Saturday, August 31, 2013

ပညာသင်ရက် အယူအဆ


နာဠိကံ သတ္တ န ဘုဉ္ဇေ၊
န လာဗု နဂမံ တထာ။
ဒွါဒသ ပြိန္နံ တြိ မီနံ၊
ဘုဉ္ဇေ သိပ္ပံ ၀ိနဿတိ။

ပညာသင်ကြားနေသော တပည့်သည် လဆန်းလဆုတ် ခုနစ်ရက်တို့၌ အုန်းသီးကို မစားရာ။
ကိုးရက်နေ့တို့၌ ဘူးသီးကို မစားရာ။
တစ်ဆယ့်နှစ်ရက်နေ့တို့၌ ကင်းပိန့်ကို မစားရာ။
သုံးရက်နေ့တို့၌ ငါးဟင်းကို မစားရာ။
ဤသို့ တားမြစ်ထားသော အစားတို့ကို စားမိပါက သင်ယူနေသည့် အတတ်ပညာ ပျောက်ပျက်သွားတတ်၏။

Friday, August 30, 2013

ရက် အယူအဆ


အဋ္ဌမိယံ ဂုရုံ ဟန္တိ၊
သိဿံ ဟန္တိ စတုဒ္ဒသ။
သိပ္ပံ ဟန္တိ ဒသ သိပ္ပံ၊
မာတာ ပိတာ စ ပုဏ္ဏမီ။

လဆန်းလဆုတ် ရှစ်ရက်နေ့တို့၌ ပညာသင်လျှင် ဆရာ သေတတ်၏။
လဆန်းလဆုတ် တစ်ဆယ့်လေးရက်တို့၌ ပညာသင်လျှင် တပည့် သေတတ်၏။
လဆန်းလဆုတ် ဆယ်ရက်တို့၌ ပညာသင်လျှင် အတတ်ပညာ သေတတ်၏။
လပြည့်နေ့၌ အတတ်ပညာသင်လျှင်ကား အမိ အဖတို့ သေတတ်၏။

Thursday, August 29, 2013

နေ့နံ အယူအဆ


ဂုရုသိဒ္ဓေါ သိပ္ပါရမ္ဘော၊
ရ၀ိ သောကြာ စ မဇ္ဈိမော။
န သိပ္ပေါ ဗုဒ္ဓစန္ဒရော၊
သောရီ အင်္ဂါ စ မရဏံ။

ကြာသပတေးနေ့၌ အတတ်ပညာစ၍သင်လျှင် အောင်မြင်၏။
တနင်္ဂနွေနေ့၊ သောကြာနေ့တို့၌ စ၍ သင်လျှင် အလယ်အလတ် ဖြစ်၏။
ဗုဒ္ဓဟူးနေ့၊ တနင်္လာနေ့တို့၌ စ၍ သင်လျှင် မတတ်မြောက်နိုင်။
စနေနေ့၊ အင်္ဂါနေ့တို့တွင် စ၍ သင်လျှင်ကား သေဆုံးတတ်၏။

Wednesday, August 28, 2013

အမိ၏ အသားကို စားခြင်း


ယေ စ ခါဒန္တိ ဂေါမံသံ၊
မာတု မံသံဝ ခါဒယေ။
မတေသု ယေသု ဂိဇ္ဈာနံ၊
ဒဒေ သောတေ စ ၀ါရယေ။

နွားသားစားသူတို့သည် အမိ၏ အသားကို စားသည်နှင့် တူကုန်၏။
ထို့ကြောင့် နွားများ သေဆုံးသွားသောအခါ လင်းတများကိုလည်း ကျွေးရာ၏။ ရေစီးကြောင်းမှာလည်း မျှောရာ၏။

Tuesday, August 27, 2013

လူအားလုံး၏ ကျေးဇူးရှင်


ဂေါဏာ ဟိ သဗ္ဗဂိဟီနံ၊
ပေါသကာ ဘောဂဒါယကာ။
တသ္မာ ဟိ မာတာ ပိတူဝ၊
မာနေယ သကၠေရယ် စ။

နွားတို့သည် လူအားလုံးတို့ကို ကျွေးမွေးကြကုန်၏။ စည်းစိမ်ဥစ္စာကို ပေးကြကုန်၏။
ထို့ကြောင့် မိဘတို့ကို ချစ်ခင်ကြ အရိုအသေပြုကြသကဲ့သို့ပင် နွားတို့ကိုလည်း ချစ်ခင်ရာ၏။
ဂရုစိုက်၍ ကျွေးမွေးပြုစုကြရာ၏။

Monday, August 26, 2013

မင်္ဂလသုတ် ပါဠိတော် နိဒါန်း (BLESSINGS Introduction)


ဧ၀ံ မေ သုတံ။
ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။

အထခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ တေနုပသင်္ကမိ။

ဥပသင်္ကမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ၊ ဧကမန္တံ ဌိတာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။

ဗဟူ ဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ ဗြူဟိ မင်္ဂလမုတ္တမံ။

မြန်မာပြန်အကျဉ်း
အရှင်မြတ်ဘုရား တပည့်တော် အာနန္ဒာသည် မြတ်စွာဘုရား မိန့်ကြားတော်မူသော မင်္ဂလသုတ် ဒေသနာတော်ကို ယခု လျှောက်ထားမည့်အတိုင်း နာကြား မှတ်သားခဲ့ရပါသည် ဘုရား။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိမြို့၏အနီး အနာထပိဏ်သူဌေး လှူဒါန်းသော ဇေတ၀န် ကျောင်းတော်ကြီး၌ သီတင်းသုံးတော်မူပါသည်ဘုရား။

ထိုအခါ မထင်ရှားသော နတ်သားတစ်ယောက်သည် သန်းခေါင်ယံအချိန်တွင် မြတ်စွာဘုရားထံမှောက်သို့ လာရောက်၍ သင့်လျော်ရာနေရာ၌ ရပ်ပြီးလျှင် လက်အုပ်ချီမိုး ရှိခိုးလျက် မြတ်စွာဘုရားအား ဂါထာဖြင့် လျှောက်ထားပါသည်ဘုရား။

လျှောက်ထားပုံမှာ - အရှင်မြတ်ဘုရား၊ များစွာသော လူ နတ် ဗြဟ္မာတို့သည် ချမ်းသာကို အလိုရှိကြသဖြင့် ကြီးပွာချမ်းသာကြောင်း မင်္ဂလာဆိုသည်ကို အမျိုးမျိုး အဖုံဖုံ ကြံစည်တွေးဆခဲ့ကြပါသည်။ တစ်ဆယ့်နှစ်နှစ် ကြာအောင် ထိုသို့ ကြံစည် တွေးဆခဲ့ကြသော်လည်း မင်္ဂလာအစစ်အမှန်ကို ဧကန်ဧက မသိခဲ့ကြပါဘုရား။ သို့ဖြစ်ပါ၍ ရှင်တော်မြတ်ဘုရားသည် သတ္တ၀ါအများ ချမ်းသာပွားဖို့ ကြီးပွားချမ်းသာကြောင်း ကောင်းမြတ်သော မင်္ဂလာတရားကို ဟောကြားချီးမြှင့်တော်မူပါဘုရား။

BLESSINGS
Introduction
Thus have I heard: once the Buddha was dwelling at the monastery of Anathapindika in the Jeta Grove near Savatthi. Then, in the midnight a certain deity, illuminating the whole Jeta Grove with his surpassing splendour, came to the Buddha and, making salutations, stood on one side and addressed the Buddha in (the following) verse:
Venerable Sir, Many deities and men, wishing well-being, have pondered over those things that constitute highest blessings. Would your Venerable be kind enough to explain what blessing is.

သင်ပုန်းနှင့် ပုရပိုက်


သမ္ပုဏ္ဏရက္ခော ဗြဟ္မာ စ၊
အစ္စုရက္ခော စ ဗိဿဏော။
တသ္မသာ ဟိ တေ ပူဇယန္တု၊
သဒါ မာနေန္တိ တံ နရံ။

ဗြဟ္မာသည် သင်ပုန်းကို စောင့်၏။
ဗိဿနိုးနတ်မင်းသည် စာလွှာ၊ ပုရပိုက်ကို စောင့်၏။
ထို့ကြောင့် ပညာသင်ကြားသည့် တပည့်များသည် ထိုဗြဟ္မာနှင့် ဗိဿနိုးနတ်မင်းတို့ကို ပူဇော်ကြစေကုန်သတည်း။
ထိုသို့ ပူဇော်သော တပည့်ကို ထိုဗြဟ္မာနှင့် ဗိဿနိုးတို့က အမြဲတမ်း ချစ်ခင်မြတ်နိုးကြကုန်၏။

Sunday, August 25, 2013

အားလပ်ရက်အတွက် အရက်ဟာသလေးတွေပါ


တစ်ခုပဲရှိတယ်
လူတစ်ယောက်သည် နာရီအတော်ကြာအောင် ဘားကောင်တာတွင်ရပ်လျက် အရက်ဆိုင်ရှင်အား သူ့စွမ်းဆောင်မှုကြီးများအကြောင်း ပြောပြနေ၏။
ကဲ... ကဲ... စွမ်းဆောင်မှုတွေအကြောင်း ကြားရတာ များနေပါပြီ။ ခင်ဗျားမစွမ်းဆောင်နိုင်တာတွေကိုလည်း တစ်လှည့် ကြားပါရစေဦး ဟု ဆိုင်ရှင်က တောင်းဆိုလိုက်ရာ ထိုလူက...
တစ်ခုပဲရှိတယ်... ကျုပ် အရက်ဖိုး မပေးနိုင်ဘူး တဲ့။

မသေဘဲ ဘ၀ပြောင်း
တစ်ခွက်ဝင်သွားတော့ ၁၀ နှစ် ငယ်သွားတယ်လို့ သူခံစားရတယ်။ နှစ်ခွက်ဝင်သွားတော့ လူသစ်တစ်ယောက် ဖြစ်သွားတယ်လို့ သူခံစားရတယ်။ သုံးခွက်ဝင်သွားတဲ့အခါ ကလေးငယ်လေး ပြန်ဖြစ်သွားတယ်လို့ သူခံစားရတယ်။ အဲဒီ ခံစားမှုနဲ့ပဲ သူ့အိမ်အရောက် ၀မ်းလျားထိုးသွားတော့တာပါပဲ။

အမူးပြေအောင်လုပ်နည်း
အတော်မူးနေသူတစ်ဦးက စားပွဲထိုးကို သူ့စားပွဲသို့ ခေါ်လိုက်၏။
ဒီမှာ... ကိုယ်နည်းနည်းလွန်သွားတယ်ကွာ။ မြန်မြန်အမူးပြေသွားအောင် တစ်ခုခု မင်း ကိုယ့်ဆီ ယူလာပေးပါလား။
ဟာ... ရပါတယ်ဆရာ၊ ကျွန်တော် ဆရာ့ဘီလ် ယူခဲ့ပါ့မယ်။

မင်းက ဘယ်လိုလဲ
ပင်လယ်ထဲကျသွားသူ - ကယ်ကြပါဦး၊ ကယ်ကြပါဦး၊ ကျုပ် ရေမကူးတတ်ဘူး။
ကုန်းပေါ်က အမူးသမား - ဘယ်လိုလဲကွ၊ ငါဆို တယောမထိုးတတ်ပါဘူးကွာ၊ ဒါပေမယ့် မင်းလိုတော့ အော်ဟစ်ပြီး ကြော်ငြာမောင်းခတ် မနေဘူးဟေ့။

[ခင်မောင်တိုး (မိုးမိတ်) ရဲ့ ဟာသစာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာပါ]

ကွမ်း အယူအဆ


တမ္ဗူလဿ မဇ္ဈပတ္တေ၊
ကုဝေရော ရက္ခတိ သဒါ။
မူလမှိ ရက္ခတိ ယက္ခော၊
အဂ္ဂိမှိ စ ကာဠကဏ္ဏီ။
တာနိ ဘုေၪၨယ် ဆိႏၵိတြာ၊
သိရီ ဧ၀ ပ၀ၯတိ။

ကွမ်းရွက်၏ အလယ်ပိုင်း၌ ကုဝေရ နတ်မင်းသည် အမြဲစောင့်၏။
ကွမ်းရွက်၏ အရင်းပိုင်း၌ ဘီလူးစောင့်၏။
ကွမ်းရွက်၏ အဖျား၌ မိစ္ဆာနတ်ယုတ်စောင့်၏။
ထို့ကြောင့် ကွမ်းရွက်၏ အရင်းနှင့် အဖျားကို ဆိတ်ဖြတ်ပြီးလျှင် အလယ်ပိုင်းကိုသာ စားရာ၏။ ထိုသို့ စားခြင်းဖြင့် ကျက်သရေတိုးတက်၏။

Saturday, August 24, 2013

လက် အယူအဆ


ကာယဿ ဒက္ခိဏဟတ္ထော၊
ဒါသော ဧတ္ထ ကနိဋ္ဌကော။
ကဏ္ဏ ဃာနာန မက္ခီနံ၊
ဝါမဟတ္ထော ပါဒ ဒါသော။

လက်ယာဘက်လက်သည် ကိုယ်ခန္ဓာတစ်ခုလုံး၏ ကျွန်ဖြစ်၏။
ထိုလက်ယာဘက် လက်က လက်သန်းကလေးသည် နား၊ နှာခေါင်းနှင့် မျက်စိတို့၏ ကျွန်ဖြစ်၏။
လက်ဝဲဘက် လက်သည် ခြေထောက်၏ ကျွန်ဖြစ်၏။
(အသုံးတော်ခံဖြစ်၏။)

Friday, August 23, 2013

အလေး အဆင့်ဆင့်


ပါသာဏဆတ္တံ ဂရုကံ၊
တတော ဒေ၀ါနာစိက္ခဏံ။
တတော ၀ုဍ္ဎနာ မောဝါဒေါ၊
တတော ဗုဒ္ဓဿ ၀စနံ။

ကျောက်သားဖြင့် ပြုလုပ်ထားသော ထီးသည် လေး၏။
ထို့ထက် နတ်တို့၏ စကားပြောဆိုခြင်းသည် ပို၍ လေး၏။
ထို့ထက် ဆရာမိဘတို့၏ ဆုံးမစကားသည် ပို၍ လေး၏။
ထို့ထက် မြတ်စွာဘုရား၏ စကားတော်သည် ပို၍ လေး၏။

Thursday, August 22, 2013

ငါသေသွားသော်....


ဝံသဆရာ၊ ကွယ်လွန်ပါ၍
သူငါအများ၊ ဆွံ့အသွားခဲ့
သွားခဲ့စောစွာ၊ နှမြောပါ၏
တို့မှာဝမ်းနည်းရပါသည်။

ဆရာမင်းလူ၊ ထိုသောသူလည်း
မကြာမတင်၊ ရှေ့နောက်စဉ်သို့
ရှင်လမ်းစွန့်ခွာ၊ သွားရရှာပြီ
တို့မှာကြေကွဲရပြန်သည်။

ရန်သူမရှိ၊ မိတ်ဆွေရှိဟု
တိကျခိုင်မာ၊ ဆုပ်ကိုင်ရှာသည့်
စာဆိုကဗျာ၊ ဒဂုန်တာရာလည်း
တို့ကိုခွဲသွားပြန်လေသည်။

ရှောင်လွှဲမရ၊ သင်္ခါရဟု
စိတ်ကသေချာ၊ သိနေပါလည်း
စိတ်မှာနှမြော၊ အသေစောဟု
တို့မှာခံစားရပါသည်။

တစ်နေ့သောခါ၊ ငါသေသွားသော်
ဖော်ရွေပေါင်းသင်း၊ မိဘရင်းနှင့်
ချစ်ခြင်းမယား၊ သမီးသားပြင်
အခြားဘယ်သူ၊ ငိုမည်နည်းဟု
ငါ့မှာတွေးနေမိပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်တွင်ပြီး၏။

အပေါ့ အဆင့်ဆင့်


တူလံ သလ္လဟုကံ လောကေ၊
တတော စပလဇာတိကော။
တတော ၀ုဍ္ဎမနောဝါဒေါ။
ပမာဒေါ ဗုဒ္ဓသာသနေ။

လောက၌ လဲမှို့သည် ပေါ့၏။
ထို့ထက် လျှပ်ပေါ်သောသူသည် ပို၍ ပေါ့၏။
ထို့ထက် ဆရာမိဘတို့၏ အဆုံးအမကို မခံရသောသူသည် ပို၍ ပေါ့၏။
ထို့ထက် ဘုရားသာသနာတော်၌ မေ့လျော့သောသူသည် ပို၍ ပေါ့၏။

Wednesday, August 21, 2013

ပွဲပြီး မီးသေ မဖြစ်ရအောင်


န ဟိ ကောစိ ကတေ ကိစ္စေ၊
ကတ္တာရံ သမုပေက္ခတေ။
တသ္မာ သဗ္ဗာနိ ကိစ္စာနိ၊
သာဝ သေသေန ကာရယေ။

အလုပ်ကိစ္စတစ်ခု ပြုလုပ်၍ ပြီးစီးသွားသောအခါ ပြုလုပ်သူကို မည်သူမျှ ပြန်၍ ဂရုမစိုက်ကြတော့ချေ။ သို့ဖြစ်၍ အလုပ်ကို တစ်ခါတည်း ပြီးပြတ်အောင် လုပ်မပေးဘဲ တစ်ပိုင်းတန်းလန်းသာ ထားရာ၏။

Tuesday, August 20, 2013

သမိုင်းထဲက သြဂုတ် ၂၀


၂၀ သြဂုတ် ၁၉၄၅
အမှတ် ၁၂ ဗြိတိသျှတပ်မတော်ဌာနချုပ် ဗိုလ်ချုပ်ကြီး စတော့ဖို့ က မြန်မာနိုင်ငံရှိ ဂျပန်တပ်များ၏ စစ်သေနာပတိ ကီမူရာ (Lt.General Heitaro Kimura) အား အတိုက်အခိုက်ရပ်စဲပြီး လက်နက်ချရန် အမိန့်ပေးသည်။

၂၀ သြဂုတ် ၁၉၆၃
တော်လှန်ရေးကောင်စီနှင့် ကော်သူးလေ ငြိမ်းချမ်းရေးအဖွဲ့ဝင်တို့၏ ငြိမ်းချမ်းရေး ကြိုဆိုဆွေးနွေးပွဲ စတင်ပြုလုပ်သည်။

၂၀ သြဂုတ် ၁၉၉၉
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် IFLA (အပြည်ပြည်ဆိုင်ရာ စာကြည့်တိုက်အသင်းအဖွဲ့ချုပ်) ၏ ၆၅ ကြိမ်မြောက် အထွေထွေညီလာခံကြီးသို့ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း နာယကကြီးများ တက်ရောက်သည်။

၂၀ သြဂုတ် ၂၀၀၆
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက် ရေလှောင်သမံ ဖွင့်လှစ်သည်။

ဆုတောင်း၍ မရရနိုင်သောအရာ


ဒုဂ္ဂတံ ဂစ္ဆ ဟေ လာဘ၊
လာဘော လာဘေန ပူရတိ။
ထလေ ၀ဿ ပဇ္ဇုန္န၊
အာပေါ အာပေန ပူရတိ။
နတ္ထိဒံ ကမ္မပဓာနံ။

အို လာဘ်၊ သင်သည် သူဆင်းရဲထံ သွားပါလေ။ ချမ်းသာသောသူမှာ လာဘ်ဖြင့် ပြည့်နေပါပြီ။
အို မိုး၊ ကြည်းကုန်းထက်မှာ ရွာပါလေ။ သမုဒ္ဒရာမှာ ရေတွေနှင့် ပြည့်နေပါပြီ။
ဤသို့ တောင့်တ၍ ဆုတောင်း၍ မရနိုင်ချေ။ ကံသာ ပဓာန ဖြစ်ပေသည်။

Monday, August 19, 2013

ဒဂုန်တာရာရဲ့ အကျော်ကြားဆုံး လက်ရာတစ်ခု


အောင်ဆန်း (သို့မဟုတ်) အရိုင်း


(၁)
သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေဝပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်း မရှိ။ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိတ်အပိုင်းတစ်ခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း ရှိ၏။

အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကိုနောက်ကားခံ၍ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံတောတောင်မျှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင်ဖြစ်၏။ ကတ္တီပါကားသည် အခြားဘာအဓိပ္ပာယ်ကိုမျှ ထူးထူးထွေထွေ မဖော်ပြ။ သို့သော် မှိုင်းညို့ခြင်းတခုကိုသာ ရဲဝံ့စွာဆောင်၍ နေသည်။

သူသည် စိမ်းညိုသောကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ရပ်ကာ စကားပြော၍နေသည်။ သူသည် ဗမာပထဝီမြေကြီးမှ ဗမာဝါဂွမ်းဖြင့် ရက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ဝတ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင်ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာအသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်ချင်း တစ်ယောက်နှင့်လည်းတူ၏။


တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထည်ဝါခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်းတို့သည် သူ့တွင် လုံးဝမခိုအောင်း။ လမ်ပေါ်တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန်ဆင်းရဲသား တစ်ဦးနှင့်သာတူ၏။ လူထုထဲမှ သူတစ်ဦး၏ အသွင်အပြင်မျိုးသာ ဖြစ်၏။

သူသည် လက်နှစ်ဖက်ကို ဘေးသို့ကား၍ လှုပ်ကာလှုပ်ကာ စကားပြော၏။ သူ၏ စကားလုံးများကား ပြေပြစ်ခြင်းမရှိ။ ချောမွေ့ခြင်း မရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။

သင် ပဋ္ဌမဦးဆုံးတွေ့မြင်သော အောင်ဆန်း၏ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည်ဖြစ်ပေသည်။

ထိုအခါကား ၁၉၃၆ ခု၊ ပဋ္ဌမဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူဗလီဟောခန်းမတွင် ဆင်ယင်သောအခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသားကိုယ်စားလှယ်များအဖြစ် ကျောင်းသားညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်း စကားပြောသည်ကို တွေ့မြင်ရခြင်းဖြစ်ပေသည်။

၁၉၃၆ ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးရောင်အူနေသည့်အခိုက်၊ ‘အောင်ဆန်း’ အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ် သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်၏။ ကျွန်တော်မှာ စာပေဝါသနာပါသူဖြစ်ရာ အောင်ဆန်းကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဖူးချင်၏။

သို့သော် ဂျူဗလီဟော ကျောင်းသားများညီလာခံတွင် သူ၏ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင်ကြားနာရသောအခါ အထင်နှင့်အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ်ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်းဟု ဖြစ်၏။ အယ်ဒီတာလည်းဖြစ်သဖြင့် အတော်အထင်ကြီးထားလေ၏။

တွေ့ရသောအခါ ရုပ်ကလည်း မဖြောင့်။ စကားပြောကလည်း မပြေပြစ်။ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။

ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။

(၂)
နောက် တစ်နှစ်ခန့် ကြာသောအခါ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍နေသည်။ ကျနော် တက္ကသိုလ်ရောက်သည့် ၁၉၃၇–၃၈ ခုနှစ်က၊ ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ဥက္ကဋ္ဌဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည် မရင်းနှီးခဲ့ပေ။

သူနှင့်ကား ရင်းနှီး၍ မဖြစ်။ သူသည် ရင်းနှီး၍ရသောလူစားမျိုး မဟုတ်။ နိုင်ငံရေး အတူတူတွဲဖက်လုပ်လျှင်သာ သူနှင့် ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တစ်ဖက်သတ် မလိုက်။ စာပေ၊ ကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လိုအစုံ လုပ်ချင်သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက်ဖြစ်သည်။

ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို သခင်ဘဟိန်းက အသိဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေးသမားသက်သက် မဟုတ်သဖြင့် သူ၏ အသိထက် လွန်မြောက်၍ ရင်းနှီးသောအဖြစ်သို့ မရောက်သွားခဲ့ပေ။

သခင်ဘဟိန်းကား သည်လိုမဟုတ်။ သခင်ဘဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူဖြစ်၏။ စာပေကဗျာလင်္ကာကို နှစ်သက်၏။ ဂီတကိုချစ်၏။ ထို့ကြောင့် ကျွန်တော်နှင့် ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ သူ ကွန်မြူနစ်ဖြစ်နေသည့် ဘဝအထိပင် ရင်းနှီးချစ်ခင်ခြင်းမပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်း မဟုတ်။ သို့သော် ချစ်ခင်ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့မဟုတ်။ ကျွန်တော် စာရေးဝါသနာပါသည်ကို ကိုအောင်ဆန်း သိသည်။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန်မဂ္ဂဇင်းမှ ရတုပိုဒ်စုံ စသော ကဗျာများ၊ ဝတ္ထုတို၊ ဆောင်းပါး စသည့် စာပေများကို သူ အကုန်ဖတ်ဖူးလိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့်လူမျိုးလည်း မဟုတ်။

သို့သော် တစ်ခါက ကိုဗဟိန်းနှင့်အတူ သမဂ္ဂအမှုဆောင် ကော်မတီခန်းတွင် ပင်းယမဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါးတစ်ခုကိုကား ကျွန်တော့်ရှေ့တွင် ဖတ်သည်ကို တွေ့ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက်ပေး၏။

ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ်– ဗမာ ဆောင်းပါးရှင်တစ်ဦး ဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော သူ၏ ဆောင်းပါးများကို ဂန္ထလောကမဂ္ဂဇင်းတွင် ဖတ်ဖူးရသည်။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အဝတ်အစား ဝတ်ဆင်ရေး ပြဿနာကို သူသည် ဂန္ထလောကတွင် ပန်းတနော် ဦးသန့်နှင့် အပြန်အလှန် ရေးသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ကြွေးကြော်သံ ‘မျိုးညွန့်’ မဂ္ဂဇင်းတွင် ပါသော သူ၏ ‘လောကဝိဟာ’ အမည်ရှိ ဆောင်းပါးတို ကလေးကိုကား သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ပညာ ဗဟုသုတ အမြင်တို့ကိုပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် ဗမာစာ အရေးညံ့သူ မဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာ သုံး၏။

တစ်ခါတရံ ဟာသဉာဏ်ပါ၏။

ပုသိမ်မြို့တွင် ကျင်းပသော ကျောင်းသားများညီလာခံ၌ သူ၏ ဥက္ကဋ္ဌမိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို ‘ပညာရေးပူရာဏ် ကျမ်းကြီးပေတကား …’ ဟု ပြောင်လှောင်ထားသည်မှာ သရော်ချက်ပါပေသည်။

ကျောင်းမှထွက်ပြီး ဒို့ဗမာအစည်းအရုံးသို့ ဝင်သောအခါ ငတ်ပြတ်၍လား မပြောတတ် ဒဂုန်မဂ္ဂဇင်းတွင် ရေးလိုကြောင်း ကျွန်တော့်ကိုပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေသည်။

ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသော ဆောင်းပါးဖြစ်သည်။ ဂရိတ်နိုင်ငံရေးက အစချီ၍ မျက်မှောက်ဗမာနိုင်ငံရေး အခြေအနေအထိ ရေး၏။ စာပြောင်၏။ ဖတ်၍ကောင်း၏။

သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍သွား၏။ အစိုးရကလည်း ငြိုးထား၍လား မပြောတတ် ဒဂုန်မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်းခံရရှာလေသည်။

(၃)
သမဂ္ဂဥက္ကဋ္ဌဖြစ်သော ၁၉၃၈–၃၉ ခုနှစ်က သူသည် ဘီ-အယ်လ်တန်းတွင်ရှိ၍ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင် နေသည်။ သူ၏အခန်းသည် သပ်ယပ်ခြင်း ကင်းမဲ့၏။ အခန်းတွင် စာအုပ်များ ပြည့်နှက်နေ၏။ စာအုပ်များသည် စားပွဲပေါ် တချို့၊ ဗီဒိုပေါ်တချို့၊ ကြမ်းပြင်ပေါ်တွင်တချို့ ပြန့်ကြဲကာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြ၏။ သူသည် အင်မတန် စာဖတ်သူတစ်ယောက် ဖြစ်၏။

သူသည် ဒေါသကြီးသူတစ်ဦးဖြစ်၏။ သည်လို အများကထင်၏။ ကျွန်တော့်အဖို့ကား ဒေါသကြီးသည် မကြီးသည်ကို မသိ။ သူ့တွင် စိတ်လိုက်မာန်ပါ စိတ်တွေရှိသည်ဟု ကျွန်တော်ထင်၏။

နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည်အထိမ်းအမှတ်ပွဲတစ်ခု တက္ကသိုလ်သမဂ္ဂတွင် ကျင်းပ၏။ ပရိသတ်ထဲကထ၍ ဝေဖန်စကားများ ပြောကြ၏။ ထိုသို့ ပြောကြသည့်အထဲတွင် စစ်ကိုင်းကျောင်းဆောင်မှ ကုလားကျောင်းသားတစ်ဦးက ဥက္ကဋ္ဌဟောင်း မစ္စတာရာရှစ်ကို ဝေဖန်ရာ၌ အတော်ထိခိုက်သော အပြစ်တွေကို ထုတ်ဖော်ပြောလေသည်။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင်သည် မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာရာရှစ်အတွက် ဒေါပွကာ ထိုကုလားကို ကြိမ်းမောင်း၍ ‘ရဲရင်ထွက်’ စသော စသော အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ ဘေးက ကျောင်းသားများက ဝိုင်း၍ ဆွဲထားရလေ၏။

သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေသည်။

ကုလား-ဗမာ အဓိကရုဏ်းအပြီး ဒေါက်တာဗမော်၏ တက္ကသိုလ်ဥပဒေ ပြင်ဆင်ရေးအဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ညိုမြ အမှူးရှိသော ကျောင်းသားတစ်စုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်းသည် ညိုမြကို ဒေါပွကာ ဥက္ကဋ္ဌ ကုလားထိုင်မှနေ၍ ညိုမြအတင်းကို အတော်ပြောလိုက်လေသည်။

သည်လို စိတ်လိုက်မာန်ပါပြောပြီးနောက် တစ်ပတ်လောက် ကြာသောအခါ၊ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုံ့ချသောစကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ်ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ်၍ လာလေသည်။

တက္ကသိုလ်တွင်ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထားကို ထားခဲ၏။

သူ၏မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါတွေ့ဖူးသောသူကို နောက်တစ်ခါတွေ့လျှင် နှုတ်ဆက်ချင်မှ ဆက်၏။ သူ့ကိုသိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှပြုံး၏။ ဥက္ကဋ္ဌဖြစ်သဖြင့် သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည်၏ လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက်ရှိနေသည်။

သူစကားပြောလျင်လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးကလူများ၏ စကားကိုသူ မကြား။ သူပြောချင်တာတွေကိုသာ စွတ်၍ ပြောနေတတ်သည်။

(၄)
တစ်ခါက ရန်ကုန်ကို ဂျပန်တို့သိမ်းပိုက်စအချိန်။

ဝိတိုရိယရိပ်သာရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက်ရှိကြသည်။ ကျွန်တော့်မှာလည်း တောက ရောက်ကာစ ဖြစ်သည်။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော်က ထိုင်ကာတီးနေ၏။ ဘေးမှ သခင်စံဝေနှင့် တက္ကသိုလ် ကျောင်းသားအချို့က ဝိုင်း၍ သီချင်းလိုက်ဆိုလျက်ရှိ၏။ ဘီ-အိုင်-အေ သမားများမှာ ဂီတ အင်မတန် ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေ ပျက်နေ၏။

ချစ်ခင်မှာလား၊ ကြင်မှာလား ခင်ခင်ရယ်…
ချစ်သဲနွယ်…
အဟုတ်ကို ချစ်တော့မယ်…
ခင်ရယ် ကြင်မယ် …

ဝိုင်း၍ဆိုနေကြရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက် – ဂေါက် – ဂေါက် – ဂေါက်နှင့် တဖက်က လျှောက်လာကာ စန္ဒယားအပါးတွင် လက်ထောက်ကာရပ်လျက် …

‘ဟေ့ … ရပ်ကြ။ ခုလို အခါမျိုးမှာ ရဲစိတ်ရဲမာန် တက်စေမယ့် ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျ။ ဒီချစ်မယ် ကြင်မယ် သီချင်းမျိုးက မဟန်ဘူး …’

ရုတ်တရက်ကြောင်၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်၏။

သူသည် သူပြောချင်တာပြောပြီး၍ ထွက်သွားလေသည်။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လိုလူစားမျိုး။

သမဂ္ဂဥက္ကဋ္ဌ ကိုလှမောင် (ယခုသံအမတ်)၏ လက်ထပ်ပွဲသည် ဘီ-အိုင်-အေခေတ်၌ ရွှေတောင်ကြားတွင် ကျင်းပသည်။ သူ၏လက်ထပ်ပွဲသည် ဘီအိုင်အေသမားများတွင် ပဋ္ဌမဦးဆုံးဖြစ်၏။ လက်ထပ်ပွဲပြီးသောအခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာနေကြ၏။ စန္ဒယားဆရာတစ်ဦးက တီးကာ ဖျော်ဖြေလျက်ရှိသည်။

သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကို ရပ်စေကာ ကျွန်တော့်ကို လူကြားထဲမှ အတင်းဆွဲခေါ်၍ သီချင်းတစ်ပုဒ်ကို တီးစေ၏။ သူသည် စန္ဒရားကိုလက်ထောက်ကာ မရတရဖြင့် လိုက်ဆိုနေ၏။ တီးသောသီချင်းမှာ ‘ကဉ္စန’ သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တစ်ပုဒ် တီးခိုင်းပြန်၏။

တစ်ခါက ဂျပန်ခေတ် ဝန်ကြီးတစ်ဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည်ပြုသောအခါ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့ သူ့ကို အရင်ဝင်စေ၏။ ဧည့်သည်များကား အဝတွင်ရပ်၍ သူ့အဝင်ကို စောင့်လျက်နေကြသည်။ သူသည် စစ်ဝတ်စစ်စားနှင့် ဝင်လာကာ ရုတ်တရက် စားပွဲထိပ် ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး ဇတ်ခနဲ ဘယာကြော်တစ်တုံးကို ယူစားလိုက်လေ၏။

သူ ထမင်းစားနေစဉ် ဧည့်သည်ဝင်လာလို့လည်း ဗမာဧည့်ဝတ်ထုံးစံအရ ထမင်းစားပါဦးလားဟု ခေါ်ချင်မှခေါ်သော လူစားမျိုးဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက ‘ကြောင်သည်’ ဟု အမှတ်ထားကြလေ၏။

(၅)
သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှအပကို သူ မမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင် စသော အနုပညာရပ်များကို မလိုက်စား။ သူ့ကိုသူ အတင်းယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုရ်အတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲနေ၏။

သူ့တွင် နိုင်ငံရေးဝိဉာဉ်ကား ပြင်းထန်လှချေသည်၏။ သူသည် နိုင်ငံရေးတစ်ခုတည်းကိုသာ လုပ်သောလူတစ်ဦးဖြစ်၏။

သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ သို့သော် ကိစ္စမရှိ။ သူသည် ဧည့်ခံခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မဟုတ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ မဲ၍လုပ်သော နိုင်ငံရေးသတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။

၁၉၄၂–၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အနုပညာအကြောင်းကို ပြောပြ၏။

‘အနုပညာဆိုတာ ရှိတာပဲ။ လင်မယားဘဝမှာလဲ အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့။ ဒီလိုပဲ တော်လှန်ရေးမှာလဲ အနုပညာရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့်တော်လှန်ရေး အစစ်ပဲ…’

ဆရာမဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ လက်မထပ်ခင် ၃–၄ ရက်အလိုက ကိုဘဟိန်းကို လာရှာရင်း ကျွန်တော်နှင့် သွားတွေ့၏။

သူသည် ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ ‘ဒီမယ် … အိမ်ထောင်ပြုတယ်ဆိုတာ သိပ် … စဉ်းစားတွေဝေနေလို့ မရဘူး။ တစ်ခါတည်း ဇွတ်လုပ်လိုက်ရတယ်…’ဟု မမေးဘဲ သူ့ဘာသာသူ သူပြောနေ၏။

လက်ထပ်ပြီးစက ကျွန်တော်ရေးလျက်ရှိသော လွတ်လပ်ရေးကြိုးပမ်းမှု စာအုပ်နှင့်ပတ်သက်၍ အင်းယားကန်စောင်းရှိ သူ့အိမ်သို့ ရောက်သွား၏။

ဧည့်ခန်းတွင် ခေတ္တစောင့်နေရ၏။ ထွက်လာသောအခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကိုတွေ့ရ၍ မပြုံးမိအောင် ဟန်ဆောင်နေရ၏။

သည့်နောက် သူနှင့်ကျွန်တော် မတွေ့တော့။ တွေ့ဆုံဖို့လည်း အကြောင်းမရှိ။ အကြောင်းမရှိဘဲ သူ့ဆီ သွားလည်ကလည်း ဖော်ဖော်ရွေရွေ လောကွတ်ပျူငှာ ခေါ်မည့်လူစားမျိုးလည်း မဟုတ်။

တစ်ခါက ဗိုလ်ချုပ်ဘဝတွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့် တစ်ပြုံကြီးကို မြင်လိုက်၏။ အော် … သားနဲ့၊ မယားနဲ့မို့ လူစိတ် တော်တော်ပေါက်လာပြီ။ အရင်ကလို ကြောင်တော့မည် မဟုတ်။ အကြမ်းအရိုင်းမှ ယဉ်ကျေးလာတော့မည်ဟု အောက်မေ့လိုက်၏။ မှန်၊ မမှန်ကား မပြောတတ်။

ဖဆပလ ဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင်၊ ဦးအောင်ဆန်းကိုကား ကျွန်တော် မသိ။ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်းမဟုတ်။ သူ၏အဖြစ်သာ။ ကျွန်တော်သိသည့်အထိ ပြောပြခြင်းဖြစ်ပေသည်။

တစ်ခုတော့ ထင်သည်။ သူသည် လူထုထဲမှ လူတစ်ဦးဖြစ်၍၊ လူထုနှင့်ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည် ဖြစ်လိမ့်မည်။

ဒဂုန်တာရာ
ဒီဇင်ဘာလ၊ ၁၉၄၆

ဆရာဒဂုန်တာရာ ကွယ်လွန်ပြီ



အောင်ဆန်း (သို့မဟုတ်) အရိုင်း ဆိုတဲ့ ရုပ်ပုံလွှာကို ရေးခြစ်သီကုံးခဲ့တဲ့ ဆရာကြီး ဒဂုန်တာရာဟာ ယနေ့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ အောင်ပန်းမြို့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရှိရပါတယ်။ ၀မ်းနည်းရပါကြောင်းနှင့် ကောင်းရာမွန်ရာ ရောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ဒဂုန်တာရာ
မွေးသက္ကရာဇ် - ၁ဝ-၅-၁၉၁၉
အမည်ရင်း - ဦးဌေးမြိုင်
မိဘအမည် - ဦးဘအုန်း + ဒေါ်ဖွားရှင်
မွေးဖွားရာဒေသ - ထိုင်ကူမြစ်တန်းရွာ (မွန်ရွာ) ကျိုက်လတ်မြို့နယ်
ကလောင်ခွဲများ - မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညားသီဟ၊ ဦးဒဂုန်

ဆရာဒဂုန်တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် ကျိုက်လတ်အမျိုးသားကျောင်း (၁၉၂၇-၃၆) တွင်လည်းကောင်း၊ ရန်ကုန်ရေကျော်မက်သဒစ်ကျောင်း (၁၉၃၆-၃၇) တွင်လည်းကောင်း ပညာဆက်လက် သင်ကြားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ (၁၉၃၇-၄ဝ) ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့သည်။

ဆရာဒဂုန်တာရာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ရေနံမြေ စည်းရုံးရေးကိုယ်စားလှယ်၊ တကသ အမှုဆောင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ တာဝန်များကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ဆရာဒဂုန်တာရာသည် တရုတ်-မြန်မာ မိတ်ဆွေဖြစ်အသင်းချုပ် အမှုဆောင်၊ မြန်မာ- ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ်အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တက္ကသိုလ်သိပ္ပံမဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင်အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင်ရေးသားခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည်ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် တာရာမဂ္ဂဇင်းကို စတင်ထုတ်ဝေသည်။ ထို့ပြင် စာပေသစ် မဂ္ဂဇင်းကိုလည်း စတင်ထုတ်ဝေပြီး ယင်းမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းတွင် ဂန္ထဝင်ဂျာနယ် အယ်ဒီတာ အလုပ်ကိုလည်း လုပ်ကိုင်သည်။ ဆရာ၏ ရုပ်ပုံလွှာ အဖွဲ့အနွဲ့များမှာ အထူးထင်ရှားလှပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို "အောင်ဆန်း (သို့မဟုတ်) အရိုင်း" ဟူသောအမည်ဖြင့် ရေးဖွဲ့ခဲ့သည်။

၁၉၇၄ ခုနှစ်တွင် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင်အမည် အမျိုးမျိုးဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေးဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည်။ စပယ်ဦးဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ်ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တစ်သက်တာ စာပေဆုကိုလည်း ရရှိခဲ့သည်။

ဆရာသည် ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် နေထိုင်ခဲ့ပြီး သြဂုတ်လ ၁၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါသည်။

ဖိုးသုည ခုနစ်ယောက်


နိဒ္ဒါလုကော ပမာဒေါ စ၊
သုခိတော ရောဂ၀ါလသော။
ဣစ္ဆန္တော ကမ္မာရာမော စ၊
သတ္တေတေ သတ္ထ၀ဇ္ဇိတာ။

အအိပ်ကြီးသူ
မေ့လျော့တတ်သူ
သက်သောင့်သက်သာ ဇိမ်ခံနေတတ်သူ
ရောဂါရနေသောသူ
ပျင်းရိသူ
အလိုကြီးသူ
အသေးအဖွဲ အလုပ်တွေနှင့် အချိန်ကုန်သူ
ဤသူ ခုနစ်ယောက်တို့သည် ကျန်းဂန်စာပေ တတ်ကျွမ်းခြင်းမှ ကင်းကုန်၏။

Sunday, August 18, 2013

ပညာရှိနှင့် ဘေးအန္တရာယ်


အနာဂတံ ဘယံ ဒိသွာ၊
ဒူရတော ပရိဝဇ္ဇယေ။
အာဂတဉ္စ ဘယံ ဒိသွာ၊
အဘီတော ဟောတိ ပဏ္ဍိတော။

ပညာရှိသည် မရောက်လာသေးသော ဘေးအန္တရာယ်ကို ကြိုတင်၍ ရှုမြင်ကာ ဝေးဝေးက ရှောင်၏။
အကယ်၍ ဘေးအန္တရာယ် ကျရောက်လာလျှင်ကား မကြောက်ရွံ့ဘဲ ရဲရင့်စွာပင် ရင်ဆိုင်ဖြေရှင်း၏။

Saturday, August 17, 2013

ပေါပါတယ်


တစ်ခါက ဂျပန်တစ်ယောက်၊ အင်ဒိုနီးရှားတစ်ယောက်နှင့် ပြင်သစ်တစ်ယောက်တို့ ပင်လယ်တွင်းရှိ လှေတစ်စီးပေါ် ရောက်နေကြသည်။ လှေမှာ သေးငယ်နေ၍ ၀န်ပေါ့သွားစေရန်အတွက် မလိုအပ်သည့် ပစ္စည်းများကို ပင်လယ်တွင်း ပစ်ချခဲ့ရန် ဆုံးဖြတ်လိုက်ကြသည်။

ပထမဆုံး ကိုဂျပန်က သူဝတ်ထားသည့် ရိုးရာဝတ်စုံ၊ စီဒီကက်ဆက်၊ ဟိုင်ဖိုင်ရေဒီယို၊ ကင်မရာ စသည်တို့ကို ချွတ်ယူ၍ ပင်လယ်ထဲ စွန့်ပစ်လိုက်သည်။
အင်ဒို+ပြင်သစ်။ ခင်ဗျား ဘာလို့ ဒီအဖိုးတန်ပစ္စည်းတွေ လွှင့်ပစ်လိုက်ရတာလဲ။
ဂျပန်။ အို ဒီပစ္စည်းတွေက ဘာလုပ်ဖို့လဲဗျာ။ ကျွန်တော်တို့နိုင်ငံမှာ ပေါလွန်းလို့။

နောက် ကိုအင်ဒိုက သူဝတ်ထားသည့် ပါတိတ်အင်္ကျီနှင့် ပါတိတ်ပုဆိုးကိုချွတ်ကာ ရေထဲလွှင့်ပစ်ပြန်သည်။
ဂျပန်+ပြင်သစ်။ အဖိုးတန်ပါတိတ်တွေဗျာ။ ဘာဖြစ်လို့လဲ။
အင်ဒို။ ပါတိတ်ဆိုတာများဗျာ။ ကျွန်တော်တို့တိုင်းပြည်မှာ ပေါမှပေါ။

ကိုပြင်သစ် မတ်တတ်ထရပ်လိုက်သည်။ ဘောင်းဘီဇစ်ကိုဖွင့်ကာ ပင်လယ်ထဲ အပေါ့စွန့်ပစ်လိုက်သည်။
ဂျပန် + အင်ဒို။ ဟာ... ခင်ဗျား ဘာလုပ်တာလဲ။
ပြင်သစ်။ ကျွန်တော်တို့ဆီမှာ ရှူးရှူးက အပေါဆုံး။

ရှင်လျက်နှင့် သေနေသူများ


ဇီဝန္တောပိ မတံ ပဉ္စ၊
ဗျာသေန ပရိကိတ္တိတာ။
ဒုက္ခိတော ဗျာဓိတော မူဠှော၊
ဣဏ၀ါ နိတျ သေ၀ကော။

အသက်ရှင်လျက်ရှိနေသေးသော်လည်း ဤလူငါးယောက်တို့ကို သူသေဟူ၍ ဗျာသဆရာကြီးက မိန့်ဆိုခဲ့၏။ ထိုသူတို့မှာ
အလွန်ဆင်းရဲသောသူ
ရောဂါရနေသောသူ
ဖျင်းလွန်း အ,လွန်းသောသူ
ကြွေးထူသောသူ
မင်းထံပါး၌ အမြဲခစားနေရသူ
ဤသူငါးယောက်တို့ ဖြစ်ကြကုန်၏။

Thursday, August 15, 2013

ဦးမင်းလူ နုတ်ထွက်သွားခြင်း၊ မင်းလူ


ယောက်ျားပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့လူကို ဖိတွယ်တတ်တာဆိုရင်....။

ရိုးသားတယ်ဆိုတာ
သူများမကောင်းကြောင်းနဲ့ ကိုယ်ကောင်းကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင်....။

ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစုကောင်းစားရေး တစ်ခုတည်းအတွက်
ကြံစည်တာဆိုရင်....။

ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးအပေါ် အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင်...။

အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးနဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင်....။

မင်းရဲ့ဧည့်သည်တော်စာရင်းထဲက ငါ့နာမည်ရဲ့ဘေးမှာ
ရာသက်ပန်ဖျက်သိမ်း ဆိုတာလေး
တဆိတ်လောက် တေးမှတ်ထားလိုက်စမ်းပါကွယ်။

- - - - - - - - - - -
ကွယ်လွန်သွားတဲ့ စာရေးဆရာ ဦးမင်းလူ အတွက် အမှတ်တရ ပြန်လည်ဖော်ပြပါတယ်။

ဆရာမင်းလူ ဆုံးရှာပြီ



ကျွန်တော်တို့အတွက် စာတွေအများကြီးရေးပြီး အကျိုးပြုသွားခဲ့တဲ့ စာရေးဆရာမင်းလူ မနေ့က (၁၄-၈-၂၀၁၃) ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်မှာ ဆုံးပါးသွားပြီလို့ သိရပါတယ်။ ဆရာမင်းလူဟာ အဆုတ်ကင်ဆာရောဂါကို ခံစားနေခဲ့ရတာဖြစ်ပါတယ်။ ဆရာမင်းလူ ကွယ်လွန်ဆုံးပါးသွားခြင်းအတွက် မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်းနှင့် အဖိုးတန် စာရေးဆရာတစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းအတွက် နှမြောတသဖြစ်ရပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ဆရာမင်းလူ ကောင်းရာသုဂတိလားပါစေ။

ဆရာမင်းလူရဲ့ စာတစ်ချို့ကို ကျွန်တော်တင်ပေးခဲ့ဖူးတာတွေကို အမှတ်တရ ပြန်ဖတ်ရအောင်ပါ။
၁။ လျှာနဲ့ဆေး
၂။ မှန်တတ်သော သတ်ပုံ

Wednesday, August 14, 2013

ရေပန်းအစားဆုံး အင်တာနက်မင်းသား ၂ ဦး


(၁)
ပါးစပ်သေနတ် တရစပ်ပစ်ခဲ့တဲ့ ဦးကောင်းမြတ်ထွဋ်


ဦးကောင်းမြတ်ထွဋ်ရဲ့ ပြောချက်ကတော့ ပေါက်သလားမမေ့နဲ့။ အင်တာနက်တစ်ခွင်လုံး ထိန်းမနိုင် သိမ်းမရကို ဖြစ်သွားတော့တာပဲ။ ဒီလူ့နှယ်…. နာမည်ကြီးအောင် တမင်များလုပ်နေသလားလို့ တွေးမိပါတယ်။ စာပေနယ်လည်း မလွတ်ဘူး၊ နိုင်ငံရေးနယ်လည်း ချန်မထားဘူး၊ အကုန်လုံးကို ပတ်ရမ်းတော့တာပဲ။ ဆရာဖေမြင့်နဲ့ ကြိုက်တဲ့နေရာမှာ စင်ထိုးပြီး ပြောမယ်တဲ့။ ပွဲစီစဉ်သူ ဒွန်ကင်း ၀င်လုပ်လိုက်ချင်သေးဗျာ။ မေ၀င်းမြင့်က လွှတ်တော်နိုင်ငံရေးပြောရအောင် ဘာတတ်လို့လဲတဲ့။ ဘာမှသောက်သုံးမကျဘဲနဲ့ အမတ်ဖြစ်တာတဲ့။ ဘာဖြစ်လို့ အဲဒီလိုပြောတာလဲ မသိဘူး။ အတွင်းသိ၊ အစင်းသိမို့လား၊ ဒါမှမဟုတ် မစားရတဲ့ အမဲမို့ သဲနဲ့ပက်တာလား။ ဦးသုဝေလည်း အသက်ကြီးကာမှ ဦးကောင်းမြတ်ထွဋ် ပါးစပ်ဖျားမှာ ငယ်ကျိုးငယ်နာတွေ အကုန်ပေါ်ကုန်တော့တာပဲ။ ငယ်ငယ်က သူ့ရည်းစားတွေက သူ့ကို ကိုကိုညွန့်လို့ ခေါ်သတဲ့။ သူမို့လို့ အကုန်မှတ်မိတယ်။ တကယ့်ကို ပေါက်ပေါက်ရှာရှာပဲ။ ဦးသုဝေကြီး ဒီလိုပြောတာတွေ နားထောင်မိရင် ငယ်ရည်းစားတွေကိုတောင် လွမ်းနေမလား မသိဘူး။ :D ဦးခင်မောင်ဆွေက ၈၈ တုန်းက သူခိုးကြီးများသမဂ္ဂဆိုပြီး ထောင်ခဲ့ဖူးသတဲ့။ သူမေးတဲ့လူတွေက ပြန်မဖြေပေမယ့် ကျွန်တော်က ပြန်ဖြေလိုက်ပါတယ်။ မသိဘူးခင်ဗျ။ အခု ကိုကောင်းမြတ်ထွဋ် ပြောမှသိရတာ။ ခိခိ။ NDF ပါတီထောင်ဖို့ကိစ္စ ကိုကောင်းမြတ်ထွဋ် ရဲ့အိမ်ကနေ သွားတာတဲ့။ ဦးသုဝေပါတီထောင်တာ သူလုပ်ပေးခဲ့တာတဲ့။ မြန်မာနိုင်ငံမှာ ပထမဆုံးသော မြန်မာ့နိုင်ငံရေးသုံးသပ်ဆွေးနွေးပွဲကို ၂၀၀၉ ခုနှစ်မှာ လုပ်ခဲ့တာ ကိုကောင်းမြတ်ထွဋ် ဆိုတာလည်း မှတ်သားခဲ့ရတယ်။ NLD ပါတီကကောင်တွေ ဘုရားလောက်ကိုးကွယ်တဲ့ ဒေါ်စုဆိုတာ ပါတီ ပြန်ထောင်ဖို့ ငါ ၄၅ မိနစ် လက်ချာရိုက်ခဲ့တာတဲ့။ ဒေါ်စုကို သူဆုံးမခဲ့တာတဲ့။ သူနဲ့လည်း တွေ့ချင်သေးတယ်တဲ့။ ဒေါ်စုနဲ့ ကိုကောင်းမြတ်ထွဋ်ကို MRTV4 မှာ ဦးကိုကိုလှိုင်တို့ပြောသလို ပြောခိုင်းလိုက်ရရင် အတော်စိတ်ဝင်စားကြမှာဗျ။ ဆရာဟောင်းနဲ့ ဆရာမကြီးနဲ့ ဘာတွေပြောကြမလဲ၊ စိတ်ဝင် စားစရာပဲ။ သူ့အင်ပါယာ သတင်းစာကိုတော့ သူက အောင်မြင်ချင်သားဗျ။ သတင်းသည် နံပါတ်တစ်၊ သတင်းသည် နံပါတ်နှစ်၊ သတင်းသည် နံပါတ်သုံးတဲ့။ အကျိုးမရှိတဲ့ အင်တာဗျူးတွေကို မထည့်နဲ့တဲ့။ ဒါလည်း ကျွန်တော်လက်ခံလို့ရတယ်။ သူ့ဂျာနယ်ကို သူစီမံခန့်ခွဲတာ ဘာမျှပြောစရာမရှိပါဘူး။ သူ့ဂျာနယ်ကလူတွေကလည်း ပြောလည်းပြောချင်စရာပဲ။ ဘယ်သူကများ ဂျာနယ်ထဲမှာ အမေစု၊ အမေစုဆိုပြီး သွားရေးလိုက်သလဲ မသိဘူး။ အမေစုလို့ ရေးချင်ရင် ဒီလှိုင်းဂျာနယ်မှာ သွားရေးတဲ့။ အဲဒီလိုဖားချင်ရင် ပိုက်ဆံပေးခိုင်းတဲ့ သူ့ကို မြန်မာ့နိုင်ငံရေးသုခမိန်ကြီး ဦးကောင်းမြတ်ထွဋ် ဆိုပြီး ရေးမလားတဲ့။ နိုင်ငံရေးသမားတွေ တစ်ယောက်မျှ သောက်သုံးမကျဘူးဆိုတာ ဦးကောင်းမြတ်ထွဋ်က ဖော်ထုတ်လိုက်ပြီ။ အဲဒီလို အသုံးမကျလို့ တိုင်းပြည်လည်း အခုလိုအခြေအနေ ဖြစ်နေတာတဲ့။ မနေ့တစ်နေ့ကမှ ပေါ်လာပြီး သူရဲကောင်းကြီးယောင်ယောင်၊ ဟိုဟာယောင်ယောင်၊ ဒီဟာယောင်ယောင်တဲ့။ တွယ်ချက်ကတော့ နိုင်းပွိုင့်နိုင်း လောက်ရှိတယ်။ ဘယ်သူတွေက ဘယ်လိုတုံ့ပြန်ကြဦးမယ် မသိဘူး။ ဘယ်သူကမျှ မထိရဲ မတို့ရဲ့ မပြောရဲ မဆိုရဲတဲ့ ဒီမိုကရေစီ သူရဲကောင်းအပေါင်းကို ကိုကောင်းမြတ်ထွဋ်မို့ မကြောက်မလန့် ပြောရဲတယ်။ သတ္တိကတော့ မခေဘူးမောင်။ သိပ်စိတ်ဝင်စားသဗျို့။ ၀န်ကြီးဌာနတွေကိုလည်း သူ့သတင်းစာယူဖို့ ပြောထားပြီးသား၊ ၀န်ကြီးတွေကလည်း သူ့သတင်းစာကိုယူဖို့ နှုတ်မိန့်ပေးထားပြီးသားတဲ့။ မယူရင်လည်း သွားပြီး ဂျစ်တိုက်မှာတဲ့။ ပတောက် ပတောက်သွားလုပ်ရင် နားငြီးပြီး စိတ်ဆင်းရဲပြီး ယူကြမှာပဲတဲ့။ အဲဒီနည်းကို တခြားဂျာနယ်တိုက်တွေ၊ သတင်းစာတိုက်တွေလည်း သုံးကြည့်ပါလားလို့ အချွန်နဲ့ တွန်းလိုက်ချင်သေး။ အဟေးဟေးဟေး။ City Star မှာ ဥက္ကာကိုကိုတို့၊ ဦးမင်းသစ်တို့ကို မိုက်တစ်လုံးကိုင်ပြီး ချဲခဲ့သတဲ့။ မှတ်သားမိပါသဗျာ။ သတင်းစာနယ်ပယ်က ဆရာကြီး၊ သမ္ဘာကြီးတွေကို တစ်ယောက်မျှ သောက်ထင်မကြီးဘူးတဲ့။ မကိုးကွယ်ဘူးတဲ့။ ဒါပေမယ့် သူတို့လောက် မတော်ဘူး၊ အသုံးမကျဘူးဆိုတာတော့ ၀န်ခံတယ်ဗျ။ ဒါတောင် အသံဖမ်းထားတဲ့ဖိုင်က ဒီလောက်နဲ့ပဲ ရပ်သွားလို့။ အလွတ်သာ ထိုင်ပြောခိုင်းရင် မြန်မာတစ်ပြည်လုံးလည်း တစ်ယောက်မျှ ကျန်မယ်မထင်ဘူး။ ဘုရား.. ဘုရား… ကျွန်တော့်ဘလော့ဂ်ကို မျက်စိလည် လမ်းမှားပြီး မဖတ်မိ၊ မကြည့်မိပါစေနဲ့။ တော်တော်ကြာ… နောက်တစ်ခါပြောရင် မြန်မာ့သွေး ဘလော့ဂ်ဆိုတာလည်း ဘာမျှသောက်သုံးကျတာ မဟုတ်ဘူး။ ဟိုယောင်ယောင် ဒီယောင်ယောင် လျှောက်ရေးထားတာတို့၊ ကီးဘုတ်လေး ခပ်သွက်သွက်ရိုက်တတ်ရုံနဲ့ ဘလော့ဂ်ရေးတယ်ဆိုပြီး လုပ်စားနေတာတို့ အပြောခံနေရမှာစိုးလို့ပါဗျာ။ ဦးကောင်းရေ ကျွန်တော်က ဦးကောင်းကို ဘာမျှ မဝေဖန်ဘူးနော်။ ဦးကောင်းပြောတာတွေကိုပဲ ပြန်ရေးပြတာ။ စိတ်မဆိုးကြေး၊ အမှတ်မထားကြေး၊ ဒေါသမထွက်ကြေး၊ နော်… ဦးကောင်း။ :D

ဦးကောင်းမြတ်ထွဋ်ရဲ့ ကိုယ်ရေးအကျဉ်းဆိုပြီး တစ်နေရာမှာတွေ့လို့ သိမ်းထားမိတာလေးကို ပြန်လည် ဝေမျှလိုက်ပါတယ်။ စိတ်ဝင်စားစရာတော့ အကောင်းသားဗျ။ သူလည်း ၈၈ မျိုးဆက်ပဲကိုး။ ဒါပေမယ့် သူက မင်းကိုနိုင်တို့နဲ့ မတူတဲ့ ၈၈ မျိုးဆက်ဖြစ်မယ်။ အသက် ၁၃ နှစ်နဲ့ ၈၈ အရေးတော်ပုံကို ၀င်နွှဲခဲ့သူဆိုတော့ လျှော့တွက်လို့တော့ မရဘူးဗျ။ ဖတ်ကြည့်ကြပါဦးဗျာ။ ကျွန်တော်နားမလည်တာက ဦးကောင်းမြတ်ထွဋ် နဲ့ ဦးကောင်းမြင့်ထွဋ် ဘယ်နာမည်က အမှန်လဲ။ နှစ်မျိုးလုံး ရောနေတာကို တွေ့ရတယ်။ နောက်တစ်ခုက သူပြောတဲ့ အသံဖိုင်က တရားဝင်ဖမ်းယူထားတာ ဟုတ်ဟန်မတူဘူး။ သူ့ဂျာနယ်တိုက်က ၀န်ထမ်းတွေကို ပြောနေတဲ့အချိန်မှာ တစ်ဦးဦးက ဖုန်းနဲ့ အသံဖမ်းထားတာ ဖြစ်လိမ့်မယ်ထင်ပါရဲ့။ မလုပ်သင့်ဘူးလို့တော့ မြင်မိတယ်။ တစ်ခါတရံမှာ ကျွန်တော်တို့လည်း ကိုယ့်မိတ်ဆွေတွေအချင်းချင်း၊ ကိုယ့်ငယ်ပေါင်းတွေအချင်းချင်း တွေ့ကြဆုံကြတဲ့အခါ သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း ပြောတတ်ကြတာပါပဲ။ ဒါပေမယ့် အဲဒါတွေကို အတည်တွေမှတ်ယူပြီး တကယ့်ဘ၀ထဲကို ယူလာဖို့တော့ မသင့်ဘူးထင်ပါရဲ့။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် စကားကို ဆင်ဆင်ခြင်ခြင်၊ ဖြောင့်ဖြောင့်မတ်မတ် ပြောမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အချင်းချင်းမို့ ပြောရင်းနဲ့ လွန်သွားတာတွေလည်း ရှိတတ်ပါတယ်။ လင်မယားချင်း ညအိပ်တဲ့အချိန်မှာ ရုံးကလူကြီးအကြောင်း မကောင်းပြောချင် ပြောမိမှာပေါ့။ အဲဒါကို အသံဖမ်းပြီး ဒီလိုတော့ ပြောတယ်လို့ ဘယ်လုပ်လို့ ဖြစ်မလဲ။ မဟုတ်ဘူးလား။ ကျွန်တော်ပြောတာကို နားလည်ကြမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အင်တာနက်ပေါ်က ရွှေမြန်မာတွေ မပျင်းရအောင် အခုလိုမျိုး အသံဖိုင်လေးတွေ၊ ဓာတ်ပုံလေးတွေ ထွက်လာတာကိုပဲ ကျေးဇူးတင်ရဦးမယ်။

(၂)
ဒေါ်အောင်ဆန်းစုကြည်ကို စိန်ခေါ်လိုက်ပြန်တဲ့ ငါးမင်းဆွေ


ဦးကောင်းမြတ်ထွဋ် တစ်ယောက်တည်းနဲ့တောင် အင်တာနက်တနံ ခြိမ်းခြိမ်းညံ ဖြစ်နေတဲ့ဟာကို ၀င်ပြီးတော့ ဓာတ်ဆီလောင်းတဲ့လူကလည်း ရှိသေးသဗျ။ အခြားလူ ဟုတ်ပါရိုးလားဗျာ။ ငါးမင်းဆွေ၊ ငါးမင်းဆွေ။ သူလည်း ကလောင်စွမ်းတော့ အတော်ထက်တဲ့လူပဲဗျ။ သူ့ဟာသူ ရေးချင်ရာရေးတာဆိုပြီး ဘယ်သူကမျှ ဥပေက္ခာပြုမထားနိုင်ဘူး။ သူကလည်း ရေးလိုက်ရင် တအံ့တသြဖြစ်စရာ၊ မင်သက်သွားစရာ၊ ပါးစပ်ဟောင်းလောင်း ဖြစ်သွားစရာတွေချည်းပဲ။ အဲဒီလောက် တွေးတတ်တဲ့ ဦးနှောက်ကိုတော့ အတော်ကြီးကို စိတ်ဝင်စားမိတာ အမှန်ပဲ။ အခုလည်း ဒေါ်စုထံကို အိတ်ဖွင့်ပေးစာ ပေးလိုက်ပါသဗျို့။ အတော်လည်း လူရည်လည်တဲ့သူပဲဗျ။ ကိုင်မယ့်ကိုင်တော့ ခေါင်ကိုပဲ တက်ကိုင်တာဗျို့။ ဒေါ်စုနဲ့မှ ပြောချင်သတဲ့။ ရှင်းချင်သတဲ့။ အင်တာနက်ပေါ်တော့ ထုံးစံအတိုင်း မေတ္တာတော်တွေ အနန္တ သွန်းဖြိုးခံနေရရှာသပေါ့လေ။ ကဲ... ငါးမင်းဆွေရဲ့ နောက်ဆုံးပေါ် ကလောင်လက်နက်ကို ရှုစားကြပါဦး။ အရေးအသား၊ အတွေးအခေါ် ဘယ်လောက်ပြောင်မြောက် သလဲဆိုတာ စာဖတ်သူကိုယ်တိုင် သိရမှာပ။ ဖတ်တော်မူ... ဖတ်တော်မူ...။


စာကြွင်း။ ကျန်တဲ့သတင်းတွေကိုတော့ သီးသန့်ရေးပါ့မယ်။ ဒီနှစ်ယောက်နဲ့ဆို ကျန်တဲ့သတင်းတွေ စိတ်ဝင်စားစရာကောင်းမှာ မဟုတ်ဘူး။ သူတို့ကို သီးသန့်ဦးစားပေးတင်လိုက်ပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၅ နာရီ ၂၀ မိနစ်တွင်ပြီး၏။

Tuesday, August 13, 2013

မြင်းထိန်းငတာတွေ သိပ်များတဲ့တိုင်းပြည်


ဒီနေ့ခေတ်က Facebook ခေတ်ဆိုတော့ လူအများစုက သူတို့ရဲ့ အတွေးအမြင်တွေ၊ အတွေ့အကြုံတွေ၊ ခံစားချက်တွေ စသဖြင့် ကိုယ့်စိတ်ကူးရှိရာကို လွတ်လွတ်လပ်လပ်၊ လွယ်လွယ်ကူကူ ရေးသားကြလေ့၊ ပြန်လည်ဝေမျှကြလေ့ ရှိပါတယ်။ ကိုယ့် facebook account မှာ ကိုယ့်ဘာသာကိုယ် ရေးချင်ရာ ရေးတာဟာ ဘာပြဿနာမှ မရှိပါဘူး။ အချို့သူတွေ ပြောတတ်ကြသလို မကောင်းဘူးထင်ရင် မဖတ်နဲ့ပေါ့။ သူ့ wall ပေါ်မှာ သူရေးချင်ရာရေးမှာပေါ့။ ကျွန်တော်လည်း အဲဒီအယူအဆကို လက်ခံပါတယ်။ ကိုယ့်စာမျက်နှာမှာ ကိုယ့်ဘာသာကိုယ် ခံစားရတဲ့အတိုင်း လွတ်လပ်စွာ ရေးခွင့်လေးတော့ ရှိသင့်ပါတယ်။ ဒါပေမယ့် အများနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ ပညာရပ်ပိုင်းဆိုင်ရာ အကြောင်းအရာတွေ၊ ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေ စတာတွေမှာတော့ ကိုယ်ထင်တိုင်း မပြောသင့်တာတွေ ရှိနေတယ်လို့ မြင်မိပါတယ်။

အခုလည်း ရေးသင့်၊ မရေးသင့် အတော်ကြီးကို စဉ်းစားပြီးမှ ရေးစရာရှိတာကို ရေးပါတယ်။ လူတစ်ဦးရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်အရ သူ့အတွေး၊ သူ့အမြင်နဲ့ ရေးသားထားတာကို ဝေဖန်ရတာလည်း အားနာပါတယ်။ ဒါပေမယ့် သူ့ဘာသာသူ လူမသိ၊ သူမသိ ရေးခဲ့တာဆိုရင် ကျွန်တော်ဖတ်မိစရာ မရှိသလို၊ ပြောစရာ၊ ဝေဖန်စရာလည်း မရှိပါဘူး။ အခုတော့ မူလရေးသားသူက သူ့ရဲ့ facebook မှာ သူ့ဟာသူရေးထားတာကို အခြားလူတွေက ၀ိုင်းပြီးတော့ အားပေးကြ၊ ပြန်လည်ဝေမျှကြ၊ အချို့ဆိုရင် မူလရေးတဲ့သူမပါတဲ့ ဓာတ်ပုံလေးတွေ ဖြည့်ပြီးတော့တောင် ပြန်လည်မွမ်းမံကြနဲ့ အတော်ကြီးကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ရှိလာတာမို့ ကျွန်တော့်အမြင်၊ ကျွန်တော့်အတွေးနဲ့ ဝေဖန်ရေးသားရခြင်းဖြစ်ကြောင်းပါ။

မူလရေးသားသူရဲ့ Facebook စာမျက်နှာပါ။ သူရေးထားတဲ့ စတေးတပ်က ဒီလိုပါ -
လွှတ်တော်ကို နေ့တစ်ပိုင်းလာက် လေ့လာမိတာနဲ့ ဆဝါးမိတာလေး ဝေမျှ ပေးလိုက်ပါတယ်။ ဒေါ်စုကလွဲလို့ ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက အေးဆေးပါ။ ဒေါ်စုကတော့ လွှတ်တော် ကျင်းပနေစဉ် breakပေးတဲ့ အချိန်မှာ ထမင်းစားရပါတယ်တဲ့။ နေ့လည် ထမင်းစားချိန်မှာ နိုင်ငံခြား သံတမန်တွေ ဧည့်သည်တွေနဲ့ တွေ့ရပါတယ်။ ကော်မတီ အစည်းအဝေးတွေ ရှိသလို NLDအမတ်တွေနဲ့လည်း အစည်းအဝေးက မပြတ်ပြုလုပ်လေ့ ရှိပါတယ်တဲ။ တာဝန်သိတော့ တာဝန်ရှိတော့ တာပေါ့။ တာဝန်ရှိတော့ မနားရတော့ဘူးပေါ့။ အသက်အရွယ်နဲ့ မလိုက် တက်တက်ကြွကြွ ဖြတ်ဖြတ်လတ်လတ်နဲ့ ဆောင်ရွက်နေတာ တွေ့ရတော့ ဒီလို ခေါင်းဆောင်မျိုး ရှိတဲ့ မြန်မာပြည် တိုးတာလာမှာ ဧကန်မလွဲပါဗျာ။ လွှတ်တော် ဝန်ထမ်းတွေကလည်း အံတီ အံတီနဲ့ အတော်လေး ကရုစိုက်ကြ တာကို တွေ့ရပါတယ်။ စိတ်ဝင်စား စရာ မကောင်းတဲ့ မေးခွန်းနဲ့ အဖြေတွေ ပြုလုပ် နေကြစဉ် တစ်ခြား လွှတ်တော် ကိုယ်စားလှယ်တွေ အိပ်ငိုက် နေကြချိန်မှာ ဒေါ်စုကတော့ လေ့လာစရာ ရှိတဲ့ စာအုပ် စာတန်းတွေကို ဖတ်မှတ်လေ့လာ နေတာကို တွေ့ရပါတယ်။ ဒေါ်စုကို ဘာဖြစ်လို့ အထင်ကြီး လေးစား အားကိုး ကြတယ်ဆိုတာကို ဖြတ်ကနဲ လေ့လာလိုက် တာနဲ့ကို သိရှိလိုက် ရပါတယ် ခင်ဗျာ။

နည်းနည်းလေး ထပ်ကညော့ပြီး သိဒ္ဓိတင်ပေးထားတာလေး နောက်တစ်ခုလောက် ဖတ်ချင်ရင်တော့ ဒီနေရာမှာ သွားဖတ်ပါ။

နောက်ထပ်တစ်ခုအနေနဲ့ ယနေ့အကြိုက်ဆုံး သတင်းဓာတ်ပုံဆိုပြီး MyanmarDaily.Net က တင်ထားတဲ့ စာသားတွေနဲ့ ဓာတ်ပုံကလည်း စိတ်ဝင်စားစရာပါပဲ။ စာရော၊ ဓာတ်ပုံရောကို ဒီနေရာမှာ ပြန်ဖော်ပြပါရစေ။
ယနေ့အကြိုက်ဆုံး သတင်းဓါတ်ပုံ=================
လွှတ်တော်ကို နေ့တစ်ပိုင်းလောက် လေ့လာမိတာနဲ့ ဆဝါးမိတာလေး ဝေမျှ ပေးလိုက်ပါတယ်။
ဒေါ်စုကလွဲလို့ ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက အေးဆေးပါ။ ဒေါ်စုကတော့ လွှတ်တော် ကျင်းပနေစဉ် breakပေးတဲ့ အချိန်မှာ ထမင်းစားရပါတယ်တဲ့။ နေ့လည် ထမင်းစားချိန်မှာ နိုင်ငံခြား သံတမန်တွေ ဧည့်သည်တွေနဲ့ တွေ့ရပါတယ်။ ကော်မတီ အစည်းအဝေးတွေ ရှိသလို NLDအမတ်တွေနဲ့လည်း အစည်းအဝေးက မပြတ်ပြုလုပ်လေ့ ရှိပါတယ်တဲ့။
Ref : Kaung Naing

အခြားသော ပြန်လည်မျှဝေသူတွေကတော့ ဒီသတင်းတွေကို အခြေခံပြီး အချို့သော စကားလုံးလေးတွေ ထပ်ဖြည့်စွက်တာ၊ ချဲ့ကားတာတွေသာ လုပ်ကြတာမို့ အထူးအထွေလုပ်ပြီး ပြန်မဖော်ပြတော့ပါဘူး။

မူလရေးသားတဲ့ ကိုကောင်းနိုင် ဆိုသူရဲ့ အရေးအသားတွေကနေ စပြောပါရစေ။ သူရေးသမျှဟာ လွှတ်တော်ကို နေ့တစ်ပိုင်းလောက် လေ့လာမိတာနဲ့ ဆ၀ါးမိတာလေးကို ရေးထားတာဆိုတော့ အံ့သြစရာ ကောင်းလွန်းမနေဘူးလား။ နေ့တစ်ပိုင်းလောက် လွှတ်တော်ကို လေ့လာရုံနဲ့ လွှတ်တော်ထဲက အခြေအနေတွေ အားလုံးနီးပါးကို သိနားလည်သွားတဲ့ သူ့ရဲ့ပါရမီဉာဏ် ရင့်သန်မှုကို မလေးစားဘဲ၊ အားမကျဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။ တကယ်ပြောတာပါ။ ကျွန်တော်ကိုဉာဏ်ဆိုရင် လွှတ်တော် ဆိုတာကြီးကို တစ်လလောက် လေ့လာတာတောင် သေသေချာချာ နားလည်လောက်မယ် မထင်ပါဘူး။ အဲဒါကြောင့်လည်း အခုလိုမျိုး သူများကို ဝေဖန်တာလောက်ပဲ လုပ်နိုင်တာလား မသိပါဘူး။ သူများကို ဝေဖန်တယ်ဆိုတာ ဘာပညာမှ မလိုဘူးမဟုတ်လား။ ကိုယ့်စိတ်နဲ့မတွေ့ရင်၊ ကိုယ်နဲ့သဘောထား မတူရင် မကောင်းဘူးပြောလိုက်ရုံပေါ့ မဟုတ်ဘူးလား။ :D

လွှတ်တော်ကို နေ့တစ်ပိုင်းလောက် အပေါ်ထပ်ကနေ ထိုင်ကြည့်ဖူးရုံနဲ့ ဒေါ်စုကလွဲရင် လွှတ်တော်ထဲက ကျန်တဲ့ကိုယ်စားလှယ်တွေ အကုန်လုံးက အေးဆေးပါပဲဆိုတော့ ကျွန်တော်ဘယ်လို နားလည်ရမလဲ။ တကယ်မသိလို့ မေးတာပါ။ အေးဆေးပါဆိုတာ ဘာပြောတာတုန်း။ ဒေါ်စုက မအေးဆေးဘူးဆိုတော့ ဘာဖြစ်လို့လဲ။ လွှတ်တော်နာယကကြီးနဲ့ ဥက္ကဋ္ဌတွေက ဒေါ်စုကို လွှတ်တော်အဆောက်အအုံကို ပတ်ပြီးတော့ လမ်းလျှောက်ခိုင်းထားလို့လား၊ ဒါမှမဟုတ် ဘယ်မှမသွားနဲ့ ကိုယ့်နေရာမှာပဲ ကိုယ်ထိုင်နေလို့ တုံးထုပြီး ဆုံးဖြတ်ထားလို့လား။ ခက်ပြီရောဗျာ... ကျုပ်ကလည်း SkyNet က လာတဲ့လွှတ်တော်ကိုသာ သိတာကိုး။ သူ့လိုလည်း လွှတ်တော်ထဲကို နေ့ဝက်လောက်အသာထား၊ နာရီဝက်လောက်တောင် ရောက်ဖူးတာမဟုတ်ချေတော့ ဘာကိုပြောချင်မှန်း နားမလည်ဘူးဗျ။

ဒေါ်စုက လွှတ်တော် break ပေးတဲ့အချိန်မှာ ထမင်းစားရတယ်ဆိုတော့ ကျန်တဲ့ ကိုယ်စားလှယ်တွေက ဘယ်အချိန် စားကြတုန်းဗျ။ တကယ်မသိလို့ပါဗျ။ ကြည့်ရတာ ဒေါ်စုတစ်ယောက်ပဲ break ပေးတဲ့အချိန်မှာ ထမင်းစားပြီး ကျန်တဲ့ကိုယ်စားလှယ်တွေက ကိုယ့်ဘာသာကိုယ် ဗိုက်ဆာတဲ့အချိန် အဆင်ပြေသလို ထွက်စားကြတယ် ထင်ပါရဲ့ဗျာ။ ဒါနဲ့များ ဂျာနယ်တွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေပြောတဲ့ တစ်ခါတလေ ထမင်းစားချိန်က နေ့လည် ၁ နာရီ၊ ၂ နာရီတွေ ဖြစ်သွားလို့ အသက်ကြီးတဲ့လူတွေ ဒုက္ခရောက်ကြရတယ်ဆိုတာ အလကားပေါ့ဗျ။ ကျုပ်ဆိုတဲ့ကောင်က တကယ်တွေမှတ်ပြီး ကိုယ်စားလှယ်ကြီးတွေကို သနားလိုက်ရတာ။ သူတို့ခမျာ တိုင်းရေးပြည်ရေးအတွက် ထမင်းစားချိန်မမှန်၊ ရေသောက်ချိန်မမှန်၊ အပေါ့သွားချိန်မမှန်နဲ့ အတော်ပင်ပန်းကြရှာတာပဲပေါ့။ အခုမှပဲ သိတော့တယ်။ ဒင်းတို့က စားချင်တဲ့အချိန် ထမင်းစားနေတာကိုး။

နိုင်ငံခြားသံတမန်တွေ၊ ဧည့်သည်တွေနဲ့ ထမင်းစားချိန်မှာ တွေ့ရတယ်ဆိုတာကို နားမလည်ဘူး။ ဘာကိုပြောပြန်တာလဲဗျာ။ ဒေါ်စုက ထမင်းစားရင်းနဲ့ ဧည့်သည်တွေနဲ့ စကားပြောတာကို ပြောတာလား။ ဒါမှမဟုတ် သူတို့နဲ့အတူတူ ထမင်းစားတာလား။ မရှင်းလင်းဘူးဗျာ။

ကော်မတီအစည်းအဝေးတွေ ရှိသလို၊ NLD အမတ်တွေနဲ့လည်း အစည်းအဝေးက မပြတ်ပြုလုပ်တယ်တဲ့။ ကော်မတီအစည်းအဝေးက ဒေါ်စုတစ်ယောက်တည်း လုပ်ရတာလား။ ကျွန်တော်သိသလောက်ကတော့ လွှတ်တော် နှစ်ရပ်ပေါင်းမှာ ကော်မတီပေါင်းက ၄၀ နီးပါးလောက်ရှိတယ်။ အဲဒီကော်မတီတွေထဲက ဒေါ်စု ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီတစ်ခုပဲ အစည်းအဝေးလုပ်သလား။ လက်စသတ်တော့ အခြားကော်မတီတွေက ဖွဲ့သာဖွဲ့ထားပြီး ဘာအလုပ်မျှ မလုပ်ကြတဲ့သူတွေကိုးဗျ။ ဒါနဲ့များ SkyNet က ကျွန်တော်တို့ကို လိမ်စဉ်ကြီး လွှင့်ပြနေသေးတယ်။ ဘာတဲ့... ဘာရေးရာကော်မတီ အစည်းအဝေးတို့၊ ဘာကော်မရှင် အစည်းအဝေးတို့ဆိုပြီး တစ်နိုင်ငံလုံးကို ပြနေလိုက်သေးတယ်။ အခုမှ အကုန်ဗူးပေါ်သလို ပေါ်တော့တယ်။

NLD အမတ်တွေနဲ့ အစည်းအဝေးမပြတ်လုပ်ရတယ်တဲ့။ အခြားပါတီတွေကရော မစည်းမဝေးကြဘူးလားဟ။ အတော်ခက်တဲ့လူတွေပဲ။ အစည်းအဝေးတွေဘာတွေ မလုပ်ဘဲနဲ့ အချင်းချင်း ဘယ်လိုများ တိုင်ပင်ကြ၊ ဆွေးနွေးကြသလဲ မသိဘူးနော်။ လွှတ်တော်ထဲမှာ ဆုံးဖြတ်ရင် ကိုယ်ထင်ရာကိုယ် ဆုံးဖြတ်နေကြတယ် ထင်ပါရဲ့ဗျာ။ တကယ်ဆိုရင် အမေစုလို လုပ်ရမှာပေါ့။ ဒီနေ့ဘယ်အဆိုကိုတော့ ကန့်ကွက်၊ ဘယ်အဆိုကိုတော့ ထောက်ခံ၊ ဘယ်သူတင်ရင်တော့ ကြားနေလိုက် စသဖြင့်ပေါ့။ မဟုတ်ဘူးလား။ မနက်က အဲဒီကိစ္စကိုဝေဖန်ရင်း ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြောတာလေးကို ထပ်ဖြည့်စွက်ပြီး ပြောပါရစေဦး။ ဒေါ်စုက လွှတ်တော်ကျမှ အစည်းအဝေး လုပ်ရတာပေါ့ကွ။ သူက သူ့ပါတီဝင်တွေနဲ့ အတူတူနေတာမှ မဟုတ်တာတဲ့။ သူ့ဟာသူ သီးခြားနေတာဆိုတော့ သူတို့တွေ့လို့ရတာ လွှတ်တော်မှာပဲ ရှိတာပေါ့တဲ့။ အခြားပါတီတွေက တည်းခိုတဲ့နေရာမှာ တစ်နေရာတည်းတွေမှာ နေကြတာ များတယ်တဲ့။ အစည်းအဝေးကိုလည်း ညပိုင်းတွေမှာ စုဝေးပြီး လုပ်ကြတာတဲ့။ ဟုတ်မဟုတ် ကျွန်တော်မသိပါ။ စဉ်းစားစရာမို့ ပြန်ပြောပြရတာပါ။

လွှတ်တော်ဝန်ထမ်းတွေကလည်း အံတီ အံတီနဲ့ အတော်လေး ဂရုစိုက်ကြတာကို တွေ့ရပါတယ်တဲ့။ ဟားဟားဟား အခြားပါတီခေါင်းဆောင်တစ်ယောက်ကို လွှတ်တော်ဝန်ထမ်းတွေက အဲဒီလိုမျိုး အန်ကယ်၊ အန်ကယ်တို့၊ အဘ၊ အဘတို့ဆိုပြီး ဂရုစိုက်ကြရင် အဲဒီလူ ဘာပြောမလဲလို့ ကျုပ်ကိုဉာဏ်ဖြင့် အရမ်းကို သိချင်မိတာပါပဲဗျာ။ တကယ်ပါပဲ.... :D :D :D

စိတ်ဝင်စားစရာမကောင်းတဲ့ မေးခွန်းနဲ့အဖြေတွေ ပြုလုပ်နေကြစဉ် တခြားလွှတ်တော်ကိုယ်စားလှယ်တွေ အိပ်ငိုက်နေကြချိန်မှာ ဒေါ်စုကတော့ လေ့လာစရာရှိတဲ့ စာအုပ်စာတမ်းတွေကို ဖတ်မှတ်လေ့လာနေတာကို တွေ့ရပါတယ်တဲ့။ သေလိုက်ပါတော့ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေရယ်။ စိတ်ဝင်စားစရာမကောင်းတဲ့ မေးခွန်းနဲ့ အဖြေတွေဆိုတာ ဘာတွေများလဲလို့ သိချင်မိပါရဲ့။ အရေးအသားကတော့ ၀တ္ထုရေးလို့ ရလောက်တယ်။ တကယ်ပဲ... မင်းသားကလွဲရင် ကျန်တဲ့လူတွေအကုန်လုံးက အရက်သမား၊ ဖဲသမား၊ ဘိန်းစား၊ လူမိုက်တွေချည်းပဲ။ :D လွှတ်တော်လုပ်နေတဲ့အချိန်မှာ ကိုယ်ဖတ်ချင်ရာစာအုပ် ဖတ်နေလို့ ရမရဆိုတာ ကျွန်တော်မသိဘူးဗျ။ အဲဒါနဲ့ ပတ်သက်ပြီး တစ်ခါက ဂျာနယ်တွေထဲမှာ ဖတ်မိတာကတော့ လွှတ်တော်ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်က လွှတ်တော်အစည်းအဝေးချိန်မှာ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ မသက်ဆိုင်တဲ့ စာအုပ်တွေ ဖတ်နေတာဟာ လွှတ်တော်ကို စော်ကားရာရောက်တယ်၊ မထီမဲ့မြင်ပြုရာ ရောက်တယ်လို့ ပြောဖူးတယ် ဆိုသလားလို့ပါ။ ရုံးတွေ၊ ဌာနတွေမှာ အစည်းအဝေးလုပ်လို့ ကိုယ်နဲ့မဆိုင်တာတွေ ပြောနေတဲ့အချိန်မှာ ကာတွန်းစာအုပ် ဖတ်နေတာ၊ ဖုန်းကလိနေတာ၊ ကိုယ်ရေးကိုယ်တာ ရေးစရာရှိတာ ရေးနေတာတွေဟာ အပြစ်ကင်းသလားဗျ။ အဲဒီမူလရေးသားသူဟာ အဖွဲ့အစည်းတစ်ခုခု၊ အစည်းအရုံးတစ်ခုခု၊ ဌာနတစ်ခုခုရဲ့ အကြီးအကဲအဖြစ် ဦးစီးဦးဆောင်လုပ်ပြီး အစည်းအဝေး လုပ်ဖူးပုံ မရဘူးဗျ။ :D

ဒေါ်စုကို ဘာဖြစ်လို့ အထင်ကြီး အားကိုး လေးစားကြသလဲဆိုတာကို ဖြတ်ခနဲ လေ့လာလိုက်တာနဲ့ကို သိရှိလိုက်ရပါတယ် တဲ့။ ခစ်ခစ်ခစ် :D :D :D တကယ့် ဟာသပါပဲဗျာ။ ကိုယ့်ဘာသာကိုယ် ဒေါ်စုကို သဘောကျတယ်ဆို သဘောကျတယ်ပေါ့၊ ဒေါ်စုကို လေးစားတယ်ဆို လေးစားတယ်ပေါ့။ ဘာဖြစ်လဲဗျ။ လျှောက်ပြီးတော့ ပြောနေစရာ မလိုပါဘူး။ ကိုယ့်ဘာသာကိုယ် လူပုဂ္ဂိုလ်တစ်ဦးကို လေးစားတာ၊ အားကျတာ၊ အတုယူတာ၊ သဘောကျတာ ဘယ်သူ့ကို ဂရုစိုက်ရမလဲဗျ။ မဟုတ်ဘူးလား။ ဘယ်နှယ်ဗျာ အခုတော့ ဖြတ်ခနဲ လေ့လာလိုက်တာနဲ့တောင် ဒေါ်စုကို ဘာကြောင့် အထင်ကြီး အားကိုး လေးစားကြသလဲ ဆိုတာကို သိရှိလိုက်ရပါတယ်တဲ့။ သေလိုက်ပါ့လားကွာ... အတော်နောက်တဲ့လူကြီး... တကယ်ပဲ။ အဟုတ်မှတ်လို့ ဖတ်လိုက်ရတာ။ နောက်ဆုံးကျတော့မှ ပေါ်တင်ကြီးကို ဒေါ်စုကို ကြော်ငြာသွားတာကိုး။

ကိုယ့်ဝေါပေါ်မှာ ကိုယ့်ဘာသာကိုယ် ရေးတာပဲဗျာ။ ရေးစမ်းပါလေ့။ ဒေါ်စုကို ကျွန်တော်လေးစားတယ်၊ ဒေါ်စုကို ကျွန်တော်အထင်ကြီးတယ်၊ ဒေါ်စုကို ကျွန်တော်အားကိုးတယ်။ စသဖြင့်ပေါ့။ ဒီထက်ပိုပြီးတော့ စကားလုံးတွေ အမွှမ်းတင်တတ်သေးရင် တခြားသူတွေလိုမျိုး ရေးပါလေ့။ ဘာတဲ့... ဂန္ထ၀င်မေမေတို့၊ အနှိုင်းမဲ့မေမေတို့၊ အမေစုတို့၊ အမေတို့၊ တို့မေမေတို့၊ သားတို့မေမေတို့၊ သံမဏိမေမေတို့ စသဖြင့်ပေါ့။ အခုဟာက လွှတ်တော်အတွေ့အကြုံ ရေးတာလိုလို၊ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်ခိုက်တာလိုလိုနဲ့ ဒေါ်စုကို ဘလိုင်းကြီး လော်ဘီလုပ်သွားတာပဲ။ အခြားလူတစ်ယောက်ယောက်ကများ အဲဒီလိုမျိုး အသုံးအနှုန်းတွေနဲ့ ဦးသိန်းညွန့်တို့၊ ဒေါ်ဒွဲဘူတို့၊ ဦးလှဆွေတို့ကို ရေးကြည့်စမ်းပါလား။ ဟားဟားဟား ဖေ့စ်ဘုတ်တစ်ခွင်လုံး သောသောညံသွားမှာပေါ့။

စာဖတ်သူမိတ်ဆွေများခင်ဗျား၊ ကျွန်တော်အမေရိကန် မရောက်ဖူးပါ၊ စင်ကာပူ ခြေမဆန့်ဖူးပါ၊ သြစတြေးလျ တစ်ကြိမ်တစ်ခါမျှ မရောက်ခဲ့ဖူးပါ။ ဆိုပါစို့.. အဲဒီနိုင်ငံတွေကို ကျွန်တော်ဆိုတဲ့ ငတိက တစ်ပတ်စီလောက် လေ့လာရေးခရီးသွားပြီး အမေရိကန်ဆိုတာ ဘယ်လိုနိုင်ငံကွ၊ စင်ကာပူကတော့ ဘယ်လိုပါကွာ၊ သြစတြေးလျက ဒီလိုကွဆိုပြီး ပြောနေရင် အဆင်ပြေပါ့မလား။ အဲဒီထက်ပိုပြီး အမေရိကန်ရဲ့ လူနေမှုပုံစံက ဘယ်လိုကွာ၊ နိုင်ငံသားတွေကတော့ သိပ်မဟန်ပါဘူးကွာ၊ စင်ကာပူက ကောင်တွေကတော့ မကောင်းတဲ့ကောင်တွေချည်းပဲကွ၊ သြစတြေးလျက ထင်သလောက် မစွံပါဘူးကွာ၊ နိုင်ငံရေးစနစ်ကလည်းမကောင်း၊ လူတွေကလည်း ပျင်းကြတယ် စသဖြင့် ဝေဖန်မယ်၊ မှတ်ချက်ပြုမယ်ဆိုရင် အများလက်ခံစရာ ဖြစ်ပါ့မလား။ မနေ့တစ်နေ့ကမှ အင်တာနက်သုံးတဲ့လူက လဘက်ရည်ဆိုင်ထိုင်ပြီး ဖေ့စ်ဘုတ်ဆိုတာ မကောင်းပါဘူးကွာတို့၊ ဘလော့ဂ်ရေးတယ်ဆိုတာ အလကားအလုပ်ပါ၊ စာရိုက်တတ်ရင် ကလေးတောင် လုပ်လို့ရပါတယ်တို့ စသဖြင့် ပြောမယ်ဆိုရင် လူရယ်စရာ ဖြစ်မနေဘူးလား။ နိုင်ငံသားတွေအားလုံး လိုက်နာကျင့်သုံးရမယ့် ဥပဒေတွေကို ပြဋ္ဌာန်းပေးနေတဲ့ လွှတ်တော်တစ်ရပ်ကို  နေ့ဝက်လောက် လေ့လာပြီး ပြောချင်ရာတွေ ပြောသွားတာကတော့ တစ်ဆိတ်ဖြင့် လွန်တယ်လို့ မထင်မိဘူးလား။

ကျွန်တော် ဒေါ်စုကို ဝေဖန်နေတာမဟုတ်ပါ။ ဒီလိုကိစ္စတွေကိုလည်း ဒေါ်စုသိနိုင်မည်မဟုတ်ပါ။ အလကားနေရင် ဒေါ်စုကို သိဒ္ဓိတင်ပေးနေသော၊ မျက်စိနောက်အောင် အမွှမ်းတင်နေကြသော လူများကိုသာ ဝေဖန်ခြင်းဖြစ်ပါသည်။

ကျွန်တော်တို့နိုင်ငံဟာ မြင်းထိန်းငတာတွေ သိပ်များတဲ့တိုင်းပြည်ဆိုတာ တစ်နေ့တစ်ခြား ကျွန်တော်သိလာရသည်။ ၀မ်းနည်းရမှာလား... ၀မ်းသာရမှာလား မိသိန်းကြည်....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်၊ အင်္ဂါနေ့။
ည ၁၀ နာရီ ၂၁ မိနစ်တွင်ပြီး၏။
စာကြွင်း။ ဘာမျှမရေးချင်ပါဘူးဟု အတန်တန်ပြောပါလျက် ရေးပါကွ၊ ရေးပါကွ၊ မဖတ်ရတာကြာပြီကွဟု မြောက်ပေးသော မိတ်ဆွေအပေါင်းခင်ဗျား၊ အခုရေးခဲ့သောစာသည် ဖတ်လို့ ကောင်းလျှင် ကောင်းနေပါလိမ့်မည်။ မိတ်ဆွေတို့အတွက် သဘောခွေ့စရာ ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ သို့တည်းမဟုတ် ခံပြင်းဒေါသထွက်စရာ ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ ကျွန်တော့်အတွက်တော့ စိတ်ထဲမှာ တအုံ့နွေးနွေး ရှိနေပါသော်လည်း မရေးချင်ဘဲ ရေးခဲ့ရသည့် စာတစ်ပုဒ်ရယ်ပါ။ သူတစ်ပါးကို ပုတ်ခတ်ဝေဖန်တဲ့စာ၊ ဖတ်တဲ့သူကို ဒေါသထွက်စေမယ့်စာတွေ မရေးနဲ့ဟု အမြဲမပြတ် ဆုံးမတတ်သော ကျွန်တော့်ဆရာတွေရဲ့ စကားကို ယနေ့အထိ နားမထောင်မိသေးသည့် ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသဖြစ်မိပါသည်။ ဘယ်အချိန်ကျမှ ဆရာတွေရဲ့စကားကို နားထောင်လိုက်နာနိုင်မလဲဆိုတာ ကျွန်တော်မသိသေးပါခင်ဗျား။

ဥစ္စာပျက်စီးကြောင်း ခုနစ်မျိုး


သုရာယောဂေါ ၀ိကာလော စ၊
သမဇ္ဇစရဏာလသံ။
ခိဍ္ဍာဓုတ္တော ပါပမိတ္တော၊
ဘောဂနာသမုခါ ဣမေ။

အရက်သောက်ခြင်း
အချိန်အခါမဲ့ အပြင်ထွက်ခြင်း
ပွဲလမ်းသဘင် အသွားများခြင်း
ပျင်းရိခြင်း
အပျော်အပါး လိုက်စားခြင်း
လောင်းကစားခြင်း
လူဆိုးလူမိုက်နှင့် အပေါင်းအသင်းပြုခြင်း
ဤအကြောင်းတို့သည် ပစ္စည်းဥစ္စာ ဆုံးရှုံးပျက်စီးခြင်း၏ အကြောင်းဖြစ်ကုန်၏။

Monday, August 12, 2013

ဆရာမောင်ဝံသ ကောင်းရာမွန်ရာ ရောက်ပါစေ


ပြီးခဲ့တဲ့ ၃ ရက် ကားပေါ်မှာပဲ ခရီးသွားရင်း အချိန်ကုန်ခဲ့ရတဲ့အတွက် အင်တာနက် မသုံးဖြစ်သလို သတင်းတွေနဲ့လည်း ကင်းလွတ်သွားခဲ့ရပါတယ်။ မနေ့ကညက ပြန်ရောက်တဲ့အချိန် အင်တာနက်သုံးဖို့ လုပ်ပေမယ့်လည်း ကျန်းမာရေးအခြေအနေအရ အိပ်ရာထဲကို အစောကြီးသွားခဲ့ရတယ်။ မနက်က ညနေအထိ အလုပ်ကိစ္စတွေကြောင့် အင်တာနက် မသုံးဖြစ်ဘူး။ ညနေပြန်ရောက်ကတည်းက ဘယ်မှမသွားဘဲ အင်တာနက်က မဖတ်ရသေးတဲ့ သတင်းတွေကို အတိုးချပြီး ပြန်ဖတ်နေမိတယ်။

သတင်းတွေဖတ်ရင်း အမှတ်မထင် ဖတ်မိတဲ့သတင်းတစ်ခုက ဆရာမောင်ဝံသ ဆုံးပြီဆိုတဲ့သတင်း ဖြစ်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် မယုံကြည်နိုင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ဖတ်မိတဲ့ သတင်းက The Voice က တင်ထားတဲ့သတင်းမို့ မှားယွင်းတာတော့ မဖြစ်နိုင်ဘူးလို့ သုံးသပ်မိပါတယ်။ သေသေချာချာဖတ်ကြည့်တော့ မနေ့က သြဂုတ် ၁၁ ရက်နေ့ကတည်းက ဆုံးပါးခဲ့တာ ဖြစ်ပါတယ်။ ဒီလောက် အရေးကြီးတဲ့ သတင်းကို ကျွန်တော်နည်းနည်းကလေးမျှ မသိခဲ့တာ အတော်ဆိုးရွားပါတယ်။ ဒီနေ့တစ်နေ့လုံး တက်တဲ့သတင်းတွေမှာလည်း ဆရာမောင်ဝံသနဲ့ ပတ်သက်ပြီး မမြင်ရမဖတ်ရတာလည်း ထူးဆန်းပါတယ်။ စာနယ်ဇင်းလောကမှာ ဒီလောက်သြဇာကြီးတဲ့ သတင်းစာဆရာတစ်ဦး ဆုံးပါးသွားတာဟာ မနေ့ကတစ်ရက်ပဲ သတင်းတက်ပြီး ပြီးသွားရောလား။ အဆိုတော်တစ်ယောက် ကားမတော်တဆ ဖြစ်တာကိုတောင် မပြီးနိုင်မစီးနိုင် နေ့စဉ်နဲ့အမျှ မရိုးနိုင်အောင် ပြောနေဆိုနေခဲ့ကြသေးတာ၊ စာဖတ်သူတွေအတွက် နိုင်ငံရေးအသိအမြင်တွေ၊ အတွေ့အကြုံတွေ၊ စဉ်းစားဆင်ခြင်စရာတွေ စေတနာအပြည့်နဲ့ အမြဲတစေ ရေးသားပေးဆပ်ခဲ့တဲ့ ဆရာမောင်ဝံသရဲ့ နောက်ဆုံးခရီးဟာ အဲဒီလောက်တောင်ပဲ ခြောက်ကပ်ကပ် ဖြစ်ရသလား။ အင်တာနက် သုံးတဲ့လူတွေနဲ့ ဆရာမောင်ဝံသဟာ သူစိမ်းပြင်ပြင်များ ဖြစ်ခဲ့လေရော့သလား။ ကျွန်တော်စဉ်းစားမရပါ။

ဆရာမောင်ဝံသ ပြုစုရေးသားခဲ့တဲ့ စာအုပ်စာရင်း၊ ဆောင်းပါးစာရင်း အကုန်အစင် ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကျွန်တော်ဖတ်မိသမျှ စာတိုင်းအတွက်တော့ ဆရာမောင်ဝံသကို လေးစားရပါတယ်။ ပြောချင်တာကို ယဉ်ယဉ်ကျေးကျေးနဲ့ လိုရာရောက်အောင် ရေးတတ်ပြောတတ်တဲ့ ဆရာ့ရဲ့ စာရေးသားခြင်း အတတ်ပညာကို လေးစားအားကျမိတာ အမှန်ပါပဲ။ အဆုတ်ကင်ဆာကြောင့် ဆေးရုံပေါ်မှာ ရောက်နေတဲ့အချိန်အထိ သူပြောချင်တာတွေကို ရေးသားသွားခဲ့ပါသေးတယ်။

အခြားသူတွေလို ဆရာရေးတဲ့စာတွေကို အကုန်မဖတ်ဖူးပေမယ့် ရှာမှရှားတဲ့နိုင်ငံရေးသမား၊ ဝေါမြို့ကလာခဲ့တယ်၊ ခေတ်မီနိုင်ငံရေးဝေါဟာရအဘိဓာန်၊ ပြည်သူ့ခေတ်ဂျာနယ်က ပြောချင်လွန်းလို့ ဆောင်းပါးများ စတဲ့စတဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေအတွက် ဆရာ့ကို လေးစားခဲ့ရပါတယ်။

ဆရာချစ်တဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ၊ စာဖတ်သူတွေကို ဆရာစွန့်ခွာသွားခဲ့ပါပြီ။ ကျွန်တော်တို့အရင် ဆရာက သွားနှင့်ပြီမို့ ကျွန်တော်တို့က နှုတ်ဆက်ရမှာပေါ့။ ကျွန်တော်ပြုခဲ့သမျှ ကောင်းမှုအစုစုအတွက် ဆရာမောင်ဝံသကို အမျှပေးဝေပါတယ်။ ဆရာကောင်းရာမွန်ရာ ရောက်ပါစေ။


ဆရာမောင်ဝံသရဲ့ ဆောင်းပါးတွေထဲက ကျွန်တော်တင်ပေးခဲ့ဖူးတာလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဖတ်ရှုနိုင်ကြပါတယ်။
၁။ U Nu and his moral
၂။ ဒီမိုကရေစီ အခြေခံအင်္ဂါရပ်များ
၃။ နိုင်ငံရေးသမားဋီကာ
၎။ ခရိုနီများရဲ့ ရှေ့ခရီး
၅။ စွပ်စွဲပြစ်တင်မယ်ဆိုတဲ့ကိစ္စ ပြန်စဉ်းစားကြပါဦး
၆။ မြန်မာအတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား

လွန်ကဲသူ ခြောက်ဦး


ဣတ္ထိမိေဿ ကုတော သီလံ၊
မံသဘက္ခေ ကုတောဒယာ။
သုရာပါနေ ကုတော သစ္စံ၊
မဟာလောဘေ ကုတော လဇ္ဇာ။
မဟာတန္ဒေ ကုတော သိပ္ပံ၊
မဟာကောဓေ ကုတော ဓနံ။

အမျိုးသမီးများနှင့် ရောနှောလွန်းသော ရဟန်း၌ အဘယ်မှာ သီလရှိမည်နည်း။
အမဲသားငါး စားလွန်းသောသူ၌ အဘယ်မှာ သနားခြင်း ရှိမည်နည်း။
အရက်သောက်လွန်းသောသူ၌ အဘယ်မှာ စကားအမှန် ရှိမည်နည်း။
လောဘကြီးလွန်းသောသူ၌ အဘယ်မှာ အရှက် ရှိမည်နည်း။
အပျင်းထူလွန်းသောသူ၌ အဘယ်မှာ အတတ်ပညာ ရမည်နည်း။
ဒေါသကြီးလွန်းသောသူ၌ အဘယ်မှာ ဥစ္စာရမည်နည်း။

Thursday, August 08, 2013

အမှီရှိမှ အောင်မြင်သည်


ဂုဏော သဗ္ဗညု တုလျောပိ၊
န သောဘတိ အနိဿယော။
အန ဂ္ဃမပိ မဏိနာ၊
ဟေမံ နိဿာယ သောဘတေ။

သဗ္ဗညု ဘုရားရှင်လောက် တန်ခိုးအရှိန်အ၀ါ ကြီးမားသူပင် ဖြစ်စေကာမူ မင်းတည်းဟူသော အမှီအတွယ်ကို မရပါက မတင့်တယ်နိုင်။

အဘိုးအနဂ္ဃ ထိုက်တန်လှစွာသော ပတ္တမြားရတနာသည်ပင် ရွှေနှင့်ဖက်စပ်ထားပါမှသာ တင့်တယ်နိုင်၏။

Wednesday, August 07, 2013

အပြစ်ရှိသော နေရာခြောက်မျိုး


နာတိဒူရေ ဘဇေ ရညော၊
နာစ္စာသန္နော ပ၀ါတကေ။
ဥဇုကေ နာတိနိန္နေ စ၊
န ဘဇေ ဥစ္စမာသနေ။
ဆဒေါသေ ၀ဇ္ဇေ သာဝကော၊
အဂ္ဂိဝ သံယတော တိဋ္ဌေ။

မင်းမှုထမ်းသည် မင်းထံ ခစားသောအခါ
အဝေးကြီးက
နီးကပ်လွန်းသည့်နေရာ
လေညာအရပ်
ရှေ့တည့်တည့်
နိမ့်လွန်းသည့်နေရာ
မြင့်သည့်နေရာ
ဤသို့အပြစ်ရှိသော နေရာခြောက်မျိုးကို ရှောင်၍ အပြစ်ကင်းစွာ ခစားရာ၏။
မီးကို မထိမိမကိုင်မိစေရန် ရှောင်ရသကဲ့သို့ သတိကြီးစွာထား၍ ရှောင်ရာ၏။

ပုဂ္ဂလိကနေ့စဉ်သတင်းစာတွေရဲ့ ပစ္စုပ္ပန်၊ အနာဂတ်


စာဖတ်သူတွေကို ကြိုပြီးတော့ တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဘလော့ဂ်ဆိုပေမယ့် အခုဆိုရင် နေ့စဉ် လူ ၅၀၀ နီးပါးလောက် လာဖတ်နေကြတဲ့အတွက် တလေးတစား ကြိုတင်တောင်းပန်တာပါ။ အခုတလော စိတ်ထဲရှိတဲ့အတိုင်း ရေးချင်ရာရေးမိရင် မလိုလားအပ်ဘဲ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပါသွားမှာစိုးတဲ့အတွက် မရေးဖြစ်အောင် အခြားဖတ်မိတဲ့ စာတွေကိုပဲ တင်ပေးဖြစ်ပါတယ်။ ပို့စ်အသစ်တွေ မတင်ဘူးလား၊ စာအသစ်တွေ မရေးတော့ဘူးလားလို့ မေးကြတဲ့ မိတ်ဆွေတွေကိုလည်း အားနာပါတယ်။ ကျွန်တော့်စိတ်ထဲမယ် ကိုယ့်ဘာသာကိုယ် မကောင်းမြင်စိတ်တွေ များနေတယ်လို့ သုံးသပ်ယူဆတဲ့အတွက် စာမရေးဖြစ်တာပါ။ မကောင်းမြင်စိတ်နဲ့ ရေးတဲ့စာဆိုရင် တစ်ဖက်စောင်းနင်း ဖြစ်သွားမှာစိုးလို့ပါ။ အဲဒီတော့ သတင်းတွေကို ဘေးကနေပဲ နားထောင်ဖြစ်၊ ဖတ်ဖြစ်၊ ကြည့်ဖြစ်ပါတယ်။ ကျန်တဲ့လူတွေရဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေအပေါ် အမြင်တွေကိုလည်း နားထောင်ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း ပြောသူထက် နားထောင်သူလုပ်ခဲ့တဲ့ အချိန်က ပိုများခဲ့ပါတယ်။ ထပ်တူထပ်မျှ မဟုတ်ပေမယ့် အခြားသူတွေမှာလည်း ကျွန်တော်နဲ့ အနီးစပ်ဆုံး တူညီတဲ့ ခံစားချက်တွေ၊ အမြင်တွေ၊ သုံးသပ်မှုတွေ ရှိနေတာကို မအံ့မသြ တွေ့ရပါတယ်။ အချို့သော ရှားရှားပါးပါးတွေကလည်း ကျွန်တော်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း အယူအဆတွေ၊ အတွေးအမြင်တွေ ရှိနေကြတာကို အသိအမှတ်ပြုရပါတယ်။ လက်ရှိအခြေအနေတွေကို ကောင်းတယ်လို့ မပြောပေမယ့် ဆိုးရွားတယ်လို့ ပြောဆိုတာကို မကြိုက်တဲ့ လူတွေပေါ့။ သူတို့အမြင်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ အရင်တုန်းက တစ်သက်လုံး ဖိနှိပ်မှုအောက်မှာ နေလာခဲ့ရတာ ဖြစ်တဲ့အတွက် အခုလို လွတ်လပ်ခွင့် အသင့်အတင့် ရှိလာတဲ့အချိန်မှာ ပြောဆိုကြ၊ ရေးသားကြ၊ လုပ်ကိုင်ကြ၊ ဆောင်ရွက်ကြတာဟာ အပြစ်မြင်စရာ မဟုတ်ကြောင်း ခုခံကြပါတယ်။ အဲဒီအမြင်တွေကို ကျွန်တော်လေးစားပါတယ်။ အခုတော့ လိုရင်းကို ပြန်ဆက်ရရင် မီဒီယာတွေနဲ့ ပတ်သက်လို့ မြင်နေရ၊ ကြားနေရတာတွေထဲက ကျွန်တော်ပြောချင်စိတ်ရှိတဲ့ အကြောင်းအရာတွေကို ကျွန်တော်မြင်တဲ့အတိုင်း ပြောပါရစေ။ စိတ်ခံစားမှုတွေကို အတတ်နိုင်ဆုံး ချိုးနှိမ်ရေးသားတဲ့ကြားက အသုံးအနှုန်း ရင့်သီးတာတွေ ပါရှိခဲ့ရင် နားလည်ပေးဖို့ ကြိုတင်တောင်းပန်ထားခဲ့ကြောင်း သတိရပေးကြစေလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

အစိုးရပိုင်မဟုတ်တဲ့ ပုဂ္ဂလိကသတင်းစာ အခုလောလောဆယ် ၁၀ စောင်ဝန်းကျင် ထွက်နေတယ်လို့ ကျွန်တော်ခန့်မှန်းမိပါတယ်။ အကုန်လုံးကို မဖတ်နိုင်ပေမယ့် ၅ စောင်ဝန်းကျင်လောက်ကို အလှည့်နဲ့ ဖတ်ဖြစ်ပါတယ်။ ၃ စောင်လောက်ကလွဲရင် ကျန်တဲ့သတင်းစာတွေဟာ မူဝါဒ တိတိကျကျမရှိဘဲ ကြုံရာကျပန်း လုပ်နေကြတယ်လို့ မြင်မိပါတယ်။ သတင်းဖော်ပြပုံတွေ၊ သတင်းရေးသားပုံတွေက ကျင့်ဝတ်နဲ့ မညီ၊ သိက္ခာမရှိ၊ တာဝန်ယူမှုမရှိ လက်လွတ်စပယ် ရေးသားကြတာကို စိတ်မကောင်းစရာ မြင်တွေ့ရပါတယ်။ အချို့သတင်းစာတွေဆိုရင် အယ်ဒီတာအဖွဲ့ အမည်စာရင်းကို ကြည့်လိုက်တော့ ပိုလို့တောင် အံ့သြရတယ်။ မနေ့တစ်နေ့ကမှ သတင်းစာလုပ်တာ မဟုတ်ဘဲ ၀ါရင့်သမ္ဘာရင့် သတင်းစာသမားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ကိုယ့်မူနဲ့ကိုယ် ခိုင်ခိုင်မာမာ မရပ်တည်ဘဲ သတင်းစာထုတ်တဲ့ ပိုင်ရှင်အလိုကျ၊ အဖွဲ့အစည်းအလိုကျ ရေးသားဖော်ပြနေကြတယ်လို့ ခံစားမိပါတယ်။ ပရိသတ်ကို စိတ်ဝင်စားအောင် ဆွဲဆောင်တာဆိုပေမယ့် မျက်နှာဖုံးစာမျက်နှာမှာ သတင်းခေါင်းစီး ပေးပုံတွေက ကြောက်စရာကောင်းလှပါတယ်။ လူပုဂ္ဂိုလ်အလိုက်၊ အဖွဲ့အစည်းအလိုက် သဘောကျနှစ်ခြိုက်ခြင်းမရှိ၊ လိုလားနှစ်သက်ခြင်းမရှိတဲ့ အသုံးအနှုန်းတွေကို ဖောဖောသီသီ သုံးနှုန်းကြတာ တွေ့ရပါတယ်။ ဒါဟာ ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။

သတင်းစာတွေဟာ စနစ်ကို ဝေဖန်ပြုပြင်မှာလား၊ လူပုဂ္ဂိုလ်တစ်ဦးချင်းတွေ၊ အဖွဲ့အစည်းတွေကို ငယ်ကျိုးငယ်နာဖော်၊ အပုပ်ချ၊ ဝေဖန်၊ ပုတ်ခတ်၊ တိုက်ခိုက်၊ ခြေထိုး၊ ဓားနဲ့ထိုး လုပ်မှာလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဂျာနယ်တွေ၊ သတင်းစာတွေ အားလုံးက ပြည်သူအတွက်၊ ပြည်သူအတွက်လို့ တွင်တွင်အော်နေကြပေမယ့် တကယ်တမ်းမှာတော့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် စာဖတ်သူ (ပြည်သူ) တွေကို ခုတုံးလုပ်နေတာကို အခုရက်ပိုင်း ပိုလို့တောင် မြင်လာရပါသေးတယ်။ ကြိုက်တဲ့ဂျာနယ်၊ သတင်းစာကို ဖတ်ကြည့်လိုက်၊ စာဖတ်သူတွေအတွက် လက်ငင်းအကျိုးရှိစေမယ့် အကြောင်းအရာ၊ လက်ရှိနိုင်ငံရေးအပေါ် စာဖတ်သူတွေ တွေးဆဆင်ခြင်စေနိုင်မယ့် အကြောင်းအရာ၊ လက်တွေ့ဘ၀တွေအတွက် တစ်ဖက်တစ်လမ်းက အကျိုးရှိစေမယ့် အကြောင်းအရာတွေထက် သမိုင်းကျမ်းစာအုပ်တွေအလား၊ လိပ်ဥတူးစာစောင်တွေအလား၊ လှုံ့ဆော်ရေးစာစောင်တွေအလား သူ့ထက်ငါ အပြိုင်အဆိုင် ဆော်ကြ၊ နှက်ကြ၊ ဖဲ့ကြ၊ ရွဲ့ကြ၊ လှုံ့ဆော်ကြ၊ အခါတော်ပေးကြ လုပ်နေကြတာဟာ အနာဂတ်အတွက် စိတ်မကောင်းစရာပါ။ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲလို့ ပြန်မေးကြရတော့မယ့် အခြေအနေပါ။ မီဒီယာတွေ ကိုယ့်ဘာသာကိုယ် မေးကြရမယ့် အခြေအနေ ရောက်နေပြီလို့ မြင်မိပါတယ်။

မီဒီယာတွေ (သူတို့ကိုယ်သူတို့ စတုတ္ထမဏ္ဍိုင်လို့ ပြောနေတဲ့လူတွေ) ဟာ အလယ်ကမနေဘဲ၊ အမှန်တရားဘက် မလိုက်ဘဲ သူတို့တိမ်းညွတ်တဲ့ ဘက်တွေကို သိသိသာသာတစ်မျိုး၊ ပြောင်တစ်မျိုး တစ်ဘက်စောင်းနင်း ရေးနေကြတာတွေဟာ ကျွန်တော်တို့နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အားနည်းချက်တွေကို လူတိုင်းသိပြီးသားမို့ အထူးအထွေ မပြောလိုဘူး၊ ဥပဒေပြုရေးကလည်း အခုမှ မြေစမ်းခရမ်းပျိုး၊ ဒါ့အပြင် အာဏာအားပြိုင်မှုတွေကြားမှာ ဦးတည်ချက်ပျောက်နေတယ်၊ တရားစီရင်ရေးမဏ္ဍိုင်က ခေါက်ရိုးကျိုးနေဆဲ၊ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် အခုအချိန်အထိ ရပ်တည်ရဲသေးပုံမရ။ ဒီလိုအချိန်မျိုးမှာ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာတွေကလည်း ကိုယ့်ဘာသာကိုယ် ကိုယ့်သိက္ခာနဲ့ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဘေးကနေ ဖေးမထိန်းကျောင်း၊ ဝေဖန်အကြံပြုတာတွေ လုပ်ရမယ့်အစား သူတို့သည်လည်း အာဏာပိုင် အဖွဲ့အစည်းတစ်ရပ် ဖြစ်တယ်ဆိုတဲ့ အနေအထားမျိုးရောက်လာအောင် သြဇာအာဏာ ထူထောင်လာကြတာတွေ တွေ့လာရတယ်။ လုပ်ကိုင်ဆောင်ရွက်နေတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေကို အကျိုးရှိအောင် အသုံးချပြီး အားလုံးကို အလုပ်အကျွေးပြုရမယ့်အစား ကျန်တဲ့လူတွေအပေါ် အသာစီးရထားတဲ့ လက်နက်တွေပမာ အသုံးပြုနေကြတာကို စိတ်မကောင်းစွာ တွေ့နေမြင်နေရတယ်။ အဲဒီလိုလူတွေကို ကျွန်တော်တို့က ဘယ်လိုစိတ်တွေနဲ့ လေးစားရမလဲ၊ အားကိုးရမလဲ၊ ယုံကြည်ရမလဲဗျာ။ သမိုင်းက မှတ်တမ်းတင်သွားပါလိမ့်မယ်။

အဲဒီလို မှတ်တမ်းတင်ထားသူတွေထဲမှာ ကျွန်တော်ကိုဉာဏ်လည်း တစ်ဦးအပါအ၀င်ပေါ့ဗျာ။ နောက်ထပ် ၂၀၁၆-၂၀၁၇ ခုနှစ်ဝန်းကျင်မှာ အခုဒေါင်းနဲ့မောင်းနဲ့ ရေးနေတဲ့ ဂျာနယ်တွေ၊ သတင်းစာတွေ ဘယ်သောက်ချိုး ပြောင်းသွားမယ်ဆိုတာ ဒီကကောင်က အခုကတည်းက ကြိုပြီးတော့ မြင်နေတာခက်တယ်။ မျက်နှာကို အမဲဆီသုတ်၊ ချောဆီသုတ်၊ ဖယောင်းသုတ်၊ စက်ဆီသုတ်ပြီး မျက်နှာပြောင်တိုက်ကြဦးမှာ မြင်ယောင်နေသေးတယ်။ ကျွန်တော်က နိုင်ငံရေးပုရောဟိတ် မဟုတ်သလို၊ နိုင်ငံရေးရှေ့ဖြစ်ဟောသူလည်း မဟုတ်တဲ့အတွက် ကျွန်တော့်ခန့်မှန်းချက်တွေ မှန်နိုင်တဲ့အလားအလာဟာ ဘယ်လောက်ရာခိုင်နှုန်း ရှိတယ်ဆိုတာကို တပ်အပ်သေချာ မပြောနိုင်ပါဘူး။ ဒါပေမယ့် အခုဒီဘက် ၄-၅ နှစ်အတွင်းမှာကို ရဲရဲတောက် စာနယ်ဇင်းတွေ၊ စတုတ္ထမဏ္ဍိုင်တွေလို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သိဒ္ဓိတင်နေခဲ့သူတွေဟာ ဘယ်သူနဲ့တွေ့ရင် ဘယ်မူပြောင်း၊ ဘယ်လူနဲ့တွေ့ရင် ဘယ်မူစောင်းခဲ့တယ်ဆိုတာကို သိနေလေတော့ အတော်ခက်တယ်ဗျာ။ အကျိုးစီးပွား ဆိုတဲ့စကားလုံး ၄ လုံးကို ကျန်တာတွေအားလုံးနဲ့ လဲလှယ်ကာကွယ်ခဲ့တာတွေဟာ ဆယ်စုနှစ်တောင် မကြာသေးပါဘူး။

ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကို ယထာဘူတကျကျ ဉာဏ်ရှေ့ပန်းပြီး တွေးမိသူတိုင်း သက်ပြင်းတွေ ချမိကြပါလိမ့်မယ်။ နောက် ၁၀ နှစ် မပြောနဲ့၊ နောက်လထဲမှာ မြန်မာ့နိုင်ငံရေးအခြေအနေ ဘယ်လိုရှိမယ် ဆိုတာကိုတောင် ကံသေကံမ ပြောလို့မရတဲ့ အခြေအနေ၊ သိပ်ပြီးတော့ ထိလွယ်ရှလွယ် အခြေအနေ၊ အခက်အခဲတွေ ရောပြွမ်းနေတဲ့ လက်ရှိအနေအထား၊ တက်ညီလက်ညီမဖြစ်ဘဲ ငါ့လှေငါထိုးတွေ များနေတာတွေဟာ နိုင်ငံ့အနာဂတ်အတွက် ကောင်းတဲ့အလားအလာတွေ မဟုတ်ပါဘူး။

တကယ်ဆိုရင် ဒီလိုအခြေအနေတွေကို သတင်းစာတွေ၊ ဂျာနယ်တွေက ဝေဖန်ထောက်ပြ၊ အကြံပြု၊ ပြုပြင်ထိန်းကျောင်း လုပ်ကြရမှာပါ။ နိုင်ငံသားတွေအားလုံး နိုင်ငံရေးအသိရေချိန် မြင့်တက်လာအောင်၊ တိုင်းပြည်တည်ဆောက်ရေးမှာ တက်ညီလက်ညီ ပါဝင်လာအောင်၊ တစ်နိုင်ငံလုံး ညီညွတ်ကြရအောင် ဆော်သြနှိုးဆော်၊ ထောက်ပြဝေဖန် လုပ်ကြရမှာပါ။ အခုတော့ သတင်းစာချင်း၊ ဂျာနယ်ချင်း အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေဖြစ်၊ အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးရဲ့ ထီးရိပ်ကိုခိုပြီး ကျင့်ဝတ်နဲ့မညီတဲ့ ဘက်လိုက်မှုတွေရေး၊ နိုင်ငံတည်ဆောက်ရေးအတွက် တိုက်တွန်းရမယ့်အစား တော်လှန်ရေးတေးသံတွေနဲ့ပဲ အမြဲတမ်းတပ်လှန့် ဖြစ်နေလုပ်နေကြတာဟာ မတွေးဝံ့လောက်အောင် အန္တရာယ်များလှပါတယ်။

ပုဂ္ဂလိကနေ့စဉ်သတင်းစာတွေ၊ အပတ်စဉ်ဂျာနယ်တွေရဲ့ အနာဂတ်လားရာ ဘာလဲ၊ ဘယ်လဲ ဆိုတာကတော့....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၀၀ နာရီ ၃၁ မိနစ်တွင်ပြီး၏။

Tuesday, August 06, 2013

မင်းသည် အရှင်သခင်


န မေ ရာဇာ သခါ ဟောတိ၊
န ရာဇာ ဟောတိ မေထုနော။
ဧသော သာမိကော မယှန္တိ၊
စိတ္တေ နိဋ္ဌံ သုဋ္ဌာပယေ။

မင်းသည် ငါ၏ မိတ်ဆွေမဟုတ်။
မင်းသည် ငါနှင့် ဂုဏ်ရည်တူသူ မဟုတ်။
သူသည်ကား ငါ၏ အရှင်သခင်ပါပေတည်း။
ဤသို့လျှင် စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်သားထားရာ၏။

Monday, August 05, 2013

လျှာနှင့်ဆေး၊ မင်းလူ


ဆေးဆိုလျှင် အရသာဆိုးသည်သာ များ၏။ ပို၍ အစွမ်းထွက်လေ၊ ပို၍ ခါးသီးလေပင်။ ဤသဘောတရားကား သဘာဝကျလေသည်။

ဆေး၏ရည်ရွယ်ချက်မှာ ရောဂါပိုးတို့ကို တိုက်ဖျက်သတ်ဖြတ်ရန် ဖြစ်သည်။ ရောဂါပိုးမွှားဆိုသည်မှာလည်း သွေးနှင့်သားနှင့်ကိုယ်။ ချိုမြိန်သော အရသာကို ကြိုက်နှစ်သက်ပြီး ခါးသီးမှုကို ကြောက်လန့်ပေလိမ့်မည်။ ခါးသီးခြင်းသည် ပိုး၏ရန်သူ၊ လူ၏ မိတ်ဆွေဟုပင် ဆိုကြပါစို့။

ငယ်ငယ်က နေမကောင်းဖြစ်လျှင် ငန်းဆေးခါးခါးကြီးနှင့် ကွမ်းရွက်ပြုတ်ရည် ပူပူစပ်စပ်ကြီးကို ကျိတ်မှိတ်၍ မျိုခဲ့ရသည်။

တစ်ခါတစ်ရံ ကပြားဆရာဝန်ကြီး ဒေါက်ဘာတာချာချီဆီ သွားရ၏။ သူကိုယ်တိုင် ဖော်စပ်ထားသော ဆေးရည်များကို ပေးတတ်သည်။ ဆေးငါးခွက်ပေးလျှင် သုံးခွက်လောက်သာ ၀မ်းထဲရောက်သည်။ နှစ်ခွက်က အန်ထွက်ကုန်သောကြောင့် ဖြစ်၏။ လူကြီးတွေက ဆေးပတ် မပြည့်မည်စိုးသောကြောင့် ဆရာဝန်ကြီးဆီသွားပြီး ဆေးထပ်တောင်းသည်။ သူက ရယ်၍ ဆေးထပ်ပေးစရာမလို၊ အစကတည်းက အန်ထွက်မည့် ဆေးတွေအတွက်ပါ ကျွန်ုပ် ပိုပိုသာသာ ထည့်ပေးလိုက်ပါသည် တဲ့။

ဆေးတစ်ခါသောက်ဖို့အတွက် လက်တွေခြေတွေ ချုပ်သည့်လူကချုပ်၊ နှာခေါင်းပိတ်သူကပိတ်၊ ဆေးဇွန်းကိုင်သူကကိုင်၊ အရပ်ကူပါ လူဝိုင်းပါ။

ငယ်ငယ်က သောက်ခဲ့ရသည့် ဆေးခါးကြီးများ၏ အရသာဆိုးကိုတော့ ဘယ်တော့မှ မမေ့။ လျှာပေါ်မှာ တစ်သက်လုံး စွဲနေသည်ဟု ထင်သည်။

တိုင်းရင်းဆေးများသည် အသီး၊ အရွက်၊ အပွင့်၊ အခေါက်၊ အမြစ် ပဉ္စငါးပါးကို အမှုန့်ပြု၍လည်းကောင်း၊ သုံးခွက်တစ်ခွက်တင် ကျို၍လည်းကောင်း အသုံးပြုနေကြတုန်းပင် ဖြစ်၏။

အနောက်တိုင်းဆေးဝါးထုတ်လုပ်မှုနည်းပညာကား များစွာတိုးတက်လာသည်။

ဆာလဖာ၊ ကွီနိုင် စသည်တို့ကို ဆရာဝန်ကိုယ်တိုင် အချိုးအစားအတိုင်း ရောနှောဖော်စပ်နေစရာ မလိုတော့ပြီ။ အဆင်သင့် အသုံးပြုနိုင်အောင် ထုတ်လုပ်လာကြသည်။

မျိုချရလွယ်အောင် အခဲလုပ်လာကြသည်။ အချို့ဆေးများကို သကြားအုပ်ထားသည်။ ကက်ပစူးခေါ် ပလတ်စတစ်ကြုတ်ကလေးတွေထဲ သွတ်သွင်းလာကြသည်။ ဆေးကို ၀န်ကျဉ်းနိုင်သမျှ ကျဉ်းအောင် အနှစ်ထုတ်၍ ချုံ့နိုင်လာကြသည်။

အမြင်လှအောင် ဆေးရောင်အမျိုးမျိုး ခြယ်သထားသေးသည်။ သောက်ချင်စဖွယ်။ မည်သို့ဖြစ်စေ ဆေး၏ မူလအာနိသင်ကတော့ ခါးသီးခြင်းပင် ဖြစ်နေတုန်း။

ကလေးများအတွက် အားဆေးရည်များ၊ ချောင်းဆိုးပျောက်ဆေးရည်များကို အ၀င်မဆိုးအောင် စီမံနိုင်လာကြ၏။ သို့ရာတွင် ကလေးများ ဖျားနာလျှင်မူ လူကြီးများအတွက် ပြုလုပ်ထားသော ဆေးများကိုပင် လေးပုံတစ်ပုံ၊ သုံးပုံတစ်ပုံ ခွဲ၍ တိုက်နေကြရ၏။

လသားအရွယ်၊ အခါလည်သားအရွယ် ကလေးများသည် ဆေးခဲဆေးတောင့်များကို မျိုချနိုင်ကြသေးသည်မဟုတ်။ ထို့ကြောင့် ဆေးခဲကို ကြိတ်၊ ဆေးတောင့်ထဲမှ ဆေးမှုန့်ထုတ်၍ ရေနှင့်ဖျော်ပြီး တိုက်ရသည်။

ဆေးတွေက အကြီးအကျယ် အစွမ်းထက်လာသည်နှင့်အမျှ ခါးသီးမှုကလည်း ကမ်းကုန်အောင်ပင်။ ကိုယ်တိုင်မျိုချရရှာသော ကလေး၏ လျှာမပြောနှင့်။ ဆေးဖျော်သော လူကြီး၏လက်မှာပင် အခါးဓာတ်က နာရီပေါင်းများစွာကြာအောင် စွဲနေတတ်သည်။

ထိုအခါ ကလေးကို ဆေးတစ်ခါတိုက်လျှင် ခြေချုပ်၊ လက်ချုပ်၊ နှာခေါင်းပိတ် ဒုံရင်းအတိုင်း ဖြစ်ရပြန်လေ၏။

ကလေးနေမကောင်း ဖြစ်မည်ကို အလွန်ကြောက်သည်။ ကလေး၏ ကျန်းမာရေးအတွက် စိုးရိမ်မှုပါသလို ဆေးတိုက်ရမည်ကို ၀န်လေးသောကြောင့်လည်း ဖြစ်သည်။

ပထမဆုံးအကြိမ် ဖျားစဉ်က အဦးဆုံးသော ဆေးတစ်ခွက်ကို လွယ်လွယ်ကူကူ တိုက်လို့ရခဲ့သည်။ ကလေးက ဆေးဆိုသည်ကို မကြုံဖူးသေး။ ဆေးဇွန်းကို ပါးစပ်နားတေ့ပေးသောအခါ ပါးစပ်ကို ဟပေး၏။ ပထမဆုံးသော အတွေ့အကြုံကို ဘုမိသဘမသိနှင့် ကြိတ်မှိတ်မျိုချရှာ၏။

နောက်တစ်ခါကျတော့ မရချေ။ ဆေးဇွန်းကို မြင်သည်နှင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ မျက်နှာကို တစ်ဖက်သို့ လွှဲထားသည်။ ရုန်းကန်အော်ဟစ်သည်။ မတတ်နိုင်။ ရှေးရိုးနည်းအတိုင်း ချုပ်ကိုင်၊ နှာခေါင်းပိတ်ပြီး တိုက်ရတော့သည်။

ဆေးဝင်သွားပြီးနောက် ကလေးမျက်နှာသည် ရှုံ့မဲ့နေ၏။ တော်တော်နှင့် မငိုနိုင်ရှာ။ ငယ်စဉ်က သောက်ခဲ့ရသော ဆေးခါးကြီးများ၏ အရသာကို မှတ်မိနေသောကြောင့် ကလေးကိုယ်စား ရင်ထဲက ပျို့လာလေ၏။ ဖြစ်လိုရာဖြစ်စေတော့။ နောက်တစ်ခါ ဒီဆေးတွေ မတိုက်တော့ဟူ၍ပင် ဆုံးဖြတ်ချင်လာသည်။

ကလေးသည် နေကောင်းသွားသည့်တိုင်အောင် ဆေးတွေက လျှာပေါ်မှာ စွဲနေတုန်းဖြစ်၍ နို့တောင် ကောင်းကောင်း မစို့နိုင်ရှာ။ ဇွန်းကိုမြင်တိုင်း မျက်စိမျက်နှာပျက်ပြီး ကြောက်လန့်နေရှာသည်။  ခံတွင်းကောင်းသွားသည့်တိုင် အစားအသောက်ကို ဇွန်းနှင့်ကျွေးလျှင် မစားတော့။ ကလေးသည် ဇွန်းကို မုန်းသွားလေပြီ။

ရောဂါကြောင့် ခံစားရသည့်ဝေဒနာထက် ဆေးသောက်ရသည့်ဒုက္ခ ပို၍ ကြီးမားလားမသိ။

ကလေးသည် မနက်ကတည်းက ကိုယ်ပူငွေ့ငွေ့ရှိသည်။ အုပ်ဆေးကလေးအုပ်ပြီး နွေးနွေးထွေးထွေး ထားသော်လည်း မရ။ ညနေစောင်းတွင် နှာစေးချောင်းဆိုး ဖြစ်လာ၏။ ရင်လည်းကျပ်ချင်လာ၏။

ဆေးခန်းသွားပြရ၏။ ဆရာဝန်က စမ်းသပ်ပြီး ပါရာစီတမောနှင့် အမ်ပီစလင် တိုက်ရမည်ဟု ဆို၏။ စိတ်မကြည်မသာ ဖြစ်ရသည်။

ပါရာစီတမောသည်လည်း ခါးသက်သက်အရသာရှိ၏။ ထို့ထက်ဆိုးသည်ကား အမ်ပီစလင်။ ဆေးတောင့်ထဲမှာပါသော ဆေးမှုန့်များသည် ခါးလန်နေရု့မျှမက အနံ့ကလည်း ကြောင်သေးစော်နံသည်။ ထိုဆေးတွေကို ကြိတ်ပြီး အရည်ဖျော်တိုက်ဖို့ ဆိုသည်မှာ စိတ်ကူးရုံနှင့်ပင် အော်ဂလီဆန်လာ၏။

ထိုအကြောင်းကို ညည်းမိသဖြင့် ဆရာဝန်က အကြံဉာဏ်တစ်ခုပေးသည်။ ကလေးများအတွက် အထူးစပယ်ရှယ် ထုတ်လုပ်ထားသော အလားတူဆေးများ ရှိပါသတဲ့။

ဈေးတော့ နည်းနည်းကြီးသည်။ ဆေးနှစ်မျိုးအတွက် ကျသင့်ငွေမှာ ၀တ္ထုတိုတစ်ပုဒ် စာမူခလောက်ရှိသည်။ မတတ်နိုင်။ ကလေးအတွက်မို့ ဇွတ်မှိတ်ပြီး ၀ယ်လိုက်ရသည်။

ဆာဗီဂျက်ဆစ်က သကြားရည် ရောထားပြီးသား။ အမ်ပီစလင်ဆေးဆိုသော ဆေးတောင့်ကတော့ အမှုန့်။ ရေကျက်အေးနှင့် ဖျော်ရသည်။

ဆေးနှစ်မျိုးကို ရောစပ်လိုက်သောအခါ ပန်းနုရောင် ခပ်ပျစ်ပျစ်ဆေးရည်ကို ရသည်။ အနံ့က သင်းသင်းလေး။ နှင်းရည်လိုအနံ့မျိုး။ အရသာက ချိုမြမြ။ အရည်ပျော်နေသော ရေခဲမုန့်နှင့် ခွဲမရအောင်တူသည်။ နည်းနည်းမြည်းကြည့်ပြီး ကလေးတောင်မှ ပြန်ဖြစ်ချင်စိတ် ပေါက်သွား၏။

ကလေးကို ဆေးတိုက်ဖို့ပြင်သည်။ ဆေးဇွန်းကို မြင်သောအခါ ကလေးငြင်းဆန်ရန် ဟန်ပြင်နေသည်။ ဇွန်းကို မျက်လုံးရွဲကြီးများဖြင့် သနားစဖွယ် ကြည့်နေသည်။ သူ့အမေက မခါးပါဘူးသမီးရဲ့ ချိုချိုလေး ဟုပြောပြီး လျှာပေါ်တစ်တို့ တင်ပြီးလျက်ပြသည်။

ကလေးဇဝေါဇ၀ါ ဖြစ်သွား၏။ ငြင်းလည်းမထူးဘူး။ ဇွတ်အတင်းချုပ်ပြီး တိုက်ကြမှာပဲဟု အားလျှော့လိုက်ဟန် တူသည်။ ပါးစပ်ဟပေး၏။

ပါးစပ်ထဲ ဆေးဝင်သွားသောအခါ မျက်နှာကို ရှုံ့မဲ့မည်ပြုပြီးမှ တန့်သွား၏။ ကြည်လင်ဝင်းပလာသည်။ ထို့နောက် ရှေ့သွားကလေးများပေါ်အောင် ပြုံးရယ်ပြလေ၏။

ဈေးကြီးပေးဝယ်ရကျိုး နပ်ပါပေသည်။ တန်သည်။ ဆေးတိုက်ရသည့်ဒုက္ခ၊ ဆေးသောက်ရသည့်ဒုက္ခက ကင်းလွတ်ပြီ။

သို့ရာတွင်...
ဆေးပုလင်းကို သိမ်းမည်ပြုသောအခါ ကလေးငိုလေတော့သည်။ ပုလင်းကို လက်ညှိုးထိုးပြပြီး ပါးစပ်က တပြတ်ပြတ် လုပ်ပြသည်။

ကလေးက ဆေးကို ထပ်တောင်းနေပါပြီကော။ မတည့်သော အစားအစာတစ်ခုကို ကလေးမစားလိုလျှင် အဲဒါ မုန့်မဟုတ်ဘူးကွဲ့ ဆေးတွေ ဟု လူကြီးတွေက ညာပြောလေ့ရှိသည်။

ခုတော့...
အဲဒါ မုန့်မဟုတ်ဘူး သမီး၊ ဆေး ဆေး ဟု အမှန်အတိုင်း ပြောသော်လည်း ကလေးက မယုံတော့ချေ။

[မြန်မာအက်ဆေး ၁၀၀၊ စာမျက်နှာ ၁၇၄-၁၇၇]

မင်းကို မတုပနှင့်


န ရညာ သမကံ ဘုဉ္ဇေ၊
ဟောမ ဘောဂံ ကုဒါစနံ။
အာကပ္ပံ ရသ ဘုတ္တိ ၀ါ၊
မာလဂန္ဓ ၀ိလေပနံ။
ဝတ္ထံ သဗ္ဗအလင်္ကာရံ၊
န ရညာ သဒိသံ ကရေ။

စည်းစိမ်ခံစားခြင်း
အစားအစာစားခြင်း
အသွင်အပြင်
ပန်းပန်ခြင်း
နံ့သာလိမ်းခြင်း
အ၀တ်ဝတ်ခြင်း
အဆင်တန်ဆာ ဆင်ယင်ခြင်း
ဤအမှုအားလုံးကို မင်းနှင့် တုပ၍ ဘယ်တော့မျှ မပြုရာ။

Sunday, August 04, 2013

သမိုင်းထဲက သြဂုတ် ၎


၎ သြဂုတ် ၁၉၄၅
ပက်သစ်လောရင့်စ် (Pethick Laurence) သည် အိန္ဒိယနှင့် မြန်မာနိုင်ငံဆိုင်ရာအတွင်းဝန် ဖြစ်လာသည်။

ပဲခူးရိုးမ ဖောက်ထွက်သွားသည့် ဂျပန်တပ်များ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းသို့ ရောက်ရှိသွားသည်။ ဇူလိုင် ၂၀ မှ သြဂုတ် ၄ ရက်နေ့အကြား ပဲခူးရိုးမမှ ဖောက်ထွက်လာသည့် ဂျပန်တပ်များမှ တပ်သားပေါင်း ၆၂၇၂ ဦး ကျဆုံးသည်။ သြဂုတ်လမှစ၍ စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲ ပြီးဆုံးသည်နှင့်အတူ မြန်မာပြည်တိုက်ပွဲ ပြီးဆုံးသည်။

၎ သြဂုတ် ၁၉၅၂
ရန်ကုန်မြို့၌ ပြည်တော်သာညီလာခံကြီး စတင်ကျင်းပသည်။

၎ သြဂုတ် ၁၉၆၀
ဗိုလ်ချုပ်နေ၀င်းသည် ၁၉၆၀ ပြည့်၊ မက်ဆိုင်းဆိုင်းဆုကို ပေးအပ်ခြင်း ခံခဲ့ရသည်။ ၎င်းဆုပေးရခြင်းမှာ အိမ်စောင့်အစိုးရအဖြစ် ဦးဆောင်၍ တိုင်းပြည်ကို ကောင်းမွန်စွာအုပ်ချုပ်ခဲ့ခြင်း၊ တရားဥပဒေကျကျ လုပ်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။

မင်းပျော့ မင်းညံ့


သဟာယော အသမတ္ထောပိ၊
တေဇသာ ကိံ ကရိဿတိ။
နိဝါတေ ဇလိတော အဂ္ဂိ၊
သယမေ၀ ၀ူပသမ္မတိ။

စစ်သည်ဗိုလ်ပါတွေ လုံလောက်စွာ ရှိနေပါလျက် ရန်သူကို အနိုင်ရအောင် တိုက်ခိုက်နှိမ်နင်းခြင်း မပြုနိုင်သော မင်းသည် အဘယ်မှာ နန်းသက်ရှည်ပါတော့မည်နည်း။

လေငြိမ်ရာမှာ ထွန်းညှိထားသော ဆီးမီးခွက်ကဲ့သို့ သူ့အလိုအလျောက်ပင် ငြိမ်းသွားပေလိမ့်မည်။

Saturday, August 03, 2013

သမိုင်းထဲက သြဂုတ် ၃


၃ သြဂုတ် ၁၉၄၇
သခင်ထွန်းအုပ် အား ဖမ်းဆီးထိန်းသိမ်းသည်။

၃ သြဂုတ် ၁၉၆၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရတို့ ချုပ်ဆိုကြသော မြန်မာနယ်နိမိတ် ပြဿနာနှင့် စပ်လျဉ်းသည့် သဘောတူစာချုပ်အရ ဖွဲ့စည်းသည့် တရုတ်-မြန်မာ နယ်နိမိတ်ဆိုင်ရာ ပူးတွဲကော်မတီ၏ ဒုတိယအစည်းအဝေးပွဲကြီးကို ပီကင်းမြို့၌ ၁၉၆၀ ပြည့်၊ ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ ကျင်းပသည်။

၃ သြဂုတ် ၁၉၉၁
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) သည် မိတ္ထီလာမြို့ မီးဘေးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်း၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့နယ်များရှိ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ခန္တီးမြို့နယ် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

Thursday, August 01, 2013

သမိုင်းထဲက သြဂုတ် ၁


၁ သြဂုတ် ၁၉၄၅
အဓိပတိ ဒေါက်တာဘမော် ဦးစီး၍ မုဒုံကန်တော်ကြီးတွင် မြန်မာ့လွတ်လပ်ရေး နှစ်ပတ်လည်အောင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

၁ သြဂုတ် ၁၉၄၆
ဂျပန်ခေတ် မြန်မာအစိုးရအဓိပတိ ဒေါက်တာဘမော် ဂျပန်နိုင်ငံ ဆူကာမိုထောင်မှ လွတ်လာပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

၁ သြဂုတ် ၁၉၄၇
သခင်နု ဦးဆောင်သော ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို ပြန်လည်ဖွဲ့စည်းသည်။

၁ သြဂုတ် ၁၉၅၀
ကရင်လူမျိုး စုံစမ်းရေးကော်မရှင်က ကရင်ပြည်နယ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အကြံဉာဏ်များ ဖိတ်ခေါ်သည်။

၁ သြဂုတ် ၁၉၅၁
ရန်ကုန်မြို့ ဗဟိုကြေးနန်းရုံးကြီးတွင် မြန်မာဘာသာဖြင့် ပထမဆုံး ကြေးနန်းရိုက်ကြားခြင်းကို ဖွင့်လှစ်သည်။

၁ သြဂုတ် ၁၉၅၃
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက အိန္ဒိယနိုင်ငံသုံး ဒင်္ဂါး အမျိုးအစားအားလုံးကို တရားဝင်အဖြစ်မှ ရပ်စဲသည်။

၁ သြဂုတ် ၁၉၉၀
သူရဲကောင်းစစ်သည်ဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်ကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကာကွယ်ရေး ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးသည်။

စည်းလုံးခြင်းသည် အင်အား


ဗဟူန မပ္ပသာရာနံ၊
သာမဂ္ဂိယာ ဇယံ ဇယေ။
တိဏေန ၀ဋ္ဋတေ ယောတ္တံ၊
တေန နာဂေါပိ ဗန္ဓတိ။

အစွမ်းအစ မရှိသောသူတို့ပင် ဖြစ်စေကာမူ သူတို့တစ်တွေ စည်းလုံးညီညွတ်လာကြသောအခါ အားကြီးသော ရန်ကို အောင်နိုင်၏။
ဘာမျှ မဖြစ်လောက်သော မြက်ပင်ကလေးများကို စု၍ ကျစ်ထားသောကြိုးသည် ဆင်ပြောင်ကြီးကိုသော်လည်း တုပ်နှောင်နိုင်၏။

 
Web Statistics