာကို ပြတယ်။ နောက်က သတိပေးစာက ကိစ္စပြီးလျှင် ၃ ပုံး လောင်းပါတဲ့။ ရိုးရိုးလေးတွေးရင် ရိုးရိုးလေးပေါ့လေ။ နိုင်ငံရေးလေး ထည့်တွေးတော့လည်း သဘောကျစရာ၊ ပြုံးချင်စရာလေးဗျ။ ၀န်ထမ်းတွေအနေနဲ့ လက်ဆောင်ပစ္စည်းတွေကို လက်ခံတဲ့အခါ ငွေကျပ် ၃ သိန်းအောက်ပဲ ယူရမယ်လို့ ညွှန်ကြားချက် ထွက်တယ်ဆိုတဲ့ သတင်းလေးကို ကာတွန်းဆရာ သရော်လိုက်၊ ကလိလိုက်ပုံက အောက်မှာမြင်ရတဲ့ အတိုင်းပါပဲခင်ဗျာ။


အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်၊ သောကြာနေ့။
နံနက် ၇ နာရီ ၃၀ မိနစ်။

Thursday, February 06, 2014

အလုပ်လုပ်ခိုင်းတဲ့ ၀န်ကြီး၊ စာဖတ်ခိုင်းတဲ့ ၀န်ကြီးကို ဖွကြပါဦး


ကဲ နွားနို့သောက်ခိုင်းတာ၊ ထမင်းတစ်နပ် လျှော့စားခိုင်းတာ၊ နယ်လှည့်ပါးရိုက်တာတွေကို ဖွခဲ့တဲ့ ကိုကို၊ မမတို့ရဲ့ ဘယ်မီဒီယာကများ ပြည်သူတွေကို သက်သက်သာသာ မထားဘဲ၊ ပင်ပန်းအောင် အလုပ်လုပ်ခိုင်းတဲ့ ၀န်ကြီး၊ ပြည်သူတွေ မျက်စိမွဲ၊ ခေါင်းခြောက်ဖြစ်အောင် စာဖတ်ခိုင်းတဲ့ ၀န်ကြီးလို့ ဖွကြဦးမလဲ။ ဖွကြပါဦးဗျာ။ မြန်မာ့နိုင်ငံရေးက တစ်ခုတစ်လေမျှ ငြင်းခုန်ရတာ၊ ဝေဖန်ရတာ၊ ဆဲဆိုရတာ မရှိဘူးဆိုရင် ပျင်းစရာကြီးဗျ။


ကိုယ့်နိုင်ငံကို တိုးတက်ကြီးပွားအောင် ဆောင်ရွက်ဖို့အတွက် အစိုးရပိုင်းက ဘယ်လိုဆောင်ရွက်သင့်ပါတယ်၊ ဘယ်နေရာတွေမှာတော့ အစိုးရက အားနည်းနေပါတယ်၊ အတိုက်အခံတွေကလည်း ဘယ်နေရာတွေမှာ အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်သင့်ပါတယ်၊ နိုင်ငံတိုးတက်ဖို့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်၊ ပြည်သူတွေကလည်း ဒီမိုကရေစီ နိုင်ငံသားကောင်းတွေ ပီသအောင် ဘယ်လိုအကျင့်စရိုက်တွေကို ပြုပြင်သင့်ပါတယ်၊ ဘယ်လိုညီညီညွတ်ညွတ်နဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ နိုင်ငံပြုပြင်တည်ဆောက်ရေးတွေမှာ ၀ိုင်းဝန်းကူညီ လက်တွဲဆောင်ရွက်သင့်ကြပါတယ်၊ ကျွန်တော်တို့ မီဒီယာတွေကလည်း စတုတ္ထမဏ္ဍိုင် ပီသစွာနဲ့ အလယ်ကနေ တည့်တည့်ရပ်ပြီး အမှန်တရားဘက်ကနေပဲ ရေးသားထောက်ပြ ဝေဖန်အကြံပြုရင်း ထိန်းကျောင်းကြပါမယ်လို့ ဘယ်သူတောင်းစား ဂျာနယ်၊ မဂ္ဂဇင်းကများ စေတနာ အပြည့်အ၀နဲ့ တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်ဆောင်ရွက်နေသလဲ။ (သူတောင်းစား ဆိုတဲ့ စကားလုံးအတွက် စာဖတ်သူတွေကို တောင်းပန်ပါတယ်။ ကျွန်တော်ကိုဉာဏ် ဘယ်လိုမှကို သည်းမခံနိုင်တော့လို့ပါ။ အခု မြန်မာ့နိုင်ငံရေး ရှုပ်ထွေးပွေလီ ဖြစ်နေရတဲ့ အဓိက အကျဆုံးသော အချက်တစ်ခုက သောက်သုံးမကျတဲ့ မီဒီယာတွေကြောင့် ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်လို့ပါ။ မြန်မာတွေက ရိုင်းရိုင်းပြောမှ မှတ်မိတယ်ဆိုတာ သိပ်မှန်တယ်။ အဲဒါကြောင့်ပါ။ ရိုင်းမှန်းသိပေမယ့်၊ မသုံးနှုန်းသင့်မှန်း၊ မရေးသင့်မှန်း သိပေမယ့် သိသိနဲ့ မိုက်တဲ့ ကျွန်တော်ကိုဉာဏ် လူမိုက်ကြီးကို နားလည်ပေးပါ။ ဆဲဆိုပါကလည်း ခံယူရန် အသင့်ပါ။)

တစ်နေ့တစ်နေ့ ထွက်သမျှ ဂျာနယ်၊ မဂ္ဂဇင်းတိုင်းမှာ သောက်ရေးမပါတဲ့ ဘယ်ဝန်ကြီးက ဘယ်လိုပြောတယ်၊ ဘယ်အမတ်က ဘယ်လိုပြောတယ်၊ ၂၀၁၅ အတွက် ဘယ်သူကတော့ သမ္မတ ဖြစ်သင့်တယ်၊ ဘယ်သူကတော့ မဖြစ်သင့်ဘူး စတဲ့ အရေးကိစ္စတွေနဲ့ပဲ စာဖတ်သူတွေကို အပေါဆုံး စည်းရုံးဆွဲဆောင် ထားကြတယ်။ သောက်ရေးမပါတဲ့၊ ဘာမျှလည်း ပြန်လုပ်လို့ မရတော့တဲ့ ဘယ်တုန်းကတော့ ဘယ်ဗိုလ်ချုပ်ကြီးက ဘယ်လိုလုပ်ခဲ့တာ၊ ဘယ်တုန်းကကိစ္စကို ဘယ်လိုအရေးယူသင့်တယ် စတာတွေနဲ့ပဲ အနာဟောင်းကို ပြန်ဆွပြီး ပြည်သူကို သွေးကြွအောင် မြှောက်ပေးနေကြတယ်။ ဟုတ်၏၊ မဟုတ်၏ ဆိုတာ ဂျာနယ်တွေ အသိဆုံးပါ။ ဘယ်ဂျာနယ်က ဘယ်သောက်ချိုးဆိုတာ စာဖတ်သူ အတော်များများ သိထားကြပြီးသားပါ။

ကဲ... အလုပ်လုပ်ခိုင်းတဲ့ဝန်ကြီး၊ စာဖတ်ခိုင်းတဲ့ဝန်ကြီး၊ ပြည်သူတွေကို ဆရာလုပ်တဲ့ ၀န်ကြီး ဆိုပြီးတော့ ဘယ်သကောင့်သားက ဖွဦးမလဲ ကြည့်ကြသေးတာပေါ့။ ကျွန်တော်ကိုဉာဏ်ရဲ့ ဒေါသများလည်း ဤနေရာတွင် တစ်ခန်းရပ်ဦးမည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၂ နာရီ ၄၄ မိနစ်တွင်ပြီး၏။

Saturday, January 25, 2014

ဒေါ်အောင်ဆန်းစုကြည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉-စ ပြင်ဆင်ရေး၊ လက်ရှိမြန်မာ့နိုင်ငံရေးနှင့် ကျွန်တော့်အတွေးများ


လူတိုင်းသိပြီးသားကိစ္စမို့ အထူးအထွေပြောရန်မလိုပေ။ ပါတီတစ်ခုက၊ တိတိကျကျ ပြောရလျှင် NLD ပါတီက သူတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ တွင် သမ္မတဖြစ်စေလိုသည်။ ပါတီက ဖြစ်စေချင်သည် ဆိုသည်ထက် ဒေါ်စုကိုယ်တိုင်ကလည်း သမ္မတလုပ်ချင်သည်။ ဆဲဆိုသံများကို ဂရုမထား၊ အရေးမစိုက်၊ လျစ်လျူရှု၍ မညှာတမ်း ဝေဖန်သုံးသပ်ရလျှင် တိုင်းပြည်အတွက် ဆိုသည်ထက် သူ့ဂုဏ်သိက္ခာအတွက်၊ အနောက်စပွန်ဆာများ၏ ဂုဏ်သိက္ခာအတွက် သမ္မတဖြစ်လိုခြင်း ဖြစ်သည်ဟု ဝေဖန်သုံးသပ်လိုသည်။ ကျွန်တော့်အယူအဆနှင့် ပတ်သက်၍ ငြင်းခုန်နိုင်ပါသည်၊ ပြစ်တင်နိုင်ပါသည်၊ ဝေဖန်နိုင်ပါသည်၊ ဆဲဆိုနိုင်ပါသည်။

ဒေါ်စုသမ္မတဖြစ်လျှင် မြန်မာနိုင်ငံကြီး ဒီထက်ပိုကောင်းမည်ဟု ပြောသူများကို မည်ကဲ့သို့ ဝေဖန်ရမည်နည်း ဆိုသည်ကို ကျွန်တော်စဉ်းစားမရပါ။ ဒေါ်စုသည် ကယ်တင်ရှင် မဟုတ်ပါ။ ဒေါ်စုသည် ဖန်ဆင်းရှင် မဟုတ်ပါ။ ဒေါ်စုသည် Superman မဟုတ်ပါ။ ဒေါ်စုသည် တန်ခိုးရှင် မဟုတ်ပါ။ ဒေါ်စု၏ တော်သော အရည်အချင်းများ၊ မာကျောသော စိတ်ဓာတ် စသည်တို့ကို အသိအမှတ်ပြုပါသည်။ သို့သော် မြန်မာ့နိုင်ငံရေးတွင် အဆိုပါ အချက်များရှိရုံမျှဖြင့် အလုံးစုံ ကောင်းမွန်လာလိမ့်မည်ဟု မျှော်လင့်မထားသင့်ပါ။ အစွဲကင်းကင်း၊ အမြင်ရှင်းရှင်းဖြင့် ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေများကို သုံးသပ်ကြစေလိုပါသည်။ မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးပွေလီ စည်းကမ်းမဲ့လှလွန်းသည့် အကျင့်စရိုက်များကို ဦးစွာပြင်ဆင်ကြဖို့ လိုပါသည်။ သို့မဟုတ်ပါမူ ဒေါ်စုသာမဟုတ်၊ သိကြားမင်းဆင်းလာပြီး သမ္မတလုပ်လျှင်ပင် မြန်မာနိုင်ငံကြီး ကောင်းလာစရာ မရှိပါ။ ဤသည်လည်း ကျွန်တော့်တွေးဆချက်သာ ဖြစ်သဖြင့် ဝေဖန်နိုင်ပါသည်၊ ငြင်းခုန်နိုင်ပါသည်၊ ဆန့်ကျင်နိုင်ပါသည်၊ ဆဲဆိုနိုင်ပါသည်။

ကျန်တာတွေကို ခေတ္တခဏ မေ့ထားကြဦးစို့။ အဓိကပြောလိုသည့် အကြောင်းအရာကို ဦးတည်ပါမည်။ ၂၀၁၅ တွင် ဒေါ်စုက သမ္မတဖြစ်ချင်သည်။ သူ့ကို ထောက်ခံကြသူတွေကလည်း ဒေါ်စုကို သမ္မတ ဖြစ်စေချင်သည်။ ထိုအထဲတွင် အနောက်စပွန်ဆာအားလုံး အပါအ၀င်ဖြစ်သည်။ ဒါက လက်ရှိအခြေအနေတွင် ကျွန်တော်တို့ မြင်တွေ့သိရှိနေရသည့် လိုလားချက်ဖြစ်ပါသည်။

ဆိုခဲ့ပါ လိုလားချက် အမှန်တကယ် ဖြစ်လာနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်ကို လေ့လာကြည့်သော် မဖြစ်နိုင် ဟူသည့် အဖြေကို တွေ့ရပါသည်။ ဥပဒေအရ မဖြစ်နိုင်ခြင်း ဖြစ်ပါသည်။ ဥပဒေဆိုရာတွင်ပင် သီးသန့်ဥပဒေ တစ်ရပ်ရပ်အရ မဖြစ်နိုင်ခြင်း မဟုတ်ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်နိုင်သည့် အနေအထားကို တွေ့ရပါသည်။ အဖြေကတော့ ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုကြောင့် ဖြစ်ပါသည်။ ပုဒ်မ ၅၉-စ ဖြစ်ပေသည်။ ဤကား ပကတိ အမှန်တရား။


ဥပဒေအရ မဖြစ်နိုင်သည်ကို ကျွန်တော်တို့ သိရချေပြီ။ ဒေါ်စုနှင့် သူ့ထောက်ခံသူများကလည်း သမ္မတ ဖြစ်ကိုဖြစ်ရမည်ဟု ဆန္ဒရှိကြချေသည်။ မည်သို့လုပ်ဆောင်ကြမည်နည်း။ အဖြေကလည်း အဆင်သင့် ရှိပြီးဖြစ်ပါသည်။ ဥပဒေအရ ဖြစ်ခွင့်မရှိသည့် အခြေအနေကို ဥပဒေအရ ပြင်ဆင်နိုင်ရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။ ဤကား မလုပ်မဖြစ် လုပ်ကိုလုပ်ရမည့် နည်းလမ်းအဖြေ ဖြစ်ပါသည်။ ထိုအဖြေကို မတွက်ဘဲ ဒေါ်စု သမ္မတဖြစ်စရာအကြောင်း လုံးဝ မရှိပါချေ။

ရှင်းရှင်းပြောရလျှင် ဒေါ်စု သမ္မတဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉-စ ကို ပြင်ဆင်နိုင်ဖို့ လိုအပ်သည်။ ဒေါ်စုနဲ့ NLD က ထိုပုဒ်မကို ပြင်လိုသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီဘူး၊ ဘာဘူးညာဘူးဟု အသံဟစ်လိုက်သည်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံက အခြေခံဥပဒေမျှ ရေပက်မ၀င်၊ ခြောက်ပစ်ကင်း၊ သဲလဲစင် ပြည့်စုံကောင်းမွန်သည့် ဥပဒေမဟုတ်ကြ။ ဟိုခေတ်ရောက်ရင် ဟိုလိုပြင်လိုက်၊ ဒီခေတ်ရောက်ရင် ဒီလိုပြင်လိုက် စသည်ဖြင့် ခေတ်ကာလအခြေအနေ၊ အချိန်ရေစီးအရ လိုအပ်သလို ပြင်ဆင်ပြုပြင် ပြောင်းလဲခဲ့ကြတာချည်း ဖြစ်ပါသည်။ မြန်မာ့အခြေခံဥပဒေကရော ဘာမို့နည်း။ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ တသီကြီးရှိတာ လူတိုင်းသိသည်။ ဘာမျှ ထူးဆန်းသည့် ကိစ္စမဟုတ်။ ဒေါ်စုသမ္မတဖြစ်ရေးအတွက် ပုဒ်မ ၅၉-စ ကို ပြင်ချင်တာနှင့်ပဲ မီဒီယာနှင့် နိုင်ငံရေးသမားတွေ ပူးပေါင်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့ မပြင်လျှင်ပဲ မြန်မာနိုင်ငံသည် မနက်ဖြန် ငရဲပြည် ဖြစ်သွားတော့မည့် ပုံစံမျိုး လုပ်လာ၊ ပြောလာ၊ ရေးလာ၊ မှိုင်းတိုက်လာကြသည်ကို တွေ့လာရပါသည်။

အခြေခံဥပဒေသည် ၃ နှစ်သားသာ ရှိပါသေးသည်။ ၃ နှစ်သားလေးကို ရေလည်းကူးတတ်စေချင်သည်၊ စာလည်းတော်စေချင်သည်၊ သီချင်းလည်း ဆိုတတ်စေချင်သည်၊ ဂီတတူရီယာတွေလည်း တီးခတ်တတ်စေချင်သည်၊ ပန်းချီလည်း ဆွဲတတ်စေချင်သည်၊ ကဗျာလည်း စပ်တတ်စေချင်သည်၊ ပိဋကတ်စာတွေတွေ၊ ကမ္ဘာ့ဂန္ထ၀င် စာပေတွေနှင့်လည်း ထိတွေ့စေချင်သည်၊ စသဖြင့် စသဖြင့် လိုလားချက်များစွာဖြင့် ပုံစံသွင်းဖို့ ကြိုးစားကြခြင်းသည် သင့်၊ မသင့် ဆိုသည်ကို စဉ်းစားကြစေလိုပါသည်။ ကျွန်တော့်သဘောကဖြင့် သူ့အသက်အရွယ်နှင့်သူ လိုက်လျောညီထွေဖြစ်အောင် ပဲ့ပြင်သွန်သင် သင်ကြားပေးခြင်းကသာ အကောင်းဆုံးဖြစ်မည် ဟူ၍ပင်။ ဤနေရာတွင်လည်း လွတ်လပ်စွာ အမြင်သဘောထား ကွဲလွဲနိုင်ကြပါသည်။ ကျွန်တော့်အယူအဆကို တင်ပြခြင်းသာ ဖြစ်ပါသည်။

၅၉-စ ကို ပြင်ချင်သည်။ ပြင်ဖို့လုပ်နေသည်။ ဟုတ်ပြီ.... ပြင်ဖို့အတွက် ဘာတွေလိုအပ်သနည်း။ ဘာတွေ လုပ်ရမည်နည်း။ ၅၉-စ ကို ပြင်ဆင်ဖို့အတွက် အဓိက Key Player များ ရှိကြပါသည်။ မည်သူတွေ ဖြစ်ကြသည်ဟု ကျွန်တော်ထင်မြင်သူများမှာ အခြားသော နိုင်ငံရေးစိတ်ဝင်စားသူများ တွက်ဆပြောဆိုကြသည့် အတိုင်းပင် ဖြစ်ပါသည်။ အထွေအထူး မဟုတ်ပါ။ တင်ပြရပါလျှင်-
(၁) လွှတ်တော်တွင်း အမတ်အင်အား အများဆုံးဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ
(၂) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(၃) ပြည်သူလူထု
စသည်တို့ ဖြစ်ကြပါသည်။

ယခုကဲ့သို့ ပြောခြင်းမှာ မိမိသဘောအရ စိတ်ကူးထင်မြင်ရာ ပြောခြင်းမဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြောဆိုခြင်းဖြစ်ပါသည်။ ပုဒ်မ ၅၉-စ ကို ပြင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်ကဲ့သို့ ပြဋ္ဌာန်းထားသည်ကို လေ့လာပါမည်။



အထက်တွင် ပြောခဲ့သည့်အတိုင်း အဓိကပလေယာ ၃ ဦး၊ တစ်နည်း အဆင့် ၃ ဆင့်ကို ကျော်ဖြတ်နိုင်ပြီးလျှင်ပင် ဒေါ်စု သမ္မတ ဖြစ်လာမည်ဟု တတ်အပ်သေချာ ပြောနိုင်သေးသည် မဟုတ်ပါချေ။ နောက်ထပ် လိုအပ်ချက်တစ်ခုမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အနည်းဆုံး အမတ်နေရာ ၂၅၀ အနိုင်ရရှိမှသာလျှင် ဒေါ်အောင်ဆန်းစုကြည် ဒုတိယသမ္မတ ဖြစ်ခွင့်ရှိပါလိမ့်မည်။ နောက်ထပ် လိုအပ်ချက်အဖြစ် သမ္မတဖြစ်လိုသည်ဆိုလျှင် NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်နေရာပေါင်း အနည်းဆုံး ၃၃၂ နေရာ အနိုင်ရရှိရန် လိုအပ်ပါမည်။

၅၉-စ ကို ပြင်ဆင်ရန်အတွက် ပြည်သူလူထုကို အရင်ဆုံး စည်းရုံးနေခြင်းသည် သဘောရိုး ဟုတ်မဟုတ် ဉာဏ်ရှေ့ပန်း၍ စဉ်းစားကြစေလိုပါသည်။ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ပုဒ်မ ၄၃၆-က ပါအတိုင်း ပြင်ဆင်ရန်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် နောက်ဆုံးအဆင့် ဖြစ်ပါသည်။ ရှေ့တွင် လုပ်ဆောင်ရမည့် အဆင့်များ ကျန်ရှိနေပါသေးသည်။ ပထမအဆင့် ပြည်ထောင်စုလွှတ်တော်တွင်း အမတ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံချက် ရရှိရေးသည် လွယ်သည့်ကိစ္စ မဟုတ်ပါချေ။ ပြိုင်ဘက်ပါတီဖြစ်သည့် NLD မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ရရှိရေးအတွက် အခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်ခိုင်ဖြိုးပါတီက ထောက်ခံပေးရမည့် ကိစ္စကို ငှက်ပျောသီးစားသည်ဟု မမှတ်ယူစေလိုပါ။ ထိုမျှလောက် မလွယ်ကူပါ။ ပြည်ခိုင်ဖြိုးပါတီကလည်း အဲဒီလောက် ရူးလိမ့်မည်ဟု ကျွန်တော်မထင်ပါ။ ပြည်ခိုင်ဖြိုးပါတီက ရူး၍ဖြစ်စေ၊ ကြောင်၍ဖြစ်စေ ထောက်ခံသည်ပဲ ဆိုကြပါဦးစို့။ ဒုတိယအဆင့်အဖြစ် "ကျော်" ဆိုသော စကားလုံးအတွက် ကြိုးပမ်းရပါဦးမည်။ (၇၅ ရာခိုင်နှုန်းကျော်) ဟု အခြေခံဥပဒေက ဆိုထားသည် မဟုတ်ပါလား။ "ကျော်" ဟူသည့် စကားလုံးအတွက် အဓိကပလေယာက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါသည်။ တပ်မတော်အကြီးအကဲ အနေဖြင့် ဒေါ်စုကို ယုံကြည်လက်ခံ ထောက်ခံလိမ့်မည်ဟု မည်သူကမျှ တတ်အပ်သေချာ မပြောနိုင်ပါချေ။ ကာချုပ်က ဒေါ်စုကို ထောက်ခံပေးရန်အတွက် ဒေါ်စုကြိုးပမ်းဖို့ လိုပါသည်။ လွှတ်တော်တွင်း လုပ်ငန်းစဉ် အားလုံးပြီးဆုံး၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် ဆိုသည့်ကိစ္စမှာ လွယ်မည့်ကိစ္စမဟုတ်မှန်း စာဖတ်သူလည်း သိမြင်လိမ့်မည်ထင်ပါသည်။

ထိုထိုသော အကြောင်းအချက်များကို စဉ်းစားမိပြီးသည့်နောက် ကျွန်တော့်တွင် မေးခွန်းများ ရှိလာပါသည်။ ပုဒ်မ ၅၉-စ ကို ပြင်ဆင်နိုင်မည်လား။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ချင်တာ ဘာကြောင့်လဲ။ ဒေါ်စု သမ္မတဖြစ်လျှင်ရော ဘာတွေဖြစ်လာမှာလဲ။ ပုဒ်မ ၅၉-စ ကို မပြင်နိုင်ဘူးဆိုလျှင်ရော ဘာတွေ ဆက်ဖြစ်မှာလဲ။ လက်ရှိအချိန်တွင် ဒေါ်စုအနေဖြင့် အခြေခံဥပဒေပြင်ဖို့ လူထုကို အသည်းအသန် စည်းရုံးနေတာ၊ ဟောပြောနေတာ ဘာကြောင့်လဲ။ အခြေခံဥပဒေပြင်ဆင်ရေးဟာ အဲလောက်အထိ အသည်းအသန်လုပ်ဖို့ လိုအပ်နေပြီလား။ လွှတ်တော်အမတ် တစ်ဦးအနေဖြင့် လွှတ်တော်တွင်း စည်းရုံးရေး လုပ်ငန်းများကို ဦးစွာမဆောင်ရွက်ဘဲ အဘယ်ကြောင့် လူထုကို လမ်းပေါ်ထွက်လာအောင်၊ လူစုလူဝေး ဖြစ်လာအောင် စည်းရုံးဟောပြောမှုများ ပြုလုပ်လာပါသနည်း။ အဆိုပါ မေးခွန်းများဖြင့် ကျွန်တော်ကိုဉာဏ် ချာချာလည်နေကြောင်းပါ။

မိတ်ဆွေများရဲ့ အမြင်များကိုလည်း သိလိုလှပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်၊ စနေနေ့။
နံနက် ၀၀ နာရီ ၁၆ မိနစ်တွင်ပြီး၏။

Thursday, December 12, 2013

27th SEA GAME, MYANMAR 2013


နိဒါန်း
အချို့သော အားကစားနည်းတွေကို ကြိုတင်ကျင်းပခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲရဲ့ ပထမဆုံး ရွှေတံဆိပ်ဆုကိုလည်း မြန်မာ့ရိုးရာခြင်းလုံးအသင်း (အမျိုးသမီး) က ရရှိခဲ့ပါတယ်။ မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲတွေမှာ မြန်မာအသင်းတွေ ပြတ်ပြတ်သားသား အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ အခြားနိုင်ငံတွေက ဝေဖန်တာကို နားလည်နိုင်ပေမယ့် အချို့သော မြန်မာတွေက ကိုယ်နိုင်မယ့်ဟာကို ကိုယ်ထည့်တယ်တို့၊ ကိုယ့်ခြင်းလုံးမှ ကိုယ်မနိုင်ရင် အကုန်လုံးကို သတ်ပစ်ဖို့ပဲရှိတယ်တို့ စတဲ့စတဲ့ နားထောင်လို့တောင် မကောင်းလှတဲ့ စကားသံတွေနဲ့ ဝေဖန်ကြတာကိုလည်း ကြားရဖတ်ရပါတယ်။ အာဆီယံနိုင်ငံထဲက ဘယ်နိုင်ငံကရော သူတို့တွေဆီမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတိုင်း သူတို့ရိုးရာ အားကစားနည်း တစ်ခုတစ်လေမျှ ထည့်သွင်းခြင်းမရှိဘဲ အိုလံပစ်အားကစားနည်းတွေကိုချည်းပဲ ထည့်သွင်းယှဉ်ပြိုင်တာ ကြားဖူးလို့လဲ။ အခုအချိန်မှာ မြန်မာ့ရိုးရာ ခြင်းလုံးဆိုတာ မြန်မာတွေရဲ့ မူပိုင်အားကစားလို့ ထင်မှတ်နေကြသူ အချို့ဟာ နောင်ကမ္ဘာတည်သရွေ့ ဒီအားကစားဟာ မြန်မာ့ရိုးရာအဖြစ်သာ ဆက်လက်ရှိသွားလိမ့်မယ်လို့ တွေးထားကြပုံပါပဲ။ ဘောလုံးအားကစားနည်းဟာ ဘယ်သူတွေရဲ့ အားကစားနည်းလဲဆိုတာ ပြန်စဉ်းစားကြစေချင်ပါတယ်။ အခုအချိန်မှာ ဘောလုံးအားကစားကို တီထွင်ခဲ့တယ်ဆိုတဲ့ နိုင်ငံခမျာ ခြေစစ်ပွဲအောင်ဖို့တောင် အတော်ကြီးကို ရုန်းကန်ခဲ့ရတာ မဟုတ်လား။ ဂေါက်သီးအားကစားကို တီထွင်ခဲ့တဲ့ နိုင်ငံလည်း အခုအချိန်မှာ ဂေါက်သီးနဲ့ ပတ်သက်ပြီး ဘယ်လောက်များ လောက်လောက်လားလား ရှိလို့လဲဗျာ။ အဲဒီ ဂေါက်သီးဘိုးအေ နိုင်ငံကြီးက နိုင်ငံသားတွေကပဲ ပြိုင်ပွဲတိုင်းမှာ ဆုတွေရနေကြတာလားဗျ။ ဝေဖန်တဲ့လူတွေကို တစ်ခုတော့ ချီးကျူးအသိအမှတ် ပြုချင်ပါတယ်။ သူတို့တွေဟာ အဲဒီအားကစားတွေ ထည့်သွင်းကျင်းပတဲ့အတွက် မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံတွေက တစ်မျိုးမြင်ကြမှာ၊ အထင်သေးကြမှာကို မခံချင်ဘူးဆိုတဲ့ စိတ်အခံလေး ရှိလို့ဖြစ်ပါလိမ့်မယ်။ ကိုယ့်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အချိန်မှာ သမာသမတ်ကျကျ အဆင့်အတန်းမြင့်မြင့် ယှဉ်ပြိုင်စေချင်တဲ့ စိတ်ဓာတ်ရှိနေတာကို အသိအမှတ် ပြုရပါတယ်။

သမိုင်းဝင် ဖွင့်ပွဲအခမ်းအနား
မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့ဖူးသမျှ အခမ်းအနားတွေထဲမှာ ပြောစရာအဖြစ်ဆုံးနဲ့ အခမ်းနား အထည်ဝါဆုံး ဖွင့်ပွဲအခမ်းအနား ဖြစ်ပါတယ်။ ဂုဏ်ယူရပါတယ်... ၀မ်းမြောက်ရပါတယ်။ ပျော်ရွှင်ရပါတယ်... ကျေနပ်ရပါတယ်။ မြန်မာဆိုတာ ဒီလိုနိုင်ငံကွလို့ အခြားနိုင်ငံတွေကို ကြေညာမောင်းခတ်ပြီးသား ဖြစ်သွားတယ်လို့ မြင်ပါတယ်။ ထင်မှတ်မထားလောက်အောင် ထည်ဝါခံ့ညား တင့်တယ်အံ့ဘနန်း ဖြစ်လှပါပေတယ်။ ဘယ်မြန်မာပြည်သူ တစ်ဦးတစ်ယောက်ကမျှ ဒီလိုအခမ်းအနားကြီး ဖြစ်လာလိမ့်မယ်လို့ ထင်မှတ်ထားကြမှာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံသားတွေတောင် မင်သက်အံ့သြသွားရရင် အခြားနိုင်ငံတွေအတွက်ဆို ပိုလို့တောင် အံ့သြဘနန်း ဖြစ်ရပါလိမ့်မယ်။ မကျင်းပဖြစ်တာ မေ့လောက်အောင် ကြာခဲ့ပြီဖြစ်တဲ့ နိုင်ငံတစ်ခုက အခုမှ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတဲ့ အခမ်းအနားကို ဒေသတွင်းမှာ အဆင့်အတန်းအမြင့်ဆုံး အခမ်းအနားတစ်ခုဖြစ်အောင် အဆင့်မီ၊ တန်းမီ၊ ဒေါက်မီ လုပ်ပြသွားတာကို အခြားနိုင်ငံတွေ အံ့အားသင့်ကြမှာ မလွဲပါဘူး။ ရုပ်မြင်သံကြားကနေ လာနေတဲ့ အခမ်းအနား အစီအစဉ်တွေကို ကြည့်ရင်းနဲ့ ကြက်သီးတွေထပြီး ကျေနပ်ပီတိ ဖြစ်ရပါတယ်။ အဲဒီအတွက် တာဝန်ရှိသူများ အပါအ၀င်၊ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသူ အားလုံးကို နိုင်ငံသားတစ်ဦးအနေနဲ့ ကျေးဇူးတင်ရပါတယ်။ ကျွန်တော်တို့အတွက် ဂုဏ်ယူစွာ ပြောစမှတ်ဖြစ်အောင် လုပ်ပေးခဲ့တဲ့ သူတွေကို မမေ့မလျော့ ကျေးဇူးတင်ပါတယ်။

အကောင်းဆုံး ယှဉ်ပြိုင်နိုင်ကြပါစေ
အခြားသော အားကစားနည်းတွေကို ဆက်လက်ယှဉ်ပြိုင်ကြဦးမှာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံအတွက် ရွှေဆုတွေ ရစေချင်တဲ့ ဆန္ဒရှိပေမယ့် သန့်ရှင်းမျှတစွာ ယှဉ်ပြိုင်ရင်း အခြားနိုင်ငံတွေက ကိုယ့်ထက်သာလွန်နေလို့ ဆုတံဆိပ်တွေနဲ့ ဝေးခဲ့လျှင်လည်း နားလည်ပေးနိုင်ရပါမယ်။ ပြီးခဲ့တဲ့အကြိမ် ပြိုင်ပွဲတုန်းက အဆင့် ၇ လောက်မှာ ရပ်တည်ခဲ့တဲ့ နိုင်ငံတစ်ခုက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အချိန်ကမှ ပထမနေရာမှာ ရပ်တည်သွားတယ် ဆိုတာမျိုးကတော့ မသင့်လျော်သလို မဖြစ်နိုင်တဲ့ အရာပါ။ အဲဒီပကတိတရားကို ကျွန်တော်တို့တွေ နားလည်ရပါမယ်။ ရသလောက် ရွှေတံဆိပ်တွေ ရယူဖို့ဖြစ်ပေမယ့် ကျွန်တော်တို့တွေရဲ့ အဓိကရည်မှန်းချက်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အားကစားပြိုင်ပွဲကြီးကို အဆင်ပြေပြေ၊ ချောချောမွေ့မွေ့၊ သန့်သန့်ရှင်းရှင်း၊ မျှမျှတတ၊ ဖော်ဖော်ရွေရွေ၊ ခင်ခင်မင်မင်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးသွားအောင် စွမ်းဆောင်ကြဖို့ ဖြစ်ပါတယ်။ လာပြိုင်ခဲ့တဲ့ အသင်းအားလုံးက ပြိုင်ပွဲပြီးသွားတဲ့ အချိန်မှာ မိမိတို့တိုင်းပြည်တွေကို မပြန်ချင်သေးဘဲ မြန်မာနိုင်ငံမှာပဲ ဆက်နေချင်သေးတဲ့ ခံစားချက်မျိုးဖြစ်သွားအောင်၊ သူတို့တိုင်းပြည်တွေကို ပြန်ရောက်တဲ့အခါ မြန်မာနိုင်ငံက ကောင်းမွန်တဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့ ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်သွားတဲ့အထိ တသသ ပြောကြရအောင် ကျွန်တော်တို့တွေ ကြိုးစားကြရမှာပါ။ ပြိုင်ပွဲမှာ ရွှေတံဆိပ်တွေ အများကြီးနဲ့ ဗိုလ်စွဲဖို့ထက် ကိုယ့်နိုင်ငံသားတွေရဲ့ စည်းကမ်းရှိမှု၊ ဖော်ရွေမှု၊ ခင်မင်မှု၊ ရိုးသားမှု၊ နိုင်ငံကြီးသားပီသမှု၊ ရိုင်းပင်းကူညီတတ်မှု စတဲ့စတဲ့ ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေကို ပြသပြီး ကိုယ့်နိုင်ငံရဲ့ အဆင့်အတန်း၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ကြဖို့ ပိုပြီးတော့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် မြန်မာအားကစားသမားများ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။







အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ ကြာသပတေးနေ့။
နံနက် ၀၀ နာရီ ၃၀ မိနစ်တွင် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ရေးသားပြီးစီး၏။

Saturday, December 07, 2013

Nelson Mendela (18 July 1918 - 5 December 2013)



၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ တောင်ဖရိကဆိုတဲ့ နိုင်ငံလေးတစ်ခုက ကမ္ဘာသိ ကြယ်ပွင့်တစ်ခု ကြွေလွင့်သွားခဲ့ပါပြီ။ နယ်လ်ဆင်မန်ဒဲလား ဆိုတဲ့ ကြယ်ပွင့်ကြီးတစ်ခုပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အမှတ်သင်္ကေတ တစ်ခုအဖြစ် တင်စားသတ်မှတ် ခံခဲ့ရတဲ့ သူ့ရဲ့လုပ်ဆောင်ချက်၊ ရပ်တည်ချက်၊ ခံယူချက်တွေကို ကမ္ဘာ့လူသားတွေရဲ့ ရင်ထဲမှာ ကိန်းခိုနေခဲ့အောင် သူစွမ်းဆောင်ခဲ့ပါပြီ။ လူသားတစ်ဦးအဖြစ် ရောက်လာခဲ့ချိန်ခဏ သူ့နိုင်ငံ၊ သူ့လူမျိုးတွေ အတွက်သာမက ကမ္ဘာလောကကြီးအတွက်ပါ အကျိုးများစေခဲ့သူတစ်ဦးအဖြစ် လေးစားအားကျပါတယ်။ လူတိုင်း မလွန်ဆန်နိုင်တဲ့လမ်းကို သွားခဲ့ပြီမှန်း သိပေမယ့်လည်း ချစ်တဲ့ခင်တဲ့ လူတွေနဲ့ထပ်တူ ၀မ်းနည်းမိကြောင်း ပြောပါရစေ။ သွားနှင့်ဦးတော့ မန်ဒဲလား။

Tuesday, November 19, 2013

အချိန်မီသာ ပြင်ဆင်ခွင့် မရှိခဲ့ရင်.....


ဒီကာတွန်းဟာ ဦးဘဂျမ်းကာတွန်းပွဲတော်မှာ ပထမဆု ရတယ်လို့ ရေးကြပြောကြတာကို ဖတ်ရပါတယ်။ အဲဒါကို ကျွန်တော်မသိပါ။ အတည်ပြုချက် မပေးနိုင်ပါ။ ဒီကာတွန်းနဲ့ ပတ်သက်ပြီး NLD က မကျေမနပ် ဖြစ်နေတယ်လို့လည်း ရေးကြပြောကြပါသည်။ အဲဒါလည်း ကျွန်တော်သေချာမသိပါ။ ကာတွန်းဆရာနဲ့ ဆုပေးတဲ့ အဖွဲ့ နှစ်ခုလုံးဟာ ဦးနှောက်မရှိဘူးဟု ဒေါ်စုဂုဏောများက ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်ဟုလည်း ကြားရပါသည်။ ထိုသတင်းကိုလည်း ကျွန်တော်တိတိကျကျ မသိပါ။

ကျွန်တော်ပြောလိုသည်က ၂ ချက်ရှိပါသည်။

၁။ ကာတွန်းဆရာသည် ယခုမှ စိတ်ကူးပေါက်၍ ထရေးသူတစ်ဦး မဟုတ်ပါ။ ဂျာနယ်တွေ၊ နေ့စဉ်ထုတ် သတင်းစာတွေမှာ ကျွန်တော်တို့ ဖတ်နေကျ၊ မြင်နေကျ ကာတွန်းဆရာ ဖြစ်ပါသည်။ သမ္မတအစ လွှတ်တော်အဆုံး အစိုးရအဖွဲ့မကျန် သူမြင်သမျှကို သရော်သော၊ ဝေဖန်သော၊ ထိုးနှက်သော ကာတွန်းများ ရေးဆွဲနေသူတစ်ဦး ဖြစ်ပါသည်။ ထိုစဉ်က အားလုံးဝိုင်း၍ လက်ခုပ်တီးခဲ့ကြပါသည်။

၂။ ယခု ကာတွန်းကို ကောင်းသည်၊ ဆိုးသည် ကျွန်တော် မဆွေးနွေး မငြင်းခုန်လိုပါ။ သို့သော် ဤကာတွန်းသည် လက်တွေ့ဘ၀မှ ပြည်သူများ၏ အမြင်ကို ထင်ဟပ်ကြောင်း ၉၉.၉၉ ရာခိုင်နှုန်း အာမခံပါသည်။ ကျွန်တော် မကြာခဏ ရေးခဲ့ပြီးဖြစ်ပါသည်။ NLD ထိပ်ပိုင်းက ဘယ်လိုပဲ အကြောင်းပြပြ တစ်နိုင်ငံလုံး နားလည်ထားတာက ဖွဲ့စည်းပုံကို ပြင်ဆင်လိုခြင်းသည် ဒေါ်စုကို သမ္မတနေရာ မရအောင် လုပ်ထားခြင်းကြောင့်ဟုသာ။ အခြားသော ဒီမိုကရေစီစံနှုန်းနှင့် ညီသည်၊ မညီသည်၊ တပ်မတော်ကို အာဏာ အလွန်အကျွံပေးထားသည်၊ မပေးထားသည် စသည်များကို သာမန်ပြည်သူတွေ မသိပါ။ ဘယ်သူကမျှလည်း သိအောင်မလုပ်ပေးကြပါ။ ရှေ့ကရေးခဲ့သည့် ပို့စ်မှာပဲ ကျွန်တော်ပြောခဲ့ပါသည်။ ကျွန်တော်တို့ရပ်ကွက်ထဲမှာ NLD က လူငယ်ပဲလာလာ၊ လူကြီးပဲလာလာ သူတို့ပြောတာ အရှင်းဆုံး။ ဒေါ်စုကို သမ္မတဖြစ်စေချင်သလား၊ အဲဒါဆိုရင် ဖွဲ့စည်းပုံကို ပြင်ရမယ်တဲ့။ ကျွန်တော်က ဒါမျိုးကို ကြိုက်သည်။ ကျန်တဲ့ စံနှုန်းတွေ၊ ဘာနှုန်းတွေကို သူတို့မသိ။ သူတို့သိတာ သူတို့ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါ်စုသည် ဖွဲ့စည်းပုံကို မပြင်လျှင် သမ္မတမဖြစ်နိုင်။ ထို့ကြောင့် အဲဒါကြီးကို ပြင်မှရမည်။ ဒါပဲ။ ဘယ်လိုပြင်ရမလဲ... လာမမေးနဲ့ မသိဘူး။ ပြင်ရမယ်ဆိုတာတော့ သေချာသိတယ်။ အဲဒါက ပြည်သူ့အမြင်နဲ့ ထပ်တူဖြစ်ပါသည်။ ထို့ကြောင့် ယခုကာတွန်းသည် ပြည်သူ့အမြင်ကို အပြည့်အ၀နီးပါး ထင်ဟပ်ကြောင်း ကျွန်တော်ဆိုခြင်း ဖြစ်ပါသည်။

သမ္မတကို ဒီကာတွန်းဆရာက ဝေဖန်ကလိနေတုန်းကတော့ အားလုံးက တပြုံးပြုံး လုပ်နေခဲ့ကြပြီးမှ သူတို့ကို တစ်ကွက်ကလေး ထိသွားတော့ ဆတ်ဆတ်နာသည်ဆိုတာကတော့ ဒီမိုကရေစီ မဆန်ဘူးဟု ထင်မိပါသည်။

ဘာပဲပြောပြော ဒီနှစ် ဦးဘဂျမ်းလမ်း ကာတွန်းပြပွဲကို မသွားဖြစ်နိုင်ခဲ့ပါ။ ထို့ကြောင့် အရင်နှစ်တွေကလို ဟိုကာတွန်းကြည့်လိုက်၊ လမ်းလယ်ခေါင်မှာ မတ်တတ်ရပ်ရင်း ရယ်လိုက်၊ ဓာတ်ပုံတွေရိုက်လိုက် မလုပ်ဖြစ်နိုင်ခဲ့ပါ။ အခုမြင်ရသည့် တစ်ပုံဆိုတစ်ပုံဆိုသလောက် ကာတွန်းကိုတော့ဖြင့် သဘောကျမိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ အင်္ဂါနေ့။
ည ၈ နာရီ ၆ မိနစ်တွင်ပြီး၏။

 
Web Statistics